Wednesday, October 1, 2008

NCGUB ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၀)နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀)နှစ်မြောက် ကြေညာစာတမ်း ကြေညာချက်အမှတ် - ၂၀ / ၀၉ / ၀၈



၀၁.၁၀.၂၀၀၈သတင်း

ပင်တီ ပြီးတော့ လောက်လေးဂွ ဗိုလ်ချုပ်မှူးကြီးကိုပစ်ချ
အေးလဲ့ အောက်တိုဘာ ၁၊ ၂၀၀၈

“သန်းရွှေကို ဘယ်လိုဆော်ရမလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီးပုံကို လောက်လေးဂွဖြင့်ပစ်ကစား ရသည့် အင်တာနက်ဂိမ်းတခုကို မြန်မာကာတွန်းပညာရှင်များက ထုတ်လုပ်လိုက်ကြောင်း သိရသည်။


၎င်းဂိမ်းသည် ခမောက်ဆောင်းကာ လွယ်အိတ်ကိုစလွယ်သိုင်းလွယ်ထားသည့် နွားကျောင်းသား လူငယ်တဦးက ကောင်းကင်မှ ထီးတလက်ဖြင့် ကျလာသည့် ဗိုလ်ချူပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့် ချိန်ရွယ်ပစ်ခတ်ရသည့် ကစားနည်း ဖြစ်ပြီး ကြိမ်ဖန်များစွာထိပါက အမှတ်များများရမည်ဖြစ်သည်။

စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မြန်မာစာပေအနုပညာရှင်များ မွန်းကြပ်နေရခြင်းကို ပျက်ရယ်ပြုကာ သရော်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် မိုးမခ မီဒီယာဝိုင်းတော်သားတဦးဖြစ်သည့် ကိုမောင်ရစ်က ပြောသည်။

“ပြည်တွင်းမှာရှိတဲ့ စာပေအနုပညာရှင်တွေဟာ စစ်အစိုးရနဲ့ပတ်သက်ပြီး ဖိနှိပ်ခံထားရလို့ မွန်းကြပ်မှုတွေကို ယခုလို ဖော်ထုတ်သရော်လာကြတာပါ။ ဥပမာအားဖြင့် ကဗျာဆရာစောဝေ ဆိုရင် သူ့ကဗျာမှာ “အာဏာ ရူးကြီး မှူးကြီး သန်းရွှေ” ဆိုပြီး အာဏာဖက်တွယ်ထားတာကို ကဗျာနဲ့ဖော်ပြခဲ့လို့ အဖမ်းခံရတယ်။ ဇာဂနာ ဆိုရင်လည်း ပြက်လုံးနဲ့ရော တိုက်ရိုက် ပြောခဲ့တဲ့အတွက်ကြောင့်ကော ဖမ်းထားတယ်။ အခုလည်း ကာတွန်း ပညာရှင်တွေက ဒီကွန်ပျူတာဂိမ်းနဲ့ သရော် လိုက်ပြန်ပြီ” ဟု ကိုမောင်ရစ်က ပြောသည်။

ဤဂိမ်းကိုကစားခြင်းဖြင့် ကစားသူ ကိုယ်တိုင် မိမိဆန္ဒကို ဖော်ထုတ်သရော်နိုင်ရန် တီထွင်ခြင်း ဖြစ်သည် ဟုလည်း ကိုမောင်ရစ်က ဆက်ပြောသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သရော်သည့် ဂိမ်းမျိုးကို လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ရွေ့လျား ခုန်ပေါက်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီးအတွင်းခံဘောင်းဘီ ထိမှန်ပါလျင် ခန္ဓာကိုယ်တစစီ ပဲ့ထွက် သွားသည့် “Panties for Peace” ဟု အမည်ရှိ ဂိမ်းတခုကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။

“panties for peace” ကို မြန်မာနိုင်ငံတွင်းရှိလူငယ်များ သဘောကျကြကြောင်းနှင့် လူငယ်များက ၎င်းဂိမ်း ကစားလို ကြောင်း ရန်ကုန်မြို့ရှိ ဂိမ်းဆိုင်ရှင်တဦးက ပြောသည်။

“သန်းရွှေကို ဘယ်လိုဆော်ရမလဲ” ဂိမ်းကို ကစားဖူးသည့် ရန်ကုန်မြို့ရှိ လူငယ်တဦးက “ကြိုက်တော့ ကြိုက်ပါတယ်၊ ကြာလာရင်တော့ပျင်းစရာကြီးနော် ... လောက်လေးဂွ မို့ထင်တယ်။ ပိာု ပင်တီနဲ့ ပစ်တဲ့ ဂိမ်းကို ပိုကြိုက်တယ်” ဟု ပြောသည်။

၎င်းဂိမ်းကို အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့၏ moemaka.com/images/berumagame01.htm အင်တာနက် စာမျက်တွင် ကစားနိုင်သည်။

မဇ္ဈိမ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခံရ
ဧရာဝတီ အောက်တိုဘာ ၁၊ ၂၀၀၈

ယနေ့နက် ထိုင်းနိုင်ငံစံတော်ချိန် ၄ နာရီတွင် ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက် ခံရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ ဦးစိန်ဝင်းက ဧရာဝတီကို ပြောသည်။

မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံတို့ကို ဖော်ပြသည့် စာမျက်နှာများကို လူအများ ၀င်ရောက်ကြည့်ရှူခွင့်မရ အောင် နည်းပညာကိုအသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

“အကြောင်းတခုခုရှိလို့ hack လုပ်တာဖြစ်မှာပေါ့။ ဘယ်သူ့လက်ချက်ဆိုတာတော့ မပြောနိုင်သေးဘူး။ ကျနော်တို့တွေ့ထားတဲ့ ip လိပ်စာက အမေရိကားကလာတာ၊ နည်းပညာတတ်ကျွမ်းတဲ့သူ တယောက်ယောက်က သူ့အကျိုးစီးပွားအတွက် လုပ်တာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

ယနေ့နေ့လယ်ပိုင်းက စာဖတ်သူတချို့ မဇ္ဈိမအင်တာနက်စာမျက်နှာသို့ ၀င်ရောက်ကြည့်ရှူရာ လွတ်လပ်သည့် မြန်မာနိုင်ငံ သား နည်းပညာဖောက်ထွင်းသမား (hacker) တို့က ၎င်းဆိုက်ကို သိမ်းပိုက်လိုက်သည်ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လလယ်ပိုင်းကလည်း နော်ဝေနိုင်ငံအခြေစိုက် လွတ်လပ်သည့်မြန်မာ့အသံ (ဒီဗီဘီ) နှင့် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းတို့၏ အင်တာနက်စာမျက်နှာများကို နည်းပညာဖောက်ထွင်းသမားတို့က Distributed Denial of Service (DDoS) နည်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ယနေ့နေ့လယ်ပိုင်းတွင် မဇ္ဈီမက ၎င်း၏ အင်္ဂလိပ်ပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံစာမျက်နှာတို့ ပြန်လည်ပြင်ဆင် ထုတ်လွှင့်နိုင်ပြီ ဖြစ်ပြီး ယနေ့ညနေပိုင်းတွင် အားလုံးပြန်လည်ကောင်းမွန်မည်ဟုမျှော်လင့်ကြောင်း မဇ္ဈိမအယ်ဒီတာ ဦးစိန်ဝင်းက ပြောသည်။


ရန်ကုန်အခြေစိုက် ဂျာနယ် ၂ စောင် ပိတ်ပင်ခံရဧရာဝတီ အောက်တိုဘာ ၁၊ ၂၀၀၈

မြန်မာအပတ်စဉ် ထရူးနယူးစ် (True News) ဂျာနယ် မျက်နှာဖုံးတွင် မြန်မာကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံရပြီး အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ်ကိုလည်း စည်းမျဉ်း စည်းကမ်း မလိုက်နာသောကြောင့် ၁ လ ပိတ်ပင်လိုက်ကြောင်း မြန်မာသတင်း ဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။
ဖူးခက်ရောက် မြန်မာကလေး အလုပ်သမားဓာတ်ပုံ ဖော်ပြသောကြောင့် True News ဂျာနယ် ပိတ်ပင်ခံရသည်
“မနေ့ကညနေက ထရူးနယူးစ် ဂျာနယ်နဲ့ အက်ရှင်တိုင်းမ်စ် ရှာနယ် တွေက အယ်ဒီတာတွေကို စိစစ်ရေးက ပိတ်တယ်လို့ ခေါ်ပြောတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ထရူးနယူးစ် ဂျာနယ် မျက်နှာဖုံးတွင် ကလေးအလုပ်သမားတဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ် နေပုံကိုဖော်ပြထားပြီး ပုံစာတွင် “ဖူးခက်ကမ်းခြေအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်လုပ် နေသော မြန်မာကလေးငယ်တဦး” ဟူ၍ ရေးသားထား သောကြောင့် ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်း အဝန်းမှ သိရှိရသည်။

အက်ရှင်တိုင်းမ်(စ်) ဂျာနယ်ကိုမူ စာပေစိစစ်ရေးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ မလိုက်နာ သောကြောင့် ပိတ်ပင်သည်ဟု ကြားသိရသည်။ ၎င်းဂျာနယ်ကို အောက်တိုဘာ ၂ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပိတ်ပင်သည်ဟု စာပေစိစစ်ရေး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။“အက်ရှင်တိုင်းမ်စ် ကတော့ ဘာလို့ပိတ်တယ်ဆိုတာ သေချာမသိရဘူး။ စည်းမျဉ်းစည်းကမ်း မလိုက်နာလို့ ဆိုတာပဲသိရ တယ်။ ဖြစ်နိုင်တာကတော့ စိစစ်ရေးကဖြုတ်ခိုင်းတာတွေ ဖြုတ်ဖို့ကျန်သွားတယ်ထင်တယ်” ဟု အလွတ်သတင်းထောက် တဦးကပြောသည်။

မြန်မာအပတ်စဉ်ဂျာနယ်များ အားလုံးသည် ဂျာနယ်မူကြမ်းများကို မထွက်ခင် တပတ်ကြို၍ စိစစ်ရေးသို့ တင်ရပြီး စိစစ်ရေး က ဖြုတ်ရန်ပြင်ရန်များကို ၂ ရက်ခန့်ကြည့်၍ ပြန်လည်ချပေးသည်။ ထိုမူကြမ်းကို ဖြုတ် စရာ ပြင်စရာများ ဖြုတ်ပြင်ကာ ဂျာနယ်ထွက်မည့် ပုံစံအတိုင်း အချောထိုင်၍ ထည့်သွင်းမည့်ကြော်ငြာများ နှင့်တကွ အတိအကျ စိစစ်ရေးသို့ ပြန်လည်ပြသ ရသည်။ အချောအဆင့်ကို စိစစ်ရေးက ခွင့်ပြုမှသာ ဂျာနယ်ကို စတင်ပုံနှိပ်ပြီး ဖြန့်ချိရခြင်းဖြစ်သောကြောင့် ဂျာနယ်တစောင် ထွက်ရန် လုပ်ငန်းအဆင့်ဆင့်မှာ တပတ်ခန့်ကြာမြင့်သည်။

“မူချောကျမှ ပုံနှိပ်ရတာလေ။ လွှတ်တုန်းကလွှတ်ပေးလိုက်ပြီး နောက်မှ အထက်က ခေါ်ဆူတော့မှ ဂျာနယ်ကိုပိတ်တာ ဖြစ်မယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ထရူးနယူးစ် ဂျာနယ် ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ သုံးသပ်သည်။

ခိုင်လုံသော သတင်းရပ်ဝန်းတခု၏ အဆိုအရ ထရူးနယူးစ် ဂျာနယ်တွင် ပါရှိသော သတင်းဓာတ်ပုံနှင့် ပတ်သက်၍ မြန်မာ နိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူး တင့်ဆွေကို ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဖိအားပေးကြိမ်းမောင်းသည်ဟု သိရသည်။

ထရူးနယူးစ် ဂျာနယ်ကို သမဝါယမဘဏ်လိမိတက် (စီဘီဘဏ်) ဥက္ကဌ ဦးခင်မောင်အေး ပိုင်ဆိုင်ပြီး အယ်ဒီတာချုပ်မှာ ဦးသောင်းထိုက်ဖြစ်သည်။ အက်ရှင်တိုင်းမ်စ်ဂျာနယ်ကိုမူ ရုပ်ရှင်သရုပ်ဆောင် ရှားညိုက ပိုင်ဆိုင်သည်။

ဦးဝင်းတင်သတင်း ဖော်ပြမိသောကြောင့် အက်ရှင်တိုင်းမ်စ်ဂျာနယ် တလအပိတ်ခံရ
အေးချမ်းမြေ့ အောက်တိုဘာ ၁၊ ၂၀၀၈

မြန်မာအပတ်စဉ် အက်ရှင်တိုင်းမ်စ် (The Action Times) ဂျာနယ် တလ ပိတ်ပင်ခံသည့် အကြောင်းရင်းမှာ ယခင်တပတ်က အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော သတင်းစာဆရာကြီး ဦးဝင်းတင်အကြောင်းကို ဖော်ပြထားသောကြောင့် ဖြစ်နိုင် ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားတဦးက သုံးသပ်သည်။

“ဆရာကြီး ဦးဝင်းတင်ဟာ စက်တင်ဘာ ၂၃ ရက်ညနေခင်း က အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး မိတ်ဆွေ ဦးမောင်မောင်ခင် နေအိမ်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်လျှက် ရှိပါတယ်။ ထောင်တွင်းမှာ နှစ်ပေါင်း ၂၀ ခန့် နေထိုင်ခဲ့ရပေမယ့် ဦးဝင်းတင်ဟာ မျက်စိအားနည်းတာ တခုကလွဲပြီး ကျန်းကျန်းမာမာ ရှိနေတာ တွေ့ရပါတယ်” ဟု ၎င်း ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

“ဦးဝင်းတင်နဲ့ ပတ်သက်လို့ ရေးထားတာကို စိစစ်ရေးက ဖြုတ်ခိုင်းတာ မဖြုတ်ဘဲ ထည့်လိုက်လို့ ပိတ်တယ်လို့ ထင်တာပဲ” ဟု အဆိုပါ သတင်းသမားက ပြောသည်။

အက်ရှင်တိုင်းမ်စ် ဂျာနယ် အမှတ်စဉ် (၃၈) စာမျက်နှာ ၃ ၌ ရေးသားထားသော ၎င်းသတင်းတွင် ဆရာကြီး ဦးဝင်းတင်အနေနှင့် အကျဉ်းထောင်ထဲတွင် ယမန်နှစ်မှစ၍ သတင်းစာနှင့် စာအုပ်များ ဖတ်ရှုခွင့်ရကြောင်းနှင့် ၎င်း၏ အထုပ္ပတ္တိ အပြည့်အစုံ၊ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာတို့တွင် အယ်ဒီတာ တာဝန် ထမ်းဆောင်ခဲ့ပုံ တို့ကို ခုနှစ်သက္ကရာဇ်နှင့်တကွ အသေးစိတ် ဖော်ပြထားသည်။ သို့ရာတွင် ဦးဝင်းတင်၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဖော်ပြထားခြင်း မတွေ့ရပေ။

“ဦးဝင်းတင်အကြောင်းက ဂျာနယ်တွေမှာ ရေးလို့မရဘူးဗျ။ မရေးရဘူးလို့ ပြောထားတာတော့ မဟုတ်ဘူး။ ရေးရင် ဖြုတ်တာပါ” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

အက်ရှင်တိုင်းမ်စ် ဂျာနယ်အယ်ဒီတာ အဖွဲ့အနေနှင့်မူ ၎င်းတို့ဂျာနယ် အပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့် ထင်ကြေးမှ မပေးလိုဟု ဆိုသည်။

ယခုကဲ့သို ဂျာနယ်တလ ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ စာပေစိစစ်ရေးက စည်းမျဉ်းဖောက်ဖျက်ခြင်း ကြောင့်ဟူ၍သာ ပြောခဲ့သည်ဟု သိရှိရသည်။

သတင်းစာဆရာကြီးဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အစိုးရဆန့်ကျင်သည့် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရသည်။

ဦဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

ယမန်နေ့က အက်ရှင်တိုင်းမ်စ် ဂျာနယ်အပြင် ထရူးနယူးစ် (True News) ဂျာနယ်သည်လည်း မျက်နှာဖုံး တွင် မြန်မာ ကလေး အလုပ်သမား ဓာတ်ပုံကို ပုံကြီးဖြင့် ဖော်ပြလိုက်သောကြောင့် ၂ လတာ ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းအသိုင်းအဝန်းမှ ကြားသိရသည်။


ဖရီးဒန်းအော့ဖ်ဆဲလ်ဖို့ ဆုအတွက် ဒေါ်စုနှင့် ရိုင်ယန်ဂစ်တို့ ၂ ဦးကို ရွေးချယ်ရခက်နေ
ကိုထွေး အောက်တိုဘာ ၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းမှ ဂန္ထ၀င် ဘောလုံးသမားရိုင်ယန်ဂစ်တို့ နှစ်ဦးအနက် မည်သူ့ကို ဆုပေး ရမည်ဆိုသည်ကို ဖရီးဒန်းအော့ဖ် ဆဲဖို့ဒ် (Freedom of Salford) ဆု ရွေးချယ်ရေး အဖွဲ့က ဆုံးဖြတ်ရ ခက်နေကြောင်း သိရသည်။
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဖရီးဒန်းအော့ဖ် ဆဲလ်ဖို့ဒ် ဆုသည် အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့ဖူးသည့် လူပုဂ္ဂိုလ် တဦးချင်း၏ စွမ်းဆောင်မှု အရည်အချင်းကို လေးစား အသိအမှတ်ပြုသည့် အနေဖြင့် ယူနီဆန် ဆဲလ်ဖို့ဒ်အဖွဲ့က ရွေးချယ် ပေးအပ်သော ဆုဖြစ်သည်။

ယင်းဆုကို ၁၉၇၅ ခုနှစ်ကနောက်ဆုံး ပေးအပ်ချီးမြှင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ပြန်လည်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ထိုဆုကို တောင်အာဖရိက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နယ်လ်ဆင် မင်ဒဲလားအား ချီးမြှင့် ခဲ့သည်။

ဆုရွေးချယ်သည့် ယူနီဆန်ဆဲလ်ဖို့ဒ် အဖွဲ့မှ အတွင်းရေးမှူး ရေးလ် ဝေါလ်ကာက “လွန်ခဲ့တဲ့နှစ်တွေက ကျနော်တို့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေကို ထောက်ခံမှုတွေ ပြသခဲ့ပါတယ်။ ဒီဆုကို နှစ်အတော်ကြာ မချီးမြှင့်နိုင်ခဲ့ တာရယ် ပြန်ပေးဖို့ ကြိုးစားတော့လဲ အခုချိန်ထိ ဘယ်သူ့ကို ရွေးရမှန်း မဆုံးဖြတ်နိုင်တာရယ်ကို စိတ်ပျက်မိပါတယ်” ဟု ပြောသည်။

ဇန်န၀ါရီလက ရိုင်ယန်ဂစ်အား အဆိုပါဆုကို ချီးမြှင့်ရန် ရည်ရွယ်ထားသော်လည်း ယူနီဆန် အကြီးအကဲ များက ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ ရွေးချယ်ခဲ့သဖြင့် ယခုအခါ ဆု ရွေးချယ် ချီးမြှင့်ရေးနှင့် ပတ်သက်၍ အငြင်းပွားနေ ကြောင်း သိရသည်။

ရိုင်ယန်ဂစ်မှာ ဆဲလ်ဖို့ဒ်မြို့တွင် နေထိုင်ခဲ့သူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၎င်းမြို့တွင် နေထိုင်ခဲ့ဖူးခြင်း ရှိမရှိကို ဆုရွေးချယ်ရေးအဖွဲ့က သံသယ ရှိနေကြ၏။

၎င်းဆုအတွက် www. guardkian.co.uk တွင် မဲပေးရွေးချယ် နိုင်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗယ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရှုးဆု (၁၉၉၅) များကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရိုင်ယန်ဂစ်သည် ပီအက်ဖ်အေ၏ အသက်အငယ်ဆုံးကစားသမားဆု (၁၉၉၂-၉၃)၊ အိုဘီအီးဆု (၂၀၀၇) အပါအ၀င် မန်ယူ အသင်းနှင့်အတူ အင်္ဂလန်ပရီးမီးယားလိဂ်သရဖူ ကို(၁၀) ကြိမ်မြောက် ဆွတ်ခူး ရယူပေး နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖလား ကိုလည်း(၂) ကြိမ်တိုင်တိုင် ရယူပေးခဲ့သည်။

ထို့အပြင် တချိန်က ဝေလနိုင်ငံ လက်ရွေးစင် အသင်း၏ အသက်အငယ်ဆုံးကစားသမား၊ မန်ယူအသင်း အတွက် ပွဲအများဆုံး ပါဝင် ကစားပေးခဲ့သော ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားသည်။

တာပိန်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကေအိုင်အိုကို တရုတ်ငွေ ၁၅ သိန်း အခွန်ပေးရ
ကိုသက် အောက်တိုဘာ ၁၊ ၂၀၀၈

အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်စီးပွားရေးကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) နှင့် အမှတ် (၂) တို့ထံမှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က တရုတ်ငွေ ၁၅ သိန်း အခွန် ကောက်ခံသည်ဟု ဒေသခံများက ပြောသည်။

ကေအိုင်အို က ၎င်းတို့ထိမ်းချုပ်သည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင် နေသဖြင့် အခွန်ငွေကောက်ခံခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလမှူးချုပ် စိုးဝင်းကိုယ်တိုင် ၀င်ရောက် ညှိနှိုင်းပေးရသည်ဟုလည်း ဒေသခံများက ဆိုသည်။

“တရုတ်ကပထမ မပေးဘူး။ အစိုးရနဲ့ပတ်သက်တယ်ဆိုပြီး အကြောင်းပြတယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်ကျော် လောက်က ကချင်တပ်ရင်း ၂ ရင်းဝိုင်းလိုက်သေးတယ်။ နောက်မှ တိုင်းမှူးဝင်ညှိပေးလို့ တရုတ်ငွေ ၁၅ သိန်းနဲ့ ပြေလည် သွားတယ်လို့ သိရတယ်” ဟု ဒေသခံတဦးက ပြောသည်။

တာပိန် အမှတ် (၁) စီမံကိန်းသည် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၄၀ ကို ထုတ်လွှတ်မည်ဖြစ်ပြီး တာပိန်အမှတ် (၂) စီမံကိန်း သည် လျှပ်စစ်ဓာတ် ၁၆၈ မီဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကချင် သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအဖွဲ့၏ တာဝန်ခံ ကိုနော်လာ က တာပိန် အမှတ် (၁) စီမံကိန်း ၃၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရက ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရာတွင် ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ ၎င်းတို့၏ဆန္ဒဖြင့် ဆောက်လုပ်ခဲ့ပြီး အကျိုးစီးပွားကိုလည်း စစ်အစိုးရနှင့် တရုတ်အာဏာပိုင်တို့သာ ရရှိသည်ဟု ကိုနော်လာ က ပြောသည်။

ကချင်ပြည်နယ်အတွင်း၌ တာပိန်ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် စီမံကိန်း ၉ ခုကို စစ်အစိုးရနှင့် တရုတ်အာဏာပိုင်တို့ ပူးပေါင်းဆောက်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်သည့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပေးရန် လွန်ခဲ့ နှစ်သည်ကတည်းက ဒေသခံများက တောင်းဆိုထားသည်။ ၎င်းစီမံကိန်းကြောင့် ဒေသတွင်းရှိ ရွာ ၉ ရွာ ရေလွှမ်းမိုးဖွယ် ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

မဇ္ဈိမဝဘ်ဆိုဒ်များ တိုက်ခိုက်ခံရ
မုံပီး
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 01 2008 17:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မဇ္ဈိမသတင်းဌာန၏ ဝဘ်ဆိုဒ်များသည် ဟက်ကာ (hackers) များ၏ Cross-site scripting နည်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဝင်ရောက် ကြည့်ရှုမရဘဲ ဖြစ်နေခဲ့သည်။
မဇ္ဈိမသတင်းဌာနမှ ဝဘ်မာစတာ၏ အဆိုအရ တိုက်ခိုက်သူများသည် poor-code websites များ၏ အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိုဟက်ကာများက ဤဝဘ်ဆိုဒ်များကို ထိန်းချုပ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဝဘ်ဆိုဒ်၏ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဒေတာဘေ့စ်အတွင်း ထည့်သွင်းထားသည့် ဖိုင်များအားလုံး ဖျက်ဆီးခံလိုက်ရပြီး ဘက်ကပ်တွင် သိုလှောင်ထားသော ဒေတာများဖြင့် အစားထိုး ပြန်လည် ထည့်သွင်းခဲ့ရသည်ဟု ဆိုပါသည်။ မဇ္ဈိမတီဗွီနှင့် ဓါတ်ပုံဝဘ်ဆိုဒ်များမှာ ယာယီသုံးမရဘဲ ဖြစ်သွားခဲ့သည်။

ဤသို့ တိုက်ခိုက်သူမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း ဟက်ကာ၏ အင်တာနက် ပရိုတိုဂိုးလ် လိပ်စာ IP မှာမူ အမေရိကန် ပြည်ထောင်စုတွင် ရှိသော ဆာဗာတခုမှ လာသည်ကို တွေ့ရှိခဲ့ရသည်။ ဤသို့ တိုက်ခိုက်သူသည် မြန်မာစစ်အစိုးရ ဟုတ်မဟုတ်ကိုမူ မဇ္ဈိမအနေနှင့် အတည်ပြု၍ မရသေးပါ။ မဇ္ဈိမဝဘ်ဆိုဒ်ကို ပြည်တွင်း၌ ကြည့်ရှုခြင်းအား စစ်အစိုးရက ပိတ်ပင်ထားသည်။
ဝဘ်အသုံးပြုသူများသည် အစိုးရ၏ အင်တာနက် ပိတ်ဆို့ တားဆီးထားသည့် စနစ်များအား ပရောက်ဇီများ အကူအညီဖြင့် မဇ္ဈိမဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုရသည်။

"ဒီလိုတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ ပြောဘို့ ခက်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့ အထူးအကျိုးစီးပွါး ရှိမဲ့သူတွေသာ ဒီလုပ်ရပ်ရဲ့ လက်သည်တရားခံ သို့မဟုတ် တရားခံတွေဖြစ်မှာပါ" ဟု မဇ္ဈိမသတင်းဌာန၏ မန်နေဂျင်း အယ်ဒီတာ ဦးစိန်ဝင်းက ပြောကြားသွားခဲ့ပါသည်။

"ဒါပေမဲ့ ဒီလူတွေ သိဘို့ လိုတာက ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတာပါပဲ" ဟုလည်း သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။ မဇ္ဈိမနှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာဌာနများ ဤသို့ တိုက်ခိုက်ခံရသည်မှာ ပထမအကြိမ် မဟုတ်ပါ။ ချင်းမိုင် အခြေစိုက် ဧရာဝတီ၊ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၊ နှင့် ဘန်ကောက်အခြေစိုက် ခေတ်ပြိုင် ဂျာနယ်တို့လည်း ဤသို့ တိုက်ခိုက်ခံခဲ့ ရဖူးသည်။ ဂျူလိုင်လ အတွင်းကလည်း မဇ္ဈိမသတင်းဌာနနှင့် DVB တို့သည် Distributed Denial of Services (DDoS) နည်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ရက်ပေါင်းများစွာ ဝင်မရဘဲ ဖြစ်ခဲ့ရသည်။

အလားတူပင် ယမန်နှစ်က မြန်မာပြည်တွင် ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် မတိုင်မီ တရက်အလိုတွင် မြန်မာသတင်းဌာန သုံးခုဖြစ်ကြသော ဧရာဝတီ၊ ဒီဗွီဘီ နှင့် ခေတ်ပြိုင်ဂျာနယ် တို့သည် DDoS နည်းဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်။ မဇ္ဈိမ သတင်းဌာနကို မြန်မာ သတင်းစာဆရာများဖြင့် လည်ပတ် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် သတင်းများ၊ ပြဿနာများကို အဓိက စောင်းပေး ဖေါ်ပြနေသည့် မြန်မာ မာလ်တီမီဒီယာ သတင်းဌာနတခု ဖြစ်သည်။ ယင်းတွင် Mizzima.com, Mizzimaburmese.com, Mizzima.tv, mizzimaphoto.com ဟူ၍ သီးခြား ဝဘ်ဆိုဒ်လေးခုရှိသည်။

အင်္ဂလိပ်ဘာသာ မြန်မာဘာသာများဖြင့် သတင်းအသစ်များ နေ့စဉ် တင်နေသည့်အပြင် Mizzima.tv ၌လည်း ဗွီဒီယို သတင်းများ တင်ထားပြီး ယင်းကို မကြာခဏပင် အခြား သတင်းဌာနများက ယူငင် အသုံးပြုကြသည်။ မဇ္ဈိမ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ ဝဘ်ဆိုဒ်များကို နေ့စဉ် ဝင်ရောက်ကြည့်ရှုသူ ဦးရေ ပျှမ်းမျှတနေ့လျှင် ၁ဝဝဝဝ မှ ၁၅ဝဝဝ ထိရှိပြီး၊ ယမန်နှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော စက်တင်ဘာ ဆန္ဒပြပွဲများနှင့် ၂ဝဝ၈ ခုနှစ် မေနှင့်ဇွန်လများ အတွင်း ကြောက်မက်ဖွယ် ကောင်းလှသည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်အပြီး၌ ဝင်ရောက် ကြည့်ရှုသူ အရေအတွက်မှာ ခုန်တက် သွားခဲ့သည်။

လူငယ် ဘလော့ဂ်ဂါ နေဘုန်းလတ် ထပ်မံရုံးထုတ် စစ်ဆေး
ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ 30 2008 16:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အာဏာပိုင်များ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိမ်းသိမ်းထားသည့် လူငယ် ဘလော့ဂ်ဂါ နှင့် စာရေးဆရာ တဦးဖြစ်သူ ကိုနေဘုန်းလတ်အား အင်းစိန်ထောင်အတွင်းရှိ တရားရုံးတွင် ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှ ကိုနေဘုန်းလတ်ကို စတင်ရုံးထုတ် စစ်ဆေးခဲ့ရာ စွဲဆိုထားသည့် ဥပဒေ ပုဒ်မများထဲမှ နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) အား ယနေ့ ထပ်မံ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

"ဗဟန်းမြို့နယ် ရဲစခန်းမှ ရဲတဦးက တရားလို အနေနဲ့ သက်သေထွက်တယ်။ သားကို ဆန္ဒပြပွဲမှာ ပါဝင်တယ်လို့ ပြောတယ်။ ဘာသက်သေ အထောက်အထားမှ မရှိဘဲနဲ့ ထွက်ဆိုနေတယ်။ တကယ်လို့ ဓါတ်ပုံ သက်သေတို့ ပြနိုင်တယ် ဆိုရင်လည်း တမျိုးပေါ့နော်" ဟု ကိုနေဘုန်းလတ် မိခင် ဒေါ်အေးသန်းက ပြောသည်။

ကိုနေဘုန်းလတ်အား စတင် ရုံးထုတ်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းမှ စတင်ကာ အင်းစိန် အကျဉ်းထောင် သီးသန့်ခန်းတွင် ထားရှိကာ လမ်းလျောက်ခွင့် မရကြောင်း ကိုနေဘုန်းလတ် မိခင်က ယခုလိုဆက်၍ ပြောသည်။

"သူက တယောက်တည်းနေရတော့ စိတ်မကောင်း ဖြစ်နေတယ်။ တိုက်ပိတ်ထားသလို ဖြစ်နေတယ်။ မောင်ဝိတ် ကလည်း တခန်းရှိတယ်။ ဒါပေမဲ့ သူက လမ်းလျှောက်ထွက်လို့ ရတယ်။ ကိုဇာဂနာနဲ့ သားက လမ်းလျှောက်ခွင့်လည်း မရဘူး။ လူငယ်ဆိုပေမဲ့ ကျန်းမာရေးအတွက် ကြာတော့ စိုးရိမ်နေတယ်" ဟု ကိုနေဘုန်းလတ်၏ မိခင်က ပြောသည်။

ဇန်နဝါရီ ၂၉-ရက်နေ့တွင် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် ကိုနေဘုန်းလတ်အား အစိုးရ သို့မဟုတ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု ဥပဒေ ပုဒ်မ ၅ဝ၅ (ခ)၊ ဗီဒီယိုအက် ဥပဒေ ပုဒ်မ ၃၂ (ခ)၊ ၃၆ နှင့် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၈ တို့ဖြင့် ပုဒ်မတပ် တရားစွဲဆိုထားသည်။

အလားတူ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၃၅ ဦးအား ရုံးထုတ် စစ်ဆေးရန် ခေါ်ထုတ်လာစဉ် တဖက် တရားသူကြီးများမှ ကျောင်းသားခေါင်းဆောင်များအား တရားခံ ဟု သုံးနှုံးပြောဆိုခဲ့သည့် အပေါ် ၂ ဖက် စကားများခဲ့ရာ ယနေ့ ရုံးထုတ် စစ်ဆေးခြင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

"သူတို့ကို စပြီးတော့ တရားခံ လို့ပြောတာနဲ့ ကျနော်တို့က စွပ်စွဲခံထားရတာ ဖြစ်တယ်။ စွဲချက်မတင်ဘဲနဲ့ မခေါ်နဲ့ဆိုပြီး စကားများရင်းကနေ ခဏဘဲရုံးထုတ်ပြီးတော့ သိမ်းလိုက်ရတယ်" ဟု ကိုကိုကြီး မိသားစုဝင်တဦးက ပြောသည်။

ထို့အပြင် လောင်စာဆီဈေးနှုံး ကျဆင်းရေး ဆန့်ကျင် ဆန္ဒပြမှုဖြင့် ဖမ်းဆီး ထိမ်းသိမ်းခံထားရသူ ၈၈-ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင် အပါအဝင် စုစုပေါင်း ၇-ဦးကိုလည်း ယနေ့ အင်းစိန်ထောင် အတွင်းရှိ တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

၈၈-မျိုးဆက်ကျောင်းသားများ အမှုကို လက်ခံ ဆောင်ရွက်ပေးနေသည့် ရှေ့နေများက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မ ၁၂၄ (က) မထမြောက်သည့်အတွက် အခြားပြစ်မှုများအား တရားရှင်အဖြစ် လွှတ်ပေးရန် ဥပဒေအရ လျှောက်လဲချက် တင်နေကြောင်းလည်း ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန် က ယခုလိုပြောသည်။

"အန်ကယ်တို့က ပြစ်မှု ကျင့်ထုံး ဥပဒေ ၂၅၃ အရ တရားရှင် လွတ်ပေးဖို့ နောက်ဆုံး သက်သေ ထွက်ခဲ့တယ်ဆိုတာကို တင်ပြတယ်။ အဲဒီလို စွပ်စွဲတာကို စွပ်စွဲခံရသူတွေအတွက် သိပ်နစ်နာတယ်။ ဒါကြောင့် အဲဒီပြဌာန်းချက်နဲ့အညီ ၁၂၄ အမှုဟာ ပြစ်မှု မမြောက်ဘူး။ ပြန်လွှတ်ပေးရမယ်လို့ လျှောက်လဲချက် တင်တယ်" ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မ ၁၂၄ (က) မှ ပြောင်းလိုက်သည့် ပုဒ်မများမှာ ၅ဝ၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၂၉၅ (က)သို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်ပြီး၊ ပြစ်မှု မြောက်မည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၈ နှစ်အထိ ပြစ်ဒဏ်ကျခံနိုင်ကြောင်း သိရသည်။

အဖမ်းဆီးခံ NLD အဖွဲ့ဝင် ၃ ဦး ပြန်လည် လွတ်မြောက်လာ
ဇာနည်
အင်္ဂါနေ့၊ စက်တင်ဘာလ 30 2008 16:55 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည့် နှစ် ၂ဝ ပြည့် နှစ်ပတ်လည်နေ့က အာဏာပိုင်များ ဖမ်းဆီးထိမ်းသိမ်းခဲ့သည့် NLD အဖွဲ့ဝင် ၃ ဦးအား အဖမ်းခံရသည့်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အဖွဲ့ချုပ် လူငယ် တာဝန်ခံ ကိုအောင်မျိုးလွင်၊ မထက်ထက်ဦးဝေ နှင့် ခရမ်းမြို့နယ်မှ ကိုညီညီလွင် တို့အား အင်းစိန်ရွာမ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ရဲစခန်းတွင် ခေါ်ယူစစ်ဆေး မေးမြန်းပြီးနောက် ပြန်လည် လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

"ကျမတို့ကို အင်းစိန်ရွာမက မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ရဲစခန်းထဲကို ခေါ်သွားပြီး မေးမြန်းပြီးတော့ နေ့လည် ၂ နာရီလောက်မှာ အိမ်ကို ပြန်လိုက်ပို့တယ်" ပြန်လည် လွတ်မြောက်လာသူ မထက်ထက်ဦးဝေ က ပြောသည်။

အဖွဲ့ချုပ် တည်ထောင်ခဲ့သည့် ၂ဝ-နှစ်ပြည့် အခမ်းအနား တက်ရောက်ရန် သွားစဉ် အဖွဲ့ချုပ်အနီး အုတ်လမ်းမှတ်တိုင်တွင် အရပ်ဝတ် ရဲတစုက မထက်ထက်ဝေဦး နှင့် အဖော် ၂ ဦးတို့အား ကားပေါ် ရိုက်နက် ခေါ်ဆောင်သွားကာ ရွှေပြည်သာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းခဲ့သည်၊

"ကျနော်တို့ကို ရိုက်နှက်ပြီး ကားပေါ်တင်တော့ မထက်ထက်ဦးဝေက ငိုပြီး မရိုက်ပါနဲ့ အော်တော့မှ သူတို့ရိုက်တာကို ရပ်သွားတယ်။ စခန်းရောက်တော့ တနေရာစီ ခွဲထားပြီး ရွှေပြည်သာ ဗုံးပေါက်တာနဲ့ ပတ်သက်မှု ရှိမရှိတွေ မေးတယ်။ နောက်တော့ ကားဂိတ်အထိ ပြန်ပို့တယ်" ဟု အဖမ်းခံရပြီးနောက် လွတ်မြောက်လာသူ ကိုညီညီလွင် က ပြောသည်။

အာဏာပိုင်များ ဖမ်းဆီးထိမ်းသိမ်းခဲ့သူ စုစုပေါင်း ၉ ဦးရှိခဲ့သော်လည်း ကျန်ရှိသည့် ၆ အတွက် ယနေ့ထိတိုင် တစုံတရာ အတည်မပြုနိုင်သေးကြောင်း အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။

နာဂစ်အကူငွေ ဒေါ်လာသန်း (၂၄၀) ကျော်လိုအပ်၊ စိုက်ပျိုးရေးကဏ္ဍ ငွေအနည်းဆုံးရ
NEJ/ ၁ အောက်တိုဘာ ၂၀၀၈။ ။

နာဂစ်မုန်တိုင်းဘေးကူညီရန် ကုလသမဂ္ဂက တောင်းခံထားသည့် အကူငွေပမာဏ၏ ထက်ဝက် အမေရိကန်ဒေါ်လာ သန်း (၂၄၀) ကျော် ရရှိရန် လိုအပ်နေသေးကြောင်း မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင်ဗဟို အဖွဲ့(တီစီဂျီ) က ယမန်နေ့က ကြေညာသည်။

ကုလသမဂ္ဂက တောင်းခံထားသည့် ဒေါ်လာ (၄၈၂) သန်းအနက် နိုင်ငံတကာက ထည့်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း (၂၄၀) ရရှိပြီးဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရန်အတွက်ရသည့် ရန်ပုံငွေမှာ အနည်းဆုံးဖြစ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူညီပေးရေးရုံး (OCHA) ဘဏ္ဍာရေးဌာနကို ကိုးကား၍ တီစီဂျီကြေညာချက်၌ ဖော်ပြသည်။

တီစီဂျီအဖွဲ့ ဥက္ကဋ္ဌ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက နိုင်ငံတကာက အကူအညီပေးမှုများကို မြန်မာအစိုးရအနေဖြင့် အသိမှတ်ပြုပါကြောင်းနှင့် ဆက်လက်ကူညီဆောင်ရွက်ပေးမှုများကို ကြိုဆိုကြောင်းပြောကြားပြီး ကုလသမဂ္ဂဌာနေ ညှိနှိုင်း ရေးမှူး ပရာဂျူလီက “လူတွေနဲ့ ရပ်ရွာတွေ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားခဲ့ရ ပါတယ်။ လိုအပ်ချက်တွေ ပြည့်မီဖို့ အချိန် အကြာကြီး ယူရဦးမယ်” ဟု ကြေညာချက်၌ပြောသည်။

မုန်တိုင်းအပြီး (၅) လနီးပါးကြာချိန်၌ လူပေါင်း (၇၃၃,၀၀၀) အတွက် စားနတ်ရိက္ခာ မက်ထရစ်တန်ချိန် (၃၃,၀၀၀) အထောက်အပံ့ပေးအပ်ခဲ့ပြီး မုန်တိုင်းအလွန်ရောဂါဖြစ်ပွားမှုများမှ ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ရေကန်များအတွင်း ဆားငန်ရေ၀င်ခြင်းနှင့် မိုးရေရရှိမှုနည်းပါးခြင်းတို့ကြောင့် လာမည့် ပွင့်လင်းရာသီ၌ လေဘေး ဒုက္ခသည်များအတွက် သန့်ရှင်းသည့် သောက်သုံးရေရရှိရန်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း တီစီဂျီ ကြေညာချက်အရ သိရသည်။

By NEJ

ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကျပ်စွာချထားမှုကြောင့် လိုင်းကားပိုင်ရှင်များ ၀င်ငွေကျဆင်း
မင်းနိုင်သူ/ ၁ အောက်တိုဘာ ၂၀၀၈ ။ ။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ အနှံ့အပြား လုံခြုံရေး တင်းကျပ်စွာ ချထားခြင်း၊ ခရီးသည်တင် လိုင်းကားများပေါ်အထိ တက်ရောက်ရှာဖွေမှုများ ပြုလုပ်နေခြင်းကြောင့် ခရီးသည်ဦးရေ လျော့ကျသွားပြီး ၀င်ငွေရရှိမှု လျော့နည်းကျဆင်းလျက် ရှိကြောင်း လိုင်းကားပိုင်ရှင်များက ပြောဆိုသည်။

“၀င်ငွေတော်တော်လေး ကျဆင်းသွားတယ်။ အရင်က တရက်ကို (၄) သောင်းခွဲလောက် ၀င်တတ်ပေမယ့် အခုရက်ပိုင်း (၃) သောင်းလောက်ရအောင် မနည်းရှာနေရတယ်။ ပြေးဆွဲချိန်ဆိုရင်လည်း အရင်က ည (၁၀) နာရီကျော် လောက်မှ ကားသိမ်းရပြီး အခုရက်တွေမှာ ည (၈) နာရီလောက်ဆိုရင်တောင် မှတ်တိုင်မှာ လူမရှိတော့ဘူး” ဟု အမှတ် (၁၀၇) ဟိုင်းလပ်ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တဦးက ညည်းညူပြောဆိုသည်။

ရန်ကုန်-အင်းစိန်ပြေးဆွဲနေသော (၄၅) ယာဉ်လိုင်းပိုင်ရှင်တဦးကလည်း “ကျနော်တို့လိုင်းက ပိုဆိုးတာပေါ့ဗျာ။ ဗုံးပေါက် တာကလည်း ကျနော်တို့ဂိတ်မှာ ပေါက်တယ်။ ဒီလိုင်းမှာ ကားကြီးတွေပဲများတော့ ခရီးသည်မပါဘဲ ပြေးနေရရင် ဂက်စ် ဖိုးက မသက်သာဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်းပြေး ယာဉ်လိုင်းကားပိုင်ရှင်များအနေဖြင့် ၂၀၀၇ ခုနှစ် စက်သုံးဆီဈေးနှုန်း မြင့်တက်စဉ်က (၁) ကြိမ်၊ မြို့တွင်းယာဉ်ရပ်နားစနစ် ပြောင်းလဲစဉ်က (၁) ကြိမ်နှင့် ယခု လုံခြုံရေး တင်းကျပ်စဉ် (၁) ကြိမ်၊ ပေါင်း (၃) ကြိမ် တိုင်တိုင် ၀င်ငွေကျဆင်းမှုအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း ယာဉ်ပိုင်ရှင်များက ပြောဆိုသည်။

“ဇွန်လပိုင်းကစပြီး ယာဉ်ရပ်နားစနစ် ပြောင်းတယ်ဗျာ။ မြို့တွင်းမှာ ခရီးသည် စောင့်မတင်ရဘူး၊ ယဉ်နှစ်ထပ်မရပ်ရဘူး၊ လူချပြီး တန်းထွက်ခိုင်းတယ်။

ပြီးတော့ မှတ်တိုင်တွေ ဟိုပြောင်း ဒီပြောင်းလုပ်တယ်။ ခရီးသည်တွေနဲ့ယဉ် မောင်းတွေကို ကြိုတင်အသိပေးတာမရှိဘူး။ တိုင်းမှူးအပြောင်းအလဲမှာ ပေါ်လစီပြောင်း လိုက်တာလို့ ကြားတယ်။ စနစ်မပြောင်းခင်က တရက်ကို (၈၀) ကီလိုဝင် ဂက်စ်အိုး(၄) အိုးပဲကုန်ပေမယ့် စနစ်လည်းပြောင်းလိုက်ရော (၄) အိုးနဲ့မလောက်တော့ဘူး။ ခေါက်ရေလည်း လျော့ကျ သွားတယ်” ဟု (၃၉) ယာဉ်လိုင်းမှ ဒရိုင်ဘာတဦးက ရှင်းလင်းပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လုံခြုံရေးတင်းကျပ်စွာချထားမှုကို အောက်တိုဘာ လဆန်းပိုင်းအထိ ပြုလုပ်သွားရန်ရှိကြောင်းနှင့် ယခုလည်း ရန်ကုန်မြို့အတွင်း ရဲတပ်သားပေါင်း (၇,၀၀၀) ကျော်ဖြင့် လုံခြုံရေးယူထားကြောင်း ရဲချုပ်နှင့် နီးစပ်သူ စီးပွားရေးသမားတဦးက ပြောကြားသည်။

By NEJ

ပြည်တွင်းထုတ်ဂျာနယ် (၂) စောင်ရပ်ဆိုင်းခံရ
NEJ/ ၁ အောက်တိုဘာ ၂၀၀၈။ ။

အပတ်စဉ်ထုတ် ပုဂ္ဂလိကဂျာနယ်များဖြစ်သည့် True news journal နှင့် The action times journal တို့အား စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီသောကြောင့် စာပေစိစစ်ရေးက ဂျာနယ် ထုတ်ဝေခွင့် ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရသည်။True news ကို (၂ ) လ ၊The action times ကို (၁) လ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဂျာနယ် တိုက်များမှ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

True ဂျာနယ်မှ တာဝန်ရှိသူတဦးက “ကျတော်တို့ဂျာနယ် (၂) လ ပိတ်ခံရပါတယ်။ အပြီးပိတ်တာ မဟုတ်ပါဘူး။ စာပေစိစစ်ရေးက ချမှတ်ထားတဲ့မူအရ၊ သူတို့ နောက်ဆုံးထုတ်ထားတဲ့ ဥပဒေအရ စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ ဆိုပြီးတော့ ပိတ်တာပါ။ နိုဝင်ဘာ (၂၅) အထိပါ။ နောက်ပြန်ထွက် မှာပါ” ဟုပြောသည်။

the true news ဂျာနယ်အယ်ဒီတာချုပ်မှာ ဦးမျိုးညွန့်မောင်ဖြစ်ပြီး အယ်ဒီတာများမှာ အောင်ကျော် မင်း၊ အောင်ကျော်စိုးနှင့် သန်းထိုက်သူတို့ ဖြစ်ကာ အဆို ပါလူငယ်များမှာ သတင်းဂျာနယ် ထုတ်ဝေ ခြင်းနှင့်ပတ်သက်၍ တက်ကြွသော လူငယ်များဖြစ်ကြောင်း ပြည်တွင်းအယ်ဒီတာများက ပြောသည်။

The action times journal သတင်းအယ်ဒီတာ ဦးမျိုးညွန့်ကလည်း ၎င်းတို့ဂျာနယ် (၁) လ ပိတ်ခံ ထားရသည်ကို အတည်ပြုသော်လည်း ပိတ်ပင်ခံရသည့်အကြောင်းနှင့် ပတ်သက်ပြီး ဖြေကြားရန် ငြင်းဆိုသည်။

၎င်းက “ဟုတ်ကဲ့၊ ကျနော်တို့ ဂျာနယ် (၁) လ အပိတ်ခံရပါတယ်။ ဘာအကြောင်းကြောင့် အပိတ်ခံရ တယ်ဆိုတာတော့ ကျနော်တို့ အယ်ဒီတာအဖွဲ့အနေနဲ့ ဘာမှမပြောချင်ပါဘူး” ဟု ပြောသည်။

ယခုတပတ်ထုတ် the action times ဂျာနယ်မှာ ထင်ရှားသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ပြန်လည်လွတ်မြောက်လာသည့် သတင်းကို ဖော်ပြထားကြောင်း သိရသည်။ The action times ဂျာနယ်၏ ( စီအီးအို) မှာ သရုပ်ဆောင် သျှားညိုဖြစ်ကြောင်း၊ အယ်ဒီတာများမှာလည်း မြင့်ဆန်း၊ ၀င်းတိုး၊ အိန္ဒြာနေနွယ်၊ မျိုးညွန့်၊ အောင်မိုး၊ သိန်းအုံးကျော်ဆန်းတို့ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သတင်းစာဆရာကြီးတဦးကမူ ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ တစထက်တစ သတင်းလောက အတွက် အကျဉ်းအကျပ် ဖြစ်စေခြင်းကို ဖန်တီးနေသည်ဟု မြင်ကြောင်း ပြောသည်။

ယာယီပိတ်ခံရသည့်ကိစ္စ ဘာကြောင့်ဆိုသည်ကို True news journal ကို မေးမြန်းခဲ့သော်လည်း ပြောဆိုရန်ငြင်းဆန်ခဲ့သည်။ သို့သော် ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်း တွင်မူ ယခုတပတ်ထုတ် True news journal မျက်နှာဖုံးတွင် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ မြန်မာကလေးအလုပ်သမားတဦး ဓာတ်ပုံဖော်ပြထားသည့်အတွက် ပိတ်ပင်ခံရခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆနေကြသည်။

ပြည်တွင်းအခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာတဦးကမူ “စာပေစိစစ်ရေးကို တင်တဲ့အခါ ပါပြီး သား၊ စာပေစိစစ်ရေးကျပြီးသားပဲ၊ ဒါကြောင့်တော့ မဟုတ်နိုင်ပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းဂျာနယ်များကို စာပေစိစစ်ရေးက တင်းကျပ်သော စည်းကမ်းများ ထုတ်ပြန်ကာ ပိုမိုတင်းကျပ်မှုများ လုပ်လာကြောင်း သိရသည်။

By NEJ

အမေရိကန် အစုရှယ်ယာဈေး ပြန်ဦးမော့လာ

01 October 2008နယူးယောက်ခ် စတော့ဈေးကွက်မှ ကုန်သည်အချို့။
စက်တင်ဘာ ၃၀၊ ၂၀၀၈။
အမေရိကန် အစုရှယ်ယာဈေးတွေ အင်္ဂါနေ့က
ပြန်ပြီး တက်လာခဲ့ပါတယ်။ ကမောက်ကမဖြစ်နေ
တဲ့ ငွေကြေးဈေးကွက်ကို ၀င်ပြီးထိန်းပေးမယ့်
အမေရိကန်အစိုးရရဲ့ စီးပွားရေး အရေးပေါ် အစီ
အစဉ်တွေကို အမေရိကန် အောက်လွှတ်တော်က
ပယ်ချခဲ့ပြီးနောက် တနင်္လာနေ့က အစုရှယ်ယာ
ဈေးကွက်မှာ အမေရိကန် အစုရှယ်ယာဈေးတွေ
တရှိန်ထိုး ကျဆင်းခဲ့ပြီး အင်္ဂါနေ့မှာ ဈေးပြန်တက်
လာခဲ့တာပါ။

အမေရိကန် အထက်လွှတ်တော်က ဒီမိုကရက်နဲ့
ရီပတ်ဘလီကန် ထိပ်တန်းအမတ်တွေက နှစ်ဖက်လုံး ပူးပေါင်းကြိုးစားတဲ့ စီးပွားရေး
အရေးပေါ်အစီအစဉ်တွေကို အတည်ပြုနိုင်အောင် အမြန်ဆုံးဆောင်ရွက်မယ်လို့
ကတိပြုခဲ့ကြပါတယ်။

တကယ်လို့ စီးပွားရေး အရေးပေါ် အစီအစဉ်တွေကို အတည်ပြု ဆောင်ရွက်နိုင်ခြင်း
မရှိရင် ရေရှည် စီးပွားရေးဆိုးကျိုးတွေ ရှိလာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘုရှ်က
အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။ အကျပ်ရိုက်နေတဲ့ အမေရိကန် စီးပွားရေးပြဿနာဟာ
အရေးပေါ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းဘူးဆိုရင် ဆိုးကျိုးတွေ တနေ့တခြား
ပိုပြီးဆိုးလာလိမ့်မယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

စီးပွားရေး အရေးပေါ်အစီအစဉ်တွေလုပ်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်း
၇၀၀,၀၀၀ တောင်းတာ များလွန်းလို့ အောက်လွှတ်တော်က ပယ်ချခဲ့တာလို့ ဝေဖန်သူ
တွေက ပြောကြပါတယ်။ ဒီအပေါ်မှာ သမ္မတဘုရှ်ကတော့ တနင်္လာနေ့ တရက်ထဲမှာတင်
အစုရှယ်ယာဈေးကွက်မှာ ဆုံးရှုံးမှုဟာ ဒေါ်လာသန်းပေါင်း ၁,၀၀၀,၀၀၀ ကျော်တယ်လို့
ပြောပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ လူဇင်ဘတ် အစိုးရတွေကလည်း ထိပ်တန်း
ဥရောပဘဏ်ကြီးတွေ ပြိုပျက်မသွားအောင် ၀င်ပြီးထိန်းပေးခဲ့ပါတယ်။

ရွှေဝါရောင် တော်လှန်ရေး သံဃာတပါး ရဲဘက်စခန်းက ထွက်ပြေးလွတ်မြောက်

01 October 2008
ဦးမိုးဇော်

ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ရဲဘက် အလုပ်ကြမ်း စခန်းကို ပို့ဆောင်ခံရတဲ့ သံဃာတော် တပါးဟာ အကျဉ်းစခန်းကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ ဖမ်းဆီးခံရစဉ်မှာ
အာဏာပိုင်တွေဖက်က ဘယ်လို ပြုမှုခဲ့ပါသလဲ။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်ကနေ ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးပြီး အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတဲ့ သံဃာတော်ကတော့ မန္တလေးမြို့ပြည်ကြီးတံခွန်ရပ် ရန်ကုန်ကျောင်းတိုက်က အရှင် ပညာသီရိဖြစ်ပါတယ်။ အရှင်ပညာသီရိဟာ စစ်အစိုးရက သံဃာလှုပ်ရှားမှုကို ပစ်ခတ်နှိပ်နင်းပြီးတဲ့နောက် ၂၀၀၇ခုနှစ် အောက်တိုဘာလအတွင်း မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက ညှင်းပမ်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ အရှင်ပညာသီရိက အခုလို မိန့်ကြားပါတယ်။

“ဖမ်းပြီးပြီးချင်း ဦးဇင်းကို ဘယ်လို နှိပ်စက်လဲဆိုတော့ ထိုင်ထလုပ်ခိုင်းတယ်။ ထိုင်ထလုပ်ခိုင်းပြီးတော့ မေးခွန်းတခါ မေးတိုင်း လက်သီးနဲ့ထိုးတယ်။ ဦးဇင်းကိုလည်း လက်ထိပ်ခတ်ထားတယ်။ ခြေထောက်တွေကိုလည်း စစ်ဖိနပ်နဲ့ နင်းတယ်။ ခြေဖျားတွေ ခြေဖျားတွေကို တက်ကျိတ်တာပေါ့ ။ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ စရဖရယ်၊ အက်စ်ဘီရယ်၊ ရဲရယ်
သုံးပွင့်ဆိုင်ပြီးမှ ဦးဇင်းကို စစ်ဆေးတာ။ အဆိုးဆုံးကတော့ စရဖပေါ့နော်။ စရဖက ဦးဇင်းကို မေးခွန်းတခါ မေးတိုင်း မေးတိုင်း နရင်းရိုက်ရိုက်ပြီးမှ မေးတယ်။ ဦးဇင်းကို မေးလို့ မရတဲ့အခါကျ အဖြေမှန်ပေါ်အောင်စစ်မယ်ဆိုပြီးတော့မှ ဦးဇင်းကို စစ်ဖိနပ်နဲ့ ရင်ဝကန်တယ်။ ဖိနပ်နဲ့ မျက်နှာကို ပေါက်တယ်။ ညှင်းပန်းနှိပ်စက်တာကတော့ မျိုးစုံပဲ ဒကာကြီး။

ဒီလို စစ်ဆေးမေးမြန်တာဟာ ၆ရက်လောက်ကြာမြင့်ခဲ့ပြီး ၄၅မိနစ်တခါလောက် လာရောက်စစ်ဆေးတာဖြစ်တယ်။ စစ်ဆေးစဉ်မှာ အဲန်အယ်ဒီပါတီ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တွေနဲ့ ဆက်စပ်တာရှိ မရှိမေးမြန်းတယ်လို့ ဆိုပါတယ်။

စစ်ဆေးပြီးတဲ့နောက်မှာ တရားမ၀င်နိုင်ငံခြားငွေကြေးလက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပါတယ်။ နိုင်ငံခြားငွေကတော့ တရုတ်ငွေ ၄ယွမ်၊ အမေရိကန် ၂ဒေါ်လာနဲ့ ယူရိုငွေ ၁၂၀ဖြစ်ပြီး ဘယ်လို ရရှိတယ်ဆိုတာကို အခုလို
ဆက်မိန့်ကြားပါတယ်။

အဲဒီငွေက မန်းတလေး ဦးဇင်းရဲ့ ကျောင်းမှာ ဦးဇင်းက ပညာဒါနသင်တန်းရှိတယ်လေ။ နွေရာသီမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်တယ်။ ဖွင့်တဲ့အခါကျတော့ နိုင်ငံခြားသားတွေ အ၀င်အထွက်ရှိတယ်။
တရုတ်ငွေ ၄ကျပ်နဲ့ အမေရိကန် ၂ဒေါ်လာက တရုတ်ကျောင်းဆရာမက လှုသွားတယ်။ ယူရိုငွေ ၁၂၀က သြစတြေးလျက ခရစ်ယန်ဘုန်းကြီးကနေပြီး ပညာသင်စရိတ်ဆို လှူသွားတာ ဒကာကြီး။

အရှင်ပညာသီရိဟာ မုံရွာထောင်မှာ ၇လလောက်ကျခံပြီး ကလေးထောင်ကနေတဆင့် ချင်းပြည်နယ် လင်တန် ရဲဘက် အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတာဖြစ်ပါတယ်။

အလုပ်ကြမ်းစခန်းမှာတော့ အလုပ်မျိုးစုံလုပ်ရတယ်။ အဓိက လုပ်ရတာကတော့ လမ်းပြင်တာရယ်။ လမ်းဘေး ရေမြောင်း တူးတာရယ်။ ကျောက်ထုတာရယ်ပေါ့။ နောက်မျောတုံးကြီးတွေ ခုတ်ရတယ်။ မျောတုံးကြီးတွေ ခုတ်ရတာကတော့
မီးသွေးဖုတ်တာတွေပေါ့နော်။ အဲဒါတွေ လုပ်ရတာပေါ့။ တချို့ဟာတွေက ၀န်ထမ်းအရာရှိတွေကနေပြီးတော့မှ အလုပ်ကို စပ်ထားတာလေ ကြိုတင်ပြီးတော့မှ ။ တချို့တွေကျတော့ တပ်စိတ်မှုးတပ်ခွဲမှုးကနေ ဘယ်နားမှာ ဘာအလုပ်ရှိတယ်
ဘယ်နားမှာ ကူလီထမ်းရမယ်ပေါ့။ အဲဒါမျိုးတွေပေါ့။အလုပ်လုပ်ကိုင်စဉ်မှာ သံခြေကျင်းတွေ အလုပ်လုပ်ရတယ်။ ထောင်အတွင်းမှာ ပုံစံထမင်းပဲ စားရပြီး ကျန်းမာရေး စောင့်ရှောက်မှု မရှိတာကြောင့် တချို့အကျဉ်းသားတွေ သေဆုံးရတယ်လို့ မိန့်ကြားပါတယ်။

အရှင်ပညာသီရိဟာ အခုလ ၁၅ရက်နေ့က ရဲဘက် အလုပ်ကြမ်းစခန်းကနေ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေး လာခဲ့တာ ဖြစ်ပါတယ်။ ၂ရက် ၂ည ထမင်းမစားရပဲတောင်ပေါ်လမ်းတွေကို ဖြတ်သန်းပြီး အိနိယနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

အရှင်ပညာသီရိဟာ ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက အမျိုးမျိုးဖြောင့်ဖျ ခြိမ်းခြောက်ပြီး ရဟန်းသိတ်ခါချခဲ့ပေမယ့် သိတ်ခါချမခံခဲ့ပဲ ဒီရက်ပိုင်းအတွင်းမှာ ရဟန်းပြန်ခံမယ်လို့ မိန့်ကြားပါတယ်။

ရွှေဝါရောင် သံဃာလှုပ်ရှားမှုဟာ ၂၀၀၇ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလမှာ ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်း မြင့်တက် လာတာကြောင့် သံဃာတော်များက ပြည်သူများအတွက် မေတာပို့ ဆုတောင်းရာက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီသံဃာလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိပ်နင်းခဲ့တာဟာ လွန်ခဲ့တဲလက တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အန်အယ်လ်ဒီလူငယ် ထိန်းသိမ်းခံနေရစဉ် သေဆုံးတဲ့ သတင်းထွက်ပေါ်
01 October 2008
ဦးအောင်လွင်ဦး
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဖမ်းတာဆီးတာတွေ ရှိတဲ့အပြင် ထိန်းသိမ်းခံထားရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မိသားစုတွေက မသိနိုင်ပဲ ဖြစ်နေရသလို အခုနောက်ဆုံး စစ်ဆေးရင်း သေဆုံးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ရဲ့ လူငယ် ခေါင်းဆောင်တဦး စစ်ဆေးမေးမြန်းမှုတွေအတွင်း သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် မိသားစုကလည်း ပူပမ်နေကြရတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က ဆက်ပြောပြပေးပါဦးရှင်။

မကွေးတိုင်း နတ်မောက်မြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မိုးလွင် မကြာသေးခင်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်၊ သူ့အခြေအနေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရပဲ ဖြစ်နေချိန်မှာပဲ အခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ကိုအောင်မိုးလွင် စတင် ဖမ်းဆီးခံရစဉ် ကာလကစလို့ မိသားစုအပါအ၀င် ပြင်ပက လူတွေနဲ့ တွေ့ခွင့်မရပဲ ရှိနေရာက အခုနောက်ဆုံး အာဏာပိုင်လို့ ယူဆရသူတွေက နတ်မောက်မြို့မှာရှိတဲ့ မိသားစုကို တယ်လီဖုန်းကတဆင့် အကြောင်းကြားတာတွေ ရှိခဲ့လို့ အခုဆိုရင် စိုးရိမ်တကြီး လိုက်လံ စုံစမ်းမေးမြန်းမှုတွေ လုပ်ပေမယ့်လည်း အာဏာပိုင်တွေဖက်က တိတိကျကျ အဖြေမရခဲ့ဘူးလို့လည်း ဖခင်ဖြစ်သူ ဦးသိန်းအောင် က ပြောပြပါတယ်။

“အဘတို့ ကြားသိရတာကတော့ ၁၅ရက်လောက်ရှိသွားပြီ။ သေဆုံးပြီလို့ သိရတာကတော့ ၅ရက်လောက်ပဲ ရှိပါသေးတယ်။ အမည်မသိ လူတယောက်ကနေပြီး သားဆီကို ဖုန်းလှမ်းဆက်လို့ သေဆုံးသွားတယ်လို့ သိရတာ။ ရန်ကန်တိုင်း ရဲတပ်ဖွဲ့ရုံးလဲ ရောက်ပါတယ်။ အင်းစိန်ထောင်လဲ ရောက်ပါတယ်။ မသိဘူး၊ မရှိဘူးလို့ပဲ ဖြေပါတယ်။ စုံစမ်းမရပါဘူး။ အင်းစိန်ထောင် ရုံးထုတ်တဲ့ လူတွေက ရန်ကုန် ရဲတပ်ဖွဲ့ရုံးမယ် ရှိတယ်လို့ အခိုင်အမာပြောပါတယ်။ ဒါပေမယ့် မရှိပါဘူး၊ မသိပါဘူး ဖြေလွှတ်ပါတယ်။ အဘတို့ စိတ်ထဲမှာတော့ တော်တော်လေး စိုးရိမ် ကြောင့်ကြမှုတွေ ကြီးနေပါတယ်။ ကိုယ်သားသမီး ဖြစ်နေတော့ အဘတို့မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်။ ဆက်ပြီးတော့ပဲ စုံစမ်းမေးမြန်းနေရပါတယ်။ သက်ဆိုင်ရာကိုလည်း စာတင်ဖို့ လုပ်နေပါတယ်။”

တကယ်တော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်တဲ့ ကာလ အတွင်းမှာ မိသားစုအပါအ၀င် ပြင်ပက လူတွေနဲ့ တွေ့ဆုံခွင့် ပေးလေ့မရှိတဲ့အတွက် ဒီလို သတင်းတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ သိနိုင်ခွင့်တော့ မရှိပါဘူး။ ဒါပေမယ့်လို့ ဒီလို စစ်ရင်းဆေးရင်း၊ ဖမ်းဆီးထောင်ချထားရင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ သေဆုံးခဲ့ရတဲ့ အဖြစ်တွေကတော့ အရင့်အရင်တုန်းကလည်း ရှိခဲ့ဘူးပါတယ်လို့ ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။

“ကိုမိုးလွင် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အခုထိ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့် အခုလို ဖမ်းဆီးပြီးတော့ ဘယ်နားရောက်နေမှန်း မသိတဲ့ ကိစ္စမျိုးတွေ အများကြီး ဖြစ်ခဲ့ဖူးပါတယ်။ နောက်တခါ အဲဒီလို ဖမ်းဆီးပြီး၊ စစ်ကျောရေးမှာ လက်လွန်ပြီး သေဆုံးသွားတော့မှ လူကိုလာပြီး အကြောင်းကြားတဲ့ ကိစ္စမျိုးတွေလည်း အရှေ့မှာ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၀၅ခုနှစ်တုန်းက NLD က ကိုအောင်လှိုင်ဦးဆိုရင် လက်ဘက်ရည်ဆိုင်မှာ သူ့ကို ဖမ်းသွားတယ်။ ဖမ်းသွားပြီး ၇ရက်ကြာမှ ဆုံးသွားပြီးဆိုပြီး ထောက်လှမ်းရေးက လာပြီး အကြောင်းလာကြားတယ်။ သူ့ကို ဖမ်းသွားတုန်းက သူ့အဖေအမေတွေက မသိဘူး။ အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒါပေမယ့် ဆုံးသွားတဲ့ အချိန်ကျမှ လာပြီးတော့ အကြောင်းကြားတယ်။ ဒီလို အကြောင်းတဲ့အခါမှာလည်း သူတို့ စစ်ဆေးတုန်း လက်လွန်သွားတယ်ဆိုတာမျိုး မဟုတ်ဘဲ ရောဂါရ ဆုံးသွားတယ်ဆိုပြီး အကြောင်း ကြားတယ်။ ဒီလိုမျိုးတွေဟာ ခဏခဏဖြစ်တဲ့ ကိစ္စမျိုးတွေပါ။”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းတာဆီးတာ၊ သေဆုံးတဲ့အထိ ဖြစ်ရတဲ့ အခြေအနေတွေဟာဖြင့် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတဲ့ လက္ခဏာ အဖြစ်လည်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ်၊ ဥပဒေပညာရှင် တဦးလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်း က မြင်ပါတယ်။

“ကျွန်တော် သုံးသပ်တာတော့ ဒီကိစ္စက ဥပဒေစိုးမိုးမှု မရှိတာဘဲဗျ။ ဒါက ဘာကိုပြသလဲဆိုတော့ မင်းမဲ့စရိုက်ဆိုတာ ဥပဒေကို မလေးစားဘဲ လုပ်ချင်ရာ လုပ်တာ မင်းမဲ့ စရိုက်၊ ဒီလို စရိုက်တွေ အများကြီး ထွန်းကားနေတယ်လို့ ကျွန်တော် မြင်ပါတယ်။”

အန်အယ်လ်ဒီပါတီ က ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ (AAPP) အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဆိုရင်တော့၊ ဒီမိုကရေစီရေး တောင်းဆို အုံကြွခဲ့တဲ့ ၁၉၈၈ ခုနှစ်ကကာလကစလို့ အခုအချိန်အထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေထဲက စစ်ကြောရေးမှာ သေဆုံးသူ အနည်းဆုံး (၁၀) အပါအ၀င် စုစုပေါင်း သေဆုံးသူ အနည်းဆုံး (၁၃၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။

စီးပွားရေး ကယ်တင်မှု ဥပဒေကြမ်း အထက်လွှတ်တော် မဲခွဲမည်

01 October 2008

တနင်္လာနေ့က အမေရိကန် ကွန်ဂရက် အောက်လွှတ်တော်က ပယ်ချခဲ့တဲ့ အမေရိကန် ငွေကြေးရင်းနှီးမြုပ်နှံမှု စီးပွားရေး နယ်ပယ်မှာ အစိုးရက ဒေါ်လာ သန်းပေါင်း (၇၀၀၀၀၀) ထည့်ဝင် ဖြေရှင်းမယ့် အစီအစဉ်ကို ပြန်လည် မွမ်းမံ ပြင်ဆင်ကြပြီး၊ ဒီနေ့ ဗုဒ္ဓဟူးနေ့ည ကွန်ဂရက် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်မှု အချက်အလက်တခုကတော့ ဘဏ်တခု ဒေ၀ါလီခံပြိုလဲသွားရင်၊ လူထုရဲ့ ဒီဘဏ်မှာ အပ်ထားတဲ့ ငွေတွေအတွက် အရင်က ဒေါ်လာ(၁၀၀၀၀၀)အထိ အစိုးရက ၀င်စိုက်ပြီး ပြန်အမ်းပေးမယ့် အစီအစဉ်ကနေ ခုတခါ ပြန်အမ်းပေးမယ့် အစိုးရရဲ့ အာမခံမှုကို ဒေါ်လာ (၂၅၀၀၀၀)ထိ တိုးမြင့်ပေးမယ့် အစီအစဉ် ပါတယ်လို့ မျှော်လင့်ရပါတယ်။ ဒါမှလဲ အသေးစားစီးပွားရေး လုပ်ငန်းငယ်လေးတွေဟာ သူတို့ရဲ့ ဘဏ်အပ်ပြီး လည့်ပတ်နေတဲ့ ငွေတွေအတွက် စိတ်အေးလက်အေး ရှိမယ်လို့ သမ္မတလောင်း ဘားရက် အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့က ထောက်ခံပြါတယ်။ သမ္မတလောင်း အထက်လွှတ်တော် နှစ်ယောက် ဒီမိုကရက် ဒုတိယသမ္မတလောင်း အထက်လွတ်တော်အမတ် ဂျိုးဘိုင်ဒန်တို့ဟာ မဲဆွယ်စည်းရုံး ခရီးထွက်ခွာနေရကနေ၊ ဒီနေ့ည ၀ါရှင်တန်ဒီစီကို ပြန်လာပြီး အထက်လွှတ်တော်မှာ အစိုး၇ရဲ့ ငွေကြေးပြဿနာ ကယ်ဆယ်ရေး အစီအစဉ်ကို မဲပေးကြမှာ ဖြစ်ပါတယ်။

အင်တာနက်ကဖေးတွင် အဖမ်းခံခဲ့ရသည့်သံဃာ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်
lanka-msma.blogspot.com
စက်တင်ဘာ ၃၀၊ ၂၀၀၈ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ခေါင်းဆောင် သံဃာတော်တစ်ပါးအဖြစ် ပါဝင် အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင် ကာလက အလုပ်သမား အကျဉ်းစခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။
သူဟာ ရွှေဝါရောင်တော်လှန်ရေး ကာလ တစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက် တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။
မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။
၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အိန္ဒိယနယ်စပ်ကို ရောက်ရှိခဲ့ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မကြာခင်မှာ သူရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြပါလိမ့်မယ်။
သူဆိုတဲ့ အာဇာနည်ရဟန်းတော်ရဲ့ ဘွဲ့တော်ကတော့ အရှင်ပညာသီရိ လို့ ခေါ်ပါတယ်။