Monday, October 20, 2008

ဟစ်တလာရဲ့ လျှို့ဝှက် အိန္ဒိယတပ်မတော်

(ဂန္ဓီရဲ့အကြမ်းမဖက်ရေး နဲ့ ဘို့စ်ရဲ့စစ်ရေးမှသည် လွတ်လပ်ရေးသို့)
ဂါမဏိ
Monday, October 20, 2008 ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးအချိန်၊ မဟာမိတ်တပ်တွေနဲ့ ပြင်သစ်တော်လှန်ရေး ပြောက်ကျားတပ်တွေက စိတ်ဓာတ်ကျဆင်းပြိုကွဲနေတဲ့ဟစ်တလာတပ်တွေကို ပြင်သစ် ပြည်ကနေ တိုက်ထုတ်နေချိန်မှာ ဂျာမန်ထိပ်တန်းအရာရှိ ကြီး (၃) ယောက် မဟာမိတ် တပ်တွေဆီ ကူးပြောင်းလက်နက်ချလာပါတယ်။ သူတို့ပေးတဲ့သတင်းဟာ အဲဒီ ၁၉၄၅ ကာလတုံးက အင်မတန့်ကို ခေါင်းကြီးစေလောက်တဲ့ အထူးအကဲဆတ်သတင်းဖြစ်နေ လို့ ဗြိတိသျှထောက်လှမ်းရေးက အထူးထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကျမှ အများပြည်သူကို ထုတ်ပြန်ဖို့ အစီအစဉ်ချခဲ့ပါတယ်။

အဲဒီသတ်မှတ်ကာလမရောက်မီ ၁၇ နှစ်အလို ဒီနှစ်မှာ ဘီဘီစီသတင်းဌာနက ဒီလျှို့ဝှက်စာတမ်းကို ဖတ်ခွင့် ရခဲ့ပါတယ်။ ဒီစာတမ်းမှာ ဖက်ဆစ်စနစ်ကိုတိုက်ဖို့ ဗြိတိသျှအစိုးရနဲ့လက်တွဲခဲ့တဲ့ ထောင်နဲ့ချီတဲ့ အိန္ဒိယ စစ်သားတွေဟာ ဗြိတိန်ဘုရင်အပေါ် သစ္စာခံထားရာကနေ ဟစ်တလာကို ဘက်ပြောင်းသစ္စာခံခဲ့ပုံကို ဖော်ပြ နေပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဗြိတိသျှတို့ဘက်ကကြည့်ရင် အံ့သြတုန်လှုပ်စရာနဲ့ စိတ်ပျက်စရာ မဟာသစ္စာ ဖောက်မှုဇာတ်လမ်းကြီးဖြစ်လာပြီး ကိုလိုနီအိန္ဒိယနိုင်ငံက ဗြိတိသျှ အုပ်စိုးမှုကို လှုပ်ခါပြိုလဲစေဖို့ ခြိမ်းခြောက် ခဲ့ပါတယ်။

ဂျာမန်အရာရှိကြီးတွေက သူတို့ကို စစ်ကြောရေးလုပ်တဲ့ ဗြိတိသျှထောက်လှမ်းရေးအရာရှိတွေကို ပြောပြတဲ့ ဇာတ်လမ်းက ၁၉၄၁ ခု ဧပြီ (၃) ရက်နေ့မှာ ဘာလင်မြို့တော်မှာ အစပြုခဲ့ပါတယ်။ အဲဒီနေ့မှာ အိန္ဒိယ တော်လှန်ရေးခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာ ဘို့စ်ဟာ ဂျာမဏီနိုင်ငံရဲ့မြို့တော် ဘာလင်ကို ရောက်ရှိလာ ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဗြိတိသျှအစိုးရရဲ့ (၁၁) ကြိမ် ဖမ်းဆီးထိန်းသိမ်း (သို့မဟုတ်) ထောင်ချတာခံရဖူးတဲ့ ဘို့စ်ဟာ အိန္ဒိယနိုင်ငံက ထွက်ပြေးလာတဲ့အခါမှာ သူ့ခေါင်းထဲမှာ ရည်ရွယ်ချက်တခုဘဲရှိပါတယ်။ အဲဒါကတော့ ဗြိတိသျှတွေကို အိန္ဒိယနိုင်ငံက မောင်းထုတ်ရာမှာ ဟစ်တလာရဲ့အကူအညီ ရယူဖို့ဘဲဖြစ်ပါတယ်။

ခြောက်လအကြာမှာတော့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန အကူအညီနဲ့ ဘို့စ်ဟာ "အိန္ဒိယလွတ်လပ်ရေး ဗဟိုဌာန" ကို တည်ထောင်ပြီး လက်ကမ်းစာစောင်တွေဖြန့်၊ ဟောပြောပွဲတွေ ကမ်ပိန်းတွေလုပ်၊ အသံလွှင့် စည်းရုံးတာတွေလုပ် စသဖြင့် အိန္ဒိယ လွတ်လပ်ရေးအရေးတော်ပုံကိုဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် ကုန်ပိုင်းမှာ ဟစ်တလာအစိုးရက ဘို့စ်ရဲ့အဝေးရောက် ယာယီ "လွတ်လပ်သောအိန္ဒိယအစိုးရ"ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့အတွက် စစ်တပ်တခု ထူထောင်ရာမှာ အကူအညီပေးဖို့ ဟစ်တလာနဲ့ ချန်ဒရာဘို့စ် သဘောတူစာချုပ် ချုပ်ခဲ့ပါတယ်။ အဲဒီတပ်ကို "လွတ်လပ်သော အိန္ဒိယတပ် Free India Legion" လို့ နာမည်ပေးခဲ့ပါတယ်။ (နောက်ပိုင်းကျမှ အာရှတိုက်ဘက်မှာ "အိန္ဒိယအမျိုးသား တပ်မတော် India National Army" လို့ တည်ထောင်ခေါ်ဝေါ်ခဲ့တာဖြစ်တယ်။) ဘို့စ်ဟာ အင်အား ၁၀၀၀၀၀ ရှိတဲ့စစ်တပ်ကို ထူထောင်ဖို့ ရည်မှန်းခဲ့ပြီး ဂျာမန်တွေအကူအညီနဲ့ လက်နက်တပ်ဆင် လေ့ကျင့်ဖွဲ့စည်း ပြီးတဲ့အခါ ဗြိတိသျှလက်အောက်မှာရှိတဲ့ အိန္ဒိယပြည်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖို့ ကြံခဲ့ပါတယ်။

ဆူဘတ်စ်ချန်ဒရာဘို့စ်ဟာ အဲဒီတပ်အတွက် စစ်သားစုဆောင်းဖို့ ဂျာမဏီနိုင်ငံမှာရှိတဲ့ စစ်သုံ့ပန်းစခန်း တွေကို သွားရောက်စည်းရုံးခဲ့ပါတယ်။ အဲဒီသုံ့ပန်းစခန်းတွေမှာ မြောက်အာဖရိကစစ်ဆင်ရေးအတွင်း ဂျာမန် ဗိုလ်ချုပ်ကြီး ရွမ်းမဲလ်ရဲ့တပ်တွေကတိုက်လို့ လက်နက်ချအညံ့ခံခဲ့ရတဲ့မဟာမိတ်စစ်သားတွေထဲက သောင်း နဲ့ ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေကို ထားပါတယ်။

၁၉၄၂ ခု သြဂုတ်လရောက်တဲ့အခါ ဘို့စ်ရဲ့ စစ်သားစုဆောင်းရေးဟာ အရှိန်အဟုန်အပြည့်အဝ အသက်ဝင် လာခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ကုလားလူမျိုးစစ်သုံ့ပန်းတွေက ဟစ်တလာနဲ့ ဘို့စ်အပေါ် အစုလိုက် အပြုံလိုက် သစ္စာခံပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတွေ မှာဆိုတဲ့ သစ္စာအဓိဋ္ဌာန် အတိအကျကတော့ "ငါတို့သည် ဆူဘတ်စ်ချန်ဒရာဘို့စ် ခေါင်းဆောင်သော အိန္ဒိယလွတ်လပ်ရေး တိုက်ပွဲအတွင်း ဂျာမန်လူမျိုးနှင့် ဂျာမန် နိုင်ငံတော်၏ခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကို ဂျာမန်တပ်မတော်၏ စစ်သေနာပတိအဖြစ် လိုက်နာပါမည် ဟု ဘုရားသခင်ကိုတိုင်တည်၍ သစ္စာဓိဋ္ဌာန်ပြုပါ၏" ဖြစ်ပါတယ်။

အဲဒီအချိန်တုံးက ဘို့စ်ရဲ့တပ်ထဲဝင်ခဲ့သူတယောက်ဖြစ်တဲ့ ဗိုလ်ဘာရဝန်ဆင်းကို ဘီဘီစီသတင်းထောက်က စုံစမ်းရှာဖွေပြီး အင်တာဗျူးခဲ့ပါတယ်။ သူဟာ အဲဒီတုံးက သူနေတဲ့စစ်သုံ့ပန်းစခန်းကို အိန္ဒိယတော်လှန်ရေး သမားကြီး ဆိုက်ရောက်လာပုံကို ကောင်းကောင်းမှတ်မိနေဆဲဖြစ်ပါတယ်။ "အဲဒီမှာ သူ့ကို ကျုပ်တို့နဲ့ စကားပြောချင်တဲ့ ကျုပ်တို့တိုင်းပြည်က ခေါင်းဆောင် တယောက်အဖြစ် မိတ်ဆက်ပေးခဲ့တယ်" လို့ ဆင်းက ပြန်ပြောပြတယ်။ "သူက ကိုယ့်ဆန္ဒအလျောက် စာရင်းသွင်းတဲ့ ရဲဘော် (၅၀၀) လိုချင်တယ်၊ အဲဒီလူတွေကို ဂျာမဏီနိုင်ငံမှာ သင်တန်းပေးပြီး အိန္ဒိယနိုင်ငံထဲ လေထီးနဲ့ချပေးမယ်တဲ့။ လူအားလုံး လက်ထောင်ကြ တယ်။ ကျုပ်တို့ ကုလားသုံ့ပန်းတွေ ထောင်နဲ့ချီပြီး စာရင်းပေးကြတယ်ဗျ။"

စုစုပေါင်း ကုလားစစ်သုံ့ပန်း ၃၀၀၀ က လွတ်လပ်သောအိန္ဒိယတပ်အတွက် စာရင်းသွင်းခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ဝဲသမား တယောက်ဖြစ်တဲ့ ဘို့စ်ဟာ ဟစ်တလာရဲ့တင့်ကားတွေ ဆိုဗီယက်ရုရှားနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်တိုက်တဲ့အခါမှာ စိတ်ပျက် သွားခဲ့ပါတယ်။ ဒါ့အပြင် အခြေအနေပိုဆိုးသွားတာကတော့ စတာလင်ဂရက်တိုက်ပွဲပြီးနောက်မှာ ဂျာမန်စစ်တပ်တွေ စဆုတ်နေ ရပြီး ဝေးလံလှတဲ့ အိန္ဒိယပြည်က ဗြိတိသျှတွေကိုတိုက်ထုတ်ရာမှာ အကူအညီပေးနိုင်မယ့်အခြေအနေ မရှိ ဖြစ်လာတာပါဘဲ။

၁၉၄၂ ခုမေလမှာ ဘို့စ်နဲ့ဟစ်တလာ တွေ့ဆုံတဲ့အခါ ဘို့စ်ရဲ့သံသယတွေ ပိုခိုင်မာလာပါတယ်။ နာဇီ ဂျာမဏီခေါင်းဆောင်ကြီးဟာ ဘို့စ်လူတွေကိုသုံးပြီး စစ်ရေးအောင်ပွဲတွေ ရအောင်လုပ်ဖို့ထက် ဝါဒဖြန့်ချိရေး အောင်ပွဲတွေ ရအောင်လုပ်ဖို့ ပိုစိတ်ဝင်စားနေတယ်လို့ ဘို့စ်ကယုံကြည်လာပါတယ်။ ဒါကြောင့် ၁၉၄၃ ဖေဖော်ဝါရီမှာ ဘို့စ်ဟာ သူ့တပ်ဖွဲ့ဝင်တွေကို ထားရစ်ခဲ့ပြီး ဂျပန်ပြည်ကို သွားတဲ့ ရေငုပ်သင်္ဘောတစီးနဲ့ တိတ်တဆိတ်လိုက်ပါသွားခဲ့ပါတယ်။

ဂျပန်ပြည်ရောက်တော့ ဘို့စ်ဟာ ဂျပန့်အကူနဲ့ အင်အား ၆၀၀၀၀ ရှိတဲ့တပ်ကိုဖွဲ့၊ မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟာမိတ်ပြုပြီး အိန္ဒိယပြည်ကို ချီတက်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဂျာမဏီပြည်မှာတော့ သူစုဆောင်းခဲ့တဲ့ ရဲဘော်တွေဟာ ခေါင်းဆောင်မဲ့ဖြစ်ပြီး စိတ်ဓာတ်ကျဆင်း ကျန်ရစ်ခဲ့ပါတယ်။ မကျေမနပ် ဆူဆူပူပူတွေ တော်တော်ကြီးဖြစ်၊ တပ်တွင်းပုန်ကန်မှုတခုတောင်ဖြစ်ပြီး နောက်မှာ ဂျာမန်စစ်ဦးစီးဌာနက ဒီ အိန္ဒိယတပ်ကို ပထမဦးစွာ ဟော်လန်နိုင်ငံကို စေလွှတ်ခဲ့ပြီး နောက်ပိုင်း မှာ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းကိုပို့၊ မဟာမိတ်တပ်တွေ ကမ်းတက်စစ်ဆင်လာမယ်လို့ မျှော်လင့် ရတဲ့ ကမ်းခြေမှာ အခိုင်အခန့် ခံကတုတ်တွေတည်ဆောက်ခိုင်းခဲ့ပါတယ်။

မဟာမိတ်တပ်တွေ ပြင်သစ်မြောက်ပိုင်းမှာ ဒီဒေးကမ်းတက်စစ်ဆင်ရေး လုပ်ပြီးနောက် လွတ်လပ်သော အိန္ဒိယတပ်ဖွဲ့ဟာ ဂျာမန်တပ်တွေနဲ့အတူ ပြင်သစ်နိုင်ငံတလွှားကိုဖြတ် ဆုတ်ခွာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီအိန္ဒိယတပ်ဟာ ဟင်းမလားရဲ့ ဝါးဖင် အက်စ်အက်စ်တပ်ထဲ ပေါင်းထည့်ခံထားရပါပြီ။ အခုလို တပ်ဆုတ် ရတဲ့အချိန်မှာ အိန္ဒိယတပ်ဟာ အရပ်သားပြည်သူလူထုတွေ ကြားထဲ ရိုင်းစိုင်းကြမ်းကြုတ်တယ်၊ ရွံမုန်းစရာ ကောင်းတယ်လို့လည်း နာမည်ဆိုးရလာပါတယ်။ မုဒိန်းကျင့်တာတွေ၊ တရားလက်လွတ်သတ်တာဖြတ်တာ တွေ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဒီလွတ်လပ်သောအိန္ဒိယတပ်ဖွဲ့ဟာ ဗြိတိသျှတွေကို အိန္ဒိယနိုင်ငံက မောင်းထုတ်နိုင်မယ့် အစား ပြင်သစ်ကနေ မောင်းထုတ်ခံရ၊ ဒီ့နောက် ဂျာမဏီနိုင်ငံကနေ မောင်းထုတ်ခံရပြီး မဟာမိတ်တပ် တွေရဲ့ ဖမ်းဆီးမှုကိုသာ ခံခဲ့ရပါတယ်။ စစ်ပြီးတနှစ်အကြာမှာ ဒီသုံ့ပန်းတွေကို အိန္ဒိယနိုင်ငံ ပြန်ပို့၊ နှစ်တို ထောင်ဒဏ်တွေချခဲ့ပြီးနောက် ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတပ်ဖွဲ့ထဲက အကြီးတန်းအရာရှိကြီး သုံးယောက်ကို ဗြိတိသျှအစိုးရက ဒေလီမြို့နားမှာ တရားရုံးတင် စစ်ဆေးတဲ့အခါ ဗြိတိသျှအိန္ဒိယစစ်တပ် အတွင်း တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာခဲ့ပြီး လမ်းပေါ်လူထုဆန္ဒပြပွဲတွေလည်း ပေါက်ကွဲခဲ့ပါတယ်။ အခုလို အိန္ဒိယစစ်တပ်ဟာ ဗြိတိသျှတွေခိုင်းတဲ့အတိုင်း လိုက်နာလိမ့်မယ်လို့ စိတ်မချရတော့ကြောင်း ဗြိတိသျှတွေ သဘောပေါက်လာတဲ့အခါ အိန္ဒိယလွတ်လပ်ရေးဟာ မကြာခင်မှာ နောက်ကနေ ရှောင်လွဲမရတော့ဘဲ လိုက် လာပါတော့တယ်။

ဒါပေမဲ့ ဆူဘတ်စ်ချန်ဒရာဘို့စ်ကတော့ သူတစိုက်မတ်မတ် ခက်ခက်ခဲခဲစွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေး အလင်းရောင်ကို မြင်မသွားရဘဲ ၁၉၄၅ ခုမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒိနောက်ပိုင်းမှာ ဗိုလ်ဘာရဝန်ဆင်းနဲ့ သူ့ရဲဘော် တပ်ဖွဲ့ဝင် တွေအကြောင်းကိုလည်း ဘာမှသိပ်မကြားရတော့ပါဘူး။ ဒီအဖြစ် အပျက်တွေကို မထုတ်လွှင့်ဖို့ ဘီဘီစီသတင်းဌာနကို စစ်အပြီးမှာ တားမြစ်ပိတ်ပင်ခဲ့ပြီး ထူးခြားလှတဲ့ ဇာတ် ထုပ်ကြီးဟာ မော်ကွန်းတိုက်ထဲ ပိတ်လှောင်ထားခံခဲ့ရတာ အခုအချိန်ထိဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ဆင်း ကတော့ အဲဒီစိတ်လှုပ်ရှားစရာကာလတွေကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ "ကျုပ်တို့တပ်ယူနီဖောင်းတွေ၊ ဘက်တံဆိပ်တွေနဲ့ ကျုပ်တို့ပုံစံတွေကို ကျုပ်မြင်ယောင်နေတုံးဘဲ။ ကျုပ်တို့တတွေ စစ်ချီသီချင်းတွေ ဝိုင်းဆိုကြ၊ နောက်ဆုံးမှာ နိုင်ငံလွတ်လပ်ရေး ရမယ့်အကြောင်းတွေ အားတက်သရောပြောကြဆိုကြတာ တွေကို မြင်ယောင်နေတုံးဘဲ" လို့ ဗိုလ်ဆင်းက ဘီဘီစီကို ဒီ ၂၀၀၄ ခုမှာ ပြန်ပြောပြခဲ့ပါတယ်။

ဘီဘီစီသတင်း ၂၃ - ၉ -၂၀၀၄

ဂါမဏိ

ဦးအောင်ရွှေနှင့် မျိုးချစ်ရဲဘော်ဟောင်းများ

ဦးအောင်ဆက်ပိုင် (၂၀ အောက်တိုဘာ ၂၀၀၈)

စာရေးတတ်လို့တော့မဟုတ်ပါ။ ဆရာတော်များ၏ အဆုံးအမနှင့် ဗုဒ္ဓဘုရားရှင်ကို ပူဇော်သည့် ဘာသာရေးဆိုင်ရာ ဆောင်းပါးများသာ ရေးသားခဲ့ဖူးပါသည်။ ယခုလည်း မဖြစ်လို့ ရေးလိုက်ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ၂၄-ဝ၉-ဝ၈ နေ့က ဒေါက်တာလွဏ်းဆွေ ရေးသားခဲ့တဲ့ ‘အနှစ်နှစ်ဆယ်ကြာသေပြီဆရာ’ ဆိုတဲ့ ဆောင်းပါးကို ခေတ်ပြိုင်မှာ ဖတ်မိရင်း အများသူငါ အတွေးအမြင်မမှားကြဖို့၊ အယူအဆမလွဲကြဖို့ သိခဲ့သမျှ၊ ကြားခဲ့သမျှ ဖောက်သည်ချရတယ်ဆိုရင်လည်း ဆိုလို့ရပါတယ်။

ကျနော့်အနေနဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဆောင်းပါးကို ချေပါ ရေးသားတာမဟုတ်သလို မျိုးချစ်ခေါင်းဆောင်များရဲ့ ခေါင်းဆောင်မှုကို ကာကွယ်ပြောဆိုလိုခြင်းလည်းမဟုတ်ပါ။ အမှန်ကိုအမှန်အတိုင်း သိမြင်နိုင်ကြပြီး ဒီမိုကရေစီရေးအတွက် ပံ့ပိုးမှုလေးတခုဖြစ်နိုင်ရင်ပဲ ကျေနပ်ပါပြီ။

ဒီနေရာမှာစပြီးပြောရရင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်းမှာပဲ တပ်မှူးဟောင်းများ (၈၅) ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ပြီး နဝတအစိုးရပေါ်ပေါက်ပြီးနောက် တရားဝင်ပါတီအဖြစ် မှတ်ပုံတင် ရပ်တည်ခဲ့တာရယ်၊ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းချိန်မှာ ‘အောင်၊ စု၊ တင်’ ရယ်လို့ (၃) ဖွဲ့ စုစည်းမိကြရာမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ဦးဆောင်တဲ့အဖွဲ့အဖြစ် ရပ်တည်ပါဝင်ခဲ့တာတွေတော့ အများသိပြီး ဖြစ်ကြပါလိမ့်မယ်။

ဒီနေရာမှာ မျိုးချစ်ရဲဘော်ဟောင်းများရဲ့ အချင်းချင်းစည်းလုံးညီညွတ်မှု၊ တိုင်းပြည်အပေါ်မှာ သစ္စာရှိမှုလေးတခုကို ဥပမာပြောရရင် အရေးအခင်းကာလ အတွင်း တိုင်းပြည်ရဲ့လိုအပ်ချက်အရ မဖြစ်မနေစတင်ဖွဲ့စည်းရာမှာ အဲဒီအချိန် တနေရာနဲ့တနေရာ သွားလာဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ဦးဆောင်စည်းရုံးသူတွေအနေနဲ့ ပါဝင်သင့်သူတွေရဲ့ အမည်တွေကို ဖော်ပြ၊ သူတို့ကိုယ်စား လက်မှတ်တွေ ရေးထိုးလိုက်ရပြီး အရေး ပေါ်ကြေညာချက်တွေထုတ်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ရပါတယ်။

အရေးအခင်းပြီးတဲ့နောက် နဝတအစိုးရကနေ အဲဒီအဖွဲ့အပေါ် အန်အယ်လ်ဒီအပေါ် ချုပ်ကိုင်ကန့်သတ်အရေးယူချင်တဲ့အခါမှာ ပါဝင်နေသူ တဦးချင်းကို စစ်ထောက်လှမ်းရေးကနေ အဲဒီအဖွဲ့မှာပါဝင်နေတာ ဟုတ်ရဲ့လား၊ လက်မှတ်ရေးထိုးတာ အမှန်လားဆိုတာတွေကို မေးမြန်းစစ်ဆေးတဲ့အခါ လက် မှတ်မထိုးလိုက်ရသူတွေက သူတို့လက်မှတ်မဟုတ်ပေမယ့် သူတို့အနေနဲ့ သဘောတူ တာဝန်ယူပါကြောင်းကို တိုင်းပြည်အရေးအတွက် ကျေကျေနပ်နပ်ကြီး တုံ့ပြန်ပြောဆိုရင်း စည်းလုံးမှု၊ သစ္စာရှိမှုတို့ကို ပြခဲ့ကြပါတယ်။

အန်အယ်လ်ဒီအနေနဲ့ အောင်၊ စု၊ တင်ကနေ ဦးအောင်ကြီးကို ထုတ်ပယ်ခဲ့ရတဲ့ဖြစ်စဉ်မှာလည်း အဖွဲ့အစည်းမပြိုကွဲရေးအတွက် ဦးအောင်ကြီးကို နည်းလမ်း စုံနဲ့ ညှိနှိုင်းခဲ့ပြီး မရတဲ့အဆုံး ဦးအောင်ကြီးရဲ့ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြီးအိမ်အရောက် သွားရောက်ညှိနှိုင်းဆွေးနွေးနိုင် ရေး၊ မျိုးချစ်အဖွဲ့မှပင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ဆုံး မပြေလည်တဲ့အပြင် ဦးအောင်ကြီးကိုယ်တိုင် ဦးအောင်ရွှေထံ ဖုန်းဆက်သွယ်ပြီး သူ့အနေနဲ့ ဝါးလုံးရှည်နဲ့ရမ်းမှာဖြစ်ကြောင်း ဗိုလ်ချုပ်တို့ပဲ သတိထားနေပါဆိုတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ အဲဒီနောက် အန်အယ်လ်ဒီမှာ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်ကြရာမှာ မျိုးချစ်တဖွဲ့လုံးနဲ့အတူ ဦးအောင်ကြီးအဖွဲ့မှ ဦးကြည်မောင်ပါဝင်လျက် ဦးအောင်ကြီးကို ဆန့်ကျင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပံ့ပိုးခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့အခမ်းအနားဖြစ်စဉ်ကို ပြန်သုံးသပ်ရရင် ၁၈-၉-၈၉ ရက်နေ့ အန်အယ်လ်ဒီဗဟိုမှာ အစည်းအဝေးလုပ်ခဲ့ကြပါတယ်။ မျိုးချစ်အနေနဲ့ အာဇာနည်နေ့အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကြီးများ၏ နေ့ထူးနေ့မြတ်ဖြစ်သလို တမျိုးသားလုံးနဲ့ ပါဝင်ပတ်သက်နေတာလည်းဖြစ်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်တဲ့လုပ်ရပ်မျိုး မလုပ်မိစေဖို့၊ ရှောင်ရှားဖို့ အလေးထားဆွေးနွေးခဲ့ကြတာပါ။ တဖက်ကလည်း အစိုးရအနေနဲ့ တပ်အင်အားကို လိုအပ်တာထက် အဆမတန်တိုးချဲ့ချထားတဲ့အတွက် လူထုအတွက် ထည့်သွင်းစဉ်းစားရတာလည်း ပါဝင်ပါတယ်။ တကယ်တော့ သူတို့ရဲ့ လူထုခေါင်းဆောင်ကို နိုင်ငံရေးဆုံးဖြတ်ချက်တခု မှားယွင်းသွားမှာစိုးလို့ တင်ပြခဲ့ကြတာပါ။

အစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်က “အန်ကယ်တို့အနေနဲ့ ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်နောက်ကိုလိုက်မှာလား၊ ဗိုလ်နေ၀င်းရဲ့တပ်မတော်နောက်ကိုလိုက်မှာလား” လို့ မေးမြန်းခဲ့ပါတယ်။ ဒီမှာပဲ မျိုးချစ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ အန်အယ်လ်ဒီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ (ကွယ်လွန်သွားပြီဖြစ်တဲ့) ဦးချစ်ခိုင်ကနေ “ဒါဆိုရင် အဖွဲ့အနေနဲ့ရော မစုနောက်ကို လိုက်ရမှာလား၊ အန်အယ်လ်ဒီနောက်ကို လိုက်ရမှာလား” လို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

အဓိကဆွေးနွေးနေကြတာကတော့ အစိုးရနဲ့ဆန့်ကျင်ပြီး အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတက်ဖို့၊ မချီတက်ဖို့ အချေအတင်ဖြစ်နေရတာပါ။ ဒီလိုနဲ့ပဲ နောက်နေ့ အာဇာနည်နေ့ နံနက် (၄) နာရီခန့်မှာ ဒေါ်အောင်ဆန်းစုကြည်မှ ဆုံးဖြတ်ချက်ပြောင်းပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်ရုံးခွဲတွေကို ချီတက်မယ့်အစီအစဉ် ဖျက်သိမ်းဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အတန်ငယ်နောက်ကျနေတဲ့အတွက် တချို့မြို့နယ်တွေမှာ လမ်းပေါ်ရောက်နှင့်နေကြပြီး အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပါတယ်။

သမိုင်းကို ပြန်ပြောင်းသုံးသပ်ရလျှင် အဲဒီအချိန်က အန်အယ်လ်ဒီအတွင်းမှာလည်း “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့စကားက ရေပန်းစားနေသလို အစိုးရအနေနဲ့လည်း ပစ်ခတ်နှိမ်နင်းမယ့်အနေအထား ဦးတည်နေတဲ့အတွက် ချီတက်မှုသာဖြစ်ပေါ်ခဲ့ရင် သွေးထွက်သံယိုမှုနဲ့အတူ ပြည်သူတွေ အသက်စတေးရမယ့်အနေအထားပါ။ ဒီလိုသာဖြစ်ပေါ်ခဲ့ရင် ၁၉၉၁ မှာလည်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်နိုင်ရေးဆိုတာလည်း အကောင်အထည် ပေါ်လာနိုင်မယ်မထင်ပါ။ တကယ်တော့ မျိုးချစ်တွေအနေနဲ့ လူထုခေါင်းဆောင်အပေါ်မှာရော၊ အန်အယ်လ်ဒီအပေါ်မှာရော၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာပါ အဘက်ဘက်က အပြည့်အ၀ သစ္စာ ရှိခဲ့ကြတာပါ။

အဲဒီကနေ တဆက်တည်း နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းလိုက်တဲ့ အချိန်ပိုင်းလေးမှာတင် အန်အယ်လ်ဒီ စီးအီးစီ (၄) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ခြံဝင်းအတွင်းမှာပင် တွေ့ဆုံဆွေးနွေးခွင့်တခု ရရှိခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပဲ မျိုးချစ်ကြီးများကို ယုံကြည်လေးစားပါကြောင်းနှင့် သူမမရှိစဉ် အန်အယ်လ်ဒီကို ဦးဆောင်မှုပေးပြီး ဒီမိုကရေစီရရှိရေး ဆက်လက်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်နှင်းခဲ့ပြန်ပါတယ်။


ဒီနေရာမှာ ဖြည့်စွက်ပြောပြလိုတာကတော့ အဲဒီနေ့မတိုင်ခင် ၁၄-၇-၈၉ နေ့ဟုမှတ်သားမိပါတယ်။ အဲဒီနေ့က ရန်ကင်းမြို့နယ် ကျောက်ကုန်းရှိ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ရဲ့ ဗဟိုအစည်းအဝေးကနေ လက်ရှိ အန်အယ်လ်ဒီတွင်းဖြစ်ပေါ်နေတဲ့ Confrontation လမ်းစဉ်အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် မျိုးချစ်အဖွဲ့အနေနဲ့ အန်အယ်လ်ဒီမှနေ၍ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အာဇာနည်နေ့ ကိစ္စအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရမှုတို့ ပေါ်ပေါက်ခဲ့အပြီး မျိုးချစ်များအနေနဲ့ ဘေးကျပ်နံကျပ် ဆိုက်ရောက်ခဲ့ရပြီး ဖြစ်ပေါ်လာတဲ့အခြေအနေအရ ကျရာတာဝန်ကို မညည်းမညူ ဆက်ပြီး ထမ်းခဲ့ကြရတာပါ။

တဆက်တည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ပြောပြပါရစေ။ မျိုးချစ်များအနေဖြင့် အမျိုးသားခေါင်းဆောင်ဆိုတာ လုပ်ကြံဖန်တီးယူလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ သမိုင်းအတွေ့အကြုံတွေအရ အပြည့်အ၀ နားလည်လက်ခံထားကြပါတယ်။ တကယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အရွယ်ဟာ ဦးအောင်ရွှေတို့အနေနဲ့ ကြည့်ရင် သမီးအရွယ်ပါ။ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က (၄၃) နှစ်၊ ဦးအောင်ရွှေက အသက် (၇၀) အရွယ်ပါ။ မျိုးချစ်တွေအဖို့ တဖက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သလို ရဲဘော်ရဲဘက်တွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအနေအထားနဲ့ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အမျိုးသားခေါင်းဆောင်အဖြစ် အပြည့်အ၀ လက်ခံထားကြပါတယ်။

ဒီနေရာမှာ အများမသိနိုင်သေးတဲ့ကိစ္စတရပ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကာလတွေအထိ အန်အယ်လ်ဒီနဲ့ န၀တတို့အနေနဲ့ တရားမ၀င်တွေ့ဆုံဆွေးနွေးမှုတွေ အများအပြားရှိခဲ့ဖူးတာပါ။ နောက်ဆုံးရွေးကောက်ပွဲနိုင်ခဲ့တဲ့အချိန်မှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်က အန်အယ်လ်ဒီခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့ကို တွေ့ဆုံဆွေးနွေးပြီး ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ပြီး အန်အယ်လ်ဒီကို ဦးဆောင်လျက် အစိုးရဖွဲ့လျှင် န၀တမှ အပြည့်အ၀ထောက်ခံရပ်တည်ပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ဖယ်ထုတ်ဖို့နဲ့ အစိုးရအဖွဲ့ထဲ ဘယ်သောအခါမှ မပါဝင်စေဖို့ဆိုတဲ့ ခြွင်းချက်နဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

ဒါတွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေအများအပြား သိရှိကြပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို လက်မခံပယ်ချခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေရှိသလို အချို့လဲ ထောင်ချခံခဲ့ရပါတယ်။ ဒီအချက်ဟာ မျိုးချစ်တွေအနေနဲ့ ပြည်သူလူထုအပေါ်မှာရော၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော၊ ဒီမိုကရေစီကျင့်စဉ်အပေါ်မှာရော သစ္စာဖောက်မှုတွေ သွေဖည်မှုမရှိခဲ့ဘူးဆိုတာကိုပဲ ပြောပြချင်တာပါ။

ကျနော့်ရည်ရွယ်ရင်းက မျိုးချစ်များအနေနဲ့ န၀တ(နအဖ) အပေါ် ကပ်ဖားရပ်ဖား လုပ်နေတာမဟုတ်သလို လူထုနဲ့ အန်အယ်လ်ဒီအပေါ်မှာ သစ္စာစောင့်သိခဲ့တယ်။ ကိုယ်ကျိုးမဖက်ခဲ့ဘူးဆိုတာ တင်ပြလိုတာပါ။ တနည်း လူထုခေါင်းဆောင်အပေါ်မှာ အပြည့်အ၀ယုံကြည်ထောက်ခံမှု ပြုခဲ့တာပါ။
ဒီနေရာမှာ ဦးအောင်ရွှေအကြောင်း တစေ့တစောင်း တင်ပြလိုပါတယ်။ ဒီနေ့ဒီအချိန်မှာ ဦးအောင်ရွှေဟာ အသက်အားဖြင့် (၉၀) စွန်းလာပါပြီ။ အရေးအခင်းစတင်ချိန် (၇၀) ကနေ ဒီနေ့ထိ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံဟာ ခါးသည်းလှပါတယ်။ အရေးအခင်းကာလအတွင်း အန်အယ်လ်ဒီအတွင်းရေးမှူးဖြစ်လာမယ့် ဦးချစ်ခိုင်ကိုယ်တိုင် တိုင်းပြည်မှာ ဘေးဒုက္ခကြုံနေချိန် ဘေးထွက်ထိုင်နေ၍ မဖြစ်ကြောင်း၊ အသက်အရွယ်ရလာပြီဖြစ်သောလည်း မဖြစ်မနေ တိုင်းပြည်အတွက် ၀င်ရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောဆိုဆွေးနွေးပြီးနောက် အဖွဲ့အတွင်း ပါဝင်လာခဲ့တာပါ။

မျိုးချစ်တွေရဲ့ ထူးခြားတဲ့ ၀ိသေသတွေတင်ပြရရင်ဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု၊ အင်္ဂလိပ်ခေတ်၊ နိုင်ငံရေးတိုက်ပွဲမှသည် လက်နက်ကိုင်တော်လှန်ရေး BIA, BDA, Burma Army ခေတ်အထိ ပါဝင်ခဲ့ကြရပြီး လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုပြဿနာဖြေရှင်းရတာနဲ့အတူ နောက်ဆုံး ဦးနေ၀င်းရဲ့ တပါတီအာဏာရှင်စနစ်ကို ဖော်ဆောင်မယ့်အချိန်မှာ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ထွက်လာကြသူအများစုပါ။ ကနေ့ နအဖကိုင်စွဲထားတဲ့ ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတာတွေဟာ လွတ်လပ်ရေးနဲ့အတူ မျိုးချစ်တွေ ကိုယ်တိုင် ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေပါ။ အချုပ်အခြာအာဏာဆုံးရှုံးခြင်း၊ လွတ်လပ်ရေးဆုံးရှုံးခြင်း၊ တိုင်းရင်းသားစည်းလုံးမှု ပြိုကွဲခြင်းတို့ရဲ့ ခါးသည်းတဲ့အရသာတွေနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ဖူးသူတွေပါ။ ဒီတော့ တိုင်းပြည်မှာ နောက်တကြိမ်ဖြစ်ပေါ်မှာကို လုံးဝမလိုလားကြပါဘူး။

ဒါပေမယ့် သူတို့အပေါ် ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ်ဆိုတဲ့ အသုံးအနှုန်းနဲ့အတူ စွပ်စွဲမှုကို ခံနေကြရပါတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်ကရော နအဖဘက်ကပါ သံသယနဲ့ စွပ်စွဲမှုကို အမြဲခံနေကြရတာပါ။ တဖက်မှာလည်း ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံအနေအထား၊ ပြည်ပအကူအညီတွေနဲ့အတူ ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံတော်အတွက် ဆိုးကျိုးတွေကိုလည်း ကြိုတင်သုံးသပ်မိထားကြပါတယ်။ တဖက်ကလည်း နအဖရဲ့ သဘောထားကို သိနေကြသလို ဒီမိုကရေစီစနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဖော်ဆောင်ရေးအတွက် “ပြည်သူ့အား” ကိုသာ ယုံကြည်အားထားရမယ်ဆိုတာကိုလည်း စွဲကိုင်ထားကြသူတွေပါ။ ဒီတော့ သူတို့လုပ်ကိုင်နေရတဲ့ ဦးဆောင်နေရတဲ့ လမ်းဟာ အင်မတန်ကျဉ်းမြောင်းလှပါတယ်။ မလွယ်ကူလှပါဘူး။

တဖက်ကကြည့်ရင်လည်း ဇရာထောင်းနေပြီဖြစ်တဲ့ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို သံသရာမှာ ဘ၀ကူးစောင်းစေဖို့အတွက် ဗုဒ္ဓအဆုံးအမနဲ့အညီ တရားဘာဝနာနဲ့ ဖြတ်သန်းချင်တဲ့ ဆန္ဒလည်း ရှိနေကြသူတွေပါ။ ဒါပေမယ့် ဒါတွေကို စွန့်လွှတ်ထားကြရပါတယ်။ ကိုယ်ရဲ့ အဖိုး၊ အဖေသာဆိုရင်ဆိုတဲ့ မေတ္တာစိတ်နဲ့ ဖြည့်စွက်နားလည်ကြည့်စေချင်ပါတယ်။ ဆုံးရှုံးမှုအပြည့်နဲ့ပါ။

ဒါ့အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်အသီးသီးမှာလည်း ဆုံးရှုံးနေရပါတယ်။ နေအိမ်တယ်လီဖုန်းအဖြတ်ခံထားရတာ နှစ်ပေါင်းများစွာပါ။ အသက်ကြီးသူများအတွက် သာရေး၊ နာရေးပင် ဆက်သွယ်ရန် ဖုန်းမရှိပါ။ လိုအပ်ရင် အိမ်အပြင်ထွက်ပြီး အနီးဆုံး လမ်းဘေးဖုန်းကနေ ဆက်သွယ်ကြရပါတယ်။ နေ့ညမရွေး ပေါ်ပေါက်နိုင်တဲ့ ကျန်းမာရေး၊ နာရေး ကိစ္စတွေမှာ အင်မတန်ခက်ခဲပါတယ်။ ကုသပေးမယ့်ဆရာဝန်မရှိပါ။ ဒေါက်တာ တင်မျိုးဝင်းဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ။ တကယ်တော့ ဆေးခန်းသွားပြခဲ့ရင်လည်း ကုသပေးတဲ့ဆရာဝန်တိုင်း သူတို့ပြန်သွားတာနဲ့ စစ်ဆေး မေးမြန်းတားဆီးခံရပါတယ်။ နောက်တော့လည်း သိရင်မကုရဲကြတော့ပါ။ သူတို့အိမ်ကို သာရေး၊ နာရေး သွားရောက်လည်ပတ်လို့မရသလို သူတို့ကလည်း လာရောက်လည်ပတ်လို့မရပါ။ အားလုံးဖြတ်တောက်ခံထားရပါတယ်။ ဒါ့အပြင် စီးပွားရေးလည်းမရှိပါ။ ရှိတာလေးနဲ့အတူ သားသမီးတွေရဲ့ ထောက်ပံ့လစာလေးတွေနဲ့ ခြိုးခြံချွေတာ ရပ်တည်နေရတာပါ။

ဒီအခြေအနေမှာ နအဖနဲ့ အပေးအယူလုပ်ထားကြတယ်လို့ဆိုလာရင် သူတို့ဟာ ဘာအကျိုးရှိလို့ ဒီလိုအဖိနှိပ်ခံနေကြတာလဲဆိုတာကိုတော့ ပြန်လှန်မေးခွန်းထုတ်စရာ ရှိလာပါတယ်။

နအဖအနေနဲ့ အန်အယ်လ်ဒီရုံးထဲအထိ ထဲထဲဝင်ဝင် ထိုးဖောက်ထားနိုင်တဲ့အတွက် ဘာကိုမှ စိတ်မချရနိုင်လို့ အသက်ကြီးကာမှ လုံခြုံရေးအရ ရုံးအလုပ်တွေ ကိုယ်တိုင်လုပ်နေရပါတယ်။ စာကိုယ်တိုင်ရိုက်ရတယ်၊ သွေးတိုးရောဂါ၊ ကျီးပေါင်းတက်ရောဂါနဲ့ အခြားတွေလည်း အရွယ်နဲ့အမျှ ဖိစီးခံနေရတာပါ။ ဒီနေ့အခြေအနေဟာ နအဖအနေနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ်မှာ ဖိနှိပ်မှု၊ ကန့်သတ်မှုတွေ၊ ပိုမိုလုပ်လာတာကို သတိထားမိကြမှာပါ။ ပြည်တွင်းပြည်ပ အင်အားစုတွေအနေနဲ့ အောင်မြင်မှုမရသေးတာနဲ့အမျှ အားမလိုအားမရဖြစ်ပြီး မိမိတို့အတွင်းမှာပင် အငြင်းအခုံတွေနဲ့အတူ လူကြီးများကို ဖြုတ်ချထုတ်ပစ်ရေး လမ်းကြောင်းပေါ်ကို တွန်းတင်ကြိုးစားလာကြတာကို အင်မတန်မှပင် သတိထားဖွယ် တွေ့မြင်ကြားနေရပါတယ်။ သွေးရိုးသားရိုးဖြစ်စဉ်တွေမှပင် ဟုတ်ပါလေစလို့လည်း အထူးပင် သံသယ၀င်နေမိပါတယ်။

ဒီနေ့ပဲ အန်အယ်လ်ဒီ လူငယ် (၁၀၀) ကျော် နုတ်ထွက်စာတင်တဲ့အကြောင်း သတင်းကြားလိုက်မိပါတယ်။ လူငယ်တွေရဲ့ တက်ကြွတဲ့ နိုးကြားတဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်အယူအဆတွေကို လေးစားဂုဏ်ယူပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ ရည်ရွယ်ရင်း လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သတိကြီးစွာထားပြီး ဆောင်ရွက်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ မဟုတ်ရင်တော့ တစိမ်းတွေ ၀မ်းသာနေကြပါလိမ့်မယ်၊ လက်ခုပ်တီးကြပါလိမ့်မယ်။

တကယ်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အထိ အဖွဲ့အစည်းအတွင်းမှာ သည်းညည်းခံပြီး ညီညွတ်မှုကိုသာ ရှေးရှုသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုရင် ၎င်းကိုယ်တိုင်လေးစားခဲ့ရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်များအပေါ်မှာ လေးစားပြီး ဦးဆောင်မှုကို မမှိတ်မသုန်ခံယူသင့်တယ်လို့ ထင်မြင်မိပါတယ်။

လူထုခေါင်းဆောင် လွတ်မြောက်လာတဲ့တနေ့ သူ့ရဲ့ပြောကြားချက်၊ ဆုံးဖြတ်ချက်ကို ပြောင်းပြီးခံယူသွားနိုင်တဲ့အထိ အဖွဲ့အစည်းရဲ့ညီညွတ်မှုကို ဆုပ်ကိုင်ထားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ရေးချောင်းဝသို့ ...

ရွှေအိမ်စည်
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 17:35 - မြန်မာစံတော်ချိန်

(က)

`စံခရဘူရီ` က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ မြို့ငယ်လေး ဖြစ်သည်။ နယ်စပ်စည်း၏ မြန်မာဘက်တွင်မူ `ဘုရားသုံးဆူ` ရှိသည်။ ဘုရားသုံးဆူက ၁၉၉၀ ခုနှစ်အထိ လွတ်မြောက်နယ်မြေ ဒေသဖြစ်ခဲ့သည်။ ဟိုစဉ်က ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီ ရှိသည်။ KNU တပ်မဟာ ၆ ရှိသည်။ ပြီးလျှင် ….. ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားတပ်ရင်းများ ရှိကြသည်။ ၁၉၉၀ နောက်ပိုင်း ဘုရားသုံးဆူကျပြီးနောက် …. ဘုရားသုံးဆူအား စစ်အုပ်စုမှ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ တိုက်နယ်မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့၏။

`စံခရဘူရီ` မြို့အ၀င်လမ်းက အခြားမြို့များနှင့်မတူ။ မြို့အား ၀င်သည်နှင့် `စံခရဘူရီ` သည် ချိုင့်ဝှမ်းအတွင်း ပြားပြားလေးဝပ်နေသည်အား မြင်ရသည်။ တောင်ထိပ်မှ ဆီး၍ မြင်ရသောမြို့ …..။ မြို့ငယ်သည် `ထပ်ခနုံ` ရေကာတာကြီး၏ အနားသတ်ကဲ့သို့ ဖြစ်နေသည်။ မြို့အ၀င်တောင်ထိပ်မှ ကြည့်လျှင် …. ရေပြင်ကျယ်နှင့် မြို့ရွာအိမ်ငယ်တို့သည် ထိထိစပ်စပ် ရောရောထွေးထွေး….။ ကားသည် တောင်ပေါ်မှ တောင်အောက်သို့ ဝှေ့ကာ ၀ိုက်ကာ ဆင်းလာသည်။ တောင်အကွေ့တွင် စံခရဘူရီအား မမြင်တွေ့ရ….။ တောင်ကမ်းပါးကြီးသာ တွေ့ရ၏။ မကြာ….။ ကားသည် တဖက်သို့ ကွေ့၍ ၊ ၀ိုက်၍ ဆင်းပြန်၏။ ဤတွင် ရေပြင်ကျယ်နှင့် စံခရဘူရီအား မြင်ရပြန်၏။ ကားသည် မတ်စောက်အကွေ့များမှ …..တဖြည်းဖြည်း ဆင်ခြေလျှောသို့ ….။ ထိုမှ မြေပြန့်…..။ မြေပြန့်လမ်းက ကျယ်သည်။ လမ်း၏ တဖက်တွင် ရေပြင် ….တဖက်တွင်မူ တောင်ယာကုန်းများ….။ လမ်း၏ ဘယ်ဘက်တွင် ပင်မလမ်းအား ဦးခိုက်ထားသည့် လမ်းမသွယ်အား တွေ့ရသည်။ ဆိုင်းပုဒ်ထောင်ထားသဖြင့် ….` ဘုရားသုံးဆူ သို့ ……` ….ဟူသည့်စာအား ဖတ်ရ၏။ ဤလမ်းမသွယ်က ဘုရားသုံးဆူသို့ သွားရာလမ်း….။ ကားသည် မြေပြန်လမ်းမကြီးအတိုင်း စံခရဘူရီမြို့သို့ ၀င်လာ၏။


(ခ)

စံခရဘူရီနှင့် ခလော့ခနီ ဒုက္ခသည်စခန်းက မော်တော်ကားလမ်း ပေါက်သည်။ စံခရဘူရီမှ ဟွေ့မလှိုင်းရွာငယ်အထိကမူ ကတ္တရာခင်းလမ်း ဖြစ်သည်။ ဟွေ့မလှိုင်း လွန်သည်နှင့် လမ်းက မြေနီလမ်း …..။ လမ်းကြမ်း၏။ `ဖိုးဝီး` များသာ သွားကြသည်။ ခလော့ခနီဒုက္ခသည်သို့ ရောက်ခါနီး တက်ရသည့် တောင်က မြင့်သည်။ မတ်စောက်သည်။ ယှက်အားကောင်းသည့် ကားများမှ တက်ရသည်။ ကျနော်တို့ စံခရဘူရီတွင် ကားပြောင်း၍ စီးကြသည်။ စံခရဘူရီနှင့် ခလော့ခနီက တနာရီခရီးခန့်သာ ရှိ၍ ခလော့ခနီသို့ အရောက်သွား၍ ညအိပ်ရန် စီစဉ်လိုက်ကြ၏။ ခလော့ခနီဒုက္ခသည်စခန်းသို့ မရောက်မီ ထိုင်း နယ်ခြားဂိတ်တခုကို တွေ့ရသည်။ ထိုင်းနယ်ခြားစောင့်တပ်လား …. ထိုင်းပြည်သူ့စစ်လားဟူ၍ မခွဲခြားတတ် ပြောက်ကျား စစ်ယူနီဖောင်းများအား ၀တ်ထားကြ၏။ ဂိတ်စခန်း၏ ဘေးတွင်မူ နယ်ခြားမှတ်တိုင် စိုက်ထား၏။ ဤနေရာတွင် နယ်ခြားစည်းက သဘာဝ အတားအဆီးမရှိ …..။ ထိုင်းနယ်ခြားစောင့်တပ်က ကျနော်တို့ ကားအား ခဏစစ်ဆေးပြီး သွားခွင့်ပြုလိုက်သည်။ ဂိတ်စခန်းအလွန်လမ်း၏ လက်ယာဘက်တွင် ဒုက္ခသည် အိမ်ငယ်များကို ကားလမ်းနှင့် ယှဉ်၍ ဆောက်ထားသည်ကို တွေ့ရ၏။ ကရင်ဒုက္ခသည်များ …..။ ခလော့ခနီ ဒုက္ခသည်စခန်း မဟုတ်သေး….။ `သောပ` ဒုက္ခသည်စခန်း ဖြစ်သည်။ အိမ်ခြေနည်းသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင်မှ အသစ်ထပ်ဖွင့်သည့် ဒုက္ခသည်စခန်း ဖြစ်သည်။

`သောပ` ဒုက္ခသည် စခန်းလွန်သည်နှင့် ဆန်ဂိုဒေါင်ကြီး ၂ လုံးကို တွေ့ရ၏။ ဂိုဒေါင်များအလွန် လမ်း၏ လက်ဝဲဘက်တွင်မူ …. ခလော့ခနီ ဒုက္ခသည်စခန်း …..။ ခလော့ခနီ ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခုအကြား လျှိုပြန့်ငယ်အတွင်း ဆောက်ထားသည့် …. ရွာတန်းရှည်ကြီး ဖြစ်သည်။ ဒုက္ခသည်စခန်း တည်ထားသည်မှာ ကြာပြီဖြစ်၍ အခြေကျနေပြီ….။ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံတို့နှင့် စည်ကား၏။ ဈေးဆိုင်များမှာလည်း မြန်မာပစ္စည်း၊ ထိုင်းပစ္စည်း အစုံရသည်။ ခလော့ခနီ ဒုက္ခသည်စခန်းက မိန်းလမ်းမကြီးတခုသာ ရှိသည်။ အိမ်များက လမ်းမကြီးအား ခွ၍… ညှပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်းတွင် မြေညှိ၍ ဆောက်ထားကြသည်။

ကျနော်တို့ စီးလာသောကားသည် ဒုက္ခသည် လမ်းမကြီးအတိုင်း ဖြေးဖြေးမှန်မှန်ပင် မောင်းလာ၏။ ကျနော်တို့ တည်းမည့်နေရာက `ဘလက်ဒွန်ဖိုက်` တွင် ရှိသည့် မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးတွင် ဖြစ်သည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက်က တဆက်တည်းပင် ဖြစ်သည်။ ဘလက်ဒွန်ဖိုက်က မြန်မာပြည်အတွင်းဘက် ပိုကျ၏။

ကျနော်တို့ ဘလက်ဒွန်ဖိုက်ရှိ မွန်ပြည်သစ် ပါတီ၏ မြို့နယ်ရုံးလေးသို့ ရောက်တော့ ….. နေညိုပြီ။ တောင်ကြားချိုင့်ဝှမ်းအတွင်း ဖြစ်၍လားမသိ ….။ နေညိုသည်နှင့် အေးစိမ့်မှုက သိပ့်သည်းလာသည်။ ရေပင် မချိုးနိုင်ကြတော့…..။ ကိုယ်လက်ဆေးကြောပြီး ညစာ စားကြ၏။ ကျနော့်အဖို့ …. မျောက်ချီးခါးဟင်းကို ပထမဦးဆုံး စားဖူးခြင်းဖြစ်သည်။

ချီးခါးဆိုသော်လည်း သက်ရုံမျှသာ ….။ လက်ဖက်နံ့ သင်းသင်းနှင့် မျောက်ချီးခါးဟင်းက ….. အသားတမျိုးမျိုးအား လက်ဖက်နှယ်၍ ချက်ထားသည်နှင့်ပင် တူတော့၏။

မနက်ဖြန် ဆက်ရမည့်ခရီးက ခြေလျင်ခရီး ….။ တောင်အတက်အဆင်း ရှိသည်။ ၃ ရက်ခန့် သွားရမည်ဟု ဆိုသည်။ ညဥ့်နက်သည်နှင့် အအေးက စိမ့်၍ ပိုအေးလာသည်။


(ဂ)

တောင်က မြင့်မား၍ မဟုတ်။ မတ်စောက်သဖြင့် တက်ရသည်မှာ ခက်ခဲ၏။ လမ်းက လူတကိုယ်စာ သွားသာရုံမျှသာ။ မိုးရွာထားသည့်အတွက် မြေလမ်းက ချော၍နေသည်။ လှေကား ထောင်တက်ရသလို မတ်စောက်လွန်းလှသည်။ လမ်းဘေးရှိ ၀ါးပင်များအား လက်မလွှတ်ရဲ။ ဆွဲပြီး တက်ရသည်။ ကျော၌ပိုးထားသော ကျောပိုးအိတ်၏ အလေးချိန်ကြောင့် ပြန်၍ လန်ကျမသွားအောင် သတိထားတက်နေရသည်။ မိုးက ဖွဲဖွဲရွာလာပြန်သည်။ မိုးစက်တို့က ချွေးတို့နှင့် ရောသွားသည်။ ကျောပိုးအိတ်နှင့် ကျောပြင်ထိနေသည့် နေရာ၌ ချွေးတို့သည် စိုရွှဲ၍ အေးစက်နေသည်။ စောင်ပါးတထည်၊ ပုခက်တလုံး၊ အ၀တ်အစား အပိုနှစ်စုံ၊ ဆေးဝါးအချို့နှင့် စာအုပ်စာတမ်း အနည်းငယ်သာ ပါသော ကျောပိုးအိတ်သည် ပခုံးပေါ်၌ လွယ်ထားရသည်မှာ လေးလွန်းလှသည်ဟု ထင်ရသည်။ ပစ်ချလိုက်ချင်၏။ အသက်ရှူရသည်မှာ မ၀။ လေတွေ နည်းကုန်ပြီဟု ထင်မိသည်။ နှလုံးခုန်သံကို ကြားရသည်မှာ မီးရထားတစီး ရင်ဘတ်ပေါ် ခုတ်မောင်းနေသလားဟု ထင်မိသည်။ အဆုတ်သည် ညှစ်ရလွန်း၍ ပေါက်ကွဲထွက် သွားမည်ကိုပင် စိုးရိမ်မိသည်။ ပါးစပ်ကို "ဟ" ပြီး အသက်ရှုကြည့်၏။ နည်းနည်းသက်သာသလို ထင်ရသည်။

ဝါးရုံပင်ကို ကိုင်ပြီး အနောက်အောက်ဘက်သို့ လှည့်ကြည့်တော့ ----- ဦးဗိုလ် (ဦးဗိုလ်သောင်း၊ အန်အယ်လ်ဒီ ယင်းမားပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ခါးစောင်းခန့်ရှိသော လမ်းဘေးရှိ သစ်ငုတ်တိုကို မှီပြီး ပါးစပ်ကို "ဟ" ၍ အသက်ကို ရှူနေသည်။ ချွေးတို့က ရွှဲနစ်နေသည်။ ကျနော့်အား ခေါင်းခါပြ၏။ မလွယ်ဘူး ဆိုသည့်သဘော----။ ကျောပိုးအိတ်အား နည်းနည်း နေရာရွှေ့ပြင်ပြီး ဆက်တက်၏။ လမ်းက ပိုချောလာသည်။ ခြေညှပ်ဖိနပ်ဖြင့် ခြေကုတ်မမြဲ။ ချောနေသည်။ ခြေညှပ်ဖိနပ်အား ချွှတ်ပြီး လက်ကောက်ဝတ်တွင် စွတ်ထားလိုက်သည်။ ခြေမနှင့် မြေအား ကုတ်၍၊ ကုတ်၍ တက်မှ တက်၍ရသည်။ လက်ကလည်း လမ်းဘေးအပင်များကို လက်မလွှတ်ရဲ။ တပင်ပြီး တပင် ဆွဲပြီး တက်ရသည်။ မလွယ် -----။

တောင်ကြောပေါ်သို့ ရောက်တော့ ကျနော်တို့ တက်ခဲ့သည့် လူသွားလမ်းသည် ကားလမ်းမကြီးနှင့် ပေါင်းသွားသည်။ ကားလမ်းမ ဆိုသော်လည်း ကျောက်ခင်းလမ်းမဟုတ်။ မြေမာလမ်းပင်ဖြစ်သည်။ စံခရဘူရီ၊ ခလော့ခနီ၊ ရေးကားလမ်းဖြစ်သည်။ မိုးအခါတွင် သုံးမရ။ နွေနှင့် ဆောင်းတွင်သာ အသုံးပြု၍ရသော ကားလမ်းဖြစ်သည်။ တောင်ကြောပေါ်မှ ကြည့်လျှင် ကျနော်တို့ မနက်ကထွက်ခဲ့သည့် `ဘလက်ဒွန်ဖိုက်` ရွာလေးအကို တွေ့ရသည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက် ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခု၏ အကြားတွင် တည်ထားသော ရွာတန်းရှည်ရွာများဖြစ်သည်။ သက်ကယ်မိုး သဲပွတ်ကာ သဲပွတ်ခင်း ဒုက္ခသည် အိမ်ကလေးများက ကားလမ်းအား ခွပြီး အစီအရီ ပြွတ်သိပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်း မြေပြန့်ပြန့်တွင် ကပ်၍ ဆောက်ထားကြသည်။

ဤနေရာတွင်မူ ထိုင်း-မြန်မာနယ်စပ်က ပထ၀ီသတ်မှတ်ချက် သိသိသာသာဖြင့် စည်းခြားမထား။ မြ၀တီ-မဲဆောက်ကဲ့သို့ သောင်းရင်းမြစ်က နယ်စမ်မျဉ်းအဖြစ် ရှိမနေ။ မြေကြောတစပ်တည်း ဖြစ်နေသည်။ ခလော့ခနီဒုက္ခသည် စခန်း၏ အရှေ့တောင်ဘက်တွင်မူ တောင်တန်း ညိုညိုစိမ်းစိမ်းများကို တွေ့ရသည်။ ထိုနေရာတွင် ဘုရားသုံးဆူရှိသည်။ ခလော့ခနီဒုက္ခသည်စခန်းမှ လမ်းလျှောက်သွားလျှင် ဘုရားသုံးဆူသည် နာရီဝက်ခရီးခန့်သာရှိမည်။ ယခင်က ဘုရားသုံးဆူသည် မွန်ပြည်သစ်ပါတီ၊ ကရင့် အမျိုးသားအစည်းအရုံးနှင့် ကျောင်းသားတပ်မတော် တပ်ရင်းများ ခြေကုတ်ထိုင်ခဲ့သည့် နယ်စပ်စခန်းတခု ဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၈ လေးလုံး တနှစ်ပြည့် အခမ်းအနားအား ဘုရားသုံးဆူစခန်း၌ ကျင်းပသည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဆိတ်နို့ ကိုယ်တိုင် တက်ရောက်ပြီး စကားပြောသည်။ စကားပြောစင်မြင့်ပေါ်မှာပင် စကားပြောရင်း နိုင်ဆိတ်နို့ နှလုံးသွေးကြောရပ်ပြီး ကွယ်လွန်ခဲ့၏။ မှတ်မှတ်ရရပင်။ ယခုမူ ဘုရားသုံးဆူစခန်းအား န၀တ စစ်တပ်မှ သိမ်းယူထားခဲ့ပြီး မြို့နယ်တခုအဖြစ် နအဖ၏ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေလေပြီ။

ကျနော်တို့ ခဏနားပြီး ဆက်တက်လာခဲ့ကြသည်။ လမ်းက ကားလမ်းဖြစ်၍ လျှောက်ရသည်မှာ သက်သက်သာသာ ရှိသည်။ ဖိနပ်စီး၍ ပြန်လျှောက်လို့ ရပြီ။ လမ်းကျယ်၍ မြေမာကို ရွေးပြီး ခြေချလို့ရသည်။ တက်လျှင်လည်း ဖြေးဖြေးချင်း မော့တက်သွားသည်။ ဆင်းလျှင်လည်း ဆင်ခြေလျော ----- ။ ပြေပြေပင် ---။ တောင်ပေါ်ကားလမ်းဖြစ်၍ တောင်အား ပတ်ဖောက်ထားသည်။ လမ်း၏ လက်ယာဘက်တွင်က တောင်ကမ်းပါးအား ဖြိုချထားသည့် မြေသားများကို တွေ့ရသည်။ အရောင်က နီညိုညို -----။

ဝါးရုံကြီးများက ကြီးမားလှသည်။ ၀ါးပင်များက ရှည်လည်းရှည်သည်။ ပေ ၁၀၀-၁၅၀ ထိပင် ရှိမည်။ ကွေး၍ ညွှတ်နေကြသည်။ တရုံနှင့် တရုံ ယှက်ထိုးနေကြသည်။ လမ်း၏ လက်ဝဲဘက်တွင်မူ တောင်စောင်း ချောက်ကမ်းပါး -----။ ကမ်းပါးက နက်ရှိုင်းလှသည်။ စိမ်စိမ်းအုပ်အုပ် သစ်ပင်များနှင့် -----။ အဝေးတွင်မူ တောင်တန်းများက အထက်လိုက်၊ အထက်လိုက် ----။ အချို့က စိမ်းညိုညို --- အချို့က ပြာလဲ့လဲ့----။ မြူလား မီးခိုးလား မသိ။ အူထွက်နေသည်။ ဤတောင်တန်းများက တနင်္သာရီတောင်တန်းများလေလား။ မပြောတတ်။

အရှေ့မှ နွားအုပ်ကြီးတအုပ် တက်လာသည်ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်မည့် နွားများ။ နွားအကောင်ရေ ၅၀ ခန့်ရှိမည်။ နွားထီးများက အများစုဖြစ်သည်။ ရေးမှ တက်လာသော နွားများဖြစ်သည်။ အချို့နွားများက ခြေနာ၍ ထော့ကျိုးထော့ကျိုးနှင့် သွားနေကြသည်။ အချို့နွားက သွားရင်းနှင့် နွားထီးအချင်းချင်း မိတ်လိုက်ဖို့ ကြိုးစားနေသေးသည်။ သားသတ်ရုံသို့ သွားနေရသော သူတို့၏ ခရီးကို မသိကြ။ နွားမောင်းလာသည့် နွားကုန်သည်တဦးအား မေးကြည့်၏။

"ချမ်းတိုက် ရွာနီးပြီလား"

ကျနော်တို့ ဒီည ချမ်းတိုက်တွင်ပင် ညအိပ်ကြမည်။ ချမ်းတိုက်ရောက်တော့ ညနေ ၆ နာရီခန့်ပင် ရှိမည်။ တနေ့လုံး လျှောက်ထားရသည့်အတွက် ပေါင်တွေက တောင့်နေပြီး၊ ခြေသလုံးကြွက်သားများက တင်းနေသည်။ မိုင် ၃၀ ခရီးကို လျှောက်ခဲ့ရကြောင်း ခန္ဓာကိုယ်က သက်သေခံနေသည်။

---------------- ပြီးပါပြီ -------------

ရွှေအိမ်စည်

အောက်တိုဘာ ၂၀၊ ၂၀၀၈သတင်း

ကံကောင်းတဲ့အယ်ဒီတာမနေ့တုန်းက ကြေးမုံသတင်းစာမှာ နိုင်ငံတော်အကြီးအကဲ မင်းတြားကြီးသန်းရွှေနဲ့ သံအမတ်၂ယောက် တွေ့ဆုံခြင်းသတင်း မျက်နှာဖုံးပြည့်ပါလာပါတယ်။ သံအမတ်တွေနဲ့တဲ့ဟေ့၊ မျက်နှာဖုံးပြည့်ဆိုပါလား၊ ထူးခြားသဟ ထင်ပြီး သွားဖတ်ရင်လည်း ဖတ်ပေါ့။ မဖတ်အားလို့ ဘာတွေရေးထားလဲ အကျဉ်းချုပ်ပြောပြပါ ဆိုရင် သံအမတ် ၂ယောက်ရဲ့ ခန့်အပ်လွှာ လက်ခံတာပါပဲ၊ ပုံကြီးကြီး ၂ပုံ ထည့်ထားတယ် လို့ တကြောင်းတည်း ဆိုရပါမယ်။ ဒါပါပဲ။ တူရကီသံအမတ်ကြီးက အပေါ်ပုံ၊ အိန္ဒိယသံအမတ်ကြီးပုံက အောက်ဘက်မှာ။

သံတမန်လောကအတွက်တော့ ဒီမျက်နှာဖုံးက အဓိပ္ပာယ်တမျိုးကို ဆောင်ပါလိမ့်မယ်။ အိန္ဒိယကို နှိပ်ကွပ်လိုက်သလား ဆိုပြီး။ နိုင်ငံတော်အဆင့် ဘာပွဲညာပွဲတွေမှာ သံအမတ်တွေက အိမ်ရှင်အကြီးအကဲနဲ့ အနီးကပ်၊ ပြီးတော့ ဘယ်ဘက်မှာဆိုလား ညာဘက်ဘက်မှာဆိုလား ထိုင်ခွင့်ရမှ စိတ်ချမ်းသာသတဲ့။ သံအမတ်ဟာ နိုင်ငံတခုကို ကိုယ်စားပြုတယ်၊ ဒီသံအမတ်ကို ပြုမူပုံကိုကြည့်ရင် သူ့နိုင်ငံအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို ပြသပါသတဲ့။

မျက်နှာဖုံးအကြောင်း ပြန်ဆက်ရရင် ကြေးမုံသတင်းစာ အယ်ဒီတာများကတော့ ဒီလိုမျက်နှာဖုံးမျိုးကို ကြိုက်ကြမှာပါ။ နိုင်ငံတကာမှာတော့ ဖောင်ပိတ်ချိန်နီးတဲ့ ညသန်းခေါင်မှာ အယ်ဒီတာတွေက မျက်နှာဖုံးအတွက် သတင်းရေးဖို့၊ သတင်းရွေးဖို့ အပျင်းကြီးတဲ့နေ့ဆိုရင် ဓာတ်ပုံတွေကို ခပ်ကြီးကြီး ထည့်ခိုင်းလိုက်ကြတာ ထုံးစံပါပဲ။ မျက်နှာဖုံးကို မင်းတြားကြီးရဲ့ သတင်း ၂ပုဒ်၊ ပုံ ၂ ပုံနဲ့ အဆုံးသတ်လိုက်ရတဲ့အတွက် အယ်ဒီတာများ အချိန်ကုန်လူပမ်း သက်သာလိုက်မယ့်ဖြစ်ခြင်း။

၂၄ နာရီအတွင်း ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
အေးချမ်းမြေ့ အောက်တိုဘာ ၂၀၊ ၂၀၀၈

စနေနှင့် တနင်္ဂနွေ ၂ ရက်တွင် ၂၄ နာရီအတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားခဲ့ ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စနေနေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၅ ရပ်ကွက် ဘောက်ထော် ဘူတာရုံလမ်းနှင့် မိုးကောင်း လမ်းဆုံအနီး၊ တပ်မတော်မှတ်တမ်းရုံးရှေ့ ဘောလုံးကွင်းနားတွင် ဗုံး ၁ လုံးပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ သစ်ပင်အသေး ၂ ပင်သာ လဲသွားခဲ့ကြောင်း ကြားသိရသည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌မူ “အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ၏ ၁၅ ပေခန့်အကွာ လမ်းဘေးတွင် နောက်ထပ် ချိန်ကိုက်မိုင်းတလုံးကို သိမ်းဆည်းဖော်ထုတ် ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။

“ကျနော်ကတော့ ဒီဗုံးပေါက်တာ နအဖ ပဲလို့တောင်ထင်တယ်။ ဖြစ်တာက တကယ့်နေရာ မှတ်တမ်းရုံးရှေ့ကြီး။ လုံခြုံရေး တွေ ဘာမှမတင်းကျပ်ထားဘူး။ ကျနော် မနေ့က မှတ်တမ်းရုံးထဲသွားတာ ဂိတ်မှာစစ်တောင် မစစ်ဘူး” ဟု ဒေသခံတဦးက ပြောပြသည်။

၎င်းဗုံးပေါက်ကွဲပြီး ၂၄ နာရီအတွင်းတွင် ရန်ကုန် ရွှေပြည်သာ မြို့နယ်အတွင်း၌ ဗုံးတလုံး ထပ်မံပေါက်ကွဲပြီး ပေါက်ကွဲမှု ကြေင့် လူတဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ၎င်းသတင်းကို ရွှေပြည်သာ ရဲစခန်းက အတည်ပြုပြီး စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်ဟု ကြားသိရသည်။

ထို့ပြင် စနေနေ့ နံနက် ၂ နာရီ ၅၅ မိနစ်ခန့်ကလည်း တာချီလိတ်ရဲစခန်းတွင် အလွန် အားမပြင်းသော ဗုံး ၂ လုံးပေါက်ကွဲ ခဲ့ကြောင်း တာချိလိတ် ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

သောကြာနေ့က ရုံးထုတ်ခဲ့သော တရားခံများထဲတွင် ပါဝင်သည့် လက်နက်မှုနှင့် စွဲဆိုခံထားရသော ဝ အမျိုးသား တရားခံ တဦးက အချုပ်ခန်းကို ဖောက်ခွဲပြီး ထွက်ပြေးရန်အကြံအစည်ဖြင့် ယင်းအမှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

“ရုံးထုတ်တော့ အဲဒီတရားခံကို လာတွေ့တဲ့သူက သူ့ကို ပဲနို့တကပ်ပေးသွားတယ်။ အဲဒီတရားခံက အဲဒီဘက်မှာ နည်းနည်း ပါဝါရှိတဲ့သူဆိုတော့ ဝန်ထမ်းတွေက ဘာမှမစစ်ဘဲ လွှတ်ပေးထားတာ။ ပဲနို့ကပ်ထဲမှာ ဗုံးက ပါသွားတာ” ဟု အဆိုပါ တာချီလိတ်ရဲစခန်းနှင့် နီးစပ်သူကဆိုသည်။

စနေမနက်အစောပိုင်းတွင် ၎င်းက ဗုံး ၂ လုံးကို နံရံတွင်ကပ်၍ ရှေ့ဆင့်နောက်ဆင့် ဖောက်ခွဲလိုက်သော်လည်း အားအလွန် မပြင်းထန်သောကြောင့် နံရံမှာ ပြိုကျခြင်းမရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

“အားပြင်းရင်တော့အကုန်ထိမှာပဲ။ ဘေးမှာကလက်နက်တိုက်လေ” ဟု သူကပြောသည်။ ယခုအခါ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပဲနို့ကပ်ပေးသွားသူကို လိုက်လံရှာဖွေဖော်ထုတ်နေသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ ၄ လအတွင်းတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှု ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ မှ စတင်ရေတွက်လျင် ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီဖြစ်သည်။

ဇန်နဝါရီလအတွင်းက နေပြည်တော် ပျဉ်းမနားဘူတာနှင့် ရန်ကုန်ဘူတာကြီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရန်ကုန် ဘူတာကြီးတွင် ဖြစ်ပေါ်သည့် ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဧပြီလအတွင်းကမူ ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိပေ။ ဇူလိုင် ၁၄ ရက် နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် အနီးတွင် ခရီးသည်တင်ကားတစီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ဇူလိုင်လအတွင်းကပင် ရန်ကုန် ရွှေပြည်သာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရက လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဦးမြင့်အေးသည် ဇူလိုင်လ ဗုံးပေါက်ကွဲမှုနှင့် အဓိကပတ်သက်နေသော ဖောက်ခွဲရေးသမားများကို ပံ့ပိုးခဲ့သည်ဟု ပြောဆိုခဲ့သည်။

ဦးမြင့်အေးသည် အဖမ်းမခံရမီက မြစ်ဝကျွန်းပေါ်ဒေသရှိ အတင်းအကျပ်လုပ်အားပေး စေခိုင်းမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ၎င်း၏ အပေါင်းအပါများနှင့်အတူ စုဆောင်း ဖော်ထုတ်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းသို့ ပေးပို့နေသူဖြစ်သည်။

စစ်အစိုးရက ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးဖော်ထုတ်ခဲ့သည်ဟု ဆိုသော်လည်း ဗုံးပေါက်ကွဲမှုများမှာ ရပ်တံ့မသွားဘဲ ဆက်လက်ဖြစ်ပွားလျှက်ပင် ရှိနေသေးသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ ဗီဒီယိုရုံတွင် ဗုံးပေါက်ကွဲခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရခဲ့သည်။ ၎င်းပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဟု စွပ်စွဲခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလ ပန်းခြံတွင် ဗုံးပေါက်ကွဲပြန်ရာ လူ ၃ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ဗုံးပေါက်ကွဲမှုများအပြင် ရန်ကုန်မြို့အတွင်း၌ စီအန်ဂျီဓာတ်ငွေ့အိုး ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ရာ အောက်တို ဘာ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။

“ရန်ကုန်မှာ ဗုံးကွဲတာတို့ ကားဂက်စ်အိုးပေါက်တာတို့က ဖက်ရှင်လိုတောင်ဖြစ်နေပြီ။ လူတွေက အသက်ကို ဖက်နဲ့ ထုပ်ထားရသလိုပဲ” ဟု ရန်ကုန်မြို့ခံတဦးကပြောသည်။

အပြစ်မရှိဘဲ အဖမ်းခံထားရသည့် သတင်းထောက် အချုပ်မှလွှတ်

မိုးမခ အထောက်တော် (ရန်ကုန်)

အောက်တိုဘာ ၂၀ရက်

လူသတ်မှုသတင်း ရေးသားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းရဲ၏ ခေါ်ယူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် မကြာမီ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဖလားဝါးနယူးစ် ဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်း အား ယမန်နေ့ညနေက ပြန်လွှတ်ပေးလိုက် ကြောင်းရန်ကုန်မြို့မှ လာသောသတင်းများ အရသိရသည်။

ကိုစောမြင့်သန်းကို တရားမ၀င်အသင်းအဖွဲ့နှင့် ဆက်သွယ်မှုပုဒ်မ၊ အီလက်ထရွန်းနစ် ပုဒ်မနှင့် အစိုးရအကြည်ညိုပျက်အောင် ပြောဆိုမှု စသည့် အနည်းဆုံး ပုဒ်မ ၃ခုနှင့် တရား စွဲဆို ခဲ့ပြီးနောက် တလခွဲကျော်အကြာ တွင်ယခုကဲ့သို့ ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်သည်။

အမှုမှ တရားသေလွှတ် ပေးလိုက်သည်ဟု ရန်ကုန်မြို့မှ လာသော သတင်းများအရ သိရပြီး၊ ခံဝန်ချက်ထိုးရခြင်းစသည့် လုပ်ဆောင်မှုမျိုး ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။
စက်တင်ဘာ လနောက်ဆုံးပတ်ထုတ် ဖလားဝါးစ်နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့နယ်မှ လင်မယားနှစ်ဦး အသတ်ခံရသည့် သတင်းကို ကိုစောမြင့်သန်းနှင့် အခြားသတင်းထောက်တဦး တို့ကမေးမြန်းကာ ဂျာနယ်တွင် ရေးသားဖေါ်ပြခဲ့သည်။ ဂျာနယ်ထွက်ရှိပြီး မကြာမီ ရန်ကုန်တိုင်းရဲက ကိုစောမြင့်သန်းအား ခေါ်ယူကာ လူသတ်မှု သတင်းရေးသားမှုနှင့် ပတ်သက်ပြီး ကြိမ်းမောင်းပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက် သည့် သတင်းကို နာရီပိုင်းအတွင်း ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ဖေါ်ပြခဲ့မှုကြောင့် ကိုစောမြင့်သန်းအား ပြည်ပသတင်းဌါနနှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ စက်တင်ဘာလ ၁ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ကျောက်တံတားရဲစခန်းက ကိုစောမြင့်သန်း ဧရာဝတီသတင်းဌာနနှင့် ဆက်သွယ်သည့် အထောက်အထား တစုံတရာမျှ မတွေ့ရှိရသော်လည်း အထက်မှ ညွှန်ကြားချက်အရ အရေးအယူလျင် မဖြစ်သည့် အခြေအနေကြောင့် အရေးယူ ခဲ့ရသည်ဟု ရန်ကုန်မြို့ ဂျာနယ်အသိုင်းအ၀ိုင်း မှကောက်ချက်ချ ပြောဆိုခဲ့သည်။

ရန်ကုန်မြို့မှ သတင်းထောက်တဦးက …

“ကိုစောမြင့်သန်းက အသားလွတ်ကြီး ခံရတာဆိုတော့ လွှတ်ပေးသင့်ပါတယ်။ ဘာအထောက်အထားမှလည်း မရှိပဲနဲ့ ပို့တဲ့သူကို မဖေါ်နိုင်ရင် ဖမ်းမယ်ဆိုပြီးဖမ်းတာကတော့ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး၊ အခုလို လွတ်တယ်လို့ ကြားတော့ ၀မ်းသာပါတယ်။ သတင်းထောက်က သတင်းရေးလို့ အကြိမ်းမောင်းခံရတယ်။ အဖမ်းခံရတယ်ဆိုတာ ကျွန်တော်တို့ မီဒီယာလောကအတွက် မကောင်းပါဘူး။ ရေးသားတဲ့ သတင်းမှားလို့ တရားစွဲခံရတယ် ဆိုတာမျိုးကို နားလည်နိုင်သေးပေမယ့် အခုကိစ္စကတော့ နကိုကတည်းက ဖြစ်ကိုမဖြစ်သင့်တဲ့ ဟာပါ” ဟုပြောဆိုသည်။ (Burmese street vendors preparing for selling Burmese journals & periodicals - file photo, MoeMaKa)
မကြာမီ နှစ်ပိုင်းမှ စတင်ပြီး ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် သတင်းဂျာနယ် အများအပြား ပေါ်ထွက်လာကာ အမျိုးပေါင်း ဒါဇင်နှင့်ချီပြီး အပတ်စဉ်ထွက်ရှိလျက်ရှိသည်။ ပြန်ကြားရေးဝန်ကြီးဌါနမှ ထုတ်ပြန်သော စာရင်းအရ အပတ်စဉ်ထုတ် ဂျာနယ်အမျိုးပေါင်း ၁၅၀ ၀န်းကျင်အထိရှိပြီး ပုံမှန်ထွက်ရှိနေသော သတင်းဂျာနယ်များမှာ အမျိုးအစား ၃၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။

ထိုသို့ သတင်းဂျာနယ်များ တိုးပွားလာခြင်းကြောင့် သတင်းထောက်များ၊ သတင်းအယ်ဒီတာအရေအတွက်များ လည်းသိသိသာသာ များပြားလာခဲ့သည်။ ယခု ဖမ်းဆီးသည့် လုပ်ရပ်သည် အဆိုပါသတင်းမီဒီယာသမားများမှတဆင့် ပြည်ပရှိမြန်မာ သတင်းမီဒီယာများဆီ သို့ သတင်း မပေါက်စေရန် စစ်အစိုးရက သတိပေးခြိမ်းခြောက်မှု တရပ်အဖြစ် ရှုမြင်ကြသည်။

ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ်
ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော (၁၄)ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သည်။

ကေအန်ယူအဖွဲ့၏ ဥက္ကဌ အဖြစ် စောတာမလာဘောနှင့် အထွေထွေ အတွင်းရေးမှူးးအဖြစ် နော်စီဖိုးရာစိန်ကို အောက်တိုဘာ လ ၁၇ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

နော်စီဖိုးရာစိန်သည် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရပြီးနောက်ပိုင်း အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်ရသည့် ပထမဆုံးသော ကရင်အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ် သည်။

နော်စီဖိုးရာစိန်အား ကေအန်ယူတွင် ယင်းကဲ့သို့ ခန့်အပ်လိုက်ခြင်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကြိုဆို လိုက်သည်။

အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်က“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကေအန်ယူရဲ့ဦးဆောင်မှုအောက် မှာ ကရင်အမျိုး သမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောသည်။

နော်စီဖိုးရာစိန်နှင့်အတူ ယခု ကေအန်ယူ ကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ စောဒေးဗစ် သာကပေါ်ကို ဒု ဥက္ကဌ အဖြစ် လည်းကောင်း၊ ဗိုလ်မှူးစောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး (၁) နှင့်(၂) အဖြစ်လည်းကောင်း ခန့်အပ်လိုက်ပြီး တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ် မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရောဂျာခင်၊ ပဒိုအားတိုး၊ ပဒိုဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။

နော်စီဖိုးရာစိန်သည် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ် တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီး အဖွဲ့ အစည်းတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့် သူမ၏လုပ်ရပ်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။

ကေအန်ယူအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်အထိ ဥက္ကဌ(ရ)ဦးရှိသွားပြီဖြစ်သည်။

ကေအန်ယူသည် အင်အားကြီးမားသည့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ခုနှစ် ဖေဖော် ၀ါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်သည်။

၁၉၄၉ခုနှစ် မှ စတင်ကာ လက်ရှိအချိန်အထိ ကေအန်ယူသည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

စစ်အစိုးရအား နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ခဲ့ခြင်းမရှိချေ။

၁၉၉၅ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ)သည် ကေအန်ယူ အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင်လည်း ကေအန်ယူ ဥက္ကဌ စောဘိုမြသည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ ကေအန်ယူ တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ခွဲထွက်အဖွဲ့ကိုကေအန်ယူ/ ကေအန်လယ်အေ ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ကေအန်ယူအဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကေအန်ယူမှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများ ပြားလာကာ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ် ၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားခဲ့သည်။

မန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ကေအန်ယူအား ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

မဟာချိုင်တွင် မြန်မာမိန်းကလေးများ စိုးရိမ်ဖွယ်ရာ အဓမ္မပြုကျင့်မှုများနှင့် ရင်ဆိုင်နေရ
ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၀၈

ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် မဟာချိုင်တွင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား မိန်းကလေး အများ စုသည် စိုးရိမ်ဖွယ်ရာ အဓမ္မပြုကျင့်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့် အရေး ဆောင်ရွက် နေသူများက ပြောသည်။

မဟာချိုင်အခြေစိုက် ထိုင်း အလုပ်သမားအခွင့်အရေးအဖွဲ့(Raks Thai)မှ ရှေ့နေ တဦးက ၂၀၀၈ ခုနှစ်၏ ပထမ ၈ လ အတွင်း၌ပင် မြန်မာရွှေ့ပြောင်းအလုပ်သမများ အဓမ္မပြုကျင့်ခံရသည့်အမှုပေါင်း ၃၀ ခန့် ရှိကြောင်း ပြောဆို သည်။

အဓမ္မပြုကျင့်ခံရမှု ၆ မှုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု တခြားသော မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးအဖွဲ့(Labor Rights Promotion Network-LPN)က လည်း ပြောသည်။

LPN အဖွဲ့ ဒါရိုက်တာ ဆွန်ဖွန် စခ၀ီ က “အဲဒီ မှာရှိတဲ့ လမ်းသရဲဂိုဏ်းသားတွေက မြန်မာအလုပ်သမတွေကို သားကောင် တွေလို ပစ်မှတ်ထားနေကြတာ ၊ တရားမ၀င် အလုပ်သမားတွေ၊ အဓမ္မပြုကျင့်ရင် သူတို့ကို ဖမ်းလို့ မရဘူးဆိုပြီး သူတို့က ပြောသေးတယ်”ဟု ပြောပြသည်။

ယင်း လမ်းသရဲ ဂိုဏ်းသားများက မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားများကိုလည်း ရိုက်နှက် လုယူမှုများ ရှိသည် ဟုလည်း ၎င်းက ဆိုသည်။

“ထိုင်းကို အရေးယူတာနဲ့ မြန်မာကိုအရေးယူတာကလည်း ကွာခြားမှုရှိတယ်၊ မြန်မာဆိုရင် အမှုကို တရားရုံးက အချိန်ဆွဲ ထားတယ်၊ မြန်မာနိုင်ငံသားဖြစ်ရင် တရားမျှတမှုမရနိုင်ဘူး”ဟု အထက်ပါ Raks Thai အဖွဲ့ရှေ့နေက ပြောသည်။

လမ်းသရဲ ဂိုဏ်းသားများက ညဘက် အလုပ်မှ ပြန်လာသော မိန်းကလေးများကို ကားဖြင့်ခေါ်ဆောင်ကာ အဓမ္မ ပြုကျင့်ခြင်း ကို အများဆုံးကျူးလွန်တတ်ကြပြီး မိန်းကလေးများနေထိုင်ရာ အခန်းများသို့ ၀င်ရောက်၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်သည့် အမှုများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မွန်ပြည်နယ် ရေးမြို့မှ မဟာချိုင်သို့ လာရောက်ပြီး စက်ရုံတရုံတွင်အလုပ်လုပ်နေသော ဟွန်ဆန်ကလည်း ၎င်းနှင့် ရင်းနှီး သည့် အသက် ၁၄ ခန့် မိန်ကလေး တဦးကို အဆိုပါ လမ်းသရဲ ဂိုဏ်းသားများက ဖြားယောင်းခေါ်ယူ၍ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှုရှိခဲ့ကြောင်း ပြန်လည် ပြောပြသည်။

တချို့သော အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးများမှာ ရှက်၍ သော်လည်းကောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံ ရမည်ကို ကြောက်ရွံ့၍ သော်လည်းကောင်း သက်ဆိုင်ရာသို့ တိုင်ကြားပြောဆိုခြင်းမရှိကြဟု Raks Thai အဖွဲ့ ရှေ့နေက ပြောသည်။

ယင်း မဟာချိုင် ဒေသတွင် မြန်မာရွှေပြောင်း အလုပ်သမားအများစုသည် ပင်လယ်စာ လုပ်ငန်းများတွင် လုပ်ကိုင်ကြရပြီး ၎င်းတို့အတွက် လုံခြုံရေးအလွန်စိုးရိမ်ဖွယ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနှင့်ချီ၍ ရောက်ရှိနေပြီး ၁ သန်းခန့်သာ မှတ်ပုံတင် စာရင်း ရှိကြောင်း သိရသည်။


စားသုံးသူများအရေး စစ်အစိုးရ ခေါင်းထဲ လုံးဝ မရှိ
ရဲနည် အောက်တိုဘာ ၂၀၊ ၂၀၀၈

ယခင်က တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို အားထားမှီခိုနေရရာမှ တဖန်ပြောင်းပြန်လှန်၍ မြန်မာစစ်အစိုးရက ယခုတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်းများကို မသုံးစွဲကြရန် စားသုံးသူများကို တိုက်တွန်းနေပြန်သည်။

ယခင်က အိမ်နီးချင်းတရုတ်နိုင်ငံတွင် အဆိပ်သင့်နို့မှုန့်များ ပြဿနာတက်နေသည့် အကြောင်း၊ တရုတ်နိုင်ငံမှ စက်မှုထုတ် ကုန် မယ်လမင်းဓါတ် (melamine) ပါဝင်ပြီး အဆိပ်သင့်စေသည့်နို့မှုန့်ကို သောက်သုံးမိသည့်အတွက်ကြောင့် ကလေးအချို့ သေဆုံးခဲ့ရပြီး ထောင်နှင့်ချီ၍ ဖျားနာခဲ့ကြရသည့် အကြောင်းကို အစိုးရအာဘော် သတင်းစာများက အမှောင်ချထားခဲ့ပြီးမှ ယခုကဲ့သို့ တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရက နို့မှုန့်အန္တရာယ်ကို နောက်ကျမှ ထုတ်ပြန်ကြေညာ သတိပေးခဲ့ရုံသာမက၊ ဈေးဆိုင်များမှ မယ်လမင်းဓါတ် ပါဝင် နေသည့် နို့မှုန့်များကို စစ်ဆေးရန်၊ ဖယ်ရှားဖျက်ဆီးရန် တာဝန်ယူလုပ်ဆောင်မည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းလည်း မရှိပါ။ သတင်းစာများတွင် ထုတ်ပြန်ချက် ဖော်ပြရုံမျှသာ ရှိခဲ့ပါသည်။

သိရှိရသမျှ နို့မှုန့်ပြဿနာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ကြီးကြပ်ရေးအဖွဲ့ အာဏာပိုင်များက မွန်ဂိုလီးယားအတွင်းပိုင်းဒေသ ယီလီ စက်မှုအုပ်စု (Yili Industrial Group) မှ တင် သွင်းလာခဲ့သည့် မယ်လမင်းဆိပ်သင့်နေသည့် ကလေးအစားအစာ ၁၆ တန်ကို ဖျက်ဆီးပစ်ခဲ့ခြင်းမျှသာ ဖြစ်ပါသည်။

ငွေကြေးမတတ်နိုင်ကြ၍ အဖိုးချိုပစ္စည်းနောက်လိုက်နေကြရသည့် စားသုံးသူများက ပလပ်စတစ်အိပ်များနှင့် ပြန်လည် ထုပ်ပိုးရောင်းချနေသည့် နို့မှုန့်များ၊ ရက်စွဲလွန် ထုတ်ကုန်များ သုံးစွဲနေကြရခြင်းကို ကာကွယ်တားဆီးပေးမှု အလျဉ်းမရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ မယ်လမင်းဓါတ်ပါဝင်သည့် နို့မှုန့်ကို သောက်သုံးမိ၍ မြန်မာနိုင်ငံတွင် ကလေးမည်မျှ ထိ ခိုက်ဖျားနာ ခဲ့သည်ကိုလည်း အတိအကျ မသိရှိရပါ။

အစိုးရက စားသုံးသူများအရေး ကာကွယ်ပေးနိုင်ရေးအတွက် ဥပဒေပြဌာန်းဆောင်ရွက်ပေးခြင်း မရှိသလို၊ အစိုးရကိုယ်၌က စားသုံးသူများ ဘေးကင်းလုံခြုံရေးထက် ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်အတွက်ကို သာ ပို၍ အာရုံထားနေခဲ့သည်။

မယ်လမင်းဓါတ်ပါသည့် နို့မှုန့်တခုတည်းသာ မဟုတ်ပါ။ အခြားနေရာများတွင်လည်း ကာကွယ်ပေးမှုများ ကင်းမဲ့နေပါသည်။ လွန်ခဲ့သည့် အပတ်အနည်းငယ်က ခရီးသွားများ စီးလာကြသည့် သဘာဝဓါတ်ငွေ့ (CNG) သုံး ယာဉ်များ ၃ စင်းတိုင်တိုင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးသည်။ သို့အတွက်ကြောင့် ခရီးသွားနေကြရသည့်သူများ က ဓါတ်ငွေ့သုံး ဘတ်စကားများ စီးရမည်ဆိုလျှင် စိုးရွံ့နေကြရသည်။

တိုက်ကြီး-ရန်ကုန် မော်တော်ယာဉ်ပေါက်ကွဲမှုတွင် မောင်းနှင်လာ သည့် ပစ်ကပ်ကားပေါ်ရှိ လူ ၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ တဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ကားမောင်းသူ၊ စပယ်ယာ နှင့် အခြားခရီးသည် ၅ ဦး ပေါက်ကွဲမှုတွင် ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့လယ်တွင် ဘတ်စကားတစီး ပေါက်ကွဲခဲ့သေးသည်။ သို့သော် ကံကောင်း ထောက်မ၍ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။ စက်တင်ဘာလဆန်းပိုင်းက ဖြစ်ခဲ့သည့် အင်းစိန်မြို့နယ်တွင်း ဘတ်စကား ပေါက် ကွဲမှုတွင်မူ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို "စစ်ဆေးနေဆဲရှိကြောင်း" အာဏာပိုင်များက ပြောဆိုကြသော်လည်း လေ့လာသူများကမူ စစ်အစိုးရက လူအများ မေ့လျော့သည်အထိ အချိန်ယူ စောင့်နေကြပြီး၊ နောက်ဆုံး မည်သို့မျှအရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ပြီးသွားလိမ့်မည်ဟု ယုံကြည်နေကြပါသည်။

ထိုသို့ယုံကြည်ရန်လည်း အကြောင်းက ခိုင်လုံနေပါသည်။ သဘာဝဓါတ်ငွေ့ (CNG) သုံးယာဉ်များအဖြစ် ပြောင်းပေးသည့် လုပ်ငန်း၊ ဓါတ်ငွေ့ဖြည့်ဆိုင် စသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် အိုင်ဂျီအီး ကုမ္ပဏီလီမိတက် (IGE Co. Ltd) မှာ စစ်အစိုးရအတွင်း အာဏာကြီးသည့် စက်မှု (၁) ၀န်ကြီးဦးအောင်သောင်း၏ သားများ ပိုင်ဆိုင်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ပြီး စစ်အစိုးရနှင့် အလွမ်းသင့်နေသော ကုမ္ပဏီဖြစ်နေသည်။ ထို့အပြင် ဦးအောင်သောင်းကိုယ်၌ကလည်း စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်မ သာဝကတဦးသဖွယ် အားကိုးနေရသောကြောင့် ဆက်လက်အရေး ယူဖွယ် မရှိဟု တွက်ချက်နေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ခံ လူတဦးက မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် သွားလာကြရမည့် ဘတ်စကားများ၊ ယာဉ်များ စီးရန် ကြောက်ရွံ့နေကြရသည့် အခြေအနေကို "ဗုံးပေါ်မှာ ထိုင်နေကြရသလိုပဲဗျာ" ဟု ဆိုခဲ့ပါသည်။

ဆင်ဆာကြောင့် ဟာသမဂ္ဂဇင်း ထုတ်ဝေမှု ရပ်ဆိုင်း
နန်းဒေဝီ
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စာပေစိစစ်ရေးဌာနက ၂၃ ရာခိုင်နှုန်းကို ဖြတ်တောက်လိုက်သဖြင့် လစဉ်ထုတ် ဟာသမဂ္ဂဇင်းတခု အောက်တိုဘာတွင် အချိန်မှီ မဖြန့်ချီနိုင်တော့ဘဲ ရပ်ဆိုင်းထားလိုက်ရသည်။

ရန်ကုန် အခြေစိုက် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှ ဖောင်အရေအတွက်ပေါင်း ၂၆ ဖောင်အနက် ၆ ဖောင်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးမှ ဖြုတ်ချလိုက်သဖြင့် ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းရခြင်း ဖြစ်သည်။

"ဖြုတ်တာများတော့ စာအုပ်ထုတ်ဖို့ မဖြစ်လောက်ဘူး။ ကဗျာနဲ့ ဝတ္ထုတွေ အဖြုတ်များတယ်။ ဒါကြောင့် ၂ လလောက် ရပ်ထားရမယ့် သဘော ရှိနေတယ်" ဟု မဂ္ဂဇင်းတိုက်နှင့် နီးစပ်သူတဦးက ပြောသည်။ မဂ္ဂဇင်းတိုက်တော့ ထပ်မံ အရေးယူမှု ပြုမှာစိုး၍ သတင်းထုတ်ပြန်ရန် ငြင်းဆန်လိုက်သည်။

စာပေကင်ပေတိုင်ဟု ဂျပန်ခောတ် ဂျပန် စစ်ထောက်လှမ်းရေးများ ရက်စက်မှုနှင့် တင်စားခြင်းခံရသော စာပေစိစစ်ရေးမှ မဂ္ဂဇင်းတိုက်အား တစုံတရာ အကြောင်းပြချက် မပေးသော်လည်း အာဏာပိုင်များအနေဖြင့် ကဗျာအဓိပ္ပာယ် နားမလည်သည့်အတွက် မူဝါဒနှင့် မညီဟု အကြောင်းပြကာ ဖြုတ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ အသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုကြသည်။

"ကဗျာတွေဆိုတာက လျှို့ဝှက် ရေးသားရတာ များတယ်။ အဲဒါ အာဏာပိုင်တွေက အဓိပ္ပာယ် ကောင်းကောင်း နားမလည်ဘူး။ သူတို့စိတ်ထဲမှာ ဖြုတ်ချင်ရင် ဖြုတ်လိုက်တာပဲ။ လျှောက်ဖြုတ်ချနေတာလေ။" ဟု ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

အလားတူပင် ယခုလထုတ် ကလျာ၊ ချယ်ရီ၊ မြန်မာသစ်၊ မဟေသီ စသည့် ရသစုံ မဂ္ဂဇင်းများတွင် ထည့်သုံးမည့် ကဗျာများ ဆင်ဆာ အဖြတ်ခံရသည့်အတွက် စာအုပ်ထုတ်ဝေရာတွင် ကဗျာ အပုဒ်ရေ နည်းသွားသည်။

"ကဗျာတွေက တော်တော် အဖြတ်ခံရတာ ဆိုးတယ်။ ဒီလဆို ကလျာမဂ္ဂဇင်းကဆို ၄ ပုဒ်ပဲ ထုတ်နိုင်တယ်။ မဟေသီက ၁၁ ပုဒ်တင်တာ ၅ ပုဒ်ပဲ ရတယ်။ မြန်မာသစ်က ၂ ပုဒ်ပဲ ထုတ်နိုင်တယ်။ အရင်ကဆို ရသစုံ မဂ္ဂဇင်းတွေမှာ အနဲဆုံး ၇ ပုဒ်တော့ ပါခဲ့တာပဲ" ဟု ရသစုံ မဂ္ဂဇင်းတိုက်တခုမှ စာရေးသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ချယ်ရီ မဂ္ဂဇင်းတိုက်မှ ထုတ်ဝေခဲ့သည့် ကဗျာဆရာ ခင်မောင်သန်း ရေးသားသည့် “ဒီပရင်္ဂ” ကဗျာကြောင့် မဂ္ဂဇင်းတိုက်အား အာဏာပိုင်များက ဖိအားပေးခဲ့သဖြင့် အယ်ဒီတာ ဦးဌေးအောင်သည် အလုပ်မှ ထွက်ခဲ့ရပြီးနောက်ပိုင်း မဂ္ဂဇင်းများတွင် ထည့်သုံးသည့် ကဗျာများအား သေချာစိစစ်လာကြောင်း ရန်ကုန် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

"အခုလို ဖြတ်တာများတော့။ စာအုပ်အင်္ဂါရပ် မမီတော့ဘူးပေါ့၊ ဖြတ်တာများရင်။ ဈေးကွက်ပါ ပျက်လာတယ်။ ဈေးကွက်က တဖြည်းဖြည်း ကျဉ်းလာနေတယ်" ဟု ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက သုံးသပ် ပြောဆိုသည်။

တရားစီရင်မှုကို မယုံ၍ ရှေ့နေပါဝါများ ရုပ်သိမ်း
ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသူ ၄ ဦးက တရားစီရင်မှုများကို အယုံအကြည် မရှိသဖြင့် သူတို့ ရှေ့နေများ၏ ရှေ့နေ ပါဝါများကို ရုပ်သိမ်းလိုက်သည်။

လှိုင်မြို့နယ်မှ ကိုထွန်းထွန်းဦး၊ မထားထားသက်၊ ကိုအောင်ကျော်မိုး၊ ကိုမောင်မောင်လတ်တို့ ၄ ဦးသည် ယနေ့တွင် လှိုင်မြို့နယ် တရားရုံးတွင် တရားစီရင်မှု၌ အယုံအကြည် မရှိသဖြင့် ရှေ့နေများအား ယခုလို ပါဝါ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

"သူတို့အပေါ်မှာ စွဲဆိုလုပ်ကိုင်နေတဲ့ တရားလိုတွေက မမှန်မကန် စွပ်စွဲနေတဲ့ အနေအထားတွေပေါ့နော်။ ဒီတရားစီရင်ရေးကို မယုံကြည်တဲ့အတွက် ရှေ့နေများ ပါဝါကိုလည်း ရုပ်ပါတယ်တဲ့။ တရားရုံးထုတ်တဲ့အခါ ပြောတယ်။ အမှုကို ဆက်လက်ပြီးတော့ စစ်ဆေး၊ မေးမြန်း၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘူး။ အစစ်မခံတော့ဘူး။ အန်ကယ်တို့လည်း ပါဝါရုပ်ကြောင်း ရုံးတော်ကို တင်ပြပြီးတော့ ထွက်လာခဲ့တယ်'' ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်ဇော်ဦး၊ ကိုကျော်စိုး၊ ကိုမောင်ကံတို့သည်လည်း ပြီးခဲ့သည့်အပတ် သောကြာနေ့က သူတို့၏ ရှေ့နေအား ပါဝါ ရုပ်သိမ်းခဲ့သည်။

ထို့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရွှေသံစဉ်တီးဝိုင်းမှ ဂစ်တာသမား ကိုဝင်းမော်၊ တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုပြည့်ဖြိုးလှိုင် အပါအ၀င် ၉ ဦး၊ ကိုအောင်သွင်၊ ကိုမြစံ၊ ကိုတင်စမ်း၊ ကိုအောင်မြင့်နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ကိုအောင်သိန်းလွင်လည်း ရှေ့နေပါဝါ ရုပ်သိမ်းလိုက်သည်ဟု သူတို့ရှေ့နေက ပြောသည်။

တရားရုံးများတွင် တရားစီရင်မှုအား အယုံအကြည် မရှိခြင်းအပေါ် ထိုင်းနိုင်ငံအခြေစိုက် အကျဉ်းသားများအား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်က "တရားရုံးကို အယုံအကြည် မရှိတဲ့အခါ လိုက်ပေးနေတဲ့ ရှေ့နေတွေရော၊ တရားလိုတွေရော အယုံအကြည် မရှိတာက ဖြစ်လာတာ။ နအဖ ကတော့ သူတို့ ချမယ်ဆိုတဲ့ စီမံချက်အတိုင်း ချမှာဖြစ်တယ်။ ရှေ့နေငှားခွင့် ရှိတယ်ဆိုတာက ကိုယ့်ဘက်က ခုခံပိုင်ခွင့်နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်တယ်လေ။ ရှေ့နေတွေကို ပါဝါရုပ်သိမ်းဖို့ ပြောတဲ့ အမှုသည်တွေကိုလည်း ပြန်ပြီး စဉ်းစားသင့်တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ရှေ့နေတွေက ထောင်မကျအောင် လုပ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်တရားနဲ့ ခုခံပိုင်ခွင့်ဆိုတာကိုတော့ လုပ်ပေးနိုင်ပါတယ်။ တချိန်ကျရင် အသုံးဝင်တာတွေ ရှိလာနိုင်ပါတယ်။ ကိုယ့်ဘက်က ဒီစွပ်စွဲခံရတဲ့ လူတွေကို ဥပဒေရေးရာ ရှေ့နေတွေကနေပြီးတော့ ပြန်လည် ချေပခဲ့တယ်ဆိုတဲ့ ကိစ္စက သူတို့ ဘယ်လောက်ပဲ ထောင်ချခဲ့သည်ဖြစ်စေ၊ တချိန်ချိန်ကျရင် အမှန်တရားကို ဖော်ထုတ်နိုင်မှာပါ" ပြောသည်။

ပြစ်မှု ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၀ နှင့် အကျဉ်းထောင်များ အက်ဥပဒေ ပုဒ်မ ၄၀ များအရ ရှေ့နေနှင့် ထုချေခွင့်၊ တွေ့ခွင့်များကို နအဖ က ပေးထားသော်လည်း ဥပဒေ လုပ်ငန်းစဉ်များ လုပ်ပိုင်ခွင့် ရှိလျက်နှင့် ပါဝါ ရုပ်သိမ်းခံရခြင်းသည် အမှုသည်များ၏ အခွင့်အရေးများကို နစ်နာသည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

သူက "ဥပဒေအတိုင်း ဖြစ်ချင်တယ်။ အမှန်တရားလည်း ပေါ်ပေါက်ချင်တယ်။ တကယ့်ကို အမျိုးသား နိုင်ငံရေးမှာ ရပ်တည်ချက်တွေအတိုင်း တရားဥပဒေကို ရင်ဆိုင်ချင်တဲ့ စိတ်က ၈၈ ကျောင်းသားများ၊ အရှင် ဂန္ဘီရ၊ သံဃာတွေရော အားလုံးမှာ ရှိတဲ့ တပြေးညီ ဆန္ဒပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးကို လူထုကို ကိုယ်စားပြုတဲ့ ဥပဒေ စောင့်ထိန်းပေးမယ့် ရှေ့နေရှေ့ရပ်ကို လိုချင်ကြတယ်။ ဒါတွေ ဖော်ဆောင်နိုင်မယ်ဆိုရင် ရှေ့နေတွေကို ပါဝါရုပ်စရာ အကြောင်း မရှိဘူး" ဟု ပြောသည်။

အာဟာပိုင်များက ဖမ်းဆီးခံထားရသူများအား မည်သည့် ပြစ်ဒဏ်ချမှတ်မည်ဆိုသည်ကို ကြိုတင် ပြင်ဆင်ထားသဖြင့် နိုင်ငံတကာ စံချိန်စံညွှန်များနှင့် မြန်မာနိုင်ငံရှိ ဥပဒေများ မကိုက်ညီခြင်း၊ ဥပဒေဘောင် အပြင်ဘက်က ပြုလုပ်နေခြင်းသာ ဖြစ်သဖြင့် ဥပဒေကို အလွဲသုံးစား လုပ်နေခြင်း၊ ဥပဒေကို မထီမဲ့မြင် လုပ်နေခြင်းသာ ဖြစ်သည်ဟု ကိုတိတ်နိုင်က ပြောဆိုလိုက်သည်။

အဖွဲ့ချုပ်ဝင်များ ဖမ်းဆီးသည့်နေ့ မှားယွင်းဖော်ပြမှု လျှောက်လဲ
ဝိုင်းပီး
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက အတိုက်အခံ ပါတီကြီးမှ တိုင်းအဆင့် ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် နေ့စွဲနှင့် ပတ်သက်၍ မှားယွင်း ထွက်ဆိုထားခြင်းအတွက် တရားဆိုင်များ၏ ရှေ့နေများက ရုံးတော်သို့ လျှောက်လဲ တင်ပြထားသည်။

ထိန်းသိမ်းခံနေရသည်မှာ တနှစ်ကျော်ပင် ကြာမြင့်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ၆ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်ဟု တရားရုံးတွင် ထွက်ဆိုထားခဲ့ခြင်းအပေါ် အကျိုးဆောင်ရှေ့နေများက တရားရင်ဆိုင်နေသူများ နစ်နာဖွယ် ရှိသည်ဟုဆိုကာ ပြန်လည် ပြင်ဆင်ရန် ယနေ့တွင် တရားရုံးသို့ လျှောက်လဲလိုက်ကြသည်။

“၂ဝဝ၈ ခုနှစ်မှာ ဖမ်းတယ်ဆိုပြီး သူတို့က လွဲလိုက်တာဟာ ချုပ်ရက်တွေအတွက် နစ်နာသွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် သက်သေတွေကို ထွက်ဆိုခိုင်းတာ ဖြစ်တယ်” ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

“တရားစွဲဆိုနေတဲ့သူတွေက အစိုးရက ပြန်တမ်းဝင် အရာရှိတွေ ဖြစ်တယ်။ နိုင်ငံတော်ကိုယ်စား တရားစွဲဆိုတာလည်း ဖြစ်တယ်ဆိုတော့ ကျနော့်အနေနဲ့ အမှန်အတိုင်းပဲ ပြောစေချင်တယ်။ အခုလို အမှန်အတိုင်း သူတို့ မပြောကြတာကတော့ သူတို့ကိုယ်တိုင်ကိုက အကြည်ညိုပျက်အောင်လုပ်တာ ဖြစ်တယ်”

မန္တလေးထောင်တွင်း ချုပ်နှောင်ခံထားရသူ တရားဆိုင်နေရသူများ၏ မိသားစုဝင်များက စစ်အစိုးရကိုယ်စား စွဲချက်တင်သူများက နေ့စွဲ မှားယွင်းဖော်ပြမှုသည် ရည်ရွယ် လုပ်ဆောင်မှုဖြစ်ပြီး နောင်တွင် တရားရင်ဆိုင်သူများကို နစ်နာမှု ဖြစ်စေသည်ဟု ဆိုသည်။

တရားရင်ဆိုင်နေသူ တဦးဖြစ်သည့် မန္တလေး အန်အယ်လ်ဒီ စည်းရုံးရေးမှူး ဒေါ်ဝင်းဝင်းမြမြကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သူမ၏ အကိုရင်းဖြစ်သူ ဦးဘစိုးနှင့် ညီမ ဒေါ်တင်ဝင်းရီတို့က သက်သေ အထောက်အထားများနှင့် ရုံးတော်သို့ တင်ပြခဲ့သေးသည်။

“တနှစ်အတွင်းမှာ ထောင်ဝင်စာတွေ့ခဲ့တာ ၂၄ ကြိမ်ဆိုတော့ ဒေါ်ဝင်းမြမြကို ဖမ်းတာ ၂ဝဝ၈ ခုနှစ် မဟုတ်ဘဲ ၂ဝဝ၇ ခုနှစ်ဆိုတာ ပေါ်လွင်အောင် စာရွက်စာတမ်းတွေ၊ အထောက်အထားတွေနဲ့ ရုံးတော်ကို သက်သေတွေ ပြခဲ့တယ်” ဟု ဦးဘစိုးက ပြောသည်။

ယခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က တရားရုံးတွင် စွဲချက်တင်ရာ၌ အစိုးရ ပြန်တမ်းဝင် အရာရှိများက ဒေါ်ဝင်းမြမြနှင့် မန္တလေးတိုင်း အဖွဲ့ချုပ်ဝင် ၅ ဦးအား ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးသည်ဟု တရားရုံး၌ ထွက်ဆိုခဲ့သည်။

ယခုအမှုသည် အထူးခုံရုံးဟု ဆိုသော်လည်း အရပ်ဘက်ခုံရုံး ဖြစ်သဖြင့် ချုပ်ရက်များကို လျှော့ရက်ထဲတွင် ထည့်သွင်း ရေတွက်ခွင့်၊ ခံစားခွင့် ရှိရမည်ဖြစ်ကြောင်း ရှေ့နေ ဦးမြသွင်က ပြောသည်။

မန္တလေးတိုင်း အဖွဲ့ချုပ် အမျိုးသမီးတာဝန်ခံ ဒေါ်ဝင်းမြမြ (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)၊ ဦးကံထွန်း (မန္တလေးတိုင်းစည်း အဖွဲ့ဝင်)နှင့် ဦးသန်းလွင် (မတ္တရာလွှတ်တော်အမတ်) အား အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ လူတဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ကို မလိုမုန်းထားဖြစ်စေရန် မသမာသည့်စိတ်ဖြင့် မရိုးမဖြောင့် လုပ်ဆောင်မှု - ၁၅၃ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

ကျန်ရှိသည့် မိုးကုတ်မြို့နယ်စည်း ကိုမင်းသူ၊ ကျောက်ပန်းတောင်းမြို့စည်း ကိုတင်ရွှေ၊ မတ္တီလာမြို့နယ်စည်း (လူငယ်) ကိုတင်ကိုကို အား ပုဒ်မ ၅ဝ၅ (ခ)၊ ၁၅၃ (က)၊ ဘာသာသာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု - ပုဒ်မ ၁၉၅ (က)၊ တားဖြစ်မိန့်ထုတ်ထားသည်ကို သိလျက်နှင့် ပါဝင်မှု - ပုဒ်မ ၁၄၅၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု - ပုဒ်မ ၁၄၇၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု - ပုဒ်မ ၁၅၂ တို့ဖြင့် စွဲချက် တင်ထားသည်။

လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှုကို စီရင်ချက်ချမည်ဟု သိရသည်။

ကေအန်ယူ ခေါင်းဆောင်များ ရွေးချယ်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 14:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကရင်အမျိုးသားအစည်းအရုံးအတွင်း ခေါင်းဆောင်ပိုင်း ခန့်အပ်ရွေးချယ်မှု မကြာသေးခင်က ပြုလုပ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် နှစ် ၆၀ ကြာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ကေအန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံး၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာ-ထိုင်း နယ်စပ်အနီးတွင် ပြုလုပ်ခဲ့ကြပြီး ခေါင်းဆောင်သစ်များ ရွေးကောက် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ဥက္ကဌအဖြစ် ဗိုလ်ချုပ် စောတာမလာဘော၊ ဒုတိယ ဥက္ကဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ အတွင်းရေးမှူး (၂) စောဒါလေးမှူးတို့ကို တင်မြှောက်ခဲ့ကြသည်ဟု စကော ကရင်ဘာသာဖြင့် ရေးသားထားသည့် ကွဲကလူလ် သတင်းဌာနအဆိုအရ သိရသည်။

ကေအန်ယူ ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ၊ ဗိုလ်ချုပ် စောတာမလာဘောသည် (၇) ဦးမြောက် ဥက္ကဌ ဖြစ်သည်။ ယခင် ဥက္ကဌဖြစ်သူ စောဘသင်စိန်သည် မေ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့ပြီးနောက် စောတာမလာဘောသည် ယာယီဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့သည်၊

အစည်းအဝေးသို့ ကရင် အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ကရင်မျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ခုမှ တာဝန်ရှိသူများနှင့် ခရိုင်အသီးသီးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ
NEJ / ၂၀ အောက်တိုဘာ ၂၀၀၈

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက် ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက် ထပ်ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမားဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။

အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ် တမ်းရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာ ခဏဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်းဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကား မှတ်တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ် အစိုးရက စွပ်စွဲလေ့ရှိသည်။

ကေအန်ယူ၏ ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန် အရွေးခံရ
NEJ/ ၂၀ အောက်တိုဘာ ၂၀၀၈ နှစ် (၆၀) သက်တမ်းရှိပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား မကြာခင်က ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွေးချယ်တင်မြှောက်လိုက်သည်။

နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများကို အဓိကတာဝန်ယူရသည့် ကရင်အမျိုးသားအစည်းအရုံး၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “ ဒီ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ကိုယ်စားလှယ်အားလုံးရဲ့ ယုံကြည်မှုအရ ရွေးချယ်တင်မြှောက်ခံရတာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေးသာမကဘဲ မြန်မာ့အရေးကိုပါ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ယုံကြည်လို့ တာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မှန်ကန်တဲ့ ရပ်တည်ချက်၊ ပြတ်သားတဲ့မူဝါဒအပေါ်မှာ ဦးဆောင်မှုအခန်းကဏ္ဍပေးနိုင်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရသူ နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသမီးအစည်းအ ရုံး၏ အထွေထွေအတွင်းရေးမူးလည်း ဖြစ်သည်။ ယခင်က ကရင်တော်လှန်ရေးနယ်မြေတွင် ကျောင်းဆရာမတဦး ဖြစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) အဖွဲ့တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အဖွဲ့၏အတွင်းရေးမှူးအဖြစ် တာဝန်ယူလာခဲ့သည်မှာ (၈) နှစ်သက်တမ်းရှိပြီးဖြစ်သည်။

၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချုပ်ကျဆုံးပြီးနောက် မယ်ရာမို ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တခုကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ထို့နောက် လက်ရှိလုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ၁၉၉၉ တွင် ကျောင်းဆရာမတာဝန်မှ ထွက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့တွင် ၀င်ရောက်တာဝန်ယူခဲ့သည်။

ကေဒဗလျူအို အဖွဲ့သည် အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စများကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပြီး ကရင်အမျိုးသမီးများအပေါ် မြန်မာစစ်အစိုးရတပ်များ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာနှစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၏ ဦးဆောင်ကြိုးပမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းတခုဖြစ်သည့် The United Nations Association of the National Capital Area (UNANCA) အဖွဲ့မှ ၂၀၀၇ ခုနှစ်အတွက် ပါဒီတာဟူစ်တန် လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ အဆိုပါလူ့အခွင့်ရေးဆုမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားခဲ့သူ အမေရိကန်စာရေးဆရာမ ပါဒီတာဟူစ်တန်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် UNANCA အဖွဲ့မှ ၂၀၀၂ ခုနှစ်မှစ၍ ပေးအပ်လာခဲ့ပြီး (၅) ကြိမ်မြောက်တွင် နော်စီဖိုးရာစိန် ရွေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည်။

ယခုကျင်းပပြီးစီးသွားသည့် (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် မူဝါဒရေးရာကိစ္စနှင့် ပတ်သက်၍ ပြောင်းလဲမှု မရှိဘဲ စစ်ရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။

ရွှေပြည်သာမှာ ဗုံးကွဲ၊ လူတဦးသေဆုံး
20 October 2008ဦးသားညွန့်ဦး

ရန်ကုန်မြို့မြောက်ပိုင်း ဆင်ခြေဖုံးအရပ်မှာ မနေ့ တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံး
ကွဲတာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ်
၁၈ ရပ်ကွက်က နေအိမ်တလုံးမှာ ပေါက်ကွဲတာဖြစ်ပြီး သေဆုံးသူဟာ အသက် ၃၀
အရွယ် အမျိုးသားဖြစ်တယ်လို့ နယ်ခံတွေက ပြောပါတယ်။ အကြောင်းစုံကို
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဗုံးပေါက်ကွဲပြီးပြီးချင်း သက်ဆိုင်ရာအာဏာပိုင်တွေ၊ လုံခြုံရေးတာဝန်ရှိသူတွေက
ပေါက်ကွဲမှုဖြစ်တဲ့နေအိမ်ကို ရောက်ပြီးပြီးချင်းမှာပဲ ဖောက်ခွဲရေးပစ္စည်းအချို့ကို
ထပ်တွေ့ရတယ်လို့ နယ်ခံတွေအပြောအရ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်၊ သေဆုံးမှုနဲ့
ပတ်သက်လို့ နယ်ခံတဦးက အခုလို ပြောပြပါတယ်။

"၃၀ ၀န်းကျင်လောက်ရှိမယ်။ သူက ထမင်းဝယ်ပြီး ပြန်လာတဲ့အချိန် တံခါးဖွင့်လိုက်
တော့ အုံးသွားတာပေါ့၊ အဲဒီမှာ။"

အခု ကျနော်တို့ကြားတာ သူ့အိမ်မှာလည်း ဗုံးတွေထပ်မိတယ်လို့ သတင်းတချို့မှာ
တွေ့ပါတယ်။

"အဲလိုမျိုးပြောကြတယ်၊ အတုံးတွေတဲ့။ လူကတော့ ရုပ်ပျက်ဆင်းပျက်ပဲ။"

သူ့မိသားစုရော ဘယ်နှစ်ယောက်လောက်ရှိတယ်လို့ ကြားပါလဲ။

"နှစ်ယောက်ပဲရှိတယ်တဲ့။ သူ့အဖေကတော့ ရပ်ရေးရွာရေး ဓမ္မာရုံမှာ တရားတွေ
ဘာတွေ ဟောတာတော့ ရှိတယ်၊ လူကြီးပေါ့။"

အခုပေါက်ကွဲမှုဖြစ်နေစဉ်မှာ သေဆုံးသူတဦးပဲ နေအိမ်မှာရှိတယ်လို့ သိရပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ရဲချုပ်ရုံးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာ
မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားရေးဌာနအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ
ထုတ်ပြန်ပေးပါလိမ့်မယ်လို့ တာဝန်ကျ ရဲအရာရှိတဦးက အခုလိုဖြေပါတယ်။

"ရဲချုပ်ရဲ့ညွှန်ကြားချက်ကိုလည်း ဖတ်လိုက်ရမှာပါ။ ရဲချုပ် တရားဝင်သတင်းစာ
ရှင်းလင်းပွဲ လုပ်တယ်လေ။ အဲဒီ ရဲချုပ်သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့
က သတင်းထုတ်ပြန်ရေးဆိုပြီး တာဝန်ပေးထားတာ ရှိပါတယ်။ အဲဒီအဖွဲ့က စာစောင်
တွေ၊ မဂ္ဂဇင်းတွေက တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး အဲဒီသတင်းကို ထုတ်ပြန်ပေးမှာ
ဖြစ်ပါတယ်။ အခုလောလောဆယ် တာဝန်ရှိတဲ့ လူကြီးတွေကိုယ်တိုင်လည်း အဲဒီကိစ္စ
အမြန် သတင်းထုတ်ပြန်နိုင်ဖို့ လုပ်နေပါတယ်။ အခုလောလောဆယ် ကျနော်တို့လည်း
အဲဒီလောက်ပဲ ပြောလို့ရပါမယ်။"

သတင်းထုတ်ပြန်ရေးအတွက် တာဝန်ပေးထားတယ်ဆိုတဲ့ ရန်ကုန်တိုင်းနဲ့ နေပြည်တော်
က တာဝန်ရှိ ရဲမှူးတွေဆီကို ဆက်သွယ်ပေမယ့် တုံ့ပြန်ချက် မရပါဘူး။

စနေနေ့ညကတော့ ရန်ကုန် ရန်ကင်းမြို့နယ်ရှိ တပ်မတော်မှတ်တမ်းရုံးအနီးမှာ
ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးအနားမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ နောက်ထပ်ဗုံးတလုံး
ကိုလည်း စနက်တံဖြုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။
တလောတုန်းက ရန်ကုန်-တိုက်ကြီး လိုင်းကားတစီး အင်းစိန် စက်မှုတက္ကသိုလ်အနီး
ပေါက်ကွဲမှုဖြစ်ခဲ့တာကိုတော့ ဒါဟာ ကားတိုက်မှုကြောင့် ဂက်စ်အိုးပေါက်ကွဲခဲ့တာလို့
အစိုးရသတင်းစာမှာ ရှင်းလင်းဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာဟာ
မသမာသူတွေရဲ့ လက်ချက်ဖြစ်တယ်၊ ဒါတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်လို့
အာဏာပိုင်တွေဘက်က ပြောဆိုနေတဲ့ တချိန်တည်းမှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး
စွပ်စွဲခံရတတ်တဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က ဖိနှိပ်မှုတွေ ပိုပြီးတိုးလာမလားဆိုပြီး
စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာနေပါတယ်။

ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေရဲ့ အဖျက်
အမှောင့်လုပ်ရပ်အဖြစ် မြန်မာအစိုးရ အာဏာပိုင်တွေက စွပ်စွဲလေ့ရှိတဲ့အပေါ်မှာလည်း
နိုင်ငံရေးလှုပ်ရှားသူတွေ၊ အကဲခတ်တွေက သံသယရှိနေတာ ဖြစ်ပါတယ်။

အာရှစတော့ခ်ဈေး ပြန်တက်လာ
20 October 2008

စီးပွားရေးအင်အားကြီးနိုင်ငံ နှစ်နိုင်ငံက အခက်ကြုံနေတဲ့ သူတို့ရဲ့ဘဏ်တွေကို ကူညီဖို့
လုပ်ဆောင်လိုက်တဲ့အတွက် ဒီနေ့ အာရှဈေးကွက်မှာ စတော့ခ်ဈေးတွေ သိသိသာသာ
တက်ပြီး ဈေးပိတ်သွားပါတယ်။

ဟောင်ကောင် ဟန်ဆန်း (Hang Seng) နဲ့သြစတြေးလျနိုင်ငံရဲ့ အဓိကအညွှန်းတို့ ၄%
လောက် တက်သွားသလိုပဲ တိုကျိုရဲ့ နစ်ကေး(Nikkei) လည်း ၃% ခွဲ တက်သွားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း ကော့စ်ပီ (Kospi)၂% တက်လာလို့ လေးရက်တာ အရောင်းအ၀ယ်
ကာလအတွင်း အမြင့်ဆုံးတက်သွားတာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာတော့ မနက်ပိုင်းမှာ
တင် ၂% တက်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဘဏ်တွေရဲ့ နိုင်ငံခြားအကြွေးငွေ ဘီလီယံ ၁၀၀ ဖိုး အာမခံမယ်၊
ဘဏ်တွေကိုလည်း ဒေါ်လာဘီလီယံ ၃၀ တိုက်ရိုက်ထည့်ဝင်သွားမယ်လို့
တောင်ကိုရီးယားအစိုးရက ကြေညာခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာလည်း ကမ္ဘာ့အကြီးဆုံး ဘဏ် ၂၀ ထဲမှာပါဝင်တဲ့ ING ကို ဒေါ်လာ
၁၃ ဘီလီယံ ထည့်ဝင်မယ်လို့ အစိုးရက မနေ့က ကြေညာခဲ့ပါတယ်။

ချည်ထည် အ၀တ်ထည်တင်သွင်းတဲ့ ဗြိတိန်ကုမ္ပဏီ မြန်မာနိုင်ငံက မတင်သွင်းဖို့ ဆုံးဖြတ်
20 October 2008
မြန်မာနိုင်ငံကထုတ်တဲ့ ချည်ထည်တွေရောင်းချနေတဲ့ ဗြိတိန်နိုင်ငံက Cotton Traders ကုမ္ပဏီကို ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က သပိတ်မှောက်ခဲ့တာကြောင့် မြန်မာနိုင်ငံက ချည်ထည်တွေကို တင်သွင်းတော့မှာမဟုတ်ဘူးလို့ အောက်တိုဘာလလ ၁၇ ရက် သောကြာနေ့ ရက်စွဲနဲ့ တရားဝင် ကြေငြာချက် ထုတ်လိုက်ပါတယ်။

Cotton Traders ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကထုတ်တဲ့ ချည်ထည်၊ အ၀တ်အထည်တွေ ဆက်ပြီး တင်သွင်း ရောင်းချနေမယ်ဆိုရင် သပိတ်မှောက်မယ်ဆိုပြီးတော့ Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့က Campaign စတင်ခဲ့တာပါ။ အဲဒီလို Campaign စပြီး နောက် ၂ ရက်အကြာမှာ မြန်မာနိုင်ငံကနေ အ၀တ်အထည်သစ်တွေ နောက်ထပ် တင်သွင်း ရောင်းချတာ လုပ်တော့မှာမဟုတ်တဲ့အကြောင်း အခုလို တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်တာပါ။

Cotton Traders ကုမ္ပဏီ မြန်မာနိုင်ငံကထုတ်တဲ့ အ၀တ်အထည်တွေကို မတင်သွင်းတော့ဘူးလို့ ဆုံးဖြတ်ရခြင်းရဲ့ အဓိက အကြောင်းရင်းက ဘာဖြစ်နိုင်မလဲလို့ ဒီ သပိတ်မှောက် Campaign ကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ Burma Campaign UK အဖွဲ့က Johnny Chatterton ကို မေးကြည့်ပါတယ်။

“Cotton Traders ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ - ကျနော်တို့အဖွဲ့က သပိတ်မှောက်မယ်ဆိုတဲ့ Campaign စတင်လိုက်တာရယ်၊ နောက် မြန်မာနိုင်ငံက မထွက်မချင်း ကုမ္ပဏီကထုတ်တဲ့ အ၀တ်အထည်တွေကို ၀ယ်ယူသုံးစွဲမှာမဟုတ်ဘူးလို့ ကျနော်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ခံသူ အများအပြားက ကုမ္ပဏီကို ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားခဲ့တာတွေရယ်ကြောင့် ဖြစ်မယ်လို့ ကျနော်ထင်တယ်ဗျ။ ”

မြန်မာနိုင်ငံက ထုတ်တဲ့ အ၀တ်အထည်တွေကို တင်သွင်းခြင်းမလုပ်တော့ပဲ ဘာကြောင့် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကိုတော့ Cotton Traders ကုမ္ပဏီက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဗြိတိန်နိုင်ငံမှာ ချည်ထည် အ၀တ်အထည် ကုမ္ပဏီပေါင်း ၁၄၀ ကျော်ရှိပေမယ့် မြန်မာနိုင်ငံက ဘယ်ကုမ္ပဏီမှ တင်သွင်းတာမရှိပဲ Cotton Traders ကုမ္ပဏီတခုပဲ ကာလတော်တော်ကြာကြာကတည်းက တင်သွင်းနေခဲ့တာလို့ Johnny Chatterton က ပြောပါတယ်။

တခြားကုမ္ပဏီတွေ မြန်မာနိုင်ငံက ချည်ထည် အ၀တ်အထည်တွေကို တင်သွင်းခြင်း ရှိမရှိဆိုတာ အတိအကျ မသိသေးတဲ့အတွက် Burma Campaign UK အဖွဲ့အနေနဲ့ အခုချိန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို အ၀တ်အထည် ကုမ္ပဏီတွေ မြန်မာနိုင်ငံက နှုတ်ထွက်သွားတဲ့အတွက် ဒီစက်ရုံတွေအပေါ် မှီခို ရပ်တည်နေကြရတဲ့ လက်လုပ်လက်စား စက်ရုံအလုပ်သမားတွေရဲ့ ဘ၀ရပ်တည်ရေးကို ထိခိုက်မှု မရှိနိုင်ဘူးလားလို့ မေးကြည့်ပါတယ်။

“ အဲဒီ စက်ရုံတွေမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ဘ၀ရပ်တည်မှုဟာ အင်မတန် အရေးကြီးတဲ့ကိစ္စပါ။ ဒါပေမယ့် ဒီ စက်ရုံတွေကထုတ်တဲ့ အ၀တ်အထည်တွေအပေါ် အခွန်ကောက်ခံလို့ ရတဲ့ဝင်ငွေတွေ၊ စက်ရုံငှားလို့ ရတဲ့ငွေပမာဏတွေက စစ်အစိုးရကို အကြီးအကျယ် အထောက်အကူပြုနေတဲ့အတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေက ဒီကိစ္စကို သပိတ်မှောက် ကန့်ကွက်နေကြတာပါ။ ဒါကြောင့်လည်း မြန်မာပြည်က နှုတ်ထွက်တဲ့ကုမ္ပဏီတွေအနေနဲ့ မနှုတ်ထွက်ခင် အလုပ်သမားတွေကို တနှစ်စာ လုပ်အားခနဲ့ ညီမျှတဲ့ နစ်နာကြေး ပေးခဲ့ဖို့ တောင်းဆိုနေတာပါ။”

အခုနောက်ဆုံး နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ Cotton Traders ကုမ္ပဏီအပါအ၀င် တခြား နှုတ်ထွက်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေကို တနှစ်စာ နစ်နာကြေး ပေးမယ် မပေးဘူးဆိုတာတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိဘူးလို့ Johnny Chatterton က ပြောပါတယ်။


Cotton Traders ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ချည်ထည် အ၀တ်အထည် စုစုပေါင်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကို တင်သွင်းနေတယ်ဆိုတာ အတိအကျ မသိရပေမယ့် နှစ်စဉ် တနှစ်ကို ပေါင်စတာလင် ၁၄ သန်းကနေ ၁၅ သန်း၊ တနည်းအားဖြင့် အမေရိကန်ဒေါ်လာနဲ့ သန်း ၃၀ လောက် တန်ဖိုးနဲ့ညီမျှတဲ့ ချည်ထည် အ၀တ်အထည်တွေကို တင်သွင်းနေတယ်လို့ သိရတဲ့အကြောင်း Johnny Chatterton က ပြောသွားပါတယ်။

ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်နေ့တုန်းကလည်း ဗြိတိန်နိုင်ငံအခြေစိုက် Lloyd’s of London အာမခံကုမ္ပဏီကြီးအောက်မှာ လုပ်ကိုင်နေကြတဲ့ XL နဲ့ Chubb ကုမ္ပဏီ ၂ ခု ဟာ ဒီ Burma Campaign UK အဖွဲ့က သပိတ်မှောက် ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေကို အာမခံပေးတဲ့လုပ်ငန်း မလုပ်တော့ဖို့ ဆုံးဖြတ်လုက်ပြီး မြန်မာနိုင်ငံကနေ နှုတ်ထွက်ခဲ့ပါတယ်ခင်ဗျား။

ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဘုရှ် လက်ခံ ကျင်းပပေးမည်
19 October 2008
အမေရိကန် သမ္မတ ဘုရှ်ရဲ့ Camp David အပန်းဖြေ စခန်းစီကို ရောက်လာကြတဲ့ ပြသစ်သမ္မတ နီကိုလပ် ဆာကိုဇီနဲ့ ဥရောပ ကော်မရှင် ဥက္ကဌ ဂျူဆေး မင်နူရယ် ဘရိုဆိုနဲ့ တွေ့ဆုံ အပြီးမှာ သမ္မတဘုရှ်က ကမ္ဘာ့ ဘဏ္ဍာရေး ပြဿနာတွေ ဖြေရှင်းနိုင်ရေး ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ထိပ်သီး အစည်းအဝေးပွဲတခုကို ကျင်းပသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"မကြာမီ အနာဂတ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေပါ ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲ တခုကို အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ကျွန်တော် မျှောင်လင့်ပါတယ်။ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး စနစ်တွေကို ခိုင်မာဖို့နဲ့ ခေတ်မှီအောင် အသွင်ပြောင်းဖို့ ကျွန်တော်တို့ အားလုံး အတူတွဲပြီးတော့ လုပ်သွားကြပါမယ်။ ဒါမှ ဘဏ္ဍာရေး ပြဿနာတွေ နောက်တခါထက်ပြီးတော့ မဖြစ်ဖို့ အာမခံချက်ပေးနိုင်ပါမယ်။"

သမ္မတ ဘုရှ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ငွေကြေးပြဿနာတွေအတွက် အဖြေရှာနိုင်ဖို့ ပြင်သစ် သမ္မတ ဆာကိုဇီ၊ ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘရိုဆိုတို့နဲ့ စနေနေ့တုန်းက ဆွေးနွေးခဲ့ပါသေးတယ်။ ဒီနှစ် မကုန်ခင်မှာ ကမ္ဘာ့နိုင်ငံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တခုကို ကျင်းပပေးဖို့ သမ္မတဘုရှ်ကို ဥရောပ ခေါင်းဆောင်တွေက ပြောကြားနေခဲ့တာဖြစ်တယ်လို့ ၀ါရှင်တန်က ဗွီအိုအေ သတင်းထောက် ကန် ကလိုင်းက ပြောပါတယ်။

နယူးယောက်မြို့ အစုရှယ်ယာ ဈေးကွက် ကနေ စတင်ခဲ့တဲ့ ဘဏ္ဍာရေး ပြဿနာကို နိုင်ငံတကာက အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် ပြစ်သစ် သမ္မတ ဆာကိုဇီက

"သမ္မတ ဘုရှ်ပြောသလိုပဲ ဒီပြဿနာကို အနှေးနဲ့ အမြန် ဖြေရှင်းရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နိုဝင်ဘာလ မကုန်ခင်မှာကို ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားသလို နယူးယောက်က စခဲ့တဲ့ ပြဿနာကို တကမ္ဘာလုံးက ၀ိုင်းပြီးတော့ နယူးယောက်မှာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။"

နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ ဆွေးနွေးပွဲကို ဒီဇင်ဘာလဆန်း မှာ လက်ခံ ကျင်းပဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကမ်းလှမ်းခဲ့ပါတယ်။ သမ္မတ ဘုရှ်ကတော့ ထိပ်သီး ဆွေးနွေးပွဲကို ဘယ်မှာ၊ ဘယ်တော့ ကျင်းပမလဲဆိုတာကို မကြေညာသေးပါဘူး။ စီးပွားရေး ပြဿနာတွေကို အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ဦးဆောင် ဖြေရှင်းသွားရမယ်ဆိုတဲ့အချက်ကို ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘရိုဆိုက သဘောတူပေမယ့် တခြား နိုင်ငံတွေလည်း ပါဝင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကမ္ဘာ့ ဘဏ္ဍာရေး လက်ကားဈေးကွက်ရဲ့ ၇၇%ဟာ အမေရိကန်နဲ့ ဥရောပမှာ ရှိပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ စီးပွားရေး တိုးတက်လာနေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုတိုးပြီးတော့ ဆောင်ရွက်ရေးမှာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အထူးအားထုတ်ဆောင်ရွက်သွားရပါမယ်။ အရေးပေါ် လိုအပ်နေတဲ့ အတိုင်း အမြန်ဆုံး ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ရာမှာလည်း ရေတိုမဟုတ်ဘဲနဲ့ ရေရှည်အတွက် ကြည့်ရမှာ ဖြစ်ပါတယ်။"


ကမ္ဘာ့ ဘဏ္ဍာရေး စနစ်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲဖို့ မစ္စတာ ဆာကိုဇီနဲ့ မစ္စတာ ဘရိုဆိုတို့က လိုလား နေကြပါတယ်။ ဒါပေမယ့် Camp Davidဆွေးနွေးပွဲကနေ ထူးခြားသိသာတဲ့ ပြောင်းလဲမှု ပေါ်ပေါက်လာဖို့ မျှော်လင့်မထားဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ ဘဏ္ဍာရေး ပြဿနာတွေ စဖြစ်လာရတဲ့ ငွေချေး ဈေးကွက်မှာ တိုးတက်မှုတွေကို စတင်မြင်နေရပြီလို့ တချို့စီးပွားရေး ပညာရှင်တွေက ပြောနေကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် သမ္မတလောင်း အိုဘားဗားကို ထောက်ခံ
19 October 2008
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Colin Powell က ဒီမိုကရက်တစ်သမတလောင်း Barack Obama ကို သမ္မတအဖြစ် ထောက်ခံလိုက်ပါတယ်။

ဒီနေ့  NBC တီဗွီ Channel ရဲ့  Meet the Press အစီအစဉ်က အင်တာဗျူးလုပ်ရာမှာ Mr. Powell ပြောတာက Mr. Obama မှာ အထင်ကြီးလေးစားအောင်လှုံ့ ဆော်နိုင် စွမ်းရှိတဲ့ အရည်အချင်းရှိတာကြောင့်ရယ် သူရဲ့  မဲဆွယ်စည်းရုံးမှုတွေဟာ အားလုံးကိုပါဝင်ဖို့ ဖိတ်ခေါ်တာတွေကြောင့် ထောက်ခံခဲ့တာဖြစ်တယ်လို့  ပြောခဲ့ပါတယ်။

Mr. Powell ရဲ့  စကားနဲ့  ပြောရရင် Mr. Obama ဟာ ထူးချွန်ပြောင်မြောက်တဲ့ သမတတဦးရှိရမယ့် စံချိန်စံနှုန်းနဲ့ ပြည့်မှီသူ ဖြစ်တဲ့အပြင် ပုံမှန်တည်ကြည်တဲ့ ခေါင်းဆောင်မှုမျိုးကို ပေးနိုင်သူဖြစ်တယ်လို့  ဆိုပါတယ်။

Mr. Powell ဟာ သမတဟောင်း Bush သို့ မဟုတ် လက်ရှိသမတ Bush ရဲ့  ဖခင်ဖြစ်သူ George H.W. Bush ရဲ့  စစ်ဦးစီးချုပ်ဖြစ်ခဲ့သလို လက်ရှိ သမ္မတ Bush ရဲ့  ပထမလေးနှစ် သမ္မတ သက်တမ်းတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး အဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။

Mr. Powell က သူဟာ John McCain ရဲ့  မဲဆွယ် စည်းရုံးရေးတွေမှာ အနှုတ် လက္ခဏာဆောင်တဲ့ အသုံးအနှုန်း တွေကြောင့် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် John McCain ရွေးချယ်ခဲ့တဲ့ Alaska ပြည်နယ်အုပ်ချုပ်ရေးမှုး Sarah Palin ဟာ သမ္မတဖြစ်ဖို့  အဆင့်သင့်မဖြစ်သေးဘူးလို့ လည်းပြောခဲ့ပါတယ်ရှင်။

ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သေကြေမှုမရှိ
19 October 2008
ဦးအောင်လွင်ဦး

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မနေ့ညပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့နယ် ဘောက်ထော် အားကစားကွင်း အနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပေမယ့် ဒီကနေ့တော့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်နေပြီလို့ မြို့ခံတွေက ပြောကြပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားအပြီး အခုသိရတဲ့ နောက်ဆုံးအခြေအနေတွေကို ဦးအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ထဲက ဘောက်ထော် အားကစားကွင်းအနီး တပ်မတော်မှတ်တမ်းရုံးရှေ့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် အထိအခိုက်တော့ မရှိဘူးလို့ မြို့ခံတွေကပြောကြတာပါ။ ဒီလိုပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာတော့ အာဏာပိုင်တွေက လုံခြုံရေးအစီအမံတွေချခဲ့ပြီး ဒီကနေ့မှာတော့ အခြေအနေတွေဟာ အေးအေးဆေးဆေး ပြန်ဖြစ်နေပြီလို့လည်း ရန်ကင်းမြို့ခံတယောက်က ပြောပြပါတယ်။

"အသေအပျောက်တော့ မရှိဘူး။ ၇ခွဲလောက်က ဖြစ်သွားတာ။ မှတ်တမ်းရုံးရှေ့နားက ဘောလုံးကွင်းနားမှာ။ ဖြစ်ဖြစ်ချင်းတော့ ဘောက်ထော်က မြောင်းရှေ့မှာ လမ်းပိတ်ထားပြီးတော့ မှတ်တမ်းရုံးဘက်ကိုတော့ သွားလို့မရဘူးပေါ့။ အခုတော့ အေးဆေးပါပဲ။"

အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မတော်တဆမှုလား တိုက်ခိုက်မှုလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ ဗုံးတလုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ် အနီးအနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ရှာဖွေတွေ့ရှိလို့ လုံခြုံရေး အာဏာပိုင်တွေက ရှင်းလင်းခဲ့ရတယ်ဆိုပြီး ရန်ကုန်မြို့ကလာတဲ့ အေပီ သတင်းတပုဒ်က အမည်မဖော်လိုသူ အာဏာပိုင်တယောက်ကို ကိုးကားပြီးဖော်ပြပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပိုပြီးသိရဖို့ သက်ဆိုင်ရာ ရန်ကင်း ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

"ကျွန်တော်တို့လည်း အတိအကျ မသိဘူးခင်ဗျ။ ရရကတို့ကို မေးရင် သိမယ်။"

တာဝန်ကျရဲတပ်ဖွဲ့ဝင် တယောက်က တိတိကျကျ အဖြေမပေးပဲ ဖုန်းချသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ နောက်ထပ် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းပေမယ့်လည်း မရခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ လစဉ်လတိုင်း ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားနေရာမှာ တချို့ကတော့ မတော်တဆ ဖြစ်ရပ်တွေဖြစ်ပြီးတော့၊ တချို့က မသမာသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး မြန်မာစစ်အစိုးရက ပြောဆိုတာတွေ ရှိပါတယ်။ မနှစ်တုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ကြွချီ ဆုတောင်းပွဲတွေကို လုံခြုံရေးအာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ တနှစ်ပြည့်တော့မယ့်အချိန် ပြီးခဲ့တဲ့လ စက်တင်ဘာထဲမှာတုန်းကလည်း ရန်ကုန်မြို့လည်က မြို့တော်ခမ်းမ အနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့လို့ လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကလည်း ရန်ကုန်-တိုက်ကြီး ပြေးဆွဲတဲ့ ခရီးသည်တင် ယာဉ်မှာ ဓာတ်ငွေ့အိုးပေါက်ကွဲခဲ့လို့ လူ (၇) ယောက်သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ဒါဟာ မတော်တဆမှုသာ ဖြစ်တဲ့ အကြောင်း စုံစမ်းတွေ့ရှိချက်တွေအရ သိရတယ်လို့ မနေ့တုန်းက အစိုးရပိုင်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လို့ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေ ဖက်ကလည်း သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို တစုံတယောက်က တိုက်ခိုက်တာ ဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ထောင် ၃ လ ချမှတ်ခံရ
10/20/2008


မင်းဆက်ခိုင်(နိရဉ္စရာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ရန်ကုန်တိုင်း သာကေတမြို့နယ် ရုံးတာဝန်ခံ ဦးစိုးမြင့်ကို အမြင်ကပ်ပုဒ်မဖြင့် သာကေတတရားရုံးက ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ဦးစိုးမြင့်ကို ပုဒ်မ ၂၁၆ တရားခံပြေးလက်ခံမှုဖြင့် တရားစွဲဆိုပြီး သာကေတမြို့ တရားရုံးက လွန်ခဲ့သော ကြသပတေးနေ့က ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သာကေတမြို့ တရားရုံးနှင့် နီးစပ်သူတဦးက “ဦးစိုးမြင့်ကို ထောင်ဒဏ် ၃လချမှတ်တာက သူ့သား တရားခံပြေးကို လက်ခံထားမှုနဲ့လို့ သိရပါတယ်။”ဟု ပြောသည်။

ဦးစိုးမြင့်၏သားမှာ လွန်ခဲ့သည့် သုံးနှစ်ခန့်က ရပ်ကွက်အတွင်း ရန်ဖြစ်မှုများ ရှိခဲ့သဖြင့် ရပ်ကွက်ရှိလူများက အာဏာပိုင်များကို တိုင်းကြားခဲ့သည်။ သို့သော်လည်း အာဏာပိုင်းများက အစုံတရာ အရေးယူခြင်းမရှိခဲ့ဘဲ ထားခဲ့သည်။

သုံးနှစ်ကြာပြီးမှ ဦးစိုးမြင့်အား သားဖြစ်သူတရားခံအား လက်ခံထားသည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ ၎င်းနောက်ပိုင်း သာကေတတရားရုံးက အမြင်ကပ်ပုဒ်မဖြင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်သည်။

အလားတူ ဦးစိုးမြင့်ကို တရားချမှတ်သည့် ကြသပတေးနေ့က ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်သော မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကိုလည်း နိုင်ငံခြားငွေလက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးမှုကြောင့် ရခိုင်ရိုးမတွင် ဆင်ကောင်ရေ အရေအတွက် လျော့နည်းလာ တောဆင်ရိုင်းများကို ဗီဒီယိုဖြင့် မှတ်တမ်းတင်မည်
10/20/2008
ရခိုင်ရိုးမနှင့် ဟိမ၀န္တာတောင်တန်းကြီးနှင့် ဆက်စပ်နေသော မေယူတောင်တန်းတွင် ဆင်ဖမ်းသမားနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ စည်းမဲ့ကမ်းမဲ့ ဖမ်ဆီးမှုကြောင့် တောဆင်ရိုင်းအရေအတွက်မှာ တနှစ်ထက်တနှစ် လျော့နည်းလာကြောင်း သိရသည်။
သို့အတွက် အဆိုပါဆင်ရိုင်းများကို ဗီဒီယိုဖြင့် ရိုက်ကူးပြီင်္း မှတ်တမ်းတင်မှုများ ပြုလုပ်သွားရန် ရခိုင်ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့တခုက စီစဉ်နေကြောင်း အမည် မဖေါ်လိုသူတဦးက ပြောသည်။

“မှတ်တမ်းတင်မယ့် အဖွဲ့က ရခိုင်ကမ်းရိုးတန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖြစ်ပါတယ်။ သူတို့က အဓိက မေယူတောင်တန်းမှာ ကျက်စားနေတဲ့ တောဆင်ရိုင်းတွေရဲ့ အရေအတွက်ကို ဗီဒီယိုနဲ့ မှတ်တမ်းတင်မှာဖြစ်သလို နေရာ ပြောင်းရွှေ့မှုရှိမရှိကို မှတ်တမ်းတင် ရိုက်ကူးသွားဖို့ စီစဉ်နေကြပါတယ်။”ဟုပြောသည်။

ယခုကဲ့သို့ ဆင်ရိုင်းများအား ဗီဒီယိုဖြင့် မှတ်တမ်းတင်ရာတွင် မေယူတောင်တန်း တလျောက်ရှိ ဆင်များကျက်စားရာ နေရာများဖြစ်သော အထက်နန်းရာ၊ အတွင်းပြင်၊ အင်းဒင်၊ ဘူးသီးတောင်မြို့နယ် အထက်ပိုင်းနှင့် ဘူးသီးတောင်-မောင်တော ကားလမ်းတလျောက်ရှိ နေရာများသို့ သွားရောက်ပြီး မှတ်တမ်းတင်မည် ဖြစ်သည်။

“အခုက ရခိုင်ပြည်နယ်ထဲက ဆင်တွေကို ဆင်ဖမ်းအဖွဲ့တွေက လိုက်ဖမ်းနေတဲ့အတွက် တချို့တောဆင်ရိုင်းတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်းက စစ်တကောင်း တောင်တန်းနယ်မှာ ကျက်စားလာတာကို တွေ့လာရပါတယ်။ ဒါကြောင့် မှတ်တမ်း တင်မဲ့သူတွေအနေနဲ့ ဆင်ခြေရာတွေ၊ ဆင်နေတဲ့ နေရာတွေနဲ့ ဆင်ချေးတွေကိုပါ ဗီဒီယိုနဲ့ ရိုက်ကူးပြီး နေရာပြောင်းရွှေ့မှု ရှိမရှိကိုအသေးစိတ် မှတ်တမ်းတင်ပါလိမ့်မယ်။”ဟုသူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ မေယူတောင်တန်းမှာ ဘင်္ဂလာပင်လယ်အော်ထဲသို့ ထိုးထွက်နေသော အငူတွင်တည်ရှိပြီး ဟိမ၀န္တာနှင့်ဆက်စပ်နေသဖြင့် တောဆင်ရိုင်းများ အလွန်ပေါများသော တောင်တန်းတခုဖြစ်ပြီး ဆောင်းရာသီတွင် ပင်လယ်လေကိုရှုရိုက်ရန် ဆင်များအုပ်စုလိုက် တောင်ဘက်ပိုင်းဒေသအထိ ဆင်းလာလေ့ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ်ခင်ညွန့်လက်ထက်က ဖမ်းဆီးရရှိမိခဲ့သော ဆင်ဖြူနှစ်ကောင်ကို အဆိုပါ တောင်တန်းမှပင် ဖမ်းဆီးရရှိခဲ့သည်။