Friday, September 26, 2008

အမျိုးသားညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဦးစိန်ဝင်းနှင့် စကားပြောခြင်းVIDEO


ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ


ပီတာအောင်/ ၁၉ စက်တင်ဘာ ၂၀၀၈။ ။
ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအတွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။

စစ်အစိုးရထံမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည်များကဖြင့် နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးအတွက် ရှေ့နေနှင့် တွေ့ခွင့်ပေးရေး၊ သဘောတူ ကတိပြုထားချက်အတိုင်း (၁) လတကြိမ် ပုံမှန် မိသားစုဆရာဝင်နှင့် ကျန်းမာရေး ဆေးစစ်ခွင့်ပေးရေး၊ မူလချမှတ်ထားသည့် တားဆီးမိန့်နှင့် မသက်ဆိုင်ဘဲ ပိတ်ပင်ခံထားရသည့် ကိုယ်ပိုင်အခွင့်ရေးများ ရရှိရေး၊ ၎င်းနှင့် အတူနေထိုင်သည့် ဒေါ်ခင်ခင်ဝင်းတို့သားအမိအား ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရေးတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ (၈)ရက်နေ့တွင် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလ (၅) နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် စတင်တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို ရှေ့နေကြီး ဦးကြည်ဝင်းက အာဏာပိုင်များနှင့် ညှိနှိုင်းပေးမှုများ ပြုလုပ်ခဲ့ရသည်။

ရှေ့နေ ဦးကြည်ဝင်းက “သား (၂) ယောက်ဆီက စာတွေဘာတွေလည်း သူ့ဆီမရောက်ဘူးတဲ့။ ဆင်ဆာလုပ်တဲ့ ဟာကို သူလက်ခံတယ်။ လုပ်ပါတဲ့။ လုပ်ပြီးရင်တော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သူ့ဆီပို့ရမယ်တဲ့။ ဒုတိယက မဂ္ဂဇင်း Time မဂ္ဂဇင်း၊ Newsweek မဂ္ဂဇင်း ဖတ်ပိုင်ခွင့်ရှိတယ်။ ပိုင်ခွင့်တရပ်အနေနဲ့ ပေးရမယ်၊ ဒါပဲ။ အဲဒါလည်း ကျနော် ပြန်ကြည့်ပြီးပြီ၊ ကန့်သတ်တဲ့အထဲ မပါဘူးဗျ။ မပါဘဲနဲ့ မပေးရင်တော့ သက်သက်မဲ့ ဥပဒေကို လိုက်နာခြင်း မရှိဘူးလို့ ပြောရမှာပေါ့နော်။ အဲဒါလေးတွေ အရေးဆိုပေးရဦးမယ်။ နောက် ဒေါ်ခင်ခင်ဝင်းဆိုလို့ရင်လည်း ပင်စင်သွားမထုတ် ရဘူး။ အပြင်လည်း မထွက်ရဘူး။ အဲဒါမျိုးလေးတွေပေါ့ဗျာ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အချို့ကို ခေတ်ပြိုင်သို့ ပြန်ပြောပြသည်။

မူလကန့်သတ်ထားသည့် နေအိမ်အကျယ်ချုပ်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီနှင့် ဆက်သွယ်ခွင့်၊ သံတမန်တို့နှင့် ဆက်သွယ်ခွင့်နှင့် ခြံအပြင်ထွက်ခွင့်တို့မှအပ ကျန်သည့် ကိုယ်ပိုင်အခွင့်အရေးများ အားလုံးကို ခံစား ပိုင်ခွင့်ရှိသည်ဟုလည်း ဦးကြည်ဝင်းက ဖြည့်စွက်ပြောသည်။

သြဂုတ်လ (၁၇) ရက်နေ့ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခါနီး (၁) ရက်အလို၌ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့် ပေးလိုက်ပြီး တရက်တည်း၌ပင် ယခုနှစ် ဇန်နရီလကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဆီသို့ သွားခွင့် မရတော့သည့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကိုလည်း ကျန်းမာရေးစစ်ဆေးခွင့်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏တောင်ဆိုချက်များအနက် မိသားစု ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ဆုံခွင့်တို့ ရခဲ့သော် လည်း ကျန်ရှိသည့် အခြားအခွင့်အရေးများရရှိအောင် ဆက်လက်တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်းမှလွဲ၍ ကျန်သည့် ပြင်ပအဆက်အသွယ်များကို လက်မခံတော့ဘဲ ဖြတ်တောက်ပစ်ခဲ့သည်။ သြဂုတ်လ (၂၀) ရက်နှင့် (၂၂) ရက်တို့တွင် မစ္စတာ ဂမ်ဘာရီက တွေ့ဆုံရန် စောင့်ဆိုင်းနေခြင်းနှင့် အာဏာပိုင်တို့က အသံချဲ့စက်ဖြင့် ခြံဝမှ လာရောက်အော်ခေါ်ခြင်းတို့ ပြုလုပ်ခဲ့သည့်တိုင် လက်ခံတွေ့ဆုံခဲ့ခြင်းမရှိခဲ့ချေ။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ပြင်ပမှ စားသောက်ဖွယ်ရာများ နေ့စဉ်ဝယ်ယူပေးနေသည့် အ၀ယ်တော် ကိုမြင့်စိုး ထံမှ ဈေးခြင်းကိုမယူဘဲ ငြင်းဆန်လိုက်ပြီး အစာငတ်ခံ ဆန္ဒပြနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အစာငတ်ခံ ဆန္ဒပြနေခြင်းမဟုတ်ဟု အန်အယ်လ်ဒီပါတီကရော၊ စစ်အစိုးရကပါ တုံ့ပြန်ခဲ့သည်။ တဆက် တည်းလိုပင် စက်တင်ဘာ (၁) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကိုသာ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ဆရာဝန်နှင့် မတွေ့ဆုံတော့ခြင်း၊ စက်တင်ဘာ (၂) ရက်၌ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို မတွေ့ဆုံခြင်းတို့ ဆက်တိုက်ပြုလုပ်ကာ ရပိုင်ခွင့်များအတွက် ဆက်လက်တောင်းဆိုခဲ့သည်။

စက်တင်ဘာ (၁၁) ရက်၌ ရှေ့နေဦးကြည်ဝင်း စတုတ္ထအကြိမ်သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို နအဖ စစ်အစိုးရက လိုက်လျောခဲ့ရသည်။ မိသားစုပေးစာများ၊ မဂ္ဂဇင်းများ၊ အိမ်သုံး အီလက် ထရောနစ်ပစ္စည်းများနှင့် တကိုယ်ရေသုံးပစ္စည်းများ သွင်းယူခွင့်၊ ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မနက် (၆) နာရီမှ ညနေ (၆) နာရီိထိ ၀င်ထွက်သွားလာခွင့်တို့ရရှိခဲ့သည်။

တောင်းဆိုချက်အချို့ရပြီးနောက် စက်တင်ဘာ (၁၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်း၏ ဆေးကုသမှုခံယူခဲ့ပြီး နောက်တနေ့တွင် အ၀ယ်တော်၏ ပြင်ပမှဈေးခြင်းတောင်းကို ပြန်လက်ခံယူခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ တောင်းဆိုချက်များ အားလုံးနည်းပါးကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း၊ နေအိမ် အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်ရန်သာ ကျန်တော့သည်ဟု အန်အယ်လ်ဒီက ပြောသည်။

အယူခံဝင်ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ချထားခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် အယူခံဝင်ခြင်းလား သို့တည်းမဟုတ် တားဆီးမိန့် သက်တမ်း (၅) နှစ်ကျော်နေသဖြင့် ဥပဒေအရ ဖမ်းဆီးခွင့် မရှိ တော့ဟု ယူဆသဖြင့် အယူခံခြင်းလားဟု မေးမြန်းစရာရှိသည်။ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကမူ (၂) မျိုးလုံးအတွက် အယူခံဝင်မည်ဟု အဖြေပေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးကိစ္စကို အန်အယ်လ်ဒီက ယမန်နှစ်ကတည်းက စတင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ်ထပ်တိုးလိုက်ချိန်၌ တားဆီးမိန့်နှင့် ပတ်သက်၍ တရား ဥပဒေအရ စိန်ခေါ်မှုများ အသံပိုမို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခု မေလ (၃၀) ရက်နေ့ ဒီပဲယင်းလုပ်ကြံမှုတွင် ဖမ်းဆီးခံ ရသဖြင့် ၂၀၀၈ ခု မေလတွင် ဖမ်းဆီးခံနေရသည့် အချိန်ကာလ (၅) နှစ်ပြည့်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဥပဒေက ခွင့်ပြုထားသည်မှာ သက်တမ်းအများဆုံး (၅) နှစ်သာရှိသဖြင့် ဆက်လက်ဖမ်းဆီးခွင့်မရှိတော့ဟု အန်အယ်လ်ဒီက ပြောသည်။ သို့သော် စစ်အစိုးရက (၆) နှစ်ထိ ဖမ်းဆီးထားနိုင်သည်ဟု ယူဆထားပုံရသည်။

ဦးဉာဏ်ဝင်းက “အယူခံက တားဆီးမိန့်ချထားတာဟာ တရားမ၀င်ဘူးဆိုတာရယ်။ ကန့်သတ်ခွင့် သက်တမ်း (၅) နှစ် ထက် ကျော်နေတာရယ် (၂) ခုလုံးပါတယ်။ အဓိကက (၅) နှစ်နဲ့ (၆) နှစ် နှစ်ဘက် အငြင်းပွားစရာ ပြဿနာကတော့ ရှိတာပေါ့။ ပိုပြီးတော့ အရေးကြီးတာက ပုဒ်မ (၇) မှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနဲ့ အေးချမ်းသာယာရေးကို ထိပါးခြင်း ဒီ (၂) ခုအပေါ်မှာ အရေးယူတာ။ ပြောရရင် ဒီ (၂) ခုစလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ ဒါကြောင့် ဒီလိုအရေးယူပြီး ထိန်းသိမ်းထားတာ မှားတယ်လို့ ဥပဒေ အမြင်အရပြောမှာပါ” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားရာတွင် ၁၉၇၅ ခု ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၃) အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထို ဥပဒေ အခန်း (၃ ) ပုဒ်မ (၇ ) ၌ “နိုင်ငံသားတဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှု တခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေး တရပ်ရပ်ကို လိုအပ်သလိုကန့် သတ်မိန့် ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိုအချက်နှင့်ငြိစွန်းသည်ဟု နအဖစစ်အစိုးရက စွပ်စွဲပြီး တားဆီးမိန့် ထုတ်ကာ နေအိမ် အကျယ်ချုပ်ချထားခြင်းဖြစ်သည်။

မူလ ၁၉၇၅ ခု ဥပဒေသတ်မှတ်ချက်အရ အရေးယူခံရသူအား ဗဟိုအဖွဲ့ က (၁) နှစ်အထိတားဆီးမှု ပြုလုပ်နိုင်ကြောင်း၊ ထိုကာလထက် ကျော်လွန်၍ ဆက်လက်တားဆီးမှုပြုလုပ်ရန်လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရ မည်ဖြစ်ကြောင်း၊ ၀န်ကြီးအဖွဲ့က ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်၌ရှိသည်။ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဦးဆောင်ပြီး နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်ဖြစ်သည်။ ၀န်ကြီးအဖွဲ့ကို ၀န်ကြီးချုပ်က ဦးဆောင်သည်။

အဆိုပါ ၁၉၇၅ ဥပဒေ ပြဋ္ဌာန်းချက်ကို ၁၉၉၁ ခု သြဂုတ်လ (၉) ရက်၌ န၀တ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး စောမောင်အမိန့်ဖြင့် ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ကို “တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ” အစား “တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ” ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ သည်။

ယင်းဥပဒေပြဋ္ဌာန်းချက်ပေါ်လိုက်၍ ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅)နှစ် စုစုပေါင်း (၆) နှစ်ချမှတ်နိုင်ကြောင်း နအဖစစ်အစိုးရက အဓိပ္ပာယ်ကောက်ယူပြီး အန်လယ်လ်ဒီပါတီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားသဖြင့် ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့ပေါင်း၍ စုစုပေါင်း (၅) နှစ်ဟု အဓိပ္ပာယ် ကောက် ယူကြောင်း ပြောသည်။

မည်သို့ အဓိပ္ပာယ်ကောက်ယူသည်ဖြစ်စေ တားဆီးမိန့်ဖြင့် အရေးယူခံထားရသူတဦးကို ကန့်သတ်ရာ၌ အချိန်ကာလ အပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်စေရမည်ဟု ပြဋ္ဌာန်းချက်မျိုး ဥပဒေ၌ ပါရှိသလို အရေးယူခြင်းခံနေရသည့် ကာလအတွင်း အယူခံဝင်ခွင့်ရှိသည်ဟုလည်း ပါရှိသည်။ သို့သော် ချမှတ်ထားသည့် တားဆီးမိန့်အား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းတို့ကို ၁၉၇၅ခု ဥပဒေ၌ ပြည်သူ့တရားသူကြီးအဖွဲ့ ကိုရော၊ ၀န်ကြီးအဖွဲ့ကိုပါ လုပ်ပိုင်ခွင့်ပေးထားရာမှ ၁၉၉၁ ခု သြဂုတ်လက ဥပဒေပြင်ဆင်ရာတွင် ပြည်သူ့ တရားသူကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို စစ်အစိုးရက လုံးဝပယ်ဖျက်ခဲ့သည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် တားဆီးမိန့်အား လိုအပ်သလိုပြင်ဆင်ပယ်ဖျက်ခွင့် ရှိသည့် အာဏာသည် ၀န်ကြီးအဖွဲ့၌သာရှိပြီး ၀န်ကြီးအဖွဲ့ကလည်း ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ချမှတ်ထားသည့် တားဆီး မိန့်အား ပြန်ပယ်ဖျက်၍ အယူခံဝင်လာမှုကို လက်ခံစဉ်းစားရန်မှာ ဖြစ်နိုင်ခြေမရှိဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဗဟိုတရားရုံးရှေ့နေတဦးက ယူဆသည်။

အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကလည်း “ ဒီဥပဒေမှာ ၀န်ကြီးအဖွဲ့က တားဆီးမိန့်သက်တမ်း တိုးချဲ့ ဖို့ကို ဥပဒေအရ အခွင့်အာဏာရှိတယ်။ အခုကျနော်တို့ကလည်း ၀န်ကြီးအဖွဲ့ကိုတင်ရမယ်။ ဥပဒေရဲ့ ချို့ယွင်းချက် တော့ ဒီမှာဖြစ်နေတာအမှန်ပဲ။ မိမိချမှတ်ထားတဲ့ အမိန့်ကို မိမိထံမှာ အယူခံဝင်တဲ့သဘော။ ဒါဟာ ဥပဒေ လုပ်ထုံး လုပ်နည်းအရ ဆိုရိုးစကားတွေအရ ဒါဟာ ဘယ်တော့မှမဖြစ်ရဘူး။ ဒါဥပဒေရဲ့ မှားယွင်းချက်ပေါ့” ဟု ပြောသည်။

လက်တွေ့အခြေအနေ၌ အယူခံဝင်ရေးကိစ္စသည် ဥပဒေကြောင်းအရ အခက်အခဲအတားအဆီးများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မည်သည့်နေ့ရက်မှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဆို သည်မှာလည်း စစ်အစိုးရထံမှ တားဆီးမိန့် မိတ္တူမရရှိသေးဘဲဖြစ်နေသဖြင့် နေအိမ်အကျယ်ချုပ်ကျခံ နေရသည့် ကာလတွက်ချက်မှုက အမျိုးမျိုးဖြစ်နေဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား အများဆုံးထိန်းသိမ်းနိုင်သည့်ကာလသည် ပြည်ထဲရေးဝန်ကြီးက (၁)နှစ် ၊ ၀န်ကြီးအဖွဲ့က (၅)နှစ်စုစုပေါင်း (၆) နှစ်ဖြစ်ကြောင်း၊ ယင်း (၆) နှစ်ကာလသည် လာမည့်နှစ်ဝက်ခန့်တွင် ပြည့် တော့မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ၀န်ကြီးများအစည်းအဝေးပွဲတွင် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုးက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားပြီးနောက်မှ တခါပြန်၍ နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်း၊ တကယ်တမ်းတွင် ၂၀၀၉ ခု မေလမှာ (နောက်ထပ် (၆) လအကြာတွင်မှ) ထိန်းသိမ်းထားသည့် အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်မည်ဟု မြန်မာဘက်က ပြန်ရှင်းပြခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ထပ်မံထုတ်ပြန်ခဲ့သည်။

ထိုပြောဆိုချက်ကို ထောက်ရှု၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ၂၀၀၉ နိုဝင်ဘာ တွင်ပြည့်မည်ဟုယူဆနိုင်ပြီး ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလုပ်ကြံမှုအပြီး နိုဝင်ဘာလတွင်မှ ပုဒ်မ ၁၀ (ခ) ဖြင့် စအရေးယူခြင်းဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ ၂၀၀၃ မေလမှ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်၊ အာရှတော်ဝင်ဆေးရုံနှင့် နေအိမ်တို့၌ တလှည့်စီနေခဲ့ရသည်။ ထိုကာလအတွင်း မည်သည့်ပုဒ်မဖြင့် အရေးယူထားသနည်းဟု စစ်အစိုးရအား မေးခွန်းထုတ်ရန်လိုသည်။

နေအိမ်အကျယ်ချုပ်သက်တမ်းတွက်ချက်မှု မည်သို့ပင်ဖြစ်နေစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အကြမ်းဖက်မှု၌ ပြစ်မှုကျူးလွန်သူမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခြင်းခံခဲ့ရသူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် စကတည်းက ဥပဒေကြောင်းအရ မှားယွင်းနေသည်ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလည်း သူ့အမြင်ကိုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အယူခံဝင်သည့်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းတယောက်တည်းအတွက်သာမက မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် တရားဥပဒေကို လေးစားလိုက်နာမှုရှိလာစေရေး ရည်ရွယ်လုပ်ဆောင်သည့် ဆောက်ရွက်ချက်ဖြစ်သည်ဟု ပြောကြားသည်။

ဦးဉာဏ်ဝင်းက “ရိုးရိုးလေးပဲပြောချင်ပါတယ်။ ခုကျနော်တို့အယူခံဝင်တယ်။ ဥပဒေနဲ့အညီဖြစ်အောင် ကြိုးစားဆောင် ရွက်တယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့လုပ်တာ။ သို့သော် ဒီရဲ့အကျိုးရလဒ်ဟာ ဒေါ်အောင် ဆန်းစုကြည် တယောက်အတွက်မဟုတ်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက်၊ တရားဥပဒေအတိုင်း ဆောင် ရွက်ကြပါ။ တရားဥပဒေဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်။ အဲ့တော့ အထူး သဖြင့် တရားဥပဒေ စိုးမိုးရေးကို တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျနော်တို့ဟာ တရား ဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်၏အယူခံကို စစ်အစိုးရကလက်ခံစဉ်းစားမည်လား၊ အယူခံ အနိုင်ရမည်လား၊ ရှုံးနိမ့် သွားမည်လား သို့တည်းမဟုတ် စစ်အစိုးရ ယူဆထားသည့်အတိုင်း လာမည့်နှစ် နိုဝင်ဘာလကုန်နေအိမ် အကျယ်ချုပ် သက်တမ်း (၆) နှစ်ကုန်ပါက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမည်လား။ ပြန်မလွှတ်ပေးဘဲ နောက်ဥပဒေ တမျိုးနှင့် ထပ်ဖမ်းဆီးဦးမည်လား။ အကယ်၍ ပြန်လွတ်လာမည်ဆိုပါကလည်း နအဖကြံစည်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ရိုက်ခတ်မှု မည်သို့ရှိလာမည်နည်းဆိုသည်မှာ စဉ်းစားဖွယ်ရာများဖြစ်သည်။

တဖက်ကပြန်ကြည့်လျှင် တရားဥပဒေ မလေးစားသည့် မြန်မာစစ်အစိုးရလက်ထက်တွင် အမှန်တကယ်လွတ်မြောက်ဖို့ ခက်ခဲမှန်း ဒေါ်အောင်ဆန်းစုကြည် မသိမဟုတ်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲသည် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရေးထက် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် စစ်အစိုးရ၏ မတရားချုပ်နှောင်မှုကို အကျဉ်းခံဘ၀မှ စိန်ခေါ်သည့်ပွဲဖြစ်သည်။ တရားဥပဒေ မလေးစားသည့် စစ်အစိုးရကို တရားဥပဒေဘောင်တွင်းက တိုက်ပွဲဝင်ခြင်းဖြင့် အနိုင်အရှုံးထက် ခေါင်းဆောင်တဦး၏ စိတ်ဓာတ်ခိုင်မာမှုကို မှတ်ကျောက်တင်သည့် တိုက်ပွဲဖြစ် သည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေကြောင်း ကမ္ဘာကသိအောင် လက်ခမောင်းခတ်သည့် တိုက်ပွဲဖြစ် သည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားသဖြင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားမှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေဘောင်အတွင်းမှ အယူခံဝင်ရန်ကြိုးပမ်းမှုနှင့် အကျဉ်းသားတဦး၏ ရပိုင်ခွင့်အခွင့်အရေးများ ပြန်လည်ရရှိအောင် တောင်းဆိုတိုက်ပွဲဝင်မှုတို့သည် အနာဂတ် မြန်မာနိုင်ငံ၏ တရားစီရင် ရေးနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှတ်တမ်းတွင် စံနမူနာယူစရာပြရုပ်တခု အဖြစ် ကျန်ရှိနေမှာ သေချာ သည်။

By NEJ



သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်

(သတင်း စာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် “အကျိုးဆောင်” ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ စာပေဗိမာန်၌လည်း လက်ထောက် အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၅၄ မှ ၁၉၅၇ ခုနှစ်ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း (အောင်ဗလ) နှင့် အတူ ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကြေးမုံသတင်းစာ ချိပ်ပိတ်ခံရပြီးနောက် ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး “ဟံသာဝတီသတင်းစာ” အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ (ဆရာဇင်လင်း၏ ဆောင်းပါမှ ကောက်နုတ်ချက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၈၉ ခု ဇူလိုင် (၄) ရက်မှ ၂၀၀၈ ခု စက်တင်ဘာ (၂၃) ရက်အထိ အင်းစိန်ထောင်၌ (၁၉) နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည်။ ဦးဝင်းတင်သည် အာဏာရှင် စစ်အစိုးရကို နှလုံးရည်ဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် နာမည်ကြီးပြီး ဦးဝင်းတင်ရေးသားခဲ့သည့် “အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ” ဟူသောဆောင်ပုဒ်မှာ လူသိများသည်။ ဆရာဦးဝင်းတင်အား အနှစ် ၂၀ နီးပါးနေခဲ့ရသည့် ထောင်တွင်းကာလများ ကို မည်သည့် ယုံကြည်ချက်များဖြင့် ဖြတ်သန်းခဲ့ကြောင်း ခေတ်ပြိုင်သတင်းထောက် ပီတာအောင်က မေးမြန်းရာ ဆရာ ဦးဝင်းတင်က ယခုကဲ့သို့ စတင်ဖြေကြားသည်။)ဖြေ- အခြေခံကတော့ ကျနော် နိုင်ငံရေးသမား တယောက်လို နေခဲ့တယ်ဗျ။ ဘာလို့ နိုင်ငံရေးသမားလို နေလဲဆိုရင် ကျနော်ထောင်ထဲ ရောက်တာက ကျနော်က သတင်းစာဆရာ ဖြစ်သော်ငြားလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရောက်တာ ဖြစ်နေတာကို။ ဟိုမှာ တွေ့တာလည်း နိုင်ငံရေး သမားတွေနဲ့ပဲ တွေ့တဲ့အခါ ကျတော့။ အမြဲတမ်း ကျနော် သတိထားတာက နိုင်ငံရေးပဲဗျ။ နိုင်ငံရေးမှာ ကျနော် ဘာနဲ့နေလဲ ဆိုတော့ စုလွှတ်တွေ့ ဆိုတဲ့ မူကို ကျနော် တို့က ကိုင်လုပ်တယ်ဗျ။ စုလွှတ်တွေ့ ဆိုတာ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ရေး၊ လွှတ်တော် ခေါ်ယူ ကျင်းပရေး၊ နောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေး အဲဒီ (၃) ချက်ကို ကျနော်က ကိုင်တယ်။ ဒါက ရပ်တည်ချက် ပေါ့ဗျာ။ နောက် ကြွေးကြော်ချက်က ဘာလဲဆိုရင် ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ၀န်းရံကြ၊ လွှတ်တော်ကို ၀န်းရံကြ။ အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ၀န်းရံရေး (၃) ပါးနဲ့ ကျနော်က တိုက်နေတယ်။ ကျနော်ကတော့ အဲဒီ ကြွေးကြော်သံ (၃) ရပ်နဲ့ပဲလုပ်တယ်။ ဘာလို့လဲ ဆိုတော့ သိပ်များများကြီး စဉ်းစားမနေဘူး။ အများကြီးဆို ဝေးသွားမှာဆိုးတယ်။ ကျနော်က ဒီအခြေခံ (၃) ရပ်ကိုကိုင်ပြီးတော့ ဒါကိုမူအနေနဲ့ကိုင်ပြီး ဒီကနေ သိပ်မရွေ့အောင်လုပ်တာ။

ဒီနေ့ထိ ထွက်ခါနီး နောက်ဆုံးပိတ်အထိ မနက် (၆) ခွဲကနေ ကျနော့်ကို လွှတ်ဖို့လာခေါ်တာ ညနေ (၄) နာရီမှ ထွက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က (၄၀၁) ကို လက်မခံဘူး။ အိုနာကျိုးကန်းစီမံချက်လို့ ကျနော်ပြော တဲ့ ကျန်းမာရေးအကြောင်းပြချက်၊ အသက်ကြီးတာအကြောင်းပြချက်၊ ဒါတွေကို ကျနော်လက်မခံဘူး။ အဲဒါတွေငြင်းရပြီး နောက်ဆုံးပိတ်ကျတော့ ထောင်ကအ၀တ်အစားနဲ့ပဲ ကျနော်ထွက်လာခဲ့တာ။

ပစ္စည်းလည်း ကျနော်မယူဘူး ဘာညာဆိုတော့ သူတို့တွေ အကုန်လုံး ထုပ်ပိုးပြီးတော့ လာပြီးတော့ ပစ္စည်းတွေ ဘာတွေ လာပို့သွားတယ်။ လက်မှတ်မထိုးတာက ဒီနှစ် ကျနော် ဆေးရုံတက်နေတုန်းအချိန်တုန်းကလည်း ကျနော့်ကို လာပြီးတော့ လက်မှတ်ထိုးခိုင်းဖူးတယ်။ ကျနော်ငြင်းခဲ့ဖူးတယ်။ ဒါတင်မဟုတ်ဘူး ၁၉၉၀ တုန်းက ကျနော့်ကို ထောက်လှမ်းရေးက ကျနော် ထောင်ထဲကိုဝင်ပြီး တနှစ်ကျော်ကျော်လေးရှိသေးတယ် ကျနော့်ကို လက်မှတ်လာထိုးခိုင်းတယ်။ အဲဒီတုန်းကတည်းက ငြင်းခဲ့တဲ့ဟာ။ ဒါကျနော်လုံးဝ လက်မခံတဲ့ဟာ။ တောင်းဆို ချက်ကတော့ စုလွှတ်တွေ့ထဲမှာပါတဲ့ ဒေါ်စုနဲ့တကွနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေး။ ဒါပဲ။ ဒါနဲ့ ရပ်တည်ခဲ့တာ ဒီလိုနဲ့ပဲ ကျနော်အနှစ် (၂၀) ကြာခဲ့တာ။

မေး- အကျဉ်းထောင်ထဲမှာ မစ္စတာပီညဲရိုးတို့လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ လာရောက် တွေ့ဆုံမှုဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘယ်လို အကျိုးရလဒ်မျိုးတွေ ဖြစ်စေခဲ့ပါသလဲ။

ဖြေ- သူတို့နဲ့ပတ်သက်ပြီးတော့ အမျိုးစုံပြောကြတာပေါ့ဗျာ။ ပြောတာတော့ မှားတယ်မှန်တယ် ကျနော်ဝင် မပြောချင်ဘူး။ ဒါနိုင်ငံတခုလုံးမှာရှိတဲ့ လူ့အခွင့်အရေးကိစ္စတွေကို သူတို့လုပ်ကိုင်ဆောင်ရွက်မှု ဘယ်လောက် အထိ ထိရောက်တယ်၊ မထိရောက်တယ် အပေါ်မှာမူတည်ပြီးတော့ သူတို့ဘာသူတို့ ဝေဖန်ကြတယ်၊ ချီးမွမ်းကြ တယ်။ ထောင်ထဲမှာတော့ မစ္စတာပီညဲရိုးတို့က အများကြီးလုပ်ပေးသွားနိုင်တယ်လို့တော့ ကျနော်ယူဆတယ်။ ဘာလို့ဆိုတော့ ထောင်ထဲမှာက ကျနော်တို့မှာ ထမင်းမစားရဘူး။ ထမင်းဂေါ်လေး တဂေါ်ပဲကြွေးတယ်။ ထမင်းတဂေါ်ထက် ပိုတောင်းရင် မ၀လို့ အလုပ်သမားတွေဗျာ၊ လယ်သမားတွေဗျာ၊ ထောင်ကျနေတဲ့ ရိုးရိုးတန်းတန်းလူတွေ အဲဒီလူတွေက ထမင်းမ၀လို့ထပ်ပြီး ထမင်းနည်းနည်းပေးပါဆို တုတ်နဲ့ရိုက်တယ်ဗျ။ ကျနော့်မျက်စိနဲ့မြင်တာ။ အဲဒါကြောင့် ၁၉၉၅ မှာ ကုလသမဂ္ဂကို စာရေးတဲ့အထဲမှာ ထမင်းဝအောင်ကြွေးဖို့ပါ တယ်။ အဲဒါကြောင့် အဲဒီကိစ္စကို ကျနော်တို့က အမြဲတမ်းတိုက်တယ်။ ထမင်းတော့ဝအောင်ကြွေးပါ ခင်ဗျားတို့ ဆိုပြီး။ ဆိုတော့ မစ္စတာပီညဲရိုးတို့ကလည်း အဲဒါကို တော်တော်လေး တွန်းတယ်။ တွန်းတော့ ၂၀၀၂ ခု ၂၀၀၃ ခုနှစ်လောက်ကြတော့ ထောင်ထဲမှာ ဘာရေးထားလဲဆိုတော့ နံရံမှာ စာရေးထားတယ်။ ပုံစံမလို အ၀စား
ဆိုတဲ့ဟာ။ အဲဒါ ကျနော်တို့တိုက်တာ ၁၉၉၅ မှာတိုက်တာ။ ၂၀၀၃ ခုနှစ် (၇) နှစ် (၈) နှစ် လောက်ကြာတဲ့ အခါမှာ ဒီတောင်းဆိုချက်ကရတယ်ဗျ။

အခုကျနော်ထောင်ထဲက ထွက်လာတဲ့အခါကျတော့ အဲဒါနံရံမှာရေးထားတော့ ကျနော်ကားပေါ်က နေကြည့်ပြီးတော့ ကျနော်နဲ့ပါလာတဲ့ အရာရှိတွေကိုပြသေးတယ်။ အဲတော့ ခင်ဗျားတို့ ထောင်ထဲမှာနေတုန်းမှာ ဘာများအသုံးကျခဲ့သလဲလို့ ကျနော့်ကိုမေးရင် ဒီတိုက်ပွဲမှာ ကျနော်ပါခဲ့တယ်၊ ထမင်းဝအောင်ကြွေးဖို့ နံရံမှာတောင်ရေးထားရတယ်။ အဲဒါက မစ္စတာပီညဲရိုးက အများကြီးပါခဲ့တယ်။ ကျနော်တို့ရဲ့တိုက်ပွဲကို အများကြီးကူခဲ့တယ်။ အဲဒါကြောင့် ထမင်းဝအောင်စားရတဲ့အထဲမှာ မစ္စတာပီညဲရိုးတို့ လုပ်ရပ်တွေပါတယ်။
မေး- ၂၀၀၅ ခုနှစ် ဇွန်လမှာ ဆရာကြီးကို ထောင်အာဏာပိုင်တွေက ပြန်လွှတ်ပေးမယ်ဆိုပြီး ထောင်ဘူးဝထိ ထုတ်ပြီးကာမှ ပြန်ပြီး အကျဉ်းချထားခဲ့တာ ဘာကြောင့်ပါလဲ။ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ- ဒီလိုရှိတယ်ဗျ။ ကျနော့်ကို သာမန်အားဖြင့်ဆိုရင် ထောင် အနှစ် (၂၀) ချထားလို့မရဘူးဗျ။ ထောင်က (၁)နှစ် ကို (၃) လလောက် လျော့ရက်ရတယ်ဗျ။ ကျနော်က အနှစ် (၂၀) ကျတော့ (၁၆) နှစ်ဆိုရင် သာမန်အားဖြင့် လွတ်ရမယ်ဗျ။ အဲ့တော့ ကျနော့်ကိုလာပြီး ပစ္စည်းသိမ်းပါ လွှတ်ပေးမယ်ဆိုတော့ ကျနော်သံသယဖြစ်တယ်။ ကျနော်ပြောတယ် ဟုတ်မှဟုတ်ရဲ့လားဗျာ။ ဟုတ်ပါတယ်ဆိုတော့ ကျနော်လိုက်သွားတယ်။ နှစ်စေ့လို့ လွှတ်တယ်လို့ ကျနော်ကထင်တာပေါ့ဗျာ။ ကျနော်က (၁၆) နှစ်ကိုဗျ။ (၁၆) နှစ်ဆိုတော့ ကျနော်လွတ်ပြီလေ။

အဲတော့ ကျနော်လိုက်သွားတယ်။ ဟိုရောက်တော့ လူ (၁၀၀) လောက်မှာ ကျနော်က နောက်နားမှာထိုင်နေတာ အတင်းခေါ်ပြီးတော့ ရှေ့ကိုတင်တယ်။ ကျနော်နာမည်လည်း ထုတ်ပြောတယ်။ ဆရာဦးဝင်းတင် ဘာညာပေါ့ဗျာ လျှောက်ပြောတာပေါ့။ ညွှန်ချုပ်က သူလည်း ၀မ်းသာအားရပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးလဲပြီးရော ဘာလုပ်လဲဆိုတော့ လူ (၁၀) ယောက်နေခဲ့ပါတဲ့ ၀န်ကြီးက တွေ့ချင်လို့တဲ့ပြောတယ်။ အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၈) ယောက်။ အဲမှာ ကျနော်နဲ့ အမတ် (၁) ယောက်ပါတယ်။ ကျနော်တို့ကို ထမင်းကြွေးတယ်။ ပြီးလဲပြီးရော ကျနော့်ကို ထောင်ထဲပြန်သွင်းထားတယ်ဗျ။

အဲဒီအချိန်တုန်းကတော့ ကျနော် အခုထွက်သလို ကန့်ကွက်တာတွေ ဘာတွေမလုပ်ခဲ့ဘူး။ ကျနော်လွတ်ရက်စေ့ လို့ လွတ်တာပဲလို့ ကျနော်ထင်လို့လိုက်တာတာ။ ဟိုလည်းကျရော မဟုတ်ဘူး ၀န်ကြီးနဲ့တွေ့မယ်ဆိုပြီး ၀န်ကြီးနဲ့လည်း မတွေ့ဘူး။ မတွေ့ဘဲနဲ့ ကျနော့်ကို ထောင်ထဲပြန်ထည့်ထားတာ။ အဲဒီတုန်းက သူတို့ ကလိမ်ကျတာ။ သို့မဟုတ်ရင်လည်း လူတွေကို စိတ်ဓာတ်အားဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပေါ့။အဲဒါနဲ့ပတ်သက်ပြီး ညွှန်ချုပ်က ကျနော့်ဆီ လာပြီး ဒီလိုဖြစ်သွားတာနဲ့ပတ်သက်လို့ ဦးဝင်းတင် ဘယ်လို သဘောထားလဲတဲ့။ ကျနော်က ဘယ်လိုမှသဘောမထားဘူး၊ ခင်ဗျားတို့ ဒီအစိုးရ လိမ်နေတဲ့ဟာလို့ဘဲ ကျနော်သဘောထားတယ်လို့။ ကိစ္စမရှိပါဘူးလို့။ ဖဆပလခေတ်တုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေး ကနေပြီး လူတွေကိုလွှတ်ဖို့ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းကတောင်းဆိုလို့၊ ကက်ဘိနက်က တောင်းဆိုလို့၊ သူက ထောင်သားတွေကို ဘူးကိုလွှတ်တယ်၊ လွှတ်ဝရမ်းပေးတယ်။ ထောင်သားတွေက လက်မှတ် ထိုးပြီးတာနဲ့ တပြိုင်နက်တည်း ဖမ်းဝရမ်းကိုပြန်ပေးပြီး ထောင်ထဲပြန်သွင်းတယ်။ အဲဒါကို ကျနော်တို့ ၁၉၅၀ ကျော်ကျော် တုန်းကဆိုရင် သတင်းစာလောကမှာ ခင်မောင်လေး ကာလနာတိုက်တယ်လို့ခေါ်တယ်ဗျ။

အဲတော့ ကျနော်ကပြောတယ်။ ဟိုခေတ်ကတည်းက ခင်မောင်လေးကာလနာတိုက်တယ်ဆိုတဲ့စကားကခေတ် စားခဲ့တယ်။ အခုလည်း ကျနော့်ကိုဘယ်သူက ကာလနာတိုက်တယ်တော့မသိဘူး ကျနော်ထောင်ထဲပြန် ရောက်တယ်။ ဆိုတော့ ကျနော်ဘာသဘောထားမှမရှိပါဘူး။ ခင်ဗျားတို့ ကျနော့်ကို ထောင်ထဲမှာ တသက်လုံး ထားလည်း နေမှာပဲ။ ဒါပေမယ့် ကျနော်တသက်လုံးတိုက်နေမှာပဲ။ မူအရလည်းမလုပ်ဘူး၊ စည်းနဲ့ကမ်းနဲ့လည်း မလုပ်ဘူး။ ဥပဒေအရလည်းမလုပ်ဘူးလို့ ဒါ ကျနော်ညွှန်ချုပ်ကိုပြောတယ်။ ညွှန်ချုပ် အဲဒီတုန်းက ကျနော့်ကို လာတွေ့တယ်၊ ထောင်ကနေပြန်ပို့ပြီး နောက်တရက်ခြားမှာ။

ခုတခါကျတဲ့အခါကတော့ ဒီတခါလာထုတ်တဲ့အခါကျတော့ ကျနော်လက်ခံတော့ဘူး။ (၄၀၁) လည်း ကျနော်လက်မခံဘူး။ အိုနာကျိုးကန်းစီမံကိန်းလို့ခေါ်တဲ့ ကျန်းမာရေးတို့၊ အသက်ကြီးတာတို့၊ ကျနော် လက်မခံဘူး။ ကျနော်မလိုက်ဘူးဆိုပြီး (၆) နာရီခွဲကတည်းက စပြီး ကျနော်ငြင်းတာ ညနေ (၄) နာရီမှ ထွက်ရတယ်။ ကျနော်က ထောင်အ၀တ်အစားပဲဝတ်ပြီးတော့ မချွတ်နိုင်ဘူးဆိုတော့ ထောင်ကဟာတဲ့ ထောင်ကပစ္စည်းဆို ခင်ဗျားတို့ ချွတ်ယူ ကျုပ်ကိုယ်တုံးလုံးနဲ့ထွက်မယ်ဆိုတော့။ ဟာအဲလိုလည်း မလုပ်ပါဘူးတဲ့။ ကျနော့်ပစ္စည်းလည်း ကျနော်မစစ်ဘူးဆိုတော့ ကျနော့်ပစ္စည်းတွေ သူတို့ ဘာသူတို့သိမ်းပြီး ကျနော့်ကို ပြန်ပို့ပေးတယ်။

မေး- အကျဉ်းထောင်တွင်းမှာနေတုန်းကာလမှာ နိုင်ငံရေး အကျဉ်းသားတယောက်အနေနဲ့ စာအုပ်စာ တမ်းဖတ်ရှုခွင့်အပါအ၀င် အခြားရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေ ရရှိခဲ့ပါသလား။

ဖြေ- ရှိတယ်ဗျ။ ဟိုတုန်းက ကျနော်တို့ လူငယ်တွေပေါ့ဗျာ တောင်းဆိုချက် (၈) ချက်ရှိတယ်ဗျ။ ရေး၊ ဖတ်၊ ကျန်း ဘာ၊ အား၊ လည်၊ ထောင်ဝင်စာ၊ ချက်စား (၈) ချက် တောင်းတယ်။ အဲဒါလေးက ကျနော်တို့ထဲက မိုးဇော်ဦးဆို တာ ကဗျာလေးစပ်ပြီးတော့ အဲကဗျာလေးက ဖတ်ရလွယ်ပြီး မှတ်ရလွယ်နေတာပေါ့။ အဲဒီတုန်းကတည်းက စာရေးစာဖတ်ခွင့်တောင်းခဲ့တာဗျ။ ၁၉၉၀ ခုနှစ်လောက်ကတည်းက မရဘူးဗျ။ ၂၀၀၀ ခုနှစ်ကျော်မှ ကျနော်တို့ကို ဘာသာရေးစာအုပ်ဖတ်ခွင့်ပေးတယ် ၂၀၀၁ ခုလောက်မှာ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတော့ ကျနော်တို့ကို စပြီး သတင်းစာပေးတယ် အစိုးရသတင်းစာ။ ပြီးခဲ့တဲ့ တနှစ်လောက်ကစပြီး ဂျာနယ်တွေ ဘာတွေဖတ်ရတယ်။ ကျနော်တို့ကတော့ စာပဲဖတ်နေရတာပေါ့။ ရွေးတော့မဖတ်နိုင်ဘူးပေါ့။ ရောက်တဲ့ဟာ ဖတ်ရတော့ပေါ့။

မေး- ထောင်ကပြန်လွတ်လာပြီဆိုတော့ ရှေ့ဆက် ဘ၀ကိုဘယ်လိုဖြတ်သန်းမလဲ။ အန်အယ်လ်ဒီပါတီမှာပြန်ပြီး တာဝန်ယူသွားမလား။ ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ- အဲဒါနဲ့ပတ်သက်လို့ ကျနော်တိုတိုလေးပြောချင်တာက (၁) ကတော့ ဘာလဲဆိုရင် ကျနော်က နိုင်ငံရေးကိုလုပ်ဦးမှာ။ ကျနော်ဝတ္တရားရှိတယ်ဗျ။ ထောင်ထဲမှာလည်း အမြဲတမ်းပြောတယ်။ ကျနော်တို့မှာ လုပ်နိုင်တယ်။ ကျနော်တို့မှာအစွမ်းအစရှိတယ်။ လုပ်ဖို့လူတွေရှိတယ်။ လုပ်ဖို့အင်အားရှိတယ်။ ဒီလိုဟာတွေ ကျနော်မပြောဘူး။ ကျနော်အသက်လည်းကြီးပြီဗျာ။ လုပ်နိုင်သလောက်ကတော့ ကျနော်လုပ်မယ်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးအတွက်လုပ်မယ်။ လုပ်ရမယ် ကျနော့်မှာဝတ္တရားရှိတယ်။ အန်အယ်လ်ဒီထဲ ၀င်လုပ်ရေး မလုပ်ရေးဆိုတာကတော့ သူတို့ကို အစိုးရကနေ ညွှန်ကြားတဲ့အတွက်ကြောင့် ၁၉၉၀ ခုနှစ်ကတည်းက ဒေါ်စုတို့၊ ဦးကြည်မောင်တို့၊ ဦးတင်ဦးတို့၊ ကျနော်တို့ကို ထုတ်ပြီးသားဗျ။ အဲဒါကို ကျနော် အန်အယ်လ်ဒီထဲပြန် လုပ်နိုင်လား၊ မလုပ်နိုင်လား ကျနော်မသိဘူး။ လုပ်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်ကတော့ ဒီမိုကရေစီရေး အတွက်တော့ လုပ်မှာပဲ။ ပါတီဝင်ဖြစ်ဖြစ်၊ ပါတီဝင်မဖြစ်ဖြစ်။

သို့သော် အန်အယ်လ်ဒီနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီဟာ ဒီနေ့ရပ်တည်ချက်နဲ့ပတ်သက်လို့ အန်အယ်လ်ဒီဟာ အတော်အတန်ကောင်းတယ်၊ အတော်အတန်တိုးတက်တယ်၊ အတော်အတန်မှန်တယ်လို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီဘက်တော့ ကျနော်ရပ်နေမှာပဲ။ အကယ်၍ အန်အယ်လ်ဒီဟာ ချွတ်ချော်နေရင်လည်း ကျနော် အန်အယ်လ်ဒီဘက်ကရပ်ပြီးတော့ အန်အယ်လ်ဒီကိုဆက်ပြီးတော့ နေနေမှာပဲ။ မှားတောင်မှ ပြင်ယူမယ်ဗျာ။ ကိုယ့်ကိုအကပ်မခံလည်း အတင်းကပ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ အားပဲ၊ အန်အယ်လ်ဒီဟာ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းဟာ မပျက်သုဉ်းကောင်းဘူးလို့ ကျနော်ယူဆတယ်။

နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲရေး၊ စုစည်းရေးကို ကျနော် ကြိုးစားလုပ်မယ်။

ကျနော်လုပ်မယ့်ဟာ ချုပ်လိုက်ရင် ဒီမိုကရေစီရေးအတွက် ကျနော်အဓိကထားပြီး လုပ်မယ်။ (၂) က အန်အယ်လ်ဒီမှာ စုစည်းရေး၊ အန်အယ်လ်ဒီကို ၀န်းရံရေးအတွက် ကျနော်ဆက်ပြီးလုပ်မယ်။ နောက်တခုက ကျန်တဲ့အဖွဲ့အစည်းများနဲ့ လက်တွဲနိုင်သမျှလက်တွဲရေး၊ ကျန်တဲ့အင်အားစုများနဲ့ တူတာဖြစ်ဖြစ် မတူတာဖြစ်ဖြစ် တွဲရေး အဲဒါလုပ်မယ် အဲဒီအတိုင်းသဘောထားတယ် ။

အဲလိုသဘောထားတဲ့အခါမှာ လုပ်ဟန်ကတော့ဘာလဲဆိုရင် အာဏာရှင်စနစ်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဘယ်သူ့ကိုဘာညာဆိုပြီး ဒီလိုပုဂ္ဂိုလ်ရေးကို အဖွဲ့အစည်းကြီးကို တိုက်တာမျိုး ကျနော်ဘာမှမလုပ်ဘူး။ သူတို့လုပ်နေတာ စစ်အာဏာယန္တရားကို ကျနော် ဒါလက်မခံဘူး။ ဒါသူတို့ကို ကျနော်သူတို့ကိုလည်း ပြောခဲ့ပြီးပြီ။ ဒီလူတွေ အပြင်ထွက်ပြီး နိုင်ငံရေးလာလုပ်ရင် ကျနော်တို့အထဲလာလုပ်မလား၊ တခြားပါတီမှာလုပ်မလား။ သူတို့အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့ဝင်တွေက ထောက်ခံရင် သူတို့ဘာသူတို့ ခေါင်းဆောင်တွေအဖြစ် ညှိနှိုင်းလုပ်ပေါ့။သို့သော် တပ်ကနေပြီးတော့ တိုင်းပြည်ရဲ့ပေါ်မှာ၊ လွှတ်တော်ရဲ့အပေါ်မှာ တိုင်းပြည် ပြည်သူပြည်သားရဲ့ ဆန္ဒအပေါ်ကနေပြီးတော့ တပ်မတော်သည် ဗမာ့နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာပါရမည်ဆိုတာ ကျနော်လက်မခံဘူးဗျ။ အဲလိုလက်မခံတဲ့အတွက် ကျနော်ကတော့ ဘယ်လို စကားလုံးသုံးလည်းဆိုတော့ စစ်အာဏာ ယန္တရားကို ဖျက်သိမ်းပါ။ ခင်ဗျားတို့ဟာ ထောက်လှမ်းရေးယန္တရားကြီးကိုတောင်ဖျက်နိုင်ခဲ့ရင် ဘယ်လောက်ပျက်တယ်၊ မပျက်တယ်ကတော့ တပိုင်းပေါ့ဗျာ။ တချို့ထောက်လှမ်းရေးတွေ ရာထူးကြီးတွေ လုပ်ကိုင်နေတာ ဒါထား။

ထောက်လှမ်းရေး ယန္တရားပျက်စီးသွားတဲ့အတွက် ကျနော်တို့တိုင်းပြည်မှာတော့ ဘယ်လောက်သက်သာသလဲ တော့ ကျနော်မသိသေးဘူး။ ကျနော်တို့ ထောင်ထဲမှာတော့ အများကြီး သက်သာသွားတယ်။ ထောက်လှမ်း ရေးတွေက အမျိုးမျိုးနှိပ်စက်၊ အမျိုးမျိုးညှဉ်းပန်း၊ အမျိုးမျိုးညစ်လုပ်ခဲ့တယ် ဒီယန္တရားက။ အဲဒီလိုပဲ အခုရှိတဲ့ခေါင်းဆောင်များက စစ်အာဏာယန္တရားကြီးကိုဖျက်သိမ်းပါ။ အမှတ် (၆)လိုဟာမျိုး ဖျက်သိမ်းပါ။ ဒီလိုလုပ်ရင် အများကြီးတိုင်းပြည်ရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ်။

အဓိက ကျနော်လုပ်မယ့်ဟာကတော့ ဒီမိုကရေစီနိုင်ငံရေးကိုလုပ်မယ်။ နောက်တခုက အလုပ်လုပ်မယ့်ဟန်က သဘောထားက ဘာလဲဆိုရင် စစ်တပ်မို့လို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိုလို့၊ ဘာလို့၊ လူပုဂ္ဂိုလ်တွေ ကျနော် ဘယ်သူ့မှ အပြစ်မတင်ဘူး။ ဘယ်သူ့ကိုမှ မရှုတ်ချဘူး၊ ဘယ်သူ့ကိုမှ မကန့်ကွက်ဘူး။ လက်တွဲလုပ်နိုင် ရင်လုပ်မယ်။ ဒါပေမယ့်လို့ နိုင်ငံရေးကို နိုင်ငံရေးသမားအနေနဲ့လုပ်ပါ။ စစ်တပ်ကနေ စစ်အာဏာယန္တရားကြီးကို ဖျက်သိမ်းပါလို့ အဲဒီတောင်းဆိုချက်နဲ့ ကျနော်ရပ်မယ်။ နောက်တခုက ကျနော်စုစည်းနိုင်သမျှ စုစည်းမယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် အကုန်လုံးကိုလက်တွဲပြီးတော့ လုပ်သွားမယ်။မေး- ဆရာကြီးအနေနဲ့ အန်အယ်လ်ဒီမှာ ပြန်ပြီးတာဝန်ယူမယ်ဆိုရင် တာဝန်ပြန်ပေးမှာဖြစ်ပြီး လက်ခံမယ်လို့ မျှော်လင့်တဲ့အကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကခေတ်ပြိုင်ကို ပြောပါတယ်။ ဆရာကြီးအနေနဲ့ ဒီကမ်းလှမ်းမှုအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ- သူတို့မှာ ဒီသဘောထားရှိတာကို ကြိုဆိုပါတယ်။ ၀မ်းလည်းသာတယ်။ ဒီသဘောထားမျိုးဟာ ကျနော့်အပေါ်မှာထားသလို လူတိုင်းအပေါ်မှာထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တယောက်တည်းတင် ဘယ်တာဝန်ဘာညာ ဒါကအရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်၊ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့ သဘောထားရှိရင်အကောင်းဆုံးပဲ။ ဒါကြောင့်မို့လို့ ကျနော် ဒီသဘောထားကိုကြိုဆိုပါတယ်လို့ပြောချင်တယ်။ ဦးလွင်တို့ဘက်က ဒီလိုသဘောထားတာ သိပ်ကောင်းတဲ့ဟာ၊ သိပ်လည်းမှန်တဲ့ဟာ လုပ်တာမလုပ်တာတို့၊ ဘာတို့ဆိုတာတပိုင်း။ ဘာလို့လုပ်တာမလုပ်တာ တပိုင်းလို့ ပြောရလည်းဆိုရင် သူတို့ရော ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကြည့်ရဦးမယ် ဒါတခုပေါ့။

နောက်တခုက သူတို့ခေါင်းဆောင်မှုရှိနေတဲ့ ခေါင်းဆောင်မှုကို ကျနော်တို့က လှေတခုကို မလှုပ်ချင်တော့ဘူးဗျ၊ ဒါလည်း ထည့်စဉ်းစားရမယ့်ဟာပေါ့။ ဦးလွင်တို့ခေါင်းဆောင်နေတာ မှားယွင်းနေရင်တော့ ၀မ်းသာပါတယ်ဗျာ ခင်ဗျားတို့ကြွပါတော့လို့ ပြောရုံပဲရှိတယ်။ မမှားယွင်းဘူးဗျ။ သူတို့မှန်နေတယ်လို့ ကျနော်ထင်တယ်။

အခုရပ်တည်ချက်ဟာ တော်တော်ကောင်းတယ်လို့ ကျနော်ထင်တယ်။ အဲလိုဟာမျိုးမှာ ကျနော်တို့ ခေါင်းဆောင်ဖို့နေရာက အရေးမကြီးဘူးဗျ။ ကျနော်တို့ စုစည်းနိုင်ဖို့ပဲ။ စုစည်းနိုင်ဖို့သဘောထားကို ကျနော်တို့အပြင် ဥပမာ ဒေါ်မြင့်မြင့်ခင်တို့၊ ကိုဝံသတို့၊ ကိုချမ်းအေးတို့ စသည့်ပုဂ္ဂိုလ်တွေအားလုံးကို စုစည်းနိုင်သမျှစုစည်းဖို့ကြိုးစားပါ။ အဲဒီသဘောထားကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြက်ပါလို့၊ ဖြန့်ကြက်လိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ ကျနော်တိုက်တွန်းတာမဟုတ်ဘူး ကျနော်မျှော်လင့်တယ်။ ဖြန့်ကြက်နိုင်ရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ လုပ်ရေးမလုပ်ရေး ဒါအရေးမကြီးပါဘူး။ အမှန်အတိုင်းပြောရရင် အန်အယ်လ်ဒီကို ၀န်းရံကြဆိုတဲ့ ကြွေးကြော်သံကို တလျှောက်လုံးရပ်နေတဲ့အတွက် အန်အယ်လ်ဒီကို အမြဲတမ်းထောက်ခံပြီးသား။ ခေါင်းဆောင်မှုဟာလည်း ဘာပဲပြောပြော ဒီနှစ်ပိုင်းမှာ သိပ်ကိုမှန်တယ်လို့တောင် ထင်ပါတယ်။

မေး- နအဖရဲ့ ရုဒ်မက်ကလွဲပြီး တခြားရွေးချယ်စရာလမ်းမရှိတော့ဘူးဆိုပြီး၊ ထွက်ပေါက်ပိတ်နေပြီဆိုပြီး လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ စိတ်ပျက်မှုတွေဖြစ်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာ ဆရာကြီးရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဖြေ- ဒါကဒီလိုရှိတယ်ဗျ။ စိတ်ပျက်တဲ့လူတွေကို ကျနော် အပြစ်မတင်ချင်ပါဘူး။ စိတ်လည်းပျက်လောက်တယ်ဗျ။ စိတ်ပျက်လောက်တဲ့အကြောင်းကဘာလဲဆိုရင် စစ်အစိုးရဟာ တံခါးတွေပိတ်နေပြီဗျ၊ လမ်းတွေပိတ်ပစ်နေပြီ၊ ဒီဖွဲ့စည်းပုံဆိုတာလည်း ဒီကနေထွက်လာမယ့် ရွေးကောက်ပွဲတို့၊ ပါတီတွေရပ်တည်ခွင့်တို့ဆိုတာတွေဟာ အဲဒီမှာ တံခါးပိတ်နေပြီဗျ။ ဒါကြောင့် ကျနော်တို့က ခင်ဗျားတို့ပိတ်ချင်တာပိတ်။ ခင်ဗျားတို့ချချင်တာချ။ ကျနော်တို့ လက်မခံဘူး။ ဖွဲ့စည်းပုံကို ကျနော်တို့ကလက်မခံတဲ့အတွက် ဒီကနေပေါက်ဖွားလာမယ့် နိုင်ငံရေးပါတီများ ရပ် တည်ခွင့်တို့၊ ရွေးကောက်ပွဲကိစ္စတို့ ဘာတို့ ဒါတွေပါ ကျနော်တို့လက်ခံလို့မရဘူး။ ဒါပေမယ့် ကျနော်တို့က တခုရှိတယ် လက်မခံဘူးဆိုပြီး မျက်စိမှိတ်ပြီး ငြိမ်နေတာမဟုတ်ဘူး။ ဆွေးနွေးကြဦးစို့။ ဘယ်လိုများ လုပ်လို့ ရမလဲ။ ခင်ဗျားတို့အတိုင်းဆိုရင် လမ်းကပိတ်နေတယ်။ ဒီလိုပိတ်သွားရင် နိုင်ငံရေးက တလမ်းသွားပဲဖြစ် တော့မယ်။ တဖက်ပိတ်ပဲဖြစ်တော့မယ်။ လမ်းထဲဝင်တဲ့လူပဲရှိတယ်။ ကျန်တဲ့လူတွေအကုန်လုံးဟာ လမ်းပေါ် မှာ လေလွင့်နေရမယ့်သဘောမျိုးဖြစ်နေတယ်။ ဒါမျိုး ကျနော်လက်မခံဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ တချို့ပုဂ္ဂိုလ်များက ပြီးသွားပြီ လမ်းပိတ်သွားပြီဆိုပြီး ပြောတယ်။

ကျနော်က အဲ့လိုမထင်ဘူးဗျ။ တွေ့ဆုံဆွေးနွေးရေးက လုပ်ရမှာပဲ။ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်လို့ ကျနော်ယူဆတယ်။ တမျိုးတည်းပဲ တဖက်တည်းပဲကြည့်ရင်၊ အစိုးရလုပ်တဲ့ဟာ လောက်ပဲကြည့်ရင်တော့ တွေ့ဆုံဆွေးနွေးရေးမလိုတော့ဘူးပေါ့။ ကျနော်တို့ဘက်ကကြည့်ရင်တော့ ကျနော်တို့မှာ တွေ့ဆုံဆွေးနွေးစရာတွေ အများကြီးရှိသေးတယ်။ အဲဒါကြောင့် ကျနော်က တွေ့ဆုံဆွေးနွေးရေးကို ပစ်ပယ်တာကို ကျနော်လက်မခံဘူး။

တွေ့ဆုံဆွေးနွေးလို့ကော ဘာထူးမှာလဲ။ အကုန်လုံးလမ်းတွေပိတ်နေပြီဆိုပြီး ဒါအစိုးရမျက်စိ နဲ့ကြည့်နေတာကိုးဗျ။ ဒီလမ်းကြီးကို ခင်ဗျားတို့မပိတ်နဲ့ဦး စက်ကြီးတော့နှိုးနေပြီဗျာ လမ်းပိတ်တဲ့ Road Block တွေချနေပြီဗျာ။ တုန်းတွေဘာတွေချနေပြီ။ အဲဒါကို ကျနော်တို့က ခင်ဗျားမချနဲ့ဦး၊ ဒီလမ်းကို ဒီလိုမလုပ်နဲ့ဦး၊ ဒီလမ်းကနေသွားစရာတွေ ရှိတယ်လို့ ကျနော်တို့ပြောနိုင်ရင် ဒါပြီးတာပဲ။ အဲဒါတွေချနေတဲ့ဟာကို ရှေ့ဆက်ခရီးသွားမယ့်ဟာကို မပြောပါနဲ့တော့ဗျာ ဆိုတဲ့ဟာမျိုး။ လမ်းတွေပိတ်နေတာနဲ့တင် ရှေ့ခရီးကို ကျနော်တို့ကဆက်ပြီးတော့ ဘယ်လိုခရီးသွားမယ်ဆိုတာ မပြောတော့ဘူးဆိုရင် ကျနော်တို့ကမှားတာပေါ့ဗျ။ ကျနော်တို့ခရီးသွားမယ့်ဟာကို ကျနော်တို့ပြောမှာပဲ။ သွားစရာခရီးရှိသေးတယ်။ သွားမယ့်ခရီးအတွက်ကို ကျနော်တို့မှာလုပ်စရာကိုင်စရာတွေ အလုပ်တွေအများကြီးရှိသေးတယ်။ ရည်မှန်းချက်ပန်းတိုင်းတွေ ကျနော်တို့မှာ အများကြီးရှိသေးတယ်။ ဒါတွေအတွက် Road Block တွေမချပါနဲ့။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေး ရမှာပေါ့။ တွေ့ဆုံဆွေးနွေးရေးက လုပ်ကိုလုပ်ရဦးမယ်လို့ ကျနော်ယူဆပါတယ်။

မေး- လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအားလုံးကို ခြုံငုံသိရှိနိုင်အောင် ဆရာဦးဝင်းတင်အနေနဲ့ အချိန်ဘယ်လောက်ယူ လေ့လာပြီး ရှေ့ဆက်ဆောင်ရွက်သွားမှာပါလဲ။

ဖြေ- အဲဒါတော့ နိုင်ငံရေးကလည်း အလွန်ကျယ်ပြန့်တဲ့အခြေအနေ၊ နိုင်ငံရေးက အလွန်ရှုပ်ထွေး နေတဲ့အခြေအနေ၊ နောက်တော့ ကျနော်တို့ကိုယ်တိုင်ကလည်း လူတွေနဲ့ တွေ့ရဆုံရတာမလွယ်ဘူး။ ကျနော်ကတော့ စကားပြောဖို့ဆိုဖို့ အမြဲတမ်းကြိုးစားနေတာပဲ။ ကျနော်ကတော့ အဓိကလုပ်မယ့်အလုပ်က စုစည်းဖို့ပဲ လုပ်မယ့်အခါကတော့ ကျနော်နားထောင်မယ်၊ ကျနော်မှားတာတွေပြင်မယ် ကျန်တဲ့လူတွေလုပ်နေတာ ကျနော်နားထောင်မယ်၊ လူတွေကိုတတ်နိုင်သမျှ မသင့်တင့်တဲ့လူ အလှမ်းကွာနေတဲ့လူ အဲဒါတွေ စုစည်းမယ်လို့ ကျနော်မှန်းထားတယ်။ အဲဒါတွေအတွက်ပဲ ကျနော်လုပ်သွားမယ်၊ အဲတော့ ဘယ်လောက်ကြာမယ် မကြာမယ်ဆိုတာတော့ အတိအကျတော့ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျယ်ပြန့်တဲ့ကိစ္စဖြစ်နေလို့ အလွန်ကျပ်တည်းကျဉ်းမြောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

မေး- သတင်းစာဆရာကြီးတယောက်အနေနဲ့ စာနယ်ဇင်းလောကကိုရော ပြန်ဝင်ဖို့အစီစဉ်ရှိပါသေးလား။ သတင်းစာတို့၊ ဂျာနယ်တို့ စသည်ဖြင့် ထုတ်ဖို့ အလားအလာပေါ့ ဘယ်လိုရှိပါသလဲ။

ဖြေ- အမှန်အတိုင်းပြောရရင် ကျနော့်လူပုဂ္ဂိုလ်အရပြောရရင်တော့ တော်တော်နည်းသွားပြီဗျ။ ဘာလို့လဲဆိုတော့ ဒီလိုအလုပ်မျိုးက လူငယ်များလုပ်တဲ့အလုပ်ဗျ။ စိတ်ဓာတ်တက်ကြွပြီးတော့ လှုပ်ရှားနေတဲ့ဟာ။ အပင်ပန်းခံနိုင်မှဗျ။ ဥပမာ ကျနော်တို့ငယ်ငယ်က သတင်းစာလုပ်ခဲ့ဖူးတာ တနေ့ကို (၁၅) နာရီအထက် လုပ်ကြတာ။ ဆိုတော့ အခုဒါတွေမလုပ်နိုင်တော့ဘူး။ ဒါကတခု၊ နောက် ကျနော်တို့တွေက ခေတ်တွေဘာ တွေအများကြီးကွာနေပြီးတော့ နှစ်ပေါင်း (၂၀) လောက်ဝေးနေပြီဆိုတော့ ကျနော်လည်း အတော်နပါတယ် ခင်ဗျာ။ တွေးတာခေါ်တာ၊ သိတာမြင်တာ အချက်အလက်တွေဘာတွေ အများကြီးနသွားပြီဗျ။

ဒီလိုအချက်တွေတင် မကဘူး၊ စာနယ်ဇင်းလောကမှာ လုပ်တယ်ဆိုတာကလည်း ဗမာပြည်ကြီးဟာ ရှင်းရှင်းပြောရ ရင် တနည်းအားဖြင့် ထောင်ကျတုန်းပဲဗျ။ တပြည်လုံးက ထောင်ကျနေတုန်းပဲ။ ခင်ဗျားတို့နဲ့ ကျနော်တို့ တယ်လီဖုန်းနဲ့ တက်ကနော်လော်ဂျီအရသာ ဆက်သွယ်နိုင်တာကို သာမန်အားဖြင့်ဆို ခင်ဗျား ကျနော့်လာတွေ့လို့မရဘူး။ ကျနော်လည်း ခင်ဗျားဆီ လာတွေ့လို့မရဘူး။ ခင်ဗျားနဲ့ ကျနော်နဲ့ နယ်စပ်မှာဆုံရအောင် ဒါမှမဟုတ် မြို့ထဲကတနေရာမှာ ဆုံတွေ့ရအောင် လုပ်လို့မရဘူး။ ဗမာပြည်ကြီးက ထောင်ကျနေတုန်းပဲရှိပါသေးတယ်။ ဗမာပြည်ကြီးက မျက်စိပိတ်နားပိတ် အကုန်းလုံးပိတ်ထားတုန်းပဲ ရှိပါသေးတယ်။ အဲတော့ ကျနော် သတင်းစာလောကထဲဝင်လုပ်မယ်ဆိုရင် စာပေစိစစ်ရေးတို့ဘာတို့က တခြားမပြောနဲ့ဗျာ ကျနော်အလုပ် လုပ်ဖို့လည်းမလွယ်ဘူး စာရေးဖို့လည်းမလွယ်ဘူး။ကျနော့်နာမည်ကို လူတယောက်ကနေပြီးတော့ ကျနော့်နာမည်နဲ့ပတ်သက်ပြီးသုံးခွင့်မရှိဘူး။ ဆရာဦးဝင်းတင် အကြောင်းဆို ဆရာဦးဝင်းတင်ရဲ့နာမည်ကြီး တလုံးသုံးခွင့်မရှိဘူး အကုန်ဖျက်ပစ်တာဗျ။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်လို့တော့ လူငယ်တွေလုပ်ကြပါ။ ကျနော်တို့တွေ အကြံပေးချင်တယ်။ ကျနော်တို့တွေ ၀ိုင်းဝန်းကူညီချင်တယ်။ လူငယ်တွေလုပ်တာကို အားပေးချင်တယ်။ လူငယ်တွေလုပ်တာကို ကျနော်တို့ ဖတ်ချင်တယ်။ ဒါပဲကျနော်တို့ကမျှော်လင့်နိုင်မယ်။ ကျနော်ထင်တယ် ဒါတော့ လုပ်ဖို့ကတော့ မပြောနိုင်ဘူးပေါ့ဗျာ။ လုပ်ဖို့တာဝန်ကျလာလို့ လုပ်ရမယ်ဆိုတဲ့ဟာမျိုးဆိုရင်တော့ လုပ်ရမှာပဲပေါ့ဗျာ။ လုပ်စရာလိုတယ်ဆိုရင်၊ လုပ်ခွင့်ရှိတယ်ဆိုရင်တော့ လုပ်မှာပဲ သို့သော် အခြေအနေအရတော့ လူငယ်တွေကိုပဲ အားကိုးပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ ထောင်အတွင်း အနှစ် (၂၀) အတွေ့အကြုံကို တခွန်းတည်း ပြောပါဆိုရင် ဆရာ ဘယ်လိုပြောမလဲခင်ဗျ။

ဖြေ- တခွန်းတည်းပြောရမယ်ဆိုရင်တော့ ကျနော် ငရဲကလွတ်လာတယ်လို့ပဲ ပြောချင်တယ်။ အတိုင်းအတာ တခုအထိ ငရဲပဲ။ ကျနော် ငရဲဘာလို့ ပြောလဲဆိုရင် ကျနော့်ကို နောက်ထပ်သက်သေခံမယ့်လူတွေ၊ နောက်ထပ် မင်းကိုနိုင်တို့ ထပ်ထွက်လာ၊ ဇာဂနာတို့ ထွက်လာ၊ နောက်ထပ်ကျန်တဲ့လူတွေ ထွက်လာရင် ထပ်မေးကြည့်ပါ ဒီလူတွေလည်း ဒီအတိုင်းပြောမှာပဲ။ မစ္စတာပီညဲရိုးတို့ဘာတို့ အပါအ၀င် ၀ိုင်းဝန်းကြိုးပမ်းတဲ့အတွက် ထမင်းလေး တော့ ၀အောင်စားရတယ်တို့၊ ဘာတို့ရှိသော်ငြားလည်း သူတို့က ပိတ်ထားလှောင်ထား၊ မျက်စိပိတ်ထားနား ပိတ်ထား၊ အဆက်သွယ်မလုပ်ရဘာမလုပ်ရ ကျနော်ဆိုရင်နှစ်ပေါင်း (၂၀) က ပိတ်ထားရုံတင်မကဘူး ဘယ်သူနဲ့ မှတွေ့ရတာမဟုတ်ဘူး သီးခြား နေရာမှာဖြစ်နေတယ်။

ကျနော် ဆိုရင် ကျနော့်အထဲမှာဆိုရင် ကျနော်တို့နဲ့ မဆိုင်တဲ့ကျနော်တို့နဲ့ ဘာမှနိုင်ငံရေးအားဖြင့် ဘာမှ အဆက်အစပ်မရှိဘူးဆိုတဲ့ လူတွေနဲ့ရောထားတာ။ ဒီလူတွေနဲ့ ရန်မဖြစ်အောင်။ စိတ်ထဲမှာ တယောက်နဲ့တ ယောက် မနာကြည်းအောင် တယောက်နဲ့ တယောက် အခြေအတင်မဖြစ်အောင် မနည်းလုပ်ယူရတာ။ အဲဒါကြောင့် တခွန်းတည်းပြောရရင် ဒါငရဲပဲဗျ။

By NEJ


ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။

“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။

မှတ်ချက်။ ။ နော်မန်ရော်ဘတ်စ်ပီးယား၏ The Lonely Death Of Cycle Maung Maung ကို ကိုးကားရေးသားပါသည်။

မသိလို့မှားတာပါ ဆိုတိုင်း …

အောင်ကျော် | စက်တင်ဘာ ၂၆၊ ၂၀၀၈

ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။

မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ “အဂါရ၀ ငါးပါး” ကို ရှောင်ရှားကြရကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။

ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော်ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က “ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး” ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။

မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ထား ကြသည်။

အမှန်စင်စစ် ထို “ပတ္တနိက္ကုဇ္ဇနကံ” ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။ အကြင်သူသည် …

• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။

ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။

“ပတ္တနိက္ကုဇ္ဇနကံ”ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။

ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။

“ပတ္တနိက္ကုဇ္ဇနကံ”၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။

ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။

လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။

ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။

အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။

သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။ ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။

အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။

စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။

“သံဃာမရှိလဲဖြစ်ပါတယ်”ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။

ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်“မဂ်တားဖိုလ်တား ကိစ္စကြီး” ဖြစ်ပါ သည်။ “မဂ်၏ အန္တရာယ်”ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။

ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။

မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ် နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံရပေတော့မည်။ ထိုက်တန်ပါရဲ့လား။

ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှနှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။

ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။

ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ်သွားကြပါသနည်း။

ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။

အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှနှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စားကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေရရှိထားသမျှ ဥစ္စာပစ္စည်းတွေက ကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မလည်ဘဲနေကြမည်လား။

သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် “မင်း” မလုပ်ရအောင် စကားမပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။

အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။

ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။

ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။

နောင်ဘ၀မှာတော့ အ၀ီစိမှာတူပျော်ပျော်ပဲ နေကြရဦးမှာပါ။ “ဂေါဏေန ဂေါဏော” ဆိုသမို့လား။ ။

ဘယ်သူ့လက်ချက်လဲ။

မင်းသက်အောင် စက်တင်ဘာ ၂၆၊ ၂၀၀၈။

ယခုတလောမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲ၊ ဗုံးရှာတွေ့သည့် ဖြစ်ရပ်များစွာ ကြားသိရပါသည်၊ သို့သော် ဘယ်သူ့လက်ချက်လဲ ဆိုတာ ဘယ်သူကမှ ဝန်မခံကြပါ၊ သရဲဘော ကြောင်တယ်လို့ပဲ ဆိုလိုရပါတယ်။

ယမန်နေ့ နံနက် ၁၀:၄၀ ခန့်က မဟာဗန္ဓုလ ပန်းခြံမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နောက်ထပ် မပေါက်မကွဲသေးတဲ့ဗုံးတစ်လုံး ကက်ဆက်ထဲမှာ ဖန်တီးပြီး ထည့်ထားတာ လက်မတင်လေး စနက်တံပြုတ်နိုင်ခဲ့တာ အင်မတန် တော်တဲ့အစိုးရ လုံခြုံရေးအုပ်စုတွေပါပဲ။

ဒီဖြစ်ရပ်တွေ ပေါ်လာတိုင်း အစိုးရက အတိုက်အခံအုပ်စုတွေကိုပဲ လက်ညှိုးထိုး၊ အတင်းအပုပ် ချလေ့ရှိပါတယ်၊ အဲဒီလို အပုပ်ချလို့ရအောင် အင်အားမရှိတော့တဲ့ "ခြံခုန်" သမားတွေကို အတင်း ထုထောင်းရိုက်နှက်ပြီး မဟုတ်သော်ရှိလည်း ဝန်ခံခိုင်းတဲ့ ထုံးစံ အစိုးရရဲ့ အောက်ခြေမှာ လှုပ်ရှာနေရတဲ့ စရဖ၊ စသုံးလုံး၊ အထူးသတင်းတပ်ဖွဲ့၊ ရဲ၊ နယ်မြေခံ တပ်နယ်မှူးရုံးတို့က ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။

မဟာဗန္ဓုလပန်းခြံ ရှေ့က မော်တော်ကားဂိတ်ဟာ အမြဲတမ်းလိုလို လူစည်ကားလေ့ရှိပါတယ်၊ ရန်ကုန်မြို့တော်ခန်းမ ရှေ့က ဆိုတော့ လုံခြုံရေးကိစ္စရေးရာမှာ ပြောမရာ မလိုပါ၊ အပ်တစ်ချောင်းတောင် ပစ်လို့မရတဲ့နေရာမျိုးပါ။

လွန်ခဲ့တဲ့ တနင်္လာနေ့က ၄၆ လမ်း နဲ့အနီးတဝိုက် "ဇဝန" နဲ့ စီးတီးမတ် ဆိုင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုတစ်မျိုး ဖန်တီးခဲ့တာကို သတိပြုမိခဲ့မှာပါ၊ ဗုံးဝှက်တဲ့အုပ်စုနဲ့ ဗုံးရှာတဲ့အုပ်စုတွေ ဆိုပြီး ဗုံး "တူးတူးပုန်း" လုပ်တမ်း ကစားကြတယ်၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ဆိုလိုချင်တာက မြန်မာပြည်က အစိုးရထောက်လှန်းရေး ဆိုတာ အင်မတန် တော်ရှာကြပါတယ်၊ အဲဒါကြောင့် သွားလေရှာသူ ဗိုလ်ချုပ်ကြီးတင်ဦး ဆိုသလို ဗုံးဒဏ်က သီသီကလေး လွတ်ခဲ့ပြီး နောက်ဆုံးက "တရုပ်လှရွာ" အနီး ရဟတ်ယာဉ်နဲ့ ဇာတ်သိမ်းခဲ့တဲ့အဖြစ် တိုင်းပြည်ကို မတင်ပြနိုင်ခဲ့ပါဘူး။

ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဖြုတ်ထုတ်ချလုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၀၅ မေလ ရန်ကုန်မြို့ စီးတီးမတ် သုံးနေရာမှာ တပြိုင်ထဲဆိုသလို ဖောက်ခဲ့တဲ့ဗုံးလက်သည် ဘယ်သူဆိုတာ မယ်မယ်ရရ ပြည်သူတွေ မသိရပါဘူး၊ အစိုးရ ထောက်လှန်းရေး တချို့တွေ သိကြမှာပါ၊ ဒါပေမဲ့ သတင်းစာမှာ ထုတ်ပြန်ယင်တော့ KNU, ABSDF နဲ့တခြား အကြမ်းဖက်အုပ်စု လက်ချက် လို့ ဇွတ်အတင်း စွပ်စွဲနေတာပါဘဲ။

ဗိုလ်ခင်ညွန့်ရဲ့ နောက်လိုက်တွေ ကန့်လန့်ကာ နောက်ကွယ်မှာ အိပ်ပြီး မနေကြဘူးဆိုတာ သတိပြုပါလိမ့်မယ်၊ အဆင့်မြင့် ထောက်လှန်းရေး နည်းပညာတွေနဲ့ ပစ္စည်း ကိရိယာတွေ သူတို့လက်မှာ ပိုင်ဆိုင်ခဲ့တာကို နားလည် ရပါလိမ့်မယ်၊ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ဘတ်ဂျက်နဲ့ မဆိုင်တဲ့ စစ်ထောက်လှန်းရေးအုပ်စုရဲ့ သီးသန့် ရံပုံငွေ အများအပြား ရှိနေသေးတယ် ဆိုတာ မမေ့သင့်ပါဘူး။

မနှစ်က စခဲ့တဲ့ သံဃာတော်တွေရဲ စက်တင်ဘာ အရေးအခင်း နှစ်ပတ်လည်ပြည့်မြောက်တဲ့ကာလမှာ ပြည်သူတွေ အာရုံ မစိုက်မိအောင် "ဝုန်း" ကနဲ ဗုံခွဲပစ်တဲ့ လက်သည် တရားခံ ဘယ်မှာလဲ ဆိုတာ တောကြိုတောင်ကြားမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ လှုပ်ရှားနေရတဲ့ တော်လှန်းရေး အဖွဲ့အစည်းတွေကို လက်ညှိုး ထိုးမနေပါနဲ့၊ မြို့တော်ခန်းမကို ဗုံးဖောက်ခွဲနိုင်ယင် သိန်းတရာပေးမဲ့ငွေ ဘယ်သူတွေဆီမှာ ရှိနိုင်မလဲ၊ လုံခြုံရေး အစီအမံ အထပ်ထပ်ကြားက ကျော်ဖြတ်နိုင်ပြီး ဗုံးခွဲနိုင်တဲ့အုပ်စု ဘယ်သူတွေ ဖြစ်နိုင်မလဲ။ ဆိုလိုချင်တာက ဒီပုပ်ထဲက ဒီပဲတွေပါဘဲ။

ဆေးမတိုးတော့ ယတြာပေါ့

လွန်ခဲ့တဲ့သီတင်းပတ်တွေထဲမှ နိုင်ငံတော်အကြီးအကဲ ဆိုသူ ဦးသန်းရွှေ အိပ်ရာထဲမှာ လဲလျောင်းနေရ ရှာတဲ့အကြောင်း သတင်းတွေ ပလူပျံနေပါတယ်၊ နေပြည်တော်မှာကား အဝင်အထွက် တဝီဝီနဲ့ ဘယ်သူက ဘယ်အမွေများ ရလိမ့်နိုးနဲ့
ကိုယ်ဟာကိုယ် ခန့်ထားတဲ့ဝန်ကြီးများ (ပြည်သူ မရွေးချယ်ခဲ့) ဥဒဟို ဝင်ထွက်သွားလာနေကြတဲ့ အကြောင်းတွေ စုံလိုပါဘဲ လေ့။

ရုတ်တရက်ဆို ဟော ဒီနေ့ထုတ် ၂၃၊ ၉၊ ၀၈၊ အစိုးရ သတင်းစာတွေမှာ အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ ဆိုပဲ၊ ဝမ်းသာစရာ သတင်းတစ်ခု လို့ ဆိုရပါလိမ့်မယ်။

အသိတွေထံ တယောက်ပြီးတယောက်ထံ ဖုန်းဆက်ပြီး လေကန်ကြတာ ဒီလွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တဲသူတွေအထဲမှာ ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူ ဘယ်သူတွေ ပါခဲ့တာတွေကို မေးမြန်းစုံစမ်းရတာပေါ့၊ မိတ်ဆွေတယောက်က "နိုင်ငံရေး အကျဉ်းသားတွေ တနေ့ထက်တနေ့ များလာတော့ နေစရာ၊ ထားစရာ၊ စားစရာ၊ ကျွေးစရာ မရှိမလုံလောက်လို့ လွှတ်ပစ်တာ ဖြစ်မှာပေါ့ " ဆိုသတဲ့။

နောက်တယောက်ကတော့ "ဗိုလ်ခင်ညွန့် အဖြုတ်ခံခဲ့ရတဲ့ကာလမှာ ထောင်ဒဏ် နှစ်ရှည်ကြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တပ်က အရာရှိတွေ အများကြီးပဲ၊ အချို့က ဘာပြစ်မှုမှ မရှိပဲနဲ့ ကျူပင်ခုတ် ကျူငုတ်မကြံ၊ အပြတ်ရှင်းတဲ့အထဲမှာပါ
သွားကြတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေတယ်၊ ဒီလူတွေ၊ ဒီနည်းနဲ့ တရားဝင်းလမ်းကြောင်းက လွတ်မြောက်အောင် လုပ်ပေးပြီး နာမည်ကောင်း ယူတာလည်း ဖြစ်နိုင်ပါတယ်။

စာရေးသူအနေနဲ့ဘဝင်မကျ နိုင်သေးပါ၊ နောက်ထပ် မိတ်ဆွေတဦးနဲ့ ပြောဖြစ်ပြန်ပါတယ်၊ "လွှတ်ပေးတဲ့အထဲမှာ အကျဉ်းသားတွေ ဆိုတာ ဘယ်အမျိုးအစားရယ်လို့ ပြောမထားဘူး၊ သူခိုး၊ ဓါးမြ၊ ခါးပိုက်နှိုက်၊ လူသတ်၊ မုဒိန်း ကောင်တွေ ချည်းပဲလားမသိ၊ ဒီကောင်တွေက ထောင်ပိုင်၊ ထောင်မှူးတွေကို လာဘ်လာဘ ထိုးပြီး အကျင့်စာရိတ္တ ကောင်းတဲ့စာရင်းမှာ သွင်းပေးလိုက်ယင် ပြီးသွားပါဘဲ" - - အဲဒါလည်း တမျိုးကြီးပဲ။

ရန်ကုန်မြို့က မိတ်ဆွေတဦးကတော့ "ဒီနေ့ပဲ လွှတ်ပေးတယ် ဆိုတော့ ဘယ်သူဘယ်ဝါ ဘယ်အမျိုးအစားရယ်လို့ ကွဲကွဲပြားပြား မသိနိုင်သေးဘူးလေ၊ ကြားနေရတာကတော့ ထောင်လွတ်ရက်စေ့သူ၊ အသက်ကြီး နာမကျန်းသူတွေနဲ့
အစိုးရအသိုင်းအဝိုင်းနဲ့မကင်းကြတဲ့တွေပဲ ဖြစ်ဖို့များတယ်၊ မူယစ်ဂိုဏ်းတွေထဲက ငွေပုံအော ပေးယင်လဲ ဒီလောက် တောင်မှ လာဘ်စားနေကြတဲ့စစ်ဗိုလ်တွေ၊ ထောင်ပိုင်တွေအတွက် ဦးသန်းရွှေ ဖန်တီးပေးလိုက်တဲ့ အကွက်ဆန်း တခန်းလေးပေါ့"။

နောက်မိတ်ဆွေတယောက် ကျပြန်တော့ "ဦးသန်းရွှေ ကြီး အသည်းအသန် ဖြစ်နေတာ ယတြာချေတဲ့ သဘောနဲ့ ဖြစ်မှာပေါ့၊ သူ ဗျာဒိတ်ဆရာတွေ အခါတော်ပေး ညွှန်ပြတဲ့အတိုင်း ဘယ်နေ့၊ ဘယ်ထောင်၊ ဘယ်အချိန်၊ အရေအတွက်
ဘယ်လောက်ပေါ့၊ သေချာတာ တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ သိပ်ပါဝင်မဲ့ဟန် မပေါ်ဘူး"။

ဒီအဆိုကို စာရေးသူ သဘောတူပါ၏၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနဲ့ တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးသော အယူအဆအတိုင်း နိုင်ငံဥသျှောင် အကြီးအကဲတပါး နောက်ဆုံးဘဝခရီးမှာ ကုစရာဆေးလည်း နတ္ထိဖြစ်နေခဲ့လျှင်
ဒီယတြာချေနည်း ကလွဲပြီး ဘာမှ မတတ်နိုင်ပါကလား။



မင်းသက်အောင်


၂၆.၀၉.၂၀၀၈သတင်း

Mizzima News: 35 NLD members march to detained party leader’s residence
Fri 26 Sep 2008
Filed under: News, Inside Burma
At least 35 members of Burma’s Opposition party the National League or Democracy have begun marching towards detained party leader Daw Aung San Suu Kyi’, residence at 9:30 a.m (local time), sources said.

Though Burmese Army soldiers have blocked the Kokkai Street, NLD members were able to make it to University Avenue Street, where detained Suu Kyi’s home is located, according to an earlier information received by Mizzima.

The 35 members include 20 youths as well as 15 elderly members of the NLD.
သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်
26 September 2008
ယမန်နှစ် စက်တင်ဘာလက သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီဆန္ဒပြခဲ့ကြစဉ်။
စက်တင်ဘာ ၂၄၊ ၂၀၀၇။(ဓာတ်ပုံ-အေပီ)
မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှုရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ
စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေအရ အရေးယူရေး အမေရိကန်ပြည်ထောင်စု
အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) ကပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီ
ဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်း
အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်
ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့
ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်း
တင်ထားခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ

26 September 2008
မခင်ဖြူထွေး
စက်တင်ဘာလှုပ်ရှားမှုမှ ခေါင်းဆောင် သံဃာတော်တချို့ရဲ့ ကြားနာပွဲ (စက်တင်ဘာ ၂၅၊ ၂၀၀၈)
မြန်မာစစ်အစိုးရ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေ အပါအ၀င် သံဃာတော်နဲ့ သီလရှင် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံ နေရဆဲဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံဃာတော်တွေလည်း ရှိနေဆဲပါ။ ဒီအထဲ လွတ်မြောက်လာတဲ့အထဲက သံဃာတော်တချို့ရဲ့ ကြားနာပွဲကို နယူးယောက်ခ်မြို့က နယူးယောက်ခ် ပလာဇာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကြားနာပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီပွဲမှာ အရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က သဘာပတိအဖြစ် ဆွေးနွေးပွဲကို ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။

"၂၀ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုက်ပွဲတိုင်းမှာ လှုပ်ရှား
မှုတွေအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပေါ်တူဂီ၊ စပိန် စတဲ့ အနောက်
ဥရောပနိုင်ငံတွေအပြင် အရှေ့ ဥရောပနိုင်ငံတွေရော၊ လက်တင်အမေရိကနိုင်ငံတွေမှာ
ပါ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတိုင်းဟာလည်း အရေးကြီးတဲ့ သမိုင်းဝင်မျိုးစေ့တွေကို
ချပေးတာပါ။ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနိုင်ငံ
တည်ဆောက်နိုင်ဖို့အတွက် မျိုးစေ့ချ စိုက်ပျိုးနေချိန် ဖြစ်ပါတယ်။" လို့ အခမ်းအနား
သဘာပတိ ပါမောက္ခ ပင်ညဲရိုး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေ အပါအ၀င် ပြည်သူတရပ်လုံးဟာ ဖိနှိပ်မှုတွေအောက်
မှာ ဆက်လက်ခံစားနေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို
အခုထက်ပို ဆောင်ရွက်သင့်တဲ့ အကြောင်းတွေကို ဆရာတော်တွေက တိုက်တွန်း
မိန့်ကြားခဲ့ပါတယ်။

အဓိကဆွေးနွေးခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဦးပညာဇောတက
အခုလို မိန့်ကြားပါတယ်။

"အဓိကကတော့ လက်ရှိဥပဒေကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဟာတွေကို ဦးဇင်းအနေ
နဲ့ ဆွေးနွေးသွားပါတယ်။"

ဒီသံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ ပြီးဆုံးသွားပါပြီလားလို့ မေးကြည့်တော့ အရှင်
ဦးပညာဇောတက အခုလိုမိန့်ပါတယ်။

"သံဃာတော်တွေကတော့ လှုပ်ရှားမှုဆိုတာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့အတွက်
ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့လိုအပ်ချက်ကို ပြောဖို့အတွက် ပြင်ဆင်နေတာ
ရှိတယ်။ သို့သော်လည်း လက်ရှိ နအဖစစ်အစိုးရက ရွှေဝါရောင်တနှစ်ပြည့်တဲ့အချိန်မှာ
အဓမ္မ၀င်ရောက်ပြီး စောင့်ရှောက်ကြည့်နေတာတွေ၊ ထိန်းသိမ်းနေတာတွေ၊ လွတ်လပ်
စွာ သွားခွင့်လာခွင့်မရတာတွေ ဖြစ်တဲ့အတွက် လုပ်ဖို့ အတော်လေး အခက်အခဲ ရှိနေ
ပါတယ်။"

ဒီပွဲကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်တဲ့
အကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

"ကုလသမဂ္ဂညီလာခံလည်း ကျင်းပနေတာဖြစ်တယ်။ နောက်တချက်က အခုလို
လုပ်လိုက်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိခွင့်ရသွား
မယ်။ သိရှိခွင့်ရသွားခြင်းအားဖြင့် လက်ရှိ ကုလသမဂ္ဂကနေပြီး အရေးယူဆောင်ရွက်
နေတာ ထိရောက်မှုမရှိဘူး၊ ဒီ့ထက်ကြီးမားတဲ့၊ ခိုင်မာတဲ့၊ တိကျတဲ့၊ အချိန်ကာလပါတဲ့
အရေးယူဆောင်ရွက်ချက်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီဆိုတာကို ဦးဇင်းတို့
ပြောခွင့်တွေ အများကြီးရခဲ့ပါတယ်။"

အရှင်ပညာဇောတဟာ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း မြန်မာစစ်အစိုးရက
ဘုန်းတော်ကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို လိုက်လံ
ဖမ်းဆီး ထောင်ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း လှည့်လည်
ပုန်းအောင်းနေခဲ့ရပါတယ်။ လေးလကြာ လှည့်လည်ပုန်းအောင်နေပြီးနောက်
ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သလို ဒီနှစ် ဇန်န၀ါရီလကမှ
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တဲ့ သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု စစ်ဆေးမှုများ လုပ်
သဲသဲ
သောကြာနေ့၊ စက်တင်ဘာလ 26 2008 16:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ အနီး ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူစည်ကားရာ လမ်းဆုံ မီးပွိုင့်၊ ဈေး၊ လိုင်းကား မှတ်တိုင်များတွင် အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်နေသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာဈေး၊ ဆူးလေ လိုင်းကား မှတ်တိုင်များ၊ ပန်းဆိုးတန်း ကမ်းနားလမ်းများရှိ လိုင်းကားများပေါ်တွင် ခရီးသည်များအား လိုက်လံ စစ်ဆေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

"မြို့ထဲ အထွက်လမ်းတွေကို ဗုံးပေါက်ပြီးတော့ ဘတ်စ်ကားတိုင်း၊ အဌားယာဉ်ကား၊ လိုင်းကားတိုင်းပေါ် တက်ပြီးတော့ ခရီးသည်တွေကို လိုက်စစ်နေတယ်။ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင် နံပတ်၊ ဘာကိစ္စနဲ့ လာလဲ။ ဘယ်ကနေ လာသလဲ မေးတယ်လေ။ ကားနံပတ်တွေ လိုက်မှတ်နေတယ်" ဟု ဘတ်စ်ကားပေါ် စစ်ဆေးခံရသူ တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် လိုင်းကားများပေါ်တွင် ပါလာသည့် အိမ်များကို ဖွင့်ကြည့်ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ခဲ့ကြောင်း တာမွေ လိုင်းကားစီးသည့် ခရီးသည် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

"ဒီတာမွေမှာက ဘတ်စ်ကားစီးသူတွေကို စစ်ဆေးနေတယ်လေ။ အိတ်တွေ ဖွင့်ကြည့်တာတွေ လုပ်နေတယ်။ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ အဲလို စစ်လား ဆေးလား လုပ်တော့ ကတိကအောင့် ဖြစ်တာပေါ့နော်" ဟု သူက ပြောသည်။

ယခုလို ခရီးသည်တင် လိုင်းကားများကို စစ်ဆေးမှု လုပ်ရာတွင် ရဲဝတ်စုံအပြည့် လုံခြုံရေး တပ်ဖွဲ့များ၊ အရပ်ဝတ် ထောက်လှမ်းရေး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ရှာဖွေ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း အမှတ် (၄၅) လိုင်းကား မှတ်တိုင်နောက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အလားတူ နောက်ထပ် ချိန်ကိုက်မိုင်း တပ်ဆင်ထားသည့် ကက်ဆက်တလုံးအားလည်း မပေါက်ကွဲမီ အချိန်မီ တွေ့ရှိခဲ့ကြောင်း ဖော်ပြ ရေးသားထားသည်။

သို့သော် ပေါက်ကွဲမှုအား မည်သူမည်ဝါ လက်ချက်ဖြစ်သည် ဆိုခြင်းကို ဖော်ပြ ရေးသားထားခြင်း မရှိသော်လည်း အာဏာပိုင်များအနေဖြင့် ၎င်းဖောက်ခွဲ ဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် မတိုင်မီ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ တစုံတရာ မသင်္ကာသူများအား အာဏာပိုင်များမှ ပိုက်စိပ်တိုက် စစ်ဆေးမှုများ လုပ်နေခဲ့သည်။


အန်အယ်လ်ဒီ ဖွဲ့စည်းခြင်း နှစ် ၂၀ ပြည့် ကျင်းပမည်
ကိုစိုး စက်တင်ဘာ ၂၆၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် စနေနေ့၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် အဖွဲ့ဝင်များ တက်ရောက်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။

ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ရုံးချုပ်၌ ကျင်းပမည့် ယင်း အနှစ် ၂၀ ပြည့် အခမ်းအနား သို့ အင်္ဂါနေ့က ပြန်လည် လွတ်မြောက် လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် လွှတ်တော်အမတ်များ အပါအ၀င် အဖွဲ့ဝင် ၆ ဦး ခန့် တက်ရောက်မည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းကပြောသည်။

“အခုပြန်လွတ်လာတဲ့လူတွေ အားလုံးတက်ရောက်မယ်လို့လည်း ထင်ပါတယ်၊ ကျန်းမာရေး အခြေ အနေပေါ် မှာတော့ တည်တာပေါ့၊ ဆရာ ဦးဝင်းတင်ကတော့ တက်မှာပါ၊ အစီအစဉ်အနေနဲ့ တော့ ရိုးရိုးပါပဲ၊ ဒါပေမယ့် သဘာပတိ မိန့်ခွန်းတို့၊ ကြေညာချက်တို့မှာတော့ နိုင်ငံရေးအရ နည်းနည်း ထူးထူးခြားခြား ပါပါ လိမ့်မယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

တချိန်းတည်း၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ယမန်နေ့က ခေါ်ယူပြောဆိုခဲ့ ကြောင်း သိရသည်။

“အဓိကက တော့ ကျနော်တို့ အထူးကြေညာချက်မှာ ဖော်ပြတဲ့ အချက်အလက် တွေကတဲ့ ပြည်သူလူထုကို လှုံ့ဆော်ရာ ကြတယ်တဲ့၊ အဲဒါ ကြောင့် ကြေညာချက်ကို ရုပ်သိမ်းပေးပါတဲ့ ၊ ကျနော်တို့ အဖွဲ့ ပြန်ပြောတာက မဟုတ်ဘူး ဒီမှာပါတဲ့ အချက်အလက်တွေက အမှန်တွေ၊ ကျနော်တို့မှာ အထောက်အထားတွေ အကုန်ရှိတယ်၊ ဒါကြောင့် မရုပ်သိမ်းပေးနိုင်ဘူးလို့ ဖြေခဲ့တယ်”ဟု ဦးဥာဏ်ဝင်း က ပြောသည်။

အဆိုပါ ကြေညာချက်တွင် အမှန်တကယ် လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲခြင်းမဟုတ်သောကြောင့် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်မ၀င်မီ အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် လွှတ်တော်ခေါ်ယူရန် တို့ကို တောင်းဆိုထား ခြင်းများ ပါဝင်သည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ရှေ့နေ ဦးသိန်းညွန့်ကလည်း“အခုအချိန်မှာ ပြန်လည်သုံးသပ် မယ်ဆိုရင် အားလုံးသဘောတူညီတဲ့ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာပြီးတော့ အမျိုးသားပြန်လည် သင့်မြတ် ရေးကို လည်း လုပ်နိုင် တဲ့၊ တကယ်မှန်ကန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အားလုံးအကောင်အထည်ဖော်နိုင်ဖို့ အတွက် ဟာ အခုအခြေခံ ဥပဒေ ကိုပြန်သုံးသပ်တာလုပ်သင့်တယ်” ဟု ပြောဆိုသည်။

ကြေညာချက်ကို မရုပ်သိမ်းပါက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မသိရှိရသော်လည်း အရေးယူခံရနိုင် သည်ဟု အာဏာပိုင်များက ပြောဆိုကြောင်းလည်း သိရသည်။

ယမန်နေ့က ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး ကို ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က ပြည်ထဲရေး ၀န်ကြီးဌာနတွင်ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟု ဦးဥာဏ်ဝင်း ကပြောသည်။

“အခုလို ဘာကြောင့် ခေါ်ပြောတယ်ဆိုတာ ကျနော်တို့ သိပ်တော့ မပြောတတ်ဘူး၊ ဒါပေမယ်လို့ အဖွဲ့ချုပ်အပေါ် မှာ ဖိအားပေးတဲ့ သဘောတော့ ရှိတာပေါ့”ဟုလည်း ဦးဥာဏ်ဝင်း က ပြောဆိုသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ အန်အယ်လ်ဒီက ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ခြင်း၊ အစိုးရအပေါ် ပြည်သူအများက အထင်မှား အကြည်အညို ပျက်စေခြင်း၊ အစိုးရနှင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအကြား ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျ စေခြင်းနှင့် ထိခိုက်ပျက်ပြားစေခြင်း၊ ဆန္ဒမဲပေးခဲ့သော ပြည်သူများကို စော်ကားရာ ရောက်စေခြင်းများ ပါရှိနေ သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အဖွဲ့က အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခေါ်ယူတွေ့ဆုံ သတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နအဖ စစ်အစိုးရက မေလတွင် ဆန္ဒခံယူပွဲပြုလုပ်၍ အတည်ပြုခဲ့သော် လည်း အန်အယ်လ်ဒီက ဒီမိုကရေစီနည်းလမ်းမကျသောကြောင့် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်း ဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်
ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်းထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူသတိပေးသည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက “မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်းမပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော်တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြုထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထားသည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော်အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်းတို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်စာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်းမပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။

By NEJ


ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့
NEJ / ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်းခံရသည့် ဗိုလ်ကြီးဝင်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်းကျ ခံနေရသည်ဟု ဗိုလ်ကြီးဝင်းထိန်၏ မိသားစုက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ယမန်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် ဗိုလ်ကြီးဝင်းထိန်၏ ဇနီးဖြစ်သူက “အန်တီက မန္တလေးပဲ ရောက်သေးတယ်။ ရန်ကုန်ပြန်ဆင်းရမှာဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာပေါ့နော်။ အန်တီတို့က ထောင်ဝင်စာ သဘောမျိုး သွားတွေ့တာပဲရှိတယ်။ လောလောဆယ်တော့ ထောင်ဝင်စာသွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ” ဟု ပြောသည်။ ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီးဝင်းထိန်ကို အာဏာပိုင်များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်းထိန်က လူတိုင်းနိုင်ငံရေးလုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့်နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၆ မေလတွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည်ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံခဲ့ရသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
By NEJ

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု တစညပါတီမျှော်လင့်
သွင်ဇော်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က အနိုင်ရ ရှိရန် မျှော်လင့်ထားကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက စက်တင်ဘာ (၂၄) ရက်က ရှားရှားပါးပါးပြုလုပ်သည့် တစညပါတီ သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်း ပြည်ပ သတင်းစာဆရာများကို ပြောကြားသည်။

ဦးခင်မောင်ကြီးက “၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရှုံးခဲ့ရတယ်ဆိုတာ အဲဒီတုန်းက ပြည်သူတွေက ကျနော်တို့အပေါ်မှာ နာကြည်းချက်ရှိခဲ့ကြလို့ အန်အယ်လ်ဒီကို မဲပုံပေး ခဲ့ကြတာပါ။ အဲဒီလိုနာကြည်းချက်တွေ ရှိတဲ့ကြားထဲက ကျနော်တို့ပါတီဟာ မဲဆန္ဒနယ် (၁၂) ခုမှာ အနိုင်ရရှိခဲ့ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေ အများအပြားရှိနေ တယ်ဆိုတာ ထင်ရှားပါတယ်။ အခုအချိန်မှာ တိုင်းပြည်ရဲအခြေအနေဟာ အရင်အနှစ် (၂၀) က ထက်စာရင် အများကြီး ပြောင်းလဲတိုးတက်သွားပါပြီ။ ပြည်သူလူထုရဲ့သဘောထားဟာလည်း အများကြီးပြောင်းသွားပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို တသမတ်တည်း ဖက်တွယ်ထားလို့ မရတော့ပါဘူး။ ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ပြောသည်။

ပါတီ၏ လက်ရှိတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျင်းပဖို့ အလားအလာ ရှိမရှိနှင့် တစည ပါတီ၏ စီးပွားရေးပေါ်လစီသည် ယခင် မဆလ စီးပွားရေးပေါ်လစီနှင့် အတူတူဖြစ်ပါသလား စသည့် မေးခွန်းများကို နိုင်ငံခြားသတင်းထောက်အချို့က မေးမြန်းရာ တစည ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဟု စုံစမ်းသိရှိရသည်။

“ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ အကောင်အထည်ဖော် မယ့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ချီတက်ကြတဲ့အခါ ကိုယ့်ပါတီအကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုး ထက် တိုင်းပြည်အကျိုးကို ဦးစားပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကြီးမှာ နိုင်ငံရေးပါတီတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပြီး တရားသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြ ဖို့ကိုလည်း တိုက်တွန်းပါတယ်” ဟု ဦးခင်မောင်ကြီးက ဆက်လက်ပြောကြားသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကပင် တစညခေါင်းဆောင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ကို စစ်အစိုးရက ပြည်တွင်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသော်လည်း အန်အယ်လ်ဒီပါတီကို မည်သည့်အတွက် စည်းရုံးခွင့်မပေးသည်ကိုမူ ဦးခင်မောင်ကြီးက ပြောဆိုခြင်းမရှိပေ။

ဦးခင်မောင်ကြီးသည် အမျိုးသားညီလာခံ တက်ရောက်နေစဉ်ကာလကပင် ၂၀၁၀ ရွေးကောက်ပွဲ၌ စစ်အစိုးရက ပါတီကြီးသုံးလေးခုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးမှာဖြစ်ပြီး အဖျက်ခံထားရသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ၀င်ရောက်ခွင့်မရှိဟု ပြောခဲ့သူဖြစ်သည်။ ထို့ပြင် ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် စစ်အစိုးရက ပြောင်းလဲမှာဖြစ်သည်ဟုပါ တစညပါတီ သတင်းစာရှင်းလင်းပွဲတခုတွင် ဦးခင်မောင်ကြီးက ပြောခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ဖွဲ့စည်းခဲ့ သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းလဲထားသော နိုင်ငံရေးပါတီတခု ဖြစ်သည်။ ၁၉၈၈ ခုတွင် ပေါ်ပေါက်ခဲ့သော ပြည်သူလူထု၏ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကြီး အတွင်း အာဏာကို စစ်တပ်လက်သို့ လွှဲပေးပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟူသောအမည်ကို ပြောင်းလဲခဲ့သည်။

ယင်းပါတီသည် ၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီဖြစ်သော ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည် တစညပါတီ၏ လက်ရှိဥက္ကဋ္ဌမှာ မဆလ ဗဟို ကော်မတီဝင်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးထွန်းရီ ဖြစ်သည်။

တစညပါတီသည် ပါတီဝင်ငွေရရန်အတွက် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရထား သကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးငယ်တဦးက ရန်ကုန်ရွှေတောင်ကြားရိပ်သာ(၁) ခေါ် ဗိုလ် ချုပ်ရွာရှိ တစညရုံးချုပ်ပိုင် မြေအချို့ကို ပိုင်းဝယ်ထားပြီး အိမ်ဆောက်ထားသည်ဟု စုံစမ်းသိရသည်။

By NEJ

ထိုင်းနိုင်ငံ မဲဆောက်သို့ မြန်မာဆန်များ ခိုးသွင်းနေ
ကိုထွေး စက်တင်ဘာ ၂၆၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း အာဏာပိုင်များက နယ်စပ်ဒေသများတွင် ဆန် အရောင်းအ၀ယ် ကန့်သတ်ထား သော်လည်း ယခုအခါ မြန်မာပြည်မှ ဆန်အမြောက်အမြားကို ထိုင်းနိုင်ငံအတွင်းသို့ တရား မ၀င်သော နည်းလမ်းများဖြင့် တင်ပို့နေကြောင်း သိရသည်။

တနေ့လျှင် ဆန်အိတ်အရေအတွက် ၅၀၀မှ ၇၀၀ အထိ တင်ဆောင်ထားသော ၁၂နှစ်ဘီးကား အမျိုးအစား ကားအစီးရေ ၃၀ခန့် အထိ မြန်မာနိုင်ငံ မြ၀တီမြို့ဘက်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တင်ပို့ နေကြောင်း အမည်မဖော်လိုသူ ကားသမား တဦးက ဧရာဝတီသို့ ပြောသည်။

“ကားတွေ တခေါက်လာရင် အိတ် ၁၀၀၀၀ လောက် ပါတယ်၊ ၁၂ဘီး ကားနဲ့ တင်လာတာများတယ်၊ ဆန်က တအိတ်ကို အနည်းဆုံး ၂၄ပြည် ပါတယ်၊ ကီလိုနဲ့ဆို ၅၀ရှိတယ်၊ ဒီရောက်လာတဲ့ ဆန်တံဆိပ်တွေ က လည်း အများကြီး ပါပဲ၊ ကျနော် တို့က ဆန်သယ်ရင် အပေါ်က ကုန်တွေဖုံးပြီး အောက်မှာဆန်အိတ်တွေ ထားသယ်ရ တာ၊ ဆန်တမျိုးပဲ တွက်ခြေကိုက်တယ်၊ ကျန်တဲ့ ကုန်ပစ္စည်းတွေက တွက်ခြေမကိုက်ဘူး”ဟု ၎င်းက ပြောဆို သည်။

မြ၀တီမှဆန်ကုန်သည်တဦးကလည်း “တံဆိပ်ပါတဲ့ဟာ ထိုင်းဘက် ကယ်ရီတွေက လက်မခံတော့နောက်ပိုင်း တံဆိပ် မထည့်တော့ဘူး၊ အခုက အိတ်အဖြူ အတိုင်းလာတာ ပိုများလာတယ်၊ တံဆိပ် ပါရင်တော့ ဟိုဘက် ကမ်းကို ကူးလို့ မရဘူး၊ ကူးလို့မရတော့ ဒီဘက်ကမ်းမှာ အိတ်ပြောင်း ပေးရတယ်၊ ဆန်ကတော့ အမျိုးအစား အမျိုးမျိုးပဲ၊ ရောက်လာတဲ့ဆန်တွေကို မြ၀တီထဲမှာ ဘယ်သူမှ ကြာကြာမထားရဲကြဘူး၊ ရောက်တာနဲ့ အမြန် ကူးတယ်၊ ထားရင်အဖမ်းခံထိမယ်”ဟု ပြောသည်။

အဆိုပါဆန်များကို မဲဆောက်မြို့မှ ကုန်သည်များက ၀ယ်ယူကြကြောင်း၊ ထိုင်းနှင့်မြန်မာ နှစ်ဘက် အာဏာ ပိုင်များ ဖမ်းနေသည့် ကြားမှနေ၍ လွတ်သွားသည့် ဆန်အိတ်အရေအတွက်မှာလည်း အလွန်များ ကြောင်း၊ ကုန်သည်များသည် ထိုင်း-မြန်မာအာဏာပိုင်များအပါအ၀င် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) ၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့(ကေပီအက်ဖ်)အဖွဲ့များနှင့် နားလည်မှုရယူကာ ယင်း ဆန် အရောင်းအ၀ယ်ကို လုပ်ဆောင်နေ ကြကြောင်း သိရသည်။

“အထက်ကလူတွေတောင် လာဘ်စားတာပဲ အောက်ကလူတွေက ပိုဆိုးတာပေါ့၊ ကားက သင်္ကန်းညီနောင် တပ်မဂိတ်တွေကို မ၀င်ချင်ရင် ကုန်သည်က တစီးကို ကျပ် ၁၀ သိန်း၊ ၁၅သိန်း အဆင်ပြေသလို ပေးလိုက်ရင် ကား နံပါတ် ဘယ်လောက်က တော့ သွားလို့ရတယ်၊ ဒါဆို ထွက်လာတာပေါ့၊ ဆန်တအိတ်ကို ကျပ် ၂၀၀ လောက် ပေးရတယ်၊ အရင်ကထက် အခု ပိုဆိုးလာတာပေါ့”ဟု အထက်ပါ ကားသမားက ပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်း မြန်မာပြည်တွင် ဖြစ်ပေါ်လာနိုင်သော ဆန်စပါးပြဿနာကြောင့် နယ်စပ် ဒေသများ တွင် ဆန်အရောင်းအ၀ယ်အား အာဏာပိုင်များက ကန့်သတ်ထားသော်လည်း ယခုနှစ် ထိုင်းနိုင်ငံတွင် ဆန်စပါးပြတ်လပ် မည့် အခြေအနေကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့်အတွက် နယ်စပ်မှ တဆင့် ၀င်ရောက်လာသော ဆန်များသည် ထိုင်းနိုင်ငံ အတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း လေ့လာသူ တချို့က သုံးသပ်ကြသည်။

စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအချို့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတင်ပို့ခွင့်ရ
မင်းနိုင်သူ/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ယခင်က မြန်မာအလုပ်သမားများ တရားဝင် ၀င်ရောက် အလုပ်လုပ်ခွင့်မရခဲ့သည့် ထိုင်းနိုင်ငံသို့ အောက်တိုဘာလမှ စတင်၍ မြန်မာအလုပ်သမားများ တရားဝင် သွားရောက်အလုပ်လုပ်ခွင့်ရတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတခုက ခေတ်ပြိုင်သို့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ စေလွှတ်ရာတွင် စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ (၅) ခုကိုသာ အလုပ်သမားတင်ပို့ခွင့် ပေးခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ အလုပ်သမား တင်ပို့ခွင့်ရ ကုမ္ပဏီ (၅) ခုထဲမှ လုပ်ငန်းရှင်တဦးက “Agent (၅) ခုကိုပဲ ချထားပေးတာပါ။ ဒီဘက်က မြန်မာအလုပ်သမားတွေကို လေကြောင်းနဲ့လည်းပို့မယ်၊ နယ်စပ်ကနေလည်း တရားဝင်ပို့မယ်၊ နယ်စပ်က သွားချင်သူတွေကတော့ ၀န်ဆောင်ခ FEC (၁၀၀) လောက် သက်သာလိမ့်မယ်။ ဒါက (၂) နိုင်ငံ အလုပ်သမားဝန်ကြီး ဌာနတွေရဲ့ တရားဝင် သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာပါ” ဟု ဆိုသည်။

စေလွှတ်ခွင့်ရသော ကုမ္ပဏီများအနေဖြင့် ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ မြန်မာအလုပ်သမားများထံမှ ၀န်ဆောင်ခအဖြစ် လေကြောင်းမှဆိုလျှင် FEC (၆၀၀)၊ နယ်စပ်မှဆိုလျှင် FEC (၅၀၀) နှုန်း ကောက်ခံသွားမည်ဖြစ်ကာ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့တွင်လည်း ၎င်းတို့၏ Sub-Agent များ ခန့်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

“ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါဘူး။ CE လက်မှတ်လည်း ရှိစရာမလိုဘူး။ အသက် (၁၈) နှစ်ကနေ (၄၀) နှစ် အတွင်း ဖြစ်ရမယ်။ လုပ်ရမှာက စက်ရုံ၊ အလုပ်ရုံတွေမှာဖြစ်ပြီး လောလောဆယ် လူ (၁) သောင်းလောက် ရှာဖွေပေး ရမှာပါ။ အခြေခံလစာ ဘတ် (၅) ထောင်နဲ့ (၆) ထောင်အကြား ရရှိပါမယ်။ OT က သပ်သပ်ပေါ့။ နေစရာပေးမယ်၊ စားတာက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ” ဟု အထက်ပါ Agent က ပြောသည်။

ယခုနှစ် သြဂုတ်လမှစတင်၍ အဆိုပါ ကုမ္ပဏီများသည် ထိုင်းသို့ အလုပ်သမားစေလွှတ်နိုင်ရန် အထက်အညာဒေသများမှ လူငယ်များကို စုဆောင်းနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ခံတဦးထံမှ သိရသည်။

“အညာဘက်မှာက နိုင်ငံခြားသွား အလုပ်လုပ်ဖို့ လူလာစုတဲ့လူတွေ ပြတ်တယ်၊ မရှိပါဘူး။ အများအားဖြင့်တော့ မလေး ရှား သွားကြတာများပါတယ်။ အခုလည်း ထိုင်းမှာ တရားဝင်အလုပ်ရမယ်၊ မလေးရှားမှာရမယ့် လစာငွေကြေးနဲ့ အတူ တူရမယ်၊ ထိုင်းအစိုးရကို အခွန်ငွေ ပေးစရာမလိုဘူး၊ မလေးမှာလို LEVY ကြေး ပေးစရာမလိုဘူးဆိုပြီး လာဆွယ်နေတဲ့ လူတွေလည်း ရောက်နေကြပါတယ်” ဟု ကျောက်ပန်းတောင်းမြို့ခံက ပြောသည်။

ထိုင်းနိုင်ငံသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံတွင်းရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် ဖြစ်အောင် နိုင်ငံသားစီစစ်ရေး စီမံချက်ဖြင့် လုပ်ကိုင်နေရာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ အလုပ် သမားများကို မိမိနိုင်ငံသားဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံများက ထောက်ခံဖို့ တောင်းဆိုခဲ့သည်။ မြန်မာ စစ်အစိုးရ မှလွဲပြီး အခြားနိုင်ငံများမှ အရာရှိများကို ထိုင်းနိုင်ငံသို့လာရောက်ပြီး ၎င်းတို့အလုပ်သမားများအား မိမိတို့နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့သည်။ မြန်မာစစ်အစိုးရဘက်က ထိုင်းမှ တရားမ၀င် အလုပ်သမားအားလုံး မြန်မာနိုင်ငံ့ ပြန်လာပြီးမှ ပြန်သွားဖို့ တောင်းဆိုသော်လည်း ထိုအစီအစဉ် အဆင်မပြေခဲ့ပေ။

နောက်ပိုင်း မြန်မာစစ်အစိုးရက မြ၀တီ တာချီလိပ်စသည့် နယ်စပ်မြို့များမှာ ထိုင်းနိုင်ငံသွားမည့် အလုပ်သမားများ အတွက် ယာယီ ပတ်စ်ပို့များ ထုတ်ပေးမည်ဟု လွန်ခဲ့သည့် တနှစ်ကျော်က ကြေညာခဲ့သော်လည်း အဆိုပါရုံးများ ပြန်ပိတ်သွားသည်ဟု စုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင်း တရားမ၀င် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား အရေအတွက်မှာ ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားဦးရေ၏ (၇၅) ရာနှုန်းရှိသည်ဟု လူအခွင်အရေးအဖွဲ့များက ပြောသည်။ အကယ်၍ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ဖို့ ထုတ်ပေးသည့် ယာယီ ပတ်စ်ပို့နှင့်လာသူ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ မည်သည့်ပြည်နယ်မဆို သွားရောက်လုပ်ကိုင်ခွင့်ပေးမှာဖြစ်သလို ထိုင်းအလုပ်သမားများရမည့် ခံစားခွင့်ပါပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့သည်။

By NEJ

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ရန်ကုန်လုံခြုံရေး အထူး တင်းကြပ်
26 September 2008

ဦးသိန်းထိုက်ဦး

ရန်ကုန်မြို့တွင်း လှည့်နေသည့် စစ်ကား တချို့ (စက်တင်ဘာ ၂၆၊ ၂၀၀၈၊ ဓါတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုကို အာဏာပိုင်တွေက ဖြိုခွင်းခဲ့တဲ့ ဒီနေ့ စက်တင်ဘာ ၂၆ ရက်၊ တနှစ်ပြည့်မှာ ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းက မြို့တွေအားလုံးကို အာဏာပိုင်တွေ ဘက်က လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဒီနှစ်မှာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီတဲ့ လှုပ်ရှားမှုတွေ၊ လူထုရဲ့ ဆန္ဒပြပွဲ သတင်းတွေ မကြားရပါဘူး။ ဒါပေမယ့်လည်း အခြေအနေဟာ ငြိမ်သက်နေတာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောဆိုပါတယ်။ သံဃာ့လှုပ်ရှားမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုသိန်းထိုက်ဦးက စုစည်း တင်ပြထားပါတယ်။

သံဃာ့လှုပ်ရှားမှု အရှိန်အဟုန် အမြင့်ဆုံးအချိန်ရောက်ခဲ့တဲ့ တနှစ်ပြည့် အခါသမယ ရန်ကုန်မြို့ တွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့အကြောင်း မျက်မြင်သက်သေ တယောက်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လုံခြုံရေးကား ခြောက်စင်းတတွဲ၊ ခုနှစ် စင်းတတွဲ ရန်ကုန်တမြို့ လုံးကို တချိန်လုံး ပတ်နေတာတွေ့တယ်။ စမ်းချောင်းမှာလည်း လမ်းဆုံ မီးပွိုင့်တွေ၊ လမ်းဂွတွေမှာ စွမ်းအားရှင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တွေ့တယ်၊ လက်ဘက်ရည်ဆိုင်တွေ အရေးကြီးတဲ့နေရာတွေမှာ ရဲက ဆိုင်ကယ်လေးငါးစီးနဲ့ တွေ့တယ်။ မြေနီကုန်းလမ်းဆုံ၊ မြေနီကုန်း တာဝါရှေ့ မှာလည်း စွမ်းအားရှင်တွေရော ကြံ့ဖွံ့တွေရော၊ ရဲတွေရော တွေ့တယ်။ စံပြရုပ်ရှင်ရုံ မီးပွိုင့်မှာလည်း လူ ၂၀ လောက် ရှိမယ်ထင်တယ်။ သရက်တောကျောင်းလည်း ရှိတော့ သရက်တောကျောင်း ပတ်ဝန်းကျင်မှာလည်း ပြည့်နေတယ်။”

ပြီးခဲ့တဲ့နှစ်က သံဃာတော်တွေ မေတ္တာပို့ကြွချီခဲ့တဲ့ လမ်းဆုံလမ်းဂွတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အာဏာပိုင်တွေ ဘက်က အဓိက လုံခြံရေးယူပြီးတော့ စောင့်ကြည့်နေတာလို့ မျက်မြင်သက်သေတွက ပြောပါတယ်။ ဒီလို လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ အခြေအနေကြောင့်လည်း လူတွေက မဖြစ်မနေသွားရမယ့် ကိစ္စမျိုးရှိမှသာ မြို့ထဲကို ထွက်ကြတဲ့အတွက် လူတွေ အသွားအလာနည်းပြီး မြို့ လည်း ခြောက်ကပ်နေတယ်လို့ ပြောပါတယ်။

“သိမ်ကြီးဈေးတို့ ဗိုလ်ချုပ်ဈေးတို့ အဲဒီနေရာတွေမှာလည်း လုံခြုံရေးတွေ ကြပ်ထားတာ တွေ့တယ်၊ ကုန်ဈေးတန်းလမ်းဆိုရင်လည်း လမ်းပိတ်ထားလိုက်သေးတယ်။ နောက်ပိုင်း ကားတွေ ပြည့်သိပ်ပြီး ပိတ်မိနေတော့ ပြန်ဖွင့်လိုက်တယ်။ နောက် ဆူးလေမှာတော့ မြို့တော်ခမ်းမ တ၀ိုက်ကတော့ တော်တော် ထူထူထဲထဲပဲ၊ အဲဒီမှာ ထိုင်ခုံတွေ တန်းလျားတွေမှာ ထိုင်နေတာ တော်တော်များများ တွေ့တယ်။ ကားတွေကလည်း အရပ်သားတွေရော သူတို့ ရဲကားတွေရော တွေ့တယ်။ အရပ်ကားတွေကို ချောဆွဲထားတာ၊ ကားက အမျိုးစုံပဲ၊ ဒိုင်းတွေ ဒုတ်တွေရော သေနတ်တွေရောပါတယ်။ တချိန်လုံးပတ်နေတယ်။ လူတွေက တိတ်ဆိတ်နေတာပဲ။ မြို့ က အသေကြီးလိုဖြစ်နေတယ်။ လူတွေ တိတ်ဆိတ်နေတယ်။”

သံဃာ့လှုပ်ရှားမှုနှစ်ပတ်လည်မှာ အာဏာပိုင်တွေဘက်က နောက်ထပ် လှုပ်ရှားမှုတွေ မဖြစ်အောင် လုံခြုံရေးကို အထူးတင်းကြပ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လူတွေကြားမှာတော့ မေတ္တာပို့ကြွချီတဲ့ သံဃာတော်တွေ ရက်ရက်စက်စက် နှိမ်နှင်းခံရတဲ့ ပုံတွေကို မမေ့သေးဘူးလို့ နောက်ထပ် မျက်မြင်သက်သေ တယောက်ကလည်း ပြောပါတယ်။

“လုံခြုံရေးကား ၁၂ စင်းလောက် လက်နက်အပြည့်အစုံနဲ့ အမြဲတမ်းပတ်နေတာပဲ၊ အုပ်စုနဲ့ ဆန္ဒပြပွဲတွေ ဖြစ်နိုင်မယ့် အနေအထားမျိုးတော့ မရှိဘူး။ လူတွေကတော့ မမေ့ဘူး၊ စကားဝိုင်းတိုင်းမှာ ပြောနေတယ်။ အားမလိုအားမရ ဖြစ်နေတယ်။ ဘုန်းကြီးလောကရော ရိုးရိုးလူတွေ အတွင်းမှာရော စီးပွားရေးသမားတွေလည်း ပါတယ်။ လက်လုပ်လက်စား ဆင်းရဲနေတဲ့သူတွေကြားမှာ လုပ်ချင်နေတဲ့ စိတ်တွေ ရှိနေတယ်။”

အာဏာပိုင်တွေဘက်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးကို တာဝန်ယူပြီး မြို့ တွင်းကို လှည့်နေသလိုပဲ လုံခြုံရေးအရ စည်းကမ်း ဖောက်ဖျက်တယ်လို့ ယူဆတဲ့သူတွေကို လိုအပ်တာထက်ပိုပြီး အရေးယူခဲ့တာတွေလည်း ဒီရက်ပိုင်းမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြောက်ဒဂုံမှာ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တယ် ဆိုပြီး လူခြောက်ယောက်ကို အာဏာပိုင်တွေက ထောင် ၁၅ ရက် ပြစ်ဒဏ် ချခဲ့ပါတယ်။ အရင်ကဆိုရင် ဒဏ်ငွေလောက်ပဲ ဆောင်ရတဲ့ ပစ်မှုမျိုးကို ထောင်ဒဏ်အထိ ပြစ်ဒဏ်ချပြီး ပြင်းပြင်းထန်ထန် အရေးယူတာမျိုးတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

“မြောက်ဒဂုံမှာဆိုရင် ဧည့်စာရင်း မတိုင်လို့ဆိုပြီး ထောင်ချလိုက်တယ်။ ဘာလေးဖြစ်လိုက်ဖြစ်လိုက်၊ အများဆုံး တပ်နေတဲ့ ပုဒ်မ ရဲတာဝန်ရှိသူတွေကို တာဝန်က နှောင့်ယှက်တယ်ဆိုပြီး အရေးယူနေတယ်။ ကျနော်သိတာတင် ကျနော် မြောက်ဒဂုံ ရုံးချိန်းကို သွားတုန်းက ထောင်ချခံရတာ အမျိုးသမီး နှစ်ယောက်ပါတယ်။ အမျိုးသားလေးယောက်၊ စုစုပေါင်း ခြောက်ယောက်။”

ရန်ကုန်မြို့ တွင်း လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ အခြေအနေတွေကို ရန်ကုန်မြို့ခံတွေက ပြောပြကြတာဖြစ်ပါတယ်။


ငွေကြေးဈေးကွက် အသင့်အတင့် ပြန်တက်ပေမယ့် ကယ်တင်ရေးအစီအစဉ် မရေရာသေး
26 September 2008

ဝေါလ် စထရိ (Wall Street) ဈေးကွက်ပေါ် က ဒုက္ခရောက်နေတဲ့ လုပ်ငန်းတွေ ကို ငွေကြေး အကျပ်အတည်း က ကယ်တင်မယ့် အစီအစဉ်တစ်ရပ် မူအားဖြင့် သဘောတူလိုက်ကြတယ် ဆိုတဲ့ သတင်းကြောင့် ဈေးကွက် ဟာ ကြာသပတေးနေ့ မှာ အသင့်အသင့် တက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး သဘောတူညီချက် ကို ရောက်ရှိဖို့ လုပ်ရမယ့် အလုပ်တွေ ကို အိမ်ဖြူတော် အစည်းအဝေး က ဒီနေ့ နှောင်းပိုင်းမှာ မီးမောင်းထိုးပြလိုက်ပါတယ်။ ဒီ အစီအစဉ် နဲ့ ပတ်သက်ပြီး၊ လွှတ်တော်မှာရော၊ သာမန် အမေရိကန် ပြည်သူတွေကြားမှာ သံသယ ရှိနေကြဆဲဖြစ်ပါတယ်။ Mike O’Sullivan သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ကျဆုံးနေပြီ ဖြစ်တဲ့ ငွေကြေး ကုမ္ပဏီတွေ ကို ကယ်တင်မယ့် ဒေါ်လာ သန်းပေါင်း ၇ သိန်း ကုန်ကျမယ့် အစီအစဉ် ကြမ်း ကို သူတို့ သဘောတူလိုက်ကြောင်း လွှတ်တော် ရဲ့ အဓိက ကျတဲ့ အမတ်တွေ က ကြာသပတေးနေ့ က ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ နေ့လည်နှောင်းပိုင်း၊ အိမ်ဖြူတော် အစည်းအဝေး ပြီးတဲ့နောက်၊ လွှတ်တော် ရီပါဘလီကန် အမတ်တွေ က သဘောတူညီချက် အပေါ် သံသယ ရှိနေကြပါတယ်။ သမ္မတ ဘုရှ်၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား၊ ရီပါဘလီကန် ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်း နဲ့ လွှတ်တော် ရဲ့ ပါတီ ၂ ပါတီ က ခေါင်းဆောင်တွေ အစည်းအဝေး ကို တက်ရောက်ခဲ့ကြပါတယ်။


အထက်လွှတ်တော် ဘဏ်လုပ်ငန်း ကော်မီတီ ၀င်၊ အလာဘားမား ပြည်နယ် က အကြီးတန်း ရီပါဘလီကန် အထက် လွှတ်တော် အမတ် ရစ်ချတ် ရှယ်ဘီ က အစည်းအဝေး က ထွက်လာပြီး၊ သဘောတူညီချက် မရခဲ့ဘူး လို့ ပြောပါတယ်။ သမ္မတ ဘုရှ် ပါတီ က ငွေရေးကြေးရေး မှာ သမရိုးကျသမားတွေ ဖြစ်ကြတဲ့ အခြားသူတွေကလည်း သဘောတူညီချက် ကို ရောက်ရှိဖို့ ခုခံနေကြတုန်းပါပဲ။

သဘောတူညီချက် တစ်ရပ် ရရှိနိုင်ပါတယ်လို့ သူတို့ အကောင်းမြင်ကြောင်း အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ မစ္စတာ မက်ကိန်း နဲ့ မစ္စတာ အိုဘားမား တို့ က ပြောကြပါတယ်။ ဒါပေမဲ့ လုပ်စရာ အလုပ်တွေ က ရှိနေတုန်းပဲ လို့ အထက်လွှတ်တော် အမတ် အိုဘားမား က ပြောပါတယ်။

ငွေကြေး အကျပ်အတည်း က ကယ်တင်မယ့် စီမံကိန်းတစ်ရပ် ကို သဘောတူဖို့ နီးနေပြီ ဆိုတဲ့ သတင်း ကို သတိကြီးကြီး ထား တုန့်ပြန်လိုက်ကြတဲ့အတိုင်း ငွေကြေးဈေးကွက် က ကြာသပတေးနေ့ က တက်လာခဲ့ပါတယ်။ ဈေးဖွင့်လိုက်ကတည်း က ဆိုရင် ဒေါဂျုံး စက်မှု စတော့အညွှန်း က ပျမ်းမျှ ၁၉၆ မှတ် တက်သွားခဲ့ပါတယ်။ အစောပိုင်း က ဒါ့ထက် ပိုတက်ခဲ့ပြီး၊ ပြန်ကျလာခဲ့တာဖြစ်ပါတယ်။

နိုင်ငံ ရဲ့ စီးပွါးရေး နဲ့ ပတ်သက်ပြီး၊ သာမန် အမေရိကန် တွေကြားမှာ မရေရာမှုတွေ က ရှိနေပါတယ်။ ၀ါရှင်တန် မှာ အဆိုပြုနေတဲ့ ငွေကြေး အကျပ်အတည်း ကယ်တင်ရေး စီမံကိန်း ကို တချို့လူတွေကလည်း သံသယ ရှိနေကြဆဲပါ။ လော့စ်အိန်ဂျယ်လိစ် က သမားတော်ကြီး ဘီလ် ကယ်လီ က အခြား လူတွေ အများကြီး က ပြောနေကြတဲ့အတိုင်း၊ ငွေကြေးအကျပ်အတည်း ကို ရှင်းနိုင်ဖို့ တစ်ခုခု လုပ်ရမယ် လို့ သူသိကြောင်း၊ ဒါပေမဲ့ အဆိုပြုထားတဲ့ အစီအစဉ် က မှန်တဲ့ အစီအစဉ် ဟုတ်မဟုတ် မသေချာလှကြောင်း ပြောပါတယ်။

“ကျွန်တော်တော့ ခပ်ကြောက်ကြောက်ပါပဲ။ ဒါ ကို နည်းနည်း နှေးလိုက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီ အစီအစဉ် က အထောက်အကူ ဖြစ်လိမ့်မယ်လို့လည်း သူတို့ တကယ်တော့ မသိကြပါဘူး။”

နိုင်ငံ ရဲ့ အခြေခံ အဆောက်အဦ ကို ပြန်လည် တည်ဆောက်ရာမှာ ပိုကောင်းကောင်း သုံးဖို့ ကောင်းလေမလား သူ က စဉ်းစားပါတယ်။ ကျန်းမာရေး နဲ့ ပညာရေး အတွက် သုံးတာမျိုး၊ လစဉ်သွင်း အိမ်ချေးငွေ ပေးနိုင်ဖို့ ရုန်းကန်နေရရှာတဲ့ အိမ်ပိုင်ရှင်တွေ ကို ကူညီတာမျိုး ဖြစ်ပါတယ်။ တချို့ကလည်း ဒုက္ခရောက်နေတဲ့ ဝေါစထရိ က လုပ်ငန်းတွေ ကျဆုံးသွားပေစေ။ အမေရိကန် ရဲ့ ဘဏ္ဍာရေး စံနစ် က ဈေးကွက် က သူ့ဘာသာ ပြန် ပြဿနာရှင်းသွားလောက်အောင် အလိုက်သင့် ခံနိုင်ရည် ရှိတယ် လို့လည်း တချို့ က ပြောကြပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နဲ့ ဘဏ်တွေ မှာ အိမ်ချေးငွေ ကို အခြေပြုထားတဲ့ ပိုင်ဆိုင်မှုတွေ ရှိပါတယ်။ အစိုးရ ကယ်တယ်မယ့် အစီအစဉ် အရ၊ အဲဒီ ပိုင်ဆိုင်မှုတွေ ကို အစိုးရ က ၀ယ်ယူလိုက်ပြီး၊ အဲဒီ လုပ်ငန်းတွေ တက်သွား နေနိုင်အောင် ကူညီမှာ ဖြစ်ပါတယ်။ အိမ်ဈေးတွေ ကျသွားတော့ အဲဒီ ပိုင်ဆိုင်မှု တန်ဖိုးတွေကလည်း ကျသွားပါတယ်။ အိမ်ပိုင်များစွာ ဟာ သူတို့ ရဲ့ လစဉ်ချေးငွေ ကို မပေးနိုင်ကြတော့ပါဘူး။ ကယ်တင်ရေး အစီအစဉ် က သမ္မတ ဘုရှ် က ခေါ်တဲ့ အလေးထားလောက်တဲ့ စီးပွါးရေး အကျည်အတည်း ကို ပြန် အခြေအနေကောင်းအောင် လုပ်ဖို့ ရည်ရွယ်ပါတယ်။ မြန်မြန်ဆန်ဆန် မလုပ်ဆောင်နိုင်ဘူး ဆိုရင်၊ ဘဏ်တွေ ပို ကျဆုံး၊ စတော့ဈေးကွက် ပိုကျ၊ ပင်စင် ရံပုံငွေတွေ ပို ဆုံးရှုံးစေလိမ့်မယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။