Thursday, September 11, 2008

အသိအမှတ်မပြု

သြော်..မောင်စူးစမ်း...မောင်စူးစမ်း




ကျောင်းသားသေဆုံးမှု

မြင်းခြံတွင် ကောလိပ်ကျောင်းသား တဦး ဓားထိုးခံရ၍ သေဆုံး
အေးလဲ့ | စက်တင်ဘာ ၁၁၊ ၂၀၀၈

မန္တလေးတိုင်း မြင်းခြံမြို့တွင် မြင်းခြံ ဒီဂရီကောလိပ်ကျောင်းသားတဦးနှင့်လူငယ်တစု ခိုက်ရန် ဖြစ်ပွားရာမှ ၎င်းကောလိပ်ကျောင်းသား ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ည ၉နာရီ ၁၅ မိနစ် ခန့်က မြင်းခြံဈေး တောင်ဖက်ခြမ်းရှိ အရက်ဆိုင်အနီးတွင် လူငယ်တစုရုန်းရင်း ဆန်ခတ်ဖြစ်ရာမှ ဒုတိယနှစ် သတ္တဗေဒ ကောလိပ်ကျောင်းသား ချင်းလူမျိုးဖြစ်သည့် မန်းမွန်းကီး(ခေါ်) ကိုဖိုးချိုသည် ဓားထိုးခံရသဖြင့် ပွဲခြင်းပြီး သေဆုံးသွားကြောင်း မြင်းခြံ မြို့ရှိ ပြည်သူ့ဈေးရုံးကြီးမှ တာဝန်ကျ ဆရာဝန်တဦးကပြောသည်။

ကိုဖိုးချို ကိစ္စဖြစ်ပွားသည့်အဖြစ်အပျက်ကို ၎င်းဆရာဝန်က“ မြင်းခြံဈေး တောင်ဘက်ခြမ်း အရက်ဆိုင် လမ်း ထောင့်မှာ သုံးဆူဘုရားပွဲလှည့်နေတာရှိတယ်၊ စတိတ်ရှိုး အတီးအမှုတ်အကအခုန် လူအုပ် ကြားထဲမှာ သူနဲ့ သူငယ်ချင်းတယောက်နဲ့ လူငယ်၁၀ယောက်လောက်က ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်၊ နောက်တော့ သူ ဆိုင်ကယ်ပေါ်ပြန်အတက်မှာ နောက်ကျောဘက်ကနေ ဓားနဲ့ ထိုးခံရတာနဲ့ ပွဲချင်းပြီး သေတာဖြစ်ပါတယ်” ဟု ပြောသည်။

သေဆုံးသူ၏ အလောင်းသည် ဆေးရုံသို့ ည ၁၀ နာရီကျော်တွင် ရောက်ရှိလာပြီး ခွဲစိတ် ဆရာဝန်စစ်ဆေး ချက် အရ ဓားဒဏ်ရာမှာ၂ လက်မ ခန့်ရှိကာ နံရိုးကြားရှိ ကြွက်သားကို ထိုးဖောက်၍ ညာဘက်အဆုတ် ပေါက်ပြဲပြီး ညာဘက်ရင်ခေါင်းထဲသို့ ရေသန့်ဘူး တဘူးခန့် သွေးဝင်ရောက်သွားကြောင်းသိရသည်။

သေဆုံးသူ ကိုဖိုးချို၏ မိဘများသည် သစ်တောဌာနမှ အရာရှိများဖြစ်ကြောင်း သိရသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြင်းခြံအမှတ်(၁) ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ အရာရှိတဦးက “မနေ့ကကြားတယ်၊ အဲဒီမှာ တာဝန်ကျတဲ့ အရာရှိက အပြင်သွားနေလို့ပါ၊ အသေးစိတ်က သူပဲပြောနိုင်ပါတယ်”ဟု ဆိုသည်။

အဆိုပါ အချင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အရပ်သား တချို့နှင့် ကျောင်းသား တချို့ကို ဖမ်းဆီးထားကြောင်း သိရသော်လည်း တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဟုလည်း ဆိုသည်။

ယင်းသို့ ခိုက်ရန် ဖြစ်ပွားနေချိန်တွင် အရံမီးသတ်နှင့် ရယက များက မလှမ်းမကမ်းတွင်ရှိနေသော်လည်း မည်သူ မျှဝင်ရောက်ဖြန်ဖြေပေးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် တရားခံကိုထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။

“ဒီကစ္စနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီးက ဘယ်လိုဖြေရှင်းပေးမလဲ၊ ရဲတွေက ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာကို မြင်းခြံ ဒေသခံတွေက စိတ်ဝင်စားနေကြပါတယ်”ဟု ဒေသခံ တဦးက ပြောသည်။

မြင်းခြံမြို့တွင် ကြံ့ဖွံ့အဖွဲ့ဝင်များ၏ သားသမီးများသည် မှုးယစ်ဆေးဝါးများ သုံးစွဲပြီး အုပ်စုဖွဲ့၍ ရမ်းကားမှု ရှိခဲ့ဖူးကြောင်းလည်း ၎င်းကပြောသည်။



ရခိုင်ပြည် တက္ကသိုလ်ကျောင်းသား မိဘများ ၀န်ကြီးချုပ် သိန်းစိန်ထံ တိုင်ကြားစာပို့ 


ကြာသပတေးနေ့၊ စက်တင်ဘာလ 11 2008 20:59 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကောလိပ်၊ တက္ကသိုလ် ကျောင်းများရှိ ပညာရေး ဌာနများတွင် စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများ ၀င်ရောက် ချယ်လှယ်နေခြင်းများကို ဖယ်ရှားပေးရန် ရခိုင်ပြည်နယ် ကျောင်းသားမိဘများမှ ၀န်ကြီးချုပ် သိန်းစိန်ထံ တောင်းဆို လျှောက်လွဲစာကို စက်တင်ဘာလ ၇ ရက်နေ့က ပေးပို့ခဲ့သည်။

ကျောင်းစည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံများမှ သာမန် ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း မပြည့်ဟု အကြောင်းပြကာ ကျောင်းသား (၁၃) ဦးအား စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ထားသည့်အပြင် နည်းပညာ တက္ကသိုလ်မှ ကျောင်းသား (၆၀)အား ကျောင်းအပ် နောက်ကျသည်ဟု အကြောင်းပြ ပြောဆိုကာ ကျောင်းတက်ရောက်ခွင့် ပိတ်ပင်ထားခြင်းကြောင့် ကျောင်းသားမိဘများမှ တောင်းဆို လျှောက်ထားခြင်း ဖြစ်သည်။

ကုန်ဆိုင်တခုမှ ဒေသခံတဦးက "ဟုတ်ပါတယ်၊ ကျောင်းတက်လို့ မရဘူးဆိုတာ ကျနော်က သိတယ်။ နောက်တချို့ ကျောင်းတက် ရာခိုင်နှုန်းမပြည့်လို့ ကျောင်းထုတ်တာလဲ ရှိတယ်လေ။ အသနားခံစာ တင်တာလဲ ဟုတ်ပါတယ်" ဟု စစ်တွေ ဒေသခံတဦးက ပြောသည်။

အဆိုပါ ၀န်ကြီးချုပ် သိန်းစိန်အား ပေးပို့သည့် တောင်းဆိုသည့် လျှောက်ထားစာကို တက္ကသိုလ်၊ ကောလိပ် ကျောင်းများရှိ ကျောင်းသားရေးရာ ဌာနများ၊ ပြည်တွင်းပြည်ပ လူငယ်နှင့် ကျောင်းသားရေးရာ ဌာနများ၊ ၀န်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပ သတင်းဌာနများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများထံသို့ ပူးတွဲ ပေးပို့ခဲ့သည်။

၎င်းစာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကွန်ပြူတာကောလိပ်မှ ကျောင်းအုပ် ဒေါ်စိုးဟေမာအား အကြောင်းပြချက် တစုံတရာ မပေးဘဲ ရာထူးလျော့ချကာ လက်ထောက် ကထိက ရာထူးဖြင့် တောင်ငူကွန်ပြူတာ တက္ကသိုလ်သို့ အတင်းအကြပ် ပြောင်းရွေ့ စေ့ခြင်း၊ ကျောင်းသား(၁၃) ဦးအား စားပေးပွဲ ဖြေဆိုခွင့် မပြုခြင်း၊၊ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား(၆၀) ဦးအား ကျောင်းမှ ထုတ်ပယ်ခြင်းတို့ ပြုလုပ်နေခြင်းမှာ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို လုံးဝဖြိုခွင်းရန် စတင်လိုက်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ကျောင်းခေါ်ချိန် မပြည့်ခြင်းကြောင့် ကျောင်းထုတ်ခံရသူ တဦးနှင့် နီးစပ်သူတဦးက "သမီးသိတာက GTC ကျောင်းက တယောက်တော့ သိတယ်၊ ကျောင်းခေါ်ချိန် မပြည့်လို့ ပြောတယ်။ သူက နယ်ကဘဲ အခု ပြန်သွားပြီ။ ကျောင်းထုတ်လိုက်တော့ နယ်ကို ပြန်သွားတယ်လေ" ဟု ၄င်းက ပြောသည်။

ယခုလို ကိုယ်တိုင် ကျောင်းစရိတ်ရှာကာ ကျောင်းတက်နေသည့် သာမန် ကျောင်းသားများအား တမင်တကာ နစ်နာဆုံးရှုံးစေရန် ရည်ရွယ်ကာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး စစ်ဗိုလ်များက အစီအစဉ်ရှိရှိ အာဏာပြကာ ကျောင်းထုတ်နေခြင်းများကို တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူတိုင်းက ခံစားချက် ပြင်းထန်လျက် ရှိသည်ဟု ဆိုသည်။

ကျောင်းသား။ ကျောင်းသူ အများစုသည် စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ဗူးသီးတောင်နှင့် မောင်းတော စသည့် မြို့နယ်များမှ လာရောက် ပညာသင်ကြားနေသူများ ဖြစ်သည်ဟု စစ်တွေ ဒေသခံတဦးက ပြောသည်။


အင်တာနက်ကို အမိန့်အာဏာနဲ့ ပိတ်လို့ရမည်မဟုတ်

အင်တာနက်ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ဆောင်ကျဉ်းရာမှာ အထိရောက်ဆုံး ကိရိယာ တခု ဖြစ်ပါတယ်လို့ အင်တာနက်နဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ပြောကြပါတယ်။ အင်တာနက်ကို အစိုးရတွေက ဆင်ဆာလုပ် ပိတ်ပင်ကြသလို အဲဒီပိတ်ပင်မှုကို တန်ပြန် ကျော်လွှားဖို့ ကြိုးစားတာတွေကလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ် နေပါတယ်။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

BBG ခေါ် အမေရိကန်ပြည်ထောင်စု အသံလွှင့်လုပ်ငန်းများဆိုင်ရာ အုပ်ချုပ်ရေးဘုတ်အဖွဲ့က မနေ့ က စီစဉ်ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ အဲဒီလို သုံးသပ်ပြောဆိုသွားကြတာပါ။ “မီဒီယာအသစ်နှင့် ဆင်ဆာအသစ်၊ သတင်း လွတ်လပ်ခွင့်ပေါ် အာဏာပိုင်တို့၏ တိုက်ခိုက်မှု” လို့ ဆွေးနွေးပွဲကို ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ အင်တာနက်ကိုဆင်ဆာလုပ်တာနဲ့ ဆင်ဆာလုပ်တာကို တန်ပြန်တာတွေနဲ့ပတ်သက်ပြီး နည်းပညာရှုဒေါင့်ကနေ သုံးသပ် ပြောဆိုသွားသူက ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင် (Shiyu Zhou) ပါ။

အင်တာနက်ဟာ မြန်မာနိုင်ငံလို လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်း ပေးနိုင်မယ့် အရေးပါ ထိရောက်လှတဲ့ မာလ်တီမီဒီယာ ကိရိယာတခု ဖြစ်လာနေပါတယ်လို့ ရှီးယု ဂျောင် က ပြောပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ် ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရတွေဟာ အင်တာနက်ကို ဆင်ဆာလုပ်ဖို့ ငွေကြေးတွေ၊ လူအင်အားတွေ၊ နည်းပညာတွေသုံးပြီး အပြင်းအထန် ကြိုးစားလာကြတာပါ။
တဘက်မှာလည်း ရှီးယု ဂျောင်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ်ရေး အဖွဲ့ချုပ် အပါအ၀င် အဖွဲ့အစည်း အသီးသီးက နည်းပညာတွေ ဖြန့်ဝေ အထောက်အပံ့ပြုပြီးတော့ ဆင်ဆာလုပ်တာကို ကျော်လွှားပြီးအသုံးပြုနိုင်ဖို့ တန်ပြန် လုပ်ဆောင်ကြပါတယ်။

“အခုလက်ရှိအချိန်မှာ ဆင်ဆာလုပ်တာကိုကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ကွန်ယက်ကို ကမ္ဘာတ၀ှမ်းက လွတ်လပ် ပွင့်လင်းမှု မရှိတဲ့ လူ့အဖွဲ့အစည်း ၄၀ ကျော်ကနေ တရက်ကို အကြိမ်ပေါင်း သန်း ၅၀၀ ကျော် အသုံးပြုနေပါတယ်။ ဒီထဲမှာ တရုတ် နိုင်ငံက သန်း ၂၂၀၊ အီရန်က သန်း ၁၂၀၊ အာရပ်စော်ဘွားများပြည်ထောင်စုက သန်း ၄၀။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ၂၅ သန်း၊ ဆီးရီးယား နိုင်ငံက သန်း ၂၀ နဲ့ မြန်မာနိုင်ငံက ၄ သန်း အသီးသီး အသုံးပြုနေ ကြပါတယ်။”

အပိတ် နိုင်ငံ တခုခုမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုခု ဖြစ်ပျက်ပြီဆိုရင် ဆင်ဆာကို ကျော်တဲ့ကွန်ယက်ကို အဲဒီနိုင်ငံကနေ အသုံးပြုတဲ့ အရေအတွက်ဟာ ထိုး တက်သွားတယ်လို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အစိုးရက နှိမ်နင်းဖြိုခွဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကွန်ယက်ကို အသုံးပြုတဲ့အရေအတွက်ဟာ လေးဆတိုးသွားခဲ့ပါတယ်။”

ပိုစိတ်ဝင်စားစရာကောင်းတာကတော့ ဖြစ်ရပ်တခုခုဖြစ်ပျက်တာက ပြီးသွားပေမယ့် အသုံးပြုတဲ့အရေအတွက် တိုးသွား တာက ပြန်ကျမသွားဘဲ အဲဒီအတိုင်း ဆက်ပြီးရှိနေတာပါပဲလို့လည်း ရှီးယု ဂျောင်ကပြောပါတယ်။ ဒါ့ကြောင့်လည်း အင်တာနက်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အဖွဲ့အစည်းတွေ ပြောင်းလဲရေးအတွက် အင်မတန်အရေးပါပါ တယ်လို့ဆိုပါတယ်။

“သတင်းလွတ်လပ်ခွင့်၊ အထူးသဖြင့် အင်တာနက်လွတ်လပ်ခွင့်ဟာ လွတ်လပ်ပွင့်လင်းမှုမရှိတဲ့ လူ့အစည်းတွေမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ရရှိဖို့အတွက် အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။”

အင်တာနက်ဆင်ဆာကို ကျော်လွှားနိုင်ရေး နည်းပညာပိုင်း အထောက်အပံ့ပြုပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် လွတ်လပ် ရေးအဖွဲ့ချုပ်က ဒုတိယညွှန်ကြားရေးမှူး ရှီးယု ဂျောင်ပါ။

အင်တာနက်ကိုထိန်းချုပ်ဖို့ ကြိုးစားကြတဲ့ အစိုးရတွေကို နည်းပညာပိုင်း အထောက်အပံ့ပြုနေတဲ့ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံ တွေက နည်းပညာကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သတင်းနဲ့ အင်တာနက် လွတ်လပ်ခွင့် အတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက အဲဒီကုမ္ပဏီတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။ သိပ်မကြာသေးခင်ကဆိုရင် ထင်ရှားတဲ့ ယာဟူးတို့၊ ဂူဂယ်လ်တို့၊ ဆစ်စကိုကိုတို့လို ကုမ္ပဏီကြီးတွေ တရုတ်အစိုးရရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ အကူအညီ ပေးကြတာကြောင့် အကြီးအကျယ် အဝေဖန်ခံကြရပါသေးတယ်၊

အခုဆိုရင်ဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာလေးဖွင့်ပြီး ရေးသားပြောဆိုကြတဲ့ ဘလော်ဂါလို့ခေါ်တဲ့ အင်တာနက် သုံးစွဲ သူတွေဟာ အစိုးရတွေရဲ့ပစ်မှတ်တွေဖြစ်လာပါတယ်။

မြန်မာနိုင်ငံဖြစ်ရပ်မှာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေက လောင်စာဆီဈေးတွေတက်တာကို ကန့်ကွက် ဆန္ဒပြပုံတွေ၊ ရွှေဝါရောင်တော်လှန်ရေးရဲ့ ရုပ်ပုံတွေဟာ ဘလော်ဂါစာမျက်နှာတွေကတဆင့် ကမ္ဘာတ၀ှမ်းကို ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့တာကြောင့် မြန်မာအစိုးရ အငိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီရုပ်ပုံတွေကြောင့်ပဲ ဂျပန် ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂအိ သေနတ်နဲ့အပစ်ခံရတဲ့ပုံဟာလည်း ကမ္ဘာတလွှား ထင်ရှားခဲ့ပါတယ်။
အခုလက်ရှိမှာ မြန်မာအစိုးရဟာ ထင်ရှားတဲ့ လူရွှင်တော် ဘလော်ဂါ ကိုဇာဂနာနဲ့ ကိုနေဘုန်းလတ်တို့အပါအ၀င် ဘလော်ဂါ တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကပြောကြပါတယ်။ ဒီ့အတွက်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာက အဆက်မပြတ်ဝေဖန်တာကို ခံနေရပါတယ်။

ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ ဒီနေ့အချိန်ထိ သူတို့ရဲ့တင်းကျပ်မှုကို လာမယ့် လပိုင်းနှစ်ပိုင်းတွေမှာ လျှော့ပေါ့ ပေးမယ့် အရိပ်လက္ခဏာမတွေ့ရသေးပါဘူး။ တဘက်မှာလည်း ရှီးယု ဂျောင်ပြောသလို အင်မတန် ထိရောက်ပြီး ကုန်ကျစရိတ် သက်သာလှတဲ့ ဒီ အင်တာနက်ကိရိယာကိုအသုံးပြုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ ကြိုးစားသူတွေကလည်း ဆက်ရှိ နေဦးမှာပဲလို့ သုံးသပ် ပြောဆိုကြကြောင်းပါခင်ဗျား။

စစ်အစိုးရ ကိုယ်စားပြုမှု ကန့်ကွက်လွှာ အထွေထွေ ညီလာခံ ဆုံးဖြတ်မည်

11 September 2008
ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်လွှာ တင်သွင်းထားတာနဲ့ပတ်သက်ပြီး မကြာခင် ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကိုင်တွယ်ရမှာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဘက်က မနေ့ကပြောလိုက်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြား လိုက်တာပါ။ ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက မေးကြတာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတာ့စ်က ဖြေကြားခဲ့တာပါ။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့က ဒီစာကို အထွေထွေညီလာခံရဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့တာပဲ လုပ်နိုင်ပါတယ်။ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်တဲ့ ကိစ္စတွေကို အထွေထွေ ညီလာခံကပဲ ကိုင်တွယ်နိုင်ပါတယ်။ အခုကိစ္စမှာတော့ ၆၄ ကြိမ် မြောက် ညီလာခံကနေ ကိုင်တွယ်ရမှာပါ။ အထွေထွေညီလာခံတိုင်းရဲ့အစမှာ ကိုယ်စားပြုမှု တရားဝင်ခြင်းဆိုင်ရာ ကော်မတီရဲ့ အစည်း အဝေးကို ကျင်းပလေ့ရှိပါတယ်။”

ရွေးကောက်ပွဲကနေ တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေက တရားဝင်ကိုယ်စားပြုမှု တောင်းခံတဲ့အပေါ် အတွင်းရေးမှူးချုပ် က မှတ်ချက်တခုခု ပေး-မပေး မေးရာမှာတော့ မီရှဲလ် မွန်းတာ့စ်က အတွင်းရေးမှူးချုပ်က ဘာမှတ်ချက်မှ မပေးတဲ့အကြောင်း အထွေထွေညီလာခံကပဲ ကိုယ်တွယ်သွားရမယ့်အကြောင်း ဖြေခဲ့ပါတယ်။

ဒီကနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီက သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အစီရင်ခံဖို့ရှိပါတယ်။ ပြီးရင်တော့ သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းမယ့် အကြောင်းလည်း မီရှဲလ် မွန်းတာ့စ်က ပြောသွားပါတယ်။

မြန်မာအစိုးရဟာ လူထုက ရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘဲ အာဏာသိမ်းယူပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ စစ်အစိုးရ ဖြစ်တာကြောင့် တရားမ၀င်တဲ့အကြောင်း၊ ဒါ့ကြောင့် ၁၉၉၀ ပြည့်နှစ်မှာ လူထုက ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကသာ နိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ရှိတဲ့အတွက် စစ်အစိုးရရဲ့ ကိုယ်စားပြုမှုကို ဖျက်သိမ်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်ပြုဖို့ MPU ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စန်းစန်း လက်မှတ်ထိုးပြီး အင်္ဂါနေ့ကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ စာပို့ခဲ့တာပါ။

အစောပိုင်းမှာတော့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရက လက်မှတ်ထိုး တင်သွင်းဖို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက တင်ပြခဲ့ပေမယ့် NCGUB က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် MPU အနေနဲ့ပဲ တင်သွင်း ခဲ့ကြတာပါ။

ဒီကိစ္စကို လှုပ်ရှားနေသူတွေကတော့ ဘယ်သူကပဲ လက်မှတ်ထိုး တင်သွင်းသည်ဖြစ်စေ အရေးကြီးတာကတော့ မြန်မာ စစ်အစိုးရ ဟာ နိုင်ငံကို တရားဝင်ကိုယ်စားပြုတဲ့ အစိုးရတရပ်မဟုတ်ဘူးဆိုတာ နိုင်ငံတကာကသိရှိဖို့ပဲဖြစ်ပါတယ်လို့ ပြောကြကြောင်းပါ ခင်ဗျား။


အကြံပိုင်ပုံများ

ကော့သောင်းမှာ ဆန် (၁၀) ပြည်ထက် ပိုမရောင်းရ၊ ဗိုလ်ချုပ်သာအေး ကော့သောင်းလာပြီးမှ ဆန်ဈေးပိုတက်
ကိုဝိုင်း/ ၁၁ စက်တင်ဘာ ၂၀၀၈။ ။

ကော့သောင်းမြို့သို့ ယခုလဆန်းပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်သာအေး ရောက်ရှိလာပြီး လူထုသက်သာ ချောင်ချိရေး ပြောဆိုသွားသော်လည်း ဆန်ဈေးများ နေ့စဉ်တက်နေသဖြင့် စားသုံးသူနှင့် ဆန်ကုန်သည်များ စိတ်ပျက်နေ ကြောင်း ကော့သောင်းမြို့ခံကုန်သည်တဦးက ပြောသည်။

၎င်းက “ဆန်ဈေးတွေက တက်ပါတယ်။ နေ့တိုင်း တနေ့ချင်းကို တတင်းခွဲ တအိတ်ကို ကျပ် (၂) ထောင်၊ (၃) ထောင်ကြား တက်နေတယ်။ အဲဒါတွေက လူကြီးမိန့်ခွန်းပြောပြီး နောက်နေ့တွေမှာဖြစ်လာတဲ့ အကျိုးအမြတ်လေးပေါ့။ ဆန်ကြမ်း၊ ဆန်ချော၊ ဆန်လတ် အကုန်တက်တာ” ဟု ပြောသည်။

ကော့သောင်းမြို့သို့ ယခုလ (၂) ရက်မှ (၅) ရက်အထိ ရောက်ရှိခဲ့သည့် ဗိုလ်ချုပ်သာအေးက မဉ္ဖူသကခန်းမ၌ ၀န်ထမ်းများ၊ ရ၀တများက ရွေးချယ်သူ အများစုပါသည့် အရပ်သားများနှင့် သီးသန့်စီတွေ့ဆုံခဲ့ပြီး ဒေသခံများ စားဝတ်နေရေး ချောင်လည်စေရန် ရည်ရွယ်၍ စီးပွားရေး လမ်းဖွင့်ပေးရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရေး ပြောဆို ဆွေးနွေးသွားသည်။ သို့သော် ၎င်းပြန်သွားသည်နှင့် ဆန်၊ ကွမ်းသီး၊ ဆားတို့ကို ကန့်သတ် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီး ဆန်ဈေးများလည်း တက်သွားခြင်းဖြစ်သည်။

မြို့ခံကုန်သည်က “သူတို့ကို ယုံကြည်ဖို့အတွက် ပြောသွားတာပေါ့။ သူတို့နဲ့ ပူးပေါင်းချင်အောင် ပြည်သူလူထုကို ဆွဲဆောင်ဖို့အတွက် ၀န်ထမ်းတွေကို မိန့်ကြားသွားတာပေါ့။ ပြည်သူလူထုကိုလည်း တွေ့ဆုံနှုတ်ဆက်ပွဲ လုပ်တယ်လေ။ ဒီအတိုင်းပဲပေါ့။ ဘာတွေ အခက်အခဲရှိလည်း၊ ခြံစိုက်ဖို့ အသီးနှံမရှိဘူးလား၊ ခြံမရှိဘူးလား၊ မြေမရှိဘူးလား၊ မြေလိုရင် မြေပေးမယ်၊ ငွေလိုရင် ငွေထုတ်ချေးမယ်၊ ယုံကြည်အောင်တော့ ပြောသွားတာပေါ့လေ” ဟု ပြောသည်။

ထို့အပြင် ဆန်တင်ပို့မှု ရောင်းချမှုကိုလည်း အာဏာပိုင်များက ပိတ်ပင်မှုများ ပြုလုပ်ထားသဖြင့် ဆန်ဈေးမှာ ဆက်တက်ရန်သာ ရှိကြောင်း အဆိုပါကုန်သည်က ပြောသည်။

၎င်းက “ရှေ့လျှောက် ပိုတက်ဖို့ပဲရှိတယ်။ ဆန်ကုန်သည်တွေ အားလုံးပြောပြီးပြီ။ ဘာဖြစ်လို့လည်းဆိုတော့ အဆင်းဆန်ကို ပိတ်လိုက်ပြီလေ။ ထားဝယ်-ကော့သောင်း ဆင်းလာတဲ့ဆန်ကို ပိတ်လိုက်ပြီ။ ရန်ကုန်-ကော့သောင်း ဆင်းလာတဲ့ ဆန်ပါမစ် တွေကိုလည်း ပိတ်လိုက်ပြီ။ လှေတွေမှာ ဆန်မပါလာတော့ပါဘူး” ဟုပြောသည်။

ထို့အပြင် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဒေသခံ မယက၊ ခယက တို့ကလည်း ယမန်နေ့၌ ညွှန်ကြားလွှာတစောင် ပူးတွဲထုတ်ပြန်လိုက်ပြီး မြို့တွင်း ဆန်ရောင်းဝယ်မှုကိုလည်း ထိန်းချုပ်လိုက်သောကြောင့် ဆန်ကုန်သည်များနှင့် မြို့ခံစားသုံးသူများသာမက ပင်လယ်အတွင်း လှေလိုက်နေသူများအတွက်ပါ အခက်အခဲများ ပိုမိုဖြစ်လာစေသည်ဟု သိရသည်။

မြို့ခံကုန်သည်က “ဆန် (၁၀) ပြည်ထက် ပိုမရောင်းရဘူး။ ရောင်းထားပြီးရင် အဲဒီလူရဲ့ လိပ်စာကို သေချာ အတိအကျ ယူရမယ်။ ကိုယ့်ဆိုင်မှာ ဆန် (၁၀) အိတ်ထက်ပိုပြီး မထားရဘူး။ ထားမယ်ဆိုရင် မယကကို အကြောင်းကြားပြီးမှ ထားရပါလိမ့်မယ်။ ပြီးတော့ ကျွန်းလှေတစင်းမှာ အနည်းဆုံး ဆန်အိတ် (၁၀၀) လောက် ဆင်းသွားမှ ကျွန်းသမားတွေ ထမင်းစားလို့ရမှာပေါ့။ ဒီဆန် (၁၀) အိတ်က ဘာလုပ်လို့ရမှာလည်း (၁၀) ရက်စာပဲ ရမှာပေါ့၊ မြို့ထဲက လူတွေလည်း တန်းစီပြီး ဆန်ဝယ်စားပေါ့။ ဆန်ကုန်သည်တွေလည်း တအားစိတ်ညစ်နေပြီ” ဟု ပြောသည်။

ကော့သောင်းမြို့၏ ယနေ့ဆန်ဈေးနှုန်းသည် ဆန်ကြမ်း၊ ဆန်လတ်၊ ဆန်ချော အလိုက် တအိတ် (၂) သောင်းခွဲ၊ (၃) သောင်းခွဲ၊ (၄) သောင်း၊ (၅) သောင်း အစားစားရှိပြီး နေ့စဉ်တက်နေသော်လည်း မြို့ခံများ၏ စီးပွားရေးလုပ်ငန်းများမှာမူ ကျဆင်းလျက်ရှိကြောင်း သိရသည်။



ပြည်ပထွက်မည့် အမျိုးသမီးများအတွက် စစ် အရာရှိများကြား မှောင်ခိုဈေးကွက်ရှိ

အောင်သက်ဝိုင်း/ ရန်ကုန်| စက်တင်ဘာ ၁၁၊ ၂၀၀၈
စစ်အစိုးရက မြန်မာအမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ အလုပ်သမားများ အဖြစ် စေလွှတ် ခြင်းမပြုရန် အေဂျင်စီများကို တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အမျိုးသမီး အလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ပေးသည့် မှောင်ခို ဈေးကွက်တခု ဖြစ်ပေါ်လာကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ၂၀၀၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၁၀ ကျော်ကို မြန်မာအမျိုးသမီးများအား အလုပ်သမား များအဖြစ် ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ပေးပို့ခဲ့ပြီး စစ်ဆေး တွေ့ရှိလျင် ကုမ္ပဏီလိုင်စင် ပိတ်သိမ်းမည့်အပြင် ဥပဒေကြောင်း အရ ထောင်ဒဏ် အပြစ် ပေးမည်ဟု တရားဝင် အသိပေးခဲ့ကြောင်း ရန်ကုန် ပြည်ပအလုပ်အကိုင် အေဂျင်စီ တခု၏ ပိုင်ရှင်က ပြောသည်။
ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ရုံး (ဓာတ်ပုံ - ဧရာဝတီ)

ထို ညွှန်ကြားချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ကုမ္ပဏီိများမှာ အမျိုးသမီးများကို နိုင်ငံခြားသို့ စေလွှတ်မှုများ ရပ်နားခဲ့ကြသော်လည်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်လိုသော အမျိုးသမီးများအတွက် စစ်အစိုးရအရာရှိများ ကိုယ်တိုင် ပါဝင်ပတ်သက်ဆောင်ရွက်ပေးသည့် မှောင်ခိုဈေးကွက်တခု ပေါ်ပေါက် လာကြောင်း နိုင်ငံခြား အလုပ်အကိုင်ရှာဖွေပေးသည့် အေဂျင်စီ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“အဲဒီ ညွှန်ကြားချက်ထွက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံကူး လက်မှတ်လျှောက်တာကအစ နိုင်ငံခြားထွက်ဖို့အထိ တော်တော် ခက်လာတယ်။ ဒါပေမယ့် လိုင်းဝင်ထားရင်တော့ (အစိုးရ အရာရှိများကို လာဘ်ထိုးထားခြင်းကို ဆိုလိုသည်) လွယ်တယ်” ဟု အမျိုးသမီးများ နိုင်ငံခြားထွက်ခွာ အလုပ်လုပ်နိုင်စေရန် ဆောင်ရွက်ပေးနေသည့် ပွဲစား တဦးကပြောသည်။

မှောင်ခိုဈေးကွက်၌ နိုင်ငံခြားထွက် အလုပ် လုပ်လိုသော အမျိုးသမီးများအတွက် နိုင်ငံကူး လက်မှတ်ကို နှစ်ပတ်အတွင်း ရရှိအောင် ဆောင်ရွက်နိုင်ပြီး အမျိုးသမီးတဦးလျင် ငွေ ကျပ် ၂ သိန်း ၆ သောင်း ပေးရကြောင်း ပွဲစားများက ပြောသည်။

“ပုံမှန် ပတ်စ်ပို့စ် လျှောက်မယ်ဆိုရင် စုစုပေါင်း ၄၅ ရက်ကြာမယ်။ မိန်းကလေးဆိုရင် ပိုကြာတယ်။ လိုင်းနဲ့ လုပ်ရင်တော့ ၂ ပတ်အတွင်းရမယ်။ မိန်းကလေးတဦးကို ၂ သိန်း ၆ သောင်း ကုန်မယ်။ ဒီငွေက ကျနော် အကုန်ရ တာမဟုတ်ဘူး။ ပေးရ၊ ကမ်းရတာ နုတ်ရင် ကျနော့်အတွက် ၄သောင်းလောက်ပဲကျန်တယ်” ဟု အသက် ၄၀ အရွယ် ပွဲစားတဦးက ပြောသည်။

နိုင်ငံကူးလက်မှတ်ရရှိပြီးနောက် ပြည်ပ အလုပ်အကိုင် ရရှိအောင် ချိတ်ဆက် ဆောင်ရွက်ရာ တွင်လည်း လိုက်ပါဆောင်ရွက်ပေးသည့် ပွဲစားဈေးကွက် တခု ရှိနေပြီး မလေးရှားနိုင်ငံတွင် အထွေထွေအလုပ်သမား အဖြစ် သွားရောက်အလုပ် လုပ်ရန် အကျိုးဆောင်ခနှင့် ပွဲစားကြေး စုစုပေါင်း အမျိုးသမီးတဦးလျင် ငွေ ကျပ် ၁၄ သိန်းကျော် ကုန်ကျကြောင်း သိရသည်။

“မလေးရှားကို Calling Visa နဲ့ဆိုရင် အမျိုးသမီးတဦး ကျပ် ၁၃ သိန်းနဲ့ ၁၅ သိန်းကြား ပေါက်ဈေးရှိတယ်။ မလေးရှားကို Free Calling Visa နဲ့ဆိုရင်တော့ ၁၆ သိန်း၊ ၁၇ သိန်း လောက်သွားကျမယ်” ဟု ရန်ကုန် ပြည်ပအလုပ်အကိုင် အေဂျင်စီ ပိုင်ရှင် တဦး ကဆိုသည်။

နိုင်ငံကူးလက်မှတ်နှင့် အလုပ်အကိုင်ဗီဇာရရှိပြီး ပြည်ပထွက်ခွာရန် အသင့်ဖြစ်နေသည့် အမျိုးသမီးများသည် ပြည်ပထွက်ခွာချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထပ်မံလာဘ်ထိုးရသေးကြောင်း ပွဲစားများက ပြောသည်။

“နိုင်ငံခြား သွားမယ့် ခေါ်စာက အလုပ်ခေါ်စာဆိုတာ လေဆိပ် လ၀က က သိတယ်။ အဲဒီတော့ လေဆိပ်ကို ကျော်ဖို့ ထပ်ပေးရတယ်။ လ၀က တခုတည်းမဟုတ်ဘူး လေဆိပ်ရဲ၊ အကောက်ခွန် အကုန်လုံးပေးရတာ။ အဲလိုပေးဖို့လည်း လိုင်းရှိတယ်။ မိန်းကလေးတဦးကို ၆၀၀၀၀ ကျတယ်။ အဲဒီငွေက လေဆိပ်ဝန်ထမ်း တွေအကုန်ခွဲယူကြတာ” ဟု အမျိုးသမီး ၃ဦး ကို နိုင်ငံခြား ထွက်ခွာ နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည့် ပွဲစားတဦးက ပြောသည်။

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော အမျိုသမီးများ ပြည်ပမပို့ရ ဟူသည့် အမိန့်မှာ စားဝတ်နေရေး နှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ပြည်ပထွက် အလုပ်လုပ် လိုသော အမျိုးသမီးများအတွက် အကျပ် အတည်းဖြစ်စေပြီး ထိုအကျပ်အတည်း ကို အခွင့်ကောင်းယူ အသုံးချသည့် စစ်အစိုးရအရာရှိများသာ ချမ်းသာကြွယ်ဝလာကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ စီးပွားရေးသမားများက သုံးသပ်ပြောဆိုသည်။

“စီးပွားရေးကြပ်တည်းတော့ အမျိုးသမီးတွေ နိုင်ငံခြားမထွက်ရဘူးဆိုပြီး ဘယ်လိုပဲ တားတား သွားချင်တဲ့လူက ရအောင်ကို သွားမှာ။ ကိုယ့်မြန်မာအမျိုးသမီး အလုပ်သမားတွေ ပြည်ပ နိုင်ငံတွေမှာ ဒုက္ခရောက်တာ မတွေ့ စေချင်ရင် သက်ဆိုင်ရာ သံရုံးတွေကနေ ကြီးကြပ် စောင့်ရှောက်ပေါ့” ဟု ရန်ကုန်မြို့မှ ပြည်ပ အလုပ်အကိုင် အေဂျင်စီတခုက အကြံပြုသည်။

ပြည်ပရောက် မြန်မာအမျိုးသမီးများ လုပ်ငန်းခွင်များတွင် အဆင်မပြေမှုများကြုံတွေ့ပြီး ကြေကွဲဖွယ်ဖြစ်ရပ်များ ကြုံတွေ့ရခြင်းမှာ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၏ အကြင်နာ တရားမရှိ လျစ်လျူရှု မှုများကြောင့်ဖြစ်ကြောင်း စင်ကာပူပြန် မြန်မာတဦးက ပြောသည်။

“အစိုးရက ကူညီစောင့်ရှောက်မယ်ဆိုရင် နိုင်ငံခြားရောက် မြန်မာအမျိုးသမီးတွေ ဒုက္ခ ရောက်စရာ မရှိဘူး။ အဓိက က သံရုံးတွေကနေ လိုအပ်တဲ့ အကူအညီတွေပေးဖို့ပဲ” ဟု ပြည်ပအလုပ်အကိုင် ကုမ္ပဏီကြီးတခု၏ ပိုင်ရှင်တဦးက ပြောသည်။

စစ်အစိုးရက နိုင်ငံခြားသို့ မြန်မာအမျိုးသမီးများ စေလွှတ်ခြင်း မပြုရန် တားမြစ်ရခြင်းမှာ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်နေကြသော အမျိုးသမီးအလုပ်သမားများ၏ လုပ်ငန်းခွင် အခြေအနေ များ လွန်စွာ ဆိုးရွားနေပြီး အတိဒုက္ခရောက်နေရသည် ဟူသော သတင်းများ ရရှိနေခြင်း ကြောင့် ဖြစ်သည်ဟု ကုမ္ပဏီများကို တရားဝင် အသိပေးပြောဆို ထားကြောင်း သိရသည်။



ဒေါ်စုနှင့် ရှေ့နေကြီး ဦးကြည်ဝင်း စတုတ္ထအကြိမ် တွေ့ဆုံ


ကိုထွေး| စက်တင်ဘာ ၁၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တွင် စတုတ္ထအကြိမ်တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) က ပြောသည်။

အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက“ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးကြည်ဝင်းတွေ့ဆုံတာ သေချာပါတယ်၊ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါပဲ”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် ဦးကြည်ဝင်းကို ရဲ အထူးသတင်းတပ်ဖွဲ့က စုံစမ်းမေးမြန်းမှုများ ပြုလုပ်သည်ဟုလည်း ၎င်း က ဆိုသည်။

စက်တင်ဘာ ၁ ရက်နေ့က ဦးကြည်ဝင်းနှင့် တတိယအကြိမ် တွေ့ဆုံရာတွင်ဒေါ်ဆောင်ဆန်းစုကြည်က “သူနည်းနည်း ပင်ပန်း၍ ခန္ဓာကိုယ်အလေးချိန် အနည်းငယ်လျော့ကျသွား သည်မှလွဲ၍ နေကောင်းသည်”ဟု ပြောဆိုခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံသောကြောင့် အထူးစိုးရိမ် ပူပန်မိကြောင်း အန်အယ်လ်ဒီ က စက်တင်ဘာ ၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ၏ဥပဒေနှင့် မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့် အနေဖြင့် ဈေးခြင်းကို လက်မခံခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးတို့အတွက် ဖမ်းဆီးထိန်း သိမ်းထားသူများတွင် တာဝန်ရှိကြောင်းတို့ ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေ ဦးကြည်ဝင်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ချခံ ရခြင်း နှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အယူခံဝင်ရန် သြဂုတ် လ ၈ ရက်နေ့၊ ၁၇ ရက်နေ့နှင့် စက်တင်ဘာ ၁ ရက်နေ့ များတွင် ၃ကြိမ်တွေ့ဆုံခဲ့ပြီး ယနေ့တွင် စတုတ္ထအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်း ဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ပဲ
ရှေ့နေကြီး ဦးကြည်ဝင်း သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီမှာ ဦးကြည်ဝင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီ
ဝန်းကျင် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အများက စိတ်ဝင်စားပြီး သိချင်နေကြတဲ့
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသလားဆိုတာနဲ့ ပတ်သက်လို့တော့
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လာမယ့်တနင်္ဂနွေနေ့ သူမရဲ့ ဆရာဝန်ဖြစ်သူနဲ့
တွေ့ဆုံတဲ့အခါမှ ထုတ်ဖော်ပြောလိမ့်မယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှာလိုက်တာက ဆရာတင်မျိုးဝင်းက တနင်္ဂနွေနေ့
သူ့ဆီလာလိမ့်မယ်။ Medical Check-up အတွက်။ အဲဒီကျရင် ဆရာတင်မျိုးဝင်းကို
သူပြောမယ်တဲ့။"

ဦးကြည်ဝင်းအနေနဲ့ ကိုယ်တိုင်တွေ့လာရသူဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ
အပြင်ပန်း ကျန်းမာရေးအခြေအနေကို မေးကြည့်ပါတယ်။

"သူ့အနေအထားကတော့ အလုပ်နဲ့ပတ်သက်လို့၊ လုပ်ငန်းနဲ့ပတ်သက်လို့ ဆွေးနွေး
ဆောင်ရွက်ကြပါတယ်။"

ရှေ့နေ ဦးကြည်ဝင်းနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က အာဏာပိုင်
တွေကို တောင်းဆိုတင်ပြခဲ့တဲ့ အချက်တွေ၊ အာဏာပိုင်တွေဘက်က တုံ့ပြန်မှုကိစ္စတွေ
ကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း
ထားတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းရဲ့ လက်ထောက်အဖြစ် ၂ ဦးထား
ရှိဖို့ တောင်းဆိုချက်မှာ စစ်အစိုးရဘက်က တဦးကိုပဲ လက်ခံခဲ့ပါတယ်။ အခြားတဦး
ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေ ဦးဉာဏ်ဝင်းကိုတော့ နိုင်ငံရေးပါတီနဲ့
ဆက်နွယ်တယ်ဆိုပြီး ပယ်ချခဲ့တဲ့အကြောင်း ဦးကြည်ဝင်းက ရှင်းပြပါတယ်။

"ကျနော့်ကို အထောက်အကူပေးဖို့ ရှေ့နေ ၂ ယောက် ခန့်ဖို့ကိစ္စ၊ ဆရာဦးဉာဏ်ဝင်းနဲ့
ပတ်သက်လို့ အခုချမှတ်ထားတဲ့ တားဆီးမိန့်၊ စည်းကမ်း က နဲ့ သွားငြိတယ်။ နိုင်ငံရေး
အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဘာညာနဲ့ မဆက်သွယ်ရဘူး။ အဲဒါနဲ့ သွားငြိစွန်းတဲ့
အတွက် ဦးဉာဏ်ဝင်းကို ကျနော့်ကို အထောက်အကူပြုဖို့ ရှေ့နေအနေနဲ့ ပါခွင့်မရဘူး။

"ဒုတိယပုဂ္ဂိုလ် လှမျိုးမြင့် ခန့်ဖို့ကျတော့လည်း သတင်းတပ်ဖွဲ့ကပြောတာ ဆရာ
ဦးကြည်ဝင်းအနေနဲ့ ခန့်ချင်တဲ့လူခန့်လိုက်ပါ၊ ရပါတယ်တဲ့။ ဒီလိုလည်း အသိအမှတ်
ပြုပါတယ်။"

ဒါပေမယ့် အာဏာပိုင်တွေကို တောင်းဆိုထားတဲ့အထဲ ကျန်အချက် ၂ ချက်ကိုတော့
အာဏာပိုင်တွေဘက်က အကန့်အသတ်အချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လျော
လိုက်ပါတယ်။

"ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တားဆီးခြင်းမရှိသော မူလအခွင့်အရေးများ
အရ ခံစားခွင့်ပေးထိုက်တယ်ဆိုပြီး တစ်က သူ့မိသားစုဆီက ပို့တဲ့စာတွေကို ရယူပြီး
ဖတ်ရှုပိုင်ခွင့် ရှိရမယ်။ Reading Materials ပေါ့၊ ဥပမာ တိုင်းမဂ္ဂဇင်း၊ နယူးစ်ဝိခ် မဂ္ဂဇင်း၊
မြန်မာသတင်းစာတစောင်၊ အဲဒါကို တင်ပြထားတယ်။ အဲဒီဟာတွေက ရပိုင်ခွင့်ရှိတယ်
ဆိုတာမျိုး။ ဆရာတင်မျိုးဝင်းက လစဉ် Medical Check-up သွားရင် ယူသွားပါလိမ့်
မယ်။ အဲဒါ ဒုတိယ အဆင်ပြေသွားတဲ့အချက်ပေါ့။

"တတိယကတော့ ဒေါ်ခင်ခင်ဝင်းတို့ မိသားစု လွတ်လွတ်လပ်လပ် သွားလာခွင့် စသည်
ဖြင့်ပေါ့။ အဲဒါလည်း သတင်းတပ်ဖွဲ့က လက်ခံတယ်။ သို့သော် နေထွက်ပြီးတဲ့အချိန်နဲ့
နေမ၀င်ခင်အချိန်မှာ သွားကြဖို့ မေတ္တာရပ်ခံတယ်၊ ကန့်သတ်တာမဟုတ်ဘူး။ အဲဒါကို
သတင်းတပ်ဖွဲ့က လက်ခံတယ်။"

ဒီလို အာဏာပိုင်တွေဘက် လိုက်လျောမှုတွေ ပြလာတာကြောင့် ဒေါ်အောင်ဆန်း
စုကြည်ဘက်ကလည်း လာမယ့် တနင်္ဂနွေနေ့မှာ ဆရာဝန်နဲ့ လက်ခံတွေ့ဖို့ရှိသလို ဒါပြီး
ရင်တော့ ပြင်ပအစားအစာ ပုံမှန်ပို့တာတွေလည်း ပြန်လက်ခံဖို့ရှိတယ်လို့ ဦးကြည်ဝင်း
က ရှင်းပြခဲ့ပါတယ်။

"ဒါလေးတွေအားလုံး ပြေပြစ်သွားရင် ဆရာတင်မျိုးဝင်းက အခု တနင်္ဂနွေနေ့မှာ
Medical Check-up သွားဖို့အစီအစဉ်ရှိတယ်။ တနင်္ဂနွေနေ့ Medical Check-up
လုပ်ပြီးရင် မြင့်စိုး ဈေးဝယ်တာတို့ ဘာတို့လည်း ပြန်ပြီးတော့ လက်ခံမယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ဦးကြည်ဝင်းတို့ တွေ့ဆုံနိုင်ဖို့အတွက် ရဲအထူးသတင်း
တပ်ဖွဲ့က စီစဉ်ခဲ့ပေမယ့် တွေ့ဆုံစဉ်မှာ တာဝန်ရှိသူ အာဏာပိုင်တွေဘက်က တစုံတရာ
ကန့်သတ်ချုပ်ချယ်တာမျိုးတွေ မရှိဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးမှာ ဥပဒေအတိုင်း ဆက်ပြီးလုပ်သွားမယ်လို့ ရဲချုပ် ခင်ရီက တနေ့က
သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခု ရှေ့နေဖြစ်သူနဲ့ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုကိစ္စ အသွား
အလာတွေကိုလည်း ဆွေးနွေးခဲ့ပြီး သူမ လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ
မျှော်လင့်စရာရှိတယ်လို့လည်း ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကြာသပတေးနေ့တွင် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံတွေ့ဆုံပါသည်။ သူမအား တရားမဝင် ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုရန် ဆွေးနွေးခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။

ယနေ့ ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၂ နာရီမှ ၄ နာရီအထိ ၂ နာရီကြာမျှ ခေတ္တ တွေ့ဆုံခဲ့ပြီး သူမအား တရားမဝင် ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ သူ့ကိုယ်စား သူရေးသားထားသည့် လျှောက်လွှာကို ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက မဇ္ဈိမကို ပြောပြသွားပါသည်။

“သူ့ကျန်းမာရေးက ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားပြီး၊ တဆက်တည်းတွင် သူမ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ သူမ၏ မိသားစုရှေ့နေ ဒေါက်တာ တင်မျိုးဝင်းကသာ ထုတ်ဖေါ် ပြောကြားလိမ့်မည် ဖြစ်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသိပေး ပြောကြားခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဦးကြည်ဝင်းက ဆက်လက် ပြောသည်မှာ သူမ အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသော ကောလဟလ သတင်းများနှင့် စပ်လျဉ်း၍ နိုဘယ်ဆုရှင်က ဖြေကြားခြင်း မပြုခဲ့ဟု ဆိုပါသည်။

စက်တင်ဘာ ၁ ရက်နေ့က သူမနှင့် တွေ့ဆုံစဉ်ကလည်း အလားတူ မေးခွန်းကို မေးမြန်းခဲ့သေးကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က သူ့ကို “ကျမ နေကောင်းပါတယ်၊ ကိုယ်အလေးချိန်ဘဲ နဲနဲကျနေတယ်” ဟုသာ ပြန်ဖြေခဲ့ကြောင်းဖြင့် ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသွားပါသည်။

သောကြာနေ့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သူမသည် သူမထံ ပေးပို့သော အစားအသောက်များကို သြဂုတ်လလယ် ကတည်းက လက်မခံဘဲ ငြင်းဆန်ခဲ့ရာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ကြေငြာခဲ့ပါသည်။

ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ လအတွင်း ၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပြီး သူမအား ကန့်သတ်မှုများ ဆက်လက် ပြုလုပ်ထားခြင်းအတွက် အစိုးရထံ လျှောက်ထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြောပါသည်။

“လျှောက်လွှာကို အစိုးရ ဝန်ကြီးအဖွဲ့ထံ တင်ပါမယ်” ဟု ဦးကြည်ဝင်းက ပြောသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော်ကြာမျှ တနည်း မဟုတ်တနည်းဖြင့် ထိန်းသိမ်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်း မြို့အနီးတွင် သူမ၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် လူအုပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ၂ဝဝ၃ ခုနှစ် မေလ ကတည်းက နောက်ဆုံးအကြိမ် ဖမ်းဆီး ထိန်းသိမ်းထားခံခဲ့ရခြင်း ဖြစ်ပါသည်။

ယခုနှစ် မေလက သူမ၏ အကျယ်ချုပ် သက်တမ်းကို စစ်အစိုးရက နောက်တကြိမ် ထပ်မံသက်တမ်း တိုးမြင့်ခဲ့ပါသည်။ သို့သော် သူမပါတီ အဖွဲ့ဝင်များနှင့် သူမကို ထောက်ခံသူများက စစ်အစိုးရသည် မြန်မာပြည်၏ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ ဤဥပဒေအရ မည်သူ့ကိုမျှ တဆက်တည်း ၅ နှစ်ထက်ကျော်၍ ထိန်းသိမ်းထား၍ မရကြောင်း ပြောဆိုခဲ့ကြပါသည်။

သို့သော် စစ်အစိုးရကမူ သူတို့၏ ဤဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထိန်းသိမ်းမှု သက်တမ်းကို ၆ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်း ပြောဆိုပါသည်။

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစီအရင်ခံစာ ထုတ်ပြန်


ဧရာဝတီ| စက်တင်ဘာ ၁၁၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ၎င်း၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ၏ ယခုတခေါက် မြန်မာပြည် ခရီးစဉ်မှာ မတ်လက သွားခဲ့သည့် ခရီးစဉ်ထက် အပြုသဘော ပိုဆောင်ကြောင်း ထုတ်ပြန်လိုက်သည်။

မတ်လက မစ္စတာဂန်ဘာာရီ မြန်မာပြည်သို့ သွားခဲ့သည့် ခရီးစဉ်မှာ UNSC အနေနှင့် စိတ်ပျက်စရာ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက သွားခဲ့သည့် မြန်မာပြည် ခရီးစဉ်မှာမူ များစွာ တိုးတက်ခဲ့သည်ဟု မနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြခဲ့သည်။

မစ္စတာ ဂမ်ဘာရီအနေနှင့် မြန်မာပြည်တွင်းသို့ ပြန်မသွားခင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ မြန်မာ မိတ်ဆွေများအဖွဲ့ (အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်)၊ ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော သြစတေးလျ၊ နော်ဝေ၊ ဂျပန်၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများ နှင့် အချက် ၅ ချက်ကို ဆောင်ရွက်ခဲ့ရန် သဘောတူခဲ့သည်။

၎င်း အချက် ၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်၊ အများယုံကြည်လက်ခံ သော နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်ထွန်းရန်၊ စီးပွားရေးအကြပ်အတည်း ပြဿနာများ ဖြေရှင်း ရန် ကုလသမဂ္ဂနှင့် ပုံမှန်ဆက်ဆံရေး ကောင်းမွန်စေရန် မြန်မာစစ်အစိုးရအား တိုက်တွန်း ရန်တို့ ပါရှိသည်။

မစ္စတာဂန်ဘာရီ၏ သြဂုတ်လ မြန်မာပြည် ခရီးစဉ်တွင် ဝန်ကြီး ဦးစိုးသာနှင့် မစ္စတာဂန်ဘာရီတို့ ၂ ဦး စီးပွားရေးချွတ်ခြုံကျနေမှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြ သည်ဟု သံတမန်အသိုင်းအဝန်းမှ ကြားသိရသည်။

မနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် မစ္စတာဂန်ဘာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် စစ်အစိုးရကြား သဘောတူညီချက်များ ရှိနေပြီဟု ပါရှိသည်။

“မစ္စတာဂန်ဘာရီအနေနဲ့ NLD နဲ့ စစ်အစိုးရကို သဘောတူညီချက်တွေ ပြုလုပ်နိုင်ဖို့ ညွှန်ပြ ပေးနိုင်ခဲ့တယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးအတွက် နိဒါန်းပါပဲ။ ဒါ့အပြင် UN အနေနဲ့ မြန်မာပြည်အတွင်းမှာ ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းစဉ်တွေ ချောမွေ့စေဖို့ အများကြီး အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်” ဟု ၎င်း အစီအရင်ခံစာတွင် ဖော်ပြထား၏။

မစ္စတာဂန်ဘာရီအနေနှင့် မြန်မာပြည်သို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၆ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ သြဂုတ် ၁၈ ရက်မှ ၂၃ ရက် အတွင်း ၆ ရက်တိုင်တိုင် သွားခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် ယနေ့တွင် မိန့်ခွန်း တရပ်ပြောကြား လိမ့်မည်ဖြစ်သည်။

ဆက်လက်၍ အစီအရင်ခံစာထဲတွင် “မစ္စတာဂန်ဘာရီ၏ မိန့်ခွန်းအပြီး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌက ကြေညာချက် ထုတ်ပြန်ကောင်းထုတ်ပြန်ပါမယ်” ဟု ပါရှိသည်။

၂၀၀၇ အောက်တိုဘာကလည်း UNSC အနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကုလသမဂ္ဂက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ဖြေရှင်းရေး နှင့် လူထု၏ စီးပွားရေး လူမှုရေးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရေး စသည်ဖြင့် တောင်းဆိုခဲ့သည်။ UNSC ဥက္ကဌ၏ လာမည့် ကြေညာချက်တွင်လည်း အထက်ပါ အချက်များကိုသာ ထပ်မံတောင်းဆိုသွားမည်ဖြစ်သည်။

ကုလသမဂ္ဂအနေနှင့် မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများအစား တခြားသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု ထိုအစီအရင်ခံစာအရ ယူဆရသည်။


မနီလာသိန်း အဖမ်းခံရသည်ဟု သတင်းများထွက်


ကိုသက် | စက်တင်ဘာ ၁၁၊ ၂၀၀၈
လွန်ခဲ့သည့်နှစ်ကတည်းက စစ်အစိုးရ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်း ယမန်နေ့ညက အဖမ်းခံရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “မနီလာသိန်း အဖမ်းခံရတယ် ကြားတယ်။ သူနဲ့နီးစပ်တဲ့လူတယောက်က ပြောတာ” ဟု ဧရာဝတီကို ပြောသည်။

မနီလာသိန်း၏ လုပ်ဖော်ကိုင်ဖက်တဦးကလည်း ယမန်နေ့ညနေကတည်းက မနီလာသိန်း၏ လက်ကိုင်ဖုန်းကို ခေါ်သည့်အခါ ဌာနကပိတ်ထားသည်ဟုသာ ဖြေကြားသဖြင့် အဖမ်းခံရသည်ဟု ယူဆရကြောင်း ပြောသည်။

ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ လူငယ်တဦးကလည်း ယမန်နေ့ညပိုင်းက မနီလာသိန်းပုန်းခိုသည့်နေရာမှ တခြားနေရာတခုသို့ ပြောင်းရွှေ့စဉ် အဖမ်းခံရသည်ဟု ကြားသိရကြောင်း ပြောသည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ ၎င်းတို့အား ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် တနှစ်ကျော်ကြာထိန်းသိမ်းထားခဲ့ပြီး မကြားသေးမီကစတင်၍ ရုံးထုတ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

မနီလာသိန်းသည် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီး၊ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် မစုစုနွေး၊ မဖြူဖြူသင်းတို့နှင့်အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်တွင် ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းနေရင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

လူ့အခွင့်အရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းကြသူများကို ချီးမြှင့်လေ့ရှိသည့် Czech နိုင်ငံ အခြေစိုက် People in Need အဖွဲ့၏ ၂၀၀၇ ခုနှစ်အတွက် Homo Homini ဆုကို မနီလာသိန်း၊ မစုစုနွေးနှင့် မဖြူဖြူသင်းတို့ ၃ ဦးက ပူးတွဲဆွပ်ခူးခဲ့ကြသည်။

မနီလာသိန်းသည့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်သည်။

အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကိုပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြား
ကပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နောက်ထပ်နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတာဆီးတာတွေလည်း
ရှိနေပါတယ်။ အခုနောက်ဆုံးဆိုရင်လည်း အာဏာပိုင်တွေ ဖမ်းဆီးမယ့်ရန်ကနေ တိမ်းရှောင်နေတဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်းကိုဖမ်းဆီးလိုက်သလို မကြာသေးခင် ရက်ပိုင်းအတွင်း
အဖမ်းအဆီး ခံရသူတွေကိုလည်း အာဏာပိုင်တွေကကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေ
တယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြောကြပါတယ်။အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆော င်တယောက်ဖြစ်တဲ့
မနီလာသိန်းကို ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတယောက်နေအိမ်ကို
အသွားမှာ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးခဲ့တာလို့ သူနဲ့နီးစပ်သူ မိသားစုဝင်တွေနဲ့
မိတ်ဆွေတွေက ပြောပြကြပါတယ်။ မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ကုန်ဈေးနှုန်းကျဆင်း
ရေး၊ လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လှုပ်ရှားမှုတွေနောက်ပိုင်း ၈၈
မျိုးဆက်ကျောင်းသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လာခဲ့
တဲ့နောက် အဖမ်းခံရမယ့်အရေးက လွတ်ဖို့အတွက် တိမ်းရှောင်နေရာက အခု
နောက်ဆုံး ဖမ်းဆီးခံလိုက်ရတာပါ။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကပဲ မနီလာသိန်းရဲ့ ခင်ပွန်းသည်ဖြစ်သူ ကိုဂျင်မီ ခေါ်
ကိုကျော်မင်းယုဟာလည်း ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေနောက်ပိုင်း ပြီးခဲ့တဲ့
နှစ် သြဂုတ်လကတည်းက တခြား ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးခံထား
ရတာပါ။ အခုရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်
ဆိုသလို ရှိနေတဲ့အထဲက မနီလာသိန်း ဖမ်းဆီးခံခဲ့ရတာဟာ နောက်ဆုံးကြားရတဲ့
သတင်းလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့လဆန်းပိုင်း ရှစ်လေးလုံးကာလအတွင်း ဖမ်းဆီးမှုတွေ
ရှိတဲ့အချိန်တုန်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်တဲ့
မမာမာဦးကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့တာပါ။

ဒီလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းတာဆီးတာတွေ
ရှိနေရုံသာမက ဖမ်းဆီးခံရသူတွေကိုလည်း အကြမ်းပတမ်း ကိုင်တွယ်စစ်ဆေးမေးမြန်း
တာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီဝင် တဦးဖြစ်တဲ့ ကိုအောင်မိုးလွင်ဟာဆိုရင်လည်း အဆက်
အသွယ်မရဘဲ ပျောက်နေရာက အခုနောက်ဆုံး အာဏာပိုင်တွေ ဖမ်းဆီးထားတယ်လို့
သိရပြီး စစ်ဆေးမေးမြန်းမှုကာလအတွင်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတဲ့ လက္ခ
ဏာတွေ ရှိတယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတယောက်က ပြောပြပါ
တယ်။

"ကိုအောင်မိုးလွင် ပါသွားတဲ့ကိစ္စကိုတော့ ကျနော်တို့ ဂဃနဏ မသိရသေးဘူး။
၁၀ ရက်လောက်ရှိသွားတော့ ကျနော်တို့က စိတ်ပူနေတာပေါ့။ အဲဒါ အခု ရဲတိုင်းရုံးကို
ရောက်သွားတယ်လို့ပြောတယ်၊ အချုပ်ခန်းထဲမှာပေါ့။ သူ့အခြေအနေကတော့ ပုံပျက်
ပန်းပျက် ဖြစ်နေတယ်လို့ပြောတယ်။ မျက်လုံးတွေဆို ဖူးရောင်နေတယ်၊ အမျိုးမျိုး
နှိပ်စက်နေတယ်လို့ ကြားပါတယ်။

"ကိုအောင်မိုးလွင်က ကျနော်တို့နဲ့ပတ်သက်တဲ့အချိန်က စပြီးပြောရရင်တော့ သူက
ရိုးရိုးသားသားနဲ့ပဲ ဖြတ်သန်းလာတာတွေ့ရတယ်။ ဘာမှလည်း လုပ်တာကိုင်တာ
မတွေ့ရဘူး။ သူ့သူငယ်ချင်းတယောက်အနေနဲ့ ကျနော်တို့က အသိဆုံးပဲ။ ရုံးဖွင့်ချိန်
ရုံးသွားတယ်၊ ရုံးတက်တယ်။ ဒီဟာလောက်ပါပဲ။ အဖွဲ့ချုပ်ရုံးပေါ့။ ညနေ ရုံးဆင်းတယ်။
ဒီဟာလောက်တော့ သူ သွားလေ့သွားထ ရှိပါတယ်။"

တကယ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်း
သားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေတဲ့ကြားကပဲ အခုလို
အဖမ်းအဆီးတွေကလည်း မရပ်မနား ရှိနေတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့
အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတို့က
ဆိုရင်လည်း ဒီတပတ်ထဲမှာပဲ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။