Monday, September 29, 2008

၈၈ ၏ ပထမဦးဆုံးလမ်းပေါ်တွင်ဆန္ဒပြခြင်း

၁၉၈၇စက်တင်ဘာလ၇ရက်လား၊၉ရက်လားမမှတ်မိတော့၊မှတ်မိတာအဲဒီနေ့ကစနေနေ့လေ၊
အင်းစိန်ဂျီတီအိုင်၊မှန်ဆောင်၁၀၁မှာမနက်ပိုင်းG.T.I ၀င်ခွင့်အတွက်မြန်မာစာဖြေရတယ်လေ..
အဲဒီတုန်းက မဆလ ကကျောင်း၂ခုခွတက်မှာကြောက်လို့ RC2စာမေးပွဲနဲ့တိုက်ပြီးစစ်တော့
ဂျီတီအိုင်တက်ချင်သူတွေကဒီဖက်လာဖြေကြရတယ်(၀င်ခွင့်မအောင်ရင်တော့ဖွတ်မရဓါးမဆုံး
ဆိုသလိုပေါ့)။

ဒီလိုနဲ့မနက်၁၀နာရီလောက်မြန်မာစာဖြေ..ပြီးတော့ခဏနား..ပြီးရင်အင်္ဂလိပ်ဖြေရမယ်လေ။
ဒါနဲ့သူငယ်ချင်း၃ယောက်ကျောင်းရှေ့ကကုလားဆိုင်မှာဒံပေါက်သွားစားကြတယ်။ပါတ်ဝန်း
ကျင်လည်းဂရုမစိုက်အားပါဖူး၊ဒံပေါက်စားလိုက်စာကြည့်လိုက်ပေါ့။စားပြီးတော့အစိတ်တန်၂
ရွက်ပေးလိုက်တယ်...ကိုရွှေကုလားဗိုက်ပူကအစိတ်တန်ဆိုမယူဘူးဆိုပဲ..
ဟာ...ဒါပဲပါတယ်..၃ကျပ်ပဲပြန်အမ်းရမှာလေ..လို့ပြောတော့..အခုပဲကြေငြာသွားတယ်အစိတ်
တန်တရားမ၀င်တော့ဖူးတဲ့..
ဟိုက်...ဒုက္ခပဲ...ခဏနေစာမေးပွဲပြန်ဖြေရတော့မှာ...ဘီလိုလုပ်မလဲ...ကဲရှိတဲ့အကြွေစုကွာ..
ကျန်တာနောက်မှလာပေးမယ်..ဒံပေါက်ဆိုင်ဘေးကကွမ်းယာဆိုင်နောက်ကအိမ်မှနေတဲ့ထ-၂
ကကျောင်းနေဖက်သူငယ်ချင်းခေါ်..သက်သေလုပ်ထားခဲ့ရတယ်။

တခါမှလည်းမကြားခဲ့ဖူးဘူးလေ...စာမေးပွဲကအရေးကြီးနေတော့ ခေါင်းထဲထည့်မနေတော့ဖူး၊
အင်္ဂလိပ်စာပြီးလို့အိမ်ပြန်ရောက်တော့လည်းမနက်ဖန်သချာင်္နဲ့အထွေထွေဗဟုသုတဖြေရအုံးမှာလေ...အဖေနဲ့အမေမျက်နှာမကောင်းပေမဲ့သားစာကျက်ပျက်မှာစိုးလို့...သိပ်မမိပါဖူးသားရယ်ပေါ့.....
ညကြတော့ ဘီပီအိုင်မှာလုပ်တဲ့အကိုဝမ်းကွဲကR.I.Tကကျောင်းသားတွေစားစရာမရှိတော့
လို့ဆူကြတယ်...ရထားလက်မှတ်၊ကားလက်မှတ်တွေ ဆရာတွေကအလကားလုပ်ပေးလိုက်ရတယ်တဲ့...
ဟိုဖက်လမ်းထဲကကုန်ကားပိုင်တဲ့ကုလာအဖိုးကြီးသွေးတက်ပြီးလျှောသွားပြီတဲ့...အမေကသူ့သားစာကျက်
ပျက်မှာစိုးလို့အကို့ကိုအိမ်ပြန်ခိုင်းလိုက်သည်။

နောက်နေ့မနက်သချာင်္စဖြေရသည်။ပြီးခါနီးနာရီဝက်လောက်ရောက်တော့ဆူဆူညံညံအသံတွေနဲ့အဆောင်ဖက်
ကကျောင်သားတွေကျောင်းရှေ့ရောက်လာသည်၊ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာဆရာတယောက်နဲ့အခြေအတင်
ဖြစ်နေသည်။နောက်မှသိရတာကဦးဆောင်လာသူမှာရခိုင်မှလာတက်သူနောက်ဆုံးနှစ်ကျောင်းသားမောင်မောင်
နိုင်ဖြစ်သည်။ကျောင်းအုပ်ကြီးဦးမြင့်ဆွေကရောက်မလာ၊ကျောင်းဘေးကသူ့တူမဒေါက်တာ၏အိမ်အပေါ်ထပ်မှ
မှန်ပြောင်းဖြင့်ကြည့်၍မှတ်တမ်းတင်နေသည်။ခဏနေတော့ဝင်ခွင့်ဖြေသူတွေ၏ခုံနံပါတ်တွေကပ်ထားသည့်
Boardကြီးကျောင်းရှေ့ဆွဲယူ၍ရိုက်ဖျက်လိုက်ကြသည်။လက်မှတ်မစီစဉ်ပေး၍ဖြစ်သည်။အခန်းစောင့်ဆရာ
တွေကအချိန်မစေ့ခင်သချာင်္အဖြေလွှာတွေလိုက်သိမ်းပြီးတိုက်ပုံထဲအတင်းထိုးသွင်းနေသည်။အပြင်လည်းပေးမ
ထွက်ပေ။မှန်ဆောင်၁၀၁ကထိပ်ဆုံးအခန်းဆိုတော့အကုန်တွေ့နေရသည်။သူတို့တောင်းဆိုတာမရသေး၊
ကျောင်းအုပ်ကြီးရုံးခန်းဘေးမှအခန်းပွင့်သွားသည်။စာရွက်စာတမ်းတွေအပြင်ထုတ်ပုံ၍မီးရှို့လိုက်ကြသည်။
ကျောင်းခြံစည်းရိုးအပြင်တွင်လာကြည့်သောပြည်သူတွေနှင့်ပြည့်နေသည်။

နောက်ဆုံးတွင်ကားလက်မှတ်၊ရထားလက်မှတ်လုပ်ပေးလိုက်၍ ကျောင်းသားတွေအဆောင်ဖက်ပြန်သွားသည်၊
ဆရာတွေကစာဖြေနေသူတွေကိုအချိန်စေ့၍လွှတ်ပေးလိုက်သည်။ထိုအချိန်တွင်ကျောင်းသားတယောက်ကမီး
ကျွမ်းနေသောစာရွက်အပိုင်းလေးကိုထောင်၍....ဒါ..ငါ့မြန်မာစာအဖြေလွှာလေး...သွားပါပြီကွာ..ဒုတိယနှစ်စာ
မေးပွဲကိုလွှတ်ပြီးလာဖြေရတာ....စာမေးပွဲဖြေကျောင်းသားတွေပွဲကြမ်းကုန်သည်။ကျောင်းအုပ်ကြီးရုံးခန်းမှန်
တွေကွဲကုန်သည်။

အဆောင်ကျောင်းသားတွေပြန်ပြေးလာသည်။မှန်ဆောင်ကိုထိမှာစိုး၍ဖြစ်သည်။(မှန်ဆောင်သည်၃ထပ်အ
ဆောက်အဦးဖြစ်၍မှန်အစောင်းများဖြင့်၃ထပ်လုံးတည်ဆောက်ထားသည့်ဂျီတီအိုင်ကျောင်းသားများအမြတ်
တနိုးထားရှိကြသည့်အဆောက်အဦးဖြစ်သည်။

ထ-၁မှာဖြေနေတဲ့သူတွေကိုသွားပြောကြမယ်.....ကျောင်းသားတွေအပြင်ရောက်သွားသည်..လက်ရှိတက်နေ
သောကျောင်းသားများတော့မပါပေ။ဒညင်းကုန်းဖက်မှလာနေသောသစ်ကားကြီးကိုတားလိုက်သည်။ရပ်ကြည့်
နေသောလူအုပ်ကြားထဲတွင်အဖေ့ကိုတွေ့လိုက်ရသည်။သစ်ကားပေါ်မတက်သူများကလမ်းရှောက်လိုက်လာကြ
သည်။ထ-၁ မှကျောင်းသားများကအထွေထွေဗဟုသုတကိုဖြေနေကြပြီဖြစ်သည်။အခြေအနေမကောင်းမှန်းသိ၍နာရီ
ဝက်လောက်နှင့်စာရွက်တွေသိမ်း၍ပြန်လွှတ်လိုက်၍လူစုခွဲလိုက်သလိုဖြစ်သွားသည်။

အင်းစိန်ဆေးရုံရှေ့အရောက်တွင်.....ရပ်...ရပ်...ဆင်းကြ...ဆင်းကြ....
မဆင်းလို့လည်းမရ..ရှေ့မှာ...အင်းစိန်တရားရုံးနှင့်စီအိုင်ဒီကြားတွင်အဓိကရုန်းနှိမ်နှင်းသည့်ကားတစီး
ရပ်ထားသည်။ကားအပေါ်ထပ်တွင်ရေပိုက်တွေ.မျက်ရည်ယိုဗုံးပြစ်သည့်ပြောင်းတွေနှင့်ကြိုနေသည်။
လမ်းဘေးတဖက်စီမှလည်းဒိုင်းတွေနှင့်လုံထိန်းတွေရပ်စောင့်နေကြသည်။
သစ်ကားသမားကိုဆေးရုံရှေ့လမ်းမှမောင်းရန်လမ်းညွန်၍လူစုခွဲလိုက်ကြသည်။

ရလာဒ်ကတော့ဂျီတီအိုင်ကျောင်းသားများကိုဦးဆောင်သည့်ရခိုင်မှမောင်မောင်နိုင်ကျောင်းထုတ်ခံရသည်။
တလခန့်အကြာတွင်အထွေထွေဗဟုသုတကိုပြန်ဖြေရသည်။မြန်မာစာကိုဖယ်၍ကျန်၃ဘာသာဖြင့်ဝင်ခွင့်
ရမရဆုံးဖြတ်ခံရသည်။အရေးအခင်းဖြစ်ပြီးကျောင်းပြန်ဖွင့်တော့၊ပထမနှစ်ကို၃လ(လာဖြေသူအကုန်အောင်)
၊ဒုတိယနှစ်ကို၆လ..နောက်ဆုံးနှစ်တခုတော့အပြည့်တက်ရပြီးပညာတတ်အင်ချင်နီရာဂျီးဖြစ်လာပါလေတော့
သတည်း။ ။


ထိုင်းနိုင်ငံရေး အဖြေဝေး


ကိုဝိုင်း/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းနိုင်ငံတွင် ယခုနှစ် မေလမှစ၍ အစိုးရဆန့်ကျင်မှုများ ပြန်လည်ဖြစ်ပွားလာပြီး ယခင်လ၌ အရှိန်မြင့်လာခဲ့ရာမှ ဆန့်ကျင် ဆန္ဒပြနေသူများက ၀န်ကြီးချုပ်ရုံးဝင်းအတွင်း စခန်းချ၍ သိမ်းပိုက်ထားသည်မှာ (၃) ပတ်ကျော်ခဲ့ပြီဖြစ် သော်လည်း ထိုင်းအစိုးရဘက်က ဆန္ဒပြသူများနှင့် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံတ၀န်းသို့ ကူးစက်သွားပြီး ကျယ်ပြန့်သည့် အသွင်ဆောင်သော အဆိုပါ ဆန္ဒပြမှုများကို ရပ်တန့်သွားနိုင်ရေး ကြိုးပမ်းရန်မှာ ယခုရက်ပတ်အတွင်းက ၀န်ကြီးချုပ်အသစ်ဖြစ်လာသူ ပြည်သူ့စွမ်းအားပါတီ (ပီပီပီ) မှ မစ္စတာဆွန်ချိုင်း ဝေါင်ဆ၀တ် (၆၁) နှစ်၏ ဦးစားပေးလုပ်ငန်းတခု ဖြစ်လာသည်။

ယခင်နှစ် ဒီဇင်ဘာရွေးကောက်ပွဲမှ တက်လာသော ၀န်ကြီးချုပ်ဟောင်း မစ္စတာစမတ်အား ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ ရုပ်သံချက်ပြုတ်ခန်း (၂) ခုကို အခကြေးငွေယူပြီး လက်ခံလုပ်ကိုင်ခဲ့သဖြင့် ရာထူးမှဆင်းပေးရန် ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ် ရွေးချယ်ရေး ပါလီမန်အတွင်း မဲခွဲရာတွင် ညွန့်ပေါင်းအစိုးရ၀င် အခြားပါတီ (၅) ခုနှင့် ညှိနှိုင်းထားသူ မစ္စတာဆွန်ချိုင်းက ဒီမိုကရက်ခေါင်းဆောင် အဘီဆစ်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြနေမှုများကို ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) အဖွဲ့က ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းအဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သူမှာ သတင်းစာနှင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် ထိုင်းတရုတ်သူဌေးကြီး သတင်းစာသမား ဆွန်ထိ လင်းထောင် ကူးဖြစ်သည်။

ထိုင်းနိုင်ငံရေးလောကတွင် ငွေကြေးချမ်းသာသူများနှင့် ဗျူရိုကရက်များသာ ကြီးစိုးနေကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။ ၂၀၀၆ စက်တင်ဘာ၌ စစ်တပ်၏ အာဏာသိမ်းဖြုတ်ချခြင်းခံခဲ့ရသူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ တပ်ဆင်ကို ဆန့်ကျင်ရန် ပီအေဒီကို ထူထောင်သူ မစ္စတာဆွန်ထိသည်ပင် ထိုင်းနိုင်ငံ၌ ပုံနှိပ်၊ အသံလွှင့်နှင့် ဆက်သွယ် ရေးလုပ်ငန်း အင်ပါယာကြီး ထူထောင်ရန် စိုင်းပြင်းခဲ့သူလည်းဖြစ်သည်။

၂၀၀၁ ခု မစ္စတာတပ်ဆင်အစိုးရ တက်လာသောအခါ ချေးငွေ အမြောက်အမြားရသောကြောင့် မစ္စတာတပ်ဆင်၏ ထောက်ခံသူတဦးဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း၌ ၎င်း၏ ဘဏ္ဍာရေး အကြံပေးဟောင်း ဘန်ကောက်ဘဏ်ဥက္ကဋ္ဌကို ချေးငွေပြဿနာများကြောင့် ရာထူးမှ ဖြုတ်ချလိုက်ရုံသာမက ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းများအား ခြိမ်းခြောက်လာသူ မစ္စတာတပ်ဆင်ကို ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်မှာ ယခုအထိဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပီအေဒီလှုပ်ရှားမှု ခေတ္တရပ်သွားသော်လည်း ယခင်နှစ် ရွေးကောက်ပွဲမှ ၀န်ကြီးချုပ် ဖြစ်လာသူ မစ္စတာစမတ်သည် တပ်ဆင်၏ ရုပ်သေးရုပ်သာဖြစ်သည်ဟု ထောက်ပြပြောဆိုပြီး ယခုနှစ် မေလတွင် လှုပ်ရှားမှုများပြန်လည် စတင်ခဲ့သည်။ ဆန္ဒပြမှုများအတွင်း အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားများပါ ပူးပေါင်း ပါဝင်လာပြီးနောက် ယခင်လ (၂၆) ရက်တွင် ၀န်ကြီးချုပ်ရုံးအား သိမ်းပိုက်၍ စခန်းချဆန္ဒပြမှုအထိ ဖြစ်လာသည်။

ထိုင်းနိုင်ငံရေးသည် စစ်တပ်အာဏာသိမ်းမှု၊ အကျင့်ပျက်လာဘ်စားမှုများဖြင့်သာ အမြဲတစေ ရှုပ်ထွေးနေသည်။ ထိုင်း နိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှု (၁၈) ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ (၁၈) ခုရှိခဲ့သည်။

စည်းမျဉ်းခံဘုရင်စနစ်ရှိနေသေးသဖြင့်သာ တော်သေးသည်ဟု ကောက်ချက်ဆွဲသူများလည်းရှိသည်။ လက်ရှိဘုရင်ကိုမူ မည်သူမျှ ထိပါးပြောဆို၍ပင်မရပေ။ နိုင်ငံရေး အကျပ်အတည်းများတွင် ဘုရင်က ပါဝင်ဖြေရှင်းပေးခဲ့ရသည့် သာဓကများ လည်းရှိသည်။

မည်သို့ပင်ဆိုစေ ၁၉၉၁ ခု စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ဆူချင်ဒါကို ဆန့်ကျင်ဆန္ဒပြမှုများသည် ထိုင်း နိုင်ငံရေး၌ စစ်တပ်က ပါဝင်ပတ်သက်မှုများမှ တစုံတရာ ပြောင်းလဲမှုဆီသို့ ဦးတည်လိုက်နိုင်သည်။ သို့သော် အရပ်သား အစိုးရ နုနယ်သေးသဖြင့် ၁၉၉၂ မှ ၉၆ အတွင်း အရပ်သားဝန်ကြီးချုပ် (၃) ဦး ပြောင်းသွားခဲ့သည်။ ၁၉၉၇ ခု ဖွဲ့စည်း ပုံသည် အစိုးရ၊ အမတ်များနှင့် အဂတိမှု တိုက်ဖျက်ရေးဌာနများအကြား အပြန်အလှန်ထိန်းကျောင်းရေးသို့ ဦးတည် ထားသည်။ အုပ်ချုပ်ရေးဆိုင်ရာတရားရုံး၊ စည်းမျဉ်းခံတရားရုံး၊ ရွေးကောက်ပွဲကော်မတီတို့ ပေါ်ပေါက်လာသည်။

သို့သော် မစ္စတာတပ်ဆင်သည် စီးပွားရေး၊ နိုင်ငံရေးကဏ္ဍများကို ၎င်း၏မိသားစုက လက်ဝါးကြီးအုပ်ရန် ကြိုးစားခဲ့သဖြင့် ထိုင်းနိုင်ငံသည် စစ်တပ်မှ အာဏာသိမ်းမှုကို ထပ်ကြုံခဲ့ရသည်။ အာဏာသိမ်းခေါင်းဆောင်က မစ္စတာတပ်ဆင်၏ ထိုင်း ရတ်ထိုင်းပါတီ ကို ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် (၁၁၁) ဦးကို နိုင်ငံရေးလုပ်ခွင့်မှ (၅) နှစ် ပိတ်ပင်လိုက်သည်။ မစ္စတာတပ်ဆင်ကိုလည်း အဂတိမှုများဖြင့် တရားစွဲလိုက်သည်။ ၉၇ ဖွဲ့စည်းပုံကို မွန်းမံပြီး ၂၀၀ရ ခု သြဂုတ်တွင် ဖွဲ့စည်း ပုံအသစ်တခုကို အတည်ပြုလိုက်သည်။

အာဏာသိမ်းခံရပြီး အဂတိမှုများဖြင့် စွပ်စွဲခံထားရသော မစ္စတာတပ်ဆင်သည် ထိုင်းစစ်အစိုးရလက်ထက် ပြည်ပမှာ သောင်တင်နေရာက စမတ်အစိုးရအတက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာခွင့်ရသည်။ ထိုအချက်က ၀န်ကြီးချုပ်ဟောင်း စမတ်နှင့် လက်ရှိညွန့်ပေါင်းအစိုးရအပေါ် တပ်ဆင်၏ သြဇာမည်မျှ သက်ရောက်နေသည်ကို ပြသနေသည်။ လက်ရှိ ညွန့်ပေါင်းအစိုးရသည် မစ္စတာတပ်ဆင်နှင့် ထိုင်းရတ်ထိုင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံရေးထဲ ပြန်လည် ၀င်ရောက်နိုင်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေး ကြိုးစားခဲ့သည်။

သို့သော် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို ဘုရင်ကိုယ်၌က ထောက်ခံအားပေးထားသည့်အချက်သည် ထိုင်း ပြည်သူတွေ အားတက်စေသည့် အချက်ဖြစ်သည်။ တပ်ဆင်၏ အမှုများ စစ်ဆေးချိန်က မစ္စတာတပ်ဆင်၏ ရှေ့နေ များကို တရားသူကြီးအား လာဘ်ထိုးမှုဖြင့် ထောင်ဒဏ်များ ချမှတ်နိုင်ခဲ့သည်သာမက မစ္စတာတပ်ဆင်၏ဇနီး ပွတ်ဂျမန်၊ သူမ၏ မောင်နှင့် သူမ၏ အတွင်းရေးမှူးတို့အား အခွန်ငွေတိမ်းရှောင်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ပွတ်ဂျမန်မှာမူ အဂတိမှုများနှင့် ရင်ဆိုင်နေရပြီး လွတ်လမ်းမရှိဖြစ်နေသော သူမ၏ ခင်ပွန်းနှင့်အတူ ဗြိတိန်သို့ အာမခံငွေများကို အဆုံးခံ၍ ထွက်ပြေးရသည့်အဖြစ် ရောက်ခဲ့သည်။ တပ်ဆင်သည် ယခုအခါ ၀ရမ်းပြေးဘ၀ဖြင့် မိသားစုနှင့်အတူ လန်ဒန်၌ နေထိုင်လျက်ရှိသည်။

သို့သော် ထိုင်းနိုင်ရေးတွင် မစ္စတာတပ်ဆင်၏ အရှိန်သြဇာ ဆက်လက်တည်ရှိနေသေးသည်ကို ထွက်ပေါ်နေသည့် သတင်းများနှင့် လက်ရှိထိုင်းအစိုးရ၏ လှုပ်ရှားမှုများက သက်သေပြနေသည်။ မစ္စတာစမတ် နုတ်ထွက်ခဲ့ရပြီးနောက် အသစ်တက်လာသည့် ပီပီပီ ပါတီခေါင်းဆောင်တဦးဖြစ်သူ မစ္စတာဆွန်ချိုင်းသည် မစ္စတာတပ်ဆင်၏ ညီမ ယောင် ၀ါပါနှင့် လက်ထပ်ထားသူဖြစ်ခြင်း၊ ပီပီပီ ပါတီအတွင်း၌ ယခင် ထိုင်းရတ်ထိုင်းပါတီဝင်ဟောင်းများ ပါဝင်နေခြင်းတို့အပြင် မဲဝယ်မှုစွပ်စွဲခံထားရသဖြင့် ဖျက်သိမ်းခံရဖွယ်ရှိ နေသည့် ပီပီပီ နေရာအစားထိုးရေး ရည်ရွယ်၍ ယောင်ဝါပါ၏ အမည်ဖြင့် The Puea Thai ပါတီအသစ်ကို မှတ်ပုံ တင်လိုက်ခြင်းတို့သည် ယနေ့ထိုင်းနိုင်ငံရေးဇာတ်ခုံတွင် ပါဝင်ပတ်သက်နေ ဆဲ ဖြစ်သော မစ္စတာတပ်ဆင်၏ အခန်းကဏ္ဍကို ဖော်ပြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။ ပါတီဖွဲ့ရေး အစည်းအဝေးကို လည်း မစ္စတာတပ်ဆင်၏ အခြားညီမတဦးဖြစ်သူ ယောင်ဝရတ် ရှင်နာဝါထရာပိုင် အဆောက်အဦ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြနေသည့် ပီအေဒီအဖွဲ့ကမူ ၀န်ကြီးချုပ်အသစ် ဆွန်ချိုင်းအနေဖြင့် မစ္စတာတပ်ဆင်၏ သြဇာခံ မဟုတ်ကြောင်း ပြသ ရန်၊ မစ္စတာတပ်ဆင်အား တရားပြန် ရင်ဆိုင်စေရန် မည်သို့ဆက်လက်ကိုင်တွယ်မည်ကို ရှင်းပြရန်၊ ၂၀၀၇ ခု ဖွဲ့စည်းပုံကို ပြင်မပြင်ကို ထုတ်ဖော်ရန် စသည့်အချက် (၅) ချက်တောင်းဆိုထားသည်။

ဒေသအတွင်း၌လည်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားရသော ထိုင်း နိုင်ငံအဖို့ အဆိုပါအမှုများနှင့် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မျက်နှာပျက်စရာဖြစ် နေသည်။ ဘန်ကောက်၌ မကြာမီ ကျင်းပရန်ရှိသည့် အာဆီယံအစည်းအဝေး၏ လုံခြုံရေးအနေအထားကို မေးခွန်း ထုတ်နေသူများလည်း ရှိသည်။

ဝန်ကြီးချုပ်အသစ်သည် ၎င်း၏ပါတီအတွင်းမှ အမတ် (၇၀) ကျော်ဖြင့် စုစည်းထားသော နေ၀င်းအုပ်စုအပါအ၀င် အခြား စိမ်ခေါ်မှုအမျိုးမျိုးသာမက နိုင်ငံအတွင်းသို့ နေ့စဉ်နှင့်အမျှ ၀င်ရောက်လာနေသော မြန်မာအလုပ်သမားများအရေး၊ သိန်း နှင့်ချီရှိသော ဒုက္ခသည်များအရေး၊ လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု မြင့်မားလာနေခြင်း၊ တောင်ပိုင်းခွဲထွက်ရေး အကြမ်းဖက်မှု၊ စီးပွားရေးအရ ယုံကြည်မှုပြန်လည်တည်ဆောက်ရေး၊ ကမ္ဘောဒီယား နယ်စပ်အရေး စသည့်ပြဿနာ အမြောက်အမြားကိုလည်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

သို့သော် ကိုယ်ပိုင်ဝန်ကြီးချုပ်ရုံးဖြင့် ရုံးမထိုင်နိုင်ဘဲ ဘန်ကောက် ဒွန်မောင်းလေဆိပ်၌သာ ရုံးထိုင်ရမည့် ၀န်ကြီးချုပ် အသစ်သည် ယခင်က တရားသူကြီးနှင့် တရားရေးအတွင်းဝန်ဖြစ်ခဲ့ဖူးခြင်း၊ ပျော့ပျောင်းစွာပြောဆိုတတ်ခြင်း စသည့် အရည်အချင်းများ ရှိရုံဖြင့် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

မစ္စတာစမတ် နုတ်ထွက်စဉ်က အမျိုးသားညီညွတ်ရေးအစိုးရတရပ် ဖွဲ့စည်းရန် အတိုက်အခံ ဒီမိုကရက်ပါတီက အဆိုပြု ခဲ့သည်။ ကြည်းတပ်ဦးစီးချုပ်ကလည်း ယင်းအဆိုပြုချက်ကို ထောက်ခံခဲ့သည်။ သို့သော် ပီပီပီက လက်မခံဘဲ ညွန့် ပေါင်းအစိုးရဖြင့်သာ ဆက်လက်စခန်းသွားခဲ့ခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရအတွင်းပါဝင်နေသော အခြားပါတီ (၅) ခုသည်လည်း ဒီမိုကရက်အပါ အ၀င် အခြားနိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းလိုခြင်းမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွား အခြေခံသော အုပ်စုဖွဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကိုသာ ဆက်လက်ယုံကြည်နေဆဲဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တစုံတရာရောက်ရှိနေသည်ဟု ချီးမွမ်းခြင်း ခံခဲ့ရသော ထိုင်းနိုင်ငံသည် နိုင်ငံရေးဇာတ်ခုံတွင် မစ္စတာတပ်ဆင်၏ ခြေရာလက်ရာများရှိနေသရွေ့၊ အကျိုးစီးပွားအခြေခံသော အုပ်စုဖွဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်နေသရွေ့ ငွေကြေးချမ်းသာသူများနှင့် ဗျူရိုကရက်များ၏ နိုင်ငံရေးလုပ်စားမှု သံသရာမှ လွတ်မြောက်နိုင်ရန် အချိန်ယူရဦးမည်ဖြစ်သည်။

By NEJ


တပည့်ဟာ ဆရာထက်တော်ရမယ်

မောင်စွမ်းရည် (၂၉-၉-၀၈)။ ။

ဒီစကားဟာ ဗမာပြည်ရဲ့ကျောင်းသုံးစာအုပ်တွေကို အခြေခံပညာသူငယ်တန်းက အစ၊ တက္တသိုလ် မဟာဝိဇ္ဇာအထိ တသက်ပန်လုံး ဆိုရမလောက် ပြုစုရှာဖွေပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးသမားလည်းဖြစ်၊ ပညာရှိကြီးတဆူလည်းဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ပြောခဲ့တဲ့ စကားပါ။ တပည့်က ဆရာကို တော်ရုံမေးခွန်း တခုလောက် ပြန်မေးတာတောင် မကြိုက်တတ်တဲ့ ဗမာပြည်မှာ ဒီလိုစကားမျိုးကို ထုတ်ဟပြောဆိုဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန်ကြီးမားတဲ့ စေတနာနဲ့ အင်မတန်ကြီးမားတဲ့ ဦးနှောက်က စိမ့်ထွက်လာတဲ့ “မဟာပညာရေးဝါဒ” တရပ်ဖြစ်ပါတယ်။

ဒီစကားဟာ ဒီမှာတင် ဆုံးတာမဟုတ်သေးဘူး။ “တပည့်တို့ဟာ ဆရာ့ပခုံးပေါ်တက်ပြီး တဆင့်ထက်တဆင့်မြင့်အောင် ကြိုးစားရမယ်။ ဆရာ့တို့ပခုံးပေါ်ကို တက်ကြပါတဲ့။” ဒါဟာ သူက တပည့်တွေကို အခွင့်ကြုံတိုင်းပြောလေ့ရှိတဲ့ စကားစု ဖြစ်ပါတယ်။ ဒီစေတနာအတိုင်းလည်း တသက်လုံး အကောင်အထည်ဖော်ပေးခဲ့ပြီး သူ့တပည့် ဗမာကျောင်းသား လူငယ်တွေကို တော်သထက်တော်အောင် အခွင့်အလမ်းတွေ ရှာဖွေကူညီအားထုတ်ပေးခဲ့တယ်။ သူတပည့်ဆိုတာ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကအစ သခင်နု၊ သခင်အောင်ဆန်း၊ သိန်းဖေမြင့်၊ ဒဂုံတာရာ၊ ဒေါ်အမာ၊ ဒေါ်အုန်းအလယ်၊ အောင်သင်း၊ ထွန်းမြင့် (မင်းမော်) တို့အဆုံး အားလုံးတပည့် မျိုးဆက်သုံး၊ လေးဆက်ကို ဆိုလိုပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ဟာ နိုင်ငံရေးသမားမဟုတ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလောက် လူသိမများပေမယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်တကွသော နိုင်ငံရေးသမားတွေ၊ ပညာရှိတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ စတဲ့နိုင်ငံတော်မျက်နှာဖုံး လူကြီးလူငယ်အားလုံးက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်မှာ တည်ထောင်တယ်။ အသက် (၂၄) နှစ်သာရှိသေးတဲ့ ဦးဖေမောင်တင်ဟာ ဖွင့်လှစ်စ အရှေ့တိုင်းဘာသာများဌာနမှာ ပါမောက္ခဖြစ်နေရာက အင်္ဂလန်ကိုပညာသင်သွားရပါတယ်။ အဲဒီတော့ အသက် (၃၂) နှစ်ပါ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုလို့ ပါဠိကျမ်းစာအသင်းက ရွှေဒင်္ဂါးတထောင် ဆုချီးမြှင့်ခံရပါတယ်။ အိန္ဒိယနဲ့ သီဟိုဠ် (သီရိလင်္ကာ) တို့မှာ အင်္ဂလိပ်စာတတ် ပါဠိပညာရှင်အကျော်အမော်တွေရှိပေမယ့် ရွှေဒင်္ဂါးဆုငွေ တထောင်ပေးမယ်လို့ ကြော်ငြာတာတောင် ထွက်မလာခဲ့ပါ။ ဦးဖေမောင်တင်ဟာ ဖခင်က ခရစ်ယာန်ဖြစ်လို့ သားလည်း ခရစ်ယာန်ဖြစ်ပေမယ့် အမေဘက်ကအဘိုးက သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓသီလာစာရ ဖြစ်လို့ ဗုဒ္ဓစာပေဖြစ်တဲ့ ပါဠိစာပေကျမ်းဂန်တွေကို နားလည်နိုင်တဲ့ အခြေခံကောင်း ရှိခဲ့သူဖြစ်ပါတယ်။ ပါဠိဘာသာနဲ့ အိန္ဒိယတက္ကသိုလ်က မဟာ
ဝိဇ္ဇာဘွဲ့ရထားသူအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာစကားဌာနမှာ မြန်မာထဲက ပထမဆုံး ပါဠိပါမောက္ခ ခန့်အပ်ခံရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ပါဠိကျမ်းစာအဖွဲ့ရဲ့ ရန်ကုန်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လယ်တီ ဆရာ တော်က အစ အရှင်ဇနကာဘိဝံသအဆုံး ပါဠိကျမ်းတတ်ဆရာတော် အကျော်အမော်များနဲ့လည်း ပါဠိဘာသာစကားကိစ္စနဲ့ ဗုဒ္ဓစာပေကိစ္စတွေကို နည်းခံလေ့လာသူတဦးလည်း ဖြစ်ပါတယ်။

ဦးဖေမောင်တင်ဟာ မြန်မာမှု၊ မြန်မာစာပေကို အလွန်လေးစားမြတ်နိုးပြီး ဗုဒ္ဓစာပေသာမက မြန်မာစာပေနဲ့ မြန်မာသမိုင်း ကိုလည်း ခေတ်မီသုတေသနနည်းနာများနဲ့ ရှေးဦးလေ့လာလိုက်စားခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်ယာန် လူငယ်တဦး အနေနဲ့ တက္ကသိုလ်ဆရာဖြစ်လာပေမယ့် တောင်ရှည်ပုဆိုး၊ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်း အုပ်ပေါင်းဝတ်ဆင်ပြီး ကျောင်းတက်၊ စာသင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးက ဂုဏ်ပြု ချီးကျူးပြီး အားထားလေးစားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဖွင့်စမှာပဲ တက္ကသိုလ်ကျောင်းသားတိုင်း တန်းနိမ့်မြန်မာစာ မသင်မနေရလုပ်ဖို့နဲ့ ဂုဏ်ထူးတန်းများ ဖွင့်ဖို့ကို အားထုတ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ပုဂံကျောက်စာတွေကို ကိုယ်တိုင်သွားရောက်ကူးယူပြီး စာအုပ်တွဲ (၅) တွဲထုတ်ဝေ သင်ကြားပေးခဲ့ပါတယ်။ “မင်းတို့မှာ တက္ကသိုလ်သင်လောက်တဲ့ မြန်မာစာပေကျမ်းဂန်တွေ ရှိရဲ့လား” လို့ အင်္ဂလိပ်တွေ မေးတာကို တုံ့ပြန်တဲ့အနေနဲ့ သူကိုယ်တိုင်ကြီးမှူး အုပ်ချုပ်နေရတဲ့ ဘားနာဒ်အခလွတ် ပိဋကတ်တိုက်မှာ
ပေမူ ပုရပိုက်မူတွေနဲ့ ရှိနေတဲ့ မြန်မာစာပေကျမ်းဂန်တွေထဲက (၄၆) အုပ်ကို မြန်မာပညာရှိတွေ အကူအညီယူရင်း တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံး မြန်မာစာပေသမိုင်း ကျမ်း တစောင်လည်း ပြုစုထုတ်ဝေခဲ့ပါတယ်။ သူရဲ့မြန်မာစာဂုဏ်ထူတန်းကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ စတဲ့ ခေတ်ဆန်းစာပေသမားတွေကို မွေးထုတ်ရင်း အမျိုးသားကျောင်းတွေကို အခြေခံလာတဲ့ မြန်မာစာပေ သင်ကြား လေ့လာမှုကို တက္ကသိုလ် လက်ဆင့်ကမ်းယူ မြှင့်တင်ပေးခဲ့နိုင်ပါတယ်။

လွတ်လပ်ရေးခေတ်ဦးမှာ အရင်က မရှိဖူးသေးခဲ့တဲ့ စနစ်သစ် ကျောင်းသုံးမြန်မာဖတ်စာ၊ ကျောင်းသုံးပါဠိသဒ္ဒါ၊ မြန်မာသဒ္ဒါ၊ မြန်မာ ဝါကျဖွဲ့ထုံးကျမ်း စတဲ့ ကျောင်းသုံးစာအုပ်တွေကို ပြုစုပေးခဲ့ပေးပြီးနောက် အငြိမ်းစားယူပြီးတဲ့အခါမှာလည်း စာပေဗိမာန်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်၊ သက်ကြီးတက္ကသိုလ် စသည်တို့မှာ ကြီးမှူးအုပ်ချုပ်မှုတာဝန်တွေကိုလည်း ယူခဲ့ပါသေးတယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာ ဇာတကဝတ္ထုတွေ၊ ဇာတ်ကြီး (၁၀) ဘွဲ့တွေနဲ့ ဗုဒ္ဓဝင်စာပေတွေထဲက စာပေတွေ ထုတ်နုတ် ပြဋ္ဌာန်းပေးလို့ ခရစ်ယာန်တချို့ရဲ့ ငြိုငြင်ပုတ်ခတ်မှုတွေကို ခံခဲ့ရဖူးပါတယ်။ “မင်းတို့ခရစ်ယာန် သာသနာ ပြုရာမှာဖြစ်စေ၊ မြန်မာပြည်သူတွေကို အုပ်ချုပ်ရာမှာဖြစ်စေ၊ ဒါတွေမလေ့လာလို့ရှိရင် အောင်မြင်မှာမဟုတ်ဘူး။ မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတွေနဲ့ အဆင်ပြေချင်ရင် ဒါတွေကို မင်းတို့ကိုယ်တိုင် လေ့လာသင့်တယ်” လို့ပြောမှ ငြိမ်သွားခဲ့ကြပါတယ်တဲ့။

ဆရာကြီးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို နိုင်ငံရေးမှာ မပါဝင်ခဲ့ပေမယ့် အကြီးမြတ်ဆုံး မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီး တဦးအဖြစ်နဲ့ မြန်မာစာပေ၊ မြန်မာစကားတို့ကို စောင့်ရှောက်မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော မြန်မာပညာရေးကို ပဲ့ကိုင် မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော ဆောင်ရွက်ရာမှာ ထိပ်ဆုံးတန်းပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

သူကိုယ်တိုင် ဦးဆောင်ပါဝင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၁၀ နဲ့ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး အသင်း ၁၉၂၈ တို့ကနေ မြန်မာစာပေ၊ မြန်မာသမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတို့ကို သုတေသနပြုခြင်း၊ စာအုပ်ထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းအကျဆုံး သုတေသနဂျာနယ်အဖြစ် ထင်ရှားပါတယ်။ ဆရာကြီးကိုယ်တိုင် အသင်းဥက္ကဋ္ဌ၊ ဂျာနယ်အယ်ဒီတာ၊ ငွေထိန်း စသည်ဖြင့် တကြိမ်မက တာဝန်ယူခဲ့ရပြီး သူတပည့်များဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးမျိုးမင်း၊ ဒေါက်တာ ညီညီ၊ ဦးသော်ကောင်း၊ ဒေါက်တာ သန်းထွန်း စတဲ့ သုတေသီပညာရှင်များက ပခုံးပြောင်းတာဝန်ယူခဲ့ကြပါတယ်။ နောက်ဆုံးတိုးချဲ့ဖွဲ့စည်းတဲ့ စာအုပ်ထုတ်ဝေရေးအဖွဲ့ငယ်မှာ မောင်စွမ်းရည်လည်း ပါဝင်ခဲ့ရပေမယ့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ကိုယ်တိုင် တာဝန်ပေး၊ တည်းဖြတ်ထုတ်ဝေခိုင်းထားတဲ့ ဗုံကြီးသံကောက်စိုက်သီချင်းများ စာမူတောင် မထုတ်ဝေလိုက်ရဘဲ အသင်း
ဖျက်သိမ်း၊ ချိတ်ပိတ်ရာ သူ့စာမူပါသွားခဲ့ပါတယ်။ အသင်းဖျက်သိမ်းစေသူကတော့ ဗိုလ်နေဝင်းပဲဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ သူကျောင်းထုတ်ခံခဲ့ရတဲ့တက္ကသိုလ်၊ သူ့ပြိုင်ဘက်အုပ်စု ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ စသူတို့ မွေးထုတ် ပေးရာ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ မွေးထုတ်ပေးခဲ့ရာ တက္ကသိုလ်ကို အာဃာတထားပြီး တက္ကသိုလ်သမဂ္ဂ အသင်းကြီးကိုပါ ဖျက်ဆီးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆရာ မင်းသုဝဏ် စတဲ့တက္ကသိုလ်ဆရာ၊ ခေတ်စမ်းစာပေသမားတွေကို လည်း “ခရစ်ယာန်ကြီးဖေမောင်တင်ရဲ့တပည့်တွေ” အဖြစ်နဲ့ အငြိုးထားပါတယ်။ ဦးဖေမောင်တင်နဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း တည်ထောင်ခဲ့သူ သတိုးသီရိသုဓမ္မဘွဲ့ရ ဆရာကြီး ဖာနီဗယ်နဲ့ ဆရာကြီး လုစ်တို့ကိုလည်း CIA လို့ စွပ်စွဲပြီး တိုင်းပြည်က နှင်ထုတ်ခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံးတည်ထောင်သူ သခင်ဗသောင်း၊ သခင်လေးမောင် စတဲ့သခင်များနဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်စတဲ့ ကွန်မြူနစ်ပါတီ၊ ဖဆပလ၊ ဘီအိုင်အေ စတဲ့အဖွဲ့အစည်းတည်ထောင်သူတွေ အားလုံးဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်အစိုးရ အရာရှိကြီးတဦးဖြစ်ပေမယ့် တို့ဗမာအစည်းအရုံးက တပည့်တွေကို လစဉ်ငွေကြေးရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ ဘီအိုင်အေ ၀င်လာတော့လည်း ဗိုလ်အောင်ဆန်းတို့ကို ရန်ပုံငွေ ဆီးပြီး လှူခဲ့ပါတယ်။ ဒီတပည့်တွေထဲမှာ သူမပါဘူး။ ဒါတွေကြောင့် ဆရာကြီးကို ဗိုလ်နေဝင်း အငြိုးထားခဲ့ပုံရပါတယ်။ “ခရစ်ယာန်ကြီးဖေမောင်တင်” လို့ခေါ်ခဲ့တာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးဖို့ ဖြစ်ပုံရပြီး တကယ်တော့ သူကိုယ်တိုင်က ရတနာသုံးပါးနဲ့ အလွန်ဝေးလို့ ငါးပါးသီလတောင်ဖြောင့်အောင် ဆိုတတ်ပုံမရပါ။

ဆရာကြီး ဦးဖေမောင်တင်ဟာ အင်္ဂလိပ်အစိုးရခေတ်မှာ အင်္ဂလိပ်အရာရှိကြီး ဖြစ်လာပေမယ့် အခြေခံကျောင်းသားဘဝ ကတည်းက အင်္ဂလိပ်အရာရှိတွေကို လက်အုပ်ချီနှုတ်ဆက်ရမယ်ဆိုတဲ့ အမိန့်ကို ဦးဆောင်ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလန် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း မြန်မာအသင်းမှာ အင်္ဂလိပ်ဘုရင်ခံဟောင်းတဦး ဟာဗေးအဒမ်ဆင်နဲ့ ဥက္ကဋ္ဌ ရာထူးမှာ ယှဉ်ပြိုင်အနိုင်ယူခဲ့လို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးဖြစ်တော့လည်း အင်္ဂလိပ်လူမျိုး ရူပဗေဒပါမောက္ခ မစ္စတာ ပီးကော့ဟာ လက်တွေ့စမ်းသပ်ခန်း လက်ထောက်မြန်မာတဦးကို လက်သီးနဲ့ထိုးလို့ အရေး ယူခဲ့ရာမှာ ပါမောက္ခကြီးဟာ အလုပ်ကနုတ်ထွက်ပြီး အင်္ဂလန်ပြန်ပို့ခံရပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေကို အန်တုအရေးယူရဲတဲ့ အပြုအမူဟာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။

သာသနာရေး ရှုထောင့်ကကြည့်ရင် သူ့ခေတ်မှာ အလွန်နည်းပါးလှတဲ့ ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်တွေထဲမှာ သူ့လောက် (ဦးဖေမောင်တင်) ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ဆရာကြီးဟာ အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ်၊ ဓမ္မစင်္ကြာသုတ်၊ အနတ္တလက္ခဏသုတ် ကအစ ရွှေတိဂုံဘုရားရှိခိုးအထိ အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး အမေရိကန် တက္ကသိုလ်တခု (ချီကာဂို) မှာ ဗုဒ္ဓစာပေကို ၁၉၅၇-၁၉၅၉ မှာ ပို့ချရင်းက တခြားတက္ကသိုလ်များကိုပါ သွားရောက် ဟောပြောခဲ့ဖူးပါတယ်။ လန်ဒန်ပါဠိအဖွဲ့ကြီးရဲ့မြန်မာပြည်ကိုယ်စားလှယ်အဖြစ်နဲ့ ပါဠိပါမောက္ခဖြစ်စကနေ ၁၉၇၂ ခုနှစ် ကွယ်လွန်ခါနီးအထိ ပါဠိအဋ္ဌကထာအတွဲ (၅၀) ထုတ်ဝေရေးမှာလည်း တည်းဖြတ်သူ (အယ်ဒီတာ) အဖြစ် တာဝန် ပေးခံရသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူများကပါ ဗုဒ္ဓစာပေပညာရှင်အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။ ဆရာကြီး လန်ဒန်တက္ကသိုလ်ကျောင်းသားဘဝက ဝိသုဒ္ဓိမဂ်ဘာသာပြန်လို့ ရခဲ့တဲ့ ဆုငွေကိုတောင် ကိုယ်တိုင်မချမ်းသာပဲနဲ့ ပါဠိကျမ်းစာအသင်းကို အားလုံးလှူခဲ့ပါတယ်။

ဆရာကြီးဟာ အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရေးအတွက် လိုအပ်တဲ့ကျောင်းသုံးစာအုပ်အမျိုးမျိုးကို ပြုစုထုတ်ပေး ခဲ့သူ၊ မြန်မာစာပေနဲ့ မြန်မာသမိုင်း၊ မြန်မာဘာသာဗေဒ လေ့လာရေးတို့မှာ လမ်းခင်းပေးခဲ့သူ၊ ၁၉၂၀ အမျိုးသားပညာ ရေးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသားကျောင်းထွက် လူငယ်တွေကို တက္ကသိုလ်က ဆီးကြိုပြီး မြန်မာစာပေ သင်ယူ လေ့လာမှုကို မြှင့်တင်ပေးရင်း ခေတ်စမ်းစာပေဆိုတဲ့ မြန်မာစာပေသစ်ကဏ္ဍတခုကို မွေးထုတ်ပေးခဲ့သူ၊ ဗုဒ္ဓစာပေ၊ ပါဠိစာပေ ကမ္ဘာဖြန့်ရာမှာ ရှေ့တန်းကပါဝင်ခဲ့သူ မြန်မာ့ကျေးဇူးရှင် မျိုးချစ်ပုဂ္ဂိုလ်ကြီးစင်စစ် ဖြစ်ပါတယ်။

ဆရာကြီးက မြန်မာစာပေသမိုင်းကို ဟောပြောပို့ချရာမှာ “ငါတို့စာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ” လို့ ရာဇကုမာရ်ကျောက်စာကို လက်ညှိုးထိုးပြီး ဖော်ထုတ်ပြောဆိုလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ မြန်မာစစ် အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းရဲ့ကျေးဇူးကန်းတာကို ခံရင်း ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ဆရာကြီး ဦးဖေမောင် တင်ဟာ ၁၉၃၆ ကိုနု၊ ကိုအောင်ဆန်း၊ မအမာ၊ မအုန်းတို့ရဲ့သပိတ်အပြီး၊ ၁၉၃၇ မှာ မြန်မာထဲက ပထမဆုံး တက္ကသိုလ် ကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ မအောင်မြင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ဖူးမှာပါ။ ဒီလိုကျေးဇူးကန်းတဲ့ တပည့်မျိုးတွေ မပေါ်ပေါက်အောင် ကျနော်တို့ခေတ်ရဲ့တာဝန်ဖြစ်နေပါပြီ။
ခေတ်သစ်မြန်မာစာပေသမိုင်းမှာ ကျေးဇူးသိခြင်းတရားနဲ့ပဲ မွှမ်းထုံပါစေသတည်း။ ။

By NEJ


ဖိုးမောင်စိတ်ဓါတ် အဓွန့်ရှည်ပါစေ

ငြိမ်းဝေ
တနင်္လာနေ့၊ စက်တင်ဘာလ 29 2008 18:28 - မြန်မာစံတော်ချိန်


(က)

၁၉၇၃ - ခုနှစ်ကပါ ...။ "ရေဦး" ဆိုတဲ့ တံငါရွာကလေးတရွာမှာ ရွာငှါး ကျောင်းဆရာလုပ်ခဲ့စဉ်တုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတခုပါ။ ဒီတုန်းက ကျနော်က ဘုန်းကြီးကျောင်းမှာ ကပ်နေပြီး၊ စပါးနဲ့ငှါးတဲ့ ရွာငှါးကျောင်းဆရာလုပ်နေတဲ့အချိန် "မောင်ထူးရှင်" ဆိုတဲ့ ကျောင်းသားလေးနဲ့ဆုံခဲ့ကြပါတယ်။ ကျောင်းရန်ပုံငွေ ရဖို့ အတွက် စပါးလိုက်ရိတ်ကြရင်းက "မောင်ထူးရှင်" ပိုးထိပါတယ်။ ပိုးထိထားတဲ့ "မောင်ထူးရှင်" က သူ့ကို ပိုးထိ လိုက်တဲ့အခါ သူ့ဘေးမှာကပ်ပြီးရပ်နေတဲ့ ကျနော့်ကို နောက်ကိုဆုပ်ဖို့ ပြောပါတယ်။သူနဲ့ရင်ဘောင်တန်းပြီး ရပ်နေကြတဲ့ ကျောင်းသားတွေအားလုံး နောက်ကို ဆုပ်ခိုင်းပါတယ်။ ပြီးတော့မှ သူ့ခြေ ထောက်အောက်က မြွေပွေးကို တံစဉ်နဲ့ဖြတ်၊ အဲဒီ မြွေပွေးက ပေါက်ထားတဲ့ မြွေပွေးအသေးလေးတွေကို တံဇဉ် အနှောင့်နဲ့လိုက်ထု ...။ ပါးစပ်ကလည်း ကျန်တဲ့ကျောင်းသားတွေ ကန်သင်းရိုးပေါ် တက်နေကြဖို့ပြော။ သူက သူ့နေရာတ၀ိုက်ကို စပါးပင်တွေဖြဲပြီး တံဇဉ်နဲ့လိုက်ထု၊ ဖနောင့်နဲ့ပေါက် လုပ်နေတော့ သူ့ကို ပိုးထိထားတယ်လို့ ဘယ်သူမှ မထင်ဘူးပေါ့။ ကျနော်တို့အားလုံး ကန်သင်းရိုးပေါ်ရောက်ပြီး သူ့ကို ၀ိုင်းကြည့်နေတုန်း စပါးတောထဲ သူ ပစ်ပြီး လဲကျသွားမှ သူ့ကို ပိုးထိလိုက်ပြီဆိုတာ သိကြရတာ။ ကျနော်က ဘယ်ကျောင်းသားမှ လယ် ကွက်ထဲ မဆင်းစေပဲ သူ့အနားကို ကျနော်တယောက်ထဲ ပြေးဆင်းလိုက်တော့ "မောင်ထူးရှင်" က သတိတော့ မလစ်သေးဘူး။ လဲနေရာက လူးလဲထပြီး ကျနော့်ကို သူ့အနားမလာဖို့ ပြောနေသေးတယ်။ သူ့အနားကို ဇွတ်တိုး လာတဲ့ ကျနော့်ကို စကားတခွန်းနှစ်ခွန်းပြောနိုင်သေးတယ်။ "မောင်ထူးရှင်" နောက်ဆုံးပြောသွားတဲ့ စကားက ကျနော်တို့အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတယ်။ "ကျနော့်ကို ပိုးထိထားပြီးပြီ၊ ငုံ့ကြည့်တော့ သားပေါက်ကလေးတွေ အထွေးလိုက်ပဲ ...၊ ဒါနဲ့ပဲ တခြားလူတွေ အကိုက်ခံရမှာစိုးလို့ တကောင်မကျန် ကျနော် လိုက်သတ်နေရသေးတယ်၊ ကျနော် အိပ်ချင်တယ် ဆရာလေး" ဆိုပြီး "မောင်ထူးရှင်" လည်း ကျနော့်လက်ပေါ်မှာ ထာဝရအိပ်ပျော်သွားခဲ့တယ်။





"မောင်ထူးရှင်" က အင်းစာရင်းငှါးတဦးရဲ့သား။ အမေ မရှိဘူး။ ဆင်းရဲလိုက်တာလည်း မပြောပါနဲ့တော့။ ပြီးတော့ ကျနော်နဲ့အတူ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစား။ သူ အခုလို ပိုးထိပြီးဆုံးတော့ ရွာသား တချို့က သူ့အဖေကို မြှောက်ပေးလို့ ဒိုင်နယ်ရုံးမှာ ကျနော်က တရားရင်ဆိုင်ရသေးတယ်။ ဒီလို ဘေးဥပါဒ် အန္တရာယ်ရှိတဲ့အလုပ်ကို ဘာပြုလို့ ကျနော်က ကလေးတွေကို လုပ်ခိုင်းရသလဲပေါ့။ ကျနော့်ဖက်က လိုက်ပါပြော ဆိုကြတဲ့ ကျောင်းသားမိဘတွေလည်း ရှိပါတယ်။ ကျနော်ကတော့ ဘာမှ မခုခံခဲ့ဘူး။ တရားဥပဒေအရသာ လုပ်ဖို့ ခေါင်းထိုးပြီး ရင်ဆိုင်ခဲ့တယ်။ "မောင်ထူးရှင်" အတွက် ကြေကွဲရတာပဲ ကျနော်သိတယ်။ နောက်ဆုံးတော့လည်း "မောင်ထူးရှင်" ရဲ့ ဖခင်က အမှုကို ပြန်လည်ရုပ်သိမ်းပြီး တခြားရွာကို ပြောင်းသွားပါတယ်။ ကျနော့်မှာတော့ ပိုးထိပြီး လဲကျသွားတဲ့ "မောင်ထူးရှင်" ကို မေ့လို့မရနိုင်ဘူး။ သူ နောက်ဆုံးပြောခဲ့တဲ့ စကားတွေကို နားထဲက မထွက်နိုင်ဘူး။ "မောင်ထူးရှင်" ဟာ ကျနော့်အတွက်တော့ တကယ့်ကို အညတြသူရဲကောင်းဖြစ်ခဲ့တော့တာပေါ့။


(ခ)

ခေတ်စမ်းစာဆိုကြီး "မင်းသုဝဏ်" မှာ အများအတွက် အနစ်နာခံသူ၊ အများအတွက် အသက်ပေးဖို့ ၀န်မလေးသူ နှစ်ဦးကို အဓိက ဇာတ်ကောင်ထားပြီး ဖွဲ့တဲ့ကဗျာ (၂) ပုဒ် ရှိပါတယ်။ (၂) ပုဒ်စလုံး နာမည်အလွန်ကြီးပါ တယ်။ "ဖိုးမောင်လာပြီ" ဆိုတဲ့ ကဗျာနဲ့ "သူ့မှာတမ်း" ဆိုတဲ့ ကဗျာ (၂) ပုဒ်ပါ။

ကျနော်ကတော့ ကျနော့်အထွာ၊ ကျနော့် နှလုံးသာ်းအခံအပေါ် မူတည်ပြီး "ဖိုးမောင်လာပြီ" ကဗျာကို ပိုပြီးနှစ်သက်တယ်။ ပိုပြီးခံစားရတယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီကဗျာထဲက အဓိကဇာတ်ကောင် "ဖိုးမောင်" က သာမာန်အညတြပုဂ္ဂိုလ်တယောက် ဖြစ်တာရယ်၊ ကျနော့် သူရဲကောင်း "မောင်ထူးရှုင်" နဲ့လည်း တူတယ်ထင်လို့ "ဖိုးမောင်လာပြီ" ကဗျာကို ပိုပြီး နှစ်သက်ခံစားလို့ရတာပါ။

"ဖိုးမောင်လာပြီ" ကဗျာမှာ ကဗျာ့ပရိယာယ်တွေ၊ အပြောနဲ့ အပြတွေကလည်း "သူ့မှာတမ်း" ကဗျာထက် ကျနော့်ကိုပိုပြီး စွဲဆောင်နိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် အပြောနဲ့ အပြ နှစ်ခုစလုံးရောပြီး ဖော်ပြထားတဲ့ "ဖိုးမောင်" ရွာကို ၀င်လာတဲ့ အခန်း၊ ဖိုးမောင်နဲ့ ဓါးပြတွေ မတွေ့ခင်၊ ဖိုးမောင်ကို ဓါးပြ တွေက မသတ်ခင်၊ ဖိုးမောင် ဓါးပြတွေ အသတ်ခံရတဲ့ည၊ ဖိုးမောင်ရွာကို ပြန်လာတတ်တဲ့ အချိန် ... အဲဒီအချိန် ကလေးကို ဖော်ပြတဲ့အခန်း၊ ပြီးတော့ ဖိုးမောင်က အော်ဟစ်သတိပေးလို့ တရွာလုံး မောင်းထုအော်ဟစ်ကြတဲ့အခန်း ...၊ အဲဒီ ကဗျာပိုဒ်တွေဟာ ၀ဏ္ဏတခုချင်းစီ အရကော၊ ပါဒ တကြောင်းစီအရပါ အင်မတန်ထိရောက်၊ တိကျ၊ ကျစ်လစ်၊ အားကောင်းတာတွေ့ကြရပါတယ်။


ဖိုးမောင့်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်

ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား၊ တစ္ဆေလား။

နောက်ထပ်တပိုဒ်က ...၊

ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

နောက်ထပ်တပိုဒ် ...၊

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တံခါးဝင်လို၊ သူ မဆိုဘဲ

"မောင်းကိုထုပါ၊ လူစုပါဟေ့၊

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊

ဓါးပြငါ့အား၊ ဖမ်း၍ထား" ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။



ဒီကဗျာ (၃) ပိုဒ်ဟာ၊ ကဗျာ့ဇာတ်ကောင်တွေရဲ့လှုပ်နေတဲ့ စရိုက်တွေကို ပေါ်အောင်ဖွဲတဲ့ အပိုဒ်တွေပါပဲ။ ဇာတ်ကောင်တွေရဲ့ အလှုပ်အရှားအပေါ် မူတည်ပြီး ကဗျာဖတ်သူကို စိတ်မျက်စေ့နဲ့ မြင်နိုင်အောင်ဖွဲ့တဲ့ ကဗျာပိုဒ်တွေပါ။ ဒီကဗျာပိုဒ်တွေကို အားယူပြီး "ဖိုးမောင်" ရဲ့ ကြေကွဲဖို့ ကောင်းတဲ့ ဇာတ်လမ်းနဲ့ ဂုဏ်ပြုဖို့ကောင်းတဲ့ ဖိုးမောင့်စိတ်ဓါတ်ကို ကဗျာဖတ်သူတွေရဲ့ ရင်ထဲအရောက် ပို့လိုက် တာပါ။

သာမာန်အားဖြင့် ကြည့်ရင်တော့ "ဖိုးမောင်လာပြီ" ကဗျာဟာ ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးတခုကို ပုံပြင်ဆန်ဆန် ပြောပြတဲ့ ကဗျာပါပဲ။ ဒါပေမယ့် ကဗျာဖတ်သူက ဖြည့်ပြီး တွေးရမယ့် မြှုပ်ထားတဲ့ကိစ္စတွေ၊ ကဗျာဖတ်သူက ဆင့်ပွားပြီး တွေးယူရမယ့် ဂယက်အနက်တွေကတော့ တတောတတောင်လုံး နှံ့အောင် လိုက်တွေးလို့ရနိုင်မလားပဲ။

"ဖိုးမောင်" ဟာ သာမာန်ဆင်းရဲသား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ရွာသာလေးတဦးပါ။ ကဗျာထဲမှာ ဖော်ပြမထားတော့ သူ့မှာ မိဘနှစ်ပါးမှ ရှိသေးရဲ့လား။ ရှိရင်လည်း အသက်အရွယ်ကြီး ရင့်ကြသူတွေ၊ ဒါမှမဟုတ် ကျန်းမာရေး ချွတ်ယွင်းကြသူတွေ၊ ဒါမှမဟုတ် မိစုံဖစုံမှ ရှိရဲ့လား။ ဖားရှာငါးရှာပြီးမှ အသက်မွေးဝမ်းကျောင်းရတဲ့ သူ ...။ ဖိုးမောင်ရဲ့ ဆန်တွင်းဟာ သူများတကာထက် ပိုပြီး နက်မှာကတော့ သေချာပြီပေါ့။ ဒါကြောင့်မို့ "ဖိုးမောင်" ဆိုတာ ရွာမှာ လူရာဝင်တဲ့ အနေအထားဘယ်ရှိနိုင်ပါ့မလဲ။ ဖိုးမောင်လို ဆင်းရဲသားလူငယ်တယောက်၊ ရွာမှာ မရှိရင်လည်း ဘာမှပိုပြီး မထူးခြားနိုင်လောက်အောင် ... တကယ့်ကို အရေးမပါ အရာမမြောက်တဲ့ လူတယောက်။ လူတွေဟာ ဖားရှာငါးရှာစားရတဲ့ "ဖိုးမောင်" ကို ဘယ်ဂရုစိုက်ကြမှာလဲ။ ဘယ်ကွမ်းတောင်ကိုင်၊ ဘယ် ပိုက်ဆံ ရှိသူ၊ ဘယ်မိသားစုကမှ "ဖိုးမောင်" ကို "ထမင်းလာစားလှည့်ဦး" လို့ တကူးတကန့်ထမင်းဖိတ်ကျွေးကြသူ ရှိပါ့မလဲ။

"ဖိုးမောင်" က ကင်းသမားတွေနဲ့တော့ အဆင်ပြေအောင် ဆက်ဆံထားပုံရပါတယ်။ညကြီးမင်းကြီး အချိန်မတော် ရွာကိုပြန်လာတဲ့ "ဖိုးမောင်" ကို၊ ကင်းသမားတိုင်းက မလွယ်ပေါက်ကို အသာဖွင့်ပေးဖို့ ၀န်မလေး ကြဘူး။ ဖိုးမောင်ရဲ့ဘ၀ဟာ ဆင်းရဲပါတယ်။ ရိုးစင်းပါတယ်။ မထူးခြားဘူး။ မထင်ရှားဘူး။ မကြီးမားဘူး။

တညမှာတော့ ရွာကိုကပ်ပြီး ဓါးပြတိုက်ဖို့ ချောင်းနေကြတဲ့ ဓါးပြတသိုက်နဲ့ ငါးရှာပြီး ပြန်လာတဲ့ ဖိုးမောင် တို့ ရွာဘေးမှာ ပက်ပင်းတိုးတော့ "ဖိုးမောင်" ကို ဖမ်းထားကြတာပေါ့။ တကယ်တော့ ဓါးပြတွေက "ဖိုးမောင်" ကို တမင်သက်သက်လာစောင့်ပြီး ဖမ်းကြတာပါ။ သူတို့က အချိန်မတော် ရွာတံခါးပွင့်ဖို့ဆိုရင် "ဖိုးမောင်" ရဲ့ အကူအညီရမှ ၀င်လို့ရမယ်ဆိုတာ စုံစမ်းထားပြီးသား။ ကင်းသမားက ဖိုးမောင်ဆိုရင် မလွယ်ပေါက်ကို ဖွင့်ပေးနေကြဆိုတာ ဓါးပြတွေက သိထားတော့ ဖိုးမောင်ကိုဖမ်းပြီး တံခါးဖွင့်ပေးဖို့ ဖိုးမောင်ကို ပြောကြတာပေါ့။ ပြောမပေးဘူးဆိုရင် သတ်ပစ်မယ်လို့ ဖိုးမောင်ကို ခြိမ်းခြောက်ကြတာပေါ့။ "ဖိုးမောင်" ဟာ ဓါးပြတွေက ကြိုးနဲ့တုတ်ပြီး ဖမ်းခံထားရတဲ့အချိန် ဘာတွေတွေးနေ ခဲ့သလဲ။ ပထမတော့ သူ့အသက်လွတ်အောင် ရွာတံခါးဖွင့်ပေးဖို့ ပြောလိုက်မယ်ဆိုတဲ့ စိတ်ကူးရှိမယ်။ ပြီးတော့ သူ့ကို ချည်ထားတဲ့ကြိုးကို ပြေအောင် ဘယ်လိုဖြေရပါ့မလဲလို့ တွေးကောင်းတွေးမယ်။ ဒါမှမဟုတ် သူ့ကိုကြိုးနဲ့တုတ်ထားတာ အရေးမကြီးဘူး၊ ရွာကို ဒီည ဓါးပြတိုက်တော့မယ့်ကိစ္စ၊ ရွာသားတွေသိရအောင် သူဘယ်လိုလုပ်ရပါ့မလဲလို့လည်း တွေးမိလိမ့်မယ်။ ရွာအတွက် စိတ်ပူလိမ့်မယ်။ အချိန်တိုအတွင်းမှာ သူဟာ ဆုံးဖြတ်ချက်ချရလိမ့်မယ်။ အဲဒီနောက် "မောင်းထုကြ၊ လူစုကြ၊ ဓါးပြတွေ ရွာကို ၀ိုင်းထားပြီ၊ ငါ့ကိုလည်း ဖမ်းထား ပြီဟေ့" လို့ အကြိမ်ကြိမ်အော်တော့တယ်။ ဖိုးမောင်ဟာ သူဒီလိုအော်ရင် သူ့ကို ဓါးပြတွေက ထုကြ ထောင်းကြ သတ်ကြမယ်ဆိုတာ ကြိုပြီး သိထားပြီးသားပါ။ သူ့မှာကြောက်စိတ်မရှိတော့ဘူးလား။ သူက ရွာကို သတိမပေးပဲ ထားလိုက်ရင် ရွာကို ဓါးပြတိုက်ခံရပေမယ့် သူ့အသက်တော့ လွတ်နိုင်တယ်ဆိုတဲ့ အတွေးကို သူ မတွေးတတ်ဘူး တဲ့လား။ သူ့အသက်ကို သတ်ချင်သတ်ပါစေ၊ ရွာကိုတော့ ဓါးပြရန်က ဝေးရင်ပြီးတာပဲဆိုတဲ့စိတ်ကို သူဘယ်လို လုပ်ပြီး တွေးနိုင်ခဲ့တာလဲ။ အဲဒီ တချိန်ထဲမှာပဲ ဆင်းရဲသားနင်းပြားသူ့ဘ၀ကို သူတွေးမိပြီး၊ တရွာလုံးက ငါ့ကို ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပဲ။ ငါက ဘာပြုလို့ ရွာကို ကာကွယ်နေတော့မလဲ၊ ငါ့အသက်လွတ်ရေးကိုပဲ ဦးစားပေးရမှာပေါ့ဆိုတဲ့ အတွေးကော မတွေးနိုင်ခဲ့ဘူးလား။

ဒီလိုနဲ့ ရွာကို အော်ဟစ်သတိပေးလို့ ဓါးပြတွေက "ဖိုးမောင်" ကို သတ်ပစ်လိုက်ကြပါပြီ။ ဖိုးမောင်ရဲ့အော်သံကြားလို့ ရွာသားတွေ မောင်းထု လူစုနိုင်ကြပြီ။ ရွာဟာ ဓါးပြ ရန်က ဝေးခဲ့ပါပြီ။ ဒီအခါကြတော့ ရွာသားတွေအားလုံး ဖိုးမောင့်ကျေးဇူးကို အထူးပြုကြရပြီပေါ့။ ဖိုးမောင်ရဲ့ စိတ် ဓါတ်ကို အသိအမှတ်ပြုကြပြီပေါ့။ ဖိုးမောင်ရဲ့ ကိုယ်ကျိုးစွန့်နိုင်တဲ့ သတ္တိကို လေးစားကြရပြီပေါ့။ ဖိုးမောင်ဟာ ဒီအခါကြတော့ သာမာန်လူထဲက လူတယောက်မဟုတ်တော့ဘူး။ ဖိုးမောင်ဟာ ရွာကို ဓါးပြဘေးက ကင်းဝေးဖို့ ဆိုရင် သူ့အသက်ကိုတောင် စွန့်လွှတ်ပြီး ကာကွယ်ဖို့ ၀န်မလေးတဲ့သူ။ ဖိုးမောင်ဟာ သူ့အသက်ကိုရင်းပြီး ရွာကောင်းကျိုး ရပ်ကောင်းကျိုး ဆောင်ရွက်သွားခဲ့သူ။ ဖိုးမောင်ဟာ သူရဲကောင်း ...။

ဖိုးမောင် ဒီလို အနစ်နာခံဆောင်ရွက်ခဲ့တာဟာ ရွာထဲက သူကြိတ်ပြီး ပိုးပမ်းခဲ့ရတဲ့ ကွမ်းတောင်ကိုင် မလေးအတွက် မဟုတ်ဘူး။ ရွာက ပိုက်ဆံရှိ လူချမ်းသာ ရွာ့မျက်နှာဖုံး "ဦးလာဘ" အတွက် မဟုတ်ဘူး။ တချိန် လုံး သူ့ကို လူလိုသူလို မဆက်ဆံခဲ့တဲ့ ရွာသူကြီး "ဦးစံတင့်" ဆီက မျက်နှာသာလေး ရလိုရငြား သူ ဒီလိုလုပ်ခဲ့ တာမဟုတ်ဘူး။ သူ့ရည်ရွယ်ချက်က၊ သူ့စေတနာက ပုဂ္ဂလကိစ္စ၊ ပုဂ္ဂလအကျိုးမဟုတ်ဘူး။ ဒီတော့ "ဖိုးမောင်" ဟာ ရွာအတွက်တော့ တကယ့်ကို ကျေးဇူးရှင်ဖြစ်ပြီပေါ့။ ရွာရဲ့ သူရဲကောင်းဖြစ်ပြီပေါ့။ ရွာရဲ့ စံပြပုဂ္ဂိုလ်ပေါ့။ ဒီလိုနဲ့ "ဖိုးမောင်" ကို ရွာက မမေ့နိုင်ြ့တော့ဘူး။


"မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

"ဖိုးမောင်လာပြီ" ဆိုဆဲပင် ...ပေါ့။"

ဆရာကြီး မင်းသုဝဏ်ရဲ့ "ဖိုးမောင်လာပြီ" ကဗျာဟာ တကယ့်ကို အလွမ်းဇာတ်ပါ။ ဒါပေမယ့် မဟာဆန် လွန်းတဲ့ အလွမ်းဇာတ်တခု။ ကြီးမြင့်ဂုဏ်ထယ်လွန်းတဲ့ လူသားတယောက်ရဲ့ မဟာအလွမ်းဇာတ်။



(ဂ)

"ဖိုးမောင်လာပြီ" ကဗျာထဲက "ဖိုးမောင်" ဟာ သာမာန်အညတြလူတယောက်။ ကျနော့်အတွေ့အကြုံ ထဲက "မောင်ထူးရှင်" ဟာလည်း သာမာန်လူတယောက်။ သူတို့နှစ်ယောက်ဟာ လူသားတွေအတွက် ရတနာတွေ ချန်ပေးမထားနိုင်ခဲ့ဘူး။ ပညာဗဟုသုတတွေ ချန်မထားနိုင်ခဲ့ဘူး။ "မြင့်မြတ်လေးနက်တဲ့ မဟာလူသားစိတ်ဓါတ်" တခုတည်းကိုပဲ ချန်ထားပြီး ဘ၀ကူးပြောင်းသွားခဲ့ကြတာပါ။

ရွာတရွာမှာ ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက်တော့မယ်ဆိုရင် ဘေးဒုက္ခအန္တရာယ်တခုခု ကျရောက် နေပြီဆိုရင် "ဖိုးမောင်" တို့ "မောင်ထူးရှင်" တို့လို လူတွေ၊ ပေါ်လာတတ်ပါတယ်။ "ဖိုးမောင်" တို့ "မောင်ထူးရှင်" တို့လို လူတွေပေါ်ပေါက်လာအောင်လည်း ကြိုးစားသင့်ပါတယ်။ "ဖိုးမောင်" တို့ "မောင်ထူးရှင်" တို့ရဲ့ စိတ်ဓါတ်မျိုး ရွာက လူတွေ ထားနိုင်အောင်ပြောဆိုဆွေးနွေး၊ နွေးထွေးနေသင့်ပါတယ်။

ဟိုး ... လွန်ခဲ့တဲ့ ၁၉၇၃-ခုနှစ်တုန်းက၊ လက်တင်အမေရိကနိုင်ငံတခုဖြစ်တဲ့ ချီလီနိုင်ငံမှာ တိုင်းပြည်က ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ "အာယန်ဒေး" အစိုးရကို ချီလီစစ်ဗိုလ်ချုပ်ကြီး "ပီနိုချေး" က၊ လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းခဲ့ပါတယ်။ ဒီတုန်းက ကျန်းမာရေးချို့ယွင်းနေတဲ့ နိုဗယ်ဆုရှင်ကဗျာ ဆရာကြီး "ပက်ဘလိုနဲရူဒါ" က "ဖက်ဆစ်တွေတက်လာပြီ အသင့်ပြင်ကြ" ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။ ချီလီ ပြည်သူတွေကို စစ်ဝါဒီတွေ တက်လာပြီ သတိရှိကြ၊ လက်မခံကြနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောခဲ့တာပါ။

အခုလည်းပဲ ဆရာကြီး မင်းသုဝဏ်ဟာ "ဖိုးမောင်လာပြီ" ကဗျာကို ၁၉၆၂ -ခု၊ ဒီဇင်ဘာလမှာ ရေးခဲ့ တာပါ။ တိုင်းပြည်က ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ စစ်ဝါဒီတွေက အဓမ္မအာဏာသိမ်းယူတဲ့ ၁၉၆၂ -ခုနှစ်ထဲမှာ ဒီကဗျာကို ရေးတာပါ။ ဒါဟာ တိုင်းပြည်အပေါ် နှစ်ပေါင်းများစွာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တော့မယ် စစ်ဝါဒီတွေရဲ့ အန္တရာယ်ကို ကျနော်တို့ ပြည်သူတွေ သိမြင်နိုင်ကြဖို့ တမင်ရေးဖွဲ့ခဲ့တာလို့ကော မဆိုနိုင်ပေဘူးလား ...။ စစ်ဝါဒီတွေရဲ့ ရန်က အသက်စွန့် ပြီး အကာအကွယ်ပေးမယ့် ပြည်သူ့သူရဲကောင်းတွေ ပေါ်ပေါက်ဖို့ သူရဲကောင်းတွေ ရှေ့ထွက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်တဲ့သဘောလို့ကော မပြောနိုင်ဘူးလား။

တရပ်လုံး တရွာလုံး အခုလို စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခမျိုးစုံကြုံတွေ့နေကြရတဲ့အချိန်မှာတော့ ဖိုးမောင်လို လူမျိုးတွေ ပေါ်ပေါက်လာဖို့၊ ဖိုးမောင့်စိတ်ဓါတ်မျိုး ပြန့်ပြားထွန်းကားဖို့ အမှန်တကယ်လိုအပ်တယ် ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ။


ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်

"ဖိုးမောင်လာပြီ" ဆိုကြသည်။


ဟောင်သံရပ်၍

ထက်ကြပ်ပေါ်လာ၊ အသံမှာကား

"ညခါငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင်ချောင်းက ပြန်ခဲ့ပြီ" ။

ဖိုးမောင့်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင်အုပ်ဆောင်း၊ ၀ဲတက်ချောင်းနှင့်

ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ

တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌

သူလျှင်ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများတို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။


ဆောင်းတစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တခါးဝင်လို၊ သူ မဆိုဘဲ

"မောင်းကိုထုပါ၊ လူစုပါဟေ့၊

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊

ဓါးပြငါ့အား၊ ဖမ်း၍ထား" ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်

ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍

ပဲတင်ထပ်ကာ၊ ဟည်းလျက်ပါတည့်

ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

"ဖိုးမောင်လာပြီ" ဆိုဆဲပင်။ ။



၅ - ၁၂ - ၆၂

မြ၀တီ မဂ္ဂဇင်း

ဇန်န၀ါရီ၊ ၁၉၆၃။



ငြိမ်းဝေ

ကိုးကား။ ။ ပိတောက်ပွင့်သစ်၊ ဇူလိုင်၊ ၂၀၀၇
(ဆရာကြီးမင်းသုဝဏ် မွေးနေ့ရာပြည့် အကြိုအထိမ်းအမှတ်)

၂၉.၀၉.၂၀၀၈သတင်း

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ် အရေးပေါ် ဆေးရုံတင်ရ
NEJ/ ၂၉ စက်တင်ဘာ ၂၀၀၈။ ။

အသက် ၉၂ နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ်သည့်အတွက် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။

သခင်သိန်းဖေသည် မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် ဝေဖန်အကြံပြုခဲ့သူတဦးလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေခဲ့သည်။

By NEJ

ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်
NEJ/၂၉ စက်တင်ဘာ ၂၀၀၈။ ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။

“ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာမကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးကို အကာအကွယ်ယူတဲ့ သဘောပါ” ဟု တာဝန်ကျ စည်ပင်ရဲတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက် နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်တွင် မြို့တော်ခန်းမ မျက်နှာစာတည့်တည့်ရှိ မဟာဗန္ဓုလပန်းခြံအနီး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့တော်ခန်းမတွင်းသို့ မည်သည့် လက်ကိုင်အိတ်ကိုမျှ ယူဆောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံမှ မြို့တော်ခန်းမသို့ အလုပ်ကိစ္စဖြင့်လာသူ အမျိုးသမီးတဦးက “ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ဘာလေး ထည့်လာတော့ ပိုက်ဆံအိတ်ကတော့ ပါတာပေါ့ရှင်၊ အခုဟာက ပိုက်ဆံအိတ်ကိုတောင် မယူရဘူးဆိုတော့ လွန်အားကြီးပါတယ်။ အခု လာတာက လေလံပေးမယ့် ကိစ္စရပ်တွေအတွက် သိချင်တာတွေကို စီမံဌာနမှာ စုံစမ်းနိုင်တယ်ဆိုလို့ လာတာပါ၊ ဒီနေ့တော့ ပိုက်ဆံအိတ်ပါလာတော့ ၀င်လို့ မရဘူးလေ။ မနက်ဖြန်မှပဲ လာပေါ့တဲ့” ဟုပြောသည်။

(၂၅) ရက်ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစတင်ကာ မြို့ တော်ခန်းမ ဘေးပတ်လည်ရှိ ပလက်ဖေါင်းများကို ပြန်လည် ပြင်ဆင်နေကြောင်း၊ မြို့ တော် ခန်းမတွင် CCTV လုံခြုံရေး ကင်မရာ (၉) လုံးတပ်ဆင်ထားပြီး စည်ပင်ရဲများအား ခန်းမဘေး ပတ်လည်တွင် ချထားကြောင်း မျက်မြင်များက ပြောသည်။

အနက်ရောင်ဝမ်းဆက်ဝတ်ထားသည့် မျက်နှာဖုံးမှန်ကာ ဦးထုပ်များနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးရဲကွန်မင်ဒိုများ၊ အပြာဝမ်းဆက် လည်ပတ်အနီများနှင့် လုံထိန်းများ၊ အပေါ်မီးခိုး အောက်အပြာဝတ်ထားသည့် ပုံမှန်ရဲများကိုလည်း ရန်ကုန်မြို့ နေရာအနှံ့တွင် လုံခြုံရေးချထားကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

By NEJ

သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀)ခန့်ကို အန္တရာယ်ပြုနေ
ပီတာအောင်/၂၉ စက်တင်ဘာ ၂၀၀၈။ ။

သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း (၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့ (KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။

သံလွင်မြစ်ကိုဖြတ်၍ ရေအားလျှပ်စစ်ထုတ်ယူမည့် ၀ဲကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအနီးရှိ ကရင်ပြည်နယ် ခိုးကေးဒေသ၌ ကရင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ချင်းမိုင်တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီဖြင့် (၃) လ ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် “ခိုးကေး ဒေသမှ ဇီဝမျိုးစိတ်များ အန္တရာယ်ကျ ရောက်နေပြီ” အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာတည်ဆောက်မှုကြောင့် အမွေးရှည်လင်းနို့နှင့် အခွံပျော့လိပ်မျိုးများကဲ့သို့ ကမ္ဘာတွင်မျိုး တုံးတော့မည့် ဇီဝမျိုးစိတ် (၄၂) မျိုး အပါအ၀င် သတ္တ၀ါ မျိုးစိတ်ပေါင်း(၂၀၀)၊ အပင်မျိုးစိတ်ပေါင်း(၁၉၄) မျိုး စုစုပေါင်း (၃၉၄) မျိုးတို့ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာပြုစုသည့် ကရင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှကိုရွှေက “သံလွင်မြစ်ဟာ ဇီဝမျိုးပေါင်းတွေ တော်တော်ကြွယ်ဝတဲ့ နေရာဖြစ်တယ်။ သုတေသန တွေ့ရှိချက်အရ တချို့ ငါးတော်တော်များများဟာ လုံးဝ သံလွင်မြစ် ထဲမှာပဲတွေ့ရတယ်။ တခြား ဘယ်မှာမှ ရှာလို့မရဘူး။ တချို့ အကောင်တွေဟာ ကမ္ဘာ့ မျိုးတုန်းခါနီး သတ္တ၀ါတွေထဲမှာ ပါတယ်။ အဲဒီနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် သစ်တောတွေနဲ့တကွ အဲဒီနေရာက ဒေသခံပြည်သူလူထုတွေ တချိန်လုံး အသက် မွေးဝမ်းကြောင်း နေရာတွေ အကုန်လုံး ပျက်စီးသွားပြီးတော့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပျက်စီးဆုံးရှုံး သွားမှာဖြစ်တယ်” ဟုပြောသည်။

ဇီဝမျိုးပေါင်းကြွယ်ဝလှသည့် သံလွင်မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရေကာတာစီမံကိန်း ရပ်တံ့သွားစေရန်အတွက် စစ်အစိုးရနှင့် ဖက်ဆပ်လုပ်ကိုင်နေသည့် ထိုင်းနှင့် တရုတ် အစိုးရတို့အား နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်ဝန်းဖိအား ပေးလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင် သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပြောသည်။

နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း (၅) ခု တည်ဆောက်ရန် စီစဉ်နေပြီး ကရင်ပြည်နယ် ခိုးကေးဒေသ၌ တည်ဆောက်မည့် ၀ဲကြီး ရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ်၌ တည်ဆောက်မည့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။

By NEJ

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင် ပြဌာန်း
ကိုစိုး စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းလဲလိုက်သည့် ဥပဒေ ပြင်ဆင်ချက်ကို လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ကြေညာချက်အား စက်တင်ဘာ ၂၄ ရက်စွဲဖြင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ် ထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းမြန်မာသမိုင်းအဖွဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိလိုသည့် ရှေးခေတ်မြန်မာမင်းများ၏ အုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ပေးရသည်ဟု သမိုင်းပညာရှင်များက ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ကိုယ်သူ ရှင်ဘုရင် တံပါးကဲ့သို့ မှတ်ယူကျင့်သုံးနေကာ ၎င်း၏ အိမ်သို့ သွားရောက်လည် ပတ်သူများကိုလည်း အဆင့်နိမ့်ရာတွင် နေရာထိုင်ခင်းပေးသည့် ဆက်ဆံမှုများရှိကြောင်း မန္တလေး တက္ကသိုလ် သမိုင်း ပါမောက္ခ ဟောင်းတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကိုယ်သူ ဘုရင်လို့ ထင်နေတာ၊ ဒါကြောင့် ရှေးခေတ်ရှင်ဘုရင်တွေ ကျင့်ကြံ နေထိုင် ပုံတွေကို သိချင်နေတာဖြစ်မှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၂ ခု ဧပြီလ ၂၃ ရက် ခန့်က စတင်၍ စစ်အစိုးရ အဖွဲ့ဝင်များအတွင်း သူ့ကိုယ်သူ အဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ကျင့်ကြံနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

၁၉၈၈ ခု နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သမိုင်းအမှန် ပြန်လည်ပြုစုရေးအတွက် ဟု ဆိုကာ စစ်အစိုးရက သမိုင်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းခဲ့သေးသည်။

“ဒါဟာ စစ်အာဏာရှင်က သမိုင်းအမှန်ကို ဖုံးကွယ်ပြီး တိုင်းပြည်ကို လိမ်ဖို့ ကြိုးစားတာပဲ၊ သူတို့က စစ်တပ်ကို တိုင်းပြည်ရဲ့ စံပြပုံစံမျိုးလုပ်ချင်နေတာ”ဟု တခြားသော မြန်မာ သမိုင်းပညာရှင်တဦးကလည်း ပြောဆိုသည်။

မြန်မာသမိုင်းအဖွဲ့အား ၀န်ကြီးချုပ်ဟောင်း ဦးနု၏လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာသမိုင်းဆိုင်ရာ အချက် အလက် များကို စနစ်တကျပြုစုရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ၀န်ကြီးချုပ်ရုံးမှ တိုက်ရိုက် ကြီးကြပ် ကြောင်း သိရသည်။

၁၉၆၂ - ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ မြန်မာသမိုင်းအဖွဲ့သည် ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင်ရှိခဲ့သော်လည်း ၁၉၈၅ ခုနှစ်၌ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် များ သမိုင်းသုတေသန ဦးစီးဌာနနှင့်တွဲဖက်ကာ ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။

မြန်မာသမိုင်း အဖွဲ့ဝင်များဖြစ်သော စစ်အာဏာရှင် သမ္မတဟောင်း ဦးနေ၀င်း၏ ဇနီး ဒေါ်နီနီမြင့်၊ ရန်ကုန် တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်နှင့် ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှ ဦးစိုင်းအောင်ထွန်းတို့အပါအ၀င် အဖွဲ့ဝင် ၁၄ ဦး ကို စစ်အစိုးရက ထုတ်ပယ်လိုက်ကြောင်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှ တဆင့် သိရသည်။

နာဂစ်ဒေသ ခရီးသွားလုပ်ငန်း စတင်တော့မည်
အေးချမ်းမြေ့ စက်တင်ဘာ ၂၉၊ ၂၀၀၈

ပွင့်လင်းရာသီမှစ၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများသို့ သွားလာ နိုင်မည့် ခရီးသွားအစီအစဉ် စတင် တော့မည်ဖြစ်ကြောင်း Exotissimo Travel ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုတင်ကပြောသည်။

“နာဂစ်ဒေသကို သွားရောက် လေ့လာချင်တဲ့ နိုင်ငံခြားသားခရီးသွားတွေ ရှိရင် ကျမတို့ ကုမ္ပဏီက တာဝန်ယူ ပြီး ပို့ပေးမှာပါ။ အဲဒီအစီအစဉ်ကို Heart of the delta လို့ နာမည်ပေးထားပါတယ်” ဟု ဒေါ်စုစုတင်က ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက နာဂစ်ဆိုင်ကလုန်းဒဏ်ခံရသော ဒေသသည် နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက် ဆွဲဆောင် မှုတခု ဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

Exotissimo Travel ကုမ္ပဏီသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသရှိဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကမ္ဘာလှည့်ခရီးသွားတွေကို ဒုက္ခသည်တွေနဲ့ တွေ့ပေးဖို့အထိ စီစဉ်ထားတယ်။ အဲဒီမှာ သူတို့တွေ အနေနဲ့ လှူခဲ့ချင်တယ် ဆိုရင်လည်း လှူလို့ရအောင် စီစဉ်ပေးမယ်” ဟု ဒေါ်စုစုတင်ကပြောသည်။

မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီး နောက်ပိုင်းတွင် မြန်မာပြည် ခရီးသွားလုပ်ငန်းများ ကျဆင်း ခဲ့ပြီး ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းများ၊ ဧည့်လမ်းညွှန်များနှင့် ၎င်းခရီးသွားလာရေး လုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းရလုနီးပါးထိ ကျဆင်းခဲ့သည်။

မြန်မာပြည်တွင်းရှိ ခရီးသွားလာရေး ကုမ္ပဏီကြီးများထဲမှ တခုဖြစ်သော တိုးမန္တလေးကုမ္ပဏီဆိုလျင် လုပ်ငန်းများ ပုံမှန် မလည်ပတ်နိုင်သောကြောင့် ယခင်လများက ဝန်ထမ်းများကို လစာလျှော့ကာ တပတ် ၆ ရက်အစား ၃ ရက်သာ အလုပ် ဆင်းခိုင်းသည်အထိ ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ပွင့်လင်းရာသီအစပြုပြီ ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း အနည်းငယ်ဦးမော့လာပြီ ဖြစ်ကြောင်းနှင့် တပတ်လျင် ၅ ရက် အလုပ်ပြန်လည် ဆင်းနေရပြီဖြစ်ကြောင်း တိုးမန္တလေး ကုမ္ပဏီ အသိုင်းအဝန်းမှ ကြားသိရသည်။

“မိုးတွင်းမို့လို့ ခရီးသည် မဝင်တာလည်းပါတယ်။ ဒါပေမယ့် ခါတိုင်းနှစ်ထက်ဆိုးတာက နာဂစ် ဖြစ်လိုက်တာ ကြောင့်ပါ။ ခါတိုင်းဆို မိုးတွင်းဆိုပေမယ့် ဧည့်သည် အနည်းအကျဉ်းတော့ ရှိသေးတယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန်တဦးက ဆိုသည်။

ယခုအခါတွင် ပွင့်လင်းရာသီ စတင်လာပြီဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း အနည်းငယ် ပြန်လည် ဦးမော့ လာပြီး နိုင်ငံခြား သားဧည့်သည်တချို့မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ဒေသများသို့ သွားရောက်လေ့လာချင် ကြသည်ဟု အမည်မဖော်သည့် ခရီးသွားကုမ္ပဏီတခုက ပြောပြသည်။

၎င်းကုမ္ပဏီကပင် နာဂစ်ဆိုင်ကလုန်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသများသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များကို လိုက်ပါပို့ဆောင်ပေးမှုများ ရှိနေသည်ဟုဆိုသည်။

“တရားဝင် အကြီးအကျယ်ပို့တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် သွားချင်သူတွေရှိတယ်။ ကျမတို့ ပို့လည်း ပို့ပေးနေပါတယ်” ဟု သူကပြောသည်။

သို့ရာတွင် ယင်းအစီအစဉ်သစ်အပေါ် ဝေဖန်မှုများလည်း ရှိနေကြသည်။

“တကယ်က အဲဒီဒေသတွေကို နိုင်ငံခြားသားတွေ သွားဖို့မလွယ်ပါဘူး။ ဒါသက်သက် ရူးတာပါ။ အိမ်သာက အစ အဆင်မှ မပြေတာ” ဟု ရန်ကုန်အခြေစိုက် ဧည့်လမ်းညွှန်တဦးက သုံးသပ်သည်။

ယခုကဲ့သို့ နာဂစ်ဒေသခရီးသွားလုပ်ငန်း Heart of the delta အစီအစဉ်ကို ပွင့်လင်းရာသီ အောက်တိုဘာ လဆန်းမှ ဖေဖော်ဝါရီလကုန်ခန့်အထိ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ယခုအချိန်ထိ ဆက်သွယ် သွားလာလိုသူ မရှိသေး ကြောင်းနှင့် ယခုအစီအစဉ်မှာ စီးပွားရေးကြော်ငြာ သက်သက်သာဖြစ်ကြောင်း ဒေါ်စုစုတင်က ပြောသည်။

Exotissimo Travel ကုမ္ပဏီသည် ပြင်သစ်နိုင်ငံအခြေစိုက် ခရီးသွားကုမ္ပဏီတခုဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘော ဒီးယားနှင့် လာအိုတို့တွင် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ထားသော အရှေ့တောင်အာရှ အကြီးဆုံး ခရီးသွားလုပ်ငန်းကြီး များထဲတွင် ပါဝင်သည်။

ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူတဦးက ယခုနှစ်ပွင့်လင်းရာသီတွင် နိုင်ငံခြားသား ခရီးသွားများ ပြန်လည် ဝင်ရောက်မှုရှိသော်လည်း ယခင်နှစ်များကနှင့် နှိုင်းယှဉ်လျင် ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ဆိုသည်။ ၎င်းတို့ထံမှ ကြိုတင် ငှားယမ်းထားသည့် ဟိုတယ်အခန်းများကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် ပြီးစက ဖျက်သိမ်းခံရသည်ဟုလည်း ပြောသည်။

“နာဂစ်ဆိုင်ကလုန်း ဒေသကို ပြပြီး ဧည့်သည်တွေကို ဆွဲဆောင်မယ် ဆိုတာကတော့ မျောက်ပြ ဆန်တောင်း သလိုပဲ။ မလုပ်သင့်ပါဘူးဗျာ” ဟု ၎င်းက ဆိုသည်။

စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ
သန်းထိုက်ဦး
တနင်္လာနေ့၊ စက်တင်ဘာလ 29 2008 20:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကျောင်းကား စီစဉ်ပေးခြင်း မရှိသောကြောင့်ဆိုကာ စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများသည် တင်္နလာနေ့ မွန်းလွဲပိုင်းက စုပေါင်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက် ရေချမ်းပြင်ရပ်ကွက်ရှိ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၂၅ဝ ကျော်သည် မြို့ထဲသို့ လမ်းလျှောက် ပြန်လာကြခြင်း ဖြစ်သည်။

စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်ပြီး အတိုက်အခံ လှုပ်ရှားမှု အားကောင်းရာ ဒေသတခုတွင် ယခုကဲ့သို့ ကျောင်းသားများ စုရုံး လှုပ်ရှားမှုသည် အာဏာပိုင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

"၈ မိုင်လောက်ဝေးတဲ့ ဗန္ဓုလလမ်းဆုံဆိုတာ ရှိတယ်။ အဲဒီ လမ်းဆုံရောက်တဲ့အခါ ကျောင်းအကြိုအပို့ကားက နောက်ကနေ လိုက်လာတယ်။ လိုက်လာတော့လည်း ကဲ ဘာမှ မထူးတော့ဘူး ဆိုပြီးတော့ ကားမစီးပဲ ကိုယ်အိမ်ကိုယ် ပြန်ရောက်တဲ့အထိ တန်းစီပြီးတော့ လမ်းလျှောက်ခဲ့ကြတယ်" ဟု လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။

ယခုလုပ်ရပ်သည် စာမေးပွဲတခု ဖြေဆိုနေချိန်ဖြစ်ပြီး ကျောင်းအာဏာပိုင်များက မချေမငံ ပြောဆိုမှုကြောင့် ဆန္ဒပြရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေ နည်းပညာကောလိပ်သို့ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ဘာမှ မဟုတ်ပါဘူး အားလုံးပြီးသွားပါပြီ" ဟုသာ တုံ့ပြန်ဖြေကြားကာ ဖုံးချသွားသည်။

စနေနေ့နံနက်က သံဃာတော် ၁၅၀ ခန့်သည် ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့် အမှတ်အသားအနေဖြင့် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စစ်တွေမြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုမျိုး ဖြစ်ပွားလာမည် စိုးရိမ်ကာ အရေးပါသော မြို့ကြီးများတွင် လုံခြုံရေးများ တင်းကြပ်ထားသည့်ကြားမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်အမျိုးသမီးအဖွဲ့ ရှောင်တခင် စစ်ဆေးခံရ
မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 29 2008 20:56 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရ၏ နံပါတ်နှစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး သွားရောက်လည်ပတ်မည့် ခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မြန်မာအတိုက်အခံ အဖွဲ့တခု ရှောင်တခင် စစ်ဆေးမှု ကြုံခဲ့ရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် သြဂုတ်လ ပထမအပတ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်မှာ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် မြန်မာစစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော RWU ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ စာသင်ခန်းနှင့် ရုံးခန်း ကို လွန်ခဲ့သည့် တပတ်အတွင်း ဘင်္ဂလား အာဏာပိုင်များက နှစ်ကြိမ်တိုင်တိုင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှု ပြုခဲ့သည်။

"ခါတိုင်းထက်မတူတဲ့ ထူးခြားတဲ့ အခြေအနေတွေ ရှိတယ်။ နှစ်ရက်တိုင်တိုင် အဆောင်ရော၊ ရုံးခန်းရောလာတယ် အင်မတန် သံသယ ဖြစ်စရာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျမတို့ အနေနဲ့ စိုးရိမ်နေရတယ်" ဟု RWU မှ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ယခုကဲ့သို့သော စစ်ဆေးမှုအပေါ် အခြားသော အတိုက်အခံ အဖွဲ့အစည်းများကလည်း စိုးရိမ်မကင်း ဖြစ်နေကြပြီး မြန်မာစစ်အစိုးရ ဖိအားကြောင့် စစ်ဆေးမှု ပြုသည်ဟု စွပ်စွဲ ပြောဆိုမှုများလည်း ရှိသည်။

အဓိကအားဖြင့် ၀င်ရောက် စစ်ဆေးချိန်၌ ရုံးတွင် ရှိမနေသည့် ဒေါ်စောမြရာဇာလင်း အကြောင်းကို မေးသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ကို စစ်ဆေးသူများက ပြောဆိုသွားခြင်း မရှိဟု သူမက ပြောသည်။

RWU က ဖွင့်လှစ်ထားသော အမျိုးသမီးများအတွက် အင်္ဂလိပ်စာ သင်တန်းကျောင်းနှင့် ရုံးများကို လွန်ခဲ့သည့် သောကြာနေ့နှင့် တနင်္ဂနွေနေ့က ၀င်ရောက် စစ်ဆေးသွားခြင်း ဖြစ်သည်။

သင်တန်းကျောင်းကို စစ်သူများမှာ ထောက်လှမ်းရေးများ ဖြစ်နိုင်သည်ဟု အမျိုးသမီးအဖွဲ့က ပြောသည်။


သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀)ခန့်ကို အန္တရာယ်ပြုနေ
ပီတာအောင်/၂၉ စက်တင်ဘာ ၂၀၀၈။ ။

သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း (၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့ (KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။သံလွင်မြစ်ကိုဖြတ်၍ ရေအားလျှပ်စစ်ထုတ်ယူမည့် ၀ဲကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအနီးရှိ ကရင်ပြည်နယ် ခိုးကေးဒေသ၌ ကရင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ချင်းမိုင်တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီဖြင့် (၃) လ ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် “ခိုးကေး ဒေသမှ ဇီဝမျိုးစိတ်များ အန္တရာယ်ကျ ရောက်နေပြီ” အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာတည်ဆောက်မှုကြောင့် အမွေးရှည်လင်းနို့နှင့် အခွံပျော့လိပ်မျိုးများကဲ့သို့ ကမ္ဘာတွင်မျိုး တုံးတော့မည့် ဇီဝမျိုးစိတ် (၄၂) မျိုး အပါအ၀င် သတ္တ၀ါ မျိုးစိတ်ပေါင်း(၂၀၀)၊ အပင်မျိုးစိတ်ပေါင်း(၁၉၄) မျိုး စုစုပေါင်း (၃၉၄) မျိုးတို့ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာပြုစုသည့် ကရင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှကိုရွှေက “သံလွင်မြစ်ဟာ ဇီဝမျိုးပေါင်းတွေ တော်တော်ကြွယ်ဝတဲ့ နေရာဖြစ်တယ်။ သုတေသန တွေ့ရှိချက်အရ တချို့ ငါးတော်တော်များများဟာ လုံးဝ သံလွင်မြစ် ထဲမှာပဲတွေ့ရတယ်။ တခြား ဘယ်မှာမှ ရှာလို့မရဘူး။ တချို့ အကောင်တွေဟာ ကမ္ဘာ့ မျိုးတုန်းခါနီး သတ္တ၀ါတွေထဲမှာ ပါတယ်။ အဲဒီနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် သစ်တောတွေနဲ့တကွ အဲဒီနေရာက ဒေသခံပြည်သူလူထုတွေ တချိန်လုံး အသက် မွေးဝမ်းကြောင်း နေရာတွေ အကုန်လုံး ပျက်စီးသွားပြီးတော့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပျက်စီးဆုံးရှုံး သွားမှာဖြစ်တယ်” ဟုပြောသည်။

ဇီဝမျိုးပေါင်းကြွယ်ဝလှသည့် သံလွင်မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရေကာတာစီမံကိန်း ရပ်တံ့သွားစေရန်အတွက် စစ်အစိုးရနှင့် ဖက်ဆပ်လုပ်ကိုင်နေသည့် ထိုင်းနှင့် တရုတ် အစိုးရတို့အား နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်ဝန်းဖိအား ပေးလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင် သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပြောသည်။

နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း (၅) ခု တည်ဆောက်ရန် စီစဉ်နေပြီး ကရင်ပြည်နယ် ခိုးကေးဒေသ၌ တည်ဆောက်မည့် ၀ဲကြီး ရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ်၌ တည်ဆောက်မည့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။

By NEJ

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

29 September 2008
ဦးကျော်ကျော်သိန်း
နယူးယောက်ခ်မြို့က ကုသလမဂ္ဂရုံးချုပ်မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့
နှစ်ပတ်လည် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မိန့်ခွန်း
ပြောကြားသွားပါတယ်။ နယူးယောက်ခ် ကုလသမဂ္ဂရုံးချုပ်မှာ သတင်းယူနေတဲ့
ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထား
ပါတယ်။

ဝန်ကြီးဦးဉာဏ်ဝင်း ပြောသွားတဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး အဓိကဘာအချက်တွေများ
ပြောသွားပါလဲ။

"ဦးဉာဏ်ဝင်းပြောသွားတဲ့အထဲမှာ ပထမဆုံး သူက ကမ္ဘာကြီးဟာ တနိုင်ငံနဲ့ တနိုင်ငံ
ပိုပြီး မှီခိုဆက်ဆံ ဆက်နွယ်ပေါင်းကူး လုပ်ဆောင်လာတဲ့အချက်ကို ပထမဆုံး ပြောသွား
ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အဓိကပြောနေကြတဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ
နိုင်ငံကိစ္စ ဆွေးနွေးဖို့တင်တယ်၊ ဆုံးဖြတ်ချက်ချဖို့ တင်တယ်၊ အဲဒီကိစ္စကို သူက မြန်မာ
နိုင်ငံကိစ္စရယ်လို့ အထူးတလည် ဖော်ပြမပြောဆိုဘဲနဲ့ လုံခြုံရေးကောင်စီမှာ ကမ္ဘာ့နိုင်ငံ
ကိစ္စတွေကို ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံရဲ့ သဘောထားက ဒီလိုရှိပါတယ်ဆိုပြီး
ပြောသွားပါတယ်။

"ဦးဉာဏ်ဝင်းပြောသွားတာက ကမ္ဘာကြီးရဲ့ လုံခြုံရေးကို တကယ်တမ်း ခြိမ်းခြောက်မှု
မရှိတဲ့ ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေကို ပုံမှန်သဘောမျိုးနဲ့ပဲဖြစ်ဖြစ်၊ ပုံမမှန်တဲ့ ဆွေးနွေးမှု
တွေနဲ့ပဲဖြစ်ဖြစ်၊ တရားဝင်ဆွေးနွေးမှုတွေပဲဖြစ်ဖြစ် အဲဒါမျိုးလုပ်တာနဲ့ပတ်သက်ပြီး
မြန်မာနိုင်ငံအနေနဲ့ ဒါကို လက်မခံနိုင်ဘူးဆိုပြီး ဦးဉာဏ်ဝင်းက အထူးဂရုစိုက် အလေး
အနက်ထားပြီး ပြောသွားပါတယ်။ သူပြောချင်တာကတော့ မြန်မာနိုင်ငံလိုကိစ္စမျိုးကို
လုံခြုံရေးကောင်စီမှာ တင်ပြီးဆွေးနွေးတာကို မြန်မာနိုင်ငံအနေနဲ့ လက်ခံနိုင်မှာမဟုတ်
ဘူးလို့ ပြောသွားတာဖြစ်ပါတယ်။

"နောက်တခါ ကမ္ဘာမှာ လောလောဆယ် အရေးတကြီးဖြစ်နေတဲ့ စားရေရိက္ခာဈေးနှုန်း
တွေ ကြီးမြင့်တဲ့ကိစ္စ၊ လောင်စာဆီဈေးနှုန်းတွေ ကြီးမြင့်တဲ့ကိစ္စ၊ အဲဒါနဲ့တဆက်တည်း
မြန်မာနိုင်ငံဟာ စွမ်းအင်လောင်စာကို တိုးပြီးထုတ်လုပ်နေတဲ့အကြောင်း ပြောသွားပါ
သေးတယ်။

"ဒေသတွင်း စားနပ်ရိက္ခာနဲ့ လောင်စာဆီ အလုံအလောက် ရရှိနိုင်ဖို့အတွက် မြန်မာ
နိုင်ငံအနေနဲ့ လုပ်ဆောင်ပေးနိုင်တယ်၊ မြန်မာနိုင်ငံကနေပြီး အလုံအလောက်
ထုတ်လုပ်ပေးနိုင်တယ်။ တိုင်းပြည်အတွင်းမှာလည်း ကိုယ့်အားကိုယ်ကိုးပြီး လုံလောက်
မှုရှိတယ်ဆိုတာကို ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။"

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ရော ၀န်ကြီး
ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ ပါသွားပါလား။

"နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ပြောပါတယ်။ ပြောတဲ့အခါ သူက တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ ဒီနေရာမှာ
လက်နက်ကိုင်အုပ်စုတွေ လက်နက်ချပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စ၊ နိုင်ငံ
ရေးလမ်းညွှန်မြေပုံ ၇ ချက်၊ အမျိုးသားညီလာခံ၊ အခြေခံဥပဒေသစ် စသည်အားဖြင့်
အဲဒီကိစ္စတွေပြောရင်း တဆက်တည်းမှာပဲ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာ
ထားတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်နေတဲ့အကြောင်း၊ အဲဒီ
ရွေးကောက်ပွဲမှာ ပြည်သူပြည်သားအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်တဲ့
အကြောင်း၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နိုင်မယ့်အကြောင်း၊
ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်မှုတွေ အားလုံး
ကို တာဝန်ရှိသူအစိုးရက လုပ်ဆောင်နေတဲ့အကြောင်း၊ အဓိကထား ပြောသွားပါတယ်။"

အခုအချိန်ဟာ ကုလသမဂ္ဂမှာ မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပယ်ဖျက်ပေးဖို့
တောင်းဆိုထားမှုလည်း ရှိနေပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီးရော ၀န်ကြီး
ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ ဘာတွေများ ပြောသွားပါလဲ။

"အဲဒီကိစ္စနဲ့ပတ်သက်လို့တော့ ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ ဘာမှပြောမသွားပါဘူး။
လူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုမယ်လို့ မျှော်လင့်ထားတာ ရှိပါတယ်။
သို့သော် နိုင်ငံခြားရေးဝန်ကြီးကတော့ ကုလသမဂ္ဂမှာ သူတို့ရဲ့ကိုယ်စားပြုမှု တရားဝင်
တယ်၊ မ၀င်ဘူးဆိုတာကို စိန်ခေါ်တာနဲ့ပတ်သက်ပြီး တခွန်းမှ ပြောသွားတာ မရှိပါဘူး။"

သူ့ရဲ့မိန့်ခွန်းတခုလုံးကို ခပ်တိုတို ပြန်ပြီးသုံးသပ်ကြည့်ရင် ဘာတွေအဓိကပြောသွား
တယ်လို့ ပြောနိုင်မလဲ။

"မိန့်ခွန်းတခုလုံးကို သုံးသပ်ကြည့်ရင်တော့ အများမျှော်လင့်နေကြတဲ့၊ ပြောမယ်၊
ကိုင်တွယ်မယ်လို့ မျှော်လင့်နေကြတဲ့ ကိစ္စတွေကို ပြောဆိုသွားတာ မတွေ့ရပါဘူး။
ဥပမာ ပြီးခဲ့တဲ့စနေနေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ
နိုင်ငံများ အစည်းအဝေးမှာ အဓိကပြောသွားတဲ့ အချက် ၃ ချက်ရှိပါတယ်။

"မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း၊ အပြုသဘောဆောင်တဲ့
ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ
အားလုံး လွှတ်ပေးဖို့၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ဆိုတဲ့
အချက်တွေ အဓိက ပြောသွားပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေး
ဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ တခုမှ ပြောဆိုသွားတာ မရှိပါဘူး။ ကတိက၀တ်
ပေးသွားတာလည်း မရှိဘူး၊ ဒါတွေကို လုပ်ဆောင်ပါမယ်လို့ ပြောသွားတာလည်း မရှိပါ
ဘူး။

"အားလုံးသုံးသပ်ပြီး ပြောလို့ရတာကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့
မိန့်ခွန်းဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးတယောက်
နှစ်စဉ်ပေးနေကြမိန့်ခွန်းနဲ့ အများကြီး ထူးခြားမှုရှိတဲ့မိန့်ခွန်းတော့ မဟုတ်ပါဘူး။ အများ
မျှော်လင့်နေတဲ့ အချက်တွေလည်း ပါမလာပါဘူး။"

မြန်မာနိုင်ငံအကြောင်းကို တခြား ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေကရော
ပြောသွားတာမျိုး ရှိပါသလား။

"မြန်မာနိုင်ငံခြားရေးဝန်ကြီး မတိုင်ခင်မှာ အာဆီယံဒေသတွင်းက လာအိုနဲ့ စင်ကာပူက
နိုင်ငံခြားရေးဝန်ကြီးတွေ စကားပြောပါတယ်။ ဒီနေရာမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး
ဂျော့ခ်ျယိုးက မြန်မာနိုင်ငံကိစ္စကို ထည့်သွင်းပြောဆိုသွားပါတယ်။ သူ အဓိကပြောသွား
တာကတော့ မြန်မာနိုင်ငံကို ဥပမာပေးပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူးပေါင်း
ဆောင်ရွက်ရင် အောင်မြင်တယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။

"အဓိကကတော့ မြန်မာနိုင်ငံမှာ မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း
ဖြစ်စဉ်က အနောက်နိုင်ငံတွေက စစ်သင်္ဘောတွေက အကူအညီပေးဖို့ ကမ်းလှမ်းခဲ့
တယ်၊ ဒါပေမယ့် မြန်မာစစ်အစိုးရက ဒါကို အကူအညီလို့မမြင်ဘဲ ခြိမ်းခြောက်မှုလို့
မြင်ပြီး လက်မခံခဲ့ဘူး။ အဲဒီအခါမှာ အကူအညီတွေ နှောင့်နှေးခဲ့တဲ့အခြေအနေတွေ
ဖြစ်ခဲ့တယ်။ ဒီနေရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့
ဝင်ပြီးတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြားမှာ စေ့စပ်ပေးခဲ့တယ်လို့
ပြောပါတယ်။

"သူပြောသွားတဲ့အထဲမှာပါတာက မြန်မာနိုင်ငံမှာ မတင်မကျဖြစ်နေတဲ့ အချိန်မှာ
အာဆီယံက၀င်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြားမှာ စေ့စပ်ပေးနိုင်ခဲ့
တယ်၊ ယုံကြည်မှု တည်ဆောက်ပေးနိုင်ခဲ့တယ်၊ ဒါကြောင့် အားလုံးမျှော်လင့်ခဲ့ကြတဲ့
နာဂစ်အပြီးမှာ ဒုတိယလှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာဖို့ အလားအလာရှိခဲ့တဲ့ သေဆုံး
မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ရောဂါဘယဖြစ်ပွားမှုတွေကို တားဆီးနိုင်ခဲ့ပါတယ်တဲ့။
ဒါကို အာဆီယံ တဖွဲ့တည်းအနေနဲ့ဆိုရင်တော့ လုပ်ဆောင်နိုင်စွမ်း မရှိပါဘူးတဲ့။ ကုလ
သမဂ္ဂရယ်၊ အာဆီယံရယ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရယ်၊ မြန်မာနိုင်ငံရယ် အတူတကွ
ပူးပေါင်းဆောင်ရွက်ခဲ့လို့သာ အခုလို ဒုတိယလှိုင်းလုံး ရောဂါဘယတွေ၊ သေဆုံးမှုတွေ၊
ငတ်မွတ်ခေါင်းပါးမှုတွေကို တားဆီးနိုင်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်၊ နိုင်ငံတကာ
အသိုင်းအ၀ိုင်းသာ ပူးပေါင်းဆောင်ရွက်ရင် ကမ္ဘာ့ရေးရာတွေမှာ အောင်မြင်နိုင်တယ်လို့
ပြောသွားခဲ့ပါတယ်။"

မနှစ်တုန်းက နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
မိန့်ခွန်းလာပြောတဲ့အချိန် ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အတိုက်အခံတွေဘက်က အကြီး
အကျယ် ဆန္ဒပြတာမျိုး ရှိပါတယ်။ ဒီနှစ်မှာရော ဘယ်လိုအခြေအနေ ရှိပါသလဲ။

"အဲဒါကတော့ ဒီနှစ်မှာ လုံးဝ မတူ ကွဲပြားခြားနားသွားတယ်လို့ပဲ ပြောရမှာပါ။ မနှစ်
တုန်းက နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို အပြင်းအထန် မျက်နှာချင်းဆိုင်
ဆန့်ကျင်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ကြပေမယ့် ဒီနှစ် ဒီကနေ့မှာတော့
နိုင်ငံခြားရေးဝန်ကြီးမပြောခင် ဟိုရက်ပိုင်းတွေကရော၊ နိုင်ငံခြားရေးဝန်ကြီး မိန့်ခွန်း
မပြောခင် အချိန်ပိုင်းမှာရော ကန့်ကွက်ဆန္ဒပြတဲ့အသံတွေ လုံးလုံးမတွေ့ရပါဘူး။

"ကန့်ကွက်ဆန္ဒပြတာတွေကိုလည်း ခါတိုင်းလုပ်လေ့ရှိတဲ့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ
မရှိပါဘူး၊ ဆန္ဒပြသူတွေလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒီမှာရှိနေတဲ့ မြန်မာ့
အရေး လှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်သွယ်မေးမြန်း
ခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီကနေ့ ဆန္ဒပြဖို့ အစီအစဉ်မရှိဘူးလို့ပဲ သူတို့ဆီက အကြောင်း
ပြန်ကြားချက် ရပါတယ်။

"ချုပ်ပြောမယ်ဆိုရင် ဒီနှစ်မှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို
ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့နှစ်ကလို မဖြစ်ခဲ့ဘူးလို့ပဲ ပြောရမှာပါ။"

စီးပွားရေးကယ်တင်မှု ဥပဒေကြမ်း အတည်ပြုရေး သမ္မတဘုရှ် တိုက်တွန်း

29 September 2008

အမေရိကန် ငွေကြေးကုမ္ပဏီတွေ ဒုက္ခရောက်နေတာကို အစိုးရဘက်က ၀င်ပြီးကူညီ
ရေး ဒေါ်လာငွေ ဘီလီယံ ၇၀၀ သုံးစွဲဖို့ကိစ္စ သမ္မတဘုရှ်ရဲ့ အစီအစဉ်ကို
အောက်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတဘုရှ်က တိုက်တွန်းတောင်းဆိုလိုက်ပါ
တယ်။

ဒီလိုသာကူညီမယ်ဆိုရင် အခုတွေ့ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်း ပျံ့နှံ့မသွားရ
အောင် ကြိုတင်ကာကွယ်ရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ခင်း အမေရိကန် စတော့ခ်ရှယ်ယာဈေးကွက် မဖွင့်ခင်မှာ သမ္မတဘုရှ်က
အခုလိုပြောဆိုခဲ့တာပါ။ ဥပဒေပြုအမတ်တွေက ထပ်ပြီးဖြည့်စွက်ထားတဲ့ တောင်းဆို
ချက်တွေ ပါဝင်တဲ့ ဥပဒေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ချလက်ချ ဖြစ်စေနိုင်မယ်လို့
သမ္မတဘုရှ်က တွက်ထားပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်ပြီးခိုင်မာလာဖို့နဲ့ ငွေကြေးစနစ်မှာ ယုံကြည်မှုတွေ ပြန်ရ
လာအောင်၊ စီးပွားရေးတွေ ပြန်မြင့်တက်လာအောင် ကူညီနိုင်ဖို့ ခိုင်မာတဲ့ အချက်ပြမှု
တခု လုပ်ဆောင်ကြဖို့အရေး အောက်လွှတ်တော်ကို သမ္မတဘုရှ်က တိုက်တွန်းပြောဆို
ခဲ့ပါတယ်။

ဖြစ်ပေါ်လာမယ့်ဥပဒေဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေါ်လာငွေ ဘီလီယံ
၇၀၀ သုံးစွဲပြီး ငွေကြေးကုမ္ပဏီတွေရဲ့ ကြွေးဆုံးတွေကို ၀ယ်ယူသုံးစွဲခွင့် ရှိလာမှာပါ။
အဲဒီကြွေးဆုံးပြဿနာတွေကြောင့် ဘဏ်လုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းတွေကို
ငွေထုတ်မချေးနိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။

ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံသူတွေကတော့ သမ္မတဘုရှ်ရဲ့ အခုအစီအစဉ်ဟာ အမေရိကန်
စီးပွားရေးကို ပြန်ပြီး မြှင့်တင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။

အာရှနဲ့ ဥရောပက အဓိကကျတဲ့ စတော့ခ်ရှယ်ယာဈေးကွက်တွေမှာ ဒီကနေ့တော့
ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးများလာမှုကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်

29 September 2008

ဦးသားညွန့်ဦး
မြန်မာနိုင်ငံတွင်း တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်ကထက် ပိုမိုများပြားလာ
တဲ့အပေါ် ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု၊ သဘာဝ
ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ EarthRights International
(ERI) က ပြောပါတယ်။ ERI ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း အနည်းဆုံး ၆၉ ခုဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်
လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုမိုင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ
ထားကြပြီး အရင်နှစ်တွေကထက် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဟာ
ပိုမိုများပြားလာတယ်လို့ ERI စစ်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီလို တရုတ်နိုင်ငံ
ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ အဓိက သဘာဝအရင်းအမြစ်တွေကို အသုံးချ
ထုတ်ယူနေပေမယ့် အခြား ဘေးထွက်ကိစ္စတွေကို အသေအချာ ကိုင်တွယ်မှုမရှိတာ
ကြောင့် ဒေသခံပြည်သူတွေကို ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ
အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ERI အမှုဆောင်ဒါရိုက်တာ ကစောဝါးက ပြောပါ
တယ်။

"လာလုပ်တဲ့အလုပ်တွေကို ကြည့်လိုက်ရင် သဘာဝပတ်ဝန်းကျင်ကို လုံးဝ ဂရုစိုက်မှု
မရှိဘူး။ ပြည်သူပြည်သားတွေ ဘာတွေထိခိုက်မယ်ဆိုတာ လေ့လာမှုမရှိဘူး။ သူတို့
လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတာ အင်မတန် သတိထားဖို့ကောင်းတယ်ဆိုတာတော့
ကျနော့်အနေနဲ့ တင်ပြချင်ပါတယ်။ ကျနော်တို့မြန်မာပြည်ရဲ့ သယံဇာတတွေက အများ
ကီးရှိတယ်ဆိုပေမယ့် တရုတ်နိုင်ငံက ယူချင်သလိုယူ၊ သုံးချင်သလိုသုံး၊ လုပ်ချင်သလို
လုပ်ဆိုတော့ ကျနော်တို့က စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေရတဲ့အပေါ်မှာ ဒီအစီရင်ခံစာ
ကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။"

အခု ကိုကစောဝါးတို့ တွေ့ရတဲ့အထဲမှာ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လို
ဒေသတွေမှာ အများဆုံးလဲ။

"မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာတော့ များတာသေချာတယ်။ ဒါပေမယ့် အခု ရွှေ
ဂက်စ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဖြစ်လာမယ်ဆိုရင် ကျနော်တို့စိုးရိမ်တာ သဘာဝ
ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးဖြစ်လာမယ်
ဆိုတာ ကြိုတင်ပြီး တွက်လို့ရပါတယ်။"

အနောက်နိုင်ငံ အစိုးရတွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ စီးပွား
ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ တရုတ်နဲ့
အိန္ဒိယ အပြိုင်အဆိုင် လုပ်လာကြရာမှာ တရုတ်နိုင်ငံဘက်က ပိုပြီး အရေးပေးမှု ရနေ
တယ်လို့ ယူဆကြပါတယ်။ အမေရိကန်နိုင်ငံက ရှယ်ဗရွန်ရေနံကုမ္ပဏီကတော့ မြန်မာ
နိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ အတော်လေးကို ဖိအားပေးခံနေရပါတယ်။
အခုလို အနောက်နိုင်ငံအစိုးရတွေက အရေးယူပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံ စီးပွား
ရေးကုမ္ပဏီတွေနေရာကို တရုတ်စီးပွားရေးကုမ္ပဏီတွေက ၀င်ယူလာတယ်လို့
ကစောဝါးက ပြောပါတယ်။ "အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှု လုပ်တဲ့အတွက် တရုတ်နိုင်ငံက ဒါကိုကြည့်
ပြီးတော့ အမြတ်ထုတ်တဲ့ပုံစံနဲ့ ပိုပြီးလုပ်ကြပါတယ်။ အထူးသဖြင့် ကျနော်တို့ဖြစ်နေတဲ့
ပြဿနာက အနောက်နိုင်ငံတွေက လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သူတို့နဲ့ တိုင်ပင်
ညှိနှိုင်းပြီး သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်တယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်
တယ်လို့ပြောရင် သူတို့အနေနဲ့ အနေအထားတခုမှာ ပြန်ပြီးတုံ့ပြန်ပါသေးတယ်။ တရုတ်
နိုင်ငံက တရုတ်ကုမ္ပဏီတွေကတော့ သူတို့ကိုဘာပြောပြော၊ လူ့အခွင့်အရေး ချိုးဖောက်
တယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်ပဲပြောပြော သူတို့က ဘာမှ မတုံ့ပြန်တဲ့အပြင်
ဂရုလည်းမစိုက်ဘူး။"

အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို ဖိအားပေးနိုင်ခဲ့သလိုပဲ တရုတ်စီးပွားရေး
လုပ်ငန်းတွေကို မြန်မာနိုင်ငံတွင်း အခုလိုဖြစ်နေတာတွေကို ဂရုပြုလာစေရေး ဖိအား
ပေးနိုင်ဖို့ နည်းလမ်းတွေကိုလည်း သူတို့ရှာဖွေနေတယ်လို့ ကစောဝါးက ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်စီးပွားရေးကုမ္ပဏီတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ဖြစ်တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်တာ အချက်အလက်တွေကိုတော့
စုဆောင်းရရှိဖို့ အတော့်ကို အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်မှုလုပ်ငန်းတွေ သံလွင်မြစ်ကြော
တလျှောက်မှာ စစ်အစိုးရက စီမံနေရာမှာ ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက်လို့ ဆိုနေပါ
တယ်။ ဒါပေမယ့်လည်း ဒေသခံတိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ
ဒေသဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေတယ်၊ အတင်းအကျပ်
နေရပ်ပြောင်းခိုင်းမှု၊ အတင်းအကျပ် လုပ်အားပေးခိုင်းစေမှု စတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ဖြစ်လာတယ်လို့ ဆိုနေပါတယ်။ ဒီရေအားလျှပ်စစ်လုပ်ငန်းတွေမှာ
နည်းပညာအရရော ရင်းနှီးမြှုပ်နှံမှုအရပါ အများစုကတော့ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြ
တယ်လို့ အခု ERI စစ်တမ်းမှာ တွေ့ရပါတယ်။


မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဖွဲ့စည်းပြီး


Kaowao စက်တင်ဘာ ၂၉၊ ၂၀၀၈။

လာမည့် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားရန် နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အခြားတိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားနိုင်ရန် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းများက မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) – Mon National Democratic Front (Liberated Area) ကို ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားသို့ အန်အယ်ဒီ လွတ်မြောက်နယ်မြေမှ ဥက္ကဋ္ဌ ဦးတင်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှ ဒေါ်စန်းစန်း၊ အန်စီဂျီယူဘီမှ ဦးအောင်စိုး နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီDPNS၊ ပြည်သူ့ပြည်ချစ်ပါတီ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကယန်း မျိုးဆက်သစ်လူငယ်၊ ပလောင်လူငယ်များအဖွဲ့၊ မဲဆောက်မြို့ ဒေသခံ မွန်အချို့နှင့် သတင်းထောက်အချို့ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့သည်။မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ဖွင့်ပွဲအခန်းအနားတွင် အဖွဲ့ ဥက္ကဋ္ဌ နိုင်သောင်းရှိန် မိန့်ခွန်းပြောကြားနေစဉ်
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (လွတ်မြောက်နယ်မြေ) တွင် မွန်ဆရာတော်တပါး အပါအဝင် နာယက ၃ ဦး၊ ဗဟိုအလုပ်မှုဆောင် ၁၁ ဦး၊ ဗဟိုအလုပ်မှုဆောင် အပါအဝင် ဗဟိုကော်မတီ ၂၁ ဦး၊ အရံ ဗဟိုကော်မတီ ၈ ဦး ပါဝင်ကြသည်။

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေသည် ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်သောကြောင့် တရားမဝင်ကြောင်း ယမန်နေ့ထုတ် ၎င်းတို့၏ ကြေငြာချက်တွင် ပြောကြားထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက အောင်မြင်စွာ ကျင်းပပြီးစီးသွားပါက အာဏာရှင်စနစ် ကြီးထွားလာမည် ဖြစ်ပြီး မွန်အမျိုးသားများ အပါအဝင် တခြားတိုင်းရင်းသားများ မုချ မျိုးပြုတ်ရန်သာ ရှိကြောင်း၊ ပြည်သူတရပ်လုံးလည်း စစ်ကျွန်ဘဝသို့ ရာသက်ပန် ကျရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အမ်အန်ဒီအက်ဖ် အယ်လ်အေ ပြန်ကြားရေး တာဝန်ခံမှ ပြောကြားရာတွင် ဗဟိုအလုပ်မှုဆောင် ဥက္ကဋ္ဌ နိုင်သောင်းရှိန် (ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဒု ဥက္ကဋ္ဌ နိုင်စိုးညွန့် (မွန်ပြည်သူတပ်ဦး ဥက္ကဋ္ဌ နိုင်အောင်ထွန်း၏သား)၊ အထွေထွေ အတွင်းရေးမှူး နိုင်ဥဿာ၊ တွဲဖက် အတွင်းရေးမှူး (၁) နိုင်ဟံမန်၊ တွဲဖက် အတွင်းရေးမှူး(၂) နိုင်ဥက္ကာမွန် နှင့် အဖွဲ့ဝင်များမှာ နိုင်တလကောင်းချမ်း၊ နိုင်စမွတ်ဂျော်၊ နိုင်ရတ်ပိုင်၊ မိဥာဏ်ထော၊ နိုင်အိန်းစွန်၊ မိအောင်မွန်တို့ ပါဝင်သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့၌ ဖွဲ့စည်းခဲ့၍ ၁၉၉၀ ရွေးကောက်ပွဲဝင်ရာ လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ အနိုင်ရခဲ့ပြီး အစိုးရက အကြောင်းအမျိုးမျိုးပြကာ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက် (မွန်ပြည်နယ်နေ့) တွင် တရားဝင်ပါတီ တည်ရှိခွင့်မှ ရုတ်သိမ်းခံခဲ့ရပြီး ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်ခင်မောင်၊ ရုံးအဖွဲ့မှူး နိုင်ဗလတို့ ဖမ်းဆီးထိန်းသိမ်းခံရသည်၊ ၁၉၉၄-၉၅ မွန်ပြည်သစ်ပါတီနှင့်စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးသည့်ကာလတွင် မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးကို ရှေးရှုပြီး မွန်ပြည်သစ်ပါတီ၏ မေတ္တာရပ်ခံချက်အရ ခေါင်းဆောင်အားလုံး ပြန်လည်လွတ်မြောက်လာကြသည်။

အပစ်အခတ်ရပ်စဲရေးသည် မွန်အမျိုးသားတို့အဖို့ အကျိုးမဖြစ်ထွန်းပါ စာတမ်းတစ်စောင် ရေးသားတင်ပြမှုကြောင့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာ မင်းကြည်ဝင်းတို့ ၁၉၉၈ ခုနှစ်တွင် ခေါင်းဆောင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သောင်းရှိန် တဦးတည်းသာ ထိုင်းနယ်စပ်သို့ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ဥရောပနိုင်ငံများတွင် သွားရောက် ခိုလှုံခဲ့သည်။


ကဝ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးဝင်းကွယ်လွန်

စက်တင်ဘာ ၂၉။ HT

က၀အမှတ်-၁ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးဝင်း (၅၄ နှစ်)သည် ယနေ့မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။

“ဆုံးသွားတာက အသည်းကင်ဆာပါ၊ နောက်တခုက အစာအိမ်ပေါက်တာ”ဟု ဖခင်၏ ရုပ်ကလာပ်ရှိရာ မဲဆောက်တောရကျောင်းသို့ မသွားမီ သမီးဖြစ်သူ မဖြိုးအိဝင်းက ဖြေကြားသည်။ ဇနီးသည်နှင့် သားသမီးသုံးယောက်လုံး မဲဆောက်မြို့တွင် ရှိနေကြသည်။

က၀မြို့နယ်တွင် သရဖူဆေးခန်း ဖွင့်ထားသော ဒေါက်တာမျိုးဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခိုင်လုံမဲ ၂၂၇၇၄၊ ထောက်ခံမဲ ၆၇ . ၆၅ ရာနှုန်းဖြင့် ရွေးချယ်ခံခဲ့ရသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်က ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“သူက ရိုးသားတယ်။ လူတွေကို လိုက်လျောညီထွေ ပေါင်းသင်းတတ်တယ်။ သူမှန်တယ်ထင်တဲ့ ကိစ္စတွေမှာ စွဲစွဲ ရပ်ခံတယ်။ မှန်တယ်ထင်ရင် ကြံ့ကြံ့ခံရဲတဲ့သတ္တိ ရှိတယ်။ အဓိကက စိတ်သဘောထား ရိုးသားတယ်”ဟု ဈာပနကိစ္စအတွက် မဲဆောက် တောရကျောင်းတွင် ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောကြားသည်။ ဒေါက်တာမျိုးဝင်းသည် ကင်ဆာရောဂါကို ချင်းမိုင်မြိုသို့ သွားရောက် ကုသခဲ့သော်လည်း မသက်သာခဲ့ပေ။ ဆရာဝန်က လက်လွှတ်လိုက်ပြီဟု သတင်းထွက်ပေါ်လာပြီးနောက် မကြာမီ ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဒေါက်တာမျိုးဝင်း၏ ကဝမြို့နှင့် ကပ်လျက်ဒေသဖြစ်သော ခရမ်းအမှတ်-၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင်က “မိသားစုနယ်ပယ်နဲ့ ကြည့်ရင် မိသားစုအတွက် တာဝန်ကျေတဲ့ ဖခင်တယောက်ပါ။ နိုင်ငံရေးအတွက် ကြည့်မယ်ဆိုရင် တကယ့်ကို အပြောင်းလဲကို တကယ် လိုလားတောင့်တတဲ့လူ၊ နောက် ပါတီတွင်းမှာရော တိုင်းပြည်မှာရော အပြောင်းအလဲအတွက် ကြိုးစားပြီးတော့ လုပ်ခဲ့တဲ့လူ။ မဲဆန္ဒရှင်တွေကလဲ တကယ် ချစ်တဲ့လူ။ သူ မြတ်နိုးတဲ့ သူ လိုချင်တတောင့်တတဲ့ သူဖြစ်စေချင်တဲ့ အပြောင်းအလဲ တခုကို သူမမြင်သွားရခင် အခုလို လမ်းတ၀က်မှ သူ့ဘ၀ကို သူပြောင်းလဲလိုက်ရတာတော့ တကယ့်ကို ဆုံးရှုံးမှုတရပ်နဲ့ ၀မ်းနည်းစရာ တခုပါပဲ။ ဆရာက ကျနော်တို့ ပါတီတွင်းက ခေါင်းဆောင်မှုကို အားမလိုအားမရ ဖြစ်တာ၊ သူရဲ့ ပြင်းပျတဲ့ ဆန္ဒကို ထုတ်ဖော်ပြီး အမြဲတမ်း ပြောတတ်တာ။ ကျွန်တော်တို့နဲ့ တွေ့တိုင်း တိုင်းပြည်အတွက် အပြောင်းအလဲ လုပ်ရမှာကို အမြဲတမ်း ပြောလေ့ရှိတာ ဒါ ကျွန်တော်တို့အတွက် အမှတ်တရပဲ၊ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ မထောက်ဘဲ ပြောလေ့ ရှိသလို တဖက်ကလဲ အားနာတတ်တဲ့ စာနာတတ်တဲ့ လူတယောက်ဆိုတာ တပြိုင်နက် တွေ့ရတယ်။ ချစ်စရာကောင်းတဲ့၊ နားလည်တတ်တဲ့ တကယ့် လူတယောက် ဆုံးရှုံးသွားတယ်”ဟု ခရမ်းအမှတ်-၁ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးကျော်သွင်က ပြောကြားသည်။

မူဆယ်။မနျွှလေးကားလမ်းပေါ်တွင် လွတ်လွတ်လပ်လပ်သွားခွင့်ရှိနေသောကားအသင်း

၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၇

မူဆယ် - မန္တလေး ကားလမ်းပေါ်တွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၏ ညီအရင်းဖြစ်သူ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် ဦးစီးတဲ့ ‘စိတ်ကြိုက်”အမည်ရှိ ခရီးသည် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းအား လမ်းကြောင်းတလျှောက် အစစ်အဆေးမရှိ သွားလာခွင့်ရရှိနေတယ်လို့ မူဆယ်-မန္တလေးကားလမ်းယာဉ်မောင်း တဦးက ပြောပြပါတယ်။။

“ကျွန်တော့်အနေနဲ့က ထရပ်ကားအသေးစားလေးနဲ့ပေါ့ဗျာ။ စက်မှုဇုံကထုတ်တဲ့ ကားလေးနဲ့ ကျွန်တော်က လားရှိုးနဲ့ မူဆယ်နဲ့ကို မုန့်ဖာတို့ ဘာတို့ပေါ့လေ။ အဓိကတော့ မုန့်ဖာပေါ့ဗျာ တရုတ်က စားကုန်သောက်ကုန်။ အဆင်းကိုတော့ တရုတ်မုန့်တွေတင်တယ်။ အတက်ကိုတော့ ကျွန်တော်တို့က ခရီးသည်ပေါ့ဗျာ ပါဆင်ဂျာ ကိုဘဲ အဓိကထားပြီးတော့မှ။ ဒီ လားရှိုးကနေ မူဆယ်ကို အတက်အဆင်း ကျွန်တော်တို့က နေ့တိုင်း ရှိတာ။ ကျွန်တော့်လိုဘဲ ကား အစီးများများကတော့ ဒီဘက်လမ်းကြောမှာ ပြေးလွှားနေကြတာပေါ့ အစီး ၄၊ ဆယ်လောက်။

တချို့ကျတော့ စက်တင်ဘာ ပထမပတ်လောက်ပေါ့လေ ရက်စွဲတော့ အတိအကျ မသိဘူး။ ရုံးချုပ်ရဲ့ အမိန့်ဆိုပြီးတော့မှ သူက ကျွန်တော်တို့ ကားတွေကို တရားဝင် အတက်အဆင်းလုပ်ခွင့် မပေးတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ကိုယ့်ရှိတဲ့ အရင်းအနှီးနဲ့ပဲ လုပ်စားကြရတာဆိုတော့ နဂိုကတော့ စပယ်ယာ။ ဒါရိုက်ဘာကော။ အုံနာကော ပြေပြေလည်လည် ပေါ့ဗျာ။ အခုကျတော့ တက်လို့မရတော့ ဘာလုပ်ငန်းလုပ်ရင်ကောင်းမလဲပေါ့ဗျာ အတိုင်းအတာတခုက အခုကျတော့ ကျွန်တော်တို့က အလုပ်လက်မဲ့ပေါ့။ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ရဲ့ ညီ အရင်းပေါ့လေ အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ်၊ သူကနေပြီးတော့ ထောင်ထားတဲ့ “စိတ်ကြိုက်” ကားအသင်းပေါ့ဗျာ။ လေအေးပေးစက် တပ်ဆင်ထားတဲ့ အိတ်စ်ပရက် ကားကြီးတွေပေါ့။ လူ ၄၀ လောက် ဆံ့တဲ့ကားတွေ။

သူလိုပဲ ကျန်တဲ့ကား အသင်းတွေရှိသေးတယ်။ ရတနာစိုးတို့ ရွှေပြည်စိုးတို့ ၀င်းနားလို့ ဆိုတဲ့ ကားတွေကလဲ သူနဲ့ ယှဉ်ပြိုင်ပေါ့လေ အားလုံးပေါင်း ၄ သင်းရှိတာပေါ့။ သူတို့ကားတွေကျတော့ အောက်က အံဝှက်ကြီးတွေပေါ့ဗျာ ဘောက်စ်ကြီးတွေပေါဗျာ။ အမြင့်က ၃ ပေခွဲ။ အလျား က ၉ ပေလောက်ရှိတယ်။ အဲ့ဒီ ပတ်လည်ထဲမှာကို ကယ်ရီ ပစ္စည်းတွေကို အပြည့်အ၀တင် ပြီးတော့မှ ခရီးသည် ထိုင်ရမယ့် ခုံ ၃ လိုင်းလောက်ကို ပစ္စည်းတွေတင်။ အဲ့ဒီတန်ဖိုးက ကျွန်တော်တို့ကျတော့ သဘောပေါက်တယ်။ ကျွန်တော်တို့တင်တဲ့ ပစ္စည်းကျတော့ မုန့်ဖာ သူတို့တင်တာက အနည်းဆုံး ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားမှာပါတယ်။ အဲ့ဒီ ကားတွေ အတိုင်းအတာကျတော့ လုပ်စားခွင့် ကိုင်စားခွင့်ပေးထားတယ်။ ကျွန်တော်တို့ အတိုင်းအတာတခုက မကျေနပ်တာပေါ့။ ဒီကားတွေကိုကျတော့ လူ ၄၊ ဆယ်ပါတဲ့ ပစ္စည်းတွေ ၁၄၊ သိန်း။ သိန်း ၂၀ ပါတယ် ဒီ ၁၀၅ မိုင်တို့ ဂိတ်ကလဲ အဲ့ဒီ ကားတွေကို မစစ်ဘဲနဲ့ လွတ်တယ်။ ရေပူဂိတ်ကလည်း ထိုနည်းလည်းကောင်းပဲ မစစ်ဆေးဘဲနဲ့ လွတ်တယ်။ လမ်းကြောမှာရှိတဲ့ နောင်ချိုမှာ ရှိတဲ့ မူးယစ်ဂိတ်လိုမျိုး ၁၆ မိုင်လို ဂိတ်လိုမျိုးကအစ အားလုံးက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကားရဲ့ အတိုင်းအတာတခုက တဖက်စောင်းနင်းပေါ့ဗျာ။

ပြောရရင်တော့ အဲ့ဒီ ပုံစံမျိုးနဲ့ သူက လွတ်နေတာ သူ့ကို မှီခိုပြီးတော့ပဲ ကျန်တဲ့ အိတ်ခ်ပရက်ကား ၃ သင်း ၀င်းနား တို့လို ရတနာစိုးတို့လို ရွှေလီဦး တို့ကလည်း သူ့ကို မှီခို+ပီး သူ့ရဲ့ အနေအထားကို လိုက်ပြီးတော့ အကုန်ဖန်တီးကြရတာ။ ကျန်တဲ့ ကားတွေကတော့ ဗင်တို့လို ဆလုံး တို့လို ကရောင်း တို့လို လူ ၄ ယောက်ပါတယ်။ လက်ရှိပြေးနေတဲ့ ဟိုင်းလတ်တို့ ဟိုက်အိတ်စ်တို့ အပါအ၀င်ပေါ့ဗျာ။ ခရီးသည် အကုန်ဆင်း အိတ်တွေကို အကုန်ဖွင့်ပြီး တော့မှ ပစ္စည်းတွေကို ကျွန်တော်တို့ ကားတွေလည်း အရှာအဖွေ ခံရတာပေါ့။ ဒီပစ္စည်းက မပေးဘူး ဒီပစ္စည်းတော့ ပေးမယ် အိတ်တွေကို ဖွင့်ပြ။ ပြီးရင် ဖင်ထိုင်ခုံတွေ လှန်။ အဲ့တော့ ဒီ ၄၊ ဆယ်လောက် ဆံ့တဲ့ လူတွေရဲ့ ပစ္စည်းတွေ အောက်လဲ မချရဘူး။ ဇစ်တွေလဲ အဖြဲမခံရဘဲနဲ့ ဒီကားတစီးကို တာဝန်ရှိတဲ့သူကနေ ဂိတ်ပတ်စ် ပေးပြီးတော့မှ ဖြတ်စေတဲ့ ပုံစံမျိုးမှာကျတော့ ကျွန်တော်တို့ အမြင်ပြောရရင်ဗျာ တဖက်စောင်းနင်းဖြစ်တယ်ပေါ့။ အဲ့ဒီ ကိစ္စပါ၊

ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ညီအရင်း အငြိမ်းစား ဗိုလ်မှူး အောင်လင်းထွဋ် ဦးစီးပြီး မန္တလေး - မူဆယ် လွန်းပြန်ပြေးဆွဲနေသည့် ခရီးသည် (၅၀) ကျော်ဆံ့ လေအေးပေးစက်တပ်ဆင်ထားသည့် အဲယားဘတ်စ် (၇) စီးရှိသည်ဟု သိရပါတယ်။ ရမခ . အစုရှယ်ယာများ ပါဝင်သည်ဟုလည်း ကားသမားသတင်းရပ်ကွက်က ပြောပါတယ်။

စိတ်ကြိုက် ကားလိုင်းမှီခိုရာ ရတနာစိုး၊ ရွှေလီဦး၊ ၀င်းနား ကားလိုင်းများက မူဆယ် - မန္တလေးလမ်းကြောတွင် အကောက်ခွန်မဲ့ပစ္စည်း။ တရားမ၀င်ပစ္စည်းများ သယ်ဆောင်နေရပြီး နကသ ဦးစီးသည့် ၁၀၅ မိုင် နှင့် ရေပူစမ်း စစ်ဆေးရေးဂိတ်၊ အကောက်ခွန်ဦးစီးသည့် ၁၆ မိုင် စစ်ဆေးရေးဂိတ်၊ သီးခြားရှိသည့် နောင်ချို မူးယစ်ဂိတ် တို့မှာ အစစ်အဆေးမရှိ သွားလာနေကြသည်ဟု ကားဆရာကပြောတယ်၊ စိတ်ကြိုက် ကားလိုင်းရှိ အဲယားဘတ်စ် တစီးတွင် မူဆယ် မှ မန္တလေး ဆင်းတိုင်း သိန်း (၂၀) ကျော်ခန့် တန်ဖိုးရှိသည့် အကောက်ခွန်မဲ့ ကယ်ရီပစ္စည်းများ ပါလေ့ရှိသည်ဟုကားဆရာမှပြောပါတယ်။ အတက်ခရီးတွင်လည်း အကောက်ခွန်မဲ့ တရားမ၀င် ကျောက်မျက်ရတနာ။ သစ်တောထွက်ပစ္စည်းများကို အံဝှက်များဖြင့် ထည့်သွင်း သယ်ဆောင်လေ့ရှိပြီး ရမခ တိုင်း၏ ကားလိုင်းဖြစ်၍ စစ်ဆေးရေးဂိတ်များက လည်း စစ်ဆေးခြင်းမရှိကြောင်း ပြောပြသည်၊ စစ်ဆေးခြင်းမှ ကင်းလွတ်နေ၍ ခရီးသည် ကုန်သည်အများစုကလည်း စိတ်ကြိုက် ကားလိုင်းမှ အဲယား ဘတ်စ်များကို အစီးများနေကြသည်ဟု ကားဆရာက အခုလိုဆက်ပြောပြပါတယ်။။

“စိတ်ကြိုက် ကားနဲ့ စိတ်ကြိုက် ကားအသင်းနဲ့ ကုန်သည်တွေက ပစ္စည်းတင်မယ်ဆိုရင် မနက်ဖြန်လို မနက် ထွက်မယ့်ကားက ဒီမှာ ဂိုထောင်ကြီးတွေ ရှိတယ်ဗျာ့။ ဆင်ဖြူအိမ်ရာပေါ့လေ။ ဆင်ဖြူဈေးအိမ်ယာထဲမှာ ဂိုထောင်ငှားထားတယ်။ အဲ့ဒီမှာ ညကို တင်ပြီးတော့မှ မနက်ထွက်ရင် ညနေကို မန္တလေးရောက်တာ သေချာနေတာ ဆိုတော့။ တကယ့် အရေးကြီးတဲ့ ပစ္စည်းတွေ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ကုန်သည်တွေက အဲ့ဒီမှာဘဲ အပ်ပြီးတော့မှ တနိုင်တပိုင်လိုက်မယ့် ခရီးသည် အနေအထားတခုက အသေးအမွှားတွေဆိုလို့ရှိရင် သူ့ရဲ့ ခရီးဆောင် အိတ်ထဲမှာ ထည့်ယူသွားကြတယ်။

အဲ့ဒီအတွက် ဒီ ကားသင်းရဲ့ အနေအထားတခုကလည်း အခွင့်အရေးရထားတဲ့အတွက် သူက လမ်းမှာ အစစ်အဆေးမရှိတော့ဘူး။ ကျန်တဲ့ ကားတွေဆိုတာကတော့ တကယ်တမ်းကျတော့ဗျာ ကုန်ကုန်ပြောရရင် ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းလဲ မပါပါဘူး ခရီးသည်လေး အနေအထားတခုက အကုန်လုံး ဆင်းကြရတယ်။ အိတ်တွေ ဖြဲပြရတယ်။ မိုးရွာမရှောင် နေပူမရှောင်ပေါ့ဗျာ။ လူလေးပါတာမှ ၄ ယောက် ၅ ယောက် ပေါ့ဗျာ ဒီကြားထဲမှာ အစစ်အဆေး ပေါင်းစုံခံရတယ်။ တက်ပြီး ဆိုလို့ရှိရင်လည်း တက်တဲ့အလိုက် ခရီးသည် အနေအထားတခုက တန်ဖိုးရှိတဲ့ ကျောက်စိမ်းတို့လို ကျောက်စိမ်းလက်ကောက်တို့ဆိုတာ ဒီကားကြီးတွေနဲ့ပဲ အံဝှက်ပေါင်းစုံလဲပါတယ်။ နောက် ခရီးသည်ကလည်း သူ့ရဲ့ အိတ်တွေထဲမှာ ထည့်ယူလာရင် ဘယ်လိုဘဲဖြစ်ဖြစ် လွတ်နေမှန်းသိတော့ ဒီကားကြီးတွေကိုဘဲ စီးကြတာပေါ့ဗျာ။ ဒါကိုတော့ ကိုယ်ဘဲဖြစ်ဖြစ် သူဘဲဖြစ်ဖြစ်ပါ ချောင်တဲ့ကားကိုဘဲ လိုက်ရမှာပေါ့။ အဆင်းဆိုလို့ရှိရင်လဲ ဒီကသွားတဲ့ မူးယစ်ဆေးဝါးကအစပါဘဲ စိတ်ကြွလိုမျိုး။ နံပါတ်ဖိုးလိုမျိုး အိတ်ထဲထည့်ယူသွားမယ်ဆိုရင် ဒါ သေချာပေါက် လွတ်သွားနိုင်တဲ့ ဒီကားနဲ့ လိုက်သွားရင် မန္တလေးကို အခု ထိုင်လိုက်သွားရင် ညနေဆို ရောက်ပြီဆိုတဲ့ အတိအကျ ပြောလို့ရတဲ့ အနေအထားဖြစ်နေတယ်။

ဂိတ်တွေကလဲ သူက ဘယ်လိုပြောမလဲဗျာ။ ဒီကားတွေ အတိုင်းအတာတခုကို အသေအချာ မစစ်တော့ဘူး။ ဂိတ်ပတ်စ် ကိုဘဲ အကုန်လုံး တာဝန်ရှိတဲ့ နကသ ကဦးဆောင်တဲ့ နကသ လက်မှတ် ထိုးပြီးရင် ကာစတန်ထိုး၊ ကာစတန်ထိုးပြီးရင် ကျန်တဲ့ ၀န်ထမ်းတွေကလည်း ဘုမသိ ဘမသိ အကုန်လုံး တန်းထိုးတာပါဘဲ။ ဒီပုံစံပါဘဲဗျာ။ ရေပူဆိုလဲ ရေပူအလိုက်။ နောင်ချို မူးယစ်ဆိုရင် စိတ်ကြိုက် ကားအသင်းကို လမ်းပေါ် ရပ်ပေးစရာမလိုဘဲနဲ့ တန်းမောင်းသွား၊ ရတယ်၊ အဲ့ဒီလောက်အထိ သူတို့မှာ အခွင့်အရေးရထားတာပေါ့ဗျာ။ ကျန်တဲ့ ကားတွေကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ အစစ်အဆေးပေါင်းစုံနဲ့ဘဲ အခက်အခဲပေါင်းစုံနဲ့ပဲ ကျော်လွှားကြရတယ်၊ ဒီ စိတ်ကြိုက် ကားကိုဘဲ အခြေခံပြီးမှ ကျန်တဲ့ ကားအသင်း ၃ သင်းကလည်း အဆင်ပြေအောင်လေးဘဲ လုပ်စား နေကြတယ်။ သူတို့ အဆင်ပြေမှဘဲ ကျန်တဲ့ကားတွေက ကျန်တဲ့ ၃ သင်းက အဆင်ပြေသလိုဖြစ်နေတာပေါ့။ ရွှေလီဦးတို့ ရတနာစိုးတို့ ၀င်းနားတို့ ကားအသင်းတွေရှိသေးတယ်။ သူတို့ကလည်း သူတို့ ထွက်ချိန်ကလည်း အတူတူ။ သွားချိန်ကလည်း အတူတူ ဆိုတော့ သူတို့လည်း စိတ်ကြိုက် ကားအသင်းကိုဘဲ အခြေခံပြီးတော့မှ ပြေးနေတာပေါ့ဗျာ။ ကျန်တဲ့ကားတွေကတော့ အတိုင်းအတာတခုကတော့ ဒီ ခရီးသည်ပစ္စည်းလေးတွေနဲ့ အသီးဖာလေးတွေ မုန့်ဖာလေးတွေ ဒါလေးတွေက အစဉ်အဆက် စားကုန်သောက်ကုန် အနေအထားတခုက ခွင့်ပြုတယ်။ သူတို့ နားလည်မှုနဲ့ ခွင့်ပေးထားတာ ရှိတယ်၊ ဒါလေးတွေတောင်မှ အခန့်မသင့်ရင် အဖမ်းခံရတာတို့ အသိမ်းခံရတာတို့ နောက်ပြန်လှည့်ပြီး သယ်ခွင့်မရှိတာတို့ရှိတယ်၊ သူတို့ဆီမှာ ဒီကားကြီးတွေနဲ့ ခရီးသည်တင်ရမယ့် ခုံ ၃ လိုင်း ၄ လိုင်း ပေါ့ဗျာ ခုံ ၃ ခုံစာလောက်ကြီးကို ပစ္စည်းတွေ အပြည့်တင်ပြီးတော့မှ ဖြတ်သွားတာတောင် ပြဿနာမရှိဘူးပေါ့။ ကားလေးတွေနဲ့ လုပ်စားနေကြတဲ့ သူတွေ အတိုင်းအတာတခုမှာ အများကြီး အခက်အခဲရှိသွားတာပေါ့ဗျာ၊၊

မနျွှလေး - မူဆယ် လမ်းကြောတွင် ရမခတိုင်းမှူး အစုရှယ်ရာ ‘စိတ်ကြိုက်၊ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ကဲ့သို့ ရန်ကုန် - မန္တလေး - လားရှိုး လမ်းကြောတွင်လည်း “တက်လမ်း”ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းကိုလည်း ရမခ အစုရှယ်ရာပါဝင်ပြီး ယာဉ်လိုင်းဖွင့်ပွဲကို ရမခ တိုင်းမှူး၊ ဒု တိုင်းမှူး နှင့် စစ်တပ်အရာရှိများ တက်ရောက်ခဲ့သည်ဟု သိရသည်၊ တက်လမ်း ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းသည် ၀န်ကြီးဌာနမှ လိုင်စင်ချက်ချင်းချပေးသော်လည်း တက်လမ်း နှင့် ယှဉ်ပြိုင် ပုဂ္ဂလိကပိုင် ယာဉ်လိုင်းများဖြစ်သည့် မြတ်မန္တလာထွန်း။ မန်းရွှေပြည် ယာဉ်လိုင်းများမှာ တနှစ်နီးပါး ကြာပြီး နောက်ပိုင်းမှသာ စိစစ်၍ ၀န်ကြီးဌာန၏ လုပ်ငန်းလိုင်စင် ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း သိရပါတယ်။။