Monday, October 13, 2008

၁၃၁၀၂၀၀၈သတင်း

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ
ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။

GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။

GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

“အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး” ဟု ကိုမိုဃ်းသွေးက ပြောသည်။

ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။
ထိုင်းရာဘာဈေးကွက်ကျဆင်းမှု မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ထိခိုက်
ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈

ကမ္ဘာ့ငွေးကြေး အကြပ်အတည်းဖြစ်၍့ ထိုင်းနိုင်ငံရှိ ရာဘာဈေးကွက်လည်း ကျဆင်းနေသောကြောင့် ၎င်းရာဘာခြံများတွင် လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ၀င်ငွေကျဆင်းလာရာ နေအိမ်သို့ ငွေမပို့နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရာဘာခြံများတွင်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများသည့် ထွက်ရှိသည့်ရာဘာတန်ဖိုး၏ လေးပုံတပုံ အကျိုးခံစားခွင့်ရကြရာ ကမ္ဘာ့ငွေကြေး၏ အကြပ်အတည်းကာလတွင် ထိုင်းရာဘာဈေးလည်း တနေ့တခြားကျဆင်းလာ သဖြင့် ရာပေါင်းများစွာသော မြန်မာအလုပ်သမားတို့၏ ၀င်ငွေသည်လည်း လျော့ကျနေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လက ရာဘာဈေးမှာ တကီလိုလျှင် ထိုင်းငွေ ၉၂ ဘတ် (၃၂၆၆ ကျပ်) ဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ တကီလို ၅၂ ဘတ် (၁၈၄၆ ကျပ်) သို့ ကျဆင်းလာသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံရှင်တဦးက ပြောသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာဘာအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ရာ လစဉ် ရာဘာတန်ချိန် ၂ သိန်း ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိသည်။ တရုတ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံများသို့ အများဆုံး တင်ပို့လေ့ ရှိသည်။

ထိုင်းတောင်ပိုင်းရှိ ရာဘာခြံလုပ်သားတဦးဖြစ်သည့် ကိုဝင်းကျော်က “ရာဘာဈေးက တနေ့ကို ၆ ဘတ် (၂၁၃ ကျပ်) လောက် ကျနေတာ … အခုဆို မိဘတွေဆီကို ငွေမပို့နိုင်တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ရာပေါင်းများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လစဉ် မြန်မာငွေ ဘီလီယံနှင့်ချီ၍ မိမိတို့၏ နေအိမ်၊ မိသားစု များထံ ငွေပို့လေ့ ရှိသည်။

မွန်ပြည်နယ်ရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတဦးက ယခုလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေအိမ်သို့ လွှဲသည့် ငွေပမာနသည် ကျပ် ၂ သန်းသာရှိပြီး ယခင်လများက သန်း ၂၀ ရှိသည်ဟု ပြောသည်။

“အခုလာမယ့် ဆောင်းတွင်းဆိုရင် မိသားစုကို ပုံမှန်ငွေပို့နေတာ … သူတို့လည်း (မိသားစု) ဘာသာရေးပွဲတော်တွေမှာ လှူနိုင်တာပေါ့။ အခုတော့ ကျနော်လည်း ငွေမပို့နိုင်တော့ပါဘူး၊ စိတ်မကောင်းစရာပါ” ဟု ကိုဝင်းကျော်က ပြောသည်။

ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ
ဧရာဝတီ | အောက်တိုဘာ ၁၃၊ ၂၀၀၈

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။

“အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။

“ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ” ဟု ၎င်းရပ်ကွက်သားက ဆိုသည်။

ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။

“အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ” ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ “အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်” ဟု ပြောသည်။

မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်တွေ ဆွမ်းဆန်လောင်းပွဲ သံဃာတော်အရေအတွက် ကန့်သတ်ခံရ

ဖနိဒါ(မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၃ရက်၊ ၂၀၀၈ခုနှစ်

ချင်းမိုင်။ ။ သီတင်းကျွတ်လပြည့်နေ့ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားလာမှာကို စိုးရိမ်နေသော အာဏာပိုင်များက ဘုန်းကြီးကျောင်းတကျောင်းလျှင် သံဃာတော် ၂ ပါးသာ အလှုခံထွက်ရန် ကန့်သတ်ထားသည်။


အလှုခံထွက်မည့် ရဟန်းတော်များအနေဖြင့် အာဏာပိုင်များသို့ ဘွဲ့အမည်၊ ကျောင်းအမည်များ ကြိုတင်ပေးထားရပြီး စုရပ်နေရာတွင်သာ အလှုခံရမှာဖြစ်သည်။ ထို့အပြင် ဘုန်းကြီးကျောင်း တကျောင်းလျှင် ၂ ပါးထက်ပိုမကြွရန် တားမြစ်ထားသည်။
ကန့်သတ်လိုက်ခြင်းသည် သာသနာကို ညိုးနွမ်းအောင် လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက စွပ်စွဲပြောဆိုလိုက်သည်။

” သံဃာတော်တွေက ၀ိနည်းတော်နဲ့ အညီ ဘုရားအဆုံးအမအောက်မှာ နေကြရတယ်လေ။ ဒီလို မြတ်စွာ ဘုရားအပေါ်ကနေ အာဏာပိုင်တွေ စီးမိုးပြီးတော့ ဘာသာ၊ သာသနာကို ရိုက်ချိုး ပစ်လိုက်သလို ဖြစ်နေတယ်။ မလုပ်သင့် မလုပ်ထိုက်ဘူး။ … ဒကာ၊ ဒကာမတွေဘက်ကိုဆိုရင်လည်း ခြိမ်းခြောက်မှုတွေလုပ်တယ်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ဆော်ကားရာရောက်တယ်။ ရိုးရာ အစဉ်အလာ တခုလုံးကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်နေတယ်လေ” ဟု ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဘုန်းကြီးကျောင်း ၂၅၀ ခန့်ရှိသည့် နိုင်ငံရေးလှုပ်ရှားမှုအားကောင်းသည့် ပြည်နယ်မြို့တော်တွင် ယခင်နှစ်က သီတင်းကျွတ်လပြည့် အလှုပွဲသို့ သံဃာတော် အပါး ၁၅၀၀ ကျော် ကြွရောက်ခဲ့သည်။

အတိုက်အခံလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိသော စစ်တပ်အုပ်ချုပ်သည့် နိုင်ငံတွင် ယမန်နှစ်ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း သံဃာတော်များက စီတန်းလမ်းလျှောက်မှုများဖြင့် အာဏာပိုင်များကို အာခံတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက်နေ့က သံဃာတော်အပါး ၁၅၀ ခန့်သည် တိတ်ဆိတ်ငြိမ်သက်စွာ စစ်တွေမြို့တွင်း လမ်းလျှောက်ခဲ့ကြသည်။ ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်ဟု ရဟန်းတော်များက ပြောသည်။

ဘတ်စ်ကား ပေါက်ကွဲမှု ၇ ဦးသေ၊ တဦး ဒဏ်ရာရ

မဇ္ဈိမသတင်း
အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်

လူ ၇ ဦး သေဆုံးပြီး ကျန်တယောက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုတခု ရန်ကုန်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံ ရဲများ အပြောအရ သိရသည်။

အင်းစိန်ရဲစခန်း၏ ပြောပြချက်အရ တင်္နလာနေ့နံနက် ၂ နာရီခန့်က တိုက်ကြီးနှင့် သီရိမင်္ဂလာဈေးတို့ ပြေးဆွဲနေသော ဟိုင်းလတ်အမျိုးအစား ခရီးသည်ယာဉ်တစီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“ ကားရဲ့ ဂတ်စ်အိုးကနေပြီးတော့ ပေါက်ကွဲမှု ဖြစ်တာပဲ။ … ၇ ယောက်သေပြီး တယောက်တော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့တယ်” ဟု အင်းစိန်ရဲစခန်းမှ ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောပြသည်။

ဒဏ်ရာရသူနှင့် သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းကို မည်သည့်နေရာတွင် ထားရှိသည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တာဝန်ကျသော ရဲ၏ ပြောပြချက်အရ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု ရဲအရာရှိက ပြောသည်။

မဇ္ဈိမက ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဒဏ်ရာရရှိသူသော်လည်းကောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းသော်လည်းကောင်း ရောက်ရှိလာခြင်းမရှိဟု ပြောသည်။

သို့သော် ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာဌာနသည် သတင်းမီဒီယာများသို့ အမှန်တိုင်းဖြေကြားခြင်းမရှိဘဲ သတင်းဖုံးကွယ်မှု ပြုလုပ်လေ့ရှိသည်။

ရန်ကုန်တွင် ခရီးသည်တင်ဘတ်စ်ကားများကို သဘာဓာတ်ငွေ့သုံးယာဉ်အဖြစ်ပြောင်းလဲလျှက်ရှိရာ ယခင်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုများ ရှိခဲ့ဖူးသည်။

ရန်ကုန်မှာ ခရီးသည်တင်လိုင်းကား ပေါက်ကွဲ၊ လူ ၇ ဦး သေဆုံး

13 October 2008




ဒီမနက်အစောပိုင်းမှာ တိုက်ကြီးမြို့ကနေ ရန်ကုန်ကိုလာတဲ့ စီအန်ဂျီ ဓာတ်ငွေ့ယာဉ်သုံး
ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ လောလော
ဆယ်အထိတော့ စီအန်ဂျီဓာတ်အိုးက ပေါက်ကွဲတယ်လို့ သိရပါတယ်။ အကြောင်းစုံကို
ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

တိုက်ကြီးမြို့ကနေ ကုန်စိမ်းတွေတင်ပြီး ရန်ကုန်၊ သီရိမင်္ဂလာဈေးကို ထွက်ခွာလာတဲ့
ခရီးသည်တင် ဟိုင်းလက်စ်ကား ယာဉ်အမှတ် ပ/ ၁၆၃၂ ဟာ ဒီနေ့မနက် ၂ နာရီခွဲ
လောက်မှာ အင်းစိန်မြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ၇ ဦး ပွဲချင်းပြီး
သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ် ရဲစခန်းက နေ့လယ်ပိုင်း တာဝန်ကျရဲအရာရှိတဦးက မော်တော်ယာဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးတဲ့အကြောင်း ခုလိုပြောပါတယ်။

"အော် ဟုတ်ကဲ့ခင်ဗျ၊ အဲဒါတော့ ဒီမနက်ထွက်သွားတဲ့ တာဝန်မှူးပဲ အကုန်လုံးသိမယ်ဗျ။
ကျနော်က ဒီနေ့မှဝင်တဲ့ တွဲဖက်တာဝန်မှူးပါခင်ဗျ။ ကြားတာကတော့ လူ ၇ ယောက်
သေတာပဲကြားတယ်။ ကျနော် အသေးစိတ်ကိုတော့ မသိပါဘူးခင်ဗျ။"

အဲဒီကားဟာ စီအန်န်ဂျီ ဓာတ်ငွေ့သုံးကားဖြစ်ပြီးတော့ အင်းစိန်လမ်းမကြီး နည်းပညာ
တက္ကသိုလ်ရှေ့အရောက်မှာ ကားပေါ်ပါလာတဲ့ ဂက်စ်အိုး ပေါက်ကွဲတာဖြစ်တယ်လို့
အင်းစိန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတဦးကလည်း ခုလိုပြောပါတယ်။

"ဖြစ်တာကဟုတ်ပါတယ်၊ ဂက်စ်အိုးပေါက်တာပါ၊ ဂက်စ်အိုးတလုံးတည်း ပေါက်တာပါ။"

ကားပေါ်ပါလာတဲ့ ၅၀ လီတာဝင် ဂက်စ်အိုး ၄ လုံးပါတဲ့အထဲက ၁ လုံးပေါက်ကွဲတာ
ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကတော့ ဒရိုင်ဘာနဲ့ စပယ်ယာ အပါအ၀င် ခရီးသည် အမျိုးသမီး ၄ ဦးနဲ့
အမျိုးသား ၁ ဦးဖြစ်ပြီးတော့ ကျန်ခရီးသည် ၁ ဦးက ခုန်ချလွတ်မြောက်သွားတာ
ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေကို မေးမြန်းခဲ့တဲ့ ရန်ကုန်က စာနယ်ဇင်းသမားတဦး
က ပြောပြပါတယ်။

ပြီးခဲ့တဲ့လကလည်း ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်အနားမှာ အမှတ် ၄၅ ဘတ်စ်ကားတစီး
အလားတူ ပေါက်ပွဲမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ
ပေါက်ကွဲမှုရဲ့ တရားခံကို ရှာဖွေဖော်ထုတ်ဖို့ လိုက်လံစုံစမ်းနေတယ်လို့လည်း အစိုးရပိုင်
သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တိုင်း မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေရဲ့ လက်ချက်ဆိုပြီး
စွပ်စွဲပြောဆိုမှုတွေ ရှိပါတယ်။ အခုပေါက်ကွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို
ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

မော်တော်ယာဉ်အချို့ဟာ ဓာတ်ငွေ့အသုံးပြုတဲ့နေရာမှာ လုံခြုံစိတ်ချရမှု မရှိတာကြောင့်
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဓာတ်ငွေ့အိုးတွေ အပါအ၀င် ဆက်စပ်
ပစ္စည်းတွေကို ဖြုတ်တပ်၊ လဲလှယ်ခြင်းမပြုဖို့ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး
မလိုက်နာသူတွေကိုလည်း အရေးယူမယ်လို့ သတိပေးထုတ်ပြန်မှုတွေ ရှိတယ်လို့ သိရ
ပါတယ်။

မြေငလျင်လှုပ်မှုများ ဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံများစိုးရိမ်နေ

ဗထူး။ အောက်တိုဘာ ၁၃၊ ၂၀၀၈

မြေငလျင်များ နှစ်ရက်ဆက်တိုက်လှုပ်နေသည့်အပြင် မိုးသက်လေပြင်းများ ကျရောက်နေသည့် အတွက် ဒေသခံရွာသားများမှာ စိုးရိမ်ကြောက်ရွံ့နေကြသည်။

ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအနီးတဝိုက်တွင် ယခုလ (၁၁) ရက်နေ့နှင့် (၁၂) ရက် နေ့များ၌ နှစ်ရက်ဆက်တိုက် သုံးကြိမ်ခန့် မြေငလျင် ပြင်းထန်စွာလှုပ်သွားပြီးနောက် မိုးသက် လေပြင်းများ ကျရောက်သဖြင့် ရွာသားများ အထိတ်တလန့်ဖြစ်နေရကြောင်း ဒေသခံရွာသား တဦးက ပြောသည်။

“ကျနော်တို့ မြင်းကကုန်းဘက်မှာ ဆက်တိုက်လှုပ်တာ၊ တော်တော်လဲပြင်းတော့ လူတွေအားလုံး အထိတ်တလန့်ဖြစ်နေတာ၊ (၁၁) ရက်နေ့ညဘက် (၁၀) နာရီနဲ့ ၂၁ မိနစ်မှာ လှုပ်တယ်၊ မနက် (၃) နာရီလောက်မှာ တကြိမ်လှုပ်တယ်၊ (၁၂) ရက်နေ့ကျတော့ (၂) နာရီနဲ့ (၃၅) မိနစ်မှာ လှုပ် တယ်၊ အဲဒီနေ့ကတော့ ငလျင်လှုပ်ပြီး (၁၅) မိနစ်လောက်ကြာတော့ လေတွေမိုးတွေ ကျလာ တယ်၊ တရွာလုံး ဘယ်သူမှမအိပ်ရဲဘူး”ဟု ဒေသခံရွာသားက ပြောသည်။

ယခုရက်ပိုင်းအတွင်း မုန်တိုင်းကောလဟာလသတင်းများကြောင့် ဘိုကလေးမြို့နယ်အတွင်းမှ ပြည်သူများမှာ ကြောက်ရွံ့ နေကြသည့်အပြင် ယခုကဲ့သို့ မြေငလျင်လှုပ်ပြီး မိုးသက်လေးပြင်းများ ကျရောက်နေသည့်အတွက် အချို့ရွာသားမျာမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“အဲလိုတွေဖြစ်နေတော့ တချို့က အထုပ်အပိုးတွေပြင်ဆင်ပြီး ဘုန်းကြီးကျောင်းဘက်တွေကို သွားဖို့ လုပ်နေကြတာ၊ မီးကလဲမရှိတော့ တရွာလုံး ဘယ်သူမှမအိပ်ကြဘူး၊ ဓါတ်မီးတွေ တဝင်းဝင်းနဲ့ တညလုံးသွားလာနေကြတာ၊ အားလုံးကလဲ ကြောက်နေကြတာပေါ့၊ ကျနော်တို့ ဘက်မှာက ငလျင်က တနှစ်နေလို့ တခါတောင်လှုပ်တာမဟုတ်ဘူး၊ အခုလို နေ့စဉ်ဆက်တိုက် လှုပ်နေပြီး လေလဲတိုက်လာတော့ အားလုံက ဆောက်တည်ရာမရဖြစ်ကုန်တယ်”ဟု အဆိုပါ ရွာသားက ပြောသည်။

ငလျင်လှုပ်ခြင်းကြောင့် ပျက်စီး ထိခိုက်မှုမရှိသော်လည်း နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးအချိန်မှစ၍ ဒေသခံပြည်သူများမှာ သဘာဝဘေးအန္တရာယ်ကျရောက်မည်ကို အလွန်အမင်း စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

စက်တင်ဘာရက်စက်မှု

ကိုလေးဖြူတယောက်လုံးသက်သေရှိခဲ့တယ်....(ရှု့video)

ရှာဖွေတင်ပြသောnonameကိုကျေးဇူးတင်ပါသည်

စစ်အစိုးရ၏ မိုးလေ၀သ ညွှန်ချုပ် ဦးထွန်းလွင်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ဟု ဆို

မိုးမခ အထောက်တော် ၀၀၃

အောက်တိုဘာ ၁၃၊ ၂၀၀၈ ၂၀၀၈ မေလ ၂ ရက်နေ့က မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည့် နာဂစ်မုန်တိုင်းကို အများပြည်သူတို့ ကြိုတင်သိရှိစေရန် သတိပေး အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အုပ်ချုပ်သူ စစ်အစိုးရက ၎င်း၏ မိုးလေ၀သဌာနက တာဝန်ရှိသူ ဦးထွန်းလွင်ကို ယခုနှစ်အတွင်း ထူးချွန်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန် စီစဉ်နေသည်ဟု ပြည်တွင်းဝန်ထမ်းအချို့က ခန့်မှန်းပြောဆိုနေသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကို ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည့်အပြင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်စဉ် အားပျော့သွားပြီဖြစ်ကြောင်းကိုလည်း မြန်မာအသံက ကြေညာခဲ့ရာ ပြည်သူတို့အများမှာ မျှော်လင့်မထားသော အင်အားကြီးသည့် သေမင်းတမန် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကို အကာအကွယ်မဲ့ လည်စင်းခံခဲ့ကြရသည်။ ထို့အတွက် လူပေါင်း ၁ သိန်းခွဲ စာရင်းအရ သေဆုံးပြီး၊ လူပေါင်း ၁ သန်းခွဲကျော် စာရင်းအရ ဒုက္ခသည်များအဖြစ် ရောက်ရှိခဲ့ရသည်။

ပြည်တွင်း ပြည်ပ ဂျာနယ်များ၊ သတင်းဌာနများက စစ်အစိုးရ မိုးလေ၀သဌာနက ညွန်ချုပ် ဦးထွန်းလွင်ကို မေးမြန်းစုံစမ်းခဲ့ရာတွင် ၎င်းက စစ်အစိုးရ သတင်းထုတ်ပြန်ချက်ကိုကာကွယ် ပြောဆိုခဲ့သည့်အပြင် ၎င်းအနေနှင့်လည်း ထုတ်ဖော်ပြောဆိုရန် အကန့်အသတ်များ ရှိကြောင်းကိုလည်း အင်တာဗျုးများ၊ ဆောင်းပါးများတွင် ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ပရိသတ်များအနေနှင့် စစ်အစိုးရနှင့် မိုးလေ၀သဌာနတို့အပေါ်တွင် သံသယဖြစ်မှုမှာ ပျက်ပြယ်သွားခြင်း မရှိခဲ့ပေ။

မုန်တိုင်းအပြီး နိုင်ငံတကာနှင့် ရဟန်းပြည်သူတို့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စစ်အစိုးရက နှောင့်နှေးအောင်၊ ထိရောက်မှုမရှိအောင် အနှောက်အယှက်များ၊ ချုပ်ချယ်မှုများ ကျုးလွန်ခဲ့သဖြင့် မလိုအပ်သော ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။

ဦးထွန်းလွင်သည် ၁၉၄၈ ဇန္န၀ါရီ ၁၇ တွင် စစ်ကိုင်းတိုင်းအတွင်း မွေးဖွားခဲ့သူဖြစ်သည်။ အမေရိကန် တက္ကသိုလ်တခုက မိုးလေ၀သဆိုင်ရာ ပါရဂူဘွဲ့ စာတမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းကို မြန်မာရုပ်မြင်သံကြား ပေါ်ထွန်းလာပြီး (၁၉၈၀ ခုနှစ်များ) နောက်ပိုင်း မိုးလေ၀သ လစဉ် ခန့်မှန်းသူအဖြစ် မြန်မာပြည်သူတို့ မျက်မှန်းတန်းမိခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက စက်မှုထူးချွန် ဒုတိယဆင့် ချီးမြှင့်ခဲ့ပေးသည်။ ၂၀၀၆ တွင် နိုင်ငံတကာမိုးလေ၀သနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်း အသင်းသား ဖြစ်လာသည်။ ၂၀၀၇ တွင် အာရှ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ယခု နေပြည်တော် မိုးလေ၀သဌာန၏ ညွန်ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်တွင် မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ကယ်ဆယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အနှောက်အယှက်ကင်းကင်းဖြင့် ဆောင်ရွက်နိုင်စေရေးအတွက် ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက အာဏာပိုင်များကို ဝေဖန်ခြင်း မပြုကြကြောင်း၊ ယခင်က ဝေဖန်သူများ သတင်းပြန်ကြားသူများ (ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနှင့် လူမှုကယ်ဆယ်ရေး အနုပညာရှင်များ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေးပါတီဝင်များ) ကို စစ်အစိုးရက ဖိနှိပ် ဖမ်းဆီးခြင်းများနှင့် အရေးယူခဲ့သည်နောက်ပိုင်းတွင် ပြည်တွင်းဂျာနယ်များတွင် မုန်တိုင်းသတင်းမဆိုထားနှင့် မိုးလေ၀သနှင့် ပတ်သက်ပြီးတောင် သတင်းတင်ခွင့်ကို ကန့်သတ်ထားကြောင်း၊ ယခုအချိန်တွင် စစ်အစိုးရက နာဂစ်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး မည်မျှ အောင်မြင်ကြောင်း၊ ထိရောက်ကြောင်း၊ စစ်အစိုးရနည်း စစ်အစိုးရဟန်ဖြင့် ဆောင်ရွက်ခြင်းသာလျင် မြန်မာပြည်သူတို့နှင့် အခြားအဖွဲ့အစည်းတို့အတွက် အသင့်တော်ဆုံး ရွေးချယ်ရာ ဖြစ်သည်ဟု ပြသရန်အတွက် စစ်အစိုးရ ၀ါဒဖြန့် လှုပ်ရှားမှုများဖြစ်လာပုံရကြောင်း ပြည်တွင်းက မိုးမခ စာဖတ်သူတဦးက ထင်မြင်ချက်ပေးသည်။


သြဂုတ် (၁၃) တကျော့ပြန်လည်လာတော့မည်လော


၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းမှ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးနောက် ပိုင်း အတိုက်အခံတိုင်းရင်းသားအင်အားစုများကို နည်းမျိုးစုံဖြင့် တရကြမ်းနှိမ်နှင်းရာတွင် ၁၉၆၇ ခုနှစ်များအတွင်း “မဆလ” တစ်ပါတီအာဏာရှင်တို့တွင် စစ်ရေးအသုံးစရိတ် ကြီးမားမှုတို့ကြောင့် ပြည်တွင်းဘဏ္ဍာငွေ အတိုင်းထက်အလွန် လိုအပ်လာလေသည်။ ထို့အပြင် အစိုးရအတွင်း ခြစား မှုများ၊ ငွေကြေးအလွဲသုံးစားမှုများ၊ လာဒ်စားမှုများ များစွာရှိလာသည့်အတွက် ငွေကြေးခဝါချမှု များ၊ တိုင်းပြည်တွင်းရှိ သံယံဇာတပစ္စည်းများကို ရသည့်ဈေးဖြင့် အလျှင်စလို ရောင်းချခြင်းများ ကို ပြုလုပ်လာရလေသည်။ အထူးသဖြင့် “မဆလ” တစ်ပါတီအာဏာရှင်တို့က ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းပြည်၏ ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန်ဟု အကြောင်းပြချက် ဖြင့် တိုင်းပြည်ရိက္ခာအတွက် သိုလှောင်ထားရှိသော ဆန်စပါးများကို နိုင်ငံခြားတိုင်းပြည်များသို့ အဆမတန် တင်ပို့ရောင်းချခဲ့လေသည်။

တပါတီအာဏာရှင်တို့သည် ၁၉၆၆ ခုနှစ်အတွင်း ဗမာပြည်တွင် နာဂစ်ကဲ့သို့ မုန်တိုင်း ဒဏ်ကြောင့် ရာသီဥတု ဆိုးဝါးမှုဖြစ်စေကာ လယ်ယာစိုက်ခင်းများ၊ စားပင်သီးပင်များ ပျက်စီးခဲ့ လေသည်။ ၁၉၆၇ ခုနှစ်တွင် တိုင်းပြည်၌ ဆန်ရေစပါး အခက်အခဲရှိမည်ကိုသိသော်လည်း ထိုသို့ ဆန်စပါးများကို အတိုင်းအတာမရှိ ပြည်ပသို့ ရောင်းချခဲ့သည့်အတွက် ပြည်တွင်းစားသုံးရန် မလုံ မလောက် ဖြစ်ခဲ့ရသည်။ ယင်းဂယက်ကြောင့် ဗမာပြည်အလယ်ပိုင်းတွင်သာမက ရခိုင်ပြည် အတွင်း အခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ထိုပြဿနာကို ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်သူလူထုမှ နိုင်ငံခြားသို့ တင်ပို့ရန် ဂိုဒေါင်များ အတွင်း၌ သိုလှောင်လျှက်ကျန်ရှိသော “ဆန်” များကို ရခိုင်ပြည်သူတို့အား ဝေငှရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထို့သို့ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သည်ကို တစ်ပါတီအာဏာရှင်အစိုးရမှ မလိုက်လျော သည့်အပြင် ပုဒ်မ (၁၄၄) အရေးပေါ်ဥပေဒတရပ်ကို ထုတ်ပြန်ကာ ဗိုလ်ချုပ်စောဖြူမှ အကြမ်း ဖက် ပစ်ခတ်နှိမ်နှင်းသဖြင့် တစ်နေရာထဲမှာပင် ရခိုင်ပြည်သူလူထု (၂ဝဝ) ကျော် ပွဲချင်းပြီး၊ ဒါဏ်ရာရသူ (၁ဝဝ) ကျော်ခန့်မှာ မိမိတို့အနေဖြင့် မသေသေးကြောင်း အော်ဟစ်ပြောဆို တောင်းပန်သော်လည်း အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ အချို့ကို မီးလောင်တိုက်သွင်း၍ သတ်ပစ်ခြင်းများကို ပြုလိုက်လေသည်။ ယင်းသို့ စစ်အစိုးရမှ အကြမ်းဖက်တိုက်ခိုက်ခဲ့စဉ်တွင် စစ်တွေလမ်းမကြီးတလျှောက် သွေးချောင်းစီးသွားခဲ့သည်။ ထို့ကြောင့် သြဂုတ်လ (၁၃) ရက်နေ့ သည် ရခိုင်ပြည်သူလူထု၏ရင်ဝယ် နာကျည်းမှု၊ ဝမ်းနည်းမှုကိုဖြစ်စေပြီး ကြေကွဲဖွယ်ကောင်း သော နေ့ပင်ဖြစ်ပေသည်။

ယခုလည်း အရှေ့တောင်အာရှ၏ စပါးကျီကို နာဂစ်လေမုန်တိုင်းဝင်ဖျက်လို့ ပျက်စီး သွားပေပြီ။ ၁၉၆၇ ခုနှစ်ကကဲ့သို့ ဗမာပြည်၏ သမိုင်းတကျော့မှာ ပြန်၍ လည်ပတ်လို့လာပြီဖြစ် သည်။ ဗမာပြည်သူလူထုများအနေဖြင့် များစွာ သတိထားကြရမည့် အချိန်ဖြစ်ပေပြီ။ အဘယ် ကြောင့်ဆိုသော် လက်ရှိစစ်အာဏာရှင်တို့သည် တစ်ပါတီအာဏာရှင်အစိုးရထက် ပို၍မိုက်မဲသူ များ ဖြစ်သည်။ တစ်ပါတီအာဏရှင်အစိုးရကိုမှ အာဏာသိမ်း၍တက်လာသူများ ဖြစ်ပေသည်။ မိမိတို့အာဏာတည်မြဲရေးအတွက်ဆိုလျှင် လူသတ်ဖို့ အမိန့်ပေးရန် ဝန်လေးသူများမဟုတ်ပေ။ ၎င်း၏ သစ္စာခံများမှာလည်း ကိုယ့်အကျိုးစီးပွားအတွက်ဆိုလျှင် လူသတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ထက်ပင် ပို၍ဆိုးဝါးသည့် ဝမ်းနည်းရင်နှစ်ဖွယ်ရာများ ကြုံလာနိုင်သည်။ သို့ဖြစ်၍ ဗမာပြည်သူပြည်သားများအနေဖြင့် ထိုသို့သော ပြဿနာများကြုံလာ လျှင် မည်သို့ရင်ဆိုင်ကြမည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၌ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရပေပြီ။ မုန်တိုင်းကျရောက်သွားသော နယ်မြေအတွင်း တစ်သန်းကျော်သော လူများမှာ စားဝတ်နေရေး ဒုက္ခဖြင့် ရင်ဆိုင်နေရသည်။ ဆန်ဈေးသည်လည်း အတိုင်းထက်လွန် မြင့်တက်နေသည်။ ထို့အပြင် ဧရာဝတီတိုင်းနှင့် ထိုတိုင်းနှင့်နီးစပ်နေသည့် ဒေသများ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်နှင့် တနသာင်္ရီတိုင်းတို့တွင်လည်း အချို့သော ပြည်သူလူထုမှာ စားဝတ်နေရေးဒုက္ခ ရောက်လျှက် တောင်းရမ်းစားသောက်နေသူက စားသောက်နေရ၊ ပြည်ပသို့ထွက်ခွါ၍ ယင်းသို့ သော အခက်အခဲများကို ဖြေရှင်းနေရသူများလည်း ဒုနဲ့ဒေး ရှိလာပြီဖြစ်သည်။

ပျက်စီးသွားပြီဖြစ်သော အာရှ၏စပါးကျီမှာလည်း သက်ဝင်လှုပ်ရှားမှုမရှိခဲ့ပေ။ ကုန်ဈေး နှုန်းမှာလည်း နှစ်(၂ဝ) ကာလအတွင်း အတိုင်းထက် လွန် အဆမတန်မြင့်မားလို့လာသည်။ စစ်အာဏာရှင်အစိုးရတို့က အပြုံးမပျက်၊ လေလုံးက ကြီးနေသည်။ တိုင်းပြည်၏ အခြေအနေ မှန်ကို သိလျှက်နှင့် မိုက်ရူးရဲဆန်စွာဖြင့် ဒုက္ခရောက်နေသော ပြည်သူလူထုကို ဥပက္ခာပြုလျှက် နိုင်ငံတကာမှ အကူအညီများကို ငြင်းပယ်နေသည်။ နိုင်ငံတကာမှ လှူဒါန်းသည့် ပစ္စည်းများမှာ လည်း ဆယ်ပုံတစ်ပုံပင် ဒုက္ခသည်ပြည်သူလူထုထဲ မရောက်သေးပေ။ စစ်အစိုးရနှင့် ပေါင်းပြီး စီးပွားရေးတွေလုပ်သူများကလည်း နာဂစ်မုန်တိုင်းကိုအကြောင်းပြု၍ ချမ်းသာသွားပေသည်။ နာဂစ်၏အန္တရာယ်သည်လည်း ဗမာပြည်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ စသည့်အပြင် စင်္ကာပူ၊ မလေးနိုင်ငံများသို့ပင် ယခင်ထက်ပို၍ ကူးစက်ပြန့်နှံ့လာတော့ ပေမည်။

လက်ရှိစစ်အစိုးရ၏ ဤအခြေအနေအား သုံးသပ်ကြည့်မည်ဆိုလျှင် ပြည်တွင်းစားသုံး ရန် ဆန်ပြတ်လပ်မည်ထက် လူထုအုံကြွမှုဖြစ်မည်ကို စိုးရိမ်ပူပန်နေပုံရသည်။ အကယ်၍ တိုင်းပြည်၌ စပါးဆန်ရေ ပြတ်လပ်သွားလျှင် ဘာလုပ်မည်နည်းဆိုသည့် အစီအစဉ် ချမှတ်ထား သည်ကိုလည်း မတွေ့ရပေ။ လုံခြုံရေးတင်းကြပ်စွာ ချထားခြင်းနှင့် ပိုက်စိပ်တိုက် ဖမ်းဆီး ထောင်ချမှုများကို ကြည့်ခြင်းဖြင့် မိမိတို့အာဏာတည်မြဲရေးကို ထိခိုက်လာလျှင် အပြတ်အသတ် နှိမ်နှင်းမည်ဆိုသည့် အစီအစဉ်သာ ရှိဟန်ထင်သည်။ ခြုံငုံ၍ သုံးသပ်ကြည့်မည်ဆိုပါက သြဂုတ် (၁၃) သည် ဗမာပြည်၏သမိုင်းကို တကျော့ပြန်လည်လာပေတော့မည်။ သို့ဖြစ်၍ ဗမာပြည် သားများအနေဖြင့် ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ကို မမေ့စေချင်ပါ။ သတိရပါ။ ထိုနည်းတူ ကြုံတွေ့လာနိုင်ဖွယ်ရှိသော အခက်အခဲများကို စနစ်တကျ ဖြေရှင်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားရန် လိုအပ်ပေသည်။

မှက်ကြီးသား(ဥပဒေ)

စိုက်ပျိုးရေးပါမောက္ခ ဒေါက်တာ ဆလိုင်းထွန်းသန်းနှင့် တွေ့ဆုံခြင်း

ဝိုင်းပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်။

အငြိမ်းစား စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဆလိုင်းထွန်းသန်းက ဆိုပါသည်။ မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးအတွက် တကိုယ်တော် ဆန္ဒပြပွဲနှင့် တိုင်ပြည် ပြင်ပရောက်ရှိစဉ် ပြည်တော်ပြန် ဆန္ဒပြပွဲ ပြုလုပ်ရေးအတွက် အသက်ပေးလှူရန် ကြေငြာခဲ့သူဖြစ်ပါသည်။

ဆလိုင်းထွန်းသန်းကို ၁၉၂၈ ခုနှစ် မတ်ခ်ျလ ၃၁ ရက်နေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုံးမြို့နယ်၊ အင်းဗြစ်ရွာတွင် ဦးပိုးရှမ်နှင့် ဒေါ်မြရီတို့မှ ဖွားမြင်သည်။ အရှိုချင်းလူမျိုးဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်စဉ် တပ်မတော် အရံတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့တို့ ရရှိခဲ့သူဖြစ်ကာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် မြန်မာဘက်ပေါင်းစုံ ကျေးလက်ဖွံ့ဖြိုးရေးအသင်း (Myanmar Integrated Rural Development Association – MIRDA) ကို တည်ထောင်ခဲ့သူဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် စစ်အစိုးရ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများအား ဆန့်ကျင်သောအားဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ရာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရပြီး ထောင်ဒဏ်နှစ်မပြည့်မီ ၂၀၀၃ ခုနှစ်တွင် လွတ်မြောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့သည်။

အငြိမ်းစား ဆရာကြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်ခရီး ရောက်ရှိနေခိုက် မဇ္ဈိမသတင်းထောက် မ၀ိုင်းပီးက မေးမြန်းထားခြင်းဖြစ်သည်။

မေး။ နာဂစ်မုန်တိုင်းနောက်ပိုင်း ဧရာဝတီတိုင်းက လယ်သမားတွေအနေနဲ့ အခု လုပ်အား ၃ ပုံ ၁ ပုံလောက်ပဲ လယ်ယာလုပ်ငန်းခွင်ထဲ ဆင်းနိုင်တယ်။ ပြန်လည်ရိတ်သိမ်းနိုင်တယ်ဆိုတဲ့ အသံတွေ ကြားရပါတယ်ရှင့်။ ပြန်လည်ထူထောင်ရေးကို ဘယ်လိုမျိုး လုပ်ကိုင်သင့်တယ်လို့ ဆရာကြီးအနေနဲ့ ထင်လဲရှင့်။

ဖြေ။ နာဂစ်မုန်တိုင်းအပြီး တကယ်လုပ်ဆောင်သင့်တဲ့ အရာတွေကတော့ ဆားဗေး လုပ်ရမယ်။ အဲဒီနေရာတွေမှာ ဘယ်လောက် လူအသေအပျောက် များသလဲ၊ လူဦးရေ ဘယ်လောက် ကျန်သေးလဲ၊ လယ်သမားတွေ ဘယ်လောက် ဆုံးရှုံးသွားလဲ။ လေ့လာရမယ်။ ဒါက ပထမ လူဦးရေကို စိစစ်ရမယ်။ နောက်ပြီးတော့ လယ်ယာမြေတွေကိုလည်း ဆားဗေးလုပ်ရမယ်။ ဘယ်လယ်ယာမြေတွေက ဘယ်လောက်ထိ ပျက်စီးသလဲ။ ဘယ်လောက်ပြန်စိုက်လို့ ရနိုင်မလဲ။ လယ်ယာမြေထဲမှာ ပစ္စည်းတွေ၊ အုတ်ကျိုးအုတ်ခဲတွေ တင်ကျန်နေတာတွေ ရှိသလား။ နောက်ပြီးတော့ ဆားငန်ရေတွေ ဘယ်လောက်ဝင်သွားသလဲ။ နောက်ဆုံးတချက်ကတော့ ကန်သင်းတွေရော ဘယ်လောက်ထိ ပျက်စီးနေလဲဆိုတာတွေပေါ့။

ဒါတွေကို တို့တွေ စာရင်းယူပြီးတော့ ပြီးရင် နံပါတ်တစ်အချက်တော့ ကန်သင်းတွေ ပြင်ရမယ်။ ၀င်နေတဲ့ ဆားငန်ရေတွေကို ထုတ်နိုင်သလောက် ထုတ်ရမယ်၊ ဒီတော့မှ စပါးစိုက်လို့ရမယ်။ ပထမနှစ်မှာတော့ ဆားငန်ရေတွေ အကုန်ထွက်ဖို့ဆိုတာ တော်ရုံနဲ့ မလွယ်ဘူး။ မတတ်နိုင်ဘူး။ ဒီလယ်မြေတွေမှာ စပါးတွေပဲ စိုက်ရမှာ။ တခြားစိုက်လို့ မဖြစ်ဘူး။ စပါးစိုက်လို့ဖြစ်အောင် စပါးမှာလည်း ရိုးရိုးစပါးရှိတယ်။ ဆားငန်ဓာတ်ခံနိုင်တဲ့ စပါးရှိတယ်။ ဥပမာ - ပင်လယ်ထဲပေါက်တဲ့ အပင်တွေကိုကြည့်။ ပင်လယ်ဟာ ဘယ်လောက်ငန်သလဲ။

ပြောရရင် လယ်လုပ်မယ်ဆိုရင် လယ်လုပ်မယ့် လူတွေ ဘယ်လောက်ကျန်သေးလဲ။ လယ်မြေတွေ ဘယ်လောက်ကျန်သေးလဲ။ လယ်လုပ်မယ့် ကိရိယာတွေ ပြည့်စုံမစုံ ကြည့်ရမယ်။ မျိုးစပါးတွေ ရရှိဖို့ လိုတယ်။ အနည်းဆုံး ၇၅ ရာခိုင်နှုန်းတွေကလည်း ကျွဲ၊ နွားတွေကလည်း သေဆုံးကုန်တယ်။ အဲဒါတွေဟာ အရေးကြီးဆုံးပါပဲ။ ရေထဲမှာ အမြဲတမ်း အလုပ်လုပ်နိုင်တာကတော့လည်း ကျွဲပဲရတယ်။ တခြားက ကျွဲတွေကလည်း လာဟဲ့ဆိုပြီး ဆွဲခေါ်လို့ မရဘူး။ မိုးခေါင်ရေရှားက လာတဲ့ကျွဲတွေကလည်း ဒီလိုနေရာမျိုးမှာ မလုပ်နိုင်ဘူးလေ။ အဲဒီတော့ တခုခုရောဂါရတာတွေ ရှိလာတယ်လေ။ အဲတော့ တို့တွေက ထွန်စက်သုံးဖို့ လိုလာပြန်တယ်။ ထွန်စက်လုပ်လို့ရှိရင် ဆီက လိုသေးတယ်။ ဆီရရင်တော့ မပြီးသေးဘူး။ ကျွမ်းကျင်တဲ့လူတွေ လိုသေးတယ်။
ဖြစ်နိုင်လို့ရှိရင် လယ်မြေတွေကို သေချာ ကန်သင်းခတ်၊ ရေတွေထည့်၊ မြေတွေ ထွန်၊ ထဲထိုးလိုက်။ ၂ ခါလောက်။ ပြီးတော့ ဆားငန်ဓာတ်ခံနိုင်တဲ့ စပါးတွေကို စိုက်ရမယ်။

အခုကြားပါတယ်။ သတင်းစာတွေထဲမှာဖြစ်ဖြစ်၊ ရေဒီယိုတွေထဲမှာပဲဖြစ်ဖြစ် တွေ့ပါတယ်။ ကြားပါတယ်။ စပါးတွေတော့ စိုက်ကြပါတယ်။ ဒါပေမဲ့ စပါးတွေက အခု ၀ါသွားပြီးတဲ့လေ။ အပွင့်တွေလည်း မပွင့်တော့ဘူးတဲ့။ အခင်းတွေကလည်း ကျိုးတိုးကျဲတဲပဲ ရှိတော့တယ်တဲ့။ တို့တွေက အစတည်းက မျှော်လင့်ထားပြီးသားပါ။ သိပ်ပြီးတော့ ဒုက္ခများတယ်။ အမှန်က မြန်မာပြည်မှာ လယ်စိုက်ချိန်ဆိုတာ မရှိဘူး။ ဘယ်အချိန်စိုက်စိုက်၊ အချိန်မရွေး စိုက်လို့ရတယ်။
မြေက အစိုဓာတ် လုံလုံလောက်လောက် အနေအထားမှာ ရှိရမယ်။ အဲဒါမျိုးမှ ရပြီးလို့ ပြောတာ။ သို့သော်လည်း ကျနော်တို့က ရေသွင်းစိုက်မယ်ဆိုပြီး၊ ရေသွင်းသော်လည်း ဆားငန်ဓာတ် မရဘူး။ နောက် ထွန်စက်တွေ လိုလာမယ်။ ဆီတွေ လိုလာမယ်။ နောက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ လိုလာမယ်လေ။

တို့ မြန်မာပြည်က လယ်သမားတွေကလည်း သနားစရာကောင်းတယ်။ စီးပွားဖြစ်နိုင်လောက်တဲ့ လယ်ဧကတွေ ပိုင်ဆိုင်နိုင်ဖို့ လိုတယ်။ ဒါတွေ မရှိတဲ့အခါကျတော့ ၁ ဧက၊ ၂ ဧကလေးတွေ ရှိတာကို ဖြစ်သလို ထွန်တယ်။ စပါးတွေ ကျဲတယ်။ နောက် ပြစ်ထားပြီး မြို့ပေါ်တက် ဆိုက်ကားနင်းတယ်။ ပြန်လာတော့မှ ပြန်ရိတ်သိမ်းတယ်။ လိုသလောက်တော့ ရနေတာပဲ။ အဲဒါလေးတွေတောင် ပျက်စီးသွားကြရတယ်။

အဲဒါကြောင့် (၁) လယ်သမားတိုင်း လုံလုံလောက်လောက် စီးပွားဖြစ်တဲ့ လယ်ဧကတွေ ပိုင်ဖို့လိုတယ်။ (၂) လယ်ယာထဲမှာ နေရမယ်။ (၃) ၀င်းတွေ၊ ခြံတွေခတ်ပြီးတော့ နေရမယ်။ ကျွဲတွေနွားတွေလည်း မွေးရမယ်။
တို့တွေရဲ့ လယ်ယာစနစ်ဟာ ပြောင်းဖို့ကို လိုတယ်။ လယ်ယာတွေမှာ ရေအမြဲတမ်း ရှိနိုင်အောင် လုပ်ထားရမယ်။ လယ်ယာကို သွားနိုင်မယ့်၊ လွယ်ကူတဲ့ လမ်းကိုလည်း လုပ်ထားရမယ်။

မေး။ အခုလို မြန်မာနိုင်ငံမှာ ကပ်ဘေးဆိုက်ရောက်နေတာကို ပြန်လည် ထူထောင်နိုင်အောင် လုပ်ဖို့ရော ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ။ အဘအနေနဲ့ဆိုရင် အောက်ပြည်အောက်ရွာမှာ ရေရတဲ့ ကွင်းတွေ ရှိတယ်။ မိုးခေါင်ရေရှားတာ ရှိတယ်။ တောင်ပေါ်အရပ်က ရှိတယ်။ တောင်ယာခုတ်တာတွေ ရှိတယ်။ အဲဒါတွေကို အဘက ဘယ်နေရာမှာ ဘာတွေလုပ်ရမလဲ။ စီစဉ်ပြီးတော့ လုပ်ချင်တယ်။ အဘလုပ်ချင်တာတွေကတော့ လူတဦးဟာ သူ့မှာ စီးပွားဖြစ်လောက်တဲ့ လယ်ဧက ပိုင်ရမယ်။ သူသည် အဲဒီအထဲမှာ နေရမယ်။ သို့သော် အသေးစား ကွန်မြူနတီရှိဖို့တော့ လိုတယ်။ လမ်းကို ဘယ်လိုလုပ်မယ်။ အဘစီစဉ်ထားတာတွေ ရှိတယ်။ ရေတွေကို ဘယ်ကနေ ဘယ်လိုဆွဲမယ်။ ဘယ်လိုထုတ်မယ်ပေါ့။ အဲဒါတွေ အကုန်လုံး စီစဉ်ရမယ်။ ဒီလို စနစ်တကျ မလုပ်ဘဲနဲ့တော့ တွေ့တဲ့နေရာ တက်လုပ်၊ တက်လှော်ဆိုတာမျိုး ဆိုရင်တော့ တို့ မြန်မာလယ်ယာတွေ ဆုံးရှုံးဖို့ပဲ ရှိတော့တယ်။

မေး။ ဆရာ့အနေနဲ့ မြန်မာပြည် ပြန်ခွင့်ရလို့ ပြန်မယ်ဆိုရင်ရော ဘာတွေလုပ်ဖို့ စိတ်ကူးရှိလဲရှင့်။
ဖြေ။ အဘကတော့ စိုက်ပျိုးရေးသမားဆိုတော့ (စိုက်ပျိုးရေးပညာယူထားလို့ စိုက်ပျိုးရေးသမား မဟုတ်ဘူး)။ ဂျပန်ခတ်ကတည်းက တောင်ယာခုတ်ပြီးတော့ နေလာတာဆိုတော့ တောင်ယာသမားတွေရဲ့ စိတ်ဓာတ်တွေ၊ လယ်သမားတွေရဲ့ စိတ်ဓာတ်တွေကို နားလည်ပေးနိုင်တယ်။ စိတ်သဘောထားတွေကို ခံစားလို့ရတယ်။ တောင်ယာ၊ လယ်ထဲ ရောက်ရင် ဘာစကားတွေ ပြောမယ်။ ပြန်လာရင် ဘာတွေပြောမလဲဆိုတာတွေ အားလုံး သိနေတယ်။ သူတို့ရဲ့ ဖီလင်တွေကို ပြန်ပြောပြနိုင်တယ်။

အဘက မလာခင်ကတည်းက အဘဘာလုပ်သလဲဆိုတော့ တောင်ပေါ်မှာ လုပ်တယ်၊ တောင်ပေါ်မှာ ဘယ်နေရာလဲဆိုတော့ မင်းဘူး၊ ရခိုင်က အမ်းတောင်ကြားလမ်းမှာ တောင်ပေါ်ဒေသ ဘက်စုံ ကျေးလက်ဖွံ့ဖြိုးရေးဆိုတာ လုပ်တယ်။ လူတယောက်ကို ၁၀ ဧက၊ ၁၂ ဧကပေါ့။ ပေးတယ်။ ပြီးလို့ရှိရင် အဲဒီတွေကို ခုတ်တယ်။ တောင်စောင်းမှာ ကွန်ဒိုတိုင်တွေနဲ့ စည်းရိုးပင်တွေကို တန်းစိုက်တယ်။ အဲဒီ ကွန်ဒိုတိုင်တွေနဲ့ ကြားထဲမှာ ရှိတဲ့ဟာကိုမှ စံပြအနေနဲ့ လှေကားထစ် စိုက်ပျိုးနည်းတွေကို လုပ်တယ်။ အထစ်ပေါင်း ၃၀ လောက်ရှိတယ်။ သရက်တွေ၊ သင်္ဘောပင်တွေ၊ ကဗလာတွေလည်း စိုက်ပျိုးရတယ်။ အောက်ဘက်မှာတော့ စပါးတွေလည်း စိုက်ပျိုးတယ်။ တောင်ပေါ်မှာနေလို့ မျောက်လိုနေရမယ်လို့ မဆိုလိုဘူး။

အဘက အမျိုးသားတွေမှန်ရင် အနည်းဆုံး အခြေခံ ပန်းရန်နဲ့ လက်သမားတတ်ရမယ်။ ရောင်းပန်းတော့ မလှဘူးပေါ့။ ဒါပေမဲ့ နေလို့ရတယ်။ အမျိုးသမီးကျတော့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ သင်ပေးရမယ်။ ကလေးစောင့်ရှောက်ရေးတွေ သိရမယ်။

အိမ်တွေဘာတွေကိုလည်း စနစ်ကျကျ ကျန်းမာရေးနဲ့အညီ ဆောက်လုပ်ပေးရမယ်။ အိမ်သာ၊ မီးဖိုချောင်၊ အိပ်တဲ့ အိပ်ယာကအစ သေချာလုပ်လို့ ပြောရမယ်။ အဲလိုမဟုတ်ဘဲ စံပြအိမ်တွေ ဆိုပြီးတော့ လမ်းထဲမှာ အိမ်တွေညီညီလေးတွေ ဆောက်ပေးထားတာနဲ့ မရဘူး။ ဒါနဲ့ မပြီးဘူး။

မေး။ တကိုယ်တော် ဆန္ဒပြတာတွေလည်း လုပ်ခဲ့တယ်။ ပြည်တော် ပြန်ဝင်ဖို့လည်း ကြိုးစားခဲ့တယ်ဆိုတော့ ဒီလိုစိတ်ဓာတ်မျိုးဖြစ်အောင် အဓိက လှုံ့ဆော်ပေးတဲ့အရာဟာ ဘာလို့ ပြောနိုင်မလဲ။
ဖြေ။ အဲဒါကတော့ သတ္တိနဲ့လည်း မဆိုင်ဘူး။ ဘာနဲ့ဆိုင်သလဲဆိုရင် အမှန်တရားကို သစ္စာရှိတယ်။ လူပေါ့၊ အမှန်အကန်ကို သစ္စာရှိတာ။ လူတယောက် လဲတော့မယ်။ ကပြာကယာ သွားပြီးတော့ မဆွဲချင်ဘူးလား။ သွားပြီးတော့ ဆွဲရမယ်။ အဲဟိုတယောက်က ကလေးငယ်တယောက်ကို ရိုက်နေတာကို ''ဟာ မလုပ်နဲ့'' ဆိုပြီးတော့ ဆွဲရမယ်။ ပြောရဲရမယ်။ ဒီလိုပဲ အစိုးရက မဟုတ်တာတွေ လုပ်နေတာတွေကို ''မင်း မဟုတ်တာတွေ လုပ်နေတယ်'' လို့ ပြောရဲရမယ်။ ''တို့ မကြိုက်ဘူး'' ဆိုတာ ပြောရဲရမယ်။ အဲဒါပါပဲ။ ကမ္ဘာကြီးဟာ ယာယီတဲပဲ။ အသက် ၁၀၀ နေမလား။ ၂၀၀ နေမလား။ မနေဘူး။ ဘယ်သူမှ မနေဘူး။ ဒီအထဲမှာ ငါတို့က မင်းဘာလို့ အသက်ရှင်နေလဲ။ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်မှုနဲ့ အသက်ရှင်ရမယ်။ သေတဲ့အခါလည်း အဓိပ္ပာယ်ရှိတဲ့ သေမျိုးပဲ သေရမယ်။

ဟိုတုန်းက ၁၉၄၀ လောက်တုန်းက သူခိုးတယောက် သေနေတာတွေ့တယ်။ တိုက်တွေရဲ့ ကြားထဲက အနောက်ဘက် အိမ်ဟာ ပိုက်တွေရှိတယ်။ သူက တက်တာ။ ပိုက်တွေရဲ့ အဆက်တွေက ပြတ်ထွက်တော့ ဒီဘက်ကတိုက်ကို လဲကျတာ။ ပိုက်က သူ့မေးစေ့ကို ထိပြီးတော့ သေနေတာ။ အသေဆိုးတဲ့ သေနည်းမျိုး။ တို့က အဲဒီမျိုးတော့ မလုပ်ချင်ဘူး။ ကောင်းတာလုပ်ပြီးလည်း သေရတာက သေရမှာပဲ။ အဲဒီတော့ အင်မတန် အဓိပ္ပာယ်ရှိတာတွေ လုပ်ပြီးတော့မှ သေရမယ်။ ဒီလိုစိတ်ဓာတ်မျိုးက မတရားတာကို မကြိုက်လို့ရှိရင် ပြောရဲတယ်။ လုပ်ရဲတဲ့ လူတွေချည်းပဲ။ ဘယ်သူမှ ထူးထူးချွန်ချွန် မရှိဘူး။

မေး။ ဆရာ့အနေနဲ့ တခြား ပြောချင်တာ ဘာများ ရှိပါသေးသလဲရှင့်။
ဖြေ။ တစ်အချက် - ကိုယ့်စနက်ကြောင့်မဟုတ်ဘဲ သူတပါး သေရတာမျိုး။ ဥပမာ ဖျားလို့၊ နာလို့ သေတာမျိုး မဆိုင်ဘူးနော်။ နှစ်အချက် - ကိုယ်က သူတပါးကို ကယ်ရင်း၊ ကောင်းတာကို လုပ်ပေးရင်းနဲ့ သူများက သတ်လို့ သေတာ။ အဲဒါကလည်း သေတာတမျိုး။ ကိုယ်က သူများကို မကောင်းတာလုပ်ရင် ခုနက သူခိုး သေသလို သေတာမျိုး။ သေခြင်း ၃ မျိုးရှိတယ်။

အစိုးရကိုလည်း မေးရမယ်။ မင်းတို့ ဘာတွေ လုပ်နေလဲ။ မင်းတို့ လုပ်တာ ဟုတ်သလား။ နဖူးပေါ်ပဲ လက်တင်တင်၊ လက်ပေါ်ပဲ နဖူးတင်တင်။ စဉ်းစားကြည့်။ သူတို့လည်းပဲ သခါင်္ရ။ သူတို့လည်းပဲ သွားမှာပဲ။ သခါင်္ရကို မင်းတို့ ဘယ်လိုလုပ်ပြီးတော့ မျက်နှာချင်းဆိုင်မလဲ။ မင်းတို့ မျက်နှာချင်းဆိုင်မယ့် သခါင်္ရကို မင်းတို့ သတ္တိရှိရှိနဲ့ မျက်နှာချင်းဆိုင်နိုင်အောင် ပြင်ဆင်ပါ။

တို့မြန်မာပြည်မှာ ကျပ်ပဲ သုံးနေကြတယ်။ နယ်စပ်မှာဆိုရင်တော့ ယိုးဒယားနယ်စပ်ဆိုရင် ဘတ်၊ တရုတ်နယ်စပ်ဆို ယွမ်၊ အိန္ဒိယနယ်စပ်ဆိုရင် ရူပီး သုံးကြပြီ။ ကမ္ဘာကို လည်ပြီဆိုရင် ဒေါ်လာကို သုံးရတော့မယ်။ ထိုနည်းလည်းကောင်းပဲ။ အာဏာဆိုတာမျိုးဟာ မင်းနေရာမှာပဲ မင်း စိုးမိုးနိုင်မယ်။ ဒီ့ပြင်နေရာမှာ မရဘူး။ တခြား ဘ၀ပြောင်းတယ်။ မင်း ကျပ်နဲ့ သွားလို့ မရဘူး။ ဒေါ်လာယူရမယ်။ သူများကို ကောင်းကျိုးပြုရင်းနဲ့ သေတဲ့သေခြင်းမျိုး။ အဲဒါဟာ ဒေါ်လာပဲ။ အဲဒါဟာ ယူရိုပဲ။ အဲဒါတွေကို မလုပ်ဘဲနဲ့ ကျပ်ကိုပဲ သုံးနေအုံးမယ်ဆိုရင်တော့ မင်းတို့ မစွံဘူး။ ဒါပဲ ပြောချင်တယ်။

++++++++++++++++++++++++++++++++++++

ဆလိုင်းထွန်းသန်း

၁၉၂၈ ခုနှစ် မတ်ခ်ျလ ၃၁ ရက်နေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုံးမြို့နယ်၊ အင်းဗြစ်ရွာတွင် ဦးပိုးရှမ်နှင့် ဒေါ်မြရီတို့မှ ဖွားမြင်သည်။
အရှိုချင်းလူမျိုးဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်စဉ် တပ်မတော် အရံတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၃ ရန်ကုန်တက္ကသိုလ် မှ စိုက်ပျိုးရေးဘာသာ အဓိကဖြင့် သပ္ပံဘွဲ့ [Bachelor of Science (Agriculture)] ရခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ပညာသင်ဆု ရရှိကာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ [Master of Science Sigma Xi (Agronomy)] ရရှိခဲ့သည်။
၁၉၅၈ အမေရိကန်နိုင်ငံ ၀စ္စ်ကော်ဆင် တက္ကသိုလ်မှ မြေဆီလွာ သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ [PhD (Crop Nutrition)] ရရှိသည်။
၁၉၅၉ မန္တလေး တက္ကသိုလ်လက်အောက် စိုက်ပျိုးရေးဌာနတွင် လက်ထောက်ကထိက အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
ဇနီး မိုင်ခင်နွဲ့နှင့် ၁၉၆၀ တွင် လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားသည်။
၁၉၆၀ အမေရကန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်ခဲ့သည်။
၁၉၆၄ စိုက်ပျိုးရေးတက္ကသိုလ်သီးခြားပေါ်ပေါက်လာရာ လယ်ယာသီးနှံဌာန ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၆၅ မန္တလေး တက္ကသိုလ် နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ် ပါတီဆဲလ် တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။
၁၉၆၆ စိုက်ပျိုးရေးအခြေခံသဘောတရား စာအုပ်ထုတ်ဝေပြီး ပညာရေးဝန်ကြီးဌာနက စာအုပ်များရေသားထုတ်ဝေခြင်း မပြုရန် တားမြစ်ခံရသည်။ တက္ကသိုလ်များ၏ တိုင်းရင်းသားစာပေနှင့်ယာဉ်ကျေးမှု ဗဟို ကော်မတီဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ အမှတ် ၂ တက္ကသိုလ် အရံတပ်ရင်းတပ်မှူး အဖြစ် တာဝန်ယူခဲ့သည်။
၁၉၇၃ စိုက်ပျိုးရေး ဘွဲ့ရကျောင်းသားများ စုပေါင်းကာ စိုက်ပျိုးလယ်ယာအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
၁၉၇၄ မှော်ဘီရှိ တပ်မတော် အရာရှိသင်တန်းကို တက်ရောက်ခဲ့သည်။
၁၉၇၅ စိုက်ပျိုးရေးတက္ကသိုလ် ရေဆင်းသို့ပြောင်းရွှေ့သည်။
၁၉၇၅ - ၈၀ စေတနာရှင် လ္ဘက်ရည်ဆိုင် ဥက္ကဌဖြစ်ခဲ့သည်။
၁၉၇၅ ပျည်းမနား တက္ကသိုလ်များ ပါတီယူနစ် ဆဲလ် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၇၆ - ၇၈ စိုက်ပျိုးရေး တက္ကသိုလ် လမ်းစဉ်လူငယ်ပါတီဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သင်ရိုးညွန်းတမ်းများ ပြုစုရေးဆွဲရာတွင် ပါဝင်ခဲ့သည်။
၁၉၉၂ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် မြန်မာဘက်ပေါင်းစုံ ကျေးလက်ဖွံ့ဖြိုးရေးအသင်း (Myanmar Integrated Rural Development Association – MIRDA) ကို ခရစ်ယာန်အသင်းများ ကူညီမှုဖြင့် တည်ထောင်ခဲ့သည်။
တောင်စောင်း စိုက်ပျိုးရေးနည်းပညာကို ခွန်ဇူစခန်း၊ ထန်တလန်၊ ကျိုင်းတုံ၊ လားရှိုး၊ ပူတာအိုနှင့် တောင်ကြီး စသည့် မြို့ အသီးသီးတို့တွင် သွားရောက် ဟောကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင် စစ်အစိုးရ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများအား ဆန့်ကျင်သောအားဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည်။
ထောင်ကျခံနေစဉ် မျက်စိနှစ်ဘက်စလုံး တစ်ကြိမ်စီခွဲစိတ်ကုသခဲ့ရသည်။ အရိုးကျည်းပေါင်းတက်ရောဂါအတွက် ထောင်တွင်း ဆေးရုံတက်ခဲ့ရသည်။
ထောင်တွင်း ပီညဲရိုးလာရောက်စဉ် အသံဖမ်းစက်တွေ့ရှိသည့် ကိစ္စကို အကြောင်းပြုကာ အစာငတ်ခံဆန္ဒပြသည်ဟု ဆို၏။
အစာငတ်ခံ ဆန္ဒပြခြင်း ၄ ရက်မြောက်နေ့ ၂၀၀၃ ခုနှစ်တွင် မေလ ၃ ရက်နေ့ ထောင်မှ လွတ်မြောက်လာသည်။
ထို့နောက် ပတ်စ်ပို့လျှောက်ထားရာ ၂ နှစ်ကြာမှ ရရှိကာ သားသမီးများ ရှိရာ အမေရိကန်သို့ သွားရောက်ရန် ဗီဇာလျှောက်ထားရာ ကျန်းမာရေးအာမခံရရှိမှ အမေရိကန် ဗီဇာရရှိတော့သည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
၆ လအကြာ မြန်မာပြည် ပြန်ရာ ထိုင်းနိုင်ငံဘန်ကောက်တွင်ရှိစဉ် မြန်မာအစိုးရမှ နိုင်ငံကူးလက်မှတ်အား တရားမ၀င်ကြေငြာခြင်းခံရပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။ အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်ပြုခဲ့သည်။
၂၀၀၇ ခုနှစ် တောင်ကိုရီးယား နိုင်ငံရှိ ဂိုဏ်းချုပ်ဂျီဟတ်ဆွန် ဖောင်ဒေးရှင်းက (Bishop Tji Hak-Soon Foundation, Justice and Peace) မှ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသည်။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)


အောင်ဝေး
အောက်တိုဘာ ၁၁၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း ခရီးစဉ်။ ၁၉၈၉ ဇန်နဝါရီ။ ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။

အမြို့မြို့၊ အရွာရွာ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာ ကောင်းသလို ကြည်နူး ချမ်းမြေ့စရာလည်း ကောင်းလှပါတယ်။ နေရာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးဟာ ခွဲခြားလို့မရ၊ ဖြိုခွဲလို့မရ၊ တသားတည်း၊ တသွေးတည်း ဖြစ်နေတာကို တွေ့နေရတော့တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က လူထုကို အပျော့ပြောင်းဆုံး အပြုံးနဲ့ နှုတ်ဆတ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ အသန်စွမ်း၊ အားမာန်အရှိဆုံး အပြုံးနေတယ်။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘောတရားအရ ပျော့ပြောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။ အပျော့ပျောင်းဆုံး လေးကိုင်းဟာ အဝေးဆုံးရန်သူရဲ့ ရင်အုံကို တည့်တည့် ထိမှန်နိုင်တယ်။ ဒါပဲမဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့ အမြဲပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ‘လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းမျိုး ရှိမှဖြစ်မယ်။ လွတ်လပ်ရေး ရချင်ရင်၊ လွတ်လပ်ရေးကိုပေးနိုင်တဲ့ ညီညွတ်မှုမျိုး လိုအပ်တယ်’ လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက ‘စည်းကမ်းရှိ၊ ညီညွတ်ပြီး၊ အမှန်တရားနဲ့ ကိုက်ညီတဲ့အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်’ ဆိုတဲ့စကားက ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာ စိမ့်ဝင် ပျံ့နှံ့နေတဲ့အချိန်။

ဒီအချိန်မှာ နဝတ စစ်အုပ်စုကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့တော့ ကမ္ဘာသိကြေညာထားပါပြီ။

အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး ဆိုတာထက်၊ လက်ငင်းမှာ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲ ပြန့်ကျဲမသွားအောင်၊ ဒီအင်အားတွေကို စနစ်တကျ ပြန်လည်စုစည်းဖို့ ဒေါ်အောင်ဆန်းစုကြည် အခုလို လူထုစည်းရုံးရေး ခရီးတွေ ထွက်နေတာ ဖြစ်တယ်လေ။ အဲဒီအချိန်အဲဒီကာလ အဲဒီခရီးစဉ်မှာ ဖြန့်ဝေတဲ့ ကဗျာစာအုပ်ထဲမှာ ကျနော်က မဆလ တခေတ်မှာ၊ ရွတတ ဖြစ်သူတွေ၊ နေရစ်ခဲ့ကြတော့၊ ငြိမ်ပိတခေတ်မှာ၊ ငြိမ်ကြည့်ဖြစ်နေတဲသူတွေ၊ နေရစ်ခဲ့ကြတော့၊ ရွေးကောက်ပွဲဆိုတာလည်း၊ ခွေးခလောက်ဆွဲသလိုပါပဲ’ ဆိုပြီး ရေးခဲ့တဲ့ အချိန်ပါ။

‘ငြိမ်ပိ’ ဆိုတာကတော့ အဲဒီအချိန်က နဝတ – နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို လူထုက ခေါ်တဲ့နာမည်ပါ။ ဒီကဗျာစာအုပ်က ဆရာဦးဝင်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တို့ထံ တင်ပြပြီး၊ အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ပြန်ကြားရေးဌာနတို့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဖြန့်ဝေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီခရီးထွက်တဲ့အချိန်ဟာ နဝတ ရဲ့ ရွေးကောက်ပွဲက ဘယ်နေမှန်းတောင် မသိသေးပါဘူး။ ဒါပေမဲ့ ဒီခရီးစဉ်မှာပဲ နောင် ၁၉၉ဝ ပြည့်နှစ်၊ မေလမှာ ဖြစ်လာခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာစရာ ကိစ္စတခုကတော့ အဲဒီခရီးစဉ်မှာ မှတ်မှတ်ရရဖြစ်ခဲ့တာကို ကျနော် ပြန်သတိရမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ကျုံမငေးမြို့မှာ စစ်တပ်က သေနတ်သံ လေးငါးဆယ်ချက် ပစ်ဖောက် ဂုဏ်ပြုတာ ခံယူပြီး လပွတ္တာမြို့ကို ခရီးဆက်ခဲ့ကြပါတယ်။ ကျနော်တို့ သင်္ဘောဟာ ပြာမလော့မြစ်ကြီးထဲကို ရောက်လာပါပြီ။ မြတ်မေတ္တာ သင်္ဘောဟာ ဘီတွတ် ဆိုတဲ့ရွာကြီးကို ဖြတ်ကျော်စ ပြုနေပါပြီ။

အဲဒီအချိန်မှာပဲ လပွတ္တာမြို့နယ် စည်းအဖွဲ့ဝင်တချို့နဲ့ ဘီတွတ်ရွာသူရွာသားတချို့ ပဲ့ထောင်နဲ့ ကျနော်တို့သင်္ဘောဆီကို အချက်ပြ ကပ်လာပြီး၊ ဘီတွတ်ရွာမှာ ခဏလောက် ဆိုက်ကပ်ပေးဖို့ မေတ္တာရပ်ခံလာပါတယ်။ဘီတွတ်ရွာ၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှ ဒေါ်အောင်ဆန်းစုကြည်

ခရီးစဉ်ဆွဲထားတဲ့ လမ်းကြောင်းအရ ဘီတွတ်ရွာကို ဝင်ဖို့ အစီအစဉ် မပါပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ‘ကျမလည်း ဘီတွတ်ရွာသူရွာသားတွေနဲ့ တွေချင်ပါတယ်’ ဆိုပြီး သင်္ဘောက ရွာဘက်ကို ပြန်လှည့်ကပ်လိုက်ပါတော့တယ်။ လပွတ္တာမြို့နယ်ထဲက ဘီတွတ်၊ လှိုင်းဘုန်း၊ ကန်ဘဲ့၊ အလယ်ရေကျော် စတဲ့ ရွာကြီးတွေဟာ ခေတ်မီတိုးတက်တဲ့ရွာတွေပါ။ ဒီမိုကရေစီတိုက်ပွဲခေတ်မှာ ဒီရွာတွေဟာ နောက်ကျမကျန်ရစ်ခဲ့ပါဘူး။

ဘီတွတ်ရွာသူရွာသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ပြာမလော့မြစ်ရိုးမှာ ဟိုးဟိုးညံသွားပါတော့တယ်။

အရေးပေါ် ဆိုက်ကပ်ရတဲ့ရွာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း လူထုကို အရေးပေါ် မိန့်ခွန်း ပြောရပါတယ်။ လူထုက ရွာလယ် လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အရေးပေါ် စုဝေးလိုက်ကြတာပါ။ သုံးရောင်ခြယ်ကျောင်းသားတွေက နံဘေးမှာရှိတဲ့ ကြံရည်ဆိုင်က ခုံတလုံး ဆွဲယူလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခုံပေါ်တက်ပြီး မိန့်ခွန်းပြောပါတယ်။ အက်(ဖ်)အမ် မိုက်နဲ့ ပြောတာဆိုတော့ သင်္ဘောပေါ်က ဧရာမ ဆောင်းဘောက်(စ်)ကြီး ၄လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို တရွာလုံး အကုန်ကြားအောင် လိုက်(ဖ်) လွှင့်ထုတ်ပေးနေသလိုပါ။

နေက ခေါင်းအပေါ်တည့်တည့်မှာ ချစ်ချစ်တောက် ပူနေတဲ့အချိန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ခမျာ အဆောင်းမပါ၊ အမိုးအကာ မရှိရှာပါဘူး။ ဒီအခိုက်အတန့်မှာပဲ ဗိုလ်ကြီးဝင်းထိန်က သူဆောင်းထားတဲ့ ‘ခမောက်’ အဲဒီ ခမောက်ကို ချွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကို ကမ်းပေးလိုက်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ခမောက်ကို လှမ်းယူပြီး တောသူ တောင်သားတွေလို ဟန်ကျပန်ကျ ဆောင်းလိုက်ပါတော့တယ်။ လူထုဟာ သဘောကျလို့ မဆုံးတော့ပါဘူး။

နောင်တချိန် အင်န်အယ်လ်ဒီက နဝတရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ အချိန်မှာ၊ ကဗျာဆရာကြီး ဦးတင်မိုး- ‘ပိတောက်နဲ့ငု နွေမှာလှိုင်တယ်၊ ခမောက်နဲ့စု မေမှာနိုင်မယ်’လို့ ကဗျာရေးခဲ့သလို၊ အင်န်အယ်လ်ဒီ ရဲ့ ၁၉၉ဝ မေ ရွေးကောက်ပွဲဝင် အမှတ်အသား အနေနဲ့ ခမောက်ပုံဖြစ်ခဲ့တာဟာ အဲ့ဒီတုန်းက ဘီတွတ်ရွာမှာ ဒေါ်အောင်ဆန်းစုကြည် ခမောက်ဆောင်းပြီး မိန့်ခွန်း ပြောနေတဲ့ ဓာတ်ပုံတွေက စခဲ့တာပဲလားဆိုတာ ကျနော် တွေးတောနေမိပါတော့တယ်။ ။