Friday, October 3, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ရဟန်းသံဃာတော်များနှင့် ပြည်သူများသို့ ပန်ကြားချက်

Photobucket

မဂ္ဂင်ကျောင်းတိုက်မှ ဦးပညာဇောတအား တွေ့ဆုံလျှောက်ထားခြင်း - အပိုင်း (၁)


စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့၏ စက်တင်ဘာလှုပ်ရှားမှု နှစ်ပတ်လည် အထူးကြေငြာချက်



၀၃.၁၀.၂၀၀၈သတင်း


ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိအထူးကုဆရာဝန် ၀င်ရောက်ကြည့်ရှူ
ကိုသက် အောက်တိုဘာ ၃၊ ၂၀၀၈

ယမန်နေ့ညနေပိုင်းက မျက်စိအထူးကု ဒေါက်တာကံညွန့်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။ဒေါ်အောင်ဆန်းစုကြည်
“မနေ့ညနေပိုင်းက … မျက်စိဆရာဝန်က တနာရီလောက်ကြည့်ခွင့်ရတယ်လို့ ကြားတယ်။ ဆရာတင်မျိုးဝင်း ကတော့ အဲဒီထက် ပိုကြာတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိနှင့် တခြားကျန်းမာရေးအခြေအနေများကို မသိရ သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လလယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ပါတီဝင်များ ပြင်ပမှပေးပို့သော အစားအစာကို တလခန့်ငြင်းပယ်ခဲ့ပြီးနောက် အာဟာရချို့တဲ့ သည့်ဒဏ်ကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို ဒေါက်တာတင်မျိုးဝင်း ၀င်ရောက်စစ်ဆေးခွင့် ရခဲ့သည်။

စစ်အစိုးရက ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးစစ်ဆေးရန် တလလျှင် ၂ ကြိမ် ခွင့်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေး ဆိုးဝါးကြောင်း သတင်းများ ထွက်ပေါ်
ဧရာဝတီ အောက်တိုဘာ ၃၊ ၂၀၀၈

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၅) နှစ်သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့် အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ ၎င်း၏ နေအိမ်တွင် ဆေးကုသမှု ခံယူနေ ရကြောင်း မိသားစု နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက စက်တင်ဘာလ နောက်ဆုံးအပတ် ကတည်းက ရန်ကုန်အိမ်မှာ ဆေးကုနေတာ”ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

အသေးစိတ် အချက်အလက်ကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ရှိကျန်းမာရေး အခြေအနေဆိုးဝါးနေမှုကြောင့် မိသားစု ဆရာဝန် အဖွဲ့နှင့် အတူ စင်္ကာပူ နိုင်ငံသို့ ဆေးဝါးကုသမှု ခံယူရန် သွားရောက်ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြည်တွင်း ပြည်ပ ရှိ နီးစပ်သူများ၏ ပြောဆို ချက်များအရ သိရသည်။ သို့သော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

ရန်ကုန်မြို့မှ လာသောသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရားဝင်ဖော်ပြထားသည့် အသက်မှာ ၇၅ နှစ် ဖြစ်သော် လည်း အသက်အမှန်မှာ ၇၈ နှစ် နှင့် ၇၉ နှစ် ဖြစ်နိုင်ကြောင်း၊ ၎င်းသည် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု များ ရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစုဆရာဝန် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့် အတူ စင်္ကာပူ နိုင်ငံသို့ ၎င်း၏ အူလမ်းကြောင်း ကင်ဆာ ကုသရန် အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အန္တရာယ် ကျရောက်နိုင်သော ခွဲစိပ်ကုသမှု ခံယူရမည့် ကျန်းမာရေး လက္ခဏာတွေ့ရှိ ရသည့် အတွက် ဆေးရုံတွင် တပတ်ခန့် နေရန် ၎င်း၏ အကြံပေး ဗေဒင်ဆရာက ဟောကြား ခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြသော သံဃာများ ကို အကြမ်းဖက်ဖြိုခွဲသည့် လုပ်ရပ်အတွက် ၎င်းကို ၀တ်ကြမ္မာပြန်လည်မည်ဖြစ်ကြောင်း မြန်မာပြည်သူ များကြားတွင် ကောလာဟလ ပြောဆိုမှုများလည်း ပျံ့နှံ့နေခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း ပြီးခဲ့သည့် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်သည့် ဓာတ်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဆက်လက် ဖော်ပြသည်ကို မတွေ့ရှိ ရသောကြောင့် ကျန်းမာရေး ဆိုးဝါးနေကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မြန်မာစာတန်းထိုး ကချင်ဇာတ်ကား ရန်ကုန်တွင် ရုံတင်ပြသမည်
အေးလဲ့ အောက်တိုဘာ ၃၊ ၂၀၀၈

ကချင်တိုင်းရင်းသားများသရုပ်ဆောင်ပြီး ကချင်ဇာတ်ညွန်း ဒါရိုက်တာ ရိုက်ကူးထားသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးပညာပေး ကချင်စကားပြော ဗွီဒီယိုဇာတ်ကားကို မြန်မာစာတန်းထိုးဖြင့် ရန်ကုန်မြို့တွင်ပထမဆုံးအကြိမ် ရုံတင်ပြသ ရန်စီစဉ် နေကြောင်း၎င်းဇတ်ကား၏ ဒါရိုက်တာက ပြောသည်။


အမြဲစိမ်းတောမှာ အချစ်ရှာသူ ဇာတ်ကားမှ ဇာတ်ဝင်ခန်းတခန်း (ဓာတ်ပုံ - weekly eleven journal)

“အမြဲစိမ်းတောမှာ အချစ်ရှာသူ” အမည်ရှိ ၎င်းဇာတ်ကားကို မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ရေခဲတောင် ရေရှည်တည်တံ့ရန်၊ အမြဲစိမ်းတောများ အမြဲစိမ်းလမ်းစိုပြေရန် ရည်ရွယ်ရိုက်ကူးကြောင်းလည်း သိရသည်။

ဒါရိုက်တာ ဂျီဇူကိက“ဒီဇာတ်ကားအတွက် အကျိုးအမြတ်မျှော်လင့်မထားပါဘူး။ အခု လောလောဆယ် ကမ္ဘာမှာ အရမ်းလို အပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိကထားပြီး ရိုက်ထားပါတယ်။ ကိုယ့်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓာတ်ဟာ နိုင်ငံသူနိုင်ငံသားတိုင်းရင်းသားများရဲ့ အဓိက တာဝန်ပဲဆိုတာသိဖို့ပါရည်ရွယ်ပါတယ်” ဟုပြောသည်။

ယင်းဇာတ်ကားအတွက် ကုန်ကျငွေ ကျပ် သိန်း ၁၀၀ ကျော် ကုန်ကျပြီး အချိန် ၃ လ ကျော်ကြာ ရိုက်ကူး ရကြောင်း၊ ကချင် တိုင်းရင်းသားများ အားလုံးက ၀ိုင်းဝန်း ကူညီကြကြောင်းလည်း ၎င်း ကပြောဆိုသည်။

စင်ဆာခွင့်ပြုချက် ရထားပြီးဖြစ်၍ မြန်မာစာတန်းထိုးလုပ်ဆောင်ကာ လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေမန်းရုပ်ရှင်ရုံတွင် ပြသရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။

အဆိုပါ ဇာတ်ကားအားကချင်ပြည်နယ်တွင်းရှိ ရေ၊ မြေ၊ တော၊ တောင်၊ သဘာဝ ရေခဲတောင်များရှိသော ဖားကန့်၊ ပန်ဝါ၊ ဖီမော၊ ကန်ပိုင်တည်နှင့် ဆွမ်ဘရာဘွမ် အထက်ဒေသများတွင်သွားရောက်ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရသည်။

ဤဇာတ်ကားသည် ဂျီဇူကိ၏ ဒုတိယဇာတ်ကားဖြစ်ပြီး ပထမဇာတ်ကားမှာ ကချင်စကားပြော မြန်မာစာတန်းထိုး “အချစ်စတဲ့ နေရာ” အမည်ဖြစ်ပြီး ဇာတ်လမ်းမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသောဒေသရှိ ကလေး များ၏ ပညာရေး မြှင့်တင်ပေးရန်ကို အခြေခံ၍ ရိုက်ကူးခဲ့ကာ ၎င်းဇာတ်ကားကို ကချင်ပြည်နယ်တွင် ရုံတင် ပြသခဲ့ပြီးဖြစ်သည်ဟုလည်း ဂျီဇူကိက ဆိုသည်။

ဇာတ်ညွန်း ဒါရိုက်တာ ကိုယ်တိုင်ခံစားရိုက်ကူးနိုင်ရန်အတွက် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဝေါဟာရ များ အပါအ၀င် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး စာပေများ လေ့လာ ဖတ်ရှုပြီးမှ ရိုက်ကူးခဲ့ ကြောင်းလည်း သိရသည်။

ဤဇာတ်ကားရိုက်ကူးရေးနှင့်ပတ်သက်ပြီး ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လေ့လာနေသည့် ပြည်ပရောက် ကချင် လူငယ် တဦး ဖြစ်သူ နော်လာ Naw La က “ကမ္ဘာမှာလည်း Globe warming ဖြစ်နေတဲ့ အချိန် မှာ ကိုယ့်နိုင်ငံရဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအသိပညာတွေ ဆက်စပ်ပြီး အခုလို အနုပညာနဲ့ တင်ဆက်နိုင်တာကို ကျနော့်အနေနဲ့ ဝမ်းသာပါ တယ်။ မြန်မာပြည်မှာသဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအကြောင်းနဲ့ ပတ်သက်လာရင် အရမ်းကိုအလှမ်းဝေးသေးတယ် လို့ယူဆရတဲ့ အချိန်မှာ အခုလို ဒေသခံတွေကိုယ်တိုင် ပါဝင်ထုတ်ဖော်လာတာဟာ ကောင်းတယ်လို့မြင်ပါတယ်။ အခုလို ရန်ကုန်မှာ ရုံတင်ပြ မယ်ဆိုတာသိရတော့လည်း ဝမ်းသာပါတယ်”ဟုပြောသည်။

မစုစုနွေး တိုက်ပိတ်ခံရပြီးနောက် ကျန်းမာရေး စိုးရိမ်နေရ
ကိုထွေး အောက်တိုဘာ ၃၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အကျဉ်းထောင်တွင်း၌ ရက်သတ္တ ၂ ပတ်ခန့် တိုက်ပိတ်ခံရခြင်းနှင့် ထောင်မှ ပေးသည့်အစားအစာများကို လက်မခံသည့်အတွက် ကျန်းမာရေး အထူးစိုးရိမ်ရသော အခြေအနေရှိကြောင်း မစုစုနွေး၏ ရှေ့နေကပြောသည်။မစုစုနွေး
လွန်ခဲ့သော လအတွင်းက တိုက်ပိတ်ခံခဲ့ရသည့် မစုစုနွေးသည် ရေချိုးမမှန်၊ အစားအသောက်မမှန် ဖြစ်ပြီး နဂိုရှိသည့် နှလုံးရောဂါအပြင် အာသီးယောင် ရောဂါလည်း ခံစားနေရကြောင်း ရှေ့နေ ဦးမြင့်သောင်း က ပြောပြသည်။

“ပြီးခဲ့တဲ့ လ၀က် လောက်က သူ တိုက်(၁၄)ရက် အပိတ်ခံရတယ်၊ ရေမှန်မှန် မချိုးရဘူး၊ အာသီးလည်း ယောင်နေတယ်၊ အစားအသောက်ကလည်း သူ့ အစ်မကလာမပို့ရင် ထောင်က အစားအသောက်ကို မယူ တာရယ်၊ နှလုံးရောဂါ ရှိတာရယ် သူ့ကျန်းမာရေးက ပိုစိုးရိမ်ရတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့
အထူးကုဆရာဝန်နဲ့ပြဖို့ကိုလည်း အခုချိန်အထိ ခွင့်မပြုသေးဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မစုစုနွေးသည် အစ်မ ဖြစ်သူ မဌေးဌေးကြည်နှင့် တွေ့ခွင့်မရသောကြောင့် ထောင်မှပေးသည့် အစားအစာ များကို လက်မခံခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့က မစုစုနွေးကို အင်းစိန်ထောင် သီးသန့်တရားရုံး၌ ရုံးထုတ်ရာသို့ အစ်မဖြစ်သူ မဌေးဌေးကြည်က သွားရောက် တွေ့ဆုံရာတွင် တွေ့ခွင့်မရသေးကြောင်းလည်း သိရသည်။ ယင်းသို့တွေ့ခွင့်မရခြင်းမှာ ၎င်း အနေဖြင့် ကမ္ဘာ့အလုပ်သမား အဖွဲ့(ILO) ရုံးသို့သွားရောက်ခဲ့ခြင်းကို ရဲ အထူးသတင်းတပ်ဖွဲ့က မြင်တွေ့ သွားရာမှ ပြည်ထဲရေးသို့ စာတင်ခဲ့သဖြင့် တွေ့ခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မဌေးဌေးကြည် ကပြောပြ သည်။

“သူ လည်ချောင်းနာနေသလို အားလည်းနည်းနေတယ်လို့ ပြောတယ်၊ နောက်တပတ် တနလာင်္နေ့ ကျမ ထောင်ဝင်စာသွား တွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် သူက မထွက်ဘူး လို့တော့ မှာလိုက် တယ်”ဟု လည်း မဌေးဌေးကြည်က ပြောသည်။

မဌေးဌေးကြည်သည် မစုစုနွေး လွတ်မြောက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ အသနားခံစာတင်ပြပေးမည်ဆိုသော ကြောင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရုံး(ICRC)သို့လည်း ယမန်နေ့က သွားရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မစုစုနွေး၏ လတ်တလောအခြေအနေကိုလည်း ICRC သို့ တင်ပြခဲ့ ကြောင်း သိရသည်။

ICRC အား ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့သော်လည်း ဖြေဆိုရန်ငြင်းပယ်ခဲ့သည်။

အထက်ပါရုံးထုတ်သည့်နေ့က မစုစုနွေးသည် လက်ထိပ်အခတ်မခံသောကြောင့် လက်ထိပ်မခတ်ဘဲ ၎င်းအားရုံးထုတ်ခဲ့သည် ဟု ရှေ့နေဦးမြင့်သောင်းက ပြောဆိုပြီး မစုစုနွေး၏ အမှုမှ ပြည်ထဲရေးအမိန့်ဖြင့် စွဲချက်တင် ထားသော ပုဒ်မ၁၂၄(က)ကို လျှော့လိုက်ကြောင်း၊ ကျန် သောပုဒ်မများနှင့် ပတ်သက်၍ စစ်ဆေး ရန်အတွက် တရားလိုဘက်က သက်သေ(၇)ဦးကို တင်ကြောင်းနှင့် လာမည့် ၈ ရက်နေ့သို့ ရုံးချိန်းပြန်လည် ချိန်းဆိုလိုက် ကြောင်းလည်း ပြောသည်။

မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက် ကအစ ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို တရားရုံးတွင် ကိုယ်တိုင် လျှောက်တင်ခဲ့သည်ဟု သိရသည်။

ယခုရုံးချိန်းသည် မစုစုနွေးအတွက် (၆)ကြိမ်မြောက်ရုံးချိန်းဖြစ်ကြောင်းနှင့် အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့ကလိုက်ပါ ဆောင်ရွက်ပေးလျက် ရှိ သည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

သေဆုံးသူ မြန်မာ ၅၄ ဦးအတွက် ထိုင်းကုမ္ပဏီက လျော်ကြေးပေးဖွယ်ရှိ
သန်းထိုက်ဦး
သောကြာနေ့၊ အောက်တိုဘာလ 03 2008 16:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အတွင်း ကားဖြင့် တရားမဝင် ဝင်ရောက်လာစဉ် အသက်ဆုံးပါးခဲ့သော မြန်မာနိုင်ငံသား ၅၄ ဦးအတွက် ထိုင်း အသက်အာမခံ ကုမ္ပဏီတခုက တဦးလျှင် လျော်ကြေးငွေ ဘတ် တသိန်းစီ ပေးဖွယ်ရှိသည်။

ယခုနှစ် ဧပြီလ ၉ ရက်နေ့က အသားငါးတင် ကွန်တင်နာကားပေါ်တွင် လိုက်ပါလာရင်း ထိုင်းနိုင်ငံ တောင်ပိုင်းမှတဆင့် တရားမဝင် ဝင်ရောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးအနက် ၅၄ ဦးသည် အသက်ရှူ မွန်းကြပ်ကာ သေဆုံးခဲ့သဖြင့် ထိုင်းနိုင်ငံ အသက်အာမခံ ကုမ္ပဏီတခုဖြစ်သည့် Liberty Insurance က သေဆုံးသူများအတွက် လျော်ကြေးငွေ ပေးဆောင်မည့် အခြေအနေ ဖြစ်သည်။

အလုပ်သမားများ စီးနင်းလာသည့် ကားသည် Liberty Insurance အသက်အာမခံ ကုမ္ပဏီတွင် ဝင်ရောက်ထားသဖြင့် ထိုင်း ဥပဒေအရ ကားနှင့် သက်ဆိုင်၍ အသက်ဆုံးရှုံးခဲ့ကြောင်း ထင်ရှားပါက တဦးလျှင် အသက်အာမခံကြေး ဘတ်ငွေ ၁ သိန်း ခံစားခွင့် ရှိသည်။

"ပေးမယ်ဆိုတာ နဂို ရနောင်းမှာ တက်တဲ့ တရားရုံးကနေပြီးတော့ ပြောတာပဲ။ သူတို့ရဲ့ ဥပဒေထဲမှာလည်း ရှိပြီးသားလည်း ဖြစ်တယ်။ အဓိကတော့ ထိုင်းနိုင်ငံ ရှေ့နေတွေနဲ့ ဒီဘက်မှာ ရှိနေတဲ့ အန်ဂျီအိုတွေ (အစိုးရမဟုတ်သော အဖွဲ့များ) နဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အဲဒီလို ရတဲ့သဘောပဲ" ဟု ထိုင်းနိုင်ငံအခြေစိုက် အခြေခံ လူ့အခွင့်ရေး ပညာပေးဌာနမှ ဒါရိုက်တာ ကိုထူးချစ်က မဇ္ဈိမကို ပြောသည်။

လျော်ကြေးငွေအား မည့်သည့်နေ့ရက်တွင် ကျန်ရစ်သူများထံ လွှဲပြောင်းပေးအပ်မည်ကို မသိရှိရသေးပါ။

ကိုထူးချစ်က ဆက်ပြီး "လျော်ကြေးဖို့ လူတွေရဲ့ စာရွက်စာတမ်းတွေ ထိုင်းလို ဘာသာပြန်တာရယ်၊ ထိုင်းကနေ မြန်မာအစိုးရ အာဏာပိုင်တွေဆီ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထောက်ပံ့ပေးတဲ့ နေရာတွေမှာလည်း ကြန့်ကြာတယ်။ အဲဒါကြောင့် လျော်ကြေးရဖို့ ကြာသွားတယ်။ ကိုယ့်အနေနဲ့ မြင်တာက လျော်ကြေးဟာ ပြီးခဲ့တဲ့ ၂ လခန့်လောက်ကတည်းက ရဖို့သင့်နေပြီ" ဟု ပြောသည်။

အခြေခံ လူ့အခွင့်အရေး ပညာပေးဌာနသည် မြန်မာအလုပ်သမားများ လျော်ကြေး ရရှိရေးအတွက် ထိုင်းရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းတခု ဖြစ်သလို ပြီးခဲ့သည့်လ ၂၂ ရက်နေ့က ရနောင်းမြို့ တရားရုံးချိန်းသို့ သွားရောက်ခဲ့သေးသည်။

တရားခံ နှစ်ဦးက တရားရုံးတွင် မှုခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဝန်ခံ ထွက်ဆိုသွားခဲ့သလို၊ မြန်မာအာဏာပိုင်များက ပူးပေါင်း ဆောင်ရွက်မှုကြောင့် လျော်ကြေး ရရှိရန် သေချာသွားခြင်း ဖြစ်သည်ဟု
ကိုထူးချစ်က ပြောသည်။

သူက "လျော်ကြေးကိစ္စနဲ့ ပတ်သက်လို့ တရားသူကြီးက ဘာမှ မပြောဘူး။ အဲဒီနေ့မှာ တရားခံတယောက်က (ကားပိုင်ရှင်) အပြစ်ရှိကြောင်း ဝန်ခံတယ်လေ။ ဒါကြောင့်မို့ သူတို့က တရား ဥပဒေကပဲ ဆက်လက် အရေးယူသွားမယ်လို့ပဲ ပြောတာပေါ့။ ... တရားသူကြီးနဲ့ ဘာမှ မဆိုင်ဘူး။ အခုပုံစံက ဘယ်သူအပြစ်ရှိလဲ၊ သူ့ဘာသာသူ ဝန်ခံတယ်။ ရုံးချိန်းတာက အနည်းဆုံး ၄ ခါလောက် ရှိသွားပြီး ပြောတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံသားများသည် ကွန်တင်နာကားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းသို့ ခိုးဝင်လာစဉ် ရနောင်းနှင့် ဖူးကက်မြို့ကြားရှိ ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့ အနီးတွင် အသက်ရှုကြပ်သဖြင့် ၅၄ ဦး သေဆုံးခဲ့ရခြင်း ဖြစ်ပြီး အသက်မသေဘဲ လွတ်မြောက်သူများကို ထိုင်း လူဝင်မှုကြီးကြပ်ရေး - လဝက (ရနောင်း) အချုပ်တွင် ရက်သတ္တနှစ်ပတ်ခန့် ထိန်းသိမ်းပြီးနောက် မြန်မာနယ်စပ်သို့ ပြန်ပို့ခဲ့သည်။

အမှုနှင့် ပတ်သက်၍ ကားမောင်းသူနှင့် ကားပိုင်ရှင်တို့အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သော်လည်း နောက်ကွယ်မှ ပါဝင်ပတ်သက်နိုင်သည့် လူမှောင်ခိုဂိုဏ်းကိုမူ ယခုထိ ခြေရာခံနိုင်ခြင်း မသိသေးပါ။

အလုပ်အကိုင် ရှာဖွေရန်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်စဉ် လမ်းခုလပ်တွင် ယခုလို အဖြစ်ဆိုး ကြုံတွေ့ခဲ့ရသော မြန်မာများသည် မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မော်လòမိင်နှင့် ချောင်းဆုံမြို့များမှ ဒေသခံများ ဖြစ်ကြသည်။

သေနတ်ဒဏ်ရာရ အဖွဲ့ချုပ်လူငယ်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်
ဖနိဒါ
သောကြာနေ့၊ အောက်တိုဘာလ 03 2008 15:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေဝါရောင်လှုပ်ရှားမှုတွင် စစ်တပ်က ပတ်ခတ်မှုကြောင့် သေနတ်ထိမှန်ခံခဲ့ရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်လူငယ် ကိုမြသန်းထိုက်အား ယမန်နေ့က အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

ယမန်နှစ်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရသည့် သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ်လူငယ် ကိုမြသန်းထိုက်အား ကျောက်တံတားမြို့နယ် တရားရုံးက လူစုလူဝေးတွင် ပါဝင်မှု (ပုဒ်မ ၁၄၅) နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)တို့ဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

"မနေ့က ၁၄၅ နဲ့ ၅၀၅ (ခ) နဲ့ ၄ နှစ် ချခံလိုက်ရတယ်။ သေနတ်လည်း ထိမှန်သေးတယ်။ ထောင်လည်း အချခံရတယ်။ သူ သေနတ်ဒဏ်ရာက တင်ပါးဆုံရိုးကနေ ထိပြီးသွားတာ။ ဒါကို သူတို့က အဲဒီပုဒ်မတွေနဲ့ ၄ နှစ်ပေါ့နော်" ဟု ဗဟိုတရားရုံး ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ယမန်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြိ့ ဆန္ဒပြပွဲတွင် အာဏာပိုင်များဘက်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကိုမြသန်းထိုက်သည် တင်ပါးဆုံရိုးတွင် သေနတ်ကျည်ဆံ ထိမှန်သည့် ဒဏ်ရာဖြင့်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကိုမြသန်းထိုက် ပစ်ခတ်ခံရသည့် မလှမ်းမကမ်းတွင် ဂျပန်နိုင်ငံသား သတင်းထောက် ကင်ဂျိ နာဂါအိမှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

အာဏာပိုင်များက ရုံးချိန်ရက်ဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ပြစ်ဒဏ်မချမှတ်ဘဲ နောက်တရက်ကျမှ ရုတ်တရက် ထောင်ဒဏ် ချမှတ်မှုအပေါ် စိတ်မကောင်း ဖြစ်ရသည်ဟု အဖွဲ့ချုပ်လူငယ်တဦးက ပြောသည်။

"မြသန်းထိုက်က ကျနော်တို့ လူငယ်တွေကို ခေါ်တယ်။ ကျနော်တို့ သွားကြတာ။ ဒါပေမဲ့ မထုတ်ဘူး။ မနေ့ကမှ ပြန်ချလိုက်တယ်။ ကျနော်တို့နဲ့ မတွေ့လိုက်ဘူး။ အဲဒါကျတော့ ရုပ်ပိုင်းဆိုင်ရာ မကဘူး၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားတာပေါ့။ ကျနော်တို့လည်း စိတ်ထိခိုက်သွားတယ်။ အခုတော့ အထဲဝင်သွားပြီ။ သူလည်း စိတ်မကောင်းဖြစ်နေမယ်။ ဒီလောက် ရက်စက်စရာ လိုလို့လား။ ကျနော်တို့နဲ့ အမြင်မတူတော့ ကျနော်တို့ကို ဖမ်းတယ်၊ ဆီးတယ်။ တော်ပြီပေါ့" ဟု အဆိုပါ အဖွဲ့ချုပ်လူငယ်က ပြောသည်။

အလားတူပင် ပြီးခဲ့သည့်လအတွင်းက ရန်ကုန်တိုင်း သန်လျင်မြို့တွင် နေထိုင်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုလူတင်ဝင်းအား နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၄ နှစ်နှင့် စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးသက်ဝေအားလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သေးသည်။

ရွှေဝါရောင်လှုပ်ရှားမှုမှ ယခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးထားသူများနှင့် ပြစ်ဒဏ်ချမှတ် အရေးယူခံထားရသူ နိုင်ငံရေး အကျဉ်းသား ၂၁၂၃ ဦးအနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၄၇၃ ဦး ပါဝင်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂) စက်မှုဝန်ကြီးဌာနများ အရှုံးပေါ် မကြာခင်ဝန်ကြီးဌာန(၂)ခုပေါင်းတော့မည်
NEJ/ ၃ အောက်တိုဘာ ၂၀၀၈။ ။

အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုလက်အောက်ရှိ စက်ရုံများ အရှုံးပေါ်နေသည့် အတွက် ထိုဝန်ကြီးဌာန (၂) ခုကို မကြာခင် ပေါင်းတော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က ပြောသည်။

ဝန်ကြီးဌာန (၂) ခုကို ၂၀၀၈ ခုနှစ်မကုန်မီ ပေါင်းမည်ဟု မှန်းသော်လည်း မည်သည့်ဝန်ကြီးဌာနအမည်သစ်ကို ပြောင်းမည်၊ ၀န်ကြီးမည်သူဖြစ်မည် စသည်တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သေချာသည့်အချက်မှာ အဆိုပါ ၀န်ကြီးဌာန (၂) ခု ပေါင်းသည့်အချိန်တွင် ၀န်ထမ်းအင်အား လျှော့ချမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးဌာနများကို အရေးပေါ် စာရင်းစစ်ပြီး ၂၀၀၈ ခု အောက်တိုဘာလကုန် တင်ပြရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ပြီး မကြာခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန (၂) ခုကို ပူးပေါင်းရန် နအဖ အတွင်းရေးမှူး(၁) သီဟသူရတင်အောင်မြင့်ဦးက အကောင်အထည်ဖော်ရန် စိုင်းပြင်းခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

မကြာခင်က အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးဖြစ်လာသူ ဦးစိုးသိမ်းသည် ရေတပ်မှဖြစ်ပြီး အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှ သက်ပြည့် ညွှန်ချုပ်များ ဦးဆောင်ညွှန်ကြားရေးမှူးများအား အကြံပေးအဖြစ် မထားတော့ဘဲ ဖြုတ်ပစ်သည်ဟု စက်မှု (၂) သတင်းရပ်ကွက်က ပြောသည်။

By NEJ

ဘိလပ်မြေသယ် ရေယာဉ်များ မကြာခဏ နစ်မြုပ်၊ ကြံ့ဖွံ့အဖွဲ့ အကျိုးစီးပွားဖြစ်
သတင်းထောက် ဟန်တင်အောင်/ ၃ အောက်တိုဘာ ၂၀၀၈။ ။

နိုင်ငံပိုင်ဘိလပ်မြေများကို ပုဂ္ဂလိက ရေယာဉ်များဖြင့် သယ်သည့်အခါ ကြံ့ဖွံအဖွဲ့ဝင်များကသာ သယ်ခွင့်ပါမစ်ရပြီး သယ်ခ ပေါ်ခ ရာခိုင်နှုန်းကို ကြံ့ဖွံ့ဝင်ငွေအဖြစ် ယူသော်လည်း ထိုရေယာဉ်များ မြုပ်သည့်အခါ ရေယာဉ်ပိုင်ရှင်များကသာ လျော်ရသဖြင့် ရေယာဉ်ပိုင်ရှင်များ မကျေမနပ် ဖြစ်နေကြသည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏သား ငှားရမ်းထားသည်ဆိုသည့် ကုဋေကြွယ်သင်္ဘော ချောက်မြို့အနီး နစ်မြုပ်စဉ်က စီမံကိန်း ဘိလပ်မြေတန်ချိန် (၁,၂၀၀) ပါပြီး တန် (၅၅၀) ပါ စီဘီရှေ့တွဲနစ်မြုပ်သွားသည်။ ချောက်မြို့အကျော် အနော်ရထာ တံတားကိုဖြတ်စဉ် ရေလည်တိုင်နှင့် ရိုက်ပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို ထိထိရောက်ရောက် အရေးမယူ ခဲ့သည့်အတွက် သရက်ရေယာဉ်ကြီးများအသင်းက မကျေမနပ်ဖြစ်နေသည်ဟု ရေယာဉ်ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ဒီ ၂၀၀၅ ခုနှစ် ဇွန်လ မိုးဦးလေဦးမှာ ယောချောင်းရေကျတုန်းက ရတနာစံဆိုတဲ့ သင်္ဘောက ဘိလပ်မြေ တန် (၂၀၀) နဲ့ ချောက်ဆိပ်ကိမ်းအထက်နားလေး ကြိုးချည်ထားတုန်းမှာ ယောချောင်းက ရေထိုးကျတယ်ဆိုပြီးတော့ ကြိုး ချည်ပြုတ်ပြီးတော့ ရေထဲမျောသွားပြီး စောစောက အနော်ရထာတံတား ရေလည်တိုင်နဲ့ ရိုက်ပြီးတော့ မြုပ်သွားတယ်။ ရေယာဉ်က ကြိုးပြုတ်ပြီးတော့ မျောပါသွားတဲ့အတွက် အင်ဂျင်ကိုနှိုးတဲ့ ရေယာဉ်ပိုင်ရှင်ကိုယ်တိုင် နစ်ပြီးတော့ သေသွား တယ်။ အဲတော့ ၀န်ကြီးက အမှုဖွင့်ပြီးတော့ အရေးယူတယ်။ နောက်တခုက ဘိလပ်မြေတွေကို (၃) ဆ လျော်ရတယ်။ အဲဒါကတော့ ၀န်ကြီးသားနွယ်တဲ့ မော်တော်မဟုတ်တဲ့အတွက် အဲဒီတုန်းက (၃) ဆ လျော်ခိုင်းခဲ့တယ်။ ထောင်ချမယ်၊ ဘာညာနဲ့ ကြိမ်းမောင်းခဲ့တယ်” ဟု ပြောသည်။

၂၀၀၆ ခု၌လည်း ဘိလပ်မြေ တန်ချိန် (၃၄၀) တင်ထားသည့် ဟိန်းထက်အောင် သင်္ဘောထုံးဘိုကြံခင်း အထက်နားတွင် ၀ဲမိပြီး နစ်မြုပ်သွားသည်။ ရေယာဉ်ပိုင်ရှင်က သိန်း (၂၇၀) ကျော် လျော်ပေးခဲ့ရသည်ဟု စုံစမ်းသိရသည်။

ကြံခင်းရေယာဉ်ပိုင်ရှင်တဦးကလည်း အဆိုပါ ဟိန်းထက်အောင် နစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြောပြရာ “အဲတော့ အာမခံထားတဲ့အတွက် အာမခံက (၁) ဆ ဖြစ်တဲ့အတွက် ကျန်တဲ့ (၂) ဆ လျော်ရတာပေါ့။ အမှန်ကတော့ (၃) ဆ လျော်ခိုင်းတာ။ အဲဒီ (၂) ဆက သိန်း (၂၇၀) လောက် လျော်ခဲ့ရတယ်။ အဲတော့ အဲဒီရေယာဉ် (၂) စီးတုန်းက လျော်ခဲ့ ရပြီးတော့ အခု “ကုဋေကြွယ်” သင်္ဘော မြုပ်တဲ့ကိစ္စမှာ၊ တန် (၅၅၀) ပါတဲ့ တွဲနစ်သွားတဲ့ ကိစ္စမှာ အဲဒါ ဘယ်လောက် လျော်ရမယ်၊ ဘယ်လိုအရေးယူမယ်ဆိုတာကို ကျန်တဲ့ရေယဉ်ပိုင်ရှင်တွေကနေပြီး ကြည့်နေကြတာပေါ့။ အဲဒါလည်း ရေယာဉ်ပိုင်ရှင်က သိန်း (၂၇၀) လောက် လျော်ရတယ်။ အဲဒါလည်း ဘိလပ်မြေ တန် (၃၄၀) တန်ဖိုးရဲ့ (၂) ဆ သူတို့ လျော်ခိုင်းတယ်။ အဲတော့ အာမခံထားတဲ့အတွက်၊ အာမခံက (၁) ဆ ဖြစ်တဲ့အတွက် ကျန်တဲ့ (၂) ဆ လျော်ရတာပေါ့။ အမှန်ကတော့ (၃) ဆ လျော်ခိုင်းတာ။ အဲဒီ (၂) ဆက သိန်း (၂၇၀) လောက် လျော်ခဲ့ရတယ်” ဟု ပြောသည်။

ချောက်မြို့တွင် နောက်ဆုံးနစ်သည့် ကုဋေကြွယ် မော်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမည်ခံပြီး ၀န်ကြီးဦးအောင်သောင်း၏ ဆွေမျိုးများ စီးပွားရေးလုပ်နေသည့် မော်တော်ဖြစ်သည်ဟု မြေလတ်ပိုင်းရေယာဉ်အသင်းများက ပြောသည်။ ၂၀၀၇ ခု ဧပြီလဆန်းတုန်းကလည်း သရက်ဘိလပ်မြေစက်ရုံအထက်နားမှာ ဘိလပ်မြေသယ်လာသည့် ရေယာဉ် “ထွန်း” သင်္ဘော နစ်သွားသည်။

ရေယာဉ်ပိုင်ရှင်တဦးကမူ “နိုင်ငံတော်ပိုင် ဘိလပ်မြေတွေကို ရေယာဉ်တွေနဲ့ သယ်တဲ့အခါမှာ ကြံ့ခိုင်ရေးတွေကနေပြီးတော့ သယ်ခွင့်ရပြီးတော့ ရတဲ့သယ်ခအပေါ်ရဲ့ ရာခိုင်နှုန်းကို ကြံ့ခိုင်ရေးတွေက ၀င်ငွေအဖြစ်ယူကြပြီးတော့ တကယ်ရေယာဉ် မြုပ်တဲ့အခါကျတော့ ရေယာဉ်ပိုင်ရှင်တွေကပဲ နစ်နာပြီး ရေယာဉ်လည်း ဆုံးရှုံးသေးတယ်။ ဘိလပ်မြေဖိုးတွေလည်း လျော်ရတဲ့အတွက် အခုဆိုလို့ရှိရင် ဘိလပ်မြေကို ဘယ်သူမှမသယ်ချင်ကြတော့ဘူး။ အဲဒါတွေက စီမံကိန်းကြီးတွေကို ဘိလပ်မြေသယ်တာ။ တကယ်ဖြစ်နေတာ အဲဒါတွေက အဲဒီသယ်ဖို့တွေရဲ့ အဓိကက ခုန၀န်ကြီးရဲ့သားနဲ့ ကြံ့ခိုင်ရေးနဲ့ ကိုင်ထားတာ” ဟု ပြောသည်။

ဘိလပ်မြေရေယာဉ်များ နစ်မြုပ်ရာတွင် အလျော်ပေးရသည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားမည့်သူမရှိခဲ့ပေ။

By NEJ


ဧရာဝတီတိုင်းမှ မုန်တိုင်းသင့်ကျောင်းများ တာလပတ်အမိုးအကာ ယာယီအဆင့်မှ မတက်သေး
ပီတာအောင်/ ၃ အောက်တိုဘာ ၂၀၀၈။ ။

နာဂစ်မုန်တိုင်းဒဏ်ခံရပြီး (၅) လကြာချိန်အထိ ပျက်စီးသွားသည့် ဧရာဝတီတိုင်းမှ စာသင်ကျောင်းများ ပြန်မပြင်နိုင်သေး ဘဲ တာလပတ်မိုး၊ တာလပတ်ကာ ယာယီတဲများဖြင့်သာ ကလေးငယ်များ ပညာသင်ကြားနေကြရဆဲဖြစ်သည်ဟု ဒေသ ခံတို့ကပြောသည်။

လပွတ္တာမြို့နယ် သင်္ကန်းကြီးအုပ်စုမှ ဒေသခံတဦးက “လုံးလုံးပျက်သွားတဲ့နေရာတွေက ကျောင်းတွေကတော့ တာလပတ် နဲ့ပဲ ဘေးကနေ တိုင်တွေထူထက်ပြီးတော့ ယာယီကျောင်းလောက်ပဲ ရှိနေတုန်းပဲ။ တာလပတ်မိုး လုပ်ပေးထားတော့ နေပူရင်တော့ နည်းနည်းတော့ပူတယ်။ မိုးရွာရင်တော့ မိုးမပက်အောင် အကာတွေ ဘာတွေလုပ်ထားတယ်။ ၀ါးလုံးလေးနဲ့ ထောက်ပြီးတော့ ကြိုးနဲ့ချီပြီးတော့။ နေပူရင်တော့ အကုန်ဖွင့်ထားလိုက်တယ်။ ကျောင်းသုံးစာအုပ်တွေ ဘာတွေ ပြည့်စုံ ပါတယ်။ ကျောင်းကတော့ မပြည့်စုံသေးဘူးပေါ့” ဟု ပြောကြားသည်။

စာသင်ကျောင်းများအား အစိုးရက ပြင်ဆင်ဆောက်လုပ်ပေးမည်ဟု ပြောဆိုနေသော်လည်း ယခုအချိန်အထိ လက်တွေ့ ဆောက်လုပ်ပေးခြင်း မရှိသေးကြောင်းနှင့် လာရောက်လှူဒါန်းကြသည့် ပုဂ္ဂလိက အလှူရှင်များမှာလည်း မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဘိုကလေးမြို့ခံတဦးကလည်း “ပျက်သွားတဲ့ကျောင်းတွေက မူလအတိုင်း ပြန်ပြီး ခိုင်ခိုင်မာမာ ဆောက်နိုင်တဲ့ ကျောင်း တကျောင်းမှ မရှိသေးဘူး။ ယာယီတာပေါ်လင်တွေ မိုးပြီး သင်နေတဲ့ ကျောင်းတွေရှိတယ်။ တချို့ကျတော့ဘုန်းကြီး ကျောင်းတွေမှာ ကပ်ပြီးသင်နေရတဲ့ ကျောင်းတွေလည်းရှိတယ်။ ကလေးတွေအတွက် ကျောင်းမရှိသေးတဲ့ နေရာမှာ ကျောင်းဆောက်ပေးဖို့ လိုအပ်မယ်။ စာအုပ်စာတမ်းပေးဖို့ လိုအပ်မယ်” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ အထက်တန်းကျောင်းများကို အစိုးရက သွပ်များ ပြန်လည်မိုးပေးထားသော်လည်း ကျေးရွာအုပ်စု အတော်များများရှိ မူလတန်းကျောင်းများမှာ ယာယီအမိုးအကာများဖြင့်သာ ပညာသင်ကြားနေဆဲဖြစ်ကြောင်းသိရသည်။ ဘိုကလေးမြို့နယ် စက်ဆန်းရွာ၌မူ အန်ဂျီအိုများ၏အကူအညီဖြင့် သွပ်မိုးပျဉ် ထောင် စာသင်ကျောင်းသစ်များ ဆောက် လုပ်ပေးထားသည်ဟု ဘိုကလေးမြို့ခံက ပြောသည်။

မုန်တိုင်းအပြီး (၅) လကြာချိန်အထိ ပျက်စီးသွားသည့် စာသင်ကျောင်းများ၏ ထက်ဝက်ခန့်ကိုသာ အကူအညီ ပေးနိုင်ခဲ့ ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရန်ကုန်ရုံးမှ ဆက်ဆံရေးအရာရှိ ဒေါ်စန္ဒာလင်းက ခေတ်ပြိုင် သို့ ပြောကြားသည်။

၎င်းက “ကျောင်းပေါင်း (၂,၀၀၀) ကျော်ကိုတော့ အထောက်အပံ့ ပေးနိုင်ခဲ့တယ်။ (၄,၀၀၀) ကျော် ပျက်သွားတာကိုး။ တချို့လည်း လုံးလုံးပျက်စီးသွားတာဖြစ်တဲ့အတွက် ယူနီဆက်ဖ်အနေနဲ့တော့ (၅၀) ရာခိုင်နှုန်းလောက်တော့ အမျိုးစုံပေါ့ အကူအညီ ပေးနိုင်ခဲ့ပါတယ်” ပြောသည်။

ယူနီဆက်ဖ်က ပေးသည့် ပညာရေးအကူအညီများအနက် ယာယီကျောင်းများ ဆောက်လုပ်ပေးခြင်း၊ ကျောင်းသုံး ပရိ ဘောဂများ ထောက်ပံ့ခြင်း၊ ကလေးများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဆရာမများကို သင်တန်းပို့ချခြင်းနှင့် ကလေး ငယ်များအတွက် သီချင်းဆို၊ စာဖတ်၊ ကစားနိုင်သည့် ပျော်စရာနေရာများ ဖန်တီးပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

မုန်တိုင်းသင့် မြို့နယ် (၂၁) မြို့နယ်တွင် နိုင်ငံတကာကူညီပေးရေးအဖွဲများက ပျက်စီးသွားသည့် ကျောင်းပေါင်း(၁, ၁၇၃) ကျောင်းကို ပြန်ပြင်ကာ ကျောင်းပြန်ဖွင့်ပေးနိုင်ခဲ့ပြီး လုံးဝပျက်စီးသွားသည့်ကျောင်းနေရာများ၌ ယာယီကျောင်း (၁,၂၁၄) ကျောင်း တည်ထောင်ပေးခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ပြီခဲ့သည့် လကုန်ပိုင်းထုတ် အစီရင်ခံစာ၌ ဖော်ပြသည်။

ပြိုပျက်သွားသည့် ကျောင်းများအားလုံးကို လာမည့်ခြောက်သွေ့ရာသီ၌ ပြန်လည်ဆောက်လုပ်ရန် မဖြစ်နိုင်သေးဘဲ လာမည့် (၂) နှစ် သို့မဟုတ် (၂) နှစ် ကျော် ကြာသည်အထိ ယာယီကျောင်းအများစုဖြင့်သာ ဆက်လက် ပညာသင်ကြား နေရဦးမည်ဟု UNOCHA က ခန့်မှန်းထားသည်။

By NEJ

မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇ၀တ်မှုများ ကျုးလွန်မှုရှိမရှိ အမေရိကန်ပညာရှင်များ လေ့လာပြီ
AFP/ ၃ အောက်တိုဘာ ၂၀၀၈။ ။

မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ ရာဇ၀တ်မှုများ ကျုးလွန်မှုရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် အမေရိကန်ပညာရှင်အဖွဲ့ တခုက စတင်လေ့လာနေပြီဖြစ်သည်။

မြန်မာတိုင်းရင်းသားအဖွဲ့များအပေါ် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုအခြေခံပြီး လေ့လာသွားမှာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်ရှိ ဖွဲ့စည်းပုံဆိုင်ရာ ဒီမိုကရေစီဌာနမှ ပြောသည်။

“လက်ရှိအဆင့်မှာ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေ ကျုးလွန်မှုရှိမရှိ ကျနော်မပြောနိုင်ပေမယ့် ရှိကောင်းရှိနိုင်တယ်လို့တော့ ပြောနိုင်ပါတယ်” ဟု အင်ဒီယားနား တက္ကသိုလ်ရှိ ဖွဲ့စည်းပုံဆိုင်ရာ ဒီမိုကရေစီဌာန အမှုဆောင်အရာရှိ David Williams က ပြောသည်။

သို့သော် နိုင်ငံတကာ ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများ ပြည်သူများအပေါ် ရက်ရက်စက်စက် ကျူးလွန်မှု စသည့်ကိစ္စ များကို ပုဂ္ဂိုလ်တဦးအဖွဲ့အစည်းတရပ်ရပ်က ကျူးလွန်ခြင်းရှိမရှိကိစ္စကို နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံး (အိုင်စီစီ) ကသာ ဆုံးဖြတ်နိုင်သည်။

By Editor

မြန်မာနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို
UN/ ၃ အောက်တိုဘာ ၂၀၀၈။ ။မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေးစခန်းများ၌ အကျဉ်းခံနေရပြီး လွတ်လပ်မှု ဆုံးရှုံးနေသူများ၏ အခက်အခဲများကို ပိုမိုဂရုစိုက်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တောင်းဆို လိုက်သည်။

ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Navanethem Pillay က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား (၇) ဦးလွှတ်ပေးခြင်းကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်း သား မှန်းခြေ (၂,၀၀၀) ကျော်ရှိနေသည့်အတွက် ယခုလွှတ်ပေးသည့်ကိစ္စမှာ မပြောပလောက်ဟု Ms. Pillay က ပြော သည်။ ထို့ကြောင့် ကျန်သည့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် မြန်မာစစ်အစိုးရအား တောင်းဆိုလိုက် ကြောင်းလည်း ထပ်လောင်းပြောဆိုသည်။

By NEJ

နိုင်ငံခြားရေး စီးပွားရေးမူတွေအပေါ် ဒုသမ္မတလောင်းများ စကားစစ်ထိုး
03 October 2008
Tate's Report in Burmese


ကြာသပတေးက ပြုလုပ်တဲ့ စကားစစ်ထိုးပွဲမှာ ရီပက်ပလစ်ကန်ပါတီရဲ့ ဒုသမ္မတလောင်း ဆယ်ရာ ပေလင်း နဲ့ ဒီမိုကရက်ပါတီရဲ့ ဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် တို့နှစ်ဦးဟာ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ စီးပွားရေး အခြေအနေတွေ နဲ့ပတ်သက်လို့ အကြိတ်အနယ် ပြောဆိုခဲ့ကြပါတယ်။ အလက်စကားပြည်နယ် အုပ်ချုပ်ရေးမှူး ဆယ်ရာ ပေလင်း ကတော့ ကြိုတင်မျှော်လင့် ထားတဲ့အတိုင်း ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း ဘိုင်ဒန် နဲ့ စကားစစ်ထိုးပွဲမှာ သူ့ရဲ့ ရပ်တည်ချက် အတိုင်း လုပ်ဆောင်ခဲ့တဲ့ အကြောင်း မစ်ဆိုရီပြည်နယ် စိန့်လူးဝစ်မြို့ က ၀ါရှင်တန် တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဒုသမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲကို ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒါဘရာ တိတ် က သတင်းပေးပို့ခဲ့ပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန်တပ်မှူးတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲမှာ မစ္စတာ အိုဘားမား က သူသာ သမ္မတဖြစ်လာရင် သူ့ရဲ့ သမ္မတသက်တမ်း ၁၆ လအတွင်းမှာပဲ အီရတ်မှာရှိတဲ့ အမေရိကန်တပ်သားအားလုံးကို ပြန်ရုပ်သိမ်းမယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် မစ္စစ် ပေလင်း က - အီရတ်စစ်ပွဲနဲ့ပတ်သက်လို့ သမ္မတလောင်း ဘားရက်ခ် အိုဘားမားရဲ့ ရပ်တည်ချက်ကို ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။ ရီပက်ပလစ်ကန်ပါတီ ဒုသမ္မတလောင်း မစ္စစ် ပေလင်း စကားစစ်ထိုးနေပုံ(အောက်တိုဘာ ၂၊ ၂၀၀၈)
“မစ္စတာ အိုဘားမားရဲ့ အစီအစဉ်က အီရတ်မှာ အလံဖြူစိုက်ပြီး လက်နက်ချဖို့ပဲဖြစ်တယ်။ ဒါကို ကျမတို့ တပ်ဖွဲ့တွေ ဒီနေ့ ကြားသိဖို့ မလိုအပ်ဘူး ဆိုတာပါပဲ။ ဒါ သေချာပါတယ်။”

ဒါပေမယ့်လည်း ဒီမိုကရက်ပါတီရဲ့ ဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် ကတော့ - မစ္စတာ အိုဘားမား ဟာ ရီပက်ပလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဂျွန်မက်ကိန်း လို မဟုတ်ဘဲ - ဒီလူကြိုက်မများလှတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

“သမ္မတလောင်း မက်ကိန်း ဟာ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အမြင် မရှိဘူး။ ဒါနဲ့ပတ်သက်လို့ အခြေခံအကျဆုံး ခြားနားချက် ကတော့ ကျနော်တို့က ဒီစစ်ပွဲကို အဆုံးသတ်မှာပါပဲ။”

ဒီမိုကရက်ပါတီဒုသမ္မတလောင်း ဂျိုး ဘိုင်ဒန် ပြောသွားတာပါ။ အခု အပြန်အလှန် စကားစစ်ထိုးနေကြတဲ့ အီရတ်စစ်ပွဲ ကိစ္စဟာ ဒုသမ္မတလောင်း နှစ်ဦးစလုံးအတွက် ကိုယ်ရေးကိုယ်တာ ထိခိုက်မှုတခုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ မစ္စစ်ပေလင်းရဲ့ သားဖြစ်သူ Track က တာဝန်ထမ်းဆောင်ဖို့အတွက် ပြီးခဲ့တဲ့ လတုန်းက အီရတ်ကို ထွက်ခွာခဲ့ပါတယ်။ အလားတူပဲ မစ္စတာ ဘိုင်ဒန်ရဲ့ သား Beau ကလည်း အမျိုးသားလုံခြုံရေးအဖွဲ့ဝင် တယောက်အနေနဲ့ အီရတ်မှာ တာဝန် ထမ်းဆောင်ဖို့အတွက် သောကြာနေ့မှာ ထွက်ခွာရမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်လို့ ပြောဆိုကြတာမှာတော့ - မစ္စတာ အိုဘားမား ဟာ မလိုအပ်ဘဲနဲ့ အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်စ်နဲ့ တွေ့ချင်နေတယ်ဆိုပြီး မစ္စစ် ပေလင်း က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

“အတွေ့အကြုံမရှိတဲ့၊ ဝေဖန်ပိုင်ခြားနိုင်စွမ်းနည်းတဲ့ သမ္မတကိုယ်စားလှယ်တဦးကနေ ပြောတဲ့ကိစ္စပါ။ သူဟာ အန္တရာယ်သက်သက်ကို လုပ်နေတာပါပဲ။” လို့ မစ္စစ် ပေလင်း က ပြောဆိုခဲ့ပါတယ်။

ဒါကို မစ္စတာ ဘိုင်ဒန် က အခုလို တုန့်ပြန်လိုက်ပါတယ်။ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း ဂျိုးဘိုင်ဒန် စကားစစ်ထိုးနေပုံ (အောက်တိုဘာ ၂၊ ၂၀၀၈)
“အီရန်သမ္မတ မာမွတ် အမာဒီနီဂျတ်စ်နဲ့ တွေ့ဆုံမယ်လို့ မစ္စတာ အိုဘားမား က မပြောခဲ့ပါဘူး။ သမ္မတ အမာဒီနီဂျတ်စ်ဟာ အီရန်မှာ လုံခြုံရေးယန္တရားနဲ့ပတ်သက်လို့ ထိန်းချုပ်မထားဘူးဆိုတာ သမ္မတလောင်း ဂျွန် မက်ကိန်း မသိတာ ကိုပဲ ကျနော် အံ့အားသင့်ရတယ်။ တကယ်တော့ အီရန်ရဲ့လုံခြုံရေးကို ဘာသာရေးခေါင်းဆောင်တွေကသာ ထိန်းချုပ်ထားတာပါဗျာ။”

အမေရိကန်ပြည်ထောင်စုက အလယ်အလတ်လူတန်းစားတွေ အကျိုးရှိစေဖို့ လက်ရှိ အမေရိကန်စီးပွားရေးမူဝါဒကို ပြောင်းလဲပစ်မယ် ဆိုပြီးတော့ ဒုသမ္မတလောင်း နှစ်ဦးစလုံးက ကတိပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မစ္စတာ ဘိုင်ဒန် က - အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအကျပ်အတည်း ပြဿနာ ရုတ်တရက်ကြုံတဲ့အချိန် - အမေရိကန်စီးပွားရေးရဲ့ အခြေခံကျတဲ့ အချက်တွေဟာ ခိုင်မာတယ်ဆိုပြီး ပြောခဲ့တာကြောင့် ရီပတ်ပလစ်ကန်သမ္မတလောင်း ဂျွန် မက်ကိန်းဟာ သာမန်အမေရိကန် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘူးဆိုပြီး အရိပ်အမြွက် ထောက်ပြခဲ့ပါတယ်။ မစ္စတာဘိုင်ဒန်ရဲ့ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စစ် ပေလင်း က - သမ္မတလောင်း မက်ကိန်း ရဲ့ ပြောဆိုချက်က ခိုင်မာတဲ့ အမေရိကန် အလုပ်သမား အင်အားကို ရည်ညွှန်းခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပြီး တကယ်ဆိုရင် မစ္စတာ အိုဘားမားကသာ အမေရိကန်ပြည်သူတွေနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်ကို အခွန်တွေ တိုးမြှင့်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တကယ်တော့ မစ္စတာ အိုဘားမား က - အလယ်အလတ် လူတန်းစားတွေအပေါ် အခွန်ဖြတ်တောက်ပြီး၊ ၀င်ငွေ ၂ သိန်းခွဲကျော် တဲ့သူတွေကိုသာ တိုးမြှင့်မှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် မစ္စတာ မက်ကိန်းဟာ သမားရိုးကျလမ်းစဉ်ကို လိုက်လေ့မရှိသူအဖြစ် သူ့မှတ်တမ်းက ပြနေတာကြောင့် အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်မယ့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတဦးဖြစ်တယ်လို့ မစ္စစ် ပေလင်းက ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း မစ္စတာ ဘိုင်ဒန် က သမ္မတလောင်း မက်ကိန်း ဟာ အမေရိကန်ပြည်သူတွေ ဂရုစိုက်တဲ့ ဘယ်ကိစ္စမျိုး မဆိုအပေါ် သမားရိုးကျ လမ်းစဉ်ကို လိုက်လေ့မရှိသူ မဟုတ်ဘူးလို့ မစ္စတာ ဘိုင်ဒန်က တုန့်ပြန်ခဲ့ပါတယ်။

စတော့ရှယ်ယာ ဈေးကွက် အနိမ့်ကျဆုံး အခြေအနေရောက်
03 October 2008
Wood's Report in Burmese

အမေရိကန် လွှတ်တော် က ဘုရှ် အစိုးရ ရဲ့ ဒေါ်လာ ၇ သိန်း တန် ငွေကြေး အကျပ်အတည်း ကယ်တင်ရေး အစီအစဉ် ကို ဆွေးနွေးငြင်းခုန်နေကြတဲ့ အချိန်မှာ ကမ္ဘာတ၀ှမ်းက ငွေချေးလုပ်ငန်း ဈေးကွက်ကတော့ အလုပ်မဖြစ်ဘဲ ဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Barry Wood သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီတခါတော့ အမေရိကန် ဒေါဂျုံးစတော့ ရှယ်ရာ ဈေးကွက် ဟာ သုံးနှစ်အတောအတွင်း အနိမ့်ဆုံး အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ က အဓိက ဈေးကွက်တွေ မှာလည်း ဒီနှစ်အတွင်း၂၅ % လောက် ကျဆင်းခဲ့ပါတယ်။ မနေ့တုန်းက ဥရောပ ဈေးကွက်တွေမှာလည်း ကြာသပတေးနေ့က တော်တော်ကြီး ကျသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွါးရေး အားလျော့လာတဲ့ အခြေအနေပါ။ ရေနံဈေးတွေလည်း ထပ်ကျခဲ့တာ ရေနံတစည် ကို ၉၄ ဒေါ်လာ အောက် ရောက်ခဲ့လို့ ၅ % လောက် ကျသွားခဲ့ပါတယ်။

ဂျွန်လွန်းစကီးဟာ နယူးယောက်မြို့ က မူးဒီး အရင်း ဈေးကွက်လုပ်ငန်း ရဲ့ စီးပွါးရေးပညာရှင် အကြီးအကဲ တစ်ယောက် ဖြစ်ပါတယ်။ သူက မကြာခင် မှာ ဗဟိုဘဏ် ကနေ အတိုးနှုန်းတွေ လျှော့ချလိမ့်မယ်လို့ တွက်ထားပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေ အရေအတွက် အတိုင်း အရံထားငွေ အဖြစ် ဗဟိုဘဏ် မှာ ဘဏ်တွေက ထားရပါတယ်။ ဒီ သတ်မှတ်ချက် နေ့တိုင်း ပြည့်မီရပါတယ်။ လိုနေရင်၊ ဗဟိုဘဏ် ကပဲ နေ့ချင်းငွေချေးပြီး ဖြည့်ထည့်ပေးရပါတယ်။ အဲဒီ နေ့ချင်း ချေးငွေ အတိုးနှုန်း က ကျသွားတာ ကို တွေ့ရကြောင်း အခုလို လွန်းစကီး က ပြောပါတယ်။

“စီးပွါးရေး ကို ခြိမ်းခြောက်လာတာက စွမ်းအင်ဈေးတွေ တက်သွားတာထက် အိမ်ဈေးတွေ အရင်က မဖြစ်ခဲ့ဘူး တဲ့ ဈေးနှုန်း နဲ့ ကျလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာလှမီမှာပဲ၊ ဗဟိုဘဏ် က အတိုးနှုန်း ကို တော်တော်ကြီး ချလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘဏ်တွေ ရဲ့ အရံငွေ ဖြည့်ဆည်းရေး အတွက် ဗဟိုဘဏ် နေ့ချင်းချေးငွေ အတိုးနှုန်း က ၁ % ကျသွားတာ ကို တစ်လအတွင်း မှာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။”

ဒေါ်လာ သန်းပေါင်း ၇ သိန်း ကို အထက်လွှတ်တော် က အတည်ပြုပြီးတာနဲ့အတူ၊ အောက်လွှတ်တော်ကလည်း သူ ပယ်ချခဲ့တာ ကို ပြန်ပြောင်းပြီး၊ အဲဒီ အစီအစဉ် ကို အတည်ပြုပေးလိမ့်မယ်လို့ ဈေးကွက် က မျှော်လင့်ထားပါတယ်။ ငွေချေးတဲ့ ဈေးကွက် အပေါ်မှာတော့ အစီအစဉ် က ချက်ချင်း သက်ရောက်မှု ရှိဖွယ် မရှိဘူး လို့ စီးပွါးရေး ပညာရှင် လွန်းစကီး က ဆိုပါတယ်။

“ဒီ အစီအစဉ် က လုပ်မှာကတော့ လက်ရှိ စီးပွါးရေး ကျလာတာ ကို ပို ဆိုးမသွားအောင် တားဆီးရေး ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက် လေးလပတ် တိုင်းမှာ တကယ့် ပြည်တွင်း ထုတ်ကုန် နဲ့ ၀န်ဆောင်မှု စုစုပေါင်း (ဂျီဒီပီ) ကျမသွားအောင် ကာကွယ်ဖို့တော့ ဒီ အစီအစဉ် က လုံလောက်လိမ့်မယ် မဟုတ်ဘူး။”

လွန်းစကီး က ဈေးကွက်စောင့်ကြည့်တဲ့ အင်တာနက် အိမ် Marketwatch.com မှာ ပြောခဲ့တာပါ။

စက်တင်ဘာလ အတွက် အလုပ်အကိုင် ရရှိနိုင်မှု အခြေအနေ ကို အလုပ်သမား ၀န်ကြီးဌာန က သောကြာနေ့ မှာ ထုတ်ပြန်တဲ့အခါ၊ အလုပ်လက်မဲ့နှုန်း တက်လာတာ ကို တွေ့ရလိမ့်မယ်လို့ ငွေကြေး ဈေးကွက် က ခန့်မှန်းထားကြပါတယ်။ တက်တာမှ လူ ၁ သိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန် အလုပ်လက်မဲ့ နှုန်း က ၆.၁ ရှိပါတယ်။


မုန်တိုင်းဘေးသင့်ဒေသ ပြည်တွင်းလှူဒါန်းမှုများ နည်းပါး
03 October 2008
ကိုကျော်အောင်လွင် -


လွန်ခဲ့တဲ့ငါးလက မုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ဧရာဝတီတိုင်းမှာ အခုနောက်ပိုင်း ပြည်တွင်းက စေတနာရှင်တွေရဲ့ ကူညီမှုတွေ သိသိသာသာ လျှော့နည်းသွားလို့ မုန်တိုင်းဒုက္ခသည်တွေ အခက်ကြုံနေကြရတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ တချို့ က ဗွီအိုအေကို ရှင်းပြကြပါတယ်။ ဒီအကြောင်းကို ကိုကျော်အောင်လွင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

အခုဆိုရင် ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ခံခဲ့ရတာ ငါးလ ရှိလာပါပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကူညီမှုတွေ မြန်မာ အာဏာပိုင်တွေရဲ့  ဆောင်ရွက်မှုတွေ ရှိနေတယ် ဆိုပေမယ့်လည်း ဘ၀ပျက်လောက်အောင် အထိနာခဲ့ကြရတဲ့ မုန်တိုင်းဒုက္ခသည်တွေ အတွက် အကူအညီတွေကတော့ ဒီထက်မက လိုအပ်နေကြတုန်းပါ။ မုန်တိုင်းထိခါစမှာတော့ ပြည်တွင်းက စေတနာရှင်တွေရဲ့  အကူအညီတွေ အများအပြား ရောက်လာခဲ့ပေမယ့်လည်း အခုလို ငါးလလောက် အကြာမှာတော့ သိသိသာသာကိုလျော့နည်းသွားပြီလို့ ဆိုပါတယ်။ ဘာကြောင့်များပါလဲ။

“ကျမတို့လည်း အဲဒီဘက်ကို လုံးဝ မလှည့်နိုင်ကြတော့ဘူးပေါ့နော်။ ဒီမှာက ကိုယ်တွေကလည်း ကိုယ်ပိုင်ကိစ္စတွေ ရှိလာကြတာလည်း ရှိတယ်လေ။ မလှူနိုင်ကြတော့ဘူး။ စီးပွားရေးတွေကလည်း မကောင်းကြဘူး။ မကောင်းတဲ့ကြားကပဲ လုပ်စားကိုင်စားရတာပေါ့နော်။ သူတို့ (အာဏာပိုင်များ) ကလည်း အများကြီး အနှောက်အယှက်ပေးကြတယ်။ အဲဒီလို အနေအထားတွေကြောင့် သိပ်မလှုပ်ရှားရဲကြတော့ဘူး၊ လူတွေက။ မရှိသလောက်ကို ဖြစ်သွားပါပြီ။”

အဲတာကတော့ မုန်တိုင်းတိုက်ပြီး မကြာခင်မှာ ဧရာဝတီတိုင်းကို ဆင်းပြီး ကူညီခဲ့သူ ရန်ကုန်မြို့ က အမျိုးသမီးတဦးပါ။ သူပြောခဲ့သလိုပါပဲ။ စီးပွါးရေးကလည်း မကောင်းတာ တကြောင်း၊ အာဏာပိုင်တွေရဲ့  အဟန့်အတားတွေကြောင့် လွတ်လွတ်လပ်လပ် ကူညီလှူဒါန်းခွင့်မရတဲ့အပေါ် စေတနာရှင်တွေ စိတ်ပျက်သွားတာက တကြောင်း၊ အရင်လို အားတက်သရော ကူညီမှုတွေ မရှိတော့တာကတော့ သေချာတယ်လို့ ကူညီခဲ့သူ နောက်တဦးက ရှင်းပြပါသေးတယ်။

“အကူအညီပေးတာတွေ တော်တော်လေး ကျဲတော့ ကျဲသွားပြီ။ ကျနော့် မိတ်ဆွေတွေတော့ တလလောက်မှ တခေါက်လောက်ပေါ့လေ။ နောက်တခုကတော့ ကျနော်တို့ ပြည်တွင်းကတော့ တော်တော်များများက စီးပွားရေးကလည်း တော်တော် မကောင်းကြဘူး။ မကောင်းကြတော့ ဒီက လူတွေတောင် ရုန်းကန်နေရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အဲဒီတော့ အလှူ ဘက်ကိုလည်း သိပ်ပြီးတော့ လူတွေက မလှည့်နိုင်ဘူး ဖြစ်နေတာပေါ့။”

ပြည်တွင်းက မြန်မာပြည်သူတွေရဲ့  အကူညီတွေ သိသိသာသာ လျှော့ကျသွားတော့ မုန်တိုင်းဒုက္ခသည်တွေ အတွက် ဘယ်လို အခက်အခဲတွေ ကြုံနေရပါသလဲ။

“အခက်အခဲကတော့ လောလောဆယ် ကျနော်တို့ ကြားတာကတော့ အိမ်ယာတွေမှာတော့ တော်တော်လေးကို သူတို့တွေ ပြန်ပြီးတော့ ဘယ်လိုနည်းနဲ့မှာ အထိုင်မကျသေးဘူး။ နေရေးထိုင်ရေး နဲ့ပတ်သက်လို့ပေါ့။ စားရေးသောက်ရေးကတော့ ဒီ ယူအဲန် တို့ ဘာတို့နဲ့ တခြား အဲန်ဂျီအိုတွေ ဘာတွေရဲ့ ကူညီမှုနဲ့ နည်းနည်းလေး စားသောက်တာလေးကတော့ လည်ပတ်နိုင်တယ်ပေါ့လေ။ အစိုးရကလည်း လှူတယ် ဆိုတာက ပေးတယ်ဆိုတာက ငွေအရစ်ကျ နဲ့ ပြန်ပေးရမယ့် သဘောတွေပေါ့။ အဲဒီတော့ သူတို့ကလည်း မသွင်းနိုင်ကြဘူး။ မသွင်းနိုင်တဲ့သူတွေက ဘယ်လို ပြောမလဲ။ ဖြစ်သလို့ပေါ့ဗျာ။ မိုးလုံလေလုံ လေးပေါ့။ လုံရင်ပြီးရော ဆိုတဲ့ အဆင့်ပါပဲ။ အဲဒီလောက်ပဲ ကြားရတာပါပဲ။”

မုန်တိုင်းဒေသကို အရင်က သွားကူညီခဲ့တဲ့ ရန်ကုန်က စေတနာရှင်တဦး ရှင်းပြခဲ့တာပါ။ မြန်မာစစ်အစိုးရက ပြည်တွင်း အလှူရှင်တွေရဲ့  ကူညီမှုတွေအပေါ် တားမြစ်ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့အထဲမှာ နိုင်ငံတော် လူရွှင်တော် ဇာဂနာ၊ သတင်းဂျာနယ်အယ်ဒီတာ ကိုဇော်သက်ထွေး၊ အခုနောက်ဆုံး NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မုန်တိုင်းဒေသ ကူညီရေးအဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင် တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုအဖမ်းအဆီးတွေကလည်း ကူညီလုပ်ကိုင်နေကြတဲ့ တခြား မြန်မာ့စေတနာရှင်တွေရဲ့  လုပ်ငန်းတွေနဲ့ စိတ်ဓါတ်တွေကို ထိခိုက်စေပါတယ်။

ကုလသမဂ္ဂနဲ့အာဆီယံတို့က ကူညီမှုတွေ အတိုင်းအတာတခုအထိ ထိရောက်မှုရှိတယ် ဆိုပေမယ့်လည်း သူတို့ဘက်ကလည်း မြန်မာစစ်အစိုးရနဲ့ လုပ်ကိုင်ရတဲ့ လေဘေးကူညီမှုတွေအပေါ် ညည်းညူမှုတွေက ရှိနေတာပါ။ နိုင်ငံတကာ က ကူညီတဲ့ဒေါ်လာငွေတွေကို မြန်မာကျပ်ငွေနဲ့ ပြန်လဲတဲ့အခါ ငွေလဲနှုန်းက အစိုးရဈေးက တမျိုး၊ အပြင်ပေါက်ဈေးက တမျိုး တန်ဖိုး ကွာဟမှုတွေ ဖြစ်ခဲ့ပြီး လှူသလောက် မရောက်တဲ့ပြဿနာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ အလှုရှင်တိုင်းပြည်တွေ ကလည်း မြန်မာ့လေဘေး အတွက် ပြောထားကြသလို ငွေကြေးမကူညီဘဲ တ၀က် လောက်ပဲ ကောက်ခံရရှိထားတယ်လို့ ပြီးခဲ့တဲ့လကပဲ ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတာ ငါးလ ကြာခဲ့ပေမယ့် လည်း ဧရာဝတီတိုင်းမှာ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကတော့ ဝေးနေတုန်းပဲလို့ ဒေသခံ ကူညီရေးသမား တချို့ က ဗွီအိုအေကို သုံးသတ်ချက် ပေးခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသား ၇ ယောက်လွှတ်ရုံနဲ့ ဘာမှခရီးမရောက်
03 October 2008
Lisa Schlein's Report in Burmese -
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသစ် မစ္စနာဗီပီလေး။
အောက်တိုဘာ ၂၊ ၂၀၀၈။
မိမိရဲ့ တိုင်းသူပြည်သားတွေကို စိတ်ရူးပေါက်တိုင်း
ထောင်ထဲသွင်းနေတာတွေ၊ တရားမ၀င် ဖမ်းဆီး
အကျဉ်းချတာတွေ လုပ်နေတဲ့ အစိုးရတွေကို
ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်ကြဖို့ အသစ်ခန့်အပ်
ခြင်းခံရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေးတွေ စနစ်တကျ ချိုးဖောက်ခံနေ
ရသူတွေနဲ့ မတရားသဖြင့် ထောင်ချခံနေရသူ သန်းပေါင်းများစွာအတွက် ကုလသမဂ္ဂက
ဒီမတရားမှုတွေကို ချေမှုန်းပစ်ဖို့နဲ့ ဒီမတရားမှုကို ခံနေကြရသူတွေရဲ့ အတိဒုက္ခအဖုံဖုံကို ကမ္ဘာကို
မီးမောင်းထိုးပြဖို့ လူ့အခွင့်အရေး မဟာမင်းကြီးက စတင်လှုပ်ရှားနေပါပြီ။ ဒီအကြောင်း
နဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) ဂျီနီဗာမြို့က
သတင်းပေးပို့ထားတာကို ကိုရော်နီငြိမ်းက တင်ပြပေးထားပါတယ်။

အာဏာပိုင်တွေက ရမ်းသမ်းပြီး စိတ်ကူးပေါက်တိုင်း လူတွေကို လိုက်ပြီး ဖမ်းဆီးနေ
တာတွေ၊ မတရားသဖြင့် ထောင်သွင်းအကျဉ်းချတဲ့ကိစ္စတွေ ကမ္ဘာနဲ့အ၀ှမ်း တောမီးလို
ပျံ့နှံ့နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောလိုက်ပြီး
ကမ္ဘာပေါ်က ရှိရှိသမျှ နိုင်ငံတိုင်းနီးပါးမှာ ဖမ်းတဲ့ဆီးတဲ့ကိစ္စနဲ့ဆိုင်တဲ့ ပြဿနာတွေ
ရှိနေတယ်လို့လည်း မဟာမင်းကြီး ပီလေးက ဆိုပါတယ်။

တရားဥပဒေနဲ့မညီဘဲ ဖမ်းတာဆီးတာတွေ တိုင်းပြည်နိုင်ငံတွေမှာ ဖြစ်ဖြစ်နေတာ
ကြာလှပြီဖြစ်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲဆိုတဲ့ အသံတွေထွက်လာတဲ့
မကြာသေးခင်နှစ်တွေကစပြီး အဲသလို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချမှုတွေ ပိုပြီး
ဆိုးရွားလာတယ်လို့လည်း မစ္စပီလေးက အခုလိုပြောပြပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်တပ်တပ်ပြီး မတရားလုပ်နေကြတာတွေရဲ့
ရလဒ်ကတော့ ကမ္ဘာ့နိုင်ငံတချို့ရဲ့ အစိုးရတွေက လူတွေကို ထင်တိုင်းကျဲ၊ ထောင်ထဲ
သွင်းသွင်းနေတဲ့ အဖြစ်ပါပဲ။ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်တွေအရ
တချို့နိုင်ငံတွေမှာဆိုရင် လူတွေကို တရားမစီရင်ဘဲနဲ့ အာဏာပိုင်တွေက အချိန်အကြာ
ကြီး အချုပ်ထဲဆွဲသွင်းနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရနေတော့တာပဲ။"

ဟိုးအရင် အတိတ်ကာလက တရားစွဲဆိုခြင်းမရှိဘဲ လူတွေကို ၄၈ နာရီထက်ပိုပြီး
ချုပ်နှောင်ထားခွင့် မရှိပါဘူး။ အခုအခါမှာတော့ လူတွေကို မိသားစုအပါအ၀င် အားလုံး
နဲ့ အဆက်ဖြတ်ပြီး လနဲ့ချီ တရားမစွဲဘဲ ဖမ်းဆီးထားတာတွေ မကြာခဏ ဖြစ်နေလေ
တော့ အဲဒီ အဖမ်းခံထားရသူတွေဟာ ကိုယ်ကာယအားဖြင့် နှိပ်စက်ညှဉ်းပန်းခံရတာ
ထက် ဆိုးရွားတဲ့ စိတ်အားငယ်မှုတွေ ဖြစ်နေရပါတယ်။

မြန်မာစစ်အစိုးရက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ၇ ယောက် ပြန်လွှတ်ပေးခဲ့
တာကို မဟာမင်းကြီး မစ္စပီလေးက ကြိုဆိုလိုက်ပေမယ့် စဉ်းစားကြည့်လိုက်ရင်တော့
နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ရှိနေတဲ့နိုင်ငံမှာ ဒါဟာ သိပ်ကိုနည်းလွန်းတဲ့
ပြန်လွှတ်ပေးမှုဖြစ်တယ်လို့လည်း မစ္စပီလေးက ပြောသွားပါတယ်။

ဒါတင်မက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချ
ခံထားရတာကို တွက်လိုက်ရင် စုစုပေါင်း ၁၂ နှစ်လောက် ရှိနေတာကိုလည်း မဟာ
မင်းကြီး မစ္စပီလေးက အလေးအနက် ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

ရာဇ၀တ်ပြစ်မှု ပြင်းပြင်းထန်ထန် ကျူးလွန်ထားသူ တော်တော်များများ အကျဉ်းချခံကြ
ရတဲ့ ကာလတွေထက် ပိုရှည်ကြာပြီး ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်နဲ့ အကျဉ်း
ကျခံနေရတာဖြစ်တယ်လို့လည်း မဟာမင်းကြီး ပီလေးက ထောက်ပြ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ဂွမ်တာနာမို အကျဉ်းစခန်းမှာ အကြမ်းဖက်သမားအဖြစ်
မသင်္ကာမှုတွေနဲ့ ဖမ်းဆီးထားပြီး နှစ်ပေါင်းများစွာ တရားမစီရင်ဘဲ ထားခဲ့တာတွေ ရှိပါ
တယ်။ မကြာသေးခင်ကတော့ အမေရိကန် တရားရုံးချုပ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေထဲမှာပါတဲ့ လူ့အခွင့်အရေးအရ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ဖမ်းဆီးထားသူ
တွေကို ရုံးထုတ်ရမယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို မဟာမင်းကြီး မစ္စပီလေးက
ကြိုဆိုလိုက်ပါတယ်။ ဂွမ်တာနာမိုက အဖြစ်အပျက်ကိုကြည့်ပြီး မတရားသဖြင့် ဖမ်းဆီး
ခံနေကြရသူတွေ၊ သို့မဟုတ် အကျဉ်းထောင်တွေထဲမှာ မတရားပြုခြင်း ခံနေကြရသူ
တွေ ကမ္ဘာတ၀ှမ်းမှာ သန်းနဲ့ချီပြီး ရှိနေတာကို ကမ္ဘာကြီးက မေ့လျော့မနေသင့်ဘူးလို့
လည်း မဟာမင်းကြီး ပီလေးက အခုလိုဆိုပါတယ်။

"တနှစ်တနှစ် ကမ္ဘာပေါ်မှာ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ အဖမ်းခံနေကြရ
တဲ့ကိစ္စတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။ ဘာအကြောင်းနဲ့မှ အဖမ်းခံရဖို့မရှိတဲ့ အခြေအနေ
မှာကို လူမဆန်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး အဖမ်းအဆီး ခံနေကြရပါတယ်။"

ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်လက်မသန်မစွမ်းသူတွေ၊ မိဘမဲ့ကလေးတွေနဲ့ လိင်ကုန်ကူး
ခြင်းခံရတဲ့ အမျိုးသမီးတွေဟာလည်း အဲဒီလိုအခြေအနေတွေမှာ သူတို့ရှိနေတာကြောင့်
ကိုပဲ အဖမ်းဆီးတွေ ခံနေကြရပြန်သေးတယ်လို့လည်း မစ္စပီလေးက ဆိုပါတယ်။

အခုလို ကမ္ဘာတ၀ှမ်းက မေ့လျော့ခြင်းခံနေကြရတဲ့၊ မတရားပြုကျင့် ခံနေကြရသူတွေ
အတွက် တရားသဖြင့် ဖြစ်စေရေးနဲ့ သူတို့တွေကို ကမ္ဘာကြီးက ပိုပြီး အာရုံစိုက်မှုရှိလာဖို့
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စွမ်းအားမြှင့်ပြီး ဆောင်ရွက်
သွားမယ်လို့ မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောဆိုသွားပါတယ်။

အမေရိကန်ကြောင့် ပါကစ္စတန်မှာ စစ်တပ်နဲ့ အရပ်သားအစိုးရ ကင်းကွာလာ
03 October 2008
Gary Thomas's Report in Burmese -

အမေရိကန်အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပါကစ္စတန်နိုင်ငံအပေါ်
ဖိအားပေးမှုတွေ ပိုလုပ်လာတဲ့အတွက် ပါကစ္စတန်နိုင်ငံ အစိုးရနဲ့ စစ်တပ်အကြား
ဆက်ဆံရေးတင်းမာမှု ဖြစ်လာနေတယ်လို့ အကဲခတ်သမားတွေ၊ အမေရိကန် အရာရှိ
ကြီးတွေက ဆိုပါတယ်။ အမေရိကန်တို့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှုကို
ဘယ်အတိုင်းအတာအထိ အတည်ပြုရမှာလဲ၊ ထောက်ကူရမှာလဲ ဆိုတာနဲ့ပတ်သက်ပြီး
ဗွီအိုအေသတင်းထောက် ဂယ်ရီ သောမတ်စ် (Gary Thomas) သတင်းပေးပို့ထားတာ
ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ သြဇာအာဏာကြီးမားလှတဲ့ စစ်တပ်နဲ့ ပူပူနွေးနွေး အရပ်သားအစိုးရ
တို့ရဲ့ ချစ်ကြည်မှုဟာ သက်တမ်းမကြာလှဘဲ အိုးစားကွဲကြတော့မယ့် အခြေအနေ ရှိနေ
ပါတယ်။ အကြမ်းဖက်သမားတို့ ခိုအောင်းရာလို့ ယူဆရတဲ့နေရာတွေကို အမေရိကန်တို့
က ထင်သလို ၀င်တိုက်နေတဲ့ကိစ္စဟာ စစ်တပ်နဲ့ အရပ်သားအစိုးရတို့အကြား
ကွဲသထက် ကွဲသွားစေလိမ့်မယ်လို့ အကဲခတ်သမားတွေက ထောက်ပြနေကြပါတယ်။

လယ်ရီ ဂွတ်ဒ်ဆန်း (Larry Goodson) ဟာ အမေရိကန်ကြည်းတပ် စစ်ဦးစီးကောလိပ်
က ပါမောက္ခတဦး ဖြစ်ပါတယ်။

"ဒါဟာ အက်ကွဲမှုတရပ်ကို တကယ်ပဲဖြစ်စေပါတယ်။ ဒီအက်ကွဲမှုဟာ ကျယ်ပြန့်သထက်
ကျယ်ပြန့်၊ နက်ရှိုင်းသထက် နက်ရှိုင်းလာပြီး မူဝါဒဆိုင်ရာ မဟာဗျူဟာ ချမှတ်ရေးမှာ
တကယ့်အက်ကွဲကြောင်းကြီးတခု ဖြစ်လာနိုင်ပါတယ်။"

ပါကစ္စတန်ပြည်သူ အများစုကတော့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်
(Pervez Musharraf) ဟာ အမေရိကန်နဲ့ နီးကပ်လွန်းခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ၉ နှစ်အတွင်း ပထမဆုံး အရပ်သားသမ္မတဖြစ်လာတဲ့ လက်ရှိသမ္မတ
အာဇစ် အာလီ ဇာဒါရီ (Asif Ali Zardari) ဟာလည်း အလားတူ မူရှာရက်ဖ်လမ်းစဉ်
လိုက်နေပြီလို့ နက်နက်ရှိုင်းရှိုင်း သံသယ၀င်နေကြပါတယ်။

ဒီလိုသံသယတွေ ရှိနေချိန်မှာ ပြည်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကလည်း စိုးရိမ်
ရေမှတ်ကို ရောက်ရှိနေတော့ ပါကစ္စတန် စစ်အုပ်ချုပ်ရေးလက်အောက် ပြန်ရောက်မယ့်
အလားအလာ လျှင်မြန်စေလိမ့်မယ်လို့ လယ်ရီ ဂွတ်ဒ်ဆန်းက ဆိုပါတယ်။ ပါကစ္စတန်
ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက် လွတ်လပ်ရေးရပြီးကတည်းက စစ်တပ်နဲ့
အရပ်သား တလှည့်စီအုပ်စိုးလာတဲ့ နိုင်ငံတခုပါ။

"စစ်အုပ်ချုပ်ရေးနဲ့ အရပ်သားအုပ်ချုပ်ရေးကြား အချိန်ပြည့်ရွေ့လျားမှုဟာ ပိုပြီး
လျှင်လျှင်မြန်မြန် ဖြစ်လာပါတယ်။ အရပ်သား နိုင်ငံရေးသမားတွေ မပြတ်မသားနဲ့
အပြန်အလှန် ငြင်းခုံအော်ဟစ်နေတဲ့ကိစ္စမှာ စစ်တပ်အနေနဲ့ အကြာကြီး ကြားလူအဖြစ်
ရပ်တည်နေနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်တော့ထင်ပါတယ်။"

သမ္မတ ဇာဒါရီကတော့ လူမျိုးစုဒေသတွေမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေ
ကို ချေမှုန်းတဲ့နေရာမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါ
တယ်။ ဒါပေမယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ ပါကစ္စတန်မှာ နိုင်ငံရေးအရ
လူကြိုက်မများလှပါဘူး။

တချိန်တည်းမှာပဲ မစ္စတာဇာဒါရီဟာ လူမျိုးစုဒေသက စစ်သွေးကြွအုပ်စုတွေနဲ့လည်း
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အားထုတ်နေပြန်ပါတယ်။ ဒါကိုတော့ အမေရိကန်က
လုံးဝမကြိုက်ပါဘူး။ မစ္စတာဇာဒါရီ မကြာခင် အမေရိကားကို ရောက်လာတုန်းက
စီအိုင်အေ အကြီးအကဲ မိုက်ကယ်ဟေဒန် (Michael Hayden) နဲ့ တိတ်တဆိတ်တွေ့ပြီး
ဒီအကြမ်းဖက်ဝါဒကိစ္စကို ဆွေးနွေးခဲ့ပါသေးတယ်။

ပြဿနာတခုက ပါကစ္စတန်နိုင်ငံမှာ Inter-Services Intelligence (ISI) လို့ခေါ်တဲ့
ထောက်လှမ်းရေးအဖွဲ့ပါပဲ။ ISI ဟာ ၁၉၉၀ ပြည့်လွန်တုန်းက အာဖဂန်မှာ တာလီဘန်
တို့ကို ဖန်တီးခဲ့တဲ့ အဓိကဌာနတခု ဖြစ်ခဲ့လေတော့ အဲဒီအထဲက ယုတ်စွအဆုံး တချို့
ဟာ လက်ရှိ အစ္စလာမ်စစ်သွေးကြွတွေနဲ့ မပြတ်နိုင်သေးဘူးလို့ အမေရိကန်
ထောက်လှမ်းရေးအသိုင်းအ၀ိုင်းက အတော်လေးယုံကြည်ထားပါတယ်။

ဒီအချိန်မှာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ရှ်ဖတ် ခယာနီ (Ashfaq
Kayani) ကတော့ နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ပြောကြားနေပါတယ်။ ဒီလိုစကားမျိုး
ဟာ ပါကစ္စတန်မှာ မကြာခဏ ကြားခဲ့ဖူးပြီး အမြဲတမ်း ကျိုးပျက်ခဲ့တဲ့ ကတိစကားမျိုးသာ
ဖြစ်ပါတယ်။ ISI ထောက်လှမ်းရေး အကြီးအကဲတယောက်ကိုလည်း မကြာခင်ကဘဲ
ဗိုလ်ချုပ်ကြီး ခယာနီက အစားထိုးခန့်အပ်ခဲ့ပါတယ်။

သို့ပေမယ့် အမေရိကန် အရာရှိတွေကတော့ ဒီလိုလူစားထိုးလိုက်တိုင်း ဒီထောက်လှမ်း
ရေးတွေဟာ စစ်သွေးကြွတွေကို ခပ်ပြတ်ပြတ် ကိုင်တွယ်ပါ့မလား ဆိုတာကိုတော့
သံသယရှိနေကြဆဲ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်အမတ်ဟောင်းနှင့် မြန်မာ့မီဒီယာသမားများတွေ့ဆုံပွဲ

Kaowao အောက်တိုဘာ ၃ ၊ ၂၀၀၈။

အမေရိကန်နိုင်ငံ လွှတ်တော်အမတ်ဟောင်း မစ္စတာ စကော့ ခလု(ဂ်)Mr. scott klug လွန်ခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာသတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း Internews သတင်းအုပ်စုမှ သိရှိရပါသည်။

အမေရိကန်လွှတ်တော်အမတ်ဟောင်း ဆွေးနွေးရှင်းပြသွားသည်မှာ ဒီမိုကရေစီစနစ်တွင် မီဒီယာတွေဟာ အုပ်ချုပ်သူနှင့် ပြည်သူအကြားမှာ အရေးကြီးဆုံးနေရာကပါဝင်နေကြောင်း အကျယ်တဝင့်ရှင်းလင်း တင်ပြခဲ့ပါသည်။ အထူးသဖြင့် မကြာမီတွင်ကျင်းပမည့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲ၌ သမ္မတလောင်းနှစ်ဦး၏ မိန့်ခွန်းတွေ၊ အာမခံချက်တွေကို မီဒီယာတွေက မည်ကဲ့သို့ အထူးဆောင်ရွက် ပေးခဲ့သည်ကိုလည်း အဓိကထား၍ရှင်းပြခဲ့ပါသည်။

၂၀၁၀ မြန်မာနိုင်ငံစစ်အစိုးရ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာ့မီဒီယာသမားများက မစ္စတာ စကော့ ခလု(ဂ်) Mr. scott klug သဘောထားအမြင်ကိုမေးမြန်းခဲ့ရာတွင် ကောက်ချက်ချမပေးခဲ့သော်လည်း ယ္ခုယှဉ်ပြိုင်မည့် သမ္မတလောင်းနှစ်ဦးသည် အာရှတိုက်အပေါ်နားလည်သိမြင်မှုနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီး ဆောင်ရွက် ကြလိမ့်မည်ဟု ကောက်ချက်ပေးပါသည်။

"ဂျွန်မက်ကိန်းက မြန်မာပြည်အရေးကို အင်မတန်နားလည်သူဖြစ်တယ်၊ ဗီယက်နန်မှာ အမူထမ်းခဲ့ဘူးသူလည်း ဖြစ်တယ်။ အာရှတိုက်အရေးကို ဂရုစိုက်သူတစ်ဦးလည်း ဖြစ်တယ်" လို့ လွှတ်တော်အမတ်ဟောင်းက အာမခံ ခဲ့ပါသည်။နောက် သမ္မတလောင်း"အိုဘားမား ကလည်း အင်ဒိုနီးရှားမှာနေခဲ့ဘူးတယ်၊မြန်မာ့အရေးကို အာရှတိုက်အရေးအဖြစ် ရှုမြင်သူဖြစ်တယ်" လို့သမ္မတလောင်း နှစ်ဦးအပေါ်သုံးသပ်ရှင်းပြခဲ့ပါသည်။

မစ္စတာ စကော့ ခလု(ဂ်)Mr scott klug သည် အမေရိကန်နိုင်ငံလွှတ်တော်အမတ်အဖြစ် (၈)နှစ်ကြာ တာဝန်မထမ်းဆောင်ခင်တွင် ထင်ရှားသည့် သတင်းမီဒီယာသမားတစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့အရေးကို အလွန်နားလည်သိရှိထားသူတစ်ဦးလည်း ဖြစ်သည်။

မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ နိုင်မတ်ဒိပ် နှင့် တွေ့ဆုံမေးမြန်းချက်



ကွန်းယက္ခ မတ် ၁၊ ၂၀၀၈
မွန်အမျိုးသားနေ့ နှင့် အမေရိကန် အခြေစိုက် မွန်ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (Monland Restoration Council) ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံဆိုင်ရာ Kaowao သတင်းထောက် ကွန်းယက္ခ၏ မေးမြန်းချက်ကို မွန်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ သတင်းပြန်ကြားရေး ဒုတာဝန်ခံ နိုင်မတ်ဒိပ် က ဖြေကြားထားသည်။

Kaowao။ ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြောပြပေးလို့ရမလား။

နိုင်မတ်ဒိပ်။ ။ ရပါတယ်။ ဒီအကြောင်းပြောရင် ဆရာမွန်ဖိုးချိုကနေ စရမယ်။ ဆရာက ရွှေတောင်သား။ ပြည်ဘက်က ရွှေတောင်ပါ။ ဆရာက မွန်တိုင်းရင်းသား အစည်းအဝေး အစည်းအရုံး ဥက္ကဋ္ဌ၊ ပြီးတော့ ဖဆပလ အဖွဲ့ချုပ် အဖွဲ့ဝင်၊ (၁၉၄၆)ခု၊ ပငရွာ အစည်းအဝေးမှာ မွန်အမျိုးသားနေ့တစ်ရပ် ကျင်းပဖို့ ပထမဆုံး ဆရာက အဆိုပြုတယ်။ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ နောက်နှစ် ကမာဝက်မှာ ကျင်းပတဲ့ပြည်လုံးကျွတ် ညီလာခံမှာလည်း ထပ်ပြီးတော့ အတည်ပြုတယ်။ ကျင်းပဖြစ်တာက (၁၉၄၈)မှာပါ။ ကွမ်ရိုက်ဆရာတော် ဘဒန္တ ကုသလ နဲ့ ဆရာ မွန်ဖိုးချို တို့ ဦးဆောင်တယ်။ ပထမဆုံး မွန်အမျိုးသားနေ့ကို မော်လမြိုင်ခရိုင်၊ ဘီလူးကျွန်း၊ ရွာလွတ်ကျေးရွာမှာ ကျင်းပခဲ့တယ်လို့ သိရတယ်။


Kaowao။ ။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ဖြစ်တာက ။

နိုင်မတ်ဒိပ်။ ။ ဒီနေ့ရက်ကို ကမာဝက်ရွာသား နိုင်ထောအားက အကြံပြုထားတာပါ။ ဗဂိုးမြို့ တည်ထောင်တဲ့နေကို ယူ ထားတာပါ။ ဗဂိုးမြို့ကို မွန်ရာဇဝင်အရ တတိယပရိစ္ဆေဒနှစ် (၅၀၄)ခု မှာ တည်ထောင်ခဲ့ကြောင်း သိရတယ်။ မွန်မင်းဆက် ကျမ်းပြုဝေါဆရာတော်က တတိယ ပရိစ္ဆေဒ(၅၀၄)ခုမှာ ယူပါတယ်။ ကျနော်တို့ကတော့ သာသနာနှစ်ကိုပဲ ကြိုက်တယ်။ ဒီတော့ သာသနာနှစ်(၁၁၁၆)ခု၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ တနလာင်္နေ့မှာ ဟံသာဝတီပြည် ဗဂိုး(ပဲခူး)မြို့ကို တည်ထောင်ခဲ့တယ်။ ဒီဟံသာဝတီပြည် ဆိုတာဟာလည်းပဲ ဦးအောင်ဇေယျ ဖျက်ဆီးလိုက်တဲ့ အချုပ်အခြာ အာဏာပိုင် နောက်ဆုံး မွန်ဘုရင့်နိုင်ငံတော်ကြီး ဖြစ်နေတယ်။ ဒီတော့က နိုင်ထောအားရဲ့အဆိုကို အားလုံးသဘောတူကြတယ်။

Kaowao။ ။မွန်အမျိုးသားနေ့ကို ကျင်းပပြီး သမိုင်းဒဏ်ရာကို ဆွနေလို့ကတော့ ဘာမှအကျိုးမရှိနိုင်ဘူး လို့ အချို့က ဝေဖန်ကြတယ်။ အမှန်တကယ်ပဲ အဲလိုမျိုးရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့ကို ကျင်းပနေ သလားခင်ဗျ။

နိုင်မတ်ဒိပ်။ ။အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဒီစကားမျိုးကို ဗမာတိုင်းရင်းသားတွေက အဓိက ပြောကြပါတယ်။ ဟံသာဝတီပြည် တည်ထောင်ချိန်အစမှာ ညီနောင် ဗမာတိုင်းရင်းသားတွေ ဗမာပြည်ကို မရောက်သေးပါဘူး။ မွန်အမျိုးသားနေ့လည်းပဲ ဗမာတိုင်းရင်းသားတွေကို မရွယ်ရည်ပါဘူး။ အမျိုးသား သွင်ပြင်လက္ခဏာကို ကာကွယ်ထိန်းသိမ်းဖို့၊ အမျိုးသားရေးစိတ်ဓါတ်ကို မြှင့်တင်ဖို့ မွန်တွေက ကိုယ့်အမျိုးသားနေ့ကို ကိုယ်ဟာကိုယ် ကျင်းပပိုင်ခွင့် ရှိပါတယ်။ အမှန်မှာတော့ ရာမညတိုင်း ဟံသာဝတီပြည်ကို မွန်တွေက အဦးအစ တည်ထောင်ခဲ့တာ မှန်ပေမယ့် ကြီးပွားတိုးတက်အောင် ဗမာတိုင်းရင်းသားတွေလည်း တတပ်တအား ပါဝင်ခဲ့ကြတဲ့ သမိုင်းအစဉ် အလာကြီး ရှိပါတယ်။ ဒါကြောင့် မွန်အမျိုးသားနေ့ကို ဗမာအပါအဝင် ညီနောင် တိုင်းရင်းသားများအားလုံး လာရောက် အားပေးစေချင်ပါတယ်။

Kaowao။ ။ဒါပေမဲ့ မွန်အမျိုးသားနေ့ကို မွန်တွေပဲ လာနိုင်ပြီး ကျန်တဲ့တိုင်းရင်းတွေ လာရောက်အားပေး လို့ မရဘူးလို့ အချို့ဖော့ဝိန်းမြို့ခံတွေက ပြောကြတယ်။ အဲဒါမှန်လား။

နိုင်မတ်ဒိပ်။ ။မှားတယ်။ မွန်အမျိုးသားနေ့ကို လူတိုင်း လာရောက်အားပေးလို့ရတယ်။ ဒါပေမဲ့ ကဖျက်ယဖျက် မလုပ်ဖို့တော့ လိုတာပေါ့။ ဒီနှစ် မွန်အမျိုးသားနေ့ကို ညီနောင် ကရင်တိုင်းရင်းသားတွေ လာရောက် အားပေးကြတယ်။ ကျနော်တို့အများကြီး ဝမ်းသာတယ်။ အထူးသဖြင့် မွန်တီးဝိုင်းအဖွဲ့ကို ကူညီပေးတဲ့ ကိုစောကိုနိုင်၊ ကိုဝါရှင်တန် နဲ့ ကိုမူရှီတို့ကို ကျနော်တို့ကျေးဇူးတင်ရမယ်။ ပြီးတော့ အမေရိကန် လူမျိုးတွေ၊ အထူးဧည့်သည်တော်တွေ လာရောက် အားပေးတဲ့အတွက် မွန်အမျိုးသားနေ့ အခမ်းအနားက အတော်လေးကို စည်းကားပါတယ်။

Kaowao။ ။ဖော့ဝိန်းမြို့ မွန်အမျိုးသားနေ့ကို အမျိုးသားနေ့ကျင်းပရေးကော်မတီက တာဝန်ယူ ကျင်းပခဲ့တာ မှန်ပေမဲ့ MRC ရဲ့တစ်စိတ်တစ်ပိုင်း လုပ်ငန်းခွင်လို့ မြင်ပါတယ်။ မွန်အမျိုးသားနေ့ကို လူတိုင်းလည်း လာနိုင်တယ်လို့လည်း ပြောတယ်။ တစ်ဖက်ကလည်း MRC ကို အစွန်းရောက်သမားတွေလို့ အချို့ပုဂ္ဂိုလ်တွေက ဝေဖန်တာ ကြားရတယ်။ ဒီတော့

နိုင်မတ်ဒိပ်။ ။ကျနော်လည်း ခင်ဗျားလိုပဲ ကြားရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက MRC ရဲ့မူဝါဒလမ်းစဉ်၊ MRC ရဲ့ရည်မှန်းချက်တွေကို မသိလို့နေမှာပါ။

Kaowao။ ။အစွန်းရောက်တယ် ဆိုတဲ့စကား နည်းနည်း ရှင်းပြပေးလို့ရမလား။

နိုင်မတ်ဒိပ်။ ။ဒီအသုံးအနှုန်းက သံတမန် မဆန်ဘူးခင်ဗျ။ ဒီအစွန်းရောက်တယ် ဆိုတဲ့ကိစ္စကို ကိုမြင့်စိုးနဲ့ ကျနော် ပြောဖြစ်ပါတယ်။ ကိုကျော်သက်လည်း ပါတာပေါ့လေ။ သူတို့က မွန်အမျိုးသားနေ့ကို လာရင်းနဲ့။ မွန်တွေက ဗဂိုးမြို့ပျက်ပြီးကတည်းက မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အစိုးရ၊ မည်သူ့ကိုမျှ မိမိရဲ့ပိုင်နက်၊ မိမိရဲ့ကံကြမ္မာကို စာချုပ် စာတမ်းနဲ့ မအပ်ရသေးဘူး။ ဆိုလိုတာက မွန်တွေက အောက်မြန်မာ ပြည်ကို တရားဝင်ပိုင်ဆိုင်သူတွေ ဖြစ်တယ်။ မိမိရဲ့ အချုပ်အခြာအာဏာ ကျူးကျော်ခံနေရတယ်။ မိမိရဲ့ပိုင်နက် နယ်မြေဟာ အသိမ်းပိုက်ခံနေရတယ်။ ဒီလိုခံပြင်းချက်မျိုး ရှိနေလို့ အချို့မွန်တွေက ဖက်ဒရယ်မူကို လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုမျိုးလူတွေက အစွန်းရောက်သူတွေလို့ သတ်မှတ်ယင် ကျနော်လည်း ဘွင်းဘွင်းပဲ ပြောရတော့မယ်။ ဒီလိုဖက်ဒရယ်မူကို လက်မခံနိုင်တဲ့ဗမာတွေလည်း ရှိပါတယ်။ ဒီကိစ္စကို ကိုမောင်မောင်စိုးနဲ့လည်း ဆွေးနွေးဖူးပါတယ်။ ပညာပေးလုပ်ငန်းကတော့ လူမျိုးတိုင်းမှာ လိုအပ်ပါတယ်။ အခြား တိုင်းရင်းသားတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

Kaowao။ ။ MRC က အစွန်းရောက်တွေ မဟုတ်ဘူး။ ဖက်ဒရယ်မူကို ထောက်ခံတယ်။ ဒီမိုကရေစီရေးကို အားပေး တယ်လို့ ဆိုလိုပါသလားခင်ဗျ။

နိုင်မတ်ဒိပ်။ ။ကျနော်တို့က ဘာကြိုက်သလဲဆိုတာ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန် ကြေညာချက်မှာ ပါပြီးသားပဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ဖို့၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အချက်တွေ ပါပါတယ်။ ဒီထဲမှာ အစွန်းရောက်တဲ့စကားတစ်ခွန်းမှ မပါဘူး။ တစ်ခုတော့ ရှိတယ်။ ဒီထုတ်ပြန်ကြေညာချက်ဟာ မွန်တစ်မျိုးသား လုံးရဲ့ Referendum ကတော့ မဟုတ်ဘူးပေါ့။

Kaowao။ ။ဒါဖြစ်ရင် မတ်လမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တတိယအကြိမ်မြောက် ညီလာခံတစ်ရပ် ကျင်းပဖို့ ရှိတယ်။ ဒီဖော့ဝိန်းမြို့မှာပဲ ကျင်းပမှာဆိုတော့ MRC အနေနဲ့ တက်ရောက်ဖို့ အစီအစဉ် ရှိပါသလား။

နိုင်မတ်ဒိပ်။ ။ဒီRoad Map အကြောင်းကို ကျနော်လည်း ကောင်းကောင်း မသိပါဘူး။ MRC ကို တိုက်ရိုက် လိပ်မူတဲ့ စာကတော့ ဒီနေ့ပဲ ရောက်လာတယ်။ ဒီနေ့က(၂၇)ရက်နေ့၊ ညီလာခံက မတ်လ(၁)ရက်နေ့၊ အချိန်က အတော့်ကို ကပ်နေတယ်။ ဒါပေမဲ့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်။

Kaowao။ ။ MRC (Fort Wayne) အနေနဲ့ တက်ရောက်မယ်ဆိုတဲ့သဘောလား။

နိုင်မတ်ဒိပ်။ ။မဟုတ်သေးဘူး ခင်ဗျ။ ပြောရရင် အစက တစ်ဦးချင်းကို သူတို့ဖိတ်တယ်။ ကျနော်တို့က အဖွဲ့နဲ့။ တစ်ဦးချင်းအလိုက် မဖိတ်ပါနဲ့ပေါ့လေ။ အဖွဲ့အစည်းနဲ့နေတယ်ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ဖိတ်စေချင်တယ်။ MRC ကို ကျနော်တို့က အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားတယ်။ MRC (Fort Wayne)ကို ဖိတ်မလား။ MRC –USA ကို ဖိတ်မလား။ MRC ပါဝင်တဲ့ OMCC ကို ဖိတ်မလား။ ကျနော်တို့က ကိုယ်စားလှယ်လွှတ်ရုံနဲ့ ပြည်ပရောက်မွန်တွေကို ကိုယ်စားပြုနိုင် ပါတယ်။ အခု သူတို့ဖိတ်တာက OMCC ကိုလည်း မဟုတ်ဘူး။ MRC (Fort Wayne) ကိုလည်း မဟုတ်ဘူး။ MRC –USA ကိုပါ။ ဒီကိစ္စကို MRC-USA က ကိုယ်တွယ်ပါလိမ့်မယ်။

Kaowao။ ။ဒီ Road Map or Workshop က ဖက်ဒရယ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လောက်များ အရေးပါတယ် ထင်ပါသလဲ။

နိုင်မတ်ဒိပ်။ ။ဒါလည်း ကြိုပြောလို့မရဘူး။ တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်တယ်။ ဥပမာ - ဗမာတိုင်းရင်းသားတွေ ဆိုပါတော့။ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက ဗမာတိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်မှုရှိ မရှိပေါ့။ ကိုယ်စားပြုနိုင်မှု ရှိမှာသာ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်ဝတယ်။ ပြည်နယ်ကို အခြေခံတဲ့ဖက်ဒရယ်စနစ် ပီပြင်နိုင်မယ်။ ဒီတော့ စစ်မှန်ပြတ်သားတဲ့ ကိုယ်စားလှယ်တွေရှိမှသာ ပြတ်သားတဲ့ မူဝါဒကို ချမှတ်နိုင်မယ်။ ပြတ်သားတဲ့မူဝါဒကိုပဲ ကျနော်တို့က လက်ခံနိုင်မယ်။ ပူပေါင်း ဆောင်ရွက်နိုင်မယ်။ အဲဒီလိုပူးပေါင်းဆောင်ရွက်နိုင်မှု၊ အပြန်အလှန် အကျိုးပြုနိုင်မှု ရှိ၊ မရှိ အချက်အပေါ်မှာ မူတည်ပြီး အရေးပါမှုရှိ၊ မရှိ မှတ်ကျောက်တင်ရလိမ့်မယ်။

Kaowao။ ။ အချို့က ဖက်ဒရယ်မူကို ရှေ့တန်း သိပ်တင်လွန်းရင် ဒီမိုကရေစီရေး လှုပ်ရှားမှု အားလျှော့ သွားနိုင်တယ်။ ဒီမိုကရေစီကို အရင်တိုက်ပြီး ရန်ကုန်ရောက်မှ တိုင်းရင်းသားတွေ လိုလားတဲ့ဖက်ဒရက်မူကို အသက်သွင်းကြတာပေါ့လို့ ပြောတဲ့လူတွေ ရှိတယ်။ ဒီအမြင်နဲ့ပတ်သက်ပြီး နိုင်မတ်ဒိပ်ရဲ့အမြင်လေး။

နိုင်မတ်ဒိပ်။ ။တိုင်းရင်းသားရေးရာ ပြဿနာတွေက ဒီခေတ်ကျမှ မိုးကျရွှေကိုယ်လို ပေါ်လာတာမဟုတ်ဘူး။ ပါလီမန် ခေတ်ကတည်းက ရှိနေတာ။ လွတ်လပ်ရေး တိုက်ပွဲမှာလည်းပဲ သမ္မတ ဦးချစ်လှိုင် စတဲ့ မွန် နိုင်ငံရေးသမားတွေ အမွဲခံပြီး ဗမာတွေနဲ့အတူ နိုင်ငံရေးလုပ်ခဲ့တယ်။ ဆရာ မွန်ဖိုးချိုတို့လည်း ဗမာနိုင်ငံရေးမှာ အရေးပါခဲ့တာပါပဲ။ ဘန်ကောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက BIA စတင်ဖွဲ့စည်းတုန်းကလည်း မွန်တွေ ပါဝင်ခဲ့တာပါပဲ။ လွတ်လပ်ရေး တိုက်ပွဲမှာ မွန်တပ်သား ပေါင်း(၃၀၀၀)ကျော် ပါဝင်ခဲ့တာပါပဲ။ လွတ်လပ်ရေး အရင်ယူမယ်။ ပြီးမှ ပြည်နယ် တောင်းမယ်ပေါ့။ ဒါပေမဲ့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့အခါ အစဉ်အလာ ကြီးမားခဲ့တဲ့ မွန်နဲ့ရခိုင်တွေ အဖြုတ်ခံရတယ်။ ကရင်တွေလည်း မရေမရာ မသေမချာနဲ့ ကျန်ခဲ့တာပါပဲ။ ဒီတော့ ကျနော်တို့မူဝါဒက ရှင်းတယ်။ ဒီမိုကရေစီကို အရင်တိုက်ယူပါ။ ပြီးမှ ဖက်ဒရယ်အကြောင်း ပြောမယ်။ ဒါမျိုး အဆင်မပြေဘူး။ MRC ရဲ့ဆောင်ပုဒ်က ရှင်းလင်းပြတ်သားတယ်။ Struggling for Self-determination ပါပဲ။ ဖက်ဒရယ်ပြည်ထောင်စုဟာ ဗမာပြည်အတွက် စစ်မှန်တဲ့ဒီမိုကရေစီဖြစ်တယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်မူကို ကျနော်တို့ အတွက် ခွဲခြားလို့မရဘူး။ ဒီမိုကရေစီအတွက် တိုက်ရင်းနဲ့ ဖက်ဒရယ်စနစ်ကို ပြုစုပျိုးထောင် သွားမှသာ ဗမာအပါအဝင် တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတွေ တိုးပွားနိုင်မယ်။

Kaowao။ ။ အချိန်ပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ဆုံးအနေနဲ့ ဘာများ မှာကြားချင်ပါသလဲ။

နိုင်မတ်ဒိပ်။ ။ဖက်ဒရယ်နိုင်ငံမှာ ခိုနေတဲ့ဒီမိုကရေစီအင်အားစုတွေ ဖက်ဒရယ်စနစ်ကို နားလည်းအောင် လေ့လာကြပါ။ စင်ပြိုင်အစိုးရအစား ဖက်ဒရယ်အစိုးရ ဖွဲ့စည်းမှသာ လက်တွေ့ကျနိုင်မယ်။ အဲဒီဖက်ဒရယ် အစိုးရမှာ ပါဝင်ဖို့ MRC က အဆင်သင့် စောင့်နေပါတယ်။ မေးမြန်းတဲ့အတွက် MRC ကိုယ်စား ကျေးဇူးပါ။



တွေ့ဆုံမေးမြန်းခဲ့သည့်နေ့ - ဖေဖော်ဝါရီ ၂၇၊ ၂၀၀၈

ဦးဝင်းတင်ရဲ့ ဟံသာဝတီ သတင်းစာခေါင်းကြီး


မောင်စွမ်းရည်/ ၃ အောက်တိုဘာ ၂၀၀၈။ ။

နှစ်ပေါင်း (၂၀) လောက် ထောင်သွင်းအကျဉ်းချခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ထောင်ကနေလွတ်လာပြီ။ လွတ်တာကလည်း ဦးမညွတ်၊ ဒူးမညွတ်ဘဲ လွတ်လာတာဆိုတော့ တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုသြဘာ ပေးလိုက်ကြပါတယ်။

ဦးဝင်းတင်ကို အများပြည်သူ သတိမူမိကြတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် သတင်းစာဆရာကြီး အဖြစ်နဲ့ သူ့ရဲ့ အတွေးအမြင်၊ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ သူ့ရဲ့ ဦးဆောင်မှုအရည်အချင်းတို့ကို မျက်ဝါးထင်ထင် မြင်တွေ့လာကြရလို့ ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ သတင်းစာဆရာကြီး ဘ၀ကဂုဏ်ရည်များကိုတော့ သိသူနည်းပါလိမ့်မယ်။ အထူးသဖြင့် နောက်ပိုင်းမှ မွေးဖွားကြီးပြင်းလာကြရတဲ့ လူငယ်တွေက အသိနည်းပါတယ်။ သိခွင့်လည်း မသာခဲ့ကြရှာပါဘူး။ စစ်ဗိုလ် ချုပ်တွေက လွတ်လပ်စွာ ထုတ်ဝေခွင့်၊ လွတ်လပ်စွာ လေ့လာခွင့် မပေးခဲ့ကြဘူးဆိုတာကိုတော့ သမိုင်းသက်သေ တည်ထားရပေလိမ့်မယ်။ ဒါကြောင့်လည်း ပြင်ပက စာပေသမားများက ဦးဝင်းတင်ရေးခဲ့တဲ့ စာပေနဲ့လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်မှုတွေကို ပြန်လည်ဖော်ထုတ်ကြဖို့ ကြိုးစားနေကြပါတယ်။ နှစ်ပေါင်း (၂၀) နီးပါး ကြာသွားပေမယ့် ဦးဝင်းတင် စာပေထုတ်ဝေရေး၊ လက်နှေးကြတာကိုတော့ ကျနော်အပါအ၀င် လူကြီးစာပေသမားများကိုပဲ အပြစ်တင်ကြရပါတော့မယ်။ ဒါပေမယ့် ကျနော်တို့ ဆက်လက် ကြိုးပမ်းနေကြ ပါကြောင်းကိုတော့ သတင်းကောင်းပါးပါရစေ။

ဦးဝင်းတင်ရဲ့ လက်ရာတွေထဲက ကျနော်သဘောအကျဆုံး ဟံသာဝတီသတင်းစာ ခေါင်းကြီးပိုင်းတခုကို ဦးစွာတင်ပြ လိုက်ရပါတယ်။ (ရက်စွဲ ရုတ်တရက် ရှာမရတာကိုတော့ ခွင့်လွှတ်ပါ) ဦးဝင်းတင်ရေးတဲ့ “ပြည်သူတို့ရဲ့ စကားပြန် (၁၉၇၄)” ဆိုတဲ့ စာတမ်းထဲက ပြန်လည်ထုတ်နုတ်တင်ပြလိုက်တာပါ။

ဦးဝင်းတင် နိဒါန်းချီထားတာက ဒီလိုပါ။ “ပြည်သူတို့၏ စကားပြန်သတင်းစာသည် လူနှစ်ဦးအကြား၌ ဘာသာပြန်ပေးသည့် စကားပြန်ကဲ့သို့ စက်ရုပ်အလားလှုပ်ရှားသည့် အရာမဟုတ်။ ဝေဖန်ခြင်း၊ ဆန်းစစ်ခြင်း၊ သတ္တရချခြင်း၊ ကောက်ချက်ချခြင်း၊ မှတ်ချက်ပေးခြင်း စသောတည်းဖြတ်မှုဖြင့် ဘာသာပြန်ပေးသည့် အသိဥာဏ်ယန္တရားဖြစ်သည်” တဲ့။ ဒါက “ပြည်သူတို့ရဲ့ စကားပြန်” ဆိုတဲ့စကားကို အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဦးဝင်းတင်က သူကိုယ်တိုင်ရေးခဲ့တဲ့ ဟံသာဝတီ သတင်းစာ ခေါင်းကြီးပိုင်းတခုကို ထုတ်နုတ်ဖော်ပြပြီး အဖြေပေးပါတယ်။ ခေါင်းကြီးပိုင်းမှာပါတာက မေးခွန်း တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို စာဖတ်သူတွေကိုယ်တိုင်ဖြေကြည့်ရင် ဦးဝင်းတင်ရဲ့ သတင်းစာဝါဒကို အလိုလို သိလာနိုင်ပါတယ်။

ဒီမေးခွန်းတွေမှာ “ဆိုရှယ်လစ်” ဆိုတဲ့ စကားလုံးတလုံးပါရှိနေတာကိုတော့ ကျနော်က ကြားဖြတ် မှတ်ချက် ပေးလိုပါတယ်။ ဒီစာကို ဦးဝင်းတင် ရေးထားတာက မဆလ ခေတ်ဦးမှာ ဆိုရှယ်လစ် လမ်းစဉ်အတွက် စည်းရုံးရေး ကာလအတွင်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ် သတင်းစာဝါဒကို ရှင်းလင်းတင်ပြရာမှာ တကယ့်ဆိုရှယ်လစ် အစစ်တို့ရဲ့ သဘောတရားနဲ့ အညီ ရှင်းပြထားတာ ဖြစ်ပုံရပါတယ်။ ဦးဝင်းတင်ဟာ (ကျနော်တို့လိုပဲ) ဆိုရှယ်လစ်ဝါဒရဲ့ အနှစ်သာရတရပ်ဖြစ်တဲ့ တရားမျှတလွတ်လပ်ခြင်းနဲ့အညီ ခေါင်းပုံဖြတ်မှုကင်းတဲ့ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့ကောင်းစားရေးဝါဒကို နှစ်နှစ်ကာကာ ယုံကြည့်ခဲ့သူဖြစ်တယ်လို့ ကျနော်နားလည်ထားပါတယ်။ ဒါပေမယ့် မဆလရဲ့ ဆိုရှယ်လစ်လမ်းစဉ်ကိုတော့ အဲဒီကာလကတည်းက လုံးဝ ယုံကြည်ခဲ့သူ မဟုတ်ကြောင်းကို ဟံသာဝတီ ခေါင်းကြီးနဲ့တကွ သူ့စာတွေက သက်သေပြနေပါတယ်။ သူတို့ စစ်အစိုးရက ဒုတိယ၀န်ကြီး ရာထူးနဲ့ သတင်းစာလောကထဲက ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တာကို သူက လုံးဝ ငြင်းဆိုခဲ့ပါတယ်။ ဒါဟာ လူသိနည်းတဲ့ အချက်ပါ။ ဒီအချက်ဟာ ဦးဝင်းတင်အနေနဲ့ ပြည်သူတို့ရဲ့ စကားပြန်ဘ၀ကိုသာ မြတ်နိုးပြီး ရာထူး၊ ဂုဏ်ထူးတွေ လုံးဝမမက်ခဲ့ကြောင်းကို သက်သေပြခဲ့တဲ့အချက် တချက်ဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာ ခေါင်းကြီးပိုင်းကို အရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ ခေါင်းစဉ်က “သတင်းစာဆိုတာ ဘာလဲ” တဲ့။

၁။ ။ ၀ါဒဖြန့်စာရွက်လား။ “မှန်ပါ့ဘုရား။ သံတော်ဦးတင်လွှာလား” “ခေါင်းတော်ညိတ်၊ စိတ်တော်သိ” ဘုန်းတော်ဘွဲ့ စာတမ်းလား။ “အားလုံးကောင်းပါသည်ခင်ဗျား” အစီရင်ခံစာလား။ “ခိုင်းရာရေး၊ ပေးရာထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား။ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်သူတို့၏ ဖောင်တော်စီး လက်မှတ်လား။

၂။ ။ အာဏာနှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ၀ါဒရေး ဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်ပျက်မှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား။

၃။ ။ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့၊ ၀ှက်ဟဲ့နှင့် သတင်းထောက်က တကောက်ကောက်လိုက်ခြင်း၊ သတင်းစာက တစာစာရေးခြင်းကို မခံနိုင်မရပ်နိုင်ဖြစ်ကာ၊ ပြည်သူတို့၏ နားမျက်စိပိတ်ခြင်း၊ အကြံတုံး၊ ဥာဏ်တုံး၊ နလပိန်းတုံးများဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူမျက်နှာဖုံးလား။

၎။ ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အဓိပ္ပာယ်ဖွင့်သည့်အတိုင်း အမဲကို အဖြူမလုပ်၊ အမှန်တရားကို မဖုံးအုပ်၊ ပြည်သူ့ထင်မြင် ယူဆချက်များကို မနှောင်ချုပ်ဘဲ ပြည်သူကို အသိပညာပေး၊ ပြည်သူကို စည်းရုံး၊ ပြည်သူကို လှုံ့ဆော်၊ ပြည်သူနှင့်အစိုးရကြားကို ပေါင်းကူးပေးသည့် ပြည်သူ့ဆက်သွယ်ရေး ယန္တရားကြီး၊ ပြည်သူ့ မဏ္ဍိုင်ကြီး ပြည်သူ့ အာဘော်ကြီးလား။

အထက်ပါမေးခွန်းတွေဟာ ဦးဝင်းတင်အနေနဲ့ မဆလခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေါ် ဆိုရှယ်အတုအယောင် ခေတ်ကို စိန်ခေါ်ခဲ့တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေ ဖတ်ပြီး ဖတ်ရသူတွေအားလုံး တုန်လှုပ်သွားခဲ့ကြရပါတယ်။ ဗိုလ်နေ၀င်း စစ်အစိုးရဘက်က ကြည့်ရင် ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်တာ “နည်းတောင်နည်းသေး” လို့ ဆိုကြမှာ မလွဲပါဘူး။

အဲဒါ ဦးဝင်းတင်အစစ်ရဲ့ လက်ရာအစစ်ပါပဲခင်ဗျား။

ကျနော်ကတော့ ရဲဘော်ကြီး ဦးဝင်းတင်၊ ရေးဘော်ကြီး ဦးဝင်းတင်၊ နောင်တော်ကြီး ကိုဝင်းတင် ထောင်က ထွက်လာတဲ့ သတင်းကို ကြားရင်ကြားချင်း ကဗျာလေး တပုဒ်ရေးဖွဲ့လိုက်မိပါတယ်။ သူစွဲလန်းခဲ့တဲ့ စာအုပ်တအုပ်ရဲ့ ခေါင်းစဉ်အတိုင်း “သူ့လိုလူ” လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။

“သူ့လိုလူ”
သူနဲ့သူသာ၊ နှိုင်းစရာမို့
သူသာ “စံ” ထူ၊
“သူ့လိုလူ” ကို
လူတိုင်းကြည်ညို ဆုတောင်းဆိုပြီ
သူ့လိုလူတွေ များစေသော။
သူ့လိုစိတ်ထား ပွားစေသော။
သူ့သက်ရာကျော် ရှည်စေသော။

By NEJ


ဘာသာစကား သင်္ခါရ


စောလူ/ ၃ အောက်တိုဘာ ၂၀၀၈။ ။

“အသံထွက်က အရေးကြီးပါသဗျာ။ ရှေးကာလ မြန်မာမင်းများ ဘုန်းမီးနေလ တောက်ပတော်မူစဉ်တုန်းက လွှတ်တော် ထဲမှာ “ဖုန်းတော်” လို့ အသံမထွက်ဘဲ “ဘုန်းတော်” လို့များ ဘကုန်းသံနဲ့ ပြောမိဆိုမိမှဖြင့် ပြုံးစိစိဖြစ်တဲ့သူကဖြစ်၊ မနေနိုင်လို့ အသံထွက်ရယ်တဲ့သူက ရယ်ပေါ့။ အခုကာလများမှာတော့ “ပန်တရာ”တဲ့။ ရကောက်သံကြီးနဲ့ ထွက်နေကြ တာ ကြားကြသိကြတဲ့အတိုင်းပါပဲ။ “ယပင့်” နဲ့ စာလုံးပေါင်းထားတာပါဗျာ။ “ပန်တယာ” လို့ အသံထွက်မှ အမှန်ကို ရောက်ပါတယ်။ နောက်ရှိပါသေးတယ်။ “ကြောင်ရှာသီး”တဲ့။ ကြောင်ရှာသီး မဟုတ်ပေါင်ဗျာ။ “ကြောင်ယာသီး” လို့ အသံထွက်မှ မှန်ပါတယ်။

၁၉၅၉ ခုဆီလောက်က မန္တလေးတက္ကသိုလ် အေ၀မ်းခန်းမမှာ ဆရာကြီး ရွှေပြည်ဦးဘတင် ဟောပြောခဲ့တဲ့ သြ၀ါဒ စကားတွေပါ။ အဟောအပြောကောင်းတဲ့ ဆရာကြီးကို ကြည်ညိုရင်းစွဲလည်းရှိ၊ မိမိအသက်ကလည်း (၂၀) ပင် မကျော်သေးတော့ မှတ်စုစာအုပ်ထဲ ရေးမှတ်ထားလိုက်ရုံပါပဲ။ နောင် အဲဒီစကားလုံးတွေကို ကိုယ်တိုင်သုံးတဲ့အခါ ဆရာကြီး သြ၀ါဒနဲ့အညီ သုံးနှုန်းပြောဆိုလိုက်တာပါပဲ။ တခြား မိတ်ဆွေတပည့်တပန်းများနဲ့ စကားစပ်တဲ့အခါ ဒါကတော့ ဒီလိုအသံထွက်မှ မှန်သတဲ့ဟေ့လို့ ဗဟုသုတဖြန့်လိုက်တာပါပဲ။ ဘာကြောင့် အဲဒီလို ပြောမှမှန်သလဲ။ ကိုယ်တိုင်လည်း အလေးအနက် မစိစစ်မိ။ တခြားသူတွေကိုလည်း ရှင်းမပြမိ။ ဆရာသင်ပြထားတဲ့နည်း အာစရိယောဝါဒ အနေနဲ့ပဲ ပြောဖြစ် ဆိုဖြစ်ခဲ့တာပါပဲ။

နောင်အရွယ်လေး တော်တော်ရောက်လို့ ဘာသာစကား လေ့လာရေးဆိုင်ရာ နည်းပညာတွေ အတော်အသင့် တီးခေါက် မိသလိုလို ရှိလာတဲ့အခါ ဘာသာစကားမှာ “ဘယ်လိုမပြောရ၊ ဘယ်လိုမရေးရ” ဆိုပြီး စည်းကမ်းတွေ သတ်မှတ်ပေးရင်း “ဆရာ” လုပ်ချင်တဲ့စိတ်တွေ ခေါင်းပါးသလိုလို ဖြစ်လာပါတယ်။ ဘာသာဗေဒပညာမှာ သဒ္ဒါကျမ်းဆိုတာတွေမှာ “ဘယ်လိုပြောနေတယ်” ဆိုတာကို ပြန်ဖော်ပြဖို့တာဝန်ပဲ ရှိတာကိုး။ “ဘယ်လိုပြောရမယ်” ဆိုပြီး စည်းကမ်းသတ်မှတ် ချက်တွေ ချမှတ်ဖို့မှ မဟုတ်တာ။ နောက်ပြီး ဘာသာစကားဆိုတာက နေ့စဉ်နဲ့အမျှ မြစ်ရေစီးလို နေ့စဉ်နဲ့အမျှ စီးဆင်း ပြောင်းလဲနေတာ။ ဒီနေ့လူတွေကို မနေ့ကလိုပဲ ပြောလို့ အမိန့်ပေးနေရင် ကိုယ်လုပ်နေတဲ့အလုပ်က ဟုတ်မှ ဟုတ်နိုင် ပါ့မလား။ ကိုယ့်ဟာကိုယ် ပြန်ပြန်သတိပေးနေရတာ ခဏခဏပါပဲ။

အဲဒီလို သတိထားနေတဲ့ကြားထဲက လွတ်လွတ်သွားတတ်ပါသေးတယ်။ တခါလွတ်သွားပုံက ဒီလိုပါ။ “ဒီစာအုပ်နဲ့စာရင် ဟိုစာအုပ်က ကောင်းတယ်” ဆိုတဲ့ အနှိုင်းပြ၀ါကျမျိုးကို “ဒီစာအုပ်ထက်စာရင် ဟိုစာအုပ်က ပိုကောင်းတယ်”လို့ ရေးကြ သားကြ ပြောကြဆိုကြတာ သတိထားမိကြပါလိမ့်မယ်။ “နဲ့စာရင် ဆိုတာက ထုံးမီစံမျှ အရိုးကျပြီး “ထက်စာရင်” ဆိုတာက မြန်မာဘာသာစကားကို သဘောမပေါက်တပေါက်၊ စနစ်မသိတသိနဲ့ နောက်ပိုင်းမှ ရေးလာပြောလာကြတဲ့ စကားဆိုတာကိုလည်း ပညာရှင်တွေက သတိထားမိကြပါလိမ့်မယ်။

ကြားနေကျ၊ ဖတ်နေကျမဟုတ်တော့ “ထက်စာရင်” ဆိုတာကို ကြားရဖတ်ရတိုင်း စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒါကြောင့် မနေနိုင်တာနဲ့ အကြောင်းသင့်တဲ့အခါ “နဲ့စာရင်” က အသုံးမှန်၊ “ထက်စာရင်” က အသုံးမှားတဲ့အကြောင်း ရေးဖူးပါတယ်။ ဒါပေမယ့် အခုစာမျက်နှာတွေပေါ်မှာက “ထက်စာရင်” တွေက အားနဲ့ မာန်နဲ့ နေရာယူလာတာ တွေ့လာရပါရော။

နောက်ပြီး ရုပ်ရှင်တွေမှာ ပြောကြဆိုကြတော့လည်း “ထက်စာရင်” က နားငြီးလောက်အောင်ကြားနေရပြီး “နဲ့စာရင်” က ပိတ်ပိတ်သား ပျောက်နေပါရောလား။ ဒီအခြေအနေမှာ တကယ်တမ်း ဘာသာစကားအသုံးပြုနေသူတွေကို “ထက်စာ ရင်”လို့ မသုံးကြနဲ့ဟေ့။ “နဲ့စာရင်” လို့ပဲ ပြောဆိုပြီး သွားတိုက်တွန်းလို့ကောင်းပါ့မလား။ တိုက်တွန်းလို့ကော ရပါ့မလား။ ရတယ်ထားပါဦး။ ဘယ်နှယောက်ကို တိုက်တွန်းနိုင်မှာလဲ။“ထက်စာရင်” လှိုင်းလုံးကြီးကို ဘယ်လိုတွန်းလှန်နိုင်မှာလဲ။ ဧရာမ ကျောက်တုံးကြီးကို မနိုင်ဘဲ သွားမလို့ကတော့ ကိုယ့်မှာ ထိခိုက်ဒဏ်ရာရရုံပဲ ရှိတော့မပေါ့။

အဲဒီလို ဘာသာစကားနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါတွေဖြစ်နေတတ်တုန်း တချိန်မှာတော့ မြန်မာ့အသံက ပို့ချချက်တခုမှာ ကြားလိုက်ရတယ်။ “ဝေသန်ဒယာ” လို့ အသံမထွက်နဲ့ဟေ့၊ “၀စ်သန်ဒယာ” လို့ အသံထွက်မှ မှန်တာ။ ရေးထားတာကိုက ကြည့်ပါလား။ သကြီး (ဿ) ကို ဝေနောက်မှာထားပြီး “ဝေဿန္တရာ”လို့ရေးထားတာ မြင်တယ်မဟုတ်လား။ ဒီလိုကြားလိုက်တော့ ဟုတ်သလိုလို မဟုတ်သလိုလို ဇဝေဇ၀ါ ထပ်ဖြစ်ရပြန်ပါတယ်။

နောက် မောင်သာနိုးက ဝေဿန္တရာလို့ရေးထားပေမယ့် မြန်မာတွေအတွက်တော့ ထုံးမှီစံမျှ အရိုးကျနေပြီဖြစ်တဲ့အတိုင်း “ဝေသန်ဒယာ” လို့ အသံထွက်တာ ပြဿနာမဟုတ်တဲ့အကြောင်း ပြန်ရေးတာ ဖတ်ရတော့မှ ဘ၀န်ကျမိသွားတာပေါ့။ မောင်သာနိုးဆိုတာကလည်း ကိုယ့်ငယ်ဆရာမှ တကယ့်ငယ်ဆရာ။ ဆရာကြီး ရွှေပြည်ဦးဘတင်ထက်တောင် အရင် ကျသေး။ ၁၉၅၆ ခု မန္တလေးတက္ကသိုလ်ရောက်၊ အင်္ဂလိပ်စာ သင်ရတဲ့အခါ အိန္ဒိယနိုင်ငံသားဆရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတော့ သူတို့အသံထွက်ကို တခွန်းတပါဒမှ နားမလည်ဘဲ ဒုက္ခလှလှကြီးရောက်။ ဒီတုန်းက အခမဲ့ အင်္ဂလိပ်စာအကူသင်တန်းတွေ ဖွင့်ပြီး မိမိနဲ့တကွ ကျောင်းသူကျောင်းသား ရာကျော်ကို ကယ်ဆယ်ရေးလုပ်ခဲ့တာ မောင်သာနိုးပေါ့။ သင်တန်းကလည်း သင်တန်းမည်ကာမတ္တမဟုတ်။ ရှင်းကနဲ လင်းကနဲ ရင်ထဲကို စွဲစွဲနစ်နစ် ဖြစ်သွားအောင်ကို သင်ပေးလိုက်တဲ့အတန်း။

ကိုယ့်တသက်မှာ ပထမဆုံး ပုံနှိပ်ခံရတဲ့ စာမူဟာ အဲဒီအတန်းတက်ရင်းက ရလာတဲ့ အသိပညာနဲ့ စိတ်ကူးကို အခြေခံပြီး ရေးခဲ့တာပဲ။ ဒါကြောင့် မောင်သာနိုးကို မိတ်ဆွေလိုထက် ဆရာလို လေးစား ကြည်ညိုရင်းစွဲရှိပြီးသား။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမဟုတ်ဘဲ တရားမင်လို့ ပုဂ္ဂိုလ်ခင်ခဲ့တာလို့တောင် ပြောနိုင်မယ် ထင်ပါရဲ့။

၂၀၀၄ ခု မေ မဟေသီမဂ္ဂဇင်းမှာ ဆရာနိုးတယောက် အသံထွက်တွေနဲ့ စိတ်အချဉ်ပေါက်နေတာ ဖတ်လိုက်ရတော့ ဘာပြောပြရမှန်းကို မသိအောင် ဖြစ်သွားပါလေရော။ ဆရာနိုးက မြန်မာတွေ အင်္ဂလိပ်စကားလုံး တချို့ အသံထွက် မှားနေပုံတွေကို ထောက်ထောက်ပြထားတာကိုး။ ပါ့ကင် (Parking) နဲ့ ပက်ကင်း (packing) တို့၊ စတီယာတိုင်တို့၊ ရှော့အိတ်ဇော့ဘားတို့။ နမူနာတွေပေးထားတာ အများကြီးပါပဲ။ မဖတ်မိလိုက်ရင် အဲဒီစာစောင်ကိုသာ ရှာဖတ်ပါတော့။ စိတ်ဝင်စားစရာလည်း ကောင်းပါပေရဲ့။ အမှန်ကို ထုတ်ပြတာလည်း ဗဟုသုတတွေရလို့ ကျေးဇူးတင်ထိုက်ပါရဲ့။ ဒါပေမယ့် ၁၉၆၉ ခုက ဆရာနိုးထောက်ပြခဲ့တဲ့ ဝေဿန္တရာအသံထွက် ပို့ချချက်ဆရာနဲ့များ ဆရာနိုးကိုယ်တိုင် တူသွားပြီလား။ စိုးရိမ်လိုက်မိပါရဲ့။

စိုးရိမ်မိတယ်ဆိုလို့ ဆရာနိုးရဲ့ စေတနာကို သဘောမပေါက်ဘူး မထင်လိုက်ပါနဲ့။ အချိန်ကုန် လက်ညောင်းခံ ဦးနှောက် အညောင်းခံပြီး အဲဒီဆောင်းပါးကိုရေးလိုက်တဲ့ ဆရာနိုးရဲ့ စေတနာကို ခန့်မှန်းလို့ရပါတယ်။ အင်္ဂလိပ်စကားသံတွေကို မြန်မာအသံဖလှယ်ရာမှာတော့ မူလအသံထွက်အမှန်နဲ့ ကွာတာတွေများခဲ့ကြပြီဟေ့။ သိပ်ကွာလွန်းရင်မကောင်းဘူး။ “နောက်ပိုင်းစကားလုံးတွေကို ဒီလိုမဖြစ်ရအောင် ဆင်ခြင်ရမယ်”။ အဲဒီလို ဆရာနိုး သတိပေးလိုက်တာပါပဲ။ ဒီလို သတိပေးတာကိုလည်း ကျေးဇူးတင်ရပါတယ်။

စိုးရိမ်မိတာက အသံထွက်ဖလှယ်တာတွေနဲ့ပတ်သက်ပြီး စိတ်ချဉ်ပေါက်နေတဲ့ အဖြစ်ကိုပါ။ “ဘောလုံးပွဲ မကြည့်ဘဲ၊ နာမည်မရွတ်တတ်ဘဲနဲ့များ ဘောလုံးသမားအကြောင်းရေးတာ အံ့ပါရဲ့” တဲ့၊ “Dylan” ကိုလည်း “ဒီလန်” မထွက်တတ်၊ “ဒိုင်လန်” ဖတ်ကြပုံ၊ Seamus ကို “ရှေးမာစ်” အသံထွက်ရမှန်းမသိ၊ “ဆီးမာတ်စ်” ဖတ်ကြပုံ ပြောမိကြတယ်။ ဆန်း တာက “လိုင်းရစ်” ငနဲရော၊ “ဆီးမတ်စ်” ဖတ်သူပါ အမေရိကန်ပြန်တွေချည်း။ တဦးက ပညာသင်သွားခဲ့တာ၊ တဦးက လေ့လာရေးခရီကို သွားခဲ့တာ” တဲ့။ ဒီလို စိတ်ချဉ်ပေါက်နေတာ တော်မှတော်ပါ့မလား။ စာရေးသူ မြန်မာပြည်ပြန် ရောက်တဲ့အခါ မတော်တရော် အင်္ဂလိပ်အသံထွက်တွေ ကြားရရင် ဆရာနိုး ရင်ကျိုးပေလိမ့်မယ်။ ငါလည်း သင်ပေး ဖူးသေး၊ ဟိုမှာလည်း အကြာကြီး နေခဲ့သေး။ ခုထိတောင် အသံထွက် ကပေါက်ကချာပါလားဆိုပြီး စိတ်ညစ်သွားမှာ အသေအချာ။

ဘာသာစကားတွေမှာ ဒေသိယစကားရယ်လို့ ရှိတတ်ကြတာ ဆရာနိုးကိုယ်တိုင် ရေးဖူးသားဖူးသားပဲ။ အင်္ဂလိပ်စကားက နေရာအများကြီးမှာ ပြန့်နေတာဆိုတော့ ဒေသိယ အင်္ဂလိပ်စကားတွေက များသွားပြီပဲ။ ၀ါကျအဆင့်တွေဘာတွေ ထည့်မပြောဘဲ ဖယ်ထားဦး။ စကားသံအဆင့်မှာကိုပဲ တနေရာနဲ့ တနေရာ အသံက တူမှ မတူနိုင်တာ။ ဝေးဝေးမကြည့်နဲ့ အိန္ဒိယနိုင်ငံမှာ ပြောနေတဲ့ အင်္ဂလိပ်စကားသံ၊ တရုတ်နိုင်ငံမှာပြောနေတဲ့ အင်္ဂလိပ်စကားသံ၊ မြန်မာနိုင်ငံမှာပြောနေတဲ့ အင်္ဂလိပ်စကားသံတွေဟာ တူနိုင်ပါ့မလား။ စင်ကာပူသားတွေကတော့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို ဆင်းဂလစ် (Singlish) တဲ့။ နာမည်ပေးထားလေရဲ့။ ဒီလိုပဲ အသုံးများလာရင် မြန်မာနိုင်ငံသုံး အင်္ဂလိပ်စကားကို မြန်မင်္ဂလစ်ရှစ်တွေ ဘာတွေ လုပ်ရဦးမှာပါပဲ။

တခြားနိုင်ငံတွေ ပြောမနေပါနဲ့။ အင်္ဂလိပ်စကားပြော မူလကျတဲ့ အင်္ဂလန်တို့၊ သြစတြေးလျတို့၊ အမေရိကတို့မှာ ပြောကြတဲ့ အင်္ဂလိပ်စကားတွေတောင် ကွဲနေကြတာ။ အသံထွက်ရော အသုံးအနှုန်းတွေရော။ မန္တလေး၊ ရန်ကုန် မြန်မာစကားတွေနဲ့ ထားဝယ်၊ ရခိုင် မြန်မာစကားတွေ ကွဲသလိုပဲ မဟုတ်လား။ (neither, either) နီးသား အီးသား ပြောမလား။ နိုက်သား အိုက်သားပြောမလား။ အင်္ဂလိပ်လက်အောက် ရောက်ဖူးတဲ့ မြန်မာတွေက ၀ါကျဆုံး သင်္ကေတကို ဖူးလ်စတော့ပ်လို့များ အမေရိကမှာ သွားပြောလိုက်ရင် နားမလည်တဲ့ အမေရိကန်တွေ အပုံ။ သူတို့ကကျ ပီးရီးယော့လို့ သုံးနေတာကိုး။ အသုံးအနှုန်းတွေထားပါတော့။ အသံထွက်ကိုပဲ ဦးတည်ပြီး ကြည့်ရအောင်။ ဆရာနိုးနဲ့လည်း ခင်မင် ရင်းနှီးစွဲရှိတဲ့ အင်္ဂလန်နိုင်ငံက ဆရာကြီး ဂျွန်အုပ်ခဲအကြောင်း သာဓကထား ပြောပါရစေ။ အမေရိကကို အကြောင်း အားလျော်စွာ အဲဒီဆရာကြီး ရောက်ရောက် လာပလားဆို အမေရိကန် အသံထွက်တွေကို ဟားတော့တာ။ အမေရိ ကန်အသံမှာက အားစိုက်မှုတွေ အင်္ဂလန်မှာလိုမှ မပြင်းပဲကိုး။ နောက်ပြီး တချို့မူရင်း အင်္ဂလိပ်အသံတွေဆို ပျောက် နေပြီ။ အမေရိကန် ရုပ်မြင်သံကြားသတင်းကြေညာတဲ့အခါ (news) ကို တချို့က နယူးစ်လို့ အင်္ဂလိပ်သံ ပီပီသသမှ မပြောပဲ။ “နူးစ်” ဆိုပြီး ပြောတော့တာ။

အဲဒီလိုဆို ဆရာအုတ်တို့ ရယ်ကွက်ပေါ့။ နယူးယောက်ကို မြန်မာလိုရေးစမ်းပါလို့ မြန်မာစာရေးတတ်ကာစ တပည့်တွေကို ခိုင်းရင် “နူးယာ့” လို့ရေးတော့တာ။ အသံတွေပြောင်းနေတာတော့ အများကြီးပါ။ တွေ့သေးတာပေါ့လို့ပြောတဲ့အခါ (See you) လို့ ပြောကြတယ် မဟုတ်လား။ ကလေးမလေးတွေပြောတဲ့အခါ “ဆီးယူ” မဟုတ်တော့ဘဲ “ဆီးယာ”လို့ပြောရာက “ဆရာ” လိုလိုအသံကြားလိုက်လို့ တပည့်ကျောင်းသူကျောင်းသား ထင်ပြီး လှည့်ကြည့်မိ မှားတာတွေလည်း အကြိမ်ကြိမ်ပါ။ နောက်ပြီး ကျောင်းသင်စာတွေမှာ (Plastic) ဆိုတာကို အင်္ဂလိပ်အသံထွက်မှီးပြီး မြန်မာအခေါ် ပလတ်စတစ်လို့ ရေးပြတဲ့အခါ ဆိုပါစို့။ ပလတ်စတစ်လို့တော့ ဖတ်တတ်ကြပါရဲ့။ (Plastic) ကိုပြောမှန်း မသိရှာကြဘူး။ ဘယ်သိကြပါ့မလဲ။ အမေရိကန်တွေက ပလက်စတစ်လို့ ပြောမှ နားလည်တာကိုး။

တနိုင်ငံနဲ့ တနိုင်ငံ စကားသံမတူတာ ထားပါဦး။ အမေရိက တနိုင်ငံတည်းမှာကိုပဲ စကားသံတွေ ကွဲပြားနေတာ အများကြီးပါ။ ဒေသကိုလိုက်ပြီး ကွဲတာလည်းရှိ၊ မျိုးရိုးဇာတိကိုလိုက်ပြီး စကားသံကွဲတာတွေလည်း ရှိပေါ့။ လက်ရှိအမေရိကန် သမ္မတဆိုရင် တက်ကဆက်ကလာတဲ့ ပုဂ္ဂိုလ်ဆိုတော့ တောင်ပိုင်းသံဝဲသတဲ့။ သူ့အရင် သမ္မတ ကလင်တန်ဆိုတာလည်း သူ့ဒေသသံ ၀ဲသတဲ့။ ဟော နောက်မှာတော့ အမေရိကမှာက နိုင်ငံတကာလူမျိုးတွေ လာဆုံနေတာ မဟုတ်လား။

ဒီတော့ ကိုယ့်မျိုးရိုး ဇာတိအသံလေးတွေက အင်္ဂလိပ်စကားပြောတဲ့အခါ ကပ်ကပ်ပါလာတာပါပဲ။ ဂျာမန်က ဂျာမန်သံ၊ ပြင်သစ်က ပြင်သစ်သံ၊ အာရှသားတွေက ကိုယ့်အာရှနိုင်ငံအသီးသီးက အာရှသံ ၀ဲဝဲတွေနဲ့ပေါ့။ ဒီကြားထဲ မြန်မာတွေက ပြောတော့လည်း မြန်မာသံဝဲ၀ဲတွေနဲ့ပါပဲ။ မြန်မာကတော့ ရွှေတွေမဟုတ်လား။ ၀ဲတာချင်းအတူတူတောင် မြန်မာဝဲတာက အင်္ဂလိပ်သံနဲ့ ပိုနီးစပ်တယ်လို့ လက်မထောင်ချင်သေးတာ။ ကိုယ့်အချင်းချင်းဆိုတော့ နားယဉ်နေမဟုတ်လား။ ၀ဲနေ လွဲနေတောင် မ၀ဲဘူး မလွဲဘူး ထင်နေကြတာပေါ့။

တပည့် အမေရိကန်တယောက်ကို မေးကြည့်တော့ မြန်မာဝဲတာလည်း တခြား အာရှသားတွေထက် ပိုကောင်းတဲ့ အ၀ဲမျိုး မဟုတ်ပါဘူးတဲ့။ စကားသံ အမှန်ရဖို့က ခဲယဉ်းလိုက်တာ လွန်ပါရော။ အဲဒီ အမေရိကန်တပည့်မလေးက သူ့အသံတောင် မပီလှပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ မျိုးရိုးက အမေရိကန်နီသွေးပါတော့ ခပ်ဝဲ၀ဲပဲလို့ ပြောပါတယ်။

ဒေသတို့ မျိုးရိုးဇာတိတို့ကိုလိုက်ပြီး အသံကွဲနိုင်တာအပြင် နောက်တကြောင်းက အရေးအသားစနစ်ကို မကျွမ်းဝင်လို့ အသံကွဲနိုင် လွဲနိုင်တာကလည်း ရှိပါသေးတယ်။ အိုင်အိုးဝါပြည်နယ်ထဲက (Des Moines) ဆိုတဲ့ မြို့နဲ့ အီလီနွိုင်း ပြည်နယ်ထဲက (Des Plaines) ဆိုတဲ့ မြို့နှစ်မြို့ ဆိုပါတော့။ နာမည်နှစ်ခုလုံးက (Des) နဲ့ စတာပဲ။ ဒါပေမယ့် တမြို့ကိုတော့ ဒီမွိုင်းလို့ အားလုံးက ခေါ်ကြပါရဲ့။ နောက်တမြို့ကျတော့ ဒက်စ်ပလိန်းလို့ အားလုံးက ခေါ်နေကြရော။ ပြင်သစ်နာမည်ဆိုတော့ ဒီမွိုင်းလို့ခေါ်တာက ပိုမှန်မှာပေါ့လေ။ ဒါပေမယ့် ပြင်သစ်စကား၊ ပြင်သစ်အရေးအသား မကျွမ်းဝင်တဲ့ နယ်ခံတွေက သူတို့နေရာ သူတို့ ဒက်စ်ပလိန်းလို့ခေါ်တော့ ပြောတော့လည်း တွင်သွားတာပါပဲ။ တွင်းသွားသမှ ဒီပလိန်းလို့ အမှန်အတိုင်း အသံထွက်ရင်တောင် နယ်ခံတွေက မဲ့ချင်ချင် ရှိတတ်သေးရဲ့။ အသံမှား ထွက်ပေမယ့် ပြဿနာမဟုတ်လှပါဘူး။ အခုအခါမှာ ဆန်ဟိုဇေးလို့ စပိန်စကားသံနဲ့ ပီပီသသ ခေါ်နေကြသေးတဲ့ (San Joes) ဟာလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ စံဂျိုစီတို့ ဆန်ဂျိုဆေးတို့ ဖြစ်ချင်သလို ဖြစ်လာဦးမှာပါပဲ။

လူသားတွေလိုပါပဲ။ ဘာသာစကားဆိုတာလည်း သင်္ခါရတရားကို လွန်ဆန်နိုင်တာမှတ်လို့။ သင်္ခါရတရားလို့ ပြောမိတော့ မခင်နှင်းဆီထဲက စာသားတခုက ခေါင်းထဲရောက်လာပါရော။ ဘာတဲ့။

“သင်္ခါရကို အစဉ်ထာဝရမှတ်တော့
သင်သာလျှင် အနာတရဖြစ်မည်” ဆို မဟုတ်လား။ သင်္ခါရကို သင်္ခါရမှန်း သတိရှိရှိသိနေမှ အနာတရဖြစ်တာ သက်သာ တော့မပေါ့။ ပြောင်းချင်ကြရန်ကော၊ ပြောင်းတတ်ကြရန်ကောလို့ ဒေါသူပုန်ထ အူပွနေမှဖြင့် ကိုယ့်ဒေါသနဲ့ကိုယ် ပူလောင်နေတော့မှာပေါ့။ အဆင်မသင့်ရင် ကိုယ့်ဒေါသနဲ့ကိုယ် ပြာကျလို့တောင် သွားနိုင်သေး။ ဒီလို အရေးတွေမှာ ရာမရကန်ဆရာကြီး ဦးတိုးရဲ့ စကားက သတိသမ္ပဇဉ်အတွက် ကောင်းကောင်းအထောက်အကူပြုမယ် ထင်ပါတယ်။ ကိုယ့်ကို ထိရှစရာ၊ ကိုယ်ခံစရာ ကြုံလာရင် “အခံသာမှ ဒဏ်နာချက် နည်းမည်တည့်” တဲ့။

သင်္ခါရ လှိုင်းလုံးကြီးတွေကို ယောနိသော မနသိကာရနဲ့ ဆင်ခြင် ရင်ဆိုင်နိုင်တဲ့ သတ္တိ ပြည့်စုံကြပါစေသတည်း။ ။

(မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည့် ဆရာစောလူ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

By NEJ


မြန်မာ့စီးပွါးရေး - ပိတ်ဆို့ အရေးယူမှုက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေပါသလား


ဆောင်းပါး
မုံပီး
သောကြာနေ့၊ အောက်တိုဘာလ 03 2008 19:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တချိန်က အရှေ့တောင်အာရှ၏ စပါးကျီဟု လူသိခဲ့သည့် မြန်မာပြည်တွင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ ဆင်းရဲမွဲတေခြင်းတို့ ဖြစ်ရသည်မှာ အနောက်နိုင်ငံများ၏ လက်ရှိ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများကြောင့် မဟုတ်ပါ၊ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် စီးပွါးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အသုံးမကျခြင်းကြောင့်သာ ဖြစ်သည် ဟု စီးပွါးရေး ကျွမ်းကျင်သူတဦးက ပြောပါသည်။

ဆစ်ဒနီမြို့ Mzcquarie တက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် မြန်မာ့စီးပွါးရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (BEW) အဖွဲ့ဝင်ဖြစ်သူ ရှောင်တာနဲလ် (Sean Turnell) က ပြောကြားရာတွင် သူ့အနေနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည့် ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အတားအဆီး အနှောင့်အယှက် ဖြစ်ရသည် ဆိုသည်ကို သဘောမတူပါ ဟု ပြောသွားပါသည်။

တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားရာ၌ ဦးဥာဏ်ဝင်းက စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများကြောင့် စီးပွါးရေး ဖွံ့ဖြိုးမှု အတားအဆီး ဖြစ်နေရပြီး လူထုကိုလည်း အန္တရာယ် ကျရောက်စေကြောင်း၊ သူ့အဆို “သီလမဲ့သော ပိတ်ဆို့အရေးယူမှုများ” ကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများသည် “အကျိုးအကြောင်းမဲ့” ပြီး "ယင်းတို့သည် တရားမျှတမှု ကင်းမဲ့ရုံသာ မဟုတ်၊ အကျင့်သီလ မဲ့ခြင်းလည်း ဖြစ်သည်၊ ယင်းတို့သည် ဆန့်ကျင်ဘက် အကျိုးဆက်ကို ရရှိစေမှာဖြစ်ပြီး၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ လူထုကိုလည်း အန္တရာယ် ကျရောက်စေသည်" ဟု ပြောသွားပါသည်။

သို့သော် မြန်မာ့စီးပွါးရေးကို ကြာရှည်စွာ လေ့လာနေခဲ့သူ ရှောင်ကမူ မြန်မာ့စီးပွးရေးကို အကြီးအကျယ် ထိခိုက်စေသည် မှာ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် မိမိဘာသာ ပြုလုပ်ထားသော အထီးကျန်မှုကြောင့်သာ ဖြစ်သည်ဟု ပြောသွားပါသည်။

"မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ပိတ်ဆို့ အရေးယူမှုများ၏ ရလဒ်ကြောင့် မဟုတ်ပါ။ မြန်မာစစ်အစိုးရ ၄၅ နှစ်ကြာပြု လုပ်ခဲ့သော အလွန်ရှော်လှသည့် စီးပွါးရေး ဆုံးဖြတ်ချက်များကြောင့်သာ ဖြစ်သည်" ဟု ရှောင်က မဇ္ဈိမကို အီးမေးလ် ဖြင့် ပြောကြားသွားခဲ့ပါသည်။

တကယ့် ထုတ်လုပ်မှု ကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်နိုင်စေသည့် စီးပွါးရေး ဝန်းကျင်တရပ်ကို ဖန်တီးထားခြင်းဖြင့် စစ်အစိုးရသည်သာ မိမိဖာသာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းဖြင့် သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဒီမိုကရေစီ လိုလားသော အဖွဲ့အစည်းများကို နှိမ်နင်းနေခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး အပါအဝင် လူ့အခွင့်အရေး အခြေအနေများကို တိုးတက်အောင် ပြုလုပ်ရန် ငြင်းဆန်ခဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာအစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို မကြာမီက တိုးမြှင့် ချမှတ်ခဲ့ကြပါသည်။

သို့သော် မြန်မာ နိုင်ငံခြားရေးဝန်ကြီးကမူ သူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖေါ်ရန် ခေတ်မီ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဈေးကွက်အတွင်းသို့ “အတားအဆီးမရှိ ဝင်ရောက်ခွင့်” ရှိရမည် ဖြစ်ကြောင်း၊ ယခု ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်းကြောင့် မြန်မာနိုင်ငံတွင် ထိုအခွင့်အရေးများ ရုပ်သိမ်းခံနေရကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

"ဤတရားမျှတမှု မရှိသည့် ပိတ်ဆို့ အရေးယူမှုများကို မြန်မြန် ရုပ်သိမ်း၍ အတားအဆီးများကို မြန်မြန် ဖယ်ရှားနိုင်လေ၊ မြန်မာနိုင်ငံသည် ဒေသတွင်း စပါးကျီတခု၏ အနေအထားသို့ မြန်မြန်ပြန်လည် ရောက်ရှိလာလေ ဖြစ်မည်ဖြစ်ပြီး စွမ်းအင်အတွက် အားထားရသော ရင်းမြစ်တခုလည်း ဖြစ်လာစေမည် ဖြစ်သည်" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများ မရှိလျှင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ရှိမည်လား ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးကမူ စီးပွါးရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွါးရေး အခြေအနေမှာ ညတွင်းချင်း တိုးတက်လာမည် မဟုတ်ပါ၊ သို့သော် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ရရှိလာစေမည် ဖြစ်သည် ဟု ပြောပါသည်။

ရာစုနှစ်တဝက်ခန့် အထီးကျန်ဖြစ်နေခဲ့ပြီး ဆယ်စုနှစ် ၂ ခုစာမျှ စီးပွါးရေး ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် “အမိန့်ပေးစီးပွါးရေး” သာ တွင်ကျယ်နေပြီး ဗိုလ်ချုပ်ကြီးများကသာ စီးပွါးရေးကို အမိန့် ပေးခိုင်းစေနေသည်၊ အခွင့်အလမ်း မှန်သရွေ့ကိုလည်း သူတို့၏ သောက်ဖော်စားဖက်များကိုသာ ပေးနေသည် ဟု သူက ပြောပါသည်။

ထို့ကြောင့် ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှား၍ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုလျှင် ရေရှည်တွင် ဖွံ့ဖြိုး တိုးတက်မှုများအတွက် အခွင့်အလမ်းသစ် များကို ဖွင့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး လုပ်ကွက်သစ်များကို ဖန်တီးပေးနိုင်မည်ဟု သူက ပြောသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံများက တောင်းဆို၍ အမေရိကန်နှင့် ဥရောပ သမဂ္ဂက ချမှတ်ခဲ့သော စီးပွါးရေး ပိတ်ဆို့ အရေးယူမှုများသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အရ ရင်ကြားစေ့ရေး အတွက် အားမပေးကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မြန်မာစစ်အစိုးရသည် ထိုပိတ်ဆို့ အရေးယူမှုများကြောင့် အနောက်နိုင်ငံများအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံများကိုမူ ထိုသို့ ပိတ်ဆို့ အရေးယူရန် တောင်းဆိုခဲ့ကြသည့် အတွက် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်းဖြင့် သူက ပြောသွားပါသည်။

"စစ်အစိုးရနှင့် အတိုက်အခံကြားတွင် နာကျင်ဘွယ် ဆက်ဆံရေးတခု ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများသည် ရင်ကြားစေ့ရေးအတွက် အတားအဆီး အနှောင့်အယှက် ဖြစ်နေသည်" ဟု ဦးအောင်နိုင်ဦးက ပြောပါသည်။

သို့သော် သူက ဆက်လက်ပြောသည်မှာ စစ်အစိုးရသာ “အမိန့်ပေး စီးပွါးရေး”၊ သောက်ဖော်စားဖက် ကောင်းစားရေးဝါဒ၊ လာဘ်ပေးလာဘ်ယူမှု တို့ကို မစွန့်လွှတ်လျှင် ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားလိုက်ရုံဖြင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ပြုလိမ့်မည် မဟုတ်ကြောင်း ပြောသွားခဲ့ပါသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ပိတ်ဆို့ အရေးယူမှုများတွင် အကြောင်းနှင့်အကျိုး ဟူ၍ရှိကြောင်း၊ တိုင်းပြည်၏ ဆိုးရွားနိမ့်ကျနေသော စီးပွါးရေး အခြေအနေမှာမူ အဓိကအားဖြင့် စစ်အစိုးရ၏ ခြစားမှု၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနှင့် သောက်ဖော်စားဖက်ကောင်း စားရေးဝါဒများကြောင့်သာ ဖြစ်ကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

မြန်မာ့စီးပွါးရေးကို အနီးကပ် စောင့်ကြည့် လေ့လာနေသော ဦးညိုအုန်းမြင့်က နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများမှု ဝင်လာရသည်မှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်း အဓိက ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများသာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခြင်း မပြုနိုင်သည်မှာ နိုင်ငံရေး တည်ငြိမ်မှု၊ ထင်သာမြင်သာရှိမှုတို့ ကင်းမဲ့နေ၍ ဖြစ်ကြောင်း၊ ဤအချက်များကို ရင်းနှီးမြှုပ်နှံသူများက စီးပွါးရေး ကိစ္စများအတွက် မသင့်တော်သည့် စီးပွါးရေး ဝန်းကျင်တရပ်အဖြစ် ရှုမြင်ကြကြောင်းလည်း သူက ပြောကြားသွားခဲ့ပါသည်။

"ပိတ်ဆို့ အရေးယူမှုတွေ ရှိနေပေမဲ့ အိန္ဒိယနဲ့ တရုတ်လို အိမ်နီးချင်း နိုင်ငံတွေနဲ့ လုပ်နေတဲ့ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးကတော့ တိုးတက်နေတာပါဘဲ" ဟု ဦးညိုအုန်းမြင့်က ပြောသွားပါသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက် လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီ အများအပြားရှိကြောင်း၊ သို့သော် တည်ငြိမ်မှုရှိကြောင်း မပြသနိုင်ခြင်းနှင့် စီးပွါးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ မြန်မာနိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေး နေရကြောင်းဖြင့် ဦးညိုအုန်းမြင့်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ရှောင် ကမူ ပိတ်ဆို့ အရေးယူမှုများသည် “ပြည့်စုံသော အဖြေတရပ်” မဟုတ်သော်လည်း မဟာဗျူဟာများ ချမှတ်ရာတွင်မူ အသုံးဝင်ကြောင်း ပြောပါသည်။ "ပိတ်ဆို့ အရေးယူမှုဟာ လမ်းကြောင်းတခု ဖြစ်တယ်ဆိုတာ မကြာခဏဘဲ မျက်စိ လျှမ်းတတ်ကြပါတယ်။ တဖြေးဖြေး ရုပ်သိမ်းပေးခြင်းဖြင့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပေါ်လာစေနိုင်ပါတယ်" ဟု သူက ဆက်လက် ပြောကြား သွားခဲ့ပါသည်။

ပိတ်ဆို့ အရေးယူမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ အနေဖြင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖေါ်ဘို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် "တစုံလုံး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြောင်း၊ အထူးသဖြင့် ပစ္စည်းဆိုင်ရာ အခွင့်အရေးနှင့် ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းတို့တွင် ဖြစ်ကြောင်း" ရှောင် ပြောကြားသွားပါသည်။

သို့သော် လက်ရှိ အခြေအနေတွင်မူ ကော်ပိုရိတ်များ၊ ကုမ္ပဏီများ အနေနှင့် "အစိုးရက အချိန်မရွေး သိမ်းယူနိုင်သည့် အန္တရာယ် ရှိသည့်နေရာ၊ အလားအလာရှိသော ဈေးကွက်ဖြစ်လာရန် မဖြစ်နိုင်လောက်သည့် ဆင်းရဲမွဲတေမှုများ ရှိနေသည့်နေရာ၊ တကယ့် စီးပွါးရေး လုပ်ငန်း လုပ်ဆောင်မှုများအတွက် လာဘ်စားမှုက ကြီးလေးလှသော “အခွန်” ဖြစ်နေသည့် နေရာမျိုးသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန်မှာ ခဲယဉ်းလှပါသည် ဟု ရှောင် က ပြောသွားပါသည်။

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်


အင်တာဗျူး
မြင့်မောင်၊ ဝိုင်းပီး
သောကြာနေ့၊ အောက်တိုဘာလ 03 2008 23:59 - မြန်မာစံတော်ချိန်

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။

ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။

ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တယ်။

မေး။ ဘယ်လို အဖမ်းခံခဲ့ရလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ၊ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကို စစ်အစိုးရက ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ဦးဆောင် ဆရာတော်တွေဟာ ရှောင်တိမ်းနေရတယ်။ ဦးဇင်းလည်း အပါအဝင်ပေါ့။ အဲဒီလို ရှောင်တိမ်းချိန်မှာ ဦးဇင်းကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက် စီးနှင်း ရှာဖွေခဲ့တယ်။ ကံကောင်း ထောက်မစွာဖြင့် ဦးဇင်းက အပြင်ကို ရောက်နေခဲ့တယ်။ ဒီသတင်းတွေကြားတော့ ဦးဇင်းလည်း မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။

ဖမ်းတဲ့ အချိန်က အောက်တိုဘာက ၁၈ ရက်နေ့၊ ည ၇ နာရီလောက် ရှိမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ မုံရွာမြို့က soft link internet café မှာ အင်တာနက် အသုံးပြုနေတုန်း အဲဒီမှာ ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပြောပုံ ရတယ်။ ခဏနေတော့ ပြန်အထွက်မှာ ရဲတွေရောက်လာပြီး ဖမ်းဆီးခံလိုက်ရတာ။

မေး။ ဖမ်းတုန်းက ဘယ်သူတွေ ပါသလဲ ဘုရား။ ပြီးတော့ ဘယ်ကို ခေါ်ဆောင်သွားလဲ။

ဖြေ။ လုံထိန်းရဲတွေ ပါတယ်၊ စစ်သားတွေ ပါတယ်။ အစိတ် (၂၅ ယောက်) - ၃ဝ လောက်ရှိမယ် ထင်တယ်။ သူတို့က ဦးဇင်းကို မေးစရာရှိလို့ ဆိုပြီးတော့ စခန်းကို ခဏလောက် လိုက်ခဲ့ပါလို့ ပြောတယ်။ ဦးဇင်းက ‘မေးစရာရှိရင် ဒီနားမှာ မေးပါ၊ ဘာမေးစရာ ရှိလို့လဲ’ ဆိုတော့ ‘စခန်းရောက်မှ ဖြေပါ။ စခန်းကျမှ မေးပါလိမ့်မယ်’ ဆိုပြီးတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။

မေး။ စစ်ဆေးတာကရော ဘယ်လိုလဲ ဘုရား။

ဖြေ။ ဦးဇင်းဖြေတဲ့ အဖြေက သူတို့ စိတ်တိုင်းကျ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ အဖြေမဟုတ်ဘူးဆိုတော့ အဆိုးဆုံးက စရဖ အရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က ဦးဇင်း ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ ပေါက်တယ်။ နောက်ပြန် လက်ထိပ် ခတ်ထားတယ်။ မေးခွန်းတခု မေးတိုင်း ဦးဇင်းကို နားရင်းပါးရင်း ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်။ ဦးဇင်းလည်း မေ့မြောသွားအောင် ခံစားရတယ်။ နောက်က ပြစ်ရိုက်တာ ရှေ့စားပွဲပေါ် မှောက်သွားတာပဲ။ နောက်ဆုံးတော့ ဦးဇင်းလည်း လုံးဝ မခံနိုင်တော့ဘူး။ ဦးဇင်းရဲ့ လက်အကြောတွေ၊ လက်တွေကို ချိုးတာပေါ့။ ကျဉ်ကြောတွေ နှိပ်တယ်။

နံကြားတွေကို ထောက်ပြီးတော့ မ’တာတွေ ရှိတယ်။ နားရင်းတွေကို ရိုက်တယ်။ နားရွက်တွေကို ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ်ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက ဦးဇင်း ထောင်ကျတဲ့ အချိန်ထိ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ ဦးဇင်း လုံးဝ မခံနိုင်တော့တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဒီဝေဒနာတွေ မေ့သွားတာ ကောင်းတယ်ဆိုပြီးတော့ ဦးဇင်းရှေ့က ရှေ့မှာ ရှိတဲ့ စားပွဲကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်။ ဘေးမှာရှိတဲ့ ရဲစခန်းမှူး ဦးအောင်ဝင်းက အတင်း ဦးဇင်းကို ဖက်ပြီးတော့ ‘ဦးဇင်း ... အဲဒီလို မလုပ်ပါနဲ့။ တပည့်တော်တို့က တာဝန်အရ လုပ်ရတာပါ။ အထက်က ညွှန်ကြားချက်အရ လုပ်ရတာပါ’ လို့ ပြောတယ်။

ဦးဇင်းက အဲဒီဟာမျိုး လုပ်လိုက်တော့ တဖြေးဖြေးနဲ့ လက်လျှော့ သွားတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိက နေ့ရော၊ ညပါ စစ်ဆေးတယ်။ ရေတောင် သောက်ခွင့်မပေးဘူး။ သူတို့အထက်က လူကြီးတွေ လာတဲ့အခါမှာ ခေါ်ပြီးတော့ စစ်ဆေးတယ်။ လူကြီးတယောက် လာလို့ရှိရင် တခြားအခန်းကို ပြောင်းပြီး စစ်ဆေးတယ်။ ‘လုံးဝ အဖြေမှန်မပေါ်ရင် အဖြေမှန်ပေါ်အောင်သာ စစ်ကွာ’ ဆိုပြီးတော့ အမိန့်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးဇင်းကို ဘယ်လောက်ထိ ခြိမ်းခြောက်လဲဆိုတော့ ‘ဦးဇင်းရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဖယောင်းတိုင် ထွန်းပြီးတော့ စစ်ဆေးမယ်’ ဆိုတာမျိုးထိ ပြောလာတယ်။

သူတို့ ဘာတွေ ထပ်မေးလဲဆိုတော့ ‘၈၈ ကျောင်းသားအုပ်စုကို သိလား၊ သူတို့နဲ့ အဆက်အသွယ်ရလား၊ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘယ်သူတွေ သိလဲ’ ဆိုတော့ ဦးဇင်းက ‘ဘယ်သူတွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူး’ ဆိုပြီး ဖြေလိုက်တယ်။ ‘ငါတို့က အချက်အလက်တွေ ရပြီးသား။ မင်း ဗကသ လား။ ဗကပ လား’ ဆိုပြီးတော့ မေးတယ်၊ စွပ်စွဲတယ်။

ပိုဆိုးတာက ဦးဇင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ အမေရိကန် စင်တာမှာ စာကြည့်တိုက် ကပ်ပြားလေး ပါတော့ သူတို့က ဘာမေးလဲဆိုတော့ ‘အမေရိကန် စင်တာမှာ နိုင်ငံရေးသင်တန်းတွေ တက်တာ မဟုတ်ဘူးလား။ အဲဒီမှာ နိုင်ငံရေး သင်တန်းတွေ ပို့ချနေတယ်၊ ဘာတွေ ပို့ချနေလဲ။ မပြောလို့ရှိရင် ဒီထက် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးမယ်’ တဲ့။

‘အခုချိန်မှာ မင်းဟာ ငါတို့ လက်ခုပ်ထဲမှာ ရောက်နေတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ အဖြေမှန်ပေါ်အောင် မပြောလို့ရှိရင်၊ အဖြစ်မှန်ကို မပြောဘူးဆိုရင် ငါတို့ ရာထူးပြုတ်ရင် ပြုတ်သွား ပလေ့စေ၊ ဒဏ်ရာ အနာတရ မရှိဘဲနဲ့ သတ်တဲ့ နည်းတွေ အများကြီး ရှိတယ်’ လို့ ခြိမ်းခြောက် စစ်ဆေးတယ်။

‘နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အစိုးရကို အကြည်အညို ပျက်စေတဲ့ ရေးသားမှု၊ တရားမဝင် ငွေကြေးကိုင်ဆောင်မှု - ပုဒ်မတွေ အများကြီး တပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ ပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဦးဇင်းကို မုံရွာထောင်ကို ပို့လိုက်တယ်။

မေး။ မုံရွာထောင်တွင်း အခြေအနေကို ပြောပြပေးပါလား ဘုရား။

ဖြေ။ မုံရွာ ထောင်ထဲတုန်းက ဦးဇင်း နောက်ကို အင်ဖော်မာ (သတင်းပေး) တွေ ထည့်ပေးထားတယ်။ ဦးဇင်းက လူတယောက်ကို စကားပြောမယ်ဆိုရင် နောက်ကနေ နားထောင်တာတို့၊ စောင့်ကြည့်တာတို့၊ အဲဒါတွေ လုပ်တယ်။ လူတယောက်နဲ့ စကားပြောပြီးတိုင်း ဦးဇင်းကို ရုံးကို ခေါ်ပြီးတော့မှ ‘သူ့ကို ဘာတွေ ပြောသလဲ၊ ဦးဇင်းနောက်မှာ တပည့်တော်လူတွေ ရှိတယ်၊ မဟုတ်တာတွေ မလုပ်ပါနဲ့၊ ဦးဇင်းကို သိက္ခာချမယ်’ လို့ ပြောတယ်။

မုံရွာထောင်ထဲ ရောက်တော့ စရဖ အရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ ၂ ယောက်ရယ် မုံရွာမြို့ ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့ လာပြီးတော့မှ သိက္ခာ ချခိုင်းပါတယ်။ ဦးဇင်းကို သိက္ခာချခိုင်းတာ အနည်းဆုံး ၃-၄ ကြိမ်လောက် ရှိတယ်။

“မင်းရဲ့ သာသနာဝင် ကဒ်ပြားကို သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ လွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့ မရဘူး။ အခုလိုအချိန်မှာ သိက္ခာချမယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်” လို့ ဦးဇောတိက က ပြောသေးတယ်။

ဒုထောင်မှူးကလည်း မကြာခဏ ခေါ်ခေါ်ပြီးတော့မှ သိက္ခာချခိုင်းတာတွေ ရှိတယ်။ ဝိနည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နောက် သံဃတပ်ပေါင်းစုနဲ့ ဆက်နွယ်တဲ့ မေးခွန်းတွေ၊ ရွှေဝါရောင် သံဃတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးပါတယ်။ နောက်ပိုင်းမှ မေးတဲ့ ဒုထောင်မှူးဆိုသူဟာ စရဖ အရာရှိ ဦးစန်းဝင်းရဲ့ လူဆိုတာ သိလာတယ်။

မေး။ မုံရွာထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေ ဘယ်လောက်ရှိလဲ ဘုရား။

ဖြေ။ မုံရွာထောင်ထဲမှာ အများကြီးပဲ ဒကာကြီး။ အရပ်ဘက် အကျဉ်းသားတွေ ရှိတယ်။ ဘုန်းကြီးတွေ ၆ ပါးလောက် ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်လောက် ရှိမယ်။ သတိထားမိတာက မြစ်ကြီးနားဘက်က ဦးစောထွန်း ဆိုတဲ့ နိုင်ငံရေးသမားကြီး ရှိတယ်။ သူက တိုက်ပိတ် ခံထားရတယ်။

မေး။ ထောင်ထဲမှာရော ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိလား။

ဖြေ။ ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတော့ ရှိတာပေါ့။ ရောက်သွားပြီး မကြာမီ ဆရာတော် ဦးဂမ္ဘီရတို့ အဖမ်းခံရတဲ့အတွက် ဦးဇင်းကို လာစစ်ဆေးတယ်။ ‘သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရှိသလဲ။ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ၊ ရွှေဝါရောင်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်ဘုန်းကြီးတွေ သိသလဲ’ ဆိုတာတွေ မေးတယ်။ ‘မသိပါဘူး။ ပါလည်း မပါခဲ့ပါဘူး’ လို့ ဖြေလိုက်တယ်။ ဖြေပေမယ့် သူတို့က လုံးဝ လက်မခံဘူး။

မေး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချပြီးနောက် ဘယ်တွေကို ထောင်ပြောင်းရွှေ့တာတွေ ရှိသေးလဲ ဘုရား။

ဖြေ။ ဦးဇင်းကို ၂၁ ရက်၊ မေလမှာ ကလေးထောင်ကို ပို့တယ်။ ကလေးထောင်မှာ တပတ်လောက်နေပြီး မေလကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်ပါတယ်။

မေး။ ကလေးမြို့ ထောင်မှာရော စစ်ဆေး မေးမြန်းတာတွေ ရှိသေးလား။

ဖြေ။ ကလေးထောင်ထဲမှာတော့ စစ်ဆေး မေးမြန်းတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ရဲဘက်ပို့ဖို့ သံခြေကျင်းတွေ ခတ်ထားပြီလေ။ မုံရွာကနေ ပို့လိုက်တဲ့ အကျဉ်းသား ၁ဝဝ ရှိတယ်။ အားလုံးကို သံခြေကျင်းတွေ ခတ်ထားတယ်။ တချို့ ရဲဘက်ပြေးတွေ ပါတယ်။ စစ်ပေါ်တာတွေ ပါတယ်။ အသက်လုပြီး ပြေးခဲ့တဲ့ သူတွေကို သံခြေကျင်း နှစ်ခု ခတ်ထားတယ်။ မုံရွာထောင်ကနေ ကလေးထောင်ထိ သွားရတဲ့ဟာက သံခြေကျင်းတွေနဲ့ နှစ်ယောက် တတွဲ သွားရတယ်။

မေး။ ရဲဘက်စခန်းကို ဘယ်လိုပို့လဲ ဘုရား။ ဘာအလုပ်တွေ လုပ်ရလဲ။

ဖြေ။ မေလကုန်လောက် ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်ကြမ်းတွေ လုပ်နေရင်း ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိခဲ့လဲဘုရား။

ဖြေ။ စားရတဲ့ အစားအစာကလည်း ပုံစံနဲ့ စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေ ပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်း ပါတယ်။ အဲဒီလို နီရဲနေတဲ့ ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်းသားတွေက ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီး ထမင်းကို ဝအောင်မစားရဘူး ဆိုတော့၊ အဲဒီ ရဲဘက်စခန်းကို ရောက်ပြီး နှစ်ပတ် သုံးပတ်လောက်လည်းကျရော လူတွေက မျက်တွင်းတွေ ချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေကျင်းရဲ့ ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေ ပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ ဦးဇင်းကိုယ်တိုင်လည်း သွေးစုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ အဲလို အစားဆင်းရဲတဲ့ဒဏ် အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားက ကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ဝါဆိုလပြည့်နေ့က ပျံလွန်တော်မူသွားရှာတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်လုပ်လို့ လုပ်အားခရော ရတာမျိုးရှိလား ဘုရား။

ဖြေ။ ရဲဘက်စခန်းမှာ အကျဉ်းသားတဦးက အနည်းဆုံး တနေ့ကို အာဏာပိုင်တွေအတွက် တရက်ကို ၂ဝဝဝ သွင်းရတယ်။ ထောင်အလုပ်မရှိရင် အပြင်က ဝင်ငွေရတဲ့ အလုပ်တွေကို လိုက်လုပ်ရတယ်။ ၂ဝဝဝ ထက်ကျော်ရင်တော့ ထောင်သားတွေအတွက် စားစရာတွေ ဝယ်လို့ရတာပေါ့။

မေး။ ဘာကြောင့်မို့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာလဲဘုရား။

ဖြေ။ ဦးဇင်း ရောက်နေတဲ့ လင်တန် ရဲဘက်စခန်းကို အက်စ်ဘီ ၂ ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ ‘သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေ သိလား’ ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ ဦးဇင်းကို ‘သံဃတပ်ပေါင်းစုမှာ ပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရောက်နေလဲ’ ဆိုတာတွေ မေးတယ်။ ဒီလူတွေက ကလေးထောင်ကို ပြန်ပို့ပြီး ပုဒ်မ အသစ်တိုးပြီးတော့ ထောင်ကိုထပ်ပို့မှာ သိလိုက်ရတဲ့အတွက် ဒီည ထွက်မပြေးလို့ မဖြစ်တော့ဘူးလို့ တွေးပြီး ထွက်ပြေးခဲ့တယ်။

မေး။ တီးတိန်မြို့ လင်တန် ရဲဘက်စခန်းကနေ ဘယ်လိုမျိုး ထွက်ပြေးလာခဲ့လဲ ဘုရား။

ဖြေ။ အဲဒီ အလုပ်ကြမ်းစခန်းကို ပထမ တထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုးတွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ ကျော်တက်ခဲ့ရတယ်။ ဟာ ... သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမဲ့ ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ ဟား ည အသက်အန္တရာယ် လွတ်ပြီဆိုတာနဲ့ ရင်ထဲမှာ နည်းနည်း ပေါ့သွားတာပေါ့။ အနာတရကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကို အားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီး ထွက်ပြေးလာခဲ့တယ်။

တချို့ ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကို အားပြုပြီး လေးဘက်ထောက် သွားခဲ့ရတာတွေလည်း ရှိတယ်။ သားရဲတိရစ္ဆာန် အန္တရာယ်ကို စိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထား ပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေ ခူးစားပြီး ၂ ရက်၊ ၂ ည တိတိ မနားမနေ ပြေးခဲ့ရပါတယ်။

တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေးသင့်ဘဲ ဝေးခဲ့တဲ့ ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကို တွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာ စိုးတဲ့အတွက် မဝင်ရဲဘူး။ ပတ်ရှောင်သွားရတယ်။ လမ်းတွေကလည်း မသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီး ရောက်သွားတာတွေ ရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ်တော်တွေကို အဖော်ပြုပြီး မေတ္တာပို့ရင်း ပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲ ပြုနိုင်တော့တယ်။

ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်က ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာကို ပေးတော့ အငမ်းမရ မြိန်ရည်ယှက်ရည် စားလိုက်တယ်။ သခွားသီး ၃ လုံး ရောပေးတော့ စားလိုက်တာနဲ့ ရေဆာလည်း ပြေသွားတယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီ တောင်းလိုက်တော့ သူက လမ်းကြောင်းမှန်ကို ပြပေးတယ်။ ဦးဇင်းလဲ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ ၂ဝဝဝ ပေးလိုက်တယ်။

အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို ရောက်လာခဲ့တယ်။

မေး။ ထွက်ပြေးတုန်းက သံခြေကျင်းနဲ့ပဲလား ဘုရား။

ဖြေ။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို သြဂုတ်လလယ်လောက်မှာ ပိုက်ဆံ ၅ဝဝဝဝ ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။

မေး။ စစ်အစိုးရက သံဃာတော်တွေကို မတရား ဖမ်းဆီးမှုတွေအပေါ် ဘယ်လို ပြောလိုပါသလဲဘုရား။

ဖြေ။ ရက်စက်ယုတ်မာလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာလို့ ခေါ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစကားလုံး ရှာမရလောက်အောင် ရက်စက်ပါ့ပေ့လို့ သိလိုက်ရတယ်။

ဒီလိုမျိုး ရက်စက် ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ပါ။ အဲလိုမှမဟုတ်ရင် သမိုင်းမှာ ဂျာမဏီက နာဇီဟစ်တလာတို့လို သမိုင်းဆိုး တင်ကျန်ခဲ့မှာ မလွဲပါဘူး။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အာဏာရှင်တွေဟာ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ။ ကမ္ဘာမှာ ရှားရှားပါးပါး နအဖ စစ်အုပ်စုပဲ ကျန်ပါတော့တယ်။ နအဖ စစ်အုပ်စုသာ အမြင်မှန်ရမယ်ဆိုရင် အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ရဲ့ နှလုံးသားမှာ စူးဝင်နေတဲ့ အမုန်းတရား၊ အာဃာတ တရားတွေဟာ သူတို့ကိုယ် သူတို့လည်း ဆင်းရဲဒုက္ခရောက်စေပြီး လူသားထု တရပ်လုံးကိုလည်း စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်နေရစေပါတယ်။ ဒီ အမုန်းတရား၊ အာဃာတ တရားတွေဟာ အမြင်မှန်ရတာနဲ့ ချက်ချင်း ပြောင်းပစ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင် မြန်မာလူမျိုးတွေရဲ့ ဆင်းရဲတွင်းက နက်သည်ထက် နက်ပါလိမ့်မယ်။ အချိန်မီ ပြုပြင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်။

မေး။ ဦးဇင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စိတ်ကူးပါသလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် အကြမ်းမဖက် တော်လှန်ရေးကြီးဟာ နအဖ စစ်အစိုးရအနေနဲ့ မတရား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့အတူ သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ဦးဇင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ နအဖ ဆိုတဲ့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ သံဃာထု၊ လူထုနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ။

အခု အနေအထားက အစွယ်နဲ့ ထိုးမယ့်ဆင်ဟာ နောက်တလှမ်းဆုတ် ဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ လှုပ်ရှားမှုကြောင့် အာဇာနည် လူစွမ်းကောင်း ရဲရဲတောက် သတ္တိရှင်တွေ အများကြီး မွေးထုတ်ပေးခဲပါ့တယ်။ ဒီလူစွမ်းကောင်းတွေဟာ ဥပမာနဲ့ ပြောရမယ်ဆိုရင် ခြေစွမ်းထက်တဲ့ ဘောလုံးသမားကောင်းတွေ လိုပါပဲ။ ဒါကို အသင်းစုစည်းမှု တယောက်နဲ့တယောက် အပေးအယူ၊ အချိပ်အဆက်ရှိမှု၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ဦးဇင်းတို့ ပြန်လည် တည်ဆောက်နေပါတယ်။

အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက်ထဲ ဆွဲမပြေးဖို့ အဲဒါ အရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘောတရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။

ဒီမိုကရေစီဆိုတာ သူတပါးက လာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီမ ရှိဘူး၊ အဲဒါကို သွားတောင်းမနေနဲ့၊ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် ရှိပြီးတော့ ငါတို့ဟာ တနေ့ မုချ အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့ လက်တွဲကြပါ။ ဦးဇင်းလည်း စိတ်"ာတ် ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ပါ့မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။