Tuesday, November 11, 2008

the Voice ဂျာနယ် (nov 3-9 2008)

The_Voice_5-2

Get your own at Scribd or explore others:

မြန်မာပြည်အခြေအနေ

စစ်အစိုးရဘက်မှ

၁၊ ၂၀၁၀ ရွေးကောက်ပွဲ ချီတက်ပါစို့ ဆိုကာ ၁နှစ်ကျော် အချိန်ဆွဲမည်၊

၂၊ NLD ကိုချိနဲ့ အောင်လုပ်မည်၊

၃၊ ကျံဖွတ်ကို အားအကောင်းဆုံးပါတီ ဖြစ်စေမည်၊ (Dream Goal = ကျံဖွတ်မဲအပြတ်အသတ်နဲ့ နိုင်၊ ယူနီဖောင်းလဲ၊ အရပ်သားအစိုးရလုပ်)

၎၊ နိုင်ငံရေးသမားများ ကို extension ပေး

၅၊ နိုင်ငံအစိုးရသစ် register လုပ်၊ အသိအမှတ်ပြုပါခင်ဗျား (အရှက်နဲလိုက်တာ)


NLD

၁၊ ဒေါ်စုလွတ်ရန်လုပ်မည်၊ (နအဖ ကသနားလိမ့်မည်မဟုတ်)

၂၊ ပြန်လည်စည်းလုံးအောင်လုပ်မည်၊ (Sorry ပါအထက်မှ ၂ ကိုရှု့ ပါ)

၃၊ အခြေခံဥပဒေ ကိုအသိအမှတ်မပြုပါ (Sorry ပါ ၉၀ရာနှန်းကျော်ပါ)

၎၊ ဆုတောင်းမည် (တောင်းပေါ့ ဒီထက်မလွန်စေနဲ့ )


ပြည်ပအင်အားစု

၁၊ ......$#@^&*!% (Don't care, nothing, အလကားပါ စကတဲက နအဖက ရှိတယ်ကိုမထင်ပါ)

ပြည်သူလူထု

အထက်ပါ ၃ ခုမှ မျှော်လင့်ချက် မရှိသလောက်နဲပါသည်၊ ဘာလုပ်ရမလဲ?

ညီညွတ်စွာတော်လှန်ဆန့် ကျင်ပါ

အချိန်မဖြုန်းပါနှင့် ၂၀၁၀ သည်စောင့်ရန်နှစ်မဟုတ်ပါ နိုင်ငံရေးကစားသူများ အလုပ်များမည့်နှစ် ဖြစ်ပါသည်။ ၂၀၀၉ သည်နောက်ဆုံး အခွင့်အရေးဖြစ်နိုင်ပါသည်၊ တရားဥပဒေဆိုတာမရှိတော့တာ ထင်ရှားနေပါပြီ၊ သင့်ကိုအချိန်မရွေး တွေ့ ရာပုဒ်မနဲ့  ဖမ်းနိုင်သည်၊ ထို့ အတွက်ဒီမိုကရေစီရဖို့ ဘာပဲလုပ်လုပ်တရားသည်။

တ ဆင့် လောက် ပြော ပေး ပါ လား ဗျာ

အ ခု ရက် ပိုင်း ကျွန် တော့် မေမေ ရောက် နေ လို့ မ အား မ လပ် ဖြစ် နေ ပါ တယ်။ မေမေ နဲ့ မ တွေ့ ရ တာ ကြာ နေ ပြီ မို့ သား အ မိ နှစ် ယောက် ရှေး ဟောင်း နှောင်း ဖြစ် လေး တွေ ပြော မ ကုန် နိုင် အောင် ပါ ဘဲ။ ဒါ ကြောင့် ပို့စ် အ သစ် လေး တွေ ကို ကောင်း ကောင်း မ ရေး နိုင် ခဲ့ ပါ ဘူး။ ဒီ လို နဲ့ ဒီ ည မှာ တော့ မေမေ နဲ့ စ ကား ပြော ရင်း မေမေ ဆီ က စိတ် မကောင်း စ ရာ သ တင်း လေး တ ခု ကြား လို့ စိတ် မကောင်း စွာ နဲ့ ဘဲ ဒီ သ တင်း ကို ဖြန့် ဝေ ပေး ဖို့ ဆုံး ဖြတ် လိုက် ပါ တယ်။ စာ ဖတ် သူ တို့ အ နေ နဲ့ လည်း ဒီ သ တင်း လေး ကို ဖတ် ပြီး ဖြန့် ဝေ ပေး ပါ လို့ မေ တ္တာ ရပ် ခံ ပါ တယ်။ အ ဖြစ် က ဒီ လို ပါ ခင် ဗျ.................
ရခိုင် ပြည်နယ် ကျောက် ဖြူ မြို့ နယ်၊ အ လယ် ဒွိန် အုပ် စု၊ အ လယ် ဒွိန် ရွာနေ
(ဦး အောင် ကျန် ဖြူ + ဒေါ် မ ချွန်း) တို့ မှာ သားသ္မီး ၉ ယောက် ရှိတယ် ခင် ဗျ။ သူ တို့ တွေ က တော့
(၁) အောင်ဖေသန်း
(၂) ထွန်းတင်
(၃) သန်းသန်းမြင့်
(၄) ထွန်းကြိုင်
(၅) မောင်သန်းဝင်း
(၆) သန်းကြည်
(၇) လှမောင်သန်း
(၈) လှလှသန်း
(၉) မောင်လှသန်း တို့ ဖြစ် ကြ ပါ တယ်။
အဲဒီ ထဲ မှာ နံ ပါတ် (၄) သား (ထွန်း ကြိုင်) ဟာ က နေ ဒါ(canada) ကို ရောက် နေ ပါ တယ်။ သူ ဟာ သူ တို့ မိသား စု နဲ့ အ ဆက် အ သွယ် ပြတ် နေ တာ တော် တော် လေး ကို ကြာ နေ ပါ ပြီ။ နှစ် တွေ နဲ့ ရေ တွက် ရင် တောင် မ မှတ် မိ နိုင် လောက် အောင် ပါ ဘဲ လို့ နံ ပါတ် (၇) သား ဖြစ် တဲ့ လှ မောင် သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် သူ တို့ ထဲ မှာ တော့ အောင် ဖေ သန်း ဆို တဲ့ အ ကို အ ကြီး ဆုံး က တော့ သူ့ ညီ ထွန်း ကြိုင် နဲ့ အ ဆက် အ သွယ် ရှိ နေ တာ ထွန်း ကြိုင် ကနေဒါ ကို ထွက် သွား တုန်း က တည်း က ပါ ခင် ဗျ။ ကို ထွန်း ကြိုင် ဟာ သူ့ မိ ဘ တွေ ဆီ ကို ငွေ မ ကြာ မကြာ လွှဲ တယ် လို့ လှမောင်သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် အဲဒီ ငွေ တွေ ဟာ အောင် ဖေ သန်း လက် ထဲ ကို ဒါ ရိုက် ရောက် တယ် လို့ ကြား သိ ရပါ တယ်။ အောင် ဖေ သန်း ဟာ ရလာ တဲ့ ငွေ တွေ ကို မိဘ တွေ ကို မ ပေး ဘဲ သူ့ တစ် ကိုယ် တည်း အ တွက် သုံး တယ် လို့ လဲ သိ ရ ပါ တယ်။ လှ မောင် သန်း ဟာ ထွန်း ကြိုင် နဲ့ ဆက် သွယ် ဖို့ အ တွက် အောင် ဖေ သန်း ဆီက ထွန်း ကြိုင် ရဲ့ ကနေဒါ က ဖုန်း နံ ပါတ် ကို တောင်း ပါ တယ်။ အောင် ဖေ သန်း ဟာ ယုတ် မာ စွာ နဲ့ သူ သိ တာ တွေ ကို တ ခု မှ ပြော ပြ ခြင်း မ ပါ ဘူး ခင် ဗျ။ အ ခု ဆို ရင် ထွန်း ကြိုင် ရဲ့ မိခင် ဟာ အ သက် အ ရွယ် ရ နေ လို့ တော် တော် ကို အို စာ နေ ပါ ပြီ။ သူမ ဟာ ဘာ ကို မှ မ မျှော် လင့် ပါ ဘူး တဲ့။ သား ဖြစ် တဲ့ ထွန်း ကြိုင် နဲ့ ဖုန်း ပြော ခွင့် ရရင် ဖြင့်၊ အ သံ လေး ကြား ခွင့်ရ ရင် ဖြင့် သေ ပျော် ပါ ပြီ လို့ လှ မောင် သန်း က ပြော ပါ တယ်။ ဒ့ါ ကြောင့် ကျေး ဇူး ပြု ပြီး ဒီ စာ ကို က နေ ဒါ က ထွန်း ကြိုင် ကို လက် ဆင့် ကမ်း ပို့ ပေး ပါ ဗျာ။ ပြီး တော့ ဒီ လို အင် တာ နက် က နေ တ ဆင့် ပြော ပြ တာ လေး က ထွန်း ကြိုင် ဆီ ကို ဒီ သ တင်း ရောက် နိုင် တယ် လို့ လှ မောင် သန်း နဲ့ သူ့ ရဲ့ အ မေ က ယုံ ကြည် နေ ကြ ပါ တယ်။ သူ တို့ ရဲ့ ယုံ ကြည် ချက် လေး တွေ ကို ကျွန် တော် တို့ မ ပျက် ပြယ် စေ ဘဲ လက် ဆင့် ကမ်း အ ကောင် အ ထည် ဖော် ပေး စေ လို ပါ တယ် ခင် ဗျာ။ " ထွန်း ကြိုင် ရေ ဒီ စာ ကို ဖတ် မိ ရင် ကျွန် တော် ဆီ ကို ဆက် သွယ် ပါ။ ကျွန် တော့် အီး မေးလ် က တော့ (mibamyittar79@gmail.com) ပါ။ ကျွန် တော့် ဆီ မှာ အ ကို အ မေ နဲ့ လှ မောင် သန်း ရဲ့ လိပ် စာ ရှိ ပါ တယ်။ " ကျွန် တော်ဆီ ကို လှ မောင် သန်း ရေး လာ တဲ့ စာ က တော့ ဒီ လို ပါ။
(အကို ကျ နော် လေး စားစွာဖြင့် စာ ရေး လိုက် ပါ တယ်။ ကျနော် အန် တီ နှင့် အ တူ အ လုပ်လုပ် တဲ့ ပန်း တိမ် ဆရာပါ။ အ မေ အ သက် ကြီး ပြီ ဆို တော့ စကား ပြော ချင် လို့ ကျ နော် အကို ထွန်းကြိုင် ကို အ ပန် မ ကြီး ဘူး ဆို ရင် ကျေး ဇူး ပြုပြီး ဆက် သွယ် ပေး လို့ ရ ရင် ဆက် သွယ် ပေး ပါ။
အား ကိုး စွာ ဖြင့်
လှ မောင် သန်း )

မူကထ

(၁)

ကြိုက်ရာအသားတွေကို မီးသွေးမီးဖိုလေးပေါ်ကင်ရင်း ပင်လယ်စာတွေနဲ့ ဟင်းသီး၊ ဟင်းရွက်တွေကိုပါ စိတ်ကြိုက် ပြုတ်စားနိုင်တဲ့ ထိုင်းလို “မူကထ” လို့ ခေါ်တဲ့ ဆိုင်လေးတွေကို ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ တွေ့ နိုင်ပါတယ်။ မိတ်ဆွေ အချင်း ချင်း ယမကာလေးတွဲဖက်လို့ စားသောက်စကားပြောချင်ရင်ဖြစ်စေ၊ မိသားစုအလိုက် ညစာကို တမျိုးတဘာသာ ထွက်စားချင်လို့ ဖြစ်စေ ဒီဆိုင်လေးတွေကို သွားရောက်တတ်ကြတာကြောင့် ညဘက်ဆိုရင် မီးခိုးငွေ့ တွေ ဝေ့၀ဲနေပြီး အသားကင်ညှော်နံ့  တ ထောင်းထောင်းထနေတတ်တဲ့ မူကထဆိုင်လေးတွေမှာ လူစည်ကားနေတတ်ပါတယ်။

အသားတွေကင်လိုက်၊ တူးမှာစိုးလို့  ဟိုဘက်ဒီဘက်လှန်လိုက်၊ ထည့်ထားတဲ့ ရေတွေခန်းသွားရင် ပြည်ဖြည့်လိုက်၊ အသားတွေ မ ကပ်အောင်တင်ထားတဲ့ ၀က်ဆီတုန်းကုန်ရင် လဲပေးလိုက်၊ အသားပြုတ်ရေတွေဆူရင် ထည့်ထားတဲ့ အသီးအရွက်တွေ အကျက်မ လွန်ခင် ခပ်စားလိုက်နဲ့ အေးအေးလူလူ မစားရတာရယ်၊ စားပြီးလို့ အိမ်ပြန်ရင်လည်း အသားကင်ညှော်နံ့ တွေ တကိုယ်လုံးစွဲနေ လို့  ရေပြန်ချိုးရတာရယ်ကြောင့် ကျွန်တော်ကတော့ မူကထ ဆိုင်ကို တော်ရုံတန်ရုံ ရောက်ခဲပါတယ်။ ဒါ့အပြင် ကျွန်တော်သွားမ စားချင်တဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

(၂)
(Carl Gustav recoilless rifle)

၁၉၉၂ ခုနှစ်မှာ န၀တ (အဲဒီအချိန်က နအဖ အဖြစ် မပြောင်းသေးဘူး) က ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟို ဌာနချုပ်ဖြစ်တဲ့ “မာနယ်ပလော” ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တော့ ကေအန်ယူဌာနချုပ်ကို အဓိက ကာကွယ် ပေး ထားတဲ့ “ထီဖားဝီးကျိုး” လို့  ကရင်လို ခေါ်ပြီး “ခွေးအိပ်တောင်” လို့  မြန်မာမှု ပြုနိုင်တဲ့ “ထီးဖားဝီးကျိုးတောင်”ကို အပြင်း အထန်ထိုးစစ်ဆင်ပါတယ် (နော်တဘက်ကလည်း ထိုးစစ်ဆင်ပါတယ်၊ နော်တထိုးစစ်နဲ့ ပတ်သက်တဲ့ တိုက်ပွဲအတွေ့ အကြုံတွေကို နအဖ ဘက်က ဗိုလ်မှူးသောင်းဝေဦး ဆိုသူက စာအုပ်ထုတ်ခဲ့ပါသေးတယ်)။ ထိုးစစ်ဆင်တာမှ ဆွီဒင်နိုင်ငံလုပ် ၈၄ မမ (Carl Gustav recoilless rifle) တင့်ဖျက်လက်နက် (အသေးစိတ်သိလိုပါက http://en.wikipedia.org/wiki/Carl_Gustav_recoilless_rifle တွင်လေ့လာနိုင်ပါတယ်)တွေ၊ ၁၂၀ မမ မော်တာတွေ၊ ၁၀၇ မမ မော်တာ တွေ အပါအ၀င် လေကြောင်းကပါ အကြိမ်ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ကေအန်ယူ သမိုင်းမှာ အဲဒီအချိန်အထိ “ထီဖားဝီးကျိုး” တိုက်ပွဲဟာ အပြင်းထန်ဆုံးလို့  ပြောစမှတ်ပြုရတဲ့အထိပါဘဲ။ ထိခိုက်ကျဆုံးမှု အများအပြားလည်း နှစ်ဖက်လုံးမှာ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကေအန်ယူ တပ်မဟာ (၆) ဒေသမှာ အခြေစိုက်တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၆) ကျွန်တော် တို့ တပ်ရင်းနဲ့  တပ်ရင်း (၂၀၄/၂၀၅ ပူးပေါင်းတပ်တွေဟာ စစ်ကူအဖြစ် “ထီဖားဝီးကျိုး” ဒေသမှာ ကေအန်ယူ တပ်တွေ၊ တ ခြားဒေသက ကျောင်းသားတပ်တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျွန်တော်တို့ စတင်တာဝန်ယူရတဲ့နေရာကတော့ သံ လွင်နဲ့ သောင်ရင်းမြစ်ဆုံအနီး သံလွင်မြစ်ကမ်းဘေးက “မယ်ပ” ရွာ အထက်ပိုင်း တောင်ကုန်းတကုန်းမှာပါ။ န၀တ ဘက်က လက်နက်ကြီးနဲ့ ဘယ်အချိန်ထ ပစ်ပစ်၊ ဘယ်လိုပစ်ပစ်၊ လေယဉ်နဲ့ ဘယ်လိုဗုံးကြဲကြဲ ကျွန်တော်တို့ ကုန်းပေါ်ဘဲ တိုက်ရိုက်ကျလို့ နောင်မှာ “ခံကြီးမောင်ကုန်း” လို့ တောင် နာမည် တွင်သွားပါတယ်။ တောင်ကုန်းတခုလုံးလည်း ဗုံးဆံတွေ၊ လက်နက်ကြီး ကျည် သင့်တဲ့ ဒဏ်တွေကြောင့် သစ်ပင်တွေ၊ ၀ါးရုံတွေ အကုန်ပြောင်သလင်းခါပြီး မြေကြီးတွေမှာလည်း ချိုင့်တွေ၊ ကျင်းတွေ၊ မီးလောင် မြေတွေနဲ့ မို့ တောင်ယာခုတ်၊ မီးရှို့ ထားသလားတောင် ထင်ရပါတယ်။

နောက်ပိုင်းတော့ န၀တ ဘက်က “ထီဖားဝီးကျိုး” ကို သိမ်းလိုက်နိုင်ပေမယ့် ကေအန်ယူနဲ့ မဟာမိတ်တပ်တွေက “ထီးဖားဝီး ကျိုး” တ၀ိုက်ကနေ ခုခံခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဧပြီလမှာတော့ နအဖ (အဲဒီအချိန်မှာ နအဖ ဖြစ်သွားပြီ) ဘက်က အထူးစစ် ဆင်ရေးအဖွဲ့ မှူး ဗိုလ်ချုပ်မောင်လှ က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်နေတာတွေ ရပ်စဲလိုက်တယ်”လို့  ကြေငြာပြီး ထိုးစစ်ဆင်တာကို ရပ်လိုက်ပါတယ်။ အဲဒီနောက် တပ်မဟာ (၆) နယ်မြေက စစ်ကူလာတဲ့ ကျွန်တော်တို့ တပ်တွေလည်း အကြောင်းကြာင်းကြောင့် ပြည်တော်ပြန်ခွင့် မရဘဲ မကဒတ ဗဟိုဌာနချုပ်တည်မယ့်၊ “ဒေါင်းဂွင်” လို့  နောင်မှာ ကျော်ကြားလာမယ့် နေရာရဲ့  မြောက်ဘက် မိနစ် ၂၀ ခန့် အကွာ၊ ထိုင်းနိုင်ငံ “မယ့်ကထာ” ဆိုတဲ့ ရွာနဲ့ မျက် နှာချင်းဆိုင် သံလွင်မြစ်ကမ်းပေါ်မှာ ကျွန်တော်တို့ တပ်ရင်း (၂၁၆)က စခန်းအသစ်ဆောက်လုပ် အခြေချလိုက်ရပါတော့တယ်။ ကျွန်တော်တို့ နဲ့ မနီးမဝေးမှာက တပ်ရင်း (၂၀၄/၂၀၅) အခြေစိုက်ပါတယ်။ အဲဒီအချိန်က ကိုမိုးသီးဇွန် ဦးဆောင်တဲ့ မကဒတ နဲ့  ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ မကဒတ ရယ်ဆိုပြီး ၂ ခြမ်းကွဲနေရာမှာ ကျွန်တော်တို့ က ဒေါက်တာနိုင်အောင် ဦးဆောင် တဲ့ မကဒတ ဘက်ကပေါ့။

မကဒတ ကို တပ်ပေါင်းစု မဟာမိတ်ခေါင်းဆောင်ကြီးတွေရဲ့ ကူညီဖြေရှင်းပေးမှုနဲ့ အတူ မကဒတ နှစ်ဖက်စလုံးကလည်း ပေါင်း စည်းချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ တကယ်တော့ “ဒေါင်းဂွင်” လို့ ကျွန်တော်တို့ ခေါ်နေတဲ့ နေရာဟာ ကရင်ပြည်နယ် ဖာပွန်မြို့ ရဲ့ အရှေ့ ဘက်တည့်တည့် မိုင် ၂၀ ကျော်လောက် မှာရှိပြီး အင်္ဂ လိပ်လက်ထက်ကတည်းက သစ်ထုတ်လုပ်ရေး စခန်းတွေ ရှိတယ်လို့ ဆိုတယ်။ မြေပုံပေါ်မှာလည်း “ဒါးကွင်း” (Dakwi) လို့ ဖော်ပြထားတာတွေ့ ရတယ် (တချို့ လည်း Dagwin လို့ ရေးကြတယ်) ။ ကျောင်းသားတွေ အဲဒီနေရာကို ပြောင်းပြီးမှ “ဒါး ကွင်း” ကို “ဒေါင်းဂွင်” လို့  ကိုယ့်ဘာသာ ကင်ပွန်းတပ်လိုက်ရာက “ဒေါင်းဂွင်” လို့ ဘဲ နာမည်တွင်သွားတော့တယ်။


(၃)

ကျွန်တော်တို့ တပ်စခန်းတွေ စတင်တည်ဆောက်ကာစက သေနတ်နဲ့  ကျည်ဆံကလွဲလို့ ဘာဆိုဘာမှ မရှိပါဘူး။ ကျွန်တော်တို့ တပ်တည်မယ့် နေရာရဲ့ ဘေးမှာ သစ်စက်အဟောင်းတလုံးရှိခဲ့ဖူးတော့ သစ်စက်ကအသုံးမလိုလို့ လွှင့်ပစ်ထားတဲ့ သစ်ခွဲသား (ပ ကာခြမ်း) တပုံဘဲရှိတယ်။ အဲဒီ ပကာခြမ်းတွေကဘဲ ကျွန်တော်တို့ တပ်ရင်းရဲ့ အဆောက်အဦးတွေအတွက် အဓိက အခင်းတွေ၊ အကာတွေ ဖြစ်လာတယ်။ ပြောမယ်ဆိုရင် (Ground zero) က စရတာပေါ့။ တောရှင်း၊ သစ်ပင်တွေ ခုတ်ထွင်ပြီးမှ မြေနေရာ ပေါ်အောင် အရင်လုပ်ယူရတယ်။ လူတွေကလည်း သိပ်ပင်ပန်းနေပြီ၊ စစ်ပန်းတာလည်းပါတယ်၊ “ထီဖားဝီးကျိုး” တိုက်ပွဲပြီးရင် တပ်မဟာ (၆)မှာ “မုနော်” အပျိုမတွေ၊ အမိုး၊ အတီးတွေနဲ့  ပြန်လည်ဆုံဆည်းဖို့ ရည်ရွယ်ထားသူတွေလည်း ပြည်တော်မပြန် ရလို့  “ရွှေပြည်တော် မျှော်တိုင်းဝေး”နေတဲ့ ကာလ၊ တပ်စခန်းအသစ်ကိုလည်း “ဂရောင်းဇီးရိုး” ကနေပြန်စရ၊ ရိက္ခာကလည်း မရှိ၊ တောထဲက မျှစ်တွေ၊ ၀ဥတွေဘဲ တူးစားရ၊ ငှက်ဖျားကလည်း ပြင်းဆိုတော့ ကျွန်တော်တို့  စိတ်ဓာတ်ကျနေတဲ့ ကာလ၊ ပင် ပန်းဆင်းရဲနေတဲ့ကာလလို့  ပြောရင်ရတာပေါ့။ ရဲဘော်တချို့ လည်း နောက်ပိုင်းမှာ တပ်မဟာ (၆) ကို သူ့ နည်းသူ့ ဟန်နဲ့ ပြန် သွားကြပါတယ်။ ကျွန်တော်တို့ တပ်တွေ တည်ဆောက်ပြီး ကာစမှာ တပ်မဟာ (၆)မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့  အရှေ့ တောင်တိုင်း စစ်ဒေသကော်မတီတွေ (အဲဒီတုန်းက ဗဟိုနဲ့ တပ်တွေကြားမှာ “စစ်ဒေသကော်မတီ” ဆိုတာရှိပြီး အဲဒီ စစ်ဒေသ ကော်မတီတွေကဘဲ သက်ဆိုင်ရာ တပ်ရင်းတွေကို ဦးဆောင်ကွပ်ကဲပါတယ်)ရောက်လာပါတယ်။ လက်ရှိဖြစ်နေတဲ့ ကျွန်တော်တို့ အခြေအနေတွေကို ရိပ်စားမိဟန်တူတဲ့ စစ်ဒေသကော်မတီဝင်တွေ က တပ်ရင်း (၂၀၄/၂၀၅) နဲ့  ကျွန်တော်တို့  တပ်ရင်း (၂၁၆) ကြားမှာ စစ်ဒေသရုံးဖွင့်ပြီး တပ်မဟာ (၆) က ပြောင်းလာတဲ့ တပ်တွေကို စစ်ရေး၊ နိုင်ငံရေး မွမ်းမံသင်တန်းပေးဖို့ စီ စဉ်ပါတယ်။

(၄)

(မြေပုံပေါ်မှာ ဒေါင်းဂွင်နဲ့ စောထာ ဒေသတွေကို မြင်ရမှာ ဖြစ်ပါတယ်)


အဲဒီအချိန်က စစ်ဒေသကော်မတီဥက္ကဌ ဆရာတင်ရွှေ (ကွယ်လွန်) နဲ့  အတွင်းရေးမှူး ကိုစိုးပိုင် (ဆွီဒင်တွင် အခြေချနေ) တို့ စီစဉ်တဲ့ စစ်ရေး၊ နိုင်ငံရေးမွမ်းမံ သင်တန်းဖွင့်ပြီးလို့  ရက်ပိုင်းအကြာမှာ (၁၉၉၃ ခုနှစ်ထဲမှာ)နအဖ က စောထာ ဒေသကို စ တင် ထိုးစစ်ဆင်ပါတယ်။ စောထာ ကတော့ ကျွန်တော်တို့  တပ်တွေ လက်ရှိအခြေစိုက်ထားတဲ့ နေရာရဲ့  မြောက်ဘက်၊ သံလွင် ကို ဆန်တက်သွားရပြီး ကရင်နဲ့ ကရင်နီနယ်စပ်အနီးမှာ တည်ရှိပါတယ်။ မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းရှိပြီး အထူးသဖြင့် မြန် မာပြည်ဘက်က နွားတွေ၊ ကျွဲတွေကို ကုန်သည်တွေက ထိုင်းနိုင်ငံဘက်မှာ လာရောက်ရောင်းချပါတယ်။ စောထာ တိုက်ပွဲစဖြစ် တော့ ဒေသခံ ကျောင်းသားတပ်တွေဖြစ်တဲ့ ကိုသိမ်းဆန်း ဦးဆောင်တဲ့တပ်ရင်း (၂၀၉) နဲ့ ကိုဆန်းလင်း (နောက်ပိုင်းမှာ တာ ၀န်ထမ်းဆောင်ရင်း နအဖ က ဖမ်းမိသွားပြီး၊ သူတို့ နှိပ်စက်တဲ့ ဒဏ်နဲ့ ဘဲ ကျဆုံးသွားတယ်လို့ သိရပါတယ်) ဦးဆောင်တဲ့ တပ်ရင်း (၂၁၀) က တပ်တွေ အရင်ဆုံး ကေအန်ယူတပ်တွေကို သွားကူပါတယ်။ နောက်ပိုင်းမှာ နအဖ ထိုးစစ်က ပိုပြင်းလာလို့  သင်တန်းတက်နေတဲ့ ကျွန်တော်တို့ လည်း သင်တန်းကို ရပ်ပြီးစစ်ကူဖို့ ပြင်ရပါတော့တယ်။ တပ်မှာ ရိက္ခာနဲ့ မွေးမြူရေးတာဝန်ခံ ဘကြီးလှခင်၊ တပ်ရေးနဲ့ တချို့ အိမ်ထောင်သည်တွေကလွဲလို့  ကျွန်တော်တို့ အကုန်လုံး စောထာသွားဖို့ ပြင်ရပါတယ်။ ကျွန် တော်တို့ စစ်ကြောင်းကို ကရင်လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်အေ) က ဗိုလ်မှူးရောဘတ်ဇံ (ကေအန်ယူ ဥက္ကကြီး မန်းဘဇံရဲ့ သား)က စစ်ကြောင်းမှူး အဖြစ်ဦးဆောင်ပါတယ်။ ဗိုလ်မှူးရောဘတ်ဇံ က တပ်မဟာ (၆) အခြေစိုက် ကျွန်တော်တို့ ကျောင်းသားတပ်တွေကို “ထီဖားဝီးကျိုး” မှာ ကတည်းက “ကီးဒို” စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးတော့ ဒီတကြိမ်မှာလည်း သူ့ စစ်ကြောင်းမှာ ကျွန်တော်တို့ ကိုပြန်ခေါ်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ တပ်ရင်း (၂၁၆) နဲ့  (၂၀၄/၂၀၅) ကိုတော့ ကို ဥာဏ်ထွန်း ကဦးဆောင်ပါတယ်။

(၅)

(သံလွင်ရဲ့ အလှ တနေရာ)

စောထာ ကို ထွက်မယ့် မနက်မှာ ကျွဲလှေကြီးနဲ့  (မြန်မာပြည်ဘက်က နွားတွေ၊ ကျွဲတွေသယ်ဖို့ လုပ်ထားတဲ့ သံလွင်မြစ်တွင်း သွား စက်လှေကြီး) ဗိုလ်မှူးရောဘတ်ဇံ နဲ့ သူ့ တပ်တွေ ရောက်လာပါတယ်။ ကျွန်တော်တို့ ကျောင်းသားတပ်တွေ တက်ပြီးတဲ့ နောက် စောထာဘက်ကို ကျွဲလှေကြီး စထွက်တယ်။ လှေဦးမှာ အနီရောင် ခွပ်ဒေါင်းအလံကို လွှင့်ထူထားတာမို့ နေရောင်အောက် မှာ တလက်လက်တောက်နေတဲ့ ခွပ်ဒေါင်းအလံဟာ အားလုံးရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို တက်ကြွနိုးထစေပါတယ်။ ဗိုလ်မှူးရော ဘတ်ဇံ ကလည်း တော်လှန်ရေးသီချင်းတွေဆိုခိုင်းတာမို့ “ကျောင်းသားတပ်မတော်” အပါအ၀င် ရသမျှ သီချင်းတွေကို သံပြိုင်သီ ဆိုသံကလည်း ကြားရသူအတွက် ကြက်သီးဖျန်းဖျန်းထစေပါတယ်။ သံလွင်မြစ် ကမ်းဘေး ၀ဲယာမှာ (ထိုင်းဘက်ကမ်းမှာလည်း ကရင်ရွာတွေရှိတယ်) ရှိတဲ့ ကရင်ရွာသားတွေကလည်း ကျွန်တော်တို့ ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေတယ်။ စောထာတိုက်ပွဲ တလျှောက် အဲဒီဒေသက ကရင်ရွာသားတွေ ပို့ ပေးတဲ့ ထမင်းထုတ်တွေနဲ့ ဘဲ ကျွန်တော်တို့ အသက်ဆက်ခဲ့ရတယ်။ ကျွန်တော် လှေထဲကို ဝေ့၀ဲကြည့်မိတဲ့အခါ အားလုံးရဲ့ မျက်နှာဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ တည်ငြိမ်ရဲရင့်နေတယ်။ မှတ် မိသလောက် တပ်ရင်း (၂၀၄/၂၀၅) က ဇော်မင်းသူတို့ အုပ်စုပါတယ်၊ ဇာဇာ (သူ့ နာမည်ရင်းကိုတော့ မမှတ်မိတော့ဘူး၊ ဇာဇာ
လို့ ဘဲ ခေါ်ကြတယ်) သူက ပဲခူးဘက်က၊ ခုခေတ်ပေါ်စကားလုံးနဲ့ ဆိုရင် “လိင်တူချစ်သူ” တယောက်၊ တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ တိုက်တတ်သူ၊ နောက်ပိုင်းမှာ သူများသတ်လို့  မထင်မရှား သေသွားတယ်လို့  သိရတယ်။ “ဇာဇာ” ဆိုတဲ့ နာမည်က ပျော့ တယ်ဆိုပြီး ဗိုလ်မှူးရောဘတ်ဇံ ကဘဲ “ရဲဇာနည်” လို့ နောက်ပိုင်းမှာ နာမည်ပြောင်းပေးခဲ့တယ် (Rဇာနည် တို့ ဘာတို့ ဆိုတာ ခုမှပေါ်တာပေါ့ ပြောမယ်ဆိုရင်)။

ကျောင်းသားဗဟို က ဆေးမှူးအဖြစ် ကိုအေးလွင် (ယခု မကဒတ ဗဟိုကော်မတီဝင်) ကိုထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ တပ်ရင်းမှာတော့ လူပျိုရဲဘော်တွေအပြင် အိမ်ထောင်သည်ထဲက ကိုမြင့်သိန်း တယောက်ပါလာတယ်။ တကယ်တော့ ကိုမြင့်သိန်း က ကျွန်တော်တို့ တပ်ရင်းက မဟုတ်ဘူး။ သူက ဆရာ ဦးရီထွန်းတို့ ၊ ဆရာ ဦးစိုးထွဋ်တို့ ရဲ့ ၀မ်ခစခန်း၊ တပ်ရင်း (၂၁၁) က။ ကျွန်တော်တို့ စခန်းက ဦးတင်မောင်လွင် (ယခု အမေရိကားတွင်နေသူ) ရဲ့ တူမ မချို (ယခုဆွီဒင်တွင် အခြေချ) နဲ့ အ ကြောင်းပါပြီး ဆံထုံးနောက် သျှောင်ပါ ကျွန်တော်တို့ စခန်းရောက်ခဲ့သူ။ ကိုမြင့်သိန်း က ဘားအံဘက်က ကရင်အမျိုးသား၊ လူပုံ က ဗလကောင်းကောင်း အရပ်နည်းနည်းပုတယ်၊ အမြဲတန်းပြုံးနေပြီး သူများကို ကူညီတတ်လို့  လူချစ်လူခင်ပေါတယ်။ လက်သ မားအလုပ်လည်း ကျွမ်းကျင်တယ်။ ကိုမြင့်သိန်း စောထာကို စစ်ကူသွားတော့ သူ့ သားလေး စစ်နိုင် (ယခု ဒေါ်ချိုနဲ့ အတူ ဆွီဒင် တွင်နေထိုင်) က လသားဘဲ ရှိသေးတယ်။

(၆)

ကျွန်တော်တို့ စီးလာတဲ့ ကျွဲလှေကြီး လမ်းတလျှောက်မှာရှိတဲ့ သေ့မူထ၊ ကျောက်ညှပ်၊ မယ်ညူထ၊ သခေါထ စတဲ့ သံလွင်မြစ် ကမ်းဘေးက နွားကုန်သည်တွေ အရောင်းအ၀ယ်လုပ်ကြတဲ့ ရွာကြီးတွေ နဲ့ ဝဲကြီး (နအဖ ရဲ့ ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံ ကိန်းနေရာ၊ ဒီစီမံကိန်း အကြောင်းသိချင်ရင် http://www.terraper.org/articles/BriefingSalweenThai-BurmaJune03.pdf မှာ လေ့လာနိုင်ပါတယ်) ကို ဖြတ်သွားပြီး နောက်ဆုံး စစ်ဖြစ်နေတဲ့ စောထာ ကို ရောက်လာပါတယ်။ ဒီ တကြိမ်မှာတော့ ကျွန်တော်တို့ စစ်ကြောင်းတကြောင်းလုံး တနေရာတည်းမှာ စခန်းချပြီး ခုခံရတာမဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ တပ်စိတ်အလိုက် သွားကူရတဲ့သဘောပါ။ စစ်ကြောင်းကနေ ပထမဆုံး ခွဲထွက်ပြီး တောင်ကုန်းတကုန်းကို သွားတာဝန်ယူရတာက ကိုညီပု(ညီညီဝင်း) ဦးဆောင်တဲ့ ကျွန်တော်တို့ တပ်စိတ်ပေါ့။

နောက်ပိုင်းတော့ တပ်ရင်း (၂၀၄/၂၀၅) နဲ့ ကျွန်တော်တို့  တပ်ရင်း (၂၁၆)က အင်အားတွေ ပြန်ပေါင်းလိုက်ပြီး နအဖ တပ် တွေ ထိုးစစ်ဆင်နေတဲ့ နေရာအနီးက တောင်ကုန်းတကုန်းကို (အမည် မမှတ်မိတော့) သွားကူဖို့ ဖြစ်လာပါတယ်။ အဲဒီ တောင် ကုန်းကို ကေအန်အယ်အေ က ဗိုလ်တာမလာ ဦးဆောင်တဲ့တပ်က နေရာယူ ခုခံနေတာပါ။ ရန်သူက အဲဒီနေရာဘက်ကို သဲသဲ မဲမဲတိုက်နေလို့ ကျွန်တော်တို့ ကို အင်အားဖြည့်တဲ့အနေနဲ့ ဗိုလ်တာမလာ တို့ နဲ့ သွားပေါင်းခိုင်းတာဖြစ်ပါတယ်။ ဗိုလ်တာမလာတို့ နေတဲ့ တောင်ကုန်းကို မတက်ခင် အဲဒီတောင်ခြေနားမှာ ကျွန်တော်တို့ တပ်တွေကို စုရပ်အနေနဲ့ ပြန်ပေါင်းဆုံစေပါတယ်။ နောက် ပြီး တိုက်ပွဲဝင်ရတော့မှာရယ်၊ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေတာရယ်ကြောင့် စစ်ကြောင်းမှူးက ကျွန်တော်တို့ ကို ၀က်တ ကောင်ပေါ်ကျွေးပါတယ်။ ညကြီးမဲမဲမှာ ကျွန်တော်တို့ တပ်စိတ်အလိုက် ကိုယ်ရတဲ့ ၀က်သားစကေး ကို ဟန်းကောတွေနဲ့ ဖြစ်သ လို ချက်ပြုတ်စားရတာပေါ့။ ဆီမပါ၊ ပြားမပါ ရေလုံပြုတ် ချက်စားရတာဖြစ်ပေမယ့် ရတောင့်ရခဲ အသားဟင်းတခွက်အတွက် ကျွန် တော်တို့ စိတ်လှုပ်ရှား တက်ကြွနေကြတယ်။ မီးဖိုအလင်းရောင်အောက်မှာ ကျွန်တော်တို့ အားလုံးဟာ ညစာကို မြိန်ရည် ယှက် ရည် စားဖို့ အလုပ်ရှုပ်နေတော့တာပေါ့။ အဲဒီအချိန်မှာ မီးဖိုထဲကို ၀က်သားဖတ်တွေထည့်ကင်လိုက် ကျက်မကျက် ဆွဲယူကြည့် လိုက်၊ မီးခဲတွေပေါ် ၀က်ဆီတွေကျလို့  မီးထတောက်တဲ့အခါ ၀က်သားတွေ တူးမှာစိုးလို့  ကမန်းကတန်းဆွဲယူလိုက်၊ လက်ကို မီးဟပ်လို့ အပူသက်သာအောင် ပါးစပ်နဲ့ မှုတ်လိုက် လက်ကိုခါလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကိုမြင့်သိန်းကို မီးဖိုအလင်းရောင်အောက် မှာ တွေ့ လိုက်ရတယ်။ သူ့ တယောက်တည်း အလုပ်ရှုပ်နေတာကိုကြည့်ပြီး သဘောကျနေတုန်း ကျွန်တော် တို့ တပ်စိတ်က ဟင်းကျက်ပြီ ဆိုလို့ဖက်ရွက်တွေပေါ် ထမင်းတွေ ခူးထည့်လိုက်တယ်။ သာမန်အားဖြင့် ဟင်းချေး (ဂျီး)များသူ၊ ဇီဇာကြောင်သူ ကျွန်တော်ပင် ဟန်းကောထဲလှမ်းနှိုက်လို့ အဆီတုံးဘဲပါပါ၊ အခေါက်ဘဲပါပါ၊ ၀က်မွှေး ကြမ်းကြမ်းတွေ ထိုးထိုး ထောင်ထောင်နဲ့ အ တုံးဘဲပါပါ၊ လက်ထဲပါသမျှ ၀က်သားတုံးနဲ့ ဆွေမျိုးမေ့နေတဲ့အချိန်ပေါ့။ ကျွန်တော် ကိုမြင့်သိန်းတို့  တပ်စိတ်ဘက် လှမ်းကြည့် လိုက်တော့ ပြာအလူးလူး၊ မီးအကျွမ်းကျွမ်းဖြစ်နေတဲ့ “၀က်သားကင်”နဲ့ ခေါင်းမဖော်နိုင်ဖြစ်နေတာ တွေ့ ရတယ်။

(၇)

နောက်နေ့ မနက်စောစောကျတော့ ကျွန်တော်တို့ ဗိုလ်တာမလာတို့ ရှိရာတောင်ကုန်းပေါ် တက်ခဲ့တယ်။ တောင်ကုန်းက သိပ်မမြင့် ပါဘူး၊ အပေါ်မှာလည်း နေရာကကျဉ်းတယ်။ ရန်သူလာတိုက်တဲ့ ထိပ်တိုက်နေရာကလည်း တပ်စိတ်တစိတ်စာဘဲ နေရာယူနိုင်တဲ့အ တွက် တပ်စိတ်အလိုက် အလှည့်ကျ သွားတာဝန်ယူရတယ်။ တောင်ကုန်းပတ်ပတ်လည် ဆက်သွယ်ရေးမြောင်းတွေတူး၊ ကတုတ် ကျင်းတွေဆောက်ပြီး ကျွန်တော်တို့ နေရာယူထားလိုက်တယ်။ ကျွန်တော်နဲ့ ကတုတ်ကျင်းတခုတည်းနေရတာက ဆေးမှူးအေးလွင်၊ ဘေးမှာက ကိုမြင့်သိန်း၊ ကိုမြင့်သိန်းက ဗလကောင်းကောင်းဆိုတော့ AK စက်လက် (PK machine gun အမျိုးအစား) ကိုင် တယ်။ ကျန်တဲ့ကတုတ်တွေမှာက မှတ်မိသလောက် လှသိန်း၊ စိန်ဦး၊ ဘောကြီးထွန်းထွန်း၊ အေးထွန်း၊ ဇော်လှိုင်ဦး၊ မြတ်ခိုင်၊ ကို ညီပု၊ ကိုဝင်းနိုင်ငြိမ်း၊ ကွန်စိုး၊ အောင်ဝင်းကြည် စသဖြင့် နေရာယူထားကြတယ်။ ပြီးတော့ တပ်ရင်း (၂၀၄/၂၀၅) က အဖွဲ့ တွေ။ တိုက်ပွဲတွေက စောထာဒေသမှာ နေ့ စဉ်ဖြစ်နေတော့ လက်နက်ငယ်ပစ်သံ၊ လက်နက်ကြီးပေါက်ကွဲသံတွေ အမြဲကြားနေရ တယ်။ နေ့ ကင်း၊ ညကင်းချပြီး သတိနဲ့ စောင့်ကြည့်နေရတဲ့ ကာလပေါ့။ ကျွန်တော်တို့ နေရာယူထားတဲ့ကုန်းကိုလည်း ရန်သူ ဘက်က လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတယ်။ ဗိုလ်တာမလာ တို့ အဖွဲ့ ကလည်း ၈၂ မမ recoilless rifle နဲ့ ပြန် ပြန်ပစ်နေတယ်။

တရက်ကျတော့ ကျွန်တော်တို့ ဘက်ကို ရန်သူလာတိုက်တော့မယ်ဆိုတဲ့ စက်သတင်းရလို့  ကျွန်တော်တို့ အဆင်သင့်ပြင်ထား ကြတယ်။ အဲဒီအချိန် ထိပ်တိုက်နေရာမှာ တပ်ရင်း (၂၀၄/ ၂၀၅)က ဇာဇာတို့ အဖွဲ့ နဲ့ ဗိုလ်တာမလာဆီက ကရင်ရဲဘော်တွေ တာဝန်ကျနေတဲ့အချိန်ပေါ့။ ရထားတဲ့သတင်းအတိုင်းဘဲ နအဖ တပ်က လာတိုက်ပါတယ်။ ထိပ်တိုက်ဘက်မှာ နှစ်ဘက်အပြန် အ လှန်ပစ်ခတ်နေတဲ့ လက်နက်ငယ်သံတွေ ဆူညံနေတယ်။ “တောက်...ဖုန်း”ဆိုတဲ့ ကာဘိုင် (Carbine) ပစ်သံကိုလည်း မ ကြာ၊ မကြာ ကြားနေရတယ်။ တိုက်ပွဲအတွေ့ အကြုံရှိသူတွေရဲ့ အဆိုအရ အဲဒီ ကာဘိုင်သံ “တောက်...ဖုန်း” ကို ဒီဘက်က လူတွေတော်တော် သတိထားရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နအဖ တပ်မှာ အတွေ့ အကြုံရှိပြီး လက်ဖြောင့်တဲ့ တပ်ကြပ်တွေ၊ တပ်ကြပ်ကြီးတွေကိုဘဲ ကာဘိုင်ပေးကိုင်ပြီး၊ သူတို့ ကလည်း ရမ်းမပစ်ဘဲ ပစ်မှတ်ကို သေခြာ စောင့်ပြီးမှ ချိန်ရွယ် ပစ်ခတ်တတ် တယ်လို့  ဆိုတယ်။ ရန်သူဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျွန်တော်တို့ ကုန်းပေါ်မှာ ပေါက်ကွဲနေတယ်။ ဗိုလ် တာမလာနဲ့ ကိုဥာဏ်လည်း စကားပြောစက် ကိုယ်စီနဲ့ တိုက်ပွဲကို ထိန်းနေတယ်။ ကျွန်တော်တို့ လည်း ဘယ်အချိန် နအဖ တပ် သားတွေ ကိုယ့်ရှေ့ က ပေါ်လာမလဲဆိုပြီး ကတုတ်တွေထဲကနေ စောင့်နေတုန်း ထိပ်တိုက်ဖက်ကနေ စက်လက်သမား လိုတယ်လို့ လှမ်းခေါ်လို့ AK စက်လက် ကိုင်တဲ့ ကိုမြင့်သိန်း လိုက်သွားတယ်။ မကြာပါဘူး ကိုမြင့်သိန်း ရဲ့ စက်လက် ပစ်သံ တ၀ုန်းဝုန်း ကြားနေရတယ်၊ “တောက်...ဖုန်း” သံတွေလည်း ကျိုးကြား၊ ကျိုးကြား ကြားနေရတယ်။ ခဏနေတော့ ထိပ်တိုက်ဘက်မှာ
သေနတ်သံတွေစဲသွားတယ်။ ထုံးစံအတိုင်း တိုက်ပွဲပြီးသွားတဲ့အချိန် လူစစ်၊ ကျည်စစ်၊ စစ်တဲ့အချိန်.... ထိပ်တိုက်ဘက်ကနေ ဇာဇာ ပြေးလာပြီး “ကိုမြင့်သိန်းမရှိတော့ဘူး” လို့ ငိုသံပါကြီးနဲ့ အော်ပြောတော့ ကျွန်တော်တို့ အဲဒီနေရာကို ပြေးသွားကြတယ်။ ဟုတ်တယ် ကိုမြင့်သိန်း သူပစ်နေတဲ့ စက်နက်နဲ့ အတူ ကတုတ်ထဲမှာ ငြိမ်သက်နေတယ်။ သူ့ တကိုယ်လုံးစစ်ဆေးကြည့်တော့ ကာဘိုင်ကျည်က ကိုမြင့်သိန်းရဲ့ ဘယ်ဘက်ရင်အုံ (နှလုံး)ကို ဖောက်ပြီး ညာဘက်ခါးစပ်ကနေ ပြန်ထွက်သွားတယ်။ သူ့ ဘယ် ဘက်ရင်အုံက အိပ်ကပ်ထဲမှာ မာမာလေးတခုစမ်းမိလို့ ဖွင့်ကြည့်မိတော့ ဓာတ်ဆီမီးခြစ်လေး၊ ကျည်က အဲဒီမီးခြစ်ကိုလည်း ဖောက် သွားတယ်။ အဲဒီတိုက်ပွဲမှာ ကရင်ရဲဘော်နှစ်ယောက်လည်း ကျသွားတယ်။ ခဏနေတော့ ကိုဥာဏ်ထွန်း က ကိုမြင့်သိန်း ရုပ်အ လောင်းကို နောက်တန်းပြန်ပို့ ဖို့ ကျွန်တော့်ကို တာဝန်ပေးတယ်။

(၈)

ကိုမြင့်သိန်း ရုပ်အလောင်းကို ကျွန်တော်တို့ သံလွင် ကမ်းနားအထိ ပုခက်နဲ့ ထမ်းခဲ့ကြတယ်။ နှစ်နာရီလောက် လမ်းလျှောက်ရ မယ်ထင်တယ်။ ကျွန်တော်နဲ့ အတူ ဗဟိုကို ပြန်မယ့် ဆက်သွယ်ရေးတပ်ဖွဲ့ က တာကြီး (သူက တပ်ရင်း ၂၁၀ က၊ နောက်ပိုင်း မှာ မကဒတ တောင်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတယ်)နဲ့ တပ်ရင်း (၂၀၄/၂၀၅) က ကျန်းမာရေးမကောင်းလို့ နောက်တန်းပြန်နားမယ့် ရဲဘော်တယောက် (အမည်မမှတ်မိတော့) ပါလာတယ်။ သံလွင်ကမ်းနားရောက်တော့ ကရင်ရဲဘော်တွေ ကို အကျိုးအကြောင်းပြော၊ စက်လှေအကူအညီတောင်းပြီး “ဒေါင်းဂွင်” ဘက် ပြန်ခဲ့တယ်။ ဒါပေမယ့် စက်လှေက ကေအန်အယ် အေ က ဗိုလ်မှူး လောဝါဒီ (ကွယ်လွန်) ဗျူဟာထိုင်နေတဲ့ သံလွင်ကမ်းဘေးက ရွာ (ရွာအမည် မမှတ်မိတော့) အထိဘဲရောက် တယ်။ အဲဒီနေရာရောက်တော့ မှောင်နေပြီ၊ ကျွန်တော်နဲ့ တာကြီး က ဗိုလ်မှူး လောဝါဒီကို အကျိုးအကြောင်းရှင်းပြပြီး ဒေါင်းဂွင် ဘက်ပို့ ပေးဖို့ စက်လှေ အကူအညီတောင်းတော့ သူက “ညလည်းမိုးချုပ်နေပြီ၊ ဆက်ထွက်ရင် ၀ဲကြီးကို ဖြတ်ရမယ်၊ အန္တရာယ် များတယ်၊ မနက်မှဘဲ သွားပါ”လို့ ပြောတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ၀ဲကြီးဆိုတာက ထိုင်း-မြန်မာနယ်စပ် အဖြစ်နဲ့ သံလွင်မြစ်စီးဆင်းနေတဲ့ အပိုင်းမှာ ၀ဲတွေကလည်း များ၊ ကျောက်ဆောင်တွေလည်းပေါ၊ ရေစီးကလည်းကြမ်းတာမို့ တော်ရုံတန်ရုံ လှေသမားတွေတောင် နေ့ ဘက်ကို ကြိုးစားပန်း စား မောင်းရတဲ့နေရာ။ ဒါကြောင့်လည်း နအဖ ဘက်က ရေအားလျှပ်စစ်ထုတ်ဖို့ ရွေးလိုက်တာဖြစ်မယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်တို့ ညအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏနေတော့ ဗိုလ်မှူးလောဝါဒီ ရဲ့ ရဲဘော်တချို့ ရောက်လာပြီး ကျွန်တော်တို့ စားဖို့ ဝက်သားတတွဲလာပေးတယ်။ ၀က်သားတွဲကြည့်ပြီး ကိုမြင့်သိန်း နောက်ဆုံးစားသွားရတဲ့ “၀က်သားကင်” နဲ့ သူ့ ဟန်ပန် တွေဘဲ မျက်စိထဲပေါ်နေလို့ စားချင်စိတ်ကို မရှိဘူး။ သိပ်မကြာပါဘူး ကျွန်တော်တို့ စက်လှေရှိရာကို ဖယောင်းတိုင်တွေ၊ ချိုချဉ် ထုတ်တွေ၊ ဂစ်တာတွေ ကိုင်ပြီး လူတွေတဖွဲဖွဲ ရောက်လာတယ်။ အော်.... နောက်မှသိလိုက်ရတာက ကျွန်တော်တို့ လှေမှာ တိုက်ပွဲကျသွားတဲ့ ကျောင်းသားရဲဘော်တယောက်ပါလာတာ သိသွားတဲ့ ရွာသားတွေက သူတို့ တတ်နိုင်သလောက် အသုဘ အ ခမ်းအနားလေး လာလုပ်ပေးကြတာ။ တညလုံး အဖွဲ့ လိုက် ဓမ္မသီချင်းတွေဆိုလိုက်၊ ချိုချဉ်တွေ၊ နေကြာစေ့တွေနဲ့ ဧည့်ခံရင်း
ကျွန်တော်တို့ နဲ့ မိုးလင်းတဲ့အထိ စကားတွေပြောလိုက်နဲ့ ပေါ့။

(၉)

နောက်နေ့ မနက်စောစောဘဲ ဗိုလ်မှူးလောဝါဒီ စီစဉ်ပေးတဲ့လှေနဲ့  ကျွန်တော်တို့ ဒေါင်းဂွင်ဘက် ခရီးဆက်ခဲ့ကြတယ်။ ကျွန်တော့် စိတ်တွေလည်း လေးလံလို့ ၊ စောထာကို အသွားတုန်းက လှေပေါ်မှာ တက်ကြွမှုမျိုး အခုအပြန်ခရီးမှာ လုံးလုံးမရှိတော့ဘူး။ ကျွန် တော်တို့ ကြိုးစားဖြတ်သန်းနေတဲ့ လှေအောက်က အားပြင်းပြင်းနဲ့ ဝေ့၀ဲစုပ်ယူနေတဲ့ ၀ဲတွေ၊ ခက်ထန်တဲ့ ရေစီးကြောင်းတွေ၊ ကျောက်ဆောင် ကြမ်းကြီးတွေနဲ့ အပြိုင် ကျွန်တော့်ရင်တွေလည်း ဗလောင်ဆူလို့ ၊ လှိုင်းတွေထန်လို့ ။ အထူးသဖြင့် လင် ယောကျာ်း ရှေ့ တန်းကပြန်လာမှာကို လသားအရွယ် ကလေးလေး ပွေ့ ချီရင်း ရင်ခုန်စွာ စောင့်ကြိုနေမယ့် မချိုကို အမြဲတန်း ပြုံးနေတဲ့ မျက်နှာနဲ့ တက်ကြွလန်းဆန်းမှုတွေ ချုပ်ငြိမ်းသွားတဲ့ ကိုမြင့်သိန်းရဲ့ ခန္ဓာကိုယ်ကြီးကိုဘဲ ပေးအပ်ရမယ့် အဖြစ်ကို ပိုလို့ ဝန်လေးနေမိတော့တယ်။

(၁၀)

“ဟော စားတော့လေ၊ တူးကုန်ပြီထင်တယ်” ဆိုတဲ့ အသံကြားမှ ကျွန်တော့်ရှေ့ က မူကထအိုးကို ကြည့်မိတယ်။ အင်း.... အ သားတွေကတူးပြီး ညှော်နံ့ တောင်ထွက်နေတာဘဲ။ တူးနေတဲ့ အသားဖတ်တွေကို တူနဲ့ ဆွဲယူပြီး အချဉ်ခွက်ထဲ ပစ်ထည့်လိုက် တယ်။ နောက်တော့ ကျွန်တော် ဆိုင်ထဲကထွက်လာပြီး လေကောင်းလေသန့် ရတဲ့ နေရာမှာ အသက်ကို တ၀ကြီးရှုလိုက်တယ်။ အသားကင်ညှော်နံ့ တော့မရတော့ဘူး ဒါပေမယ့် အတွေးထဲမှာ ကိုမြင့်သိန်း က ရှိနေဆဲဘဲ။


ဝန်ခံချက်။ ။ မကဒတ အနှစ် (၂၀)ပြည့်မှာ အမှတ်တရလေးဖြစ်အောင် တခုခုလုပ်မယ် စိတ်ကူးကြည့်မိတယ် တတ်နိုင်တဲ့ ဘက် ကပေါ့။ မကဒတ အနှစ် (၂၀) ခရီးကြမ်းကြီးအတွင်းမှာ မထင်မရှား ကျဆုံး၊ သေဆုံး၊ ကိုယ်လက်အင်္ဂါပေးဆပ်၊ နအဖ ရဲ့ ဖမ်း ဆီးခြင်းခံရတဲ့ ရဲဘော်တွေ တပ်ရင်းတိုင်း၊ နေရာဒေသတိုင်းမှာ အများကြီးရှိပါတယ်။ အဲဒီလို အညတရ သူရဲကောင်းတွေကို ဂုဏ် ပြုတဲ့အနေနဲ့  သူတို့ လိုဘဲ မထင်မရှား ကျဆုံးသွားတဲ့ ကိုမြင့်သိန်း အကြောင်းလေး ရေးမယ်ပေါ့။ ခက်တာက ဒီအကြောင်း တွေကို တွေးလိုက်ရင် ရုပ်ရှင်ကားတကား ပြန်ကြည့်ရသလို မျက်စိထဲမှာ အဖြစ်အပျက်တွေက အစီအရီ ပြန်ပေါ်လာပေမယ့် ဖြစ် ပျက်တဲ့ အချိန်ကာလ အတိအကျ၊ နေရာဒေသနဲ့  တချို့ လူအမည်တွေ မမှတ်မိတော့ဘူး။ နောက်ပြီး မာနယ်ပလော ကျပြီးတဲ့ နောက် ဒေါင်းဂွင် ကနေ ကျွန်တော်တို့ ဆုတ်တော့ ကျွန်တော့် ကိုယ်ပိုင် မှတ်စုတွေ၊ နေ့ စဉ်မှတ်တမ်းတွေ ဆုံးရှုံးသွားတယ်။ ဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တချို့ အခြေအနေ၊ နေရာဒေသတွေကို ဦးဌေးအောင်၊ ကိုစိုင်းမြင့်သူနဲ့ ကိုအေးလွင်
တို့ ကို ပြန်မေးယူရတယ်။ သူတို့ ကြောင့်ဘဲ ဒီစာလေး ရေးဖြစ်သွားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

မောင်ဟန်ပိုင်
http://ko-thargyi.blogspot.com/2008/11/blog-post_06.html
အီးမေးပို့ပေးသောဇင်ဇင်အားကျေးဇူးပါ။ ။


ဖတ်ပြီးပြုံးရုံလေးပြုံးလိုက်ပါ


ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "


ကမ္ဘာ့စီးပွားရေး အကြပ်အတည်း မြန်မာနိုင်ငံကိုလည်း ထိခိုက်


မိုးမခ အထောက်တော်(ရန်ကုန်)
နိုဝင်ဘာ ၁၀၊ ၂၀၀၈

ရန်ကုန်မြို့လယ်မြင်ကွင်း (ဓာတ်ပုံ-မိုးမခ)

စက်တင်ဘာလဆန်းတွင် အမေရိကန်နိုင်ငံ ငွေကြေးနှင့် ဘဏ္ဍာရေး ဈေးကွက်ဖြစ်သည့် ဝေါလ်စထရိ မှ စတင်လိုက်သည့် ကမ္ဘာ့လုံးဆိုင်ရာ အကြပ်အတည်းသည် မြန်မာပြည် စီးပွားရေးကိုလည်း ရိုက်ခတ်လာကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

ယခုလောလောဆယ် တွေ့မြင်ရသည့် လက္ခဏာများမှာ ပို့ကုန်လုပ်ငန်းတွင် ပဲ၊ ရေထွက်ပစ္စည်း၊ ရော်ဘာ စသည့် ကုန်ပစ္စည်း ၀ယ်ယူမှုနှင့် ဈေးနှုန်းကျဆင်းခြင်း၊ ပြည်ပနိုင်ငံများတွင် အလုပ် သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အလုပ်အကိုင် ၀င်ငွေ ထိခိုက်ခြင်း၊ ပြည်တွင်း အိမ်ခြံမြေဈေးကွက် ဆုတ်ဆိုင်းသွားပြီး အရောင်းအ၀ယ် အေးသွားခြင်းတို့ ဖြစ်သည်။ အဆိုပါ လက္ခဏာများမှာ လွန်ခဲ့သည့် တစ်လ၀န်းကျင်အတွင်း သိသာထင်ရှားလာ သည်ဟုစီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောဆိုရာတွင် “လွန်ခဲ့တဲ့ သုံးပတ်လောက်က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ် လုံးဝ ရပ်သွားတယ်။ အစိုးရကလည်း ငွေလိုတော့ ၀န်ကြီးဌာနပိုင် ရုံးတွေ၊ မြေကွက်တွေကို လေလံတင်ဖို့ စီစဉ်နေတယ်။ ရန်ကုန်မှာတော့ ဒီဇင်ဘာလမှာ လို့ သိရတယ်။ အထူးသဖြင့် စက်မှု ၁ ပိုင်တဲ့ဟာတွေပေါ့။ အဲဒီလို လေလံကြောင့်ပဲ အိမ်ခြံမြေ ဈေးကွက် ရပ်သွားတာလား ဆိုရင် ဒီတခုထဲကြောင့် မဟုတ်ဘူး။ ကမ္ဘာ့စီးပွားရေး ကျဆင်းတဲ့ ဂယက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ထိခိုက်တော့ မြေကိုဝယ်ထားတာထက် လောလောဆယ်မှာ ငွေကပိုပြီး အသုံးတည့်မယ့် အနေအထားကြောင့် အ၀ယ်တွေ ရပ်ကုန်တာ။ တချို့ဆိုရင် အရောင်းအ၀ယ် တည့်ပြီးသား စရံချထားပြီးသားဟာတွေမှာတောင် စရံအရှုံးခံတာတွေ ရှိတယ်။ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ အရှုံးခံတာတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရှိခဲ့တယ်။ ပေးထားတဲ့ စရံကိုအရှုံးခံတာက နောက်ထပ် လျော့ကျနိုင်တဲ့ ပမာဏထက် နည်းကောင်းနည်းနိုင်လို့ အရှုံးခံကြတာပါ” ဟုပြောဆိုသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း ရော်ဘာဈေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ ၀င်ငွေကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ပညာရေး၊ လူမှုရေး အကူအညီပေးနေသည့် အန်ဂျီအိုမှ ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။ ထိုင်းနိုင်ငံတ၀ှမ်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁သန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိကြပြီး လုပ်ကိုင်ရရှိသည့် ၀င်ငွေများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုများ၊ ဆွေမျိုးသားချင်းများထံသို့ ပြန်လည်ပေးပို့လျက် ရှိနေခြင်းကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင် ထိခိုက်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု စီးပွားရေး လေ့လာသူများ ကဆိုသည်။ ရန်ကုန်မြို့၊ ဟံသာဝတီ ကားပွဲစားတန်း (ဓာတ်ပုံ - မိုးမခ)

ရန်ကုန်မြို့၏ ကားဈေးကွက်မှာလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေးမြို့တို့တွင် ၂၀၀၅ခုနှစ် အစပိုင်းက သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများကို ဆက်တိုက် လေလံတင် ရောင်းချနေခြင်းကြောင့် ဈေးကျပြီးရင်း ဆက်ကျနေသည်ဟု ကားပွဲစားများက ပြောဆိုသည်။ ပြီးခဲ့သည့် ၂လကျော်က ကျပ်သိန်း ၃၀၀ ၀န်းကျင်ရှိခဲ့သည့် ဆန်နီဆူပါဆလွန်း အမျိုးအစားကားမှာ ယခုအခါ ကျပ် သိန်း၂၃၀ ၀န်းကျင်သာရှိတော့သည်ကို တွေ့ရသည်။

နအဖ အစိုးရက ထိုသို့ လိုင်စင်မဲ့ကားများ၊ အစိုးရပိုင်မြေကွက်များကို ရောင်းချနေခြင်းသည် နအဖ အစိုးရကိုယ်တိုင် ငွေလိုနေခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ကောက်ချက်ချလျက်ရှိပြီး အချို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာနများ၏ ရငွေသုံးငွေ စာရင်းများကို ရှင်းလင်းထားလိုသည့်အတွက် ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိကြောင်း ကြားသိရသည်။

ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နှင့် ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်အသီးသီး စုပေါင်းဆွေးနွေးကာ အဖြေရှာလုပ်ဆောင်လျက် ရှိသည်ကို နိုင်ငံတကာ သတင်းများတွင် ကြားသိနေရသော်လည်း မြန်မာနိုင်ငံမှ နအဖ အစိုးရအနေဖြင့်မူ လတ်တလော တွေ့မြင်လာရသည့် မြန်မာနိုင်ငံ စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများကို အသိအမှတ်ပြုခြင်း၊ ထည့်သွင်းစဉ်းစားသည့် လက္ခဏာ လုံးဝမတွေ့ရကြောင်း ရန်ကုန်မြို့ သတင်းဂျာနယ်မှ အယ်ဒီတာ တစ်ဦးက ပြောဆိုသည်။ “နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကြပ်အတည်းတုန်းက သူများနိုင်ငံတွေမှာ စတော့ရှယ်ယာဈေးကွက် ကျတယ်၊ ထိခိုက်တယ် ဆိုတော့ မြန်မာပြည်မှာ အဲဒီဈေးကွက်မရှိတော့ ထိခိုက်စရာ မရှိဘူးလို့ ကောက်ချတဲ့ပုဂ္ဂိုလ်မျိုး” ဟုလည်း အဆိုပါ အယ်ဒီတာက ပြောဆိုသည်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် ဆန်စပါး၊ ပဲ၊ နှမ်းနှင့် အခြားအသီးအနှံများ၊ တွင်းထွက်ကျောက်မျက်၊ သစ်တောထွက်ပစ္စည်း သဘာဝဓာတ်ငွေ့နှင့် ရေထွက်ပစ္စည်း တင်ပို့မှုတို့အပေါ် အဓိကမှီခိုလျက်ရှိသည့် နိုင်ငံဖြစ်ပြီး ရေထွက်ပစ္စည်း၊ တွင်းထွက်ကျောက်မျက်များကို ၀ယ်ယူလျက်ရှိသည့် နိုင်ငံများတွင် စီးပွားရေးကျဆင်းလျှင် မြန်မာနိုင်ငံသည်လည်း ချွင်းချက်ထား၍ ရမည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ကောက်ချက်ချကြသည်။

အရေအတွက်အားဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းဒဏ်ကို သိသာစွာ ခံစားရလျှင် ထိုနိုင်ငံများမှ ပြန်လည်ပေးပို့လျက်ရှိသည့် ၀င်ငွေကိုမှီခိုနေရသည် မြန်မာနိုင်ငံသားများအတွက် ကြီးမားသည့် အကျိုးသက်ရောက်မှုရှိနိုင်သည်ဟုလည်း စီးပွားရေး လေ့လာသူများက ဆိုသည်။ ။

ဝါးရုံရိပ်မှ မြို့ပြအား ကိုင်းကူးခြင်း


ရွှေအိမ်စည်
Tuesday, 11 November 2008 17:42


စစ်နည်းဗျူဟာ ဘယ်လိုသာလဲ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လဲ၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓားသွားလဲကြွေ၊ လှံသွားလည်း ခွေအံ့ …
(လက်ဝဲသုန္ဒြအမတ်ကြီး)
(က)
KNU က `ကော်သူလေး` အား ခရိုင် ၇ ခုနှင့် ဖွဲ့စည်းသည်။ ဒူးပလာယားခရိုင်က ခရိုင် ၇ ခုမှ တခုဖြစ်သည်။ ဘုရားသုံးဆူ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့က ဒူးပလာယာခရိုင်၏ အနားသတ် ခရိုင်နယ်ခြားမျဉ်းများအဖြစ် တည်ရှိ၏။ မြစ်ငယ်လေးစင်းက ဒူးပလာယာခရိုင်အား ဖြတ်သန်းရင်း သံလွင်အတွင်းသို့ဝင်၏။ ဟောင်သရော၊ ဇမိ၊ ၀င်းယော်နှင့် အတ္တရံ….။ တောင်ညိုတောင်တန်းများက ဒူးပလာယာအား အလယ်မှကန့်လန့်ခွဲထား၏။ ထိုဒေသအတွင်းတွင်မူ တောင်ညိုတောင်တန်းအား ဗဟိုပြုပြီး တောင်ရှေ့ခြမ်း၊ တောင်နောက်ခြမ်းဟူ၍ပင် ခေါ်ကြ၏။

ဝင်းယော်ချောင်းနှင့် ဇမိမြစ်က ကျိုက်မရောမရောက်မီ `ချောင်းနှစ်ခွ`ရွာနား၌ ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ်နှင့် သံလွင်သို့ဝင်၏။ ၀င်းယော်ချောင်းနှင့် ဇမိမြစ်နှစ်သွယ်အကြားရှိ တောင်ပေါက် ၂၄ ရွာအား KNUနှင့် NMSP တို့မှ ပူးတွဲကော်မတီဖွဲ့ပြီး ….. ပူးတွဲအုပ်ချုပ်ကြ၏။ ပူးတွဲတရားစီရင် ကြ၏။ ပူးတွဲ၍ အခွန်စည်းကြပ်ကြ၏။

ထိုဒေသအတွင်း၌ လက်နက်ကိုင်အားပြိုင်မှုများက များသည်။ ၁၉၉၅ မတိုင်မီကမူ မွန်ပြည်သစ်ပါတီ၏ မွန်လက်နက်ကိုင်တပ်မတော်၊ KNU ၏ တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ရင်းများနှင့် နအဖ၏ တပ်ရင်းများ….။ စစ်ရေးအားပြိုင်မှုက ဘက်နှစ်ဘက်သာ ရှိသည်။ နအဖ စစ်တပ်နှင့် လွတ်မြောက်ရေး တပ်မတော်များသာ ….။ ထိုစဉ်က မာနယ်ပလော မကျသေး…..။ DKBA ဟူ၍ မပေါ်သေး…..။ `သမူဟဲ`၏ ကရင့်ငြိမ်းချမ်းရေးတပ် ဟူ၍မရှိ….။ မွန်ပြည်သစ်ပါတီပင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသေး…..။

ဘုရားသုံးဆူကျပြီးနောက် နအဖ မှ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းကြောင်းအား ထိန်းချုပ်နိုင်ရန် လမ်းတလျှောက် တပ်အင်အားကို တိုး၍ ချလာ၏။ `တောင်စွန်း`တွင် စစ်ဗျူဟာတခု လာထိုင်သည်။ တောင်စွန်းရွာက ဘုရားသုံးဆူနှင့် သံဖြူဇရပ် လမ်းပေါ်ရှိ ရွာကြီးတရွာ ဖြစ်သည်။ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပိုင်း၏ အလယ်တွင် ရှိသည်။ သံဖြှူဇရပ်မြို့အတွင်းတွင်ကား အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း တရင်းရှိသည်။ သံဖြူဇရပ်အထွက်တွင်မူ တိုင်း ဗဟိုလေ့ကျင့်ရေး ၄ ရှိ၏။ ဘုရားသုံးဆူတွင်က ခြေမြန်တပ်ရင်းတရင်းနှင့် လှုပ်ရှားစစ်ကြောင်းတကြောင်းရှိသည်။ တောင်စွန်းဗျူဟာက ရ.တ.ခ လက်အောက်ခံမဟုတ်…..တပ်မလက်အောက်ခံဗျူဟာ ဖြစ်သည်။ ဗျူဟာက မမြဲ….။ မကြာခဏ ပြောင်းသည်။ ၈၈….၊ ၆၆…..၊ ၄၄….။ တလှည့်စီထိုင်ကြ၏။ ဗျူဟာအောက်တွင် လက်အောက်ခံတပ်ရင်း ၃ ရင်း သို့မဟုတ် ၄ ရင်း ပါလာတတ်၏။

မုဒုံ၊ ခလယ်တံခွန်တိုင်၊ ဖားပြတ်လမ်းပိုင်းတွင် တံခွန်တိုင်၌ တပ်ခွဲတခွဲ ထိုင်သည်။ ဖားပြတ်တွင်မူ စခန်းထိုင်နှင့် လှုပ်ရှားစစ်ကြောင်းတကြောင်း ရှိ၏။ ဖားပြတ်၊ တောင်စွန်းနှင့် ၀ဲကလိတို့ကား ဖိုခနောက်ဆိုင်…..။ ထိုဒေသအတွင်းရှိသည့် ရွာအရေအတွက်ထက် နအဖ စစ်တပ်တပ်ရင်း အရေအတွက်က ပို၍ပင် များမည်လားမသိ…..။

လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက…..KNLA တပ်ရင်း ၁၆ နှင့် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ခရိုင် လက်အောက်ခံတပ်ရင်း တရင်း…..။ ကျောင်းသားတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း KNLA၊ NMSP တို့ အတူပူးတွဲ၍ လှုပ်ရှားကြသည်။ နည်းနည်းနှင့်ကျဲကျဲ….။

ခုခံရေးစစ်က ပျောက်ကျားစစ်….။ ရန်သူကမူ …..အလုံးအရင်းနှင့်ဝင်၏။ ကျည်အားနှင့်ဖိ၏။ လူအား၊ ကျည်အား၊ အဆုံးရှုံးခံ၏။ ရွာသားနှင့် ပြောက်ကျား….မခွဲခြား….`မီး`ကဲ့သို့ပင် ကျင့်၏။ စစ်အောင်နိုင်ရေးသည်သာ သိသည့် စစ်ဝါဒီသက်သက်များ…..။ အထက်က အမိန့်ပေးသည်။ အောက်က လုပ်ဆောင်ကြ၏။ ရေးဘူးပေါက်တာမသိ …. ရေပါဖို့သာ အဓိက….။ ဘယ်လိုရေမျိုးဖြစ်ဖြစ် ….. ဘယ်လိုခပ်လာလာ….။


(ခ)
ကျနော်တို့၏ နောက်တန်း အခြေစိုက်စခန်းများက ထိုင်း-မြန်မာနယ်စပ်မျဉ်းအား သီ၍ တည်ထားကြ၏။ `စခန်းသစ်`တွင် ရှိသည်။ `ပရော့်`တွင် ရှိသည်။ စခန်းသစ်မှ ဆင်းလျှင် ….`ကျိုက်ဒုံ`ရွာအထိ ကားလမ်းပေါက်သည်။ တောင်ပေါ်လမ်းဖြစ်သည်။ လမ်းကြမ်းဖြစ်၏။ `ဖို့ဝီး`များသာ သွားကြသည်။ `ဒေါန`တောင်တန်းအား ကျော်ခွ၍ ဖောက်ထားသောလမ်း ဖြစ်သည်။ စခန်းသစ်မှ မနက်ထွက်လျှင် ကျိုက်ဒုံသို့ နေမကျိုးမှီ ရောက်၏။

`ကျိုက်ဒုံ`က `ဟောင်သရော`မြစ်၏ အရှေ့ဘက်ကမ်း၌ ရှိသည်။ ရွာနှင့်မြစ်သည် ကပ်လျက်….။ ရွာ၏ အနောက်ဘက်တွင် `ဟောင်သရော`မြစ်….။ ရွာ၏ အရှေ့ဘက်တွင်မူ `ကျိုက်ဒုံ`ချောင်းငယ်….။ ချောင်းငယ်သည် ရွာကိုပတ်၍ `ဟောင်သရော`မြစ်အတွင်းသို့ စီးဝင်၏။ `ကျိုက်ဒုံ`ချောင်းရိုးအား ခွ၍ `ဒူးပလာယာခရိုင်ရုံး`နှင့် kNLAတပ်မ (၆)၏ ဌာနချုပ်တည်ထား၏။ ထိုစဉ်က …. ..ဒူးပလာယာခရိုင် ဥက္ကဌမှာ အဖူးတာအဲယ်၊ အတွင်းရေးမှူးက ဖဒို့လီလေးဖြစ်သည်။ တပ်မဟာမှူးကမူ ဗိုလ်ချုပ်ရွှေဆိုင်းဖြစ်သည်။ ကျိုက်ဒုံရွာက ကွမ်းသီးခြံများအတွင်း ပျောက်၍နေသည်။ မြစ်ငယ်နှင့် ချောင်းရိုးသွယ်အကြား ကျိုက်ဒုံရွာက အေး၍… စိမ့်၍ …..။ ငြိမ်၍….တိတ်၍ …..။

`ဟောင်သရောမြစ်`က နွေဆိုလျှင် …. ရေက ပေါင်လယ်ခန့်သာ ရှိ၏။ ဟောင်သရောမြစ်၏ အနောက်ဘက်ကမ်းတွင် ဘုရားကုန်းရှိသည်။ စေတီနှင့် ဘုန်းတော်ကြီးကျောင်း …..။ ဘုရားကုန်းမှ ၂ နာရီခန့် လျှောက်လျှင်မူ ….`၀င်းလုံ`ရွာသို့ ရောက်သည်။ ၀င်းလုံရွာ၏ ရွာလယ်လမ်းမတလျှောက်လုံးက အိမ်ဆိုင်များနှင့် စီစီရီရီ….။ ၀င်းလုံ၊ ကျိုက်ဒုံတို့ကား ဟောင်သရောမြစ်ရိုးနှင့် နယ်စပ်လမ်းကြောင်းကို ချိတ်ဆက်၍ ကုန်သွယ်စီးပွားသာယာသည့် ရွာများဖြစ်သည်။ ၀င်းလုံလွန်လျှင် ….`မယ်တဲ့ကလှဲ`ရွာသို့ ရောက်မည်။ နေ့တ၀က်ခန့် လျှောက်ရသည့် ခရီးဖြစ်သည်။ `မယ်တဲ့ကလှဲ` မှ ကြာအင်းဆိပ်ကြီးသို့ လမ်းပေါက်၏။ လှည်းများနှင့် ကုန်အသွယ်အပို့ လုပ်ကြ၏။ ကြာအင်းဆိပ်ကြီးက `မယ်တဲ့ကလှဲ`ရွာ၏ အနောက်မြောက်ဘက်တွင် ရှိသည်။ `မယ်တဲ့ကလှဲ` မှ အနောက်တောင်ဘက်သို့ ဆက်၍လျှောက်လျှင် …..`ခရမ်းတော`ရွာအား ရောက်၏။ `ခရမ်းတော`ရွာက ဇမိမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသည်။ အရှေ့ဘက်ကမ်းဟု ဆိုသော်လည်း ဇမိမြစ်ဘေးတွင် မေးတင်ဦးခိုက်၍ တည်ထားသော ရွာမဟုတ်….။ ခရမ်းတောမှ မိနစ် ၂၀ ခန့် ဆက်လျှောက်မှ ဇမိမြစ်ကမ်းပါးသို့ ရောက်ခြင်းဖြစ်သည်။ ကျိုက်ဒုံ၊ ၀င်းလုံ၊ မယ်တဲ့ကလှဲနှင့် ခရမ်းတောရွာများ အားလုံးက ကရင်ရွာများ….။ `ခရမ်းတော`မှ ဇမိမြစ်၏ မြစ်ညှာတွင်မူ `ကွမ်းသီးခြံ`ရွာ ရှိသည်။ `ကွမ်းသီးခြံ`ကမူ ဗမာရွာဖြစ်သည်။ `ဇမိမြစ်` နှင့်`ဟောင်သရောမြစ်` အကြားက KNU ဒူးပလာယာခရိုင်၏ ကြားအင်းဆိပ်ကြီးမြို့နယ် ဖြစ်သည်။

`ခရမ်းတော` မှ ဇမိမြစ်အားကူးလျှင် အနောက်ဘက်ကမ်း၌ `ဝေဇာလီ`ရွာ ရှိသည်။ `ဝေဇာလီ`သည်လည်း ဇမိမြစ်ကမ်းဘေးရှိ ရွာမဟုတ်….။ ကမ်ပါးမှ မိနစ် ၃၀ ခန့် ခြေလျင်လျှောက်မှ `ဝေဇာလီ`သို့ ရောက်သည်။ `ဝေဇာလီ`က မွန်ရွာကြီးဖြစ်သည်။ တောင်ပေါက် ၂၄ ရွာအတွင်းရှိသည့် ရွာဖြစ်သည်။ KNU နှင့် NMSP တို့၏ ပူးတွဲအုပ်ချုပ်ရေးဒေသ….။

ဘုရားသုံးဆူဘက်မှနေ၍ ပူးတွဲအုပ်ချုပ်ရေးဒေသသို့ ဆင်းလျှင်မူ ဇမိမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ၍ရသည်။ ဇမိမြစ်က ဘုရားသုံးဆူတောင်ကြားများမှ မြစ်ဖျားခံ၍ ဖြစ်တည်လာသော မြစ် …..။

ကျနော်တို့က ထိုပူးတွဲဒေသအတွင်း အခြေပြု၍ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့များသို့ ဆက်သွယ်ကြ၏။ ထိုမှ …. မော်လမြိုင် …..။ ထိုမှ … မြို့ပြလူထု၏ ရင်ခုန်သံအား ၀ါးရုံပင်အောက်မှ ကိုင်းကူးယူကြ၏ …။

ရွှေအိမ်စည်

နိုဝင်ဘာ ၁၁၊ ၂၀၀၈သတင်း

ဘင်္ဂလာဒေ့ခ်ျ ဘောလုံးအသင်း မြန်မာနိုင်ငံသို့ ထွက်ခွာ
11/9/2008
မောင်ရမ္မာ (နိရဉ္စရာ) မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Grand Royal ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ရန်အတွက် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ အမျိုးသား ဘောလုံးအသင်းသည် စနေနေ့က မြန်မာနိုင်ငံ သို့ ထွက်ခွာသွားသည်။
အဆိုပါ Grand Royal ဘော်လုံးပြိုင်ပွဲမှာ တတိယ အကြိမ်မြောက်ဖြစ်ပြီး နိုဝင်္ဘာလ ၁၁ ရက်မှ ၂၁ ရက်နေ့ထိ ရန်ကုန်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ဆက်ဆံရေး တင်းမာနေသော်လည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံအသင်း အနေဖြင့် အားကစားစိတ်ဓါတ်ဖြင့် အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစား ကစားသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

ဘင်္ဂလာ ဘောလုံးအသင်းနည်းပြ ချာဖီးအစ္စလန်မာနင့်က “ကျနော်ရဲ့ ကစားသမား တွေဟာ အားသွန် ခွန်စိုက် ကြိုးစားကစားနိုင်လိမ့်မယ်လို့ သူတို့ကိုသူတို့ယုံကြည် နေကြတဲ့အတွက် နိုင်ငံတော်က ဘောလုံးချစ်သူပရိတ်သတ်တွေ အားရလောက်အောင် ကစားပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောသည်။

Grand Royal ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် အသင်း ၆ သင်းပါဝင်ပြီး အုပ်စု (က) တွင် ဘင်္ဂလာဒေ့ခ်ျ၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ပါဝင်ပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ တောင်ကိုး ရီးယားမှ ကလပ်အသင်း Hyundai နှင့် မလေးရှားနိုင်ငံတို့ပါဝင်သည်။

အဆိုပါ ဘင်္ဂလာဒေ့ခ်ျ ဘောလုံးအသင်းမှာ ပွဲဦးထွက်အနေဖြင့် ယနေ့တွင် အိမ်ရှင်ရန်ဘက် မြန်မာနှင့် ပွဲဦးထွက်ကစားမည်ဖြစ်ပီး နိုဝင်္ဘာလ ၁၃ ရက်နေ့တွင် အင်ဒိုနီးရှားနှင့် ကစားမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် နိုင်ငံတကာ ပွဲစဉ်များတွင် မြန်မာနိုင်ငံကို ပထဆုံးအနေဖြင့် ၁၉၉၅ ခုနှစ်က ရန်ကုန်ကွင်းတွင် အနိုင်ရရှိခဲ့ဖူးသည်။

အောက်တိုဘာလက ပြုလုပ်သော မလေးရှား မာဒေးကား ဖလားပွဲတွင် မြန်မာကို တဂိုး ဂိုးမရှိဖြင့် အုပ်စုပွဲစဉ်တွင် ဘင်္ဂလာက ရှုံးနိမ့်ခဲ့သည်။

စစ်အစိုးရက လူပေါင်း ၄၀ ခန့်ကို ယနေ့ ထောင်ဒဏ်များ ချမှတ်
ဧရာဝတီ နိုဝင်ဘာ ၁၁၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော တောင်ဥက္ကလာ ငွေကြာယံကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ လူမှုရေးလှုပ်ရှားသူများ စသည့် လူပေါင်း ၄၀ ခန့်ကို ယနေ့တွင် ထောင်ဒဏ် အမြင့်ဆုံး ၆၅ နှစ် အထိချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ သံဃာ ၅ ပါးကို ထောင် ၆ နှစ်ခွဲစီချမှတ်လိုက်ပြီး ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်များ နှင့် ဥပဒေ အကျိုးဆောင်များက ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ ကိုပြည့်ဖြိုးလှိုင်နှင့် ၉ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်မှ ၂၄ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးအား ထောင်ဒဏ် ၁၂ နှစ် ၆ လ ချမှတ်လိုက်ကြောင်းလည်း ၎င်း၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကပြောသည်။ မစုစုနွေးနှင့်အတူ ကိုဘိုဘိုလှိုင်ဝင်းသည် ထောင် ၈ နှစ် ချမှတ်ခံရကြောင်းလည်း သိရသည်။

ရွှေသံစဉ်ကို ၀င်းမော်နှင့် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီနေသူ ကိုသန်းနိုင်တို့ကိုလည်း ထောင် ၆ နှစ်စီ ချမှတ် လိုက်သည်။

တခြားသော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကိုလည်း လာမည့်ကြာသပတေးနေ့ ရုံးထုတ်မတိုင်မီ ထောင်ဒဏ်ချ မှတ်ရန် အစီအစဉ်ရှိကြောင်း၊ ကျန်ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူအားလုံးကို နိုဝင်ဘာ ၂၅ ရက် ၀န်းကျင် တွင် ပြစ်ဒဏ်များ စီရင်နိုင်ကြောင်းလည်း အကျိုးဆောင်ရှေ့နေများ အသိုင်းအ၀န်းက သိရသည်။

“အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပြစ်ဒဏ်စီရင်တာတွေ အပြီးဖြတ် မယ်လို့ ကြားနေရတယ်၊ ဇေယျာသော်အမှုကိုလည်း ၂၀ ရက်လောက်မှာ ဖြတ်မယ်လို့ သိရပါတယ်”ဟု ဖမ်းဆီးခံထားရသည့် အဆိုတော် ဇေယျာသော်၏ ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

ယခုကဲ့သို့ ပြစ်ဒဏ်များ စီရင်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများက ကြွေးကြော်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ ကြောင်း လည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျက“၆၅ နှစ်ထဲပါ”ဟု ပြောဆိုလိုက်ပြီး မမီးမီးကမူ “ဘယ်တော့မှ မကြောက်ဘူး”ဟု ကြွေးကြော်ကာ တခြားသော သူများက“မြန်မာပြည်လွတ်မြောက်ရေး” ဟု ကြွေးကြော် ခဲ့ကြကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကိုအောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ ၉ ဦး ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့ သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို၏ ဖခင်ဖြစ်သူ ဦးဝင်းမောင်က အဆိုပါ ၉ ဦးကိုလည်း ကြီးလေး သည့် ပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောဆိုသည်။

မြန်မာပြည်တွင် အန္တရာယ်ရှိ အရက်ဖြူ သောက်သုံးသူဦးရေ မြင့်တက်
ကြည်ဝေ နိုဝင်ဘာ ၁၁၊ ၂၀၀၈

ကထိန်လှည့်ရာတွင် ပဒေသာပင်များ ထမ်းလာကြသော လူငယ်လူရွယ်အများစုမှာ အရက်သောက်ထားကြသောကြောင့် ထမ်းလာသော ပဒေသာပင်များမှာ ရှေ့နောက် ယိမ်းထိုးလျက်ရှိသည်။

ပဒေသာပင် ထမ်းသူများသာမက ရှေ့ဆုံးမှ ငွေဖလား ကိုင်ပြီး အလှူခံသူ၊ အသံချဲ့ စက်တင်ထားသော ဆိုက်ကား တွန်းသူ၊ အသံချဲ့စက် မိုက်ကိုင်သူ စသဖြင့် ကထိန် လှည့်ရာတွင် ပါဝင်ကြသော ယောက်ျား ကြီးကြီးငယ်ငယ် အများစုတို့ အားလုံး အရက်သောက်ထားကြသည်။

“အရင်ခေတ်တွေတုန်းကတော့ လူငယ်တွေက ပဒေသာပင်တွေကျောင်းပို့ပြီး ကိစ္စ တွေအားလုံးပြီးမှ ကာလသားတွေစုပြီး သောက်ကြတာပဲ။ ခုတော့ မြင်တဲ့အတိုင်းပဲ မနက်ကတည်းက မူးနေကြပြီ” ဟု ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ ရပ်ကွက် တွင်းမှ သာရေးနာရေးကိစ္စများကို ဆောင်ရွက်လျက်ရှိသော အသက် ၆၈ နှစ်အရွယ် ဓမ္မာရုံလူကြီးက ဆိုသည်။

၎င်းတို့ နေထိုင်သော ရပ်ကွက်အတွင်းတွင် အိမ်ခြေပေါင်း ၅၀ ကျော်၊ လူဦးရေပေါင်း ၅၀၀ ၀န်းကျင်ခန့်၌ အရက်ဆိုင် ၁၃ ဆိုင်ရှိနေသည်။ အရက်ဖြူတပတ်လျှင် ကျပ် ၅၀ နှင့် ပေါပေါလောလော ရနိုင်ခြင်းကလည်း လူငယ်များကို အရက်သေစာ သောက်စားကြရန် တွန်းအားပေးလာသော အကြောင်းရင်းတရပ် ဖြစ်သည်ဟု ဓမ္မာရုံလူကြီးက သုံးသပ် ဝေဖန်သည်။

ယနေ့ခေတ် လူငယ်များအနေနှင့် သင်္ကြန်၊ နှစ်သစ်ကူးနေ့ကဲ့သို့သော ပျော်ပွဲရွှင်ပွဲပါသည့် နေ့များတွင်သာမက ဘာသာရေး နှင့် သက်ဆိုင်သော နေ့ရက်များတွင်ပါ အရက်သောက်သူ ပေါများလာပြီး အရက်သေစာ သောက်စားခြင်းကို ဒုစရိုက်တပါး ဟုပင် သိပုံမရတော့ကြောင်း သူက ဆိုသည်။

“အရင်ခေတ်တုန်းက အရက်ဆိုင်ဆိုရင် တရပ်ကွက်လုံးမှာ တဆိုင်လောက်ပဲ ရှိတာ ခုတော့ခေတ်က ပြောင်းသွားပြီ။ အရက် ဆိုင်ဖွင့်မှ သူဌေးဖြစ်တယ်တဲ့။ အရက်ဆိုင်ဆိုတာ ရပ်ကွက်တိုင်းမှာ မှိုလိုပေါက်နေတော့တာပဲ ဟိုမှာ ဒီမှာ လက်ညှိုးထိုးမလွဲ တော့ဘူး” ဟု လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် နေထိုင်သူ တဦးက ပြောဆိုသည်။

အရက်ဆိုင်များတွင် အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော်အရွယ်အမျိုးသားများ ထိုင်လေ့ရှိပြီး အများစုမှာ စီးပွားရေး မပြေလည်မှုကြောင့် စိတ်ညစ်ညစ်နှင့် လာသောက်နေ ကြခြင်း ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှ ကထိက တဦးကဆိုသည်။


“အမျိုးသားတော်တော်များများက ပြဿနာတခုခုဖြစ်လာပြီး မဖြေရှင်းနိုင်တော့ဘူးဆိုရင် အဲဒါကို မေ့ပစ်ဖို့ အရက်မူးအောင် သောက်ပြီး အိပ်ပစ်လိုက်တာမျိုး၊ နေ့စဉ် ရက်ဆက် အရက်ချည်းသောက်နေတာမျိုး လုပ်ရင်းနဲ့ အရက်စွဲသွားကြတာ များတယ်” ဟု အဆိုပါ ကထိက ကဆိုသည်။

အလုပ်သဘောအရ ဧည့်ခံရသူများ၊ စိတ်ပျော်ရွှင်မှု လိုချင်သောကြောင့် လာသောက်ကြ သူများ၊ အလုပ်ပင်ပန်းသောကြောင့် သောက်ကြသူများထက် မပြေလည်၍ အရက်သောက်သူ ပိုများကြောင်း သူက သုံးသပ် ပြောဆိုသည်။

“နောက်တခုက ခုခေတ်လူငယ်တယောက်အနေနဲ့ ကိုယ့်သူငယ်ချင်းနဲ့ အတူထိုင်ဖို့ လက်ဖက်ရည်ဆိုင်တွေရဲ့ နှုန်းကမြင့်လာ တော့ မထိုင်နိုင်ကြတော့ဘူး။ အဲဒီမှာ ငွေ ၁၀၀၊ ၂၀၀ လောက်နဲ့ ထိုင်လို့ရတဲ့ အရက်ဆိုင်တွေထဲကို လူငယ်တွေ ရောက်လာ ကြတော့တာပဲ” ဟု သူက ဆက်ပြောသည်။

လက်ရှိ လက်ဖက်ရည်တခွက် ဈေးနှုန်းမှာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ် ဖြစ်နေပြီး အရက်ဖြူ တပက်လျှင် ၅၀ ကျပ်သာရှိသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ထိုင်တာထက် အရက်ဖြူ ဆိုင်ထိုင်တာက စီးပွားရေးအရ ပိုတွက်ခြေကိုက်သည်ဟု ယူဆလာကြတော့သည်။

ရွှေပြည်သာ၊ ပြည်ထောင်စုလမ်းထဲတွင် အရက်ဖြူဆိုင်ဖွင့်ထားသော အရက်ဆိုင်ရှင် တဦး ကလည်း ယနေ့ခေတ် မြန်မာ နိုင်ငံတွင် အရောင်းရဆုံး ကုန်ပစ္စည်းမှာ အရက် ဖြစ်ပြီး ငွေရင်းနည်း၍ အမြတ်များများကျန်သော ရောင်းကုန်မှာလည်း အရက်ပင်ဖြစ်သည်ဟု ဆိုသည်။

“အရက်ရောင်းတာက အရင်းနည်းတဲ့အပြင် အမြတ်ငွေက ၄၊ ၅ ဆလောက်ကျန်တော့ အရက်ဆိုင်တွေ ပေါလာတော့ တာပေါ့” ဟု သူက ဆိုသည်။

လက်ရှိ ဈေးကွက်အတွင်း ၉၅ ရာခိုင်နှုန်း အရက်ဆီ ၁ဂါလန်၏ တန်ဖိုးမှာ ကျပ် ၂၄၀၀ ဖြစ်ပြီး၊ အရက်ဆီ ၁ ပေပါ၏ တန်ဖိုး မှာ ကျပ် ၁ သိန်း ၂ သောင်းဖြစ်သည်။

ပုံမှန်အားဖြင့် အရက်ဆီ ၁ ပုလင်းလျှင် ရေ ၄ ပုလင်းနှင့်ရောစပ်ရသောကြောင့် အရက်ဆီ ၁ ဂါလံလျှင် ရေရောပြီး အရက် ပုလင်းပေါင်း ၃၀ ထိ ထွက်လေ့ရှိသည်။

လက်ရှိ အရက်ဖြူ ၁ လုံး (၁ ပုလင်း) ၏ တန်ဖိုးမှာ ကျပ် ၅၀၀ ဈေးရှိသောကြောင့် အရက်တဂါလံလျှင် အနည်းဆုံး အမြတ်ငွေ ကျပ် ၁ သောင်းကျော် ကျန်သည်။ အရက်ဖြူကို အနည်းဆုံး ကျပ် ၅၀ ဖိုး၊ ၁၀၀ ဖိုးစသဖြင့် ရောင်းချပေးသည်။

ပြည်တွင်းဖြစ် ရမ်တလုံး၏ တန်ဖိုးမှာ ၂၀၀၀ ကျပ်ဖြစ်ပြီး ၀ီစကီ တလုံး၏ တန်ဖိုးမှာ ၂၆၀၀ ကျပ် ဈေးရှိသည်။ အရက်ဆိုင် များတွင် ရမ်တပက်ကို ၂၅၀ ကျပ်၊ ၀ီစကီ တပက်လျှင် ၂၅၀ ကျပ်နှုန်းနှင့် ရောင်းခြင်းကြောင့် အရက်ဆိုင် လုပ်ငန်းမှာ အမြတ်များများကျန်သော လုပ်ငန်းဖြစ်သည်။

ထို့ပြင် အရက်ဆိုင်တချို့သည် နှီးဖျားကို အင်ဒရင်း (အဆိပ်) ပုလင်းထဲသို့ စိုရုံ နှစ်၍ ပြန်ထုတ်ကာ အခြောက်ခံပြီး ခြောက် သွားသော နှီးဖျားကို မီးရှို့၍ ရလာသော ပြာကို အရက်အိုးထဲသို့ ထည့်လိုက်ခြင်းအားဖြင့် ပိုပြင်းသွားသည့် အဆိပ်ပါသော အရက်ကို အရက်ပြင်း ဟုဆိုကာ ရောင်းနေကြကြောင်း အနှစ် ၂၀ နီးပါး အရက်သောက်လာသူ တဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတနိုင်ငံလုံးအနေနှင့် အစိုးရနှင့် ပုဂ္ဂလိက အရက်ချက် စက်ရုံ စုစုပေါင်း ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရ သည်။ အဆိုပါ စက်ကြီးများမှာ တနေ့လျှင် အရက်ဆီ အနည်းဆုံး ဂါလံ ၁၀၀၀ မှ ဂါလံ ၅၀၀၀ အထိ ထုတ်လုပ်နိုင်သည်။

အစိုးရအနေနှင့် အရက်ထုတ်လုပ်ခွင့်လိုင်စင်များကို စစ်ဗိုလ်မှူးဟောင်းများ၊ တာဝန် ထမ်း ဆောင်နေသော ၀န်ကြီးများနှင့် ပတ်သက်သူများကို ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ထိုအရက်ချက် စက်ရုံကြီးများမှ အရက်ဆီထုတ်လုပ်မှု နှုန်းမှာ တနေ့လျှင် ဂါလံ ၆ သောင်း နှင့် အထက် ရှိပြီး အရက်ဆီ ဂါလံ ၆ သောင်းတွင် သောက်သုံး၍ရသည့်အဆင့် အရက်ဖြူ ဂါလံပေါင်း ၂ သိန်း ၄သောင်းကျော် ထွက်လျက်ရှိ ကြောင်း စက်မှု(၁) ၀န်းကြီးဌာနမှ ၀န်ထမ်းတဦးက ပြောပြသည်။

တခြားသော ပြည်နယ်နှင့်တိုင်းများတွင်လည်း လိုင်စင်မဲ့ အရက် ချက်လုပ်နေသူများ ရှိနေပြီး ၎င်းတို့၏ အရက်ထုတ်လုပ်မှု နှုန်းမှာ တနေ့လျှင် ဂါလံပေါင်း ၁ ထောင်နှင့်အထက် ရှိနိုင် ကြောင်း စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းတဦးက ခန့်မှန်းပြော ဆိုသည်။

မြန်မာနိုင်ငံတွင် အသည်းခြောက်ပြီး သေဆုံးသည့်နှုန်းမှာ တနှစ်ထက်တနှစ် မြင့်တက် လာသည်ကို တွေ့မြင်ရပြီး အသည်း ခြောက်သူများ၏ ၉၇ ရာခိုင်နှုန်းမှာ အရက်ကြောင့် ဖြစ်နေသည်ကို တွေ့မြင်ရကြောင်း အသည်း အထူးကု ဆရာဝန်ကြီး တဦးက ပြောဆိုသည်။

နည်းစနစ်တကျ ထုတ်လုပ် ထားခြင်းမဟုတ်သော အရက်များကို သုံးစွဲနေသူများ၊ တနေ့ကို အရက်တပုလင်းမှ ၂ ပုလင်း ကြား ပုံမှန်သောက်တတ် နေသူများသည် သက်ဆိုး မရှည်နိုင်ဘဲ ၃ နှစ်မှ ၄ နှစ်အတွင်း အသည်းခြောက် သေဆုံးတတ် ကြောင်း အဆိုပါ ဆရာဝန်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ အရက် ဈေးကွက်တွင် ပြည်တွင်းဖြစ် အရက်ဖြူကို အနံ့နှင့်အရောင် ထည့်သွင်းကာ နိုင်ငံခြားဖြစ် အရက်များ အဖြစ် အတုပြုလုပ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံတွင်းရှိနေသော နိုင်ငံခြားဖြစ်အရက်များ၏ ၇၅ ရာခိုင်နှုန်းမှာ ပြည်တွင်း ၌ပင် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း အရက်ချက် လုပ်ငန်းရှင်တဦးက ပြောပြသည်။

အရက်ဆိုင်ကြီးတဆိုင်တွင် အရောင်းဝန်ထမ်းလုပ်နေသူ တဦးကလည်း ၎င်းတို့ထံမှ သုံးပြီးသား နိုင်ငံခြားဖြစ် အရက်ပုလင်း ခွံများကို ပုံမှန်လာကောက်သူများရှိနေပြီး ပုလင်းခွံ၏ တန်ဖိုးမှာ အရက်အမျိုးအစားနှင့် ပုလင်းခွံရှားပါးမှုအလိုက် အနည်းဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ထိ ဈေးပေးဝယ်ကြောင်း ပြောပြသည်။

ထို့ပြင် ပြည်တွင်းဖြစ် ကုန်ကြမ်းအစစ် အမှန်နှင့် ထုတ်လုပ်ထားသော ပြည်တွင်းဖြစ် ၀ီစကီနှင့်ရမ် ရှားပါးလာပြီဖြစ်ကြောင်း အရက်ချက်စက်ရုံတခုမှ ဓာတုဗေဒ အင်ဂျင်နီယာတဦးက ပြောဆိုသည်။

နိုင်ငံခြားဖြစ်အရက်များသာမက ပြည်တွင်းထုတ်လုပ်လျက်ရှိသော ၀ီစကီနှင့် ရမ်တို့ သည်လည်း အတုများဖြစ်နေတတ် ကြောင်း သူက ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ယစ်မျိုးလိုင်စင်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

အရက်ရောင်းချခွင့် လိုင်စင်များမှာလည်း အမျိုးမျိုးရှိကာ အရက်ဖြူဆိုင် ထိုင်သောက် ရောင်းချ ခွင့် လိုင်စင်ကြေးမှာ ၁ နှစ် လျှင် ကျပ် ၁ သိန်း၊ ဘီယာဆိုင်ထိုင်သောက် ရောင်းချခွင့် လိုင်စင် မှာ ၁ နှစ်လျှင် ကျပ် ၅ သိန်း ဖြစ်ပြီး အနီ (ရမ်နှင့် ၀ီစကီ) ဆိုင်ထိုင်သောက် ရောင်းချခွင့် လိုင်စင်မှာမူ ကျပ် ၁၂ သိန်းဖြစ်သည်။ အရက်ဆိုင်အများစုမှာ အဖြူရောင်းချခွင့် လိုင်စင်သာ တင်ထားသော်လည်း တခြားသော အနီ၊ ဘီယာစသဖြင့် တွဲရောင်းကြသည်။

ထို့ပြင် စတိုးဆိုင်များတွင် အရက်တင်ရောင်းမည်ဆိုပါက အရက် အမျိုးအစားပေါ်တွင် မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်း မှ ကျပ် ၁၂ သိန်းထိ လိုင်စင်ကြေးရှိကြောင်း သိရှိရသည်။

အရက်ချက်စက်ရုံ လုပ်ငန်းလိုင်စင်နှုန်းများ မှာလည်း စက်ရုံအကြီးအသေး ပေါ်တွင် မူတည်ပြီး ၁ နှစ်လျှင် အနည်းဆုံးကျပ် ၁၂ သိန်း၊ ဒုတိယ တန်းစား ကျပ် ၂၄ သိန်းနှင့် အများဆုံးကျပ် ၃၆ သိန်းထိ ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

စစ်အစိုးရ လက်ထက်တွင် အရက်ချက်စက်ရုံ တည်ထောင်ခွင့်ကို ၁၉၈၉၊ ၁၉၉၀ တွင် ပုဂ္ဂလိကသို့ စတင်ချပေးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် တရားဝင် ပိတ်သွားခဲ့သော်လည်း အရက်ချက် လုပ်ငန်းများမှာ တရားမ၀င်သောနည်းလမ်းများဖြင့် တောနယ် များတွင် ယနေ့ထက်တိုင် ဆက်လက်တိုးပွား လျက်ရှိကြောင်း မြင်တွေ့နေရသည်။

မန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များတိုးချဲ့ချထား
ကိုစိုး နိုဝင်ဘာ ၁၁၊ ၂၀၀၈

ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်များကို တပ်လှန့်ချထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဆိုအရ မိုင် ၁၇၀ ခန့် ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့များကို စနေနေ့က စတင်ချထားကြောင်း သိရှိရ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော်ကလည်း“ကုန်းပိုင်းမှာ ဟိုဘက် ဒီဘက် စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်၊ လွန်ခဲ့တဲ့ စနေနေ့လောက်ကတည်း က စပြီး တော့ ဖြစ်တာ၊ တပ် အင်အား အရေအတွက်တော့ မသိရဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ red alert လုပ်ထား တယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် တောင်ဘက် မိုင် ၃၀ ခန့် အကွာ စိန့်မာတင်ကျွန်း အနီးတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ နေသော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာ ရေတပ် စစ်သင်္ဘောများ ပို့ဆောင်လိုက်ပြီး နောက် ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံ တင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ် လုံခြုံရေး တပ်များကိုတပ်လှန့်ချထားသည်ဟု တရားဝင်ပြောဆိုနေစဉ်အတွင်းမှာ ပင် အဆိုပါ အငြင်းပွားနေသော ရေပိုင်နက်ရှိ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွား သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားထားသည်။

နိုဝင်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို နောက်တနေ့တွင် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်မူ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသောကြောင့် A-3 လုပ်ကွက် သို့ စတင် ပြောင်းရွှေ့နေ ကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။


မြန်မာဘက်က အစိုးရ သတင်းစာများကသာ ယင်းကဲ့သို့ထုတ်ပြန်ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများကမူ အကျယ်တ၀င့် ဖော်ပြကြကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို မြန်မာပြည်က ကျူးကျော်တယ် ဆိုပြီး ရေးသားကြတယ်၊ ခေါင်းကြီးပိုင်းကကို ရေးကြတာများတယ်၊ ဒေးလီးစတားတို့ ဘာတို့မှာ ရေးကြတယ်”ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။

ယခုကြုံတွေ့နေရသည့် ပြဿနာအတွက် လာမည့် နိုဝင်ဘာ ၁၆-၁၇ ရက်များတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သွင်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့သည်။

၈၈ ကျောင်းသား ခေါင်းဆောင်များ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရ
ကိုစိုး နိုဝင်ဘာ ၁၁၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ယနေ့တွင် တဦးလျှင် ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ် လိုက်ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းဇေယျ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုဇော်ဇော်မင်း၊ ကိုသန်းတင်ခေါ် ကြီးသန်း၊ ကိုဇေယျခေါ် ကုလားမ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ထွေးခေါ် မာကီး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော်၊ မသင်းသင်းအေးခေါ် မီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်း၊ မသက်သက်အောင်တို့ကို ယနေ့နံနက်ပိုင်းက အင်းစိန် ထောင် အထူးတရားရုံးမှ ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည် က ပြောသည်။

ယခု ထောင်ဒဏ်ချမှတ်ခံရသူများ အပါအ၀င် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ၃၇ ဦးအား ၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၉ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုလှမျိုး နောင်၊ ကိုအောင်သူ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်တို့ကို အာဏာပိုင်များက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့တွင် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာခွင့်ပြုရန်စသည့် လွတ်လပ် သော တရားစီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောခဲ့ဖူးသည်။

ယနေ့တွင် မစုစုနွေးကိုလည်း စစ်အာဏာပိုင်များက ထောင်ဒဏ် ၁၂ နှစ် နှင့် ၆ လ ချမှတ်လိုက်သည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

ယခု ပြစ်ဒဏ်များချမှတ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးလှုပ်ရှားသူများ၏ အမှုများကို အကျိုးဆောင်ပေးနေပြီး မကြာသေးခင် က တရားရုံးသို့ ၀င်ခွင့်ပိတ်ပင်ခြင်း ခံထားရသော ရှေ့နေဦးကျော်ဟိုးက အမှုမှန်မမှန်ပေါ်တွင် မူတည်ကြောင်း၊ အမှုမှန် မပေါ်ဘဲ ပြစ်ဒဏ်ချမှတ်ပါက တရားမျှတမှုမရှိကြောင်းပြောသည်။

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်
အေးလဲ့ နိုဝင်ဘာ ၁၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။ကတ်တာလိုနီးယားဆု ကျောက်ဆစ်ရုပ်ပုံ
အဆိုပါဆုချီးမြှင့်ပွဲကို စပိန်နိုင်ငံမြို့တော်ဖြစ်သည့် ဘာစီလိုနားမြို့တွင် ကျင်းပမည် ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်း လည်းသိရသည်။

ဇိုယာဖန်းက “ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက်ယူခွင့်ရတဲ့ အတွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိတာက သူကိုယ်တိုင်သွားရောက်ယူခွင့် မရတာကိုတော့ စိတ်မကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူ လူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ်ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သား များကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် ၁၉၉၀ခုနှစ်က နော်ဝေး နိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွားကို ရရှိ ထား သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ် ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။

ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီး အကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တွင် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စသည့် မြန်မာစစ်အစိုးရ ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည်အရေးကိုပိုမို ဖိအားပေးပြောဆို ရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။

ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သား များအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။

ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များ ဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ၎င်းဆုတွင် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။

မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ
ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈
အင်းစိန်ထောင်၌ ထိန်းသိမ်းခံနေရသည့် မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ယနေ့ ချမှတ်လိုက်ကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် မစုစုနွေးနှင့် အမှုတွဲဖြစ်သူ ဘိုဘိုဝင်းလှိုင်ကိုလည်း ထောင်ဒဏ် (၈) နှစ်ချလိုက်ကြောင်း ၎င်းကပြောသည်။

နှလုံးရောဂါအခံရှိသဖြင့် ဆေးမှီဝဲနေရသူ မစုစုနွေးသည် ယနေ့ရုံးထွက်ရာတွင် လန်းလန်းဆန်းဆန်းရှိနေကြောင်း သိရသည်။

မစုစုနွေးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သေးသည်။

မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးကို အဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အဓမ္မငွေကြေးကောက်ခံမှုဖြင့် တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ
ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈
စစ်အစိုးရက အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီ ယနေ့ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြော သည်။

အမိန့်ချမှတ်ခြင်းကို တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း ယုံကြည်စိတ်ချရသည့် အဆက်အသွယ်များမှတဆင့် သိရခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသူ (၁၄) ဦးမှာ ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူ ကိုပဏ္ဍိတ်ထွန်းအား ပြီးခဲ့သည့် (၉) ရက်နေ့က နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့် လက္ခဏာတစုံတရာ ကြိုတင်မသိရှိရကြောင်း ပြောသည်။

ဒေါ်ညွန့်ညွန့်ဦးက “ကြိုပြီးမသိရဘူး၊ ဒိပြင့်လူတွေဆိုရင် ဘယ်နေ့စီရင်ချက်ချမယ်။ ရက်စွဲမဟုတ်တောင်မှ ရှေ့အပတ်ထဲ စီရင်ချက်ချမယ်၊ အဲဒီလိုမျိုး။ ကျမတို့က ဘာမှမသိရဘူး” ဟု ပြောသည်။

ယခင်လ (၂၉) ရက်ကလည်း ရန်ကုန်အင်းစိန်ထောင်အတွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ (၉) ဦးကို တရားရုံးအား မထီမဲ့မြင်ပြုသည်ဆိုကာ အာဏာပိုင်များက ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးတို့သည် တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ် ဆန္ဒပြသည့် အနေဖြင့် ရှေ့နေများ၏ မေးမြန်းချက်များအား ပြန်ဖြေခြင်းမပြုပဲ နေခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သမ္မတဘုရှ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်တဦး လျာထား
Agencies/ ၁၁ နိုဝင်ဘာ ၂၀၀၈
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ယခင် အာရှဆိုင်ရာထိပ်တန်းအကြံပေးဖြစ်သူ မိုက်ကယ်ဂရင်း (Michael Green) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာမှူးအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း သမ္မတအိမ်ဖြူတော်က ယမန်နေ့တွင် ကြေညာခဲ့သည်။
“အမေရိကန်အထက်လွှတ်တော်က အတည်ပြုပြီးပါက မြန်မာနိုင်ငံသားတွေကို ကျနော်တို့ရဲ့ ကူညီမှုတွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ မစ္စတာဂရင်းဟာ ကျနော်တို့ရဲ့ အဓိက ကိုယ်စားလှယ်ဖြစ်လာမှာပါ” ဟု ကုလလုံခြုံရေးကောင်စီဆိုင်ရာ အမေရိကန်ပြောခွင့်ရသူ ဂေါ်ဒန် ဂျွန်ဒရိုးက ပြောသည်။

သမ္မတဘုရှ်၏ အမျိုးသားလုံခြုံရေးကောင်စီအတွက် အာရှအရေးဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မစ္စတာဂရင်းသည် လက်ရှိတွင် ဂျော့တောင်းတက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရအား ပိုမိုဖိအားပေးနိုင်ရန် ရည်ရွယ်၍ အမေရိကန်ကွန်ဂရက်က ယခုနေရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးထောက်ခံသူများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အန်ဂျီအိုများနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ မဟာဗျူဟာများ ချမှတ်ရာတွင်လည်း အဆိုပါကိုယ်စားလှယ်အနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နှင့် အာဆီယံ (AEAN) နိုင်ငံများ၊ ဥရောပသမဂ္ဂတို့နှင့်လည်း ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး မထိခိုက်ဟု
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌပြော

NEJ/ ၁၁ နိုဝင်ဘာ ၂၀၀၈
ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြ၀တီနယ်စပ် အရောင်းအ၀ယ်ထိခိုက်နေသည်ဟု ကုန်သည်အချို့၏ ပြောဆိုချက်မမှန်ကန်ကြောင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံပြည်သူ့လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကူဒယ်ဆိုင်ကရာကျန်သည် မဲဆောက်မြို့သို့ ရောက်ရှိလာစဉ် တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းက နယ်စပ်စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အချက်အချာလမ်းကြောဖြစ်သည့် မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် မြန်မာပြည်သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှု နယ်စပ်ကုန်သွယ်ရေးမှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် တစုံတရာ အကျိုးသက်ရောက်မှု မရှိဘဲ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို ပုံမှန်ပြုလုပ်လျက် ရှိသည်ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းက ပြောသည်။

၎င်းက “မဲဆောက်-မြဝတီ ကုန်သွယ်မှု လမ်းကြောင်းဟာ ထိုင်းတနိုင်ငံလုံးမှာ အကြီးဆုံးကုန်သွယ်မှု လမ်းကြောဖြစ်တယ်။ လစဉ် မြန်မာပြည်ဘက်ကို ဘတ်ငွေသန်း (၁) ထောင်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းနေတယ်။ လက်ရှိမှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေမှုတွေ မရှိပါဘူး။ ပုံမှန် ကုန်သွယ်နေပါတယ်။ အဓိကပြဿနာကတော့ မြန်မာပြည်ဈေးကွက်မှာ တရုတ်ပစ္စည်းတွေဟာ မကြာခင်ကာလတခုမှာ ထိုင်းပစ္စည်းတွေကို လွှမ်းမိုးလာဖို့ ရှိနေတယ်။ အဲ့လိုလွှမ်းမိုးမှုမခံရအောင် ထိုင်းအစိုးရအနေနဲ့ မြန်မာနဲ့ကုန်သွယ်ရာမှာ အဆင်ပြေချောမွေ့မှုရှိအောင် ကူညီပေးစေချင်တယ်” ဟု တင်ပြခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် ကုန်သွယ်မှုအဆင်ပြေရန်အတွက် မြန်မာပြည်ဘက်ခြမ်းတွင် မြဝတီမှ မော်လမြိုင်အထိ လမ်းဖောက်ပေးရန် စီစဉ်လုပ်ကိုင်လျက်ရှိပြီး ထိုင်းကုန်ပစ္စည်းများကို မော်လမြိုင်မှတဆင့် ရေကြောင်းခရီးဖြင့် နိုင်ငံတကာသို့ ကုန်သွယ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင်လည်း ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး ပြောင်း၊ ပဲတီစိမ်း၊ မြေပဲစသည်တို့ကို အဓိကထားစိုက်ပျိုးပြီး ထိုင်းဘက်သို့ ပြန်လည်တင်သွင်းလျက်ရှိသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်မှုတွင် ထိခိုက်မှုရှိပြီး ထိုင်းဘက်မှ ကုန်သွယ်ရေးလိုငွေပြနေမှု ရှိသည်ဟု ပြောဆိုနေကြသည့်အချက်နှင့် ပတ်သက်၍ ထိုင်းကုန်သည်တဦးက “မဲဆောက်-မြဝတီ ကုန်သွယ်ရေးကတော့ ထိုင်းဘက်မှာ ထိခိုက်မှုမရှိပါဘူး။ ထိုင်းကုန်တွေကို တလဘတ်သန်း (၁) ထောင်ဖိုး မြန်မာဘက်ကို တင်ပို့တယ်ဆိုတာက တရားဝင် စာရင်းဇယားအရပါ။ အမှန်ကတော့ ထိုင်းဘက်က မြန်မာဘက်ကို ကုန်စည်ပို့တာ တလကို အနည်းဆုံး ဘတ်သန်း (၃) ထောင်ဖိုးရှိတယ်။ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးစနစ်ကို စနစ်တကျကိုင်တွယ်မှု မရှိသေးသမျှတော့ ထိုင်းဘက်က ကုန်သွယ်မှုဖက်မှာ အားသာနေမှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ ကိုညီညီကလည်း “နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘက်က အသာရနေတယ်ဆိုတာက ကုန်သွယ်ရေးဝန်ဆောင်မှု နည်းစနစ်အပိုင်းမှာ အားသာမှုရှိတယ်။ အစိုးရကလည်း သူတို့ကို အားပေးတယ်။ နောက်ပြီး ကုန်သွယ်ရေးမှာ လွတ်လပ်ခွင့်တွေလည်း ရှိတယ်။ ထိုင်းပစ္စည်းတွေဟာ တရုတ်ပစ္စည်းတွေထက်ကို အရည်အသွေး ကောင်းတယ်။ ဒါကို မြန်မာဘက်ကလည်း သိပါတယ်။ အခုဆိုရင် မြဝတီမှာ ကုန်သွယ်ရေးဇုန်ဖွင့်လှစ်ပြီး ထိုင်း-မြန်မာကုန်သွယ်ရေးပမာဏကို မြန်မာဘက်က ပိုမြင့်တက်လာအောင် လုပ်ဆောင်နေတယ်။ မြဝတီမြို့ကိုလည်း အထူးစီးပွားရေးဇုန် (Special Economic Zones) ပီပီပြင်ပြင်ဖြစ်အောင် လုပ်နေတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးရင် မြဝတီမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံး ကုန်သွယ်ရေးဇုန် ဖြစ်လာမှာပါ။ အဲ့ဒီအချိန်ကျရင် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းနဲ့ကုန်သွယ်တဲ့အခါ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ဆီက ဘိုးတော်တွေရဲ့ ရွှေဥာဏ်တော် ဘယ်လောက်ရှိမရှိ ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်တယ်။ လက်ရှိနယ်စပ်ကုန်သွယ်မှုမှာကတော့ မြန်မာဘက်က နစ်နာမှုတွေ အများကြီးရှိနေတယ်။ အဓိကကတော့ ကုန်သည်တွေအနေနဲ့ ကုန်သွယ်ခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ထိုင်းမှ မြန်မာဘက်သို့ တင်သွင်းနေသည့် လူသုံးကုန်ပစ္စည်းများမှာ ကားဘတ်ထရီ၊ ဓာတ်ခဲ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ ပရိဘောဂ၊ အလှကုန်၊ အားကစားပစ္စည်း၊ ဇာ၊ ချုပ်ပြီးအဝတ်ထည်၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းများမှာ ဓာတုဗေဒပစ္စည်း၊ ပလတ်စတစ်ကုန်များ၊ ရော်ဘာ၊ စာရေးကိရိယာ၊ ကားတာယာ၊ စက္ကူ၊ ပုံနှိပ်ပုံထုတ် သားရေတုများဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများမှာ ကော်စေ့၊ လက်တွန်းထွန်စက်၊ လယ်ယာသုံးပစ္စည်း၊ ရေလုပ်ငန်းသုံးပစ္စည်း၊ ကွန်ပျူတာအပိုပစ္စည်း၊ အဲယားကွန်း၊ မော်တော်ဆိုင်ကယ်၊ ကားအပိုပစ္စည်း၊ တီဗွီ၊ ရေခဲသေတ္တာ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ မြန်မာဘက်သို့ နေ့စဉ်တင်သွင်းလျက်ရှိသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ တင်သွင်းသည့် ကုန်စည်များမှာ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ချည်ထည်၊ ပြောင်း၊ ပဲတီစိမ်း၊ ငရုပ်ကောင်း၊ ဝဥခြောက်၊ ရော်ဘာနှင့် သစ်တောထွက်ပစ္စည်းများ ဖြစ်သည်။ မြန်မာဘက်မှ ထိုင်းဘက်သို့ သစ်တောထွက် ပရိဘောဂပစ္စည်းများ အများစုတင်ပို့နေသော်လည်း အချောထည်ကုန်ပစ္စည်းများမဟုတ်ဘဲ တဝက်တပျက်ကုန်ချောနှင့် ကုန်ကြမ်းအဆင့်သာ တင်ပို့နိုင်သဖြင့် အချောထည်ပြန်လုပ်ပြီး တဆင့်ပြန်ရောင်းသည့် ထိုင်းကုန်သည်များသာ အကျိုးအမြတ်ပိုမိုရရှိသည်ဟု မြဝတီမြို့မှ သစ်ပရိဘောဂ အလုပ်ရုံပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ရာထူးသစ်အတွက် ဘုရှ်အမည် တင်သွင်း
မဇ္ဈိမသတင်းဌာန
Tuesday, 11 November 2008 19:04
ချင်းမိုင်။ ။ မကြာသေးခင်က အသစ်ဖန်တီးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ရာထူးတွင် ခန့်ထားရန်အတွက် အမေရိကန် ပြည်ထောင်စု သမတကြီး ဂျော့ဘုရှ်က အမည်စာရင်း တင်သွင်းလိုက်ပါသည်။

ဤရာထူး သည် မြန်မာနိုင်ငံစစ်အစိုးရအား ကျယ်ပြန့်သော နိုင်ငံရေး အပြောင်းအလဲတရပ်ကို လက်ခံရန် တိုးမြှင့် ဖိအားပေးရေးအတွက် အဓိက ရည်ရွယ်ထားပါသည်။

လောလောဆယ် ဂျော့ခ်ျတောင်းတက္ကသိုလ် တွဲဘက်ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးဗဟိုဌာန အကြီးတန်း အကြံပေးနှင့် ဂျပန်နိုင်ငံဆိုင်ရာ သဘာပတိဖြစ်သူ မိုက်ကယ်ဂရင်းကို ဤရာထူး၌ ခန့်အပ်နိုင်ရန်အတွက် အတည်ပြုပေးနိုင်ရန် ဆီးနိတ် အထက်လွှတ်တော်သို့ သူ၏ အမည်ကို တင်သွင်း ပေးပို့လိုက်ပြီ ဖြစ်ပါသည်။

ဤအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံပြည်သူများအား ကူညီရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပန်းချက်များတွင် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာ၌ အမေရိကန်နိုင်ငံ၏ အဓိက ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည် ဟု အမေရိကန်နိုင်ငံ အမျိုးသားလုံးခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဂေါ်ဒွန်ဂျွန်ဒရိုး၏ အဆိုအရ သိရပါသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို လက်ခံရေးအတွက် မြန်မာနိုင်ငံကို အုပ်စိုးနေသော ဗိုလ်ချုပ်ကြီးများအား နောက်ထပ် တနည်းတဖုံ ဖိအားပေးနိုင်ရန် မျှော်မှန်းသည့်အနေဖြင့် ဤရာထူးကို ထားရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အစိုးရတရပ် ပေါ်ပေါက်ရေးကို အဓိကပန်းတိုင်အဖြစ် ထားရှိ၍ ဤအထူးကိုယ်စားလှယ်သည် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ ဒေသတွင်း အစိုးရများ၊ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤရာထူးတွင် အတည်ပြု ခန့်အပ်ခြင်းခံရပါက ဂရင်းသည် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ ပေးအပ်ရေး၌ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်မည် ဖြစ်သည်။

ဤရာထူးတွင် ခန့်အပ်ခံရသူသည် ရန်ကုန်မြို့တွင် အခြေစိုက်မည် မဟုတ်သော်လည်း ဤရာထူးသည် သံအမတ်ကြီး ရာထူးအဆင့်အတန်းရှိသော ရာထူးဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုသည် ရန်ကုန်မြို့ရှိ ယင်း၏သံရုံးတွင် သံအမတ်ကြီး ထားရှိခြင်း မရှိဘဲ၊ အမြင့်ဆုံးရာထူးအဖြစ် တာဝန်ခံ သံမှူးကိုသာ ထားရှိခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးသည် ဂျူလိုင်လအတွင်းက အတည်ပြုပြဌာန်းခဲ့သော စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပန်းမှုများ ဥပဒေ၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်ပြီး အောက်လွှတ်တော် အမတ် တွမ်လန်းတော့စ် သေဆုံးခဲ့ပြီးနောက် ယခု ဒုတိယသမတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင် က ဤဥပဒေကို လွှတ်တော်တွင် ဦးဆောင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လာရီအမ်ဒင်းဂါး က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး တာဝန်ခံသံမှူးရာထူးကို ရှာရှီဗီလာရိုစာထံမှ လွှဲပြောင်း လက်ခံရယူခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ စင်သီယာမောင် ကတ်တလိုးနီးယားဆု ရရှိ
ဇာနည်
Tuesday, 11 November 2008 20:21
ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ ဒေါ်စင်သီယာမောင်တို့ကို စပိန်နိုင်ငံ ကတ်တလိုးနီးယား ပြည်နယ်အစိုးရမှ အကြိမ် ၂၀ မြောက် အပြည်ပြည်ဆိုင်ရာဆုကို ယနေ့ ပူးတွဲ ချီးမြှင့်လိုက်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်သဖြင့် ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာဆု (Catalonia International Prize) ကို ယခုလို ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

"ဒီတခေါက်က မြန်မာအမျိုးသမီးတွေကို ပထမဆုံးပေးတာပါ။ သူတို့က သူတို့ရဲ့ ဘ၀တွေကို ရင်းပြီးတော့ မြန်မာပြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ခဲ့ကြလို့ အကဲဖြတ်လူကြီးတွေက ဒီဆုရသင့်တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ" ဟု ဆုရွေးချယ်ရေးအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး မစ္စ တီရီဆာ ဆာလာ က မဇ္ဈိမကို ပြောပြသည်။

ယခုဆုသည် ကမ္ဘာတ၀ှမ်းမှ သိပ္ပံပညာထူးချွန်သူများ၊ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုအတွက် ထူးချွန်စွာ စွမ်းဆောင်သူများ၊ လူ့အခွင့်အရေးအတွက် အလေးပေး လုပ်ဆောင်သူများကို နှစ်စဉ်ချီးမြှင့်ခြင်း ဖြစ်သည်။

ကတ်တလိုးနီးယား ပြည်နယ်မြို့တော် ဘာစီလိုနာတွင် ပြုလုပ်သော ဆုပေးပွဲ အခမ်းအနားသို့ ဒေါက်တာ စင်သီယာမောင် ကိုယ်တိုင်တက်ရောက် ရယူမည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားအဖြစ် စပိန်အခြေစိုက် ဘားမားကင်ပိန်းမှ တာဝန်ခံ မဇိုယာဖန်းက လက်ခံရယူမည်။

"အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တာဟာ သူ့ရဲ့ မြန်မာပြည်သူတွေအတွက် လုပ်ခဲ့တာတွေကို ကမ္ဘာက မေ့မထားဘူး၊ အသိအမှတ်ပြုတယ်။ နောက် မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကမ္ဘာက စာနာနားလည်တယ်၊ ထောက်ထားတယ် ဆိုတာတွေကို ပြသလိုက်တာမို့လို့ ၀မ်းသာပါတယ်" ဟု မဇိုယာဖန်းက မဇ္ဈိမကို ပြောပြသည်။

ကတ်တလိုးနီးယား ပြည်နယ်ဥက္ကဌ ဂျိုဆေး မွန်တီလာ ကိုယ်တိုင်ချီးမြှင့်သော အဆိုပါ ဆုသည် စပိန်နိုင်ငံ၏ ကတ်တလိုးနီးယား ပြည်နယ်အစိုးရ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အမြင့်မားဆုံး ဆုလည်း ဖြစ်သည်။

ဆုချီးမြှင့်ခံရသူသည် စပိန်ပန်းပုပညာရှင် အန်တိုနီ တပီးရက်စ် ၏ လက်ရာ သော့နှင့်စာ (La clau i la lletra = The Key and the Letter) ပုံဖော်ထားသော ပန်းပုရုပ်နှင့် ယူရိုငွေ တသိန်း ရရှိမည် ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သော အဆိုပါဆုကို အိန္ဒိယမှ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် အမစ်တာဆန်အပါအ၀င်ပြင်သစ်၊ ဂျာမဏီ၊ အမေရိကန်၊ အီဂျစ် အစရှိသော နိုင်ငံများမှ စာရေးဆရာများ၊ သိပ္ပံပညာရှင်များ သမိုင်းသုတေသီများ ရရှိခဲ့ကြသည်။

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရ
ဇာနည်
Tuesday, 11 November 2008 17:01
ချင်းမိုင်။ ။ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မစုစုနွေးကို ယနေ့တွင် ထောင်တွင်းတရားရုံးတခုက ထောင်ဒဏ် ၁၂ နှစ်နှင့် ၆ လ ချမှတ်လိုက်သည်။

အင်းစိန် ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခြင်းကို ထောင်ဝန်ထမ်းတဦးမှ စုံစမ်းသိရှိရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သူမ၏ မိတ်ဆွေတဦးက ပြောပြသည်။

"မစုစုနွေးနဲ့ မတွေ့ခဲ့ရဘူး။ သူမှာတာတွေကို ဒီအတိုင်း တခြား ထောင်ဝင်စာ တွေ့တဲ့သူတွေနဲ့ ထည့်ပေးလိုက်ရတာ။ အဲဒီက ၀န်ထမ်းပြောလို့ပဲ သိရတာ" ဟု သူက ပြောသည်။

နှလုံးရောဂါ အခံရှိသည့် သူ့ကျန်းမာရေးမှာ ကောင်းမွန်နေပြီး လောလောဆယ်တွင် အင်းစိန်ထောင်၌သာ ထားရှိသည်။ သို့သော် အမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား ရဲက ဖမ်းဆီးခဲ့သည်။

သူ့ကို ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ထိန်းသိမ်းခံရစဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်မရသောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။ အလားတူပင် မစုစုနွေးနှင့်အတူ အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲသူ ကိုဘိုဘိုဝင်းလှိုင်ကိုလည်း ယနေ့တွင် ထောင်တွင်း တရားရုံးကပင် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်သည်။

လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးကို ကနေဒါ အခြေစိုက် "လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ" အဖွဲ့မှ ချီးမြှင့်သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သလို၊ အထိန်းသိမ်း ခံနေရစဉ်အတွင်း ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ၈၈ မျိုးဆက်ကျောင်သူ မနီလာသိန်း၊ HIV/AIDS ဝေဒနာရှင်များအား ကူညီ စောင့်ရှောက်နေသူ မဖြူဖြူသင်းတို့နှင့်အတူ ရရှိခဲ့သည်။

မြန်မာနှင့် တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော
ဆစ်ဒစ်အစ္စလမ်
Tuesday, 11 November 2008 14:30
ဒါကာ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေပိုင်နက် ပြဿနာ တင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အစ်ဖ်တက်ကာ အာမက် ချောင်ဒရီ က ဒါကာမြို့တွင် တနင်္လာနေ့က ပြောကြားသည်။

ဒေဝူးကုမ္ပဏီ၏ ဟိုက်ဒရိုကာဘွန် ရှာဖွေရေး ရေနံတွင်းတူးစင်ကြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အငြင်းပွားနေသော ရေပြင်မှ ပြန်လည် ထွက်ခွာသွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ လျော့ပါးသွားခြင်းသည် နှစ်နိုင်ငံစလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ်ကို ရောက်ရှိစေခဲ့ကြောင်းဖြင့် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို ပင်လယ်အော်အတွင်း ပျော်ရှင်ဖွယ် အဆုံးသတ်ကို ရခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အားလုံးကို အကျိုးပြုမှာ ဖြစ်ပါတယ်” ဟု ဒါကာမြို့တွင် တနင်္လာနေ့ ညနေပိုင်းက ကျင်းပသော မီဒီယာနှင့် တွေ့ဆုံပွဲ၌ သူက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ၏ ရေပိုင်နက်ဟု တောင်းဆိုနေသည့် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ လုပ်ကွက်အမှတ် ဗီ-၇ တွင် ဟိုက်ဒရိုကာဘွန် ရှာဖွေရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာရှိ လုပ်ကွက်တွင် တူးဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော ဒေဝူးကုမ္ပဏီ၏ ရေနံတွင်းတူးစင်ကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရေတပ်သင်္ဘောများ စေလွှတ်လိုက်ပြီးနောက် နှစ်နိုင်ငံကြား အခြေအနေများ နောက်ထပ် တင်းမာလာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက် လိုလားကြောင်းနှင့် ကျွန်ုပ်တို့ ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန် မူဝါဒအတိုင်းပင် ကျင့်သုံးသွားမည်” ဟုလည်း ပြောသည်။

ဤဖြစ်ထွန်းတိုးတက်မှုသည် နိုင်ငံခြားရေးဌာနအတွင်းဝန် မိုဟာမက် တိုဟစ် ဟူစိန် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ၃ ရက်ကြာ သွားရောက်ကာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစောပိုင်းတွင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့ကိုလည်း သံတမန်လမ်းကြောင်းမှ ဆက်သွယ် ချဉ်းကပ်နိုင်ရန် နည်းလမ်း ရှာဖွေခဲ့သေးသည်။ ဒေဝူးကုမ္ပဏီကလည်း ဤအငြင်းပွားနေသော ရေပြင်မှ ယင်းတို့၏ ရေနံတွင်းတူးစင်ကြီးကို ပြန်လည် ရုပ်သိမ်းနိုင်ရန် စတင် လုပ်ဆောင်နေပြီဟု လွန်ခဲ့သော ၂ ရက်ကပင် ပြောဆိုခဲ့သေးသည်။

ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ယခုအထိ ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ၊ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်အပတ်တွင် ဒါကာမြို့၌ ဆွေးနွေးရန် မျှော်လင့်ရသည်။ ဤအစည်းအဝေးသို့ မြန်မာ ဒုတိယဝန်ကြီး လာရောက်မည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ပြောကြားသည်။

တရားရေးစနစ်ကို အသုံးချပြီး အတိုက်အခံတွေကို ဖိနှိပ်နေဟု မြန်မာစစ်အစိုးရကို ကုလကိုယ်စားလှယ် ဝေဖန်
11 November 2008
မြန်မာစစ်အစိုးရဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖို့အတွက် တရားစီရင်ရေး
စနစ်ကို အသုံးချနေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
စုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနား (Tomas Ojea Quintana) က
ပြောဆိုဝေဖန်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး
လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်ပြီး မစ္စတာ
ကင်တားနားက ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုရန်နိုင်က တင်ပြ
ပေးထားပါတယ်။

နိုင်ငံရေးအတိုက်အခံတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့ တရားရေးစနစ်ကို
ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်
အရေး စုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနားက ပြောဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ
ဖမ်းဆီးခံရတာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်
တွေ ချမှတ်တာနဲ့ ပတ်သက်လို့ မစ္စတာကင်တားနားက သူ့ရဲ့သဘောထားကို ဗွီအိုအေ
ကို ပြောပြခဲ့တာဖြစ်ပါတယ်။

"ကျနော့်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလိုပါပဲ။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်
ဟာ ဘက်လိုက်မှုကင်းပြီး သီးခြားလွတ်လပ်တဲ့ တရားစီရင်ရေးတခု မဟုတ်ဘူးဆိုတာ
ကျနော့်ရဲ့ခရီးစဉ်အတွင်း ကျနော် တွေ့ရပါတယ်။ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်စီရင်မှု
တွေဟာ တရားဝင်တယ်၊ တရားဥပဒေနဲ့ညီတယ်လို့ ကျနော်မမြင်ပါဘူး။"

ရှေ့နှစ်မတ်လ လူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်လို့ အစီရင်ခံရမှာဖြစ်တဲ့အတွက် ၂၀၀၉ ခုနှစ် မတ်လမတိုင်ခင် ကျနော်
မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်
အရေး အထူးစုံစမ်းစစ်ဆေးသူ တိုးမတ်စ် အိုဟေးယား ကင်တားနားက ပြောဆိုပါ
တယ်။

မစ္စတာ ကင်တာနားဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းက မြန်မာနိုင်ငံကို ၄ ရက်ကြာ
သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို လေ့လာခဲ့ပါတယ်။

"ကျနော့်အနေနဲ့ အဆိုပြုချင်တာကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားဥပဒေတွေကို
ပြန်လည်သုံးသပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ
အားလုံး၊ နိုင်ငံတကာရဲ့ စံသတ်မှတ်ချက်တွေ အားလုံးကို ဆန့်ကျင်နေပါတယ်"
လို့လည်း ဝေဖန်ပါတယ်။

"မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေ၊ နိုင်ငံရေး သဘောကွဲလွဲတဲ့ သူတွေကို ဖိနှိပ်ဖို့၊
အပြစ်ပေး အရေးယူဖို့ တရားစီရင်ရေးစနစ်ကို အသုံးချနေပါတယ်။ ကျနော့်အနေနဲ့
ပထမဆုံး အဆိုပြုချင်တာက ဥပဒေတွေကို ပြန်ပြီး သုံးသပ်ပေးပါ။ နောက် လွတ်လပ်
တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့အတွက် ကုလသမဂ္ဂနဲ့အတူ ပူးပေါင်းပြီး
ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းပေးပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးအပေါ် စစ်ဆေး
အရေးယူနေတာတွေကို ပြန်လည်ပြင်ဆင်ပေးပါလို့ ကျနော် ပြောချင်ပါတယ်။"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာနဲ့
ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ
တိုးမတ်စ် အိုဟေးယား ကင်တားနားက သူ့ရဲ့သဘောထားကို ဗွီအိုအေကို ပြောပြ
ခဲ့တာဖြစ်ပါတယ်။

သမ္မတဘုရှ်နဲ့ အရွေးကောက်ခံသမ္မတ အိုဘားမား ပထမအကြိမ် တွေ့ဆုံ

11 November 2008

Paula Wolfson's Report in Burmese
သမ္မတဘုရှ်(ယာ) နှင့် မစ္စတာအိုဘားမားတို့ အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။
နိုဝင်ဘာ ၁၀၊ ၂၀၀၈။
အမေရိကန်သမ္မတ ဂျော့ခ်ျ ဘုရှ် (George Bush)
နဲ့  သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရတာ လတ်လတ်ဆတ်ဆတ်လေးပဲရှိသေးတဲ့
ဘရက်ခ် အိုဘားမား (Barack Obama) ဟာ
အင်္ဂါနေ့က အိမ်ဖြူတော် သမ္မတရုံးခန်းမှာ ပထမ ဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီး တိုင်းပြည်မှာ
လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခေါင်းချင်းဆိုင်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ကြပါ
တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (Paula
Wolfson) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၃ ယောက်မြောက် သမ္မတဖြစ်သူ ဂျော့ခ်ျဘုရှ်က ၄၄ ယောက်
မြောက် သမ္မတဖြစ်မယ့်သူ ဘရက်ခ် အိုဘားမားကို အပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါ
တယ်။ သူတို့ရဲ့ ဇနီးသည်တွေနဲ့အတူ သမိုင်းဝင် အိမ်ဖြူတော်ထဲက ၄ ဦးသား
သက်သက်တွေ့ဆုံဖို့ Oval ရုံးခေါ် သမ္မတရုံးခန်းထဲ လျှောက်သွားခဲ့ကြပါတယ်။ ဒါဟာ
အမေရိကန်နိုင်ငံ စတင်တည်ထောင်ကတည်းက သမ္မတအပြောင်းအလဲကာလမှာ
ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သရေရှိရှိနဲ့ အာဏာကို လွှဲပြောင်းယူရာမှာ လုပ်ရိုးလုပ်စဉ်
အစဉ်အလာဖြစ်ပါတယ်။

ခုလို ခက်ခဲရှည်လျားလှတဲ့ မဲဆွယ်စည်းရုံးမှုကာလ အပြီးသပ်ချိန်မှာတော့ လက်ရှိ
အိမ်ဖြူတော်က ရီပတ်ဘလီကန်သမ္မတနဲ့ ဒီမိုကရက်ပါတီက သမ္မတသစ်ဖြစ်လာမယ့်သူ
နှစ်ဦးဟာ အာဏာအလွှဲအပြောင်းအတွက် လာမယ့်အပတ်တွေအတွင်းမှာ အနီးကပ်
ဆွေးနွေးလုပ်ကိုင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ မစ္စတာအိုဘားမားအနေ
နဲ့ သမ္မတအဖြစ် တရားဝင် ပခုံးပြောင်း ထမ်းဆောင်ရတဲ့နေ့မှာပဲ တိုင်းပြည်ရဲ့ အရေး
ကြီးတဲ့ကိစ္စတွေကို ချက်ချင်း စတင်ဆောင်ရွက်နိုင်ဖို့အတွက် လမ်းခင်းတာလည်း ဖြစ်ပါ
တယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မစ္စ ဒေနာ ပရီနို (Ms. Dana Perino) က ဒီတခါ
အမေရိကန်နိုင်ငံရဲ့ သမ္မတ အပြောင်းအလဲဟာ အင်မတန်မှ အရေးကြီးတဲ့အချိန်မှာ
ကျရောက်နေတာဖြစ်တယ်။ တိုင်းပြည်မှာ ကြီးမားတဲ့ စီးပွားရေးပြဿနာ ရင်ဆိုင်ရချိန်
ဖြစ်တဲ့အပြင် မိမိတိုင်းပြည်က တခြားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားစဉ် သမ္မတအပြောင်းအလဲ
ဖြစ်တာ နှစ် ၄၀ အတွင်း ပထမဦးဆုံးဖြစ်တယ်လို့ အခုလိုဆိုပါတယ်။

"လက်ရှိသမ္မတရော သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူရော တိုင်းပြည်ကို
ရှေ့ဆက်သွားနိုင်ဖို့ဆိုတဲ့ တသဘောထဲနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြပါ
တယ်။ သူတို့ဆီမှာ မတူညီတဲ့ မူဝါဒတွေ ရှိတာကတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့
နှစ်ဦးလုံး တိုင်းပြည်ကိုချစ်တဲ့နေရာမှာကတော့ သာတူညီမျှပါပဲ။ သူတို့ရဲ့ တိုင်းပြည်
ချစ်စိတ်ကို ရှေ့တန်းတင်ပြီး ဒီကာလမှာ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းစားရေးအတွက်
အရာအားလုံးကို တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။"

သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက အထက်လွှတ်တော်အမတ်
ဖြစ်သူ ဘရက်ခ် အိုဘားမားက သူ့ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း
ဂျွန်မက်ကိန်း (John McCain) ကို ဝေဖန်ပြောဆိုခဲ့သလို သမ္မတဘုရှ် အစိုးရကိုလည်း
မကြာခဏဆိုသလို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သမ္မတဘုရှ်နဲ့
ဘရက်ခ် အိုဘားမားဟာ ပြန်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံနေကြပါတယ်။ အမေရိကန်
သမ္မတ အဆက်ဆက်ကို မှတ်တမ်းတင်တဲ့ သမိုင်းသုတေသီ ဒေါက်ဂလတ်စ်
ဘရင်က်လေ (Doughlass Brinkley) က အခုလို မှတ်ချက်ချပါတယ်။

"ကျနော့်အမြင်မှာတော့ ဒီတခေါက် သမ္မတအကူးအပြောင်းဟာ ရင်းနှီးပျူငှာမှု အပြည့်
ရှိတာကြောင့် ထင်ရှားကျော်ကြားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ နောက်ထပ်အကြောင်း
ရင်းကတော့ သမိုင်းတွင်တဲ့ ဖြစ်ရပ်ကြောင့်မို့ပါပဲ။"

မစ္စတာအိုဘားမားရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ မစ္စတာအိုဘားမားဟာ Oval
သမ္မတရုံးခန်းကို မနေ့ကမှ ပထမဆုံးအကြိမ် ရောက်ခဲ့တာလို့ ဆိုပါတယ်။ အလားတူ
မစ္စတာအိုဘားမားရဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမား (Michelle Obama) ကလည်း
အိမ်ဖြူတော်ရဲ့ အပေါ်ဆုံးထပ်ဖြစ်တဲ့ မိသားစုအခန်းကို ပထမဆုံးအကြိမ် မနေ့က
သွားရောက်ခွင့်ရခဲ့ပါတယ်။ မစ်ရှဲလ် အိုဘားမားကို လက်ရှိသမ္မတကတော် လော်ရာ
ဘုရှ်က အိမ်ဖြူတော်ထဲမှာ ဧည့်ခံလမ်းပြခဲ့ပါတယ်။ သမ္မတကတော် လော်ရာဘုရှ်ရဲ့
လုပ်ငန်းတွေကို ကူညီတာဝန်ယူရတဲ့ အကြီးအကဲဖြစ်သူ မစ္စ အနီတာ မက်ဘရိုက်
(Anita McBride) ရဲ့အဆိုအရ မစ္စတာအိုဘားမားရဲ့ မိသားစုတခုလုံးအတွက် အခုလို
ကမ္ဘာကျော်အိမ်တော်ကြီးမှာ ပြောင်းရွှေ့နေထိုင်ရမယ့်ကိစ္စဟာ ကြီးမားနဲ့ပြောင်းလဲမှု
ဖြစ်တယ်ဆိုတာကို မစ္စဘုရှ်က နားလည်သဘောပေါက်ပါတယ်လို့ ဆိုပါတယ်။

"ဒီအိမ်ဖြူတော်ကို ဘယ်နှစ်ခေါက်လာလာ သတိထားမိကြမှာကတော့ ကိုယ့်ထက်အရင်
ဟိုး သမိုင်းတလျှောက်မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို တွေးမိမှာမလွဲဖြစ်
လို့ သမိုင်းဝင်နေရာတခုကို ရောက်နေတာပါလားဆိုတာကို ချက်ချင်းပဲ ထူးထူးခြားခြား
ခံစားမိကြမှာပါ။ ဒါဟာ အင်မတန် ကြည်နူးနှစ်သက်စရာ ကောင်းပါတယ်။"

လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ဘရက်ခ် အိုဘားမားအနေနဲ့ အမေရိကန်နိုင်ငံရဲ့
သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ မစ္စတာအိုဘားမားရဲ့
မိသားစုဟာ သမ္မတအိမ်ဖြူတော်ကို စတင်ပြောင်းရွှေ့ နေထိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အိမ်ဖြူတော်ကြေညာ
11 November 2008
ဒေါ်ခင်စိုးဝင်း
သမ္မတဘုရှ်က ဂျော့ခ်ျတောင်းတက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ မိုက်ကယ်
ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ်နဲ့
မူဝါဒ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် သံအမတ်ကြီးအဆင့်ရာထူးကို ခန့်အပ်ဖို့ ရည်ရွယ်
လိုက်တယ်ဆိုပြီး အိမ်ဖြူတော်က မကြာခင်ကဘဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတဘုရှ်က သမ္မတသက်တမ်းကုန်ဆုံးခါနီးမှာ ကပ်ပြီးတော့ အခုလို ပါမောက္ခ
မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ်
အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး မြန်မာ့အရေးကို အမြဲတမ်း အနီးကပ်
စောင့်ကြည့်နေတဲ့ ဂျော့ခ်ျတောင်းတက္ကသိုလ် အာရှရေးရာဌာန ညွှန်ကြားရေးမှူး
ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကို မေးကြည့်ပါတယ်။

"နည်းနည်းတော့ ထူးဆန်းပါတယ်။ မစ္စတာဂရင်းဟာ အိမ်ဖြူတော်ရဲ့ အမေရိကန်
လုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူတုန်းက
မြန်မာနိုင်ငံကို တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့အတွက် သူ အားသွန်ခွန်စိုက် လုပ်ခဲ့
ပါတယ်။ သူ တာဝန်လည်းပြီးဆုံးသွားရော နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာန
မှာ အလုပ်လုပ်ရင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးတဲ့အခါ ပိတ်ဆို့
တားဆီးတာတွေဟာ မအောင်မြင်တဲ့ မူဝါဒတွေဆိုပြီးတော့ ဝေဖန်ရေးသားခဲ့တဲ့သူ
ဖြစ်ပါတယ်။ ဒါကြောင့် တားဆီးပိတ်ဆို့တာတွေနဲ့ အရေးယူတာတွေကို တွန်းအားပေး
နေတဲ့ သမ္မတဘုရှ် အစိုးရအတွက် ကသိကအောက်ဖြစ်စရာပဲလို့ ယူဆတဲ့အကြောင်း"
ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် ပြောပြသွားတာ ဖြစ်ပါတယ်။

သမ္မတဘုရှ်က ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သံအမတ်ကြီးအဆင့်ရှိတဲ့ အထူး
ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ရည်ရွယ်တာဟာ ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြု
ချက်ရယူဖို့ လိုအပ်ပါတယ်။ ဒီလို မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်တဦး
ခန့်အပ်ဖို့ စဉ်းစားခဲ့တာ အတော်ကြာခဲ့ပြီလို့လည်း ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က
ပြောပြပါတယ်။

"သမ္မတကတော် လော်ရာဘုရှ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိပ်ကို စိတ်ဝင်စားနေ
တာကြောင့် အိမ်ဖြူတော်က အခုလို ဦးစီးဦးဆောင်ပြုတာ ဖြစ်ရမယ်။ သမ္မတကတော်
လော်ရာဘုရှ်က လူသိရှင်ကြား မြန်မာ့အရေးအတွက် တခုခုဖိအားပေးဖို့ အမြဲတမ်း
အစဉ်တစိုက် တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ Sanction တွေ၊
တားဆီးပိတ်ဆို့မှုတွေ အလုပ်မဖြစ်ဘူးလို့ ပြောခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေတုန်းကပါပဲ"
လို့ သူက ပြောပြသွားပါတယ်။

သမ္မတဘုရှ်ဟာ ဇန်န၀ါရီလမှာ ရာထူးတာဝန် ပြီးဆုံးတော့မှာမို့ အရွေးကောက်ခံသမ္မတ
အိုဘားမား အစိုးရအနေနဲ့ မစ္စတာ မိုက်ကယ် ဂျေဂရင်းကို မြန်မာ့အရေး တာဝန်
ပေးအပ်မှာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီး ကိုင်တွယ်သွားနိုင်ပါသလဲလို့ ဒေးဗစ်
စတိုင်းဘတ်ကို မေးကြည့်တော့ …

"အိုဘားမားရဲ့ အာရှရေးရာနဲ့ပတ်သက်တဲ့ ရပ်တည်ချက် တော်တော်များများကို သူ
အမြဲကန့်ကွက်ခဲ့တာပါ။ အကူးအပြောင်း ကြားကာလ ဒီလိုအချိန်ကျမှ သမ္မတဘုရှ်
အစိုးရက သူ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှာနဲ့ပတ်သက်
ပြီး တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်" လို့ ပါမောက္ခ ဒေးဗစ် စတိုင်း
ဘတ်က သုံးသပ်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ
ကိုအောင်ဒင်ကတော့ သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ
သံအမတ်ကြီးအဆင့် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ရတဲ့ အကြောင်း
ရင်းကို အခုလိုရှင်းပြပါတယ်။

"မနှစ်ကတင်သွင်းပြီး ဒီနှစ်မှ ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ Tom Lantos Block Burma Jade
Act ဆိုတာရှိတယ်။ အဲဒါ ကွယ်လွန်သွားတဲ့ ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ်
ဦးဆောင်ပြီး တင်သွင်းခဲ့တာ။ အဲဒီဥပဒေအရ မြန်မာပြည်ကတင်သွင်းတဲ့ ကျောက်စိမ်း
တွေကို အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီး
သော်လည်းကောင်း တင်ပို့ခွင့်ကို ပိတ်ပင်ဟန့်တားတယ်။ အဲဒါကိုတော့ အမိန့်အာဏာ
ထုတ်ပြန်ပြီးသွားပြီ။

"နောက်တချက်က မြန်မာပြည်နဲ့ပတ်သက်ပြီး စစ်အစိုးရအပေါ်မှာ ချမှတ်ထားတဲ့
စီးပွားရေးပိတ်ဆို့မှုတွေကို Coordinate လုပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူး
ညှိနှိုင်းဆောင်ရွက်ရေးမှူးတယောက် ခန့်အပ်ဖို့ဆိုတဲ့ အချက်ပါတယ်။ အခုတော့ သမ္မတ
ဘုရှ်က သူ့သက်တမ်းမကုန်ခင် နိုဝင်ဘာလထဲမှာလည်း ကွန်ဂရက်စ်က အရေးပေါ်
Section တခုခေါ်ဖို့လည်းရှိတော့ အဲဒီ Section အမီ မိုက်ဂရင်းကို ဒီနေ့ သမ္မတဘုရှ်က
အမည်စာရင်း တင်သွင်းလိုက်တာပါပဲ။"

သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဆင့် အထူး
ကိုယ်စားလှယ်ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မြန်မာ့
အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရင် စစ်အစိုးရ ရွေးကောက်ပွဲ တရားမ၀င်-EU
11 November 2008
မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲနဲ့တော့
ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရလောက်စရာ ရှိမှာ
မဟုတ်ဘူးလို့ EU ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ ဥရောပသမဂ္ဂ
နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲ
ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီတွေ၊ လူမျိုးစုအဖွဲ့အစည်း
တွေနဲ့ ဆွေးနွေးပွဲတွေစတင်ဖို့လည်း EU နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပါ
တယ်။

ပြီးခဲ့တဲ့မေလက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံ
ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါတယ်။
ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေလိမ့်မယ်လို့
အစိုးရကပြောပေမယ့် ဝေဖန်သူတွေကတော့ အခြေခံဥပဒေသစ်ဟာ စစ်ဖက်က
ရေရှည် အာဏာချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုကြ
ပါတယ်။

ဘလော့ဂါ နေဘုန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ

10 November 2008
မြန်မာဘလော့ဂါ နေဘုန်းလတ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ဒီကနေ့
ဆိုရင်လည်းပဲ အင်တာနက်စာမျက်နှာပေါ်မှာ ဘလော့ဂ်
ရေးသားတဲ့ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ်
ချမှတ်လိုက်သလို တခြား နိုင်ငံရေးလှုပ်ရှားသူတွေကို
လည်း ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့ပါတယ်။ နိုင်ငံတော်
ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င်
ပုဒ်မတွေ အများအပြားနဲ့ အင်းစိန်ထောင်တွင်း သီးသန့်
အထူးတရားရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ပတ်သက်လို့
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အင်တာနက်စာမျက်နှာပေါ်မှာ စာတွေရေးသားရင်း အခုနှစ်ဆန်းပိုင်းကတည်းက
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာဘလော့ဂါသမား ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ်ကို
ရန်ကုန်အင်းစိန်ထောင်တွင်း သီးသန့်တရားရုံးတခုကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့
၆ လ ချမှတ်လိုက်တာပါ။ သူနဲ့အတူ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတဲ့
မသင်းဂျူလိုင်ကျော်ဟာဆိုရင်လည်း တချိန်တည်းမှာပဲ ၂ နှစ်ခွဲ ထောင်ဒဏ်ချမှတ်ခံခဲ့
ရပါတယ်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဥပဒေပုဒ်မ၊ နောက် အီလက်ထရော
နစ် ဆက်သွယ်ရေးဥပဒေ စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ အခုလို ပြစ်ဒဏ်တွေ
ချမှတ်ခံခဲ့ရတာလို့ ဒီကနေ့ပဲ ရန်ကုန်အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့ ကိုနေဘုန်း
လတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောပြပါတယ်။

"နေဘုန်းလတ်က စုစုပေါင်း အနှစ် ၂၀ နဲ့ ၆ လ။ ၅၀၅(ခ) က ၂ နှစ်၊ ၃၂/၃၆ က ၃ နှစ်
နဲ့ ၆ လ၊ အီလက်ထရောနစ်က ၁၅ နှစ်။ သင်းဂျူလိုင်ကတော့ ၂ နှစ်ခွဲပေါ့။ တနင်္ဂနွေ
နေ့က တွေ့ခဲ့တယ်။ ဒီနေ့ စီရင်ချက်ချတာ။ အခုကတော့ အကျဖြစ်သွားတော့ ကြာသ
ပတေး၊ သောကြာ၊ စနေ သုံးရက်တွေ့လို့ရတယ်။ အန်တီကတော့ ကြာသပတေးနေ့
လောက် သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီမှန်းထား
တာ ၁၂ နှစ်လောက်ပဲ မှန်းထားတာ။ အခုလို အနှစ် ၂၀ ကျော် ချလိုက်တယ်ဆိုတော့
ကလေးလည်း စိတ်ဓာတ်ကျနေမှာစိုးလို့။"
ကဗျာဆရာ ကိုစောဝေ။

မြန်မာဘလော့ဂါသမား ကိုနေဘုန်းလတ် အဖမ်းဆီးမခံရ
ခင် အစောပိုင်းမှာကတည်းက ထိန်းသိမ်းခံထားရတဲ့
ကဗျာဆရာ ကိုစောဝေကိုလည်း ဒီကနေ့ပဲ အလားတူ
နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့
အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်
၂ နှစ် ချမှတ်လိုက်ပါတယ်။ ပြည်တွင်း အပတ်စဉ်ထုတ်
ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ
စောဝေ ရေးသားစပ်ဆိုခဲ့တဲ့ ကဗျာတပုဒ်က မြန်မာ
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ သူ့ကို အခုနှစ်ဆန်းပိုင်းကပဲ ဖမ်းဆီးထားခဲ့တာပါ။ အခုနောက်ဆုံး
ကိုစောဝေ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဇနီးသည်ဖြစ်သူ မနန်းစန်းစန်း
အေး ပြောပြတာကတော့ …

"၂ နှစ်ချလိုက်ပါတယ်၊ ၅၀၅(ခ) တခုတည်းနဲ့။ ကျမ အဲဒီကို ရှေ့နေနဲ့သွားပါတယ်။
အမိန့်ချပြီဆိုတာ ရှေ့နေပြောလို့ သိရပါတယ်။ ပြစ်ဒဏ်ချတဲ့အထဲမှာ သူကနည်းတယ်၊
၅၀၅(ခ) တခုတည်းဆိုတော့ ၂ နှစ်ပေါ့။ သူနဲ့အတူချတဲ့ ဒီ့ပြင်လူတွေအကုန်လုံး သူ့ထက်
များတယ်။ အဲတော့ အဆိုးထဲက အကောင်းပေါ့၊ ၂ နှစ်ထဲနဲ့ဆိုတော့။ ဒါပေမယ့် ကိုယ်က
သာ အပြင်က ၂ နှစ်ပြောတာလေ။ အထဲမှာနေရတဲ့လူ ၂ နှစ်က သိပ်ပြီးတော့
မသက်သာလှဘူး။ ပြီးတော့ ကိုစောဝေက ကျန်းမာရေးလည်း သိပ်မကောင်းတော့
သူ့ကို အဲဒါပဲ စိုးရိမ်ရတာပါ။ ကျန်တာတော့ ဒီလောက်မဟုတ်ပါဘူး။ သူ့စိတ်ကို သူ
ပြင်ဆင်ထားပြီးသားပါလို့ ကျမကို ပြောပါတယ်၊ မနေ့က ကျမတွေ့တော့။"

ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ပေးနေတဲ့အထဲမှာ နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါ ထောင်ချ
နေတာတွေ ရှိနေလို့လည်း မြန်မာနိုင်ငံက တရားစီရင်ရေးစနစ်အပေါ် ပြည်တွင်းပြည်ပ
က ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ
ထဲက နှစ်အများဆုံး ကျခံခဲ့ရတဲ့ ကွန်ပျူတာကျွမ်းကျင်သူ လူငယ်တဦးလည်းဖြစ်၊
အင်တာနက်စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး nayphonelatt.net ဆိုတဲ့
ကိုယ်ပိုင် အင်တာနက် ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့ ကိုနေဘုန်းလတ်အပေါ် တရား
ခွင်က စီရင်ခဲ့တာနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ ဒေါ်အေးသန်းကတော့ အခုလိုဆိုပါတယ်။

"အန်တီ့သားက အဲဒီဟာတွေ ကျူးလွန်တာမဟုတ်တဲ့အတွက် ဒါ မတရားတဲ့ တရား
စီရင်ရေးလို့ပဲ အန်တီတော့ သတ်မှတ်တယ်။ သူ တကယ် လက်တွေ့ကျူးလွန်တာတော့
၃၂(ခ) နဲ့ပဲ တရားစွဲလို့ရမယ်လို့ အန်တီတော့ ထင်တယ်။ ဟို ၂ မှုကတော့ တမင်
သက်သက် နောက်ပိုင်းကျမှ ဇာတ်လမ်းဆင်ပြီးလုပ်တဲ့ အမှုပေါ့။ အဲဒါတွေကိုတော့
အန်တီ့အနေနဲ့ သူကျူးလွန်တာမဟုတ်တဲ့အတွက် ဒီဟာတွေအတွက် ချတဲ့ဟာက
အန်တီတော့ အသိအမှတ်မပြုဘူး။ အရမ်းကို လွန်ကဲလွန်းအားကြီးတယ်လို့ပဲ အန်တီ
ထင်တာပေါ့။ အယူခံတင်ဖို့ဟာတောင်မှ ရှေ့နေကိုယ်တိုင် ထောင်ကျနေတော့ အန်တီ
တို့ အခက်အခဲရှိတာပေါ့။ ရှေ့နေက အန်ကယ် ဦးအောင်သိန်းလေ။ နည်းနည်းပါးပါး
တိုင်ပင်ရဦးမှာပေါ့။"

ဒီရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံနေရသူ
တွေကို အာဏာပိုင်တွေက ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့
သောကြာနေ့တုန်းကလည်း အရင်နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ
လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ
မြို့နယ် ငွေကြာယံကျောင်းတိုက်က သံဃာတော်တပါးဖြစ်တဲ့ ဦးသတ္တမ၊ အတိုက်အခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့
ကိုထွန်းထွန်းနိုင်တို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နိုင်ငံတော်ကို
အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက် အပါအ၀င် ပုဒ်မအများအပြားနဲ့ ထောင်ဒဏ်
၁၉ နှစ်စီ ချမှတ်ခံလိုက်ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကိုထွန်းထွန်းနိုင်နဲ့ လုပ်ဖော်
ကိုင်ဖက် အန်န်အယ်လ်ဒီလူငယ်တဦး ပြောပြတာကတော့ …

"ကိုထွန်းထွန်းနိုင်နဲ့ ဦးသတ္တမခေါ် ဦးသက်ဇော်ပေါ့၊ လူနာမည်က။ ပြီးခဲ့တဲ့ ၇ ရက်နေ့က
သူတို့ကို အမိန့်ချလိုက်တယ်။ ထောင်ထဲမှာ၊ အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့။
သူတို့ကိုဖမ်းတာ ၃-၁၀-၂၀၀၇ ကဖမ်းတာ။ အဲဒီမှာဖမ်းပြီး အခုမှချတာ၊ အခုချလိုက်တာ
၁၉ နှစ်။ သူတို့ကိုစွဲထားတာ ၃၃(က)/၃၈၊ ၂၉၅(က)၊ ၅၀၅(ခ)၊ အဲဒီပုဒ်မတွေနဲ့ချတယ်။
၃၃(က)/၃၈ ကတော့ အီလက်ထရောနစ်ဥပဒေ၊ ၁၅ နှစ်။ ၂၉၅(က) က သာသနာ
ညှိုးနွမ်းမှုဆိုပြီးတော့ ၂ နှစ်၊ ၅၀၅(ခ) ကလည်း နိုင်ငံတော်လက်အောက်ခံ အဖွဲ့အစည်း
ကို အကြည်ညိုပျက်စေမှုဆိုပြီးတော့ ၂ နှစ်၊ အာဏာကုန်တွေပဲ ချလိုက်တာ။"

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်ထဲမှာတုန်းကပဲ အလားတူ သံဃာတော်တွေရဲ့ မေတ္တာပို့
ကြွချီ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်
မဂ္ဂင်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဣိန္ဒကနဲ့ ဦးဣသရိယတို့ကိုလည်း
တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ပတ်သက်တယ်၊ ဆက်သွယ်တယ် နိုင်ငံတော် မတည်
မငြိမ်ဖြစ်အောင်လုပ်တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး
တွေကနေ ထောင်ဒဏ် ၈ နှစ်ကနေ ၁၆ နှစ်ခွဲအထိ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရန်အတွက် အရံရဲတပ်ဖွဲ့များဖွဲ့စည်း

ဖြိုးကြီး။ နိုဝင်ဘာ ၁၀၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နိုင်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရံရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရံရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရံရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ် ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြား ပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပတ်(၁) မြို့နယ်အတွင်းမှာ အရံရဲတွေ အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေကို အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့်ကို ပေးလိုက် တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရံရဲများအား သင်တန်းပြီးဆုံးပါက အရံရဲကဒ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်း ယူခွင့်များပါပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်းအချက်အလက်စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ရန်ဖြစ်သည်။

“အဲဒီအရံရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး၊ သူတို့ကို လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်၊ နောက် လက်ထိပ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ် နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု မြို့ခံက ဆက်ပြောသည်။

မောင်တောမြို့မှ မူဆလင်ခေါင်းဆောင် ၉ ဦးထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ
11/11/2008
ရခိုင်ပြည်နည် မောင်တောမြို့မှ မူဆလင်ဘာသာဝင် ခေါင်းဆောင် ၉ ဦးကို ထောင် ၁၀ နှစ်မှ ၁၃ နှစ်ခွဲထိ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ရှေ့နေကိုသန်းထွန်းအား မတရားအသင်းဖွဲ့မှုကြောင့် ထောင် ၁၀ နှစ်၊ မတရားအသင်းနှင့် ဆက်သွယ်မှုကြောင့် ထောင် ၃ နှစ်နှင့် ခွင့်ပြုချက်မရှိဘဲ အိမ်ပေါ်တွင် အစည်းအဝေးလုပ် မှုကြောင့် ထောင် ၃လ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နှင့် သုံးလ ချမှတ်လိုက်သည်။

မောင်တောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူ ကိုကျော်ဝင်း၊ စိန်သုံးလုံးရွှေဆိုင် ပိုင်ရှင်အပါအ၀င် ကျန်လူ ၈ ဦးကို ထောင် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု သိရသည်။

သူတို့အား ယခုနှစ် မတ်လအတွင်းက ရှေ့နေ ကိုသန်းထွန်းအိမ်တွင် အစည်းအဝေးလုပ်နေ စဉ် စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့ပြီး မတရား အသင်းဖွဲ့စည်းမှုဖြင့် တရားစွဲဆိုခဲ့သည်။

ဖမ်းဆီးစဉ်က ၁၂ ဦး ဖြစ်သော်လည်း ကျန် ၃ ဦးကို တရားသေလွတ်ပေးခဲ့သည်။ တရားသေ လွတ်ပေး ခံခဲ့ရသူများမှာ ဒေါက်တာလှမြင့်၊ သွားဆရာဝန် အဏ္ဏ၀ါနှင့် နော်ရုလ်ကော်ဘီတို့ ဖြစ်သည်။ သူတို့ ၃ ဦးမှာ အစိုးရ၏ တရားလိုအဖြစ် လိုက်ပါဆောင်ရွက်ရန် သဘောတူ ခဲ့သဖြင့် မောင်တောမြို့နယ်တရားရုံးက တရားသေ လွှတ်ပေးခြင်းဖြစ်ကြောင်း မောင်တောက ရှေ့နေတဦးက ပြောသည်။


နယ်စပ်တလျောက် နှစ်ဘက် နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင်များကို ပိုမို ထပ်မံတိုးချဲ့ချ
11/11/2008
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တလျောက်တွင် နှစ်ဘက်နိုင်ငံအနေဖြင့် လုံခြုံရေး တပ်ဖွဲ့များကို စက်လက်နက်ကြီးများနှင့်အတူ နောက်ထပ် ထပ်မံတိုးချဲ့ ချနေကြောင်း သိရသည်။
မြန်မာဘက်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်တလျောက် နေရာ ၂၀ တွင် စစ်တပ်အင်အားကို တိုးချဲ့ချထားပြီး ခံကတုတ်များတူးနေသည်ဟု နယ်စပ်တွင် သတင်း ဖြစ်ပေါ်နေသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှလည်း တပ်အင်အားကို နတ်ကျောက်ဆရီနှင့် ကော့ဘဇားမြို့နယ်ရှိ နတ်မြစ်တလျောက်တွင် တိုးချဲ့ချနေပြီး ကတုတ်ကျင်းများကိုလည်း တူးဖေါ်နေသည်ဟု ဒေသအတွင်းထုတ် သတင်းစာများက ဖေါ်ပြကြသည်။

မျက်မြင် တဦးအပြောအရ အမြှောက်တင် သံချပ်ကာကားများကိုလည်း နယ်စပ်သို့ စစ်သားများနှင့်အတူ ပို့ပေးနေကြောင်း ပြောသည်။

မြန်မာဘက်မှလည်း ကရင်ရှေ့တန်းမှ ရခိုင်အခြေစိုက် တပ်ရင်းများကို ပြန်လည် ယူဆောင် လာပြီး အနောက်ဘက် နယ်စပ်တလျောက်တွင် တပ်ကူဖြည့်တင်းနေကြောင်း သိရသည်။

ဘင်္ဂလာ-မြန်မာနယ်စပ်တွင် သတင်းအမျိုးမျိုး ထွက်ပေါ်နေပြီး နှစ်ဘက်စစ်အင်အားကို တိုးချ နေသဖြင့် ဒေသခံပြည်သူများအကြား အထိတ်တလန့်ဖြင့် စိုးရိမ်မှုတိုးပွားနေကြောင်း သိရ သည်။


မြန်မာ စစ်သင်္ဘော နှစ်စီး အငြင်းပွာနယ်မြေမှ ဆုတ်ခွာ
11/10/2008
မြန်မာ စစ်သင်္ဘော ၂ စီး အငြင်းပွားနေရာ ရေပြင်ပိုင်နက်မှ ယမန်နေ့ နေ့လည်က စတင် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
၇ ရက်ကြာခန့် ဘင်္ဂလာနှင့် မြန်မာအကြား အခြေအနေ တင်းမာနေရာမှ မြန်မာဘက်က စစ်သင်္ဘောနှစ်စီး ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း ဘင်္ဂလာအာဏာပိုင်များက ပြောသည်။

မြန်မာဘက်မှ အဆိုပါ ရေပြင်ပိုင်နက်မှာ မြန်မာပိုင်နက် ဖြစ်သဖြင့် ဂတ်(စ်)တူးဖေါ် ရှာဖွေရေး ကို ဆက်လုပ်သွားရန် တရားဝင် ကျေညာပြီးမှ ယခုကဲ့သို့ ဆုတ်ခွာသွားခြင်း ဖြစ်သည်။

လေ့လာသူများ အမြင်အရ ဘင်္ဂလာဒေခ်ျ့က တရုတ်ကို တိုင်ကြားခဲ့ပြီး တရုတ်က ဖိအားပေး၍ မြန်မာနိုင်ငံ မှ ယခုကဲ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ဆုတ်ခွာသွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြား သည်။

မြန်မာဘက်က ရေတပ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွားသဖြင့် တင်းမာမှု အခြေအနေမှာ များမကြာမှီ လျော့ကျသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

စစ်တွေ-ရန်ကုန် ကားလမ်းပြုပြင်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းနေ
11/9/2008
ရန်ကုန်-စစ်တွေကားလမ်းတလျောက်ရှိ မင်းပြားမြို့နယ်မှ ကျေးရွာသားများကို ဒေသအာဏာ ပိုင်များက အတင်းအဓမ္မဆင့်ခေါ်ပြီး ကားလမ်းအပျက်အစီးများကို လုပ်အားပေးစေခိုင်းနေ ကြောင်း သတင်းရရှိသည်။
အဆိုပါ လုပ်အားပေးခိုင်းစေမှုကို တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၉ ကျောင်းအုပ်ကြီး ဗိုလ်မှူးဇော်လွင်စေခိုင်းခြင်းဖြစ်ပြီး မင်းပြားရဲစခန်းမှူး ဦးစောရွှေမှတဆင့် ကျေးရွာရယကဥက္ကများကို ဆင့်ခေါ်ကာ နိုဝင်္ဘာလ ၂ ရက်နေ့မှစပြီး စေခိုင်းနေ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ရွာမှာ ရယကဥက္ကက တအိမ်ကို တယောက်ကျစီ ကားလမ်းလုပ်ဖို့သွားရမယ်၊ မသွားနိုင်ရင် တအိမ် ကျပ် ၅၀၀၀ ကျစီပေးရမယ်လို့လာပြောပါတယ်၊ ငွေမပေးနိုင်တော့ တရွာလုံးလိုလို သွားလုပ်ကြရပါတယ်။”ဟု အမည်မဖေါ်လိုသူ စွန်းရဲရွာသားတဦးက ပြော သည်။

တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းအမှတ် ၉ မှာ မင်းပြားမြို့နယ် ကန်းနီကျေးရွာတွင် တည်ရှိသောကျောင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်အားပေးစေခိုင်းခြင်းကိုခံနေရသော ကျေးရွာများမှာ စွန်ရဲ၊ ကြောင်ရီချောင်း၊ ချောင်းရီ၊ ပလိပေါက် ကျေးရွာများဖြစ်ကြသည်။

“ဒီလိုသာ ကားလမ်းတလျှောက် ပျက်စီးနေတဲ့နေရာတွေကို နီးစပ်ရာရွာတွေက လုပ်အားပေး ရမယ်ဆိုရင် ကားလမ်းကနေရာတိုင်းလိုလို ပျက်စီးနေတော့ နီးစပ်တဲ့ ရွာတွေအားလုံး လုပ်အားပေးစေခိုင်းမှု ဆက်တိုက်ဖြစ်ပေါ်နေမှာဘ”ဟုစစ်တွေမြို့မှ ကုန်သည်တဦးက ပြောသည်။

ယခု လုပ်အားပေးနေရသည့် စစ်တွေ-ရန်ကုန်ကားလမ်းမှာ မိုးရာသီအတွင်းက မိုးရေတိုက် စားမှုကြောင့် ပျက်စီးခဲ့ရသည့် နေရာများဖြစ်ကြောင်း ဒေသအတွင်းမှ လာသည့် သတင်း များအရ သိရှိရသည်။

စစ်တွေအကျဉ်းထောင်မှ ထောင်သားများကို ရဲဘက်အကျဉ်းစခန်းများတွင် အလုပ် ကြမ်းစေခိုင်းနေ
11/9/2008
မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ) ရခိုင်ပြည်နယ် မြို့တော်စစ်တွေ အကျဉ်းထောင်မှ ထောင်သားများကို ရခိုင်ပြည်နယ်အတွင်းရှိ ရဲဘက်အကျဉ်းစခန်းများသို့ထုတ်ယူပြီး ပုဇွန်လုပ်ငန်းရှင်နှင့်ပူးပေါင်းကာ အလုပ်ကြမ်းများ စေခိုင်းနေကြောင်း သတင်းရရှိသည်။
“အားလုံး ထောင်သား ၂၀၀ ပါတယ်။ သူတို့ကို အသပြာကျွန်း ရဲဘက်အကျဉ်းစခန်းနဲ့ ငမန်းရေးကျွန်းမှာရှိတဲ့ ရဲဘက်အကျဉ်းစခန်းတွေကို ပို့မှာဖြစ်တယ်၊ အဓိကတော့ ငမန်းရေး ကျွန်း ရဲဘက်အကျဉ်းစခန်းကို ပို့ဆောင်မှာဖြစ်ပါတယ် ”ဟု အမည်မဖေါ်လိုသူ ရဲဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ထောင်သားများကို အောက်တိုဘာလ ၃၁ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ထုတ်ယူပြီး စစ်တွေဘုတ်ဆိပ်မှ စက်လှေသုံးစီးဖြင့် ခေါ်ဆောင်သွားကာ ပေါက်တောမြို့နယ် အသပြာကျွန်းရှိ ရဲဘက်အကျဉ်းစခန်းနှင့် မြေပုံမြို့နယ် ငမန်းရေးကျွန်း ရဲဘက်စခန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အသပြာကျွန်း ရဲဘက်အကျဉ်းစခန်းတွင် အုပ်ချုပ်နေသော ထောင်မှူးမှာ ၀င်းမောင်ဖြစ်ပြီး ငမန်းရေးကျွန်း ရဲဘက်အကျဉ်းစခန်းတွင် အုပ်ချုပ်နေသော ထောင်မှူးမှာ အေးထွန်းဖြစ်ကြောင်း သိရှိရသည်။

ငမန်းရေးကျွန်းသို့ပြောင်းရွေ့ခံရသော အကျဉ်းသားများကို ထောင်မှူး အေးထွန်းက မြေပုံမြို့နယ် လွမ်းလုံပိုက်ကျေးရွာမှ ပုဇွန်ဒိုင်ပိုင်ရှင် ဦးကျော်ဝင်းနှင့် ပူးပေါင်းပြီး ဦးကျော်ဝင်း ပိုင်ဆိုင်သောပုဇွန်တာများတွင် အလုပ်စေခိုင်းနေခြင်းဖြစ်သည့်အပြင် ကျန် ထောင်သားများကို တခြားပုဇွန်တာပိုင်ရှင်များသို့ နေ့စားအလုပ်သမားများအဖြစ် ငှားရမ်းနေကြောင်းလည်း အမည်မဖေါ်လိုသူ ဒေသခံတဦးအပြောအရ သိရှိရသည်။

ပုဇွန်တာတွင် အလုပ်လုပ်ကိုင်နေရသော ထောင်သားများမှာ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိတကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီထိ တနေ့လျှင်နှစ်ကြိမ် ခိုင်းစေခြင်းကို ခံနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထောင်အာဏာပိုင်များမှာ ရခိုင်ပြည်နယ်အနှံ့အပြားတွင်ရှိသော ပုဇွန်မွေးမြူရေးကန်များတွင် ထောင်သားများကို လုပ်အားပေးခိုင်းစေရန်အတွက် စစ်တွေအကျဉ်းထောင်ကြီးမှ ၆ လ တကြိမ် ထောင်သားများကို ထုတ်ယူခိုင်းစေနေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ-ဘင်္ဂလာ နယ်စပ် အလွန်တင်းမာ
11/8/2008
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် မြန်မာနှင့် ဘင်္ဂလာနယ်စပ် အခြေအနေမှာ အထူးတင်းမာနေပြီး နှစ်ဘက်နိုင်ငံများ အနေဖြင့်အင်အားများ တိုးချဲ့ချနေကြောင်း သတင်းရရှိသည်။
နယ်စပ်မှ ရရှိသောသတင်းအရ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တောင်ပိုင်း နတ်ကျောက်ဆရီ နယ်မြေတွင် ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့များကို တိုးချနေပြီး မြန်ဘက်ကလည်း နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် အများအပြားတိုးချနေကြောင်း သိရသည်။

ကော့ဘဇားခရိုင်ထုတ် The Daily Apon kantha သတင်းစာအရ ယမန်နေ့ညနေ ၈ နာရီခွဲတွင် တောင်ပြိုနယ်စပ်တွင် မြန်မာနစကတပ်ဖွဲ့နှင့် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ဝင်များ အကြား တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖေါ်ပြသည်။

အဆိုပါ တိုက်ပွဲကြောင်း ဒေသတွင်းအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိနေပြီး ဒေသခံဘင်္ဂလီ ပြည်သူများအနေဖြင့် အိမ်ထဲမှအိမ်ပြင်ကို မထွက်ဝံ့ဘဲ ဖြစ်နေကြောင်း ဖေါ်ပြသည်။

သို့သော်လည်း နိရဉ္စရာမှ အဆိုပါ တိုက်ပွဲသတင်း ဟုတ်မဟုတ်ကို ဒေသအတွင်း အရာရှိ များကိုမေးမြန်းရာ အမည်မဖေါ်လိုသူ အရာရှိတဦးက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

သို့သော်လည်း နှစ်ဘက်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားခြင်းမှာ ဟုတ်မှန်ပြီး ဘင်္ဂလီလူမျိုး ၀ါးခုတ်သမား ၄ ဦး အသတ်ခံရသော လွန်ခဲ့သော အပတ်ကစပြီး အခြေအ နေမှာ အထူးတင်းမာလာကြောင်း ပြောကြားသည်။

နယ်စပ်မှ ရရှိသောသတင်းအရ ဘင်္ဂလာ-မြန်မာ နယ်စပ် အခြေအနေမှာ အထူးတင်းမာနေပြီး တဘက်နှင့်တဘက် အမှားမခံနိုင်သော အနေအထားတွင် ရောက်ရှိနေပြီး အချိန်မရွေး ပေါက်ကွဲနိုင်သော အနေအထားတွင် ရောက်ရှိနေကြောင်း သိရသည်။

စစ်တပ်မှ ဒေသခံ စက်လှေများကို သစ်တင်ရန် ချောဆွဲ
11/6/2008
မောင်ရမ္မာ (နိရဉ္စရာ) အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဖမ်းဆီးထားသော သစ်များကို စစ်တပ် တပ်ရင်းများသို့ ပို့ဆောင်ရာတွင် ဒေသခံပြည်သူများ၏ စက်လှေများကို ချော ဆွဲနေကြောင်း သတင်းရရှိသည်။
ထိုသို့ ချောဆွဲရာတွင် အမှန်အတိုင်းမပြောဘဲ လိမ်လည်ပြောဆို ပြီး ချောဆွဲနေခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသူ စက်လှေပိုင်ရှင်တဦးက ယခုကဲ့သို့ ပြောသည်။

“စစ်တပ်ကလာပြီးတော့ ခင်ဗျားတို့စက်လှေနဲ့ ငါတို့ ခရီးထွက်စ ရာရှိတယ်၊ ခဏလိုက် ပို့ပေးရမယ်၊ အသင့်လုပ်ထားဆိုပီး ပြောပါတယ်။ ဌာနချုပ်ကိုရောက်တော့ သူတို့အတွက် ခွဲတမ်းရတဲ့ သစ်တွေကိုတင်ခိုင်းပါတယ်။ ဒီတော့မှ သစ်တင်ဖို့ ချောဆွဲလာမှန်း သိ လိုက်ရပါ တယ်။”ဟုပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးထားသော သစ်များကို ရခိုင်ပြည်နယ်အတွင်းရှိ တပ်စခန်းများသို့ ခွဲဝေ ပို့ဆောင်နေရာတွင် ဒေသခံစက်လှေများ အနေဖြင့် ယခုကဲ့သို့ ချောဆွဲခံနေရခြင်း ခြင်းဖြစ်သည်။

၎င်းပြင် စက်လှေများအား စက်သုံးဆီများလည်း ထုတ်ပေးခြင်း မရှိ ကြောင်း သိရသည်။

သူက “စစ်တပ်က ချောဆွဲတာက တစီး မဟုတ်ပါဘူး၊ စက်လှေ တွေ အများကြီးပါ။ စက်သုံးဆီ မရတဲ့အပြင် သူတို့စားဖို့ထမင်းတွေကိုပါ စက်လှေသမားတွေက ချက်ကျွေးနေ ရပါတယ်။”ဟု ပြောသည်။

အဆိုပါ သစ်များကို ဒေသအတွင်းမှ သစ်မှောင်ခိုသမားများထံက ဖမ်းဆီးထားခြင်း ဖြစ်ပြီး စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ရာတွင် မျှောစာဖြင့် ၀ယ်ယူ ရန် တင်ဒါခေါ်ထားသော သစ်များဖြစ်ကြောင်း သိရသည်။

“ဖမ်းထားတဲ့သစ်တွေကို စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်း တွေ ဆောက်လုပ်ဖို့အတွက် ဘယ်သူမဆို သစ်တောဦးစီးဌာနက မျှောစာလို့ခေါ်တဲ့ သစ်ဝယ်ယူ ခွင့် ပုံစံ ၈ နဲ့ လာရောက် ၀ယ်ယူနိုင်တယ်ဆိုပီး ကျေညာထားတဲ့ သစ်တွေ ဖြစ်ပါတယ်။ အခုတော့ စစ်တပ်တွေ ကိုသာ ခွဲဝေးပေးနေပါတယ်”ဟု သူက ဆက်ပြောသည်။

ယခုအခါ ဒေသ အတွင်းမှ စစ်တပ်အာဏာပိုင်များသည် ဒေသ ဆိုင်ရာ စီးပွါးရေးသမားများနှင့် ပူးပေါင်းပြီး ရခိုင်ရိုးမမှ သစ်များကို ခုတ်လှဲပြီး တဘက်နိုင်ငံ ဘင်္ဂ လာဒေ့ခ်ျကို တက်ကနက် ဆိပ်ကမ်းမှတဆင့် အကြီးအကျယ် တင်ပို့ရောင်းချ နေကြသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှာ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အတွင်းပိုင်းကို တိုက်ရိုက်ဆက်သွယ်ထားသော အမ်း-မင်းဘူး တောင်ကြားလမ်းတွင် တည်ရှိပြီး ရခိုင်ပြည်နယ်အတွင်း သစ်နှင့်ဝါး အထွက်ဆုံးဒေသတခု ဖြစ်သည်။

အလုပ်သမား ၂၀၀ ခန့် ပါဝင်သည့် ဆန္ဒပြပွဲ စစ်တွေတွင် ပေါ်ပေါက်ခဲ့
11/5/2008
အလုပ်သမား ၂၀၀ ခန့် ပါဝင်သော ဆန္ဒပြပွဲတရပ် စစ်တွေမြို့တွင် လွန်ခဲ့သော အောက်တို ဘာလ ၂၇ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်၊
အဆိုပါ ဆန္ဒပြပွဲမှာ အလုပ်သမားများအပေါ် လစာဖြတ်တောက်မှုနှင့် ဖယ်ရီကား အစီအစဉ်ကို စက်ရုံပိုင်ရှင်များက ရုတ်သိမ်းမှုစသည်တို့ကို အခြေခံပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

တရုတ်စီးပွားရေးသမားများနှင့် ဒေသခံ စီးပွားရေးသမားများ ပိုင်ဆိုင်သော ယမင်းသော်တာ ပုဇွန်ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားတဦး တနေ့ အလုပ်ပျက်ကွက်လျှင် ကျပ်ငွေ ၁၅၀၀ ဖြတ်တောက်ပြီး ယခင်က အလုပ်သမားများ ရုံးတက်ရုံးဆင်းတွင် စီစဉ်ပေးထားသော ဖယ်ရီကား အစီအစဉ်ကို ဖြတ်တောက်ခဲ့သည်။

အလုပ်သမားတဦး၏ လစာမှာ တလ ၁၈၀၀၀ ကျပ်သာရှိသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် တနေ့အလုပ်ပျက်ကွက်လျှင် ကျပ်ငွေ ၁၅၀၀ ဖြတ်တောက်မှုအပေါ် အလုပ်သမား မကျေနပ်ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့က စက်ရုံသို့ သွားခဲ့ကြသော်လည်း အလုပ် မဆင်းဘဲ နေခဲ့ကြသည်။

၎င်းပြင် နောက်ထပ် သုံးရက်တိတိ အလုပ်မဆင်းဘဲ နေထိုင်နေစဉ် စက်ရုံပိုင်ရှင်များမှ ဖယ်ရီကားကို ဆက်လက် စီစဉ်ပေးနိုင်မည် မဟုတ်သော်လည်း လစာဖြတ်တောက်မှုကို ပြုလုပ်မည် မဟုတ်တော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် နောက်ပိုင်းတွင် အလုပ်သမား များ အလုပ်ပြန်ဆင်းခဲ့ကြသည်ဟု သိရသည်။

ယမင်းသော်တာ ပုဇွန်စက်ရုံမှာ ဒိုးဝန်းရွာ ရပ်ကွက်တွင် တည်ရှိပြီး ရခိုင်ပြည်ထွက် ပုဇွန်များကို ထုတ်ပိုးပြီး ရန်ကုန်အပါအ၀င် နိုင်ငံခြားသို့ ပုဇွန်များ တင်ပို့သည့် စက်ရုံတရုံ ဖြစ်သည်။


ဗမာကိုမနိုင် တရုတ်ကိုတိုင်
11/5/2008
မြန်မာ နအဖ စစ်အစိုးရမှ ယခု ဂတ်(စ်) ရှာဖွေနေသော ရေပြင်ပိုင်နက်မှာ မြန်မာပိုင်ဖြစ်သဖြင့် ဂတ်စ် ရှာဖွေမှုအား ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့သို့ အကြောင်းပြန်ကြားပြီး နောက်တနေ့တွင်အဆိုပါ ဂတ်စ်ရှာဖွေမှုကို မြန်မာဘက်က ရပ်တန့်လိုက်သည်။
ယခုကဲ့သို့ ရပ်တန့်လိုက်မှုမှာ ဘင်္ဂလာဘက်မှတရုတ်သို့ တိုင်ကြားလိုက်သဖြင့် ဖြစ်ပုံရသည် ဟု လေ့လာသူများကပြောသည်။

ဘင်္ဂလားပင်လယ်ပြင်တွင် မြန်မာဘင်္ဂလာနှစ်နိုင်ငံအငြင်းပွားနေသည့် နေရာတွင် သဘာဝ ဓာတ်ငွေ့ရှာဖွေမှုအပါအဝင် နယ်နိမိတ်သတ်မှတ်ရေးပြဿနာများကို တရုတ်နိုင်ငံမှ ဝင် ရောက်ဖြေရှင်းပေးရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ယမန်နေ့က အကူအညီတောင်းခံခဲ့သည်။

အဆိုပါ တောင်းခံမှုကို ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဇင်းအိုးဒင်းကို နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ် အက်ဖ်တာအာမတ်မှ တွေ့ဆုံပြီး တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် ပြဿနာအပေါ် နှစ်ဘက်နိင်ငံအနေဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မည့် အနေအထားတွင် မရှိသောကြောင့် ဘင်္ဂလာဘက်က တရုတ်ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ မြန်မာနှင့် ဖြစ်ပေါ်ခဲ့သော ပြဿနာအပေါ် ဖြေရှင်းရန် တရုတ်ကိုတိုင်ကြားရသဖြင့် မြန်မာ့ စစ်အာဏာပိုင်များအပေါ် တရုတ်ကမည်မျှထိ သြဇာလွှမ်းမိုးထားသည်ကို သိရှိနိုင် ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းထိ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား အခြေအနေ အထူးတင်းမာ ခဲ့ပြီး မြန်မာဘက်က အသင့်အနေ အထားဖြင့်ရှိနေရန် ရခိုင်ပြည်နယ်ရှိ တပ်ဖွဲ့များအားလုံးသို့ ညွှန်ကြားခဲ့သည်။

၎င်းပြင် ပုံမှန်လုပ်နေကျ တပ်ပြောင်းရွှေ့ခြင်း၊ ခရီးသွားခြင်း၊ စစ်သားများ ခွင့်ယူခြင်းများကို လည်း အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများတွင် ယမန်နေ့က ရပ်တန့်ထားခဲ့ သည်။

ယနေ့တွင် မြန်မာဘက်က ဂတ်စ်ရှာဖွေရေးအား ရပ်တန့်လိုက်သဖြင့် အခြေအနေမှာ ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံအနေဖြင့် မြန်မာဘက်က ဂတ်စ်ရှာဖွေနေမှုကို ရပ်တန့်လိုက်ပြီးနောက် ပိုင်း ရေပြင်ပိုင်နက် သတ်မှတ်ရေးကိစ္စကို မြန်မာဘက်က ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာကို တရုတ်ကတဆင့် ဖိအားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အချုပ်အချာနယ်မြေပိုင်ဆိုင်မှုကိုကာကွယ်ရန် အဆင်သင့်ရှိကြောင်း ဘင်္ဂလာဘက်မှပြောဆို
11/5/2008
ဘင်္ဂလား ပင်လယ်အော်အတွင်း သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ခြင်းနှင့်ပတ်သက်ပြီး ဘင်္ဂလာမြန်မာ အိမ်နီးချင်းနှစ်နိုင်ငံ အငြင်းပွားမှုကို ဖြေရှင်းရန် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် တိုးဟေးဟူစိန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ နိုင်ငံတွင်ရောက်ရှိနေပြီ ဖြစ်သည်။
အဆိုပါသံအဖွဲ့နှင့် မြန်မာစစ်အစိုးရမှ ထိပ်တန်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးနိုင်လိမ့်မည် ဟု ဘင်္ဂလာဘက်မှ အကောင်းဘက်မှ မျှော်လင့်ထားကြောင်း အရာရှိတဦးက ပြောသည်။

ထို့အပြင် ဘင်္ဂလားဒေခ်ျ့် နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အချုပ်အချာ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် လုပ်ဆောင်နိုင်သည့် လုပ်ငန်းဆောင်တာများ အားလုံးကို လုပ်ဆောင် သွားမည်ဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အက်ဖ်တာအာမတ် ဆော်ဒရီက ဗုဒ္ဓဟူးနေ့တွင် တရားဝင်ပြောဆိုခဲ့သည်။

ဘင်္ဂလာရေပိုင်နက်ဟု ကြေငြာထားသည့်နေရာတွင် မြန်မာဘက်မှ သဘာဝ ဓာတ်ငွေ့ရှာ ဖွေရန် ပြင်ဆင်နေကြောင်း စွပ်စွဲပြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အငြင်းပွားနေရာ နေရာသို့ ဘင်္ဂလာစစ်သင်္ဘောများကို စေလွှတ်ခဲ့သည်။

အလားတူ မြန်မာဘက်မှလည်းအလျော့မပေးဘဲ အဆိုပါနေရာမှာ မြန်မာ့စီးပွားရေးဇုံဖြစ် ကြောင်း အခိုင်အမာပြောဆိုနေသည်။

ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး အာမတ် ဆော်ဒရီက တရုတ်သံအမတ် မစ္စတာ ဇန်းချန်းနီးယန်းနှင့်တွေ့ဆုံပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် ရည်ရွယ်ချက် များကို ပြောကာ ကြားဝင်ဖြေရှင်းပေးရန် အကူအညီတောင်းခံခဲ့ကြောင်းလည်း သတင်းရရှိ သည်။

ယခုကဲ့သို့ တရုတ်နိုင်ငံကို ဘင်္ဂလာဘက်မှ အကူအညီတောင်းခံလာရခြင်းမှာ နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများစေလွှတ်ပြီးနောက် မြန်မာစစ်အာဏာပိုင်များက အဆိုပါအငြင်းပွားနေသည့် နေရာ မှာ မြန်မာစီးပွားရေးဇုံဖြစ်သဖြင့် ဂတ်(စ်)ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်ပြီးနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း အတည်မပြုရသေးသော သတင်းအရ မြန်မာဘက်က ဂတ်(စ်) ရှာဖွေနေမှုကို ယမန်နေ့ကစပြီး ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နယူးဒေလီ။ ။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် နယူးဒေလီတွင် ပြုလုပ်မည့် ဒုတိယအကြိမ် ဒေသတွင်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
နိဝင်ဘာ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မြို့တော်တွင် ပြုလုပ်မည့် ဘင်းစတက် ခေါ် ဘင်္ဂလားပင်လယ်အော် ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်ကို တက်ရောက်မည် ဖြစ်သည်။
ထိုအဖွဲ့တွင် မြန်မာနှင့်အတူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်တို ပါဝင်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားသဖြင့် ပြည်သူများ အကျင့်စာရိတ္တ ထိခိုက်ပျက်ပြားစေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာပြည်တွင် ထင်ရှားကျော်ကြားသည့် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို တန်ဆောင်မုန်း လဆန်း ၉ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့အထိ ကျင်းပလျက်ရှိရာ လောင်းကစားဝိုင်းများ ဖွင့်လှစ်ထား သဖြင့် တောင်ကြီးခရိုင်တွင်းရှိ ဒေသခံများ အကျင့်စာရိတ္တပျက်ပြားစေသည်ဟု ဒေသခံတဦးက ပြောသည်။

"အကျိုးဆုတ်ယုတ်စေတာက သူက မြို့မှာလုပ်တော့ ပွဲသွားမယ်ဆိုပြီးတော့မှ တချို့ နွားလှည်းနဲ့ သွားလာတာရှိတယ်။ တချို့က ဆိုင်ကယ်နဲ့ပေါ့နော်။ အဲလိုမျိုးသွားရင်းနဲ့ လောင်းကစားလုပ်တော့ တချို့ကျတော့ ဆိုင်ကယ်လည်း မပါလာတော့ဘူး။ တချို့ ကျတော့ နွားလှည်းလည်း မပါလာတော့ ဘူး။ နွားတကောင်ပဲပါတော့တယ် အဲလိုမျိုး တွေပေါ့။ တချို့ ဟိုပုံးဈေးနေ့မှာဆိုရင်လည်း နွားသွား ရောင်းတယ်ဆိုရင်လည်း ပိုက်ဆံ မပါလာတော့ဘူး။ လောင်းကစားမှာပဲ အဲလိုမျိုးပေါ့။ လောင်းပြီး တော့မှ ပိုက်ဆံကုန် ကြတယ်၊ ရှုံးကြတယ်။ အဲမှာ လူတွေက ရှုံးတော့ သွေးပူလာတော့ လင်မယား ရန် ဖြစ်ပြီးတော့မှ ကွဲသွားတာ အဲလိုမျိုးတွေ ဆိုးကျိုးသက်ရောက်တာပေါ့။"

မြန်မာစစ်အစိုးရက လူမှုရေး ဦးတည်ချက်လေးရပ်ထဲတွင် အကျင့်စာရိတ္တမြင့်မားရေးဟု ကြွေးကြော်ထားရာ ဆန့် ကျင့်ဖက် ဖြစ်နေသည်ဟုလည်း ၎င်းက ထောက်ပြသည်။

"ကျနော့်အမြင်နဲ့ ဆိုရင် ရှမ်းပြည်တောင်ပိုင်းက ယဉ်ကျေးမှုကို တမင်သက်သက်လာ ဖျက်ဆီးတာပဲ။ ကျနော်တို့ ဒါက ဘာသာရေးပွဲပဲလေ။ တန်ဆောင်တိုင်ဆိုတာ ဘာသာရေး ဆီမီးတွေ ထွန်းညှိတယ်။ မီးပုံးပျံလွတ်တယ် အဲလိုမျိုးပေါ့။ သူတို့ကျတော့ အရက်ဝိုင်းတို့ ဘီယာဘားတို့ လာဖွင့်တဲ့အတွက် ကြည့်ရတာ စိတ်မချမ်းသာဘူးပေါ့။ ကိုယ့်ပွဲကို အဲလိုမျိုး လာလုပ်တာ။"

လောင်းကစားဝိုင်းထားရှိရာတွင် အနီးဝန်းကျင်ကျေးရွာများမှ လာရောက်ကစားကြသော ရွာသူရွာသားများ အထူး သဖြင့် အရှုံးပေါ်ကြသည်ဟု တောင်ကြီးဒေသခံ တဦးက ပြောသည်။

" ထိုးကြတော့ ရှုံးကြမှာပဲ။ များသောအားဖြင့် ရွာဖက် လူတွေ လာထိုးကြတာပေါ့။ ဒါပေမယ့် သူတို့ပွဲ ကန်ထရိုက်အနေနဲ့ကျတော့ သူတို့ ဆိုင်ခန်းတခန်းကို သိန်းဆယ်နဲ့ချီရတာကော။ သူတို့အတွက်ပဲ ဖြစ်သွားတာပေါ့ ဟုတ်တယ် မဟုတ်လား။ သေချာတာကတော့ ရှုံးမှာကတော့ အသေချာပဲ။ ဘာဖြစ် လို့လဲဆိုတော့သူထိုးကိုယ်ထိုး လာကြမှာပဲ ရွာကလူတွေဆိုရင် ထိုးကြမှာပဲ အဲလို လောင်းကစားဝိုင်း ရှိတယ်ဆိုရင်လေ။ တော်တော်များများ တက်လာကြတယ်။ ရွာဖက်ကဆိုရင်။"

ရှေးယခင်က တန်ဆောင်တိုင်ပွဲတော်တွင် ဘုံကထိန်အလှူအတန်းပွဲများ ကျင်းပခြင်း၊ လပြည့်နေ့တွင် ပဒေသာ ပင်များလှည့်လည်ပြီး ညဖက်တွင် မီးပုံး၊ ဆီမီးများလှည့်လည် ပူဇော်ခြင်းနှင့် မီးပုံးပျံအလှ လွတ်ပြိုင်ပွဲများ ကျင်းပ ပြီး လောင်းကစားဝိုင်းများ ထားရှိခြင်း မရှိပေ။

၁၉၉၄ ခုနှစ်နောက်ပိုင်းမှစ၍ တန်ဆောင်တိုင်ပွဲတော်ကို စီးပွားရေးသမားများက ကန်ထရိုက်ဆွဲပြီး လောင်းက စားဝိုင်းထောင်ခြင်း၊ မူးယစ်သေစာများ ရောင်းချခွင့်ပြုခြင်းများကို ဒေသခံ အာဏာပိုင်က ဖွင့်လှစ်ရောင်းချ ခွင့်ပြုခဲ့ သည်ဟု တောင်ကြီး ဒေသခံများက ပြောသည်။

သတင်း - နိရဉ္စရာ
Tuesday, 11 November 2008 13:48

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်တလျောက်တွင် နှစ်ဘက်နိုင်ငံအနေဖြင့် လုံခြုံရေး တပ်ဖွဲ့များကို စက်လက်နက်ကြီးများနှင့်အတူ နောက်ထပ် ထပ်မံတိုးချဲ့ ချနေကြောင်း သိရသည်။

မြန်မာဘက်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်တလျောက် နေရာ ၂၀ တွင် စစ်တပ်အင်အားကို တိုးချဲ့ချထားပြီး ခံကတုတ်များတူးနေသည်ဟု နယ်စပ်တွင် သတင်း ဖြစ်ပေါ်နေသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှလည်း တပ်အင်အားကို နတ်ကျောက်ဆရီနှင့် ကော့ဘဇားမြို့နယ်ရှိ နတ်မြစ်တလျောက်တွင် တိုးချဲ့ချနေပြီး ကတုတ်ကျင်းများကိုလည်း တူးဖေါ်နေသည်ဟု ဒေသအတွင်းထုတ် သတင်းစာများက ဖေါ်ပြကြသည်။

မျက်မြင် တဦးအပြောအရ အမြှောက်တင် သံချပ်ကာကားများကိုလည်း နယ်စပ်သို့ စစ်သားများနှင့်အတူ ပို့ပေးနေကြောင်း ပြောသည်။

မြန်မာဘက်မှလည်း ကရင်ရှေ့တန်းမှ ရခိုင်အခြေစိုက် တပ်ရင်းများကို ပြန်လည် ယူဆောင် လာပြီး အနောက်ဘက် နယ်စပ်တလျောက်တွင် တပ်ကူဖြည့်တင်းနေကြောင်း သိရသည်။

ဘင်္ဂလာ-မြန်မာနယ်စပ်တွင် သတင်းအမျိုးမျိုး ထွက်ပေါ်နေပြီး နှစ်ဘက်စစ်အင်အားကို တိုးချ နေသဖြင့် ဒေသခံပြည်သူများအကြား အထိတ်တလန့်ဖြင့် စိုးရိမ်မှုတိုးပွားနေကြောင်း သိရ သည်။

သတင်း - မဇ္ဈိမသတင်းဌာန
Written by ဆစ်ဒစ်အစ္စလမ်
Tuesday, 11 November 2008 11:15

ဒါကာ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေပိုင်နက် ပြဿနာ တင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အစ်ဖ်တက်ကာ အာမက် ချောင်ဒရီ က ဒါကာမြို့တွင် တနင်္လာနေ့က ပြောကြားသည်။

ဒေဝူးကုမ္ပဏီ၏ ဟိုက်ဒရိုကာဘွန် ရှာဖွေရေး ရေနံတွင်းတူးစင်ကြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အငြင်းပွားနေသော ရေပြင်မှ ပြန်လည် ထွက်ခွာသွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ လျော့ပါးသွားခြင်းသည် နှစ်နိုင်ငံစလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ်ကို ရောက်ရှိစေခဲ့ကြောင်းဖြင့် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို ပင်လယ်အော်အတွင်း ပျော်ရှင်ဖွယ် အဆုံးသတ်ကို ရခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အားလုံးကို အကျိုးပြုမှာ ဖြစ်ပါတယ်” ဟု ဒါကာမြို့တွင် တနင်္လာနေ့ ညနေပိုင်းက ကျင်းပသော မီဒီယာနှင့် တွေ့ဆုံပွဲ၌ သူက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ၏ ရေပိုင်နက်ဟု တောင်းဆိုနေသည့် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ လုပ်ကွက်အမှတ် ဗီ-၇ တွင် ဟိုက်ဒရိုကာဘွန် ရှာဖွေရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာရှိ လုပ်ကွက်တွင် တူးဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော ဒေဝူးကုမ္ပဏီ၏ ရေနံတွင်းတူးစင်ကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရေတပ်သင်္ဘောများ စေလွှတ်လိုက်ပြီးနောက် နှစ်နိုင်ငံကြား အခြေအနေများ နောက်ထပ် တင်းမာလာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက် လိုလားကြောင်းနှင့် ကျွန်ုပ်တို့ ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန် မူဝါဒအတိုင်းပင် ကျင့်သုံးသွားမည်” ဟုလည်း ပြောသည်။

ဤဖြစ်ထွန်းတိုးတက်မှုသည် နိုင်ငံခြားရေးဌာနအတွင်းဝန် မိုဟာမက် တိုဟစ် ဟူစိန် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ၃ ရက်ကြာ သွားရောက်ကာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစောပိုင်းတွင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့ကိုလည်း သံတမန်လမ်းကြောင်းမှ ဆက်သွယ် ချဉ်းကပ်နိုင်ရန် နည်းလမ်း ရှာဖွေခဲ့သေးသည်။ ဒေဝူးကုမ္ပဏီကလည်း ဤအငြင်းပွားနေသော ရေပြင်မှ ယင်းတို့၏ ရေနံတွင်းတူးစင်ကြီးကို ပြန်လည် ရုပ်သိမ်းနိုင်ရန် စတင် လုပ်ဆောင်နေပြီဟု လွန်ခဲ့သော ၂ ရက်ကပင် ပြောဆိုခဲ့သေးသည်။

ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ယခုအထိ ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ၊ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်အပတ်တွင် ဒါကာမြို့၌ ဆွေးနွေးရန် မျှော်လင့်ရသည်။ ဤအစည်းအဝေးသို့ မြန်မာ ဒုတိယဝန်ကြီး လာရောက်မည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ပြောကြားသည်။


သတင်း - သျှမ်းသံတော်ဆင့်သတင်း
Tuesday, 11 November 2008 11:11

စစ်ကြောင်းလှည့် နအဖစစ်သားများ ဗမာစကားမတတ်သော ကျေးလက်ဒေသခံများအား သွေးထွက်သံယိုရိုက်နှက် လူ့အခွင့်အရေး ဆက်တိုက် ချိုးဖောက်ဆဲဖြစ်ကြောင်း သျှမ်းပြည်အလယ်ပိုင်းနှင့် သံလွင်အရှေ့ခြမ်းမှလာသော သတင်းများက ဆိုပါသည်။

လွန်ခဲ့သော စက်တင်ဘာ ၈ ရက်က သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအရှေ့တောင်ဘက် ၃၂ ကီလိုမီတာခန့်အကွာရှိ လွယ်မွေ အခြေ စိုက် နအဖစစ်တပ် ခလရ ၂၂၆ မှအင်အား ၃၀ ခန့် စစ်ကြောင်းတစ်ကြောင်းက လန်းဆတ်ရွာ သားအား အကြောင်းမဲ့ရိုက်နှက်ခြင်း ဖြစ်၏။

“ကျိုင်းတုံတောင်ဘက် ၈၀ ကီလိုမီတာလောက်အကွာမှာရှိတဲ့ မိုင်းဖြတ်မြို့နယ် မိုင်းတင်းအုပ်စုဘက် စစ်ကြောင်းလှည့်လာ တော့ မျှစ်သွားရှာတဲ့ လန်းဆတ်ရွာသားနဲ့ဆုံတယ်။ ‘သျှမ်းသူပုန်တွေ ဒီဘက်ဖြတ်လာသလား’ လို့ စစ်ကြောင်းက ရွာသား ၂ ယောက် ကိုမေးတော့ ‘ဘယ်သူ့ကိုမှ မတွေ့ဘူး’ လို့ သူတို့ ၂ ယောက် ပြန်ဖြေတာ။ စစ်သားတွေက‘အသုံးကို မကျဘူး’ ဆိုပြီး သူတို့ ၂ ယောက်ကို ၀ါးလုံးနဲ့ တစ်ယောက် ၂ ချက်စီရိုက်လွှတ်လိုက်တယ် တဲ့။ စစ်သားတွေ သူတို့လုပ်ချင်တိုင်းလုပ်နေတာ” - ဟု ကျိုင်းတုံ-တာချီလိတ် ကုန်သည်တစ်ဦးက ပြောပြသည်။

အလားတူ လွန်ခဲ့သော ဂျူလိုင်လကလည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် ခမရ ၅၂၄ မှ အင်အား ၄၀ ရှိ နယ်လှည့် စစ်ကြောင်းတစ်ကြောင်းကလည်း နမ့်ပန်ချောင်း အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းလှည့်စဉ် နားပွဲအုပ်စု နမ့်ခမ်းရွာ၌အိမ်တိုင်း တအိမ် တက်ဆင်း မွှေနှောက်စစ်ဆေးကာ ကျန်းမာရေးချို့တဲ့သူ ရွာသားအားသွေးထွက်သံယို ရိုက်နှက်ခဲ့သေးသည်ဟု နယ်စပ်ရောက် ကွန်ဟိန်းဒေသခံကဆို၏။

နယ်စပ်ရောက် အသက် ၆၀ အရွယ် အဘွားတစ်ယောက်က “ နမ့်ခမ်းရွာမှာ ကျန်းမာရေးမကောင်းတဲ့ အသက် ၃၀ ကျော် စိုင်းဆု တေယ ဆိုတဲ့လူရှိတယ်။ သူက အမြဲတမ်းလိုလို အိပ်ရာထဲမှာဘဲ။ ဗမာစကားမတတ်ဘူး။ သူ့မိန်းမဘဲ သူ့ကို တောင်ယာ အလုပ် လုပ်လုပ်ကျွေးတယ်။

အဲဒီစစ်ကြောင်းဝင်မွှေတဲ့နေ့က စစ်သားတွေ သူ့ကိုအိမ်အောက်ဆွဲချတယ်တဲ့။ ပြီးတော့ စိုင်းဆုတေယ ကို ‘သျှမ်းသူပုန် တွေ့လား၊ ဥက္ကဌအိမ်ဘယ်မှာလဲ’ လို့ နအဖစစ်သားတွေ ကျယ်ကျယ်လောင်လောင်မေးတာ တောင်ယာရှင်းနေတဲ့ အနီးကရွာသားတွေ ကြားတယ်တဲ့။ ဗမာစကားမတတ်တဲ့ စိုင်းဆုတေယ လက်အုပ်ချီပြီး ဘာတွေပြန်ပြောလဲ သူတို့မကြားရဘူး တဲ့။ အဲဒီနောက်တော့ သေနတ်ဒင်နဲ့ခေါင်းကိုဆောင့်တယ်။ ကန်တယ် တဲ့” ဟု ပြောပြ၏။

ဗမာစစ်သားများ ထွက်သွား၍တအောင့်အကြာ ရွာသားများရောက်လာရာ ဦးခေါင်း၌ သွေးများဖြင့် လှေကားရင်းတွင် ငူငူကြီးထိုင် နေသော စိုင်းဆုတေယအား အိမ်ပေါ်သို့ပို့ပေးကြသည်ဟုဆို၏။

စစ်သားများ လှည့်လာမည်ကို သတင်းကြိုသိထားသော ရွာသားများမှာမူ လယ်တောဆင်း ရှောင်တိမ်းခဲ့ကြသဖြင့် စစ်ဆေးမေးမြန်း ခြင်းမှ လွှတ်သွားသည်ဟုဆို၏။ စိုင်းဆုတေယမှာ လူနာဖြစ်နေသဖြင့် စစ်သားများ ဤမျှ ကြမ်းတမ်းယုတ်မာစွာ စစ်ဆေးမည် မထင် သောကြောင့် အိမ်၌နေရစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။

နမ့်ခမ်းရွာသည် ၁၉၉၇-၁၉၉၈ က တောင်ကြီး ကျိုင်းတုံ ကားလမ်းပေါ်ရှိ ကာလိရွာမအနီးရွှေ့ပြောင်းနေထိုင်ခိုင်းခြင်း ခံကြရသည်။ ကာလိအုပ်စု မိုင်းယိုင်းသို့ ၄ နှစ်ခန့် သွားရောက်နေထိုင်ခဲ့ကြပြီး အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် နေရပ်ရင်း လယ်ယာ ပြန်လုပ်ကြရာ ယခုအခါ နမ့်ခမ်းရွာသို့ ပြန်လာနေသူ အိမ်ခြေ ၇-၈ အိမ်ခန့်ရှိကြ၏။ သို့သော် နွေရာသီ၌ ကာလိသို့ ပြန်နေသည် ဟု ကြားသိရပါသည်။

ဒေသခံအာဏာပိုင်များ၏ တာဝန်မဲ့မှုကြောင့် ပြည်သူများအတွက် အန္တရာယ်ဖြစ်နိုင်
Tue 11 Nov 2008, ရိုင်မရော့
မုဒုံမြို့နယ်အတွင်း ပေါင်းကူးတံတားအပျက်စီးများကို ဒေသခံအာဏာပိုင်များ၏ ပြန်လည်ပြုပြင်ပေးမှု မရှိခြင်းကြောင့် ခရီးသွားလာနေသော ကားများအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ဒေသခံ များက ပြောသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ဝင်ကမော့ကျေးရွာနှင့် လက်တက်ကျေးရွာအကြား မြပုံတော် ဘုန်းကြီးကျောင်းရှေ့ရှိ တံတားနှင့် ကွမ်လှာကျေးရွာနှင့် ဖေါင်စိန်ကျေးရွာအကြား တံတားတို့၏ ပျက်စီးမှုသည် ပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်သည့် အနေအထားတွင်ရှိနေသော်လည်းေ
သခံအာဏာပိုင်များက ပြန်လည်းပြုပြင်ပေးခြင်းမရှိပေ။

''တော်တော်လေးကို ပျက်စီးနေပြီး၊ တံတားက အကြီးစားမဟုတ်ပေမယ့်လည်း အချိန်မရွေး သွားလာနေတဲ့ကားတွေ ဆိုင်ကယ်တွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကားတွေဆိုရင် ကားအငယ်တွေပဲ သွားလို့ရမယ်၊ တကယ်လို့ ကုန်တင်ကားအကြီးတွေသာ သွားမယ်ဆိုရင် ပြိုမှာ သေချာတယ်'' ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

၎င်းတံထားတို့၏ပျက်စီးမှုသည် တစ်ဘက်တစ်ခြမ်းမှ တဖြည်းဖြည်း ပျက်စီးနေပြီး ဒေသခံအာဏာပိုင်များမှ ပြန်လည်ပြုပြင်ရန်အတွက် ပြင်ဆင်မှုမရှိဘဲ ခရီးသွားလာနေသော ပြည်သူများအတွက် အန္တရာယ်ဘေးမှ ကာကွယ်သည့်အနေဖြင့် တိုင်ကီပုံး ၃-၄ လုံး မျှသာ ပျက်စီးနေသည့် ဘက်တွင် ချထားပြီး ကာထားသည်ဟု ၄င်းမြင်တွေ့ခဲ့သူက ပြောသည်။

''ပျက်နေတာကတော့ ကြာနေပြီး ဒါပေမယ့် ဒီအခြေနေထိတော့ မရောက်ခဲ့ဘူးပေါ့၊ အခု အခြေနေက တော်တော်ဆိုးနေပြီ မပြင်လို့မရတဲ့ အခြေအနေပါ။ သွားလာနေတဲ့ ကားတွေအတွက်လည်း အန္တရာယ်များတယ်၊ ကားတစ်စီးစာသွားဖို့တောင် တော်တော်ခက်တယ် ဖြည်းဖြည်းနဲ့ပဲ သွားနေရတယ်'' ဟု မော်လမြိင်မြို့သို့သွားခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝင်ကမော့နဲ့ လက်တက်ကြားကပေါင်းကူးတံတားမှာ ခရီးသည်တင်ယာဉ်မှ ခရီးသည်များ လမ်းဆင်းလျှောက်ရသည့်အခြေအနေသို့ ရောက်နေပြီး၊ ကွမ်လှာနဲ့ ဖေါင်စိန်ကျေးရွာအကြားရှိတံတားမှာ ထိုအခြေအနေသို့ မရောက်သေးပေ။ သို့သော်လည်း နှစ်စင်းစလုံးမှာ ပြင်ရမည့်အခြေအနေသို့ရောက်နေပါသည်ဟု ၄င်းအမျိုးသမီးက ပြောသည်။ ''ဒါက အစိုးရရဲ့ တာဝန်လို့ ပြောရမယ်၊ အန္တရာယ်များတယ်''။

၎င်းအမျိုးသမီးက ဆက်ပြောသည်မှာ ''ကျမတို့ လမ်းဆင်းလျှောက်နေရတယ်၊ ကျမက မော်လမြိုင်ကို တစ်ပတ်တစ်ခါလောက်သွားနေရတာ အခြေနေက တစ်ခေါက်နဲ့ တစ်ခေါက် ပိုပြီးတော့ ဆိုးလာတယ်၊ လူမပါဘဲနဲ့ ကားသက်သက်ဆိုရင်တောင် ဖြည်းဖြည်းပဲ သွားလို့ရမှာပါ၊ ကုန်ကားသွားမယ်ဆိုရင် ပြိုကျမှာပဲ၊ တစ်ဘက်ကနေ ပြိုတယ်ဆိုတော့ ကျန်တဲ့ဘက်မှာ အရဲစွန့်ပြီး ကားတွေ သွားနေတာ၊ အဲဒီနေရာရောက်ရင် ဘယ်သူမှ ကားမစီးရဲဘူး လမ်းဆင်းလျှောက်တာပဲ၊ ဘယ်သူမှလည်း မပြင်ဘူး'' ဟု ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့ စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ပြင်ဆင်ပြီးသည့်လမ်းတံတားများကို နောင်တွင် ပျက်စီးမှုမရှိစေရန်အတွက် တစ်ပေါက်ပေါက် တစ်ပေါက်ဖာစနစ်ဖြင့် ပြုပြင်ရန် လမ်းအပိုင်းလိုက် တာဝန်ခံများအား သတ်သတ်မှတ်မှတ် တာဝန်ပေးပြီး လမ်းများ အမြဲကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် အပျက်အစီးအများဆုံး လမ်းနေရာများကို မှတ်တမ်းထားပြီး နောင်တွင် ပျက်စီးမှုရှိက ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် ကျောက်၊ သဲ၊ ကတ္တရာများကို ကြိုတင်စုဆောင်းထားရန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က တာဝန်ရှိသူများအား မှာကြားသည်။

သို့သော် ''ကွမ်လှာနဲ့ ဖေါင်စိန်ကြား တံတားဆိုရင် ကျိုက်က္ခမီဘုရားပွဲတုန်းက ကားတွေ ဆိုင်ကယ်တွေများတယ်၊ ဆိုင်ကယ်တစ်စီးက အဲဒီမှာ ထိုးကျသွားခဲ့တာရှိတယ်၊ ကံကောင်းလို့ ဒဏ်ရာမများပေမယ့်လည်း နည်းနည်းတော့ထိသွားတယ်၊ အန္တရာယ်များတယ် အဲဒီနေရာက ဘယ်သူကလည်း ပြင်တာမတွေ့ဘူး'' ဟု ကျိုက်က္ခဘုရားပွဲသို့ ဆိုင်ကယ်နှင့်သွားခဲ့သူ လူငယ်တစ်ဦးက ပြောသည်။

နွေစပါးစိုက်ရန် အဓမ္မလုပ်အားပေး စေခိုင်းခံရ
Mon 10 Nov 2008, အာကာ
ရေနက်ပိုင်းရှိ မြေရိုင်းများကို နွေစပါးစိုက်ရန် လယ်မြေအဖြစ် ပြုပြင်ရန်အတွက် ခေါဇာမြို့ အခြေစိုက် အမှတ် (၃၁) ခြေလျင်တပ်ရင်း၏အမိန့်ဖြင့် တိုးတက်ရွာသစ်မှ ရွာသားများ အဓမ္မလုပ်အားပေး စေခိုင်းခံကြရသည်။

၎င်းတပ်ရင်း၏ အမိန့်အရ ခေါဇာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတိုင်း နွေစပါးစံပြစိုက်ခင်း အနည်းဆုံးတစ်ဧကစိုက်ကြရမည်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် မျိုးစပါးများကို ၄င်းတပ်ရင်းမှ ထုတ်ပေးမည်ဟု ဆိုသည်။

လွန်ခဲ့သည့် အောက်တိုဘာလ (၃၁) ရက်နေ့ တန်ဆောင်မုန်းလဆန်း (၃) ရက်နေ့တွင် ရေး-ခေါဇာ ကားလမ်းဘေး၊ ဆင်ကူးရွာနှင့် တိုးတက်ရွာသစ်အကြားရှိ ရေနက်ပိုင်း လယ်မြေ ၂ ကွက် (၁) ဨကအတွင်းရှိ အမှိုက်၊ ဒိုက်၊ ခြံနှင့် မြက်ပင်များကို ရှင်းကြရသည်ဟု တိုးတက်ရွာ သစ်မှ ရွာသားတစ်ဦးက ဆိုသည်။

''ရေက ခါးလောက်နက်တယ်'' မျှော့ကလည်းများ မိန်းကလေးတွေဆို မျှော့တွယ်လို့ အော်နေကြတာ မပြောနဲ့တော့'' ဟု ကိုယ်တိုင် လုပ်အားပေးစေခိုင်းခံရသူတစ်ဦးက ပြောသည်။

အိမ်ခြေ (၂၀၀) ခန့်ရှိသော ၄င်းရွာတွင် တစ်အိမ်တစ်ဦး လုပ်အားပေးကြရပြီး (၃) ပုံ (၂) ပုံခန့်မှာ အမျိုးသမီးများ ဖြစ်ကြသည်။

ယခုအမှိုက်၊ ဒိုက်သုတ်သင်ရသော မြေကွက်၌ ယမန်နှစ်တွင်လည်း ဤရွာသားများ နွေစပါးစိုက်ကြရပြီး ရေနက်ပိုင်းဖြစ်၍ ရေထုတ်နှုတ်ရန် မလွယ်ကူခြင်း၊ မြက်ပေါင်းများခြင်းကြောင့် မအောင်မြင်ခဲ့ပေ။

''အလကားပါပဲ။ မဖြစ်နိုင်တာကို အတင်းလုပ်ခိုင်းနေတာ၊ လူကြီးတွေလာရင် နွေစပါးစိုက်ထားတာကို မြင်ဖို့၊ မျက်နှာချိုသွေးဖို့၊ ဘာမှ အကျိုးမရှိဘူး'' ဟု ၄င်းစေခိုင်းခံရသူက ပြောသည်။

ထို့အတူ ဆင်ကူးရွာ၊ ကလော့ရွာနှင့် ဟံဂံရွာများတွင်လည်း နွေစပါးစိုက်ရန်အတွက် လယ်မြေများကို ပြုပြင်နေကြရပြီး တောင်ကျချောင်းရေရှိပြီး ရေသွင်းရေထုတ်ကောင်းသော ၄င်းရွာများ၌ စိုက်ပြစိုက်ခင်းတစ်ဧကအပြင် ကျန်လယ်မြေများ၌လည်း ကိုယ်ပိုင်နွေစပါးစိုက်ရန် ညွှန်ကြားထားသည်ဟု ဟံဂံရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

''စပါးရိတ်ပြီးစ လယ်ကွက်တွေမှာ နွေးစပါးစိုက်ဖို့ လုံးပန်းနေရတယ်။ အားလုံးလည်း ရိတ်လို့မပြီးသေးဘူး'' ဟု ၄င်းအမျိုးသမီးက ဆိုပြန်သည်။

တိုးတက်ရွာသစ်မှ အမျိုးသားတစ်ဦး၏ အဆိုအရ ရေး-ခေါဇာ ကားလမ်းဘေးတစ်လျှောက်ရှိ ကျေးရွာတိုင်း အနည်းဆုံးနွေစပါး၊ စံပြစိုက်ခင်း တစ်ဧက စိုက်ကြရမည်ဖြစ်ပြီး ခေါဇာမြို့ ခလရ (၃၁) တပ်ရင်းအနီးရှိ လယ်မြေ (၁၀) ဧကကျော်ကိုလည်း စံပြနွေစပါးစိုက်ရန် ခေါဇာမြို့သားများအား အသိပေးထားသည်ဟု ဆိုသည်။

ယခု စိုက်ပျိုးမည့် နွေစပါးစံပြစိုက်ခင်း အားလုံးမှာ ပေါင်းသင်ခြင်း၊ ထွန်ယက်ခြင်းမှစ၍ ရိတ်သိမ်းခြွေလှေ့ပြီးသည်အထိ မိမိကျေးရွာအလိုက် လုပ်အားပေးကြရမည် ဖြစ်သည်။

လွန်ခဲ့သည့် (၂) နှစ်တွင် ခလရ (၃၁) နွေစပါးစံပြစိုက်ခင်းအတွင်း ကျဲများ ဝင်ရောက်ခြင်းကြောင့် ကျွဲကောင်ရေ (၆) ကောင် အပစ်သတ်ခံရပြီး ကျွဲရှင်များလည်း ဒဏ်တပ်ခံခဲ့ရဘူးသည်။

ယခုရက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးမောင်အေး၏ မွန်ပြည်နယ်ခရီးစဉ်ရှိ၍ မုဒုံမြို့အတွင်းရှိ ကျေးရွာတိုင်း နွေစပါးစိုက်ရန် လယ်မြေ (၂) ဧကစီ ထွန်ယက်ထားကြရသည်ဟု မုဒုံနယ်သားတစ်ဦးက ဆိုသည်။

မိုးရွာသွန်းခြင်းကြောင့် ယာစပါးနှင့် ယာနှမ်းများပျက်စီး
Mon 10 Nov 2008, အာကာ၊ ဂိုတမား
ရာသီဥတုဖောက်ပြန်၍ မိုးရာသီရှည်လျားလွန်းခြင်းကြောင့် ယခုနှစ်တွင် တောင်ယာစပါးနှင့် တောင်ယာနှမ်းများ ပျက်စီးဆုံးရှုံးမှုနှင့် အကြီးအကျယ်ကြုံတွေ့ရကြောင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ တောင်သူဦးကြီးများက ပြောသည်။

ရင့်မှည့်ရိတ်သိမ်းချိန်ရောက်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် စပါးနှင့်နှမ်းများ ကြွေကျကာ ပျက်စီးဆုံးရှုံးခြင်းဖြစ်ပြီး ရိတ်သိမ်းပြီးစ စပါးနှင့်နှမ်းစိုင်များ အချိန်မီ မကောက်သိမ်းနိုင်ခြင်း၊ ကောက်နှင့်နှမ်းစိုင်များ လှန်းရန် နေမပွင့်ခြင်းကြောင့် အပင်ပေါက်ကာ ပျက်စီးဆုံးရှုံးခြင်းလည်း ဖြစ်သည်။

မွန်ပြည်နယ် ရေးချောင်းဖျားဒေသနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသတဝိုက်ရှိ ယာရှင်များ၏ အဆိုအရ ယခုနှစ်တွင် စပါးနှင့်နှမ်းများ မိုးရွာသွန်းမှုကြောင့် အထွက်နှုန်း သိသိသာသာ ကျဆင်းသွားကြောင်း၊ အချို့ယာများတွင် ထက်ဝက်ခန့်လျော့နည်းသွားပြီး၊ အချို့ယာများတွင် သုံးပုံတစ်ပုံထိပင် လျော့နည်းသွားကြောင်း ၄င်းဒေသရှိ ယာသမားများက ဆိုသည်။

''ကျနော်တို့မှာ တောပြုန်းကုန်ပြီဆိုတော့ ယာသစ်ခုတ်ဖို့ တောက သိပ်မရှိတော့ဘူး၊ ယာဟောင်းမှာ ပြန်ခုတ်တာလောက်ပဲရှိတော့တယ်၊ စပါးအထွက်နှုန်းက သိပ်မကောင်းတော့ဘူး၊ မနှစ်က မျိုးတစ်ပုံး (တစ်ခွဲ) ဆို (၂၅) တင်း၊ တင်း (၃၀) လောက်တော့ ထွက်တယ်၊ ဒီနှစ်မှာ တောင်ယာတိုင်း အထွက်လျော့တယ်။ တစ်ချို့ဆို တင်း (၂၀) မပြည့်ဘူး၊ တစ်ချို့ဆို (၁၀) တင်းလောက်ပဲ ထွက်တယ်'' ဟု ကျော့ဟဖလုရွာမှ ယာရှင် နိုင်ကွန်းပလိုင်က ဆိုသည်။

၎င်း၏အဆိုအရ ကောက်လှိုင်းစည်းများ မိုးစို၍ လှန်းရန် နေမပွင့်ခြင်းကြောင့် ကောက်လှိုင်းစည်းများမှ အပင်ပေါက်ကုန်ကြောင်း၊ အချို့ကောက်လှိုင်းစည်းများမှာ စပါးအပင်တစ်ထွာခန့်ပင် ပေါက်နေပြီဖြစ်ကြောင်း၊ နှမ်းအထွက်နှုန်းလည်း ထက်ဝက်ကျော်ပင် လျော့နည်းသွားကြောင်း ဆိုသည်။

''ကျနော်တို့ဘက်မှာ စပါးမျိုးအများဆုံးစိုက်တဲ့ ယာရှင် နိုင်ပလိုင်ဆိုရင် ဒီနှစ်မျိုး ၆ ပုံး (၃တင်း) လောက်စိုက်တယ်။ ဒါပေမယ့် ဒီနှစ်မှာ တင်း (၅၀) ကျော် (၆၀) လောက်ပဲရတယ်။ မနှစ်ကဆို နှမ်းက အထွက်ကောင်းတော့ မျိုးတစ်တင်းဆို (၁) တန် (၁၀၀၀ ကီလို) လောက်ထွက်တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ (၃၀၀ ကီလို) လောက်ပဲ ထွက်တော့တယ်၊ သုံးပုံတစ်ပုံလောက်ကို လျော့သွားတယ်'' ဟု အထက်ပါယာရှင်က ဆိုသည်။

ထိုင်းမြန်မာနယ်စပ် ခလောက်ခနီ ဒုက္ခသည်စခန်း အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ယခင်နှစ်က မျိုးစပါးတစ်ပုံး၏ အထွက်နှုန်း တင်း (၄၀) ကျော်၊ တင်း (၅၀) ခန့်ရှိရာမှ ယခုနှစ်တွင် (၁၀) တင်း ခန့်ပင် ထွက်ရှိတော့ကြောင်း၊ အထွက်နှုန်း ကျဆင်းခြင်း၏ အဓိကအကြောင်းရင်းမှာ မိုးရွာသွန်းမှုကြောင့် ကောက်သီးကြွေကျခြင်း၊ ကောက်စိုင် မိုးစိုပြီး အခြောက်မလှန်းနိုင်၍၊ ကောက်သီးအပင်ပေါက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌ နိုင်ချစ်တိုးက ဆိုသည်။

ထို့အတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲရှိ ယာသမားများ၏အဆိုအရ ၄င်းတို့တွင်လည်း အထက်ပါနည်းတူ ယာစပါးအထွက်နှုန်း ကျဆင်းလျှက်ရှိပြီး ယမန်နှစ်တွင် မျိုးစပါးတစ်တင်း၏အထွက်နှုန်း တင်း (၄၀) ကျော် (၅၀) ခန့်ရှိရာမှ ယခုနှစ်တွင် တင်း (၂၀) မှ (၂၅) တင်းအထိ ကျဆင်းသွားကြောင်း ဆိုသည်။

စပါးအထွက်နှုန်း ကျဆင်းသွားသော်လည်း တနင်္သာရီတိုင်း ယာစပါးဈေးနှုန်းမှာ မြင့်တက်ခြင်းမရှိပဲ၊ ယခင်နှစ်ထက်ပင် လျော့နည်းသွား ကြောင်း၊ ယခင်နှစ်တွင် ယာစပါးတစ်တင်း (၃၅၀၀) ကျပ်ရှိသော်လည်း ယခုနှစ်တွင် (၂၅၀၀) ကျပ်ဖြင့်ပင် ဝယ်သူမရှိကြောင်း၊ ဝယ်လိုသူမရှိခြင်းမှာ ယာစပါးမခြောက်သွေ့ခြင်းနှင့် အပင်ပေါက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကလိန်အောင်မြို့နယ်ခွဲမှ ယာသမားတစ်ဦးက ဆိုသည်။

တနသာင်္ရီတိုင်း ယာစပါးဈေးနှုန်း ကျဆင်းနေသော်လည်း ဘုရားသုံးဆူဒေသဝန်းကျင်တစ်ဝိုက်၌ ယာစပါးဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး နှမ်းဈေးနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်နီးပါး ထိုးတက်သွားကြောင်း၊ ယခင်နှစ်တွင် နှမ်းတစ်ကီလို (၃၀) ဘတ်နှင့် (၃၅) ဘတ်အကြားရှိရာမှ ယခုနှစ်တွင် (၅၀) ဘတ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နှမ်းဈေးနှုန်း မြင့်တက်ရခြင်းမှာ နှမ်းအထွက်နှုန်းကျဆင်းမှုကြောင့်ဖြစ်ကြောင်း ဘုရား သုံးဆူဒေသရှိ နှမ်းစိုက် ယာရှင်တစ်ဦးက ဆိုသည်။

ခလောက်ခနီ ဒုက္ခသည်စခန်း အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ယာစပါးကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းနေကြရပြီး၊ မျှစ်ချိုးခြင်း တံမြက်စည်းပင်ခုတ်ခြင်း အလုပ်များလည်း ယခင်နှစ်ထက်လျော့နည်းနေပြီဖြစ်၍ ယခုနှစ်တွင် ရွာသားများ စားဝတ်နေရေး အကြပ်အတည်းနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌ နိုင်ချစ်တိုးက ဆိုသည်။