Wednesday, September 24, 2008

မောင်စူးစမ်းသတ္တိ...ဦ၀င်းတင်ကြောက်သလောက်ရှိ....

ဆရာ မောင်စူးစမ်းက “ဒါက No choice ဘယ်သူမှ ဒါနဲ့ယှဉ်ပြိုင်ရွေးစရာလမ်းမရှိဘူး။ No choice at all ကြိုက်သော်ရှိ မကြိုက်သော်ရှိ လက်ခံရမှာ။ စိတ္တဇဖြစ်ဖို့မလိုဘူး။ နိုင်ငံရေးသမား နိုင်ငံရေး ဆိုတာ စိတ္တဇဖြစ်ရတာမဟုတ်ဘူး။ ဒါက ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ ဒါကိုအသိအမှတ် မပြုဘူး ဆိုရင် ငါဘာလုပ်မလဲ။ (existential crisis) ခေါ်တယ်။ ဖြစ်တည်မှုအကျပ်အတည်းပဲ။ မေးကြည့် ပေါ့။ ကိုယ့်ဘာ့ကိုယ် ဒါမလုပ်ရင် ကိုယ်ဘာလုပ်မလဲဖြေပေါ့။ ဆိုလိုတာမဟုတ်ဘူး။ အဖြစ်အတိုင်း တင်ပြတာ။ အရှိအတိုင်း၊ ဒီလမ်းကလွဲလို့ မရှိဘူး” ဟု ပြောသည်။

ဦးဝင်းတင်က "ကျနော်တို့မကြိုက်တာကတော့ စစ်အာဏာ ယန္တယားကြီး၊ စစ်အာဏာယန္တယားကြီး။ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာယန္တယားကြီး။ ဒီမိုကရေစီ အတုအယောင်တွေ ပေးပြီးတော့ လူတွေကို လှည့်နေတာတွေ။ တိုင်းပြည်မှာ အမျိုးစုံ ငွေတွေ၊ ကော်ရက်ရှင် (corruption)တွေနဲ့ အမျိုးစုံဝင်ပြီးတော့ ပျက်စီးနေတာတွေ။ တိုင်းပြည်မှာ လူတွေ ဥပမာဆိုပါတော့ ခုနပြောတဲ့ ထမင်း မ၀တာတို့ ဟင်းမ၀တာတို့ စာမသင်ရတာတို့ လူတွေ ဘ၀တွေပျက်နေရတာ ဒါတွေအကုန်လုံးဟာ စစ်အာဏာယန္တယားကြီး ရှိနေလို့။ ကျနော် စစ်အာဏာရှင်တို့ ဘာတို့ မပြောပါဘူး၊ စစ်အာဏာယန္တယားကို ဖျက်သိမ်းပါ၊ ဖျက်သိမ်းပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ပြည့်စုံနိုင်သမျှ ပြည့်စုံတဲ့ ဒီမိုကရေစီ၊ စစ်မှန်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒါကို ပေးအောင်လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်ဗျာ။"

ဆရာ မောင်စူးစမ်းက “ခမ်းနားကြီးကျယ်ချင်တာပဲပြောနေတာ။ ဘာ Issue ကို ပြောမှာလဲ၊ Issue Oriented ဖြစ်မှပေါ့၊ ဒိုင်ယာလော့ဂ်ဆိုပြီး ပါးစပ်က ပြောတာပဲ ခမ်းနားကြီးကျယ်တဲ့ သဘာဝရှိတဲ့ဟာမျိုးကြီးတွေ ပြောနေတော့ လူ့အခွင့်ရေးရှိတယ်၊ constitutional affair ရှိမယ်၊ ပါဝါပြဿနာရှိမယ်၊ မဟာ ဗျူဟာ Issue တွေ မပြောဘဲနဲ့ ဘာလုပ်မလဲ။ ဖြစ်သင့်တာ မဖြစ်သင့်တာနဲ့မဆိုင်ဘူး။ နိုင်ငံရေး က ဒါနဲ့ကြည့်ရတာမဟုတ်ဘူး၊ ဖြစ်နေတာပဲကြည့်ရမယ်” ပြောသည်။

ဦးဝင်းတင်က...ကျနော်ပြောနိုင်တာ တခုကတော့ အင်န်အယ်လ်ဒီ လုပ်နေတာဟာ ဒီနောက်ပိုင်းမှာ အထူးသဖြင့် အခုအပိုင်းမှာ ရပ်တည်ချက်ဟာ ကောင်းတယ်၊ မှန်တယ်၊ ဟုတ်လား။ နောက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျနော် အင်န်အယ်လ်ဒီနဲ့တွဲလုပ်ဖို့ အင်န်အယ်လ်ဒီကနေ တာဝန်ပေးရင် အင်န်အယ်လ်ဒီက ခိုင်းရင်လည်း ကျနော်လုပ်ဖို့ အဆင်သင့်ပဲ ကျနော် ရှိတယ်လို့ ကျနော်က ဒီလိုပဲ ယူဆတယ်။

ဆရာ မောင်စူးစမ်းက ..လူထုအုံကြွမှုသည်လည်း အလုပ်မဖြစ်တော့ဘဲ ပြည်ပနိုင်ငံများက အကူအညီပေးကာ ဒီမိုကရေစီ ထူထောင်ရန်လည်း နိုင်ငံတွင် မလိုအပ်သဖြင့် အာဏာရှိ အဖွဲ့အစည်းက ကမကထပြုလုပ် ဒီမိုကရေစီ ဖြစ်ထွန်းစေသောနည်း ဖြစ်သည့် ရွေးကောက်ပွဲ ပြုလုပ်ပြီး ဖွဲ့စည်း အုပ်ချုပ်ပုံအတိုင်း ဆောင်ရွက်ခြင်းသာလျှင် အကောင်းဆုံးဟု အသက် ၈၁ နှစ်အရွယ် မောင်စူးစမ်းက ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်။

ဦးဝင်းတင်က...ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။

ဆရာ မောင်စူးစမ်းက"လူပြိန်းစကားနှင့်ပြောလျှင် ရွေးကောက်ပွဲကြောင့် "အထိုင်" ပြောင်းသွားမည်။ တည်ဆဲအခြေအနေ (ပိုနေမြဲ ကျားနေမြဲအနေအထား) အထိုင်ပြောင်းသွားခြင်းကိုပင် အခွင့်အလမ်းအဖြစ် မြင်အပ်သည်။" "နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတို့ကို တွက်ရာတွင် လက်တွေ့ကျရမည်။ ပကတိ အစစ်အမှန်ကို ထင်ဟပ်ရမည်။ ဆန္ဒစွဲ ကင်းရမည်။ စိတ်ကူး မယဉ်ရပေ"

ဦးဝင်းတင်က...ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းသလောက် လုပ်သွားရမှာပဲ။

invitation to attend Burma Cyclone Donors Appreciation Ceremony

Invitation to attend Burma Cyclone Donors Appreciation Ceremony and Prayer Service for Cyclone Victims & Heroes of Sep07 Saffron Revolution.

We look forward to seeing you this Sunday, Sep 28th.

Thank you for your support.

Zaw Wai Kyaw
Chair, Burma Cyclone Relief Committee (Toronto)
416-358-2318


Date: Sunday, September 28, 2008

Place: Mahadhammikka Temple
12 High Meadow Place, Toronto M9L 2Z5


Time: Ceremony starts at 10:00 am.

10:00 a.m. Opening Comment from President, International Burmese Monks Organization (Canada)
10:05 a.m. Cyclone Relief Briefing from the Chairperson of Burma Cyclone Relief Committee
10:15 a.m. Honouring Donors / Contributors
10:55 a.m. Speech from a special guest
11:00 a.m. Prayer service for the cyclone victims and fallen heroes (monks and peaceful demonstrators) of last year Saffron Revolution
11:30 a.m. Offering of lunch to the monks and participants

ဒေါက်တာသန်းငြိမ်းနှင့်မေးမြန်းခန်း

ဦးဝင်းထိန်နှင့်DVBမေးမြန်းခန်း

လွတ်မြောက်လာသူ ဒေါက်တာမေ၀င်းမြင့် နိုင်ငံရေး ဆက်လုပ်သွားမည်

ဒေါက်တာ မေ၀င်းမြင့် (ဓာတ်ပုံ အေအေပီပီ)
24 September 2008
ဦးအောင်လွင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့် ကိုလည်း အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်ဖို့ ဆိုပြီး အာဏာပိုင်တွေ ဖက်က ဆိုနေပေမယ့်လည်း အသက် (၅၉) နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ထောင်တွင်းမှာ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေါ်မေ၀င်းမြင့် ကိုယ်တိုင်ဟာဆိုရင်လည်း လွတ်ရက်စေ့ပြီး ထပ်ဖမ်းထားတာကို ခံထားရသူ တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“အန်တီတို့ဆို ရက်တွေကျော် နေတာပါပဲ။ အန်တီက ၇နှစ်ပဲ ကျတာလေ။ အခု ၁၀က နဲ့ စွဲထားတယ်။ အန်တီက နဂိုကတည်းက သွေးတိုးရှိတော့ ညီလာခံ တက်ကတည်းက ပါးတခြမ်းရွဲ့နေပါတယ်။ ထောင်ထဲမှာ အန်တီက သွေးကြော ကျဉ်းတဲ့ ရောဂါဖြစ်တယ်။ နောက်ပြီး လက်မောင်း ကပ်သွားပြီးတော့ လက်မမြောက်နိုင်တာလည်း ဖြစ်သွားပါတယ်။”


ဒီလို လွတ်ရက်ကျော်လွန် ဖမ်းဆီးခံထားရသူတွေ အပါအ၀င် တကယ်တမ်း ပြန်လွှတ်ပေးဖို့သင့်တဲ့ နိုင်ငံရေး အကျဉ်းသား တွေကလည်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အများအပြား ရှိနေသေးတယ်လို့လည်း ဒေါ်မေ၀င်းမြင့် က ပြောပါသေးတယ်။

“အခု အန်တီတို့ လူနည်းစုကိုပဲ လွှတ်တာပါ။ မနေ့က ကြားရသလောက်ဆို အတိအကျတော့ မသိပါဘူး။ ဆယ်ဂဏန်းလောက်ပဲ ကြားရပါတယ်။ အထဲမှာ အများကြီး ကျန်ပါသေးတယ်။ အင်းစိန် ဗဟို အကျဉ်းထောင်မှာရှိတဲ့ သူတွေကိုပဲ အများကြီးကျန်တယ်။ တပြည်လုံးမှာဆို တော်တော် များမှာပါ။ အန်တီလည်း စိတ်မကောင်းလဲ ဖြစ်ရပါတယ်။ ကိုယ့်လိုပဲ လွတ်လာစေချင်ပါတယ်။ အထဲမှာ သူတို့ကိုယ်တိုင်ရော၊ သူတို့ရဲ့ မိသားစုရော အင်မတန်မှ အကျပ်အတည်းတွေ၊ လူမှုရေး ဒုက္ခတွေ အများကြီး ကြုံတွေ့ရပါတယ်။ အဲဒီလူတွေအတွက် အန်တီ အများကြီး စိတ်မကောင်းဖြစ်မိပါတယ်။ အန်တီလိုပဲ အမြန်ဆုံး အပြင်ထွက်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ ထူထောင်ဖို့ သွားမယ်ဆိုရင် အရေးအကြီးဆုံးကတော့ အမျိုးသား ပြန်လည် ညီညွတ်ရေးပါပဲ။ အထဲမှာ ဖမ်းထားတဲ့သူအများကြီးရှိပြီး အပြင်မှာပဲ ရှိတဲ့သူတွေနဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနိုင်မယ်လို့တော့ မယူဆပါဘူး။”

မနေ့တုန်းက အာဏာပိုင်တွေ ပြန်လွှတ်ပေးလိုက်တဲ့အထဲက နိုင်ငံရေး အကျဉ်းသား တဦးဖြစ်တဲ့ ဒေါက်တာ ဒေါ်မေ၀င်းမြင့် ဖြစ်ပါတယ်။ အာဏာပိုင်တွေဖက်က သူ့ကို ပြန်လွှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မပတ်သက်ဖို့ သတိပေးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေါ်မေ၀င်းမြင့် က ပြောပါတယ်။ ဒါပေမယ့်လို့ သူ့အနေနဲ့ကတော့ အစွမ်းရှိသလောက်၊ တတ်နိုင်သလို ဒီမိုကရေစီရေးအတွက် ဆက်လုပ်သွားဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဦးဝင်းတင်နှင့် သက္ကရာဇ်များ


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 21:26 - မြန်မာစံတော်ချိန်

၁၂ ရက်၊ မတ် ၁၉၃ဝ မြန်မာနိုင်ငံ အလယ်ပိုင်း ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် အဖ ဦးပုနှင့် အမိ ဒေါ်အမာ တို့မှ ဖွားမြင်ခဲ့သည်။
၁၉၅ဝ – ၅၄ စာပေဗိမာန်တွင် လက်ထောက် အယ်ဒီတာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၅၃ သတင်းထောက်တပိုင်းဖြင့် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့ပြီး အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်ရာဇဝင် (ခေတ်ပေါ်သမိုင်း) ဘာသာရပ်တို့ဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၅၃ AFP ကြေးနန်း သတင်းဌာနတွင် ညပိုင်း အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။
၁၉၅၄ – ၁၉၅၇ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် Djambartan Publication Company တွင် စာအုပ် ထုတ်ဝေရေးပညာနှင့် သတင်းစာနယ်ဇင်း ပညာများကို သွားရောက် ဆည်းပူးရင်း မြန်မာဘာသာဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးသူအဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်ခဲ့သည်ထိုအချိန် ပြည်ပရောက် ဗမာများအတွက် မြန်မာပြည်အတွင်းမှ သတင်းများကို စုစည်းတင်ပြထားသော "တို့ပြည်သတင်း" အမည်ရှိ သတင်းစာတစောင် ကိုယ်တိုင် ထုတ်ဝေ ဖြန့်ချီခဲ့သည်။
၁၉၅၇ – ၁၉၆၉ ကြေးမုံသတင်းစာ စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းသတင်းစာတွင် အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၆၉ ပြည်သူပိုင် သိမ်းခံထားရသည့် ဟံသာဝတီ နေ့စဉ်သတင်းစာတွင် ဦးဝင်းတင်ကို အယ်ဒီတာချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်အာရှနှင့် ဥရောပ နိုင်ငံခြား တိုင်းပြည်များသို့ ခရီးသွားရောက်ခဲ့သည်။
၁၉၇၈ မန္တလေး စနေစာဖတ်ဝိုင်းအတွင်း အစိုးရအား ဆန့်ကျင်သော အကြောင်းအရာများ ဆွေးနွေးခဲ့ခြင်းနှင့် သတင်းစာမှ အစိုးရအား ဝေဖန်သော အာဘော်များကို အကြောင်းပြုပြီး ဟံသာဝတီ နေ့စဉ်သတင်းစာအား ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ဖျက်သိမ်းခဲ့သည်။
၁၉၈၈ လူထုအုံကြွမှုအတွင်း စာရေးဆရာများသမဂ္ဂ ဖွဲ၌စည်းရာ ဒုတိယဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်ကျောင်းသားသမဂ္ဂမှ စီစဉ် ထုတ်ဝေသော သမဂ္ဂသတင်းစဉ် တွင်လည်း တက်ကြွစွာ ရေးသားခဲ့သည်။
ဒီဇင်ဘာ ၁၉၉၈ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။
၁၉၈၈ အန်အယ်ဒီမှ ဦးအောင်ကြီး နှုတ်ထွက်သွားသောအခါ ဦးဝင်းတင်သည် ပါတီအတွင်းရေးမှူး ဖြစ်လာခဲ့သည်။
ဇွန်လ ၁၉၈၉ အစိုးရ၏ သာသနာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ရေးသားထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်သော ကြေငြာချက်အမှတ် ၃၈ ကို ထုတ်ပြန်သောအခါ "အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ "ဟူသော ဆောင်ပုဒ်ကို ဦးဝင်းတင်မှ ရေးသားခဲ့သည်။
ဇူလိုင် ၁၉၈၉ အာဏာသိမ်း စစ်အစိုးရက ဦးဝင်းတင်အား ဖမ်းဆီးခဲ့သည်။
အောက်တိုဘာ ၁၉၈၉ ပါတီဝင်တဦး ကိုယ်ဝန်ဖျက်ချမှုတွင် သိလျှက်နှင့် အာဏာပိုင်များသို့ တိုင်ကြားရန် ပျက်ကွက်ခဲ့သည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။
ဇွန် ၁၉၉၂ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၅ ညဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၁၁ နှစ် ဆက်လက် အပြစ်ပေးခံရသည်။
၁၉၉၄ ထောင်တွင်း အကျဉ်းကျနေစဉ်မှာပင် "စု-နဝတ တွေ့ဆုံဆွေးနွေး အဖြေရှာရေး" စာတမ်းကို ရေးသားခဲ့သည်၊ ထို့နောက် - ဒေါ်စု လွတ်မြောက်ရေး - အမျိုးသားညီလာခံအား ရပ်တန့်ရန် - စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး စသည့် အချက်သုံးချက်ကို ထုတ်ပြန် တောင်းဆိုခဲ့သည်သုံးပွင့်ဆိုင် ဆွေးနွေးရေးသည်သာ ယနေ့ နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းရန် လမ်းကြောင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
၁၉၉၄ အမေရိကန် လွှတ်တော်အမတ် ဘီလ်ရစ်ချတ်က ထောင်တွင်းသို့ သွားရောက်ပြီး ဦးဝင်းတင်အား တွေဆုံခဲ့သည်။
၁၉၉၅ "ကမ္ဘာသို့ ပြန်ကြားလွှာ" ထုတ်ပြန်ခဲ့ပြီး စစ်အစိုးရကို အရေးယူရန် တောင်းဆိုခဲ့သည်ထို့နောက် "ပြည်သူများအား ပြန်ကြားလွှာ" ထုတ်ပြန်ခဲ့ပြီး စစ်အစိုးရကို ကန့်ကွက်ရန် တိုက်တွန်းခဲ့သည်။ အန်အယ်လ်ဒီကို အမျိုးသား ညီလာခံမှ နှုတ်ထွက်ရန် အကြံပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ပါတီကို အပြောင်းအလဲ ပြုလုပ် ဖွဲ့စည်းရန် အကြံပေးခဲ့သည်။
ဇူလိုင် ၁၉၉၅ စာမျက်နှာ ၉၃ မျက်နှာပါ "မြန်မာပြည်ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ" အစီရင်ခံစာအဖြစ် ထောင်တွင်း နိုင်ငံရေးအကျည်းသားများ၏ အတွေ့အကြုံများကို စုစည်း ရေးသားကာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇိုအိုကိုတာ ထံ ပို့ဆောင်နိုင်ခဲ့သည်။
မတ်၊ ၁၉၉၆ အစီရင်ခံစာအား ခိုးထုတ်တင်ပြမှု စစ်အစိုးရ သိရှိသွားပြီး ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်ခံရပြန်သည်။
စက်တင်ဘာ ၁၉၉၇ နှလုံးရောဂါ အခြေအနေဆိုးဝါးမှုကြောင့် ရန်ကုန်ဆေးရုံကြီး၌ တက်ရောက် ကုသခဲ့ရသည်။
၂ဝဝ၁ ယူနက်စ်စကိုမှ ချီးမြင့်သော ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom) နှင့် ကမ္ဘာ့ စာနယ်ဇင်းအသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom) တို့အား ချီးမြင့်ခံခဲ့ရသည်၊
နိုဝင်ဘာ ၂ဝဝ၂ နှလုံးရောဂါ အခြေအနေ ဆိုးဝါးမှုကြောင့် ရန်ကုန်ဆေးရုံကြီး၌ တက်ရောက်ကုသခဲ့ပြီး ဇွန် ၂ဝဝ၃ တွင် အကျည်းထောင်သို့ ပြန်လည် ရောက်ရှိသည်။
ဒီဇင်ဘာ ၂ဝဝ၃ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ (Amnesty International) ကိုယ်စားလှယ်က ဦးဝင်းတင်အား ထောင်တွင်း သွားရောက် တွေဆုံခဲ့သည်။
၆ ဇူလိုင်၂ဝဝ၅ နိုင်ငံရေး အကျဉ်းသားပေါင်း ၄ဝဝ ကျော်ကို စစ်အစိုးရက ပြန်လွတ်ပေးခဲ့သည်ထိုနေ့တွင် ဦးဝင်းတင်အားလည်း ပြန်လွတ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထောင်ဗူးဝရောက်မှ ပြန်လည် အကျဉ်းချသွားသည်။
၂ဝဝ၆ နယ်စည်းမခြား သတင်းထောက်ဆု (Winner of Reporters Without Border) ဆုကို ချီးမြင့်ခံခဲ့ရသည်။
အောက်တိုဘာ ၂ဝဝ၇ စက်တင်ဘာ ဆန္ဒပြမှုများအပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးက ဦးဝင်းတင်အား အင်းစိန်ထောင်တွင်း သွားရောက် တွေ့ဆုံခဲ့သည်။
ဇွန် ၂ဝဝ၈ အဆုတ်နာ၊ အရိုးကျည်းပေါင်းတက် ရောဂါများ ခံစားနေရသည်သွားများလည်း မကောင်းတော့သလို မျက်စိ ခွဲစိတ်ကုသခံရန် လိုအပ်နေသည်။
သြဂုတ် ၄ ၂ဝဝ၈ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားမှ သွားရောက် တွေ့ဆုံခဲ့သည်။
၂၃ စက်တင်ဘာ ၂ဝဝ၈ စစ်အစိုးရ က မြန်မာနိုင်ငံ အရပ်ရပ်ရှိ အကျည်းထောင်များတွင် အကျည်းကျခံလျှက်ရှိသော အကျဉ်းသားပေါင်း ၉ဝဝ၂ ဦးကို ပြန်လွတ်ပေးခဲ့ရာ နှစ်အရှည်ဆုံး ထောင်ကျနေသော ဦးဝင်းတင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ယောက် လွတ်မြောက်လာခဲ့သည်။
ဦးဝင်းတင် ရေးသား ထုတ်ဝေပြီးသော ထင်ရှားသော စာအုပ်များမှာ
- အလှရှာပုံတော်
- ကမာနီတွင်တဒင်္ဂ
- ဗီယက်နမ်အောင်ပွဲ
- ခြေမှာ စကားလက်ဖျားကဗျာ
- ကွိ (ဘာသာပြန်)
- ဥတ္တရ အလင်း (ဘာသာပြန်)
- ပြည်သူတို့ရဲ့ စကားပြန်


အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …

ဒေါက်တာလွဏ်းဆွေ (၂၄-၉-၀၈)။ ။

လာလတ္တံ့သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအကြောင်း ဟိုတွေးဒီတွေး တွေးတောရင်း ကဗျာစာသားလေးတကြောင်း သွားအမှတ်ရတယ်။ စာသားလေးက “ ဒီမြေပုံအတိုင်းဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်” တဲ့။ ဖတ်ရတာ ကြာပါပြီ (စကားလုံး အတိအကျ မဟုတ်ရင် ခွင့်လွှတ်ပါ)။ ကဗျာဆရာက ဘာအဓိပ္ပာယ်နဲ့ ရေးလဲတော့ မသိပါဘူး။ ဖတ်တဲ့ ကျနော်က နအဖရဲ့ လမ်းပြမြေပုံ (၇) ဆင့်ကို မြင်ယောင်ပြီး ခံစားလိုက်တော့ ကဗျာစာသားလေးက တော်တော်ကြွပြီး ဖတ်ရတာ အရသာပိုရှိသွားတယ်။

အဟုတ်ပဲလေ။ နအဖ လမ်းပြမြေပုံအတိုင်းသွားရင် ကျနော်တို့ ပြည်သူတွေအားလုံး စစ်ကျွန်သက် အတိုင်းမသိ ရှည်ကုန် မယ်။ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဘ၀တွေ ရောက်သထက်ရောက်ပြီး တိရိစ္ဆာန်သာသာ အဆင့်နဲ့ပဲ လူ့အဖြစ်တွေကို နိဂုံးကမ္မတ် အဆုံးသတ်ရဖို့ ရှိတယ်မဟုတ်လား (မယုံတဲ့သူများ နအဖရဲ့ အခြေခံဥပဒေကို ဖတ်ကြည့်ကြပါလေ)။ လူချင်း အတူတူ တန်းတူရည်တူ မနေရမယ့်ဘ၀ဟာ ရှင်လျက်နဲ့ သေရတဲ့ဘ၀ပဲ မဟုတ်ပါလား။ လူသားမာန ထားရှိတဲ့သူတိုင်း၊ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို လေးစားတန်ဖိုးထားသူတိုင်း ဒီလိုပဲ ခံယူကြမှာပဲလေ။ အဲဒါကြောင့်မို့ အကုန်သေကုန်လိမ့် မယ်ဆိုတဲ့ ကဗျာစာသားအပေါ် ကျနော် ဟတ်ထိသွားတာနေမှာ။ ရှင်လျက်နဲ့ သေကြရမယ့်အဖြစ်ကို ပြောတာပါ။

အဲ … စစ်ကျွန်ပြုမှုအောက်မှာ အရိုးအရင်း ကိုက်ရဖို့အရေး စစ်ဗိုလ်တွေရှေ့ အမြီးပဲ နှန့်ပြရ နှန့်ပြရ၊ စစ်ဗိုလ်တွေကို လျှာနဲ့ပဲ လျက်ရ လျက်ရ၊ ခြေဆုပ်လက်နယ်ပဲ ပြုစုရ ပြုစုရ၊ ဖိနပ်ပဲ စီးပေးရ စီးပေးရ၊ ခေါင်းပေါ်ပဲ တင်ရွက်ရ တင်ရွက် ရဆိုတဲ့ တဘို့တည်းကြည့်တဲ့ အချောင်သမား ကျောရိုးမဲ့သတ္တ၀ါတွေကတော့ လမ်းပြမြေပုံကို ကြိုဆိုကောင်း ကြိုဆို ကြမှာပေါ့လေ။ တိုင်းသူပြည်သားတွေ မျက်ဖြူဆိုက်လေ အီဖေကိုတို့ ကြိုက်လေပဲဆိုတဲ့ လူစားတွေကိုး။

ပြည်သူတွေသာ မှန်ကန်တဲ့ စနစ်တခု၊ အုပ်ချုပ်မှုတခုအောက်မှာ အသက်ရှင် နေထိုင်ခွင့်ရရင် အဲဒီအချောင်သမားတွေ လူတောတိုး နေရာရနိုင်မှာမှ မဟုတ်တာ။ အဲဒီတော့ အဲလိုလူမျိုးတွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတာ မဆန်းဘူးပေါ့လေ။ နအဖရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ ကြက်ခြေနီ၊ တန်ပြန်မီဒီယာဆိုတဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေဟာ အဲသလို လူစိတ်၊ လူ့မာနမရှိတဲ့ အချောင်သမား တွေပေါ့။

အဲဒီတော့ မြင်တတ်ရင် နအဖရဲ့ လမ်းပြမြေပုံဆိုတာ စည်းစိမ်အာဏာကို မစွန့်ချင်ဘဲ ဆက်ပြီး လက်ဝါးကြီးအုပ်လိုတဲ့ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ဗိုလ် လူလည်တစုနဲ့ မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား အချောင်သမားတွေပေါင်းပြီး တိုင်းပြည်ကို အစွမ်းကုန် ဖျက်ဆီးကြတော့မယ့် ရေရှည်စစ်ကျွန်ပြုရေး စီမံကိန်းကြီးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။

အဲဒါကြောင့် စစ်အာဏာရူးတွေနဲ့ အချောင်သမား ကပ်ဖားရပ်ဖားတွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံကို အဆုံးအထိ မရောက်အောင် တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ အပြင်း အထန် ကြိုးစားရပါမယ်။ မကြိုးစားလို့ကတော့ ကဗျာဆရာပြောသလို အကုန်သေကုန်လိမ့်မယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရမှာ သေချာပေါက်ပါပဲ။

လူ့ဂုဏ်သိက္ခာ၊ လူ့မာန၊ လူ့တန်ဖိုးဆိုတာတွေကို အလေးထားတဲ့ သူတွေကတော့ ရှင်လျက်နဲ့ သေကြရမယ့် ဘ၀မျိုးကို မလိုလားတတ်ကြပါဘူး။ အဲဒီတော့ ရှင်လျက်နဲ့ မသေချင်ကြသူမှန်သမျှ၊ လူ့အဖြစ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ဖြတ်သန်း သွားလိုသူမှန်သမျှ နအဖစိတ်ကြိုက် ရေးဆွဲပြီး လိမ်လည်အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပ မယ့် ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အစွမ်းကုန် တိုက်ဖျက်ဟန့်တားဖို့ လိုပါမယ်။ တတိုင်းပြည်လုံး တခဲနက် မဲပေးအတည်ပြုထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွဲကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါမယ်။

ဒါပမယ့် ကျနော့်တို့ဘက်ကရော လက်ရှိခေါင်းဆောင်မှု အနေအထားနဲ့ တိုက်ပွဲဝင်လို့ အောင်ပွဲရနိုင်ပါ့မလားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါမယ်။ တော်ကြာ “ဒီခေါင်းဆောင်မှုနဲ့ဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်”ဆိုပြီး ကဗျာထပ်ထွက်လာ မှာဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီခေါင်းဆောင်မှု ဆိုတာကိုတော့ ရှင်းရပါမယ်။ ခေါင်းဆောင်အားလုံးကို သိမ်းကျုံး ရှုမြင်သွားမှာ စိုးလို့ပါ။ ကျနော်ဆိုလိုတာ လက်ရှိအပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးနေတဲ့ မျိုးချစ် ရဲဘော်ဟောင်းကြီးတွေ ဦးစီးတဲ့ ဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် (၂၀၀၈ ခု စက်တင်ဘာ ၂၃ မှ ပြန်လွတ်) ဦးတင်ဦးတို့ကို မဆိုလိုပါဘူး။ သူတို့သုံးဦးက အထိန်းသိမ်းခံ အနေအထားနဲ့ ဆိုတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုလည်း မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်နိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလို တိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တချို့ကလည်း ထောင်ထဲမှာပဲ ရှိနေပါတယ်။

အဲဒါကြောင့်မို့ အပြင်မှာရှိတဲ့ ခေါင်းဆောင်မှု အင်အားကိုပဲ တွက်ချက်ကြည့်တာပါ။ ဘာဖြစ်လို့ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ ဦးဆောင်မှုကို အဓိကထား တွက်ချက်ရသလဲဆိုတော့ …

(၁) အန်အယ်လ်ဒီပါတီဆိုတာ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းကြီးဖြစ်တယ်။
(၂) မြန်မာပြည်သူလူထုကြီးရဲ့ မန်းဒိတ်အရှိဆုံး ပါတီကြီးလည်းဖြစ်တယ်။
(၃) ပြည်သူလူထုက အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်တယ်။

အဲဒါကြောင့်မို့ အဲဒါပါတီကြီးကို လက်ရှိဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုအနေအထားကို အဓိကထား စဉ်းစား တာ မလွန်ဘူးထင်ပါတယ်။ တခြားအဖွဲ့အစည်းတွေဆိုတာ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လိုပဲ အကွက်မြင်မြင်၊ ဘယ်လောက်ပဲ တိုက်ရဲတိုက်ရဲ အန်အယ်လ်ဒီရထားတဲ့ ပါဝါမျိုး၊ လူထုထောက်ခံမှုမျိုး သူတို့တွေမှာ မရှိကြပါဘူး။ အဲဒါ ကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက အန်အယ်လ်ဒီကိုကျော်ပြီး ဦးဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါဘူး။ ၀န်းရံတာ လောက် ပဲလုပ်လို့ရပါမယ်။ အန်အယ်လ်ဒီဦးဆောင်မှုကို လမ်းကြောင်းမှန်အောင် ၀ိုင်းဝန်းတည့်မတ်ပေးကြဖို့ပဲ တတ်နိုင်ပါမယ်။ အဓိက ဦးဆောင်တိုက်ပွဲဝင်ရမှာကတော့ အန်အယ်လ်ဒီ ဗဟိုကော်မတီပါပဲ။လက်ရှိအနေအထားမှာလည်း ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကပဲ အုပ်စီးထားလေတော့ သူတို့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ ဦးဆောင်မှု၊ တိကျပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်း ချမပေးနိုင်တာနဲ့အမျှ ဒီမိုကရေ စီအင်အားစုတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေအနေနဲ့ ဘာမှလောက်လောက်လား လား ဦးဆောင်မှုမပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။

သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။ ဟုတ်ပါ့မလားလို့ အံ့အားတသင့် မေးခွန်းထုတ်သူတွေ ထုတ်ချင်ကြလိမ့်မယ်။ အစောပိုင်းကာလတွေတုန်းကတော့ ညီညွတ်ရေး ပြိုကွဲမယ်ဆိုတဲ့စိတ်နဲ့ တော်တော်အောင့်အည်း မြိုသိပ်ခဲ့ရတယ်။ ဟုတ်နိုးဟုတ်နိုးဆိုတဲ့ စိတ်လည်းပါတာပေါ့။

အခုအခါမှာတော့ မေလဆန္ဒခံယူပွဲလိုပဲ နအဖ ဇာတ်ကြမ်းတိုက်တော့မယ့် ၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မှာမို့ မပြောမဖြစ်တဲ့ အခြေအနေကို ဆိုက်လာပါပြီ။ တချို့ဆို မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို ဖွတ် ထွက်မှ တောင်ပို့မှန်း သိရပါပြီလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါပြီ။ မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို အားမရ လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံခေါ်ဖို့ မိတ္ထီလာမြို့နယ်အဖွဲ့ချုပ်က တောင်းဆိုသလို ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ ဗဟိုကော်မတီတချို့ရဲ့ ဦးဆောင်မှု၊ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်စုဖွဲ့လာမှုကို ကျေနပ်မှုမရှိလို့ မြို့နယ် (၁၁) မြို့နယ်က အန်အယ်လ်ဒီလူငယ်တွေ နုတ်ထွက်ကြတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရပါပြီ။ အဲဒီတော့ မျိုးချစ်ကြီးတွေ ဆက်လက်ဦးဆောင်မှုပေးနိုင် မပေးနိုင်ဆိုတဲ့ အနေအထားကို ခွဲခြမ်းစိတ်ဖြာဖို့ လိုတာကတော့ အမှန်ပါပဲ။ ခွဲခြမ်း စိတ်ဖြာပြီးလို့ ရှင်းသွားလင်းသွားမှပဲ ဘယ်လိုဦးဆောင်မှုတွေနဲ့ တိုက်ပွဲဆက်ဖော်မလဲဆိုတာ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေ ဖြစ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဟာ အန်အယ်လ်ဒီကို စတင် ဖွဲ့စည်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နံဘေးမှာ တွယ်ကပ်ပြီး ပါခဲ့တာပါ။ စစ်အုပ်စုက သူတို့အတွက် အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ (လက်ဝဲယိမ်းတယ်လို့ စစ်အုပ်စုက ယူဆတဲ့) တတ်သိပညာရှင် အစုအဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း ရှင်းလင်းလိုက်စဉ်မှာ အပြင်မှာ အဓိက ကျန်ခဲ့သူတွေက မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ သူတို့ချည်းနီးပါး ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ အန်အယ်လ်ဒီပါတီ ရပ်တည်ရှင်သန်ခွင့်ရေးဆိုတာလေးကိုပဲ ဗန်းပြပြီး နအဖပြုသမျှ နုရတဲ့ လုပ်ရပ်တွေကိုသာ လုပ် ဆောင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၉ အာဇာနည်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အခြေအတင်ဖြစ်ခဲ့ကြတဲ့ တိပ်ခွေကို နားထောင်ကြည့်ရင် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နအဖ ထိန်းသိမ်းလိုက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့ လား၊ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေများ နအဖကို မျက်စပစ်လိုက်လို့လားလို့ ယူဆနိုင်တဲ့ အနေအထားပါ။ ၉၀ ရွေး ကောက်ပွဲအပြီး ဂန္ဓီခန်းမမှာရတဲ့ ပွဲပြီးနိုင်တဲ့ အခွင့်အရေးကြီးကို ရေစုန်မျောသွားအောင် လုပ်ပစ်တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုပါပဲ။ ၂၆-၃-၉၁ မှာ နအဖရဲ့ ဖိအားပေး အကျပ်ကိုင်မှုကို ကြောက်ရွံ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်၊ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတယ်လို့ အကြောင်းပြပြီး ပါတီကထုတ်ပစ်ကာ ဗဟိုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်း ၁၉၉၃ ဇန်န၀ါရီမှာ ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် (၈၆) ဦး နအဖလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို သွားတက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေ စနက်ပါပဲ။ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ် ပြန်လက်မခံတော့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ နအဖအလိုကျ အသံတိတ် နှုတ်ဆိတ်နေခဲ့တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေပါပဲ။ ၂၀၀၈ နအဖ ဆန္ဒခံယူပွဲနဲ့ နာဂစ်အရေးမှာ တိကျပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင်ခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်း တွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။

တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။

အဲဒီတော့ ပြန်ချုပ်ရရင် အနှစ်နှစ်ဆယ်အကြာမှာ အဖြေက ရှင်းသလောက် ဖြစ်နေပါပြီ။

ဘယ်လိုရှင်းတာလဲဆိုတာ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အုပ်စီးထားတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီရဲ့ ဦးဆောင်မှုဟာ မျှော်လင့်စရာ အနေအထား လုံးဝ… လုံးဝကို မရှိဘူးဆိုတာပါပဲ။ မျိုးချစ်တွေရဲ့ ဦးဆောင်မှုနဲ့သာ ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လမ်းမမြင်၊ လူထုတိုက်ပွဲ ထပ်ဖြစ်လာရင်လည်း ထပ်မံရှုံးနိမ့်ရဦးမယ့် အခြေအနေနဲ့ပဲ တိုးရလိမ့်ဦးမယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ရာဇ၀င်ထဲမှာ မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေကို ထားခဲ့တော့မလား၊ သူတို့ရဲ့ ဦးဆောင်မှုနေရာကို ၀င်ယူနိုင်အောင် ကြိုးစားပြီး တိုက်ပွဲလမ်းကြောင်း တည့်မတ်နိုင်အောင် ကြိုးစားမလား သို့တည်းမဟုတ် တခြားစုစည်းညီညွတ်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပြတ်သားတဲ့ တိုက်ပွဲဝင်မှုအတွက် ပြင်ဆင်ကြမလားဆိုတာ အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ကြရမယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ နို့မဟုတ်လို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီးရင် လူငယ်ဟစ်ပ်ဟော့ပ် ဂီတသမားလေးတွေ ပါးစပ်ဖျားက သီချင်းစာသားတချို့ ပွင့်အန်ထွက်ကျလာမှာကို စိုးထိတ်နေမိပါတယ်။

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … … …

(အထက်ပါ ဆောင်းပါးတွင် ပါဝင်သည့် အယူအဆများမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ အဆိုပါဆောင်းပါးနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ မျိုးချစ်ရဲဘော်ဟောင်းများ ခေါင်းဆောင်မှု ရှုထောင့်မှ ပြန်လည်ချေပသည့် ဆောင်းပါးများ ရေးသားလိုပါက ခေတ်ပြိုင်သို့ (khitpyaing.news@gmail.com) ဖြင့် ပေးပို့နိုင်ပါသည် - အယ်ဒီတာ )

By NEJ


၂၄.၀၉.၂၀၀၈သတင်း

အရှင်ကောဝိဒ မိန့်ကြားသည်ကို နားထောင်နေသည့် သမ္မတဘုရှ်နှင့် သမ္မတကတော် လော်ရာဘုရှ်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။
လူ့အခွင့်အရေး လေးစားဖို့ စစ်အစိုးရကို အမေရိကန် သမ္မတကတော် တိုက်တွန်း
24 September 2008
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကိုလေးစားဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေ၊အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့ကတွန်းအားပေးပါလို့ သမ္မတကတော်လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကိုတက်ရောက်ခဲ့တဲ့ သမ္မတဘုရှ်နဲ့ သမ္မတ
ကတော် လော်ရာဘုရှ်တို့ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နေ့လယ်စာစားရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေထဲမှာ မြန်မာပြည်က သံဃာတော်တပါးဖြစ်တဲ့ အရှင်ကောဝိဒလည်း ပါဝင်ပါတယ်။ မနှစ်က သံဃာထုလှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့တဲ့ သံဃာတပါးဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစိုးရတရပ် ပြောင်းလဲနိုင်ဖို့အတွက်နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းအရှင်ကောဝိဒက မိန့်ကြားခဲ့တာကို အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

အဖိနှိပ်ခံ မြန်မာလူထု လွတ်မြောက်ရေး ကုလသမဂ္ဂက ပိုကြိုးပမ်းသင့်ဟု သမ္မတဘုရှ် တိုက်တွန်း
24 September 2008
မစုမြတ်မွန်
သမ္မတဘုရှ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။
စက်တင်ဘာ ၂၃၊ ၂၀၀၈။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတအဖြစ် နောက်ဆုံးပြောတဲ့မိန့်ခွန်းလို့
ခန့်မှန်းနိုင်တဲ့ သမ္မတဘုရှ်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံအကြောင်း အပါအ၀င် အကြမ်းဖက်မှု
တိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ လက်ရှိ အမေရိကန် ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အလေးထားပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်
အထွေထွေညီလာခံမှာ အင်္ဂါနေ့က သမ္မတဘုရှ် မိန့်ခွန်းပြောကြားတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့
နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ညီညီညွတ်ညွတ်
လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော်တို့က ကိုင်တွယ်
ဖြေရှင်းသွားမှာဖြစ်တယ် ဆိုတာကို သမ္မတဘုရှ်က အဓိကပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် တခြားနိုင်ငံတွေက
လူ့အခွင့်အရေးတွေ တိုးတက်လာရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့
ဆောင်ရွက်သင့်တာကိုလည်း သမ္မတဘုရှ်က ခုလိုပြောခဲ့ပါတယ်။

"၂၁ ရာစုမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ကမ္ဘာကြီးရဲ့ ယုံကြည်မှုရှိဖို့
လိုအပ်လာပါတယ်။ အောင်မြင်မှုတွေ၊ ပိုမိုကောင်းမွန်လာတဲ့ ဆောင်ရွက်မှုတွေအပေါ်
မှာ အခြေခံထားသင့်တဲ့ အဖွဲ့ကြီးမှာ အုပ်ချုပ်ရေးပိုင်းအရ အမှားတွေရှိရင်လည်း
ပြင်ဆင်ရမှာဖြစ်ပါတယ်။

"ဥပမာအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့သူတွေကို ပုံမှန် အကာအကွယ်ပေး
နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပါတယ်။ နှစ်ရှည်
လများ ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုပမ်းမှုတွေကို
ဒီ့ထက်ပိုပြီး အားထုတ်ဆောင်ရွက်သင့်ပါတယ်။"

အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ပါလက်စတိုင်း ပိုင်နက်ဒေသ၊ တခါ ယူကရိန်းနဲ့
လိုက်ဘေးရီးယားနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်လာကြဖို့အတွက်လည်း
အားပေးထောက်ခံကြဖို့ သမ္မတဘုရှ်က တိုက်တွန်းခဲ့ပါတယ်။ ရုရှနိုင်ငံဘက်ကနေ
သြဂုတ်လမှာ ၀င်ရောက်ကျူးကျော်ခံခဲ့ရတဲ့ ဂျော်ဂျီယာနိုင်ငံက ပြည်သူတွေနဲ့ တသား
ထဲရှိကြဖို့ကိုလည်း သမ္မတဘုရှ်က တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အပါအ၀င် တခြား ကမ္ဘာ့
အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်လာပြီးမှ ဆုံးဖြတ်ချက်ချမှာထက် ကြိုတင်ကာကွယ်ရေး
တွေလုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့
စိတ်ဓာတ်ရေးအရ တညီတညွတ်တည်း တုံ့ပြန်သင့်ပါတယ်။ အပြစ်မဲ့သူတွေအပေါ်
တမင်သက်သက် တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ ခြွင်းချက်ပေးလို့ မရပါဘူး။
အသေခံဗုံးခွဲတာ၊ ဓားစာခံတွေကို ဖမ်းဆီးထားတာ၊ ပြန်ပေးဆွဲတာ စတဲ့လုပ်ရပ်တွေ
ဟာ ဘယ်လိုမှ တရားမ၀င်ဘူးဆိုတာကို အခု အထွေထွေညီလာခံမှာ တက်ရောက်နေ
ကြတဲ့ နိုင်ငံအများစုက လက်ခံထားကြပါတယ်။"

ကုလသမဂ္ဂအဖွဲ့နဲ့ Global Fund အဖွဲ့ကြီးတို့ ဆောင်ရွက်နေကြတဲ့ အာဖရိကတိုက်နဲ့
တခြားဒေသတွေက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး
လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ခဲ့တာကိုလည်း
သမ္မတဘုရှ်က အလေးထားပြီး ပြောခဲ့ပါတယ်။ ထို့အတူ တခြားနိုင်ငံတွေကလည်း
ထောက်ပံ့မယ်လို့ ပြောထားတဲ့ ကတိတွေအတိုင်း အကောင်အထည်ဖော်ကြဖို့ကိုလည်း
အမေရိကန်သမ္မတဘုရှ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ တိုက်တွန်း
သွားပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားပြီး
တက်ရောက်တဲ့ သမ္မတဘုရှ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ သီးသန့်
တွေ့ဆုံတဲ့အခါ အလေးထားဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ မြန်မာ့အရေးကိုလည်း
ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့ကတော့ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush)
တို့ဟာ မြန်မာနိုင်ငံက သံယာတော်တပါး အပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက လူ့အခွင့်
အရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်လှုပ်ရှားမှုတုန်းက သံယာ့ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် လှုပ်ရှားခဲ့သူ
အရှင်ကောဝိဒဟာ အမေရိကန်သမ္မတရဲ့ ဖိတ်ကြားခံရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်
ဆရာတော်ကိုဆက်သွယ်ပြီး တွေ့ဆုံပွဲမှာ ဘာတွေပြောပြခဲ့သလဲလို့ မေးတဲ့အခါမှာ
ဆရာတော် အရှင်ကောဝိဒက အခုလိုမိန့်ပါတယ်။

"မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်
မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာ
ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်း
တောင်းဆိုပါတယ်။

"နောက်တခုက ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးမှာ နအဖစစ်အစိုးရကို အရေးယူဖို့
တောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုံးဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ပြည်သူတွေကို အကြောင်းမကြားတာ၊ သူတို့သိလျက်သားနဲ့ ပြည်သူတွေကို အကြောင်း
မကြားဘူးဆိုတာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်တယ်။

"ဆိုင်ကလုံးဖြစ်ပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေက နေရေးထိုင်ရေး၊ စားရေး
သောက်ရေးတွေက အရမ်းခက်ခဲနေတယ်။ အဲဒါတွေ ဦးဇင်းတင်ပြပါတယ်။ ပြီးတော့
UN Security ကလည်း ဦးဇင်းတို့ မြန်မာပြည်သူတွေအတွက် အခုအချိန်မှာ အင်မတန်
ရွံမုန်းစရာ ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘာရီကလည်း မြန်မာနိုင်ငံကို
အခေါက်ခေါက်အခါခါ သွားတယ်။ ဒါပေမယ့် ဦးဇင်းတို့ ဆင်းရဲသားပြည်သူတွေ၊ ဦးဇင်း
တို့ရဲ့ လူ့အခွင့်အရေး၊ ငတ်မွတ်နေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်
ဆိုတာ ဘာမှပေါ်မလာဘူး။ နအဖနဲ့ပဲ စကားတွေပြော၊ အပေးအယူတွေလုပ်ပြီး
ပြန်သွားတယ်။

"ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေ
နဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကို
တိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊
ဦးဇင်းတို့မလိုချင်တဲ့ နအဖစစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာ
ဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူ
တွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်းပြောပြခဲ့ပါတယ်။"

အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်က
ဘယ်လိုများ တုံ့ပြန်ပြောဆိုခဲ့ပါသလဲ။

"သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်း
အပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်
သူတို့လုပ်တယ်ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်း
ထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတ
သက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စား
တယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီးတွေ့ဆုံတာလို့ပဲ
ဦးဇင်းမြင်ပါတယ်။

"ဒါပေမယ့် သူတတ်နိုင်သလောက်တော့ သူ့သက်တမ်းမကုန်ခင်လေးမှာ နည်းနည်း
ပါးပါး လုပ်သွားလိမ့်မယ်လို့တော့ ဦးဇင်းမျှော်လင့်တာပေါ့။ အဲဒီပွဲပြီးတဲ့အခါ သမ္မတ
ကတော် လော်ရာဘုရှ်နဲ့ ဦးဇင်းတို့ ဓာတ်ပုံတွေ အများကြီးတွဲရိုက်ကြပါတယ်။ ရိုက်တဲ့
အခါ သမ္မတရယ်၊ သမ္မတကတော်ရယ်၊ ဦးဇင်းရယ် တတန်း။ ဦးဇင်းက ဂျာနယ်လစ်
တွေရှေ့မှာ မြန်မာပြည်အကြောင်း စကားထပြောရပါတယ်။ လော်ရာဘုရှ်ကလည်း
ဦးဇင်းတို့ မြန်မာပြည်အကြောင်း အလေးပေးပြီး အများကြီးပြောသွားပါတယ်။
တခြားနိုင်ငံအကြောင်းတောင် မပြောဘဲနဲ့ မြန်မာပြည်အကြောင်းပဲ သူက ပြောသွား
ပါတယ်။

"အရင်တုန်းကတော့ လော်ရာဘုရှ်က လာဖို့အစီအစဉ် မရှိပါဘူး။ ဦးဇင်းနဲ့တွေ့ချင်
တယ်ဆိုပြီး ညကမှ လောလော လောလောနဲ့ လုပ်လိုက်တာဖြစ်တယ်။ သူကတော့
အများကြီးကူညီနိုင်မယ်ထင်ပါတယ်။ ဦးဇင်းပြောပြတာကတော့ မြန်မာနိုင်ငံမှာ
အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပြောပါတယ်။ သူတို့က
တော့ မိန်းမသားချင်း ကိုယ်ချင်းစာပြီးတော့ အများကြီးကူညီနိုင်လိမ့်မယ်လို့ ဦးဇင်း
မျှော်လင့်ပါတယ်။"

အမေရိကန်သမ္မတဘုရှ်၊ သမ္မတကတော် လော်ရာဘုရှ်တို့နဲ့ အင်္ဂါနေ့က
နယူးယောက်ခ်မြို့မှာ တွေ့ဆုံခွင့်ရခဲ့သူ အရှင်ကောဝိဒ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်များကို ဆန့်ကျင်ကန့်ကွက်၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင် ပြောဆို
ကိုစိုး စက်တင်ဘာ ၂၄၊ ၂၀၀၈

စစ်အစိုးရ၏ ၀န်ခံကတိလက်မှတ်ထိုးခိုင်း၍ လူမှုရေးအရ စာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးသည်ဆို ခြင်းကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကာ အကျဉ်းထောင်က ထွက်လာခြင်းဖြစ်သည်ဟု သတင်းစာ ဆရာကြီး ဦးဝင်းတင် က ဧရာဝတီသို့ ပြောဆိုလိုက်သည်။

“တခြားလူတွေကိစ္စတော့ ကျနော် ဘယ်လိုမှန်းမသိဘူး၊ ကျနော် တယောက်တည်းနဲ့ ပတ်သက်လို့ကတော့ မရိုး မသား လုပ်တာ လိမ်တာပဲဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က ထောင် အနှစ် ၂၀ ကျတယ်ဗျာ၊ ထောင်ရဲ့ ထုံးစံက တနှစ်မှာ လျှော့ရက် ဆို တာ ၃ လ လောက်ရှိတယ်၊ ထောင် အနှစ် ၂၀ ကျတဲ့သူက ၁၆ နှစ် လောက် နေပြီးရင် လျှော့ရက်က ၄၈ လ လောက် ရှိတယ်၊ ၄ နှစ်လောက် လျှော့ရက်ရမယ်၊ ၁၆ နှစ် ကျော်ကျော် ဆို လွတ် ပြီ၊ ကျနော်က လွတ်ရမယ့်ဟာ ရှိတယ်၊ အဲဒါကို ကျနော့်ကို ၄၀၁ ထဲကို (၀န်ခံ ကတိနဲ့ လွှတ်တဲ့အထဲကို)ထည့် တယ်၊ အဲဒါကို လက်မခံဘူး”ဟု ဦးဝင်းတင်က ရှင်းပြသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်က အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံ တ၀န်း အကျဉ်း ထောင်များရှိ အကျဉ်းသား ၉၀၀၂ ဦး ကို လူမှုရေးအရ စာနာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုသူများအဖြစ်ပါဝင်ရန်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန်လည်းကောင်း စသည့် ရည်ရွယ်ချက်ဖြင့် ပြန်လွှတ်ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြ သည်။

ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။

စစ်အာဏာပိုင်များက ၀န်ခံလက်မှတ်ထိုးပါက ထောင်မှ ပြန်လွှတ်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆို ညှိနှိုင်း သည်ကို ငြင်းဆိုခဲ့သည်ဟု ယနေ့ ဧရာဝတီနှင့် အင်တာဗျူးတွင် ဦးဝင်းတင် က ပြောပြသည်။

“ကျနော်က ၄၀၁ ဆိုတဲ့ လက်မှတ်ထိုးတာ၊ ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ၊ ဆလံပေးထွက်တာ၊ ဒူးထောက်ထွက် တာမျိုးကို မလုပ်ဘူး၊ အမှန်တကယ်က ကျနော့်ကို လွတ်ရက်စေ့တဲ့ လူအနေနဲ့လွှတ်ရမှာ” ဟုလည်း ဦးဝင်းတင်က ရန်ကုန်မြို့ရှိ သူ၏ မိတ်ဆွေအိမ် တယ်လီဖုန်းမှ တဆင့် ပြောဆိုသည်။

၄၀၁ ဟု ခေါ်သော ၀န်ခံကတိဖြင့် အာဏာပိုင်တို့က ထောင်မှထွက်ခိုင်းခြင်းကို ၁၉၉၀ ခုနှစ်ကတည်းကစတင် ခြင်းဆို ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် တကြိမ်၊ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ဆေးရုံတက်နေချိန်အတွင်း က တကြိမ် ဤသို့ ထောင်မှ ထွက်ခိုင်းသည်ကို ငြင်းဆိုခဲ့သည်ဟု ၎င်း က ဆိုသည်။

ဒီမိုကရေစီနိုင်ငံရေးကို ၎င်းအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)နှင့် လက်တွဲ၍ ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု သံန္နိဌာန်ချထားကြောင်းလည်း ဦးဝင်းတင်က ပြောသည်။

အရှေ့တောင်အာရှ သတင်းစာသမားများ မဟာမိတ်အဖွဲ့(SEAPA) ဒါရိုက်တာ ရော်ဘီ အလန်ပေး က “ဒီမိုကရေစီရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သံန္နိဌာန်ကို အလွန်လေးစား ဂုဏ်ယူပါတယ်”ဟု ပြောသည်။

ဦးဝင်းတင်သည် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဒု ဥက္ကဌ နှင့် ဟံသာဝတီ သတင်းစာ အယ်ဒီတာ ဟောင်း တဦး ဖြစ်ပြီး ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အန်အယ်လ်ဒီ အဖွဲ့ကို တည်ထောင်ခဲ့သူ တဦး လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသော လက်ရှိ မြန်မာ့ နိုင်ငံရေးအခြေ အနေ ကို မဖြေရှင်းနိုင်ကြောင်း ဝေဖန်သူများ၏ ပြောဆိုချက်အပေါ်ဦးဝင်းတင်က“ကျနော် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို သံသယမရှိပါဘူး၊ ကျနော် သူ့ကို ယုံကြည်တယ်”ဟု ယခု အင်တာဗျူးတွင် တုံ့ပြန်ပြောကြားသည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

ဦးဝင်းတင်လွတ်လာတာကြိုဆို၊ ကျန်လူများလည်း လွှတ်ပေးဖို့တောင်းဆို
24 September 2008
ဦးကျော်ကျော်သိန်း -

သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င်တခြားနိုင်ငံရေးအကျဉ်းသား ၆ ဦး လွတ်မြောက်
လာတဲ့အပေါ် ကမ္ဘာတ၀ှမ်း ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ ကျန်ရှိနေ
သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အရေးကြီးတာကိုလည်း ထောက်ပြကြပါ
တယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးကိုကျော်ကျော်သိန်းက စုစည်းတင်ပြပေးထားပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၁၉ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ရတဲ့အတွက် မြန်မာ
နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး နိုင်ငံရေးအကျဉ်းသားအဖြစ် ခေါ်ဆိုကြပါတယ်။ သူ
အကျဉ်းထောင်ထဲမှာ ရှိနေစဉ် ကာလတွေအတွင်း ၄ ကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပြီး သူ
လွတ်မြောက်ရေးအတွက် အစဉ်တစိုက် တောင်းဆိုလာခဲ့သူတဦးကတော့ မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးဟောင်း
မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) ပါ။
ဆရာဦးဝင်းတင် လွတ်မြောက်လာတဲ့အပေါ် သူ့သဘောထားကို မစ္စတာပင်ညဲရိုး
ဗွီအိုအေကို ပြောပြတာကတော့ …

"သူလွတ်မြောက်လာတဲ့အတွက် ကျနော် တကယ့်ကို ၀မ်းမြောက်ပါတယ်ဗျာ။ သူအပါ
အ၀င် တခြားနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ
ကျနော် တောင်းဆိုလာခဲ့တာပါ။ ဒါ သိပ်ကိုကောင်းပါတယ်။ သူနဲ့အတူ တခြား နိုင်ငံရေး
အကျဉ်းသား ၆ ဦး လွတ်မြောက်လာတာကိုလည်း ကျနော် အင်မတန်ဝမ်းသာပါတယ်။
အကျဉ်းသားတွေ လွတ်မြောက်တယ်ဆိုတာ အရေးကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် တခြား
အကျဉ်းသား ၉,၀၀၀ ကျော်ပါ လွတ်မြောက်လာတဲ့အတွက်လည်း ကျနော် အရမ်း
ဝမ်းသာပါတယ်။"

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေး
ရေးမှူးဟောင်း ပေါ်လို ဆာဂျီယို ပင်ညဲရိုး ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း အလားတူ ကြိုဆိုလိုက်သလို တချိန်ထဲမှာပဲ ကျန်ရှိ
နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း
နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ၀ုဒ် (Robert Wood) က …

"အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး နှစ် ၂၀ နီးပါး အကျဉ်းကျခဲ့တဲ့ ဦးဝင်းတင် ပြန်လွတ်
မြောက်လာပြီဆိုတာ ကျနော်သိရပါတယ်။ အချိန်အတော်ကြာကတည်းက ဒီလို
လွတ်သင့်တာဖြစ်ပေမယ့် လွတ်လာတာကတော့ အင်မတန်ကောင်းမွန်တဲ့ ဖြစ်ထွန်းမှု
ပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို
လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ မြန်မာစစ်အစိုးရကို ကျနော်
တို့ ဆက်ပြီးတောင်းဆိုပါတယ်။ ဒါ အချိန်အတော်ကြာ ကျနော်တို့တောင်းဆိုလာခဲ့တဲ့
ကိစ္စဖြစ်ပါတယ်။" လို့ ပြောဆိုသွားပါတယ်။

အလားတူ ပြင်သစ်နိုင်ငံ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ရာမာ ယိတ်ဒ် (Rama Yade)
ကလည်း ဦးဝင်းတင် လွတ်မြောက်လာတာကြောင့် သူစိတ်အေးသွားရတယ်လို့
အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီး
အကျဉ်းကျနေဆဲ ရှိတာကိုလည်း သူ မမေ့တဲ့အကြောင်း မစ္စ ရာမာ ယိတ်ဒ်က
ပြောပါတယ်။

ဒါ့ကြောင့် စစ်မှန်တဲ့ဆွေးနွေးပွဲတွေ စတင်ဖို့ မျှော်လင့်ချက်နဲ့အတူ၊ အမျိုးသားပြန်လည်
သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာမယ်ဆိုတဲ့ အမြင်နဲ့အတူ
ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့
ထပ်ပြီးတောင်းဆိုပါတယ်လို့လည်း မစ္စ ရာမာ ယိတ်ဒ်က ပြောသွားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဦးဝင်းတင်နဲ့ နိုင်ငံရေး
အကျဉ်းသား ၆ ဦး လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိ
နေသေးတဲ့ ခန့်မှန်းခြေ နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၁၀၀ တို့ရဲ့ ကံကြမ္မာအတွက်
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စိုးရိမ်ဆဲရှိကြောင်း စက်တင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့
ရက်စွဲနဲ့ AI ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဝင်းတင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာတာဟာ အချိန်အတော်
ကြာကာလတွေအတွင်း မြန်မာနိုင်ငံကထွက်လာတဲ့ အကောင်းဆုံးသတင်းဆိုတာက
တော့ အသေအချာပဲဖြစ်တယ်၊ ၀မ်းနည်းစရာကတော့ အခုလွတ်မြောက်လာတဲ့ အရေ
အတွက်ဟာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်းရဲ့ ၁% တောင်မှ မရှိတာဘဲဖြစ်တယ်လို့
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး ဘန်ဂျမင် ဇာဝက်ကီး
(Benjamin Zawacki) ပြောတာကို AI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလွတ်မြောက်လာသူ ၇ ဦးဟာ စကတည်းကိုက အကျဉ်းချသင့်တဲ့လူတွေ မဟုတ်
သလို တခြားလွတ်မြောက်သင့်သူ အရေအတွက် အမြောက်အများ ရှိနေပါသေးတယ်လို့
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

အင်္ဂါနေ့မှာ ဦးဝင်းတင်နဲ့အတူ လွတ်မြောက်လာသူ တခြားနိုင်ငံရေးအကျဉ်းသား ၆ ဦး
ကတော့ ၁၉၉၄ ခုနှစ်က အကျဉ်းကျခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တဦးဖြစ်သူ ၁၉၉၆ ခုနှစ်မှာ အကျဉ်းကျခဲ့တဲ့
ဦးဝင်းထိန်၊ ၁၉၉၇ ခုနှစ်က အကျဉ်းကျခဲ့ကြသူ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြ
တဲ့ ဒေါက်တာမေ၀င်းမြင့်နဲ့ ဒေါက်တာသန်းငြိမ်း၊ ၂၀၀၃ ခုနှစ်ကအကျဉ်းကျခဲ့တဲ့
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်နဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သူ
ဦးသန်းနိုင်တို့ ဖြစ်ကြပါတယ်။

ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း
ပီတာအောင်/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။

ယမန်နေ့က အကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်အား ၎င်း၏ မူလတာဝန်ကို ဆက်လက်ထမ်းဆောင်သွားရန် တာဝန် ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကပြောသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က “ဒါကရှိပါတယ်။ တာဝန်ပေးစရာရှိတယ်။ သူ့တာဝန်သူဆက်ပြီး တော့ ထမ်းဆောင်နိုင်ဖို့ အန်ကယ်တို့မျှော်လင့်တယ်။ သူကလည်း သူလုပ်မယ်လို့ ပြောတယ်။ ဒါရှင်းနေပါ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီပါတီက ပြန်လည်လက်ခံမည်ဆိုသည့် သဘောထားကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဦးဝင်းတင်က ပြောကြားသည်။

၎င်းက “ကျနော်တယောက်တည်း ဘယ်တာဝန် ဘာညာ ဒါကအရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်။ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့ သဘောထားရှိရင် အ ကောင်းဆုံးပဲ။ ဒါကြောင့်မို့ လို့ကျနော် ဒီသဘောထားကို ကြိုဆိုပါတယ်လို့ပြောချင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

သို့သော် စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ၁၉၉၀ ခု ကတည်းက ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်နှင့် ဦးတင်ဦးတို့နှင့်အတူ ပါတီမှ ထုတ်ထားပြီးဖြစ်၍ လက်တွေ့ အန်အယ်လ်ဒီပါတီထဲပြန်ဝင် ရောက်လုပ်ကိုင်ခွင့်ရမည် မရမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်မှန်သည့် ဒီမိုကရေစီ ထွန်းကားရေး၊ အန်အယ်လ်ဒီပါတီ စုစည်းရေးနှင့် အန်အယ်လ်ဒီကို ၀န်းရံရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေါ်မြင့်မြင့်ခင်၊ မောင်ဝံသ၊ မောင်စူးစမ်း (ဦးချမ်းအေး) စသည့်ပုဂ္ဂိုလ်များအားလုံးကိုလည်း အန်အယ်လ်ဒီပါတီအနေဖြင့် စုစည်းနိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်စုစည်းကာ ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် အကြံပြုပြောကြားသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း၌ (၁၉) နှစ်ကျော်ထိန်းသိမ်းထားခဲ့ပြီးမှ ယမန်နေ့က အကျဉ်းသား (၉,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရာတွင် အခြားနိုင်ငံရေးအကျဉ်းသားအချို့နှင့် အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရန်လိုအပ်၊ လွတ်လာသည့် ကိုယ်စားလှယ်များပြော
ကိုသက် စက်တင်ဘာ ၂၄၊ ၂၀၀၈

ယမန်နေ့က ပြန်လည်လွတ်မြောက်လာကြသည့် အန်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လိုအပ်ကြောင်း ဧရာဝတီကို ပြောဆိုကြသည်။


အင်းစိန်ထောင် (ဓာတ်ပုံ - နစ်ခ် ဒန်းလော့ပ်)

စစ်အစိုးရက နိုင်ငံတော်သစ်တည်ရာတွင် ပြစ်ဒဏ်ကျအကျဉ်းသားများအား နိုင်ငံအကျိုးပြုနိုင်ငံသားများအဖြစ်သို့ ပြောင်းလဲ ပေးရန်ရည်ရွယ်ချက်ဖြင့် အကျဉ်းသား ၉၀၀၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။ အဆိုပါ ပြန်လွှတ်ပေးသူများ တွင် နိုင်ငံရေးအကျဉ်းသား ၇ ဦးသာ ပါဝင်သည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက် ၇၉ နှစ်ရှိ ထင်ရှားသည့် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၉၀ ရွှေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာ မေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးဖြစ်သည့် ဦးဝင်းထိန်၊ အန်အယ်လ်ဒီ ပါတီဝင် ဦးသန်းနိုင်တို့ ဖြစ်ကြသည်။

ပဲခူးတိုင်းတောင်ငူမြို့နယ်ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်စိုးမြင့်က “ဦးဝင်းတင်လိုပုဂ္ဂိုလ်၊ ဒေါ်မေ၀င်းမြင့်၊ ဆရာသန်းငြိမ်း တို့လွတ်လာတာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။ သို့သော် ကျနော်တို့က လွတ်တဲ့လူတွေအပေါ်မှ ကျေနပ်နေရုံနဲ့ မပြီးသေးဘူး .. အကြောင်းအမျိုးမျိုးနဲ့ လက်ရှိထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်ပါသေးတယ် .. ကျနော်တို့က သူတို့အတွက် ၀ိုင်းဝန်းစဉ်းစားပေးဖို့ လိုပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်းက “ကျနော်တို့ကို လွှတ်ရုံနဲ့တင်တော့ ဘယ်ဟုတ်မလဲ .. နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမှာပေါ့” ဟု ပြောသည်။

ဒေါ်က်တာသန်းငြိမ်းက ထောင်တွင်းဖြတ်သန်းမှုနှင့်ပတ်သက်၍ “နေရေး၊ ထိုင်ရေးက ရောက်ခါစတော့ အခက်အခဲရှိတာပေါ့ .. နောက်တော့အဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ပဲ အခက်အခဲ ရှိတယ်” ဟု ပြောသည်။

ဒေါက်တာ သန်းငြိမ်းနှင့် ဒေါက်တာ မေ၀င်းမြင့်တို့သည် ၂၀၀၄ ခုနှစ်တွင် ချုပ်ရက် ၇ နှစ် ပြည့်မြောက်ခဲ့သော်လည်း အာဏာပိုင်တို့က ပြန်မလွှတ်ဘဲ ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက်ဖမ်းဆီးထားခဲ့သည်။

“ဘာကြောင့်ဆက်ဖမ်းတယ်ဆိုတာတော့ သူ့တို့ပဲ (အာဏာပိုင်) သိမှာဗျ .. ကျနော်တို့က မဟုတ်တာမှ မလုပ်တာကိုး၊ ပထမ ၇ နှစ် ချတာလည်း ဘာလို့ချလည်းဆိုတာ နားမလည်ဘူးပေါ့ဗျာ။ ကျနော်တို့က တရားဝင်ပါတီလည်း ဖြစ်တယ်။ ပါတီမှာ တာဝန်ရှိရှိနဲ့ လုပ်နေသူတွေလည်း ဖြစ်တယ်” ဟု ဒေါက်တာ သန်းငြိမ်းက ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သည့် ဦးဝင်းထိန်ကို စစ်ကိုင်းတိုင်းရှိ ကသာထောင်မှ ယမန် နေ့က လွှတ်ပေးလိုက်ပြီးမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်ကြောင်း အန်အယ်လ်ဒီသတင်းရပ်ကွက်က ပြောဆိုသော်လည်း အတည်မပြုနိုင်သေးပေ။

ဦးဝင်းထိန်၏ မိခင်က ဦးဝင်းထိန်နှင့် ယမန်နေ့က အဆက်အသွယ်ရရှိခဲ့သော်လည်း ယနေ့ အဆက်အသွယ် မရတော့သဖြင့် မိသားစုဝင်တဦး ကသာမြို့သို့လိုက်သွားသည်ဟု ဧရာဝတီကို ပြောသည်။

ဦးဝင်းထိန်အား ပြန်လည်ဖမ်းဆီးခြင်း ဟုတ် မဟုတ်ကို ဧရာဝတီက ကသာအကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းရာ “ကျနော်တို့မသိဘူး” ဟု ဖြေဆိုသည်။

ဒုတိယနေ့ လွှတ်ပေးသူများအတွင်း နိုင်ငံရေး အကျဉ်းသား မပါ
24 September 2008
ဦးအောင်လွင်ဦး
မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကျဉ်းသားတွေ ထောင်ချီလွှတ်ပေးမယ်လို့ ကြေငြာလိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်ပြီး လွှတ်ပေးနေတာတွေ ရှိပေမယ့် ဒီကနေ့ ပြန်လွှတ်ပေးတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ် လို့တော့ မကြားရပါဘူး။ ဒါ့အပြင် မူလက ပြန်လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတောင် ထောင်ထဲ ပြန်ပို့လိုက်တယ်ဆိုတယ် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။

အကျဉ်းသား စုစုပေါင်း ကိုးထောင်နဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ကြေငြာပြီးတဲ့နောက် နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို ဆက်လွှတ်ပေးနေတာပါ။ ဒါပေမယ့် မနေ့တုန်းက လွှတ်တဲ့အထဲမှာ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် တချို့ အပါအ၀င်၊ နိုင်ငံရေး အကျဉ်းသားတချို့ ပါလာခဲ့ပေမယ့် ဒီနေ့မှာတော့ ဒီလိုပါလာတယ်ဆိုတဲ့ သတင်းတွေကိုတော့ မကြားရပါဘူး။ အခုနောက်ဆုံး အကျဉ်းသားတွေ ဆက်လွှတ်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကို မေးကြည့်ရာမှာတော့ -

“ထပ်မကြားဘူး ဒီနေ့လေ။ ထောင်တွေမှာတော့ ၉၀၀၀ကျော်ကိုတော့ ဆက်လွှတ်နေတယ်။ နိုင်ငံရေးသမားတော့ နောက်ထပ် မကြားဘူး။”

ဒီလိုပဲ ရန်ကုန် အင်းစိန်ထောင်ရှေ့ကို ရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်ကလည်းပဲ ဒီကနေ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးတာ တွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပါမလာတဲ့အကြောင်း အခုလိုဆိုပါတယ်။
“ဒီနေ့ ပထမဦးဆုံး လွှတ်တာကတော့ မိန်းကလေး အယောက် ၂၀၊ ၂၅လောက် ရှိလိမ့်မယ်။ သူတို့ကို ထပ်ပြီး စုံစမ်းကြည့်တော့ သူတို့က ဘာပြောလဲဆိုတော့ ယောင်္ကျားလေးတွေက နောက်အသုတ်မှာ လွှတ်မှာတဲ့၊ ၄၀။ ၄၀ ပြီးရင် ဒီနေ့အတွက် ပြီးသွားပြီ။ မနက်ဖြန်မှာ များမယ်လို့တော့ ထပ်ပြောတယ်။ အဲဒီထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တယောက်မှတော့ မပါလာဘူး။ ဒီနေ့အတွက်ကတော့။ မနေ့က ဦးရေက ကျွန်တော်တို့ ပျမ်းမျှ တွက်ကြည့်ရသလောက် ၁၅၀၊ ၂၀၀ အလွန်ဆုံး အဲဒီ ပတ်ဝန်းကျင်လောက်ပေါ့။”

မြန်မာစစ်အစိုးရကတော့ အကျဉ်းကျခံနေရသူတွေ အများအပြားကို နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်တွေက သက်ညှာခွင့်ပေး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးထောင်ချ ခံနေရသူ မဆိုသလောက်သာ ပါလာတဲ့အတွက် နိုင်ငံရေးလှုပ်ရှားသူတွေဖက်ကတော့ အားရကျေနပ်မှုတော့ မရှိကြသေးပါဘူး။

“သူတို့ လွှတ်တဲ့ သတင်းမှာ ပါတာကိုက ရာဇ၀တ်သားတွေ၊ ပြစ်ဒဏ်ကျတဲ့ သူတွေလို့ ပြောတာကိုး။ နိုင်ငံရေးသမားကို သီးခြား မပြောပါဘူး။ နိုင်ငံရေး အရ နှစ်ရှည်လများ ထောင်ကျတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကိုလည်း ခံစားပြီးပြီ။ အဲဒီလို ခံစားပြီးတော့ ကျော်နေတဲ့ သူတွေက အများစု။ တော်တော်ကို မကောင်းတာပေါ့။ တရားဥပဒေ စိုးမိုးရေးနဲ့ဆိုရင် မျက်စိနဲ့ ကြည့်ရင်တောင် တော်တော် မကောင်းတဲ့ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် လွတ်လာတဲ့ သူတွေအတွက်တော့ ကျွန်တော်တို့ ၀မ်းသားပါတယ်။”

မနေ့တုန်းက နိုင်ငံတ၀န်းမှာရှိတဲ့ အကျဉ်းထောင်တွေက ပြန်လွှတ်ပေးတဲ့အထဲမှာတော့ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသား (၇) ယောက်လွှတ်ပေးခဲ့တယ်လို့လည်း အန်အယ်လ်ဒီ ကပြောပါတယ်။ ဒါပေမယ့်လို့ မနေ့တုန်းက ဒီလွှတ်ပေးတယ်လို့ ပြောဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိအဖြစ်နဲ့ တာဝန်ယူခဲ့ဘူးတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ကိုတော့ အာဏာပိုင်တွေက ပြန်လွှတ်မပေးခဲ့ဘူး ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ အပြောအရကတော့ ကသာထောင်မှာ ထောင်ကျနေတဲ့ ဦးဝင်းထိန် ကို ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုကို အကြောင်းကြားခဲ့ပြီး နောက်ဆုံးအချိန်ကျမှ အစီအစဉ် အပြောင်းအလဲရှိတဲ့အတွက် လွှတ်မပေးဖြစ်တဲ့ အကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ မိသားစုနဲ့ တိုက်ရိုက် အဆက်အသွယ် မရတဲ့အတွက် တိတိကျကျ မသိရသေးပေမယ့် ဒီသတင်းထွက်နေတာ ကြားရတဲ့အကြောင်း ပြောပါတယ်။


“ကျွန်တော်တို့လည်း မနက်က သတင်းကြားရတယ်။ သူ့ရဲ့ ဇနီးက မန္တလေးကနေ သင်္ဘောအချိန်နဲ့ စောင့်နေတာ။ နောက် ကသာ က လှမ်းဆက်တယ်။ ကသာ က တက်လာတော့ ပြန်ပြီးတော့ ထိန်းသိမ်းထားတဲ့ သဘောလို ပြောနေတယ်။ ကျွန်တော်တို့ကတော့ တိုက်ရိုက်မရတော့ confirm တော့ မလုပ်နိုင်ဘူး။ အဲဒီ သတင်းတော့ ကြားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ဖက်ကတော့ အကျဉ်းသား ကိုးထောင်ကျော် လွှတ်မယ့်အကြောင်း မနေ့တုန်းက နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ဒါနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ပြောဆို တာမျိုးတော့လည်း မရှိပါဘူး။


ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
ဧရာဝတီ စက်တင်ဘာ ၂၄၊ ၂၀၀၈

ရန်ကုန်မြို့ရှိ တာမွေရဲစခန်း၌ လွန်ခဲ့သည့် ၂၁ ရက်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားကြောင်း ဒေသခံများက တဆင့် သိရသည်။

ပေါက်ကွဲမှုကြောင့် ရဲစခန်းနံရံ အနည်းငယ်ပြိုသွားသော်လည်း ထိခိုက်မှုတစုံတရာမရှိကြောင်း တာမွေရဲစခန်းအနီးတွင် နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ တာမွေရဲစခန်းက အနီးပတ်ဝန်းကျင်ရှိလူ များအား မိုးကြိုးပစ်သည်ဟု လိမ်လည်ထားကြောင်း ရဲစခန်းအနီး နေထိုင်သူက ဆိုသည်။

“ည ၇း၃၀ လောက် မိုးတွေအရမ်းရွာနေတဲ့အချိန်မှာ မိုးကြိုးပစ်သလို အသံကြီးတခုကြားတယ် .. အစကကားဘီးပေါက် တယ် .. ဒါမှမဟုတ် အနီးနားမှာ မိုးကြိုးပစ်တယ်လို့ပဲ အားလုံးကထင်တာ” ဟု တာမွေရဲစခန်းအနီးတွင် နေထိုင်သူက ပြောသည်။

ဧရာဝတီက တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြေသူက မိုးကြိုးပစ်သည်ဟုသာပြောပြီး အသေးစိပ်ကို ဖြေဆိုခွင့်မရှိကြောင်း ပြောသည်။

တာမွေရဲစခန်းဘေး လမ်း ၁၅၀ ရှိ ဆိုင်များကို အာဏာပိုင်တို့က ယနေ့ဝင်ရောက်ရှာဖွေကြောင်းလည်း စုံစမ်းသိရှိရသည်။

ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရသတင်းစာက ရေးသားထားသည်။

ဖားရွှေကျော်ရွာ ကုန်တင်သင်္ဘော နစ်မြုပ်
NEJ/၂၄ စက်တင်ဘာ ၂၀၀၈။ ။

ကော့သောင်းမှ ရန်ကုန်သို့ ထွက်ခွာလာသော ဖားရွှေကျော်ရွာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောသည် ပြီးခဲ့သည့် စက်တင်ဘာ (၂၁) ရက် နံနက်(၂) နာရီကျော်ခန့်တွင် တနင်္သာရီတိုင်း၊ ရေးမြို့နယ်အနီး မုတ္တမ ပင်လယ်ပြင်အတွင်း စက်ချို့ယွင်းမှုကြောင့် နစ်မြုပ်သွားခဲ့ကြောင်း ကြယ်ငါးပွင့်မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ကပ္ပတိန်ဦးစိန်သန်းအပါဝင် သင်္ဘောသား( ၁၂) ဦးကို ပင်လယ်ပြင်အတွင်း အသက်ကယ် လှေများနဲ့တွေ့ရှိသဖြင့် ကယ်တင်နိုင်ခဲ့သော်လည်း အင်ဂျင်နီယာချုပ် ( ဦးကြည်ဝင်း) နဲ့ လျှပ်စစ် အင်ဂျင်နီယာတဦး ပျောက်ဆုံးနေကြောင်း ၎င်းကပြောသည်။ အဆိုပါသတင်းနှင့် ပတ်သက်ပြီး နေပြည်တော် ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသို့ အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း ဖုန်းကိုင်မည့်သူ မရှိပေ။

ဖားရွှေကျော်ရွာသင်္ဘောသည် ကော့သောင်းမြို့မှ ယခုလ ( ၁၈) ရက်တွင် ထွက်ခွာကာ ကုန်ပစ္စည်း အဆမတန် တင်ထားကြောင်း ပုဂ္ဂလိက ကန်းရိုးတန်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါသဘောင်္မှာ ယခင်က ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင်ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည်ဟု သိကြသော အဏ္ဏ၀ါသင်္ဘော ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီကို ရောင်းချထားခြင်းဖြစ်သည်။ ယင်းကုမ္ပဏီကို သင်္ဘောနစ်မြုပ်သည့် သတင်းကို ဆက်သွယ်မေးမြန်းသော်လည်း ပြောဆိုရန် ငြင်းပယ်သည်။

ဖားရွှေကျော်ရွာသင်္ဘောကို သင်္ဘောအာမခံကုမ္ပဏီကြီးဖြစ်သည့် အင်္ဂလန်အခြေစိုက် လွိုက်အာမခံကုမ္ပဏီမှာ အာမခံ ထားရှိခဲ့သော်လည်း သက်တမ်းလွန် အသုံးပြုနေသောကြောင့် နောက်ပိုင်းတွင် အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းကသာ အာမခံပေးထားကြောင်း၊ အဆိုပါသဘောင်္ကို ၁၉၆၄ နှစ်တွင် ဒိန်းမတ်နိုင်ငံ၌ တည်ဆောက်ခဲ့ပြီး သင်္ဘောကြံ့ခိုင်ရေးအတွက် နောက်ဆုံး လွန်းတင်ခဲ့သည့်အချိန်မှာ ၂၀၀၁ ခု နိုဝင်ဘာလဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်ပြန်တမ်းမှာ ဌာနဆိုင်ရာ အကြီးအကဲသစ်များမခန့်တော့
NEJ/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။

သောကြာနေ့တိုင်း မြန်မာစစ်အစိုးရ သတင်းစာများ၌ ဖော်ပြလေ့ရှိသည့် နိုင်ငံတော် ပြန်တမ်းမှာ ဌာနဆိုင်ရာ အကြီးအကဲသစ်များ မခန့်တော့သည်မှာ (၂) နှစ်ကျော်ရှိ ပြီဖြစ်သည်ဟု ဌာနဆိုင်ရာအကြီးအကဲတဦးက ပြောသည်။

မည်သည့် အတွက်ကြောင့် နိုင်ငံတော်ပြန်တမ်းမှာ ဒု-၀န်ကြီးအသစ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ် အသစ်များ ထပ်မံမခန့်သည်ကို စစ်အစိုးရဘက်မှ အတိအလင်း မကြေညာသော်လည်း ၂၀၁၀ ပြည့်နှစ်အပြီး နောက်အစိုးရသစ် တက်သည့်အချိန်ထိ လက်ရှိ အစိုးရအဖွဲ့ကို မတိုးချဲ့တော့ ဆိုသည့်သဘော ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာနတွင် ဗိုလ်မှူးချုပ်ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် သိန်းထွန်း ဒုတိယ ၀န်ကြီးနှစ်ဦးလုံး ပြုတ်သွားသည်မှာ နှစ်အတန်ကြာသော်လည်း ယခုထိ အစားထိုး ခန့်အပ်ခြင်း မရှိသလို ညွှန်ကြားရေးမှူးချုပ် မရှိသည့် ဌာနများကို အခြားဌာနမှ ညွှန်ကြားရေးမှူးချုပ်က တွဲကိုင်ပြီး တာဝန်ပေးနေသည်ဟု အဆိုပါ အရာရှိတဦးက ပြောသည်။

ပြုတ်သွားသည့် ဒု-၀န်ကြီးများနေရာတွင် နောက်ထပ် အစားထိုးခန့်အပ်မှုမရှိဘဲ ၀န်ကြီး တဦးတည်းက လုပ်ကိုင်နေသည့်အတွက် မူလကတည်းက ဒု-၀န်ကြီးများ ခန့်အပ်ခြင်းသည် မလိုဘဲ ခန့်ထားခြင်း၊ စစ်တပ်မှ အရာရှိများအား နေရာပေးလိုခြင်းကြောင့် တီထွင်ထားခြင်း ဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အရာရှိတဦးက ပြောသည်။

ထိုင်းဝန်ကြီးချုပ်သစ်သမီး လွှတ်တော်အမတ် ဘတ် သန်း (၃၀၀) ပိုင်ဆိုင်
The Nations/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းဝန်ကြီးချုပ်အသစ် ဆွန်ချိုင်း ဝေါင်ဆ၀တ်၏သမီး အသက် (၂၇) နှစ်အရွယ် ချင်းမိုင်လွှတ်တော်အမတ် ချင်းနစ်ချာ ဝေါင်ဆ၀တ်သည် ၎င်းအမတ်မဖြစ်မီ၌ ချေးထားသော ဘတ်ငွေ သန်း (၁၀၀) ကျော်ကို နိုင်ငံတော်အဂတိတိုက်ဖျက်ရေး ကော်မရှင် (အန်စီစီစီ) သို့ ထည့်သွင်းတင်ပြခဲ့ခြင်းမရှိကြောင်း အောက်လွှတ်တော်အမတ် ရူရန်ကရိုင်းက ပြောသည်။

ချင်းနစ်ချာသည် ၀န်ကြီးချုပ်ဟောင်းတပ်ဆင်၏ ဇနီး ခွန်ယင်း ပွတ်ဂျမန်၏ မောင်ဝမ်းကွဲ ဘာနာပွတ်ထံမှ ၎င်းငွေများအား ချေးယူ ခဲ့သည်ကို ပိုင်ဆိုင်မှုစစ်ဆေးစိစစ်ရေးကော်မတီ (အေအီးစီ) သို့ အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း အန်စီစီစီ သို့တင်ပြရ သည့် ပိုင်ဆိုင်မှုပြ စာရွက်စာတမ်းများအတွင်း၌ ယင်းချေငွေနှင့် ပတ်သက်၍ ပါဝင်ခြင်းမရှိကြောင်း စာရင်းစစ်ချုပ်ဟောင်းဖြစ်သူ လွှတ်တော်အမတ် ရူရန်ကရိုင်းက ပြောသည်။

ချင်းနစ်ချာ၏ ဖခင်ဖြစ်သူ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်းကမူ အဆိုပါစွပ်စွဲချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိကြောင်း ပြောသည်။ အန်စီစီစီ သို့ ကြေညာရသည့် လွှတ်တော်အမတ်များဆိုင်ရာ ပိုင်ဆိုင်မှုနှင့် ကြွေးမြီအတွင်း၌ ချင်းနစ်ချာက ၎င်း၏ ပိုင်ဆိုင်မှုသည် ဘတ်သန်း (၃၀၀) ရှိပြီး ကြွေးမြီ သန်း (၇၀) ရှိသည်ဟုဖော်ပြခဲ့သည်။

ယခုနှစ် ဇန်န၀ါရီ (၁၈) ရက်၌ အဆိုပါ ချေးငွေများသည် ၎င်း၏ ဆွေမျိုးများထံမှ ချေးငှားခြင်းဖြစ်သောကြောင့် တရားဝင်ငွေဖြစ် ကြောင်း ချင်းနစ်ချာက အေအီးစီသို့ ဖော်ပြခဲ့သည်။ အေအီးစီက သူမ၏ ပိုင်ဆိုင်မှုများကို အစောပိုင်းတွင် ထိန်းချုပ်မှုများ လုပ်ခဲ့ သည်။

လွှတ်တော်အမတ် ရူရန်ကရိုင်းက “အသက် (၂၇) နှစ်သာရှိသေးတဲ့ မိန်းကလေးငယ် တဦးအနေနဲ့ ဘတ် သန်း (၃၀၀) ကျော် အပါအ၀င် ဆွေမျိုးဆီကနေ ချေးတဲ့ ငွေ သန်း (၁၀၀) ကျော်ကို ဘယ်လို ပိုင်ဆိုင်ထားလည်းဆိုတာ ကျနော်တို့ စုံစမ်းနေပါတယ်။ ဒီ ပိုင်ဆိုင်မှုတွေဖြစ်ပေါ်လာတာဟာ ဆွန်ချိုင်း ဗျူရိုကရက်အနေနဲ့ တာဝန်ယူထားတဲ့အချိန်အတွင်း ဖြစ်ပွားခဲ့တာပါ။ ဆွန်ချိုင်းဟာ သိပ်မကြာသေးမီကမှ ၀န်ထမ်းအဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ” ဟုပြောသည်။

By NEJ

မြန်မာ့အရေး ဝိုင်းဝန်းကူညီပါရန် သမတကတော် လော်ရာဘုရှ်က ဒေသတွင်း နိုင်ငံများကို တိုက်တွန်း
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 21:13 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နယူးရောက်မြို့တွင် ကျင်းပလျက်ရှိသော ၆၃ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များ စုဝေး ရောက်ရှိနေကြချိန်တွင် မြန်မာဘုန်းတော်ကြီး ဦးကောဝိဒ အပါအဝင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေး အတိုက်အခံများကို အမေရိကန်သမတ ဂျော့ဘုရှ်နှင့် သမတကတော် လော်ရာဘုရှ်တို့က ယမန်နေ့က တွေ့ဆုံခဲ့ကြပါသည်။

နယူးရောက်မြို့ Governors Island ရှိ လူစုလူဝေးရှေ့၌ သမတနှင့် သမတကတော်တို့က ပြောကြားရာတွင် မိမိတို့ အနေဖြင့် ကမ္ဘာတဝှမ်းရှိ လွတ်လပ်မှုကို လိုလား တောင့်တနေသော ပြည်သူများအတွက်၊ အထူးသဖြင့် ယမန်နှစ်က ဖြစ်ပွါးခဲ့သော သံဃာတော်များ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများအပြီး မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခများ အတွက် မိမိတို့၏ သံန္နိဌာန်နှင့် ပိုင်းဖြတ်ချက်မှာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကို ပန်ကြား ပြောကြားရာတွင်မူ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် စစ်အာဏာပိုင်များ ပါဝင်သည့် အဓိပ္ပါယ်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် ဆိုသည့် အမေရိကန် ပြည်ထောင်စုက ကာလရှည်ကြာ စွဲကိုင်ထားသည့် တောင်းဆိုချက်ကိုသာ ထပ်လောင်း ပြောကြားသွားခဲ့သည်။

"တရုတ်၊ အိန္ဒိယနဲ့ အခြား အိမ်နီးချင်းနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကျမ တိုက်တွန်းလိုပါတယ်။ ကမ္ဘာကြီးတခုလုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်စေချင်နေတာတွေကို မလုပ်နိုင်ဘူးလားလို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီး သန်းရွှေကို ဆက်လက် ကြိုးစားပြီး ပြောပေးကြပါ။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားရာမှာ အစဘဲ ဖြစ်ပါလိမ့်မယ်" ဟု သမတကတော်က ပြောကြားသွားခဲ့ပါသည်။

ယမန်နှစ်က ဖြစ်ပွါးခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတော် တပါးဖြစ်သည့် ဦးကောဝိဒကမူ မြန်မာ နိုင်ငံကဆင်နွှဲလျက်ရှိသော ပဍိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး တိုက်ပွဲအတွက် နိုင်ငံတကာ၏ အကူအညီများကို ပိုမို ပေးအပ်ပါရန် တောင်းဆိုသွားခဲ့ပါသည်။ "ကမ္ဘာတဝှမ်းက ပြည်သူများခင်ဗျား ကျနော်တို့ လူ့အခွင့်အရေး လိုချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့ အားလုံးဟာ လူသားတွေဖြစ်လို့ပါ" ဟု တက်ရောက်လာသူများကို သူက ပြောကြားသွားပါသည်။

ဤတွေ့ဆုံပွဲသည် သမတဘုရှ် အနေဖြင့် သူ၏ လွတ်မြောက်ရေး အစီအစဉ်အတွက် ပရိသတ်ရှေ့တွင် ပန်ကြားပြောဆိုသည့် နောက်ဆုံး အခွင့်အလမ်းတရပ် ဖြစ်ပါသည်။ ဤလွတ်မြောက်ရေး အစီအစဉ်အရ အိမ်ဖြူတော်သည် "တိုက်ပွဲဝင် နိုင်ငံများ၌ မျှော်လင့်ချက် မဲ့သွားခြင်းကို ကာကွယ် တိုက်ဖျက်သွားရန် လိုအပ်သည်"။

"ဒီအစိုးရ၊ ကျနော့်အစိုးရက တလောကလုံး လွတ်လပ်မှုရှိရေး ဆိုတဲ့အယူအဆကို ယုံကြည်ပါတယ်၊ ဘုရားသခင်ရှိ တယ်ဆိုတာကိုလဲ ကျနော်တို့ ယုံကြည်ပါတယ်၊ ဘုရားသခင်က ယောက်ျားတိုင်း၊ မိန်းမတိုင်း၊ ကလေးငယ်တိုင်းကို ပေးထားတဲ့ လက်ဆောင်က လွတ်လပ်မှုပါ" ဟု လွတ်လပ်ရေး ရုပ်တုကြီးရှေ့တွင် သမတဘုရှ်က ပြောကြားသွားခဲ့ပါသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား အများအပြား လွှတ်ပေးလိုက်ခြင်းကို အမေရိကန်နှင့် ကုလသမဂ္ဂတို့က အင်္ဂါနေ့က ကြိုဆိုလိုက်ကြပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောကြားရာ၌ နှစ်ရှည်လများ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် "အလွန်အပြု သဘောဆောင်သည်" ဟု ပြောကြားသွားခဲ့ပြီး ထိုပြောကြားချက်ကို ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဂျေ ကွင်တားနားကလည်း သဘောတူ ထောက်ခံခဲ့ပါသည်။

သို့သော် ဝုဒ်က ဆက်လက် ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီ လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းရန် မြန်မာစစ်အစိုးရကို ဆက်လက် တောင်းဆိုသွားမည်" ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

နိုင်ငံအများအပြားမှ အတိုက်အခံများနှင့် သမတဘုရှ်၏ အိမ်ဖြူတော်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် မရခဲ့သည်မှာ ၈ နှစ်ရှိပြီဖြစ်ပြီး ယမန်နေ့က Governor Island တွင် ယမန်နေ့က တွေ့ဆုံရာတွင် ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံ တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ အကျင့်ပျက် လာဘ်စားမှု ပိုလာ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 20:09 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အပြည်ပြည်ဆိုင်ရာ ထင်သာမြင်သာရှိမှုအဖွဲ့ (Transparency International - TI) ၏ နောက်ဆုံး ထုတ်ပြန်လိုက်သော စစ်တမ်းအရ မြန်မာ့ လူ့အဖွဲ့အစည်းသည် အကျင့်ပျက် လာဘ်စားမှု ပိုမိုလာခဲ့သည်ဟု ဆိုပါသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လေ့လာ စူးစမ်းမှုများ ပြုလုပ်ခဲ့သော နိုင်ငံပေါင်း ၁၈ဝ အနက် မြန်မာနိုင်ငံသည် လာဘ်စားမှု သဘောထား အမြင်အညွှန်း (Corruption Perceptions Index – CPI) ၌ အောက်ဆုံးအဆင့် ဆိုမာလီယာနိုင်ငံ ပြီးလျှင် ဒုတိယအဆိုးဆုံး နိုင်ငံအဖြစ် အီရတ်နိုင်ငံနှင့် အမှတ်တူ ရှိနေသည်ဟု ဆိုပါသည်။

သို့သော် ဤလေ့လာတွေ့ရှိချက်သည် မြန်မာနိုင်ငံအတွက် တခုလုံး ခြုံသည့်အဆင့်တခု မဟုတ်ဘဲ ပျှမ်းမျှအဆင့်မျှသာ ရှိနေပါသည်။ TI က အသုံးပြုသော အဆင့်သတ်မှတ်ချက် ဇယားတွင် အဆင့်သုညမှ တဆယ်အထိရှိပြီး၊ အဆင့်သုညသည် လာဘ်စားမှု အဆိုးဝါးဆုံး အခြေအနေကို ပြသည်။

ဤသတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ အဆင့်သည် ၂ဝဝ၆ ခုနှစ်တွင် အဆင့် ၁.၉ ရှိရာမှ နောက်ဆုံး လေ့လာချက်တွင် အဆင့် ၁.၃ သို့ ကျဆင်းသွားခဲ့သည်။ ဤအဆင့်သည် TI က စောင့်ကြည့် လေ့လာခဲ့သော မြန်မာနိုင်ငံအပေါ် လေ့လာမှုများ၌ အနိမ့်ဆုံးအဆင့် ဖြစ်သည်။

ရယ်စရာကောင်းသည်မှာ ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် အမှတ်တူ နောက်ဆုံးအဆင့်တွင် ရှိခဲ့သည့် ဆိုမာလီယာထက် ယခုနှစ်တွင် အဆင့်တဆင့် တက်လာခဲ့ခြင်း ဖြစ်သည်။

TI ၏ အပြောအရ ဤအညွှန်းကိန်းသည် "ပြည်သူပိုင် ကဏ္ဍ၌ရှိသော အကျင့်ပျက် ခြစားမှုများကို ဗဟိုပြု လေ့လာခြင်း ဖြစ်ပြီး၊ အကျင့်ပျက် ခြစားမှုကို အဓိပ္ပါယ် သတ်မှတ်ရာတွင် "ကိုယ်ကျိုးစီးပွါးအတွက် ရာထူး အရှိန်အဝါကို အလွဲသုံးစား ပြုခြင်းဖြစ်သည်"။ တိုင်းပြည်၏ ရမှတ်ကို တွက်ချက်ရာတွင် ကျွမ်းကျင်သူ အများအပြားနှင့် စီးပွါးရေး စစ်တမ်းများကို အခြေခံ တွက်ချက်ခြင်း ဖြစ်သည်။

ယမန်နှစ်က တွေ့ရှိချက်များ အတိုင်းပင် ယခု တွေ့ရှိမှုများ အရလည်း CPI သည် "ဆင်းရဲမွဲတေမှု၊ အဖွဲ့အစည်းစနစ်များ ကျဆုံးခြင်းတို့နှင့် ဤလာဘ်စားမှု ဆိုးဆိုးဝါးဝါး ဆက်နွယ်နေသည်ကို မီးမောင်းထိုးပြလျက် ရှိသည်" ဟု အပြည်ပြည်ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးက ပြောကြားထားပါသည်။

"ဝင်ငွေနည်း နိုင်ငံများတွင် ဖြစ်စေ၊ ဝင်ငွေများ နိုင်ငံများတွင် ဖြစ်စေ၊ အကျင့်ပျက် လာဘ်စားမှုကို ဖြေရှင်း ကိုင်တွယ်နိုင်ရန် အလုပ်ဖြစ် လည်ပတ်နေသော လူ့အဖွဲ့အစည်းဆိုင်ရာနှင့် အစိုးရဆိုင်ရာ အဖွဲ့အစည်းကြီးများ လိုအပ်သည်။ ပိုမိုဆင်းရဲ မွဲတေသော နိုင်ငံများအတွက်မူ အကျင့်ပျက် လာဘ်စားသော တရားစီရင်ရေးစနစ် လွှမ်းမိုးနေခြင်းကို မကြာခဏ တွေ့ရပြီး ထိရောက်မှုမရှိသည့် ပါလီမန်စနစ်ကိုလည်း မျက်စိလျှမ်းနေကြသည်" ဟု TI ၏ ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက် လာဘ်စားမှု လေ့လာစူးစမ်းမှုတွင် ဆက်လက် ဖေါ်ပြထားပါသည်။

အခြေခံကျသော် ပြဿနာများ၏ ဗဟိုချက်မ၌ ရှိနေသော ပြည်သူပိုင် ကဏ္ဍ၌ စနစ်ကြီးတခုလုံး အနေဖြင့် အကျင့်ပျက် လာဘ်စားမှုများ ဖြစ်ပေါ်နေခြင်းကို ကိုင်တွယ်ရန်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ရည်ရွယ်ထားသည့် ဤအစီရင်ခံစာ ပြုစုတင်ပြသူများ၏ သတင်းစကားတွင် "အလှူရှင်နိုင်ငံများ အနေနှင့် မိမိတို့ ပေးအပ်လိုက်သော ဖွံ့ဖြိုးရေး အကူအညီများကို အကူအညီ လက်ခံသော နိုင်ငံများရှိ အစိုးရ အဖွဲ့အစည်းများခိုင်မာအောင် လုပ်ရေးနှင့် ဤ အချက်ကို မျက်စိလျှမ်းမသွားစေရေးကို သေချာအောင် ဂရုပြုရန်လိုကြောင်း၊ သို့မှသာ ဤဖွံ့ဖြိုးမှု အကူအညီများ စီးဆင်းရာတွင် အလွဲသုံးစားမှုနှင့် အဂတိ လိုက်စားမှုများမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း" ပြောဆိုထားကြပါသည်။

မည်သို့ပင်ဆိုစေ ဤ TI ၏ အဂတိလိုက်စားမှုကို ကုစားရန် နည်းလမ်းများမှာ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အကြပ်အတည်း၊ နိုင်ငံတကာ မျက်နှာစာတွင် ရှိနေသော အဆင့်အတန်း နှင့် နိုင်ငံအပေါ် ချမှတ်ထားသော ရှည်လျားလှသည့် ပိတ်ဆို့မှု စာရင်းရှည်ကြီးများကြောင့် လက်တွေ့တွင် ထိထိရောက်ရောက် အလုပ်ဖြစ်မဖြစ် ဆိုသည်မှာ မသေချာပါ။

ဒေသအလိုက် အခြေခံဖြင့်ကြည့်လျှင် တခုလုံးအနေဖြင့် အာရှပစိဖိတ် ဒေသသည် အခြေအနေ ဆိုးလှပြီး၊ ဒေသတွင်း ၃၂ နိုင်ငံအနက် ၂၂ နိုင်ငံတွင် သူသတ်မှတ်ထားသည့် အကျင့်ပျက် လာဘ်စားမ ရှိနေခြင်းကြောင့် ဤဒေသသည် "ပြည်သူပိုင်ကဏ္ဍတွင် ဆိုးဝါးသည့် အကျင့်ပျက် လာဘ်စားမှု ပြဿနာ" ရှိနေသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ပျှမ်းမျှအမှတ် ၁.၃ ကြောင့် ဤဆင်းရဲမွဲတေသည့် အရှေ့တောင်အာရှနိုင်ငံသည် အကြပ်အတည်းများ ပြည့်နှက်နေသည့် နိုင်ငံများဖြစ်သော ဆူဒန်၊ အာဖဂန်နစ္စတန် နှင့် ဟေတီနိုင်ငံ တို့နောက်တွင် ကပ်လျက် ရှိနေသည်။

၂ဝဝ၈ ခုနှစ်အတွက် အကျင့်ပျက် လာဘ်စားမှု အနည်းဆုံး နိုင်ငံများအဖြစ် စံတင် ဖေါ်ပြခံရသည့် နိုင်ငံများမှာ ဒိန်းမတ်၊ ဆွီဒင် နှင့် နယူးဇီလန်နိုင်ငံတို့ ဖြစ်ပြီး ထိုနိုင်ငံများသည် အမှတ် ၉.၃ ရရှိသည်။

TI သည် ယင်း၏ နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာကို ၁၉၉၅ ခုနှစ်မှ စတင်၍ ထုတ်ပြန်ခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်သွားပြန်
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 18:31 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာမြို့နယ် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီးမှ ယနေ့နံနက်တွင် ပြန်လည် ဖမ်းဆီးလိုက်သည်။

မည်သည့်အတွက်ကြောင့် ပြန်လည် ဖမ်းဆီးသွားသည်ကို စုံစမ်းဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန် လွတ်မြောက်လာပြီဆို၍ သူမိသားစုဝင်များပင် သွားရောက် ခေါ်ယူရန် ရန်ကုန်မှ ခရီးထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ထောင်မှ လွတ်လာပြီးနောက် ဦးဝင်းထိန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကသာမြို့နယ်ရှိ တည်းခိုခန်းတခုတွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက် ခေါ်ယူသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

"ကျနော်တို့ အခုနောက်ဆုံး ကြားနေရတာကတော့ ဒီနေ့ပြန်ပြီးတော့ ကသာထောင်ကို ဗိုလ်ကြီးဝင်းထိန် ရောက်နေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဆိုကာ အကျဉ်းသား ၉၀၀၂ ယောက်ကို စစ်အစိုးရက လွတ်ပေးခဲ့ရာ ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။ အခြားသူများမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းနိုင်တို့ ဖြစ်သည်။

ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိဖြစ် ထမ်းဆောင်ခဲ့သည်။

သူသည် ၁၉၉၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အဖမ်းခံရပြီး နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဆိုကာ အစိုးရက စွပ်စွဲ ထောင်ချခဲ့သည်။

၁၉၈၉ ခုနှစ်ကလည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် ထောက်လှမ်းရေးများ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သူ ဗိုလ်ကြီးဝင်းထိန်သည် ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင် ငါးနှစ်ကြာ စစ်မှုထမ်းခဲ့ပြီးနောက် တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတခုတွင် ပါဝင် ပတ်သက်နေမှုကြောင့် တပ်မှ ထွက်ခဲ့ရသည်။

တပ်တွင်း အမှုထမ်းစဉ်ကလည်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ သေဒဏ်ပေးခံရသည့် ဗိုလ်ကြီး အုန်းကျော်မြင့်က နိုင်ငံတော် ပုန်ကန် အာဏာသိမ်းရန် ကြံစည်ခြင်းကို အထက်အာဏာပိုင်များသို့ သတင်းပို့ရန် ပျက်ကွက်သည်ဆိုကာ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ထောင် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်။

တရုတ်လုပ် နို့မှုန့်များ ဈေးကွက်တွင်း ရှောင်တခင်စစ်ဆေး သိမ်းဆည်းနေ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 15:48 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ တရုတ်နိုင်ငံထုတ် နို့မှုန့်သောက်သုံးမှုကြောင့် ကလေးများ ကျောက်ကပ်တွင်း ကျောက်တည်ခြင်း ဖြစ်ပွားမှု တိုးပွားလာနေစဉ် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ကျန်းမာရေး ၀န်ကြီးဌာနက လက်ကား ဈေးကွက်များတွင် တရုတ်နိုင်ငံလုပ် နို့နှင် နို့ထွက်ပစ္စည်းများ လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်လျှက် ရှိသည်။

မင်္ဂလာဈေး၊ ညောင်ပင်လေးဈေးများတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ် သိမ်းဆည်းရာတွင် ကျန်းမာရေး ၀န်ထမ်းများနှင့်အတူ မြိုံနယ် ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များပါ ပါဝင်သည်။

ကျန်းမာရေး ၀န်ကြီးဌာနက စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် အရောင်း ရပ်ခိုင်းထားရာ ငွေဆုံးရှုံးမည်ကို ကြောက်ရွံ့သည့် ကုန်သည်များက လိုက်နာမှုမရှိသဖြင့် သိမ်းဆည်းမှု ပြုနေရခြင်း ဖြစ်သည်ဟု စစ်ဆေးသူတဦးက ပြောသည်။

စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း တခုဖြစ်သည့် မယ်လမင်းများ ပေါင်းစပ်ပြုလုပ်သော နို့မှုန့် သောက်သုံးမိ၍ တရုတ်ပြည်တွင်းတွင် ကလေးသုံးဦး သေဆုံးသွားပြီးဖြစ်ကာ ၅၄၀၀၀ ယောက် ဖျားနာလျှက် ရှိသည်။ တရုတ်ပြည်မ၏ အပြင်ဘက် အုပ်ချုပ်ခံ ဒေသများတွင်လည်း အဆိုပါနို့နှင့် နို့ထွက်ပစ္စည်းကြောင့် ကလေးငါးဦး သေဆုံးပြီး ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ နို့မှုန့်များ၏ ဘေးထွက်ပစ္စည်း ပါဝင်မှုကို စမ်းသပ်နေသော်လည်း ကုန်သည်များအနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းနှင့် သိကြားထားခြင်း မရှိသူများသို့ ခိုးဝှက် ရောင်းချနေမှုသည် အများပြည်သူ ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်စေနိုင်သည်ဟု ကျန်းမာရေး ၀န်ထမ်းက မဇ္ဈိမသို့ ပြောသည်။

တရုတ်နှင့် ကုန်စည် ရောင်းဝယ် ဖောက်ကားနေသည့် ဈေးကွက်မှ ကျွမ်းကျင်သူများ အဆိုအရ တရုတ်ပြည်မှ ရရှိသော အချက်အလက်များကို ကိုးကားပြီး မြန်မာနိုင်ငံတွင်း ပို့ဆောင်ခဲ့သည့် ထုတ်ကုန်များကို ခြေရာခံပြန်လိုက်ကာ အမြန်ဆုံး ရှာဖွေ သိမ်းယူသင့်သည်ဟု ပြောသည်။

တရုတ်နိုင်ငံ ယီလီ စက်မှုလုပ်ငန်းအဖွဲ့ ကုမ္ပဏီ၊ ဆန်လူအုပ်စု ကုမ္ပဏီနှင့် မန်နီယူ နို့ထွက်ပစ္စည်းအုပ်စု ကုမ္ပဏီတို့က ပြုလုပ်သော နို့နှင့် နို့ထွက်ပစ္စည်းများသည် မယ်လမင်း ပါဝင်သည်ဆိုခြင်းကို အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဓာတုပစ္စည်း အနည်းငယ် စားသုံးမိခြင်းသည် ဘေးအန္တရာယ် မဖြစ်စေသော်လည်း ပလတ်စတစ်နှင့် ဓာတ်မြေသြဇာတွင် ထဲ့သွင်း အသုံးပြုသည့် မယ်လမင်းသည် ကျောက်ကပ်အတွင်း ကျောက်တည်နိုင်ပြီး ကျောက်ကပ်ပျက်စီးမှု အထိပါ ဖြစ်နိုင်သည်ဟု ကျန်းမာရေး ပညာရှင်များက ပြောသည်။ အဓိကအားဖြင့် နုနယ် ငယ်ရွယ်သော ကလေးများကို ထိခိုက်နိုင်သည်။

စီးပွားရေးကယ်တင်မှုအစီအစဉ် လွှတ်တော် လက်ခံဖို့ သမ္မတ ဘုရှ် မျှော်လင့်
24 September 2008
အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေထဲက အမေရိကန်ဒေါ်လာ သန်းပေါင်း ခုနှစ်သိန်းကို သုံးစွဲပြီး အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးကို ပြန်လည်ဆယ်ယူမယ့် သူ့အစိုးရအဖွဲ့ရဲ့ အစီအစဉ်ဟာ ကွန်ဂရက်လွှတ်တော်မှာ အပြင်းအထန် အငြင်းအခုံတွေ အများကြီးရှိနေမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ အစိုးရရဲ့ အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း နယူးယောက်ခ်မှာ ရောက်နေတဲ့ သမ္မတ ဂျော့ ဘုရှ် (George Bush) က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံသူ ၀ါရန် ဘက်ဖ်ဖက် (Warren Buffet) က သူ့ရဲ့ Berkshire Hathaway ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးက နယူးယောက်ခ်မြို့ Wall Street စတော့ရှယ်ယာဈေးကွက်ထဲက ဧရာမရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Goldman Sachs ရဲ့ အစုရှယ်ယာတန်ဘိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးထောင်ကို ၀ယ်ယူမယ်ဆိုတဲ့ သတင်းကို မနေ့က ကြေညာလိုက်ပြီးတဲ့နောက် အာရှ ပစိဖိတ်ဒေသက ငွေကြေးဈေးကွက်မှာ ဒီကနေ့ အရောင်းအ၀ယ်တွေ တော်တော်ကြီး သွက်သွက်လက်လက်ဖြစ်သွားပါတယ်။

သြစတြေးလျ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် နိုင်ငံတွေက ဗဟိုဘဏ်တွေနဲ့ ညှိနှိုင်းပြီး အမေရိကန်ဗဟိုဘဏ်က ကမ္ဘာ့ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးသောင်း ထည့်သွင်းမယ်လို့လည်း ဒီကနေ့ ကြေညာသွားပါတယ်။

အမေရိကန် စီးပွားရေးကို ပြန်ပြီးဆယ်တင်ဖို့ သမ္မတဘုရှ် အစိုးရက အစိုးရဘဏ္ဍာသန်းပေါင်း ခုနှစ်သိန်း သုံးစွဲမယ့်အစီအစဉ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်က အပြင်းအထန် ဆန့်ကျင်နေပါတယ်။ ဂျပန်ငွေကြေးဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာ ဟာ ဒီကနေ့ တစ်ရာ့ခြောက် ဒဿမ တစ်သုံး သန်းပေါက်ခဲ့ပြီး အမေရိကန်ဒေါ်လာဟာ မနေ့ကထိ သုည ဒဿမ ငါးခုနှစ် ယန်းဈေးတက်လာခဲ့ပါတယ်။

"အင်န်အယ်လ်ဒီရဲ့ ရပ်တည်ချက် ကောင်းတယ်၊ မှန်တယ်”

၁၉ နှစ်ကျော် အကျဉ်းကျခဲ့သူ ဦးဝင်းတင် နှင့် ဆက်သွယ်မေးမြန်းခြင်း
ဘီဘီစီ (မြန်မာဌာန)
စက်တင်ဘာ ၂၄၊ ၂၀၀၈

ဦးဝင်းတင် - ကျနော်အခုလွတ်လာတယ် နော်၊ အခုလွတ်တယ်ဆိုတာ ၄ နာရီလောက်က လွတ်တယ်ပေါ့ဗျာ။ အိမ်ကိုရောက်လာတယ်။ ထောင်ကို ဆန္ဒပြပြီးတော့ မကျေနပ်ကြောင်းကို ပြောပြီးတော့ ကျနော် လွတ်လာခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွတ်လာတာလဲဆိုတော့ သူတို့က ကျနော့်ကို လွှတ်တာဟာ ဒီနေ့လွှတ်တဲ့ဟာက ၄၀၁ နဲ့ လွှတ်တယ်ဆိုပြီးတော့ လာပြောတယ်။ ၄၀၁ ဆိုတာက လက်မှတ်ထိုးရတယ်ဗျာ ဟုတ်လား။ လက်မှတ် ထိုးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတို့ အစိုးရဆန့်ကျင်ရေးတို့ ဘာတို့ မလုပ်ပါဘူး၊ လုပ်ရင် ထောင်ကျခံပါ့မယ် ဆိုတဲ့ဟာကို ပြောတယ်။ ကျနော် ဒါကို လက်မခံဘူးလို့ ပြောတယ်။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်အ၀တ်အစားပဲ ကျနော်ဝတ်မယ်၊ ဘာမှ မ၀တ်နိုင်ဘူး။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့ပုံသဏ္ဌာန်နဲ့ ထွက်လာခြင်းကို သူတို့ လက်ခံပါတယ်။ သို့သော် သူတို့ အိမ်တော့ပြန်ပို့ပါရစေ၊ ထောင်ကတော့ ထွက်ပါ ... ... ။


ဘီဘီစီ- အခုနောက်ဆုံး သူတို့ဘယ်ပုံစံနဲ့ ပြန်လွှတ်လိုက်လဲခင်ဗျ။
ဦးဝင်းတင် - လက်မှတ်လည်းမထိုးဘူး။ ကျနော့် ဘက်က လက်လည်းမခံဘူး။ ခင်ဗျားတို့ ပြောတာလည်း ကျနော်ကြားတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကို အစည်းဝေးခန်းထဲကို ခေါ်လာပြီးတော့ သူက ဖတ်ပြသေးတယ်၊ အဲဒီ ၄၀၁ ကို။ ကျနော်ပြောတယ် လက်မခံဘူး ... ...။


အိမ်တိုင်ယာရောက်လာပို့တာပေါ့ အခု။
အိမ်တိုင်ယာရောက်လာပို့တယ်။ ကျနော် ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့ ထောင်အ၀တ်အစားနဲ့ ကျနော် ထွက်လာတယ်။ ကျနော် အခုဝတ်ထားတာ ခင်ဗျားနဲ့ စကားပြောနေတဲ့အချိန် ၀တ်ထားတာ ထောင်အ၀တ်အစားပဲ ၀တ်တယ်။


လောလောဆယ် ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လို ရှိပါသလဲခင်ဗျ။
ကျန်းမာရေးအခြေအနေက ကောင်းတယ်ခင်ဗျ။


ဦးဝင်းတင်အနေနဲ့ ဘာတွေ ဆက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ် ဆိုတာကိုရော ဆုံးဖြတ်ချက် ချထားပြီးပြီလားခင်ဗျ။
ကျနော်က လုပ်မယ်ဆိုတာတော့ ဆုံးဖြတ်ချက်ချတယ်။ ဘယ်ပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ ကျနော် မသိဘူးခင်ဗျ၊ မသိဘူးဆိုတာက ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ဘယ်လိုပုံစံနဲ့ ရှိနေမှန်း၊ ဘယ်လို ရှိနေမှန်း ကျနော်မသိဘူး၊ ကျနော်နဲ့ အင်န်အယ်လ်ဒီနဲ့လည်း ဘာအဆက်အသွယ်မှ ဒီအတောအတွင်းမှာ နှစ်ပေါင်းများစွာ အတွင်းမှာ မရှိခဲ့ဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ အင်န်အယ်လ်ဒီ လုပ်နေတာဟာ ဒီနောက်ပိုင်းမှာ အထူးသဖြင့် အခုအပိုင်းမှာ ရပ်တည်ချက်ဟာ ကောင်းတယ်၊ မှန်တယ်၊ ဟုတ်လား။ နောက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျနော် အင်န်အယ်လ်ဒီနဲ့တွဲလုပ်ဖို့ အင်န်အယ်လ်ဒီကနေ တာဝန်ပေးရင် အင်န်အယ်လ်ဒီက ခိုင်းရင်လည်း ကျနော်လုပ်ဖို့ အဆင်သင့်ပဲ ကျနော် ရှိတယ်လို့ ကျနော်က ဒီလိုပဲ ယူဆတယ်။


အခု အပြင်ကနိုင်ငံရေးအခြေအနေတွေ အားလုံးကိုရော ထောင်တွင်းမှာ ကြားရ သိရတာ ရှိပါသလားခင်ဗျ။
မရှိဘူးခင်ဗျ။ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ က တယောက်တည်းပဲ ထားတာပဲခင်ဗျ။ ကျနော် နိုင်ငံရေးသမားတွေနဲ့ မနေရဘူး၊ ကျနော် တယောက်တည်းပဲ ပိတ်ထားတာ။ အဲတော့ ကျနော်ဘာမှ နိုင်ငံရေးဆွေးနွေးခြင်းတို့ ပြောဆိုခြင်းတို့ မရှိဘူး ခင်ဗျ။ ကျနော် ထောင်နဲ့ ပတ်သက်ပြီးတော့ ဟိုး ညွှန်ချုပ်တွေ သို့မဟုတ်ရင်လည်း သူ့ထက်ကြီးတဲ့ ဒီ အစိုးရနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပုဂ္ဂိုလ်မျိုးကစပြီးတော့ ကျနော်တို့ဒီမှာ ထောင်ဝါဒါ အထိ ဘာမှ အာဃာတ သော်လည်းကောင်း၊ စိတ်ထဲမှာ မကျေလည်တာတို့ မကြည်လင်တာတို့ မကျေနပ်တာတို့ မကောင်းတာတို့ မြင်တာတို့ မရှိဘူး။ ဘာမှမရှိဘူး။ ကျနော်တို့မကြိုက်တာကတော့ စစ်အာဏာ ယန္တယားကြီး၊ စစ်အာဏာယန္တယားကြီး။ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာယန္တယားကြီး။ ဒီမိုကရေစီ အတုအယောင်တွေ ပေးပြီးတော့ လူတွေကို လှည့်နေတာတွေ။ တိုင်းပြည်မှာ အမျိုးစုံ ငွေတွေ၊ ကော်ရက်ရှင် (corruption)တွေနဲ့ အမျိုးစုံဝင်ပြီးတော့ ပျက်စီးနေတာတွေ။ တိုင်းပြည်မှာ လူတွေ ဥပမာဆိုပါတော့ ခုနပြောတဲ့ ထမင်း မ၀တာတို့ ဟင်းမ၀တာတို့ စာမသင်ရတာတို့ လူတွေ ဘ၀တွေပျက်နေရတာ ဒါတွေအကုန်လုံးဟာ စစ်အာဏာယန္တယားကြီး ရှိနေလို့။ ကျနော် စစ်အာဏာရှင်တို့ ဘာတို့ မပြောပါဘူး၊ စစ်အာဏာယန္တယားကို ဖျက်သိမ်းပါ၊ ဖျက်သိမ်းပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ပြည့်စုံနိုင်သမျှ ပြည့်စုံတဲ့ ဒီမိုကရေစီ၊ စစ်မှန်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒါကို ပေးအောင်လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်ဗျာ။ ဆက်လုပ်စရာလေး ကျနော်လုပ်ပါ့မယ်၊ လုပ်တဲ့နေရာမှာ ကျနော့်ကို ၀ိုင်းပြီးတော့ ကူကြပါ။ ကျနော့်ကို ဆုံးမကြပါ။ ကျနော့်ကို ဝေဖန်ကြပါ။ ကျနော့်ကို အကြံပေးကြပါ။ လက်တွဲနိုင်တဲ့သူတွေ တွဲကြပါလို့ ကျနော်ပြောချင်ပါတယ်။ ဒါပါပဲဗျာ။

သံမဏိလူသားနှင့် စကားစမြည် (ဦးဝင်းတင်နှင့် အင်တာဗျူး)
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 19:44 - မြန်မာစံတော်ချိန်
ထောင်အဝတ်အစား ဝတ်လျှက်နှင့် ထွက်လာခဲ့ပြီး မကြာမကြာ ဝတ်ဆင်လိုသူ။ စစ်အစိုးရက တောင်းဆိုခဲ့သော တုပ်နှောင် ကတိခံဝန်ချက်ကို လက်မှတ် မထိုးလိုသူ၊ သက်ရွယ်ကြီး နာမကျန်း ဖြစ်သောကြောင့် ထောင်က ထွက်လာရသည် ဆိုခြင်းကို မလိုလားဘဲ လွတ်သင့်လို့ လွတ်လာရခြင်း အဖြစ်သာ လိုလားခဲ့သည့်သူ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက အငြိုးထား ၁၉ နှစ်ကျော် ထောင်တွင်းအကျဉ်းချထားခံသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ သတင်းစာနယ်ဇင်းအပေါ် အမြင်တစိတ်တဒေသ၊ ပုဂ္ဂလိက ခံစားချက်တချို့နှင့် နိုင်ငံရေးအမြင်တို့ကို မဇ္ဈိမသတင်းထောက် ဖနိဒါက တယ်လီဖုန်းမှတဆင့် မေးမြန်းထားသည်။

ဘဘ နေကောင်းရဲ့လား။

ကျန်းကျန်းမာမာ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတယ်လို့ ထင်နေတုန်းဘဲ၊ အသက်ကြီးတော့ဆိုတော့ နည်းနည်းကတော့ ယိုင်လာပြီပေါ့၊ ခွဲထားတာကတော့ တခါတခါ နာကျင်တာတော့ ရှိတယ်။ ထောင်ထဲက ဆရာဝန်က မျက်လုံး ခွဲရမယ် ပြောတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတုနုးက အို နာ ကျိုး ကန်း စီမံချက်တဲ့။ အသက်ကြီးခြင်း အကြောင်းပြပြီးတော့ လွှတ်မယ်လို့ ပြောလို့ မခွဲဘူး ပြောလိုက်တယ်၊ ငြင်းလိုက်တယ်၊ ခုတော့ အပြင်ရောက်လာတော့ ခွဲစိတ်ရမယ်။

ခုလို လွတ်ပေးတာကိုရော ဘဘ ဘယ်လိုမြင်လဲ။

ခုလွတ်လာတာကို ဘယ်လိုမြင်လဲ ဆိုတဲ့အခါကြတော့ ဘဘက လွတ်ကို လွတ်ရမဲ့ဟာ။ ရှင်းရှင်းပြောရရင် သူတို့ကို ကျနော်တို့က ပြန်တရားစွဲလို့တောင် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘက နှစ် ၂ဝ ကျတာကိုး၊ ထောင်မှာ ဥပဒေစည်းကမ်း အတိုင်းဆိုရင် လွန်ခဲ့တဲ့ လေး ငါးနှစ်ကနေ ၁၆ နှစ်မှ လွတ်ရမှာ အခု ပြန်ထည့်ထားတဲ့အတွက် မနေ့က လက်မခံဘူး၊ သူတို့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ထောင်အဝတ်အစားနဲ့ ထွက်လာတယ်။

ဘဘကိုလွတ်တာ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်ပေးရမဲ့ အချိန်မှာ မလွတ်ပေးဘဲထားတဲ့ လူတယောက်ကို သူတို့အခု ဝါဒဖြန့်တဲ့ စီမံချက် (၄ဝ၁) လွတ်တာ ဘဘက အဲအတိုင်း မထွက်နိုင်ဘူး။ အဲဒါကို ဘဘက လက်မခံနိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ တနှစ်ကို လျော့ရက် ၃ လ လောက်ရတယ်။ ထောင်ထဲမှာ ရှိတယ်၊ ၂ဝ နှစ်ဆိုရင် ၁၆ နှစ်ကျော်ကျော် ဆိုရင် လွတ်ပြီ။ ခု ဘဘနေခဲ့တာ ၁၉နှစ် နဲ့ ၃လ နေခဲ့ရတယ်၊ အဲဒါ လွတ်ချိန်တန်လို့ လွတ်ပေးတာ ဟုတ်တယ်၊ ရိုးရိုးတန်းတန်း မလွတ်ဘဲနဲ့ သူတို့ စီမံချက်ထဲမှ ထည့်တယ်၊ ဘဘ လက်မခံလို့ မနေ့က တော်တော်လည်း ငြင်းခုံခဲ့တာပဲ။

ဘဘက လျော့စရာ မလိုတော့ဘူး၊ သူတို့ထဲမှာ ပိုတောင် နေနေတာ မထွက်ဘူးပေါ့၊ နိုင်ငံရေး အကျဉ်းသား တဦးအနေနဲ့ပဲ ထွက်မယ်၊ ဘဘတို့ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊ လွတ်တော်ခေါ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဒီတောင်းဆိုချက်ပဲ၊ တစ်က နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးမှာ အကျုံးဝင်တယ်၊ ပြစ်ဒဏ် လျော့ပေါ့ဆိုရင် မထွက်ဘူး လုပ်တာ၊ ကျုပ် ဘာပစ္စည်းမှ မယူဘူး၊ အဲဒီအတိုင်း မလွတ်ပေးဘူးဆိုရင် ခင်ဗျားတို့ ထောင်ကနေ မထွက်ဘူးဆိုတာ ပြမယ်။ အင်္ကျီအပြာဝတ်ကို မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ရေမချိုး၊ ထမင်းမစားရဘူး၊ ဒီမနက်တော့ လျော်ထားတယ်။ မကြာမကြာ ဝတ်ရမယ်။

သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့ ဘဘ အခုအချိန်မှာ ဘယ်လိုမြင်လဲ။

စာနယ်ဇင်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းတွေရဲ့ အလုပ်ဆိုတာ သတင်းစာ၊ ဂျာနယ်ဆိုတာက ငယ်ရွယ်တဲ့အချိန် လုပ်ရတာ၊ အချိန်တွေ အများကြီးပေးပြီး လုပ်ရတယ်၊ အာရုံအများကြီး စိုက်ရတယ်။ ဆိုလိုတာက ဘဘက ၁၉ နှစ် ကတည်းကနေ လုပ်ခဲ့တာ၊ ဘဘတို့တုန်းက တရက်ကို ၁၅ နာရီ အထက်မှာ အလုပ်လုပ်တယ်။ တခါတလေဆို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရတယ်၊ အခု ပြန်စဉ်းစားတော့ သမီးမေးတဲ့ မေးခွန်းနဲ့ ဘဘ professional နဲ့ ဘဘငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့အတွက် သတင်းစာပဲ အားသန်တုန်းပဲ၊ အသက်ကကြီးလာတော့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ကြုံရင်တော့ ဆောင်းပါးလေး ဘာလေး ရေးတာလေးတော့ ရှိမှာပါ။ ဘဘတို့ ခေတ်ကုန်ပြီလို့ ထင်တယ်။ သမီးတို့ ဆက်လုပ်ကြတာကို အားပေးပါတယ်။

ထောင်ထဲမှာ နေတုန်း၊ အပြင်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားရလဲ။

ဘဘကို ၁၉ နှစ် ၃ လလုံး တယောက်တည်း ပိတ်ထားတာ၊ တချိန်လုံး Solitary confinement (တိုက်ပိတ်ထားခြင်း) ထဲမှာ ထည့်ထားတော့ တခါတလေ အကျဉ်းသားတွေနဲ့ ခိုးတွေ့၊ တခါတလေ အကျဉ်းသားတွေက ဘဘကို အခန်းရှေ့ လာပြီးတော့ လာခိုးတွေ့ စကားလေး ဘာလည်းပြော၊ အဲသလောက်ပဲ ရှိတာ၊ တမိနစ် နှစ်မိနစ်ပေါ့နော်။ ဒါပေမဲ့ ဘဘက သူတို့ကို မကြောက်ဘူး၊ သူတို့လဲ ဂရုမထားဘူး။ ဘဘအိမ်ကနေ လာပြီးတော့ ထောင်ဝင်စာ လာတွေ့ရတဲ့ သူတွေကို ဘဘက သတင်းမေးတယ်။ သဘောထား၊ နိုင်ငံရေးတွေကို မေးတာပဲ။ ထောင်ဝင်စာမှာ ပြောလို့ ရသလောက်ပဲ ဘဘသိခဲ့တယ်၊ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အစိုးရ သတင်းစာတွေ၊ တနှစ်လောက်က စပြီးတော့ ဂျာနယ်တွေ ဖတ်ရတော့ နည်းနည်းတော့ နိုင်ငံရေး အခြေအနေ သိလာတယ်။

ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။

ထောင်ထဲမှာ ရှိနေတုန်း ဘဘရဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပြောပြပါ။

အတွေ့အကြုံကတော့ သိပ်မရှိဘူး၊ ခုနကပြောသလို နှစ်ပေါင်း နှစ် ၂ဝ လောက်ထိ (Solitary confinement) ထဲ့ထားတာ၊ နာဂစ်ဖြစ်တဲ့နောက်မှ တနေ့ကို ၂ နာရီ ၃ နာရီ လောက်ဘဲ ဖွင့်ပေးတယ်၊ ကျန်တဲ့အချိန် ပိတ်ထားတယ်။ တနေ့ နေဝင်တာ နေထွက်တာ လာပေးတဲ့ ထမင်းကို စားလိုက်၊ အိပ်လိုက်ပဲဆိုတော့ ထူးထူးခြားခြား မရှိဘူး၊ တခုတော့ ရှိတယ်။ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်နိုင်တယ်၊ ဒီလောက်ပဲ ရှိတယ်။

အခုလို ဘဘထွက်လာတဲ့အခါမှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရလဲ။

အပြောင်းအလဲတွေကတော့ အတော် ပြောင်းလဲသွားတယ်။ အလွန့်ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ တချို့ဆို ဘဘနားမလည်ဘူး၊ လိုက်ကို မလိုက်နိုင်ဘူး၊ မသိဘူး၊ တခြား မပြောနဲ့ သမီးနဲ့ ပြောနေတဲ့ တယ်လီဖုန်းကို ဘဘတို့က အရင်တုန်းက မမြင်ဖူးဘူး။ ဘဘ ထောင်ထဲဝင်တဲ့အချိန် ဒီ မိုဘိုင်းလ်ဖုန်းတွေ မပေါ်သေးဘူးကိုး။ နိုင်ငံခြားကနေ ဖုန်းဆက်တယ်ဆိုတာ မပြောနဲ့တော့ ရန်ကုန်ထဲမှာတောင်မှ ကန်တော့ပါ လိပ်ခေါင်း ထွက်အောင်ခေါ်ပြီး လုပ်ရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဒီလို Technology (နည်းပညာ) တွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင် တိုက်တာ အဆောက်အအုံတွေ၊ အရမ်းကို အလွန်ကြီးမားတဲ့ ပြောင်းလဲသွားတယ်။ တခါ လူတွေရဲ့ ဆင်းရဲတယ် ခေါ်မလား၊ ချမ်းသားတယ် ခေါ်မလား၊ ဝတ်စားဆင်ယင်တာတွေ၊ အလုပ်လုပ်ရတဲ့ ရုံးကန်ရမှုတွေ အများကြီး ပြောင်းလဲသွားတယ်။

ဒါပေမဲ့ မပြောင်းလဲတာက ဘဘတို့ ဝင်သွားတဲ့ အချိန်မှာလဲဘဲ စစ်အစိုးရဆိုတဲ့ စစ်အာဏာ ယန္တရားကြီးက တိုင်းပြည်ပေါ်မှာ လွမ်းမိုးပြီးတော့ သူတို့ ခြယ်လှယ်တာ၊ ချုပ်ချယ်တာ၊ ချပေးတာကိုပဲ ခိုင်းစေနေတာတွေကိုပဲ လိုက်လုပ်နေရတယ်။ အဲဒီအချိန် ဘဘတို့က မြန်မာပြည်ကြီးဟာ ထောင်ကျပြီးလို့ ခံစားခဲ့တာ၊ နောက်ကျတော့ ကိုယ်ကိုတိုင် ထောင်ကျသွားတာပဲ၊ နှစ် ၂ဝ လောက် ထောင်ကျပြီး ထွက်လာတဲ့ အခါကြတော့ မြန်မာပြည်ကြီးဟာ ဒီအတိုင်းပဲ စစ်အာဏာ ယန္တယားကြီးက ဒီအတိုင်း လွမ်းမိုးနေတုန်းပဲ၊ ဘာမှ မထူးဘူး၊ ၈၈ မတိုင်ခင်၊ ၈၈ ပြီးတော့ ဒီအတိုင်းပဲ ခုထိ မပြောင်းလဲဘူး။ မထူးဘူးလို့ အကျဉ်းချုပ် ပြောလို့ရမယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် နိုင်ငံရေး ဦးတည်ချက် အနေအထားကိုကော ဘယ်လိုသုံးသပ် ဆုံးဖြတ်ထားပါသလဲ။

ဘဘက နိုင်ငံရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး များများ ပြောစရာမရှိဘူး၊ သမီးတို့ သိမှာပဲ သတင်းစာသမားပဲ သတင်းစာလောက်ပဲ လုပ်ခဲ့တာ၊ အန်အယ်လ်ဒီ ပါတီမှာက ၉ လပဲ လုပ်ခဲ့တာပါ၊ ဘဘက နိုင်ငံရေး လုပ်တတ်ခါစပဲ ရှိတာ၊ ခုထောင်ကျတာ ၁၉ နှစ်တောင် ရှိသွားတော့၊ သိပ်နားမလည်တာလဲ ပါမယ်ပေါ့၊ သို့သော် ဘဘက ပြောချင်လဲ ဆိုတော့ ဘဘလုပ်ခဲ့တဲ့အချိန်၊ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းတလောက် လုပ်သွားရမှာပဲ။

အခုလို ထောင်ကနေ ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

သိပ်ခံစားမိတာတော့ မရှိဘူး၊ ဒီလိုပြောရမယ် ထင်တယ်၊ အတိုဆုံးနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ထောင်ထဲမှာ လူတွေ အများကြီး သေခဲ့တယ်။ အန်အယ်ဒီတွေ။ ဦးသောက၊ ဦးခင်မောင်ဝင်းတို့၊ လူငယ်ကျောင်းသား မောင်မောင်လေး၊ အများကြီး သေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲက ဒဏ်နဲ့ အပြင်မှာ ဦးကျော်မင်း၊ ရဲဘော် ဦးတင်ရွှေတို့ သေခဲ့တယ်။ အလားတူပဲ အခြားအဖွဲ့မှ ဦးခင်မောင်မြင့်တို့ ဒီလိုလူတွေ သေခဲ့တယ်၊ လူတွေ အကုန်လုံးက ဘဝတွေ ပျက်ခဲ့ကြတယ်။ ဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံအတွက် အများကြီး လုပ်ခဲ့ကြတယ်။ ခုထိ ဆက်ပြီးခံနေရတယ်။ ဥပမာ မင်းကိုနိုင်၊ ကိုဇာဂနာတို့ အထဲမှာ ရောက်နေတယ်။ ဘဘနဲ့တောင် မတွေ့ခဲ့ရဘူး။ အဲတော့ အဲဒီလို သေခဲ့တဲ့လူတွေ၊ အနစ်နာ ခံခဲ့ရတဲ့ သူတွေ အခုထက်ထိ ဆက်ပြီး တိုက်ပွဲ ဝင်နေတယ်။ ဒီလူတွေ အားလုံးကို ဘဘ ထွက်လာတဲ့ အခါကြတော့ ဒီလူတွေကို ထောင်ထဲမှာ ကျန်ခဲ့တယ်လို့ ဘဘ သဘောမထားဘူး၊ ဘဘနဲ့ တပါတည်း ကိုယ့်ရဲဘော်တွေပဲ မပါလာနိုင်လို့သာ သူတို့လိုဘဲ ဘဘ ခံစားနေရတယ်လို့ အဲလိုပဲ ဘဘခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ချင်တာ မဖြစ်ဘူးလား။

အဲဒါကတော့ သမီးတို့က အစိုးရကို ဒေါ်စုကို အမြန်လွတ်ပေးပါ ပြောမှ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ထောင်မလွတ်သေးဘူးဆိုတော့ မဖြစ်နိုင်သေးဘူး။ တွေ့ဆုံရမှာပေါ၊ တွေ့တဲ့အခါ နှစ်ပိုင်းရှိမယ်။ နိုင်ငံရေးအရ တွေ့ရမယ်။ ပုဂိုလ်ရေးရအရ တွေ့ရမယ်၊ ဒီလောက် အနစ်နာခံတဲ့လူ၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို ဂါရဝ ပြုရမှာပဲ။ ဒီပုံစံ နှစ်ခုနဲ့တော့ တွေ့ရမှာပဲ။

ပြည်တွင်းနဲ့ ပြည်ပတွေမှာရော မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို မြင်ပါသလဲ။ တခြား နိုင်ငံတွေနဲ့ ဘယ်လို ကွာဟမှုရှိလဲ။

နှစ်ပေါင်း လေးဆယ်ကျော် ခုထိပဲ၊ မြန်မာပြည်မှာ ဂျာနယ်မှာ ဆောင်းပါးတွေ အများကြီးပဲ၊ ဒါတွေက စာရွက် အဖြူပေါ်မှာ အနက်တင်ခွင့် ရတာပဲရှိတယ်၊ လွတ်လပ်မှု မရှိသေးဘူး။ စာရေးဆရာတွေကို မေးလိုက်ရင်လည်း မရှိဘူးလို့ ပြောမှာပဲ။

ကွာဟမှုကတော့ ရှိပါတယ်၊ အခုမှ တွေ့ရသလောက် အခြားမပြောနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာတောင် ကိုယ်ပိုင် အင်္ဂလိပ် သတင်းစာတွေ ထုတ်နေတယ်။ မြန်မာပြည်မှာက အစိုးရသတင်းစာ တစောင်ပဲ ထွက်တယ်၊ အာဖရိကန်၊ တောင်အမေရိက၊ ဥရောပတော့ မပြောနဲ့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ရောက်နေတယ်။ လုပ်ကိုင်နေတဲ့ လူတွေကို မစာနာလို့ မလေးစားလို့ ပြောတာ မဟုတ်ဘူး။ သူတို့ရေးထားတာ ရီစရာ ကောင်းနေတယ်။ သူတို့လည်း ပေးတာလုပ်၊ အယ်ဒီတာက ဗမာစာ အရေးအသားတောင် မမှန်ဘူး ဖြစ်နေတယ်။ ဘဘမြင်တာကတော့ ကိုယ်လည်း ဒီထဲရောက်ခဲ့ဖူးတာပဲ၊ သူတို့ခိုင်းတာ လုပ်ခဲ့တာပဲ၊ သူတို့က မျက်နှာဖုံး ထည့်ပါဆိုရင် ဘဘက နောက်မှာ ထည့်တာတို့ လုပ်ခဲ့တယ်။ အဲဒီတော့ အနှပ်ချုပ်လိုက်ရင် တစ် ပုံသဏ္ဍာန်အရ တော်တော်လည်း ချွတ်ချော်ပါတယ်။ နှစ် အကြောင်းအရာကလည်း ရယ်စရာလို ဖြစ်နေပါတယ်။ တတိယအနေနဲ့ ရုံးကန်မှု လျော့ပါး၊ အားနည်းနေပါတယ် ပြောချင်ပါတယ်။

မီဒီယာသမားတွေနဲ့ ဒီမိုကရေစီ ကြိုးပမ်းနေသူတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ပြောစရာတော့ မီဒီယာအတွက် ပြောပိုင်ခွင့် မရှိတော့ဘူး။ ဘဘ အသက်အရွယ်က လူငယ်တွေ လုပ်နိုင်သလောက် ကိုယ်က မလုပ်နိုင်တော့ဘူး။ လူငယ်တွေ မြင်သလိုလည်း မမြင်တာကို ပါတဲ့အခါကြတော့၊ ကောင်းတယ် ဆိုးတယ် မပြောလိုတော့ဘူး။ သို့သော် ပြောချင်တာတခုက မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ မရှိမဖြစ်တဲ့ ရှင်းရှင်းပြောရရင် မြန်မာသမိုင်း တခုလုံးရဲ့ အသက်သွေးကြောတခုပဲ ၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ဆိုတာက တိုင်းပြည်အတွက် အရေးပါတယ်။ ဒါတွေ ရေးပြီဆိုရင် စိတ်"ါတ်ပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ၊ အတတ်ပညာပိုင်း ဆိုင်ရာလည်း တာဝန် အလွန်ကြီးပါတယ်၊ အဲဒါကြောင့် တတ်နိုင်တမျှ ရုန်းကန်ပါ၊ လှုပ်ရှားပါ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဒီမိုကရေစီ လုပ်ရှားနေသူတွေကိုလည်း ဘဘက နိုင်ငံရေးအရ ပါတီမှာ ၉ လ ပဲ နေရတာပါ။ အတွေအကြုံရင့်တဲ့လူတွေ ထက်စာရင် နုပါတယ်။ ပြောချင်တာ တခုက ကျနော်တို့ ဒီအချိန်ဟာ စစ်အာဏာရှင် ယန္တရားကြီးဟာ လမ်းကြိတ်သလို ဆက်ပြီး ကြိတ်နေတုန်းပါ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေ အားလုံး တတ်နိုင်သမျှ ညှိနိုင်လို့ရတဲ့ သူတွေ ညှိနှိုင်းပြီး တူတာတွေ တွဲလုပ်၊ မတူတာတွ ခွဲလုပ်ပြီးတော့ လုပ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီရဖို့အတွက် ဦးတည်ပြီးတော့ လုပ်သွားကြပါလို့ တောင်းပန်လိုက်ပါတယ်။