Wednesday, October 8, 2008

ပြည်သူလူထုကဝေဖန်.....ဆိုသဗျ။ ။

အမေရိကန်သံအမတ်သည်တလအတွင်းအိမ်သာအကြိမ်၈၀သွား၍အင်္ဂလန်သံအမတ်သည်၉၂ကြိမ်
သွားခဲ့ကြောင်းနအဖသတင်းထောက်မှပေးပို့ခဲ့သော်လည်းမြန်မာ့အမှောင်(အဲ)မြန်မာ့အလင်းအယ်ဒီတာချူပ်မှဆင်ဆာ လုပ်၍အောက်ပါအတိုင်းပြင်ဆင်ရေးသားခဲ့ပါသည်။ ။

အပြီးသတ် လွတ်လပ်ရေး တိုက်ပွဲ၏ ပုံရိပ်များ

မဂ္ဂင်ကျောင်းတိုက်မှ ဦးပညာဇောတအား တွေ့ဆုံလျှောက်ထားခြင်း - အပိုင်း (၃)


နိဂုံးမတိုင်မီ

အောင်ဇော် အောက်တိုဘာ ၈၊ ၂၀၀၈

ထိုကာလ တခဏတာမျှတွင် စစ်အစိုးရက အနောက်နိုင်ငံများနှင့် ပြန်ပေါင်းထုပ်တော့မယောင် ရှိနေခဲ့သော်လည်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြုတ်ချခံရပြီးနောက်တွင် ဤကိစ္စများ အားလုံး နိဂုံးချုပ်ခဲ့ရတော့သည်။
ယခင် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်
၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွင် ဗိုလ်မှူးအောင်လင်းထွဋ်က ၀ါရှင်တန်ဒီစီရှိ မြန်မာနိုင်ငံ သံရုံးတွင် ဒုတိယတာဝန်ခံ အဖြစ် ရာထူးသစ် စတင်ထမ်းဆောင်ခဲ့ ရချိန်နှင့် တပြိုင်နက် အသစ်တက်လာမည့် သမ္မတသစ် ဂျော့ဘုရှ်ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု အစိုးရနှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန် အောင် ဆောင်ရွက်ရန် တာဝန်ပေးအပ် ခံခဲ့ရသည်။

သူက ယခုတကြိမ်မှ အမေရိကန်ပြည်ထောင်စု၏ မြို့တော်သို့ ရောက်ခဲ့ဖူးသည် မဟုတ်။ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ထိပ်သီး စစ်တက္ကသိုလ် (ဒီအက်စ်အေ) မှ ကျောင်းပြီး အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) ထံတွင်
၃ လ သင်တန်းတက်ရန် ပို့လွှတ်ခံရစဉ်ကလည်း ၀ါရှင်တန်သို့ သူ ရောက်ရှိ နေထိုင်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်လာသည့်အခါ ဗိုလ်မှူးအောင်လင်းထွဋ်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (အိုစီအမ်အိုင်) ၏ တန်ပြန်ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူနေရစဉ် ဖြစ်သည်။ သူ၏ အကြီးအကဲက ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ၏ အတွင်းရေးမှူး ၁ တာဝန်ယူထားသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က တပြိုင်နက်တည်းမှာပင် ထောက် လှမ်းရေး ဌာနများကိုလည်း ကွပ်ကဲနေသည်။

ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားသူပုန် အင်အားစုများနှင့် ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အစပျိုးဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူက ဤနည်းအားဖြင့် စစ်အစိုးရ၏ အာဏာထိန်းချုပ်မှုကို ပိုမို ခိုင်မြဲစေခဲ့ပြီး နောက်ဆယ်စုနှစ်တိုင် ဆက်လက်၍ အာဏာကို ချုပ်ကိုင်ထားနိုင်ရန် ဖန်တီးခဲ့သူလည်း ဖြစ်သည်။

ဗိုလ်မှူးအောင်လင်းထွဋ်၏ အဆိုအရ အမေရိကန်တွင် သမ္မတဘုရှ်တက်လာချိန်၌ ဗိုလ်ချုပ်ခင်ညွန့်က စစ်အစိုးရအပေါ် အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ပြောဆိုနေသည့် အင်အားကြီးနိုင်ငံနှင့် တင်းမာမှုများ လျော့ပါးရေး ဆောင်ရွက်နိုင်လိမ့်မည် ဟု ယုံကြည်နေခဲ့ပုံရသည်ဟု ဆိုသည်။

“ကျနော်တို့က ဘုရှ် အာဏာရလာတဲ့အချိန်ကို စောင့်နေတယ်။ နောက်ပိုင်း ဒီစီမှာ ဆက်ပြီး စည်းရုံးရေး လုပ်ငန်းတွေ စတော့တာပဲ” ဟု ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုသည်။

ဧရာဝတီမဂ္ဂဇင်းက အသေးစိတ် မေးမြန်းခဲ့သည့် အင်တာဗျူးတွင် ၎င်းဗိုလ်မှူးဟောင်းက မကြာသေးမီကမှ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ အတွင်းကျကျ အတိတ်သမိုင်း ဖြစ်ရပ်များကို ဖော်ထုတ်ပြောကြားခဲ့သည်။ ထိုအချိန်က စစ်အစိုးရ အနေနှင့် အနောက် နိုင်ငံများနှင့် ဆက်ဆံရေးတွင် စာမျက်နှာအသစ်ဖွင့်ရန် ပြင်ဆင်ထားခဲ့ပုံရသည်ဟု သူကပြောသည်။

သို့သော်လည်း သူ၏ ပြောကြားချက်အရ ထိုအချိန်က စစ်အစိုးရအတွင်းတွင်လည်း အာဏာအားပြိုင်မှု အကြီးအကျယ် ရှိနေခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ခင်ညွန့်က အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရေး အတွက် စမ်းသပ်မှု မပြုရမီတွင် သူက စစ်အစိုးရ၏ ထိပ်သီးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မီးစိမ်းပြသည်ကိုလည်း စောင့်နေရသေးသည်။

နောက်ဆုံး ဆုံးဖြတ်ချက်ကို အမြဲတစေ ချမှတ်ရသူဖြစ်သည့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွယ်လွယ် ဖြောင်းဖြ မရနိုင်သည့် ခေါင်းမာသူတဦးဖြစ်သည့်အပြင် သူက ဗိုလ်ချုပ်ခင်ညွန့် ဆောင်ရွက်ချင်သည့် ကျေအေးပြေလည်စေရေး အပြုအမူ များကိုလည်း သိပ်သဘောကျ ကျေနပ်လှသူ မဟုတ်။ သို့သော်လည်း ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် က ယခင် သူပုန်အဖွဲ့များကို အပစ်အခတ်ရပ်စဲရေးဖြင့် ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်သောကြောင့် စစ်အစိုးရက ၎င်း၏ အပြတ်ချေမှုန်းရေး စစ်ပွဲများကို ဒီမိုကရေစီ အတိုက်အခံ အင်အားစုများသို့ လှည့်၍ ဆင်နွှဲရေးအတွက် အလေးပေး စဉ်းစားချိန် ရလာစေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ကောက်ကျစ်ပါးနပ်သည့် ဉာဏ်စွမ်းဖြင့် အတိုက်အခံ အင်အားစုများကို ကောင်းကောင်း ထိန်းချုပ် ထားနိုင်ကြောင်း လက်တွေ့ပြသခဲ့ပြီ ဖြစ်သောကြောင့်လည်း နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုမိန့် ချပေးခဲ့သည်။ ၎င်း၏ မှော်မျက်လှည့်အစွမ်းကို ၀ါရှင်တန်တွင် အစွမ်းပြရန် ခွင့်ပြုပေးခဲ့သည်။

ဗိုလ်မှူးအောင်လင်းထွဋ်ကို ၀ါရှင်တန်သို့ တာဝန်ပေး စေလွှတ်ခဲ့ခြင်းမှာ လုပ်ငန်း ပထမအဆင့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံ တကာအစိုးရများက မြန်မာစစ်အစိုးရအား ၀ိုင်းကျဉ်နေမှုကို အဆုံးသတ်စေမည်ဟု မျှော်မှန်းထားသည်။

ဤသို့ အပျော့ဆွဲ စစ်ဆင်ရေး၏ တခြားအစိတ်အပိုင်း တခုမှာ ရောင်စုံ အင်္ဂလိပ်သတင်းစာ တစောင်ကို ထုတ်ဝေရန် ဖြစ်ပြီး မြန်မာတိုင်းမ် (စ်) ဂျာနယ် ကို ထုတ်ဝေနိုင်ခဲ့သည်။ ဤဂျာနယ်က လေးလံပျင်းရိဖွယ် စတာလင်ခေတ်ပုံစံ ၀ါဒဖြန့်ချိ နေသည့် အစိုးရပိုင် သတင်းစာများထက် ပို၍ သစ်လွင်ဆန်းပြားခဲ့သည်။

နောက်တဆင့် အနေနှင့် စစ်အစိုးရက အမေရိကန် အစိုးရကို စည်းရုံးတိုက်တွန်းပေးရန် ကိုယ်စားလုပ်ဆောင်ပေးမည့် ကုမ္ပဏီ (ဒီစီအိုင်) ကို ၂၀၀၂ ခုနှစ်တွင် ငှားရမ်းခဲ့သည်။ ဤကုမ္ပဏီကို စစ်အစိုးရကိုယ်စား တိုက်တွန်းစည်းရုံးရန် ၀န်ဆောင် ပေးမှုအတွက် အမေရိကန်ဒေါ်လာ ၃၄၈၀၀၀ ပေးခဲ့ရသည်။ သူတို့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေသည့် အပေါ် ချေပပြောဆိုပေးကြရမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ဒီစီအိုင် ကုမ္ပဏီက စစ်အစိုးရနှင့် “နိုင်ငံရေး အရ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပြောဆိုမှုများ စတင်ရန်” စည်းရုံးတိုက်တွန်းမှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ဤကုမ္ပဏီက စစ်အစိုးရအပေါ် အမြင်ကောင်းလာစေရန်အတွက် လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင် ပေးခဲ့ပြီး စစ်အစိုးရ၏ မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို အမွှမ်းတင်ထားသည့် ထုတ်ပြန်ကြေညာချက်များကိုလည်း မူကြမ်းရေးသားပေးခဲ့သေးသည်။ ထိုမျှမက တိုင်းရင်းသားဒေသများ အတွင်းရှိ စစ်ဆင်ရေးများတွင် အဓမ္မပြုကျင့်မှုများကို စစ်လက်နက်တခုသဖွယ် အသုံးချနေသည်ဟူသည့် စွပ်စွဲချက်များ ကိုလည်း တန်ပြန်ရှုတ်ချသည့် ကြေညာချက်များ ရေးသားပေးခဲ့သေးသည်။

ထိုအချိန်က စစ်အစိုးရအနေနှင့် သမ္မတဘုရှ် ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒများက မြန်မာနိုင်ငံ အပေါ် ပို၍ ပြင်းထန်လာလေမည်လောဟု အမှန်တကယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ “ကျနော်တို့က ဒီအတွက် တန်ပြန်လုပ် ဆောင်ကြရမယ်လို့လည်း တွက်ထားတယ်” ဟု ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုသည်။

ဗိုလ်မှူးအောင်လင်းထွဋ်နှင့် သူ၏ အကြီးအကဲများက ခေါင်းချင်းဆိုင်၍ သူတို့အတွက် အကူအညီ ရရှိနိုင်ရန် မည်သူ့ကို ချဉ်းကပ်သင့်သည်ကို တိုင်ပင်ကာ သတင်းအချက်အလက်များ စုဆောင်းခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ထောက် လှမ်းရေးရုံးက စစ်အစိုးရအပေါ် သဘောထားပျော့ပြောင်း လိုလားဟန်ရှိသည့် မြန်မာပညာရှင်များကို စ၍ ချဉ်းကပ် စည်းရုံး ခဲ့ကြသည်။ အလားတူ အမေရိကန်အစိုးရ၏ စီးပွားပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒများအပေါ် သဘောမတွေ့သူ များကိုလည်း ရှာဖွေခဲ့ကြသည်။ အတိုက်အခံလှုပ်ရှားမှုအတွင်း မကျေမနပ်ဖြစ်နေကြသည့် နာမည်ကြီး အတိုက်အခံခေါင်း ဆောင်၊ လှုပ်ရှားသူများကိုလည်း ဘက်ပြောင်းရန်အတွက် ချဉ်းကပ်၍ တိုက်တွန်း နားချခဲ့ကြသေးသည်။

ထိုမျှမက စစ်အစိုးရက ကုလသမဂ္ဂ၏ အဆင့်မြင့်အရာရှိများကိုလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ သေးသည်။

ထိုအချိန်က ကုလသမဂ္ဂ၏ လက်ထောက်အတွင်းရေးမှူးလည်းဖြစ် ကုလအကြီးအကဲ ကိုဖီအာနန်၏ အထူးအကြံပေးလည်း ဖြစ်ခဲ့သူ၊ ယခု ဘန်ကီမွန်း လက်ထက်တိုင် အထူးအကြံပေးဖြစ်သူ ဂျိုးဆက်ဖ် ဗာနာရိဒ် ကိုလည်း ရန်ကုန်သို့ ဖိတ်ခေါ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ကို တက်ရောက်စေခဲ့သည်။

ကုလသမဂ္ဂ၏ အဆင့်မြင့် အရာရှိ ရိဒ်က မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူဟုလည်း လူသိများကြ သည်။ သူက ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်တာဝန် ယူခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်ကို ဂုဏ်ပြုဖွဲ့စည်းထားသည့် နယူးယောက်မြို့ရှိ ဦးသန့် အင်စတီကျု၏ ဘုတ်အဖွဲ့ဝင်ဖြစ်နေ သည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရပြန်သည်။

ကုလသမဂ္ဂ အထိမ်းအမှတ်နေ့အတွက် ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ခင်ညွန့်က မြန်မာနိုင်ငံသည် ကုလ သမဂ္ဂ ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းကို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းနိုင်ရေးအတွက်နှင့် လူသားထု တရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အခြေခံအဖွဲ့အစည်းအဖြစ် အထူးအလေးအနက်ထားပါ ကြောင်း ပြောခဲ့သည်။

“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂကို အထူးအလေးထား ကျေးဇူးတင်ရှိကြောင်း ရိုးရိုးသားသား ဖော်ပြလိုပါတယ်။ အထူး သဖြင့် ယခုလို စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် လေးစားအပ်တဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ဂျိုးဆက်ဖ် ဗာနာရိဒ် ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ခင်ညွန့်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

သို့သော် စိတ်ဝင်စားဖွယ်တချက်မှာ ဗိုလ်ချုပ်ခင်ညွန့်က မစ္စတာရိဒ်ကို မည်သည့်အတွက်ကြောင့် ပထမဦးဆုံး ချဉ်းကပ် ရပါသနည်းဟူသည့် မေးခွန်းပင်။

“ကျနော်တို့ စုဆောင်းရထားတဲ့ သတင်းတွေအရ သူက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လှဘူး” ဟု ဦးအောင်လင်းထွဋ် က ပြောပြသည်။ သူက မစ္စတာရိဒ်နှင့် ဗိုလ်ချုပ်ခင်ညွန့်အကြား ဆက်သွယ်ရေး ကြားခံအရာရှိအဖြစ်လည်း တာဝန်ယူပေး ခဲ့ရသေးသည်ဟု ရယ်မောရင်း ပြောပြသည်။

ဝါရှင်တန်ရှိ မြန်မာထောက်လှမ်းရေး အရာရှိများကတော့ မြန်မာ့အရေးကို စာနာနားထောင်ပေးမည့်သူများ လွယ်လွယ်နှင့် ရှာဖွေ စည်းရုံး၍ မရနိုင်ကြောင်း သိနေကြသည်။ သူတို့က အမေရိကန်ပြည်ထောင်စု အစိုးရ၏ မူဝါဒများအပေါ် သြဇာ အတော်အသင့်ရှိနေသည့် အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများကို ဆန့်ကျင်ဆောင်ရွက် နေရသကဲ့သို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများကိုလည်း ရင်ဆိုင်နေကြရသည်။ ကွန်ဂရက်လွှတ်တော်နှင့် သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်ကို စည်းရုံးဖို့ မဆိုထားနှင့် အမေရိကန် နိုင်ငံခြားရေးဌာန မှ အရာရှိများကို သူတို့က လွယ်လွယ်နှင့် နားချ နိုင်မည် မဟုတ်ကြောင်း သိနေကြသည်။ စစ်အစိုးရကို အများမြင်နေကြသလို အပြစ်မရှိကြောင်း သူတို့ လွယ်လွယ်ဆောင် ရွက်နားချနိုင်ကြရန် မမြင်ပါ။

အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ ကလေးစစ်သား အရေးကိစ္စ၊ မြန်မာစစ်သားများက စနစ်တကျ အဓမ္မပြုကျင့်နေခြင်း စသည့် ပြဿနာများသည် သူတို့ပူပူလောင်လောင် ဖြစ်နေကြရသည့် ပြဿနာများ ဖြစ်သည်။ နိုင်ငံခြားရေး ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေကြရသည့် ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်များအနေနှင့် ဤတိုက်ပွဲခက်ခဲလိမ့်မည်၊ တောင်ကုန်းကို လှန်၍တိုက်ရမည့် တိုက်ပွဲလည်း ဖြစ်မည်ဟု ဗိုလ်ချုပ်ခင်ညွန့်က သဘောပေါက်ထားသည်။

သို့သော်လည်း ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးအရာရှိများက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတချို့ထံ လမ်းဖောက်နိုင်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် အရှေ့တောင်အာရှရေးရာ ဌာန တာဝန်ခံ မက်သယူး ဒေလီလည်း တဦး အပါအ၀င်ဖြစ်ပြီး သူတို့လိုလားချက်များကို သတင်းပေးပို့နိုင်ခဲ့သည်။ မက်သယူးဒေလီ ကိုယ်နှိုက်က တချိန်တွင် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဒဏ်ခတ်ရေး မူဝါဒ အလုပ်မဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် တင်ပေး နိုင်ဖွယ် မရှိကြောင်း ပြောဆိုခဲ့ ဖူးသေးသည်။

နောက်ပိုင်း ၂၀၀၂ ခုနှစ်၊ မေလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် ပို၍ ရဲရဲလှမ်းလာခဲ့ သည်။ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းစည်းရုံးရေး ခရီးစဉ်များ သွားရန်လည်း ပြန်ခွင့်ပြု ပေးခဲ့သည်။ အပြန်အလှန်အဖြစ် ဒေါ်စုကလည်း စစ်အစိုးရ၏ ဖွံ့ဖြိုးရေးစီမံချက်များကို ပြန်၍ လေ့လာကြည့်ရှုပါရန် သဘောတူညီပေးခဲ့သည်။

၎င်းတလတည်းမှာပင် အမေရိကန်ပြည်ထောင်စု၏ ဗီဇာပိတ်ဆို့ အရေးယူမှုနှင့် စီးပွားရေးဒဏ်ခတ်မှု အသက်ဝင် နေသော်ငြားလည်း ထောက်လှမ်းရေးဌာန၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်းက အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရခဲ့ပြီး မြန်မာစစ်အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်းနေမှုများကို အမေရိကန် အဆင့်မြင့် အရာရှိတချို့ထံ တင်ပြခွင့် ရခဲ့သည်။

ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ ဒေသအနှံ့အပြားသို့ ခရီးထွက်၍ ထောက်ခံသူများနှင့် တွေ့ဆုံနေ ဆဲမှာပင် ထောက်လှမ်းရေးအရာရှိများကလည်း အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းရေးကိစ္စများကို နောက် ကွယ်က ပါဝင် လှုပ်ရှားနေခဲ့သည်။ တပ်မတော် ထောက်လှမ်းရေးဌာန အိုစီအမ်အိုင် ၏ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်း၊ ၎င်း၏လက်ထောက် ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်တို့က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည့် ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြရသည်။

ဤသို့ လျှို့ဝှက်ဆွေးနွေးနေသည့် သတင်းများကိုလည်း ဗိုလ်ချုပ်ခင်ညွန့်၏ သစ္စာခံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်မှ တဆင့် ယခင် ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ရာဇာလီ အစ်စမိုင်၏ နားအထိ ပေါက် ကြားစေခဲ့သည်။ ရာဇာလီက ဆွေးနွေးပွဲကို သူကိုယ်တိုင်က ကမကထပြု ဆောင်ရွက်ပေးခဲ့ခြင်း မရှိသော်လည်း ဤသတင်းကောင်းကိုမူ ကမ္ဘာသို့ ပြန်၍ ဖောက်သည်ချခဲ့ပြန်သည်။ ဤသတင်းက နှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ပြောင်းလဲတိုးတက်လာတော့မည့် အရိပ်အယောင်အဖြစ် လူအားလုံးက ကြိုဆိုခဲ့ကြသည်။

စစ်အစိုးရ၏ ပို၍ နူးညံ့သိမ်မွေ့လာသည့် သတင်းများကို မြန်မာတိုင်းမ် (စ်) ဂျာနယ် က အရောင်တင်ပေးခဲ့သည်။ သူတို့က စစ်အစိုးရ၏ ရည်မှန်းချက်အတိုင်း ဆက်လက်ဝါဒဖြန့်ချိပေးခဲ့ကြသည်။ မြန်မာတိုင်းမ် (စ်) ဂျာနယ် က စစ်အစိုးရ၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ကြိုးပမ်းမှုများ၊ ကုလသမဂ္ဂနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်လာနေမှု စသည်တို့ကို အသားပေးဖော်ပြခဲ့ကြပြီး ယခင် ကုလ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ မိသားစုဝင်များ မြန်မာနိုင်ငံသို့ ပြန်၍ လာရောက်လည်ပတ်သည့် သတင်းကိုပင် နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှု သက်သေ တခုအဖြစ် အလေးပေး ဖော်ပြခဲ့ကြသည်။

ဤသို့ တိုးတက်မှုများ ဆက်တိုက်ဖြစ်နေစဉ်မှာပင် ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (အိုင်စီအာစီ) စသည်တို့ကို မြန်မာနိုင်ငံတွင် ပို၍ ကျယ်ကျယ်ပြန့်ပြန့် နေရာပေး လုပ်ကိုင်ခွင့်ပြုရေးအတွက် စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးသန်းရွှေကို နားချနိုင်ရန် ကြိုးပမ်းခဲ့သေးသည်။

ပို၍ ပွင့်လင်းစွာ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းနားချနိုင်ရန်အတွက် ဗိုလ်ချုပ် ခင်ညွန့်ကပင် တခါတရံ ခေါင်းဆောင်ကြီး၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်းကို ချဉ်းကပ်အားကိုး ခဲ့ရသည်။

ဗိုလ်ချုပ်ကျော်ဝင်းက စိတ်ဓာတ်စစ်ဆင်ရေးကိစ္စများတွင် အထူးကျွမ်းကျင်သူ ဖြစ်ပြီး ဗိုလ်ချုပ်သန်းရွှေ လက်အောက်တွင် လည်း တာဝန်ငယ်စဉ်က အတူတူ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူက အချိန်မရွေး ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းအတွင်းသို့ တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွားလာနိုင်ခွင့် ရှိသူဟုလည်း သိထားကြသည်။ တခါတရံ သူက ညနက်မှ ပေါက်ချလာတတ်ပြီး လက်ဖက်ရည် အတူသောက်ခြင်း၊ သတင်းပေးခြင်းများ လုပ်တတ်သေးသည်။ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ပို၍ လွတ်လပ်စွာ ခွင့်ပေးသင့်ကြောင်း၊ အရေးပါသည့် ကိစ္စများဖြစ်သည့် အဓမ္မလုပ်အားခိုင်း စေမှုနှင့် ကလေးစစ်သားစုဆောင်းမှု ကိစ္စများကို သေချာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းတို့ကို သူက တိုက်တွန်း နားချ တတ်သည်။

သို့သော် လွယ်ကူလှသော ကိစ္စမဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခေါင်းမာလွန်းလှပြီး နိုင်ငံရပ်ခြားမှ ပြစ်တင် ဝေဖန်နေ မှုများ ကိုလည်း နားထောင် ဂရုစိုက်နေသူ မဟုတ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပြသည်။ ဗိုလ်ချုပ်မှူးကြီးကို သူ ကိုယ်တိုင် အကြိမ်တော်တော်များများ ကြုံဆုံခဲ့ရဖူးသည်။

“သူက တဇောက်ကန်းပဲ၊ နိုင်ငံတကာ ဖိအားတွေ ဘာတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူး” ဟု ဗိုလ်မှူးဟောင်းက ပြန်ပြော ပြသည်။

ဥပမာအားဖြင့် ကလေးစစ်သား ပြဿနာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝေဖန်ပြစ်တင်နေမှု အားလုံးကို ပယ်ချခဲ့သည်။ သူ၏ လက်အောက်ငယ်သားများကို “ဘာမှ ပူမနေနဲ့၊ နောက် ၂ နှစ်၊ ၃ နှစ် ဆိုရင် ဒီကလေးတွေအားလုံး အရွယ် ရောက်လာလိမ့်မယ်” ဟုပင် ပြောခဲ့သေးသည် ဆို၏။

“ဒီကိစ္စက ကုလသမဂ္ဂမှာ ကျနော်တို့ အကြီးအကျယ် ရင်ဆိုင်ကြရမယ့် ကိစ္စကြီးဆိုတာ သူက နားမလည်ဘူး” ဟု ဦးအောင်လင်းထွဋ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလုပ်လုပ်ခဲ့ဖူးသူများကမူ သူက ဆုံးဖြတ်ချက်ချမည်ဆိုလျင် ကြာတတ်ကြောင်းနှင့် မေးခွန်း များ အပေါ်တွင်လည်း ဟုတ်၊ မဟုတ် တိတိပပ အဖြေပေးလေ့မရှိကြောင်း ပြောဆိုကြသည်။ သက်ဆိုင်ရာ အရာရှိက သူ၏ မသဲမကွဲနိုင်လှသည့် အဖြေကို ကိုယ့်ဘာသာ ပဟေဠိ အဖြေညှိကြရသည်။

ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်ချက်ချရာတွင် မပြတ်သားသော်လည်း ကမ္ဘာက စိုးရိမ်ပူပန်နေကြသည့် မြန်မာ့အရေး ပြဿနာ များနှင့် ပတ်သက်၍မူ သူ့တွင် အယူအဆ ခိုင်ခိုင်မာမာ ရှိထားပြီးဖြစ်သည်။ သူ့အမြင်တွင် မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းအားဖြင့် နိုင်ငံတကာဖိအားကို ဂရုစိုက်စရာ မလိုဟု သဘောပေါက်ထားသည်။

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အပေါ်တွင်ရော မည်သို့ရှိမည် ထင်ပါသနည်း။ ဦးအောင်လင်းထွဋ်ကမူ ဗိုလ်ချုပ်မှူးကြီးက ၎င်းဒေသဆိုင်ရာအဖွဲ့ကို ခေါင်းထဲပင် ထည့်မစဉ်းစားဟု ဆို၏။

အဆုံးစွန် ဆိုရလျင် ထိုင်းနိုင်ငံက မြန်မာ့စီးပွားရေးအတွက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သော်လည်း စစ်အစိုးရအပေါ် သြဇာ မလွှမ်းမိုးနိုင်လှပေ။ ထိုင်းနိုင်ငံသည် မြန်မာ့ သဘာဝဓာတ်ငွေ့ကို မှီခိုနေရကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးအားဖြင့် မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ နိုင်ငံရေးသမားများအပေါ် သြဇာလွှမ်းနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခပ်တင်းတင်း ပြောတတ်သေးသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက သူ၏အာဏာကို ခြိမ်းခြောက်လာမည့် အရေးကို ကြည့်၍ စိတ်ချမနေနိုင်ပါ။ ထောက်လှမ်း ရေး အဖွဲ့များက လူထုစည်းရုံးရေး လုပ်ငန်းများဖြင့် ထိုးစစ်ဆင်ရှေ့တက်နေသည့် အချိန်တွင် ဗိုလ် ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းအပါ ခေါင်းမာဂိုဏ်းသားများက ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး၊ ပြည်တွင်းတွင် ပုဂ္ဂိုလ် ရေးအရ သြဇာတက်လာသည်ကို ကြည့်၍ စိုးရိမ်ပူပန်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ခြိမ်းခြောက်မှုဟု ပိုမြင်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတွင်း ခရီးစဉ်များ တွင် ထောက်ခံသူများ သိန်းနှင့်ချီ၍ လာရောက်စုဝေးနေချိန် ဖြစ်သည်။ ဤသို့ဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုကို ပြန်လှန် တိုက်ခိုက် ထိုးစစ်ဆင်ရန် တော်ပြီဟု သူတို့က ဆုံးဖြတ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်၊ ထောက်ခံသူများ စီးလာသည့် ယာဉ်တန်းကို ဒီပဲယင်းမြို့အနီးတွင် ၂၀၀၃ ခုနှစ် မေလ၌ လုပ်ကြံတိုက်ခိုက်ကြတော့သည်။ ဤ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး အပြီးမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ထိန်းသိမ်းထားလိုက်သည်။ ဒီပဲယင်းတိုက်ခိုက်မှုတွင် လူအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။

ဗိုလ်မှူးအောင်လင်းထွဋ်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းနောက်မှ လိုက်ပါစောင့်ကြည့်ရသည့် ထောက်လှမ်း ရေးတပ်ဖွဲ့က ဒီပဲယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကြိုတင်မသိရှိခဲ့ဟု ဆို၏။

“သူတို့ တခုခုကြံနေတာတော့ ကျနော်တို့သိတယ်။ ဒါပေမယ့် အစီအစဉ် အတိအကျသာ မသိရတာ” ဟု သူက ပြောသည်။

ချက်ချင်းဆိုသလိုပင် စစ်အစိုးရ ကြိုးပမ်းထားသည့် နာမည်ကောင်းရရေး လုပ်ငန်းများအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရသည်။ သမ္မတဘုရှ် အစိုးရက မြန်မာစစ်အစိုးရအပေါ် ဖိအားများ ချက်ချင်း တိုးမြှင့်ပေးလာခဲ့ပြီး ပို၍ ပြင်းထန်သည့် ပိတ်ဆို့အရေး ယူမှု ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဤမျှနှင့် မရပ်သေးပေ။ နောက်ပိုင်းတွင် သူက ဗိုလ်ချုပ်ကြီးခင်ညွန့်ဘက် ဦးလှည့် လာခဲ့သည်။

စစ်ထောက်လှမ်းရေး အကြီးအကဲကို မယုံကြည်နိုင်ဖြစ်နေကြသူများမှာ ဗိုလ်ချုပ်မှူးကြီး တဦးတည်း မဟုတ်။ တပ်မတော် (ကြည်း) ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထိန်းသိမ်းသင့်နေပြီဟု မြင်နေသည်။

ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တိုက်ရိုက် ရင်မဆိုင်ခဲ့။ အများမထင်ထားသည့် ကိစ္စကို ကာကွယ်ရေး ၀န်ကြီးဌာန အတွင်း လုပ်ဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်၏ သြဇာကို လျှော့ချခဲ့သည်။ ပို၍ အရေးကြီးသည်မှာ သူက မျက်နှာသစ် များကို ကောက်တင်လာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒု - ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ကို ပစား ပေးလာခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး ဆက်ခံရန် ဗိုလ်ချုပ်ကြီးရွှေမန်းကို လက်သပ်မွေးထားခဲ့ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းကို တော့ ထောက်လှမ်းရေးဌာနအတွက် ပြင်ဆင်ထားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့် ချက်ချင်းဆိုသလို ခုံလှုပ်ဖွယ် ဖြစ်လာသည်။ ပူပန်လာရသည်။ ယခုအခါ "ရန်သူ" ဒေါ်အောင်ဆန်းစုကြည်၏ အန္တရာယ်ပေးနိုင်မှုကို လျှော့တွက်မှုဖြင့် သူ့ကို စွပ်စွဲလာ ကြပြီ ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ခင်ညွန့်၏ ဆရာဖြစ်သူ ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို အိမ် အကျယ်ချုပ်ချထားလိုက်ပြီး ၎င်း၏ သမီးနှင့် မြေးများကိုလည်း အာဏာသိမ်းရန် ကြံစည်မှုဖြင့် စွပ်စွဲထိန်းသိမ်းခဲ့သည်။ ဤ အချိန်မှစ၍ ယခင် အာဏာရှင်ဟောင်းနှင့် နီးစပ်ခဲ့မှုအတွက် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်နှိုက်က မလုံခြုံဟု ပထမဦးဆုံး အကြိမ် စတင်ခံစားလာခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးက နောက်တကွက် ရွှေ့ပြန်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ယခင် ထောက်လှမ်းရေးအရာရှိဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးအောင်လင်းထွဋ်၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့ ၂ ဦး စလုံးက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထောက်လှမ်းရေး အကြီးအကဲ ရာထူးအဖြစ်မှ စွန့်ပါရန်နှင့် ဒု - ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ သို့မဟုတ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်သို့ လွှဲပြောင်းပေးရန် တိုက်တွန်းနားချခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က ပယ်ချခဲ့သည်။

နအဖ စစ်အစိုးရအတွင်း အကွဲအပြဲ သတင်းများက အဆင့်မြင့် ထောက်လှမ်းရေးအရာရှိ တချို့ထံမှတဆင့် နိုင်ငံခြား သတင်း မီဒီယာများထံ ပေါက်ကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က တခြားအာဆီယံနိုင်ငံများမှ ၀န်ကြီး များကို စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များအတွင်း အာဏာအားပြိုင်မှု ရှိနေကြောင်းပင် အရိပ်အမြွက် ပြောခဲ့ဖူးသည်။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်၏ အဆိုအရမူ နိုင်ငံရေးအရ သဘောထားကွဲလွဲ တင်းမာမှုများအပြင် စီးပွားရေးအရ၊ ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွား အားပြိုင်မှုများလည်း ပတ်သက်နေခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဇနီးဖြစ်သူနှင့် ၎င်းနှင့် နီးစပ်သည့် မိတ်ဆွေများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် တခြားကတော်များအဖွဲ့ကို “ပညာ မတတ်သည့် ကတော်များ ကလပ်” ဟု ခေါ်ဝေါ်သုံးနှုံးခဲ့ကြသည် ဟုလည်း သူက ဆိုသည်။


လာဘ်စားမှုများက တခြားကိစ္စတခုဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အပြစ်ရှာရေးအတွက် အမှုဆင်ယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးဟောင်းက ဆိုသည်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တချို့ကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် လာဘ်စားမှုနှင့် ဖမ်းဆီး အရေးယူခဲ့သည့် အပြင် မြိတ်တွင် ငါးဖမ်းလှေတစီးကို ဘိန်းဖြူ ၅၀၀ ကီလိုဂရမ်နှင့် ဖမ်းမိသည့်ကိစ္စတွင်လည်း ဗိုလ်ချုပ်ကြီးခင်ညွန့်အမည် ဆက်စပ် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် အစည်းအဝေးတခု၌် စင်ကာပူခရီးစဉ်မှ ပြန်လာ ခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြား အပြင်းအထန် သဘောထားကွဲလွဲကြသည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က နုတ်ထွက်စာပင် တင်ခဲ့သည်ဟုလည်း ဆိုကြသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးက သူ့ကို တာဝန်အသစ် ပေးစရာရှိကြောင်းသာ ပြန်၍ ပြောခဲ့သည်။

အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ၏ လက်ထောက် ထောက်လှမ်းရေး အရာရှိများနှင့် လျှို့ဝှက် အစည်း အဝေးတခု ခေါ်ယူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် တခြားထိပ်ပိုင်း တပ်မတော်အရာရှိများ၏ ခြစားမှု အထောက် အထားများကို စုဆောင်းပေးရန် ညွှန်ကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးရွှေမန်းက ဤသတင်းကို ချက်ချင်းကြားပြီး ဗိုလ်ချုပ်မှူး ကြီးထံ သတင်းပြေးပို့လာခဲ့သည်။

မန္တလေးမှအပြန် ခရီးတွင် ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံလိုက်ရသည်။ ပြီးနောက် လာဘ်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် စွဲချက်တင်ခံရသည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လှေကြီးပေါ် လှေငယ်ဆောက်နေသည်ဟု မြင်ကြသည့် တိုင်းမှူးအတော်များများက ဗိုလ်ချုပ် ကြီးခင်ညွန့်ကို ဖြုတ်ချလိုက်ခြင်းအပေါ် ၀မ်းမြောက်အားပေးခဲ့ကြသည်။ အမှန်တွင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ အာဏာကို ပို၍ ကျစ်လျစ်ခိုင်မာအောင် အားစုနိုင်လိုက်သည်သာမက စစ်တပ်အတွင်း ပို၍ပင် ထောက်ခံမှု ရလာခဲ့သည်။

“စစ်တပ်က ကျနော်တို့ စစ်ထောက်လှမ်းရေးကို မုန်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့မှာ သူတို့ သတင်း အချက် အလက်တွေ ရှိနေတယ်။ ကျနော်ဆိုရင် ဗိုလ်မှူးအဆင့်ပဲ။ ဒါပေမယ့် ကျနော်က တိုင်းမှူးအဆင့်ကိုတောင် ဆူပူ ကြိမ်းမောင်း လို့ရတယ်” ဟု ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောသည်။

ယခုအချိန်တွင် လူထု၏ မေတ္တာကို ရရန် စည်းရုံးနေရသည့် တာဝန် နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည်။ အာဆီယံ အဖွဲ့၊ တရုတ်နိုင်ငံ နှင့် အနောက်နိုင်ငံများရှိ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လိုလားသူ မဟာမိတ်များ၊ ကုလသမဂ္ဂ အားလုံးက စိတ်ပျက်ကုန်ကြပြီ ဖြစ်သည်။ “သဘောထားပျော့ပြောင်းသည့် အလယ်အလတ်အုပ်စုများ” အားလုံး ဖမ်းဆီးခံရပြီး ချုပ်နှောင်ခံနေရသည်ကို မြင်ခဲ့ကြရသည်။

စစ်အစိုးရက အမျိုးသားညီလာခံပြန်စရန် ကြိုးပမ်းနေသည့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုနေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် မပေးချင်ခဲ့။ ဒေါ်အောင်ဆန်းစုကြည်က ပြေလည်စေလိုသည့် သဘောထားဖြင့် ဒီပဲယင်းတိုက်ခိုက်မှုအပေါ် ပုဂ္ဂိုလ်ရေး အာဃာတ မရှိပါကြောင်း ဗိုလ်ချုပ်မှူးကြီးထံသို့ပင် စာတစောင်ရေး၍ ပေးပို့ခဲ့သေးသည်။

ထို တွေ့ဆုံပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်လွှတ်ပေးလျင် အန်အယ်ဒီ ပါတီအနေနှင့် အမျိုးသား ညီလာခံ သို့ ပြန်တက်မည်ဟုလည်း သဘောတခဲူ့ကြသည်။

ထိုအချိန်က ၀ါရှင်တန်တွင်ပင် တာဝန်ယူနေရသူ ဗိုလ်မှူးအောင်လင်းထွဋ်က နေ့စဉ်ဆိုသလို ရန်ကုန်မှ ဖုန်းကို စောင့်၍ နားထောင်နေရသည်။ ရန်ကုန်မှ ပြောလာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် အမျိုးသားညီလာခံ ပြန် တက်ဖို့ အရေး ၉၅ ရာခိုင်နှုန်း သေချာနေပြီဟု ဆိုနေသည်။ သို့သော် နောက်ဆုံး အချိန်တွင် သဘောတူညီချက်က ပျက်သွားရ သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူထုထောက်ခံသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး မည့်အရေး ပယ်ချခဲ့သည်။ သူ့ကတိကို သူဖျက်ခဲ့သည်။

၂၀၀၃ ခုနှစ် သြဂုတ်လတွင် လမ်းပြမြေပုံ၏ အဆင့်တခုအဖြစ် အမျိုးသားညီလာခံကို ပြန်လည်စတင် ကျင်းပမည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့သူမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်သည် ဆိုသည့် အချက်က ကမောက်ကမ နိုင်လှ၏။ ခုတော့ သူနှင့် သူ့မိသားစုဝင်များ အိမ်အကျယ်ချုပ် ကျခံနေရပြီး သူနှင့် နီးစပ်သည့် လက်အောက်ခံ အရာရှိများအားလုံးလည်း နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည်။ သို့သော် ခြွင်းချက်အဖြစ် ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းက လွတ်၍ ကျန်နေခဲ့သည်။

လျှို့ဝှက်ထောက်လှမ်းရေးဌာန တခုလုံးကို ဖျက်သိမ်းပြီး၍ ၄ နှစ် ကြာသည့်တိုင် ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖြုတ်ချ၍ အာဏာသိမ်းရန် အကြံအစည်တခု ပြင်ဆင်နေခဲ့သည်ဟု တပ်မတော်သား အများစုက ယုံကြည် ထင်မြင်နေကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က ကာကွယ်ရေးဦးစီးချုပ်လုပ်ရန် ကြံစည်ခဲ့သည်ဟုလည်း ထင်မြင်နေ ကြဆဲ ဖြစ်သည်။

ဦးအောင်လင်းထွဋ် အဖို့မှာမူ စစ်ထောက်လှမ်းရေး အကြီးအကဲ၏ နိဂုံးက စစ်ထောက်လှမ်းရေးဌာနအတွင်းရှိ သူ၏ အလုပ်အကိုင် တက်လမ်းအတွက်လည်း နိဂုံးဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ၂၀၀၅ ခုနှစ်၊ မတ်လတွင် အမေရိကန်ပြည်ထောင် စု၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့သည်။

ထိုအချိန်မှစ၍ သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပွင့်ပွင့်လင်းလင်းပင် ပြစ်တင်ဝေဖန်ခဲ့သည်။ ပြည်ပရှိ မြန်မာရေဒီယို အစီအစဉ်များမှတဆင့် သူက မြန်မာစစ်အစိုးရ ခေါင်းဆောင်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့ပြီး အောက်ခြေ စစ်သား များအနေနှင့်လည်း ၎င်းဗိုလ်ချုပ်မှူးကြီးကို ၀ိုင်းဝန်း ဖြုတ်ချကြရန် တိုက်တွန်းခဲ့သည်။

ဦးအောင်လင်းထွဋ်က ယခုအချိန်၌ ထောင်တွင်း အကျဉ်းကျနေကြသည့် တခြား စစ်ထောက်လှမ်းရေး အဆင့်မြင့် အရာရှိ များလည်း အလားတူ ခံစားနေရဖွယ်ရှိသည်ဟု သူယုံကြည်ကြောင်း ဆိုသည်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်၍မူ သူက “ကျနော်တို့က တော်လှန်ရေးအောင်တာ မြင်ချင်ပါတယ်” ဟု ပြောခဲ့လေသည်။

အောင်ဇော်ရေးသားသည့် The Spring before Khin Nyunt’s Fall ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

၀၈၁၀၂၀၀၈သတင်း

မစုစုနွေး ရုံးထုတ် မထွက်ရောက်နိုင်
ကိုထွေး အောက်တိုဘာ ၈၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် အင်းစိန်ထောင်တွင်း သီးသန့် တရား ရုံးတွင် ယနေ့ ရုံးထုတ်ရာသို့ ထွက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

ယခုကဲ့သို့ မစုစုနွေး တရားရုံးသို့ ထွက်ရောက်နိုင်ခြင်းမရှိသည်မှာ ၎င်းအား အာဏာပိုင်များက ထောင်ဝင်စာ မပေး၍ တွေ့ခွင့်မရခြင်းကြောင့် ဖြစ်နိုင်ကြောင်း အစ်မဖြစ်သူမဌေးဌေးကြည်က ပြောသည်။

မဌေးဌေးကြည်က“ရှေ့နေ အန်တီဒေါ်ခင်ဌေးကြွယ်က ညီမလေးရုံးမထွက်လာဘူး လို့ပြောတယ်၊ တနင်းလာနေ့ ကျမ ထောင်ဝင်စာသွားတွေ့လို့မှ တွေခွင့်မရရင် ဗုဒ္ဓဟူးနေ့ရုံးထုတ်ရင် မထွက်ဘူးလို့တော့ အရင်အပတ်က သူမှာထားဖူးတယ်၊ အခု အဲဒါကြောင့်နေမှာပါ”ဟု ပြောသည်။

မစုစုနွေးသည် အစ်မဖြစ်သူနှင့် တွေခွင့်မရသည့်အတွက် အစားအသောက်ကအစ ဒုက္ခရောက်ကြောင်း၊ ကျန်းမာရေးလည်း မကောင်းကြောင်းကို ယခင်သီတင်းပတ်ရုံးထုတ်စဉ်က တရားရုံးတွင် ကိုယ်တိုင် လျှောက် တင်ထားခဲ့သည်။

မစုစုနွေး၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “စုစုနွေး ဒီနေ့ရုံးကိုမလာပါဘူး၊ ဘာကြောင့်လဲဆိုတဲ့ အသေးစိတ်ကို တော့မသိရ သေးဘူး၊ နောက်ရုံးချိန်းကတော့ ၁၅ ရက်နေ့မှာ ပြန်ချိန်းထားပါတယ်”ဟု ပြောသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်းနှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း၊ ယင်းအမှု တခုစီအတွက် တရားလိုသက်သေ ၅ ဦးစီ ခေါ်ရန် အာဏာပိုင်များ၏ အစီအစဉ်ကိုလည်း ကန့်ကွက်ရန်ရှိကြောင်း ရှေ့နေဒေါ်ဌေးကြွယ်က ပြောသည်။

မစုစုနွေး၏ လည်ပင်းအကျိတ်ပေါက်နေသည်ကို ဆေးကုသခွင့်တောင်းခံရာ အာဏာပိုင်များက ခွင့်မပြုသဖြင့် မစုစုနွေးက ဆေးကုသခွင့်ခံယူမည်မဟုတ်ကြောင်းသိရသည်ဟုလည်း မဌေးဌေးကြည်က ပြောဆိုသည်။

မစုစုနွေးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်တို့စိုက်ထူထားသည့် “အမေရိကန် အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ” ဟုသည့်ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာချိတ်စွဲစဉ် အဖမ်းခံ ရခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဗဟန်းမြို့နယ် ရဲစခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။

မစုစုနွေး၏ အမှုကို တရားရုံးချုပ်ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးမြင့်သောင်းနှင့် ဒေါ်ခင်ဌေးကြွယ် တို့က လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ်ကာလအတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အဓမ္မငွေကြေးကောက်ခံမှုများကြောင့် မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဌနှင့် ဆယ်အိမ်မှူးများကို တရားစွဲဆိုခဲ့ရာ အာဏာပိုင်တို့အား ခြိမ်းခြောက်ကြိမ်းဝါး သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံရသည်။ ၎င်းအား ထောင်ဒဏ် တနှစ်ခွဲချမှတ်ခဲ့ရာ ၇ လ အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ရန်ကုန်ထုတ် ဂျာနယ် ၅ စောင် ထုတ်ဝေခွင့်ပိတ်
အေးချမ်းမြေ့ အောက်တိုဘာ ၈၊ ၂၀၀၈

အထက်တန်းကျောင်းသားများ အားကိုးနေရသော ပညာရေးနှင့် သက်ဆိုင်သည့် ဂျာနယ် ၅ ခုကို ပညာရေး ဝန်ကြီးဌာန၏ အမိန့်ဖြင့် ဇူလိုင်လ ကတည်းက ထုတ်ဝေခွင့်ပိတ်ပင်ထားကြောင်း ၎င်းဂျာနယ်များနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

၎င်းဂျာနယ်များထဲတွင် ငြိမ်းပညာရေးစာစဉ်၊ ပန်းတိုင်၊ Educator ဂျာနယ်၊ Prime ဂျာနယ်၊ Digital way ဂျာနယ်တို့ ပါဝင်ကြောင်း သိရှိရသည်။

“ဒီ ဂျာနယ်တွေ ပိတ်ဖို့အတွက် ပညာရေး ဝန်ကြီးဌာနက စာပေစိစစ်ရေးကို တိုက်ရိုက်အမိန့်ချတာလို့ ကြားတာပဲ” ဟု Educator ဂျာနယ်အဖွဲ့သား တဦးက ပြောသည်။

မည်သည့်အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ပိတ်ပင်သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယခုလက်ရှိတွင် ထုတ်ဝေခွင့် ပြန်လည်ရရှိရေးအတွက် စာပေစိစစ်ရေးနှင့် ဆွေးနွေးလျှက်ရှိရာ ပြန်လည် ထုတ်ဝေခွင့်ရရန် အလားအလာ ရှိသည်ဟု Educator ဂျာနယ် အဖွဲ့သားကဆိုသည်။

ထို့ပြင် ပညာရေးဌာနက ဖြန့်ချိထားသည့် သင်ရိုးညွှန်းတန်း စာအုပ်များကို မြန်မာဘာသာဖြင့် ပြန်လည် ရေးသားထားသည့် အထူးထုတ်စာအုပ် အမျိုးပေါင်း ၈၀ ကိုလည်း ထုတ်လုပ်ရောင်းချခွင့် မပြုတော့ကြောင်း ကြားသိရသည်။ ၎င်းအထူးထုတ် များကို မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ယခုနှစ်ဆန်းကတည်း က ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။

အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများမှာ ကျူရှင် များနှင့် ၎င်း အထူးထုတ်များကိုသာ အားထားလေ့လာနေရသည်။

“ကျနော့်ညီမလေးက ဆယ်တန်းဆိုတော့ Educator စာစဉ်ကို ပုံမှန်ယူပေးနေတာ။ ဆယ်တန်းကျောင်းသား ကျောင်းသူတွေ အတွက် အများကြီး ဖတ်စရာပါတယ်လေ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အထူးထုတ်စာအုပ်များ၊ ကျောင်းသားများလေ့လာ ဖတ်ရှုသည့် ဂျာနယ်များ ထုတ်ဝေခွင့် ပိတ်ပင်ခံရခြင်းက ကျောင်းသားအများစုအတွက် ထိခိုက်သည်ဟု ဆိုသည်။

Educator ဂျာနယ်ကို ၂၀၀၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ၁၀ တန်းကျောင်းသူကျောင်းသားများ လေ့လာ ဖတ်ရှုသည့် ဂျာနယ် တစောင်ဖြစ်သည်။ ထုတ်ဝေခွင့်ပိတ်ပင်ခံရသည့် ဇူလိုင်လအထိ စောင်ရေ ၁ သောင်းခွဲ ကျော်ရှိကြောင်း သိရသည်။

Prime ဂျာနယ် နှင့် Digital Way ဂျာနယ်တို့မှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေခြင်း ဖြစ်သည်။ ပန်းတိုင်မှာမူ ပညာရေးမဂ္ဂဇင်း တအုပ်ဖြစ်ပြီး လစဉ်ထုတ် ဝေသည်။

ယခုအခါ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ဂျာနယ်မဂ္ဂဇင်းများကို တင်းကျပ်စွာ ကိုင်တွယ်လျှက်ရှိပြီး မကြာသေးမီကပင် ဂျာနယ် ၂ စောင်ကို စည်းကမ်းမလိုက်နာသောကြောင့် ဟူသည့် အကြောင်းပြချက်ဖြင့် ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည်။ ဆက်လက်၍ စိစစ်ရေးမှ ဖမ်းမမိလိုက်ဘဲ လွတ်သွားသော စကားလုံးများ သတင်း၊ ဆောင်းပါးများကို အသေးစိတ်ပြန်လည် ဖတ်ရှုကာ စိစစ်ရေးမူနှင့်မကိုက်ညီသော အသုံးအနှုန်းများ၊ အကြောင်းအရာများ ရှာဖွေ တွေ့ရှိလာသောကြောင့် နောက်ပိုင်း တွင် စာမူမှန်သမျှကို အသေးစိတ် ဖတ်ရှု တော့မည်ဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

ယခင်က အားကစားဂျာနယ်၊ ဘောလုံးဂျာနယ်များကို အပေါ်ယံသာစစ်ဆေး၍ လွှတ်ပေးခဲ့သော်လည်း ယခုအခါ လောင်း ကစားနှင့် သက်ဆိုင်သော အသုံးအနှုန်းများ ပြန်လည် တွေ့ရှိလာသောကြောင့် အားက စားဂျာနယ်များကိုပါ အရေးယူတော့ မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ပြင် ပညာရေးနှင့်သက်ဆိုင်သော ဂျာနယ်များကိုလည်း သေချာစိစစ် အရေးယူ တော့မည်ဟု ကြားသိရသည်။

“ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ တခါတလေ သုံးတဲ့ စကားလုံးတွေက အဓိပ္ပာယ် ၂ မျိုး ထွက်နေတာ တွေ့ရ တတ်တယ်ဗျ။ ဥပမာ - အင်စတီကျူးရှင်း တခုလုံး ပြောင်းသင့်တယ်တို့ ကျုပ်တို့က သမင်မွေးနေတာလား ကျားမွေးနေတာ လားတို့ အဲလို စကားလုံးတွေ ခဏခဏ ပါတတ်တယ်။ အဲဒါမျိုးကို သတိထားမိသွားလို့လားမသိဘူး။ ကျနော်တို့တွေက သတင်းမှောင်ချခံထားရတာဆိုတော့ အဲလိုစာလုံးလေး တလုံးပဲတွေ့တွေ့၊ ၂ လုံးပဲတွေ့တွေ့ ဘာပြောချင်လဲဆိုတဲ့ အနက်ကို သတိထားမိတယ်။ စဉ်းစားတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်း လူငယ်တဦးကပြောသည်။

ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစဉ် မသေချာ
အေးလဲ့ အောက်တိုဘာ ၈၊ ၂၀၀၈

ကမ္ဘကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးတိုးတက် ပြောင်းလဲမှု မတွေ့ရှိပါက လာမည့်ဒီဇင်ဘာလအတွင်း သွားရောက်မည့် မြန်မာနိုင်ငံခရီးစဉ် မသေချာကြောင်း ပြောသည်။

ယမန်နေ့က နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချူပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ဤကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းက “ကျနော့်အနေနဲ့မြန်မာနိုင်ငံကို သင့်တော်တဲ့အချိန်မှာ ပြန်သွားချင်ပါ တယ်၊ ဒါပေမယ့် ကုလသမဂ္ဂက တောင်းဆိုထားတဲ့အတိုင်း မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ် ပေးဖို့ဆိုတဲ့ တိုးတက်ပြောင်းလဲမှု တစုံတရာမျှော်လင့်စရာ မရှိဘူးဆိုရင် ကျနော် မြန်မာနိုင်ငံကို ထပ်သွားမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် လကုန်ပိုင်းကကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ၀န်ကြီးအဆင့်များပါဝင်သော “မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများ အဖွဲ့”နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ခရီးစဉ်အတွက် အခြေခံလိုအပ်ချက်တွေ လုပ်ဆောင်ဖို့ အချိန်ပိုယူရပါဦးမယ်၊ ကျနော့်အနေနဲ့ အခြေအနေ အချိန်အခါကိုလည်း ထည့်စဉ်းစားရမှာဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်း ကပြောခဲ့သည်။

အဆိုပါ “မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများအဖွဲ့”သည် နိုင်ငံပေါင်း ၁၄နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက် ဆက်နွယ်သည့် ပြဿနာမျာကို ဖြေရှင်းရာတွင် ကူညီရန် နှင့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များကိုအထောက် အကူပြုရန်အတွက် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်း မစ္စတာဘန်ကီမွန်းက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဘန်ကီမွန်း၏ ဒီဇင်ဘာ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ က ယခုနှစ် သြဂုတ်လအတွင်းက သွားရောက်ခဲ့သော ၎င်း၏ ၆ ကြိမ် မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း၌ ပြောဆိုကြေညာခဲ့ခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင် ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။ ခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။

ဆိုင်တွင် အင်တာနက်သုံးသူများ လုံခြုံမှုမရှိ
ကိုသက် အောက်တိုဘာ ၈၊ ၂၀၀၈

“ကီးဘုတ်နဲ့ တပေလောက်ခွာလိုက်ပါ၊ မော်နီတာနဲ့ တပေလောက် ခွာလိုက်ပါ၊ လောလောဆယ်သုံးထားတဲ့ ဝက်ဘ်ဆိုက် တွေကို ဘာမှမလုပ်ပါနဲ့ … ထိုင်ခုံတွေကို အနောက်ဆုတ်ထိုင်ကြပါလို့အော်ပြီး ရဲတွေ ၀င်လာတော့တာပဲ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အင်တာနက်ကဖေး တခုအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက် စစ်ဆေးပုံကို ကြုံတွေ့ခဲ့သူတဦးက ရှင်းပြသည်။
ရန်ကုန်ရှိ အင်တာနက်ဆိုင်တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)

လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တာမွေမြို့နယ်အတွင်းရှိ တခြားအင်တာနက်ဆိုင်တချို့ကို ရဲက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

“ပထမ ယူနီဖောင်းနဲ့ ရဲတပ်သားတွေဝင်လာတယ် … နောက်တော့ ၃ ပွင့်နဲ့တယောက်ဝင်လာတယ် … သူနဲ့အတူ အရပ်သား တယောက်ပါလာတယ်။ သူက ကွန်ပျူတာပညာ နိုင်နင်းတဲ့သူ ဖြစ်မယ်ထင်တယ်။ ဘယ်ဝက်ဘ်ဆိုက် တွေကြည့်တယ်၊ ဘာ တွေသုံးနေတယ်ဆိုတာ အဲဒီအရပ်သားက လိုက်ပြီးကြည့်တယ်။ တကယ်လို့ ကြည့်နေတာတွေထဲက နိုင်ငံရေး ဝက်ဘ်ဆိုက် ကြည့်တာမျိုးရှိရင် ဖမ်းတာဆီးတာတွေ ဖြစ်ချင်ဖြစ်လာနိုင်တယ်၊ ဖမ်းတာဆီးတာတော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံရေးငြိစွန်းသည့် အင်တာနက်ဝက်ဘ်ဆိုက်များကို စစ်ဆေးသည့်အပြင် ၎င်းတို့မသင်္ကာသူများကိုလည်း စစ်ဆေးမေး မြန်းမှုများရှိကြောင်း သိရသည်။

“အန်တီကြီးတယောက် စင်ကာပူက သူ့ယောက်ျားနဲ့ အင်တာနက်မှာ စကားပြောနေတာကို ခင်ဗျားယောက်ျားဟုတ်ရဲ့လား ဆိုပြီးမေးတော့ အဲဒီအန်တီလည်း စိတ်ဆိုးသွားပြီး ငါ့ယောက်ျားငါ ဖုန်းမဆက်ရဘူးလားလို့ ပြန်ပြောတယ် … အင်ဂျင်နီယာ ကျောင်းသားတယောက်ဆိုလည်း သင်္ဘောတည်ဆောက်ပုံတွေလေ့လာနေတာ အဲဒီသင်္ဘောကြီးက ဘာလုပ်ဖို့လဲဆိုပြီး မေးတာမျိုး …” ဟု ကိုယ်တွေ့ကြုံခဲ့သူက ပြောသည်။

ရန်ကုန်ရှိ ကွန်ပျူတာပညာရှင်တဦးက စစ်အစိုးရသည် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုမှုများကို နည်းပညာပိုင်းအရ ထိန်းချုပ်ထားခဲ့ပြီးနောက် ယခုတဖန် အင်တာနက်သုံးစွဲမှုကို အင်အားသုံးကာ ထိန်းချုပ်လာခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

“ကလေးတွေလည်း အင်တာနက်ဆိုင်တွေ သွားကြတာပဲ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်ရတာပဲ။ ကလေးတွေဆို အင်မတန် သွက်တယ်။ ဒါပေမယ့် တချို့က မသိဘဲဝင်ကြည့်မိတာမျိုးရှိတယ် … တဖြည်းဖြည်း ပိုကျပ်လာနိုင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင်က ပြောသည်။

စစ်အစိုးရက ၎င်းတို့၏ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တင်ပြကြသည့် အင်တာနက်ဝက်ဘ်ဆိုက် များနှင့် ဒီမိုကရေစီအတိုက်အခံများ၏ အင်တာနက် ဝက်ဘ်ဆိုက်များကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ၀င်ရောက်ကြည့် ခွင့်မရအောင် ပိတ်ပင်ထားသည်။ ၎င်းအပြင် မည်သူမဆို အခမဲ့အသုံးပြုနိုင်သည့် ဂျီမေးလ် (www.gmail.com) အပါအ၀င် messenger ဝက်ဘ်ဆိုက်များကိုလည်း အများပြည်သူ အသုံးပြုခွင့်မရအောင် နည်းပညာဖြင့် ပိတ်ပင်ထားသည်။

လတ်တလောကြုံတွေ့နေရသော ရှောင်တခင် စစ်ဆေးမှုများနှင့်ပတ်သက်၍ “အင်တာနက်သုံးရတာ မပြေတပြေပဲဗျို့၊ သူတို့ (အာဏာပိုင်) က နိုင်ငံရေးသမားတွေကိုပဲဖမ်းချင်တာ … အခြေအနေက မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့ဗျာ” ဟု အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးကလည်း “အခြေအနေ သိပ်မကောင်းဘူး။ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) က တချိန်လုံးစောင့်ကြည့် နေတယ်။ အင်တာနက်သုံးတဲ့ လူကတော့ များနေတုန်းပါ” ဟု ပြောသည်။

ရှောင်တခင် စစ်ဆေးခံရသည့် တာမွေမြို့နယ်မှ အင်တာနက်ဆိုင်တချို့ အပိတ်ခံရသည်ဟူသည့်သတင်းများ ယခုတပတ် အတွင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါဆိုင်များ ယနေ့နံနက်ပိုင်းအထိ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ
08 October 2008
မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်မတိုင်ခင် အတိုက်အခံများအား စစ်အစိုးရက ကြိုတင်ပြီး တိုးမြင့် နှိပ်ကွပ်နေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ စက်တင်ဘာလက စပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃၀ဦး အဖမ်းခံရ၊ ထောင်ဒဏ် ၂နှစ်ခွဲထက်မနည်း အချခံခဲ့ရတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရက သူတို့ ပြုလုပ်မယ့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ လိုချင်တဲ့ ရလာဒ်ရအောင် အဲဒီလို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။ စစ်အစိုးရရဲ့ ဒီမိုကရေစီ သို့ လမ်းပြမြေပုံအရ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ စစ်အစိုးရက ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး၊ ၁၉၉၀ပြည့်နှစ်က သူတို့လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ NLDက အပြတ်အသတ် အနိုင်ရလိုက်တော့ ရွေးကောက်ပွဲရလာဒ်ကို စစ်အစိုးရက အသိအမှတ်မပြုတော့ဘဲ အာဏာလွှဲအပ်ခြင်းလဲ မရှိခဲ့ပါဘူး။

ဒီမိုကရေစီရေး တိုးတက်မှုမရှိရင် ဘန်ကီမွန်း မြန်မာခရီးစဉ် ဖျက်မည်
08 October 2008
ဦးကျော်ကျော်သိန်း -
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေမတွေ့ရဘူးဆိုရင်တော့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်
ကို ပယ်ဖျက်ကောင်း ပယ်ဖျက်မယ့်အကြောင်းကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ လာမယ့်ဒီဇင်ဘာလမှာ သူ မြန်မာနိုင်ငံကို
သွားရောက်မယ်ဆိုပြီး အရင်ထွက်ပေါ်နေခဲ့တဲ့သတင်းတွေနဲ့ပတ်သက်လို့ အင်္ဂါနေ့က ကုလ
သမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက
မေးမြန်းတဲ့အပေါ် မစ္စတာဘန်ကီမွန်းက တုံ့ပြန်ဖြေကြားခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကို မစ္စတာ
ဘန်ကီမွန်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းကတော့ လူသားဘေးဒုက္ခ
ဆိုင်ရာ ကိစ္စသက်သက် သွားတာဖြစ်လို့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ဘာမှ ပြောဆို
ဆွေးနွေးတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးဖို့ လာမယ့်ဒီဇင်ဘာလမှာ သွားဖို့ရှိတယ်လို့
ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ
(Ibrahim Gambari) ပြီးခဲ့တဲ့ သြဂုတ်လ မြန်မာနိုင်ငံရောက်ရှိချိန်အတွင်း ပြောခဲ့ပါ
တယ်။

မစ္စတာဘန်က သူ့အနေနဲ့ရော၊ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီအနေနဲ့ရော
မြန်မာ့အရေးမှာ အဆက်မပြတ် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လုပ်ဆောင်သွားမယ်ဆိုတာ
ကို အခိုင်အမာ ထပ်ပြောခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ မြန်မာ့အရေး အတွင်းရေးမှူး
ချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ထောက်ခံပံ့ပိုးသွားမယ်ဆိုတာလည်း ကတိပြုထားကြတယ်
လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီးတော့
လည်း မစ္စတာဘန်ကီမွန်းက …

"ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက အပြည့်အ၀ အကောင်
အထည် ဖော်သင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး
အကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်ပါတယ်။"

သူ့ရဲ့ခရီးစဉ်ဟာ ကုလသမဂ္ဂက တောင်းဆိုထားသလို မြန်မာအစိုးရက ဒီမိုကရေစီရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်
သလား၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးသလားဆိုတာတွေပေါ်မှာ မူတည်နေ
တယ်လို့ မစ္စတာဘန်က ပြောပါတယ်။

"သင့်တော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ကျနော်ပြန်သွားချင်ပါတယ်။ ဒါပေမယ့်
အကောင်အထည်ပြနိုင်တဲ့ ဒါမှမဟုတ် အင်မတန် အားတက်ဖွယ်ကောင်းတဲ့ တိုးတက်မှု
တွေ မရဘူးဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားမှာမဟုတ်ပါဘူး။"

မစ္စတာဘန်ကီမွန်းက ခရီးစဉ်ကို လုံးဝ ပယ်ဖျက်လိုက်တဲ့သဘော ပြောဆိုတာမဟုတ်ဘဲ
တိုးတက်မှုရှိဖို့ဆိုတာကို အလေးထား ပြောကြားသွားတာပါ။ ဒီစကားဟာ ပြီးခဲ့တဲ့လကုန်
ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲ
အပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယို (George Yeo) ပြောခဲ့တဲ့စကားကို
ပဲ့တင်ထပ်နေပါတယ်။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့
လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက် ရွေးချယ်ရမယ့်ကိစ္စဖြစ်ပြီး
ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်
ရဲ့ အချိန်အခါသင့် ၀င်ရောက်ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးတယ်လို့
အဲဒီတုန်းက ပြောခဲ့ပါတယ်။

အခုလည်း မစ္စတာဘန်က သူ့ခရီးစဉ်အတွက် အခြေခံလိုအပ်တာတွေကို လုပ်ဆောင်
နေတယ်လို့ ဆိုပါတယ်။

"ဒီတကြိမ်မှာ ကျနော့်အတွက် အချိန် ပိုလိုအပ်ပါတယ်။ သွားရောက်ဖို့ အသင့်တော်ဆုံး
အချိန်က ဘယ်အချိန်ဖြစ်မယ်ဆိုတာကို သတ်မှတ်ဖို့အတွက် အခြေအနေအားလုံးကို
ကျနော် ထည့်သွင်းစဉ်းစားရမှာပါ။"

ဒီနေရာမှာ သူလုပ်နေတဲ့ အခြေခံလိုအပ်တာတွေဆိုတာက ဘာတွေ၊ ထည့်သွင်း
စဉ်းစားနေတဲ့ အခြေအနေတွေက ဘာတွေဆိုတာကိုတော့ မစ္စတာဘန်ကီမွန်းက
ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

မစ္စတာဘန်ကီမွန်းက သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်
ပြောင်းလဲမှုတွေ ရှိ-မရှိ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ
လွတ်-မလွတ် ဆိုတာတွေအပေါ် မူတည်နေတယ်လို့ မြန်မာအစိုးရအပေါ် သွယ်ဝိုက်ပြီး
ဖိအားပေးတဲ့သဘော ပြောသွားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ အခြေခံ
ဥပဒေမူကြမ်းကို မြန်မာလူထုက တခဲနက် ထောက်ခံအတည်ပြုပေးခဲ့ပြီးတာ၊ နိုင်ငံရေး
လုပ်ငန်းလမ်းစဉ် ၇ ရပ်မှာ အဆင့် ၅ ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀
ပြည့်နှစ်မှာ ကျင်းပဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ စတာတွေကိုပဲ
ထပ်တလဲလဲ ပြောဆိုနေပါတယ်။ လက်ရှိ အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ကို လွှတ်ပေးဖို့မဆိုထားနဲ့၊ ဆက်ပြီးတော့ အကျဉ်းရုံး စစ်ဆေး ထောင်ချတာတွေ၊
နောက်ထပ်ဖမ်းဆီးတာတွေကလည်း ဆက်တိုက်လို ဖြစ်နေဆဲပဲမို့ လာမယ့် ရက်ပိုင်း
လပိုင်းအတွင်း အပြောင်းအလဲဖြစ်လာဖို့ကတော့ အလားအလာ နည်းပါးလှတဲ့
အကြောင်း မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးပေမယ့် အာဆီယံပဋိညာဉ် ဖိလစ်ပိုင် အတည်ပြု
08 October 2008
ဦးကျော်ကျော်သိန်း -

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN)ရဲ့ ပဋိညာဉ်စာတမ်းကို ဖိလစ်ပိုင် အထက်
လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ
အာဆီယံ ပဋိညာဉ်စာတမ်းကို အတည်ပြုဖို့အတွက် မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်
ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်
လို့ ပြောဆိုခဲ့ဖူးတဲ့နိုင်ငံ ဖြစ်ပါတယ်။အခုတော့ ဒေါ်အောင်ဆန်းစုကြည်က
နေအိမ်အကျယ်ချုပ် ကျနေဆဲရှိပေမယ့်ပဋိညာဉ်စာတမ်းကိုတော့ အတည်ပြုလိုက်ပါပြီ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။

ပဋိညာဉ်စာတမ်းကို ပိုပြီးပြည့်စုံကောင်းမွန်တဲ့ စာတမ်းတခုဖြစ်ဖို့ ဆန္ဒရှိပေမယ့် တရုတ်
နဲ့ အိန္ဒိယနိုင်ငံတို့ စီးပွားရေးအင်အားကြီး နိုင်ငံတွေအဖြစ် ပြောင်းလဲဖြစ်ထွန်းလာတာ
ဟာ အာဆီယံအတွက် လက်တွေ့ကျကျ စဉ်းစားရမယ့် အခြေအနေသစ်တွေ ပေါ်ထွက်
လာတယ်လို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ မီရီယမ် ဆန်တီယာဂို
(Miriam Santiago) ကပြောကြောင်း မနီလာကလာတဲ့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြ
ထားပါတယ်။ အဓိပ္ပာယ်ကတော့ အာဆီယံအနေနဲ့ တခြား အာရှအင်အားကြီးနိုင်ငံတွေ
နဲ့ စီးပွားရေးအရ ယှဉ်ပြိုင်မှု အားကောင်းစေဖို့က ပိုအရေးကြီးတယ်လို့ ဆိုလိုတာပါပဲ။

မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အာဆီယံနိုင်ငံတွေထဲမှာ
ဆိုရင် တောက်လျှောက် တွန်းတွန်းတိုက်တိုက် ပြောဆိုလာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက
တောင်မှ ပဋိညာဉ်စာတမ်းကို အတည်ပြုလိုက်ပြီဆိုတော့ မြန်မာ့အရေးမှာ ဖိလစ်ပိုင်ရဲ့
ရပ်တည်ချက် ပြောင်းလဲသွားပါပြီလား။ ဒီစာတမ်းကို တချိန်မဟုတ်တချိန် အတည်ပြု
ကြမယ်ဆိုတာ မျှော်လင့်ထားပြီးသားမို့လို့ ရပ်တည်ချက် ပြောင်းလဲသွားတဲ့ အနေ
အထားထိတော့ မယူဆတဲ့အကြောင်း AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ
လွှတ်တော်အမတ်များအဖွဲ့မှာ NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကိုယ်စားပြု ဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်
အမှတ် ၂ မဲဆန္ဒနယ်မြေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက
ပြောပါတယ်။

"ဒီလိုလက်မှတ်ထိုးတာ အခုမဟုတ်လည်း နောင် တဖြည်းဖြည်းတော့ ဖြစ်လာမှာပဲ။
ဒါက နိုင်ငံတကာ သံရေးတမန်ရေးကိစ္စမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဥပမာ နအဖ
ကိုယ်တိုင် မြောက်ကိုရီးယားကို နှစ်ပေါင်းများစွာ သံအဆက်အသွယ်ဖြတ်ထားပြီး
နောက်ကျတော့လည်း ပြန်ဆက်ရတာပဲ။ ဒီလိုလုပ်လိုက်လို့လည်း ဖိလစ်ပိုင်အနေနဲ့
မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးပေါ်လစီ ပြောင်းသွားတယ်လို့ ကျနော်
မယူဆပါဘူး။"

အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ ပတ်သက်ရင် အများဆုံး ပြောဆိုကြတဲ့ကိစ္စရပ်ကတော့
အာဆီယံဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့်ကြီးကြပ်တဲ့အဖွဲ့တခု ထူထောင်ဖို့
ဆိုတာပါ။ ဒီလိုအဖွဲ့မျိုးထူထောင်ဖို့ ပဋိညာဉ်စာတမ်းထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားပါ
တယ်။ လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့မျိုးသာ တကယ်တမ်း ထူထောင်နိုင်မယ်ဆိုရင်
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလို လူ့အခွင့်အရေးကိစ္စမျိုး
တွေမှာ အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်လင့်တာတွေရှိပေမယ့် ဒီအဖွဲ့ဟာ ဟန်ပြ
ပါပဲ၊ အလုပ်ဖြစ်မှာမဟုတ်ပါဘူးလို့ မြင်ကြတဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်
အာကွီလီနို ပီမန်းတဲလ် (Aquilino Pimentel) လို ပုဂ္ဂိုလ်မျိုးတွေက အများစုဖြစ်ပါတယ်။
မစ္စတာအာကွီလီနိုဟာ အာဆီယံပဋိညာဉ်စာတမ်းက မြန်မာအစိုးရ ပြောင်းလဲလာ
အောင် တွန်းအားပေးနိုင်မယ်ဆိုတာ မယုံကြည်သူဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေကတော့ အာဆီယံအဖွဲ့ကို နောက်ဆွဲနေတာက မြန်မာအစိုးရဖြစ်နေ
တာမို့ လူ့အခွင့်အရေးလို ကိစ္စအပါအ၀င် ကိစ္စရပ်တွေမှာ ရှေ့တိုးလုပ်ဆောင်နိုင်ဖို့က
အများကြီး တွန်းအားပေးရလိမ့်မယ်လို့ ပြောပါတယ်။

"ဘာပဲလုပ်လုပ် တနိုင်ငံရဲ့အရေးကို ၀င်မစွက်ဖို့၊ စသဖြင့် ဒီဟာတွေက တုပ်နှောင်ထား
တော့ ရှေ့တက်လို့မရဘူး။ ဆိုးနေတာက တခါလာလည်း ပွကြီးဆိုတော့ နအဖက
အဓိကကျနေတာပဲ။ သူတို့ရှေ့ရောက်ရေးမှာ နအဖက ပြန်ဆွဲထားတဲ့အနေအထားရှိပါ
တယ်။ လူ့အခွင့်အရေးကိစ္စကိုလည်း အာဆီယံထဲမှာ ဒီ့ထက်ထိ ကြိုးစားကြရမှာ အမှန်
ပဲ။ သို့သော် ရှေ့ရောက်ဖို့ကတော့ အတော်ကို နှေးဦးမယ်။ ဒါက အာဆီယံရဲ့ သဘော
သဘာဝပဲ။ ကျနော်တို့ အများကြီးတော့ မျှော်လင့်လို့မရသေးဘူး။ သို့သော် အဲဒါကို
မြန်သထက်မြန်အောင်နဲ့ ထိရောက်သထက် ထိရောက်အောင်လုပ်ဖို့ကတော့ ကျနော်
တို့ အပြင်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အာဆီယံထဲက စိတ်တူ
သဘောတူ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀ိုင်းပြီး ကြိုးစားကြရဦးမယ့် အနေ
အထားပါပဲ။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး နိုင်ငံ
တကာက ကမ်းလှမ်းတဲ့ အကူအညီတွေကိစ္စနဲ့ ပတ်သက်လို့ မတင်မကျ အခြေအနေ
တရပ် ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ အာဆီယံက ကြားဝင် စေ့စပ်ညှိနှိုင်းပြီးတော့ မြန်မာ
အစိုးရနဲ့ နိုင်ငံတကာအကြား ယုံကြည်မှုတည်ဆောက်ပေးခဲ့ပြီး အကူအညီတွေလက်ခံ
ရေး ပြေလည်အောင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ
အောင်မြင်မှုတခုအဖြစ် အာဆီယံခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။

အခုလည်း ပဋိညာဉ်စာတမ်းကို လက်မှတ်ထိုး အတည်ပြုတဲ့ နိုင်ငံတွေအားလုံးဟာ
တာဝန်ရှိလာတဲ့အတွက် တာဝန်သိသိနဲ့ လုပ်ဆောင်ကြဖို့လိုတယ်လို့ ဒေါက်တာ
တင့်ဆွေက ပြောပါတယ်။

"နိုင်ငံတကာတာဝန်မယူဘဲနဲ့ ပြည်တွင်းရေး ကိုယ့်လူထုရဲ့ တာဝန်တောင်မှ မကျေတဲ့
နအဖစစ်အစိုးရကတော့ အာဆီယံ ရှေ့သွားမယ့်ခြေလှမ်းကြီးကို ဆက်လက်ပြီးတော့
နောက်ပြန်ဆွဲဦးမယ်၊ ဒါဟာ မဖြစ်သင့်တော့ဘူး၊ ဒီဟာကိုလည်း အာဆီယံက အရင်က
ထက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့၊ ကျယ်ကျယ်လောင်လောင်၊ ပိုပြီး တိတိကျကျ
ပြောလာသင့်တယ်လို့ အယူအဆရှိပါတယ်။ နအဖဘက်ကလည်း ပြင်သင့်တယ်။
အာဆီယံ တခြား ၉ နိုင်ငံကလည်း ဒီအပေါ်မှာ အရင်ကထက်ပိုပြီး ပဋိညာဉ်ကို အမွှမ်း
တင်တဲ့အနေနဲ့ လုပ်ပြဖို့ လာမယ့် လပိုင်း၊ နှစ်ပိုင်းမှာ စောင့်ကြည့်ကြရမယ့် အနေ
အထားလို့ ကျနော် သုံးသပ်ပါတယ်။"

မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့မှာ အဝေးရောက် ပြည်ထောင်စု
မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ကိုယ်စားပြုဆောင်ရွက်နေတဲ့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေ ပြောပြသွား
တာ ဖြစ်ပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စင်ကာပူမှာကျင်းပတဲ့
ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ပြီးသားပါ။
ဒါပေမယ့် နိုင်ငံအသီးသီးရဲ့ လွှတ်တော်တွေက သဘောတူအတည်ပြုဖို့ လိုအပ်ပါတယ်။
အာဆီယံဒေသတွင်းမှာ လူထုက လွတ်လွတ်လပ်လပ် ရွေးကောက်တင်မြှောက်ထားတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်မျိုး ရှိတဲ့နိုင်ငံတွေက
များများစားစားမပါတာမို့ အတည်ဖြစ်ရေးမှာ သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။
အခုဆိုရင် ဖိလစ်ပိုင်ကလည်း အတည်ဖြစ်သွားပြီမို့ နောက်ဆုံးအတည်ပြုဖို့ ကျန်နေတာ
ကတော့ အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။

အာဆီယံပဋိဥာဏ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ
08 October 2008
အာစီယံ အသင်းဝင်နိုင်ငံများမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြင့်တင်ပေးမယ့် ပဋိညာဉ် စာတမ်းကို အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ကော်မတီက ဂျကာတာ မြို့မှာ ဒီနေ့ အစည်းအဝေးအပြီး အတည်ပြုဖို့ သဘောတူ လိုက်ပါပြီ။ အဲဒီ အာစီယံ ပဋိညာဉ်စာတမ်းက အင်ဒိုနီးရှား အောက်လွှတ်တော် တရပ်လုံးနဲ့ ဒီလနှောင်းပိုင်းမှာ တရားဝင် အတည်ပြုဖွယ်ရှိပါတယ်။ အာစီယံအသင်းဝင် ၁၀နိုင်ငံထဲ အတည်မပြုရသေးတာကို အဲဒီ အင်ဒိုနီးရှား တနိုင်ငံပဲ ကျန်သေးတာပါ။

ဖိလစ်ပိုင် နိုင်ငံကတော့ မနေ့က အတည်ပြုခဲ့ပါတယ်။ ဖိလစ်ပိုင် အထက်လွှတ်တော် အစည်းအဝေးပွဲမှာ လူနည်းစု အမတ်များရဲ့ ခေါင်းဆောင် အကီတင်နို ပင်မတဲလ် က အသင်းဝင် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပမယ်လို့ ကတိပြုထားပေမယ့် အပြည့်အ၀ အကောင်အထည်မဖော်လို့ အာစီယံ ပဋိညာဉ်စာတမ်းဟာ အတုသဘောသာ ဖြစ်နေမယ့်လို့ ဝေဖန်ထောက်ပြသွားပါတယ်။ ဖိလစ်ပိုင် လွှတ်တော် ကိုယ်စားလှယ်များက မြန်မာ စစ်အစိုးရရဲ့ ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ထပ်တလဲလဲ ဝေဖန်ခဲ့ပြီး ကြာမြင့်စွာ နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မနေ့က အာစီယံ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့တဲ့ ပဋိညာဉ်စာတမ်းထဲမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြင့်တင်ဖို့ ၂၀၁၅ခုနှစ်ကျရင် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး ဇုံထူထောင်ရေးလဲ ပါဝင်ပါတယ်။

ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း
08 October 2008
၁၉၃၀ခုလို နှစ်များအတွင်း စီးပွားရေး ကပ်ဆိုက်မှုကြီးမျိုးဆီကို ကမ္ဘာ့စီးပွားရေး ဦးတည်နေပြီလို့ ငွေရင်းနှီး မြုပ်နှံသူများက စိုးရိမ်နေကြတဲ့အတွက် ကမ္ဘာ့ ငွေကြေး ဈေးကွက်မှာ ဒီနေ့ ဆက်ပြီး ကျဆင်းနေပါတယ်။ အဲဒါကို ကယ်တင်နိုင်ရေး အမေရိကန်နဲ့ ဥရောပ နိုင်ငံများရဲ့ ဗဟိုဘဏ်များက အတိုးနှုန်း ဖြတ်တောက် နေကြပါတယ်။ အမေရိကန် ဗဟိုဘဏ်က နောက်ထပ် .၀၅% ဖြတ်တောက်ကြောင်း ကြေညာလိုက်ပါတယ်။

အင်္ဂါနေ့ အမေရိကန် နိုင်ငံ Wall Streetဈေးကွပ်မှာ အကြီးအကျယ် ရှုံးခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံရဲ့ စတော့ အရောင်းအ၀ယ်မှာလည်း ၉ရာခိုင်နှုန်းကျော် ကျသွားလို့ ၁၉၈၇ခုနှစ် နောက်ပိုင်း တနေ့တည်း အများဆုံး ဈေးကျတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တိုယိုတာ မော်တော်ကား လုပ်ငန်းက အမြတ် ၄၀% ဒေါ်လာ ၁၃ဘီလီယံဖိုး အရှုံးခံမယ်ဆိုတဲ့ သတင်းကြောင့် အဲဒီလို အရောင်းကျတာလို့ ဆိုပါတယ်။ ဟောင်ကောင် ဟန်ဆန်း ၈%အရှုံးပေါ်ပြီး အင်ဒိုနီးရှား နိုင်ငံ မှာတော့ မနက်ပိုင်းမှာတင် ၁၀%ကျလို့ အရောင်းအ၀ယ်ကို ရပ်လိုက်ရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အဌမ အကြီးဆုံး ဘဏ်ကို ဒေါ်လာ ၈၇ဘီလီယံနဲ့ ၀ယ်ယူဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြန် ကြေညာလိုက် ပေမယ့် အကြီးအကျယ် အရှုံးပေါ်နေတဲ့ ငြိမ်မလာသေးဘူးလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦး ဒုတိယအကြိမ် စကားစစ်ထိုး
08 October 2008
အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေ မနေ့က ဒုတိယအကြိမ် ဆက်လက် ပြုလုပ်ရာမှာ စီးပွားရေး ပြဿနာ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ပြောဆိုကြရာမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန် မက်ကိန်း နဲ့ ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမား တို့အကြား အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း က လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ဆိုက်နေတာတွေဟာ အစိုးရနဲ့ Wall Street လူတွေရဲ့ ၀ိသမလောဘ လို့ ခေါ်ဝေါ် သုံးနှုန်းပြီး အပြစ်တင်ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံသားတွေ အိမ်တွေ လက်လွတ် မဆုံးရှုံးစေရဖို့ တင်နေတဲ့ အကြွးတွေကို အစိုးရက ကြားဝင်ညှိပေးဖို့ အပါအ၀င် ဒါတွေကို ပြင်ဆင်ဖို့ သူ့မှာ အစီအစဉ်တွေ ရှိနေပါတယ် ဆိုပြီးတော့လည်း ဆိုပါတယ်။

အထက်လွှတ်တော်အမတ် ဘားရက် အိုဘားမား ကတော့ ဒီ ဘဏ္ဍာရေး ပြဿနာတွေဟာ အထက်လွှတ်တော် အမတ် မက်ကိန်း ထောက်ခံခဲ့တဲ့ သမ္မတ ဂျော့ဂ်ျ ဘုရှ် ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ အောင်မြင်မှု မရှိဘူး ဆိုတာနဲ့ ပတ်သက်လို့ နောက်ဆုံး စီရင်ချက် ဖြစ်တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။ နားထောင်သူ ပရိတ်သတ်တွေလည်း မေးခွန်းတွေ ၀င်မေးနိုင်တဲ့ စကားစစ်ထိုးပွဲတွေအတွင်း အီရတ်နိုင်ငံဆိုင်ရာ အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အိုဘားမား က အမေရိကန်တပ်တွေဟာ အီရတ်နိုင်ငံထဲက တာဝန်ကျေကျေ ပြန်လည် ထွက်ခွာပြီးတော့ အာဖဂန်နိုင်ငံကို ပိုပြီးစေလွှတ်ရမယ်လို့ ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း မက်ကိန်း ကတော့ တပ်တွေ ဆုတ်ခွာမယ့် ရက်သတ်မှတ်ဖို့ အိုဘားမား ရဲ့ အစီအစဉ်ဟာ အီရတ်မှာရှိတဲ့ အမေရိကန် တပ်တွေ ရှုံးနိမ့်မယ့်ဖက်ကို ဦးတည်စေလိမ့်မယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ကုလအကြီးကဲ မြန်မာပြည်သို့သွားရန်အစီအစဉ်ချမှတ်

ဉာဏ်မောင်။ အောက်တိုဘာ ၈၊ ၂၀၀၈

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့သွားရောက်ရန် အစီအစဉ်ချမှတ်ကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာ ထင်ရှားသည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ သွားရောက်မှာဖြစ်သည်။

“ကျနော်အနေနဲ့ မြန်မာနိုင်ငံကို သင့်တော်တဲ့ အချိန်မှာ သွားရောက်ဖို့ဆန္ဒရှိပါတယ်၊ တစုံတရာ တိုးတက်မှု လက်ကိုင်မပြနိုင်ဘဲတော့ မသွားချင်ပါဘူး၊ အခုဆိုရင် လက်တွေ့လုပ်ဆောင်ရတော့မဲ့ အခြေအနေရှိနေပါပြီ၊ ဒါပေမဲ့ အချိန်တော့ အများကြီး ယူရပါဦးမယ်၊ ဒါပေမဲ့ သင့်တော်တဲ့ အချိန်ကို ရွေးချယ်ဆုံးဖြတ်ပြီးသွားမှာပါ”ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ပြောသည်။

မြန်မာစစ်အစိုးရအား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံးနိုင်မည်ဟု ယုံကြည် ကြောင်း မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်မည့်ရက်ကို အတိအကျ မသိရသေးသော်လည်း လွန်ခဲ့သည့် မေလအတွင်းက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် အဖြစ် သွားရောက်ရာတွင် မြန်မာစစ်အစိုးရအား နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ပုဂ္ဂိလ်ရေးအားဖြင့်၎င်း၊ ပုံမှန်လုပ်ထုံးလုပ်နည်းအရ၎င်း ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့သည်။

မစ္စတာဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီသည် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသို့ (၆) ကြိမ်မြောက် သွားရောက်ရာတွင် နေအိမ်အကျယ်ချုပ်ကျခံနေရ သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရခဲ့ပေ။

ဂမ်ဘာရီသည် မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်ခြင်းမရှိပေ။

အထက်အရာရှိနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသူ ကျော်ရွှေမောင် တိုက်ပွဲတွင် ကျဆုံး
10/8/2008
မောင်အေး(နိရဉ္စရာ) ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်အခြေစိုက် တပ်ရင်းတခုမှ အထက်အရာရှိနှစ်ဦးကို မကျေနပ်၍ သတ်ဖြတ်ထွက်ပြေးသူ တပ်သားကျော်ရွှေမောင်မှာ နအဖစစ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားပြီး နောက် ကျည်ဆံထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ကျော်ရွှေမောင်မှာ ရန်ကုန်တိုင်းတိုက်ကြီးမြို့ အခြေစိုက် ခမရ ၇၀၇ မှ ဖြစ်သည်။

သူသည် အထက်အရာရှိနှစ်ဦးအား သတ်ဖြတ်ပြီးနောက် ပြည်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်အပြေး လမ်းတလျှောက် အသင့်စောင့်နေသော စစ်တပ်နှင့်ရဲသားများနှင့် အုတ်ဖိုမြို့နယ် တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း နအဖ စစ်တပ် ခမရ ၆ တပ်ရင်းမှ ဗိုလ်မှူးတဦးနှင့် တခြားတပ်သားတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး ကျော်ရွှေမောင်တွင်လည်း ကျည်ဆံ ၇ ချက်ထိမှန်ခဲ့ပြီး အဆိုပါနေရာ၌ပင် သေဆုံးသွားခဲ့သည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုမှာ လွန်ခဲ့သည့် စနေနေ့ (အောက်တိုဘာလ ၄ ရက်) နေ့က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ကျော်ရွှေမောင်မှာ ရခိုင်အမျိုးသားတဦးဖြစ်ပြီး တပ်သားကျော်ရွှေမောင်ထံမှ အမ်အေ ၀မ်း ၁ လက်၊ နိုင်းမမ ပီစတိုတလက်၊ လက်ပစ်ဗုံးတလုံးနှင့် ကျဉ်ဆန် ၁၉၀ တောင့် သိမ်းဆည်း ရမိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အထက်အရာရှိများကို ပစ်ခတ်သတ်ဖြတ်မှုမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရှိရသေးသော်လည်း ရခိုင်စစ်သားများအပေါ် အထက်အရာရှိများက လူမျိုးရေးအရ စော်ကားမှုများ ရှိနေသဖြင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်း ဖြစ်နိင်သည်ဟု များမကြာမှီက စစ်တပ်မှနယ်စပ်သို့ ထွက်ပြေးလာသူ တဦးကပြောသည်။