Tuesday, October 14, 2008

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပါတီဖွဲ့စည်းခြင်း အနှစ်(၂၀)ပြည့် အထိမ်းအမှတ် နိုင်ငံရေးသဘောထား ထုတ်ပြန်ချက်

စီးပွားရေးပိတ်ဆို့ခံရသူများ


၁၄၁၀၂၀၀၈သတင်း


၉၈ ကျောင်းသားများ၏ သီတင်းကျွတ်လပြည့် ဒါနနှင့် မီးပုံးကာတွန်းများ
အောက်တိုဘာ ၁၄။ ဟစ်တိုင်



ထွန်းညှိပူဇော်သည့် မီးပုံးများမှ ဒေါ်အော်ငဆန်းစုကြည် (၀ဲ)နှင့် ကွယ်လွန်သူ နိုင်ငံရေးအကျဉ်းသား ကိုသက်ဝင်းအောင်
သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့တွင် ပြည်ပရောက် ၉၈ မျိုးဆက် ၉၈ ကျောင်းသားများက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အထိမ်းအမှတ်အဖြစ် မီးပုံးများတွင် ကယ်ရီကေးချား ကာတွန်းပုံများ ရေးဆွဲကာ တ်ြစွာဘုရားအား ထွန်းညှိ ပူဇော်ကြသည်။

ပြည်ပရောက် ၉၈ မျိုးဆက် ကျောင်းသားများက မဲဆောက်မြို့ ဟုန်ဖိုင်ရပ်ရှိ မြန်မာအလုပ်သမား မိဘများ၏ ရင်သွေးငယ်များကို အာဟာရ သာကူ တိုက်ကျွေးပြီး လာရောက်သည့် ဧည့်သည်များကို အအေးလှူဒါန်းကြသည်။ မီးပုံးများတွင် လွန်ခဲ့သော နှစ်နှစ် အောက်တိုဘာလ ၁၅ ရက်က မန္တလေး အိုးဘိုထောင်တွင် ကွယ်လွန်ခဲ့သော ကိုသက်ဝင်းအောင်၏ ကယ်ရီကေးချားပုံ အပါအ၀င် ကာတွန်းပုံများ ရေးဆွဲပြီး ညမိုးချုပ်ချိန်တွင် မီးပုံများကို ထွန်းညှိကြသည်။

ကိုနေမျိုးအေး၊ ကိုထွန်းအောင်၊ ကိုဂျွန်ခိုင်၊ ကိုဥာဏ်တို့ လေးဦးက ကယ်ရီကေးချား ပုံများ ရေးဆွဲကြပြီး အခမ်းအနား ဒီဇိုင်းဆရာအဖြစ် ကိုသီဟမောင်မောင်က ဆောင်ရွက်သည်။ အခမ်းအနားသို့ မဲဆောက်မြို့ရှိ နိုင်ငံရေး အဖွဲ့အစည်းများမှ လှုပ်ရှားသူများ ၅၀ ခန့် တက်ရောက်ကြသည်။

“ဒီပွဲကို ကျွန်တော်တော့ အားရတယ်။ ထောင်ထဲမှာ တကယ် တိုင်းပြည်အတွက် ပေးဆပ်သွားတဲ့ ရဲဘော်တစ်ယောက် (ကိုသက်ဝင်းအောင်)အတွက် လုပ်ရတဲ့အတွက် အများကြီး ဂုဏ်ယူတယ်။ နောက်လဲ လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ လက်ရှိ ထောင်ထဲမှာ မလွတ်သေးတဲ့ ရဲဘော်တွေအတွက်လဲ တိုက်ပွဲဝင်သွားမယ်။ ဒီမိုကရေစီ ရဖို့အတွက်လဲ တစ်ဖက်တစ်လမ်းက ဆက်တိုက်ပွဲဝင် သွားမယ်”ဟု အခမ်းအနား တက်ရောက်ခဲ့သော ၉၈ ကျောင်းသားတစ်ဦးဖြစ်သူ ကြိုးကြာက ပြောကြားသည်။


လူ့ဘောင်သစ်ပါတီ နှစ် (၂၀) ပြည့်အခမ်းအနား ကျင်းပ
ရိုးမ ၃။ အောက်တိုဘာ ၁၄၊ ၂၀၀၈

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း နှစ် (၂၀) ပြည့်အခမ်းအနားကို
ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် လက်ရှိ မြန်မာနိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နအဖစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ် ပေးရန်၊ ပြည်သူ့လွှတ်တော်ခေါ်ပေးရန်နှင့် နိုင်ငံရေး အရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာရန် စသည့် လုပ်ငန်းစဉ် (၃) ရပ်ကို အမြန်ဆုံး စတင်ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် ၎င်းလုပ်ငန်းစဉ်များကို တောင်းဆိုနေရုံမျှဖြင့် စစ်အစိုးရ က အသာတကြည် လိုက်လျောမည်မဟုတ်သဖြင့် တိုက်ပွဲဖန်တီးယူရမည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများက ပြောသည်။

“အဓိကပြောချင်တာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ကျနော်တို့ဘာသာ ဖြေရှင်း ကြရမှာဖြစ်တယ်၊ တိုက်ပွဲနဲ့ ဖန်တီးယူရမယ်ဆိုတဲ့နေရာမှာ ကျနော်တို့ ဆုပ်ကိုင်ရမဲ့ ကျနော်တို့ရဲ့ အဓိကအင်အားက ပြည်သူ၊ အဲဒီအားကို ကျနော်တို့ ဆုပ်ကိုင်နိုင်ဖို့ကြိုးစားရမယ်၊ အဲဒီအားကို ကျနော်တို့ဆုပ်ကိုင်ပြီးတော့ နအဖကို အင်အားချိနဲ့သွားအောင် လုပ်ရမယ်၊ အဲဒါက ကနေ့ လတ်ကလောလုပ်ရမဲ့ အလုပ်လို့ ကျနော်မြင်တယ်၊ ကျနော်တို့ပါတီအနေနဲ့ အဲဒီအားတွေကို စုစည်းပြီး တစိုက်မတ်မတ်ကြိုးစားသွားမယ်လို့ ကျနော်ပြောချင်တယ် ”ဟု ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

နအဖစစ်အစိုးရသည် ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်အား အကောင်အထည်ဖော်ဆောင်ခြင်း မရှိသည့်အပြင် ပြီးခဲ့သည့်မေလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတွင် ပြည်သူ့ဆန္ဒကို အတင်းအကြပ် လုယူခြင်းများ ပြုလုပ်သည့်အတွက် ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဥပဒေအရသော်၎င်း၊ အနှစ်သာရအားဖြင့်၎င်း လက်ခံနိုင်ခြင်းမရှိကြောင်း ဦးအောင်မိုးဇော်က ဆက်ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနှင့်အတူ ပေါက်ဖွားလာသည့် လူငယ်ကျောင်းသားအများစုပါဝင်သည့် ပါတီဖြစ်သည့်အပြင် မြန်မာနိုင်ငံ အတွင်း ဒုတိယအင်အားအကြီးဆုံး ပါတီလည်းဖြစ်သည်။

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် အထွေထွေအတွင်းရေးမှူး မိုးသီးဇွန် ဦးဆောင်ပြီး တရားဝင် တော်လှန်ရေးပါတီအဖြစ် မြန်မာပြည်တွင်း ရပ်တည်ခဲ့ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့တွင် စစ်အစိုးရက တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံခဲ့ရသည်။

ထို့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥပဒေတွင်းဖြတ်သန်းမှုမှ ဥပဒေပြင်ပ ဖြတ်သန်းမှု အခြေအနေများကို ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆက်ပြောသည်။

“ကျနော်တို့ပြောချင်တာက မြေပေါ်နိုင်ငံရေးကိုလှုပ်ရှားပြီးတဲ့နောက်မှ ပြည်ပကို ထွက်လာခဲ့တာ မဟုတ်ဘူး၊ အဓိကကတော့ တိုင်းရင်းသားဧရိယာတွေမှာရှိတဲ့ ညီအကိုမောင်နှမတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တယ်၊ ဒါပေမဲ့ မာနယ်ပလောဌာနချုပ် ကျဆုံးသွားတဲ့နောက် နောက်တနေရာကို သွားတယ်၊ အဲဒီနေရာထပ်ကျသွားတဲ့နောက်မှ ကျနော်တို့ ပြည်ပကို ရောက်လာတာပါ”ဟု ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနှစ် (၂၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ နယ်စပ် အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် လူငယ်များ အင်အား (၁၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။

စင်ကာပူအတိုက်အခံပါတီ အသရေဖျက်မှုနဲ့ ဒဏ်ရိုက်ခံရ
14 October 2008
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) နဲ့ သူ့ဖခင်ကို အသရေဖျက်မှုနဲ့
အတိုက်အခံပါတီအနေနဲ့ ဒေါ်လာ ၄၀၀,၀၀၀ လျော်ကြေးပေးဖို့ စင်ကာပူအစိုးရက
အမိန့်ချမှတ်လိုက်ပါတယ်။ မစ္စတာလီရှန်လွန်းနဲ့ သူ့ဖခင် လီကွမ်ယု (Lee Kwan Yu) ရဲ့
ဂုဏ်သိက္ခာကို ထိပါးအောင် လုပ်ဆောင်မှုနဲ့ စင်ကာပူ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ
နဲ့ ပါတီခေါင်းဆောင် ၂ ယောက်အနေနဲ့ ဒဏ်ငွေပေးဖို့ စင်ကာပူ ဗဟိုတရားရုံးက
အခုလို ဆုံးဖြတ်လိုက်တာပါ။

အဂတိလိုက်စားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ မရိုးသားမှု စတဲ့စွပ်စွဲချက်တွေနဲ့
အတိုက်အခံပါတီရဲ့ ၂၀၀၆ ခုနှစ်ထုတ် သတင်းစာထဲမှာ အသရေပျက်အောင် စွပ်စွဲထား
ချက်တွေဟာ မစ္စတာလီးရဲ့ ဘ၀တသက်စာ အောင်မြင်ခဲ့မှုတွေကို ထိပါးစေတယ်လို့
တရားရုံးအမိန့်ထဲမှာ ဖော်ပြထားပါတယ်။စင်ကာပူ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဒေါက်တာချီစွန်းဂျွမ်။
မေ ၂၆၊ ၂၀၀၈။
စင်ကာပူ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်း
ရေးမှူး ချီစွန်းဂျွမ် (Chee Soon Juan) နဲ့ သူ့ညီမတို့
အပေါ် အခုချမှတ်လိုက်တဲ့ အသရေဖျက်မှုဟာ အရင်
ချမှတ်ထားပြီးသား အသရေဖျက်မှုတွေအပြင်
နောက်ထပ်ချမှတ်ခြင်း ဖြစ်ပါတယ်။ အရင်အမှုအတွက်
ချမှတ်လိုက်တဲ့ ဒဏ်ငွေတွေကို မပေးနိုင်တဲ့အတွက်
မစ္စတာ ချီစွန်းဂျွမ်ဟာ ဒေ၀ါလီခံထားပြီး ဖြစ်ပါတယ်။

တနင်္လာနေ့က အသစ်ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အရ
စင်ကာပူ ဒီမိုကရက်တစ်ပါတီအနေနဲ့ ဒေ၀ါလီခံရနိုင်ပြီး
ပါတီပါ ဖျက်ပစ်ရမယ့် အနေအထားကို ရောက်သွားနိုင်
တယ်လို့ သူကပြောပါတယ်။

ဓာတ်ငွေ့သုံးကားများ မလုံခြုံဖြစ်မှုအပေါ် ရန်ကုန်ခရီးသည်များ ထိတ်လန့်နေ
အေးချမ်းမြေ့ အောက်တိုဘာ ၁၄၊ ၂၀၀၈

ခရီးသည်တင် ယာဉ်များတွင် တပ်ဆင်ထားသော စီအန်ဂျီ စလင်ဒါအိုးများ ပေါက်ကွဲမှု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသော ကြောင့် ရန်ကုန်နေ ပြည်သူလူထုမှာ ကျီးလန့်စာစား ဘဝသို့ ရောက်ရှိနေကြသည်။လသာမြို့နယ်အတွင်းရှိ ရွှေစင် ရွှေဆိုင်ရှေ့တွင် ခရီးသည်တင်ယာဉ်တစီး ပေါက်ကွဲမှုဖြစ်စဉ်

“တနေ့တနေ့ ဗုံးကို ဖင်ခုထိုင် နေရသလိုပဲ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ရန်ကုန်မြို့ထဲသို့ နေ့စဉ် ရုံးတက်ရုံးဆင်း ပြုလုပ်နေ ရသူ ကုမ္ပဏီဝန်ထမ်း တဦးကပြောသည်။ ဗုံးဆိုသည် မှာ စီအန်ဂျီဓာတ်ငွေ့ထည့်သည့် စလင်ဒါ အိုးများကို ဆိုလိုသည်ဟု သူကဆို၏။

ခရီးသည်တင် ယာဉ်များကို ဓာတ်ဆီ၊ ဒီဇယ်သုံးသည့် ယာဉ်အဖြစ်မှ စီအန်ဂျီဓာတ်ငွေ့သုံး ယာဉ်များအဖြစ်သို့ ပြောင်းလဲ တပ်ဆင်ခဲ့သည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်။ ထိုကဲ့သို့ ပြောင်းလဲ တပ်ဆင်ရာတွင် ယာဉ်လိုင်းများကို ရပ်နားထားရသည့် အတွက် အချိန်နှင့် ငွေကြေး ဆုံးရှုံးရပြီး စီအန်ဂျီဓာတ်ငွေ့သုံး ယာဉ်အဖြစ် ပြောင်းလဲ တပ်ဆင်ခ အနေနှင့် ကျပ် ၁၀ သိန်း ဝန်းကျင် ကုန်ကျခံခဲ့ရသည်။

၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရသည် ခရီးသည်တင်ကားပိုင်ရှင်များကို စီအန်ဂျီဓာတ်ငွေ့သုံး ယာဉ်များအဖြစ် ပြောင်းလဲ တပ်ဆင် အသုံးပြုရန် ဖိအားပေး ခဲ့သည်။ ထိုကဲ့သို့ စီအန်ဂျီ ဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲ တပ်ဆင်မှုကို တာဝန်ယူ သည့် ကုမ္ပဏီမှာ IGE ကုမ္ပဏီ ဖြစ်ပြီး စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ သားများ ဖြစ်ကြသော ဦးနေအောင်နှင့် ဦးပြည်အောင်တို့ ပိုင်ဆိုင်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအဝန်းမှ ကြားသိရသည်။

စီအန်ဂျီဓာတ်ငွေ့အိုးများ ပေါက်ကွဲမှုမှာ ယခုနှစ်ပိုင်းတွင် စတင်ဖြစ်လာခဲ့ပြီး အကြိမ်ရေအား ဖြင့် စိပ်လာခဲ့သည်။ ယခု စက်တင်ဘာနှင့်အောက်တိုဘာ ၂ လအတွင်းမှာပင် ခရီးသည်တင် ယာဉ်ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့သည်။

“ဖြစ်သင့်တာက တနှစ်တခါ လိုင်စင်ဝင်တဲ့အချိန်မှာ အဲဒီစီအန်ဂျီစနစ်မှာ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ၊ အိုးတွေ အကုန်လုံး လုံခြုံရဲ့လားဆိုတာကို သေချာစစ်ဆေးပြီးတော့မှ သက်တမ်း တိုးပေးသင့်ပါတယ်” ဟု စက်မှုတက္ကသိုလ် ကျောင်းဆင်း တဦးက သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဓာတ်ဆီ၊ ဒီဇယ်ဆီ သုံး ယာဉ်များမှ စီအန်ဂျီ ဓာတ်ငွေ့သုံး ယာဉ်များ အဖြစ် ပြောင်းလဲလိုက်သည်မှာ ၃ နှစ်ခန့် ကြာပြီဖြစ်သောကြောင့် ဝါရှာများ၊ ပိုက်များ ယိုယွင်း ပျက်စီးမှု ရှိနိုင်သည်ဟု ဆိုသည်။

“ပိုက်တွေ၊ ဝါရှာတွေ ပျက်စီးနေရင် ဓာတ်ငွေ့ကစိမ့်နေနိုင်တယ်။ ဓာတ်ငွေ့ယိုတာက ဓာတ်ဆီတို့ ဒီဇယ်တို့ ယိုတာလို မမြင်ရတော့ ပိုဆိုးတာပေါ့ဟု” သူကပြောသည်။

ယာဉ်လိုင်စင် သက်တမ်းတိုးရာတွင် အချိန်ကုန်သဖြင့် ယာဉ်ပြေးဆွဲရာ၌ နှောင့်နှေးမည် စိုးသောကြောင့် မိမိကားကိစ္စ မြန်မြန်ပြီးစီးစေရန် ယာဉ်ပိုင်ရှင်ဘက်က လာဘ်ထိုးခြင်း ယာဉ်ကိုစစ်ဆေးသူကလည်း လာဘ်ယူ၍ အပေါ်ယံသာ အမြန် စစ်ဆေးခြင်းများ ရှိကြောင်း ကြားသိရသည်။

စက်တင်ဘာ ၉ ရက်နေ့က လှည်းတန်းမီးပွိုင့်အနီး ကားပေါက်ကွဲကာ မီးလောင်ပျက်စီးခဲ့မှုနှင့် ပတ်သက်၍ စစ်အစိုးရက ပေါက်ကွဲမှု ဖြစ်သည် ဟုသာ ပြောပြီး ဓာတ်ငွေ့အိုး ပေါက်ကွဲသည် ဟု မပြောဘဲ တရားခံကို ဖော်ထုတ်မည်ဟု မြန်မာ့ အလင်း သတင်းစာတွင် ရေးသားထား သည်။

“အစိုးရက လူတွေ စီအန်ဂျီကား မစီးရဲမှာစိုးလို့ ဓာတ်ငွေ့အိုးပေါက်တာလို့ မပြောဘူး။ ဗုံးလိုလို ဘာလိုလို လုပ်ထားတယ်” ဟု သန်လျင်တွင် နေထိုင်သူ တဦးကပြောပြသည်။

ယခုနောက်ပိုင်းတွင် ယာဉ်ပေါက်ကွဲမှုများ အကြိမ်ရေစိပ်လာသဖြင့် ရန်ကုန်နှင့် အနီးတဝိုက် နေထိုင်သူတို့မှာ လိုင်းကား စီးရန် ကြောက်ရွံ့နေကြသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် စိတ်ဆင်းရဲနေကြရသည်ဟု သူက ဆက်လက် ပြောပြသည်။

“သန်လျင်ကနေ ရန်ကုန်ကို မိနစ် ၄၀ လောက် အနည်းဆုံး စီးရတယ် ကားပေါ်မှာ တထိတ် ထိတ်နဲ့ ဘုရားစာသာ ရွတ်ပေ တော့ပဲ။ ကိုယ်လိုတဲ့နေရာရောက်မှ ဟင်းချနိုင်တယ်။ ဒါပေမယ့် ညနေ အပြန်ကျ တခါ စိတ်ဆင်းရဲရပြန်ရော” ဟု ၎င်းကဆိုသည်။

ယခင်ကဆိုလျှင် ညနေ ရုံးဆင်းအိမ်အပြန်အတွက် ကားကျပ်မှာကိုသာ ပူပန်နေရသော်လည်း ယခုအခါ မည်သည့်အချိန်၌ အသက်နှင့်ကိုယ် အိုးစားကွဲမည်ကို ပူပန်နေရသည်ဟု သူက ပြောသည်။

“အိမ်မှာကျန်ခဲ့တဲ့ သူတွေလည်း တထိတ်ထိတ်ပါပဲဗျာ” ဟု ၎င်းက ဆက်ပြော၏။

မနေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဆိုလျှင် လက်ရှိဖြစ်ခဲ့သည့် ကားပေါက်ကွဲမှုများ၌ အကြီးမား ဆုံးဟု ဆိုရမည်ဖြစ်သည်။ လူ ၇ ဦးသေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ရန်ကုန်လူထုမှာ စိတ်မချမ်း မသာ ဖြစ်နေရသည်။ ထိုဖြစ်ရပ်ကို ရဲအရာရှိက စီအန်ဂျီဓာတ်ငွေ့အိုး ပေါက်ကွဲသည်ဟု ယူဆခဲ့သည်။

ရန်ကုန်နေပြည်သူ အများစုမှာ ခရီးသည်တင်ယာဉ်များကိုသာ အားကိုးနေရပြီး အနည်းစုသာ တက္ကစီစီးနိုင်သည့် လူတန်း စားဖြစ်သည်။ သို့ရာတွင် တက္ကစီစီးရေ၏ ၈၀ ရာခိုင်နှုန်းမှာလည်း စီအန်ဂျီဓာတ်ငွေ့သုံး ယာဉ်အဖြစ် ပြောင်းလဲ တပ်ဆင်ပြီးဖြစ်သည်။

“နအဖ က ဘတ်စ်ကားစီးတာမှ မဟုတ်ဘဲ။ ပြည်သူတွေ ထိခိုက်တာ သူတို့ ထိခိုက်တာ မဟုတ်တော့ ဂရုစိုက်မှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့ခံ တဦးကပြောသည်။

ရန်ကုန်နှင့် အနီးတဝိုက်တွင် နေထိုင်သူ အများစုမှာ ရွေးချယ်စရာ မရှိသည့် အနေအထားဖြင့် နေ့စဉ် လုံခြုံမှုမရှိသော ဘဝတွင် ကျင်လည်နေကြရသည်။

“ကားစီးတော့လည်း ဘယ်အချိန်ကားထပေါက်မလဲ ကြောက်ရ၊ မှတ်တိုင်မှာ ကားစောင့်ရင်း လည်း ဗုံးပေါက်ကွဲမလား ကြောက်ရ၊ အိမ်ထဲထိုင်နေပြန်တော့ ဓားပြလာတိုက်မလား ကြောက်ရနဲ့ အချိန်တိုင်း ကြောက်နေရတော့တာပဲ” ဟု ရန်ကုန်မြို့ခံက ပြောဆိုသည်။

မကြာမီကာလတွင် စားရေရိက္ခာ ပြတ်လပ်မည်ကို မုန်တိုင်း ဒုက္ခသည်များက စိုးရိမ်
ဧရာဝတီ အောက်တိုဘာ ၁၄၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ရိက္ခာ ထောက်ပံ့နေမှုကို မကြာမီက လျှော့ချလိုက်သောကြောင့် နိုင်ငံတကာအကူညီများ ရပ်ဆိုင်းသွား မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရသည်။

လပွတ္တာဒေသခံ ကိုအေးကြူက“ဒုက္ခသည်တွေက WFP ထောက်ပံ့နေတဲ့ ဆန်၊ ဆီ၊ ပဲစတဲ့ ရိက္ခာ ထောက် ပံ့မှုတွေ ရပ်မှာ ပူပန်နေကြတယ်၊ တချို့ဆိုရင် ဟင်းသီးဟင်းရွက် စိုက်တာ တို့၊ ငါး၊ ပုစွန်ဖမ်းတာတို့ ပြန်လုပ် ဖို့ ပြင်ဆင်နေကြတယ်၊ တကယ်သာ ရပ်လိုက်ရင်တော့ အားလုံးဒုက္ခရောက်ကုန် မှာ အမှန်ပါပဲ” ဟု ဧရာဝတီ သို့ ပြောသည်။

ဘိုကလေးမှ ပြန်လည်ထူထောင်ရေး လုပ်သားတဦးကလည်း “WFP က ဒီဒေသမှာပေးနေတဲ့ အထောက်အ ပံတွေကို လျှော့ချလိုက်တယ်၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သက်ဆိုင်ရာဒေသ အာဏာပိုင် တွေက ကြီးကြပ်ဆောင် ရွက်နေတယ်၊ ဘိုကလေးမြို့နားကရွှေပြည်အေးရွာမှာဆိုရင် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်ဖို့ ရွာသားတွေကို အာဏာပိုင်တွေက ဖိအားပေးတယ်၊ ငြင်းတဲ့ သူတွေ ကို ၂၀၀၀ ကျပ် ဒဏ် တပ်တယ်”ဟုပြောသည်။

WFP အနေဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဒေသများ၏ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ပြောင်းလဲ ဆောင်ရွက်သွားရန်အစီအစဉ် ရှိသောကြောင့် လက်ရှိအစားအစာဖြန့်ဝေပေးနေခြင်းကို အောက်တို ဘာလ အကုန်တွင် ရပ်တန့်နိုင်ဖွယ်ရာရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ထောက်ပံပေးနေသည့် ရိက္ခာများလျှော့ချလိုက်ကြောင်း ၀န်ခံခဲ့သော်လည်း အောက်တိုဘာလ အကုန်တွင် ရိက္ခာထောက်ပံမှု ရပ်တန့်မည့် အစီအစဉ်ကိုမှု WFP က အတည်ပြုပြောကြားခြင်း မရှိပေ။

WFP ပြောခွင့်ရ ပေါလ်ရစ္စလေက“လတ်တလောမှာတော့ ကျနော်တို့ဟာ အစားအသောက်တွေကို ဖြန့်ဝေ ပေး နေဆဲဖြစ်ပါ တယ်၊ ရှေ့အစီအစဉ်နဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ဘာမှ မပြောနိုင်သေး ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းပုဂ္ဂလိက အလှူရှင်များ လာရောက်မှုများကို အာဏာပိုင်များက တင်ကျပ်မှုများ ပြုလုပ်နေခြင်းသည် လည်း ဒုက္ခသည်များ စားရေရိက္ခာ အကူအညီများရရှိရန် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း သိရသည်။

“ပြည်တွင်းပုဂ္ဂလိက အလှူရှင်တွေကိုလည်း ဒုက္ခသည်တွေဆီကို မသွားနိုင်အောင် အာဏာပိုင် တွေက တင်း ကျပ်နေတယ်၊ လာလည်တဲ့ ဧည့်သည်တိုင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်” ဟု လပွတ္တာမြို့ခံတ ဦး က ပြောသည်။

ယခုအခါယင်းဒေသတွင် ၁၀ ရက်ခန့် မိုးရွာသွန်းမှုမရှိသဖြင့် သောက်သုံးရေရရှိရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရ ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရှေ့လာမည့်သီတင်းပတ်အတွင်း မြန်မာ့နိုင်ငံတွင် မိုးရာသီ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် မုန်တိုင်းဒဏ် သင့်ဒေသ များတွင် သောက်သုံးရေပြတ်လပ်သည့် ပြဿနာမှာပိုမိုဆိုးဝါးနိုင်ကြောင်း သိရသည်။

လပွတ္တာနှင့်ဘိုကလေးမြို့တို့သည် မေလ ၂ ရက်နှင့် ၃ရက်နေတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော ဒေသများဖြစ်ပြီး မြန်မာ့ အာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ချက် များအရ သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း ၁၄၀၀၀၀ခန့်ရှိသည်။

မယ်လမင်းဓာတ်ပါဝင်သော နို့မှုန့် ၇ မျိုး ပြည်တွင်းဈေးကွက်တွင် ထပ်မံတွေ့ရှိ
ကြည်ဝေ အောက်တိုဘာ ၁၄၊ ၂၀၀၈

ပြည်တွင်းတွင်ရောင်းချလျှက်ရှိသော နို့မှုန့်အမျိုးအစား ၈၇ မျိုးအနက် ၇ မျိုးတွင် မယ်လမင်းဓာတ် ပါဝင်သည်ကို ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အမိန်ကြေညာစာ အမှတ် ၄၂/ ၂၀၀၈ အောက်တိုဘာ လ ၁၃ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့သည်။

နို့မှုန့်နှင့် နို့ထွက်ပစ္စည်းများ၊ အစားအသောက်များ၌ မယ်လမင်းဓာတ် ပါဝင်မှု ရှိမရှိ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမှတ် (၁) စက်မှု ၀န်ကြီးဌာနတို့က ဆက်လက် စမ်းသပ်စစ်ဆေးလျက်ရှိပြီး စစ်ဆေး တွေ့ရှိချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော နို့မှုန့်များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်) နှင့်ဆေးဝါးထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးရေးဌာနတို့က Melamine Assay Test Kit ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မယ်လမင်းဓာတ်တွေ့ရှိသည် ဆိုသော နို့မှုန့်အမျိုးအစား များမှာ Full Cream Milk power-GOLDEN RIVER, Calcium Milk Power-BUTTERFLY, Full Cream Milk power-Yu-Li, Sweet Whey Powder, Non-Dairy Cream (Korean), Non Dairy Cream (China), Elfalac A+ တို့ဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်ထဲတွင် အဆိုပါ အမှတ်တံဆိပ်များနှင့် နို့မှုန့်များ ရှိနေသည့်ပြင် မည်သည့် အမှတ်တံဆိပ်မှ မတပ်ဘဲ ပလတ်စတစ် အိပ်ငယ်များအတွင်း နို့မှုန့်များကို လက်လီထည့်သွင်းကာ ငွေကျပ် ၁၀၀ ဖြင့် လူနေရပ်ကွက်များ အတွင်း ရောင်းချလျက် ရှိသည်ကိုလည်း တွေ့မြင်နေရသည်။

အဆိုပါ ကျပ် ၁၀၀ တန် နို့မှုန့်ထုပ်များကို အခြေခံလူတန်းစား အများစုက စားသုံးလျှက်ရှိသည်။ ထိုနို့မှုန့်များမှာ တရုတ်နိုင်ငံ မှ ဈေးပေါပေါနှင့် ၀င်ရောက်လာသော သက်တမ်းလွန် နို့မှုန့်များကို ပလတ်စတစ် အိပ်ငယ်များ အတွင်း ထည့်သွင်း ရောင်းချခြင်း ဖြစ်ကြောင်း ညောင်ပင်လေးဈေးမှ ကုန်သည်တဦးက ပြောပြသည်။

“ကျမတို့က မတတ်နိုင်တော့ ကျမ အလုပ်သွားတဲ့အချိန်မှာ သမီးကို တထုပ် ၁၀၀ တန် နို့မှုန့်တွေကိုပဲ ၀ယ်တိုက်နေခဲ့တာ။ ခုဆို သမီးက ၆ လတောင် ကျော်နေပြီ။ သမီးအတွက် စိတ်ပူမိတယ်။ ဒီနို့မှုန့်တွေက အန္တရာယ်ရှိတယ်ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး” ဟု သာကေတမြို့နယ်၊ ၉ ရပ်ကွက်အတွင်း နေထိုင်သူ ကလေးမိခင်တဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၀င်ငွေနည်းမိသားစုများမှာ ၎င်းတို့၏ ကလေးငယ်များကို နို့မှုန့်အစား နို့ဆီနှင့် ရေနွေး ဖျော်တိုက်ကြ သည်။ တချို့သော နို့ဆီများမှာ တရုတ်ပြည်မှ လာသော ဈေးနှုန်းသက်သာသည့် နို့မှုန့်များဖြင့် ပြုလုပ်ထားသည်ကို သိရှိရ ကြောင်း ဗဟို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“ဒီမှာက တရုတ်နို့မှုန့်တွေကို အသုံးပြုကြတာ များတော့ ကျနော်တို့အနေနဲ့ ကော်ဖီမစ်တွေ၊ ဘီစကစ်တွေ၊ ချောကလက်၊ သကြားလုံးတွေကိုပါ စစ်ဆေးဖို့လိုနေပါတယ်” ဟု သူက ဆိုသည်။

သူ၏ ပြောပြချက်အရ နို့မှုန့်ကို သုံး၍ ပြုလုပ်လျက်ရှိသော စားသောက်ကုန်ပစ္စည်းများမှာ နို့ဆီ၊ သကြားလုံး၊ ဘီစကစ်၊ ချောကလက်၊ နို့အေးချောင်း၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ရေခဲမုန့်။ လက်ဖက်ရည် ကော်ဖီဖျော်ရာတွင် အသုံးပြုသော ကော်ဖီမိတ်တို့ ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများတွင် ၄၁/၂၀၀၈ ကြေညာချက် ထုတ်ပြန်ထားပြီး မယ်လမင်းပါဝင်သော နို့မှုန့် အမျိုးအစား ၉ မျိုး ဖော်ပြ ထားသည်ကို တွေ့ရသည်။

အဆိုပါ ကိုးမျိုးမှာ Star Milk Powder (20 gm), Crown, Happy Baby Topys, Dulac (Dumex step1) (Infant Formula), Star (450 gm), Mandalay-Raw Powder, Whole sweet Milk Powder(two Cows,Shi Lin), Rainbow Milk powder, Enfagrow Milk Powder တို့ဖြစ်ကြောင်း အစိုးရပိုင် သတင်းမီဒီယာများတွင် ဖော်ပြ ထားသည်။

ထို နို့မှုန့် ၉ မျိုးတွင် ပါဝင်သော Dulac (Dumex step1) (Infant Formula) မှာ ဈေးနှုန်း မြင့်မားသဖြင့် မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစားများ မတိုက်ကျွေးနိုင်ဘဲ အနည်းငယ် ငွေကြေးတတ်နိုင်သည့် ကလေးမိဘများ သုံးစွဲသည့် အမျိုးအစား ဖြစ်သည်။ အဆင့် ၁ ဖြစ်သောကြောင့် မွေးကင်းစ ကလေးများကို တိုက်ကျွေးကြသည်။

မြန်မာနိုင်ငံတွင်း ရှိနေခဲ့သော Inner Mongolia Yili Industrial Group ထုတ် နို့မှုန့် အလေးချိန် ၁၆ မက်ထရစ်တန်ကို အောက်တိုဘာလ ၄ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

တရုတ်နိုင်ငံထုတ် နို့မှုန့်တချို့တွင် မယ်လမင်းဓာတ်များ ပါဝင်နေသောကြောင့် ကလေးငယ်ပေါင်း ၅၄၀၀၀ ခန့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၄ ဦးမှာ အသက်သေဆုံးခဲ့ရသည်။

ရန်ကုန်မီးထွန်းပွဲတော် စည်ကားခြင်းမရှိ
ကိုသက် အောက်တိုဘာ ၁၄၊ ၂၀၀၈

ယခုနှစ်ကျရောက်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်သည် ရန်ကုန်မြို့တွင် စည်ကားခြင်းမရှိကြောင်း မြို့နေလူထုက ဧရာဝတီကို ပြောဆိုကြသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အိမ်ရှင်မတဦးက “ကျမတို့ဆီမှာ သီတင်းကျွတ်က တိတ်ဆိတ်လို့ … မီးကလည်း လာလိုက်၊ ပျက်လိုက်နဲ့ ဘာပွဲလမ်းသဘင်မှမရှိဘူး” ဟု ပြောသည်။

အထက်တန်းကျောင်းသူ တဦးကလည်း “ဘာမှလဲမရှိဘူး၊ ဗြောက်အိုးလဲမဖောက်ရဘူး … ငယ်ငယ်တုန်းကမှ ရဟတ်တွေ ဘာတွေစီးနဲ့ ပျော်စရာကောင်းသေးတယ်၊ ဒီနှစ်က ဘာကြီးမှန်းကိုမသိတာ … လမ်းဘေးဈေးသည် ဟိုနားနည်းနည်း ဒီနားနည်းနည်းလောက်ပဲ ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အဖိတ်၊ လပြည့်နှင့် လပြည့်ကျော်တရက်ဟူ၍ ၃ ရက် ကျင်းပလေ့ရှိရာ ယခုအခါ မီးထွန်းပွဲတော်မမည်ဘဲ တိတ်ဆိတ်နေခြင်း ဖြစ်သည်။ ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။

အမည်မဖော်လိုသည့် dj တဦးက “ic က မျှော်စင်ကျွန်းမှာတီးမယ်၊ စိုင်းစိုင်းခမ်းလှိုင်တို့အဖွဲ့တွေက ယုဇနပလာဇာမှာ … အဲဒီ ၂ ပွဲပဲရှိတယ်။ အိမ်တွေကတော့ မီးတွေထွန်းကြတာပေါ့၊ ကလေးတွေကတော့ လမ်းတွေမှာ လျှောက်သွားနေကြတာပဲ၊ ဘာမှတော့မရှိပါဘူး” ဟု ပြောသည်။

ရန်ကုန်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များက သီတင်းကျွတ်ပွဲတော်ကို လူနေရပ်ကွက်များတွင် ကျင်းပကြပြီး စင်မြင့်ဖျှော်ဖြေ ပွဲများ၊ အငြိမ့်ပွဲ၊ ဆိုင်းဝိုင်း၊ တေးသရုပ်ဖော် အစရှိသည့် ဖျော်ဖြေမှုများအပြင် ချားရဟတ်များ၊ စားသောက်ဆိုင်နှင့် တခြား အရောင်းဆိုင်များကို ပွဲတော်ကျင်းပသည့်နေရာတွင်ဖွင့်လှစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည်။

တောင်ဒဂုံမြို့သစ်မြို့နယ်ရှိ အသက် ၃၀ ကျော်အမျိုးသားတဦးက “ကျနော်တို့ငယ်ငယ်က သီတင်းကျွတ်ကမှ သီတင်းကျွတ် ပီသတာပါ။ အခုဟာက ဘာပွဲလမ်းမှလည်းမရှိဘူး၊ မီးထွန်းတာလည်း မတွေ့ရဘူး။ တချို့အိမ်တွေမှာ ဖယောင်းတိုင် နည်းနည်းပါးပါးထွန်းတာပဲ ရှိတယ်။ တနယ်ခြားနယ်တွေမှာတော့ မပြောတတ်ဘူး၊ ရှိမယ်လို့တော့ မထင်ပါဘူး” ဟု ပြောသည်။

ကုမ္ပဏီဝန်ထမ်းတဦးကလည်း “အခုခေတ်ကလေးတွေ သနားစရာသိပ်ကောင်းတယ်၊ ဘာပွဲလမ်းသဘင်မှ မရှိကြရှာဘူး။ လူကြီးမိဘတွေကို ကန်တော့ကြတာလောက်ပဲ ရှိတော့တယ်” ဟု ပြောဆိုသည်။

ယနေ့နံနက်ပိုင်းကမူ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

၈၈ မျိုးဆက်ကျောင်းသားများကို တရားရုံးပြောင်းရွှေ့
ကိုသက် အောက်တိုဘာ ၁၄၊ ၂၀၀၈

ယမန်နေ့ နေ့လယ်ပိုင်းကရုံးထုတ်သည့် ၈၈ မျိုးဆက်ကျောင်းသားများကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နှင့် လှိုင်သာယာ တရားရုံးများမှ အရှေ့ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းလိုက်သည်ဟု ၎င်းအမှုကို လိုက်ပါဆောင်ရွက်ရှိသော အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် ဦးခင်မောင်ရှိန်က ပြောသည်။

“အမှုအခြေအနေက တရားရုံးပြောင်းလိုက်တဲ့အခါကျတော့ မစစ်ဖြစ်သေးဘူး။ တရားသူကြီးနဲ့ အမှုမှာ လိုက်ပါဆောင်ရွက် နေတဲ့ရှေ့နေတွေကို မိတ်ဆက်တယ်။ လှိုင်သာယာတရားရုံးနဲ့ အင်းစိန်တရားရုံးက အမှုတခုချင်းစီမှာ အရှေ့ပိုင်းခရိုင်တရား ရုံးကို အမှုနံပါတ်ဘယ်လောက်နဲ့ပြောင်းတယ်ဆိုတာကို ရှင်းပြတယ်” ဟု ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

တရားခံပြေးဟုသတ်မှတ်ထားသော ၈၈ မျိုးဆက်ကျောင်းသူများဖြစ်ကြသည့် မနီလာသိန်းနှင့် မမာမာဦး တို့ကိုလည်း အဆိုပါအမှုတွင်တွဲကာ ရုံးထုတ်သဖြင့် မူလက ကိုမင်းကိုနိုင်အပါအ၀င် အမှုတွဲ ၃၅ ဦးသည် ယခု ၃၇ ဦး ဖြစ်သွားသည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

မနီလာသိန်းသည် လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပြီး လွန်ခဲ့သည့်လက အဖမ်းခံခဲ့ရသည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရပြီး ယခုအခါ ၎င်းတို့ ဇနီးမောင်နှံသည် အမှုတွဲများအဖြစ် တရားရင်ဆိုင်နေကြရသည်။

အသက် တနှစ် ငါးလသာရှိသေးသည့် မနီလာသိန်းနှင့် ကိုဂျင်မီတို့၏သမီးငယ် ဖြူနေကြည်မင်းယုသည် လေးလသမီး အရွယ် ကတည်းက မိဘများနှင့် နေထိုင်ခွင့်မရခဲ့ပေ။

၈၈ မျိုးဆက်ကျောင်းသားများ၏အမှုများကို အရှေ့ပိုင်းခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးတို့က ဆက်လက် စစ်ဆေးမည်ဖြစ်ပြီး လာမည့် ၂၇ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားသည်။

၈၈ ကျောင်းသားအဖွဲ့မှ တရားစွဲခံထားရသူ ၃၇ ဦးအနက် ၃၆ ဦးမှာ ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်ကျခဲ့ဖူးသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင် ဂမ္ဘီရကို ယမန်နေ့က အင်းစိန် ထောင်ရှိ ကမာရွတ်မြို့နယ်တရားရုးတွင် ရုံးထုတ်ကာ စွဲဆိုထားသည့်အမှု ၉ မှုကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးလှုပ်ရှားသူများအား ရုံးထုတ်စစ်ဆေးရာတွင် မိသားစုဝင်များ တရားရုံးအတွင်းသို့ ၀င်ရောက်ကြားနာခွင့်ကို လွန်ခဲ့ သည့်လဆန်းပိုင်းက ခွင့်ပြုခဲ့သော်လည်း ယခုလဆန်းပိုင်းကစ၍ ခွင့်မပြုတော့ပေ။

ယမန်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးထုတ်ရာ အင်းစိန်ထောင်ဘူးဝသို့ မိသားစုဝင်များ သွားရောက်စောင့်ဆိုင်းနေ ကြသော်လည်း အာဏာပိုင်တို့က ၀င်ရောက်ခွင့်မပြုခဲ့ပေ။

တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့်ရရေးအတွက် အဖမ်းဆီးခံနိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များက အကျဉ်း ဦးစီးဌာနအပါအ၀င် အာဏာပိုင်တို့ကို ယခုလ ၁၁ ရက်နေ့က စာတင်ထားသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

စစ်တွေ ဆွမ်းဆန်လောင်းပွဲ သံဃာတော်အရေအတွက် ကန့်သတ်ခံရ
ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 13 2008 11:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သီတင်းကျွတ်လပြည့်နေ့ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားလာမှာကို စိုးရိမ်နေသော အာဏာပိုင်များက ဘုန်းကြီးကျောင်းတကျောင်းလျှင် သံဃာတော် ၂ ပါးသာ အလှုခံထွက်ရန် ကန့်သတ်ထားသည်။
အလှုခံထွက်မည့် ရဟန်းတော်များအနေဖြင့် အာဏာပိုင်များသို့ ဘွဲ့အမည်၊ ကျောင်းအမည်များ ကြိုတင်ပေးထားရပြီး စုရပ်နေရာတွင်သာ အလှုခံရမှာဖြစ်သည်။ ထို့အပြင် ဘုန်းကြီးကျောင်း တကျောင်းလျှင် ၂ ပါးထက်ပိုမကြွရန် တားမြစ်ထားသည်။
ကန့်သတ်လိုက်ခြင်းသည် သာသနာကို ညိုးနွမ်းအောင် လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက စွပ်စွဲပြောဆိုလိုက်သည်။

” သံဃာတော်တွေက ၀ိနည်းတော်နဲ့ အညီ ဘုရားအဆုံးအမအောက်မှာ နေကြရတယ်လေ။ ဒီလို မြတ်စွာ ဘုရားအပေါ်ကနေ အာဏာပိုင်တွေ စီးမိုးပြီးတော့ ဘာသာ၊ သာသနာကို ရိုက်ချိုး ပစ်လိုက်သလို ဖြစ်နေတယ်။ မလုပ်သင့် မလုပ်ထိုက်ဘူး။ … ဒကာ၊ ဒကာမတွေဘက်ကိုဆိုရင်လည်း ခြိမ်းခြောက်မှုတွေလုပ်တယ်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ဆော်ကားရာရောက်တယ်။ ရိုးရာ အစဉ်အလာ တခုလုံးကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်နေတယ်လေ” ဟု ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဘုန်းကြီးကျောင်း ၂၅၀ ခန့်ရှိသည့် နိုင်ငံရေးလှုပ်ရှားမှုအားကောင်းသည့် ပြည်နယ်မြို့တော်တွင် ယခင်နှစ်က သီတင်းကျွတ်လပြည့် အလှုပွဲသို့ သံဃာတော် အပါး ၁၅၀၀ ကျော် ကြွရောက်ခဲ့သည်။

အတိုက်အခံလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိသော စစ်တပ်အုပ်ချုပ်သည့် နိုင်ငံတွင် ယမန်နှစ်ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း သံဃာတော်များက စီတန်းလမ်းလျှောက်မှုများဖြင့် အာဏာပိုင်များကို အာခံတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက်နေ့က သံဃာတော်အပါး ၁၅၀ ခန့်သည် တိတ်ဆိတ်ငြိမ်သက်စွာ စစ်တွေမြို့တွင်း လမ်းလျှောက်ခဲ့ကြသည်။ ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်ဟု ရဟန်းတော်များက ပြောသည်။

မြန်မာနိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်မည်ဟု ဗြိတိန်က ကတိပြု
မုံပီးနှင့်ဆော်လမွန်
အင်္ဂါနေ့၊ အောက်တိုဘာလ 14 2008 13:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်နိုင်သမျှ လုပ်ပါမည်ဟု ဗြိတိသျှ အစိုးရက ကတိပြု ပြောကြား လိုက်ပါသည်။ ယင်းကတိပြုချက်သည် ယူနိုက်တက်ကင်းဒမ်း နိုင်ငံမှ ကင်ပိန်း လှုပ်ရှားသူများ အွန်လိုင်းတွင် တင်ထားသည့် ပန်ကြားချက်ကို တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

ဝန်ကြီးချုပ်၏ ဝက်ဘ်ဆိုက်ဖြစ်သော (www.number10.gov.uk/page17117) တွင် တင်ထားခဲ့သည့် ပန်ကြားချက်ကို ဗြိတိသျှအစိုးရက တုံ့ပြန်ရာတွင်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် အစိုးရအတွက် ဦးစားပေြး ဖစ်မြဲဖြစ်နေဆဲ ဖြစ်ပြီး ဝန်ကြီးချုပ် ကိုယ်တိုင်လည်း လွန်ခဲ့သော ၁၂ လလုံးလုံး ဤအတိုင်း ဆောင်ရွက်ခဲ့ပါသည်ဟု ဖြေကြားထားပါသည်။ မြန်မာပြည်သူများအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကတိပြုထားပါသည်။

"မြန်မာ ပြည်သူပြည်သားများ သူတို့နှင့် ထိုက်တန်သည့် ငြိမ်းချမ်းသာယာ ဝပြော၍ ဒီမိုကရေစီရှိသော အနာဂါတ်ကို ရယူ ပိုင်ဆိုင်နိုင်ရေးအတွက် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်၍ ဗြိတိသျှအစိုးရက ဆက်လက် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်" ဟု တုံ့ပြန်ချက်တွင် ဖြေကြားထားပါသည်။

မြန်မာ စစ်အာဏာပိုင်များက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ရက်ရက်စက်စက် နှိမ်နင်းအပြီး ဘားမားကင်ပိန်း ယူကေ (BCUK) ကအွန်လိုင်းပေါ်တွင်တင်ထားသည့် ပန်ကြားချက်ကို အစိုးရက တုံ့ပြန် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။

အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ဖြေကြားခဲ့သော အဆိုပါ တုံ့ပြန်ချက်တွင် စစ်အစိုးရ လက်အောက်တွင် ဖိနှိပ်မှုများကို ဆက်လက် ခံစားနေရရုံသာမက မေလအတွင်းက လူပေါင်း သိန်းနှင့်ချီ၍ သေဆုံးခဲ့ရပြီး၊ လူပေါင်း ၂.၄ သန်း အိုးအိမ် စည်းစိမ်များ ပျက်စီးခဲ့ရသည့် ဆိုင်ကလုံးနာဂစ်၏ ဖျက်ဆီးမှုကို ခံခဲ့ရသည့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအတွက် စိုးရိမ်ပူပန်ကြောင်းလည်း ဖေါ်ပြထားပါသည်။

လူပေါင်း ၅ဝဝဝ ကျော် လက်မှတ် ရေးထိုးထားသည့် ဤအွန်လိုင်း ပန်ကြားချက်တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အစဉ်တစိုက် ထောက်ခံခဲ့သည့်အတွက် ဗြိတိသျှ အစိုးရကို ချီးကျူး ပြောဆိုထားပြီး၊ မြန်မာ့အရေးတွင် ကမ္ဘာ့ခေါင်းဆောင် များနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်ပါရန်နှင့် အပြောင်းအလဲအတွက် အချိန်ဇယား သတ်မှတ်ချက်နှင့် အပြောင်းအလဲ၏ စံအဆင့် သတ်မှတ်ချက်များကိုပါ ပြုလုပ်ပေးပါရန်လည်း ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကို တိုက်တွန်း ပြောဆိုထားပါသည်။

"မြန်မာနိုင်ငံတွင်း အပြောင်းအလဲများအတွက် အချိန်ဇယား သတ်မှတ်ချက်နှင့် အပြောင်းအလဲ စံအဆင့် သတ်မှတ်ချက်များ ထားရှိပေးပါရန် ဝန်ကြီးချုပ်ကို ကျွန်ုပ်တို့ တောင်းဆိုပါသည်။ တိုးတက်မှု တစုံတရာ မရှိခဲ့ပါက စစ်အစိုးရအပေါ် နိုင်ငံရေးနှင့် စီးပွါးရေး ဖိအားများ တဆင့်ပြီးတဆင့် ချမှတ်ရန် လိုပါသည်" ဟု အဆိုပါ ပန်ကြားချက်တွင် ရေးသားထားပါသည်။

ဤအတောအတွင်း မြန်မာ လူ့အခွင့်ရေး လှုပ်ရှားသူ တဦးဖြစ်သော ဇိုယာဖန်း (Zoya Phan) ကလည်း ချက်သမတ နိုင်ငံ ပရပ်ဂ်မြို့တွင် ကျင်းပသော ဖိုရမ် ၂ဝဝဝ ကွန်ဖရင့် ၁၂ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဖိနှိပ်ချုပ်ချယ် လွန်းလှသည့် အစိုးရအောက် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို တနင်္လာနေ့က အကျယ်တဝင့် တင်ပြဆွေးနွေးသွားခဲ့ပါသည်။

BCUK ၏ အင်တာနေရှင်နယ် ကိုသြဒီနေတာ တဦးဖြစ်သူ၊ အောက်တိုဘာ ၁၂ မှ ၁၄ အထိ ကျင်းပခဲ့သည့် ကွန်ဖရင့်ကို တက်ရောက်ခဲ့သူ ဇိုယာဖန်းက သူမအနေနှင့် မြန်မာနိုင်ငံ အခြေအနေနှင့် စပ်လျဉ်း၍ လူအများ အပြား သိရှိနားလည်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောပါသည်။

"မြန်မာပြည်အကြောင်း မသိတဲ့ လူတွေက အများကြီး၊ ကျမလဲ မိန့်ခွန်းပြောပြီးရော သူတို့ ကျမဆီလာပြီး ကျမတို့ တိုင်းပြည်အကြောင်း မေးကြပါတယ်" ဟု ဖန်းက ပြောသွားပါသည်။

ဖန်းသည် ချက်သမတနိုင်ငံသို့ လော်ဘီခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်ပြီး၊ ကွန်ဖရင့်တွင် တက်ရောက် စကားပြောခွင့် ရခဲ့သူတဦး ဖြစ်ပါသည်။ ဤကွန်ဖရင့်ကို တကမ္ဘာလုံးမှ သမတဟောင်းများ၊ ဝန်ကြီးချုပ်ဟောင်းများ အပါအဝင် အကြီးတန်း နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြပြီး၊ ရုရှ၊ ဇင်ဘာဘွေ နှင့် အခြား ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ ရှိနေသည့် နိုင်ငံများမှ အတိုက်အခံ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပါသည်။

"ဥရောပနိုင်ငံတွေက ပြည်သူအများစုက မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိကြဘူး၊ အစိုးရတွေကလဲ စစ်အစိုးရနဲ့တွဲပြီး စီးပွါးရေးတွေ လုပ်နေတာဘဲ။ မြန်မာပြည်သူတွေအတွက် လုံလောက်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ မပေးကြဘူး" ဟု BCUK ၏ ဒါရိုက်တာ ဖြစ်သော မာ့ခ်ဖါမေးနား (Mark Farmaner) က ပြောဆိုသွားပါသည်။

ဇိုယာဖန်းသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတရပ် ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင် ကွယ်လွန်သူ ဖဒိုမန်းရှာ၏ သမီးဖြစ်ပြီး၊ မြန်မာ့အရေးအတွက် ကင်ပိန်းနှင့် လော်ဘီ လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေသူ ဖြစ်ပါသည်။

ထိုင်းနှင့် စင်ကာပူတို့က မြန်မာနိုင်ငံတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှု ပြုလုပ်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 13 2008 11:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွင် နောက်ထပ် ရင်းနှီးမြုပ်နှံမှုပြုရန် စစ်အစိုးရနှင့် သဘောတူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ မက်မောဖွယ်ရာ စွမ်းအင်ဈေးကွက်ဝေစုအပေါ် ခွဲတမ်း ပိုမိုရရှိသွားသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာအစိုးရ အရာရှိများသည် ထိုင်းအခြေစိုက် အီတလီ-ထိုင်း ဖွံဖြိုးတိုးတက်ရေး ပြည်သူ့ကုမ္ပဏီ၊ ဗြိတိသျှဗားဂျင်းကျွန်းမှ စင်ကာပူအခြေစိုက် ဝင်းဖော စွမ်းအင် ဝန်ဆောင်မှု ကုမ္ပဏီ တို့နှင့် ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ နားလည်မှု့သဘောတူစာချုပ် (MOU) ကိုလက်မှတ်ရေးထို့ခဲ့ကြသည်ဟု ယမန်နေ့က ထုတ်ဝေသော "နယူးလိုက်အော့(ဖ်) မြန်မာ" သတင်းစာက ဖော်ပြထားသည်။

ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ဖြည့်စည်းလျှက်ရှိသော ဒေသတွင်းနိုင်ငံများအတွက် ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း သဘောတူစာချုပ်သည် မြန်မာပြည် ဈေးကွက်သို့ အလုအယက် ၀င်ရောက်နေသော ရင်းနှီးမြုပ်နှံမှု့များ၏ နောက်ဆုံးပေါ်တခု ဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း အတွင်းဆောက်လုပ်ရန် ရှိသော ရေအားလျှပ်စစ်စက်ရုံသည် နှစ်စဉ် ၃၅ ဘီလီယံ ကီလိုဝပ် အထက်ထုပ်လုပ် နိုင်လိမ့်မည်ဟုဆိုသည်။

လွန်ခဲ့သောလက အလားတူ ပမာဏရှိသော စီမံကိန်း ၂ ခုအတွက် အိန္ဒိယက ရင်းနှီးမြုပ်နှံခဲ့သလို ပြီးခဲ့သည့် သီတင်းပတ်တွင်းက မြန်မာနိုင်ငံ၏ ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးက ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း နောက်ထပ် အလားအလာရှိသော ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။

မကြာသေးခင်နှစ်များကစတင်၍ တရုတ်၊တောင်ကိုရိးယားနိုင်ငံများနှင့်အတူ ထိုင်း၊အိန္ဒိယ၊စင်ကာပူ နှင့်ဘင်္ဂလားဒေ့(ရှ်) နိုင်ငံများသည် မြန်မာ့ရေအားလျှပ်စစ် ဈေးကွက်သို့ တက်ကြွစွာဝင်ရောက်လာခဲ့ကြသည်။

မြန်မာပြည်သို့ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု (FDI) ပမာဏသည် ၂၀၀၇ခု နိုဝင်ဘာလ အရောက်တွင် ဒေါ်လာ ၁၅ ဘီလီယံ နီးပါးရှိနေပြီး အများစုမှာ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြူပ်နှံမှု့(FDI) ၏ ၄၃ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ် စီမံကိန်းများဖြစ်၍၊ ၎င်းပမာဏသည် လောင်စာဆီ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ၂ ဆမျှ ရှိပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၏ ၆ ဆ မျှ ရှိသည်။

ထိုင်းနိုင်ငံသည် မြန်မာပြည်၏ FDI စုစုပေါင်း၏ ထက်ဝက်မျှကို ပိုင်ဆိုင်သော အမျာဆုံးရင်းနှီးမြုပ်နှံ့သည့်နိုင်ငံ ဖြစ်သည်။ ဗြိတိသျှဗားဂျင်းအိုင်လန်း ကဲ့သို့သော ဗြိတိသျှ နယ်နမိတ် အားလုံးကိုပါ ထဲ့တွက်လျှင် ဗြိတိန်နိုင်ငံသည် အရှေ့တောင်အာရှရှိ ငွေပြတ်နေသော မြန်မာနိင်ငံတွင် ဒေါ်လာ ၁.၉ ဘီလီယံ ပမာဏမြုပ်နှံကာ ဒုတိယလိုက်နေသော နိုင်ငံတခု ဖြစ်သည်၊

ယခုလက်ရှိ မြန်မာပြည်၏ (FDI) ပမာဏသည် ၁၉၈၈ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် အများဆုံးရရှိနေသော အနေအထားဖြစ်သည်။


အာရှဆန်များ အပြိုင်ဈေးချရောင်း၊ မြန်မာ့ဆန်ရောင်းမသွက်
Bangkok Post/USDA / ၁၄ အောက်တိုဘာ ၂၀၀၈။ ။
ကမ္ဘာ့ဆန်ဈေးကွက်အေးနေချိန်တွင် မြန်မာစစ်အစိုးရက ပုဂ္ဂလိက ဆန်ကုန်သည်များအား ဆန်ပြည်ပတင်ပို့ခွင့်ပြုသော်လည်း အနုတ်အသိမ်းမရှိသည့်အတွက် ဈေးကွက်အေးနေသည်ဟု ရန်ကုန် ဆန်ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဆန်တင်ပို့မှုက လာမည့်နှစ်တွင် တန်ချိန်(၄)သိန်းကျော် ထိ ကျဆင်းပြီး ဆန်ထုတ်လုပ်မှုက တန်ချိန် (၁) သန်းခွဲနီးပါးကျဆင်းမည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။ သို့သော် အာရှဆန်တင်ပို့သူများက ဆန်ဈေးကို အပြိုင်ချပြီး ရောင်းနေသည့်အတွက် မြန်မာဆန်များ ရောင်းမထွက်ဖြစ် နေသည့်အပြင် ဆန်အရည်အသွေးကောင်းသည့် ထိုင်းဆန်ဈေးကွက်ပါ အေးနေသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြား ဆန်တင်ပို့မှုသည် ၂၀၀၇ ခုနှစ် ပထမ (၈) လမှ ၂၀၀၈ ခု ပထမ (၈) လအတွင်း (၄၄) ရာနှုန်းနီးပါး ထောင်တက်ခဲ့သော်လည်း ယခုနှစ်ကုန်ထိ ထိုင်းဆန်ဈေးကွက်အေးနေမည်ဟု ဆန်ကုန်သည်များက မှန်းထားသည်။

လွန်ခဲ့သည့် တနှစ် ဆန်ဈေးအ၀ယ်လိုက်နေချိန်တွင် ထိုင်းနိုင်ငံမှ ဥရောပသို့ ဆန်တင်ပို့မှု (၆၅) ရာနှုန်းထိတက်ခဲ့ပြီး အာဖရိကတိုက်သို့ တန်ချိန် (၃) သိန်းခွဲနီးပါးထိ တင်ပို့နိုင်ခဲ့သည်။ ယခုနှစ်လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အစားအစာအကျပ်အတည်းကာလက ပမာဏအမြောက်အမြား ၀ယ်ယူမှုရှိခဲ့သော်လည်း
ယခုအခါ နိုင်ငံခြားမှတင်သွင်းသူများက ပမာဏအနည်းငယ်သာ ၀ယ်ယူနေကြသဖြင့် ထိုင်းဆန်ဈေးကွက်အတွင်း ရောင်းဝယ်ရေး ကျဆင်းနေမှုသည် ယခုနှစ်ကုန်အထိ ဆက်လက်ဖြစ်သွားမည်ဟု မျှော်လင့်ရကြောင်း ဆန်ကုန်သည်များက ပြောသည်။

“၀ယ်ယူအားက စားလောက်ရုံလောက်ပဲဖြစ်နေတယ်။ တချို့တင်ပို့မှုတွေဆိုရင် တန်ချိန် (၁,၀၀၀) အောက်လောက်ပဲရှိတယ်” ဟု ထိုင်းနိုင်ငံ ဆန်တင်ပို့မှုထိပ်တန်းကုမ္ပဏီများထဲမှတခုဖြစ်သော Kamolkij Group of Companies ၏အကြီးအကဲ Korbsook Iamsuri က ပြောသည်။

ယခုကဲ့သို့ ရောင်းဝယ်မှုကျဆင်းသွားရခြင်းသည် ဗီယက်နမ်ကဲ့သို့သော ဆန်အဓိကတင်ပို့နေသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် ထိုင်းဆန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်လည်းဖြစ်သည်ဟု Korbsook Iamsuri က ထောက်ပြသည်။ ဗီယက်နမ်ဆန်ဖြူဈေး သည် တတန်လျှင် အမေရိကန်ဒေါ်လာ (၅၀၀) သာဖြစ်သဖြင့် ထိုင်းဆန်တင်ပို့သူများက လိုချင်သော တတန် ဒေါ်လာ (၆၀၀-၇၀၀) ထက်နှိုင်းယှဉ်လျှင် သက်သာနေခြင်းဖြစ်သည်။

ဆန်အဓိကထုတ်လုပ်တင်ပို့သည့် အခြားနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၌လည်း သိုလှောင်ဆန်အမြောက်အမြားရှိနေပြီး အိန္ဒိယ အာဏာပိုင်များကလည်း ဆန်တင်ပို့မှုတားမြစ်ချက်ကို လာမည့်လ (သို့) လာမည့်နှစ် ဖေဖော်ဝါရီလနောက်ဆုံးထား ပယ်ဖျက်ပေး မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း Korbsook က ပြောသည်။

ကမ္ဘာ့အစားအစာထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရေနံဈေးတက်ခြင်းတို့ကြောင့် နိုင်ငံခြားမှ ဆန်ဝယ်ယူမှုပမာဏတက်လာသဖြင့် ယခုနှစ်မေလအတွင်း ဆန်ဖြူ တတန်လျှင် ပျှမ်းမျှ ဒေါ်လာ (၉၉၀)၊ ဟုမ်းမားလီးဆန်မွှေးက (၁,၁၈၇) ဒေါ်လာ အထိတက်ခဲ့ပြီးနောက် သြဂုတ်လမှစ၍ ဈေးကွက်အတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

“(၈) လကြာ ရောင်းဝယ်မှုအတွင်း တချို့နိုင်ငံတွေက ပမာဏအမြောက်အမြား ၀ယ်ယူသွားခဲ့ကြတယ်။ အဲဒီဝယ်ယူမှုဟာ တနှစ် စာ ဖူလုံတဲ့အနေအထားဖြစ်လို့ ဒီအချက်ဟာလည်း ဒီနေ့ ရောင်းဝယ်မှုကျဆင်းရတဲ့ အချက်တချက်ဖြစ်နိုင်ပါတယ်” ဟု Korbsook ကပြောသည်။

နိုင်ဂျီရီးယားနိုင်ငံကလည်း ယခုနှစ် (၈) လအတွင်း ဆန်တန်ချိန် (၆) သိန်း ပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ အဆိုပါတင်ပို့မှုသည် ယခင် နှစ် ကာလတူအတွင်း တင်ပို့မှု၏ (၃၃၈) ရာခိုင်နှုန်းကျော်ဖြစ်သည်သာမက ပြီးခဲ့သည့် (၂) နှစ်အတွင်း ၎င်းနိုင်ငံက ၀ယ်ယူခဲ့သည့် တန်ချိန် (၃-၄) သိန်းထက် ပိုနေကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးအဖွဲ့၏ စာရင်းအင်းများက ဖော်ပြနေသည်။

ဆန်ဈေးနှုန်းများသည် အနည်းဆုံးအဆင့်သို့ ကျဆင်းသွားခြင်း မရှိသေးသောကြောင့် နိုင်ငံခြားဝယ်လက်များအနေဖြင့်လည်း တုံ့ဆိုင်းနေကြခြင်းလည်းဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ Korbsook ကတွက်ဆ သည်။

ထို့အပြင် လာမည့်လ စပါးရိတ်ရာသီအတွင်း ထိုင်းနိုင်ငံ၏ ဆန် ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အရ သတ်မှတ်မည့် ဈေးနှုန်းဆိုင် ရာ အသေးစိတ်အချက်အလက်များကို နိုင်ငံခြားဈေးကွက်က စောင့်ဆိုင်းနေခြင်းကြောင့်လည်း ရောင်းဝယ်မှုကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

Korbsook က “ဆန်ဈေးကွက်ဟာ ၀ယ်လက်အတွင်းမှာ ထပ်ရှိနေဦးမှာပါ။ ဒီနှစ်အတွင်း ထိုင်းဆန်ထုတ်လုပ်ရေးလုပ်ငန်းတွေ အတွက် အကျိုးဖြစ်ထွန်းသလိုမျိုး နောက်နှစ်မှာတော့ ဖြစ်နိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး” ဟု ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံ ဆန်တင်ပို့ကုမ္ပဏီအကြီးဆုံးဖြစ်သော Capital Rice ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ Wanlop Pichpongsa ကမူ လက်ရှိအခြေအနေများအရ ထိုင်းအစိုးရအနေဖြင့် လာမည့်စပါးရိတ်ရာသီအတွင်း ၎င်း၏ ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အား သတိထား ဆောင်ရွက်သင့်ကြောင်းပြောသည်။

ထိုသို့ ဈေးနှုန်းသတ်မှတ်ရာတွင် ကမ္ဘာ့ ဂျုံထုတ်လုပ်ရောင်းဝယ်မှုအပါအ၀င် ဈေးကွက်အတွင်း၌ ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ပြိုင်ဆိုင်နေရမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု Wanlop က ပြောသည်။

လာမည့် စပါးရိတ်ကာလအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ၂၀၀၇-၀၈ ခုနှစ် ဒုတိယကြိမ်မြောက်ဖြစ်သည့် ယခုနှစ်လယ် စပါးရိတ်ကာလအတွင်း အစိုးရကသတ်မှတ်ပေးခဲ့သည့် ဈေးနှုန်းအတိုင်း မမြင့်မားသင့်ကြောင်း Wanlop က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ စပါးရိတ်ကာလအတွက် ဈေးနှုန်းမြင့်ပေးခဲ့တာကို ကျနော်သဘောတူပါတယ်။ ဒါပေမယ့် အခု အခြေအနေကတော့ မတူနိုင်ပါဘူး” ဟု ပြောသည်။

လာမည့်ကောက်သစ်ရာသီတွင် အရည်အသွေးပြည့် ဆန်ဖြူအတွက် စပါး တန်ချိန် (၈) သန်းကို တတန်လျှင် (၁၄,၀၀၀) ဘတ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင်ပြောခဲ့သည်။ သို့သော် အဆိုပါဈေးနှုန်းကို ပြန်လည် ပြင်ဆင်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံက ယခုနှစ်အတွက် ဆန်တင်ပို့မှုကို တန်ချိန် (၉.၅-၁၀) သန်း အစီအစဉ်ရှိသည်။ ၎င်းအထဲမှ တန်ချိန် (၁.၈-၁.၉) သန်းသည် Capital Rice ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီများက တင်ပို့မည်ဖြစ်သည်။

လေဘေးသင့် ကျောင်းသားများအတွက် ရန်ကုန်မြို့မှ ဂျပန်သင်တန်းကျောင်းအလှူ နှောင့်ယှက်ခံရ
ကိုဝိုင်း/ ၁၄ အောက်တိုဘာ ၂၀၀၈။ ။

ကွမ်းခြံကုန်းမြို့မှ လေဘေးသင့် ကျောင်းသူကျောင်းသားများအတွက် ရန်ကုန်မြို့ ပုဂ္ဂလိက ဂျပန်သင်တန်းကျောင်းမှ စာရေးကိရိယာအပါအ၀င် အသုံးအဆောင်ပစ္စည်းများကို ယခုလ (၃) ရက်နေ့၌ သွားရောက်လှူဒါန်းခဲ့ရာ ထောက်လှမ်းရေးများ၏ နှောင့်ယှက်မှုကို ကြုံခဲ့ရကြောင်း သိရသည်။

ဂျပန်သင်တန်းမှ ကျောင်းသူကျောင်းသားများက ကွမ်းခြံကုန်းမြို့နယ်ရှိ ကျောင်းသားလေးများကို ၎င်းတို့တွေ့ကြုံခဲ့ရသည့် ဆိုးရွားသည့် အဖြစ်အပျက်များအတွက် စိတ်အနာတရမဖြစ်စေရန်၊ ကျောင်းသူကျောင်းသားအချင်းချင်း စိတ်ဓာတ်ရေးရာအား ပေးလိုစိတ်ဖြင့် အလှူဒါနပြုရန် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့ အရှေ့ကျောင်းကြီးတိုက် ပရိဝုဏ်အတွင်းပြုလုပ်သည့် အဆိုပါ အလှူပွဲ၌ အထက်တန်းကျောင်း အမှတ် (၁) နှင့် အမှတ် (၂) မှ ကျောင်းသူကျောင်းသား (၅၀၀) ခန့်နှင့် ဆရာ-ဆရာမ (၂၀) ခန့်တို့ တက်ရောက်ခဲ့သည်။

အလှူပွဲအခမ်းအနားဖွင့်ပြီးနောက်မကြာမီ စာသင်ကျောင်းများသို့ ထောက်လှမ်းရေးမှ ၀င်ရောက်မေးမြန်း စစ်ဆေးနေသည်ဟု ဆိုပြီး ကျောင်း၌ကျန်ခဲ့သော ဆရာဆရာမအချို့က ကျောင်းသူကျောင်းသားများကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း အလှူပွဲတက်ရောက်ခဲ့သူတဦးက ပြောသည်။

ကျောင်းကြီးတိုက်ဆရာတော်က သက်ဆိုင်ရာ ဗျူဟာမှူးနှင့် မြို့နယ်အာဏာပိုင်များထံ ဖုန်းဆက်မေးသော်လည်း ၎င်းတို့ မသိ ကြောင်းသာ ပြန်လည်ဖြေကြားခဲ့သဖြင့် ဂျပန်ကျောင်းအဖွဲ့သည် ပြဿနာပိုကြီးလာမည်ကို စိုးရိမ်သဖြင့် နေ့ချင်းပင် ရန်ကုန်သို့ ပြန်သွားကြရကြောင်း သိရသည်။

အလှူပစ္စည်းများကိုမူ သက်ဆိုင်ရာကျောင်းများမှ ဆရာဆရာမများက ယင်းနေ့ ညနေပိုင်းတွင် လာရောက်ယူဆောင်သွားကြောင်း အလှူပွဲတက်ရောက်သူက ပြောသည်။

ဧရာဝတီတိုင်းအတွင်းမှ ဒေသခံ အာဏာပိုင်များနှင့် နောက်လိုက်များ၏ မေးမြန်းစစ်ဆေးခြင်း၊ ဓာတ်ပုံများရိုက်ယူခြင်း၊ သွားလာ ရေးအကန့် အသတ်များပြုလုပ်ခြင်းတို့ကြောင့် နာဂစ်မုန်တိုင်းဘေးသင့်သူများအတွက် လာရောက်ကူညီသည့် ပုဂ္ဂလိက အလှူရှင် အရေအတွက် နည်းသွားကြောင်း သိရသည်။

မယ်လမင်းပါသည့် တရုတ်နို့ထွက်ပစ္စည်းကြောင့် ထိုင်း-မြန်မာနယ်စပ်ဈေးကွက်ထိခိုက်
Bangkok Post/ ၁၄ အောက်တိုဘာ ၂၀၀၈။ ။

တရုတ်နိုင်ငံမှ တင်သွင်းသည့် နို့မှုန့်နှင့် နို့ထွက်ပစ္စည်းဖြင့် ပြုလုပ်ထားသော အခြားအစားအစာများကို ထိုင်းပြည်သူများက မစားဘဲ ရှောင်ကြသည့်အတွက် ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်း-မလေးရှားနယ်စပ်တို့တွင် တရုတ်အစားအစာရောင်းချသူများပါ ထိခိုက်နေသည်။

ချင်းရိုင်ပြည်နယ်အတွင်း၌လည်း အဆိုပါအဆိပ်သင့်နို့ထွက် အစားအစာသတင်းကြောင့် စားသုံးသူ ယုံကြည်မှု ကျဆင်းသွားခဲ့သည်။ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရုတ်အစားအစာအားလုံးကို နမူနာများယူ၍ စမ်းသပ်စစ်ဆေးလျက်ရှိသည်။ ပြည်နယ်ဆေးရုံများတွင်လည်း ကျောက်ကပ်ရောဂါခံစားရသည့် ကလေးများရှိမရှိ စစ်ဆေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။

သို့သော် ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင်နယ်စပ်ဈေးများတွင်မူ အ၀ယ်ကျနေပြီး အချို့ဆိုင်များတွင် ရက်စွဲအတိအကျမပါသော တရုတ်နို့ထွက်ပစ္စည်းများကို ရောင်းချခြင်းမရှိတော့သည့်တိုင် နိုင်ငံခြားခရီးသွားများမှာမူ အခြားအန္တရယ်ကင်းတံဆိပ်ပါ တရုတ် ပစ္စည်းများကိုလည်း ရှောင်ရှားကြကြောင်း သိရသည်။ ထို့အပြင် အရောင်းဝယ်ကျ၍ တွက်ခြေမကိုက်သောကြောင့် အနွေး ထည်နှင့် တရုတ်လျှပ်စစ်ပစ္စည်းများသို့ ပြောင်းလဲရောင်းချသူများလည်းရှိကြောင်း သိရသည်။

အခြားနယ်စပ်တခုဖြစ်သော တာ့ခ်ပြည်နယ် မဲဆောက်ဒေသ အက်ဖ်ဒီအေ (ထိုင်းနိုင်ငံ အစားအစာနှင့် ဆေးဝါးစိစစ်ရေးဌာန) တာဝန်ရှိသူများက တရုတ်လုပ်အစားအစာနမူနာများကို စမ်းသပ်နေသော်လည်း စားသုံးသူယုံကြည်မှုကျဆင်းနေဆဲဖြစ်ပြီး နိုင်ငံခြားခရီးသွားများက ယခင်က ခေတ်စားသော တရုတ်လုပ် ချောကလက်နှင့် နို့ထွက်အစားအစာများအပြင် တရုတ်လုပ်အခြားပစ္စည်းများကိုပါ ရှောင်ရှားကြသောကြောင့် နယ်စပ်ဈေးရောင်းဝယ်မှုကို ထိခိုက်နေကြောင်း ဒေသခံဈေးသည်များက ပြောသည်။

ယခုနှစ် သြဂုတ် တလအတွင်း၌ပင် ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ နို့မှုန့် (၁၇၅) တန် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် (၂၁) သန်းရှိကြောင်း၊ ဇန်န၀ါရီလမှစလျှင် (၃၇၅) တန်ရှိပြီး တန်ဖိုးအားဖြင့် ဘတ် (၄၇) သန်းရှိကြောင်း ထိုင်းအကောက်ခွန်ဌာန အစီရင်ခံစာများတွင် ဖော်ပြသည်။

တရုတ်နှင့် မလေးရှားပစ္စည်းများ အဓိကရောင်းသည့် ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်မြို့ ကင်ယွန်းဈေးတွင် တရုတ်နို့ထွက်ပစ္စည်း ၀ယ်လိုအားကျဆင်းသွားကြောင်း၊ အက်ဖ်ဒီအေ ခွင့်ပြုတံဆိပ်ပြသထားသည့်ကြားမှ ၀ယ်ယူသူများ၏ ယုံကြည်မှုကျဆင်းသွားကြောင်း၊ အချို့ဆိုင်များတွင် တရုတ်ချောကလက်များနှင့် နို့ထွက်အစားအစာအားလုံးကိုပင် ရောင်းချခြင်းမပြုတော့ကြောင်း သိရသည်။

အဆိုပါဈေးမှ ချဝီခန် ဆိုသူ ဆိုင် (၃) ဆိုင်ပိုင်ရှင် ဈေးသည်တဦးက “အဆိပ်သင့်တရုတ်နို့မှုန့်ကိစ္စဖြစ်လာကတည်းက ဈေးဝယ်တာ ရပ်သွားတယ်။ ဒါကြောင့် ဈေးသည်အားလုံး ထိခိုက်ကြတာပါပဲ။ အရင်ကဆို တနေ့ကို (၁၀,၀၀၀) လောက်ဝင်ငွေရှိတယ်။ အခု တော့ (၂,၀၀၀) လောက်ပဲရတော့တယ်။ ဒီမှာရောင်းတာက များသောအားဖြင့် အက်ဖ်ဒီအေက ခွင့်ပြုထားတဲ့ မလေးရှားပစ္စည်းပါ။ အက်ဖ်ဒီအေ လက်မှတ်ပြထားတာတောင် နိုင်ငံခြားခရီးသွားအများစုက မ၀ယ်ကြတော့ဘူး” ဟု ပြောသည်။

အန္တရာယ်ဖြစ်စေနိုင်သည့် နို့မှုန့် (၇) မျိုး စစ်အစိုးရ ထပ်မံပိတ်ပင်
ပီတာအောင်/ ၁၄ အောက်တိုဘာ ၂၀၀၈။ ။

ကလေးငယ်များ၏ကျောက်ကပ်ကိုအန္တရာယ်ဖြစ်စေပြီး အများပြည်သူစားသုံးရန် မသင့်တော်သော မယ်လမင်းပါ ၀င်သည့် နို့မှုန့်အမျိုးအစား နောက်ထပ် (၇) မျိုးကို ပိတ်ပင်တားမြစ်လိုက်ကြောင်း နအဖစစ်အစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။

ထပ်မံပိတ်ပင်လိုက်သည့် အမျိုးအစား (၇)မျိုးမှာ Full Cream Milk Powder- Golden River ၊ Calcium Milk Powder- Butterfly ၊ Full Cream Milk Powder- Yu- Li ၊ Sweet Whey Powder, Non-Dairy Creamer (Korea), Non-Dairy Creamer ( China),နှင့် ElfalacA+ တို့ဖြစ်သည်။

ယင်းနို့မှုန့်များကို တင်သွင်းဖြန့်ဖြူရောင်းချခြင်း၊ ပြည်တွင်းတွင် ပြန်လည်ပြုပြင်ထုပ်ပိုးရောင်းချခြင်းနှင့် ထိုနို့မှုန့် များကိုသုံး၍ စားသောက်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချခြင်းတို့ကို ပိတ်ပင်တားမြစ်လိုက်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

စစ်အစိုးရက စားသုံးရန်မသင့်သည့် နို့မှုန့်များအား မရောင်းချရန် တားမြစ်နေသော်လည်း ပိတ်ပင်ထားသည့် နို့မှုန့်တံဆိပ်အများအပြားကို ဈေးများ၊ ကုန်စုံဆိုင်များ၌ မြင်တွေ့နေရဆဲဖြစ်သည်ဟု ရန်ကုန်မြို့နေ အိမ်ရှင်မများ က ပြောသည်။

ဗိုလ်ချုပ်ဈေး၌ ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ရှင်မတဦးက “ပိတ်တာ ပိတ်တာပဲ။ ဈေးကွက်ထဲမှာတော့ ရောင်းတာကတော့ ရောင်းနေကြတုန်းပဲ။ လိုက်သိမ်းတာတော့ မတွေ့သေးဘူး။ ကျမတို့ တွေ့နေတာတော့ မြို့ပေါ်က လူတွေကတော့ သိပ်မသုံးတော့ဘူး၊ တောကလူတွေကတော့ ဈေးသက်သာတာနဲ့ ၀ယ်သုံး နေကြတုန်းပဲ။ တချို့တွေက ဈေးကြီးတဲ့ဟာတော့ အန္တရာယ်ကင်းလောက်တယ်ဆိုပြီး ၀ယ်တိုက်နေကြတယ်။ ဆင်းရဲတဲ့လူတွေကြတော့လည်း အဲဒီဟာကို ဂရုမစိုက်နိုင်တော့ဘူး။ ၀ယ်သုံးနေရတာပဲ” ဟု ပြောသည်။

ကလေးမိခင်များအနေဖြင့် ပိတ်ပင်ထားသည့် နို့မှုန့်များ ၀ယ်ယူသုံးစွဲနေမှုကို လုံးဝရပ်ကာ မိခင်နို့တိုက်ကြွေးသင့် ကြောင်းနှင့် အစိုးအနေဖြင့်လည်း ယင်းနို့မှုန့်များကို သောက်သုံးမိသည့်ကလေးများ၏ ကျန်းမာရေးအတွက် တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးသင့်သည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်း ကလေးလူနာဌာနမှ ဒေါက်တာ မင်းသူရိန်က ပြောသည်။

၎င်းက “ဒီပိတ်လိုက်တာတခုတည်းနဲ့ မလုံလောက်ဘူး။ မပိတ်ခင် ဒီနို့မှုန့်သောက်သုံးတဲ့ကလေးတွေမှာ ဘယ်လောက်အထိ ရောဂါဖြစ်နေလဲ၊ ကျန်းမာရေးချို့တဲ့ ကလေးတွေ ဘယ်လောက်ရာနှုန်းလောက်ရှိနေလဲ ဆိုတာ ပြန်သုတေသန လုပ်သင့်တယ်။ ရောဂါရှိနေရင် ဆေးကုပေးမယ်။ ဆေးစစ်ပေးမယ်။ ကလေးတွေ၊ မိဘတွေအတွက် လျော်ကြေးတို့၊ နစ်နာကြေးတို့ ဆေးကုသစရိတ်ပြန်ပေးတာ စတဲ့ကျန်းမာရေးအပိုင်းတွေ အစိုးရအနေနဲ့ ပြန်ပြီးတော့ ဆောင်ရွက်ပေးသင့်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း Star ၊ Crown၊ Two Cows နှင့် Rainbow တို့အပါအ၀င် မယ်လမင်း ပါဝင်သည့် နို့မှုန့် အမျိုးအစား (၉) မျိုးကို စစ်အစိုးရက ပိတ်ပင်ထားခဲ့သဖြင့် မြန်မာနိုင်ငံ၌ စားသုံးရန်မသင့်ကြောင်း ပိတ်ပင်ထားသည့်နို့မှုန့် အမျိုးအစားပေါင်းမှာ (၁၆) မျိုးရှိပြီဖြစ်သည်။

တရုတ်နိုင်ငံ၌ မယ်လမင်းပါဝင်သည့် နို့မှုန့်ကြောင့် ကလေးငယ်များ ကျောက်ကပ်ဝေဒနာခံစားခဲ့ရပြီး (၄) ဦး သေဆုံးခဲ့ရကာ ကလေးငယ်ပေါင်း (၅၄,၀၀၀) ကျော် နာမကျန်းဖြစ်ခဲ့ရသည်။

လျှပ်စစ်မီး ပြန်လည်ပြတ်တောက်မှုကြောင့် အငှားယာဉ်မောင်းများ ၀င်ငွေထပ်မံလျော့ကျ
မင်းနိုင်သူ/ ၁၃ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြန်လည်ပြတ်တောက်နေသဖြင့် အစိုးရစက်သုံးဆီဆိုင်များကိုသာ အားထား၍ ဆီဖြည့်တင်းနေရသော အငှားယာဉ်မောင်းများ ဒုက္ခကြုံတွေ့နေကြသည်။


“အခုရက်ပိုင်း မီးမမှန်ဘူးဗျာ။ ဂတ်စ်တအိုး ဆီဖြည့်ရဖို့ နေ့တ၀က်လောက် တန်းစီနေရတော့ သေပြီပေါ့။ ကျနော်တို့က မနက် (၆) နာရီ ကားထုတ်၊ ညနေ (၆) နာရီ ကားအပ်စနစ်နဲ့ အငှားယူမောင်းကြရတာ” ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်မှ အငှားယာဉ်မောင်းအများစုသည် နေ့ကားထုတ်၊ ညနေကားအပ်၊ (၁၂) နာရီ ကားငှားရမ်းခ ကျပ် (၁၀,၀၀၀) မှ (၁၈,၀၀၀) အထိ အုံနာကြေးပေးသွင်းကာ တဆင့်ငှားရမ်း မောင်းနှင်နေကြခြင်းဖြစ်သည်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အစိုးရစက်သုံးဆီဆိုင်များရှေ့တွင် ကားများ တန်းစီစောင့်ဆိုင်းနေရပြီး မိမိအလှည့် ရောက်ရှိရန် ရံဖန်ရံခါ နေ့တ၀က်ခန့်အထိ စောင့်ဆိုင်းကြရသည်။

“၂၀၀၇ ခု လောင်စာဆီဈေးတက်ပြီးကတည်းက ၀င်ငွေလျော့နေတာ။ အခုလို နေ့တ၀က်လောက်အထိ ခရီးသည် မတင်ရဘဲ ဆီရဖို့စောင့်နေရတော့ ပိုဆိုးလာပြီပေါ့။ အရင်က တရက်ကို (၁) သောင်းကျော်ကျန်ပေမယ့် အခုက (၅) ထောင်တောင် အနိုင်နိုင်ရယ်” ဟု အခြားယာဉ်မောင်းတဦးက ပြောသည်။

လူစီးအငှားယာဉ်များတွင် ကီလို (၆၀) ၀င်နှင့် (၇၀) ၀င် အိုးတလုံးစီ ပါရှိပြီး မီးလာသော်လည်း လျှပ်စစ်ဓာတ်အား ပြည့်ဝခြင်းမရှိပါက တအိုးပြည့်ရန် နာရီဝက်ကျော် အချိန်ကြာပြီး အခြားကားများက တန်းစီစောင့်ဆိုင်းနေရသည်။
ရန်ကုန်မြို့တွင် လူစီးအငှားကား (၂) သောင်းကျော်ရှိပြီး အများစုကို အစိုးရက စီအန်ဂျီယာဉ်အဖြစ် ပြောင်းလဲခိုင်း ခဲ့သည်။

စီအန်ဂျီသုံး အငှားယာဉ်များအနေဖြင့် တရက်မောင်းစာ (၇၀) ကီလိုဝင် တအိုးအတွက် ထုတ်ဈေး (၃,၅၀၀) ၀န်းကျင် ဖြင့်ရရှိသော်လည်း ဂက်(စ်) ပြတ်တောက်ပါက ဆီသုံးယာဉ်များကဲ့သို့ အလွယ်တကူ ပြင်ပဈေးကွက်မှ ၀ယ်ယူဖြည့် တင်း၍ မရရှိပေ။

ထို့ကြောင့် ပြေးဆွဲချိန်လျော့နည်းလာ၍ ၀င်ငွေကျဆင်းလာရာ ပြင်ပဈေးကွက်မှ ဆီဝယ်ယူပြေးဆွဲနေကြသော ယာဉ်များကသာ ၀င်ငွေသာလွန်နေကြောင်း စီအန်ဂျီသုံးယာဉ်မောင်းများက ပြောသည်။

ရန်ကုန်မြို့တွင် စီအန်ဂျီ အရောင်းဆိုင်ပေါင်း (၄၀) ကျော်အထိ ဖွင့်လှစ်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြောဆို ထားသော်လည်း လျှပ်စစ်မီး ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ဆိုင်အားလုံးတွင် ကားတန်းကြီးများ တန်းစီ နေရဆဲဖြစ်သည်။

ပါရမီ တက်စ်စီအငှားယာဉ်မောင်း တပ်ထွက်တဦးက “အဓိပ္ပာယ်မရှိဘူးဗျာ။ ဆီတအိုးပြည့်ဖို့ ဒီလောက်စောင့်ဆိုင်း နေရတာ။ ကျနော်တို့မှာ မနက် (၁၀) နာရီဆိုရင် ဘယ်နေရာရောက်နေနေ တောင်ဥက္ကလာမှာရှိတဲ့ ပါရမီရုံးကို လက်မှတ်သွားထိုးဖို့ အချိန်ပေးရသေးတယ်။ ဒီကြားထဲ ဆီဆိုင်တန်းစီရသေးတယ်ဆိုတော့ ပြေးဆွဲချိန်ဆိုတာ မရှိသလောက် ဖြစ်သွားပြီ” ဟု ပြောသည်။

ပြည်တွင်းနွားနို့ဈေး ထိုးတက်
NEJ/ ၁၃ အောက်တိုဘာ ၂၀၀၈။ ။

ပြည်တွင်း နွားနို့ဈေး ယခင်တပိဿာလျှင် (၅၀၀) ကျပ်မှ (၁,၅၀၀) ထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းရှိ နွားနို့အရောင်းဆိုင်များထံမှ သိရသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသော နို့မှုန့်များ၌ မယ်လမင်းပါဝင်သည့်နောက်ပိုင်း ယင်းသို့ ဈေးတက်သွားခြင်း ဖြစ်သည်ဟု အဆိုပါအရောင်းဆိုင်များက ပြောသည်။

ရန်ကုန်တွင် တနေ့လျှင် နွားနို့ ပိဿာချိန် (၄,၀၀၀) ကျော် ထုတ်လုပ်ဖြန့်ဖြူးကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း၏ စာရင်းများအရ သိရသည်။

နွားနို့စားသုံးမှု ပြည်တွင်းဈေးကွက်တွင် ယခုထက်ပို၍ ဈေးကောင်းလာပါက နို့စားနွားမွေးမြူသူများအတွက် ၀င်ငွေတိုးမြင့်လာနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အရာရှိတဦးက ပြောသည်။

တာမွေဈေးရှိ နွားနို့အရောင်းဈေးကွက်မှ နို့ရောင်းသူတဦးက “အရင်ထက် ပိုဝယ်တယ်လို့ ပြောရပေမယ့် တကယ် တော့ ဒီဈေးမှာ လာရောင်းသူတွေက အရင်အတိုင်း၊ နို့ကလည်း အရင်အတိုင်းပါပဲ၊ ပိုပြီးယူလာတာမရှိဘူး။ ဈေးတက် သွားတာတခုပဲရှိတယ်။ ကျနော်တို့က မရဖူးတဲ့ ဈေးကို ရဖူးတာပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်ရှိ နွားနို့ဈေးကွက်ကြီးများဖြစ်သော အင်းစိန်နှင့် တာမွေတို့တွင် ဈေးမြင့်လာဖွယ်ရှိကြောင်း၊ ဈေးနှုန်းထပ်တိုး မြင့်လာမည်ဖြစ်၍ နို့စားနွားမွေးမြူသူများ တိုးလာပြီး ဈေးကွက်ပိုကြီးလာမည်ဟု မျှော်လင့်ရကြောင်း နွားနို့ရောင်း သူများက ပြောသည်။

ရန်ကုန် အနော်ရထာလမ်းနေ အသက် (၄၀) ကျော် အမျိုးသမီးတဦးကမူ “အခုက နွားနို့ဈေးတွေ ထပ်တက်ဖို့ ရှိတယ်ပြောနေကြတယ်။ တရုတ်နို့မှုန့်မှာ မယ်လမင်းပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဈေးတက်တာတော့ မကောင်းပါဘူး” ဟု ပြောသည်။

အာရှဆန်များ အပြိုင်ဈေးချရောင်း၊ မြန်မာ့ဆန်ရောင်းမသွက်
Bangkok Post/USDA / ၁၄ အောက်တိုဘာ ၂၀၀၈။ ။
ကမ္ဘာ့ဆန်ဈေးကွက်အေးနေချိန်တွင် မြန်မာစစ်အစိုးရက ပုဂ္ဂလိက ဆန်ကုန်သည်များအား ဆန်ပြည်ပတင်ပို့ခွင့်ပြုသော်လည်း အနုတ်အသိမ်းမရှိသည့်အတွက် ဈေးကွက်အေးနေသည်ဟု ရန်ကုန် ဆန်ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဆန်တင်ပို့မှုက လာမည့်နှစ်တွင် တန်ချိန်(၄)သိန်းကျော် ထိ ကျဆင်းပြီး ဆန်ထုတ်လုပ်မှုက တန်ချိန် (၁) သန်းခွဲနီးပါးကျဆင်းမည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။ သို့သော် အာရှဆန်တင်ပို့သူများက ဆန်ဈေးကို အပြိုင်ချပြီး ရောင်းနေသည့်အတွက် မြန်မာဆန်များ ရောင်းမထွက်ဖြစ် နေသည့်အပြင် ဆန်အရည်အသွေးကောင်းသည့် ထိုင်းဆန်ဈေးကွက်ပါ အေးနေသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြား ဆန်တင်ပို့မှုသည် ၂၀၀၇ ခုနှစ် ပထမ (၈) လမှ ၂၀၀၈ ခု ပထမ (၈) လအတွင်း (၄၄) ရာနှုန်းနီးပါး ထောင်တက်ခဲ့သော်လည်း ယခုနှစ်ကုန်ထိ ထိုင်းဆန်ဈေးကွက်အေးနေမည်ဟု ဆန်ကုန်သည်များက မှန်းထားသည်။

လွန်ခဲ့သည့် တနှစ် ဆန်ဈေးအ၀ယ်လိုက်နေချိန်တွင် ထိုင်းနိုင်ငံမှ ဥရောပသို့ ဆန်တင်ပို့မှု (၆၅) ရာနှုန်းထိတက်ခဲ့ပြီး အာဖရိကတိုက်သို့ တန်ချိန် (၃) သိန်းခွဲနီးပါးထိ တင်ပို့နိုင်ခဲ့သည်။ ယခုနှစ်လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အစားအစာအကျပ်အတည်းကာလက ပမာဏအမြောက်အမြား ၀ယ်ယူမှုရှိခဲ့သော်လည်း
ယခုအခါ နိုင်ငံခြားမှတင်သွင်းသူများက ပမာဏအနည်းငယ်သာ ၀ယ်ယူနေကြသဖြင့် ထိုင်းဆန်ဈေးကွက်အတွင်း ရောင်းဝယ်ရေး ကျဆင်းနေမှုသည် ယခုနှစ်ကုန်အထိ ဆက်လက်ဖြစ်သွားမည်ဟု မျှော်လင့်ရကြောင်း ဆန်ကုန်သည်များက ပြောသည်။

“၀ယ်ယူအားက စားလောက်ရုံလောက်ပဲဖြစ်နေတယ်။ တချို့တင်ပို့မှုတွေဆိုရင် တန်ချိန် (၁,၀၀၀) အောက်လောက်ပဲရှိတယ်” ဟု ထိုင်းနိုင်ငံ ဆန်တင်ပို့မှုထိပ်တန်းကုမ္ပဏီများထဲမှတခုဖြစ်သော Kamolkij Group of Companies ၏အကြီးအကဲ Korbsook Iamsuri က ပြောသည်။

ယခုကဲ့သို့ ရောင်းဝယ်မှုကျဆင်းသွားရခြင်းသည် ဗီယက်နမ်ကဲ့သို့သော ဆန်အဓိကတင်ပို့နေသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် ထိုင်းဆန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်လည်းဖြစ်သည်ဟု Korbsook Iamsuri က ထောက်ပြသည်။ ဗီယက်နမ်ဆန်ဖြူဈေး သည် တတန်လျှင် အမေရိကန်ဒေါ်လာ (၅၀၀) သာဖြစ်သဖြင့် ထိုင်းဆန်တင်ပို့သူများက လိုချင်သော တတန် ဒေါ်လာ (၆၀၀-၇၀၀) ထက်နှိုင်းယှဉ်လျှင် သက်သာနေခြင်းဖြစ်သည်။

ဆန်အဓိကထုတ်လုပ်တင်ပို့သည့် အခြားနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၌လည်း သိုလှောင်ဆန်အမြောက်အမြားရှိနေပြီး အိန္ဒိယ အာဏာပိုင်များကလည်း ဆန်တင်ပို့မှုတားမြစ်ချက်ကို လာမည့်လ (သို့) လာမည့်နှစ် ဖေဖော်ဝါရီလနောက်ဆုံးထား ပယ်ဖျက်ပေး မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း Korbsook က ပြောသည်။

ကမ္ဘာ့အစားအစာထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရေနံဈေးတက်ခြင်းတို့ကြောင့် နိုင်ငံခြားမှ ဆန်ဝယ်ယူမှုပမာဏတက်လာသဖြင့် ယခုနှစ်မေလအတွင်း ဆန်ဖြူ တတန်လျှင် ပျှမ်းမျှ ဒေါ်လာ (၉၉၀)၊ ဟုမ်းမားလီးဆန်မွှေးက (၁,၁၈၇) ဒေါ်လာ အထိတက်ခဲ့ပြီးနောက် သြဂုတ်လမှစ၍ ဈေးကွက်အတွင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

“(၈) လကြာ ရောင်းဝယ်မှုအတွင်း တချို့နိုင်ငံတွေက ပမာဏအမြောက်အမြား ၀ယ်ယူသွားခဲ့ကြတယ်။ အဲဒီဝယ်ယူမှုဟာ တနှစ် စာ ဖူလုံတဲ့အနေအထားဖြစ်လို့ ဒီအချက်ဟာလည်း ဒီနေ့ ရောင်းဝယ်မှုကျဆင်းရတဲ့ အချက်တချက်ဖြစ်နိုင်ပါတယ်” ဟု Korbsook ကပြောသည်။

နိုင်ဂျီရီးယားနိုင်ငံကလည်း ယခုနှစ် (၈) လအတွင်း ဆန်တန်ချိန် (၆) သိန်း ပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ အဆိုပါတင်ပို့မှုသည် ယခင် နှစ် ကာလတူအတွင်း တင်ပို့မှု၏ (၃၃၈) ရာခိုင်နှုန်းကျော်ဖြစ်သည်သာမက ပြီးခဲ့သည့် (၂) နှစ်အတွင်း ၎င်းနိုင်ငံက ၀ယ်ယူခဲ့သည့် တန်ချိန် (၃-၄) သိန်းထက် ပိုနေကြောင်း ထိုင်းနိုင်ငံကုန်သွယ်ရေးအဖွဲ့၏ စာရင်းအင်းများက ဖော်ပြနေသည်။

ဆန်ဈေးနှုန်းများသည် အနည်းဆုံးအဆင့်သို့ ကျဆင်းသွားခြင်း မရှိသေးသောကြောင့် နိုင်ငံခြားဝယ်လက်များအနေဖြင့်လည်း တုံ့ဆိုင်းနေကြခြင်းလည်းဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ Korbsook ကတွက်ဆ သည်။

ထို့အပြင် လာမည့်လ စပါးရိတ်ရာသီအတွင်း ထိုင်းနိုင်ငံ၏ ဆန် ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အရ သတ်မှတ်မည့် ဈေးနှုန်းဆိုင် ရာ အသေးစိတ်အချက်အလက်များကို နိုင်ငံခြားဈေးကွက်က စောင့်ဆိုင်းနေခြင်းကြောင့်လည်း ရောင်းဝယ်မှုကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

Korbsook က “ဆန်ဈေးကွက်ဟာ ၀ယ်လက်အတွင်းမှာ ထပ်ရှိနေဦးမှာပါ။ ဒီနှစ်အတွင်း ထိုင်းဆန်ထုတ်လုပ်ရေးလုပ်ငန်းတွေ အတွက် အကျိုးဖြစ်ထွန်းသလိုမျိုး နောက်နှစ်မှာတော့ ဖြစ်နိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး” ဟု ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံ ဆန်တင်ပို့ကုမ္ပဏီအကြီးဆုံးဖြစ်သော Capital Rice ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ Wanlop Pichpongsa ကမူ လက်ရှိအခြေအနေများအရ ထိုင်းအစိုးရအနေဖြင့် လာမည့်စပါးရိတ်ရာသီအတွင်း ၎င်း၏ ဈေးနှုန်းကြီးကြပ်ရေးအစီအစဉ်အား သတိထား ဆောင်ရွက်သင့်ကြောင်းပြောသည်။

ထိုသို့ ဈေးနှုန်းသတ်မှတ်ရာတွင် ကမ္ဘာ့ ဂျုံထုတ်လုပ်ရောင်းဝယ်မှုအပါအ၀င် ဈေးကွက်အတွင်း၌ ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ပြိုင်ဆိုင်နေရမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု Wanlop က ပြောသည်။

လာမည့် စပါးရိတ်ကာလအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ၂၀၀၇-၀၈ ခုနှစ် ဒုတိယကြိမ်မြောက်ဖြစ်သည့် ယခုနှစ်လယ် စပါးရိတ်ကာလအတွင်း အစိုးရကသတ်မှတ်ပေးခဲ့သည့် ဈေးနှုန်းအတိုင်း မမြင့်မားသင့်ကြောင်း Wanlop က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ စပါးရိတ်ကာလအတွက် ဈေးနှုန်းမြင့်ပေးခဲ့တာကို ကျနော်သဘောတူပါတယ်။ ဒါပေမယ့် အခု အခြေအနေကတော့ မတူနိုင်ပါဘူး” ဟု ပြောသည်။

လာမည့်ကောက်သစ်ရာသီတွင် အရည်အသွေးပြည့် ဆန်ဖြူအတွက် စပါး တန်ချိန် (၈) သန်းကို တတန်လျှင် (၁၄,၀၀၀) ဘတ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင်ပြောခဲ့သည်။ သို့သော် အဆိုပါဈေးနှုန်းကို ပြန်လည် ပြင်ဆင်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံက ယခုနှစ်အတွက် ဆန်တင်ပို့မှုကို တန်ချိန် (၉.၅-၁၀) သန်း အစီအစဉ်ရှိသည်။ ၎င်းအထဲမှ တန်ချိန် (၁.၈-၁.၉) သန်းသည် Capital Rice ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီများက တင်ပို့မည်ဖြစ်သည်။

ထိုင်းတပ်တွေ ၂၄ နာရီအတွင်း ရုပ်သိမ်းပေးဖို့ ကမ္ဘောဒီးယား တောင်းဆို
14 October 2008ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်။
စက်တင်ဘာ ၁၅၊ ၂၀၀၈။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား အငြင်းပွားနေတဲ့
နယ်နိမိတ်ဒေသကနေ ထိုင်းတပ်ဖွဲ့တွေ ၂၄ နာရီ
အတွင်း ပြန်ရုပ်သိမ်းမပေးရင် နှစ်နိုင်ငံအကြား
လက်နက်ကိုင်ပဋိပက္ခ ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယား
ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က သတိပေး
ပြောကြားလိုက်ပါတယ်။

ဒီဒေသ သေရေး ရှင်ရေး စစ်တလင်းပြင်ဖြစ်မလာခင်
ထိုင်းတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ ၀န်ကြီးချုပ်
ဟွန်ဆန်က တနင်္လာနေ့မှာ ထိုင်းနိုင်ငံကို အခုလို သတိပေး ပြောကြားလိုက်တာပါ။
ထိုင်းတပ်သား ၈၄ ယောက် တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံထဲကို တမီလာလောက်
အထိ ၀င်လာပြီး ကမ္ဘောဒီးယားတပ်တွေနဲ့ မီတာ ၄၀ လောက်အကွာမှာ စခန်းချနေခဲ့
ကြတယ်လို့ မစ္စတာဟွန်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွမ်ပေါင် အမွန်ဝီ၀တ် (Sompong Amonrnviwat) နဲ့
ဖနွမ်းပင်မြို့မှာ တွေ့ဆုံအပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟွန်း
(Hor Namhong) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာ့ အစုရှယ်ယာဈေးကွက် သိသိသာသာ ပြန်ဦးမော့လာ
14 October 2008
Michael Bowman & Paula Wolfson's Report in Burmese

အီတလီဝန်ကြီးချုပ် စီလ်ဗီယို ဘယ်လူစကိုးနီး(၀ဲ) နှင့် အမေရိကန် သမ္မတ ဘုရှ်တို့ အိမ်ဖြူတော်တွင် ဆွေးနွေးအပြီး တွေ့ရစဉ်။
အောက်တိုဘာ ၁၃၊ ၂၀၀၈။
အတောမသတ်နိုင်သေးတဲ့ ကမ္ဘာ့ငွေကြေး အကျပ်
အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့
ယိမ်းယိုင်နေတဲ့ ကမ္ဘာ့အစုရှယ်ရာဈေးကွက်
ပြန်လည်တည်ငြိမ်လာစေဖို့အတွက် အမေရိကန်
သမ္မတ ဘုရှ်က တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့
ပူးပေါင်းဆောင်ရွက်နေပါတယ်။ မနေ့ကလည်း
သမ္မတဘုရှ်က အီတလီနိုင်ငံဝန်ကြီးချုပ် စီလ်ဗီယို
ဘယ်လူစကိုးနီး (Silvio Berlusconi) ကို အိမ်ဖြူ
တော်မှာ ဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ်။

အလားတူ ဥရောပခေါင်းဆောင်တွေကလည်း
ခေါင်းချင်းဆိုင်ပြီး စီမံကိန်းသစ်တွေ ချမှတ်နိုင်ခဲ့
ပါတယ်။ အဲဒီနောက် ကမ္ဘာ့အစုရှယ်ရာဈေးဟာ
တပတ်ကြာ အထိနာခဲ့ရာက ပြန်လည်ဦးမော့လာနိုင်ခဲ့ပါတယ်။ အကြောင်းစုံကို
ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) နဲ့ ပေါ်လာ ၀ုဖ်ဆင်
(Paula Wolfson) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

မနေ့က အမေရိကန်သမ္မတဘုရှ်နဲ့ အီတလီဝန်ကြီးချုပ် စီလ်ဗီယို ဘယ်လူစကိုးနီးတို့ဟာ
ဝါရှင်တန်မြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပ
နိုင်ငံတို့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ပြဿနာကို တုံ့ပြန်ရာမှာ ဟန်ချက်ညီညီရှိဖို့
ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တုန်းကလည်း အဓိကဘဏ္ဍာရေး
ဝန်ကြီးတွေ ၀ါရှင်တန်မြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့တုန်းက
လည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ဥရောပ ၁၅ နိုင်ငံက ခေါင်းဆောင်တွေ အရေး
ပေါ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အရှုံးပေါ်နေတဲ့ ဘဏ်တွေကို အစိုးရက
ကယ်တင်ဖို့၊ ဘဏ်ကကြွေးတွေကို အာမခံပေးဖို့နဲ့ ဘဏ်တွေ ဆက်ပြီး ငွေထုတ်ချေး
ပေးနိုင်ဖို့အတွက် စီမံကိန်းတရပ် ချမှတ်နိုင်ခဲ့ပါတယ်။ ဒေါ်လာ ၁ ထရီလီယံကနေ
၃ ထရီလီယံအထိ ကုန်ကျမယ့် အဲဒီစီမံကိန်းကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့
(IMF) အပါအ၀င် တခြား နိုင်ငံတကာအဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပါတယ်။

အခုလို အတ္တလန္တိတ်သမုဒ္ဒရာ တဖက်တချက်က နိုင်ငံ့ခေါင်းဆောင်တွေ ခေါင်းချင်းဆိုင်
ဆွေးနွေးပြီး သွေးကြောပိတ်နေတဲ့ ချေးငွေဈေးကွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား
လည်ပတ်နိုင်ဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တခုပြီးတခု ချမှတ်ကြပြီး
မကြာခင်မှာပဲ ကမ္ဘာ့အစုရှယ်ရာဈေးဟာ သီတင်းတပတ်လုံး ၁၅% ကနေ ၂၅%
အရှုံးတွေနဲ့ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရာကနေ သိသိသာသာ ပြန်လည်ဦးမော့လာခဲ့ရပါ
တယ်။ အခုလို တိုးတက်မှုလက္ခဏာတွေကြောင့် အတိုင်းအတာတခုအထိ စိတ်သက်သာ
ရာ ရခဲ့ပေမယ်လို့လည်း ဒါဟာ အခြေမခိုင်သေးဘူးဆိုတာနဲ့ ဈေးကွက်ဟာ ခုထိ ခိုင်ခိုင်
မာမာ မရှိသေးဘူး ဆိုတာကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ သတိမူထားကြဆဲ ဖြစ်ပါ
တယ်။

ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက် ထိန်းထားဟန်ရှိတဲ့ သမ္မတဘုရှ်က အခုလိုပြောခဲ့ပါ
တယ်။

"ကျနော်တို့ တိုင်းပြည်စီးပွားရေးတွေမှာ တကယ်ပဲ ခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်
နေရတာပါ။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို ကျနော်တို့ အစွမ်းကုန်ကြိုးစားပြီး အဆုံးမ
တော့ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။"

နောက် သမ္မတဘုရှ် ပြောသွားတာကတော့ ပမာဏကြီးတဲ့ ကြွေးဆုံးတွေကြောင့်
လုပ်ငန်းလည်ပတ်ဖို့ အသက်ရှုကြပ်သွားတဲ့ ပုဂ္ဂလိကဘဏ်တွေ ပုံမှန်အတိုင်း ပြန်ပြီး
လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးတွေရနိုင်ဖို့အပြင် ငွေကြေးစနစ် ပိုမို
ခိုင်မာလာဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူ ပြည်သူတွေ လိုအပ်တဲ့ချေးငွေ
တွေ ရရှိနိုင်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေ အဓိက
ဇောင်းပေးကြိုးစားနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် စီလ်ဗီယို ဘယ်လူစကိုးနီးကလည်း ဒီလောက်ကြီးမားတဲ့ ငွေကြေး
အကျပ်အတည်းမျိုး ကမ္ဘာမှာ တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့
ကြုံတွေ့နေရတဲ့ ကမ္ဘာလုံးနီးပါးဆိုင်ရာ ဘဏ္ဍာရေးပြဿနာကြီးကို တကယ်ရင်ဆိုင်
ကျော်လွှားနိုင်မယ်ဆိုတာ သူ့အနေနဲ့ ရာနှုန်းပြည့် ယုံကြည်တယ်လို့ အီတလီဘာသာ
စကားနဲ့ ပြောခဲ့ပါတယ်။

တချိန်ထဲမှာပဲ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး အလစ္စတဲ ဒါလင် (Alistair Darling) ကလည်း…

"ကျနော်တို့အားလုံး ပြတ်ပြတ်သားသားနဲ့ မြန်မြန်ဆန်ဆန် အတူပူးပေါင်း ဆောင်ရွက်
လိုက်ကြမယ်ဆိုရင် ဒီလိုခက်ခဲတဲ့ကာလကို မုချရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ
ဘယ်နည်းနဲ့မဆို ရဲရဲကြီး ယုံကြည်နိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ပြန်လည်ဦးမော့လာတဲ့ အမေရိကန် အစုရှယ်ရာဈေးကွက်ကို ကြည့်မယ်ဆိုရင်တော့
ကိန်းဂဏန်း ၃ ခုထိ ထိုးတက်ခဲ့ပါတယ်။ ဥရောပမှာ မနေ့ နေ့လယ်ခင်းကဆိုရင် ၈%
ကနေ ၁၂% ထိ တက်ခဲ့ပါတယ။် မနေ့က ဈေးအပိတ်မှာ ဟောင်ကောင်အစုရှယ်ရာ
ဈေးကတော့ ၁၀% နီးပါး တက်ခဲ့ပါတယ်။ တခြား စီးပွားရေးတက်သစ်စ တိုင်းပြည်တွေ
ဖြစ်တဲ့ မက္ကဆီကိုနဲ့ မလေးရှားမှာလည်း အစုရှယ်ရာဈေးတွေက အပေါင်းလက္ခဏာ
ဘက်ကို ပြန်ရောက်ခဲ့ပါတယ်။

အစုရှယ်ယာဈေးတွေက ပြီးခဲ့တဲ့သုံးလေးပတ်နဲ့စာရင် ဈေးသက်သာသေးတာမို့
ဈေးပေါပေါနဲ့ ရှယ်ရာတွေဝယ်ထားသူ ရင်းနှီးမြှုပ်နှံသူတွေက မကြာခင်မှာ အမြတ်
အစွန်းရဖို့အတွက် မျှော်လင့်နေကြတယ်လို့ အမေရိကန်အခြေစိုက် Standard and
Poor ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ အကြီးအကဲ
ဆမ် စတိုဗောလ် (Sam Stovall) က ပြောပါတယ်။ ဒါ့အပြင် အခု လူတိုင်းလူတိုင်း
အစုရှယ်ရာဈေး အခြေအနေ ဘယ်လောက်ဆိုးသလဲဆိုတာကို ပြောနေကြတာမှန်ပေ
မယ့် ဒါဟာ အဆိုးဆုံးအခြေအနေ ဖြစ်နေတာမို့ တဖက်ကကြည့်ရင် ဒီအချိန်ဟာ အစု
ရှယ်ရာတွေ ဖမ်းဝယ်ဖို့ အကောင်းဆုံးအချိန်ပါပဲလို့ မစ္စတာ စတိုဗောလ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံတ၀ှမ်း အရစ်ကျပေးရမယ့် အိမ်ကြွေးတွေ အချိန်အတန်ကြာ မပေး
နိုင်လို့ ငွေထုတ်ချေးသူဖြစ်တဲ့ ဘဏ်တွေက အိမ်တွေကို အိမ်ဝယ်သူတွေလက်က
ပြန်လည်သိမ်းယူခဲ့ရတဲ့ Foreclosure လို့ခေါ်တဲ့ ဖြစ်ရပ်အများအပြား ပျံ့နှံ့သွားရာကနေ
အခုလို တိုင်းပြည်တခုလုံး ငွေကြေးနဲ့ ဘဏ္ဍာရေးအကျပ်အတည်း ပြဿနာ ရင်ဆိုင်ခဲ့
ရတာလို့ အများက နားလည်ထားကြပါတယ်။ စီးပွားရေးပညာရှင်တွေ ကြောက်ရွံ့စိုးရိမ်
တာတခုကတော့ တကယ်လို့ ဘဏ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူ
တွေကို ဆက်ပြီး ငွေထုတ်ချေးဖို့ တွန့်ဆုတ်နေရင်၊ ထုတ်ချေးဖို့လည်း မတတ်နိုင်ကြ
တော့ဘူးဆိုရင် ကမ္ဘာ့စီးပွားရေး လည်ပတ်မှုကြီးတခုလုံး ရပ်တန့်သွားနိုင်တဲ့ အနေ
အထားရှိတာကိုပဲ ဖြစ်ပါတယ်။

ဘဏ်တွေအားဖြည့်ရန် အမေရိကန်အစိုးရ ဆောင်ရွက်
14 October 2008
Michael Bowman's Report in Burmeseသမ္မတဘုရှ် အမေရိကန်ဘဏ်စနစ် ကယ်တင်ရေးနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားနေစဉ်။
အောက်တိုဘာ ၁၄၊ ၂၀၀၈။
ငွေကြေးလုပ်ငန်းကြီးတွေကို ကျားကန်ပေးရင်းနဲ့
ချေးငွေတွေ ပြန်လည်ပတ်နိုင်စေရေးအတွက်
ညှိနှိုင်းကြိုးပမ်းမှုတွေကို နိုင်ငံတကာ အတိုင်း
အတာနဲ့ အစိုးရတွေက ဆက်လက်လုပ်ဆောင်နေ
ချိန်မှာ ဒုတိယနေ့ ဆက်တိုက်အဖြစ် ကမ္ဘာ့
စတော့ခ်ဈေးတွေ တက်ခဲ့ပါတယ်။ အမေရိကန်ရဲ့
ဘဏ်စနစ်ကို ကယ်တင်နိုင်မယ့် အရေးပေါ် ဆောင်ရွက်ချက်အသစ်ကိုလည်း သမ္မတဘုရှ်က
ဒီနေ့ ကြေညာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက် ပြီး ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း
(Michael Bowman) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန်ရဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေမှာ အစိုးရက အရင်က အစဉ်အလာ မရှိခဲ့တဲ့
အစီအစဉ်နဲ့ တိုက်ရိုက်ပါဝင်ပတ်သက်စေတဲ့ အသေးစိတ်အစီအစဉ်ကို အမေရိကန်
ငွေကြေးဈေးကွက်တွေ မဖွင့်မီ သမ္မတဘုရှ်က ကြေညာလိုက်တာဖြစ်ပါတယ်။ ဗဟို
အစိုးရအနေနဲ့ ဒီဘဏ်ကြီးတွေရဲ့ တချို့စတော့ခ်တွေကို ၀ယ်ယူခြင်းအားဖြင့်
ဒီဘဏ်တွေရဲ့ ငွေလုံးငွေရင်းကို အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

"အခုရင်းနှီးငွေတွေဟာ လက်ရှိ အခြေအနေကောင်းတဲ့ ဘဏ်တွေအနေနဲ့ စီးပွားရေး
လုပ်ငန်းတွေနဲ့ စားသုံးသူတွေကို ငွေထုတ်ချေးစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ
အကျပ်အတည်းတွေနဲ့ ရုန်းကန်နေကြရတဲ့ ဘဏ်တွေအတွက်လည်း သူတို့ဆုံးရှုံးခဲ့တဲ့
ငွေယိုပေါက်တွေကို ပိတ်စေပြီး တခါ ငွေပြန်ထုတ်ချေးစေနိုင်မှာဖြစ်သလို အလုပ်
အကိုင်လည်း ဖြစ်ထွန်းပြီး စီးပွားရေးလည်း အားကောင်းလာစေမှာ ဖြစ်ပါတယ်။"

ဒါ့အပြင် ဘဏ်အချင်းချင်းကြား ထုတ်ချေးတဲ့ ကာလတိုချေးငွေ အပါအ၀င် စုဆောင်း
ငွေတွေအတွက် အာမခံထုတ်ပေးတဲ့ ဘဏ်တွေအတွက်လည်း ချေးငွေတွေကို ဗဟို
အစိုးရက တာဝန်ယူပြီး အာမခံပေးမှာဖြစ်တယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက်လည်း နေ့စဉ်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ငွေကို အခက်
အခဲမရှိ ချေးယူနိုင်စေမယ့် ခြေလှမ်းတွေကိုလည်း ဗဟိုအစိုးရက ယူမှာဖြစ်တယ်လို့
သိရပါတယ်။

ဒါပေမယ့် ယူမယ့်ခြေလှမ်းတွေဟာ ယာယီပဲဖြစ်တယ်လို့ သမ္မတက အလေးအနက်
ပြောပါတယ်။ လွတ်လပ်တဲ့ဈေးကွက်ကို အစိုးရက တာဝန်ယူ ထိန်းချုပ်ဖို့ မရည်ရွယ်ဘဲ
ဆက်လက်ရှင်သန်နိုင်ရေးအတွက် ပံ့ပိုးပေးတာပဲဖြစ်တယ်လို့လည်း မစ္စတာဘုရှ်က
ပြောပါတယ်။

အိမ်ဖြူတော်က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရေးပေါ် စီးပွားရေးတည်ငြိမ်မှု
သက္ကရာဇ် ၂၀၀၈ အက်ဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ အခက်အခဲ ကြုံတွေ့နေရ
တဲ့ ဘဏ်တွေထံက စတော့ခ် စသဖြင့်တို့ကို ၀ယ်ယူရာမှာ ဒေါ်လာ ၃၅၀ ဘီလီယံအထိ
သုံးစွဲခွင့်ပြုထားတာ တွေ့ရပါတယ်။ ဒီငွေဟာ ဒီလစောစောပိုင်းက အထက်နဲ့ အောက်
လွှတ်တော် နှစ်ရပ်က အတည်ပြုခဲ့ပြီး သမ္မတဘုရှ် လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ
ဘီလီယံ ၇၀၀ ကယ်တင်ရေးအစီအစဉ်ကနေ ထုတ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်။
ဒီအရေးယူဆောင်ရွက်မှုသစ်ရဲ့ တချို့အချက်တွေဟာ တနင်္လာနေ့က ဥရောပက
ထုတ်ပြန်တဲ့ အစီအစဉ်မှာလည်း ထင်ဟပ်ပေါ်လွင်တာ တွေ့ရပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့စတော့ခ်ဈေးကွက်ကတော့ ဆက်ပြီး အားကောင်းနေတာ
တွေ့ရပါတယ်။ မနေ့က မယုံနိုင်လောက်အောင် စတော့ခ်ဈေးတွေ တက်ခဲ့ရာမှာ တိုကျို
နစ်ကေး (Nikkei) အညွှန်းကိန်းဟာ ၁၄% ကျော် တက်ခဲ့ပါတယ်။ ညနေပိုင်းအရောင်း
အ၀ယ်မှာလည်း ဥရောပဈေးကွက်တွေမှာ ၅% ကနေ ၇% အထိတက်ခဲ့တာ တွေ့ရပါ
တယ်။

အမေရိကန် ဒေါင်းဂျုံးစ် (Dow Jones) စက်မှုပျှမ်းမျှကတော့ တနင်္လာနေ့က ၁၁%
ကျော် တက်ခဲ့တဲ့အတွက် ဒါဟာ ၁၉၃၃ ခုနောက်ပိုင်းမှာ တနေ့တည်း အများဆုံး
ဈေးတက်တာလည်း ဖြစ်ပါတယ်။

ပင်လယ် ဓါးပြများ၏ လက်ချက်ကြောင့် ငါးဖမ်းသမား ၆ ဦးဆေးရုံတင်ထားရပြီး ၆ ဥိးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေ
10/14/2008


ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ငါးဖမ်းဘုတ်များအား တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့မှ ဓါးပြများက ၀င်ရောက် ဓါးပြတိုက်မှုကြောင့် ငါးဖမ်းသမား ၆ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ကျန် ၆ ဦးမှာ ငါးဖမ်း ဘုတ် တစီးနှင့် အတူ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ငါးဖမ်းဘုတ်ပိုင်ရှင် တဦးက “သူတို့ ၆ ဦးကို အတွင်း လူနာ အဖြစ်နဲ့ စစ်တွေဆေးရုံကြီးမှာ တင်ထားရပြီး ကျန် ၆ ဦးကတော့ ယခုအချိန်ထိ စက်လှေ တစီးနဲ့အတူ ပျောက်ဆုံးနေပါတယ်၊” ဟု ပြောသည်။

လွန်ခဲ့သော အောက်တိုဘာလ ၁၁ ရက်နေ့က မောင်တောမြို့နယ် အနောက်တောင်ဘက် ကျောက်ပန်းတူကျေးရွာ အနီး ပင်လယ်ပြင်တွင် ငါးဖမ်းနေသော စစ်တွေမြို့မှ ငါးဖမ်းစက်လှေ ၅ စီးကို ဘင်္ဂလာဘက်မှ ဓါးပြများက လုပ်သေနတ်များ၊ ယမ်းထောင်းများကို ကိုင်ဆောင်ပြီး ဓါးပြတိုက်ခဲ့သည်။

ေါးပြတိုက်စဉ်အတွင်း ငါးဖမ်းပိုက်များ၊ ဓါတ်ဆီများ ဒီဇယ်များကို လူယူသွားပြီး ထွက်ပြေးသည့် စက်လှေများကို သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ငါးဖမ်းသမား အများအပြားမှာ ဒဏ်ရာရရှိခဲ့သည်။

ယခု ဒဏ်ရာရရှိသွားသူ အများစုမှာ ကျေးတော ပိုက်ဆိပ်နှင့် သဲတောပိုက်ဆိပ်တို့ မှ ဖြစ်သည်။

ငါးဖမ်းဘုတ်ပိုင်ရှင်များက ယခုအခါ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို တိုင်ကြားပြီး အမှုဖွင့်ထားကြောင်းလည်း သိရှိရသည်။

နောက်ဆုံးရရှိသော သတင်းအရ ငါးဖမ်းသမား ၄ ဦး အသတ်ခံခဲ့ရကြောင်း သို့သော်လည်း အဆိုပါ သတင်းကို အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံ တဦးက ပြောသည်။


ရခိုင်ကွန်မြူနစ်ပါတီ အဖွဲ့ဝင် တဦး ထောင်မှ လွတ်မြောက်လာ
10/14/2008


သျှင်ထွီးခိုင် (နိရဉ္စရာ) ယခင် ရခိုင် ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင် တဦးဖြစ်သူ ဦးခိုင်ထွန်းသည် အောက်တိုဘာ ၁၀ ရက်နေ့ က ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဦးခိုင်ထွန်းသည် ထောင်ဒဏ် ၂၂ နှစ် ကျခံပြီးနောက် ပြန်လည် လွတ်မြှောက်လာခြင်း ဖြစ်သည်။

ဦးထွန်းခိုင် အသက် ၄၈ နှစ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ယခုအခါ အသက် ၇၀ နှစ် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဦးခိုင်ထွန်းမှာ လွန်ခဲ့သော နှစ် ၂၀ ကျော်အတွင်းက မင်းပြားမြို့ကို ဝင်တိုက်ရာတွင် ပါဝင်ခဲ့ပြီး စစ်တွေမြို့သို့ ကိစ္စတခုဖြင့် ဝင်ရောက်ရာမှ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

အင်းစိန်ထောင်တွင် သူ့အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုပြီး သေဒဏ်ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ထောင်ဒဏ် တသက်တကျွန်းပြောင်းလဲချမှတ် ခံလိုက်ရပြီး နှစ်ပေါင်း ၂၂ နှစ်ကြာမှ လွတ်မြှောက်လာခြင်း ဖြစ်သည်။

ဦးခိုင်ထွန်းမှာ ထောင်သက်တန်း ၂၂ နှစ် ကာလ အတွင်းတွင် မိသားစု ဝင်များနှင့် တကြိမ်သာ တွေ့ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

“ထောင်ထဲမှာ နေရာတာ တကယ်ကိုလူသား မဆန်ဘူး၊ တော်တော်ရက်စက်တယ်၊ ကျွန်တော် မှာက သွေးတိုးရောဂါ၊ ထုံနာ၊ ကျဉ်နာ ရောဂါတွေရှိတယ်လေ။ ဒါပေမယ့် ဆေးကုသခွင့် မရခဲ့ဘူး၊ ထောင်တွင်း တလျှောက်လုံး စိတ်ဓာတ် ရေးရာနဲ့ဘဲ အသက်ရှင်သန်ခဲ့ရတယ်။ ထောင်တွင် ၂၂ နှစ် တာကာလမှာလည်း မိသားစုနဲ့ တခါဘဲ တွေ့ခွင့်ရခဲတယ်၊ အဲဒါလည်း လွန်ခဲ့တဲ့ ၅ နှစ်က ကမ္ဘာ့ကြက်ခြေ နီ အဖွဲ့ (ICRC) ရဲ့ အကူအညီနဲ့တွေ့ခွင့်ရခဲ့တာ။” ဟု ဦးခိုင်ထွန်းမှ ပြောသည်။


ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အနှစ် ၂၀ ပြည့် အခမ်းအနား ရန်ကုန်တွင် ကျင်းပ
10/13/2008


သျှင်ထွီးခိုင် (နိရဉ္စရာ) ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခဲ့သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ခေါင်းဆောင် ဦးအေးသာအောင် နေအိမ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နှစ် ၂၀ မြှောက် အခန်းအနားကို မိတ် ဆုံစားပွဲပုံစံဖြင့် ကျင်းအခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ဝင် တဦးက ပြောသည်။

အခမ်းအနားသို့ မကြာသေးမှီက ထောင်မှ လွတ်မြောက်လာခဲ့သည့် သတင်းစာဆရာကြီး ဦးဝင်းတင် နှင့် ဒေါက်တာ အေးမြင့်တို့ အပါအဝင် ရန်ကုန်မြို့ရှိ နိုင်ငံရေးအသိုင်းဝိုင်းမှ ပုဂ္ဂိုလ်အများ အပြားတက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်ကြသော ပုဂ္ဂိုလ်များအား အစားအသောက်များဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပြီး တက်ရောက်လာသူများက ပြည်တွင်းပြည်ပ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် ဦးအေးသာအောင်မှာ ၁၉၉၀ ရွေးကောက်ပွဲ တွင် အမတ် နေရာ ၁၁ နေရာဖြင့်အနိုင်ရရှိခဲ့ပြီး စစ်အစိုးရ အာဏာပိုင်များ၏ အမိန့်ကြေငြာ ချက် အမှတ် ၁/၉၀ ကို မလိုက်နာသည့် အတွက် ၁၉၉၄ ခုနှစ်တွင် ရခိုင်ပါတီ ဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ထားသည့်နေရာမှ ပယ်ဖျက်ခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးအေးသာအောင်မှာ ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား ပါတီများနှင့် စုပေါင်း ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်သည်။

၁၉၉၄ ခုနှစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား တရားဝင် မှတ်ပုံတင်ထားရာမှ စစ်အစိုးရမှ ပယ်ဖျက်ပြီနောက် အဖွဲ့ချုပ်မှ ခေါင်းဆောင်တချို့သည် ဘင်္ဂလားဒေ့ခ်ျ။ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ သြစတြေလျနှင့် ဂျပန်နိုင်ငံများသို့ ထွက်ခွာလာခဲ့ပြီး ရခိုင်ဒီမိုရေစီ အဖွဲ့ချုပ်၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။


ယင်ရဲရွာမှ ဝှေ့တိုးကို ဘယ်သူသတ်သလဲ
10/11/2008
မင်းအောင် (နိရဉ္စရာ)

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ တွီဆုံဝ အုပ်စု ယင်ရဲ ကျေးရွာမှ ရွာသားတဦးကို လက်နက်ကိုင် တော်လှန်အဖွဲ့အစည်း တခုမှ ပစ်သတ်သွားကြောင်း သတင်းရရှိသည်။
ပစ်သတ်ခံရသူမှာ ဝှေ့တိုးဖြစ်ပြီး သူ့အား အောက်တိုဘာလ ၃ ရက်နေ့က ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ကျေးရွာသား တဦးမှ ပြောသည်။

သူက “အဖွဲ့အစည်း နာမည်ကိုတော့ ကျွန်တော်တို့ မပြောပါရစေနဲ့။ အသက်အန္တရာယ်ရှိလို့ ဖြစ်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်း တခုက သတ်သွားတာဖြစ်ပါတယ်။” ဟုသူက ပြောသည်။

ဝှေ့တိုး၏ ဦးခေါင်းနောက်စေ့အား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ပြီးနောက် ယင်ရဲရွာနောက်ဖက်ရှိ တောထဲတွင် ပစ်ထားခဲ့သည်။

နောက်ပိုင်းတွင် ပလက်ဝရဲအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သူ့ အလောင်းအား ရွာသားများက အဆိုပါ နေရာတွင်ပင် မြုပ်နှံထားခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ ဝှေ့တိုး အလောင်းကို ခလရ ၅၅ မှ ဗိုလ်ကြီး အောင်ဇော်ဦး ဦးဆောင်သော အဖွဲ့မှလည်း ပြန်လည် တူးဖေါ်ပြီး စစ်ဆေးကြည့် ရှု့ခဲကြောင်း သူကပြောသည်။

အင်တာနက် သုံးစွဲသူများ အတွက် အသိပေးချက် ၈ ချက်နဲ့ လက်တွေ့ အသုံးချ အစီအစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာပူးပေါင်းအင်အားစု ထုတ်ပြန်ကြေငြာချက်အမှတ်၃/၂၀၀၈

င့ါတိုင်းပြည်လေးမှာ

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်.....အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ......ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
" ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "

၈၈ မျိုးဆက်တို့၏ မိဘသားချင်းများ တရားရုံးသို့ ၀င်ရောက်ကြားနာခွင့် မရရှိသဖြင့်

အောက်တိုဘာ ၁၃၊ ၂၀၀၈

၈၈ မျိုးဆက်များ၊ နာဂစ်ကယ်ဆယ်ရေး အနုပညာရှင်များနှင့် မတရားဖမ်းဆီးခံထားရသူ ကျောင်းသား၊လူငယ်၊ ရဟန်းသံဃာတို့၏ တရားရုံးထုတ် စစ်ဆေးသည့် တရားခွင်သို့ သက်ဆိုင်ရာ မိဘ၊ သားချင်းများ ၀င်ရောက်ကြားနာခွင့်နှင့် မိသားစု တွေ့ဆုံခွင့်တို့ကို စစ်အစိုးရက အကြောင်းတစုံတရာ မထုတ်ပြန်ဘဲ ယခင်အပတ်က စတင်ပြီး ပိတ်ပင်တားမြစ်ခဲ့သည်။၈၈ မျိုးဆက် ကျောင်းသားလူငယ်များနှင့် တွေ့ဆုံခွင့် မရရှိသော်လည်း တနင်္လာနေ့ နေ့ခင်းကတည်းက သက်ဆိုင်ရာ မိဘသားချင်းများသည် အင်းစိန်ထောင်ရှေ့တွင် ဇွဲကောင်းကောင်းနှင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ အကျဉ်းဦးစီးဌာန ဦးဆောင်ညွန်ကြားရေးမှူးထံသို့လိပ်မူ၍ ယခုပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

ထိုင်းအစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများကို ဘုရင့်နန်းတော်ထောက်ခံ

အောက်တိုဘာ ၁၄
ယမန်နေ့က အရပ်သားဈာပနအခမ်းအနား တခုသို့ တက်ရောက်ခဲ့သော ထိုင်းဘုရင်၏ မိဖုရားကြီး သီရိခေတ် (Sirikit)၊ သမီးတော် ချူလာဘွန်(Chulabhorn)။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း သေဆုံးသွားသူတဦး၏ ဈာပန ဖြစ်သည်။ ဤကဲ့သို့ ဈာပနအခမ်းအနားသို့ သွားရောက်လိုက်ခြင်းသည် အတိုက်အခံများ၏ ၅ လကြာပြီဖြစ်သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ တော်ဝင်မိသားစုက ထောက်ခံသည့်သဘော ဖြစ်သည်။

လှုပ်ရှားမှုတွင် ပါဝင်သူများက ၎င်းတို့သိမ်းပိုက်ထားသော အစိုးရရုံးကို သဲအိတ်များခင်းပြီး အကာအကွယ်များ တည်ဆောက်နေသည်။ တုတ်ရှည်များ ကိုင်ဆောင်ပြီး လုံခြုံရေး ယူထားကြသည်။
အစိုးရထောက်ခံသူများလည်း ရှိသည်။ အပေါ်ပုံတွင် တိုက်ခိုက်ရန် ဟန်ရေးပြနေသော အစိုးရဘက်တော်သားများကို တွေ့ရမည်။လွန်ခဲ့သည့် ၂ ရက်က ပန်းခြံတခုတွင်ပြုလုပ်သည့် အစိုးရထောက်ခံပွဲသို့ တက်ရောက်လာသော ပရိသတ်။ယနေ့သည် ထိုင်းနိုင်ငံ၏ အောက်တိုဘာ ၁၄ ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်သည်။ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ပြုလုပ်သည့် ဘန်ကောက်မြို့တနေရာတွင် ငိုကျွေးနေသော အမျိုးသမီးတဦးကို အပေါ်ပုံတွင် တွေ့နိုင်သည်။ ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါလှုပ်ရှားမှုတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၇၇ ဦး သေဆုံးခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာရခဲ့သည်။ (photos: AP and AFP)

ဆပ်ပရိုင်း (Sub-prime)

အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ
ဘိုဘိုကျော်ငြိမ်း
သောကြာနေ့၊ ဧပြီလ 04 2008 20:06 - မြန်မာစံတော်ချိန်
"အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့သူတွေရဲ့ ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့မှာ မပေးခဲ့ရတော့ အထူးသဖြင့် Sub-prime လူတွေက Mortage ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ် တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကြပ်ပစ်ကြတော့ အမေရိကားမှာ Credit Crurch လို့ ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာ ပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေ နည်းသွားပြီး Ecomomic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ(၃)သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်" ။

ဒီဆောင်းပါးဟာ မြန်မာလူငယ်တွေ ဗဟုသုတတိုးစေဖို့ ရည်ရွယ်တာပါ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးမို့ တချို့ကပျင်းစရာလို့ ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်ကို ခေတ်မှီတိုးတက်အောင် တည်ဆောက်ချင်တဲ့ စေတနာရှိရင် စီးပွားရေးပညာကို လေ့လာနားလည်ရပါမယ်။ တိုင်းပြည် ဒီမိုကရေစီရရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိ လူငယ်တွေအပေါ် မူတည်မှာပါ။ ဒါကြောင့် စေတနာရင်းမှန်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယနေ့ခေတ်မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အမေရိကန်စီးပွားရေး နှာစေး၊ ချောင်းဆိုး၊ အအေးမိရင် ကမ္ဘာမှာရှိတဲ့ ကျန်တဲ့နိုင်ငံတချို့လဲ လေဟပ်ခံ ရပါတော့တယ်။ ဒါကြောင့် မနေ့တနေ့က အမေရိကန်စီးပွားရေးဟာ Recession လို့ခေါ်တဲ့ စီးပွားရေး ကျဆင်းမှု ဖြစ်နေပြီဆိုတဲ့ စိုးရိမ်မှုနဲ့ ဝေါလ်စထရိ Wall Street မှာ စတော့ stock ဈေးတွေ ထိုးကျတာကြောင့် အာရှဈေးကွက်နဲ့ ဥရောပဈေးကွက် မှာလည်း ဈေးတွေ ထိုးကျခဲ့ရပြီး စီးပွားရေး မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။ ထို့အပြင် အမေရိကန်ဒေါ်လာ တန်ဖိုးထိုးကျပြီး ရွှေဈေးနဲ့ ရေနံဈေးတွေ ထိုးတက်ပြီး ကမ္ဘာဘဏ်တွေနဲ့ ကမ္ဘာစီးပွားရေးဈေးကွက် မငြိမ်မသက် ဖြစ်တာကြောင့် အမေရိကန် ဗဟိုဘဏ် Federal Resevese က ဘဏ်အချင်းချင်း ချေးတဲ့အတိုးနှုန်းကို (0.75 basic-point)၊ ဝ.၇၅ အမှတ်အထိ ပုံမှန် အစည်းအဝေးလုပ်တဲ့ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှာ တကြိမ် ထပ်ချပေးခဲ့ရပါတယ်။ထို့နည်းတူဇန်နဝါရီလ (၂၂) ရက် ၂ဝဝ၈ မှာ (0.75basicpoint) အရေးပေါ် ချပေးခဲ့ရပါတယ်။

ယနေ့ အမေရိကန်စီးပွားရေး လောကမှာ ရင်ဆိုင်နေရတဲ့ Sub-prime ပြဿနာဟာ ဘာလဲ? ဘာကြောင့် Sub Prime ပြဿနာ ပေါ်ရတာလဲ? ဘာကြောင့် အမေရိကန် ပြဿနာဟာ ကမ္ဘာစီးပွားရေးကို ထိခိုက် ရိုက်ခတ်ရတာလဲ?ဘာကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးကျရတာလဲ။ ဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမှာလဲ? ဒီပြဿနာဟာ မိမိနဲ့ ဘယ်လိုဆိုင်သလဲ? ဆိုတာတွေကို သိလို့ မေးခွန်းထုတ် လိုသူတွေ ရှိမှာပါ။

အမေရိကန်ရဲ့ Sub-prime ပြဿနာကို မဖြေရှင်းနိုင်ရင် အမေရိကန်ပြည်မှာ စီးပွားရေး ကျဆင်းမှု Recession နဲ့ ရင်ဆိုင်ရပါမယ်။Recession ဆိုတာက စီပွားရေး ကျဆင်းမှု ဖြစ်တဲ့အတွက် အလုပ်ရှိသူတွေ အလုပ်ပြုတ်မယ် အလုပ်ရှာရခက်မယ်။ အမေရိကန်မှာ နေထိုင်တဲ့ သူတွေ ဒုက္ခ တွေ့နိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနဲ့ ထုတ်ကုန်၊ သွင်းကုန် အများဆုံးနိုင်ငံ ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံရေးအများရဲ့ စီးပွားရေးဟာ အမေရိကန် နိုင်ငံကို တင်ပို့ရတဲ့ ပို့ကုန် အပေါ် မူတည်နေကြတာကြောင့် အမေရိကန်နိုင်ငံဟာ ၄င်းရဲ့ စီးပွားရေး အခက်အခဲကြောင့် သွင်းကုန် ကို လျော့ချခဲ့ရင် နိုင်ငံအများရဲ့ ပို့ကုန်တွေ ထိခိုက်နိုင်တာကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် Sub-prime ပြဿနာဆိုတာ ဘာလဲ? ဘယ်က အရင်းခံတာလဲ? ဆိုတာကို ဆန်းစစ် ကြည့်ရအောင်။

ဒါပေမဲ့ အဦးဆုံး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အခြခံနဲ့ ပကထိအနေအထား လုပ်ထုံးလုပ်ဟန်နဲ့ စီးပွားရေးစနစ်ကို သိဖို့ လိုအပ်ပါတယ်။

စီမံကိန်း စီးပွားရေး ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးကြောင့် ဆိုဗီယက် ကွန်မြူနစ်နဲ့ ကမ္ဘာ့ကွန်မြူနစ် စနစ်ကြီး မြေမြုပ် သဂြိုလ်ခံရပြီး နောက်ပိုင်းကမ္ဘာကြီးမှာ ဈေးကွက်စီးပွားရေးစနစ်ပဲ ရှင်သန် ကျန်ရစ်ပါတော့တယ်။ သို့သော် ဈေးကွက်စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရာမှာ ပုံသဏ္ဍန် model အမျိုးမျိုး ရှိကြပါတယ်၊ အကြမ်းအားဖြင့် အမေရိကန်ပုံစံ ၊ ဥရောပပုံစံ နဲ့ တရုတ်ပုံစံ လို့ နောက်ဆုံး ခွဲခြားနိုင်ပါတယ်။ ဒ်ီပုံစံ အမျိုးမျိုးမှာ အမေရိကန်ပုံစံက ဈေးကွက်ကို (လွှတ်) အပေးဆုံးပဲ။ အစိုးရကဝင်ပြီး မထိန်းချုပ်ဘူး။ စည်းမျဉ်း၊ စည်းကမ်း အနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဥရောပပုံစံနဲ့ တရုတ်ပုံစံက အစွန်းမရောက်ရအောင် ထိန်းချုပ်မှု ပိုရှိတယ်။ နောက်မှ ဒီပုံစံတွေကို ယှဉ်ပြီး ဆွေးနွေးတင်ပြပါမယ်။

အရင်းရှင်စနစ်ကို အခြေခံတာက လောဘ၊ တွန်းပို့တဲ့ တွန်းအားနဲ့ ပြိုင်ဆိုင်မှုပဲ။ ဘယ်ပစ္စည်းဟာ လူကြိုက်များပြီး ရောင်းရမယ် ဘယ်ပစ္စည်းကိုတော့ လူမကြိုက်၍ မရောင်းရပါ ဆိုတာက ဈေးကွက်က ဆုံးဖြတ်တယ်။ ဒီဈေးကွက်ကို အဆုံးအဖြတ်ပေးတာက စားသုံးသူ ဖြစ်တယ်။ ဈေးကွက်မှာ ဈေး (သို့) တန်ဖိုးကို ဆုံးဖြတ်တာက Supply & Demand လို့ ခေါ်တဲ့ ထုတ်လုပ်နိုင်မှုနဲ့ လိုအပ်မှုတို့ကပဲ ဖြစ်တယ်၊ ဥပမာ - ယနေ့ ကမ္ဘာကြီးမှာ လူဦးရေသန်း ၆ဝဝဝနဲ့ သန်း ၇ဝဝဝ အကြား ရှိပါတယ်။ တကမ္ဘာလုံးအတွက် တနေ့ ရေနံစည် ၈ဝသန်း လိုခဲ့ရင် တနေ့ ၈ဝသန်းကျော်ကျော် ထုတ်နိုင်လို့ ဈေးကွက်မှာ ရေနံတွေ ပေါများနေရင် ရေနံဈေးကျမယ်။ အကယ်၍ လိုတာက (၈ဝ)သန်း၊ ထုတ်နိုင်တာက (ရဝ)သန်းပဲရှိရင် ရေနံဈေးဟာ ထောက်လျောက် တက်နေမှာပါ။ ဒါကြောင့် အရင်းရှင်စနစ်နဲ့ ဘုရားတဆူလို့ ပြောလို့ရတဲ့ အဲဒန်စမစ် က မမြင်ရတဲ့ လက်ဆိုပြီး သုံးနှုန်းသွားပါတယ်။ အရင်းရှင်စနစ်ကို လေ့လာချင်ရင်- Adam Smith ရေးတဲ့ Weath of Nations စာအုပ်ကို ဖတ်သင့်ပါတယ်။

ဒီလို့ ဈေးကွက်ပေါ်မှာ မူတည်ပြီး (လောဘ) ကို အခြေခံတဲ့ စီးပွားရေးစနစ်မှာ တကိုယ်ကောင်းဆန်တဲ့ လူညာတွေ အများအပြား ရှိတတ်ပါတယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရင် ခိုင်မာတဲ့ ဥပဒေနဲ့ အစိုးရရဲ့ စောင့်ကြပ်မှု စည်းမျဉ်း ရှိရပါတယ်။ သို့သော်လည်း စည်းမျဉ်း သိပ်တင်းကြပ်ရင် စီးပွားရေးအောင်မြင်မှု ခက်ခဲမှုရှိပြီး သိပ်လျော့လွန်းရင်လည်း အတက်အကျ ပြင်းထန်တတ် ပါတယ်၊ အမေရိကန်တွေရဲ့ အတွေးအခေါ်က အစိုးရက အနည်းဆုံး ကြပ်မတ်ရမယ်။ ဈေးကွက်က တာဝန်ယူပါစေလို့ ယုံကြည်တာကြောင့် ယနေ့ ကမ္ဘာကြီးမှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ အလွတ်လပ်ဆုံး ဖြစ်သလို အမေရိကန်စီးပွားရေးမှာ Boom & Bust Cycle လို့ ခေါ်တဲ့ စီးပွားရေး တဟုန်ထိုးတက်မှုနဲ့ ပေါက်ကွဲပြုတ်ကျမှုဟာ ဒွန်တွဲ နေတတ်ပါတယ်။ ၁၉၈ဝခုနှစ်များက သမ္မတ ရေဂင် လက်ထက်မှာ Real Estate & Thrift Boom/Bust ၁၉၉ဝခုနှစ်များက Tech (Internet) Boom/Bust ၊ ယ္ခု 2008 မှာ Housing Boom/Bust ၊ အမေရိကန်ပုံစံမှာ စီးပွားရေးတက်ပြီး ပြုတ်ကျမှု ဖြစ်စမြဲပါ။



Boom နဲ့ Bust ဆိုတာ ဘာလဲ?

ဘာကြောင့် Boom နဲ့ Bust ကို မထိန်းကွပ်တာလဲ?

Boom နဲ့ Bust ကိုပြောမယ်ဆိုရင် အမေရိကန်ရဲ့ လက်ရှိ စီးပွားရေးအနေအထားကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ၂ဝ ရာစု နှစ်လောက်ကတည်းက ခေတ်နဲ့အမှီ တိုးတက်ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံအဆင့်ကို ရောက်ခဲ့ပြီမို့ ရာစုနှစ်တခုမျှ ငွေစုဆောင်းပြီးသား ချမ်းသာပြီး နိုင်ငံအဖြစ် တည်ရှိပါတယ်။

အရင်းရှင်စနစ်မှာ ငွေကို သုံးပြီး ငွေရှာရတဲ့ Wealh Creation ဆိုတာ အရေးကြီးပါတယ်။ တနည်းအားဖြင့် ငွေရှိပြီးသူ လူတန်းစား ပိုမိုငွေရရှိ ပိုမို ကြွယ်ဝချမ်းသားဖို့ ငွေရှာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေရနိုင်မဲ့ အကွက် (သို့) ဈေးကွက်ကို ဖေါ်ထုတ်ကြပါတယ်။ အဲဒီအကွက် (သို့) ဈေးကွက်တွေ့ရင် ငွေရင်းရှိတဲ့ ငွေရှင်တွေက ငြွှေမှုပ်နှံလုပ်ရင်း ငွေရှာကြပါတယ်။ ဥပမာ ၁၉၈ဝ ခုနှစ်များ သမ္မတ ရောနယ်ရီဂင် လက်ထက်က ဈေးကွက် (၂) နေရာမှာ တဟုန်ထိုးတက်မှု ဖြစ်ပါတယ်။ တခုက ငွေစုငွေချေး ကုမ္ပဏီတွေ၊နောက်တခုက အိမ်ရာ၊မြေ၊ အဆောက်အဦး ဈေးကွက်တွေ ဖြစ်တယ်။ အိမ်ယာ၊ မြေ၊ အဆောက်အဦး ဈေးကွက်မှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေအဆောက်အဦး၊ ဆိုလိုတာက မောလ်လိုဈေးဆိုင်တွေ ဖွင့် ၊ အဆောက်အဦး (သို့) ရုံးခန်း တွေဆောက်ပြီး အခန်းငှါးစားတာပေါ့။ ဒီလို အိမ်ရာရော ငှါးစားတဲ့ အဆောက်အဦးတွေ ဈေးတက်တော့ ငွေရှိသူတွေက ရင်းနှီးပြီး အလုအယက် ဝယ်ယူကြတော့ ဈေးထပ်တက်နဲ့ တဟုန်ထိုးတက်တဲ့ Boom ဖြစ်ပါရော။

Boom ဖြစ်တော့ ကုမ္မဏီတွေရော အိမ်ပိုင်ရှင်တွေပါ ချမ်းသာလာတာပေါ့။ ဥပမာ လူတယောက်က ဒေါ်လာ (၂) သိန်းနဲ့ ဝယ်ထားတာ ၆လအကြာ တနှစ်အကြာမှာ ၂ သိန်း ၂ သောင်း ဖြစ်နေပြီဆိုရင် ဒီအိမ်ပိုင်ရှင်က ငွေရေးကြေးရေးအရေ ပိုပြီး ယုံကြည်မှုရှိတော့ ငွေသုံးဖို့ ဝန်မလေး လှတော့ဘူးပေါ့။ ဒီလိုဘဲ ကုမ္မဏီတွေက အမြတ်ငွေပိုရနေရင် အဆောက်အဦး (၁ဝ) ခုက ( ၁၂) ခုထိ တိုးချဲ့မှာပေါ့။ ဒါကြောင့် Boom Time လို့ခေါ်တဲ့ ချမ်းသားမှု တိုးပွားချိန်မှာ ပြည်သူပြည်သားတွေ ငွေရွှင်ပြီး ပိုသုံးဖြုန်းကြတာပေါ့။

ဒီနေရာမှာ ဖြတ်ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ထူးခြားမှုအကြောင်း တင်ပြလိုပါတယ်။

အမေရိကန်နိုင်ငံဟာ ချမ်းသားပြီးဖြစ်တဲ့ နိုင်ငံဖြစ်တာကြောင့် သူ့နိုင်ငံရဲ့ စီးပွားရေးရဲ့ (၂/၃)ဟာ စားသုံးသူပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေနဲ့ အစိုးရရဲ့စရိုက်က စုဆောင်းမှုထက် သုံးစွဲမှု ကို အားပေးတယ်။ အစိုးရရဲ့ Tax code အခွန်ငွေ စည်းမျဉ်းတွေ ကိုယ်နှိုက်က များများသုံးရင် များများသက်သာခွင့် ရပါတယ်။ အမေရိကန်ပြည်မှာ ထိပ်ဆုံး ၁% သော လူချမ်းသားများက နိုင်ငံရဲ့ ကြွယ်ဝမှု ၃ဝ% ကျော်ကျော်ကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အများက လူလတ်တန်းစားတွေ ဖြစ်တာကြောင့် တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် ပိုချောင်လည်တယ်လို့ ပြောလို့ရပါတယ်။ စိတ်မကောင်းစရာက အောက်ဆုံး ၂ဝ ရာခိုင်နှုန်း ဖြစ်ရင်တော့ မချောင်လှပါ။ အစိုးရထောက်ပံ့မှု ရှိပေမယ့် ဥရောပတို့၊ သြစတြေးလျ တို့လို ရက်ရောမှု မရှိပါ။

ဒါကြောင့် အမေရိကန်ပြည်ဟာ အရင်းရှင်းစနစ်စစ်စစ် ဖြစ်တယ်။ ပညာတတ်ရင် ကြိုးစားချင်စိတ် ရှိသူတွေအတွက် ကောင်းပေမယ့် ပညာမဲ့ရင် ကြိုးစားချင်စိတ် နည်းရင်တော့ မချောင်လှပါ။

Boom -Time မှာ လုပ်ငန်းတွေပေါ ကုမ္မဏီနဲ့လူတွေ ဝင်ငွေရွှင်ရင် များများသုံး ဒါကြောင့် အစိုးရက ဝင်မနှောင့်ယှက် မတားဆီးပါ။ ထို့အပြင် အမေရိကန်နိုင်ငံဟာ ဒီမိုကရစီ အခြေခိုင်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိတယ်လို့ ယူဆကြတာကြောင့် တကမ္ဘာ့လုံးက ငွေရှင်ကြေးရှင် တွေ ကလည်း Boom Time မှာအမေရိကန်မှာ မြှုပ်နှံအရင်းပြု လုပ်ကြတာကြောင့် Boom Time ငွေရွှင်ကြပါတယ်။ ဈေးတွေ အဆမတန် တက်ပါရင် တချိန်မှာ ဈေးကွက်က ထိုးချလေ့ ရှိပါတယ်။ ဒါကို Bust လေပူဖေါင်း ပေါက်ကွဲသလို ပေါက်ကွဲကျဆင်းမှု ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလို Bust မဖြစ်ခင်တနှစ်၊ နှစ်နှစ်လောက် ကတည်းက စေတနာရှင် ပညာတတ်တွေ အတွေကြုံရှိသူတွေက သတိပေးလေ့ ရှိပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်တွေက အင်တာနက်စတော့ မတရားဈေးတက်တော့ သတိပေးသူတွေ အများအပြား ရှိပါတယ်။ အများက လောဘဇောတက်နေတာကြောင့် သတိမမူ မိကြပါ၊ ပိုက်ဆံချမ်းသာသူများကတော့ ကြေးစားတွေကို ငွေပေးခိုင်းတာကြောင့် Bust ဖြစ်တာနဲ့ စတော့တွေ ရောင်းပြီး ငွေပုံမှာ ထိုင်နေလေ့ ရှိပါတယ်။ Bust မှာ ဒုက္ခရောက်လေ့ ရှိတာက အတွေ့အကြုံမရှိတဲ့ လောဘသား အများစု ဖြစ်တယ်။



Bust ဖြစ်ရင်ဘာဖြစ်သလဲ?

Bust ဖြစ်ရင် တနာရီမိုင် (၁ဝဝ) နှုန်းနဲ့ မောင်းနေတဲ့ကားကို ရုတ်တရက် ဘရိတ်အုပ်လိုက်သလို Boom ဖြစ်နေတဲ့ စတော့ဈေးတွေ ထိုးကျပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်များအကုန် ၂ဝဝဝခုနှစ် တွေတုန်းက အင်တာနက်စတော့ ဈေးတွေထိုးကျတော့ ကုမ္မဏီတွေ လူတွေ ရှုံးကြတော့ တပြည်လုံးမှာ ယုံကြည်မှု နည်းပြီးတော့ လူတွေက အသုံးရပ်သွားသလို ကုမ္မဏီတွေကလဲ အသုံးရပ်သွားတယ်။ ဒါ့အပြင် လူပိုတွေ လျော့ချရတော့ လူတွေအလုပ်လက်မဲ့ ဖြစ်ကုန်တာပေါ့။ ဘဏ်တွေကလည်း ငွေလွယ်လွယ် မချေးတော့ပါ။ ဒါကို Credit Crunch လို့ ခေါ်ပါတယ်။

Boom Time မှာ တချိန်တိုးတက်ကြွလှုပ်ရှားနေတဲ့ အမေရိကန်စီးပွားရေးဟာ Bust ဖြစ်တာနဲ့ အရှိန်လျော့ Slow Down ဖြစ်သွားတယ်။ ကြမ်းရင်တော့ Recession လို့ ခေါ်ပြီး သိပ်ဆိုးဝါးရင် Depression လို့ ခေါ်ပါတယ်။

ကောင်းပြီ တိုင်းပြည်ရဲ့ စီးပွားရေး ဒုက္ခရောက်ရင် ဘယ်သူက ကယ်နိုင်သလဲ? ဘယ်သူက တာဝန်အရှိဆုံးလဲ?

ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ် ဆိုတာကို ရှင်းပြဖို့ လိုလာပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ်ကို ၁၉၁၃ ခုနှစ်မှာ ကွန်ဂရက်က ဥပဒေပြုကာ တည်ထောင်ခဲ့ပါတယ်။ ဒိအပြင် အမေရိကန်နိုင်ငံမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်ခွင့် ရှိရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရာက ယနေ့ အမေရိကန်နိုင်ငံရဲ့  ဗဟိုဘဏ်ဟာ လွတ်လပ်စွာ ရပ်တည်လျက် ရှိပါတယ်။ ဗဟိုဘဏ်ကို အမေရိကန်သမ္မတက သော်လည်းကောင်း၊ ကွန်ကရက်အမတ်တွေက လည်းကောင်း အမိန့်ပေးခွင့် မရှိပါ။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ လွန်စွာ အရေးကြီးတာကြောင့် ဗဟိုဘဏ် ဥက္ကဌဟာ အမေရိကန်နိုင်ငံမှာ အင်မတန် အာဏာကြီးသည်။



ဘာကြောင့်လဲ?

နိုင်ငံတိုင်းမှာ ၄င်းတို့သုံးတဲ့ ငွေကြေး ရှိကြသည်။ အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ။ ဂျပန်က ယန်း။ တရုတ်က ယွမ်နဲ့ ဥရောပ ယူရို တို့ ဖြစ်ကြပါတယ်။ ဒီငွေကြေးကို ဗဟိုဘဏ်တွေက တာဝန်ယူ ကြရပါတယ်။ အမေရိကန်နိုင်ငံက ကြီးလွန်းတော့ ဒေသအလိုက် ခွဲထားပါတယ်။ ဆိုင်ရာဒေသမှာ ရှိတဲ့ဘဏ်တွေက အချက်အလက် မှန်သမျှကို ဒေသဗဟိုဘဏ်ဖြစ်တဲ့ Regional Federal Reserve ကို အစီရင် ခံရပါတယ်။ ဒေသဗဟိုဘဏ် ဥက္ကဌတွေပါတဲ့ ဖက်ဒရယ်ဈေးကွက် ကော်မတီ (Federal Open Market Committee) က အစည်းအဝေးထိုင်ပြီး မဲခွဲကာ အမေရိကန်ရဲ့ ငွေကြေးပေါ်လစီ Monetary Policy ကို ချမှတ်ရပါတယ်။

နိုင်ငံတိုင်းမှာ Monetary Policy နဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီ Fiscal Policy ဆိုတာရှိပါတယ်။ Monetary policy ကို အမေရိကန်နိုင်ငံမှာ ဗဟိုဘဏ်က လွပ်လွတ်လပ်လပ် ချမှတ်ခွင့် ရှိပြီး Fiscal policy ကို သမ္မတနဲ့ ကွန်ကရက်က ချမှတ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးနဲ့ ၄င်းရဲ့ ငွေကြေး တန်ဖိုးဟာ ၄င်းနိုင်ငံရဲ့ ငွေကြေးပေါ်လစီနဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီတို့ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံအများရဲ့ ဗဟိုဘဏ်တွေရဲ့ အဓိကတာဝန်က ငွေကြေးဖေါင်းပွမှုကို ထိန်းကွပ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ စီးပွားရေးတိုးတက်မှုကို ဦးစားပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဗဟိုဘဏ် ဟာ စီးပွားရေးတိုးတက်မှု အတွက်လဲ ကြပ်မတ်ရပါတယ်။

ဒီမှာ ဖြတ်ပြီး ငွေကြေးဖောင်းပွမှု နဲ့ ပတ်သက်လို့ ဆွေးနွေးပါရစေ။ အမေရိကန်လို နိုင်ငံတွေမှာ စားသုံးသူ ဈေှးနှုန်းတွေ တက်လာရင် ရင်တမမနဲ့ စိုးရိမ်ကြတယ်။ ငွေကြေးဖောင်းပွမှု ဟာ သုည ဒဿမသုည နှစ် (ဝ.ဝ၂) ရာခိုင်နှုန်း တက်လာရင်ပဲ စိုးရိမ်မကင်း ဖြစ်ကုန်ကြပြီ။

တာဝန်ကင်းမဲ့တဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းသူ ပြည်သားတွေအတွက်မငဲ့ဘဲ ဓါတ်ဆီဈေး၊ စီအင်ဂျီ ဈေးတွေကို ၂ဆ ၅ဆ တင်နဲ့ တာဝန်မဲ့စွာ ရမ်းကားတတ်ကြတယ်။ ပိုက်ဆံကိုလဲ ပရမ်းပတာ (ဝါဇီ) ကနေ ရိုက်ထုတ်တာကြောင့် မြန်မာနိုင်ငံမှာ ငွေဖောင်းပွဟာ ပရမ်းပတာ ကြီးထွားလျက် ရှိတာပါ။ တာဝန်သိတတ်တဲ့ အစိုးရနဲ့ တာဝန်မဲ့တဲ့ အစိုးရကွားခြားတာ သိစေချင်တာပါ။

စီးပွားရေး တိုးတက်မှုအကြောင်း ဆက်ပြောကြရအောင်။ ကမ္ဘာ့မှာ အမေရိကန်က Gross National Product ပထမ၊ ဂျပန်က ဒုတိယ၊ ဂျာမဏီက တတိယ အကြီးဆုံးတွေပါ၊ ၂ဝဝဝခုနှစ်က အမေရိကန်ရဲ့ ဂျီအန်ပီ ဟာ အမေရိကန်ဒေါ်လာ (၇) ထရီလီယံ ရှိပါတယ်။ ဂျပန်က ၄ ထရီလီယံ ကျော်ကျော် - ဂျာမဏီက ၃ ထရီလီယံ ကျော်ကျော် ရှိကြပါတယ်။

(1Trillion = 1000 Billions ; 1Billion = 1000 millions (American Unit))

၂ဝဝ၇ခုနှစ်မှာ အမေရိကန် ဂျီအန်ပီက ဒေါ်လာ ၁၃.၇၉ ထရီလီယံ၊ ဂျပန်က ဒေါ်လာ ၄.၃၄၆ ထရီလီယံ၊ ဂျာမဏီက ၃.၂၅၉ ထရီလီယံ ရှိကြပါတယ်။ (၇) နှစ် ကာလအကြာမှာ အမေရိကန်ရဲ့ တိုးတက်မှုဟာ ဒုတိယ ဂျပန်ရဲ့ ဂျီအန်ပီထက် ကြီးမားပါတယ်။ ၂ဝဝ၇ခုနှစ်မှာ တရုတ် ရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၃.၂၄၉ ထရီလီယံ ခန့်ရှိပါတယ်။

http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal) မှာလည်း ကြည့်နိုင်ပါသည်။

ထိုင်းနိုင်ငံရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၂၂၅.၈ ဘီလီယံရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီအန်ပီ ဟာ (၇-၈) ဘီလီယံခန့် ရှိပြီး ဓါတ်ငွေ့ မပါရင် (၆-၇) ဘီလီယံပဲ ရှိပါတယ်။ (၅၂) သန်းကျော်ကျော် မြန်မာပြည်သားတွေဟာ ဆီ၊ ဆန်၊ ဆား၊ ပဲ၊ ငရုတ်နဲ့ မွေးမြူရေးက ထွက်တဲ့ (၆-၇) ဘီလီယံကို ဝေစားရတာပါ။ ဒါကို စစ်တပ်က ထိပ်ကနေ ခွအုပ်နေတော့ ပြည်သူတွေ ဆင်းရဲရတာပေါ့။ လူဦးရေ ၅ သိန်းကျော်ကျော်သာရှိတဲ့ ဝါရှင်တန် ဒီစီ အစိုးရရဲ့ သုံးငွေဘတ်ဂျက်ကပင် ၆ ဘီလီယံ ကျော်ပါတယ်။ အာဏာရှင်စနစ်ဆိုးနဲ့ စီးပွားရေး မကိုင်တတ်တာကြောင့် ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ဆင်းရဲရတာပါ၊

မှတ်ချက်။ CIA factbook အရ၊ $13-14 Billions (official exchange rate) လို့ ဆိုပါတယ်။ Official Exchange Rate ဆိုတာ အဓိပ္ပယ်မရှိပါ။ အများက လက်ခံတဲ့နံပါတ် (၆-ရ) ဘီလျံကို အသုံးပြုရခြင်း ဖြစ်ပါသည်။

နိုင်ငံတနိုင်ငံရဲ့ ဈေးကွက်ထဲမှာ ငွေသား Currency လုံလုံလောက်လောက် ရှိနေမယ်။ ငွေချေးရတာ သက်သက်သာသာ ရှိနေရင် တိုးတက်မှု လွယ်တယ်။ စီးပွားရေး တိုးတက်မှု အရှိန်ရနေတာပေါ့။ ဒီတိုးတက်မှု အရှိန်နဲ့ ငွေလည်ပတ်မှု မျှတရင် ဈေှးနှုန်းတွေ တည်ငြိမ်ပြီး ငွေဖောင်းပွမှုကို ထိန်းနိုင်တာပေါ့။ ဒါကြောင့် Federal Reserve က liquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုနဲ့ ဘဏ်အတိုးနှုန်းကိုကိုင်ပြီး စီးပွားရေးကို ထိန်းပေးရပါတယ်။ ဘဏ်တခုကနေ နောက်တခုကိုချေးတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးရပါတယ်။ အတိုးနှုန်းများရင် ငွေချေးရတဲ့စရိတ် ကြီးတယ်။ ငွေလည်ပတ်မှုနှုန်း (နှေး)သွားတယ်။ အတိုးနှုန်းနည်းရင် ငွေခြေးရတဲ့စရိတ် နည်းတာကြောင့် ငွေလည်ပတ်မှုနှုန်း(မြန်) တာပေါ့။ Bust ဖြစ်ရင် Credit Crurch လို့ ခေါ်တဲ့ ငွေချေးအားလျော့သွားရင် ဗဟိုဘဏ် က အတိုးနှုန်းလျော့ပြီး စီးပွားရေးကို တွန်းအား ပေးရပါတယ်။

အခု ဘုရှ် အစိုးရနဲ့ ကွန်ကရက် ကလဲ Stimilus Package လို့ခေါ်တဲ့ ၁၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ ငွေကို ပြည်သူတွေကို (Tax Rebate) အခွန်ငွေ ပြန်ပေးတဲ့ပုံစံနဲ့ လူတဦးကို ၈ဝဝ ဒေါ်လာ၊ မိသားတစုကို ၁၆ဝဝ ဒေါ်လာ ပြန်ပေးဖို့ ကြိုးစားနေပါတယ်။ Credit Crurch ကြောင့် ငွေကြပ်ပြီး အသုံးရပ်သွားတာကို ငွေပိုသုံးခိုင်းတာပါ။ ကုမ္မဏီတွေ သုံးစွဲသူတွေ ငွေသုံးရဲလာမှ စီးပွားရေး ဦးထောင်လာအောင်ပါ။ တဖက်ကလဲ ဗဟိုဘဏ်က အတိုးနှုန်းကို ချပြီး စီးပွားရေးထောင်အောင် ကြိုးစားလျက် ရှိပါတယ်။ ၂ဝဝ၁ ခုနှစ်က စခဲ့တဲ့ အိမ်ယာဈေးကွက် တဟုန်ထိုး တိုးတက်မှုဟာ လွန်ခဲ့တဲ့ တနှစ်ခွဲက စပြီး Subprime လို့ခေါ်တဲ့ ဈေးကွက်ကစပြီး ပြဿနာပေါ်ရာက ပေါက်ကွဲကျဆင်းမှု ဖြစ်လိုက်တာ ချေးငွေတွေ နင်းကန်ထုတ်ထားမိတဲ့ ဘဏ်တွေ အများကြီး အရှုံးပေါ်ရတာ Credit Crunch ဖြစ်တာကြောင့် စီးပွားရေးနှေးကွေးမှု Slow Down ဖြစ်ရပြီး စီးပွားရေးကျဆုံးမှု Recession အန္တရာယ် ရှိနေပါတယ်။ အမေရိကန်မှာ Recession ဖြစ်ရင် လူတွေ အလုပ်ပြုတ်ဒုက္ခနဲ့ ရင်ဆိုင်ရပြီး ကမ္ဘာ့စီးပွားရေး Global Economy ပါ ထိခိုက်နိုင်ပါတယ်။

ဒီတော့ လောလောဆယ် Bust ကို ဖန်တီးတဲ့ Sub-prime ပြဿနာဆိုတာ ဘာလဲ?

အမေရိကန်တွေ ဂုဏ်ယူတာ (၂)ခု ရှိပါတယ်။ American Can Do Altitude ဆိုတဲ့ လုပ်နိုင်တယ် ဆိုတဲ့ အမေရိကန် စိတ်ဓါတ်နဲ့ American Dream လို့ခေါ်တဲ့ အမေရိကန်အိမ်မက်ပါ ။

American Dream ဆိုတာက လူတိုင်း အိမ်ပိုင်နိုင်ရမယ် ဆိုတဲ့ ခံယူချက်ပါ။

အိမ်ဝယ်ချင်ရင် ငွေချေးရပါမယ်။ ငွေချေးဖို့ (ချေး) တဲ့ လူလဲ ရှိရမယ်။ ချေးမဲ့လူကလဲ Credit History လို့ခေါ်တဲ့ ချေးပြီး မှန်မှန်ပြန်စပ်တဲ့ ရာဇဝင် ကောင်း ရှိရပါမယ်။ မိမိငွေကို စည်းကမ်းရှိရှိ ပြန်စပ်သူကို (ချေး) ချင်မယ် အကျွေးထူပြီး မှန်မှန်မစပ်သူကို မ ချေးသလိုမျိုးးပေါ့။ ချေးရင်လဲ ရှုံးဖို့ များတယ်။ အန္တရာယ် (Risk) ရှိတယ်ပေါ့။

Credit History ကောင်းတဲ့ ငွေမှန်မှန်ပြန်စပ်တဲ့ သူကို Prime lender ငွေချေးဖို့ အကောင်းဆုံးသူလို့ သတ်မှတ်ပါတယ်။ အကျွေးထူ မှန်မှန်ပြန်မပေးတဲ့ Credit history မကောင်းတဲ့သူ - အန္တရာယ် Risk ရှိသူတွေကို Sub Prime တဆင့်နိမ့်သူလို့ သတ်မှတ်ပါတယ်။ အိမ်တအိမ်ကို ဝယ်ဖို့ ချေးတဲ့ငွေကို Mortage လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ တိုင်းသူပြည်သားတွေ အိမ်ဝယ်ဖို့ ငွေချေလို့ ရနိုင်အောင် အစိုးရက စနစ်ထောင်ပေး ထားပါတယ်။ ဒါကြောင့် Americam Dream လို့ ဂုဏ်ယူကြတာပါ။

လူတဦးဟာ ငွေချေးဖို့

(၁) အလုပ်အကိုင်နဲ့ ဝင်ငွေ ပုံမှန်ရှိရမယ်။

(၂) Credit History ကောင်းရမယ်။

(၃) အကြွေးနဲ့ ဝင်ငွေ မျှတရမယ်။

ဒါတွေကို ကျော်နိုင်မှ ငွေချေးနိုင်သူလို့ သတ်မှတ်ခံရပါမယ်။

ဘဏ်ဆိုတာက ဒီလိုစမ်းစစ်တဲ့ နေရာမှာ တင်းကြပ်တတ်ပါတယ်။ ဒါကြောင့် ဘဏ်အပြင် အမေရိကားမှာ အိမ်ဝယ်ဖို့ ငွေချေးတဲ့ကုမ္ပဏီ Mortage Company တွေသက်သက် ရှိပါတယ်။

အိမ်ဝယ်ဖို့ ငွေချေးရင် ဘဏ်သော်လည်းကောင်း၊ Mortage ကုမ္ပဏီတွေက လည်းကောင်း ချေးသူလွယ်လွယ်နဲ့ ထွက်မပြေးအောင် ချေးငွေရဲ့ (၁ဝ ရာခိုင်နှုန်း) ကို အရင် စိုက်ခိုင်းလေ့ ရှိတယ်။ ဒါကို Down Payment လို့ ခေါ်ပါတယ်။ ဒီ့အပြင် ငွေချေးဖို့ ပြင်ဆင် Service Fee တောင်းခံလေ့ ရှိပါတယ်။ ဒေါ်လာ ၅ထောင်၊ တသောင်း လောက် ကုန်လေ့ ရှိပါတယ်။ ဒို့အပြင် လစဉ်ပေးစပ်ရတဲ့ ပေးစပ်ငွေရဲ့ ၉ဝ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းခန့်ကို အတိုးအတွက် နှုတ်ယူထားပါတယ်။ (ဆုံးရှုံးမှုအန္တရာယ် နည်းအောင်ပါ) ဒါကို Front-loaded ကြိုပြီး ချီထားတာပါ။ ဥပမာ ဒေါ်လာ ၄သိန်းခန့် ချေးပြီး တလ ၂ ထောင်(၂ဝဝဝ)ကျော် ( အနှစ် ၃ဝ) ပေးစပ်ရရင် (၁၉ဝဝ) ခန့်က အတိုးအတွက် ပေးရပြီး (၁ဝဝ) ခန့်သာ Equity ခေါ်တဲ့ အိမ်တန်ဖိုးထဲ ပေးစပ်ကြပါတယ်။

ဒါက လုပ်ထုံးလုပ်နည်းပါ။ ဒီတော့ အိမ်ဝယ်မဲ့ ပြည်သူပြည်သားတွေကို စိစစ် တိုက်ရိုက်ငွေခြေးတဲ့ ဈေးကွက်ကို Primary Mortage Market ပထမ (သို့) အဓိက အိမ်ငွေချေးဈေးကွက် လို့ခေါ်ပါတယ်။

ကောင်းပြီ ၊ ကုမ္မဏီ ABC ဟာ ငွေ (၁ဝ) သန်း ရင်းပြီး အိမ်တလုံးကို ပျမ်းမျှ (၂) သိန်း ချေးရင် အိမ်အလုံး (၅ဝ)အတွက် ချေပြီး Service Fee စားပြီးရင် ငွေကုန်လို့ ထပ်မချေးနိုင်တဲ့ အတိုးထိုင်စားရုံ ရှိတော့မှာပေါ့။ ဒါဆိုရင် ချေးနိုင်တဲ့ ငွေချေးမဲ့ ကုမ္မဏီတွေဘဏ်တွေရဲ့ American Dream လို့ခေါ်တဲ့ လူအများ အိမ်ဝယ်၊ ပိုင်နိုင်ရမယ်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ဒါကြောင့် အမေရိကန်ကွန်ကရက်က ငွေရင်း ထုပ်ပေးပြီး ဒုတိယ (သို့) နောက်တန်းဈေးကွက် Secondary Mortage Market ကို ဖေါ်ထုတ်ပေးပါတယ်။ အမေရိကန် ကွန်ကရက်က ငွေရင်းစိုက်ထုတ်ပေးပြီး ဒီအဖွဲ့အစည်းတွေက ကိုယ်ပိုင် ရပ်တည်ရပါတယ်။ ဆိုလိုတာက အစိုးရပိုင်မဟုတ် အစိုးရက (မ)တည်ပေးရုံသာ ဖြစ်၍ ဒီအဖွဲ့အစည်းတွေကို GSE Goverment Sponsered Enterprise အစိုးရ ဆောင်မပေးသော လုပ်ငန်းများလို့ ခေါ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ Fannie Mae ဆိုတာ အကြီးဆုံးပါ။ သူက ဥပမာပေးခဲ့တဲ့ ABC ကုမ္မဏီလို လုပ်ငန်းတွေဆီက ချေးပြီးသားငွေသား Loan ကို တဆင့်ပြန်ဝယ်ပြီး ABC လို ကုမ္မဏီတွေကို နောက်ထပ် ချေးနိုင်ဖို့ ငွေထုတ်ပေးပါတယ်။ ဥပမာ - ABC က ငွေ (၁ဝ)သန်း ထပ် (မ) တည်နိုင်တော့ အိမ်(၅ဝ)အတွက် ငွေထပ်ချေးမယ် ကုန်သွားရင် Fannie Mae ကို ချေးထားတဲ့ စာချုပ်တွေကို ရောင်းပြီးငွေ (၁ဝ)သန်း ထပ်ရတော့ နောက်ထပ် အိမ် (၅ဝ) အတွက် ထပ်ချေးနိုင်တာပေါ့။ ABC လို့ Mortage Company တွေက အိမ်ဝယ်သူ ပြည်သူတွေကို တိုက်ရိုက်ငွေချေးပြီး Up-front Service Fee ရှေ့မှာ အိမ်ဝယ်ဖို့ ပေးရတဲ့ဝန်ခပေါ်မှာ စားတာပေါ့ Fannie Mea က ဒီ Company တွေကို ငွေထပ်ဖြည့်ပေါ့။

ABC Company က တအိမ်ချင်း ချေးတယ်၊ Fannic Mae က အလုံးအရင်းလိုက် ဝယ်လိုက်တာပေါ့။ ပြီးတော့မှ Fannic Mae က Mortage Back Securities လို့ခေါ်တဲ့ အိမ်ချေးငွေအာမခံတဲ့ Bond ကို Investor လို့ ခေါ်တဲ့ ငွေရှိလို့ ငွေရင်းသူတွေကို Bond ရောင်းပြီး ငွေပြန်ရှာပါတယ်။ ဒါကို Secondary Market ဒုတိယ (သို့) နောက်တန်းဈေးကွက်လို့ ခေါ်ပါတယ်။ ဒီစနစ်မှာ အဓိကကျတာက ဒီချေးငွေတွေနောက်မှာ အာမခံတဲ့ (အိမ်) ရှိတယ်ဆိုတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ စစ်မှုထမ်းဟောင်းများအတွက် VA Loan ပထမဆုံးအကြိမ် ဝယ်သူများအတွက် FHA loan စသည့်ဖြင့် ငွေချေးလွယ်ရအောင် စနစ်တွေ ရှိပါသေးတယ်။ အသေးစိပ်ဆိုရင် ရှုပ်ထွေး Complex ဖြစ်တာကြောင့် ယေဘုယျ သဘောထားတင်ပြခြင်း ဖြစ်ပါတယ်။

Fannie Mae အပြင် Fannie Mac/ Ginnie Mae/ Ginnie Mac ဆိုတဲ့ GSE တွေလည်း ရှိပါသေးတယ်။ အမေရိကားမှ Secondary Market ပေါ်လာပြီး Fannie Mae နဲ့ အပြိုင် ပုဂ္ဂလိက ဘဏ် Private Banks တွေကလည်း ဒီဈေးကွက်ထဲ ဝင်လာပါတယ်။ ABC လို Mortage ကုမ္မဏီတွေက မိမိတို့ ချေးထားတဲ့ ငွေချေးစာချုပ်ကို Fannie Mae ကဲ့သို့ GSE သို့မဟုတ် ဘဏ်တွေကို ရောင်းပြီး ငွေပြန်ဖြည့် နိုင်လာပါတယ်။

ကျနော်ဗမာနိုင်မှာ ကြီးပြင်းစဉ်က (မဆလ) ခေတ် ဖြစ်တာကြောင့် ဘဏ်စနစ် Banking System ဟာလုံးဝ ပျက်စီးပိတ်ပြစ် ခံခဲ့ရတယ်။ ဒါကြောင့် ထိုစဉ်က ဗမာနိုင်ငံမှာ ကားဝယ်ရင်၊ အိမ်ဝယ်ရင် ငွေအဖြည့် ပေးဝယ်ရတော့လက်တဆုပ်စာ လူတန်းစားဘဲ အိမ်ပိုင် ကားပိုင် ရှိနိုင်တာပေါ့။ ဘဏ်စနစ်ရှိရင် အလုပ်ရှိမယ်၊ လစဉ်မှန်မှန် အကျွေးပေးနိုင်ရင် Credit History ကောင်းရင် လူငယ်လေးတွေပါ၊ ကားဝယ် အိမ်ဝယ် နိုင်တာပေါ့။ ဒီတော့လူအများစုရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာတာပေါ့။ ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးနဲ့ လွတ်လပ်တဲ့ ဈေးကွက်တို့ရဲ့ ဈေးကွက်စနစ် ကွားခြားတာကို သတိရှိစေချင်လို့ပါ။ ခုလဲ အာဏာရှင်စနစ်ဆိုးကြောင့် အစိုးရက ဘာမဆို ( ချုပ်ကိုင်) လိုတာကြောင့် စီးပွားရေး မအောင်မြင်ဘဲ လူတွေ ဆင်းရဲကြရတာပါ။

၂ဝဝ၁ခုနှစ် နောက်ပိုင်း အိမ်ယာဈေးကွက် တဟုန်ထိုးတက်မှု Housing Boom သမ္မတ ကလင်တန် လက်ထက်မှာ အမေရိကန်မှာ ကြုံရခဲတဲ့ Boom ဖြစ်တယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ဂြိုဟ်နက္ခတ်တွေ အကုန်လာပူးသလို ဖြစ်ရပ် (၃) ခုက လာတိုက်ဆိုင်ခဲ့တယ်။ ၁၉၉ဝ ခုနှစ် အလယ်ပိုင်းလောက်မှာ အင်တာနက် ပေါ်လာပြီး အတတ်ပညာနဲ့ ပတ်သက်တဲ့ Technology Boom ဖြစ်တယ်။ တခါ တကမ္ဘာလုံးမှာ နှစ် ၂ဝဝဝ ခုနှစ်ပြည့်မှာ ကွန်ပြူတာတွေကို စနစ်ဟောင်းရဲ့ ရေးထားတာကြောင့် ဒုက္ခဖြစ်မယ်ဆိုပြီး Y2K ပြဿနာပေါ်တယ်။

မှတ်ချက်။ ကွန်ပြူတာအဟောင်းတွေကို သုံးပြီး ပရိုဂရမ် ရေးကြစဉ်က (၁၉၉၉) အထိပဲ ရေးခဲ့ကြပါတယ်။ ဒါကြောင့်(၂ဝဝဝ ခု) ရောက်ရင် အားလုံး ဒုက္ခရောက်ရချေလျက် ဆိုပြီး ဖြစ်တဲ့ပြဿနာပါ။

ဒါကြောင့် တကမ္ဘာလုံး အလုအယက် Y2K ပြဿနာအတွက် ပြင်ဆင်ကြရတယ်။ Y2K ရဲ့ အန္တရာယ်ကြောင့် အမေရိကန် ဗဟိုဘဏ်က ပိုက်ဆံလုံလုံ လောက်လောက်ရှိအောင် ဘဏ်တွေမှာ ငွေဖြည့် ထားရတဲ့အတွက် ဈေးကွက်ထဲမှာ Lquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုက အားကောင်းနေတယ်။ တခါ အမေရိကန်ကွန်ကရက်က အဝေးဆက်သွယ်ရေး (Tele-Comunication-Sector) မှာ Deregulation လို့ခေါ်တဲ့ အစိုးရထိန်းကွပ်မှုကို လျော့ချတဲ့ ဥပဒေအပြောင်းအလဲ လုပ်တယ်။ အစက အမေရိကားမှာ အဝေးပြော တယ်လီဖုန်းခေါ်ဆိုမှုကို ATT/ Sprint နဲ့ MCI ကပဲ လက်ဝါးကြီးအုပ်စီး လုပ်ထားရာက ကုမ္မဏီအသစ်တွေကို ယှဉ်ပြိုင်ခွင့် ပေးတာကြောင့် တယ်လီကွန်မြူနီကေးရှင်း ဈေးကွက် တဟုန်ထိုးတက်မှု Tele-Comunication Boom ဖြစ်တယ်။

ဒိအရင်က အင်တာနက်က ရေပန်းစားပြီး အင်တာနက်ကုမ္ပဏီတွေ ခေတ်စား၊ ဒါကြောင့် စတော့ရှယ်ယာတွေ ဈေးကောင်းပြီး အမေရိကန်က စတော့ဈေးကွက်တွေဟာ တအားအရှိန်ရလာတာကြောင့် စတော့နဲ့လူအများ ချမ်းသာကြွယ်ဝ လာကြတယ်။ တကမ္ဘာလုံးက ငွေရှိသူတွေဟာ အမေရိကန် စတော့တွေကြောင့် ငွေရွှင်လာကြတယ်။

အမေရိကန်နိုင်ငံဟာ Financial and Capital Market လို့ ခေါ်တဲ့ ငွေရေးကြေးရေးနဲ့ အရင်းရှင်ဈေးကွက်မှာ ထိပ်ဆုံးက ပြေးနေတာကြောင့် စတော့တခုထဲ မဟုတ်ပါ။ Option Market Derivatives / Hedging / Arbitrage/ Speculation ဆိုတဲ့ အင်တမန်ရှုပ်ထွေး နက်နဲပေမယ့် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးလက်နက် တွေရှိပါသေးတယ်။ Stocks & Bonds ပဲ မဟုတ်ပါ၊ ဒါကြောင့် Clinton Boom မှာ လူများစွာ ချမ်းသာခဲ့ကြရတယ်။အမေရိကန် အစိုးရဟာလည်းအကြွေးတွေကျေပြီး ငွေပိုငွေလျှံ ရှိခဲ့ပါတယ်။

၂ဝဝဝခုနှစ် ကုန်ပိုင်းလောက်မှာ ပေါက်ကွဲကျဆင်းမှု Bust ဖြစ်တော့ အမေရိကန် အရင်းရှင်စနစ်ရဲ့ ဦးသျှောင်ဆရာ့ဆရာကြီးတွေ ဖြစ်တဲ့ ဝေါလ်စထရိက ရင်းနှီးမြုပ်နှံမှုဘဏ်တွေ၊ ငွေရှင်တွေက စတော့ကို ရောင်းယုံမက Short လုပ်တတ်တာကြောင့် စတော့တွေ အကျမှာ ထပ်မြတ်လိုက် ကြပါတယ်။ ဒါကြောင့် Economic Downturn လို့ စီးပွားရေးကျရင် Ordinary Investor ခေါ်တဲ့ ရိုးရိုးလူငမိုက်သားတွေသာ ခွက်ခွက်လန် ရှုံးကြတာပါ။

ဒီငွေပုံပေါ် ထိုင်နေတဲ့သူတွေက စတော့တွေအကျမှာ လိုက်ကြည့်တော့ အိမ်ဈေးကွက်ကို တွေ့ပြီ ဒီမှာ ငွေပုံအော ကြပြန်ရော။ အိမ်ဈေးကွက်တက်တော့ လူတွေကလည်း လောဘထွက်လာပြီး ဒုတိယအိမ်ကို ရင်းနှီးမှုအတွက် ဝယ်ပြီးငှားစား။ ရင်းနှီးမြုပ်နှံမှုကလပ် Investment Club တွေဖွဲ့ပြီး အိမ်တွေဝယ် (ပြန်ရောင်)း နဲ့ အမြတ်ရှာကြတော့ ဝယ်အားက တအားကောင်းလာပြီး အိမ်တွေဈေးတက်နဲ့ အိမ်ခြံမြေဈေးကွက် တဟုန်ထိုးတက်တာ ဖြစ်ပြန်ရော။

တောမီးလောင်ရင် တောကြောင် လက်ခမောင်းခတ် ဆိုတလို ဒီလို Boom ဖြစ်တိုင်း မသမာတဲ့ အရင်းရှင်တောကြောင်တွေ ဝင်လာတတ်ပါတယ်။ သာမန်အချိန်မှာ အိမ်ဝယ်ရင် ငွေချေးသူ ရှိရမယ်။ ဝယ်တဲ့သူ ရှိရမယ်။ ဝယ်သူက အလုပ်ရှိပြီး မှန်မှန် အကြွေးပြန်ဆပ်တဲ့ Credit History ကောင်းသူ ဖြစ်ရမယ်၊ ချေးငွေ ၁ဝ ရာခိုင်နုန်း Down Paymeent ငွေချေ ရမယ်ပေါ့။ ငွေချေးတဲ့ ဈေးနှုန်းမှာလဲ (၁၅) နှစ် ပြန်ဆပ်မလား။ အနှစ် (၂ဝ) ဆပ်မလား။ Fixed Rate လို့ ခေါ်တဲ့ ဈေးကွက်က သတ်မှတ်ထားတဲ့ ( နှုန်း) အတိုင်းတွက်ပြီး တလ ဘယ်လောက်ကျမယ်၊ အနှစ် (၂ဝ)သို့ အနှစ် (၁၅)နှစ် ပြန်စပ်ပေါ့။

ဈေးကွက်မှာ Fixed Rate အပြင် ARM (Adjustabe Rate Mortage) လို့ခေါ်တဲ့ လွယ်လွယ်ပြောရရင် (နှုန်း) ပြောင်းတဲ့ စနစ်ဆိုတာ ရှိပါသေးတယ်။

ဒါကို အခွင့်ကောင်းယူပြီး လူလည်ကြီး သားသမီးတချို့က များများဝယ်နိုင်ဖို့ Down Payment လည်း ပေးစရာမလို၊ ရှေ့ပိုင်းမှာလဲ ကိုယ်တတ်နိုင်သလောက် တနိုင်ပဲ ပေးနိုင်တယ် ဆိုပြီး ဝယ်မဲ့သူတွေများအောင် လှည့်ဖျားပြီး ဝယ်သူတွေကို ချေးတာကြောင့် Credit History မကောင်းတဲ့ အဆင့်မမှီသူတွေကိုပါ ဦးတည်ပြီး ချေးဖို့ စီစဉ်လာကြပါတယ်။

ဒါကို အာဏာပိုင်တွေက ဟန့်တားရမှာကို မဟန့်တားခဲ့ကြဖူး။

ဒီလူလယ်တွေက တခါ ဒီချေးထားတဲ့ ချေးငွေတွေကို စုပေါင်းပြီး Secondary Market မှာ ရှိတဲ့ ဘဏ်တွေကို ပြန်ရောင်းပြီး ဘဏ်တွေက တခါ တကမ္ဘာလုံးမှာရှိတဲ့ အရင်းရှင် တွေကို Mortage Back Security အနေနဲ့ ပြန်ရောင်းပေါ့။ ဝယ်တဲ့သူတွေက အိမ်အာမခံ ရှိတယ်ဆိုတော့ ဝယ်ရဲကြတာပေါ့။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ နှစ်လောက် အိမ်ယာဈေးကွက် တဟုန်ထိုးတက်တာကနေ ပွသူတွေ ပွကြတာပေါ့။



Boom ပြီးရင် Bust လာပြန်ပြီဟေ့။


Boom ပြီးရင် Bust လာမယ်ဆိုတာ သိလျက်နဲ့ လူဆိုတာ လောဘကြောင့် အရှိန်မသတ်နိုင်ကြပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်မှာ Housing Bust ဖြစ်တော့ ဝုန်းဆို အိမ်ဈေးတွေ အတက်ရပ်သွားတော့ လူတွေလဲ ကြောက်ပြီး ရောင်းကြတော့တာပေါ့။ ရင်းနှီးမှုအနေနဲ့ ဒုတိယ၊ တတိယ အိမ်ဝယ်ထားသူတွေက မြန်မြန်ရောင်း Investment အသင်းတွေကလဲ ပြန်ရောင်းဆိုတော့ ဝယ်အားထက် ရောင်းအား ပိုလာတော့ အိမ်ဈေးတွေ တန့်ရာက ထိုးကျတော့တာပေါ့။

အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့ သူတွေရဲ့ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့မှာမပေးခဲ့ရတော့ အထူးသဖြင့် Sub-prime လူတွေက Mortage ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ်တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကျပ်ပစ်ကြတော့ အမေရိကားမှာ Credit Crurch လို့ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေနည်းသွားပြီး Ecomomic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ (၃) သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်။

အမေရိကန်ဘဏ်တွေ သာမက ဥရောပဘဏ်တွေပါ ထိတာကြောင့် အမေရိကန်ဒေါ်လာအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် သာမက ယူရိုကို တာဝန်ယူရတဲ့ ECB (Europe Central Bankk ) ကပါ liquidity လို့ခေါ်တဲ့ လည်ပတ်မှု အားကောင်းအောင် ဖြည့်ဆည်းပေးခဲ့ရတယ်။ အမေရိကန် ဗဟိုဘဏ် က အစိုးရိမ်ပိုပြီး အရေးပေါ်ငွေချေးနှုန်း (ဘဏ်၊ ဘဏ်ချင်းချေနှုန်း) ကို ဇန္နဝါရီလမှာ သုညဒသမ ခုနစ်ငါး (0.75 basic point) ချပေးခဲ့တယ်။

အမေရိကန်အစိုးရနဲ့ ကွန်ကရက်ကလည်း လူတဦးကို ဒေါ်လာ (၈ဝဝ)၊ တမိသားစုကို ဒေါ်လာ (၁၆ဝဝ) နှုန်းနဲ့ အခွန်ပြန်အမ်းငွေ Tax Reloate အဖြစ် ပြန်အမ်းဖို့ ကြိုးစားနေကြတယ်။ ဒီလိုနဲ့ လူတွေငွေရှိလာရင် လူတွေ ငွေသုံးလုပ်ငန်းတွေကောင်း တိုးချဲ့မှ Econonic Growth ဖြစ်ပြီး Another Boom ဖြစ်။ နောက် Bust ဖြစ် နဲ့ သံသရာလည်နေတာက အမေရိကန်ရဲ့ အရင်းရှင် စီးပွားရေးစနစ်ပါပဲ။

Bust မပြီးသေးဘူး အမေရိကန် ချစ်တီးတွေဖြစ်တဲ့ Hedge Funds တွေက ရေနံတွေကို လိုက်ဝယ် နေကြပြန်ပြီး ဒီလုပ်ငန်းက ဒေါ်လာမီလျံ ဘီလျံရှိမှ ဖြစ်တာကြောင့် လူတိုင်း မဝင်နိုင်ပါ။ သို့သော် ကမ္ဘာမှာ ရေနံဈေးတက်ရင် လူတိုင်းထိခိုက်ပြီး နအဖအတွက် အကြိုက်ပေါ့။ လောင်စာ ဈေးကောင်းလေ နအဖ ဝင်ငွေကောင်းလေပေါ့။


ဘိုဘိုကျော်ငြိမ်း
အပိုင်း (၂)

Sub-prime ပြဿနာမှ ကမ္ဘာ့ဘဏ်များသို့ ရောဂါကူးစက်ကာ အမေရိကန်တွင် စီးပွာရေး ကျဆင်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပုံအကြောင်းနှင့် ဒေါ်လာဘာကြောင့်တန်ဖိုးကျရသလဲနဲ့ အကျိုးဆက်များအကြောင်းကို ဆက်လက် ဖေါ်ပြပါမည်။

အမေရိကန် စီးပွားရေးစနစ် ရေတိမ်နစ်ရခြင်း - ဆပ်ပရိုင်း အပိုင်း (၂)
ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
တနင်္လာနေ့၊ အောက်တိုဘာလ 06 2008 14:24 - မြန်မာစံတော်ချိန်

အောက်တိုဘာ ၆ ရက်၊ ၂ဝဝ၈ ခုနှစ်

ကျနော် အမေရိကန် ဆပ်ပရိုင်း Sub Prime ဒုက္ခ-အပိုင်း (၁) ကို ရေးခဲ့စဉ်က အမေရိကန်စီးပွားရေးစနစ် ခေါင်က မိုးပြိုလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ လူအများ တွေးကြတဲ့အတိုင်း - စီးပွားရေးဒုက္ခ Economic Crisis တခုလို့ပဲ ထင်ခဲ့မိတယ်။ အခုမှ အရူးမီးဝိုင်းသလို - အမေရိကန် စီးပွားရေးစနစ် ခေါင်က မိုးပြိုကိန်း ရောက်နေမှန်း ကမ္ဘာကြီးနဲ့အတူ အမေရိကန် အစိုးရ အပါအဝင် သိကြတော့တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်လောက်မှာ အမေရိကန် စီးပွားရေးအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ရီဇပ်(ဗ်) Federal Reserve မှ ဥက္ကဋ္ဌ မစ္စတာ ဘာ(လ်)နမ်ကီ Mr. Bernanke နဲ့ အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာပေါ(လ်)စင် Mr. Paulsen တို့ နှစ်ယောက် ဘဏ်နဲ့ စီးပွားရေး မဏ္ဍိုင်တခုချင်းကို ရွေးချယ် ကယ်တင်ရုံနှင့် မလောက်တော့ဘူး၊ အခြေအနေ ဆိုးနေပြီ၊
Comprehensive Plan လို့ခေါ်တဲ့ ပြဿနာရဲ့ ကဏ္ဍတခုလုံးကို ကိုင်တွယ် ဖြေရှင်းမှဆိုပြီး အမေရိကန် ကွန်ကရက်ကို တင်ပြခွင့် တောင်းလာပါတယ်။

ဒီလို ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝဝ (သန်းပေါင်း ၇ သိန်း) ကုန်ကျစရာ ရှိတာကြောင့် အမေရိကန် ကွန်ကရက် အမတ်တွေကို သုံးစွဲခွင့်ဥပဒေ ပြုပေးဖို့ တောင်းဆိုလာပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့က မဲခွဲရာမှာ အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်မဲ ၂၂၈ မဲ၊ ထောက်ခံမဲ ၂ဝ၅ မဲနဲ့ ရှုံးနိမ့်သွားပါတယ်။

လက်ရှိ ပြဿနာဟာ အင်မတန်မှ ရှုပ်ထွေးတာကြောင့် သာမန် အမေရိကန်လည်း နားမလည်နိုင်ကြပါဘူး။ ဒါကြောင့် Wall Street ဝေါလ်စထရိ က ငွေရှင် သူဋ္ဌေးတွေကို ဘာကြောင့် ပြည်သူပိုင်တဲ့ အစိုးရ ဘဏ္ဍာငွေနဲ့ ကူညီရမှာလဲဆိုပြီး စိတ်တိုလျက်ရှိကြပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်လို့ခေါ်တဲ့ အောက်လွှတ်တော် အမတ်တွေဟာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ပြည်သူနဲ့ မကင်းဝေးသွားအောင် ၂ နှစ် တကြိမ် ပြည်သူ့ရှေ့မှာ ပြန်လည် အရွေးခံကြရပါတယ်။ ဖြစ်ချင်တော့ နိုဝင်ဘာလ ၄ ရက်မှာ ရွေးကောက်ပွဲ ရှိပါတယ်။ ဝေါလ်စထရိ က ငွေရှင်ကြေးရှင်တွေကို ကူရကောင်းလားလို့ အမျက်ထွက်နေတဲ့ ပြည်သူတွေက ဒဏ်ခတ်မှာ ကြောက်လို့တကြောင်း၊ ဈေးကွက် စီးပွားရေးမှာ အစိုးရက ဝင်မစွက်ရဘူး ဆိုတဲ့ တယူသန် ရှိကြတဲ့ လက်ျာ တဖက်စွန်းရောက် အောက်လွှတ်တော် အမတ်တွေကြောင့် တကြောင်း လက်ရှိဥပဒေ အဆိုပြုချက်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။

လက်ငင်း အကျိုးဆက်က အမေရိက Dow Jones စတော့ ဈေးကွက်ဟာ ၇၇၇ ပွိုင့် ထိုးကျ ဆုံးရှုံးခဲ့ပါတယ်။ ၉/၁၁ ဖြစ်ပြီးနောက် စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၁ ခုနှစ်မှာ တနေ့တာ ကျဆုံးရှုံးခြင်း ၇၂၁ ဒဿမ ၆၅ ပွိုင့်ထက် ပိုပါတယ်။ ဆိုလိုတာက အရင်းရှင် (သို့) ငွေကြေး မြှုပ်နှံသူတွေက အမေရိကန် ကုမ္ပဏီတွေနဲ့ အမေရိကန် ဈေးကွက်ကို အယုံအကြည် မရှိဘူး၊ မသေချာ မရေရာတဲ့ စီးပွားရေး အခြေအနေကြောင့် သူတို့ ပိုင်ဆိုင်တဲ့ စတော့တွေကို ထုတ်ရောင်းမှုကြောင့် စတော့ဈေးတွေ ကျရတာပါ။ ဒီ စတော့ (Stock) ဈေးတွေ ကျဆုံးမှုဟာ လက်ရှိ Credit Crunch ပြဿနာကို ပိုမို ဆိုးဝါးစေပါတယ်။ ဘဲဥအစ ရှာမရသလို ပြဿနာတွေက ရွာလည်နေပါတယ်။

လက်ရှိ အမေရိကန်ရဲ့ စီးပွားရေး ပြဿနာဟာ လောလောဆယ် အခြေအနေမှာ ဝေါလ်စထရိ လို့ ခေါ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အမေရိကန် ဗရာမင် (Brahmin) တွေလို့ တင်စားရမယ့် ထိပ်ဆုံး ငွေရှင်ကြေးရှင်တွေကိုပဲ ဆိုးဆိုးဝါးဝါး ထိခိုက်လျက် ရှိပါတယ်။ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် Main Street လို့ခေါ်တဲ့ လမ်းပေါ်က လူတွေကိုပါ မကြာခင် ထိခိုက် လာနိုင်တဲ့အပြင် အမေရိကန်စီးပွားရေး တခုလုံးပါ ချွတ်ခြုံ ကျသွားနိုင်တယ်။ လက်ရှိ ပြဿနာဟာ ၁၉၃ဝ ခုနှစ်များမှာ ဖြစ်ခဲ့တဲ့ The Great Depression လို့ ခေါ်တဲ့ အဆိုးဆုံး စီးပွားရေး ကပ်ကြီးအပြီး အဆိုးရွားဆုံး စီးပွားရေး ဒုက္ခလို့ ဆိုနိုင်ပါတယ်။ အမေရိကန်အစိုးရက ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် မကြာခင် တကမ္ဘာလုံး ပြန့်နှံ့ပြီး ကမ္ဘာ့စီးပွားရေးကပ် ဆိုက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ဟာ ကြီးမားလှပါတယ်။

ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်တွေ့ ရင်ဆိုင်နေရတဲ့ အမေရိကန် နိုင်ငံမှာတောင် အများစု လက်ရှိ လုပ်ကိုင် စားသောက်နေကြတဲ့ သာမန်လမ်းပေါ်က လူတွေကိုယ်၌က ပြဿနာရဲ့ အရင်းနဲ့ ရှုပ်ထွေး ဆက်စပ်နေကြပုံကို သေသေချာချာ မသိတာကြောင့် ဘယ်လောက် အန္တရာယ် ကြီးမားတယ် ဆိုတာကို မသိရှာသေးကြပါဘူး။ ပြဿနာကလည်း အဆင့်ဆင့် ရှုပ်ထွေး လည်ပတ်နေကြတာကြောင့် စီးပွားရေးကို စိတ်ဝင်စားသူ လိုက်စားသူ မဟုတ်ရင် အသေးစိတ် ရှင်းရှင်းလင်းလင်း သိရန် မလွယ်ကူလှပါ။ သုံးစွဲတဲ့ အသုံးအနှုံးများမှာလည်း ကြားနေကျ အသုံးအနှုံးများ မဟုတ်ပါ။ ဒါပေမဲ့ ပြဿနာကို မသိလို့ မရတော့ပါ။ အသေအချာ လေ့လာရင်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပြဿနာ အားလုံးဟာ ဒေါ်လာပြဿနာ၊ ရေနံပြဿနာ၊ ဆန်ပြဿနာတို့ အားလုံးနဲ့ ဆက်စပ် ငြိတွယ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ဆီဈေးတွေ တက်၊ ကားတွေ ရှိပြီး ကားတွေရပ်ထားတဲ့ အခြေအနေနဲ့ ကြုံကြရတယ်။ ဆန်ဈေးတက်တော့ လူတွေ ထမင်းမဝတော့ဘူးပေါ့။ ဒါ့အပြင် နောင်တခေတ် မြန်မာပြည်ကြီးကို ထူထောင်ရမယ့် မြန်မာ လူငယ်လေးတွေကို သတိပြုစေချင်တာက နိုင်ငံတနိုင်ငံမှာ စီးပွားရေး ခေါင်းထောင်မှ တိုင်းပြည်ရော၊ ပြည်သူပါ ချမ်းသာ လာကြမှာပါ။ ဒါကြောင့် စီးပွားရေးဟာ အရေးပါလှပါတယ်။ နိုင်ငံရေး ဆိုတာဟာလည်း စီးပွားရေးနဲ့ မကင်းနိုင်ပါ။

ဒါကြောင့် လက်ရှိပြဿနာနဲ့ အကျိုးဆက်တွေကို တင်ပြပါရစေ။ လက်ရှိပြဿနာက Credit Crunch လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ပြည်သူတွေ၊ ကုမ္ပဏီတွေ နေ့စဉ်လည်ပတ်ဖို့ (ငွေချေး) ဖို့ အခက်အခဲ ရှိတာပါ။ ဘဏ်တွေ၊ ငွေရှင်ကြေးရှင်တွေ ပြဿနာ ပေါ်လာတော့ ငွေရှိသူတွေက ကြောက်လန့်ပြီး ငွေမချေးတော့ဘူး၊ ငွေလည်ပတ်မှု လျော့သွားတော့ ငွေမလည်တော့ဘူးပေါ့။ အရင်းရှင်စနစ် လွတ်လပ်တဲ့ဈေးကွက် Free Market ဆိုတာက (ချေးငွေ) Credit နဲ့ ငွေလည်ပတ်မှု Liquidity အပေါ် မူတည်နေတာကြောင့် ငွေမလည်ပတ်နိုင်ရင်၊ ငွေချေးမရရင် စီးပွားရေး ယန္တရားကြီးတခုလုံး မရပ်သွားတောင် တုံ့နှေးကုန်တာပေါ့။ မော်တော်ကား ဆီမလိုက်ရင် တွန့်ဆုတ် တွန့်ဆုတ်နဲ့
ရွေ့နေသလို နွားလှည်းကြီး နွံနစ်နေသလိုပဲပေါ့၊ ဒီ Credit Crunch ရဲ့ တရားခံအရင်းက အိမ်ယာမြေ ဈေးကွက်။ အိမ်ဈေးတွေ မတရားတက်ပြီး ပေါက်ကွဲ ပြုတ်ကျတာကြောင့်ပါ။ ဒီ ပေါက်ကွဲမှုဟာ ဆပ်ပရိုင်း Sub Prime ဈေးကွက်က စခဲ့တာပါ။

ဆပ်ပရိုင်း အပိုင်း(၁) မှာ Boom & Bust, Housing Bubble, Sub Prime ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ Bust ဖြစ်တိုင်းမှာ လူတွေက ကြောက်လန့်ပြီး ငွေချေးတာ လက်တွန့်သွားပြီး ငွေမချေးကြတော့ဘူး။ အထူးသဖြင့် ဘဏ်တွေက ရဲရဲ မချေးကြတော့ဘူး။ ဒါကို Credit Crunch လို့ခေါ်ပါတယ်။ ကုမ္မဏီ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိလုပ်ငန်း လည်ပတ်မှုအတွက် ငွေလိုရင် ဘဏ်တွေဆီ ပြေးချေးကြပါတယ်။ Credit Crunch ဖြစ်ခဲ့ရင် ဘဏ်တွေက ငွေ လွယ်လွယ် မချေးကြတော့ လုပ်ငန်းတွေ နှေးကွေးကုန်တာပေါ့။ ငွေမလည်တော့ လုပ်ငန်းတွေနှေး၊ ဒီတော့ အပိုလူတွေလျှော့၊ အပိုပစ္စည်းတွေ မဝယ်နိုင်ကြတော့၊ အားလုံး ရောင်းအားကျနဲ့ စီးပွားရေး နှေးကွေးမှု ဆိုတာဖြစ်ပါရော။ ဒီမှတဆင့် ၃ လပတ် ဆက်တိုက် တပြည်လုံး ထုတ်ကုန် အနုတ်လက္ခဏာ ပြခဲ့ရင် - စီးပွားရေး ကျဆင်းမှုလို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ၆ လတိတိ တပြည်လုံး ထုတ်ကုန် ဆက်တိုက် ကျဆင်းခဲ့ရင် စီးပွားရေး ကျဆုံးမှု Recession ဖြစ်ပြီပေါ့၊ ဒါထက်ဆိုးခဲ့ရင် စီးပွားရေးကပ် Depression ဆိုက်ပြီလို့ သတ်မှတ်ရပါမယ်။

အခု လက်ရှိ အခြေအနေမှာ အမေရိကန် စီးပွားရေး အခြေအနေဟာ Recession ရောက်လုရောက်ခင် ရှိပါတယ်။ လက်ရှိ ပြဿနာကို မဖြေရှင်းနိုင်ရင် Recession ကနေ Depression အထိ ဆုတ်ယုတ် သွားနိုင်ပါတယ်။ အမေရိကန်ကတဆင့် တကမ္ဘာလုံး ပြန့်နှံ့ပြီး တကမ္ဘာလုံး စီးပွားရေးကပ် ဖြစ်နိုင်စရာ အန္တရာယ် ရှိပါတယ်။


ဒီတခါ ကျ မှ ဘာကြောင့် ဒီလောက်အထိ ဒုက္ခတွေ့ရတာလဲ။

ဒီမေးခွန်းကို မဖြေခင် အမေရိကန် အရင်းရှင်စနစ်ရဲ့ အဆောက်အဦ တည်ဆောက်မှုကို နားလည်ရပါမယ်။

အမေရိကန် အရင်းရှင်စနစ်မှာ ယေဘုယျအားဖြင့် အရင်းရှင်စနစ်မှာ အရင်းရှိတဲ့ (ဘဏ်) တွေဟာ ဟိန္ဒူဘာသာက ဗရာမင် (Brahmin) တွေလိုပါပဲ။

ဒီ ဗရာမင်ဆိုတဲ့ စကားလုံးဟာ ဘယ်အထိ အဓိပ္ပာယ် သက်ရောက်တယ် ဆိုတာကို ကျနော်ရဲ့ လက်တွေ့ ကြုံတွေ့မှုတွေနဲ့ ယှဉ်ပြီးတင်ပြပါရစေ။

ဟိန္ဒူဘာသာမှာ ဇာတ်အဆင့် ၅ မျိုး ရှိတယ်။ အမြင့်ဆုံးဇာတ်က ဗရာမင် ဖြစ်ပါတယ်။ ဗရာမင်တွေဟာ (ဇာတ်) သိပ်မြင့်တဲ့အတွက် တခြားသူတဦးက သူတို့စားတဲ့ ပန်းကန်ကို ထိမိရင်တောင် ထမင်း ဆက်မစားတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ကျနော့်ဖခင် ဦးကျော်ငြိမ်းဟာ ထိုစဉ်က Asian Socialist အာရှဆိုရှယ်လစ် အဖွဲ့အစည်းကို ကူညီ တည်ထောင်ခဲ့ပါတယ်။ ဆူကာနိုတို့ အင်ဒိုနီးရှားမှာ ဒတ်ခ်ျတွေကို ပုန်ကန်စဉ်က လက်နက်ကိုင် ကူညီခဲ့ရုံမျှမက သခင်သာခင်ကိုပါ လွှတ်ပြီး ကူညီခဲ့ပါတယ်။ နီပေါမှာ ဘုရင်စံနစ်ကို ပုန်ကန်ကြတော့လည်း လက်နက်တွေ အကူအညီ ပေးခဲ့ပါတယ်။ မြန်မာပြည် အစိုးရ အနေနဲ့ ကူညီခဲ့တာပါ။ ဒါကြောင့် အိမ်စောင့်အစိုးရ ခေတ်မှာ နီပေါမှာ အာရှဆိုရှယ်လစ် အစည်းအဝေးလုပ်တော့ အပြန်မှာ ဘုရားဖူးဖို့ ကျနော်တို့ (ကလေး) တွေကိုပါ ခေါ်သွားခဲ့ပါတယ်။ ဘုရားပွင့်ရာ လုမ္ပဏီဥယျာဉ်ဟာ နီပေါနိုင်ငံထဲမှာ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဧည့်သည်အနေနဲ့ လုမ္ပဏီဥယျာဉ်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) က နေ့လည်စာ ဧည့်ခံပါတယ်။ ကျနော်က (ကလေးပီပီ) ဘာမသိညာမသိ၊ အုပ်ချုပ်ရေးမှူးရဲ့ ထမင်းပန်းကန်ကို ထိမိရာ ထမင်းမစားတော့ပါ။ ဗရာမင်ရဲ့ ပန်းကန်ကို နိုင်ငံခြားဧည့်သည်တောင် မထိရပါ။

တခါ ဗုဒ္ဓဂါယာကိုအသွား ဟိန္ဒူဘုရားကျောင်း တခုကို ဝင်ကြည့်ကြပါတယ်။ ဒီဘုရားကျောင်း အတွင်းမှာ အဝိုင်းပုံသဏ္ဍာန် ရေချိုးရာနေရာကိုလည်း တည်ဆောက်ထားပါတယ်။ ရေချိုးဖို့ အဆောက်အဦမှာ (ဇာတ်) အလိုက် အဆင့်ဆင့် တည်ဆောက်ထားပါတယ်။ အမြင့်ဆုံးအဆင့်က ဗရာမင်များ ချိုးပြီး ရေကို ရေမြောင်းကတဆင့် ရေခံပြီးနောက် (ဇာတ်) တွေက ချိုးရပါတယ်။ ဒီလို အဆင့်ဆင့် ရေခံပြီး စီးဆင်းစေရာ အောက်ဆုံးအဆင့် Untouchable အဆင့်ကို ရောက်တဲ့အခါ ရေဟာ ညစ်ပတ်တဲ့ ဆပ်ပြာရေ ဖြစ်နေပါပြီ။ အောက်ဆုံးအဆင့်မှ လူတွေဟာ ဗရာမင်တွေ ဘယ်လို စံစားနေတယ်ဆိုတာ မမြင်ရ (တက်ခွင့်မရှိ) ဆပ်ပြာရေတွေကိုပဲ ကျေကျေနပ်နပ် ချိုးသုံးနေတာကို မြင်ရတဲ့မြင်ကွင်းကို
ဒီကနေ့အထိ မမေ့နိုင်ပါ။ အောက်ဆုံးအဆင့်ကနေ ကြည့်ရင် ဗရာမင်တွေဟာ တိမ်ညွန့်ခူးစားနေတဲ့ နတ်ဘုံ၊ နတ်နန်းက သူတွေနဲ့ တူပါတယ်။ ဝေးလွန်းတဲ့ အမြင့်ဘုံမှ (ဇာတ်) မြင့်တွေ ဖြစ်တယ်။ အမေရိကန် အရင်းရှင်စနစ်တွင် (ဇာတ်) လို လူတန်းစား အတိအကျ မခွဲထားပေမယ့် ငွေကြေး ပိုင်ဆိုင်မှု ပမာဏပေါ် မူတည်ပြီး အဆင့်အတန်း ကွဲတယ်လို့ ဆိုနိုင်ပါတယ်။ အောက်ဆုံးအဆင့် လခစား (သို့) နေ့စားလုပ်သားတွေဟာ နေ့ဒဓူဝ အလုပ်ဝင်၊ အလုပ်ထွက် လခ (သို့) နေ့စားရကြတယ်။ အမြင့်ဆုံးအဆင့် လူချမ်းသာ (ဗရာမင်) တွေက ငွေပုံပေါ်ထိုင်ပြီး ငွေရှာကြတာကို မမြင်ရ မသိနိုင်ပါ။ ဒါကြောင့် Main Street က လူတွေက Wall Street က လူတွေကို ငေးမျှော် ကြည့်ကြရတယ်။ ခွဲခြားမှု (ဇာတ်) ဆိုတာ ဘယ်စံနစ်မှာမဆို ကောင်းကျိုးမပေးပါဖူး။

အရင်းရှင်စနစ်မှာ အရေးပါတဲ့ လုပ်ဆောင်ချက် (သို့) ခံယူချက်တခု ရှိပါသေးတယ်။ ကျနော် အင်းစိန်မှာ နေခဲ့စဉ် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး တင်ပြပါရစေ။ အင်းစိန်ထောင်မှာ ကျင့်သုံးတဲ့ လုပ်ငန်းစဉ် (သို့) စံနစ်တခု ရှိပါတယ်။ လူသတ်မှု၊ ဓားပြမှု စတာတွေနဲ့ ထောင်ကျလာသူတွေကို (နှစ်ကြီးသမား) တွေလို့ ခေါ်တယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျလာသူတွေဟာ ထောင်တွင်း စားသုံးဖို့အတွက် မြေယာစိုက်တဲ့ အလုပ်တွေကို စေခိုင်းခံရတယ်။ နှစ်ကြီးသမားတွေကို (လုံချည်အပြာ) ထုတ်ပေးကာ ခွဲခြားထားတာကြောင့် (လုံချည်ပြာ) လို့ ခေါ်ဆိုညွှန်းလေ့ ရှိပါတယ်။

ရာဇဝတ် အကျဉ်းသားတိုင်း ထောင်စည်းကမ်းအရ ၂ ပတ် တခါ မိသားစုနဲ့ တွေ့ခွင့် ရကြပါတယ်။ ဒါကို (ထောင်ဝင်စာ) တွေ့တယ်လို့ ခေါ်ပါတယ်။ အကျဉ်းသား အများစုရဲ့ ဇနီး၊ သားမယား၊ ဆွေမျိုး၊ မောင်နှမ၊ မိသားစု အများစုက မရှိမဲ့ ရှိမဲ့ ငွေကလေးနဲ့ ငါးပိကြော်၊ ဆေးလိပ်၊ ဆေးပေါ့လိပ်လေးတွေနဲ့ ၂ ပတ် တခါ တွေ့ကြရပါတယ်။ ထောင်ထဲမှာ တရားဝင် ငွေကိုင်ခွင့် မရှိပါ၊ ဒါကြောင့် ဆေးလိပ် (ဝါ) ဆေးပေါ့လိပ်ဟာ ငွေ ဖြစ်လာတယ်။ ရာဇဝတ် အကျဉ်းသားတွေဟာ မိမိတို့ ရလာတဲ့ ထောင်ဝင်စာတွေထဲက ကောင်းနိုးရာရာ အစားအစာတွေ၊ ဆေးလိပ်တွေနဲ့ လုံချည်ပြာတွေကို ပူဇော်ပါမှ နေပူထဲတွင် လုံချည်ပြာတွေရဲ့ မတရားမောင်းနှင် စေခိုင်းတဲ့ဒဏ်ကနေ သက်သာရာရပါတယ်။ ထောင်ဝင်စာ မတွေ့နိုင်သူ၊ ခိုကိုးရာမဲ့နေသူ အကျဉ်းသားတွေအဖို့တော့ တရိစ္ဆာန်တကောင်အလား အမောင်းခံရဖို့ပဲ ရှိပါတော့တယ်။ အကျဉ်းသား တယောက်ကို မြိုးမြိုးမြက်မြက်လေး ခေါင်းပုံဖြတ်ပြီးတဲ့ လုံချည်ပြာ တယောက်ဟာ အဲဒီအကျဉ်းသားကို လက်ညှိးထိုးပြီး တခြား လုံချည်ပြာ တယောက်ကို ဆေးပေါ့လိပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ စသည်ဖြင့် လက်လွှဲရောင်းစားလေ့ ရှိပါတယ်။ အကျဉ်းသား မှန်မှန် လက်ခံရရှိတဲ့ ပမာဏ ထောင်ဝင်စာပေါ် မူတည်ပြီး ဈေးသတ်မှတ်ကြတယ်။

ဤထောင်တွင်းစနစ်ဟာ လူလူချင်း ခေါင်းပုံဖြတ်တဲ့ စံနစ်ဖြစ်တယ်။ ဒီစံနစ်မှာ (ဝင်ငွေ) ဟာ ထောင်ဝင်စာပမာဏ ဖြစ်တယ်။

အရင်းရှင်စနစ်ဟာ ငွေသားအပေါ်မှာ ခေါင်းပုံဖြတ်ခြင်း ဖြစ်တယ်။ ထောင်ထဲမှာ အကျဉ်းသား တယောက်ဟာ သူ မသိဘဲ လုံချည်ပြာတယောက်က နောက် လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ်နဲ့ တန်ဖိုးဖြတ်ပြီး အရောင်းစားခံရသလိုမျိုး အရင်းရှင်စနစ်မှာ (Loan) လို့ ခေါ်တဲ့ ငွေချေးစာချုပ်ကို အရင်းရှင်တယောက်ကနေ နောက်အရင်းရှင် တယောက်ဆီကို လက်လွှဲရောင်းခံရပါတယ်။ ဥပမာ - ကျနော်က အိမ်ဝယ်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်း ချေးပြီး တလမှာ ၂ဝဝဝ ပေးဆပ်ရတယ် ဆိုပါစို့။ ကျနော့်ကို ချေးတဲ့ ABC ဘဏ်က နောက်ဘဏ်တခုကို (ကျနော်သိစရာ မလိုဘဲ) ရောင်းစားလိုက်ပါမယ်။ အဲဒီဘဏ်က ကျနော်တို့လိုပဲ Loans တွေကို ပေါင်းစပ်ပြီး၊ တခါ MBS (Mortage Back Securities) အဖြစ် ရောင်းစားလိုက်ပါမယ်။ နောက်တဆင့် ပိုပြီး အရင်းရှိသူက MBSတွေကို တခြား Securities Bonds တွေနဲ့ ရောပြီး နောက်တဆင့် ရောင်းစားပြန်ပါတယ်။ အခုလို အဆင့်ဆင့် ရောင်းစားခံရတာကို အောက်ဆုံးအဆင့် ငွေချေးသူ (ကျနော်) က ဘာမှ မသိလိုက်ရပါ။ ဒါကြောင့် အမေရိကန် အရင်းရှင်စနစ်ကို ဟိန္ဒူ (ဇာတ်) နဲ့ နှိုင်းပြီး ဥပမာ ပေးရတာ ဖြစ်ပါတယ်။ (မှတ်ချက်။ MBS နဲ့ တခြား အခေါ်အဝေါ်တွေကို ရှေ့မှာ ရှင်းပြပါမယ်။)

အရင်းရှင်စနစ်မှာ ငွေရှိသူ၊ ငွေရင်းသူတွေဟာ ဗရာမင်တွေလို ထိပ်ဆုံးအဆင့်မှာ ရှိတာကြောင့် Banker လို့ ခေါ်တဲ့ ဘဏ်လုပ်ငန်းရှင် (သို့) ဘဏ်ထိပ်ကဲတွေဟာ အရင်းရှင်စနစ်မှာ သြဇာ အကြီးမားဆုံးလို့ ဆိုနိုင်ပါတယ်။ အရင်းရှင်စနစ်မှာ ဘဏ် နှစ်မျိုးနှစ်စား ရှိပြန်တယ်။ Commercial Bank လို့ ခေါ်တဲ့ ပြည်သူတွေနဲ့ အလုပ်လုပ်တဲ့ ဘဏ်နဲ့ Investment Bank လို့ ခေါ်တဲ့ အရင်းပြုဘဏ်ဆိုပြီး ဖြစ်တယ်။ ဘဏ်စနစ်ရဲ့ အခြေခံက (လူတွေ) Customers တွေက ဘဏ်မှာ ငွေအပ်နှံကြပါတယ်။ ဘဏ်က အတိုးနဲနဲပေးပြီး ငွေပေးယူခ ဝန်ဆောင်ခ Service Fees စားပါတယ်။ ဒီစုငွေတွေကို စုပေါင်းပြီး ဘဏ်က လုပ်ငန်းရှင် Business People တွေကို အတိုးနဲ့ ငွေချေးပါတယ်။ ဘဏ် အကြီးအသေးပေါ် မူတည်ပြီး Community Bank ရက်ကွက်ဘဏ်၊ Regional Bank ဒေသပြည်နယ်ဘဏ်၊ National Bank
တပြည်လုံးဆိုင်ရာဘဏ်၊ International Bank အပြည်ပြည်ဆိုင်ရာ ဘဏ်ဆိုပြီး ကြီးစဉ်ငယ်လိုက် တည်ရှိကြပါတယ်။ ဒီဘဏ်တွေဟာ ပြည်သူတွေရဲ့ ငွေတွေကို လက်ခံပြီး ငွေလည်ပတ်မှု လုပ်တာကြောင့် အစိုးရက ထိန်းကွပ်မှု (Regulation) အတိုင်း လိုက်နာရပါတယ်။ အရမ်းကာရော နားလည်မှုနဲ့ ချေးရင် ရှုံးပြီး ဒုက္ခ မရောက်ရအောင်ပါ။

ဘဏ်မှာ ငွေစာရင်း ဖွင့်သူတိုင်းအတွက် အမေရိကန်ဒေါ်လာ တသိန်းကို အစိုးရ အဖွဲ့အစည်း FDIC က အာမခံ ပေးထားပါတယ်။ ဘဏ်တခု ဒုက္ခရောက်မယ် ထင်ရင် FDIC က ဝင်ပြီး ဘဏ်ကို ထိန်းကွပ် ရောင်းပစ်နိုင်ပါတယ်။ ပြည်သူတွေဆီက Deposit ငွေ လက်ခံပြီး ချေးတာ ဘဏ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိတယ်။ ဒီပြည်သူတွေဆီက Deposit လက်ခံပြီး ငွေချေးတဲ့ ဘဏ်တွေကို Commercial Bank လို့ ခေါ်ပါတယ်။

လက်လုပ်လက်စား၊ လခစား ပြည်သူတွေနဲ့ ထိတွေ့မှု လုံးဝ မရှိတဲ့ ဘဏ်တမျိုး ရှိပါသေးတယ်။ ဒီဘဏ်တွေကို Investment Bank ငွေရင်းရှာဘဏ်လို့ ခေါ်ပါတယ်။ ၁၉၂၄ ခုနှစ် ဥပဒေအရ Investment Bank နဲ့ Commercial Bank တို့ကို ပေးမရောပါ။ ၁၉၉၉ ခုနှစ် သမ္မတ ကလင်တန် လက်ထက်မှာ ဥပဒေအသစ်အရ ဒီဘဏ် ၂ မျိုး ရောခွင့်ရသွားပါတယ်။ ဒီကနေ့ ပြဿနာ ကြီးမားရခြင်းမှာ ဒီဘဏ် ၂ မျိုး ရောခွင့်ရလို့ ပိုမိုရှုပ်ထွေးကုန်ခြင်း ဖြစ်တယ်။

Investment Bank ဆိုသည်မှာ ငွေရင်းကို ရှာပေးသောဘဏ် ဖြစ်သည်။ ငွေရင်းကို ဘယ်ကရှာရမှာလဲ။

အရင်းရှင် ဗရာမင်တွေ ရဲလောကမှာ ထိပ်ဆုံးမှ အချမ်းသာဆုံး ပုဂ္ဂိုလ် (သို့) မဏ္ဍိုင်တွေမှာ -
၁။ Independently Wealthy (အမှီအခိုမရှိ တသီးတခြား ချမ်းသာသူတွေ)

၂။ Pension Funds & Mutual Funds (ပင်စင်ငွေစုတွေနဲ့ အများစု ငွေစုတွေ)

၃။ Insurance Companies (အာမခံ ကုမ္ပဏီကြီးတွေ) ဖြစ်တယ်။

ကျနော်တို့ မြန်မာနိုင်ငံတွင် ငွေ ရှိလာပါက ရွှေ၊ စိန်၊ ကား၊ တိုက် ဝယ်ပြီး ငွေများကို ပိုက်ထားကာ အတိုးပေးစားတာလောက်ပဲ ရှိကြပါသည်။ မိမိ၌ ရှိပြီးသား ငွေများမှ ငွေထပ်ပေါ်ရန် လမ်းကြောင်း သိပ်မရှိလှပါ။ အရင်းရှင်စနစ်တွင် ငွေရှိရင် ဒီငွေမှ ငွေထပ်ပေါ်အောင် (ရင်းနှီး) Investment လမ်းကြောင်းတွေ ရှိကြပါတယ်။ ဒါကြောင့် ကျိကျိတက် ချမ်းသာလာကြတဲ့ ဘီလ်ဂိတ်၊ ရော်ကီဖဲလား၊ ကနေဒီ၊ ဂျေပီမော်ဂန်တို့လို ပုဂ္ဂိုလ်တွေဟာ Trust Fund တွေ ထောင်ပြီး Professional Money Managers လို့ ခေါ်တဲ့ ကြေးစား ငွေကြေးစီမံခန့်ခွဲမှု မန်နေဂျာတွေကို လွှဲထားကြပါတယ်။ အင်တာနက် တဟုန်ထိုးတက်ချိန် Internet Boom၊ အခုအခါ အိမ်ယာမြေ တဟုန်ထိုးတက်ချိန် Housing Boom တွေမှာ ချမ်းသာလာကြတဲ့ ခေတ်သစ် သူဋ္ဌေးတွေကလည်း Money Manager တွေကိုပင် အပ်နှံပြီး အရင်းရှာ၊ ငွေရှာ (Invest) လုပ်ကြပါတယ်။

အရင်ခေတ်တွေက အလုပ်သမားတယောက်ရဲ့ လုပ်သက်တလျှောက် နောင်မှာ ပင်စင်ယူနိုင်ဖို့ လစဉ်မှန်မှန် လခကနေ ဖြတ်ပြီး ငွေစု ကြရပါတယ်။ ကုမ္ပဏီကြီးတွေကသော် လည်းကောင်း၊ အစိုးရ အလုပ်သမားဖြစ်ရင် အစိုးရ ကသော်လည်းကောင်း၊ အချိုးကျ လုပ်သားတဦးစီ ပင်စင်အတွက် လစဉ်မှန်မှန် ထပ်ဖြည့်ဆည်းပေးရပါတယ်။ ဒီအလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမား Professional Money Manager တွေကို ငှားပြီး ရင်းနှီးကာ ငွေတိုးပွားအောင် လုပ်ဆောင်ကြရပါတယ်။

အခုနောက်ပိုင်း ခေတ်တွေမှာ ပင်စင်အစား 401 (k) လို့ ခေါ်တဲ့ စုငွေနည်းစနစ်အသစ် ပေါ်လာပါတယ်။ အရင်စံနစ်အရ အလုပ်သမားတယောက်ဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိမိရဲ့စုငွေဟာ မိမိနဲ့ဆိုင်ရာ ပင်စင်စုဆောင်းရာ Pension Funds ကိုပဲ ပေးသွင်းရပါတယ်။ 401 (k) စနစ်မှာ အလုပ်သမား တယောက်ဟာ မိမိကျေနပ်ရာ Mutual Funds ကို ရွေးချယ်နိုင်ခွင့် ရှိပါတယ်။ Mutual Funds ဆိုတာ ရင်းနှီးမှုကို ကျွမ်းကျင်တဲ့ Investment Bank အရင်းအနှီး ဘဏ်တွေက ဖွဲ့စည်းထားတဲ့ ငွေစုအဖွဲ့တွေ ဖြစ်တယ်။ Mutual Funds တွေက သုံးလ တကြိမ် မိမိတို့ရဲ့ ငွေကြေးပမာဏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အစီရင်ခံစာတွေကို ထုတ်ဝေရပါတယ်။ တချို့က Mutual Funds တွေက မစွန့်စား၊
အမြတ်နည်းနည်းနဲ့ ပုံမှန် တိုးတက်မှုကို ရည်စူးတယ်။ တချို့က စွန့်စွန့်စားစား ရင်းရဲတယ်။ အမြတ် များနိုင်သလို ရှုံးလည်း ရှုံးနိုင်တယ်။ တချို့က အာရှနိုင်ငံတွေ (ဥပမာ တရုတ်ပြည်ကြီး) မှ ကုမ္ပဏီတွေမှာ ရင်းနှီးမယ် စသည်ဖြင့် ခွဲခြား၊ ထူးခြားမှုလေးတွေ ရှိပါတယ်။ မိမိကုမ္ပဏီ (သို့) အစိုးရနဲ့ နားလည်မှုရှိတဲ့ Mutual Funds တွေကနေ ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။

အာမခံ ကုမ္ပဏီတွေဟာ ခေတ်အဆက်ဆက် အာမခံငွေတွေကို ရင်းနှီးခဲ့ကြတာကြောင့် အရင်းအနှီး ရှိပြီးတဲ့ ငွေပုံပေါ် ထိုင်နေသူတွေ ဖြစ်ကြတာကြောင့် ငွေရှိကြပါတယ်။

ဒီလို ငွေရှိသူတွေကနေ အရင်းအနှီး ရှာပေးတဲ့ ဈေးကွက်ကို ငွေကြေး အရင်းအနှီး ဈေးကွက် Capital Market လို့ ခေါ်ပါတယ်။ နယူးရောက်မြို့ ဝေါ်လ်စထရိနဲ့ လန်ဒန် ငွေကြေးဈေးကွက် London Financial Market ဟာ ငွေရင်းဈေးကွက်မှာ ထိပ်က ပြေးနေကြပါတယ်။


Stocks & Bonds ဆိုတာ ဘာလဲ။

ရင်းနှီးမြှုပ်နှံမှု ပြုမယ်ဆိုရင် Stocks & Bonds တွေကို နားလည်လို့ မရပါ။


Stock ဆိုတာ ဘာလဲ။။

ကျနော်က စီးပွားရေး လုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်ကူကူ ပလပ်စတစ်အိတ်တွေ ထုတ်တဲ့ လုပ်ငန်းလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ် တွေးနိုင်အောင် ချမ်းသာတဲ့မိတ်ဆွေ သော်လည်းကောင်း ဘဏ်ကသော် လည်းကောင်း ငွေ ၅ သိန်းကို သုံးရစ်ထုတ် ချေးပြီး စက်ရုံတည်တယ် ဆိုပါစို့။ တနှစ်၊ တနှစ်ခွဲ အကြာမှာ ကျနော့်ဆီက ဝယ်မယ့်သူ အယောက် ၂ဝ လောက် ဖြစ်လာလို့ နောက်ထပ် Customer ၁ဝ ယောက်လောက် အလားအလာ ရှိနေပြီ။ ပြိုင်ဘက်တွေထက် သာဖို့ စက်အသစ်တွေ ဝယ်ရမယ်။ ပစ္စည်းသစ်တွေ ထုတ်ရမယ်၊ အရောင်းသမားတွေ ထပ်ငှားရမယ်၊ စက်လည်မယ့်သူ အင်ဂျင်နီယာ အသစ်တွေ ထပ်ငှားရမယ်၊ အလားအလာလည်း ကောင်းနေပြီ၊ ငွေတသန်းခွဲ ထပ်လိုတယ် ဆိုပါတော့။ ဘဏ်က အတိုးများတယ်၊ သူငယ်ချင်းကလည်း ငွေ မပိုတော့ဘူး၊ ဘာလုပ်မလဲ။ အရင်းရှင်စနစ်မှာ ဆိုရင် မိမိရဲ့ ပိုင်ဆိုင်မှုကို မျှဝေပြီး ငွေဖော်နိုင်၊ ရောင်းနိုင်ပါတယ်။ မိမိရဲ့ လုပ်ငန်း ငွေ အဝင်အထွက်၊ အင်အား၊ အလားအလာကို ကြည့်ပြီး Investment Banker တွေက ဈေးကွက်ကိုကြည့်ပြီး ဈေးသတ်မှတ် ပေးလိမ့်မယ်။ လွယ်လွယ်နဲ့ နားလည်အောင် ပြောရရင် ဒီ Investment Bank ကပဲ ဦးစီးပြီး Stock တွေကို ဖော်ထုတ် ရောင်းပေးပါလိမ့်မယ်။ ဒါကို Stock offering လို့ ခေါ်ပါတယ်။ ပထမဆုံး Stock စရောင်းတာကို IPO (Initial Public offering) လို့ ခေါ်ပါတယ်။ ဈေးသိပ်ကြီးရင် လူမဝယ်ဘူး။ ဈေးသိပ်နိမ့်ရင်လည်း ကိုယ်နာတယ်။ ဒါကြောင့် ဒါတွေဟာ ပညာသား ပါလှတယ်။

တကယ်လို့ မိမိရဲ့ စတော့ (Stock) တခုကို ၁၅ ဒေါ်လာနဲ့ ရောင်းမယ်။ Stock ပေါင်း တသိန်း ထုတ်မယ်ဆိုရင် လိုတဲ့ ငွေ တသန်းခွဲ ရပြီမို့ လုပ်ငန်း ပိုမို တိုးချဲ့နိုင်ပြီပေါ့။ Stock ဝယ်တဲ့ သူကတော့ စွန့်စားမှု ရှိတယ်ပေါ့။ ဒီကုမ္ပဏီ အောင်မြင်ရင် မိမိဝယ်ရင်းလိုက်တဲ့ စတော့တွေက ဈေးတက်ရင် မြတ်ပြီ၊ မအောင်မြင်ရင် ရှုံးပြီပေါ့။ Stock ဝယ်ရင်ကုမ္ပဏီရဲ့ တစိတ်တဒေသကို ဝယ်ယူတာနဲ့ အတူတူပါပဲ။


Bond ဆိုတာဘာလဲ။

Bond ဆိုတာက အာမခံနဲ့ ငွေချေး စာချုပ်တာပါပဲ၊ အစိုးရကဖြစ်စေ၊ ကုမ္ပဏီတခုက ဖြစ်စေ ငွေလိုတဲ့အခါ စာချုပ် ထုတ်ပြီး အများလူထုဆီက ငွေချေးခြင်းပါပဲ၊ ဥပမာ ဗာဂျီးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး က တံတားတခု ဆောက်လိုတယ်။ ဒေါ်လာ ၁ဝ သန်း ကုန်မယ်၊ အဲဒီအတွက် ဗာဂျီးနီးယား အစိုးရက အများလူထုကို စာချုပ် ထုတ်ရောင်းနိုင်ပါတယ်။ ဘွန်းစာချုပ်တွေမှာ ရေတို - တနှစ်အတွင်း ပြန်ဆပ်ရတာ။ အလယ်အလတ် - ၁ဝ နှစ်ပြည့်မှ ပြန်ဆပ်ရတာ။ ရေရှည် - ၁ဝ နှစ် အထက်မှာ ဆပ်ရတာတွေ ရှိပါတယ်။ ကူပွန် Coupon ဆိုတာက စာချုပ်ရဲ့ အတိုးနှုန်းပါ။ အကြမ်းအားဖြင့် စာချုပ် တခုကို ဒေါ်လာ တထောင်တန်လေ့ ရှိတယ်။ အမေရိကားမှ တနှစ်မှာ နှစ်ကြိမ် အတိုးပေးပြီး၊ ဥရောပမှာတော့ တနှစ်မှာ တကြိမ်ဘဲ ပေးလေ့ရှိတယ်။

ဒီ Stocks & Bonds တွေကို Securities လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သတိပြုစေချင်တာက စာချုပ်ဟာ အတိုးပဲ စားရပါတယ်။ စတော့ ကတော့ ပိုင်ဆိုင်မှု ဖြစ်တာကြောင့် ရှုံးနိုင်၊ မြတ်နိုင်ပါတယ်။ ကျနော် Cisco မှာ လုပ်ခဲ့စဉ်က Cisco Stocks တွေဟာ ၈ လတိုင်းမှာ ၂ ဆ ဖြစ်သွားပါတယ်။ ပြုတ်ကျတော့ ဝုန်းဆို ၁ဝဝ ကနေ ၁ဝ ဖြစ်သွားတယ်။ စာချုပ် တွေမှာ ရှုပ်ထွေးတဲ့ စာချုပ် တွေ ရှိပါသေးတယ်။ ဒီနေရာမှာ သိသင့်တာကတော့ Assets Back Securities ဆိုတာက တခြားကဝင်တဲ့ ဝင်ငွေအပေါ် မူတည်ပြီး အရင်းနဲ့ အတိုးကိုပေးတဲ့ စာချုပ်ကို ဆိုလိုတာပါ။ ဥပမာ ရှေ့မှာ ရေးခဲ့တဲ့ အိမ်ကို ဝယ်ဖို့ဆိုရင် ABC ကုမ္ပဏီက ငွေ တသိန်း ချေးတယ်။ ဒီချေးငွေတွေကို ABC က Freddie Mac (သို့မဟုတ်) ဘဏ် XYZ ကို ရောင်းလိုက်ပါတယ်။ ဘဏ် XYZ က ဒီလို ချေးငွေပေါင်း ၁ဝဝ ကို မှီပြီး စာချုပ် ပြန်ရောင်းရင် ဒီ စာချုပ်ဟာ အိမ်ကို မှီပြီး ထုတ်တာကြောင့် Mortgage Back Securities (MBS) လို့ ခေါ်ပါတယ်။ MBS အပြင် ကျန် Securities တွေလည်း ရှိပါသေးတယ်။ ထို့နည်းတူစွာပဲ ကျနော်တို့ရဲ့ ကားကြွေး၊ ဗီဇာကဒ်၊ မာစတာကဒ် အကြွေးတွေကို မှီပြီး တခြား Securities အဖြစ် Public အများလူထုကို ပြန်ရောင်းနိုင်ပါသေးတယ်။

အင်းစိန်ထောင်မှာ လုံချည်ပြာက ထောင်ဝင်စာပေါ် မူတည်ပြီး အကျဉ်းသားကို လုံချည်ပြာ အချင်းချင်း ဆေးလိပ်နဲ့ ရောင်းစားတယ်။ ကျနော်တို့ရဲ့ ချေးငွေ Loans က ရတဲ့ ဝင်ငွေနဲ့ အမြတ်ပေါ် မူတည်ပြီး ဘဏ်တွေက အချင်းချင်း ပြန်ရောင်းစားခြင်းပါပဲ။ ဒါကြောင့် အဆင့်ဆင့် အမြတ်ထုတ်ကြတာကြောင့် ဟိန္ဒူဘာသာက ဇာတ်တွေအတိုင်း အဆင့်ဆင့် ရှိကြပါတယ်။

ပြဿနာပေါ်လာပြီဟေ့။

အခု လက်ရှိ ပြဿနာတွေဟာ MBS က အရင်း တည်လာတာပါ။ သပွတ်အူလို ရှုပ်ထွေးတာတွေကို နောက်ဆုံး အပိုင်း (၃) မှာ ဆက်ရှုပါ။

ဘိုဘိုကျော်ငြိမ်း


စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို - ဆပ်ပရိုင်း အပိုင်း(၃)
ဘိုဘိုကျော်ငြိမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 09 2008 16:58 - မြန်မာစံတော်ချိန်

ကျနော် အရှေ့ဖက် အပိုင်း (၁)နဲ့ အပိုင်း (၂)မှာ အိမ်အတွက် ငွေချေးခြင်း Mortgage, Sub-prime, Secondary Market, Stock & Bonds တွေကို ဆွေးနွေးခဲ့သလို အရင်းရှင် စီးပွားရေး စနစ်ဟာ ဟိန္ဒြူ(ဇာတ်) လိုပဲ စီးပွားရေး အဆင့်အတန်းကို လိုက်ပြီး (ဇာတ်)သဖွယ် ရှိကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနောက်ဆုံး အပိုင်းမှာ ဘာကြောင့် ဒီ Sub-prime ဈေးကွက်စခဲ့တဲ့ Housing Market အိမ်အဆောက်အဦ ဈေးကွက် ပြဿနာဟာ Financial Sector လို့ခေါ်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍကိုပြန့်နှံ့သွားပြီး တကမ္ဘာလုံး ပွက်လောရိုက် သွားရတာလဲ? အမေရိကန် အစိုးရဦးဆောင်တဲ့ တကမ္ဘာလုံးက အစိုးရတွေ ဘယ်လို ဖြေရှင်းမလဲဆိုတာနဲ့ အဆုံးသတ်ပါရစေ။

ဒီအပိုင်းက အရှုပ်အထွေးဆုံးမို့ သည်းခံပြီး ဖတ်ရှုစေချင်တယ်။

ဒီ သပွတ်အူလို ရှုပ်ထွေးလှတဲ့ ပြဿနာကို မဆွေးနွေးခင်မှာ အရင်းရှင်စနစ်ရဲ့ အရေးကြီးတဲ့ (မူ) တခုကို သတိပြုသင့်ပါတယ်။ အဲဒါက အရင်းရှင်လောကမှာ ဖြစ်နိုင်ရင် ကိုယ့်ငွေ(အားလုံး)ကို ရင်းနှီးပြီး လုပ်ငန်း မလုပ်ရဘူး။ ဥပမာ - ကျနော့်မှာ ငွေ (၁၀) သိန်း ရှိတယ်။ ဘ၀င်မြင့်ပြီး စက်ရုံတခုကို ငွေ (၁၀)သိန်းလုံး ရင်းပြီး တည်ထောင်ခဲ့လို့ ရှုံးရင် ကျနော်ခံရပြီပေါ့။ အရင်းရှင်စနစ်မှာ (ရှုံးနိုင်တယ်) ဆိုတဲ့ အန္တရာယ် (Risk) ကို ကိုင်တွယ်နိုင်ရမယ်။ ဒါကြောင့် ငွေ(၁၀)သိန်း ထဲက မိမိငွေ (၂)သိန်း ကိုရင်း၊ ကျန်(၈)သိန်းထဲက တချို့ကို Stocks & Bonds တွေဝယ်၊ တချို့ကို ရွှေဝယ်။ တချို့ကို ငွေဖော်လွယ်တဲ့ Money Market ထဲမှာထားပြီး ထုခွဲနိုင်တဲ့ မိမိပိုင်ဆိုင်မှု (Assets) ကိုပြ၊ မိမိရဲ့ စီးပွားရေးလုပ်ငန်း ပလင်(Plan)ကို ပြပြီး ဘဏ်တွေမှာ ငွေခြေးပြီးမှ လုပ်ငန်း လုပ်ရပါမယ်။ ဘဏ်တွေကလည်း ဘဏ်တခုတည်းကနေ ကိုယ်လိုသလောက် အားလုံးကို မချေးလိုက်ပါ။ (ငွေများရင်) ဘဏ်တွေ စုပြီးမှ ချေးပါလိမ့်မယ်။ Spread the risk ဆိုတဲ့ ရှုံးနိုင်မှု အန္တရာယ်ကို မျှဝေခံကြတာပါ။ ဒါဟာ လုပ်ထုံးလုပ်နည်းလို့ ပြောရပါမယ်။ ဒီလို မိမိရဲ့ ဥစ္စာဓနကို ပြပြီး နည်းနည်း ရင်းပြီး များများ ချေးတာကို Leverage လုပ်တယ်လို့ ခေါ်ပါတယ်။ အရင်းရှင်စနစ်မှာ ဖြစ်နိုင်သလောက် Leverage လုပ်ဖို့ ကြိုးစားရပါမယ်။ ဒီတွေးခေါ်မှုဟာ အရင်းရှင်စနစ်ရဲ့ အဓိက Principle ခံယူ (မူ) ဟု ယူဆနိုင်ပါတယ်။ အမေရိကန် အရင်းရှင်စနစ်ဟာ ဒီ Leverage လုပ်တာ (လွန်) သွားလို့ ခုလို စီးပွားရေး ဒုက္ခနဲ့ ရင်ဆိုင်ရတာပါ။

ကောင်းပြီ၊ ကျနော်တို့ ဆွေးနွေးပြီးသမျှကို ပြန်ကြည့်ကြရအောင်။

(၁) အမေရိကန် နိုင်ငံသားတဦးက အိမ်ဝယ်ချင်တယ်။
(၂) Mortgage Companies တွေက ငွေချေးတယ်
(၃) တခါ Mortgage Companies တွေက GSEs ( Fannie May, Freddie Mac, Ginne Mac, Ginne Mac) စတာတွေ နဲ့ ဘဏ်(Banks) တွေကို ချေးထားတဲ့ချေးငွေ (Loans) တွေကိုစုပြီး လက်ကား ရောင်းလိုက်တယ်။
(၄) တခါ ဒီ GSE နဲ့ ဘဏ်တွေက တခါစုပြီး MBS Mortgage back Securities ( MBS), CDOs & CMOs အဖြစ် ပြန်ရောင်းပြန်တယ်။ ဒီဟာတွေကို (Assets-Backed Securities) လို့ခေါ်ပါတယ်။ ဒီဟာတွေဟာ ပိုင်ဆိုင်မှု Asset တခုစီက (၀င်ငွေ) ကို အခြေပြုပြီး၊ ဒီ Asset တွေကို ကျောထောက်နောက်ခံ လုပ်ထားတာကြောင့် Assets-Backed Securities လို့ ခေါ်ပါတယ်။
မှတ်ချက်။ ။ ရှုပ်မှာစိုး၍ CDOs နဲ့ CMO ကိုမရှင်းတော့ပါ ငွေကြေးစာချုပ် Bonds အဖြစ်သာ နားလည်ထားပါ- စာရေးသူ)

ဒီ ငွေကြေးစာချုပ် Bond ဈေးကွက် ပွဲစားလုပ်ပေးသူတွေက ရင်းနှီးမြုပ်နှံမှုဘဏ် Investment Banks တွေပါ။ အမေရိကန် အရင်းရှင်စနစ်မှာ စတော့နဲ့ ငွေချေးစာချုပ် (Stocks&Bonds) တွေကို ၀ယ်ရင် Brokerage လို့ ခေါ်တဲ့ ပွဲစားတွေဆီမှာ ရောင်းဝယ်ရပါတယ်။ ဒီ ပွဲစားတွေမှာ စာရင်း (Account) ဖွင့်ပြီး ရောင်းဝယ်ရပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုဘဏ် Investment Banks တွေမှာ Brokerage Arm လို့ ခေါ်တဲ့ ပွဲစားလုပ်တဲ့ အပိုင်းဌာနတွေ ရှိကြပါတယ်။ ပိုက်ဆံရှိတဲ့ တကမ္ဘာလုံးက ငွေရှင်ကြေးရှင်တွေ (Independently Wealthy People)၊ ဘဏ်တွေ၊ လုပ်ငန်းတွေ အားလုံးက အမေရိကန်မှာ အိမ်ယာဈေးကွက် တဟုန်ထိုး အားကောင်းနေတယ် ဆိုပြီး ဒီ MBS ကဲ့သို့ Asset-based Securities တွေကို နင်းဝယ်ကြပါတယ်။ အိမ်ယာဈေးကွက်ကလည်း ၂၀၀၀ ခုနှစ်ပိုင်း အစလောက်က စလိုက်တာ၊ လေးနှစ် ငါးနှစ်လောက် အိမ်ဈေးတွေဆက်တက်နေတော့ သတိလျော့လာကြတာပေါ့။

လူ ဆိုတာ လောဘသားတွေ ဖြစ်တာကြောင့် ဒီ ရင်းနှီးမြုပ်နှံမှုဘဏ်တွေဟာ MBS တွေကို တခြား Asset Based Securities တွေနဲ့ရောပြီး တခါ ရောကြော် ငွေကြေးစာချုပ်တွေကို အသစ် ထုတ်ရောင်းပြန်ရော။ ဒါကို (Puree) ရောမွှေလိုက်တယ် လို့ သုံးကြပါတယ်။

အရင်းရှင်စနစ်မှာ “၀င်ငွေ” ဟာ အရေးကြီးပါတယ်။ ၀င်ငွေ ရှိရင် ဒီဝင်ငွေ (ငွေသား) အပေါ် မူတည်ပြီး Financial Vehicles လို့ခေါ်တဲ့ ငွေရပေါက်တွေ ထွင်ပြီး ပြန်ရောင်းပြီး ငွေရှာကြပါတယ်။ ဒါကြောင့် ကျနော်တို့လို စားသုံးသူတွေက အိမ်ဝယ်တယ်၊ ကားဝယ်တယ်၊ “ဗီဇာ” အကြွေးဝယ်ကဒ် သုံးတယ်ပေါ့။ ဒီဟာတွေ အားလုံးက ငွေချေးသုံးတာပါပဲ။ ငွေချေးရင် လစဉ်မှန်မှန် ဘဏ်တွေကို အရစ်ကျ ပြန်စပ်ရတယ်ပေါ့။ ဒါကိုချေးတဲ့ ဘဏ် တွေအတွက် Cash Flow ငွေသားစီးဆင်းမှု လို့ခေါ်ပါတယ်။ ဒီဝင်ငွေရှိတဲ့၊ ငွေသားစီးဆင်းမှုရှိတဲ့ ချေးငွေကို စုပြီး ဘဏ်တွေက Securities လို့ခေါ်တဲ့ Bonds တွေ ပြန်ထုတ်ရောင်းတာပါပဲ။ ဒါကြောင့် ကားချေးငွေ၊ မာစတာကဒ်၊ ဗီဇာကဒ် ချေးငွေတွေလည်း ငွေကြေးစာချုပ် (Bonds) အဖြစ် ပြန်ရောင်းစားကြပါတယ်။

ဒီမှာ ဘာကို ပြန်ရောင်းတာလဲ ဆိုတာကို သတိပြုစေချင်ပါတယ်။ ငွေချေးရင် အတိုး(Interest) ပေးရတယ်။ အမှန်က အတိုးကို ပြန်ရောင်းစားပြီး ပြန်ငွေရှာ၊ ဒီငွေနဲ့ ပြန်ဝင်ငွေဖော်တဲ့ စနစ်ပါပဲ။ ဥပမာ - ကျနော်တို့ အိမ်ဝယ်ရင် (၇% -၈%) အတိုး ပေးရပါမယ်၊ ကားဆို နည်းနည်း ပိုပေးရပါမယ်။ ဗီဇာ ဆိုရင် ၁၁ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း အထိပေးရမယ်ပေါ့ (မှတ်ချက် - အတိုးက ချေးသူရဲ့ ငွေချေး- ငွေပြန်ဆပ်တဲ့ ရာဇ၀င် Credit History ပေါ်မူတည်ပါတယ်) ဒီအတိုးများကို စုပြီး အတိုးကို ပြန်ရောင်းစားကြတာပါ။ ဥပမာ ကျနော်တို့ ပေးရတာက ၁၀ ရာခိုင်နှုန်း အတိုး ဆိုပါတော့ ကျနော်တို့ကို ချေးတဲ့သူက ၀န်ဆောင်မှုအတွက် ၂ ရာခိုင်နှုန်းယူ အတိုးစားပြီး ၈ ရာခိုင်နှုန်း အတိုးကို ပြန်ရောင်း၊ တခါ နောက်တဆင့် လူကို ၆ ရာခိုင်နှုန်း အတိုးနဲ့ ပြန်ရောင်းပြီး ငွေပြန်ရှာ၊ ငွေပြန်လှည့်ကြတာပါ။ တဆင့်မှာ ၂ ရာခိုင်နှုန်း စားတယ် ဆိုပေမည့် ငွေရင်းပမာဏက သန်းပေါင်း မြောက်များစွာ၊ ဘီလီယံ ပေါင်းမြောက်များစွာဆိုတော့ ၀င်ငွေ အများကြီး ရကြတာပေါ့။

ဒီတော့ အိမ်နဲ့ပတ်သက်တဲ့ ငွေကြေးစာချုပ်တွေက အိမ်သက်သက် မဟုတ်တော့ဘဲ ရင်းနှီးမြုပ်နှံမှု ဘဏ်တွေကတဆင့် ထုတ်တဲ့၊ ရောသမမွှေ Assets Based Bonds တွေထဲ ပါကုန်ပြန်တယ်။


ဘယ်သူတွေ ၀ယ်ကြမလဲ

အရင်းရှင်စနစ်ဆိုတာ အရင်း “ငွေ“ ကို အခြေခံတာကြောင့် ငွေကို မအိပ်စေရပါ။ ဒါကြောင့် ငွေရှိရင် “၀င်ငွေ” ရှိ အောင် “တိုးပွား” အောင် လုပ်ဆောင်ကြပါတယ်။ ဒီတော့ ငွေရှိသူတိုင်း ဒီ ငွေကြေးစာချုပ်တွေကို ၀ယ်ကြပါတယ်။ စက်တင်ဘာ လထဲမှာ အမေရိကန်အစိုးရဟာ Fannie May နဲ့ Freddie Mac ကို သိမ်းယူခဲ့ရပါတယ်။ ဒီ GSEs (၂) ခုရဲ့ စာချုပ်တွေကို အများဆုံး ၀ယ်ထားတာက တရုတ်အစိုးရနဲ့ ဂျပန်အစိုးရပါ။ တရုတ်နဲ့ ဂျပန်နိုင်ငံတွေရဲ့ နှစ်စဉ်နှစ်တိုင်း ပြည်ပပို့ကုန် (Export) ဟာ သွင်းကုန် (Import) ထက်များတာကြောင့် အမေရိကန်နဲ့ ကုန်ကူးကြရာမှာ (ငွေပို) ရှိနေကြပါတယ်။ အမေရိကန်ဘက်က ကြည့်ရင် ကုန်သွယ်လိုငွေ Trade Deficit ပေါ့။ တရုတ်နဲ့ ဂျပန်က ဒီ ပိုငွေတွေကို ငွေကြေးစာချုပ်တွေ ၀ယ်ပြီး “အတိုး” ရအောင် တိုးပွားအောင် လုပ်ကြပါတယ်။ အမေရိကန်နိုင်ငံဟာ အီရတ်မှာ တလ ၁၀ ဘီလီလျံ၊ (သန်းတသောင်း) သုံးနေပါတယ်။ ဒီငွေတွေကို နအဖ စစ်အစိုးရလို၊ လိုသလောက် ၀ါဇီက ရိုက်ထုတ်လို့ မရပါဘူး။ ငွေချေးရပါတယ်။ အမေရိကန်အစိုးရက ချေးဖို့ထုတ်တဲ့ ငွေကြေးစာချုပ်ကို Treasury Bonds လို့ ခေါ်ပါတယ်။ အမေရိကန် အစိုးရအတွက် “၀င်ငွေ” ဟာ အမေရိကန် ပြည်သူတွေဆီက ကောက်လို့ရတဲ့ အခွန်တော် Tax ပါပဲ။ ဒီ Treasury Bonds တွေကို အများဆုံးဝယ်ယူထားသူတွေဟာ ဂျပန်၊ တရုတ်နဲ့ ကိုရီးယား နိုင်ငံတို့ ဖြစ်ကြပါတယ်။

နယူးရောက်တိုင်းမ်မှာပါတဲ့ ဆောင်းပါးတခုမှာ ဖလော်ရီဒါ ပြည်နယ်က ဆေးရုံတခုဟာ အသစ်တိုးချဲ့ဖို့ ဒေါ်လာသန်း ၃၀၀ ဘတ်ဂျက် ခွင့်ပြုထားတယ်။ အဆောက်အဦ ဆောက်ဖို့၊ ပါမစ်ယူတာနဲ့ ဆောက်တာ အားလုံး ၂ နှစ်လောက် ကြာမယ်။ ဒါကြောင့် ဆေးရုံ အုပ်ချုပ်ရေးမှူးက ငွေတချို့ကို ဘဏ်တိုးမစားတော့ဘဲ MBS Bonds တွေ ၀ယ်လိုက်မိတယ်။ အိမ်ဈေးတွေ ထိုးကျတော့ ဒီအိမ်ကို အာမခံထားတဲ့ စာချုပ်တွေဟာ တန်ဖိုးကျကုန်တော့ သန်း ၃၀၀ မရှိတော့ဖူးပေါ့။ ဆေးရုံလဲ ဒုက္ခတွေ့ရတာပေါ့။

ဒါကြောင့် ငွေရှိတဲ့သူအများဟာ “အိမ်” တွေကို အာမခံ ရှိတယ်ဆိုပြီး ဒီ စာချုပ်တွေ ၀ယ်ထားမိတာ။ အိမ် ခြံ မြေ ဈေး ကွက်ပျက်သွားတော့ ဒီ စာချုပ်တွေဟာ သာမန် စက္ကူ စာရွက်တွေ ဖြစ်သွားတော့။ ဒါကြောင့် တကမ္ဘာလုံး ဘယ်လောက် အရှုံးပေါ်ကြမယ်ဆိုတာ ခန့်မှန်းရခက်တာပေါ့။


နောက်တဆင့် Leverage လုပ်ကြရအောင်

အရင်းရှင်စနစ်မှာ နည်းနည်း အရင်းစိုက်ပြီး များများချေး (သို့မဟုတ်) များများအမြတ်ရအောင် လုပ်ရမယ်။ ဒါကြောင့် “ငွေ” ရှိ ရင် ဒီ ငွေ ကို ပြပြီး Leverage လုပ်ကြရမယ်။

စတော့ နဲ့ ဘွန်းစာချုပ်တွေကတော့ ဟုတ်ပြီ။ ဒါတွေကို ဒီအတိုင်းထားမှာလား? ဒါတွေကို “ဘန်း” ပြပြီး ငွေ ထပ်မရှာ နိုင်ဖူးလား? ပစ္စည်းတခု (A) ကနေ (B) ကို ဖော်ထုတ်နိုင်ရင် (Derive) လုပ်တယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် ရှိပြီးသား (Finances Instruments) ကနေ ထပ်ဆင့် ငွေဖော်ထုတ်တာကို Derivatives လို့ ခေါ်ပါတယ်။

(ဒီ Derivative ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ်။ အသေးစိတ်သိချင်ရင် All About Derivatives by Michael Durbain စာအုပ်ကို ဖတ်ကြည့်ပါ။)

ကျနော် လွယ်လွယ် ဥပမာတခုကို ကြည့်ရအောင်။ ဥပမာ Cisco စတော့ရှယ်ယာ တခုဟာ ၂၄ ဒေါ်လာ ရှိတယ်ဆိုပါစို့။ ဒီ Cisco စတော့ကို ၀ယ်ချင်ရင် ၂၄ ဒေါ်လာပေးမှ စတော့ တခု ရမယ်။ ငွေနဲ့ ရင်းရမယ်ပေါ့။ Cisco စတော့ ၁၀၀ ၀ယ်ချင်ရင် ဒေါ်လာ ၂၄၀၀ ရှိမှ ၀ယ်နိုင်တယ်၊ ပိုင်ဆိုင်ခွင့် ရတယ်ပေါ့။ အကယ်၍ ကျနော်က Cisco မှ လုပ်တဲ့သူဖြစ်၍ ၎င်း Cisco စတော့ အတက်အကျကို လေ့လာထားတဲ့ ကျွမ်းကျင်သူမို့ ဒီ Cisco စတော့ အတက်အကျပေါ် မူတည်ပြီး ငွေရှာချင်တယ် ဆိုပါစို့။ Cisco ရဲ့ လုပ်ငန်း ၊ P/E ratio ကို ကြည့်ပြီး ယနေ့ စတော့ ဈေးဟာ ၂၄ ဒေါ်လာ မဖြစ်သင့်ဘူး။ မုချ ဈေးတက်မယ်လို့ ထင်ခဲ့ရင် ကျနော်က ၂၄ ဒေါ်လာဈေးနဲ့ စတော့ ၁၀၀၀ ဒေါ်လာ ၂၄၀၀၀ ရင်းပြီး ၀ယ်လိုက်မယ်၊ စတော့ ၁၀၀၀ ကိုင်ထားမယ်ပေါ့။ အဲသလိုကနေ Cisco စတော့ဟာ (၆ လအတွင်း) တခုကို ဒေါ်လာ ၃၀ ဖြစ်ခဲ့ရင် တခုကို ၆ ဒေါ်လာမြတ်ပြီဖြစ်လို့ ဒေါ်လာ ၆၀၀၀ အမြတ်ထွက်သွားပြီပေါ့။

ကောင်းပြီ။ ဒေါ်လာ ၂၄၀၀၀ မရင်းဘဲ ဒေါ်လာ ၆၀၀၀ မြတ်အောင်လုပ်လို့ မရဖူးလား? ရတယ်။ ဒါကို Option Contract လို့ ခေါ်ပါတယ်။ Cisco စတော့ ၁၀၀၀ ကို ဒေါ်လာ ၂၄၀၀၀ ရင်းပြီး ၀ယ်မဲ့အစား (၆ လ)အတွင်း Strike Price (၂၄) နဲ့ ၀ယ်နိုင်ခွင့် Call Option ကိုပဲ ၀ယ်နိုင်တယ်။ ဒီနေရာမှာ သတိတခု ပြုစေချင်တာက “၀ယ်ခွင့်” ကို “၀ယ်” တာ။ ၀ယ်ရမယ် မဆိုလိုဘူး။ အကယ်၍ (၆ လ) မှာ Cisco စတော့ဟာ တခုကို ဒေါ်လာ ၃၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်က Cisco စတော့ကို တခု ၂၄ ဒေါ်လာနဲ့ဝယ်ပြီး အမြတ်စားရုံပဲ။ ဒီ Option ကို ဒိုင်ဆီကပဲ ၀ယ်ယူရပြန်တယ်။ ၀ယ်ရင် Call Option ကို ၀ယ်နိုင်သလို ရောင်းရင် Put Option ကိုလဲ “၀ယ်” နိုင်ပါတယ်။

ဒီ Option ဆိုတာက Stock ကတဆင့် ဖြစ်ပေါ်လာတာ။ Derive ဖြစ်လာတာကြောင့် ဒီ Option Contract ဆို တာကို Derivatives တခုအဖြစ် သတ်မှတ်ပါတယ်။

Derivative မှာ ၄ မျိုး ၄ စား ရှိပါတယ်။
(1) Forward Contract
(2) Future Contract
(3) Swap Contract
(4) Option Contract တွေ ဖြစ်တယ်။

ပိုရှုပ်စေတာက ဒီ Derivative တွေဟာ “ဒိုင်” မှာ ရောင်း၊ ၀ယ်နိုင်သလို ၂ ဦး၊ ၂ ဘက် ကန်ထရိုက် ချုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီ Derivatives ဆိုတာ လောင်းကစားဆန်လာပြီး လွန်စွာ ရှုပ်ထွေးလာပါတယ်။
ဘာကြောင့် ဒါတွေကို ပြောနေရတာလဲ?

အိမ်ခြံမြေဈေးကွက်ကနေ ၂၀၀၀ ခုနှစ်များမှာ ငွေရွှင်လာကြတဲ့ အရင်းရှင်စနစ်ရဲ့ ဗရာမင် ရင်းနှီးမြုပ်နှံမှု ဘဏ်တွေဟာ အထိန်းအကွပ်မရှိ ဒီ Derivatives တွေကို ကစားလိုက်ကြတာ အိမ်ခြံမြေဈေးကွက် ပေါက်ကွဲမှုဖြစ်တော့ သောက်သောက်လဲ ရှုံးကြတော့တာပေါ့။ ရှုံးကြတော့ မိမိတို့ ထုတ်ရောင်းထားတဲ့ Assets Back Bonds တွေကိုလဲ ဈေးအကျမှာ တန်ဖိုးမရှိကြတော့။ တသီတတန်းကြီး အဆင့်ဆင့် ရှုံးကြတော့ ဘဏ်တွေက Assets တွေကို ငွေပြန်မဖော်နိုင်တော့ခြင်းကြောင့် သော်လည်းကောင်း၊ ငွေသားကို ထုတ်မချေးတော့ဘဲ ငွေသားကိုင်ထားကြတော့ Credit Crunch ကတဆင့် “ငွေ” လည်ပတ်မှု အားနည်းတာ၊ လုံးဝ ငွေမလည်တော့တာတွေ ဖြစ်တာပေါ့။ ဘဏ်အချင်းချင်းလည်း ငွေမချေးကြတော့ ပြည်သူတွေကိုလည်း ငွေမချေးနိုင်ကြတော့ ပြည်သူတွေလည်း ကားလည်း မ၀ယ်နိုင်၊ အိမ်လည်း မ၀ယ်နိုင်တော့ တပြည်လုံး ရောင်းအားကျပြီး စီးပွားရေးတခုလုံး “တန့်” ကုန်တော့ လူတွေလည်း အလုပ်ပြုတ်၊ အရောင်း “တန့်” ပြီး စီိးပွားရေးကပ် Depression အထိ ဆိုးရွားသွားနိုင်ပါတယ်။ မော်တော်ကားတစီးဟာ ဘယ်လောက်ကောင်းကောင်း ဓာတ်ဆီ ကုန်သွားရင် ထိုးရပ်သွားသလို အရင်းရှင်စနစ်မှာ စီးပွားရေးမဏ္ဍိုင်တွေ ဘယ်လောက်ကောင်းကောင်း ငွေလည်ပတ်မှုမရှိရင် စီးပွားရေး ယန္တရားတခုလုံး ရပ်သွားနိုင်ပါတယ်။


ဒီတခါ ပြဿနာ ဘာကြောင့် ဒီလောက် ဆိုးရတာလဲ?

အရင်ခေတ်တွေတုန်းကလဲ Boom & Bust ဖြစ်ခဲ့တယ်။ ခုမှ ဘာကြောင့် အဆိုးဆုံး ဖြစ်ရတာလဲ? စီးပွားရေးမှာ ကဏ္ဍတွေ ပိုင်းခြားထားပါတယ်။ ကုန်ထုတ်လုပ်တဲ့ ကဏ္ဍ Manufacturing Sector, အဆင့်မြင့်နည်းပညာ ကဏ္ဍ High Tech Sector ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ Financial Sector စသည်ဖြစ်ပေါ့။ အရင်တုန်းက Boom တွေက High Tech – IT/ Computer/ Communications Sector မှာ Boom ဖြစ်တယ်။ Investment Banks တွေ ဘဏ်တေကွ၊ ဒီ Sector မှာရှိတဲ့ ကုမ္ပဏီတွေအတွက် ငွေရင်းရှာပေးတာ၊ ငွေချေးတာပဲ ရှိတယ်။ Bust ဖြစ်တော့ သူတို့လက်ထဲမှာ ငွေရှိတယ်။ နဲနဲပါးပါး ရှုံးတာပဲ ရှိတယ်။ သူတို့ Sector ကို မထိခိုက်ဖူး။ ဒီ Housing Boom ဖြစ်တော့ အိမ် ခြံ မြေလောက၊ က အောက်ဆုံးအဆင့်။ ဒီ အိမ်ခြံမြေရောင်းအား တဟုန်ထိုး ဖြစ်ထွန်းမှုကို အခြေပြုပြီး Financial Sector မှာရှိတဲ့ Investment Banks, Commercial Banks တွေနဲ့ Insurance Companies ကြီးတွေပါ၊ ပါဝင်ရှုပ်ထွေးလာတာအပြင် ငွေရှာပေးတဲ့၊ ငွေလည်ပတ်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေဖြစ်ခဲ့ရင် အာမခံပေးတဲ့ အာမခံ ကုမ္ပဏီကြီးတွေပါ ပါဝင် ရှုပ်ထွေးလာတာကြောင့် အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံး (ဗရာမင်)တွေ ထိတာကြောင့်ဘဲ၊ မတတ်သာဘဲ အရင်းရှင်စနစ် မပျက်စီးရအောင် အမေရိကန် ဖက်ဒရယ် အစိုးရက ၀င်ကယ်ရတော့တာပဲ။


Wall Street လောဘသားများ

လက်ရှိ ပြဿနာဟာ လောဘကြောင့်ဆိုတာ မှန်ပေမယ့် ဝေါလ်စထရိရဲ ကျင့်ထုံး (သို့) Culture ယဉ်ကျေးမှုကြောင့် ပိုအစွန်းရောက်တယ်ဆိုရင် ပြောလို့ ရနိုင်စရာ ရှိပါတယ်။ IT Boom တုန်းက လူတော်တွေကို ဆွယ်ချင်တော့ လခအပြင် Stock Option ဆိုတာပါ ငှားရမ်းခ အနေနဲ့ ပေးရပါတယ်။ Stock Options ရဲ့ သဘောက မိမိကုမ္ပဏီ Stock ဈေးတက်ရင် မိမိလဲ ချမ်းသာမှု ပိုတာကြောင့် အလုပ်သမားတွေ ပိုအလုပ်လုပ်ရအောင် မက်လုံး Incentive ပေးခြင်း ဖြစ်တယ်။ ဒါပေမဲ့ ထိပ်ဆုံးက ကုမ္ပဏီ အရာရှိကြီးတွေက လောဘထွက်ပြီး Enron တို့လို စာရင်း Accounting ကို လိမ်ပြပြီး Stock ဈေးတက်အောင် လုပ်တဲ့ မသမာမှုတွေ ဖြစ်ခဲ့ရတယ်။ Wall St ရဲ့ ထုံးစံက အမြတ်ပေါ်မှာ ဘောနပ်စ် အပိုဆု ပေးတဲ့စနစ်ကို ကျင့်သုံးကြပါတယ်။ နှစ်ကုန်ရင် Wall St မှာ ခရစ်စမတ်ဘောနပ်စ် ပေးတဲ့ အစဉ်အလာ ရှိပါတယ်။ ကုမ္ပဏီကရတဲ့ အမြတ်အစွန်း ရာခိုင်နှုန်းတခုကို အကောင်းဆုံး အလုပ်သမားတွေကို အပိုဆု Bonus ပေးပြီး ဆွဲဆောင်တဲ့အကျင့် ယဉ်ကျေးမှုပါ။ အပိုဆုက ဒေါ်လာသန်းနဲ့ချီပြီး ရကြတာပေါ့။ စုစုပေါင်းရင် Billions နဲ့ချီပြီး Bonus ပေးတာပေါ့။ Wall St Trader တယောက်ဟာ ၁၀ သန်း- သန်း ၂၀ အထိ ရကြပြီး CEO တွေဆို သန်း ၄၀ ကနေ- သန်း ၁၀၀ အထိ ရကြပါတယ်။ ဒါကြောင့် အိမ်ခြံမြေ ရောင်းဝယ်မှုတွေ တဟုန်ထိုး တက်ချိန်မှာ မသမာတဲ့၊ တရားမ၀င်တဲ့ နည်းတွေနဲ့ ငွေရှာတယ်။ အမြတ်ရပြီးရော ဆိုပြီး စွပ်စွဲ ပြောကြားကြရုံမက တချို့ ကုမ္ပဏီတွေရဲ့လုပ်ရပ်တွေကို FBI က ၀င်ရောက် စစ်ဆေးလျက် ရှိပါတယ်။ မကြာခင်က ဒေ၀ါရီခံကဲ့ရတဲ့ Lehman Brothers ရဲ့အရာရှိချူပ် (CEO) ဟာ (၆) နှစ်အတွင်း ၀င်ငွေသန်း (၄၈၀) လက်ခံ ရရှိခဲ့ပါတယ်။ Wall St ရဲ့ တရားမဲ့တဲ့ သာဓကတွေပါ၊


အာမခံ ကုမ္ပဏီတွေကရော ဘယ်လို ပတ်သက်လာတာလဲ?

အမေရိကန် အရင်းရှင်စနစ်မှာ Insurance အာမခံ ကုမ္ပဏီကြီးတွေဟာ (ဗရာမင်) စစ်စစ်ကြီးတွေပါ။ ရာစုနှစ်နဲ့ချီပြီး ငွေစုကာ ငွေပုံမှာ ထိုင်လာတဲ့အပြင် လှေကြီးထိုးရိုးရိုး ရင်းနှီးမြုပ်နှံမှုလုပ်၊ အရှုံး (Risk) ယူပြီး လုပ်တာမဟုတ်ဘဲ အမြတ်ရအောင် လုပ်လေ့ ရှိကြပါတယ်။ ထို့အပြင် အစိုးရ စည်းမျဉ်းစည်းကမ်းတွေအရ အရင်က အာမခံ ကုမ္ပဏီတွေ၊ ရင်းနှီးမြုပ်နှံမှုဘဏ်၊ စီးပွားရေးဘဏ် တွေကို စည်းမျဉ်းစည်းကမ်းအရ ခွဲခြားထားပါတယ်။ ခု Deregulation - ထိန်းသိမ်းကန့်သတ်မှု ချုပ်ငြိမ်းတဲ့ (Deregulation) ခေတ်မှာ ဒီဟာတွေက ရောကုန်ပါတယ်။

အရင်းရှင်စံနစ်မှာ ဈေးကွက်က အရာရာကို ဖန်တီးထိမ်းကြောင်းမယ် လို့ ယူဆကြပေမယ့် ကုမ္ပဏီကို “လူ” သားတွေကပင် ဦးစီးကြရတာမို့ လွန်ကျွံမှု မရှိစေရန် အစိုးရက အများအကျိုးအတွက် ဥပဒေများ ထုတ်ကာ ထိန်းကွပ်၊ ထိန်းကျောင်း Regulate လုပ်ပေးရတယ်။ အမေရိကန် အစိုးရဟာ Deregulation လို့ခေါ်တဲ့ ထိန်းကွပ်မှုကို လျှော့ပေးရုံမက ထိန်းကွပ်မှု စံနစ်ဟာလဲ ခေတ်နောက်ကျလျှက် ရှိပါတယ်။ ဥပမာ - ပြည်နယ်တိုင်းမှာ အာမခံကော်မရှင် ဆိုတာ ရှိပါတယ်။ ဒီပြည်နယ် အရာရှိတွေက သူတို့ ပြည်နယ်သားတွေ မနစ်နာစေဖို့ ယင်းပြည်နယ်မှာရှိတဲ့ စီးပွားရေး လာလုပ်တဲ့ အာမခံ ကုမ္ပဏီတွေကို ထိန်းကွပ် ပေးရတယ်။ ၁၉၄၅ ဥပဒေအရ ဖက်ဒရယ်အဆင့်မှာ ထိန်းကွပ်မှု မရှိပါ။ ဒီပျော့ကွက်ကို အခွင့်ကောင်းယူပြီး အာမခံ ကုမ္ပဏီကြီးတွေက Housing Boom မှာ ၀င်ကစားကြရာက တချို့ ဒေ၀ါလီခံရလု ဖြစ်ကုန်ကြပါတယ်။ အာမခံကုမ္ပဏီ ဒေ၀ါလီခံရရင် လမ်းပေါ်က ပြည်သူတွေရဲ့ အာမခံကို ဘယ်သူတွေက လာလျှော်ပေးရမှာလဲ? ကားတိုက်ရင်၊ အိမ်မီးလောင်ရင်၊ ဘယ်သူက ငွေလာလျှော်မှာလဲ? အရင်းရှင်စနစ်ရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ လာထိကုန်ပြီကော?

စက်တင်ဘာလ အကုန်မှာ အမေရိကန် အစိုးရက ၀င်ကယ်ခဲ့ရတဲ့ အကြီးဆုံးကုမ္ပဏီ AIG ရဲ့ အဖြစ်ကို ကြည့်ရအောင်။ AIG ဆိုတာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးအာမခံ ကုမ္ပဏီတခု။ နိုင်ငံပေါင်း (၁၃၀) မှာ အလုပ်သမား တသိန်းကျော်ကို အလုပ်ပေးထားပြီး အမေရိကန်ဒေါ်လာ ထရီလီယံ ပမာဏ – ငွေလည်ပတ်မှု Balance Sheet ရှိတဲ့ကုမ္ပဏီကြီး ဖြစ်တယ်။ Balance Sheet ဆိုတာ ၀င်ငွေ၊ ထွက်ငွေ၊ ပိုင်ဆိုင်မှု၊ အကြွေးပေးစရာ ငွေသားလက်ကျန် တွေကို ပြတဲ့ ဇယားဖြစ်တယ်။ ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးကို ဒူးထောက်ကျသွားပြီး အမေရိကန် အစိုးရက ၈၅ ဘီလီယံ ထုတ်ချေးပြီး ၀င်ကူရတဲ့ အထိ ဖြစ်အောင် ဒုက္ခပေးခဲ့တာက လူ ၃၇၇ ယောက်သာရှိတဲ့ လန်ဒန်မြို့မှာ အခြေပြုတဲ့ AIGFP ဆိုတဲ့ လက်အောက်ခံ ကုမ္ပဏီလေးကြောင့် ဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ကျော်လောက်က JP Morgan ဆိုတဲ့ ကုမ္ပဏီက လူငယ်လေးတွေ ဦးစီးပြီး Credit Default Swaps – CDS လို့ခေါ်တဲ့ Derivative အသစ်ကို တည်ထွင်ခဲ့တယ်။ CDS ရဲ့ အခြေခံက Risk ရှုံးနိုင်မှုကို လက်လွဲယူ (အာမခံ) ပြီး ငွေရှာတာပဲ။ ဥပမာ ကုမ္ပဏီတခုက Bonds (၁) သန်းဖိုး ၀ယ်ထားတယ်။ ရှုံးမှာစိုးလို့ ကျနော့်ကို (၉၀၀,၀၀၀) တန်ဖိုးနဲ့ ၁ နှစ်၊ ၂ နှစ်ဖြစ်စေ အချိန် အကန့်အသတ်နဲ့ ရောင်းတယ်။ ဒီ (၁) နှစ် (၂) နှစ် အတွင်းဘာမှ မဖြစ်ရင် ကျနော်က ဘာမှ မရင်းဘဲ ၁ သိန်းမြတ်ပြီပေါ့။ ဒါထက် အများကြီး ရှုပ်ထွေးပါသေးတယ်။ ဒါပေမယ့် အကြမ်းဖျင်းကတော့ စွန့်စား အာမခံပြီး ငွေရှာတာပါ။ တနည်းအားဖြင့် ကြောက်စရာကောင်းတဲ့ လောင်းကစားခြင်း တမျိုးပါပဲ။ J.P Morgan ရဲ့ တိုက်တွန်းချက်အရ AIGFP က CDO ဆိုတဲ့ Bonds တွေကို “အာမခံ” ဖို့ CDS စာချုပ်တွေ လက်ခံ ရောင်း/၀ယ် ပါတော့တယ်။ CDO ၀ယ်ထားတဲ့ ဘဏ်တွေ ငွေချေးဌာနတွေက မိမိတို့ ရင်းနှီးမှုတွေအတွက် “အာမခံ” ရှိပြီ။ နောက် အစိုးရတွေရဲ့ ထိန်းကွပ်မှု Regulation အရ ၁၀ သန်း ရင်းနှီးမြုပ်နှံမှု ပြထားရင် ရာခိုင်နှုန်းတခုကို အာမခံအနေနဲ့ ဖယ်ထားရပါတယ်။ ဒီအာမခံ ၀ယ်လိုက်တဲ့ အတွက် ဖယ်ထားတဲ့ ငွေတွေ လွတ်လပ်ပြီး ထပ်ငွေရှာနိုင်ပါတယ်။ တဆင့်ပြီး တဆင့် leverage လုပ်ငွေရှာခြင်းပါ။ (၄), (၅) နှစ်အတွင်း ဒီ AIGFP ဌာနခွဲ ကုမ္ပဏီလေးဟာ AIG ၀င်ငွေရဲ့ ၄% ငွေရှာပေးရာကနေ ၁၇.၂ % အထိ ကြီးထွားလာပါတယ်။ ဒီ AIGFP ရဲ့ ၀င်ငွေရဲ့ ၄၅% ကို အလုပ်သမားတွေကို Bonus အနေနဲ့ ပြန်ဝေပေးရာ လူတိုင်း သန်းနဲ့ ချီပြီး အကျိုးအမြတ် ရရှိခဲ့ပါတယ်။ အိမ်ဈေးတွေ ပြုတ်ကျတော့ ဒီ Bonds တွေကလဲ ဈေးကျရော အာမခံကြေးတွေ ပေးရတာပဲ ၁၅ ဘီလီယံကုန်ကျတော့ AIG ရဲ့ စတော့တန်ဖိုးတွေ ပြုတ်ကျတော့ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေကို မထုခွဲနိုင်ခင် ငွေမလဲဘဲ ဒေ၀ါလီခံရစရာ ရှိပါတယ်။ နိုင်ငံပေါင်း (၁၃၀) မှာ လူတသိန်းကျော် အလုပ်ပြုတ်သွားပြီး ဆက်တိုက် ကုမ္ပဏီတွေ ဒေ၀ါလီ ခံရနိုင်စရာ ရှိတာကြောင့် အမေရိကန် အစိုးရက ၈၅ ဘီလီယံ ချေးပြီး AIG ကို ၀င်ကူခဲ့ရပါတယ်။ ဒါကြောင့် ဒီတခါ စီးပွားရေးလောကရဲ့ ဗရာမင်တွေရဲ့ ထိပ်သီး “အာမခံ” ကုမ္ပဏီတွေပါ ဒီတချီ ထိခိုက်လာပါတယ်။


Wall Street ချစ်တီးများ -

Wall Street မှာပဲ လူမုန်းအင်မတန် များတဲ့ ချစ်တီး လူဆိုးတွေရှိပါသေးတယ်။ သူတို့ကတော့ Hedge Funds နဲ့ ငွေကြေးဈေးကစားသူ Speculators လို့ခေါ်ပါတယ်။


Hedge လုပ်တယ်ဆိုတာ ဘာလဲ?

ဥပမာ လေယာဉ်ကုမ္ပဏီတခုဟာ ဓါတ်ဆီ မ၀ယ်ဘဲ လေယာဉ်ပျံ၍ မရပါ။ ဓါတ်ဆီဈေးတွေကလည်း တောက်လျှောက်တက်နေရင် တက်မယ့် အရိပ်ရှိရင် ကြိုဝယ်ပြီး ကာကွယ်တာကို Hedge လုပ်တယ် ခေါ်ပါတယ်။

စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို - ဆပ်ပရိုင်း အပိုင်း(၄) သို့ ချက်ချင်းဆက်ရန် ...

စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို - ဆပ်ပရိုင်း အပိုင်း(၄)
ဘိုဘိုကျော်ငြိမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 09 2008 17:04 - မြန်မာစံတော်ချိန်
စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို - ဆပ်ပရိုင်း အပိုင်း(၃) မှ အဆက် ...

Hedge Funds နဲ့ Mutual Funds ဘာကွာသလဲ?

Hedge Funds ဆိုတာက လူတိုင်း ပါဝင်ခွင့်မရှိပါ။ လူချမ်းသာတွေကိုပဲ ပါဝင်ခွင့်ပြုပါတယ်။ ဒါကြောင့် အစိုးရက ထိန်းကွပ်မှုမရှိဘဲ Risk ပိုများတဲ့ ရင်းနှီးမှုတွေ လုပ်နိုင်ပါတယ်။

Mutual Fund ဆိုတာက အများလူထုက ပါဝင်ပြီး ဒီငွေစု ကရလာတဲ့ “အရင်း” ငွေနဲ့ Stocks & Bonds တွေဝယ်ပြီး တိုးပွားအောင် လုပ်တဲ့ Funds တွေပါ။ ဒီ Funds တွေမှာ အများလူထု public ရဲ့ ရေရှည်အတွက် စုထားတဲ့ 401 (k) ပိုက်ဆံတွေ ပါဝင်တာကြောင့် အစိုးရက ကန့်သတ်ချက်နဲ့ ထိန်းကွပ်မှု Regulation တွေရှိတယ်။

Speculators တွေဆိုတာကတော့ ရှေ့မှာ ဖြစ်နိုင်ခြေ အလားလာကို ချိန်ပြီး စွန့်စားပြီး ငွေရှာတာပါ။

Hedge Funds တွေရော Speculators တွေပါ သုံးတဲ့ စီးပွားရေး လက်နက်တခုက Short လို့ ခေါ်ပါတယ်။

Short ဆိုတာက Stocks တွေ ဈေးအကျမှာ ငွေဖော်တာပါ။ ဥပမာ - ကျနော်က Cisco စတော့ ၁၀၀၀ ကို ၁၀၀ ဈေးနဲ့ ၀ယ်ထားတယ်။ ဒီ ၃ လပတ် ကြေငြာစာတမ်းမှာ Wall Street ကမှန်းထားသလို မအောင်မြင်လို့ Stock တွေ ဈေးကျတယ်။ ကျနော်က ၁၀၀ နဲ့ ၀ယ်ထားတာ တပ်မက်ပြီး ပြန်မရောင်းချင်ဘူး။ ကိုင်ထားမယ်ပေါ့။ ကျနော့်စတော့က ကျနော့်ဆီမှာ ရှိတာမဟုတ်။ ကျနော့် စတော့ပွဲစား Brokerage မှာ အပ်ထားရတာ။

Hedge Funds နဲ့ Speculators တွေက ကျနော့်လို ငတုံးတွေ အပ်ထားတဲ့ Brokerage ကိုသွားပြီး Cisco ဈေးကျတော့မယ်။ ငါ့အတွက် စတော့ “တသိန်း” ကို ၉၈ ဒေါ်လာ ဈေးနဲ့ ရောင်းလိုက်ပါဆိုပြီး ရောင်းခိုင်းတယ်။ Brokerage ကလဲ ကျနော့်စတော့ ၁၀၀၀ အပါအ၀င် စတော့ တသိန်းကို ရောင်းလိုက်တယ်။ ဥပမာ Cisco စတော့က ဒေါ်လာ ၈၀ အထိ ကျသွားတော့မှ ပြန်ဝယ်ပြီး ပြန်ဖြည့် ပေးလိုက်တယ်။ ကျနော်ကတော့ မသိလိုက်ပါ။ ချစ်တီးတွေက ဒီ (အကျ)မှာ ငွေ ၁၈ သိန်း မြတ်သွားတယ်။ ကျနော့် စတော့ပွဲစားကလည်း ခဏလက်လွှဲခ မြတ်မြတ်လေး ရလိုက်တယ်ပေါ့။ အဲ Cisco စတော့က ၀ုန်းဆို ဒေါ်လာ ၁၁၀ ဖြစ်ခဲ့ရင်တော့ ချစ်တီးတွေ အရှုံးနဲ့ ပြန်ဝယ်ပေးရတာပေါ့။ Stock ကို ခေတ္တငှားပြီး အကျကို ကြိုတွက်ပြီး အရောင်းဝယ် လုပ်တာကို Short လုပ်တယ် ခေါ်ပါတယ်။ Stock အတက်ရော၊ အကျပါ ငွေရှာနိုင်ပါတယ်။ သို့သော်လည်း အန္တရာယ် Risk ကတော့ များတာပေါ့။

အခုလို ကုမ္ပဏီတွေ ဒုက္ခရောက်နေချိန်မှာ Short Order များရင် ရောင်းအားများတာကြောင့် ကုမ္ပဏီရဲ့ စတော့ တွေ ကျသင့်တာထက် ကျတတ်ပါတယ်။ စတော့တွေ ဈေးကျရင် Market Capitalization လို့ခေါ်တဲ့ ကုမ္ပဏီနဲ့ တန်ဖိုးကျသွားပါတယ်။ ထုတ်ထားတဲ့ စတော့အရေအတွက်နဲ့ စတော့ရဲ့ တန်ဖိုးကို မြောက်ရင် အဲ့ဒီကုမ္ပဏီရဲ့ တန်ဖိုးရပါတယ်။ လွယ်လွယ်ပြောရရင် ဒီတန်ဖိုးပေါ် မူတည်ပြီး ကုမ္ပဏီတွေ ငွေချေးရတာ။ ဒီချစ်တီးတွေကြောင့် ကုမ္ပဏီ စတော့ တွေ ဈေးကျရင် ကုမ္ပဏီတွေ ပို ဒုတ္ခရောက်ပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဘဏ်နဲ့ ဆိုင်တဲ့ ကုမ္ပဏီ (၇၉၉) ရဲ့ စတော့တွေကို ခေတ္တခဏ short မလုပ်ရဆိုပြီး ပညတ်ခဲ့ရတယ်။


အစိုးရငွေကယ်မယ်ဆိုတာ ဘာလဲ။

အောက်တိုဘာလ ၃ ရက်နေ့က အမေရိကန် လွှတ်တော်က လောလောဆယ် စီးပွားရေး ပြဿနာကို ဖြေရှင်းဖို့ဒေါ်လာ ဘီလီယံ ၇၀၀ ကို သုံးစွဲဖို့ သဘောတူ ဥပဒေ တရပ် ပြုခဲ့ပါတယ်။ လောလောဆယ် ပြဿနာက Credit Crunch လို့ ခေါ်ပါတယ်။ တဖက်က အိမ်ဈေးတွေက ကျ၊ တဖက်ကလည် ARM အတိုးအရ၊ အတိုးက တက်တော့ အိမ်ပိုင်ရှင်တွေ လစဉ်ပေးရတဲ့ ပမာဏက တက်တော့ လစဉ်မှန်မှန် ငွေမသွင်းနိုင်ကြတော့ဘဲ ဘဏ်တွေက အိမ်တွေကို ပြန်သိမ်းခဲ့ရတယ်။ တခါဘဏ်တွေက လစဉ်ဝင်ငွေတွေအပေါ် မူတည်ပြီး leverage လုပ်ပြီး MBS Bonds တွေ ပြန်ရောင်းထား၊ ဒီ Bonds တွေက CDOs တွေထဲ ရောပါသွားတော့ မီးခိုးတောက်လျှောက် ဘဏ်တွေရဲ့ ရင်းနှီးမှု investments တွေ ဒုက္ခရောက်တော့ ဘဏ်တွေရဲ့ စတော့တွေ ထိုးကျတော့ ဘဏ်တွေက ကြောက်ပြီး ငွေမချေးတော့ပါ။ ရှိစုမဲ့စု ငွေကိုပဲ ကိုင်ထားကြပါတော့တယ်။

ဒီတော့ လုပ်ငန်းတွေ လည်ဖို့ ငွေလိုရင် ငွေမရှိတော့တဲ့ လုပ်ငန်းတွေလဲ တုံ့နှေးကုန်တာပေါ့။ တခါ ကားဝယ်ချင်ရင် အိမ်ဝယ်ချင်ရင် ဘဏ်တွေက မချေးတော့ မ၀ယ်နိုင်ကြ။ ကားကုမ္ပဏီတွေလည်း ဒုက္ခရောက်၊ လူတွေ အလုပ်ပြုတ်၊ လူတွေ အလုပ်ပြုတ်တော့ ငွေမသုံးနိုင်ကြ။ အကုန် ဒုက္ခရောက်ကုန်တာပေါ့။

ဒါကြောင့် အစိုးရက Toxic Bonds (အဆိပ်သင့် စာချုပ်တွေ) တွေလို့ ခေါ်ရမယ့် ဒီ “ရင်းနှီးမြုပ်နှံမူ” တွေကို “အစိုးရ” က လက်လွှဲ ၀ယ်ယူပေးမယ်။ အစိုးရက အရှုံးခံပေးမယ်ပေါ့။ ဒီတော့ ဘဏ်တွေလဲ သက်သာရာရပြီး ငွေချေးလာရင် စီးပွားရေး ပြန်လည်လာပြီး ပုံမှန် ရောက်သွားမယ်ပေါ့။ ဒီတော့ အိမ်ဈေးတွေလည်း ပုံမှန်ပြန်ဖြစ်တော့မှ ဒီ ငွေကြေးစာချုပ်တွေကို ပြန်ရောင်းပြီး ငွေပြန်ဖော်ရမယ်ပေါ့။ ၁၉၃၀ မှာ ဖြစ်ပွားခဲ့တဲ့ The Great Depression ကာလကလည်း အစိုးရက အိမ်တွေကို ၀ယ်ပြီး အိမ်တွေဈေးတက်မှ ပြန်ရောင်းတာ မြတ်ဖူးပါတယ်။

တဖက်ကလည်း ဗဟိုဘဏ် Federal Reserve က အောက်တိုဘာ ၆ ရက်နေ့က သန်း ဘီလီယံ ၉၀၀ ဖိုး ဘဏ်တွေကို ပံ့ပိုးခဲ့ပြီး လိုအပ်ရင် ၁.၅ ထရီလီယံ အထိ တိုးပေးမယ် ဆိုပါတယ်။ ဒီ့ပြင် ယနေ့ (အောက်တိုဘာလ (၈) ရက်)နေ့မှာ နိုင်ငံ (၇) နိုင်ငံက ဗဟိုဘဏ်တွေဟာ မကြုံစဖူး ပြိုင်တူ ညီညီညာညာ အတိုးနှုန်းတွေကို ချပေးခဲ့ကြပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က သြစတြေးလျှ ဗဟိုဘဏ်က ၁% တိတိ လျှော့ပေးခဲ့ပါတယ်။ အတိုးနှုန်းလျှော့ရင် ချေးခပေါတော့ ငွေပိုချေး ငွေပိုလည်အောင်ပါ။

ဒီပြဿနာဟာ အချိန်ယူ ဖြေရှင်းရမှာပါ။ ဒီပြင် တကမ္ဘာလုံး ဆက်စပ်နေတော့ ပိုရှုပ်ထွေးစရာ ဖြစ်လာပါတယ်။ ဥပမာ အောက်တိုဘာ ၆ ရက်နေ့က ဥရောပမှာ စတော့ ဈေးတွေ ထိုးကျပါတယ်။ အိုက်စလံ (Iceland) ဆိုတဲ့ နိုင်ငံမှာ တိုင်းပြည်ပါ ဒေ၀ါလီ ခံရမလို ဖြစ်နေတယ်။ အိုက်စလံရဲ့ငွေ ခရိုနာဟာ တန်ဖိုးမဲ့သလောက် ဖြစ်သွားတယ်။ ရုရှားမှာ စတော့ အရောင်းအ၀ယ်အကြိမ်ကြိမ် ရပ်ခဲ့ရတယ်။ ဂျာမဏီက Hypo Real Estate ခေါ်တဲ့ Mortgage Company ကို ဂျာမန်အစိုးရက ဒေါ်လာ ၆၉ ဘီလီယံဖိုး ကူခဲ့ရတယ်။ ဘယ်လ်ဂျီယံက Fortis ဆိုတဲ့ ဘဏ်ကို အီတလီ BNP Paribas ဘဏ်က ၀ယ်ခဲ့ရတယ်။ Fortis မှာ ရှန်ဟိုင်းက တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံး အာမခံကုမ္ပဏီ Ping Au က ၄.၉၉% ဖိုး ရင်းနှီးထားတာကြောင့် ၂၀၀၈ ခုမှာ Ping Au က ၂.၅ ဘီလီယံဒေါ်လာ အရှုံးပေါ်မယ်လို့ ကြေငြာခဲ့ပါတယ်။ Globalization ခေတ်မှာ အားလုံးဟာ အားလုံးနဲ့ ဆက်နွယ်နေပြီး သပွတ်အူလို ရှုပ်ထွေးနေပါတယ်။


ဒီတချီ အာရှက အခံသာဆုံးပါပဲ

၁၉၉၇ ခုနှစ်က အာရှငွေကြေးပြဿနာ Asian Financial Crisis ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက အာရှနိုင်ငံတွေဟာ အချမ်းသာဆုံး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလို ကိုယ့်ငွေနဲ့ ကိုယ်ကူနိုင်လောက်တဲ့ အခြေအနေ မရှိတာကြောင့် IMF က ၀င်ကူခဲ့ရပါတယ်။ အဲဒီတုန်းက ဒီ အမေရိကန် Investment Banks တွေကပဲ ၀င်ဆရာလုပ် ဗိုလ်ကျခဲ့ကြပါတယ်။ ခုတော့ တပတ်လည်ပြီး ဒင်းတို့ ဒုက္ခတွေ့လိုက်တာ ကြီး (၅) ကြီးကနေ ခု (၂) ခုပဲ မားမားမတ်မတ် ကိုယ်ပိုင် ရပ်တည်နိုင်ကြတော့ပါတယ်။ ၁၉၉၇ ခုနှစ် အတွေ့အကြုံများအရ အာရှဘဏ်တွေဟာ ငွေပိုဖယ်ထားကြပြီး အရမ်း အန္တရာယ် (Risk) များတဲ့ စာချုပ်တွေကို အရမ်းမ၀ယ်ထားဖူးလို့ ယူဆရတဲ့ အတွက် ခံသာတယ်လို့ ခုချိန်ထိ ပြောရပါမယ်။

တချို့ကလည်း ရေရှည်ကို ကြည့်ပြီး အာရှဘဏ်တွေ ကြီးစိုးတဲ့ ခေတ်ရောက်သင့်ပြီလို့ ဆိုကြပါတယ်။ တောဟာ သိပ်ထူထပ်လာရင် သဘာဝအရ တောမီးလောင်ပြီး ပြာပုံထဲက သစ်ပင်အသစ်တွေ ပြန်ပေါက်၊ အချိန်ကြာတော့ တောသစ်အဖြစ် ရှင်သန်ကြပြန်တယ်။ တချို့က အာရှဘဏ်တွေဟာ ဒီတချီအပြီး ကမ္ဘာ့ငွေကြေးစနစ်မှာ တွင်ကျယ် သက်ရောက်ပါလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ကျနော်ကတော့ ကိုလိုနီစနစ်ကို ခါးခါးသီးသီးမုန်းတဲ့ စိတ်ဓာတ် ရှိတာကြောင့် အာရှခေတ် ရောက်စေချင်တယ်။ လောလောဆယ် ကျနော်တို့ မြန်မာပြည်က နအဖ စစ်ဗိုလ်တွေကြောင့် နောက်ကျ ကျန်ခဲ့ရတာကို ရင်နာမိပေမယ့် အာရှသားတွေ အောင်မြင်တာကိုတော့ ဂုဏ်ယူမိပါတယ်။


ကျနော် အလွန်အားကျမိသည်မှာ

ကျနော် ၁၉၈၂ ခုနှစ်မှာ အမေရိကန်ကို ရောက်ခဲ့ရတယ်။ အင်ဂျင်နီယာဘွဲ့ ရခဲ့တာမို့ Unisys, New Bridge, HP, Cisco စတဲ့ Multinational လို့ခေါ်တဲ့ High Tech ကုမ္ပဏီကြီးတွေမှာ ဓါးသွေးဥာဏ်သွေး ခဲ့ရတယ်။ ဒါကြောင့် အမေရိကန် ကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်စဉ်နဲ့ စနစ် Process and System ကို သိခွင့်ရခဲ့တယ်။ ကိုယ်ရခဲ့တဲ့ အနှစ် (၂၀) ကျော် အတွေ့အကြုံနဲ့ ကိုယ့်မြန်မာပြည်ကြီးကို အလုပ်အကျွေး ပြုချင်တယ်။ ကိုယ့်အမိမြေကို မွေးကျေးဇူး ပြန်ဆပ်ချင်တယ်။ ကျနော့်လို လူတွေ အများကြီးပဲ။ ဒါပေမယ့် ငမိုက်သား စစ်ဗိုလ်တွေက တိုင်းပြည်ကို မုဒိန်းကျင့်ပြီး မိုက်မိုက်ရိုင်းရိုင်း တိုင်းပြည်ကို ရောင်းစားပြီး ဓါးမိုး အုပ်ချုပ်နေတာကြောင့် ခုထိ အိမ်မပြန်နိုင်ခဲ့ဘူး။ ကျနော်တို့ မြန်မာပြည်သားတွေကလည်း တကမ္ဘာလုံး ပြန့်လွင့်၊ ပြည်သူ(၅၅) သန်းလုံးလဲမွဲတေ၊ အနှိပ်စက်ခံ၊ အနိုင်ခံနေရတာ မြင်ရတော့ ရင်နာမိတယ်။

ကျနော်တို့လိုပဲ တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့ဟာလည်း ကျနော်လူဖြစ်စ ကလေးငယ်ဘ၀က ဆိုရှယ်လစ် စံနစ်ကြောင့် မွဲတေခဲ့ကြရတယ်။ ပညာတတ်တွေလဲ တိုးတက်ရာ အနောက်နိုင်ငံတွေမှာ တိုးတက်မှုရှာရင်း လူကြီးဖြစ်လာ။ အတွေ့အကြုံ ရခဲ့ကြတယ်။ ကံကောင်းချင်တော့ မော်စီတုံးသေပြီး ဦးနှောက်နည်းကြတဲ့ မော်ရဲ့မယား ချန်ချင်း ခေါင်းဆောင်တဲ့ (၄) ယောက်ဂိုဏ်း ပြိုကွဲပြီး တိန့်လျှောက်ဖိန် တက်လာတော့ တရုတ်ပြည်ကြီး လမ်းကြောင်း ပြောင်းပြီး တိုးတက်လာတယ်။ အိန္ဒိယပြည်မှာလဲ BJP အာဏာရလာပြီး ဈေးကွက်စီးပွားရေး လမ်းကြောင်းပေါ် ရောက်ခဲ့တာ အခုဆို တရုတ်ပြည်ကြီးနဲ့ အိန္ဒိယပြည်ကြီးဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးဖြစ်ဖို့ တာစူနေကြပြီ။ တချိန်ထဲမှာ နိုင်ငံခြားမှာကြီး၊ နိုင်ငံခြားမှာ ပညာသင်၊ နိုင်ငံခြားမှာ အတွေ့အကြုံ ရလာတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ သိပ္ပံပညာရှင်တွေဟာ မိမိတို့နိုင်ငံကို ပြန်အလုပ်အကျွေးပြုဖို့ ပြန်လာကြတော့ အလွန်ပဲ အားကျမိတယ်။ ဒီ ပညာရှင်တွေကြောင့် ဒီတိုင်းပြည်တွေလဲ ပိုအားရှိ ပိုဖွံ့ဖြိုးလာတာပေါ့။

တချိန်က Wall Street မှာ ထိပ်က နေရာယူခဲ့တဲ့ လူတော် တရုတ်ပညာရှင်တွေဟာ တရုတ်ပြည်ကို ပြန်လာပြီး ကွန်မြူနစ် ခေါင်းဆောင်တွေနဲ့ ယှဉ်ပြီး ပေါင်းပြီး တရုတ်ပြည်ကြီး အစွမ်းမရောက်အောင် ကူညီကြသလို တရုတ်ပြည် တိုးတက်ရေးမှာ ပံ့ပိုးကူညီလျှက် ရှိကြတယ်။ ယနေ့ တရုတ်ပြည်ကြီးမှာ အသက် (၃၀) ကျော်ရင် ကြီးသွားပြီလို့ ယူဆတယ်။ လူငယ်တွေက အင်နဲ့ အားနဲ့ ကြိုးစားကြတယ်။ ၄၀/၅၀ ကျော်တွေက အတွေ့အကြုံရင့်လို့ အုပ်ချုပ်ကြတယ်။ ၆၀ ကျော်တွေက လမ်းပြပေးတယ်။ လူတိုင်းလိုလို အခွင့်အရေးရတယ်။ လူတိုင်းကို (ပေး) စားတော့ လူလတ်တန်းစားတွေ တိုးလာတာပေါ့။ တချိန်ထဲမှာ လူတန်းစား ကွာဟမှု ကြီးလာတာ၊ Internal Migration ဆိုတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်ပေါ့။ ဒါတွေက ကြီးပွားမှုရဲ့ ဒုက္ခတွေပေါ့။ ခုခေတ်မှာ လူအများတိုးတက်တယ်။ လူအနည်းစု ဒုက္ခရောက်နေတုန်းပဲပေါ့။ မော်စီတုံးခေတ်က လူတိုင်းမွဲတေနေပြီး သန်းပေါင်းများစွား ငတ်ပြတ်သေကြေခဲ့ရတယ်။

ကျနော် တရုတ်နဲ့ ကုလားတွေကို ပိုအားကျမိတယ်။ ကျနော်တို့ မြန်မာပြည်ကြီးကတော့ မော်စီတုံးခေတ်က မကျော်နိုင်သေးဘူး။ တကိုယ်ကောင်းဆန်တဲ့ စစ်သားတွေ ဖိနပ်အောက်မှာ တိုင်းပြည်ကြီးဟာ ၀ဋ်ခံနေတုန်းပဲ။ တချိန်မှာ လွတ်လပ်မှာပါ။ ကျနော် တိုင်းပြည်ကို ကိုယ်တိုင်အလုပ်အကျွေး မပြုနိုင်ခဲ့ရင်တောင် နောင်တိုင်းပြည်ကို ခေါင်းဆောင်ရမယ့် ဦးဆောင်တည်ထောင်ရမယ့် လူငယ်တွေကို အတွေ့အကြုံ မျှခဲ့ချင်တာ ကျနော့် စေတနာပါ။

တိုင်းပြည်တခုဖြစ်စေ၊ လူတဦးချင်းဖြစ်စေ၊ အများအားဖြင့် တိုးတက် အောင်မြင်လာရင် နောက်ဆုံး စီးပွားရေးကို နားလည်လာရတော့တာပါပဲ။ Astronomy – Anthropology ကဲ့သို့ ဘာသာရပ်များက လွယ်လို့ အင်ဂျင်နီယာဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ မြင့်လာရင် အုပ်ချုပ်မှု၊ အုပ်ချုပ်မှုက တဆင့်မြင့်လာရင် စီးပွားရေးပညာနဲ့ ရင်ဆိုင်ရတော့တာပါပဲ။ နောက်ဆုံးတော့ လုပ်ငန်းဆိုတာ အရှုံး/အမြတ် profit & loss (P/L)ကိုရင်ဆိုင်ရတာပဲ မဟုတ်လား။ ဘာလုပ်ငန်းမဆို နောက်ဆုံး အမြတ်မရှိဘဲ ၀င်ငွေမရှိဘဲ ကြာကြာ မရပ်တည်နိုင်ပါဘူး။ ဒါကြောင့် အင်ဂျင်နီယာ ပညာရပ်ကို မှီတည်တဲ့ လုပ်ငန်းဖြစ်စေ၊ ဆေးပညာကို မှီတဲ့ ဆေးရုံလုပ်ငန်းဖြစ်စေ၊ သိပ္ပံပညာရပ်ကို မှီတဲ့ လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းကို ဦးစီးရတာနဲ့ အရှုံး/အမြတ် စီးပွားရေးကို နားလည်ရပါတယ်။

ထိုနည်းတူစွာပဲ နိုင်ငံရေးမှာ အာဏာရလာပြီးရင် တိုင်းပြည်ကို ချစ်စိတ်ရှိရင် တိုင်းပြည်ကို ထူထောင်ရပါမယ်။ တိုင်းပြည်ထူထောင်ချင်ရင် စီးပွားရေးကို နားလည်ရပါတော့မယ်။ ဒါကြောင့် နိုင်ငံရေးကို စိတ်ဝင်စားရင် စီးပွားရေးကိုလည်း အသင့်အတင့် နားလည်ရပါမယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုနု၊ ကိုရာရှစ်တို့ဟာ ကျောင်းသား ဘ၀မှာ နိုင်ငံရေးကို စိတ်ဝင်စားလို့ နိုင်ငံရေးနယ်ပယ်ထဲ ၀င်ကြတော့ စာဖတ်ကြရတယ်။ တိုင်းပြည်ထူထောင်ဖို့ အတွက် စီးပွားရေးကို လေ့လာခဲ့ကြရတယ်။ တိုင်းပြည် ခေါင်းဆောင်တွေ ဖြစ်မလာခင် ကတည်းကိုက တိုင်းပြည်ကို ဘယ်လိုထူထောင်မယ်ဆိုတာ စဉ်းစားခဲ့ကြရပြီး တိုင်းပြည် ခေါင်းဆောင်တွေ ဖြစ်လာတော့ ဘယ်လမ်းကြောင်းကို ရွေးရမယ်ဆိုတာ နားလည်ကြတယ်။ လွတ်လပ်ရေးကို ရအောင် ယူပေးခဲ့ကြတယ်။ ဒီခေါင်းဆောင်တွေကို ၀ါဒရေးကြောင့် ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် လွတ်လပ်ပြီးစ (၁၀) နှစ် ပါလီမာန် ဒီမိုကရေစီခေတ်မှာ မြန်မာပြည်ဟာ အတိုးတက်ဆုံး ဆိုတာကို ဘယ်သူမှ ငြင်းမရပါ။ အဲ့ဒီခေတ်က မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဆန်အတင်ပို့ဆုံး နိုင်ငံ။ မင်္ဂလာဒုံလေဆိပ်ဟာ ဂျပန်က နာရီတာ ပြီးရင် ဒုတိယအကြီးဆုံး၊ ထိုင်းတွေက ရန်ကုန်ကို ဈေးလာဝယ်ကြရတယ်။ မြန်မာတယောက်ရဲ့ ၀င်ငွေ ဟာ စင်္ကာပူနဲ့ တန်းတူ၊ အရှေ့တောင်အာရှမှာ အလားအလား အရှိဆုံးလို့ သတ်မှတ်ခံရတယ်။ ရွှေနှစ်များ Golden Years လို့ ခေါ်ခဲ့ရတယ်။

အဲဒီခေတ်က ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ် ဘီပွန်း ဆုန်ကရမ်းဟာ မြန်မာပြည် တိုးတက်နေတာကို မြင်တွေ့ရပြီး ဒုတိယ၀န်ကြီးချုပ် (နိုင်ငံတော် စီးပွားရေး) တာဝန်ယူခဲ့ရတဲ့ ကျနော့် အဖေရှေ့မှာ သူ့ဝန်ကြီးကို ကြိမ်းလိုက်တာ။ ခုတော့ စစ်ဗိုလ်တွေရဲ့ ဖျက်ဆီးမှုကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို လိုက်မမှီတော့လောက်အောင် နောက်ကျကျန်ခဲ့ပြီ။

ဒီမိုကရေစီပြန်ရအောင် တိုက်ရမှာက ပထမ၊ ဒီမိုကရေစီရပြီးရင် တိုင်းပြည် ပြန်လည် ထူထောင်ရမယ်။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ တိုင်းပြည်ထူထောင်ရင် စီးပွားရေး နားမလည်၍ မရပါ။ ဒါကြောင့် အထူးသဖြင့် သူငယ်လေးတွေကို လက်ဆင့် ကမ်းခဲ့ချင်တယ်။ မြန်မာဖြစ်ရတာ မြန်မာပြည်ကဟေ့ ဆိုတာကို ရဲရဲကြီး ပြောပြီး ဂုဏ်ယူနိုင်တဲ့ ခေတ်ကို ပြန်ရောက်ချင်တယ်။ ရောက်ရမှာပါ။ ရောက်ကို ရောက်ရမယ်။


ဘိုဘိုကျော်ငြိမ်း
အောက်တိုဘာလ(၈)ရက်၂၀၀၈ခု။
bnyein@gmail.com