Friday, November 14, 2008

ကြောက်ရွံခြင်းမှကင်းဝေးခြင်း

Freedom_from_fear
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ရန်.....Freedom From Fear

Get your own at Scribd or explore others:

ပြည်သူပါဝါ

ပြီးခဲ့တဲ့မနှစ်က အင်အားသုံးပြီး သံဃာနဲ့ ပြည်သူတွေကို ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တချို့  နှုတ်ပိတ်သတ်ဖြတ်ခံလိုက်ရတာကို သိရတော့ မြတ်စွာဘုရားလက်ထက်က အဇာတသတ်မင်းက ဘုရားကိုသတ်ဖို့ လေးသမားတွေ စေလွှတ်ပုံကို အမှတ်ရမိတယ်။ ဘုရားကိုသတ်ဖို့ သွားတဲ့ လေးသမား ၄ ယောက်ကို သတ်ဖို့ နောက်ထပ် လေးသမား ၈ယောက် ၊ အဲဒီ ၈ယောက်ကိုသတ်ဖို့  နောက်ထပ် ၁၆ ယောက်လွှတ်တယ်။ ဒီလိုနှုတ်ပိတ်နည်းဟာ ယခုအချိန်ထိမရိုးသေးပါဘူး။ ဒါကို ကိုယ့်ကိုကို နအဖ လက်ကိုင်တုတ် အဖြစ်ခံတဲ့လူတွေ သိဖို့ ကောင်းတယ်။ ကိုယ့်နောက်မှာ ဘယ်နှယောက်က mission ပြီးရင်ကျွေးဖို့ စောင့်နေတယ်ဆိုတာ၊ သန်းရွှေဟာ ဘုရားပြီးငြမ်းဖျက်၊ ဘနဖူးသိုက်တူးဆိုတာ တမလွန်က နေဝင်း၊ တင်ဦး နဲ့  နန်းကျဗိုလ် ခင်ညွန့်  ကသက်သေခံနေပါတယ်။ အခုအနားက အပါးတော်မြဲတွေရော ဘယ်လောက်ခံမှာမိုလို့ လဲ၊ ကျံဖွတ် နဲ့ စွမ်းအားရှင်ကိုလဲ လေးသမားတွေမလွှတ်သေးလို့ သာပါ။ တိုင်းပြည်မှာတကယ်အားရှိတာ သန်း ၅၀ ကျော်ပြည်သူပါ၊ ကမောက်ကမဖြစ်နေတဲ့ တရားစီရင်ရေးနဲ့ ဥပဒေတွေဟာ လူတွေကို လုံခြုံမှုမပေးပါ၊ လဘ်စားနေတဲ့တရားစီရင်သူများ၊ ဝန်ထမ်းများ နဲ့ ရဲကိုလဲ စိတ်မတွေ့ တော့ရင် လေးသမားစာမိကုန်မှာပါ (မဟုတ်တာလုပ်ထားတာ လူသိတော့မယ်ဆိုရင် ဒီလူတွေကိုရှင်းမှာပါ)၊ မင်းသားခေါင်းတောင်မဆောင်းတဲ့ဘီလူးဆိုတာ နာဂစ်အပြီးမှာ အားလုံးသိကုန်ပါပြီ၊ ဘီလူးနားနေရင် တနေ့ ဘီလူးစာဖြစ်မှာဆိုတာ ရှေ့ ကသွားသူတွေပြောခဲ့ပြီ၊ အချိန်မနှောင်းခင်ပြည်သူနဲ့ ပူးပေါင်းပြီး ဘီလူးကိုနှင်ထုတ်ရအောင်။

People Power ကိုသာ အနာဂတ်ဘဝ သာယာရေးနဲ့  လုံခြုံမှုအတွက် ရွေးချယ်လိုက်ပါ၊ ဧရာဝတီတိုင်းကလူတွေ အခုဘာဖြစ်နေလဲ၊ နအဖ ကဘာလုပ်နေလဲ၊ ငါတို့  အလှည့်ရော ဘယ်တော့ရောက်မှာလဲ၊ ကျံဖွတ် နဲ့ စွမ်းအားရှင်တွေ စဉ်းစားဖို့ ကောင်းပြီ၊ နအဖ ကရှင်းလင်းရေးလုပ်မ နောင်တရရင်အချိန်နှောင်းပါလိမ့်မယ်။ ပြည်သူရဲ့ ပါဝါကို နအဖ မယှဉ်နိုင်ပါဘူး၊

ပြည်သူပါဝါကိုချီးမွမ်း၊ အလင်းရောင်ထဲလာမဲ့သူတွေကိုလက်ကမ်းရအောင်။

Silver Moon

ကြေးမုံဦးသောင်း (အောင်ဗလ) အမှတ်တရစာစု

မောင်စွမ်းရည်
နိုဝင်ဘာ ၁၄၊ ၂၀၀၈
ကြေးမုံဦးသောင်းလို့ ကျော်ကြားတဲ့ စာရေးဆရာကြီး အောင်ဗလဟာ အသက် (၈၂) နှစ်အရွယ်၊ ၂၀၀၈ ဧပြီ (၃) ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာ မကွယ်လွန်မီ ၂၀၀၇ ခုနှစ်ထဲမှာ ကြေးမုံဦးသောင်းရဲ့ သတင်းစာဆရာဘ၀ နှစ် (၆၀) ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပွဲကို နယူးယောက်မြို့၊ ဘုရင်မရပ်ကွက် (ကွင်း)၊ ၀င်းရွှေဝါခန်းမမှာ ပြည်သူ့အမြင် အယ်ဒီတာ ဦးကျော်ဝင်း (ရွှေပြည်စိုး)၊ ပန်းချီမင်းကျော်ခိုင်၊ ဦးဝင်းဖေ၊ ဒေါ်မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်) မောင်စွမ်းရည် စတဲ့ မိတ်ဆွေများက ဦးဆောင် စီစဉ်ကျင်းပခဲ့ကြပါတယ်။
ဝါရှင်တန်မှာလည်း ခေတ်ပြိုင်ဦးခင်မောင်ဝင်း (ဦးတိုး) အစရှိတဲ့ မိတ်ဆွေများက အလားတူ ဂုဏ်ပြုပွဲတရပ်ကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ ဂုဏ်ပြုမှတ်တမ်း စာအုပ်ကလေး တအုပ်လည်း ထုတ်ဝေခဲ့ပါတယ်။ ဒါဟာ ဆရာသောင်းကို ကျနော်တို့ နောက်ဆုံးနှုတ်ဆက် ဂါရ၀ပြုပွဲလေးတခု ပြုလုပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အထူးဧည့်သည်တော်အဖြစ် တိုင်းမ်မဂ္ဂဇင်း အယ်ဒီတာကြီးတဦးနဲ့ လန်ဒန်က ဆရာတော် ဦးဥတ္တရတို့ တက်ရောက်ခဲ့ကြပါတယ်။ တနေ့ ကျနော် ၀ါရှင်တန်ကို ရောက်နေတုန်း ကိုဝင်းဖေ (ပန်းချီဆရာ၊ ရုပ်ရှင်ဒါရိုက်တာ) က ကားမောင်းပြီး ကျနော့်ကို ကွန်ဂရက်စာကြည့်တိုက်ကြီးကို လိုက်ပို့တယ်။ ကားရပ်ကွင်းတနေရာမှာ ရောက်နေတုန်း ဆရာ့ဆီက ဖုန်းလာတယ်။ “ဆရာတို့ မိုးမခမှာ ကျနော်လည်း ၀င်ရေးပါရစေ”လို့ နောက်ပြောင်တာမဟုတ်ဘဲ တရိုတသေအသံနဲ့ ပြောလာတော့ ကျနော်တို့ အံ့အားသင့်ပြီး ရုတ်တရက် ဘာမှ ပြန်မပြောနိုင်ပါ။

ဆရာကြီး ဦးသောင်းလို အသက်ရော၊ ၀ါပါကြီးတဲ့ သတင်းစာဆရာ စာရေးဆရာကြီးတဦးက မောင်ရစ်ဆိုတဲ့ သူ့မြေးအရွယ်လေး လုပ်နေတဲ့ မိုးမခမှာ စာရေးခွင့်ကို ကျနော်ကတဆင့် ခွင့်တောင်းနေလို့ အံ့သြမိတာပါ။ မောင်ရစ်တို့အနေနဲ့က သူ့အဘိုးအဘွားတွေနဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်ခဲ့သူ၊ သူလိုဆရာကြီးတဦးထံ စာမူတောင်းရဲမှာ မဟုတ်ပါဘူး။ ဆရာကြီးဟာ အသက်ကြီးပြီ။ စာအုပ်တွေလည်း မနားမနေရေးသားပြုစုနေပြီး ဆောင်းပါးတွေလည်း တကမ္ဘာလုံးက မြန်မာဒီမိုကရေစီစာစောင်တွေမှာ မနားမနေရေးသူ တဦးဆီက (စာမူခ မပေးနိုင်ဘဲ) စာမူတခု စွန့်စားတောင်းဆိုရမှာ အလွန်အားနာစရာပါ။ တကယ်တော့ ဆရာက စာမူခ စကားလုံးဝ မပြောနဲ့ဆိုပြီး ဒီမိုကရေစီရေးအတွက် စာပေဒါန ပြုနေသူပါ။

ဆရာကြီးသောင်းက ကျနော့်ဆီဖုန်းဆက်လျှင်ဆက်ခြင်းပဲ မိုးမခကို ကျနော်ကလည်း လှမ်းပြီး ၀မ်းပန်းတသာ ဖုန်းဆက်လိုက်ပါတယ်။ မိုးမခကလည်း ဆရာကြီးဆီကို လှမ်းပြီး ၀မ်းပန်းတသာနဲ့ စာရေးပေးဖို့ ပန်ကြား တောင်းဆိုလိုက်ပါတယ်။

တောင်းတာနဲ့ ချက်ချင်း စာမူပို့လိုက်ပါတယ်။ ကြေးမုံဦးသောင်း အမည်နဲ့ရော အောင်ဗလ အမည်နဲ့ရော ဆောင်းပါး နှစ်မျိုး တပြိင်တည်းရေးပေးတဲ့အပြင် မိုးမခကိုလည်း “လေခ”ပြီး အဖိုးတန်အကြံဥာဏ်တွေ ရေးပေးလိုက်ပါသေးတယ်။ “ဟလို-မြန်မာ့အလင်း” “ဟလို-မြန်မာတိုင်းမ်” ဆိုတဲ့ အောင်ဗလ တယ်လီဖုန်း ဆောင်းပါး (၃) ပုဒ်၊ အာစရိယ အဆူဆူ” ဆိုတဲ့ ကြေးမုံဦးသောင်း အမည်နဲ့ ရေးတဲ့ “ရုပ်ပုံလွှာ” ဆောင်းပါး (၅) ပုဒ်နဲ့၊ တခြားဆောင်းပါး (၄) ပုဒ် အားလုံး (၁၂) ပုဒ်ပဲ ရေးလိုက်ရပါသေးတယ်။ မကြာမီ အဆုတ်အအေးပတ်ပြီး ကွယ်လွန်သွားခဲ့ရှာပါတယ်။

“ဟလို” ဆောင်းပါးတွေဟာ ဆရာ့ငယ်လက်ရာတွေအတိုင်းပဲ အထူးဟာသမြောက်တဲ့ သရော်စာတွေဖြစ်ပါတယ်။ ဆရာ့ သရော်စာတွေဟာ “သရော်မော်ကား” ပြောတာတွေ မဟုတ်ဘဲ “နာသာခံခက်” ကလိတဲ့ စာတွေပဲဖြစ်ပါတယ်။ ခုခေတ်မှာ သရော်စာ၊ ကလော်စာ၊ ဟာသစာ၊ ပြက်လုံးစာဆိုတာတွေ မကွဲပြားဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် ဆရာ့ သရော်စာတွေကို နည်းယူလေ့လာဖို့ကောင်းပါတယ်။

“အာစရိယ အဆူဆူ” ဆိုတဲ့ ဆောင်းပါးတွေကတော့ (၅) ပုဒ်ရေးလိုက်နိုင်ပါတယ်။ အာစရိယ (၅) ဆူမက ဆရာ့မှာ ရေးစရာ ဆရာတွေ အဆူဆူ ရှိပါသေးတယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ (၅) ဆူကလည်း ဆရာ့ဘ၀အတွက် အရေးကြီးတဲ့ ဆရာကြီးတဆူကို ကြားညှပ်ရေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ ကွန်မြူနစ်လောကမှာ “ဆရာကြီး” လို့ ခေါ်လေ့ရှိတဲ့ “သခင်စိုး”ပါပဲ။ သခင်စိုး တောတွင်းမှာရှိစဉ် ဆရာသောင်းက စာအုပ်တွေ ၀ယ်ပို့ခဲ့ရတဲ့ အကြောင်းကို ကြားညှပ်ရေးထားပါတယ်။

အာစရိ (၅) ဆူကတော့ ဗမာ့ခေတ် ဦးအုန်းခင်၊ အိုးဝေဦးညိုမြ၊ သခင်ဘသောင်း၊ စာရေးဆရာကြီး မောင်ထင်၊ ၀န်ကြီးချုပ်ဦးနု ဆိုတဲ့ ဆရာကြီး (၅) ဆူဖြစ်ပါတယ်။ ဒီဆရာကြီးတွေဟာ နိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကျော်ကြီးတွေချည်းပါပဲ။ ဆရာရဲ့ အာစရိယအဆူဆူ ဆောင်းပါးတွေဟာ မြန်မာစာပေသမိုင်းအရ၊ မြန်မာနိုင်ငံရေးသမိုင်းအရ အထူးအရေးပါတဲ့ ဆောင်းပါးတွေဖြစ်သလို ဆရာကြေးမုံဦးသောင်း (အောင်ဗလ) ရဲ့ ဘ၀ကောက်ကြောင်းတွေလည်း ဖြစ်နေပါတယ်။

ဆရာက “ဗမာ့ခေတ်မှ ကြေးမုံသို့” အမည်နဲ့ ဆရာ့အတ္ထုပ္ပတ္တိစာအုပ် တအုပ်ထွက်ခဲ့ဖူးပါပြီ။ နောက်တခါ အဲဒီစာအုပ် ပြန်ထွက်ရင် ဒီဆောင်းပါး (၅) ပုဒ်ပါ နောက်ဆက်တွဲ ထည့်ပေးရပါတော့မယ်။ ဒါမှ ပြည့်စုံပါမယ်။

တကယ်လို့ ဆရာ အသက်ရှည်အုံးမယ်ဆိုရင် ဆရာဇ၀န၊ ဆရာတက်တိုး၊ ဆရာထင်ကြီး၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိတဲ့ ဆရာကြီးများ အကြောင်းကိုလည်း ဆက်လက်ရေးလိမ့်အုံးမယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ ဒီဆရာကြီးတွေဟာလည်း ဆရာနဲ့ လက်ပွန်းတတီး နေခဲ့ရသူတွေ ဖြစ်ပြီး ဆရာ့စာတွေမှာ သူတို့အမည်တွေကို ကြိုးကြားရန်ခါ ထည့်သွင်း ဖော်ပြနေခဲ့တာတွေ တွေ့ခဲ့ရလို့ပါ။ တကယ်တော့ ဆရာဟာ တက္ကသိုလ်ကို ဆက်မတက်ဘဲ တကယ့် ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကျော်ကြီးတွေဆီမှာ တပည့်ခံရင် ခေတ်သစ်မြန်မာနိုင်ငံသမိုင်း ကဏ္ဍကို သတင်းသမားအဖြစ်နဲ့ နှစ်ပေါင်း (၆၀) ကျော် ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ဆရာရဲ့ အတွေ့အကြုံတွေဟာ တန်ဖိုးကြီးလှပါတယ်။

ဒီစာအုပ်ရဲ့ ရှေ့ပိုင်းမှာ မိတ်ဆက်နိဒါန်းအဖြစ် ကြေးမုံဦးသောင်း (အောင်ဗလ) အတ္ထုပ္ပတ္တိအကျဉ်းနဲ့တကွ ပြည်ပရောက် စာပေအနုပညာရှင်များ၊ သတင်းစာ ဆရာများရဲ့ ဂုဏ်ပြုဂါရ၀ဆောင်းပါးများလည်း ပါရှိပါတယ်။ မောင်ရစ်၊ မာမာအေး၊ ခင်မောင်ကြီး (ရှမ်းပြည်)၊ မောင်စွမ်းရည်၊ ၀င်းဖေတို့ရေးတဲ့ ဆောင်းပါး (၅) ပုဒ်ပါ။ ဒီစာများကလည်း ဆရာရဲ့ ဘ၀နဲ့ စာပေအပေါ် ဘေးလူ ဘေးအမြင် ကောက်ကြောင်းများအဖြစ်နဲ့ ဆရာ့ရဲ့ ရုပ်ပုံလွှာကို ရှုမြင်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

မောင်ရစ်က ဆရာကြီးဦးသောင်း ဖလော်ရီဒါဘက်ကနေ ကယ်လီဖိုးနီးယားဘက်၊ အမေရိကန် ပြည်ထောာင်စု တဖက်စွန်းက တခြားတဖက်စွန်းရှိ မိုးမခကို နှုတ်ဆက်သလို နောက်ဆုံး ရောက်လာတုန်းက ဆုံးမညွှန်ကြားစကား လက်ဆောင်ပါးခဲ့ပုံများကို အကျဉ်းချုပ် မှတ်တမ်းတင်ထားပါတယ်။

ဒေါ်မာမာအေးကတော့ ဆရာသောင်း ဆေးရုံတက်တယ်လို့ သတင်းရတော့ ဆရာ့မိတ်ဆွေအပေါင်း သောကရောက်ကြရပုံတွေကို ရေးထားပါတယ်။

ခင်မောင်ကြီး (ရှမ်းပြည်) ကတော့ သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ပါဝင်လှုပ်ရှားရင်းက သတင်းစာလောကထဲ ရောက်လာပုံနဲ့ ဦးသောင်းနဲ့ တွေ့ဆုံရင်းနှီးခဲ့ကြရပုံများကို ရေးထားပါတယ်။ အထူးသဖြင့် မဆလ လက်ထက်က သတင်းစာသင်တန်းမှာ သင်တန်းအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရင်း ကြေးမုံဦးသောင်း စတဲ့ သတင်းစာဆရာကြီးများကို ဖိတ်ခေါ်ပြီး သတင်းစာလုပ်ငန်းအတွေ့အကြုံများကို သန်ရာ သန်ရာ တာဝန်ခွဲဝေ ပို့ချကြပုံအကြောင်းတွေကို နောက်ခံပြုပြီး ဖော်ပြထားလို့ သတင်းစာ သမိုင်းရဲ့ ထူးခြားတဲ့ ကဏ္ဍတခုကို အမြွက်မျှဆိုသလို သိနိုင်ကြပါတယ်။

မောင်စွမ်းရည်ကတော့ ဆရာကြီးသောင်းရဲ့ သတင်းစာဆရာ ဘ၀ နှစ် (၆၀) ကို ခြုံငုံသုံးသပ်တင်ပြထားလေရဲ့။ ၀င်းဖေကတော့ သူ သိတဲ့ ဆရာအောင်ဗလရဲ့ လုပ်ဆောင်ချက်တွေကို အံ့သြအားကျမိကြောင်း ရေးသားထားပါတယ်။ သတင်းစာ ဆရာဘ၀ နှစ် (၆၀) ဂုဏ်ပြုပွဲအခမ်းအနားမှာ ညောင်ဦးသား ပန်းချီဆရာ မင်းကျော်ခိုင်က သူတို့ ညောင်ဦးရဲ့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်ကြီး ဦးသောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာရဲ့ သုံးသပ်ချက်အမြင်ကို မရရအောင် အဆင့်ဆင့် ဖုန်းဆက်တောင်းတော့ စာမရေးနိုင်ရှာတဲ့ ဆရာမကြီးက အားခဲပြီး ပြောပြခဲ့တဲ့ အဖိုးတန်စကားစုကိုလည်း မိုးမခ ဆရာများက ရှေ့တန်းတင် ဖော်ပြထားပါသေးတယ်။

“အောင်ဗလဟာ တကယ့်သတင်းစာဆရာပဲ၊ ဘယ်အခြေအနေပဲ ရောက်နေပါစေ၊ သတင်းစာ အလုပ်ဆိုရင် စိုက်လိုက်မတ်တတ် လုပ်တတ်တဲ့သူ။ ကျမ သူ့ကိုကြည့်ပြီး အားကျမိတယ်”
လူထုဒေါ်အမာ (၁၂၊ ၃၊ ၀၇)

နှစ်ကြောင်း သုံးကြောင်းသာဖြစ်ပေမယ့် ဆရာသောင်း မကွယ်လွန်ခင်မှာ ဒီစာလေး ဖတ်သွားခဲ့ရလို့ အထူးဝမ်းသာသွားခဲ့ရပါတယ်။ ဦးသောင်းနဲ့ မိုးမခ၀ိုင်းတော်သားများ ဆန်ဖရန်စစ္စကိုမှာ နောက်ဆုံးဆုံကြတော့ ဆရာသောင်းအနေနဲ့ မိုးမခ၀ိုင်းတော်သားများကို အထူးပြောကြားသွားတဲ့ စကားတွေရှိပါတယ်။

အဲဒီထဲမှာ ဆရာက “သူ့တသက်မှာ ဂုဏ်အယူဆုံး၊ ကျေနပ်မှုအရှိဆုံးနဲ့ ဘယ်တော့မှ နောင်တမရတဲ့ ဘ၀ဟာ အခုတသက်လုံး ရပ်တည်နေခဲ့တဲ့ သတင်းစာသမား၊ စာရေးဆရာတယောက်ရဲ့ဘ၀ပါပဲ တဲ့”

ဆရာထည့်သွင်း ပြောပြမသွားပေမယ့် ဆရာ့ကိုမေးရင် ဆရာပြောသွားအုံးမှာလို့ ယုံကြည်မိတဲ့ အချက်တချက်ရှိပါတယ်။ အဲဒါကတော့ “ဖြစ်နိုင်ရင် နောင်ဘ၀မှာလည်း သတင်းသမား၊ စာရေးဆရာပဲ ဖြစ်ချင်တယ်” ဆိုတဲ့ စကားပါပဲ။

ဆရာ နောင်ဘ၀မှာလည်း သတင်းသမား စာရေးဆရာဖြစ်ပါစေလို့ ကျနော်တို့ ၀ိုင်းဝန်းဆုတောင်းပေးကြပါစို့။

“ကြေးမုံဦးသောင်း (အောင်ဗလ) မိုးမခရဲ့ အမှတ်တရစာစု” ဆိုတဲ့ စာအုပ်ကလေးဟာ စာမျက်နှာ (၆၆) မျက်နှာပဲ ရှိပါတယ်။ ၂၀၀၈ ဧပြီက ထုတ်ဝေတယ်လို့ ရေးထားပါတယ်။ ကျနော်လက်ထံကိုတော့ ၂၀၀၈ အောက်တိုဘာ တတိယပတ်ထဲမှာမှ ရောက်လာပါတယ်။ ဒီစာအုပ်ကလေးကို ပြည်တွင်းအထိ ဖြန့်ချိခွင့်ရရင် ကောင်းလေစွလို့ တမ်းတမိပါတယ်။ ဒီမိုကရေစီရရင်ရခြင်း ဒီစာအုပ်ကလေးကို ပြည်တွင်းမှာ ပြန်ရိုက်ကြမယ်။ ပြည်ပရှိ စာပေ၀ါသနာရှင်များကတော့ ခုကတည်းက ရအောင်ရှာဖတ်သင့်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါကြောင်း။ ။


(မူရင်း - ခေတ်ပြိုင်၊ http://www.newskhitpyaing.co.cc/?p=718 )

သခင်စိတ်ဓာတ်၊ သခင်အကျင့်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 17:14 - မြန်မာစံတော်ချိန်




''သခင်လား ကျွန်လား

ရိုးရိုးကျင့် မြင့်မြင့်ကြံ

မှန်တာလုပ် ဟုတ်တာပြော'' တဲ့ …

ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။



သခင်ဆိုတာ

မရသင့်တဲ့ အခွင့်အရေး

ဘယ်သူပေးပေး မယူဘူး၊

"ထမင်းကြမ်းခဲ" ပြလို့

အမြီးနှံ့ပြရတာ

သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။


သခင်ဆိုတာ

ဗဟုသုတနဲ့ ယုံကြည်မှုရှိ

စိန်ရွှေငွေ ဏ သ တ န မ တွေ သူမကြည့်

တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။



တိုင်းပြည်နဲ့ မိမိတာဝန်

ချိန်ခွင်လျှာ တင်ကြည့်ရင်

တိုင်းပြည်က အလေးသာတယ်။


ကျွန်ဆိုတာ …

ခံမပြောရဲဘူး

ဟောက်ငေါက်သမျှ ဖိခံ

မှန်မမှန် သူမသိ

သူသိတာက သခင်အလိုကျ အမြီးနှံ့ပြဖို့။



သခင်ဆိုတာ …

ခိုင်းလို့မဟုတ် တာဝန်သိလို့ လုပ်တယ်၊

မဟောက်နဲ့ မငေါက်နဲ့

ကြောက်တတ်တဲ့ အလေ့မရှိ

မမှန်တာ သူသိရင်

ဖွင့်ဟဖို့ ၀န်မလေး

အသက်ပေးဆောင်ရွက်

ဒါ … သခင်စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်နဲ့ ကျွန်

ချိန်ခွင်လျှာတင်ကြည့်

သခင်လား? ကျွန်လား?

ခွဲခွဲခြားခြား သိချင်တယ်

ကွဲကွဲပြားပြား သိချင်တယ်

အဖြေ …။




မင်းသုည

၁၃-၁၁-၂၀၀၈

အရှင်ဂမ္ဘီရ - ရွှေဝါနဲ့ ရွှေမြန်မာကို အလှဆင်စေခဲ့သူ

ကိုမော်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:22 - မြန်မာစံတော်ချိန်

ရွှေဝါရောင်ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်၊ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တပါးဖြစ်သူ အရှင်ဂမ္ဘီရ ဖမ်းဆီးအကျဉ်းချ ခံထားရတာဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်သွားခဲ့တယ်။

အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင်း တနေရာမှာ ဖခင်ဖြစ်သူနဲ့အတူ အာဏာပိုင်တွေရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူပါ။
တကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

သိုပေမယ့် မျက်မှောက်ကာလ ဒကာ၊ ဒကာမတွေ ခံစားကြုံတွေနေကြရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံရဲ့ အခြေခံဇစ်မြစ်ဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကြောင့်ပဲ ဖြစ်တယ်လို့ သိမြင်နားလည်လာတဲ့ အချိန်မှာတော့ လျစ်လျူရှု မနေနိုင်တော့ဘဲ မိမိနဲ့အတူ တခြား ရဟန်း သံဃာတော်များကပါ ပူးပေါင်းပါဝင် ဖြေရှင်ပေးနိုင်ဖို့အတွက် စာသင်သား လောကကို စွန့်ခွာပြီး ကြိုးစား အားထုတ်ခဲ့ပါတော့တယ်။

အခုဆိုရင် သံဃာ့သမိုင်းမှာ ကဗ္ဗည်းထိုးရမယ့် သံဃာတော်များ မေတ္တာပို့သ ဆန္ဒပြမှုကြီးဟာလည်း ၀င့်ဝင့်ကြွားကြွားနဲ့ ဂုဏ်ပြောင်နေဆဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ အရှင်ဂမ္ဘီရကတော့ အကျဉ်းထောင်မှာ အကျဉ်းစံနေရပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက မိသားစုဝင်တွေ အဖမ်းခံရတာရယ်၊ စက်တင်ဘာ နှစ်ပတ်လည် နေ့ရယ်ကြောင့် အရှင်ဂမ္ဘီရဟာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကာလမှာ အကျဉ်းထောင်တွင်း တာဝန်ရှိတဲ့ ရဲမှူးတွေ လာကပ်တဲ့ နွားနို့ကို ဘုန်းပေးမိတဲ့အတွက်လည်း အဲဒီနေ့မှာပဲ ၃ ခါ အန်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။

အဖမ်းဆီးခံရခြင်း တနှစ်ပြည့် နှစ်ပတ်လည်ကာလမှာကို အရှင်ဂမ္ဘီရဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ခံစားနေရလေရဲ့။ ဆေးရုံတက်ပြီးမှ သိရတဲ့ ကျန်းမာရေး အခြေအနေတွေက အကြောင်းအရာ တခုခုကို စဉ်းစားလိုက်ရင် ခေါင်းကိုက်တယ်၊ ဇက်ကြောတွေ တက်လာတယ်၊ ဘာကိုမှ လေးလေးနက်နက် စဉ်းစားလို့ မရဘူး ဖြစ်သွားတဲ့အပြင်ကို လူကလည်း ပိန်ချုံးကျသွားလိုက်တာ အရိုးပေါ် အရေတင်ပါပဲလေ။

ဒိအပြင်ကို ထူးဆန်းတာက ထောင်ဝင်စာ ပုံမှန်တွေ့နေတဲ့ အမတော်ကြီးကို တခါမှ မပြောဘူးခဲ့တဲ့ ''နိုင်ငံရေး မလုပ်ပါနဲ့၊ ပေါက်မြို့မှာပြန်ပြီး အေးအေးဆေးဆေး နေပါ၊ သူကိုလည်း ထောင်ဝင်စာ တွေ့မနေပါနဲ့တော့'' အစရှိတဲ့ စိုးရိမ်တဲ့ စကားလုံးတွေနဲ့ ခဏခဏ ထပ်မှာနေတဲ့အပြင် ပုံစံကလည်း အရမ်း စိုးရိမ်စိတ် ကြီးနေတဲ့ ပုံပဲလို့ ကြားသိရတော့ စာရေးသူအနေနဲ့ အတော့်ကို အံ့သြမိသွားပါတယ်။

ဘာကြောင့်လဲဆိုတော့ စာရေးသူနဲ့ အရှင်ဂမ္ဘီရနဲ့ အနီးကပ်နေခဲ့ဖူးတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကို မျက်မြင်ကိုယ်တွေ့ သိရှိထားရသူ ဖြစ်နေတဲ့အတွက် အံ့သြမိတာပါပဲ။

သူနဲ့ စကားပြောလိုက်မှဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းကကို လွတ်တယ်မရှိဘူး။ သူ စဉ်းစားတွေးခေါ်နေတဲ့ အကြောင်းအရာ မှန်သမျှဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နည်းလမ်းတွေပါပဲ။ ဒါမှ နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်လို့ သူကိုယ်တိုင် ခံယူထားပြီး ကြိုးစားနေတယ်ထင်ရဲ့။

အရှင်ဂမ္ဘီရရဲ့ ဘွဲတော်အရင်းက စန္ဒောဘာသ။ သူ့ကို သူငယ်ချင်း အပေါင်းအသင်းတွေက ဗိုလ်စံ ဘာတွေလုပ်နေတုန်းဗျလို့ မေးတဲ့အခါတိုင်း သူ ပြန်ဖြေလေ့ရှိတာက ''တပည့်တော် ဗုဒ္ဓအလိုတော်ကျ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့အလုပ်တွေကိုပဲ ပုံမှန်လုပ်ဖြစ်နေပါတယ် ဘုရား'' တဲ့။

အရှင်ဂမ္ဘီရဟာ အဲသလို ရည်မှန်းချက်ကြီးမားသလို စိတ်ထားကလည်း ဖြုစင်သန့်ရှင်းရုံမက ပေးဆပ်မှုတွေကလည်း များပြားလှပါတယ်။ သို့ပေမယ့်လည်း သူ ပြန်လည်ရရှိတဲ့ ခံစားပိုင်ခွင့်တွေကျတော့ အဘက်ဘက်က နိမ့်ကျလှပါတယ်။

စာရေးသူတို့ ရန်ကုန်ကို အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပထမဦးဆုံးအကြိမ် ရောက်တုန်းကဆိုရင် အောင်မင်္ဂလာ အဝေးပြေးကွင်းကို လာကြိုတဲ့ အရှင်ဂမ္ဘီရရဲ့ ပုံစံဟာဖြင့် အတော့်ကို ဘ၀င်ကျစရာ မကောင်းလှပါဘူး။ ဆံပင်က လက်မ၀က်သာသာ ရှည်ပြီး၊ ထိုင်းပိုး သင်္ကန်းကို ဂျွတ်တက်အောင်ဝတ်ထားကာ ပိုးလွယ်အိတ် ခပ်ညစ်ညစ်ထဲမှာ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားတဲ့ သူ့ပုံစံလေးကို ခုထက်ထိ မြင်ယောင်နေမိပါသေးတယ်။

အဲဒီတုန်းကဆို ''ဒီဘုန်းကြီးကွာ ဘုန်းကြီးမပီသဘူး။ တော်တော်ကို ပေတိပေစုတ် နိုင်တာပဲ'' လို့ပြောကြတာတွေ ကြားဖူးပါရဲ့။ ရေနံချောင်းမြို့ ဆိုတာကလည်း ရေနံချောင်းသား စကားငှားသုံးရရင် "အစိုးရက အညိုရောင်ဆိုလား၊ အမဲရောင်ဆိုလား။ အဲသလိုသတ်မှတ်ပြီး ဘာတခုမှ ဖွံ့ဖြိုးအောင် ဆောင်ရွက်မပေးလို့ မြို့က စုတ်ခြာခြာဖြစ်နေတာတဲ့" တကယ်တော့ ရေနံချောင်းဆိုတာက အချက်အချာကျတဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ မြို့တမြို့ဖြစ်ပြီး နိုင်ငံရေးအရလည်း တက်ကြွမှုအပြည့်ရှိတဲ့ မြို့ပဲကိုး။

အဲသလို အသင့်အတင့် ပြည့်စုံနေတဲ့ စာသင်သားတွေဆိုတော့ အရှင်ဂမ္ဘီရရဲ့ အပေါ်ယံ ရုပ်ပုံလွှာကိုကြည့်ပြီး အတင်းပြောတာ (တနည်း) သုံးသပ်တာ ဖြစ်လေ့ဖြစ်တာရှိတဲ့ သဘာဝတခုလိုပါပဲ။ ဒါပေမဲ့ သူနဲ့ စကားပြောလိုက်မှဖြင့် လူပုံစံ စုတ်ခြာခြာ နိုင်သလောက် စကားအရာ၊ ဒီထက် ချုံ့ပြောရရင် စိတ်ထားအရာမှာကျတော့ သိက္ခာအပြည့်ပဲ ဖြစ်နေလေတော့ မလေးစားဘဲ ဘယ်နေနိုင်တော့မလဲ။ အံ့သြတကြီးကို ဖြစ်ခဲ့ရတာပေါ့။

ဒီထက် အံ့သြစရာကောင်းတာက သူ့မှာ အဲဒီ သင်္ကန်းတစုံနဲ့ ရေလဲစရာ သင်းပိုင်တထည်၊ တခြား ကိုယ်ပတ် သင်္ကန်းလေးတထည်သာ ရှိတာကြောင့် အဲဒီသင်္ကန်းကို လျှော်လိုက်မှဖြင့် သူ အပြင်ထွက်ဖို့ အဆင်မပြေနိုင်ပဲ ဖြစ်သွားပြီး အလုပ်တွေ နှောင့်နှေးကုန်မှာကို ငဲ့ညှာနေတာကြောင့်ပဲလို့ စာရေးသူ နားလည် သဘောပေါက်လိုက်ချိန်မှာတော့ တကယ့်ကို လေးလည်းလေးစား၊ သနားလည်း သနားမိတော့တာပါပဲ။

သူဟာ စာသင်သားတို့ ရသင့်ရထိုက်တဲ့ လာဘ်လာဘတွေ မရရှိတော့တဲ့အပြင် အရင် ရှိရင်းစွဲကျောင်းမှာ ရှိပြီးသား အသုံးအဆောင်လေးတွေကိုတောင်မှ လုံခြုံရေးအရ ဂရုမစိုက်နိုင်အားတော့ဘဲ ရှိသမျှနဲ့ ရောင့်ရဲပြီး နိုင်ငံအရေး အားထုတ်တော်မူတာပါ။

အဲဒီလို ဘ၀ဖြတ်သန်းမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံအရေး အားထုတ်၊ အားပေးခဲ့တဲ့ ကိုယ်တော်ဟာ အခုတော့ သူ့အမကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်နေတယ်ဆိုတော့.. ။ ဒါနဲ့ ဇနီးသည် (အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်) ကို အရှင်ဂမ္ဘီရအကြောင်း စေ့စေ့စပ်စပ် မေးကြည့်တော့မှ အရှင်ဂမ္ဘီရဟာ ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ ဒုက္ခတွေကို ဂရုစိုက်လေ့ မရှိပေမယ့် သူ့ကြောင့် သူ့ရဲ့ မိသားစု၊ ဆွေးမျိုးညာတိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်စိတ် အလွန်ကြီးမားသူဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်။

ဒါကို ကောင်းကောင်း သဘောပေါက်နေတဲ့ အာဏာပိုင်တွေကလည်း အရှင်ဂမ္ဘီရကို ဖိအားပေးသတဲ့။ စာရေးသူနဲ့ ဇနီးသည်ဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်တို့ ရှောင်တိမ်းနေရတဲ့ကာလမှာ အမတော်အငယ်ဖြစ်သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို နေ့ရက်အတိအကျ၊ အချိန်၊ နေရာ၊ လက်ရှိ ချုပ်ထားတဲ့ အဆောင်နံပါတ် အစရှိတဲ့ အချက်အလက်တွေနဲ့ အယုံသွင်းတဲ့အပြင် ညီတော်ဖြစ်သူနဲ့ အမတော်အကြီးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးစလုံးကို တပြိုင်နက် ဖမ်းပြလိုက်တော့ မိသားစုကို သံယောဇဉ်ကြီးပါတဲ့ အရှင်ဂမ္ဘီရ ဘယ်လိုခံစားနေရမလဲ တွက်သာကြည့်ပါတော့လေ။ ဒီ့အပြင် အမတော်ဖြစ်သူကလည်း မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်လောင်း ဖြစ်နေပြီး၊ မိဘနှစ်ပါးက ဆိုရင်လည်း အသက် ၇၀ ကျော်မှ ဆေးပေးမီးယူ အားကိုးစရာ သားသမီးတွေ တယောက်မှ အနားမှာ မရှိဖြစ်နေတာကို အရှင်ဂမ္ဘီရ ဘယ်လိုလုပ် မေ့ထားလို့ ရနိုင်ပါ့မလဲ။

သို့ပေမယ့် အရှင်ဂမ္ဘီရဆိုတဲ့ သံဃာ့အာဇာနည် ခေါင်းဆောင်တပါးဟာ နအဖ ထံ ဒူးထောက်ပြီး အဓမ္မကို ဘယ်တော့မှ အားပေးအားမြှောက် လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။

အရှင်ဂမ္ဘီရ ဖမ်းဆီးခံရခြင်း နှစ်ပတ်လည်မှာ အရှင်ဂမ္ဘီရကို ဒီစာလွှာနဲ့ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။


ကိုမော်
(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။)

မာနယ်ပလော

ရွှေအိမ်စည်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 15:44 - မြန်မာစံတော်ချိန်

(က)
ညသည် ….. ညဉ့်သုံးယံအား လွန်ခဲ့ပြီ။ အမှောင်ထုက ပိန်းပိတ်အောင် မှောင်နေဆဲ…..။ အရှေ့အရပ် ကောင်းကင်တွင် ကွဲအက်ကြောင်းရာအား မတွေ့ရသေး …..။ မြောက်လေက `မဲတုကွီ`တောင်ကြားလေး အတွင်းသို့ ဝှေ့ဝှေ့ရမ်းရမ်း တိုးဝင်လာသည်။ မြူနှင့် နှင်းသည် နေရာတိုင်း၌ ပြွတ်သိပ်၍ ထိုးဝင်နေသည်။ အင်ဖတ်အမိုးပေါ်က နှင်းစက်ကြွေသံအား ကြားရ၏။ မြောက်လေနှင့် ၀ါးရွက်တို့ ထိတွေ့ပွတ်တိုက်သံက မြွေဟောက်တကောင်၏ တွန်သံကဲ့သို့ပင် …..။ `မဲတုကွီ`ချောင်းငယ်၏ ရေစီးသံအား နရီမှန်မှန်ပင် ကြားနေရ၏။ `မဲတုကွီ`က ငြိမ့်ငြိမ့်အေးအေး စီးရင်း ……. ခရီးတိုအတွင်း `သောင်းရင်း`နှင့် ပေါင်း၏။

ည သည် …… တိတ်၍ .. ဆိတ်ငြိမ်၏။ စိမ့်၍ .. အေးခဲလျက်…..။

မာနယ်ပလောသည် အမှောင်ထုအတွင်း ငြိမ်သက်စွာ ၀ပ်နေသည်။ သားကောင်အား ခြောင်းမြောင်းနေသည့် ကျားရဲတကောင်ကဲ့သို့ …..။ အုပ်စုဖွဲ့ ပျံသန်းသွားသော ငှက်တို့၏ တောင်ပံခတ်သံအား သဲ့သဲ့ကြားရ၏။ အမှောင်ထုအတွင်း သူတို့ကား `နောတ` တောင်တန်းများဆီသို့ ….. ပျံသန်းသွားကြ၏။


(ခ)

ကျနော်တို့အဖွဲ့၏ ဌာနချုပ်က `မဲတုကွီ`ချောင်းငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်၏ အကြားတွင် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်က `ထီးသခီး` `မာနယ်ပလော` လမ်းအား အင်္ဂလိပ်စာလုံး တီပုံသဏ္ဍာန် ဦးတိုက်ထား၏။ လမ်းသွယ်၏ တဖက်အဆုံးတွင်မူ သောင်းရင်းမြစ်၏ လှေဆိပ်….။ ယခင်က ဤလမ်းသွယ်အား အမည်မှည့်ခေါ်ထားခြင်းမရှိ ….။ ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပြီးနောက်တွင် ဂုဏ်ပြု၍ မာနယ်ပလောတွင် ဒေါ်အောင်ဆန်းစုကြည်လမ်းဟူ၍ ဤလမ်းသွယ်အား မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ လမ်းသွယ်နှင့် ချောင်းရိုးငယ်အကြား ကျဉ်းကျပ်သော မြေနေရာ၌ပင် အဆောက်အဦများအား စီကာစဉ်ကာ ဆောက်ထား၏။ ဗဟိုရုံး၊ ဆေးခန်း၊ ခမ်းမကျယ်၊ စားရိပ်သာနှင့် လူနေအဆောက်အဦများ …..။ အင်ဖက်မိုး၊ သဲပွတ်ခင်း၊ သဲပွတ်ကာ အဆောက်အဦများ ….။ လမ်း၏ တဖက်တွင်မူ ကော်ဖီဆိုင်လေးများ ရှိသည်။

ကျနော်တို့ရုံး၏ အရှေ့ကုန်းမို့မို့ပေါ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ရှိသည်။ DAB ရှိသည်။ DAB ရုံးရှိရာမှ သောင်းရင်းဘက်သို့ နိမ့်ဆင်းသွားလျှင် ….. လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ် တည်ရှိ၏။ ကျနော်တို့ရုံး၏ နောက်ကျောဘက် ကုန်းမြင့်ပေါ်၌မူ အရှင်ခေမာစာရ၏ ရဟန်းပျိုများ သမဂ္ဂ ကျောင်းဝင်း ရှိသည်။ `မဲတုကွီ`ချောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လမ်းသွယ်က လျှိုငယ်လေးအတွင်း ရောက်နေသည်။

လျှိုအတွင်း ရောက်နေလားမသိ …… စိမ့်၍ အေးခဲလျက် …..။ ဘားတိုက်၏ အမိုးပေါ်သို့ နှင်းစက်ကြွေသံအား ကြားနေရသည်။ ငြိမ့်ငြိမ့်အေးအေး စီးဆင်းနေသော `မဲတုကွီ`ချောင်းငယ်၏ ရေစီးသံက နရီမှန်မှန်ပင်…..။ ညငှက်၏ တောင်ပံခတ်သံအား ဆိတ်ငြိမ်သော ညတွင် သဲ့သဲ့ …..။ ဘာသူစောင် ဟု ခေါ်သည့် ဂွမ်းစ အနည်းငယ်ပါသည့် စောင်အား နှစ်ထပ် … ထပ်ကာ ခြုံထားသော်လည်း အေးစိမ့်မှုသည် တွားသွား ၀င်ရောက်နေ၏။

နိုးနေပြီဖြစ်သော်လည်း ဆိတ်ငြိမ်စွာနှင့် အိပ်ယာအတွင်း ငြိမ်သက်စွာ……။ အားလုံးက နိုးနေကြပြီ ဖြစ်လိမ့်မည်။ တခုခု…..။ အားလုံး၏ အသိတွင် တခုခုအား ရင်မောစွာနှင့်…..။ အာရုံသည် လှပသန့်စင်စွာ မွေးဖွားလာမည်လား …..။ တခုခု …..။

``စေ့စပ်လို့ မရတော့ဘူးဗျာ…..``

မနေ့ညနေက စားရိပ်သာအတွင်း ညစာစားရင်း ဥက္ကဌ ပြောခဲ့သည့် စကားသံများအား ကြားယောင်နေ၏။ ဥက္ကဌ၏ မျက်နှာသည် ချောင်၍ နေသည်။ ယခုရက်ပိုင်းအတွင်း ဥက္ကဌ အလုပ်များခဲ့သည်။ စိတ်ပန်းကိုယ်ပန်း ဖြစ်ခဲ့သည်။ သုမွဲထနှင့် မာနယ်ပလော ကူးချည်သန်းချည်နှင့် ကူးလူးခဲ့ရသည်။ ဥက္ကဌတို့၏ သုမွဲထ၊ မာနယ်ပလော လွန်းပျံ ဒီပလိုမေစီက ……. ဗိုလ်ချုပ်မောင်မောင်နှင့် ဖဒိုမန်းရှာတို့ နှစ်ဦးအား သုမွဲထမှ ပြန်လာနိုင်ခဲ့ကြသည်။ ဤမျှသာ …..။ မတတ်နိုင်…..။ ရံဖန်ရံခါတွင် သမိုင်းသည် သူရေးထိုးချင်သလို ရေးထိုးတတ်ကြ၏။

အာရုံသည် နှောင်းလေစွ ….။ အလင်းသည် ၀ိုးတ၀ါး …..။ စမ်း၍ …. စမ်း၍ အမှောင်ထုအတွင်းသို့ ချည်းနှင်းဝင်လာ၏။ ရင်မောလှစွ …..။

ပို့ယမ်းပေါက်ကွဲသံအား သဲ့သဲ့ကြားရ၏။ `လောကွားလူ` ကုန်းဘက်မှ ဖြစ်မည်။ တစက္ကန့်… နှစ်စက္ကန့်… သုံး… လေး… ငါး … တဆယ့်ငါး…….။

ကျယ်လောင်သည့် ယမ်းပေါက်ကွဲသံကြီးအား ကြားရ၏။

နောက်ထပ် ….. နောက်ထပ် ….. နောက်ထပ် …..။ ဆင့်၍ ….. ဆင့်၍ …..။

`လောကွားလူ`ကုန်းမှ ပို့ယမ်းပေါက်ကွဲသံ သဲ့သဲ့…..။ ပြီးလျှင် ….`သုမွဲထ`ဆီမှ ကျယ်လောင်သည့် လက်နက်ကြီး ကျကွဲသံကြီးများ …..။ စိတ်အတွင်း ထင့်နေသော တခုခု …… သည် အစစ်အမှန် တကယ်ဖြစ်သွားပြီ။

`ချက်`ခေါ်သံအား ကြားမိ၏။ မြည်မြည်ဟီးဟီး…..။ မာနယ်ပလောသည် `ခွေ`ခံရပြီလား……။

ရွှေအိမ်စည်

နိုဝင်ဘာ ၁၄ ၊ ၂၀၀၈ သတင်း

ဂျိန်းစဘွန်းဝန်ကြီး ဦးအောင်သောင်း ဂေါက်အိတ်ကယ်ရီအမျိုးသမီး ချောချောတွေနဲ့မှ ဂေါက်ရိုက်ချင်
NEJ/ ၁၄ နိုဝင်ဘာ ၂၀၀၈
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် မန္တလေးမှာ ဂေါက်သီးရိုက်ရန်မလာမီ မန္တလေးတိုင်း စက်ရုံမှူးများအား ဂေါက်အိတ်ကယ်ရီအမျိုးသမီးချောချောများ ရှာထားပေးရန် တရားဝင် ကြေးနန်းဖြင့် အကြောင်းကြားလေ့ရှိသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ၀န်ကြီးဦးအောင်သောင်းလိုချင်သည့် ဂေါက်အိတ်ကယ်ရီ အမျိုးသမီးများ၏ အရည်အချင်းမှာ အရပ်ရှည်ရမည်၊ အသားဖြူရမည်၊ ကိုယ်သင်းနံ့ရှိရမည်၊ ဂျိုင်းပတ်စောမနံစေရ ဖြစ်ပြီး ထိုအရည်အချင်းများနှင့် ပြည့်စုံသည့် အမျိုးသမီးနှစ်ဦးကို အသင့်ရှာထားပေးရန် အစိုးရကြေးနန်းဖြင့် စက်ရုံမှူးများထံ တရားဝင် ကြိုတင်မှာကြားလေ့ ရှိကြောင်း ၀န်ကြီးလက်ထောက်တဦးက ပြောသည်။

မန္တလေးတိုင်းစက်ရုံမှူးများသည် ၀န်ကြီးဦးအောင်သောင်း လာမည်ဆိုတိုင်း ဦးအောင်သောင်း လိုချင်သည့် ဂေါက်အိတ်ကယ်ရီအမျိုးသမီးမျိုး အချိန်မီရှာရန် အခက်အခဲရှိသည့်အတွက် အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးသမီးများကို ကြိုတင်ရှာပြီး စက်ရုံများတွင် အလုပ်အကိုင် ဖန်တီး ခန့်ပေးထားရသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

“၀န်ကြီး ဦးအောင်သောင်းဟာ တခြားဝန်ကြီးတွေလို နေပြည်တော်မှာ ဂေါက်ရိုက်လေ့ မရှိပါ ဘူး။ ကြံ့ဖွံ့စည်းရုံးရေးကိစ္စနဲ့ မန္တလေးကို စနေ-တနင်္ဂနွေ ရောက်တိုင်း ပုသိမ်ကြီး ရေတံခွန် တောင် ဂေါက်ကွင်းနှင့် မေမြို့အတက် ရွှေစာရံဂေါက်ကွင်းတွေမှာ ဂေါက်ရိုက်လေ့ ရှိပါတယ်။ ဒီအချိန်တွေမှာ ၀န်ကြီး ဦးအောင်သောင်းလိုချင်တဲ့ ဂေါက်အိတ်ကယ်ရီ အမျိုးသမီးတွေကို လက်အောက်ခံအရာရှိတွေက ဖန်တီးပေးရတာပါ။ ဒီအရာရှိတွေ ရင်ထဲ ဘယ်လို ခံစားရမလဲ တွေးကြည့်ပေါဗျာ” ဟု စက်ရုံမှူးများနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ခေတ်ပြိုင်သို့ ပြောသည်။

ဝန်ကြီး ဦးအောင်သောင်းအကြိုက်ဆုံး ဂေါက်အိတ်ကယ်ရီအမျိုးသမီးမှာ ရန်ကုန် ဒညင်းကုန်းဂေါက်ကွင်းမှ အရပ်ရှည်ရှည်၊ အသားဖြူဖြူ အမျိုးအစား အမျိုးသမီးတဦးဖြစ်ပြီး ထိုအမျိုးသမီးကို လစဉ် အုတ်ပါမစ် စသည့်ပါမစ်များ သိန်းရာနှင့်ချီရအောင် ပေးထားသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန် ကျားကျောင်းဆရာတော်အား ထောင် (၈) နှစ်ချ
မြင့်မိုးဇော် / ၁၄ နိုဝင်ဘာ ၂၀၀၈
စက်တင်ဘာရဟန်းသံဃာတော်များ၏ ဆုတောင်းမေတ္တာပို့လမ်းလျှောက်ပွဲအပြီးတွင် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ အာဏာပိုင်များ ၀င်ရောက်စီးနင်းရာ၌
အဖမ်းခံထားရသော ဆရာတော် ဦးစန္ဒိမာ (ကျားကျောင်း) ပုဇွန်တောင်မြို့နယ်အား ယမန်နေ့က ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးစန္ဒိမာအား မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် တရားစွဲဆိုခဲ့ပြီး ကျောက်တံတားတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခ) ကိုဝဏ္ဏနွယ်ကိုလည်း အဆိုပါပြစ်မှုများဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဦးစန္ဒိမာနှင့် ကိုဝဏ္ဏနွယ်တို့သည် ထောင်ဒဏ်များ ချမှတ်ခြင်းခံခဲ့ပြီးသော်လည်း နောက်ထပ် အသင်းအဖွဲ့ ပုဒ်မ (၆) နှင့် ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့်အမှုများဖြင့် ဆက်လက် တရားစွဲဆိုခြင်းခံထားရပြီး နိုဝင်ဘာ (၂၃) ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ကိုကျင်လှိုင်ကို လည်း အာဏာပိုင်များက ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးခဲ့ပြီး ယခုအခါ ကျောက်တံတားတရားရုံးကပင် ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်တဦး ထံမှ သိရသည်။ ယင်းနေ့၌ပင် ဦးစောမိုးဇက်အား မတရားအသင်းပုဒ်မ (၁၇/၁-၂) နှင့် (၁၃/၁(က) စသည့်ပုဒ်များဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် နိုင်ငံတကာအသိုင်းအ၀န်းမှ တောင်းဆို နေစဉ်မှာပင် ယခုရက်ပိုင်းအတွင်း နအဖစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ပရိဘောဂစက်ရုံမှ အလုပ်သမားများအား ခံစားခွင့်အပြည့်မပေးဘဲ အလုပ်ဖြုတ်
မြင့်မိုးဇော် / ၁၄ နိုဝင်ဘာ ၂၀၀၈

ပြီးခဲ့သည့် နိုဝင်ဘာ (၁) ရက်က ဒဂုံမြို့သစ်မြို့နယ်တောင်ပိုင်း စက်မှုဇုန် (Beautiful island) ကြိမ်နှင့် ပြုလုပ်သော ပရိဘောဂစက်ရုံမှ အလုပ်သမ (၃၀) နှင့် လုပ်သား (၄) ဦးတို့အား အလုပ်မှထုတ်ပစ်ခဲ့သည်ဟု အလုပ်သမားများက ပြောသည်။

ယခုကဲ့သို့ အလုပ်ထုတ်ပစ်ခံရသူများအား စက်ရုံမှ (၃) လစာ ပေးရမည့်အစား (၂) လစာကို သာပေးပြီး ဖြုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖြုတ်ခံရသူများထဲတွင် ပါဝင်ခဲ့သူ မဝေေ၀အောင်က ပြောကြားသည်။

၎င်းက “စက်ရုံက လူများထုတ်ပစ်ရခြင်းမှာ ယခုအခါ စက်ရုံထုတ် ပစ္စည်းများအား အ၀ယ်နည်း လာသဖြင့် စက်ရုံပိုင်ရှင်အနေဖြင့် ယခုကဲ့သို့ ထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဖြုတ်ပစ်သည့်အထဲတွင် မပါဝင်ဘဲ ကျန်နေခဲ့သူများအနေဖြင့်လည်း ယခင်ကခံစားခဲ့ရသော ရက်မှန်အလုပ်ဆင်းကြေးအဖြစ် ရရှိသည့် (၃,၀၀၀) ကျပ်နှင့် ခရီးစရိတ် (၃,၀၀၀) ကျပ်တို့ကို ဆက်လက်ပြီး ခံစားခွင့်မပြုတော့ဟု” ပြောသည်။

ကျန်ရစ်ခဲ့သောအလုပ်သမားများအနေဖြင့် ခံစားခွင့်များကို အပြည့်အ၀ခံစားခွင့်မရှိတော့ သော်လည်း စက်ရုံတွင် လူနည်းသွားသဖြင့် ယခင်ကထက်ပိုပြီး ပင်ပန်းစွာလုပ်ဆောင်နေကြရ ကြောင်း သိရှိရသည်။

စက်ရုံပိုင်ရှင်မှာ တရုတ်အမျိုးသားဖြစ်ပြီး အဆိုပါ ပရိဘောဂစက်ရုံမှာ
အလုပ်သမားအင်အားစုစုပေါင်း (၁၀၀) ကျော်ရှိသည်။ အလုပ်သမား အမျိုးသမီး (၃၀) နှင့် အမျိုးသား(၄) ဦးကို လျှော့လိုက်သော်လည်း စက်ရုံမှာမူ မပိတ်သေးကြောင်း စုံစမ်းသိရသည်။

တကမ္ဘာလုံးစီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများလည်း စီးပွားရေးအကျပ်အတည်းဒဏ် ခံနေကြရပြီဟုလည်း စက်ရုံအသိုင်းအ၀န်းနှင့်နီးစပ်သူ များအကြား ပြောဆိုနေကြသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မှူးများ ပိုင်ဆိုင်မှုကို အမေရိကန်ထိန်းချုပ်
UWSA ကို မူးယစ်ဆေးအဖွဲ့အဖြစ် အမေရိကန်သတ်မှတ်
NEJ/ ၁၄ နိုဝင်ဘာ ၂၀၀၈
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အပါအ၀င် ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူး များနှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိသော လူပုဂ္ဂိုလ် (၂၆) ဦးနှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိုင်ဆိုင်မှုထိန်းချုပ်မည့် စာရင်းအတွင်း၌ ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့ကို Kingpin Act ခေါ် နိုင်ငံခြားသားမူးယစ်ဆေး ရာဇာများဆိုင်ရာ ဥပဒေအရ စာရင်းအတွင်း ထည့်သွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

သို့သော် ထုတ်ပြန်ချက်အတွင်း၌ ယူဒဗလျူအက်စ်အေ တပ်မှူးများ၏အမည်များသာဖော်ပြထားပြီး အရေးယူမည့်အခြားကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

OFAC မှ လက်ထောက်ညွှန်မှူးဖြစ်သူ Barbara C. Hammerle က “၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးနဲ့ သြဇာအရှိဆုံး မူးယစ်ဆေး အဖွဲ့အစည်းတခုဖြစ်ပါတယ်။ နိုင်ငံခြားကို စိတ်ကြွဆေးအပါအ၀င် တခြားမူးယစ် ဆေးတွေ အဓိကထုတ်လုပ်တင်ပို့နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် OFAC က ၀တပ်မှူးတွေနဲ့ သူတို့အဖွဲ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာပိုင်ဆိုင်မှုတွေကို အဓိကထား ထိန်းချုပ်ဖို့ သတ်မှတ်တာပါ။ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်နည်းတူ လုပ်ဆောင်ဖို့ကို လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။

ဝေရှောက်ခန်အား ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဇွန်လ (၁) ရက်တွင် မူးယစ်ဆေး အဓိကရောင်းဝယ်သူ နိုင်ငံခြားသားတဦးအဖြစ် Kingpin Act အရ အမေရိကန်အစိုးရက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခု မေလ (၂၉) တွင် ထပ်မံအတည်ပြု သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၀၅ ခု နှစ်ဆန်းပိုင်းတွင် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက ဝေရှောက်ခန်အား ၎င်း၏ ညီများဖြစ်သည့် ဝေရှောက်လုံ၊ ဝေရှောက်ယင်တို့နှင့်အတူ မူးယစ်မှုရာဇ၀တ်သားများအဖြစ် ဖမ်းဆီးရန် အမှုဖွင့်ထားပြီးလည်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝေရှောက်ခန်အား ဖမ်းမိရန် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ (၂) သန်းပေးမည်ဟု ထုတ်ပြန်ထားသည်။

ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်ကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက ဝေရှောက်ခန်နှင့်အတူ မူးယစ်ရာဇာတဦး အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုမေလအတွင်း၌ ဟော်ချွင်းထင်နှင့် ယနေ့ ဘဏ္ဍာရေးထိန်းချုပ်မှုစာရင်းတွင် ပါဝင်သည့် ဟုန်ပန်းကုမ္ပဏီ မန်နေဂျာတဦး ဖြစ်သည့် ဆစ်ကော်နန် တို့နှစ်ဦးအား မူးယစ်ဆေးလုပ်ငန်းမှငွေမဲများကို ခ၀ါချနေသူများအဖြစ် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက စွပ်စွဲခဲ့သည်။ ၂၀၀၇ ခု အောက်တိုဘာလအတွင်း၌ ဟောင်ကောင်အာဏာပိုင်များက ဟော်ချွင်းထင်ကို ဖမ်းဆီးမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ မူးယစ်ရာဇာများအပေါ် ယခုကဲ့သို့ ဘဏ္ဍာရေးထိန်းချုပ်မှုများပြုလုပ်ခြင်းသည် Kingpin Act ဥပဒေအရ နိုင်ငံတကာ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းမှ တစိတ်တပိုင်းဖြစ်သည်။ OFAC က ၂၀၀၀ ပြည့်နှစ် ဇွန်မှစ၍ အဆိုပါ ဥပဒေအရ နိုင်ငံတကာရှိ မူးယစ်ရာဇာ (၇၅) ဦးနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၄၀၀) ကျော်ကို ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား
မင်းနိုင်သူ / ၁၄ နိုဝင်ဘာ ၂၀၀၈
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက ပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး
အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးက
မိန့်ကြားသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲမှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်စည်ကားကားမရှိဘဲ ရန်ကုန် ရပ်ကွက်အတော်များများ တန်ဆောင်မုန်းလပြည့်ညမှာပင် မီးပျက်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံများ စီးပွားရေးကျပ်တည်းကြသည့်အတွက် ခါတိုင်း တန်ဆောင်တိုင် စည်ကားနေကျ လှည်းတန်း၊ ကြည့်မြင်တိုင် စသည့်နေရာများတွင် မစည်ကားဘဲ ဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

အမေရိကန်က မူးယစ်မှောင်ခိုသူများနှင့် ဆက်နွယ်သူများကို ဒဏ်ခတ်ပိတ်ဆို့မည်
ဧရာဝတီ ၊ နိုဝင်ဘာ ၁၄ ၊ ၂၀၀၈

မှုးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နာမည်ကြီးနေသော ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA) ခေါင်း ဆောင်အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၂၆ ဦး နှင့် ကုမ္ပဏီ ၁၇ ခု တို့ကို အမေရိကန်ဘဏ္ဍရေး ဝန်ကြီး ဌာနက စီးပွားရေးအရအရေးယူ ပိတ်ဆို့ကြောင်း ယမန်နေ့ က ကြောညာလိုက်သည်။

၎င်းအရေးယူမှုတွင် မြန်မာစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသည့် UWSA ခေါင်းဆောင် ဝေရှောက်ခမ်း ကို အဓိက အရေးယူထားပြီး သူနှင့်ပတ်သက်ဆက်နွယ်သည့် မြန်မာနိုင်ငံရှိ စီပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များ နှင့် ၎င်းတို့နှင့် ဆက်နွယ်သည့် အမေရိကန်နိုင်ငံသားများပါ အရေးယူခံရမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ အရေးယူပိတ်ဆို့လိုက်ခြင်းဖြင့် အမေရိကန်နိုငံတွင် ၎င်း စီးပွားရေးလုပ်ငန်းရှင် ၂၆ ဦးနှင့် စီးပွားရေး ကုမ္ပဏီ ၁၇ခု တို့၏ ပိုင်ဆိုင်မှုပစ္စည်များ၊ ငွေကြေးပိုင်ဆိုင်မှုများရှိခဲ့ပါကအသုံးပြုခွင့် မရရန် ထိန်းချူပ်ထား လိုက်ခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် နယူးရောက်မြို့ရှိ အမေရိကန် ဗဟိုအစိုးရရှေ့နေများက ဝေရှောက်ခမ်းနှင့်အတူ သူ၏ ညီအစ်ကို တော်စပ်သူများကိုလည်း မှုးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဥပဒေချိုးဖောက်သူများ အဖြစ် စွဲချက် တင်ထားပြီး ဖြစ်သည်။

ထိုသို့ ဒဏ်ခတ်ပိတ်ဆို့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့ရန်ပုံငွေအဖွဲ့မှ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ယခုလိုပြောသည်။

“လက်ရှိမြန်မာနိုင်စစ်စိုးရက ဒီမိုကရေစီလမ်းကြောင်းကိုမသွားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေ တာကို ကမ္ဘာ့နိုင်ငံတွေကလည်း သိပါတယ်။ အမေရိကန်တနိုင်ငံကသာ၂၀၀၃ခုနှစ် နောက်ပိုင်းမှစပြီး နအဖ စစ်အစိုးရကို ပြင်းထန်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို လုပ်လာခဲ့ပါတယ်။ ဒါဟာ စီပွားရေးယို ပေါက် တွေကို ထိရောက်တဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်”ဟု ဦးစိန်းဌေးက ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇပိုင် ကုမ္ပဏီကြီးများ၊ ဘိန်းရာဇာတို့၏ ကုမ္ပဏီကြီးများက တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်များကို ရောင်းချမှုများပြုပြီး ငွေမည်းကနေငွေဖြူ အဖြစ်ငွေကြေး ငွေခဝါချမှုများ ကိုပြုလုပ်ကာ စစ်တပ် အင်အားကြီးထွားလာစေရန် ပံ့ပိုးကူညီနေခြင်းသာဖြစ်သည်ဟုလည်း ဦးစိန်ဌေး ကပြောသည်။

“ဒီတော့ စီးပွားရေးယိုပေါက်တွေဖြစ်တဲ့ နအဖကိုအကျိုးပြုတဲ့ စစ်အစိုးရရဲ့ ဒေါက်တိုင် ကြီးများကို ဖြုတ်လိုက်ခြင်းဖြင့် ဒီကုမ္ပဏီကြီးတွေကို စီးပွားရေးအရ တိတိကျကျ သတ်သတ်မှတ်မှတ ပစ်မှတ်ထားပြီး ပိတ်ဆို့ခြင်းကလည်း ထိရောက် ပါတယ်”ဟု ဦးစိန်ဌေးက ဆက်ပြောသည်။

UWSAအဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံး မူးယစ်ဆေးဝါးထုတ်လုပ်သည့် မူးယစ်မှောင်ခို အဖွဲ့ကြီး တခုဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ ပြီးဖြစ်သည်။

ဝေရှောက်ခမ်းကို ၂၀၀၀ ခုနှစ်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူအဖြစ်သတ်မှတ်ထားခဲ့ပြီး သူ၏အဖွဲ့အစည်း (UWSA) ကိုလည်း၂၀၀၃ ခုနှစ်တွင် မူးယစ်မှောင်ခိုအဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုက ဝေရှောက်ခမ်းကိုဖမ်းဝရမ်းထုတ်ထားပြီး သူ့အားဖမ်းဆီးနိုင်သူနှင့် သတင်းပေး သူကို အမေရိကန်ဒေါ်လာ၂ သန်းအထိ ပေးမည်ဟု ဆုငွေထုတ်ထားပြီးဖြစ်သည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့အရေးယူသည့် ဥပဒေ ကို ၁၉၉၇ ခုနှစ် မေလ၂၀ရက်နေ့က အမေရိကန် ဥပဒေပြုလွှတ်တော်တွင် စတင်ချမှတ်ခဲ့သည်။

မသန့်သော ဆေးထိုးအပ်ကြောင့် ထောင်တွင်း၌ ကဗျာဆရာတဦး အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရ
ကိုစိုး နိုဝင်ဘာ ၁၄ ၊ ၂၀၀၈

ရန်ကုန် အင်းစိန်ထောင်တွင်း၌ စစ်အစိုးရက ဖမ်းဆီးအကျဉ်းချထားသော ကဗျာဆရာ ကိုအောင်သန်း သည် အိပ်ခ်ျအိုင်ဗီ ကူးစက်ရောဂါ ခံစားနေရပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေမှာ ဆိုးဝါးနေကြောင်း သိရှိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် တဦးဖြစ်ပြီး အသက် ၃၆ နှစ်ရှိ ယင်း ကဗျာဆရာ ကိုအောင်သန်းသည် လွန်ခဲ့သည့် ၂ နှစ် ခန့်တွင် အင်းစိန်ထောင် ဆေးရုံက ၎င်းအား အဓမ္မ ဆေးထိုးပေးခဲ့ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်း သမားများ(RSF)အဖွဲ့နှင့် ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ(BMA)အဖွဲ့တို့က ကိုအောင်သန်း၏ မိခင်နှင့် မိတ်ဆွေ တချို့ကို ကိုးကား၍ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

“အခုကြားရတဲ့ ဖြစ်ရပ်ဆိုး သတင်းမျိုးဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့လုပ်ရပ် တခုတည်း ကြောင့် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါ ကြောင့် အခုထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးဝါးစွာခံစားနေရတဲ့ ကိုအောင်သန်းကို အမြန်ဆုံး ပြန်လွှတ်ပြီးတော့ ဆေးကုသခံယူခွင့်ပေးဖို့ တောင်းဆိုပါတယ်”ဟု RSF နှင့် BMA အဖွဲ့တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်“ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲ သွားရောက်ကူညီခွင့်ရအောင် နိုင်ငံ တကာ အသိုင်းအ၀န်းက ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်”ဟုလည်း ၎င်းအဖွဲ့ နှစ်ဖွဲ့ က ထည့်သွင်း ဖော်ပြထားသည်။

ယင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့(ICRC)ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း သို့သွားရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ ICRC သည် ၁၉၉၉ ခု နှစ်မှစတင်၍ အကျဉ်းထောင်များအတွင်း သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက“ကျနော်တို့ သိရသလောက် မြန်မာနိုင်ငံ အကျဉ်းထောင်တွေရဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုက အတ်ာညံ့ဖျင်း ပါတယ်၊ အထူးသဖြင့် ICRC ထွက်သွားပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်၊ ဒါကြောင့် ICRC လို့အဖွဲ့ကြီးအနနဲ့ ဒီအကျဉ်းထောင်တွေထဲကို သွားရောက်ခွင့်ရရင် ကောင်းပါမယ်”ဟု ပြောဆို သည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက အမျိုးသား ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာနှင့် ပတ်သက်ပြီး အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံယူရာ ယင်းထောင်ဆေးရုံမှ ၀န်ထမ်းတဦးက တာဝန်ရှိ ဆရာဝန် ညွှန်ကြားချက်အရ မဟုတ်ဘဲ ဆေးထိုးပေးခဲ့ကြောင်း၊ ထောင်ဆေးရုံတွင် မသန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုသည်ကို မကြာခဏ တွေ့ရသောကြောင့် ကိုအောင်သန်းက ဆေးထိုးခံရမည်ကို ငြင်းဆိုသော်လည်း ဆေးရုံ ၀န်ထမ်းက အဓမ္မ ဆေးထိုးပေးခဲ့ကြောင်း ကိုအောင်သန်း၏ မိခင် ဒေါ်ခင်စီနှင့် မိတ်ဆွေတဦး က ပြောပြသည်ဟုလည်း RSF နှင့် BMA တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လ အနည်းငယ်ကြာပြီးနောက် ကိုအောင်သန်း၏ ကိုယ်ခံအားကျဆင်းလာပြီး မကြာခဏအဖျားတက်၍ အရေပြား များ အမြဲတမ်းကဲ့သို့ အေးနေကာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်လာသောကြောင့် ကိုအောင်သန်းက ၎င်းအား ဆေးစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေသော လက္ခဏာများသည် အေအိုင်ဒီအက်စ် ဝေဒနာရှင် တဦးဖြစ်သည့် ရောဂါလက္ခဏာများ ဖြစ်ကြောင်း ဆရာဝန်များက မှတ်ချက်ပေးသောကြောင့် ကိုအောင်သန်းမှာ ထောင်တွင်း၌ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံခဲ့ရသည်မှာ သေချာကြောင်း RSF နှင့် BMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အင်းစိန်ထောင်တွင်း၌ အကျဉ်းသားများ အဓမ္မဆေးထိုးခံရမှု များစွာရှိကြောင်းနှင့် BMA အဖွဲ့ဝင် တဦး၏ မိတ်ဆွေ တဦးသည်လည်း အဓမ္မဆေးထိုးခံရပြီးနောက် အေအိုင်ဒီအက်စ် ရောဂါဖြင့် ထောင်တွင်း၌ပင် သေဆုံးခဲ့ ဖူး ကြောင်းလည်း သိရသည်။

အဆိုပါ ကိုအောင်သန်းသည် ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံရေးသားထား သော“ဒေါင်းမာန်”အမည်ရှိ ကဗျာများ ရေးသားထုတ်ဝေမှုဖြင့် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၉ နှစ် ချမှတ် ခံထားရသူဖြစ်သည်။ ၎င်းနှင့် အတူ ပဲခူးမြို့ရှိ ယင်းကဗျာများကို ပုံနှိပ်ပေးသူ ကိုမောင်မောင်ဦး၊ ကိုဇေယျ အောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ကိုစိန်လှိုင်တို့သည်လည်း ထောင်ဒဏ်များ အသီး သီး ချမှတ်ခံခဲ့ရကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်
ကိုသက် နိုဝင်ဘာ ၁၄၊ ၂၀၀၈

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယာယီရုံးထိုင်လျက်ရှိသည့် ထောင်တွင်းတရားရုံးများက အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီ အသိုင်းအဝန်းနှင့် အင်းစိန်ထောင်အသိုင်းအဝန်းက ပြောဆိုကြသည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့် ကိုဆန်းဝင်းတို့အပါအဝင် လှိုင်သာယာမှ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုသန့်ဇော်မြင့်အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှာသူများအား နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ ပိုများလာသည်ဟုလည်း ဦးဉာဏ်ဝင်းက စစ်အစိုးရကို ဖေဝန်လိုက်သည်။

ကိုသန့်ဇင်မျိုး၏အကိုဖြစ်သူ ကိုသန့်ဇင်ဦးက “တရားမျှတမှုလုံးဝမရှိဘူး … မြန်မာနိုင်ငံတရားစီရင်ရေးစနစ်က ဒီလောက် အထိ ယိမ်းယိုင်သွားပြီဆိုတော့ ကျနော်တို့မြန်မာတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခပေါ့ … အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေလည်း အလကားဖြစ်ကုန်ပြီပေါ့” ဟု ပြောသည်။

“အများပြည်သူရှေ့မှောက်မှာ တရားစီရင်နေရာက အမိန့်ချခါနီးကျမှ ဘယ်သူမှလာရောက်ကြားနာခွင့်မရတဲ့ တံခါးပိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာကိုကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ပေါ်လွင်နေပါပြီ” ဟုလည်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် မကြည်ကြည်ဝါ၊ ကိုကျော်ဇင်ဝင်း၊ ကိုအောင်ကျော်ဦး၊ ကိုကျော်ကျော်လင်းနှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအား မတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့် နောက်ထပ် ၆ နှစ်၊ ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့် နောက်ထက် ၅ နှစ် ချမှတ်လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့လည်း ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

ယခုအပတ်အတွင်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ်ထိ ချမှတ်ပြန်
သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 21:03 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။

တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။

"အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာ လမ်းပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။

ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။

သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီဝတ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။

ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။

ဝ ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို အမေရိကန် ထိန်းချုပ်
ဇာနည်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 18:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသောကြောင့် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိပ်သီး ခေါင်းဆောင်များနှင့် သူတို့နှင့် ဆက်နွယ်သော ကုမ္ပဏီများ ပိုင်ဆိုင်မှုများကို ထိန်းချုပ်သော တားမြစ် အရေးယူမှု ပြုလုပ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သော အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘိန်းရာဇာတဦးဖြစ်သော ဝေရှောက်ခန် အပါအ၀င် "၀" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပုဂ္ဂိုလ် ၂၆ ဦးနှင့် ရန်ကုန်အဲယားဝေး၊ ဟုန်ပမ်း ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုတို့ကို မူးယစ်ဆေးဝါးဆိုင်ရာ ကင်းပင်း အက်ဥပဒေအရ သူတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှု ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ဆက်သွယ်မှု တားမြစ်သည်ဟု အမေရိကန် အစိုးရ ဘဏ္ဍာရေးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ဌာန (OFAC) ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

"ဒီနေ့ OFAC က 'ဝ' စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ ငွေကြေးကို ဦးတည်ပြီးတော့ သူတို့ရဲ့ ကြီးမားတဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်လိုက်တယ်။ တခြားတိုင်းပြည်တွေကလဲ ဒီလိုမျိုးလုပ်ကြဖို့ ပြောချင်ပါတယ်" ဟု ဟမ်မရယ်က ပြောသည်။

ဝေရှောက်ခန်၏ ညီနှစ်ဦးဖြစ်သော ဝေရှောက်လောင် နှင့် ဝေရှောက်ရင်၊ UWSA၏ စစ်သေနာပတိချုပ်တဦးဖြစ်သော ပေါင်ယုဆိုင်နှင့် ညီအစ်ကို ၅ ဦး၊ ဟိုချန်တင်နှင့် ရှီခူနန်တို့အပါအ၀င် သူတို့၏ မိသားစုဝင်များနှင့် သူတို့နှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့မှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

"UWSA ဟာ အရှေ့တောင်အာရှတခွင်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့၊ ဖြန့်ချီ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အကြီးဆုံးနှင့် အာဏာ အရှိဆုံး အဖွဲ့စည်းတခု ဖြစ်တယ်" ဟု OFACမှ ဒုညွှန်ကြားရေးမှူး ဘာဘရာ စီ ဟမ်မရယ်က ကြေငြာချက်တွင် ပြောကြားသည်။

တားမြစ်ခံရသော ကုမ္ပဏီများတွင် ဟုန်ပန်း ကုမ္ပဏီလုပ်ငန်းစု လက်အောက်မှ ဟုန်ပန်းအမည်နှင့် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်တူးဖော်ရေး၊ အထည်အလိပ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ၊ စင်ကာပူနှင့် မြန်မာရှိ တက်ခမ်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ တက်ခမ်း ကျောက်မျက် ကုမ္ပဏီ၊ ရန်ကုန်အဲဝေး လေကြောင်းလိုင်း၊ Vest Spectrum (S) pte., Ltd. တရုတ်နိုင်ငံမှ Dehong Thailong Hotel Co., Ltd၊ ထိုင်းနိုင်ငံမှ Sangsiri Kankaset Company Limited နှင့် Khum Thaw Company Limited တို့ပါဝင်သည်။
ကင်းပင်းအက်ဥပဒေမှ တားမြစ်ချက်များကို ချိုးဖောက်လျှင် အဖွဲ့စည်းလိုက် ပါဝင် ပတ်သက်မှုအတွက် ငွေဒဏ် အမေရိကန် ဒေါ်လာ ဆယ်သန်း အထိ၊ တဦးချင်း ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ဒေါ်လာ ၅ သန်းအထိနှင့် ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ်များ ကျခံရနိုင်သည်။

အမေရိကန် အစိုးရက ဝေရှောက်ခန်ကို ဖမ်းမိလျှင် ဒေါ်လာ ၂သန်းအထိ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ သမတ ဘုရှ်က ၂၀၀၅ ခုတွင် ဝေရှောက်ခန်တို့ ညီအစ်ကို ၃ ဦးနှင့် ပေါင်ယုဆိုင် ညီအစ်ကို ၅ ဦးတို့ကို ဘိန်းရာဇာ စာရင်းတွင် ထပ်မံ ထည့်သွင်း ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် ဝေရှောက်ခန်သည် UWSA ၏ အကြီးတန်း စစ်ဦးစီးချုပ်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်သားဖြစ်သူ ဝေရှောက်ခန်သည် တရုတ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာပြီးနောက် ဘိန်းဘုရင် ခွန်ဆာ၏ ဘဏ္ဍာထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင်မူ ခွဲထွက်ပြီးနောက် ကိုယ်ပိုင် ဘိန်းအင်ပါယာများကို တည်ထောင်ခဲ့ကြသည်။ ဝေရှောက်ခန် ညီအစ်ကိုများသည် ၁၉၈၉တွင် ပေါင်ယုဆိုင် ညီအစ်ကိုများ၏ UWSA နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အကြီးတန်း အရာရှိ တဦးအဖြစ် ပါဝင်ခဲ့သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်ခံ ဖြစ်ခဲ့ရာမှ ၁၉၈၉ ခုနှစ် မတ်လအတွင်းတွင် အင်အား နှစ်သောင်းကျော်နှင့် ခွဲထွက်ပြီး UWSA ဟု ၀ များက ထူထောင်ခဲ့သည်။ များမကြာမီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်။

အပစ်ခတ် ရပ်စဲပြီးနောက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ မြောက်ဖက်ရှိ ပန်ဆန်းမှ မြောက်ဖက် ယိင်းချန်းဒေသအထိ တရုတ် - မြန်မာ နယ်စပ်ကို '၀' အထူးဒေသ (၂) ဟု သတ်မှတ်နေထိုင်သည်။

မြန်မာကို ဘင်းစတက် အဖွဲ့ဝင်အဖြစ်မှ ရပ်ထားသင့်ဟု တက်ကြွလှုပ်ရှားသူများ ပြော
မုံပီး
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံသားများအပေါ် အခွင့်အရေး ချိုးဖောက်မှု ဆက်လက် ကျူးလွန်နေသည့် မြန်မာနိုင်ငံအား “ဘင်္ဂလားပင်လယ်အော် နည်းပညာနှင့် စီးပွားရေး ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့” ၏ အဖွဲ့ဝင်ဖြစ်မှုကို ပြန်လည် သုံးသပ်ပါရန်နှင့် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားပါရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဤအဖွဲ့၏ ခေါင်းဆောင်များအား ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။

ဒေလီရှိ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာ့အရေးစင်တာ Burma Center Delhi အဖွဲ့က မြန်မာနိုင်ငံ အဖွဲ့ဝင်အနေဖြင့် ရှိနေခြင်းဖြင့် အဖွဲ့၏ ယုံကြည် ကိုးစားခံရမှုကို ကျဆင်းစေနိုင်သောကြောင့် မြန်မာစစ်အစိုးရအား BIMSTEC ဘင်းစတက် အဖွဲ့ဝင် နိုင်ငံအဖြစ်မှ ရပ်ဆိုင်းထားပါရန် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

"မြန်မာစစ်အစိုးရက လူ့အခွင့်အရေးများကို ဆက်လက် ကျူးလွန်ဖောက်ဖျက် နေခြင်းကြောင့် ဤအဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစရာ ဖြစ်ရသည်" ဟု အဖွဲ့၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒေါက်တာ အလာနာဂိုလ်မေ က မဇ္ဈိမကို ပြောသည်။

"အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိန္ဒိယနိုင်ငံကို တောင်းဆိုချင်တာက နိုင်ငံရဲ့ ဖခင်ကြီးတွေဖြစ်ကြတဲ့ ဂန္ဓီနဲ့ နေရူးတို့ ချမှတ်ခဲ့ကြတဲ့ လမ်းကြောင်းအတိုင်း ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ရပ်တည်လုပ်ဆောင်ကြပါ" ဟု ဂိုလ်မေက ဆက်ပြောသည်။

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးတို့အတွက် အတူတကွ လက်တွဲ ဆောင်ရွက်နေကြသော ဤဒေသတွင်း အဖွဲ့ကြီးအနေဖြင့် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း အကြီးအကျယ် ချိုးဖောက်နေသော နိုင်ငံတနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံထားခြင်းဖြင့် အဖွဲ့၏ ရည်မှန်းချက်များနှင့်လည်း ဆန့်ကျင်ဖီလာဖြစ်၊ အရှက်ရဖွယ်လည်းဖြစ်သည်ဟု ဂိုလ်မေ က ဆိုသည်။

ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်သော နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော မြန်မာစစ်အစိုးရသည် ဘင်းစတက် အဖွဲ့ကြီး၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို နယူးဒေလီမြို့၌ စတင် ဖွင့်လှစ်လိုက်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာပင် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြင့် ဤအဖွဲ့ကြီး၏ သိက္ခာနှင့် ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ဂုဏ်သိက္ခာတို့ကို လုံးဝ အလေးမထားကြောင်း သက်သေပြလိုက်သည်ဟုလည်း မြန်မာ့အရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

"ဤအချက်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုချက်ဖြစ်သော အခြေခံ လူ့အခွင့်အရေးများကို “နအဖ” က လျစ်လျူရှုလိုက်သည့် ငြင်းမရသော သက်သေပြချက်တရပ် ဖြစ်သည်" ဟု စစ်အစိုးရ၏ တရားဝင် အမည်ဖြစ်သော “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” ဆိုသည့် အမည်ကို ရည်ညွှန်းကာ ရေးသားထားသည်။

အိန္ဒိယနိုင်ငံ အနေဖြင့်မူ နိုင်ငံ၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော မူဝါဒသည် အိန္ဒိယနိုင်ငံ၏ အခြေခံရပ်တည်ချက် မူဝါဒများနှင့် “ဆန့်ကျင်ဖီလာ” ဖြစ်နေသည်ဟု ဂိုလ်မေက ပြောသည်။

"အိန္ဒိယအနေဖြင့် မိမိတို့သည် အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဆိုသည်ကို သိရှိသင့်ပြီး၊ ဤမြန်မာ စစ်အစိုးရနှင့် မဆက်ဆံဘဲ နေခြင်းဖြင့် မိမိကိုယ်မိမိ လေးစားကြောင်း ပြသသင့်သည်" ဟု ဂိုလ်မေက ရေးသားထားသည်။

ဤအတောအတွင်း နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားကြသူများကလည်း ဘင်းစတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာဝန်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်ကို လက်မခံဘဲ ငြင်းပယ်ပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲတရပ်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြသည်။

ခရီးစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ ၅ဝ ခန့်က ကြွေးကြော်သံများ အော်ဟစ်ကာ မြန်မာဝန်ကြီးချုပ် ရုပ်ပုံကြီးတခုကို မီးရှို့ခဲ့ကြသည်။

ဘင်းစတက်အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌစနစ်အရ မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ တာဝန်ကို ၂ဝဝ၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။

ဤလူသတ်သမား စစ်အစိုးရကို ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းဖြင့် အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည်ဟု ဒေါက်တာဂိုလ်မေ က အလေးပေးပြောကြားခဲ့သည်။

"အခြား အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ ၂ဝဝ၉ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန် ယူမှာကို ခွင့်မပြုသင့်ပါဘူး" ဟု သူက ပြောသည်။

သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်
မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 16:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်" ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။

ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။

နှစ်ရှည်ထောင်ဒဏ်ချသည်များကို အမေရိကန်က ရှုတ်ချ
မုံပီး
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:09 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက အတိုက်အခံ ၃၀ ဦးအပေါ် ၆၅ နှစ်ထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ရှုတ်ချလိုက်သည်။

ယခုလို ရှုတ်ချမှုအပြင် အဆင့်တိုင်းတွင်လည်း ပြဿနာများ ပိုမို တိုးပွားလာစေနိုင်သည်ဟုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

"စစ်အစိုးရက အနည်းဆုံး နိုင်ငံရေးလှုပ်ရှားသူ ၃၀ ယောက်အပေါ် ၂ နှစ်ကနေ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ စီရင်ချက် ချမှတ်တဲ့အပေါ် ကျနော်တို့ အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်" ဟု သူက ပြောသည်။

ရောဘတ်ဝုဒ်၏ ထုတ်ပြန် ကြေညာချက်သည် ၈၈ မျိုးဆက်ကျောင်းသားများဟု လူသိများသည့် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ၁၄ ဦး အပါအဝင် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူဦးရေ အနည်းဆုံး ၃၀ ဦးအား မြန်မာစစ်အစိုးရ အာဏာပိုင်များက အင်္ဂါနေ့တွင် ထောင်ဒဏ် ၂ နှစ်မှ ၆၅ နှစ်အထိ စီရင်ချက်ချပြီး နောက်တရက်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကျောင်းသားများ၊ ဘုန်းတော်ကြီးများ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အတွက် ထိုအချိန်ကတည်းက ဖမ်းဆီခံခဲ့ရသည်။

မြန်မာနိုင်ငံအား စစ်တပ်မှ ပြနှ်လည်၍ အုပ်ချုပ်နိုင်ရန်အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလက စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် လက်ရှိ စစ်အစိုးရ အာဏာပိုင်များသည် ပြီးခဲ့သည့်နှစ် ရွှေဝါရောင် ဆန္ဒပြသူများအား သွေးထွက်သံယိုဖြစ်သည်အထိ နှိမ်နှင်းခဲ့ရာ အနည်းဆုံး လူဦးရေ ၃၀ သေဆုံးခဲ့သည်။ ထို့အပြင် အဓိက လှုပ်ရှားသူများကိုလည်း မရပ်မနား ရှာဖွေ ဖမ်းဆီးလျက် ရှိသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) ၏ အဆိုအရ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသား ဥဲီးရေမှာ ယမန်နှစ် ဆန္ဒပြပွဲများ မတိုင်ခင်က ခန့်မှန်းခြေ ဦးရေ ၁၁၀၀ ခန့်သာ ရှိခဲ့ရာမှ ဦးရေ ၂၁၀၀ ကျော်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ဆိုသည်။

မကြာသေးခင်က ပြစ်ဒဏ်ချမှတ်ခံရသူများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အား ချက်ချင်းလွှတ်ပေးရန် မြန်မာစစ်အစိုးရအား အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်ဟု ရောဘတ်ဝုဒ်က ပြောကြားသည်။

အမေရိကန်အစိုးရသည် ထိုကိစ္စအတွက် အဆင့်အမျိုးမျိုးတွင် မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားကြောင်း ဝုဒ်က ဆိုသည်။

အမေရိကန်အစိုးရ၏ ရှုတ်ချမှုသည် အတိုက်အခံများအား ထောင်ဒဏ်များ ချမှတ်ရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာမှ ဝေဖန်မှုများနှင့် တညီတညွတ်တည်း ဖြစ်သွားသည်။ ကနေဒါ၊ ဗြိတိန်နှင့် ဂျာမဏီသည် အစောပိုင်းကတည်းက ကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခြင်း ခံခဲ့ရသည်။

မြန်မာ့ တရားစီရင်ရေးစနစ် အပြစ်အနာအဆာရှိဟု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော
ဆော်လမွန်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 11:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အတိုက်အခံ ၃ဝ ကျော်ကို အင်္ဂါနေ့က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည့် မြန်မာ့တရားစီရင်ရေး စနစ်သည် စစ်အစိုးရ၏ ခြယ်လှယ်ခြင်းကို ခံနေရပြီး၊ အပြစ်အနာအဆာများ ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ပြောပါသည်။

"မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ် မရှိပါဘူး" ဟု ယခု ရက်သတ္တပတ် အစောပိုင်းက အတိုက်အခံများကို ၆၅ နှစ်အထိ နှစ်ရှည် ထောင်ဒဏ်များ ပေးအပ်ခဲ့သည်ကို ရည်ညွှန်းကာ ကင်တားနားက မဇ္ဈိမသို့ အင်တာဗျူး ဖြေကြားရာတွင် ပြောဆိုသွားပါသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို စုံစမ်းစစ်ဆေးရန် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာ ကင်တားနားက နိုင်ငံရေး လှုပ်ရှားသူများကို စစ်ဆေးပုံကို ကြည့်လျှင် "တရားမျှတသော တရားစီရင်ရေး ဟု မပြောနိုင်ကြောင်း" ပြောသွားပြီး၊ အစိုးရ အနေဖြင့် ဤသို့ အပြစ်ပေးမှုများကို ပြန်လည် စဉ်းစားသင့်ကြောင်းလည်း ပြောပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့ ကုလ အထူးသံတမန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေး လှုပ်ရှားသူများအပေါ် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေသည်ကို ကန့်ကွက် ရှုတ်ချနေသော်လည်း ယနေ့ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၁၁ ဦးကို ထောင်ဒဏ် ၇ နှစ်ခွဲစီ ထပ်မံ အပြစ်ပေးလိုက်ပြန်ပါသည်။

ယမန်နေ့ကပင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေငြာချက်တရပ် ထုတ်ပြန်ရာတွင် ဤသို့ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး လှုပ်ရှားသူများကို အလွန်ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်လျက်ရှိသည် ဟု ဖေါ်ပြ ရေးသားထားပါသည်။

"ဤနိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်နှင့် အားလုံး ပါဝင်နိုင်သော အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတရပ် အနေဖြင့် မြန်မာနိုင်ငံသား အားလုံးကို မိမိတို့ တိုင်းပြည်၏ နိုင်ငံရေး အနာဂါတ်အတွက် လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်ပေးရန် သူ (မစ္စတာဘန်ကီမွန်း) က ထပ်မံတောင်းဆိုပါသည်" ဟု ကြေငြာချက်တွင် ရေးသား ဖေါ်ပြထားပါသည်။

ကျင်းပရန် စီစဉ်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံအားလုံးကို ကြိုတင် ရှင်းလင်းထားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု အတိုက်အခံ အဖွဲ့အစည်းများက ဝေဘန် ပြောဆိုနေကြသော ဤစစ်အစိုးရ၏ လုပ်ရပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ရှုတ်ချနေကြသည်ကို ယခု ဤစကားများဖြင့် မစ္စတာဘန်နှင့် မစ္စတာကင်တားနားတို့က လိုက်ပါ ထောက်ခံ ပြောဆိုလာကြခြင်း ဖြစ်ပါသည်။

ဤနိုင်ငံရေး တက်ကြွ လှုပ်ရှားသူများသည် မျှတသော တရားစီရင်ရေးကို မရရှိခဲ့ကြသဖြင့် သူတို့အား ဤသို့စီရင်ချက် ချထားခြင်းများကို ပြန်လည် စဉ်းစားသုံးသပ်ရန် မစ္စတာကင်တားနားက အလေးအနက်ပြု ပြောဆိုပါသည်။ ၂ဝဝ၉ ခုနှစ် မတ်လအတွင်း သွားရောက်ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ထားသော ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဤလွတ်လပ်သော တရားစီရင်ရေးစနစ်နှင့် မျှတမှုရှိသော တရားရုံးများကိစ္စကို စုံစမ်းမေးမြန်းသွားမည်ဟု သူကပြောပါသည်။

"ကျနော်မြန်မာနိုင်ငံကို ၂ဝဝ၉ ခုနှစ် မတ်လ မတိုင်မီ နောက်တခေါက် ပြန်သွားနိုင်ဘို့ ကြိုးစားနေပါတယ်။ အဲဒီအခါ ကျရင် တရားစီရင်ရေးစနစ် အကြောင်းဟာ ကျနော် ဆွေးနွေး ပြောဆိုမှာတွေထဲက တခုဖြစ်မှာပါ" ဟု မစ္စတာ ကင်တားနားက မဇ္ဈိမ ကို ပြောပါသည်။

သြဂုတ်လအတွင်း ပထမအကြိမ် သွားရောက်ခဲ့စဉ်က လူ့အခွင့်အရေးဆိုင်ရာ အဓိကအချက် ၄ ချက်ကို စဉ်းစားပါရန် စစ်အစိုးရကို ကုလ အထူးကိုယ်စားလှယ်က အဆိုပြုခဲ့ပါသည်။ ယင်းအချက် ၄ ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အပြည်ပြည်ဆိုင်ရာသို့ တာဝန်ရှိမှုများနှင့်အညီ အမျိုးသား ဥပဒေပြုရေးကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်၊ တပ်မတော်ကို ပြန်လည်သုံးသပ်ရန် နှင့် အာဏာကို မည်သို့ ကျင့်သုံးသည် ဆိုသည်ကို လေ့လာရန်တို့ ဖြစ်ပါသည်။

မစ္စတာကင်တားနား က "နောက်တကြိမ်သွားတဲ့အခါ ကျနော့် ရည်မှန်းချက် ပန်းတိုင်တွေထဲက တခုက ဒီလူ့အခွင့်အရေးဆိုင်ရာ အဓိကအချက်ကြီး ၄ ခုကို အကောင်အထည်ဖေါ်ဘို့ စစ်အစိုးရနဲ့ ဆက်သွယ်ရေး ထူထောင်ထားဘို့ပါဘဲ" ဟု ပြောပါသည်။

"မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ ကျနော်နဲ့ အခြား လူ့အခွင့်အရေး အေဂျင်စီတွေကို စိန်ခေါ်နေတဲ့ လုပ်ငန်းတာဝန်တရပ် ဖြစ်ပါတယ်" ဟု အဆိုပါ အထူးကိုယ်စားလှယ်က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဟယ်လာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်ဖွယ်ရှိ
15 November 2008
မအေးသန္တာကျော်

အမေရိကန်ပြည်ထောင်စုမှာ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဘားရက် အိုဘားမား ရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် နယူးယောက်က အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် ကို ခန့်အပ်ဖို့ ရာထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တချိန်တည်းမှာပဲ မစ္စတာ အိုဘားမား နဲ့ သူ့ရဲ့ ယှဉ်ပြိုင်ဖက်ဖြစ်တဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း တို့ဟာလည်း အိမ်ဖြူတော်မှာ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမှာပါ။ ဗွီအိုအေ သတင်းထောက် ဂျင် မက်လုံး သတင်းပေးပို့ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

အထက်လွှတ်တော်အမတ် ဟယ်လာရီ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ ချီကာဂိုမြို့မှာ ကြာသပတေးနေ့က တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ လာမယ့် သောကြာနေ့မှာ နယူးယောက်မှာ မိန့်ခွန်းတခု မပြောခင်တုန်းကတော့ နောက်တက်မယ့် နိုင်ငံခြားရေးဝန်ကြီး သူ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ပြောဆိုဖို့ မစ္စ ကလင်တန် က ငြင်းဆန် သွားခဲ့ပါတယ်။

“သမ္မတ သစ်ရဲ့ အစိုးရ အဖွဲ့သစ်နဲ့ ပတ်သက်ပြီး ကျမ ဘာမှ ခန့်မှန်းပြောဆိုတာ မလုပ်ဘူးလို့ ပြောပါရစေ။ သမ္မတ သစ်ရဲ့ လုပ်ငန်းစဉ်ကို ကျမတို့ ဂါရ၀ ထားရပါမယ်။ မေးစရာရှိရင် သူ့ရဲ့အဖွဲ့ကို တိုက်ရိုက်မေးသင့်ပါတယ်။”

မစ္စ ကလင်တန် ပြောသွားတာ ဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်း ဒီမိုကရက်တစ် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတုန်းက မစ္စ ကလင်တန် နဲ့ မစ္စတာ အိုဘားမားတို့ဟာ တဖက်နဲ့တဖက် ခါးခါးသည်းသည်း သဘောထားတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြီးတော့ ဒုတိယ သမ္မတလောင်းအဖြစ် နဲ့ ရွေးချယ်တော့လည်း မစ္စတာ အိုဘားမားက မစ္စ ကလင်တန် ကို မရွေးဘဲနဲ့ ဒလ၀ဲပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒန် ကို ရွေးချယ်ခဲ့ တာကိုလည်း မစ္စ ကလင်တန်ကို ထောက်ခံသူတချို့ စိတ်ပျက်ခဲ့ကြပါတယ်။ မစ္စ ကလင်တန် ရဲ့ တချို့ အပေါင်းအဖော်တွေကတော့ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်တာကို သဘောကျနေကြပါတယ်။ သမ္မတ ဘေကလင်တန် လက်ထက်မှာ အိမ်ဖြူတော်ရဲ့ လက်ထောက်အဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဘလက်ဒီ ဒေးဗစ် က စီဗွီအက်စ် ရုပ်မြင်သံကြားရဲ့ မနက်အစောပိုင်း အစီအစဉ်မှာ အခုလို ပြောသွားပါတယ်။

“မစ္စ ကလင်တန်ဟာ ထူချွန်တဲ့ အမျိုးသမီး တယောက်ပါ။ တဖက်သား ပြောတဲ့စကားကို သေသေချာချာ နားထောင် တတ်တယ်။ ကမ္ဘာ့အရေးတွေကို ကြည့်တဲ့နေရာမှာလည်း သူများနေရာက ၀င်ပြီး ကြည့်ပေးတတ်ပါတယ်။ ဒါကြောင့်မိုလို့ သူဟာ တော်တဲ့ အထက်လွှတ်တော်အမတ် တယောက် ဖြစ်နေတာပါ။ ဒီအချက်ကပဲ သူ့ကို ထူးချွန်တဲ့ နိုင်ငံခြားရေးဝန်ကြီးတဦး ဖြစ်စေပါလိမ့်မယ်။”

သမ္မတ ဘေကလင်တန် လက်ထက်က အိမ်ဖြူတော် လက်ထောက်ဖြစ်ခဲ့သူ ဘလက်ဒီ ဒေးဗစ် ပြောသွားတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် ခန့်အပ်ခွရမယ်လို့ အများက ခန့်မှန်းကြသူတွေထဲမှာတော့ ဒီမိုကရက်တွေ ဖြစ်ကြတဲ့ မန်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ နဲ့ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘေးလ် ရစ်ချက်ဆန် တို့အပြင် အခုဆိုရင် မစ္စ ကလင်တန်လည်း စာရင်းထဲမှာ ပါလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံခြားရေးဝန်ကြီး ဖြစ်နိုင်သူ စာရင်းထဲမှာ အင်ဒီယားနားပြည်နယ်က ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ချက် လူကာ နဲ့ နာဘရားစကား ပြည်နယ်ရဲ့ ရီပါပလစ်ကန် အထက်လွှတ်တော်အမတ်ဟောင်း ချက် ဟီဂယ် တို့လည်း ပါဝင်ပါတယ်။

အခုချိန်ထိတော့ မစ္စတာ အိုဘားမားရဲ့ အစိုးရအဖွဲ့သစ်မှာ ဘယ်သူ့ကို ရွေးချယ်ဖို့ စဉ်းစားနေတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် သတင်းတွေ သိပ်ထွက်မလာသေးဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။ မစ္စတာ အိုဘားမား ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့က သိပ်ကို လျှို့လျှို့ဝှက်ဝှက်နိုင်လို့ အပြင်က ဘာမှ သိပ်မသိရပါဘူးလို့ အကဲခတ်တွေက ပြောပါတယ်။ ဒီကြားထဲမှာတော့ သမ္မတသစ်အဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ မစ္စတာ အိုဘားမား ဟာ သူ့ပြိုင်ဘက် ဖြစ်ခဲ့တဲ့ အယ်ရီဇိုးနားပြည်နယ် ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တနင်္လာနေ့မှာ တွေ့ဆုံလိမ့်မယ်လို့ သူ့ရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ က ပြောပါတယ်။ မစ္စတာ အိုဘားမားဟာ မစ္စတာ မက်ကိန်းကို သူ့ရဲ့ အစိုးရ အဖွဲ့သစ်မှာ ခန့်ထားမယ်လို့တောက အကဲဖြတ်တွေက မယူဆထားပါဘူး။ ဒါပေမယ့် ဇန်န၀ါရီလက စပြီးတော့ အစိုးရအဖွဲ့သစ် အာဏာတွေ လွှဲပြောင်းယူတဲ့အချိန်ကျရင်တော့ ပူးပေါင်းဆောင်ရွက်လို့ရမယ့် လုပ်ငန်းမျိုးတွေကို သူတို့ပြောဆို ဆွေးနွေးနိုင်ကြတယ်လို့ ခန့်မှန်းကြပါတယ်။

စီဘီအက်စ် သတင်းဌာနရဲ့ နိုင်ငံရေးအကြံပေးလည်းဖြစ်၊ အန္တလန်းတစ် သတင်းစာရဲ့ အယ်ဒီတာလည်း ဖြစ်တဲ့ မာ့က် အဲန်မင်တန် က အခုလို သုံးသပ်ပါတယ်။

“သူတို့နှစ်ယောက်အနေနဲ့ အနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ မစ္စတာ ဘားရက်အိုဘားမား အနေနဲ့ မစ္စတာ ဂျွန်မက်ကိန်းကို သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနိုင်မှာပါ။ သိထားရမှာက ဂျွန်မက်ကိန်းရဲ့ အဓိကမူက သူဟာ လမ်းရိုးလမ်းဟောင်းကို လိုက်သူ မဟုတ်ဘူး။ ပါတီ စည်းမထားတဲ့ ပြုပြင်ပြောင်းလဲရေး သမား ဖြစ်တယ် ဆိုတာပါပဲ။”

မစ္စတာ အိုဘားမားရဲ့ အာဏာလွှဲပြောင်းယူရေးအဖွဲ့ဟာ အိမ်ဖြူတော်ဝန်ထမ်း အဖြစ် ဘယ်သူတွေကို ထပ်ပြီးတော့ ခန့်အပ်မလဲ၊ ၀န်ကြီးအဖွဲ့ဝင် အဖြစ်နဲ့ ဘယ်သူတွေကို ရွေးချယ်ထားလဲ ဆိုတာ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ ကြေညာနိုင်ပါတယ်။

မစ္စတာ အိုဘားမားဟာ လာမယ့်နှစ် ဇန်န၀ါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ Capital အဆောက်အဦ လှေခါးထစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဥရောပ ၁၅ နိုင်ငံ စီးပွားရေး ကျဆင်း
14 November 2008
ယူရိုငွေကို နိုင်ငံတော် ငွေကြေး အဖြစ် သတ်မှတ် အသုံးပြုနေတဲ့ နိုင်ငံ ၁၅ နိုင်ငံဟာ တရားဝင် စီးပွါးကျကပ်ထဲ ရောက်ရှိနေပြီလို့ ဥရောပ သမဂ္ဂက ပြောပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာ့ ခေါင်းဆောင်တွေက ကမ္ဘာ့ ငွေကြေး အကျပ်အတည်းကို ဆွေးနွေးဖို့ ၀ါရှင်တန်မှာ စုံညီ ရောက်ရှိ နေကြပါတယ်။

တတိယ သုံးလပတ် စီးပွါးရေး တိုးတက်မှုဟာ ယူရိုငွေသုံး ဇုံမှာ ၀.၂ % ကျသွားတယ်လို့ အီးယူက ပြောပါတယ်။ အရင် သုံးလပတ် တုန်းကလည်း အလားတူး ကျဆင်းခဲ့ပါတယ်။

ယူရိုငွေသုံး ဇုံအတွင်းက နိုင်ငံတွေ ဖြစ်ကြတဲ့ ဂျာမနီ နဲ့ အီတလီ နိုင်ငံတို့ ဟာ စပိန် နဲ့ အိုင်ယာလန် နိုင်ငံတွေကို သွားပူးပေါင်းလို့ ယခု စီးပွါးကျ ကပ်ထဲ ရောက်နေပါပြီ။ ဒါပေမဲ့ ပြင်သစ် နိုင်ငံကတော့ ၀.၁ % စီးပွါးရေး တိုးတက်သွားတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ စာရင်းတွေက ပြသပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ ၀ယ်လိုအား ကျလာတာကြောင့် တတိယ သုံးလပတ် မှာ စီးပွါးရေး ကျသွားခဲ့တယ်လို့ ဟောင်ကောင်က ကြေညာပါတယ်။
ဒီ အချိန်မှာပဲ၊ ကမ္ဘာ့ ငွေကြေး အကြပ်အတည်းနဲ့ ပတ်သက်ပြီး မဟာ စီးပွါးရေး နိုင်ငံတွေနဲ့ တက်သစ်စ စီးပွါးရေး နိုင်ငံတွေ ပါဝင်မယ့် နိုင်ငံ ၂၀ က ခေါင်းဆောင်တွေဟာ ၀ါရှင်တန်မှာ ဆွေးနွေး ကြပါတော့မယ်။ သမ္မတ ဘုရှ် က သောကြာနေ့မှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ ဧည့်ခံဖို့ ရှိပါတယ်။ စနေနေ့မှာ တရားဝင် အစည်းအဝေး စမှာဖြစ်ပါတယ်။

နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ
14 November 2008
ကိုအောင်လွင်ဦး

ဒီရက်ပိုင်းအတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက ဆက်တိုက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေရမှာ ဒီကနေ့ဆိုရင်လည်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင် စုစုပေါင်း ၂၀ လောက်ကို နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်ချနေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီကနေ့ ဆက်လက်ပြီး ထောင်ဒဏ် ၁၆ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဒီတပတ်ထဲမှာပဲ နေ့စဉ်ရက်ဆက် ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့ နေရာမှာ အခုနောက်ဆုံး ဆိုရင်လည်း ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေကနေ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အနည်းဆုံး (၁၇) ဦး ကို ပြစ်ဒဏ်တွေ ဆက်လက် ချမှတ်ခဲ့တာပါ။ အခုနောက်ဆုံး ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရသူတွေဟာ ပြီးခဲ့တဲ့နှစ်ထဲတုန်းက ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီပွဲတွေ နောက်ဆက်တွဲ ဖမ်းဆီး ခံထားရသူတွေ ဖြစ်ကြပြီးတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစုလူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေနဲ့ အမြင့်ဆုံးထောင်ဒဏ်ပြစ်ဒဏ် ၁၆ နှစ် အထိ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ် ဖမ်းဆီးခံရာက အဲန်အယ်လ်ဒီ ပါတီဝင်တွေ အခုလို ပြစ်ဒဏ်စီရင်ခံရတဲ့အထိ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောပြရာမှာတော့ -

“အများဆုံးက ၁၆ နှစ်၊ အားလုံး အဲန်အယ်လ်ဒီကပဲ။ ဒီကနေ့ အဲန်အယ်လ်ဒီ ပါတီဝင်တွေ ထောင်ချခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူတို့နဲ့ နီးစပ်သူ လူငယ်ပါတီဝင် တဦး ကလည်း အခုလို ပြောပြပါသေးတယ်။ အနည်းဆုံးက ၂ နှစ်၊ ၂ နှစ်ခွဲ။ ဒီမှာ ကျနော် ပြောနိုင်တာ တယောက် ရှိတယ်ဗျ။ ဦးတင်မြင့် ဆိုတာ သာကေတ က သူ့ကို ၂ နှစ်ခွဲ ချတယ်။ အဲဒီလူဟာ လူကြီးဗျ။ အသက် ၅၅ နှစ်၊ ၆၀ လောက်ရှိပြီ။ အဖွဲ့ချုပ် ရုံးမှာဗျာ ရုံးလုံခြုံရေးအတွက် ရှိတယ်။ သူက သူ့အဖမ်းခံရတဲ့နေ့က ကျနော် သိတယ်ဗျ။ အဲဒီမှာ အဲန်အယ်လ်ဒီတချို့က ဟိုဘက် ရွှေဂုံတိုင် ဘက်ကနေ ပြီးတော့ ချီတက်လာတော့ ဒီဘက်က အာဏာပိုင်ထဲကပေါ့ဗျာ။ အာဏာပိုင်လား။ စွမ်းအားရှင်လား မသိဘူး။ ပဋိပက္ခ ဖြစ်တော့ သွားကြည့်တယ်ဗျ။ တခြား ဘာမှလုပ်တာ မဟုတ်ဘူး။ အခု ၂ နှစ်ခွဲတောင် ချတယ်။ ထိန်းသိမ်းဖို့သွားတဲ့သူက ၂ နှစ်ခွဲ ကျတယ်။ အဲတော့ ကျန်တဲ့သူတွေ ကျူးလွန်တာတွေနဲ့ ပတ်သက်ရင်လည်း ကျနော် သိသလောက်က သူတို့က ကုန်ဈေးနှုန်း အတွက် ဆန္ဒပြကြတယ်ဗျ။ အားလုံးတော့ မဟုတ်ဘူး။ တချို့ဟာတွေပေါ့။ ဆန္ဒပြယုံသက်သက်ပဲ ဘာမှ လုပ်တယ်လို့ ကျနော် မသိဘူး။ ပြစ်ဒဏ်တွေကတော့ ၁၆ နှစ်တို့ဘာတို့ဆိုရင် အရမ်းများတာပဲဗျ။ တကယ်လုပ်ရတာဟာ ဘာလဲ ဆိုတာ လုပ်တဲ့လုပ်ရပ်နဲ့ ပြစ်ဒဏ် မမျှတဘူးလို့တော့ ထင်ပါတယ်။”

ဒီကနေ့ အဲန်အယ်လ်ဒီပါတီဝင်တွေ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သူတို့နဲ့ နီးစပ်သူ အဲန်အယ်လ်ဒီ ပါတီဝင်တဦးက အထူးတရားခွင်တွေရဲ့ စီရင်ချက်တွေနဲ့ပတ်သက်လို့ အခုလို ပြောပြပါသေးတယ်။

“ဒီနေ့ ချတဲ့သူတွေကတော့ ကျနော်တို့ လှိုင်သာယာ က ကမာရွတ် မြို့နယ်တရားသူကြီးကနေပြီးတော့ အင်းစိန် တရားရုံးမှာ လာပြီးတော့ သန့်ဇင်မျိုးကို ၉ နှစ်ခွဲ၊ အံ့ကျော်မြင့် ကို ၉ နှစ်ခွဲ၊ သန်းဝင်းကို ၉ နှစ်ခွဲ။ သူတို့နဲ့ အမှုတွဲ တတွဲတည်း ဖြစ်တဲ့ သိုက်မင်း (ကမာရွတ်) ကို ၇ နှစ်ခွဲ၊ ကျော်စိုးဝင်း (လှိုင်သာယာ) ကို ၇ နှစ်ခွဲ၊ ဒေါ်မငယ် (မြောက်ဥက္ကလာ) ကို ၇ နှစ်ခွဲ။ အဲဒီခြောက်ယောက်အပြင် ဒဂုံ မြို့နယ်က ညီညီမင်း နဲ့ ကိုတင်ဝင်း ကို ၂ နှစ်၊ ဒီ ၆ ယောက် ကမာရွတ်မှာ အဖမ်းခံ ရတာကတော့ ဆီတွေ ကုန်ဈေးနှုန်းတွေ ကျဆင်းရေးအတွက် သူတို့က ပြန်ပြီး Campaign လုပ်ရင်းနဲ့ ကမာရွတ်မြို့နယ် ကနေပြီးတော့ ဖမ်းပြီးတော့ တရားစွဲပြီးတော့ အင်းစိန် အထူး တရားရုံးမှာ ဒီနေ့ အမိန့်ချမှတ်လိုက်တာပါ။ ၂၀၀၇ ခုနှစ် ၈ လပိုင်း ၂၈ ရက်နေ့က အဖမ်းခံရတာ။ ညီညီမင်း နဲ့ ကိုတင်ဝင်း ကတော့ ဒီ စက်တင်ဘာ ပြီးမှ သူတို့တွေကို ၅၀၅ (ခ) နဲ့ စွဲချက်တင်ပြီးတော့ ဒဂုံ တောင်ပိုင်း တရားရုံးကနေပြီးတော့ သူတို့ကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တာ။”

အခုနောက်ဆုံး ထောင်ဒဏ် စီရင်ခံခဲ့ရသူတွေထဲမှာ ရန်ကုန်တိုင်းအတွင်းက အဲန်အယ်လ်ဒီ ပါတီဝင် ၁၄ ယောက် အပြင် မန္တလေးတိုင်းအတွင်းက တက်ကြွလှုပ်ရှားသူ အဲန်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ကြတဲ့ ကိုရွှေမောင်း၊ ကိုဝဏ္ဍအောင်၊ ကိုဇော်ဝင်း တို့ကိုလည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နှစ်ခါပြန် စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီး အပြစ်ပေးခဲ့တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

အခုနောက်ဆုံး ထောင်ဒဏ် ၉ နှစ် နဲ့ ၆ လ အထိ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုသန့်ဇင်မျိုး ရဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦး ကတော့ ဒီလို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ် နေတဲ့အပေါ် အခုလို ဆိုပါတယ်။

“သန့်ဇင်ဦး ကို အခု ကျနော် ထောင်ဝင်စာတွေ့ပြီး ထွက်လာတာလေ။ သူ ပြောပြတာက ဒီနေ့ အထူးရုံးမှာ သူ့ကို ထောင်ဒဏ် ၉ နှစ်ခွဲ ချလိုက်တယ်။ အဲဒီလို ၉ နှစ်ခွဲ မချခင်မှာ ဒီ ကမာရွတ် ရဲစခန်းကနေ ရဲတွေက လူလာ ထုတ်တယ်ပေါ့။ ဒီ အထူးရုံးနဲ့ ထောင်နဲ့ဆိုရင် သိပ်မဝေးဘူး။ နီးနီးလေးရယ်ပေါ့နော်။ အဲဒါကို ခြေကျင်း ခတ်တယ်။ လက်ထိတ်ပါ ခတ်တယ်။ ခြေကျင်းခတ်ယုံတင် တော်ပြီပေါ့ဗျာ။ လက်ထိတ်ခတ်တဲ့အပြင်ကို သူတို့က တရားရုံးကို ကျောခိုင်းထားတဲ့အခါကျတော့ အတင်းဆွဲပြီးတော့ လက်တွေ လိမ်ချိုးပြီးတော့ တရားသူကြီး ဘက်ကို လှည့်ခိုင်းတယ်။ အကြမ်းဖက်ပြီး လုပ်တယ်ပေါ့ဗျာ။ ထောင်ဒဏ်က ၉ နှစ်ခွဲ ချတယ်လို့ ပြောတယ်။ သန့်ဇင်မျိုးရယ်၊ မောင်ဆန်းဝင်း ရယ်၊ သန့်ဇော်မြင့် ရယ်ကို ၉ နှစ်ခွဲ စီ ချတယ်။ ပုဒ်မ က (၁၄၃)၊ (၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ ၅၀၅ (ခ) နဲ့ ချတာ ဖြစ်တယ်။ ဒီအမှုတခုမှာ တနေရာတည်းမှာ တခုတည်း ဖြစ်တယ် ဆိုလို့ရှိရင် အမြင့်ဆုံး ပြစ်ဒဏ်နဲ့ပဲ ချခွင့် ရှိတယ်လို့ ပြောတယ်၊ တပေါင်းတည်းပေါ့။ အခုဟာက သီးခြားစီဗျာ။ နောက်ဆုံး ၆ လချတဲ့ ပြစ်ဒဏ်လေးပါ လိုက်ချလိုက်သေးတယ်။ အဲဒီလို သီးခြားစီပေါ့။ အမှုတခုချင်းစီရဲ့ သီးခြားစီကို ချတာက အငြိုး အာဃာတ နဲ့ တမင်သက်သက် လုပ်သလို သက်ရောက်နေတယ်။ အဲဒီလိုကို ဖြစ်နေပါတယ်။”

ထောင်ဒဏ် ၉ နှစ် နဲ့ ၆ လ အပြစ်ပေးခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုသန့်ဇင်မျိုး ရဲ့ အကိုဖြစ်သူ ကိုသန့်ဇင်ဦး ဖြစ်ပါတယ်။ မနေ့တုန်းကလည်း ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုကပဲ အစောပိုင်းမှာ ကတည်းက တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဆန့်ကျင် သပိတ်မှောက်နေတဲ့ ကိုသန့်ဇင်မျိုး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် အကျဉ်းရုံး စီရင်ခဲ့သေးတယ်လို့လည်း အစ်ကို ဖြစ်သူက ပြောပါတယ်။

အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ
14 November 2008ကယ်လီဖိုးနီးယားပြည်နယ်
အထက် လွှတ်တော်အမတ် မစ္စဒိုင်ယန်းဖိုင်းစတိုင်း။
မေ ၂၃၊ ၂၀၀၆။
မြန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်
လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေ
ဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်
လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း
(Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ်
အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့က
ဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည်
ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုလည်း အထက်လွှတ်တော်အမတ်
မစ္စ ဖိုင်းစတိုင်းနဲ့ မစ္စ ဟတ်ချီဆန်တို့က တိုက်တွန်းလိုက်ပါတယ်။

မနေ့က မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ နောက်ထပ် ၂၀ ဦးထက်မနည်းကို
ရန်ကုန်က အထူးတရားရုံးတွေက ထောင်ဒဏ် ၂ နှစ်ကနေ ၁၂ နှစ်အထိ ချမှတ်လိုက်
ပါတယ်။ ထောင်ချခံရသူ အများစုဟာ အန်န်အယ်လ်ဒီပါတီအဖွဲ့ဝင် လူငယ်တွေဖြစ်ပြီး
တချို့ကတော့ ၈၈ မျိုးဆက် ကျောင်းသားအုပ်စုထဲက ဖြစ်ပါတယ်။

ထောင်ဒဏ်ချခြင်းသည် ရာဇ၀တ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး
14 November 2008
ကိုကျော်အောင်လွင်
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး ခေါ် သံဃာ့ လှုပ်ရှားမှုတွေအတွင်း မေတ္တာပို့ ကြွချီခဲ့ပြီး အဖမ်းအဆီး ခံထားရတဲ့ သံဃာတော်တွေထဲက ၉ ပါးကို အခုတပါတ်အတွင်းမှာပဲ ထောင်ဒဏ် ၆ နှစ် နဲ့ ၈ နှစ်အကြား အာဏာပိုင်တွေက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သံဃာတော်တွေ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ဒီရက်ပိုင်း နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး အပြစ်ပေးနေတာဟာ အစိုးရကိုယ်တိုင် ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်နေတာ လို့ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင် မြန်မာ ရဟန်းတော်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ က ပိုပြီးသိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ၀ိုင်းတော်သား ကိုကျော်အောင်လွင် က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ က မေတ္တာပို့ ကြွချီခဲ့ကြလို့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲက ၉ ပါးကို အခုတပတ် အတွင်းမှာပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် ပြည်ပမှာ ဖွဲ့စည်းထားတဲ့ သာသနာ့ ဥသျှောင် မြန်မာ ရဟန်းတော်များအဖွဲ့ က မြန်မာစစ်အစိုးရ ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြပါတယ်။ ဘင်္ဂလားရှေ့နိုင်ငံ အခြေစိုက် သာသနာ့ ဥသျှောင်အဖွဲ့ရဲ့ ဥက္ကဌ အရှင် မေဂိယ ကတော့ ရွှေဝါရောင် တော်လှန်ရေး မြန်မာပြည်တွင်းမှာ ဒုတိယအကြိမ် ပေါ်ပေါက်အောင် သူတို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“မတရားသဖြင့် ထောင်ချတယ် ဆိုပြီးတော့ ဦးပဉ္ဇင်း တို့ အသင်းကြီးက ကန့်ကွက်ပါတယ်။ ဒီသံဃာတော်တွေ ပြန်လည် လွတ်မြောက်လာရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေး အတွက် ဦးပဉ္ဇင်း တို့ ဒုတိယရွှေဝါရောင် ပေါ်ပေါက်လာရေး အတွက်သော်လည်းကောင်း ဦးပဉ္ဇင်းတို့ အစဉ်မပျက် ဆက်လက် ကြိုးပမ်းနေပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက်တဲ့ သာသနာ့ဥသျှောင် အဖွဲ့က ဥက္ကဌ ကိုယ်တော် အရှင် မေဂိယ မိန့်ကြားခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ အခြေစိုက်တဲ သာသနာ့ဥသျှောင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အရှင် ဥက္ကဌကလည်း မေတ္တာပို့တဲ့ သံဃာတော်တွေကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်တွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မညီမျှလွန်း အားကြီးတယ်လို့ မိန့်ကြားပါတယ်။

“ပေးတဲ့ ပြစ်မှုပြစ်ဒဏ်ကြီးက မကာအောင်ကို ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်တဲ့အလုပ်ကိုလည်း ဘာအတွက် လုပ်တယ် ဆိုတာလည်း တဖက်က ကြည့်သင့်တယ်။ ဒီသံဃာတွေ လမ်းပေါ်တက်ပြီး ဆန္ဒပြတယ် ဆိုတဲ့ဥစ္စာက နိုင်ငံကို စော်ကားဖို့လည်း မဟုတ်ဘူး။ ပြစ်မှု ကျူးလွန်တဲ့ဟာမျိုးလည်း မဟုတ်ဘူး။ မေတ္တာသုတ် ရွတ်တယ် ဆိုတဲ့ဥစ္စာက တကယ် တိုင်းသူပြည်သားတွေ ဆင်းရဲ လာတယ်၊ အဲဒီကိစ္စကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားတာလည်း ဖြစ်သလို ဆင်းရဲရာ ကနေပြီးတော့ လွတ်မြောက်ဖို့ဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီ အာဏာပိုင်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေလည်း ပါတာပဲ။ အဲဒါကြောင့် ဒီ သံဃာတော်တွေက နေပြီးတော့မှ လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတယ် ဆိုတာက အားလုံးအတွက် ပတ်သက်နေတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒီ အာဏာပိုင်အဖွဲ့အစည်းက နေပြီးတော့ ကြီးလေးတဲ့ ပြစ်မှုကြီးတွေ ပေးတယ်ဆိုတဲ့ဥစ္စာဟာ အင်မတန်ကိုပဲ ဆိုးရွားတဲ့ ပြစ်မှုကြီးတွေ လို့ပဲ ဦးပဉ္ဇင်းတို့ သာသနာ့ဥသျှောင် ရဲ့ ကိုယ်စား ဦးပဉ္ဇင်း တို့ ဒီလိုပဲ မြင်ပါတယ်။”

ဒီလို မြန်မာစစ်အစိုးရ ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရှားတို့ သံဃာတော်တွေအတွက် နိုင်ငံတကာမှာ ဘာတွေများ လုပ်ဆောင်ဖို့ ရှိပါသလဲဘုရား။ -

“နိုင်ငံတကာမှာကတော့ ဒီ သံဃာတော်တွေ သာသနာ့ ဥသျှောင်ကနေ ဦးဆောင်ပြီးတော့ လုပ်တာကတော့ ဖမ်းဆီးခံ ထားရတဲ့ သံဃာတော်တွေ အပါအ၀င် ပေါ့လေ။ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် နိုင်ငံတကာ သိအောင်ဆိုပြီးတော့မှ လုပ်နေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ပြည်ပကနေ လုပ်နိုင်တဲ့အပိုင်းပေါ့လေ။ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြည်တွင်းမှာ တတ်နိုင်တဲ့အလုပ်ကို လုပ်ကြမှာပဲ။ မတရားတဲ့ ပြစ်မှု ပြစ်ဒဏ်ကြီးတွေကို ချခံနေရတယ် ဆိုတာတွေကို နိုင်ငံတကာမှာသိအောင် ပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံက ရဟန်းသံဃာတော်တွေက ကြိုးစားပြီးတော့ အသိပေးနေတယ်၊ လုပ်နေကြတယ် ဆိုတာကိုပဲ ဦးပဉ္ဇင်း ပြောချင်ပါတယ်။ အင်မတန် ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးတွေကို ခံစားနေရတာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ အားလုံးသော ရဟန်းသံဃာတွေရဲ့ စိတ်ထဲမှာ ကိုယ်စီမှာကတော့ အင်မတန် ခံစားမှုတွေနဲ့ ပြင်းထန်ပြီးတော့ ခံပြင်းမှုတွေကတော့ ဖြစ်နေကြမှာပဲလို့ ဦးပဉ္ဇင်းတော့ ဒီလိုပဲ မြင်ပါတယ်။”

သီရိလင်္ကာနိုင်ငံမှာ အခြေစိုက်တဲ့ သာသနာ့ ဥသျှောင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အရှင် ဥက္ကဌ ဖြစ်ပါတယ်။

ကမ္ဘာ့ တတိယ စီးပွားရေးအင်အားကြီး ဂျာမဏီနိုင်ငံ စီးပွားပျက်ကိန်းဆိုက်
14 November 2008
ကမ္ဘာ့ တတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံဟာ Recession
လို့ခေါ်တဲ့ တတိုင်းပြည်လုံး စီးပွားရေးတိုးတက်နှုန်း ဆုတ်ယုတ်တဲ့ ကပ်ဆိုက်မှုမျိုးနဲ့
ရင်ဆိုင်နေရပြီလို့ ဂျာမဏီအစိုးရက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလမှာ ဂျာမဏီနိုင်ငံရဲ့ စီးပွားရေးဟာ ၀.၅
ကျဆင်းခဲ့တာကြောင့် သုံးလပတ် စီးပွားရေးအစီရင်ခံစာမှာ နှစ်ခါဆက်တိုက် ကျဆင်းမှု
လက္ခဏာတွေ တွေ့ရတယ်၊ ပြည်ပထုတ်ကုန်ပမာဏ ကျဆင်းလို့ အခုလိုဖြစ်ရတယ်လို့
ဆိုပါတယ်။

OECD လို့ခေါ်တဲ့အဖွဲ့ရဲ့ သီးခြားထုတ်ဝေတဲ့ အစီရင်ခံစာအရ ယူရိုငွေသုံးစွဲတဲ့ နိုင်ငံတွေ
မှာ စီးပွားရေးဆုတ်ယုတ်မှုဟာ ၀.၅ ရှိမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ ၀.၉%
ဆုတ်ယုတ်မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။

မကြာခင်ကျင်းပမယ့် G.20 ခေါ် ကမ္ဘာ့ထိပ်တန်း စက်မှုအင်အားကြီးနိုင်ငံနဲ့ စီးပွားရေး
တက်သစ်စနိုင်ငံပေါင်း ၂၀ က ခေါင်းဆောင်တွေ ၀ါရှင်တန်မှာ တွေ့ဆုံကြတဲ့အခါ
ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှုပြဿနာကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

‘၀’ ဘိန်းဘုရင်တွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန် တားမြစ်မိန့်ထုတ်
14 November 2008
ဦးကျော်ကျော်သိန်း

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးရယူထားတဲ့ UWSA ၀တပ်ဖွဲ့
ခေါင်းဆောင် ဝေရှုခန်း အပါအ၀င် သူနဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး
လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုကစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
အထူးသတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများစာရင်းမှာ
ဝေရှုခန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကိုထည့်သွင်းသတ်မှတ်လိုက်ပြီးတော့ အခုလို
အရေးယူလိုက်တာလည်းဖြစ်ပါတယ်။ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ဝေရှုခန်းအပါအ၀င် သူနဲ့ဆက်စပ်ပတ်သက်သူ လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ စီးပွားရေးကုမ္ပဏီ
၁၇ ခုတို့အပေါ်မှာ အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်တဲ့အကြောင်း ဘဏ္ဍာရေး
ဝန်ကြီးဌာနက ကြာသပတေးနေ့ကပဲ ကြေညာလိုက်တာပါ။ ဒီအရေးယူမှုအရ အဲဒီ
လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ၊ ဘဏ္ဍာငွေကြေးတွေ
အမေရိကန်ပြည်ထောင်စုမှာ ရှိနေခဲ့ရင် အသုံးပြုလို့မရတော့ဘဲ ထိန်းချုပ်လိုက်ပါတယ်။
သူတို့နဲ့ ဆက်စပ်ပတ်သက်သူ အမေရိကန်နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေကို
လည်း ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်မှာ
ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီဒဏ်ခတ်အရေးယူမှုဟာ တိတိကျကျ ပစ်မှတ်ထား အရေးယူတာမို့
ထိရောက်မှုရှိတဲ့အတွက် ကြိုဆိုပါတယ်လို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေးက
ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုက ဆင်းရဲနေတယ်။ ဒီ နအဖဗိုလ်ချုပ်တွေနဲ့
အသိုင်းအ၀ိုင်းကပဲ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတယ်။ ချုပ်ထားပြီးသား
လုပ်ငန်းတွေကို နအဖဗိုလ်ချုပ်တွေ၊ သားသမီးတွေ၊ မြေးမြစ်တွေပိုင်တဲ့ ကုမ္ပဏီတွေက
တဖက်က လုပ်နေကြသလို သူတို့နဲ့ရင်းနှီးတဲ့ ဦးတေဇလိုလူမျိုးက လုပ်နေတဲ့အပြင် ခုန
ဘိန်းရာဇာတွေက ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခ၀ါချပြီး ရလာတဲ့ငွေတွေဟာ
ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ၀ယ်တာကအစ
နောက်ဆုံး အဏုမြူလက်နက်ရဖို့အထိ လုပ်နေတဲ့ဟာတွေက ပြည်သူလူထုအတွက်
အကျိုးမရှိတဲ့အတွက်ကြောင့် ဒါတွေကို ပိတ်တာဆို့တာ၊ မတော်မတရားဖြစ်နေတဲ့
စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာဆို့တာသည် ပြည်သူလူထုကို ထိခိုက်တာမဟုတ်ဘဲ
နအဖရဲ့ မတော်မတရား လုပ်နေတာတွေကို ထိခိုက်အောင်လုပ်တာ ဖြစ်တဲ့အတွက်
ကျနော်တို့အနေနဲ့ ကြိုဆိုရမှာပါ။ ကျနော်တို့လည်း အမြဲတမ်း ဒါကို တောင်းဆိုနေတာ
ပါ။"

အမေရိကန်သမ္မတက UWSA ခေါင်းဆောင် ဝေရှုခန်းကို ပြည်ပ မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားသူအဖြစ် ၂၀၀၀ ပြည့်နှစ်ကတည်းက သတ်မှတ်ထားပြီး သူ့ရဲ့
UWSA တပ်ဖွဲ့ကိုတော့ ၂၀၀၃ ခုနှစ်မှာ သတ်မှတ်ထားပါတယ်။ အခု အရေးယူလိုက်တဲ့
စာရင်းထဲမှာ ဝေရှုခန်းကို အဓိကပုဂ္ဂိုလ်အဖြစ်ထားပြီး သူနဲ့ပတ်သက်ဆက်နွယ်တဲ့
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်ပိုင် ဟောင်ကောင်ကျွန်းတို့က
လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်က ဒဏ်ခတ်
အရေးယူတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့
ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥပဒေတွေမှာကိုက အားနည်းချက် ယိုပေါက်တွေ ရှိနေတဲ့အတွက်
ဒါတွေကနေတဆင့် အခွင့်အရေးရနေတာမျိုး မဖြစ်အောင် အခုလို သတ်သတ်မှတ်မှတ်
ထပ်ပြီး အရေးယူတာဖြစ်တယ်လို့ ဦးစိန်ဌေးက ရှင်းပြပါတယ်။

"အမေရိကန်အစိုးရကလည်း သူတို့ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ပိုပြီးထိရောက်လာ
အောင် ပြန်သုံးသပ်တယ်။ သုံးသပ်တဲ့အခါ ယိုပေါက်တွေ သွားတွေ့တယ်။ ယိုပေါက်
တွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ပိုင်တဲ့ကုမ္ပဏီတွေ၊ သူတို့နဲ့အတူ စီးပွားရေး
လုပ်ငန်း အတူလုပ်နေတဲ့ အကြီးစားကုမ္ပဏီကြီးတွေဟာ ဘယ်သူတွေလဲလို့ ကြည့်တဲ့
အခါ နှစ်ပိုင်းတွေ့တယ်။ တပိုင်းက ဦးတေဇတို့လို၊ ဗိုလ်ချုပ်ရွှေမန်းသားတို့လို စီးပွား
ရေးလုပ်နေတဲ့ ကုမ္ပဏီတွေကို သွားတွေ့တယ်။ ဒါတွေကိုလည်း ပိတ်ဆို့ခဲ့ပြီးပြီ။

"နောက်တခါ ဘိန်းရာဇာတွေပိုင်တဲ့ ကုမ္ပဏီတွေ၊ သူတို့က ပိုဆိုးတယ်။ ငွေမည်းတွေကို
ငွေဖြူလုပ်ပြီးတော့မှ ဒီငွေတွေနဲ့ စီးပွားရေးလုပ်တယ်၊ လုပ်လာပြီး ရတဲ့ဟာကို သူတို့
အင်အားအတွက် ချဲ့တယ်။ ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ နအဖကို တဖက်က
ထောက်ပံ့နေတဲ့အတွက်ကြောင့် ဒါတွေကို ပိုထိရောက်လာအောင် Targeted
Sanctions နဲ့ သတ်သတ်မှတ်မှတ် ပိတ်ဆို့မှုဥပဒေကို ထပ်ထပ်ပြီး လုပ်တဲ့သဘောပါပဲ။"

ဝေရှုခန်းခေါင်းဆောင်တဲ့ UWSA ၀တပ်ဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ
ထားတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာလည်း
မြန်မာနိုင်ငံအနှံ့အပြားမှာ စီးပွားရေးလုပ်ငန်း အမျိုးအစားပေါင်းများစွာကို လုပ်ကိုင်နေ
ကြတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ဟုန်ပန်းနဲ့ တက်ခမ်းဆိုတဲ့
ကုမ္ပဏီကြီးတွေပါ။ အခုအရေးယူလိုက်တဲ့ စာရင်းထဲမှာ ဟုန်ပန်းကုမ္ပဏီရဲ့ လျှပ်စစ်
ကုန်ထုတ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ အထွေထွေကုန်သွယ်ရေးလုပ်ငန်း၊
မွေးမြူရေးနဲ့ရေလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊
တက်ခမ်းကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းတွေအပြင်
Yangon Airways လေကြောင်းလိုင်းလည်း ပါဝင်ပါတယ်။

ဒီစီးပွားရေးလုပ်ငန်းတွေဟာ ပြည်သူလူထုအတွက် အကျိုးမဖြစ်ထွန်းစေဘဲ သူတို့
ကိုယ်တိုင်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားပဲ ဖြစ်ထွန်းနေတာကြောင့်
အခုလို ဒဏ်ခတ်အရေးယူတာဟာ လုပ်သင့်လုပ်ထိုက်ပါတယ်လို့ ဦးစိန်ဌေးက သုံးသပ်
ပါတယ်။

"ဥပမာပြောရင် တက်ခမ်းတို့လို ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ စီးပွားရေးမှာ လုပ်ငန်း
အနေနဲ့ ပြန်ကြည့်ရင် သိသာအောင် တချက်ထောက်ပြချင်ပါတယ်။ တက်ခမ်းကုမ္ပဏီ
ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ရှိတယ်။ နေပြည်တော်ကြီး တည်ဆောက်
တာ အားလုံးသိတယ်၊ ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ နအဖ
ဗိုလ်ချုပ်တွေရဲ့ နန်းတော်လိုဆောက်တာပဲ။ ဘာအကျိုးမှမပြုဘူး။ အကျိုးမပြုတဲ့အပြင်
ပြည်သူလူထုပိုင်တဲ့ ငွေတွေကို အလဟသ ဖြုန်းတီးနေတာ။

"အဲဒီလိုလုပ်ငန်းတွေမှာ တက်ခမ်းလို ကုမ္ပဏီတွေ၊ ဝေရှုခန်းတို့လို UWSA ပိုင်တဲ့
ကုမ္ပဏီတွေက ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက် ဆောက်လုပ်ပေးတယ်။ တဖက်က
ကျနော်တို့ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ရလာတဲ့ပိုက်ဆံတွေကို သူတို့ကို မျှပေးနေရတာ
ဖြစ်တဲ့အတွက်ကြောင့် ဒါတွေဟာ အကျိုးမရှိဘူး။ ဒါကြောင့် ဒီလိုပိတ်တာဆို့တာဟာ
တိုင်းပြည် ပြည်သူလူထုအကျိုးကို ကာကွယ်တာဖြစ်တဲ့အတွက် အလွန်အင်မတန်
သမာသမတ်ဖြစ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ကျနော်တို့က
ကြိုဆိုပါတယ်။"

မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေး ပြောပြသွားတာ ဖြစ်ပါတယ်။

UWSA ခေါင်းဆောင် ဝေရှုခန်းနဲ့အတူ ဒဏ်ခတ်အရေးယူတဲ့ထဲမှာ သူနဲ့ညီအစ်ကို
တော်စပ်သူတွေဖြစ်တဲ့ ဝေရှုလွန်းနဲ့ ဝေရှုယွမ်၊ ပေါက်ညီအစ်ကိုတွေလို့ ဖော်ပြထားတဲ့
ပေါက်ယူဆန်း၊ ပေါက်ဟွာချန်း၊ ပေါက်ယုယီနဲ့ ပေါက်ယူလယန်တို့လည်း ပါဝင်ပြီး
သူတို့တွေအားလုံးကို ဓာတ်ပုံတွေနဲ့တကွ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက
ထုတ်ပြန်ကြေညာထားပါတယ်။

ဝေရှုခန်းကိုတော့ အမေရိကန်ပြည်ထောင်စုက ဖမ်းဝရမ်းထုတ်ထားပြီး သူ့ကိုဖမ်းဆီး
မိနိုင်ဖို့ သတင်းပေးသူကို ဆုငွေ အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ချီးမြှင့်မယ်လို့
ကြေညာထားပါတယ်။

မင်းပြားတွင် အရပ်သားများနှင့် စစ်သားများရန်ဖြစ်၍ လူပေါင်း ၂၀ ဆေးရုံတင်ရ
11/14/2008
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တန်းဆောင်မုန်းလပြည်နေ့က အရပ်သားများနှင့် စစ်သားများ ရန်ဖြစ်သဖြင့် လူပေါင်း ၂၀ ကိုဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ တန်ဆောင်းမုန်း လပြည့်နေ့ ညနေပိုင်းတွင် အေးစေတီ ရပ်ကွက်တွင် အမျိုးသမီးငယ်များ ထမင်းချက်စားနေသည်ကို စစ်သားများက ၀င်ရောက် နှောင့်ယှက်ရာမှ အမျိုးသမီးများ၏ မောင်ဖြစ်သူများနှင့် စတင်ရိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် စစ်သားများမှ အဆိုပါ ရိုက်ပွဲကို တပ်ရင်းသို့ သွားရောက်အကြောင်း ကြားခဲ့ပြီး တပ်ရင်းမှူးကိုယ်တိုင် စစ်သားများနှင့် အဆိုပါ ရပ်ကွက်တွင် ၀င်ရောက်လာပြီး တွေ့တွေ့သမျှလူကို ရိုက်ပုတ်သဖြင့် ပြည်သူအများအပြားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း သိရသည်။

မင်းပြားမြို့က ပေးပို့သောသတင်းအရ ညဥ့်အချိန်ဖြစ်သဖြင့် မည်သည့်တပ်ရင်းမှ စစ်သား များဖြစ်သည်ကို မသိရသေးသော်လည်း မင်းပြားအခြေစိုက် ၃၈၀ နှင့် ၃၇၉ မှ ဖြစ်သည်ဟု ပြောသည်။

အရပ်သားများအား ၀င်ရောက် ရိုတ်ပုတ်စဉ်အတွင်း စစ်သားများအနေဖြင့် အရပ်သားများအား ဓါးမြှောင်များဖြင့် ထိုးသဖြင့် တချို့လူများတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

စစ်သားများသည် ရန်ပွဲတွင် မပါဝင်သူများကိုလည်း ရိုက်ပုတ် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သဖြင့် မြို့သူ မြို့သားများနှင့် စစ်တပ်အခြေအနေမှာ တင်းမာနေကြောင်း သိရသည်။


ထိုင်းနိုင်ငံမြောက်ပိုင်း ကြက်ငှက်တုတ်ကွေး ပြန်ထ နယ်စပ်မြို့တွင်လည်း သတိပေး
သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
Written by နွယ်လေး
Friday, 14 November 2008 15:59

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် ကြက်ငှက်တုတ်ကွေး ရောဂါပြန်လည်ဖြစ်ပွားကြောင်း ထိုင်းကျန်းမာရေး ၀န်ကြီး ဌာနက ထုတ်ပြန်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာလူမျိုးအများစု နေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း သက်ဆိုင်ရာ ရပ်ရွာလူကြီးများ က ယနေ့နံနက်တွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ သတိပေးနိုးဆော် သည်ဟု မဲဆောက်မြို့မှ မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်နေသူ ဦးမိုးကြိုး ကပြောသည်။

"ဒီမနက်မှာ လော်စပီကာနဲ့ ပြောတာ နားလည်သလောက်က ထိုင်းနိုင်ငံရဲ့နေရာဒေသ ၉ခုမှာ ကြက် ငှက်တုပ်ကွေး ပြန်လည်ထကြွလာပြီ ဖြစ်တဲ့အတွက် ကြက်တွေနဲ့ ပတ်သက် ပြီးတော့ သတိထားစား သောက်ကြဖို့။ နီးစပ်ရာ ဆေးရုံ ဆေးပေးခန်းတွေနဲ့ ဆက်သွယ်ပြီး မသင်္ကာတာတွေ့ရင် အကြောင်း ကြားဖို့ ကျန်းမာရေး အစစ်ဆေးခံဖို့ သတိပေး ပြောပါတယ်။"

မဲဆောက်မြို့တဖက်ကမ်း မြ၀တီမြို့ အာဏာပိုင်များကလည်း ကြက်သားနှင့် ကြက်ဥများ ကို ဆင်ခြင်စားသောက် ကြရန်နှင့် ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်ပြီး မသင်္ကာစရာ အချက်များ တွေ့ပါက နီးစပ်ရာ ဆေးခန်းတွင် သွားရောက် အစစ်ဆေးခံရန် သတိပေး နိုးဆော်သည်ဟု ပြောသည်။

မဲဆောက်မြို့တောင်ဖက် ဖုတ်ဖရဒေသရှိ ရွှေပြောင်း အလုပ်သမားများ နေထိုင်ရာသို့ ထိုင်းကျန်းမာရေး လုပ် သားများနှင့်အတူ ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်သည့် ရောဂါ လက္ခဏာ ရှောင်ရန် ကြိုတင်ကာကွယ်ရန် လုပ်ဆောင်ရမည့် အချက်များကို ပညာပေး အစီစဉ်များ ပြုလုပ်ပေးနေသည်ဟု အစိုးရမဟုတ်သော ကျန်းမာရေး ပညာပေးအဖွဲ့မှ ကျန်းမာရေးမှုး မခင်လေးနွယ် ကပြောသည်။

ပြီးခဲ့သည် တစ်ပတ်ခန့်က ထိုင်းနိုင်ငံ မြောက်ပိုင်း ဆူခိုထိုင်း(Sukhothai )နှင့် ဥထိုင်းဌာနီ (Uthai Thani )ခရိုင် တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို သိရှိပြီးနောက် ထိုင်းနိုင်ငံ ပြည်နယ် ၉ ခုတွင် ကြက်ငှက် တုပ် ကွေး ရောဂါနှင့်ပတ်သက်၍ အနီးကပ် စောင့်ကြည့်လေ့လာရန် ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက ကြေငြာ ခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်ပြီး ကူးစက်သူ ၂၅ ဦး အနက် ၁၇ဦး သေဆုံးခဲ့ရသည်။

ကြက်ငှက်တုတ်ကွေး ရောဂါပိုးကို ၂၀၀၆ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးတွေ့ရှိပြီး၊ ယခု ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အကြိမ် တွေ့ရှိခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ကရင်နီ ရွာသားသုံးဦး သေဆုံး
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ကိုရယ်
Friday, 14 November 2008 11:34

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် ကရင်နီစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် မြန်မာစစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာမှရွာသူကြီးအပါအ၀င်ရွာသား ၂၀ အား ဖမ်းဆီးကာ ညှင်းပန်း နှိပ်စက်ခဲ့ပြီး ထိုအထဲမှ သုံးဦး သေဆုံးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၅ ရက်နေ့က အင်းအား (၃၀) ရှိ ကရင်နီအမှတ် (၃) ခရိုင် လုပ်ရှားတပ်စုသည် အင်အား(၂၀)၀န်းကျင်ခန့်ရှိသည့် မြန်မာစစ်တပ်ခမရ ၄၂၇ အား ဖရူဆိုမြို့နယ်၊ ဟိုယာအုပ်စု အတွင်းရှိဖယ်ခူ ကျေးရွာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်စိတ်မှူးတဦး သေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော်ဘက်ကပြောသည်။ ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသော စစ်တပ်ဘက်မှ မကျေမနပ်ဖြစ်ကာ ဖယ်ခူကျေးရွာမှရွာသား ၂၀ ဦးအား တိုက်ခိုက်မှုနှင့်ပါတ်သက်ပြီး ဖမ်းစီးနိပ်စက်ရာ ရွာသားသုံးဦးအသက်ဆုံးရုံးသွားသည်ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ၁ ခူးဘျားရယ်က ပြောသည်။

“ဆအီကို ဖမ်းတဲ့အချိန်မှာ သူ့ဆီက ငွေ ၈ သောင်းနဲ့ လေသေနတ်တလက်ကိုပါ ဗမာစစ်တပ်က သိမ်းဆည်းသွားတယ်လို့ ပြောတယ်။ ဗမာစစ်တပ်တွေက အဲလိုမျိုး အမြဲတမ်းလုပ်နေကျပဲ။” ဟု ဗျူဟာမှူး ၁ ခူးဘျားရယ်က ပြောသည်။

ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် သေဆုံးခဲ့သူသုံးဦးမှာ အသက်(၄၀)အရွယ်ရှိ ဖယ်ခူကျေးရွာအုပ်စုအတွင်း ရေးမှူးဆအီ၊ ရွာသားဘော်ရယ်နှင့် မန်းလောတို့ဖြစ်သည်ဟု ဆိုသည်။ ကရင်နီတပ်မတော်မှ အလစ်ဝင်ရောက်တိုက်ခိုက်မှုနှင့် ပါတ်သက်ပြီး ရွာသားများအနေဖြင့် စစ်တပ်အားအချိန်မှီ သတင်းမပို့ပေးနိုင်သောကြောင့် ယခုလိုရွာသားများအား ဖမ်းစီး၍ ရက်စက်သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ (ကေအက်စ်ဒဘလျူဒီစီ)က ဆိုသည်။

ထိုအကြောင်းအရာနှင့် ပါတ်သက်ပြီး အချက်အလက်အချို့ သိရှိထားသူ ကေအက်စ်ဒဘလျူဒီစီမှ ကိုခူဂေက "ကျနော်တို့ အနောက်ဘက်ကမ်းရွာမှာဆို စစ်သားဆိုတာ အမြဲတမ်း ထားထားတာလေ။ စစ်သားက ရွာစောင့်ပေါ့။ ကျနော်ထင်တာ အဲဒီရက်မှာက ဖြစ်နိုင်စရာအကြောင်းရှိတာက ဒီဘော်ရယ်နဲ့ မန်းလောတို့က အဲဒီရွာအတွက် လုံခြုံရေး ရွာစောင့်အလှည့်ကျတယ် ထင်တယ်။ ရွာစောင့်အလှည့်ကျတဲ့ အချိန်မှာမှ ကရင်နီက ၀င်ပစ်လိုက်တော့ သူတို့နှစ်ယောက်အပေါ်မှာ အပြစ်ပုံချလိုက်တဲ့ သဘောမျိုးပေါ့၊" ဟု ပြောသည်။

နောက်ဆုံးသတင်းသိရှိချက်အရ အသတ်မခံရဘဲ ဖမ်းဆီးခံခဲ့ရသည့် ရွာသားများမှာ နိုဝင်ဘာလ ၉ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း၊ စစ်တပ်တို့၏ ရိုက်နှက်ညှင်းပန်းမှုများကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသူများရှိပြီး နာမကျန်းမှုများဖြင့် ဒုက္ခဝေဒနာများ ခံစားနေရသည်ဟု သိရသည်။