Wednesday, October 22, 2008

ဆရာတော်တပါးနဲ့ စကားလက်ဆုံ

(မေတ္တာ၊ ဧည့်လာဖို့ နဲ့ ခေါင်းဆောင်ကောင်း …)

မောင်ရစ်

အောက်တိုဘာ ၂၁၊ ၂၀၀၈

အစကတော့ မြန်မာပြည်က ခေတ္တလာရောက်တဲ့ ဆရာတော်တပါးက စာအုပ်စာတမ်းတချို့ ဖတ်ချင်တာတွေရှိလို့ ရှာဖွေပေးမိတာပါ။ ပြီးတော့ ဆရာတော်နဲ့ စကားစမြည် ပြောဆို တင်လျှောက်ဖြစ်ပါတယ်။ မောင်ရစ်က စကားလည်း ၄ လုံးကွဲအောင် မပြောတတ်၊ (ဒီ မို က ရေ စီ … ဟိုက် ၅ လုံး ဖြစ်သွားပြီ)။ စာလည်း တည့်တည့် ဖြောင့်ဖြောင့် မရေးတတ်ပါဘူး။ (ဒီကောင်က စောင်းပြီးပြောတယ် တဲ့၊ လက်ရေးမလှဘူးလို့ ဆိုတာနဲ့တူရဲ့)။ ဆရာတော်ကို အင်တာဗျူးဖို့ မစဉ်းစားရဲပါ။ နောက်တော့လည်း မေးဖြစ်တာလေးတွေကို ဆရာတော်က စေတနာ မေတ္တာထားပြီး ဖြေခဲ့တော့ အဲသည်အကြောင်းတော့ ရေးဦးမှပဲဆိုပြီး ရေးပါတယ်။

ဆရာတော်က ပြည်ပခရီးလှည့်ပြီး မြန်မာတွေနဲ့တွေ့ဆုံ၊ တရားရေအေး တိုက်ကျွေးခဲ့လေတော့ လမ်းမှာ တွေ့သမျှမြန်မာတွေ၊ မြန်မာမိသားစုတွေကို ဘယ်လို မြင်မိပါတုန်းလို့ မေးပါတယ်။

"မြန်မာတွေက မညီညွတ်ကြဘူး …" တဲ့

ဆရာတော်က ဖြေတယ်။

ဒါကလည်း မြန်မာတွေ မညီညွတ်တာက ပေါရာဏတောင် ဖြစ်သွားပြီ။ မော်ဒန် မဖြစ်တော့ဘူး။ ပြောနေစရာတောင် မလိုဘူး။ တမ္ဘာလုံးတောင် သိတယ် … လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒါကို ဆရာတော်က အဆန်းလုပ်ပြီး ပြောတော့ မောင်ရစ်စိတ်ထဲ ဘယ်လိုမှ မနေဘူးလေ။

မြန်မာတွေ မညီညွတ်တာကို ဘယ်လို ဖြေရှင်းကြမလဲ … လို့ မောင်ရစ်က ဆက်မေးပါတယ်။ ဆရာတော်က ဘုရားရှင်ရဲ့ တရားဓမ္မနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်တဲ့။ ဟိုက်ရော … လက်နက်ကိုင်ထားတဲ့ ဗိုလ်သန်းရွှေတပ်ကြီးကို မေတ္တာပို့ရချေဦးတော့မည် လို့ ခပ်တုံးတုံးပဲ မောင်ရစ်က တွေးမိပါတယ်။

သို့သော် ဆရာတော် ပြောတာက ဒီလိုပါ။ မိမိနဲ့ ဆက်စပ် ပတ်သက်နေသမျှ ပုဂ္ဂိုလ်တွေကို မျက်မှောက်မှာကော၊ မျက်ကွယ်မှာကော၊ ကိုယ် နှုတ် နှလုံး ၃ ပါးလုံးနဲ့ မေတ္တာထားရမှာ ဖြစ်ပါတယ် တဲ့။

မျက်မှောက်မှာလည်း စိတ်ကနေ မေတ္တာထားတာ၊ နှုတ်ကလည်း မေတ္တာထားတဲ့ စကားကို ဆိုတာ။ ကိုယ်ကာယအားဖြင့်လည်း သူ ချမ်းသာအောင် ပြုစု ဆောင်ရွက်ပေးတာ ဖြစ်ပါတယ် တဲ့။ ပြီးတော့ မျက်ကွယ်မှာလည်း သူ့ကို မှန်းဆ မေတ္တာပို့တာ၊ နှုတ်ကလည်း သူ့ကို ရည်ရွယ်သော မေတ္တာ စကားသာ ဆိုတာ။ ပြီးတော့ သူ့အကြောင်းကိစ္စ ကြုံလာလျင်လည်း သူ့ကိုယ်စား ဆောင်ရွက်ပေးတာ ဖြစ်ပါသတဲ့။

ဘုရားရှင် လက်ထက်မှာ သာဝကတွေ၊ သံဃာတော်တွေဟာ အဲသည်လို ကျင့်ကြံကြပါ သတဲ့။ ရဟန်းအချင်းချင်း မျက်မှောက်ကော၊ မျက်ကွယ်မှာပါ မေတ္တာထား စောင့်ရှောက် ကာကွယ်ကြပါသတဲ့။ တစုံတဦးက ပြစ်တင်စကား ဆိုလာလျှင်၊ မကောင်းကြံစည်လာလျှင် သံဃာတို့က စိတ်ကို သန့်ရှင်း တည်ငြိမ်စွာနဲ့ မေတ္တာထားပြီး ကာကွယ် စောင့်ရှောက်ကြပါသတဲ့။

အဲသည်တော့ သံဃာဆိုတာ သာမဂ္ဂီ ဆိုတဲ့ စည်းလုံးညီညွတ်သော အစုအဝေးဖြစ် အဓွန့်ရှည်ပြီး သာသနာကို စောင့်ရှောက် ထွန်းကားစေပါ သတဲ့။ အဲသည်လို "သမဂ္ဂါနံ တပေါ သုခေါ …" ဆိုပြီး ဒီလို သံဃာကောင်း သံဃာမြတ်တို့ စုဝေးပေါင်းဖက်ခြင်းကနေပြီးတော့ နိဗ္ဗာန် ချမ်းသာအထိ ရရှိစေအောင် အကျိုးများနိုင်ပါသတဲ့ လို့ ဆရာတော်က ရှင်းပြပါတယ်။

မောင်ရစ်လည်း သူ့ပါရမီ မမှီမကန်း ရှိသလောက်နဲ့ မရှိတဲ့ ဉာဏ်အလင်းလေး ဘာလေး နည်းနည်းတော့ မီးခြစ်ကျောက်လောက် အလင်းပွင့်သွားပါတယ်။

" ဟာ … ဆရာတော်ပြောတာ သဘောပေါက်ပြီ။ တပည့်တော်တို့ အချင်းချင်း အတင်းပြောတဲ့ အကျင့်ကို စွန့်လွှတ်ခိုင်းတာပဲ မဟုတ်လား …" ဆိုပြီး မောင်ရစ်က တရား ထောက်လိုက်မိပါတယ်။

သာဓကအနေနဲ့ ပူပူနွေးနွေး ယူအင်မှာ ထိုင်ခုံသွားဖယ်ခိုင်းတဲ့ အရေးကိစ္စကို ဆရာတော်က ထောက်ပြပါတယ်။ အချင်းချင်းမှာ ကြေလည်အောင်၊ ညီညွတ်အောင် မလုပ်နိုင်သေးဘဲ၊ အလောတကြီးနဲ့ လျောက်လွှာသွားတင်တဲ့အခါမှာ ဟိုကဖြင့် ဘာမှ မပြောရသေးဘူး၊ ကိုယ့်ဖာသာကိုယ် ထုတ်ပြော အပြစ်တင်နေတာက ရှေ့က သွားနေပြီ။ ဘာတဲ့ … ဒီကိစ္စ မအောင်မြင်ခဲ့ရင်ဖြင့် မိမိတို့ တာဝန်မဟုတ်ပါကြောင်း၊ မိမိတို့ ခေါ်တုန်းက မလိုက်ဘဲ နေခဲ့တဲ့ ဟို … အုပ်စုမှာ တာဝန်ရှိကြောင်း စတဲ့ဟာတွေက မိုးလုံးပြည့်ကုန်တော့ ဘယ်လိုလုပ် စည်းရုံးညီညွတ်တာတွေ၊ အောင်မြင်တာတွေ ရှိမှာလဲ လို့ ဆရာတော်က သာဓက ပြပြီး မေးခွန်းထုတ်ပါတယ်။

မောင်ရစ်ကလည်း "ဆရာတော် ဘာသိလို့လဲ သူတို့တွေက ဒီလို …" ဆိုပြီး အင်တာဗျူးတာ ဘေးချပြီး အတင်းထိုင်ပြောတော့မလို့ နည်းနည်းပဲ လိုတော့တဲ့ဆီမှာ တရားကို သတိရပြီး ဘရိတ်အုတ်လိုက်မိပါတယ်။ ဆရာတော်ကို ဆင်ခြေ လက်ခြေပေးမိရင်၊ သူတို့ကိုယ်စား ပြန်ဖြေရှင်းမိရင် "အတင်း" ပြောမိ၊ အဲလေ … မျက်ကွယ် ၀စီကံမေတ္တာ မထားမိရာ ရောက်တော့မလို့ နည်းနည်းလေး လိုတော့တာ ကလား။

ဟုတ်တာပေါ့ ဘုရား၊ ကိုယ့်အိမ်မှ မသာရင် ဧည့် ဘယ်လာမလဲ လို့ မတတ်တတတ် မြန်မာဆိုရိုးတွေ ဘာတွေနဲ့ ဆရာတော်ကို တရားထောက်လိုက်ရတာပေါ့လေ။

ဆရာတော်က ပြောပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်တွေအောက်မှာ ပိပြားပြီး ကြောက်ရွံပြီး နေထိုင်နေရတဲ့ သူတွေ အများကြီးပါပဲ … တဲ့။ ဗိုလ်ချုပ်တွေထဲမှာအထိကို မလုပ်၊ မရှုပ်၊ မပြုတ် ဆိုပြီး နေထိုင်နေတဲ့ လူတွေလည်း ရှိတာပါပဲ တဲ့။ သူတို့တွေဟာ ဒီဖက်က အင်အားတောင့်တင်းလာရင်၊ စည်ပင်ထွန်းကားလာလျှင် သူတို့ဉာဏ်အသိစိတ်လေးတွေမှာ မောဟအမိုက်ဖုံးနေရာက ပြင်ဆင်ပြီး ဒီဖက်ကို လာရောက် ပူးပေါင်း ဆောင်ရွက်ကြမှာပါတဲ့။ နီးရာ ဓားကို ကြောက်နေရချိန် ဟိုဖက်ကမ်းကို လှမ်းကြည့်လိုက်တော့ ဟိုမှာဖက်ကမ်းကလည်း တခြိမ်းခြိမ်းနဲ့ တကွဲတပြားဆိုရင်ဖြင့် ဘယ်လိုမျိုး ပူးပေါင်းလာကြမလဲ … တဲ့။ သူတို့တတွေကို လက်ကမ်းကြိုဆိုဖို့ မဆိုထားနဲ့ ဘယ့်နှယ် လုပ်ထည့်လိုက်မယ်၊ ဘယ်ညာ လုပ်ပစ်လိုက်မယ်ဆိုတဲ့ မိုးကြိုးသွား စကားတွေ လှမ်းပစ်နေတဲ့အခါ၊ နီးရာဓားအောက်မှာ ကြိတ်မှိတ်ပြီး ငရဲလမ်းကို နတ်လမ်းပဲဆိုပြီး မိုက်သည့်ထက် မိုက်၊ တွင်းတူးပြီးတော့ကို မိုက်နေကြတော့တာပေါ့ … တဲ့။

မောင်ရစ်ကလည်း ထောက်ခံရတော့တာပေါ့လေ။ မှန်ပါတယ် ဘုရားပေါ့။ အခုဆိုရင် ဆရာတော်တို့တွေဟာ ပြည်တွင်း ပြည်ပမှာ ခရီးဆန့်လို့ ပြည်သူတွေကို အခုလို ဟောကြား ဆုံးမနေပြီ ဖြစ်တဲ့အတွက်ကြောင့် ဟိုဖက်ကကော၊ ဒီဖက်ကကော လိမ္မာယဉ်ကျေး မေတ္တာထားနိုင်တဲ့ ကိုယ်တွေ ဖြစ်လာတော့မှာပေါ့ ဆိုပြီး ကိုယ်ထင်ရာ မြင်ရာတွေကို ၀င်ပြောရတော့တာပေါ့လေ။

အဲဒီမှာ ဆရာတော်က မောင်ရစ်ဆိုတဲ့ အမိုက်အမဲလေးကို နောက်ထပ် အကြောင်းအရင်းတခုကို ရှင်းပြပါတယ်။

ဒကာကြီး … တဲ့ ဘုန်းကြီးတို့က ဆရာတော်တွေ၊ သံဃာတော်တွေက ဘုရားရှင်ဟောကြားတဲ့ တရားဓမ္မကို ကျင့်ကြံအားထုတ်လို့ ပရိသတ်ကိုလည်း တတ်နိုင်သလောက် အကျိုးပြု ဆောင်ရွက်တဲ့ အလုပ်ကို လုပ်နေတဲ့နေရာမှာ တိုင်းပြည်အရေး၊ လူမျိုးအရေး၊ အမျိုးသားအရေးကို အကုန်လုံးကိုတော့ မရွက်ဆောင်နိုင်ပါဘူးတဲ့။ သင့်တင့် ဆီလျှော်တဲ့ အရပ်၊ နေရာ၊ ကဏ္ဍတွေကနေ ထောက်ခံ အားပေး ကူညီတဲ့ နေရာကပဲ ဆောင်ရွက်နိုင်တာပါ …တဲ့။

"ဒကာကြီး … ဦးဇင်းတို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုး လိုတယ် …" တဲ့

ဟာ … မောင်ရစ်ကလည်း ဒီကိစ္စမျိုးဆိုရင် ငါ ဖြေနိုင်ပါတယ် ဆိုတဲ့ စတိုင်နဲ့ ကြားဝင် ဖြတ်ပြီးတဲ့အခါ … မြန်မာပြည်မှာ ခေါင်းဆောင်တွေ ရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဇာဂနာ၊ ကျော်သူ နဲ့ ဦးဝင်းတင် အစရှိသဖြင့် ပြည်သူတွေ ရှေ့က မားမားမတ်မတ် ရပ်တည် ဆောင်ရွက်သူတွေကို နှုတ်အာ ရွရွ ရွတ်ဆိုပြမိပါတော့တယ်။ သာသနမောဠိ သံဃာ့အဖွဲ့မှာ ဆိုလျင်လည်း ပီနန်ဆရာတော်ကြီးနှင့်တကွ ဦးဆောင် အဖွဲ့ဝင်ဆရာတော်များလည်း ရှိပါကြောင်း၊ သူတို့တွေဟာ ပြည်သူတွေအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ပြီး ရှေ့က စံပြပြီး အနစ်နာခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုကြီးတရပ်လုံးကလည်း ထိုထို ပုဂ္ဂိုလ်များကို မိမိတို့ရှေ့က ဦးဆောင်သူများအဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း တင်ပြမိပါတယ်။ အလွတ်ကျက်ထားတဲ့ စာရင်းမှာ ရွေးကောက်ပွဲအနိုင်ရ အမတ်စာရင်းကို ရွတ်မလို့ ခါးတောင်းကျိုက်လိုက်စဉ်မှာပဲ ဆရာတော်က ကြားဖြတ်ပြီး ၀င်ပြောပါတယ်။

"ဟုတ်တော့ ဟုတ်ပါတယ်။ ကျုပ်တို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ဆိုတာ ပါရမီရှင် ခေါင်းဆောင်လို့ ဆိုလိုတာပါ။ သူ ဘယ်လောက်ပဲ အသက်ရှင်သွားသလဲ စဉ်းစားကြည့်စမ်းပါ။ အသက် ၃၂ မှာတင် လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့ပေမယ့် တိုင်းပြည်လွတ်လပ်ရေးကို အရ ဦးဆောင် ပေးသွားခဲ့တယ် မဟုတ်ဘူးလား။ အသက်တိုပေမယ့် သူလုပ်ရမယ့်အလုပ်ကို ပြီးအောင် ပြတ်အောင် လုပ်ပြနိုင်တယ်လေ။ ပါရမီရှင်ခေါင်းဆောင် ဆိုတာ အလုပ်တခုကို ပြီးမြောက် အောင်မြင်တဲ့အထိ လုပ်ပေးနိုင်တာကို ပြောချင်တာပါ …"

ဆရာတော်က အဲသလို ပြောလိုက်တော့လည်း မောင်ရစ်ခမျာ ဉာဏ်ကလေး ရှိသလောက် တတို တထွာနဲ့ ငေါင်ငေါင်လေး နားထောင်နေရတာပေါ့ခင်ဗျာ။ မောင်ရစ်ခမျာ တနေ့ တနေ့ ကိုယ်လုပ်သမျှကို ဟုတ်လှပြီ ဆိုပြီး ကျေနပ်နေတာ မဟုတ်လား။ တွန်းတော့ တွန်းနေပါရဲ့၊ မရွေ့တာကို အရေးမလုပ်ဘဲ အားစိုက်ပြီး တွန်းနေရတာနဲ့ မောင်ရစ်က မိန်းမောနေမိတော့ ဆရာတော် ပြောတာကို နားဝင်မချိုဘူးပေါ့ခင်ဗျာ။

"ဆရာတော် ဆိုလိုတာက ရူပဗေဒက အလုပ်ကို ဖော်မြူလာ ထုတ်သလိုပေါ့နော်၊ အရွေ့မရှိရင် အလုပ် မဖြစ်ဘူးပေါ့။ သိပ္ပံနည်းကျ ခေါင်းဆောင်ပေါ့ ဟုတ်လား ဘုရား …" ဒါကတော့ တတ်သမျှ မှတ်သမျှနဲ့ အာ ကြည့်တာပေါ့လေ။

"ဦးဇင်းတို့ ခေါင်းဆောင်ဖြစ်တဲ့ ဂေါတမဗုဒ္ဓရဲ့ ဖြစ်စဉ်တွေကို ကြည့်ပါ။ နိဗ္ဗာန်မရခင် စပ်ကြား သူ ပါရမီဖြည့်စဉ်ကာလတွေမှာ ရခဲ့တဲ့ ဘ၀၊ ခေါင်းဆောင်အဖြစ် ရတဲ့ ဘ၀၊ ငုံးမင်း၊ မျောက်မင်း ဘာပဲ ဖြစ်ဖြစ် သူ့ နောက်လိုက်တွေ၊ သားချင်းတွေ၊ အစုအဖွဲ့တွေအတွက် ပြီးမြောက်အောင် ကယ်တင် ဆောင်ရွက်ပေးခဲ့တယ်။ သူတို့တွေကို ဒုက္ခ၊ အခက်အခဲ၊ အကြပ်အတည်းတွေက လွတ်မြောက်အောင် ထမြောက်သည်အထိ စွမ်းဆောင်နိုင်ခဲ့တယ်။ အဲဒီဘ၀တွေမှာ နိဗ္ဗာန်တော့ ရမသွားခဲ့ပေမယ့် သူ ရွေ့အောင် ရွှေ့ခဲ့တယ် မဟုတ်လား …"

ဆရာတော်က ဂေါတမဗုဒ္ဓရဲ့ အတိတ်ဇာတ်ကြောင်းကိုပါ ထည့်သွင်းပြီး မောင်ရစ်ကို ထပ် ရှင်းပြပါတယ်။

မောင်ရစ်ကလည်း -

"အခုချိန်မှာ တဖက်က ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ တိုက်ပွဲဝင်သူတွေကို အမြစ်ကလှန်၊ အညွန့်အခက်တွေ ဖြတ်၊ အကိုင်းအခက်တွေကို ချိုင် စသည်ဖြင့် စစ်အာဏာရှင်တွေက လုပ်နေလေတော့ ဒီဖက်က နောက်ထပ် မဆုတ်နိုင်အောင် ကြံ့ကြံ့ခံ ရပ်နေရတာကလည်း ရှိသေးတာကိုး ဘုရား …" လို့

လက်ရှိအနေအထား မြင်မိသမျှကို ပြောမိပါရဲ့။

ဆရာတော်က ဆက်ပြောပါတယ်။

"ဦးဇင်း နားလည်ပါတယ်။ အခုလက်ရှိ အခြေအနေ၊ အခက်အခဲ၊ အကြပ်အတည်းတွေကို နားလည်ပါတယ်။ ဦးဇင်းစိတ်ထဲမှာ ရှိတာကိုလည်း ပြောပြတာပါ။ ဒကာကြီး မေးတာကို ဦးဇင်းက ဒီနေရာ ဒီအချိန် ဒီအခြေအနေမျိုးမှာမို့လို့ ဖြေလိုက်တာ၊ ပြောလိုက်တာပါလေ။ ဦးဇင်းတရားပွဲမှာလည်း အခုလို ပြောမှာ မဟုတ်ဘူး။ ပြည်တွင်းကို ပြန်ရောက်သွားချိန်မှာလည်း ဦးဇင်းက ဒါကို ပြောနိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းဆောင်ကို ဦးဇင်းက ဘယ်လိုမျိုး မျှော်လင့်တယ်၊ ကြိုဆိုနေတယ် ဆိုတာကို ပြောပြတာ။ အနှစ် ၂၀ ရှိပါပြီ။ ဒကာကြီး ပြောသလို ကြံ့ကြံ့ခံ ရပ်နေကြရတာ။ ဦးဇင်းက ပြောချင်ပါတယ်။ တပ်မတော်ထဲကပဲ ပေါ်လာ ပေါ်လာ၊ ပြည်သူတွေထဲကပဲ ပေါ်လာ ပေါ်လာ၊ ပါတီထဲကပဲ ပေါ်လာ ပေါ်လာ … ကြိုဆိုပါတယ် လို့ ပြောပါတယ်။"

ကဲ … ဆရာတော်ရဲ့ စကားလက်ဆောင်လေး အတတ်နိုင်ဆုံး ရေးပြီး တင်ဆက်လိုက်ပါရဲ့။

မောင်ရစ်လို အမိုက်အမဲကလေးကတော့ "ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ စွန့်ခဲ့ပါ၍ အားနာခဲ့ကြောင်း ပြောပါလေ … " ဆိုတဲ့ စာသားလေးကို ရက်ပ်သံစဉ်ထဲ ထည့်ပြီး ရွာအပြင် ထန်းပင်ပေါ်ကပဲ "ဟဲ" လိုက်ရလေမလား မသိ။ ။

ချီးတုံးကို ကိုးကွယ်သူများ - နောက်ဆက်တွဲ အရှုပ်အထွေးများ

သကြားမင်း
အောက်တိုဘာ ၂၁၊ ၂၀၀၈
ချီးတုံးဆိုင်ရာ လုံခြုံရေးအမြင်များ

တပ်မတော်ခေါင်းဆောင်တွေဟာ ချီးတုံးကို ကိုးကွယ်လိုက်ကြတဲ့အတွက် လုံခြုံရေးဆိုင်ရာ ပေါ်လစီတွေပေါ်မှာလည်း ချီးတုံးက လွှမ်းမိုးလာပါတယ်။ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးဟာ မြန်မာ့တပ်မတော်ရဲ့ ကျန်းမာရေး၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးပဲ၊ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးမှာ အခရာအကျဆုံးက ၀မ်းပဲ။ ဒီတော့ တပ်ရှုပ်ကြီးရဲ့ ၀မ်းကိုနေ့တိုင်းစစ်ဆေးရမယ်လို့ တညီတညာတည်း ဆုံးဖြတ်ကြလိုက်တော့တယ်။

သူ့ဝမ်းကို နေ့တိုင်း ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးကြတယ်။ ဆေးမှတ်တမ်းတွေအရ ပေါတာကြီးရဲ့  အသိဥာဏ်ဟာ မစင်ထဲမှာပဲ ရှိနေသတဲ့။ သူ့မစင်ကို ကာကွယ်ရမယ်။ သူ့မစင်ကို ကာကွယ်တာဟာ တပ်မတော်ကိုကာကွယ်တာ၊ တပ်မတော်ကိုကာကွယ်တာဟာ နိုင်ငံတော်ကိုကာကွယ်တာ၊ နိုင်ငံတော်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒါဟာ “မဟာဗျူဟာမြောက် လုံခြုံရေး အမြင်” ဖြစ်တယ်လို့  တပ်မှုးတွေကို ညွန်ကြားချက် ထုတ်ပြန်ခဲ့တယ်။

ဦးနေ၀င်းခေတ်က “ရှမ်းကုန်မြေမြင့်ကိုစိုးမိုးသူ”ဟာ “အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူ … မြန်မာပြည်ကို စိုးမိုးသူ …” ဖြစ်တယ်ဆိုတဲ့ လုံခြုံရေးဆိုင်ရာ သီအိုရီအဟောင်းကို ဒီနေ့ မြန်မာ့တပ်မတော်က တော်လှန်ပြောင်းလဲလိုက်ပါတယ်။ ဒါကတော့ “တပ်ရှုပ်ကြီးချီးပုံကို စိုးမိုးသူဟာ အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူဖြစ်မယ် …” ဆိုတဲ့အမြင်ကို စိုက်ထူလိုက်ကြတော့တယ်။

ဒါကိုမသိတဲ့ ပြည်ပကစစ်ရေးကျွမ်းကျင်သူတွေဟာ မြန်မာ့တပ်မတော်မှာ အင်အားက ဘယ်လောက်၊ လက်နက်က ဘယ်သို့ ၊ ဗျူဟာကဘယ်နှယ်၊့ ရမ်းသမ်း ပုံကြီးချဲ့ သုံးသပ်နေကြတယ်။ အလွန်အပျင်းထူလှတဲ့ သတင်းသမားတွေကလည်း သတင်းတပုဒ်ကို ဒေါ်လာ ၁၀၀ ခန့် အိတ်ထဲ အလွယ်တကူ ထည့်ချင်တာနဲ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ စစ်ရေးကျွမ်းကျင်သူတွေကို ကမန်းကတန်း လှမ်းပြီး အင်တာဗျူးလိုက်ရင် မြန်မာတပ်မတော်ရဲ့ လုံခြုံရေးဆိုင်ရာပေါ်လစီကို မှားယွင်းစွာ သုံးသပ်မိကုန်ကြသတဲ့။ သူတို့မှာ ဘာ ပေါ်လစီမှ မရှိဘူး ရမ်းသမ်း လုပ်နေကြတာသာဖြစ်တယ်။ သူတို့ပေါ်လစီအမှန်က ပေါတာကြီးချီးပုံကို စိုးမိုးသူဟာ တပ်မတော်ကိုစိုးမိုးသူ ဖြစ်လာမယ် ဒါပဲ။ ပေါတာကြီးချီးတုံးကို ကိုးကွယ်တာဟာ အာဏာတည်မြဲရေးအတွက် အထိရောက်ဆုံးဖြစ်တယ်။

ဒါကြောင့် သန်းရွှေကြီး နေ့စဉ်သွားတဲ့ဝမ်းကို သူ့ရဲ့ဆရာဝန်ကိုယ်တိုင် လက်နဲ့ချေပြီး စမ်းသပ်ရတယ်။ ဒီနေ့ပျော့တယ်။ မနေ့က မာတယ်။ ဒီတော့ ဘာဆေးကို သောက်ရမယ်။ ဒါ့အပြင် ချီးတွေကို၊ ဖန်ဗူးထဲထည့်ပြီး ဓါတ်ခွဲခန်းမှာ တံဆိပ်ရိုက်ပြီး စနစ်တကျ မှတ်တမ်းတင်ထားတယ်။ ဒီလို မှတ်တမ်းတင်လာလိုက်တာ သူအာဏာရလာတဲ့ အချိန်က စတယ်။ ပေါတာကြီးက ခိုးဝှက်စားတာတွေ များလာတဲ့အတွက် အီးတွေဟာလည်း အရမ်းကို များလာတယ်။

အခုဆိုရင် လျှို့ဝှက်အဆောက်အဦတခု တည်ဆောက်ပြီး သိမ်းဆည်း မှတ်တမ်းတင်ကြ တယ်လို့ သိရတယ်။ အီးတုံးတတုံး အပျောက်မခံနိင် ဖြစ်နေကြတယ်။ သူ့အီးတုံးကို အမေရိကန်ရသွားရင် ဓါတ်ခွဲစမ်းသပ်မယ်။ စမ်းသပ်လိုက်ရင် သူ့အားနည်းချက်ကို သိသွားမယ်။ ဒါဆိုရင် ပြည်ပက ခြိမ်းခြောက်မှုကို နေပြည်တော်က ခံလာရနိင်ဖွယ်ရှိတယ်လို့ အခြောက်တိုက် စိုးရိမ်နေကြသတဲ့။

ဒါကို တချို့က မသိတော့ နျှူကလီးယား ထုတ်နေတယ်လို့ ထင်နေကြတယ်။ တကယ်က သန်းရွှေမစင်တွေမျှသာ ဖြစ်တယ်။

သူ့မစင်တွေကို သိမ်းဆည်းထားတဲ့ ဓါတ်ခွဲခန်းအ၀မှာတော့ ကန့်သတ်နယ်မြေ၊ အပြင်လူ မ၀င်ရလို့ အရိုးခေါင်း၊ ကြက်ခြေခတ် တံဆိပ် ခတ်ထားတယ်။ တပ်ရင်းတရင်း စောင့်ကြပ် တာဝန်ချထားပါတယ်။ မြန်မာပြည်မှာ လုံခြုံရေးအထူထပ်ဆုံးနေရာကတော့ သန်းရွှေအိမ်ပြီးရင် သူ့မစင်ထားတဲ့ အဆောက်အဦဖြစ်ပါတယ်။

လုံခြုံရေးကို အလေးထားတဲ့အနေနဲ့ မစင်ပုံကို စောင့်ရတဲ့ အစောင့်ကို စမတ်ကျကျ တပ်ဆင်ပေးထားတယ်။ အီကွစ်မင့်၊ လက်နက် တိုရှည်၊ ဖိနပ်အကောင်းစား၊ ယူနီဖေါင်း အသစ်၊ စကားပြောစက်၊ သန်းရွေကြီး အရူးထတိုင်း တပ်ဆင်ထားတယ်။ ဒီစစ်သားတွေက ကြည့်လို့တော့ ကောင်းပေမယ့် ဥရောပအလယ်ခေတ်က ချပ်ဝတ်တန်ဆာတွေမျိုးစုံ တပ်ဆင်ထားတဲ့ သူရဲကောင်းတွေလို ဖြစ်နေတယ်။ ဇီးရှိတဲ့ ဆိတ်မလို လေးလံနေတယ်။

ဒါကြောင့် မြင်းသေးသေး၊ လူသေးသေး၊ လေးမြှားနဲ့ ဓါးတိုတချောင်းသာ တပ်ဆင်ထားတဲ့ ဂျင်ဂျစ်ခန်တပ်က စစ်သားတွေနဲ့ တွေ့တော့ ဥရောပအလယ်ခေတ်သူရဲကောင်းတွေဟာ ဖိနပ်နဲ့ တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြရသလို ဖြစ်နေတယ်။

ဒါကို ဉာဏ်တစက်မှမရှိတဲ့ စစ်ဗိုလ်တချို့က ကျောင်းဆင်းကာစဆိုရင် လုံခြုံရေးတပ်ခွဲမှုး သိပ်ဖြစ်ချင်နေကြသတဲ့။ ချီးပုံကို စောင့်ရမှာကို သူတို့ခမျာ မသိရှာကြပေဘူး။

ပေါတာကြီးကျန်းမာရေးဟာ သူတို့အတွက် အသက်သွေးကြောတမျှ ဖြစ်လာတဲ့အတွက် ကျော်ဆန်းရဲ့အလုပ်က ပေါတာကြီးကျန်းမာရေးကောင်းကြောင်း၊ လမ်းလျှောက်နိုင်ကြောင်း၊ စကားပြောနိင်ကြောင်းကို သတင်းစာ၊ တယ်လီဗေရှင်းနဲ့ ရေဒီယိုကနေ ၀ါဒဖြန့်ပေးနေရတယ်။

ဒါ့အပြင် ပေါတာကြီးကျန်းမာနေဖို့အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူတို့ စဉ်းစားကြတယ်။ ဦးနေ၀င်းက သူအသက်ရှည်ဖို့အတွက် အင်္ဂလန်ကိုသွားပြီး သွေး ပုံမှန် လဲပေးရတယ်။ လူငယ်တွေရဲ့ သွေးတွေကို သွင်းတယ်လို့ မှတ်တမ်းတွေ့တယ်။ ပေါတာကြီးကိုလည်း လူငယ်တွေ သွေးကိုသွင်းဖို့ လိုလာတယ်။ မြန်မာပြည်ကသွေးတွေကို သွင်းရင် လူ ၁၀၀ မှာ ၃၀ က အေအိုင်ဒီအက်စ် ဖြစ်နေတယ်။ မတော်တဆ အေအိုင်ဒီအက်စ်ပိုးက တပ်ရှုပ်ကြီးထဲ ၀င်သွားရင် ကျော်မကောင်း ကြားမကောင်းဖြစ်မယ်။ မြန်မာပြည်ကလူငယ်တွေသွေးကို သွင်းဖို့ အကြံ လက်လျော့လိုက်ကြတယ်။

နိင်ငံခြားမှာသွားပြီး သွေးသွင်းရင်ရော၊ ပြသနာက အမေရိကန်နဲ့ အနောက်နိင်ငံတွေက သူတို့  တဖွဲ့လုံးကို “ဗီဇာ” ပိတ်ထားတယ်။ ဒီကြားထဲ နယ်သာလန်နိင်ငံ “သည်ဟိတ်”မြို့က နိင်ငံတကာတရားရုံးမှာ ဒီမိုကရေစီအင်အားစုတွေက အမှုဖွင့်ပြီး တရားစွဲဖို့လုပ်နေတယ်။ အနောက်တိုင်းကို သွားဖို့ မဖြစ်နိင်။ စင်္ကာပူကလည်း စိတ်မချရ။

ဒီတော့ လူငယ်လေးလို ကျန်းမာသန်စွမ်းနေဖို့အတွက်ဆိုရင် အဖြစ်နိုင်ဆုံးတခုကို သူတို့ သွား တွေ့တယ်။ ဒါကတော့ ပေါတာကြီးကို တရုတ်ပြည်ကလာတဲ့ “နို့မှုန့်” တိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မြန်မြန် ကျန်းမာဖို့အတွက် တနေ့ကို ကလေးနို့မှုန့် မနက် တဂါလံ၊ နေ့လည် တဂါလံ၊ ညအိပ်ရာဝင်ခါနီး တဂါလံ တိုက်ဖို့ အစိုးရ၀န်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပေါတာကြီးဟာ တနေ့ကို နို့မှုန့် ဖျော်ပြီးသား သုံးဂါလံ သောက်ရတော့တယ်။ သောက်ရုံတင်မကဘူး။ ခြေဆုံးခေါင်းဆုံးလည်း လိမ်းပေးတယ်။

မောင်သောင်းက အာချောင်လိုက်တဲ့အတွက် ပေါတာကြီးဟာ သောက်လည်း သောက်၊ လိမ်းလည်းလိမ်း လုပ်လိုက်ရတယ်။

နို့မှုန့်တွေ သောက်၊ နို့မှုန့်တွေ လိမ်းထားတဲ့ ပေါတာကြီးဟာ ကလေးမသာလို ဖြစ်နေတော့တာပေါ့။ နာဂစ်မုန်တိုင်းဖြစ်တော့ ကလေးတွေကိုပေးလိုက်တဲ့ နို့မှုန့်တွေကိုလည်း ပေါတာကြီးက ငါ့ဖို့ ဆိုပြီး သိမ်းလိုက်သေးသတဲ့။ “Made in China” ဖြစ်သွားခြင်း

ပြသနာတက်ချင်တော့ တရုတ်နို့မှုန့်တွေမှာ မယ်လမင်းလို့ခေါ်တဲ့ ပလပ်စတစ်ပန်းကန်တွေကို လုပ်ရင် အဓိက သုံးရတဲ့ ဓါတုအမှုန့်တွေပါနေတယ်။ ကလေးနို့မှုန့်တွေကို မဟားဒယား သောက်ထားတဲ့ သန်းရွှေကြီးဟာ အီးအီး ပါလို့မရ၊ ရှုးရူးပေါက်လို့မရ ဖြစ်သွားတော့သတဲ့။ အီးအီးမပါနိုင်လို့ ၀က်တကောင်လို နေ့စဉ် အော်ဟစ်နေရသတဲ့။ နေပြည်တော်က ၀န်ထမ်းတွေဆိုရင် ၀က်ပေါ်နေတယ်တောင် ထင်ကြတယ်။

“တယောက်စကား၊ တယောက်နား” ဆိုသလို ပေါတာကြီး အီးအီးမပါနိင်တဲ့သတင်းက နေပြည်တော်မှာ ပျံ့နှံ့စ ပြုနေတယ်။

ဒါကြောင့် ပေါတာကြီးကို ရန်ကုန်ကိုခေါ်လာပြီး ဆေးရုံတင်ကြတယ်။ ဗိုက်ကို ဓါတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ပန်းကန်လုပ်တဲ့ မယ်လမင်း ဓါတုဗေဒ အမှုန့်တွေက အစွမ်းသတ္တိတွေပြပြီး ပန်းကန်ပြားတွေတောင် ဖြစ်နေတယ်။ ပန်းကန်ပြားမှ ၉ ချပ် တိတိ ဖင်ဝမှာ ပိတ်ဆို့နေကြောင်း တွေ့ရသတဲ့။ ဒါအပြင် ပန်းကန်တွေမှာ - “Made in China” - လို့တောင် စာတန်းရေးပြီးသား ဖြစ်နေသတဲ့။

ဆေးဓါတ်မှန်ကို ကြည့် ပြီး “Made in China” ဆိုတဲ့ ဖင်ဝကစာတန်းကို တွေ့လိုက်တော့ ပေါတာကြီးဟာ- '' ဟာ … ငါ မိတ်အင် ချိုင်းနားဖြစ်သွားပြီ '' လို့ အလန့် တကြားအော်လိုက်ရင်း မေ့လဲသွားလေတော့သတည်း။

ပေါတာကြီးကို နှာနပ် ယူရခြင်း

အမြှူပ်တစီစီဖြစ်နေတဲ့ ပေါတာကြီးကိုကြည်ရင်း၊ သူတို့အားလုံး မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေကြတယ်။ သူတို့အားလုံး ခေါင်းနားပန်းကြီးသွားကြတယ်။ တရုပ်နို့မှုန့်တွေကြောင့်လို့ ပေါတာကြီးသိသွားရင် သူတို့ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ် မဟုတ်ပါလား။ ဒါကြောင့် မေ့လဲသွားတဲ့ ပေါတာကြီးကို နှာနပ်ကြတယ်။ စိတ်သက်သာရာသက်သာကြောင်း ၀ိုင်းပြောကြသတဲ့။

မောင်သောင်းက

“တပ်ရှုပ်ကြီးရယ် စိတ်မပူပါနဲ့။ “မိတ်အင်ချိုင်းနား”ဖြစ်တာ တပ်ချုပ်ကြီး တယောက်ထဲ မဟုတ်ပါဘူး၊ အမေရိကန်အလံတောင် မိတ်အင်ချိုင်နားဖြစ်နေပါပြီ …”

ရွှေမန်းက

“ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကိုသာ ဖန်တီးခဲ့တာပါ။ တရုတ်ကမှ တကမ္ဘာလုံးကို ဘာပစ္စည်းကိုမဆို ဖန်တီးနေပါပြီ …”

လို့ အားပေးတယ်။

“အခု တို့တပ်ရှုပ်ကြီး “မိတ်အင် ချိုင်းနား” ဖြစ်နေတော့ရော ဘာအရေးစိုက်စရာလဲ။ တရုတ်-မြန်မာ ချစ်ကြည်ရေးတောင် ခိုင်မာစေတာပဲ ခင်ဗျ …”

လို့  ကြံဖန် ဂုဏ်ယူလိုက်တယ်။

ပေါတာကြီးကတော့ မပျော်နိင်ဘူးပေါ့။ သူ့ဖင်ဝက “မိတ်အင်ချိုင်းနား” စာတန်းကိုပဲ မြင်နေသတဲ့။

“ကျနော်တို့ကတော့ မိတ်အင်ချိုင်းနားဖြစ်လည်း ဘာဖြစ်လဲ … အလေးပြုနေမှာပဲ၊ ကိုးကွယ်နေမှာပဲ …” လို့  မောင်အေးက ပြောတယ်။

“ရော့ ဝီစကီလေးတခွက် မော့လိုက် …”

မောင်အေးပေးတဲ့ ၀ီစကီတခွက် မော့လိုက်တော့ ပေါတာကြီးဟာ နေသာထိုင်သာ နည်းနည်းဖြစ်လာတယ်။ အစည်းအဝေးကိုရပ်ပြီး လူစု ခွဲလိုက်တယ်။ ပေါတာကြီးလည်း စိတ်ပြေလက်ပျောက် နေပြည်တော်ဈေးကို သွားတယ်။

ဒါပေမဲ့ ဈေးထဲ သွားရင် ပေါတာကြီး မလုံမလဲ ဖြစ်နေသတဲ့။ ဘာပစ္စည်း ကိုင်လိုက် ကိုင်လိုက် မိတ်အင်ချိုင်းနား ဖြစ်နေတာကိုး။ သူဖင်ဝကို မသိမသာ စမ်းမိတယ်။ ဈေးသည်က “လာနော် … မိတ်အင်ချိုင်းနားတွေ ရမယ် …” လို့ အော်ဟစ်ရောင်းတာကိုက သူ့ကို ပုန်ကန်နေတယ်လို့ ဒေါသထွက်နေတယ်။

ပေါတာကြီးလည်း စင်္ကာပူကိုဆေးကုဖို့ နိင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပါလို့  စင်္ကပူအစိုးရကို မေတ္တာရပ်ခံတယ်။ ဒါပေမဲ့ စင်္ကာပူက ငြင်းတယ်။ စင်္ကာပူအစိုးရက လုံခြုံရေး တာဝန်မယူနိင်လို့ ငြင်းတာ မဟုတ်ဘူးတဲ့။ တကယ်က ရောဂါကိုတော့ ကုပေးလို့ ရပေမယ့်၊ မိတ်အင်ချိုင်းနား ဆိုတဲ့ စာတန်းကိုတော့ သူတို့ ဖျက်ခွင့်မရှိဘူး တဲ။့ နိင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက် အရ “Country of Origin” ကို ဖြုတ်ခွင့်မရှိလို့ပါ ဆိုပြီး အကြောင်းပြန်လို့ ဆိုပဲ။

ပေါတာကြီးလည်း အလွန် စိတ်ဓါတ် ကျဆင်းသွားတော့တယ်။
သတင်းစာရှင်းလင်းပွဲ လုပ်ကြခြင်း

အောင်သောင်းတို့ လူသိုက်လည်း ကြံရာမရ ဖြစ်နေကြတယ်။ တပ်ရှုပ်ကြီးဖင်ဝမှာ တရုတ်ပန်းကန် ၉ ချပ်ပိတ်နေတဲ့ သတင်းကို လိုက်ဖုံးပေမဲ့ ရှေ့ကဖုံး၊ နောက်ကပေါ် ဖြစ်နေတယ်။

အောင်သောင်းကတော့ ဒီသတင်းကို ပြန့်လို့ မဖြစ်ဘူး။ ဒါဟာ နိုင်ငံတော်လျို့ဝှက်ချက် ဖြစ်တယ်လို့ ဆိုတယ်။

ဒါပေမဲ့ ကျော်ဆန်းက - နေပြည်တောာ်မှာ ၀န်းထမ်းတချို့ ရိပ်မိကုန်ပြီ၊ အင်တာနက်တွေ၊ ဘလောက်တွေမှာလည်း တပ်ရှုပ်ကြီး “ချာမပီးနိုင်တဲ့ကိစ္စ”က ရေးနေကြတယ်။ ကျနော်တို့ တခုခုတော့ ဖြေရှင်းချက်ပေးရင် ကောင်းမယ်လို့  ကျော်ဆန်းက ပြောတယ်။

ဒါနဲ့ အောင်သောင်း၊ ကျော်ဆန်း၊ မြင့်ဆွေ၊ ခင်ရီတို့ ဦးဆောင်ပြီး တပ်မှူးးကြီးများ အရေးပေါ် အစည်းဝေးခေါ်ယူပြီး တပ်ရှုပ်ကြီး ချာမပီးနိုင်တာဟာ စီအိုင်အေနဲ့ ပြည်တွင်း၊ ပြည်ပက အဖျက်သမားတွေ လက်ချက်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာလုပ်တယ်။ သံတမန်တွေနဲ့ ပြည်တွင်းပြည်ပက သတင်းစာသမားတွေကို ဖိတ်လိုက်တယ်။ ကျော်ဆန်းက ဧရာမ ဇယားကွက်ကြီးတခုကိုဆွဲထားရင်း စီအိုင်အေ၊ ကွန်မြူနစ်၊ ကေအင်ယူ၊ အန်အဲလ်ဒီ၊ အေဘီအက်စ်ဒီအကဖ် ၊ လူအိုရုံ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နေ့ကလေးထိမ်းကျောင်းတွေကပါမကျန် စီအိုင်အေက ၀င်ရောက် ထိုးဖောက်ပြီး နိင်ငံတော်ကိုလုပ်ကြံရန် ကြံစည်နေကြောင်းကို ဖေါ်ထုတ်လိုက်တယ်။

သောင်းကျန်းသူတွေရဲ့ ဆက်သွယ်ပုံကို ဇယားကွက်နဲ့ အဆင့်ဆင့် မျဉ်း ဆွဲလာတယ်။ မျဉ်းကြောင်းကိုတော့ တပ်ရှုပ်ကြီးဖင်ဝမှာ အဆုံးသတ်ထားပါတယ်။

စီအိုင်အေနဲ့ ပြည်တွင်း၊ပြည်ပအဖျက်သမားတွေ ဆက်သွယ်ပုံ၊ ကွင်းဆက်တွေကို ဇယားကွက်ကြီးနဲ့ ရေးဆွဲပြသတယ်။ ကျော်ဆန်း တုတ်တချောင်းနဲ့ ဟိုထောက်၊ ဒီထောက်လုပ်၊ လျှောက်ဖြီးနေပါတော့တယ်။

ဒါပေမဲ့ အကြောင်းသိတဲ့ ပေါတာကြီးကတော့ ကရင်စကားနဲ့ ပြောရရင် လက်ကုန် စိတ်ဆိုးနေပြီ။ သူ အီးမပါနိင်ဖြစ်သွားရတာ၊ ဒီ ခွေးမသားတွေကြောင့်ကိုး။ တနေ့ တနေ့ အီးမပါနိင်တဲ့အတွက် အရမ်းကို စိတ်ဆိုးပြီး ဘယ်သူနှယ့်မှလည်း အတွေ့မခံဘူး။

ဘယ်လူထု အခမ်းအနားတွေ၊ သံတမန်တွေနဲ့၊ ကျောင်းဆင်းပွဲတွေမှာ စကားတောင် မပြောနိုင်ဘူး ဖြစ်နေသတဲ့ ။အဆိုးဆုံးကတော့ လမ်းလျှောက်လို့ မရ ၊ စကားပြောလို့ မရဖြစ်နေတယ်။ သူတို့ထဲမှာ ဉာဏ် နည်းနည်းရှိတဲ့ သိန်းစိန်ကတော့ အီးပါအောင်လုပ်ဖို့က လွယ်ကြောင်း၊ “ဂြိုလ်တု ၀မ်းနှုတ်ဆေး” သုံးထုတ်လောက် တိုက်လိုက်ပါက အီး တင်မက အသက်ပါ ထွက်နိုင်ကြောင်း အကြံပေးခဲ့ပါတယ်။

ဒါပေမဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး မောင်သောင်းက ပေါတာကြီးအတွက် စိုးရိမ်တဲ့ အမူအယာနဲ့

“ဟာ - ဂြိုလ်တုဝမ်းနှုတ်ဆေး တိုက်လို့ ဘယ်ဖြစ်မတုံး။ စီအိုင်အေ ဂြိုလ်တုဖြစ်နေရင် ဘယ်နှယ့် လုပ်မလဲဗျ …”

“တပ်ချုပ်ကြီး ဘာလုပ်တယ်၊ ဘာပြောတယ် ဆိုတာတွေ အချက်အလက်အသေးစိတ် အမေရိကန် သိကုန်မယ်။ ခင်ဗျား သိပ္ပံနဲ့ နည်းပညာအကြောင်းကို မသိရင် မပြောပါနဲ့”

လို့ ဖမ်း ဟောက်လိုက်တယ်။ သိန်းစိန်လည်း ပြောင်နေတဲ့ထိပ်ကို တချက်သပ်လိုက်ရင်း ဆက်မပြောရဲဘူး ဖြစ်သွားတယ်။

သူတို့ဟာ ထုံးစံအတိုင်းပဲ ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ တယောက်တပေါက်နဲ့ အချိန် ကုန် နေကြတယ်။ နိုင်ငံတော်လုံခြုံရေး၊ ဒါဟာ နိင်ငံတော်လုပ်ကြံမှုကြီးလို့ လျှာရိုးမြက်ပေါက် အော်နေကြသတဲ့။

နောက်ဆုံးတော့ မောင်သောင်းကပဲ -

“နည်းပညာတွေ တိုးတက်လာတာကလည်း တပိုင်းပေါ့ တပ်ချုပ်ကြီးခင်ဗျား။ ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့။ ကျနော်တို့မြန်မာ့ရိုးရာ အစဉ်အလာရှိပါတယ်။ တပ်ချုပ်ကြီးရဲ့ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ ၀မ်းပိတ်နေမှုကို ၀မ်းချုပစ်ဖို့ အကြံပေးချင်ပါတယ်။”

ပေါတာကြီးသန်းရွှေက သူ့အကြပ်တည်းကို ဖြေရှင်းပေးတဲ့ မောင်သောင်းကို လေးစားတဲ့အကြည့်နဲ့ ကြည့် နေတယ်။

“ကဲ …ကဲ ကျနော်တို့ တယောက်တလှည့်  နိုင်ငံတော်အကြီးအကဲကို ၀မ်းချုပေးကြပါစို့ '' ဆိုပြီး သူတို့အားလုံးဟာ ဧရာမ ဆပ်ပြာတောင့်ကြီးကို ယူပြီး၊ ပေါတာကြီးဖင်ဝကို ထိုးသွင်းလိုက်ကြလေကုန်သတည်း။

ပေါတာကြီးသန်းရွှေလည်း

"အောင်မလေးဗျ … ရထားဖြစ်ပါတယ် … ရထားဖြစ်ပါတယ် …”

လို့ အော်ဟစ် ငိုကြွေးးနေပုံက ၀က်ပေါ်သလို နေပြည်တော်တခုလုံး ကြားနေရတော့တယ်။

(မှတ်ချက် - “ရထားဖြစ်ပါတယ်” ဆိုတာ။ “ရပါတယ်၊ အဆင်ပြေပါတယ်” ဆိုလိုရင်း။ မြန်မာတပ်မတော် စစ်သုံး စကား။)

( ၁၉၊ ၁၀၊ ၂၀၀၈)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း

သမိုင်းမတင်မီခေတ်

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။

၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။

ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။

(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )

ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။

သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်

သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။

မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။

မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)

သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။

မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။

သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။

မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့် “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။

သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။

သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။

“A nation is a historically evolved stable Community of Language, Territory, Economic life and Psychological make up manifesto in a Community of culture.”

“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။

ပဒေသရာဇ်ခေတ် မွန်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အခြေအနေ

မွန်တို့၏ အမျိုးသားစာပေ၊ ယဉ်ကျေးမှုကို လေ့လာလျှင် စာပေစတင်ပေါ်ပေါက်သောပဒေသရာဇ်ခေတ်မှ စတင်ရပါမည်။ ထိုခေတ် မွန်အမျိုးသားတို့ ခေါင်းဆောင်မှာ မွန်ပဒေသရာဇ်များ ဖြစ်ကြသည်။ မွန်အမျိုးသားတို့၏ဘဝရပ်တည်ရေးနှင့် ဂုဏ်ရှိန် အနိမ့်အမြင့်သည် မွန်အမျိုးသားတို့၏အာဏာကို စိုးပိုင်ထားသော မွန်ပဒေသရာဇ်တို့၏အပေါ်တွင်သာတည်သည်။ ယခုခေတ်သုံးစကားနှင့်ဆိုလျှင် မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများသည် မွန်ပဒေသရာဇ် လက်ဝယ် တည်မှီနေသည်။

လူမျိုးတမျိုးသည် မိမိတို့၏အမျိုး၊ စာပေ၊ စကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပြုစုပျိုးထောင်ထိန်းသိမ်း ရန်မှာ ၎င်းလူမျိုး တို့၏အမျိုးသားလုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် နိုင်ငံရေးအာဏာပေါ်တွင် တည်နေသည်။ ပဒေသရာဇ်ခေတ်တွင် မွန်ပဒေ သရာဇ်များအာဏာရှိမှု၊ မရှိမှုပေါ်တွင် တည်နေသည်ကို တွေ့ရသည်။

အေဒီ ၁၀၄၇ မွန်ဘုရင် မနူဟာမင်းလက်ထက်တွင် မြန်မာဘုရင် အနော်ရထာမင်းလက်ထက် မနူဟာဘုရင် အား သုဝဏ္ဏဘူမိမှ ဖမ်းဆီး၍ ပုဂံသို့ ယူဆောင်အကျဉ်းချထားသည်။ ၎င်းနှင့်အတူ မွန်ရဟန်းတော်များ၊ မွန်ဗိသုကာများ၊ မွန်စာပေပုရပိုဒ်များကို ယူဆောင်သွားသည်။ ကျေးကျွန်အဖြစ် မွန်အမျိုးသားများစွာ တို့ကိုလည်း ဖမ်းဆီးသွားသည်။ အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို ပင့်ဆောင်သွားသည်။ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ (သထုံ)သည် မြန်မာ ဘုရင်လက်အောက်သို့ ကျရောက်သွားသည်။ မွန်ပဒေသရာဇ် နိုင်ငံသည် မြန်မာပဒေသရာဇ်နိုင်ငံနှင့် ပူးပေါင်းလိုက်သဖြင့် မွန်ပဒေသရာဇ် နိုင်ငံ ကွယ်ပျောက်သွားသည်။ မွန်ပဒေသရာဇ် မရှိသည့်နောက် မွန်စာပေ၊ ယဉ်ကျေးမှု အရှိန်မှေးမှိန်လာသည်။ သို့သော် မွန်စာပေသည် မြန်မာစာပေ တိုးချဲ့ရေးအတွက် နေရာရခဲ့သည်။ မြန်မာစာပေအရေးအသားကိုလည်း မွန်စာ ပေအရေးသားမှ အတုယူပြီး ပြုစုပျိုးထောင်ခဲ့သည်။ မွန်စာပေဖြင့် ရေးသားထားသော ဗုဒ္ဓစာပေကိုလည်း မွန်တို့ထံမှတဆင့် ကူးယူပြန်ဆိုသည့် ပုဂံတွင် ရှိသော မဟာယန အယူဝါဒမှ ထေရဝါဒသို့ ပြောင်းလဲလာသည်။ အုတ်ဖြင့် တည်ဆောက်ခဲ့သော သာသနိက အဆောက်အဦး များကိုလည်း မွန်ဗိသုကာများက ဆောက်လုပ်ပေးရသည်မှာ ယခုထက်တိုင်ရှိသောပုဂံရှေးဟောင်း ဘုရားများက သက်သေထူလျှက် ရှိသည်။

အေဒီ - ၁၂၈၇ ခုနှစ်တွင် မွန်ဘုရင်ဝါရီရူ အောက်မြန်မာနိုင်ငံရှိ မွန်အမျိုးသားတို့ကို စုစည်းပြီး မုတ္တမတွင် မွန်ပဒေသရာဇ် နိုင်ငံကို တည်ထောင်ပြန်သည်။ မွန်တို့သည် နှစ်ပေါင်း ၂၄၀ မျှ မွန်အမျိုးသားခေါင်းဆောင် မွန်ပဒေသရာဇ် မဲ့ရာမှ ခေါင်း ဆောင်သစ် ဝါရီရူကို ရရှိခဲ့သည်။ ဝါရီရူမင်းဆက် ဆင်ဖြူရှင် ဗညားဦးလက်ထက်၊ အေဒီ - ၁၃၇၀ တွင် (သမလ၊ ဝိမလ ညီနောင်တို့၏ အေဒီ - ၅၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အေဒီ - ၁၀၄၃ - ခုနှစ်လောက်တွင် အနော်ရထာဘုရင်အောက် ရောက်သွားသော) ဟံသာဝတီ (ပဲခူး) မွန်နေပြည်တော်ကို ပြန်လည်တည်ထောင်ပြီး မင်းနေပြည်တော်အဖြစ် စိုးစံသည်။ ထိုအချိန်တွင် မွန်စာပေအရေးအသားများ ဖြစ်သော၊ ကဗျာ၊ လကာင်္၊ ဝတ္ထု အရေးအသားများသည် ဗုဒ္ဓစာပေနှင့်မှီး၍ ပေါ် ပေါက်လာသည်၊ သို့သော် ဆင်ဖြူရှင် ဗညားဦး လွန်လျှင် သားတော် ရာဇာဓိရာဇ် (အေဒီ - ၁၃၈၅ -၁၄၂၃) သည် ဟံသာဝ
တီ (ပဲခူး)တွင် ထီးနန်းစိုက်ပြီး မွန်ပဒေသရာဇ် နိုင်ငံတော်ကို ဦးဆောင်ခဲ့သည်။ ရာဇာဓိရာဇ်သည် လက်ရုံးရည်၊ နှလုံးရည်ရှိ သော မွန်အမျိုးသား ပဒေသရာဇ် သူရဲကောင်း ဖြစ်သည်။ အစဉ်လှုပ်ရှားတိုက်ခိုက်မှု၊ မြန်မာပဒေသရာဇ်များနှင့်အစဉ်လက်ရုံး ရည်ပြိုင်ခဲ့သည့်အတွက် မြန်မာဘုရင်များနှင့် နှစ်ပေါင်း ၄၀ နီးပါး (၁၃၈၆ - ၁၄၂၅) ပြည်သူ့တို့အကျိုးစီးပွားမပါသော စစ်ပွဲ များကို ခင်းကျင်းခဲ့သည်။ စစ်ကြောင့် လယ်ယာစီးပွားရေး၊ စာပေများ မတိုးတက်ဘဲ ဆုတ်ယုတ်သွားသည်။ မွန်ပဒေသရာဇ် အောက်ရှိ ပြည်သူများမှာလည်း စစ်တိုက်နေရ၍ ပင်ပန်းနေကြသည်။ အနှစ် - ၄၀ မျှ၊ စာပေ၊ ယဉ်ကျေးမူကို ပြန်လည်ပြုစု
တိုးချဲ့ရန် အချိန်မရ ဖြစ်ခဲ့ရသည်။

အနှစ် - ၄၀ စစ်ပွဲကြီးပြီးနောက် မွန်ပဒေသရာဇ်နိုင်ငံတော်သည် နိုင်ငံရေး၊ စီးပွားရေးအရ ကြပ်တည်းနေသည်။ မြန်မာပဒေ သရာဇ်များနှင့် စစ်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ရာဇာဓိရာဇ်ကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာလက်ထက်တွင် ညီတော်များနှင့် မသင့်မတင့်၍ အင်းဝမှ ဆင်ဖြူရှင် သီဟသူရမင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုအခါ ဒဂုန်မင်း ဗညားရံက နှမတော် ရှင်စောပု(ရာဇာဓိရာဇ်၏သမီး)ကို ဆက်၍ စစ်ငြိမ်းစေသည်။ (ပေမူများတွင်မူ ဒဂုန်တိုက်စဉ် ရှင်စောပုကို ဖမ်းမိပြီး အင်းဝသို့သီဟသူရ ပြန်သည်ဟု ဆိုသည်။ စကားချပ်)ဟံသာဝတီတွင် ရာဇာဓိရာဇ်မရှိသည့်နောက် ထီးမွေနန်းမွေး ကိစ္စများ ရှုပ်ထွေးလာသည်၊ သို့သော် မွန်ပဒေသရာဇ်နိုင်ငံနှင့် မြန်မာပဒေသရာဇ် စစ်ပွဲမဖြစ်သည်မှာ ဗညားဓမ္မရာဇာ
(၁၄၂၃ - ၁၄၂၆)၊ ဗညားရံ (၁၄၂၆ - ၁၄၄၆)၊ ဗညာဖရူး (၁၄၄၆ - ၁၄၅၀)၊ ၁၄၅၀- ခုနှစ်တွင် ဗညားဖရူး အနိစ္စရောက်ပြီး အင်းဝဘုရင် နရပတိထံသို့ သွားရောက်ခိုလှုံနေသော ဟံသာဝတီ ဗညားဓမ္မရာဇာ၏ သားတော် ဗညားကျန်းအား နရပတိက ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲ လေးသောင်းနှင့် ကြပ်မတ် နန်းတင်သည်။ ဟံသာဝတီ (ပဲခူး)ကို ဆက်လက်စိုးစံသော လိတ်မွတ်ထောမင်း (အေဒီ - ၁၄၅၃)၊ ဘုရင်မ ရှင်စောပု (၁၄၅၃ - ၁၄၇၂)၊ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) တို့လက်ထက်တွင် ငြိမ်းချမ်းသာယာမှု ရှိသည်။ သို့သော် အနှစ် - ၄၀ စစ်ပွဲကြောင့် ယိုယွင်းနေသော မွန်နိုင်ငံတော်ကို အဖက်ဖက်မှ ပြန်လည်ပြုစုပျိုးထောင်ရ မည့်အစား ထေရဗုဒ္ဓဘာသာ ကိုင်းရိုင်းသော မင်းဆက်များဖြစ်၍ သာသနာရေးကိစ္စများကို အလေး ပေးဆောင်ရွက်ကြသည်။ အထူးသဖြင့် မြတ်စွာဘုရားသည် ရာဇယတနလင်းလွန်းပင်ရင်း ၄၃ ရက်ပတ်လုံး သမာပတ်ဝင်စား၍ နေတော်မူပြီး ရှစ်ရက်မြောက်သောနေ့၌ ရာမညတိုင်းမှ မွန်ကုန်သည်ညီနောင် တဖုဿ - ဘလ္လိကတို့ကကြွက်ကျစ်မုံ့၊ ပျားမုံ့တို့ကို ကပ်လှူ၏။ မြတ်စွာဘုရားရှင်ကလည်း ဆံတော်မြတ်များအား ပေးအပ်သဖြင့် ရာမညတိုင်းသို့ ယူလာသည်။ ရာမညတိုင်းသို့ ရောက်သောအခါ မွန်ဘုရင် ဥက္ကလာပက သိဂုင်္တ္တရကုန်းတော်၌ စေတီတည်ထားကိုးကွယ်သည်။ ထိုဘုရား သည် ပျက်စီးယိုယွင်းနေခြင်းကို ပြန်လည်ပြုပြင်သောလုပ်ငန်းကို လူအင်အား၊ ပစ္စည်းအင်အားတို့ဖြင့် ဆောင်ရွက်သည်။ မွန်ဘုရင် ဗညာကျန်းထော (၁၄၅၀ - ၁၄၅၃) လက်ထက်၌တွင် ဥာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။

ဤသို့ ကောင်းမူကုသိုလ်ပြုလုပ်နေရသဖြင့် မွန်အမျိုးသားတို့၏ စည်းရုံးရေး၊ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ရန် ပျက်ကွက်ခဲ့သည်။ ဓမ္မစေတီမင်း (၁၄၇၂ - ၁၄၉၂) ကို သားတော် ဗညားရံ (၁၄၉၂ - ၁၅၂၆) က လုပ်ကြံ၍ ထီးနန်းသိမ်းယူသည်။ ယင်းလက်ထက်တွင် အင်းဝ ဒုတိယမင်းခေါင်၏သစ္စာခံ တောင်ငူစား မင်းကြီးညိုသည် ဟံသာဝတီ ကျေးစပ်နယ်ပယ်ကို လာရောက်ထိပါးသည်။ ဗညားရံ လွန်ပြီး တကာရွတ်ပိမင်း (၁၅၂၆ - ၁၅၃၉) လက်ထက်တွင် အင်အား ချိနဲ့သော နန်းတွင်းအရေးတော်ပုံကြောင့် စည်းလုံးမှု ပြိုကွဲနေသော ဟံသာဝတီ (ပဲခူး) ကို အင်အားကြီးမားလာသော တောင်ငူ တပင်ရွှေထီးက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မွန်အမျိုးသားများသည် မြန်မာဘုရင်များ၏အအုပ်အချုပ်ခံဘဝသို့ တကာရွတ်ပိမင်းလက်ထက် (၁၅၃၉)မှစ၍ ကျရောက် သွားသည်။ ထိုသို့ ကျရောက်သွားသဖြင့် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုမှာလည်း မှေးမှိန်သွားရသည်။ ထို့ကြောင့် မွန်အမျိုးသားများသည် မိမိနိုင်ငံ ခေါင်းဆောင်ဖြစ်သော ပဒေသရာဇ်များ ခေါင်းဆောင်မှု အောက်တွင် ပြန်လည်တော်လှန်ကြသည်။ တပင်ရွှေထီး (၁၅၃၉ - ၁၅၅၀) လက်ထက်တွင် မွန်တို့သည် ဒလ၊ ဒဂုန်၊ သံလျှင် စသောဒေသများတွင် လူစုပြီး ပုန်ကန်ကြသည်။ ထိုသို့ ပုန်ကန်နေစဉ်အတွင်း သမိန်စောတွတ်က တပင်ရွှေထီးအား လုပ်ကြံ
ပြီး ဟံသာဝတီတွင် နန်းစံသည်။ သို့သော် အမတ်တို့က ဆန့်ကျင်ပြီး နန်းချကာ သမိန်ထောရာမကို နန်းတင်ပြန်သည်။ ဘုရင့်နောင်သည် သမိန်ထောရာမကို ၁၅၅၁ နှစ်တွင် တိုက်ခိုက်ပြီး ဟံသာဝတီ(ပဲခူး) နေပြည်တော်ကို ပြန်လည်၍ မြန်မာ ပဒေသရာဇ် မြို့တော်အဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။

ထိုသို့ နှစ်ပေါင်း ၂၀၀ ကျော်မျှ မွန်အမျိုးသားများ ခေါင်းဆောင်မဲ့ရာမှ ၁၇၄၇ - ခုနှစ်တွင် ဗညားဒလ ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူသည်။ ဗညားဒလအရင် သမိန်ထောက မွန်တို့အား ခေါင်းဆောင်ခဲ့သော်လည်း သမိန်ထောက ခေါင်းဆောင်မှု မပေးတော့သဖြင့် ဗညားဒလကို နန်းတင်သည်။

(မွန်တို့သည် အင်းဝ၏သြဇာကို မနာခံတော့ဘဲ သီးခြားနိုင်ငံ ထူထောင်ကြသည်။ ထိုသို့ ထူထောင်ပြီးနောက် အုပ်ချုပ်မည့် မင်းကို ရွေးချယ်ရာ အင်းဝအနွယ်တစ်ဦးအား ရွေးချယ်ကြသည်၊ ထိုမင်းသည် တိုင်းရေးပြည်ရေး ကို ကောင်းစွာ ဂရုမစိုက်သဖြင့် ၎င်း၏ယောက်ဖဖြစ်သူ ဗညားဒလအား နန်းတင်သည်။)
(ဗိုလ်မှူးဘရှင် ရေး၊ မြန်မာနိုင်ငံသမိုင်း၊ စာ-၂၁၂)

ဗညားဒလသည် ၁၇၅၂ - ခုနှစ်တွင် အင်းဝကို သိမ်းယူပြီး မြန်မာပဒေသရာဇ် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ် ဆောင်ခဲ့သည်။ မွန်စစ်သူကြီး တလဗန်းကို အင်းဝတွင် တပ်စွဲစေခဲ့သည်၊ မြန်မာပဒေသရာဇ်ခေါင်းဆောင် ဦးအောင်ဇေယျသည် လူသူစုပြီး အင်းဝကို ပြန်လည်၍ တလဗန်းလက်မှ တိုက်ယူ၍ အောက်ပြည်သို့ စုန်ဆင်းကာ ၁၇၅၇ - ခုနှစ်တွင် ဟံသာဝတီ(ပဲခူး)ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် မွန်ပဒေသရာဇ်ခေတ်သည် နောက်ဆုံး နိဂုံးချုပ်ခဲ့ရသည်။ သို့သော် မွန်အမျိုး သားတို့သည် ပုန်ကန်မှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်၊ အကြီးဆုံးသော ပုန်ကန်မှုမှာ သံလျှင်မြို့စား သမိန်မရူးဘွဲ့ခံ မောင်စပ်၏ ပုန်ကန်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ပုန်ကန်မှုမအောင်မြင်၍ အင်္ဂလိပ်ပိုင် မော်လမြိုင်တွင် သွားရောက်၍ အင်္ဂလိပ်ထံတွင် ခိုလူံသည်။

အေဒီ - ၁၇၅၇ တွင်ဖြစ်ပွားသော မွန်နှင့်မြန်မာ ပဒေသရာဇ်တိုက်ပွဲသည် ယခင်ကဲ့သို့ ပဒေသရာဇ်တန်ခိုး အာဏာစွမ်းရည် ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ ဆောင်လာသည်။ မွန်စာပေများသည်လည်း ဖျက်ဆီးခြင်း ခံရသည်၊ စစ်ရှုံးမွန်တို့သည် ယိုးဒယားပြည်သို့ အများအပြား ပြေးဝင်ခိုလှုံကြသည်။ မွန်တို့ဌာနီ ရာမညဒေသတွင်လည်း လူသူမဲ့သောဒေသ ဖြစ်လာသည်။ လယ်ယာ ထွန်ယက်သူမရှိ၍ လယ်ကောလယ်ရိုင်းများ ဖြစ်လာသည်။ ဗြိတိသျှ နယ်ချဲ့ သမားသည် ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအပြီးတွင် တနင်္သာရီတိုင်းနှင့် ရခိုင်တိုင်းကို ၁၈၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ ရရှိသည့်အရင်းရှင်အုပ်ချုပ်မှုသည် ပဒေသရာဇ်အုပ်ချုပ်မှုထက် ပျော့ပျောင်း သဖြင့် ယိုးဒယားသို့ ပြေးဝင်သွားသောမွန်တချို့ ပြန်လာပြီး ဟံသာဝတီ(ပဲခူး)တွင် စတင် နေထိုင်လုပ်ကိုင် စားသောက်ကြသည်။ ယိုးဒယား (ထိုင်းလင်း)တွင် မွန်အများစုကို မဲခေါင်မြစ်ဝကျွန်းပေါ်၊ ဘန်ကောက်မြို့တော် တဝိုက်တွင် ယခုထက်တိုင် တွေ့ရှိ နိုင်သည်။

ပဒေသရာဇ်ခေတ် အမျိုးသားစည်းလုံးညီညွတ်ရေး

မြန်မာနိုင်ငံသမိုင်းကို ပြုစုသူများသည် အများအားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးကို ပဒေသရာဇ်ခေတ်တွင် ၃ ကြိမ် ရရှိခဲ့သည်ဟု ယေဘူယျအားဖြင့် ရေးသားကြသည်၊

၎င်းတို့မှာ (၁) အနော်ရထာမင်းစော ၊ (၂) တပင်ရွှေထီး - ဘုရင့်နောင်နှင့် (၃) အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်များတွင် ဖြစ်သည်ဟု ဆိုကြသည်၊ သို့သော် နိုင်ငံရေးပါရဂူ အဆိုအရမူ - "တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက်ခံရသောအမျိုးသာ၏၊ အမျိုးသားကိုယ်ပိုင်ပြဌာန်း ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်သိမ်းပြီး၊ ၎င်းနိုင်ငံတော် နယ်နိမိတ်ကို စစ်နိုင်ငံသော အမျိုးသားနိုင်ငံတော်နှင့် ပူးပေါင်းခြင်း ဖြစ်သည်။" အဆိုပါသဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ်ခေတ်တွင် မြန်မာပဒေသရာဇ်သည် မြန်မာနိုင်ငံ စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည်၊ မြန်မာနိုင်ငံ ပဒေခေတ်သရာဇ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာပြီး၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်ရန် အင်အားချိနဲ့သဖြင့်၊ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရသည်။ နယ်ချဲ့သမားအောက် ရောက်ရှိသူတို့က သာဓကပြလျှက် ရှိသည်။ အေဒီ - ၁၀၄၇ - ခုနှစ် အနော်ရထာမင်းလက်ထက်တွင် မွန်ပဒေရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်က တိုက်ခိုက်၍ နယ်နိမိတ်ချင်း ပူးပေါင်းခဲ့သည်။ ယင်းကာလတွင် မွန်စာဖြင့် ရေးသား ထားသော ထေရဝါဒဗုဒ္ဓဘာသာ ကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မွန်စာပေကို အသုံးပြုရသည်။ မွန်စာပေအရေးသားကို ဖိနှိပ်ချုပ်ချယ်မှုမရှိခဲ့ နိုင်ငံရေးသဘောဆိုလျှင် ယဉ်ကျေးမှု ပြဌာန်းခွင့်ရသည် ဆိုရပေမည်၊ သို့သော် နိုင်ငံရေး အုပ်ချုပ်ရေးကို ပြုလုပ်ခွင့် မရဖြင့်၎င်း၊ မွန်အမျိုးသားတို့၏ ခေါင်းဆောင် မွန်ပဒေသရာဇ် မရှိသည့်အတွက်၎င်း၊ မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ ပဏ္ဏာဆက်နိုင်ငံသား သို့မဟုတ် ကျေးကျွန်အဖြစ် တည်ရှိခဲ့သည်။ အေဒီ - ၁၅၃၉ - လက်ထက်တွင် တပင်ရွှေထီးက မွန်ပဒေသရာဇ်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ မွန်ပဒေသရာဇ်နိုင်ငံ (အောက်မြန်မာနိုင်ငံ) နှင့် မြန်မာပဒေသရာဇ်နိုင်ငံကို မွန်တို့ဆန္ဒမတူညီဘဲ စုစည်းခဲ့သည်၊ တပင်ရွှေထီး လွန်ပြီး ဘုရင့်နောင်သည် ဟံသာဝတီ (ပဲခူး) တွင် ထီးနန်းစိုက်ထူပြီး စုစည်းသည်။ ၎င်းခေတ်တွင် မွန်များအား မွန်ဒေသတွင် မြို့စား၊ ရွာစား ခန့်ထားခြင်း၊ စစ်မှုထမ်းစေခြင်း၊ မှူးမတ်အဖြစ် ခန့်ထားခြင်း၊ မွန်စာပေ ယဉ်ကျေးမှုတွင် မွန်တို့ဆန္ဒအရ ပြုလုပ်ခွင့်ပေးခြင်း စသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy ) ကို ပေးခဲ့သည်ဟု မှတ်တမ်းတင်ရမည် ဖြစ်သည်၊ သို့သော် မွန်အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် (Right of National Self-Determination) ကို မပေးခဲ့သဖြင့် မွန်အမျိုးသားများသည် မြန်မာပဒေသရာဇ်၏ လက်အောက်ခံလူမျိုး ဖြစ်ပြီး မြန်မာပဒေသရာဇ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး စီမံချက်များကို မွန်တို့လက်ခံ ဆောင်ရွက်ရန်သာ ရှိသည်၊ ယင်းကိစ္စနှင့်ပက်သက်၍ မွန်တို့မှာ ဘာမှလုပ်ဆောင်ချက်မရှိ ဖြစ်သည်။ အေဒီ-၁၇၅၇-ခုနှစ်တွင် အလောင်းဘုရားသည် မွန်ပဒေသရာဇ်နိုင်ငံကို တိုက်ခိုက်ပြီး မွန်တို့ဆန္ဒမပါဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံကို မြန်မာပဒေသရာဇ်နိုင်ငံနှင့်စုစည်းပြီး အမျိုးသားစည်းရုံးရေးကို တည်ဆောက်သည်ဟု မြန်မာပဒေသရာဇ် အလောင်းဘုရားက ဆိုသည်၊ သမိုင်းအရဆိုလျှင်အလောင်းဘုရားသည် လူမျိုးရေးအရ ဖိနှိပ်မှုများကို ယခင်ပဒေသရာဇ်များထက် ပြင်းထန်သည်ကို တွေ့ရသည်။

ယခင်ပုဂံခေတ် မြန်မာပဒေသရာဇ်များ တောင်ငူခေတ် တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက်တွင် မွန်တို့အား ပေးထားသော ယဉ်ကျေးမှု ကိုယ်ပိုင်ပြဌာန်းခွင့် (Culture autonomy) ကိုပင် မပေးတော့ဘဲ၊ မွန်ပဒေသရာဇ်နိုင်ငံသည် မြန်မာပဒေသရာဇ် နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ လုံးလုံးလျားလျားအဖြစ် ရောက်သွားသည်၊ ထိုသို့သော ဖိနှိပ်မှုကြောင့် မြန်မာပြည်တွင် အဓိကတိုင်းရင်းသားများဖြစ်သော မွန်နှင့်မြန်မာသည် စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ရှိသည် ဆိုသည်ဟု သမိုင်းသုတေသီတို့ ထင်သလို မဟုတ်ဘဲ၊ စိတ်ဝမ်းကွဲပြားလာခဲ့သည်၊ ၎င်းကို အချက်ယူပြီး နယ်ချဲ့သမား ဗြိသိသျှသည် မြန်မာပြည်ကို သိမ်းပိုက်နိုင်သည့် သာဓကမှာ အမည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။

စည်းလုံးညီညွတ်မှုခြင်း၏ အကျိုးကျေးဇူး

ပဒေသရာဇ်ခေတ်တွင်ပင် သမိုင်းအကြောင်းအရ ပြန်လည်လေ့လာလျှင် မွန်နှင့်မြန်မာတို့သည်၊ တဦးနှင့်တဦး အကျိုးကျေးဇူး တူညီ၍၊ တူညီသောသဘော မျှော်လင့်ချက်အရ ရှိလျှင် ပူးတွဲဆောင်ရွက်ကြသည်၊ ၎င်းနှင့်ပတ်သက်၍ -
“ရှေ့တွင် တောက်ပမျှော်လင့်ချက်ရှိလျှင် လူမျိုးကွဲပြားခြင်း စိတ်မရှိဘဲ၊ အတူပူးပေါင်းတိုက်ပွဲဝင်ကြသည်၊ သို့သော် တဦးအပေါ်တဦး သံသယ ဝင်လာလျှင်၊ မိမိတို့၏ အမျိုးသားဆီသို့ ပြန်သွားကြသည်။

အထက်ပါသဘောတရား မှန်ကန်ကြောင်းကို အောက်ပါသမိုင်းကြောင်းက အထောက်အကူပြုနေကြောင်း တွေ့ရသည်၊ ၎င်းမှာ- မွန်တို့ဌာနီ ဥဿာ(ပဲခူး) ကို ရှမ်းစစ်သည်တို့ ဝင်ရောက်နှောက်ယှက်သောအခါ၊ ဘုရင်အနော်ရထာသည် မွန်ဘုရင် မနူဟာထံ ကျန်စစ်သား၊ ညောင်းဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူး စသော မြန်မာသူရဲကောင်းများနှင့် စစ်သည်များ ပေးပို့ကူညီခဲ့သည်၊ အကယ်၍ ရှမ်းစစ်သည်များ သုဝဏ္ဏဘူမိကို အောင်နိုင်လျှင်၊ အထက်မြန်မာပြည်ရှိ ပဒေသရာဇ်နိုင်ငံလည်း အတိုက်အခိုက်ခံရမည် ဖြစ်သောကြောင့် အကျိုးတူဆောင်ရွက်ရခြင်း ဖြစ်သည်။

မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင်၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်းထိုးသတ် အနိုင်ယူခဲ့သည်၊ ဂါမဏိ ကျ၍ တရားစစ်သည်တို့ ဆုတ်ခွာသွားသဖြင့် မြန်မာပဒေသရာဇ်နိုင်ငံသည် တရုတ်များ၏ ကျူးကျော်ခြင်း ဘေးမှ လွတ်ကင်းခဲ့သည်။

ဟံသာဝတီ၊ ဓမ္မစေတီမင်း (၁၄၇၈-၉၂) လက်ထက်၊ လက်ဖျံတလုံးတည်းဖြစ်သော မွန်သူရဲကောင်း မင်းညီတုံးသည် (၁၄၇၈) ခုတွင် ဟံသာဝတီမှ တရုတ်ပြည်ကျေးစပ်ဖြစ်သော ခန္တီးမြို့တိုင်အောင် ချီတက်သွားရောက်၍ မြေခြား မှတ်တိုင်စိုက်သည်၊ အပြန်တွင် အင်းဝမင်း မဟာသီဟသူရ၏ သားတော်များ ဦးစီးသောတပ်တို့က ဖမ်းမိသည်၊ ထိုအချိန်ကာလတွင် တရုတ်တပ်များ အင်းဝသို့ ကျူးကျော်လွန်လာပြီး စစ်ပြိုင်စီးချင်းထိုးရန် မဟာသီဟသူရထံ တောင်းဆိုသောအခါ ဖမ်းဆီးထားသော မွန်သူရဲကောင်း မင်းညီတုံးအား ယခင်ဘုရင်မင်းခေါင်းလက်ထက်၊ သမိန်ဗရမ်းအား တိုက်ခိုက်စေခဲ့၏၊ တရုတ်တို့ဘက်မှ စလုံကျော်ခေါင် ကျ၍ ခေါင်းဖြတ်ပြီး အနိုင်ယူခဲ့၏၊ စလုံကျော်ခေါင် ကျ၍ တရုတ်စစ်သည်များ ဆုတ်ခွာသွားကြ၏။

တပင်ရွှေထီးလက်ထက်တွင် မုတ္တမစား မွန်ပဒေသရာဇ်ကို တိုက်ခိုက်ရာ စောဗညားသည် ပေါ်တူဂီ ကြေးစား ပါအူလိုဆေအီဆက် (ခ) ခေါင်းဆောင်သော တပ်သားတရာကျော်နှင့် သင်္ဘောခုနှစ်စင်းအားကိုးဖြင့် ခုခံ၏၊ တပင်ရွှေထီး၏ လက်အောက်တွင်လည်း ဂျိုနိုဝါကာယေရိုးခေါ် ပေါ်တူဂီအကြီးအကဲနှင့် တပ်သားခုနှစ်ရာကျော် အမှုထမ်းနေကြသည်။

မုတ္တမစား စောဗညားသည် တပင်ရွှေထီးအား တိုက်ခိုက်ရာတွင် တပင်ရွှေထီးထံ ရှိသော ဂျိုနိုဝါကာယေးရိုးအား ဆွဲဆောင်ရန် စာတစ်စောင် ပေးပို့သည်ကို တပင်ရွှေထီးနှင့် တပင်ရွှေထီးထံ အမှုထမ်းနေသော မိဖရူးတို့ ကြားသိသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့စား၊ မွန်မြို့စား ဗညားဦးကလည်း ကုလားပန်းသေးတို့ စကားကို နာနေသည်” ဟု တပင်ရွှေထီးအား အကြောင်းကြားသည်၊ စောဗညား၏ အကူအညီ တောင်းသည်ကိုလည်း မွန်မြို့စားချင်းဖြစ်သော်လည်း မပေးဘဲ နေသည်၊ ပေါ်တူဂီတို့ သစ္စာကို ခံလိုသော စောဗညားကို မွန်စစ်ခေါင်းဆောင် သမိန်ဖရူးက တိုက်ခိုက်နှိမ်နှင်းခဲ့သည်။

အထက်ပါ သမိုင်းကြောင်းများ တချို့သည် မွန်သဒေသရာဇ်နိုင်ငံသည်၎င်း၊ မြန်မာပဒေသရာဇ်နိုင်ငံ သည်ကို၎င်း၊ ပြည်ပကျူးကျော်သူများက လာရောက်တိုက်ခိုက်ပါက နှစ်ဦးနှစ်ဝ အကျိုးအတွက် ပူးတွဲ ကာကွယ်ခြင်း ပြုခဲ့သည်၊ မိမိတို့အမျိုးသားပင်ဖြစ်စေ၊ မိမိတို့၏ပဒေသရာဇ်နိုင်ငံ တည်ဆောက်ရေးထက် ပြည်ပနယ်ချဲ့သမားများကို အဓိက ရန်သူသတ်မှတ်၍ တိုက်ခိုက်တွန်းလှန်သည်ကို မြန်မာရာဇာဝင်သမိုင်းတွင် ပုဂံခေတ်၊ တောင်ငူခေတ်တွင် တွေ့ရသည်၊ ၎င်းကာလတွင် ဖြစ်ပွားသော ပဒေသရာဇ်အချင်းချင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသားများ တဦးနှင့်တဦး ဖိနှိပ်မှု သဏ္ဍာန်မှာ နည်းနေ၍ ဖြစ်သည်၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသော်လည်း ပဏ္ဏာဆက်နိုင်ငံအဖြစ် ထားသည်၊ စာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တည်း ဟူသော (Culture Rights) ယဉ်ကျေးမှု လုပ်ဆောင်ခွင့်များကို ပေးခဲ့သည်။

ကုန်ဘောင်ခေတ် ပဒေသရာဇ်စစ်ပွဲများတွင်၊ ယခင်ပုဂံခေတ်၊ တောင်ငူခေတ်ကဲ့သို့ မဟုတ်တော့ဘဲ၊ အမျိုးသားဖိနှိပ်ရေးအသွင်သို့ ပြောင်းလဲလာသဖြင့် မွန်တို့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ အကျိုးစီးပွားထက်၊ မိမိအမျိုးသားစီးပွားရေးကိုသာ အာရုံစိုက်ဆောင်ရွက်နေသောဆန္ဒ ရှိလာသည်၊ ဤကဲ့သို့ ကွဲပြားလာမှုကို ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနှင့်မွန်တို့အား မြှောက်ထိုးပင့်ကော် လက်နက်ခဲယမ်းမီးကျောက် ရောင်းချစီးပွားရှာရန် တိုက်ပေးခဲ့သည်၊ ၎င်းမသင့်မတင့်အပေါ် အခါအခွင့် ယူ၍ မြန်မာပြည်ကို စစ် ၃ ကြိမ်ပြု သိမ်းပိုက်ခဲ့သည်၊ ၎င်းစစ်ပွဲများတွင် မွန်တို့သည် ယခင်ကဲ့သို့ ဗြိတိသျှနယ်ချဲ့သမားများကို မြန်မာတို့နှင့် ပူးတွဲတိုက်ခိုက်ခြင်းများ အလွန်နည်းပါးခဲ့သည်၊ ထိုကြောင့် ဗြိတိသျှနယ်ချဲ့ သမားများသည် မြန်မာပြည်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်၊။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ ဘဝရောက်သွားသောအခါ၊ မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံး နယ်ချဲ့ ဗြိတိသျှကျွန်ဖြစ်လာကြသောအခါ မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုများကို မိမိတို့ သဘောကျ မလုပ်နိုင်တော့သဖြင့် မိမိတို့ဆုံးရှုံးသွားသော လွတ်လပ်ခွင့်ကို ပြန်လိုကြသည်၊ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တဦးနှင့်တဦး ပူးပေါင်း၍ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို ဝင်ခဲ့ကြသည်။

ဤသို့ ရှေ့တွင် လွတ်လပ်ရေး ဟူသော တောက်ပကြည်လင်သော မျှော်လင့်ချက်ကြောင့် မွန်အမျိုးသား တို့သည် မိမိတို့၏ အမျိုးသားတံခွန်ကို မလွှင့်ထူတော့ဘဲ ကျရာတာဝန်ကို ယူ၍ တိုက်ပွဲဝင်ခဲ့ကြသည်၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်၊ ဂျီ-စီ-ဘီ-အေ ခေတ်တွင် ဦးချစ်လှိုင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် မြောက်မြားစွာ မွန်အမျိုးသားတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်၊ ကျောင်းသားသပိတ်၊ ဒို့ဗမာအစည်းအရုံး စသော အဖွဲ့အစည်းများတွင်၎င်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။

ဗြိတိသျှဆန့်ကျင်ရေး မွန်အမျိုးသားတို့၏အခန်း

ဗြိတိသျှနယ်ချဲ့သမားသည် ဧကရာဇ် မြန်မာနိုင်ငံအားလုံးကို၊ ၁၈၈၅ ခုနှစ်တွင် တိုက်ရိုက်သိမ်းပိုက်လိုက်သည်၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး ဗြိတိသျှ နယ်ချဲ့သမားလက်အောက်သို့ ရောက်ရှိသွားသည်၊ မွန်အမျိုးသားတို့သည် ပထမတွင် ပဒေရာဇ် ဖိနှိပ်ရေးအသွင်ထက် သာသော အရင်းရှင်နယ်ချဲ့ ဖိနှိပ်ရေးအသွင်အောက်တွင် သက်သာသလို ရှိသည်၊ ပဒေသရာဇ်ခေတ်၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် မိမိလူမျိုးသည် မွန်လူမျိုးဟု ပြောရန်ပင် အများစုက ကြောက်ရွံ့နေကြသည်၊ မိမိမွန်စကားကို မိမိတို့ရပ်ရွာ မိသားစုများကြားတွင်သာ ပြောကြသည်။ မြို့ရွာများတွင်၎င်း၊ လူစုလူဝေးနေရာ များတွင်၎င်း ပြောဆိုရန် ဝန်လေးကြသည်၊ ကြောက်ရွံ့ကြသည်၊ စီးပွားရေးအရလည်း မွန်များသည် လယ်သမားများပီပီ၊ လယ်ယာလုပ်ငန်းကိုသာ လုပ်ကြသည်၊ အရင်းရှင်စနစ်အရ ပထမတွင် လွတ်လပ်စွာ ရောင်ဝယ်ရခြင်းကြောင့်၎င်း၊ အကျိုးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အရင်းရှင်စနစ်၏ ကျင့်သုံးချက်အတိုင်း ကုန်ကြမ်းကို ဈေးပေါပေါ ရရှိရန်၊ မြန်မာနိုင်ငံ ထွက်ကုန်ကြမ်းများ ဖြစ်သော ဆန်၊ စပါး၊ ရေနံ၊ သစ်၊ သတ္တုများကို ကုမ္မဏီကြီးများဖွင့်ကာ ဈေးနှိမ်ဝယ်ယူခဲ့သည်၊ အရင်းရှင်နိုင်ငံ ထွက်ပစ္စည်းများ၊ အင်္ဂလိပ် လုပ်ပစ္စည်း ကုန်ချောများကို အမြတ်များများ ရရန် ဈေးကြီးကြီးနှင့် ရောင်းသည်၊ မြန်မာနိုင်ငံအတွင်းသို့ အိန္ဒိယမှ မိမိတို့၏ လက်ဝေခံ ချစ်တီးများကို ခေါ်သွင်းလာပြီး လယ်သမားပေါ်တွင် သွေးစုတ်စေသည်၊ လယ်သမားများသည် ၎င်းစီးပွားရေးဒဏ်ကို ခံရသည်၊ မွန်တို့အများစုမှာ လယ်သမားဖြစ်၍ ၎င်းဒဏ်ကို ခံရသည်။

ဗြိတိသျှ နယ်ချဲ့အောက်သို့ မွန်ဒေသသည် ပထမဆုံးရောက်ရှိခဲ့သဖြင့် မွန်အချို့မှာ အရင်းရှင်ကိုယ်စားလှယ် အဖြစ် ကူးသန်းရောင်းဝယ်ရေးများ လုပ်လာကြသည်၊ ချမ်းသာသော လယ်သမားစုများမှ လယ်သမား သားသမီးများသည် ဗြိတိသျှဖွင့်လှစ်သော အင်္ဂလိပ်ကျောင်းများတွင် နေကြ၍ အင်္ဂလိပ်စာသည် အဓိက ဘာသာ ဖြစ်လာ၍ ၎င်းဘာသာကို တတ်ကြသည်၊ အများစုမှာ ဗြိတိသျှအစိုးထံတွင် အမှုထမ်းကြသည်၊ အင်္ဂလိပ်စာကို သင်ယူရ၍ ဗဟုသုတကြွယ်ဝလာပြီး နယ်ချဲ့ဗြိတိသျှဖိနှိပ်မှုကို သိသထက်သိလာ၍ နယ်ချဲ့သမားအား ဆန့်ကျင်ရန် တိုင်းရင်းသားများနှင့် ပူးတွဲ လုပ်ဆောင်လာကြသည်၊ ထိုသို့ လုပ်ဆောင်ရန် တာစူလှုပ်ရှားနေစဉ် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ပေါ်ပေါက်ခဲ့သော ရုရှားတော်လှန်ရေးသည် ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည်၊ အရင်းရှင်စနစ်၊ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပြီး၊ လူလူချင်း ခေါင်းပုံဖြတ်ခြင်း၊ လူမျိုးတမျိုးနှင့်တမျိုး ဖိနှိပ်မူ ကင်းသော ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်၊ ၎င်းဂယက်သည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်ခဲ့သဖြင့် လူမျိုးချင်း ဖိနှိပ်မှုကင်းသော လွတ်လပ်သော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားဖြည့်ပေးခဲ့သည်။

မြန်မာနိုင်ငံသည် အမျိုးသားလှုပ်ရှားမှုအဖြစ် ၁၉၀၆ ခုနှစ်လောက်တွင် အမျိုးဘာသာ၊ သာသနာကို အရင်းခံသော ဝိုင်-အမ်-စီ-အေ (ခရစ်ယာန်ကလျာဏယုဝအသင်း) ကဲ့သို့သော ဝိုင်-အမ်-စီ-အေ (ဗုဒ္ဓကလျာဏယုဝအသင်း) ကို တည်ထောင်သည်၊ များမကြာမီ ဝိုင်-အမ်-စီ-အေ မျိုးချစ်ပုဂ္ဂိုလ်များသည် စုစည်း၍ ဂျီ-စီ-ဘီ-အေ ခေါ် မြန်မာအသင်းချုပ်ကို တည်ထောင်ပြီး အမျိုးသားလွတ်မြောက်ရေးတာဝန်ကို စတင်ထမ်းဆောင်လာသည်။

ထို ဂျီ-စီ-ဘီ-အေ အဖွဲ့ချုပ်တွင် ခေါင်းဆောင်အဖြစ် မွန်အမျိုးသားဖြစ်သော ဦးချစ်လှိုင်မှာ ထင်ရှားသော မျိုးချစ်ခေါင်းဆောင်တဦး ဖြစ်သည်၊ မွန်အမျိုးသားများသည်လည်း ဂျီ-စီ-ဘီ-အေ တွင် မြို့နယ်၊ တိုက်နယ် ကျေးရွာအလိုက် တာဝန်ယူခဲ့ကြသည်။

၁၉၂၀ ခုနှစ်တွင် သမိုင်းဝင် အမျိုးသားနေ့အဖြစ် တည်ရှိနေသော တက္ကသိုလ်ကျောင်းသားသပိတ်တွင်လည်း မွန်အမျိုးသားများသည် တိုင်းရင်းသားများနှင့်အတူ ရှေ့တန်းမှ ပါဝင်ခဲ့သည်၊ ၎င်းတို့မှာ ဆရာကြီး ဦးသာဒင် (ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့ ဖြစ်သည်။ မထင်ရှားသော မွန်အမျိုးသားသည် တက်ကြွစွာ ပါဝင် ခဲ့ကြသည်။

၁၉၃၀ ပြည့်နှစ်တွင် လယ်သမား သူပုန်ဆရာစံနှင့်အတူ မွန်လယ်သမားများလည်း နယ်ချဲ့ဗြိတိသျှတို့အား တိုက်ရိုက်ခဲ့သည်။ ၁၉၃၆ -၃၈ ခုနှစ်၌ ကျောင်းသားသပိတ်များတွင် မွန်များလည်း ပါဝင်ခဲ့ကြသည်၊ ၁၉၃၂ ခုနှစ်လောက်တွင် တည်ထောင်ခဲ့သော ဒို့ဗမာအစည်းအရုံးတွင် မွန်အမျိုးသားများသည် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ဆိုရှယ်လစ်ဇင်ကို ပထမဆုံး မြန်မာသို့ သမစိတ္တ အမည်ဖြင့် ဘာသာပြန်သော မွန်သခင်ကြီး (သခင်ကြီး)သည် ထင်ရှားသောခေါင်းဆောင်တယောက် ဖြစ်သည်၊ သခင်ကြီးသည် မွန်လူမျိုးရေးရာ အဖွဲ့ချုပ်တွင် ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ရင်း ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့ပြင် သခင်ဖေသန်း၊ သခင်ဘစော ကဲ့သို့သော မွန်များနှင့် မထင်မရှားသော မွန်များလည်း အများအပြား ရှိသည်။

မွန်အမျိုးသား လှုပ်ရှားမှုအစ

မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့သမား လက်အောက်ရှိပြီးနောက် အင်္ဂလိပ်စာသည် အရေးပါသောစာပေ၊ မသင်မနေရသောစာပေ၊ အင်္ဂလိပ်စာ တတ်မှ အုပ်ချုပ်ရေးတွင် အရာထမ်း၊ အမှုထမ်းများ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အင်္ဂလိပ်ကုမ္ပဏီနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်စာသည် မတတ်မဖြစ်သည့်စာပေ ဖြစ်လာသည်။ မြန်မာစာပေသည် မြန်မာပြည်တွင် အင်္ဂလိပ်စာပေလောက် အရေးပါသော စာပေ မဟုတ်တော့ပေ၊ မြန်မာစာတတ်လျှင် အမြင့်ဆုံး တိုင်းရင်းသား ဘာသာ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းဆရာနှင့် မြေတိုင်းစာရေးလောက်သာ ဖြစ်နိုင်သော အခြေအနေ ရှိသည်။ ထိုကြောင့် မြန်မာစာသင်ကြားလိုသူများ လျော့နည်းလာပြီး၊ မိမိတို့အသက်ရှင်ရေးအတွက် ကျွန်ပညာ ဟု ခေါ်သော ရာထူး၊ ရာခံရရှိရေးအတွက် အင်္ဂလိပ်စာကို သင်ကြားရသဖြင့် မျက်နှာငယ်လျှက် ရှိသည်၊ ပျောက်ပျက်သွားမည်ကို မျိုးချစ်ပညာတတ်များ၊ မြန်မာများက စိုးရိမ်လာကြသည်၊ စာပျောက်လျှင် လူမျိုးပျောက်မည်ကို သမိုင်းအရ သိကြရ၍၊ မြန်မာစာ၊ စကားကို ထိန်းသိမ်းရန်အတွက် ဒို့ဗမာအစည်းအရုံးက အမျိုးဘာသာစာပေ ရှင်သန်တိုးတက်ရန်အတွက် -

(၁) မြန်မာလူမျိုးသည် - တို့လူမျိုး
(၂) မြန်မာစာသည် - တို့စာ
(၃) မြန်မာစကားသည် - တို့စကား

တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့စကားကို ပြောကြပါ ဟု ကြွေးကြော်လှုံ့ဆော်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးဝင်များ ရှေ့တွင် မိမိတို့သည် ကျွန်မဟုတ်၊ သခင်လူမျိုးဖြစ်ကြောင်း သိကြရန်၊ မိမိတို့နာမည်ရှေ့တွင် သခင်တပ် ခေါ်ကြသည်၊ တပ်ခေါ်ရန်လည်း လှုံ့ဆော်ခဲ့သည်။

ဒို့ဗမာအစည်းအရုံး၏ အမျိုးသားကြွေးကြော်သံဂယက်သည် မွန်အမျိုးသားတို့ထံသို့ ရိုက်ခတ်လာပြီး မွန်အများအတွက် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရန် အဖွဲ့အစည်းတရပ် လိုလာသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ ယုံကြည်သည့်အလျောက် မွန်ရဟန်းတော်များနှင့် ပညာတတ် မွန်အမျိုးသား၊ မျိုးချစ်များ စုပေါင်းပြီး ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ကို ၁၉၃၉ -ခုနှစ် သြဂုတ်လ ၆ ရက်တွင် ရန်ကုန်မြို့ပေါ်ရှိ မွန်သံဃာတော်များ၊ မွန်ပုဂ္ဂိုလ်များအား ပင့်ဖိတ်၍ ဖွဲ့စည်းသည်။


ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်

ရာမညတိုင်းလုံးဆိုင်ရာအဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး၊ ဥက္ကဌအဖြစ် ဦးကျန် (ပဲခူး) ရိက္ခာတော်ရ၊ ဒု-ဥက္ကဌများအဖြစ် ဦးဘသော် ရိက္ခာတော်ရ (ပဲခူး)၊ ဦးဘသိန်း (ရေး) ပါလီမန်အမတ်၊ ပါလီမန်အတွင်းဝန်၊ ဘဏ္ဍာရေးနှင့်အခွန်ဌာန ဖြစ်ပြီး၊ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဦးဒွေး (ပဲခူး) (ကျောင်းဆရာ)၊ ဆရာ ဦးချစ်သောင်း၊ ငွေထိန်း (ဓါတုဗေဒမင်းကြီး)၊ ဦးမောင်ကလေး (မွန်ခရစ်ယာန်အသင်း)၊ မွန်ဦးဘိုးချို စသောပုဂ္ဂိုလ်များ ပါဝင်ကြပြီး၊ မွန်သံဃာတော်များမှာ အဖွဲ့ချုပ်၏ နာယကဆရာတော်များအဖြစ် ပါဝင်ကြသည်၊ ဦးကျန်သည် နာမကျန်းတော့၍ တနှစ်သာ တာဝန်ယူနိုင်ပြီး ၁၉၄၀ -ခုနှစ်တွင် အနားယူသည်၊ ၎င်းနေရာကို ဒု-ဥက္ကဌ ဦးဘဘော် ဆက်၍ တာဝန်ယူသည်။

ရာမညအဖွဲ့သည် မိမိတို့၏အမျိုးဘာသာစာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်း လုပ်ရာတွင် တခြားတိုင်းရင်းသားများနှင့် အထူးသဖြင့် မြန်မာများက သံသယ ကင်းစေရန် ရာမညအဖွဲ့ချုပ်သည် မည်သည့် ပါတီ နိုင်ငံရေးကိုမျှ မလုပ်ကြောင်း ကြေညာထားသည်၊ ထိုသို့ ကြေညာသည်မှာ အချို့မြန်မာများသည် မွန်တို့သည် နယ်ချဲ့သမားသဘောကျ လူမျိုးသွေးကွဲစေရန် မြှောက်ပင့်ပေးသည်ဟု စွပ်စွဲသောကြောင့် ဖြစ်သည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ ဖွဲ့စည်းအုပ်ပုံ ဥပဒေတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၁၇ တွင် “ဤရာမညအသင်းအမည်ဖြင့် မည်သူမျှ နိုင်ငံရေး မလုပ်ရ” ဟု ပြဌာန်းထားသည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ် ၏ မွန်လူမျိုး ဟူသော ရှင်းလင်းချက်မှာ -

မွန်လူမျိုး ဆိုသည်မှာ မွန်လူမျိုးတို့မှ ဆင်းသက်သည်ဖြစ်စေ (သို့မဟုတ်) မွန်လူမျိုး၊ ဇာတိသွေး၊ အမိမှဖြစ်စေ၊ အဘမှဖြစ်စေ ပါ၍၊ မွန်စကားမပြောတတ်သော်လည်း မွန်လူမျိုးတို့အကျိုးကို သယ်ပိုးဆောင်ရွက်သော လူများကို ဆိုသည်။

ရည်ရွယ်ချက်။ ။ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတို့ကို မတိမ်ကော၊ မပပျောက်စေဘဲ တိုးတက်ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အဓိက ဖြစ်သည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် စကား၊ စာပေ ပျောက်လျှင် လူမျိုးပျောက်မည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ရှေးက ပျူလူမျိုး ရှိခဲ့သော်လည်း ပျူစာပေ၊ စကား ပျောက်သွားသဖြင့် ပျူလူမျိုးလည်း ပျောက်သွားခဲ့သည်၊ ထို့ကြောင့် အဖွဲချုပ်၏ကြွေးကြော်သံကို တို့ဗမာအစည်းအရုံးအား တုယူကာ -

မွန်လူမျိုးသည် - တို့လူမျိုး
မွန်စာသည် - တို့စာ
မွန်စကားသည် - တို့စကား

တို့လူမျိုးကို ချစ်ပါ၊ တို့စာကို လေးစာပါ၊ တို့စကားကို ပြောကြပါ၊ မွန်အမျိုးသားရှေ့တွင် တလိုင်း မဟုတ်ကြောင်း သိရန်နှင့် မွန်အမျိုးသားမှန်း သိအောင် မွန် တပ်ခေါ်ရန် လှုံ့ဆော်ခဲ့သည်။

မွန်လူမျိုး ရှေ့တွင် မွန်ထည့်ရခြင်း အကြောင်းအရင်းမှာ -

“မွန်အမျိုးသားများသည် မိမိတို့သည် ရာမညဒေသတွင် နေထိုင်သူများ ဖြစ်ပြီး မွန်လူမျိုး ဖြစ်သည်၊ သမိုင်းဆရာများ ရေးသားသော တလိုင်း မဟုတ်ပါ၊ တလိုင်း ဟူသော ဝေါဟာရမှာ မွန်ဘာသာအားဖြင့် မွန်တို့နားလည် သဘောပေါက်ခံယူထားသည်မှာ အမိမဲ့သား - မျိုးမစစ် ဖြစ်သသည်”။

၎င်းကိစ္စနှင့်ပတ်သက်၍ ၁၉၃၀ -ခုတွင် မြန်မာနိုင်ငံ၏ ခေတ္တဘုရင်ဖြစ်ခဲ့သူ မွန်အမျိုးသား ဆာ - ဂျေ အေမောင်ကြီးသည် တလိုင်းအစား မွန်ကို သုံးရန် ပြည်ထဲရေးဌာန ၂၉၊ ၇၊ ၃၀ နေ့စွဲပါ ဆာကြုလာအမှတ် ၁၄၇ / ဒီ - ၃၁ အရ အစိုးရဌာနများသို့ ညွန်းကြားစာ ထုတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်ထက်တွင်၎င်း၊ ဆာကြုလာကိုပင် ၁၅-၇-၄၇ နေ့စွဲဖြင့် အမှတ် ၅၉၊ အိတ်(ဖ်) -၄၇ (၁၇၁၃) အရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံညွန်ကြားခဲ့သည်။

ပဒေသရာဇ်ခေတ်တွင် စစ်ရှုံးခဲ့ပြီး ခေါင်းဆောင်မဲ့သောဘဝ ရောက်ရှိနေသော မွန်လူမျိုးတို့သည် မိမိတို့မျိုးရိုး ဇာတိကိုပင် မဖော်ပြောရဲသောကာလတွင် ရှိနေသည်။ အစိုးရအမှုထမ်းသော မွန်သည် မိမိကိုယ်ကို မွန် ဟု ပြောလျှင် ရာထူးတိုးတက်ရေးအတွက်၎င်း၊ တခြားလူမျိုးကိစ္စတွင်၎င်း၊ အနှိမ်ခံရမည်ကို ကြောက်၍ မွန် ဟု အမည်ခံလိုကြ၊ မခံရဲကြ၊ နာမည်ခံရဲလာအောင် သွေးသစ်လောင်းပေးခြင်း ဖြစ်သည်။

၁၉၃၀ -ခုနှစ် သန်းခေါင်စာရင်းတွင် မွန်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် မွန် (၃၃၆၇၂၈) ယောက်သာ ပါရှိသည်။ စင်စစ် ထိုလူဦးရေးသည် များစွာ လျှော့နည်းလျှက် ရှိသည်၊ သန်းခေါင်စရင်း ကောက်ယူရာတွင်၊ သန်းခေါင်စာရင်း ကောက်သူများသည်၊ မွန်ကို မြန်မာ ဟု ရေးသားခြင်း တခါတရံ မွန်- မြန်မာ အတူတူဘဲ၊ မြန်မာ ရေးလျှင်လည်း ပြီးတာဘဲ ဟု ယူဆကြသည်၊ မွန်အမျိုးသားများလည်း သန်းခေါင်စာရင်း ကောက်ရာတွင် မွန်လူမျိုးနေရာတွင် မိမိတို့ လူမျိုး၊ မွန် ထည့်သွင်းရမှန်း မသိခြင်း၊ သိသော်လည်း ပြောရန် ကြောက်ရွံ့နေခြင်းတို့ကြောင့် လျှော့နည်းနေသည်ဟု ယုံကြည်သည်။

ထို့ကြောင့် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က အထက်ပါကြွေးကြော်သံအရ အကောင်အထည် ဖော်ရန် လုပ်ဆောင်ကြသည်။ မွန်စာပေပြန့်ပွားရေးအတွက် မွန်ဘူလက်တင် (Mon Bulletin) ကို၊ မွန်-မြန်မာနှစ်ဘာသာဖြင့် လစဉ်မှန်မှန် ထုတ်ဝေဖြန့်ချီခဲ့သည်။


ဗြိတိသျှ နယ်ချဲ့သမားခေတ် မွန်အမျိုးသားတို့၏ စီးပွားရေး၊ စာပေ၊ ယဉ်ကျေးမှု

ဗြိတိသျှ အစိုးရအောက်တွင် မွန်အများစုဖြစ်သော လယ်သမားတို့မှာ ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီကြီးများ၊ ၎င်းတို့၏လက်ဝေခံချစ်တီးနှင့် မြေပိုင်ရှင်ကြီးများ၏ ဖိနှိပ်မှုကို မြန်မာတိုင်းရင်းသားများ နည်းတူ ခံရသည်။ လယ်ပိုင်ရှင်သားများ၊ ကုန်သည်ပွဲစားသားများ၊ အမှုထမ်း၊ အရာထမ်းသားများသည် အင်္ဂလိပ်စာ သင်ကြားပြီး ဗြိတိသျှ အစိုးရ၏ အမှုထမ်း၊ အရာထမ်းများ ဖြစ်လာကြသည်။ ထိုသို့ ခေတ်ပညာတတ်သော လူငယ်များသည် ကျယ်ပြန့်သော ဗဟုသုတကို အင်္ဂလိပ်စာမှတဆင့် ရရှိလာကြသဖြင့် မိမိတို့ အမျိုးသားရေးလုပ်ငန်းများကို စတင်လုပ်လာကြသည်။ အထူးသဖြင့် စီးပွားရေး ကပ်ဆိုက်ရောက်သော ၁၉၃၀ ခုနှစ် နောက်ပိုင်းတွင် တခြားတိုင်းရင်းသားများ နည်းတူ မိမိတို့ အမျိုးသားရေးကို ပညာတတ် လူတန်းစားများက လှုပ်ရှားလာသည့်အတွက် ၁၉၃၉ ခုနှစ်တွင် ရာမညတိုင်းလုံးဆိုင်ရာ အဖွဲ့ချုပ် ပေါ်လာသည်။

ဗြိတိသျှခေတ်တွင် မွန်စာပေ သင်ကြားရေးနှင့် ပတ်သက်၍ (Culture Rights) ယဉ်ကျေးမှု အခွင့်အရေးကို ခွင့်ပြုသယောင်ယောင် ပြုခဲ့သည်။ ၎င်းမှာ မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်စာသင်လိုပါက မွန်စာကို သင်ခွင့်ပြုသည်။ ထိုကျောင်းကို မွန်စာရင်းဝင်ကျောင်း ဟု အသိအမှတ်ပြုသည်။ သို့သော် မွန်စာသင်ရန် သင်ရိုးညွှန်းတမ်း၊ မွန်ဆရာ၊ မွန်စာတတ်သူများကို မိမိတို့ဘာသာ ရေးဆွဲပြုစု ရေးသားရမည် ဖြစ်ပြီး စာသင်ချိန်မှာလည်း ကျောင်း၏ စာသင်ချိန်မှအပ ဖြစ်ရမည်။ ဆရာမှာလည်း မွန်စာတတ်သော ဆရာတစ်ဦးဦးက တာဝန်ယူ သင်ကြားပေးရန် ဖြစ်သည်။ မွန်စာသည် စာမေးပွဲ ဖြေဆိုရမည် မဟုတ်ဘဲ မိမိတို့လူမျိုးအတွက် မိမိတို့ဆန္ဒအရပင် ယူရသည့် အပိုဘာသာ ဖြစ်သည်။ မွန်စာရင်းဝင်ကျောင်းများကို ကြည့်ရှုကြပ်မတ်ရန် မွန်ပညာအုပ်တစ်ယောက် ခန့်ထားသော်လည်း မွန်ပညာအုပ်မှာ မွန်စာပေ သင်ကြာရေးကို ထိရောက်စွာ မဆောင်ရွက်နိုင်၊ မဆောင်ရွက်ခဲ့ချေ။ ထို့ကြောင့် ၎င်းမွန်စာရင်းဝင် ကျောင်းများ လျော့နည်းလာသည်။

သို့သော် မွန်လယ်သမား သားသမီးများသည် လယ်ယာလုပ်ငန်းများတွင် မိမိတို့အမျိုးသားအချင်းချင်း စုစည်းနေထိုင်ကြသဖြင့် မွန်စာပေ ပရိယတ္တိ သင်သော မွန်ဘုန်းကြီးကျောင်းများတွင် စာပေ ပရိယတ္တိကို သင်ကြားကြသဖြင့် မွန်စာပေသည် အသက်ရှင်လျှက် ရှိသည်။ မွန်ရဟန်းတော်များသည်လည်း မွန်စာပေဖြင့် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုရသဖြင့် မွန်စာပေမှာ စုံးစုံး မမြုပ်ခဲ့ပေ။ မွန်ရဟန်းတော်တို့၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်သည်ဟု လက်ခံရမည်ဖြစ်သည်။

ဂျပန်ခေတ် မွန်အမျိုးသား၏ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်ငန်း

ဒုတိယကမ္ဘာစစ်ကြီး (၁၉၄၂-၄၅) ဖြစ်ပွားချိန်တွင် ဂျပန်သည် အရှေ့တောင်အာရှ သာတူညီမျှရေး ကြွေးကြော်သံနှင့်အတူ မြန်မာပြည်သို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်နှင့်အတူ ၁၉၄၂ ခုနှစ်တွင် ဝင်ရောက်လာသည့် ရဲဘော်သုံးကျိပ်သည် မြန်မာလွတ်လပ်ရေးအတွက် ဗြိတိသျှ နယ်ချဲ့သမားကို တိုက်ခိုက်၍ မြန်မာပြည်မှ မောင်းထုတ်ရန် ဂျပန်ထံမှ စစ်ပညာသင်ပြီး ဂျပန်မှ လက်နက် ရယူခဲ့သည်၊ ယိုးဒယားတွင် လူစုပြီး ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော် ကို တည်ထောင်ခဲ့သည်၊ ထိုင်းလင်း (ယိုးဒယား) ရောက် မြန်မာများနှင့် မွန်များ ပါဝင်ခဲ့သည်၊ (မြန်မာ့လွတ်လပ်ရေး တပ်မတော်တွင် မြန်မာ ငါးထောင်၊ မွန် သုံးထောင် ပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့သည်။ ဤကား စကာချပ်)။

ဗြိတိသျှနယ်ချဲ့ကို မောင်းထုတ်ပြီး ဂျပန်များ၏ညွန်ကြားချက်အရ မြန်မာနိုင်ငံကို ၁၉၄၃ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် လွတ်လပ်ရေးကြေငြာသည့် အစိုးရအဖွဲ့၏ အကြီးအကဲ အဓိပတိမှာ ဒေါက်တာ ဗမော် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံရေးဆွဲပြီး လွတ်လပ်ရေးကြေငြာသော်လည်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးမှာ ဂျပန်၏ သဘောဆန္ဒအရသာလုပ်ရသည့် နာမည်ခံလွတ်လပ်ရေး ဖြစ်သည်။

ဂျပန်လက်ထက်တွင် ဂျပန်ခွင့်ပြုချက်အရဖွင့်လှစ်သော နိုင်ငံအစည်းအရုံးမှာ - တို့ဗမာဆင်းရဲသား အစည်းအရုံး ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောလူမျိုးများ ဖြစ်သည်ကို ခံယူစရာမလိုဘဲ မြန်မာနိုင်ငံသားမှန်သမျှသည် ဗမာလူမျိုးသာဖြစ်ကြောင်း မှတ်ယူရမည်၊ လွတ်လပ်သော မြန်မာနိုင်ငံ၏စာမှာလည်း မြန်မာစာသာ ဖြစ်ရမည်ဖြစ်သည်ဟု ကြေငြာသည်။

အစိုးရ၏ ဝါဒကြောင့် မွန်စာပေသင်ကြားနေသော မွန်ဒေသရှိ ဘုန်းတော်ကြီးကျောင်းများကို မွန်စာပေသင်ကြားရန် ပိတ်ခဲ့သည်၊ သို့သော် မွန်ဘုန်းကြီးကျောင်းများ လျှို့ဝှက်သင်ကြား ကြသည်။

ဂျပန်ခေတ်တွင် လူငယ်များကို အသုံးချရန်အတွက် အာရှလူငယ်အဖွဲ့ကို ဂျပန်ကဖွင့်လှစ်ခဲ့သည်၊ သို့သော် အာရှလူငယ်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်၊ ထိုအာရှလူငယ်တွင် မွန်ကျောင်းသူ ကျောင်းသားများနှင့် ပညာတတ်မွန်လူငယ်များသည် မြန်မာပြည်လွတ်လပ်ရေးအတွက် သွေးမြေကျတိုက်ပွဲများ ဆင်ခဲ့ကြသည်၊ အချို့မှာ ကွန်မြူနစ်ပါတီအရေးတော်ပုံထဲတွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။

ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်စသော မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတွင် မွန်အမျိုးသားတို့သည် အမျိုးသားရေးအရ သွေးမကွဲဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ ယခု တပ်မတော်တွင်းရှိ မွန်အမျိုးသားတပ်မှူး၊ အကြပ်တပ်သားများနှင့် ကျဆုံးသွားသော အနားယူသွား မွန်အမျိုးသား စစ်မှုထမ်းဆောင်ဟောင်းများက သက်သေထူလျှက် ရှိပါသည်။

ဒုတိယ ကမ္ဘာစစ်ပြီးကာလမှ လွတ်လပ်ရေးခေတ် မွန်အမျိုးသားလှုပ်ရှားမှု

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်

ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်လက်နက်ချပြီး ပြီးဆုံးသွားသည်။ ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စက္ကူဖြူစာတမ်းကို ပိုက်၍ မြန်မာနိုင်ငံသို့ ၁၉၄၅ ခု ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လာသည်။ ဗမာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည ဖဆပလ အဖွဲ့ချုပ်ကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်သည်။ ဖဆပလ အဖွဲ့ချုပ်တွင် မြန်မာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ အရေးတော်ပုံပါတီ (ဆိုရှယ်လဝ်ပါတီ)၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ကျောရိုးမဏ္ဍိုင်ပြုထားသည်။ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း စသော တိုင်းရင်းသားများလည်း ပူးပေါင်းဆောင်ရွက်သည်။ မွန်တို့သည်လည်း အသင်းအဖွဲ့အနေနှင့် မဟုတ်သော်လည်း ပုဂ္ဂိုလ်အရ အဖွဲ့အသီးသီးတွင်လည်းကောင်း၊ ဖဆပလတွင်လည်းကောင်း၊ ဝင်ရောက်ဆောင်ရွက်သည်။

ဗြိတိသျှ အုပ်ချုပ်ရေး ရောက်ပြီးနောက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်၏ ရန်ကုန်ရှိ အမှုဆောင်ဟောင်းများ ပြန်လည်လှုပ်ရှားလာသည်။ ဥက္ကဋ္ဌ ဦးဘသော် ကျန်းမာရေး မကောင်၍လည်းကောင်း၊ ဒု ဥက္ကဋ္ဌ ဦးဘသိန်းသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လည်းကောင်း ရန်ကုန်သို့ ပြန်မရောက်နိုင်သေးသဖြင့် ဦးချစ်သောင်း ပင် ယာယီ ဥက္ကဋ္ဌ လုပ်ပြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ယာယီအားဖြင့် ဦးလွန်းဖေ က တာဝန်ယူဆောင်ရွက်သည်။ ယာယီထိန်းသိမ်းရေး အမှုဆောင်မှာ မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်၊ နိုင်ထွန်းသိန်း နှင့် နိုင်ငွေသိမ်း တို့ဖြစ်သည်။ ဦးလွန်းဖေသည် အလုပ်တာဝန်အရ နယ်ပြောင်းရသဖြင့် အကျိုးဆောင်အတွင်းရေးမှူး နေရာမှ နှုတ်ထွက်သွားသည်။ ၎င်းနေရာကို နိုင်ထွန်းသိန်းက တာဝန်ယူသည်။ နိုင်ထွန်းသိန်း လည်း မွန်ဒေသရှိ စာသင်ကျောင်းများ စောလျင်စွာ ဖွင့်နိုင်ရေးအတွက် အဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ ကျိုက္ခမီ ပညာအုပ် ရာထူး လက်ခံပြီး မော်လမြိုင်သို့ ပြောင်းရွေ့သွားသဖြင့် လစ်လပ်သွားသော အကျိုးဆောင်အတွင်းရေးမှူး နေရာကို နိုင်ငွေသိမ်းက ဆက်လက်ဆောင်ရွက်သည်။ စစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်ကို ပြန်လည်ထုတ်ဝေသည်။ ဦးဘသိန်းမှာ ၁၉၄၇ ခု နှစ်ဆန်းတွင်မှ ပြန်ရောက်ပြီး ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။

မွန်တိုင်းရင်းသား အစည်းအရုံး

၁၉၄၅ ခုနှစ် နိုင်ဝင်ဘာလ ၉ ရက်နေ့တွင် မွန်ဦးဖိုးချို ခေါင်းဆောင်သော မွန်လူကြီးများသည် ဗဟန်း ရေတာရှည် မွန်ကျောင်းတွင် စုစည်းပြီး မွန်အမျိုးသားတို့အတွက် နိုင်ငံရေးအဖွဲ့အစည်း အမြန်လိုအပ်နေပြီ၊ မွန်နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြီး ဖဆပလနှင့် ပူးပေါင်း၍ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်မှသာလျှင် မြန်မာ့လွတ်လပ်ရေးရလျှင် မွန်အမျိုးသားအတွက် အခွင့်အရေးရမည်၊ ပုဂ္ဂိုလ်အရေးထက် အဖွဲ့အစည်းအားဖြင့် ဖွဲ့စည်းပြီးရေး အချိန်တန်ပြီဟု တင်ပြကြ၍ မွန်တိုင်းရင်းသားအစည်းအရုံး ဖွဲ့စည်းသည်၊ အစည်းအရုံး၏ ရည်ရွယ်ချက်မှာ မွန်တမျိုးသားလုံးနှင့်ပတ်သက်သော နိုင်ငံရေး၊ သာသနာရေး၊ နေရေးထိုင်ရေး၊ ပြုပြင်ရေးကိစ္စများ၊ ပြဿနာရပ်ရပ်တို့ကို တပ်ဦးအနေနှင့် ဆောင်ရွက်ရန် ဖြစ်သည်၊ အမှုဆောင်အဖွဲ့မှာ ဥက္ကဌ မွန်ဖိုးချို၊ အတွင်းရေးမှူး မွန်ဦးသန်း၊ ဘဏ္ဍာရေးမှူး နိုင်ကျော်လှ (မွန်သမားတော်)၊ စာရင်းစစ် ဦးအုံးဖေ (မိကလုံ) ဝါဒဖြန့်ချီရေးနှင့် စည်းရုံးရေး မွန်ထွန်းရင်နှင့် နိုင်ချမ်းမွန် ဖြစ်ပြီး အမှုဆောင်များမှာ ဦးမောင်ကြီး၊ ဦးစံညွန့်၊ ဦးရွှေကြိုင်၊ ဦးဘချစ် (မော်လမြိုင်)၊ ဦးဘသွင် (ကော့နှပ်)၊ မွန်ချစ်ဖေ၊ ဦးကျော်ဝင်း၊ ဦးထွန်းအောင်တို့ ဖြစ်ကြသည်။

မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး မွန်ဦးဖိုးချို၊ မွန်သန်းတို့ ဖဆပလအမှုဆောင်များ ဖြစ်လာကြသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးကို ဖဆပလ က အမျိုးသားနိုင်ငံရေးပါတီအဖွဲ့အစည်း မဟုတ်ဘဲ လူထုအဖွဲ့အစည်းနှင့် လက်ခံသည်။

ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံး

မွန်တိုင်းရင်းသားအစည်းအရုံးကို ရာမညအဖွဲ့ချုပ်မှ အမှုဆောင်ဖြစ်သော မွန်ဖိုးချို၊ မွန်သန်းနှင့် မွန်ထွန်းရင်တို့သည် သီးခြားအဖွဲ့တခု တည်ထောင်ခြင်းနှင့် ပတ်သက်၍ ကျန်ရှိသော အမှုဆောင်အမှုဆောင်အဖွဲ့နှင့် သဘောကွဲလွဲကြသည်၊ ရာမညအဖွဲ့ချုပ်မှ တင်ပြသည်မှာ မွန်အမျိုးသားများ မကွဲပြားစေရန် အကယ်၍ မွန်ဖိုးချိုတို့ လူသိုက်သည် မွန်နိုင်ငံရေး အဖွဲ့အစည်းတခု လိုအပ်လျှင် ရာမညအဖွဲ့ အမှုဆောင်အနေဖြင့် အမှုဆောင်အစည်းအဝေးတွင် တင်ပြရန် တာဝန်ရှိသည်၊ သို့သော် မတင်ပြ၊ မညှိနှိုင်းဘဲ လုပ်သဖြင့် အသင်းကို ကွဲအောင် လုပ်သည်ဟု သဘောရသည်၊ မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလနှင့် ဆယ်သွယ်ရာ မွန်ဦးဖိုးချိုတို့ပြောသလို မွန်အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းအနေအဖြင့် ဖဆပလ အသိအမှတ်ပြု လက်ခံထားခြင်းမဟုတ်ဘဲ လူထုအဖွဲ့အနေနှင့် လက်ခံထားသည်ကို တွေ့ရှိရ၍ မွန်တိုင်းရင်းသား အစည်းအရုံးသည် မွန်အမျိုးသားတို့၏ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘဲ ရာမညအဖွဲ့ ကဲ့သို့ ယဉ်ကျေးမှုအသင်းသာ ဖြစ်၍ အဖွဲ့အစည်းသစ် မတည်ထောင်ဘဲ ရာမညအဖွဲ့ချုပ်အနေဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ရန် ရာမညအမှုဆောင်တွင် တင်ပြပါက ပိုမိုအဆင်ပြေနိုင်စရာ ရှိသည်၊ သို့သော် မွန်ဖိုးချိုတို့က လက်သိပ်ထိုး ဆောင်ရွက်သဖြင့် အဖွဲ့၏ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်သည်ဟု ရာမညအဖွဲ့ချုပ်မှ လက်ခံယုံကြည်သဖြင့် မွန်ဖိုးချို၊ မွန်သန်း၊ မွန်ထွန်းရင်တို့အား ရာမညအဖွဲ့ချုပ်မှ ထုတ်ပစ်ကြောင်း ကြေငြာသည်၊ ၎င်းကိစ္စနှင့် ပတ်သက်၍ မွန်ဖိုးချိုတို့က မကျေနပ်၍ ကန့်ကွက်သဖြင့် ရာမညအဖွဲ့ချုပ်၏ မွန်ဒေသလုံးဆိုင်ရာ ညီလာခံတွင် တင်ပြဆုံးဖြတ်ရန် ဆုံးဖြတ်ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်ညီလာခံကို ၁၉၄၇ ခု နှစ်ဦးတွင် ကျင်းပရာ သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံ၊ ရေး၊ ကျိုက်ခမီမြို့နယ်မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ပြီး သွေးဆေးကန်မွန်ကျောင်း တိုက်ကျောင်းသစ်တွင် ကျင်းပသည်။ အစည်းအဝေး သဘာပတိအဖြစ် ဦးဘသိန်းက ဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငွေသိမ်းက ဆောင်ရွက်သည်။

၎င်းညီလာခံတွင် ပထမနေ့တွင် မွန်ဦးဖိုးချိုတို့ကို ထုတ်ပစ်ခြင်းနှင့် ပတ်သက်၍ မွန်ဦးဖိုးချိုက အယူခံတင်သွင်းခဲ့ရာ ၎င်းအယူခံကို ကြွရောက်လာသော ကိုယ်စားလှယ်များက အကျေအလည် ဆွေးနွေးသော်လည်း မပြေလည်၍ မဲပေးဆုံးဖြတ်ရာ မွန်ဦးဖိုးချိုတို့က ရှုံးနိမ့်သွားရာ ညီလာခံမှ ထွက်သွားကြသည်။

ညီလာခံ ဒုတိယနေ့တွင် အမှုဆောင်သစ် ရွေးကောက်ရာ ဥက္ကဋ္ဌ အဖြစ် ဦးဘသိန်း၊ အကျိုးဆောင် အတွင်းရေးမှူး နိုင်ငွေသိမ်း၊ တွဲဘက် နိုင်ပန်းလှ၊ အမှုဆောင်အဖြစ် ဆရာဦး၊ ဦးထွန်းမင်း၊ နိုင်ငွေခိုင်၊ ဦးမြတ်ထွန်း (သမဝါယမ) ၊ ဦးမောင်ကလေး စသောပုဂ္ဂိုလ်များ ပါဝင်သည်၊ တနင်္သာရီတိုင်းကို နိုင်လှမောင် (ကော့နှိပ်) နှင့် နိုင်ဘလွင် တို့က တာဝန်ယူဦးဆောင်ပြီး သထုံခရိုင်ကို ဦးယျ၊ နိုင်ထွန်းရင်၊ နိုင်ဘကြို၊ နိုင်သာဟန် တို့က တာဝန်ယူရန်နှင့် မော်လမြိုင်ခရိုင်ကို နိုင်သာနှင်း၊ မိဟံသာ၊ ဦးအုန်းဖေ၊ နိုင်စိန်ထွန်း (ဖဲကတာ) တို့က တာဝန်ယူရန် ညီလာခံကြီးက တာဝန်လွှဲအပ်ကြောင်း ဆုံးဖြတ်သည်။

အဆိုများမှာ -

(၁) မွန်ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်အတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန်၊
(၂) မွန်ဒေသရှိ မူလတန်းကျောင်းများတွင် မွန်ဘာသာကို တစ်ဘာသာအဖြစ် သင်ခွင့်ပြုရန်၊
(၃) မွန်ဘူလက်တင်အပြင် မွန်မူလတန်းအတွက် ဖတ်စာများ ထုတ်ရန် ၎င်းကိစ္စကို အရှင်ဝါယမအား တာဝန်လွှဲအပ်ရန် တို့ ဖြစ်သည်။

ထိုကာလတွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်သည် မွန်အမျိုးသားလှုပ်ရှားမှုတွင် အင်အားအကြီးမားဆုံး သော အမျိုးသားအဖွဲ့အစည်း ဖြစ်သည်။

ရာမညအဖွဲ့ချုပ်သည် ညီလာခံပြီးနောက် အားသစ်လောင်းကာ မွန်ဒေသတွင် စာသင်ကျောင်းများ ဖွင့်လှစ်ရေး၊ မွန်ကလေးများအတွက် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း ဖတ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေရေးတို့ကို အပူတပြင်း ဆောင်ရွက်သည်။ ဆင်းရဲသော မွန်ကျောင်းသားများကိုလည်း ထောက်ပံ့သည်။ ဤလုပ်ငန်းကို ၁၉၆၂ ခုနှစ်အထိ မွန်ကျောင်းများအတွက် ဆောင်ရွက်သည်။

ယခင် ဒုတိယကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော မွန်ဘူလက်တင်လည်း ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းနှင့် မွန်အမျိုးသားတို့၏ လှုပ်ရှားမှုသတင်းကိုပါ ထည့်သွင်းပုံနှိပ်ထုတ်ဝေခဲ့သည်။ စစ်ကြောင့် ရှားပါးနေသော ဆေးဝါးများကိုလည်း ဥက္ကဋ္ဌ ဦးချစ်သောင်း က မိမိစရိတ်ဖြင့် ရှာဖွေဝယ်ယူပြီး မွန်ဆရာတော်များမှတဆင့် မွန်အမျိုးသားတို့ကို အခမဲ့ ဝေငှပေးခဲ့သည်။

မော်လမြိုင်၊ သထုံဘက်တွင် လူဦးရေ များပြားလာပြီး လယ်ယာလုပ်ငန်းအတွက် လယ်မြေ ရှားပါးလာသည်။ ပဲခူးဘက်တွင် ဒုတိယ ကမ္ဘာစစ် မတိုင်မီက အိန္ဒိယသားများ လုပ်သော လယ်ယာများသည် ဒုတိယကမ္ဘာစစ် ပြီးသော်လည်း အိန္ဒိယသားများ ပြန်လည်မလုပ်ကိုင်တော့သဖြင့် လယ်ယာများ ပေါများနေသည်။ ၎င်းလယ်ယာများကို လုပ်ကိုင်ရန် သထုံ - မော်လမြိုင်မှ မွန်များ ပြောင်းရွေ့နေထိုင်ရန် ရာမညအဖွဲ့မှ ပဲခူးအနီး ပဲခူး - သနပ္ပင် ကားလမ်းဘေးရှိ မြေယာပေါ်တွင် သက်ဆိုင်ရာများနှင့် ညှိနှိုင်းပြီး မွန်စံပြရွာတစ်ရွာ တည်ထောင်ပေးခဲ့သည်။ ၎င်းကျေးရွာ တည်ဆောက်ရာတွင် ရွာပန္နက်ရိုက်ခြင်း၊ ကျေးရွာဆေးပေးခန်း၊ စာသင်ကျောင်း၊ လူမှုရေးအရ လိုအပ်သောကိစ္စများကို ဆောင်ရွက်ပေးသဖြင့် ယခုအခါ မွန်စံပြံရွာသည် အတော်ကြီးပွားတိုးတက်နေလေပြီ။ ထိုရွာရှိခြင်းကြောင့် မွန်မြို့တော်ဟောင်း ဟံသာဝတီ (ပဲခူး)မြို့သို့ မွန်တို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုမြို့၌ ရှိသော မွန်သေးရှိသူများလည်း နောက်ထပ် ဝင်ရောက်လာသူများအား ကြိုဆိုသည့်အပြင် ပျောက်ကွယ်နေသော မွန်အမျိုးသား စိတ်ဓါတ်များ ပြန်လည်ပေါ်ပေါက်လာသည်။

ရာမညအဖွဲ့ချုပ်၏ ညီလာခံမှ ဆုံးဖြတ်ချက် (၁) ဖြစ်သော ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များအား မွန်မေးခွန်းများ ထုတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ ဘုရင်ခံ အတိုင်ပင်ခံအစိုးရလက်ထက်တွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်မှ ဆရာတော် ဦးဝါယမ၊ ဥက္ကဋ္ဌ ဦးချစ်သောင်း၊ အကျိုးဆောင်အတွင်းရေးမှူး နိုင်ငွေသိမ်း တို့သည် ပညာရေးဝန်ကြီး စောဘဦးကြီး နှင့် သွားရောက်တွေ့ဆုံ အရေးဆိုတင်ပြခဲ့သည်။ ဝန်ကြီး စောဘဦးကြီးက ပါဠိပထမပြန်ကော်မတီသည် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင်သော်လည်း ၎င်းအဖွဲ့သည် ကင်းလွတ်ခွင့်ရရှိထားသောအဖွဲ့ ဖြစ်၍ မိမိမှ တိုက်ရိုက်အမိန့်ပေးခိုင်းနိုင်ခွင့် မရှိပါ။ သို့သော် ၎င်းအဖွဲ့၏ ဥက္ကဋ္ဌအား မိမိဖိတ်ခေါ်ပြီး မေတ္တာရပ်ခံပေးမည်ဟု ပြောပါသည်။ ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းမောင် ရောက်သောအခါ မွန်ဆရာတော် ဦးဝါယမ နှင့် ဥက္ကဋ္ဌ ဦးချစ်သောင်း တို့က ပါဠိပထမပြန် စာမေးပွဲတွင် မွန်သံဃာတော်များသည် မွန်ဘာသာဖြင့် ဖြေဆိုခွင့် ရထားသော်လည်း မေးသောအမေးပုစ္ဆာမှာ မြန်မာဘာသာ ဖြစ်နေ၍ စာမေးပွဲ ဖြေဆိုသော မွန်သံဃာတော်များသည် အမေးပုစ္ဆာကို သဘောမပေါက်၍ မှားယွင်းဖြေဆိုခဲ့ခြင်းများ ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာဘာသာ မကျွမ်းကျင်၊ သဘောမပေါက်သော မွန်သံဃာတော်များအတွက် မေးခွန်းများကို မွန်ဘာသာဖြင့် မေးရန် မေတ္တာရပ်ခံကြောင်း ဦးသိမ်းမောင် အား တင်ပြကြပါသည်။ ဦးသိမ်းမောင် က ယခုအခါ မွန်ဘာသာဖြင့် မေးခွန်း ထုတ်ရန် အစိုးရပုံနှိပ်တိုက်တွင် မွန်ခဲစာလုံးများ မရှိ၍ မထုတ်နိုင်ကြောင်း ပြန်ကြားပါသည်။

ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ ဦးသိမ်းမောင် အား မေတ္တာရပ်ခံသည်။ အကယ်၍ ခဲစာလုံး မရှိလျှင် ဖယောင်းစက္ကူပေါ်တွင် ရေးပြီး စာကူးစက်ဖြင့် ထုတ်ပေးရန်ပြောသည်ကို ၎င်းကိစ္စနှင့်ပတ်သက်၍ ထပ်မံ မဖြေရှင်းတော့ဘဲ မွန်သံဃာတော်များတွင် မေးခွန်းထုတ်နိုင်သောပုဂ္ဂိုလ် ရှိပါသလား၊ ရှိလျှင် ၎င်းသံဃာတော်များသည် မေးခွန်း မပေါက်ကြားရန် တာဝန်ယူနိုင်မလား မေးရာ မွန်သံဃာတော်များသည် မြန်မာသံဃာတော်များနည်းတူ ရဟန်းသိက္ခာပိုမည် မထင်ကြောင်း တင်ပြရာ ဝန်ကြီး စောဘဦးကြီးက ကြားဖြတ်၍ မွန်သံဃာတော်များအတွက် မွန်ဘာသာဖြင့် မေးခွန်းထုတ်ပေးရန် ကြိုးစားပါမည့်အကြောင်း ဦးသိမ်းမောင်း အား ထပ်မံမေတ္တာရပ်ခံ၍ ဆွေးနွေးညှိနှိုင်းမှုကို ရုပ်သိမ်းလိုက်သည်။

ပုံရိပ်နိုင်ငံရေး - အပိုင်း (၂)


ဘိုဘိုကျော်ငြိမ်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 15:21 - မြန်မာစံတော်ချိန်

ပုံရိပ်နိုင်ငံရေးဆိုတာ ဘာလဲ?

ကျနော့်အမြင်ကို ပြောရလျှင် ပုံရိပ်နိုင်ငံရေး ဆိုသည်မှာ ပေါ်လစီ (မူဝါဒ) ကို အခြေပြုသော နိုင်ငံရေး မဟုတ်တော့။ "လူ" ကို အခြေပြုသော နိုင်ငံရေး၊ နဖူးစည်းတပ်ပြီး နိုင်ငံရေး ကြွေးကြော်ခြင်းဟု မြင်မိသည်။ ယခုခေတ် နိုင်ငံရေးလုပ်သည်ဟု ဆိုသူများအကြားတွင် "မင်း ... ထောင်ကျဖူးလား"၊ "မင်း ... အန်အယ်လ်ဒီလား"၊ "မင်း ... ဗကသလား"၊ "မင်း ... ကျောင်းသားလား" ဆိုသည်က အရင် စမေးခံရသည်။ တချို့တွေဆိုရင် ထောင်ကျဖူးမှ လူရာဝင်နိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် လူတချို့က ကိုယ့်ရာဇဝင်ကို ပိုပိုသာသာ ပြောလာကြသည်။ တချို့ဆိုလျှင် "ဘာရာဇဝင် ရှိခဲ့သလဲ" က စချင်ကြသည်။ ရာဇဝင်ရှိမှ နိုင်ငံရေး လုပ်ရမယ်ဆိုရင် ဘယ်မှာ နိုင်ငံရေးသမား ရှာရတော့မှာလဲ။

ယနေ့ နိုင်ငံရေးလောကတွင် ထောင်ကျဖူးမှ နိုင်ငံရေးအရ အရာဝင်သည်ဆိုသည့် အတွေးမှားကို ထောက်ပြချင်သည်။ ယနေ့ခေတ်သည် အင်္ဂလိပ်ခေတ်ကဲ့သို့ သခင်ပေါက်စ၊ ထောင် ၆ လ မဟုတ်တော့ပါ။ နအဖ ဖက်ဆစ်တို့အောက်တွင် ထောင် ၁ဝ နှစ်၊ အနှစ် ၂ဝ မှာ အသာလေး ဖြစ်သည်။ ထောင်ထဲဝင်၍ သူရဲကောင်းလုပ်စရာ မလိုပါ။ အဖမ်းခံမည်ထက်၊ ထွက်ပြေးတိမ်းရှောင်ရင်း အကျိုးပြုနိုင်ပါသည်။ လူငယ်ခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဝရမ်းထုတ်၊ ကိုအောင်ဆန်းက အဖမ်းမခံ၊ ဤမူကို ခံယူသင့်သည်။ အရေးအခင်းဖြစ်လိုက်၊ ခေါင်းဆောင်တွေ ပေါ်လာလိုက်၊ အဖမ်းခံလိုက်ကြရနဲ့၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြရတယ်။

တဖက်ကလည်း “လူ” ကို တင်တိုက်သော ပုံရိပ်နိုင်ငံရေးအတွက် ခေါင်းဆောင်ကောင်းတွေ့လျှင် အင်္ဂလိပ်လို Larger than life ဟုခေါ်သည့် လူစင်စစ်ကနေ ဘုရားဖြစ်အောင် ဖန်တီးကြတော့သည်။ ဤအန္တရာယ်မှာ ကွန်မြူနစ် အာဏာရှင်စနစ်မှ သက်ဆင်းလာခြင်း ဖြစ်သည်။ မော်စီတုံး၏ ဗျူဟာမှန်ခဲ့၍ တရုတ်ကွန်မြူနစ်တို့ အာဏာရခဲ့သည်။ သို့သော် မော်စီတုံးသည် လူထဲက လူတယောက်သာ ဖြစ်သည်။ နတ်ဘုရား မဟုတ်ပါ။ လျူရှောက်ချီနှင့် တိန်ရှောက်ပိန်တို့က လက်တွေ့ ဦးဆောင်နေရာမှ အသာစီးရလာသည်။ ထိုအခါ မော်စီတုံးက အာဏာလုရန် ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲရာ လင်ပြောင်က ဖော်လန်ဖားပြီး မော်စီတုံး၏ အတွေးအခေါ် စာအုပ်ကလေးကို ရိုက်နှိပ်ကာ စစ်တပ်အတွင်း ဖြန့်ဝေရာမှ စာအုပ်နီသည် ကွန်မြူနစ်တို့၏ ကျမ်းစာဖြစ်ခဲ့ရ၍ မော်စီတုံးလည်း လူစင်စစ်မှ နတ်ဘုရား ဖြစ်ခဲ့ရသည်။

အသေအချာ လေ့လာလျှင် မော်စီတုံး၏ အမှားနှင့် အာဏာမက်မှုကြောင့် တရုတ်သန်းပေါင်းများစွာ ပျက်စီးသေဆုံးခဲ့ရသည်။ တရုတ်တွေ မွဲတေခဲ့ရသည်။ မြောက်ကိုးရီးယားကို ကြည့်ပါ။ The Great Leader နှင့် Dear Leader တို့ နှစ်ဦးကို ဘုရားသဖွယ် ကိုးကွယ်နေကြသည်။ အမြင်မှန်ရသွားသော တိန်ရှောက်ပိန်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် စနစ်မှန်ကန်ရေးကို ဦးစားပေးခဲ့သည်။ တရုတ်တွေ ကံကောင်းဖို့ ဖြစ်လာရသည်။ အမေရိကန်နိုင်ငံတွင် “လူ” သမတကို သစ္စာရှိရသည် မဟုတ်။ အခြေခံဥပဒေ Constitution ကို သစ္စာစောင့်ရသည်။ အခြေခံဥပဒေက Presidency သမတရာထူးကို ဖော်ထုတ်၍ (လူ)တွေက အရွေးခံရခြင်း ဖြစ်သည်။ တနည်းအားဖြင့် စနစ် System သည် အဓိက ဖြစ်သည်။ စနစ်အပေါ် သစ္စာစောင့်သိခြင်း ဖြစ်သည်။

ယခုခေတ် မြန်မာနိုင်ငံရေးတွင် စနစ် အရေးကြီးပုံကို နားမလည်ကြပေ။ (လူ) ကို အဓိကထား ပွဲထုတ်ကြသည်။ အဆင့်ဆင့် “လူ” ကို တင်တိုက်ကြသဖြင့် မိမိတို့၏ ခေါင်းဆောင်ပုံရိပ်၊ မိမိ၏ ပုံရိပ်တို့သည် ရှေ့တန်း ရောက်လာရပါသည်။

ထိပ်ဆုံးအဆင့် ဒေါ်စုကို ကြည့်ရအောင်။ ဒေါ်စုသည် ယနေ့ခေတ်ကမ္ဘာတွင် အထင်ရှားဆုံး ခေါင်းဆောင်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည်။ ဒေါ်စု၏ သတ္တိနှင့် အာဏာရှင်စနစ်ကို ဇွဲနှင့် ရင်ဆိုင်ရဲခြင်းအတွက် ဒေါ်စုသည် ဒီမိုကရေစီသူရဲကောင်း Democracy Icon ဖြစ်ခဲ့ရသည်။ ဘာသာရေးနှင့် ယှဉ်ပြောရလျှင် မဂ်ဖိုလ် အဆင့်ရပြီးသူနှင့် တူသည်။ အပါယ်တံခါး ပိတ်၍ ကောင်းကင်ဘုံ ရောက်ရန်သာ ရှိတော့သည်။ သို့သော် ဒေါ်စုနှင့် အတန်ဆုံးဆုမှာ မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်ရန်ဖြစ်မည် ဟု ထင်မိသည်။ စစ်အာဏာရှင်စနစ်ကို အောင်နိုင်ရန်မှာ ဒေါ်စု တယောက်ထဲနှင့် မဖြစ်နိုင်။ ဒေါ်စုကို ထိုင်ရှိခိုးရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို အသံကုန်ဟစ်၍ ထောက်ခံနေရုံနှင့်လည်း မရနိုင်။ ဒေါ်စုကို ထောက်ခံသော၊ တိုင်းပြည်ကိုချစ်သော လူအများ စုပေါင်း၍ အင်အားတည်ဆောက်ပြီး ဒေါ်စုကို ပံ့ပိုးပေးနိုင်မှသာ ဒေါ်စု အင်အားရှိမည်။ ဤအင်အားကို ပြနိုင်မှ နအဖ က ဒေါ်စုကို အရေးထားလာရပေမည်။

ကျနော်တို့ အများစုသည် ဤအင်အားကို တည်ဆောက်ဖို့ နားမလည်နိုင်ကြသလို စိတ်ဝင်စားခြင်းလည်း မရှိကြပါ။ အချင်းချင်း ပေါင်းစည်းနိုင်ရန် တအုပ်စုနှင့် တအုပ်စု ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး၊ နားလည်မှုရှိလာအောင် လုပ်ဖို့ မကြိုးစားကြ။ ဒေါ်စု ဘွဲ့များ ထပ်ရရန် ကြိုးပမ်းသူက ကြိုးပမ်းကြ၊ စည်းရုံးသူက စည်းရုံးကြနှင့် ရွာလည်နေကြသည်။

ဒေါ်စုပြီးတော့ ကိုမင်းကိုနိုင် ထွက်လာသောအခါ ကိုမင်းကိုနိုင်ဘွဲ့ ရရန် ကြိုးစားသူများ ပေါ်လာကြပြန်သည်။ တဆင့်ပြီးတဆင့် ဘွဲ့များရရန်သာ ကြိုးစားနေကြရင်း အချိန်ဖြုန်းခဲ့ကြ၍ အနှစ် ၂ဝ တိုင် ကြာခဲ့ပြီဖြစ်သည်။ ရှေ့မတိုးနိုင်ကြသေးပါ။ ဤသည်မှာ ပုံရိပ်နိုင်ငံရေး၏ အန္တရာယ်ဆိုး ဖြစ်သည်။ ပို၍ဆိုးသည်မှာ ပုံရိပ်နိုင်ငံရေးကြောင့် ကိုယ်နှင့် သဘောထား မတူသူတွေကို အရင်ဦးအောင် တိုက်ခိုက်ထားရမည် ဆိုသည့် မသိစိတ်များသည် ယနေ့ နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ကိန်းအောင်း ငြိတွယ်နေကြသေးသည်။ ထို့ကြောင့် ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ အချင်းချင်း နှိပ်ကွပ်နေရင်း စစ်အာဏာရှင်ကို တိုက်ရန် အင်အား မစုစည်းနိုင်ကြတော့ပါ။

zero sum game ခေါ် သုံညအကြွင်း တွေးခေါ်ချက်

မဆလ စိတ်ဓာတ်ဆိုးနှင့် လူချသည့် အကျင့်ဆိုး ၂ ခုက ပုံရိပ်နိုင်ငံရေးနှင့် Zerosum game သူနိုင်ကိုယ်နိုင်၊ သုံညအကြွင်း တွေးခေါ်ချက်ကို ပို့ဆောင်ပေးခဲ့သည်။ ဤအတွေးအခေါ်က လုံးဝသုံည အနိုင်ရရေးကို ဦးတည်သည်။ အဆင့်ဆင့် နိုင်ငံရေးစစ်ပွဲ အနိုင်ရရေးထက် လုံးဝဥဿုံ အနိုင်ရရေးကို ရည်ညွှန်းသည်။ ကွန်မြူနစ်ပါတီ တောခိုတော့ ဤအတွေးအခေါ်နှင့် တောခိုကြခြင်း ဖြစ်သည်။ ရန်သူကို အနိုင်တိုက်ရေးမှ လွဲ၍ ကျန်ဗျူဟာကို မစဉ်းစား။ မနိုင်မှ ငြိမ်းချမ်းရေးစကား ဆိုလာတော့ အစိုးရက အားသာလာကာ ဖြတ်လေးဖြတ်နှင့် ရက်ရက်စက်စက် ချေမှုန်းလာတော့ ကွန်မြူနစ်တွေ ပြေးကြရသည်။ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်နှင့် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် အများအပြား အသက်ဆုံးရှုံးခဲ့ကြရသည်။

သို့သော် ၎င်းတို့၏ Zero sum အတွေးနှင့် ဗျူဟာ Strategy က ကျန်ရစ်ခဲ့သည်။ အမွေဆိုးကို နောင် ခေတ်အဆက်ဆက် ခံယူရင်း - ကွန်မြူနစ်တို့၏ ဗျူဟာအမှားနောက် ဆက်လက်နင်းခဲ့ကြသည်။ Zero Sum game ကို ကစားလိုလျှင် (အင်အား) တည်ဆောက်ရမည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့သလို လူတော်တွေကို ဘက်ပေါင်းစုံက စည်းရုံး (ဆွဲစေ့) ရမည်။ လူတော်တွေကို လိုချင်ရင် ဒီလူတွေကို နေရာပေးရမည်။ အောက်ခြေလူတန်းစား (Grass root) သာမက အဆင့်ဆင့်တွင် ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်ရမည်။ Next Generation ဟု ခေါ်သည့် နောက်ခေတ်လူငယ်များကို ပြုစုပျိုးထောင် မွေးထုတ်နိုင်ရမည်။ အခုတော့ ဒီလိုမဟုတ်။ ပြည်တွင်းပြည်ပ (လူကြီး) များက (ရာသက်ပန်) နေရာယူထားကြသည်။ (ငါတို့ အစု) သာ လုပ်ပိုင်ခွင့်ရှိသည်ဟု ခံယူကြကာ မဆလစိတ်ဓာတ် အပြည့်နှင့် (မလုပ်၊ မရှုတ်၊ မပြုတ်) ခံယူချက်နှင့် အပြင်လူ အဝင်မခံ။

တောင်အာဖရိကတွင် မင်ဒဲလား (Mandela) ဦးဆောင်သော အေအင်စီ (ANC) တို့ အနိုင်ရသည်ကို ကြည့်လျှင် မင်ဒဲလားက သတ္တိရှိရှိနှင့် အသားရောင် ခွဲခြားနှိပ်ကွပ်သော အပါသိုက် Apartheid စနစ်ကို ထောင်ထဲတွင် စွန့်စားတိုက်ပြနေချိန်တွင် အောလီဘာတမ်ဘို (Oliver-Tambo) က ပြင်ပတွင် ခေါင်းဆောင်မှုပေးကာ အင်အားကို တည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံတကာ ထောက်ခံမှုကို အရယူနိုင်ခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှုကို ဦးဆောင်နိုင်ခဲ့သည်။ မင်ဒဲလားသည် အတိုက်အခံ အုပ်စု၏ ရုပ်လွှာ Icon သတ္တိ၊ အောလီဘာတမ်ဘိုက ပြင်ပမှ ခေါင်းဆောင်မှုတို့ ဟန်ချက်ညီစွာ ခေါင်းဆောင်နိုင်ခဲ့ကြသည်။ ဒေါ်စုသည် မင်ဒဲလားကဲ့သို့ သတ္တိရှိသော ခေါင်းဆောင်။ ဒေါ်စု၏ သတ္တိကြောင့် မြန်မာသာမက တကမ္ဘာလုံးက ထောက်ခံလျက်ရှိသော ခေါင်းဆောင်။ သို့သော် ဤထောက်ခံမှုကို (အင်အား) ဖြစ်အောင် ခေါင်းဆောင်နေရာယူထားသည့် လူကြီးများက မတည်ဆောက်နိုင်ကြ။ တည်ဆောက်ရမှန်းပင် သိပုံမပေါ်ကြ။

အဝေးရောက် အစိုးရအဖွဲ့သာ လုပ်တတ်ခဲ့လျှင်၊ နိုင်ငံရေး နားလည်ခဲ့ကြလျှင်၊ အောက်ခြေကို စည်းရုံးသူတွေက စည်းရုံး၊ နိုင်ငံခြားအစိုးရတွေကို လော်ဘီလုပ်သူတွေက လော်ဘီလုပ်၊ စီးပွားရေးပိတ်ဆို့မှု (Sanctions) ကို ဦးစီးသူတွေက ဦးစီး၊ တိုက်ပွဲဝင်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် အကောင်အထည် ဖော်နိုင်ခဲ့ကြလျှင် (အင်အား)လည်း တဖြေးဖြေး တိုးတက်လာပြီး ထောက်ခံမှုလည်း တဖြေးဖြေး ကြီးထွားလာစရာ အကြောင်းရှိပါသည်။ အခုတော့ အနှစ် ၂ဝ လုံးလုံး (လုပ်ကြပါ၊ လုပ်ကြပါ) ဟု ကမ္ဘာပတ်၊ လိုက်အော်ကာ ပိုက်ဆံလိုက်တောင်း၊ ငွေတွေသုံး၊ အချိန်တွေòဖံး၊ အခွင့်အရေးတွေ ရှုံးခဲ့ရသည်မှာ တွေးတတ်လျှင် ရင်နာစရာ ကောင်းလှပါသည်။

လူကြီးများက အတွင်းစည်းဝိုင်းကာ လူနည်းစု သက်သက်နှင့်သာ အနိုင်တိုက်လိုကြသည်။ အနှစ် ၂ဝ ကျော် လာသည့်တိုင် စည်းဝိုင်းသာ ကျဉ်းသွားသည်။ တိုးတက်မှုမရှိ။ တိုင်းပြည်ပြင်ပတွင် ၅ ဦး တဖွဲ့နှင့်၊ ကိုယ့်စည်းကိုယ်တားကာ ကြိတ်ဝိုင်းတွေနှင့် အစိတ်စိတ်အမွှာမွှာ ကွဲနေကြသည်။ ကြိုးဝိုင်းအပြင် ရောက်နေကြသည့် အုပ်စုများမှာ မဆလစိတ် အပြည့်နှင့် zero-sum ဗျူဟာကိုင်ကာ အချင်းချင်း ဝိုင်းဆဲနေကြသည်ကိုပင် နိုင်ငံရေး စွန့်စားမှုကြီးသဖွယ် ထင်နေကြသည်။ သူ့ထက်ငါ သတ္တိရှိပြနေကြသည်။ သံရုံးရှေ့ ဆန္ဒပြခြင်း၊ ရှည်လျားလှသော ကြေညာချက်များ ထုတ်ပြန်ခြင်း၊ Website ထောင်၍ လူတကာကို ဆဲဆိုကြခြင်းကိုပင် နိုင်ငံရေး လုပ်နေကြသည်ဟု ယူဆကာ ဘဝမြင့်နေကြသည်။ နအဖ စစ်အစိုးရကို များများဆဲနိုင်သူကို ခေါင်းဆောင်အဖြစ် မှတ်ယူကာ ပုံရိပ်ကို အရောင်တင်နေကြသည်။ အင်အား မတည်ဆောက်နိုင်လျှင် တဦးပြီး၊ တဦး အိုပြီး သေမင်းခေါ်ရာ လိုက်ကြရမည်။ အာဏာရှင်စနစ် ပြိုကွဲမည် မဟုတ်ပါ။

ယနေ့နိုင်ငံရေး အခြေအနေကို သုံးသပ်ရလျှင် ခေါင်းပိုင်းတွင် ဒေါ်စုသည် အနစ်နာခံကာ အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော်လည်း ဒေါ်စုနောက်က အင်အားအဖြစ် ပံ့ပိုးရမည့် ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း မရှိပါ။ (စကားချပ်။ ။ ဦးဝင်းတင် လွတ်မြောက်လာ၍ မျှော်လင့်ချက် တက်လာသည်။ NLD-LA တွင် လူငယ်များ နေရာရလာခြင်းမှာ အားရဖွယ်ဖြစ်သည်။) တနည်းအားဖြင့် ခါးပြတ်နေပါသည်။ အတွင်းနှင့် အပြင်တွင် အုပ်စုအသီးသီးဖွဲ့ကာ အုပ်စုအချင်းချင်း အားပြိုင်နေကြသော်လည်း အချင်းချင်း အချိတ်အဆက် မရှိကြ။ စည်းဝိုင်းဖွဲ့ထားကြသော စက်ဝိုင်းများ မချိတ်မိကြ။ တကမ္ဘာစီ ဝေးနေကြသည်။ နောက်ဆုံး အချိန်ကြာလာတော့ ဒေါ်စုဆိုင်းဘုတ်ကို ထောင်ပြီး ခွင်ရိုက်စားရသည့် နိုင်ငံရေးလုပ်စားများ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။ ပုံရိပ်နိုင်ငံရေးကြောင့် ပြိုင်ဆိုင်မှုများလာကာ အောက်ခြေတွင် ညီညွတ်မှု မရှိကြ၍ (အင်အား) မတည်ဆောက်နိုင်ကြပါ။ မြေစာပင်ဖြစ်ရသူများမှာ အသက်စွန့်၍ တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက သူရဲကောင်းများနဲ့ ပြည်သူတွေသာ ဖြစ်တယ်။

၈ လေးလုံး လူထုတော်လှန်ရေးကြီးနှင့် ရွှေဝါရောင် တော်လှန်ရေးအကြား ၁၉ နှစ် ရှိပါသည်။ ဤ ၁၉ နှစ်အတွင်း တော်လှန်ရေး အင်အားစုအတွင်း ဘာများ ပြင်ဆင်နိုင်ခဲ့ပါသလဲ။ ဘာမှ မပြင်ဆင်နိုင်ခဲ့ကြပါ။ ၈၈ အုပ်စုနောက်ပိုင်း မျိုးဆက်သစ်ခေါင်းဆောင်များ မပေါ်ပေါက်ခဲ့တော့ပါ။ အကြောင်းမှာ လူငယ်လူသစ်များကို ပြုစုပျိုးထောင်ပေးလိုစိတ် မရှိကြ။ ပေးရမည်ကိုပင် မသိကြရုံမက နေရာရထားသည့်သူများက မဆလစိတ်ဓာတ် အပြည့်နှင့် ထိုင်ခုံ မဖယ်ပေးလိုကြ။ အချိန်တွေသာ ကုန်သွားသည်။ တိုးတက်မှု မရှိကြသည်ကိုလည်း ဂရုမပြုနိုင်ကြ။ မျက်စိမှိတ်ကာ လုံးဝ အနိုင်ရရေးကိုသာ ဇွတ်အော်နေကြသည်။ လုံးဝအနိုင်ရရန် လိုအပ်ချက်များကို မစဉ်းစားကြ။ မပြင်ဆင်ခဲ့ကြပါ။

ရလာဒ်မှာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာသောအခါ ဦးဆောင်ရမည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်း မရှိဘဲ နိုင်ငံရေးအရှိန်၊ တိုက်ပွဲအရှိန်ကို မမြှင့်နိုင်ကြ။ ထို့ကြောင့် စစ်အစိုးရက ဂမ်ဘာရီကို ဘန်းပြ၍ ဒေါ်စုနှင့် လှည့်၍ မျှော်လင့်ချက် ပေးလိုက်တဲ့အခါ၊ စစ်အစိုးရရဲ့ နိုင်ငံရေး၊ ထောင်ချောက်ထဲကို တန်းဝင်သွားကြရတာပါ။ ဒေါ်စုကိုယ်နှိုက်လည်း အသုံးချခံလိုက်ရတယ်လို့ ခံစားရမိတယ်။

လက်ရှိဖြစ်ရပ်များနှင့် နိုင်ငံရေး အခြေအနေကို သုံးသပ်ရာတွင်၊ အမှန်တရားကို အခြေပြု၍ သတ္တိရှိရှိ ဝန်ခံစိတ်နှင့် သုံးသပ်ကြည့်လျှင် စစ်အာဏာရှင်အစိုးရနှင့် အတိုက်ခံတို့သည် ဒီမိုကရေစီကို အခြေပြု၍ တိုက်ပွဲဝင်နေကြခြင်းဟု ယေဘုယျအားဖြင့် ပြောနိုင်သော်လည်း ကျင့်စဉ်များမှာ မဆလစိတ်ဓာတ်ကို အခြေပြုသော ကွန်မြူနစ် ကျင့်စဉ်များသာ ဖြစ်သည်။ ဦးနေဝင်းသည် ၎င်း အာဏာတည်မြဲရေးအတွက် ကွန်မြူနစ်တို့၏ ဗဟိုဦးစီးစနစ်ကို ယူလာကာ စစ်ဗိုလ် လူထွက်များနှင့် ကွန်မြူနစ်လူထွက်များကို အားယူကာ “မဆလ” ပါတီကို တည်ထောင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် “အာဏာ” ကို ရအောင် မတိုက်နိုင်သောအခါ အာဏာရနေသော “မဆလ” ပါတီသို့ ကွန်မြူနစ် အများအပြား ဝင်ရောက်ကာ တဆင့်ခံ အာဏာကို ဝင်ရောက်ရယူခဲ့ကြသည်။

၎င်းတို့နှင့်အတူ ကွန်မြူနစ်ပါတီမှ အကျင့်ဆိုးများ ပါလာကာ ဗဟိုဦးစီးစနစ်ဆိုးမှ စီးဆင်းလာသော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကြီးသည် မြန်မာပြည်တပြည်လုံး ပြန့်နှံ့ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ ကျနော့်အမြင်ကို တင်ပြရလျှင် ဦးနေဝင်း၏ အမွေဆိုးမှာ စစ်အာဏာရှင်စနစ်ကို ၎င်းကိုယ်ကျိုးအတွက် ထူထောင်ခဲ့သည်သာမက မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးကို တပြည်လုံးကို ဖြန့်၍ တိုင်းပြည်ကို ဖျက်ဆီးခဲ့ခြင်းပင် ဖြစ်သည်။ ဒီစိတ်ဓာတ်နှင့် ဒီအကျင့်ကို မြန်မာတပြည်လုံး မဖျောက်နိုင်ကြသေးပါ။

နအဖ စစ်အစိုးရသည် မဆလစိတ်ဓာတ်ကို အခြေခံ၍ ဖက်ဆစ် အာဏာရှင်တို့၏ ကျင့်ထုံးအတိုင်း အာဏာသုံး၍ အများပြည်သူကို နိုပ်ကွပ်ရာမှ ဦးနေဝင်းခေတ်ကထက် ပိုမိုယုတ်မာနှိပ်စက်သော ဖက်ဆစ်ရုပ်ပုံ ပိုပေါ်လာသည်။ ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ် မုန်တိုင်းတွင် ဗိုလ်ချုပ်သန်းရွှေ၏ ဖက်ဆစ်ရုပ်သည် ပိုပေါ်လွင်လာကာ စစ်တပ်က (ပြည်သူ) ကို (ရန်သူ) အဖြစ် သတ်မှတ် ဆက်ဆံလာသည်မှာ ထင်ရှားလာပါသည်။

စစ်အာဏာရှင်ပီပီ ဗိုလ်ချုပ်သန်းရွှေသည် အာဏာနှင့် ရာထူးကို လက်မလွှတ်နိုင်။ အောက်က ဗိုလ်ချုပ်များ၏ ထောက်ခံမှုရရန် ဆရာ၊တပည့် ကြည့်ရှုသည့် Patronage စနစ်ကို ကျင့်သုံးကာ လူတွေကို ငွေနှင့် အာဏာပေးကာ ခိုင်းစားခဲ့ရသည်။ ခိုင်းစားလျက်လည်း ဖြစ်သည်။ အဆင့်ဆင့် အာဏာနှင့် ငွေပေး၍ ခိုင်းစားကြရာက တိုင်းပြည်လည်း မွဲ၍ မြန်မာပြည်လည်း “သူခိုး” နိုင်ငံဖြစ်ခဲ့ရပြီ။ မဆလ စိတ်ဓာတ်ကို အခြေခံခဲ့ရာမှ စစ်အာဏာရှင်စနစ်ဆိုးတို့ သွားရာလမ်းအတိုင်း လက်ရှိ နအဖ အစိုးရသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်စိတ်ပျောက်ကာ တကိုယ်ကောင်းစိတ် အစွန်းရောက်သော ဖက်ဆစ်စစ်စစ် ဘဝသို့ ရောက်ကာ တိုင်းပြည်လည်း တရုတ်ကျွန်ဘဝ ရောက်ခဲ့ရပြီ။ ဗိုလ်ချုပ်သန်းရွှေကတော့ စိန်စီသော သမီးများ ခြံရံလျက် ပုလ္လင်ထက်မှ မဖယ်နိုင်ရှာသေးပါ။

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်ကြီးများကို ကြည့်လျှင်လည်း အများစု၏ အခြေခံမှာ မဆလ စိတ်ဓာတ်နှင့် ကွန်မြူနစ်တို့၏ အကျင့်ဆိုးများပင် ဖြစ်သည်။ အစိုးရ၏ ဖမ်းဆီး နှိပ်ကွပ်ခြင်းဘေးမှ ကင်းလွတ်ခဲ့ကြသော အတွင်းနှင့် အပြင် ခေါင်းဆောင်ပိုင်းကို ကြည့်လျှင် မိမိတို့၏ ရာထူးနှင့် ရပိုင်ခွင့်များကို မစွန့်လွှတ်လိုကြ။ ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသူများပင် ဖြစ်သော်ငြားလည်း ဝေဖန်မှုကို မခံနိုင်ကြ။ ဒီမိုကရေစီ ကျင့်စဉ်တွင် မရှိမဖြစ်သော Transparency ဟု ခေါ်သည့် ပေါ်ပေါ်ထင်ထင် ဆောင်ရွက်မှုကို မလိုလား။ ကြိတ်ဝိုင်းကလေးများ ဖွဲ့ကာ ကြိတ်စားနေကြသည့် အကျင့်က မပျောက်ကြ။ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း Critical Thinking ကို ဦးစားမပေး။ “ငါပြောတာ နားထောင်၊ ငါခိုင်းတာ လုပ်၊ ပြန်မပြောနဲ့” ဟူသော အကျင့်ဆိုးကို မဖျောက်နိုင်ကြသေးပါ။ အချိန်ကြာလာသောအခါ တော်လှန်ရေး အနိုင်ရရှိရေးထက် ကိုယ့်အဖွဲ့၊ ကိုယ့်အုပ်စု၊ ကိုယ့်ရာထူး တည်မြဲရေး အဓိက ဖြစ်လာကြပါတော့သည်။

နအဖ အစိုးရက အာဏာကို သုံး၍ တိုင်းပြည်နှင့် လူမျိုးကို အဓမ္မပြုကျင့်ကာ ခိုးစားလာကြသည်။ ဒီမိုဘက်သားများက ဒေါ်စု အမည်ကို အသုံးပြုကာ လုပ်စားလာကြပါတော့သည်။ ဤသို့ ဖြစ်ရသည်မှာ နှစ်ဖက်စလုံး၏ အခြေခံမှာ ဦးနေဝင်း အမွေပေးခဲ့သော မဆလ စိတ်ဓာတ်နှင့် အကျင့်ဆိုးဖြစ်သည်။ မဆလ စိတ်ဓာတ်နှင့် အကျင့်တို့ အဖျားခံရာသည် ဗဟိုဦးစီးစနစ်နှင့် မက်(စ်) Marx အတွေးအခေါ် ဖြစ်သည်။ ဤသည်တို့မှ ပုံရိပ်နိုင်ငံရေး မိမိဘက်အနိုင်ရရေး Zero Sum Game အတွေးအခေါ်တို့သည် ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေးတွင် လွှမ်းမိုးလျက်ရှိသည်။

ဤအခြေအနေကြားမှ အလင်းရောင်တန်းတခုကို မြင်မိ၍ အားတက်မိသည်။ လူကြီး၊ လူလတ်ပိုင်း (၄ဝ-၇ဝ) တန်းများကြားတွင် ပုံရိပ်နိုင်ငံရေးကို ဖက်ပြီး အချင်းချင်း နှိပ်ကွပ်ကာ နိုင်ငံရေးအသေသတ်ရန် ကြိုးစားနေသော်ငြားလည်း အင်တာနက်ခေတ်တွင် ကြီးပြင်းလာကြသော လူငယ်ပိုင်းတွင် Critical Thinking ဟု ခေါ်သည့် ဝေဖန်ပိုင်းခြားစဉ်းစားမှု အတွေးရှိကြသည်။ ပြောတိုင်းမယုံကြ။ လေ့လာပြီးမှာ လက်ခံပုံရသည်။ ပြည်တွင်းတွင် ခေတ်ပေါ် Wave မဂ္ဂဇင်းမျိုး ဖတ်ရှုလေ့လာ နှစ်သက်လာကြသည်။ လူကြီးများက လူငယ်များကို ပြုစုပျိုးထောင်ပေးဖို့လိုသည်ဟု မြင်မိသည်။ ထို့ထက် တလှမ်းတိုးဖို့ လူငယ်တွေအတွက် နေရာပေးဖို့လိုသည် ဆိုချင်သည်။ ၈၈ မျိုးဆက် ပြီးကတည်းက လူငယ်မျိုးဆက်သစ်တို့ နေရာ မရကြ။ လူငယ်လှိုင်း (New Wave) ကို ဖော်ထုတ်ဖို့ လိုသည်။

အရေးအကြီးဆုံး အမြင်တခုမှာ ဒီလူငယ်တွေကို လူကြီးတွေ၏ “ဆိုးမွေ” ဖြစ်သော ပုံရိပ်နိုင်ငံရေး၊ လူချနိုင်ငံရေးကို လူငယ်မျိုးဆက်များကို မပေးကြဖို့ တိုက်တွန်းစေချင်သည်။ မဆလ စိတ်ဓာတ်ကို လက်ဆင့် မကမ်းမိရန် သတိပြုစေချင်သည်။

အမှားကို မြင်မှ အမှန်ကို ပြင်နိုင်မည်။

အမှားကို ဝန်ခံမှ အမှန်ကို ပြင်ချင်စိတ်ရှိမည်။

နိုင်ငံရေးမှာ “အင်အား” မရှိဘဲ “အာဏာ” မရနိုင်ပါ။

“အာဏာ” ရဖို့ အဖွဲ့အစည်းနှင့် နိုင်ငံရေး အဆောက်အဦ Political Infrastructure ကို တည်ဆောက်ရမည်။

ညီညွတ်မှ “အင်အား” ရပါမည်။

အင်အား မရှိလျှင် အပြင် အင်အား UN/US၊ ကို အားကိုးနေကြရပါမည်။

နအဖကို လက်ဖြန့်တောင်း၍ မရပါ။

တိုက်ယူမှ ရပါမည်။

စနစ်မပြောင်းဘဲ၊ တိုင်းပြည် မထူထောင်နိုင်ပါ။

နိုင်ငံတကာအလယ်တွင် ကျနော်တို့ မြန်မာနိုင်ငံ နောက်ကျကျန်ခဲ့ပြီ။ အချိန်တွေ ဖြုံးနေဖို့၊ အခွင့်မရှိတော့ပါ။ ညီညွတ်ရန် အချိန်တန်ပါပြီ။


ဘိုဘိုကျော်ငြိမ်း
bnyein@gmail.comThis e-mail address is being protected from spambots, you need JavaScript enabled to view it

ကျနော် ဘာကြောင့် ပုံရိပ်နိုင်ငံရေးကို ရေးရတာလဲ။

မဆလ စိတ်ဓာတ်၊ ဇီးရိုးဆမ်း (Zero Sum) အစွဲ၊ ကျနော်တို့ အားလုံးဟာ နိုင်ငံရေး (အတွေး) အမှောင်ထုအထဲက မထွက်နိုင်ကြသေးပါ။ ဒီအတွေးအမှောင်ထဲမှာ ရွာလည်နေကြတုန်း၊ ကွန်မြူနစ်တွေရဲ့ လူချတဲ့ ဉာဉ်ဆိုးကို အတုယူပြီး (လူချ)တဲ့ သံသရာဝဲမှာ လည်ရင်း (ညီညွတ်မှု)ကို မတည်ဆောက်နိုင်ကြဘူး။ ဒီစိတ်ဓာတ်ဆိုး၊ အတွေးဆိုး၊ အကျင့်ဆိုးတွေက လွတ်ထွက်ပြီး၊ လက်တွေ့ကျတဲ့ ပေါ်လစီနဲ့ ညီညွတ်မှုကို တည်ဆောက်ပြီး၊ ဒီမိုကရေစီအောင်ပွဲ ခံစေချင်တဲ့ စေတနာနဲ့ ပုံရိပ်နိုင်ငံရေးကို တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါသည်။

ကျနော်တိုက်တာ “အတွေးအခေါ်” နဲ့ “အကျင့်စရိုက်” ကို တိုက်တာပါ။ “ပါတီ” ကိုသော်၎င်း၊ “လူပုဂ္ဂိုလ်” ကိုသော်၎င်း၊ တိုက်တာ မဟုတ်ပါ။

တခုတော့ သတိပြုစေချင်ပါသည်။ ဆောင်းပါးတစောင်၊ စာတပုဒ်၊ အတွေးအခေါ် ပါသည့် နိုင်ငံရေး စာစောင်တခုကို ဖတ်ရာမှာ၊ မိမိ၏ “အသိ” knowledge ၊ ဘဝဖြတ်သန်းမှု၊ မိမိ၏ နိုင်ငံရေး ခံယူချက်အပေါ် မူတည်ပြီး၊ “နားလည်မှု” ကွာခြားနိုင်ပါသည်။

ညအခါ မိုးကောင်းကင်ကို မော်ကြည့်လိုက်ပါ။ မှိတ်တုတ်၊ မှိတ်တုတ် အရာကလေးများကို တွေ့မြင်ရပါလိမ့်မည်။ ယေဘုယျအားဖြင့် “ကြယ်” ကလေးတွေဟု တွေးထင်ကြပါလိမ့်မည်။ အားလုံးသည် ကြယ်တွေ မဟုတ်ကြပါ။ တချို့မှာ “ဂြိုဟ်” Planets ဖြစ်ကြ၍၊ တချို့မှာ ကြယ်သန်းပေါင်းများစွာ ပါဝင်သော “ကြယ်အစု” Galaxies – များကို မှိတ်တုတ်၊ မှိတ်တုတ် “အစက်အပြောက်” ကလေးအဖြစ်သာ၊ သာမာန်မျက်စိဖြင့် တွေ့မြင်ကြရပါမည်။ အားကောင်းသော မှန်ဘီလူး၊ မှန်ပြောင်း (Telescopes) များနှင့် ကြည့်မှ ခွဲခြားသိမြင်နိုင်ပါသည်။ အားကောင်းသည့် မှန်ပြောင်းအပေါ် မူတည်၍ “အမြင်” ကြည်၊ မကြည်၊ ခွဲခြားနိုင်ပါသည်။ ထို့အတူ စာဖတ်သူ၏ နောက်ခံ “အသိ” Background Knowledge – အပေါ် မူတည်၍၊ ဆောင်းပါး၏ ရည်ရွယ်ချက်၊ အတိမ်အနက်ကို နားလည်မှု ပြောင်းလဲ၊ ပြောင်းလွဲသွားနိုင်ပါသည်။

“အသိ” အပြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရလည်း “အမြင်” ပြောင်းလဲသွားနိုင်ပါသည်။

ကောင်းကင်ပေါ်မှ ကြယ်၊ ဂြိုဟ်တို့ကို လေ့လာသည့်ပညာ Astronomy “နက္ခတဗေဒ” အပေါ် မူတည်၍ ဖြစ်ပေါ်ခဲ့သော တကယ့် အဖြစ်အပျက်ကလေးနှင့် ဥပမာပြပါရစေ။ လွန်ခဲ့သည့် ၃-၄ လလောက်က ထင်ပါသည်။ အမေရိကန် ပြည်ထောင်စုရှိ လော့(စ်)အိန်ဂျိလိ(စ်) Los-Angeles-မြို့၏ မြို့တော်ဝန် အစည်းအဝေးတွင် လူဖြူရပ်ကွက် ကိုယ်စားလှယ်နှင့် လူမဲရပ်ကွက် ကိုယ်စားလှယ်တို့ အငြင်းအခုန် ဖြစ်ရာက၊ လူဖြူရပ်ကွက် ကိုယ်စားလှယ်က 'Black-Hole' ဟူသော စကားအသုံးအနှုံးကို သုံးစွဲခဲ့ပါသည်။ နက္ခတဗေဒ အရ Black Hole ဆိုသည့်အရာမှာ၊ Gravity “ဆွဲအား” ကြီးမားလွန်းသဖြင့် ၎င်း၏စက်ဝန်း Event-Horizon အတွင်း ကျရောက်သွားသော အလင်းရောင် Light ပင် ပြန်မထွက်လာနိုင်တော့ပါ။ ထို့ကြောင့် ပြန်ပေါ် မလာတော့သော အရာ (သို့မဟုတ်) လုံးလုံး ဆုံးပါးသွားပါလျှင် Black-Hole ဟု တင်စားလေ့ ရှိပါသည်။ သို့သော် သာမာန်အတွေးနှင့် ရိုးရိုးတွေးခဲ့လျှင်Black ဆိုသည်မှာ “အမဲ”၊ Hole ဆိုသည်မှာ “အပေါက်”၊ အမဲအပေါက်ဟု အဓိပ္ပာယ် ဖော်နိုင်ပါသည်။ ထို့ကြောင့် လူမဲရပ်ကွက်မှ ရပ်ကွက်လူကြီးက သူ့ကို လူမဲဖြစ်၍ သက်သက်စော်ကားသည်၊ နှိမ်ပါသည်ဟု ထင်မြင်ကာ ဒေါသူပုန် ထပါတော့သည်။ ရှင်းပြ၍မရ၊ တောင်းပန်၍ မရတော့ပါ။ ထို့ကြောင့် နောက်တနေ့ သတင်းစာများတွင် ပါလာကာ ကမ္ဘာအနှံ့ သတင်းပြန့်ကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် ကျနော်က စေတနာသန့်သန့်နှင့် တင်ပြဆွေးနွေးသည်ကို တလွဲကောက်ကာ စွပ်စွဲ တိုက်ခိုက်လာပါလျှင် ကျနော် ဘာမှ တတ်နိုင်မည်မဟုတ်ပါ။ လူတဦးတယောက်စီ၏ နားလည်မှု (အသိ)၊ စာဖတ်အား၊ ဗဟုသုတနောက်ခံ၊ ဘဝဖြတ်သန်းမှုများကို ကျနော် သိနိုင်စွမ်း မရှိပါ။

ဝါဒအတွေးခေါင်သူများ၊ သဘောတရား တာလီဘန်များ (Idealogy Talibans) ၊ လက်ဝဲသူငယ်နာ မစင်သေးသူများက ယုတ်ညံ့သော အသုံးအနှုန်းများနှင့် စော်ကားတိုက်ခိုက်လာလျှင်၎င်း၊ ပြည်သူတဦး၊ ဝေဖန်သူတဦးဟု အမည်မဖော်ရဲဘဲ အမှောင်ထဲက လက်သီးပုန်း ထိုးလိုသူများကို၎င်းး၊ ၎င်းတို့နည်းတူ ညစ်ညစ်ညမ်းညမ်း အခြေမဲ့ ပြောဆိုချေပရန် ကျနော့်မှာ အခြေအနေ အခွင့်အရေး မရှိပါ။ အမည်ရင်းနှင့် ဗြောင်ရေးသူမို့ မိဖမျက်နှာ အိုးမဲမသုတ်ရဲပါ။ ထိုသူအသီးသီးကို အစွဲလွန် (ပုံရိပ်နိုင်ငံရေး) သမားများအဖြစ် နားလည်ပေးရုံသာ ရှိပါသည်။

ရိုးရိုးသားသား အမြင်မတူသူ၊ ကျနော်၏ တင်ပြဆွေးနွေးချက်များကို လက်မခံသူတို့၏ ဝေဖန်မှုများကို အစဉ်ကြိုဆိုလျက်ရှိသည်ကို စာဖတ်ပရိသတ်ကြီးအား သိစေလိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းနှင့် မြန်မာ့အနာဂါတ်


ဂျိုးဇက် ဘောလ်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 19:05 - မြန်မာစံတော်ချိန်

တကမ္ဘာလုံး ယောက်ယက်ခတ်နေသော လက်ရှိ ဘဏ္ဍာရေးအကြပ်အတည်း မည်သို့ အဆုံးသတ်မည်ကို မသိရသေးသော်လည်း တိုင်းပြည်၏ အပေါင်းလက္ခဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် လမ်းကြောင်းများကိုမူ မြန်မာ့အနာဂါတ်အတွက် တန်ဘိုးရှိလှသော သင်ခန်းစာများ ရယူနိုင်ပါသည်။

ဆိုဗီယက်ယူနီယံ မီးမှိတ်သွားချိန်တွင် ပဏ္ဏိတများနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက အမိန့်ပေး စီးပွါးရေးစနစ် ကျဆုံးသွားပြီဟု အလျင်အမြန် ကောက်ချက် ဆွဲလိုက်ကြသည်။ တချိန်တည်းတွင် အရင်းရှင်စနစ်၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံ၊ အထူးသဖြင့် ဝါရှင်တန်အကြိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးသည့် ပုံစံကို ဝိုင်းဝန်း ချီးကျူးထောပနာ ပြုကြသည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် အာရှဘဏ္ဍာရေး အကြပ်အတည်းက ဆိုးလ်မှ ဂျကာတာအထိ ဝင်ရောက်ရိုက်ခတ် ဖျက်ဆီးပစ်လိုက်သည်။ အာရှကျားများ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံများသည် အနောက်နိုင်ငံများ၏ ပုံစံများနှင့် တတန်းတည်း ထား၍မရကြောင်း ကမ္ဘာကြီးက ကြားနာ မှတ်သားလိုက်ရပြန်သည်။ အာရှတန်ဘိုး ဆိုသည်များကိုလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက အကြီးအကျယ် ဝိုင်းဝန်း တိုက်ခိုက်ကြပြန်သည်။ ထိုအချိန်က မရှုမလှ ဖြစ်သွားသည့် အာရှတိုက်၏ ဖွံ့ဖြိုးတိုးတက်ရေး ပုံစံများ ဖွဲ့စည်းဖြစ်ပေါ်မှုကိုလည်း အာရှတန်ဘိုးဆိုသော အရာနှင့် ကမန်းကတန်း ဆက်စပ်ထားလိုက်ပြန်သည်။

တိုတိုပြောရလျှင် စီးပွါးရေး အကြပ်အတည်းများသည် သမိုင်းစဉ်အရပင် ဖွံ့ဖြိုးတိုးတက်မှု၏ တစုံတရာသော စနစ်တရပ်ကို လက်ခံစေရန်နှင့် တရားဝင်မှုကို ပေးအပ်ခဲ့ပြီး အခြားတပါးသော ချဉ်းကပ်မှုများနှင့် မကြာခဏပင် ဘဏ္ဍာရေးနှင့် ဘာမှမဆိုင်သော တန်ဘိုးများကိုလည်း ငြင်းဆန်စေခဲ့သည်။ ဤတရားဝင်မှုဆိုသည်က “အနိုင်ရရှိသူများ” ဟု ထင်မြင် နေသူများ၏ သြဇာအာဏာကို ကျယ်ပြန့်လာစေခဲ့ပြီး၊ တကမ္ဘာလုံး မဟုတ်လျှင်တောင်မှ ဒေသတွင်း စီးပွါးရေးနှင့် ဘဏ္ဍာရေး ချဉ်းကပ်မှု လားရာကို ပုံသွင်းပေးခဲ့သည်။

ယခုလို ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှု၏ ဂယက်က ကမ္ဘာတဝှမ်း အဓိက ဈေးကွက်ကြီးများ၌ အရှိန်မသေသေးချိန်တွင် အလုပ်ဖြစ်ပုံ မရတော့သော ဘဏ္ဍာရေးစနစ်မှာ ဘဏ္ဍာရေး အမြော်အမြင် နည်းပါးမှုနှင့် ကြီးကြပ်မှု လျော့နည်းသည့် အမေရိကန် ဘဏ္ဍာရေး စနစ်ကိုသာ နီးနီးကပ်ကပ် လက်ညှိုးထိုးပြစရာ ရှိနေသည်။

ဤညစ်ထေး စွန်းပေသွားပြီဖြစ်သည့် ပုဂ္ဂလိက တဦးချင်းဗဟိုပြု စီးပွါးရေး တိုးတက်မှုပုံစံကို အစားထိုးရန် ဝင်လာသည့် ပုံစံတရပ်မှာ တရုတ်ပြည်က ရပ်ခံပေးနေသည့် စီးပွါးရေးနှင့် ဘဏ္ဍာရေး မူဝါဒတွင် ပုဂ္ဂလိကနှင့် အများပိုင် ကဏ္ဍနှစ်ရပ် အကြား သဟဇာတဖြစ်သည့် ဆက်ဆံရေးကို ရှာကြံနေသည့် လက်တွေ့ကျသော ချဉ်းကပ်မှုပုံစံ ဖြစ်သည်။ အနှစ်သာရ အားဖြင့် စီးပွါးရေးကဏ္ဍတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ပိုမိုပေးအပ်သည့်ပုံစံ ဖြစ်သည်။

ဆိုဗီယက် အင်ပိုင်ရာ ပျက်သုဉ်းအပြီး ဆယ်စုနှစ်တခုကျော် ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ဟောကြားနေခဲ့သည့် လွတ်လပ်သော ဈေးကွက်များ ဆိုသည့်အယူအဆ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး နယ်ပယ်တွင် တွင်ကျယ်နေခဲ့သောကြောင့် အောင်မြင်မှုကို အမျှော်ကြီး မျှော်နေခဲ့ကြသည့် နိုင်ငံများအကြား၌လည်း “ရှိမှန်း မသိသာသော အစိုးရသည် အစိုးရကောင်း” ဟူသော အယူအဆမှာ တွင်ကျယ်လာခဲ့သည်။ ယခုတော့ အစိုးရဌာနများ အဖွဲ့အစည်းများ၏ ပိုမိုချုပ်ကိုင်မှု လိုအပ်သည်ဟူသော သတင်းစကားက ပိုမို ထင်ရှားလာပြန်သည်။ ယင်းသည် ယခင် နှစ်အနည်းငယ်အတွင်းက ဝါရှင်တန် လမ်းမများပေါ်တွင် မကြံအပ်မစည်ရာ ဖြစ်ခဲ့သော အယူအဆတရပ် ဖြစ်သည်။

၂ဝဝ၈ ခုနှစ်သည်လည်း နားလည်မှု လွဲမှားခဲ့သော အဒမ်စမစ်၏ မမြင်ရသောလက် ဟု ပြောဆိုခဲ့သည့်နှစ်လိုပင် နောက်တကြိမ် ပြန်လည် ငဲ့စောင်းကြည့်ကြရမည့်နှစ် ဖြစ်လာနိုင်လိမ့်ဦးမည်၊ ဤမမြင်ရသောလက် ဟူသည့် အယူအဆ က အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးမှုပုံစံများနှင့် စပ်လျဉ်းသည့် ထူးခြား ဆန်းပြားမှုတရပ်ကို ကြာရှည်စွာ ကတဲကပင် အားဖြည့်ပေးခဲ့သည်။ သို့သော် ဤမမြင်ရသောလက်သည် အားလုံးကို မြင်နိုင်စွမ်းရှိသည့် နိုင်ငံတော် အာဏာပိုင်များ၏ မျက်စိအောက်တွင် ကျရောက်နေသော အရာသာ ဖြစ်သည်။

အာရှတိုက်၏ လူမမာကြီး မဟုတ်တော့

ဖူယီဆိုသော ၂ နှစ်သား လူမမယ်လေး တယောက်က တရုတ်ပြည် ထီးနန်းကို သိမ်းပိုက်စိုးစံခဲ့သည့် လွန်ခဲ့သော နှစ်တရာ တိတိက တရုတ်ပြည်ကြီးကို “အာရှတိုက်၏ လူမမာကြီး” ဟု သိခဲ့ကြသည်။ တိုင်းပြည်၏ စီးပွါးရေးမှာ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေပြီး၊ ပြည်ပနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရည်မှန်းချက်များအတိုင်း ပြုသမျှ နုခဲ့ရသည့်ဘဝ ဖြစ်သည်။ ယခုတော့ ထိုသို့ မဟုတ်တော့။

ယခုလို အမေရိကန် ပြည်ထောင်စုတွင် နောက်ဆုံးဘဏ္ဍာရေး ပြိုလဲဆုံးရှုံးမှုကြီး မဖြစ်မီကပင် နောက်နှစ် ၂ဝ အတွင်း တရုတ်ပြည်က အမေရိကန် စီးပွါးရေးကို ကျော်တက်သွားလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူအများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။

တကမ္ဘာလုံး စီးပွါးရေး အလားအလာ မကောင်းချိန်၌ ကျင်းပခဲ့သော နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ၏ ယခုလ အတွင်းကျင်းပခဲ့သည့် အရေးပေါ် အစည်းအဝေးတွင် တရုတ်ပြည်၏ စီးပွါးရေး တိုးတက်မှုနှုံးမှာ နောက်နှစ်တွင် ၁ဝ% ရှိ လိမ့်မည်ဟု ခန့်မှန်း ကြေငြာခဲ့သည်။ ထိုအချိန်တွင် အနောက်နိုင်ငံများမှာမူ အကြီးအကျယ် စီးပွါးရေး ကျဆင်းနိုင်ခြေ ရှိနေသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန် မနဲ ကြိုးပန်းနေရသည်။ ဤတရုတ်ပြည်အတွက် ခန့်မှန်းချက်သည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး ခန့်မှန်း တွက်ဆချက် ဖြစ်သည်။ သို့သော် နှိုင်းယှဉ်ချက်အရ အတော်လေး တပန်းသာသည့် အခြေအနေကို ကိုယ်စား ပြုနိုင်ပါသေးသည်။

တရုတ်ပြည်သည် ကမ္ဘာပေါ်၌ ဒေါ်လာ ၁၈၁ဝ ဘီလီယံဖြင့် နိုင်ငံခြားအရံငွေကြေး အများဆုံးရှိသော နိုင်ငံလည်း ဖြစ်သည်။ လွန်ခဲ့သောလကပင် Standard and Poor က တရုတ်နိုင်ငံ၏ ကြွေးမြီပြန်ဆပ်နိုင်သည့် အဆင့်အတန်းကို ယခင် A မှ A+ သို့ တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ယင်းသည် တိုင်းပြည်၏ “ထူးခြားသည့်” စီးပွါးရေး အလားအလာနှင့် ခိုင်မာ တောင့်တင်းသည့် ဘဏ္ဍာရေး အခြေအနေကို အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။

ဤတရုတ်ပြည်နှင့် တရုတ်စီးပွါးရေးအပေါ် ခန့်မှန်း တွက်ဆချက်များကို မကြာသေးခင် ရက်သတ္တပတ်များအတွင်း ရှန်ဟဲ စတော့အိပ်ချိန်း ဈေးကွက်၌ ဈေးကျဆင်းမှုများ ဖြစ်နေစဉ်မှာပင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အရေးပါသည့် ခြားနားချက်မှာ ဈေးကွက်အတွင်း အနှုတ်လက္ခဏာ ဆောင်သည့် စီးပွါးရေး ထိခိုက်မှုများကို ပင်လယ်ရပ်ခြားမှ ပြဿနာများအပေါ် ပြန်လည် တည့်မတ်ပြင်ဆင်ပေးသည့် ကိစ္စများအဖြစ်သာ လေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြခြင်း ဖြစ်သည်။ တရုတ်ပြည်ကြီး၏ ပြည်တွင်းဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွါးရေး အဆောက်အအုံများ၏ ပြဿနာအဖြစ် မမြင်ခဲ့ကြပေ။

"ကမ္ဘာတဝှမ်းလုံးကို ကြည့်လိုက်ရင် တရုတ်ပြည်က အခြေအနေ အတော်ကလေး ကောင်းနေတယ်၊ အမေရိကန်က မကောင်းဘူး" ဟု ပီတာဆန် အပြည်ပြည်ဆိုင်ရာ စီးပွါးရေး အင်စတီကျု (Peterson Institute for International Economics) ၏ ဒါရိုက်တာ စီဖရက်ဘာဂ်စတင်း (C. Fred Bergsten) က ယခုလ အစောပိုင်းတွင် မှတ်ချက်ချ ပြောကြားခဲ့သည်။

တရုတ်ပြည်၏ စီးပွါးရေး အခြေအနေက ယခုလို ကမ္ဘာ့စီးပွါးရေး တရပ်လုံး ရှေ့ဆက် လျှောက်နိုင်ရေးအတွက် ရှေ့ဆောင် လမ်းပြဖြစ်လာနိုင်မည့် အလားအလာများ ပြသနေချိန်တွင် သံတမန်များရော၊ ငွေကြေး ကျွမ်းကျင်သူများကပါ ဤလှေကြီးပေါ် အမှီလိုက်နိုင်ရေး လုံးပန်းလာကြသည်။

ယခုလို စီးပွါးရေးများ စုတ်ပြတ်သတ်သွားစေနိုင်သည့် အကွဲကြောင်း အစအနအများအပြားကို လွန်ခဲ့သော နှစ်ကတဲက ပထမဆုံးအကြိမ် ထင်ထင်ရှားရှား မြင်တွေ့လာခဲ့ကြချိန်မှာပင် သြစတြေလျနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ တရုတ်နိုင်ငံ နှင့် ခိုင်မြဲသော ဆက်ဆံရေး ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အခြေစိုက်ထားခဲ့သည်။

"တရုတ်ပြည်ဟာ သူ့အမျိုးသားရေး အကျိုးစီးပွါးအတွက်ဘဲ စီးပွါးရေး တိုးတက်မှုကို ခိုင်မာတောင့်တင်းအောင် ဆက်ပြီး အတင်း တွန်းလုပ်လိမ့်မယ်။ ဒါဟာ သြစတြေလျလို နိုင်ငံမျိုးတွေအတွက်လဲ ကောင်းတာပါဘဲ။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ဟာ ကျနော်တို့ရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံလေ" ဟု သြစတြေလျ ဝန်ကြီးချုပ် ကီဗင်ရပ်ဒ် (Kevin Rudd) က တိုးလျှိုး ပြောကြားခဲ့သည်။

ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ၏ ဒါရိုက်တာဟောင်း Michel Camdessus က မကြာသေးခင်ကပင် အာရှတိုက်နှင့် ပတ်သက်၍ "ယခုအခါတွင် သင်တို့ အာရှနိုင်ငံများသည် ကမ္ဘာကြီး၏ မြီရှင် နိုင်ငံများ ဖြစ်လာကြပြီ" ဟု ထုတ်ဖေါ် ကြေငြာခဲ့သည်။ ထိုမြီရှင်နိုင်ငံများထဲမှ အကြီးဆုံး မြီရှင်နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

နိုင်ငံတော် တည်ဆောက်ရေးလော၊ အမျိုးသား အကျိုးစီးပွါးလော

နိုင်ငံတော် တည်ဆောက်ရေးနှင့် အမျိုးသား အကျိုးစီးပွါးဆိုသည်မှာ အပြန်အလှန် သီးသန့်ဖြစ်နေသည့် အယူအဆများ မဟုတ်ဆိုသည်ကို သေချာဘို့ လိုသည်။ သို့သော် လာမည့် ဆယ်စုနှစ်များအတွင်း မူဝါဒ ချမှတ်သူများ အနေနှင့် နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်သည့် စီမံကိန်းများကို ခန့်မှန်းတွက်ချက်ရာတွင် အမျိုးသား အကျိုးစီးပွါးဆိုသည့် ပြဿနာကို ပိုမို ထည့်သွင်း တွက်ချက်လာကြသည်ကို တွေ့ကြရလိမ့်မည်။

ဂျော့ဘုရှ်က လွန်ခဲ့သော ၈ နှစ်က အမေရိကန် ပြည်ထောင်စု၏ သမတရာထူးကို ယူခဲ့စဉ်က နိုင်ငံတော် တည်ဆောက်ရေး အယူအဆကို အလွန်မုန်းတီးသူအဖြစ် သူနာမည်ကြီးခဲ့သည်။ သို့သော် သက်တမ်း ၂ ခုကြာမျှ တာဝန်ထမ်းဆောင် ပြီးသောအခါ သူ့သမတ သက်တမ်း၏ အမွေအဖြစ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းသည် အချက်အခြာကျသော နေရာတွင် ရှိနေသည်။ ဤမူဝါဒသည် နောက်နှစ် ဇန်နဝါရီလ သမတ ရာထူးလွှဲပြောင်းချိန်တွင် ဘဲဥပုံခန်းမ၌ မည်သူ ရောက်လာလာ ဆက်လက် ရှင်သန်နိုင်ဖွယ် မရှိပါ။

ဘဏ္ဍာရေး အကြပ်အတည်း နက်ရှိုင်းမည့် အလားအလာသည် မြောက်အမေရိကနှင့် ဥရောပရှိ နိုင်ငံတော် တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် သီးခြား အသိအမြင်ရှိသော နိုင်ငံခြားရေး မူဝါဒများ မြှင့်တင်ရန် ခံနိုင်ရည်မရှိသည့် နိုင်ငံများ၌ ပြဿနာ အတော်ကြီးကျယ်လိမ့်မည်။ ဘဏ္ဍာရေး စွမ်းဆောင်ရည် ကျဆင်း ပျောက်ကွယ်နေခြင်းက ဘဏ္ဍာရေး အရင်းအနှီး အမြောက်အမြားကို ဆုံးရှုံးစေလိမ့်မည်။ ယင်းအချက်က ပြည်တွင်းရွေးကောက်ပွဲများနှင့် ပိုမို ဆက်စပ်သွားမိစေပြီး၊ အမျိုးသားရေး၊ ပြည်တွင်း စီးပွါးရေးစသော ပြဿနာများနှင့် တိုက်ရိုက် ဆက်စပ်နေသော မူဝါဒများထက် ဤသို့ နိုင်ငံတော် တည်ဆောက်ရေး ကိစ္စကို ပိုမို ဦးစားပေးမိသည့် ရွေးကောက်ခံ နိုင်ငံရေးသမား ကိုယ်စားလှယ်များအား ပိုမို ဝေဘန်လာကြလိမ့်မည်။

ယင်းနှင့် ဆန့်ကျင်စွာပင် တရုတ်နိုင်ငံကတော့ ရှိလျှင်တောင်မှ နိုင်ငံတော် တည်ဆောက်ရေးတွင် စိတ်ဝင်စားမှုကို ဝန်ကြီးချုပ် တိန်ရှောက်ပိန် တက်လာပြီး ကျယ်ပြန့်သည့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများကို လက်ခံ ကျင့်သုံးလာကတဲက အနည်းအကျဉ်းသာ ပြသခဲ့သည်။ ယင်းအစား အမျိုးသား အကျိုးစီးပွါးကို အာရုံစိုက်သည့် နိုင်ငံခြားရေး မူဝါဒကိုသာ လိုက်နာကျင့်သုံးခဲ့သည်။ နိုင်ငံတော်၏ နိုင်ငံခြားရေး မူဝါဒများ တွက်ချက်ရာတွင် နိုင်ငံရေးနှင့် အတွေးအခေါ်ကသာ အရာရာလွှမ်းမိုးခဲ့သည့် ပြည်သူ့သမတနိုင်ငံ ထူထောင်ခဲ့သည့် အစောပိုင်း ဆယ်စုနှစ်များကနှင့် မတူဘဲ၊ တိန့်ရှောက်ပိန်ခေတ် တရုတ်ပြည်က အမျိုးသားရေး အကျိုးစီးပွါးကိုသာ တခုတည်းနီးပါး အာရုံစိုက်ခဲ့သည်။ စီးပွါးရေးအရ စဉ်းစား တွေးခေါ်မှုသည် ပထမဆုံးနှင့် အခရာကိစ္စရပ် ဖြစ်သည်။

ဤချဉ်းကပ် စဉ်းစားမှု၏ ရှင်းလင်းသော ဥပမာကို အာရှဘဏ္ဍာရေး အကြပ်အတည်း ကြုံစဉ်က စီးပွါးရေးအရ မရေမရာ ဖြစ်နေသော အခြေအနေတွင် ထုတ်ဖေါ် ပြသခဲ့သည်။ တရုတ်က မြန်မာနိုင်ငံကို ကယ်တင်ခဲ့သည်မှာ စီးပွါးရေး အမျိုးသား အကျိုးစီးပွါးသက်သက် အမြင်ဖြင့် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှိုင်းယှဉ်ချက်အရ တည်ငြိမ်မှု ရှိနေစေလိုသည်။ သဘာဝ သယံဇာတ လုပ်ကွက်များ ရလိုသည်၊ တရုတ်ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံ ဈေးကွက်သို့ အလွယ်တကူ ရောက်ရှိနိုင်စေရန်တို့ ဖြစ်သည်။

အနာဂါတ် မြန်မာနိုင်ငံအတွက် မူဝါဒဆိုင်ရာ အရေးပါသော အချက်များ

ပြည်တွင်း မူဝါဒများနှင့် ပတ်သက်လျှင် အမျိုးသား အကျိုးစီးပွါးနှင့် နိုင်ငံတော် တည်ဆောက်ရေး ဟူသောကိစ္စ ၂ ရပ်မှာ အတူယှဉ်တွဲ တည်ရှိနေသောအရာများ ဖြစ်သည်။ ဤသို့ဆိုလျှင် သာယာဝပြောသည့် မြန်မာနိုင်ငံတော်ကို တည်ထောင်သည့် အမျိုးသားရေး အကျိုးစီးပွါးကိစ္စ၌ လက်ရှိဘဏ္ဍာရေး အကြပ်အတည်းသည် မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂါတ် ခေါင်းဆောင်များကို ရှင်းလင်း ပြောပြနိုင်ပါ့မလား။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရှေ့မတိုးနိုင်ဘဲ အီနေရသည့် အကြောင်းတရပ်မှာ နိုင်ငံအချို့၊ သို့မဟုတ်၊ နိုင်ငံအုပ်စုတခု သို့မဟုတ်၊ နိုင်ငံတကာ အေဂျင်စီတခုခုက မြန်မာနိုင်ငံကို ဝင်ရောက် စွက်ဖက်နိုင်အောင် လုပ်ယူမည့် အခြေအနေ ရှိနေသည်၊ သို့မဟုတ် ကာယကံမြောက်ပင် ဝင်ရောက်ကျူးကျော်မည့် အန္တရာယ်ရှိနေသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့သော စိတ်တထင့်ထင့် ဖြစ်နေရခြင်းမျိုးကို လောလောဆယ်တွင် မည်သည့်နိုင်ငံရေး ကြံဆချက်မဆိုမှ ဖယ်ရှားပစ်ရမည်။ ယခုကတဲကပင် အလားအလာမရှိပါ။ ပြင်ပမှ နိုင်ငံ တည်ဆောက်ရေးအတွက် ပေးအပ်သည့် ဘဏ္ဍာရေး အထောက်အပံ့သည် ပင်ကိုယ်အားဖြင့်ပင် အမျိုးသား အကျိုးစီးပွါးနှင့် ဆက်စပ်နေသည် မဟုတ်၍ လှမ်းမျှော်ကြည့်ရှုနိုင်သော အနာဂါတ်ကာလအတွင်း အလားအလာ ရှိသည့် သင့်တော်သူများအတွက် ဤကိစ္စ သည် လက်မခံနိုင်လောက်အောင် တန်ဘိုးကြီးလွန်းလှသည်။

လိုရင်းတိုရှင်း ပြောရလျှင် အနာဂါတ်တွင် ပေါ်ပေါက်လာမည့် အာဏာရနိုင်ငံရေး ပါတီများသည် အနာဂါတ်အတွက် မဟာဗျူဟာပုံစံများကို ယခုကတဲက ရှာဖွေ ဖေါ်ထုတ်ထားရမည်။ ဤပုံစံများတွင် အားဖြည့်ထားသော ကိုယ့်အားကိုယ်ကိုးရေး နှင့် ယခုလက်ရှိ ပုံစံများထက်ပို၍ အမယ်စုံသော ပုံစံ ၂ မျိုးလုံးကို ထည့်သွင်းပေါင်းစပ်ထားဘို့ လိုသည်။

အနာဂါတ်တွင် မည်သို့သော နိုင်ငံရေး တိမ်းညွှတ်မှုမျိုး ပေါ်ပေါက်လာသည်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွါးရေး အခွင့်အလမ်းသည် နိုင်ငံခြား ဆက်ဆံရေးနှင့် ကမ္ဘာ့စီးပွါးရေးထဲသို့ တဖြေးဖြေး “ပြန်လည်” ပေါင်းစည်းခြင်း တည်းဟူသော အချက်များနှင့် ဆက်စပ်နေသည် ဆိုသည့်အချက်မှာမူ ပြောင်းလဲသွားမည် မဟုတ်ပါ။ ဤအချက်ကို နားလည်လျှင် လက်ရှိ ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှုအစား မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးအတွက် လိုလားသူလည်းဖြစ်၊ လိုအပ်သည့် အကူအညီများကို ဦးဆောင်ပေးအပ်နိုင်သူလဲ ဖြစ်သည့် နိုင်ငံတနိုင်ငံများ ရှိသလားဟု မေးလျှင် ရှိပါသည်ဟု ဖြေရပါမည်။ ထိုနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တောက်ပသော အနာဂါတ်တည်းဟူသော အလားအလာများအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့်အရာမှာ တရုတ်နိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်မွေးမြူရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာလျှင် စီးပွါးရေး အသွင်ပြောင်းလဲရေးကို စောစောလုပ်နိုင်လေ၊ အလားအလာကောင်းလေ ဖြစ်သည်။

ဤသို့လုပ်လျှင် နိုင်ငံများအကြား ကွဲပြားခြားနားမှုများနှင့် နိုင်ငံရေး မျှော်မှန်းချက်များကို မည်သူမျှ လက်လွှတ်ဆုံးရှုံးစရာ မလိုပါ။ ပြည်သူများက တည်ရှိနေရေးအတွက် သေချာပေါက် ကြိုဆိုကြမည်သာ ဖြစ်သည်။ လှုပ်ရှားနေသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်၏ အကြီးအကဲဖြစ်သော သြစတြေလျနိုင်ငံ ဝန်ကြီးချုပ် လုပ်ခဲ့ပုံကို ကြည့်လျှင် သိသာသည်။ ကင်ဘာရာနှင့် ပီကင်းအကြား ခိုင်မာ ကြီးထွားလာနေသည့် ဆက်ဆံရေး တရပ်သည် ဒီမိုကရက်တစ် သြစတြေလျ အတွက် အရေးပါသည်ဟု ပြောင်အတိအလင်း ထောက်ခံ၍ အပြုသဘော ပြောကြားခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံသည် အမေရိကန် စက်မှုလုပ်ငန်းများအတွက် အရေးပါသည်။ အမေရိကန် အာကာသ အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် “အမျိုးသား” ကြိုးပန်း အားထုတ်မှုများအတွက်ပါ အရေးပါသည်။

တရုတ်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း၊ နှိုင်းယှဉ်ချက်အရ မသိကျိုးကျွန် ပြုခြင်းစသည့် မဟာဗျူဟာ တရပ်သည် အနာဂါတ် မြန်မာနိုင်ငံ၏ အကျိုးစိးပွါးအတွက် အန္တရာယ်ပေးမည့် မူဝါဒဖြစ်သည်။ ဤအချက်ကို မကြာခင်က တိုက်ခတ်ခဲ့သည့် ဘဏ္ဍာရေး ကသောင်းကနင်း ဖြစ်မှု လေပြင်းမုန်တိုင်းက ပြသခဲ့ပြီး ဖြစ်သည်။ ဤအချက်ကို အသိအမှတ်ပြုရန်မှာ မြန်မာခေါင်းဆောင်များ၏ သဘောအတိုင်းသာ ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကိစ္စသည် မြန်မာပြည်သူများ၏ အကျိုးစီးပွါးကိုသာ ထိထိရောက်ရောက် ဦးစားပေးရမည်၊ အပြန်အလှန်အားဖြင့် တရားမမျှတစွာ စော်ကားမခံရရေးတော့ ဖြစ်ဘို့လိုသည်။

( Joseph Ball ၏ Burma's future amid the global financial crisis ကို ဘာသာပြန်ဆိုပါသည်။)