Tuesday, October 21, 2008

မြန်မာနှင့် လာဘ် လောင်း ယစ်

Posted: 19 Oct 2008 06:40 AM CDT
အောင်မော်ဦး

(၁)
ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းနှင့် ထိုင်းအသင်းတို့ ချစ်ကြည်ရေးပွဲကစားစဉ်ကလောင်းကြေးကို တိတိကျကျမမှတ်မိတော့။ ကျနော့်အထင် "နှစ်လုံး-ငါးမူးရှုံး"ဖြစ်မည် ထင်သည်။ သို့သော် ထိုစဉ်က မိတ်ဆွေတဦး ပြောသည့်စကားလေးတခွန်းကိုမူ ခုထိ နားထဲ စွဲနေသေးသည်။

"နှစ်လုံး-ငါးမူးရှုံး မကလို့ သုံးလုံးကျောပဲ ပေးရပေးရ၊ အပေါ်ကထိုင်မယ်ကွာ။ ထိုင်းဆိုတာ ခုမှ ဘောလုံးမှာ အမည်း ဘယ်နှစ်ကွက်၊ အဖြူဘယ်နှစ်ကွက် ရှိသလဲ သိဖို့ ဂဏန်းပေါင်းစက် တလုံးနဲ့ တွက်တုန်းချက်တုန်းရှိသေးတာ။ ဘရာဇီး ဆိုတာက အမိ ၀မ်းထဲမှာကတည်းက ဘယ်ညာ အတော့ကျင့်လာတဲ့ကောင်တွေ။ ဘာပဲဖြစ်ဖြစ် ဘရာဇီးဘက်ကပဲ ထိုင်မယ်ကွာ"ဟု ပြောပါသည်။


(နှစ်လုံး-ငါးမူးရှုံး ဆိုသည်မှာလောင်းကြေး အခေါ်အဝေါ်တခု ဖြစ်ပါသည်။ အကယ်၍ဘရာဇီးအသင်းက ထိုင်းအသင်းကို နှစ်ဂိုး-သုညဖြင့် နိုင်လျှင်သော်မှ ဘရာဇီးအသင်းဘက်မှ လောင်းထားသူသည် သူ၏ လောင်းကြေးငွေ ထက်ဝက် ရှုံးရပေမည်။ဘရာဇီးအသင်းက သုံးဂိုး ပြတ်နိုင်ပါမှ ဘောနိုင် ငွေနိုင်
ပြုံးနိုင်ပေလိမ့်မည်။)

ထိုင်းအသင်းကို နှိမ်ချလို၍ ပြောခြင်းမဟုတ်ဘဲဘရာဇီးအသင်းကို ကြိုက်လွန်း၍ ငွေမနိုင်ခင်စကားအနိုင်ရအောင်လုပြောထားနှင့်သည့်သူ့ကိုဆန့်ကျင်၍မည်သူမျှထိုင်းအသင်းဘက်မှမလောင်းရဲကြခြင်းကို မှတ်မိသည်မှလွဲ၍ ဘယ်နှစ်ဂိုး ပြတ်သွားသည်ကိုမူအမှတ်မရတော့။

(၂)

တုတ်တုတ်မျှ လှုပ်၍မရ၊ နည်းနည်းမျှ လုပ်ခွင့်မရသည့် ဖက်ဆစ်အုပ်စုလက်အောက်၌ တရားဝင်နှယ် လုပ်ခွင့်ရနေသည့် အရာ(၃)ခု ရှိနေပါသည်။ တခုမှာ"အဂတိ လိုက်စားမှု"၊ နောက်တခုမှာ "လောင်းကစားမှု" ဖြစ်၍ အခြားတခုမှာ"မူးယစ် ဆေးဝါးသုံးစွဲမှု" တို့ပင် ဖြစ်ပါသည်။ ဌာနဆိုင်ရာတိုင်း
လာဘ်စားကြ၍၊ ပေါင်းနုတ်မြှောက်စား နားလည်သူတိုင်း လောင်းကစားကြသည်ဟုမနှိုင်းအပ်လင့်ကစား "၀ိုင်းကြီး ၀ိုင်းကြီး ဘယ်လောက်ကြီး၊ဟောဒီလောက်ကြီး"ဟု ဆို၍ မြန်မာပြည် မြေပုံကြီးကို ၀ိုင်းပြရတော့မတတ်ကြီးသည်ထက် ကြီးမားလာနေသည့် ၀ိသမလောဘ နွံအိုင်ကြီးကိုတွေ့နေရသည်မှာ
ရင်ထဲမချိလှ။

ဝန်ထမ်းအတော်များများကို အဂတိလိုက်စားမှုနှင့် စာရိတ္တ ပျက်ပြားနေစေ၍၊မိသားစုကြီးငယ်လိုက်ကို လောင်းကစားမှုနှင့် စိတ်ဓာတ် ပျက်ယွင်းနေစေပြီး၊လူငယ်အတော်များများကို မူးယစ်ဆေးဝါး လောကထဲ၌ မှိုင်းမိနေစေသည့်လုပ်ကြံမှုသည် ဖက်ဆစ်အုပ်စု၏ သက်ဆိုးရှည်ရေး စီမံချက်များထဲမှ အဓိကလုပ်ငန်းစဉ်တခုပင် ဖြစ်ပေမည်။ လုပ်ခွင့်ကိုင်ခွင့်ရှိသည့် လူတန်းစားကအဂတိလိုက်စားမှုကို ကျူးလွန်၍၊ လုပ်ခွင့်ကိုင်ခွင့်မဲ့သည့် လူတန်းစားကလောင်းကစားမှုကို ကျူးလွန်နေကြသည်။ ထိုလူတန်းစား နှစ်ရပ်ပေါင်းကမူးယစ်ဆေးဝါးအမှုကို ကိုယ့်နည်းကိုယ့်ဟန်နှင့်ကို ကျူးလွန်၍
နေကြပြန်ပါသေးသည်။ ထို့ကြောင့် ယင်းလူတန်းစား(၂ရပ်အားကိုယ့်သိက္ခာကိုယ်တန်ဖိုးထားလာအောင် မလုပ်ဆောင်နိုင်ကြပါလျှင်တိုင်းပြည်အပြောင်းအလဲဖြစ်ရန် မျှော်မှန်းသည်ထက် ပို၍
ကြာမြင့်ပေလိမ့်မည်။ ဘောလုံးပွဲ လောင်း၍ မိသွားလျှင်လာဘ်ထိုးလိုက်ရုံပင်။ နှစ်လုံးထီထိုး၊ ချဲထီထိုး၍ ဖမ်းမိသွားလျှင်လာဘ်ထိုးလိုက်ရုံပင်။ လွန်ရောကျွံရော အချုပ်ထဲ ခဏသွားနေလိုက်ရုံပင်။
ထို့ကြောင့် မနက်စာအတွက်မပူ၊ ညနေစာအတွက် မကြောင့်ကြ။စိတ်ကူးကောင်းလျှင်အိတ်ကြီးဖောင်း၍ စိတ်ကူးမှားလျှင် အိတ်ကြီးပြားသည့်ထုံး နှလုံးပိုက်၍ရရစားစား လောင်းကြစားကြသည်။ မိမိတို့ရသည့် မစို့မပို့ နေ့တွက်စာတကျပ်တပြားကို မနှမြော၊ ၀မ်းဟောင်းလောင်းဖြင့်နေ၍ လောင်းကစားပစ်ကြသည်။
နိုင်ငံရပ်ခြား၌ အလုပ်လုပ်၍ အိမ်ပြန် ပို့နေကြသည့် မိသားစုဝင်များ၏ချွေးနှဲစာကို မငဲ့မညှာ လောင်းကစားပစ်ကြသည်။ ဤသို့ဖြင့် ရှုံးသွားလျှင်ပေါင်နှံချေးငှား၍ နိုင်လျှင် ဖဲ့ဆပ်ကြသည့် တိုးရင်းပေါင်း သံသရာထဲ၌လုံးပါးပါး နေကြသည်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး(နှစ်လုံးထီ)၊သုံးလုံး(ချဲထီ)ဖြင့် ဘ၀ဆုံးတော့မည့်အရေး၊ မျိုးဆက် သုဉ်းတော့မည့်အရေးသည် စေ့စေ့တွေးကြည့်လျှင် တိုင်းပြည်၏ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ရင်လေးဘွယ်ရာပင်။

(၃)

လူအတော်များများသည် "အဂတိလိုက်စားမှု"နှင့် "လောင်းကစားမှု"တို့အထဲ၌ အာရုံရောက်နေသဖြင့် အခြား အရေးကိစ္စများကို နေရာမပေးနိုင်တော့၊အချိန်မပေးနိုင်တော့။ အထူးသဖြင့် နိုင်ငံ့အရေးအရာ ကိစ္စများကို ကိုယ့်အရေးမဟုတ်သလို သဘောထားလာကြသည်အထိပင်။ တဘက်၌လည်းနိုင်ငံရေးနှင့် ပတ်သက်ပါကလာဘ်ထိုးရုံနှင့်မရ၊ အချုပ်ထဲ ခေတ္တသွား နေရုံနှင့်မရ။ ထို့ကြောင့်နိုင်ငံရေးဆိုလျှင် "နားမလည်" ဟုဆို၍ ရှောင်ကြသည်။ "ကျနော်/ကျမကနိုင်ငံရေး မဆွေးနွေးချင်ဘူး"ဟု ဆို၍ ချဲတွက်နေကြသည်။ ဘောလုံးပွဲလောင်းနေကြသည်။ နှစ်လုံးထီ ထိုးနေကြသည်။ ဆေးခြောက် ရှူနေကြသည်။ညကလပ်များ၌ ကြိတ်ကြိတ် တိုးနေကြသည်။

သို့သော် ကျနော်တို့ လူငယ်များ၊ ကျနော်တို့ ပြည်သူများတွင်လည်း ဘရာဇီးလိုအသင်းမျိုးနှင့် တပွဲတလမ်းလောက်တော့ အကဲစမ်းလိုက်ချင်သေးသပ ဟူသည့်အိပ်မက်တခု မရှိနိုင်ဘူးဟု မည်သူ အတတ်ပြောနိုင်ပါမည်နည်း။ သို့သော်ထိုလူငယ်များကို အားကစားကွင်းများ၊ လေ့ကျင့်ရေး စခန်းများတွင် မတွေ့ရ။နံနက် လင်းအားကြီး အချိန်ကျကာမှ အိပ်မှုန်စုံမွှားနှင့် စောင်ကြမ်းကိုယ်စီပတ်၍ တီဗွီစလောင်းရုံများမှ လေးတိလေးကန် ခြေလှမ်းများဖြင့်ခေါင်းငိုက်စိုက်ချ ထွက်လာကြသည် ကိုသာ စိတ်မကောင်းခြင်းကြီးစွာတွေ့မြင်နေကြရပါသည်။

စတုတ္ထမဏ္ဍိုင်ဟုဆိုရမည့် သတင်းစာများက စစ်တပ် ကြီးစိုးရေးတရားကိုတွင်တွင်ဟော၍၊ အားကစား ဂျာနယ်များက လောင်းကစားလမ်းညွှန်ကျမ်းကြီးကျမ်းခိုင်များသဖွယ် ကိုးရန်ကားရန် ဟောကိန်းများ
ထုတ်ပြန်ပေးနေကြသည်မှာ ရေနစ်သူကို ၀ါးကူထိုးနေကြသည်လား၊ မနစ်နစ်အောင်
ထိုးနှစ်နေကြသည်လား မပြောတတ်တော့။

ကိုလိုနီခေတ်က တရုတ်ပြည်သည် "ဘိန်းစစ်ပွဲ"ကို အမျိုးသားရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်၍ အလေးထား ဆင်နွှဲခဲ့ကြရ သကဲ့သို့ ကျနော်တို့တိုင်းပြည်သည်လည်း "အဂတိ လိုက်စားမှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနွံအိုင်ထဲမှ ရုန်းထွက်ရေး တိုက်ပွဲ" ကို အမျိုးသားရေး လှုပ်ရှားမှုအဖြစ်
သတ်မှတ်၍ အလေးထား ဆင်နွှဲကြရပေလိမ့်မည် ထင်သည်။ တိုင်းပြည်တပြည်၏အပြောင်းအလဲသည် ယင်းတိုင်းပြည်ရှိ နိုင်ငံ့အရေး စိတ်ပါဝင်စားသည့်နိုင်ငံသူနိုင်ငံသားများ (တနည်း) ကိုယ့်အရေးကိုယ် အလေးထားသည့်တိုင်းသူပြည်သားများ များသည်ထက် များပြားလာရုံမျှမက ၎င်းတို့၏
အပြောင်းအလဲကို လိုလားသည့် စိတ်ဆန္ဒအပေါ်၌လည်း မူတည်လိမ့်မည်ဟု ထင်မိသည်။

(၄)

အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်တို့၊ လူထုဦးလှတို့၊ ကျားဘညိန်းတို့ခေတ်တုန်းက ဆိုလျှင် စိတ်လေနေသည့် လူငယ်များ၊ တွေဝေနေသည့် လူငယ်များ၊စိတ်ဓာတ် ပျက်ပြားနေသည့် လူငယ်များအား အားကစား လှုပ်ရှားမှုများလုပ်စေခြင်းဖြင့် လူငယ့်အားမာန်ကို လေ့ကျင့်မွေးမြူ ပေးခဲ့ဖူးပါသည်။နိုင်ငံနှင့်အ၀န်း ကျယ်ပြန့်၍ အမျိုးသားရေး လှုပ်ရှားမှုအသွင် ဆောင်ခဲ့သည့်
ထိုလှုပ်ရှားမှုများသည် လူငယ်ထုကို သာမက ယင်းလူငယ်ထု၏မိဘမောင်ဘွားများနှင့် ဆွေမျိုးသားချင်းများ ကိုပါ လမ်းမှန်ကိုပြသပေးခဲ့ပါသည်။ အမြော်အမြင်ရှိ၍ လက်တွေ့ကျသည့် ခေါင်းဆောင်မှု အောက်၌လိုက်ပါခွင့်ရခဲ့သည့် ထိုစဉ်ကလူထုသည် ရုပ်ပိုင်းဆိုင်ရာအရ သာမက
စိတ်ဓာတ်ရေးရာ အရပါ ဖွံ့ဖြိုး တိုးတက်ခဲ့ကြရပေသည်။ ထိုခေတ်က မြန်မာ့အားကစားသည်လည်း အာရှတလွှား၌ လူရိုသေရှင်ရိုသေ ရှိခဲ့ရသည်အထိ အဆင့်အတန်းမြင့်မားခဲ့ရဖူးပါသည်။ ကျနော်တို့တိုင်းပြည်ရှိ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးငယ်များ အနေဖြင့်လည်း (တလွဲဆံပင်ကောင်းနေသည့် စစ်အုပ်စု၏ဟန်ပြ စီမံချက်များကို ဘေးချိတ်ထား၍) ဆရာကြီး ဦးရာဇတ်တို့၊လူထုဦးလှတို့၊ ကျားဘညိန်းတို့ကဲ့သို့သော ရည်ရွယ်ချက် ကောင်းများ ထားရှိ၍
လမ်းလွဲနေသည့် မိသားစုများ၊ ၀န်ထမ်းများနှင့် မျက်မှောက်ခေတ်လူငယ်ထုကြီးအား လမ်းမှန်ကို ညွှန်ပြပေးသင့်သည်၊ ထိုသို့ ညွှန်ပြပေးရန်လည်းတာဝန်ကိုယ်စီ ရှိကြသည်ဟု ထင်မြင်မိပါသည်။

"ဧရာဝတီသာ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်မစီးဘူးဆိုရင်၊ ဧရာဝတီသာတနှစ်တခါ ရေမလျှံဘူးဆိုရင် အထက်အညာ ဒေသဟာ ဆန်ရေစပါး ပါးရှားရှာမယ်" ဟုဒေါက်တာမောင်ဖြူးက ဆိုခဲ့ပါသည်။အကယ်၍လူငယ်များသာလောင်းကစားနွံနှင့်မူးယစ်ဆေးဝါးနွံထဲမှရုန်းမထွက်နိုင်ကြဘူးဆိုလျှင်၊ မိသားစုကြီးငယ်များသာလောင်းကစားနွံထဲမှ ရုန်းမထွက်နိုင်ကြ ဘူးဆိုလျှင်၊ ဌာနဆိုင်ရာ
ဝန်ထမ်းကြီးငယ်များသာ အဂတိလိုက်စားမှုနွံထဲမှရုန်းမထွက်နိုင်ကြဘူးဆိုလျှင် တိုင်းပြည်၏ အနာဂတ်သည်လည်း ……….။



"နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော်နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့်အမြဲတစေ ဆက်သွယ်နေ၏" (ဗိုလ်ချုပ်အောင်ဆန်း)


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

ကိုဇာဂနာဆုပေးပွဲ

Wednesday, October 22, 6:00pm Fleck Dance Theatre (formerly Premiere Dance Theatre)Toronto
Tickets: $35 for onstage event
Start time: 8 pm
Purchase at the link above or at 416-973-4000.


Tickets: $125
Includes an exclusive cocktail reception overlooking Lake Ontario with Roddy Doyle, Don McKellar and special guests prior to the onstage event.
Reception Starts: 6 pm
To purchase $125 tickets to attend the reception, call Box Office at 416-973-4000.


စွမ်းအားမြှင့်စစ်သည်တော်ကြေငြာချက်အမှတ်(၄)

PhotobucketPhotobucket

ချီးတုံးကို ကိုးကွယ်သူများ


သကြားမင်း

အောက်တိုဘာ ၂၀၊ ၂၀၀၈

သကြားမင်းကြီးလည်း ကမ္ဘာ့အရေးအခင်းတွေနဲ့ အလုပ်များနေတာကြောင့်မြန်မာပြည်ဖက်ကို ခြေဦးမလှည့်ဖြစ်တာ ကြာခဲ့ပြီ။ “မြန်မာပြည်မှာ ပေါတာကြီးသန်းရွှေ အလွန်ဆိုး၊ ဆုံးမဖို့လို”ဟု မာတလိက အီးမေးလ်ပို့ထားသည်။ သကြားမင်းကြီးရဲ့ စာဖတ်ပရိသတ်လည်း အမိမဲ့သား ရေနည်းငါးလို အားငယ်နေကြရှုာတော့မည်။ ဒီတခါရေးတဲ့ သရော်စာကတော့ “ချီးတုံးကို ကိုးကွယ်သူများ” လို့ ခေါင်းစဉ်ပေးထားတော်မူ၏။

မြည်းတော်မူကြပါကုန် …

(သကြားမင်းကြီး)

နိဒါန်း

ပေါတာကြီး သန်းရွှေမှာ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ သွေးတိုး အစုံရှိသတဲ့။ ကျောက်ဆည်က တရွာတည်းနေ ရင်းနှီးတဲ့သူတွေအဆိုအရ ၀က်ရူးပြန်ရောဂါတောင်ရှိသတဲ့။ သူ့လည်ပင်းမှာ သော့တချောင်းကိုကြိုးနဲ့ ချီပြီးဆွဲထားတယ်လို့ ဆိုတယ်။

"ကျောင်းအို ပြိုခဲ၊ လူမိုက် သေခဲ …" ဆိုသလို ရောဂါပေါင်းစုံ ရှိနေတဲ့ တပ်ရှုပ်ကြီး ပေါတာကြီး သန်းရွှေဟာ တော်တော်နဲ့ မသေနိုင်သေးဘူးတဲ့။

ပြည်သူလူထုနဲ့ နေပြည်တော် အသိုင်းအ၀ိုင်းတခုလုံးကလည်း “ဘယ်တော့သေမလဲ …” လို့ သူ့ကိုပဲ တကြည့်ကြည့် လုပ်နေကြတယ်။ သူတော်ကောင်းတရားကို ကျင့်ကြံ အားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတွေတောင် “ဒီမသာ … သေနိုင်ခဲသကိုး”လို့တောင် ဆိုမိသတဲ့။

ဒီလို တပြည်လုံးက သေပါစေလို့ မေတ္တာပို့နေတဲ့ကြားက သန်းရွှေ ဟာ မသေနိင်ဘဲ ဖြစ်ရတဲ့အကြောင်းကတော့ ကျန်းမာရေးကို အလွန် ဂရုစိုက်တယ် ဆိုပဲ။ သူ မာလကီးယား ဖြစ်သွားရင် ခိုးဝှက်ထားတာတွေ ကုန်မယ်။သား မယားတွေ ခွေး ဖြစ်မယ်။ ဘ၀ ပျက်မယ်။

ဦးနေ၀င်းနဲ့ ခင်ညွန့်ကို သူ လုပ်ထားတာတွေကလည်း သူ့ကို ခြောက်လှန့်နေတယ်။ ဒီတော့ “ ငါ မသေရဘူး။ ငါ မသေနိုင်ဘူး …” လို့ ပါးစပ်က ဂဏှာမငြိမ် တတွတ်တွတ် ရွတ်နေလေ့ရှိတယ်။ သူ့အသက်ကို ကြံဖန် မွေးနေသတဲ့။

“နွားတွေ ကျန်းမာတာ မြက်စားလို့ …” ဖြစ်မယ်ဆိုပြီး မြက်စားကြည့်တယ်။ “တစ်တီတူးလို ခြေထောက် နှစ်ချောင်း မိုးပေါ်ထောင်အိပ်ရင် အသက်ရှည်မယ် …” ဆိုလို့ အိပ်ရင် ခြေထောက်ကို မိုးပေါ် ထောင် အိပ်တယ်။ အဲဒီလို ပေါက်ကရ ခြောက်ဆယ် ဖြစ်နေသတဲ့။

ပေါတာကြီးရဲ့ ကျန်းမာရေးဆိုင်ရာအမြင်ကတော့ သိပ်ရှိလှတာ မဟုတ်ပါဘူး။ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ အမြင်မျှသာ ရှိသတဲ့။ သူအိမ်သာတက်ရင် မစင်ကို အသေအချာ စစ်သတဲ့။

ပေါတာကြီး ဘာကြိုက်လဲ ၊ ဘာကိုအစိုးရိမ်ဆုံးလဲ။ ပေါတာကြီးအကြိုက်ကို လိုက်နေသမျှ ရာထူးမြဲမယ်။ စားပေါက် စားလမ်း ပွင့်မယ် ဆိုတာကို “အောင်သောင်း၊ မောင်သောင်း၊ မောင်အေး၊ ကျော်ဆန်း၊ ခင်ရီ၊ မြင့်ဆွေတို့ဟာ ပေါတာကြီး အကြိုက်ကို အပြိုင်အဆိုင် လုပ်နေသူတွေဖြစ်တယ်။
ပေါတာကြီးနဲ့ တရုတ်သိုင်းကား

ပေါတာကြီး တရုတ်သိုင်းကားကြိုက်ရင် တရုတ်သိုင်းကားတွေကို သူတို့လည်း ကြိုက်လိုက်ကြတယ်။ တရုတ်သိုင်းကားထဲက ဇာတ်လမ်းတွေကို အပြိုင်အဆိုင် ကျက်ကြတယ်။ တရုတ် ဇာတ်လိုက်တွေဟန်ကို အတုခိုးကြတယ်။ ဖင်ဗူးတောင်း ထောင်ပြီး အတွင်းအားတွေ ရအောင် ကျင့်ကြသတဲ့။

သူတို့တသိုက် တရုတ်သိုင်းကားတွေကို အထူးပြု လေ့လာ လိုက်စားကြတယ်။ မြန်မာပြည်ရဲ့ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေးပေါ်လစီတွေဟာလည်း တရုတ်ကားတွေထဲကလို ဖြစ်လာကုန်သတဲ့။ “မဆိုင်ရင် ၀င်မပြောနဲ့၊ ခေါင်းပြတ်မယ် … လျင်သူ စားစတမ်း …” ဆိုတာမျိုးတွေ ဖြစ်လာတယ်။

အထူးသဖြင့် တရုတ်ကို သိပ်ကို အထင်ကြီးလာကြသတဲ့။ အနာဂတ်ကမ္ဘာကို အုပ်စိုးမှာ တရုတ်သိုင်းသမား တယောက်ယောက် ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြတယ်။ တတိုင်းပြည်လုံးမှာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ ဆိုင်းပုဒ်။ အစိုးရအဖွဲ့ထဲမှာတော့ “တရုတ်သာ အမိ တရုတ်သာ အဖ …” ပဲ။

ပေါတာကြီးနဲ့ ကိုရီးယားရုပ်ရှင်

ဒါပေမဲ့  ပေါတာကြီးက တရုတ်သိုင်းကားကို ကြည့် ရတာ ငြီးငွေ့လာပြန်တယ်။

တနေ့ တနေ့ ခုတ်ဟယ် ထစ်ဟယ် ချဟယ် … နဲ့ အဓိပ္ပါယ်မရှိဘူး။ တပ်ရှုပ်ကြီးသာ လုပ်နေရတာ သိုင်းကားထဲက သွေးထွက်သံယိုဖြစ်နေတဲ့ ပြကွက်တွေကို ကြည့်ရတာ ရင်တုန် ပန်းတုန် ရှိတော်မူတယ်။ အပြောင်းအလဲလေး လုပ်ချင်လာတယ်။ ဒါကို အကွက်ချောင်းနေတဲ့ ကျော်ဆန်းက -

“တပ်ချုပ်ကြီးခင်ဗျာ … ကျနော့်ညီ သဘောင်္သား ပို့လိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲလေး မြည်းကြည့်ပါ …”

လို့ ပေးလိုက်ရာက … သန်းရွှေဟာ ကိုရီးယားရှပ်ရှင်ကို အစွဲကြီး စွဲတော့တယ်။

ရိုမန်တစ်တွေ ဘာတွေဖြစ်၊ ကိုရီးယားမင်းသမီး အွန်ဆောကို “In Love ” တွေ ဘာတွေ ဖြစ်နေတယ် ဆိုပဲ။ ဒါကြောင့် သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်က အရွဲ့တိုက်တဲ့အနေနဲ့  လူမင်းနဲ့ တွဲပြ။ ဒါပေမဲ့ ပေါတာကြီးက မထ။

ကျော်ဆန်း မွှေလိုက်တဲ့ စနက်က အောင်သောင်း၊ မောင်သောင်း လူရှုပ်တသိုက် အလုပ်များ စေတယ်။ အွန်ဆော၊ ဖွန်ဆောတို့အခွေတွေ ရသမျှပို့။ မြန်မာပြည်မှာ မီးမလာတာ၊ လောင်စာပြတ်တာ၊ ဆန်ပြတ်တာတွေ အရေးမထား၊ ပေါတာကြီး အတွက် ကိုရီးယားကား မပြတ်သွားရေးက သူတို့အတွက် အရေးကြီးတဲ့ အလုပ်။ ဒါကို နိင်ငံတော်ရဲ့  ကြီးလေးတဲ့ တာဝန် လို့ ပြောကြ ရေးကြတယ်။
ကိုရီးယားက သံအမှုထမ်းတွေလည်း အလုပ်များကုန်တယ်။ “လ၀- ၁၊ လ၀- ၂” ဆိုတဲ့ ညွန်ကြားချက်တွေ ရောက်လာတယ်။ ကိုးရီးယားကားဆို ဘာကားရရ ဘယ်ဈေးဖြစ်ဖြစ် နေပြည်တော်ကို အကုန်ပို့။ မိရိုးဖလာစားလာတဲ့ ချဉ်ဖတ်ကိုတောင် ပေါတာကြီးက အထင်သေးချင်သလိုလို ဖြစ်လာပြီး ကိုရီးယား “ကင်ချီး”ကမှ ပိုကောင်းတယ်လို့ ထင်လာသတဲ့။

မတော်တဆ ကိုရီးယားမင်းသမီး မြန်မာပြည်ကိုလာလည်ရင် စကားပြောနိုင်အောင် ကိုရီးယားစကားကို သင်သတဲ့။

ကိုးရီးယားရုပ်ရှင်တွေဆိုတာကလည်း ၀ိတိုရိယဘုရင်မကြီးခေတ်က အဆင့်တန်းထက် မမြင့်တဲ့ ဘ၀ အလွမ်းမောတွေ မျှတဲ့ ရှေးရိုးဆန်တဲ့ အယူဆတွေပါ။ ဆရာကို ကြောက်ရ၊ မိဘကို အလွန် ရိုသေရ၊ သားကို သခင် လင်ကို ဘုရား၊ ချစ် ကွဲ ညား၊ မြန်မာရုပ်ရှင်တွေလိုပဲ “မွဲပြာပုဆိုး”၊ မင်းသားတလှည့် မင်းသမီးတလှည့်၊ လူကြမ်းတလှည့် မင်းသမီးယောက္ခမတလှည့် အလှည့်ကျ ငို ရတဲ့ သဘောပဲ ရှိတယ်။ မင်းသမီး၊ မင်းသားတွေက သိပ်ငိုတယ်။

ကိုရီးယားမင်းသမီးတွေ အော်ကြီးဟစ်ကျယ် ငိုကြတဲ့အတွက် ပေါတာကြီးအိမ်ဟာ မသာအိမ်လို ဖြစ်နေတယ်။ နေပြည်တော်က ဖဲသမားတွေဟာ ငိုသံကြားတော့ “မသာအိမ် ဒီနားရှိမှာပဲ …” ဆိုပြီး ၀င်သွားတော့ ပေါတာကြီးအိမ်ဖြစ်နေတာနဲ့ ပြန်လစ်လာခဲ့ရတယ် ဆိုပဲ။

ပေါတာကြီး ကိုရီးယားကားကြိုက်တော့ အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း စစ်ဗိုလ် လူပျက်တသိုက်လည်း ကြိုက်လိုက်ကြပြန်တယ်။ တပြည်လုံးမှာ နေ့နေ့ ညည ကိုရီးယားကားပဲ ပြတော့တယ်။

ကိုရီးယားကားကိုပဲ မြန်မာတွေ ကြည့်ကြရတော့ သတဲ့။ ကြာလာတော့ မြန်မာတွေလည်း ကိုရီးယားကားတွေကို ဘိန်းသမားများ ဘိန်းစွဲသလို အစွဲကြီး စွဲတော့သတဲ့။ ဒီနေ့မြန်မာတွေ ဘာအလိုချင်ဆုံးလဲလို့ သကြားမင်းကြီး စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ကိုရီးယားရုပ်ရှင်ကို အကြည့်ချင်ကြဆုံးပဲလို့ သိရတယ်။

မြန်မာပြည်မှာ ရှိတာက “မရှိ …” ဆိုတဲ့ စကားပဲ ရှိတာကလား။ “ဆန် မရှိ၊ ဆား မရှိ၊ ရေနံဆီ မရှိ၊ မီး မရှိ၊ ရေ မရှိ၊ စားစရာ မရှိ၊ ငွေ မရှိ၊ အလုပ် မရှိ၊ ပညာရေး မရှိ၊ ဆေး မရှိ၊ အမျိုးသမီးသုံး ဂွမ်းထုတ် မရှိ၊ နောက်ဆုံး ယူစရာ လင် တောင် မရှိကြဘူးတဲ့။ ဒီလို ဘာမှ မရှိ ဖြစ်နေပေမယ့် မြန်မာတွေကတော့ အေးအေးဆေးဆေးပဲ ။ ညနေ ကိုရီးယားရှပ်ရှင်ကို ကြည့်ရရင် အလုံးစုံသော အားရ ကျေနပ်မှုတွေ ဖြစ်နေကြသတဲ့။

ကျော်ဆန်းရဲ့ အလုပ်က ညနေရောက်ပြီဆိုတာနဲ့ အသံလွှင့်ရုံကနေ ကိုရီးယားရုပ်ရှင်ခွေကို ပြလိုက်ရုံပဲ တဲ့။ ပါမောက္ခ၊ ဆရာဝန်၊ ဆိုက်ကားသမား၊ ကျောင်းဆရာ၊ အငြိမ်းစား စစ်ပြန်၊ ဗိုလ်ချုပ်၊ ဗိုလ်မှုး၊ စစ်သား၊ ရှေ့နေ၊ ပြဇာတ်မင်းသား၊ အငြိမ့်သမ၊ ဗေဒင်ဆရာ၊ သူတောင်းစား၊ လူမိုက်၊ သူခိုး အလုံးစုံသော လူထုပရိဿတ်တွေဟာ ရှိတာ မရှိတာ အပထား၊ ကမ္ဘာကြီး မနက်ဖန် ပြိုလို့ ပျက်ပျက်၊ လူတွေက သေရင်တောင် ကိုရီးယားကားပဲကြည့်ပြီး အသက်ထွက်မယ်လို့  ဆုံးဖြတ်ထားကြပုံ ရတယ်။

“ရောက်ရာနေရာက ကိုရီးယားရုပ်ရှင်ကို ကြည့်ဖို့ အမှီပြန်လာကြလေ၏ ဟူသတည်း … ” ပေါ့။

ဟောလိဝုဒ်က ရုပ်ရှင်ကားတွေက - ရဲ မတရားလုပ်နေတာကို မင်းသားက ပြန်ချတယ်၊ ကောက်ကျစ် ညစ်ပတ်တဲ့နိင်ငံရေးသမားကို ၀န်ထမ်းကပြန်လည် စောကြောတယ်။ ဆရာကို တပည့်က မေးခွန်း ပြန်ထုတ်တယ်။ မင်းသားက မင်းသမီးကို ပါးရိုက်လိုက်ရင် မင်းသမီးက မင်းသားပါး ကို ပြန်ရိုက် လိုက်တယ်။ ဒါကို ပေါတာတို့လူစုက မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ မြင်တယ်။

ဟောလိဝုဒ်ထဲက မင်းသားက မင်းသမီးကို လက်ကို ဇတ်ကနဲ ဆွဲပြီး နှုတ်ခမ်းကို နမ်းလိုက်တဲ့အခါ၊ မင်းသမီးက မင်းသားကို ပါးတချက် ပိတ်ရိုက်ရင်း အိပ်ရာထဲကို ခြေခွင် လှဲချလိုက်တယ်။ ပြီးတော့ အပေါ်စည်းကနေ စိုးမိုးလိုက်တယ်။ ဒါကို ပေါတာတို့ လူသိုက်က ဘုန်းတွေ၊ ကံတွေ၊ နိမ့်တယ်လို့ မြင်ကြပြန်တယ်။ ဒါဟာ အလွန် နှစ်သက်စရာကောင်းတယ်လို့ နားမလည်ကြဘူး။

ဒီတော့ “ဟောလိဝုဒ်ကားတွေကို မပြနဲ့” ဖြစ်လာသတဲ့။

“ကိုရီးယားကားက မြန်မာတွေအတွက် သင့်တယ် …”လို့ ဆုံးဖြတ်တယ်။

အဆိုးဝါးဆုံးကတော့ ကိုရီးယားကားကို မြန်မာတွေကြည့် ပြီးတဲ့အခါ …

မြန်မာ အမျိုးသားပရိသတ်ကလည်း မျက်လုံးပြူးပြူး၊ အသားညိုညို ၊ ထူထူထဲထဲနှုတ်ခမ်း၊ ဖယ်ရမ်းနေတဲ့မြန်မာ့အမျိုးသမီးတဦးရဲ့ စွဲမက်ဖွယ်ရာတင်ပါးနဲ့ ပြေပြစ်တဲ့အချိုးအဆက်တွေကို “အလှ …” လို့ သူတို့ မမြင်တော့ဘဲ … “ဖြူဖြူဖျော့ဖျော့ … နှုတ်ခမ်းဆိုတာ ပါရဲ့လား၊ မျက်လုံးက ငါ့ကို မြင်ရဲ့လား …” လို့ ထင်ရလောက်တဲ့ ကိုရီးယားမင်းသမီးတွေကို အလှလို့ မြင်လာကြသတဲ့။

အပြန်အလှန် သဘောအလို့ငှာ - အမျိုးသမီးတွေကလည်း အသားညိုညို သန်မာတဲ့လက်များ၊ ညိုမောင်း ပြူးကျယ်တဲ့ မျက်လုံးများပိုင်ရှင် မြန်မာယောက်ျားတွေကို ချောမောသူလို့ မမြင်တော့ဘဲ ပျော့စိပျောဖတ်တွေကို “အလှ”လို့  ထင်လာကြတယ်။

တတိုင်းပြည်လုံး ကမောက်ကမ ဖြစ်နေတာကိုကြည့်ပြီး ကျော်ဆန်းတို့ကတော့ အားရ ကျေနပ်နေတယ်။ “တတိုင်းပြည်လုံး သာယာအေးချမ်းနေအောင် လုပ်နေရတာ သူပါ …” လို့ ပေါတာကြီးကို မျက်နှာလုပ်တယ်။ ပေါတာကြီးဟာ ဆယ်မိုး၊ ဆယ်နွေမက တရုပ်ကား ကိုရီးယားကားကို မထတမ်းကြည့်တဲ့အတွက် ကာလနာ တိုက်တော့သတဲ့။ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်းသက်သေ

ကိုရီးယားရုပ်ရှင်တွေ နှိပ်စက်ထားတဲ့အတွက် အအိပ်ပျက်၊ အစားပျက်ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက်တော့တာပေါ့။ သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။

သူ့ဝမ်းကို သူ နေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့်ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွှေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့တသိုက်ဟာ သန်းရွှေအိမ်ကို မိုးလင်းပြီဆိုရင် မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။

အောင်သောင်းက …

'' တပ်ရှုပ်ကြီးဝမ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့၊ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဗိန္ဓောလေး၊ ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။”

ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေတယ်။

ဒီအခါ မောင်အေးကလည်း အားကျမခံ၊ စုံထောက်ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက်ထောက်ပြီး ဂန်ဖလားနား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရှုလိုက်ပြီး -

'' အင်း … အနံ့ကတော့ မဆိုးဘူး …”

လို့ မှတ်ချက်ချတယ်။ ''

ဒီအခါ ရွှေမန်းကလည်း '

'မှန်း … ကျနော် ကြည့်ပါရစေ ''

ပြီးတော့ မရွံမရှာ ချီးတုံးကို လက်နဲ့ ဇတ်ခနဲ ကောက်ကိုင် လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့

''၀မ်းက မဆိုးပါဘူး။ မာသားပဲ …”

လို့ ပေါတာကြီးကို မျက်နာလုပ်လိုက်တယ်။

သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့် ပြီး အားရတော်မူသတဲ့။

သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကိုကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။ သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။ အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံ လာရတဲ့အတွက် သိမ်ငယ်စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှားလာသတဲ့။

ဒီကောင်တွေကို မနာလိုစိတ်တွေ ဖြစ်လာတယ်။ တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့ မနာလိုဝန်တိုမှုတွေကို မြိုချလိုက်ရင်း …

''ပြစမ်းပါဦး မသိဘဲ ရမ်း မပြောကြပါနဲ့၊ ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်း သက်သေပါ ခင်ဗျ။”

လို့ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။ မစင်တတုံးကို ဇတ်ခနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချလိုက်တော့တယ်။

အားလုံးက “ဟာ…” ကနဲ ဖြစ်သွားတယ်။

ပြိုင်ဖက်တွေကို အနိုင်ယူလိုက်နိုင်တဲ့အတွက် အားရ ကျေနပ်တဲ့မျက်နာနဲ့  မစင်တွေကို ၀ါးရင်း

“တပ်ရှုပ်ကြီး။ ချဉ်ငံစပ်တွေ စားတာ နည်းနည်း များနေတယ်။ အချဉ် အငံ အစပ်တွေ နည်းနည်း လျော့ဦးနော့် …”

လို့ ဆိုလိုက်တယ်။

သူတို့မယားတွေဟာ မျက်နှာတွေ ရှုံ့မဲ့သွားတယ်။ ပညာတတ်တဲ့ ဗိုလ်မှုးကတော်လေးတွေ မျက်နှာကို အောက်ချလိုက်ကြတယ်။ နှာခေါင်းတွေကို လက်ကိုင်ပုဝါနဲ့ မသိမသာ အုပ်လိုက်ကြတယ်။ ကလေးတွေက “ရွံ့စရာကြီး …” ဆိုပြီး အိမ်ရှေ့ကို ထွက်ပြေးသွားကြတယ်။

လုံခြုံရေး တပ်စုမှူးလည်း “နောက်တခါ ငါ့အလှည့်လား … မသိဘူး။”

ဆိုပြီး ရင်တထိတ်ထိတ် ဖြစ်သွားတယ်။

စကားပြောစက်မှာ" ရထား ဖြစ်လား " လို့မေးရမှာကို “ဘုရားဖြစ်လား …” လို့ ကယောင်ကတမ်း ဖြစ်ကုန်တယ်။

တယောက်က မစင်ကို နမ်း ၊ တယောက်က ကိုင်၊ တယောက်က စားပြ။ အဲသလို အပြိုင်အဆိုင် "ဖါး" ကုန်ကြပါပကောလား။ “ငါတော့ ချောင်ထိုးခံရတော့မှာပဲ”လို့ စဉ်းစားရင်း မောင်သောင်းဟာ ခေါင်းနားပမ်းကြီးလာတယ်။

ပုဆိုးမနိုင်၊ ခေါင်းပေါင်းမနိုင် ကိုးယိုးကားယားနဲ့ ညက အိပ်မက် မကောင်းဘူး။ ဆင်နင်းခံရတယ်လို့ အိမ်မက်မက်တာဟာ သမ္မာဒေ၀တွေက တခုခုကို သတိပေးနေတာပဲ ဖြစ်မယ်လို့ အပြေးအလွှား စဉ်းစားရင်း …

“ဖယ်ကြပါ …”

“ဖယ်ကြပါ …”

“အရမ်းတွေ ပြောနေလို့ မပြီးဘူး။ စုကြည်တို့ အန္တရာယ်ကို လျော့တွက်လို့ မရဘူး … တပ်ရှုပ်ကြီး။ သူတို့ဟာ တိုင်းပြည်ရဲ့ ရန်သူတွေပါ …”

တဖက်ကို ခြောက်လှန့်လိုက်ရင်း သူ့ဖက်ကို အာရုံစိုက်လာအောင် လုပ်လိုက်တယ်။ သူကဆက်ပြီး …

“ရန်သူတွေကို တိုက်တဲ့နေရာမှာ ဒီအတိုင်းတိုက်လို့ မရဘူး ခင်ဗျ။ ဆင် မြင်း ရထား နဲ့ စစ်အင်္ဂါလေးပါး လိုပါတယ်။ ဒါ့အပြင် မယုံမရှိပါနဲ့။ ကျနော်တို့မှာ “အဆောင်” လိုပါတယ် ခင်ဗျ။ တပ်ရှုပ်ကြီးဟာ သာမာန် တပ်ရှုပ်ကြီး မဟုတ်ပါဘူး။ အလောင်းစည်သူမင်းတြားကြီး သေလို့ ၀င်စားတယ်လို့ ဘိုးတော်သန်းလှတို ၊့ ဘိုးတော်တိမ်ကြားဖင်ပြောင်တို့ကလည်း ပြောပါတယ် …”

“တပ်ရှုပ်ကြီးမစင်တုံးဟာ သာမန် မစင်နဲ့ မတူပါဘူး။ သေသေချာချာကြည့်ရင် တန်ခိုးရှိတဲ့ မစင်ပါ ခင်ဗျ။ မယုံမရှိပါနဲ့နော်။ ကျနော်တော့ ယုံတယ်။ ”

သူ့ဘာသာသူ အဆိုတင်၊ သူ့ဘာသာသူ ထောက်ခံလိုက်တယ်။

“ကျနော်ကတော့ တပ်ရှုပ်ကြီး မစင်ကို စမ်းသပ် စစ်ဆေးနေရုံနဲ့ မပြီးပါဘူး။ ဒါတွေက စိတ်မချရဘူး …”

ပြောလည်း ပြော လက်အုပ်လည်း ချီကာ …

“တပ်ရှုပ်ကြီးမစင်တုံးကို ကျနော်တို့အားလုံး ကိုးကွယ်သင့်ပါတယ် …”

လို့ ဆိုပြီး ဘာမပြော ညာမပြော ထိုင် ကန်တော့ လိုက်လေတယ်။

အားလုံးလည်း မျက်စိမျက်နှာတွေပျက်သွားကြသတဲ့။ ဒါပေမဲ့ ပေါတာကြီး မျက်နှာကြည့်လိုက်တော့ မောင်သောင်းကို လုံးဝကို တော်တယ်ဆိုတဲ့ မျက်လုံးများ နဲ့ အားရကျေနပ်စွာ ကြည့်တော်မူသတဲ့။

ပြီးတော့ မောင်းသောင်းဟာ ပေါတာကြီးသန်းရွှေနားကို လက်အုပ်ချီရင်း တရိုတသေ ဒူးထောက် ကပ်သွားတယ်။ နှစ်ကိုယ်ကြား လေနဲ့  …

“တပ်ရှုပ်ကြီး မပေါ့နဲ့နော်၊ ချီးတုံးကို တပ်မတော်တခုလုံးကို ကိုးကွယ်ခိုင်းဖို့ အမိန့် ထုတ်ပါ။ ဒါမှ ဒီကောင်တွေ မလှန်ရဲမှာ။ ဗိုလ်ချုပ်ခင်ညွန့်လို ကောင်တွေ တပ်ထဲမှာရှိရင် အန္တရာယ်များတယ်။ ခုထဲက ချီးတုံးကို ကန်တော့ခိုင်း၊ မကန်တော့တဲ့ကောင် ဆိုရင် … ဟင်း … ဟင်း ...”

ဆိုပြီး လက်နဲ့  သူ့လည်ပင်းကို ဖြတ်တဲ့ပုံ လုပ်ပြလိုက်တယ်။

ပေါတာကြီးဟာ မောင်သောင်းပုခုံးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်တယ်။ ရန်များကို ကိုယ် ရှင်းမယ်ဆိုတဲ့ စတိုင်နဲ့ ပျော့တွဲနေတဲ့ လက်မောင်းကို ဆန့်တန်း လိုက်တဲ့အခါမှာ ကြိုးချောင်နေတဲ့ ရွှေရောင်လက်ပတ်နာရီကြီးဟာ ဒုတ်ကနဲ လက်မောင်းရင်းကို လျောကျသွားတယ်။

“မင်းလို လူစား၊ အများသား …” ဆိုတာ မြန်မာ့တပ်မတော်အတွက် နိယာမတခုပါ။ မောင်သောင်းလိုပဲ အားလုံက လူလည်တွေချည်းပဲ ဖြစ်ပါတယ်။

ရွှေမန်းက ပျာယာပျာယာနဲ့ …

“ကဲ … အားလုံး …”

“ဖိနပ်တွေ ချွတ်ကြ။ ဦးထုပ်တွေ ချွတ်ကြ …”

ဆော်သြလိုက်ရင်း ဂန်ဖလားထဲမှာ ငုတ်တုတ်ဖြစ်နေတဲ့ ပေါတာကြီးချီးတုံးကို တဖွဲ့လုံး ၀ိုင်း ကန်တော့လိုက်ကြတော့တယ်။

သူတို့မယားတွေကိုလည်း

“ဟဲ့ … ကောင်မတွေ … လာ … တပ်ရှုပ်ကြီးချီးတုံးကို ကန်တော့ကြ …”

သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ရှိခိုးခိုင်းလိုက်ကြတယ်။ နောက်ပြီးတော့ မောင်သောင်းက အစောင့်စစ်သာေးတွဖက် လှည့်ကာ …

“ဟေ့ကောင်တွေ မင်းတို့ဘာကောင်တွေလဲ။ ရိုင်းလှချည်လား။ မြန်မာ့ယဉ်ကျေးမှုကို နားမလည်ဘူး။ မအေ့ xxx ၊ နှမ xxx …”

တစ်တစ်ခွခွ ဆဲလိုက်ရင်း …

“လာ ကန်တော့ကြလို့ …” အမိန့်ပေးလိုက်တယ်။

ဒီတော့ လုံခြုံရေးတပ်ခွဲမှူးလည်း အမြီးတောင် မထောင်ရဲဘဲ …

“ဟုတ်ကဲ့ အဘ …”

ဆိုပြီး သေနတ်တွေ ချ၊ ပေါတာကြီးသန်းရွှေအီးတုံးကို ၀ိုင်း ကန်တော့ကြကုန်လေသတည်း … တဲ့။

ပေါတာကြီးလည်း သူ့နောက်လိုက်တွေအပေါ်မှာ လုံးဝကို ယုံကြည်စိတ်ချသွားသတဲ့။

“သာဓု … သာဓု … သာဓု …”

လို့ ကြွေးကြော်လိုက်တယ်။

ဒါနဲ့ သူတို့ဟာ “ချီးတုံးဟိမ၀န္တာ” ချီရင်း “ချီးတုံးဋီကာ” ကို အပြိုင်အဆိုင် ဖွဲ့ရင်း၊ ဖွဲ့ရင်းနဲ့ ပေါတာကြီးချီးတုံးဟာ တကယ် တန်းခိုးတွေရှိနေတယ်လို့ ယုံကြည်သွားကြသတဲ့။

ဒါက “ပေါ်လစီ” ဖြစ်သွားတယ်။ တပ်မတော်သားတွေ သောက်သုံးတဲ့ ရေကန်တွေမှာ တပ်ရှုပ်ကြီးရဲ့ မစင်တတုံးစီ ထည့်ထားပေးတယ်။ ဒါကို သောက်ရင် အန္တရာယ်ကင်းတယ်။ ကိုးကွယ်ရင် အကျိုး များတယ်။ ရာထူး တက်တယ်။ ဒါကို မြန်မာ့တပ်မတော်သားတိုင်း ယုံကြည်နေကြတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ဟာ ပေါတာကြီးသန်းရွေရဲ့ချီးတုံးကို စားမိကြ၊ ကိုးကွယ်မိကြတဲ့ အတွက် ဘုရားသားတော်၊ ရဟန်းသံဃာတော်တွေကို သတ်ဖြတ်မိတာတောင် မှားတယ်လို့မမြင်၊ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်တာလို့ ခိုင်မာစွာ ယုံကြည်နေကြလေကုန်သတည်း။

(ဆက်လက်ဖော်ပြပါမည်။ မိုးမခ ပင်တိုင် ကာတွန်းဆရာ ဘီရုမာရဲ့ ကာတွန်းပုံများကို ဖြတ်ညှပ်သုံးပြီး ဆောင်းပါးကို သရုပ်ဖော်ထားသည်။ ဆောင်းပါးရှင်က အင်တာနက်ပေါ်က ဖြန့်ချိခြင်း ဖြစ်ပြီး မိုးမခ က ကောက်ယူသုံးစွဲခြင်း ဖြစ်ပါကြောင်း)

မဟာဗျူဟာရှုထောင့်လား အကြောက်တရား အဂတိလား


သန်းစိုးလှိုင်
အောက်တိုဘာ ၂၁၊ ၂၀၀၈
မကြာမီ လပိုင်းအတွင်းက မော်ဒန်ဂျာနယ်မှာ မောင်စူးစမ်းက လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် “မှတပါး အခြားရွေးစရာလမ်းမရှိသည့် နိုင်ငံရေးလမ်းကြောင်း” အဖြစ်လည်းကောင်း၊ လက်တွေ့ကျသည့်နိုင်ငံရေး လမ်းကြောင်းတခုဖြစ်သည် ဟုလည်းကောင်း ရေးသားခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးဟူသည် စကားလုံးသာ လှပပြီး လက်တွေ့မကျ ဟူသည့် သဘော ရေးသားခဲ့သဖြင့် ပြည်တွင်းနှင့် ပြည်ပမှ နိုင်ငံရေးသမားများအကြား တုံ့ပြန် ဝေဖန် ပြောဆိုစရာ ဖြစ်ခဲ့သည်။ နိုင်ငံရေးရာဇ၀င်လှန်ပြီး ရေးသားမှုများလည်း နိုင်ငံပြင်ပတွင် ပေါ်ထွက်ခဲ့သည်ကို သိရသည်။

မောင်စူးစမ်းသည် ယခုတဖန် “ခေတ်ပြိုင်မြန်မာ့ နိုင်ငံရေးကို အခြေခံ မဟာဗျူဟာ ရှုထောင့်များဖြင့် စဉ်းစားခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် အောက်တိုဘာ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ရေးသားပြန်သည်။

မောင်စူးစမ်း၏ အခြေခံနိုင်ငံရေး မဟာဗျူဟာ ဆိုသည်မှာ မည်သည့် ၀ါဒဖြစ်သည်၊ မည်သည့် စီးပွားရေး ပေါ်လစီကို အခြေခံသည်၊ မည်သည့်နိုင်ငံရေး အယူအဆကို အခြေခံသည့် မဟာဗျူဟာများ ဖြစ်သည်ကိုလည်း သဲသဲကွဲကွဲ ရှင်းလင်းဖွင့်ဆိုခြင်းမရှိပေ။

မောင်စူးစမ်းဆောင်းပါး များ၏ ပင်ကိုယ် သဘာဝ

မောင်စူးစမ်း၏ ဆောင်းပါးများသဘာဝအတိုင်း အကြောင်းအရာတရပ်ကို ဝှေ့ကာရှပ်ကာ ပြောသွားမည်။ စာဖတ်သူနားလည်အောင် ရှင်းလင်းရေးသားခြင်းမှာ တခါတရံမှသာ တွေ့ရတတ်သည်။ မြန်မာဘာသာပြန်ဆိုထားပြီးသား အင်္ဂလိပ်စကားလုံးများကိုပင် မြန်မာဝေါဟာရဖြင့်မရေးဘဲ အင်္ဂလိပ် အသံထွက်အတိုင်း ပြန်ဆိုရေးသားလေ့ရှိသည်။ အဆိုပါ အကြောင်းအရာ နှင့် ဆက်စပ်သည်တို့ကိုလည်း နောက် မည်သည့် အခါမျှ စာဖတ်သူထံသို့ ရောက်အောင် ထပ်မံ ရေးသားလေ့မရှိပေ။ ဥပမာပေးရလျင် စာဖတ်သူအား တခါတရံ ၀င်္ကပါထဲ သို့ခေါ်သွားပြီး ထားခဲ့သည့်သဘောဖြစ်သည်။ စာဖတ်သူက ဖတ်သော်လည်း ပြည့်ပြည့်စုံစုံ နားမလည်ဘဲ အတွေးသံသယဖြင့် ကျန်ခဲ့လေ့ရှိသည်။

မောင်စူးစမ်းသည့် လွန်ခဲ့သည့် ၁၀စုနှစ် တခုကျော် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကင်းကင်းနေခဲ့ပြီး သူ၏နိုင်ငံရေးအယူအဆကို လက်ဝဲလည်း မဟုတ် လင်္ကျာလည်း မဟုတ်ဘဲ "လက်တွေ့သမား" သာဖြစ်ကြောင်း နီးစပ်သည့် သူများကို ပြောဆိုလေ့ရှိသည်။ လက်တွေ့ကျခြင်းမှာ ကောင်းမွန်သည့် တွေးခေါ်နည်း တရပ်ဖြစ်သဖြင့် ကြိုဆိုရမည် ဖြစ်သည်။ သို့သော် လက်တွေ့ကျသည် ဟု ပြောဆိုသော်လည်း အဖြစ်အပျက်တခုလုံးကို မျှမျှတတ နည်းလမ်းကျကျ မရှုမြင်ဘဲ လျှော့ပေးနေသည့် ဘက်တဘက်ထဲကိုသာ ထပ်မံပြီး လျှော့ခိုင်းခြင်းမျိုး၊ အပြစ်တင်ခြင်းမျိုးမှာ လူထုအတွက်ရော မောင်စူးစမ်းအတွက်ပါ အကျိုးမများဟု ရှုမြင်မိသည်။

ပြောလို့ရတဲ့သူကိုသာ ပြောရတာ

လွန်ခဲ့သည့် နှစ်က The Voice ဂျာနယ်တွင် ဒေါက်တာနေ၀င်းမောင်က မြန်မာပြည်သူတွေ အခွန်ပေးဆောင်သည့် အလေ့အထ နည်းပါးနေသေးပြီး တိုင်းပြည်တိုးတက် ကြီးပွားလိုလျှင် လူထုအနေဖြင့် အခွန်ပေး ပိုမိုပေးဆောင်သင့်သည့် သဘောကို ကလောင်အမည်တခုဖြင့် ရေးသားခဲ့ဖူးသည်။ ထိုသို့ ရေးသား ဖေါ်ပြပြီးနောက် ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် သူ့အနေဖြင့် ပြောလို့ရသည့် ဘက်ကိုသာ ပြောရခြင်းဖြစ်ကြောင်း၊ တဘက်ကို (စစ်အစိုးရကို) သူ့အနေဖြင့်ပြောဆို၍ မရသဖြင့် လူထုကိုသာ ပြောဆိုနေရခြင်းဖြစ်သည်ဟု ပြန်ဖြေ ရေးသားခဲ့သည်။

အဆိုပါ ကိစ္စတွင် အစိုးရကို ပြော၍ မရသဖြင့် ပြည်သူကိုသာပြောနေရသည် ဆိုသည့် ဆင်ခြေမှာ မျှတခြင်းမရှိပေ။

ပြည်သူလုထုက တိုင်းပြည်၏ပေါ်လစီကို ချမှတ် ထိန်းကျောင်းနေခြင်းမဟုတ်ဘဲ အစိုးရက တိုင်းပြည်၏ ပေါ်လစီကို ချမှတ်နေခြင်း ဖြစ်သဖြင့် ပေါ်လစီချနေသူကို သဘာဝကျသည့် အခွန်ဥပဒေ ဟုတ်မဟုတ် ဝေဘန် ပြောဆိုရန် မ၀ံ့ရဲ သဖြင့်အခွန်ပေးဆောင်ရန် ပျက်ကွက်သည်ဟု လူထုကိုသာ တဘက်သတ် အပြစ်တင်နေခြင်းသည် ဘယ်လိုမှ တရားနည်းလမ်းကျသည်ဟု မဆိုနိုင်ချေ။

ဒီဆောင်းပါးထဲမှာ ဘာအချက်လက်သစ်တွေ ပါသလဲ

ဆောင်းပါး အစတွင် မြန်မာပြည်နိုင်ငံရေးသည် အခြားနိုင်ငံရေးများနှင့် မတူ၊ နှိုင်းယှဉ်၍ မရဟု ဆိုထားသည်။ တသမတ်တည်း မဟုတ်ဆိုသည့် အဓိပ္ပာယ်ကို အင်္ဂလိပ် စကားလုံး non linear ဆိုပြီး ပြောဆိုထားသည်။ မြန်မာပြည်နိုင်ငံရေး၏ ထူးခြားသည့် လက္ခဏာ (၄)ချက်ကို ထုတ်နှုတ်ပြသည်။

၁။ လွတ်လပ်ရေးရပြီးခေတ်မှ စပြီး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် သမ္မတ ၀န်ကြီးချုပ်များ အနက် ဒေါက်တာဘဦးမှ လွဲ၍ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကောင်းကောင်းဆင်းရသည် မရှိခဲ့။

၂။ လွတ်လပ်ရေး ရပြီးနောက် ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီ ဒွန်တွဲခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် ဇီဝိန်ချုပ်ခဲ့ပြီး ယခုတဖန် ဈေးကွက်စီးပွားရေး စနစ်ကို မိတ်ဆက်နေရသည်။

၃။ ၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီသည် အုပ်ချုပ်ခွင့်ရသည့်ပါတီ မဖြစ်ခဲ့။

၎။ အခြေခံဥပဒေကို ခေတ်သစ်မှာ ဖြစ်သည့်အတိုင်း စစ်တပ်စပွန်ဆာ အဖြစ် ပေါ်ပေါက်လာရသည်။

အထက်ပါ အချက် ၄ချက်ကြောင့် မြန်မာပြည်နိုင်ငံရေးသည် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်၍မရဟု မောင်စူးစမ်းက ပြောလိုသည်။ ထိုအချက် ၄ချက်သည် မြန်မာ့နိုင်ငံရေးတွင် ဘာအတွက်ကြောင့် အဓိကကျသည်ကိုလည်း ရှင်းမပြပေ။ ခေတ်သစ်တွင် ဖြစ်ပေါ်သည့်အတိုင်းဟု ရည်ညွှန်းသည့် အခြေခံဥပဒေကို စစ်တပ်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်ဆိုခြင်းမှာ စပွန်ဆာ ဆိုသည့် စကားလုံးထက် စစ်တပ်၏ အတင်းအကြပ်စေခိုင်းမှုအောက်၊ ခြိမ်းခြောက်မှုအောက်မှာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ လူထုအများစုက အဆိုပါ အခြေခံဥပဒေကို လက်ခံလို၍ လက်ခံခြင်းမဟုတ်ပေ။ အထက်ဖေါ်ပြပါ အချက် ၄ချက်သည် မြန်မာ့နိုင်ငံရေး သီးခြားသဘောဆောင်မှု၊ ထူးခြားမှု၊ အလွန်အဓိကကျသည့် အချက်များဟု အထောက်အထား ပြည့်ပြည့်စုံဖြင့် ရှင်းလင်းရေးသားထားခြင်းလည်း မတွေ့ရပေ။

မဟာဗျူဟာ ရှုထောင့်ဟုဆိုသော်လည်း

မောင်စူးစမ်းက မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရမည်။ ရေတို လူကြိုက်များသည့် ပေါ်ပြူလာ ပေါ်လစီဖြင့် ကြည့်ရှု သုံးသပ်၍မရ ဟုဆိုသည်။ ရေတိုရေရှည်၊ မဟာဗျူဟာ ရှုထောင့်ဟုပင် ဆိုဆို လူအများစု၏ အကျိုးကို ရှေးရှုသလား၊ ဆန့်ကျင်သလား ဆိုသည်မှာ အဓိကပိုကျသည် ဟုမြင်သည်။

စစ်အစိုးရ၏ အခြေခံဥပဒေကို တခွန်းတပါဒမျှ ကောင်းသည် ဆိုးသည် ဝေဖန်ထောက်ပြခြင်း မရှိဘဲ ရေးထားသည့်အတိုင်း လက်ခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးစရာလမ်း မရှိဟု ဆိုခြင်းမှာ မဟာဗျူဟာလည်း ကျသည်ဟု မဆိုနိုင်ပေ။

မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင် စစ်အစိုးရက အတည်ပြုလိုက်သည့် အခြေခံဥပဒေသည် မြန်မာပြည်သူများအတွက် မည်သို့ အကျိုးရှိမည်ကိုလည်း မောင်စူးစမ်း အနေဖြင့် သုံးသပ်ပြဖို့ လိုပေမည်။

မောင်စူးစမ်းကို စစ်အစိုးရထံမှ အကျိုးအမြတ် လက်ခံရရှိနေသဖြင့် စစ်အစိုးရသဘောကျအောင် ရေးသားသည်ဟူ၍ မဆိုလိုပါ။ သို့သော် အကြောက်တရားနှင့် အစိုးရငြိုငြင်မည် စိုးရိမ်သဖြင့် ယခုလို ရေးသားခြင်းသည် နိုင်ငံရေးအမြင်များေ၀၀ါးရှုပ်ထွေးစေပြီး စစ်အစိုးရသာ ကျေနပ် သဘောကျပေလိမ့်မည်။

မဟာဗျူဟာဟု စကားလုံး ကြီးကြီးမားမား ဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံရေး ပြဿနာများ၊ အတွေ့အကြုံများ၊ သီအိုရီများနှင့် နမူနာပေးကာ ဝေဘန်သုံးသပ်ပြသည့် ဆောင်းပါး တစောင်လည်း မဟုတ်သည်ကို တွေ့ရသည်။

မည်သည့် နိုင်ငံနှင့်မျှ နှိုင်းယှဉ်၍ မရဟု ပလ္လင်ခံထား သဖြင့် ဥပမာပေးစရာ နှိုင်းယှဉ်စရာလည်း မလိုတော့ပေ။

ထို့ကြောင့် ပြည်သူများနှင့် နိုင်ငံရေးလုပ်ကိုင်နေသူများအကြား အယူအဆေ၀၀ါးစေရန်မှတပါး အခြားအကျိုးရှိသည့် အမြင်အယူအဆများ မပါဟုသာ သုံးသပ်ရပေလိမ့်မည်။
weekly eleven ဂျာနယ်၊ အောက်တိုဘာ ၂၂၊ စာမျက်နှာ ၁၇
http://first-11.com/wdet.php?id=17မှ

မောင်စူးစမ်း၏ ဆောင်းပါး

၂၀၀၇ ခုနှစ် စက်တင်္ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်း ရဟန်းတော်များ စစ်တွေမြို့လမ်းမများပေါ်တွင် ယခုကဲ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။


မြန်မာ့ တရားစီရင်ရေး

(အင်တာဗျူး)
သန်းထိုက်ဦး
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 16:12 - မြန်မာစံတော်ချိန်

(ဗဟိုတရားရုံးချုပ် ရှေ့နေများနှင့် ဆက်သွယ် မေးမြန်းချက်များ)

အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများအနေဖြင့် ဟန်ပြ တရားစီရင်မှုတွင် လိုက်ပါဝင်ကာ အချိန်ပိုကြာ အဖမ်းခံထားရမည့်အစား ထောင်မြန်မြန်ကျလျှင်ပင် ပိုမို ကောင်းမွန်မည်ဟူသော အတွေးများ ၀င်လာခဲ့သည်။

အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသော နိုင်ငံရေးသမားတချို့က မြန်မာ့တရားစီရင်ရေး စနစ်တွင် လွတ်လပ်မျှတမှု မရှိဟုဆိုကာ သူတို့ လွှဲအပ်ထားသော ရှေ့နေပါဝါများကို ယခုရက်ပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဥပဒေရှုထောင့်အမြင်အရ သိရှိနိုင်ရန်အတွက် ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်း ပြောဆိုချက်များ

မေး။ လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေကို တရားရင်ဆိုင်ရတာနဲ့ ပတ်သက်ပြီး ရှေ့နေတချို့ ပါဝါတွေ ရုပ်သိမ်းတာတွေ ရှိတယ်လို့ ကြားရပါတယ်၊ ဘယ်လိုဖြစ်တာလဲဗျ။

ဖြေ။ (ရှေ့နေ ဦးအောင်သိန်း) အန်ကယ်တို့ ဦးခင်မောင်ရှိန်တို့လည်း ပါဝင်တာပါပဲ။ သူတို့ ရုပ်သိမ်းတဲ့ အကြောင်းပြချက်ကတော့ လက်ရှိ တရားစစ်ဆေးစီရင်တဲ့ အပေါ်မှာ သူတို့ မယုံကြည်တော့ဘူးပေါ့နော်။ အဲဒါကို သူတို့လည်း ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်တော့ဘူး ဆိုပြီးတော့ ရှေ့နေတွေကိုလည်း သူတို့ရဲ့ ကိုယ်စား ရုပ်သိမ်းတဲ့ အပိုင်းတွေ ပေါ်ပေါက်လာတာပါ။

မေး။ အန်ကယ်ရော ဘယ်လိုကြုံရလဲဗျ။

ဖြေ။ ဦးဂမ္ဘီရ (ပါ) ၁၁ ဦးဆိုတဲ့ အမှုတမှုမှာတော့ အန်ကယ် ရုပ်သိမ်းပေးခဲ့တယ်။ အန်ကယ်ကိုယ်တိုင် တရားရုံးနဲ့ မဖြစ်လို့ ရုပ်သိမ်းပေးခဲ့တာ ရှိတာပဲလေ။ ထို့အတူပဲပေါ့နော် စွပ်စွဲခံရသူ ကာယကံရှင်များ အနေနဲ့လည်း သူတို့ တရားရုံးအပေါ် သူတို့စိတ်ထဲမှာ ကျေနပ်မှု မရှိဘူးဆိုရင်၊ တရားမျှတမှု မရှိဘူးထင်ရင် သူတို့က ရှေ့နေအဖြစ် မဆောင်ရွက်ပေးပါနဲ့တော့၊ သူတို့လည်း ဘာမှ ဖြေစရာ၊ မေးစရာ မရှိတော့ဘူး၊ မလိုအပ်တော့ပါဘူးပြောရင် အန်ကယ်တို့လည်း ရုပ်သိမ်းပေးရတာပေါ့နော်။ အတိုင်းအတာအရတော့ ဒီလို အခြေအနေမျိုးနဲ့ သွားနေတဲ့ ပုံစံပဲလေ။

မေး။ တရားမျှတမှု မရှိဘူးဆိုတာက ဘယ်လို အချက်အလက်မျိုးကို ထောက်ပြီး ပြောတာလဲခင်ဗျ။

ဖြေ။ ဘယ်လို အချက်အလက်မျိုးကို ထောက်ပြောတာလဲဆိုတော့ တချို့ သက်သေတွေက သူတို့ထွက်တဲ့ သက်သေတွေက တပုံစံထဲ၊ နောက်တခါ တရားလိုရဲ့ တိုင်တန်းချက်တွေဟာလည်း အမှုတိုင်းလိုလိုမှာ မိတ္တူပွားပြီးတော့ ထွက်နေတယ်၊ တိုင်တန်းချက်တွေဟာ တပုံစံထဲ နီးနီးပေါ့လေ၊ အဲဒီလိုတွေ ရှိခဲ့တာတွေ ရှိတယ်။

တခါတလေကျရင် တယောက်ရဲ့ ထွက်ဆိုချက်က၊ တရားလို တယောက်ရဲ့ ထွက်ဆိုချက်က အမှု ၃ မှု စလုံးတွဲလည်း ဒါပဲဆိုပြီးတော့ အန်ကယ်တို့ ဘက်ကလည်း ပြန်လည်တင်ပြလို့ မရတဲ့အခါကျတော့လည်း ၃ မှုစလုံးတွဲ၊ ၄ မှုစလုံးတွဲ ဆိုပြီးတော့ တပြိုင်နက်ထဲ မေးလိုက်ရတာ ရှိတာပေါ့နော်။ ဆိုတော့ အဲဒါတွေကျတော့ တခါတလေမှာ ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ ဒီအမှုသည်များဘက်က ခံစားရချင်လည်း ခံစားရမှာပေါ့လေ။

နောက် (တရားခွင်မှာ) မိသားစု နားထောင်ချင်လည်း နားထောင်လို့ ရတာပေါ့နော်။ အခုက အဲဒီ အခြေအနေမျိုးတွေ လုံးဝ မရှိတော့ဘူး။ ဆိုတော့ အပြင်တရားရုံးမှာ သူတို့ စွဲဆိုခံရတဲ့ အမှုတွေမှာ အဲဒီ အခွင့်အရေးတွေ ရရှိနေပြီးတော့ သူတို့မှာ မရရှိဘူး။ ဒါကို တရားရုံးတော်အနေနဲ့ ဘာမှ ဆောင်ရွက်ပေးခြင်းမရှိဘူး။ ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိဘူး ဆိုတဲ့ သဘောလည်း သက်ရောက်လာတယ်ပေါ့နော်။

အဲဒီတော့ ဒီရုံးတွေမှာ ဆက်ပြီး အမှုသွားလည်း အချိန်တန်ရင် ချတာပဲ။ ထောင်ချဖို့အတွက် သူတို့ သီးသန့်ရုံး အနေနဲ့ ထုတ်ပြီးတော့ စစ်နေတာပါပဲ။ ဆရာတို့ ကြိုးစားပြီး ဆောင်ရွက်တာလည်း ဆောင်ရွက်တာပဲ ဖြစ်မယ်။ အချိန်တန်တော့ ကျသွားတာပဲ။ အဲဒီတော့ မြန်မြန်ကျရင်လည်း မြန်မြန်ပြီးတာပဲနော်။ လူလည်း အစစ်ခံရတာ၊ ထွက်နေတာ သက်သာတယ်။ မိသားစုတွေလည်း သက်သာတာပေါ့နော်။ အဲဒီလို သဘောမျိုး အကျိုး သူတို့ဆီမှာ ရောက်ကုန်တယ်လို့ အန်ကယ် ထင်မြင်မိတယ်လေ။ အတိအကျတော့ သူတို့ရဲ့ သဘောထား ဘယ်လိုရှိလဲ အန်ကယ်လည်း မသိဘူးပေါ့နော်။

အန်ကယ်တို့ စိတ်ထဲမှာ တရားမျှတမှု မရှိရင် ရုပ်သိမ်းတာ ရှိသလို၊ သူတို့ကလည်း သူတို့စိတ်ထဲမှာ သူတို့ ခံစားချက်တွေ ပေါ်ပေါက်လာခဲ့ရင် သူတို့လည်း ရုပ်သိမ်းကြတာပဲလေ။

မေး။ ဒီလိုတွေ ပေါ်ပေါက်လာတော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဗျ။

ဖြေ။ အဲဒါကတော့ အကျိုးဆက်ကတော့ ကြိုတင် မျှော်လင့်ထားလို့တော့ မရဘူးလေ။ အင်းစိန်ထောင် သီးသန့်ရုံးတွေမှာ စစ်တဲ့ အမှုတိုင်းလိုလိုက အကုန်လုံး ထောင်ချတဲ့ အမှုကြီးတွေပါပဲ။ လွတ်တယ်ဆိုတဲ့ အမှုဆိုတာ မရှိပါဘူး။ အဲလိုလည်း သူတို့ ယုံကြည်လာတဲ့အခါမှာ သူတို့လည်း သူတို့ ဆုံးဖြတ်လာကြတာပဲ။ နောက်ဖြစ်လာမယ့် အကျိုးဆက်ကတော့ ဘယ်လိုပုံစံနဲ့ ဘာထပ်ဖြစ်လာမလဲ၊ တရားရုံးကတော့ သူ့ဘာသာ သူ ဒီအတိုင်း သွားပြီးတော့ သူတို့ အစစ်မခံဘဲ ဒီအတိုင်းဆက်သွားရင် အချိန်စောစွာ အမိန့်ချမှာပေါ့။ ဒါပါပဲ။



ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန် ပြောဆိုချက်များ

မေး။ မြန်မာစစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို တရားရုံးထုတ်ပြီး တရားရင်ဆိုင် စစ်ဆေးတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံကို ပြောပေးပါလားခင်ဗျ။

ဖြေ။ တရားရင်ဆိုင်ရတဲ့ အတွေ့အကြုံဆိုတာက အန်ကယ်တို့ကတော့ ဒီမှာ ပေါ်ပေါက်လာတဲ့ အပေါ်မှာနော် ဥပဒေနဲ့အညီပေါ့ကွယ် တရားရုံးမှာ ဆောင်ရွက်စရာရှိတဲ့၊ ပြစ်မှုဆိုလို့ရှိရင်လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးတွေ ရှိတယ်။ တရားရုံးက လက်စွဲတွေ ရှိတယ်။ နောက် တရားရုံးများ ညွန်ကြားလွှာ ရှိတယ်။ နောက် ရဲလက်စွဲ ရှိတယ်။ ဒါတွေနဲ့အညီ တရားခွင်မှာ ရောက်ရှိလာတဲ့ အမှုတွေ အပေါ်မှာ ကျင့်ထုံးနဲ့ မညီရင် မညီသလို၊ နောက်တခါ ရဲ ရဲ့ ဆောင်ရွက်ချက်ဟာလည်း ရဲလက်စွဲနဲ့ မညီရင် မညီသလို၊ နောက် တရားရုံးက ဆောင်ရွက်ချက်တွေ ရှိတယ်။

ဒါတွေက အန်ကယ်တို့ အပိုင်းကတော့ ဒီအမှုတွေဟာ ညီရင်လည်း ညီတဲ့အတိုင်းပေါ့။ မညီရင်လည်း မညီတဲ့အတိုင်းပေါ့။ နောက်တခါ တရားလိုဘက်ကနေ စွဲတင်လာတဲ့အပိုင်းမှာ ဒီစွပ်စွဲခံရတဲ့ တရားခံဘက်က အန်ကယ်တို့ လိုက်ကြရပါတယ်။ လိုက်လံဆောင်ရွက်ရပါတယ်။ အဲဒီတော့ ဒီစွပ်စွဲချက်တွေဟာ တရားလိုဘက်က စွပ်စွဲချက်တွေဟာ မှန်တယ်၊ မမှန်ဘူး ဒီအပိုင်းက စွပ်စွဲတဲ့အချိန်မှာ စွပ်စွဲမှုဟာ စွပ်စွဲခံရခြင်း ရှိကိုမရှိဘူး၊ ကျူးလွန်မှု မရှိဘူးဆိုတဲ့ အပိုင်းတွေအပေါ်မှာ အမှုသည်နဲ့ တွေ့ဆုံပြီးတဲ့အခါ အမှုသည်ကနေ ဒီ စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ဖြစ်စဉ်ကို အန်ကယ်တို့ကို ပြောပြထားတယ်။

အန်ကယ်တို့ ဆွေးနွေးထားတယ်။ ဒီဆွေးနွေးမှုတွေက ဒီတရားခွင်မှာ ပေါ်ပေါက်လာတယ်။ တဖက်က တရားလိုကနေ စွပ်စွဲမှုတွေအပေါ်မှာ ဖြေရှင်းရတယ်။ ဒါတွေ လုပ်နေရပါတယ်။

မေး။ သာမန် ရာဇ၀တ် အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကြားမှာ ဘယ်လို ကွာခြားချက်တွေ ရှိပါသလဲခင်ဗျ။

ဖြေ။ သာမန် ရာဇ၀တ် အကျဉ်းသားရော၊ နိုင်ငံရေး အကျဉ်းသား ဆိုတာရော အတူတူထားတယ်။ အတူတူ ပုံစံပဲ။ လက်ထိပ်ခတ်တာရော အတူတူပဲနော်။ အခု နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေနဲ့ သာမန် ရာဇ၀တ်သား ဆိုတဲ့အပိုင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူတွေက ပိုတောင်မှ ကန့်သတ်ခံရတယ်လို့ အန်ကယ်တို့ တွေ့ရတယ်။ ရာဇ၀တ်သားက မြို့နယ်ရုံးပေါ်မှာ ထုတ်တယ်။ သက်ဆိုင်ရာ ခရိုင်ရုံးမှာ ထုတ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သူ့မိသားစုနဲ့ တွေ့ခွင့်ရတယ်။ အများပြည်သူရှေ့မှာ တရားစီရင်ခွင့်ရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကျတော့ တော်တော်များများက ခုနကလို သီသန့်ရုံး၊ အခုဆိုလို့ရှိရင် အထူးရုံး၊ အင်းစိန် အကျဉ်းထောင် ၀င်းကြီးထဲမှာ ရုံးထိုင်တယ်။ ရာဇ၀တ်သားထက်တောင်မှ သူက ပိုပြီးတော့ ကန့်သတ်တဲ့ အနေအထား တွေ့ရတယ်။

မေး။ အခုလို ဖြစ်ရပ်မျိုးတွေ၊ အခွင့်အရေး ဆုံးရှုံးနေပုံတွေကို ကြည့်ပြီး ဥပဒေ အကျိုးဆောင်တယောက်အနေနဲ့ ဘယ်လို ခံစားရမိလဲဗျ။

ဖြေ။ အန်ကယ်တို့လည်း တရားစီရင်ရေး၊ ဥပဒေ ဘက်တော်သားအနေနဲ့ နိုင်ငံရေးနဲ့ ယှက်နွယ်တဲ့ အမှုကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတယ်။ ဒီမှာကတော့ အန်ကယ်တို့က ဥပဒေဘက်တော်သား တယောက်အနေနဲ့ တရားမျှတ မှန်ကန်တဲ့ ဥပဒေ၊ ဒါတွေကို လွှမ်းခြုံနေတဲ့ တရားစီရင်ရေး လောကကြီး ဖြစ်စေချင်ပါတယ်။ ဒီဆန္ဒရှိပါတယ်။

နောက်တခါ တရားစီရင်ရေးမှာ ခုနက ပြဌာန်းချက်တွေနဲ့အညီ၊ တရားစီရင်ရေး၊ ဥပဒေတို့၊ တရားစီရင်ရေးရဲ့ မူဝါဒတွေနဲ့အညီ တရားစီရင်ရေးမှာ လွတ်လွတ်လပ်လပ်နဲ့ ဆုံးဖြတ်ပြီးတော့ တရားမျှတမှုနဲ့ လွှမ်းခြုံထားတဲ့ အနေအထားမျိုး ဖြစ်စေချင်တယ်။ အဲဒီအတွက်ကို ဒီမှာ တရားခွင်မှာ၊ တရားစီရင်ရေးလောကမှာ အန်ကယ်တို့ကနေပြီးတော့ ဥပဒေနဲ့အညီ ရပ်တည် ဆောင်ရွက်ပေးတယ်။ ဒီရပ်တည်ဆောင်ရွက်ပေးတဲ့ အပိုင်းမှာ တချို့အပိုင်းတွေ အန်ကယ်တို့ ရပ်တည်ဆောင်ရွက်ရာမှာ မျှမျှတတနဲ့ ဖြစ်တာတွေလည်း ရှိတယ်၊ မဖြစ်နိုင်တဲ့ အနေအထားတွေလည်း ရှိတယ်။

မေး။ ဥပဒေအကျိုးဆောင် ရှေ့နေရှေ့ရပ်တွေကရော ဘယ်အတိုင်းအတာအထိ ကူညီနိုင်မယ်လို့ မျှော်လင့်ထားပါသလဲဗျ။

ဖြေ။ အန်ကယ်တို့ကတော့ ဒီအရေးခင်းကာလ ဖြစ်ပြီးနောက်ပိုင်း၊ မတိုင်ခင်ကာလနောက်ပိုင်း ခွဲခြား မသတ်မှတ်ပါဘူး။ ပေါ်ပေါက်လာတဲ့ အမှုခင်းကိစ္စတွေ၊ ပေါ်ပေါက်လာအတိုင်း အန်ကယ်တို့ လိုက်ပါ ဆောင်ရွက်တယ်။ ခုနက အန်ကယ်တို့ အခြေခံထားတဲ့ အရာတွေကို အမြဲ နှလုံးသွင်းထားတဲ့ အနေအထားနဲ့ လိုက်ပါ ဆောင်ရွက်နေပါတယ်။

မြန်မာလူထုအတွက် အကျိုးမရှိသော ပိုက်လိုင်းများ

ထက်ဝင်း
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 23:06 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံနှင့် တရုတ်ပြည်ကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဆောက်လုပ်ခြင်း စီမံကိန်းသည် နိုင်ငံ၏ နှစ်ရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ထိုစီမံကိန်းကို သေသေချာချာ သတိကြီးစွာ စဉ်းစားသင့်ပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသမှ မြန်မာပြည်ကို ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ "မူဆယ်" မြို့အထိ ဖောက်လုပ်ရန် အဆိုပြုထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး အနည်းငယ်သာ ရရှိနိုင်မည် ဖြစ်သော်လည်း တရုတ်နိုင်ငံမှာမူ ထိုစီမံကိန်းမှ အကျိုးအမြတ် ကြီးမားစွာ ရရှိလိမ့်မည် ဖြစ်သည်။

အဆင့်မြင့်အုပ်ချုပ်မှုပိုင်း တခုလုံးကို တရုတ်လူမျိုးများကသာ လွှမ်းမိုးထား၍ တရုတ်များကသာ စီမံခန့်ခွဲမည် ဆိုပါက ထိုပိုက်လိုင်းများ ဆောက်လုပ်ခွင့်ကို မြန်မာနိုင်ငံက ခွင့်မပြုသင့်ပေ။ ကုန်သွယ်မှုကို ဆန့်ကျင်နေစဉ်မှာပင် ထို ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ခြင်းသည် တရုတ်နိုင်ငံအား မြန်မာ့မြေပေါ်တွင် ခိုင်မြဲသော အကျိုးစီးပွား တည်ထောင်ခွင့် ပြုလိုက်သကဲ့သို့ပင် ရှိလိမ့်မည်။ ပိုက်လိုင်းသည် စက်ရုံ မဟုတ်သလို၊ စီးပွားရေး လုပ်ငန်းတခုလည်း မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထိုကဲ့သို့သော သဘောတူညီမှုမျိုးမှ အကျိုးကျေးဇူး များစွာ ရရှိနိုင်မည် မဟုတ်ပေ။ ထိုစီမံကိန်း၏ လုံခြုံရေးအတွက် တာဝန်ယူပေးနေရပြီး ဖြတ်သန်းသယ်ဆောင်ခ အနည်းငယ်သာ ရရှိမည် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းဖောက်လုပ်မည့် ပိုက်လိုင်းပိုင်းကို မြန်မာနိုင်ငံအား လုပ်ကိုင်ခွင့် ပြုသင့်သည်။ ဖြတ်သန်း သယ်ဆောင်ခထက် စာလျှင် ထိုသို့သော ချည်းကပ်မှုမျိုးသည် မြန်မာတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် နည်းပညာ အကျိုးကျေးဇူးများ ပိုမို ရရှိစေနိုင်ပါသည်။ တရုတ်နိုင်ငံသည် ထိုပိုက်လိုင်းများကို ဆောက်လုပ်လိုပါက မြန်မာနိုင်ငံကို ပိုက်လိုင်းနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ပြုသည့်အပြင် ငွေကြေးဆိုင်ရာ အကူအညီနှင့် နည်းပညာဆိုင်ရာ ထောက်ပံမှု၊ လိုအပ်သည့် ပစ္စည်းထောက်ပံမှုများပါ ပေးအပ်ရမည် ဖြစ်သည်။

တရုတ်နိုင်ငံ "အမျိုးသားတိုးတက်ရေးနှင့် ပြန်လည်ပြုပြင်ရေး ကော်မရှင်" (NDRC) က စစ်တွေ ရေနက်ဆိပ်ကမ်းနှင့် ကူမင်းမြို့တို့ ဆက်သွယ်မည့် ပိုက်လိုင်းစီမံကိန်းကို ၂၀၀၇ ခုနှစ် အစောပိုင်းကတည်းက အတည်ပြုခဲ့သော်လည်း မြန်မာစွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများနှင့် နီးစပ်သော ရန်ကုန်အခြေစိုက် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် စီးပွားရေး ပညာရှင်များကမူ ယခုအချိန်အထိ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန် ရှင်းလင်းသော အစီအစဉ် မရှိသေးဟု ပြောကြသည်။ ဆောက်လုပ်ရေးအတွက် ချမှတ်ထားသည့် မြင့်မားသော ကုန်ကျစရိတ်များကြောင့် ကျွမ်းကျင်သူရော၊ မကျွမ်းကျင်သူများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းအချို့ကို မျှော်လင့်လာနိုင်သော်လည်း ထိုစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် ထင်ရှားသော အကျိုးအမြတ် မရရှိနိုင်ပါဟု အင်ဂျင်နီယာနှင့် ကမ်းလွန် ဖွံ့ဖြိုးးရေးနှင့် အဓိက ဆက်စပ်လျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်များက ပြောကြသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထိုပိုက်လိုင်းများကို တည်ဆောက်ပြီးသွားပါက ကုန်ကျစရိတ် ၈၀ % ခန့်သည် ကုန်ကြမ်းပစ္စည်းများထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ၂၀% သာလျှင် လုပ်သား၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများဘက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ သို့ရာတွင် စွမ်းအင်အခြေခံ ပစ္စည်းများ လုပ်ငန်းတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးနေသည့် အခြားစီးပွားရေး လုပ်ငန်းရှင်တဦးကမူ ထိုစီမံကိန်းနှင့် ပတ်သက်၍ ကွဲပြားသော အမြင်တခု ရှိနေ၏။ ပိုက်လိုင်းသည် တောထူထပ်သော ဒေသများနှင့် တောင်တန်းများကို ဖြတ်သန်းသွားရမည် ဖြစ်သဖြင့် တောင်တန်းများတွင် မြေအောက် လှိုင်ခေါင်းများ ဖောက်လုပ်ပြီးစီးရန် လိုအပ်သောကြောင့် မြန်မာများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုရလာစေနိုင်မည်ဟု ဖြစ်သည်။

သူက ဆက်လက်၍ ထိုစီမံကိန်းအတွက် လုပ်သား ၁၀၀၀ ကျော်လောက် လိုအပ်လာလိမ့်မည်ဟု ပြောကြားသည်။ သို့သော် ထိုင်း-မြန်မာနယ်စပ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာကဲ့သို့ မြန်မာ့သဘာဝဓာတ်ငွေ့ကို ရောင်းချမည် မဟုတ်ဘဲ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မလက္ကာ ရေလက်ကြားကို ရှောင်၍ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို သယ်ပို့ရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အုပ်ချုပ်သူ အပေါ်ယံလွှာ၏ အကျိုးကျေးဇူးအတွက် ခိုင်မာသော ငွေကြေးကို ရှာဖွေနိုင်ရန် မည်သည့်နည်းလမ်းဖြင့်မဆို ခုန်ပျံကျော်လွှား ပြုလုပ်မည့် မြန်မာအစိုးရ၏ လက်ရှိမူဝါဒသည် မြန်မာလူဦးရေ သန်း ၅၀ ကျော်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံး နှစ်ရှည် အကျိုးစီးပွားကို လျစ်လျှူရှုထားခြင်ပင် ဖြစ်သည်။

ကျီးတို့ ပြိုသော ည ...

မင်းဆွေသစ်
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 14:46 - မြန်မာစံတော်ချိန်
(၁)

နာမည်အရင်းက ဦးကိုကိုကြီးပေမယ့် အရပ်ထဲတွင်တော့ သူ့အား ဦးမောင်ကိုဟုသာ လူသိများ၏။ စက်ရုံအတွင်းတွင်မူ သူ့အား ဘွိုင်လာမောင်ကိုဟု ခေါ်ကြသည်။ သူကား …… ဘီလင်းဇာတိမဟုတ်… ပျဉ်းမနားသား ဖြစ်သည်။ ဘီးလင်းသကြားစက် စလည်သည့် အချိန်တွင် ပျဉ်းမနား သကြားစက်မှ ၀န်ထမ်းအချို့အား ဘီးလင်းသို့ ပို့သည်။ ဤအထဲတွင် ဦးမောင်ကို ပါလာ၏။ ထိုစဉ်က …. ဦးမောင်ကို၏ အသက်မှာ ၃၅-နှစ်ခန့် ရှိလိမ့်မည်။ အိမ်ထောင်မကျသေး…..။ တရွာသား လူပျိုကြီး…..။

ဘီးလင်းသကြားစက်က ဘွိုင်လာအား မီးထိုးရာတွင် ထင်းနှင့် ကြံဖတ်အား မျှ၍သုံးသည်။ ဘွိုင်လာအတွက် လံပိုထင်းများအား နှစ်စဉ် `တင်ဒါ` ပေးပြီး ၀ယ်ရသည်။ လံပိုထင်းများ ၀ယ်ရင်း ဦးမောင်ကို `အရွှေ`နှင့် တွေ့ပြီး အိမ်ထောင်ကျသည်။ `အရွှေ`က ဦးမောင်ကိုထက် ဆယ့်ငါးနှစ်ခန့် ငယ်မည်။ ပအို့လူမျိုး…..။ ဒေါက်ရပ်ရွာမှ ဖြစ်သည်။ ဒေါက်ရပ်၊ ခဲမောက်၊ ရွှေရောင်ပြ၊ ရွာများက ဘီးလင်းသကြားစက် တည်ရာနှင့်သိပ်မဝေး…..။ စက်ဘီးနှင့် သွား၍ရသည်။ ကြံစိုက်ကြသည့် ကြံတောင်သူရွာများ…..။ ဦးမောင်ကို အိမ်ထောင်ကျပြီးနောက် လူပျိုဆောင်မှနေ၍ ၀န်ထမ်းအိမ်ထောင်သည်လိုင်းသို့ ပြောင်းနေသည်။ သကြားစက်ဝန်ထမ်း အိမ်ထောင်သည်လိုင်းက ရာထူးအဆင့်နှင့် အိမ်အဆင့်အတန်းအား ခွဲထား၏။ စက်ရုံမှူး၊ လက်ထောက်စက်ရုံမှူး ၊အင်ဂျင်နီယာချုပ်နှင့် ဌာနခွဲမှူးများက သကြားစက်နှင့် မျက်နှာချင်းဆိုင် နှင်းပုလဲ၊ ဘီးလင်းကားလမ်းဘေး ကုန်းမြင့်ပေါ်တွင် ရှိသော အိမ်ယာများတွင် နေကြ၏။ အိပ်ခန်းသုံးခန်းပါသည့် တထပ်တိုက်ပုလေးများ ဖြစ်သည်။ ၀င်းနှင့်ခြံနှင့်……။ အလုပ်ရုံစုမှူးများက နှစ်ခန်းတွဲ တထပ်တိုက်ပုလေးများနှင့် ဖြစ်သည်။ အိပ်ခန်းက နှစ်ခန်းပါ၏။ အလုပ်ရုံစိပ်မှူး ဖိုမင်ကြီးများက နှစ်ခန်းတွဲ ပျဉ်းထောင်အိမ်များနှင့် ဖြစ်သည်။ အလုပ်ရုံစုမှူး အိမ်ယာများနှင့် မျက်နှာချင်းဆိုင်…..။အလယ်တွင် နှင်းပုလဲ၊ဘီးလင်းကားလမ်းက ခြားထား၏။ အလုပ်ရုံစိတ်မှူး ဖိုမင်ကြီးများ၏ အိမ်ယာအနောက်ဖက်တွင်မူ ကျွမ်းကျင်အဆင့် အလုပ်သမားများ၏ အိမ်ယာများ…..။အလုပ်ရုံစိတ်မှူး ဖိုမင်ကြီးများ၏ အိမ်ယာတန်းနှင့် ဖင်ချင်းဆိုင်၍ ထားသည်။ ဦးမောင်ကို အိမ်ထောင်ကျသည့် အခါတွင် ….. ဖိုမင် မဖြစ်သေး။ ဘွိုင်လာဌာန၏ ကျွမ်းကျင်အဆင့် လုပ်သားမျှသာ …..။ ထိုစဉ်က …. အိမ်ထောင်သည်လိုင်းများ နည်းသဖြင့် ကျွမ်းကျင်အဆင့် လုပ်သားတို့အတွက် တအိမ်ထောင် အိမ်ခန်းတခန်းမရ….။ အိမ်ထောင်သည် နှစ်စုပေါင်း၍ နေကြရသည်။ ညားခါစ ဇနီးမောင်နှံ အိမ်ထောင်တွဲများ ဖြစ်ပါက အကြောင်းမဟုတ်….။ သားသမီးများနှင့် အိမ်ထောင်တွဲများ ဆိုပါမူ ပြဿနာရှိပြီ……။

အခန်းကျဉ်းလေးအတွင်း တွဲနေရင်းနှင့်ပင် ဦးမောင်ကို ခလေးနှစ်ယောက် ရခဲ့၏။ နှစ်ယောက်စလုံး သားများပင် ဖြစ်သည်။ သားနှစ်ယောက်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်များ…..။ `အရွှေ`တတိယ ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင် တွဲနေကြရသည့် သကြားစက် ၀န်ထမ်း မိသားစုများအား စက်ရုံမှူးမှ အိမ်ယာမြေကွက်များ ချပေးသည်။ စက်ရုံနှင့် နီးစပ်သည့်အတွက် စက်ရုံပိုင်မြေဟု ဆိုသော်လည်း မြေစာရင်း ဦးစီးရုံး၏ မှတ်ပုံတင်မှုအရ `စားကျက်မြေ` များ ဖြစ်သည်။ ၈၀ × ၆၀ မြေကွက်များ ရိုက်ပေး၏။ အိမ်ခြံကွက်ပေါင်း (၇၂) ကွက် ရှိသည်။ ဦးမောင်ကိုရသည့် မြေကွက်က စက်ရုံဘောလုံးကွင်းအား မျက်နှာမူထားသည့် အတန်းတွင် ဖြစ်သည်။ ဦးမောင်ကိုခြံ၏ ခေါင်းရင်းဖက်အကွက်က ဦးတင်ညွှန့်၏ အကွက် ဖြစ်သည်။ ဦးတင်ညွှန့်က ကြိတ်လုံးဌာနမှ ကျွမ်းကျင်အဆင့် (၂) လုပ်သားတဦး ဖြစ်သည်။ ဦးတင်ညွှန့်က မဆလခေတ်တွင် စံပြလုပ်သားကောင်းဆုရဖူး၏။ စံပြလုပ်သားကောင်းဖြစ်၍လားမသိ ဦးတင်ညွှန့်အကွက်က ၈၀×၆၀ နှစ်ကွက်စာမျှ ကျယ်သည်။ ဦးမောင်ကိုမြေကွက်၏ ခြေရင်းဖက်အကွက်က ဦးကျင်ဟုတ်၏ အကွက်ဖြစ်သည်။ ဦးကျင်ဟုတ်က ချိန်မှတ်ဌာနမှ ဖြစ်သည်။ ဦးကျင်ဟုတ်က အလုပ်ဆင်းရသည်ထက် ဘောလုံးကန်နေရသည်သာ များသည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန ဒုတိယတန်းတွင် ကန်သည်။

မြေကွက်များချပေးပြီး …..အိမ်ဆောက်ရန် စက်ရုံကပင် ချေးငွေထုတ်ချေး၏။ ၁၉၈၄-၀န်းကျင်က ၃၀၀၀ ကျပ်သည် သက်ကယ်မိုး၊ ၀ါးထရံကာ သဲပွတ်ခင်း အိမ်တလုံး ဆောက်၍ ရသည်။ မီးကိုမူ စက်ရုံမှ လျှပ်စစ်မီးလိုင်းသွယ်ပေး၏။ ရေက ခြံအတွင်း တွင်းတူး၍ သုံးကြသည်။ ဤကွက်သစ်အိမ်လေးတွင်ပင် ဦးမောင်ကို၏ ဇနီးအရွှေသည် တတိယမြောက် ကိုယ်ဝန်အား မွေးဖွားခဲ့သည်။ သားနှစ်ယောက်အောက်က သမီး….။ သမီးကြီး `ဘုတ်ဆုံမ`သည်ပင် ယခု အသက် ၂၃-၂၄ နှစ်ရှိပြီ။ အိမ်ထောင်ကျပြီး သူ့အိုးသူ့အိမ်နှင့် ဖြစ်၍နေလေပြီ….။ ဦးမောင်ကို သားသမီးများက ပညာရေးတွင် ညံ့ကြ၏။ `ဘုတ်ဆုံမ`က လေးတန်းနှင့် ကျောင်းထွက်လိုက်သည်။ အလတ်ကောင် မြတ်ကိုကလဲ ခြောက်တန်းနှင့်ပင် ကျောင်းထွက်ခဲ့ပြီး တပ်ထဲသို့ ၀င်သွားသည်။ အကြီးဆုံးတိုင်းကျော်က ရှစ်တန်းထိရောက်သည်။ တိုင်းကျော်က သကြားစက်တွင်ပင် ၀င်လုပ်၏။ ပထမ ရာသီချိန်လုပ်သား ….။ ရာသီချိန် လုပ်သားဘ၀နှင့်ပင် လေးငါးခြောက်နှစ်ကြာသည်။ နောက်မှ ….. ပါမင့်နှစ် ၀န်ထမ်းဖြစ်တော့၏။ တိုင်းကျော်က အိမ်ထောင်ပျက်ခဲ့ပြီးနောက် ….. နောက်အိမ်ထောင်ထပ်မပြုပဲ မိဘများနှင့်ပင် အတူနေ၏။

ဦးမောင်ကိုက ဤအိမ်ခြံလေးအတွင်း၌ပင် သားသမီးများပွားစီးခဲ့၏။ ကျွမ်းကျင်လုပ်သားဘ၀မှ အလုပ်ရုံစိတ်မှူးဖြစ်ခဲ့၏။ ၂၀၀၀ခုနှစ်တွင် ဖိုမင်ဘ၀နှင့် ဦးမောင်ကိုပင်စင်ယူခဲ့၏။ ပင်စင်ယူခါစက အငြိမ်းစားဘ၀နှင့် ဦးမောင်ကို အသားမကျ…..။ အငြိမ်းစားအလုပ်သမားအိုကြီးဘ၀နှင့် ဤအိမ်ခြံလေးအတွင်း နေခဲ့သည်မှာ ရှစ်နှစ်ပင် ပြည့်လေပြီ….။ ပင်စင်ထုတ်ငွေလေးအား ရင်းနှီးပြီး `အရွှေ` က အိမ်ဆိုင်လေးဖွင့်ထား၏။ အိမ်ဆိုင်လေးကပင် ပင်စင်စားအလုပ်သမားအိုကြီး၏ မီးဖိုချောင်စားစရိတ်အား ရှာပေး၏။

မြေကွက်ချ၊ အိမ်ဆောက်၊ ရေတွင်းတူးစဉ်က စိုက်ခဲ့သည့် အုန်း၊ သရက်၊ ပိန္နဲပင်တို့က အိမ်ဝင်းလေးအတွင်း အုပ်အုပ်ဆိုင်းဆိုင်းနှင့်…..။

ဤအိမ်ခြံလေးအတွင်းမှပင် ဦးမောင်ကိုသည် နေ့စဉ် အလုပ်ဆင်းခဲ့၏။ ဤအိမ်ခြံလေးအတွင်းမှ အလုပ်ဆင်းရင်း …..ကျွမ်းကျင်လုပ်သားဘ၀မှ အလုပ်ရုံစိတ်မှူး ဖြစ်ခဲ့သည်။ ပြီးလျှင် ….. သက်ပြည့် ပင်စင်ယူခဲ့၏။ ဤအိမ်ခြံလေးအတွင်းမှာပင် ခေါင်းချသွားရလိမ့်မည်ဟု ဦးမောင်ကို တွေးထားခဲ့၏။ ထင်ထားခဲ့မိ၏။


(၂)

ဦးမောင်ကို ခြံဝင်းအတွင်းရှိ ပိန္နဲပင်အရိပ်အောက် ကွပ်ပြစ်က ဦးမောင်ကိုကဲ့သို့ ပင်စင်စား သကြားစက် အလုပ်သမားအိုကြီးများ၏ ညနေခင်း လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့ ဆုံဆည်းရာအရပ် ဖြစ်သည်။

သူတို့၏ စကားဝိုင်းက ….. သားရေး၊ သမီးရေးကစ၍ …..နာဂစ်မုန်တိုင်းအကြောင်းလည်း ရောက်၏ ။ အမေရိကန် သမတအကြောင်းများလည်း ပါသည်။ မေ (၁၀) ရက် ရွေးကောက်ပွဲအကြောင်း ရောက်လျှင်မူ စကားသံများက တိုးသွားတတ်ကြသည်။ ကုန်ဈေးနှုန်းအကြောင်းပြောလျှင် …..

` ဟိုတုန်းများဗျာ ….ကုလားမချင်းတောင်းရွက် နို့ဆီတဗူးမှ တကျပ်၊ တကျပ်ဆယ်ပြား။ လက်တိုဂျင်နို့မှုန့်ဗူး ….ဗူးကြီးမှ တကျပ်ခွဲ…နှစ်ကျပ်….`

အခုတော့ဗျာ …. ဟူ၍ မချိတင်ကဲအသံကြီးနှင့် ဦးမောင်ကိုသည် ဟိုတုန်းက အခြေအနေအား လွမ်းနေတတ်ပြန်သည်။

သူတို့စကားဝိုင်း၌ ….ခေါင်းရင်းအိမ်မှ ဦးတင်ညွှန့်၊ ခြေရင်းအိမ်မှ ဦးကျင်ဟုတ်တို့က အမြဲပါနေကျ….။ တခါတခါ ဘောလုံးကွင်းအရှေ့စုမှ ဂန်ဂျာချစ်ဆွေကြီးလည်း လာတတ်သည်။ ဂန်ဂျာချစ်ဆွေကြီးက `ဒုံကာ` က ကတ္တားစာရေးကြီး ဖြစ်သည်။ ချစ်ဆွေကြီးနှင့် ဦးတင်ညွှန့်တို့က တနှစ်တည်းပင်စင်ယူခဲ့ကြသည်။ ဦးမောင်ကိုထက်မူ ၅-နှစ် ၆-နှစ်ခန့်ငယ်ကြမည်။ ဦးကျင်ဟုတ်က မနှစ်ကမှ ပင်စင်ယူခဲ့၏။ သူတို့အထဲ၌ ဦးကျင်ဟုတ်က အသက်အငယ်ဆုံးဖြစ်သည်။ ဘောလုံးသမားဖြစ်၍ ကျန်းမာရေးလည်းကောင်းသည်။

သူတို့၏လက်ဖက်ရည်ကြမ်းဝိုင်းက လုပ်သားအိုကြီးများ၏ ပင်စင်နာ ဝေဒနာအား ဖြည်ဆီးရာ ရစေ၏။

သူတို့ထဲ၌ ဦးတင်ညွှန့်က စကားပြောလည်းကောင်း၏။ နှံ့နှံ့စပ်စပ်လည်းရှိသည်။ မဆလခေတ်က စံပြလုပ်သားကောင်း ရထားသူဖြစ်၍ မဆလခေတ်နှောင်း၌ ပါတီကောင်စီနှင့် ၀င်ဝင်ထွက်ထွက်ရှိခဲ့၍ အာဏာပိုင်နိုင်ငံရေးအား လုပ်စားတတ်သည်။ ယခုလည်း ….ကြံ့ဖွတ်တွင် ဟိုပါ ၊ ဒီပါ လုပ်နေပြန်သည်။ သူလာလျှင်မူ …. သတင်းတခုခုတော့ ကြားရတတ်၏။

`သေချာသွားပြီ… ဦးမောင်ကို ကျနော်တို့ ဘီးလင်းသကြားစက်ကို အစိုးရက မြန်မာ့စီးပွားရေးဦးပိုင် လီမီတတ်ကို လွှဲပေးလိုက်ပြီဗျ ….. ညွှန့်ချုပ်က စက်ရုံမှူးဆီ အကြောင်းကြားတဲ့စာကို ကျနော်တွေ့ခဲ့ရတယ်`

ဦးတင်ညွှန့်သည် ကွပ်ပြစ်ပေါ်သို့ ၀င်ထိုင်ရင်း သူသိခဲ့သည့်သတင်းအားပြောသည်။ ဤသတင်းက ကြားနေကြသည်မှာတော့ လွန်ခဲ့သည့် လေးငါးလ ကတည်းက ဖြစ်သည်။ ယခုတော့ သေချာသွားပြီ။

`၂၀၀၈ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှာ လွှဲပြောင်းပေးရမယ်။ ၀န်ထမ်းတွေနဲ့ ပါတ်သတ်လို့တော့ …..အသက် ၅၅-နှစ်ခန့် ၀န်ထမ်းတွေကိုတော့ ထုတ်မယ်။ ရောကြေးလေး ဘာလေး ပေးမယ်ပေါ့ဗျာ ….။ ကျန်ဝန်ထမ်းတွေကိုတော့ ….အခြားစက်ရုံတွေကိုပြောင်းမယ်လို့ ကြားတာပဲ …..။ မပြောင်းနိုင်ရင်တော့ ထွက်ပေါ့ဗျာ….`

`နေပါဦးဗျ…. ပြောင်းတာတော့ ဟုတ်ပါပြီ၊ ဘယ်လိုအနေနဲ့ ပြောင်းရမှာလဲ….ဘီးလင်းသကြားစက်က အရင်တုန်းကတော့ဗျာ …..စက်မှု (၁) ၀န်ကြီးဌာနလက်အောက်က ၊ အခုတော့ လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးလက်အောက်မှာ ….ဒီတော့ ဒီဝန်ထမ်းတွေက အစိုးရ၀န်ထမ်းအနေနဲ့ ၀န်ကြီးဌာန တခုခုရဲ့ လက်အောက်မှာပဲ ပြောင်းရွှေ့ရမှာလား…..ဒါမှမဟုတ်ဗျာ ….. ဦးပိုင် ကုမ္ပဏီလီမီတတ် ၀န်ထမ်းအနေနဲ့ သူ့လက်အောက်က အလုပ်ရုံ၊ စက်ရုံတွေကို ပြောင်းကြရမှာလား ….`

ဦးမောင်ကို သူ့သားတိုင်းကျော်အရေးနှင့်ဆက်စပ်ပြီး သူသိချင်သည်အားမေး၏။

ဦးပိုင်၏၀န်ထမ်းအဖြစ်နှင့် ပြောင်းရွှေ့ရလျှင် ….လုပ်သက်၊ လစာ၊ ပင်စင် ….လုပ်ငန်းခွင်အတွင်း အာမခံမှုနှင့် ခံစားခွင့်…..။ အတွေးများက သကြားစက်လုပ်သားဟောင်း ပင်စင်အိုကြီးများအတွက် အဖြေမရ….။ နှစ်ပေါင်းသုံးလေးဆယ်လုပ်ခဲ့ကြသည့် သူတို့၏စက်ရုံကြီး ဦးပိုင်လက်တွင် မည်သို့ စခန်းသွားမည်နည်း…..။ ဇေယျဝတီလိုတစဆီ ဖြုတ်၊ဖျက်ပြီး ရောင်းပစ်ကြလေမည်လား….မတွေးတတ်။ အတွေးနက်၍သာ နေလေ၏။ ကောင်းကင်၌ လျှပ်…..ပြက်နေသည်များအား မြင်နေကြရ၏။


(၃)

တော်သလင်းလဆန်းမှစ၍ သည်းနေသောမိုးသည် စဲသည်ဟူ၍မရှိ….။ မိုးကောင်းနေသဖြင့် ဦးမောင်ကိုတို့၏ ပိန္နဲပင်ရိပ်… လက်ဖက်ရည်ကြမ်းဝိုင်း မထိုင်ဖြစ်ကြသည်မှာ ဆယ်ရက်ပင်ကျော်ပြီ။ လေနှင့် မိုး ရော…ရောပြီး ရွာသဖြင့် အိမ်ထဲမှ အိမ်ပြင်ပင် မထွက်ဖြစ်ကြ။ အိမ်ထဲမှာပင် ကုတ်နေကြသည်။

` အကိုကြီးမောင်ကို ….ကျနော်တို့အားလုံးတော့ ဒုက္ခရောက်င်္ပြီနဲ့ တူတယ်ဗျာ ….`

ဦးတင်ညွှန့်သည် ဦးမောင်ကို၏အိမ် တံစက်မြိတ်အောက်တွင် ရပ်၍ ထီးကိုပိတ်ရင်း ဦးမောင်ကိုအား လှမ်းပြော၏။ သူ့အနောက်၌ ဂန်ဂျာချစ်ဆွေကြီးလည်းပါသည်။ သူ့မျက်နှာလည်း မကောင်း….။ ဘာဖြစ်သနည်း….။ သူတို့နှစ်ယောက်လုံး အိမ်ပေါ်သို့ တတ်လာကြသည်။ တိုတိုဝတ်လာသော လုံချည်အား ပြင်၍၀တ်သည်။ ဦးမောင်ကိုအနီး၌ ၀င်ထိုင်းရင်း ……။

` ဒီမှာ …..အကြောင်းကြာစာ ရောက်လာတယ်။ ကျနော်တို့ အခုနေ …နေတဲ့ အိမ် (၇၂)လုံးကို ၂၀၀၈ခုနှစ် အောက်တိုဘလ (၁၅)ရက်နောက်ဆုံးထားပြီး ဖယ်ပေးရမယ်တဲ့…. ဖျက်ပေးရမယ်တဲ့…..`

`ဗျာ`

ဦးမောင်ကို၏ရင်တွင်းမှ အသံတခု လည်ချောင်းတလျှောက်ဆန်တတ်ရင်း …ဗလုံးဗထွေးနှင့် ထွက်သွား၏။

ဥင်္ီးတင်ညွှန့်က အကြောင်းကြားစာအား ထုတ်ပြသည်။ ဦးပိုင်လီမီတတ်သည် ဘီးလင်းသကြားစက်အား ၂၀၀၈ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီး ဖြစ်သည်။ ဤအိမ်ခြံ (၇၂) လုံး သည် စက်ရုံပိုင်မြေပေါ်၌ ဆောက်ထားခြင်းဖြစ်သည်။ စက်ရုံပိုင်မြေ၌ ကျူးကျော်ဆောက်လုပ်ထားသည့်အတွက် ဤအိမ်ခြံ (၇၂) လုံး အား ၂၀၀၈ခုနှစ် ၊ အောက်တိုဘာလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ဖျက်သိမ်းပေးရမည်….။ အဆုံးတွင် မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးချုပ်ဝင်းလှိုင်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတတ် ဟူ၍ လက်မှတ်ထိုးထားသည်။ အကြောင်းကြာ စာချွန်တော်က ဤမျှသာ …..။ အားလုံးတိတ်ဆိတ်၍နေကြသည်။ တံစက်မြိတ်မှ ရေကျသံသည်သာ ခြံဝင်းအတွင်း အကျယ်လောင်ဆုံး…..။ သတ္တလောကကြီးတခုလုံးဆိတ်ငြိမ်သွားပြီးလား….။ ဆိတ်ငြိမ်မှုသည် အမှောင်ထုကဲ့သို့ ပိန်းပိတ်၍မှောင်နေသည်။

ဘယ်လိုလုပ်ကြမလဲ…..။ သူတို့သုံးယောက်၏မျက်လုံးများက တယောက်ကိုတယောက်ကြည့်ရင်းမေးနေကြသည်။ ရင်အတွင်းဗလောင်ဆူနေ၏။ ပေါက်ကွဲနေ၏။ အလိပ်လိပ် ပြိုကျနေလေပြီ…..။ ချောင်းဟန့်၏။ ချောင်းဟန့်သံနောက်မှ စကားလုံးများ လိုက်၍မလာ။ ချောင်းဟန့်သံသာ ထပ်၍ထွက်လာ၏။ သူတို့၏ရင်အတွင်း စကားလုံးများမဲ့သွားပြီးလား….။ စကားလုံးမရှိတဲ့ရင် ….။ မျက်ဝန်းများနှင့် ထပ်ပြောပြန်၏။

ဘယ်လိုလုပ်ကြမလဲ…..။

`ကျနော်တို့ နေပြည်တော်ကို သွားပြီး အသနားခံစာတင်မယ်ဗျာ….။ ပယ်ဖျက်ပေးရမယ့် ၇၂-အိမ်လုံးက လက်မှတ်ထိုးကြမယ်ဗျာ….`

ဦးမောင်ကိုက သူ့…အစီအစဉ်ကိုပြောပြသည်။ သူ့အသံက အက်ကွဲ၍နေသည်။


(၄)

ရပ်ကွက်ဓမ္မာရုံလေးတွင် ပယ်ဖျက်ပေးရမည့် ၇၂-အိမ်မှ သူများ စုဝေးကြ၏။ သူတို့အရေး၊ ၇၂-အိမ်၏နေရေး…..။ ဦးမောင်ကို၏အစီအစဉ်အား အားလုံးက သဘောတူကြသည်။ အသနားခံစာရေတင်ကြမည်။ အသနားခံစာတွင် မည်သည့်အကြောင်းအချက်များ ထည့်ရေးကြမည်နည်း….။ သူတို့ ဆွေးနွေးကြ၏။ စာကြမ်းရေးကြ၏။

`…… ကျနော်တို့သည် ဘီးလင်းသကြားစက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများနှင့် ဘီးလင်းသကြားစက်မှ အငြိမ်းစားယူသွားခဲ့ကြသည့် ၀န်ထမ်းဟောင်းများဖြစ်သည်။ ဤအိမ်ခြံမြေများသည် ၁၉၈၄ခုနှစ် တွင် ဘီးလင်းသကြားစက် စက်ရုံမှူးမှ မြေကွက်ချပေးထားခဲ့သော မြေကွက်များဖြစ်ပြီး….. နှစ်စဉ် မြေစာရင်းရုံး၌ `မြက်ခွန်` များအား ပေးဆောင်၍ နေထိုင်ခဲ့ကြပါသည်။

အောက်တိုဘာ ၁၅-ရက်နေ့တွင် အိမ်ယာများအား ဖျက်သိမ်းခဲ့ပါလျှင် မိမိတို့၌နေစရာ ၊ မြေမဲ့၊ ယာမဲ့ အိုးအိမ်မဲ့အခြေသို့ ရောက်ရှိမည်ဖြစ်ပါသည်…..`

စာကြမ်းအား သေချာပြန်ရေးသည်။ ပြီးလျှင် ….အားလုံးစုပေါင်း၍ လက်မှတ်ထိုးကြ၏။

နေပြည်တော်သို့ အသနားခံစာပေးပို့လိုက်ကြ၏။ မကြာ …..။ နေပြည်တော်မှ အကြောင်းပြန်လာ၏။ နေပြည်တော် သဘောထားက …..တိုတိုနှင့်ရှင်းရှင်းပင် …..။

နေစရာမရှိလျှင် ….အချုပ်ထောင်ထဲ၌နေနိုင်သည်။ မြေလိုချင်ပါက ခြံထဲက မြေကို လောက်စာလုံး….လုံးပြီး ယူနိုင်သည်။

၁၅-ရက်နေ့တွင် ကိုယ့်အိမ်အား ကိုယ်ဖာသာ ကိုယ်မဖျက်ပါက မြေထိုးစက်နှင့်ထိုးမည်။ ကျသင့်သည့်ဆီဖိုးအား ပေးရမည်။


(၅)

သီတင်းကျွတ်….`လ` သည် နေ၀င်ညများအား တညပြီးတည ကူးဖြတ်ရင်း ….. ၀န်းပြည့်၍လာလေပြီ။ ကွပ်ပြစ်ပေါ်၌ ဦးမောင်ကိုသည် တယောက်တည်းထိုင်၍နေ၏။ ငြိမ်ငြိမ်သက်သက်….။ မျက်ဝန်းများက ငေးရီ၍နေသည်။ ရွှန်းလက်သောလရောင်သည် ပိန္နဲရွက်များကြားမှ ကွပ်ပြစ်ပေါ်သို့ ….။ လရောင်ထိုးသော နေရာသည်လင်း၍ …. အလင်းအမှောင်သည် ကွပ်ပြစ်ပေါ်၌ အကွက်လိုက်…..အပြောက်လိုက်…..။ လေတိုးသဖြင့် ပိန္နဲရွက်တို့ လူးလွန့်ကုန်၏။ ယိမ်းနွဲ့ကုန်၏။ ကွပ်ပြစ်ပေါ်မှ အလင်းအမှောင်တို့သည်လည်း ပြိုးပြိုးပျက်ပျက်နှင့်ပြောင်းလဲကျပြန်၏။ လရောင်အောက်၌​သကြားစက် မီးခိုးခေါင်းတိုင်ကြီးသည် မိုးထိုးမတ်တတ်….။ တစ္ဆေတကောင်၏ လက်တံကြီးများ အ လား….။ မဲမဲပြောင်ပြောင်…..။ ဦးမောင်ကို၏မျက်လုံးများက အဝေးမှ စက်ရုံမီးခိုးခေါင်းတိုင်ကြီးအားငေး၍ကြည့်နေသည်။ မျက်ဝန်းများက ရီရီဝေေ၀….။ ဤစက်ရုံခေါင်းတိုင်ကြီးမှ မီးခိုးများတလှိမ့်လှိမ့်နှင့် ထွက်လာစေရန် သူသည်နှစ်ပေါင်း လေးဆယ်နီးပါး ဘွိုင်လာကို မီးထိုးခဲ့ရ၏။ ဤစက်ရုံကြီးမှ သကြားများ နိုင်ငံခြားသို့ တင်ပို့နိုင်ရန် သူသည် ဘွိုင်လာမီးပေါင်အား ထိန်းညှိပေးခဲ့ရ၏။ ဤလက်များကား ….ဘွိုင်လာမီးထိုးရင်း ….. နိုင်ငံခြားဝင်ငွေရှာခဲ့၏။ ပြည်တွင်စာသုံးမှု ဖူလုံစေရန် လုပ်ကိုင်ခဲ့၏။ ငါ့နိုင်ငံ…. ငါ့လူမျိုးအတွက်ဟူ၍ ….။ သူ့လက်နှစ်ဖက်အား ဦးမောင်ကို ငုံ့ကြည့်မိ၏။ လရောင်အောက်၌ သူ့လက်ခုံ၏ အရေးပြားက ရောတိရောရဲ…..။အကြောတို့က မသန်မာတော့…..။

လရောင်သည် ချက်ချင်းကွယ်ပျောက်၍သွားသည်။ မိုးတိမ်ထုကြီးက လ၀န်းအား ကွယ်အုပ်၍ ၀ှက်ထားလိုက်ကြပြီ။ မိုးသားတို့က လှိမ့်၍လှိမ့်၍တတ်လာသည်။ ရာသီသည် ရုတ်ချည်းပြောင်းလဲ၍ သွားလေပြီ။ လေသည် ကြမ်းလာ၏။ ရမ်းလာ၏။ မိုးငွေ့က မပါသေး…..။ လျှပ်ပြတ်လိုက်သဖြင့် ကောင်းကင်သည် လင်းလက်သွားသည်။ ခဏတာ။ လျှပ်စီးကြောင်းသည် ကောင်းကင်အား ဟတ်တတ်ထိုးခွဲလိုက်၏။ အက်ကွဲရာက ရုတ်ချည်းပျောက်သွားပြန်၏။ အမှောင်ထုသည် ပိန်းပိတ်၍ ….။ ထစ်ချုန်းသံကြီးက အမှောင်ထဲ၌ ကြောက်မက်ဖွယ်ရာ ….။ စက်ရုံဖက်ဆီမှ ကျီးပြိုသံများ ကြားရ၏။ ကျီးတို့ ပြိုသော ည……။

စားသုံးသူများအရေး စစ်အစိုးရ ခေါင်းထဲ လုံးဝ မရှိ

ရဲနည် | အောက်တိုဘာ ၂၀၊ ၂၀၀၈

ယခင်က တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို အားထားမှီခိုနေရရာမှ တဖန်ပြောင်းပြန်လှန်၍ မြန်မာစစ်အစိုးရက ယခုတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်းများကို မသုံးစွဲကြရန် စားသုံးသူများကို တိုက်တွန်းနေပြန်သည်။

ယခင်က အိမ်နီးချင်းတရုတ်နိုင်ငံတွင် အဆိပ်သင့်နို့မှုန့်များ ပြဿနာတက်နေသည့် အကြောင်း၊ တရုတ်နိုင်ငံမှ စက်မှုထုတ် ကုန် မယ်လမင်းဓါတ် (melamine) ပါဝင်ပြီး အဆိပ်သင့်စေသည့်နို့မှုန့်ကို သောက်သုံးမိသည့်အတွက်ကြောင့် ကလေးအချို့ သေဆုံးခဲ့ရပြီး ထောင်နှင့်ချီ၍ ဖျားနာခဲ့ကြရသည့် အကြောင်းကို အစိုးရအာဘော် သတင်းစာများက အမှောင်ချထားခဲ့ပြီးမှ ယခုကဲ့သို့ တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရက နို့မှုန့်အန္တရာယ်ကို နောက်ကျမှ ထုတ်ပြန်ကြေညာ သတိပေးခဲ့ရုံသာမက၊ ဈေးဆိုင်များမှ မယ်လမင်းဓါတ် ပါဝင် နေသည့် နို့မှုန့်များကို စစ်ဆေးရန်၊ ဖယ်ရှားဖျက်ဆီးရန် တာဝန်ယူလုပ်ဆောင်မည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းလည်း မရှိပါ။ သတင်းစာများတွင် ထုတ်ပြန်ချက် ဖော်ပြရုံမျှသာ ရှိခဲ့ပါသည်။

သိရှိရသမျှ နို့မှုန့်ပြဿနာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ကြီးကြပ်ရေးအဖွဲ့ အာဏာပိုင်များက မွန်ဂိုလီးယားအတွင်းပိုင်းဒေသ ယီလီ စက်မှုအုပ်စု (Yili Industrial Group) မှ တင် သွင်းလာခဲ့သည့် မယ်လမင်းဆိပ်သင့်နေသည့် ကလေးအစားအစာ ၁၆ တန်ကို ဖျက်ဆီးပစ်ခဲ့ခြင်းမျှသာ ဖြစ်ပါသည်။

ငွေကြေးမတတ်နိုင်ကြ၍ အဖိုးချိုပစ္စည်းနောက်လိုက်နေကြရသည့် စားသုံးသူများက ပလပ်စတစ်အိပ်များနှင့် ပြန်လည် ထုပ်ပိုးရောင်းချနေသည့် နို့မှုန့်များ၊ ရက်စွဲလွန် ထုတ်ကုန်များ သုံးစွဲနေကြရခြင်းကို ကာကွယ်တားဆီးပေးမှု အလျဉ်းမရှိခဲ့ဟု ဆိုရမည်ဖြစ်သည်။ မယ်လမင်းဓါတ်ပါဝင်သည့် နို့မှုန့်ကို သောက်သုံးမိ၍ မြန်မာနိုင်ငံတွင် ကလေးမည်မျှ ထိ ခိုက်ဖျားနာ ခဲ့သည်ကိုလည်း အတိအကျ မသိရှိရပါ။

အစိုးရက စားသုံးသူများအရေး ကာကွယ်ပေးနိုင်ရေးအတွက် ဥပဒေပြဌာန်းဆောင်ရွက်ပေးခြင်း မရှိသလို၊ အစိုးရကိုယ်၌က စားသုံးသူများ ဘေးကင်းလုံခြုံရေးထက် ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်အတွက်ကို သာ ပို၍ အာရုံထားနေခဲ့သည်။

မယ်လမင်းဓါတ်ပါသည့် နို့မှုန့်တခုတည်းသာ မဟုတ်ပါ။ အခြားနေရာများတွင်လည်း ကာကွယ်ပေးမှုများ ကင်းမဲ့နေပါသည်။ လွန်ခဲ့သည့် အပတ်အနည်းငယ်က ခရီးသွားများ စီးလာကြသည့် သဘာဝဓါတ်ငွေ့ (CNG) သုံး ယာဉ်များ ၃ စင်းတိုင်တိုင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးသည်။ သို့အတွက်ကြောင့် ခရီးသွားနေကြရသည့်သူများ က ဓါတ်ငွေ့သုံး ဘတ်စကားများ စီးရမည်ဆိုလျှင် စိုးရွံ့နေကြရသည်။

တိုက်ကြီး-ရန်ကုန် မော်တော်ယာဉ်ပေါက်ကွဲမှုတွင် မောင်းနှင်လာ သည့် ပစ်ကပ်ကားပေါ်ရှိ လူ ၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ တဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ကားမောင်းသူ၊ စပယ်ယာ နှင့် အခြားခရီးသည် ၅ ဦး ပေါက်ကွဲမှုတွင် ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့လယ်တွင် ဘတ်စကားတစီး ပေါက်ကွဲခဲ့သေးသည်။ သို့သော် ကံကောင်း ထောက်မ၍ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။ စက်တင်ဘာလဆန်းပိုင်းက ဖြစ်ခဲ့သည့် အင်းစိန်မြို့နယ်တွင်း ဘတ်စကား ပေါက် ကွဲမှုတွင်မူ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို "စစ်ဆေးနေဆဲရှိကြောင်း" အာဏာပိုင်များက ပြောဆိုကြသော်လည်း လေ့လာသူများကမူ စစ်အစိုးရက လူအများ မေ့လျော့သည်အထိ အချိန်ယူ စောင့်နေကြပြီး၊ နောက်ဆုံး မည်သို့မျှအရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ပြီးသွားလိမ့်မည်ဟု ယုံကြည်နေကြပါသည်။

ထိုသို့ယုံကြည်ရန်လည်း အကြောင်းက ခိုင်လုံနေပါသည်။ သဘာဝဓါတ်ငွေ့ (CNG) သုံးယာဉ်များအဖြစ် ပြောင်းပေးသည့် လုပ်ငန်း၊ ဓါတ်ငွေ့ဖြည့်ဆိုင် စသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် အိုင်ဂျီအီး ကုမ္ပဏီလီမိတက် (IGE Co. Ltd) မှာ စစ်အစိုးရအတွင်း အာဏာကြီးသည့် စက်မှု (၁) ၀န်ကြီးဦးအောင်သောင်း၏ သားများ ပိုင်ဆိုင်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ပြီး စစ်အစိုးရနှင့် အလွမ်းသင့်နေသော ကုမ္ပဏီဖြစ်နေသည်။ ထို့အပြင် ဦးအောင်သောင်းကိုယ်၌ကလည်း စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်မ သာဝကတဦးသဖွယ် အားကိုးနေရသောကြောင့် ဆက်လက်အရေး ယူဖွယ် မရှိဟု တွက်ချက်နေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ခံ လူတဦးက မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် သွားလာကြရမည့် ဘတ်စကားများ၊ ယာဉ်များ စီးရန် ကြောက်ရွံ့နေကြရသည့် အခြေအနေကို "ဗုံးပေါ်မှာ ထိုင်နေကြရသလိုပဲဗျာ" ဟု ဆိုခဲ့ပါသည်။

ဖဲကြိုးနီ သို့မဟုတ် ရှင်သန်ခြင်းအတွက် ကံစမ်းနေရသူများ …


ကြည်ဝေ | အောက်တိုဘာ ၂၁၊ ၂၀၀၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့ရောက်တိုင်း ရန်ကုန် ဝေဘာဂီဆေးရုံကြီး၏ ဆေးပေးဝေရေး အခန်းရှေ့တွင် ဆေးရရှိရန် အတွက် လာရောက်စီတန်းလျက်ရှိကြသော အသားအရေ မွဲခြောက်ခြောက်၊ ပိန်ချိချိနှင့် လူတွေ၊ ဖြူဖြူ ဖျော့ဖျော့ အသားအရေ၊ ၀ါးကပ်လို ပိန်ကပ်ကပ် ခန္ဓာကိုယ်မျိုးတွေနှင့် နွမ်းနွမ်းပါးပါး လူအုပ်ကြီးကို တွေ့မြင်ကြရမြဲဖြစ် သည်။

ထိုလူအုပ်ထဲတွင် အသက် ၃၀ မှ ၄၀ ကျော်အရွယ်အမျိုးသမီးတွေလည်း ပါသည်။ အသက် ၁၀ နှစ်အောက် ကလေးတွေ လည်းပါသည်။ ပြီးတော့ အသက် ၄၀ ကျော် အမျိုးသားတချို့လည်းပါသည်။ သို့သော်လည်း အများ ဆုံးကတော့ ခပ်ပိန်ပိန် အမျိုးသမီးတွေနှင့်ဖြူဖျော့ဖျော့ ခပ်သေးသေး ကလေးငယ်တွေပဲ ဖြစ်သည်။

ဆေးရုံမှ စူးရှသော ပိုးသတ်ဆေးအနံ့သည် သူတို့ ပတ်ဝန်းကျင်တွင် လှိုင်လျက်ရှိသော်လည်း သူတို့သည် ထိုအနံ့ကိုပင် ယဉ်ပါးလျက်ရှိကာ ဆေးရရှိရေးအတွက် နံနက်ကတည်းကပင် အခန်းအပြင်ဘက်စင်္ကြံတွင် ထိုင်လျက်တမျိုး ထလျက်တမျိုး စောင့်ဆိုင်းနေကြရင်း အချင်းချင်း စကားစမြည်ပြောလျက်ရှိသည်။

သူတို့ အချင်းချင်းပြောလေ့ရှိသော စကားများမှာ ဆေးသောက်ရဖို့နီးပြီလား၊ ဘယ်တော့လောက် သောက်ရမယ် ထင်လဲ ဆိုတာမျိုး၊ ဘယ်သူကတော့ ဆေးစောင့်နေရင်းနဲ့ ဆုံးသွားပြီ ဆိုသည့် စကားမျိုး ဖြစ်နေတာများသည်။

သူတို့နှင့် ရှေ့တခန်းကျော်တွင်တော့ အေအာဗီဆေး လာထုတ်သည့် အခန်းဖြစ်သည်။ ထိုအခန်းရှေ့တွင်လည်း သူတို့ လိုပင်ဆေးလာစောင့်နေသူများ ရှိသည်။ သူတို့လူအုပ်လောက် မများသော ထိုလူအုပ်ဆီသို့သူတို့သည် အားကျသော မျက်ဝန်းများနှင့်လှမ်းလှမ်းကြည့်နေတတ်ကြသည်ကို တွေ့ရသည်။ သူတို့ အတွက် အေအာဗီဆေး အခမဲ့သောက်ခွင့်ရ ရေးမှာ အသက်ရှင်ခွင့် အထူးဆုကြီးတဆုပင် မဟုတ်ပါလား။

အခန်းထဲမှာတော့ ထဘီအပြာဝတ် သူနာပြုဆရာမကြီးတဦး၊ ထဘီအနီဝတ် သူနာပြု ဆရာမ လေး ၂ ဦးနှင့် အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံထားရသူများဖြစ်သော်လည်း ဘ၀တူများကို ပြန်လည် နှစ်သိမ့်အားပေးနိုင်သော PLWHA အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိုင်လျက်ရှိကာ နှစ်ယောက်တတွဲ ၀င်လာသော PLWHA များကို ဆေးပေးလျက်ရှိခြင်း ၊ ဆေးသောက်ပုံ သောက်နည်းကို ရှင်းပြလျက်ရှိခြင်း တို့ကိုတွေ့ရသည်။

သူနာပြုဆရာမကြီးပေးသော ဆေးကို တရိုတသေ လှမ်းယူကြပြီး သောက်ရမည့်ဆေးကို လိုက်မှတ်ရင်း၊ အသင့်ပါလာသော အိတ်ထဲသို့ တရိုတသေ ထည့်သိမ်းရင်း သူတို့သည် ARV (Antiretroviral drug) ဆေး ဘယ်တော့လောက် သောက်ခွင့်ရ မလဲ၊ သူတို့အလှည့်ရောက်ရန် နီးပါပြီလားဆိုသည်ကို မ၀ံ့မရဲ အသံတိုးတိုးဖြင့် ဆရာမနားကပ်ကာ မေးလေ့ရှိသည်။

“တယောက်လာလည်း ARV ဆေးသောက်ခွင့်ရပြီလား၊ ဘယ်လောက်စောင့်ရဦးမှာလဲ ဆိုတာချည်းပဲ မေးနေကြတော့ ကျမတို့လည်း အဖြေရတော်တော်ခက်တယ်၊ မြင်တဲ့အတိုင်းပဲ လျှောက်လွှာတွေကလည်း တထပ်ကြီး”ဟု အဆိုပါ အခန်းထဲမှ သူနာပြုဆရာမတဦးက ပြောဆိုရင်း အေအာဗီဆေး သောက်ခွင့်ရရေး အတွက် တင်ထားကြသော လျှောက်လွှာထပ် ကြီးကို မေးငေါ့ပြသည်။

မြန်မာနိုင်ငံတွင် ARV ( Antiretroviral drug) ဆေးကို အခမဲ့သောက်ခွင့်ရနေသူများမှာ အေအာဗီဆေး လိုအပ် နေသူ ပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဆေးရခြင်းဖြစ်ပြီး အများစုမှာ ဆေးလိုအပ်နေကြောင်း အိတ်ခ်ျအိုင်ဗီ နှင့် ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်လျက်နေသော Marie Stopes international မှ ဆရာဝန်ကြီး တဦး က ဆိုသည်။

မြန်မာနိုင်ငံတွင် အေအာဗီဆေးကို အခမဲ့အများဆုံးပေးနေသည်မှာ အေဇက်ဂျီ က ဖွင့်ထားသော သဇင်ဆေးခန်း ပင်ဖြစ်သည်။ ထိုဆေးခန်းမှ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် လူနာပေါင်း ၁ သောင်းကျော်ကို အေအာဗီဆေး အခမဲ့ ပေးလျက်ရှိကြောင်း သာကေတ သဇင်ဆေးခန်း ဆရာဝန်တဦးထံမှ သိရှိရသည်။ ယခုအခါ ထိုအဖွဲ့မှ နောက်ထပ် လူနာများအား အေအာဗီဆေး အခမဲ့ပေးခြင်းကို ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ပေးနေတဲ့ လူက ခုကို ၁သောင်းကျော်နေပါပြီ၊ ဒီလူတွေကို သူတို့ အသက်ရှင်နေသရွေ့ပေးသွားမှာ ဆိုတော့ နောက်ထပ် လူနာသစ်လက်ခံပြီး ပေးဖို့ဆိုတာ လောလောဆယ်အခြေအနေအရတော့ မဖြစ်နိုင်သေးပါ ဘူး" ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

အေဇက်ဂျီမှ ဆေးသောက်ရင်း သေဆုံးသွားသော လူနာများရှိပါက ထိုလူနာများရနေသော အေအာဗီဆေးကို အခြားလူနာ အသစ်တယောက်အတွက် စီစဉ်ပေးသော်လည်း လက်ရှိ ဆေးသောက်ခွင့်ရနေသော လူနာများ အပြင် နောက်ထပ် လူနာ အသစ်ကို ဆေးပေးနိုင်ရေးအတွက် ဘတ်ဂျက် အခက်အခဲတွေ့နေကြောင်း သိရသည်။

အစိုးရအနေနှင့်အခမဲ့ပေးသည်မှာ ထောင်ဂဏန်းကျော်ရုံမျှ ရှိပြီး ကိုယ်ပိုင်ငွေဖြင့် ၀ယ်သောက်ကြသူများမှာလည်း ထောင် ဂဏန်းကျော်မျှ ရှိကြောင်းလည်း သိရသည်။

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူများ(PLWHA) အနေနှင့် အစိုးရပေးသော ARV( Antiretrovial drug) ဆေး အခမဲ့ သောက်ခွင့်ရရေးအတွက် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးတွင် လျှောက်လွှာတင်ပြီး စောင့်ကြရသည်မှာ လပေါင်း များစွာ ကြာမြင့်ကြောင်း ဝေဘာဂီဆေးရုံကြီးမှ သူနာပြုဆရာမ တဦး၏ ပြောပြချက်အရ သိရသည်။

ထိုသူနာပြုဆရာမက အခမဲ့ဆေးသောက်ခွင့်လျှောက်ထားသူများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဆေးရခြင်းဖြစ်ပြီး ထိုသူများက လည်း ၁ နှစ်ကျော်ကျော်ကြာသည် အထိ စောင့်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အေအာဗီဆေး အခမဲ့သောက်ခွင့်ကို လူတိုင်းရရှိခြင်းမဟုတ်၊ ရန်ကုန်မြို့တွင် နေထိုင်သူ( ရန်ကုန်မြို့မှ ပုံစံ ၁၀ တွင်ပါဝင်သူ ) များသာလျှင် ဆေးလျှောက်ယူခွင့်ရှိသည်။ နယ်မှ လာသူများမှာ ဆေးရလိုသည့်အတွက် ရန်ကုန် မြို့မှ ဆွေမျိုးသားချင်း သို့မဟုတ် မိတ်ဆွေ တဦးဥင်္ီး၏ နေအိမ်တွင် နေထိုင်သူအဖြစ် ပုံစံ ၁၀ စာရင်းသွင်း ကာ ထိုဆေးရရှိရေးအတွက် လျှောက် ထားရခြင်းဖြစ်သည်။

နယ်မှအေအာဗီဆေးသောက်ရန် လိုအပ်နေသော plwha များအနေနှင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ရန် လိုအပ် ကြောင်း သိရသည်။ နယ်မှ လူများသည် ဆေးကုရန်အတွက် ရန်ကုန်မြို့သို့တက်လာကြပြီး ၄င်းတို့ကို ကူညီပံ့ပိုးပေးနေ သည့် အိတ်ခ်ျအိုင်ဗီ နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသော ပြည်တွင်း အဖွဲအစည်း များနှင့်ဆက်သွယ်ရခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများက ၄င်းတို့နှင့်လာရောက်ဆက်သွယ်ကြသူများအား ဆေးရရှိရေးအတွက် မည်ကဲ့သို့ လျှောက် ရမည်၊ အေအာဗီဆေးမရခင် ပိုးသတ်ဆေးနှင့် အားဆေးစသည့် လိုအပ်သည့်ဆေးများသောက်ခွင့်ရရေး အတွက် လည်းကောင်း၊ အေအာဗီဆေး အားချင်းလိုအပ်သူများကို ဆေးအလှူရှင်ရှာဖွေပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။

အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူ အသက် ၃၆ နှစ်အရွယ် ကိုနိုင်ဦးသည် ARV ဆေးသောက်ခွင့်ရရေးအတွက် အောင်လံမြို့ ကနေ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး မြောက်ဥက္ကလာပ ကျောက်ရေတွင်း တွင် အိမ်ခန်းလေး ငှားနေကာ ဆေးကို စောင့်လျက်ရှိကြောင်း ကိုနိုင်ဦးက ပြောပြသည်။

“ARV( Antiretrovial drug) သောက်ခွင့်ရရေးအတွက် ဝေဘာဂီဆေးရုံကြီးမှာလျှောက်လွှာတင်ပြီး စောင့်နေရ တာ အောက်တိုဘာလ ၂၀ ရက်နေ့ဆိုလျှင် ၁နှစ် နှင့် ၂လ ပြည့်ပြီ၊ ဘယ်လောက်စောင့်ရဦးမလဲ ဆိုတာမသိဘူး” ဟု သူက ဆိုသည်။

ကိုနိုင်ဦးလိုပင် ဆေးရရှိရေးအတွက် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ပြီး ဆေးရမည့်ရက်ကို စောင့်နေသူပေါင်း ၃ ထောင် ၀န်းကျင်ခန့်ရှိကြောင်း ဝေဘာဂီဆေးရုံကြီး၏ စာရင်းများအရ သိရှိရသည်။

ထိုကဲ့သို့ ဆေးစောင့်မျှော်နေသူများသည် ဆေးသောက်ခွင့်မရမီမှာပင် သေဆုံးသွားကြခြင်းလည်း ရှိကြောင်း ပြည်တွင်း အန်ဂျီအို အဖွဲ့အစည်းတခုဖြစ်သော Spring မှ ၀န်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။

“ဆေးရမလားရမလားနဲ့ စောင့်ရင်းစောင့်ရင်း သေကုန်ကြတာပဲ။ ခုလည်း ကျမတို့အဖွဲ့ကနေ ဝေဘာဂီဆေးရုံ ကြီးကို ဆက်သွယ်ပြီး လျှောက်လွှာတင်ပေးထားတဲ့ သူ ၂၆ ယောက်ရှိတယ် ဝေဘာဂီကနေ ရပြီးတာ၂ ယောက်၊ သဇင်ကနေ ရနေတာ ၇ ယောက်ရှိတယ်၊ အလှူရှင်တွေ့သွားပြီး ဆေးရတဲ့သူက ၂ ဦးရှိတယ်၊ ကျန်တဲ့သူတွေထဲ က ဆုံးသွားတာ ၄ ယောက်ရှိတယ်”ဟု အဆိုပါ အဖွဲ့မှ ၀န်ထမ်းက ဆိုသည်။

အသက် ၂၈ နှစ်အရွယ် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူ မမျိုးသည် ARV( Antiretrovial drug) သောက်ခွင့် ရရေး အတွက် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးတွင် လျှောက်လွှာတင်ပြီး စောင့်နေခဲ့ရသည်မှာ ၁၀ လကြာခဲ့ပြီး နောက်ဆုံးတွင် ဆေးမရဘဲ သေဆုံးသွားခဲ့ကြောင်း သူမ၏ မိခင်ဖြစ်သူက ပြောပြသည်။

သူမသည် ဆေးရရေးအတွက် သူမနေထိုင်ရာတောင်ကြီးမြို့ကနေ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်တွင် အိမ်ခန်းလေး ငှားကာ လာရောက်နေထိုင်ပြီး ဆေးရမည့် ရက်ကို စောင့်မျှော်နေ သူ ဖြစ်ကြောင်း သူမ၏ မိခင်က ဆိုသည်။

မြန်မာနိုင်ငံတွင်၂၀၀၆ ခုနှစ် စာရင်းအရ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရသူပေါင်း ၃ သိန်းကျော်ခန့်ရှိသည် ဟု အစိုးရက ဆိုသည်။


ပြည်တွင်း အန်ဂျီအို တခုဖြစ်သော spring မှ ၂၀၀၇ ခုနှစ် သတင်းထုတ်ပြန်ချက်တွင် အိတိခ်ျအိုင်ဗီိပိုးကူးစက်ခံရ သူပေါင်း ၅ သိန်း ကျော်ခန့်ရှိသည်ဟု အနီးစပ်ဆုံး ခန့်မှန်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဗန်းမော်တင်အောင် နှစ် ၃၀ ပြည့် အောက်မေ့ဖွယ်နေ့ ကျင်းပမည်
ဝိုင်းပီး
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 18:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို လာမည့် ကြာသပတေးနေ့တွင် ရန်ကုန်ရှိ မိသားစုနေအိမ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ဝါရင့် စာရေးဆရာကြီးများ ဖြစ်သည့် ဒဂုန်တာရာ၊ ပါရဂူနှင့် သတင်းစာဆရာ ဦးဝင်းတင် (ဟံသာဝတီ) အပါအ၀င် အခြား စာရေးဆရာများ၊ ကဗျာဆရာများအား ဖိတ်ကြားထားကာ ရန်ကုန်မြို့ ၉ မိုင်ရှိ လက်ဝဲ၀ါဒသက်ဝင်ယုံကြည်သူ ဗန်းမော်တင်အောင်၏ သမီး နေအိမ်တည်ရှိရာ Green Valley တွင် ကျင်းပရန်အတွက် စီစဉ်နေကြသည်။

"ပင်ကိုယ် အနစ်နာခံတဲ့ စိတ်ဓာတ်၊ စွန့်လွှတ်မှု စိတ်ဓာတ်တွေဟာ သူ့စာပေတွေ၊ သူ့ရဲ့ ဘ၀တွေမှာလည်း ဒါတွေဟာ ထင်ဟပ်နေတယ်။ အဲလို အဖက်ဖက်ကနေ အနစ်နာခံသွားတာ။ အနစ်နာခံခြင်း၊ စွန့်လွတ်ခြင်းပေါ်မှာ အခြေစိုက်ပြီးတော့ စံနမူနာ ပြသွားတယ်။ ကျနော်တို့အမြဲတမ်း သတိထားရမယ်။ လိုက်နာရမယ်။ တန်ဖိုးထားရမယ်" ဟု ဦးဝင်းတင်က ပြောသည်။

ဆွမ်းကပ် တရားနာပွဲအပြီးတွင် ရန်ကုန် စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာများ၊ ကဗျာဆရာများက ဗန်းမော်တင်အောင်အား ဂုဏ်ပြုစကားများ ပြောကြားသွားမည် ဖြစ်သည်။

"ဆရာ့အပေါ်မှာ လေးစားတာပေါ့။ မမေ့အောင် အမှတ်တရရှိနေအောင် လုပ်တာပေါ့ဗျာ။ အခု ခဏလေးတင် မဟုတ်ဘူးလေ။ ရာသက်ပန် မမေ့အောင်နဲ့ အမှတ်တရရှိအောင် လုပ်တာပေါ့။ စာပေလောကမှာလည်း မမေ့ကြရအောင် ဒီသဘောမျိုးပါပဲ" ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာ မောင်စိမ်းနီက မဇ္စျိမကို ပြောသည်။

"အရင်နှစ်တွေကတော့ အခုလို စာပေလောကသားတွေနဲ့ ပေါင်းမလုပ်ဖြစ်ပါဘူး။ အခုက အနှစ် ၃၀ ပြည့်မို့လို့ စာရေးဆရာတွေက အမှတ်တရ အမှာစကားတွေ ပြောကြမှာပါ"

အစီအစဉ် အသေးစိတ် သိရှိရန်အတွက် မိသားစုဝင်များထံ ဆက်သွယ်၍ မရခဲ့ပါ။

ဗန်းမော်တင်အောင်သည် ၁၉၃၆-၃၈ ခုနှစ်ကာလတွင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၅၀-၅၂ ခုနှစ်အတွင်း လင်းယုန်ဂျာနယ် သတင်းစာကို ထုတ်ဝေခဲ့ပြီး အာဏာရ ဖဆပလ အစိုးရအား ဝေဖန်ထောက်ပြသည့် စာပေများ ရေးသားခဲ့လေသည်။ ထင်ရှားသည့် အမေ၊ သူပုန်ကြီးနှင့် ပြည်တော်သာ ခင်ခင်ဦး ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့ပြီးနောက် ၁၉၅၂ ခုနှစ်တွင် အစိုးရက ပုဒ်မ ၅ ဖြင့် သူ့အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံ့ရာ ၅ နှစ်နီးပါး အကျဉ်းကျခံခဲ့ရသည်။

၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော 'နော်မူဂေး' ၀တ္ထုတိုဖြင့် ဗန်းမော်တင်အောင် ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့ရာ ၁၉၄၇ ခုနှစ်တွင် 'ဘုန်းမောင် တယောက်ထဲရယ်' အမည်ဖြင့် လုံးချင်း ၀တ္ထုတိုကို ထုတ်ဝေခဲ့ရာ စစ်ပြီးခေတ် စာပေလောကတွင် ဗန်းမော်တင်အောင် ဟူသော ကလောင်တချောင်းကို အထင်ရှားဆုံး မှတ်တိုင်တခု ဖြစ်စေခဲ့သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ လက်ထက် (၁၉၆၃ ခုနှစ်) တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရပြန်သည်။ ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အတွင်း သခင် ခင်အောင်၊ မြသန်းတင့်၊ လေထီးဦးအုန်းမောင်၊ ဦးခင်မောင်မြင့်၊ ဆရာ ရာဂျန် အပါအ၀င် အခြားပုဂ္ဂိုလ်များနှင့်အတူ ကိုကိုးကျွန်းသို့ ပို့ဆောင်ခံရသည်။

ဗန်းမော်တင်အောင်ကို ၁၉၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့ ပဲခူးမြို့တွင် အဖ ချင်းအမျိုးသားခရစ်ယာန် တရားဟောဆရာ ဦးမောင်နေနှင့် အမိ ဒေါ်စောမြိုင်တို့မှ မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ည ၇ နာရီ ၁၀ မိနစ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွန်လွန်ခဲ့သည်။

ဗန်းမော်တင်အောင် ရေးသားခဲ့သော စာအုပ် စုစုပေါင်း ၇၉ အုပ်ရှိခဲ့ပြီး ဘာသာပြန်စာအုပ် ၃ အုပ်ရှိခဲ့သည်။

Flower သတင်းထောက်ချုပ် ကိုစောမြင့်သန်း ပြန်လွတ်မြောက်လာ
နန်းဒေ၀ီ
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 15:39 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သင်္ကန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှု သတင်းဖော်ပြခဲ့၍ ၁ လကျော်ကြာ ဖမ်းဆီးခံခဲ့ရသူ ဖလားဝါးဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းသည် ခံဝန်ချက်ဖြင့် ယမန်နေ့ညနေက ပြန်လွတ်လာသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်အေးက အပတ်စဉ်ထုတ် သတင်းဂျာနယ်မှ ကိုစောမြင့်သန်းအပေါ် စွဲဆိုထားသော အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် တရားစွဲဆိုသည့် အမှုအား ရုပ်သိမ်းလိုက်သည့်အတွက် လွတ်မြောက်လာခြင်း ဖြစ်သည်။

"တရားလိုဘက်က အမှု ပြန်ရုပ်သိမ်းပေးလိုက်တော့ လွတ်သွားတယ်။ မနေ့က ညနေ ၃ နာရီခွဲလောက်မှာ ရုံးကို ပို့ပေးလိုက်တယ်။ အမှုက တခုထဲနဲ့ စွဲခဲ့တာ။ ဆက်သွယ်ရေး နည်းဥပဒေနဲ့ပဲ" ဟု အမည်မဖော်လိုသူ အပတ်စဉ် သတင်းဂျာနယ်တိုက်မှ အယ်ဒီတာတဦးက ပြောသည်။

သို့သော် ကိုစောမြင့်သန်း လွတ်မြောက်လာချိန်တွင် အာဏာပိုင်များထံတွင် အလားတူအဖြစ်မျိုး မပေါ်ပေါက်စေရပါဟု ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရသည်ဟု ဂျာနယ်တိုက်နှင့် နီးစပ်သူ သတင်းသမားတယောက်ကလည်း ပြောသည်။

သူက "နောက်နောင် ဒီလို မလုပ်ဘူး။ မဖြစ်အောင် နေပါ့မယ်လို့ လက်မှတ်ထိုးလာရတယ်" ဟု ပြောသည်။

သို့သော် အာဏာပိုင်များအနေဖြင့် ကြိုက်နှစ်သက်မှု မရှိသော ရေးသားခြင်းနှင့် ပတ်သက်၍ သဲသဲကွဲကွဲ ရှင်းလင်းပြောပြခြင်း မရှိခဲ့ပေ။

ကျောက်တံတား ရဲစခန်းတွင် ကိုစောမြင့်သန်းကို အမှုစတင် ဖွင့်ခဲ့စဉ်က ပြည်ပ တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုနှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ ဥပဒေတို့ဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။ နောက်ပိုင်းတွင် စွဲဆိုချက်များ တခုပြီးတခု ရုပ်သိမ်းပေးခဲ့သည်။

ကိုစောမြင့်သန်းသည် Flower သတင်းဂျာနယ်တွင် မူလတာဝန်ကို ထမ်းဆောင်သွားဖွယ် ရှိသည်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားသော ၂ လောင်းပြိုင် သတင်းကို ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်ဟု ဆိုကာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ကိုစောမြင့်သန်းအား ခေါ်ယူစစ်ဆေး ကြိမ်းမောင်းခဲ့သည့်သတင်း ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီးနောက် ရဲက ကိုစောမြင့်သန်းကို ဖမ်းဆီးခဲ့သည်။

ကိုစောမြင့်သန်းသည် ဧရာဝတီ သတင်းဌာနနှင့် ဆက်သွယ်ခဲ့သည်ဟုလည်း ရဲက စွပ်စွဲခဲ့သည်။ သို့သော် ကာယကံရှင်နှင့်တကွ ဧရာဝတီ သတင်းဌာနတို့က ရဲ၏ စွပ်စွဲချက်ကို ယတိပြတ် ငြင်းဆိုခဲ့သည်။

ပန်းချီ ၀သုန် ကွယ်လွန်
ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 15:04 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကျော် ပန်းချီဆရာ ဝသုန် အသက် (၆၁) နှစ်သည် ယနေ့ နံနက်က အဆုတ်တီဘီရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။

တလခန့်ကြာ ဖျားနာနေခဲ့ပြီးနောက် လွန်ခဲ့သည့် တနင်္ဂနွေနေ့က ရွှေဂုံတိုင်အထူးကုဆေးရုံ SSC သို့ တက်ရောက် ကုသခဲ့သည်။ သင်္ကန်းကျွန်းရှိ နေအိမ်သို့ အင်္ဂါနေ့က ပြန်လည် ရောက်ရှိလာပြီးနောက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ပန်းချီ ဝသုန်၏ အမည်ရင်းမှာ ဦးခင်လှဖြစ်ပြီး ရန်ကုန်မြို့ ကန်တော်လေးတွင် ၁၉၄၇ ခုနှစ်တွင် ဦးလှမောင်နှင့် ဒေါ်သန်းတို့မှ ဖွားမြင်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ စတင်ကာ မဂ္ဂဇင်းများတွင် သရုပ်ဖော် ပန်းချီများ စတင် ရေးဆွဲခဲ့သူ ဖြစ်သည်။

သူ၏ လက်ရာများအနက် "လင်္ကာဒီပချစ်သူ" ရုပ်ပြကာတွန်း သရုပ်ဖော်သည်လည်း ကျော်ကြားသည်။

၁၉၇၀ မှ စတင်ကာ သူ၏ ပန်းချီပြပွဲများ စတင်ပြသခဲ့ပြီး ရေဆေး၊ ဆီဆေး နှစ်မျိုးလုံးဖြင့် ရေးဆွဲလေ့ရှိကာ ရေဆေးဖြင့် ရေးဆွဲခြင်းကို ပိုမို အားသန်သူ ဖြစ်သည်။

ရန်ကုန်မြို့ရှိ ဦးဘဆွေထံတွင် ပါတိတ်ဆင် ရိုက်နည်းပညာကို သင်ကြားခဲ့ပြီး ၁၉၈၈ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့တော်နှင့် ၁၉၉၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဖီလဒယ်လ်ဖီးယား တွင် ပန်းချီပြပွဲများ ကျင်းပခဲ့သည်။

သူ၏ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုတခုသည် နိုင်ငံတကာဆုတခု ရရှိဖူးသည်။

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geo-graphic အဖွဲ့မှ ဦးစီး ကျင်းပခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသော A Sketch of Wathone သည် ဆုရရှိခဲ့သည်။

ဆရာ ၀သုန်၏ ရုပ်ကလပ်ကို လက်ရှိတွင် သင်္ကန်းကျွန်မြို့နယ်ရှိ နေအိမ်တွင် ထားရှိပြီး ကြာသာမတေးနေ့ ညနေ ၃နာရီတွင် ရေဝေး သုဿန်တွင် သဂြိုဟ်မည် ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေးနှင့် သား ၂ဦး သမီး ၂ဦး ကျန်ခဲ့သည်။


အောက်တိုဘာ ၂၁၊ ၂၀၀၈သတင်း


လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်
ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈

သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။

ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။

အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။

ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။

ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။

ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။

တွေ့ဆုံဆွေးနွေးရေးလမ်းစရှာရန် စစ်အစိုးရနှင့်အန်အယ်လ်ဒီကိုကုလတိုက်တွန်း
UN/ NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈

မြန်မာနိုင်ငံ၏ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးရေး တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးရေးမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းသည့် အစီရင်ခံစာ၌ မစ္စတာဘန်ကီမွန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

၎င်းက “ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် စစ်မှန်တဲ့အခြားနည်းလမ်းမရှိပါဘူး။ ခုချိန်ဟာ အစိုးရနဲ့ အတိုက်ခံအတွက် တဦးနဲ့တဦး တွေ့ဆုံဆွေးနွေးဖို့ကို နည်းလမ်းတွေရှာရမယ့် အချိန်ဖြစ် တယ်။ ပြီးတော့ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အတူတကွအလုပ်လုပ်ရမယ့်အချိန်ဖြစ်တယ်” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ တခြားနည်းလမ်းမရှိကြောင်းနှင့် တိုင်းပြည်အနာဂတ်အတွက် သက်ဆိုင်သူအားလုံးပါဝင်ဆောင်ရွက်နိုင် ကြောင်း၊ အားလုံးပါဝင်၍ အခြေအမြစ်ရှိပြီး အချိန်ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးရေး ပြန်စတင်ရန်လိုကြောင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိကကျသည်ဟုလည်း အတွင်းရေးမှူးချုပ်က ပြောကြားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ မျှော်မှန်းချက်များကို မြန်မာစစ်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးသဖြင့် စိတ်ပျက်မိသည်ဟု အတွင်းရေးမှူးချုပ်က သူ၏ အစီရင်ခံစာ၌ ရေးသားထားသည်။

မြန်မာနိုင်ငံ၏အနာဂတ်သည် အစိုးရနှင့်မြန်မာလူထုအပေါ်တွင်မူတည်သည်၊ ကုလသမဂ္ဂ၏အခန်းကဏ္ဍသည် အားလုံးလက်ခံသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး အတူတကွ ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူများအားလုံးနှင့် ညှိနှိုင်းပေးခြင်းသာဖြစ်သည်ဟုလည်း ဘန်ကီမွန်းက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အကြံဥာဏ်ပေးချက်ကို ကြိုဆိုကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး တဆင့်တက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အကြံဉာဏ်ပေးချက်ကို ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့က ဒိုင်ယာလော့လုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ၀န်ကြီးကနေတဆင့် ဆောင်ရွက်နေပါတယ်။ အဲဒီကနေ နောက်တဆင့်တက်ပြီးတော့ ဆောင်ရွက်ဖို့ တင်ပြနေတာ နှစ်ဝက်လောက်ရှိနေပြီ၊ ဖြစ်မလာသေးဘူး။ ကျနော်တို့ အခုအချိန်မှာ တွေ့ဆုံဆွေးနွေးရေး အရမ်းမျှော်လင့် တယ်လို့မပြောချင်သလို မဖြစ်နိုင်တော့ဘူးလို့လည်း မပြောချင်ပါဘူး။ ဒီဥစ္စာနဲ့ပတ်သက်ပြီး မျှော်လည်းမျှော်လင့်တယ်၊ ကြိုးစားထိုက်တဲ့ဟာတွေလည်းကျနော်တို့ ကြိုးစားနေပါတယ်” ဟုပြောကြားသည်။

နအဖစစ်အစိုးရကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို အတည်ပြုပြီးဖြစ်၍ မူဝါဒလမ်းညွှန် (၇) ရပ်အတိုင်း ဆက် လုပ်ရန်မှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ၂၀၁၀ ပြည့်၌ ရွေးကောက်ပွဲ ကျင်းပရန် အားထုတ်ဆောင်ရွက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှု သည်လည်း ယမန်နှစ် နိုဝင်ဘာလ နောက်ဆုံးတွေ့ဆုံပြီးကတည်းက ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိ - ကုလအတွင်းရေးမှူးချုပ်
21 October 2008
ဦးကျော်ကျော်သိန်း
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အတွက် တွေ့ဆုံဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်းမရှိဘူး၊ ဒီအတွက် အဓိကကျတဲ့
အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ရေးဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အတွင်း
ရေးမှူးချုပ်က အဲဒီလိုပြောထားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထား
ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး
အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီးစ် မီရှဲလ် မွန်းတာ့စ် (Michele Montas) က
တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးကားပြောကြားသွားပါတယ်။

"ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်တဲ့ကိစ္စတွေနဲ့ မျှော်လင့်ထားတဲ့ကိစ္စ
တွေကို မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေ မလုပ်သေးတာ
ဟာ စိတ်ပျက်စရာကိစ္စတခုအဖြစ် ရှိနေဆဲပါ။"

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားတဲ့ကိစ္စတွေက ဘာတွေ
ဆိုတာကို အခုအစီရင်ခံစာထဲမှာ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ထည့်မပြော
ထားပေမယ့် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
များ ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့အချက်တွေကို ရည်ညွှန်းပုံရပါ
တယ်။

အဲဒီအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလ
သမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုပြီး အပြုသဘောဆောင်တဲ့
တုံ့ပြန်မှုတွေလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
တွေက တိုက်တွန်းခဲ့ကြပါတယ်။

အခုချိန်ထိတော့ ဒီအချက်တွေထဲကဆိုရင် နှစ်ရှည်နိုင်ငံရေးအကျဉ်းသား သတင်းစာ
ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားခြောက်ဦး ပြန်လွတ်မြောက်
လာတာကလွဲလို့ ကျန်တဲ့တိုးတက်မှု ဘာမှမရှိသေးပါဘူး။ သူတို့တွေလွတ်လာတာက
လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းတဲ့အတွက် လွှတ်ပေးတာလို့
ကောက်ချက်ချဖို့က ခက်ခဲပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အဆုံးတနေ့မှာ သက်ဆိုင်ရာအစိုးရနဲ့ ပြည်သူလူထုအပေါ်
မှာသာ မူတည်တယ်ဆိုတာကို အတွင်းရေးမှူးချုပ်က အလေးထားဖော်ပြခဲ့ပေမယ့်
မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း ထပ်ပြီး အတည်ပြုပြောကြားခဲ့ပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး မီရှဲလ် မွန်းတာ့စ်က …

"ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက တွေ့ဆုံဆွေးနွေးရေးကတဆင့် အားလုံးသဘောတူ
လက်ခံနိုင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တရပ်ဆီ ရှေးရှုပြီး အတူတကွ လုပ်ဆောင်သွားနိုင်ဖို့ရာ သက်ဆိုင်သူ
အားလုံးရဲ့ ရပ်တည်ချက်တွေက ဘာတွေဆိုတာ ရှာဖွေဖို့နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပါ
တယ်။"

တိုင်းပြည်ရဲ့အနာဂတ်အတွက် သက်ဆိုင်သူအားလုံး ပါဝင်လုပ်ဆောင်နိုင်ဖို့မှာ တွေ့ဆုံ
ဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်း မရှိဘူးဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က
ထည့်သွင်းပြောကြားထားပါတယ်။ ဒါ့အပြင် အကျဉ်းချထားသူတွေကို လွှတ်ပေးဖို့လည်း
အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့ပါသေးတယ်။

"ပိုပြီးကောင်းမွန်တဲ့၊ အားလုံးပါဝင်တဲ့၊ ခြေခြေမြစ်မြစ်ရှိပြီး ထိရောက်တဲ့၊ အချိန်ကာလ
ကန့်သတ်ချက်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်း
စုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရေးဟာ အဓိက
ကျတယ်လို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က
ကုလသမဂ္ဂ အထွေထွေညီလာခံကို ဘန်ကီမွန်းတင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာပါ အချက်တွေကို ပြောသွားတာပါ။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ဆိုင်ရာတွေကို ပြောဆိုကြတိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ
မပါမဖြစ် ကိစ္စတခုပါ။ ဒါ့ကြောင့်လည်း ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူတွေသာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ထပ်ခါတလဲလဲ
တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး
အကျဉ်းသားမရှိဘူးလို့ တွင်တွင်ပြောဆိုနေပြီး အနည်းအကျဉ်း လွှတ်ပေးတဲ့သူတွေ
ဟာလည်း သူတို့ကျခံရတဲ့ ထောင်ဒဏ် ပြည့်ပြီးရုံသာမက ကျော်လွန်နေသူတွေ
ဖြစ်တာများပါတယ်။ ဒါ့ကြောင့်လည်း မြန်မာအစိုးရဟာ အကျဉ်းသားတွေကို ပြန်ပေး
ဆွဲထားသလို ပြုမူလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြစ်တင်
ဝေဖန်ကြပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံအရေးကိစ္စအတွက်
တိုက်တွန်းတောင်းဆိုတာတွေ မကြာခဏ လုပ်လေ့ရှိသလို အနောက်နိုင်ငံတွေကဆိုရင်
စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာတွေ ချမှတ်ထားပေမယ့် နိုင်ငံအသီးသီးက
သဘောထားအမျိုးမျိုးနဲ့ ရပ်တည်လုပ်ဆောင်နေတာကြောင့် ထိရောက်မှုကတော့
နည်းပါးလှပါတယ်။

ဒါ့ကြောင့်လည်း မြန်မာ့အရေးကိစ္စမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့လို အိမ်နီးချင်းနိုင်ငံတွေ၊
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတယ်
ဆိုတာကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက မကြာခဏ သုံးသပ်ပြောဆိုလေ့
ရှိပါတယ်။

မြန်မာအစိုးရကတော့ ချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းလမ်းစဉ် ၇ ရပ်အတိုင်း
ဆက်သွားမယ်လို့ အခိုင်အမာပြောဆိုထားပြီး ပဉ္စမအဆင့်ဖြစ်တဲ့ အထွေထွေ
ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပဖို့တောင်မှ ကြေညာထားပြီးသားပါ။
ဒီရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေကိုလည်း ပြီးခဲ့တဲ့မေလ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ရက်ပိုင်းမှာပဲ လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုခဲ့
ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်း
အ၀ိုင်းရဲ့ ၀င်ရောက်လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ ထိရောက်မှုတွေအပေါ် မေးခွန်း
ထုတ် ဝေဖန်တာတွေလည်း ထွက်ပေါ်နေပါတယ်။

ကုလသမဂ္ဂရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အတိုက်အခံတွေ ကြိုဆို
21 October 2008
ဒေါ်ခင်မျိုးသက် -
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ
အတွက် တွေ့ဆုံဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ မြန်မာ
နိုင်ငံက အဓိကနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းနဲ့ အီးအန်စီခေါ် တိုင်းရင်းသားလူမျိုးများ
ကောင်စီတို့ရဲ့ အမြင်သဘောထားတွေကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ၀ိုင်းတော်သူ
ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက မျှော်လင့်တောင်းဆိုနေတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့
လုပ်ဆောင်မှုတွေ မလုပ်တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ် မစ္စတာဘန်ကီမွန်းက သူ့ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကလွဲပြီး တခြား
နည်းလမ်းမရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုတွေ့ဆုံဆွေးနွေးဖို့ကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့က အဓိက
ကျတယ်လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို သိရဖို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းကို
မေးကြည့်ပါတယ်။အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း။
သြဂုတ် ၂၀၊ ၂၀၀၈။
"ကျနော်တို့သဘောထားပြောရရင် ကုလသမဂ္ဂက
အကြိမ်ပေါင်းများစွာ မျိုးစုံကြိုးစားပေမယ့် တိုးတက်မှု
မရှိတဲ့အပေါ်မှာ စိတ်ပျက်တာပါ။ ပြောသွားတဲ့အထဲမှာ
အတိုက်အခံတွေနဲ့ လက်တွေ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံ
ဆွေးနွေးပွဲတွေ လိုအပ်တယ်ဆိုတာ အမှန်ကန်ဆုံးပါပဲ။
တိုင်းပြည်အတွက် အကောင်းဆုံးနည်းလမ်းပဲလို့
အန်ကယ်တို့ သဘောတူပါတယ်။

"ကုလသမဂ္ဂမှာ လုပ်ပိုင်ခွင့်က သူ့အတိုင်းအတာနဲ့သူသတ်မှတ်ပြီးသားရှိတယ်။ ဒီ့ထက် ပိုလုပ်လို့လည်း မရ
ဘူး။ အဲတော့ အခုလိုပြောလိုက်ခြင်းအားဖြင့် တာဝန်ရှိတဲ့လူတွေမှာ ဘယ်လောက်တာဝန်ရှိတယ်ဆိုတာ
ကမ္ဘာက ပိုပြီး သဘောပေါက်လာမယ်လို့ အန်ကယ် မြင်ပါတယ်။"

အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ မြန်မာစစ်အစိုးရဘက်က
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လမ်း လုံးဝမရှိဘူးလို့ မြင်ပေမယ့် မြန်မာလူထုနဲ့
နိုင်ငံတကာက တောင်းဆိုနေတဲ့အတိုင်း အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါ
တယ်။

"တွေ့ဆုံဆွေးနွေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ ပြောနေတာကတော့ အကြိမ်ကြိမ်
အခါခါရှိသွားပြီ။ အဲလို အကြိမ်ကြိမ် အခါခါဖြစ်ပြီးတော့ မလွှတ်တဲ့အတွက် အတွင်းရေး
မှူးချုပ်အနေနဲ့ စိတ်ပျက်တယ်ဆိုတာ ယုံကြည်ပါတယ်၊ လက်ခံပါတယ်။ အမှန်ကတော့
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ကို မကြားချင်ဘူး၊ မတွေ့ချင်ဘူးဆိုတဲ့ သဘောမျိုး
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတယ်ဆိုတဲ့သတင်းတွေက စောစောကတည်းက
အတော်လေး ဂယက်ရိုက်လာတယ်။

"အဲတော့ ဒီကိစ္စတွေကြောင့် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကလည်း အလိုလိုကို ဖြစ်ပေါ်လာ
ဖို့ အကြောင်းမရှိဘူး။ လွှတ်ဖို့ဆိုတာကတော့ ကမ္ဘာက ဘယ်လိုပြောပြော အစိုးရက မိမိ
တို့ရဲ့ လုံခြုံမှု၊ မိမိတို့ရဲ့ တည်မြဲမှုအတွက် အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ဘယ်သူ့မှ
လွှတ်မယ်လို့ မယူဆဘူး။ အဲဒါကြောင့် ဘယ်လောက်တောင်းနေနေ၊ တကမ္ဘာလုံးက
တောင်းနေနေ၊ အခုပဲ အနှစ် ၂၀ ထဲရောက်လာပြီ၊ ဒီတိုင်းပဲနေတာပဲ။ လွှတ်မယ့်အခြေ
အနေ၊ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ လုံးဝမမြင်သေးဘူးလို့ ဘဘတို့မြင်တယ်။

"ဒါကြောင့် အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုတဲ့အတိုင်းပဲ အမြန်
ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ဆိုတာကို
ဘဘတို့က အလေးအနက် ထောက်ခံတယ်။ အစိုးရကိုလည်း တိုင်းပြည်ရဲ့အခြေအနေ
ကို ထောက်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပါ၊ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည်
လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ ကမ္ဘာကြီးရဲ့ဆန္ဒနဲ့လည်း
ကိုက်ညီပါတယ်လို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းချင်ပါတယ်။"

စစ်အစိုးရဘက်က တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူအားလုံးပါဝင်
တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို လျှောက်လှမ်းဖို့ မလုပ်တဲ့အတွက် ဒီတွေ့ဆုံဆွေးနွေးပွဲ
တွေ ဖြစ်မြောက်လာဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့လိုအပ်တယ်လို့ အီးအန်စီခေါ်
တိုင်းရင်းသားလူမျိုးများကောင်စီက အထွေထွေအတွင်းရေးမှူး ဦးမခေါ်ခွန်ဆာက မြင်ပါ
တယ်။

"ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့အတွက် အမြဲကြိုးစားနေမယ်။
ဒါပေမယ့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့သက်သက် တခုတည်းနဲ့တော့ အခု နအဖ
လုပ်နေပုံမျိုးနဲ့ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တွေ့ဆုံ
ဆွေးနွေးရေး ဖြစ်ဖို့အတွက်တော့ နည်းလမ်းပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ရမယ်လို့
မြင်တယ်။ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းပြောတဲ့ စကားအရတော့ သူက ဒါပဲ
ရှိတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် စစ်အစိုးရက ဒီလမ်းပေါ် လျှောက်မလာသေးတဲ့
အတွက် ကျနော်တို့က ဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ့် တာဝန်ကတော့ ကျနော်တို့
တာဝန်ပဲဖြစ်တယ်လို့ အဲလိုပဲမြင်ပါတယ်။"

ဘယ်လိုပုံစံမျိုးနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ချက်ရှိပါလဲ။

"အဲဒါတော့ နည်းလမ်းပေါင်းစုံပေါ့။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ ရန်သူက ခန့်ညား
လေးစားလောက်တဲ့၊ ဆွေးနွေးဝိုင်းပေါ် ရောက်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံခင်း
တမန်ခင်း စသဖြင့် အဲဒီနည်းလမ်းပေါင်းစုံနဲ့ တည်ဆောက်ရမယ်၊ ကြိုးပမ်းဆောင်ရွက်
ရမယ်လို့ ကျနော်က အဲလိုပဲမြင်ပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တင်သွင်းခဲ့တဲ့
အစီရင်ခံစာအပေါ် အဓိက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင်
သဘောထားတွေပဲ ဖြစ်ပါတယ်။

ရန်ကုန်မှာ ယာဉ်ထိန်းရဲမဟုတ်သူများက ကားများကို ဖမ်းဆီးဒဏ်ငွေရိုက်
NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈

ယာဉ်ထိန်းရဲမဟုတ်သည့် ပို့ဆောင်ရေးဦးစီးဌာနက စည်းကမ်းချက်အမျိုးမျိုးထုတ်ကာ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် လိုင်းကားများနှင့် တက္ကစီကားများကို ဖမ်းဆီး အရေးယူနေသောကြောင့် ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြသည်။

တိုက်ကြီး-အင်းစိန်ပြေးဆွဲသည့် ယာဉ်မောင်းတဦးက “ကျနော်တို့က ခရီးသည်တင်ကားပါ။ ဒါပေမယ့် ခရီးသည်တွေရဲ့ ကုန်တွေပါတော့လည်း တင်ရတာပဲ။ အခုရက်ပိုင်းမှာ အင်းစိန်အ၀င်မှာ ကားတွေကို စောင့်ပြီးစစ်တယ်၊ အဲဒါ ကုန်တွေ ပါတာတွေ့ရင် လုပ်ငန်းလိုင်စင်မရှိဘဲ တင်လာတာဆိုပြီး ကားကို ဖမ်း၊ အင်းစိန် မယကရုံးကို ခေါ်သွားပြီး ဒဏ်ငွေရိုက်တယ်၊ ဒဏ်ငွေက ကားတစီး ကျပ် (၃) သောင်းတဲ့။ ဒီငွေ ကျနော်တို့ရှာရဖို့ မလွယ်ဘူး” ဟု ပြောသည်။

စည်းကမ်းနှင့်မညီညွတ်သည့် စက်တပ်ယာဉ်များအပေါ် ဒဏ်ငွေတပ်မှု နှုန်းထားများကို ပို့ဆောင်ရေးဦးစီးဌာနက ပြင်ဆင်သတ်မှတ်ကာ ၎င်းတို့ဌာနမှ ၀န်ထမ်းများကိုယ်တိုင် မယကမှ တာဝန်ပေးထားသူများ၊ အရပ်ဝတ် နယ်မြေခံရဲများနှင့် ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုများလုပ်၍ ဒဏ်ရိုက်နေခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတဦးက ပြောသည်။

၎င်းတို့ ပြင်ဆင်သတ်မှတ်လိုက်သည့် စည်းကမ်းချိုးဖောက်မှု ဒဏ်ငွေနှုန်းထား အသစ်များမှာ လုပ်ငန်းလိုင်စင်မရှိသည့် ကားများ ဒဏ်ငွေ ကျပ် (၃) သောင်း၊ စက်တပ်ရေယာဉ် ကျပ် (၁) သောင်း၊ ထော်လာဂျီ ကျပ် (၅) ထောင် တို့ဖြစ်သည်။

ယင်းသို့အရေးယူမှုကြောင့် လူစီးကားပေါ် ကုန်တင်သူများ၊ ကျောက်၊ သဲ၊ ဘိလပ်မြေ သယ်ပို့ယာဉ်များ၊ အိမ်ထောင်ပြောင်းရွှေ့ပစ္စည်းသယ်သည့်ယာဉ်များသည် လုပ်ငန်းလိုင်စင်မရှိသည့်အတွက် အများဆုံး ဒဏ်ရိုက်ခံနေရသည်။

အလားတူ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီကားများကိုလည်း မြို့တော်အင်္ဂါနှင့်မညီဟုဆိုကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တက္ကစီကားများ ဆေးရောင်မှိန်ခြင်း၊ ဘန်ပါ ပြုတ်နေခြင်း၊ တံခါးဖွင့်ပိတ် မကောင်းခြင်း၊ မှန်အတင်အချ လုပ်မရခြင်း၊ နောက်ဖုံးများကို ကြိုးနှင့်သိုင်းထားခြင်း၊ နောက်သော့နှင့် အဖွင့်အပိတ် လုပ်မရခြင်းတို့ကို စစ်ဆေးအရေးယူလျက်ရှိသည်။

ရန်ကုန်တွင် ယခုပြေးဆွဲနေသည့် ကားအများစုသည် အနှစ် နှစ်ဆယ်၊ သုံးဆယ်ကျော် အိုဟောင်းနေသည့် ကားများဖြစ်ပြီး ပြင်ရန် အပိုပစ္စည်းမရှိကြောင်း၊ ရှိပါကလည်း ဈေးကြီးသည့်အတွက် ပိုင်ရှင်များက ကားဟောင်းများကို ငွေကုန်ကြေးကျခံ၍ မပြင်လိုကြသဖြင့် ဖြစ်သလို ပြေးဆွဲနေကြရခြင်း ဖြစ်ကြောင်း တက္ကစီမောင်းသူတဦးက ပြောသည်။

၎င်းက “တချို့ကားတွေဆို အောက်ခြေကြမ်း ပေါက်နေလို့ ကားလမ်းကိုတောင် မြင်ရတယ်၊ ကားစီးနေရင်း ဗွက်စင်တယ်၊ ဒါတွေ မပြင်ရင် ဖမ်းပြီး လိုင်စင်သိမ်းတယ်။ နောက် ကားကိုပြင်ခိုင်း၊ ပြီးရင် ယာဉ်ထိန်းရဲကိုပြ၊ သူတို့က ဒဏ်ရိုက်တယ်။ ငွေကုန် အချိန်ကုန်နဲ့ အတော်လေးကိုကြာပြီး ဖမ်းထားတဲ့အချိန်မှာ ကားလည်းဆွဲစားလို့မရ သိပ်ဒုက္ခရောက်တယ်” ဟုပြောသည်။

မယ်လမင်းပါ နို့မှုန့်ရောင်းလျှင် ထောင်ဒဏ် (၅) နှစ်
NEJ/ ၂၁ အောက်တိုဘာ ၂၀၀၈

မယ်လမင်းပါဝင်ကြောင်း ဖော်ပြထားသော နို့မှုန့်များကို ရောင်းချပါက အမျိုးသားအစားအသောက် ဥပဒေအရ ထောင် (၅) နှစ်နှင့် ဒဏ်ငွေ (၅) သောင်း ချမှတ်ခံရမည်ဟု တိုင်းကျန်းမာရေးဦးစီးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“တရုတ်နိုင်ငံမှာ မယ်လမင်းပါတဲ့ နို့မှုန့်တွေကို သောက်မိလို့ အပြစ်မဲ့ကလေးတွေ သေတာရှိတယ်။ ဆေးရုံရောက်တဲ့အထိ ဖြစ်တယ်။ ကျနော်တို့ဆီမှာတော့ မရှိသေးပါဘူး၊ ဒါပေမယ့် မဖြစ်ဖို့တားတာ” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။

တရုတ်နိုင်ငံထုတ် နို့မှုန့်များတွင် မယ်လမင်းပါဝင်သည့်အတွက်
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ကဲရေးဌာန (FDA) က နို့မှုန့်များကို စစ်ဆေးခဲ့ရာ နို့မှုန့် (၁၆) မျိုးတွင် မယ်လမင်းပါဝင်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ယခုအခါ ရန်ကုန်ရှိ စီတီးမတ်၊ စိန်ဂေဟာနှင့် နာမည်ကြီး စူပါမားကက်များ၊ ရှော့ပင်းမောလ်များတွင် မယ်လမင်းပါဝင်သည်ဟု ကြော်ငြာထားသော အဆိုပါ နို့မှုန့် (၁၆) မျိုးထဲမှ ၀ယ်ယူထားသူများအတွက် ငွေပြန်အမ်းပေးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စီတီးမတ် အရောင်းဝန်ထမ်းတဦးက “ဟုတ်ပါတယ်၊ ကျနော်တို့ဆီက ၀ယ်ထားတဲ့ နို့မှုန့်တွေထဲမှာ အစိုးရက ကြော်ငြာကန့်သတ်ထားတဲ့ မယ်လမင်းပါဝင်တဲ့ နို့မှုန့်အမယ်တွေ ၀ယ်ထားတဲ့သူတွေ လာပြီးငွေပြန်ယူနိုင်ပါတယ်” ဟု ပြောသည်။

အစိုးရက မယ်လမင်းပါဝင်သော နို့မှုန့်များကို အများပြည်သူသို့ တရားဝင်ကြော်ငြာသော်လည်း FDA မှ စစ်ဆေးပြီးသည့် မယ်လမင်းမပါဝင်သော နို့မှုန့်များကို မယ်လမင်းမပါဝင်ကြောင်း၊ စိတ်ချစွာသုံးစွဲနိုင်ကြောင်း မကြော်ငြာသည့်အတွက် နို့မှုန့်တင်သွင်းသော ကုမ္ပဏီများက ယင်းသို့ ဘေးကင်းကြောင်း ကြော်ငြာပေးရန် လိုလားနေကြသည်ဟု သိရသည်။

ပြည်တွင်းထုတ်ဂျာနယ်များတွင် မယ်လမင်းမပါဝင်ကြောင်း FDA ၏စစ်ဆေးပြီးစီးမှုအရ ကုမ္ပဏီများဘက်မှ တရားဝင်ကြော်ငြာလာသော နို့မှုန့်များမှာ PEP (နယူးဇီလန်နိုင်ငံထုတ်) နှင့် United Pharma မှတင်သွင်းသော ( Mylac Excel ၊ Hi- Nulac Excel ၊ Bright Junior2 + ) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ရန်ဖြစ်နိုင်ခြေရှိဟု ICG အစီရင်ခံစာက ဖော်ပြ
ICG/ ၂၁ အောက်တိုဘာ ၂၀၀၈

လူသားချင်းစာနာမှုကိစ္စရပ်များနှင့် အကူအညီများ ထိထိရောက်ရောက် တာဝန်သိသိ ပေးရေးကိစ္စများတွင် မြန်မာစစ်အစိုးရနှင့်တွဲလုပ်ရန် ဖြစ်နိုင်ခြေရှိကြောင်း မကြာခင်က ပူးပေါင်းဆောင်ရွက်ချက်များက သက်သေပြနေသည်ဟု Internation Crisis Group (ICG) အဖွဲ့၏ လတ်တလော အစီရင်ခံစာ၌ ထောက်ပြထားသည်။

အကူအညီပေးမှုများအား နိုင်ငံရေးကိစ္စနှင့် တွဲမထားသင့်ကြောင်း၊ အကူအညီများပေးခြင်းအားဖြင့် ပြည်ပနှင့်အဆက်ပြတ်နေ သည့်နိုင်ငံကို လမ်းဖွင့်ပေးရာလည်းရောက်ကြောင်း ICG ၏ အရှေ့တောင်အာရှဆိုင်ရာစီမံကိန်း ဒါရိုက်တာ John Virgo က ပြောသည်။

၎င်းက “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတဲ့ ကိစ္စတရပ်အဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမယ့် အကူအညီပေးရေးလုပ်ငန်း တွေကို ထိန်းချုပ်ထားတဲ့နည်းနဲ့ နိုင်ငံရေးကို ဘန်းမတင်သင့်ပါဘူး။ အကူအညီဆိုတာ ဒုက္ခတွေ သက်သာစေဖို့အတွက် တန်ဖိုးရှိတဲ့အရာဖြစ်သလို ပြင်ပကမ္ဘာနဲ့အဆက်ပြတ်နေတဲ့ တိုင်းပြည်ကိုလည်း ပွင့်သွားစေနိုင်ပါတယ်” ဟု ပြောသည်။

အကယ်၍ လက်ရှိ ပွင့်နေသည့် လမ်းကြောင်းမှတဆင့် ယုံကြည်မှုတည်ဆောက်နိုင်ပါက ပိုမိုထိရောက်မည့် အကူအညီပေးရေး ပုံစံများကို ချမှတ်နိုင်မည်ဖြစ်ပြီး ထိုမှတဆင့် လတ်တလော လိုအပ်ချက်များကို ပြည့်ဝစေမည်သာမက ပိုကျယ်ပြန့်သည့် အုပ်ချုပ် ရေးအကျပ်အတည်းနှင့် လူထုခံစားနေရသည့် အကြောင်းတရားများကို ဖော်ပြလာနိုင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ‘Time to Normalise Aid Relations’ အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြသည်။

ဆိုင်ကလုန်းနာဂစ်ဖြစ်ကာစ၌ နိုင်ငံတကာအဖွဲ့များနှင့် ပုဂ္ဂလိကအလှူရှင်များအား စစ်အစိုးရက ဘေးဒဏ်သင့်သည့်နေရာများသို့ သွားရောက်ခြင်းမှ တားမြစ်ခြင်းကြောင့် တကမ္ဘာလုံးက တုန်လှုပ်သွားခဲ့ရသည်။ သို့သော် ဗီဇာနှင့် ခရီးသွားလာခွင့် ထုတ်ပေးမှုများ ယခင်ကထက် ပိုလွယ်ကူမြန်ဆန်လာသည်ကိုကြည့်ခြင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စစ်အစိုးရအကြား ဆက်ဆံရေး တိုးတက်လာသည်ကိုမူ အနည်းငယ်သာ အသိအမှတ်ပြုကြကြောင်း ICG က ဖော်ပြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အကျပ်အတည်းမျိုးစုံကို ဖြေရှင်းရန်အတွက် ပုဂ္ဂိုလ်ရေးအရ ဆက်လက်ပါဝင်အားထုတ်သင့်သည်၊ လောလောဆယ် ကုလသမဂ္ဂအခန်းကဏ္ဍမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဘက်ကို အလေးပေးလွန်းနေပြီး ဖွံ့ဖြိုးမှုလမ်းကြောင်းကို အရိပ်ထိုးစေမည့် လူသားချင်းစာနာမှုကိစ္စများတွင် အာရုံထားမှု အားနည်းနေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။

အနောက်နိုင်ငံအများစုသည် မြန်မာစစ်အစိုးရကို ပြောင်းလဲရန် ၎င်းတို့၏ကြိုးစားမှု မအောင်မြင်သည်ကို အသိအမှတ်ပြုကြသော် လည်း အကူအညီပေးရေး ပုံစံများကိုမူ လက်တွေ့နှင့် ကိုက်ညီစေရန် ပြန်လည်ပြုပြင်ခြင်းမရှိဟု နိဂုံးပိုင်းတွင် ကောက်ချက်ဆွဲထားသည်။

ပြီးခဲ့သည့် အနှစ် (၂၀) အတွင်း အနောက်နိုင်ငံအလှူရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဝေဖန်ရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့ များက အကူအညီများကို စစ်အစိုးရအတွက် လက်ဆောင်သဖွယ် သဘောထားကြသည်။ အဆိုပါလက်ဆောင်ကိုယူလိုလျှင် အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဦးစွာလုပ်ရမည်၊ လူမှုရေးလုပ်ငန်းများတိုးမြှင့်ရမည်၊ အကူညီပေးရေးအဖွဲ့များကို အတားအဆီးမရှိ ၀င်ခွင့်ပေးရမည် စသည်ဖြင့် တောင်းဆိုကြသည်။ သို့သော် ယင်းသည် မှားယွင်းမှုပင်ဖြစ်သည်။ စစ်အစိုးရသည် ပြည်သူနှင့် မတူပေ။ အနောက်နိုင်ငံအကူအညီများကို ဂရုစိုက်သူမဟုတ်ပေ။ အကူအညီများအား အပေးအယူလုပ်သည့်ကိစ္စတွင် အသုံးပြု၍ မရပေ။ အုပ်ချုပ်မှုနှင့် လူမှုစီးပွားတိုးတက်စေရေးအတွက်သာ တန်ဖိုးထားအသုံးပြုရမည်ဖြစ်သည်။ အခြားအဆင်းရဲဆုံးနိုင်ငံများ နည်းတူ စဉ်းစား၍ ကူညီပေးသင့်သည်ဟု ထောက်ပြသည်။

အကူအညီသည့် မြန်မာနိုင်ငံကို ကယ်တင်နိုင်မည်မဟုတ်၊ သို့သော် ပြည်ပကမ္ဘာနှင့် မြန်မာနိုင်ငံအကြား လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆက်စပ်မှု အကန့်အသတ်များကြောင့် အကူအညီသည် အစိုးရ မြန်မာလူ့အဖွဲ့အစည်းနှင့် ပြင်ပကမ္ဘာအကြား အရေးကြီးသည့် မဟာဗျူဟာကျသည့် အရေးပါမှုတရပ်အသွင် ရယူခဲ့သည်။

ပြီးခဲ့သည့် နှစ် (၂၀) အတွင်း အထီးကျန်စေသည့်လုပ်ရပ်အား ပြန်လည်စဉ်းစားပါက အကူအညီပေးရေးဆက်ဆံမှု ပုံမှန်ဖြစ်အောင်ဆောင်ရွက်ရေးသည် နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲစေရေးကြိုးစားမှုအတွက် အခွင့်ကောင်းတရပ်ဖြစ်ကြောင်း ICG က အကြံပြုထားသည်။

မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။ပန်းချီဆရာကြီး ဦးသုခ၏ ၈၇ နှစ် မြောက်မွေးနေ့ပွဲတွင် အမှတ်တရ စကားပြောနေသော ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)
ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့် က ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာ ပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။

“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။

ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။

ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင်အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန်ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများ အပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။

ယင်း ပန်းချီ ၀သုန်ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။ပန်းချီ ဝသုန်၏ အဖိုးအမည် ပန်းချီကား (Image - RFA)
ပန်းချီ ဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရ တဲ့အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်းအနေ နဲ့ပြောရရင် ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။

“ဘေးလူတွေတောင် နှမြောကြတာဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းက လည်း ပြောသည်။

ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ယနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။

ဗုံးထောင်စဉ်သေဆုံးသူအား သင်္ကန်းဝတ်ဟု အစိုးရသတင်းစာက စွပ်စွဲ
ဧရာဝတီ အောက်တိုဘာ ၂၁၊ ၂၀၀၈

လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညနေပိုင်းက ရွှေပြည်သာမြို့နယ်တွင် ဗုံးထောင်ရန်တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာက ဗုံးတပ်ဆင်နေသူကိုယ်တိုင် ပွဲချင်းပြီးသေဆုံးကာ အဆိုပါသေဆုံးသူသည် ရဟန်းဝတ်၊ လူဝတ်တို့ဖြင့် သွားလာလှုပ်ရှား နေသူဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာက စွပ်စွဲထားသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် “စိစစ်ဖော်ထုတ်ချက်များအရ သက်ဦးဝင်း (ခ) ကတုံးသည် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းတွင် ကျပန်းလုပ်ကိုင်နေသူတဦးဖြစ်ကြောင်း၊ ရဟန်းဝတ်၊ လူဝတ်ဖြင့် မကြာခဏ ပုံစံပြောင်းလဲ နေထိုင်သွားလာတတ်ပြီး အရက်သေစာ ကြိုက်နှစ်သက်သူတဦးဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် တဖက်နိုင်ငံနယ်စပ်သို့ တရားမ၀င်သွားရောက်ခဲ့ပြီး …” ဟု ဖော်ပြထားသည်။

ပေါက်ကွဲမှုအပြီး ရိုက်ယူထားသော သေဆုံးသူ၏အလောင်းနှင့် အခင်းဖြစ်ပွားသည့်နေရာတွင် သိမ်းဆည်းတွေ့ရှိသည့် သက်သေခံပစ္စည်းများကိုလည်း သတင်းစာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါသေဆုံးသူသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြစတီမြို့မှ ရန်ကုန်ရှိနေအိမ်သို့ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ပြန်လည်ရောက်ရှိလာသည်ဟု သတင်းစာကဆိုသော်လည်း မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်သွားလာ သည်ကိုမူ ဖော်ပြခြင်းမရှိပေ။

အဆိုပါဗုံးပေါက်ကွဲမှုမတိုင်မီ ယခုလ ၁၈ ရက်နေ့ န့နက် ၇ နာရီကျော်တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တပ်မတော် မှတ်တမ်းရုံးအနီးတွင်လည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံတွင် ပေါက်ကွဲသည့်ဗုံးသည် ယခုလ ၁၉ ရက်နေ့ ပေါက်ကွဲမှုအပြီး သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် အမျိုးအစားတူနေပြီး သေဆုံးသူ သက်ဦးဝင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟုလည်း သတင်းစာက စွပ်စွဲထားသည်။

ယခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးအား အဓိကတရားခံဖြစ်ကြောင်း စစ်အစိုးရက စွပ်စွဲထားသည်။

ယခုနှစ် ဇူလိုင်လမှစ၍ မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထပ်မံထွက်ပြေးလာ
အေးလဲ့ အောက်တိုဘာ ၂၁၊ ၂၀၀၈

ကရင်ပြည်နယ်အတွင်း DKBA တပ်မဟာ ၉၉၉ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကရင်တိုင်းရင်း သား ၇၀ ကျော် သည် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးလာကြရကြောင်း ကရင်ဒုက္ခသည် ကူညီစောင့်ရှောက် ရေး အဖွဲ့တဖွဲ့ ကပြောသည်။

ယခုလအတွင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၉၉၉ ၏ အဓမ္မ လုပ်အားပေးခိုင်း စေမှုများ၊ နေအိမ်များကိုမီးရှို့ခြင်းနှင့် နယ်မြေရွှေ့ပြောင်းခိုင်းခြင်းများကြောင့် ၎င်းဒုက္ခသည် များသည် မြဝတီနှင့်လှိုင်းဘွဲ့ မြို့နယ်ကြား ပိုင်ကြုံမြို့နယ်ရှိ လပေါ်ဟဲ ရွာတွင် စုပေါင်းနေထိုင်နေရကြောင်း ကို ကရင်ဒုက္ခသည်များကူညီ စောင့်ရှောက် ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KORD)ကပြောသည်။

KORD အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူဘာမှူးက “ဘားအံခရိုင် ပိုင်ကြုံမြို့နယ်မှာရှိတဲ့ ကလောလူရွာက ၁၆ ရက် နေ့မှာတကြိမ် ၁၉ ရက်နေ့မှာ ထီးပယ်ထီး၊ ထီးပယ်ဝါ ကျေးရွာ သုံးရွာ ဘက်ကတကြိမ် စုစုပေါင်း အိမ်ခြေ ၁၄ အိမ်၊ မိသားစု ၁၄ စုနဲ့ လူဦးရေ ၇၉ ဦးက ဒီနယ်ကြားဘက်ကို ထွက်ပြေးလာခဲ့ကြတယ်”ဟု ပြောသည်။

KORD အဖွဲ့၏ ပြောဆိုချက်အရ ၂၀၀၈ခုနှစ် DKBA တပ်မဟာ ၉၉၉ ၏ စီးပွားရေးစီးမံကိန်းများ ဖြစ်သည့် ရာဘာစိုက်ပျိုး ရေးစီမံကိန်း ရာထားချက် မြေဧကပေါင်း ၁၆၀၀ ဧကနှင့် စိုက်ခင်းပေါင်း ၁၇ ခင်း ကို အကောင်အထည်ဖော်ရာတွင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်ကြောင်း သိရသည်။

KORDအဖွဲ့မှ ဘားအံကိုယ်စားလှယ်တဦးက “ရွာသားတွေ ပိုင်တဲ့ လယ်မြေ၊ စားကျက်မြေတွေကို အတင်း အဓမ္မသိမ်းပိုက် တယ်၊ အဓိကကတော့ ဖားအီးတောင်အောက်ခြေမှာရှိတဲ့ ရွာ ၉ ရွာက ရွာသားတွေကို ရာဘာ စိုက်ခင်းတွေမှာအလုပ် လုပ်ခိုင်းတယ်။ လုပ်အားမပေးရင် ဒဏ်ရိုက်တယ်၊ နှိပ်စက်တယ်”ဟု ပြောသည်။

ယခုနှစ်၎လပိုင်းမှ၁၀လပိုင်းအတွင်း DKBA၏ဒေသခံများမှအတင်းအဓမ္မဒဏ်ရိုက်ငွေကျပ်သန်းပေါင်း ၉သန်း ကျော်ရှိပြီဖြစ် ကြောင်းလည်း KORD ၏ စာရင်းကောက်ယူချက်အရသိရကြောင်းလည်း ၎င်းကိုယ်စားလှယ်က ပြောသည်။

“ဒီနှစ်ဦးပိုင်းကတည်းကနေ၊ တအိမ်တယောက်မသွားမနေရ၊ သွားပြီဆိုရင်လည်းလုပ်အားခကြေး ငွေမပေးဘူး၊ လုပ်ငန်း ခွင်မှာလိုအပ်တဲ့ လုပ်ငန်းသုံး ပစ္စည်းတွေလည်း ကိုယ့်အိမ်ကနေကိုယ်ယူသွားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယခုအောက်တိုဘာလအတွင်း၌ ရွာအပြင်ဘက်ရှိ လယ်ယာစိုက်ခင်းများတွင် DKBA တပ်များက မြေမြုပ်ဗုံးများ အသုံးပြု ထားသဖြင့် ၎င်းမြေမြုပ်ဗုံးကြောင့်ရွာသားနှစ်ဦးသေဆုံးကာ နှစ်ဦးမှာခြေထောက်ဖြတ် လိုက်ရ ကြောင်း လည်းသိရသည်။

အောက်တိုဘာ၇ရက်နေ့တွင်လည်း DKBa တပ်မဟာ ၉၉၉ က ကလောလူရွာရှိ ဒေသခံများကို ဖားကြီး တောင်ခြေဘက်သို့ ရွှေ့ပြောင်းခိုင်းသောကြောင့် ဒေသခံများကပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ခိုင်ခံ့သည့် အိမ်ပေါင်း ၇ လုံး မီးရှို့ဖျက်ဆီးခြင်း ခံရကြောင်းလည်းသိရသည်။

၎င်းဒုက္ခသည်များကို ယခုအချိန်အထိ စားရေရိက္ခာ စီစဉ်မပေးနိုင်သေးကြောင်း၊ လက်ရှိ ၎င်းဒုက္ခသည်များ ရောက်ရှိရာ ဒေသခံများကလည်း ယာယီအခြေအနေသာ စောင့်ရှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုဆိုးရွားသည့် အကြပ်အတည်းနှင့် ရင်ဆိုင်ရပါက ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာနိုင်ကြောင်းလည်း လူဘာမှူးက ပြောသည်။

ယခုနှစ်အတွင်း ကရင်ပြည်နယ်ရှိ ၎င်းကျေးရွာများမှ ကရင်တိုင်းရင်းသားများထွက်ပြေးတိမ်းရှောင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလအတွင်းကလည်း မြန်မာစစ်အစိုးရစစ်တပ်မှ အဓမ္မနေရာရွှေ့ပြောင်းခိုင်းမှု ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကရင်တိုင်းရင်းသား ၂၅၀ ကျော် ထွက်ပြေးလာခဲ့ရကြောင်းလည်း KORD ကဆိုသည်။

၂၀၀၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ် Free Burma Rangers (FBR) အဖွဲ့၏ အစီရင်ခံစာအရ ၂၀၀၆ခုနှစ် နှင့်၂၀၀၇ခုနှစ် အစောပိုင်းအတွင်း အဓမ္မရွှေ့ပြောင်းခံရသည့် ရွာသားပေါင်း ၃သောင်းကျော်ရှိပြီး ၆ ထောင် ကျော် မှာ ထိုင်း-မြန်မာနယ်စပ် သို့ ထွက်ပြေးရောက်ရှိခဲ့ကြောင်းနှင့် ရှောင်တိမ်းပုန်အောင်းနေသည့် မရေ မတွက် နိုင်သော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များစွာလည်း ကျန်ရှိသေးကြောင်းကို သိရသည်။

ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် လွတ်ပြီ
ဧရာဝတီ အောက်တိုဘာ ၂၁၊ ၂၀၀၈

စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို မနေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းဂျာနယ် အဖွဲ့သားများက အတည်ပြု ပြောကြားလိုက်သည်။

“ခုတော့ သူ့အိမ်မှာ အနားယူနေပါတယ်။ နောက်တပတ်လောက် အလုပ်ပြန်ဆင်းမှာပါ” ဟု ဖလားဝါးနယူးစ် ဂျာနယ်၏ ဒု အယ်ဒီတာချုပ် ကိုစောလင်းအောင်က ပြောသည်။

ကိုစောမြင့်သန်းသည် ၂ လနီးပါးခန့် အချုပ်ထဲတွင် နေခဲ့ရပြီး ၎င်းအနေနှင့် အမှားအယွင်းမရှိသည်ကို တရားလိုဘက်က နားလည်သဘောပေါက် လက်ခံသောကြောင့် အမှုကို ရုတ်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစောမြင့်သန်းသည် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူကြိမ်း မောင်းခံရသည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းက ရေးသားခဲ့ရာ ပြည်ပမီဒီယာအား ဆက်သွယ် သတင်းပေးသည် ဟူသော ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို တရားစွဲဆိုရာတွင် တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေနှင့် အစိုးရ အကြည်ညိုပျက် စေအောင် ပြောဆိုမှုတို့ဖြင့် ပုဒ်မတပ် ခဲ့ခြင်းဖြစ်သည်။

ကိုစောမြင့်သန်းသည် ဧရာဝတီ မဂ္ဂဇင်းနှင့် လုံးဝဆက်သွယ်ခဲ့ခြင်းမရှိဘဲ ၎င်းအား ခေါ်ယူကြိမ်းမောင်းခံရသည့် သတင်းကို ဧရာဝတီကရေးသားရာတွင်လည်း သူ့ကို လုံးဝဆက်သွယ်မေးမြန်းခဲ့ခြင်း မရှိကြောင်း ဧရာဝတီ မဂ္ဂဇင်းမှ တာဝန်ရှိသူများက ပြောသည်။

၎င်း အချုပ်ကျနေစဉ်အတွင်း ကျန်ရှိနေသော မိသားစုကိစ္စရပ်များ၊ လိုအပ်သည့် ငွေကြေး ကိစ္စရပ်များကို ဖလားဝါးနယူးစ် ဂျာနယ်တိုက်က တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု ဖလားဝါးနယူးစ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

“လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူ့မှာ အပြစ်မရှိဘဲနဲ့ အချုပ်ထဲမှာ ၂ လနီးပါး နေလိုက်ရတာ တော်တော် ဆိုးတယ်။ အပြစ်တကယ်ရှိလို့ ခံရတယ်ဆိုတော်သေးတယ်” ဟု ရန်ကုန်အခြေစိုက် အလွတ် သတင်းထောက် တဦးက ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် အဂတိလိုက်စားမှုကြောင့် ထောင် ၂ နှစ် ချမှတ်ခံရ
21 October 2008
ဦးသားညွန့်ဦး

နိုင်ငံပြည်ပကို တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို အာဏာအလွဲ
သုံးစားလုပ်မှုနဲ့ ထိုင်းတရားရုံးချုပ်က ဒီကနေ့ပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။
ဒါဟာ ထိုင်းရဲ့ တရားရေးစနစ် ခိုင်မာမှုကို ပြသလို၊ ထိုင်း ဒီမိုကရေစီစနစ်ရဲ့ သမိုင်း
မှတ်တိုင်တခုပဲလို့ လေ့လာသူတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေက ယူဆကြပါတယ်။
အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။မစ္စတာတပ်ခ်ဆင်အမှုကို စစ်ဆေးစီရင်ခဲ့သော ထိုင်းတရားရုံးချုပ် တရားသူကြီးများ။
အောက်တိုဘာ ၂၁၊ ၂၀၀၈။
ဘတ်သန်း ၈၀၀ နီးပါးတန်တဲ့ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ ရက်ချဒါဖီးစစ်ကမြေကို
ဇနီးသည် ပိုဂျမန် ၀ယ်ယူရာမှာ မစ္စတာ
တပ်ခ်ဆင်ဟာ သူ့ရဲ့ ၀န်ကြီးချုပ်အာဏာကို
အသုံးပြုပြီး ဈေးသက်သက်သာသာရအောင် ကြားဝင်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့
အထောက်အထားတွေနဲ့ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကို တရားစွဲဆို
ထားတာပါ။ ဒီကနေ့ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်မှာတော့ မစ္စတာတပ်ခ်ဆင်ကို
ထောင် ၂ နှစ်ချလိုက်ပြီး ဇနီးဖြစ်သူ ပိုဂျမန်ကိုတော့ တရားသေလွှတ်ခဲ့ပါတယ်။

"ပထမတရားခံ မစ္စတာတပ်ခ်ဆင်ကို ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ပါတယ်။ ဒုတိယ
တရားခံ ပိုဂျမန် တပ်ခ်ဆင်ကိုတော့ တရားသေလွှတ်လိုက်ပါတယ်။ တရားခံ ၂ ဦးစလုံး
ကို ဖမ်းဝရမ်းထုတ်ထားတာကို တရားရုံးက ပြန်ရုပ်သိမ်းပြီးတော့ ပထမတရားခံဖြစ်သူ
မစ္စတာတပ်ခ်ဆင် တဦးတည်းအတွက် ဖမ်းဆီးဝရမ်း အခု တရားရုံးကနေ ထုတ်ပြန်ပါ
တယ်။"

တရားရုံးချုပ် တရားသူကြီးတဦးက အမှုစီရင်ချက်ကို ဖတ်ပြသွားတာ ဖြစ်ပါတယ်။

ထိုင်းဘဏ်တခုကနေ အဲဒီမြေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဇနီးဖြစ်သူက ၀ယ်ယူ
နိုင်အောင် မစ္စတာတပ်ခ်ဆင်က အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့
တယ်၊ ဒီအတွက် ၀န်ကြီးချုပ်တဦးအနေနဲ့ နိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အမိန့်စီရင်ခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး
သမားတွေအပေါ် တင်းကျပ်ထားတဲ့ ဒီဥပဒေအရ တပ်ခ်ဆင်ရဲ့ဇနီးသည် ပိုဂျမန်ကတော့
အစိုးရ၀န်ထမ်းတဦး မဟုတ်တာကြောင့် ဒီအမှုကနေ ကင်းလွတ်ခွင့်ရသွားပါတယ်။

သူတို့ ၂ ဦးစလုံးကို မူလက တရားစွဲထားရာမှာ ၂ ယောက်စလုံး တရားရင်မဆိုင်တော့
ဘဲ အင်္ဂလန်နိုင်ငံကို ရှောင်တိမ်းသွားတာကြောင့် ၂ ဦးစလုံးကို တရားရုံးကနေ ဖမ်းဆီး
မိန့်ထုတ်ခဲ့ပါတယ်။ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကတော့ အခုအချိန်မှာ
ဗြိတိသျှနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။ ဒါပေမယ့်လည်း မစ္စတာ
တပ်ခ်ဆင်ကို အင်္ဂလန်ကနေ အမြန်ဆုံး ပြန်လွှဲပြောင်းယူနိုင်ဖို့ တရားရုံးက ဆက်ပြီး
ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

အခုတရားစီရင်မှုဟာ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ် ခိုင်မာမှု၊ လွတ်လပ်မှုကို ပြသတာ
ဖြစ်လို့ ဒါကို အသိအမှတ်ပြုရမယ်၊ ဒီအတွက် သူ့အနေနဲ့ ကျေနပ်အားရမိတယ်လို့ ထိုင်း
ဒီမိုကရက်တစ်အမတ် ခရိုင်ဆတ် ချွန်န၀ါက ယူဆပါတယ်။

"ဒါဟာ ထိုင်းနိုင်ငံအတွက် သမိုင်းတွင်မယ့်ဖြစ်ရပ်ပါ။ ဥပဒေချိုးဖောက်တဲ့ ထိုင်းနိုင်ငံ
ခေါင်းဆောင်တွေ၊ အစိုးရအာဏာပိုင်တွေဟာ တရားဥပဒေအတိုင်း စီရင်ခံရမယ်ဆိုတာ
ဒီကနေ သက်သေပြလိုက်သလိုပါပဲ" လို့ ပြောသွားတာပါ။

Human Rights Watch လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စား
လှယ် မစ္စတာ ဆူနိုင်းဖာစုကလည်း အခုတရားစီရင်ချက်ဟာ ထိုင်းအစိုးရအတွင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဆိုပါ
တယ်။

"မစ္စတာတပ်ခ်ဆင်နဲ့ သူ့ဇနီးဖြစ်သူတို့အပေါ် တရားရေးဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေး
အတွက် အခြေခံစည်းမျဉ်းကို ပိုပြီး လေးနက်ခိုင်မာစေပါတယ်။ အဂတိလိုက်စားမှုရှိတဲ့
နိုင်ငံရေးသမားတွေဟာ သူတို့လုပ်ဆောင်ခဲ့တာတွေကို တချိန်ချိန် ပြန်လည်ပေးဆပ်ရ
မယ်၊ ဘယ်လောက် နိုင်ငံရေးအရ အခက်ကြုံပါစေ၊ ဒါတွေဟာ ပြန်ပြီးစီရင်ခံရမယ်
ဆိုတာ ကျိန်းသေစေပါတယ်။"

အင်္ဂလန်ကိုရောက်နေတဲ့ မစ္စတာတပ်ခ်ဆင်ကတော့ အခု တရားရုံးဆုံးဖြတ်ချက်ဟာ
သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်ပြီး ဒါကိုလည်း သူ့အနေနဲ့ အတော်ကြာကတည်းက
မျှော်လင့်ပြီးသားပါလို့ တုံ့ပြန်ခဲ့ပါတယ်။

အခုလို ထိုင်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ
အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးရဲ့ ထင်မြင်ချက်ကိုလည်း မေးကြည့်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ဒီနေ့ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ်
ချလိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ မစ္စတာတပ်ခ်ဆင်က ဒါ သူ့ကို နိုင်ငံရေးအရ
သက်သက်လုပ်ကြံတာလို့ ပြောနေပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်က တကယ်တမ်း
တရားမျှတမှု ရှိပါသလား၊ ဦးအောင်ထူး ဘယ်လိုယူဆပါလဲ။

"မစ္စတာတပ်ခ်ဆင်ရဲ့ ပြန်လည်တုံ့ပြန်ချက်က တကယ်လို့ ထိုင်းနိုင်ငံ တရားစီရင်ရေးက
လွတ်လပ်မှုကင်းမဲ့နေပြီဆိုရင်တော့ သူပြောတာကို လက်ခံစဉ်းစားရမှာဖြစ်တယ်။
ကျနော်တို့သိသလောက်တော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ
ရှုထောင့်က လွတ်လပ်တဲ့အခြေခံနဲ့ ဖန်တီးပေးထားတယ်၊ နောက် ထိုင်းတရားစီရင်ရေး
က အစိုးရဘက်ပိုင်းနဲ့ပတ်သက်တဲ့ အမှုတွေကို အရေးယူဆောင်ရွက်ရုံသာမက အတိုက်
အခံဘက်ကို အစိုးရဘက်က ပြန်လည်တရားစွဲဆိုတဲ့ မှုခင်းတွေကိုလည်း အရေးယူ
ဆောင်ရွက်တာဖြစ်တယ်။

"ဥပမာ လူထုဒီမိုကရေစီတပ်ပေါင်းစု ခေါင်းဆောင်တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့
အစိုးရက တရားစွဲတာကို တရားရုံးချုပ်က လက်ခံကြားနာ စစ်ဆေးခဲ့သလို နိုင်ငံတော်
ပုန်ကန်မှုစွဲချက်ကို ပယ်လိုက်ပေမယ့် အစိုးရရုံးကို ၀င်သိမ်းတဲ့ကိစ္စဟာ အခြားပြစ်မှု
မြောက်တာကြောင့်မို့ မစ္စတာချမ်လောင်းနဲ့ သူ့ရဲ့ခေါင်းဆောင်တွေကို ဆက်လက်
တရားစွဲဆိုထားဆဲဖြစ်တယ်။ တရားရုံးက အလယ်ကောင်ကနေ နှစ်ဖက်စလုံးကို ဥပဒေ
ကြောင်းအရ လိုအပ်သလို ဆောင်ရွက်နေတယ်လို့ ပြောလို့ရတယ်။ ဒါ တပိုင်းဖြစ်တယ်။

"နောက်တပိုင်းက ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးနောက်ခံက ငွေကြေးသြဇာသုံးပြီး
နိုင်ငံရေးအာဏာရယူထားတဲ့ အနေအထားကနေ ရှုပ်ထွေးမှုတွေ ဖြစ်နေတာဖြစ်တယ်။
အဲဒီဟာကို ချေဖျက်ဖို့ ကြိုးစားတဲ့အခါ တရားစီရင်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက
ပါလာတယ်။"

ဒါပေမယ့်လို့ အခုလို တရားစီရင်မှုကြောင့်မို့လို့တော့ လက်ရှိဖြစ်နေတဲ့ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသူတွေနဲ့ အစိုးရလိုလားသူတွေအကြား တင်းမာမှုဟာ လျော့သွားမယ့်အခြေ
အနေ မရှိသေးဘူးလို့ ထိုင်းအတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ်က
ပြောပါတယ်။ လအတန်ကြာ ထိုင်းအစိုးရရုံးကို သိမ်းပိုက်ထားတဲ့ အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသူတွေက အခုလက်ရှိအစိုးရဟာ မစ္စတာတပ်ခ်ဆင်ရဲ့ ကိုယ်ပွားတွေဖြစ်တယ်
ဆိုပြီး ရာထူးကနေဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

အခု မစ္စတာတပ်ခ်ဆင်ကို တရားရုံးက ထောင်ဒဏ်အမိန့်ချလိုက်တဲ့အချိန်မှာ အဲဒီ ဆန္ဒ
ပြတဲ့နေရာမှာရှိတဲ့ အစိုးရဆန့်ကျင်ရေးသမားတွေဟာ ၀မ်းသာအားရ ကြွေးကြော်
အော်ဟစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့
ရပ်တန့်သွားမယ့်လက္ခဏာ မမြင်ရသေးပါဘူး။

ဒုက္ခရောက်နေတဲ့ လူထုကို ကူညီရေး မြန်မာနိုင်ငံနဲ့ဆက်ဆံဖို့ ICG တိုက်တွန်း
21 October 2008
နော်ရှိုး
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေကို နိုင်ငံတကာက ကူညီကယ်ဆယ်ခွင့်
ရရေးအတွက် စစ်အစိုးရနဲ့ အားသွန်ခွန်စိုက် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အကူအညီပေးခဲ့
သလိုပဲ မုန်တိုင်းဒဏ်သင့်ဒေသအပြင် တခြားတိုင်းပြည်တ၀ှမ်း ယိုယွင်းနေတဲ့ လူမှုရေး၊
စီးပွားရေး အခြေအနေတွေကြောင့် ဒုက္ခဆင်းရဲရောက်နေတဲ့ ပြည်သူတွေကိုပါ
ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်ရေးအတွက် ကြိုးပမ်းကြဖို့ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက်
International Crisis Group ခေါ် နိုင်ငံတကာပဋိပက္ခတွေကို လေ့လာသုံးသပ်တဲ့အဖွဲ့
(ICG) က တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

နာဂစ်လွန်မြန်မာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တန်ဆိုတဲ့
ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၂၀ ထုတ် ICG အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ အခုလို
တိုက်တွန်းထားတာပါ။ ICG ရဲ့ အစီရင်ခံစာမှာ အကျယ်တ၀င့် ရေးသားထားတာကို
ကောက်နှုတ်တင်ပြရရင်တော့ နာဂစ်မုန်တိုင်းလွန်လတွေအတွင်း နိုင်ငံတကာ အသိုင်း
အ၀ိုင်းအနေနဲ့ စစ်အစိုးရနဲ့ မကြုံစဖူး အကြိတ်အနယ် ညှိနှိုင်းခွင့်ရရှိခဲ့ပြီး မုန်တိုင်းဒဏ်
သင့် အသက်ရှင်ကျန်ရစ်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး
လုပ်ငန်းတွေကို ဆောက်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအတွက် မြန်မာနိုင်ငံ
အပေါ် ကူညီထောက်ပံ့မှုတွေပေးဖို့ ရပ်ဆိုင်းထားတဲ့မူတွေကို ပြန်ပြောင်းပစ်ဖို့အတွက်
အခွင့်အရေးတရပ်ဖြစ်တယ်လို့ ICG အဖွဲ့က ဆိုပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ လက်ခံဖို့ စစ်အစိုးရ
ဘက်က ကနဦး တင်းမာတွန့်ဆုတ်မှုတွေဟာ နိုင်ငံတကာကို အံ့အားသင့်စေပါတယ်။
ဒါပေမယ့် နောက်ပိုင်းအခြေအနေကတော့ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါ
တယ်။ ဥပမာ စစ်အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအကြား ဆက်သွယ်မှုဟာ ပိုမို
ပြေပြစ်လာသလို နိုင်ငံခြားက ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ ပြည်ဝင်ခွင့်ဗီဇာရရှိဖို့
မုန်တိုင်းတိုက်ခတ်ပြီးစအခါနဲ့စာရင် ပိုမိုလွယ်ကူ မြန်ဆန်လာတယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အကူအညီတွေအတွက် လက်ရှိပွင့်နေတဲ့ တံခါးအပေါ် အခြေခံပြီး မုန်တိုင်း
ဒဏ်သင့်ဒေသအပြင် တိုင်းပြည်တွင်း တခြားလိုအပ်နေတဲ့ လူသားချင်း စာနာ
ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တာဝန်ရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်
နိုင်ဖို့အတွက်လည်း လမ်းစရှိနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် လတ်တလော
လိုအပ်ချက်တွေသာမကဘဲ စီမံအုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုနဲ့ ပြည်သူတွေ ဒုက္ခဆင်းရဲ
ရောက်မှုတွေကို ကူညီနိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ကူညီထောက်ပံ့မှုမျိုးတွေကို
လမ်းကြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။

ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာက နာဂစ်မုန်တိုင်း မတိုက်ခတ်ခင်ကတည်းက
မြန်မာပြည်သူလူထု အများစုဟာ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးဝန်ဆောင်မှု မလုံ
လောက်မှု စတဲ့ တခြားလူမှုရေး အခက်အခဲတွေနဲ့ ရုန်းကန်လှုပ်ရှားနေရတာကြောင့်
ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကတော့ အသက်သွေးကြောပမာ
အရေးကြီးဆဲဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ ထိပ်တန်းသံတမန်အဆင့်က ဆက်ပြီး
ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အကူအညီပေးနိုင်မှု၊
မပေးနိုင်မှုအပေါ် မူတည်ပြီး စစ်အစိုးရကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်
ဈေးမဆစ်သင့်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းနဲ့ဆိုရင် စစ်အစိုးရက
ထောက်ပံ့မှုတွေမရလည်း ဂရုစိုက်မှာမဟုတ်လို့ ပြည်သူတွေပဲ နစ်နာမှာဖြစ်တယ်လို့
ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားတဲ့
အကူအညီပေးရေး၊ မပေးရေးဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို
သက်သာရာရစေလိုတဲ့အပေါ်ပဲ မူတည်သင့်တယ်လို့ အကြံပြုထားပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေ တဦးချင်းဝင်ငွေ တိုးမြင့်ရေး၊ ပညာရေးနဲ့
ကျန်းမာရေးအဆင့်အတန်း မြင့်မားရေး၊ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးမူဝါဒ ပေါ်ပေါက်
လာရေး၊ လူနည်းစု တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရရှိရေး စတာတွေအတွက်
ဇောင်းပေးပြီး တစိုက်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး နယူးယောက်ခ်အခြေစိုက် အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလ
သမဂ္ဂရုံး တာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့ သဘောထားကို မေးကြည့်တော့ သူက
အခုလိုဖြေပါတယ်။

"ဗမာပြည်မှာ ရေရှည် လူထုရဲ့ လူမှုရေးပြဿနာပဲဖြစ်ဖြစ်၊ ကျန်းမာရေးပြဿနာပဲ
ဖြစ်ဖြစ် ဖြေရှင်းဖို့ဆိုတာ ဒီနေ့ဒီအချိန်ခါမှာ နိုင်ငံရေးပြောင်းလဲမှုကြီး တစုံလုံးဖြစ်ပြီးမှ
ပြည်သူလူထု လိုအပ်ချက်တွေကို ပေးရမယ်လို့ ကျနော် မဆိုလိုပါဘူး။ ကျနော်တို့က
နိုင်ငံတကာအကူအညီကို ယူမှကို ဖြစ်တော့မှာ။ မယူရင် ပြည်သူလူထုက အကုန်လုံး
စားစရာမရှိ၊ ၀တ်စရာမရှိ၊ ဖြစ်မယ့်ဘ၀ ရောက်နေတယ်။ ဒါပေမယ့် ကူတဲ့ အကူအညီ
တွေဟာ ပြည်သူလူထုက အရိုးများတဲ့ခေါင်းပိုင်းပဲ စားတဲ့အဖြစ် မရောက်အောင်တော့
ကျနော်တို့အားလုံး အပြင်မှာရှိနေတဲ့ အင်အားစုတွေကလည်း မျက်စိဒေါက်ထောက်
ကြည့်နေရမယ်၊ အတွင်းမှာရှိတဲ့ တိုးတက်တဲ့အမြင်ရှိတဲ့လူတွေက ပြည်သူလူထုကို
ဖေးမ ကူညီရမယ်၊ ပြည်သူလူထုကလည်း ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်ဖို့တော့
လိုလိမ့်မယ်။"

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အကူအညီပေးဖို့ နှစ် ၂၀ ကြာ တားမြစ်ထားတာ
ကြောင့် မြန်မာနိုင်ငံမှာ တဦးချင်းခံစားရရှိတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုဟာ တခြား
ဆင်းရဲမွဲတေတဲ့ နိုင်ငံတွေနဲ့စာရင် အဆ ၂၀ နည်းပါတယ်။ ဒါတွေရဲ့ အကျိုးဆက်တွေ
ဟာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုအတွက် အင်အားမဖြစ်စေဘဲ အင်အား
လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး ယိုယွင်းဆုတ်ယုတ်
လာတာနဲ့အမျှ လူသားအရင်းအမြစ်နဲ့ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေလည်း ကျဆင်း
လာတာမို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် ဘယ်အစိုးရအတွက်မဆို
လွယ်လှမှာတော့ မဟုတ်ပါဘူးလို့ ICG အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တွေတွင် ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်း ၀င်ရောက်ရှာဖွေခံရပြီးနောက် ရဟန်းတော် အများအပြား ရှောင်တိမ်းနေရ
10/21/2008

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ရဟန်းတော်တချို့ကို အာဏာပိုင်များက လိုက်လံရှာ ဖွေနေသဖြင့် ရှောင်တိမ်းနေကြရကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရှောင်တိမ်းနေရကြရခြင်းမှာ စစ်တွေရဲက အောက်တို ဘာလ ၁၃ ရက်နေ့ ညဥ့် ၁၂ နာရီအချိန်တွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို ၀င်ရောက် စီးနင်းပြီးနောက်ပိုင်းတွင် ဖြစ်သည်။

အမည်မဖေါ်လိုသူ ဆရာတော်တပါးက “ရဲသား ၅၀ လောက်ပါမယ် ထင်ပါတယ်။ ဒေါ်ပုပု ကျောင်းနဲ့ ဓမ္မာရုံကျောင်းကို ၀င်ရောက် စီးနှင်းခဲ့ပြီးတော့ ရဟန်းတော် တချို့ကို လိုက်ရှာ ခဲ့တယ်။ ပီးရင် ဆရာတော်တွေကို ခုလိုရှာဖွေခဲ့တယ်ဆိုတဲ့ သတင်းကို အပြင် မပေါက်ကြားရ ဆိုပီး မှာခဲ့တယ်။”ဟု ပြောသည်။

ဒေါ်ပုပုကျောင်းမှာ ဘောင်းဒွတ်သားစု ရပ်ကွက်တွင်တည်ရှိကာ ဓမ္မာရုံကျောင်းမှာ ကုန်တန်းရပ်ကွက်တွင် တည်ရှိပြီး အဆိုပါနေ့ညဉ့်က တချိန်တည်းတွင် ၀င်ရောက်စီးနင်း ခံခဲ့ရပြီး နေရာအများအပြားကို ရှာဖွေခံခဲ့ရသည်။

ယခုကဲ့သို့ ရဟန်းတော်များကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေ သဖြင့် ရဟန်းခေါင်းဆောင် ဆရာတော် ဦးရက္ခပုတ္တအပါအ၀င် ရဟန်းတော်အများအပြား ရှောင်တိမ်း နေကြရသည်။

“ခုလောလောဆယ်တော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ဖို့ လွယ်မယ်မ ထင်ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ရဟန်းတော်ခေါင်းဆောင်တွေ ရှောင်ပုန်းနေရသလို တဘက် မှာလည်း လုံခြုံရေးကို ခုချိန်ထိ တင်းကျပ်ထားတဲ့အတွက် ဖြစ်ပါတယ်။”ဟု ဆရာတော်က ဆက်ပြောသည်။

စစ်တွေ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ကို လွန်မြောက်သွားပြီ ဖြစ်သော်လည်း ယခုအချိန်ထိ လုံခြုံရေးကို တင်းကျပ်ထားဆဲ ဖြစ်သည်။

နွားကုန်သည်များကို စစ်တပ်မှ ပြန်ပေးဆွဲပြီး သိန်း ၅၀ တောင်း
10/21/2008
မေယုမီးပြတွင် တာဝန်ကျနေသော စစ်တပ် တပ်ဖွဲ့တခုမှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ နွားကုန်သည် ၂ ဦးအား ပြန်ပေးဆွဲပြီး ကျပ်သိန်း ၅၀ တောင်းခံထားကြောင်း သတင်းရရှိ သည်။
အဆိုပါ နွားကုန်သည် ၂ ဦးမှာ ကျောက်ဖြူမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နွားများကို စက်လှေတစီးနှင့် တင်ဆောင်ပြီးယူလာစဉ် ပင်လယ်ပြင်တွင် ကင်းလှည့်နေသော မေယုမီးပြမှ စစ်တပ် တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို အောက်တိုဘာလ ၁၉ ရက်နေ့က ခံခဲ့ရသည်။

၎င်းနောက်ပိုင်း စစ်သားများက ကျပ်ငွေ သိန်း ၅၀ ကိုတောင်းခံခဲ့သည်။ သို့သော် နွားတင်ပို့ သူများက စစ်သားများတောင်းသော ငွေကိုမပေးနိုင်သဖြင့် စက်လှေပေါ်မှ နွားပိုင်ရှင်နှစ်ဦးကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်ထားလိုက်ပြီး စက်လှေနှင့်လူများကို ဘင်္ဂလာဒေခ်ျ့တွင် နွားများကို ရောင်းချရန် စေလွှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ နွားများကို ရောင်းချပြီးလျှင် အဆိုပါ နွားကုန်သည်နှစ်ဦးအား ကျပ် သိန်း ၅၀ နှင့် ပြန်လည် လာရောက်ရွေးယူရန် မှာကြားခဲ့ကြောင်း သိရသည်။

သို့အတွက် အဆိုပါစက်လှေမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဆင်မဖြူကျွန်းတွင် နွားများကိုရောင်းချပြီး ယမန်နေ့ နေ့လည်က လူနှစ်ဦးကို ပြန်ရွေးရန်အတွက် ကျပ်ငွေ သိန်း ၅၀ကိုယူပြီး ဆင်မဖြူကျွန်းမှ မေယုမီးပြသို့ ထွက်ခွာသွားခဲ့ကြောင်း သူတို့နှင့် နီးစပ်သူတဦးက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ စက်လှေတွင် နွားကောင်ရေ ၇၀ ပါရှိပြီး တန်ဖိုးအားဖြင့် ကျပ် သိန်း ၃၀၀ ဖိုးရှိကြောင်း သိရသည်။

စက်လှေအားဖမ်းဆီးပြီး လူနှစ်ဦးအား ပြန်ပေးဆွဲထားသော စစ်သားများမှာ စစ်တွေအခြေစိုက် ခလရ ၂၇၀နှင့် အမြှောက်တပ်မှဖြစ်ပြီး မေယုမီးပြတွင် တာဝန်ကျနေသူများ ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းမှာ နွားစားကျက်များ အလွန်ပေါသဖြင့် နွားမွေးမြူရေးအလွန် ဖြစ်ထွန်းသည်။ သို့သော်လည်း တင်ပို့ရန် ဈေးကွက်မရှိသဖြင့် အဆိုပါနွားများကို တဘက်နိုင်ငံဘင်္ဂလာဒေခ်ျ့သို့ မှောင်ခိုရေလမ်းကြောင်းမှ တဆင့် တင်ပို့ကြရသည်။

နအဖ တပ်မှ ရခိုင် ဒုတပ်ကြပ်တဦး မွန်ပြည်နယ်တွင် ကျဆုံး
10/21/2008

မင်းအောင် (နိရဉ္စရာ)
ပလက်ဝ အခြေစိုက် နအဖ ခမရ ၂၈၉ တပ်ရင်းမှ ရခိုင်အမျိုးသား ဒုတပ်ကြပ်တဦးမှာ မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်၍ လွန်ခဲ့သော တနင်္လာနေ့က ကျဆုံးသွားကြောင်း သူ၏ဆွေမျိုး တဦးက ပြောသည်။
ကျဆုံးသွားသူ နအဖစစ်သားမှာ ဒုတပ်ကြပ် ကျော်သူဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်သည်။

ကျော်သူမှာ ၁၉၉၆ ခုနှစ်က ကျောက်ဖြူ မြို့နယ် အခြေစိုက် ခလရ ၃၄ သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ခမရ ၂၈၉ တပ်ရင်းသို့ လွဲပြောင်းခံခဲ့ရသည်။

၂၀၀၁ ခုနှစ်တွင် ဒုတပ်ကြပ်အဆင့်သို့ ရာထူးတိုးခံရသည်ဟု သူဆွေမျိုးက ပြောသည်။

ခမရ ၂၈၉ တပ်ရင်းမှာ ဇူလိုင်လ ပထမအပတ်က ပလက်ဝမြို့မှ မွန်ပြည်နယ် အရှေ့ တောင်တိုင်း စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့သည်။ ၎င်းနောက်ပိုင်း ကျော်သူ တိုက်ပွဲတွင် ကျဆုံး သွားခြင်း ဖြစ်သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စစ်မြေပြင်တွင် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းပေါင်း ၁၀ ရင်းကျော် ရောက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ပါတီများနှင့် စစ်ပွဲများ ဆင်နွဲနေရကြောင်း သိရသည်။

ထိုသို့ စစ်ပွဲများ ဆင်နွဲရာတွင် ရခိုင်တွေသတ္တိရှိတယ်ဟု အထက် ဗမာ စစ်အရာရှိများက မြှောက်ပင့်ပေးမှုအပေါ် ရခိုင်စစ်သားများက ကျေနပ်သဘောကျကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအား ရှေ့တန်းမှ မကြောက်မရွှံ့ တိုက်ခိုက်နေမှုကြောင့် ရခိုင် စစ်သားများမှာ မကြာခဏ သေဆုံးနေကြကြောင်း သတင်းရရှိသည်။

ရခိုင်စစ်သားအများစုဖြင့် ဖွဲ့စည်းထားသော ရသေ့တောင်မြို့နယ် အခြေစိုက် ခလရ ၅၃၆ တင်ရင်းမှ ရှေ့တန်းစစ်ကြောင်းတခုသည်လည်း မွန်ပြည်နယ် ရှေ့တန်း သို့ လွန်ခဲ့သောတရက်နှစ်ရက်က ထပ်မံပြီး ထွက်ခွာသွားကြောင်း သိရသည်။

ကမ္ဘာစီးပွားပျက်ကပ်ကို မြန်မာငွေစက္ကူအသစ်များနှင့် ဖြတ်ကျော်မည်

ကမ္ဘာငွေကြေးဈေးကွက် ပျက်နေချိန်မှာ မြန်မာလုပ်ငန်းရှင်တွေကလည်း ပြည်တွင်းမှာ ရင်းနှီးမြုတ်နှံမှုတွေ လုပ်နေကြပါတယ်။ ပြီးတော့ အမေရိကန်ဒေါ်လာတွေကို ယခုလို ဈေးကွက်ပျက်ချိန်မှာ ၀ယ်ယူစုဆောင်းနေကြပါတယ်။ အစိုးရမင်းများကလည်း အခုလို အမေရိကန်အခက်၊ တပ်မတော် အချက်အဖြစ် မြန်မာငွေစက္ကူတွေကို အသစ်များ အရှိန်မြှင့် ပုံနှိပ်ထုတ်ဝေလျက်ရှိကြောင်း ကြားသိရပါတယ်။ ၀ါဇီစက်ရုံမှာ အလုပ်သမားတွေ အိုဗာတိုင် ဆင်းနေရပါတယ်။ သူတို့လခ ထုတ်ရင် သူတို့ရိုက်နှိပ်တဲ့ ငွေစက္ကူနဲ့ ပြန်ပေးမှာ ဆိုတော့ တန်ပါတယ် ထင်ရဲ့။ ဒေါ်လာနဲ့တော့ လခပေးမှာ မဟုတ်ပါ။ အဲဒီ ငွေစက္ကူတွေနဲ့ ဒေါ်လာကို လဲလှယ်ပြီး စစ်အာဏာရှင်များက စုဆောင်းကြမှာ ဖြစ်ပါတယ်။

စာဖြန့်ဝေသူ ကျောင်းသားလူငယ်များကို စစ်အစိုးရ လုံခြုံရေးအဖွဲ့က လိုက်ဖမ်း

ယခင်အပတ်က စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်တွေ ဖြန့်ဝေတဲ့ ကျောင်းသားလူငယ်တွေကို စစ်အစိုးရက ဖမ်းဆီးရမိတယ်လို့ ကြားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံရေး လှုပ်ရှားသူများ မိသားစုများကို ပစ်မှတ်ထားပြီး စာရင်းကောက်တာ၊ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်ကိုင်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း မြို့နယ် မ၀တအဖွဲ့တွေက ဆင့်ခေါ်တွေ့ဆုံပြီးတော့ ယခုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဆက်အသွယ် ရှိမရှိကို မေးတယ်လို့ ဆိုပါတယ်။

အရှေ့ပိုင်းတက္ကသိုလ် လျှပ်စစ် ထရန်စဖော်မာ ပေါက်ကွဲမှု အစိုးရက ကြိုတင်သတင်းရပြီးဖြစ်
စက်တင်ဘာလက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ လျပ်စစ်ထရန်စဖော်မာတလုံး မတော်တဆ ပေါက်ကွဲပြီး မီးကြိုးများ တလျောက် ရှော့ခ်ဖြစ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားများ၊ ဆရာများက ကိုယ်လွတ် ထွက်ပြေးကြရာမှာ တက္ကသိုလ်အဆောင်များကနေ လွယ်အိတ်များ၊ စာအုပ်များ၊ ပိုက်ဆံအိတ်များ ထားခဲ့ပြီး ပြေးကြရတယ်၊ အပြင်က ရရာ ကားများ၊ ဘတ်စ်များ ငှားယမ်းပြီး အိမ်များ လူနေအဆောင်များအရောက် ပြေးကြရတယ်လို့ ပြောပါတယ်။

အဲဒီလို “မတော်တဆ” မှု မဖြစ်ပွားခင်မှာ အထက်ကလာတဲ့ အရေးပေါ်သတိပေးစာက - အကယ်၍ သတိပေးချက် စကားဝှက် “x x” ကြားသိရပါက ကျောင်းဝင်းတခုလုံး မီးမှောင်ချရန်၊ လျှပ်စစ်မီး မသုံးစွဲရန်၊ ကျောင်းသားများ စာပွဲခုံများအောက်သို့ ၀င်ရောက် အကာအကွယ်လုပ်ကြရန်လို့ အချက်အလက်များ ပါဝင်ပါတယ်။ အဲဒီစာကို ပြင်ဆင်ပြီး ဆရာများ၊ ၀န်ထမ်းများကို အကြောင်းကြားရန် ပြင်ဆင်နေစဉ်မှာပဲ အခုလို “မတော်တဆမှု” ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကောလဟာလမှာ စစ်အစိုးရက ဒီအမှုကို ကြိုသိပြီး ကာကွယ်ရန် ကြိုးစားနေတဲ့ သဘောဖြစ်လို့ ဘယ်သူ့လက်ချက်လဲဆိုတာ ထင်ရှားတယ်လို့ ပြောနေကြတာပါပဲ။

မလေးရှားမှ မြန်မာလူငယ်များ ပြုလုပ်သည့် ကိုမင်းကိုနိုင်မွေးနေ့ပွဲ
အောက်တိုဘာ ၁၉။ ဘုန်းမင်း
ဟစ်တိုင်မလေးရှား မွေးနေ့ပွဲမှ မွေးနေ့ရှင်၏ ပုံတူကားချပ်

၁၈ ရက် ၊ ၁၀လ ၊ ၂၀၀၈ ခုနှစ်တွင် ကြရောက်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ယမန်နေ့ ည ၉း၃၀ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ် ဆာဒန်း နယ်မြေရှိ မြန်မာလူငယ်များမှ စုပေါင်း ဂုဏ်ပြု ကျင်းပကြ၍ မလေးရှားရောက် မြန်မာများအပါအဝင် မြန်မာအရေးကို စိတ်ဝင်စားသော ဒေသခံ နိုင်ငံသားများ တက်ရောက်ကြ ပါသည် ။

အခမ်းအနားကိုဦးဆောင် ကျင်းသည့် လူငယ်များမှ မွေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွဲ့ အစည်းများမှ ပေးပို့လာသော မွေးနေ့သဝဏ်လွှာများကိုဖတ်ကြားကာ အခမ်းအနားသို့ တက်ရောက်လာသည့် မလေးရှားရောက် မြန်မာလူငယ်များမှမတရားဖမ်းဆီးအကျဉ်းကျခံနေရသော မွေးနေ့ရှင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုကဗျာများ ကို ရွတ်ဆို ဂုဏ်ပြု ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တေးသံရှင် ထက်အောင်ရှိုင်းနှင့်အဖွဲ့မှ မွေးနေ့ရှင် ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြုရေးဖွဲ့ထားသော တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော လူငယ်များမှ တပျော်တပါး ပူးပေါင်းပါဝင်သီဆိုကြကာ မွေးနေ့ရှင်ကိုယ်စား မွေးနေ့ကိတ်ကိုလှီးဖြတ်၍ မတရားဖမ်းဆီး အကျဉ်းကျခံနေရသော မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

ထို့နောက် ယနေ့ ၁၉ရက်၊ ၁၀လ၊ ၂၀၀၈ ရက်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တကွ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှုဒါန်းကာ မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ကွာလာလမ်ပူမြို့ ဒေသအသီးသီးရှိ မြန်မာလူငယ်များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်းပွဲများပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။