Saturday, September 13, 2008

နီလာသိန်း ဖမ်းဆီးမှု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စိုးရိမ်

13 September 2008
မသင်းသီရိ
မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း ဟာ ကြမ်းကြမ်းတမ်းတမ်း စစ်ကြော မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက စိုးရိမ်မိတယ် လို့ ဗြိတိန်အခြေစိုက် Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က အခုလို ပြောပြပါတယ်။

“မနီလာသိန်းဟာ ရိုက်နှက်စစ်ဆေး မေးမြန်းမှုတွေ ခံနေရတယ် ဆိုတဲ့သတင်းတွေ အတွက် အင်မတန် စိုးရိမ်ပူပန် ပါတယ်။ နှစ်ပေါင်းများစွာ မိသားစုနဲ့ဝေး ထွက်ပြေးနေရတဲ့ မနီလာသိန်း ဟာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက် ထိခိုက်နေမလဲ ဆိုတာ ကျနော်တို့ ကိုယ်ချင်းစာမိပါတယ်။ အခုလို ရုတ်တရက် အဖမ်းခံရပြီးတော့ သူ့ကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်မယ် ဆိုရင်တော့ ကျနော်တို့ မတွေးဝံ့လောက်အောင် ပါပဲ။ သူ့ကို အာဏာပိုင်တွေက သည်းသည်းမဲမဲ လိုက်ရှာနေတာလည်း ကြာပြီဆိုတော့ အငြိုးထားပြီး နှိပ်စက်မှာကို ကျနော်တို့ အင်မတန် စိုးရိမ်ပါတယ်။” - လို့ ဟိုက်ဒါ က ပြောပြခဲ့ပါတယ်။
ဒါကြောင့်မို့ မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတခုအကြောင်းကိုလည်း ဟိုက်ဒါ က အခုလို ဆက်ပြောပြပါတယ်။

“ကျနော်တို့ Amnesty International အဖွဲ့သားတွေ လူတွေ၊ လူ့အခွင့်အရေး လေးစားလိုက်နာသူတွေ က မနီလာသိန်း နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ ရိုက်နှက်ဆက်ဆံမှု၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်စစ်ဆေးမှုတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို ကျနော်တို့ အရေးပေါ် တောင်းဆိုချက်တခု လုပ်ထားပါတယ်။ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးရမှာဖြစ်သလို မနီလာသိန်းကိုလည်း လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။” - လို့ ဟိုက်ဒါ က ပြောပါတယ်။

တကယ်တော့ Amnesty International အဖွဲ့ကြီးဟာ ၈၈ အရေးတော်ပုံကြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ဖမ်းဆီးပြီးတဲ့နောက် မြန်မာ့အရေးအတွက် ပိုပြီး ထင်ထင်ရှားရှား လှုပ်ရှားလာတဲ့အဖွဲ့ တခု ဖြစ်ပါတယ်။ Amnesty International အဖွဲ့အနေနဲ့ မနီလာသိန်းအတွက် တောင်းဆိုမှုတွေအပေါ်မှာ လိုက်လျောမယ်လို့ မျှော်လင့်ပါသလား လို့ ဟိုက်ဒါ ကို မေးကြည့်ပါတယ်။

“မကြာသေးခင် လပိုင်းအတွင်းကပဲ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ အခြေအနေ နဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြခဲ့ပါတယ်။ နောက်တော့ နိုင်ငံရေး အကျဉ်းသားတချို့ ဆေးကုသခွင့် လိုက်လျောတဲ့အဆင့်ကို ကျနော်တို့ ရခဲ့ပါတယ်။ အပြည့်အစုံ ထိရောက်မှု ရှိတယ် မရှိဘူး ဆိုတာထက် မြန်မာအကျဉ်းထောင် တွေထဲမှာ ဘာတွေ ဖြစ်နေသလဲ၊ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာကို နိုင်ငံတကာကို တင်ပြပေးနိုင်ခြင်းဟာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် မနီလာသိန်း နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျနော်တို့ ချက်ချင်းလုပ်ခဲ့တာပါ” - လို့ အရှေ့တောင်အာရှ အတွင်းရေးမှူး ဟိုက်ဒါ ကီကာဖို က ပြောပြခဲ့ပါတယ်။

မနီလာသိန်း ရဲ့ခင်ပွန်း ကိုဂျင်မီ လို့ခေါ်တဲ့ ကိုကျော်မင်းယု ဟာလည်း မနှစ်က လောင်စာဆီဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေမှာ အဖမ်းခံထားရသူ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကတည်းက မနီလာသိန်း ဟာ လသားအရွယ် သမီးငယ်လေးကို ပစ်ပြီး ထွက်ပြေးတိန်းရှောင်နေရင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။


စစ်အစိုးရအား ကုလမှ ဖယ်ရှားရေး စိန်ခေါ်မှုကို အဝေးရောက် မြန်မာအစိုးရ ထောက်ခံ


ဆော်လမွန်
စနေနေ့၊ စက်တင်ဘာလ 13 2008 12:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်သည့် လှုပ်ရှားမှု၌ အဆိုပါ ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုနိုင်သော်လည်း အဆိုပါ မြန်မာ့ အတိုက်အခံများက ဆောင်ရွက်နေသည့် စိတ်ကူး အကြံအစည်ကို ထောက်ခံပါကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) က ပြောကြားသွားပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (NCGUB) ၏ ဝန်ကြီးချုပ်ရုံး (အနောက်ဘက်) ဝန်ကြီးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောကြားရာတွင် သူတို့အစိုးရ အနေဖြင့် ဤစိန်ခေါ်သည့် ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခြင်း မပြုသော်လည်း ဤစိတ်ကူးကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံကို အုပ်စိုးလျက်ရှိသော စစ်အစိုးရ၏ တရားဝင်မှုကိုစိန်ခေါ်သည့် မည်သည့် လှုပ်ရှားမှုကိုမဆို ကြိုဆိုကြောင်း ပြောကြားသွားခဲ့ပါသည်။

“ကုလသမဂ္ဂက မြန်မာ စစ်အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် လက်မခံသင့်ပါဘူး” ဟု ဒေါက်တာတင့်ဆွေက ပြောကြားသွားပါသည်။

သူတို့ အစိုးရအနေဖြင့် သံတမန် ဆက်ဆံရေးများ ရှိနေသဖြင့် ဤစိန်ခေါ်သည့် လှုပ်ရှားမှု ပန်ကြားလွှာတွင် လက်မှတ် ရေးထိုးခြင်း မပြုနိုင်ကြောင်း၊ သို့သော် စစ်အစိုးရ၏ တရားမဝင် အုပ်စိုးမှုကို စိန်ခေါ်သည့် မည်သည့် လှုပ်ရှားမှုကိုမဆို မူအရ NCGUB က သဘောတူညီပါကြောင်း ပြောကြားသွားပါသည်။

ပြည်ပရောက် မြန်မာ့အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ခေါင်းဆောင်ပြီး၊ မြန်မာနိုင်ငံ ပါလီမန်အမတ်များ အဖွဲ့ (MPU) ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ (သာသနာ့မောလိ) တို့က ထောက်ခံ၍ ပန်ကြားလွှာ တစောင်ကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး ဤကမ္ဘာ့ အဖွဲ့အစည်းကြီးအား မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုကို ပိတ်ပင် ဖယ်ရှားပေးပါရန် တိုက်တွန်းထားပါသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံကို တရားမဝင် အင်အားသုံး အုပ်စိုးလျက်ရှိပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရကိုလည်း အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်ဟု အဆိုပါ အတိုက်အခံ အုပ်စုများက ပြောကြားသွားပါသည်။ စစ်အစိုးရအစား သူတို့၏ ကိုယ်စားလှယ်ကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် လက်ခံ အသိအမှတ် ပြုပါရန်လည်း ဤအတိုက်အခံ အုပ်စုများက ကုလသမဂ္ဂကို တိုက်တွန်း ထားပါသည်။

“ဒီလှုပ်ရှားမှုက လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်လို့ပါ” ဟု ဒေါက်တာတင့်ဆွေက ပြောသွားပါသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ် (Michele Monta) က အဆိုပါ မြန်မာအတိုက်အခံ အုပ်စုများ တင်သွင်းသည့် ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားလွှာအား ကုလအတွင်းရေးမှူးချုပ် လက်ခံရရှိပြီး ဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားသွားပြီး ယင်းစာကို ကုလသမဂ္ဂ၏ ၆၃ ကြိမ်မြောက် အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက် နေ့တွင် သုံးသပ် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။