Tuesday, October 7, 2008

ဒီနေ့မြန်မာ့အလင်းရဲ့ခေါင်းစီးစာတန်း

ဖျာပုံကသူ့အမျိုးတွေကို ၀ံကြီးကျူပ်-သိန်းစိန်သီးသန့်မှာသောစကားဖြစ်သည်။ပြည်သူများမှာစုဖို့နေနေ
သာ၊အလုပ်ကပြန်လာရင်ဘယ်ဆိုင်အကြွေးရမလည်းပဲစဉ်းစားနေရတာပါ။
Photobucket

ဆွေးနွေးခန်း

ရန်ကုန်ကရာဇ၀င်အကြမ်းဖက်သမားများ

သေနတ်တဖက် ကလောင်တဖက်

တာရာလင်းယုန်
အောက်တိုဘာ ၆၊ ၂၀၀၈

ဗမာပြည်တွင်စစ်ဗိုလ်များ တမိုးလုံးဖျောက်ဆိတ်ဖြစ်နေသည်။ ကြာပြီ။

သို့သော် ထူးထူးခြားခြား ပြောစရာဖြစ်နေသည်က စာပေလောကဖြစ်သည်။ စာပေ-မီဒီယာလောကမှာ စစ်ဗိုလ်များ၏မိုး ဖြစ်နေသည်ဟု ဆိုလိုက်လျှင် အခြားနိုင်ငံများမှ အကြောင်းမသိသူများ အံ့သြသွားကြမည်။ ဗမာပြည်မှစစ်ဗိုလ်များ စာပေလိုက်စား လှချေလား၊ စာပေအရည်အချင်း မြင့်မားလှချည့်လားဟု မသိသူများက ထင်ကောင်းထင်ကြပေမည်။ ပြန်စဉ်းစားလိုက်လျှင် ဗမာပြည်လောက် စစ်ဗိုလ်စာရေးဆရာ ပေါများသောနိုင်ငံ ကမ္ဘာတွင် အခြားမရှိ ဆိုသည်ကိုလည်း တွေ့ကြရမည်။

ရေးလည်းရေးနိုင်ကြပါပေသည်။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ရုပ်ရှင်ဇာတ်ညွှန်း၊ အကုန်ရေးသည်။ အမေရိကန် မကောင်းဘူး၊ (တချိန်ကတော့ တရုတ်မကောင်းဘူး)၊ အင်န်အယ်လ်ဒီ မကောင်းဘူး။ ဗကပမကောင်းဘူး၊ ဖဆပလ မကောင်းဘူး။ တိုင်းရင်းသားတွေ မကောင်းဘူး၊ ကျောင်းသားတွေ မကောင်းဘူး။ သူတို့မှတပါး ဘယ်သူမှ မကောင်းဘူး။ ဘာပဲရေးရေး၊ နှစ်နှစ်-သုံးနှစ်လောက်နေလျှင် အမျိုးသားစာပေဆုကို မျှော်မှန်းနိုင်ပြီ။ အမျိုးသားစာပေ ဆုရှင် စစ်ဝန်ထမ်းအရေအတွက်သည် မှန်မှန်ကြီး တိုးတက်နေသည်။ ဤတိုင်းပြည်တွင် စစ်သားဦးရေနှင့် အရပ်သားဦးရေ အချိုးအစားမှာ တစ်အချိုး တရာခန့် ဖြစ်သည်။ သို့သော် အမျိုးသားစာပေ ဆုရသူ အချိုးအစားမှာ တစ်အချိုးလေး၊ တစ်အချိုး သုံးလောက် ဖြစ်လာနေသည်။

တကယ်ကတော့ ဗမာပြည်တွင် တပ်မတော်အမှုထမ်းများ စာရေးဆရာလုပ်သည် ဆိုခြင်းမှာ ဆန်းသည့်ကိစ္စမဟုတ်။ လွတ်လပ်ရေးရပြီးကာစ ကာလတွင်ပင် တွေ့ကြရသည်။ နာမည်ကျော်ကြားသူ၊ မကျော်ကြားလှသူ၊ အောင်မြင်သူ၊ မအောင်မြင်သူ၊ အမျိုးမျိုးပင်ရှိသည်။ သို့သော် ထူးခြားသည်မှာ ထိုစဉ်က တပ်မတော်ထဲ၊ အထူးသဖြင့် တပ်မတော်အရာရှိများထဲတွင် တပ်မတော် တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသူများ များပြားသေးသလို စာရေးသော တပ်မတော်ဝန်ထမ်းများထဲတွင်လည်း ယခုကဲ့သို့ ဝါဒဖြန့် လုပ်ငန်း သဘောထားပြီး စာရေးနေသူများ နည်းလှပေသည်။ မောင်သော်က၊ ဆရာဝန်မောင်သင်၊ ဝင်းဦး၊ လေသူရဲတဦး၊ ဗိုလ်မြင့်၊ နာမည် ကျော်ကြားခဲ့၊ စာဖတ်သူများက သဘောကျခဲ့သည့် စာဆိုစစ်သည်များ၏ နာမည်အရေအတွက်မှာ မနည်းလှပါ။ သို့သော် သူတို့သည် သူတို့၏စာကို ဝါဒဖြန့်ချိရေးပစ္စည်းအဖြစ် အသုံးချမခံခဲ့ဘူး ဆိုသည့်အချက်ကို သတိထားမိသည်။

အလှည့်အပြောင်း၏အစမှာ တပ်မတော်အတွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်ဂိုဏ်းက အုပ်စီးထားသော ဆိုက်ကို ခေါ် စိတ်ဓာတ်စစ်ဆင်ရေးဌာနကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုဌာနမှနေ၍ တပ်တွင်းရှိစာရေးသူများထဲမှ သူတို့လိုချင်သူအချို့ကို ရွေးခေါ်ခဲ့သည်။ အခေါ်ခံရသူများ မငြင်းနိုင်ပါ။ သို့တိုင်အောင် စာရေးဆရာမင်းရှင်လို လူအချို့ကဆိုလျှင် ဆိုက်ကိုဌာနတွင် ဝင်ရောက် လုပ်ကိုင်ရာ၌ စာဖတ် ပရိသတ် လက်ခံထားသော မိမိ၏ ပင်ကိုကလောင်နာမည်ကို လုံးဝ အသုံးမပြုခဲ့ကြချေ။ ကိုယ့်ကလောင်ညစ်နွမ်းမှာကို ရှောင်ကျဉ်ကြသည်။

သို့သော် ဤအချိုးအကွေ့မှာ သာမန်အချိုးအကွေ့မဟုတ်၊ ဗမာပြည်သမိုင်းကို ကြီးမားစွာ ဂယက်ရိုက်မည့် အပြောင်းအလဲကြီးတရပ် ပေါ်ပေါက်လာသည့်အချိန် ဖြစ်နေသည်။ အခြားမဟုတ်ပါ၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်တို့က တပ်မတော်တွင်း၌ ဆိုရှယ်လစ်စစ်ဗိုလ်များ၏ ဂိုဏ်းကို ထူထောင်လာခြင်းဖြစ်သည်။ တဆက်တည်းမှာ ယင်း၏နောက်ဆက်တွဲများဖြစ်သော ၁၉၅၈ခုနှစ် အာဏာသိမ်းမှု၊ စစ်ထောက်လှမ်းရေး တွင်ကျယ်လာမှု၊ ထိုမှတဆင့် ၁၉၆၂ခုနှစ် အာဏာသိမ်းမှုအထိ ဆက်တိုက်ဖြစ်လာသည်။ အာဏာရ ဖဆပလအစိုးရ၏ ပျော့ညံ့မှုကြောင့် စစ်အုပ်စုသည် လေးငါးခြောက်နှစ်အတွင်း တဟုန်ထိုး ရှေ့ထွက်လာခြင်းဖြစ်သည်။ ဗိုလ်နေဝင်းတို့၏ အုံဖွ မန်းချက်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည် တမုဟုတ်ခြင်းပင် ဆိုရှယ်လစ်ခေတ်သို့ ရောက်ရှိသွားတော့သည်။ သို့ဖြင့်တပ်မတော်အရာရှိ အများစုမှာ မိမိတို့အသက်ရှင် ရပ်တည်ရေးအတွက် မဆလပါတီထဲသို့ ဝင်ကြရတော့သည်။

မဆလပါတီဆိုသည်မှာ ဆိုရှယ်လစ်ပါတီ အမည်ခံထားသော်လည်း စင်စစ်တွင် စစ်အုပ်စုပါတီသာ ဖြစ်သည့်အလျောက် မဆလပါတီထဲတွင် တွင်ကျယ်၊ နေရာရလိုသူများမှာ စစ်အုပ်စုအလိုကျများ လုပ်ကြရတော့သည်။ နဂိုက သာမန်တပ်မတော်သားများ၏ ခံစားချက်များကို စာဖွဲ့နေသော ကဗျာဆရာထီလာစစ်သူသည် စစ်အုပ်စုအတွက် ဝါဒဖြန့်ပေးသူ ဖြစ်လာခဲ့သည်။ သို့ဖြင့် အချိန် တချိန်သို့ ရောက်သောအခါ ဝန်ကြီးဖြစ်လာခဲ့သည်။ သူလို အရေခွံပြောင်းရန် ငြင်းဆန်ခဲ့သော ဗိုလ်မှူးမောင်သော်ကမှာတော့ ထောင်တွင်း၌ သေသွားအောင် စစ်အုပ်စုက ဇာတ်လမ်းဆင်ခြင်း ခံခဲ့ရသည်။ အခြားသော ဗိုလ်နေဝင်းတို့ စစ်အုပ်စုကို မထောက်ခံသူများလည်း တဖြည်းဖြည်းဖြင့် တပ်မတော်ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။ စစ်အာဏာရှင်များ၏ စစ်တပ်အတွင်း၌ ဦးနှောက်ဖြင့်စာရေးသူများအတွက် နေရာ မရှိတော့။

အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ ဗမာနိုင်ငံ၏ နယ်ပယ်အသီးသီးကို စစ်ဗိုလ်များက ချုပ်ကိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ စာပေအနုပညာ၊ ရုပ်ရှင်၊ အကုန်ပဲဟု ဆိုရမည်။ ပိုဆိုးသည်က သူတို့သည် ထိုသို့ချုပ်ကိုင်ယုံနှင့် မကျေနိုင်ကြ။ သူတို့၏ သစ္စာရှိလူယုံများများနှင့် လွှဲထားယုံနှင့် မကျေနပ်နိုင်ကြ။ သူတို့ကိုယ်တိုင် နယ်ပယ်များအတွင်းသို့ သဏ္ဍာန်မျိုးစုံဖြင့် ပါဝင်လာ ကြသည်။ အထင်ရှားဆုံးဥပမာမှာ စာနယ်ဇင်းလောကပင်ဖြစ်သည်။

သတင်းစာမှန်သမျှမှာ စစ်အစိုးရပိုင်ဖြစ်သည်။ မီဒီယာအားလုံးကို စာပေစိစစ်ရေးက ချုပ်ကိုင်ထားသည်။ ဂျာနယ်မဂ္ဂဇင်းများထဲတွင် သူတို့လူတွေ ဝင်ထားသည်။ သူတို့သားသမီးများ၊ ကြံ့ဖွတ်များက ထုတ်ဝေနေခြင်း၊ ငွေထုတ်ပေးထားခြင်းများလည်း ရှိနေသည်။ သို့တိုင်အောင် သူတို့ အားမရနိုင်ကြ။ ကိုယ်တိုင် စာရေးဆရာလုပ်ကြသည်။ သူတို့မို့ရေးပြီဆိုလျှင် မည်သည့်အယ်ဒီတာကမျှ မပယ်ရဲသလို မည်သည့်စာပေစိစစ်ရေးကလည်း စာတလုံး မပြင်ရဲ။

ထို့ပြင်အာဏာရှိသူက စာရေးနေခြင်းဖြစ်သောကြောင့် စီးပွားရေးသက်သက်ကိုသာ ထောက်ရှုသည့် မီဒီယာလုပ်ကိုင်သူ အချို့ကလည်း သူတို့စာမူများကို ဖော်ပြခြင်းဖြင့် နအဖအာဏာပိုင်များကို မျက်နှာလုပ်ကြသည်။ ကံကောင်းလျှင် စက္ကူချပေးခြင်းလို လက်ငင်းအကျိုးခံစားခွင့်များပင် ခံစားရတတ်သည်မဟုတ်လော။

ယင်းသို့ တခေတ်ထလာသော စစ်ဝတ်စာရေးသူများသည် သူတို့ရေးချင်သည်များကို ရေးချင်သလိုရေးကြသည်။ တဖက်က ပြန်ချေပနိုင်ခြင်းမရှိခြင်းနှင့် စာပေစိစစ်ရေးက ဘာမှမပြောရဲသည်တို့ကို အခွင့်ကောင်းယူကာ အဖြစ်အပျက်များကို စောက်ထိုး ပြောင်းပြန်ရေးကြသည်။ သမိုင်းကိုပင် ပြင်ရေးကြသည်။ သမိုင်းမှ ခေတ်သစ်သမိုင်းကိုသာမက သမိုင်းမတင်မီကျောက်ခေတ် အကြောင်းကိုပင် သူတို့လိုချင်သလို ပြင်ရေး၊ ထင်သလို ရေးနေကြသည်။ သူတို့ကိုယ်တိုင်လည်း ရေးသည်၊ ခိုင်း၍ရသော သမိုင်း ဆရာတို့ကိုလည်း ရေးခိုင်းသည်။ ကွန်မြူနစ်တွေက “လူထုဟာ သမိုင်းကိုဖန်တီးသူ ဖြစ်သည်”ဟု ဆိုကြသည်။ နအဖခေတ်တွင်မူ သမိုင်းကို စစ်ဗိုလ်တွေက ဖန်တီးနေကြသည်။

သူတို့ကိုယ်ရည်သွေးတာ၊ မဏ္ဍပ်တိုင်တက်တာတွေကိုတော့ စကားလုပ်ပြီး ပြောနေစရာမလိုဟု ယူဆပါသည်။ သူတို့အထဲတွင် ဆရာကြီးဒေါက်တာသန်းထွန်းလို “ငါရေးချင်သမျှငါအကြောင်း” ရေးဝံ့သူရှိသလားဟုသာ မေးခွန်းထုတ်လိုပါသည်။ အကြောင်းက သူတို့ဘာအကြောင်းပဲရေးရေး၊ သိသိသာသာ ရှောင်ကွင်းရသည့် အချက်တချက်ရှိသည်။ ယင်းမှာ စစ်အုပ်စုတွေ၏ အတွင်းရေးများ ဖြစ်သည်။ ဤသစ္စာတော်ကို စစ်အုပ်စုပြင်ပရောက်သွားသူ၊ အထုတ်ခံရသူ၊ အထုခံရသူများပါ စောင့်ထိန်းရသည်။ စစ်အုပ်စု၏ အတွင်းရေးတွေကို သူတို့အများကြီး သိပါသည်။ သို့သော် ယောင်လို့ပင် မဟပါ။ အပုပ်ချပြီး အထုတ်ခံရသူပင်လျှင် သူ့ကို ဘယ်လို အပုပ်ချပြီး ထုတ်လိုက်တာဖြစ်ကြောင်း မရေးပါ။ ဒါဖြင့် သူတို့ကျေနပ်နေလို့လားလို့ မေးစရာရှိပါသည်။ သူတို့ မကျေနပ်ယုံမက ခံစားမှုများလည်း ရှိကြပါသည်။ သို့သော် သူတို့အတွင်းမှာ “စစ်အုပ်စုဝံသာနုဝါဒ” ရှိပါသည်။ ထို့ကြောင့်မရေးပါ။ ရေးလျှင်လည်း “စာပေစိစစ်ရေး”က လက်မခံယုံမက “ဘေး”ပင် တွေ့နိုင်သည်။

တပ်အပြင်ရောက်မှ စာရေးသူများထဲတွင် ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်အပါအဝင် အခြား ဆိုရှယ်လစ်ထိပ်သီး စစ်ဗိုလ်တွေ အများကြီးရှိပါသည်။ ဗိုလ်နေဝင်းအကြောင်းကို သူတို့အသိဆုံးဖြစ်သည်။ သို့သော် သူတို့မရေးပါ။ တလုံးမျှမရေးပါ။ (ရှစ်စ်လေးလုံးအကြိုကာလတုန်းက ဗိုလ်အောင်ကြီး ရေးခဲ့သည်များကိုကြည့်ပါ)။ စစ်အုပ်စု အတွင်းရေးကို သူတို့ လုံးလုံးမရေးပါ။ ဗိုလ်တင်ဖေကို အရူးလို့ ရေးချင်ရေးမည်။ ဗိုလ်တင်ဖေက မုံရွာဦးဘငြိမ်ကို ဆရာတင်နေသူဖြစ်ကြောင်း ရေးချင်ရေးမည်၊ ဗိုလ်နေဝင်း အကြောင်းကိုတော့ လုံးလုံးမရေးပါ။ ၅၈ခုနှစ် အာဏာသိမ်းပွဲ၊ ၇ရက် ဇူလိုင် လူသတ်မှအစ အရေးကြီးကိစ္စအားလုံးကို ဗိုလ်နေဝင်း ခေါင်းမငြိမ့်ဘဲ ဘယ်သူမှ ဘာကိုမှ မလုပ်နိုင်ကြောင်းကို သူတို့အသိဆုံးဖြစ်ပါသည်။

သူတို့ရှောင်သည့် နောက်တချက်လည်း ရှိသေးသည်။ ယင်းမှာ သမိုင်းအဖြစ်မှန်ကို ရေးရန် ရှောင်ခြင်းဖြစ်သည်။ စာပေစိစစ်ရေးလည်း မသိနိုင်သော နအဖ စစ်အုပ်စုထိပ်သီးတွေလည်း မမှီလိုက်သော ရှေးဟောင်းနှောင်းဖြစ်တွေကို လုပ်ထွင်ပစ်လိုက်ခြင်း ဖြစ်သည်။ ဥပမာ စာအုပ် တအုပ်တွင် ၁၉၃၆ကျောင်းသားသပိတ်နှင့် ၁၉၃၈ကျောင်းသားသပိတ်ကို လုံးထွေးပစ်လိုက်သည်။ ၁၉၃၆ကျောင်းသား သပိတ်တွင် ကိုဗဟိန်းနှင့် ကျောင်းသားသပိတ်သမားတွေကို စစ်ကိုင်းက ကျောင်းအုပ်ကြီးမစ္စတာဒေါင်း (ဘိုးဝါး စစ်ပြန်ကြီး) ဦးစီးသည့် စကောက်အဖွဲ့က တုတ်ရှည်တွေနှင့် ရိုက်ခဲ့သည့်ကိစ္စကို မရေးပါ။ (ဘယ်ရေးမလဲ၊ ယင်း စကောက်အဖွဲ့တွင် သူတို့ ဆိုရှယ်လစ် စစ်အုပ်စုဝင်တယောက် ပါနေတာပဲ) နောက် ဗြောင်လိမ်တာတခုကတော့ အာဏာသိမ်းပွဲကို သူတို့ မသိလိုက်ပါ ဟု လိမ်ခြင်းဖြစ်သည်။ ဗကပ ပါတီအတွင်း ကိစ္စတွေကိုတော့ အပ်ကျတာကအစ သူတို့သိနေသလို ရေးလေ့ရှိကြသော်လည်း သူတို့လက်အောက်က စစ်တပ်ထဲတွင် အာဏာသိမ်းရန် ပြင်နေခြင်းကိုတော့ မသိပါဟု ဗြောင်လိမ်ကြသည်။ “စစ်တပ် အာဏာသိမ်းပွဲဖြစ်တော့မည်” ဆိုခြင်းကို (ပွဲကြည့်ပရိသတ်) ဘေးလူတွေက သိနေကြသော်လည်း ဇာတ်စင်ပေါ်က (စစ်တပ်ထဲက) လူက မသိပါဟု ဆိုခြင်းမှာ ဗြောင်လိမ်နေခြင်းသာဖြစ်ပါသည်။ ဗိုလ်နေဝင်းက တရေးနိုးမှ အကြံပေါ်ပြီး အာဏာသိမ်းခဲ့ခြင်းမဟုတ်။ အတွင်းလူတွေနှင့် တိုင်ပင်၊ စီမံကိန်းချပြီးမှ အာဏာသိမ်းခြင်းဖြစ်သည်။ ပြောစရာရှိသည်က အာဏာသိမ်းပြီးနောက် အာဏာဝေစု (တိုက်ရာပါပစ္စည်း) ခွဲဝေရာ၌ “ကျနော်မပါဘူး၊ လက်မခံပါရစေနဲ့” ဟုငြင်းခဲ့သူ တယောက်မှမရှိ ဆိုသောအချက်ဖြစ်ပါသည်။

ဗမာ့သမိုင်းတွင် လက်နက်တဖက် ကလောင်တဖက်ဖြင့် စာရေးခဲ့သော စာဆိုစစ်သည်များ ကျော်ကြား၊ လူလေးစားခံရခြင်းများ ရှိခဲ့ပါသည်။ ရှေးခေတ်သမိုင်းတွင်သာမက အနီးခေတ်သမိုင်းတွင်လည်း ရှိခဲ့ပါသည်။ သို့သော် ယနေ့ခေတ်တွင်မူ ယင်းသို့သော စာပေစစ်သည်များ မတွေ့ရသလောက် ဖြစ်နေသည်။ အဓိကအကြောင်းရင်းမှာ သူတို့၏လက်ထဲကသေနတ်သည် ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်သော သေနတ်ဖြစ်နေသောကြောင့် ဖြစ်လေသည်။


မဂ္ဂင်ကျောင်းတိုက်မှ ဦးပညာဇောတအား တွေ့ဆုံလျှောက်ထားခြင်း - အပိုင်း (၂)


သံဃာတော်များနှင့် နိုင်ငံရေး


မိုးနေ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 15:42 - မြန်မာစံတော်ချိန်

ရတနာသုံးပါးမှ တပါးဖြစ်သည့် မြတ်စွာဘုရား၏ သားတော် သံဃာတော်များ ဦးဆောင်ခဲ့သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးကား တနှစ်ပြည့်ခဲ့ပြီးလေပြီ။ မြန်မာပြည်သူတို့မှာကား လေးစားကြည်နူးခြင်းများ၊ ရင်နင့် ကြေကွဲခြင်းများနှင့် စစ်အစိုးရ၏ အဖိအနှိပ်ခံဘ၀မှ မလွတ်မြောက်နိုင်သေးဘဲ တနှစ်တာ ကာလကို တလူးလူး တလိမ့်လိမ့်နှင့် ထပ်မံ ဖြတ်သန်းခဲ့ကြရသည်။ စစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ကျဆုံးခဲ့ရသော ရဟန်းတော်များနှင့် ပြည်သူတို့၏ သွေးများက စိုစွတ်လတ်ဆတ်ဆဲပင်။ စစ်အစိုးရကား ကျဆုံးသွားရသည့် ဘုရားသားတော်များ၏ ၀ိဉာဉ်များကိုမှ အားမနာ။ "ငါ့ဆန်ကျင်သူ မသူတော်"ဟု လက်ကိုင်ထားကာ ၎င်းတို့ကို တောင်းဆို ဆန္ဒပြခဲ့ကြသည့် သံဃာတော်များအား သံဃာတု၊ သံဃာယောင်များသာ ဖြစ်ပြီး ထိုဆန္ဒပြခဲ့ကြသည့် နိုင်ငံရေး လှုပ်ရှားမှုသည်လည်း ဗုဒ္ဓ၀ိနည်းတော်များနှင့် မညီညွတ်ဟု ၀ါဒဖြန့်ကြသည်။

ရွှေဝါရောင် တော်လှန်ရေးတွင် အစိုးရက စွပ်စွဲခဲ့သော သံဃာတော်များ၏ နိုင်ငံရေး လှုပ်ရှားမှုဆိုသည်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရလျှင် မိမိ၏ အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒါယကာပြည်သူများ ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကြက်၍ ရှေ့တန်းမှရပ်ကာ ကာကွယ်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအပြုအမူ (စစ်အစိုးရ၏ အဆိုအရ နိုင်ငံရေး လှုပ်ရှားမှု) သည် သံဃာတော်များနှင့် အပ်စပ်ပါ၏လော။ မအပ်စပ်ပါဟု ဆိုခဲ့သော စစ်အစိုးရ ဗိုလ်ချုပ်များသည် ဗုဒ္ဓမြတ်စွာကိုပင် ဆန့်ကျင်သူများ ဖြစ်သွားကြလေသည်။ အကျိုးရှိက အကြောင်းရှိရမည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ၏ မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန်ကြည်ညို လေးစားသော ကောသလမင်းကြီး၏ ကောသလတိုင်း နိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်သည်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ၏ ကပ္ပီလ၀တ် တိုင်းသားတို့ကဲ့သို့ သကျသာဂီအနွယ်များ မဟုတ်ကြပေ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် ဘုရား၏ အမျိုးအနွယ် သာကီဝင်အဖြစ်နှင့် သူ၏ မျိုးဆက်ကို ဆက်လက် ရပ်တည်လိုလေသည်။ ထို့ကြောင့် သူက ကပ္ပီလ၀တ်ပြည်သို့ သာကီဝင် မင်းသမီးတပါးအား လက်ဆက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ထိုခေတ် ထိုအချိန်က အလွန်မာန ထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့်သည်ဟု ယူဆသော ကောသလမင်းအား သာကီဝင် မင်းသမီးကို မပေးလိုပေ။ သို့သော် ကောသလသည် ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်သဖြင့် ငြင်းလည်း မငြင်းဆန်ဝံ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ကျွန်မနှင့်ရ၍ မွေးထားသော ကျွန်ဇာတ်သာသာရှိသည့် ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်၍ ဆက်သလိုက်လေ၏။

ကောသလမင်းကြီးလည်း သာကီဝင် မင်းသမီး အမှတ်နှင့် ပေါင်းသင်းခဲ့၍ ၀ိရူဓူပ မင်းသားကို ဖွားမြင်ခဲ့လေသည်။ ထိုမင်းသားသည် တနေ့၌ ၎င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များ၏ ကပ္ပီလ၀တ်ပြည်သို့ သွားရောက် လည်ပတ်စဉ်တွင် ဇာတ်ခွဲခြား ဆက်ဆံခြင်းကို ခံရရာမှ အစပြု၍ ၎င်းသည် ကျွန်မသား ဖြစ်သည်ဟူသော အဖြစ်မှန်ကို သိရကာ သာကီဝင်များကို လွန်စွာ အမျက်ထွက်၍ တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့လေသည်။ ထို့ကြောင့် ၎င်း မင်းဖြစ်သောအခါ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အား အလုံးအရင်းနှင့် စစ်ချီလေတော့သည်။ ထိုအချင်းအရာကို သိသော ဗုဒ္ဓသည် စစ်ချီရာလမ်းကြောင်း၌ တရားထိုင်နေ၍ ၀ီရူဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့၏။ ဒုတိယနှင့် တတိယအကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့လေသည်။ စတုတ္ထအကြိမ်တွင်မူ ဗုဒ္ဓသည် သာကီဝင်တို့၏ အတိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍ မရနိုင်တော့သည်ကို သိ၍ မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ်သည်။

ဗုဒ္ဓသည် စစ်တိုက်ရန် ချီတက်လာသော စစ်တပ်ကြီးအား အဘယ်ကြောင့် တားမြစ်ခဲ့သနည်း။ ရှင်းပါသည်။ သူ၏ နိုင်ငံ၊ သူ၏ လူမျိုးတို့အား ဘေးဒုက္ခ မရောက်စေခြင်းငှာ မေတ္တာဓာတ်နှင့် တားမြစ်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ ဒါယိကာ၊ ဒါယိကာမ ပြည်သူတို့ ဒုက္ခမရောက်စေရန် မေတ္တာဖြန့်ကျက်၍ ရှေ့တန်းမှ ရပ်ကာ ကာကွယ်ပေးခြင်း မဟုတ်ပါသလော။ သို့ဆိုလျှင် ထိုအပြုအမူသည် ရွှေဝါရောင် တော်လှန်ရေး ဖြစ်စဉ်မှ သံဃာတော်များ၏ အပြုအမူနှင့် ဘာများ ကွာခြားလေသနည်း။ ဗုဒ္ဓသည် ၀ိရူဓူပ၏ စစ်တပ်က ကပ္ပီလ၀တ် ပြည်သူတို့ကို ရန်ပြုမည့်ဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့သည်။ ရွှေဝါရောင် သံဃာတော်များသည် မြန်မာပြည်သူတို့ကို စစ်အစိုးရ၏ ဆင်းရဲမွဲတေစေခြင်း၊ ဖိနှိပ်ခြင်းဘေးမှ ကာကွယ်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။

သို့ဆိုလျှင် သံဃာတော်များ နိုင်ငံ၏အရေးအတွက် မေတ္တာဖြင့် ပါဝင်ဆောင်ရွက်ခြင်းသည် ၀ိနည်းနှင့် ညီပါ၏လော။ အထက်ပါအဖြစ်က အထင်အရှား ပြပါပြီ။ ဗုဒ္ဓသည်ပင် အမျိုးဘာသာ၊ သာသနာအတွက် ၄င်း၏ မေတ္တာလက်နက်ကို ဖြန့်ကျက် အသုံးပြုပါသည်။ သံဃာတော်များ ရွှေဝါရောင် တော်လှန်ရေးတွင် မေတ္တာလက်နက် ဖြန့်ကျက်ခဲ့ခြင်းကို ၀ိနည်းနှင့် မညီဟု မည်သည့်အခြေခံနှင့် ပြောမည်နည်း။ ၀ိရူဓူပမင်း နေရာတွင် နအဖ ဗိုလ်ချုပ်များဖြစ်ပါက သုံးလောကထွဋ်တင် သဗ္ဗုညုတ ရွှေဉာဏ်တော်ရှင် အနှိုင်းမဲ့ ဗုဒ္ဓမြတ်စွာကိုပင် ဗုဒ္ဓအတုဟု ပြောလေဦးမည်လော မသိပေ။ ရက်စက်စွာ ရိုက်နှက်ညှင်းဆဲ၍ စစ်ချီရာလမ်းမှ ဖယ်ခိုင်းဦးလေမည်လား မသိပေ။

ဝိရူဓူပမင်းသားသည် သာကီဝင်တို့ အပေါ်၌ ထားရှိသော အမုန်းမှအစပြု၍ ဗုဒ္ဓအားလည်း လေးစားကြည်ညိုခြင်း မရှိတော့ပဲ သူ၏ ဖခင်ကိုယ်တိုင် ဘာသာရေး ကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်တဦး ဖြစ်လျက်နှင့် သူသည် ဟိန္ဒူဘာသာဝင် အဖြစ်ကို ခံယူခဲ့သည်။ ထိုသို့သော ဘာသာခြားဘုရင်ကပင် ဗုဒ္ဒ၏လုပ်ရပ်ကို လေးစားစွာ လိုက်နာခဲ့သော်လည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညို လေးစားပါသည်ဟု တကြော်ကြော် အော်ဟစ်နေသော နအဖ ဗိုလ်ချုပ်များမှာကား ဗုဒ္ဓ၏သားတော် သံဃာတော်များ၏ လုပ်ရပ်ကို ရှုံ့ချရုံမျှမက သံဃာကို ညှင်းဆဲ သတ်ဖြတ်သော ကံကြီးကိုပင် ကျူးလွန်ရဲကြသည်မှာ အာဏာအမှောင် ဖုံးလွှမ်းသွားကြခြင်းပင် ဖြစ် သည်။

ထိုဗိုလ်ချုပ်များသည် နေ့စဉ်နေ့တိုင်း အစိုးရ သတင်းစာ မျက်ဖုံးများတွင် ဘုရားဒါယိကာကြီးများ လုပ်ပြနေသည်မှာ အတုအယောင်များပင် ဖြစ်သည်ကို ရွှေဝါရောင် တော်လှန်ရေးက ဖော်ထုတ် ပေးသွားခဲ့လေသည်။ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းတွင် သံဃာတော်များ၏ အခန်းကဏ္ဍသည် မသေးခဲ့ပေ။ နယ်ချဲ့အင်္ဂလိပ်တို့ လက်ထက်တွင် နိုင်ငံရေး တရားဟောသဖြင့် ပထမဆုံး အကျဉ်းကျခံရသူ မြန်မာနိုင်ငံသားမှာ ရခိုင်ရဟန်းတော် ဦးဥတ္တမပင် ဖြစ် သည်။ ၁၆၆ ရက် အစာငတ်ခံ ဆန္ဒပြခဲ့၍ ထောင်ထဲတွင် ပျံလွန်တော်မူခဲ့သော ရဟန်းတော် ဦးဝိစာရသည်လည်း သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ အဓိက လမ်းမကြီးတခုကို ဆိုလျှင် ဦးဝိစာရလမ်း ဟူ၍ပင် နာမည်ပေးခဲ့သည်။ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်က ရဟန်းအတုဟု မသတ်မှတ်။ ၀ိနည်းနှင့်မညီဟု မဆိုခဲ့ပေ။ ယခု သူတို့ကို တော်လှန်ကာမှ အမျိုးမျိုး စွပ်စွဲသမုတ်နေခြင်းမှာ အလွန်ကလေး ဆန်လှသည်။ အမှန်မှာ ရဟန်းတော်များသည် ပြည်သူတို့ဘက်မှ ရပ်၍ မတရားမှုဟူသမျှ ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြခြင်းပင် ဖြစ်သည်။

အံ့သြဖွယ်ကောင်းသည်မှာ ဦးဥတ္တမ၊ ဦးဝိစာရတို့ ခေတ်အခါက အင်္ဂလိပ် အစိုးရသည် ဘာသာခြား အစိုးရ ဖြစ်လေသည်။ သို့သော် သွေးမြေကျ ရိုက်နှက်ခြင်းမပြု၊ ရဟန်းသံဃာတော်ဆိုသော ဂုဏ်ပုဒ်ကိုမူ လေးစား လိုက်နာခဲ့လေသည်။ ၁၉၈၈ အ ပြီးမှ ယခုအထိကာလအတွင်း အစာငတ်ခံ ဆန္ဒပြခြင်းများ အပါအ၀င် ၄င်းတို့အား ဆန့်ကျင် ဆန္ဒပြခဲ့သည့် သံဃာတော်များအား တိရစ္ဆာန်များကို ရိုက်သကဲ့သို့ ရိုက်နှက်ခဲ့သော နအဖ အစိုးရကတော့ ရိုက်နှက်ခဲ့သည်၊

ရွှေဝါရောင် တော်လှန်ရေးကို ပြည်သူများ တခဲနက် ထောက်ခံခဲ့ကြသည်မှာ ယုံမှားဖွယ်ရာ မရှိပါ။ သံဃာတော်များကိုလည်း လေးစားကြည်ညိုစွာ ဂုဏ်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဟု ဆိုရာ၌လည်း နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့်ဆိုင်သော အရေးကိစ္စ ဟူသမျှကို ဆိုလိုသဖြင့် ကျယ်ပြန့်လှပါသည်။ မတရားသည့် အစိုးရ၏ အုပ်ချုပ်မှုကို ဆန့်ကျင်ခြင်းသည်လည်း နိုင်ငံရေးပင် ဖြစ်ပြီး နိုင်ငံတခုကို အုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေး၏ အဓိပ္ပာယ် များစွာထဲမှ တခုဖြစ်ပါသည်။


မိုးနေ

သမိုင်းကြောင်းကောင်းဖို့လိုပြီ… ကိုဒဲ့ဒိုးရေ


မောင်သြ (၆-၁၀-၀၈)။ ။
“ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” ဆိုတဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းရဲ့ မူပိုင်ဆောင်ပုဒ်ကလေးနဲ့ စပါရစေ။

ပြည်သူချစ်ဖို့ဆိုတာ သမိုင်းကြောင်းကောင်းမှ။ သမိုင်းကြောင်းကောင်းဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ လူတယောက် ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်ပေါ်မှာ မူတည်တာကိုး။ အဲဒီတော့ သမိုင်းကြောင်းကောင်းဖို့ဆိုတာ သာမန်လူတယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းအစိုးရပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ဖြူစင်ဖို့ လိုအပ်တယ်။ သာမန်လူတယောက်ထက် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်အလုပ်လုပ်နေတဲ့ တာဝန်ရှိသူ တယောက် က ပိုပြီး မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းဖို့ ပိုအရေးကြီးတယ်။

ဒီနေ့ မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့ ထိပ်ပိုင်းက စစ်အစိုးရခေါင်းဆောင်များ ကိုယ့်သမိုင်းကိုယ်ရေးရာမှာ ဘယ်လောက် သမိုင်းကြောင်း ကောင်းခဲပါသလဲ၊ ကြည့်ကြရအောင်ဗျာ။

သမိုင်းကြောင်းကောင်းဖို့ဆိုတာကလည်း ကိုယ်ကျင့်သိက္ခာပိုင်းရော၊ စိတ်ဓာတ်ရေးရာပိုင်ကော ပါရမှာကိုး။ အဲဒီတော့ တိုင်းပြည်နဲ့ ပြည်သူကို အုပ်စိုးသူက ကတိစကားပြောပြီးရင် ကိုယ့်ကတိကို ကိုယ်လေးစားရမယ်၊ လိုက်နာရမယ်။ မင်း ကျင့်တရား (၁၀) ပါးဆိုပေမယ့် (၅) ပါးလောက်ကော ထိန်းထားနိုင်ရဲ့လား။ ဥပဒေနဲ့အညီကော အုပ်ချုပ်ပါရဲ့လား။ လောကပါလတရားဖြစ်တဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ စောင့်ထိန်းမှုတရားကော ရှိကြရဲ့လား။ ဗုဒ္ဓဘာသာ လူမျိုးပီပီ ဘာသာတရားနဲ့ ဗုဒ္ဓရဲ့ သားတော် ရဟန်းသံဃာတွေအပေါ်မှာကော ကြည်ညိုရိုသေကိုင်းရှိုင်း မှုကော ရှိပါရဲ့လား။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ ကြင်နာသနားတတ်တဲ့ ဗြဟ္မစိုရ်မေတ္တာတရားကော ရှိပါသလား။ သလား…သလားတွေ မေးပါများမိတာ စိတ်မကောင်းစရာပါပဲ။

သမိုင်းကောင်းတင်မယ့်အလုပ်ထက် သမိုင်းဆိုးတင်မယ့်အလုပ်တွေက များနေတော့ သမိုင်းကောင်းရင် ပြည်သူချစ်မယ်။ ပြည်သူချစ်လျှင် ကမ္ပည်းတင်မယ်ပေါ့။ယနေ့အစိုးရပိုင် သတင်းစာတွေမှာ အစိုးရလက်ကိုင်တုတ် ပုဆိန်ရိုး ဆောင်းပါးရှင်တွေကတော့ မစားရ၀ခမန်း ဖား ဆောင်းပါးတွေ တဖက်သတ် ရေးနေတာတွေ ဖတ်ရတော့ ရီလည်းရီရတယ်၊ ဒေါသလည်း ထွက်မိတယ်။ ဒါဆိုရင် မဖတ်နဲ့ပေါ့လို့ ပြောစရာရှိတယ်။ ကျုပ်ကလည်း မဖတ်ချင်ပေမယ့် သကောင့်သား ငဖားတွေ ဘာတွေများ ကလိန်စေ့ ငြမ်းဆင် အကွက်ရိုက်နေတာလည်း သိချင်တာကိုး။ ကဲ ကောင်းပြီ။

၂၈၊ ၈၊ ၀၈ နေ့နှင့် ၂၉၊ ၈၊ ၀၈ နေ့ထုတ် သတင်းစာတွေထဲမှာ ဆောင်းပါးရှင် ပုဆိန်ရိုး ဒဲ့ဒိုးရဲ့ “ပန်းလိုချင် အပင်ကိုပျိုးပါ” နှင့် “ဆင်စီး၍ မြင်းရံစေချင်သည်” ဆိုတဲ့ ဆောင်းပါးနှစ်ပုဒ်ကို ပြောကြည့်ရအောင်။

“ငါတို့ မြန်မာပြည်က တချို့ပုဂ္ဂိုလ်များဆိုရင် သူတို့အာဏာရဖို့ ပြည်သူလူထုကို စီးပွားရေး ပိတ်ဆို့ခံပြီး အငတ်နေကြ ပစေလို့ သဘောထားကြတာ၊ ပြီးတော့ သူတို့အာဏာရဖို့ မသိနားမလည်တဲ့ ပြည်သူတွေကို သွေးထိုးလှုံ့ဆော်ပြီး မတည်မငြိမ်ဖြစ်အောင် တွန်းပို့ခဲ့ကြတာ” လို့ ရေးထားတာ။

ကဲ…သွေးထိုးလှုံ့ဆော်ပြီး ပြည်သူတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ဆိုတဲ့ ကိုဒဲ့ဒိုးရဲ့စကားကို ရှင်းရအောင်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်း သံဃာများ၊ ကျောင်းသားပြည်သူများနဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်များ ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်း လမ်းလျှောက်ခဲ့တာ အင်အားသောင်းနဲ့ချီ ရန်ကုန်တမြို့လုံး ထိန်ထိန်ဝါခဲ့တယ်။ အဲဒီမှာ ဖွံ့/ကြံ့၊ စွမ်းအားရှင်ဆိုတဲ့ လူဆိုး လူတေ လူပေ တွေကို နေ့တွက်စရိတ်ပေးပြီး သွေးထိုးလှုံ့ဆော်ခိုင်းတာ၊ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တာ ဘယ်သူက ခိုင်းတာလဲ။ ၂၀၀၇ ခုနှစ်က ဝေးပါသေးတယ်။ မကြာမီက ဇွန်လ (၁၉) ရက်နေ့ လူထုခေါင်းဆောင် အန်အယ်လ်ဒီအဖွဲ့ချုပ်ရဲ့ အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အသက် (၆၃) နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာ တော်အရှင်မြတ်များနဲ့ သီလရှင်များကို အန်အယ်လ်ဒီ အမျိုးသမီးလုပ်ငန်းအဖွဲ့က ဆွမ်းဆန်ခဲဖွယ် ပစ္စည်းများကို အေး အေးချမ်းချမ်းနဲ့ အလှူဒါနပြုခဲ့ကြတယ်။

အဲဒီမှာ နအဖစစ်အာဏာရှင်ရဲ့ ပုဆိန်ရိုးလက်ကိုင်တုတ်အောက်ဆွဲ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက ဒိုင်နာကား လေးငါးစီး လူအပြည့်နဲ့ အဖွဲ့ချုပ်ရုံးရှေ့မှာ ကားရပ်ပြီး ၀င်ရိုက်ဖမ်းဆီး အကြမ်းဖက်တော့တာပါပဲ။ မတည်မငြိမ်ဖြစ်အောင် ဘယ်သူ လုပ်တာလဲ၊ ထိပ်တိုက်ရင်ဆိုင်မှု အကြမ်းဖက်တိုက်ခိုက်မှု ဘယ်သူခိုင်းတာလဲ။ တာဝန်ရှိ ပြည်သူ့ရဲတွေ ကားနဲ့ ၀ိုင်းရံ ထားပေမယ့် ဘာမှဝင်မစွက်ခဲ့ဘူး။ ၀င်ရိုက်အကြမ်းဖက်တဲ့သူတွေကိုတော့ အရေးမယူဘဲ အေးအေးချမ်းချမ်းနဲ့ အလှူဒါန ပြုသူတွေ၊ လာရောက်ကြည့်ရှုကြတဲ့သူတွေကိုတော့ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅/ခ နဲ့ အရေးယူထားခြင်း ခံရတယ်ဗျ။ ကဲ ဘယ်မှာလဲ တရားဥပဒေ၊ ဘယ်မှာလဲ သူတို့ပြောပြောနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ လူအုပ်စုနဲ့ အနိုင်ကျင့် မင်းမဲ့စရိုက်နဲ့ ပြည်သူကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးတာ ဘယ်သူတွေလဲဆိုတာ ဆောင်းပါးရှင် ကိုဒဲ့ဒိုး ကျွဲပါးစောင်းတီးဖြစ် တာတော့ မဟုတ်တန်ကောင်းပါဘူးနော်…။

တချို့ကလည်း အာဏာကို ဖြတ်လမ်းက လုယူဖို့ ကြိုးစားတယ်ဆိုပြီး အန်အယ်လ်ဒီကို စောင်းချိတ်သေးတယ်။ ဒီနေ့ အန်အယ်လ်ဒီဟာ ၉၀ ရွေးကောက်ပွဲ နိုင်ပြီးကတည်းက ခုထိ အာဏာကို တစက်တလေမှ မတောင်းခဲ့ဖူးဘူး။ တွေ့ဆုံ ဆွေးနွေးရေးကိုသာ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တာ (၁၈) နှစ် ရှိခဲ့ပြီ။ အာဏာငမ်းငမ်းတက်ပြီး လက်မလွှတ်ချင်တာ ဘယ်သူလဲဆိုတာ ကိုဒဲ့ဒိုး ထမင်းစားပြီး ကြီးတာဆိုရင် သိပါလိမ့်မယ်။
ကိုဒဲ့ဒိုးရေ… ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးတာ လမ်းဘေးက ပရမ်းပတာ၊ ဂျလေဘီတွေ မဟုတ်ပါ ဘူးနော်။ တကယ့် ဥပဒေပညာရှင်ကြီးတွေ၊ ပညာတတ်တွေနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့၊ အစဉ်အလာကြီးခဲ့တဲ့ မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင်ကြီးတွေဆိုတာ သိတယ်နော်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲဆိုတာ အဲဒီပုဂ္ဂိုလ်ကြီးတွေက ကမ္ဘာကိုရော၊ မြန်မာကိုပါ တရားဝင် ကြေညာခဲ့တာ ခုထိ မမေ့နိုင်သေးပါဘူး။

၁၉၉၀ ပြည့်နှစ် မေ (၃၀) ရက်နေ့က န၀တ ဥက္ကဋ္ဌကြီးက န၀တအဖွဲ့ဝင်များ အစိုးရ၀န်ကြီးများ၊ ကာကွယ်ရေးဌာနမှ အရာရှိကြီးများ အပါအ၀င် ကာကွယ်ရေးဌာန စစ်ဆင်ရေးစခန်း အစည်းအဝေးခန်းမှာ…

“ဒီရွေးကောက်ပွဲဟာ တကယ်တမ်းကျရင်တော့ လွတ်လပ်မှုလည်းရှိတယ်။ တရားမျှတမှုလည်းရှိတယ်။ အဓိက အရေး ကြီးတဲ့ လွပ်လပ်၍ တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲလုပ်ငန်းကို ကျနော်တို့ ဆောင်ရွက်ပေးပြီးဖြစ်တယ်” လို့ ပြော ကြားခဲ့တယ်။ နောက် ၁၉၉၀ ပြည့်နှစ် ဇူလိုင် (၂၅) ရက်နေ့မှ န၀တ ထုတ်ပြန်တဲ့ ကြေညာချက် အမှတ် ၁/၉၀ အပိုဒ် ၁၂-ပုဒ်မ (၃) မှာလည်း “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု လည်းကောင်း၊ အပိုဒ် (၂၀) တွင်လည်း “ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်” ဟု အတိအလင်း ဖော်ပြထားတာ ကိုဒဲ့ဒိုး မှတ်မိမှာပါ။

နောက်တခု ကြည်ပါဦး ကိုဒဲ့ဒိုးရေ။ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၃) ရက်နေ့မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမမှာ န၀တအဖွဲ့နှင့် တိုင်းနှင့်ပြည်နယ် အစည်းအဝေးမှာ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကပင်…

“ပါတီစုံရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲစည်းပုံအခြေခံဥပဒေရေးဖို့ပဲ ဖြစ်တယ်။ ဒီကိစ္စကိုယ့်အနေနဲ့ (၁.၇.၈၉) နေ့က ပြောတဲ့အထဲမှာပါတယ်။ န၀တ က မရေးဘူးဆိုတာ ပြောပြီးပြီပဲ။ တရားခံလည်း အဖြစ်မခံဘူး။ အခြေခံဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့်ကိစ္စ” လို့ ပြောခဲ့တာ လည်း ကိုဒဲ့ဒိုး ကြားမိမှာပါ။ မသိချင်ယောင်တော့ ဆောင်မနေပါနဲ့ အမှန်ကို အမှန်အတိုင်း ၀န်ခံရဲပါ။

ကဲ န၀တ (နအဖ) စစ်ခေါင်းဆောင်ကြီးတွေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ၊ ပြောခဲ့တဲ့စကားတွေ၊ ပြုလုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲ၊ စတာတွေဟာ လမ်းပေါ်က ကလေကချေ ဂျလေဘီတွေ ထုတ်ပြန်ပြောဆိုခဲ့တာ မဟုတ်ဘူး။ ဥပဒေ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အမျိုးကောင်းသား လူကြီးလူကောင်းစစ်ခေါင်းဆောင်တွေဆိုတာ ဘယ်နှယ့် ဖျောက်လို့၊ ပယ်ဖျက်ပစ်လို့ ရနိုင်ပါ့မလဲ ကိုဒဲ့ဒိုးရေ….။

နုတ်တရာ… စာတလုံးကောင်းရင် နှစ်ပေါင်းတထောင်ကြာ ခံတယ်ဆိုတာ ရှိတယ်မဟုတ်လား။

အပြောနဲ့ အလုပ် တသားထဲမကျရင်
ပေးထားတဲ့ကတိစကားတွေ မတည်ခဲ့ရင်
ကိုယ်ထုတ်ပြန်တဲ့၊ ကိုယ့်ကြေညာချက်တွေကို မလိုက်နာခဲ့ရင်… ဂဠုန်ဦးစောလို သမိုင်းမကောင်း ဖြစ်သွားနိုင်တယ်။

အဲဒီတော့ ၂၀၀၇ ခုနှစ်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမူကြမ်းက ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများက ဆွဲတာလား။ နအဖလက်ကိုင်တုတ် ပုဆိန်ရိုး လက်ညှိုးထောင် ခေါင်းညိတ်တွေက တဖက်သတ် နအဖအကြိုက်၊ တပ်မတော်က အာဏာကို ထာဝရချုပ်ကိုင်ထားနိုင်ဖို့ ရေးဆွဲကြတာလားဆိုတာ လယ်ပြင် မှာ ဂေါ်ဇီလာသွားသလို ထင်ရှားနေပါတယ်နော်…။

By NEJ

၀၇.၁၀.၂၀၀၈သတင်း

ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်ခံများ ဆန့်ကျင်ဆန္ဒပြ10/7/2008(နိရဉ္စရာ) ယနေ့ စတင်သော မြန်မာနအဖ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သုံးရက်ကြာ ဘင်္ဂလာခရီးစဉ်ကို မြန်မာ့အတိုက်အခံ အင်အားစုများက ကန့်ကွက်ဆန္ဒပြ၍ ဆန့်ကျင်ခဲ့ကြသည်။
ဆန္ဒပြပွဲအား စီစဉ်သူတဦးဖြစ်သည့် ကိုကျော်မြင့်က “ဗိုလ်ချုပ်မောင်အေး ဒက္ကားမြို့ကို ရောက်ရင်ရောက်ချင်း နိုင်ငံခြားရေးရုံးရှေ့မှာရှိတဲ့ တရားရုံးချုပ်ဘေးကိုသွားပြီး ကျွန်တော်တို့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။” ဟုပြောသည်။

ဆန္ဒပြပွဲကို ယနေ့နက် ၁၁ နာရီခွဲတွင် စတင်ခဲ့ပြီး အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူ ၄၀ ခန့် တက်ရောက်ခဲ့သည်။

ဦးဆောင် လှုပ်ရှားသူ နောက်တဦးဖြစ်သည့် ကိုဇော်လင်းက “ကျွှန်တော်တို့ မနက်ကိုးနာရီ ကတည်းကစပြီး မြန်မာ့စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေကို ဘင်္ဂလာ ပြည်သူ တွေသိအောင်ရေးသားပြီး သတင်းစာတိုက်၊ ကားဂိတ်တွေမှာ ဖြန့်ဝေပါတယ်။ ၁၁ နာရီခွဲမှာစ တင်ပြီး ဆန္ဒပြတယ်။ နာရီဝက်လောက်အကြာမှာ ဘင်္ဂလာရဲတွေရောက်ရှိလာပြီး ၀င်ရောက် ဟန့်တားရာကနေ နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့မှာပါတဲ့ ပိုစတာတွေ ဆိုင်းဘုတ်တွေ၊ ကြေငြာချက်တွေကိုလည်း သူတို့အကုန်လုံးလုယူ ဆုတ်ဖြဲပစ် လိုက်ပါတယ်ဟု” ပြောသည်။

ဆန္ဒပြပွဲတွင် လူသတ်ကောင်မောင်အေးပြန်လား၊ ဗိုလ်ချုပ်မှူးကြီးမောင်အေးပြန်လား၊ ၂၀၁၀ ရွေးကောက်ပွဲအလိုမရှိ၊ နအဖစစ်အစိုးရကို မဆက်ဆံနှင့်ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြကြသဖြင့် လမ်းသွားလမ်းလာသူအများအပြားက လာရောက် ကြည့်ရှု့ ခဲ့သည်။

ဆန္ဒပြသူများကို ဘင်္ဂလားအာဏာပိုင်များက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကြိုး စားခဲ့သော်လည်း ဆန္ဒပြသူများက ဖမ်းဆီးခံရန် အဆင်သင့်ရှိကြောင်း ပြောဆိုသောအခါ နောက်ပိုင်းတွင် ဘင်္ဂလာရဲက ဆန္ဒပြသူများကို ဘစ်ကားတစီပေါ်အတင်းဆွဲတင်ပြီး သူတို့ နေထိုင်ရာ ရပ်ကွက်သို့ ပြန်ပို့ခဲ့သည်။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးဆောင်သူကိုကျော်မြင့်က “အခုလို ဆန္ဒပြရတာက ဒီမိုကရေစီနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေနဲ့ ရဟန်းရှင်လူ ပြည်သူမြောက်များ စွာကို သတ်ဖြတ်နေတဲ့ မြန်မာနအဖကို စီးပွားရေးအရ ဆက်ဆံတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ဆန္ဒပြရတာဖြစ်ပါတယ်။ နောက်ပြီး အိမ်နီးချင်းကောင်းပီပီ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်အောင် ဘင်္ဂလာအစိုးရအနေနဲ့ ကူညီပေးဖို့ကိုလည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။”ဟု ပြောသည်။

ယခင်က မြန်မာအတိုက်အခံ အင်အားစုများဆန္ဒပြပွဲများကို ဘင်္ဂလာအာဏာပိုင်များ အနေ ဖြင့် ယခုကဲ့သို့ အားတင်ဖြိုခွဲခြင်းမရှိသော်လည်း ယခုဆန္ဒပြပွဲမှာ သူတို့အကျိုးစီး ပွားကို ထိခိုက်နေသည့်အတွက်ဖြစ်ကြောင်း အထူးသဖြင့် ကြေငြာချက်များထဲတွင် ရခိုင်ပြည်သူများ ထံက နအဖအဓမ္မသိမ်းထားသော လယ်မြေများကို ငှားရမ်းမည့်ကိစ္စကို ကန့်ကွက်ထား၍ ဖြစ်ပုံရသည်ဟု သူကကောက်ချက်ချပြောသည်။

ဗိုလ်ချုပ်ကြီးမောင်အေးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလည်း လိုက်ပါလာပြီး မြန်မာစီးပွားရေးသမား အများအပြားလည်း ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ကြောင်း သိရှိ ရသည်။

သုံးရက်ကြာလည်ပတ်မည့် ဗိုလ်ချုပ်မှူးကြီး ဘင်္ဂလာခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဖြေရှင်း ရန် ကျန်နေသည့် ရေပိုင်နက်အငြင်းပွားမှုကိစ္စ၊ ချစ်ကြည်ရေး လမ်းဖောက်လုပ်ရေးကိစ္စ၊ အခွန် နှစ်ထမ်းကွမ်း ရှောင်ရှားရေးကိစ္စနှင့် လယ်မြေငှားရမ်းမည့်ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပြီး တချို့သဘောတူညီချက်များကို လက်မှတ်ထိုးရန် အခြေအနေရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် စစ်တကောင်းတောင်တန်းဒေသရှိ သက်အမျိုးသားများ နေထိုင်သည့် ရန်ဂါမတီမြို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး ထိုမြို့မှတဆင့် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော
မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 23:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်း မှော်ဘီတွင် အခြေစိုက်သော ခလရ ၇၅၇ မှ တပ်သားတဦးသည် ယင်း၏ တပ်မှူးကို သတ်ပြီး စနေနေ့က မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်ဟု ဒေသခံများက ပြောပါသည်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်မှာ အနီးရှိ အေးမြသာယာရွာ၌ စစ်သားများအကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် ဖြစ်ပေါ်နေခဲ့ပြီးနောက် စနေနေ့ညနေက တပ်သား ကျော်ရွှေမောင်သည် သူ့ကို ကျန်ရဲဘော်များက သူတို့ အရာရှိဗိုလ်ကြီးတဦးကို သတ်ဖြတ်အပြီး ထွက်မပြေးနိုင်အောင် ပိတ်မိသွားပြီးနောက် သတ်သေ သွားသည်ကို ကိုယ်တိုင် မြင်ခဲ့ရကြောင်း ပြောပါသည်။

ထိုဗိုလ်ကြီးကို သတ်ပြီးနောက် ကျော်ရွှေမောင်သည် စနေနေ့ညနေက သူ့တပ်ရင်းမှ ထွက်ပြေးလာခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုပါသည်။ သို့သော် အနီးအနားတွင် တပ်စွဲထားသော ခလရ ၇ဝ၇၊ ခလရ ၃၅၊ ခလရ ၆၊ ခလရ ၄ နှင့် ခလရ ၅ မှရဲဘော်များက ဒေသခံ ရဲများနှင့်အတူ မော်တော် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးပန်းစဉ် လျှပ်စစ် ထရန် စဖော်မာ အဆောက်အဦ အနီးတွင် သူ့ကို ပိတ်မိသွားခဲ့သည်ဟု ဆိုပါသည်။

“သူက ၁ဝ ချက်ကျော် မိုးပေါ်ထောင်ပစ်ပြီး ထရန်စဖော်မာတွေ နောက်မှာ ပုန်းနေတာ” ဟု အခြား ဒေသခံများနှင့်အတူ အခင်း ဖြစ်ပွါးရာနေရာသို့ အပြေး သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည့် အဆိုပါ ဒေသခံက ပြောပါသည်။

လိုက်လံရှာဖွေသည့် စစ်သားများကို ကွပ်ကဲလိုက်ပါလာသူ အုတ်ဖိုအခြေစိုက် ခလရ ၇ဝ၇ မှ အရာရှိတဦးနှင့် ခဏကြာ အပြန်အလှန် ပစ်ခတ်ပြီး ထိုသို့ပစ်ခတ်ရာတွင် အဆိုပါအရာရှိမှာ အကြီးအကျယ် ဒဏ်ရာ ရသွားသည်ဟု ဆိုပါသည်။

ထိုသို့ အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသဖြင့် စစ်သားများက လျှပ်စစ် ထရန်စဖော်မာ ပျက်စီးသွားမည်ကို စိုးရိမ် နေခဲ့ကြသေးသည်ဟု ဆိုပါသည်။ သို့သော် ၁၁ နာရီခန့်တွင် ဆက်တိုက် ပစ်လိုက်သော သေနတ်များ ဆူညံစွာကြားပြီး သွားရောက်ကြည့်ရှုရာ အဆိုပါ ထွက်ပြေးသူ တပ်သားမှာ သေနတ်ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရသည် ဟု ဒေသခံက ပြောပါသည်။

“စစ်သားတွေက သူ့ဆီက ကျည်ဆံ ၁၇ဝ ကျော်၊ လက်ပစ်ဗုံးတွေ၊ ၉ မမ ပစ္စတို နဲ့ ရိုင်ဖယ်တလက် တွေ့တယ်။ စစ် သားတွေက သူ့အလောင်းကို သယ်သွားပြီး အနားက ပြည်တော်သာ ရွာမှာ မြှုပ်လိုက်တယ်” ဟု သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။

နောက်ထပ် အုတ်ဖိုဒေသခံ တဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် သူမလည်း ဤအဖြစ်အပျက်ကို ကြားကြောင်း၊ သို့သော် သူမ၏ လုံခြုံရေး အခြေအနေကို စိုးရိမ်၍ ကိုယ်တိုင် သွားမကြည့်ခဲ့ကြောင်း ပြောပါသည်။

အုတ်ဖိုမြို့၏ မြောက်ဘက် မိုင် ၇ဝ ခန့်အကွာရှိ ပြည်မြို့မှ ဈေးဆိုင်ပိုင်ရှင် တဦးကို မေးမြန်းရာတွင် သူမလည်း ဤအဖြစ် အပျက်ကို ရန်ကုန်မှပြန်လာစဉ် စနေနေ့ညနေက ကြားသိခဲ့ရကြောင်း ပြောပါသည်။

“ကျမ ရန်ကုန်က ပြန်လာတော့ ဘတ်စ်ကားအားလုံးကို စစ်သားတွေက လက်ပံတန်းမှာ ရပ်ခိုင်းပြီး ရှာနေတာ တွေ့တယ်။ စစ်သားတွေက သူတို့ စစ်ပြေးတယောက်ကို ရှာနေတာလို့ ပြောပါတယ်” ဟု သူမက ဆက်လက် ပြောဆိုပါသည်။

လက်ပံတန်းသည် ရန်ကုန်ပြည် အဝေးပြေး ကားလမ်းပေါ်တွင်ရှိပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၈၅ မိုင်အကွာတွင်ရှိကာ အခင်းဖြစ်ပွါးရာ အုတ်ဖိုမြို့၏ တောင်ဘက် ၁၅ မိုင် အကွာတွင် ရှိပါသည်။

စစ်သားများ၏ ပြောပြချက်နှင့် ကောလဟလများအရ အဆိုပါ စစ်သားသည် သူ့အထက်အရာရှိကို ပစ်သတ်ပြီး မှော်ဘီ ရှိ တပ်စခန်းမှ ထွက်ပြေးလာခဲ့သည်ဟု ဆိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အခြား တပ်ရင်းများမှ စစ်သားများ ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်း ရှာဖွေခဲ့ကြပါသည်။

သို့သော် ဒေသခံ အုတ်ဖိုရဲစခန်းကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

စစ်သားများအကြား ပြောကြားနေသောကောလဟလများကို ကိုးကားကာ ဒေသခံ မျက်မြင်သက်သေက ပြောကြားရာတွင် ရခိုင်တိုင်းရင်းသား တပ်သား ကျော်ရွှေမောင်သည် သူ့အထက် အရာရှိ ဗိုလ်ကြီးကို သူ့လူမှုရေး ကိစ္စများကို ဝင်ရောက် စွက်ဖက် စော်ကားသဖြင့်သတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် ဤအမှုအတွက် အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရနိုင်ခဲ့ပါ။


ကလေးစစ်သား စုဆောင်းအသုံးပြုသူများ အမေရိကန်လာရင် အရေးယူမည်
07 October 2008
ဦးကျော်ကျော်သိန်း -

ကလေးစစ်သား စုဆောင်းမှုအတွက် တာဝန်ရှိတဲ့ ဘယ်နိုင်ငံက ဘယ်သူမဆို
အမေရိကန်မြေပေါ်ကို ရောက်လာရင် တရားစွဲဆို အရေးယူနိုင်တဲ့ ဥပဒေမူကြမ်းတရပ်
ကို အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က လက်မှတ်ထိုးပြီး ဥပဒေအဖြစ်
အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေအရဆိုရင် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကလေး
စစ်သား စုဆောင်းရာမှာ တာဝန်ရှိသူတွေကို အမေရိကန် တရားရေးဌာနက တရားစွဲဆို
နိုင်တော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါ
တယ်။

မြန်မာဘာသာစကားနဲ့ဆို ကလေးစစ်သားဆိုင်ရာ တာဝန်ခံမှုဥပဒေလို့ ဆိုရမယ့် ဥပဒေ
မူကြမ်းတရပ်ကို လွန်ခဲ့တဲ့သီတင်းနှစ်ပတ်မှာ အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့ပြီး
တဲ့နောက် အမေရိကန်သမ္မတဘုရှ်က ပြီးခဲ့တဲ့သောကြာနေ့မှာ ဥပဒေအဖြစ် လက်မှတ်
ရေးထိုး ပြဋ္ဌာန်းပေးလိုက်တာပါ။ ဒီဥပဒေကို အတည်ပြု ပြဋ္ဌာန်းတဲ့နေ့ကစလို့ ကလေး
စစ်သား စုဆောင်းရာမှာ ပါဝင်သူတွေဟာ ကိုယ်လုပ်ခဲ့တာအတွက် ကိုယ်တိုင် တာဝန်
ခံရမယ်၊ တာဝန်ယူရမယ်လို့ ဥပဒေရဲ့အမည်က ဆိုလိုချင်ပုံရပါတယ်။ ဥပဒေအရဆိုရင်
အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ်စုဆောင်းသူ၊ အသုံးပြုသူ
ဘယ်သူမဆို အမေရိကန်ပြည်ထောင်စုကို ရောက်လာရင် အရေးယူနိုင်တယ်လို့ ဥပဒေ
က ဆိုထားပါတယ်။

ဒီဥပဒေဟာ ကလေးစစ်သား စုဆောင်းအသုံးပြုနေတဲ့ ကမ္ဘာတ၀ှမ်းက လက်နက်ကိုင်
အဖွဲ့အစည်းတွေကို အပြင်းအထန် သတိပေးလိုက်တာပဲလို့ ကလေးစစ်သားပပျောက်
ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ
ရေးအဖွဲ့က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုံ့ဆော်စည်းရုံး လှုပ်ရှားသူ မစ္စ ဂျိုး
ဘက်ကာ (Joe Becker) က ပြောပါတယ်။

"ဒီဥပဒေဟာ သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့ ကျမထင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ စစ်ဖက်ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်
အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေကို အတင်းအကျပ် စစ်သား
လုပ်ခိုင်းနေတဲ့ တချိန်ထဲမှာ ဘယ်လိုအရေးယူမှုမျိုးမှ မခံရဘဲ အမေရိကန်ပြည်ထောင်စု
ကို လာလို့မရဘူးဆိုတာ ပြင်းပြင်းထန်ထန် သတိပေးလိုက်လို့ပါပဲ။"

မြန်မာစစ်တပ်ဟာ ကလေးစစ်သားအများအပြားရှိတဲ့ စစ်တပ်တခုအဖြစ် ကမ္ဘာမှာ
နာမည်ဆိုးနဲ့ထင်ရှားပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်ပတ်သက်တဲ့ ကိစ္စတွေမှာ ကလေး
စစ်သားအရေးဟာလည်း ထိပ်တန်းကရှိနေတဲ့ အရေးကိစ္စတခု ဖြစ်ပါတယ်။ လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းအရဆိုရင် မြန်မာနိုင်ငံမှာ ကလေး
စစ်သား ၇၀,၀၀၀ အထိရှိနိုင်ပြီး တခြားဘယ်နိုင်ငံမှာမဆိုရှိတဲ့ ကလေးစစ်သားအရေ
အတွက်ထက် များတယ်လို့ ဆိုပါတယ်။ အခု အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအသစ်
က အမေရိကန်နဲ့ ဆက်ဆံရေး အဆင်မချောလှတဲ့ မြန်မာလိုနိုင်ငံမျိုးမှာ ကလေး
စစ်သားစုဆောင်းတာ ပပျောက်သွားဖို့၊ ရှိနေတဲ့ ကလေးစစ်သားအရေအတွက်
လျော့ကျသွားဖို့ ဘယ်လောက်များ အထောက်အကူဖြစ်နိုင်ပါမလဲဆိုတာက မေးခွန်း
ထုတ်စရာပါ။

ဒီအပေါ်မှာ ဂျိုး ဘက်ကာက မြန်မာစစ်ခေါင်းဆောင် ဘယ်နှစ်ယောက် အမေရိကန်
နိုင်ငံကို တကယ်တမ်း လာနေသလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်ပေမယ့် ဒီဥပဒေ
ဟာ ကမ္ဘာတ၀ှမ်း အစိုးရတွေကို အင်မတန် အရေးကြီးတဲ့ အသိပေး အကြောင်းကြား
ချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီရာဇ၀တ်မှုကို အစိုးရတခုချင်းဆီက အလေးအနက် သဘောထားလာပြီး တခြားနိုင်ငံ
က ခေါင်းဆောင်တွေပေါ်မှာတောင် သက်ရောက်မှုရှိနိုင်တဲ့ နိုင်ငံတွင်းဥပဒေတွေကို
ပြဋ္ဌာန်းလာကြပြီဆိုတာ အသိပေးလိုက်တာပါပဲ။ ဒါဟာ ကလေးတွေကို စစ်သားအဖြစ်
အသုံးပြုနေတာကို ရှုတ်ချပြစ်တင်ကြဖို့၊ ကလေးတွေကို စစ်သားအဖြစ် အသုံးပြုနေသူ
တွေကို အရေးယူဖို့၊ တာဝန်ခံမှုရှိရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပဲ
ဖြစ်ဖြစ်၊ အထွေထွေညီလာခံမှာပဲဖြစ်ဖြစ်၊ နိုင်ငံတခုချင်းစီမှာပဲဖြစ်ဖြစ် တာဝန်ရှိတယ်
ဆိုတာ အသိအမှတ်ပြုဖို့ ဒီကနေ့ ကမ္ဘာမှာ ကျမတို့ တွေ့လာနေရတဲ့ အရှိန်အဟုန်ရဲ့
တစိတ်တပိုင်းဖြစ်တယ်လို့ ကျမထင်ပါတယ်။"

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ
လှုံ့ဆော်စည်းရုံးလှုပ်ရှားသူ မစ္စ ဂျိုး ဘက်ကာ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းအသုံးပြုနေတာဟာ မြန်မာအစိုးရ စစ်တပ်
ချည်းမဟုတ်ဘဲ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့
အစည်းတွေဟာလည်း အလားတူ လုပ်ဆောင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေးအဖွဲ့လို အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမယ့် ဒီလက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့အဖွဲ့အစည်းတွေမှာ ကလေးစစ်သား
မစုဆောင်းဖို့ မူဝါဒချမှတ်ထားတယ်လို့ ချေပကြပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်း
တခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရုံနဲ့တော့ ဒီဥပဒေအရ အကျုံးဝင်မှာမဟုတ်ဘဲ ကလေးဟာ အသက်
မပြည့်ဘူးဆိုတာ ကိုယ်တိုင်က သိလျက်နဲ့ ကလေးတွေကို စစ်သားလုပ်ခိုင်းဖို့ စုဆောင်း
တာမျိုး၊ စစ်သားလုပ်ဖို့ ခွင့်ပြုတာမျိုးကသာ အကျုံးဝင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရက အဆင့်မြင့်
အဖွဲ့တခု ဖွဲ့စည်းထားပါတယ်။ အရင်တုန်းကဆိုရင် မြန်မာစစ်တပ်မှာ ကလေးစစ်သား
မရှိဘူးလို့တောင်မှ တွင်တွင် ငြင်းဆန်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ အတိအလင်း
ဖွင့်ဟ၀န်မခံသော်ငြား ကလေးစစ်သား ရှိနေတယ်၊ ကလေးစစ်သား စုဆောင်းနေတယ်
ဆိုတာကို အသိအမှတ်ပြုလာပုံတော့ ရပါတယ်။ ဒါဟာလည်း လူ့အခွင့်အရေး အဖွဲ့
အစည်းတွေ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်ဆိုရင်
မမှားပါဘူး။

ကုလသမဂ္ဂအဖွဲ့တခုဟာလည်း မြန်မာနိုင်ငံတွင်း အခြေစိုက်ပြီး ကလေးစစ်သား
ပပျောက်ရေး လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ
မှာ နိုင်ငံရေးသဘောပါတဲ့ နှောင့်ယှက်မှုတွေ ရှိနေတယ်၊ အဖွဲ့ကလုပ်ဆောင်နိုင်တဲ့
အပေါ်၊ လိုအပ်တဲ့ နေရာဒေသတွေကို သွားလာခွင့်တွေအပေါ်၊ သတင်းအချက်အလက်
စုဆောင်းမှုတွေအပေါ် ဆိုးဆိုးရွားရွား ကန့်သတ်ခံနေရတယ်ဆိုပြီး ဂျိုး ဘက်ကာက
ပြောပြခဲ့ပါတယ်။

သေဆုံးသူ ရေလုပ်သားများအတွက် နစ်နာကြေးရရန် အလုပ်သမားအခွင့်အရေးအဖွဲ့ တောင်းဆို
ကိုထွေး အောက်တိုဘာ ၇၊ ၂၀၀၈

ထိုင်းနိုင်ငံ အလုပ်သမားရေးရာ တရားရုံးက ထိုင်းလူမျိုးတဦးပိုင် ငါးဖမ်းစက်လှေ ပေါ်၌ ၃ လ ခန့် အစာ ရေစာ ပြတ်လပ် သည့် ဒုက္ခခံစားခဲ့ရသော ရေလုပ်သားများအတွက်ချမှတ်ပေးသည့်နစ်နာကြေးငွေ ဘတ် ၄.၉ သန်းတွင် မြန်မာနိုင်ငံသားများ အပါအ၀င် သေဆုံးသူ ၃၉ ဦးအတွက် မပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေးအဖွဲ့ LRPN က ပြောဆိုလိုက်သည်။

ယင်းစက်လှေပေါ်တွင် လိုက်ပါခဲ့သော ရေလုပ်သားများအားလုံးအတွက် တောင်းဆိုထားသော ငွေကြေးပမာဏ သည် ဘတ်ငွေ ၁၅ သန်း ဖြစ်သော်လည်း ယခု တရားရုံးမှချမှတ်ခဲ့သော လျော်ကြေးငွေ ၄.၉သန်းမှာ အသက် ဆုံးရှုံး သွားသူများ အတွက်မပါဝင်ဟု ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး အဖွဲ့ (Labor Rights Promotion Network-LRPN)က ဧရာဝတီသို့ ပြောသည်။

ကိုထင်ကျော်ကို ပုဒ်မပြောင်း တရားစွဲ
ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 23:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား စွဲဆိုထားသည့် ပုဒ်မကို အာဏာပိုင်များက ယခုလဆန်းပိုင်းတွင် ပြောင်းလဲ စွဲဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လက လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြပွဲများ ကျင်းပရန် လှုံ့ဆော်ခဲ့သူ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့မှ ကိုထင်ကျော်အား ယခုလ ၂ ရက်နေ့က ရုံးထုတ်ရာတွင် နိုင်ငံတော် လုံခြုံမှုကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ပြောင်းလဲ စွဲဆိုလိုက်ခြင်း ဖြစ်သည်။

"တရားသူကြီးက အမိန့်က ချတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးရဲ့ အမိန့်နဲ့ ချထားတယ်။ သူ့ကို စွဲထားတဲ့ ပုဒ်မတွေကို ဖြုတ်လိုက်ပြီးတော့ ၅၀၅(ခ) အမှုကို ပြောင်းလဲ လိုက်တယ်ဆိုတာ စာကို ဖတ်ပြတယ်" ဟု မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ကိုထင်ကျော်၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောသည်။

ယခင်က မြို့နယ် ၃ ခုတွင် တမှုစီ စွဲဆိုထားသော နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ကို နိုင်ငံတော် လုံခြုံမှုကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) သို့ ပြောင်းလဲကြောင်း တရားသူကြီးများမှ ပြည်ထဲရေး ၀န်ကြီးပေးပို့ခဲ့သည့် အမိန့်စာကို ဖတ်ပြခဲ့သည်။

ကိုထင်ကျော်သည် ရုံးထုတ်လာစဉ် တရားရုံးတော်သို့ မတက်ရောက်ဟု ငြင်းဆန်သော်လည်း ထောင်အာဏာပိုင်များမှ အတင်းခေါ်ထုတ်လာရာတွင် တရားသူကြီးအား လေးစားသောအားဖြင့် အမိန့်စာကို နားထောင်ခဲ့သည်ဟု ကိုသိန်းအောင်မြင့်က ပြောသည်။

၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် ဆန္ဒပြမှု၊ ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် သူ့အား တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးက တာဝန်ယူ စစ်ဆေးနေရာ ပန်းပဲတန်းမြို့နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး တမှုကိုသာ စစ်ဆေးပြီးခဲ့သေးကြောင်း ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

ကိုထင်ကျော်က ယနေ့ တရားဥပဒေ စိုးမိုးရေးသည် တရားရုံး၏ ဆုံးဖြတ်ချက်ပေါ် မရှိဘဲနှင့် ပြည်ထဲရေး ၀န်ကြီး၏ လက်အောက်တွင်သာ ရှိနေသည်မှာ သိသာထင်ရှားကြောင်းနှင့် သူ့အနေဖြင့် တရားရုံးအား ကန့်ကွက်ရခြင်းသည် တကမ္ဘာလုံးသို့ သိစေရန် သက်သေပြလိုက်ခြင်း ဖြစ်ကြောင်း ရုံးတော်သို့ ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် သူက လိုက်ပါဆောက်ရွက်နေသည့် ရှေ့နေနှင့် တွေ့ခွင့်ပေးရန်၊ သူ့အား ဖမ်းဆီးခဲ့သည့် အထူးရဲသတင်းတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် တွေ့ခွင့်ပေးရန်၊ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးရန်နှင့် သူ့ကို တရားစွဲဆိုမည်ဆိုလျှင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် သူ့အား အာဆီယံတွင် ချမှတ်ထားသည့် ဥပဒေအတိုင်း ဆောက်ရွက်ပေးရန်တို့ တောင်းဆိုခဲ့သည်။

သူ၏ရှေ့နေ ဦးအောင်သိန်းက ''အန်ကယ်တို့ မသိရတော့ဘူး။ ပြည်ထဲရေးက ၁၂၄ ကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုတော့ အမှုကတော့ ပြတ်သွားတာပဲ။ အန်ကယ်နဲ့ အဆက်ပြတ်သွားပြီဆိုတော့ ဘာမှ မသိတော့ဘူး။ စက်တင်ဘာလ ပထမပတ်ကနေ ရုံးထုတ်တာ၊ ၀င်လို့မရတော့ဘူး" ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်သည့်အပေါ် ဈေးနှုန်းပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်တွင် အများပြည်သူက တောင်းဆိုဆန္ဒပြရန် ကိုထင်ကျော်က တိုက်တွန်းနှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင်လည်း ရန်ကုန် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြသဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

သူက အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့သလို အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးအတွက်လည်း ဆန္ဒပြရာ၌ တတိယအကြိမ်တွင် တိုက်ပိတ်ခံခဲ့သည်။

ထို့အပြင် မိသားစုဝင်နှင့် ရှေ့နေများနှင့် တွေ့ခွင့် မရသလို၊ မည်သည့်နေ့တွင် ထပ်မံ ရုံးချိန်းသည်ကိုပင် မသိရှိရပေ။

ကရင်နီတပ်မတော် လက်နက်ချမည်မဟုတ်ဟု စစ်ဦးစီးချုပ်ပြောကြား
ပီတာအောင်/ ၇ အောက်တိုဘာ ၂၀၀၈။ ။

နအဖစစ်အစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသော ကရင်နီတပ်မတော် လက်နက်ချမည်ဆိုသည့် သတင်း မဟုတ် မမှန်ကြောင်းနှင့် အထင်အမြင်လွဲမှားစေရန် စစ်အစိုးရ၏ ၀ါဒဖြန့်မှုသက်သက်ဖြစ်ကြောင်း ကရင်နီတပ်မတော်အကြီး အကဲ ဗိုလ်ချုပ် ဘီထူးက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အပါအ၀င် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးနှင့် ၎င်း၏တပ်ဖွဲ့များ နအဖ စစ်အစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန် စီစဉ်နေသည်ဆိုသည့်သတင်းများ ကရင်နီအသိုင်းအ၀န်း၌ ထွက် ပေါ်နေသည့်အပေါ် ကရင်နီတပ်မတော်စစ်ဦးစီးချုပ်က ပြန်လည်ငြင်းဆိုခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဘီထူးက “ဒီလိုလုပ်တာ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စပဲ။ ပြည်သူအတွက်လည်း အကျိုးမဖြစ်ဘူး။ ကျနော်တို့က ဘာမှ လက်နက်ချက်ဖို့အကြောင်းမရှိဘူး။ ကျနော်တို့ရပ်တည်ချက်ကတော့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ ပန်းတိုင်ရောက်အောင်ချီတက်ဖို့ပဲ။ ရည်မှန်းထားတဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည် ထောင်စုတည်ထောင်နိုင်တဲ့အထိပေါ့ ဆက် လုပ်သွားမယ်” ဟု ပြောသည်။

ယင်းသို့လက်နက်ချရေးကိစ္စနှင့် ပတ်သက်၍ နအဖစ်အစိုးရဘက်က ဆက်သွယ်လာခြင်းမရှိသကဲ့သို့ အပစ်အခတ် ရပ်စဲ ရေးအတွက်လည်း နအဖနှင့် ကေအန်ပီပီတို့အကြား ညှိနှိုင်းဆွေးနွေးပြောဆိုမှုများ ယမန်နှစ်ကတည်းက မရှိတော့ ကြောင်း ကေအန်ပီပီ ပါတီအတွင်းရေးမှူး (၂) ခူးဦးရယ်ကလည်း ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အဲဒီသတင်းပြန့်နေတာတော့ တပတ်နီးနီးလောက်တော့ရှိပြီ။ လူထုကြားတွေမှာရော အပစ်ရပ်အဖွဲ့ တွေကြားထဲ မှာရော၊ သတင်းလွှင့်ထားတယ်လို့ ကျနော်တို့ကြားရတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒီသတင်းတွေဖြန့်နေတယ်။ နအရဲ့လုပ်ကြံသတင်း ဖြန့်ချိရေးသက်သက်ပါ။ အပစ်ရပ်အဖွဲ့တွေကိုလက်နက်ချဖို့ပြောနေတဲ့ တချိန်တည်းမှာတင်ပဲ ကျနော်တို့ဘက်ကို ယိုင်မသွားအောင် ကျနော်တို့ကလည်းဝင်ဖို့ အစီအစဉ် ရှိနေပါတယ်ဆိုတာမျိုး လုပ်နေတာပါ။ လက်နက်ချရုံကလွဲပြီးတော့ ရွေးချယ်စရာလမ်းမရှိဘူး၊ လက်နက်ဆက်လက်ဆွဲကိုင်ပြီးတော့ အားယူဖို့ အဖွဲ့အစည်း နောက်ခံမှာမရှိတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်အောင် တမင်တကာ ၀ါဒဖြန့်ချိတယ်လို့ပဲ နားလည်တယ်” ဟု ပြောသည်။

ကရင်နီတပ်မတော်နှင့် ကေအန်ပီပီပါတီတို့အနေဖြင့် စစ်ရေးနှင့်နိုင်ငံရေး ပုံမှန်ဆက်လက်ဆောင်ရွက်နေပြီး လက်နက်ချ ရေးနှင့် ပတ်သက်၍လည်း ကရင်နီခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုမရှိပါဟု ခူးဦးရယ်က ဆက်လက်ပြော ကြားသည်။

ကေအန်ပီပီနှင့် မြန်မာစစ်အစိုးရအကြား ၁၉၉၅ ခုက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖူးသော်လည်း သဘော တူညီချက်ကို နအဖဘက်က ချိုးဖောက်ကာ ကေအန်ပီပီနယ်မြေအတွင်း တပ်များတိုးချဲ့လာသဖြင့် (၃) လခန့်အကြာ၌ သဘောတူညီချက် ပျက်သွားခဲ့ရသည်။ ထို့နောက် ၁၉၉၆ နှင့် ၁၉၉၈ ခုတို့တွင် ရန်ကုန်၌ (၂) ကြိမ်၊ ၂၀၀၇ မတ်လတွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့၌ (၁) ကြိမ် ကေအန်ပီပီနှင့် နအဖစစ်အစိုးရကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်းချမ်း ရေးဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ပေ။

ကရင်နီစစ်တပ်နှင့် နအဖ စစ်တပ်တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားဒီမိုကရက်တစ်တပ်ဖွဲ့ (ကေအန်ဒီအေ) ခေါ် နဂါးတပ်ဖွဲ့ကို ပြီးခဲ့သည့်လဆန်းပိုင်းက စစ်အစိုးရက လက်နက်ချ ခိုင်းခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကြယ်ဖြူတပ်ဖွဲ့များကို လည်း လက်နက်အပ်ရန် ဖိအားပေးလျက်ရှိကြောင်း ကရင်နီတပ်မတော်က ပြောကြားသည်။

ကရင်နီ ပြည်သူများ၏ အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းခြင်းမရှိသည့် အကြွင်းမဲ့လက်နက်ချမှုများကို အလျဉ်းပြုလုပ် မည်မဟုတ်ကြောင်း၊ ကရင်နီအမျိုးသားတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး အမျိုးသားဘ၀လွတ်မြောက်ရေး အတွက် အာဏာရှင်စစ်အုပ်စုကို ဆက်လက်ခုခံ တိုက်ပွဲဝင်သွားမည်ဟု ကရင်နီတပ်မတော်က ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ကြေညာထားသည်။

By NEJ

မိသားစုတွေ တရားခွင် လာရောက်ခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်

06 October 2008 ဦးအောင်လွင်ဦး
မြန်မာစစ်အစိုးရ ဖမ်းဆီးတာကို ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားရုံးတင်
စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ မိသားစုတွေကို လာရောက်ခွင့် မပြုတော့တဲ့အတွက်
ကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအ၀င် ထိန်းသိမ်းခံနေရသူတွေအနေနဲ့
တရားစီရင် စစ်ဆေးနေတာတွေကို ရပ်တန့်ပြီး သပိတ်မှောက်လိုက်ကြပါတယ်။ ဒီလို
မိသားစုတွေ တက်ရောက်ခွင့်မရှိတဲ့ တရားခွင်တွေမှာပဲ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး
လှုပ်ရှားသူတချို့ကို ဒီကနေ့ပဲ ပြစ်ဒဏ်ပေး စီရင်တာတွေ လုပ်ခဲ့လို့လည်း မိသားစုတွေ
က မကျေမနပ် ဖြစ်နေကြရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွန်ခဲ့တဲ့
လတွေကစလို့ တရားရုံးတင် စစ်ဆေးတဲ့နေရာမှာ မိသားစုတွေ လာရောက်ခွင့် ပိတ်ပင်
လိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေဘက်က ကန့်ကွက်တောင်းဆိုမှုတွေ လုပ်ခဲ့
ကြတာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ
အပါအ၀င် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခဲ့ကြသူတွေ၊
စက်တင်ဘာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေအနေနဲ့ ဒီလို
မိသားစုတွေကို လာရောက်ခွင့် မပေးတဲ့အတွက် တရားခွင်ရဲ့လုပ်ငန်းတွေမှာ ပူးပေါင်း
ဆောင်ရွက်တာတွေမလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ထိန်းသိမ်းခံနေရသူတွေရဲ့ ဥပဒေ
အကျိုးဆောင် ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခင်မောင်ရှိန်က ပြောပါတယ်။

"ပထမဆုံး လှိုင်မြို့နယ်တရားရုံးက ကိုထွန်းထွန်းဦးပါ ၄ ဦးအမှုကို စတယ်။ စတဲ့အခါ
ကိုထွန်းထွန်းဦးတို့၊ ကိုမောင်မောင်လတ်တို့၊ ကိုအောင်ကျော်မိုးတို့၊ မထားထားသက်
တို့က ကျနော်တို့ရှေ့နေတွေကို ညွှန်ကြားမှုပေးတယ်။ သူတို့မိသားစုတွေကို ၀င်ရောက်
နားထောင်ခွင့် မပေးတော့ဘူး၊ ထောင်ဝင်စာတွေ့တဲ့ရက်ကလည်း စနေ၊ တနင်္ဂနွေ
ပြောင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ မကျေနပ်ဘူး။ ဒါကြောင့် ဒီနေ့ တရားရုံးမှာ
စစ်ဆေးတဲ့ အမှုကိစ္စမှာ ရှေ့နေကြီးများအနေနဲ့ မေးမြန်းတာမလုပ်ပါနဲ့လို့ ညွှန်ကြားချက်
ပေးတယ်။ သူတို့ကိုယ်တိုင်လည်း ပြန်လည်မေးမြန်းမှု မလုပ်ဘူးလို့ပြောတယ်။

"အဲဒီအပိုင်းမှာ ကျနော်တို့က ရုံးတော်ကို လျှောက်ထားတယ်။ ရုံးတော်ကတော့
သက်သေလာရင် အမှုဆက်စစ်သွားမယ်လို့ပြောတယ်။ ကျနော်တို့က အမှုသည်ရဲ့
ညွှန်ကြားချက်အရ ဆက်လက်မစစ်ဆေးဘဲ၊ ပြန်လှန်မေးခွန်းတွေ မမေးဘဲ ရုံးပြင်
ထွက်လာတယ်။

"နောက်တခါ ရှင်သဒ္ဓမ္မနဲ့ ကိုထွန်းထွန်းနိုင် နှစ်ယောက်အမှု တရားခွင်စတဲ့အခါမှာ
ရှင်သဒ္ဓမ္မတို့ကလည်း ကျနော်တို့ကို ကြိုတင်ပြီး ညွှန်ကြားချက်ပေးထားတယ်။ မိသားစု
တွေ လာရောက်တွေ့ဆုံခွင့် မပေးဘူး၊ နားထောင်ခွင့်မပေးဘူးဆိုတဲ့ ပြောင်းလဲ
ညွှန်ကြားတဲ့ ညွှန်ကြားချက်အပေါ်မှာ သူတို့ မကျေနပ်ဘူး။ ဒါကြောင့် တရားခွင်မှာ
စစ်ဆေးတဲ့အခါ ရှေ့နေများအနေနဲ့လည်း မေးမြန်းခွင့်မလုပ်ပါနဲ့၊ သူတို့ကိုယ်တိုင်က
လည်း မေးမြန်းစစ်ဆေးမှု မလုပ်ပါဘူးဆိုတဲ့ ညွှန်ကြားချက်ပေးတယ်။

"အဲဒါပြီးတဲ့အခါ ရုံးမှာ ကိုမင်းကိုနိုင်က လျှောက်တယ်။ အနိမ့်ဆုံးအဆင့် ပုံမှန် မိသားစု
များကို တွေ့ဆုံခွင့်၊ နားထောင်ခွင့်ပေးဖို့။ လာမယ့်ရုံးချိန်းမှာ ဒီလိုမပေးဘူးလို့ တုံ့ပြန်ခဲ့
ရင် သူတို့အနေနဲ့ ဒါနဲ့ညီတဲ့တုံ့ပြန်မှုကို ဆောင်ရွက်သွားမယ်လို့ တရားရုံးကိုပြောတယ်။"

အခုတပတ်ကစလို့ တရားရုံးကြားနာမှုတွေမှာ မိသားစုတွေ ၀င်ရောက်နားထောင်ခွင့်
မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ၊ အထူးသဖြင့် ကျန်းမာရေး ယိုယွင်းနေသူတွေ
အတွက် ပြဿနာတွေနဲ့ ကြုံရတာတွေလည်း ရှိနေတယ်လို့ ဦးခင်မောင်ရှိန်က သူ့ရဲ့
ဒီကနေ့ တရားခွင်အတွေ့အကြုံကို ပြောပြပါတယ်။

"ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေအမှု၊ ဒါက သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးရုံး
ရယ်၊ တွဲဖက်တရားသူကြီးရုံးရယ် ၂ ရုံး။ ပထမဆုံး သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးရုံး
က စတင်စစ်ဆေးဖို့လုပ်တယ်။ ဒီမတိုင်ခင် ကိုမင်းကိုနိုင်တို့ကို ရုံးထုတ်လာတာက
၉ နာရီခွဲထဲကထုတ်လာတယ်။ ဘာအစားအသောက်မှ မစားရဘူး။ ရုံးစစစ်တဲ့အချိန်က
၂ နာရီခွဲလောက်မှာမှ စစစ်ဖို့လုပ်တယ်။ ကြားမှာ ကိုအောင်သူက Pressure တက်ပြီး
မူးလဲသွားတယ်။ အဲတော့ တရားခွင်မှာ စွပ်စွဲခံရသူတွေထိုင်တဲ့ ထိုင်ခုံတွေကို ဆက်ပြီး
တော့ ကိုအောင်သူ လဲလျောင်းနေရတယ်၊ ဘေးကနေ ပြုစုကြရတယ်။

"ဒီမှာ အစားမစားရတာလည်း ပါတယ်။ ကိုအောင်သူက ဆေးရုံမှာ တက်ရောက်ကုသ
နေရတယ်။ ဆေးရုံကနေ ရုံးထုတ်လာတာ။ ပြီးတော့ ကိုအောင်သူက ဦးနှောက်နဲ့ အာရုံ
ကြောမှာ ပြထားရတယ်။ နှလုံးရောဂါရှိတယ်။ သွေးတိုးတယ်၊ သွေးတက်တယ်၊
လေဖြန်းတဲ့အနေအထားရှိတယ်။ ဒါကြောင့် ကိုအောင်သူရဲ့ ညာဘက်ခြမ်းက လက်တွေ၊
ခြေတွေ သိမ်နေတဲ့အနေအထားရှိတယ်လို့ သိရတယ်။

"အဲတော့ ၉ နာရီခွဲ ရုံးထုတ်လာတယ်။ ၂ နာရီကျော်လောက်အထိ ဘာအစားမှ မစားရ
ဘူး။ အဲဒါက ခါတိုင်းလို မိသားစုက တရားခွင်မှာ လာရောက်နားထောင်ခွင့်၊ တွေ့ဆုံခွင့်၊
ကျွေးမွေးခွင့် မရှိတဲ့အတွက် သူတို့ ဘာမှမစားရလို့ ဒီလိုဖြစ်တာလည်း ပါမှာပေါ့။"

ရန်ကုန်မြို့က ရှေ့နေကြီး ဦးခင်မောင်ရှိန် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို မိသားစုတွေ လာရောက်ခွင့် ပိတ်ပင်လိုက်တဲ့ တရားခွင်တွေကနေ ပြစ်ဒဏ်ပေး
စီရင်ချက်ချမှတ်လိုက်တာတွေလည်း ရှိနေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း
ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူ ၄ ယောက်ကို အင်းစိန်ထောင် အထူးတရားရုံး
တွေကနေ ထောင်ဒဏ် ၂ နှစ်ခွဲကနေ ၄ နှစ်ခွဲစီ အသီးသီး ချမှတ်လိုက်တယ်လို့လည်း
သူတို့ရဲ့အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးဖြစ်တဲ့
ဦးမောင်မောင်လတ်က ပြောပါတယ်။

"တောင်ဒဂုံကနေ စွဲတင်တဲ့ ဦးစိုးကြွယ်၊ ဒေါ်ခင်အေး၊ ဒေါ်မြင့်သိန်း၊ ၃ ယောက်တတွဲ
တည်းကို ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ) တွေနဲ့ စွဲချက်တင်တယ်။ ဒီနေ့ အမိန့်ချတာ
ကတော့ ၁၄၃ အတွက် ၆ လ၊ ၁၄၅ ကိုတော့ ပယ်ဖျက်ပေးတယ်။ ၅၀၅(ခ) ကိုတော့
၂ နှစ်။ သီးခြားစီကျခံစေဆိုတော့ ၂ နှစ်နဲ့ ၆ လပေါ့။

"နောက်တမှုက ဦးစိုးမြင့်ထိန်ဆိုတာလည်း ဒီတိုင်းပဲ။ သူကတော့ ၁၄၃၊ ၁၄၅၊ ၁၄၇၊
၅၀၅(ခ)၊ ပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ထားတာ ဒီနေ့ အမိန့်ချတော့ ၁၄၃ အတွက် ၆ လ၊
၁၄၅ ကို ပယ်ဖျက်ပေးလိုက်တယ်။ ၁၄၇ ကို ၂ နှစ်၊ ၅၀၅(ခ) ကို ၂ နှစ်၊ အားလုံး ၄ နှစ်နဲ့
၆ လကျတယ်။ အဲဒါကို ၂ နှစ်၊ ၂ နှစ်၊ ၆ လကို သီးခြားစီ ကျခံစေဆိုပြီး အရှေ့ပိုင်းခရိုင်
တရားသူကြီးက အမိန့်ချတယ်။"

ဒီလို မိသားစုတွေရဲ့မျက်ကွယ်မှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရလို့လည်း
မိသားစုဝင်တွေဘက်က မကျေမနပ် ဖြစ်တာတွေကလည်း ရှိနေတာပါ။ ကုန်ဈေးနှုန်း
ကျဆင်းရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ နောက်ထပ်
နိုင်ငံရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုစိုးမြင့်ထိန်ဟာ ဆိုရင်လည်း အခုနောက်ဆုံး
ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်လို့ ညီဖြစ်သူ ကိုသိန်းအောင်မြင့်
က အခုလိုဆိုပါတယ်။

"သူ့ကိုစွဲတာက ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေး၌ ပါဝင်ခဲ့ပြီး နိုင်ငံတော်အစိုးရနဲ့
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်သော ပြစ်မှုတခုခုကို ဆောင်ရွက်ကျူးလွန်
အောင်၊ ဖြစ်ပေါ်လာအောင် ကျူးလွန်ခြင်း၊ စည်းရုံးခြင်း၊ သတင်းဖော်ပြခြင်း၊ ဆူပူဆန္ဒပြ
အမှုများဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းဆိုပြီး စွဲတင်တယ်။

"ကျနော်တို့ဘက်က ရှေ့နေကလည်း လက်ရှိစွဲတင်ထားတဲ့အမှုတွေက ဘယ်လိုဟာမျိုး
တွေလည်းလို့ သိချင်လို့ မေးတော့ ကိုစိုးမြင့်ထိန် မနှစ်က စက်တင်ဘာ ရွှေဝါရောင်
တော်လှန်ရေးမဖြစ်ခင် တောင်ဒဂုံတို့၊ မြောက်ဥက္ကလာတို့၊ မြောက်ဒဂုံတို့၊ လှိုင်သာယာ
တို့မှာ အမျိုးသားရေးဦးဝင်းနိုင်နဲ့ ဆန်သွားလှူတဲ့ကိစ္စရယ်၊ ကိုကျော်သူ၊ ကိုဇာဂနာ၊
အမျိုးသားရေးဦးဝင်းနိုင်တို့နဲ့အတူ ရွှေတိဂုံဘုရား အရှေ့မုခ်မှာ သံဃာတော်တွေကို
ဆွမ်းလောင်းလှူတဲ့ကိစ္စနဲ့ တာရာမင်းဝေ တလပြည့်အလှူကို သွားရောက်ခြင်းကိစ္စဆိုတဲ့
အဲဒီအမှုသုံးမှုက နိုင်ငံရေးစည်းရုံးမှုတွေ လုပ်တာဆိုပြီး စွဲတင်တာပါ။ အခု ညနေ
၃ နာရီကျော်လောက်မှ ကိုစိုးမြင့်ထိန်ကို ထောင် ၄ နှစ်ခွဲချလိုက်တယ်ဆိုပြီး သိရပါ
တယ်။"

တရားရုံးတင် စစ်ဆေးမှုတွေ လုပ်နေတဲ့နေရာမှာ မိသားစုတွေကို လာရောက်ခွင့်
ပိတ်ပင်လိုက်တာ၊ ဒီလို တရားခွင်တွေကပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို
ပြစ်ဒဏ်ပေး ထောင်ချနေတာတွေနဲ့ ပတ်သက်လို့ ဥပဒေအကျိုးဆောင်တွေ၊ မိသားစု
ဝင်တွေ ပြောပြကြတာပါ။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို တရားလက်လွတ် ဖမ်းဆီးနေတာတွေ၊ ထိန်းသိမ်း
ခံနေရတဲ့ နေရာမှာလည်း ဂုဏ်သိက္ခာနဲ့အညီ ပြုမူတာတွေမရှိလို့ အသစ်ခန့်အပ်လိုက်
တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ ပြစ်တင်ဝေဖန်ခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မြန်မာအာဏာ
ပိုင်တွေဘက်က ဖမ်းဆီးထားသူတွေအပေါ် အခုလို ကန့်သတ်ချုပ်ချယ်တဲ့ ဆောင်ရွက်
ချက်တွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရန်ကုန်လက်ကျန်ဝန်ထမ်းများကို ၂၀၀၉ မတိုင်မီ နေပြည်တော်ပြောင်းခိုင်း
မင်းနိုင်သူ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်တွင် လက်ကျန်ရှိနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများအား ၂၀၀၉ ခုနှစ်မတိုင်မီ နေပြည်တော်ပြောင်းရန် အမိန့် ထုတ်ထားသည့်အတွက် ၀န်ထမ်းအချို့ အလုပ်မှထွက်ကုန်သည်ဟု စုံစမ်းသိရသည်။

“သူတို့က ရန်ကုန်မှာ ၀န်ထမ်းနည်းနည်းပဲ ထားတော့မယ်။ ကျန်တာအားလုံး ပြောင်းဆိုတဲ့မူကို ကျင့်သုံးနေပြီ။ အခုကို ပြောင်းနေကြရပြီ။ ကျနော်တို့ကတော့ ဘယ်ပြောင်းချင်ပါ့မလဲ၊ ရတဲ့လစာက တလစာ လက်ဖက်ရည်ဖိုးပဲရှိတာ။ အလုပ် ကလေးရှိတယ်ဆိုတာမျိုး ဖြစ်ချင်လို့သာ မှေးနေကြရတာ။ ဟိုကိုသာ ပြောင်းရရင်မလွယ်ဘူး။ ဟိုမှာက သွားရေးလာရေး ခက်သလို လူကြီးတွေနဲ့နီးတော့ အချိန်ပြည့် ကြောက်နေရမှာပဲ။ ဒါကြောင့် အခု ထွက်စာတင်ထားတယ်” ဟု သာသနာ ရေးဦးစီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်လက်ကျန်ဝန်ထမ်းများကို နောက်ဆုံးအသုတ် နေပြည်တော်ပြောင်းမိန့်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀န်ထမ်းများ၏ ထောက်ခံမဲကို စုစုစည်စည်း ရနိုင်ရန်ဖြစ်နိုင်သည်ဟု အချို့ဝန်ထမ်းများက ယူဆ သည်။ သို့သော် နေပြည်တော်မှ အိမ်ရာအကွက်များကို စည်ကားစေလို၍ မြန်မြန်ပြောင်းခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့က ယူဆသည်။

မိုး/ဇလမှ ၀န်ထမ်းတဦးက “ကျမတို့ ဌာနမှာ အပိုဝင်ငွေ ရပေါက်ရလမ်းက အင်မတန် နည်းပါတယ်။ ဒီကြားထဲ ပြောင်းရ ရွှေ့ရမယ်ဆိုတော့ မလွယ်ဘူး။ ဒီမှာက အိမ်ဆိုင်လေး ဖွင့်ထားတော့ စားနေရသေးတယ်၊ ဟိုမှာဆို မလွယ်ဘူး။ အလုပ် ထွက်လိုက်ပြီးတော့ အပြင်မှာပဲ လုပ်ကိုင်စားတော့မယ်” ဟု ဆိုသည်။

နေပြည်တော်သို့ ၀န်ထမ်းများ ပြောင်းရွှေ့မှုကို ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့ဖူးပြီး ယခုလည်း အလုံးအရင်းဖြင့် ပြောင်းရွှေ့ ခိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြောင်းရွှေ့စေမှုများကြောင့် လစာငွေနည်းပါးကာ အပိုဝင်ငွေ မရရှိနိုင်သည့် ဌာနများမှ ၀န်ထမ်းများ အခက်အခဲတွေ့ကြရပြီး အလုပ်ထွက်စာတင်သူများ များပြားနေသည်ဟု ၀န်ထမ်း များ အသိုင်းအ၀န်းမှ ကြားသိရသည်။

နေပြည်တော်သို့ ပြောင်းရွှေ့ခိုင်းမှုများကြောင့် အောက်ခြေ၀န်ထမ်း အများအပြား အလုပ်ထွက်လိုကြပြီး အချို့က ပြည်ပထွက် အလုပ်လုပ်ရန် ကြိုးစားနေကြသကဲ့သို့ အချို့ကလည်း အန်ဂျီအိုများတွင် တာဝန်ထမ်းဆောင်နိုင်ရန် သက်ဆိုင်ရာသင်တန်းများသို့ တက်ရောက်နေကြပြီဖြစ်ကြောင်း ကြားသိရသည်။

ယခုကဲ့သို့ ၀န်ထမ်းများ ပြောင်းရွှေ့ခိုင်းမှုများအပြင် ရန်ကုန်ရှိ ၀န်ကြီးဌာနပိုင် အဆောက်အဦများအား နအဖစစ်အစိုးရ က ပြည်ပကုမ္ပဏီများသို့ အငှားချထားမှုနှင့် ရောင်းချမှုများ ပြုလုပ်နေပြီး မကြာမီကာလတွင်လည်း ဗိုလ်ဆွန်ပက်လမ်းရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနပိုင် အဆောက်အဦကို ရောင်းချလိမ့်မည်ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနမှ အမည်မဖော် လိုသည့် အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ရန်ကုန် စစ်ထောက်ချုပ်ရုံးမှ ဝန်ကြီးဌာနအသီးသီးသို့ ထုတ်ပြန်ချက်အရဆိုလျှင် ၂ဝဝ၅ ခု အောက်တိုဘာမှ ၂ဝဝ၆ ခု ဧပြီလထိ (၆) လအတွင်း ရန်ကုန် ဝန်ကြီးဌာနပေါင်း (၃ဝ) နှင့် ရုံးဌာန (၈) ခု၏ ရုံးပစ္စည်းများကို စစ်ထောက်ချုပ်ရုံး အစီအစဉ်ဖြင့် စစ်သုံးယာဉ် အစီး (၃,၉ဝ၃) စီးသုံးပြီး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မူလက ၂ဝဝ၆ ခု မေလ (၂ဝ) ရက်မှာ ရန်ကုန်ဝန်ကြီးဌာနများအားလုံး နေပြည်တော်အပြီးသတ် ပြောင်းရန် ရည်မှန်းခဲ့ သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂ဝဝ၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း စစ်သုံးယာဉ် (၁,၃၃၆) စီးနှင့် ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ၀န်ကြီးဌာနများ နေပြည်တော်မပြောင်းခင် (၃) နှစ်စာ ဖိုင်တွဲ များကလွဲပြီး အစောပိုင်းနှစ်များမှ ဖိုင်မှန်သမျှ ဖျက်ဆီးရန် အထက်အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

By NEJ


အပြစ်မဲ့ရေလုပ်သား များသေဆုံးခဲ့

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ လှေပိုင်ရှင်တွင် တာဝန်ရှိကြောင်းနှင့် သေဆုံးခဲ့သူများအပါအ၀င် လှေပေါ်ပါ ရေလုပ်သားများ အားလုံးအတွက် ထိုက်တန်သော နစ်နာ ကြေးရရှိရန် LRPN က တရားရုံးတွင် လျှောက်ထား တောင်းဆိုခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် က အမိန့်ချဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

LRPN အဖွဲ့၏ ဒါရိုက်တာ စွန်ပေါင်ဆကောဝ်က “တရားရုံးက ပင်လယ်မှာ သေဆုံးတဲ့သူတွေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ ဆီမှာ ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘူးလို့ပြောတယ်၊ ဒါကြောင့် သူတို့ကသေဆုံးတဲ့သူတွေအတွက် လျော်ကြေး ပေးဖို့ငြင်းတာပေါ့၊ ကျနော်တို့ရဲ့ ရှေ့နေတွေက အချက်အလက်တွေ ထပ်မံ စုဆောင်းပြီး တရားရုံးမှာ တင်ပြဖို့ ကြိုးစားနေ ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ရရှိသောလျော်ကြေး ပမာဏနည်းပါးခြင်းမှာ ခိုင်လုံသည့် အထောက်အထား ကိုတရားရုံးတွင်တင် ပြနိုင်ခြင်း မရှိသဖြင့်ဖြစ် ကြောင်း၊ ရေလုပ်သားများအနေနှင့် တရားရုံးသို့လာရောက်ရန် အတွက် တရားဝင်စာ ရွက်စာတမ်း မရှိကြောင်း၊ အဆိုပါဖြစ် စဉ်တွင်ပါဝင်ခဲ့သူအားလုံးမှာ အနယ်အရပ်ရပ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

စက်လှေပေါ်တွင် လိုက်ပါခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့် အောဝ်ဂျေးနပ်ကမူ“ကျနော်တရားရုံးကို ဒီကိစ္စ နဲ့ ပတ်သက် ပြီးတော့ အကြိမ်ကြိမ်သွားခဲ့တယ်၊ ဒါပေမယ့် တရားရုံးကဒီကိစ္စကို နှောင့်နှေးကြန့်ကြာအောင် တမင် အချိန်ဆွဲ ထားပြီးတော့ လျော်ကြေးပေးရမှာကို ငြင်းတယ်၊ အခုလျော်ကြေးပေးပြန်တော့လည်း သူတို့ က လူ ၂၀ ပြည့်မှ လျော်ကြေးပေးမယ်လို့ ပြောတယ်၊ ကျနော်တို့က အနယ်နယ်အရပ်ရပ်ကဆိုတော့ လူပေါင်း၂၀ ပြည့် အောင် ဘယ်လိုစုရမှာလဲ၊ သူတို့တကယ်ပေး ချင်တယ် ဆိုရင်ပေးလို့ရပါတယ်၊ ကျနော် တို့က တကယ် ခံစားရတဲ့ သူတွေပါ”ဟု ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သော၂နှစ်ခန့်က အဆိုပါ ထိုင်းလူမျိုး တဦးပိုင် ပရာဖာစနာဗီး အမည်ရှိ ငါးဖမ်းစက်လှေသည် အင်ဒိုနီးရှား ပင်လယ် အတွင်း၌ ရှိစဉ် အစားအစာနှင့် သောက်ရေသန့်ပြတ်လပ်သွားခဲ့ရာ ယင်းလှေပေါ်တွင် ပါလာသော ရေလုပ်သား ၁၀၀ခန့်မှာ ၃လ ခန့် အစာရေစာ ငတ်မွတ်မှုဖြစ်ပြီး ၃၉ ဦး အသက်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားရဲများကို ကြောက်ရွံသည့်အတွက် စက်လှေမှာ ကမ်းသို့မကပ်ဘဲ ထိုင်းသို့ပြန်လာစဉ် ဤသို့ ဖြစ်ပွား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက်ဆုံးရှုံးသွားသော ရေလုပ်သား ၃၇ ဦးကို ပင်လယ်အတွင်းပစ်ချခဲ့ပြီး၂ ဦးမှာ ကျွန်းပေါ်တွင် မြေမြှပ် သင်္ဂြီုလ်ခဲ့ ကြောင်း၊ ကျန်သည့် ရေလုပ်သားများမှာလည်း ဆိပ်ကမ်းသို့ရောက်သည့် အခါတွင် ပင်ပန်းနွမ်း နယ်ခြင်း၊ ခန္ဓာကိုယ် ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ အစရှိသောအာဟာရ ချိုတဲ့သည့်ဝေဒနာများကို ခံစား ကြရ ကြောင်း ပြီးခဲ့သည့် သောကြာ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဖော်ပြထားသည်။

အသက်ရှင်သန်ကျန်ရစ်နေသော ရေလုပ်သားများနှင့် အသက်ဆုံးရှုံးသွားခဲ့သော ရေလုပ်သားများ၏မိသားစုများက စက်လှေပိုင်ရှင်ထံမှ ရသင့်ရထိုက်သော လျော်ကြေးများကိုတောင်းခံခဲ့သော်လည်း လျစ်လျုရှုခံရကာ ထိုင်း အာဏာ ပိုင်များကလည်း နိုင်ငံတကာရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သော ၎င်းပြဿနာအားစုံစမ်း စစ်ဆေး ပေးရန် ငြင်းဆိုခဲ့ကြသည်။

ယခုအမှုကို စတင်တရားစွဲဆိုစဉ်က ရေလုပ်သားမှာ ၆၂ ဦးရှိပြီး၊ တချို့မှာ အလုပ်ရှင်နှင့် နားလည်မှု ရယူ၍ တရားစွဲရာတွင် ပါဝင်ခြင်းမရှိကြောင်း၊ ရေလုပ်သားများနှင့် ပတ်သက်၍ လျော်ကြေးရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းနှင့် အမှုမှာလည်း ၂နှစ်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

LRPN အဖွဲ့မှ ကိုအောင်အောင်က“အခုပေးတဲ့လျော်ကြေးက လက်ရှိအသက်ရှင် ကျန်ခဲ့တဲ့ လူတွေ အတွက်ပဲ၊ အသက်ဆုံး ရှုံးသွားတဲ့သူတွေ လျော်ကြေးရဖို့အတွက် ကျနော်တို့အဖွဲ့က ဆက်ကြိုးစားသွားမယ်၊ ရွှေ့ပြောင်း အလုပ်သမားများကို အကာအကွယ်ပေးတဲ့ ထိုင်း ဥပဒေအပေါ်မှာ လိုက်နာရမယ့် ၀န်ထမ်း တွေရဲ့ပျက်ကွက် မှုတွေလည်းရှိတယ်၊ သူတို့ လေးလေးစားစား လိုက်နာတာကို မတွေ့ရဘူး၊ ဒီဥပဒေက အလုပ်ရှင်ဘက်ကသာ ကာကွယ်ပေးထား ပြီးတော့ အလုပ်သမားများဘက်က ကာကွယ်ပေးတာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

ယင်းစက်လှေပေါ်ပါ ရေလုပ်သား အများစုမှာ မွန်တိုင်းရင်းသားများဖြစ်ကြပြီး ထိုင်း၊ ကရင်နှင့် မြန်မာ လူမျိုးများ လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းများ၏ ကူညီမှုသာ မရရှိခဲ့ပါက အပြစ်မဲ့ရေလုပ်သား များသေဆုံးခဲ့သည်ကို ရက်ကြာလာသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်ကြောင်း လေ့လာသူများက ဝေဖန် သုံးသပ် ကြသည်။

အကျဉ်းစံ အရှင်ဂမ္ဘီရ ကျန်းမာရေး ဆိုးဝါးနေ
ကိုစိုး အောက်တိုဘာ ၇၊ ၂၀၀၈

စစ်အစိုးရကဖမ်းဆီးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော်တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အင်းစိန်ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်းသိရသည်။

အဆိုပါ အရှင်ဂမ္ဘီရသည် ကျန်းမာရေးဆိုးဝါးနေပြီး အားနည်းနေသည့်အတွက် ထောင်ဆေးရုံ၌ ဆေးဝါး ကုသမှု ခံယူနေရ သောကြောင့် ယမန်နေ့က အင်းစိန်ထောင် ကမာရွတ်မြို့နယ် သီးသန့်တရားရုံးတွင်ရုံးထုတ် ရှိသော်လည်း မထွက်ရောက် နိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။

“အရှင်ဂမ္ဘီရ ကျန်းမာရေးခြေအနေက ထောင်ဆေးရုံမှာ အားဆေးသွင်းနေရတယ်လို့ ကျနော်တို့သိရတယ်၊ ဆေးရုံကို ဘယ်နေ့က ရောက်တယ်လို့တော့ မသိရသေးဘူး၊ မနေ့ကတော့ ရုံးချိန်း ထွက်မလာနိုင်ဘူး”ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ လ၀က်ခန့်ကလည်း အရှင်ဂမ္ဘီရသည် ရုံးချိန်းတခုတွင် ခေါင်းမူးပြီး အန်ကြောင်း သိရသည်။ အစာမှား၍ဟု ယူဆရကြောင်း၊ သို့သော် ခြေလက်များအေးနေကြောင်း၊ အသားအရေမှာ ၀ါဖန့်ဖန့် ဖြစ်နေပြီး အားအင် နည်းပါးနေသော လက္ခဏာကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းကမာရွတ်မြို့နယ် တရားရုံးတွင် အရှင်ဂမ္ဘီရ တပါးတည်း အမှု ၉ မှုကို ရင်ဆိုင်နေရကြောင်း၊ ၎င်းအမှုများမှာ သင်းဖွဲ့ (၆) ပုဒ်မ တမှု၊ ပုံနှိပ် ၁၇ (၂၀) ပုဒ်မ ၂ မှု၊ မတရားသင်း ၁၇ (၂) ပုဒ်မ ၃ မှု၊ လ၀က ၁၃ (၁) ပုဒ်မ ၃ မှု တို့ဖြစ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့ ရုံးချိန်းတွင် အာဏာပိုင်များက ထုတ်ပြန်လိုက်သည့် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေး အကျဉ်းသား များ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပြုတော့ကြောင်းနှင့် ပုံမှန် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက် တွင် ထောင်ဝင်စာတွေ့ခွင့်ပေးနေခြင်းကို စနေ၊ တနင်္ဂနွေသို့ပြောင်းလိုက်ကြောင်း ညွှန်ကြားချက်အား နိုင်ငံရေးအကျဉ်း သားများ၏ မိသားစုဝင်များက ယခင်အတိုင်း ခွင့်ပြုရန် ယမန်နေ့က တောင်းဆိုကြသည် ဟုလည်း ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို၏ဖခင်ဖြစ်သူ ဦးဝင်းမောင်ကလည်း “မနေ့က သွားလို့မရဘူး၊ တနင်္ဂနွေနေ့က ပါဆယ်ပေးတော့လည်း တွေ့ခွင့်မရဘူး၊ လုံးလုံး မိသားစုကို တွေ့ခွင့်မပေးဘူး၊ ကျောင်းသားတွေကတော့ လျှောက်လွှာတင် ထားတယ်၊ မိသားစုတွေနဲ့ တွေ့ခွင့် ပေးဖို့၊ စာတင်ထားတယ်၊ မိသားစုတွေစုပြီး စာတင်ဖို့လည်း စီစဉ်ထားတယ်၊ အဲဒါဖြစ် လိမ့်မယ်လို့ထင်တယ်၊ ထောင်အာဏာပိုင်တွေကို နှုတ်နဲ့တော့ ပြောထားတယ်”ဟု ပြောပြသည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးပါက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြားထားသည်။

ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင် ၌ မိသားစုဝင်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ကလည်း လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ၁၁၉၂ ဦးရှိကာ ယခု ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း အထက်ပါ ပူးတွဲကြေညာချက်အရ သိရှိရသည်။

ဓာတ်ခွဲစစ်ဆေးပြီး မယ်လမင်းမပါသည့် နို့မှုန့်များ ဖြန့်ဖြူးခွင့်ပေးမည်
NEJ/ ၇ အောက်တိုဘာ ၂၀၀။ ။

ရန်ကုန်ဆိပ်ကမ်းတွင် လက်ခံထားသည့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော နို့မှုန့်များတွင် မယ်လမင်း ပါဝင်မှု ရှိမရှိ အစိုးရက စစ်ဆေးပြီး ကုမ္ပဏီများအား ထုတ်ပေးသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။

၎င်းက “ ဒါဟာ ပို့ကုန်သွင်းကုန်ဈေးနှုန်းများ အတည်ပြုသတ်မှတ်ရေး အစည်းအဝေးက ဆုံးဖြတ်ခဲ့တာပါ။ နို့မှုန့်တွေကို အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန၊ အစိုးရဓာတ်ခွဲခန်း (၃) ခုတို့ကတဆင့် ဓာတ်ခွဲစစ်ဆေးမှာပါ။ မယ်လမင်းမပါ ဘူးဆိုရင် ထုတ်ယူခွင့်ပေးမယ်၊ ပါတယ်ဆိုရင်တော့ သိမ်းပြီး ဖျက်ဆီးပစ်မယ်” ဟု ပြောသည်။

တရုတ်နိုင်ငံထုတ်နို့မှုန့် သောက်သုံးမှုကြောင့် ကလေးများ ကျောက်ကပ်တွင် ကျောက်တည်ခြင်း ဖြစ်ပွားလာသည့် အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့်လက ကျန်းမာရေးဦးစီးဌာနက လိုက်လံသိမ်း ဆည်းခဲ့သည်ဟု နအဖတင်းစာများတွင် ဖော်ပြသည်။

ထို့နောက်ပိုင်း ရန်ကုန်မင်္ဂလာဈေးတွင်းရှိ နို့မှုန့်လက္ကားအရောင်းဒိုင်များတွင် နို့မှုန့်ရောင်းအား ကျဆင်းသွားကြောင်း အဆိုပါဒိုင်များမှ သိရသည်။

“ဒီဈေးမှာတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေတော့ မရှိပါဘူး။ ဒီလိုပဲ လာစစ်ဆေးပါတယ်၊ ပုံမှန်ပါပဲ။ ပြီးတော့ အဲဒီလို မယ်လမင်းပါတဲ့ တရုတ်နို့မှုန့်တွေကို မရောင်းဖို့ပြောပါတယ်။ ရောင်းရင် ဘာလုပ်မယ်တော့ မပြောပါဘူး။ နယ်ကတချို့တွေ ၀ယ်နေသေးတယ်။ ဒါပေမယ့် ကျနော်တို့လည်း မရောင်းပါဘူး။ ဆုံးရှုံးတာတော့ ရှိတာပေါ့လေ။ Dumex ကတော့ စိတ်ချရတယ်ဆိုပြီးတော့ လောလောဆယ် အ၀ယ်လိုက်ပါတယ်” ဟု မိဘမေတ္တာနို့မှုန့်ဒိုင်မှ အရောင်းတာဝန်ခံက ပြောသည်။

တရုတ်နို့မှုန့်ကုမ္ပဏီ (၂၂) ခုမှ ထုတ်လုပ်သော နို့မှုန့် (၆၉) မျိုးတွင် မယ်လမင်း ပါဝင်မှုရှိနေကြောင်း၊ ထို့အပြင် ဒိန်ချဉ်၊ ရေခဲချောင်း၊ ရေခဲမှုန့်များ၌လည်း မယ်လမင်းပါဝင်နေကြောင်း အစိုးရသတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် အဆိုပါနို့မှုန့်များ ပြည်တွင်းသို့ တရားမ၀င်တင်သွင်းထားမှု ရှိမရှိ ကူးသန်းရောင်းဝယ်မှု ၀န်ကြီးဌာနက စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း (၁၇) ခုမှ တင်သွင်းထားသည့် နို့မှုန့်များသည် မယ်လမင်းပါဝင်သည်ဟု ကြေညာခြင်းခံရသော ကုမ္ပဏီ (၂၂) ခုမှ မဟုတ်ကြောင်း တွေ့ရှိရသော်လည်း မယ်လမင်းပါဝင်မှု ရှိမရှိ ဆက်လက် စစ်ဆေးနေသည်ဟု ယခုလ (၄) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ယခုနောက်ပိုင်း မြန်မာနိုင်ငံသို့ နို့မှုန့်တင်သွင်းလာမည့် ကုမ္ပဏီများမှ ထုတ်လုပ်သော နို့မှုန့်များတွင် တရုတ်နိုင်ငံက အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းတခုခုတွင် မယ်လမင်းမပါဝင်ကြောင်း စစ်ဆေးပြီးထောက်ခံချက် ပါဝင်မှသာ မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထောက်ခံပေးမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တဦးက ပြောသည်။

Dumex နို့မှုန့်တင်သွင်းသော လမင်းတရာကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာက တရုတ်နိုင်ငံလုပ် နို့မှုန့်များမှလွဲ၍ နယူဇီ လန်မှ ထုတ်လုပ်သော Dumex နို့မှုန့်များတွင် မယ်လမင်းဓာတ် လုံးဝမပါဝင်ကြောင်း ပြောသည်။ သို့သော် မယ်လမင်း ဓာတ်ပါသည့်အတွက် ပြဿနာဖြစ်နေသည့် စန်လူနို့မှုန့်မှာ နယူင်္ဇီလန်နိုင်ငံ Fonterra ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် မယ်လမင်းဓာတ်ပါဝင်သော နို့မှုန့်များ သောက်သုံးမှုကြောင့် ကလေးအနည်းဆုံး (၄) ဦးသေဆုံးပြီး (၅၂,၀၀၀) မှာ ဖျားနာနေကြောင်း သတင်းများတွင် ဖော်ပြသည်။

မယ်လမင်းသည် ပလတ်စတစ်သဘာဝရှိသဖြင့် အရည်တွင်ပျော်ဝင်ရန် ခက်ခဲသောကြောင့် မယ်လမင်းပါဝင်သည့် မသန့်ရှင်းသောနို့မှုန့်များ သောက်သုံးမိသည့် ကလေးငယ်များတွင် ကျောက်တည်ရောဂါဖြစ်ပွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

By NEJ

ရန်ကုန်မှ အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင်တဦး အဖမ်းခံရ
ကိုဝိုင်း/ ၇ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့ဝင် ဦးအေးညွန့်ကို ယခုလ (၄) ရက်နေ့ ည၌ ပြည်ထဲရေးဌာနက လာရောက်ဖမ်းသွားကြောင်း မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မေးစရာလေးတွေရှိတယ်ဆိုပြီးတော့ လာခေါ်သွားတာ။ လာတာကတော့ (၉) နာရီခွဲနဲ့ (၁၀) နာရီကြားလောက် ကပေါ့နော်။ ရှာတာဖွေတာ ဘာညာနဲ့ဆိုတော့ (၁၂) ခွဲလောက်ကျတော့ ခေါ်သွားတာပေါ့” ဟု ပြောသည်။

အရပ်ဝတ်များ ၀တ်ဆင်ထားသူ လူ (၃) ဦးပါဝင်သည့်အဖွဲ့က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အထိ တစုံတရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါမိသားစုဝင်က “ဦးဝင်းမောင်ဆိုတာပါလာတယ်။ ပြည်ထဲရေးကတဲ့။ နောက် (၂) ယောက်ထဲမှာကတော့ ကျော်သူ ရှိန်ဆိုလား တယောက်ပါသေးတယ်။ အကုန်လုံး အရပ်ဝတ်တွေပဲ” ဟုပြောသည်။

မိသားစုအနေဖြင့် မိတ်ဆွေအပေါင်းအသင်းများ၏ အကြံပြုချက်အရ တပတ်ခန့်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဦးအေးညွန့်သည် ဖမ်းဆီးခံရနိုင်လောက်သောလုပ်ငန်းမျိုး လုပ်ကိုင်ထားခြင်းမရှိသောကြောင့် ခေတ္တလာရောက် ခေါ်ဆောင်သွားခြင်းဟုသာ ယူဆထားသည်။

သို့သော် ဦးအေးညွန့်၏ လုပ်ဖော်ကိုင်ဖက်တဦးကမူ အန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးအေးညွန့်သည် ရပ်ကွက် အတွင်းရှိ လူမှုရေးစိတ်ဝင်စားသူများ၊ ပံ့ပိုးကူညီလိုသူများဖြင့် စုဖွဲ့ထားသော တောင်ဥက္ကလာမြို့နယ် လူမှုအထောက် အကူအဖွဲ့၏ လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှားသူတဦး ဖြစ်သောကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။

ထို့အပြင် ဦးအေးညွန့်သည် သွေးတိုးနှင့် ဆီးချိုရောဂါခံစားနေရသဖြင့် ဆေးပုံမှန်မှီဝဲနေရပြီး ကျန်းမာရေးနှင့် ညီညွတ် မည့် အစားအသောက်များကိုသာ စားနေရသူဖြစ်ကြောင်း သိရသည်။ အဆိုပါ လူမှုအထောက်အကူအဖွဲ့၏ လုပ်ငန်းများ တွင် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ခြင်းလည်း ပါဝင်ကြောင်း သိရသည်။

အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းကမူ အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းတို့ထံသို့ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

By NEJ

ဆန်ကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းခွင့်ပေးသော်လည်း အနုတ်အသိမ်းမရှိဟု ဆန်ကုန်သည်ကြီးများပြော
သတင်းထောက် ဟန်တင်အောင်/ ၇ အောက်တိုဘာ ၂၀၀၈။ ။

နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ ရန်ကုန်မြို့ရှိ ဆန်များကို နယ်တင်ပို့ခွင့် ကန့်သတ်ထားရာမှ ပြီးခဲ့သည့် သတင်းပတ်ကစပြီး ဆန်ကို ပြည်တွင်းပြည်ပ လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပြုသော်လည်း နယ်၌ ဆန်အ၀ယ်မလိုက်သဖြင့် ဆန်အနုတ် အသိမ်းမရှိဖြစ်နေသည်ဟု ရန်ကုန်ဆန်ကုန်သည်ကြီးများက ပြောသည်။

ရန်ကုန်ဆန်ကို ပြည်တွင်းနှစ်သက်ရာဒေသသို့ လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ပြုသည့်ပြင် နိုင်ငံခြားသို့လည်း တင်ပို့နိုင် ကြောင်း ရန်ကုန်တိုင်းမှူးက ရန်ကုန်ဆန်ကုန်သည်ကြီးများကို ရှင်းလင်းပြောကြားသည်ဟု ဘုရင့်နောင်ကုန်သည်ကြီး များက ပြောသည်။

ပုဂ္ဂလိက ဆန်ကုန်သည်များအနေဖြင့် နိုင်ငံခြားကို ဆန်တင်ပို့လိုပါက ပို့ကုန်ခွန် (၁၀) ရာနှုန်းကောက်ခံမည် ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်းမှူးက ပြောသည်ဟု ဆန်ကုန်ကြီးတဦးက ဆိုသည်။ သို့သော် စစ်အစိုးရ ဆန်လွှတ်ပေးချိန်၌ နယ်က ဆန်အ၀ယ်မလိုက်သဖြင့် ဆန်ဈေးတန်းနေသည်။ လောလောဆယ် ပေါ်ဆန်း တတင်းခွဲတအိတ်ကို (၃) သောင်း (၁) ထောင်မှ (၃) သောင်း (၅) ထောင်ကြားရှိပြီး ဆန်ကြမ်းဈေးမှာ (၁) သောင်း (၈) ထောင်ဝန်းကျင်သာရှိနေသည်။ စစ်ကိုင်းတိုင်းတွင်လည်း ဆန်အရောင်းအ၀ယ် တန်းနေသည်ဟု သိရသည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း မြို့နယ်အတော်များများ နွေစပါးပျက်စီးကုန်သည့်ပြင် မိုးစပါးအစိုက်နည်းသွားသော် လည်း မုန်တိုင်းလွတ်ဒေသများဖြစ်သည့် ပုသိမ်၊ ဓနုဖြူ စသည့်ဒေသများတွင် ဆန်လက်ကျန်ရှိနေသေးကြောင်း ရန်ကုန် ဆန်ကုန်သည်ကြီးများက ပြောသည်။

မည်သည့်အတွက် မြန်မာစစ်အစိုးရက ဆန် ရုတ်တရက်လွှတ်ပေးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စစ်အစိုးရလက်ထဲတွင် (၃) နှစ်စာ တပ်ရိက္ခာရှိနေသည်ဟု ဆန်ကုန်သည်ကြီးများက ပြောသည်။ ပဲခူးအရှေ့ခြမ်းမှ မိုးစပါးစတင်ထွက်နေပြီဖြစ်သော်လည်း ယခုနှစ် မိုးစပါး အထွက်နည်းမည်ဟု ဘုရင့်နောင် ဆန်ကုန်သည်ကြီးများက မှန်းသည်။

စစ်အစိုးရက ဆန်ကိုလွှတ်ပေးခြင်းမှာ ယာယီသာဖြစ်ပြီး မကြာခင် ပြန်လည်ပိတ်ဆို့ ကန့်သတ်မည်ဟု ယူဆကြောင်း စစ်ကိုင်းတိုင်းမှ ဆန်ကုန်သည်ကြီးများက မှန်းသည်။

By NEJ

စက်ယန္တရားများသုံးပြီး ဖားကန့်နယ်တွင် ကျောက်စိမ်းတူး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးရွားလာ
NEJ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ တာမခံ၊ ဖားကန့်ဒေသအတွင်း ကုမ္ပဏီများက တောင်များကိုဖြိုကာ ကျောက် စိမ်းများ ပိုမိုတူးဖော်ရှာဖွေလာကြသဖြင့် ပထ၀ီမြေအနေအထားနှင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးနေ သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသတွင်းရှိ ဦးတေဇ၏ ကျောက်ကုမ္ပဏီနှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပိုင် မြန်မာတ ကောင်းကုမ္ပဏီ တဖြစ်လဲ ဟုမ်ပန်းကုမ္ပဏီတို့က မြေတူးမြေကော်ကားများကို ယခုနှစ်အတွင်း ယခင်နှစ်ထက် နှစ်ဆ တိုးမြှင့်အသုံးပြုကာ ကျောက်စိမ်းရှာဖွေနေသည်ဟု ကျောက်စိမ်းတွင်းဒေသမှ ထွက်လာသည့် ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “ဟုမ်ပန်းဆို အရင်က ဘက်ဖိုး (မြေတူးမြေကော်ကား) ဆယ်စီးလောက်နဲ့ သုံးနေတာ၊ အခု (၂၀) ကျော်လောက် သုံးနေတယ်။ တေဇကုမ္ပဏီကလည်း ဝေခါရွာကို မနှစ်က ရွှေ့ပြောင်းခိုင်းပြီး အဲလိုကားတွေနဲ့လုပ်နေတာ၊ မြေသယ်ကား ကတော့ မရှိပါဘူးဆို (၁၀၀) အထက်မှာရှိတယ်။ အဲဒီကားတွေနဲ့ မြေစာသယ်ပြီး တနေရာမှာ သွားပုံတယ်” ဟု ပြော သည်။

မြေစာများစွန့်ပစ်မှုကြောင့် ယခင်ကချောက်နှင့် ချိုင့်ဝှမ်းနေရာများ တောင်များဖြစ်သွားပြီး တောင်များက ချိုင့်ဝှမ်းဖြစ် သွားကြောင်း၊ ဥရုချောင်းမှာ လပိုင်းအတွင်း၌ပင် ရေကြောင်းများ ပြောင်းရွေ့နေသကဲ့သို့ ချောင်းအကျယ်မှာ ကျယ်လိုက် ကျဉ်းလိုက်ဖြစ်နေကြောင်း အဆိုပါဖားကန့်ဒေသခံက ပြောသည်။

၎င်းက “ဒီမိုးတွင်းမှာ ဥရုချောင်းက မြေစာတွေနဲ့ ပိတ်ဆို့နေတော့ ဝေခါချောင်းက အဲဒီကို စီးဝင်တာတန့်သွားတယ်။ ဒီတော့ ဆိုင်းတောင်ရွာတရွာလုံး ရေမြုပ်တယ်။ အရင်ကလည်း ရေတော့မြုပ်တယ်၊ ပြန်ကျရင် အိမ်တွေပြန်ပေါ် လာတယ်၊ အခုတော့ ဆိုင်းတောင်တရွာလုံး ရစရာမရှိတော့ဘူး။ ရွှံ့နွံ့တွေနဲ့၊ ဘုန်းကြီးကျောင်းဆို စုလစ်မွန်းချွန်ပဲ တွေ့ရတော့တယ်” ဟု ပြောသည်။

ကျောက်စိမ်းတွင်းဒေသ၌ ယခင်ကရှိခဲ့သည့် ဖားပြင်ကျေးရွာသည် လွန်ခဲ့သည့် (၅) နှစ်ကျော်ကတည်းက ရေအောက် ရောက်ရှိသွားကာ ပျောက်သွားပြီဖြစ်ပြီး ဥရုချောင်းအတွင်းသို့ ချောင်းလက်တက်ဖြစ်သည့် ဝေခါချောင်းစီးဝင်ရာအနီး တွင်ရှိသည့် ဆိုင်းတောင်ကျေးရွာမှာလည်း မကြာမီပျောက်ဆုံးသွားမည်ကို ဖားကန့်ဒေသခံများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ဇူလိုင် (၃၀) တွင် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးတွင် စွန့်ပစ်ထားသည့်မြေစာပုံပြိုကျသဖြင့် မြေစာ ပုံအောက်ခြေတွင် ရွှေကျင်နေသူများနှင့် ကျောက်ရှာနေသူများ (၁၀) ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ထုတ် တကယ့်ဖြစ်ရပ်မှုခင်း ဂျာနယ်တွင်မူ လူ (၃) ဦးသေပြီး (၄) ဦး ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။

လုံးခင်းနှင့် ဖားကန့်အကြား လမ်းဘေးတွင်ရှိသည့် အဆိုပါမြေစာပုံကြီးမှာ အလျားပေ (၅၀) ၊ အနံ ပေ (၂၀)၊ အမြင့်ပေ (၈၀) ခန့်ရှိပြီး ကျောက်ကုမ္ပဏီကြီးများက မြေစာများ စွန့်ပစ်ထားခြင်းဖြစ်သည်ဟု ယင်းမှုခင်းဂျာနယ်တွင် ဖော်ပြ ထားသည်။

By NEJ

ထိုင်းရွာ မယ်ပလောခီးကို ဒီကေဘီအေ၀င်တိုက်၊ မယ်ပလောခီးသူကြီးအိမ်ကိုလက်နက်ကြီးများဖြင့်ပစ်
NEJ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) တပ်ရင်း (၉၀၇) နှင့် (၉၀၆) မှ ဗိုလ်ဒီးကီနှင့် ဗိုလ်ဘာလ နာ ဦးဆောင်သည့် တပ်ဖွဲ့ဝင် (၄၀) ခန့်သည် ပြီးခဲ့သည့် သောကြာနေ့ ညနေ (၅) နာရီအချိန်ခန့်က ထိုင်းဘက်ခြမ်းရှိ မယ်ပလောခီးရွာသို့ ၀င်ရောက်ကာ အကြမ်းဖက် လုယက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မယ်ပလောခီးကျေးရွာအပါအ၀င် နယ်စပ်မျဉ်းတလျှောက်တွင် ဒေသအခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာကွပ်ကဲရေးတပ်မှ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ချထားလိုက်သည်။

သောကြာနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူး ဗိုလ်ကြီးဘူးဖောက “အဲ့ဒီနေ့ညနေ (၅) နာရီမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရွာထဲဝင်လာတယ်။ ရွာသားတဦး ပိုင်တဲ့ကားကိုလာယူပြီး အဲ့ဒီအိမ်မှာတည်းနေတဲ့ ပြောင်းခင်းလုပ်သားတယောက်ကို လည်း ပစ်သတ်သွားတယ်။ ထိုင်းကျေးရွာသူကြီးကို ဖမ်းဖို့လုပ်တော့ သူကြီးက ထွက်ပြေးသွားတယ်။ သူကြီးအိမ်ကို M(79) နဲ့ နှစ်ချက်ပစ်ပြီး ဈေးဆိုင်ဖွင့်ထားတဲ့ သူကြီးအိမ်က ပစ္စည်းတွေကို ယူသွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

“အဓိကကတော့ ဒီကေဘီအေ နယ်ကလူတွေဟာ သူတို့လက်အောက်မှာ လုပ်ကိုင်စားသောက်ရတာ အခွန်အကောက် များတော့ ထိုင်းဘက်ခြမ်းမှာပဲ လာရောက်ရှာဖွေလုပ်စားကြတယ်။ အဲ့ဒါကို ဒီကေဘီအေက ရွာသားတွေကို ပြန်ခိုင်း တယ်။ သူတို့ဆီမှာ အလုပ် လုပ်မယ့်လူ မရှိဘူး။ ရွာသားတွေ ပြန်လာဖို့အတွက် သူတို့အကြမ်းဖက်တဲ့နည်းကို သုံးပြီး ပြန်ခေါ်တာ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေအရ မြန်မာဘက်ခြမ်းမှာ ဒီကေဘီအေ တပ်ရင်း (၉၀၇)၊ (၉၀၆)နဲ့ မြန်မာစစ်တပ် ခမရ (၄၁၀)၊ (၄၀၇) တို့ ဒေသတွင်းရွာတွေဖြစ်တဲ့၊ ဘာလတို၊ ကော်စော့၊ ကလဝေါ်၊ ဘီလားလေ့၊ တာဒိုကီမှာ ပူးတွဲပြီး တပ်စွဲ ထားတယ်။ ဒီကေဘီအေက ဘီလားလေ့ ရွာရဲ့ကျောက်တောင်မှာ စေတီတည်ဖို့ လုပ်နေ ကြတယ်။ ဒီလ တရက်၊ နှစ်ရက်၊ သုံးရက်တွေမှာ သူတို့နဲ့ကျနော်တို့ ကြိုကြား ပစ်ခတ်မှုတွေတော့ရှိတယ်။ တိုက်ပွဲကြီး တွေတော့ တခါမှမဖြစ်သေးဘူး။ ကျတော်တို့ နယ်မြေကို သူတို့က နယ်မြေစိုးမိုးရေးလုပ်ဖို့ ကြိုးစားနေတယ်။ ကျနော် တို့ဒေသမှာ ကာလဝေါ်မိုင်းရှိတယ်။ အဲ့ဒီမိုင်းနဲ့ အခြားလုပ်ငန်းတွေကနေ အခွန်အကောက်တွေ ရဖို့အတွက် သူတို့ ကြိုးစားနေတာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က စုံစမ်းချက်အရ ဒီကေဘီအေက အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဘန်ကောက်တွင် အလုပ်သွား လုပ်မည့် သူများကို ခိုးပို့ရန် စီစဉ်နေသည်ဟု သိရသည်။ ကေအန်ယူနယ်ကနေ တောလမ်းဖြတ်ပြီး ခြေလျင်သွား မည်ဆိုလျှင် ကန်ဖဲ ခရိုင်ကို နှစ်ရက်ဖြင့် ခရီးပေါက်သည်။ လူမှောင်ခို ပို့သည့်အလုပ်ကို လက်ရှိမှာလည်း အဆိုပါ လမ်းကြောသုံးပြီး ဒီကေဘီ အေက လုပ်ကိုင်နေသည်ဟု ဗိုလ်ကြီးဘူးဖောက ပြောသည်။

၎င်းက “နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး စစ်ဆင်လာရင်တော့ ကျနော်တို့ဘက်က ပြန်ပြီးတော့ ခုခံစစ်ဆင်နွှဲဖို့ အရန် သင့်ပဲ။ အဓိကကတော့ ခံစစ်ရှင် ပြောက်ကျားနည်းနဲ့ တိုက်ထုတ်သွားမှာဖြစ်တယ်” ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ဒီကေဘီအေ တပ်ဖွဲ့ ၀င်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ အုန်းဖန်နှင့် မဲဆောက် ကားလိုင်းပြေးဆွဲနေ သည့် ယဉ်မောင်းတဦးဖြစ်သူ နိုင်နိယုံးက “ဒီကေဘီအေတွေ ရွာထဲဝင်တဲ့နေ့က ကျနော် အဲ့ဒီရွာအနားက ကားလမ်းဘေး မှာရှိတယ်။ သူကြီးအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ပစ္စည်းတွေ ယူသွားတယ်လို့ ပြောတယ်။ ဒီရွာသားတွေက အရင် ကတည်းကနေ ဒီကေဘီအေနဲ့ တွဲပြီး အရောင်းအ၀ယ်တွေ လုပ်နေကြတယ်။ ငွေကြေးအရှုပ်အရှင်းကိစ္စတွေလည်း အများကြီး ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ဒီကေဘီအေက အခုလို ပြဿနာလာရှာတာဖြစ်တယ်။ ဒီနေ့တော့ မယ်ပလောခီးရွာမှာ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ရွာထဲမှာ ထိုင်းစစ်တပ်တွေလည်း အများကြီးချထားတယ်” ဟု ပြောသည်။

မယ်ပလောခီးရွာသို့ ၀င်ရောက်စီးနင်းသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အခြေအနေအမှန်ကို သိရှိရန် ဒီကေဘီအေ (၉၀၇) မှ ဗိုလ်ဘာလနာကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည်။ ဒီကေဘီအေ တပ်ရင်းများ၏ ဗျူဟာမှူးဖြစ်သော ဗိုလ်မှူးကြီး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး၏ ရုံးသို့ ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ လူကြီးတယောက်မှ မရှိဘူးဟု ဆိုကာ ဖုန်းချသွားသည်။

အဆိုပါ ဒီကေဘီအေ အဖွဲ့သည် ယခုလ (၁) ရက်နေ့က မြန်မာဘက်ခြမ်းရှိ ဘာလာတိုရွာတွင် အိမ် (၄) လုံးနှင့် ပြောင်းခင်း တဲ (၂) လုံးကို မီးရှို့သွားပြီး၊ (၂) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင်လည်း မြန်မာဘက်ခြမ်းရှိ အိမ် (၄) လုံးနှင့် ပြောင်းခင်း အချို့ကို မီးရှို့ဖျက်ဆီးသွားသည်။

အခင်းဖြစ်ပွားခဲ့သည့် မယ်ပလောခီးရွာသည် မဲဆောက်မြို့မှ ကီလိုမီတာ (၁၄၀) အကွာအဝေးအနီးတွင် တည်ရှိပြီး ရွာ အတွင်းဝင်ရောက်ရန် မဲဆောက်-အုန်းဖန် ကားလမ်းဘေး မှ (၃) ကီလိုအကွာအဝေးသို့ ၀င်ရောက်ရပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီး တည်ရှိသည့် ရွာဖြစ်သည်။ ထိုင်းဘက်ခြမ်းတွင် တာခ့်ခရိုင် အုန်းဖန်မြို့နယ် တည်ရှိပြီး မြန်မာ ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တည်ရှိပြီး ဒီကေဘီအေ တပ်ရင်း (၉၀၁) တပ်ရင်းမှူး စောဘလူး၊ တပ်ရင်း (၉၀၇) တပ်ရင်းမှူး ဗိုလ်ဥာဏ်မင်း၊ တပ်ရင်း (၉၀၆) တပ်ရင်းမှူး ဗိုလ်မောသို တို့၏ တပ်ရင်းများ အခြေစိုက်ပြီး ၎င်းတပ်ရင်း (၃) ရင်းကို (၁) ဗျူဟာဖွဲ့ထားပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးစောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်း မွေးဖြစ်သည်။

By NEJ

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ကြိုးပမ်းပေးရန် အေအေပီပီ ကုလကို တောင်းဆို
ကိုဝိုင်း/ ၆ အောက်တိုဘာ ၂၀၀၈။ ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီနှင့် အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသော ဘားမားကန်ပိန်း (ယူအက်စ်) အဖွဲ့တို့က မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး အမြန်ကြိုးပမ်း ပေးရန် ကုလသမဂ္ဂသို့ တောင်းဆိုလိုက်သည်။

အစီရင်ခံစာအတွင်း၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ နှစ်စဉ်ပိုများလာနေပြီး ယခင် နှစ်တွင် (၂,၁၀၀) ဦး ကျော်ရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် (၁,၀၀၀) ဦးခန့် ပိုများလာ ကြောင်း ဖော်ပြသည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက် တိုးများလာနေခြင်းသည် နိုင်ငံတခု၏ တိုးတက်မှုအတွက် အရေးကြီးသော အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အား နှောင့်နှေးစေသည့်ကိစ္စ ဖြစ်သောကြောင့် လုပ်ငန်းစဉ်၏ ပထမခြေလှမ်း အဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်လိုအပ်ကြောင်း အေအေပီပီ-ဘီ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

၎င်းက “ဒီနိုင်ငံရေးအကျဉ်းသားတွေက တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးအတွက် လုပ်လာ ပြီးတော့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကိစ္စတွေ အတွက် လုပ်လာပြီးတဲ့အခါကျမှ လက်ရှိနအဖနဲ့ သဘောထားခြင်း မတိုက်ဆိုင်လို့ သူတို့က အကျဉ်းထောင်ထဲကို ရောက်ရှိနေရတဲ့ လူတွေပါ။ သူတို့ထဲက အများစုက တိုင်းပြည် ထူထောင် ရေးအတွက် သိပ်အရေးကြီးတဲ့သူတွေလို့ ပြောလို့ရပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးပြီးတော့ သူတို့တွေက အဲဒီဖြစ်စဉ်တွေမှာ ပါဝင်နိုင်ဖို့က အတော်အရေး ကြီးပါတယ်” ဟုပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးလှုပ်ရှားသူများ၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့် အရေး စော်ကားခံရမှုများ ကို မီးမောင်းထိုးပြလိုသောကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တင်သွင်းခဲ့သည့် ကမ္ဘာတ၀န်း အကျဉ်း ကျခံနေရသူများ ဂုဏ်သိက္ခာနှင့် တရားမျှတမှုဆိုင်ရာ သီတင်းပတ်၏အစဖြစ်သော ယနေ့တွင် အစီရင်ခံထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဦးတိတ်နိုင်က ဆက်ပြောသည်။

၎င်းက “သံဃာတော်တွေကိုပေါ့ဗျာ သင်္ကန်းတွေ ဆွဲချွတ်တယ်။ ရိုက်နှက်တယ်။ ဘက်နက်တွေနဲ့ ထုတယ်။ သတ်ဖြတ်တယ်။ ဘုန်းကြီးကျောင်းတွေကို ၀င်စီးတယ်။ ဘုရားဆင်းတုတော်တောင်မှ ခေါင်းဖြတ်သွားတယ်ဆိုတဲ့ အနေအထား မျိုးတွေက ဒါဟာ လူသားဖြစ်မှုကို စိန်ခေါ်တဲ့ကိစ္စ ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ်ဖြစ်တယ်။ အရှင်ဂန္ဘီရတို့အမှုတွဲတွေ၊ ဦးမြင့်အေးတို့အမှုတွဲတွေဆိုရင် သေမတတ် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေရှိတယ်။ အသင့်ရေးထားတဲ့ ဖြောင့်ချက်ပေါ်မှာ အတင်းဝန်ခံခိုင်းတာတွေရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီတို့က အဆက်မပြတ် တောင်းဆိုမှုများရှိခဲ့သည့်အပြင် ကုလသမဂ္ဂ လူ့အခွင့် အရေး မဟာမင်းကြီး Ms. Navanethem Pillay ကလည်း မကြာသေးမီကမှ တောင်းဆိုခဲ့သေး သည်။ သို့သော် မြန်မာစစ်အစိုးရကမူ အင်းစိန်ထောင်အတွင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ထောင်ဝင်စာတွေ့ရက်များကို ပြောင်းလဲခဲ့ပြီး တရားရုံးသို့လည်း ဆွေမျိုးများ တက်ရောက်နားထောင်နိုင်ခွင့်ကို ပိတ်ပင်လိုက်သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဦးတိတ်နိုင်က “အခု နအဖ လုပ်နေတဲ့ပုံစံတွေက သိပ်ပြီးတော့ စိုးရိမ်စိတ်တွေ ကြီးလွန်းအားကြီးလို့၊ အကြောက်တရားကြီးလွန်းလို့ တန်ပြန်လုပ်နေတဲ့ လုပ်ရပ် လို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အနှိပ်စက်ခံနေရတယ်ဆိုတဲ့ အချက်အလက်တွေက တခြားတိုင်းပြည်တွေကလည်း သိသွားတယ်။ အဲဒီလိုမျိုးသတင်းတွေ မပေါက်ကြားစေဖို့အတွက် ရသမျှနည်းလမ်းနဲ့ သူတို့ တားဆီးနေတာလို့ မြင်ပါတယ်” ဟုပြော သည်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ကုလသမဂ္ဂအဖွဲ့ဝင် အားလုံးက သဘောတူ ထားပြီး ဖြစ်သော်လည်း နည်းနာကိစ္စများတွင် ကွားခြားနေသဖြင့် ဆွေးနွေးမှုများ၊ အချေအတင် ပြောဆိုနေမှုများ ဖြစ်ပေါ်နေရကြောင်း၊ အဆိုပါ အချေအတင်ကိစ္စများ၌ အနီးစပ်ဆုံး ဆုံးဖြတ် နိုင်စေရန် တစုံတရာအထောက်အကူဖြစ်မည်ဟု ရည်ရွယ်၍ အစီရင်ခံစာကို ပြုစုထားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်ပြန်သည့် အဆိုပါ အစီရင်စာအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေနှင့် ဥပဒေမဲ့ မတရား ဖမ်းဆီးခံရမှု အခြေအနေများကို ဓာတ်ပုံများနှင့်တကွ အတိအကျ ဖော်ပြ ထားသည်။

By NEJ


မဲဆောက် မယ်တော်ကျောင်း ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူ
NEJ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထင်ကရကျော်စောသည့် မယ်တော်မြန်မာဘုန်းတော်ကြီးကျောင်းမှ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စသည် ယခုလ (၃) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူသွားသဖြင့် လာမည့် (၉) ရက်နေ့တွင် ဆရာတော်၏ ရုပ်ကလာပ်အား နိဗ္ဗာန်ကျောင်းသို့ ပို့ဆောင်မည်ဖြစ်သည်။

ပျံလွန်တော်မူချိန်၌ ဆရာတော်၏ သက်တော် (၈၉) နှစ်ရှိပြီး ၀ါတော် (၆၉) ၀ါရှိသည်။ ဆရာတော်၏ ရုပ်ကလာပ်အား ရက်ပေါင်း (၁၀၀) ထားပြီးမှ အန္တိမဈာပနအား ဆင်ယင်ကျင်းပမည်ဖြစ်သည်။

မယ်တော်ကျောင်း ဆရာတော်ဘုရားကြီးသည် ကရင်ပြည်နယ်ရှိ မြိုင်ကလေးကျေးရွာ ဇာတိဖြစ်ပြီး မဲဆောက်ကျောင်း ကြီး မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရဟန်း(၇) ၀ါ ရရှိချိန် ဂျပန်ခေတ်ကာလတွင် ရောက်ရှိလာသည်။ ရဟန်း (၁၀) ၀ါ ရရှိချိန်တွင် ဒကာ၊ ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် မယ်တော်ကျောင်းဆရာတော် ဖြစ်လာပြီး သီတင်းသုံး နေထိုင်လာ ခဲ့သည်မှာ ယခု ပျံလွန်တော်မူသည့်အချိန်ထိ ဖြစ်သည်။ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်အတွင်း တောရကျောင်းသစ်၊ တောရကျောင်းဟောင်း၊ ကျောင်းကြီး၊ မယ်တော် ကျောင်း၊ တပ်အာကျောင်း စသည့် မြန်မာဘုန်းတော်ကြီးကျောင်း ငါးကျောင်း တည်ရှိရာ မယ်တော်ဘုန်းတော်ကြီး ကျောင်းသည် မြန်မာမှု လက်ရာဟန်များဖြင့် တည်ဆောက်ထားသည့် ဘုရားကျောင်းကန်၊ စေတီပုထိုး အများဆုံး တည်ရှိသည့် ကျောင်းဖြစ်သည်။

ဆရာတော်သည် ဒေသအတွင်း ရောက်ရှိကြသည့် မြန်မာနိုင်ငံသားများအား ဗုဒ္ဓသာသနာတော်ကို ရေရှည်တည်တံ့ရန် အတွက် နှစ်စဉ် မြန်မာများနှင့် ဒေသခံများအား စုပေါင်းရဟန်းခံ ရှင်ပြုပေးခြင်း၊ မြန်မာများအတွက် သာရေး၊ နာရေး ကိစ္စများ ကူညီပေးခြင်း၊ မြန်မာ့ဓလေ့အတိုင်း အလှူအတန်းများ ခင်းကျင်းပြုလုပ်ပေးခြင်းများ အစဉ်မပြတ် ကူညီ လှူဒါန်းမှု ပြုခဲ့သဖြင့် ဒေသအတွင်းရောက် မြန်မာများနှင့် ဒေသခံများ၏ အထူးကြည်ညိုလေးစားခြင်းခံရသည့် ဘုန်းတော်ကြီးဖြစ်သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး မြန်မာစစ်အုပ်စု၏ လိုက်လံဖမ်းဆီးမှုကြောင့် ထောင်နှင့်ချီသည့် ရဟန်းရှင်လူ ပြည်သူ အများ ထိုင်းနယ်စပ်သို့ ရောက်ရှိလာသူများထဲမှ လူ (၁၀၀) ကျော်ခန့်မှာ မယ်တော်ကျောင်းသို့ ရောက်ရှိလာပြီး ၎င်းတို့ လိုအပ်သည့် အကူအညီများကို ဆရာတော်ကိုယ်တိုင် ကူညီဆောင်ရွက်ပေးခဲ့သည်။

ထိုင်းနိုင်ငံအတွင်းရှိ ချင်းမိုင်၊ ချင်းရိုင်၊ လမ်းဖူး၊ လမ်းပန်း၊ မဲ့စရင်းယန်း၊ ကန်ချာနပူရီ၊ စံခပူရီစသည့် ဒေသများတွင် မြန်မာဘုန်းတော်ကြီးကျောင်း အများအပြားရှိသော်လည်း မြန်မာဘုန်းတော်ကြီးကျောင်းများ၏ ၀ိနည်းများနှင့်အညီ ကျင့်ကြံအားထုတ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာဒကာ၊ ဒကာမများ အဓိကကိုးကွယ်သည့် မြန်မာဘုန်းတော်ကြီးကျောင်း များထဲတွင် မဲဆောက်ဒေသရှိ မြန်မာကျောင်း (၅) ကျောင်းမှာ အထူးထင်ရှားကျော်စောသည့် ကျောင်းများဖြစ်သည်။

မယ်တော်ကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဗုဒ္ဓသက္ကရာဇာ် (၂၅၀၀)တွင် ထိုင်းနိုင်ငံ သာသနာရေးဝန်ကြီးဌာနမှ မယ်တော်ကျောင်း ဆရာတော်အဖြစ် ကျောင်းထိုင်ဘုန်းကြီးဘွဲ့ ဆက်ကပ်ခဲ့သည်။ မယ်တော်ကျောင်းသို့ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီသီရိဒုံလည်း ယခင်က လာရောက်ခဲ့သည်။ ဒေသတွင်း၌ မယ်တော်ဘုန်းတော်ကြီးကျောင်းဟု လူသိများ ခေါ်ဝေါ်ကြသော်လည်း မယ်တော်ကျောင်း၏ ထိုင်းအမည်မှာ ၀ပ်ထိုင်း ၀ပ်ထနာလန်း ဖြစ်သည်။

By NEJ

ဆန္ဒပြမှု ထိန်းသိမ်းရေး စစ်တပ်အကူအညီ ထိုင်းရဲရယူ
07 October 2008
မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် ထွက်ပြေးနေကြသော ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ။
အောက်တိုဘာ ၇၊ ၂၀၀၈။
ထိုင်းစစ်တပ်များ ချထားတာဟာ ရဲရဲ့အကူ
အညီတောင်းခံလို့ ကူညီဖို့အတွက်သာ
ဖြစ်တယ်၊ လက်နက်မကိုင်ထားကြပါဘူးလို့
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆို
ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင် ရေး ဆန္ဒပြသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့များ
ပဋိပက္ခ ဖြစ်ပွားနေစဉ် မသင်္ကာဖွယ် ကားဗုံး ပေါက်ကွဲလို့ အမျိုးသမီးတယောက် သေဆုံး
သွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပါလီမန်ကို ၀ိုင်းပြီး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများ ပတ်သက်ခြင်း ရှိမရှိ မသိရသေးဘူးလို့ အစိုးရတာဝန်ခံများက ပြောဆိုကြပါတယ်။

ပါလီမန်လွှတ်တော်ထဲ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat)
မိန့်ခွန်းပြောရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်နိုင်အောင် အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများက လွှတ်တော်ကို ၀ိုင်းရံပိတ်ဆို့ထားတာဖြစ်လို့ ရဲက ထပ်တလဲလဲ
မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)
နဲ့ နီးစပ်တဲ့ ဒီရွေးကောက်တင်မြှောက်ခံအစိုးရ ဆင်းပေးဖို့ လူထောင်ပေါင်းများစွာတို့က
ဘန်ကောက်မြို့ရှိ အစိုးရရုံးဝင်းကို သိမ်းပိုက်ပြီး ဆန္ဒပြနေတာ တလကျော်သွားပါပြီ။
ဒီနေ့ပဋိပက္ခဟာ ဒီကာလအတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဆွန်ချိုင်းက ရာထူးကမထွက်ဘူး၊ အရေးပေါ်အခြေအနေလည်း မကြေညာ
ဘူးလို့ ငြင်းဆန်ကြောင်း သတင်းရရှိပါတယ်။

အင်္ဂါနေ့ စတော့ခ်ဈေးကွက် အတက်အကျတွေ ရှိနေဆဲ

07 October 2008
ကမ္ဘာ့စတော့ခ်ဈေးကွက်မှာ မနေ့ကစပြီး အကြီးအကျယ် အရှုံးပေါ်ခဲ့ပြီးနောက် ဒီနေ့မှာ
လည်း မရေမရာ ဆက်ပြီးဖြစ်နေသေးကြောင်း ဆက်ပြီးပြသနေပါတယ်။ ဥရောပ
စတော့ခ်ဈေးကွက်မှာ အတက်ဈေးနဲ့ ဖွင့်လိုက်ပေမယ့် ချက်ချင်းပဲ ပြန်ကျသွားပါတယ်။

တနင်္လာနေ့တုန်းကတော့ ဥရောပမှာ စတော့ခ်ဈေးနှုန်းဟာ တနေ့ထဲ အရှုံးအများဆုံး
အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အာရှဈေးကွက်မှာတော့ စောစောပိုင်းက အရှုံးနဲ့စတင်ခဲ့
ပေမယ့် သြစတြေးလျ ဗဟိုဘဏ်က မျှော်လင့်ထားတာထက်ပိုပြီး အတိုးနှုန်း
ဖြတ်တောက်ကြောင်း ကြေညာလိုက်လို့ ပြန်တက်လာပါတယ်။

အလားတူ တခြား ဗဟိုဘဏ်များကလည်း အတိုးနှုန်းတွေ ဖြတ်တောက်လိမ့်မယ်၊
ငွေဈေးနှုန်းဈေးကွက်မှာ အကျပ်အတည်း လျော့ပြေစေမယ်လို့ ရင်းနှီးမြှုပ်နှံသူများက
မျှော်လင့်နေလို့ အဲဒီလိုဖြစ်တာလို့ ဆန်းစစ်သူများက ထောက်ပြကြပါတယ်။

ဂျပန်နိုင်ငံရဲ့ နစ်ကီအညွှန်း မနေ့က ၄% ကျခဲ့ရာက ဒီနေ့ ၃% ပဲကျပြီး သြစတြေးလျ
မှာ ရှယ်ယာတွေ ၂% တက်လာပါတယ်။ ထိုင်ဝမ်၊ စင်ကာပူနဲ့ တောင်ကိုရီးယားတို့မှာ
လည်း တက်ခဲ့ပါတယ်။

အမေရိကန်မှာ မနေ့က ဒေါင်ဂျုံးစ် (Dow Jones) ၃% ခွဲကျပြီး အမှတ် ၁၀,၀၀၀
အောက်ရောက်လို့ လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါတယ်။ နယူးယောက်ခ်မြို့ ရေနံ
ဈေးနှုန်းကတော့ ရှစ်လအတွင်း အနိမ့်ဆုံးအဖြစ် တပီပါကို ဒေါ်လာ ၉၀ အောက်
ရောက်သွားပါတယ်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်နိုင်ငံ ဆွေးနွေးပွဲအတွက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိ

07 October 2008
မြန်မာစစ်အစိုးရ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပြီး နှစ်နိုင်ငံ နယ်စပ်ကိစ္စများ၊ ဘင်္ဂလားဒေ့ရှ် လယ်သမား
များအတွက် မြန်မာလယ်ယာမြေများ ချေးငှားရေးကိစ္စများကို ဆွေးနွေးပါမယ်။

ဘင်္ဂလေးဒေ့ရှ်နိုင်ငံသို့ သုံးရက်ကြာခရီးအတွက် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ
ဝန်ကြီး ၇ ယောက် အပါအ၀င် ၅၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားခဲ့တာ
ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ခံများနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ ရေပိုင်နက်
ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ကျော်ဖြတ်ပြီး လမ်းဖောက်ရေးကိစ္စရပ်များ၊ ဘင်္ဂလား
ဒေ့ရှ် လယ်သမားများ စိုက်ပျိုးနိုင်ဖို့ နယ်စပ်ရှိ မြန်မာလယ်ယာမြေ ငှားရမ်းရေးကိစ္စရပ်
များ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

နယ်စပ်ကျော်ဖြတ်ပြီး လမ်းဖောက်ရေးကိစ္စ အစည်းအဝေး အစီအစဉ်ထဲ ထိပ်ဆုံးက
ပါဝင်ဖွယ်ရှိပြီး မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်ကုန်းလမ်းက
ဆက်သွယ်ရေး စီမံချက်ရဲ့ အစိတ်အပိုင်းတရပ်လို့ ဆိုပါတယ်။

လက်နက်နှင့် ငြိမ်းချမ်းရေး လဲမည်မဟုတ်ဟု KNPP က ပြောကြား
သန်းထိုက်ဦး
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 20:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များသည် စစ်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် စီစဉ်လျက်ရှိသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း KNPP က ငြင်းဆိုလိုက်သည်။
လွန်ခဲ့သည့် ၅ ရက်ခန့်က ပြည်တွင်းပြည်ပတွင် KNPP ပါတီမှ စစ်ဦးစီးချုပ် ဘီထူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဟူသညိ့ သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အဲဒီလို ဆောင်ရွက်မှုမျိုးတွေ ကျနော်တို့ဆီမှာ ဘာမှ မရှိဘူး” ဟု ပါတီအတွင်းရေးမှူး ၂ ဦးခူးရယ်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “နအဖ စစ်အစိုးရက တဆင့်စကား တဆင့်နား ဒီလိုပဲ သတင်းဖြန့်ချိတာပါ။ သူတို့ တပ်စခန်း အသီးသီးတွေကို သတင်းပို့ပြီးတော့ ဒေသခံ လူထုတွေကို ရှင်းလင်းဟောပြောလိုက်ပြီးတော့ သတင်းဖြန့်ချိတယ်။ အဲဒီနည်းတွေ သူတို့လုပ်တာပါ။ ကျနော်တို့မှာ အချက်အလက်တွေ ရှိပါတယ်” ဟု ပြောသည်။

အလားတူ နအဖက ဝါဒဖြန့်ခဲ့သည်အပေါ် ကရင်နီပြည် တပ်မတော်ကလည်း ယခုလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကျေညာခဲ့သေးသည်။

ဦးခူးရယ်က ကျေညာချက်နှင့်ပတ်သက်ပြီး “ရည်ရွယ်ချက်ကတော့ နအဖ ကနေ ဒီလိုဝါဒဖြန့်ချိနေတဲ့ ကိစ္စဟာ မဟုတ်မမှန်တဲ့ အကြောင်း၊ ဒါကို ကျနော်တို့ ရှင်းလင်းချက်ထုတ်တဲ့ သဘောပါနော်” ဟု ပြောသည်။

ကျေညာချက်ထဲတွင် ကရင်နီအမျိုးသားတိုင်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိရေး၊ အမျိုးသားဘဝ လွတ်မြောက်ရေးနှင့် တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ မဆုတ်မနစ်သော စိတ်"ာတ်ဖြင့် အာဏာရှင် စစ်အုပ်စု အဆက်ဆက်ကို ဆက်လက်၍ ခုခံတော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအားလုံးနှင့် ကရင်နီလူမှုအသင်းအဖွဲ့များ အားလုံးသို့ ရှင်းလင်းစွာ အသိပေး ထုတ်ပြန်ကျေညာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။


ဆန်လှူသူ ဒီချုပ်အဖွဲ့ဝင် ၄ ဦး ထောင်ဒဏ် ချခံရ
ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 17:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မရှိဆင်းရဲသားများအား ဆန်လှူဒါန်းခဲ့သူ ဦးစိုးမြင့်ထိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃ ဦးအား ယမန်နေ့က အင်းစိန်ထောင်တွင်းရှိ အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပတွင် နေထိုင်သူ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ဦးစိုးမြင့်ထိန်အား ၄ နှစ်ခွဲနှင့် တောင်ဒဂုံမှ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ခင်အေး၊ ဒေါ်မြင့်သိန်းနှင့် ဦးစိုးကြွယ်တို့အား ၂ နှစ်ခွဲစီ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အဖေ့ကို ၄ နှစ်နဲ့ ၆ လ ချလိုက်ပါတယ်။ ပုဒ်မ ၃ ခုနဲ့ ချလိုက်တယ်။ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄ရ တို့ပေါ့နော်။ အဖေနဲ့အတူ ၃ ယောက်ကိုလည်း ၂ နှစ် ချလိုက်တယ်" ဟု ဦးစိုးမြင့်ထိန်၏ သမီးဖြစ်သူက မဇ္ဈိမကို ပြောသည်။

ဦးစိုးမြင့်ထိန်သည် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု ပုဒ်မနှင့် တရားမ၀င် လူစုလူဝေးတွင် ပါဝင်မှုတို့ဖြင့် ချမှတ်ခံရခြင်းဖြစ်ကာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း အဖမ်းမခံရမီက ယခုအခါ နိုင်ငံရေးမှ အနားယူသွားပြီဖြစ်သော အမျိုးသားရေး ဦးဝင်းနိုင်နှင့်အတူ ရွှေပေါက်ကန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် ရပ်ကွက်များအတွင်း ဆန်လှူဒါန်းမှုတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုဖြစ်သည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားရေး ဦးဝင်းနိုင်၊ ဟာသပညာရှင် ဇာဂနာ ခေါ် ဒါရိုက်တာ ကိုသူရ၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ သံဃာတော်များအား ဆွမ်းကပ်လှူခဲ့ပြီး နောက်တရက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အန်အယ်ဒီအဖွဲ့ဝင်များအား သြဂုတ်လအတွင်း အစိုးရက လောင်စာဆီဈေးနှုန်း မြှင့်တင်လိုက်သည်ကို လမ်းလျှောက် ဆန္ဒပြသဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ဦးစိုးမြင့်ထိန်အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ တရားမ၀င် တရားမ၀င် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃ နှင့် ရုန်းရင်းဆန်ခတ်မှုကို ဖြိုခွဲရန် အမိန့်ပေးသည်ကို ဖီဆန်မှု ပုဒ်မ ၁၄၇ တို့ဖြင့် ထောင်ဒဏ်ချမှတ်သည်။ အန်အယ်ဒီ အဖွဲ့ဝင်များကိုမူ ပုဒ်မ ၅၀၅ (ခ) နှင့် ပုဒ်မ ၁၄၃ တို့ဖြင့် ပြစ်ဒဏ်ချခြင်း ဖြစ်သည်။

သမီးဖြစ်သူက "အရင်ကလည်း ခဏခဏ အဖမ်းခံခဲ့တယ်လေ။ ကျမ ငယ်ကတည်းကပဲ။ ဒီတခါကျတာက အကြာဆုံးပဲဆိုတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ အဖေ့အတွက် ဂုဏ်ယူတယ်။ ကောင်းတဲ့ ကိစ္စကို လုပ်တဲ့အတွက် သမီးတို့ဂုဏ်ယူပြီးသားပဲ" ဟု ပြောသည်။

ဦးစိုးမြင့်ထိန်အတွက် အယူခံဝင်ရန် လျှောက်ထားခဲ့သည်ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

အလားတူပင် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားစဉ် အာဏာပိုင်များဘက်က ပစ်ခတ်သဖြင့် သေနတ် ဒဏ်ရာရရှိခဲ့သူ အဖွဲ့ချုပ်လူငယ် ကိုမြသန်းထိုက်ကိုလည်း ယခုလ ၃ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP နှင့် အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ ဘားမားကန်ပိန်း အဖွဲ့တို့၏ အစီရင်ခံစာတွင်
ယခုနှစ် ဇွန်လတွင်က နိုင်ငံရေးအကျဉ်းသား ၂၁၂၃ ကျော်ရှိနေသဖြင့် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၁၉၂ ဦး ပိုများလာသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာအာဏာပိုင်များက ပြီးခဲ့သည့် စက်တင်လာလ ၂၃ ရက်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းထောင်များရှိ အကျဉ်းသား ၉ဝဝ၂ ဦး လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့သည်။

မန္တလေးတွင် မြန်မာနိုင်ငံ၏ ဘောလုံး အကယ်ဒမီ ဖွင့်တော့မည်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 14:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့လူငယ်လေးများ ယောက်ျားလေးများရော မိန်းကလေးများပါ တက်ရောက် သင်ကြားလေ့ကျင့် နိုင်မည့် ဘောလုံးကျွမ်းကျင်မှု သင်တန်းများ ပေးနိုင်သော ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတခုကို မြန်မာဘောလုံး အဖွဲ့ချုပ် (MFF) က မြန်မာ့ ဘောလုံးလောက သမိုင်းတွင် ထင်ရှားသော သမိုင်းမှတ်တိုင်တခုအဖြစ် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် မကြာမီ ရရှိတော့မည် ဖြစ်သည်။

၂ဝဝ၆ ခုနှစ် ကတည်းက ဆောက်လုပ်နေသော အဆိုပါ ဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ၏ အကူအညီ ဒေါ်လာ ၁ သန်းဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ယင်း၏ ဂိုးစီမံကိန်း (Goal Project) အောက်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသင်တန်းကျောင်းသစ်ကို ၂ဝဝ၈ နှစ်ကုန် သို့မဟုတ် ၂ဝဝ၉ နှစ်ဆန်းတွင် စတင်ဖွင့်လှစ်မည် ဟု မြန်မာ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

အဆိုပါ သင်တန်းကျောင်းတွင် ဘောလုံးကွင်းများ၊ စာသင်ခန်း အဆောက်အဦများ၊ လူငယ်များ နေထိုင်ရန် အဆောင်များ ပါဝင်မည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ကျောင်းမဖွင့်လှစ်မီ နိုဝင်ဘာလထဲတွင် လာရောက် စစ်ဆေးကြည့်ရှုဦးမည် ဖြစ်သည်ဟု အမည်မဖေါ်လိုသူ အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသွားခဲ့ပါသည်။ အဆိုပါ ကျောင်းကိုမူလက မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တည်ဆောက်ရန် စီစဉ်ခဲ့ပြီးမှ "တနိုင်ငံလုံးက လူငယ်တွေကို ဆွဲဆောင်နိုင်ဘို့ မန္တလေးမှာ သင်တန်းကျောင်းကို လာဆောက်ခဲ့တာပါ" ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြား သွားခဲ့ပါသည်။

ဤ ဘောလုံး အကယ်ဒမီသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး သင်တန်းကျောင်းတခုအဖြစ် ဘောလုံးသမားများကို လေ့ကျင့်မွေးမြူ ပေးသွားကာ ဒေသတွင်းနှင့် နိုင်ငံတကာ ကလပ်အသင်းများသို့ ဈေးကွက်တင် ရောင်းချပေးသွားမည် ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။ "ဒီမှာ ပါရမီရှိတဲ့ အလားအလာရှိတဲ့ လူငယ်တွေကို လေ့ကျင့် မွေးမြူပေးသွားမှာပါ။ သူတို့ အတွက်လဲ အလုပ်အကိုင်ရ၊ မြန်မာဘောလုံး လောကကိုလဲ မြှင့်တင်နိုင်မှာပါ" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဘောလုံးသမားလောင်းများ ရွေးချယ်မည့် လုပ်ငန်းစဉ်ကို ပြောကြားရန် ငြင်းဆန်သွားပြီး၊ ဤအကယ်ဒမီ သင်တန်း ကျောင်းအနေနှင့် ကစားသမားများကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိကြောင်းသာ ပြောရေးဆိုခွင့် ရှိသူက ပြောပါသည်။ ဤသင်တန်းကျောင်း တည်ဆောက်ရေးအတွက် ကနဦး အနေဖြင့် FIFA ၏ Goal Project က မတည်ပေးခဲ့သော်လည်း ပြည်တွင်း ကုမ္ပဏီများကလည်း မြန်မာဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာများ ပေးခဲ့ကြပါသည်။ မြန်မာဘောလုံး အဖွဲ့ချုပ်ကို တရားဝင် စပွန်ဆာ ပေးနေသည့် ကုမ္ပဏီများတွင် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု (Max Myanmar Company Groups) ၊ ထူးထရေဒင်း ကုမ္ပဏီ နှင့် ကမ္ဘောဇဘဏ်တို့ အဓိက ပါဝင်ကြပါသည်။

FIFA ၏ ဘောလုံးအဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၆၅ နေရာ၌ ရှိသည့် မြန်မာနိုင်ငံသည် တချိန်က အာရှ ဘောလုံးလောကကို စိုးမိုးထားနိုင်ခဲ့ပြီး၊ ၁၉၆၈ ခုနှစ် အာရှဖလား (AFC) ပြိုင်ပွဲတွင် ဒုတိယရခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စီးပွါးရေးမှာ ချောက်ထဲသို့ ကျသွားခဲ့ပြီး မြန်မာလူထု၏ ဘောလုံး ယဉ်ကျေးမှုမှာလည်း နှိမ်ထားခြင်း ခံခဲ့ရသည်။

သို့သော် မကြာခင်နှစ်များ အတွင်းကမူ မြန်မာဘောလုံးသည် အနည်းငယ်တိုးတက်မှုများရှိလာခဲ့ပြီး၊ ၂ဝဝ၆ ခုနှစ်တွင် မလေးရှား မာဒေးကား ဖလားကို အရယူနိုင်ခဲ့သည်။ မြန်မာ ဘောလုံးသမားများ၏ စိတ်ဓါတ်ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပန်းသည့်အနေနှင့် မြန်မာဘောလုံး အဖွဲ့ချုပ်သည် ဘရာဇီး လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် မြန်မာ လက်ရွေးစင်ဟောင်းများ၏ ချစ်ကြည်ရေး ကစားပွဲကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပရန် စီစဉ်ထားပါသည်။

၂၆ ဦးပါ အဆိုပါ ဘရာဇီးအသင်းတွင် ၁၉၉၈ ခုနှစ် ဘရာဇီး လက်ရွေးစင်သင်းတွင် ပါဝင်ကစားခဲ့သည့် ကွင်းလယ်ကစားသမား ကားလို့စ် ဆီဇာ ဆမ်ဘာရီယို (Carlos Ceaser Sambario) ပါဝင်မည်ဖြစ်ပြီး ၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြောပါသည်။ ဤချစ်ကြည်ရေးပွဲကို စီစဉ်ရခြင်းမှာ မြန်မာလူငယ်များ၏ စိတ်ဓါတ်ကို မြှင့်တင်ရန်နှင့် နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များ အတွက် ရံပုံငွေ ရှာရန်လည်း ဖြစ်သည်ဟု MFF က ပြောပါသည်။ "လက်မှတ်ရောင်းရငွေ အားလုံး၊ ဝင်ငွေ အားလုံးကို နာဂစ်လေဘေး ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာပါ" MFF ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။


ထောင်ပိုင်က အကျဉ်းသားများလုပ်အားဖြင့် အပိုဝင်ငွေရရန် လုပ်ဆောင်နေ

ရိုးမ ၃။ အောက်တိုဘာ ၇၊ ၂၀၀၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အကျဉ်းထောင်မှ ထောင်ပိုင်နှင့် အရာရှိများသည် အကျဉ်းသား များလုပ်အားဖြင့် အပိုဝင်ငွေရရှိအောင် ခိုင်းစေမှုများပြုလုပ်နေသည်။

ယခုနှစ်ဆန်းပိုင်းကတည်းက စတင်ကာ ယင်းကဲ့သို့ အကျဉ်းသားများအားခိုင်းစေနေကြောင်း မကြာခင်က ပြန်လွှတ်မြောက်လာသည့်အကျဉ်းသားတဦးက ပြောသည်။

“အကျဉ်းသားတွေကို ထုတ်ပြီး ရွာသားတွေရဲ့ လယ်ထဲမှာ တဦးကို ၁,၅၀၀ နဲ့ အလုပ်လုပ်ခိုင်း တယ်၊ အဲဒီကရတဲ့ငွေကို ထောင်ပိုင်ကသုံးတာ ဘယ်သူကိုမှ ပေးတာလဲမရှိဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ဘူးသီး တောင်-မောင်းတောကားလမ်း ဖောက်လုပ်ရေးတွင် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်း သား (၅၀၀) ကျော်အား ပုံမှန်ခိုင်းစေခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

“အကျဉ်းသားတွေက မနက် (၇) နာရီကစပြီးလုပ်ရတယ်၊ မိုးချုပ်ချိန်ထိ ကျွေးတာက ထောင်ပုံစံ ထမင်းပဲ စားရတာ၊ လမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ ၁၅ ရက်လောက် ဆက်တိုက်လုပ်ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ(၂၃)ရက်နေ့က အကျဉ်းသား (၉၀၀၂) ဦးအား ပြန်လည်လွှတ်ပေးခဲ့ရာတွင် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား (၁၅၀) ဦးသာ လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်း သားများ ပါဝင်ခြင်းမရှိပေ။

ဘူးသီးတောင်အကျဉ်းထောင်တွင် ဘင်္ဂလားဒေ့ရှ်လူမျိုး အကျဉ်းသား (၁၂၅၀) ခန့်ရှိပြီး အခြား အကျဉ်းသား (၁၁၁၀) ခန့်ရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် နိုင်ငံရေးအကျဉ်းသား များမှလွဲ၍ ကျန်သည့်အကျဉ်းသားများအား နေ့စဉ်အလုပ်ခိုင်းစေခြင်းများ ပြုလုပ်နေလျှက်ရှိ သည်။

ထို့အပြင် ဘူးသီးတောင်အကျဉ်းထောင်အာဏာပိုင်များက အကျဉ်းသား (၁၀၀) ဦးကို ဘူးသီးတောင်-မောင်းတော ကားလမ်းပေါ်ရှိ (၃) မိုင်စခန်းအနီးတွင် ကြက်ဆူပင်စိုက်ပျိုးရေး လုပ်ငန်းတွင် ခိုင်းစေခြင်းများလည်း ပြုလုပ်နေသည်။

ယင်းကြက်ဆူစိုက်ပျိုးရေးလုပ်ငန်းကို (၃) မိုင်စခန်းမှ မြန်မာနယ်ခြားစောင့်လုံခြုံရေးတပ်(နစက)မှ ဦးဆောင်လုပ်ကိုင်ခြင်းဖြစ်ပြီး စိုက်ပျိုးမြေ (၂.၆၇) ဧကခန့်ရှိကြောင်း (နစက)အသိုင်းအဝိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။

ထိုကဲ့သို့ခိုင်းစေသည့် အကျဉ်းသားများကို အချိန်တိုအတွင်း လျှော့ရက်များနှင့် ပြန်လွှတ်ပေး ကြောင်းနှင့် စစ်အစိုးရက ၎င်းအကျဉ်းသားများကို အဖြူရောင်လုပ်အားရှင်များဟု ခေါ်ဆို ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ၎င်းအကျဉ်းသားများအား ပြန်လွှတ်မပေးခင် နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ကိုင်စေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီး ဌာန အရာရှိတဦးက ပြောသည်။Thai police warn on protests as gunman wounds two 05/09/2008Thai PM announces referendum to halt protests 04/09/2008Emergency rule imposed in Bangkok after rioting 02/09/2008 Thai riot police fired teargas at protesters outside parliament today, injuring 69 people,...