Monday, September 15, 2008

ဆိုင်ခန်းနာမည်''သမ္မတ''လို့ပေးမယ်နော်....ဒါလင်




တွေ့ဆုံဆွေးနွေးခြင်းသာပြည်သူများ၏အမောပြေစေနိုင်...



ခရီးရှည်ချီတက်.....မြန်မာအတွက်



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအတွက် တိုက်ပွဲဝင်ကြ



ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ်


15 September 2008
ဦးသားညွန့်ဦး -

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် အစာငတ်ခံ ဆန္ဒပြနေတာ မဟုတ်ပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ပေးနေတဲ့ အစားအသောက်
တွေကို သြဂုတ်လလယ်ထဲက ဒေါ်အောင်ဆန်းစုကြည်က လက်မခံတော့တဲ့အတွက်
သူမ အစာငတ်ခံ ဆန္ဒပြနေသလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအတိုင်း အခွင့်အရေးတွေ ခံစားခွင့် ရနိုင်ဖို့အတွက်
ပြင်ပက အစားအသောက်တွေကို လက်မခံဘဲ ခြိုးခြံစားသုံးခဲ့လို့ အားတော့နည်းနေ
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်း ဖြစ်နေတဲ့အပေါ်မှာ နိုင်ငံ
တကာရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ စိုးရိမ်ပြီး စိတ်ဝင်တစား ရှိနေပါ
တယ်။ မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုဆရာဝန် ဒေါက်တာ
တင်မျိုးဝင်းတို့ တွေ့ဆုံအပြီးမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခဲ့
တာ မဟုတ်ဘူးလို့ ဒီနေ့မှာ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့
ပါတယ်။

"အစာငတ်ခံတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သြဂုတ်လ ၁၆ ရက်နေ့
လောက်ကတည်းကစပြီး အစားအသောက်ကို လက်ခံခြင်း မပြုတော့ဘူး။ မပြုဘဲနဲ့
နောက်ပိုင်းရက်တွေကျတော့ အစားအစာကို ချွေတာ စားသောက်တဲ့အခါကျတော့
အဲဒီရက်တွေမှာ အာဟာရ အလွန်နည်းသွားတယ်။ အစာငတ်ခံတယ်လို့တော့
တိုက်ရိုက်ကြီး ပြောလို့မရဘူး။ သို့သော် အာဟာရတော့ တော်တော်လျော့သွားတယ်။"

အန်ကယ်နဲ့တွေ့တဲ့အချိန်မှာရော သူ့ရဲ့ကျန်းမာရေး အပြင်ပန်းအနေအထား
ဘယ်လိုများရှိပါသလဲ။

"အယူခံလွှာကို ပြင်ပေးစရာတွေရှိတာ ပြင်ပေးတဲ့ကိစ္စ အားလုံးဆောင်ရွက်သွားတာ
ပါပဲ။ ဒါကတော့ စားပွဲပေါ်မှာ ထိုင်လုပ်တဲ့အလုပ်ပေါ့ဗျာ။"

အခုနောက်ဆုံးအခြေအနေရော အန်ကယ် ဘယ်လိုများသိထားပါလဲ။ အာဏာပိုင်တွေ
ဘက်က ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာတချို့ကို လိုက်လျောပေးလိုက်ပြီဆို
တော့ နောက်ဆုံးအခြေအနေမှာ ဘယ်လိုရှိပါသလဲ။

"အာဏာပိုင်တွေကလည်း အခုလို လိုက်လျောလာရင် ကျမကလည်း ပြန်တုံ့ပြန်ပြီး
တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ချင်ပါတယ်တဲ့။ အဲလိုပြောပါတယ်။ အခု
တော့ မနေ့က ဆရာဝန်ကြီးနဲ့လည်း တွေ့ပြီးတော့ အာဟာရဖြစ်အောင်
ပြန်စားသောက်လာပြီ။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က အစာငတ်ခံ ဆန္ဒပြတာ မဟုတ်ပေမယ့် သူ့ရဲ့ ဥပဒေ
အတိုင်း ရပိုင်ခွင့်တွေအတွက်တော့ ပြင်ပအစားအစာတွေ လက်မခံဘဲ ဆန္ဒပြတာတော့
လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလိုတဲ့ ဥပဒေအတိုင်း ရပိုင်ခွင့်ဆိုတာ ဘာလဲ
ဆိုတာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက အခုလိုရှင်းပြခဲ့ပါတယ်။

"သူ အစားအသောက် ဈေးခြင်းတောင်း လက်မခံတာက ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို
သူ့ကဲ့သို့ မဆိုင်ဘဲနဲ့ ကန့်သတ်ခံနေရတဲ့ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်း ပုံမှန်ဝင်ပြီး
ဆေးစစ်ခွင့်မရှိတဲ့ကိစ္စ၊ နောက် အယူခံကိစ္စ၊ အဲလိုကိစ္စတွေပေါ့။ သူဆိုလိုတာက
ဒေါ်အောင်ဆန်းစုကြည် သူ ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ သူ့အပေါ်မှာ ကန့်သတ်ချက်
နဲ့ အကြုံးမ၀င်တဲ့ အခွင့်အရေးတွေကို ရအောင် ညှိနှိုင်းဆောင်ရွက်နေတယ်။ အဲဒီ
ညှိနှိုင်းဆောင်ရွက်နေတဲ့ကာလမှာ အစားအသောက်တွေကို လက်မခံတာလို့ အစ
ကတည်းက ဦးကြည်ဝင်းကလည်း ပြောပါတယ်၊ ကျနော်တို့ အဖွဲ့ချုပ်ကလည်း
ကြေညာချက် ထုတ်ထားပါတယ်။"

အခုတော့ အာဏာပိုင်တွေဘက်က တော်တော်များများ လိုက်လျောလိုက်တဲ့သဘော
တွေ့ရပါတယ်။ အဲတော့ အခြေအနေက ဒါနဲ့ပတ်သက်လို့ ဘာများကြားပါလဲ။

"ကျနော်ကြားတာတော့ ဒီနေ့ အစားအသောက်ပို့တဲ့လူငယ်ကို စတင်ဆောင်ရွက်မယ်
လို့ သိရပါတယ်။ ဒီနေ့ညနေပိုင်း သွားပို့မယ်လို့ ကြားရပါတယ်။"

အရင်တောင်းထားတဲ့ ပုံမှန် ဆရာဝန်နဲ့ တွေ့ခွင့်ကိစ္စမျိုးတွေရော အာဏာပိုင်တွေဘက်
က ဘယ်လိုသဘောရလဲ။

"သဘောတူပြီးပါပြီ။"

အန်ကယ်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလို အခွင့်အရေးတွေနဲ့ ပတ်သက်လို့
ပြင်ပအစားအစာတွေ လက်မခံဘဲ တောင်းဆိုဆန္ဒပြတာနဲ့ ပတ်သက်လို့ရော
အန်ကယ်တို့ ဘယ်လိုအမြင်ရှိပါသလဲ။

"ကျနော်တို့အမြင်က ဒီဥစ္စာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိုယ်တိုင်သက်သက်
အတွက် ဆောင်ရွက်တာလို့ ကျနော်တို့ မမြင်ပါဘူး။ တတိုင်းတပြည်လုံး၊ ပြည်သူလူထု
အားလုံး မိမိရရှိသင့်တဲ့အခွင့်အရေး၊ ဥပဒေနဲ့အညီ ရရှိသင့်တဲ့ အခွင့်အရေးတွေ
အတွက် ဆောင်ရွက်နေတာလို့ မြင်ပါတယ်။"
အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထား
တဲ့ အမှုကိစ္စနဲ့ပတ်သက်လို့ အယူခံတင်ဖို့ ရှေ့နေဖြစ်သူက ကြိုးစားနေပါတယ်။
ဒါပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရဖို့အတွက် အာဏာပိုင်တွေနဲ့ သူ
ဆက်သွယ်ညှိနှိုင်းထားတယ်လို့ သိရပါတယ်။ ဒါပြီးတော့မှ တရားရုံးကို တင်နိုင်မယ်လို့
ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုခဲ့ပါတယ်။


နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား


ရဲဘော်ဖိုးသံချောင်း (၁၁-၉-၀၈)။ ။

လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။

အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။

ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။

တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။

လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်းတန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။

အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။

ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။

အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။

အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။

ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။

ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။

လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။

အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။

ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။

By NEJ


ဦးဝိစာရလမ်းတလျှောက် စနေနေ့ညက စာကြဲ၊ ဘုန်းကြီးကျောင်းများပါ ဧည့်စာရင်းစစ်


ဒေါင်းဖြူနှင့် မင်းနိုင်သူ / ၁၅ စက်တင်ဘာ ၂၀၀၈။ ။

စက်တင်ဘာ (၁၃) ရက်ညက ရန်ကုန် ဦးဝိစာရအ၀ိုင်းနှင့် ဦးဝိစာရလမ်းတလျှောက်တွင် အမည်မသိ လူငယ်တဦး စာရွက်စာတမ်းများ ကြဲခဲ့သဖြင့် စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် ဦးဝိစာရလမ်းထိပ် နှစ်ဘက်စလုံး စစ်တပ်က လုံခြုံရေးအပြည့် ချထားပြီး (၁၀) နာရီခွဲကျော်လျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားသည်။

စနေနေ့ညက လူ (၂) ဦးကို စစ်ဆေး မေးမြန်းခြင်းမပြုဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အမည်မဖော် လိုသူ တာဝန်ကျ စစ်သားတဦးက ပြောသည်။ ညပိုင်းတွင်လည်း ရန်ကုန်မြို့ထဲရှိ စားသောက်ဆိုင်အားလုံးကို ည (၁၁) နာရီထိသာ ရောင်းချခွင့်ပြုထားသည်။

ပြည်လမ်းအချို့နေရာများတွင် ည (၁၂) နာရီ ကျော် လမ်းပေါ်တွေ့ပါက ကင်းလှည့်လုံထိန်းရဲများက စစ်ဆေး မေးမြန်းသည်။ မေးမြန်းချက်များ ကောင်းမွန်စွာ မဖြေနိုင်သူများကို ဖမ်းဆီးမှုရှိသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း ရန်ကုန်မြို့တွင်း ဧည့်စာရင်းစစ်မှုများ ပိုမိုတင်းကျပ်လာသည်။ ဘုန်းကြီးကျောင်းများတွင် နေထိုင်သည့် ဘုန်းကြီးကျောင်းသားများကိုပါ ဧည့်စာရင်း တိုင်ရမည်ဟု သက်ဆိုင်ရာ ရယကများမှ ဖိအား ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်တတိုက်မှ တိုက်အုပ်ဆရာတော်တပါးက “အဲဒီကိစ္စက
တော်တော်ခက်တာပဲ။ ဘုန်းကြီး သံဃာရှိရင် ဝေယျာဝစ္စလုပ်ပေးတဲ့ ကပ္ပိယ၊ ကျောင်းသားဆိုတာက ရှိမှာပဲ။ ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာပဲ။ အခုကျမှ၊ သူတို့ကျမှ ဘုန်းကြီးကျောင်းမှာ သံဃာပဲရှိရမယ်များ သတ်မှတ်လိုက်သလားမသိဘူး။ ကျောင်းသားတွေကို ဧည့်စာရင်းတိုင်ခိုင်းနေတာ ဟုတ်တယ်” ဟု မိန့်တော်မူသည်။

ခေတ်ပြိုင်မှ စုံစမ်းချက်အရ ဘုန်းကြီးကျောင်းများတွင် ဒုလ္လဘ ရဟန်းဝတ်သူများကိုပါ နိုင်ငံရေးနှင့် မပတ် သက်ကြောင်း ကျောင်းထိုင်ဆရာတော်များက တာဝန်ယူရမည်ဖြစ်ပြီး ဒုလ္လဘရဟန်းများ နိုင်ငံရေးနှင့် ပတ်သက်ပါက ကျောင်းထိုင်ဆရာတော်ကိုပါ အရေးယူမည်ဟု နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ညွှန်ကြားထားသည်။

ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း ဧည့်စာရင်းပေးသည့်ရက်ကို ယခင်က အနည်းဆုံး တပတ်အထိ ပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် (၂) ရက်သာ ပေးတော့သည်။

“အခုရက်ပိုင်းမှာ နယ်ကလာတဲ့ဧည့်သည်တွေကို (၂) ရက်ပဲပေးတယ်ဗျာ။ အရင်ကတည်းက ဧည့်စာရင်း စာအုပ်နဲ့ နေနေတဲ့လူတွေကိုတော့ အရင်က တလ ဒါမှမဟုတ် (၁၅) ရက်အထိ ပေးခဲ့ပေမယ့် အခု (၉) ရက်ပဲ ပေးတော့တယ်။ (၉) ရက်ပြည့်ရင် ထပ်တိုးပဲ” ဟု တောင်ဥက္ကလာပမြို့ခံတဦးက ပြောဆိုသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်စသည့် ဆင်ခြေဖုံးမြို့နယ်များတွင် ညစဉ်ညတိုင်း ဧည့်စာရင်းစစ်မှု
များကို တင်းကျပ်စွာပြုလုပ်လျက်ရှိပြီး ပုံစံ (၁၀) စာရင်းမဝင်သည့် လူပိုတွေ့ရှိပါက ရယက၊ မီးသတ်၊ ရဲနှင့်
တာဝန်ရှိပြည်သူဆိုသူများကို အခကြေးငွေပေးရကြောင်း ဆင်ခြေဖုံးရပ်ကွက်နေသူများက ပြောသည်။

ယင်းကဲ့သို့ ဧည့်စာရင်း မကြာခဏစစ်မှုများနှင့် ဘုန်းကြီးကျောင်းများကိုပါ ဧည့်စာရင်း လုပ်ခိုင်းလာမှုများ
ကြောင့် ရန်ကုန်နှင့် နယ်မြို့များအကြား ပုံမှန်သွားလာကူးသန်းရောင်းဝယ်နေသည့် ကုန်သည်များအခက်
တွေ့ကြရသည်ဟု ပြောဆိုသည်။

“အရင်က တာမွေမှာရှိတဲ့ ကိုယ့်နယ်ခံဘုန်းကြီးကျောင်းမှာပဲတည်းပြီး ကုန်ဝယ်ရတော့ပေါ့။ အခုတော့ ကျောင်းထိုင်ဘုန်းကြီးက ဟဲ့…အခုရက်ပိုင်းလက်မခံနိုင်ဘူး။ ဧည့်စာရင်းတွေ စစ်နေတယ်။ နင်တို့က
မာတုဂါမတွေဆိုတော့ တွေ့သွားရင် ပိုတောင်ဆိုးဦးမယ်။ အခု ဒီမှာတည်းလို့တော့ မဖြစ်ဘူးဆိုလို့ တည်းခိုခန်း ပြောင်းတည်းခဲ့ရတယ်။ တည်းခိုခန်းမှာ တည်းရင်တော့ စရိတ်ပိုကုန်တာပေါ့။ စရိတ်ပိုကုန်တော့ ကုန်
ပေါ်မှာပဲ အမြတ်ပိုတင်ရတော့မှာပေါ့။ ရန်ကုန်မှာ တည်းခိုစရိတ်ကလည်း သေးတာမဟုတ်ဘူး။ အပေါစား
တည်းခိုခန်းမှာ တည်းတာတောင် တည (၂) ထောင်ပေးရတာ။ ကုန်ဝယ်တခါဆင်းရင် (၃) ရက်နဲ့ (၅) ရက် အကြား ကြာတတ်တော့ အဲဒီစရိတ်တွေ တက်လာတာပေါ့” ဟု အညာမြို့တမြို့မှ ငါးပိ၊ ငါးခြောက်ကုန်သည် အမျိုးသမီးတဦးက တည်းခိုရမှု အပြောင်းအလဲနှင့် စရိတ်စကတက်လာပုံကို ရှင်းလင်းပြောပြသည်။

ဘုန်းကြီးကျောင်းတိုက်များတွင် ဧည့်စာရင်းစစ်မှုများကို ရန်ကုန်မြို့ပေါ်တွင်သာမက မန္တလေးမြို့တွင်လည်း ပြုလုပ်နေပြီဖြစ်ကြောင်း ချမ်းအေးသာဇံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတော်တပါးက
ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

By NEJ


အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံဒီမိုကရေစီရဖို့လမ်းမမြင်ဟုပြော

NEJ/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရန် လမ်းမမြင်တော့သည့်အတွက် နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်က ခေတ်ပြိုင်နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။

၎င်းက “အဲဒီတော့ ဒီနေ့နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့ အချက်ကလေး တွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီရဖို့ဆိုတာ သိပ်ပြီးလမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုသော်လည်း ရန်ကုန် ဒီမိုကရေစီ အင်အားစုများ ညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆော်သြခဲ့သူဖြစ်သည်။ နိုင်ငံရေးမှ အနားယူရာတွင် နိုင်ငံရေးသမားများကို အားမရသည့် အပိုင်းနှင့် ပတ်သက်၍ “တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်း ခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော်လွှမ်းမိုးလာ တယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ” ဟု ပြောသည်။

နိုင်ငံရေးမှ အနားယူရာတွင် စစ်အစိုးရဘက်မှ ဖိအားပေးမှုရှိမရှိ ခေတ်ပြိုင်က မေးရာ အမျိုးသား ရေး ဦးဝင်းနိုင်က “နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက်တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်တွေရဲ့ ရွှေဝါ ရောင်တော်လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲ ဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော် ထားတာဗျာ။ ပြီးတော့ တနေ့တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့ စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက်မခံနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် ဒီမိုကရေစီထူထောင်ရာတွင် မုသာဝါဒနှင့် အာဒိန္ဒဒါနာနှစ်ပါး သီလ လုံခြုံရန်လိုသည်ဟု ယူဆသူဖြစ်သည်။ နှစ်ပါးသီလဆောက်တည်ရေးကို ဟောပြောနေသူ လည်း ဖြစ်သည်။ ထိုအပိုင်းနှင့် ပတ်သက်၍ပြောရာ၌ “တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှကာလ ပတ်လုံး အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေက လည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀) မှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလို ပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော်တသက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့်အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန် မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွား ချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးလောကမှ အနားယူရန် ဆုံးဖြတ်ချက်ကို ထောင်မှထွက်ပြီး (၄-၅) လ အချိန် ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။ နိုင်ငံရေးမှ အနားယူပြီ ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များ၊ ခန့်မှန်းချက်များ ပြောဆိုတော့မည် မဟုတ်ဘဲ ခေတ်ပြိုင်နှင့် မေးမြန်းခန်းသည် နောက်ဆုံးအကြိမ် တွေ့ဆုံ မေးချက်ဖြစ်မည်ဟုပါ ပြောသည်။ သို့သော် ဘာသာရေးနှင့် လူမှုရေးကိစ္စများကိုမူ ဆက်လက် လုပ်ကိုင်သွားမည်ဟုပါ ဆက်ပြောသည်။


နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း
(၁၅-၉-၀၈)။ ။

(အသက် (၇၁) ရှိပြီဖြစ်သည့် အမျိုးသားရေး ဦးဝင်းနိုင်သည် နိုင်ငံရေးမှ အနားမယူခင်ထိ ဒီမိုကရေ စီရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများအနက် တဦးအပါ အ၀င်ဖြစ်သည်။ ပါတီတခုခုကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလိက နိုင်ငံရေးသမားအသွင်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bangkok Post သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းအပြီးတွင် တလကျော် အဖမ်းခံခဲ့ရသည်။ နိုင်ငံရေးလောကမှ အနားယူသွားသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံရေးလောကမှ အနားယူ လိုသည့် အကြောင်းရင်းကို မေးမြန်းရာ အမျိုးသားရေး ဦးဝင်းနိုင်က ယခုကဲ့သို့ စတင်ဖြေကြားသည်)

ဖြေ။ ။ ကျနော်နိုင်ငံရေးလုပ်တာ (၁၄) နှစ်အရွယ် ကျောင်းသားဘဝကတည်းက။ အဲဒီတုန်းကတော့ ဖဆပလ ခေတ်ပေါ့ဗျာ။ အဲဒီမှာ ကျောင်းသားသမဂ္ဂတွေမှာပါခဲ့၊ ကျောင်းထုတ်ခံခဲ့ရနဲ့ လုပ်လာ ခဲ့တာ အခုအသက် (၇၁) နှစ်အရွယ်ထိပေါ့ဗျာ။ ဒီနေရာမှာ တခုပြောချင်တာက နိုင်ငံခြားမှာ သွားနေ ခဲ့တဲ့နှစ်တွေ နုတ်လိုက်ရင် ကျန်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးလောကနဲ့ အဆက်ပြတ်တယ် မရှိပါဘူး။
တောက်လျှောက် ဒီမိုကရေစီသမား တယောက်အနေနဲ့ ရပ်တည်ခဲ့တယ်။ ဘယ်ပါတီမှမဝင်ခဲ့ဘူး။
ဘယ်ခြံစည်းရိုးမှ မခုန်ခဲ့ဘူး။ ဒီမိုကရေစီကို အမြဲတမ်း သေတဲ့အထိ မြတ်နိုးတွယ်တာသွားမှာပဲဗျ။
အဲဒီတော့… ဒါပြောရတဲ့ အကြောင်းရင်းက ဒီနေ့နားမယ်လို့ ပြောရတဲ့အကြောင်းခံက ဒီမိုကရေစီကို မြတ်နိုးလွန်းလို့ နားတာပဲ။ ဒီလိုပြောလိုက်လို့ ရုတ်တရက် နားရှုပ်ရင်ရှုပ်သွားမယ်။ ဆိုလိုတာက အဓိက ယုံကြည်စွာနဲ့ လုပ်လာခဲ့တဲ့ ဒီမိုကရေစီရေးဟာ ဒီနေ့ဒီအချိန်မှာ လုပ်လို့ ရနိုင်ဦးပါ့မလားဆိုတဲ့ သံသယစိတ်လေး ဝင်လာတယ်ဗျ။ ဒါကလည်း ကျနော့်ကို နားစေချင်တဲ့ တချက်ပေါ့။

မေး။ ။ ဒီမိုကရေစီရဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယ ဝင်သွားပြီပေါ့။

ဖြေ။ ။ ဟုတ်ကဲ့။ အဲဒီသံသယ ကျနော့်မှာ ဝင်သွားပြီ။ အဲဒီတော့ ဒီမိုကရေစီ တနေ့တော့ ရမှာ ပေါ့ဗျာ။ ဒီနေရာမှာလည်း တချို့ကပြောတယ်။ အဘရာ သူများတွေ စိတ်ပျက်အောင် မပြောပါနဲ့။ အဘတို့က စရင် နောက်ကလိုက်ပြီး စိတ်ပျက်သွားကြလိမ့်မယ် ဆိုပြီးတော့ပေါ့ဗျာ။ ဒါပေမယ့် ကျနော်ယုံကြည်တာက လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း မညာနဲ့။ သူများကိုလည်း မညာနဲ့တဲ့။ အခြေအနေမှန်ကို အခြေအနေအမှန်အတိုင်း သုံးသပ်တတ်ရမယ်။ အခြေအနေအမှန်အတိုင်း မသုံးသပ်ဘဲနဲ့ စိတ်ကူးယဉ်နဲ့ လုပ်နေရင် အချိန်တွေသာ ကုန်သွားမယ်။ လူသာ အရိုးဆွေးသွားမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးရော၊ လူမှုရေးရော၊ စီးပွားရေးရော ဒီအတိုင်းပဲ။ အဲဒါကြောင့် ကျနော်ဘယ်တော့မှ စိတ်ကူးမယဉ်ဘူး။

လက်တွေ့အကျဆုံး အခြေအနေတွေကို အချက်အလက် အပြည့်အစုံဆုံးရအောင် ကြိုးစားနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်သုံးသပ်တယ်။ ပြီးတော့မှ ဆုံးဖြတ်ချက်ချတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့…အချက်ကလေးတွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမို ကရေစီ ရဖို့ဆိုတာ သိပ်ပြီး လမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်။ (၂) အချက်က ကျနော်တို့နိုင်ငံမှာ အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ အပြောင်းအလဲတခု ဖြစ်လာတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေ သီလပျက်လာတယ်။ သီလပျက်တာနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုရင် သိပ်ဆိုင်တယ်။

သီလမရှိတဲ့နိုင်ငံမှာ ဒီမိုကရေစီထောင်လို့မရဘူး။ ပြောရမယ်ဆိုရင်တော့ တခြား ဘာစနစ်ပဲထောင်ထောင်၊ ကောင်းတဲ့စနစ်မှန်သမျှ သီလကို အရင်ထောင်ရတယ်။ သီလမရှိတဲ့ နိုင်ငံမှာ ဘာစနစ်ပဲထောင်ထောင် မအောင်မြင်ဘူး။ မကောင်းတဲ့စနစ်ပဲအောင်မြင်မှာပဲ။ အဲဒီတော့ ဒါကိုအခြေခံပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ခြောက်ထပ်ကြီးဘုရားပွဲမှာ နှစ်ပါးသီလ စောင့်တည်ရေးဆိုပြီး ကျနော်ဟောပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီထူထောင်ချင်ရင် နှစ်ပါးသီလတော့ စောင့်မှဖြစ်မယ်ဆိုပြီး ပြောပြတာ။ အဲဒီနှစ်ပါးက မုသာဝါဒနဲ့ အာဒိန္ဒဒါနာပေါ့။ တိုင်းပြည်ထဲက လူတွေ ခိုးနေသမျှကာလပတ်လုံး အရပ်သားကလည်း ခိုးမယ်။ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်။ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်။ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကို ပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် (၄၀) ကောင်းနေလည်း မရဘူး။ လူတရာမှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလိုပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော် တသက်လုံး ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့် အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန်မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွားချင်တယ်။ အဲဒီတော့ လူတွေ သီလပျက်လာတာကိုလည်း ကျနော်စိတ်ပျက်တယ်။

နောက်တခုက ကျနော်တို့နိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိကြဘူး။ ကျနော်တို့နိုင်ငံရေးသမား အချင်းချင်းလည်း စည်းလုံးညီညွတ်မှု မရှိကြတော့ဘူး။ ကျနော် လွန်ခဲ့တဲ့ (၆) နှစ်၊ (၇) နှစ် လောက်ကတည်းကိုက တဖွဖွနဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားတွေကို တောင်းပန်တိုးလျှိုး ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်အောင် ကျနော်တို့ ဒီမိုကရေစီသမားအချင်းချင်း စည်းလုံး ညီညွတ်ကြရအောင်။ နိုင်ငံရေးပါတီစုံပါဝင်တဲ့ တပ်ပေါင်းစုလေးဖွဲ့ကြရအောင်။ နိုင်ငံရေး ခေါင်းဆောင်အချင်းချင်းလည်း ညီရင်းအစ်ကိုလို တယောက်နဲ့တယောက် အမှားတွေ ခွင့်လွှတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းကြရအောင်ဆိုပြီး အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ လက်မခံဘူးပေါ့ဗျာ။ ဒီနေ့ ကျနော်တို့ဆီမှာ ဘယ်မလဲဗျာ။ ညီညွတ်တဲ့ တပ်ပေါင်းစုတစု။ သူကလည်းတဖွဲ့၊ ကိုယ်ကတဖွဲ့၊ ဟိုလူကတဖွဲ့နဲ့ ဒီလိုဖြစ်နေတယ်ဆိုတော့ဗျာ။ အဲဒီအတွက်လည်း ကျနော်စိတ်ပျက်တယ်။ တခြားသောအကြောင်းလေးတွေလည်း ရှိတာပေါ့။ အဲဒါက နိုင်ငံရေးပုဂ္ဂိုလ်တွေကိုလည်း ပုတ်ခတ်ပြောသလိုဖြစ်ချင်ဖြစ်နေမယ်။

ဒါပေမယ့် တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်းခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော် လွှမ်းမိုး လာတယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ။ ငါဟာသေဖို့ပဲပြင်ဆင်ရမယ့် အချိန်ရောက်နေပါပြီဆိုပြီးတော့ပေါ့လို့ အဲဒါတွေကို အခြေခံပြီးတော့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး။ ။ စောစောကပြောသွားတဲ့အထဲမှာ ဒီမိုကရေစီရရှိရေးအတွက် သံသယဝင်လောက်အောင် အချက်တွေ တွေ့လာရတယ်ဆိုတာ ပြောသွားပါတယ်။ အဲဒီအချက်တွေဟာ ဘာဆိုတာကို ပြောပြလို့ ရပါသလား။

ဖြေ။ ။ အခုနပြောသလိုပါပဲ။ ဟိုဘက်၊ ဒီဘက်ပေါ့ဗျာ။ တိုင်းပြည်မှာ သီလ ပျက်လာတယ်။ သီလ မရှိရင် ဒီမိုကရေစီ ထောင်လို့မရဘူး။ ဒါက သေသေ ချာချာ အားလုံး စဉ်းစားသင့်ကြတဲ့ အချက်ပဲဗျ။ အဲဒီလို ဗမာပြည်မှာ သီလပျက်နေတဲ့ သူတွေ များလာတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ နောက် ခိုးနေကျ လူတွေဆိုလည်း ဒီအတိုင်းပဲပေါ့ဗျာ။ ဟောပြောပွဲမှာ ခိုးတယ်ဆိုတာ သူများ မပေးတဲ့ပစ္စည်းဥစ္စာကို မသိအောင် ယူခြင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ နည်းနည်း လိုနေတဲ့အချက် ရှိတယ်။ ဘာလဲဆိုရင် လမ်းမှာ လူတယောက်ကို အာဏာရှိတဲ့ လူတယောက်က ခြိမ်းခြောက်ပြီး ဟေ့…ခင်ဗျားဘာလုပ်တယ်။ ခင်ဗျားကို ကျုပ်ဖမ်းနိုင်တယ်ဆိုပြီး ငွေတောင်းတာဟာလည်း ခိုးတာပဲ။ လာဘ်စားတာလည်း ခိုးတာပဲ။ ပြောရရင်တော့ဗျာ ကျနော် လည်း နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဆိုပေမယ့် သိပ်ပြီးတော့ ထူးချွန်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ စွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ အဲတော့ရင် ဒီလောက် ဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူတွေကို ကျနော်လည်း ဘယ်လိုမှ ကောင်းရာ ကောင်းကြောင်း လမ်းစဉ် လိုက်ဖို့ မဆွဲဆောင်နိုင်ဘူး။ ပြောဆိုနိုင်တဲ့ အရည်အချင်းလည်း အပြည့်အ၀ရှိမှာ မဟုတ်ဘူးလို့ မြင်မိတယ်။ အဲတော့ ကျနော်ရှိသလောက်လေးနဲ့ အသက် (၇၁) နှစ်အထိ ကျနော်လုပ်လာခဲ့တာက တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ။

မေး။ ။ ဒီမိုကရေစီအင်အားစုတွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြတာက ဦးဝင်းနိုင် နိုင်ငံရေးက အနားယူတော့မယ်ဆိုတာဟာ နအဖရဲ့ ဖိအားတွေကြောင့်မို့လို့လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ အဲဒီအမြင်တွေအပေါ်ကိုရော ဦးဝင်းနိုင် ဘယ်လို တုံ့ပြန်မလဲ။

ဖြေ။ ။ နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက် တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်များရဲ့ ရွှေဝါရောင်တော် လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော်ထားတာဗျာ။ ပြီးတော့ တနေ့ တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက် မခံနိုင်တော့ဘူးပေါ့ဗျာ။

ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ။ ကျနော့်အသက်အရွယ်နဲ့ အဲလို ဒဏ်တွေကိုလည်း နောက်ထပ် မခံနိုင်တော့ဘူးဗျာ။ အဲတော့ ဒီအစိုးရကတော့ ကျနော့်တင် မဟုတ်ပါဘူးဗျာ။ တခြားလူတွေကိုလည်း ဒီလိုဆက်ဆံတာပါပဲ။ လူငယ်တွေ ခံနိုင်ပေမယ့် လူကြီးတွေဆိုတော့လည်း မခံနိုင်ကြတော့ဘူးဗျ။ အဲဒါကလည်း ဖိအား ပေးတဲ့ နည်းတနည်းပေါ့ဗျာ။ နောက်ပြီး ကျနော့် တယ်လီဖုန်း ဖြတ်ထားတာ တနှစ်ကျော်ပြီ။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရဘူး။ ဒါလည်း ဖိအားတမျိုးပေါ့ဗျာ။ နောက်တခါ ကျနော်တို့ ဇနီးမောင်နှံ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တာလည်း မရဘူ။ ဇနီးကလည်း နေမကောင်းတော့ သူဆေးကုရင်းနဲ့ သွားချင်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အီးယူက ကျနော့်ကို ဖိတ်တယ်။ ဥရောပခေါင်းဆောင်တွေနဲ့ လာတွေ့ပါဆိုပြီး ဖိတ်တဲ့အခါ ကျနော်သွားမယ်ဆိုတာကို အစိုးရကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီမိုကရေစီထူထောင်ရေးနဲ့ ပတ်သက်ပြီး ဟိုဘက်၊ ဒီဘက် မျှမျှတတ ပြောပါ့မယ်၊ သွားပါရစေဆိုတာလည်း ပတ်စပို့ မပေးခဲ့ဘူး။ အဲတော့ လူမှုရေး ဆုံးရှုံးမှုတွေ ပေါ့လေ။ ကျနော်တို့မှာ သားသမီးလည်းမရှိ၊ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းနေရတယ်။ အရေးအကြောင်းဆိုရင်တောင်မှ တယ်လီဖုန်းဆက်စရာမရှိတော့ ဒုက္ခ။ အဲတော့ အဲဒီလို လူမှုရေး ဒုက္ခတွေလည်း ခံရတယ်ဆိုတော့ ဖိအားတော့ ရှိတာအမှန်ပဲဗျ။

မေး။ ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိသလဲခင်ဗျ။ အဲဒီမှာ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါကိုတော့ ကျနော်မပြောတော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်လည်း နိုင်ငံရေးက နားပြီဆိုတဲ့ အခါကျတော့ ရှေ့ရေးမှာ ဘာတွေဖြစ်ကြမလဲဆိုတာ၊ ဘာတွေလုပ်သင့်ကြ သလဲဆိုတဲ့ မေးခွန်းတွေတော့ မဖြေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေကိုးဗျ။ အဲတော့ အခု ကျနော်ဖြေတာတောင်မှ တော်တော်ပြင်းထန်သွားတယ်။ ဒါပေမယ့် တိုင်းပြည်ကို သိစေချင်ခဲ့တယ်။ ကျနော်နဲ့ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေကြတာတွေ ကြားပါတယ်။ ဦးဝင်းနိုင်ကြီးတော့ ဒီမိုကရေစီသစ္စာဖောက်သွားပြီ။ အစိုးရဘက် ရောက်သွားပြီနဲ့ အမျိုးမျိုးပေါ့ဗျာ။ စိတ်မှန်းနဲ့ လျှောက်ပြီး ပြောကြဆိုကြတာတွေ၊ စိတ်မကောင်းစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင် ထိုင်ကြည့်ကြပါ။ နောက်ပြီး အချက်အလက်အမှန်တွေကိုလည်း စုံစမ်းကြပါ။ ဒီလူကြီးကို ဝေဖန်လိုက်လို့ ငါတော့ လူတွေက အမှတ်ပေးမလားဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းပြီး မလုပ်ကြပါနဲ့။ ဒါတော့ မကောင်းပါဘူး။ ညီလာခံမှာ ဘုရင်က အာရုံစိုက်စေချင်လို့ ဘေးနားရှိတဲ့ လူကို တံတောင်နဲ့ ထတွက်တဲ့ ဗန္ဓုလ လိုပေါ့။ ကျနော်က အဲဒါမျိုးတော့ မကြိုက်ဘူး။ ဗန္ဓုလရဲ့ သတ္တိ ဗျတ္တိတော့ လေးစားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ကောင်က သက်သက် အထောင်းခံရတယ်။ သူက အသုံးချ ခံသွားရတယ်။ ဒါမျိုး ကျနော်မကြိုက်ဘူး။ ကျနော်တို့ နိုင်ငံရေးမှာလည်း အဲဒါမျိုးတွေ လုပ်တတ်ကြတယ်။ ကျနော်တို့ နိုင်ငံရေးသမားတွေထဲမှာ အချင်းချင်း ရိုင်းပင်းတာတွေလည်း အားနည်းသေးတယ်။ ကျနော် အဓိက ၀မ်းနည်းတာက ကျနော် ထောင်ထဲရောက်သွားတော့ အဘွားကြီးက အိမ်မှာ တယောက်တည်း ကျန်ခဲ့တာ။ ဘယ်သူမှ မလာဘူးဗျ။ ပြန်လာတော့ ကျနော့်ဇနီးက ကျနော့်ကို အကျိုးအကြောင်းပြောပြတယ်။ ၀မ်းနည်းစကား ပြောတယ်ပေါ့ဗျာ။ ရှင်ထောင်ထဲရောက်တော့ တယောက်ပဲလာတယ်လို့ပြောတယ်။ ဒါလည်း တခေါက်လားပဲလာတာပါ။ နိုင်ငံရေးသမားတွေလည်း မလာဘူးဗျာ။ ဆွေမျိုးတွေလည်း မလာဘူးဗျာ။ အဲဒီတော့ အဲဒီလောက် အထိအောင် ကျနော်တို့မှာ ဒဏ်တွေ အများကြီးခံရပါတယ်ဗျာ။ လူထုကတော့ ဒါတွေကို သိမှာ မဟုတ်ဘူးဗျ။ အဲဒီလိုဟာမျိုးတွေလည်း နိုင်ငံရေးက အနားယူရတဲ့အထဲမှာ ပါတာပေါ့ဗျာ။ ထောင်ကထွက်လာပြီး လေးငါးလလောက် စဉ်းစားပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး။ ။ ဒါဆိုရင် နိုင်ငံရေးမှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်ပေမယ့် မီဒီယာတွေက အင်တာဗျူး လုပ်တာမျိုး၊ ပြောသင့်ပြောထိုက်တဲ့ အချိန်တွေမှာ ၀င်ရောက်ပြောဆိုမှုတွေကိုလည်း မလုပ်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တော့တာမျိုးလား။



ဖြေ။ ။ အမှန်ပဲဗျ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက် ကျနော် မပြောတော့ပါဘူး။ ဒါတောင်မှ အားနာလွန်းလို့ တကြောင်း၊ လူထုလည်း သိသင့်သိထိုက်တာလေးတွေ သိရစ်ကြစေချင်တဲ့ စိတ်နဲ့ ပြောတဲ့ နောက်ဆုံးအင်တာဗျူးလို့သာ မှတ်ထားပါ။ ကျနော် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ လုပ်မယ်။ ဘာသာရေးတော့ ကျနော် ၀ါသနာပါတယ်။ ကျနော်ကိုယ်နှိုက်လည်း ကျင့်ကြံအားထုတ် နေတာကြာပြီ။ ရှေ့လျှောက်လည်း ဒါပဲလုပ်မယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်ပြောမယ်၊ ဆိုမယ်။ လူမှုရေးနဲ့ ပတ်သက်ရင် ပြောမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှကို မပြောတော့ပါဘူး။

မေး။ ။ ဒီမိုကရေစီအရေးအတွက် ဘာမှ မလှုပ်ရှားတော့ဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့ မယ်ဆိုတော့ အနာဂတ်မြန်မာ့ဒီမိုကရေစီအရေးအတွက် အင်အားလျော့နည်းမသွားပေ ဘူးလား ခင်ဗျ။

ဖြေ။ ။ ဗမာမှာ စကားပုံ ခပ်ကြမ်းကြမ်းလေးတခု ရှိပါတယ်ဗျာ။ ငကန်းသေ ငစွေပေါ်မှာပါဆို တာပါ။ သိပ်တော့ မကောင်းဘူးပေါ့။ ငကန်းကလည်း မကောင်းဘူး။ ငစွေကလည်း မကောင်းဘူး ပေါ့ဗျ။ ဒါပေမယ့် အပေါ်ယံအဓိပ္ပာယ်လေးယူရင်တော့ ဟို….အဓိပ္ပာယ်ကတော့ တယောက်မရှိလည်း တယောက်ရှိလာမှာပါပဲ။ အင်္ဂလိပ်လိုမှာကတော Nobody is Indispensable ဆိုတာပေါ့ဗျာ။ အဲတော့ ကျနော် နားတဲ့အတွက်တော့ ဘာမှ ထိခိုက်စရာမရှိဘူးလို့ ကျနော်ထင်တယ်လေ။

By NEJ



နေရာဟောင်းက ဖယ်ပေးရမည့် နာရေးအသင်း နေရာသစ်တွင် ဆောက်ခွင့်မရသေး



ပီတာအောင်/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။

နာရေးကူညီမှုအသင်း (ရန်ကုန် ) ရုံးချုပ်နေရာနှင့် အခမဲ့ဆေးခန်းတို့ကို လက်ရှိနေရာမှဖယ်ပေးရတော့မည်ဖြစ်ပြီး နေရာသစ်၌လည်း အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ် မရဖြစ်နေသဖြင့် ပြောင်းရွှေ့ရန်ကိစ္စ အခက်အခဲကြုံတွေ့ နေရသည်ဟု နာရေးကူညီမှုအသင်းက ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “ နောက်နှစ် (၇) လပိုင်း (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကုန်လုံး စပြောင်းရမှာ။ ဆေးခန်းရော၊ ရုံးရောပြောင်းမှာ။ အဆောက်အဦက မြောက်ဒဂုံမြေကွက်မှာ၊ ဆောက် ခွင့်ပါမစ်က မကျသေးဘူး။ ခုတော့ မြေကွက်ရှင်းထားတုန်းပဲရှိသေးတယ်။ ပါမစ်က လျှောက်ထားတုန်းပဲ။ မမီ ရင်တော့ ဖြစ်သလိုပဲ လုပ်ရမှာပဲ။ ရုံးခန်းတော့ ရေဝေးမှာ တွဲလုပ်ပြီး၊ ဆေးခန်းတော့ ခဏပိတ်ရမယ့်သဘော ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မူလဖွင့်လှစ်ထားသည့်နေရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက နေရာဖယ်ပေးရန် တောင်းဆိုလာသည့် အပြင် မြေနေရာပေးထားသည့် ဗြဟ္မ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးနန္ဒမာလာကလည်း နေခွင့်မပြုတော့ သဖြင့် ရုံးနေရာ ဖယ်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့ရမှုကြောင့် ဆေးခန်းသို့ နေ့စဉ်လာနေကျ လူနာများ အတွက် ထိခိုက်မှုရှိနိုင်သည်ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂-ရပ်ကွက်၊ သုဒဿနလမ်း၊ ဗြဟ္မ၀ိဟာရ ပရိယတ္တိစာသင်တိုက်၌ ၂၀၀၁ ခုနှစ်ဆန်းပိုင်းကတည်းက ဖွင့်လှစ်ပြီး ဆင်းရဲနွမ်းပါးသူတို့အတွက် အခမဲ့ သင်္ဂြိုဟ် ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ယမန်နှစ် မတ်လ၌ သုခအခမဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်လူနာပေါင်း (၁၀၀) ကျော်တို့ကို အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည်။ နောက်ပိုင်းတွင် သဘာဝဘေးဒုက္ခသည်များအတွက် အကူ အညီပေးသည့် လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်သည်။

နေရာသစ်သည် မြောက်ဒဂုံ မြေတိုင်းရပ်ကွက် (၄၈)၊ ဗိုလ်ဗထူးလမ်း၊ အမှတ် (၁၃-က) ၌ တည်ရှိပြီး (၂) ဧကကျော် ကျယ်ဝန်းသည်။ ယင်းနေရာ၌ အသင်းဌာနချုပ်ရုံးခန်း၊ အခမဲ့ဆေးခန်း ပညာဒါနစာသင်ကျောင်း၊ ဘိုးဘွားရိပ်သာ စသည်တို့ကို နာရေးကူညီမှုအသင်းက ဆောက်လုပ်လိုသော်လည်း လက်ရှိအခြေအနေ၌ ဆောက်လုပ်ခွင့် ပါမစ်မရ သေးရုံမက ကုန်ကျမည့် ငွေကျပ် သိန်း (၁) ထောင်ကျော် ရန်ပုံငွေရရှိရန်မှာလည်း အလှူရှင်များ လိုအပ်နေဆဲဖြစ်သည်။

By NEJ


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဖွယ်ကျော်၏ အသက် ၇ဝ ကျော်အရွယ် မိခင် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ


သန်းထိုက်ဦး၊ ဖနိဒါ
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 19:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဖွယ်ကျော်၏ အသက် ၇ဝ ကျော်အရွယ် မိခင်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ခေါ်ယူသွားခဲ့သည်မှာ လေးရက် ကြာမြင့်နေပြီး ပျောက်ဆုံးနေကြောင်း မိတ်ဆွေများ အပြောအရ သိရသည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ၁၂ လုံးတိုက်တန်း နေထိုင်သူ ဒေါ်တင်တင်ဝင်းကို လွန်ခဲ့သည့် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် အာဏာပိုင်များက လာရောက် ခေါ်ဆောင်သွားခဲ့သည်။

ချုပ်နှောင် ခံထားရသော နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးဇာဂနာ၏ မိခင်ဖြစ်သူ ဒေါ်ကြည်ဦးက အာဏာပိုင်များက ကျန်းမာရေး မကောင်းသည့် ဒေါ်တင်တင်ဝင်းအား ခေါ်ဆောင်သွားခြင်းအတွက် စိတ်ပူ စိုးရိမ်နေကြောင်း ပြောသည်။

“အသက်ကြီးလာတော့ လူကြီးနာပေါ့။ ထွေထွေရာရာတော့ မရှိပါဘူး။ ကျန်းမာရေး မကောင်းတော့ သူဆေးခန်းတွေ ဘာတွေ သွားနေတာ ကိုယ်တို့ အိမ်ရှေ့ကနေ ဖြတ်ပြီးသွားတော့ တွေ့နေရတာပေါ့။ ကိုယ့်အိမ်မှာ သူက ဝင်ဝင်နားတာပေါ့နော်။ ဆေးခန်းကနေ ပြန်လာရင် ဝင်နားတာပေါ့။ တယောက်တည်း နေတယ်ဆိုတော့လည်း အဖော်လည်း မရှိဘူးပေါ့။ မတော်တဆများ ထောင်ထဲတွင် သေသွားရင် ဒုက္ခပဲ” ဟု ဒေါ်ကြည်ဦးက ပြောသည်။

မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည် ဆိုသည်မှာ တစုံတရာ မသိရှိရသော်လည်း ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်း အဖမ်းမခံရမီက ဒေါ်တင်တင်ဝင်း နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့သေးသဖြင့် ဆက်စပ်မှု ရှိလိမ့်မည်ဟု နိုင်ငံရေး လှုပ်ရှားသူများက ထင်ကြေးပေးနေကြသည်။

“ကြာသပတေးနေ့ နေ့ခင်းပိုင်းက ခေါ်သွားတယ်။ အခုထိ ဘယ်မှာထားမှန်းလည်း မသိဘူး။ ဘာကြောင့် ဖမ်းသွားလည်း မသိဘူး။ စုံစမ်းလို့လဲ မရဘူး” ဟု အမည်မဖော်လိုသူ သူမ၏ မိတ်ဆွေတဦးက ပြောသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် ၈၈ မျိုးဆက် ကျောင်းသားများ သဘောထား ထုတ်ပြန်ချက်တွင် မနီလာသိန်း အပါအဝင် အာဏာပိုင်များမှ ဖမ်းဆီး ထိမ်းသိမ်းခံနေရသူများအား နှိပ်စက်ညှင်းပန်းမှုများ မပြုလုပ်ရန်နှင့် ဖမ်းဆီးထိမ်းသိမ်း ခံထားသူတို့၏ အသက်ကိုယ်ခန္ဓာ ကျန်းမာရေး တစုံတရာ ထိခိုက်ခဲ့ပါက စစ်အစိုးရတွင် တာဝန်ရှိကြောင်း ပြောဆိုထားသည်။

စစ်အစိုးရက ယမန်နှစ် စက်တင်ဘာ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ အပါအဝင် သံဃာတော်များအား ဖမ်းဆီး ထိမ်းသိမ်းခဲ့သည့်အပြင် သူတို့နှင့် နီးစပ်သည့် ဆွေမျိုးသားချင်းများကိုလည်း ဆက်လက် ဖမ်းဆီးခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် အရှင် ဦးဂမ္ဘီရ၏ ညီဖြစ်သူ မန္တလေးတိုင်း မိထ္ထီလာမြို့ နေထိုင်သူ ကိုအောင်ကိုကိုလွင် အပါအဝင် လူငယ် (ဂ) ဦးထက် မနည်းကို ကြာသပတေးနေ့ မနက်တွင် အရပ်ဝတ် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

ဖမ်းဆီး ခံထားရသူများနှင့် ပတ်သက်၍ မိသားစုဝင်များ အနေဖြင့် သတင်းတစုံတရာ စုံစမ်း၍ မရသေးဟု သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင်လည်း အရှင် ဂမ္ဘီရအမဖြစ်သူ မခင်သူဌေး၏ ခင်ပွန်း ကိုမိုးထက်လျှံ အပါအဝင် လူ ၅ ဦးကိုလည်း ရန်ကုန်မြို့ဒဂုံမြို့ သစ်နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

နောက်ထပ် လက်စောင်းထက်တဲ့ စိစစ်မှုကြောင့် စာနယ်ဇင်းသမားများ အခက်ကြုံ


မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 20:54 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ စာပေစိစစ်ရေးရုံး အကြီးအကဲ ခရီးထွက်နေချိန်များတွင် ဆင်ဆာ ဖြတ်တောက်မှုများ ပိုမိုဆိုးရွားစွာ ကြုံတွေ့ရကြောင်း ပြည်တွင်း သတင်းစာဆရာများက တညီတညွတ်တည်း ပြောဆိုကြသည်။

စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးရုံးတွင် ညွန်ကြားရေးမှူးဖြစ်သူ ဗိုလ်မှူး တင့်ဆွေ အလုပ်တာဝန်ဖြင့် နယ်ခရီးများ ထွက်ရချိန်များတွင် ဖြတ်တောက်မှု ပိုမို များပြားလေ့ ရှိသည်ဟု သတင်းတိုက်များက ပြောသည်။

လက်ထောက် ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်မှူးအောင်ကျော်ဦး အနေဖြင့် အပြစ်တစုံတရာ ကျရောက်မှာစိုး၍ လိုလိုမယ်မယ် ပိုမို ဖြတ်တောက်ခြင်း ဖြစ်နိုင်သည်ဟု လစဉ်ထုတ် မဂ္ဂဇင်းတိုက်တခုမှ အယ်ဒီတာတဦးက ပြောသည်။

“သတင်းတွေ ဆောင်းပါးတွေ တော်တော်များများကို ဖြုတ်တာ။ သူဆီကနေ စိစစ်ပြီး ပြန်ကျလာရင် တော်တော် စိတ်ညစ်ရတယ်ဗျာ။ ဗိုလ်မှူးတင့်ဆွေ ခရီးထွက်တိုင်း ဒီလိုဖြစ်တာ။ သူက တာဝန်ခံမှုအပိုင်း အားနည်းတာပေါ့။ သတင်း အမှားအယွင်း တခုခုဖြစ်ခဲ့ရင် သူ့ခေါင်းပေါ်ကျမှာ အဖြစ်မခံနိုင်တဲ့ သဘောဘဲ” ဟု သူက ပြောသည်။

စစ်အစိုးရက ပြည်တွင်း သတင်းထောက်များကို ပစ်မှတ်ထား စစ်ဆေးမှုများ ပြုလုပ်နေချိန် ဖြစ်သည်ဟု ယူဆကာ သူက အမည်ပြောဆိုခြင်း မပြုရန် မေတ္တာ ရပ်ခံလိုက်သည်။

အလွန်အကျွံ ဖြတ်တောက်နေသည့်အတွက် ပုံနှိပ် ဂျာနယ်များမှာ ငွေကြေးကုန်ကျမှု ပိုများလာနေသည်။ မြန်မာနိုင်ငံတွင် ပုံနှိပ် ထုတ်ဝေလိုသူများသည် ပထမဆုံး ရိုက်နှိပ်ပြီးသားကို စာပေစိစစ်ရေးသို့ တင်ပြရပြီး စာပေ စိစစ်ရေး အရာရှိများက ဖြုတ်ပယ် ဟု အမိန့်ပေးခံရသည့် စာမူများကို ဖယ်ရှားပြီး အစားထိုး ထဲ့သွင်းကာ တဖန် ပြန်လည်တင်ပြရသည်။ စာပေစိစစ်ရေးက စိစစ်ပြီးသော စာများကိုသာ ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချကြရသည်။

သတင်းဂျာနယ်တခုတွင် စိစစ်ရေးသို့ မူကြမ်းတင်ပြ စိစစ်ခံချိန်တွင် ပြည်တွင်း သတင်းပုဒ်ရေ ၈ဝ ခန့်  ပါဝင်ရာ ထက်ဝက်ခန့် ဖြုတ်ထုတ်ခံရသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

“ညွန်မှူးစိစစ်လို့ ဖြုတ်ခံရတောင် တချို့ ဟာတွေ အကျိုးအကြောင်းပြောပြ ပြန်ပြင်ရေး နဲနဲဖြုတ်တဲ့ ဟာဖြုတ်ပေါ့ အဲလိုညှိနိုင်းလို့ ရသေးတယ်။ ဒီလူကြတော့ မရဘူးဗျ၊” ဟု ဂျာနယ်တိုက် အယ်ဒီတာ တဦးကပြောသည်။

သတင်းများ စိစစ်ရာတွင်လည်း ဌာနဆိုင်ရာ အပိုင်းက မေးမြန်းထားသည် မဟုတ်သော သတင်းများကိုလည်း ဌာန ထောက်ခံချက် တောင်းခိုင်းချင်း မရပါက ဖြုတ်ရန် ညွန်ကြားခြင်းများလည်း ရှိနေသည်။

“သူက လေးလလောက်ရှိပြီ စိစစ်ရေးမှာ လုပ်နေတာ။ ခပ်ကြမ်းကြမ်း ကိုင်တယ်။ သူကိုယ်တိုင်က စာသမားမဟုတ်ဘူး။ ဗိုလ်မှူးတင့်ဆွေကတော့ အရင်တုန်းက ရဲရင့်တင့်ဆွေ ကလောင်နဲ့ ရေးခဲ့တော့ “စစ်ပညာဂျာနယ်” က လာတယ်။ ကျနော်တို့နဲ့ ရပ်တည်ချက်က ကွာပေမဲ့ စာပေပေါ်မှာတော့ သံယောဇဉ်ရှိပုံ ပေါ်တယ်” ဟု မဂ္ဂဇင်းတိုက် အယ်ဒီတာတဦးက ပြောသည်။

နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ သွားနေသည့် ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှာ သတင်းစာ ရှင်းလင်းပွဲ ပြီးသည့်တိုင် နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် လပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်နေရပြီး၊ တပတ်ကြာမြင့်ချိန်တွင် ယခုလို အခက်အခဲ ကြုံကြရခြင်း ဖြစ်သည်။

ဆိုးရွားသည့် ဆင်ဆာ ဖြတ်တောက်မှုများကြောင့် ရသစာပေ မဂ္ဂဇင်းများ ဖြစ်သည့် မဟေသီ၊ ချယ်ရီ၊ အတွေးအမြင်၊ နွယ်နီ၊ စပယ်ဖြူ၊ စသည့် မဂ္ဂဇင်းများ အထိနာခဲ့ရသည့်အပြင် လစဉ် ထုတ်လုပ် ဖြန့်ချိနေရသည့် မဂ္ဂဇင်း အစောင်ရေများလည်း ယခင်ကထက် သိသိသာသာ ကျဆင်းလာခဲ့သည်။

ယခင်က စောင်ရေ စုစုပေါင်း ၁ သောင်းကျော်ရှိ မဂ္ဂဇင်းတခုတွင် ယခုအခါတွင် ၇ ထောင်သာ ဖြန့်ချီနိုင်တော့ပြီး စောင်ရေ ၃ဝဝဝ ဖြန့် မဂ္ဂဇင်းတခုသည် ၁ဝဝဝ သို့ ကျဆင်းသွားသည်။

“စိစစ်ရေးကလည်း ဟိုဖြတ်ဒီဖြတ်နဲ့ စာတွေက ပရိတ်သတ် စွဲမက်စရာ ကောင်းလောက်တဲ့ ဟာတွေက အပိုင်းအပိုင်း အပြတ်ပြတ်နဲ့ ထွက်ရတယ်။ တပိုင်းက စာဖတ် ပရိတ်သတ်တွေကလည်း ဈေးတွေကလဲ တအားမြင့်တော့ စားဝတ်နေရေး အခြေအနေတွေကြောင့် ငွေမသုံးနိုင်ကြဘူး။” ဟု အမည်မဖော်လိုသူ ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ရသစာပေ မဂ္ဂဇင်းများ အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက် ကျဉ်းလာနေချိန်တွင် ထုတ်လုပ်သူများ အနေဖြင့် ကုန်ကျစရိတ် ကာမိစေရန် ကြော်ငြာများ ထည့်သွင်းခြင်းဖြင့် အပိုဝင်ငွေ ရှာဖွေနေရသည်။

“နောက်ပိုင်းထွက်မဲ့ မဂ္ဂဇင်းတွေမှာ ကြော်ငြာအားပြုပြီးတော့ ထုတ်ရမဲ့ အခြေအနေ ရှိတယ်။ တခြားဝင်ငွေ ရအောင် လုပ်ရတာပါ။ စာသက်သက် ရောင်းနိုင်ဖို့ ဆိုတာ မြန်မာပြည်ဈေးကွက်က ကျဉ်းသထက် ကျဉ်းလာပါတယ်” သူက ပြောသည်။

အခက်အခဲ အမျိုးမျိုးကြားတွင် အပြိုင်အဆိုင် လုပ်နေကြရသော ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝိုင်းတွင် အာဏာပိုင်များက တင်းကြပ်မှုများ ပိုမိုပြုလုပ်လာကာ စောင့်ကြည့်နေကြောင်းနှင့် သတင်း ထုတ်ပြန်မှုများကလည်း နည်းပါးသွားပြန်သည်။

(ရန်ကုန်အခြေစိုက် မဇ္ဈိမ၏ လျို့ဝှက်သတင်းထောက်က ရေးသားပေးပို့၍ နန်းဒေဝီက ဖြည့်စွက် ရေးသားသည်။)

စစ်ပွဲတခုရဲ့ ဇာတ်ကောင်များ၊ သားကောင်များ


ခရီးသွားဆောင်းပါး
မောင်သစ်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 13:46 - မြန်မာစံတော်ချိန်

(က)

၁၉၉၃ - ခု၊ ဒီဇင်ဘာလ၊ မာနယ်ပလော။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မိမိကိုယ်မိမိ ကာကွယ်ရေး အခြေခံစစ်ပညာ သင်တန်း ...။

"သေသေချာချာ မိမိရရကိုင်ထားနော်၊ အာရုံကို သေနတ်ပြောင်းထိပ်ပေါ်မှာပဲ စုပြီးတင်ထား၊ ထောင်ထားတဲ့ ပိုက်ဆံကိုပဲ ဂရုစိုက် ... ဟုတ်ပြီနော်"

အမ် ၁၆ ရိုင်ဖယ်မှာ ကျနော့်လက်ထဲတွင် မသိမသာ တုန်ရင်လျက် ရှိ၏။

"မျက်လုံးက ပစ်မှတ်၊ အာရုံကို ပိုက်ဆံဆီမှာထား"

သေနတ်ကို မလှုပ်ရှားရအောင် ဘယ်ဖက်လက်ဖြင့် ပြောင်းထိပ်ကို အားစိုက်ပြီး ဆုပ်ကိုင် ပင့်တင်ထားရ၏။ ပြောင်းထိပ်ပေါ်က ထောင်လျက်တင်ထားသည့် ၁-ဘတ်စေ့ကလေးမှာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ကျနော့်စိတ်ထဲ စိုးရိမ်လာရသည်။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။ ကြာလိုက်တာကွာ ...။ ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့။

"မောင်းကိုဆွဲရင် တကိုယ်လုံးငြိမ်အောင် တောင့်ထားပြီးမှဆွဲနော်၊ မောင်းကိုပဲ ပါလာအောင်ဆွဲ၊ သေနတ်ကြီးတခုလုံး ပါမလာစေနဲ့၊ ဟို - ရဲဘော် ဘာပြုလို့ ရှေ့ကို တအားကုန်းထားတာတုန်း၊ မောင်းဆွဲရင် မင်းသေနတ်ကြီး ပြုတ်ကျသွားလိမ့်မယ်၊ သောက်ရူး"

ပစ်ခိုင်းပါတော့ ... ပစ်ခိုင်းပါတော့ ...။

"ပစ်"

သေနတ်မောင်းဆွဲသံတချို့ ကြားရသည်။ သင်တန်းဆရာ၏ ဆဲသံဆိုသံများ၊ သင်တန်းသားများရဲ့ ရယ်မော ပြောဆိုသံများ ထွက်ပေါ်လာခဲ့၏။

ကျနော်က အမ် ၁၆ သေနတ်ကို ဘေးတွင်ချကာ မြေပြင်ပေါ်ကို စိုက်ကြည့်နေမိသည်။ မြက်ပင်ကြား သဲမြေပေါ်က ၁-ဘတ်စေ့ ကလေးကို ငုံ့ကြည့်နေမိသည်။

ကျနော်တို့ စစ်သင်တန်းသား အားလုံး၏ လက်ထဲတွင် အမ် ၁၆ ရိုင်ဖယ် ကိုယ်စီ ကိုင်ထားကြ၏။ ကျနော် တယောက်တည်းသာ သေနတ်ကို ဘေးတွင် ချထားလိုက်မိ၏။ သင်တန်းဆရာက ကျနော့်ဘေးတွင်လာပြီး ရပ်သည်။

" ရဲဘော်၊ ဘာပြုလို့လဲ၊ နေမကောင်းဘူးလား"

"နေကောင်းပါတယ် ဗိုလ်ကြီး"

"ဒါဆိုရင် ဘာပြုလို့ သေနတ်မောင်းမချပဲ ငိုင်နေတာပဲ"

"ကျ ... ကျနော် မသိဘူး ဗိုလ်ကြီး"

ရယ်သံများ ထွက်ပေါ်လာခဲ့၏။

"ဒါဆိုရင် ... သေနတ်ပြန်ကောက်၊ မောင်းတင်၊ ပိုက်ဆံထောင် ... ပြန်ပြီး ပစ်"

ထိုနေ့က သေနတ်မောင်းကို ကျနော် အကြိမ်ကြိမ် ဆွဲခဲ့၏။ ပြောင်းထိပ်တွင် ထောင်ပြီး တင်ထားသည့် ငါးဘတ်စေ့ကလေးမှာလည်း မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ကျခဲ့၏။ ထို့ကြောင့် သေနတ်ကို ခေါင်းပေါ်မြှောက်ကိုင်ကာ လေ့ကျင့်ရေးကွင်းကို ၅ ပတ် တိတိ ပတ်ပြေးခဲ့ရ၏။ ပစ်ဒဏ်ခတ်ခံရလို့ ကျနော့်ဒူးများ ညွှတ်ခွေကျလုမတတ် ဖြစ်ခဲ့သော်လည်း ကျနော့်စိတ်ကိုမူ တင်ထားနိုင်ခဲ့၏။ ကျနော်က ပြောင်းထိပ်ပေါ်တွင် ထောင်ထားသည့် ၁- ဘတ်စေ့ကို တမင် ပြုတ်ကျသွားအောင် မောင်းကိုဖိပြီး အကြိမ်ကြိမ် ဆွဲချခဲ့၏။ ၁-ဘတ်စေ့ကလေးမှာ မြေကြီးပေါ်သို့ အကြိမ်ကြိမ် ကျ၏။ ကျနော်က ကျနော့်စိတ်ကူးနှင့် ကျနော် သေနတ်မောင်းကို တမင်ဖိပြီး နှိမ့်ပြီးဆွဲခဲ့ခြင်း ဖြစ်သည်။ သို့မှသာ ပစ်မှတ်ကို လွဲသွားမည် မဟုတ်ပါလား။

(ခ)

၁၉၉၄ - ခု၊ ဖားအံမြို့နယ်၊ တောတွင်းတနေရာ ...။

အဖော်တွေနဲ့ ကွဲသွားသည်မှာ နာရီဝက်နီးပါး ရှိပြီ။ လူသွားလမ်းကလေးအတိုင်း အသွားအပြန် လျှောက်သည်။ လမ်းခွဲ တခုနှစ်ခုအတိုင်း လိုက်လျှောက်သည်။ တခါတရံ သစ်ပင်ခြုံပင်များကြားတွင် လူသွားလမ်းကလေးမှာ ဆုံးသွား၊ ပျောက်သွား၏။ လမ်းလျှောက်သွားနေရင်းက နားကို အစွမ်းကုန် စွင့်ထားရသည်။ လူသံ လုံးဝမကြားရ။ ကျနော် စိတ်ပူလာရသည်။ ကျနော့်ရှေ့က သွားနှင့်ကြသူများက နောက်ကလိုက်လာသူ ကျနော့်ကို သည်းခံပြီး မစောင့်ပဲ ရှေ့ကိုပဲ ဆက်သွားနေကြပြီလား။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်က သူတို့နောက်က လိုက်သည့်လမ်း မဟုတ်တဲ့ တခြားလမ်းကွဲ တခုခုကိုပဲ အမှတ်မထင် လျှောက်လာခဲ့မိသည်လား။ မတွေးတတ်အောင် ဖြစ်ရသည်။ တောကလည်း နက်သထက် နက်လာခဲ့သည်။ လူသွားလမ်းကလည်း ပျောက်လုမတတ် မထင်မရှား ဖြစ်လာခဲ့သည်။ တချက် နှစ်ချက် အော်ဟစ်ကြည့်မိသည်။ ရပ်ပြီး နားစွင့်သည်။ ကျနော့်အော်သံသာ ဟိန်းသွားသည်။ မည်သည့်အသံမျှ ပြန်ပြီး မကြားရ။ တောအုပ်တခုလုံး ချက်ချင်းဆိုသလို ပြန်လည် ငြိမ်သက်သွား၏။

ကျောဖက်တွင် သိုင်းလွယ်ထားသည့် သေနတ်ကို ဖြုတ်လိုက်သည်။ ကျနော်နှင့်အတူ ခရီးထွက်လာသည့် ရဲဘော်လေး "ဝှေ့စာ" ဆီက ၀ိုင်းကူပြီး ထမ်းသည့် သဘောအားဖြင့် ခဏယူထားလိုက်သည့် အမ် ၁၆ သေနတ်ကို မောင်းတင်လိုက်သည်။ သည်နေရာတ၀ိုက်တွင် နအဖစစ်တပ်များ မရှိနိုင်ဘူးဟု ပြောခဲ့သည့် ဗိုလ်သိန်းစိုး၏ စကားကို ကျနော် တွေးမိသည်။ ထို့ကြောင့် သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ချိန်လိုက်သည်။ မျက်စေ့ ကိုစုံမှိတ်ပြီး သေနတ်မောင်းကွင်းထဲ လက်ညှိုးထည့်လိုက်သည်။ မောင်းကို ဖိညှစ်ချလိုက်သည်။ သေနတ်သံဟု ထင်ရသည့် အသံကြီးတခု ကျနော့်အနားမှ ကပ်ပြီး ကြားလိုက်ရ၏။ ကျည်ဆံတထောင့် ...၊ သစ်ရွက်များကို ဖြတ် တိုက်သွားသည့် တဖြစ်ဖြစ်မြည်သံကို ကြားလိုက်ရသည်။

ကျနော် ... မျက်လုံးများ ရုတ်တရက်ပြန်ပြီး မဖွင့်နိုင်သေး ...။ သေနတ်ကိုလည်း ခန္ဓာကိုယ်နှင့် အဝေးဆုံးဖြစ်အောင် လက်ကို ဆန့်နိုင်သမျှဆန့်ပြီး ကိုင်ထားလိုက်၏။ လက်ထဲမှ သေနတ်မှာ တဆတ်ဆတ် တုန်လျက် ...။ ကျနော့်ရင်ထဲ ရထားတစင်း အရှိန်ပြင်းစွာ မောင်းဝင်လာလေတော့၏။

(ဂ)

၁၉၉၅ - ခု၊ ဖေဖော်ဝါရီလ ၊ (၃) ရက်။ မာနယ်ပလောကျအပြီး ... (၇) ရက်မြောက်နေ့။

ဖွေးပေါလူရွာ၊ ထိုင်းနိုင်ငံနယ်စပ် ... ။

ဆေးရုံဝန်းခြံဝတွင် ထမ်းစင်တခုထမ်းပြီး ထွက်လာသည့် လူအုပ်ကို လမ်းဖယ်ပေးလိုက်ရ၏။ ထမ်းစင်ပေါ်ကို ကျနော် လှမ်းကြည့်သည်။ စောင်တထည်ဖြင့် အုပ်ထားသည့် လူတယောက်ကို တွေ့ရသည်။ ယောက်ျား မိန်းမဟူ၍မူ မခွဲခြားတတ်။ သေချာသည်ကတော့ လူသေအလောင်း တခုပင် ဖြစ်သည်။

ဆေးရုံဝန်းထဲ သစ်ပင်များအောက်တွင် လူတွေ အုပ်စုလိုက် ရှိနေကြသည်။ အထုပ်အပိုးများချကာ၊ တချို့က မြေကြီးပေါ်တွင် သည်အတိုင်း လဲလျောင်း အနားယူနေကြ၏။ သူတို့အားလုံး စစ်ပြေးဒုက္ခသည်များ ဖြစ်ကြ၏။

ဆေးရုံပေါ်ရောက်တော့ တန်းစီထားသည့် ကုတင်တန်းနှစ်ခုကြား၊ လူသွားလမ်းပေါ်တွင် လူနာတွေ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။ နေရာ အခက်အခဲကြောင့် လူမမာများကို လူသွားလမ်းပေါ်မှာပင် နေရာချ ထားရ၏။ တချို့ လူမမာများမှာ အခင်းမပါ ကြမ်းပြင်ပေါ်တွင် သည်အတိုင်း စောင်ကို ခေါင်းအုံးပြီးအိပ်နေကြ၏။

ဆေးနံ့ ချွေးနံ့များကို ကျနော်ရှူမိသည်။ လူနာတချို့ လူနာစောင့်တချို့ကို ရှောင်ကာရှားကာ၊ ကျော်ကာ ခွကာနှင့်ပင် ကုတင်တလုံးဆီ ကျနော် ရောက်လာခဲ့သည်။ ကင်မရာတလုံး လက်ကကိုင်လျက်၊ လွယ်အိပ်တလုံး လွယ်လျက်၊ ကျော်ခွသွားနေသည့် ကျနော့်ကို လူတချို့က လိုက်ကြည့်ကြ၏။ ဆေးရုံတခုလုံး ငြီးသံငြူသံများ၊ စကားပြောသံများ ဆူညံလျက်ရှိ၏။

ကုတင်တလုံး၏ ခြေရင်းတွင် ကျနော်သွားပြီး ရပ်လိုက်သည်။ ကုတင်ဘေးတွင် အခင်းမပါပဲ အိပ်နေသည့် ကရင် အမျိုးသမီးကြီးတဦးက ကျနော့်ကို မော့ကြည့်သည်။ ရုတ်တရက်ထရပ်ပြီး အားယူသည့် အပြုံးနှင့် ကြိုဆို၏။

"ဘယ်နှယ်နေသေးလဲ အနော၊ လူမမာ သက်သာရဲ့လား"

လူနာစောင့် ကရင်အမျိုးသမီးကြီးက မျက်လုံးများကို လက်ဖမိုးနှင့် ပွတ်နေသေး၏။ ကျနော်ပြောသည့် စကားကို သိတ်ပြီး နားမလည်သလို ဖြစ်နေ၏။ ထိုစဉ်မှာပင် လူနာ၏ မျက်လုံးများ ပွင့်လာခဲ့၏။ ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသည့် လူနာက ကျနော့်ကို ခတ်ယဲ့ယဲ့အသံနှင့် နှုတ်ဆက်သည်။

"အော် .. ဆရာကြီး"

"ဘယ်လိုနေသေးလဲ၊ သက်သာရဲ့လား၊ ဒီကနေ့ ကျနော်နဲ့ စကားနည်းနည်းပြောလို့ ရနိုင်ပါ့မလား"

လူနာက ခန္ဓာကိုယ်ကို အနည်းငယ်လူးလွန့်ပြီး အားယူ၏။

"ရ ... ရပါတယ် ဆရာကြီး၊ ဆရာကြီး ဒီဖက်ကို လာပါလား ..."

ကုတင်ဘေးတွင် ရပ်နေသည့် ကရင်အမျိုးသမီးကြီးကို လူနာက ကရင်ဘာသာဖြင့် တစုံတရာ တဆက်တည်း ပြောလိုက်၏။ ကရင်အမျိုးသမီးကြီးက နေရာဖယ်ပေးရန် ဟန်ပြင်လေသည်။

"နေ ... နေပါစေ အနော၊ ရပါတယ်၊ ကျနော် ကုတင်ဘေးမှာကပ်ပြီး လုပ်ရင်ရပါတယ်၊ အော် ... ဒါတွေက လူနာနဲ့ အနောအတွက် ကျနော်ယူလာတာပါ"

ကျနော်က လက်ထဲက ဂျွတ်ဂျွတ်အိပ်နှင့်ထည့်လာသည့် လိမ္မော်ရည်ဗူးနှင့် ကိတ်ခြောက်ထုပ်ကို ကရင် အမျိုးသမီးကြီးထံ ကမ်းပေးလိုက်၏။

"ဒီလိုလုပ်ရအောင်ပါ ... ၊ ကျနော် အခု၊ ပထမ ... ဓါတ်ပုံ အရင်ရိုက်ဦးမယ်နော် ...၊ ပြီးတော့မှ ကျနော်နဲ့ ခင်ဗျား စကားနည်းနည်း ပြောတာကို အသံဖမ်းစက်နဲ့ ဖမ်းကြည့်မယ်၊ ကျနော် ဓါတ်ပုံ တစ်ပုံ နှစ်ပုံလောက် ရိုက်မယ်နော် ...၊ အနောကိုရောပေါ့"

မနေ့တုန်းက ဆေးရုံအုပ် ဆရာမကြီးနှင့် ကျနော်တွေ့ခဲ့သည်။ ကျနော်က ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗွီဘီက သတင်းထောက် ဖြစ်တဲ့အကြောင်း မိတ်ဆက်ခဲ့၏။ ပြီးတော့ မာနယ်ပလော တိုက်ပွဲတွင် ဒဏ်ရာရခဲ့သူ ရဲဘော်တဦးနှင့် တွေ့ဆုံစကားပြောခွင့် ပြုရန် ခွင့်တောင်း၏။ ဆရာမကြီးက ခြေထောက်တဖက် ဆုံးရှုံးသွားရသူ ရဲဘော်လေးတဦးနှင့် စကားပြောခွင့်ရရန် စီစဉ်ပေး၏။ ထို့ကြောင့် ဒီကနေ့တော့ မနေ့က စီစဉ်ထားခဲ့သည့်အတိုင်း ဆေးရုံပေါ်ကို နောက်တခေါက် ကျနော် ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကျနော့်အတွေးထဲ၌ မာနယ်ပလော စစ်ပွဲတွင် ကိုယ်ထိလက်ရောက် ပါဝင် ပါတ်သက်ခဲ့သည့် ရဲဘော်တဦးနှင့်တွေ့ဆုံ မေးမြန်းချင်နေ၏။ ထိုရဲဘော်၏ သဘောထားအမြင်ကို သိချင်နေ၏။ ထိုရဲဘော်၏ ခံစားချက်များကို မှတ်သားချင်နေသည်။ ရေဒီယိုမှတဆင့် အသံလွှင့်ပေးချင်နေသည်။

"ဟေ့ကောင် ... မင်း ... အဲဒါ ဘာလုပ်တာတုန်း"

ကျနော် နောက်ကြောဖက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေသည့် ကျနော့် လက်များအောက်သို့ ကျသွားရ၏။ နောက်ကို ကမန်းကတန်း လှည့်ကြည့်လိုက်ရ၏။

"မင်း ... အဲဒါ ဘာလာလုပ်တာတုန်း၊ သွား ... သွားစမ်းကွာ၊ မင်း ... အခု ထွက်သွားစမ်း၊ အလကား"

ကုတင်ပေါ်က လူတယောက် ...။ ဒေါသ အမျက်ချောင်းချောင်း ထွက်နေသည့် မျက်လုံးများနှင့် ...။ ခန္ဓာကိုယ်ကို ထထိုင်နိုင်ရန် ကြိုးစားနေ၏။ သူ့ဘေးက လူတယောက်က ယင်းပုဂ္ဂိုလ်၏ လက်မောင်းကို ဖိကာ ဖြောင့်ဖျနေ၏။ တားနေ၏။ ဒေါသထွက်နေသည့် ထိုပုဂ္ဂိုလ်၏ ကိုယ်ပေါ်တွင် သွေးများ စွန်းထင်းနေသည့် စောင်စုတ်တထည် ခြုံထား၏။

"ဟေ့ကောင်၊ ဘာရပ်ကြည့်နေတာလဲကွ၊ မင်း ... ဒါ ဘာလာလုပ်တာလဲ၊ မင်းတို့ဒီလို လာလုပ်တော့ကော ၊ ဘာထူးမှာလဲ၊ အလကား ... ၊ နေစမ်းပါဦး ... မင်းတို့အခုလို လာလုပ်တော့ကော ... ငါတို့ ခြေထောက်တွေ ပြန်ကောင်းလာမှာလား၊ သွား .... သွား ... အခုထွက်သွား ... ငါ .........."

ကုတင်ပေါ်က ဒေါသတကြီး အော်ဟစ်ပြီး ပြောနေသည့် လူနာ၏အသံကြောင့် ဆေးရုံတခုလုံး လူသံတွေ တိတ်ကျသွားရ၏။ လူတွေအားလုံး ကျနော်တို့ဖက်သို့ လှမ်းကြည့်ကုန်ကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာသည့် ပြဿနာအပေါ် ကျနော့်မှာ ဘယ်လို တုန့်ပြန် ပြောဆိုရမည်ကို မသိနိုင်အောင်ဖြစ်နေ၏။

ကျနော်က လက်ထဲက ကင်မရာကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။ ကျနော်နှင့် တွေ့ဆုံစကား ပြောရန် စီစဉ်ထားသည့် လူနာဖက်ကိုလှည့်ပြီး ပြုံးပြလိုက်ရ၏။ ပြီးတော့မှ ဒေါသထွက်နေသည့် လူနာဖက်သို့ ကျနော် မျက်နှာမူ၏။

"ကိစ္စမရှိပါဘူး နောင်ကြီး၊ ကျနော်လည်း စိတ်မကောင်းပါဘူးဗျာ ...၊ စိတ်မဆိုးပါနဲ့"

ဆေးရုံပေါ်က ဆင်းချလာသည့် ကျနော့်ခြေထောက်များမှာ အကြိမ်ကြိမ် ခွေညွှတ်ကျလုမတတ် အားအင်များ ကုန်ခမ်းနေခဲ့၏။ ကျနော့်နားထဲ၌ ကုတင်ပေါ်က လူနာ၏ အော်ဟစ် မောင်းထုတ်နေသည့် အသံကို ကြားနေရ၏။ ဆံပင်များ မျက်နှာပေါ် ဖရိုဖရဲ ကျနေလျက်၊ မီးဝင်းဝင်းတောက်သော မျက်လုံးများ ...။

ဆေးရုံဝန်းထဲမှ ထွက်ခွာလာသည့် အချိန်တွင် သံလွင်မြစ်၏ တဖက်ကမ်း မာနယ်ပလောဆီက လက်နက်ကြီးပစ်သံ သဲ့သဲ့ကို ကြားရလေသည်။ လမ်းလျှောက်လာနေရင်းက နောက်တချိန် ထပ်ပြီး ဆေးရုံဆီ လာသင့် မလာသင့် ဝေခွဲလို့မရအောင် ရှိနေခဲ့၏။

ထိုညက ... မှတ်စုစာအုပ်ကလေးကို လှပ်ကာ မွန်ဂိုလီးယား ကဗျာဆရာ "ချိုအီဇင် ဆူရင်" ကဗျာတပုဒ်ကို စိတ်လှုပ်ရှားစွာ ဖတ်ခဲ့မိလေသည်။ ။


စစ်
စစ်ဖြစ်လျင်
သခင်မဲ့သော အိမ်နှင့်
အိမ်မရှိသောသခင်ကို တွေ့မည်။

စစ်ဖြစ်လျင်
ခင်ပွန်းမရှိသော ဇနီးနှင့်
ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

စစ်ဖြစ်လျင်
အဖေမရှိသောသားနှင့်
သားမရှိသော အဖေကိုတွေ့မည်။

စစ်ဖြစ်လျင်
ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

စစ်ဖြစ်လျင်
ကျွဲနွားမရှိသော စားကျက်နှင့်
စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့တွေဝေ၍
ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။

ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။


(၁၉၇၃-ခု၊ စက်တင်ဘာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်ပြားရခြင်း ၃၅ နှစ်မြောက် အမှတ်တရ)


မောင်သစ်ဦး
ကိုးကား။ ။ ၁၉၉၃၊ နိုဝင်ဘာလထုတ်၊ International မဂ္ဂဇင်းတွင် ပါရှိသည့် TNN ဘာသာပြန်သော "War" ကဗျာကို အသုံးပြု ဖော်ပြခြင်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ကမ်းပေါ်မှာ သူ့ဘ၀ စခဲ့တယ်


ငြိမ်းဝေ
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 17:17 - မြန်မာစံတော်ချိန်

(က)


လယ်သမားတွေရဲ့ တဲကုတ်ကလေးတွေကို ငါချစ်တယ်။
မန်ကျည်းဖျော်ရည်လို ရနံ့ချိုနေတဲ့
မီးပူတိုက်ပြီးသား အ၀တ်တွေလို လတ်ဆတ်နေတဲ့
မိခင်ပျိုတွေက အိပ်ပျော်လို့
ကြက်သွန်ခင်းတွေ ပတ်လည်ဝိုင်းနေတဲ့
ထောင်ပေါင်းများစွာသော အိမ်တွေထဲမှာ
မီးလင်းဖိုတွေက တောက်လောင်လို့။
မြစ်ကမ်းနားမှာ ယောက်ျားတွေက တေးဆိုကြတော့
သူတို့ရဲ့အသံဟာ မြစ်ကြမ်းပြင်က
ကျောက်ခဲတုံးများလို ကွဲရှကြမ်းတမ်းနေတယ်။
ပြန့်ကားနေတဲ့ ဆေးရွက်ကြီးခင်းထဲက
ဆေးရွက်နံ့က ထောင်းထောင်းထလို့
ဒီအရာတွေ အားလုံးက
အိမ်ထဲကို သရဲသဘက်ဝင်သလို
ငါ့အတွေးထဲကို တိုးဝှေ့ဝင်လာကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)


မနေ့တုန်းက မြန်မာငြိမ်းချမ်းရေးကိုယ်စားလှယ်စာရေးဆရာအုပ်စုနဲ့ တညနေခင်းလုံး စကားပြောခဲ့ရတယ်။ အထူးသဖြင့် အရပ် အမောင်းကောင်းကောင်း၊ နှုတ်ခမ်းမွှေးကားကား၊ ခေါင်းမှာ ပိတ်စပန်းရောင် ပတ်ထားတဲ့ မြန်မာကဗျာဆရာကြီး ရဲ့ ရုပ်ပုံက သူ့မျက်စေ့ထဲမှာ စွဲနေတယ်။ မြန်မာစာရေးဆရာတွေဟာ အဲဒီအသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ကဗျာ ဆရာကြီးကို အတိုင်းမသိ လေးစားချစ်ခင်ကြပုံရတယ်။ သူတို့က ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေကြတော့ သူလည်းပဲ အဲဒီကဗျာဆရာကြီးကို အလိုလိုနေရင်း လေးစားလာမိတယ်။ အံ့သြဖို့ကောင်းတာကတော့ သူ့ဇနီးက ကဗျာဆရာကြီးကို ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ တောင်းဆိုတဲ့အခါ ကဗျာဆရာကြီးက ပြာပြာသလဲ ငြင်းဆိုနေတဲ့ ပုံက တကယ့်ကို ပီတိခလေးတယောက်ရဲ့ ရှက်ရွံ့နေတဲ့ပုံမျိုး ဖြစ်နေတယ်။ လူတွေဟာ ရှက်နေတဲ့ အချိန်တိုင်း ကလေးတယောက်ရဲ့ နှလုံးသားကို ပြန်ရနိုင်တယ်ဆိုတဲ့ စကား သူတွေးမိပြီး သဘောကျခဲ့ရတယ်။

မြန်မာစာရေးဆရာတွေနဲ့ တွေ့ဆုံစကားပြောဖို့ " အာရင်ဘတ်" နဲ့ တိုင်ပင်ကြည့်တော့ သူလည်း အားတက်သရော သဘောတူခဲ့တယ်လေ။ ဒါနဲ့ပဲ မြန်မာစာရေးဆရာများနဲ့ တွေ့ဆုံဖို့အတွက် အခမ်းအနား စီစဉ်ရေး အတွင်းရေးမှူးအဖွဲ့မှာ သွားပြောကြည့်တယ်။ အတွင်းရေးမှူးအဖွဲ့က မြန်မာစာရေးဆရာအဖွဲ့ကို အကြောင်းကြားပြီး မနေ့တုန်းက သူနဲ့ သူ့ဇနီး၊ ပြီးတော့ အာရင်ဘတ်တို့ဇနီးမောင်နှံ၊ မြန်မာစာရေးဆရာအဖွဲ့ ... သူတို့ တည်းခိုနေတဲ့အခန်းမှာပဲ တွေ့ဆုံခဲ့ကြတယ်။ နေ့လည်စာကိုလည်း ဒီအခန်းထဲမှာပဲ အတူတူလက်ဆုံစားခဲ့ ကြတယ်။

မြန်မာစာရေးဆရာအဖွဲ့ထဲက "ဒဂုန်တာရာ" နဲ့ အချိန်တော်တော်ကြာ စကားပြောခဲ့ရတယ်။ သူက သူကိုယ်တိုင်ဦးစီးပြီးထုတ်ဝေတဲ့ "တာရာ မဂ္ဂဇင်း" ထဲမှာ သူ့ကဗျာတချို့၊ သူ့စာတချို့ကို မြန်မာလို ဘာသာပြန် ဖော်ပြခဲ့တဲ့ မြန်မာစာဖတ် ပရိတ်သတ်နဲ့ သူ့ကို မိတ်ဆက်ပေးဖို့ ကြိုးစားနေတဲ့ မြန်မာကဗျာဆရာပေါ့။ ဒီလို မြန်မာကဗျာဆရာမျိုးနဲ့ စကားပြောခွင့်ရတော့ လွန်ခဲ့တဲ့ (၂၁) နှစ်လောက်က၊ မြန်မာပြည်မှာနေထိုင်ခဲ့ရတဲ့ဘ၀ကို ပြန်ပြီး သတိရလာမိတယ်။ အင်းယားကန်ဘေးက သူနေတဲ့အိမ်က လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရား ...။ ဆံထုံး မြင့်မြင့်ကြီးတွေ ထုံးပြီးသွားလာနေကြတဲ့ မြန်မာဂုဏ်သရေရှိ အမျိုးသမီးတွေ။ အင်္ဂလိပ်လို ရေလည်စွာပြောတတ်တဲ့ မြန်မာ ပညာတတ်တချို့။ ရန်ကုန်တက္ကသိုလ်ဝန်းထဲက ရေတမာတန်း။ ပြီးတော့ သူ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်တဲ့ "ပိတောက်ပန်း"။ အို ... အံ့သြဖို့ကောင်းအောင် ရွှေရောင်ဝင်းတဲ့ "ပိတောက်ပန်း" ။

(ခ)


မိခင်မြေကြီးပေါ်
အပြာရောင် သစ်ရွက်တွေပေါ်
ရေတံခွန်စိမ့်စမ်းသံတွေအောက်က ကျောက်တုံးတွေပေါ်
ဂီတလို တုန်ယင်နေတဲ့ လေပွေမုန်တိုင်းတွေပေါ်
ဘုန်းကြီးကျောင်းများမှာလို
ဘုရားရှိခိုးစာကို ရွတ်ဆိုနေကြတဲ့ မြစ်နဒီတွေပေါ်
တောငန်းရိုင်းတွေနဲ့ ပန်းသီးတွေပေါ်
မြေပြင်နဲ့ ရေပြင်ပေါ်
ကောက်နှံတွေကို မွေးဖွားပေးလိုက်တဲ့
အဆုံးမရှိသော တိတ်ဆိတ်မှုပေါ်ကို
ငါ ... ကျော်နင်းပြီး လျှောက်ခဲ့တယ် ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)


၁၉၂၇-ခု ... မြန်မာပြည်။

ပဲခူးမြို့လေးဟာ ရန်ကုန်မြို့နဲ့ဆိုရင် မိုင်(၅၀) ကျော် ဝေးတယ်။ ကျင်းတွေ ချိုင့်တွေထူပြောလှတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးနာရီနီးပါးကြာအောင် ကားမောင်းပြီးမှ ပဲခူးကို သူရောက်လာခဲ့တယ်။ မြို့လည်ခေါင်က ပဲခူးမြစ်ကို ဇက်နဲ့ကူးရတယ်။ မိုးထိအောင်မြင့်မားလှတဲ့ ရွှေမော်ဓောဘုရား နဲ့ မဟာစေတီဘုရားဟာ တောအုပ် တွေ ပတ်လည်ဝိုင်းနေတဲ့ကြားမှာ ခန့်ညားလွန်းနေတယ်။ အရောင်အသွေးမျိုးစုံ .. အထူးသဖြင့် တောက်တောက် ပပ ပိုးချည်ပိုးထည်တွေကို ၀တ်ဆင်ထားကြတဲ့ ယောက်ျား၊ မိန်းမတွေဟာ လှည်းကိုယ်စီစီးပြီး ဘုရားခြေရင်းကို ရောက်လာကြတယ်။ ယောက်ျားတချို့က ချမ်းသာကြွယ်ဝသူတွေလို့ ထင်ရတယ်။ သူတို့က ပုဆိုးစတွေကို လက်တဖက်နဲ့ ဆွဲမပြီးမှ လမ်းလျှောက်ကြတယ်။ အကယ်၍များ ပုဆိုးစကို ဒီလို ဆွဲမ မထားဘူးဆိုရင် လမ်းလျှောက်လို့ မဆင်မပြေနိုင်ဘူးလို့ သူထင်မိတယ်။ သတိမထားမိပဲ မနေနိုင်လောက်အောင် ထူးခြားလှတဲ့ မြင်းကွင်းကတော့ လှည်းပေါ်ကဆင်းလာတဲ့ အမျိုးသမီးတချို့ဟာ လက်သီးဆုပ်သာသာမြင့်တဲ့ ဆံပင်ထုံးကြီး တွေကို ခေါင်းပေါ်မှာထုံးထား၊ တင်ထားတဲ့ မြင်ကွင်းပါပဲ။ သူတို့ခေါင်းမှာပန်ထားတဲ့ ပန်းတွေက အ၀ါရောင်၊ သူ အင်မတန်စိတ်ဝင်စားတဲ့ ပိတောက်ပန်း။ ဘုရားကုန်းတော်အောက်က ခြင်္သေ့ရုပ်ကြီးနှစ်ခုက မော့ကြည့်ရလောက် အောင် မြင့်မားလှတယ်။

မြို့လည်ခေါင်လမ်းဘေးနှစ်ဖက်မှာ နွားလှည်းတွေ တန်းစီပြီးရပ်ထားတာ တွေ့ရတယ်။ ဂေါ်ရင်ဂျီ ကုလားလေးတွေဟာ ကားပေါ်ကဆင်းလာတဲ့သူ့ဆီကို ပြေးလာပြီး သူ့လက်ထဲက လက်ဆွဲသေတ္တာကို ၀ိုင်းကူပြီး ဆွဲကြတယ်။ သူကငြင်းဆန်လိုက်တဲ့အခါကြတော့ လမ်းဘေးက သစ်ပင်ရိပ်တွေဆီ ပြန်ပြေးသွားကြပြီး သူ့ကို အဝေးကပဲ အကဲခတ်နေကြတယ်။

ဒီတခေါက်ပါနဲ့ဆိုရင် ပဲခူးကို သူရောက်ဖူးတာ (၂) ခေါက်ရှိပြီ။ ဈေးကြီးထဲကို လမ်းလျှောက်ဝင်သွားပြီး မြန်မာထမင်းနဲ့ဟင်း စားကြည့်အုန်းမှလို့ တွေးလာခဲ့တယ်။ ရုတ်တရက်ဆိုသလို သူ့ကြောပြင်၊ သူ့ပုခုံးပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရလို့ သူ့ခန္ဓာကိုယ်ဟာ ရှေ့ကိုအနည်းငယ်ကော့ပြီး နောက်ကိုလှည့်ကြည့်မိတယ်။ လူရွယ်နှစ်ယောက်က ရေဖလားတွေကိုယ်စီကိုင်ပြီး သူ့ကိုပြုံးကြည့်နေကြတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာလည်း တခြားလူငယ်ဆယ်ယောက်လောက်က သူ့ကို ပြုံးရယ်ပြီး ကြည့်နေကြတယ်။ ချက်ချင်းဆိုသလို ထိတ်လန့်သွားတဲ့ သူ့စိတ်ကို ရုပ်သိမ်းနိုင်အောင် ကြိုးစားနေမိတယ်။ မြန်မာတွေရဲ့ ထူးဆန်းလှတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတခု။ ရေပက် ကစားကြတဲ့ပွဲတော် ...။ ချက်ချင်းဆိုသလို လူငယ်နှစ်ယောက်ရဲ့လက်ထဲက ရေဖလားတခုကို ဆွဲယူလိုက်တယ်။ ဘေးမှာချထားတဲ့ ရေပုံးထဲက ရေကိုခပ်တယ်။ လူငယ်နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို နည်းနည်းစီလောင်းချပေးလိုက် တယ်။ ရယ်သံတွေကြားကပဲ သူဟာ ကားပေါ်ပြန်တက်ပြီး ရှေ့တည့်တည့်ကိုမောင်းလာခဲ့တယ်။ ကားခေါင်မိုးနဲ့ ကားရဲ့နောက်ခန်းမှာ တစုံတခု ပါလာတာကို သတိပြုမိလို့ ကားကို ခဏရပ်ပြီး၊ ကားခေါင်မိုးပေါ်ကို မော့ကြည်ရပြန်တယ်။ ကားခေါင်မိုးပေါ်မှာ ရွှေဝါရောင်ပန်းတွေအပြည့်။ ကားနောက်ခန်းထဲမှာလည်း ရွှေဝါရောင် ပန်းပွင့်တွေအပြည့် ...။ သူ့မျက်နှာတခုလုံး ၀င်းပပြုံးလက်သွားရတယ်။ သူနှစ်သက်စွဲလန်းမိတဲ့ ပိတောက်ပန်း တွေ။ အဲဒီညနေက ပိတောက်ပန်းတွေတင်ထားတဲ့ကားနဲ့ ရန်ကုန်ကို သူပြန်လာခဲ့တယ်။

(ဂ)


တဖက်အစွန်မှာ
ကျေးရွာကို စောင့်နေတဲ့ နတ်
ငါးကိုစောင့်တဲ့ နတ်
ရေကိုစောင့်တဲ့ နတ်တွေဟာ
ကမ္ဘာကြီးအသစ် ပွင့်ဝေရာဖြစ်တဲ့
လွင်ပြင်တွေပေါတဲ့ သူတို့တိုင်းပြည်ကြီးကို
အသက်ပေးပြီး ချစ်ကြတယ်။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)


မနက်ခင်းဝေလီဝေလင်းအချိန် ရွှေတိဂုံကုန်းတော်ပေါ်ကို သူရောက်ခဲ့တယ် ...။

ဘုရားယင်ပြင်တော်ပေါ်မှာ လှည့်ပတ်ကြည့်ရှုရင်းက သူ့ရဲ့ ရန်ကုန်မြို့ကိုစရောက်တဲ့ တညနေခင်းကို ပြန်တွေးနေမိတယ်။ ဒီတုန်းက အင်မတန်ကြီးမားလှတဲ့ ကျောက်တောင်ကြီးတခုကိုကွေ့ပြီးဝင်လိုက်တဲ့အခါ နေရောင်အောက်မှာ ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတောင်ကြီးတခုကို ဘွားကနဲ သူတွေ့လိုက်ရတာပဲ။ စိမ်းစိမ်းမှောင်နေတဲ့ တောအုပ်တွေရဲ့အပေါ်မှာ ထီးထီးမားမားကြီးရှိနေတဲ့ ရွှေတိဂုံဘုရားကြီးကို သင်္ဘောကုန်းပတ်ပေါ်ကတဆင့် သူ ရပ်ကြည့်နေခဲ့မိတယ်။ တိမ်ဖြူဖြူတချို့က ရွှေတောင်ကြီးရဲ့နောက် အပြာရောင်ကောင်းကင်ပေါ်မှာ လွင့်နေ တယ်။ ရွှေတောင်ကြီးကို လှမ်းကြည့်ရင်း တမေ့တမောရပ်နေခဲ့မိတယ်။

သူဟာ ရန်ကုန်မြို့မှာ အလုပ်တွေအများကြီးလုပ်ခဲ့ရတယ်။ သူလုပ်ခဲ့တဲ့အလုပ်တွေကို အနှစ်ချုပ်လိုက်ရင် အနှစ်သာရအားဖြင့်တော့ နှစ်ခုပဲရှိပါတယ်။ တခုက မြန်မာ့ရေမြေတောင်နဲ့ လူတွေကို လေ့လာခံစားဖို့နဲ့ သတင်းတွေကို စုဆောင်းမှတ်သားဖို့အလုပ်ပါပဲ။ ဒီလိုနဲ့ သူဟာ လယ်ကွင်းတွေဆီ သွားခဲ့တယ်။ ဘုရားပြို ဘုရား ပျက်တွေကြားမှာ ရပ်နေခဲ့တယ်။ နပမ်းပွဲတွေ၊ ကြက်တိုက်ပွဲတွေ၊ လှည်းပြိုင်ပွဲတွေ၊ ရေကစားပွဲ၊ ဘုရားပွဲ၊ ရုပ်ကြီးစင်နဲ့ မြေ၀ိုင်းအကပွဲတွေက အစ နေရာအနှံ့ သူရောက်နေခဲ့တယ်။ မြန်မာတွေဟာ လက်တင်အမေရိက က ပီရူးနဲ့ဘိုလစ်ဗီးယားလူမျိုးတွေနဲ့ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက် တော်တော်တူကြတယ်။ ရာဇ၀င်သမိုင်း ချင်းလည်း တူကြဟန်ရှိတယ်။

ရန်ကုန်မြို့ဟာ "ရန်ဟူသမျှ ကုန်စင်အောင်မြင်တဲ့မြို့" ဆိုတဲ့ အဓိပ္ပါယ်နဲ့ မှည့်ခေါ်ထားတဲ့ မြို့။ အင်္ဂလိပ် မြို့ဝန်မင်းဟာ တခါတရံ မြန်မာမြို့ဝန်တွေရဲ့ အဆောင်အယောင် အခမ်းအနားမျိုးနဲ့ မြို့ထဲကို ထွက်လာတတ်တယ်လို့ သူကြားရတယ်။ ရန်ကုန်မှာသူရှိနေတဲ့အခိုက် မြို့ကိုစောင့်ရတဲ့ ဂေါ်ရင်ဂျီစစ်ပုလိပ်တွေ၊ မျက်နှာဖြူ အရာရှိတွေဟာ တစုံတခုကို ထိတ်လန့်တုန်လှုပ်နေတာ အထင်အရှားသတိထားမိတယ်။ ရွှေတိဂုံဘုရားခြေရင်းမှာ ရှိတဲ့ သစ်တပ်ထဲက အင်္ဂလိပ်စစ်တပ်တွေဟာ စစ်ရေး အမြဲလေ့ကျင့်နေကြပြီး အလုပ်ရှုပ်နေခဲ့ကြတယ်။ ရန်ကုန်မြို့ဆိပ်ကမ်းမှာ အိန္ဒိယက ကြေးစားစစ်သားတွေ သင်္ဘောပေါ်က ဆင်းချလာနေတာ လူတိုင်းတွေ့ကြရ တာပဲ။ သတင်းတွေဟာ ရန်ကုန်မြို့ကို ခြိမ်းခြောက်နေတယ်လို့ ဆိုရမယ်။ မြန်မာလယ်သမား သူပုန်တွေဟာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့တနေရာမှာ အင်္ဂလိပ်စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ကြတဲ့သတင်း ...၊ အင်္ဂလိပ် စစ်တပ်တွေက ဖမ်းမိတဲ့ သူပုန်တွေကို ခေါင်းဖြတ်သတ်ပြီး သတင်းစာတွေထဲမှာ ဖော်ပြခြိမ်းခြောက်တဲ့သတင်း တွေနဲ့ ရန်ကုန်မြို့ဟာ ခြောက်ခြားနေခဲ့တယ်။

သူဟာ ရန်ကုန်မြို့ နိုင်ငံခြားသံတမန်များ နားနေအပမ်းဖြေတဲ့ အဆောက်အဦးဆီကို သွားလေ့သွားထ မရှိပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ကိုလိုနီနိုင်ငံတွေအပေါ် မတရားဖိနှိပ်နေတဲ့ သတင်းတွေကိုတော့ အဲဒီ သံတမန် တွေဆီကပဲ ရခဲ့တယ်။ တချိန်ထဲမှာ အိန္ဒိယတိုက်ငယ်မှာလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲခေါ်သံတွေ၊ မဟတ္တမ ဂန္ဓီကြီးနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ၊ တရုပ်ပြည်မကြီးထဲက ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲတွေ၊ ဥရောပ တခွင်မှာကြတော့ နယ်ချဲ့အရင်းရှင် အစိုးရတွေကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ ရဲ့ သတင်းတွေကို နေ့စဉ်တိုင်းလိုလို သူကြားနေခဲ့ရတယ်။ ဒါနဲ့ပဲ သူကိုယ်တိုင် သတိမထား မိပဲ ဆုံးဖြတ်ချက်တခု အလိုလိုချမိလျက်သားဖြစ်ခဲ့ရတယ်။

သူဟာ ဧရာဝတီမြစ်ကမ်းတခုပေါ်မှာ ဘ၀သစ်တခု အစပြုဖို့ ဆုံးဖြတ်ခဲ့မိပြီဆိုပါတော့ ...။

(ဃ)


အမေရိက ...
သင့်နယ်မြေမှ တဖက်အစွန်
တိုင်း . နိုင်ငံများကို ငါရောက်ခဲ့ဖူးပြီ။
အဲဒီနေရာတွေမှာ ရက်ပေါင်းများစွာ
ငါပျံသန်းခဲ့၊ ခရီးသွားခဲ့၊ တေးဆိုခဲ့၊ စကားပြောခဲ့
လှည့်လည်နေတဲ့ အိမ်ယာလုပ်ခဲ့ဖူးရဲ့။
အာရှမှာ၊ ရုရှားမှာ၊ ယူရဲလ်တောင်တန်းတွေမှာ
ငါရပ်နားပြီး
အထီးကျန်မှုနဲ့ ထင်းရှူးဆီနံ့ စိမ့်ပျော်ဝင်နေတဲ့
ငါ့ဝိညာဉ်ကို ဆန့်ထုတ်ခဲ့ဖူးရဲ့ ....။

(သစ်ခုတ်သမား နိုးကြားလော့ ... ကဗျာမှ)


၁၉၅၁-ခု၊ အောက်တိုဘာလ၊ တရုတ်ပြည် ပီကင်းမြို့။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ...။

မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့၊ ရုရှားစာရေးဆရာ "အာရင်ဘတ်" နဲ့ တိုင်ပင်ကြည့်တဲ့ အခါ၊ အာရင်ဘတ်က ချက်ချင်းဆိုသလိုပဲ သတောတူခဲ့ပါတယ်။ သူနဲ့ အာရင်ဘတ်က အခန်းချင်းကပ်လျက် တည်းခိုခွင့်ရကြသူတွေပါ။ သူ့မှာလည်း ဇနီးဖြစ်သူပါလာခဲ့သလို၊ အာရင်ဘတ်မှာလည်း ဇနီးသည်ပါလာခဲ့တယ်။ သူတို့လေးယောက်စလုံး မြန်မာစာရေးဆရာအဖွဲ့နဲ့ တွေ့ဆုံစကားပြောခဲ့ရတာကို ကျေနပ်မိကြတယ်။ ထမင်း အတူထိုင်ပြီး စားခဲ့ကြရတာကို မမေ့နိုင်ဘူး။

သူကတော့ ဒီအချိန်မှာ လွန်ခဲ့တဲ့ (၂၄) နှစ်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။ မြန်မာစာရေးဆရာ "ဒဂုန် တာရာ" နဲ့ စာပေအကြောင်းတွေ ပြောခဲ့ကြပေမယ့် သူ့စိတ်တွေက တချက်တချက်မှာ ရန်ကုန်မြို့က ရွှေရောင် ၀ါဝင်းလင်းထိန်နေတဲ့ ရွှေတိဂုံဘုရားကြီးကို သတိရနေမိတယ်။ တောက်ပတဲ့ အရောင်မျိုးစုံ ၀တ်စုံတွေကိုဝတ်ပြီး လမ်းတွေပေါ်လျှောက်သွားနေတဲ့ မြန်မာလူမျိုးတွေကို တွေးနေမိတယ်။ ဒီတုန်းက သူက အချစ်ကဗျာတွေကိုပဲ ရေးဖွဲ့နေခဲ့တဲ့ ကာလ။ အချစ်ကဗျာစာအုပ်ထုတ်ဝေပြီးကာစ။ မြန်မာပြည်မှာ ရောက်နေတဲ့အခိုက်၊ မြန်မာ့ လယ်သမားသူပုန်ကြီး "ဂဠုန်ဆရာစံ" ရဲ့ သတင်းတွေက သူ့ရဲ့ အချစ်ကဗျာခံစားမှုကို ရပ်တန့်စေခဲ့တယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသတင်းတွေက သူ့အတွေးအခေါ်ကို မြှင့်တင်ပေးလိုက် တယ်။ ရန်ကုန်မြို့မှာ တနှစ်ကျော်နေထိုင်ခဲ့ရတဲ့ ရက်တွေအတွင်း သူ့ရဲ့အထီးကျန်မှုကို နိဂုံးချုပ်နိုင်ခဲ့တယ်။

တညနေခင်းလုံး မြန်မာစာရေးဆရာတွေနဲ့ စကားဖောင်ဖွဲ့ခဲ့ပြီးတဲ့နောက်၊ အင်မတန် ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံလှတဲ့ ဥပဓိရုပ်ရည်ရှိသူ မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး "သခင်ကိုယ်တော်မှိုင်း" ခေါင်းဆောင်တဲ့ လူတသိုက်ဟာ သူတို့အခန်းက ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ သူနဲ့ တချိန်လုံးလိုလို စကား ပြောခဲ့တဲ့ ကဗျာဆရာ "ဒဂုန်တာရာ" ကို သူက အခန်းပေါက်ဝမှာ လက်ဆွဲနှုတ်ဆက်တယ်။

မြန်မာစာရေးဆရာအဖွဲ့ အခန်းပေါက်ကအထွက်၊ သူ့နှုတ်ခမ်းက နှုတ်ဆက်စကားဆိုဖို့ စဉ်းစားတဲ့အခါ စကားလုံးတချို့ကို အလိုလို ရွတ်ဆိုမိလျက်သားဖြစ်သွားရတယ်။

"မြန်မာပြည်က ပိတောက်ပန်းကို ကျနော် မမေ့ပါဘူးဗျာ ..."

မြန်မာကဗျာဆရာ "ဒဂုန်တာရာ" က "ပိတောက်ပန်း" လို့ ပီပီသသလှမ်းပြောလိုက်တဲ့ သူ့ကို အံ့သြတဲ့ မျက်နှာနဲ့ ပြန်ကြည့်ရင်း ပြုံးလိုက်ပါတယ်။ ။

(စာပေနိုဗယ်ဆုရှင် ချီလီကဗျာဆရာကြီး ပက်ဗလိုနဲရူဒါဟာ ၂၃၊၉၊၁၉၇၃-ခုနှစ်မှာ ကွယ်လွန်ခဲ့တာမို့ အခုဆိုရင် သူကွယ်လွန်တာ (၃၅) နှစ် ပြည့်ပါပြီ။ သူဟာ ၁၉၂၁ -ခုနှစ်ဝန်းကျင်က မြန်မာပြည်မှာ သံတမန်တဦး အနေနဲ့ နေထိုင်သွားခဲ့ရဖူးသူပါ။ သူဟာ ပဲခူးနဲ့ မော်လမြိုင်ကိုလည်း ရောက်ခဲ့ဖူးသူပါ။ ဒါကြောင့်မို့ သူကွယ်လွန်တဲ့ ၃၅-နှစ်မြောက် အမှတ်တရ ... ဒီဆောင်းပါးကို စိတ်ကူးဖြင့် ရေးဖွဲ့ ဂုဏ်ပြုလိုက်ပါတယ်။)

ကိုးကား။ ။ ၁။ မောင်သစ်တည်ရဲ့ "ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည် ၃-ပုဒ်"
၂။ ဒဂုန်တာရာရဲ့ "ဧရာဝတီ၊ ယန်စီ၊ ဘော်လ်ဂါ"

မြန်မာနိုင်ငံ၏ ကုလကိုယ်စားလှယ် နေရာသည် စောဒကတက်စရာ ဖြစ်သည်


အယ်ဒီတာ့အာဘော်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ 15 2008 23:48 - မြန်မာစံတော်ချိန်

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အထွေထွေ ညီလာခံတွင် မြန်မာစစ်အစိုးရ ရရှိထားသော ကိုယ်စားလှယ် နေရာကို ဖယ်ရှားရန် တင်ပြထားသည့် ပန်ကြားချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက စဉ်းစားသည့်အခါ ယခုလောလောဆယ် ယက်ကန်ယက်ကန် ဖြစ်နေသော ကြားဝင် ဖြန်ဖြေရေး ဖြစ်စဉ်ကို အရှိန်တိုးမြှင့် ဆောင်ရွက်ရန် အခွင့်အလမ်း တခုအဖြစ် ကုလသမဂ္ဂက ရယူ ဆောင်ရွက်သင့်ပါသည်။

ကုလ ကိုယ်စားလှယ်တော်ကြီးများ မကြခဏ ထပ်ခါတလဲလဲ ပြောကြားနေကြသည့် ကြားဝင်ဖြန်ဖြေရေး ဖြစ်စဉ်အတွက် ပိုင်းဖြတ်ချက်ရှိရှိ လုပ်နေပါသည် ဆိုသောစကားတွင် မှန်ကန်သော ဖြစ်စဉ်ကို ချမှတ်ပြီးမှ အတည်ပြုပေးဘို့ လိုပါသည်။ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ နေရာကို လစ်လပ်ထားခြင်းသည် ဤမှန်ကန်သော ဖြစ်စဉ်အတွက် ခြေလှမ်းတရပ် ဖြစ်သည်။ ဤဖြစ်စဉ်သည် မြန်မာ့နိုင်ငံရေး၏ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေမှု နှင့် သာမန် ပြည်သူလူထု၏ စားဝတ်နေရေးကို ဖြေရှင်း ကိုင်တွယ်ပေးရန် ရည်ရွယ် ပြုလုပ်ပေသည်။

နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသော ဗိုလ်ချုပ်ကြီးများ၏ အဆိုပြုချက်ဖြစ်သော “ဒီမိုကရေစီ လမ်းပြမြေပုံ” ဆိုသည့် သေလုဆဲဆဲ ပေါ်လစီကိုသာ ဖက်တွယ် ဆုပ်ကိုင်ထားသည့် ကုလသမဂ္ဂ၏ လက်ရှိချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ ပြဿနာများကို အခြေခံကျကျ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထား၍ မရပါ။ ကုလသမဂ္ဂက ချမှတ်သော ဖြစ်စဉ်မှန်သမျှသည် ဤအဖွဲ့ကြီး၏ ရည်မှန်းချက် ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်ရန် လက်တွေ့ကျကျ အကဲဖြတ် လုပ်ဆောင်ရမည် ဖြစ်သည်။ အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲများ ကျင်းပရေးနှင့် မြန်မာ့လူများစု လူထုကြီးအပေါ် ကျူးလွန် ဖေါက်ဖျက်နေသော အခွင့်အရေးမျိုးစုံ ချိုးဖောက်မှုများကို ရပ်တန်းကရပ်ရေး ဖြစ်သည်။ “အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ” ၏ နောက်တဆင့်ဖြစ်သော ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် စစ်အစိုးရ ရေးဆွဲ တင်ပြထားသော ဖြစ်စဉ်ကို တဘက်သတ် အတည်ပြုပေးခြင်းသာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ကုလ အဖွဲ့ကြီး၏ တာဝန်ရှိမှုကို မသိကျိုးကျွံ ပြုခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးကျားကွက် ရွှေ့မှုများကြားတွင် မကြာခဏ ပျောက်ကွယ်သွားခဲ့ရသော ကုလအဖွဲ့ကြီး၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် တာဝန်ရှိမှုတရပ်မှာ တိုင်းပြည်နှင့်အဝှမ်း ခံစားနေရသော အနှံ့အပြား တည်ရှိနေသည့် ဆင်းရဲမွဲတေမှုကြီးမှ သက်သာရာ ရစေရေး လုပ်ငန်းကြီး ဖြစ်သည်။

ယခုကိစ္စတွင် အထွေထွေ ညီလာခံရှိ မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်နေရာကို ဖယ်ရှားလိုက်ခြင်းသည် တိုင်းပြည်ကို ဘယ်လို စီမံခန့်ခွဲနေသည် ဆိုသည်နှင့် စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ရန် ဗိုလ်ချုပ်ကြီးများကို ဖိအားပေးနိုင်သည့် ကုလသမဂ္ဂ၏ လက်ဝယ်တွင် ရှိသော ထိရောက်သည့် လက်နက် ကိရိယာတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဟင်းလင်းပွင့်နေသော ဒဏ်ရာဒဏ်ချက်များကို ကုစားရန် ပြောဆို ဆွေးနွေးမှုများသည် ရှည်ကြာပြီး အကြီးအကျယ် ငြင်းခုန်ရဖွယ် ရှိပါသည်။ သို့သော် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို စတင်နိုင်နေပြီ ဆိုလျှင် မြန်မာနိုင်ငံသားများ၏ နေ့စဉ် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို အပေးအယူလုပ် ပြန်ပေးဆွဲထားနိုင်သည် ဟူ၍လည်း စိုးရိမ်စရာ အကြောင်းမရှိပါ။

စစ်အစိုးရ၊ အတိုက်အခံ အဖွဲ့များ နှင့် ကုလသမဂ္ဂတို့အကြား တွေ့ဆုံ ဆွေးနွေးမှုများကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်စေရန် စစ်အစိုးရ၏ ကိုယ်စားလှယ်ကို နေရာမှ ဖယ်ရှားထားလိုက်ခြင်းသည် အကျိုးအကြောင်း ရှိပါသည်။ တိုင်းပြည်၏ အာဏာယန္တရားသည် သာမန် ပြည်သူလူထုများနှင့် အပြန်အလှန် မည်သို့ ဆက်သွယ်နေသည်၊ မည်သို့မည်ပုံအကျိုး သက်ရောက်သည် ဆိုသည့်အချက်၏ အရေးပါမှုကို အလေးပေး ပြောကြားလာနိုင်သည်။ ဤအချက်သည် ၁၉၉ဝ ရွေး ကောက်ပွဲရလဒ်တည်း ဟူသော အချက်အပေါ်တွင်သာ ဥပါဒန်ထား စွဲလမ်းနေခြင်းလည်း မဟုတ်ပါ။

နေပြည်တော်က ဤကိစ္စကိုသေချာပေါက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မည်၊ သို့မဟုတ် အရေးမစိုက် ရယ်သွမ်းသွေး ပျက်ရယ်ပြုလိမ့်မည် ဆိုသောအချက် ၂ ချက်ကို ခွဲခြားနိုင်ရန်မှာ အရေးကြီးပါသည်။

ဒီမိုကရေစီ စံများကို လေးစားလိုက်နာရေးအပေါ် တောင်းဆိုထားချက်ကို အခြေခံသည့် အထွေထွေ ညီလာခံတွင် ကိုယ်စားလှယ်နေရာ ဖယ်ရှားထားရန် ချမှတ်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် စစ်အစိုးရကို ထောက်ခံသူများ၊ ဒီမိုကရေစီရေးတွင် အားထားရသူများ မဟုတ်သည့် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီတွင် ပါလာဖွယ်ရှိသည့် တရုတ်နှင့် ရုရှတို့ကဲ့သို့သော နိုင်ငံများ၏ ထောက်ခံမှု မပါဘဲနှင့် ချမှတ်နိုင်ရမည် ဖြစ်သည်။

အချက်တချက်တော့ဖြင့် မြန်မာ ဗိုလ်ချုပ်ကြီးများကို ထောက်ပြနိုင်ပါသည်။ အာဏာကို ဘယ်လို ကျင့်သုံးသည်ဆိုသော အချက်၏ အရေးပါမှုကို အလေးပေး ပြောကြားလာနိုင်ပါသည်။ ဤအချက်ကို ယနေ့ အင်အားကြီးပြီး လစ်ဘရယ် မကျသည့် အစိုးရများ၏ အကာအကွယ် ပေးမှုနှင့် နှောင့်ယှက် ဟန့်တားမှု နောက်တွင် အလွယ်လေး ကွယ်ဝှက်ထားရန် သူတို့ မျှော်လင့်၍ မရနိုင်ပါ။ တရားဝင်မှုဆိုသည့် ပြဿနာကို ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ရပါမည်။ တရားဝင်မှုသည် ဤအာဏာကို မည်သို့မည်ပုံ ကျင့်သုံးရမည်ဟု နားလည် လက်ခံထားမှုအပေါ် အခြေခံ ရယူကျင့်သုံးထားခြင်း ဖြစ်ကြောင်း သိစေရပါမည်။

မည်သို့ပင်ဆိုစေကာမူ ဤသို့အစိုးရ တရပ်၏ လည်ပတ် ဆောင်ရွက်နေပုံ သဘောသဘာဝအပေါ် အလေးပေး ပြောကြားနေခြင်းသည် တိုင်းပြည်ကို သောင်မတင်ရေမကျ ဖြစ်နေစေသည့် နိုင်ငံရေး အကြပ်အတည်းကို လျစ်လျူရှုသည်လည်း မဟုတ်ပါ။ အထွေထွေ ညီလာခံတွင် ကိုယ်စားလှယ်နေရာ ပလပ်ထားခြင်းသည် ဘက် ၂ ဘက်အကြား လူကောင်း လူဆိုးဟု တံဆိပ်ကပ်ပေးခြင်းလည်း မဟုတ်ပါ။ ပဍိပက္ခ ရှိနေသည်၊ ယင်းပဋိပက္ခကို ဖြေရှင်းရန်လိုသည် ဟူသော အချက်ကိုသာ ရိုးရိုးလေး လက်ခံဖေါ်ပြခြင်း ဖြစ်ပါသည်။ ဤသို့ နေရာပလပ် ပေးထားလိုက်ခြင်းသည် ရှည်ကြာလှသော နိုင်ငံရေး အကြပ်အတည်း ရှိနေသည့် နိုင်ငံများတွင် အလှမ်းကွာလှသောဘက် ၂ ဘက်အကြား ဆွေးနွေးပွဲ ကျင်းပရန် ဆုံရပ်နှင့် အကျိုးအကြောင်း ၂ ခုလုံး ဖြစ်ပါသည်။ ဤအချက်သည် ကုလသမဂ္ဂ မြန်မာ့အရေးတွင် ဆက်လက် ပါဝင်ပတ်သက်နေမှု၌ တန်ဘိုးရှိလှသော လုပ်ပိုင်ခွင့်တရပ်လည်း ဖြစ်ပါသည်။ ဤအဖွဲ့ကြီး၏ လက်ရှိကြိုးပန်း ဆောင်ရွက်ချက်များတွင် ယှဉ်ပြိုင်ဘက် မြန်မာ့အသံများအကြား အပြန်အလှန် ဆက်သွယ်ပြောကြားရန် နောက်ထပ်နှင့် အခြား ဆက်သွယ်ရေး လမ်းကြောင်းများ လိုအပ်နေမှုများအတွက်လည်း ပြေလည်စေလိမ့်မည် ဖြစ်သည်။

အထွေထွေ ညီလာခံ၌ သူတို့၏ ကိုယ်စားလှယ်နေရကို ဖယ်ရှား ရုပ်သိမ်းထားလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ အကြီးအကျယ် လောင်ကျွမ်း တောက်လောက်လျက်ရှိသော ပြဿနာ မီးတောက်မီးလျှံကြီးအတွက် အဖြေရှာရေးတွင် ကုလသမဂ္ဂက ကြားဝင်ဖြန်ဖြေရန် ကြိုးပန်း အားထုတ်မှုများကိုလည်း အင်အား ဖြည့်ပေးလိမ့်မည် ဖြစ်သည်။ ဤအချက်က ပေးအပ်သော သတင်းစကားမှာလည်း အလွန် ရှင်းလင်းပါလိမ့်မည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင်အစိုးရ တရပ်အဖြစ် အသိအမှတ်ပြု ခံလိုသည့် မည်သည့် မြန်မာအာဏာပိုင်မဆို အာဏာကို မည်သို့မည်ပုံ ကျင့်သုံးသည် ဆိုသောအချက်သည် အာဏာကို မည်သည့်နေရာဌာန၌ တည်သည်ဟု ယုံကြည်ယူဆထားချက်များလောက် အရေး မကြီးသည့်တိုင်အောင် တန်းတူညီမျှအရေးပါသည် ဆိုသော သတင်းစကားကို ပေးနိုင်ပါလိမ့်မည်။