Saturday, October 18, 2008

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၂)

အောင်ဝေး
အောက်တိုဘာ ၁၈၊ ၂၀၀၈
‘ပဲဟင်းကို ရှုပ်ချင်သည်၊ နှုတ်ခမ်းမွှေးကို၊ အနုတ်ခံဝံ့ မခံဝံ့။ မှိုနှင့်မျှစ်ကို နုတ်ချင်သည်၊ ကျဉ်တုတ်ခံဝံ မခံဝံ’

ကျည်းကန်ရှင်ကြီးနန္ဒဓဇရဲ့ မေတ္တာစာ တပိုဒ်ကို သတိရမိတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီခရီးစဉ်သင်္ဘောက လပွတ္တာမြို့ကို ဝင်ရောက်လာနေခဲ့ပါပြီ။ ရွေးမြစ်ပေါ်မှာ နေနီ ရေသောက်ဆင်းလုလုအချိန် ဆိုပါတော့။သင်္ဘောဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို ခေါ်ပြီး တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့၊ ဒီမိုကရက်စိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ ဒီမိုကရက်ဖြစ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ၊ မတိုက်ဆိုင်တာတွေကို နားလည်လက်ခံပေးနိုင်တာပါပဲ။ တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့ သဘောပါ။ ၈၈- အရေးတော်ပုံအလွန်၊ ၈၉- တိန်အန်မင်အလွန်၊ ၉ဝ-ဂေါ်ဘာချက်အလွန် ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။

အန်ကယ်ဦးကြည်မောင်ကလည်း ကျွန်တော်တို့ကို flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ မှာကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ ကျနော်တို့အားလုံး ရန်သူရဲ့ စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်တယ်။ ဒီတော့ ကျနော်တို့ ပျော့ပျောင်း ညင်သာဖို့ လိုတယ်၊ ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။ မြစ်ဝကျွန်းပေါ်က မိုးမခပင်တွေက လေပြင်းတိုက်ရင်ညွှတ်ပြီး ကွေးခံတယ်။ ဘယ်တော့မှ အရှုံးမပေးဘူး၊ ကျိုးမသွားဘူး။ ဟော- လေလည်းအား ပျော့သွားရော သူက ပြန်မတ်ပြီး မုန်တိုင်းကို ကြံ့ကြံ့ခံ စိန်ခေါ်နေပြန်တော့တာလေ။

ပြီးတော့ ကျနော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား၊ ကိုယ့်အမြင်ကို တရားသေ ကျောက်ချ ဆုပ်ကိုင်ထားလို့ မရဘူး။ အခြေအနေ အချိန်အခါအရ ကျနော်တို့ဘက်က ဆုတ်သာ တက်သာ ရှိရမယ်၊ ရွှေ့လွယ် ပြောင်းလွယ် ရှိရမယ်။ အဲဒါ flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ အန်ကယ်လ်ဦးကြည်မောင်က သူ့အတွေ့အကြုံထဲကနေ သင်ကြားပေးလိုက်တာပါ။

သဘောတရားနဲ့လက်တွေ့၊ သင်ခန်းစာ ‘တစ်’ ဟာ လပွတ္တာမြို့အဝင်က စတော့တာပါပဲ။

ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း တို့ဗမာသီချင်း၊ နဂါးနီသီချင်း၊ သုံးရောင်ခြယ်သီချင်း၊ နိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်း စသည်ဖြင့် သီချင်းတွေ ဖွင့်ပြီး မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ ကျနော်တို့ သီချင်းနဲ့ ထိုးစစ်ဆင်တဲ့ သဘောပါပဲ။

လပွတ္တာကို ရောက်တဲ့အခါမှာတော့ ကျနော်တို့ဟာ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်ရပါတော့တယ်။ လပွတ္တာမြို့ ရွေးမြစ်ကမ်းတလျှောက် နဝတရဲ့ လော်စပီကာ အလုံးပေါင်း တထောင်လောက်ဟာ စစ်ချီတေး၊ စစ်သည်တေးတွေ ပြိုင်တူဖွင့်ပြီး ကျနော်တို့ သီချင်းသံကို ဖုံးအုပ်ပစ်လိုက်တာပါပဲ။

ကျနော်တို့ဘက်က သီိချင်းသံပိတ်လိုက်ပြီး သင်္ဘောကို အသံတိတ် ကမ်းကပ်လိုက်ပါတယ်။ သေနင်္ဂဗျူဟာ အနိုင်တိုက်နိုင်ဖို့ တခါတရံမှာ ဒီလိုပဲ နည်းပရိယာယ်ရေး အရှုံးပေးကောင်း ပေးရတယ်မဟုတ်လား။

သင်္ဘောဆိပ်မှာ ထိပ်ဆုံးက မှန်ပြောင်းတလက်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး ကြိုဆိုနေသူကတော့ လပွတ္တတာမြိုနယ် မဝတ ဥက္ကဌ ဗိုလ်မှူးခင်ရွှေ ကိုယ်တိုင်ပါပဲ။ ကျနော် သူနဲ့ ညှိနှိုင်းပြီး လမ်းကြောင်းတောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ‘အောင်တော်မူ’ ဘုရားဖူးမယ်။ NLD ရုံးမှာလူထုနဲ့ တွေ့မယ်။ လူ့ဘောင်သစ်ပါတီရုံးကို သွားမယ်။ (ဒီခရီးစဉ်မှာ လူ့ဘောင်သစ် ဥက္ကဋ္ဌ ကိုမိုးဟိန်းလည်း အတူ လိုက်ပါလာပါတယ်။)

အဲဒီနေ့က ကမ်းတလျှောက်မှာ လပွတ္တာမြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ပြီး ကြိုဆိုကြပါတယ်။ သို့သော် သူတို့ခမျာ အသံတိတ်ပဲ ကြိုဆိုခွင့်ရကြရှာပါတယ်။ စစ်တပ်က လပွတ္တာမြို့အနှံ့ တပ်စွဲ နေရာယူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ တည်ကြည် လေးနက်ခိုင်မာတဲ့ အပြုံးနဲ့ လပွတ္တာမြို့သူ မြို့သားတွေကို ပြန်ပြီး နှုတ်ဆက်အားပေးပါတယ်။

ဘုရားပရိဝုဏ်ကို ရောက်တော့လည်း အဆင်တပြေပါပဲ။ NLDရုံးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့တွေဆုံပြီး မိန့်ခွန်းပြောတော့လည်း အဆင်တပြေပါပဲ။

နောင်တချိန် ၁၉၉ဝ မေလရွေးကောက်ပွဲမှာ အမတ်တွေဖြစ်လာကြတဲ့ လပွတ္တာမြို့နယ် အန်အယ်လ်ဒီစည်း အဖွဲက ဒေါက်တာအေးကြူနဲ့ ရှေ့နေကြီး ဦးကြည်ဝင်း၊ ပြီးတော့ ဆရာမ ဒေါ်ခင်ဝိုင်းမော်၊ ဒါ့အပြင် လူ့ဘောင်သစ်ပါတီက ကျောင်းသားရဲဘော်တွေဟာ စစ်တပ်က ပိတ်ဆို့ ဟန့်တားထားတဲ့ ကြားကပဲ အစီအစဉ်တွေကို စနစ်တကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

တနည်းအားဖြင့် လပွတ္တာမြို့လူထုဟာ အသံတိတ် ဆူညံပေးခဲ့ကြတာပဲ မဟုတ်လား။

လူ့ဘောင်သစ်ပါတီရုံးကို ရောက်တဲ့အခါမှာတော့ အဖုအထစ်ကလေးတခု ဖြစ်ပွားခဲ့ပါတယ်။ အချိန်ကလည်း မိုးချုပ်စ ပြုနေပါပြီ။

မဝတ အတွင်းရေးမှူး ဗိုလ်ကြီးမင်းသူက ကျနော်တို့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပုသိမ်မြို့ NLDတိုင်းရုံးက လူငယ်ခေါင်းဆောင် ကိုသက်နိုင်ကို ဖမ်းဖို့ဆီးဖို့ အတင်းဝင်ကြမ်းလာတဲ့ ကိစ္စပါပဲ။ အကြောင်းတခုခု ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အခုလို လမ်းခုလပ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ ကိုယ့်အဖွဲ့ဝင် တယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါဘူး။ ဒီတော့ ဗိုလ်ကြီးမင်းသူကို သူကျေနပ်တဲ့အထိ ကျနော်တို့ ဝိုင်းပြီး တောင်းပန်လိုက်ကြပါတယ်။

ဖြစ်ချင်တော့လည်း နောင် ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့အရေးအခင်းနဲ့ ကျနော် ပုသိမ်ထောင်ထဲ ပြန်ရောက်ပြီး၊ လက်ပါးတိုက်မှာ တယောက်တည်း အပိတ်ခံထားရတဲ့အချိန်၊ ဗိုလ်ကြီးမင်းသူကို အကျဉ်းသားတယောက်အဖြစ်နဲ့ ထောင်ဆေးရုံမှာ ကျနော် ပြန်ဆုံတွေ့လိုက်ရတာပါပဲ။

လပွတ္တာမှာတုန်းက ကျနော် သူ့ကိုတောင်းပန်ခဲ့တယ်။ အခု ပုသိမ်ထောင်ထဲမှာ သူက ကျနော့်ကို ပြန်ပြီးတောင်းပန်နေပါတယ်။ ကျနော် သူ့ကိုခွင့်လွှတ်ကြောင်း ပြောခဲ့ပါတယ်။ သူတို့ ကျနော်တို့ဟာ ရန်သူတွေမှ မဟုတ်ကြတာပဲ။

တပ်မတော်သားတွေ ဗိုလ်မှူးချုပ်ကျော်ဇော တိုက်တွန်းသလို ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ မဟုတ်ဘဲ ‘ ပြည်သူသာအမိ ၊ ပြည်သူသာအဖ’ လို့ အပြည့် အ၀ နှလုံးသွင်းနိုင်တဲ့နေ့ဟာ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံတဲ့ နေ့ပါပဲ။

ရွေးမြစ်ကြီးကတော့ တသွင်သွင် စီးဆင်းနေတုန်းပါ။

ရွေးမြစ်ကမ်းမှာ ၁၉၈၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ် သေနတ်ပြောင်းတွေ ကြားကနေ မကြောက်မရွံ့ ကြိုဆိုခဲ့တဲ့ လပွတ္တာ၊ ပြီးခဲ့တဲ့ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းက ရန်ကုန်ကို လူထုစစ်ကြောင်းချီဖို့ ကြိုးပမ်းခဲ့တဲ့ လပွတ္တာ၊ အခုအချိန်မှာတော့ နာဂစ်မုန်တိုင်းဘေး၊ နာဂစ်ထက်ဆိုးတဲ့ သန်းရွှေမုန်တိုင်း ဘေးတွေကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ လပွတ္တာ၊ ဒီလပွတ္တာဟာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလို ကျဉ်တုတ်ခံဝံ့တဲ့ သတ္တိနဲ့ အသံတိတ် ဆူညံပေးနေဦးမှာပဲ မဟုတ်ပါလား။ ။

(မူရင်း - Radio Free Asia, Burmese Service )

ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်များ



အမေ့ခံမိခင် ဒေါ်ခင်ကြည်


၁၈၁၀၂၀၀၈သတင်း

၁၄ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘောအားဥက္ကဌသစ်အဖြစ်ရွေးချယ်တင်မြှောက်
NEJ/၁၈ အောက်တိုဘာ ၂၀၀၈။ ။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဌအဖြစ် ရွေးချယ်တင် မြောက်လိုက်သည်။

KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဌ (၇)ဦးရှိပြီဖြစ်သည်။ ၄င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒု ဥက္ကဌအဖြစ် ပဒိုဒေးဗစ်သာကပေါ်ကို တင်မြှောက်လိုက်ပြီး ကွယ်လွန်သူ ပဒိုမန်းရှာနေရာတွင် အထွေထွေအတွင်းရေးမှုးအဖြစ် နော်စီဖိုးရာစိန်ကို ရွေးချယ်လိုက်သည်။

၁၄ကြိမ်မြောက်ကွန်ဂရက်ကို ယခုလ ၆ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်အမျိုးအစည်းအရုံးလက်အောက်ခံ ခရိုင်တခုတွင်ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဗဟို၊ ခရိုင်များနှင့်တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များက ဒီမိုကရေစီနည်းဖြင့်ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သည်။

KNU ၏၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် ပြီးခဲ့သည့်သက်တမ်းနှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ပဒိုထူးထူးလေး တင်သွင်းသည့် လုပ်ငန်းအစီရင်ခံစာကို ညီလာခံကိုယ်စားလှယ်များက ပြန်လှန်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လာမည့်သက်တမ်းအတွက် ရှေ့လုပ် ငန်းစဉ်များ ချမှတ်ခဲ့သည်။

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း သို့လောသို့လော ပြောဆိုနေကြသည့် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် မူလေးချက်ကို ပြင်ဆင်မည့်ကိစ္စ၊ တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ သဘောထားများနှင့် အခြားမူဝါဒရေးရာများအပေါ် ဝေဖန် သုံးသပ်မှုများနှင့်ပတ်သက်၍ ယခု ကွန်ဂရက် တွင် KNU အနေဖြင့် စုစည်းကျစ်လစ်ညီညွတ်မူကို ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး KNU ဗဟို၏ ဦးဆောင်မှု မူဝါဒအတိုင်း ရှေ့လုပ်ငန်းစဉ်များကို ယခုကွန်ဂရက်တွင် ချမှတ်နိုင်ခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့ သည့် ကရင်အမျိုးသား အစည်းအရုံး ဖားအံခရိုင်ဥက္ကဌ ပဒိုစောအားတိုးက ခေတ်ပြိုင်သို့ ပြောကြား သည်။

ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့်မူ (၄) ချက်ကို ယနေ့အထိ အခိုင်အမာ ကိုင်စွဲထားပြီး ၎င်းမူလေးချက်မှာ -(၁) လက်နက်ချစကားအလျှဉ်း မပြောရ။ (၂) ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။ (၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်။ (၄) ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဟူသည့် အချက်(၄)ချက် ဖြစ်သည်။ အဆိုပါမူ (၄) ချက်အား KNU ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းပသော ကရင် အမျိုးသား ညီလာခံအပြီးတွင် ၎င်းအချိန်က မော်ချီးတွင်ရှိသည့် ကော်သူးလေ အသံလွင့်ဌာနမှ ကြေညာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ ပထမဆုံး ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်ပြီး ထိုစဉ်က အုပ်ချုပ်ခဲ့သည့် မြန်မာအစိုးရမှ ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့တွင် ကရင်အမျိုးသားအစည်း အရုံး KNUနှင့် ကရင့် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDOကို မတရားအသင်း ကြေညာခဲ့အပြီး ၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်ကို ပုံမှန်(၄)နှစ်တကြိမ် ကျင်းပပြီး စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပေါ်မူတည်၍လည်း ပြောင်းလဲကျင်းပမှုများရှိခဲ့သည်။ ယခုကွန်ဂရက်သည် (၁၄) ကြိမ်မြောက်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှအရပ်ဘက်၊ စစ်ဘက် ကိုယ်စားလှယ်များ ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇)ခုမှ ကိုယ်စားလှယ်များ ဖားအံခရိုင်၊ သထုံခရိုင်၊ ဖာပွန် ခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ဒူးပလာယာခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်မှ ကိုယ်စားလှယ်များ ကရင်အမျိုးသမီးအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံညီစွာ တက်ရောက် ခဲ့ကြသည်။
လာမည့်ရက်ပိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံးမှ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ် မည်ဟု သိရှိရသည်။

ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်
NEJ/ ၁၈ အောက်တိုဘာ ၂၀၀၈။ ။

အောက်တိုဘာလ (၆) ရက်မှ (၁၈) ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မူဝါဒရေးရာ အပြောင်းအလဲမရှိဟု သတင်းရသည်။

(၁၄) ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

-စောတာမလာဘော———–ဥက္ကဌ
-ပဒိုဒေးဗစ်သာကပေါ်——–ဒုဥက္ကဌ
-နော်စီဖိုးရာစိန် ————- အထွေထွေအတွင်းရေးမှူး
-စောလှငွေ—————- တွဲဘက်အတွင်းရေးမှုး (၁)
-စောဒေါလေမှူး————- တွဲဘက်အတွင်းရေးမှုး (၂)
-ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
-ပဒိုဒေးဗစ်ထော
-စောရောဂျာခင်
-ပဒိုအားတိုး
-ပဒိုဟေးဆာ
-ပဒိုလားစေး တို့ဖြစ်သည်။

အလုပ်အမူဆောင်အဖွဲ့ဝင်တဦးကို ခေတ်ပြိုင်က မေးမြန်းရာ

“ဒီညီလာခံမှာမူဝါဒရေးရာအရဘာမှအပြောင်းအလဲမရှိဘူး ညီလာခံကချမှတ်ထားတဲ့ကေအင်ယူ ရဲ့မူအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ပြောသည်။ (၁၃) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်တွင် ကေအန်ယူအနေနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားဦးရေ ၃၃ဝဝဝ ကျော် လျော့ကျ
ဇာနည်
သောကြာနေ့၊ အောက်တိုဘာလ 17 2008 22:18 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နှစ်ဝက်အတွင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ မင်္ဂလာဒုံလေဆိပ်မှတဆင့် ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ယခင်နှစ် ဤကာလနှင့် နှိုင်းစာလျှင် ၃၃ဝဝဝ ကျော် လျော့ကျသွားခဲ့သည်ဟု တရားဝင် အစီရင်ခံစာတခုအရ သိရှိရပါသည်။

ရန်ကုန်မြို့သို့ အဓိက အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်မှတဆင့် ငွေကြေး ကြပ်တည်းနေသော နိုင်ငံသို့ ဝင်ရောက်လာသော ခရီးသွား အရေအတွက်မှာ ၃၃၁၉၂ ဦး လျော့နည်းသွားခဲ့သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ပြုစုထားပြီး မဇ္ဈိမမှ ရရှိထားသည့် အစီရင်ခံစာတခု အဆိုအရ သိရှိရပါသည်။

၂ဝဝ၈ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း ဝင်ရောက်လာသော ခရီးသွားများအနက် အာရှတိုက်မှ အများဆုံးဖြစ်ကာ ၄ဝ၆၇၁ ဦးရှိပြီး၊ အနောက်ဥရောပမှ ၄ဝ၇၆ ဦးရှိကာ၊ မြောက်အမေရိကမှ ၈ဝ၅၃ ဦးဖြင့် တတိယလိုက်၍ အနည်းဆုံးမှာ အာဖရိကတိုက်မှဖြစ်ပြီး ၂ဝ၉ ဦးရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

အခြား အစီရင်ခံစာ တခုတွင်မူ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့သည့် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲအပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားဦးရေမှာ ကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။ ၂ဝဝ၆ ခုနှစ်နှင့် နှိုင်းစာလျှင် ၅.၉% ကျဆင်းသွားကာ ဦးရေအားဖြင့် ၂ဝဝဝဝ ကျော် ကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အခြေအနေမှာ ဆိုးဝါးနေရာမှ ပို၍ အခြေအနေ ဆိုးသွားပြီး စက်တင်ဘာလလယ်မှ စတင်သည့် ခရီးသွား ရာသီအတွင်းဖြစ်သော နိုဝင်ဘာလမှာပင် ဥရောပ ဈေးကွက်မှ ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွားများ ခရီးစဉ်အတွက် ကြိုတင်ဘွတ်ကင်လုပ်ခြင်း အလွန်ရှားပါးသွားသည်ဟု ညည်းညူ ပြောဆိုနေသော ခရီးသွား လုပ်ငန်း အေဂျင်စီများ ပိုမို များပြားလာနေပါသည်။

"အာရှ ခရီးသွားတွေနဲ့ လုပ်နေတဲ့ လုပ်ငန်းတွေကတော့ ဆက်သွားနေတုံးပါဘဲ၊ ဒါပေမဲ့ အရေအတွက်တော့ နည်းသွားတယ်" ဟု အာရှတိုက်နှင့် ဥရောပတိုက်မှ ခရီးသွားများကို အဓိက ဈေးကွက်အဖြစ် ထားရှိသည့် ခရီးသွားလုပ်ငန်း အေးဂျင့်တဦးက ပြောပါသည်။

ပြင်သစ်ဈေးကွက်ကို အဓိကထားသည့် ခရီးသွား လုပ်ငန်းတခုကမူ "ဒီနှစ်အောက်တိုဘာ လလယ်အတွက် ပက်ကေ့ခ်ျ တိုး (အစုလိုက်လာသော ခရီးသည်အုပ်စု) တခုဘဲ ရထားသေးတယ်။ မနှစ်ကဒီလိုလမှာ တလလုံး ခရီးစဉ်အပြည့် ဘွတ်ကင် ရှိပြီးသား" ဟု ပြောသွားပါသည်။

ဘဏ္ဍာငွေကြေးအကျပ်အတည်း ဖြေရှင်းရေး နိုင်ငံတကာ ထိပ်သီးညီလာခံ ကျင်းပတော့မည်

19 October 2008
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေမှုကို ၀ိုင်းဝန်းဖြေရှင်းကြဖို့ ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတရပ်ကို အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ်နဲ့ မကြာခင်မှာ ကျင်းပသွားမယ်လို့ သမ္မတ ဂျော့ ဘုရှ် က မနေ့က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်နားက သမ္မတ ရဲ့ အပန်းဖြေစခန်း ကန့် ဒေးဗစ် (Camp David) မှာ သမ္မတ ဘုရှ် ဟာ ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ၊ ဥရောပ ကော်မရှင် ဥက္ကဌ ဂျိုဆေး မနူရယ် ဘယ်ရိုဆို တို့နဲ့ အတူယှဉ်တွဲပြီး ထိပ်သီး အစည်းအဝေး ကျင်းပမယ့်အကြောင်း ကြေညာခဲ့တာပါ။

ဒီအစည်းအဝေးမှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေကရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကရော ခေါင်းဆောင်တွေကို ဖိတ်ကြားမှာ ဖြစ်တယ်လို့လည်း သမ္မတ ဘုရှ် က ဆိုပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ခိုင်မာတောင့်တင်းရေး ခေတ်မှီရေးနဲ့ အခု လက်ရှိ အကျပ်အတည်းမျိုး နောက်ထပ် မဖြစ်ပေါ်ရအောင် ကာကွယ် တားဆီးရေးတို့ကို အထူး ပြုပြီးတော့ ဒီ ထိပ်သီး အစည်းအဝေးမှာ အာရုံစိုက်ဆွေးနွေး သွားကြမယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

ပြင်သစ် သမ္မတ နဲ့ ဥရောပ ကော်မရှင် ဥက္ကဌတို့ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေတွေကို သမ္မတ ဘုရှ် နဲ့ ဆွေးနွေးနေကြပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို ခေါင်းဆောင်တွေ အတူတကွ လက်တွဲဖြေရှင်း ဆောင်ရွက်သွားရေးဟာ အရေးကြီးတယ်လို့ ပြင်သစ်နဲ့ အမေရိကန် သမ္မတ နှစ်ဦးစလုံးက ပြောဆိုနေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ် တရပ်လုံးကို အောက်ခြေကစပြီး ပြုပြင်ပြောင်းလဲပစ်ဖို့ ဥရောပ ခေါင်းဆောင်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတရပ်ကို လာမယ့် ဒီဇင်ဘာလ နယူးယောက်မြို့မှာ ကျင်းပဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကမ်းလှမ်းထားတာ ရှိပါတယ်။

ဈေးကွက် မငြိမ်မသက်ဖြစ်ချိန် ကုန်ဈေးနှုန်းတွေ ဈေးကျ

18 October 2008

Barry Wood's Report in Burmese စတော့ဈေးကွက် အတက်အကျ ညွန်းကိန်း ဓါတ်ပုံ ရိုက်ယူနေသည့် ဟောင်ကောင်မြို့က ဓါတ်ပုံဆရာ တဦး (အောက်တိုဘာ ၁၆၊ ၂၀၀၈)
ကမ္ဘာ့ စတော့ဈေးကွက် က သောကြာနေ့ မှာလည်း ငြိမ် မသွားသေးပါဘူး။ အမေရိကန် နိုင်ငံ က ဒေါဂျုံး စက်မှု စတော့ အညွှန်းကိန်း က တက်လိုက်ကျလိုက် ဖြစ်နေခဲ့ပါတယ်။ ဒေါဂျုံး ဈေး က သောကြာနေ့ မှာ ကျသွားခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ၀ုဒ် (Barry Wood) သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒေါဂျုံး စက်မှု အညွှန်းကိန်း က ၁၂၇ မှတ် ကျသွားပြီး၊ ၈၈၅၂ ကို ရောက်သွားပါ တယ်။ ဒါပေမယ့် ဒီ အပတ်အတွက် ဆိုရင်တော့ အညွှန်းကိန်း က ၅ % တက်သွားခဲ့ ပါတယ်။ သုံးနှစ်မှာ အများဆုံး တက်ခဲ့တာပါ။ အမေရိကန် နိုင်ငံ ဝေါ စထရိ ဈေးကွက် မှာ အရင်နေ့ က တက်သွားခဲ့ပြီးတဲ့နောက် ဥရောပ မှာလည်း လိုက်လို့ တက်လာခဲ့ပါတယ်။

ကမ္ဘာတ၀ှမ်း စီးပွါးရေး ထိုင်း လာမယ့် အလားအလာ ရှိလာတဲ့အတွက် ရင်းနှီးမြှုပ်နှံ သူတွေ က စိတ်တထင့်ထင့် ဆက်ဖြစ် နေတဲ့အတိုင်း၊ ပစ္စည်းဈေးတွေ ကလည်း ကျလာပါတယ်။ ပြီးခဲ့တဲ့ အပတ် မှာ ရွှေဈေး က ၇ % ကျသွားခဲ့ပါတယ်။ ရေနံဈေး က ၁၄ လအတွင်း အကျဆုံးဖြစ်ခဲ့ရာ က ပြန်တော့ တက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီ အပတ် အတွက် ဆိုရင် ၈ % ဈေး ကျနေဆဲပါပဲ။ သောကြာနေ့ မှာ ရေနံဈေး က တစ်စည် ၇၂ ဒေါ်လာ အောက် လျှိုရုံလေး ဖြစ်နေပါတယ်။ မီရှီဂန် တက္ကသိုလ် အညွှန်းကိန်း အရ ဆိုရင်၊ အမေရိကန် မှာ ၀ယ်ယူစားသုံးသူတွေ ရဲ့ ယုံကြည်မှု ဟာ စက်တင်ဘာလ မှာ ကျသွားပါတယ်။ မှတ်တမ်းမှာ အကျဆုံး ဖြစ်ပါတယ်။

သြဂုတ်လ မှာ ၇၀ ရှိရာ က အညွှန်းကိန်း ဟာ ၅၇ ကျသွားပါတယ်။ ဒါ့အပြင်၊ မိသားစု တစ်စုပဲ နေဖို့ ဆောက်ထားတဲ့ အိမ်ယာ အရောင်းအ၀ယ်တွေ ကလည်း စက်တင်ဘာလ မှာ ၂၆ နှစ်အတွင်း အရောင်းအ၀ယ် မဖြစ်ဆုံး ဖြစ်နေပါတယ်။ နောက်ဆုံး ဖြစ်ပေါ်လာတဲ့ အချက်အလက်တွေ ကို သတိကြီးကြီးထား ကောက်ယူ အသုံးပြုသင့်တယ်လို့ နယူးယောက်မြို့မှာ ရှိတဲ့ တိုကျို မစ်ဆုဘီရှီ ဘဏ် က ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် အကြီးအကဲ Chris Ripkey က Bloomberg ရုပ်မြင်သံကြား မှာ ဆိုပါတယ်။

“အမေရိကန် နဲ့ ပတ်သက်ပြီး ကျနော် ကတော့ သတိနည်းနည်း ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွါးရေး ကျဆင်းမှု ဟာ ဇန်န၀ါရီ ဒါမှမဟုတ် ဖေဖော်ဝါရီ က စခဲ့တာဖြစ်ပြီး၊ ၉ လ၊ ၁၀ လ အဲသလို ကျတဲ့အထဲ မှာ ရှိနေခဲ့ပြီးပါပြီ။ သိပ်ကြီး ကြာလိမ့်မယ်တော့ ကျွန်တော် မထင်ပါဘူး။ တနည်းပြောရင်တော့ဗျာ .. ၀ယ်ယူစားသုံးသူတွေ ယုံကြည်မှု ကျလာတာကြောင့် ဒီ စီးပွါးရေး ကျတာ က ပိုကြာမယ်၊ ပို နက်ရှိုင်းလာမယ် လို့ ကျွန်တော် ထင်မလာပါဘူး။”

အမေရိကန် စီးပွါးရေး က ကျတဲ့အထဲ မှာ ရှိနေတယ်လို့ ယုံကြည်တဲ့သူတွေ ထဲမှာ Ripkey က တစ်ယောက်တည်း မဟုတ်ပါဘူး။ စီးပွါးရေး ကျဆင်းတယ်လို့ သတ်မှတ်လေ့ရှိတာ က သုံးလပတ် ၂ ပတ် ဆက်တိုက် စီးပွါးရေး တိုးတက်မှု က ဆုတ်ယုတ်လာမှသာ သတ်မှတ်တာပါ။ ဒါပေမယ့် အမေရိကန် က အဲဒီလို သုံးလပတ် ၂ ပတ် ဆက်တိုက် တိုးတက်မှု ဆုတ်ယုတ်တာမျိုး မဖြစ်သေးပါဘူး။

ကြွေးပေးကြွေးယူ ဈေးကွက် စလှုပ်ရှားလာဖွယ်ရှိတဲ့ လက္ခဏာတွေ ကလည်း ရှိလာပါပြီ။ ဗဟိုဘဏ်တွေ က တက်ညီ လက်ညီ အတိုးနှုန်း ကို ချလိုက်ပြီး ၁၀ ရက်အကြာ၊ ဈေးကွက် ကို တည်ငြိမ်အောင် မြောက်အမေရိက၊ ဂျပန် နဲ့ ဥရောပ နိုင်ငံတွေ က လုပ်ဆောင်ကြမယ်လို့ ကတိထားပြီး ၇ ရက်အကြာ မှာတော့ လန်ဒန် က ဘဏ်တွေ ရဲ့ နေ့ချင်း ချေးငွေ အတိုးနှုန်း က ကျလာပါတယ်။

ဆိုလိုတာကတော့ ဘဏ်တွေ ဟာ ဗဟိုဘဏ် က သတ်မှတ်ထားတဲ့ အနည်းဆုံး ငွေကြေး ကျောထောက်နောက်ခံ ရှိနေကြပြီး၊ လည်ပတ်နေကြတယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါ ကို လက္ခဏာကောင်းတစ်ရပ် အဖြစ် အဓိပ္ပါယ် ကောက်ယူကြပါတယ်။

လုံခြုံရေးကောင်စီတွင် နိုင်ငံတကာနှင့် မြန်မာ့အရေးကို ဂျပန် ချဉ်းကပ်မည်
18 October 2008
ကိုသိန်းထိုက်ဦး -

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာနဲ့၊ အများသဘောတူ ချဉ်းကပ်ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံ့အရေးဟာ နိုင်ငံတကာက စိုးရိမ်ရတဲ့ ကိစ္စတခုဖြစ်တယ် ဆိုတာကိုလည်း ၀န်ခံပြောဆိုပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂ နှစ် သက်တမ်းအတွက် မဲပေးရွေးချယ်တဲ့ အချိန် ဂျပန်နိုင်ငံဟာ အခြား မက်ခ်ဆီကို၊ ယူဂန်ဒါ၊ တူရကီ၊ သြစတြီးယား စတဲ့နိုင်ငံတွေနဲ့အတူ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံတွေ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး ယူကီယို တာကာဆု (Yukio Takasu) က သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် မြန်မာနိုင်ငံအရေးကိစ္စ သတင်းထောက်တွေရဲ့ အမေးကို အခုလို ပြန်လည် ဖြေကြားသွားတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံ အရေးကိစ္စဟာ ဒေသတွင်းနိုင်ငံတွေ စိုးရိမ်ရတဲ့ ကိစ္စတခုထဲတင် မဟုတ်ပါဘူး၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်ရတဲ့ ကိစ္စပါ။ ဂျပန်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာမှာ အလေးထားရမယ့် ကိစ္စတခုအဖြစ် ချမှတ်ထားပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာ အားလုံး လုပ်ကိုင်ရမယ့် ကိစ္စပါ။ ဘယ်နိုင်ငံမှာမှ ချွင်းချက်နဲ့ ချန်ထားလို့ မရပါဘူး။”

ဒုတိယ အနေနဲ့ လူ့အခွင့်အရေး ကို တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ၊ အရေးယူပိတ်ဆို့ ဖိအားပေးတဲ့ နည်းတွေ က ပိုကောင်းသလား၊ တချိန်တည်းမှာ တိုးတက်လာအောင် လုပ်ဖို့ အကျိုးခံစားခွင့်တွေ ပေးပြီး နားချတာမျိုး၊ ပိုပြီး တိုးတက်အောင် တွန်းအားပေးတာမျိုးက ထိရောက်သလား၊ ဂျပန်အနေနဲ့နဲ့တော့ မျှတအောင် ချဉ်းကပ်တဲ့ နည်းကို သုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် အပြုသဘောဆောင်ပြီး နိုင်ငံတကာအကြား အားလုံးလက်ခံတဲ့ တူညီတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး ယူကီယို တာကာဆုက ပြောဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုးချဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့မယ်ဆိုရင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကုလသမဂ္ဂရဲ့ ဒုတိယ အများဆုံး အလှူရှင်နိုင်ငံလည်း ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် အာရှဒေသတွင်း အာဖဂန်နစ္စတန်အရေး၊ အရှေ့တီမောအရေး၊ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး အရေးကိစ္စတွေကိုလည်း အလေးထား ဆောင်ရွက်သွားမယ်လို့ ဂျပန်နိုင်ငံက ပြောဆိုထားပါတယ်။ အာရှဒေသအတွက် ဂျပန်နိုင်ငံနဲ့ အီရန်နိုင်ငံ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ဂျပန်က ထောက်ခံမဲ ၁၅၈ မဲရရှိပါတယ်။ အီရန်က ထောက်ခံမဲ ၃၀ ကျော်သာရရှိပြီး ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကရော ဘယ်လို မြင်ပါသလဲ၊ မြန်မာ့အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ဂျပန်နိုင်ငံ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ဂျပန်-မြန်မာ မြန်မာ့အရေးလှုပ်ရှားရေးအဖွဲ့ဝင် ဦးတင်ဝင်းကတော့ အခုလို သုံးသပ်ပါတယ်။

“အရေးကြီးဆုံးက ဂျပန်က အီရန်ကို နိုင်တာက ပိုအရေးကြီးတယ်လို့ ထင်တယ်။ အီရန်သာ နိုင်သွားမယ်ဆိုရင်တော့ သေချာပေါက် သူကတော့ စစ်အစိုးရဘက်က လိုက်မှာပဲ။ ဂျပန်နိုင်တယ် ဆိုတာက ကျနော်တို့အတွက် နံပါတ် (၁) က ပိုပြီး စိတ်သက်သာရာ ရတယ်ပေါ့နော်။ အဲတော့ ဂျပန်ဆိုရင်တော့ ကျနော်တို့က ချဉ်းကပ်ရတာ လွယ်တယ်။ နောက်ဆုံး ဂျပန်က ကျနော်တို့ဘက်ကို မပါရင်တောင်မှ ကြားနေနိုင်ငံ အနေအထား ရှိနေတဲ့အတွက် အီရန် မရသွားတာ ကျနော်တို့အတွက် ကံကောင်းတယ်။ သာမန်အားဖြင့်ကတော့ ဂျပန်နိုင်ငံမှာက စီးပွားရေး အကူအညီပေးမှုနဲ့ပဲ နိုင်ငံတွေအပေါ်မှာ လွှမ်းမိုးမှု ရအောင်လုပ်တယ်။ မြန်မာနိုင်ငံ အပေါ်မှာလည်း သူက ဒီလိုပဲ ဆက်ဆံလာခဲ့တာပေါ့နော်။ အဲတော့ သူတို့ လုပ်နိုင်တာက ဘာလဲ ဆိုတော့ အနောက်နိုင်ငံ နဲ့ ဂျပန်နိုင်ငံ နဲ့ သူတို့နဲ့ တူတဲ့ လမ်းကြောင်းဘက်ကနေ သွားပြီးတော့မှ ပြင်းပြင်းထန်ထန်ကြီး အနောက်နိုင်ငံတွေလို တခါတည်း စီးပွားရေး ပိတ်ဆို့သည်အထိ မလုပ်သည့် တိုင်အောင် တစုံတရာ အတိုင်းအတာ အထိပေါ့နော် morally ပေါ့ သူတို့ ပြသဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လက်ရှိ အနေအထားပေါ်မှာပေါ့။ အခု လာမယ့် နောက် လုံခြုံရေးကောင်စီမှာ ရှိလာမယ့် လှုပ်ရှားမှုတွေမှာ ဂျပန်က ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်က ရပ်မယ့် အလားအလာ က တော်တော်ကို များတယ်လို့ ပြောရပါလိမ့်မယ်။”

မြန်မာ့အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ဂျပန်နိုင်ငံ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ဂျပန်-မြန်မာ မြန်မာ့အရေး လှုပ်ရှားရေးအဖွဲ့ဝင် ဦးတင်ဝင်းရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

သမ္မတလောင်း မဲဆွယ်ပွဲ အချက်အချာကျတဲ့ ပြည်နယ်ကြီးတွေကို ဦးတည်

18 October 2008

Jim Malone's Report in Burmese

အမေရိကန်သမ္မတလောင်း ဘားရက် (Barak Obama) နဲ့ (John McCain) တို့ဟာ လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အတွင်း အရေးပါတဲ့ ပြည်နယ်တွေကို ဦးစားပေး မဲဆွယ် စည်းရုံးနေကြပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး အခြေနေတွေကို ဗွီအိုအေသတင်းထောက် ဂျင် မက်လုံး (Jim Malone) က ၀ါရှင်တန် ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၂ ပတ်လောက်သာ လိုတော့တဲ့အချိန်မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား က ပြိုင်ဖက် ရီပတ်ဘလီကန်သမ္မတလောင်း ဂျွန်မက်ကိန်း အပေါ်မှာ ဖိအားဆက်ပေးနေပါတယ်။ ၁၉၆၄ ခုနှစ်တုန်းက ဒီမိုကရက်တစ်ပါတီသမ္မတလောင်း နောက်ဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့တဲ့ Virginia ပြည်နယ်မှာ အိုဘားမား မနေ့က သောကြာနေ့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ရဲ့ စီးပွားရေးပေါ်လစီတွေဟာ သမ္မတဘုရှ် နဲ့ ဆက်နွယ်မှုရှိတဲ့အကြောင်း အိုဘားမားက မနားမနေ တောက်လျှောက်ပြောနေခဲ့ပါတယ်။
ဗာဂျီးနီးယားပြည်နယ်တွင် မဲဆွယ်စည်းရုံး ဟောပြောနေသည့် ဘားရက် အိုဘားမား (အောက်တိုဘာ ၁၇၊ ၂၀၀၈)
“ဒီရွေးကောက်ပွဲမှာ ကျနော် သမ္မတဘုရှ်နဲ့ ယှဉ်ပြိုင်နေတာ မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ဂျွန်မက်ကိန်း ထောက်ခံထားတဲ့ သမ္မတဘုရှ်ရဲ့ ပေါ်လစီတွေနဲ့ ကျနော် ပြိုင်နေတာပါ။ ဂျွန်မက်ကိန်း က ဆက်လက် အကောင်အထည် ဖော်သွားမယ့် သမ္မတဘုရှ်ရဲ့ စီးပွားရေး ပေါ်လစီတွေကို ကျနော်တို့ နောက်ထပ် ၄ နှစ် ကျနော်တို့ ဆက် သည်းညဉ်း မခံနိုင်တော့ဘူး။”

နောက်ဆုံးကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတွေအရလည်း Virginia ပြည်နယ်မှာ အိုဘားမားက အသာစီးရနေပါတယ်။ Missouri, North Carolina နဲ့ Colorado အပါအ၀င် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန် သမ္မတလောင်းကို အနိုင်ပေးခဲ့ကြတဲ့ ပြည်နယ်တချို့မှာလည်း အိုဘားမားက အတော်လေး အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။

မကြာခင်ကကောက်ခံတဲ့ နိုင်ငံလုံးဆိုင်ရာ လူထုစစ်တမ်းတွေအရလည်း အိုဘားမားက မက်ကိန်းထက် ၅ % ကနေ ၁၄ % အထိ အသာစီးရနေတယ်လို့ ဖော်ပြထားကြပါတယ်။ ဒါ့အပြင် အခုလို အန္တရာယ်များတဲ့အချိန်မှာ အိုဘားမားသာလျင် သမ္မတဖြစ်သင့်တယ် ဆိုပြီး Washington Post သတင်းစာကြီးကလည်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ဒီအတော်အတွင်း ပါတီ ၂ ခုစလုံးအတွက် အရေးပါပြီး ဘယ်သူမှ သိသိသာသာ အသာစီးမရသေးတဲ့ Florida ပြည်နယ်မှာ ဂျွန်မက်ကိန်းက မနေ့က သောကြာနေ့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အိုဘားမားရဲ့ အခွန်စံနစ်ကို မက်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး သူလည်း သမ္မတဘုရှ် အစိုးရရဲ့ ပေါ်လစီတွေနဲ့ မတူညီနဲ့ လမ်းကြောင်းကို ရွေးချယ်သွားမယ့် အကြောင်း ပြောပါတယ်။

လူထုစစ်တမ်းတွေမှာ သူ အိုဘားမားနောက်မှာ ရှိနေတယ်ဆိုတာကို မက်ကိန်းက အသိအမှတ်ပြု ပြောဆိုလိုက်ပြီးတော့ သူ့ကို ထောက်ခံသူတွေ အနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ မဲပေးတဲ့အခါမှာ အားလုံး အံ့အားသင့်သွားအောင် လုပ်ပြကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။
မိုင်ယာမီပြည်နယ် ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ်တွင် မဲဆွယ် စည်းရုံးမှုအပြီး လူအုပ်ကို နုတ်ဆက် နေသည့် ဂျွန်မက်ကိန်း (အောက်တိုဘာ၁၇၊ ၂၀၀၈)
“ရွေးကောက်ပွဲနေ့ရောက်ဖို့ ကျနော်တို့အတွက် ၁၈ ရက်ပဲ ကျန်ပါတော့တယ်။ ကျနော်တို့က ၆ မှတ်လောက် ပြိုင်ဖက်လူထက် နဲနေတယ်။ နိုင်ငံလုံးဆိုင်ရာ သတင်းမီဒီယာတွေကလည်း ကျနော်တို့ ရှုံးလိမ့်မယ်လို့ ပြောဆိုနေကြပြီ။ အထက်လွှတ်တော် အမတ် အိုဘားမား ကလည်း လိုက်ကာ ဘယ်နှစ်ပေ ရှည်သလဲ ဆိုတာကို တိုင်းတာနေပြီ။ ဒါပေမယ့် ဒီကိစ္စမှာ ခင်ဗျားတို့ ပြည်သူလူထုက ဆုံးဖြတ်ရမယ် ဆိုတာကို သူတို့ မေ့နေကြတယ်။”

ရွေးကောက်ပွဲရက် တဖြည်းဖြည်း နီးလာတာနဲ့အမျှ သမ္မတလောင်း ၂ ယောက်ဟာ တဖက်ပါတီကို အချိန်မရွေး ပြောင်းပြီး မဲပေးနိုင်တဲ့ အရေးပါတဲ့ပြည်နယ်တွေမှာ ဦးစားပေး မဲဆွယ် စည်းရုံးနေကြပါတယ်။

ဘဏ္ဍာရေးစနစ် ထိန်းချုပ်ပုံ ပြောင်းလဲရေး နောက်လာမယ့် သမ္မတ ဦးစားပေးရလိမ့်မည်

18 October 2008

အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတရဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စက ဘဏ္ဍာရေး စနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်တယ်လို့ လက်ရှိ သမ္မတ ဂျော့ ဘုရှ် က ပြောကြားသွားပါတယ်။ အခု ကြုံနေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အစိုးရက ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတ ဘုရှ် က သောကြာနေ့က ပြောကြားသွားပါတယ်။ သူကပဲ ဆက်ပြီးတော့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ အောင်မြင်ပါလိ့မ့်မယ်၊ အကျိုးသက်ရောက်မှု ရှိဖို့တော့ အချိန်ပေးရလိမ့်မယ်လို့ သူ့နိုင်ငံသားတွေကို အားပေးစကား ပြောသွားပါတယ်။

စီးပွားရေး အစီရင်ခံစာတွေမှာတော့ ဒီပြဿနာရဲ့ အခြေအနေကို အကောင်းရော အဆိုးပါ ထင်ဟပ် ပြသနေပါတယ်။ တချို့ စီးပွားရေးပညာရှင်တွေ ပြောတာက ရပ်တန့်နေတဲ့ ကြွေးမြီ ဈေးကွက်ဟာ အခြေအနေ စပြီးတော့ တိုးတက်လာနေပြီဆိုတဲ့ အထောက်အထားတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

အမေရိကန် အစုရှယ်ယာ ဈေးကွက်တွေကတော့ သောကြာနေ့မှာ အတက်အကျတွေ ဖြစ်နေပြီးတော့ ညပိုင်းမှာ ဈေးအကျ နဲ့ ပိတ်သွားပါတယ်။ ဥရောပဈေးကွက်တွေမှာတော့ ဈေးတွေ တော်တော် မြင့်တက်ခဲ့ပါတယ်။ အာရှ က အဓိက ဈေးကွက်တွေမှာလည်း အတက်အကျ ရောထွေးနေတာကို တွေ့ရပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းဒဏ် တရုတ်အလုပ်သမားတွေ ခံရပြီ
18 October 2008

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်း ပြည်နယ် အရုပ်စက်ရုံ တခုရှေ့တွင် အလုပ်သမား ရာနဲ့ချီ စုဝေးနေကြပုံ (အောက်တိုဘာ ၁၇၊ ၂၀၀၈)
အနောက်နိုင်ငံက ဈေးကွက်တွေအတွင်းမှာ တရုတ်နိုင်ငံလုပ် ကစားစရာ အရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်လိုက် တာကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အဓိက အရုပ်စက်ရုံကြီး ၂ ခု ပိတ်ပစ်လိုက်ရပါတယ်။ အဲဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားဦးရေ ၇,၀၀၀ ကျော်ဟာလည်း အလုပ်လက်မဲ့ဘ၀ကို ရောက်သွားခဲ့ရပါတယ်။ ဒီကနေ့ ကမ္ဘာကြီးအတွင်းမှာ ရင်ဆိုင်နေရတဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ပြဿနာတွေကြားမှာ တရုတ်နိုင်ငံ လုပ် ပို့ကုန်ဆိုင်ရာ ကိစ္စတွေ၊ တရုတ်ပြည်နိုင်ငံထုတ် ကစားစရာ လုပ်ငန်းတွေဟာ အပြင်းအထန် ထိခိုက်နစ်နာ ဆုံးရှုံးနေရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှက်ဖ် (Danial Schearf) က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ဒေါင်းဂန်းမြို့မှာရှိတဲ့ အစိုးရရုံးကို မနေ့က သောကြာနေ့က အလုပ်လက်မဲ့ဘ၀ကို ရောက်နေကြတဲ့ တရုတ်လူမျိုး အလုပ်သမား ရာပေါင်းများစွာ ရှိခဲ့ကြပါတယ်။ သူတို့ အလုပ်လုပ်နေကြတဲ့ ကစားစရာ ကုမ္ပဏီကြီးတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပြီးအပိုင် ပိတ်ပစ်လိုက်ပေမယ့် သူတို့ရဲ့ လုပ်ခ လစာ ၂ လစာ အထိကို အဲဒီကုမ္ပဏီက မရှင်းပေးသေးတာကြောင့် အခုလို အစိုးရရုံးရှေ့ကို သူတို့ ရောက်ခဲ့ကြရတာပါ။

အခု ပိတ်ပစ်လိုက်တဲ့ ကုမ္ပဏီတွေက အမေရိကန် က ဒက်စ်နဲလ် နဲ့ ဒစ်စနီ တံဆိပ်တွေ ထုတ်ပေးနေတဲ့ ဟောင်ကောင် စာရင်းဝင် စမတ် ယူနီယံ အဖွဲ့ ဖြစ်ပါတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းထဲ စီးပွားရေး အခက်တွေ့နေတဲ့ ပို့ကုန် ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီ ထောင်ပေါင်းများစွာထဲက အဲဒီ ကုမ္ပဏီဟာလည်း တခု အပါအ၀င် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒေါင်းဂန်းမြို့တော်ဝန် လီယွန်း ကတော့ အလုပ်လက်မဲ့ဦးရေ များလာတာဟာ ဒီနှစ် အစောပိုင်း အဲဒီမြို့က စက်ရုံတွေ ၄၀၀ လောက် ပိတ်ပစ်လိုက်တာကြောင့် ဖြစ်တယ်လို့ နိုင်ငံခြား သတင်းထောက်တွေကို ပြောပါတယ်။

“မနှစ်ကထက် ဒီနှစ်မှာ နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေရဲ့ အမြတ်အစွန်း ရရှိမှု အများကြီး လျော့ကျသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အရှုံးပေါ်နေတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေဟာလည်း ပိုပို များလာနေပါပြီ။ နောက်နှစ်မှာတော့ ပိတ်လိုက်ရတဲ့ စက်ရုံ အရေအတွက် နည်းနည်း ပိုများလာ လိမ့်မယ်လို့ ယူဆရပါတယ်။”

အနောက်နိုင်ငံ ဈေးကွက်တွေထဲမှာ တရုတ်နိုင်ငံလုပ် ထုတ်ကုန်တင်သွင်းမှု ၁၃ % ကျော်ကျော်ကို အဲဒီ ဂွမ်ဒေါင်း ပြည်နယ်က တင်ပို့နေတာ ဖြစ်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ်မှာ တရုတ်နိုင်ငံထုတ် နိုင်ငံခြား တင်ပို့နေတဲ့ ကစားစရာအရုပ် လုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီ တ၀က်ကျော် အခြေစိုက်တာ ဖြစ်ပြီးတော့ ဒီနှစ်ထဲမှာကိုပဲ ကုမ္ပဏီပေါင်း ၃,၆၀၀ ကျော်ဟာ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ကုမ္ပဏီတွေ ပိတ်ပစ်လိုက်ရတဲ့ အဆင့်အထိ ဖြစ်ခဲ့ရတာပါ။ အခုလို ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေထဲ တရုတ်နိုင်ငံက စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ လစဉ်လုပ်ခ ကိစ္စ၊ ကုန်ကြမ်းဆိုင်ရာ ကိစ္စနဲ့ စိတ်ချယုံကြည်ရတဲ့ အရည်အသွေးနဲ့ ထုတ်ကုန်တွေ ဖြစ်လာဖို့ တရုတ်လူမျိုးတို့ တက်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ရုန်းကန် စွမ်းဆောင် ကြရမှာပါ။

ကစားစရာ အရုပ်တွေကို အနောက်ဈေးကွက်တွေမှာ ၀ယ်ယူအားကျလာပြီး ဈေးကွက် ပျက်ခဲ့ရပြီးတဲ့နောက် အမေရိကန် ဒေါ်လာ ၂၆ သန်း အထိ ဆုံးရှုံးခဲ့တယ်လို့ အဲဒီ စမတ် ယူနီယံ အဖွဲ့က အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခု အလုပ်သမားတွေကို မရှင်းပေးရသေးတဲ့ လုပ်ခတွေကို အဲဒီကုမ္ပဏီက ပေးမယ် မပေးမယ် ဆိုတဲ့ကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီ ကုမ္ပဏီ ပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဘယ်ရောက် နေမှန်းမသိ ပျောက်နေပေမယ့် အဲဒီ ပြည်နယ်က တာဝန်ရှိ အစိုးရ အဖွဲ့တွေကတော့ သောကြာနေ့ကစပြီး အလုပ်သမား တွေကို ရှင်းပေးရမယ့် အလုပ်သမား လစာတွေအတွက် ဒေါ်လာ ၃ သန်းမက ယာ ထားပြီး အလုပ်သမားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနေတယ်လို့ တရုတ်နိုင်ငံက ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြရေးသားထားကြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပူးတွဲဒေသတွင် မွန်ကျေးရွာသားတစ်ဦးအား KNU တပ်ဖွဲ့မှ အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

Kaowao အောက်တိုဘာ ၁၈၊ ၂၀၀၈။

အမှတ် ၁၆ KNU တပ်၊ တပ်စုမှူး ဗိုလ်ဖိုးနီတပ်စုမှ ကတုံးဆင်နားရွက်အမည်ရှိ တပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင် ၃ ယောက် တို့သည် ကြာအင်းဆိပ်ကြီးမြို့နယ် သံပရာကုန်းကျေးရွာသားတဦးအား အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်သွားခဲ့သည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၉ ရက် ည ၉ နာရီခွဲအချိန်တွင် KNU တပ်မှ ကတုံးဆင်နားရွက်အဖွဲ့သည် ဝဲကလိင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဥက္ကဌအား ကျေးရွာရှိကျောင်းဆရာ၊ ဆရာမအဖွဲ့အား စုပေးရန် စေခိုင်းလိုက်သည်၊ သို့သော်အကြောင်းကြောင်းကြောင့် တွေ့ဆုံခွင့်မရခဲ့ပေ၊ ထိုမှတဆင့် KNU တပ်ဖွဲ့သည် သံပုရာ (ကုန်း) ကျေးရွာမှတဆင့် သံပုရာဆိပ်ရွာသို့ ည ၂၂:၃၀ နာရီတွင် ရောက်ရှိခဲ့သည်၊ ကျေးရွာဥက္ကဌနှင့် အတွင်းရေးမှူးကို ဆင့်ခေါ်ကာ အော်ဟစ်ကြိမ်းမောင်းဆဲဆို ယင်းလည်ပင်းကိုဒါးမြှောင်နှင့် ထောက်ကာ ခြိမ်းခြောက်ခဲ့သည်၊ ထိုမှတဆင့် မြစ်ဆိပ်သို့ ဆင်းသွားရာကတို့ဆိပ် ထမင်းဆိုင်တွင် အိပ်နေသော နိုင်အတင်း (အတေဝ်) အသက် ၃၀ အားပစ်သတ်ခဲ့သည်၊ အဆိုပါ နိုင်အတင်းမှာ သံပရာရွာအရှေ့ပိုင်းနေ နိုင်ငဲ့ကဂွတ်၏ သားဖြစ်ပြီး ထိုထမင်းဆိုင် စောင့်တဦးဖြစ်သည်၊ သေနတ်သံကြားသောအခါ သံပုရာရွာရှေ့ တပ်စွဲနေသော နအဖတပ်မှ သေနတ်ပြန်လည် ပစ်ဖောက်သဖြင့် KNU တပ်ဖွဲ့ များ သံပုရားဆိပ်သို့ ထွက်ခွာလာသည်၊ ကျေးရွာဥက္ကဌနှင့်အတွင်းရေးမှူးကို ခေါ်ကာဘီယာများ တောင်းခံခဲ့သည်၊ ဥက္ကဌနှင့်အတွင်းရေးမှူးကို တပါးတည်း ခေါ်ဆောင်လာကာ လမ်းခရီးတွင် ဥက္ကဌမှ ထွက်ပြေးလွတ်မြောက်သွားသည်၊ အတွင်းရေးမှူးမှာ ၎င်း KNU တပ်ဖွဲ့ စခမ်းချရာ နေရာရောက်မှ ပြန်လွတ်လာခဲ့သည်။

အဆိုပါသံပုရာကျေးရွာသည် မွန်ကရင်ပူးတွဲ အုပ်ချုပ်သော တောင်ပေါက် ၂၄ ရွာတွင် ပါဝင်နေသည်။

ကချင်ကျောင်းသားများ စစ်အစိုးရဆန့်ကျင်ရေး ပိုစတာကပ်သည့်
လှုပ်ရှားမှု ထပ်မံလုပ်ပြန်


သတင်းနှင့်မီဒီယာ ကွန်ယက်။
စက်တင်ဘာလ(၁၈)ရက်၊၂၀၀၈ ခုနှစ်။

ယနေ့တွင် ကျရောက်သည့် စစ်အာဏာသိမ်းခြင်း အနှစ်နှစ်ဆယ်မြောက် နှစ်ပတ်လည်နေ့တွင် ကချင်ပြည်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂက အစိုးရဆန့်ကျင်ရေး ပိုစတာလှုပ်ရှားမှုတခုကို မြစ်ကြီးနားမြို့တွင် လုပ်ခဲ့သည်။

ယနေ့မနက်အစောပိုင်းတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များတွင် ပိုစတာလှုပ်ရှား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပိုစတာလှုပ်ရှားမှုနှင့် တောင်းဆိုရေးသားမှုကို ပြောခွင့်ရကျောင်းသားတဦးက ယခုလို ပြောသည်။

“အချက်တွေက (၁)ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးချက်ချင်း လွှတ်ပေးရန် (၂) တိုင်းပြည်၏ နိုင်ငံရေး အကျပ်အတည်းပြဿနာအား သုံးပွင့်ဆိုင် အမြန်ဆွေးနွေး ဖြေရှင်းရန် (၃) နအဖ စစ်အာဏာရှစ်စနစ် ကျဆုံးပါစေ (၄) ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။ အေဖိုးဆိုဒ်နဲ့ ရေးထားတာ ကွန်ပြူတာ စာလုံးနဲ့ပါ။ အရွက်ရေ အားလုံး လေးရာပါ။ (၁၈)ရပ်ကွက်မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ လမ်းမကြီးတွေ၊ လမ်းကြိုလမ်းကြားတွေ အားလုံး ကပ်ပါတယ်။”

စာများကို ဌာနဆိုင်ရာဝန်ထမ်းများက လည်းကောင်း၊ ရပ်ကွက်အာဏာပိုင်များက လည်းကောင်း ဖြုတ်သိမ်း သွား သည်ဟု အဆိုပါ ကျောင်းသား က ပြောသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့သည် ယမန်နှစ် စက်တင်ဘာ အရေးအခင်း ကာလတွင် ကချင် ကျောင်းသားများဖြင့် အဓိကဖွဲ့စည်းခဲ့ပြီး မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး၊ အစိုးရဆန့်ကျင်ရေး စသည်တို့ကို ပိုစတာများကပ်ကာ လှုပ်ရှားနေသည်။

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်မှ ဒေသခံတဦးက ယနေ့ ပြုလုပ်သွားသည့် ပိုစတာလှုပ်ရှားမှုနှင့် ပတ်သက် ၍ မကြားသိရသေးကြောင်းနှင့် သူ၏ထင်မြင်ချက်ကို ယခုလို ပြောသည်။

“ဒီကောင်တွေ အုပ်စုက နည်းနည်း Group သေးတယ်ထင်တယ်။ သိပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် မသိ ကြဘူး၊ လုပ်တာ။ သူတို့အုပ်စုပဲ လုပ်တာ။ ကချင်ကျောင်းသားတွေပဲ။ အပြင်မှာ သိပ်ကျယ်ကျယ် ပြန့်ပြန့်လုပ်တာ မရှိဘူး။ လုပ်ဆောင်ချက်လုပ်ပြီး ကျေညာချက် ထုတ်တာလောက်ပဲ။ သူတို့လှုပ်ရှား မှုပြတာနေမှာ။ ဘယ်မှာ လုပ်သလဲ မသိဘူး။”

စက်တင်ဘာလသည် ယမန်နှစ်က သံဃာတော်များမေတ္တာပို့ ဆုတောင်းဆန္ဒပြသည့် နှစ်ပတ်လည် ကာလဖြစ် သလို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ(၁၈)ရက်နေ့တွင် ဒီမိုကရေစီအရေးတော်ပုံကြီးအား လက်နက်ဖြင့် နှိမ်နင်းကာ အာဏာသိမ်းသည့် နှစ်ပတ်လည်ကာလလည်းဖြစ်ရာ လုံခြုံရေးတင်းကျပ်မှုများရှိသည်ဟု မြစ်ကြီးနား ဒေသခံ များက ပြောသည်။

တောင်ပြို နယ်စပ်ကုန်စည်ဒိုင်မှ အရောင်းဆိုင်ခန်း တခုကို ကျပ်ငွေ ၁၇၅ သိန်းဖြင့် အစိုးရမှ ကမ်းလှမ်း
10/18/2008
ယမန်နေ့ ( သောကြာနေ့) ညနေက မောင်တောမြို့ ကုန်သည်ကြီးများ အသင်း ဒေ၀ါနဒီခန်းမ၌ ပြုလုပ်ခဲ့သော မောင်တောမြို့မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် စီးပွား ကူးသန်း ၀န်ကြီး တင်နိုင်သိန်းက တောင်ပြိုမြို့သစ်၌ တည်ဆောက်မည့် ကုန်စည်ဒိုင်တွင် အရောင်းဆိုင်ခန်း တခုကို ကျပ်ငွေ ၁၇၅ သိန်းဖြင့် စီးပွားရေး ကုမ္ပဏီများသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မောင်တောမြိ့က စီးပွားရေး လုပ်ငန်းရှင် တဦးက “ကျပ်ငွေ သိန်း ၁၇၅ သိန်းနဲ့ ဆိုင်ခန်းတွေ ကို အစိုးရက ဆောက်ပေးမယ်။ ကိုယ်ဟာကိုယ် ဆောက်ချင်ရင်လည်း ဆောက်လို့ ရတယ်။ ဒါပေမယ့် သက်ဆိုင်ရာက သတ်မှတ်ပေးထားတဲ့ ပုံစံအတိုင်း ဆောက်လုပ်ရမယ်လို့ ပြောပါတယ်။ လိုအပ်တဲ့ငွေတွေကိုလည်း အစိုးရက ထုတ်ချေးပေးမယ်ဆိုပြီး ပြောပါတယ်၊” ဟု ပြောသည်။

၎င်းပြင် ဂိုဒေါင် (ကုန်လှောင်ရုံများ) များဆောက်လုပ်ရန်လည်း ၀န်ကြီးမှ ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုအပေါ် မောင်တောမြို့ရှိ စီးပွားရေး ကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း သူကပြောသည်။ မြန်မာ စစ်အစိုးရ အနေဖြင့် မောင်တောမြို့နယ် တောင်ပြိုမြို့သစ်တွင် ကုန်စည်ဒိုင်တခု ဆောက်လုပ်ရန် စီစဉ်နေပြီး ယခုနှစ်တွင် အဆိုပါ ကုန်စည်ဒိုင်ကို စတင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

တောင်ပြိုမြို့မှာ ဘင်္ဂလာဒေခ်ျ့မှ ခေါင်းတုံးမြို့နှင့် နတ်မြစ်ကမ်းခြေ တဘက် တချက်တွင် တည်ရှိပြီး နတ်မြစ်ကို ဖြတ်ပြီး ဖေါက်လုပ်မည့် ချစ်ကြည်ရေး တံတားမှာ တောင်ပြိုမြို့တွင် တည်ရှိသည်။

၎င်းပြင် နအဖ စစ်အစိုးရမှ မောင်တောမြို့နယ် ကညင်ချောင်းတွင် သင်္ဘောဆိပ်ကမ်း တခုတည်ဆောက်ရန် စီစဉ်နေပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ကုန်များကို သင်္ဘောဖြင့် အဆိုပါ ဆိပ်ကမ်းမှ တဆင့် တောင်ပြို ကုန်စည်ဒိုင်သို့ ပို့ဆောင်မည် ဖြစ်သည်။ ထိုမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ ရောင်းချသွားမည် ဖြစ်သည်။

နအဖ စီးပွား ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး တင်နိုင်သိန်းမှ တောင်ပြိုမှ ကြိမ်ချောင်းထိ ဆက်သွယ်မည့် ကားလမ်းကိုလည်း (၂) လအတွင်း အပြီး သတ်တည်ဆောက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နယ်စပ်ဒေသမှ ပေးပို့သော သတင်းအရ ၀န်ကြီး တင်နိုင်သိန်းနှင့် ဗိုလ်ချုပ်ခင်ဇော်အပါအ၀င် အရာရှိကြီးများသည် ယမန်နေ့က တောင်ပြိုမြို့သို့ စပိဘုတ်များဖြင့် သွားရောက် လည်ပတ်ခဲ့ပြီး ချစ်ကြည်ရေး လမ်းဖေါက်လုပ်မည့် နေရာများ၊ ကုန်စည်ဒိုင် တည်ဆောက်မည့်နေရာများကို ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ယခု မြန်မာဘက်မှ စီးပွားရေးကို ဘင်္ဂလာဒေခ်ျ့နှင့် တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေမှုမှာ ဗိုလ်ချုပ်ကြီး မောင်အေး ဘင်္ဂလာ ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝန်ကြီးအဖွဲ့မှ စီဒီအမ်းအေ ဖုံးတလုံး ၁၅ သိန်းစီဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မောင်တော စီးပွားရေး ကုမ္ပဏီများသို့ ကမ်းလှမ်း
10/18/2008
မောင်တောမြို့သို့ ရောက်ရှိနေနေသာ နအဖ ၀န်ကြီးအဖွဲ့မှ စီဒီအမ်းအေ တယ်လီဖုံးတလုံးကို ကျပ် ၁၅ သိန်းစီဖြင့် စီးပွားရေး လုပ်ကိုင်ရာတွင် ပိုမို အဆင်ပြေရေးအတွက် မောင်တောမြို့မှ စီးပွားရေး ကုမ္ပဏီများသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောဆိုခဲ့ဟု သတင်းရရှိသည်။
အဆိုပါ ကမ်းလှမ်းမှုကို ယမန်နေ့ညနေက မောင်တောကုန်သည်ကြီးများအသင်းတွင် ပြုလုပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီဒီအမ်းအေ ဖုံးမှာ တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ တွင် တာကာ ၂၅၀၀ သာရှိပြီး မြန်မာနိုင်ငံတွင် အဆိုပါ အမျိုးအစား ဖုံးတလုံးကို ကျပ် ၁၅ သိန်းခွဲ ပေးနေရသဖြင့် မြန်မာ နအဖ စစ်အစိုးရ၏ စီမံမှု ညံ့ဖျင်းခြင်း အပေါ် စီးပွားရေး သမား တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ သိရသလောက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ စီဒီအမ်းအေ ဖုံးတလုံးကို တာကာ ၂၅၀၀ ဘဲရှိပါတယ်။ ဒါက ဖုံးဆက်ရော အပီးသား ပြင်ဆင်ပီးသားပါ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ကျတော့ အဲသလို ဖုံးမျိုးကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ပြည်သူတွေကို ရောင်းချပေးနေတော့ လူထုတွေဆီက ဘယ်အတိုင်းအတာထိ ခေါင်းပုံဖြတ်နေသလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။”

ယခုအခါ မောင်တောမြို့တွင် စီဒီအမ်းအေ ဖုံးအတွက် တာဝါတိုင် ထောင်ထားပြီ ဖြစ်ကြောင်းနှင့် ယခုအခါ စီဒီအမ်းအေ ဖုံးဖြင့် စတင် ဆက်သွယ် ပြောကြား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မောင်တောမြို့နယ်တွင် နအဖ စစ်အစိုးရမှ ထုတ်ပေးသည့် စီဒီအမ်းအေ ဖုံးများမှာ ဈေးအလွန်ကြီးပြီး လျှောက်လွှာ စနစ်ဖြင့် ခေါ်ယူရောင်းချနေသဖြင့် အများစု ပြည်သူများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အသုံးပြုနေသော လက်ကိုင်ဖုံးများကို တရားမ၀င် ကိုင်တွယ် အသုံးပြုနေကြသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ၁၅ သိန်းနဲ့ဆိုရင်လည်း ၀ယ်ရမှာပါဘဲ။ အသုံးပြုဖို့ လိုအပ်နေတာကို။ ဒါပေမယ့်လည်း ပြည်သူ အများစုကတော့ ဘင်္ဂလာက လက်ကိုင်ဖုံးတွေကို ဆက်လက် သုံးစွဲသွားကြပါလိမ့်မယ်။” ဟုသူက ပြောသည်။

မောင်တောမြို့နယ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆက်သွယ်ရေး လိုင်းအသုံးပြု ဖုံးပေါင်း အနည်းဆုံး ၁၀၀၀၀ ခန့်ရှိနိုင်ပြီး အဆိုပါ ဖုံးတလုံး၏ အနိမ့်ဆုံးဈေးနုန်းမှာ ကျပ်ငွေ ၅၀၀၀၀ ခန့်သာ ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင်လည်း ယခုအခါ စီဒီအမ်အေ ဖုံးများကို တပ်ဆင်ပေးနေပြီး ဖုံးတလုံးကို ကျပ် ၁၈ သိန်းပေးပြီး ပြည်သူများ အနေဖြင့် ၀ယ်ယူ အသုံးပြုနေရကြောင်း သတင်းရရှိသည်။