Sunday, September 28, 2008

Burma Cyclone Donors Appreciation Ceremony and Prayer Service for Cyclone Victims & Heroes of Sep07 Saffron Revolution

နာဂစ်လေဘေးအတွက်ဒေါ်လာတသိန်းနှစ်သောင်းတဦးတည်းအလှုရှင် Mr.Joseph A. M.Lariviere' နှင့်သူ၏သား...(သူ၏သားမှာရက်အင်ဒီးယန်းကပြားဖြစ်သည်)။Mr.Joseph A. M.Lariviere'သည်ဘဏ်ထဲရှိသူ့ကိုယ်ပိုင်ငွေအကုန်
နီးပါးလှုဒါန်းခဲ့သည်။

၂၈.၀၉.၂၀၀၈နောက်ဆုံးသတင်း



ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင်အဖွဲ့ချုပ် နှစ် ၂ဝ ပြည့် အခမ်းအနားတက်ရောက်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၇၊ ၂ဝဝ၈
ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည့် နှစ် ၂ဝ ပြည့်နေ့ အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် ခေါင်းဆောင်များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူများနှင့် အတူတွေ့ရပုံ။
ရှေ့တန်း - ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးအောင်ရွှေ၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးလှဖေ
နောက်တန်း - ပူကျင့်ရှင်းထန်၊ ဦးသန်းဖေ၊ ဦးအေးသာအောင်၊ ဒေါက်တာသန်းငြိမ်း၊ နိုင်ငွေသိန်း


ဒီချုပ်တည်ထောင်ခြင်း အနှစ် ၂ဝ မြောက်နေ့တွင် အဖွဲ့ဝင် ၉ ဦးကို စစ်အစိုးရက ဖမ်းဆီး
မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 28 2008 14:59 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပါတီတည်ထောင်သည့် နှစ် ၂ဝ မြောက် အခမ်းအနား ကျင်းပရာသို့ သွားရောက်နေစဉ် အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အဖွဲ့ဝင် ၉ ဦးကို မြန်မာ စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီး လိုက်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါသည်။

NLD ဌာနချုပ်ရှိရှာ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်ရှိ ကားမှတ်တိုင်တွင် ဘတ်စ်ကားပေါ်မှအဆင်း ထက်ထက်ဦး နှင့် ဒေါ်ရှမ်းမြတို့ အပါအဝင် အဖွဲ့ဝင် ၉ ဦးကို အရပ်ဝတ် လုံခြုံရေးများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟု ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။

"သူတို့ကို အရပ်ဝတ် ရဲတွေက ခေါ်သွားတာပါ။ အခြား ၇ ဦးရဲ့ နာမည်တွေကို ကျနော်တို့ မသိပါဘူး" ဟု ဦးဥာဏ်ဝင်း က ပြောသွားပါသည်။

ပါတီဝင်များက ပါတီတည်ထောင်ခြင်း အနှစ် ၂ဝ မြောက် အခမ်းအနားကို ကျင်းပနေစဉ် ပါတီရုံးတဝိုက်တွင် အရပ် ဝတ်လုံခြုံရေးများ အနည်းဆုံး တထောင်ကို ချထားသည်ဟု NLD ပြောရေးဆိုခွင့် ရှိသူက ဆိုပါသည်။ အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်သူများကို ကို ဗီဒီယို ရိုက်ယူခြင်း၊ ဓါတ်ပုံ ရိုက်ယူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

"ပါတီတည်ထောင်တဲ့ အနှစ် ၂ဝ မြောက် အခမ်းအနားကို တက်တာက ၅ဝဝ လောက်ရှိတယ်၊ ဒါပေမဲ့ ကျနော်ထင်တယ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အရေအတွက်က ၂ ဆလောက် ရှိတယ်" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

အဆိုပါ နှစ်ပတ်လည် အခမ်းအနားသို့ မကြာသေးခင်က လွတ်မြောက်လာခဲ့သူများ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ပါတီ တည်ထောင်သူနှင့် ဝါရင့်သတင်းစာဆရာတဦးဖြစ်ပြီး မကြာခင်က လွတ်မြောက်လာသူလဲ ဖြစ်သော ဦးဝင်းတင်တို့လည်း တက်ရောက်ကြပါသည်။

အခမ်းအနားအတွင်း လက်ရှိပါတီ ဥက္ကဌဖြစ်သူ ဦးအောင်ရွှေက ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ နှင့် ဒေါက်တာသန်းငြိမ်း တို့ကို မိမိတို့၏ မူလတာဝန်များအတိုင်း ပါတီတာဝန်များ ပြန်လည် ထမ်းဆောင်ပါရန် မေတ္တာရပ်ခံခဲ့ပါသည်။

ဦးဝင်းတင်မှာ ၁၉ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပြီး၊ ဦးခင်မောင်ဆွေမှာ အဖမ်းမခံရခင်က ဗဟိုကော်မတီဝင် တဦးဖြစ်ကာ ဒေါက်တာသန်းငြိမ်းမှာ ရန်ကုန်တိုင်း NLD ၏ ဒုဥက္ကဌ ဖြစ်သည်။

သူ့အနေဖြင့် ပါတီကို အမြဲတမ်း ထောက်ခံအားပေးခဲ့သူ ဖြစ်သည့်အလျောက် NLD ဥက္ကဌ၏ ကမ်းလှမ်းချက်ကို ကြိုဆိုပါကြောင်းဖြင့် ဝါရင့်သတင်းစာဆရာ ဦးဝင်းတင်က ပြောကြားသွားခဲ့ပါသည်။

"ကျနော်က လူထုကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြဘို့ အမြဲတမ်း အလေးအနက် တိုက်တွန်း ပြောကြားနေခဲ့တဲ့သူပါ။ ဒါကြောင့် ကမ်းလှမ်းချက်ကို မူအားဖြင့် လက်ခံပါတယ်။ ဒါပေမဲ့ အခြေအနေ အဖြစ်အပျက်တွေကို အမီလိုက်ဘို့ အများကြီး လုပ်ရဦးမှာမို့ ဘာတာဝန်တွေ အမှန်တကယ် ယူနိုင်မလဲ ဆိုတာကတော့ ကျနော့်အနေနဲ့ မသေချာသေးပါဘူး" ဟု အခမ်းအနားအပြီး ဦးဝင်းတင်က မဇ္ဈိမသို့ တယ်လီဖုံးဖြင့် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

သို့သော် သူတို့ ၃ ဦး ပထမဆုံး လုပ်ချင်သည့် အလုပ်သည် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ၏ လွတ်မြောက်ရေး ဖြစ်ကြောင်း၊ ၎င်းတို့သည် မနှစ်မြို့ဖွယ် ထောင်တွင်း အခြေအနေတွင် ဆင်းရဲဒုက္ခများကို ဆက်လက် ခံစားနေကြရကြောင်းဖြင့် သူက ပြောဆိုသွားခဲ့ပါသည်။

"အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို လွှတ်ပေးရေးတို့ အတွက်လဲ ထည့်သွင်း တောင်းဆိုသွားမှာပါ။ သူတို့လွတ်လာရင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးအတွက် ဆက်လက် တိုက်တွန်း ပြောကြားသွားမှာ ဖြစ်ပါတယ်" ဟု ဦးဝင်းတင်က ပြောပါသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ အပြောအရ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် အကျဉ်းကျခံရဆဲဖြစ်ကြောင်း သိရပါသည်။

ထိုအတောအတွင် ဦးဥာဏ်ဝင်းကလည်း စစ်အစိုးရက ပါတီဝင်များအပေါ် ဆိုးဆိုးဝါးဝါး နှိမ်နင်းနေသည့်အကြားမှ ယခု ကဲ့သို့ နှစ် ၂ဝ ပြည့် အခမ်းအနားတရပ်ကို ကျင်းပနိုင်ခြင်းအတွက်လည်း ပါတီအနေဖြင့် ဂုဏ်ယူပါကြောင်း ပြောကြား သွားခဲ့ပါသည်။

"ကျနော့် တဦးချင်းအနေနဲ့ ပြောရရင် အခုထိ NLD ပါတီအနေနဲ့ လုပ်နိုင်ခဲ့တာတွေအပေါ်မှာ ကျေနပ်ပါတယ်။ အစိုးရ က အပြင်းအထန် ဖိနှိပ်နေတဲ့ကြားက လွန်ခဲ့တဲ့ နှစ် ၂ဝ လုံးလုံး နိုင်ငံရေး အတိုက်အခံပါတီတခု အနေဲ့ NLD ပါတီရဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်" ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

ပါတီအနေဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် အကြမ်းမဘက် နည်းလမ်းများဖြင့် တိုက်ပွဲဝင်ရေးဟူသော မူကို ဆက်လက် ကိုင်စွဲသွားမည် ဖြစ်ကြောင်းဖြင့်လည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

(ဆော်လမွန်နှင့်သဲသဲ သတင်းပေးပို့၍ မုံပီးရေးသားသည်)

“ဒေသခံလယ်သမားများ၏ အခက်အခဲများ”

Kaowao စက်တင်ဘာ ၂၈၊ ၂၀၀၈။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်-ရေဖြူမြို့နယ်-သစ်တိုထောက်ကျေးရွာမှတဆင့် ထိုင်းနယ်စပ် အတွင်းပိုင်းသို့ ရောက်ရှိသော ဒေသခံလယ်သမားတဦး၏ ပြောပြချက်အရ -မိမိတို့ရေဖြူမြို့နယ်အတွင်း ၂၀၀၈ ခုနှစ် သြဂုတ်လ မိုးရာသီ စပါးစိုက်ပျိုးချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး လယ်မြေများအများအပြားမှာ ရေလွှမ်း၊ မိုးခြင်းခံခဲ့ကြရသဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး အာဏာပိုင်များက ဒေသခံလယ်သမားများကို ရေလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်မြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးကြရန် တွန်းအားပေး ခဲ့ကြသော်လည်း လယ်မြေများအား လွှမ်းမိုးသည့်ရေများမှာ ရက်ပေါင်းများစွာ ပြန်မကျဘဲ လွှမ်းမိုးနေမှုကြောင့် ဒေသခံလယ်သမားများအဖို့ မိုးစပါးများ အချိန်မှီ ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ကြသည့်အတွက် ခမရ (၄၀၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ မိမိတို့ကျေးရွာသို့ ရောက်ရှိလာကြပြီး စပါးပြန်လည် စိုက်ပျိုးနိုင်ခြင်း မရှိသည့် ဒေသခံများ ပိုင်လယ်များကို ၎င်းတို့တပ်ပိုင်အဖြစ် သိမ်းယူလိုက်ပြီး မိမိတို၏ သစ်တိုထောက်ကျေးရွာမှ ဒေသခံများကို လုပ်အားခမပေးဘဲ လယ်သမားများ ထွန်ယက်ခိုင်းပြီး စပါးများစိုက်ပျိုးခိုင်းခဲ့ကြောင်း ၎င်းနောက်၎င်းတို့၏ တပ်ပိုင်လယ်အဖြစ် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးသွားခဲ့ပြီး နောက်ထပ် သစ်တိုထောက်ကျေးရွာရှိ ၎င်းတို့၏ တပ်ပိုင်လယ်သမားများသို့ ပြန်ပြီးလာရောက် ကြည့်ရှုခဲ့ခြင်းမရှိကြောင်း၊ လွန်ခဲ့သည့်နှစ် ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်း မိုးသီးထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး လယ်မြေများ အများအပြားမှာ ရေလွှမ်းမိုးခြင်းခံခဲ့ကြရပြီး ပျက်စီးဆုံးရှုံးမှုများနှင့်ဆိုင်ခဲ့ကြရသလို အာာဏာပိုင်များက ယခုယနှစ်ကဲ့သို့ပင် ဒေသခံ လယ်သမားများကို ရေလွှမ်းမိုးခြင်းခံခဲ့ကြရပြီး ပျက်စီးဆုံးရှုံးသွားသော လယ်မြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုး ကြရန် တွန်းအားပေးခဲ့ကြသော်လည်လည်း ဒေသခံလယ်သမားများအဖို့ စပါးများအချိန်မှီ ပြန်လည်စိုက်နိုင်ခြင်း မရှိခဲ့သြသည့်အတွက် အဆိုပါ ခမရ (၄၀၆ ) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ မိမိတို့ ကျေးရွာသို့ရောက်ရှိလာကြပြီး စပါးပြန်လည် စိုက်ပျိုးနိုင်ခြင်းမရှိသည့် ဒေသခံများပိုင် လယ်များကို မိမိတို့၏ သစ်တိုထောက်ကျေးရွာမှ ဒေသခံများကို လုပ်အားပေးများအဖြစ် လုပ်အားခမပေးဘဲ လယ်များထွန်ယက်ခိုင်းပြီး စပါးများ စိုက်ပျိုးခိုင်းခဲ့ ကြောင်း ၎င်းနောက်ပိုင်း၎င်းတို့ တပ်ပိုင်လယ်အဖြစ် မှတ်တမ်းတင်ဓါတ်ပုံများကို ရိုက်ယူသွားခဲ့ကြကြောင်း၊ ၎င်းနောက်ပိုင်း (၂) ပတ်ခန့် အကြာတွင် ခမရ (၄၀၆ ) တပ်ရင်း မှတ်တပ်ဖွဲ့ဝင်များသည် မိမိတို့ သစ်တိုထောက် ကျေးရွာသို့ တပ်မံရောက်ရှိလာကာ ဒေသခံများ ပိုင်လယ်များမှ စပါးပင်များအားဓါတ်ပုံများ ရိုက်ယူကာ စကခ (၈) သို့ ၎င်းတို့၏ တပ်ပိုင်လယ်များ ဖြစ်ထွန်းမှု အခြေအနေများကို တင်ပြခဲ့ကြကြောင်း၊ အမှန်တကယ်တွင် သစ်တိုထောက်ကျေးရွာ၌ စိုက်ပျိုးထားသည့် ခမရ (၄၀၆) တပ်ရင်း ပိုင်လယ်များမှ စပါးပင်များမှာ ပြုစုခြင်း မရှိသည့်အတွက် အောင်မြင်မှုမရှိသည်ကို ဖုံးကွယ်ကာ ထားခဲ့ကြကြောင်း ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း မိုးရွာသွန်းမှုကြောင့် ဒုတိယအကြိမ် ရေလွှမ်းမိုပြန်သဖြင့် သစ်တိုထောက်ကျေးရွာ ပတ်ဝန်းကျင်ရှိ စိုက်ပျိုးပြီး လယ်သမားများ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့ရပြန်ကြောင်း ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ခမရ (၄၀၆) တပ်ရင်းမှတပ်ဖွဲ့ဝင်များ သစ်တိုထောက်ကျေးရွာသို့ ထပ်မံရောက်ရှိလာပြန်ပြီး သစ်တိုထောက်ကျေးရွာ ရယက ဥက္ကဌ ဦးစံမြင့်မှတဆင့် သစ်တိုထောက် ချောင်းအတွင်း ဆည်ပိတ်၍ တံငါလုပ်ကိုင်နေကြသောဒေသခံ (၂၀) ဦးခန့် ကိုဆင့်ခေါ်စေပြီး ၎င်းတံငါလုပ်ကိုင်နေကြသည့် ဒေသခံများ ရယက ဥက္ကဌအိမ်သို့ ရောက်ရှိလာသည့် အချိန်တွင် ခမရ (၄၀၆) တပ်ရင်းမှတပ်ဖွဲ့ ဝင်များက ယခုလို သစ်တိုထောက်ကျေးရွာ ပတ်ဝန်းကျင်၌ ရေကြီးပြီး လယ်များ ရေလွှမ်းမိုးပျက်စီးရခြင်းမှာ ခင်ဗျားတို့ သစ်တိုထောက်ချောင်းအတွင်းရေ လမ်းကြောင်းကို ပိတ်ပြီးဆည်ဆောက် ငါးဖမ်းနေကြတဲ့အတွက်ကြောင့် ဖြစ်ကြောင်း၊ ခင်ဗျာတို့ လုပ်ရပ်ကြောင့် သစ်တိုထောက် ကျေးရွာရှိ ၎င်းတို့၏ တပ်ပိုင်လယ်ဧက (၁၅) ဧက ပျက်စီးသွားခဲ့ကြောင်း၊ ၎င်းအတွက်ကြောင့် ခင်ဗျားတို့ ဆည်ပိတ်သမားတွေမှာ တာဝန်ရှိတယ်ဟု အကြောင်းပြဝြီး ဆည်ပိတ်သမားတဦးလျှင် စပါးတင်း (၃၀) တင်းပေး ရမည်ဟု သတ်မှတ်ပြီး ဒဏ်ရိုက်ခဲ့ကြောင်း၊ သစ်တိုထောက်ကျေးရွာရှိ ဆည်ပိတ်လုပ်ကိုင်နေကြသည့် ဒေသခံ သည် ခမရ (၄၀၆) တပ်ရင်းအား စပါးများကို လျှော်ကြေးအဖြစ်ပေးလိုက်ရပြီး နောက်ပိုင်းအများစုမှာ ဆည်လုပ်ကိုင်ခြင်း အလုပ်အားစွန့်လွှတ်ခဲ့ကြကြောင်း၊ အမှန်တကယ်တွင် မိမိတို့ကျေးရွာရှိ ခမရ (၄၀၆) တပ်ရင်းပိုင် စိုက်ပျိုးပြီးသော လယ်များမှာ ရေမကြီးခင်ကပင် ပြုစုသူမရှိသဖြင့် စပါးပင်များ ပျက်စီးစဖြစ်နေပြီး ဖြစ်ကြောင်း၊ သို့သော်အမှန်တရားကို ဖုံးကွယ်ပြီး မိမိတို့ဒေသခံများအပေါ်တွင် အနိုင်ကျင့်ပြီး စပါးများကို လျှော်ကြေးအဖြစ် တောင်းပြီးစပါးရိတ်သိမ်းရာသီအတွင်း ဒေသခံများထံမှ အဓမ္မတောင်းယူရရှိလာသော စပါးများအား သစ်တိုထောက်ကျေးရွာရှိ ၎င်းတို့၏ တပ်ပိုင်လယ်များမှ ထွက်ရှိသောစပါးများအဖြစ် စကခ (၈) သို့ တင်ပြခဲ့ကြကြောင်း၊ ၂၀၀၈ ခုနှစ် သြဂုတ်လ မိုးရာသီ စပါးစိုက်ပျိုးချိန်တွင် မိုးသီးထန်းစွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး လယ်မြေများအများအပြားမှာ ရေလွှမ်းမိုးခြင်းခံခဲ့ ကြရသဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရ သော်လည်း သစ်တိုထောက်ချောင်းအတွင်းဆည်ပိတ်ပြီး တံငါလုပ်ကိုင် သူမရှိတော့သဖြင့် ခမရ(၄၀၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ယခုနှစ်တွင် ဒေသခံများထံမှာ အဓမ္မစပါးတောင်းယူရန်မဖြစ်နိုင်တော့ဟု ဒေသခံများက ယုံကြည် နေကြကြောင်း၊ ယခုနှစ်မိုးရာသီစပါးစိုက်ပျိုးရာသီ အတွင်း (၂) ကြိမ်ခန်း ထွန်းယက်စိုက်ပျိုး ခဲ့ရသည့်အတွက် ကြောင့် ကုန်ကျစရိတ်များမှာလည်း ကြီးမားလှသဖြင့် ရရှိလာမည့် စပါအထွက်နှုန်းနှင့် မည်သို့မျှကာမိကြမည် မဟုတ်ကြောင်း၊ ၎င်းအပြင်းကုန်ကျငွေများကို ချေးငှားရှာဖွေလုပ်ကိုင် ကြရသဖြင့် တပူပေါ်နှစ်ပူဆင့် ဆိုသလို စပါးရိတ်သိမ်းချိန်တွင် အကျေမဆပ်နိုင်ပါက ငွေရှင်က အတိုးနဲ့အရင်းပေါင်းပြီး တောင်းတော့မည်မှာ သေချာ နေသဖြင့် ဒေသခံလယ်သမားများအဖို့ အကြွေးသံသရာလည် နေကြရအုံးမှာ သေချာနေပါသည်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က စပြီး နအဖအာဏာပိုင်းဟာ ဒေသခံလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ မထုတ်ပေးတော့သဖြင့် ဒေသခံလယ်သမားများက အပြင်ငွေတိုးချေးစားသူများထံမှ (၁၀၀) ကျပ်လျှင်အတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိပေး၍ ချေးယူရလာသော ငွေများဖြင့် မိုးစပါးနှင့်နွေစပါးစိုက်ပျိုးရေး လုပ်ကိုင် နေကြရကြောင်း၊ သစ်တိုထောက်ကျေးရွာအတွင်းရှိ ဒေသခံလယ်သမား အနေဖြင့် မိုးစပါးနှင့်နွေစပါး စိုက်ပျိုး လုပ်ကိုင်ရန် ပျက်ကွက်သူ၏ လယ်ပိုင်ခွင့်ကို ထားဝယ်မြို့နယ်-သပြေချောင်း ကျေးရွာ အခြေစိုက်လုပ်ကိုင်ရန် စကခ (၈) မှ တပ်ပိုင်လယ်အဖြစ် သိမ်းယူလျှက် ၎င်းကွပ်ကဲမှုအောက်ရှိပြီး ခမရ (၄၀၆) နှင့် ခမရ (၄၀၇) တပ်ရင်း ပိုင်လယ်မြေများအဖြစ် လွှဲပြောင်း ခွဲဝေပေးလျှက်ရှိနေသည့်အတွက်ကြောင့် ဒေသခံ လယ်သမားများအဖို့ မိမိတို့ ရရှိလယ်လုပ်ပိုင်ခွင့် အခွင့်အရေးဆုံးသွားမည်စိုး၍ မိုးစပါးနှင့်နွေစပါးများကို မဖြစ်မနေစိုက်ပျိုးနေကြခြင်းဖြင့် ကြောင်း၊ ၎င်းတို့အတွက် အကျိုးအမြတ်မရရှိနိုင်ကြောင်း သိရှိကြသော်လည်း အာဏာပိုင်များ၏ အမိန့်ကို မလွန်ဆန်ရဲကြသဖြင့် မဖြစ်မနေ မိုးစပါးနှင့်နွေစပါးများ စိုက်ပျိုးကြရခြင်း ဖြစ်ပါသည် ၎င်းဒေသခံက ဆိုပါသည်။

လက်ရှိအခြေအနေတွင် အာဏာပိုင်များသည် ဒေသခံများအား ပေါ်တာခေါ်ယူခြင်းနှင့် ပေါ်တာကြေးများ ကောက်ခံခြင်းများကောက်ခံခေါ်ယူခြင်း မပြုလုပ်တော့သော်လည်း လုပ်အားပေးခေါ်ယူခြင်းနှင့် ရန်ပုံငွေများ ကောက်ခံနေဆဲဖြစ်သောကြောင့် အိမ်ခြေ (၆၀၀)ကျော်ခန့် ရှိသော သစ်တိုထောက်ကျေးရွာအတွင်း တစ်လတစ်ကြိမ် ပုံမှန် ယရက အဖွဲ့ကဒေသခံများထံမှ အိမ်တဆောင်လျှင် ပြည်သူ့စစ်ရန်ပုံငွေအဖြစ် (၂၀၀) ကျပ်/ ရယက စရိတ်အဖြစ် (၂၀၀) ကျပ်/ ပြည်ခိုင်ဖြိုး ရန်ပုံငွေအဖြစ် (၂၀၀) ကျပ်/ အထွေထွေဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် (၂၀၀) ကျပ်နှင့် အာဏာပိုင်များ ဧည့်ခံကျွေးမွေးစရိတ် ရန်ပုံငွေအဖြစ် (၂၀၀) ကျပ် စုစုပေါင်း (၁၀၀၀) ကျပ်တို့ကို မထည့်မနေမရဟု ဆိုကာ ကောက်ခံနေကြကြောင်း ထိုင်းနယ်စပ်ရောက် သစ်တိုထောက်ကျေးရွာမှ ဒေသခံ၏ ပြောပြချက်အရ သိရပါသည်။

ငွေကြေးဈေးကွက် ပြန်ခိုင်မာအောင် လုပ်ဆောင်ရေး အစီအစဉ် အမေရိကန် လွှတ်တော် နှစ်ရပ်က သဘောတူလိုက်ပြီ

28 September 2008


အမေရိကန် နိုင်ငံက ကြွေးဆုံးတွေနဲ့  အကျပ်ရိုက်နေတဲ့ အကြီးစား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီကြီးတွေကို အစိုးရက ပြန်လည် ၀ယ်ယူ အဖတ်ဆယ်မည့် အစီအစဉ်ကို လွှတ်တော်က ဥပဒေပြုသူတွေနဲ့  သမ္မတ Bush အစိုးရတို့ အကြား ယာယီ သဘာတူညီချက် တရပ် ရရှိသွားခဲ့ပါတယ်။ အထက်နဲ့ အောက်လွှတ်တော်တွင်း အဓိက ဦးစီး ညှိနှိုင်း ဆွေးနွေးသူတွေနဲ့  ဘဏ္ဍာရေး ၀န်ကြီး Henry Paulson တို့ က ဒီ နေ့  (တနင်္ဂနွေ) အစောပိုင်းပိုင်းမှာ ဒါကို ကြေညာခဲ့တဲ့အကြောင်း VOA သတင်းထောက် Dan Robinson သတင်းပေးပို့ ထားပါတယ်။ နော်ရှိုးက တင်ပြပေးပါတယ်။

သမ္မတ Bush ရဲ့  အကျပ်ရိုက်နေတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီက ကြွေးဆုံးတွေကို ၀ယ်ယူမယ့်အစီအစဉ်ကို အမေရိကန် အစိုးရ အကြီးအကဲတွေက ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် နေ့ရောညပါ ဆွေးနွေးခဲ့ကြပါတယ်။ စနေ့နေ့ တညလုံး ညဥ့်နက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေး ငြင်းခုံခဲ့ကြရတာမို့  ပင်ပန်းနေဟန်ရှိပေမဲ့ ကျေနပ် အားရနေပုံရတဲ့ အထက်နဲ့  အောက်လွှတ်တော်က အမတ်တွေက မနေ့ည သန်းခေါင်းအကျော် ဒီနေ့ မနက် ၁၂း၃၀ မှာ Capitol ခေါ် အစိုးရ အဓိက အဆောက်အဦကြီး ရှေ့ မှာ သတင်းထောက်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့  သဘာပတိဖြစ်သူ Nancy Pelosi နဲ့  အထက်လွှတ်တော် အများစုခေါင်းဆောင် Harry Reid

“ကျမတို့ဟာ ခိုင်မာတဲ့ တိုးတက်မှု တရပ်ကို ရရှိနိုင်ခဲ့ကြတာပါ။ ကျမတို့အနေနဲ့ စာရွက်ပေါ်မှာ သဘောတူညီထားတဲ့ အတိုင်း တကယ်ပဲ လက်တွေ့ မှာ ဆက်ပြီး အကောင်ထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

ဒီတညလုံး အကြိတ်အနယ် ဆွေးနွေးငြင်းခုံပြီးမှာ ရရှိလာတဲ့ ဒီသဘာတူညီချက် မူကြမ်းကို တနင်္လာနေ့ လွှတ်တော်မှာ တရားဝင် တင်သွင်းနိုင်ဖို့အတွက် လွှတ်တော်က ၀န်ထမ်းတွေက တနင်္ဂနွေနေ့ မိုးလင်းပေါက် အထိ ဆွေးနွေး သဘောတူညီခဲ့သမျှကို စာရေး မှတ်တမ်းတင်ပြီး အချောသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ဟာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်ခဲ့ကြတာပါ၊ ငွေကြေး ဈေးကွက်ကို ပြန်လည် တည်ငြိမ် လာစေဖို့ ၊ အခွန်ထမ်း ပြည်သူတွေအပါအ၀င်၊ အမေရိကန် ပြည်သူတွေ အားလုံးကို ဖြစ်နိုင်သမျှ အကောင်းဆုံး ကာကွယ်နိုင်ဖို့  ရတဲ့နည်းနဲ့ ကြိုးစားခဲ့ကြတာပါ။”

သမ္မတ Bush ရဲ့  မူလ အဆိုပြုချက်အရ အကျပ်ရိုက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမဏီတွေကို ဒေါ်လာ Billion ပေါင်း ၇၀၀ နဲ့ ကယ်တင်နိုင်ခြင်း အားဖြင့် အမေရိကန် ချေးငွေဈေးကွက်ကို လုံးဝ ပြိုလဲမသွားရလေအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့  အခွန်ငွေကို သုံးမယ့် ပမာဏဟာ များလွန်းတယ်လို့  ပြည်သူအများက ညီးညူကြတာရယ် သတင်း မီဒီယာတွေရဲ့ တုံ့ပြန်ချက်တွေကြောင့် လွှတ်တော်က တုံ့ဆိုင်းခဲ့ပြီး၊ ပိုမိုခိုင်မာတဲ့ ကြီးကြပ် ကွတ်ကဲမှုနဲ့ အလွဲသုံးစားမှုတွေကို သေသေချာချာ တိုင်းတာ ကြပ်မတ်နိုင်တဲ့ အချက်တွေပါဖို့  တောင်းဆိုခဲ့ကြပါတယ်။

အရင် အပတ်တုံးက သမ္မတရဲ့ အဆိုပြုချက်မှာပါတဲ့ အခြေအခံ အကြောင်းအရာတွေ အပေါ်မှာ ကနဦး သဘောတူညီချက် ရရှိခဲ့ပေမယ့် အောက်လွှတ်တော်က Republican အမတ်တွေက ဒီအဆိုပြုချက်မှာပါတဲ့ အချက်တချို့ ကို ပြောင်းလဲဖို့  ဖိပြီး တိုက်တွန်းခဲ့ပါတယ်။

အောက်လွှတ်တော် Republican အမတ် Roy Blunt က နောက်ဆုံး ဒီမနက် အစောပိုင်းတုန်းက ရရှိသွားတဲ့ သဘောတူညီချက် အပေါ် ယုံကြည်စိတ်ချမှုရှိတယ် ဒါပေမဲ့ ဒါဟာ ယာယီပဲ ဖြစ်သေးတာဖို့  အသေးစိတ် အချက်အလက်တွေကို နောက်ဆုံးအနေနဲ့  အဆုံးသပ်ဖို့ ရှိသေးတယ်လို့  အခုလို ပြောပါတယ်။

ဒီနေ့  နှောင်းပိုင်းမှာ ဒီသဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ကြားကြရဖို့ ရှိပါတယ်။ ဒါပေမဲ့ အောက်လွတ်တော် ငွေးကြေးဆိုင်ရာ ကော်မတီ သဘာပတိ Barny Frank က ဒီယာယီ သဘောတူညီချက်ဟာ အပြန်အလှန် တကယ်ပဲ့ အလျှော့အတင်း ညှိနှိုင်းတာကနေ ထွက်ပေါ်လာတဲ့ ရလာဒ်လို့  ဆိုပါတယ်။

“ဒါဟာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံသူတွေအကြား အမှန်တကယ် အလျှော့အတင်းလုပ်ခဲ့ကြတာပါ။ သမ္မတ Bush ရဲ့  မူလအဆိုပြုချက်အပေါ်မှာ ပိုပြီးတန်ဖိုးရှိတဲ့ အချက်တွေကို ထပ်ဖြည့်ဆွက်နိုင်ခဲ့ပါတယ်။”

ဒီယာယီ သဘာတူညီချက် မူကြမ်းမှာ အစိုးရအနေနဲ့  အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ အတွက်သုံးမယ့် ဒီ billion ၇၀၀ ထဲကငွေတွေ အကြပ်ရိုက်နေတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ အကြီးအကဲတွေရဲ့  အိတ်ကပ်ထဲကို မရောက်သွားဖို့  ကြပ်ကြပ်မတ်မတ် စီစစ်ကြရမယ့် အချက်တွေ ပါဝင်ပါတယ်။

အရင်ပတ်တုန်းကလည်း သမ္မတလောင်း John McCain က သူ့ ပြိုင်ဖက် ဒီမိုကရက်တစ်သမ္မတလောင်း Barack Obama နဲ့  ပထဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင် နှစ်ဦးသား အကြိတ်အနယ် ဆွေးနွေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့  တောင်းဆိုခဲ့တာကြောင့် Democratic ပါတီဘက်က ဒါဟာ Mr. McCain အနေနဲ့  ငွေကြေး ဈေးကွက်ပြသနာ ကို အကြောင်းပြုပြီး သူ ရဲ့ စီးပွားရေး ကဏ္ဍမှာ ပြည်သူတွေ သူ့ အပေါ် ယုံကြည်မှု ပိုလာအောင် ကြိုးစားတာဖြစ်တယ်လို့  စွပ်စွဲပါတယ်။

နောက်ဆုံးမှာတော့ John McCain နဲ့  Barack Obama ဟာ အိမ်ဖြူတော်မှာ သမ္မတ Bush နဲ့  တွေ့ ဆုံပြီး နှစ်ဦးအကြား အကြိတ်အနယ် ထိပ်တိုက် ဆွေးနွေးမယ့် အစီအစဉ်ဟာ သတ်မှတ်ထားတဲ့ နေ့မှာပဲ ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့ ပါတယ်ရှင်။

ငါးလောင်းပြိုင်နှင့်ပတ်သက်သမျှ



အမေရိကန် လွှတ်တော်အမတ်ဟောင်း မြန်မာ့အတိုက်ခံသတင်းသမားများနှင့် တွေ့ဆုံဖွယ်ရှိ



Kaowao စက်တင်ဘာ ၂၈၊ ၂၀၀၈။

အမေရိကန် လွှတ်တော်အမတ်ဟောင်း Mr.Scott Klug လာမည့် စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့လည်ပိုင်းတွင် ပြည်ပအခြေစိုက် အတိုက်အခံ၊ တိုင်းရင်းသား စာနယ်ဇင်းသမားများနှင့် ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း Internews သတင်းမီဒီယာအုပ်စုမှ သိရှိရပါတယ်။

Mr.Scott Klug ဟာ လွှတ်တော် အမတ်အနေဖြင့် အမေရိကန်နိုင်ငံ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူး သူဖြစ်ပြီး နာမည်ကြီး အလွတ်တန်းသတင်းထောက်လည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ လာမည့် သမ္မတရွေးကောက်ပွဲအကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ပေါ်လစီ၊ ဒီမိုကရေစီစနစ် မှာ ပါဝင်မဲ့မီဒီယာရဲ့ အခန်းကဏ္ဍများကို ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊ မြန်မာ့အရေးကို အလွန်နှံ့စပ်
သိရှိသူတဦးလည်း ဖြစ်ပါတယ်။

လွှတ်တော်မှာ သူအရွေးမခံမီ ထင်ရှားတဲ့ရုပ်သံသတင်းထောက်ဆုကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရပြီး အလွတ်တန်း သတင်းထောက်အနေနဲ့ ဝါရှင်တန်ပို့၊ ချီကာဂိုထရီဗျွန်းသတင်းစာနဲ့ အခြားဒေသဆိုင်ရာ သတင်းဌာနတွေ့မှာ သတင်းသမားတစ်ယောက်အနေဖြင့် ရပ်တည်ခဲ့ပါတယ်။

သတင်းပညာ၊ နိုင်ငံရေးကန်ပိန်းနဲ့ ပတ်သက်တဲ့ သင်တန်းများကို ဗင်နီဇွဲလား၊ အာရပ်စော်ဘွားများ၊ အင်ဒိုနီးရှား၊ ဂွာတီမာလာ၊ ဥစဘက်ကစ္စတန်နိုင်ငံတို့မှာ ပို့ချဘူး သူလည်းဖြစ်တယ်၊ လက်ရှိသမ္မတဘုရှ်ရဲ့ အကြံပေးအဖွဲ့မှာ တရုပ်နိုင်ငံနဲ့ အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးပေါ်လစီကို ကိုင်တွယ်နေသူလည်း ဖြစ်ပါတယ်။

သူနဲ့ ပြည်ပရောက် မြန်မာမီဒီယာသမားများ တွေ့ဆုံဆွေးနွေးနိုင်ခြင်းအားဖြင့် ပြည်ပမီဒီယာလောကတွင် နည်းပညာပိုင်းတိုက်တက်မှုကို များစွာအထောက်အကူပြုလာမှာ ဖြစ်တယ်။


စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး


မင်းနိုင်သူ /၂၈ စင်တင်ဘာ ၂၀၀၈။ ။

စက်တင်ဘာ (၂၇) ရက် စနေနေ့က စစ်တွေမြို့ ပေါ်တွင် လမ်းလျှောက်စီတန်းမေတ္တာပိုခဲ့ကြသည့် သံဃာတော်များထဲမှ သံဃာတော် (၇)ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။

စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများနှစ်ပတ်လည် နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်း သည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ် သည်။

“ ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမဲ့ အာဏာပိုင်တွေ နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်း လျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကိုဖမ်းဆီးတယ်ဆိုတော့ န. အ. ဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့ “ ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။

အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-

“ သံဃာ တော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်းမရှိခဲ့ကြပါဘူး ပိုစတာတွေဘာတွေ လည်းကိုင်ဆောင်ထားတာမတွေ့ရပါဘူး။ အသံတိတ်စုပေါင်းလမ်းလျှေက်သွား ကြတာပါ။ ဒါကိုတောင်ညပိုင်းမှာကျောင်းတိုက်ထဲကိုဝင်ပြီးသံဃာတော် (၇)ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်းတခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ် “ ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေမြို့မှ သံဃာတော် အပါး (၅၀၀၀) ကျော် အာဏာပိုင်များရုံးကို ၀ိုင်းပြီး ဖမ်းဆီး ထားသည့် သံဃာများကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့သည်။ ထိုနေ့မတိုင်မှီက စစ်တွေ သံဃာတော်များ ဆန္ဒပြပွဲကို စစ်တပ်က မျက်ရည်ယိုဗုံး သုံးကြိမ်ခွဲပြီး သေနတ် မိုးပေါ်ထောင် ပစ်ခဲ့သည်။


စစ်အစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ထိခိုက်


မုံပီး
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 28 2008 18:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အကယ်၍ စစ်အစိုးရသာ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည်များကို ဆက်လက် ဆောက်လုပ်မည် ဆိုပါက မြန်မာပြည်အရှေ့ပိုင်း သံလွင်မြစ်တွင် ရှိသည့် မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသော အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄ဝ ကျော်မှာ မျိုးတုံး ပျောက်ကွယ်သွားတော့မည့် အန္တရာယ် ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာသစ် တခုက ဆိုပါသည်။

ထိုင်းနိုင်ငံအခြေစိုက် ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆောင်ရွက်မှု ကွန်ရက် (KESAN) ၏ “ခိုးကေး - ဇီဝမျိုးစုံမှု အန္တရာယ် ကျရောက်ခြင်း” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရက သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာများသည် ဇီဝမျိုးစံမှုကို အန္တရာယ် ကျရောက်စေနိုင်ကြောင်းဖြင့် ရေးသား ဖေါ်ပြထားပါသည်။

"သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မဲ့ ရေကာတာတွေက ဂေဟစနစ်ကို ပျက်စီးစေမှာ ဖြစ်ပြီး၊ ဒေသတွင်းတွေ့ရတဲ့ မျိုးတုံး ပျောက်ကွယ်မဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ် ၄ဝ ကျော်ကိုလဲ ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်" ဟု KESAN ၏ ကိုယ်စားလှယ် တဦးဖြစ်ပြီး သောကြာနေ့က ဘန်ကောက်မြို့တွင် အဆိုပါ စီရင်ခံစာကို ထုတ်ပြန်ခဲ့သူ ကိုရွှေက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ပထမဆုံး အသေးစိတ် ကွင်းဆင်းလေ့လာထားသည့် အစီရင်ခံစာ တစောင်ဖြစ်ပြီး၊ ဒေသခံနှင့် ဌာနေတိုင်းရင်းသား သုတေသီများက အထူးသဖြင့် ရေကာတာ ဆောက်လုပ်ရန် အဆိုပြုထားသော နေရာတခု ဖြစ်သည့် “ဝဲကြီး” ဒေသတွင် သွားရောက် သုတေသနပြု လေ့လာထားချက်များ ဖြစ်သည်။ ထိုရေကာတာ ဆောက်လုပ်ရန် မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံနှင့် သဘောတူညီချက် စာချုပ်တရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဝဲကြီး ရေကာတာသည် ဆောက်လုပ်ဖြစ်ခဲ့ပါက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများအနက် ရှမ်းပြည်နယ်ရှိ “တာဆန်း” ရေကာတာပြီးလျှင် ဒုတိယအကြီးဆုံး ရေကာတာဖြစ်လာမည် ဖြစ်ပြီး အနိမ့်ဆုံးလျှပ်စစ် စွမ်းအား မီဂါဝပ် ၄ဝဝဝ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

"ဒီလောက် လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်ဘို့ အတွက် မြစ်ညာမှာ ကီလိုမီတာ ၃၈ဝ လောက် ရေမြှုပ်သွားမှာ ဖြစ်ပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် မြစ်ကြေပိုင်းတွင်လည်း ဇီဝမျိုးစုံမှုကို ဖျက်ဆီးပစ်မည့်အပြင် ရေများ ခန်းခြောက်သွားပြီး စိုက်ပျိုးရေးအတွက် အကြီးအကျယ် ရေသွက် ရှားပါးမည့် အန္တရာယ်ကိုလည်း ကြုံတွေ့ရမည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဆောက်လုပ်မည့် သံလွင်မြစ်ပေါ်ရှိ အဆိုပါ ရေကာတာများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အဆိုအရ အရှေ့တောင်အာရှတွင် တခုတည်း ကျန်တော့သည့် အတားအဆီး မရှိ စီးဆင်းနေသည့် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ ဖြစ်ကြပါသည်။

စစ်အစိုးရကမူ အဆိုပါ ရေကာတာများကို တရုတ် နှင့် ထိုင်းနိုင်ငံတို့၏ အကူအညီဖြင့် ဆက်လက် ဆောက်လုပ်သွားရန် သံန္ဓိဌာန် ချမှတ်ထားပြီး ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓါတ်အားများကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။

"ကျနော်တို့ သုတေသန တွေ့ရှိချက်တွေအရ ဒီရေကာတာတွေက ထုတ်ယူရရှိမဲ့ လျှပ်စစ်ဓါတ်အား အများစုက တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပြီး၊ ရာခိုင်နှုံး အနည်းငယ်လောက်ဘဲ မြန်မာပြည်မှာ သုံးမှာ၊ ဒါတောင်မှ အဲဒီထဲက စစ်တပ် အခြေခံစခန်းတွေကို ခွဲပေးရဦးမှာ" ဟု ကိုရွှေက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ရေကာတာများ မဆောက်လုပ်မီ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကဲဖြတ်ချက်များ ပြုလုပ်ရန် နှင့် အသေးစိတ်၍ ပြည့်စုံသော ဇီဝမျိုးစုံမှု သုတေသနတရပ်ကို ပြုလုပ်ပါရန် ဤအစီရင်ခံစာက မြန်မာ စစ်အစိုးရကို ထောက်ခံတင်ပြ တိုက်တွန်း ထားပါသည်။

ထို့ပြင် သံလွင်မြစ်တလျှောက် နေထိုင်ကြသော ဌာနေ တိုင်းရင်းသားများ အနေဖြင့် ရေကာတာနှင့် ယင်းတို့၏ ဖွံ့ဖြိုးရေး စီမံကိန်းများမှ အကျိုးခံစားခွင့်များကို ရှေးဦးစွာ ရယူခံစားခွင့်ရှိရမည် ဖြစ်ကြောင်းဖြင့်လည်း အစီရင်ခံစာတွင် ဆိုထားပါသည်။

"ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တယောက်အနေနဲ့ ဒီရေကာတာတွေ ဆောက်လုပ်တာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ဆက်လုပ်မယ်ဆိုရင်လဲ ဇီဝမျိုးစုံမှု (biodiversity) နဲ့ပတ်သက်ပြီး၊ နောက်ထပ် ပြည့်ပြည့်စုံစုံ လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်။ ရေကာတာတွေ မဆောက်ခင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ကိစ္စတွေ ကိုလဲ အကဲဖြတ် လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ပါသည်။

ဦးဝင်းတင် လွတ်မြောက်မှု NLD အတွက် အင်အားဖြစ်လာမယ်လို့ လူငယ်တွေမျှော်လင့်

28 September 2008
ဦးအောင်လွင်ဦး -


ဝါရင့်သတင်းစာဆရာကြီး တဦးလည်းဖြစ် မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အကြီးတန်း ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင် အပါအ၀င် ထင်ရှားတဲ့ ပါတီဝင် တချို့ ထောင်ဒဏ် ကျခံနေရာက ပြန်လည်လွတ်မြောက် လာခဲ့တဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား စိတ်အားထက်သန်မှုတွေလည်း တိုးပွား လာနေပါတယ်။ အခုဆိုရင်လည်း အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့ လူငယ်အဖွဲ့ဝင်တွေဟာလည်း ဆရာကြီး ဦးဝင်းတင် လို ပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်မှုဟာ သူတို့အတွက် ခွန်အားတွေ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ မကြာသေးခင်ကမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း စတဲ့ သူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေ ရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုရှိတယ်ဆိုတာ ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ပဲ ဖြစ်နေလို့ ပါတီခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲလွဲမှုတချို့ ရှိနေရာမှာ အခုလို ထင်ရှားတဲ့ ခေါင်းဆောင်တချို့ ဖမ်းဆီးခံထားရာက ပြန်လွတ်လာတဲ့အတွက် ဒီမိုကရေစီရေးအတွက် တတပ်တအား တိုးလာတယ်ဆိုပြီး ပြောဆို လာကြတာပါ။ ၀ါရင့် သတင်းစာဆရာ တဦးလည်းဖြစ် အန်အယ်လ်ဒီ ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်၊ နောက် ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းငြိမ်း တို့နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ပါတီဝင် လူငယ်တွေ အနေနဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာရပါတယ်လို့ ပြောပြကြတာပါ။

“ကျွန်တော်တို့ လူငယ် ၃၀ ဦးဝင်းတင်နဲ့ ဒေါက်တာ သန်းငြိမ်းတို့ ၂ယောက်ကို သွားတွေ့တယ်။ ဦးဝင်းတင် ပြောတာက သူဟာ ဘယ်သူနဲ့မဆို လက်တွဲပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အကြောင်း အဖွဲ့ချုပ်နဲ့လဲ လက်တွဲလုပ်မှာ ဖြစ်တဲ့အကြောင်း၊ အဖွဲ့ချုပ် လူငယ်တွေနဲ့လည်း အလုပ်လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ ဦးဝင်းတင်အနေနဲ့ လူငယ်တွေရဲ့ ခံစားချက်ကို နားလည်တယ်ဆိုတဲ့ အကြောင်းပြောတယ်။ အမြင်မတူတာတွေ ရှိနိုင်တယ်။ အဲဒီ အမြင်မတူတာတွေအတွက် ရန်မဖြစ်ကြဘူး။ ဒါပေမယ့် ငြင်းနိုင်တယ်။ ငြင်းကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း ဘယ်သူနဲ့ မဆို ဗမာပြည် ဒီမိုကရေစီရေးနဲ့ ပြည်သူလူထု ဆင်းရဲ ဒုက္ခအကျပ်အတည်း လွတ်မြောက်နိုင်ရေးကိုသာ အဓိကထား ဆောင်ရွက်သင့်တယ်လို့ ဆုံးမတယ်။ အရေးတကြီး ကျွန်တော်တို့ တောင်းပန်ခဲ့တာက ဦးဝင်းတင်အနေနဲ့ အဖွဲ့ချုပ်ကို တရက်နောက်ကျပြီးမှ ရောက်လာရင် ဒီမိုကရေစီအတွက် တရက်နောက်ကျမယ်လို့ ကျွန်တော်တို့ ထင်ကြောင်း၊ စိုးရိမ်ကြောင်း ပြောခဲ့တယ်။ ဦးဝင်းတင်တို့ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန် ထမ်းဆောင်ဖို့ အမြန်ဆုံး လာခဲ့မယ်ဆိုတဲ့ အကြောင်း ပြန်ပြောပြတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ သေလုဆဲဆဲ ဖြစ်နေတဲ့ အခွင့်အရေးတခု ပြန်ပြီးတော့ ရှင်သန်လာသလိုမျိုး ခံစားရတယ်။”

အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ပါတီတွင်းက လူငယ်တချို့ အနေနဲ့က လက်တလော နိုင်ငံရေး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ၊ ပါတီရဲ့ လုပ်ငန်းတွေမှာလည်း မ၀င်ဆန့်တာ စတဲ့ အခြေအနေတွေကြောင့် ခေါင်းဆောင်ပိုင်း အပေါ် အားမလို အားမရ ဖြစ်နေတာတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။

“အဖွဲ့ချုပ်ထဲမှာ လူငယ်တွေရဲ့ ခံစားချက်က ရှင်းပါတယ်။ အဓိကအချက်ကတော့ လူငယ်တွေဟာ လူငယ်ပီပီ ဆောင်ရွက်ကြတာအခါမှာ တချို့ကိစ္စတွေမှာ လူငယ်အများစုရဲ့ သဘောထားနဲ့ သွားချင်တယ်။ ဒီမိုကရေစီတိုက်ပွဲမှာ ကျွန်တော်တို့ တထောင့် တနေရာကနေ ၀င်ပါသင့်တယ်လို့ ယုံကြည်ထားလို့ ၀င်ပါတာပါ။ ပြည်သူလူထုရဲ့ အခက်အခဲကို တစုံတရာ ဖြေရှင်းပေးနိုင်လောက်တဲ့အထိ အစွမ်းရှိတဲ့ လူငယ်တွေ ဖြစ်ချင်တာ။ အဲဒီလို ဖြစ်ဖို့ ဆိုတာဟာ ကျွန်တော်တို့ကို လူကြီးတွေက ပလတ်ဖောင်းလုပ်ပေးဖို့ လိုတယ်။ စင်မြင့် လုပ်ပေးဖို့လိုတယ်။ လက်တွဲခေါ်ပေးဖို့လိုတယ်။ တခါတလေကျတော့ မှားမှာစိုးလို့ဆိုတဲ့ ပိတ်ဆို့တားမြစ်ထားတဲ့ ဗမာ ယဉ်ကျေးမှုအရ ပေါက်ဖွားလာတဲ့ လူကြီးဆိုရင် မှန်မယ်။ လူငယ်ဆိုရင် မှားမှာစိုးတယ်ဆိုတဲ့ ကိစ္စမျိုးကို ကျွန်တော်တို့က ညီးငွေ့နေပြီ။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့မှားရင် ကျွန်တော်တို့ ခံမယ်။ သို့သော် ကျွန်တော်တို့ကို မမှားအောင် ထိန်းပေး၊ မမှားအောင် မတားပါနဲ့။”
ဒီလို အားမလိုအားမရ ဖြစ်နေတဲ့ အခြေအနေတွေဟာ အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဦးဝင်းတင် လို ပုဂ္ဂိုလ်မျိုး နှစ်ရှည်ထောင်ဒဏ် ကျခံနေရာက မကြာသေးခင်ကမှ လွတ်မြောက်လာတဲ့အတွက်တော့ အကောင်းဖက်ကို ဦးတည်သွားစေလိမ့်မယ်လို့တော့ လူငယ်တွေဖက်က မျှော်လင့်နေကြပါတယ်။ ဒီကနေ့ ဦးဝင်းတင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် လူငယ်အဖွဲ့ဝင် တဦး ပြောပြတာကတော့ -

“ကျမတို့ ဦးဝင်းတင်တို့ အိမ်ကိုသွားတဲ့အခါမှာ ကျမတို့ အခုမှ ၀င်လာပြီး တခါမှ မတွေ့ဘူးတဲ့ ဦးဝင်းတင်ကို တွေ့လိုက်ရတဲ့အခါမှာ ဆရာကောင်း သမားကောင်း တယောက်တွေ့လိုက်ရသလို၊ နှစ်တွေ အကြာကြီး ပျောက်နေတဲ့ ဆရာတယောက်နဲ့ တွေ့သလို ခံစားရတယ်။ လူငယ်တွေကို တသားတည်း ကျအောင် သူအမြဲတမ်း ကြိုးစားချင်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။”

မကြာသေးခင်ကမှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ ဦးဝင်းတင် အပါအ၀င် အန်အယ်လ်ဒီ အကြီးတန်းခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်ကြပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ပါတီဝင် အများအပြားကို အာဏာပိုင်တွေက ဖမ်းဆီးထားသလို၊ ပါတီရုံး အတော်များများကိုလည်း ပိတ်ခံထားရတာတွေဟာလည်း အန်အယ်လ်ဒီ ပါတီ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး မရှိတဲ့ အကြောင်းရင်းတွေ ဖြစ်မယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

သံပြိုင်ဆို အိုးဝေ လင်္ကာတေး


အောင်ဝေး
စက်တင်ဘာ ၂၆၊ ၂၀၀၈
( စစ်အာဏာရှင်စနစ် ပြုတ်ကျရေး - တို့အရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး - တို့အရေး
ကြားဖြတ်အစိုးရပေါ်ပေါက်ရေး - တို့အရေး ) *
( ကျား - ပ ) ရှစ်လေးလုံး အရေးတော်ပုံမှသည် ရွှေဝါရောင်တော်လှန်ရေးအထိ
( သံပြိုင် ) ဟေ့ ... ခွပ်ဒေါင်းသွေးနဲ့ ရဲရဲတက်၊ ရန်သူကိုဖြိုဖျက်နိုင်ရမယ် ... အိုးဝေ
( မ - ပ ) ရှစ်ဆက်ရှစ်တိုက်ပွဲဝင်စိတ်ဓာတ်၊ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပေါင်းစပ်ကြ
( သံပြိုင် ) ဟေ့ ... အဆုံးသတ်တိုက်ပွဲဆင်၊ အောင်ပွဲကို ငါတို့မြင်ရမယ် ... အိုးဝေ
( ကျား - ဒု ) အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ
( သံပြိုင် ) ဟေ့ ... တနေ့ ငါတို့ လုံးဝ အနိုင်ရရမယ် ... အိုးဝေ
( မ - ဒု ) အဖိနှိပ်ခံလူမျိုးပေါင်းစုံ မဟာမိတ်တပ်ပေါင်းစု ဖွဲ့ကြ
( သံပြိုင် ) ဟေ့ ... အာဏာရှင်မှန်သမျှ မုချ ကျဆုံးစေရမယ် ... အိုးဝေ
( ကျား - တ ) ၉၀ ရွေးကောက်ပွဲရလဒ်သည် တို့အနာဂတ်
( သံပြိုင် ) ဟေ့ ... နအဖ ၂၀၁၀ ရွေးကောက်ပွဲ တမျိုးသားလုံးဆန့်ကျင်ကြ ... အိုးဝေ
( မ - တ ) သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသည် တို့လမ်းကြောင်း
( သံပြိုင် ) ဟေ့ ... နအဖဖွဲ့စည်းပုံအခြေခံဥပဒေလက်ခံသူ - တို့ရန်သူ... အိုးဝေ
( ကျား - ပ ) နအဖရဲ့ မတရား ဖမ်းဆီးမှုတွေကို ရှုတ်ချလော့
( သံပြိုင် ) ဟေ့ ... အမေကမွေး၊ ထောင်ကကျွေး၊ အရေးတော်ပုံ အောင်ရမယ် ... အိုးဝေ
( မ - ပ ) ၈၈ မင်းကိုနိုင်မှသည် ၂၀၀၇ ကျော်ကိုကိုအထိ
( သံပြိုင် ) ဟေ့ ... ဗိုလ်ချုပ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ် ... အိုးဝေ
( ကျား - ဒု ) ၈၈ စက်တင်ဘာမှသည် ၂၀၀၇ စက်တင်ဘာအထိ
( သံပြိုင် ) ဟေ့ ... သွေးခင်းသောလမ်း၊ ဆက်ဖြတ်သန်းကြမယ် ... အိုးဝေ
( မ - ဒု ) သားသုံးသားပေါင်းစည်းရေးသည် စိတ်ကူးယဉ်ခြင်းမဟုတ်
( သံပြိုင် ) ဟေ့ ... မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ၊ တို့အသည်းက ယုံကြတယ် ... အိုးဝေ
( ကျား - တ ) တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် လုပ်ကြစို့
( သံပြိုင် ) ဟေ့ ... ညီညွတ်ရေးသည် ပထမ၊
ညီညွတ်ရေးသည် ဒုတိယ၊
ညီညွတ်ရေးသည် တတိယ ... အိုးဝေ
( မ - တ ) ငါးရောင်ခြယ်အလံ၊ ခွပ်ဒေါင်းအလံ၊ ဖက်ဆစ်တော်လှန်ရေးအလံ
အလံသုံးလက်၊ မိုးသို့တက်၊ တခဲနက် အောင်ရမယ်
( သံပြိုင် ) ဟေ့ ... လူအချင်းချင်း၊ နှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ ... အိုးဝေ
ဟေ့ ... ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ... အိုးဝေ
ဟေ့ ... အိုး ... ဝေ
( စားဝတ်နေရေး ပြေလည်ရေး - တို့အရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး - တို့အရေး
အမျိုးသားပြန်လည်သင့်မြတ်ရေး - တို့အရေး ) **

Myanmar's Janta Deadly Ruby Trade (video)



သံဃာတော်များနှင့် နိုင်ငံရေး

မိုးနေ
စနေနေ့၊ စက်တင်ဘာလ 27 2008 15:44 - မြန်မာစံတော်ချိန်

ရတနာသုံးပါးမှ တပါးဖြစ်သည့် မြတ်စွာဘုရား၏ သားတော် သံဃာတော်များဦးဆောင်ခဲ့သည့် စက် တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကား တနှစ်ပြည့်ခဲ့ပြီးလေပြီ။ မြန်မာပြည်သူတို့မှာကား လေးစားကြည်နူး ခြင်းများ၊ ရင်နင့်ကြေကွဲခြင်းများနှင့် စစ်အစိုးရ၏ အဖိအနှိပ်ခံဘ၀မှ မလွတ်မြောက်နိုင်သေးဘဲ တနှစ်တာ ကာလကို တလူးလူး တလိမ့်လိမ့်နှင့် ထပ်မံဖြတ်သန်းခဲ့ကြရသည်။ စစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ကျဆုံးခဲ့ရသော ရဟန်းတော်များနှင့် ပြည်သူတို့၏ သွေးများက စိုစွတ်လတ်ဆတ်ဆဲပင်။ စစ်အစိုးရကား ကျဆုံးသွားရသည့် ဘုရားသားတော်များ၏ ၀ိဉာဉ်များကိုမှ အားမနာ။ "ငါ့ဆန်ကျင်သူ မသူတော်"ဟု လက်ကိုင်ထားကာ ၄င်းတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည့် သံဃာတော်များအား သံဃာတု၊ သံဃာယောင်များသာဖြစ်ပြီး ထိုဆန္ဒပြခဲ့ကြသည့် နိုင်ငံရေးလှုပ်ရှားမှုသည်လည်း ဗုဒ္ဓ၀ိနည်းတော်များနှင့် မညီညွတ်ဟု ၀ါဒဖြန့်ကြသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အစိုးရက စွပ်စွဲခဲ့သော သံဃာတော်များ၏ နိုင်ငံရေးလှုပ်ရှားမှုဆိုသည်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် မိမိ၏ အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒါယကာပြည်သူများ ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကြက်၍ ရှေ့တန်းမှရပ်ကာ ကာကွယ်ခဲ့ ခြင်းပင် ဖြစ်သည်။ ထိုအပြုအမူ (စစ်အစိုးရ၏ အဆိုအရ နိုင်ငံရေးလှုပ်ရှားမှု) သည် သံဃာတော်များနှင့် အပ်စပ်ပါ၏လော။ မအပ်စပ်ပါဟု ဆိုခဲ့သော စစ်အစိုးရ ဗိုလ်ချုပ်များသည် ဗုဒ္ဓမြတ်စွာကိုပင် ဆန့်ကျင်သူများ ဖြစ်သွား ကြလေသည်။ အကျိုးရှိက အကြောင်းရှိရမည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ၏ မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန်ကြည်ညို လေးစားသော ကောသလမင်းကြီး၏ ကောသလတိုင်းနိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်သည်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ၏ ကပ္ပီလ၀တ်တိုင်းသားတို့ကဲ့သို့ သကျသာဂီအနွယ်များ မဟုတ်ကြပေ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် ဘုရား၏ အမျိုးအနွယ် သာကီဝင်အဖြစ်နှင့် သူ၏ မျိုး ဆက်ကို ဆက်လက်ရပ်တည်လိုလေသည်။ ထို့ကြောင့် သူက ကပ္ပီလ၀တ်ပြည်သို့ သာကီဝင်မင်းသမီးတပါး အား လက်ဆက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုခေတ် ထိုအချိန်က အလွန်မာနထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့်သည်ဟု ယူဆသော ကောသလမင်းအား သာကီဝင်မင်းသမီးကို မပေးလိုပေ။ သို့သော် ကောသလသည် ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်သဖြင့် ငြင်းလည်း မငြင်းဆန်ဝံ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ကျွန်မနှင့်ရ၍ မွေးထားသော ကျွန်ဇာတ်သာသာရှိသည့် ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်၍ ဆက်သလိုက်လေ၏။

ကောသလမင်းကြီးလည်း သာကီဝင်မင်းသမီးအမှတ်နှင့် ပေါင်းသင်းခဲ့၍ ၀ိရူဓူပမင်းသားကို ဖွားမြင်ခဲ့ လေသည်။ ထိုမင်းသားသည် တနေ့၌ ၄င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များ၏ ကပ္ပီလ၀တ်ပြည်သို့ သွားရောက်လည်ပတ်စဉ်တွင် ဇာတ်ခွဲခြားဆက်ဆံခြင်းကို ခံရရာမှ အစပြု၍ ၄င်းသည် ကျွန်မသားဖြစ်သည်ဟူသောအဖြစ်မှန်ကို သိရကာ သာကီဝင်များကို လွန်စွာအမျက်ထွက်၍ တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့လေသည်။ ထို့ကြောင့် ၄င်း မင်းဖြစ်သောအခါ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အားအလုံးအရင်းနှင့် စစ်ချီလေတော့သည်။ ထိုအချင်းအရာကို သိသော ဗုဒ္ဓသည် စစ်ချီရာလမ်း ကြောင်း၌ တရားထိုင်နေ၍ ၀ီရူဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့၏။ ဒုတိယနှင့် တတိယအ ကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့လေသည်။ စတုတ္ထအကြိမ်တွင်မူ ဗုဒ္ဓသည် သာကီဝင်တို့၏ အ တိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍မရနိုင်တော့သည်ကို သိ၍ မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ် သည်။

ဗုဒ္ဓသည် စစ်တိုက်ရန် ချီတက်လာသော စစ်တပ်ကြီးအား အဘယ်ကြောင့် တားမြစ်ခဲ့သနည်း။ ရှင်းပါ သည်။ ၄င်း၏ နိုင်ငံ၊ ၄င်း၏ လူမျိုးတို့အား ဘေးဒုက္ခမရောက်စေခြင်းငှာ မေတ္တာဓာတ်နှင့် တားမြစ်ခဲ့ခြင်းပင် ဖြစ် သည်။ ၄င်း၏ ဒါယိကာ၊ ဒါယိကာမ ပြည်သူတို့ ဒုက္ခမရောက်စေရန် မေတ္တာဖြန့်ကျက်၍ ရှေ့တန်းမှ ရပ်ကာ ကာ ကွယ်ပေးခြင်း မဟုတ်ပါသလော။ သို့ဆိုလျှင် ထိုအပြုအမူသည် ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်မှ သံဃာ တော်များ၏ အပြုအမူနှင့် ဘာများကွာခြားလေသနည်း။ ဗုဒ္ဓသည် ၀ိရူဓူပ၏ စစ်တပ်က ကပ္ပီလ၀တ်ပြည်သူတို့ကို ရန်ပြုမည့်ဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့သည်။ ရွှေဝါရောင်သံဃာတော်များသည် မြန်မာပြည်သူတို့ကို စစ်အစိုးရ ၏ ဆင်းရဲမွဲတေစေခြင်း၊ ဖိနှိပ်ခြင်းဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။

သို့ဆိုလျှင် သံဃာတော်များ နိုင်ငံ၏အရေးအတွက် မေတ္တာဖြင့် ပါဝင်ဆောင်ရွက်ခြင်းသည် ၀ိနည်းနှင့် ညီပါ၏လော။ အထက်ပါအဖြစ်က အထင်အရှားပြပါပြီ။ ဗုဒ္ဓသည်ပင် အမျိုးဘာသာ၊ သာသနာအတွက် ၄င်း၏ မေတ္တာလက်နက်ကို ဖြန့်ကျက်အသုံးပြုပါသည်။ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာလက် နက် ဖြန့်ကျက်ခဲ့ခြင်းကို ၀ိနည်းနှင့် မညီဟု မည်သည့်အခြေခံနှင့် ပြောမည်နည်း။ ၀ိရူဓူပမင်းနေရာတွင် နအဖ ဗိုလ်ချုပ်များဖြစ်ပါက သုံးလောကထွဋ်တင် သဗ္ဗုညုတ ရွှေဉာဏ်တော်ရှင် အနှိုင်းမဲ့ဗုဒ္ဓမြတ်စွာကိုပင် ဗုဒ္ဓအတုဟု ပြောလေဦးမည်လော မသိပေ။ ရက်စက်စွာ ရိုက်နှက်ညှင်းဆဲ၍ စစ်ချီရာလမ်းမှ ဖယ်ခိုင်းဦးလေမည်လား မသိပေ။

ဝိရူဓူပမင်းသားသည် သာကီဝင်တို့အပေါ်၌ ထားရှိသော အမုန်းမှအစပြု၍ ဗုဒ္ဓအားလည်း လေးစားကြည် ညိုခြင်းမရှိတော့ပဲ ၄င်း၏ ဖခင်ကိုယ်တိုင် ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်တဦးဖြစ်လျက်နှင့် ၄င်း သည် ဟိန္ဒူဘာသာဝင်အဖြစ်ကို ခံယူခဲ့သည်။ ထိုသို့သော ဘာသာခြားဘုရင်ကပင် ဗုဒ္ဒ၏လုပ်ရပ်ကို လေးစား စွာ လိုက်နာခဲ့သော်လည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုလေးစားပါသည်ဟု တကြော်ကြော်အော် ဟစ်နေသော နအဖဗိုလ်ချုပ်များမှာကား ဗုဒ္ဓ၏သားတော် သံဃာတော်များ၏လုပ်ရပ်ကို ရှုံ့ချရုံမျှမက သံဃာကို ညှင်းဆဲသတ်ဖြတ်သော ကံကြီးကိုပင် ကျူးလွန်ရဲကြသည်မှာ အာဏာအမှောင်ဖုံးလွှမ်းသွားကြခြင်းပင် ဖြစ် သည်။

ထိုဗိုလ်ချုပ်များသည် နေ့စဉ်နေ့တိုင်း အစိုးရသတင်းစာမျက်ဖုံးများတွင် ဘုရားဒါယိကာကြီးများ လုပ်ပြ နေသည်မှာ အတုအယောင်များပင်ဖြစ်သည်ကို ရွေှ့ဝါရောင်တော်လှန်ရေးက ဖော်ထုတ်ပေးသွားခဲ့လေသည်။ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် သံဃာတော်များ၏ အခန်းကဏ္ဍသည် မသေးခဲ့ပေ။ နယ်ချဲ့အင်္ဂလိပ်တို့လက်ထက်တွင် နိုင်ငံရေးတရားဟောသဖြင့် ပထမဆုံး အကျဉ်းကျခံရသူ မြန်မာနိုင်ငံသားမှာ ရခိုင်ရဟန်းတော် ဦးဥတ္တမပင် ဖြစ် သည်။ ၁၆၆ ရက် အစာငတ်ခံဆန္ဒပြခဲ့၍ ထောင်ထဲတွင် ပျံလွန်တော်မူခဲ့သော ရဟန်းတော် ဦးဝိစာရသည်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးတခုကို ဆိုလျှင် ဦးဝိစာရလမ်းဟူ၍ပင် နာမည်ပေးခဲ့သည်။ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်က ရဟန်းအတုဟု မသတ်မှတ်။ ၀ိနည်းနှင့်မညီဟု မဆိုခဲ့ပေ။ ယခု သူတို့ကို တော်လှန်ကာမှ အမျိုးမျိုးစွပ်စွဲသမုတ်နေခြင်းမှာ အလွန်ကလေး ဆန်လှသည်။ အမှန်မှာ ရဟန်းတော်များသည် ပြည်သူတို့ဘက်မှ ရပ်၍ မတရားမှုဟူသမျှ ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြခြင်းပင် ဖြစ်သည်။

အံ့သြဖွယ်ကောင်းသည်မှာ ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်အခါက အင်္ဂလိပ်အစိုးရသည် ဘာသာခြားအစိုးရဖြစ်လေသည်။ သို့သော် သွေးမြေကျရိုက်နှက်ခြင်းမပြု၊ ရဟန်းသံဃာတော်ဆိုသော ဂုဏ်ပုဒ်ကိုမူ လေးစားလိုက်နာခဲ့လေသည်။ ၁၉၈၈ အ ပြီးမှ ယခုအထိကာလအတွင်း အစာငတ်ခံ ဆန္ဒပြခြင်းများအပါအ၀င် ၄င်းတို့အား ဆန့်ကျင်ဆန္ဒပြခဲ့သည့် သံဃာတော်များအား တိရစ္ဆာန်များကို ရိုက်သကဲ့ သို့ ရိုက်နှက်ခဲ့သော နအဖအစိုးကတော့ ရိုက်နှက်ခဲ့သည်၊

ရွှေဝါရောင်တော်လှန်ရေးကို ပြည်သူများ တခဲနက်ထောက်ခံခဲ့ကြသည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ သံဃာ တော်များကိုလည်း လေးစားကြည်ညိုစွာ ဂုဏ်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဟုဆိုရာ၌လည်း နိုင်ငံရေးဆိုသည် မှာ နိုင်ငံနှင့်ဆိုင်သော အရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့် ကျယ်ပြန့်လှပါသည်။ မတရားသည့် အစိုးရ၏ အုပ် ချုပ်မှုကို ဆန့်ကျင်ခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပြီး နိုင်ငံတခုကို အုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေး၏ အဓိပ္ပာယ်များစွာထဲမှ တခုဖြစ်ပါသည်။


မိုးနေ