Thursday, September 25, 2008

ရေဆန်ဆိုတာ စုန်ရတာထက်တော့ ခက်တယ်


ဇွန်မှိုင်း

(၁)

`ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရမယ်။
ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။´

၂၀၀၇ ခုနှစ် မတ်လ (၁၁) ရက်နေ့က ထောင်ဝင်စာမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆရာ
ဦးဝင်းတင်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။
မတ်လ (၁၂) ရက်နေ့မှာ ဆရာ့အသက် (၇၇) နှစ်တင်းတင်းပြည့်သွားပြီ။
အင်းစိန်အကျဉ်းထောင်ထဲမှာ နအဖစစ်အုပ်စုက ပုဒ်မတွေတခုပြီးတခု ထပ်ထပ်တိုးလိုက်ပြီး
ဆရာ့ကို ထောင်ထဲမှာ ထောင်တွေထပ်ထပ်ချလိုက်တာ ဆရာ့ရဲ့ထောင်ထဲနေသားသည်ပင်လျှင်
(၁၈) နှစ်တင်းတင်း ပြည့်လုနီးပါးဖြစ်သွားပြီင်္။

အသက်အရွယ်အရရော၊ ထောင်တွင်းဖိနှိပ်မှုသဏ္ဌာန်မျိုးစုံအရရော … ဆရာ့ကျန်းမာရေးအခြေ
အနေ တော်တော်ဆိုးနေပါပြီ။ စစ်အုပ်စုကတော့ ဆရာ့ကို ထောင်ထဲမှာ အသေသတ်ပစ်ချင်ပုံ ရပါတယ်။ စစ်အုပ်စုဟာ ဆရာ့ကို လူပုဂ္ဂိုလ်အနေနဲ့လည်း သတ်ပစ်ချင်နေပြီး ဆရာ့ရဲ့နိုင်ငံရေး ကိုလည်း သတ်ပစ်ဖို့ကြိုးစားနေတာ အမှန်ပါ။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ …
ဆရာ့ကိုရော၊ ဆရာ့ရဲ့နိုင်ငံရေးကိုပါ ကန့်သတ်ပိတ်ဆို့တားဆီးဖို့ တောက်လျှောက် အရူးအမူး အားထုတ်ခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပဲ … ဆရာဟာ လိုအပ်ချက်နဲ့ကိုက်
ညီတဲ့၊ အံဝင်ကွက်တိဖြစ်တဲ့ အလုပ်ကြွေးကြော်သံနှင့် အလုပ်လမ်းညွှန်တွေကို သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကြားမှာ အမြဲထုတ်ပြန်လမ်းညွှန်ထောက်ပြနိုင်ခဲ့တယ်လို့ ကျနော်ဆိုချင်ပါတယ်။

(၂)

၁၉၉၀ မေလ (၂၇) ရက်နေ့မှာ ကျနော်တို့ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်လိုက်တယ်။
ရွေးကောက်ပွဲပြီးလို့ (၂) လတိတိ ကြာတဲ့အခါမှာ … ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ ဂန္ဒီဟောမှာ စုစည်းလိုက်ကြတယ်။ စစ်အုပ်စု မျက်လုံးမျက်ဆံပြူးသွားစေတဲ့ အကွက်ပါ။
ဂန္ဒီဟောထဲမှာက … မြန်မာနိုင်ငံတနံတလျား မဲဆန္ဒနယ်ပေါင်းစုံက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေ။ ဂန္ဒီဟောရဲ့ ဘေးဝဲယာမှာက … အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး ယုံကြည်စွာ mandate ပေးလိုက်ကြတဲ့ ပြည်သူတွေ။

မြင်ကွင်းဟာ ကြက်သီးဖြန်းဖြန်းထလောက်တဲ့ မြင်ကွင်းပါ။ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအပြီး သမ္မတဟောင်း အာဏာရှင်မာကိုးစ်ဆီက နိုင်ငံတော်အာဏာကို ကိုရာဇန် အကွီနိုက လူထုအားနှင့် အရယူလိုက်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဂန္ဒီဟောကို ၀န်းရံထားတဲ့ လူပင်လယ်ကြီးမှာ … မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒီ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် စီးကျလာတဲ့မျက်ရည်တွေ၊ အံကြိတ်တက်ခေါက်သံတွေ။
ဒါပေမယ့် ဒီမှာ ကျနော်တို့ အဆင်သင့်မဖြစ်လိုက်ဘူး။ အခွင့်အခါကောင်းကို အမိအရ မဆုပ်ကိုင် လိုက်နိုင်ဘူး။

(၃)

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ၊ တပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေး ဖြတ်တောက်ခံထားရတာရဲ့ အကျိုးဆက်ပဲလို့ ကျနော်ကောက်ချက်ချမိတယ်။

အစိုးရဖွဲ့ဖို့ အဆင်သင့်မဖြစ်လိုက်နိုင်ပေမယ့် … `နောက်ရက်ပေါင်း (၆၀) အတွင်း စက်တင်ဘာလ ကုန်နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရန်´ ဆိုတဲ့ ဂန္ဒီဟောကြေညာချက်ကိုတော့ အခိုင် အမာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါဟာ အဲဒီကာလမှာ ပကတိတည်ရှိနေတဲ့၊ အမှန်တကယ်တည်ရှိနေတဲ့ မိမိအနေအထားရဲ့ စုစည်း ဖော်ပြချက် ဖြစ်နိုင်ပါတယ်။ ဒီထက် မရနိုင်သေးဘူး။ ဒီထက် မရနိုင်ခဲ့ဘူး။

(၄)

စစ်အုပ်စုအတွက်တော့ 'ခုမှပဲ အလုံးကြီးကျသွားတော့တယ်´ ဆိုတဲ့ အခွင့်အလမ်း အသေအချာ ဖြစ်သွားပါတယ်။ သူ့ရင်ထဲက အလုံးကြီးက `ဂန္ဒီဟောမှာ လွှတ်တော်ခေါ်လိုက်မှာလေလား´၊
`ဂန္ဒီဟောမှာ အစိုးရဖွဲ့လိုက်မှာလေလား´ ဆိုတဲ့ အလုံးကြီးပါ။ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်က `ရွေးကောက်ပွဲက Free and Fair ဖြစ်ပါတယ်´ လို့ ရွေးကောက်ပွဲမှာ မဲထည့်ရင်း ပြောထားခဲ့တာပါ။

ဒီစကားက … နိုင်ငံတကာနှင့် ပြည်တွင်းသတင်းထောက်တွေရဲ့ရှေ့မှာ … လူသိရှင်ကြား ထုတ်ပြော ထားတဲ့ စကားပါ။ သူ့စကားနှင့်သူ ချီမိတုပ်မိဖြစ်နေတုန်း … အန်အယ်လ်ဒီက ဗြုန်းဆို ဂန္ဒီဟော ကောက်ခေါ်လိုက်တော့ အသက်တောင် ဘယ်ကရှူရမှန်းမသိ ဖြစ်သွားရတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း စစ်အုပ်စုဟာ ၁/၉၀ ဆိုတဲ့ အမိန့်ကြေညာချက်ကို ကမန်းကတန်းထုတ်ပြီး ကြိုးစားကာပစ် ပစ်ကြည့်ခဲ့တဲ့ ကာလပါ။ ၁/၉၀ ရဲ့ အနှစ်သဘောက `လွှတ်တော်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် မခေါ်ပါနှင့်၊ န၀တက ကမကထပြုပြီး ခေါ်ပေးပါမယ်´ ဆိုတာပါ။ အဓိကရည်ရွယ်ရင်းကတော့ ဂန္ဒီဟောမှာ အစိုးရမဖွဲ့လိုက်ဖြစ်ဖို့ပါ။ ဂန္ဒီဟောမစခင် တရက်ကြိုပြီး ၁/၉၀ ကိုထုတ်လိုက်ပြီး …
အဆုံးအဖြတ်အခန်းမှာရှိတဲ့ ခေါင်းဆောင် (policy maker) တချို့ရဲ့ တိကျမှုကိုေ၀၀ါးသွားစေဖို့ပဲ ဖြစ်ပါတယ်။

(၅)

ထုံးစံအတိုင်းပါပဲ။ အန်အယ်လ်ဒီခေါင်းဆောင်တွေကြားမှာ … ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာ… ဘယ်သူ့ကိုဖမ်းရမယ်၊ ဘယ်သူ့ကို ခြောက်ထုတ်ပစ်ရမယ်။ ဘယ်သူ့ကို မွေးရမယ်၊ ဘယ်သူ့ကို ရောဂါဝင်အောင် လုပ်ရမယ်ဆိုတာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး … ၁၉၉၀ လူဖမ်းပွဲနှင့် သူ့ရဲ့ ဗျူဟာမြောက် အော်ပရေးရှင်းကို တရကြမ်း စတင်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျနော်တို့ဘက်မှာ ယာယီအရေးနိမ့်မှုတခု ဖြစ်ခဲ့ရတယ်။ ခြေလှမ်းတချို့နောက်ဆုတ်ခဲ့ရတယ်။
အဲဒီ (၂) လ၊ (၃) လ အတွင်းမှာကိုပဲ … စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနှင့် မူယာမာယာတွေ အောက်မှာ ကျနော်တို့ဘက်မှာ တကယ့်ကို အပြိုပြိုအလဲလဲ။

တချို့ ထောင်ထဲရောက်။
တချို့ တောထဲရောက်။
တချို့ ရှောင်ကြ၊ ရှားကြ။ တချို့ ဖြူကြ၊ ဖျော့ကြ။
လွန်ခဲ့တဲ့ (၂) လ၊ (၃) လက တိကျပြတ်ထင်နေတဲ့ မျဉ်းကြောင်းတချို့ဆိုလည်းေ၀၀ါးဖျော့တော့ အရောင်ပျယ်သွားကြ။

(၆)

စစ်အုပ်စုဟာ (၂) နှစ်လောက်နားလိုက်ရတော့ အတော်လေး အမောစေ့သွားပုံရတယ်။
စစ်အုပ်စုဟာ အဲဒီလို အရှိန်လေးရလာတယ်ဆိုရင်ပဲ … ဗိုလ်စောမောင်နေရာမှာ ဗိုလ်သန်းရွှေကို အစားထိုးပြီး ၁၁/၉၂ ကို ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်က သူကိုယ်တိုင် ကြောက်အားလန့်အား ကမန်းကတမ်းထုတ်ထားတဲ့ ၁/၉၀ ကို သူကိုယ်တိုင် ဆုတ်ဖြဲပစ်လိုက်တယ်။ ၁၁/၉၂ ရဲ့ အနှစ်ဟာ … `ဘာလွှတ်တော်မှ ခေါ်ပေးစရာ မလိုဘူး၊ ခေါ်လည်းမပေးဘူး၊ အခု ပြည်သူ့လွှတ်တော်အမတ်တွေက သူလုပ်ပေးမယ့် အမျိုးသား ညီလာခံဆိုတာကို တက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို ဆွဲကြ၊ ခင်ဗျားတို့ရဲ့ပိုင်ခွင့်က ဒါပဲ၊ လွှတ်တော်တွေ၊ ဘာတွေ ဘာမှ လာပြောမနေနှင့်တော့´ ဆိုတာပဲ။ အဲဒီလို သူက တဆင့်
တိုးပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ ဘာလုပ်ခဲ့ကြသလဲ။

(၇)

အဲဒီကာလဟာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများဆုံးကာလဖြစ်တယ်လို့ ကျနော်မှတ်မိနေတယ်။ ဒီမှာ အင်အားစုတွေ စဉ်းစားကြရပြီ၊ တောင့်ခံမလား၊ မျှောလိုက်မလား။
ဘာပဲပြောပြော ဒါတွေကို ဆုံးဖြတ်ဖို့၊ ၁၁/၉၂ ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ် ရေးဟာ ပထမဆုံးလုပ်ရမယ့် အလုပ်ဖြစ်လိမ့်မယ်။ ဒါဟာ သေချာပေါက်ပဲ၊ ကျနော်တော့ ဒီလိုပဲ မြင်တယ်။ တိုင်းပြည်ကို ရိုးရိုးသားသား ချစ်ကြတယ်ဆိုရင် ဒါကို ပထမဆုံးကိုပဲ ဆုံးဖြတ် ချက်ရှိရှိ လုပ်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ … ဆရာဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲက ရဲဘော်များကြား၊ ခေါင်းဆောင်များ
ကြား … အပြင်က ရဲဘော်များကြား၊ ခေါင်းဆောင်များကြားကို အလုပ်ကြွေးကြော်သံ (သို့မဟုတ်) လုပ်ငန်းလမ်းညွှန်ကို အခုလို ပြတ်ပြတ်သားသားပဲ တင်ပြလိုက်ပါတယ်။ `အခု ကျနော်တို့ လုပ်ရမယ့်အလုပ်ဟာ … စစ်အုပ်စုပြောတဲ့ ၁၁/၉၂ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ တကယ်လုပ်ရမယ့်အလုပ်ဟာ … `စု၊ လွှတ်၊ ပြန်၊ တွေ့´ ဒါမှမဟုတ် `စု၊ တွေ့၊ ပြန်၊ လွှတ်´ ဖြစ်တယ်။´

(၈)

အကျယ်က ဒီလိုပါ။
ကျနော်တို့ဟာ `ဆန်စင်ရာ၊ ကျည်ပွေ့လိုက်´ ဆိုတာလို စစ်အုပ်စုရွှေ့တဲ့အကွက်တွေကို နောက် ယောင်ခံလိုက်ပြီး ဘာမှ သူ့အလိုကျ ရွှေ့ပေးနေစရာမလိုဘူး။ ကိုယ်ဟာ လူထုရဲ့ ယုံကြည်စွာ အပ်နှံ ထားတဲ့ mandate ရပါတီဖြစ်တယ်။ လူထုကိုယ်စားလှယ်ဖြစ်တယ်။ လူထုနှင့်အတူ၊ လူထုဝန်းရံ
ထောက်ခံမှုနှင့်အတူ ရပ်တည်နေတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က လမ်းကြောင်း ချမှတ်ခွင့်ရှိတယ်။ ဒီအခွင့်အလမ်းကိုလည်း လူထုကို အတိအကျချပြပြီး လူထုနှင့်အတူ ဆောင်ရွက် ရလိမ့်မယ်။

ပထမဆုံးလုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။ ဒုတိယ … ပြည်သူ့လွှတ်တော်အမြန်ခေါ်ပါ။ တတိယ … အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း စတုတ္ထ … နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာပါ။
ဒါကတနည်း။
နောက်တနည်းက …
ပထမစပြီးလုပ်ရမှာက … ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေးပဲ၊
ဒုတိယက … တွေ့ဆုံဆွေးနွေး၊
တတိယ … အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်၊
နောက်ဆုံးမှာမှ … ပြည်သူ့လွှတ်တော် ခေါ်ယူ။
လုပ်ငန်းစဉ်တိုင်းဟာ ရှင်းလင်းတယ်၊ ထင်သာမြင်သာရှိတယ်၊ ပြီးတော့ တိကျခိုင်မာတယ်။

(၉)

ဘယ်လမ်းကြောင်းကိုပဲရွေးရွေး `ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိလွှတ်ရေး´ နှင့် စတင်ကြရမှာချည်းပဲ။ ဒါကို ဆရာဦးဝင်းတင်ဟာ ထောင်ထဲမှာ ၁၉၉၁- ၁၉၉၂ ကတည်းက စိုက်လိုက်မတ်တပ် တောက်လျှောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုထိလည်း သူ ဒါကိုပဲ ဆက် လက်ရပ်ခံတယ်။ ကျနော်တို့ရဲ့ ၁၉၉၂ ခုနှစ်က ၂၀၀၇ ခုနှစ်ကြား ခါးသည်းတဲ့ အတွေ့အကြုံတွေကို နိဂုံးချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းညွှန်ဟာ လုံးဝကွက်တိ မှန်နေဆဲပဲ။

ကျနော်တို့နှင့်အတူတူ လူထုရှိနေတယ်လို့ ယုံရင် … ကျနော်တို့ဟာ စစ်အုပ်စုပြောသမျှ၊ သူလမ်း ကြောင်းပေးသမျှ လိုက်လုပ်နေရမယ်ဆိုတာ လုံးလုံးမသင့်လျော်ဘူး။ လူထုနှင့် ကင်းကွာ၊ လူထု တန်ဖိုးလည်း နားမလည်၊ လူထုကိုလည်း မယုံကြည်၊ လူထုကိုယ်တိုင်ကလည်း ဘာတန်ဖိုးမှ အပေးမခံရသူတွေသာ စစ်အုပ်စုနှင့် အလိုက်သင့် အလျားသင့် ဟိုဟာလိုက်လုပ်ရမှာလိုလို ဒီဟာလိုက်လုပ်ရမှာလိုလို ပျာယာခတ်နေကြတာပါ။

လူထုကို ယုံကြည်တယ်ဆိုရင် … ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲလျှောက်နိုင်ရလိမ့်မယ်။
`လူထုကိုချပြ၊ လူထုထောက်ခံမှုကို အရယူပြီး၊ လူထုနှင့်အတူ ချီတက်ဆောင်ရွက်ရေး´ ဆိုတဲ့ အခြေခံတရားကို လက်မလွှတ်ဘူးဆိုရင် … ကျနော်တို့ကို ဘယ်သူမှ တားနိုင် ဆီးနိုင် ပိတ်ဆို့နိုင်မယ်မဟုတ်ဘူးလို့ ကျနော်ရဲရဲယုံကြည်တယ်။

မြန်မာပြည်၌ ဘက်ပေါင်းစုံမှ စွဲမြဲစွာ ကြိုးပန်းမှုလိုအပ် (သဘောထားအမြင်)


ထက်ဝင်း
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 18:08 - မြန်မာစံတော်ချိန်

နှိုင်းယှဉ်ချက်အရ မကြာခင်ကာလတွင် မြန်မာပြည်သားတို့ မင်္ဂလာ အချိန်အခါကောင်းသို့ ရောက်တော့မည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး အတိုက်အခံ၊ ကုလသမဂ္ဂ နှင့် တရုတ်တို့ အပါအဝင် ပဋိပက္ခတွင် ပါဝင်နေသော ဘက်ပေါင်းစုံမှ တိုက်ရိုက်နှင့် စွဲစွဲမြဲမြဲ ကြိုးပန်းမှုကြောင့်သာ ဖြစ်လိမ့်မည်။

တိုင်းပြည်ကို ဒီမိုကရေစီရေးသို့ ရှေးရှုသည့် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် ပြုလုပ်သည့် ပြည်တွင်းမှ ထိုးထွင်း ကြိုးပန်းမှု အများအပြားကို မကြာခင်က တွေ့ခဲ့ရသည်။ ယင်းတို့တွင် ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုလည်း ပါဝင်သည်။

ထို့ပြင် စစ်အစိုးရဘက်ကလည်း ဝါရင့် သတင်းစာဆရာနှင့် အကြီးတန်း ဒီချုပ်အဖွဲ့ဝင်ဖြစ်သော ဦးဝင်တင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၉ဝဝဝ ကျော်ကို လွှတ်ပေးကြောင်း ယခု ရက်သတ္တပတ် အစောပိုင်းက ကြေငြာခဲ့သည်။ ယင်းသည် အတိုက်အခံနှင့် အစိုးရ ရေပေါ်ဆီတို့အကြား တွေ့ဆုံ ဆွေးနွေးပွဲမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းသို့ ဦးတည်သွားစေနိုင်သည့် လက္ခဏာကောင်းတရပ် ဖြစ်ပါသည်။ သို့သော် ဤသို့ လွှတ်ပေးခြင်းသည် စစ်အစိုးရ၏ ပြည်သူ့ဆက်ဆံရေး ပရိယာယ်တရပ်လည်း ဖြစ်နေနိုင်ပါသေးသည်။ ယခင်ကလည်း အပြည်ပြည်ဆိုင်ရာ ဖိအားများ လျော့ကျစေရန် ဤနည်းပရိယာယ်ကို အသုံးပြုခဲ့ကြသေးသည်။

ဦးဝင်းတင်သည် ထောင်မှ လွတ်လျှင်လွတ်ချင်း "ကျနော်ကတော့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ရတဲ့အထိ ဆက်ပြီး တိုက်ပွဲ ဝင်သွားမှာဘဲ" ဟု တုံ့ပြန် ဖြေဆိုခဲ့သည်မှာ မှတ်သားစရာ ကောင်းပါသည်။ ဤစကားရပ်များကို ကြည့်ခြင်းဖြင့် မြန်မာပြည် ဒီမိုကရေစီရရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေသူမှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း မဟုတ်ကြောင်း ထင်ရှားပါသည်။

ပြည်တွင်းမျက်နှာစာတွင် စစ်အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးမည့် အလားအလာကောင်းများကို မြင်တွေ့နေရပါသည်။ စစ်အစိုးရအနေဖြင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုထက် အတိုက်အခံနှင့် ဆက်ဆံခြင်းမှ ရရှိလာမည့် အသီးအပွင့်များကို ပိုလိုချင်ဟန် ရှိပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားများ ပိုပေးပါရန် တောင်းဆိုခဲ့ပြီး၊ ယခုအချိန်အထိ စစ်အစိုးရ၏ သူ့အပေါ် တုံ့ပြန်မှုအပေါ် စိတ်ပျက်လက်ပျက် ဖြစ်မှုကို ဖေါ်ပြခဲ့ပါသည်။

ဤကဲ့သို့သော အချိန်အခါ လမ်းဆုံလမ်းခွတွင် ကုလအနေဖြင့် မြန်မာနိုင်ငံ စစ်မျက်နှာ၌ ယခုထက် ပိုမိုအင်အားကောင်းသည့် အခန်းကဏ္ဍဖြင့် ပါဝင်ရန် အရေးတကြီး လိုအပ်နေပါသည်။ ဤအချက်ကို အတိုက်အခံဘက်ကလည်း တောင်းဆို နေကြပါသည်။ သူ၏ မကြာခင်က သွားရောက်ခဲ့သော မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ် ဘာရီကို တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းသည် ဤအချက်ကြောင့် ဖြစ်နိုင်ဖွယ် ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ကုလအထူးကိုယ်စားလှယ် အနေဖြင့် နောက်တကြိမ် ခရီးစဉ်အတွင်း မြန်မာ့အရေးတွင် ပါဝင်နေသည့် အဓိက ဇာတ်ကောင်အားလုံးနှင့် တွေ့ဆုံရန် မျှော်လင့်ထားပါသည်။ "ကျနော် နောက်တကြိမ် မြန်မာနိုင်ငံကို သွားတဲ့အခါ သူမနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ကြားဝင်ဖြန်ဖြေတဲ့ ကြိုးပန်းမှုမှာ သူမဟာ လက်လွှတ်လို့ မရတဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေလို့ပါဘဲ" ဟု သူက ပြောကြားသွားခဲ့ပါသည်။

ဤမဟာဗျူဟာအားဖြင့် မြန်မာ့ ဒီမိုကရေစီရေး ဖြစ်စဉ်တွင် စွဲစွဲမြဲမြဲ ဆက်လက် ပါဝင်နေရန် ချဉ်းကပ်မှုအပေါ်တွင် ကုလ သမဂ္ဂအဖွဲ့ကြီးက ပုံအော လောင်းထားနေပါသည်။ ဤအပြည်ပြည်ဆိုင်ရာ အဖွဲ့ကြီး ရှိနေခြင်းဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်စဉ်သည် လွတ်လပ်မျှတ၍ ယုံကြည် ကိုးစားရသော အခြေအနေတရပ်ကို အာမခံပေးနိုင် လိမ့်မည်ဟု မျှော်လင့်နေသည်။ ဥပမာအားဖြင့် မဲပေးရာတွင် နိုင်ငံတကာ အကဲခတ်အဖွဲ့များ လာရောက်ကြီးကြပ် ကြည့်ရှုခွင့်ရခဲ့လျှင် မြန်မာပြည်သူများအတွက် လက္ခဏာကောင်းတရပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဤအတောအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကလည်း မြန်မာ စစ်အစိုးရနှင့် စီးပွါးရေး အကျိုးစီးပွါးများကို ကြည့်ကာ ဆက်ဆံနေသည်။ ဤသို့သော ချဉ်းကပ်မှုသည်လည်း မြန်မာ့နိုင်ငံရေးတွင် တိုးတက်မှုရရေး၌ ဓါတ်ကူပစ္စည်း တရပ် ဖြစ်လာနိုင်ပါသေးသည်။

စီးပွါးရေး စင်မြင့်သည်လည်း အထီးကျန် စစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့အကြား ယုံကြည်မှု တည်ဆောက်ရေးကို ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။ အိမ်နီးချင်း နိုင်ငံများက မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခများကို အလေးဂရုပြုနေသ၍၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းရေးအတွက် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါရန် တောင်းဆိုနေသ၍၊ ယုံကြည်မှု တည်ဆောက်ရေးမှာ ဖြစ်နိုင်ပါသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးတည်း ဟူသော ပဟေဋိအတွက် အဖြေရရန် တရုတ်နိုင်ငံက ထပ်မံ ကြိုးပန်းရမည်ဟူသော အယူအဆမှာ အများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော အယူအဆ ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် အတွင်း တရုတ်နိုင်ငံသည် စီးပွါးရေး အင်အား တောင့်တင်းလာရုံမျှသာ မကသေးဘဲ ကမ္ဘာ့အရေးများ၌လည်း နိုင်ငံရေးအရ ယုံကြည်မှု ရှိလာခဲ့သည်။ ဤအချက်သည် အဓိကအချက် ဖြစ်သည်။ မြန်မာ့အရေး၌ အမေရိကန် ပြည်ထောင်စုက သြဇာသက်ရောက်ရန် ကြိုးပန်းနေမှုများကို တန်ပြန်နိုင်သော အင်အား တရုတ်ပြည်တွင် ရှိသည်။

ထို့ပြင် နိုဝင်ဘာလတွင် ကျင်းပမည့် သမတ ရွေးကောက်ပွဲပြီးလျှင်ပင် အမေရိကန်ထံမှ ကျနော်တို့ ဘာများ မျှော်လင့်၍ ရနိုင်ပါသေးသလဲ? မြန်မာနိုင်ငံတွင်ရှိသော အမေရိကန်၏ အကျိုးစီးပွါးမှာ မပြောပလောက်ပါ။ ထို့ပြင် သူ့နိုင်ငံ၌လည်း စီးပွါးရေး ပြဿနာများနှင့် ရင်ဆိုင်နေရပြီး၊ နိုင်ငံခြားရေး မူဝါဒ၌လည်း အီရန်နှင့် မြောက်ကိုရီးယား တို့ကဲ့သို့သော နိုင်ငံများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

ဤနိုင်ငံတကာ့ ဝန်းကျင် အခြေအနေများကို အသိအမှတ်ပြု၍ အကဲခတ်တဦးက "မြန်မာပြည်သားအားလုံး လက်ခံနိုင်မည့် နိုင်ငံရေးဝန်းကျင် အခြေအနေတရပ် တိုးတက် ကောင်းမွန်လာရေးမှတဆင့် အမှန်တကယ် တိုးတက်မှုတည်း ဟူသော တံခါးကို တွန်းဖွင့်နိုင်ရန် မြန်မာနိုင်ငံ၏ အာရှ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စစ်အစိုးရနှင့် ခိုင်မာသော ဆက်ဆံမှု တရပ်ကို အခွင့်အလမ်း တရပ်အနေနှင့် ဆောင်ရွက်သင့်သည်" ဟု မှတ်ချက်ပြု ပြောကြား သွားခဲ့ပါသည်။

အမည်မဖေါ်လိုသည့် ရန်ကုန်အခြေစိုက် အကဲခတ်တဦးကလည်း မြန်မာ့အရေးတွင် ပိုမို တက်တက်ကြွကြွ ဆောင်ရွက် လာစေရန် နိုင်ငံရေး အတိုက်အခံများက စည်းရုံး ဆွဲဆောင်သည့် လော်ဘီလုပ်ငန်းကို သြဇာရှိသော အာရှ အိမ်နီးချင်းနိုင်ငံများနှင့် ပြုလုပ်လျက်ရှိကြောင်း ပြောကြားသွားပါသည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသောနိုင်ငံများက ထောက်ခံ အားပေးနေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး ချိန်ခွင်လျှာသည် ဒေသတွင်းသို့ လှည့်လာနေချိန်တွင် ဤလုပ်ငန်းကို လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။

"အစိုးရက အမေရိကန်ဦးဆောင်တဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို ဆက်လက် အပြစ်ဖို့ ပြောကြားနေတာတွေဟာ ဘာမှ မဟုတ်ဘူး၊ ဘာမှလဲ မခိုင်လုံပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်အစိုးရ အထီးကျန် ဖြစ်နေတာကို ကျနော်တို့က ဖြေရှင်းပေးဘို့ လုပ်နေလို့ပါ" ဟု သူက နိဂုံးချုပ် ပြောကြားသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ၊ မြန်မာ စစ်အစိုးရကို အထီးကျန် လမ်းကြောင်းမှ သွေဖည်၍ မြန်မာပြည်သား အားလုံး၏ အကျိုးစီးပွါးများ အပါအဝင် အားလုံး ပါဝင်နိုင်သည့် လမ်းကြောင်းပေါ်သို့ ပြန်ရောက်သွားစေရန် မြန်မာပြည်တွင်း အင်အားစုများနှင့် နိုင်ငံတကာ၊ ဒေသတွင်း နိုင်ငံများတို့ ပူးပေါင်း၍ ရေရှည် ကြိုးပန်းသွားလျှင် ရနိုင်ပါလိမ့်မည်။


ထက်ဝင်း

"တွေ့ဆုံ ဆွေးနွေးရေးကို သွားကြစေလိုသူ" (ဦးခင်မောင်ဆွေနှင့် အင်တာဗျူး)

အင်တာဗျူး
ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 19:16 - မြန်မာစံတော်ချိန်

၂ဝ၁ဝ ရွေးကောက်ပွဲများအတွက် ဆိုကာ လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသား ၆ ယောက်တွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေလည်း ပါဝင်သည်။ လောင်စာဆီ ထုတ်လုပ်ရေး နည်းပညာ တိုးတက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးခင်မောင်ဆွေသည် ထောင်တွင်း ၁၄ နှစ်ကျော် နေခဲ့ရသည်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရအလုပ်မှ ထုတ်ပယ်ခံရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် သတင်းပြန်ကြားရေးတွင် တာဝန်ယူခဲ့သူ ဖြစ်သည်။ မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။

အန်ကယ် အခု နေကောင်းရဲ့လား၊ ထောင်ထဲမှာနေတုန်း ကျန်းမာရေး အခြေအနေ ဘယ်လိုနေခဲ့လဲ။

လောလောဆယ်တော့ ကျန်းမာပါတယ်၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ မန္တလေး ဆေးရုံမှာ တက်တာ နှစ်နှစ်လောက် ကြာပြီ၊ လားရှိုး ပြောင်းတော့လည်း နှလုံးအောင့်တာနဲ့ အထူးကုဆရာဝန်တွေနဲ့ အီးစီဂျီ ရိုက်ပြီးတော့ ကုပါတယ်၊ ခုနောက်ဆုံး ၆၅နှစ်ကျော် နာမကျန်းသူတွေကို လွတ်တဲ့ထဲ ပါလာတာပါ။ ခုလည်း ရံဖန်ရံခါ အောင့်တယ်။ ခုအိမ်ရောက်တော့ မအောင့်တော့ဘူးပေါ့။

ဒီ၂ဝဝဝခု နောက်ပိုင်းမှာ သူတို့ ထောင်ထဲမှာ ရှိနေတဲ့လူတွေကို ကုပါတယ်၊ ကျနော်တို့တွေ မကပါဘူး။ တခြားအကျဉ်းသားတွေကိုလည်း ကုပါတယ်။ အားလုံးလိုလို မန္တလေးက အထူးကု ဆရာဝန်တွေနဲ့ ကုပေးပါတယ်။

ထောင်ထဲကနေ အပြင်ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

အော် ၁ဝစုနှစ် တစုစာ ခွဲနေရတော့ မိန်းမကလည်း ကျောက်ကပ်ရောဂါ ခံစားနေရတော့ အန်ကယ်ပြန်လာတာ သူလည်း အားရှိတာကို မြင်ရတော့ အန်ကယ်ပြန်လာတာ မှန်သွားတယ်ဆိုပြီးတော့ ကျေနပ်မိပါတယ်၊ ဝမ်းသာပါတယ်။

အန်ကယ်နဲ့အတူ လွတ်လာတဲ့ လူတွေ ဘယ်လောက်ရှိတယ်လို့ သိခဲ့ရပါသလဲ။

သိပ်မများဘူး၊ လုပ်ဖော်ကိုင်ဘက်တွေက လေးငါး ခြောက်ယောက်လောက်ပဲ ရှိတယ်လို့ သိရတယ်။

အခုထောင်ကနေ လွတ်မြောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။ နိုင်ငံရေးရော ပြောင်းလဲမှု ဘယ်လို မြင်လဲ။

အပြောင်းအလဲတွေကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ အဆောက်အအုံသစ်တွေ၊ လမ်းအသစ်တွေပေါ့လေ။ ဒါပေမဲ့ လူတွေရဲ့ အယူအဆတွေ ဘယ်လိုပြောင်းလဲ သွားလဲတော့ အန်ကယ် မသိသေးဘူး။ ခုမှ ရောက်လာတယ် ဆိုတော့။

နိုင်ငံရေး အခြေအနေကတော့ တိုင်းပြည်ကောင်းစား စေချင်တဲ့ အကောင်းဘက်ကို ရွေ့သွားအောင် သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင်တော့ အကောင်းဘက်ကို မုချ ရွေ့သွားမှာပါ။ အန်ကယ်တို့က တနိုင်ငံထဲမှာ ဖြစ်နေတဲ့ တမျိုးသားလုံး ကိစ္စကိုး၊ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်နေတာ မဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်း ညီညွတ်ဖို့ကို ဦးစားပေး ဆောင်ရွက်ကြမယ်ဆိုရင် မကြာခင်မှာ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သမီးတို့လည်းသိမှာပါ။ ပြည်သူတွေ အချင်ချင်းကြားထဲမှာ၊ တိုင်းရင်းသားတွေ ကြားထဲမှာ၊ အချင်းချင်း ညီညွတ်ရေး မရှိဘဲနဲ့ ဘယ်အစိုးရဘဲ ဖြစ်ဖြစ် တက်တက်။ ဘယ်အစိုးရပဲ ထူထောင် ထူထောင်၊ အောင်မြင်ဖို့ဟာ သိပ်မလွယ်လှဘူးဆိုတော့။ အမျိုးသားခေါင်းဆောင်ကြီး ပြောသွားတာ ရှိပါတယ်။ အဲဒီအတိုင်း လျှောက်လှမ်းသွားမယ် ဆိုရင်တော့ ဒီနိုင်ငံရေး ဝေဒနာ ပေါ့လေ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ နိုင်ငံရေး ဝေဒနာတွေကို အန်ကယ်တို့ ဖြစ်လာတယ်။ ခုဆိုရင် ၈၈ ခုနှစ်ပါ လိုက်တယ်ဆိုရင် နိုင်ငံရေး အနာဟာ သွေးမတိတ်တော့ ပါဘူး။

အဲဒီသွေးမတိတ်တဲ့ နိုင်ငံရေး အနာကို ခုနက ပြောသလိုပဲ။ သူလား၊ ငါလား၊ နိုင်ငံရေး မာနတွေ ထောင်မနေဘဲနဲ့ အချင်းချင်း မျက်နှာချင်းဆိုင်ပြီးတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲနဲ့ တိုင်းပြည်အတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပြီးတော့ သဘောတူညီမှု တခုကို ရအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မရနိုင်စရာ မရှိဘူးလို့ ယုံကြည်ထားပါတယ်။

ထောင်ပေါင်း ဘယ်နှစ်ခု ပြောင်းခဲ့ရလဲ။ ဘာဖြစ်လို့ ပြောင်းတာလဲ။

စစထောင်ချတဲ့အခါ အင်းစိန်တွဲဘက်မှာ နေရခဲ့ရပါတယ်။ နောက်တခါ အင်းစိန် ထောင်မကြီးမှာ ၆လလောက် ထပ်နေရပါတယ်။ နောက် အင်းစိန်အထူးတိုက်မှာ ၃နှစ်လောက် နေခဲ့ရပါတယ်။ နောက် မြင်းခြံမှာ ၈နှစ်လောက် နေခဲ့ရပါတယ်။ မန္တလေးမှာ ၂နှစ်ကျော်ကျပါတယ်။ ခုနောက်ဆုံး လားရှိုးမှာ ၇လပဲ ကျခဲ့ပါတယ်။

ခုလို အန်ကယ်တို့ ပြန်လွတ်လာပြီဆိုတော့ အန်ကယ် မျော်မှန်းချက်လေး သိပါရစေ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲ။

အန်ကယ် ရှေ့ကို ရည်မှန်းထားတာပေါ့လေ။ နိုင်ငံရေးတခုပေါ့။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ဒီမိုကရေစီ လူ့ဘောင်ကို ရောက်ဖို့ဆိုရင် နိုင်ငံရေး ခရီးရှည်တခုကို လျှောက်ရဦးမယ် ဆိုတဲ့ အယူအမြင် တခုတော့ အန်ကယ် ခေါင်းထဲမှာ ဝင်လာပါတယ်။

ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ အစားအသောက်အပြင် ဆေးဝါးကုသမှုရော ရခဲ့လား။

၂ဝဝဝခုနှစ် နောက်ပိုင်းမှာ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား မသိဘူး၊ အိုင်စီအာစီရောက်လာပြီး နောက်ပိုင်းမှာတော့ စာဆောင်တွေ၊ သတင်းစာတွေ ဖတ်ခွင့်ပေးပါတယ်။ ကိုယ့်စာအုပ်ကိုယ် ဖတ်ရင်လည်း ရပါတယ်။ ဘာသာရေး စာအုပ်တွေက ၉၅ ခု ကတည်းက သက်ဆိုင်ရာက ပေးဖတ်လို့ အထူးဆောင်ကနေ ဖတ်လို့ ရပါပြီ။ ဒါပေမဲ့ ကျန်တဲ့ ဂျာနယ်တွေကတော့ ၂ဝဝဝ ခုနှစ်လောက်ကနေ ဖတ်ရပါတယ်။

ထောင်ထဲမှာ ရှိနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရလဲ။

ထောင်ထဲမှာက ကောလဟလကတော့ အမြဲတမ်းရှိနေတာပဲ။ မှန်တဲ့အခါ မှန်၊ မှားတဲ့အခါလဲ မှားမယ်လေ။ ဒါပေမဲ့ နောက်တခုကတော့ သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နောက်အဲဒီအချိန်မှာ ထောင်ကျလာတဲ့ လူတွေဆီက သတင်းတွေကြားတဲ့အခါ ကိုယ့်ဖာသာကိုယ် ပြန်ပြီး စစ်ဆေးရတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာတော့ ဘယ်ဟာကဖြင့် သတင်းစာမှာ ပါတာများတယ်၊ နည်းတယ်၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သာ ပြန်အဖြေပေးရပါတယ်။

ထောင်ထဲမှာ နေ့စဉ် အခက်အခဲဆုံး ထူးခြားတဲ့ အခြေအနေကို ပြောပြပါ။

နိုင်ငံရေး ယုံကြည်ချက်ကြောင့်သာ အန်ကယ်တို့က ထောင်ချမယ် သိရဲ့သားနဲ့ ဇွတ်တိုးပြီး လုပ်ခဲ့ကြတဲ့ သူတွေ မို့လို့ စပြီးတော့ နိုင်ငံရေး ခရီးလျှောက်ကတည်းကနေ ခက်ခဲပြီးသား ဖြစ်ပါတယ်။ ထောင်ထဲ ရောက်တဲ့အခါကြတော့ ပတ်ဝန်းကျင် အသစ်တွေနဲ့ တွေ့ရတဲ့အခါမှာ စိတ်ကျဉ်းကြပ်မှုက အရင်ဆုံး ခံစားရပါတယ်။ ဒါကို မြန်မာ ဗုဒ္ဓသာဘာတွေ အားကိုးစရာကတော့ တရားထိုင်တာပေါ့လေ။ ဒါနဲ့ စိတ်ကို လျော့ပြီးမှ နေသာ၊ ထိုင်သာ ရှိအောင် လုပ်ယူရပါတယ်။ ကျန်တာကတော့ ထောင်အလိုက် နေရာအလိုက် အုပ်ချုပ်သူတွေရဲ့ ကွဲပြားရင်၊ ကွဲပြားသလို ကျဉ်းကြပ်နေရတဲ့အခါ ရှိသလို၊ သက်သာတဲ့နေရာလည်း ရှိတာပေါ့လေ။

ဒါပေမဲ့ မြင်းခြံထောင်မှာက အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ရိုက်နက်ခြင်း ခံရတယ်။ အခန်းပြောင်းရတယ်။ ညနေဆိုရင် တံခါး မပိတ်ခင် ဆပ်ပြာခွက်ကအစ စစ်ဆေးတယ်။ လူချင်း စကားမပြောရဘူး၊ အစားအသောက်တွေလည်း တောင်းလို့ လိုချင်သလို စားလို့မရဘူး၊ ထောင်ဝင်စာထဲက အချို့ အစားအသောက်တွေကို စတိုးခန်းထဲမှာ ထဲ့ထည့်ထားပြီးတော့ လိုရင် တောင်းလို့ မရဘူး၊ နောက် တောင်းတော့ လျော့တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီမှာ ကိုင်တဲ့လူအပေါ် မူတည်သွားတာပေါ့လေ။ သူတို့ ပေါ်လစီက ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။

အန်အယ်ဒီပါတီမှာက ဘယ်နှစ်နှစ် ပါဝင်လုပ်ဆောင်ခဲ့လဲ။

အန်ကယ်က အန်အယ်ဒီ စထောင်ကတည်းက ပါဝင်ခဲ့ပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၂၂ ကတည်းကပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတဲ့အတွက် စဖမ်းခံရတာက ၉ဝခုနှစ် အောက်တိုဘာမှာ ဖမ်းခံရတာပါ။ ၉ဝ ခုနှစ်ကတည်းက အန်အယ်ဒီ အဖွဲကနေ ထောင်ထဲနေ ထုတ်ပယ် ဆိုတဲ့ သတင်းစာထဲမှာ ဖတ်ရပါတယ်။ အဲဒီအချိန်ကနေ ခုချိန်ထိ အဖွဲ့ချုပ်ကို မရောက်တော့ဘူး၊ ၉၄ ခုမှာ ပြန်ဖမ်းခံရတော့ ခုချိန်ထိ အဆက်အသွယ်မရှိပါဘူး။

အန်ကယ်က တက်ကြွလှုပ်ရှားသူတွေကို ဘာပြောချင်လဲ။

ပြောချင်တာကတော့ နိုင်ငံရေး အဖြေတခု ရောက်ရှိအောင်ဆိုရင် မလွဲ မသွေ လိုအပ်တာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ နိုင်ငံရေး ပြဿနာတွေ ကြားထဲမှာ အဆိုးကျော့တဲ့ သံသရာ လည်နေမှာပဲ ဖြစ်တယ်။ သမီးတို့လည်း သိမှာပါ၊ ၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ လွတ်လပ်ရေးနဲ့အတူ၊ ပြည်တွင်း စစ်မီးပါလာခဲ့တယ်။ ၇၄ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ၊ အန်ကယ်တို့ တောထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ။ အဲဒီ အခြေခံ ဥပဒေဟာ ဒီလိုဘဲ သက်တမ်းမကုန်ခင်မှာ ပျက်သုန်းသွားခဲ့ရပါတယ်။

ခုလည်းပဲ အခြေခံ ဥပဒေအသစ်တခုကို ရေးပြီးသွားပြီ။ အမျိုးသား ညီညွတ်ရေးကို မရနိုင်ခဲ့ဘူးလို့ အန်ကယ် ယူဆတယ်။ အမျိုးသား ညီညွတ်ရေး တခုကိုသာ အရအမိ ရယူနိုင်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေး အနေအထားသစ်တခုသို့ မုချ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ အန်ကယ် ယုံကြည်ပါတယ်။

အဓိကတော့ အမျိုးသား ရင့်ကြားစေရေး ရပ်မနေဘဲနဲ့ တမျိုးသားလုံး ပြန်လည် သွေးစည်း ညီညွတ်ရေးကို ရောက်သွားအောင် အားပြိုင် နိုင်ငံရေး လုပ်မနေဘဲနဲ့ ညီညွတ်တဲ့ အနေအထား ရောက်အောင် နှစ်ဘက် သုံးဘက် ပါဝင်ပြီး အားလုံးက နိုင်ငံရေး မာနတွေ လျော့ချပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူလူထုက စိတ်ချမ်းသာတဲ့ ရောက်သွားပြီးတော့ မြန်မာနိုင်ငံဟု မုချ နှောင်ကြိုး မရှိ တိုးတက်လာမယ်လို့ ပြောချင်ပါတယ်။

မပြော မဖြစ်တဲ့ စကား ဘာများ ကျန်ပါသေးလဲရှင်။

မပြော မဖြစ်စကားတော့ အထူး မရှိတော့ပါဘူး၊ အခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရဖြစ်အောင် ဒီမိုကရေစီ ဝိုင်းတော် သားများက ဆောက်ရွက်ပေးတာကို အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း တဆင့် စကားပြန်ကြားပေးဖို့ပါ။ အန်ကယ် သိသူရော၊ မသိသူရော အားလုံးကို ဒီကနေ နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။

သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်းနှင့်video


အင်တာဗျူး
ရဲနည် | စက်တင်ဘာ ၂၅၊ ၂၀၀၈

မေး။ ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ပေါ့နော် … ဆရာကြီးကို အခုလို ဘာကြောင့်လွှတ်ပေးလိုက်တယ်လို့ ဆရာကြီး ထင်ပါသလဲ။


ဦးဝင်းတင် (ဓာတ်ပုံ - မြတ်မိုးမောင်)
ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တယောက်တည်း ဖြစ်တာကိုပြောတာနော် … တခြားလူတွေတော့ ကျနော်မသိဘူး။ ကျနော်တယောက်တည်းနဲ့ ပတ်သက် လို့တော့ ဒါမရိုးမသားလုပ်တာ … လိမ်တာပဲဗျ။ ဘာလို့ လိမ်တာလဲဆိုတော့ ကျနော် က ထောင်အနှစ် ၂၀ ကျတယ်ဗျာ။ ထောင်ရဲ့ထုံးစံက တနှစ်မှာ လျှော့ ရက်ဆိုတာ သုံးလကိုရှိတယ်ဗျ။ အဲတော့ အနှစ် ၂၀ ကျတဲ့လူက ၁၅ နှစ် ၁၆ နှစ်လောက်လျှော့ပေးရင် ဘယ်လောက်လောက် ရလဲဆိုတော့ တနှစ်ကိုဗျာ ၃ လ၊ ၁၆ နှစ် ဆို တော့ ၄၈ လ၊ ၄ နှစ်တောင်ရတယ်။ ၁၆ နှစ်ကျော်ကျော်ဆိုရင် လွတ်တယ်ဗျ။ ကျနော်က လွတ်ရမယ့်ဟာ အဲဒီဟာကို ကျနော့်ကို လွတ်တဲ့အထဲမထည့်ဘဲနဲ့ ကျနော့်ကို 401 ထဲမှာ အမှုထည့်တယ်။ အဲဒါကို လက်မခံဘူးဆိုတော့ ကျနော် နဲ့ စကားများတယ်။ နောက်ကြောင်းလေး ပြန်ပြောရရင် ကျနော် ဒီ 401 ဆိုတဲ့ လက်မှတ်ထိုးတာ သို့မဟုတ် ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ သို့မဟုတ်လည်း ဆလံပေးထွက်တာ၊ ဒူးထောက်ထွက်တာ မလုပ်ဘူး ဆိုပြီးတော့ ၉၀ ခုနှစ် ကတည်းက ငြင်းခဲ့တယ်။

ကျနော့်ကို ပထမ ထောင် ၃ နှစ်ချတယ်။ ၈၉ မှာထောင်ချတယ်။ ၉၁ ခုနှစ်မှာ ကျနော့်ကို ထပ်ထုတ်ပြီးတော့ ထမင်းတွေ ဘာတွေကျွေး လုပ်သေးတယ်။ အဲဒါကို 401 နဲ့ လွှတ်မယ်လို့ ပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ နောက်တခါ ကျနော့်ကို ၉၅ မှာ ဦးကြည်မောင်တို့ ဦးတင်ဦးတို့ လွတ်တဲ့အချိန်မှာ ကျနော့်ကို ခေါ်ပြီးတော့ 401 နဲ့ ထွက်ဖို့ပြောတယ်။ ကျနော် ငြင်းခဲ့ တယ်။ နောက်တခါ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော် ဆေးရုံတက်နေတုန်းမှာ ကျနော့်ကို လာပြီးတော့ 401 နဲ့ လက်မှတ်ထိုးပြီးထွက်ဖို့ လာပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ အဲဒီလို အကြိမ်ကြိမ် ငြင်းခဲ့တဲ့ 401 နဲ့ ကျနော့်ကို ထည့် တယ်။ တကယ်က ကျနော်က လွတ်ရက်စေ့တဲ့လူအနေနဲ့ လွှတ်ကိုလွှတ်ရမယ် … ဒါပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ အစိုးရဟာ ကျနော့်ကို လိမ်တာ၊ ညာတာ၊ စစ်အစိုးရဟာ ဒီအုတ်ရောရော ကျောက်ရောရောထဲမှာ ကျနော့်ကို ရောထည့်တာ။ ပြဿနာတွေ အကုန်လုံးကို ရေရောပစ်တာ … ကျနော် အဲဒီ သဘော ပြောတာ။

မေး။ ။ နောက်မေးခွန်းတခုက ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထားမေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။

နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။

ရှင်းရှင်းပြောရရင် ဒီတိုက်ပွဲကြီး တခုလုံးထဲမှာ ဒေါ်စုဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့။ ဒေါ်စုမှာ ချို့ယွင်းချက် ရှိချင်ရှိမယ်။ ဒေါ်စုကို ကျနော် ပုဂ္ဂိုလ်ရေးကိုးကွယ်တာ မဟုတ်ဘူး။ ဒေါ်စုရဲ့ အခန်းကဏ္ဍ ဒေါ်စုရဲ့လုပ်ဆောင်ချက်သည် ဒီနှစ် ၂၀ ကာလမှာ အလွန်အရေးကြီးတယ်။ အဲလောက်ကို အလွန်အရေးကြီးတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေါ်စု ခေါင်းဆောင်မှုကို ဘယ်လိုမှ သေးသိမ်အောင် လုပ်လို့မရဘူး … လျော့ပေါ့အောင် လုပ်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ ဒေါ်စုခေါင်းဆောင်မှုကို ဝန်းရံကြပါ။

အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက်သုံးရပ် အဲဒါနဲ့ ကိုင်ရှင်းပြီးတော့ ကျနော်နေတဲ့အတွက် ဒီလောက်ခံနိုင် တယ်လို့ ကျနော်တော့ထင်တယ်။ သို့သော် ခုနပြောသလို လူပဲဗျာ … သံနဲ့ထုထားတာမှမဟုတ်ဘဲ။ စိတ်ညစ်တာတွေ ကျန်းမာရေးချို့ယွင်းတာတွေလည်းရှိမယ်။ ကျနော် အမြဲတမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ်နေနိုင်တာ၊ စိတ်ဓာတ်အင်အားတွေ တောင့်ခံနိုင်တဲ့ဟာ၊ အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက် သုံးရပ်ကြောင့်လို့ထင်တယ်။

မေး။ ။ စစ်အစိုးရက ဒေါ်စုနဲ့လည်း တွေ့နေပြီလို့ပြောတယ်ဆရာ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ ကျင်းပ မယ်လို့ပြောနေတယ်။ ဒီရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းကသာ Pragmatic ဖြစ်တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် ဆရာမောင်စူးစမ်းတို့ကပါ ပြောလာတာရှိတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကိုရော ဆရာ ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျနော်က အဲဒါနဲ့ ပတ်သက်လို့တော့ ဒိုင်ယာလော့နဲ့ပဲ တတွဲတည်းတွဲပြီးတော့ စဉ်းစားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စစ်အစိုးရဟာ လမ်းကြောင်းကို ပိတ်ထားတယ်။ လမ်းတားလိုက်တာ။ ရှေ့အတွက် လမ်းပိတ် နေပြီ။ လမ်းပိတ်ဖို့အတွက် ပေါ်လာပြီ။ ကွန်စတီကျူးရှင်း ဆိုတာ ပေါ်လာပြီ။ အဲဒီ ကွန်စတီကျူးရှင်း ထဲက ထွက်လာမယ့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ ဒါတွေလည်း စပေါ်လာပြီ။ အဲဒီတော့ လမ်းပိတ်သွားပြီ။ အဲဒီတော့ ကိုစူးစမ်းတို့က ဒိုင်ယာလော့က အဆင်တန်ဆာ ဖြစ်သွားပြီလို့ပြောနေတယ်။ ကျနော်လက်မခံ ဘူး။ ဒါ အညံ့ခံလိုင်းပဲ။ ဟုတ်တယ် လမ်းပိတ်မနေဘူးလား … ပိတ်တာပေါ့။ ပိတ်နေတာကို အခုမှ လမ်းပိတ်တာလို့ ထအော်ရင် အဲဒီလူဟာ တော်တော်ညံ့ တာပဲ။ ပိတ်နေတာ ရှင်းရှင်းပြောရရင် ၁၉၉၂ National Convention ခေါ် ကတည်းက သူတို့က ဒီဟာကို ကြံခဲ့ပြီးသား။ ကျနော်တို့ ဒါကြောင့် အမြဲတမ်းပြောနေတယ်။ သူတို့ကို legitimacy မပေးနိုင်ဘူး။

NC နဲ့ ပတ်သက်ပြီး ကျနော်တို့ သပိတ်မှောက်ရမယ်ဆိုတာက ၉၃ တုန်းက ကျနော် ပြောခဲ့ပြီးပြီ။ ဒါ အားလုံးရှေ့မှာ။ အမေရိကားက Mr. Bill Richardson လာတွေ့တယ်။ ထောက်လှမ်းရေးတွေရော ဘာတွေရော ထောင်အာဏာပိုင်တွေ ရော သတင်းထောက်တွေရော။ အဲဒီမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လက်မခံဘူး။ ဒါ Sham ၊ ဒါ အတုအယောင်ပဲ။ အဲဒါကို သပိတ်မှောက်ရမယ်။ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက်ဆိုရင်တော့ အနည်းဆုံးတော့ သပိတ်မှောက်ရမယ်။ ဆိုလိုတာက ဒီတခါးကြီး ပိတ်တော့မယ်ဆိုတာ သူတို့က ၉၂ လောက်ကတည်းက ကြံရွယ်ပြီးသားပဲ။ အဲဒါအခုမှ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်က ၉၂ လောက်တုန်းက သူတို့လုပ်တာလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။

ကျနော်တို့က ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတာ စိတ်ထဲမှာ ရှိတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ရေးကို ၉၂ မတိုင်ခင်က ၈၈ အောက်တိုဘာလကတည်းက အန်အယ်လ်ဒီက ကိုင်စွဲခဲ့တဲ့ လိုင်းဖြစ်တယ်။ ဒီလိုင်းက ဒေါ်စု ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ န၀တ ကို ပို့ခဲ့တဲ့လိုင်း။ အောက်တိုဘာ လကတည်းက။ ဒီဒိုင်ယာလော့လိုင်းက တလျှောက် လုံးရှိနေတာ၊ အဲဒီထဲမှာ သူတို့က NC လိုင်းတွေတင်လာတယ်၊ အခုတခါ နောက်ဆုံးပိတ် ဖွဲ့စည်းပုံလိုင်း။ လမ်းပိတ်နေတယ်၊ အဲဒီ ပိတ်နေတာကို ကျနော်တို့ နဂိုကတည်းက မြင်နေတာပဲ၊ အဲဒါကို ဒိုင်ယာလော့ နည်းနဲ့ ဖြေရှင်း မယ်။ ဒိုင်ယာလော့နည်းနဲ့ ကျနော်တို့ ဟာတွေကို တင်ပြမယ်၊ ဒိုင်ယာလော့နည်းနဲ့ သူတို့ ခြေလှမ်းတွေကို ဖျက်မယ် ဆိုပြီးတော့ ကျနော်တို့ ကိုင်စွဲခဲ့တာပဲ။

ဒီနေ့ ကျနော်တို့ လမ်းပိတ်နေတာကို မြင်နေသော်ငြားလည်း လမ်းပိတ်သွားတဲ့ အထိတော့ ကျနော်တို့က ဒိုင်ယာလော့ကို တောင်းဆိုနေမှာပဲ။ လမ်းမပိတ်အောင်ပြောနေမှာပဲ။ ဒိုင်ယာလော့က ဒါပဲ။ အဲဒါကို ဒိုင်ယာလော့က အဆင်တန်ဆာပဲ ဆိုတာ ကျနော်လက်မခံဘူး။ ဒါ အညံ့ခံတဲ့လိုင်းပဲ။ ရှင်းရှင်းပြောရင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလို့ရတယ်။ အနည်းဆုံးတော့ ခင်ဗျားတို့ ဒါတွေခဏ ဆိုင်းထားပါဦး။ တွေ့ဖြစ်အောင်တွေ့ရမယ်။ လမ်းပိတ်တာတွေ မပိတ်နဲ့ဗျာလို့ ပြောလို့ရရမယ်။ ဒါတွေပြင်ပါလို့ ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ ။ပြီး ပြီး ရောသွားလို့မရဘူး။ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ နောက်မေးခွန်းတခုက ဆရာ အခုအနေနဲ့ ဆရာ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တွေ့ခွင့်ရ မယ်ဆိုရင်၊ ဆရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေများ အကြံဥာဏ်ပေးနိုင်မလဲ၊ ဆရာ ဘာတွေ ပြောမလဲ ဆရာ။

ဖြေ။ ။ အမှန်တိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲဗျ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ခံယူတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအားဖြင့်ရော၊ စိတ်ဓာတ် အားဖြင့်ရော စွန့်လွတ်မှု၊ အနစ်နာခံမှု အားလုံးက ကျနော်တို့ထက် အများကြီးကို စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်။ အခုမှမဟုတ်ဘူး၊ ဟိုတုန်းက လည်း ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Commit ဖြစ်မှု စွဲမြဲမှု ဒါတွေ ကျနော် အကုန်လုံးလက်ခံခဲ့တယ်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ခင်ဗျားစိတ်ကူး ဘာတွေရှိသလဲ။ အဲဒါတွေ ကျနော်ဘာလုပ်ပေးနိုင်မလဲ။ ဒီမေးခွန်းပဲ ကျနော်မေးမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပြီးသားဖြစ်တယ်လို့ ကျနော်ယုံတယ်၊ ဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ဘာပြောမလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဘာအကြံရပြီလဲ။ ခင်ဗျားဘာတွေများတွေးပြီးပြီလဲ၊ ခင်ဗျားဘာတွေများ မြင်ပြီးပြီလဲ။ ဘာတွေများလုပ်ဖို့ ကျန်သေးလဲ။ ကောင်းပြီအဲဒါဆိုရင် ကျနော်လုပ်နိုင်တဲ့ဟာတွေ သုံညပဲဖြစ်ဖြစ် သုံညထက်နည်းနည်းကျော်တဲ့ ၁ ပဲ ဖြစ်ဖြစ်၊ ဒါတွေကျနော်လုပ်ပေးမယ်။ ကျနော်လုပ်နိုင်တဲ့ဘက်က ၀င်လုပ်ပေးမယ်။

ကျနော် နိုင်ငံရေးလုပ်တာ ၉ လ ပဲ ကြာတယ်၊ အခုထောင်ထဲမှာ ၁၉ နှစ်နေလာရတာ၊ အဲဒီတော့ နိုင်ငံရေးမှာ မအူမလယ် ဆိုတာ ထင်ရှားနေတာပဲ၊ ကျနော်က အလုပ်လုပ်တာ၊ ကျနော့်ကို အမျိုးမျိုးပြောကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနိုင်တယ်တို့ ဘာတို့၊ အဲဒါတွေကို ကျနော်ငြင်းတယ်၊ ကျနော့်ကိုယ် ကျနော် နှိမ်ပြီးပြောတာလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးချွန်ချွန်ကို တော်တယ်လို့ ကျနော်ယူဆတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲက ထွက်လာတဲ့ အကြံဥာဏ်တွေဟာ ပြင်စရာ မရှိလောက်အောင်ကို ကောင်းတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော် အချိန်ပြည့်လုပ်တယ်၊ ဒါပဲ။ ကျနော်က တယောက်တည်း သမားဆိုတော့ သူများထက်ပိုအလုပ်လုပ်နိုင် တယ်၊ အရင်ကတည်း က တနေ့ကို ၁၅ နာရီ ၁၆ နာရီ အလုပ်လုပ်တာ၊ ကြေးမုံသတင်းစာ လုပ်တုန်းကလည်း ဒီလိုပဲ။

မေး။ ။ နောက်တခုက ဝေဖန်ရေးလုပ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်မရှိရင် အန်အယ်လ်ဒီက သေသွားပြီတို့ ဘာတို့ပြောကြတာရှိတယ်၊ အခုဟာကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အတွင်းမှာ တချို့ ဝေဖန်ရေးလုပ်တဲ့လူတွေက ပြောတာပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် လက် ရှိ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားပျော့တယ်တို့ ဝေဖန်နေသလို၊ နိုင်ငံရေး အပြောင်းအလဲကို အန်အယ်လ်ဒီ က လုပ်မပေးနိုင်ဘူးလို့ စွပ်စွဲတဲ့ လူတွေ လည်း ရှိတယ်၊ အဲဒါ အခု လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်မှုအပိုင်းကိုရော ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ခင်ဗျားမေးခွန်းက ၂ ပိုင်းဗျာ၊ စိတ်ဝင်စားစရာကောင်းလို့ ကျနော် ပထမပိုင်းကို အရင်ပြောချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောရင် သူဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်၊ အလွန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ် ဆိုတာမှန်တယ်။ သို့သော် အဖွဲ့အစည်းတခုက ဒေါ်အောင်ဆန်းစုကြည်မရှိရင်လည်း ဖြစ်ရမှာပဲဗျ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါလည်း ဖြစ်နေမယ်လို့ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင်တယောက်ဆိုတဲ့ဟာက မပျောက်ဘူးဗျ။

ဗိုလ်ချုပ် အောင်ဆန်းဗျာ သေသွားတယ်၊ သတ်ပစ်လို့သေသွားတယ်ဗျာ၊ အောင်ဆန်း Spirit ဆိုတာက ကျန်တဲ့အခါကြ တော့ ဖဆပလ က အများကြီး ဆက်ပြီးတော့ အဒွန့် ရှည်နေတယ်၊ အောင်ဆန်းသေတာနဲ့ ဖဆပလ ပျက်သလား။ မပျက်ဘူးဗျ။ အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည် သေတာနဲ့၊ ဒေါ်အောင်းဆန်း စုကြည် မရှိတာနဲ့ အန်အယ်လ်ဒီက ပျက်မယ်ဆိုတာ ကျနော် မယုံဘူး၊ အနည်းဆုံး အောင်ဆန်းစုကြည် Spirit ဆိုတဲ့ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတာ ရှင်သန်နေဦးမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သေသွားလို့ပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် မလုပ်လို့ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့ဟာ စံနမှုနာယူ စိတ်ဓာတ် အနေနဲ့ ကျန်နေမှာပဲ။

ဒီစိတ်ဓာတ်တွေက အန်အယ်လ်ဒီမှာ ကိန်းကောင်းနေတဲ့ကာလပတ်လုံး၊ ကိန်းအောင်း အောင် လုပ်နိုင်သမျှ ကာလ ပတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတယောက်၊ လူ တယောက်အနေနဲ့ ရှိခြင်း၊ မရှိခြင်း၊ ရပ်တည်ခြင်း၊ မရပ်တည်ခြင်းနဲ့ သိပ်တော့မဆိုင်တော့ဘူး၊ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတဲ့ဟာကြီးက ရှိနေရင် အဖွဲ့အစည်းဟာ ရှင်သန်နိုင်မယ်လို့ ကျနော် ယူဆတယ်။

ဒုတိယ အချက်က လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့။ ဒါတွေက လူတွေပဲဗျ၊ လူတွေဘဲ၊ ဟုတ်လား။ ဥပမာ ကျနော့်ကို မနေ့တုန်း က မိတ်ဆွေတယောက်က သိပ်ပြီးတော့ emotional မဖြစ်ပါနဲ့တဲ့။ ဟုတ်ပါတယ်၊ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ကျနော် emotional ဖြစ်တာမဟုတ်ဘူး၊ dynamism ကို ဖော်နေတာ။ ကျနော့်ကို ဒီလူကြီးက ဘာတွေ ပြောမှန်းလဲ မသိဘူးပေါ့၊ Out of date တွေ၊ ဒီလူကြီး နားမလည်တာတွေ အများကြီး ရှိတယ်။ မှန်တယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။

ကျနော်က အဲဒီလိုဟာတွေပါ ထည့်တွက်တယ်၊ ကျနော်က ဖြန့်ဖြူးနေတာ၊ အခု အင်တာဗျူးတာတွေ လုပ်နေတာ၊ ကျနော်အများကြီး သိတာပေါ့။ ကိုယ့်ကိုယ်ကိုယ်၊ ချို့ယွင်းချက်တွေ အများကြီး။ ကျနော် ထောင်ထဲမှာ အနှစ် (၂၀) လောက်နေလာတာ၊ စာလည်း မနေ့တနေ့ကမှ ဖတ်ရတာ၊ ရရာ ဖတ်ရတာ။ အဲတော့ အဲဒီဟာတွေကို ကျနော်က ဘာလို့ dynamic ဖြစ်အောင် ကျနော်လုပ်နေတာလဲ၊ နိုးကြားခြင်း၊ ထကြွခြင်း၊ တက်ကြွ ခြင်း၊ ရှင်သန်ခြင်း ဆိုတဲ့ dynamism ကိုဖြန့် နေတာ၊ dynamism မရှိရင် ကျနော်တို့ ဘာမှ လုပ်စရာ မရှိဘူးဗျာ။

ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊ ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။

ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။

အလားတူပဲ လက်ရှိ ရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များဟာဆိုလို့ရှိရင် သူတို့လုပ်နိုင်တာ သူတို့လုပ်နေတာပဲလို့ ကျနော်ထင်တယ်။ သူတို့ dynamism လျော့ရင် လျော့ မယ်၊ နည်းနည်းလေး လျော့မယ်၊ သဘောက နည်းနည်းလေး တွန်းပေးရမယ်။ သူတို့မှာ နည်းနည်းလေး ချော်တာ ရှိမယ်၊ ဖြောင့်ပေးရမယ်။ ဟုတ်လား။ ဒီခေါင်းဆောင်မှုတခုကို အကြောင်းရာ တခုအပေါ်မှာ အခြေအနေ တခုအပေါ်မှာ အတိမ်းအစောင်းရှိတာတောင် ဘယ့်နယ် သည်းညည်းမခံနိုင်လို့ မရဘူး။ ဒီခေါင်းဆောင်မှုကို ကျနော်တို့ ပြင်ရမှာပဲ၊ မှားရင် ဝေဖန်ရမှာပဲ၊ ဒါ အဖွဲ့အစည်းပဲ။ အဖွဲ့အစည်းထဲမှာ ပြောရမယ်၊ အဖွဲ့အစည်းထဲမှာ ဆွေးနွေးရမယ်၊ ဒါပဲဗျ။ အဲတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်၊ မရှုတ်ချချင်ဘူး။ ဘ၀င်မကျတာတွေရှိတာ ပြောမယ်၊ ပဲ့ပြင်ကြမယ်၊ ထိန်းကျောင်းကြမယ်၊ ၀န်းရံ ကြမယ်၊ ၀ိုင်းဝန်းကြမယ်။ ဒါကို ကျနော် လုပ်ချင်တာ၊ မှားတာ မှန်တာတော့ မသိဘူး။ ဆိုတော့ ဒီခေါင်းဆောင်မှုဘက်ကနေ လိုက်တာလည်း မရှိဘူး၊ ရှုတ်ချ တာလည်း မရှိဘူး။ ခေါင်းဆောင်မှု ကလည်း သူတို့ လုပ်နိုင်သမျှ လုပ်နေတာပဲ၊ မှန်နိုင်သမျှလည်း မှန်နေတာလည်း ရှိပါတယ်။ မှားတာရှိရင် ပြင်ကြမယ်။ ကျနော်တို့ကို ဆက်ခံမယ့် အင်အားတွေ ဘယ်လို တိုးချဲ့မလဲ။ ဒါကို ကျနော်တို့ သိကြရမယ်၊ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်၊

မေး။ ။ အခု ဆရာ (၁၉) နှစ်ကြာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေပြီးတော့ အခုလိုမျိုး ပြန်အဆက် အသွယ် ရတဲ့အခါကြတော့ ဆရာ့ အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ ဆရာ၊

ဖြေ။ ။ ကျနော် ဒီမိုကရေစီ နိုင်ငံရေးကို လုပ်မယ်။ ကျနော် အခု အသက် (၇၉ ) နှစ်ရှိပြီ၊ အမှန်အတိုင်းက သိပ်ပြီးနိုင်ငံ ရေးကို ကျနော် ကျွမ်းကျွမ်းကျင်ကျင် ရှိတာမဟုတ်ဘူး။ ကျနော် နိုင်ငံရေး လုပ်ဖူးတာ ကိုးလ လောက်ဘဲ လုပ်ဖူးတာ၊ ထောင်ထဲက အတွေ့ အကြုံကို နိုင်ငံရေးလို့တွက်ရင်တော့ သိပ်ကြာတာပေါ့ဗျာ။ ထောင်ထဲမှာလည်း ကျနော်တယောက် တည်းလို နေရတဲ့အခါကြတော့ ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ညှိနှိုင်းခြင်း၊ ငြင်းခုံခြင်း၊ ရည်မှန်းချက်ချခြင်းတွေ သိပ်ကို မလုပ် နိုင်ဘူး။ တယောက်တည်း ဖြစ်နေတာ၊ အဲဒီအတွက် ကျနော်ရဲ့ နိုင်ငံရေး အတွေ့အကြုံက အများကြီးနည်းပါတယ်။ သို့သော် ကျနော့်မှာ အကြောင်းတွေ အများကြီး ရှိပါတယ်၊ အကြောင်းတွေ အများကြီးရှိတယ်ဆိုတာ အန်အယ်လ်ဒီကို စတင်တည်ထောင်သူများထဲမှာ ကျနော် တယောက် အပါအ၀င် ဖြစ်တယ်။ အဲဒီလိုဖြစ်နေတဲ့ အခါကြတော့ အန်အယ်လ်ဒီ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဦးတည်တဲ့အတွက် အဲဒီ ဘက်ကနေ ရပ်ခြင်းအားဖြင့် ဒါ ကျနော် ဆက်ပြီးတော့ နိုင်ငံရေးကိုလုပ်လို့ရမယ်လို့ ယူဆတယ်၊ လုပ်ဖို့လိုတယ်။ အဲဒါကြောင့် ကျနော် ဒီမိုကရေစီ နိုင်ငံရေး ကို ဆက်ပြီးတော့ လုပ်မယ်လို့ ပြောချင်ပါတယ်၊ ဒါ အတိုဆုံး ပြောတာပါ။

မေး။ ။ နောက်ဆုံးမေးခွန်း ဆရာရယ်၊ အခုလိုမျိုး ဆရာ့ လွတ်မြောက်ရေး လုပ်ရှားတဲ့ လူတွေ၊ မိတ်ဆွေတွေ၊ နောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ လူတွေအတွက်ကို ဆရာက ဧရာဝတီကနေ တဆင့် ဘာများ ပြောစရာ ရှိပါသလဲ။

ဖြေ။ ။ သိပ်ကျေးဇူးတင်တယ်၊ သိပ်အားတက်တယ်ဗျာ၊ သိပ်အဖိုးတန်တယ်လို့ပြောစရာမှ တခြား မရှိဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ သိပ်ကျေးဇူးတင်တယ် ဆိုတာက ကျနော်တို့ထောင်ထဲမှာ နေရတော့ စားရေး၊ သောက်ရေး၊ မိဘနဲ့ မတွေ့ တာ၊ ဆွေမျိုးနဲ့ မတွေ့တာ၊ မိသားစုနဲ့ မတွေ့တာ၊ အချင်းချင်းနဲ့ မတွေ့တာက အစ အကုန်လုံး အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်ယောက်ကနေပြီးတော့ အားပေးတယ်၊ ၀ိုင်းဝန်းတယ်၊ ၀န်းရံတယ်၊ ပံ့ပိုးတယ် ဆိုတဲ့ အခါကြတော့ ကျနော် သိပ်ကျေးဇူးတင်တယ်၊ ဒါပြောစရာ မလိုဘူး၊ ကျနော်တင် မဟုတ်ဘူး၊ အားလုံးကနေပြီးတော့ ဒါ ကျေးဇူးတင်ကြမှာ၊ ဒါကို ကျေးဇူးတင်တယ်လို့ ကျနော် ပြောတာပါ။

နောက်ပြီးတော့ ဒါတွေအတွက် ကျနော် သိပ်ပြီးတော့ အားတက်တယ်။ သိပ်အားတက်တယ်လို့ ပြောချင်တဲ့ အကြောင်းက ဘာဖြစ်လို့လဲ ဆိုတော့ ရှင်းရှင်းလေး ပြောရရင် နိုင်ငံရေးတို့ ဘာတို့လုပ်တယ်ဆိုတာ အားတက်မှုနဲ့ လုပ်ရတာ။အားတက်မှု မရှိဘဲနဲ့ စာအုပ်ကြီးနဲ့ ထိုင်ပြီးတော့ စာအုပ်နဲ့ စဉ်းစားပြီးတော့ စာအုပ်ကြီး လမ်းစဉ်နဲ့ဘဲ လုပ်နေရင် မရဘူးဗျ။ အားတက်မှု နဲ့ စုစည်းရတာ၊ အားတက်မှုနဲ့ လှုပ်ရှားရတာ၊ အားတက်မှု နဲ့ ထကြွရတာပဲ။ အဲဒါကြောင့် ကျနော် အားတက်တယ်၊ ကျနော်တို့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာ နေနေ၊ အဲဒါ ၀ိုင်းဝန်းတဲ့ အလေ့ကို ပြတာ၊ ၀ိုင်းဝန်းတယ်ဆိုတာ ပြည်တွင်း ရော၊ ပြည်ပရောပေါ့ဗျာ။ ဒီလူတွေ ၀ိုင်းဝန်း ကြလို့ ဒီလူတွေ အားပေး ကြလို့ ကျနော်တို့တတွေက ထကြွနေတယ်။ လုပ်ရှားနေမယ်၊ တက်ကြွနေမယ်၊ နိုးကြား နေမယ်၊ အဲဒါကြောင့် ကျနော်တို့က သိပ်ပြီးတော့ အားရပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်ပါတယ်။

နောက်တခုပြော ချင်တာက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ကွာသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ အဲဒီလူတွေလုပ်ခဲ့တာ မနည်းဘူး။ ဥပမာ ဆိုလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ စာရေးဆရာ မောင်သော်က တို့ ၊ ဦးတင်မောင်ဝင်းတို့၊ ဦးတင်ရွှေတို့။ နောက် အခြားသောပါတီက ဦးခင်မောင်မြင့်တို့ စတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ အကုန်လုံးက ထောင်ထဲမှာ သေကြ ရ တယ်၊ သေသွားတယ်။ နောက်တမျိုးက ထောင်ထဲ ကြောင့်၊ ထောင်ထဲမှာ အမျိုးမျိုး အအိပ်ပျက်၊ အစားပျက်၊ စီးပွားပျက်၊ လုပ်ငန်းပျက်၊ အကုန်လုံး ဘ၀ပျက်သွားတဲ့ လူတွေကို အများကြီးရှိတယ်။ ကျနော့်ကိုဆိုရင် အခုဝိုင်းဝန်းပြီးတော့ ဟိုကမေး၊ ဒီကမေး ဘာညာလုပ်နေတယ်။ ကျနော်တို့ ထက် အများကြီး စွန့်လွတ်ပြီးတော့ အများကြီးအနစ်နာခံပြီးတော့ လုပ်သွားတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ကျေးဇူးဟာလည်း ကျနော်တို့မှာ အများကြီး ရှိသေးတယ်။ ကျနော် ပြောချင်ပါတယ်၊ ဒါကိုလည်း ကျနော်မေ့လို့ မရဘူး။ ကျနော်တို့က လက်ရှိ ရှိနေတဲ့သူတွေကို ကျေးဇူးတင်သလို ဒီလူတွေရဲ့ ကျေးဇူးကိုလည်း မမေ့ဖို့ သိပ်လိုပါတယ်။

ဒါ့ အပြင် အပြင်မှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့ ဘေးရောက်နေတဲ့ သူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်များရဲ့လုပ်ကိုင် ခဲ့တာတွေကိုလည်း ကျနော်တို့က အသိမှတ် ပြုရလိမ့်မယ်၊ ဒီလို ပုဂ္ဂိုလ်များရဲ့ စွန့်လွတ်မှုတွေကိုလည်း ကျနော်တို့ နားလည်ရလိမ့်မယ်၊ တန်ဖိုးထားရလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

အဲဒါကို ကျနော် အပိုင်းချုံ့လိုက်ရင် နှစ်ပိုင်းပြောချင်ပါတယ်၊ တပိုင်းက ဘာလဲဆိုတော့ ပြည်တွင်းရော၊ ပြည်ပရော ကျနော်တို့ကို ၀န်းရံတဲ့ သူတွေ၊ ပုဂ္ဂိုလ်တွေအတွက် ကျနော်တို့မှာ အများကြီး ကျေးဇူး ရှိပါတယ်။ အများကြီး လည်း ကျနော်တို့ကို အားပေးရာ ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့ဟာ နှစ်ပေါင်း ၂၀ ကာလ အတွင်း မှာ အများကြီး စွန့်လွတ်ခဲ့တဲ့လူတွေ၊ ဘ၀ပျက်ခဲ့တဲ့ လူတွေ ၊ သေခဲ့တဲ့ လူတွေ၊ ကြေခဲ့တဲ့လူတွေ၊ အဲဒီလူတွေ အားလုံးကို ကျနော်တို့ မမေ့ဖို့နဲ့ ဒီလူတွေကို ကျနော်တို့ အမြဲတမ်း တန်ဖိုးထားနေဖို့ ဒီလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ အမြဲတမ်း ပြန်ဖေါ်ထုတ်ဖို့၊ သတိရဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါပါပဲ။ ။

၂၅.၀၉.၂၀၀၈သတင်း

ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။ ဗုံးမှန်းမသိသဖြင့် ရဲများက မပေါက်ကွဲသေးသော ဗုံးကို မြို့တော်ခန်းမထဲအထိ ယူသွားနေစဉ် ဗုံးရှင်းတပ်ဖွဲ့ ရောက်လာ၍ စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်။

"ငါတို့ သိန်းတရာတန် ဖြစ်သွားတော့မလို့" ဟု ရဲတပ်သားတဦးက ကျန်ရဲများကို ဟာသနှော၍ ပြောသည်။ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ တခုတွင် နယ်စပ်အခြေစိုက် ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ ဗုံးဖောက်ခွဲရန် စီစဉ်သူများက မြို့တော်ခန်းမကို ဖောက်ခွဲနိုင်လျှင် သိန်းတရာပေးမည်ဟု ဆုတော်ငွေ ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံ ပြန်လည်ဆန်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း
25 September 2008
ဦးသိန်းထိုက်ဦး -
စစ်အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီ
တရပ် ဖွဲ့စည်းဖို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့
ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက ဒီနေ့ တောင်းဆိုပါတယ်။
အန်န်အယ်လ်ဒီ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံပြီး အန်န်အယ်လ်ဒီရဲ့ ကြေညာချက်
ဟာ အများပြည်သူကို သွေးထိုးလှုံ့ဆော်တဲ့အချက်တွေ ပါနေတယ်ဆိုပြီး စစ်အစိုးရဘက်
က အကြောင်းပြပါတယ်။ အန်န်အယ်လ်ဒီကတော့ စစ်အစိုးရဲ့ တောင်းဆိုချက်ကို
လက်မခံခဲ့ပါဘူး။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းမှာပဲ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံးက ဆက်သွယ်
ပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ
ကို ခေါ်ယူခဲ့ပါတယ်။ အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့
ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်တို့ကလွဲရင် သွားရောက်တွေ့ဆုံခဲ့တဲ့သူ အားလုံးပါဝင်
တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဓိကက ဘာလဲဆိုတော့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ အထူးကြေညာချက် ၁၈၊
အဲဒီကြေညာချက်က ဘာလဲဆိုတော့ လွှတ်တော်ခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြန်လည်စမ်းစစ်ပေးမယ့် ကော်မတီဖွဲ့၊ ဒီလိုလုပ်ပါ ဘာညာ ကျနော်တို့က တိုက်တွန်း
ခဲ့တာပါ။ အဲဒီစာမှာပါတဲ့ အချက်အလက်တွေက အများပြည်သူတွေကို သွေးထိုး
လှုံ့ဆော်ရာကျတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ တရားစွဲဆိုလို့ရတယ်၊
ဒါကြောင့် ဒီကြေညာချက်ကို ပြန်ရုပ်သိမ်းပေးပါဆိုပြီး တောင်းဆိုတာပါ။"

မြန်မာစစ်အစိုးရ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားမ၀င်ဘူး၊
ဒါ့ကြောင့် အသိအမှတ် မပြုနိုင်ဘူးဆိုပြီး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
က ကြေညာထားပါတယ်။ အခု စစ်အစိုးရဘက်က ကြေညာချက်ကို ပြန်လည်ရုပ်သိမ်း
ပေးဖို့ တောင်းဆိုချက်ကို အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်မခံခဲ့တဲ့
အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

"စီအီးစီက တခါတည်းဖြေခဲ့ပါတယ်။ ကျနော်တို့ မရုပ်သိမ်းပေးနိုင်ဘူး၊ ဒီကြေညာချက်
မှာပါတဲ့ အချက်အလက်တွေက အခိုင်အလုံရှိပါတယ်၊ အဲဒီလို ဖြေခဲ့ပါတယ်။ ဒါက
မှန်တယ်၊ အချက်အလက်တွေလည်း ခိုင်တယ်၊ မရုပ်သိမ်းနိုင်ဘူးဆိုပြီး ဖြေခဲ့တာပါ။
စာရွက်စာတမ်းအပေါ်မှာ ပြောရလို့ရှိရင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့အချိန်မှာ မတရား
လုပ်တာတွေ ရှိတယ်။ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်တယ်။ ဒါကြောင့်လည်း လူထုက
ဒီအခြေခံဥပဒေကို လက်မခံဘူးလို့ ပြောတာကို သူတို့ မကျေမနပ်ဖြစ်တယ်လို့ ယူဆပါ
တယ်။"

အခြေခံဥပဒေဟာ ရေးဆွဲပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲတာ
မဟုတ်တဲ့အတွက် တရားဝင်မှု အားနည်းခဲ့တယ်လို့ အန်န်အယ်လ်ဒီဘက်က ပြောပါ
တယ်။ နောင်ကျင့်သုံးတဲ့အခါ ပေါ်ပေါက်လာနိုင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း
တွေကိုလည်း လေ့လာတွေ့ရှိထားတယ်လို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်က ဆိုပါတယ်။ ဒါ့အပြင် ပြုပြင်ဖို့ခက်ခဲတဲ့ အချက်တွေကို ထည့်သွင်းထားတဲ့
အတွက် ဖွဲ့စည်းပုံ အာဏာမသက်ရောက်ခင် တရားဥပဒေဘောင်အတွင်းက နိုင်ငံရေး
နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့၊ ဒီဖွဲ့စည်းပုံကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီတရပ် ဖွဲ့စည်း
ဖို့ဆိုပြီး တောင်းဆိုခဲ့တာပါ။

ဆူပူသွေးထိုးလှုံ့ဆော်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး တရားစွဲနိုင်တယ်လို့
စစ်အစိုးရဘက်က အကြောင်းပြတာကို ဒီလို အန်န်အယ်လ်ဒီဘက်က ပြန်လည်ရုပ်သိမ်း
ဖို့ ငြင်းဆိုခဲ့တဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကတော့ စစ်အစိုး
ရဘက်က သဘောထားအပေါ်မှာသာ မူတည်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဝင်းတင် လွတ်မြောက်မှု ကုလအတွင်းရေးမှူးချုပ် ကြိုဆို
25 September 2008
မြန်မာနိုင်ငံမှာ နှစ်အရှည်ကြာဆုံး နိုင်ငံရေး အကျဉ်းသား ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၇) ယောက် ကို လွှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဗုဒ္ဓဟူးနေ့ က ကြိုဆိုလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အစိတ်အပိုင်းတစ်ရပ် အဖြစ် အခုလို လွှတ်ခဲ့တာပါ။

ဒါပေမဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တစ်ရပ် အတွက် လိုအပ်တဲ့ ခြေလှမ်းတွေ အဖြစ် နိုင်ငံရေး အကျဉ်းသား အားလုံး ကို လွှတ်သင့်ပြီး၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ကို ခံစားသင့်နေပြီ လို့ မစ္စတာ ဘန်ကီမွန်း က ပြောခဲ့ပါတယ်။

လွှတ်ရက်တော်တော် ကျော်နေပြီးကာမှ ဦးဝင်းတင် ကို လွှတ်လိုက်တာ ဟာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်မယ်လို့ အမေရိကန် အစိုးရ က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ (Robert Wood) က ၀ါရှင်တန် မှာ ပြောကြားပါတယ်။

ဦးဝင်းတင် ကို ၁၉၈၉ ခုနှစ် မှာ ဖမ်းဆီးခဲ့ပါတယ်။ အစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေးတွေ ရေးတယ်လို့ စွပ်စွဲပြီး၊ ထောင် အနှစ် ၂၀ ချခဲ့တာပါ။ ဦးဝင်းတင် ဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ရရှိသည်အထိ သူ ဆက်လက် တိုက်ပွဲဝင်သွားလိမ့်မယ်လို့ အသက် ၇၈ နှစ် ရှိပြီ ဖြစ်တဲ့ ဦးဝင်းတင် က သူ ထောင်ကလွတ်ပြီး မကြာမီ မှာပဲ ပြောကြားခဲ့ပါတယ်။

မဟာဗန္ဓုလပန်းခြံတွင် ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ
ကိုသက် စက်တင်ဘာ ၂၅၊ ၂၀၀၈

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားရာ လူငယ်တဦး အပါအ၀င် ၃ ဦး ဒဏ်ရာရသည်ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီကို ပြောဆိုသည်။

မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ကားမှတ်တိုင် အနောက်ခြမ်း၌ ဗုံးပေါက်ကွဲသည် (ဓာတ်ပုံ - ဧရာဝတီ)

“ပန်းခြံရှေ့ဗျ ... ဘတ်စ်ကားမှတ်တိုင်ရဲ့အနောက်နဲ့ကပ်နေတဲ့ ပန်းခြံစည်းရိုးအနောက်မှာ ကပ်ထောင်သွားတာဗျ ... သံပန်းခြံစည်းရိုးပြိုသွားတယ်။ ၃ ယောက်ဒဏ်ရာရသွားတယ် ... တယောက်ကတော့ အသက် ၁၆၊ ၁၇ လောက်ရှိမယ် လက်မှာသွေးတွေချည်းပဲ ... လူအသေအပျောက်တော့ မရှိဘူး” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

ယခုအခါ အခင်းဖြစ်ပွားသည့် ရန်ကုန်မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားပတ်ဝင်းကျင်ကို ရဲနှင့် လုံထိန်းများက ပိတ်ဆို့ ထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၁ ရက်နေ့ညကလည်း ရန်ကုန်မြို့ရှိ တာမွေ ရဲစခန်းတွင် ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး တစုံတရာ ထိခိုင်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာက ရေးသားထားသည်။

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်
အေးချမ်းမြေ့ စက်တင်ဘာ ၂၅၊ ၂၀၀၈

ယနေ့နံနက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ ကို ထပ်မံ တိုးမြှင့်ချထားလိုက်ပြီ ဖြစ်ပြီး ယနေ့ညတွင် ရှာဖွေရေးများတင်းကျပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရဲ အသိုင်းအဝန်းမှ ကြားသိ ရသည်။ယခုတပတ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးအပြည့် ယူထားသည် (ဓာတ်ပုံ - မြတ်မိုးမောင်)

လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာအနှံ့ ချထားပြီး အဝေးပြေးကားဂိတ်များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်းတဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ထဲတွင်လည်း ကားလမ်းများ ကိုပိတ်ကာ ရှာဖွေရေးများ ပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။

“ယုဇန ပလာဇာရှေ့မှာ ကားလမ်းကို ပိတ်ပြီး ရှာနေတာ။ ရဲတွေကတော့ အများကြီးပဲ။ မှတ်ပုံတင်မပါရင် အပြင်သွားဖို့ တောင်မလွယ်ဘူး” ဟု မြို့တွင်း ခရီးသွား တဦးက ပြောသည်။

ရန်ကုန်တွင် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အစိုးရရုံးဌာနများရှိဝန်ထမ်းများမှာ အထိတ် တလန့်ဖြစ်ပြီး စောစီးစွာ ပြန်ရန် စီစဉ်ကြကြောင်း ဒေသခံများကပြောပြသည်။ ပတ်စ်ပို့စ် ရုံးကို ဗုံးခွဲမည်ဟူသော သတင်း ဖြစ်ပေါ်နေသောကြောင့်လည်း ရုံးကို စောစီးစွာ ပိတ်လိုက် ကြောင်းလည်း ကြားသိရသည်။

“အခု ဗုံးကွဲတဲ့ ကိစ္စကို အန်အယ်လ်ဒီ လူငယ်ကိုပဲစွပ်စွဲချင်ပုံရတယ်” ဟု ရန်ကုန် ရဲ အသိုင်း အဝန်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဗုံးပေါက်ကွဲမှု တမှုဖြစ်ပွားလျင် စစ်အစိုးရက အတိုက်အခံများကို စွပ်စွဲသကဲ့သို့ ပြည်သူ လူထုကလည်း အစိုးရဟုသာ ထင်မြင်ယူဆကြောင်း တွေ့ရှိရသည်။

“လုံခြုံရေးတွေ များနေကတည်းက တခုခုဖြစ်တော့မယ်လို့ ထင်နေတာ။ အမြဲတမ်း အဲလိုပဲ လေ။ ဒါမျိုးက ရိုးတောင်နေပြီ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

အခြားမြို့ခံတဦးကလည်း ယခုကဲ့သို့ ဗုံးခွဲသည့် လုပ်ရပ်ကို လုပ်မည့်သူမှာ အစိုးရသာ ဖြစ်နိုင်သည်ဟု ဆိုသည်။

“အဲဒီနေရာတွေမှာ ရဲတွေချည်းပဲ။ သူတို့ပဲဖြစ်မှာပဲ” ဟု ၎င်းကသုံးသပ်သည်။

လုံခြုံရေး ရဲများကို ယခုကဲ့သို့ တိုးမြှင့်ချထားခြင်းမှာ နောက်တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားဦးမည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆို နေကြသည်။

ယနေ့သည် စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်ပြီး စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များမှာ သံဃာ တော်များနှင့် ပြည်သူတို့ သွေးမြေ ကျခဲ့ရသည့် နှစ်ပတ်လည် နေ့များဖြစ်နေသည်။ ရန်ကုန်မြို့တွင် သြဂုတ်လကုန်ပိုင်းမှစ၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိရာ တဖြည်းဖြည်းနှင့် တိုးမြှင့်သည်ထက် တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

ကြားနေရသော ကောလာဟလစကားများအရ နက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့ ရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ၊ လမ်းလျှောက် ရန် စီစဉ်မှုများရှိနေကြောင်း ကြားသိရသဖြင့် အစိုးရအနေနှင့် လုံခြုံရေး များကို တိုး၍ ချထားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် စက်တင်ဘာ အရေးတော်ပုံအတွင်း သံဃာတော်နှင့် မယ်သီလရှင်များ အပါအဝင် ပြည်သူလူထု ၃၁ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်နှင့် ပခုက္ကူမြို့များတွင်လည်း စက်တင်ဘာ လဆန်းကတည်းက လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း ကြားသိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်နှင့် အခြားဒေသများရှိ လူထုအုံကြွမှုများကို စစ်တပ်က မနှိမ်နင်းတော့ဘဲ ရဲကသာ နှိမ်နင်း တော့မည် ဖြစ်သောကြောင့် ရဲ အင်အားကို ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ၆/ ၂၀၀၈ ပြည်ထဲရေး ဝန်ကြီးဌာန စည်းရုံးရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ရဲအပြည့်နဲ့ ကားတွေ တခါ တခါ ဖြတ်သွားရင် ၅ စီး ၆ စီးပဲ။ မြို့ထဲမှာ အဲလိုတွေ မြင်နေရ တော့ မလုံခြုံသလို ခံစားရတယ်။ မနှစ်က စက်တင်ဘာအရေးအခင်း ပြီးခါစကလည်း အဲလိုပဲ။ နေရတာ ဘယ်လိုမှမပျော်ဘူး” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။

ယနေ့နံနက် ဗုံးပေါက်ကွဲမှုတွင် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ အသေးစား ထိခိုက်မှုသာ ရှိခဲ့ကြောင်း မျက်မြင်တဦးထံမှ သိရှိရသည်။

ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 16:43 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး ကြာသပတေး နံနက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက်မရှိပဲ လူ ၄ ဦးဒဏ်ရာ ရရှိသွားသည်ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနမှ အပြောအရ သိရသည်။

ကြာသာပတေးနေ့နံနက် ၁၀း၄၀ က လူစည်ကားရာ မြို့လယ်ခေါင်ဘတ်စ်ကားမှတ်တိုင်တွင် ဗုံးတလုံးပေါက်ကွဲခြင်းဖြစ်သည်။

"သေတာတော့ မရှိဘူး။ ဒဏ်ရာရတာ အားလုံးပေါင်း ၄ ယောက်ပဲ၊ နာမည်တွေတော့ မသိဘူး" ဟု ဆေးရုံကြီးမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။ သို့သော် ဖြေဆိုခွင့်မရှိသဖြင့် အသေးစိတ်ဖြေကြားရန် ငြင်းဆန်သွားသည်။

အခင်းဖြစ်ရာနေရာတွင်ရှိနေခဲ့သူ မျက်မြင်သက်သေတဦးက အစောပိုင်းပြောကြားချက်တွင် လူ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

သို့သော် ရန်ကုန်ဆေးရုံကြီးကတော့ ၄ ယောက်စလုံး ဒဏ်ရာသာ ရသည်ဟု ပြောသည်။

ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးကတော့ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။

"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

ဒဏ်ရာရသူများတွင် ဈေးရောင်းသူ၊ ကားစောင့်နေသူများပါဝင်ခဲ့သည်။ အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။

ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။ ဗုံးမှန်းမသိသဖြင့် ရဲများက မပေါက်ကွဲသေးသော ဗုံးကို မြို့တော်ခန်းမထဲအထိ ယူသွားနေစဉ် ဗုံးရှင်းတပ်ဖွဲ့ ရောက်လာ၍ စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်။

"ငါတို့ သိန်းတရာတန် ဖြစ်သွားတော့မလို့" ဟု ရဲတပ်သားတဦးက ကျန်ရဲများကို ဟာသနှော၍ ပြောသည်။ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ တခုတွင် နယ်စပ်အခြေစိုက် ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ ဗုံးဖောက်ခွဲရန် စီစဉ်သူများက မြို့တော်ခန်းမကို ဖောက်ခွဲနိုင်လျှင် သိန်းတရာပေးမည်ဟု ဆုတော်ငွေ ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။

အခင်း ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့ လာရောက် ကြည့်ရှု စစ်ဆေးသွားသည်။

ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်က အမှိုက်များ ဓာတ်တိုင်တတိုင်စာလောက် မြင့်တက်သွားသည်ဟု အနီးနားတွင် ဈေးရောင်းနေခဲ့သူ တဦးက ပြောသည်။

ပန်းခြံရှေ့ ဘတ်စ်ကားမှတ်တိုင်အနီး တာဝန်ထမ်းဆောင်နေသူ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ၀န်ထမ်းတဦးကတော့ ပေါက်ကွဲမှုကြောင့် ယခုအချိန်ထိ နားအူနေသေးသည်ဟု ဆိုသည်။

ရန်ကုန်မှလာသော ရိုက်တာ သတင်းတရပ်တွင် လူ ၄ ဦးဒဏ်ရာရကြောင်း ရဲက ပြောကြားချက်ကို ကိုးကားထားသည်။

"အသေးစားဗုံးလေးလို့ ထင်ရတာပဲ၊ ဒါပေမယ့် ဆက်လက် စုံစမ်းဆဲပဲ ရှိသေးတယ်" ဟု ရဲအရာရှိက ရိုက်တာသို့ ပြောသည်။

ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ
NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနည်းဆုံး လူ (၃) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ခေတ်ပြိုင်က မေးမြန်းရာ ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောသည်။ ပန်းပဲတန်းမြို့နယ် ရဲစခန်းကလည်း ကျောက်တံတားမြို့နယ် အတွင်း၌ ပေါက်ကွဲမှုဖြစ်ကြောင်းသာ အတည်ပြုပြောဆိုသော်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ရန်ကုန်အေပီသတင်းက လူ (၃) ဦး ဒဏ်ရာရသည်ဟု ရေးသော်လည်း ဒီပီအေ သတင်းဌာနကမူ လူ (၇) ဦး ဒဏ်ရာရသည်ဟု ရေးထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း သံတိုင်အနီး ပေါက်ကွဲခြင်းဖြစ်သည်။ ပန်းခြံထဲ ဝင်သူတိုင်းကို လုံခြုံရေးအရ စစ်ဆေးသည့်အတွက် အပြင်ဘက် ဘတ်စ်ကား ဂိတ်ဘက်မှ ပန်းခြံသံတိုင်ကြား ဗုံးပစ်သွင်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက ယူဆသည်။

ပန်းခြံတွင်း ပေါက်ကွဲသည့်အတွက် ပန်းခြံထဲမှ စုံတွဲတတွဲ ထိခိုက်ဒဏ်ရာ ရသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ ပေါက်ကွဲမှုမှာ ထူးထူးခြားခြား အသံကျယ်လောင်ကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသည် မြို့တော်ခန်းမရှေ့ ပန်းခြံနှင့်ကပ်လျက် ဘတ်စ်ကား အများစု ရပ်ရာ မှတ်တိုင်နှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် မြို့တော်ခန်းမဘက်မှ လုံခြုံရေးတာဝန်ခံများ ပြေးထွက်လာပြီး အဆိုပါ ပန်းခြံ ပတ်ဝန်းကျင်ကို တားမြစ်နယ်မြေအဖြစ် အဝါရောင် စက္ကူစများဖြင့် ကာရံလိုက်သည်။ နောက်ပိုင်း လုံခြုံရေးကား အများအပြားရောက်လာသော်လည်း လမ်းကို လုံးဝ ပိတ်ဆို့ခြင်းမလုပ်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ယခု ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယုဇန ပလာဇာ ဘက်မှာလည်း သံဆူးကြိုးများ ချပြီး လူများကို စစ်ဆေးနေကြောင်း ပြောသည်။

စက်တင်ဘာသံဃာ့အရေးအခင်းနှစ်ပတ်လည်ချိန်ကာလ ရန်ကုန်မြို့၌ လုံခြုံရေးတိုးမြှင့်ချထားချိန်၌ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ တာဝနှ်ရှိကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

By NEJ

မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်တွင် ဗုံးပေါက်၊ လူ ၈ ဦးခန့် ထိခိုက်
မိုးမခ အထောက်တော် (ရန်ကုန်)
စက်တင်ဘာ ၂၅၊ ၂၀၀၈
ယနေ့မနက် ၁၀ နာရီ ၃၅ ခန့်က ရန်ကုန် မြို့တော်ခန်းမအနီး ပန်းခြံကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ လူ ၈ ဦး ထိခိုက်ကြောင်း၊ ကားမှတ်တိုင်ရှိ ဆူးလေးအင်းစိန် ၉၇ လိုင်းကားတစင်း (၉က/ ၉၈၂၇) မှန်များကွဲသွားသည်ကို တွေ့ရကြောင်း မျက်မြင်တို့က ဆိုသည်။
လမ်းမတ၀ိုက်ကို လုံထိန်းများက ပိတ်ဆို့လိုက်ပြီး သတင်းလာယူသူ သတင်းထောက်များကို တားမြစ်ထားသည်။ စွမ်းအားရှင်များတင်ဆောင်လာသောကား (၄က/ ၁၈၄၂) က အသင့်ရောက်ရှိလာပြီး ၀ိုင်းဝန်းကြည့်ရှုနေသော လူထုကို ဖြိုခွဲတားဆီးရန် စောင့်ကြည့်နေသည်ကို တွေ့ရသည်။
“မဟာဗန္ဓုလပန်းခြံဘက်ခြမ်း၊ မြို့တော်ခန်းမတည့်တည့်၊ ကားမှတ်တိုင်နောက်၊ လူအများနားနေတဲ့ ခုံတန်းတခုနားက ထပြီး ပေါက်တာ။ ၀ုန်းကနဲပဲ။ ပန်းခြံထဲကို စစ်သားတွေ ၀င်ရှာနေတယ်။ ပန်းခြံဘက်အခြမ်းကို ပိတ်ထားတယ်။ ကျနော်တို့က အရမ်းလန့်နေတာပေါ့။ လမ်းဘေးဈေးသည်တွေကလည်း ပိတ်ပြီး ဖမ်းမှာကို ကြောက်တော့ အမြန်ဆိုင်တွေသိမ်းပြီး ပြန်ကုန်ကြတယ်။ ဓာတ်ပုံရိုက်တဲ့လူတွေကို လိုက်ဖမ်းနေတယ်ဗျာ။ ဘာမှန်းမသိဘူး။”ဟု ပရိသတ်တဦးက ပြောပြသည်။
မြို့ထဲတွင် နာရီဝက်အတွင်း လုံထိန်းများ၊ ၎င်းတို့ကားကြီးများဖြင့် ပြည့်သွားသည်ဟု ၎င်းက ဆက်ပြောသည်။ အစိုးရရုံးများက ၀န်ထမ်းများကို ကားလမ်းမများပေါ်တွင် တွေ့နေရရာ သူတို့ကို ရုံးများပ ပြန်လွှတ်လိုက်ပုံရသည်ဟု ထင်မြင်ချက်ပေးနေကြသည်။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း နိုင်ငံရေးဆက်လုပ်သွားမည်ဟု ဦးခင်မောင်ဆွေပြော
ကိုသက် စက်တင်ဘာ ၂၅၊ ၂၀၀၈

ရှမ်းပြည်နယ်လားရှိုးထောင် အထူးတိုက်မှလွတ်မြောက်လာသည့် အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေ က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှ နိုင်ငံရေးဆက်လုပ်သွားမည်ဟု ဧရာဝတီကို ယနေ့ပြောဆိုသည်။ဦးခင်မောင်ဆွေ
ယနေ့နံနက် ၇ နာရီခွဲခန့်က လားရှိုးမှ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိနေအိမ်သို့ ပြန်လည်ရောက် ရှိလာသည့် ဦးခင်မောင်ဆွေက “တွေ့ဆုံဆွေးနွေးရေးဟာ ၂၁ ရာစုမှာရှိနေတဲ့ နိုင်ငံရေးသံတမန် နည်းလမ်းတခုလို့ ယုံကြည်တယ်၊ စကားပြောပွဲတွေ ဆက်သွားနေသမျှကာလပတ်လုံး မြန်မာနိုင်ငံ မှာရှိနေတဲ့ နိုင်ငံရေး အခက်အခဲတွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

“တွေ့ဆုံဆွေးနွေးမှုကတဆင့် အမျိုးသားညီညွတ်ရေးကိုဖော်ဆောင်နိုင်ရင် နိုင်ငံရေးပြဿနာ အားလုံးကလည်း ပြေလည်သွားနိုင်စရာရှိပါတယ်၊ အဲဒီအထိ မျှော်လင့်ထားဆဲပါပဲ။ တွေ့ဆုံဆွေး နွေးအဖြေရှာရေးကို ပြက်ရယ်ပြုချင်တဲ့သူတွေ ရှိမယ်ဆိုရင်လည်း မလုပ်ကြပါနဲ့လို့ အနူးအညွတ် ပန်ကြားချင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆက်ပြောသည်။

ဦးခင်မောင်ဆွေကို စစ်အစိုးရက ၁၉၉၁ ခုနှစ်တွင်တကြိမ်ဖမ်းဆီးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် ဖမ်းဆီးထောင်ချ ခဲ့သည်။ အဖမ်းခံရသည့် ၂ ကြိမ်အတွင်း ထောင်တွင်း၌ ၁၆ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသည်။

ဦးခင်မောင်ဆွေသည် အကျဉ်းကျနေစဉ် နှလုံးသွေးကြောကျဉ်းရောဂါကိုရရှိခဲ့ပြီး ယခုအချိန်အထိ ဆေးဝါးကုသမှု ခံယူနေရသည်။

ဦးခင်မောင်ဆွေက ၎င်း၏ ထောင်တွင်းရပ်တည်ချက်နှင့်ပတ်သက်၍ “ယုံကြည်ချက်တခုပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး အချိန်တန်လို့ရှိရင် ဒီယုံကြည်ချက် ပြည့်မီမှာပဲ .. ဇွဲကောင်းကောင်းနဲ့ နေဖို့လိုတယ် .. ယုံကြည်ချက်ကြောင့် မိသားစုဘ၀ကို စွန့်လွှတ်ခဲ့ပြီးမှတော့ .. ယုံကြည်ချက်ကိုဖက်တွယ်ပြီးနေမှသာလျှင် ထောင်ထဲမှာ နေလို့ရမယ်” ဟု ပြောသည်။

စစ်အစိုးရက နိုင်ငံတော်သစ်တည်ရာတွင် ပြစ်ဒဏ်ကျအကျဉ်းသားများအား နိုင်ငံအကျိုးပြုနိုင်ငံသားများအဖြစ်သို့ ပြောင်းလဲ ပေးရန်ရည်ရွယ်ချက်ဖြင့် အကျဉ်းသား ၉၀၀၂ ဦးကို ယခုလ ၂၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ ပြန်လွှတ်ပေးသူ များတွင် နိုင်ငံရေးအကျဉ်းသား ၇ ဦးသာ ပါဝင်သည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက် ၇၉ နှစ်ရှိ ထင်ရှားသည့် ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာ မေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးဖြစ်သည့် ဦးဝင်းထိန်၊ အန်အယ်လ်ဒီ ပါတီဝင် ဦးသန်းနိုင်တို့ ဖြစ်ကြသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သည့် ဦးဝင်းထိန်ကို စစ်ကိုင်းတိုင်းရှိ ကသာထောင်မှ လွှတ်ပေး လိုက်ပြီးမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်ကြောင်း အန်အယ်လ်ဒီသတင်းရပ်ကွက်က ပြောဆိုသည်။

ဖမ်းဆီးခံနေရသော မစုစုနွေးနှင့် အစ်မဖြစ်သူ တွေ့ခွင့်မရ
ကိုထွေး စက်တင်ဘာ ၂၅၊ ၂၀၀၈

နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လို)ရုံးသို့ သွားရောက်ခဲ့သည့် အစ်မဖြစ်သူနှင့် တွေ့ခွင့်မပေး သောကြောင့် အဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက အကျဉ်းထောင်မှ ပေးသည့် အစား အသောက်များကို လက်မခံကြောင်း သိရသည်။

ယမန်နေ့က ညီမဖြစ်သူမစုစုနွေးနှင့် တွေ့ဆုံရန် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ရာ ထောင်အရာရှိတဦးက အိုင်အယ်လ်အို ရုံးသို့ သွားရောက်ခဲ့သည့်အတွက် ၎င်းအား တွေ့ခွင်မပြုနိုင်ကြောင်းပြောကြားသည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က ဧရာဝတီသို့ပြောသည်။

မဌေးဌေးကြည်က “ကျမ မနေ့ကလည်း ညီမလေးနဲ့ မတွေခဲ့ရဘူး၊ အဲဒါနဲ့ ကျမလည်းစိတ်ထဲမှာ ထင်တဲ့အတိုင်း အိုင်အယ်လ်အိုရုံးကို သွားလို့ပေးမတွေ့တာလားလို့ အရာရှိတယောက်ကိုမေးလိုက်တော့ သူကဟုတ် တယ်လို့ ပြောတယ်၊ အိုင်အယ်လ်အိုက ညီမလေး အမှုတွဲကိုကူးခိုင်းတယ်၊ သူတို့လိုချင်လို့တဲ့၊ ညီမလေးက လည်း သွားခိုင်းလို့သွားတာ၊ အဲဒါ အက်စ်ဘီ က ကျမကို တွေ့တယ်လိုပြောတာပဲ”ဟု ပြောသည်။

ယခုအခါ မစုစုနွေးသည် ထောင်မှပေးသော အစားအစာများကို လက်မခံဘဲ အိမ်ကပေးပို့သည့် အစားအစာ များကိုသာ စားသောက်လျှက်ရှိကြောင်း ၊ အစ်မဖြစ်သူနှင့် တွေ့ခွင့်မပေးသဖြင့် ကျန်မိသားစုဝင်များကိုလည်း အတွေ့မခံကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ယင်းသို့ မစုစုနွေး ထောင်အစားအစာများကို လက်မခံသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ယခင်က မစုစုနွေးကို တပတ်လျှင် တနင်္လာနှင့် အဂါင်္နေ့များတွင် ပုံမှန်တွေ့ခွင့်ရသော်လည်း ယခုတွေ့ခွင့် မရ သည်မှာ ၂လ ခန့်ရှိပြီဖြစ်ကြောင်း၊ တွေခွင့်ရရေးနှင့် ပတ်သက်၍ ယခုအချိန်အထိ ဘာတခုမျှမသိရှိရ ကြောင်း၊ မစုစုနွေး၏ ကျန်းမာရေးမှာ သွေးအနည်းငယ် တိုးနေကြောင်းနှင့် လာမည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့ တွင် ရုံးထုတ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်အခြေစိုက် အိုင်အယ်လ်အိုအဖွဲ ဆက်ဆံရေးဌာနမှ အရာရှိတဦးဖြစ်သော စတိဗ်မာရှယ်က မစုစုနွေး အမှုတွဲကို အစ်မဖြစ်သူထံမှ တောင်းဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သော်လည်း၊ မစုစုနွေး၏ဖြစ်စဉ် နှင့် ပတ်သက်၍ အိုင်အယ်လ်အို ရုံးတွင် ပြန်လည် သုံးသပ်သွားရန်ရှိကြောင်း၊ မစုစုနွေးအပါအ၀င် တခြား သော နိုင်ငံရေး အကျဉ်းသား များနှင့် တွေ့ဆုံခွင့်ရရန် အတွက်လည်း အာဏာပိုင်များနှင့် ဆွေးနွေးနေ ကြောင်း ပြောသည်။

မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံ ရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။

၎င်းမှာ၂၀၀၇ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦး ဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီး မှုကြောင့် ရှောင်တိမ်း နေခဲ့ရဖူးသည်။

မစုစုနွေးသည် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှုတကြိမ်ပြုလုပ်ခဲ့ရသည်။

၂၀၀၇ ခု ရွေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် မစုစုနွေးသည် လွမ်းသူ့ပန်းခြင်းချခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၂၀၀၇ ခုနှစ် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင် ခဲ့ရာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အထိန်းသိမ်းခံဘ၀မှ လွတ်မြောက်လာသည့် မစုစုနွေးသည် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများကို တက်ကြွစွာပါဝင် ခဲ့ရင်း တတိယအကြိမ် အဖမ်းခံရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့ဖူးသည်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ လူငယ် ဆေးရုံပို့ရ
မြင့်မောင်
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 18:12 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အင်းစိန်ထောင်တွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် ကျန်းမာရေး စိုးရိမ်လာရသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုအောင်ဇော်ဦးကို ထောင်ဆေးရုံသို့ ပို့ဆောင် ကုသထားရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့သား လူငယ်ကို နေအိမ် အကျဉ်းကျ ခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် ထောင်အာဏာပိုင်များအား တောင်းဆိုခဲ့ရာ ကျန်းမာရေး ချို့တဲ့ လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆေးကုသမှု ခံယူနေရသည်။

"ထောင်ဆေးရုံးမှာ တင်လိုက်ရတယ်။ သူ့ကို အစာငတ်ခံ ဆန္ဒပြတဲ့ အတွက် အရင်တပတ်က သူ့ကို သီးသန့်ခွဲထားပြီး အင်းစိန် ခွေးတိုက်မှာ တယောက်ထဲ ထားတယ်။ ဒီနေ့ မနက်မှာ ထောင်ဆေးရုံကို ရောက်သွားတယ်။ သူရဲ့ ကျန်မာရေး အခြေအနေက အားရစရာ မရှိဘူး" ဟု လုပ်ဖော်ကိုင်ဖက် လူငယ်တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် သူ၏ အမှုတွဲများကို ယမန်နေ့က ရုံးထုတ်ခဲ့သည်။

"ရုံးချိန်းမှာ ရောက်မလာဘူး။ ဆန္ဒပြနေတယ်လို့ သတင်းကြားရတယ်။ ရုံးချိန်းကိုတော့ ထွက်မလာတာ နှစ်ပတ်ရှိပြီ" အဆိုပါအမှုကို ခုခံလျှောက်လှဲပေးနေသည့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
ရွှေဝါရောင်တော်လှန်းရေးတွင် ပါဝင်ခဲ့၍ ကိုအောင်ဇော်ဦး အဖမ်းခံခဲ့ရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းများသို့ ဆက်သွယ်မှုတို့ဖြင့် အစိုးရက တရားစွဲဆိုထားသည်။

သူနှင့်အမှုတွဲများဖြစ်သည့် ကိုကျော်ဇင်ဝင်း၊ ကိုကျော်ကျော်၊ကိုနေဇာမျိုးဝင်းနှင့် မကြည်ကြည်ဝါ တို့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

ဘန်ကီမွန်းက လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆို ထပ်လွှတ်ပေးရန်ပြော
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 17:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်္ဂါနေ့က နိုင်ငံရေးအကျဉ်းသား လက်တဆုပ်စာကို မြန်မာစစ်အစိုးရက လွှတ်ပေးခဲ့ခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော အခြားအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် ၁၉၈၉ ခုနှစ်ကတဲက အကျဉ်းချခံနေခဲ့ရသည့် ဝါရင့် သတင်းစာဆရာ ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇ ဦးကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့ခြင်းကို ဘန်ကီမွန်းက ထောက်ခံ ပြောကြားလိုက်ပါသည်။

သို့သော် "နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပြီး၊ မြန်မာနိုင်ငံသားအားလုံး နိုင်ငံရေး လွတ်လပ်ခွင့်ရှိရမည် ဖြစ်ကြောင်း၊ ယင်းအချက်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စဉ်အတွက် လိုအပ်သော ခြေလှမ်းများ ဖြစ်ကြောင်းဖြင့် ကုလအတွင်းရေးမှူးချုပ်က ထပ်မံ ပြောကြားလိုက်ပါသည်" ဟု ယင်းကြေငြာချက်တွင် ဖေါ်ပြထားပါသည်။

ဘန်ကီမွန်းသည် ဤလွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကို သူ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ လုပ်ငန်းအတွက်လည်း အသုံးပြုလိုပုံ ရပါသည်။

လွန်ခဲ့သောလက သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အပြီး မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်နှင့် လုပ်ငန်းကို အတိုက်အခံ အုပ်စုများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါသည်။ အထူး ကိုယ်စားလှယ်သည် သူ့အား ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို မသိကျိုးကျွန်ပြုကာ စစ်အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ" လမ်းကြောင်းအတိုင်း လိုက်နေသည်ဟု အတိုက်အခံများက သူ့ကို ဝေဖန်ခဲ့ကြသည်။

"မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးရေးသည် ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီနှင့် မြန်မာအစိုးရအကြား သူ၏ နောက်ဆုံး မြန်မာခရီးစဉ်အတွင်း ဆွေးနွေးမှုများ၏ အဓိက အာရုံစူးစိုက်ရာ ပြဿနာတရပ် ဖြစ်ပါသည်" ဟုလည်း ကြေငြာချက်က ဖေါ်ပြထားပါသည်။

သို့သော် ယခုရက်သတ္တပတ် အစပိုင်းက လွှတ်လိုက်သည့် နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်သော ဗိုလ်ကြီးဝင်းထိန်မှာ လွှတ်ပေးပြီး ၂၄ နာရီအတွင်း မြန်မာပြည် မြောက်ပိုင်းရှိ အာဏာပိုင်များ၏ ပြန်လည် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ်တင်ပြောဆို
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 14:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမတ ဂျော့ဘုရှ်က အင်္ဂါနေ့က အပြည်ပြည်ဆိုင်ရာသို့ ပြောကြားသော မိန့်ခွန်းထဲတွင် ကုလသမဂ္ဂ၏ လုပ်ဆောင်နိုင်စွမ်းသည် အချုပ်အချာ အာဏာကို အကြောင်းပြ တားဆီးနေသော နိုင်ငံအုပ်စုအချို့ကြောင့် ကျဆင်းနေရပြီး ကမ္ဘာ့အခင်းအကျင်း ပုံစံကို ပြောင်းလဲပစ်ရန် လိုအပ်နေသည်ဟု ပါရှိသည်။

မြန်မာပြည်သူလူထုကို ကူညီရန် ယခုထက် ပိုပြီး လုပ်ဆောင်ခဲ့သင့်သည်ဟု ပြောကြားရင်း ပြီးခဲ့သည့်နှစ်က စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများအား အထောက်အကူ ကောင်းကောင်း မပေးနိုင်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအား အပြစ်တင်လိုက်သည်။

"ကမ္ဘာကြီးက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကို လိုအပ်ပါတယ်။" ဟု မကြာသေးခင်က မြန်မာနိုင်ငံနှင့် ဆူဒန်တို့တွင် ဖြစ်ပွားသော ထင်ရှားလှသော ပဋိပက္ခများနှင့် ပတ်သက်၍ ဘုရှ်က ပြောသည်။" ဒါပေမယ့် ဒီအဖွဲ့က လိုအပ်သလို မလုပ်ဆောင်ပေးနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့နိုင်ငံတွေက လုပ်ထုံးလုပ်နည်းတွေ၊ အမျိုးသားရေး အချုပ်အချာပိုင်ခွင့် ဆိုတဲ့ အကာအကွယ်တွေ နောက်မှာပဲ ပုန်းခိုနေနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ အဲဒါက ယူအန်ကို မလှုပ်နိုင်အောင် လုပ်တာပဲ"

၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သော တရုတ်နှင့်ရှရုတို့က အတိုက်အခံများကို ဖိနှိပ်မှုများ လျော့ချရန်နှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် ပြန်လွတ်ပေးရန်အတွက် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချရန် ကိစ္စကို ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

အထွေထွေ ညီလာခံ၏ ရှေ့မှောက်တွင် ဆက်လက်အပြစ်တင် ပြောကြားရင်း ဘုရှ်က "အကြမ်းဖက်သမားကို ကျနော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်သလိုပဲ ဒီအဖွဲ့ထဲက နိုင်ငံတွေဟာ အာဏာရှင် အစိုးရတွေကိုလည်း စိန်ခေါ်နိုင်ရမယ်" ဟု တက်ရောက်လာသော အဆင့်မြင့် ခေါင်းဆောင်များကို ပြောကြားသည်။

သမတက ပြင်းထန်သော စကားလုံးများဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောသည်။

"လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကာကွယ်ပေးသလို ဖြစ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ချက်ချင်းပြန်ပြီး သုံးသပ်သင့်တယ်။"ဟု အထွေထွေ ညီလာခံကို ဘုရှ်က ပြောသည်။

ကျုးဘား၊ ရှရု၊ တရုတ် နှင့် ဆော်ဒီအာရေဗီးယား နိုင်ငံများသည် လူ့အခွင့်အရေးကောင်စီ၏ လက်ရှိအဖွဲ့ဝင် နိုင်ငံများဖြစ်၍ ၎င်းတို့၏ ထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို အမေရိကန်နိုင်ငံက ပြစ်တင် ဝေဖန်ထားသည်။

သိုသော် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံ တို့နှင့် ပတ်သက်၍ ထင်ရှားသိသာသော မအောင်မြင်သည့် ခြေလှမ်းများ ရှိနေလင့်ကစား သမတသည် မကြာသေးခင်က ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့သော အာဖဂန်နစ္စတန်၊ ဂျော်ဂျီယာ နှင့် အီရတ် အပါအဝင် နိုင်ငံများ အကြောင်းကိုမူ ချီးမွမ်း ပြောကြားသွားသည်။

မြန်မာ့အရေး ဝိုင်းဝန်းကူညီပါရန် သမတကတော် လော်ရာဘုရှ်က ဒေသတွင်း နိုင်ငံများကို တိုက်တွန်း
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 21:13 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နယူးရောက်မြို့တွင် ကျင်းပလျက်ရှိသော ၆၃ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များ စုဝေး ရောက်ရှိနေကြချိန်တွင် မြန်မာဘုန်းတော်ကြီး ဦးကောဝိဒ အပါအဝင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေး အတိုက်အခံများကို အမေရိကန်သမတ ဂျော့ဘုရှ်နှင့် သမတကတော် လော်ရာဘုရှ်တို့က ယမန်နေ့က တွေ့ဆုံခဲ့ကြပါသည်။

နယူးရောက်မြို့ Governors Island ရှိ လူစုလူဝေးရှေ့၌ သမတနှင့် သမတကတော်တို့က ပြောကြားရာတွင် မိမိတို့ အနေဖြင့် ကမ္ဘာတဝှမ်းရှိ လွတ်လပ်မှုကို လိုလား တောင့်တနေသော ပြည်သူများအတွက်၊ အထူးသဖြင့် ယမန်နှစ်က ဖြစ်ပွါးခဲ့သော သံဃာတော်များ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများအပြီး မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခများ အတွက် မိမိတို့၏ သံန္နိဌာန်နှင့် ပိုင်းဖြတ်ချက်မှာ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများကို ပန်ကြား ပြောကြားရာတွင်မူ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် စစ်အာဏာပိုင်များ ပါဝင်သည့် အဓိပ္ပါယ်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ပြုလုပ်ရန် ဆိုသည့် အမေရိကန် ပြည်ထောင်စုက ကာလရှည်ကြာ စွဲကိုင်ထားသည့် တောင်းဆိုချက်ကိုသာ ထပ်လောင်း ပြောကြားသွားခဲ့သည်။

"တရုတ်၊ အိန္ဒိယနဲ့ အခြား အိမ်နီးချင်းနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကျမ တိုက်တွန်းလိုပါတယ်။ ကမ္ဘာကြီးတခုလုံးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်စေချင်နေတာတွေကို မလုပ်နိုင်ဘူးလားလို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီး သန်းရွှေကို ဆက်လက် ကြိုးစားပြီး ပြောပေးကြပါ။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားရာမှာ အစဘဲ ဖြစ်ပါလိမ့်မယ်" ဟု သမတကတော်က ပြောကြားသွားခဲ့ပါသည်။

ယမန်နှစ်က ဖြစ်ပွါးခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် သံဃာတော် တပါးဖြစ်သည့် ဦးကောဝိဒကမူ မြန်မာ နိုင်ငံကဆင်နွှဲလျက်ရှိသော ပဍိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး တိုက်ပွဲအတွက် နိုင်ငံတကာ၏ အကူအညီများကို ပိုမို ပေးအပ်ပါရန် တောင်းဆိုသွားခဲ့ပါသည်။ "ကမ္ဘာတဝှမ်းက ပြည်သူများခင်ဗျား ကျနော်တို့ လူ့အခွင့်အရေး လိုချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့ အားလုံးဟာ လူသားတွေဖြစ်လို့ပါ" ဟု တက်ရောက်လာသူများကို သူက ပြောကြားသွားပါသည်။

ဤတွေ့ဆုံပွဲသည် သမတဘုရှ် အနေဖြင့် သူ၏ လွတ်မြောက်ရေး အစီအစဉ်အတွက် ပရိသတ်ရှေ့တွင် ပန်ကြားပြောဆိုသည့် နောက်ဆုံး အခွင့်အလမ်းတရပ် ဖြစ်ပါသည်။ ဤလွတ်မြောက်ရေး အစီအစဉ်အရ အိမ်ဖြူတော်သည် "တိုက်ပွဲဝင် နိုင်ငံများ၌ မျှော်လင့်ချက် မဲ့သွားခြင်းကို ကာကွယ် တိုက်ဖျက်သွားရန် လိုအပ်သည်"။

"ဒီအစိုးရ၊ ကျနော့်အစိုးရက တလောကလုံး လွတ်လပ်မှုရှိရေး ဆိုတဲ့အယူအဆကို ယုံကြည်ပါတယ်၊ ဘုရားသခင်ရှိ တယ်ဆိုတာကိုလဲ ကျနော်တို့ ယုံကြည်ပါတယ်၊ ဘုရားသခင်က ယောက်ျားတိုင်း၊ မိန်းမတိုင်း၊ ကလေးငယ်တိုင်းကို ပေးထားတဲ့ လက်ဆောင်က လွတ်လပ်မှုပါ" ဟု လွတ်လပ်ရေး ရုပ်တုကြီးရှေ့တွင် သမတဘုရှ်က ပြောကြားသွားခဲ့ပါသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား အများအပြား လွှတ်ပေးလိုက်ခြင်းကို အမေရိကန်နှင့် ကုလသမဂ္ဂတို့က အင်္ဂါနေ့က ကြိုဆိုလိုက်ကြပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောကြားရာ၌ နှစ်ရှည်လများ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် "အလွန်အပြု သဘောဆောင်သည်" ဟု ပြောကြားသွားခဲ့ပြီး ထိုပြောကြားချက်ကို ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဂျေ ကွင်တားနားကလည်း သဘောတူ ထောက်ခံခဲ့ပါသည်။

သို့သော် ဝုဒ်က ဆက်လက် ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် "ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီ လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းရန် မြန်မာစစ်အစိုးရကို ဆက်လက် တောင်းဆိုသွားမည်" ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

နိုင်ငံအများအပြားမှ အတိုက်အခံများနှင့် သမတဘုရှ်၏ အိမ်ဖြူတော်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် မရခဲ့သည်မှာ ၈ နှစ်ရှိပြီဖြစ်ပြီး ယမန်နေ့က Governor Island တွင် ယမန်နေ့က တွေ့ဆုံရာတွင် ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံ တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။


ထိုင်းဝန်ကြီးချုပ်ဟေုာင်း စမတ်ကို ထောင်ဒဏ် (၂) နှစ်ချ
The Nations/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းဝန်ကြီးချုပ်ဟောင်း စမတ် ဆန်ဒရာဝတ်နှင့် ၎င်း၏အမှုတွဲ ဒူးစစ် စီရီဝန် တို့အား ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် အယူခံတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ယနေ့ချမှတ်လိုက်သည်။

သို့သော် တရားခံ (၂) ဦးအနေဖြင့် တရားရုံးချုပ်သို့ ရက်ပေါင်း (၃၀) အတွင်း နောက်ဆုံးအယူခံလွှာ တင်နိုင်မည်ဖြစ်သည်။

“ဒီတရားခံနှစ်ဦးဟာ နိုင်ငံရေးဦးဆောင်အခန်းမှာ ရှိနေသူတွေလည်းဖြစ်တယ်။ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ ပြည်သူတွေအပေါ် သြဇာညောင်းတယ်ဆိုတာလည်းသိလျက်နဲ့ တရားသူကြီးတွေက ပြန်ပြင်နိုင်ဖို့ အခွင့်အရေးပေးနေတဲ့အကြားက တပါးသူထိခိုက်စေမယ့် အမြင်တွေကို ရုပ်သံကနေတဆင့် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်တယ်” ဟု အယူခံတရားရုံးက စီရင်ချက်အတွင်း ထည့်သွင်းဖော်ပြသည်။

တရားရုံးက တရားခံများအပေါ် စာနာထောက်ထား၍ သက်သာခွင့် ပေးစရာအကြောင်းလုံးဝမရှိကြောင်း ဖော်ပြသည်။

မစ္စတာစမတ်နှင့် ဒူးစစ်တို့သည် ရုပ်သံတွေ့ဆုံစကားပြောခန်းမှတဆင့် ဘန်ကောက် ဒု-အုပ်ချုပ်ရေးမှူးဟောင်း စမတ် ရတ်ချာဖိုးဆစ်ကို ပုဂ္ဂိုလ်ရေး အသရေဖျက်မှုဖြင့် ရာဇ၀တ်မှုတရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

မဲဆောက်မှာ ဆည်ရေဖောက်ချ၊ မြန်မာအလုပ်သမားစက်ရုံနှင့် အထက ပိတ်ရ
NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။

(၂) ရက်ကြာမိုးသည်းထန်စွာ ရွာသွန်းသဖြင့် မဲဆောက်မြို့ပြင်ရှိ ဆည်ရေပြည့်ကာ ယနေ့နံနက် (၇း၀၀) နာရီခန့်က ဆည်ရေဖောက်ချ လိုက်သောကြောင့် မဲဆောက်အနိမ့်ပိုင်းရှိ စက်ရုံအလုပ်ရုံအချို့နှင့် မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မြန်မာအထက်တန်း ကျောင်းတကျောင်း အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။

မဲဆောက်ဆည်အနီး ဆည်ရေဖောက်ချရာလမ်းကြောအနီးတွင် တည်ရှိသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနေသည့် ဆာသူးလေအထက်တန်းကျောင်း အတွင်းသို့ ဆည်ရေများ အရှိန်ပြင်းစွာဝင်ရောက်ပြီး ကျောင်းဝင်းကျောင်းပြင်တွင် ရေ (၂) ပေခန့် ၀င်ရောက်ခဲ့သဖြင့် ကျောင်းလာတက်သည့်ကလေးများ အန္တရာယ်ရှိသည့်အတွက် အကန့်အသတ်မရှိပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။

သူမက “ဒီလိုကျောင်းပိတ်လိုက်ရတော့ စာမေးပွဲအတွက်ပြင်ဆင်နေတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ထိခိုက်တယ်။ ရေစီးတာအရှိန်ပြင်းတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်။ ကျောင်းစိုက်ပျိုးရေးခင်းတွေလည်း ပျက်သွားတယ်။ အပိုင်သူကြီးက ဆည်ရေဖောက်မှာကို မနက် (၇း၀၀) နာရီမှ လာပြောတော့ ကျောင်းမှာရေက ပြည့်နေပြီ။ ဒါကြောင့် ကလေးငယ်တွေကို ကျောင်းသားကြီးတွေကချီပိုးပြီး ရေလွတ်ရာပို့ပေးလိုက်ရတယ်။ မိုးက လည်း ဆက်ရွာအုံးမယ်ဆိုတော့ ကလေးတွေကိုငဲ့ပြီး ပိတ်လိုက်ရတယ်။ အခုလိုရေကြီးပြီး ကျောင်းပိတ်လိုက်ရတာတာ ပထမဆုံးအကြိမ်ပဲ” ဟု ပြောသည်။

ဆာသူးလေအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် သတ္တမတန်းကျောင်းသူ မဆောင်းဦးက “ကျောင်းပိတ်လိုက်တော့ စာသင်ချိန်ထိခိုက်တယ်။ စာမေးပွဲအတွက် အိမ်မှာပဲပြန်ပြီးပြင်ဆင်ရမယ်။ ဖြစ်နိုင်ရင် ကျောင်းမပိတ်စေချင်ဘူး” ဟု ပြောသည်။

ဆည်ရေဖောက်ချရခြင်းနှင့် ပတ်သက်၍ ဆည်လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ နိုင်ချိုင်းက “မိုး(၂) ရက်ဆက်တိုက်ရွာတာ တောင်ကျရေနဲ့ မိုးရေ၀င်တော့ ဆည်ရေပြည့်သွားတယ်။ ဒါကြောင့် ဒီမနက်လူကြီးတွေက ဆည်ရေကို ဖောက်လိုက်တာပါ။ ဒီဆည်က မဲဆောက်မြို့ရဲ့ အမြင့်ပိုင်းမှာရှိတယ်။ အကယ်၍ မတော်တဆ ဒီဆည်ကျိုးသွားရင် မဲဆောက်တမြို့လုံး ရေလွှမ်းမိုးနိုင်တယ်” ဟု ပြောသည်။

ဆာသူးလေအထက်တန်းကျောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ ပညာသင်ကြားနေသည့် ကျောင်းများထဲတွင် အကြီးဆုံးကျောင်းဖြစ်ပြီး မြန်မာကလေးငယ် (၆၅၀) ဦး အခမဲ့ပညာသင်ကြားလျက်ရှိသည်။ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖို့ဖတ်၊ မဲလမတ် စသည့် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာကလေးကျောင်းပေါင်း (၅၄) ကျောင်းရှိပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ် အတွင်း မြန်မာကလေးငယ် (၁) သောင်းခန့် အခမဲ့ပညာသင်ကြားလျက်ရှိသည်ဟု ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့၏ မှတ်တမ်းအရ သိရှိရသည်။

ဆည်ရေကြောင့် စက်ရုံထဲရေ၀င်သဖြင့် အလုပ်ပိတ်ထားရပြီး မြန်မာအလုပ်သမား (၁၂၀) မှာ နေထိုင်ရေးအခက်အခဲရှိသဖြင့် စက်ရုံအနီးရှိ လူ့ဘောင်သစ်ပါတီစာကြည့်တိုက်တွင် လာရောက်တည်းခိုလျက်သည်။

နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို
UN/ ၂၅ စက်တင်ဘာ ၂၀၀၈။ ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် ယနေ့ထပ်မံ တိုက်တွန်းလိုက်သည်။

စစ်အစိုးရက ယမန်နေ့၌ လွတ်ငြိမ်းခွင့်အနေဖြင့် အကျဉ်းသားအမြောက်အမြားအား လွှတ်ပေးခဲ့ပြီး ၎င်းတို့အထဲတွင် ထောင်ဒဏ် နှစ်အကြာဆုံး ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်နှင့် အန်အယ်ဒီအဖွဲ့ဝင် အခြားနိုင်ငံရေးအကျဉ်းသား (၅) ဦးပါဝင်ခဲ့မှုအပေါ် ကောက်ချက်ချ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လွတ်မြောက်လာသူ အခြား (၅) ဦးမှာ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသန်းနိုင်တို့ဖြစ်သည်။ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာထောင်မှ လွှတ်ပြီးကာမှ ပြန်လည်အဖမ်းခံရကြောင်း အန်အယ်လ်ဒီက အတည်ပြုပြောသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရသူက “နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး နိုင်ငံရေး လွတ်လပ်ခွင့် ရသင့်တယ်လို့ ထပ်ပြီးပြောပါတယ်။ ပြီးတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို ရှေးရှုတဲ့ ခြေလှမ်းတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်” ဟု ပြောသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရက အခုထက်ပိုပြီး ရှေ့တလှမ်းတိုးလုပ်ဆောင်ဖို့ကိုလည်း သူက လိုလား နေတာပါ” ဟု ပြောသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အကြီးအကဲကလည်း ထောင်တွင်း၌ နှစ် (၂၀) ကြာနေခဲ့ရသူ အသက် (၇၉) နှစ်အရွယ် စာရေးဆရာ၊ သတင်းစာ အယ်ဒီတာဟောင်း၊ သတင်းစာ လွတ်လပ်ခွင့် ဆုရှင် ဦးဝင်းတင်အား လွှတ်ပေးခဲ့သောကြောင့် ၎င်းအနေဖြင့် အလွန်ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့သည်။

“အခုလို ဦးဝင်းတင်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ ဥပဒေ စိုးမိုးရေးတို့အတွက် လိုအပ်ချက်တွေကို အာဏာပိုင်တွေ က လေးစားမှုကိုပြတဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်ပါပဲ” ဟု ယူနက်စကို အထွေထွေ ညွှန်ကြားရေးမှူး ကိုအိချိရို မတ်ဆုရာ က ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား (၆) ဦးအား လွှတ်ပေးခဲ့သည့် သတင်းအပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမှ ကျွမ်းကျင်သူ တောမတ် ကင်တာနား ကလည်း ကြိုဆိုလိုက်ပြီး ယင်းသို့ လွှတ်ပေးခြင်းသည် “အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား ပျှမ်းမျှ (၂,၀၀၀) ၀န်းကျင်ကို လွှတ်ပေးရန် ဦးတည်နိုင်သည့် ပထမဆုံး ခြေလှမ်းဖြစ်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောသည်။

By NEJ

ရွေးကောက်ပွဲရလဒ် ကာကွယ်ရန်အားလုံး၌တာဝန်ရှိဟု ထောင်မှလွတ်လာသည့် လွှတ်တော်အမတ်ပြောကြား
ပီတာအောင်/၂၅ စက်တင်ဘာ ၂၀၀၈။ ။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့က ပြည်ထောင်မှ ပြန်လွတ်မြောက်လာသည့် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းက ပြောကြားသည်။

နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် နောက်ထပ်ရွေးကောက်ပွဲ အသစ်ထပ်မံကျင်းပ၍ ၁၉၉၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ရလဒ်ကို ပယ်ဖျက်ရန်ကြိုးစားနေမှုအပေါ် ဒေါက်တာသန်းငြိမ်းက ယင်းသို့ပြောဆို လိုက်ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ ပြည်သူတွေက ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲပေးထားတဲ့ပြည် သူတွေအားလုံးပေါ့။ ဒီ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဆိုတာက အားလုံးကတရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေး ကောက်ပွဲလို့ အသိအမှတ်ပြုခဲ့တာပဲ။ အထူးသဖြင့် အစိုးရ ကိုယ်တိုင်ကလည်း အသိအမှတ်ပြုခဲ့တာပဲ။ အဲဒါကို တော့ ဘာမှတစုံတရာအကျိုးမထင်ဘဲနဲ့ ပျောက်ပျက်သွားတယ်ဆိုတာမျိုးကတော့ မဖြစ်စကောင်းဘူးပေါ့ဗျာ။ ဒီကနေ့ လူလားမြောက်နေတဲ့လူတွေ ကျနော်တို့အပါအ၀င်အားလုံးမှာ ဒီပြဿနာကိုဖြေရှင်းဖို့ တာဝန်ရှိတယ်ဗျ” ဟု ပြောသည်။

အကျဉ်းထောင်တွင်း၌ (၁၁) နှစ်နီးပါးနေခဲ့ရပြီး ကျန်းမာရေးချို့ယွင်းနေသဖြင့် လွန်ခဲ့သည့် (၁၀) နှစ်တာကာလ ထောင်မကျခင်ကကဲ့သို့ နိုင်ငံရေးတွင် တက်တက်ကြွကြွပါဝင် လုပ်ဆောင်နိုင်မည်မဟုတ်သော်လည်း ကျရာ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ဒေါက်တာ သန်းငြိမ်းက ဆက်လက်ပြောကြားသည်။

အသက် (၇၂) နှစ်ရှိပြီးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီးဦးဝင်းတင်၊ ဒေါက်တာမေ၀င်းမြင့် စသည့် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွတ်မြောက်လာသူဖြစ်သည်။ဒေါက်တာသန်းငြိမ်းကို ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ၁၉၉၇ ခု အောက် တိုဘာ (၂၈) ရက်တွင် စစ်အစိုးရက ဖမ်းဆီးကာ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ (၅) ညဖြင့် ထောင်ဒဏ် (၇) နှစ်ချ မှတ်ခဲ့သည်။ ၂၀၀၄ ခု၌ လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ပေးဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက်ထိန်းသိမ်းခဲ့သည်။

By NEJ

စီးပွားရေး အကျပ်အတည်းကိစ္စ ဆွေးနွေးဖို့ သမ္မတလောင်းတွေကို သမ္မတဘုရှ် ဖိတ်ကြား
25 September 2008

စီးပွားရေးအကျပ်အတည်းနှင့် ပတ်သက်၍ သမ္မတဘုရှ် တိုင်းပြည်သို့ ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားစဉ်။
စက်တင်ဘာ ၂၄၊ ၂၀၀၈။
တိုင်းပြည်အတွင်းက အခက်အခဲနဲ့ ရင်ဆိုင်နေကြရတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို
ကယ်တင်မယ့် သူ့ရဲ့အစီအစဉ်ကို ထောက်ခံလာအောင် စွဲဆောင်ဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတဘုရှ်
က သမ္မတရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂ ယောက်နဲ့ ကွန်ဂရက်လွှတ်တော်
က ခေါင်းဆောင်တချို့ကို သမ္မတအိမ်ဖြူတော်ကိုဖိတ်ကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက
တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုအနေနဲ့ အဲဒီ
ကယ်တင်ရေးအစီအစဉ်ကို ထောက်ခံကြဖို့ကိုလည်း တိုက်တွန်းသွားတဲ့အကြောင်း ဗွီအိုအေ
သတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (Paula Wolfson) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်စီးပွားရေး အခြေအနေဟာ အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားကို
ရောက်နေတာကြောင့် တခုခုလုပ်မှရတော့မယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။

"ကျနော်တို့ဟာ စီးပွားရေးအရ အကျယ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့်
ဗဟိုအစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး တုံ့ပြန်နေပါတယ်။"

မနေ့ညက တိုင်းပြည်ကို ရှားရှားပါးပါးပြောကြားတဲ့ မိန့်ခွန်းမှာတော့ လတ်တလော
ကြုံတွေ့နေရတဲ့ ခက်ခဲနက်နဲတဲ့ စီးပွားရေးအကျပ်အတည်းကို သာမန်ပြည်သူတွေ
နားလည်နိုင်အောင် သမ္မတဘုရှ်က ကြိုးစား ပြောကြားသွားပါတယ်။ သူက အခု
လောလောဆယ် ဝေါလ်စထရိ (Wall Street) အစုရှယ်ယာဈေးကွက်မှာ ကြုံတွေ့နေရ
တဲ့ ပြဿနာတွေဟာ အဆုံးသတ်မှာ အမေရိကန်တဦးချင်းစီရဲ့ အိမ်တွေကိုပါ ကူးစက်
လာနိုင်ပါတယ်တဲ့။

"စီးပွားရေးလုပ်ငန်းတွေ ထပ်ပြီးပျက်ဆီးနိုင်တာကြောင့် အလုပ်လက်မဲ့ဖြစ်တဲ့ အမေ
ရိကန်တွေလည်း များလာနိုင်ပါတယ်။ ခင်ဗျားတို့မှာ အကြွေးဝယ်ယူနိုင်တဲ့ မှတ်တမ်း
ကောင်းကောင်းရှိရင်တောင် ကားဝယ်ဖို့ ငွေချေးတာတို့၊ သားသမီးတွေကို ကောလိပ်
ကျောင်းပို့ဖို့တွေမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အဆုံးသတ်မှာတော့ ကျနော်တို့
တိုင်းပြည်ကြီးတခုလုံးအနေနဲ့ နာတာရှည်တဲ့ စီးပွားရေးကျဆင်းမှုကြီးနဲ့ ရင်ဆိုင်ရနိုင်ပါ
တယ်။"

မကြာသေးခင်အချိန်ထိတော့ အမေရိကန် စီးပွားရေးအခြေအနေဟာ ကောင်းမွန်နေ
တယ်လို့ သမ္မတဘုရှ်က ပြောခဲ့ပါတယ်။ အခုတော့ လက်ရှိ စီးပွားရေးအခြေအနေကို
တခြားစကားလုံးတွေသုံးပြီး သမ္မတအိမ်ဖြူတော်က ဖော်ပြနေပါတယ်။ အဲဒါကတော့
လတ်တလောဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အမေရိကန်
ရဲ့ ဘဏ္ဍာရေးစနစ်ဟာ တောင့်တင်းကောင်းမွန်ပါတယ်တဲ့။

ဒါပေမယ့် ဒီရောဂါကို ကုစားနိုင်မယ့် ဆေးကောင်းကတော့ တန်ဖိုးကြီးကြီးပေးရမယ့်
အလားသဏ္ဌာန် ပေါ်နေပါတယ်။ အခု အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီကြီးတွေ
ပိုင်ဆိုင်ထားတဲ့ အကြွေးဟောင်းတွေကို ၀ယ်ယူနိုင်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀
လိုအပ်မှာ ဖြစ်ပါတယ်။

တခုခုလုပ်မှရတော့မယ်ဆိုတဲ့ အပေါ်မှာတော့ လူတိုင်းက သဘောတူကြပါတယ်။
ဒါပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် အဲဒီလောက်များပြားတဲ့ ငွေပမာဏကို သုံးရ
မယ်ဆိုတဲ့အပေါ်မှာ အမေရိကန် ဥပဒေပြုအမတ်တွေက သိပ်အယုံအကြည်ရှိကြပုံ မရ
ပါဘူး။ နောက်ပြီး အဲဒီငွေတွေအားလုံးကို ဖြန့်ဖြူးတဲ့အခါမှာလည်း ဘဏ္ဍာရေးဝန်ကြီး
ဟင်နရီ ပေါလ်ဆင် (Henry Paulson) တယောက်တည်း ဆုံးဖြတ်မယ့်အပေါ်မှာ စိုးရိမ်
ကြောင့်ကြမှုတွေ ရှိနေကြပါတယ်။

အခုကယ်ဆယ်ရေး အစီအစဉ်က ငွေကြေးရင်းနှီးမြှုပ်မှုတွေ လုပ်ကိုင်ကြတဲ့ ကုမ္ပဏီ
တော်တော်များများကို ကူညီမှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံသား တဦးချင်းစီအတွက်
တော့ လုံလောက်တဲ့ ကူညီလုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ကယ်လီဖိုးနီးယားပြည်နယ်
လွှတ်တော်အမတ် ဘရက်ဒ် ရှားမန်း (Brad Sherman) က စောဒကတက်ပါတယ်။

"ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အဆိုပြုထားတဲ့ ဒီဥပဒေမူကြမ်းကို ကျနော်တို့လွှတ်တော်
ကသာ အတည်ပြုလိုက်ရင် သေချာတာတခုကတော့ ဝေါလ်စထရိ အစုရှယ်ယာ
ဈေးကွက်မှာရှိတဲ့ သူတွေကတော့ အတော်လေး ၀မ်းသာကြမှာပဲ။"

ဒါပေမယ့် ဒီအစီအစဉ်ကို ကန့်ကွက်ကြသူတွေထဲမှာ သမ္မတရဲ့ပါတီအတွင်းက ဘဏ္ဍာ
ရေးဆိုင်ရာ ချိုးခြံချွေတာရေး မူဝါဒကို စွဲကိုင်ထားသူတွေက အသံအကျယ်ဆုံးပါ။
ဒီအစီအစဉ်ကို အကောင်အထည် ဖော်လိုက်ခြင်းအားဖြင့် အမေရိကန်က အခွန်ထမ်း
တွေအနေနဲ့ ဘဏ္ဍာရေးအရ အခက်အခဲ၊ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့
ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ကလစ်ဖ် စတန်းစ်
(Cliff Stearns) က ပြောပါတယ်။

"ဒီကယ်ဆယ်ရေးအစီအစဉ်က ဘာလဲဆိုတော့ ကြိုးကြိုးစားစား ချွေးနည်းစာလေးနဲ့
ရှာထားကြတဲ့ အခွန်ထမ်းတွေရဲ့ ငွေတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက စည်းမဲ့ကမ်းမဲ့
နည်းလမ်းမကျ ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အရှုပ်ထုပ်ကြီးကို နောက်ဆက်တွဲ အကျိုးသက်
ရောက်မှု ဘာမှမရှိဘဲ ဗဟိုအစိုးရက ကူညီမယ့်ကိစ္စပဲ။"

သူ့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ကွန်ဂရက်
လွှတ်တော်က ခေါင်းဆောင်တချို့ အပါအ၀င် သမ္မတရွေးကောက်ပွဲဝင်ကြမယ့်
ကိုယ်စားလှယ်လောင်း ၂ ယောက်တို့နဲ့ တံခါးပိတ်စည်းဝေးပွဲ ဒီကနေ့ ပြုလုပ်ဖို့ရှိပါ
တယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ရီပတ်
ဘလီကန်ပါတီက သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) တို့ ၂ ယောက်စလုံးက
ဒီကိစ္စကို ပါတီစွဲမထားဘဲ ပူးပေါင်းလုပ်ဆောင်ကြဖို့ လွှတ်တော်အတွင်းက ရှားရှားပါးပါး
ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

မိခင်နို့ကို အားကိုးဖို့ ယူနီဆက်ဖ် တိုက်တွန်း
25 September 2008
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံကလာတဲ့ ကျန်းမာရေးနဲ့မညီတဲ့ နို့မှုန်တွေ ပျံ့နှံ့လာနိုင်တာ
ကြောင့် စိုးရိမ်စရာရှိတယ်လို့ ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က
ပြောပါတယ်။ ကလေးငယ်တွေ ကျန်းမာရေးအတွက် အကောင်းဆုံးကတော့ မိခင်နို့
တိုက်ကြွေးခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ ယူနီဆက်ဖ် ပြောခွင့်ရသူတဦးနဲ့
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး အကြောင်းစုံကို တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံကတော့ သူတို့ဆီက နို့မှုန့်ကုမ္ပဏီ ၂၂ ခုကထုတ်တဲ့ နို့မှုန့်တွေဟာ
မယ်လမင်း ဓာတုပစ္စည်းတွေ ပါတာကြောင့် ကျန်းမာရေးမညီညွတ်ဘူးဆိုပြီး ကြေညာ
ခဲ့ပါတယ်။ ဒီအထဲက နို့မှုန်တံဆိပ်တမျိုး မြန်မာနိုင်ငံမှာ တွေ့ထားပြီး ဒါကို အာဏာပိုင်
တွေက ဖျက်ဆီးဖို့ ဆောင်ရွက်နေတယ်လို့ အေပီသတင်းတရပ်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဒီ နို့မှုန့်တံဆိပ်ဖြစ်တဲ့ ရီလီတံဆိပ်နို့မှုန့်တွေကို မဖြန့်ဖြူးရသေးဘူးလို့တော့
ဆိုထားပါတယ်။ တကယ်ကတော့ အခြားကုန်တွေထက် ဈေးသက်သာတဲ့ တရုတ်နို့မှုန့်
အပါအ၀င် တရုတ်ကုန်ပစ္စည်း အတော်များများကို မြန်မာပြည်သူတွေက အသုံးများ
တာကြောင့် ကျန်းမာရေးနဲ့မညီတဲ့ တရုတ်နို့မှုန့်တွေပါ ပါလာမလားဆိုတာ စိုးရိမ်မှုတွေ
ရှိနေပါတယ်။ ယူနီဆက်ဖ် အာရှ-ပစိဖိတ်ရုံး ပြောခွင့်ရသူ ရှန်တာဘလိုးမန်းက အခုလို
ပြောပါတယ်။

"ဒီပြဿနာက တရုတ်နိုင်ငံအတွင်းမှာတင် မဟုတ်ပါဘူး၊ ဒေသအတွင်းနဲ့ နိုင်ငံတကာ
က ကလေးငယ်တွေကိုပါ ထိခိုက်မှုရှိလာနိုင်တာကို ကျမတို့ အရမ်းစိုးရိမ်နေပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နို့မှုန့်တံဆိပ် အတော်
များများကို ဖော်ထုတ်နိုင်တာတွေ ရှိထားပြီးပါပြီး။ ပြဿနာကတော့ အခုနပြောသလို
တရုတ်နိုင်ငံတနိုင်ငံတည်းအတွက် မဟုတ်ပါဘူး။"

မြန်မာနိုင်ငံတွင်းမှာတော့ အစိုးရဘက်က အခုလို တရုတ်နို့မှုန့်သတင်းတွေ ဖော်ပြရုံ
သာဖော်ပြပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲတာတွေမှာ သတိပေးတာမျိုးတော့ မရှိသေးပါ
ဘူး။ လက်လီရောင်းချနေတဲ့ ဆိုင်တွေကိုလည်း စစ်တာဆေးတာမျိုးတွေ မရှိသေးပါ
ဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာတော့ အခုအချိန်အထိ နို့မှုန့်ကြောင့်
ဘေးဖြစ်တာမျိုးလည်း မကြားရသေးပါဘူး။

"မြန်မာနိုင်ငံထဲက ရတဲ့သတင်းအရတော့ တရုတ်နိုင်ငံက ကျန်းမာရေးနဲ့မညီတဲ့ နို့မှုန့်
တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အလားတူ ထိခိုက်မှုရှိတာမျိုးတွေ မကြားသေးပါဘူး။
အာဏာပိုင်တွေဘက်ကလည်း သူတို့အနေနဲ့ ဒီအန္တရာယ်ရှိတဲ့ နို့မှုန့်တွေကို သိမ်းဆည်း
မယ်လို့ ပြောထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ နည်းပညာပိုင်းဆိုင်ရာကိစ္စတွေ
ကျမတို့ ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။"

ယူနီဆက်ဖ်အနေနဲ့တော့ အရင်ကတည်းက ကလေးငယ်တွေအတွက် နို့မှုန့်သုံးစွဲမှုကို
အားမပေးဘဲ မိခင်နို့တိုက်တာကိုပဲ အစဉ်တစိုက် အားပေးခဲ့တယ်လို့ ပြောပါတယ်။

"ကျမတို့ ယူနီဆက်ဖ်နဲ့ ဒဗလျူအိတ်ခ်ျအို နှစ်ဖွဲ့စလုံးအနေနဲ့ မိခင်နို့တိုက်တာကို
အားပေးပါတယ်။ နို့မှုန့်ဖြန့်ဝေတာမျိုး မရှိပါဘူး။ နို့မှုန့်တိုက်တာကို အားမပေးပါဘူး။
ဒါ့အပြင် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကိုလည်း မိခင်နို့အစားသုံးစွဲမှု
အားပေးတာ၊ ကြေညာတာမျိုးတွေမှာ နိုင်ငံတကာ ဈေးကွက်ဆိုင်ရာကျင့်ဝတ်တွေ၊
စည်းမျဉ်းတွေကို တာဝန်ခံဖို့ မပြတ်သတိပေးနေပါတယ်။ ကျမတို့အနေနဲ့ကတော့
ဥပဒေအရ ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ဒီအတွက် စည်းရုံး
နားချရတာပါ။ အောက်ခြေအဆင့်မှာတော့ ကျမတို့အနေနဲ့ ကျန်းမာရေးဆိုင်ရာ
အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေနဲ့တွဲပြီး မိခင်နို့တိုက်တာကြောင့် ရတဲ့အကျိုးအမြတ်
တွေ သိလာကြအောင် ဆောင်ရွက်နေပါတယ်။"

ယူနီဆက်ဖ် အာရှ-ပစိတ်ဖိတ်ရုံး ပြောခွင့်ရသူ ပြောသွားတာဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံအတွင်းမှာ တရုတ်နို့မှုန့်တွေနဲ့ပတ်သက်လို့ ဖြစ်နေတဲ့အခြေအနေ၊
ဖမ်းဆီးရမှု အခြေအနေ၊ ဖျက်ဆီးမယ့်အခြေအနေ ဒါတွေနဲ့ပတ်သက်ပြီး ကျန်းမာရေး
ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနကိုရော အစာနဲ့ဆေးဝါးဌာနကိုပါ ဆက်သွယ်ခဲ့ပေ
မယ့် တာဝန်ခံပြောဆိုမယ့်သူ မရှိပါဘူး။

မြန်မာနိုင်ငံသား ၈ ယောက် တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံခွင့်ရ
25 September 2008
အန်န်အယ်လ်ဒီ-အယ်လ်အေ (တောင်ကိုရီးယား)
တွဲဖက်အတွင်းရေးမှူး-၂ ကိုဇော်မိုးအောင်။
မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် အာဏာပိုင်တွေရဲ့
ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံ
သား ၈ ယောက်ကို တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်
က ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့် ပေးလိုက်ပါတယ်။
ဒီလို ခိုလှုံခွင့်ပေးတဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှာ
ဆက်လက်နေထိုင်ရင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့
နိုင်ငံရေးအရ ဖိအားပေးနိုင်အောင် ဆက်လက်ကြိုးပမ်း
သွားမယ်လို့ ခိုလှုံခွင့် အသိအမှတ်ပြု ခံရသူတွေက
ပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။

ဒီလို ခိုလှုံခွင့်ပေးတဲ့သူတွေထဲက တဦးဖြစ်တဲ့
အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) တောင်ကိုရီးယားနိုင်ငံ၊ တွဲဖက်အတွင်း
ရေးမှူး-၂ ကိုဇော်မိုးအောင်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို
ပြောပါတယ်။

"မရတာထက်စာရင် ရတဲ့အခါကျတော့ ကိုရီးယားနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ်
လှုပ်ရှားနိုင်တဲ့အပြင် တခြားနိုင်ငံတွေမှာရှိတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းများ တွေ့ဆုံပြီး
မြန်မာ့အရေးကို ပိုပြီးတော့ လှုပ်ရှားနိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။"

အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့တဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို စောစောပိုင်း
က ခရိုင်တရားရုံးနဲ့ အထက်တရားရုံးတွေက ငြင်းပယ်ခဲ့ပါတယ်။ သူတို့ရဲ့ မှတ်တမ်း
မှတ်ရာနဲ့ တင်ပြချက်တွေက မြန်မာနိုင်ငံကိုပြန်ရင် နိုင်ငံရေးယုံကြည်ချက်ကြောင့်
ညှဉ်းပန်းနှိပ်စက်ခံရနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးဆိုပြီး ငြင်းပယ်ခဲ့တာ
ဖြစ်ပါတယ်။ ဒီလိုငြင်းပယ်ထားတာကို တရားရုံးချုပ်က ပြန်လည်ပြင်ဆင်ပြီး ခိုလှုံခွင့်
ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုဇော်မိုးအောင်က အခုလို ဆက်ပြောပါတယ်။

ကျနော်တို့ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေအားလုံးက ၂၀၀၀ ခုနှစ်မှာစပြီး နိုင်ငံရေးအရ
ဒုက္ခသည်အဖြစ် လျှောက်လွှာတင်ခဲ့ကြပါတယ်။ တင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ၃ ဦးရရှိ
တယ်၊ ၂၀၀၅ ခုနှစ်မှာ ၄ ဦးရရှိပြီးနောက် အခု ၈ ဦး ပြန်လည်ရရှိတာပါ။"

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေထဲက အများ
ဆုံးရင်းနှီးမြှုပ်နှံတဲ့ ၁၀ နိုင်ငံထဲမှာ ပါဝင်တဲ့ နိုင်ငံတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ရှိတယ်လို့ တရားဝင်စာရင်း
ဇယားတွေမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား စီးပွားရေးကုမ္ပဏီ ၁၀၀ ကျော်က
လုပ်ငန်း ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ရေနံနဲ့
သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီရဲ့
ရင်းနှီးမြှုပ်နှံမှု အများအပြားရှိပါတယ်။ ဒီလို စစ်အစိုးရနဲ့ စီးပွားရေး ဆက်နွယ်
ပတ်သက်နေပေမယ့်လည်း နိုင်ငံရေးအရ စစ်အစိုးရကို ဖိအားပေးဖို့ ဆက်လက်
လှုပ်ရှားခွင့်တွေတော့ ရှိနေသေးတယ်လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။

"တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကိုတော့ ထောက်ခံအားပေးမှု
က အားနည်းတယ်ဆိုပေမယ့် ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ၊
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေပြီး မြန်မာ့ဒီမိုကရေစီရေးကို သူတို့တတ်စွမ်း
သမျှ ကူညီအားပေးနေတာ တွေ့ရတယ်။ ကျနော်တို့ကတော့ အခုအချိန်အထိ
တတ်နိုင်သလောက် ကိုရီးယားအစိုးရကိုသော်လည်းကောင်း၊ ကိုရီးယား လုပ်ငန်းရှင်
များကိုသော်လည်းကောင်း အခုအချိန် မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့နေတဲ့
အတွက် ခေတ္တရပ်ဆိုင်းပေးရန်နှင့် လူ့အခွင့်အရေးအတွက် နားလည်ထောက်ထားပေး
ရန် အခုအချိန်အထိ ဆက်တိုက်တောင်းဆိုမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။"

တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိသွားသူတွေထဲက တဦးဖြစ်တဲ့
အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) တောင်ကိုရီးယားနိုင်ငံ၊ တွဲဖက်အတွင်း
ရေးမှူး-၂ ကိုဇော်မိုးအောင် ပြောပြသွားတာဖြစ်ပါတယ်။