Saturday, October 4, 2008

၀၄.၁၀.၂၀၀၈သတင်း

နိုင်ငံရေးအကျဉ်းသား မိသားစု အင်းစိန်ထောင် စစ်ဆေးမှု နားထောင်ခွင့် ပိတ်ပင်
နန်းဒေဝီ
စနေနေ့၊ အောက်တိုဘာလ 04 2008 18:12 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ထောင်ဝင်စာတွေ့ခွင့်နှင့် ထောင်တွင်း တရားရုံးများတွင် တက်ရောက်နားထောင်ခွင့်များကို ယမန်နေ့က စတင်ကာ ကန့်သတ်လိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရွှေဝါရောင် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအား ယခင်က ထောင်ဝင်စာကို တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေသို့ ပြောင်းလဲလိုက်သလို၊ ထောင်တရားရုံးများတွင် အမှုစစ်ဆေးရာတွင်လည်း နားထောင်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေများက ပြောဆိုကြခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ သောကြာနေ့ အင်းစိန်ထောင် အမှုစစ်ဆေးပြီး ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ထွက်လာတော့ ထောင် အဝင်၊ အထွက် စစ်ဆေးတဲ့ ဂိတ်က တာဝန်ကျ အရာရှိ တယောက်က မိသားစုဝင်တွေကို ပြောလိုက်တာ။ အထက်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ အကျဉ်းဦးစီးပဲ ရှိတယ်” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းကလည်း “တခြားအကျဉ်းသားတွေ ပါမပါတော့ မသိဘူး။ အင်းစိန်ထောင် အထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုသည်တွေရဲ့ မိသားစုဝင်တွေ ပေးနားမထောင်တော့ဘူးလို့ ပြောသံကြားတယ်။ အများသဖြင့်တော့ အဲဒီမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်ဆေးလေ့ရှိတယ်လေ” ဟု ပြောသည်။

ယခုလို ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ အာဏာပိုင်များထံ ယခင် ရပိုင်ခွင့်များအတိုင်း ပြန်လည်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက ယခုလို ပြောသည်။

“မိသားစုဝင် အားလုံးက မကျေနပ်ကြဘူးခင်ဗျ။ လက်ခံစရာလည်း မရှိဘူး၊ ဒီလိုလုပ်တာကတော့။ ဘယ်သူပိတ်တာလဲဆိုတာ မသိရသေးတဲ့အတွက် တနင်္လာနေ့မှာ ထောင်ရှေ့မှာ ကျနော်တို့ မိသားစုဝင်တွေ သွားအရေးဆိုမယ်” ဟု သူက ပြောသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က ဥပဒေအရ အများပြည်သူရှေ့ ပွင့်လင်းမြင်သာသည့် ရုံးတင်စစ်ဆေးမှုများ ရရှိရန် တောင်းဆိုခဲ့သည့်အတိုင်း အာဏာပိုင်များမှ တစိတ်တပိုင်း ခွင့်ပြုခဲ့သော်လည်း ယခုလို ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအတွက် နောင်တွင် အမှုတွဲ အခြေအနေ အသေးစိတ် သိရှိရန် အခက်အခဲများ တွေ့လာနိုင်ကြောင်း ယခုလို ပြောဆိုသည်။

“မိသားစုတွေက အမှုကိစ္စတွေ နားထောင်ခွင့်ရတော့ အမှုတွဲအခြေအနေတွေ၊ အစွပ်စွဲခံရသူတွေရဲ့ တရားသူကြီးတွေက ချေပချက်တွေ အသေးစိတ် သိနေမယ်။ ပိတ်လိုက်တော့ နောက်ထပ် အမှုတွဲ တိုးတက်မှုတွေ မျက်ခြေပြတ်သွားမယ်၊ မိသားစုတွေက ဘယ်သိနိုင်တော့မလဲ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP ၏ ထုတ်ပြန်ချက်တရပ်က ဆိုသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် မြန်မာအာဏာပိုင်များက နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးခန့်သာ ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ကြာသပဒေးနေ့က ကမ္ဘာတဝှမ်းရှိ ထိန်းသိမ်းခံနေရသူများအတွက် ရည်ရွယ်ကျင်းပသည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာနေ့တွင် မကြာသေးခင်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သေးသည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပွဲတော် ကျင်းပနေ
မျိုးကြီး
စနေနေ့၊ အောက်တိုဘာလ 04 2008 18:09 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ တရုတ်-မြန်မာ ဒေသအာဏာပိုင်များ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပလေ့ရှိသည့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ပွဲတော်ကို ယမန်နေ့က စတင်ကျင်းပနေပြီဖြစ်သည်။
ယခုပွဲတော်ကို ရှမ်းပြည်နယ် မူဆယ်မြို့နှင့် မျက်နှာချင်းဆိုင် တဘက်ကမ်းရှိ ရွေလီမြစ်ကမ်းဘေး၌ နှစ်စဉ်နှစ်တိုင်း မေလဆန်းတွင် ပုံမှန်ကျင်းပခဲ့သော်လည်း ယခုနှစ် အဌမအကြိမ်မြောက် ပွဲတော်ကိုမူ ယခုလ ၃ ရက်နေ့မှ ၅ ရက်နေ့သို့ ပြောင်းလဲကျင်းပနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ဥပဒေအရ တရားဝင် ရက်ရှည်ရုံးပိတ်ရက်အဖြစ် သတ်မှတ်သော တရုတ်နှစ်သစ်ကူး မေဒေးနေ့ကို ယခုနှစ်တွင် ကျင်းပသည့် တရုတ်ပြည်သူ့ ကိုယ်စားလှယ်များ ညီလာခံက ရက်လျှော့ချပြီး တရက်သာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်စေရန် အောက်တိုဘာလ ၁ ရက်နေ့ကဲ့သို့ ရွှေဝါရောင် သတင်းပိတ်ရက်များသို့ ရက်ရွှေ့ပြောင်းကာ ယခုလို ကျင်းပရခြင်းဖြစ်သည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူတဦးက မဇ္ဈိမကို ရှင်းပြသည်။

နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် တရုတ်နိုင်ငံ၏ ရွှေဝါရောင်သတင်းပတ် ရုံးပိတ်ရက်များအတွင်း ခရီးသွားလာရေးလုပ်ငန်းအား ဆွဲဆောင်သည့်အနေဖြင့် တရုတ်အာဏာပိုင်များက ပွဲတော်အတွက် ငွေကြေးစိုက်ထုတ်ပေးကာ ရွှေလီနှင့် မူဆယ်မြို့ နှစ်ဖက် အာဏာပိုင်များက ပူးပေါင်းကျင်းပစေသည်။

ယမန်နေ့ ည ၇ နာရီက ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တယ်ဟုန်ခရိုင် အာဏာပိုင်များနှင့် မူဆယ်ခရိုင် ဥက္ကဋ္ဌတို့ တက်ရောက်ကာ နှစ်နိုင်ငံအလံတင်ပြီး ဖွင့်လှစ်ပေးခဲ့သည်။

ပွဲတော်တွင် နွားလှည်းယာဉ် အလှပြိုင်ပွဲ၊ ရွှေလီမြစ် အလှမယ်ရွေးပွဲ၊ တိုင်းရင်းသားရိုးရာ ဝတ်စုံဝတ်ပြိုင်ပွဲများနှင့် အားကစားပွဲများကို အစဉ်အလာမပျက် ကျင်းပနေခြင်းဖြစ်သော်လည်း ယခင်နှစ်များလောက် စည်ကားမှု မရှိပါ။

ယခုနှစ်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲ အစီအစဉ်သစ် ပါဝင်ပြီး ယခင်နှစ်များက အလှပြလှည်းယာဉ် အစီးရေ ၅ဝ ကျော် ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ၁၃ စီးသာ ပါဝင်သည်။

၂ဝဝ၃ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော SARC ရောဂါကြောင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ပျော်ရွှင်မှုပွဲတော်ကို မကျင်းနိုင်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည် မျက်စိဆရာဝန်နှင့် တွေ့ခွင့်ရ
04 October 2008
အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နေအိမ်မှာ မျက်စိဆရာဝန် နဲ့ ဒီတပတ်အတွင်း ၁ နာရီကြာ မျက်စိ စမ်းသပ်မှု ခံယူခဲ့တယ်လို့ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။

ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး စစ်ဆေးနေကျ ဆရာဝန် နဲ့အတူ မျက်စိ အထူးကု ဆရာဝန် လိုက်သွားပြီးတော့ မျက်စိစစ်ဖို့ အာဏာပိုင်တွေ က ခွင့်ပြုခဲ့တယ်လို့ အဲန်အယ်လ်ဒီ က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၄ နာရီကြာလောက် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့လည်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကတော့ သူ့ကို စစ်အစိုးရ က ဆက်ပြီး ဖမ်းဆီးထားတာ နဲ့ပတ်သက်လို့ အယူခံဝင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်လို့ ပြီးပြီလို့ ဦးဉာဏ်ဝင်း ကပဲ ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်ကို သွားမည်
04 October 2008
ကိုသိန်းထိုက်ဦး

မြန်မာစစ်အစိုးရ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အဖွဲ့ ဟာ မကြာခင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း စစ်အစိုးရက ကြေညာထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဒီခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံအကြား ရေကြောင်း ပိုင်နက် သတ်မှတ်ရေးကိစ္စကို အဓိက ဆွေးနွေးမယ့် ကိစ္စရပ်တခုအဖြစ် မျှော်လင့်ထားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

စစ်အစိုးရ ဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ကြေညာထားတာ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနတွေ ကတော့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့၊ အဂါင်္နေ့မှာ လာရောက်နိုင်တယ်၊ ဒီ ခရီးစဉ်ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် မြန်မာစစ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် ၅၀ လောက်အထိ ပါနိုင်တယ် ဆိုပြီး ခန့်မှန်းရေးသား တာတွေ ရှိပါတယ်။ ဒီလို လာရောက်တဲ့အခါ နှစ်နိုင်ငံ ရေကြောင်းပိုက်နက် ကိစ္စအပြင် အခြား အကြောင်းအရာတွေ ဆွေးနွေးမယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေက ဗွီအိုအေ အမေရိကန် အသံကို အရင်က အတည်ပြုပြောဆိုခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူ့နိုင်ငံ စီးပွားရေးမှာ ကပ္ပလီပင်လယ်ပြင် ကမ်းလွန် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကို အဓိက အားထားလာရတဲ့ အချိန် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေကြောင်းပိုင်နက် နယ်နိမိတ်ကိစ္စကို အဓိက ဆွေးနွေးလာခဲ့ပါတယ်။ ဒီလို ရေကြောင်းပိုင်နက် တိတိကျကျ သတ်မှတ်ရေးကိစ္စက ဆယ်စုနှစ် အတွင်း မကြာခဏ ဆွေးနွေးခဲ့ရတဲ့ ကိစ္စဆိုပေမယ့် အခုအချိန်အထိတော့ အဖြေ တိတိကျကျ မရှိသေးပါဘူး။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးသမားတွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက လယ်ယာတွေကို ငှားရမ်းပြီး မြန်မာ လယ်သမားတွေကို ပြန်ငှား သီးနှံစိုက်ပျိုးခိုင်းမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ၈၈ မျိုးဆက် မြန်မာ့အရေး လှုပ်ရှားသူ ကိုနိုင်နိုင် ကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီရခိုင်ပြည်နယ်မှာ မြေကွက်ငှားဖို့ ကိစ္စရယ်၊ ပြီးတော့ သဘာဝဓါငွေ့နဲ့ ပတ်သက်လို့ ရောင်းဝယ်ရေး ကိစ္စတခုလည်း ပါပါတယ်။ နောက်ဆုံး အရေးကြီးတဲ့ ကိစ္စ၊ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတခုကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားမှာ မြန်မာစစ်တပ်ဘက်က စစ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေလည်း ပါနိုင်ပါတယ်။ ဒုက္ခသည် ကိစ္စကတော့ နှစ်နိုင်ငံခြားမှာ အရင်ကလည်း နှစ်လတကြိမ် သုံးလတကြိမ် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် ရေထွက်ပစ္စည်း တန်ချိန် ၂၀,၀၀၀ ကျော် တင်ပို့နေတယ် ဆိုပြီး တရားဝင်စာရင်းတွေမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံ နှစ်စဉ် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော် ရှိပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံ တရားဝင် ကုန်သွယ်မှု ပမာဏက အခြား အာရှနိုင်ငံတွေနဲ့ နိုင်းစာရင် မပြောပလောက်ပါဘူး။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးနိုင်တယ်လို့ ခန့်မှန်းတာတွေ ရှိပေမယ့် စီးပွားရေး ကိစ္စတွေကပဲ ခရီးစဉ်ရဲ့ အဓိက ဦးစားပေး ဖြစ်မယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။

ငွေကြေးမုန်တိုင်းဒဏ် ကာကွယ်နိုင်ရေး ဥရောပ ခေါင်းဆောင်တွေ ပြင်ဆင်
04 October 2008

ကမ္ဘာ့ငွေကြေး အကျပ်အတည်းတွေကို ဖြေရှင်းမယ့် အားလုံး ဘုံ သဘောတူညီချက်တွေကို အဖြေရှာဖို့အတွက် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ အီတလီနိုင်ငံ ခေါင်းဆောင်တွေ ဒီနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပါလိမ့်မယ်။ ပါရီကနေ Lisa Bryant သတင်းပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက နေ စတင်တဲ့ ငွေကြေးအကျပ်အတည်းတွေက ကမ္ဘာတ၀ှမ်းကို ပျံ့နှံ့လာနေပြီဖြစ်ပါတယ်။ ဒီ ငွေကြေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုကို ဥရောပမှာရှိတဲ့ ငွေကြေးအဖွဲ့အစည်းတွေပါ ရင်ဆိုင်နေရပြီဆိုပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရေး ထိပ်သီးအစည်းအဝေးကျင်းပဖို့ ပြင်သစ် သမ္မတ နီကိုလတ်ဇ် ဆာကိုဇီ က ထိပ်သီး အစည်းအဝေး ခေါ်ခဲ့တာဖြစ်ပါတယ်။

စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံ G-8 အဖွဲ့ဝင် ဥရောပနိုင်ငံတွေ အနေနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေး အကျပ်အတည်း နဲ့ပတ်သက်လို့ ပိုပြီး ကြီးမားတဲ့ အစည်းအဝေး ကျင်းပနိုင်ရေး ပြင်ဆင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီအစည်းအဝေးကိုတော့ ဘယ်တော့ ကျင်းပမယ်ဆိုတာ ရက်အတိအကျ မသတ်မှတ်သေးပါဘူး။ ဥရာပနိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ဆိုင်ရာဌာန စမ်းစစ်သုံးသပ်သူ တဦးဖြစ်တဲ့ Philip Whyte ကတော့ ဒီ အကျပ်အတည်းကို ဖြေရှင်းရေး ဥရောပ ခေါင်းဆောင်တွေ လက်တွဲဖြေရှင်းမယ့် အယူအဆကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဥရောပနိုင်ငံတွေထဲက ဦးစီးဦးဆောင်လုပ်နေတဲ့ နိုင်ငံတွေ အခုလို တနိုင်ငံနဲ့ တနိုင်ငံ လက်တွဲပြီး ဒီကိစ္စ ပူးပေါင်းလုပ်ကြတာက သိပ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တခုဆိုတာ သေချာပါတယ်။ ဒီ တပတ်ထဲမှာ တက်တက်ကြွကြွ လုပ်ဆောင်တဲ့ အချက် ၂ ခု ရှိပါတယ်။ ကိုယ့်နယ်နမိတ်ထဲမှာ မရှိပေမယ့် အဲဒီ ဘဏ်တွေကို ကယ်တင်ဖို့ လိုအပ်လာရင် ဥရောပ နိုင်ငံတွေ တက်တက်ကြွကြွ လက်တွဲဖြေရှင်းနိုင်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက Benelux ဘဏ်၊ Dexia နဲ့ Fortis ဘဏ်တွေကို လေးနိုင်ငံ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတွေ ပေါင်းပြီး ဒီအတိုင်း ဆက်လုပ်နိုင်ပါ့မလား။ Philip Whyte ကတော့ သူ့အနေနဲ့ သံသယ ရှိတယ်လို့ ပြောပါတယ်။

“အိုင်ယာလန် နိုင်ငံဆိုရင် သူ့တိုင်းပြည်က ဘဏ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်က သူ့ဘာသာ တဖက်သတ် ဆုံးဖြတ် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။”

ဒီနေ့ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကနေ ဘယ်လို အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ထွက်လာမလဲဆိုတာ မသေခြာသေးပါဘူး။ အကျပ်အတည်း ဖြစ်နေတဲ့ ဘဏ်တွေကို ကယ်တင်ဖို့အတွက် ဥရောပနိုင်ငံတွေအနေနဲ့ ကယ်ဆယ်ရေး ဘဏ္ဍာငွေ ရံပုံငွေအဖွဲ့ ဖွဲ့စည်းရေး နယ်သာလန်နိုင်ငံက အဆိုပြုထားပါတယ်။ ဒီ အဆိုပြုချက်နဲ့ပတ်သက်လို့လည်း ဥရောပနိုင်ငံတွေအတွင်းမှာ သဘောထား ကွဲလွဲချက်တွေ ရှိနေပါတယ်။

နယ်သာလန်နိုင်ငံရဲ့ အဆိုပြုချက်က အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘဏ်တွေကို ကယ်ဆယ်ရေး အစီအစဉ်နဲ့ အလားတူ ဖြစ်ပါတယ်။ ပြင်သစ် အခြေစိုက် ဥရောပကောင်စီ နိုင်ငံခြား ဆက်ဆံရေးရုံး အကြီးအကဲ Thomas Klau က တော့ နယ်သာလန်ရဲ့ အဆိုပြုချက်ကို ပြင်သစ်မှာ တွေ့ဆုံတဲ့ ဥရောပ ခေါင်းဆောင်တွေ လက်ခံပါ့မလားဆိုတာ သူ့အနေနဲ့ သံသယ ရှိမိတယ်လို့ ပြောပါတယ်။

“ဒီ အဆိုပြုချက်အပေါ်မှာ သဘောတူညီချက်တွေ ရမယ်လို့တော့ ကျနော့်အနေနဲ့ မထင်ပါဘူး။ ဂျာမဏီနိုင်ငံဘက်က ဒီကိစ္စကို တော်တော်လေး ဆန့်ကျင်နေတယ်လေ။ ဒါပေမယ့်လည်း ကတိက၀တ်တွေ ပေးလာမယ်ဆိုရင် ဒီကတိက၀တ်တွေကနေ ပူးပေါင်းဆောင်ရွက်လာဖို့အတွက် ထပ်ပြီး အားဖြည့် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

လေ့လာစမ်းစစ်သူတွေကတော့ ဥရောပနိုင်ငံတွေဟာ ဒီနေ့ ကမ္ဘာကို တိုက်ခတ်နေတဲ့ ငွေကြေးမုန်တိုင်းကို အမေရိကန် ပြည်ထောင်စုမှာ ထက်တော့ ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း သေချာပေါက် ပြောဖို့တော့ စောနေသေးတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဘဏ္ဍာရေးကယ်တင်မှု ဥပဒေကြမ်း အတည်ပြုပြီး အမေရိကန် အစုရှယ်ယာ ဈေး ကျဆင်း
04 October 2008
Klein's Report in Burmese
ငွေကြေးပြဿနာ ကယ်တင်ရေး အစီအစဉ်ကို သမ္မတ ဘုရှ် လက်မှတ် ရေးထိုးနေပုံ (အောက်တိုဘာ ၃၊ ၂၀၀၈)
အမေရိကန် သမ္မတ ဘုရှ် ငွေကြေးပြဿနာ ကယ်တင်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တဲ့နောက် Wall Street ရဲ့ မရေမရာ ဖြစ်နေတဲ့ အစုရှယ်ယာ ဈေးတွေဟာ အရှုံး နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ သောကြာနေ့က စီးပွားရေးလောက ရဲ့ အခြေအနေတွေကို ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်ယန် (Kent Klein) က ၀ါရှင်တန် မြို့တော်ကနေ သတင်းပေးပို့ခဲ့ပါတယ်။ ဦးကျော်ဇံသာ က အပြည့်အစုံကို တင်ပြထားပါတယ်။

ပြန်လည် ပြင်ဆင်ထားတဲ့ ဘဏ္ဍာရေး ကယ်ဆယ်မှု ဥပဒေကြမ်း ဒီတခါတော့ အောက်လွှတ်တော်က အတည်ပြုမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမေရိကန် အစု ရှယ်ယာဈေးဟာ သောကြာနေ့ အစောပိုင်းက တက်နေခဲ့တာပါ။ ဒါပေမယ့် ဒီဥပဒေကြမ်းကို တကယ်လည်း အတည်ပြုပြီး သမ္မတ ဘုရှ် ကလည်း လက်မှတ် ရေးထိုးလိုက်ပြီးတော့ အစုရှယ်ယာ ဈေးက ကျဆင်းသွားပါတယ်။ အဲဒါကတော့ Wall Street မှာပါ။

ဥရောပ ကို ကြည့်ရင်တော့ အစုရှယ်ယာဈေးဟာ တက်ဈေး နဲ့ ပိတ်ခဲ့ပေမယ့် အာရှ ဈေးကွက်မှာတော့ ကျဆင်းခဲ့ပါတယ်။ UNCTD လို့ ခေါ်တဲ့ ကုလသမဂ္ဂ ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးရေး ညီလာခံ အထွေထွေ အတွင်းရေးမှူး ဆူပါချိုင် ပန်နီချာပတ် ကတော့ အခု ကယ်ဆယ်ရေး အစီအစဉ်ဟာ အမေရိကန် ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် ပထမ အဆင့်မျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဟာ အကျပ်အတည်း ဖြစ်နေတာကို ပိုမို နက်ရှိုင်းမသွားရအောင် ဟန့်တားတဲ့ အဆင့်လောက်ပဲ ဖြစ်ပါတယ်။ အခြေခံ ပြဿနာတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းပြီးပြီလို့ လုံးဝ မဆိုနိုင်ပါဘူး။ ဆိုတော့ အမေရိကန်ပြည်ထောင်စု နဲ့ ကမ္ဘာတ၀ှမ်းမှာပါ ငွေရေးကြေးရေး အဆောက်အဦတွေကို ဘယ်လို စီမံ ခန့်ခွဲကြတယ်။ ဘယ်လို စည်းကမ်းကနားတွေ နဲ့ ထိန်းချုပ်ကြတယ် ဆိုတာကို ပြန်ပြီး သုံးသပ်ဖို့ လိုအပ်လာပါတယ်။”

ဘဏ္ဍာရေး ဈေးကွက် တည်ငြိမ်အောင်လုပ်ရာမှာ အထောက်အပံ့ ဖြစ်စေဖို့အတွက် ဒေါ်လာ သန်းပေါင်း ၇ သိန်းကျော် အစိုးရက သုံးမယ့် ဒီကိစ္စကို အမေရိကန် အောက်လွှတ်တော်မှာ ၂၆၃ မဲ ၁၇၁ မဲ နဲ့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။

ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်တစ်အမတ် ဘာဘရာလီး (Barbara Lee) လို အမတ်တချို့ ကတော့ တနင်္လာနေ့တုန်းက ဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပေမယ့် သောကြာနေ့မှာတော့ သဘောတူ ပေးခဲ့ပါတယ်။

“စီးပွားရေး အခြေအနေကို မျက်လှည့်ပြသလို ချက်ချင်း အပြောင်းအလဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အလုပ်လက်မဲ့တွေ များနေတာ ချက်ချင်း နည်းပါးစေမှာ မဟုတ်သလို စီးပွားရေး ဆုတ်ယုတ်နေတာတွေလည်း ရုတ်တရက် ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါကိုတော့ ကျမတို့က ရိုးရိုးသားသား ၀န်ခံရပါလိမ့်မယ်။ ဒါပေမယ့် ကျမ ကတော့ ကျမတို့ဆီက သက်ကြီးရွယ်အိုတွေ ပင်စင်အပေါ်မှာ စိတ်ချရပါစေလို့ ဆိုပြီးတော့ပဲ ထောက်ခံလိုက်ပါတယ်။ ပြီးတော့ ကျမတို့ မဲဆန္ဒရှင်တွေ နေ့စဉ်ဘ၀ သက်သာရာ ရစေဖို့ကိုလည်း မျှော်လင့်ပါတယ်ရှင်။”

ဒါပေမယ့် ကော်လိုရာဒိုက ရီပါပလစ်ကန် အမတ် မာရီလင် မက်စ်ဂရေ့ (Marilyn Musgrave) တို့လို ပုဂ္ဂိုလ်တချို့ ကတော့ ဆက်ပြီး ငြင်းဆန်နေဆဲပဲ ဖြစ်ပါတယ်။


“ကျမတို့ အလောသုံးဆယ် လုပ်တဲ့ ဒီလုပ်ရပ်အတွက် အခွန်ထမ်း ပြည်သူတွေ မျိုးရိုးစဉ်ဆက် ပေးဆပ်နေကြရမှာ။ ပြီးတော့ ဒီလုပ်ရပ်ကြောင့် အကျိုးရှိလာမယ် ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ မှားတဲ့လုပ်ဆောင်ချက်တွေကို ဆုချသလို မလုပ်သင့်ပါဘူး။ Wall Street ဟာ အခုထိ ဒါကို သင်ခန်းစာ မရသေးပါဘူး။ ဒါကို ကျမတို့ ဆက်လက် ခွင့်မပြုသင့်ပါဘူး။”

ဒီ အောက်လွှတ်တော်အမတ် အားလုံး လိုလိုဟာ နောက်တပတ် အကြာမှာ ပြန်လည် အရွေးခံကြမှာ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေက သူတို့ဆီကို တယ်လီဖုန်း တဂွမ်ဂွမ် ဆက်ပြီးတော့ ဘဏ္ဍာရေး ကယ်တင်မှု ဥပဒေကို မထောက်ခံကြပါနဲ့လို့ ပြောကြားနေခဲ့ကြတာလည်း အများအပြားပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဥပဒေကြမ်းကို မဲခွဲပြီး မကြာခင်မှာပဲ သမ္မတ ဘုရှ် ကတော့ လက်မှတ်ရေးထိုးလိုက်ပါပြီ။ ဒီကိစ္စကို ထောက်ခံခဲ့ကြတဲ့အတွက် နှစ်ပါတီစလုံးက အမတ်တွေကို ကျေးဇူးစကားဆိုရင်း ဒီဥပဒေကြမ်း အတည်ဖြစ်သွားတာဟာ ကမ္ဘာတခွင်လုံးအတွက် ကောင်းသတင်းဖြစ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ မိမိတို့ရဲ့ ဘဏ္ဍာရေး ဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်တယ်။ အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေးလောက ရဲ့ ဦးဆောင်မှုကဏ္ဍမှာ ရှိနေဆဲပဲ ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

ဒါဖြစ်ရင် ဒီဥပဒေကြမ်းကို လက်မှတ်ရေးထိုးပြီးမှ Wall Street မှာ ဘာကြောင့် ဈေးကွက်တွေ အရှုံးပေါ်ခဲ့ရသလဲ ဆိုရင် တချက်ကတော့ စက်တင်ဘာလအတွင်း အမေရိကန်မှာ အလုပ်အကိုင် ဆုံးရှုံးမှုပေါင်း ၁ သိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုတဲ့ အလုပ်သမားဌာနရဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ ၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး အလုပ်အကိုင် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ အလုပ်အကိုင် ဆုံးရှုံးမှုဟာ စီးပွားရေး ပညာရှင်တွေ ခန့်မှန်းတာထက် ပိုပြီး အရှိန်အဟုန်တွေ မြန်ဆန်နေပါတယ်။ တချိန်တည်းမှာပဲ ပြဿနာတက်နေတဲ့ ၀ါရှိုဗီယာ (Wachovia) ဘဏ် ကို လွှဲပြောင်းယူနိုင်ဖို့ အတွက်လည်း အမေရိကန်ဘဏ်တိုက်ကြီးတွေက အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ ၀ဲလ်စ် ဖာဂို (Wells Fargo) ဘဏ်ကတော့ အစိုးရ အထောက်အပံ့ မယူဘဲ ဒေါ်လာ သန်းပေါင်း ၁၅,၀၀၀ နဲ့ သူ့ဟာသူ စိုက်ယူမယ်လို့ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးဂရု(ပ်) (Citigroup) ကတော့ အမေရိကန် ပြည်ထောင်စု အာမခံ ကော်ပိုရေးရှင်း အကူအညီယူပြီး ၀ယ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ကတော့ ဒီကိစ္စကို အဆုံးအဖြတ်ပေးဖို့ စဉ်းစားဖို့ အချိန်မရသေးဘူးလို့ ဆိုထားပါတယ်။

ကုလသမဂ္ဂမှ စစ်အစိုးရတရားဝင်မှု ရုပ်သိမ်းရေးအဆို ပယ်ချခဲ့ခြင်း မဟုတ်
Kaowao အောက်တိုဘာ ၄ ၊ ၂၀၀၈။

မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU က ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံစစ်အစိုးရ ကုလသမဂ္ဂတွင် တရားဝင်မှုမရှိကြောင်း အဆိုတင်ပြချက်အပေါ် ကုလသမဂ္ဂမှ ပယ်ချကြောင်း သတင်းဌာနအချို့ ဖော်ပြချက်များ မှားယွင်းနေကြောင်း MPU မှ မွန်ပြည်နယ်၊ သထုံမြို့ အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

“ကုလသမဂ္ဂ ဥပဒေရေးရာရုံး ဥက္ကဌ၊ ပက်ထရီရှာ အို ဘရိုင်ယန် (Patricia O'brien) ကျနော်တို့ထံ အကြောင်းပြန်ကြားရာမှာ Reject ပယ်ချတယ် ဆိုတဲ့စကားလုံး မပါဘူး၊ အဲဒီအဓိပ္ပာယ်လည်း မပေါက်ဘူး၊ MPU တင်သွင်းချက်တွေမှာ သူတို့ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက် တွေ့ရှိပါတယ်၊ လုပ်ထုံး လုပ်နည်းအရ လိုအပ်ချက် တွေ့ရှိနေတဲ့ ကိစ္စရပ်ကို အကြောင်းပြန်တာပါ။

လွန်ခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့၌ နိုင်ငံခြား မြန်မာပိုင်းဌာနများနှင့် အင်တာနက်သတင်းများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU တင်ပြချက်ကို ကုလသမဂ္ဂမှ ပယ်ချကြောင်း သတင်းဖော်ပြခဲ့ပါသည်၊ ယင်းဆုံးဖြတ်ချက်ကို MPU မှ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရုံး ပြောဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်ဟု ကိုးကား ဖော်ပြခဲ့ပါသည်။

MPU မှ ပြောကြားရာတွင် နအဖကို တရားဝင်သည်ဟု ကုလသမဂ္ဂ အနေဖြင့် သတ်မှတ်ခြင်းလည်း မဟုတ်ပါ၊ MPU မှ တင်ပြချက်များ ကုလသမဂ္ဂရုံးတွင် ဆက်လက်အမှု ဖွင့်ထားဆဲဖြစ်ပြီး ကုလသမဂ္ဂ ချမှတ်ထားသည့် စည်းမျဉ်း အမှတ် ၂၇ နှင့် ကိုက်ညီစေရန် အချက်အလက်များ ထပ်မံဖြည့်ဆည်းရပါလိမ့်မည်၊ လာမည့် အောက်တိုဘာလ ၆ ရက်နေ့ တွင်လည်း အဖွဲ့ဝင် ၉ ဦးပါ Credential Challenge ကော်မတီ အစည်းအဝေးပြန်လည် ကျင်းပမည်ဖြစ်ပြီး ကုလသမဂ္ဂ ဥပဒေရေးရာရုံးမှ တင်ပြချက်ကို ဆက်လက်ဆွေးနွေးဆုံဖြတ် သွားမည် ဖြစ်သည်။

အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ အချေအတင်ဖြစ်ပွား
ရိုးမ ၃။ အောက်တိုဘာ ၄၊ ၂၀၀၈

ပြီးခဲ့သည့် တနင်္လာနေ့ ရုံးချိန်းတွင် အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ စကားအချေအတင် ဖြစ်ပွားခဲ့သည်။

အရှင်ဂမ္ဘီရ၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ရှိန်အား လျှောက်လဲချက်ပေးမရအောင် တရားသူကြီး၊ ဥပဒေဆွဲချနှင့် စာရေးမ ၂ ဦးက ဝိုင်းနှောင့်ယှက်သဖြင့် အရှင်ဂမ္ဘီရနှင့် စကားအချေအတင်များ ခဲ့ကြသည်။

“ဦးဇင်းက အဲဒီမှာ ထပြောတာ၊ ငါ့ရှေ့နေကို ဘာမှ အတင်းအကြပ်ပြောနေစရာမလိုဘူး၊ ငါ (FDB)နဲ့လည်း အဆက်အသွယ် လုံးဝမရှိဘူး၊ တရားခွင်မှာ ဒီလိုအနိုင်မကျင့်နဲ့၊ မကျေနပ်ရင် ကြိုးပေးလိုက်ကွ ဆိုပြီးပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီနှင့် ရွှေဝါရောင်တော်လှန်ရေးအား နာမည်ဖျက်ရန်အတွက် အမျိုးမျိုး လုပ်ဆောင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“အာဏာပိုင်တွေက ဦးဇင်းရဲ့ညီအရင်း အောင်ကိုကိုလွင်ကို စည်းရုံးနေတာ၊ သူတို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ဦးဇင်းတို့ကို နာမည်ဖျက်မယ်၊ ဖေါက်ခွဲရေးပုဒ်မတွေနဲ့ တပ်ပြီး လုပ်ချင်နေ တာ”ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီရ၏နှမဖြစ်သူအား ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းများ မပြုလုပ် ရန် လက်မှတ်ထိုးခိုင်းသည့်အတွက် လက်မှတ်ထိုးပေးခဲ့ကြောင်း မိသားစုဝင်က ဆက်လက် ပြောဆိုခဲ့သည်။

အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းနေမကောင်းဖြစ်တယ်၊ အခုတော့ သက်သာသွားပါပြီ၊ စိတ်ညစ်စရာတွေများတော့ ပင်ပန်းသွားပြီးဖြစ်တာ”ဟု ဆက်လက်ပြော သည်။

အရှင်ဂမ္ဘီရ၏ညီအစ်ကိုတော်များ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံနေရ
ဖြိုးကြီး။ အောက်တိုဘာ ၄၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက အရှင်ဂမ္ဘီရ၏ ညီဖြစ်သူနှင့် ယောက်ဖတို့နှစ်ဦးအား စစ်ကြောရေး စခန်းတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ဖောက်ခွဲ (၃) နှင့် ရုံးတင်ရန် လုပ်ဆောင်နေသည်။

ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့နှစ်ဦးအား ဘားလမ်းအချုပ်တွင် အာဏာပိုင်များက ရိုင်းစိုင်းစွာ ပြောဆိုရိုက်နှက်ခဲ့ကြပြီး ပြီးခဲ့သည့်လ (၂၉) ရက်နေ့က မြောက်ဒဂုံတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့သည်။

“ထောက်လှမ်းရေးနဲ့ SB အယောက်နှစ်ဆယ်က ကိုမိုးထက်လျှမ်းကို ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်တယ်၊ အလှည့်ကျ တယောက်ပြီးတယောက် စစ်နေတာ၊ နံပါတ် တုတ်နဲ့လည်း ရိုက်တယ်၊ ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်ကတက်လှိမ့်တာ အဲလိုတွေ ကို လုပ်တာ”ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက ကိုမိုးထက်လျှမ်းအား ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် အရှင် ဂမ္ဘီရ၏ ယောက်ဖတော်စပ်သည့်အတွက် အငြိုးအတေးများဖြင့် ပြောဆိုပြမှုဆက်ဆံခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အောင်ကိုကိုလွင်ကိုတော့ အာဏာပိုင်တွေက အခုပြန်စည်းရုံးနေတယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မှာ၊ အဲဒါ မင်းက အစိုးရသက်သေလုပ်ရင် လွှတ်ပေးမယ်ဆိုပြီး အတင်းဖြောင့်ချက်ပေးခိုင်း နေတာ”ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက ကိုအောင်ကိုကိုလွင်အား တရားသူကြီးရှေ့တွင် ကြိုတင် အစစ်ဆေးခံချက် ဆိုပြီး အရင်ထွက်ချက်တွေကို ပေးခိုင်းကာ စည်းရုံးမှုများပြန်လုပ်နေတယ်ဟု ဆက်ပြောသည်။

“အောင်ကိုကိုလွင်ကို (၁၁) ရက်နေ့က မိတ္ထိလာကနေဖမ်းတာ၊ စိုးလွင်နဲ့ ရဲညွန့်တို့လည်း ပါတယ်၊ (၁၂) ရက်နေ့မှာ ညောင်ဦးလေဆိပ်ကနေ လေယဉ်နဲ့ခေါ်လာတာ၊ မိုးထက်လျှမ်းကို (၇) ရက်နေ့ကနေ(၂၆)ရက်နေ့ထိ စစ်တယ်၊ အောင်ကိုကိုလွင်ကို (၁၂) ရက်နေ့ကနေ (၂၆)နေ့ထိ စစ်တာ”ဟု မိသားစုဝင်က ဆက်ပြောသည်။

လှိုင်မျိုး၊ ကျော်မျိုးထက်၊ စိုးလွင်နှင့် ရဲညွန့်တို့ လေးဦးအား (၁၂) ရက်နေ့တွင် မြောက်ဒဂုံရဲစခန်း သို့ ပြောင်းရွှေ့ချုပ်နှောင်ထားပြီး (၂၆) ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ (၃၀) ရက်နေ့မှ စတင်၍ စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိသည်။

ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့အား မြောက်ဒဂုံတရားရုံးမှ လာမည့် (၁၀) ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်သည်။

နအဖ လိုလားသော အဖွဲ့အစည်းများ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက်ပြင်ဆင်
10/4/2008

နအဖ စစ်အစိုးရကို လိုလားသော ပါတီအဖွဲ့အစည်းများ အနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် ကွင်းဆင်းစည်းရုံး ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုအထဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)နှင့် နိုင်ငံရေး အမျိုးသားအင်အားစုဆိုသည့် အဖွဲ့အစည်း နှစ်ခုတို့ပါဝင်သည်ဟု ရခိုင်နိုင်ငံရေးသမား တဦးက ပြောသည်။

“တစည ပါတီက ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ပထမ အဆင့် အနေနဲ့ သူ့ပါတီိကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အမာခံတွေနဲ့ ဖွဲ့စည်း တာပါ။ အမျိုးသား အင်အားစုကလည်း ခုအခါမှာ စစ်တွေမှာ နီးစပ်ရာနီးစပ်ရာ လူတွေကိုစည်း ရုံးပြီး ရခိုင်ပြည်နယ်ဗဟိုနဲ့ မြို့နယ်တွေကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။” ဟု သူက ပြောသည်။

တစညပါတီအနေဖြင့် ပါတီ မူဝါဒ ရေးရာ စာစောင်အားလည်း ပါတီပြန်လည် ဖွဲ့စည်းသည့် ခရီးစဉ် အတွင်း သူတို့၏ ထောက်ခံသူများ အကြား ဖြန့်ဝေခဲ့သည်ဟု သိရှိရသည်။

အမျိုးသားအင်အားစု ဆိုသည့် အဖွဲ့အစည်းနှင့် ပတ်သက်ပြီးလည်း အမည် မဖေါ်လိုသူ တဦးက “ကျနော်ကိုလာစည်းရုံးတာကတော့ စီးပွားရေးကို အကြောင်းပြပြီး လာစည်းရုံးတာပါ။ အဲဒီ အဖွဲ့အစည်းထဲကိုဝင်ရင် စီးပွားရေးအခွင့်အရေးရမယ်။ အထူးသဖြင့် နအဖ စစ်အာဏာပိုင်တွေက စီးပွားရေးလုပ်ပိုင်ခွင့် လိုင်စင်တွေချပေးမယ်။ ဒါပေမယ့် အဲဒီအထဲက သုံးပုံတပုံကို ပါတီရံပုံငွေအတွက် ပေးရမယ်ဆိုပီး ပြောပါတယ်။ ကျနော်က နိုင်ငံရေးအမျိုးသား အင်အားစုဆိုတဲ့အဖွဲ့ကို သေသေချာချာ မသိသေးတော့ ဘာမှမပြောလိုက်ပါဘူး။ အဓိကအားဖြင့် သူတို့ စည်းရုံးနေတာက မြို့ပေါ်က အလယ်အလတ် စီးပွားရေးချမ်းသာတဲ့ လူလတ်ပိုင်း အရွယ် တွေကို စည်းရုံးနေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ နအဖ စစ်အာဏာပိုင်များက သူတို့နှင့် နီးစပ်သော ပါတီများ၏ စည်းရုံးလှုပ်ရှားခွင့်ကို ရခိုင်ပြည်နယ်တွင် ခွင့်ပြုပေးနေသော်လည်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့၏ လှုပ်ရှားမှုအပေါ် အထူးတင်းတင်းကျပ်ကျပ် ပိတ်ပင် ကန့်သတ်တားဆဲဖြစ်ပြီး အဆိုပါအဖွဲ့အစည်းနှစ်ခုမှ တက်ကြွစွာ လှုပ်ရှားသူ အများအပြား ကိုလည်း ဆက်လက် ဖမ်းဆီးထောင်ချထားသည်။

အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ တကယ် ဆန္ဒပြမှာလား
10/4/2008
ရခိုင်ပြည်နယ် စစ်တွေတွင် နယ်မှအဝေးသင်ကျောင်းသားများ စာမေးပွဲဖြေဆိုရန် ရောက်ရှိနေပြီး အဆိုပါကျောင်းသားများ ရောက်ရှိနေစဉ်အတွင်း စစ်တွေတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်မည် ဆိုသောကြောင့် စစ်တွေ မြို့သူ မြို့သားများက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။
အိုးတန်းရပ်ကွက်မှ ကျောင်းဆရာမတဦးက “လူတိုင်းက အပြောင်း အလဲကို လိုလားနေတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မယ် ဆိုတဲ့အပေါ် အားပါနေကြတာပေါ့။ အဝေးသင်ကျောင်းသားတွေ တကယ်ဆန္ဒပြမလားဆိုပီး လူတွေက စိတ်ဝင်စားနေကြပါတယ်။” ဟု ပြောသည်။

စစ်တွေတွင် ရခိုင်ပြည်နယ် နေရာပေါင်းစုံမှ အဝေးသင် ကျောင်းသားအများအပြား စားမေးပွဲ ဖြေဆိုရန် ရောက်ရှိနေပြီး ကျောင်းသား စုစုပေါင်း ၆၀၀၀ ကျော်ခန့်ရှိကြောင်း ကျောင်းသားတဦးက ပြောသည်။

“ကျနော်တို့ အဝေးသင် တက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြ မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကျနော်တို့ ကျောင်းသားတွေ အုပ်စုဖွဲ့ပီး သွားရင် စစ်တွေကလူတွေ မသိမသာနဲ့လှမ်းကြည့်နေကြတာပါဘဲ။ အာဏာပိုင်တွေ ဘက်က တော့ စောင့်ကြည့်နေတဲ့ သဘောရှိပါတယ်။”

ပြည်သူများ ကျောင်းသားများအပေါ် လှမ်းကြည့်ခြင်းမှာ ဆန္ဒပြပွဲ တွေ ပေါ်ပေါက်တာကို မြင်ချင်သည့် သဘောဖြစ်ပြီး အာဏာပိုင်များက စောင့်ကြည့်နေခြင်းမှာ ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ဖြိုခွဲလိုသည့်သဘော ဖြစ်သည်ဟု အဆိုပါကျောင်းသားက ပြော သည်။

ထိုကဲ့သို့ ဆန္ဒပြမည့်သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေတွင် ရွှေဝါရောင်နှစ်ပတ်လည်နေ့ ကျော်လွန်သွားပြီ ဖြစ်သော်လည်း လုံခြုံရေးကို ရုတ်သိမ်းခြင်းမရှိဘဲ ဆက်လက် တင်းကျပ်စွာချထားဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းမှူးသောင်းအေး စစ်တွေတွင် ပေါ်ပေါက်သော ဆန္ဒပြပွဲများ အပေါ် အပြစ်မမြင်
10/4/2008

ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် အသစ်ရောက်ရှိလာသူ ဗိုလ်ချုပ်သောင်းအေးသည် စစ်တွေတွင် ပေါ်ပေါက်နေသော ဆန္ဒပြပွဲများ အပေါ် အပြစ်မြင်သည့် သဘောမရှိကြောင်း စစ်တွေကနိုင်ငံရေးလေ့လာ အကဲခတ်သူတဦးက ပြောသည်။
သူက “ကျနော်တို့ မြို့မိမြို့ဖတွေကို လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က ဦးဥတ္တမခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ အဓိကတော့ စစ်တွေမှာ ရေရရှိရေးမီးရရှိရေး ကိစ္စ တွေကို တိုင်းမှူးကဆွေးနွေးတာပါ။ ဒါပေမယ့်လည်း အရင်တိုင်းမှူးတွေလို အစည်းအဝေး လုပ်တိုင်း ဆန္ဒပြပွဲတွေလုပ်ရင် ဖမ်းမယ်ဆီးမယ်။ ဖြိုခွင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တာမရှိဘူး။ သူက စစ်တွေအခြေအနေကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ဘဲ ပြောပါ တယ်။”ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် ကြိုးပမ်းမှုမှာ လွန်ခဲ့သော ၂ လအတွင်း အနည်းဆုံး လေးကြိမ်ခန့်ရှိခဲ့ပြီး စက်တင်္ဘာလ ၂၇ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြနိုင်ခဲ့သည်။

အလားတူ စက်တင်္ဘာလ ၂၈ ရက်နေ့ကလည်း နည်းပညာကော လိပ်မှ ကျောင်းသားများအနေဖြင့် ကျောင်းကား မစီစဉ်ပေးမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ၁၁ မိုင်ခန့်ခရီးကို ခြေလျင်လျောက်ကာ ဆန္ဒပြခဲ့ကြသည်။

ထိုသို့ ကြီးမားသော လှုပ်ရှားမှု (၂) ကြိမ်တိုင်တိုင် ပေါ်ပေါက် ခဲ့သော်လည်း ရဟန်းတော်တပါးအား ခေတ္တထိန်းသိမ်းမေးမြန်းရုံမှအပ အဖမ်းအဆီးများ မရှိခဲ့ကြောင်း သိရှိရသည်။

“ရခိုင်အမျိုးသားတွေ ဘာကြောင့် စစ်အစိုးရအပေါ် မကျေနပ်မှု တိုးပွားနေရသလဲဆိုတာကို အာဏာရှိအထက်လူကြီးတွေ သိပါတယ်။ စစ်တွေမြို့ပေါ်မှာ လမ်းတ လမ်းမှ အကောင်းမရှိဘူး။ သာမန်လမ်းတွေကိုထား မြို့ထဲက အဓိကကျတဲ့ မင်းဗာင်္ကြီးလမ်းဆိုရင် ကတ္တရာစေးတောင်မရှိဘူး။ နေရာတိုင်း ချိုင့်ခွက်ကြီးတွေနဲ့ သွားလာလို့မရအောင် ဖြစ်နေတယ်။ ပြုပြင်တာမရှိဘူး။ ရေပုံမှန်မလာဘူး။ မီးက တနေ့ ၂ နာရီသာရတယ်။ ဗမာပြည်က မြို့တွေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ အပုံတရာကွာပါတယ်။” ဟု သူကပြောသည်။

ယခုကဲ့သို့ အစစအရာရာ ဖိနှိပ်ခံနေရသော ရခိုင်ပြည်သူများ အနေဖြင့် နအဖစစ်အစိုးရ အပေါ်ဆန့်ကျင်လိုစိတ် ပြင်းပြနေခြင်းမှာ အပြစ်တခုအဖြစ် တိုင်းမှူး သောင်းအေးက သဘောထားပုံမရဟု အဆိုပါ နိုင်ငံရေးလေ့လာ အကဲခတ်သူက ပြောကြားသည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးက ကျောင်းသားမိဘများထံမှ ငွေကောက်ပြီး အလွဲသုံးစားလုပ်
10/4/2008
မောင်ရမ္မာ၊ ခိုင်မင်းမူ(နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကျော်ကျော်နိုင်က ပျက်စီးနေသော တံတားတခုအား ပြန်လည်တည်ဆောက် လုပ်ပေးမည်ဟု အကြောင်းပြကာ ကျောင်းသားမိဘများထံမှ ငွေကောက်ခံပြီး အဆိုပါငွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်လိုက်သဖြင့် ကျောင်းသားမိဘများအကြား အထူး မကျေနပ်မှုများ တိုးပွားနေကြောင်း ကျောင်းသား မိဘတဦးက ပြောသည်။
သူက “အောင်မင်္ဂလာရပ်ကွက်နဲ့ အထက ၆ အကြား တံတား ကျိုးပျက်နေတာကို ပြန်လုပ်ပေးမယ်ဆိုပီး ကျော်ကျော်နိုင်က သြဂတ်(စ်)လကစပြီး ကျောင်းသား မိဘတဦးစီဆီက ကျပ်ငွေ ၁၀၀၀ စီ ကောက်ခံခဲ့ပါတယ်။ ကျနော်တို့က သားသမီးတွေ အချိန်တို အတွင်း ကျောင်းတက်နိုင်ရေးကို မျှော်ကိုးပြီးတော့ ငွေထည့်ခဲ့ကြပါတယ်။ ငွေတသိန်းခွဲထိ ရရှိပါ တယ်။ အဲဒီငွေကို သူယူသွားပြီးတော့ အခုအချိန်ထိ တံတားကိုပြန် လုပ်မပေးဘဲထားပါတယ်။” ဟု နိရဉ္စရာသို့ ပြောသည်။

အဆိုပါတံတား ပြန်လည်ပြုပြင်ရန်အတွက် ငွေကောက်ခံခဲ့သော ကျေးရွာများမှာ အောင်မင်္ဂလာအထက်ရွာ၊ အောက်ရွာနှင့်တခြားမူဆလင် ကျေးရွာနှစ်ရွာတို့ ဖြစ်သည်။

ကျော်ကျော်နိုင်မှာ အောင်မင်္ဂလာ ကျေးရွာသားတဦးဖြစ်ပြီး မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးတွင်လည်း တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတဦး ဖြစ်သည်။

အဆိုပါ ပြန်လည် ပြုပြင်မည့်တံတားမှာ အရှည်ပေ ၁၀၀ ခန့်ရှိပြီး စစ်တွေမြို့နယ် မြောက်ဘက်ရှိ အောင်မင်္ဂလာကျေးရွာနှင့် အထက ၆ အကြားတွင် တည်ရှိသည်။

“စက်တင်္ဘာလ နောက်ဆုံးပတ်က ကျနော်တို့ကျောင်းသား မိဘတွေ စုပီး သူ့ဆီကို သွားခဲ့ပါတယ်။ သူနဲ့တွေ့တော့ ခင်ဗျားအနေနဲ့ တံတားကို မလုပ်ပေးရင် အဲဒီငွေကို ပြန်ပေးပါဆိုတော့ သူကတံတားကိုလည်း လုပ်မပေးနိုင်ဘူး၊ ငွေကိုလည်း ပြန်မပေးနိုင် ဘူး။ ပီးရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာမှာသွားတိုင် အရေးမစိုက်ဘူးဆိုပြီး ပြောလွှတ်လိုက်ပါတယ်။ သူက အာဏာပိုင်တွေနဲ့ပေါင်းပြီး ဒေသခံတွေကို အနိုင်ကျင့်နေတော့ ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဘယ်နေရာကို သွားတိုင်ရမှန်းမသိ ဖြစ်နေကြရ ပါတယ်။” ဟု သူက ဆက်ပြော သည်။

ကျော်ကျော်နိုင်မှာ အထက်အာဏာပိုင်များနှင့် ပူးပေါင်းကာ ကျောင်းသားမိဘများနှင့် ဒေသခံပြည်သူများထံမှ အဓမ္မငွေကောက်ခံနေသည့်အပြင် ယခုကဲ့သို့ အများပိုင်ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုနေသဖြင့် ကျောင်းသားမိဘများနှင့် ပြည်သူများ အကြား အထူးမကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းရရှိသည်။