Tuesday, September 16, 2008

CRPP ကြေငြာချက်

Photobucket

အန်အယ်ဒီိကြေငြာချက်

Photobucket

16/9/08သတင်း

ကိုဘိုကြည် လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိ
သန်းထိုက်ဦး
အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 17:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုဘိုကြည်အား လူ့အခွင့်အရေး ကာကွယ်သူဆု (Human Rights Defender Awards) ယမန်နေ့က ချီးမြှင့် လိုက်သည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ ) အေအေပီပီ ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပြီး ထိုအသင်းကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလဲ ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုတ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များ ထဲတွင် (၇) နှစ်ကျော် အကျဉ်းချ ခံခဲ့ရပြီး နောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နိုင်ငံရေး အကျဉ်းသာများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

ယ္ခုနှစ်အတွက် လူ့အခွင့်ရေး ကာကွယ်သူဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီအာရေးဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသားများ စုစုပေါင်း ငါးဦးအား ချီးမြှင့် ပေးအပ်ခြင်း ဖြစ်သည်။
ကျောက်ကြီးမိုင်းကွဲမှု စစ်အစိုးရ စွပ်စွဲချက်ကို ကေအန်ယူပယ်ချ
ဇာနည်
အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 15:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပဲခူးတိုင်း ကျောက်ကြီးမြို့တွင် ယ္ခင်သတင်းပတ်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုမှာ ကေအန်ယူ၏ လက်ချက်ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ၏ နေ့စဉ်သတင်းစာတွင် ရေးသားထားချက်ကို ကရင်အမျိုးသား အစည်းအရုံးက ပယ်ချလိုက်သည်။

ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် အပြစ်မဲ့ ပြည်သူများအကြား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်သည့် လမ်းစဉ် လုံးဝမရှိကြောင်း ကေအန်ယူ (ဗဟို) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေးဗစ်ထော က ပြောသည်။

“ပေါက်ကွဲမှု တခု ရှိလာပြီဆိုရင် တရားခံ ဖမ်းလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ တရားခံ အတုပဲရရ၊ ဒီနယ်စပ်မှ ရှိတဲ့ မည်သည့် အဖွဲ့အစည်းကို မဆို အကြမ်းဖက်သမားလို ဖြစ်အောင် ပြည်သူတွေနဲ့ တိုက်ပေးမယ်။ နိုင်ငံတကာကိုလည်း ဒီလူတွေက အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတာမျိုးကို ရှုတ်ချတဲ့ အနေထားမျိုး သူတို့ရဲ့ မီဒီယာကနေ အမြဲလုပ်နေတာ” ဟု ဦးဒေးဗစ်ထော က ပြောသည်။

စစ်အစိုးရအာဘော် သတင်းစာများတွင် ဗုံးဖောက်ခွဲသူကို ပြည်သူများ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရမိပြီး၊ တရားခံမှာ ကေအန်ယူ တပ်ရင်း (၂၀)မှ စောယာကို (ခ) စောရန်ကုန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ကေအန်ယူအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) တို့ ပူးပေါင်း ပါဝင်စီစဉ်ကာ ဖောက်ခွဲ ဖျက်ဆီးရေးသမား များကို ပြည်တွင်းသို့ စေလွှတ်ထားသည် ဟုလည်း အဆိုပါ သတင်းတွင် တဆက်တည်း ရေးသားထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ကြီးမြို့နယ်တွင် ချိန်ကိုက်မိုင်း ၂ လုံးပေါက်ကွဲရာ ဖြစ်ပွားသော လူ ၂ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ အတွင်းက ရွှေပြည်သာမြို့နယ် ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှု အပါအ၀င် ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ၅ ခုတို့မှာ အန်အယ်လ်ဒီ နှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက်အဖွဲ့တို့၏ လက်ချက်ဖြစ်သည်ဟု ယခင်သတင်းပတ် နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောဆိုခဲ့သည်။

သို့သော် စွမ်းအားမြှင့်က ရဲချုပ်ခင်ရီ၏ ပြောဆိုချက်များသည် လိမ်ညာ စွပ်စွဲမှုသာဖြစ်ပြီး အမှန်တကယ်မှာ သူတို့၏ လက်ချက် ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့ လူစည်ကားရာ ရန်ကုန်မြို့ လှည်းတန်း မီးပွိုင့်အနီး ပြည်လမ်းမပေါ် ဖြစ်ပွားခဲ့သော ကားပေါက်ကွဲမှုမှာလည်း သူတို့၏ လက်ချက်ဖြစ်ကြောင်း VBSW က မြန်မာ အသိုင်းအ၀ိုင်းအကြား အီးမေးလ်မှတဆင့် ဖြန့်ဝေသော ကြေငြာချက်တွင် ဖော်ပြထားသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးနိုင်မည်ဟု အန်န်အယ်လ်ဒီ မျှော်လင့်

16 September 2008
ဦးသားညွန့်ဦး
နေအိမ်အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကစလို့ ပြင်ပအစားအစာတွေ ပြန်လည်လက်ခံခဲ့ပါ
တယ်။ မြန်မာအစိုးရခန့်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုတယ်
လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြထားတာမို့ မကြာခင်မှာတော့ မြန်မာ
အာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့
မျှော်လင့်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
အစာငတ်ခံဆန္ဒပြတာ မဟုတ်ပေမယ့် ပြင်ပအစားအစာတွေကို လက်မခံဘဲ ခြိုးခြံ
စားသုံးခဲ့တာကြောင့် အခုအခါ အတော်လေး အင်အားချို့တဲ့နေတယ်လို့ ဒီကနေ့ပဲ
အရေးပေါ် ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က
အာဏာပိုင်တွေကို ဥပဒေရပိုင်ခွင့်အရ တောင်းဆိုခဲ့တာတွေအပေါ် အာဏာပိုင်တွေ
ဘက်က လိုက်လျောခဲ့တာကြောင့် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်
ပြင်ပအစားအစာတွေကို စတင်လက်ခံနေပြီလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရသူ
ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဟုတ်ကဲ့၊ လက်ခံပါပြီ။ မနေ့ညနေက တကြိမ်ပါ။ ဒီမနက်လည်း တကြိမ်ပါ။ လက်ခံ
နေပါပြီ။"

အဲဒါက ပုံမှန်ပို့ဖြစ်မလား၊ ဘယ်လိုပုံစံမျိုးနဲ့ ပို့နေတာပါလဲ။

"ခါတိုင်းလိုပဲ ပုံမှန်ပို့ဖြစ်မှာပါ။ ခါတိုင်း အတိုင်းပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက အတော်လေး အင်အားနည်းနေ
တယ်ဆိုတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ရလား။

"ကျနော်တို့ အဲဒီလောက်ထိ မသိဘူး။ ဒီဥစ္စာက ဒေါက်တာတင်မျိုးဝင်း ဆေးစစ်ဖို့သွား
ပြီး ပြန်ထွက်လာတော့ ဦးကြည်ဝင်းကို ဒီဟာတွေပြောရင် ပြောနိုင်ပါတယ်ဆိုပြီး လာပို့
တဲ့ဟာကို ကျနော်ပြောနေတာပါ။ ကျနော်ကိုယ်တိုင်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့
မတွေ့ပါဘူး။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့သိသလောက်က
ပြီးခဲ့တဲ့ စနေနေ့မှာ ဦးကြည်ဝင်း သွားတွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ ဦးကြည်ဝင်းက
သူ့ရဲ့အမြင်အရ ကျန်းမာရေးကောင်းပါတယ်လို့ ဒါပဲပြောပါတယ်။"

ဟိုတလောကတော့ မြန်မာအစိုးရက ရေးပါတယ်။ ဦးအောင်ကြည်နဲ့တွေ့ဖို့ သူတို့ဘက်
က စီစဉ်နေတယ်ဆိုတဲ့သဘောပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ပြီး ပြင်ပ
အစားအစာတွေ လက်ခံပြီ၊ ပြင်ပလူတွေနဲ့ လက်ခံတွေ့နိုင်ပြီဆိုတော့ ဦးအောင်ကြည်နဲ့
ပြန်ပြီး လက်ခံတွေ့ဆုံနိုင်မယ့်၊ မြန်မာအစိုးရဘက်နဲ့ ပြန်ပြီး လက်ခံတွေ့ဆုံနိုင်မယ့်
အလားအလာတွေရော ဘယ်လိုရှိပါသလဲ။

"ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ဖို့နဲ့ပတ်သက်ပြီး ဦးကြည်ဝင်းကတဆင့် သက်ဆိုင်ရာ
အာဏာပိုင်တွေကို အကြောင်းကြားထားတာ ရှိပါတယ်။ အဲဒီအကြောင်းကြားတာက
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့ချင်ပါတယ်။ တွေ့ဖို့နေ့ရက်
နဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့ ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ပြီးနောက်မှာ ကျန်းမာရေး
အခြေအနေပေါ် မူတည်ပြီးတော့ နေ့ရက်သတ်မှတ်မယ်လို့ အဲဒီလို အကြောင်းကြား
ထားပါတယ်။"

မြန်မာအစိုးရ အာဏာပိုင်တွေဘက်ကရော ဘယ်လိုတုံ့ပြန်မှုရှိလဲခင်ဗျ။

"နောက်ဆုံး Progress တွေကို ကျနော် မသိပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုတွေ အလားအလာ
က ပြန်ဖြစ်နိုင်လား၊ ဘယ်လိုများရှိပါသလဲ။

"ကျနော်မြင်တာကတော့ ပြန်ဖြစ်လာနိုင်ပါတယ်။ ဟိုတလောက ဗိုလ်ချုပ်အောင်ကြည်
နဲ့တွေ့ဖို့ စီစဉ်တယ်လို့ သိရတယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ချင်
ပါတယ်လို့ပြောတယ်။ ဒါကြောင့် ပြန်တွေ့နိုင်ပါတယ်လို့ပဲ ကျနော် ယူဆပါတယ်။"
အန်န်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ တလောက သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့
ဘက်က ကိုယ်စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့
တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့လို
တယ်၊ ဒါပေမယ့် သူ့ရဲ့ရပိုင်ခွင့်တွေအတွက် တောင်းဆိုဆောင်ရွက်နေတဲ့အချိန်မို့
တွေ့ဖို့အချိန် မဟုတ်သေးဘူးလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ရှေ့နေဦးကြည်ဝင်းစကားကို
ကိုးကားပြီး အန်န်အယ်လ်ဒီဘက်က တုံ့ပြန်ခဲ့ဖူးပါတယ်။

မြန်မာအစိုးရအနေနဲ့တော့ အခုလို ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအစာတွေ
လက်မခံတဲ့ကိစ္စ၊ ပြန်လက်ခံတဲ့ကိစ္စ၊ သူတို့ဘက်က လိုက်လျောပေးခဲ့တာတွေ၊ ဒါတွေ
အားလုံး တရားဝင်ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

လက်တွေ့မကျသော ကုန်သွယ်မူကြောင့် လုပ်ငန်းရှင်များကို ထိခိုက်


မိုးသူနှင့်ထက်ဝင်း
အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 17:18 - မြန်မာစံတော်ချိန်

ရန်ကုန် – တိုင်းပြည်တွင်းတွင် ကျင့်သုံးနေသော “ပို့ကုန်ပထမ၊ သွင်းကုန်ဒုတိယ” နိုင်ငံခြား ကုန်သွယ်ရေး မူဝါဒသည် ပြည်တွင်းသို့ ခေတ်မီ နည်းပညာနှင့် စက်ပစ္စည်းများ ဝင်ရောက်လာခြင်းကို အတားအဆီး ဖြစ်နေသည့်အတွက် အနှုတ် လက္ခဏာ ဆောင်နေသည်ဟု မြန်မာစီးပွါးရေး ပညာရှင်များက ခိုင်မြဲစွာ ယုံကြည်ကြသည်။

အစိုးရ၏ မူဝါဒမှာ မူအရ ပို့ကုန်ကို အားပေးခြင်း ဖြစ်သော်လည်း ကုန်သွယ်ရေး လုပ်ငန်းများ လွယ်ကူချောမွေ့အောင် မလုပ်နိုင်ခြင်းနှင့် သွင်းကုန်၏ ရှုပ်ထွေးသော သဘောသဘာဝကိုလည်း အဆင်ပြေ ချောမွေ့အောင် မလုပ်နိုင်သဖြင့် ကုန်ထုတ်လုပ်သူများအတွက် သက်ဆိုင်ရာ နယ်ပယ်တွင် သူများရှေ့မှ ပြေးနေရန် အကြီးအကျယ် အခက်အခဲများနှင့် ကြုံနေရသည်ဟု ရန်ကုန်ရှိ စီးပွါးရေး ပညာရှင်များက ယူဆကြပါသည်။

ဤပညာရှင်များ၏ အဆိုအရ ဤမူဝါဒကြောင့် ခေတ်မီ နည်းပညာများနှင့် စက်ပစ္စည်းများ ပြည်တွင်းသို့ ဝင်ရောက်လာရေးကို အတားအဆီး ဖြစ်စေသည်ဟု ဆိုပါသည်။ ထို့ကြောင့် အဓိက ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ သတ္တုတူးဖေါ်ရေးနှင့် အခြား ထပ်ဆင့်တိုး တန်ဘိုးထုတ်ကုန်ပစ္စည်းများ (ကုန်ချော) ထုတ်လုပ်ရေး လုပ်ငန်းများတွင် အကြီးအကျယ် ထိခိုက်မှု ရှိသည်ဟု ဆိုပါသည်။

စိုက်ပျိုးရေးကို အခြေခံသော မြန်မာ့စီးပွါးရေးတွင် ယခုထိ ခေတ်မီ အဆင့်မြင့် နည်းပညာသုံး စက်ယန္တရားများ အသုံးမပြုနိုင်သေးဘဲ ကုန်ထုတ်လုပ်နည်းတွင် အဓိကအားဖြင့် သမရိုးကျ နည်းများကိုသာ သုံးစွဲနေရဆဲ ရှိသည်ဟု ဆိုပါသည်။ ဤအချက်သည် စီးပွါးရေး၌ အဓိက အနှောင့်အယှက်ကြီး ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံမျှ ရှိခဲ့သည်ဟု ဆိုပါသည်။ ယင်းသည် ယခင်နှစ်တွင် ရရှိခဲ့သောပိုငွေ ဒေါ်လာ ၁.၅၈ ဘီလျံမှ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဤပမာဏသည် မြန်မာနိုင်ငံက ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းတွင် ဈေးကွက်အလေးပေး စီးပွါးရေးစနစ်ကို စတင် ကျင့်သုံးခဲ့ချိန်မှစ၍ စံချိန်တင် အများဆုံး ပမာဏလည်း ဖြစ်ပါသည်။

ဤသို့ ကုန်သွယ်ရေး ပိုငွေများ ရှိနေသော်လည်း နည်းပညာနှင့် စက်ပစ္စည်းများ တိုင်းပြည်တွင်းသို့ ဝင်ရောက်လာရန် အကြီးအကျယ် အတားအဆီး ဖြစ်နေသဖြင့် ဤ “ပို့ကုန်ပထမ၊ သွင်းကုန်ဒုတိယ” မူဝါဒကို တဖြည်းဖြည်း ပြောင်းလဲရန် လိုအပ်ကြောင်းဖြင့် ရန်ကုန်အခြေစိုက် စီးပွါးရေး ပညာရှင်တဦးက ပြောသွားပါသည်။ ဤနည်းပညာနှင့် စက်ပစ္စည်းများသည် ကုန်ထုတ်လုပ်ရေး ကဏ္ဍများတွင် မရှိမဖြစ် အရေးပါသော ပစ္စည်းများ ဖြစ်သည်။

လက်ရှိမူဝါဒအရ သွင်းကုန်တင်သွင်းလိုလျှင် နိုင်ငံခြားဝင်ငွေ ရှိရမည် ဖြစ်သည်။ ဤအချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များထံမှ အမြတ်ပေး၍ ငွေမာ ဝယ်ယူရသည့် အခြေအနေ ဖြစ်ပေါ်လာသည်။ ယင်းသည် မြန်မာနိုင်ငံတွင် မှောင်ခို ငွေကြေးဈေးကွက် ပေါ်ပေါက်လာစေခြင်းကို အားပေးအားမြှောက် ပြုနေသည်။

“ကျနော်တို့လဲ ပို့ကုန်ကို ပိုလုပ်ချင်တာပေါ့၊ ဒါပေမဲ့ သွင်းကုန်ကိုတော့ ဒုတိယနေရာမှာ မထားနိုင်ဘူး” ဒေသခံသွင်း ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကောင်းစွာ နားလည်သဘောပေါက်သည့် အဆိုပါ စီးပွါးရေး ပညာရှင်က ပြောသွားပါသည်။

နည်းပညာနှင့် စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍကို ပိုမိုခိုင်မာ တောင့်တင်းလာစေမည် ဖြစ်ပြီး၊ နိုင်ငံခြားသို့ တင်ပို့နိုင်မည့် ကုန်ချော ထုတ်လုပ်ခြင်းကို အားဖြည့်ပေးနိုင်လိမ့်မည်ဟု အဆိုပါ စီးပွါးရေးပညာရှင်ကပင် ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

အဆင့်မြင့် နည်းပညာနှင့် အကြီးစား စက်ပစ္စည်းများ မရှိခြင်းကြောင့် မြန်မာ့ ပို့ကုန်ပစ္စည်းများသည် အဓိကအားဖြင့် ကုန်ကြမ်းများကိုသာ တင်ပို့နေရသည်ဟု ဆိုပါသည်။

ပို့ကုန်ကို ဦးစားပေးခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော ပစ္စည်းများ တင်သွင်းခြင်းကို လျစ်လျူရှု မထားသင့်ကြောင်းဖြင့်လည်း အဆိုပါ စီးပွါးရေးပညာရှင်က ပြောပါသည်။ ကုန်သွယ်ရေး ပိုငွေကို ရေရှည်ဆွဲထားနိုင်ရန်အတွက် ပို့ကုန်သည် သွင်းကုန်အပေါ်တွင် အကြီးအကျယ် တည်မှီနေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံတခုအတွက် ဤကိစ္စမှာ အရေးကြီးပါသည်။

ဤမူဝါဒကို ပြောင်းပြန်လှန်ပစ်ခြင်းဖြင့် အဆင့်မြင့် နည်းပညာများ အကြီးစား စက်ပစ္စည်းများစသည့် အရင်းမြှုပ်နှံမှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို အားပေးကာ ပိုမို မြှုပ်နှံလာကြလိမ့်မည် ဖြစ်ကြောင်း၊ ရေရှည်တွင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု အဆိုပါ ပညာရှင်က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ပိုမို ဖွံ့ဖြိုးလာစေခြင်းဖြင့် ကုန်ချောနှင့် ထပ်ဆင့်တိုး တန်ဘိုးထွက်ကုန်များကို ထုတ်လုပ်လာနိုင်ကာ ကုန်ကြမ်းသက်သက် ရောင်းချသည်ထက် ဈေးပိုရလာစေမည် ဖြစ်ပါသည်။ ယခုအခါတွင် အဆိုပါ ကုန်ကြမ်းပစ္စည်း ရောင်းဝယ်ခြင်း လုပ်ငန်းကို စစ်အစိုးရနှင့် သောက်ဖော်စားဖက် စီးပွါးရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ကြသည့် ထူးထရေဒင်း ကုမ္ပဏီ၊ မြန်မာ့စီးပွါးရေး ဦးပိုင် လီမိတက် တို့ အပါအဝင် ကုမ္ပဏီကြီးများကသာ လက်ဝါးကြီးအုပ် ချုပ်ကိုင် ရောင်းဝယ်နေကြပါသည်။

ဤစီးပွါးရေး လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် လူမှုရေးအရ၊ ကျင့်ဝတ်အရ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အရ တာဝန်မဲ့ ပြုကျင့် ဆောင်ရွက်နေကြသည်ဟု ပညာရှင်က ဆက်လက် ပြောဆိုပါသည်။

“တိုင်းပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးမှ ရငွေ အထူးသဖြင့် သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရငွေမှ ရငွေများသည် စစ်လက်နက်ပစ္စည်း အမာထည်များ နှင့် အပျော့ထည်များ ဆက်လက် ဝယ်ယူခြင်းတွင်သာ သုံးစွဲနေပြီး၊ ရေရှည် အကျိုးရှိစေမည့် လုပ်ငန်းများဖြစ်သည့် အမျိုးသား စီးပွါးရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် စီမံကိန်းများတွင် အသုံးပြုခြင်း မရှိဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်” ဟု စီးပွါးရေး အကဲခတ်များက ပြောပါသည်။

သွင်းကုန် အဆောက်အအုံတွင် အင်အားချည့်နဲ့နေမှုကြောင့် ပြည်တွင်း စီးပွါးရေးသမားများနှင့် စားသုံးသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေပြီး၊ ခွဲခြား ကျင့်သုံးနေသော သွင်းကုန်စနစ်ကြောင့် အသေးစားနှင့် အလတ်စား စီးပွါးရေး လုပ်ငန်းများတွင် ဖိအားများ ဖြစ်ပေါ်လာစေကာ၊ ရင်းနှီးမြှုပ်နှံသူများကိုလည်း ယုံကြည်မှု လျော့နည်း ကျဆင်းသွားစေခဲ့ပါသည်။ ဤသို့ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ကင်းမဲ့သွားခြင်းသည် ကျယ်ပြန့်သော အခြေခံ သာမန်ပြည်သူ အများစုကြီးအတွက်လည်း စီးပွါးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်း ကျဆင်း သွားစေပါသည်။