Saturday, October 25, 2008

တောင်ရောက် မြောက်ရောက် ဒါပေမယ့် သမိုင်းမှာ လမ်းမပျောက်ဖို့

မောင်ရစ်
အောက်တိုဘာ ၂၅၊ ၂၀၀၈Talk with Poet (U) Tin Moe - His Life at 1950s
MoeMaKa - Interview (2006 December, LA)
October 25th 2008
အခု တင်ဆက်မှာက ရုပ်သံအစီအစဉ်တခု ဖြစ်ပါတယ်။ ကဗျာဆရာတင်မိုးနဲ့ စကားလက်ဆုံ (၂၀၀၆ ဒီဇင်ဘာ ခရစ္စမတ်ကာလ)။ ၁၉၅၀ ခုနှစ် ဆရာ စာပေ၀ါသနာ အစပိုင်း ကာလများအကြောင်း မိုးမခ ရုပ်သံ။ ဒါပေမယ့် ဒီ ရုပ်သံမှတ်တမ်းလေးကို ပရိသတ်ကို မတင်ဆက်ခင်မှာ မီးခိုးကြွက်လျောက် တွေးနေမိတယ်။

၂၀၀၆ အောက်တိုဘာက မိုးမခ ၃ နှစ် မိတ်ဆုံပွဲကို ကဗျာဆရာတင်မိုးနဲ့ ကဗျာဆရာ မောင်စွမ်းရည်တို့ကို ပင်တိုင်ထားပြီး ကျင်းပခဲ့တယ်။ ဆရာမိတ်ဆွေတွေ၊ ပရိသတ်တွေ ရပ်နီး ရပ်ဝေးက လာခဲ့ကြတယ်။ ၂၀၀၆ ဒီဇင်ဘာမှာ ဆရာနဲ့ သူနေထိုင်တဲ့ အယ်လ်အေမှာ စကားလက်ဆုံ ပြောဖြစ်ပြန်တယ်။

ပြောဖြစ်တဲ့ အကြောင်းအရာက - ၁၉၅၀ လွတ်လပ်ရေး ရပြီးခါစ၊ တိုင်းပြည် ခြေ ၂ချောင်းပေါ် စရပ်ချိန်မှာ ဆရာတို့က ၁၇ နှစ်၊ ရွာမှာ၊ ကိုရင်လူထွက်၊ ကျောင်းပညာရေး မဆက်ရသေး။ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦတွေက၊ စာအုပ် စာပေတွေက ကျေးလက်က လူငယ်တွေကို ဘယ်လိုများ အထောက်အကူပေးခဲ့သလဲ။ ဘာစာအုပ်တွေ (လက်ဝဲ၊ လက်ယာ) ဘာတွေ ဖတ်သလဲ။ ရွာမှာ ဘာတွေ ၀ါသနာနဲ့ ပျိုးထောင်ခဲ့သလဲ။ ကျောင်းပညာရေး အသက် ဘယ်လို ဆက်ခဲ့သလဲကို မေးခဲ့တယ်။ ဆရာက ဖြေတယ်။

၂၀၀၇ ဇန္န၀ါရီမှာ ဆရာ ကွယ်လွန်ခဲ့တယ်။ ၂၀၀၇ ဇူလိုင်မှာ ဆရာ ကွယ်လွန်ခြင်း ၆ လပြည့် စာပေဟောပြောပွဲတခုကို ဆရာမိတ်ဆွေတွေ ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ တင်မောင်သန်း ပြီးတော့ ကြေးမုံဦးသောင်းတို့နဲ့ အမှတ်တရ ကျင်းပတယ်။ သူတို့စာတွေနဲ့ စာအုပ်တအုပ် ထုတ်တယ်။
ကြေးမုံ ဦးသောင်းကလည်း ဖုံတထောင်းထောင်းနဲ့ အထက်မြန်မာ ပုဂံက လာခဲ့တာပဲ။ ၁၉၄၆ လွတ်လပ်ရေး မရမီ သီသီအလို၊ အသက် ၂၀မှာ သတင်းစာလုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့သူ။ ဖတ်စရာ စာအုပ်စာတမ်းအစုံ၊ ခေတ်ပြိုင် ဒေါင်ဒေါင်မြည်တဲ့ ပညာသည်တွေနဲ့ လက်တွဲပြီး အမျိုးသားရေးကို ရပ်တည်ခဲ့တယ်။

၂၀၀၈ ဧပြီမှာ ဆရာ ကြေးမုံဦးသောင်း ကွယ်လွန်ခဲ့ပါတယ်။ ဆရာတို့ခေတ်ဦးပိုင်းမှာ ဖတ်စရာ စာအုပ်စာတမ်း အမျိုးစုံ၊ ဘာသာစုံ စာရေးဆရာ အများအပြား၊ သတင်းစာပေါင်းစုံ၊ သူပုန်ရောင်စုံကြားမှာ ထောင်ဝင် ထောင်ထွက် ကြီးပြင်းခဲ့တာပဲ။ ဆရာကို အလေးပြုတဲ့အနေနဲ့ အမှတ်တရ စာအုပ်တအုပ် ထုတ်ခဲ့တယ်။ သူရဲ့ ခေတ်ပြိုင် စာပေလောက ဆရာတွေအကြောင်း ရေးတဲ့ ဆောင်းပါးတွေ ပါဝင်တယ်။

အခု ၂၀၀၈ အောက်တိုဘာ။ ရှေ့ ၂ ပတ်ဆိုရင် ၂၀၀၈ နိုဝင်ဘာ ၈၊ စနေနေ့ - ဒီမှာ စာပေဟောပြောပွဲတခု ကျင်းပဖြစ်တော့မယ်။ ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ မာမာအေး၊ ဉာဏ်ဦးမောင် ပြီးတော့ ကဗျာဆရာ အောင်ဝေး။ တိုက်တိုက်ဆိုင်ဆိုင် လွတ်မြောက်လာသူ ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ သူတို့ရေးတဲ့ စာတွေနဲ့ သူ့ဆောင်းပါး စာအုပ် ထုတ်ဖြစ်တော့မည်။

ရန်ကုန်မှာ ပန်းချီ ၀သုန် ကွယ်လွန်တယ်။ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ် ၃၀ မှာ ဒဂုန်တာရာနဲ့ ဦးဝင်းတင် တို့အတူ တွဲ ဓာတ်ပုံမှတ်တမ်းကို တွေ့ရတယ်။ ၁၉၅၀ လွတ်လပ်ရေး ခေတ်ဦးပိုင်းမှာ မည်သို့ပင် ဖြစ်စေကာမူ သူတို့တတွေ … ခေတ်ပြိုင်တွေ … အမျိုးသားရေးအတွက် ကိုယ်ယုံကြည်ရာကို ရပ်တည်ဖို့ ပျိုးထောင် စတင်ခဲ့ကြတဲ့ ကာလတွေ။ အဲဒီတုန်းက သူတို့တွေ ဘယ်နေရာမှာလဲ။ ဘယ်လိုမျိုး သူတို့ဘ၀တွေကို စခဲ့ကြသလဲ။ မေးကြည့်ချင်လိုက်တာ။

၁၉၅၀ အလွန် ၁၉၆၀ အ၀င်က စလို့ စစ်အာဏာရှင်တွေ အောက်မှာ စာနယ်ဇင်းတွေ အမှောင်ကျခဲ့ပြီ။ အဲဒီ အမှောင်ထဲက စမ်းတ၀ါးဝါး လူငယ်တွေကို ရှေ့ကဆရာကြီးတွေက ဖလ်မီးအိမ်၊ ပညာမီးအိမ်၊ ကလောင်တိုင်ကို ပညာအလင်းမီးညှိပြီး ဆွဲခေါ် လမ်းပြခဲ့ကြလို့ အခု ရဲရင့်တဲ့ မျိုးဆက်သစ်လူငယ်တွေက စစ်အာဏာရှင်ကို ကြံ့ကြံ့ခံထားနိုင်ခြင်း ဖြစ်သည်။

အခု ၂၀၀၈၊ နောက် ၂၀၁၀ လာတော့မည်။ ထိမ်ဝှက်လို့ မရတဲ့ သမိုင်းက တော်လှန်ရေးလှိုင်းပေါ်တင်ရအုံးမှာတော့ သေချာပါသည်။ ဆရာကြီးတွေသည် သူတို့ရင်ထဲမှာ ပညာအလင်းထွန်းညှိတဲ့ စာအုပ်စာပေတွေကြောင့် လမ်းမပျောက်ခဲ့။ ဘ၀လမ်းလည်း မပျောက်၊ သမိုင်းလမ်းကြောင်းလည်း မပျောက်ခဲ့။ အဓိကကတော့ စစ်အာဏာရှင်ထိုးတဲ့ နဖားကြိုးနောက်လိုက် မဖြစ်ခဲ့ကြချေ။

သူတို့စာတွေ ဖတ်ပြီး ယခုမျိုးဆက်တွေ ကြီးပြင်းခဲ့လို့ အမှန်တရားနဲ့ တရားမျှတမှုနောက်ကို လိုက်ဖို့ ရဲရင့်လာရခြင်းဖြစ်သည်။ ယခု မျိုးဆက်တွေကကော ဘယ်လိုမျိုးစာအုပ် စာတမ်းတွေ ရေးသားပြုစု မှတ်တမ်းတွေထားပြီး နောင်ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် တရားမျှတမှု ချပ်ဝတ်တံဆာတွေ ထားရစ်ခဲ့မှာလဲကို တွေးနေမိသည်။

၂၀၀၈ နိုဝင်ဘာ ၈ မှာ စာပေဟောပြောပွဲ၊ ၂၀၀၈ နိုဝင်ဘာ ၉ မှာ မိုးမခ ၀ိုင်းတော်သားတွေ၊ မိုးမခ ချစ်သူတွေနဲ့ ဆရာကြီး ဆရာမကြီးတွေနဲ့ မိုးမခ ၅ နှစ်ပြည့် မိတ်ဆုံပွဲ ကျင်းပမည်။ မောင်ရစ်ကတော့ မြန်မာထုံးတမ်းစကားတခုကို သတိရမိသည်။ ဆုတောင်းကောင်းဖို့ လိုသည်တဲ့။ အခုလို မိတ်ကောင်း ဆွေကောင်း ဆရာသမားကောင်း မိကောင်းဖခင်နဲ့ ကြုံဆုံ ကြီးပြင်းခွင့်ရတာကို ကျေးဇူးတင်နေမိသည်။

ဆုတောင်းတွေ ရေစက်တွေ လွဲချော်ပြီး မသူတော်နောက်လိုက် တံလျပ်ရေထင် ရွှေသမင်အလိုက်မှားသူတွေ၊ မတရားမှုတွေ အမှားတရားတွေနဲ့ အသက်မွေးရတာကို ပျော်ပိုက် ဂုဏ်ယူနေမိသူ မဖြစ်ရတာကို ကျေးဇူးတင်ပါသည်။

ဆရာဦးတင်မိုးနဲ့ စကားလက်ဆုံ ရုပ်သံမှတ်တမ်းကို ပြန်ကြည့်မိသည်။ ဆရာကြီး ကံကောင်းသည်။ သူငယ်စဉ်က သူတော်ကောင်းတွေနဲ့ ကြုံဆုံခဲ့ရသည်။ မောင်ရစ်လည်း ကံကောင်းသည် ဆရာတင်မိုးလို သူတော်ကောင်းမျိုးနှင့် ကြုံတွေ့ခွင့်ရလိုက်သည်။ အခုလည်း သူ့ခေတ်ပြိုင်မိတ်ဆွေတွေနှင့် ကြုံတွေ့ ရင်းနှီးနေရသည်။ သို့မဟုတ်က ဆဒန်ဟူစိန် နန်းတော်က (ဒါမှမဟုတ် နေပြည်တော် လက်နက်မိုးအောက်က) ဓါးမနောက်ပိတ် ခွေးဖြစ်နေဦးမည်။

ပြီးတော့ အဖိုး၊ အဖွား၊ အဖေ၊ အမေတို့ကို ကျေးဇူးတင်မိသည်။ သူတို့တတွေ လက်ညိုးညွန်လိုက်ရာ အရပ်မှာ ယခုလို ပုဂ္ဂိုလ်မျိုးတွေနဲ့ ကြုံဆုံခွင့်ရတာကိုးလေ။ ထိုပုဂ္ဂိုလ်ကြီးများရဲ့ စာဖတ်ပရိသတ်တွေနဲ့ မိမိတို့ ကြုံဆုံရင်းနှီးခွင့်ရတာကိုလည်း ကျေးဇူးတင်မိသည်။ သူတို့တွေက တိုင်းပြည်နဲ့ လူမျိုးအတွက် တရားမျှတမှုနဲ့ အမှန်တရားကို ချန်ထားရစ်ခဲ့သည်။ ယခု ခေတ်ပြိုင်လူငယ်တွေက နောင်လာမည့် မျိုးဆက်သစ်အတွက် ဘာချန်ရစ်ခဲ့မှလဲ။ ဆဲဆိုပြစ်တင် ကျိန်ဆဲစရာတွေ ထားခဲ့မှာလား။ ကောင်းရာ မွန်ရာလေးတွေ တတ်နိုင်သလောက် ပြုစုထားခဲ့မှာလား။

မောင်စွမ်းရည် ပြန် ပြောပြတဲ့ တင်မိုးအကြောင်း အပိုင်း (၂)
အောက်တိုဘာ ၂၂ ရက်၊၂၀၀၈
နယူးယောက်မြို့

စနေနေ့၊ အောက်တိုဘာလ 25 2008 သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အသစ်တဖန် တောင်းဆို
ဇာနည်
စနေနေ့၊ အောက်တိုဘာလ 25 2008 13:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သောကြာနေ့တွင် အကျဉ်းစံသက်တမ်း ၁၃ နှစ်ပြည့်ပြီဖြစ်သော ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရအား ထပ်မံ တောင်းဆိုလိုက်ပါသည်။

ဒီမိုကရေစီစနစ်ကို ရှေးရှုသည့် ပထမခြေလှမ်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါရန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ကြာသပတေးနေ့က သတင်းကြေငြာချက်တရပ် ထုတ်ပြန်၍ မြန်မာ စစ်အစိုးရကို တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

"ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် မြန်မာအစိုးရအား မိမိတို့က ထပ်မံ တိုက်တွန်း တောင်းဆိုပါသည်" ဟု ဝုဒ် က ပြောကြားသွားခဲ့ပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ကြိုးပန်း ဆောင်ရွက်ချက်များကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ခံလျက် ရှိကြောင်းကိုလည်း သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

"ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေနှင့် မညီညွတ်သော ထိန်းသိမ်းမှုကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ငြိမ်းချမ်း၍ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်နေသူများအတွက် သူမသည် မျှော်လင့်ချက်နှင့် မျှော်မှန်းချက် မီးရှူးတန်ဆောင် ဖြစ်သည်"ဟု ဝုဒ် (Wood) က ပြောပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး တိုက်ပွဲ၏ သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အင်းယားကန်နံဘေး သူမ၏အိမ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ သောကြာနေ့တွင် ၁၃ နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။ သူမ၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က မြန်မာပြည်မြောက်ပိုင်း ဒီပဲယင်းမြို့အနီး နိုင်ငံရေးစည်းရုံးရေး ခရီးထွက်နေစဉ် ဝင်ရောက်ရိုက်နှက်အပြီး ၂ဝဝ၃ ခုနှစ်မေလက သူမကို နောက်ဆုံး ဖမ်းဆီးခဲ့သည်။

မြန်မာစစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ယခုနှစ်မေလ ကနောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။ ဤသို့ သက်တမ်းတိုးမြှင့်ခြင်းသည် မြန်မာနိုင်ငံ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူမပါတီမှ သူမ၏ ရှေ့နေက စစ်အစိုးရကို စိန်ခေါ် ကန့်ကွက်နေသည့်အကြားမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ရုံးမတင်ဘဲ ချုပ်နှောင်ထားခွင့် ရှိသည်။

မည်သို့ပင်ဖြစ်စေ၊ စစ်အစိုးရ၏ ဥပဒေအနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူတဦးကို ၆ နှစ်အထိ ချုပ်နှောင်ထားခွင့် ရှိသည် ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေဦးကြည်ဝင်းတို့က ဤသို့ ဆက်လက် ထိန်းသိမ်းထားခြင်းကို “လက်လွတ်စပယ် ထိန်းသိမ်းခြင်း” အဖြစ် ပြောဆိုလိုက်ပြီး အောက်တိုဘာလ ၉ ရက်နေ့က အစိုးရထံ အယူခံလွှာ တင်သွင်းလိုက်ပါသည်။

"ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးခြင်းကို ကျနော်တို့ လိုလားပါသည်။ ယခု ထိန်းသိမ်းထားခြင်းသည် ဥပဒေမဲ့ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြိုးပန်းမှုများကိုလည်း ကျနော်တို့ ကြိုဆိုပါသည်" ဟု သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသွားခဲ့ပါသည်။

အစိုးရထံ တင်သွင်းထားသော အယူခံနှင့် ပတ်သက်၍ မည်သည့် တုံ့ပြန်မှုမှ မရရှိသေးဘဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ၏ အသက် ၆၃ နှစ်အရွယ်ရှိသော ရှေ့နေက သူမနှင့် နောက်တကြိမ် တွေ့ဆုံခွင့်ပေးရန် စစ်အစိုးရထံ ပန်ကြားထားသည်ဟု ဆိုပါသည်။

"ဦးကြည်ဝင်းက လွန်ခဲ့တဲ့ အပတ်က တွေ့ခွင့်ပေးဘို့ မေတ္တာ ရပ်ခံထားပါတယ်။ ဒါပေမဲ့ ဒါကိုခွင့်ပြုမယ်၊ မပြုဘူးဆိုတာ မသိသေးပါဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဝုဒ်ကဝါရှင်တန်တွင် ပြောကြားရာ၌ စစ်မှန်သော အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ အခြား ဒီမိုကရေစီနှင့် လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်တို့ အပါအဝင် အားလုံးပါဝင်နိုင်ပြီး အချိန် ကန့်သတ်ချက်ရှိသည့် တွေ့ဆုံဆွေးနွေးမှုတရပ်ကို ပြုလုပ်ပါရန်လည်း မြန်မာစစ်အစိုးရကို တောင်းဆိုသွားခဲ့ပါသည်။

ထိုအတောအတွင်း ယူနိုက်တက်ကင်းဒမ်းရှိ ကင်ပိန်းလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရသည့် သက်တမ်း ၁၃ နှစ်ပြည့်မြောက်သည်ကို အထိန်းအမှတ် ပြုသည့်အနေနှင့် ဆန္ဒပြပွဲတရပ် ပြုလုပ်သွားမည် ဖြစ်ပြီး၊ သူမကို ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုကြမည် ဖြစ်သည်။


မောင်ဝိတ်တပည့်များနှင့် စကားများသဖြင့် အန်အယ်ဒီ ပါတီဝင်များ တိုက်ပိတ်ခံရ
ဖနိဒါ
စနေနေ့၊ အောက်တိုဘာလ 25 2008 21:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၏ တပည့်များဖြစ်ပြီး၊ မူးယစ်ဆေးဝါးမှုဖြင့် အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသူများနှင့် စကားများသဖြင့် အန်အယ်လ်ဒီ ပါတီဝင် ၃ ဦးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ထောင်အာဏာပိုင်များက စစ်ခွေးတိုက်သို့ ပို့လိုက်သည်။

မောင်ဝိတ်၏ တပည့်များသည် ထောင်တွင်း ရေချိုးကန်၌ ရေပိုက်ဖြုတ်ပြီး ကန်တွင်းသို့ ရေမထည့်ဘဲ ပိုက်ဖြင့် ချိုးသည်ကို မကျေနပ်ရာမှ စကားများ ရန်ဖြစ်သောကြောင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ကြည့်မြင်တိုင်မြို့နယ်မှ အန်အယ်ဒီပါတီဝင် ကိုအောင်ထွန်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဖိုးတုတ် ခေါ် ဦးတင်မောင်ချိုတို့အား စစ်ခွေးတိုက်တွင် တိုက်ပိတ်လိုက်ခြင်း ဖြစ်သည်။

"မောင်ဝိတ်ရဲ့ တပည့်တွေက နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေနဲ့ ပြဿနာ တက်တယ်။ ရေချိုးတဲ့ နေရာကို သူတို့တွေက မောင်ပိုင်စီးထားတယ်။ နောက် ရိုက်နှက်တယ်။ ဒါကြောင့် မခံနိုင်လို့၊ ရန်ဖြစ်ကြလို့ တိုက်ပိတ်ထားတယ်" ဟု သူတို့၏ ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

သူတို့ ၃ ဦးသည် စီးပွားရေးသမား ဘီလျံနာ မောင်ဝိတ် အပါအ၀င် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် ဒဂုံ၊ ကြည့်မြင်တိုင်၊ လသာမြို့နယ်များမှ ကိုအောင်မင်း၊ ကိုနေထွန်းလွင်၊ ကိုကျော်ဖုန်းနိုင်၊ ကိုကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့နှင့် ပြဿနာတက်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံနေရသည့် သူတို့အား ပါဆယ်သမား၊ အထုပ်သမား၊ အပ်ထည်များဟု ထောင်စကားအရ ခေါ်ဝေါ်ကြကာ ထောင်တွင်း၌ အခွင့်ထူး ရရှိနေသူများဖြစ်သည်ဟု မကြာသေးခင်က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုနေမှုကို တိုင်ကြားရန် ကြိုးစားသူ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဌ ဦးသက်ဝေလည်း စကားများရာတွင် ပါဝင်သဖြင့် အဆောင် ၂ မှ သီးသန့်ဆောင်သို့ ပို့ဆောင်ခံရကြောင်း မိသားစုဝင်တဦးက ယခုလို ပြောသည်။

သူက "မောင်ဝိတ်နဲ့အတူ မူးယစ်အမှုနဲ့ ဖမ်းဆီးထားတဲ့ ၃ ယောက်ပေါ့နော်။ သူတို့က ရေချိုးတဲ့အခါမှ ပိုက်ကို ဖြုတ်ပြီးတော့ ကန်ထဲ မထည့်ဘဲနဲ့ ရေပန်းနဲ့ ချိုးတယ်။ အဲဒီကိစ္စနဲ့ စကားများပြီးတော့ ထောင်မှူးက မောင်ဝိတ်တို့ အဖွဲ့ကိုတော့ ဘာမှ မလုပ်ဘဲနဲ့ အောင်ထွန်းတို့ကိုတော့ စစ်ခွေးတိုက်ကို ပို့လိုက်တယ်လေ။ ဦးသက်ဝေကိုလည်း သီးသန့်ကို ပို့လိုက်တယ်" ဟု ပြောသည်။

ဦးသက်ဝေသည် ပြီးခဲ့သည့်လအတွင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။

သူတို့ ၃ ဦးအား စစ်ခွေးတိုက်တွင်း၌ မည်မျှကြာကြာ တိုက်ပိတ်ထားမည်ကို မသိရကြောင်းနှင့် ထောင်ပြင်ပရှိ မိသားစုများ၊ သက်ဆိုင်သူ ရှေ့နေများက စိုးရိမ်နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူက ဆက်ပြီး "ဥပဒေအရ ပြဌာန်းထားခြင်း မရှိဘဲနဲ့ အခုလို ဆောင်ရွက်ခွင့် ရနေတာဟာ ဥပဒေနဲ့ လုံးဝ ညီညွတ်ခြင်း မရှိဘူး။ ဥပဒေအရမှာရော အကျဉ်းသား၊ အချုပ်သား အချင်းချင်း မညှာမတာ ဒီလို ပြုမူ ဆက်ဆံတာခွင့် ရနေတာဟာ ဥပဒေနဲ့ လုံးဝ မညီညွတ်ပါဘူး"ဟု ပြောသည်။

အက်စ်တစီ၊ မက်တာဖီတမင်းနှင့် ကီတမင်းဆေးပြားများ ရောင်းဝယ်ဖောက်ကားမှုဖြင့် ရဲက စွဲချက်တင်ထားသူ မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီလိမိတက်မှ အသက် ၃၅ နှစ်အရွယ် မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်အထိ ကျခံရနိုင်သည်။

တယ်လီပို့ အင်တာနက်လိုင်း သုံးသူများ အခက်တွေ့
နန်းဒေ၀ီ
စနေနေ့၊ အောက်တိုဘာလ 25 2008 14:03 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရန်ကုန်ရှိ မြန်မာတယ်လီပို့၏ ADSL မြန်နှုန်းမြှင့် အင်တာနက်လိုင်း အတက်အကျ များသဖြင့် တပ်ဆင် အသုံးပြုနေသူများ ရက်သတ္တနှစ်ပတ်ခန့် အခက်တွေ့လာရသည်။

မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်မှ မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်တန်းထားသည့် အင်တာနက်ဆိုင် တချို့တွင် လိုင်းအတက်အကျ ဖြစ်ဖန် များနေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်လာပြီ ဖြစ်သဖြင့် အသုံးပြုသူများအဖို့ အဆင်မပြေရခြင်း ဖြစ်သည်။

"နှစ်ပတ်လောက်ကြာပြီ။ လာလိုက်ကျလိုက် ဖြစ်နေတာ။ လိုင်းက တအားနှေးတော့ တော်တော် အခြေအနေ ဆိုးတယ်။ Gtalk ၀င်မရဘူး။ တယ်လီပို့ကို ဖုန်းဆက်မေးကြည့်တာ ဆာဗာက ဖြစ်တယ်လို့တော့ ပြောတယ်။ ၄၅ မိနစ်၊ ၁ နာရီ ကြာမယ်ပြောတယ်။ တချက်ပြန်လာတယ်။ ပြီးတော့ ပြန်ပျက်သွားတယ်" ဟု အမည်မဖော်လိုသူ အင်တာနက် ဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက်တွင် ခဏတဖြုတ် လိုင်းဝင်လာပြီးနောက် ၁၀ နာရီခွဲခန့်မှ စတင်ကာ ပြန်ကျသွားသည်ဟု သူက ဆက်ပြောသည်။

အမည်မဖော်လိုသူ မြန်မာတယ်လီပို့မှ တာဝန်ရှိသူတဦးကလည်း လိုင်းအတက်အကျ ဖြစ်နေပုံကို ယခုလို ၀န်ခံ ပြောဆိုသည်။

သူက "မနေ့ကတော့ တနေကုန် လိုင်းမရဘူး ဖြစ်နေတယ်။ ဒီနေ့တော့ မနက်ပိုင်းလေး တချက်လောက် ရတယ်။ ပြီးတော့ ပျက်သွားပြန်တယ်။ ၄ ရက်လောက်တော့ ရှိပြီ" ဟု ပြောသည်။

လိုင်း အတက်အကျ ဖြစ်ရခြင်းသည် ရန်ကုန်မြို့တိုင်းရှိ တယ်လီပို့ ဆာဗာခွဲများဖြစ်သည့် မရမ်းကုန်း၊ ဘုရင့်နောင်နှင့် ဟံသာဝတီမြို့နယ်များရှိ ဆာဗာများ၌ နည်းပညာချို့ယွင်းမှုများ ရှိနေသည့်အတွက် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အခုတလော တယ်လီပို့ရဲ့ exchange down နေတာတွေ ရှိတယ်။ အဲဒီ down နေတဲ့ ဆိုဒ်တွေကနေ ပေးနေတဲ့ ဟာဆိုရင် မရသေးဘူး။ ကျနော်တို့က exchange တွေ ခွဲပြီး အဆင်ပြေအောင် လုပ်ထားတာဆိုတော့ တချို့ exchange တွေက ပါဝါမနိုင် ဖြစ်နေတယ်။ exchange တွေမှာ အသုံးပြုရတဲ့ power တွေ ကျနေတာ။ မနက်ပိုင်းလေးတွေတော့ ရတယ်။ ညနေပိုင်းတွေက အဆင်မပြေဘူး ဖြစ်နေတယ်။ အားလုံးတော့ မဟုတ်ပါဘူး"

ယခင် မြန်မာတယ်လီပို့တွင် နည်းပညာပိုင်းဆိုင်ရာ တစုံတရာ ချို့ယွင်းမှု၊ ပြင်ဆင်မှုများ ပြုလုပ်ပါက အင်တာနက် သုံးစွဲသူများအား အသိပေးအကြောင်းကြား မေတ္တာရပ်ခံခြင်းများ ရှိခဲ့သော်လည်း ယခုအခါတွင် တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် အင်တာနက် အသုံးပြုသူများ နားမလည်အောင် ဖြစ်ရကြောင်း ပုဂံတယ်လီပို့ မြန်နှုန်းမြှင့်လိုင်း သုံးစွဲသူတဦးက ယခုလို ပြောသည်။

"အရင်ကဆို တယ်လီပို့က တခုခုဖြစ်နေရင် အသိပေးတယ်။ အခုနောက်ပိုင်း ဘာမှအသိမပေးတော့ ဘာဖြစ်မှန်း မသိရဘူး ဖြစ်နေတယ်။ တချို့ပြောတာကတော့ ဆာဗာတွေရဲ့ Back Bone တွေ ဒေါင်းနေတယ်လို့တော့ ပြောသံကြားတယ်"

မြန်မာတယ်လီပို့ အင်တာနက်လိုင်း သွယ်ယူ သုံးစွဲနေသူများ အခက်အခဲ ဖြစ်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေး (MPT) အင်တာနက်လိုင်း သွယ်ယူသုံးစွဲသူများပါ လိုင်းအဆင်မပြေ ဖြစ်ရကြောင်း အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း ယခုလို ပြောသည်။

"ကျနော်တို့က ၂ လိုင်း ယူထားတယ်။ ပုဂံ (တယ်လီပို့) ရော၊ MPT ရော။ ၂ ခုလုံးက အခုတလော အဆင်မပြေ ဖြစ်နေတာ။ လာလိုက် ကျသွားလိုက်နဲ့ ၂ ပတ်နီးပါးလောက် ကြာနေပြီ"

မြန်မာတယ်လီပို့မှ တာဝန်ရှိသူက ယခုအခါ သက်ဆိုင်ရာ နည်းပညာရှင်များက ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

"အကောင်းဆုံးတော့ ပြင်ဆင်နေပါတယ်။ program ပေါ် မူတည်ပြီးတော့ ၁ ရက်လည်း ကြာနိုင်တယ်။ ၂ ရက်လည်း ကြာနိုင်တယ်။ တပတ်လောက်လည်း ကြာသွားနိုင်ပါတယ် "

အထက်မြန်မာနိုင်ငံမှ အန်အယ်ဒီအဖွဲ့ဝင် ၆ ဦးကို ထောင်ဒဏ်အများဆုံး၁၃နှစ်ထိချမှတ်
NEJ/ ၂၅ အောက်တိုဘာ ၂၀၀၈

မန္တလေးမြို့မှ အန်အယ်ဒီတိုင်းစည်း ဒေါ်ဝင်းမြမြအပါအ၀င် အန်အယ်ဒီအဖွဲ့ဝင် ၆ ဦးကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၃ နှစ်ထိ လွန်ခဲ့သည့် သောကြာနေ့က စီရင်ချက်ချခဲ့ကြောင်း အန်အယ်ဒီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အန်အယ်ဒီ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဒေါ်ဝင်းမြမြ———————————————————- ၁၂ နှစ်
(မန္တလေးတိုင်းစည်း)

၂။ ဦးသန်းလွင်၊ လွှတ်တော်ကိုယ်စားလှယ်—————————– ၈ နှစ်
(မတ္တရာ)

၃။ ဦးကံထွန်း (မန္တလေးတိုင်း အတွင်းရေးမှူး)————————– ၁၂ နှစ်

၎။ ကိုမင်းသူ (မိုးကုတ်)————————————————-၁၃ နှစ်

၅။ ကိုဝင်းရွှေ (ကျောက်ပန်းတောင်း)———————————–၁၁ နှစ်

၆။ ကိုတင်ကိုကို (မိတ္ထီလာ)———————————————၂ နှစ်

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် အခြားတယောက်ယောက်အား စည်းရုံးလှုံ့ဆော်မှု ပုဒ်မဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အန်အယ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

လွန်ခဲ့သည့် သောကြာနေ့တွင် ရန်ကုန်အင်းစိန်ထောင်၌ အဖမ်းခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင်များကို ရုံးထုတ်စစ်ဆေးရာ ကားသုံးစီး အင်အား ၈၀ ခန့်ရှိ လုံထိန်းများဖြင့် အင်းစိန်ထောင်ကို လုံခြုံရေးချပြီးဝိုင်းထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

NLD ပါတီ ပိုမိုအားကောင်းရေး ဆွေးနွေးပွဲများ ကျင်းပ
25 October 2008
မအေးအေးမာ အဲန်အယ်လ်ဒီပါတီ အနှစ် (၂၀) ပြည့်နေ့တွင် ပါတီဝင်များ စုဝေးနေခဲ့ကြပုံ (စက်တင်ဘာ ၂၇၊ ၂၀၀၈)
လက်ရှိမြန်မာပြည်ရဲ့  နိုင်ငံရေး အခြေအနေ တွေအရ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေနဲ့ ပိုပြီး စည်းရုံးမှုတွေ ရှိလာအောင် အဖွဲ့အစည်း ပိုပြီး ကျစ်လစ်မှုရှိအောင် အခုရက်ပိုင်းတွေမှာ ကြိုးစားနေပါတယ်။ ပြည်နယ်နဲ့ တိုင်းတချို့က NLD စည်းရုံးရေးမှူးတွေ ပါတီ အားကောင်း လာရေးအတွက် အစည်းအဝေးတွေ လုပ်နေကြတဲ့အကြောင်း။ ဒီကနေ့ မနက်ပိုင်းကလည်း မွန်ပြည်နယ်စည်းရုံးရေး ကော်မတီအဖွဲ့တွေရဲ့ အစည်းအဝေးကို ရန်ကုန်မြို့ က မွန်ပြည်နယ် ဥက္ကဌ ဦးလွန်းတင်ရဲ့ နေအိမ်မှာ ၄ နာရီကြာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်အစိုးရဘက်က ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေသွားမယ့် အကြောင်း ပြောဆိုနေချိန်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကလည်း ပြည်နယ်နဲ့ တိုင်းတချို့မှာ စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာကြောင့် အခုလို ပြင်ဆင်မှုတွေ လုပ်နေသလဲ ဆိုတာကို ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ မူဝါဒဖြစ်တဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုးမှာ ပိုမိုကျစ်လစ်တဲ့ ပိုမိုစည်းလုံးတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် ကျနော်တို့ ဆောင်ရွက်တဲ့သဘောပါပဲ။ ကျနော်တို့ကတော့ ကျနော်တို့ မွန်ပြည်နယ် အတွက် ဂရုစိုက် ဆောင်ရွက်တဲ့သဘောပါ။ အင်အား ပိုမိုတောင့်တင်းအောင်နဲ့ ညီညီညွတ်ညွတ်နဲ့ တဦးနဲ့တဦး လက်ရှိ နိုင်ငံရေး အခြေအနေကို အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပိုပြီးတော့ နားလည်လာအောင် စည်းရုံးရေးကလည်း တကယ်တမ်း လိုအပ်နေတဲ့အချိန်မိုလို့ ကျနော်တို့ အထူး ဂရုစိုက်ပြီး ကျနော်တို့ ကျင်းပတာဖြစ်ပါတယ်။”

မနေ့ကလည်း ပဲခူးတိုင်း စည်းရုံးရေး ကော်မတီက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး နောက်ထပ်လည်း ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဆက်လုပ်ဖို့အတွက် အစီအစဉ်တွေ ရှိနေကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ပြင်ဆင်နေချိန်မှာပဲ မွန်ပြည်နယ် ဘက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖက်ကနေ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ် စည်းရုံးမှုတွေ လုပ်နေပြီဖြစ်ကြောင်းကိုလည်း မွန်ပြည်နယ် စည်းရုံးရေးကော်မတီက တင်ပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ပြည်နယ်ဘက်က တင်ပြနေတာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့နဲ့ တစည တို့က အပြိုင် စည်းရုံးရေး ဆင်းနေကြတယ်။ ရွာတွေ ကျေးရွာတွေ အထိ ဆင်းနေတယ် ဆိုတာကို သူတို့ တင်ပြတယ်။”

အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ဖိနှိပ်မှုတွေ လုပ်နေတဲ့ကြားကပဲ အဖွဲ့ချုပ် ရုံးတွေကို ပိတ်ထားတဲ့ ကြားကပဲ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာတော့ ပုံမှန် စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေဆဲလည်း ဖြစ်ပါတယ်။

အာရှ ဥရောပ ခေါင်းဆောင်များ ငွေကြေး အကျပ်အတည်းကို ပူးပေါင်းဖြေရှင်းကြမည်
25 October 2008
ဦးတင်မောင်သန်း

ကမ္ဘာ့ ငွေကြေး အကျပ်အတည်း ကို ဖြေရှင်းဖို့ လက်ရှိ ဆောင်ရွက်နေကြတာတွေ က မလုံလောက်တဲ့ အတွက် ဒါ့ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ကျင်းပနေတဲ့ အာရှ ဥရောပ ခေါင်ဆောင်များ အစည်းအဝေး က ဆိုပါတယ်။ ဘေကျင်းမြို့ မှ သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ငွေကြေး အကျပ်အတည်း ကို ကိုင်တွယ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင် ၄၀ ကျော်တို့ က စနေနေ့ က ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲ မှာ ပြောထားပါတယ်။ နိုင်ငံတကာ ငွေကြေးစံနစ် နဲ့ ဘဏ္ဍရေး စံနစ်များ ပြုပြင် ပြောင်းလဲဖို့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြမယ်လို့ ခေါင်းဆောင်တွေ က ကတိပြုလိုက်ကြပါတယ်။ စီးပွားရေး ပြန်နလန်ထလာအောင် နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီး (အိုင်အမ်အက်ဖ်) က ဦးဆောင်တဲ့ အခန်းကဏ္ဍ က ပါဝင်ဖို့လည်း ကြေညာချက် က တောင်းဆိုထားပါတယ်။

အကျပ်အတည်း ကို ကျော်လွှားနိုင်ဖို့ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ တာဝန်ယူမှုတွေ ကို တိုင်းပြည်အားလုံး က ပြသဖို့ လိုအာပ်တယ်လို့ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် က ပြောလိုက်ပါတယ်။ အခက်အခဲတွေ ကို ကျော်လွှားရာမှာ ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့သာ ကမ္ဘာ့နိုင်ငံတွေ က အင်အားရှိလာနိုင်တယ် လို့ သူ ဆိုပါတယ်။အာရှ ဥရောပ အစည်းအတွင်း ပိတ်ပွဲ အခမ်းအနား တက်ရောက်နေသည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (အောက်တိုဘာ ၂၅၊ ၂၀၀၈)
“ယုံကြည်မှု လို့ ပြောရာမှာ ငွေကြေးဈေးကွက်တွေ တည်ငြိမ်လာအောင် ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ကို တိုင်းပြည်အားလုံး အထူးသဖြင့် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေ က မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူတွေ မှာ ပိုပြီး ယုံကြည်မှု ရှိလာမှာ ဖြစ်ပါတယ်။” - လို့ သူ က ပြောခဲ့တာပါ။

အာဆီယံ ဥရောပ အစည်းအဝေး အပြီး မှာ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ဒီ အစည်းအဝေး က တိုက်ကြီး ၂ တိုက်ကြား နားလည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးများလာရအောင် နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

နှစ် နှစ်တစ်ခါ ကျင်းပတဲ့ ဒီ အစည်းအဝေး က ပုံမှန်အားဖြင့် ဆွေးနွေးတွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ကြွေးပေးကြွေးယူ လုပ်ငန်း အကျပ်အတည်း ဖြစ်ရာက ဖြစ်ပေါ်လာတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကြောင့် အဖြေရှာဖို့ အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ ဈေးကွက် ကို ထိန်းညှိတာ နဲ့ ငွေရေးကြေးရေး လုပ်ငန်းတွေ မှာ တီထွင်ကြံစမှု ရှိတာအကြား ဟန်ချက်မျှတဖို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် မစ္စတာ ၀မ် က ဆိုပါတယ်။

“ငွေကြေးလုပ်ငန်း ဆိုင်ရာ တီထွင်မှု လိုအပ်ပါတယ်။ ဒါပေမယ့် ငွေကြေးဆိုင်ရာ ကြီးကြပ်မှု က ပိုတောင် လိုအပ်ပါတယ်။ အကျပ်အတည်းကြောင့် တရုတ် စီးပွားရေး က ဆိုးဆိုးရွားရွားကြီး ပျက်စီး မသွားခဲ့ပေမယ့် တကမ္ဘာလုံး ၀ယ်လိုအား ထိုင်းလာနိုင်တာကြောင့် ထိခိုက်ဖွယ်တော့ ရှိနေပါတယ်။” - လို့ သူ က ပြောသွားတာပါ။

စွမ်းအင် လုံခြုံရေး၊ ဆင်းရဲမှု နဲ့ ရာသီဥတု အပြောင်းအလဲ ကိစ္စတွေကိုလည်း အခြား ပြဿနာတွေ နဲ့ အတူ အစည်းအဝေး မှာ ဆွေးနွေးခဲ့ကြပါတယ်။ ငွေကြေးဆိုင်ရာ အကျပ်အတည်း ကြောင့်တော့ ရာသီဥတု အပြောင်းအလဲအတွက် ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နေတာ ကို မရွှေ့ဆိုင်းသင့်ဘူး လို့ ဥရောပ ကော်မရှင် ဥက္ကဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (Jose Manuel Barroso) က ပြောကြားပါတယ်။

“မတူကွဲပြားတဲ့ တာဝန်ယူမှု နဲ့ မျှဝေ လုပ်ဆောင်ရေး ဆိုတဲ့ မူ နဲ့ အညီ၊ တကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်ပြည့်စုံတဲ့ သဘောတူညီချက် တစ်ရပ် ကို ရရှိဖို့ ကျနော်တို့ လိုအပ်ပါတယ်။ ဒီကနေ့ တော်တော် ကောင်းကောင်း အမြင်ဖလှယ်ခဲ့ကြပြီးတဲ့နောက် အဲဒီလို သဘောတူညီချက် ကျနော်တို့ ရနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။”


ဥရောပ နဲ့ အာရှ တိုက် ၂ တိုက် က ကမ္ဘာ့ ထုတ်ကုန် ရဲ့ တစ်ဝက်ကျော် ကို ထုတ်ပေးနေပါတယ်။ အမေရိကန် နိုင်ငံ မှာ အိမ်ချေးငွေတွေ အများကြီး ကို ချေးခဲ့ရာ က အဓိက ကျတဲ့ ဘဏ်ကြီးတွေ ပိတ်တန်ပိတ်ရ၊ ပေါင်းတန်ပေါင်ရ ဖြစ်ခဲ့တဲ့အတွက် ငွေကြေးအကျပ်အတည်း က အမေရိကန် မှာ စဖြစ်ခဲ့တာပါ။

ကြွေးပေးကြွေးယူ လုပ်ငန်း အကျပ်ရိုက်သွားတဲ့အခါ၊ ၀ယ်လိုအား၊ ရင်းနှီးမြှုပ်နှံမှု နဲ့ ကမ္ဘာ့ ကုန်သွယ်ရေးတွေ ထိုင်းသွားခဲ့ပါတယ်။ ငွေကြေး အကျပ်အတည်း ထိပ်သီး အစည်းအဝေး တစ်ရပ် ကို နောက်လ မှာ အမေရိကန် အစိုးရ က ကျင်းပမှာပါ။ အဲဒီ ထိပ်သီး အစည်းအဝေး ကို ထောက်ခံကြမယ်လို့ ဘေကျင်းမှာ တွေ့ဆုံခဲ့ကြတဲ့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ ရဲ့ အစည်းအဝေး က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးပါတီ တွေကို လွတ်လပ်စွာ လှုပ်ရှားခွင့် ကန့်သတ် ချုပ်ချယ်ထားတာတွေကို စစ်အစိုးရအနေနဲ့ ရုတ်သိမ်းပေးဖို့ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ကြတဲ့ အာရှနဲ့ ဥရောပက ခေါင်းဆောင်တွေက တောင်းဆိုကြောင်း လွန်ခဲ့တဲ့ နာရီပိုင်းလေးကတက်လာတဲ့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စီးပွားရေးနဲ့ လူမှုဆိုင်ရာ ဖွံဖြိုးတိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ဆောင် နိုင်ရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ချမှတ်လုပ်ဆောင်ဖို့ အာရှနဲ့ ဥရောပခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားခွင့်တွေ ကန့်သတ်ထားတာကို ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဆင်းရဲ မွဲတေနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ဒီစည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ မိတ်ဆွေ တရုတ်နိုင်ငံအနေနဲ့ ဖိအားပေးလုပ်ဆောင်ဖို့ ဥရောပခေါင်းဆောင်တွေက တောင်းဆိုအပြီးမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အာရှဥရောပ ထိပ်သီးတွေ ဈေးကွက်ယုံကြည်မှု ပြန်လည်ရရှိရေး ဆွေးနွေး
25 October 2008
Daniel Schearf's Report in Burmese

မနေ့က တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမြို့မှာ အာရှနဲ့ ဥရောပနိုင်ငံ ခေါင်းဆောင်တွေ ကမ္ဘာ့ ဈေးကွက်အပေါ် ယုံကြည်စိတ်ချမှု တိုးမြင့်လာရေးအတွက် ဘယ်လိုများ ၀ိုင်းဝန်း လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ တရုတ် သမ္မတ ဟူကျင်းတောင် က ကမ္ဘာ့  ငွေကြေးဈေးကွက် ပြဿနာရဲ့ အရှိန်ကြောင့် တရုတ်နိုင်ငံမှာလည်း မရေရာမသေချာမှုနဲ့ မတည်ငြိမ်မှု တိုးပွားနေတယ်လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းကို ရောက်နေတဲ့ VOA သတင်းထောက် Daniel Schearf သတင်းပေးပို့ ထားပါတယ်။

မနေ့က ဥရောပနဲ့  အာရှနိုင်ငံပေါင်း ၄၀ က နိုင်ငံ့ခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့တော်မှာ (၇) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးပွဲ အတွက် တွေ့ဆုံခဲ့ကြရာမှာ ကမ္ဘာ့ ငွေကြေး အကျပ်ရိုက်မှု ပြဿနာကို ဟန်ချက်ညီညီ ဖြေရှင်းကြဖို့  အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။

ASEM အေဆမ် လို့ ခေါ်တဲ့ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးပွဲဟာ ၁၉၉၆ ခုနှစ်ကတည်းက နှစ်နှစ်တခါ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နှစ်ရက်ကြာကျင်းပမယ့် ဒီ အာရှ-ဥရောပအစည်းအ၀းရဲ့ ပထမနေ့မှာတော့ ကမ္ဘာငွေကြေး အကျပ်ရိုက်မှု ပြဿနာကို ထိပ်ဆုံးက ဦးစားပေးဆွေးနွေးခဲ့ကြပါတယ်။

ASEM အစည်းအ၀းအဖွင့်မှာ တရုတ်သမ္မတ ဟူကျင်းတောင် အမှာစကား ပြောကြားခဲ့တာကို အစိုးရ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ သမ္မတ ဟူကျင်းတောင် က ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ဂရက်ကြောင့်

တရုတ်စီးပွားရေးမှာ မတည်ငြိမ်မှုတွေ တိုးပွားစေခဲ့တယ်။ ဒီပြဿနာကြီးကို ကမ္ဘာနိုင်ငံတွေအကြား ဟန်ချက်ညီညီနဲ့ ၀ိုင်းဝန်း ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

“တရုတ်စီးပွားရေး တိုးတက်မှုမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အမျိုးမျိုး ကြုံတွေ့နေရတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုကိုက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တည်ငြိမ်မှုနဲ့ စီးပွားရေး တိုးတက်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်။” - လို့ သမ္မတ ဟူကျင်းတောင် က တရုတ်ဘာသာစကားနဲ့ ပြောသွားခဲ့တာပါ။

အစည်းအဝေး အစပိုင်းမှာ အရှေ့တောင်အာရှ နိုင်ငံများ အပါအ၀င် တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားတို့က ကမ္ဘာ့ ငွေကြေးဈေးကွက်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ရည်ရွယ်ပြီးထားရှိတဲ့ ဒေသတွင်း အရေးပေါ် ရံပုံငွေ အတွက် ဒေါ်လာ ဘီလီယံပေါင်း ၈၀ ထည့်ဝင်ခဲ့ကြပါတယ်။ ဒါတောင် မနေ့က အာရှတခွင် အစုရှယ်ရာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ဟန်စန် ညွန်းကိန်းဟာ လေးနှစ်အတွင်း အနှိမ့်ဆုံးအဆင့် ကျသွားပြီး တရုတ်အစုရှယ်ရာ ညွှန်းကိန်း ကတော့ နှစ်နှစ်အတွင်း အနှိမ့်ဆုံးအဆင့် ကျသွားခဲ့ပါတယ်။

ဂျပန်နဲ့ တောင်ကိုးရီးယား နိုင်ငံက အစုရှယ်ရာ ဈေးတွေဟာလည်း အလားတူ စံချိန်ချိုးလောက်အောင် ကျဆင်း သွားခဲ့ပါတယ်။ ဥရောပကော်မရှင် ဥက္ကဌဖြစ်သူ Jose Manuel Barroso က အာရှနဲ့ ဥရောပနိုင်ငံတွေ လက်တွဲပြီး စီးပွားရေး တိုးတက်မှု တည်ငြိမ်မှုနဲ့ ဈေးကွက်အပေါ် ယုံကြည်စိတ်ချမှုတွေကို ပြန်လည် ဆောက်တည်နိုင်ဖို့ အတွက် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေသာ ကိုယ့်တိုင်းပြည်တံခါးကို ကိုယ်ပိတ်ပြီး ကိုယ့်ပြဿနာကို ကိုယ်ပဲကြိတ်ပြီး ဖြေရှင်းမယ် ဆိုရင်တော့ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကြီးတွေကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးဟာ တနိုင်ငံနဲ့ တနိုင်ငံ ရောင်းဝယ် ကုန်သွယ်မှုနဲ့ စီးပွားရေးတံခါးဖွင့်ထားမှုတွေရဲ့ အသီးအပွင့်တွေကို ခံစားနေကြရတာပါ။ ဒါကြောင့် ကျနော်တို့ အားလုံး မိမိကိုယ်ကိုယ် ကာကွယ်ပြီး လွတ်လပ်စွာ ကုန်သွယ်မှုကို ဟန့်တားမှု၊ နိုင်ငံတကာနဲ့ မဆက်ဆံဘဲ တကိုယ်တည်း အထီးကျန် ရပ်တည်မှုနဲ့ မိမိတကိုယ်ရည် အကျိုးစီးပွားကိုပဲ အာရုံစိုက်မှု ဆိုတာတွေကို ရှောင်ရှားကြရမှာ ဖြစ်တယ်။

ဘာလို့လဲ ဆိုတော့ ဒါတွေဟာ စီးပွားရေးပြန်လည် ဦးမော့လာဖို့အတွက် အခွင့်အလမ်းတွေ မပေးပဲ အကျိုးဆုတ်ယုတ်မှု ကိုသာ ဖြစ်စေမှာဖြစ်ပါတယ်။”


ဆက်လက်ပြီး မစ္စတာ ဘရိုးဇူ က ဒီအစည်းအဝေးမှာ လက်ရှိကမ္ဘာ့ စီးပွားရေး အကျပ်ရိုက်မှု ပြဿနာကို ဦးစားပေး ဆွေးနွေးနေပေမယ့် တခြားကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကိုလည်း အတူတကွ ညှိနှိုင်း ဖြေရှင်းကြရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဥတုရာသီ ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု၊ လောင်စာဆီ ဖူလုံမှု စတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဥရောပဘက်က တရုတ်နဲ့ အိန္ဒိယလို တိုးတက် ခေတ်မီလာပြီ ဖြစ်တဲ့ နိုင်ငံတွေ ဆီကနေ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လက်ရှိထက် ပိုပြီး ဖိဖိစီးစီး လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။ အာရှ-ဥရောပ ထိပ်သီးညီလာခံမှာ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေအကြား ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတာသာဖြစ်ပြီး လိုက်နာရမယ့် အချက်တွေကို သဘောတူညီမှု ရယူတာမျိုးကို ပြုလုပ်လေ့မရှိပါဘူး။

အဲဒီထိပ်သီးညီလာခံမှာ တရုတ်အစိုးရအနေနဲ့ Eco-city Network ခေါ် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ မြို့တော်များ ကွန်ယက်အတွက် ဦးဆောင်အဆိုပြုဖို့ မျှော်လင့်နေကြတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကျယ်တ၀င့်တော့ ဖော်ပြမထားပါဘူး။

ပန်းချီဆရာ ၀သုန်ရဲ့ ဈာပနကို စာပေအနုပညာရှင်နှင့် ပရိသတ်များ စည်ကားစွာ ပို့ဆောင်ခဲ့ကြ
မိုးမခ အထောက်တော် ၀၀၃၊
အောက်တိုဘာ ၂၄၊ ၂၀၀၈ မြန်မာ စာနယ်ဇင်း သရုပ်ဖော် ပန်းချီလောကမှာ ထင်ရှားတဲ့ ပန်းချီ ၀သုန် (၁၉၄၇ - ၂၀၀၈)ရဲ့ ဈာပနကို ၂၀၀၈ အောက်တိုဘာ ၂၃ နေ့လည် ၃ နာရီက ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။

“ဆရာဝသုန်ဟာ ရေဆေးနဲ ဆီဆေးတွေ အများအပြားဆွဲခဲ့တယ်။ ကောက်ကြောင်းများရဲ့ ဟန်ချက်ကို နိုင်နင်းစွာ ဆွဲနိုင်တယ်။ ရိုးရာပန်းချီဟန်များကို လက်ရာထဲမှာ ထည့်သွင်းတီထွင်ပြီး ဆွဲတယ်။” လို့ မိတ်ဆွေတဦးက အမှတ်တရ ပြောခဲ့ပါတယ်။

“ သရုပ်ဖော်ပန်းချီဆရာအဖြစ် ရိုးသားစွာ ရဲရင့်စွာ အသက်မွေးခဲ့တယ်။ ခေတ်ရေစီးမှာ သူများအလိုကျ အလိုက်သင့် ဆောင်ရွက်တဲ့ အနုပညာကိစ္စတွေကို ဥပက္ခာပြုနေရဲသူအဖြစ် ထင်ရှားသူ ဖြစ်တယ်။ ခံယူချက် ရှိတဲ့ ပန်းချီဆရာ၊ ၀တ္ထုတိုအရေးကောင်းတဲ့ စာရေးဆရာ …” လို့ မိတ်ဆွေက ပြောပါတယ်။

ပါတိတ်ပန်းချီဆွဲနည်းကို ရန်ကုန်ဘဆွေထံက သင်ကြားခဲ့ပြီး၊ မြန်မာပြည်မှာ ကျယ်ပြန့်ခေတ်စားအောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာ ၀သုန်ရဲ့ ပန်းချီအနုပညာကို ချစ်ခင်တဲ့ လေးစားတဲ့ စာပေ အနုပညာ အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်များနဲ့ စည်ကားတဲ့ ဈာပနလည်း ဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်းအပြင် အနုပညာရှင်တို့ရဲ့ အမှတ်တရစာများလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံ ကျေးဇူး - ဇေမှိုင်း)


ဗန်းမောင်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အခမ်းအနားကျင်းပ
မိုးမခ အထောက်တော် ၀၀၃
အောက်တိုဘာ ၂၄၊ ၂၀၀၈30 Year Anniversary of Bamaw Tin Aung Event
(ဓာတ်ပုံ ကျေးဇူး - ဇေမှိုင်းနဲ့ မိုးမခ ၀ိုင်းတော်သားများ)

ကိုလိုနီစနစ်၊ နယ်ချဲ့စနစ်နှင့် အာဏာရှင်စနစ်ခေတ် တလျောက်လုံး တော်လှန်သော စာရေးဆရာအဖြစ် မဆုတ်မနစ်ရပ်တည်ပြီး ကလောင်လက်နက်ဖြင့် အာခံတိုက်ခိုက်ခဲ့သူ၊ အဖိနှိပ်ခံ ပြည်သူလူထုဖက်က အမြဲတစေ ထာဝရ ရပ်တည် အသံပြုခဲ့သူ မြန်မာပြည်ရဲ့ သူရဲကောင်း စာရေးဆရာတဦးဖြစ်သူ ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အမှတ်တရ အခမ်းအနားကို ကျန်ရစ်သူမိသားစု သားသမီးများက သမီးကြီး ဒေါ်တင်သန်းယုနေအိမ်၊ ၂၅ နှင်းဆီ ၃ လမ်း၊ ဂရင်းဗယ်လီ၊ ၉ မိုင် မရမ်းကုန်းမှာ ၂၃ အောက်တိုဘာ နံနက် ၉ နာရီက ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူအဖြစ် ဗြူတီမဂ္ဂဇင်း အယ်ဒီတာ ကိုထွန်းဝင်းငြိမ်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အစီအစဉ် ၉ ရပ်နဲ့ ကျင်းပတယ်လို့ ဆိုပါတယ်။

၁ - အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ ၂ - နှစ်ခြင်း ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျော်ညွန့်က ဂုဏ်ပြုစကားနဲ့ ၀တ်ပြုဆုတောင်းပေးခြင်း၊ ၃ သမီးကြီးက မိသားစုနှင့် ဧည့်သည်တို့ကို မိတ်ဆက်ပေးခြင်း၊ ၄ - ဆရာဒဂုန်တာရာက တာရာမဂ္ဂဇင်း ထုတ်ခဲ့စဉ် ဗန်းမော်တင်အောင်နဲ့ ဆုံခဲ့သည့် အတွေ့အကြုံများ ပြောကြားခြင်း၊ ၅ - ဆရာ ပါရဂူ ရန်တိနိကေတန် စာကြည့်တိုက် အတွက် ငွေ ၁ သိန်းကို ကျန်ရစ်သူ မိသားစုက ပေးလှူခြင်း၊ ၆ - နာမကျန်းသူ စာပေအနုပညာရှင် ၆ ဦးကို ကျပ်ငွေ ၂ သောင်းစီ ကျန်ရစ်သူ မိသားစုက ဒါနပြုခြင်း၊ ၇ - တကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေက ဗန်းမော်တင်အောင် ဂရပ်ဖစ်ဒီဇိုင်းပုံတူ ပန်းချီကားတချပ် မိသားစုထံ ပေးအပ်ခြင်း၊ ၈ - အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်းနဲ့ ၉ အစီအစဉ်အဖြစ် အကျွေးအမွေးများနဲ့ ဧည့်ခံခဲ့ပါတယ်။
မိသားစုက ဒါနအကူအညီပြုတဲ့ စာရေးဆရာများမှာ - ညွန့်သစ်၊ မောင်အောင်နီ၊ မောင်ရန်ပိုင်၊ ဆရာဌေးကြည်၊ နီဟိန်း၊ ခင်ဝင်းသစ်တို့ ဖြစ်ကြပါတယ်။ တက်ရောက်သူ ပညာရှင်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။ ဧည့်သည်များထဲမှာ ဒဂုန်တာရာ၊ ပါရဂူ၊ တိုးတက်ရေး သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဟံသာဝတီ ဦးဝင်းတင်၊ ဌေးမောင်၊ မောင်မိုးသူ၊ အောင်လွင်၊ ဦးလှရွှေ၊ မောင်ဝံသတို့အပြင် ထင်ရှားတဲ့ စာပေအနုပညာနဲ့ နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။PhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket