Monday, November 17, 2008

တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီ”

(သတင်းစာဆရာကြီး ဦးဝင်းတင်)

ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၆ ရက် ၂၀၀၈ ညပိုင်းအစီအစဉ်

မြန်မာစစ်အစိုးရဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြောဆိုထားပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုလို ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာဟာ ဘယ်လို သဘောပါလဲ။ မကြာခင်က ထောင်က လွတ်မြောက်ခဲ့တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်၊ သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

- အတိုက်အခံတွေအပေါ် အစိုးရကထားတဲ့သဘောထားဟာ အရင်က အခြေအနေထက် ပိုပြီးတော့ ဆိုးလာနေ ပါပြီလားခင်ဗျ။

“သိပ်ဆိုးတာပေါ့၊ သာမန်အားဖြင့်ဆိုရင် လူသတ်မှုတောင်မှ အနှစ် ၂၀ လောက်ပဲချတဲ့ဟာကို အခုဟာက ဒီကျောင်းသားလူငယ်တွေက အများဆုံး သူတို့ကို အပြစ်တင်နိုင်တဲ့ လက်ညှိုးထိုးစရာဆိုတာက တိုင်းသူပြည်သားတွေ ခံစားနေရတဲ့ ကုန်ဈေးနှုန်းတို့ ဘာတို့ ဒီလို ပြဿနာတွေပေါ်မှာတည်ပြီးတော့ ငြိမ်းချမ်းစွာ သူတို့ရဲ့ဆန္ဒကို ဆန္ဒပြခြင်း ဒါသာလျှင် ထောက်ပြနိုင်တာပေါ့။ ကျန်တဲ့ အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ဆိုတာတွေက ရှင်းရှင်းပြောရရင် ဒါ နိုင်ငံရေးသမားကို ဒီလိုဟာမျိုးနဲ့ ပုဒ်မတောင် တပ်စရာမလိုတဲ့ ဟာတွေကို လုပ်တာ။ တိုင်းပြည်အတွက် အလွန်အဖိုးတန်တဲ့ ခေါင်းဆောင်မှုအတွေ့အကြုံတွေရှိတယ်၊ စည်းရုံးမှု အတွေ့အကြုံတွေရှိတယ်၊ လှုပ်ရှားနိုင်တဲ့ လှုပ်ရှားမှုအတွေ့အကြုံတွေရှိတယ်။ ဒီလောက်အဖိုးတန်တဲ့ လူငယ်တွေကို အခုလို နှစ်ရှည်လများ ချတယ်ဆိုတာဟာ ဘာနဲ့တူလဲဆိုရင် ဗမာပြည်ရဲ့အနာဂတ်နိုင်ငံရေးရဲ့ ခေါင်းဆောင်မှုကို သားကြောဖြတ်ပစ်တဲ့ သဘောကို ဆောင်နေတယ်”

- ဟုတ်ကဲ့ပါဆရာ၊ ဆရာတို့အန်အယ်လ်ဒီပါတီကလည်း စေ့စပ်ဆွေးနွေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာ တယ်။ ကျောင်းသားခေါင်းဆောင်တွေကလည်း ဆွေးနွေးရေးကို ထပ်ပြီးတော့ တင်ပါတယ်၊ ဒါပေမယ့် အစိုးရဘက်ကသဘောထားက အခုလို ဖိနှိပ်ဖို့ကိုပဲ ရည်ရွယ်နေတယ် ဦးတည်နေတယ်ဆိုတော့ ဆွေးနွေးရေး လမ်းကြောင်းက မျှော်လင့်ချက် ရှိပါဦးမလားခင်ဗျ။

“ဆွေးနွေးပွဲလမ်းကြောင်းဆိုတာက ၁/၉၀ ကြေညာထားတဲ့အချိန်ထိကတော့ ဆွေးနွေးပွဲလမ်းကြောင်း ရှိတယ်လို့ ပြောလို့ရတယ်။ အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီးတော့ လွှတ်တော်ခေါ်ပေးမယ်၊ ပြီးတော့ လွှတ်တော်ကပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ Constitution တွေ ဆွဲနိုင်တယ်။ ဆိုတဲ့အခါကျတော့ ၁/၉၀ အရကတော့ Dialogue က လမ်းပွင့်နေတာဗျ၊ သဘောတရားအရဖြင့်ပြောတာပေါ့။ ၂၀၀၃ ခုနှစ် Road Map ဆိုတာ ပေါ်တဲ့အချိန်ကစပြီးတော့ အမှန်အတိုင်းပြောရရင် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့လမ်းက ပိတ်နေပြီခင်ဗျ”


- တခုလောက် ဖြတ်မေးပါရစေဆရာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားပြီ မရှိတော့ဘူးဆိုရင် နိုင်ငံရေး ထွက်ပေါက်အားလုံးက ပိတ်သွားပြီလား၊ ဘာဆက်လုပ်လို့ရမလဲဆရာ။


“ဒါ သဘောတရားအားဖြင့်ကို ကျနော်ပြောနေတာ၊ ပိတ်တယ်ဆိုတာ။ သူတို့ဘက်တော့ သူတို့ပြောဖို့ အနေအထား ရှိနေတယ်။ ကမ္ဘာကလည်း သိတယ်လို့ မယူဆဘူး။ ဒါကြောင့်မို့ ယူအန်တို့ဘာတို့ဆိုရင် အခုရက်ပိုင်းအတွင်းမှာ ဆိုလို့ရှိရင် တရုတ် အပါအဝင် အီးယူ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲလုပ်ပါဆိုတဲ့အသံတွေ ပိုပြီးတော့ မြင့်မားလာ တယ် ခင်ဗျ၊ ဒေါ်စု အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပါ။ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပါ ဆိုတဲ့ လမ်းတွေကလည်း အခုထိ ရှင်သန်နေတုန်းပဲ။ အဲတော့ ခုနပြောတဲ့ဟာတွေက ကျနော်ပြောတာ သဘောတရားအားဖြင့်တော့ ပိတ်နေပြီ၊ ကျနော်တို့ဘက်တော့ တွေ့နေတယ်၊ တွေ့တိုင်းလည်း ဆက်တောင်း ဆိုမယ်၊ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဒါတွေ ရှိသမျှ ပြဿနာတွေအားလုံး ဆွေးနွေးမယ်ဆိုပြီးတော့ တွေ့ဆုံဆွေးနွေးရင်းနဲ့ နိုင်ငံရေးပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲမှာမှ မဖြစ်တော့ဘူးဆိုရင် ကျန်တဲ့ကိစ္စတွေလည်း မဖြစ်တော့ဘူးပေါ့”

- အခု ဒီ ကျောင်းသားခေါင်းဆောင်တွေကို ဘယ်လိုစိုးရိမ်ပူပန်မှုမျိုးကြောင့် ဒီလောက်ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချမှတ်တာလို့ ဆရာအနေနဲ့ မြင်သလဲခင်ဗျ။

“ခြိမ်းခြောက်တာပေါ့ခင်ဗျာ၊ ခြောက်လှန့်တာပေါ့ဗျာ၊ နိုင်ငံရေးလောကတခုလုံးကို ခြိမ်းခြောက်မှုပဲ သို့မဟုတ်ရင် လည်း တိုင်းသူပြည်သားများ တရပ်လုံးပေါ်မှာလည်း တမင်ခြောက်လှန်မှုပဲလို့ ကျနော်ကတော့ အဲလိုယူဆပါ တယ်”

- ဆရာအခုပြောသလိုပေါ့နော်၊ ခြိမ်းခြောက်မှုတွေ ဒီလို ဖိနှိပ်မှုတွေရဲ့အောက်မှာလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အခြေအနေကရော၊ ဒီရွေးကောက်ပွဲအပေါ်မှာ လူတွေရဲ့ လေးစားယုံကြည်မှုက ဒီဖိနှိပ်မှုတွေကြောင့် ရုတ်လျော့ မသွားနိုင်ဘူးလား ဆရာ။

“ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်စိတ်ချရမှုတွေ ရှိအောင်လုပ်ဖို့ကတော့ ကျနော်တို့ တာဝန်မဟုတ်ဘူး၊ သူတို့ တာဝန်ပဲခင်ဗျ။ ကျနော်တို့ကတော့ ဘယ်လိုလဲဆိုတော့ Dialogue တွေမရှိဘူး။ Dialogue လုပ်တဲ့ အဆင့်ထိမှ လမ်းဖွင့်မပေးဘူး၊ Dialogue လမ်းကို ပိတ်မယ်ဆိုရင်တော့ ကျနော်တို့က ရွေးကောက်ပွဲကို လုံးဝ မစဉ်းစားဘူး ခင်ဗျ”


သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း


မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:05 - မြန်မာစံတော်ချိန်
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း

စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင် ၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင် ၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့် ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်


မြန်မာပြည်ကို ခေတ်နောက်ပြန်ဆွဲနေခြင်း

Monday, 17 November 2008 18:01 ဧရာဝတီ
ဗိုလ်ချုပ် မှူးကြီးသန်းရွှေက ၎င်း၏ စစ်အစိုးရ ရုံးစိုက်ရာကို ယခင် မြို့တော်ဟောင်း ရန်ကုန်မြို့၏ မြောက်ဘက် မိုင် ၂၀၀ အကွာသို့ ပြောင်းရွှေ့ စေခဲ့သည်။ မည်သည့် ခမ်းနား ထည်ဝါသည့် အဆောင် အယောင် ပွဲလမ်းမပါဘဲ ပြောင်းရွှေ့စေခဲ့ခြင်း ဖြစ်သည် ။ မည်သူမျှ ဆန့်ကျင်အံတုရန် မရှိသည့် မြန်မာနိုင်ငံ၏ တဦးတည်းအုပ်ချုပ်သူ အာဏာရှင်အဖြစ် သူ၏တဦးတည်း အလိုကျ မြို့တော်ကို ပြောင်းရွှေ့ပစ်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ မြို့တော်ပြောင်းရွှေ့ရခြင်း အတွက် မြန်မာပြည်သူများနှင့်နိုင်ငံတကာသို့ မည်သို့မျှ ရှင်းလင်းတင်ပြခြင်း မရှိခဲ့ပါ။ သူ့ စိတ်တိုင်းကျလုပ်ဆောင်ပြီး ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့သည့် အချိန်ကျမှ ဤသတင်းကို သူက ထုတ်ပြန်ကြေညာခဲ့ ပါသည်။

မင်းတို့၏ ထီးနန်းစိုက်ရာဟု အဓိပ္ပာယ်ရသည့် “နေပြည်တော်” မြို့သစ်ကို တည်ဆောက်ခဲ့ခြင်းသည် အာဏာကြီးကြောင်း ပြသရုံ သက်သက်မျှသာဖြစ်ပြီး တခြား ထူးခြားသည့် မည်သည့်ရည်ရွယ်ချက် ရှိပုံ မရပါ။ ဘုရင်သဖွယ် မိမိကိုယ် ယူဆ ထားသည့် ဗိုလ်ချုပ်သန်းရွှေက ရှေးမြန်မာမင်းများ ထုံးစံအရ ထီးနန်းအသစ်တည်သည့်အလား မြန်မာနိုင်ငံ၏ အုပ်ချုပ် ရေးမြို့တော်ကို အဓမ္မရွှေ့ပြောင်း တည်ဆောက်စေခဲ့ခြင်းသာ ဖြစ်သည်။

အေဒီ ၁၀၄၄ ခုတွင် အနော်ရထာဘုရင် တည်ထောင်ခဲ့သည့် ပုဂံအင်ပါယာမှသည် ၁၈၈၅ ခုနှစ် နောက်ဆုံး ကုန်းဘောင် မင်းဆက် အထိ မြန်မာမင်းများ ထီးနန်းစိုက်ရာ မြို့တော်များကို ၁၁ ကြိမ်ထက်မနည်း ပြောင်းရွှေ့ခဲ့ကြဖူးပါသည်။

တချို့သော သမိုင်းလေ့လာသူများက မှတ်ချက်ပြုကြရာတွင် မြို့တော်သစ်များတည်ထောင်ခြင်းနှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ကျင့်ဝတ်ရေးရာ အကြပ်အတည်းများနှင့် ခိုင်ခိုင်မာမာ ဆက်စပ်မှုရှိနေကြောင်း ဆိုကြပါသည်။ တခါတရံ ဤသို့မြို့တော် ပြောင်းရွှေ့တည်ဆောက်ခြင်းကို ဘာသာရေးယုံကြည်မှုနှင့်လည်း ဆက်စပ်၍ အကြောင်းပြသည်မျိုး ရှိခဲ့ပါသည်။

ဥပမာ အားဖြင့် မင်းတုန်းမင်းက ၎င်း၏ နန်းတော်ကို ၁၈၅၇ ခုနှစ်တွင် မန္တလေးသို့ ပြောင်းရွှေ့ထီးနန်းစိုက်ရခြင်းနှင့် ပတ် သက်ပြီး တချိန်က ဗုဒ္ဓဘုရားရှင်သည် မန္တလေးတောင်သို့ အလည် ရောက်လာခဲ့ ကြောင်းနှင့် ဤနေရာတွင် ရောက် လာမည့်မင်းက မြို့တော်တည်လိမ့်မည်ဖြစ်ကြောင်း ဗျာဒိတ်ပေးခဲ့သည်ဟု ဗုဒ္ဓ၀င်လာဇာတ်လမ်းတခုကို ကိုးကား ဖော်ပြခဲ့ဖူးသည်။

ဗိုလ်ချုပ်သန်းရွှေကမူ ဤသို့ ကုန်ကျစရိတ်များလှသည့် မြို့တော်ပြောင်း စီမံကိန်းကြီးကို ဆောင်ရွက်ခဲ့သော်လည်း လူ အများ ကျေနပ်ဖွယ်ဖြစ်စေရန် ဘာသာရေးကိုးကွယ် ယုံကြည်မှုအရပင် အကြောင်းပြခဲ့ခြင်း မရှိပါ။ သို့သော်လည်း သေချာ သည်မှာ စစ်အစိုးရ၏ အရေးကြီးဦးစားပေးသည့် လုပ်ငန်းများ မဆောင်ရွက်မီတွင် ဗိုလ်ချုပ်သန်းရွှေက အစဉ်သဖြင့် သူ အားကိုးသည့် ဗေဒင်နက္ခတ်ဆရာများနှင့် တိုင်ပင်လေ့ရှိပါသည်။ ဤသို့ အယူသည်းမှုဖြင့် နိုင်ငံအတွက် မူဝါဒများကို ဆုံး ဖြတ်ချက်များ ချမှတ်လေ့ရှိသည့်အပြင် ဗိုလ်ချုပ်သန်းရွှေတွင် ၎င်းအလေးထားနေသည့် တခြားသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကြောင်းများရှိနေသလောဟု စဉ်းစားဖွယ်ပင် ဖြစ်ပါသည်။

မည်သည့်အတွက်ကြောင့် နေပြည်တော်မြို့တော်သစ် တည်ဆောက်ရသနည်းဟူသည့် မေးခွန်းများမှာ အဖြေမရှိဘဲ ဖြစ် နေပါသေးသည်။ ဆင်းရဲတွင်းနက်နေရသည့် မြန်မာနိုင်ငံက မည်သည့်အတွက်ကြောင့် အမေရိကန်ဒေါ်လာ သန်း ပေါင်း ၄,၀၀၀ ခန့် ကုန်ကျမည့် မြို့တော်သစ်ကို တည်ရပါသနည်း။

စဉ်းစား၍ ရနိုင်သမျှမှာ ဤမြို့တော်သစ်တည်ဆောက်မှု အတွက် ကုန်ကျစရိတ်များကို နိုင်ငံ၏ ကျွန်းသစ်များ၊ ကျောက်မျက်များ၊ သဘာဝဓာတ်ငွေ့များကို ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများသို့ ရောင်းချရငွေဖြင့် အသုံးပြု တည်ဆောက်လိမ့်မည် ဆိုခြင်းပင်။

ထို့အပြင် မြို့တော်သစ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ကောလာဟလများလည်း ရှိနေသေးသည်။ မြို့တော်သစ်အောက် တွင် မြေအောက်ဥမင်လိုဏ်များ ကွန်ရက်သဖွယ် ဖောက်လုပ်ထားသည်ဟု ဆိုကြပြီး ရံဖန်ရံခါမှ ကားအသွားအလာများ သည့် ၈ လမ်းသွား အဝေးပြေးကားလမ်းမကြီးမှ မသဲမကွဲ တုန်ခါသံများလည်း ကြားရတတ်သည်ဟု ဆိုကြသေးသည်။

နောက်ဆုံး နေပြည်တော်သို့ အသစ်ပြောင်းရွှေ့တည်ဆောက်ခဲ့သည့် တိရစ္ဆာန်ဥယျာဉ်မှ ပင်ဂွင်းငှက်များ သေဆုံးရခြင်း သတင်း ကပင် ဗိုလ်ချုပ်သန်းရွှေ ထင်တလုံးနှင့် ဘုန်းတန်ခိုးကြီးမားကြောင်း ပြသမည့် စိတ်ကူးယဉ်စီမံကိန်းကြီး၏ အလဟဿ ဆုံးရှုံးရမှုများနှင့် စီမံခန့်ခွဲမှု အရည်အချင်း မပြည့်မီခြင်းကို ပြသနေသည်ဟု ဝေဖန်ပြောဆိုနေခဲ့ကြပါသည်။

မကျေမနပ်ဖြစ်နေကြသည့် မြန်မာနိုင်ငံသားများက ကွယ်ရာတွင် ဤအကြောင်းများကို ဆွေးနွေးပြောဆို လေ့ရှိကြသည်။ သူတို့၏ အုပ်ချုပ်သူခေါင်းဆောင်များ၏ မိုက်မဲမှုများကို ရွံရှာစွာ ပြောဆိုကြခြင်းဖြစ်သည်။ သို့သော် ဗိုလ်ချုပ်သန်းရွှေကဲ့သို့ အယူသည်းသူများကမူ သူ၏ ရူးသွပ်မှုအတွင်း၌ပင် တချို့သောနည်းနာများ တွေ့နေရသေး သည်ဟု ဆိုကြသည်။ သူတို့က ပြောဆိုရာတွင် ဗေဒင်နက္ခတ်ဆရာများ အကြံပေးချက်အရ မြို့တော်ကို ပြောင်းရွှေ့ခြင်း ဖြစ်နိုင်ကဲ့သို့ ရည်ရွယ်ချက်ကြီးမား သည့် သူတဦးဦးက အာဏာသိမ်းလိုက်၍ စစ်အစိုးရ ပြိုကွဲကျဆုံးမည့် အရေးကို မြင်၍လည်း ဖြစ်နိုင်သည်ဟု ဆိုကြပါ သည်။

ဗိုလ်ချုပ်သန်းရွှေအနေနှင့် အမှန်တကယ် စိုးရိမ်ပူပန်ဖွယ် အကြောင်းများ ရှိနေပါသည်။ ၂၀၀၀ ခုနှစ်မှစ၍ သူ၏ စစ်အစိုးရ အနေနှင့် ပြည်တွင်းရော၊ ပြည်ပမှပါ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ၂၀၀၂ ခုနှစ်တွင် သူက သူ၏ယခင်အကြီး အကဲဟောင်း ဦးနေ၀င်း၏ မိသားစုက အာဏာသိမ်းမည်ဟု သံသယဖြစ်လာသောကြောင့် ဦးနေ၀င်းကိုပင် အိမ်အကျယ် ချုပ်ချထားခဲ့ပါသည်။ နောက် ၃ နှစ်အကြာတွင် သူ၏ ထောက်လှမ်းရေးဌာန အကြီးအကဲနှင့် ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့်ကိုပါ သူ့ကိုဆန့်ကျင်မည်ဟု ယူဆလာသဖြင့် ထုတ်ပစ်ခဲ့ပြန်သည်။

နှစ် ၂၀ ကာလအတွင်း အကြီးဆုံးလူထုအုံကြွမှုဟု ဆိုနိုင်သည့် လွန်ခဲ့သည့်နှစ်က သံဃာများနှင့် လူထု၏ ဆန္ဒပြပွဲများ ကိုလည်း သူက ချေမှုန်းနှိပ်ကွပ်ခဲ့သေးသည်။ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ၏ ထောင်နှင့်ချီသော သံဃာများနှင့် လူထု သည် လမ်းမများပေါ် ထွက်လာခဲ့ကြပြီး ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေး အုံကြွတောင်းဆိုမှုများအတိုင်း ဖြစ်လာမည့် အခြေ အနေကို အစပျိုး မီးမွှေးပေးခဲ့သည်။

ဤတကြိမ်တွင်လည်း ဗိုလ်ချုပ်သန်းရွှေက ရွှေဝါရောင်တော်လှန်ရေးကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပြန်သည်။ သို့သော် လည်း ဗိုလ်ချုပ်သန်းရွှေအနေနှင့် ၎င်းအားထားရသည့် သာဝကတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်စိုးဝင်းက ဗိုလ်ချုပ်ခင်ညွန့်နေရာတွင် အစားထိုး တာဝန်ပေးအပ်ခံခဲ့ရသူဖြစ်ပြီး အရွယ်မတိုင်မီ သွေးကင်ဆာ ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။

တချို့သောသူများက ဤသို့ ဗိုလ်ချုပ်စိုးဝင်း ကွယ်လွန်ခဲ့ရခြင်းကို သမ္မာဒေ၀ နတ်မင်း များ၏ ဒဏ်ခတ်မှုဟု ယူဆခဲ့ကြ သည်။ အကြောင်းမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်မှုကို ဗိုလ်ချုပ်စိုးဝင်း က ဦးဆောင်ခဲ့ခြင်းကြောင့် ဤသို့ တုံ့ပြန်ဒဏ်ခတ်ခံရသည်ဟုလည်း ယူဆနေကြပြန်သည်။ ဒီပဲယင်းလုပ်ကြံမှုကြီးတွင် စစ်အစိုးရလိုလားသည့် လူမိုက် အဖွဲ့ များ၏ တိုက်ခိုက်မှုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်နှင့် ထောက်ခံသူ ဒါဇင်ပေါင်းများစွာ အသက်ဆုံးခဲ့ကြ ရသည်။

သို့သော် အံ့သြစရာကောင်းသည်မှာ ဤပြဿနာများအကြားတွင် ဗိုလ်ချုပ်သန်းရွှေက မည်သည့်ထိခိုက်အနာတရမျှ မရှိ ဘဲ ဖြစ်နေသည်။ တချို့သောသူများက ဗိုလ်ချုပ်စိုးဝင်း ရောဂါဖြစ်၍ သေဆုံးရမည့်အစား ဗိုလ်ချုပ်သန်းရွှေ ဖြစ်လိုက်လျှင် ကောင်းသေးသည်ဟု ဆိုကြသည်။ သို့သော်လည်း သူက ကံကောင်းထောက်မ၍ လွတ်မြောက်ခဲ့ပြန်သည်။ အခါပေး နက္ခတ်ဆရာများကိုပင် သူက ထပ်ပြီး ကျေးဇူးတင်ရဦးတော့မည် ဖြစ်သည်။

နေပြည်တော်သို့ မြို့တော်သစ်အဖြစ် ပြောင်းရွှေ့ရခြင်း အကြောင်း၏ ဉာဏ်အမြော်အမြင်ကြီးမှုကို သက်သေပြရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ မှတ်တမ်းတင်နိုင်သမျှ သဘာဝကပ်ဘေးဒုက္ခများတွင် အဆိုးဆုံးကပ်ဘေးဖြစ်သည့် နာဂစ် ဆိုင်ကလုန်းမုန် တိုင်းမှ စစ်အစိုးရက ဘေးရန်ကင်းကွာ နေနိုင်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ဆိုး ရွားစွာ ပျက်စီးခဲ့ရပြီး ရန်ကုန်မြို့တွင်လည်း အပြင်းအထန် ဖျက်ဆီးခံခဲ့ရသေးသည်။ သို့သော်လည်း စစ်အစိုးရ၏ မြို့တော် သစ်က မုန်တိုင်းဒဏ်မှ ဘေးရန်ကင်းကွာ ရှိနေနိုင်ခဲ့သည်။

စစ်ဗိုလ်ချုပ်များက နေပြည်တော်တွင် သက်သောင့်သက်သာ နေနိုင်ရုံမျှမက နာဂစ်မုန်တိုင်း၏ ကပ်ဘေးဒုက္ခများကိုလည်း တပတ်ကျော်ကြာ သက်သောင့်သက်သာ လျစ်လျူရှုထားနိုင်ခဲ့သည်။ ထိုမျှမက သူတို့အတွက် ဥပဒေကြောင်းအရ ခံတပ် တည်ဆောက်နေမှုကိုလည်း ရှေ့ဆက်တိုး၍ ကြိုးပမ်းခဲ့ကြသည်။

စစ်အစိုးရ အာဏာတည်မြဲရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းခဲ့ကြသည်။ မေလ ၁၀ ရက်၊ နာဂစ်မုန်တိုင်းအပြီး တပတ်အကြာတွင် စစ်အစိုးရက အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပပြီး ၎င်းတို့အတွက် နိုင်ငံရေး အာမခံချက်ရရှိစေမည့် မူများကို အတည်ပြုခဲ့ကြသည်။

ဗိုလ်ချုပ်သန်းရွှေ၏ နိုင်ငံရေး မြော်မြင်ချက်များ အားလုံးလိုလိုက အမြဲတစေ ခေတ်နောက်ပြန်ဆွဲနေပါသည်။ အမျိုးသား နိုင်ငံရေးတွင် စစ်တပ်က ဗိုလ်ကျလွှမ်းမိုးမည့်အရေးကို အမြဲဆုပ်ကိုင်ထားပြီး သူ၏ လုပ်ရပ်များက ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရန် မဟုတ်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။ သူက သက်ဦးဆံပိုင် ဧကရာဇ်ဆန်ဆန် စနစ်သို့ ပြန်သွားလိုနေခြင်းသာ ဖြစ်ပါသည်။ စစ်တပ်အင်အားကို အားကိုး၍ နောက်ထပ်မင်းဆက်တရပ် တည်ထောင် လိုခြင်း ဖြစ်သည်။

နေပြည်တော်သို့ မြို့တော် ရွှေ့ပြောင်းသကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လမ်းကြောင်းမှားကို တွန်းပို့မည့် အဆင့်တခုမျှသာ ဖြစ်ပါသည်။

Dragging Burma Back to the Past ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အဆုံးမသတ်နိုင်သေးသော မူးရစ်ရီဝေ ဘ၀များ

Monday, 17 November 2008 17:49 တွမ် ကရေမာ
ရွှေတြိဂံ ဒေသအတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်းလာသည် ဆိုသော်လည်း ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အားထုတ် ကြိုးပမ်းမှု များတွင် ဖုန်းကွယ်ထားသည့် ကြီးမားသော ချို့ယွင်းချက်များရှိနေသေးသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် အမျိုးသမီးတဦး ဘိန်းခြစ်နေစဉ် (ဓာတ်ပုံ- KADAC)
လွန်ခဲ့သော ဆယ်နှစ်အတွင်း မြန်မာနိုင်ငံ၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံများတို့တွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခဲ့သည်။ ရွှေတြိဂံဟု ထင်ရှားလူသိများသော ထိုနိုင်ငံ ၃ ခု ဆုံတွေ့ရာဒေသသည် တချိန်တခါက ကမ္ဘာပေါ်တွင် ဘိန်းဖြူအများ ဆုံး ထုတ်လုပ်သော နေရာဒေသတခု ဖြစ်ခဲ့သည်။ သို့သော်လည်း ဤရွှေတြိဂံဒေသ၏ အဆင့်ကို ဘိန်းစိုက်ပျိုးထုတ် လုပ်မှု အဆမတန် များပြားတိုးတက်လာခြင်းဖြင့် အာဖဂန် နစ္စတန်နိုင်ငံက ဆက်ခံလိုက်ပြီ ဖြစ်သည်။ ၎င်းနိုင်ငံက ယနေ့ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေသည်။

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မှတ်တမ်းများအရ ၁၉၉၈ ခုနှစ်တွင် ရွှေ တြိဂံဒေသမှ ဘိန်းဖြူမက်ထရစ်တန် ၁,၃၀၀ ထုတ်ခဲ့ပြီး ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ပမာဏ၏ သုံးပုံ တပုံရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်မူ တန်ချိန် ၄၆၀၊ တနည်း ကမ္ဘာ့ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိများက ထိုကဲ့သို့ ကျဆင်းလာမှုကို ကြီးမားသော အောင်မြင်မှုကြီးတခု အဖြစ် ချီးကျူးထောမနာ ပြုခဲ့ကြသည်။ "ရွှေတြိဂံဒေသသည် ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာနေသော အံ့သြဖွယ်ရာ ကာလတခုသို့ ချင်းနင်းဝင်ရောက်လာနေပြီ ဖြစ်သည်" ဟု UNODC ၏ ဒါရိုက်တာ အန်တိုနီယို မာရီယာ ကို့စ်တာ (Antonio Maria Costa) က ပြောကြားခဲ့သည်။ “ဆယ်စုနှစ်တခုကြာ ကြိုးပမ်းဆောင်ရွက်ခဲ့သော မူးယစ်ဆေးဝါး ထိန်း ချုပ်မှုလုပ်ငန်းအတွက် ရှင်းလင်းစွာ ရလဒ်ပေါ်ခဲ့ပြီ" ဟုလည်း သူက ပြောခဲ့သည်။

သို့သော် ထိုကဲ့သို့သော အကောင်းမြင်မှုအပေါ်တွင် စောဒကတက်စရာ အချက်အနည်းငယ်တော့ ရှိနေသည်။ ပထမ အချက်မှာ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု မည်မျှမြင့် မားနေကြောင်း ပမာဏခန့်မှန်းမှု အတိအကျနှင့် ပတ်သက်၍ အငြင်းပွားစရာ ရှိနေသေးသဖြင့် ကျဆင်းမှု ပမာဏ အတိအကျနှင့် ပတ်သက်၍ အခြေအတင် မေးခွန်းများ ရှိနိုင်သေးသည်။

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ၁၉၈၈ ခုနှစ်တွင် တန်ချိန် ၁,၂၀၀ ခန့်ရှိခဲ့သည်မှ ၁၉၈၉ ခုနှစ်တွင် တန်ချိန် ၂, ၄၀၀ အထိ နှစ်ဆ ခုန်တက်ခဲ့သည်ဟု အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော ကိန်းဂဏန်းများက ဆိုခဲ့သည်။ သို့သော် ထို ကာလအတွက် ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ၏ ကိန်းဂဏန်းများက ပို၍နည်းပါးနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံ ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှုသည် ၁၉၉၇ ခုနှစ်တိုင်အောင် တန်ချိန် ၂,၀၀၀ အထက်တွင် ရှိသည်ဟုလည်း ကုလသမဂ္ဂ က ခန့်မှန်းထားပါသေးသည်။

သို့သော် တချို့သော လေ့လာသူများကမူ ယင်းကိန်းဂဏန်းများသည် နိုင်ငံရေးအပေါ်တွင် အခြေခံထားသော ကိန်း ဂဏန်းများ ဖြစ်ကြပြီး နောက်ပိုင်းတွင် လိုအပ်သလို စာရွက်ပေါ်တွင် ထားရှိသည့် ကိန်းဂဏန်းများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ " အသေးစိတ်လေ့လာကြည့်မည်ဆိုပါက ကြီးကျယ် ခမ်းနားထည်ဝါလှသော ကွန်ဖရင့်ကြီးများနှင့် အထင်ကြီးလောက်ဖွယ် အစီရင်ခံစာများတွင် အခြေအမြစ်မရှိ ဖေါ်ပြထား သော ယင်းကိန်းဂဏန်းများသည် ပုံကြီး ချဲ့လွန်းလှသည်" ဟု ကွယ်လွန်သူ ရှမ်းအတိုက်အခံခေါင်းဆောင် တဦးလည်းဖြစ်၊ ပညာရှင်တဦးလည်း ဖြစ်သူ ချောင်ဇန်း ညောင်ဝေက ၂၀၀၅ ခုနှစ်တွင် ရေးသားခဲ့ဖူးပါသည်။ တချို့သော ခန့်မှန်းတွက်ချက်မှုများအရ မြန်မာ နိုင်ငံတွင် ဘိန်းထုတ်လုပ်မှုသည် နှစ်စဉ် တန်ချိန် ၁,၀၀၀ ထက် မည်သည့်အခါမှ မပိုဟု ဆိုပါသည်။

ထို့အပြင် လွန်ခဲ့သော နှစ်များအတွင်း ဘိန်းစိုက်ပျိုးမှုပုံစံများသည် နေရာအသစ်များတွင် ပြောင်းရွှေ့ ဖြစ်ပေါ်နေသည့် အပြင် လွန်ခဲ့သော၂ နှစ်အတွင်း ဘိန်းထုတ်လုပ်မှု ထပ်မံတိုးတက်ခဲ့သည်ကိုလည်း မြင်ရပြန်သည်။ ဘိန်းစိုက်ပျိုးမှု အဓိကတိုးများလာသောနေရာများမှာ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖြစ်သည်။

အမ်စတာဒမ် အခြေစိုက် Think Tank အဖွဲ့တခုဖြစ်သော Transnational Institute (TNI) က ၂၀၀၈ ခုနှစ်တွင် ပြုလုပ်သော သုတေသနပြုချက်တွင် ဘိန်းစိုက်ပျိုးမှုသည် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများအတွင်းရှိ မြို့နယ်များအထိပါ ပြန့်ပွားခဲ့သည်ဟု ဖေါ်ပြထားသည်။ ထို့အပြင် ထိုင်းနယ်စပ်နှင့် နီးစပ်သော ဒေသများနှင့် နမ့်ဆမ်၊ ကွမ်ဟိန်းနှင့် မိုးနဲ မြို့နယ်များတွင်လည်း သီးထပ်စိုက်ပျိုးမှုများ ရှိလာခဲ့သည်ဟု အစီရင်ခံ ဖော်ပြခဲ့သည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တင်းကျပ်စွာ ကန့်သတ်တားမြစ်ထားသော ၀ နယ်မြေ၊ ကိုးကန့် နှင့် မုန်းလားဒေသများ သည် ဘိန်းထုတ်လုပ်မှု ကင်းလွတ်နယ်မြေများအဖြစ် တည်ရှိနေသေးသည်ကို TNI သုတေသနပြုချက်က အတည်ပြု ထားသည်။ "ကျနော်တို့ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ရှိမရှိကို မြို့နယ်တခုချင်းအလိုက် နှစ်စဉ် ကျနော်တို့စစ်ဆေးပါ တယ်။ အကယ်၍ ဘိန်း တမူ (၀. ၀၆၇ ဟက်တာ) စိုက်ပျိုးတာကို ကျနော်တို့ တွေ့တယ်ဆိုရင် အဲဒီသူတွေကို ထောင် ဒဏ် ၃ နှစ်နဲ့ ယွမ်ထောင်ဂဏန်း (၁ ယွမ် = ၀. ၁၅ အမေရိကန်ဒေါ်လာ) စသဖြင့် ဒဏ်ရိုက်ပါတယ်" ဟု ၀ အမျိုးသား သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ကိုယ်စားလှယ်တဦးက TNI သို့ မကြာသေးခင်က ပြောပြခဲ့သည်။

သို့သော်လည်း ၀ တပ်များ ထိန်းချုပ်ရာ ဒေသနှင့် နယ်နိမိတ်ထိစပ်နေသော အစိုးရထိန်းချုပ်မှုအောက်တွင် ရှိသည့် ဒေသများဖြစ်သည့် ဟိုပန်းမြို့နယ်တွင်မူ ဘိန်းစိုက်ပျိုးမှု တိုးများလာနေသည်။ UWSP ၀ တပ်များက ဘိန်းစိုက်ပျိုးမှု တားမြစ်ဟန့်တားလိုက်ပြီးသည့်နောက်ပိုင်း ထိုဒေသမှ ဘိန်းစိုက်သူများက ဟိုပန်းဒေသအတွင်းသို့ ပြောင်းရွှေ့ဝင် ရောက်လာကြပုံရသည်။

တချိန်တခါက အရှေ့တောင်အာရှ၏ အဓိက ဘိန်းဖြူထုတ်လုပ်မှုဒေသများဖြစ်ခဲ့သော လောနိုင်ငံ မြောက်ပိုင်းနှင့် ၀ ဒေသ နှစ်ခုစလုံးတွင် ဘိန်းစိုက်ပျိုးမှုကျဆင်းလာရခြင်းသည် ဒေသခံ အာဏာပိုင်များ၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ကြောင့် ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် လောနိုင်ငံ အစိုးရက ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိသော နိုင်ငံတခု အဖြစ်သို့ ရောက်ရှိရမည်ဖြစ်ကြောင်း ၎င်း၏ သံန္နိဌာန်ပြုချက်ကို တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပြီး ၂၀၀၆ ခုနှစ် ဖေဖေါ် ၀ါရီလတွင် ဘိန်းကင်းစင်သောနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်။ သို့သော်လည်း လူသူအရောက်နည်းသော တောင် ထူထပ်သည့် ဒေသများတွင် ခိုးဝှက်စိုက်ပျိုးနေသော အသေးစား ဘိန်းစိုက်ခင်းများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာရခြင်းမှာလည်း ရှမ်းပြည်မြောက်ပိုင်းအတွင်း တည်ရှိသော အပစ်ရပ်အဖွဲ့များက ၎င်းတို့ဒေသအတွင်း ဘိန်းစိုက်ပျိုးမှု တားမြစ်ဟန့်တားမှုများ ထုတ်ပြန်ကြေညာလာခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ တားမြစ်ဟန့်တားမှုများပြုခဲ့သည့် အဖွဲ့များတွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဒေသ မုန်းလားတွင် ၁၉၉၇ ခုနှစ်၌လည်းကောင်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ကိုးကန့်ဒေသတွင် ၂၀၀၃ ခုနှစ်၌လည်းကောင်း၊ (UWSP) ၏ ၀ ဒေသအတွင်းတွင် ၂၀၀၅ ခုနှစ်၌ လည်းကောင်း ဘိန်းစိုက်ပျိုးမှု တားမြစ်ပိတ်ပင်အမိန့်များ ထုတ်ခဲ့ကြသည်။

ယခင်ကာလများတွင် ထိုဒေသများသည် ဘိန်းစိုက်ပျိုးသော အဓိကဒေသများ ဖြစ်ခဲ့ကြသည်။ ဆယ်စုနှစ်များစွာ တိုက် ခိုက်လာခဲ့ရသော ပြည်တွင်းစစ်ပွဲဒဏ်နှင့် ပိတ်ဆို့မှုဒဏ်များ ခံခဲ့ရပြီးနောက် ၎င်းအပစ်ရပ်အဖွဲ့များသည် မူယစ်ဆေးဝါး စီးပွားရေးတွင် ပါဝင်ခဲ့သော အမည်းစက်ကို ဖယ်ရှား၍ နိုင်ငံတကာ၏ နိုင်ငံရေးအရ အသိအမှတ်ပြုခံရရန်နှင့် ၎င်းတို့၏ ဆင်းရဲချွတ်ချုံကျနေသော ဒေသများအတွက် ဖွံ့ဖြိုးရေးအကူအညီအထောက်အပံ့များ ရရှိရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် ၁၉၉၇ ခုနှစ်မှစ၍ ရွှေတြိဂံဒေသအတွင်း အများအားဖြင့် မြန်မာဘက်ခြမ်းအတွင်း ဘိန်းထုတ်လုပ်မှု ကျဆင်း လာရမှုသည် ဒေသခံအာဏာပိုင်များ၏ မူဝါဒဆိုင်ရာ ကြားဝင်ဆောင်ရွက်မှု တခုတည်းကြောင့် မဟုတ်ပေ။ ရွှေတြိဂံ ဒေသမှ ထုတ်ကုန်များမှ အာဖဂန်နစ္စတန် ထုတ်ကုန်များသို့ ကမ္ဘာ့ဘိန်းဈေးကွက် သိသိသာသာ ပြောင်းရွှေ့သွားသော ကြောင့်လည်း ဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း အသစ်အဆန်းဖြစ်စဉ် တခုတော့ မဟုတ်ပေ။ သမိုင်းကြောင်းကို ပြန်ကြည့်ပါက နိုင်ငံတကာ ဘိန်းနှင့် ဘိန်းဖြူဈေးကွက်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ ကြရမည် ဖြစ်သည်။ ၁၉၇၀ ခုနှစ်များတွင် တူရကီ ဘိန်းစိုက်ကွက်မှ အီရန်နှင့် ပါကစ္စတန်သို့ ပြောင်းရွှေ့သွားခဲ့ပြီး ထိုမှ တဖန် အာဖဂန်နစ္စတန်သို့လည်းကောင်း ပြောင်းရွှေ့သွားခဲ့သည်။ မက္ကစီကိုနှင့် ကိုလံဘီယာနိုင်ငံများတွင် ဘိန်းစိုက် ကွက် အသစ်များ ဖြစ်ပေါ်နေပြန်သည်။

မြန်မာ့ဘိန်းဖြူသည် ဥရောပနှင့် မြောက်အမေရိက ဈေးကွက်များတွင် အာဖဂန်မှ ထုတ်သော ဘိန်းဖြူ (ဥရောပနှင့် အမေရိကန်ဈေးကွက်) နှင့် လက်တင်အမေရိကနိုင်ငံများမှ ထုတ်သော ဘိန်းဖြူများ (အမေရိကန်ဈေးကွက်သို့) ၏ လုံးဝ သိမ်းပိုက်မောင်းထုတ်ခြင်းခံလိုက်ရသည် ဟူသောအချက်သည် လူသိနည်းသလို၊ အစီရင်ခံစာများ ရေးသားရာ တွင်လည်း ခြွင်းချန်ထားခဲ့ကြသည်။ ဤသည်မှာ အရေးကြီးသည့် အချက်တချက်လည်း ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ တွင် ကိုလံဘီယာနိုင်ငံမှ ဘိန်းဖြူများသည် အမေရိကန်ဈေးကွက်တွင် တဦးတည်း မင်းမူနေခဲ့သည်။ မြန်မာနိုင်ငံမှ လာသော ဘိန်းဖြူအားလုံးနီးပါးသည် လတ်တလောအားဖြင့် အရှေ့တောင်အာရှ၊ တရုတ်၊ အိန္ဒိယ၊ သြစတေးလျနှင့် ဂျပန်နိုင်ငံတို့တွင်သာ ဈေးကွက်ရှိ သုံးစွဲနေကြတော့သည်။

ယခင်က ဘိန်းဖြူထုတ်လုပ်သော တချို့အုပ်စုများသည် စိတ်ကြွဆေးပြားများ (Amphetamine-type stimulants –ATS) ထုတ်လုပ်ရေးဘက်သို့ ပြောင်းလဲသွားခဲ့ကြောင်း ညွှန်ပြချက်များ ရှိနေသည်။ အပစ်ရပ်အုပ်စုများက ဘိန်းစိုက် ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု တားမြစ်လိုက်သော ဒေသများဖြစ်သည့် ကိုးကန့်နှင့် ၀ ဒေသများကဲ့သို့သော ဒေသများ တွင် တရုတ်ရာဇ၀တ်ဂိုဏ်း အများအပြားက ATS စိတ်ကြွဆေးပြားများကို လာရောက်ထုတ်လုပ်နေသည်ဟုလည်း သတင်း အရင်းအမြစ်များစွာက အခိုင်အမာ ပြောဆိုနေကြသည်။

ပို၍စိုးရိမ်ဖွယ်ကောင်းသော အချက်မှာ မြန်မာနိုင်ငံနှင့် လောနိုင်ငံရှိ ဘိန်းစိုက်ပျိုးခဲ့သူများအကြား ဘိန်းထုတ်လုပ်မှု ကျ ဆင်းလာမှုကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဘိန်းထုတ်လုပ်မှုကျဆင်ခြင်းကို "အောင်မြင်မှု တခု" အဖြစ် ထုတ်ဖေါ်ပြောဆိုရန်ပင် ခက်ခဲလှသည်။ ဘိန်းစိုက် တောင်သူဦးကြီးဟောင်းများကို နိုင်ငံတကာ အကူ အညီ တချို့ပေးထားပြီး ဖြစ်သည်။ နိုင်ငံတကာ အန်ဂျီအိုများနှင့် ကုလသမဂ္ဂအေဂျင်စီများစွာကလည်း "၀" နှင့် ကိုးကန့် နယ်များအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ သို့သော် ယင်းထောက်ပံ့မှုများမှာ ၎င်း ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်းမှုအပေါ် ပိတ်ပင်ထားခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ဆိုးကျိုးဒုက္ခ အပေါ် မထေမိသည်ကို အရှင်းသား မြင်တွေ့နေရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံ မြောက်ဘက်ခြမ်းဒေသအတွင်း ဘိန်းစိုက် တောင်သူဟောင်းများအတွက် အရေးပေါ် အစားအစာ အထောက်အပံ့များ ပေးထားပြီးဖြစ်သော်လည်း ယင်းအကူ အညီသည် ရေရှည်တည်တံ့မည့် အဖြေတခု မဟုတ်ပေ။

ရွှေတြိဂံဒေသအတွင်း ဘိန်းထုတ်လုပ်မှုကျဆင်းလာမှုကြောင့် ပေါ်ပေါက်လာသော အကြီးမားဆုံး ဆိုးကျိုးဒုက္ခမှာ ဘိန်းစိုက်ပျိုးတောင်သူများအပေါ်တွင် သက်ရောက်နေသည်ကို အငြင်းပွားဖွယ် မရှိသည့်အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိ တောင်ကုန်းများ၊ တောင်ထူထပ်သော ဒေသများအတွင်း ဘိန်းခင်းများ စိုက်ပျိုးလာသည်မှာ နှစ်ပေါင်း ၁၀၀ မက ရှိခဲ့ပြီးဖြစ်သည်။ ဘိန်းခင်းများကို လူသူအရောက်နည်းသော မတ်စောက်သည့် တောင်စောင်းများ သို့မဟုတ် လျှိုမြောင်ငယ်များတွင် များသောအားဖြင့် စိုက်ပျိုးကြပြီး ပုံမှန်အားဖြင့် ရေသွင်းစိုက်ပျိုးခြင်း သို့မဟုတ် မြေသြဇာအသုံးပြုခြင်းများလည်း မရှိကြပေ။ အထွက်နှုန်းသည်လည်း ပုံမှန်အားဖြင့် အာဖဂန်နစ္စတန်နိုင်ငံနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသည်ဟု ဆိုနိုင်သည်။
ဖွံ့ဖြိုးမှု မရှိသော အခြေခံအဆောက်အဦများနှင့် ခက်ခဲသော သယ်ယူပို့ဆောင်ရေးစနစ်များကြောင့် လူသူမနီး တောင် ထူထပ်သောဒေသများတွင် ဘိန်းခင်းအများစုကို စိုက်ပျိုးကြသောကြောင့်သာ ဈေးကွက်တွင် ရှားပါး၊ ယှဉ်ပြိုင်ရန် ခက်ခဲသော သီးနှံ ဖြစ်နေကြရသည်။ ခက်ခဲသော မြေအနေအထားတွင် ဘိန်းပင်များကို လွယ်လင့်တကူ စိုက်ပျိုး နိုင်ပြီးပြန်ရနိုင်သည့် တန်ဖိုးကလည်း သူတို့အတွက် ကြီးလှသည်။

ဘိန်းစိုက်ပျိုးခြင်းသည် ဆင်းရဲမွဲတေမှုနှင့်လည်း လုံးဝ ဆက်နွယ်မှု ရှိနေသည်။ ဘိန်းစိုက်ပျိုးသူအများစုမှာ တောင်ပေါ် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော လူနည်းစု တိုင်းရင်းသားအုပ်စုများမှ ဆင်းရဲသော ကျေး ရွာသားများ ဖြစ်ကြသည်။ ထိုတိုင်းရင်းသားများအထဲတွင် မြန်မာနိုင်ငံမှ ၀ ၊ အခါ၊ လားဟူ၊ ပလောင်၊ ပအို့ဝ်၊ ရှမ်း၊ ကရင်၊ ကရင်နီနှင့် ကချင်တိုင်းရင်းသားတို့ ပါဝင်ကြပြီး လောနိုင်ငံမှ ယောင် (Yao)၊ မုန်နှင့် အခါ တိုင်းရင်းသားများ အပြင်၊ ထိုင်းနိုင်ငံမှ မုံး၊ လားဟူ နှင့် အခါတိုင်းရင်းသားများ ပါဝင်ကြသည်။

မိရိုးဖလာအရ တိုင်းရင်းသားများသည် ဘိန်းကို ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ ၀မ်းပျက်ဝမ်း လျှောရောဂါနှင့် အနာသက်သာစေရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြသည်။ ဘိန်းကို ဓလေ့ထုံးစံ ပွဲတော်များ၊ လက်ထပ်မင်္ဂလာပွဲများနှင့် အသုဘ အခမ်းအနားများတွင်လည်း အသုံးပြုကြသည်။ ထို့အပြင် ဘိန်းအစေ့ကို ဟင်းချက် ဆီကြိတ်ရာတွင် အသုံးပြုသကဲ့သို့ ဘိန်းသည် နတ်ကိုးကွယ်ခြင်းနှင့်လည်း ဆက်နွယ်မှု ရှိနေပြန်သည်။ တခါတရံတွင် ဘိန်းကို ငွေကြေးအစားထိုး အသုံးပြုသကဲ့သို့ ဘိန်းသည် စုငွေပစ္စည်း အဖြစ်လည်း အသုံးပြုကြပြန်သည်။

ပို၍အရေးကြီးသော အချက်တခုမှာ ဘိန်းစိုက်ခင်းများသည် ၎င်းတိုင်းရင်းသားပြည်သူများအတွက် အဓိက ၀င်ငွေရ သီးနှံတခု ဖြစ်နေခြင်းပင်။ တနှစ်ပတ်လည်စာတွင် မိသားစုထမင်းစားရန်အတွက် ဆန်စပါးကို လေးလမှ ခြောက်လစာ အထိသာ ၎င်းတို့က စိုက်ပျိုးထုတ်လုပ်နိုင်သည်။ "ဘိန်းစိုက်ပျိုးခြင်းသည် မိသားစု လိုအပ်ချက်များ၊ ကလေးပညာရေး စရိတ်၊ ကျန်းမာရေး စရိတ်၊ အစားအစာနှင့် အိမ်ထောင်စု လိုအပ်ချက်ပစ္စည်းများ ၀ယ်ယူနိုင်ရေးအတွက် ငွေကြေးရရှိ နိုင်သည်။ ၎င်းတို့၏ အသက်ရှင်နေထိုင်မှုအတွင်း ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ဘိန်းစိုက်ပျိုးခြင်းက ကူညီ ဖြေရှင်းပေးနိုင်သည်ဟု ပြည်သူများက မှတ်ယူကြသည်ဟု" TNI ၏ သုတေသနပညာရှင်တဦးက မှတ်တမ်းတင် ထားသည်။

ဘိန်းစိုက်ပျိုးမှု တားမြစ်လိုက်သည့်အတွက် ၀င်ငွေရအစားထိုးနည်းလမ်း တခုအဖြစ် ရှာဖွေရာတွင် တရုတ်နိုင်ငံ တလျောက်ရှိ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များနှင့် လောနိုင်ငံရှိ ဒေသခံ အာဏာပိုင်များက ယင်း ပြဿနာအတွက် အဖြေတခု ရှာတွေ့ခဲ့ကြသည်ဟု ယူဆခဲ့ကြသည်။ ဤအဖြေမှာ လွန်ခဲ့သော ဆယ်စုနှစ်တွင် စီးပွား ဖြစ် စိုက်ခင်းများ၊ အထူးသဖြင့် ရာဘာ၊ လက်ဖက်၊ ကြံနှင့် ဖရဲ စိုက်ခင်းများ အလွန်အမင်းတိုးများလာခဲ့ပြီး တရုတ် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းလုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်ခဲ့ကြသည်။ လောနိုင်ငံရှိ ဒေသခံ အာဏာပိုင်များနှင့် မြန်မာနိုင်ငံရှိ ၀ဒေသမှ အာဏာပိုင်များက ရာဘာခင်းများကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုး ရန် တွန်းအားပေးနေကြပြီး ရာဘာပင်စိုက်ပျိးရန်အတွက် မြေဧကမြောက်များစွာကို သီးသန့်ဖယ်ထား အသုံးပြုခဲ့ကြ သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ဘက်ခြမ်းအပါအ၀င် ယင်းဒေသတခုလုံးသည် " ရာဘာခါးပတ် (Rubber Belt)" တခုအဖြစ်သို့ ပြောင်းလဲသွားစေရန် ကြိုးပမ်းခဲ့ကြသည်။

"၂၀၀၇ ခုနှစ်မှာ ရာဘာထွက်နှုန်းက တဧကဆိုရင် အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၅၀၀ အထိ ၀င်ငွေရရှိနိုင်တယ်။ ဘိန်းထုတ်လုပ်မှုက တဧကဆိုရင် အမေရိကန်ဒေါ်လာ ၂၀၀ လောက်သာ ရနိုင်ပါတယ်" ဟု လောနိုင်ငံ အခြေစိုက် နိုင်ငံတကာအေဂျင်စီတခု၏ ကိုယ်စားလှယ်တဦးက ပြောသည်။ "အဲဒါကြောင့် ရာဘာပင်စိုက်တာဟာ စိတ်ကူးယဉ် စရာကောင်းတဲ့ အကျိုးအမြတ်ရတဲ့ သီးနှံတခု ဖြစ်လာတယ်။ ရာဘာအပင်ဆိုတာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေ ကို ကယ်မနိုင်တဲ့ လက်နက် ပစ္စည်းတခုဆိုတာ အုပ်ချုပ်သူ တော်တော်များများက သဘောပေါက်လာကြပါတယ်"ဟု လည်း TNI သုတေသနပညာရှင်က ဆိုခဲ့သည်။

သို့သော် ရာဘာစိုက်ခင်းများသည် ရေရှည် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့်အားလျော်စွာ ရာဘာအတွက် အနာဂတ် ဈေးကွက်နှင့် ရာဘာဈေးတည်ငြိမ်မှုအပေါ်တွင်လည်း စိုးရိမ်ချက်များ ရှိနေရသေးသည်။ ယူနန်ပြည်နယ်၊ မြန်မာ ပြည် မြောက်ဘက်ခြမ်းနှင့် လောနိုင်ငံများတွင် ရာဘာပင် အကြီးအကျယ်တိုးမြှင့် စိုက်ပျိုးနေခြင်းအပေါ် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အထူးစိုးရိမ်မှုများလည်း ရှိနေကြသည်။

"ရာဘာပင်ဆိုတာ ကောင်းတဲ့အရာတခုပါ" ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဆစ်ဆောင်ပန္နား အပူပိုင်းရာသီ ရုက္ခဥယျာဉ် (Xishuangbanna Tropical Botanical Garden) မှ ဟူဟွာဘင်း (Hu Huabin) က ရှင်းပြသည်။

"ဒါပေမယ့် အရမ်းကာရော စိုက်မယ်ဆိုရင်တော့ ပြဿနာ ရှိတယ်"ဟုလည်း သူက ဆိုသည်။

ဟူဟွာဘင်းက ပြောပြရာတွင် ရာဘာစိုက်ပျိုးခြင်းသည် မူလအစတွင် နိုင်ငံတော်ပိုင်ဥယျာဉ်များတွင်သာ စိုက်ပျိုး သော်လည်း နောက်ပိုင်းတွင် တရုတ်ပြည်တ၀န်း စိုက်ပျိုးခွင့်ပြုခဲ့သည့်အချိန်မှစ၍ ဒေသအတွင်း ပျံ့နှံ့သွားခဲ့သည်ဟု ဆို သည်။ "ဒေသအတွင်း မနက်ခင်း ပေါ်လာနေကြ မြူတွေသိပ်မကျတော့ဘူး ဆိုကတည်းက ရာဘာစိုက်ပျိုးခြင်း ကြောင့် ဒေသအတွင်းရာသီဥတုအပြောင်းအလဲအပေါ် သက်ရောက်မှု ရှိနေပါပြီ" ဟုသူက ဆိုခဲ့ပါသည်။

တရုတ်ကုမ္ပဏီများက ရာဘာစီးပွားဖြစ်စိုက်ပျိုးခြင်းတွင် အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုများလုပ်နေခြင်းနှင့် ရှိပြီးသား စိုက်ပျိုးမြေများကို စီးပွားရေးလုပ်ကွက်များအတွက် အသွင်ပြောင်းလိုက်ခြင်းကြောင့် ရှိပြီးသား စိုက်မြေ ပြဿနာကိုပါ ပို၍ ဆိုးရွားလာစေသည်။ အထူးသဖြင့် လူနည်းစု ဆင်ရဲသားရွာသားများအတွက် ပို၍ ခက်ခဲစေသည်ဟု ဆိုသည်။ ဆင်ရဲသားရွာသားများအဖို့ စိုက်ပျိုးရန် အလွန်ခက်ခဲသည့် မြေဖျင်းမြေညံ့များကိုသာ ရရှိကြပြီး ရာဘာစိုက် ခင်းများ တွင်လည်း လုပ်အားပေးရန်အတွက် ပုံမှန်ဆိုသလို အတင်းအဓမ္မ ချောဆွဲ ခံကြရပြန်သည်။

"ကျနော်အလုပ်လုပ်တဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အိမ်ထောင်စုမှန်သမျှ ရာဘာစိုက်ခင်းမှာ လုပ်အားမပေးရတဲ့ အိမ် ထောင်စုရယ်လို့ တစုတလေတောင် မရှိပါဘူး၊ အတင်းအကျပ် ခိုင်းတာပါပဲ။ ဒါပေမယ့် သူတို့ကို လုပ်အားခ နည်း နည်းပါးပါးတော့ ပေးပါ တယ်" ဟု "၀" ဒေသအခြေစိုက် နိုင်ငံတကာ အကူအညီပေးရေး လုပ်သား တဦးက ပြောပြခဲ့သည်။

သို့သော် "၀" ဒေသအတွင်း အလုပ်လုပ်ကိုင်နေသော တခြားအကူအညီပေးရေးလုပ်သားတဦးကမူ ထိုကဲ့သို့ လုပ်အား ခပေးမှုတွင် အာမခံချက်မရှိဟု ဆိုသည်။ "ရာဘာစိုက်ခင်း မန်နေဂျာအပေါ်မှာ မူတည်ပါတယ်၊ တော်တော်များ များက တော့ ဘာလခမှ မရပါဘူး၊ ဒါပေမယ့် အပြန်အလှန်အားဖြင့် သူတို့ အခွန်ပေးစရာတော့ မလိုတော့ဘူး၊ ပြဿနာက တော့ တကယ့်အကြီးကြီးပါ"ဟုလည်း သူက ပြောသည်။

တချိန်တည်းမှာပင် ဒေသခံပြည်သူများသည် ဘိန်းပပျောက်ရေးလုပ်ငန်းကြောင့် ဖြစ်ပေါ်လာရသည့် ဆိုးကျိုးဒုက္ခများ ခံစားရခြင်း အပေါ်တွင်သာ စိတ်မကျေမချမ်းဖြစ်နေကြခြင်း မဟုတ်ပေ။ တခြား မကျေနပ်မှုများလည်း ရှိနေကြသည်။

"ကျနော်တို့ဒေသမှာ ဘိန်းမစိုက်ပျိုးရတားမြစ်ချက်ကို အဓိက လုပ်ရခြင်းက တရုတ်ပြည်က ဖိအားပေးလာလို့ပါ" ဟု မုန်းလားဒေသအတွင်းရှိ အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် NDAA အဖွဲ့၏ ကိုယ်စားလှယ်တဦးက ဆိုခဲ့သည်။

“ကျနော်တို့က ဘိန်းမစိုက်ပျိုးရ တားမြစ်ချက်လုပ်ငန်းကို ပထမဦးဆုံး စလုပ်ခဲ့တဲ့ အဖွဲ့ဖြစ်နေတာတောင်မှ ကျနော်တို့ ဒေသကနေ တရုတ်ပြည်ကို ဘိန်းတွေ ဘာဖြစ်လို့ ဒီလောက်များများစားစား ၀င်ရတာလဲလို့ ကျနော်တို့ကို သူတို့က အခု မေးနေပြီ" ဟု ၎င်းက ပြောပြသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာသည့်အပေါ်တွင် အထင်းသား စိုးရိမ် ပူပန်နေသည်။ ဒီမိုကရက်တစ်တပ်မတော်သစ် (ကချင်) (NDA-K) ကဲ့သို့သော အပစ်အခတ်ရပ်စဲရေး အဖွဲ့များကို ၎င်း တို့ထိန်းချုပ်ရာ ဒေသများအတွင်း ဘိန်းစိုက်ပျိုးမှုများ ရပ်စဲစေရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရာဇသံပေးထားပြီး လည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၎င်းတို့ဘာသာ သီးသန့် စစ် တမ်းကောက်ယူမှုများလည်း ပြုလုပ်နေသည်။

တရုတ်နိုင်ငံ နယ်စပ်တရိုးရှိ ယခင်က ဘိန်းဖြူစိုက်ပျိုး ထုတ်လုပ်ခဲ့သော ပြည်သူလူထုထံသို့ အရေးပေါ် ဆန်အကူ အညီများ ထောက်ပံ့ပေးနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုဒေသများအတွင်း တရုတ်နိုင်ငံမှ အကူအညီပေးသော ဘိန်းအစား ထိုး သီးနှံလုပ်ငန်းများသည် စီးပွားရေးအကျိုးအမြတ်ကို အဓိကမျှော်ကိုးသည့် တရုတ် ပုဂ္ဂလိကကုမ္ပဏီ များမှ လာနေ ခြင်း ဖြစ်သည်။

အစားထိုး ဖွံ့ဖြိုးရေးစီမံချက် ခေါင်းစဉ်အောက်မှ တဆင့် ၎င်းတို့ဒေသအတွင်း လာရောက်လုပ်ကိုင်နေ ကြသော တရုတ် ကုမ္ပဏီများနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့များက သိပ်တော့သဘောမတွေ့လှပေ။ အဘယ်ကြောင့်ဆိုသော် ထိုကုမ္ပဏီ များ၏ ဒေသအတွင်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော လုပ်ငန်းများသည် အပေါင်းလက္ခဏာဆန်သော အကျိုးပြုမှုများ ရှိ မလာခြင်းကြောင့် ဖြစ်သည်။ ယင်းတရုတ်ကုမ္ပဏီများသည် ဖွံ့ဖြိုးရေး စီမံချက်များ လုပ်ဆောင်ရန်အတွက် တရုတ် အစိုးရထံမှ ချေးငွေများ ရရှိကြသည်။ သို့သော် လက်တွေ့တွင်မူ သူတို့စီးပွားရေးသာ သူတို့လုပ်နေကြ ခြင်းဖြစ်သည်။ အများစုသော ဘိန်းစိုက်တောင်သူဦးကြီးများက ထိုစီမံချက်များမှ တစုံတရာအကျိုးအမြတ် ခံစားခွင့် မရှိကြသေးပေ။

ကျေးလက်နေပြည်သူများ လတ်တလော တွေ့ကြုံနေရသည့် ဘေးဒုက္ခအပေါ် ထပ်လောင်း ဒုက္ခမဖြစ်စေရေးကို ဟန့် တားရန် နှင့် ယနေ့အချိန်အထိ အောင်မြင်မှုရရှိရန်အတွက် အဟန့်အတားဖြစ်နေခြင်းများကို တားဆီးနိုင်ရန်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်မှု မူဝါဒများသည် ဖွံ့ဖြိုးရေးကို ဦးတည်ရှေးရှု လုပ်ဆောင်သင့်လှပေသည်။ မူဝါဒများတွင် ရေ ရှည် အမြင်ရှိသင့်ပြီး ဘိန်းစိုက်တောင်သူများအတွက် အစားထိုး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလည်း ဆောင် ရွက်ပေးရန် အထူးအာရုံထားသင့်သည်။ ယခုကဲ့သို့ အရေးကြီးသည့်အချိန်တွင် နိုင်ငံတကာ အသိုင်းအ၀န်းက ရွှေ တြိဂံဒေသကို ပစ်ပယ်မထားရန် အထူးအရေးကြီးလှပါသည်။ ထိုကဲ့သို့သော နည်းလမ်းများမရှိပါက ဘိန်းဖြူ ထုတ် လုပ်မှုကျဆင်းနေခြင်းသည် တာရှည်ခံလိမ့်မည် မဟုတ်ပါကြောင်း။ ။

Tom Kramer ရေးသားသည့် Burma Daze ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

တွမ်ကရေမာသည် Transnational Institute (TNI) ၏ မူးယစ်ဆေးဝါးနှင့် ဒီမိုကရေစီ အစီအစဉ်မှ သုတေသီ တဦး ဖြစ်သည်။ TNI ၏ လေ့လာချက်တခုဖြစ်သော " Withdrawal Symptoms Changees in the Southeast Asian Drugs Market" ကို အင်တာနက်စာမျက်နှာ www.tni.org/drugs တွင် ဖတ်ရှုနိုင်ပါသည်။

လမ်းမပေါ်က ဇရာအိုများ

Monday, 17 November 2008 18:24 အောင်သက်ဝိုင်း
ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုးဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသောဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။
ရန်ကုန်မြို့ တနေရာတွင် တ၀မ်းတခါးအတွက် တောင်းရမ်း နေရသော အဘိုးအို နှင့် အဘွားအို (ဓာတ်ပုံ - အောင်သက်ဝိုင်း)


ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသော
သူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။ သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။

အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ“သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ”ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။

“အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်”ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။

၂၀၀၈ ခုနစ်မေလဆန်းပိုင်း မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။

ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။

မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။

သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။

ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။

အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။

သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။
ယောဂီ တဘက် ၊ ယောဂီ လုံချည် လေးများဖြင့် တောင်းရမ်းနေသော အဘွားအို နှစ်ဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)


“အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်”ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။

ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။

“ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ”ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။

မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။

“လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်” ဟု အဆိုပါစာရေးဆရာကဆိုသည်။

စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်း
ရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။

“ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။

လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစား
လက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။

“သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ”ဟု အဆိုပါသတင်းစာဆရာကပြောသည်။

စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။

“အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။

တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။

“အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်”ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။ကိုယ့်ဝမ်းပူဆာ မနေသာတော့လည်း လမ်းမပေါ်တွင်ပင် ဈေးတောင်းချ ရောင်းနေရသော ဇရာအို အဘွား တဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)


တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။

“တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး” ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။

စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။

“ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်”ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။

အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။

“တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလို
ကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်”ဟု ထိုသတင်းသမားက ပြောဆိုသည်။

ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။

“တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်”ဟု ၄င်းကပြောသည်။

စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။

Monday, 17 November 2008 သတင်း

ဓမ္မနဲ့ အဓမ္မတိုက်ပွဲ" မပြီးသေးဟု လှုပ်ရှားတက်ကြွသူများပြော
မြင့်မောင်
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:37 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသော်လည်း စစ်အစိုးရအနေဖြင့် အနိုင်ရသွားခြင်း မဟုတ်ကြောင်း နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယုံကြည်ကြသည်။

ယနေ့ကျရောက်သည့် ၆၉ နှစ်မြောက် နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် ကျင်းပသည့် အခမ်းအနား၌ သူတို့က တညီတညွတ်တည်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အခု လုပ်နေတာက မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ် အကျဉ်းချနေတာ။ အဲဒါ အဓမ္မ။ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ဖို့ လိုအပ်တယ်။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ တိုက်ပွဲကို ပြီးဆုံးသည့်တိုင်အောင် စည်းလုံးညီညွတ်မှုနဲ့အတူ တိုက်ပွဲဝင်သွားမယ်" ဟု အရှင် ဦးပညာသီရိက အခမ်းအနားတွင် မိန့်ကြားသည်။

ဦးပညာသီရိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လင်တန် ရဲဘက်စခန်းမှ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းကျခံခဲ့ရသည့် သံဃာတော်တပါး ဖြစ်သည်။

''ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် ရှေ့တန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲတွေကို ဦးဆောင်နေတာက ထုထည်ကြီးမားတဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ အာဏာရှင်တွေက ဘယ်လိုပဲ နှိမ်နင်းနေပါစေ တော်လှန်ရေး၊ ဒီမိုကရေစီရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြအုံးမှာ ဖြစ်တယ်'' ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှ တွဲဖက်အတွင်းရေးမှူး (၂) ကိုမောင်လူကြီးက ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှုအပြီး စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ၈၈ ကျောင်းသားများ အများအပြားဖြင့် ၁၉၉၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မှ ဥက္ကဌဖြစ်သူ ကိုကျော်သန်းကလည်း ပြည်တွင်းရှိ ကျောင်းသားထုသည် စစ်အာဏာရှင်စနစ်အား ဖိနှိပ်မှုကြားကပင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုသာ ယုံကြည်ကြောင်း ပြောသည်။

"ကျောင်းသားတွေကို ဒီမိုကရေစီ တောင်းရုံနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်တယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ၆၅ နှစ် နှစ်ရှည်ထောင်ဒဏ် ချလိုက်တဲ့ အပေါ်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဇေယျာက '၆၅ နှစ်တဲ့လားကွာ' ဆိုတဲ့ စိန်ခေါ်တဲ့ စကားတွေက ကျောင်းသားထုတွေထဲမှာ ဗမာကျောင်းသားထုရဲ့ သတ္တိနဲ့ ပိုင်းဖြတ်မှုတွေကို ကိုယ်စားပြုတဲ့ သဘော ရှိတယ်" ဟု ကိုကျော်သန်းက ပြောသည်။

နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် ပေါ်ပေါက်လာပုံမှာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နာဇီဖက်ဆစ်များက ချက်ကိုစလို ဗက်ကီးယားနိုင်ငံအား သိမ်းပိုက်မှုနှင့် ဖက်ဆစ်ဝါဒကို ပရာဂ် (Prague) တက္ကသိုလ်မှ ကျောင်းသားများက ရဲဝံ့စွာ အာခံခဲ့ကြရာ ကျောင်းသားတဦး ကျဆုံးခဲ့ပြီး ကျောင်းသား ၁၂ ဦးအား ခုံရုံးမှ အပြစ်ပေး ကွပ်မျက်ခဲ့သလို၊ ထောင်ပေါင်းများစွာသော ကျောင်းသားများအား ဖိနှိပ်ရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရမှုမှ စတင်ခဲ့သည်။ ထိုစဉ်က နိုင်ငံတ၀ှမ်းရှိ တက္ကသိုလ် ကောလိပ်များကိုလည်း ပိတ်ပစ်ခံခဲ့ရသည်။

၁၉၄၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော နိုင်ငံတကာ ကျောင်းသားများ ကောင်စီမှ နိုဝင်ဘာလ ၁၇ ရက်နေ့ကို နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် သတ်မှတ်ကာ အာဏာရှင်နှင့် ဖိနှိပ်မှု၊ သွေးစုတ်မှုများအား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတ၀ှမ်းရှိ ကျောင်းသားအဖွဲ့အစည်းများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၀ ခန့်မှ ကျောင်းသားအဖွဲ့အစည်း ၁၆၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် International Union of Students ၊ International Union of Sodalist Youth နှင့် World Federation of Democratic youth က အခမ်းအနားများကို ဦးစီးကာ ပိုစတာများ၊ လက်ကမ်းစာစောင့်များ ထုတ်ဝေဖြန့်ဝေကာ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၂၁ ဦးထက်မနည်း ထောင်ဒဏ် ၆၅ နှစ်အထိ မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချခဲ့သလို၊ အခြားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သူ အန်အယ်ဒီ ပါတီဝင်များ၊ သံဃာတော်များနှင့် လူ့အခွင့်အရေးသမားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

နယ်နိမိတ် သတ်မှတ်ရေး ဖြေရှင်းပြီးသည်အထိ မြန်မာ့ဘက်မှ ဓာတ်ငွေ့စမ်းသပ်ရှာဖွေမှုကို ရပ်တန့်ထားရန် ဘင်္ဂလာဘက်က တောင်းဆို
11/17/2008

သျှင်ထွီးခိုင် (နိရဉ္စရာ) မြန်မာဘင်္ဂလာနှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပြင်နယ်နိမိတ်သတ်မှတ်ရေးပြဿနာ ကို နိုင်ငံတကာ ပင်လယ်ရေကြောင်း သတ်မှတ်ရေး ဥပဒေအတိုင်း ကမ္ဘာ့ ကုလသမဂ္ဂမှ ကြားဝင် ဖြေရှင်းပေးပြီးသည့် အထိ မြန်မာဘက်မှ ဓာတ်ငွေ့စမ်းသပ်ရှာဖွေမှုကို ရပ်တန့်ထားရန် ဘင်္ဂလာဘက်မှ ယမန်နေ့ အစည်းအဝေးတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
“ကျနော်တို့ ဘင်္ဂလာရေပြင်ပိုင်နက် နယ်နိမိတ်ဖြစ်တဲ့ အရှေ့ဘက် ၁၈၀ ဒီဂရီလိုင်းအတွင်း မှာ မြန်မာဘက်က ဂတ်(စ်) စမ်းသပ်ရှာဖွေ တူးဖေါ်နေတာကို နှစ်နိုင်ငံ ရေပြင်ပိုင်နက် နယ်နိမိတ်သတ်မှတ်သည့် နောက်ဆုံး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးအောင်ထိ မြန်မာဘက်က ရပ်တန့်ထားသင့်ပါတယ်”ဟု နိုင်ငံခြားရေးဆိုင်ရာ အတွင်းရေးမှူး MAK မာမောက်က ပြောသည်။

အဆိုပါ တောင်းဆိုချက်ကို ဒက္ကားမြို့တွင် ပြုလုပ်သည့် ပင်လယ်ရေကြောင်း နယ်နိမိတ် သတ်မှတ်ရေးနှင့် ကမ်းရိုးတန်းစီးပွါးရေးဇုံသတ်မှတ်ရေး နှစ်နိုင်ငံမှ ပညာရှင်များ ပထမနေ့ ဆွေးနွေးပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်ခေါင်းဆောင်သောအဖွဲ့ဝင် ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ခ်ျဘက်မှ MAK မာမောက် ခေါင်းဆောင်သည့် ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံ ရေကြောင်းနယ်နိမိတ် အငြင်းပွါးမှုမှာ ၁၉၇၄ နှစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စတင် ခဲ့စဉ်ကတည်းက ဖြစ်ပွားနေခြင်းဖြစ်သည်။

“အခု ဖြစ်ရတဲ့ပြဿနာကလည်း ကျနော်တို့ ရေပြင်ပိုင်နက်အတွင်း မြန်မာဘက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ၀င်ရောက်ပြီးတော့ ရှာဖွေတူးဖော်ရာက စတာပါ၊ နိုင်ငံတကာက သတ်မှတ်ခဲ့တဲ့ နယ်စပ်မျဉ်းတွေကို မြန်မာက လက်မခံခဲ့ဘူး။ ဒီလို နားလည်မှုလွဲတာကနေ မြင့်မားတဲ့ အငြင်းပွားမှု အခြေအနေကို ရောက်ရှိ လာခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်က လည်း ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။ ကျနော်တို့ ၁၉၇၄ ခုနှစ်က ကြေငြာခဲ့တဲ့ ဘင်္ဂလာ နယ်နိမိတ်ဟာ ၀၉၂ ဒီဂရီ ၁၇ မိနစ် ၃၀ စက္ကန့် အရှေ့ လောက်ဂျီကျူဒ် အတွင်း တည်ရှိပါတယ်။ ကျနော်တို့ ကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ နှစ်နိုင်ငံအကြား အခြေခံကျကျ ညီမျှမှုရတဲ့အထိ လိုက်နာမှာဘဲ”ဟု အစည်းအဝေးအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

တခြားအသေးစိတ် ဆွေးနွေးသော အကြောင်းအရာများကိုမူ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိကြောင်း သိရသည်။ အတည်မပြုနိင်သော သတင်းအရ ပင်လယ်ရေပြင်ပိုင်နက် သတ်မှတ်ရေး ကိစ္စ နှင့် ပတ်သက်ပြီး ယမန်နေ့က အစည်းအဝေးတွင် သဘောတူညီမှု မရရှိခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိမိတ် သတ်မှတ်ရေးနှင့် ကမ်းရိုးတန်းစီးပွားရေးဇုံ သတ်မှတ် ရေးဆွေးနွေးပွဲကို ယနေ့တွင်လည်း ဆက်လက်ဆွေးနွေးနေကြသည်။

ထိုင်းနယ်စပ်သို့ စစ်အစိုးရ လက်နက်ပစ္စည်းဖြည့် - လက်နက်ကြီးတပ်ဆင်ဖို့နှင့်ဆက်စပ်မှုရှိနိုင်ဟု SSA ဥက္ကဌသုံးသပ်
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Monday, 17 November 2008 14:05

စစ်လက်နက်ပစ္စည်းအပြည့်တင်ဆောင်သော စစ်အစိုးရ၏တရုတ်ဖြစ် တုန်းဖုန်းစစ်ယာဉ်တန်းများ သျှမ်းပြည်အရှေ့ပိုင်းသို့ ရောက် လာရာ နယ်စပ်တလျောက် နအဖတို့လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေမှုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သျှမ်းပြည်တပ်မတော် SSA ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က ပြောသည်။

ယခုလ ၉ ရက်နေ့က နအဖစစ်အစိုးရ၏ တုန်းဖုန်းစစ်ယာဉ်တန်း ၁၅ စီး တာ့ကော့တံတားဖြတ်သန်းသွားကြောင်း၊ မည်သည့်အရပ် သို့ ဆက်သွားမည်ကို မသိရကြောင်း အသက် ၄၀ ကျော် မိုင်းပြင်းဒေသခံ အမျိုးသား တစ်ဦးကပြောပြ သည်။

မိုင်းပြင်းအခြေစိုက် နအဖစစ်တပ်နှင့် အ၀င်အထွက်ရှိသူ အဆိုပါဒေသခံက “ ခဲယမ်းမီးကျောက်နဲ့ ကျည်ဆံတွေတဲ့။ ဒေသခံ နအဖှ အရာရှိငယ်တွေ ပြောတယ်။ လုံòခံရေးအက်စ်ကော့ဒ်က အယောက် ၂၀ လောက်ဘဲရှိတယ်။ လမ်းတလျောက် ကင်းတဲတွေ စစ်သား တွေ မိုင်ဝက် ၁ မိုင်အကွာ ၃-၄ ယောက် ၁ ဖွဲ့လုံòခံရေးပိုထူတယ်။ ဆင့်ဆိုခံရတဲ့ အရပ်သားတွေလဲ တွေ့ရတယ်တဲ့၊ အဲဒီနေ့က ထော်လာဂျီသမားတွေပြောပြတာ” ဟု ဆို၏။

၎င်းနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတောှ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှုးကြီးယွက်စစ်က “ထိုင်းနယ် စပ်တလျှောက် တာချီလိတ်၊ ဟိုမိန်း၊ မိုင်းတုံမြို့နယ်တွေမှာ နအဖလက်နက်ကြီးတွေ လာထားမယ်လို့ ကြားရတာကြာပြီ။ ၁၂၀ မမနဲ့ ၁၅၀ မမ လို့ကြားရတယ်။ တပ်ဆင်မယ့်နေရာလည်း လုပ်ထားပြီးပြီတဲ့။ အခုလာတဲ့ ခဲယမ်းမီးကျောက်ကားတွေက လက်နက်ကြီး တပ်မယ့်ဟာနဲ့ ဆက်စပ်မှု ရှိနိုင်တယ်။ နောက်တစ်ခုက သိပ်မကြာသေးခင်ကဘဲ မိုင်းဆတ်လေယာဉ်ကွင်းမှာ စစ်လေယာဉ် ထိန်းချုပ် တဲ့ ကွန်ပြူတာစက် တပ်ဆင်ထားပြီလို့ လဲကြားရတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။

၎င်းနှင့်ပါတ်သက်၍ နယ်စပ်မှ ထိုင်းအာဏာပိုင်တစ်ဦးက“ ၁၂၀ မမ ဆိုရင်တော့ SSA ကိုထိုးစစ်ဆင်တုန်းက သုံးတာ တွေ့ရတယ်။ ၁၅၀ မမ ဆိုရင် ဒါအဝေးပစ်ဘဲ။ သူတို့ ဘယ်ကိုပစ်မလဲ။ စိတ်ဝင်စားစရာဘဲ” ဟု ပြော၏။
သံလွင်အရှေ့ခြမ်းသို့ အဆိုပါစစ်ယာဉ်တန်းမရောက်လာမီ ၁ ရက်အလို ယခုလ ၈ ရက်နေ့ကလည်း ခလရ ၂၇၇ နှင့် ခလရ ၂၂၅ တို့က ကျိုင်းတုံ-နားကောင်းမူး ကားလမ်းတစ်လျှောက် လုံခြုံရေးချထားသည်ကို တွေ့ရပြီး ဒေသခံလူထုအားလည်း “လူကြီးလာမည်” ဟုသာ ပြောထား၏။ ထိုနောက်ပိုင်း မကြာမီ တစ်စီးလျင် လုံခြုံရေး ၅ ယောက်စီပါသည့်စစ်ယာဉ်တန်း ၅ စီးရောက်လာပြီး ပုံပါကျင်သို့ ၂ စီး၊ မိုင်းကဋ္ဌတ်သို့ ၂ စီး၊ နားကောင်းမူးသို့ ၁ စီး သွားသည်ဟုဆို၏။ သို့သော် ပုံပါကျင်ဒေသခံတစ်ဦးက “ဆောင်းတွင်းမို့လို့ စစ်သားတွေအတွက် အနွေးထည်တွေနဲ့ ရိက္ခာတွေ တင်လာတာတဲ့ ” ဟု စစ်တပ်အသိုင်းအ၀ိုင်းမှ ကြားသိရကြောင်း ပြောပြသည်။

မော်တော်ပီကယ်မှ ကရင်ပြည်နယ်နေ့ ပို့စကတ်ကို မဝယ်မနေရ အတင်းအကျပ်လိုက်ရောင်း
သတင်း - IMNA
Written by ကွန်းဟဒေ့
Monday, 17 November 2008 14:04

၅၃ နှစ်မြောက် ကျရောက်ခဲ့သော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်စတေကာ တစ်ခုကို မဝယ်မနေရစနစ်ဖြင့် အစိုးရအဖွဲ့အစည်းပေါင်းစုံမှ ဆိုင်ကယ်ပိုင်ရှင်များကို အတင်းအကျပ် ရောင်းချခဲ့ကြသည်။

နိုဝင်ဘာလ ၇ နေ့တွင် ကျရောက်ခဲ့သော ကရင်ပြည်နယ်အထိမ်းအမှတ်ဖြင့် အနံနှစ်လက်မ အလျား၎ လက်မခန့်ရှိသော စတေကာ တစ်ခုကို ထိုင်းဘတ်ငွေ ၂၀ ဖြင့် ဆိုင်ကယ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးအဖွဲ့၊ ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲများက လမ်းတွင်တွေ့သမျှဆိုင်ကယ်များကို တားဆီးကာ ပို့စကတ်ကို အတင်းအကျပ် ရောင်းချ ခဲ့ကြသည်။

"အဲဒီစတေကာတွေကို ဆိုင်ကယ်မှာကပ်ထားရမယ်၊ တကယ်လို့ ဆိုင်ကယ်မှာ ကပ်ထားတာမတွေ့ဘူးဆိုရင်တော့ သူတို့ဝယ်ခိုင်းတော့တာပဲ" ဟု ဘုရားသုံးဆူမြို့နေ ၄င်းပို့စကတ်ကို ဝယ်ခဲ့ရသော အမည်မဖော်လိုသူ ဆိုင်ကယ်သမားတစ်ဦးက ပြောသည်။

"တကယ်လို့ ဒီနေ့မဝယ်ရင် မနက်ဖြန်ကျရင် ပို့စကတ်တစ်ခုကို ဘတ် ၅၀ ပေးပြီး ဝယ်ရမယ်" ဟု မော်တော်ပီကယ်ပြောပြချက်ကို ကိုးကား၍ ၄င်းကဆက်ပြောခဲ့သည်။

ဘုရားသုံးဆူမြို့တစ်ခုတည်းသာမက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ပင် ရောင်းခဲ့သည်ဟု မော်တော်ပီကယ်များက ပြောသည်ကို ၄င်းစတေကာကို ဝယ်ခဲ့ရသူတစ်ဦးက ပြန်ပြောပြသည်။

ကရင်ပြည်နယ်အထိမ်းအမှတ် စတေကာပို့စကတ်ကို ဘုရားသုံးဆူမြို့ရှိ တွေ့သမျှဆိုင်ကယ်ပိုင်ရှင်များကို ရပ်ခိုင်းပြီး တစ်ဦးလျှင် တစ်ခုစီဝယ်ကြရပြီး ဘုရားသုံးဆူမြို့တွင် ၂၀၀၆ - ၂၀၀၇ နှစ်ကြား အာဏာပိုင်များကောက်ခံထားသော စာရင်းအရ ဆိုင်ကယ်အစီးရေ ၄၀၀၀ ကျော်ရှိပြီး ယခုတွင် ဆိုင်ကယ်အစီးရေ ၅၀၀၀ ကျော်ရှိနိုင်သည်ဟု ဘုရားသုံဆူးမြို့ခံတစ်ဦးက ပြောသည်။

အထူးဒေသ ၄ သို့ နအဖတပ် ၀င်ရောက်အခြေချထိန်းချုပ်ရေးကို ဒေသခံလူထုက လက်မခံ
သတင်း - သျှမ်းသံတော်ဆင့်သတင်း

Monday, 17 November 2008 14:02

အပစ်ရပ် အထူးဒေသ 4 NDAA မိုင်းလားတပ်ဖွဲ့ အကြီးအကဲအချို့ နိုင်ငံရေးပါတီထောင်၍ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပါက အရည်အချင်း ပြည့်မီစေရန် နအဖစစ်တပ်က လေ့ကျင့်သင်တန်းပေးမည်၊ မိုင်းလားအထူးဒေသ ၄ သို့ နအဖစစ်တပ် ၀င်ရောက်ထိန်းချုပ်မည်ကို ဒေသခံလူထုနှင့် တပ်ဖွဲ့ဝင်များ လက်ခံမည်မဟုတ်ကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီထောင်ရန် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ နှင့် ၁၇ ရက်နေ့က တြိဂံစစ်တိုင်းမှုး ဗိုလ်ချုပ် ကျော်ဖြိုးနှင့်အဖွဲ့ UWSA အပစ်ရပ် ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းပေါက်သို့ သွားရောက်ကျောသပ် ဆွေးနွေးစည်းရုံးပြီး မိုင်းလားသို့ တက်သွား၍ အထူးဒေသ ၄ ခေါင်းဆောင်ပိုင်း ၃-၄ ယောက်အား ကျိုင်းတုံသို့ခေါ်ဆောင်လာသည်ဟုဆို၏။

“ ၁၈ ရက်က ကျော်ဖြိုးနဲ့ မိုင်းလားခေါင်းဆောင် ၃-၄ ယောက် ကျိုင်းတုံကို ပြန်ရောက်တယ်။ ဥက္ကဌကြီး ဦးစိုင်းလင်းတော့ မပါဘူး။ စရဖ၀န်ချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ကျိုင်းတုံမှာ တွေ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းဆွေးနွေးတော့ မိုင်းလားအဖွဲ့ ခေါင်း ဆောင်တွေက “နိုင်ငံရေးပါတီထောင်ဖို့ လက်ခံစဉ်းစားထားမယ်။ အခုချက်ချင်းမဆုံးဖြတ်နိုင်သေးဘူး။ ဌာနချုပ်ပြန်ပြီး ဆွေးနွေး ရဦးမယ်” လို့ပြန်ဖြေတယ် တဲ့”-ဟု မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သည့် ကျိုင်းတုံဒေသခံ တစ်ဦးက ပြောပြ၏။

အကယ်၍ ပါတီထောင် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးပါက နောက်ဆက်တွဲအကျိုးဆက်များကို ဒေသခံများလက်မခံနိုင်ကြောင်း အဆိုပါ ကျိုင်းတုံဒေသခံက-“ NDAA ခေါင်းဆောင်တစ်ယောက်ရဲ့စကားအရ- မိုင်းလားဒေသမှာ နအဖစစ်တပ် ထိန်းချုပ်မှာကို ပြည်သူလူထုက လက်မခံဘူး။ ပညာမတတ်တဲ့ အရာရှိတွေကို ရာထူးကဖြုတ်ပစ်မယ်။ နအဖစစ်တပ်အရာရှိတွေနဲ့ အစားထိုး ကိုင်ခိုင်းမယ်ဆိုတာလည်း လက်မခံဘူး။ ဒေသခံလူထုက စစ်တပ်နဲ့အတူ တလျောက်လုံး ဒုက္ခခံလာခဲ့ရပြီဆိုတော့ NDAA ခေါင်းဆောင် တွေအနေနဲ့ လူထုကို လစ်လျူရှုမထားနိုင်ဘူး- လို့ပြောတယ်” ဟု ဆို၏။

“ ရွေးကောက်ပွဲဝင်ဖို့ ဘယ်လောက်ဘဲ ဆုံးဖြတ်ချက်ချနေပါစေ လက်နက်ချဖို့ဆိုတာတော့ တခွန်းမှမပါဘူး” ဟု အဆိုပါခေါင်းဆောင် ကပြောကြောင်း ကျိုင်းတုံဒေသခံက ဆက်လက်ပြောပြသည်။
တရုတ်နယ်စပ် ဌာနချုပ်အခြေစိုက် မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ၀ပြည်သွေးစည်းညီဍွတ်ရေးတပ်မတော် UWSA၊ ကိုးကန့် MNDAA အဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့သည် ၁၉၈၉ ကတည်းက ဖွဲ့စည်းသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦး အဖွဲ့ဝင်များဖြစ်ကြသည်။ ၄င်းတို့သည် “ နိုင်ငံရေး၊ စစ်ရေးကိစ္စများတွင် အချင်းချင်းဆွေးနွေး တိုင်ပင်ညိနှိုင်းပြီးမှသာ ဆုံးဖြတ်မည်” ဟု သဘောတူထားကြသော်လည်း နိုင်ငံရေးပါတီထောင် ရွေးကောက်ပွဲဝင်ရန်မိုင်းလားကလက်ခံစဉ်းစားလိုက်ခြင်းမှာ နိုင်ငံရေး စိတ်မ၀င်စားသော အကြီးအကဲများ၏ ကိုယ်ကျိုးစီးပွါးအတွက်ကြောင့်သာဖြစ်ကြောင်း၊ စစ်အစိုးရထံ ဦးမညွတ်လိုသည့် ခေါင်းဆောင် အချို့ရှိသော်လည်း ၎င်းတို့မှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိကြောင်း နယ်စပ်မှနိုင်ငံရေး၊ စစ်ရေးလေ့လာ သူတစ်ဦးက သုံးသပ်ပြောဆို သည်။

ထူးခြားချက်မှာ ကြံ့ဖွံ့အဖွဲ့ နှင့် တစည ပါတီ တို့က နိုင်ငံနှင့်အ၀ှမ်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် အဆင့်သင့်ဖြစ်နေ ပြီဖြစ်သော်လည်း စစ်အစိုးရသည် ယခုချိန်အထိ ရွေးကောက်ပွဲ ဥပဒေနှင့် မဲဆန္ဒနယ် မသတ်မှတ်ရသေးပေ။

“ ရွေးကောက်ပွဲ ဥပဒေကို သူတို့မထုတ်ပြန်သေးတာက - နေပြည်တော်ထိပ်သီးတွေ အပစ်ရပ်အဖွဲ့အချို့ရဲ့ မတင်မကျ အခြေ အနေကိုစောင့်ကြည့်နေလို့ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ ကိုးကန့်အဖွဲ့ဆိုရင် လောက်ကိုင်နဲ့ ကုန်းကျန်း၊ ၀ ဆိုရင်ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နဲ့ ပန်ဆန်း္မမ့နယ်၊ မိုင်းလားအဖွဲ့ဆိုရင် ကျိုင်းတုံခရိုင် အရှေ့မြောက်ခြမ်း။ ဒီဒေသတွေကို အပစ်ရပ် ၃ ဖွဲ့ ထိန်းချုပ် ထားတယ် ဆိုတော့ သူတို့ရွေးကောက်ပွဲနိုင်ခြေများတာပေါ့ ”- ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာ သူက ဆက်လက်သုံးသပ်ပြသည်။

တဖက်တလမ်းကလည်း စစ်အစိုးရနှင့် ၀ တပ်ဖွဲ့တို့ မှာ - ၁၉၈၀ က မဆလတပ် သိမ်းပိုက်ခဲ့သော မက်မန်း္မမ့နယ်ခေါ် မော်ဖှ ဒေသနှင့် (ယခင် မိုင်းယန်း္မမ့နယ်အတွင်းပါဝင်သော) မိုင်းပေါက် လဲလှယ်ရေးပြဿနာ မပြီးပြတ်သေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆို၏။ ၀တပ်ဖွဲ့၏မိုင်းပေါက်ကို စစ်အစိုးရက မက်မန်းနှင့်လဲလိုသော်လည်း မိုင်းပေါက်မှာ ပန်ဆန်းဌာနချုပ်အတွက် မဟာမိတ် မိုင်းလားတပ်ဖွဲ့ နှင့် မဲခေါင်မြစ်သို့သွားသော အဓိကလမ်းကြောင်း တံခါးပေါက်ဖြစ်နေသဖြင့် ၀တပ်ဖွဲ့အဖို့လက်မလွတ်လိုခြင်းဖြစ် သည်။ အဆိုပါနယ်မြေများတို့သည် ယခင် (၁၉၈၆-၁၉၈၉) ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်နယ်မြေများဖြစ်ပြီး ၁၉၈၈ မဲဆန္ဒ နယ်သတ်မှတ်ချိန်တွင် စာရင်းထဲမပါရှိပေ။

အပစ်ရပ် အထူးဒေသ 4 NDAA မိုင်းလားတပ်ဖွဲ့ ဥက္ကဌ ဦးစိုင်းလင်း (အသက် ၆၂ နှစ်) မှာ တရုတ်ပြည် ၀မ်းတိန့်မြို့ မျက်နှာချင်း ဆိုင် ပန်ဆိုင်းဇာတိ သျှမ်း-ကွမ်းတုံ သွေးနှောတစ်ယောက်ဖြစ်သည်။ ၄င်းတွင် သျှမ်းနှင့် အခါလူမျိုး လက်ထောက် ၂ ယောက် ရှိပြီး အတွင်းရေးမှူးမှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း (ကချင်ပြည် ဗန်းမော်တရုတ်) ဦးမင်းအိမ် ဆိုသူဖြစ်သည်။

တရုတ် နယ်စပ်၌ မြန်မာငွေဈေးများ ကျဆင်း၍ ကုန်သည်များနစ်နာနေ
သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
Monday, 17 November 2008 13:56

ယခုရက်ပိုင်းအတွင်း တရုတ်-မြန်မာနယ်စပ်တွင် ကျပ်ငွေတန်ဖိုး နိမ့်ကျနေမှုကြောင့် မြန်မာကုန်သည်များ နစ်နာ နေရသည်ဟု နယ်စပ်ရှိ ကုန်သည်ကြီးများအသင်း၏ ဦးဆောင် အဖွဲ့ဝင်တဦးက ပြောသည်။

ယခင်က မြန်မာငွေ ကျပ်တစ်ထောင်လျှင် တရုတ်ငွေ ၆ယွန်ရှိရာမှ ယခု ၅.၂၅ ယွန် ဈေးသာရှိတော့သဖြင့် ငွေလှဲနှုန်း အရ ကျပ်တစ်ထောင်လျှင် ၁၅၀ ကျပ်ခန့် နစ်နာကြောင်း ၎င်းက ယခုလို ပြောသည်။

" အခုက ကျနော်တို့က ဒီမှာတစ်လကျော်လောက်ရှိပြီပေါ့နော်။ အဲ ၆ယွန်နဲ့ ၅ယွန်ကြား ထဲမှာ ကစားတာလေ ငွေဈေးကတော့၊ အခုကတော့ ၅၂၅ ပေါ့။ ၅ ကျပ်နဲ့ ၂၅ ပြားဆိုရင် မြန်မာငွေ တစ်ထောင်ရတာပေါ့။ ဟိုတုန်းကတော့ ၆ ကျပ် ၅၈၊ ၅၇ အဲလိုလေးတွေ ဖြစ်တယ်။ ၅နဲ့၆ ကြားထဲမှာ ကစားတာ ဒါပေမယ့် အရောင်းအ၀ယ်ကတော့ ပါးပါတယ်။ ဒီဘက်မှာ အနည်းဆုံးမြန်မာငွေ ဥပမာ ဟိုတုန်းက ခြောက်ယွန်ပေးလိုက်ရင် မြန်မာငွေ တစ်ထောင်လေ။ အဲအခုကတော့ ၅၂၅ ဆိုရင် မြန်မာငွေ ၁၅၀ လောက်တော့ နစ်နာတာပေါ့။"

တရုတ်ပြည် အိုလံပစ်ပွဲတော်ကာလအတွင်း၌ နှစ်နိုင်ငံဝင်ထွက်သွားလာရေးကိစ္စများ ခက်ခဲ၍ မြန်မာကုန်ပစ္စည်း များ တရုတ်ပြည်သို့တင်သွင်းမှု နည်းပါးချိန်မှစ၍ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

"လုပ်ငန်းကိုင်ငန်းအရ ဒီမှာအရောင်းအ၀ယ် နည်းနည်းပါးတယ်လေ။ ပါးတယ်ဆိုတာ ကျနော်တို့ကြား ထဲမှာ အိုလံပစ်တစ်ခုဖြစ်သွားတယ်။ တရုတ်ပြည်မှာလေ၊ အဲဒီ အိုလံပစ်မှာလဲ ဒီကကုန်သည်တွေက ပြည်ကြီးမှာ သွားရောင်းလို့မရဘူး အရောင်းအ၀ယ်သွား လုပ်လို့မရဘူးလေ။ လတ်တလောမှာ အမေရိ ကန်ကဘဏ် ကိစ္စတစ်ခုပေါ်လာတယ်လေ ပေါ်လာတဲ့ အခါကျတော့ ပစ္စည်းတွေက မ၀ယ်ကြတော့ဘူး လေ"

တားမြစ်ထားသည့် ကုန်ပစ္စည်းများမှလွဲ၍ ပို့ကုန်၊ သွင်းကုန်များကို နှစ်နိုင်ငံ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ရှိသော်လည်း မြန်မာကုန်သည်များအနေဖြင့် ၀ယ်ဈေးနှင့် ရောင်းဈေး ကိုက်ညီမှု မရှိသည့်အတွက် အခက်ကြုံ နေကြသည်။

ငွေလဲနှုန်းကျဆင်းနေခြင်းသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာစီးပွားရေး ကျဆင်းမှုနှင့် ဆက်စပ်၍ တရုတ်နိုင်ငံဘက်မှ ကုန်ဝယ်လိုအား ကျဆင်းမှုကြောင့်ဖြစ်ကြောင်း နယ်စပ်ငွေကြေးဈေးကွက် လေ့လာသူ တစ်ဦးက သုံးသပ်သည်။

ဖြတ်လေးဖြတ် စစ်ဆင်မှုကြောင့် အိုင်ဒီပီတိုးပွား၍ ပိုမိုဒုက္ခရောက်
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ပါးရယ်
Monday, 17 November 2008 13:55

ကရင်နီဲပြည်နယ်တွင် မြန်မာစစ်အစိုးရတို့၏ ဖြတ်လေးဖြတ် စစ်ဆင်မှုများကြောင့် နိုင်ငံတွင်းအခြေမဲ့ လှည့်လှည်နေထိုင်သူ(အိုင်ဒီပီ)များ ပိုမိုများပြားလာပြီး စားဝတ်နေရေး အခက်အခဲများကိုလည်း ပိုမိုရင်ဆိုင်လာကြသည်ဟုကရင်နီ သဘာပါတ်ဝင်းကျင် (အဲဗားကရင်း) အဖွဲ့က ဆိုသည်။

ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ကရင်နီအိုင်ဒီပီများ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသများ၌ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များဝေငှ၍ အိုင်ဒီပီတို့၏ ခက်ခဲမှုအခြေအနေမှန်များအား လေ့လာ၍ ယခုလိုတင်ပြခြင်းဖြစ်သည်။ စစ်အစိုးရတပ်များက အိုင်ဒီပီများကို တွေ့ရှိပါက ၎င်းတို့၏ ပစ်မှတ်အဖြစ်သတ်မှတ်သည်။

အဘယ်ကြောင့်ဆိုသော် အိုင်ဒီပီများသည် ကရင်နီတပ်မတော်များနှင့် အဆက်သွယ်မှုများပြုလုပ်၍ သတင်းများပေးပို့နေသည်ဟု ဆိုသည့် မသင်္ကာမှုများကြောင့်ဖြစ်သည်ဟု (အဲဗားကရင်း) အဖွဲ့တာဝန်ခံ ခူးညေးရယ်က ပြောသည်။

၎င်းက "စစ်အစိုးရတပ်တွေက အထူးသဖြင့် အိုင်ဒီပီတွေ နေထိုင်တဲ့ နေရာတွေဆို သူတို့ Free Fire Zone လို့ သတ်မှတ်ထားတယ်လေ၊ ပစ်ခွင့်ရနယ်မြေဆိုတော့ အကယ်၍ သူတို့ အိုင်ဒီပီတွေကို တွေ့မယ်ဆိုရင်လည်း ပစ်သတ်လို့လည်း ရတယ်ပေါ့၊ အထက်က ပစ်မိန့်ပေးထားတယ် အဲမျိုးလေ၊" ဟု ပြောသည်။

လတ်တလော ကရင်နီပြည်တွင်းရှိ အခြေမဲ့မှုများ ဖြစ်နေကြသော ကရင်နီပြည်သူများသည် စားဝတ်နေရေး အကျပ်အတည်းများ၊ ခိုလှုံနေထိုင်ရန် ဘ၀လုံခြုံမှု အကာအကွယ်မဲ့ခြင်း၊ ကျန်းမာရေးဘက်ဆိုင်ရာ ဆေးဝါများမရှိခြင်းနှင့် သားသမီးပညာရေးများအတွက် အခက်အခဲရှိခြင်းများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

စစ်အစိုးရတို့၏ ဖြတ်လေးဖြတ်စနစ်သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)အား ထောက်ခံအားပေးနေသော ပြည်သူလူထုများအား တိုက်ခိုက်ခြေမုန်းသော နည်းစနစ်တခုဖြစ်သည်ဟု ကေအဲန်ပီပီ တွဲဘက်အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

"အစက စစ်အစိုးရတွေဟာ သူတို့ဖြတ်လေးဖြတ်လုပ်တာ ကျေးရွာတွေ စုစည်းချုပ်နှောင်တယ်၊ ပြည်သူလူထုတွေကို သူတို့မူရင်းကျေးရွာကနေ မောင်းထုတ်တယ်၊ မြို့ထဲသို့ မြို့ရှိရာသို့ ပြောင်းရွှေ့နေထိုင်ခိုင်းတယ် အဲလိုမျိုးလုပ်တော့ တချို့လူတွေက မြို့ရှိရာသို့ ရွှေ့ပြောင်း နေထိုင်တယ်၊ တချို့က တောထဲသို့ ထွက်ပြေးပုန်းအောင်းနေတယ်၊ တချို့လူတွေက နယ်စပ်ဘက်သို့ ထွက်ပြေးလာကြရတယ်" ဟု ၎င်းက ပြောသည်။

စစ်အစိုးရတပ်များ၏ ကျေးရွားများ မီးရှိုးဖျက်ဆီးမှု၊ ပြည်သူလူထုများ ညှင်းပမ်းနှိပ်စက်မှုနှင့် မူရင်းနေရာဒေသ ကျေးရွားများမှ အတင်းအကြပ် မောင်းထုတ်ခံရခြင်းကြောင့် ကြောက်ရွံ့၍ ထွက်ပြေးရခြင်းဖြင့် အိုင်ဒီပီများ ဖြစ်လာရခြင်းလည်း ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသွားသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များအား ကူညီထောက်ပံရေးအဖွဲ့၏ ယခုနှစ် နောက်ဆုံးအစီရင်ခံစာအရ ကရင်နီပြည်တွင် အိုင်ဒီပီပေါင်း ၅၃၃၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်းတွင် တောပုန်းရွာများ အခြေမဲ့သူများ၏ နေထိုင်သော မြို့နယ်များမှာ ရှားတော၊ ဖရိုဆိုနှင့် ဖါဆောင်းတို့ဖြစ်ကာ အိုင်ဒီပီပေါင်း ၉၃၀၀ ရှိပြီး ရွှေ့ပြောင်းစခန်းများ အခြေမဲ့သူများ၏ ပြောင်းရွှေ့နေထိုင်သော မြို့များမှာ လွိုင်ကောင်၊ ရှားတောနှင့် ဘောလခဲတို့ ဖြစ်၍ လူဦးရေပေါင်း ၅၀၀၀ ရှိသည်။

ထို့အပြင် အပစ်ရပ်ဒေသရှိ အခြေမဲ့သူပေါင်း ၃၉၀၀၀ တို့သည် လွိုင်ကောင်၊ ဒီမောဆို၊ ဖရိုဆို၊ ဖါဆောင်း၊ ဘောလခဲနှင့် မယ်စဲမြို့နယ်ရှိ နေရာဒေသများတွင် နေထိုင်ကြသည်။

တိုက်ပွဲကြောင့် ကရင်နီ ရွာသားသုံးဦး သေဆုံး
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ကိုရယ်
Monday, 17 November 2008 13:52

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် ကရင်နီစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် မြန်မာစစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာမှရွာသူကြီးအပါအ၀င်ရွာသား ၂၀ အား ဖမ်းဆီးကာ ညှင်းပန်း နှိပ်စက်ခဲ့ပြီး ထိုအထဲမှ သုံးဦး သေဆုံးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၅ ရက်နေ့က အင်းအား (၃၀) ရှိ ကရင်နီအမှတ် (၃) ခရိုင် လုပ်ရှားတပ်စုသည် အင်အား(၂၀)၀န်းကျင်ခန့်ရှိသည့် မြန်မာစစ်တပ်ခမရ ၄၂၇ အား ဖရူဆိုမြို့နယ်၊ ဟိုယာအုပ်စု အတွင်းရှိဖယ်ခူ ကျေးရွာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်စိတ်မှူးတဦး သေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော်ဘက်ကပြောသည်။

ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသော စစ်တပ်ဘက်မှ မကျေမနပ်ဖြစ်ကာ ဖယ်ခူကျေးရွာမှရွာသား ၂၀ ဦးအား တိုက်ခိုက်မှုနှင့်ပါတ်သက်ပြီး ဖမ်းဆီးနှိပ်စက်ရာ ရွာသားသုံးဦးအသက်ဆုံးရုံးသွားသည်ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ၁ ခူးဘျားရယ်က ပြောသည်။

“ဆအီကို ဖမ်းတဲ့အချိန်မှာ သူ့ဆီက ငွေ ၈ သောင်းနဲ့ လေသေနတ်တလက်ကိုပါ ဗမာစစ်တပ်က သိမ်းဆည်းသွားတယ်လို့ ပြောတယ်။ ဗမာစစ်တပ်တွေက အဲလိုမျိုး အမြဲတမ်းလုပ်နေကျပဲ။” ဟု ဗျူဟာမှူး ၁ ခူးဘျားရယ်က ပြောသည်။

ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် သေဆုံးခဲ့သူသုံးဦးမှာ အသက်(၄၀)အရွယ်ရှိ ဖယ်ခူကျေးရွာအုပ်စုအတွင်း ရေးမှူးဆအီ၊ ရွာသားဘော်ရယ်နှင့် မန်းလောတို့ဖြစ်သည်ဟု ဆိုသည်။ ကရင်နီတပ်မတော်မှ အလစ်ဝင်ရောက်တိုက်ခိုက်မှုနှင့် ပါတ်သက်ပြီး ရွာသားများအနေဖြင့် စစ်တပ်အားအချိန်မှီ သတင်းမပို့ပေးနိုင်သောကြောင့် ယခုလိုရွာသားများအား ဖမ်းစီး၍ ရက်စက်သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ (ကေအက်စ်ဒဘလျူဒီစီ)က ဆိုသည်။

ထိုအကြောင်းအရာနှင့် ပါတ်သက်ပြီး အချက်အလက်အချို့ သိရှိထားသူ ကေအက်စ်ဒဘလျူဒီစီမှ ကိုခူဂေက "ကျနော်တို့ အနောက်ဘက်ကမ်းရွာမှာဆို စစ်သားဆိုတာ အမြဲတမ်း ထားထားတာလေ။ စစ်သားက ရွာစောင့်ပေါ့။ ကျနော်ထင်တာ အဲဒီရက်မှာက ဖြစ်နိုင်စရာအကြောင်းရှိတာက ဒီဘော်ရယ်နဲ့ မန်းလောတို့က အဲဒီရွာအတွက် လုံခြုံရေး ရွာစောင့်အလှည့်ကျတယ် ထင်တယ်။ ရွာစောင့်အလှည့်ကျတဲ့ အချိန်မှာမှ ကရင်နီက ၀င်ပစ်လိုက်တော့ သူတို့နှစ်ယောက်အပေါ်မှာ အပြစ်ပုံချလိုက်တဲ့ သဘောမျိုးပေါ့၊" ဟု ပြောသည်။

နောက်ဆုံးသတင်းသိရှိချက်အရ အသတ်မခံရဘဲ ဖမ်းဆီးခံခဲ့ရသည့် ရွာသားများမှာ နိုဝင်ဘာလ ၉ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း၊ စစ်တပ်တို့၏ ရိုက်နှက်ညှင်းပန်းမှုများကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသူများရှိပြီး နာမကျန်းမှုများဖြင့် ဒုက္ခဝေဒနာများ ခံစားနေရသည်ဟု သိရသည်။

ခလရ (၃၁) မှ ရွာသားနှစ်ဦးအား ကွပ်မျက်
Mon 17 Nov 2008, အာကာ
မွန်ခွဲထွက်ရေးအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲရှိ ရွာသားနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး အဆုံးစီရင်ခြင်းကို ခံကြရသည်ဟု ရေးမြို့နယ်တောင်ပိုင်းရှိ ရွာသားများက ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ အသတ်ခံရသူ နှစ်ဦးမှာ အလုပ်ရှင်နှင့် အလုပ်သမားတို့ ဖြစ်ကြပြီး ကဗျာဝရွာမှ ဖြစ်သည်၊ ၄င်းအလုပ်သမားမှာ ရန်ကုန်တိုင်းဘက်မှ ဖြစ်၍ ထားဝယ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး လွန်ခဲ့သည့် ၂-၃ နှစ်ကပင် ဤကဗျာဝရွာ၌ လာရောက်လုပ်ကိုင်စားသောက် နေထိုင်သူဖြစ်ကြောင်း ပြောသည်။

လွန်ခဲ့သည့် တန်ဆောင်မုန်းလဆန်း (၁၁) ရက် (၈၊ ၁၁၊ ၂၀၀၈) တွင် အလုပ်ရှင်နှင့် အလုပ်သမား အချင်းများကြပြီး အလုပ်သမားမှာ အရက်မူး၍ ၄င်း၏အလုပ်ရှင်မှာ သူပုန်အဖွဲ့နှင့် အဆက်အသွယ်ရှိသူဖြစ်ကြောင်း ထိုအလုပ်ရှင်၏အိမ်တွင် လက်နက်ခဲယမ်းမီးကျောက်နှင့် လက်ပစ်ဗုံးများရှိကြောင်း အရက်ဝိုင်းနှင့် ရပ်ရွာကြားတွင် ဖွင့်ဟပြောဆိုခဲ့သည်။

ထိုအလုပ်သမား၏ဖွင့်ဟပြောဆိုချက်ကို ကဗျာဝရွာတွင် တာဝန်ကျနေသော ခလရ (၃၁) မှ ဗိုလ်ကြီးဟန်ဝင်းကျော်မှ ကြားသိရပြီးနောက် ထိုနေ့၌ပင် အလုပ်ရှင်အိမ်သို့ သွားရောက်စစ်ဆေး မွှေနှောက်ခဲ့သည်။ သို့သော် လက်နက်ခဲယမ်းမီးကျောက် တစ်စုံတစ်ရာ မတွေ့ရှိ၍ အလုပ်ရှင်နိုင်မောင်အေး (၄၁-နှစ်)၊ ဇနီး မိချမ်းရီ (၅၀-နှစ်)၊ နှင့် ၄င်းအလုပ်သမားတို့ကို ဖမ်းဆီးပြီး ရင်ကမ်းဆူးခက်ဖြင့် ရိုက်နှက်နှိပ်စက်ကာ စစ်ဆေးခဲ့သည်။

မိချမ်းရီအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်မောင်အေးနှင့် ၄င်း၏အလုပ်သမားကို ရွာအရှေ့ဘက်ရှိ (ဒုႝခဗဲု) ဘန့်ဘွေးကုန်းထက်သို့ ခေါ်ဆောင်သွားပြီး မွန်ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲဖြစ်သည့်သဏ္ဍာန် လက်နက်ဖောက် အမြှောက်ပစ်ပြီး ၄င်းအလုပ်သမားကို ထိုနေရာ၌ အဆုံးစီရင်ခဲ့သည်။

အလုပ်ရှင်အား ဆက်လက်ဖမ်းဆီးထားပြီး ယင်းရဲကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက် (၁၁၊ ၁၁၊ ၂၀၀၈) တွင် တိုးတက်ရွာသစ်နှင့် ယင်းရဲကျေးရွာအကြားရှိ တောင်ထက်၌ တိုက်ပွဲဖြစ်သည့်သဏ္ဍာန် ဟန်လုပ်ပြီး နိုင်မောင်အေးအား ၎င်း၏အလုပ်သမားနည်းတူ သတ်ဖြတ်ခဲ့ကြောင်း ကဗျာဝရွာသားတစ်ဦးက ပြောသည်။

''နိုင်မောင်အေးဟာ ခြံလယ်လုပ်ကိုင်သူတစ်ယောက်ပါ၊ လူကောင်းတစ်ယောက်ပဲ၊ သူတို့သတ်ပြီးသူတို့လက်ချက် မဟုတ်သလိုလို၊ ရွာမှာသတင်း လွှင့်ထားတာက တိုက်ပွဲမှာ သူပုန်ကိုဖမ်းမိပြီး သတ်လိုက်တာတဲ့'' ဟု၎င်းကဆိုသည်။

ရင်ကမ်းဆူးခက်ဖြင့် ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် မိချမ်းရီမှာ ၄င်း၏ဒဏ်ရာကို ၄င်းရွာ၌ပင် ဆေးကုသမှု ခံယူနေရကြောင်း၊ ဆေးရုံ၌ ဆေးကုသမှု ခံယူလိုသော်လည်း ရွာရှိစစ်သားများက ၄င်းတို့၏လုပ်ရပ်များပေါ်လွင်မည်စိုး၍ ရွာပြင်ထွက် ဆေးကုသခွင့် ပိတ်ထားကြောင်း ရွာသားများက ပြောသည်။

ရေးမြို့နယ်တောင်ပိုင်း တာဝန်ကျစစ်တပ်များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၂၀၀၁ ခုနှစ်မှစ၍ မွန်ပြည်သစ်ပါတီ စစ်မှုထမ်းဟောင်း၊ ဆေးတပ်သားနှင့် ရွာသား ၁၅ ဦးခန့် သူပုန်နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည်။ ရာပေါင်းများစွာသော ရွာသားများမှာလည်း အဓမ္မငွေကြေးကောက်ခံခြင်း၊ လုပ်အားပေးစေခိုင်းခြင်း၊ တစ်နေကုန်နေပူလှန်းခြင်း၊ ကိုယ်လက်အင်္ဂါလှီးဖြတ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း အမျိုးမျိုးကို ခံကြရသည်။

နိုင်ငံစီးပွားရေး ကျဆင်းနေဟု ဂျပန်အစိုးရ တရားဝင်ထုတ်ပြန်
17 November 2008
ဂျပန်နိုင်ငံဟာ စီးပွားရေးကျဆင်းနေတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီကနေ့
အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အခုနှစ် တတိယလေးလပတ်အတွင်းမှာ ဂျပန်
စီးပွားရေးဟာ ၀.၁% လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်
မှာ စီးပွားအင်အားအကြီးဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

အခုနှစ် ဒုတိယလေးလပတ် ကာလမှာကတည်းက စီးပွားရေးကျဆင်းတာ ကြုံခဲ့ရတာ
လို့လည်း သိရပါတယ်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်း အခြေအနေနဲ့ အတူပဲ အခုလို ဂျပန်အပါအ၀င် ကမ္ဘာ
ပေါ်က စီးပွားရေးအင်အားကြီးနိုင်ငံတွေအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါ
တယ်။ ဂျပန်နိုင်ငံဟာ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် ဒါ ပထမဆုံးအကြိမ် စီးပွားရေး
ကျဆင်းတာပါ။

နှစ်တနှစ်ရဲ့ လေးလပတ်ကာလ နှစ်ကြိမ်ဆက်တိုက်မှာ စီးပွားရေးဖွံ့ဖြိုးမှု အနုတ်
လက္ခဏာပြလာပြီဆိုရင် အခုလို စီးပွားရေးကျဆင်းတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက် သီတင်းပတ်အတွင်းကတော့ ဥရောပ ယူရိုငွေသုံးတဲ့ နိုင်ငံ ၁၅ နိုင်ငံ
စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ဖြစ်နေတယ်ဆိုတာကို ဥရောပသမဂ္ဂက တရားဝင်
ကြေညာခဲ့ပါတယ်။ အလားတူပဲ အမေရိကန်စီးပွားရေးဟာ အကျဘက်ကို ဦးတည်နေ
တယ်လို့ ကျွမ်းကျင်သူအတော်များများက ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ အစိုးရရဲ့ စီးပွားရေးကျားကန်မှု အစီအစဉ် မအောင်မမြင်ဖြစ်တယ်
လို့ ဂျပန်လူထုက ယူဆတာကြောင့် ဂျပန်ဝန်ကြီးချုပ် တာရို အာဆို အစိုးရအဖွဲ့အပေါ်
လူထုထောက်ခံမှုဟာ ၃၀% အောက်အထိကို ကျဆင်းသွားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်စီရင်ချက်ချ၊ နယ်ထောင်တွေပို့

17 November 2008

ဦးသားညွန့်ဦး -
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေကို အခု
ရက်ပိုင်းတွေအတွင်း ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေ ချနေရာမှာ ဒီနေ့မှာလည်း
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြီးခဲ့တဲ့နှစ်တုန်းက ဦးဆောင်ဆန္ဒပြခဲ့သူ
ကိုထင်ကျော် အပါအ၀င် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဖမ်းဆီးခဲ့တဲ့ သံဃာတော်
တွေနဲ့ ကျောင်းသားတွေကိုလည်း ထောင်ဒဏ်တွေ ချနေပါတယ်။ သူတို့ကို ထောင်ချ
တဲ့အခါမှာလည်း တရားလက်လွတ် ပြစ်ဒဏ်တွေပေးနေတယ်လို့ မိသားစုဝင်တွေက
ပြောနေကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီနေ့ အမိန့်ချမှတ်တဲ့အထဲမှာ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာပါဝင်ပြီး တနှစ်ကြာ
လောက် ထိန်းသိမ်းခံခဲ့ရတဲ့ သံဃာတော်နှစ်ပါးလည်း အမိန့်ချမှတ်ခံခဲ့ရတဲ့အထဲမှာ
ပါပါတယ်။ မြောက်ဥက္ကလာပ ကျောင်းတိုက်တခုက အရှင်ဆန္ဒာဝရနဲ့ အရှင်ခေမာဝံသ
တို့ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက အခုလို
ပြောပြပါတယ်။

"လူနာမည်က ဦးဉာဏ်ဝင်း၊ ၈ နှစ်နဲ့ ၆ လ၊ တာမွေတရားရုံး၊ ပုဒ်မက ၁၄၃၊ ၁၄၅၊
၁၄၇၊ ၂၉၅(က)၊ ၅၀၅(ခ)၊ အားလုံးပုဒ်မတခုကို ၂ နှစ်ဆီနဲ့ ၅၀၅(ခ) ကတော့
၆ လပေါ့။"

အရှင်ဆန္ဒာဝရက ဘယ်ကျောင်းကပါလဲ။

"မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက။ နောက်တပါးက အရှင်ခေမာဝံသ၊ သူကတော့
၁၁ နှစ်။ အထူးရုံးမှာချတာ။"

သံဃာနှစ်ပါး ဒီနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရသလိုပဲ သံဃာတွေနဲ့အတူ
ပြီးခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုမှာ ပါခဲ့ကြတဲ့ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
သမဂ္ဂ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဒီနေ့မှာ ထောင်ဒဏ်အသီးသီး ချမှတ်
လိုက်ပါတယ်။ ဒီအမှုတွဲထဲမှာပါဝင်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတဲ့ ကိုသိန်းဆွေရဲ့
ဖခင် ဦးမြင့်ဆွေက အခုလိုပြောပြပါတယ်။

"စည်သူမောင်က ၁၀ နှစ်၊ ရဲမြတ်ဟိန်းက ၁၀ နှစ်။ သမဂ္ဂဖွဲ့တဲ့အမှုပါ ပေါင်းပြီးချလိုက်
တာ။ စည်သူမောင်ပါ ၇ ဦးက ၁၄၃၊ ၁၄၇၊ ၁၄၅၊ ၅၀၅(ခ)၊ အဲဒါအားလုံး ၆ နှစ်ခွဲ
အပြည့်ချလိုက်တယ်။ ပြီးတော့ စည်သူမောင်ကို ကျောင်းသားသမဂ္ဂဖွဲ့တဲ့ကိစ္စနဲ့
ပတ်သက်ပြီး ၅ နှစ်ချတယ်။ ဒါပေမယ့် စည်သူမောင်နဲ့ ရဲမြတ်ဟိန်းက ငယ်တဲ့အတွက်
ဆိုပြီး ၆ နှစ်ခွဲက ၁ နှစ်ခွဲဆီ ပြန်လျှော့လိုက်တယ်။ လျှော့ပြီးတော့ ၅ နှစ်၊ ဟိုဘက်က
၅ နှစ်ဆိုတော့ ၁၀ နှစ် ဖြစ်သွားတာပေါ့။ သားကြီးကတော့ ၆ နှစ်ခွဲပဲ။"

အခု ထောင်ချတော့ရော ရှေ့နေရှေ့ရပ်တွေပါ ထုချေခွင့်ရလား။

"ကျနော်တို့အကျိုးဆောင် ဦးအောင်သိန်းက မရှိတော့ဘူး။ ဦးအောင်သိန်း ၄ လ မကျ
ခင်မှာ နောက်တိုးလိုပြသက်သေကို စစ်တဲ့အခါကျတော့ သူက ဒီအမှုကိုလည်း မသိဘူး၊
မှုခင်းသတင်းတပ်ဖွဲ့က ရေးပေးတယ်၊ အဲဒီအတိုင်း သူလာထွက်တယ်။ နောက်တခါ
ဘာတွေထွက်ရမယ်ဆိုတာကိုလည်း စာရေးပေးတယ်ဆိုတဲ့အကြောင်း သူက တရားရုံး
မှာ ဖွင့်ပြောတယ်။

"ဖွင့်ပြောတော့ ဦးအောင်သိန်းက ဒါတွေကို မှတ်တမ်းတင်တယ်။ မှတ်တမ်းတင်ပြီး
တော့ ဒီပုဂ္ဂိုလ်ဟာ မတရားသက်သေ လာထွက်တဲ့အတွက် သူ့ကို တရားစွဲသင့်ပါတယ်၊
ဒီစာရွက်စာတမ်းတွေကိုလည်း တရားရုံးကနေပြီးတော့ သက်သေအဖြစ် လက်ခံပါဆို
တော့ တရားသူကြီးက လုံးဝလက်မခံဘူး။ ပြီးတော့ သူ့ကို မတရားသက်သေအဖြစ်
တရားစွဲဖို့ကိစ္စကိုလည်း တရားသူကြီးက ပယ်ချလိုက်တယ်။ နောက်တခုက ကျနော်တို့
ကလေးတွေ၊ သားသမီးတွေ အားလုံး နစ်နာတဲ့တချက်ကတော့ တရားခံပြသက်သေကို
လုံးဝမစစ်ဘဲနဲ့ အမိန့်ချလိုက်တာ။"

ဒီနေ့ အမိန့်ချတဲ့နေရာမှာရော ရှေ့နေရှေ့ရပ်တွေ ရှိလား၊ အန်ကယ်တို့မိသားစုတွေ
ရော ၀င်ခွင့်ရလား။

"မရပါဘူး။ ရှေ့နေရှေ့ရပ် ရှိမရှိတော့ ကျနော် မသိပါဘူး။ ကျနော်လည်း မစောင့်နိုင်
တာနဲ့ ပြန်လာတာ။"

သက်ဆိုင်ရာမိသားစုတွေကိုရော အာဏာပိုင်တွေဘက်က အခုလိုထောင်ချတာ
အကြောင်းကြားသေးလား။

"မကြားပါဘူးခင်ဗျ။"

ဒီနေ့ ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ရဟန်းတွေ၊ ကျောင်းသားတွေတင်မဟုတ်ဘဲ
ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ဆန္ဒပြလို့ အဖမ်းခံခဲ့
ရတဲ့ ကိုထင်ကျော်လည်း ပါပါတယ်။ ကိုထင်ကျော် ထောင်ချခံရတဲ့ကိစ္စနဲ့ တခြား ဒီနေ့
ထောင်ပြောင်းအခြေအနေတွေကို အန်န်အယ်လ်ဒီလူငယ်တဦးက အခုလိုရှင်းပြထား
ပါတယ်။

"ကိုထင်ကျော် ကုန်ဈေးနှုန်းကျဆင်းရေးက ၁၂ နှစ်နဲ့ ၆ လ။ အထူးရုံးထဲမှာ ချတာ။
သံဃာတော်တွေက ထောင်ပြောင်းတာပေါ့။ ဦးစန္ဒာသီရိခေါ် နိုင်လင်း၊ သူက အေးမြ
ဂုဏ်ရည်ရိပ်သာကျောင်းတိုက်၊ တောင်ဥက္ကလာက၊ သူက ၄ နှစ်ခွဲကျတာ ရွှေဘိုထောင်
ကို ပြောင်းလိုက်တယ်။ နောက် ဦးဝိလာစက္က၊ သူက ၄ နှစ်ခွဲပဲ၊ ငွေကြာယံကျောင်းတိုက်
က။ နောက် အောင်ဇော်ဦး၊ သူက ၁၂ နှစ်ကျထားတာ၊ ပဲခူးထောင်ပြောင်းတယ်။"

မနှစ် သြဂုတ်၊ စက်တင်ဘာလှုပ်ရှားမှုတွေ ပြီးကတည်းက တနှစ်ကျော်ကြာ ထိန်းသိမ်း
ခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလိုပဲ
ထောင်ဒဏ်တွေချမှတ်တာ၊ ထောင်ပြောင်းတာတွေ လုပ်နေတာကြောင့် ကျန်ဖမ်းဆီး
ခံရသူတွေလည်း ဒီရက်ပိုင်းထဲမှာပဲ ဆက်တိုက်ဆိုသလို ထောင်ချတာ၊ ထောင်ပြောင်း
တာတွေ ရှိလာနိုင်တယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသား မိသားစုတွေကတော့ စိုးရိမ်ပူပန်
နေပါတယ်။

အခုရက်ပိုင်း ထောင်ချခံခဲ့ရသူ အတော်များများဟာ တရားရုံးမှာ ရှေ့နေရှေ့ရပ်နဲ့ ထုချေ
ခွင့် ပိုင်ပိုင်နိုင်နိုင်မရတာကြောင့် အကျဉ်းချုံးပြီး တရားစီရင်တာခံရတယ်လို့လည်း
မိသားစုဝင်တွေက ပြောနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက် အငြင်းပွားမှုကိစ္စ ဆွေးနွေးဆဲ

17 November 2008
အငြင်းပွားနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စကို နှစ်ဖက်စလုံးက သဘောတူ
ဖြေရှင်းနိုင်ခြင်း မရှိခင်မှာ မြန်မာဘက်ကနေ အဲဒီ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်
ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်တာတွေကို ရပ်တန့်ထားဖို့ ဘင်္ဂလား
ဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။

အဲဒီဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ရှာဖွေတိုင်းတာတာတွေနဲ့ တူးဖော်တာ
တွေကို မြန်မာနိုင်ငံဘက်က ရပ်ဆိုင်းထားသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး အမ်အေကေ မာမွတ်က ပြောသွားပါတယ်။ အဲဒီနယ်မြေကို သူတို့
ပိုင်ဆိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဆိုထားတာပါ။

အခုလအစောပိုင်းက နှစ်ဖက် အပြန်အလှန်တင်းမာမှုတွေ ရှိခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ဒါကာမြို့မှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြတာ အခုဆိုရင်
နှစ်ရက်မြောက်သွားပါပြီ။ မြန်မာဘက်ကနေ ငှားရမ်းထားတဲ့ ဒေ၀ူးပိုင် ရေနံတူးဖော်
ရေးသင်္ဘောတွေနဲ့ မြန်မာရေတပ်သင်္ဘောတွေကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကနေ သတိ
ပေးတာတွေ လုပ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တင်းမာခဲ့ကြတာပါ။
မြန်မာအစိုးရဘက်ကတော့ ဒီပိုင်နက်ဟာ မြန်မာပိုင်နက်ဖြစ်တယ်လို့ အစိုးရထုတ်
သတင်းစာတွေမှာ ကြေညာခဲ့ပြီး ရေနံရှာဖွေတူးဖော်မှုလုပ်ငန်း ပြီးဆုံးသွားလို့ သင်္ဘော
တွေ ပြန်ရုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အဲဒီ
ဒေသမှာ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဖြန့်ကြက်ချထားလိုက်သလို ကုန်းလမ်းနယ်စပ်မှာ
လည်း နှစ်ဖက်တပ်တွေ လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးညီလာခံအပြီး တိုးတက်မှုလမ်းစမြင်

17 November 2008


စနေနေ့က ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ စက်မှုနဲ့ ဖွံ့ဖြိုးဆဲ ထိပ်သီးနိုင်ငံ ၂၀ တို့ရဲ့ အစည်းအဝေးကနေ ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာ ငွေကြေး အကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာ စုပေါင်းပြီး ညှိနှိုင်း ဖြေရှင်းကြဖို့ အခြေခံတွေ ချမှတ်ခဲ့ကြပါတယ်။ ဘဏ္ဍာ ငွေကြေး အကျပ်အတည်း တဖြည်းဖြည်း ပိုဆိုးလာနေတဲ့ အချိန်မှာပဲ ဒီထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့တာပါ။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Paula Wolfson နဲ့ Michael Bowman တို့က သတင်းဆောင်းပါးတွေ ပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ကမ္ဘာ့ စီးပွားရေးထိပ်သီး နိုင်ငံ ၂၀ က ခေါင်းဆောင်တွေဟာ ငါးနာရီနီးပါးကြာ စားပွဲဝိုင်းထိုင် ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတခု ကနေ တခု ပြန့်ပွားသွားနေတဲ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုကို ပြောင်းပြန် လှန်ပစ်ဖို့နဲ့ လက်ရှိ ဘဏ္ဍာ ငွေကြေး အကျပ်အတည်းမျိုး နောင် ဘယ်တော့မှထပ်မဖြစ်အောင် လုပ်ဆောင်ရေး နည်းလမ်း ရှာကြဖို့ပါ။ အစည်းအဝေးဟာ အကျိုးကျေးဇူးများခဲ့ပါတယ်လို့ အမေရိကန်သမ္မတ ဂျော့ဂ်ျ ဘုရှ်ကပြောပါတယ်။

“အခြေခံ မေးခွန်းကတော့ဗျာ၊ မတူကွဲပြားတဲ့ တိုက်ကြီး ခြောက်တိုက်က ဖွံ့ဖြိုးတိုးတက်မှု အဆင့်အသီးသီးကို ကိုယ်စားပြုတဲ့ ဒီလို နိုင်ငံအများကြီး အကြား သဘောတူညီချက်တွေ ရနိုင်ဖို့ ဖြစ်နိုင်ရဲ့လား၊ သဘောတူညီချက်တွေ က ရော ထိရောက်မှု ရှိပါ့မလား ဆိုတာပါ။ ဒီမေးခွန်းအတွက် အဖြေကို ကျနော် ကျေကျေနပ်နပ်ကြီး ပြောချင်တာကတော့ အသေအချာပါပဲ ဆိုတာပါ။”

ဒီညီလာခံကနေ ဘဏ္ဍာရေး စနစ်ကို အထောက်အပံ့ပြုမယ့် ချက်ခြင်း လက်ငင်း ခိုင်မာတဲ့လုပ်ဆောင်မှုတော့ ထွက် မလာပါဘူးလို့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး Carlos Gutierrez က ဆိုပါတယ်။ အဲဒီအစား ရှေ့ဆက် သွားရမယ့် နည်းလမ်းကို ရှာဖွေ ဖော်ထုတ်ကြဖို့ အားလုံး သဘောတူခဲ့ကြပါတယ်တဲ့။

“G-20 ခေါင်းဆောင်တွေ အတူတကွ စုဝေးပြီး ရေရှည် လုပ်ငန်း အစီအစဉ်တခုပေါ်မှာ သဘောတူခဲ့ကြတယ်ဆိုတာ အရေးကြီးတဲ့ အချက်လို့ ကျနော် ထင်ပါတယ်။ အစည်းအဝေး တခုထဲနဲ့တော့ တကမ္ဘာလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တွေကြား မူအားဖြင့် သဘောတူခဲ့ကြပါတယ်၊ အနာဂတ်မှာ အစည်းအဝေးတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်၊ လုပ်ငန်းစဉ် အဆင့်ဆင့်ပေါ်မှာ သဘောတူခဲ့ကြပါတယ်။ ဒါ အင်မတန်အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။”

အားလုံး ပူးတွဲပြီး အသေးစိတ် လုပ်ငန်း စီမံကိန်းတခု ချမှတ်ဖို့ကတော့ အချိန်ယူရလိမ့်မယ် ဆိုတာ ခေါင်းဆောင်တွေ အသိအမှတ် ပြုခဲ့ကြပါတယ်။ အသေးစိတ် လုပ်ကိုင်ဆောင်ရွက်ဖို့ ဘဏ္ဍာရေး ၀န်ကြီးတွေကို သူတို့တာဝန်ပေးအပ်လိုက်ပြီး ၂၀၀၉ ခုနှစ် ဧပြီ လကုန်မှာ ပြန်တွေ့ဆုံကြမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီအချိန် ရောက်ရင်တော့ အမေရိကန်မှာ သမ္မတ ဘုရှ်က သူ့ကို ဆက်ခံမယ့် ဘရက် အိုဘားမားကို အာဏာ လွှဲပြောင်းရေး ကိစ္စလည်း ပြီးဆုံးသွားမှာဖြစ်ပါတယ်။

ရွေးကောက်ခံ သမ္မတက ထိပ်သီး အစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဘဏ္ဍာရေး ကဏ္ဍက ကုမ္ပဏီကြီးတွေ အတွက်တင် မဟုတ်ဘဲ အမေရိကန် နိုင်ငံသား အားလုံး ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းရေးဟာ အရေးကြီး တယ်လို့ သီတင်းပတ်စဉ် ရေဒီယို မိန့်ခွန်းနဲ့ ကြားကာလ အပြောင်းအလဲဆိုင်ရာ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ မစ္စတာ အိုဘားမားက ပြောထားပါတယ်။

“ဒီဘဏ္ဍာရေး အကျပ်အတည်းက ကျနော်တို့ကို တခုခု သင်ကြား ပေးလိုက်တယ် ဆိုရင်တော့ အဲဒါဟာ သာမန် ပြည်သူလူထု ဘေး ဒုက္ခရောက်နေချိန်မှာ ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ရာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒီတိုင်းပြည်မှာ ကျနော်တို့ အားလုံး အတူတကွ နိုင်ငံတခုအနေနဲ့၊ လူထုတရပ်လုံး အနေနဲ့ အောင်မြင်စရာရှိ အောင်မြင်၊ ဆုံးရှုံးစရာရှိ ဆုံးရှုံးကြရပါတယ်။” လို့ ဘရက် အိုဘားမားက ပြောပါတယ်။

ဘဏ္ဍာ ငွေကြေး ဈေးကွက် လည်ပတ်တဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေ အားကောင်းအောင် လုပ်ဖို့ G-20 အစည်းအဝေး ကနေ အခိုင်အမာ ကတိက၀တ် ပြုခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်သူတွေကို အားပေးဖို့၊ စားသုံးသူတွေကို အကာအကွယ် ပေးဖို့နဲ့ စီးပွားရေး တိုးတက်အောင် လှုံ့ဆော် နှိုးဆွပေးဖို့ ကြိုးပမ်းကြမယ်လို့လည်း တက်ရောက်သူတွေက ကတိပေးခဲ့ကြပါတယ်။

အကန့်အသတ်မဲ့ အလွန်အကျွံ လုပ်ဆောင်တာတွေနဲ့ မတော်မတရား လုပ်တာတွေကို ကာကွယ် တားဆီးဖို့ရာ ဈေးကွက်ကို ကြီးကြပ်မှု တချို့ လိုအပ်တယ်ဆိုတဲ့ တခြား တက်ရောက်သူတွေရဲ့ အမြင်ကို သမ္မတဘုရှ်ကလည်း လက်ခံပါတယ်လို့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Gutierrez ကဆိုပါတယ်။

“ကျနော်တို့ရဲ့ လွတ်လပ်တဲ့ ဈေးကွက် ငွေရင်းငွေနှီးစနစ်ကို အားကောင်းအောင် လုပ်ဖို့ဖြစ်ပြီး အဲဒါကို ပြောင်းပစ်ဖို့ မဟုတ်ပါဘူး။ ဒီလို ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အစွန်းရောက်တဲ့ အလွန်အကျွံ စည်းကမ်းချမှတ် တင်းကျပ်တာ မျိုးတွေ လုပ်ချင်လာ တတ်ပါတယ်။ ကျနော်တို့ သတိထားရမယ်လို့ ကျနော်ထင်ပါတယ်။ မျှတတဲ့နည်းလမ်းကို ရှာရပါမယ်။ ကျနော်တို့ အလွန်အကျွံ တင်းကျပ်လိုက်တာကြောင့် နောက်ငါးနှစ်ကြာတဲ့အခါမှ ပြန်ပြင်ဖို့ကြိုးစားရတဲ့အခြေအနေမျိုး ရောက်နိုင်တာမို့ အလွန်အကျွံ စည်းကမ်းတင်းကျပ်လိုက်တာမျိုး လုပ်လို့မရပါဘူး။”

ကမ္ဘာတ၀ှမ်းမှာ စီးပွားရေး မတည်မငြိမ်ဖြစ်တဲ့ သတင်းတွေ ဆက်ပြီး ထွက်နေတဲ့အချိန်မှာ အခု G-20 ထိပ်သီး အစည်းအဝေး လုပ်ခဲ့ကြတာပါ။ စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေပြီ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ဂျာမနီ နိုင်ငံက တရားဝင် ကြေညာခဲ့ပြီး အလုပ်လက်မဲ့အဖြစ် မှတ်ပုံတင်တဲ့ အမေရိကန် နိုင်ငံသားအရေအတွက်လည်း တိုးလာခဲ့သလို တရုတ်နိုင်ငံရဲ့ ကြိုတင်ခန့်မှန်းထားတဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း လျှော့ချခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်လို့ ခေတ္တ ဆူနာမီ သတိပေးခဲ့ရ

17 November 2008


အင်ဒိုနီးရှာနိုင်ငံအရှေ့ပိုင်း စူလာဝေစီကျွန်းမှာ ဒီနေ့မနက်က အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တာကြောင့် ငလျင် ဗဟိုပြုရာကနေ မိုင် ၆၂၀ ၀န်းကျင်အတွင်းနေထိုင်သူတွေကို စူနာမီ သတိပေးချက်ထုတ်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာနရဲ့ အဆိုအရ ငလျင်ရဲ့ ပြင်းအားဟာာ ၇.၅ရှိတာကြောင့်မို့ ဟာဝါအီ အခြေစိုက် ပစိဖိတ် စူနာမီ သတိပေး ဌာနကနေ သတိပေးချက် ခတ္တ ထုတ်ပြန်ခဲ့ရပါတယ်။

စူလာဝေစီကျွန်ရဲ့ မြောက်ဘက် မိုင် ၈၀ အကွာမှာ ငလျင်လှုပ်ခဲ့ပြီးနောက် အဲဒီ ၀န်းကျင်မှာ ပြင်းအား ၅.၅ ရှိတဲ့ ငလျင် နှစ်ကြိမ် ထပ်ပြီး လှုပ်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေကလည်း စူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ဒီရေလှိုင်းလုံးကြီးတွေ တက်တာ မတွေ့ရလို့ ပြန်ပြီး ရုတ်သိမ်းခဲ့ရပါတယ်။ စူလာဝေစီ ကျွန်းက ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ကြပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပေမယ့် အသေအပျောက်နဲ့ အကြီးအကျယ် ဒဏ်ရာရရှိခဲ့တဲ့ သတင်းတော့ မရရှိဘူးလို့ အေဖက်ပီသတင်းမှာ ဖော်ပြထားပါတယ်။


အန်အယ်လ်ဒီလူငယ်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်
မြင့်မိုးဇော်/ ၁၇ နိုဝင်ဘာ ၂၀၀၈
(၁၄-၁၁-၂၀၀၈) ရက်က ကျောက်တံတားမြို့နယ်တရားရုံးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါပုံမြို့နယ်လူငယ်တာဝန်ခံ ကိုကျော်ဇင်ဝင်းအပါအ၀င် လူငယ် (၅) ဦးအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ကိုကျော်ဇင်ဝင်း၊ မကြည်ကြည်ဝါနှင့် ကိုနေဇာမျိုးဝင်းတို့အား အာဏာပိုင်များက (၃-၁- ၂၀၀၈) ရက်က နေအိမ်များမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး(၂၁-၁-၂၀၀၈) ရက်တွင် အသင်းအဖွဲ့ဖွဲ့စည်းခြင်းပုဒ်မ (၆) ဖြင့် တရားစွဲဆိုရုံးတင်ခဲ့သည်။ ယင်းနောက် (၂၃-၁-၂၀၀၈) ရက်တွင် ဗွီဒီယိုအက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခဲ့ပြီး(၂-၄-၂၀၀၈) ရက်တွင် မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် ထပ်မံတရားစွဲဆိုခြင်းခံခဲ့ရသည်ဟု အဆိုပါလူငယ်များနှင့် ရင်းနှီးသူတဦးက ပြောကြားသည်။

အဆိုပါပုဒ်မများနှင့် ကိုကျော်ဇင်ဝင်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၆) နှစ်၊ မကြည်ကြည်ဝါအား (၁၁) နှစ်၊ ကိုကျော်ကျော်လင်း (ဒေါပုံမြို့နယ်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ ချုပ်လူငယ်တာဝန်ခံ (၂) အား ထောင်ဒဏ်(၁၃) နှစ်၊ ဒေါပုံမြို့နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ ချုပ်လူငယ် စည်းရုံးရေးနှင့်ဝါဒဖြန့်ချိရေးမှူး ကိုနေဇာမျိုးဝင်းအား ထောင်ဒဏ် (၅) နှစ်နှင့် ကိုအောင်ဇော်ဦးအား ထောင်ဒဏ် (၅) နှစ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါနေ့၌ပင် သာကေတမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်မြင့်ကိုလည်း ထောင်ဒဏ် (၂) နှစ်ခွဲချမှတ်သည်။ ထိုသို့ ပြစ်ဒဏ်များချမှတ်ပြီးချိန်တွင် မိသားစုမှ တွေ့ခွင့်တောင်းသော်လည်း နိုင်ငံရေးအကျဉ်းသားများကို မိသားစုများနှင့် တွေ့ခွင့်မပေးကြောင်း သိရှိရသည်။

(၁၃-၁၁-၂၀၀၈) ရက်ကလည်း အင်းစိန်ဗဟိုအကျဉ်းထောင် အထူးတရားရုံးမှ လှိုင်သာယာမြို့နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်းတို့ (၃) ဦးအား ထောင်ဒဏ် (၉) နှစ်နှင့် (၆) လ ကျခံစေရန် ချမှတ်လိုက်သည်ဟု သိရသည်။

၎င်းတို့ (၃) ဦးအား ပြီးခဲ့သည့်နှစ် စက်တင်ဘာအတွင်းက လောင်စာဆီဈေးနှုန်းမြင့် တက်ခဲ့မှုကြောင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခဲ့ခြင်းအပေါ် မကျေနပ်ကာ လမ်းလျှောက်ဆန္ဒပြခဲ့သည့်အမှုဖြင့် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုသန့်ဇင်မျိုး၏ အစ်ကိုဖြစ်သူက ပြောကြားသည်။

ကိုသန့်ဇင်မျိုးအပါအ၀င် အဆိုပါ (၃) ဦးသည် ကမာရွတ်လှည်းတန်းလမ်းဆုံအနီးတွင် ပြီးခဲ့သည့်နှစ် လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး ထိုစဉ်ကပင် အာဏာပိုင်များ၏ ကျောထောက်နောက်ခံပေးထားသော စွမ်းအားရှင်အဖွဲ့ မှ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ပြန်လွှတ်ပေးခြင်းခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ ပြန်လွှတ်ပေးပြီးနောက် ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်းတို့သည် နောက်ထပ်မည်သည့်ကိစ္စကိုမျှ ပါဝင်ခဲ့ခြင်းမရှိဘဲ ရိုးသားစွာနေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

သို့သော် အာဏာပိုင်များက ပြီးခဲ့သည့် (၃) လခန့်တွင် ကိုသန့်ဇင်မျိုးအပါအ၀င် လူငယ် (၁၁) ဦးအား အကြောင်းပြချက်မရှိဘဲ နေအိမ်မှ ခေါ်ဆောင်သွားကြပြီး ၎င်းတို့အား လှိုင်သာမြို့နယ် တရားရုံးက ဆူပူမှုဖြစ်အောင်လှုံ့ဆော်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုသန့်ဇင်မျိုး၏ မိသားစုဝင်တဦးက ပြောကြားသည်။

ထို့နောက် ကိုသန့်ဇင်မျိုးအပါအ၀င် လူငယ် (၁၁) ဦးကို (၁၄-၁၁-၂၀၀၈) ရက်၌ အင်း စိန်အထူးတရားရုံးမှ နောက်ထပ်ထောင်ဒဏ် (၇) နှစ် (၆) လကို ချမှတ်လိုက်သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းမှာ ၂၀၀၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးအတွက် အဖွဲ့ချုပ်အဖွဲ့ဝင်များ အပါအ၀င် အခြားဒီမိုကရေစီအင်အားစု များနှင့်ပူးပေါင်းကာ ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲအခမ်းအနားများကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုသို့ဆုတောင်းပွဲများပြုလုပ်ကြရာတွင် လှိုင်သာယာမြို့ နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန့်ဇော်မြင့်၊ ကြည့်မြင်တိုင်မြို့နယ် လူငယ်တာဝန်ခံ (၁) ဖြစ်သူ ကိုရန်နိုင်ထွန်းအပါအ၀င် လူငယ် (၁၁) ဦးခန့်သည် လှိုင်သာယာမြို့နယ်မှစတင်ကာ ရွှေတိဂုံဘုရားသို့ ဆုတောင်းပွဲပြုလုပ်ရန် လမ်းလျှောက်ချီတက်ခဲ့ရာ အာဏာပိုင်များ၏ ကျောထောက်နောက်ခံပေးထားသော စွမ်းအားရှင်အဖွဲ့နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေး ခဲ့သော်လည်း ယခုအခါတွင် ၎င်းပြစ်မှုဖြင့် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရကာ အထူးတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူတဦးက ပြောကြားသည်။


(၇-၁၁-၂၀၀၈) ရက်နေ့ကလည်း ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ကိုအုံးဂျော်၊ ကိုသန်းဇော်၊ ကိုဇော်မင်းနှင့် ကိုထွန်းဝင်းထွန်းတို့အား ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက ယခုနှစ် (၆) လပိုင်းက ဒေါပုံမြို့နယ်၊ စည်းရုံးရေးအဖွဲ့ဝင် ကိုအုံးဂျော်နှင့် အမှုတွဲများအား နေအိမ်များမှ လာရောက်ဖမ်းဆီးသွားပြီး ထိုသို့ဖမ်းဆီးစဉ် ကိုအုံးဂျော်နေ အိမ်မှ ဒီမိုကရေစီဆိုသည်မှာ ဗွီစီဒီ တချပ်သိမ်းဆည်းသွားခဲ့သည်ဟုလည်း သိရသည်။

ထိုသို့အာဏာပိုင်များက ကိုအုံးဂျော်နှင့်အဖွဲ့ အား နေအိမ်များမှ လာရောက် ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့အား ဗွီဒီယိုအက်ဥပဒေ (၁၃/က) နှင့် (၅၀၅/ခ) ပုဒ်များဖြင့် တရားစွဲဆိုခဲ့ပြီး ယခုအခါ ကိုအုံးဂျော်၊ ကိုဇော်မင်းနှင့် ကိုသန်းဇော်တို့ (၃) ဦးအား အဆိုပါပုဒ်မများဖြင့် ထောင်ဒဏ်(၅) နှစ် ချမှတ်ခဲ့ပြီး ကိုထွန်းဝင်းထွန်းကိုလည်း ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။



(၄) နိုင်ငံမှ မြန်မာသံအမတ်ကြီးများ၏ ကိုယ်ရေးရာဇ၀င် စစ်အစိုးရ ထူးထူးခြားခြားတောင်း
NEJ/ ၁၇ နိုဝင်ဘာ ၂၀၀၈

နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ မြန်မာသံအမတ်ကြီးများ၏ ကိုယ်ရေးရာဇ၀င်များကို မကြာခင်က စစ်အစိုးရ ရုတ်တရက် တောင်းလိုက်သည့်အတွက် အဆိုပါ သံအမတ်ကြီးများအား ရာထူးမှ အနားပေးခြင်း သို့မဟုတ် အပြောင်းအရွှေ့ လုပ်လေမလားဟု သံတမန်လောကတွင် ပြောဆိုနေကြသည်။

မြန်မာသံအမတ်ကြီးတဦး၏ကိုယ်ရေးရာဇ၀င်ကို တောင်းပြီဆိုလျှင် အဆိုပါ သံအမတ်အား ရာထူးမှအနားပေးသည့်အခါမျိုး၊ ပြောင်းရွှေ့သည့်အခါမျိုးမှာသာ တောင်းလေ့ရှိသော်လည်း ယခုကဲ့သို့ မြန်မာသံအမတ်ကြီး (၄) ဦး၏ ကိုယ်ရေးရာဇ၀င်ကို တပြိုင်တည်း တောင်းသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု သံတမန်တဦးက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသည့်အလျောက် နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ သံရုံးများထဲမှ မြန်မာသံရုံးအချို့ကို ပိတ်မည့်အလားအလာလည်း ရှိနိုင်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း နယူးယော့ခ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေ၏နေရာကို ဗိုလ်ချုပ်တဦးဖြင့် အစားထိုးရန် စစ်အစိုးရဘက်မှ ပြင်ဆင်နေသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ကျန်းမာရေးမကောင်းသည့် ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံအမတ်ကြီး ဦးရဲဝင်းနေရာ လာချင်သည့် သံအမတ် အများအပြားရှိသော်လည်း ကောလာဟလ သတင်းများသာ ထွက်နေပြီး အတည်ပြုမိန့်မထွက်သေးဟု စုံစမ်းသိရသည်။

နယ်စပ်ပြဿနာနှင့် ရွေးကောက်ပွဲကိစ္စ နေပြည်တော်မှာ ဆွေးနွေး
Monday, 17 November 2008 19:18 ဧရာဝတီ
နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ၄ လပတ် အစည်း အဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ပြဿနာတို့ကို ရှေ့တန်းတင် ဆွေးနွေးခဲ့ဟန် ရှိကြောင်း မြန်မာ စစ်တပ် အရေး လေ့လာသူ တို့က ပြောကြားသည်။
တရုတ် - မြန်မာ နယ်စပ်အခြေစိုက် မြန်မာစစ်တပ်အရေး လေ့လာသူ တဦးဖြစ်သည့် ဦးအောင်ကျော်ဇောက မြန်မာစစ်အစိုးရ၏ ပုံမှန် ၄ လပတ်အစည်းအဝေးကို အောက်တိုဘာလတွင် ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် တလနောက်ကျ၍ ကျင်းပခဲ့ကြောင်း ပြောသည်။

ယခု ၄ လပတ်အစည်းအဝေးပြီးလျှင် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ၎င်း၏ လက်ရှိ စစ်ထောက်ချုပ် ရာထူးကိုစွန့်ကာ အတွင်းရေးမှူး ၁ ရာထူးနေရာ၌သာ ဆက်လက် တာဝန်ထမ်းဆောင် သွားမည်ဟု ကြားကြောင်း ၎င်းက ဧရာဝတီသို့ ပြောပြသည်။

“၄ လပတ်အစည်းအဝေး အပြီးမှာ တပ်မတော်ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရာထူးအပြောင်းအလဲတွေ၊ ရာထူးက အနားပေးတာတွေ ဖြစ်လာနိုင်တယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဝန်ကြီးရာထူး ယူထားသော တိုင်းမှူးများအနေနှင့် လက်ရှိရာထူးများကို စွန့်ကာ ရွေးကောက်ပွဲ ဝင်နိုင်သည်ဟု ဆိုသည်။

မြန်မာ - ထိုင်း နယ်စပ်ရှိ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) မှ မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူ ဦးဌေးအောင်က နအဖ၏ ၄ လပတ်အစည်းအဝေးတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံပြဿနာ၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ပြဿနာများကို ဆွေးနွေးနိုင်ကြောင်း သုံးသပ်သည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ရေပိုင်နက် ပြဿနာနှင့်ပတ်သက်၍ ဦးဌေးအောင်က မြန်မာ နအဖ၏ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားပြီးမှ တင်းမာမှု ပိုမိုကြီးထွားလာသည်ဟု ပြောဆိုသည်။

“ဗိုလ်ချုပ်ကြီးမောင်အေးက ဘင်္ဂလားဒေ့ရှ်ကိုသွားခဲ့ပေမယ့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

တချိန်တည်းတွင် ၏ ကျန်းမာရေးအခြေအနေမကောင်းကြောင်း ကောလာဟလများ ထွက်ပေါ်နေချိန်၌ စစ်အစိုးရ၏ သတင်းစာများတွင် မျက်နှာဖုံး၌ ၎င်းကိုယ်တိုင် အစည်းအဝေးတက်ရောက် ဆွေးနွေးနေသော ဓာတ်ပုံများ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် စနေ၊ တနင်္ဂနွေညများတွင် ထုတ်ပြန်သော မြန်မာ့ရုပ်မြင်သံကြား သတင်းများ၌ ၄ လပတ် အစည်းအဝေးဟု တရားဝင်မပြောကြားသော်လည်း တက်ရောက်သော စစ်ဗိုလ်ချုပ်များ၏ ရုပ်ပုံများကို တယောက်ခြင်း ဖော်ပြခဲ့သည်။

မြန်မာစစ်တပ်အသိုင်းအဝန်းမှ ကြားသိရသော သတင်းများအရ တချို့သော တိုင်းမှူးများ ရာထူးတိုးသည်ဟု ဆိုသည်။

“အနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေဆိုရင် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားတယ်” ဟု စစ်တပ်အသိုင်းအဝန်းက ပြောပြသည်။

ယခုလအစောပိုင်းတွင် မြန်မာပြည်အကျဉ်းထောင်များ၏ တရားခွင်များတွင် ကမ္ဘာကပင် အံ့သြရလောက် သည့် အမိန့် ချမှတ်မှုများဆောင်ရွက်ခဲ့သည်။

မြန်မာပြည်၏ ထင်ရှားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်အပါအဝင် တခြားထင်ရှားသော ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူတို့၏ အဆိုအရ ထိုကဲ့သို့ အမိန့်ချမှတ်ခြင်းကို နအဖ၏ ၄ လပတ် အစည်းအဝေး ကျင်းပနေစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။

နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ထောင်ချနေဆဲ
Monday, 17 November 2008 17:58 ကိုသက်
စစ်အစိုးရက လွန်ခဲ့သည့် အပတ်ကစ၍ ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် သံဃာတော်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို နှစ်ရှည်ထောင်ချမှုများ ပြုလုပ်နေသကဲ့သို့ အမိန့်ချပြီးသူများကို မိသားစုဝင်များနှင့်ဝေးရာ နယ်ထောင်များသို့ ပို့ဆောင်လျက် ရှိသည်။

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကိုထင်ကျော်အပါအဝင် ဗကသ ကျောင်းသားများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦးနှင့် ကိုနေလင်းအောင်၊ အန်အယ်လ်ဒီပါတီဝင် ကိုသိန်းဆွေနှင့် ကိုကြည်ဖြူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဝင် ကိုမျိုးသန့်နှင့် စက်တင်ဘာလှုပ်ရှားမှုကြောင့် အဖမ်းခံရသည့် မြောက်ဥက္ကလာ သီရိဇေယျာကျောင်းတိုက်မှ အရှင်စန္ဒာဝါရ တို့ကို ယနေ့ထောင်အသီးသီးချလိုက်သည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးခြင်းခံထားရသည့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပြီး ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦး၊ ကိုနေလင်းအောင်၊ ကိုသိန်းဆွေ၊ ကိုကြည်ဖြူနှင့် ကိုမျိုးသန့်တို့ကို ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။

ကိုစည်သူမောင်သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခြင်းခံရသည့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်သည်။ ကိုစည်သူမောင်၏ မိဘများဖြစ်ကြသည့် ဦးပီတာနှင့် ဒေါ်နုနုဆွေတို့ကိုလည်း ၎င်းတို့၏နေအိမ်သို့ အာဏာပိုင်တို့ ဝင်ရောက်ရှာဖွေစဉ် အိမ်တံခါးချက်ချင်းမဖွင့်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့သေးသည်။

ယခုလ ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီလူငယ်တဦးဖြစ်ပြီး ထင်ရှားသည့် ဘလော့ဂါတဦးလည်းဖြစ်သည့် ကိုနေဘုန်လတ်အား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးသန်းက ဧရာဝတီကို ပြောဆိုသည်။

“ဒီမှာတောင် အခက်အခဲတွေအများကြီးရှိတာ အခုလိုနယ်ပြောင်းလိုက်ပြီဆိုတော့ သွားရလာရတာနဲ့ စရိတ်စက ကအစ တာဝန်ပိုကြီးလာတာပေါ့ … သူ့ရဲ့ (နေဘုန်းလတ်) ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ဒေါ်အေးသန်းက ပြောသည်။

ယခုလဆန်းပိုင်းကစ၍ စစ်အစိုးရက နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအဝင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၈၀ ခန့်ကို အနည်းဆုံး ၄ လမှ ၆၅ နှစ်ခွဲအထိ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ရှေ့နေကြီး ၂ ဦးကိုလည်း ထောင်ပြောင်းရွှေ့
Monday, 17 November 2008 17:39 ကိုသက်
နိုင်ငံရေး အမှုလိုက် ရှေ့နေကြီးများ ဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန် တို့ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ရှေ့နေကြီး ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အေအေပီပီက ပြောသည်။
အေအေပီပီအဖွဲ့၏အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို ၄ လပဲ အမိန့်ချထားတာ၊ မကြာခင်မှာ ပြန်လွတ်လာမယ့်လူတွေဖြစ်ပါတယ်။ အဲဒီလို မကြာခင်မှာပြန်လွတ်လာမယ့်လူတွေကို ထောင်ပြောင်းတယ်ဆိုတာကတော့ ဒီရှေ့နေကြီးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

“နောက်တချက်ကတော့ နိုင်ငံတကာအသိုင်းအဝန်းရဲ့မျက်စိအောက်မှာရှိနေတဲ့ အင်းစိန်ထောင်လိုနေရာမျိုးမှာ မထားချင်လို့ ပြောင်းရွှေ့လိုက်တာလည်း ဖြစ်ပါတယ်” ဟုလည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

အဆိုပါရှေ့နေကြီး ၂ ဦးသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ လူရွှင်တော် ဇာဂနာ၊ အန်အယ်လ်ဒီပါတီဝင် မစုစုနွေး၊ အရှင်ဂမ္ဘီရ အစရှိသော နိုင်ငံရေးလှုပ်ရှားသူများ၏အမှုများကို လိုက်ပါဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။

၎င်းရှေ့နေကြီး ၂ ဦးအား ယခုလ ၇ ရက်နေ့က တရားရုံးတော်ကို မထီမဲ့မြင်ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ရှန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပြီး ထိုနေ့ည ၁၀ နာရီခန့်တွင် အာဏာပိုင်တို့က နေအိမ်အသီးသီး၌ ဖမ်းဆီးခဲ့သည်။

သက်ဆိုင်ရာက နေအိမ်သို့လာရောက်မဖမ်းမီ ရှေ့နေကြီး ဦးအောင်သိန်းက “နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးရမလားဆိုပြီး အာဃာတထားတဲ့သဘောတော့ သက်ရောက်တာပေါ့။ ဓမ္မနဲ့ အဓမ္မကတော့ ဒီလိုပါပဲဗျာ … လောလောဆယ် အဓမ္မက နိုင်နေတယ်၊ တချိန်မှာတော့ ဓမ္မ နိုင်ရမှာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောဆိုခဲ့သည်။

ယမန်နေ့နံနက် အာရုံတက်ချိန်က ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားသည့်ကျောင်းသားခေါင်းဆောင်များကို ဝေးလံသီခေါင်သည့် နယ်စပ်ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ပြီး မစုစုနွေးအား မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ယမန်နေ့နံနက် ၃ နာရီဝန်းကျင်မှ နံနက် ၆ နာရီခွဲ့အတွင်း နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို အင်းစိန်ထောင်မှ နယ်ထောင်အသီးသီးသို့ ပြောင်းရွှေ့ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဧရာဝတီကို ပြောဆိုကြသည်။

မင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်များအား အစွန်အဖျားထောင်များ ရွှေ့ပြောင်း
ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်ထောင်သို့ပြောင်း
ကိုဝိုင်း/ ၁၇ နိုဝင်ဘာ ၂၀၀၈

အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးအနက် (၈) ဦးကို နယ်စွန်နယ်ဖျားရှိ ထောင်များသို့ ယမန်နေ့မနက်က ထပ်မံပြောင်းရွှေ့လိုက်ကြောင်း ပြောင်းရွှေ့ခံရသူထဲတွင် ပါဝင်သည့် ကိုဌေးကြွယ်၏ ညီမ မမီမီကြွယ်က ခေတ်ပြိုင်သို့ပြောသည်။

၎င်းတို့ (၉) ဦးကို ယခုလ (၁၁) ရက်နေ့၌ မအူပင်ထောင်က ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်ခဲ့ပြီးနောက် အင်းစိန်ထောင်သို့ (၁၅) ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်လာကြောင်း၊ (၁၆) ရက်နေ့ မနက်အစောပိုင်းတွင် မိသားစုများအား ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ယခုကဲ့သို့ ရုတ်တရက် ထပ်မံပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု မမီမီကြွယ်က ပြောသည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့နှစ်ဦးကို ကျိုင်းတုံထောင်၊ ကိုဌေးကြွယ်ကို ဘူးသီးတောင်ထောင်၊ ကိုမြအေးကို လွိုင်ကော်ထောင်၊ ကိုပြုံးချိုကို ကော့သောင်းထောင်၊ ကိုအောင်သူကို ပူတာအိုထောင်၊ ကိုလှမျိုးနောင်ကို မြစ်ကြီးနားထောင်နှင့် ကိုအောင်နိုင်ကို ကလေးထောင် စသည်ဖြင့် အသီးသီး လူစုခွဲရွှေ့ပြောင်းလိုက်သည်။ ကိုဥာဏ်လင်းသည် မအူပင်ထောင်မှ အင်းစိန်ထောင်သို့ ရွှေ့ပြောင်းရာတွင်ပါသော်လည်း နယ်စွန်နယ်ဖျား ထောင်များသို့ ရွှေ့ပြောင်းရာတွင်မူ မပါဝင်သေးကြောင်း သိရသည်။

၎င်းတို့ (၉) ဦးကို ပြီးခဲ့သည့်လကုန်ပိုင်း၌ တရားရုံးကို မထီမဲ့မြင်ပြုလုပ်သည်ဟုဆိုကာ ထောင်ဒဏ် (၆) လစီ ချမှတ်ပြီးနောက် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် မအူပင်ထောင်က တရားရုံးတင်စစ်ဆေး ခြင်းမပြုဘဲ ထောင်ဒဏ် (၆၅) နှစ်စီချခဲ့ ခြင်းဖြစ်ကြောင်း သိရသည်ဟု မမီမီကြွယ်က ပြောသည်။

၎င်းက “ကျမကမေးကြည့်တာပေါ့နော်။ ဒီမှာ တခြားသူတွေကို (၆၅) နှစ်ချတယ်လို့ ဆိုတော့။ ဟုတ်တယ်တဲ့ ကိုလေးတို့လည်း အတူတူပဲတဲ့။ ထောင်ပိုင်ရုံးခန်းထဲမှာပဲတဲ့။ တရားမျှတတဲ့ တရားစီရင်ရေးတော့ မဟုတ်ဘူးပေါ့ကွာတဲ့။ မအူပင်ထောင်ပိုင်ရုံးခန်း ထဲမှာပဲ ဒီအတိုင်း ချလိုက်တယ်ပေါ့။ တရားရုံးမှာမဟုတ်ဘူး။ (၁၁) ရက် (၁၁) လ (၁၁) နာရီကတဲ့။ အဲဒီလိုပြောတယ်” ဟု ပြောသည်။

ယခုလ (၁၁) ရက်၌ပင် အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ (၁၄) ဦးကိုလည်း ထောင်ဒဏ် (၆၅) နှစ် အသီးသီး ချမှတ်ခဲ့သည်။

ထို့အပြင် (၈၈) ကျောင်းသားခေါင်းဆောင်များအပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံလှုပ်ရှားသူများကို ဥပဒေအကျိုး ဆောင်ပေးနေကြသော ရှေ့နေကြီး (၂) ဦးဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ယခုလ (၇) ရက်နေ့က တရားရုံးကို မထီမဲ့မြင်ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၄) လစီ ချမှတ်ခဲ့ပြီး အင်းစိန်ထောင်၌ ဖမ်းဆီးထားရာမှ ဦးအောင်သိန်းကို ပုသိမ်ထောင်သို့လည်းကောင်း၊ ဦးခင်မောင်ရှိန်ကို မြောင်းမြထောင်သို့လည်းကောင်း ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။


ပဲ ကုန်သည်ကြီး ၃ ဦးကို စသုံးလုံးက ဖမ်းဆီး
ဇာနည်
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:42 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ပဲဈေးနှုန်းများ အဆမတန် ကျဆင်းလာမှု ဂယက်နှင့်အတူ ပဲဖိုး ပေးချေရမည့် ငွေများကို မပေးဘဲ တိမ်းရှောင်နေသော ၀ယ်လက်ကြီးသမား သုံးဦးကို ရဲက အရေးယူမှုများ ပြုလုပ်နေသည်ဟု ပဲကုန်သည် သတင်းရပ်ကွက်မှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ အသင်းဝင်များဖြစ်သော ကိုဖြိုးကြိုင်၊ ကိုသက်နိုင်ဦးနှင့် ကိုဌေးအောင်တို့မှာ ငွေလိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။ ကြိုပွိုင့်ဟုခေါ်သော ကြိုရောင်းကြိုဝယ် လုပ်ကြရာတွင် မတ်ပဲ၊ ပဲတီစိမ်း စသည့် နိုင်ငံခြားသို့ တင်ပို့သော ပဲဈေးနှုန်းများ ထိုးကျလာခြင်းကြောင့် ငွေကွာဟမှု ပမာဏ ကြီးမားသွားရာမှ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)က အရေးယူခံနေရခြင်း ဖြစ်သည်။

"ဖြိုးကြိုင်ကတော့ အဖမ်းခံလိုက်တယ်။ သက်နိုင်ဦးနဲ့ ဌေးအောင်ကတော့ ရှောင်နေတုန်းပဲ။ ဌေးအောင်ကျတော့ သူ့မိန်းမကို စသုံးလုံး က ခေါ်ထားတယ်။ သက်နိုင်ဦးကတော့ သူ့ဦးလေး ပွဲစားကြီးက ဖြေရှင်းပေးမယ်ဆိုပြီး ပြောတယ်" ဟု ရန်ကုန်မြို့မှ ပဲကုန်သည်ကြီး တဦးက မဇ္ဈိမကို ပြောပြသည်။

ယမန်နှစ်က ပဲတတန်လျှင် ၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ၄ သိန်းကျော်သာ ရှိတော့ရာ ပဲတန်ချိန် ၁၀၀ အတွက် ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး ထိခိုက်နေခြင်း ဖြစ်သည်။

ဝယ်လက်သမားများသည် ကြိုတင်ဝယ်မည်ဟု စာချုပ်ချုပ်ဆိုစဉ်က ဈေးနှုန်းမြင့်မြင့်ဖြင့် ပေးထားကြပြီး အမှန်တကယ် ငွေပေးချေရမည့် အချိန်တွင် ၀ယ်ယူစဉ် ဈေးနှုန်းထက် အဆမတန် ကျဆင်းမှုကြောင့် ဆုံးရှုံးမှု များပြားလာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသူများ ပေးလျော်ရန်ရှိသော ငွေမှာ သိန်း ထောင်နှင့်ချီ၍ ရှိနေပြီး သူတို့နှင့် ဆက်နွယ်နေသော နယ်မှ ပဲအ၀ယ်တော်များ ကုန်သည်များအနေဖြင့် တဦးလျှင် အနည်းဆုံး သိန်း ၅၀ မှ သိန်း ၂၀၀ ကျော်အထိ ထိခိုက်မှုများ ရှိသောကြောင့် သက်ဆိုင်ရာ ကုန်စည်ဒိုင်များကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"လက်ကြီးသမားတွေက ပဲတွေ တန် ၅၀၀ မျိုး၊ တန် ၁၀၀၀ မျိုး လုပ်တာလေ။ ကျနော်တို့လည်း ရောင်းထားတာ ပါသွားတော့ ကုန်စည်ဒိုင်ကို တိုင်ထားတာပေါ့နော်။ ကျနော်တို့ကတော့ တန်ချိန် နည်းပါတယ်။ တချို့က တန် ရာနဲ့ချီ ထိတာ" ဟု ကုန်သည်က ပြောပြသည်။

မုံရွာမှ ပဲမျိုးစုံ အ၀ယ်တော်တဦးကလည်း "ကျနော်တို့လည်း ထိတာပဲ။ ပိုက်ဆံရော လုပ်ငန်းရောပေါ့။ ခုတဖက်ကလည်း ဈေးတွေက တော်တော်ကျသွားတော့ အရောင်းအ၀ယ်တွေ အေးတယ်။ ၀ယ်လက်ကြီးတွေ အလုပ်မဖြစ်တော့ အောက်ကလည်း ထိတာပေါ့။ အရင်ထက်စာရင် သုံးပုံတပုံလောက် အရှုံးပေါ်တယ်" ဟု မဇ္ဈိမကို ပြောပြသည်။

စုံစမ်းစစ်ဆေးခံနေရသူများသည် ပဲမျိုးစုံ ကုန်သည်လောကတွင် နာမည်ကြီး ကြေးရတတ် ပဲကုန်သည်များ ဖြစ်ကြသည်ဟု သိရသည်။

"သူတို့က ၄၀ ကျော် ၀န်းကျင်လောက် ရှိတဲ့သူတွေပဲ။ အရာရှိ လူကြီးပိုင်းတွေနဲ့လည်း ရင်းနှီး ၀င်ထွက်တာတွေ ရှိတယ်" ဟု ဘုရင့်နောင်မှ အ၀ယ်တော်တဦးက ပြောပြသည်။

လောလောဆယ်တွင် ကိုဖြိုးကြိုင်နှင့် ပတ်သက်သော ရရန်ရှိ အမှုကိစ္စရပ်များကို စသုံးလုံးမှ ကိုင်တွယ်နေပြီး တိမ်းရှောင်နေသူ နှစ်ဦးကိုမူ သတ်မှတ်ချိန် ၁၀ ရက်အတွင်း လာရောက် ဖြေရှင်းမှုပြုရန်နှင့် လာရောက်ဖြေရှင်းခြင်း မပြုပါက တရားစွဲဆိုမည်ဟု စသုံးလုံးမှ အမိန့် ထုတ်ပြန်ထားသည်။

ရန်ကုန်မှ ၀ယ်လက်ကြီး သမားများသည် ပဲခူး၊ ပခုက္ကူ၊ မုံရွာ စသောဒေသများမှ ပဲမျိုးစုံတို့ကို ငွေတရာတွင် တစ်ရာခိုင်နှုန်း ပွဲခပေး၍ နယ်မှ ပွဲစားများကို အ၀ယ်တော် ခန့်အပ်ထားလေ့ ရှိသည်။

ဝယ်လက်ကြီးသမားများမှ ငွေပေးချေမှု မပြုလျှင် နယ်မှ အ၀ယ်တော်များမှာလည်း ကြပ်တည်းကြရသည်။ ငွေရင်းစိုက်ထားနိုင်သူ နယ်မှ အ၀ယ်တော်များအနေဖြင့် စိုက်ထားနိုင်သော်လည်း ငွေရင်း မစိုက်နိုင်သူများအဖို့ ခက်ခဲမှုများရှိသဖြင့် နယ်များတွင်လည်း ပဲအရောင်းအ၀ယ်များ အေးလျက်ရှိကြောင်း နယ်အ၀ယ်တော်များက ပြောပြသည်။

"အခုအချိန်က ပဲရာသီရောက်လို့ ဈေးကျတာ ဆိုပေမယ့် အခုက အိန္ဒိယကဈေးမပေးတော့ဘူး။ ဈေးနှိမ်ဝယ်တယ်။ ဒီနှစ်တော်တော်ဆိုးတယ်။ ပြည်တွင်းပဲဈေးတွေလဲ လိုက်ကျကုန်တယ်။ အဲဒီတော့ ဒီလိုတွေ ဖြစ်လာတာပဲ" ဟု ရန်ကုန်မြို့မှ ပဲမျိုးစုံတင်ပို့သူ ကုန်သည်ကြီးတဦးက မဇ္ဈိမကို ပြောပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တခုတွင် အိန္ဒိယ ပဲဈေးကွက်တွင် မြန်မာ့မတ်ပဲ အပါအ၀င် ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲနီလေး၊ မြေထောက်ပဲနှင့် ပဲစိမ်းငုံတို့၏ ၀ယ်လိုအားများနည်း၍ ပဲဈေးနှုန်းကျနေသည်။ ထို့အပြင် ကမ္ဘာ့ဈေးကွက်များတွင် အခြား အဓိက ကောက်ပဲသီးနှံများနှင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ ကျဆင်းလာခြင်းကလည်း ပြည်တွင်း ဈေးကွက်အတွင်း ပဲဈေးနှုန်းအားနည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဖော်ပြပါရှိသည်။

ကုန်ဈေးကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် ထောင်ဒဏ် ၁၂ ခွဲ ချမှတ်ခံရ
သန်းထိုက်ဦး
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 17:02 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား အင်စိန်ထောင်ထဲမှာပင် တင်္နလာနေ့တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မြင့်တက်လာနေသော ကုန်ဈေးနှုန်းဒဏ် လူအများ ခံစားနေရခြင်းအတွက် အစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေး လုပ်ဆောင်ပါရန် မြောက်ဥက္ကလာမြို့နေ ကိုထင်ကျော်က ဦးဆောင်ကာ တောင်းဆိုဆန္ဒပြခဲ့ရာ ဖမ်းဆီးပြီး ထောင်ချလိုက်ခြင်း ဖြစ်သည်။

ခုခံလျှောက်လှဲခွင့် မရဟု တရားဆိုင်ဘက်မှ ထုတ်ဖော်ပြောကြားသော အင်းစိန် အကျဉ်းထောင်တွင်းရှိ ခုံရုံးမှ တရားသူကြီး ဦးကျော်ဆွေက ကိုထင်ကျော်သည် သူတပါးထံမှ ခြိမ်းခြောက်ငွေ တောင်းယူခြင်း၊ ဗုဒသာသနာကို အကြည်ညိုပျက်အောင် လုပ်ဆောင်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်ခြင်းနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်ဟု စီရင်ချက် ချမှတ်ခဲ့သည်။

"သူက အရင်က အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားရုံးလေးတွေ ရှိတယ်။ အဲဒီ တရားရုံးကို အရင်က ထွက်တယ်။ နောက်ပိုင်း အယုံအကြည် မရှိတဲ့အတွက် တရားရုံးကို လုံးဝ မထွက်ဘူး။ မထွက်တော့ သူ့ကို ထောင်းဗူးထဲမှာပေါ့ ဒီထောင်သားတွေထားတဲ့ ဗူးထဲက နေရာမှာ စစ်တော့တယ်။ အဲဒီကနေ ချလိုက်တာ" ဟု တရားရေးဌာနနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက ခွဲတမ်းဖြင့် ရောင်းချပေးသည့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ခဲ့ရာ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ရုတ်တရက် တရှိန်ထိုး မြင့်တက်လာသဖြင့် အစိုးရက ပြန်လည်လျော့ချနိုင်ရေး လုပ်ဆောင်ရန် ရန်ကုန် သိမ်ကြီးဈေး၌ ဆန္ဒပြသဖြင့် ကိုထင်ကျော် ဖမ်းဆီးခံခဲ့ရသည်။

ယနေ့တွင် အခြားသော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့သူ အချို့ကိုလည်း ထောင်ဒဏ် စီရင်ချက်များ အင်းစိန်ထောင်တွင်း တရားရုံးနှင့် တာမွေ တရားရုံးတို့မှ စီရင်ချက် ချခဲ့ပြန်သည်။

ကြည်ဖြူမောင် (မြောက်ဒဂုံမြို့နယ်)၊ ကိုဇင်လင်းအောင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ကိုမျိုးသန့် (ခေါ်) ဂျွန်နော်တန် (လှိုင်မြို့နယ်)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုရဲမင်းဦး၊ ကိုရဲမြတ်ဟိန်းနှင့် ကိုသိန်းဆွေ (ဖျာပုံမြို့နယ်) တို့ကိုလည်း ဆူပူမှုဖြစ်ပွားစေရန် လှုံ့ဆော်မှုနှင့်အတူ အင်းစိန်ထောင်အတွင်းရှိ အနောက်ပိုင်း ခရိုင် အထူးတရားရုံးက ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်သည်။

ထို့အပြင် ကိုစည်သူမောင်နှင့် ကိုရဲမြတ်ဟိန်းတို့ကို တရားမ၀င် အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်မှုတို့ဖြင့် တာမွေတရားရုံးက ထောင်ဒဏ် ၁၁ နှစ်နှင့် ၁၀ နှစ် အသီးသီး ချမှတ်လိုက်သည်။

ကိုရဲမြတ်ဟိန်း ၏ မိခင် ဒေါ်စမ်းအေးက "နိုင်ငံရေး အကျဉ်းသားတွေကို ဒီလောက် နှစ်ရှည်လများ ထောင်တွေချနေတဲ့ ဥစ္စာဟာ သူတို့ပြောတဲ့ (စစ်အစိုးရ) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ဆိုတဲ့ စကားက တမျိုးဖြစ်လာပေါ့နော်။ အမှန်ဆိုလို့ရှိရင် ခောတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံ မဖြစ်ဘဲနဲ့ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဟိုး ကျန်စစ်သားတို့၊ အနော်ရထားတို့ခေတ်ကို ပြန်ရောက်နေသလို ကျမ ခံစားရတယ်" ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို ထောင်အပြောင်းအရွှေ့များလုပ်
ဖနိဒါ
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 17:53 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီးနောက် ဆက်တိုက် လုပ်ဆောင်လာခဲ့သည်က လူစုခွဲ၍ ထောင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

ယနေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဥာဏ်လင်းနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့အား ရန်ကုန် အင်းစိန်ထောင်မှ ကရင်ပြည်နယ် ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်။

"ကျနော် ခုနမှ အင်းစိန်ကို သွားပြီး မေးတယ်။ တာဝန်ရှိတဲ့လူက ဘားအံကို ပြောင်းလိုက်ပါတယ်လို့ ပြောတယ်၊ နေဘုန်းလတ်ရော။ ဘယ်အချိန် ပို့လိုက်တယ်ဆိုတာက အသေးစိတ်မသိဘူး" ကိုဥာဏ်လင်း၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဘုန်းလတ်ကိုလည်း ဘားအံသို့ ပို့ဆောင်သည်ဟု ကြားသိရကြောင်းနှင့် လာမည့် ကြာသပတေးနေ့တွင် ထောင်ဝင်စာ သွားတွေ့မည်ဟု မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောသည်။

ကိုဥာဏ်လင်း၏ မိသားစုဝင်က " သူတို့ကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်တော့ ပေါင်းလိုက်ရင် နှစ် ၁၀၀ ကျော်နေပြီ။ ဆိုတော့ လူ့သက်တန်း ကုန်နေပြီ။ ဒီကြားထဲမှာ ထောင်ထဲမှာ ဘာမှ တုံ့ပြန်၊ စိုးရိမ်စရာ မရှိတော့တဲ့ ဘ၀ကို အေးအေးဆေးဆေး နေထိုင်ခွင့်လေးတောင် ပေးသင့်တယ်လို့ ယူဆတယ်လေ။ အဲဒီ နေထိုင်ခွင့်လေးတောင် မပေးဘူးဆိုတဲ့ သဘော သက်ရောက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။

ယမန်နေ့ကလည်း ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှပင် ကိုအောင်သူအား ကချင်ပြင်နယ် ပူတာအို၊ ကိုလှမျိုးနောင်အား မြစ်ကြီးနား၊ ကိုမြအေးအား ကယားပြည်နယ် လွိုင်ကော်၊ ကိုဌေးကြွယ်အား ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကိုပြုံးချိုအား တနင်္သာရီ ကော့သောင်းသို့ ပို့လိုက်သည်။

"လိုရင်းပြောမယ်ဆိုရင် ပြစ်ဒဏ်ချလိုက်တဲ့ လူတွေကို နောက်ထပ် ပြစ်ဒဏ် ထပ်ချလိုက်တယ်လေ။ အကုန်လုံး စိတ်ဆင်းရဲ၊ လူဆင်းရဲ၊ ကာယကံရှင်ရော မိသားစုတွေရော၊ နောက်ထပ် ပြစ်ဒဏ် ထပ်ချတယ်လို့ပဲ မြင်ပါတယ်" ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အတိုက်အခံများဘက်မှ လိုက်လံကူညီပေးနေသည့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းအား ပုသိမ်အကျဉ်းထောင်နှင့် ရှေ့နေ ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ရွှေ့ပစ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကဗျာဖြင့် "အာဏာရူး" ဟု ခေါ်ဝေါ်ခဲ့သော ကဗျာဆရာ ကိုစောဝေအား ရမည်းသင်းထောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား မန္တလေးထောင်တို့ ပို့ဆောင်လိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဆိုအရ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ အန်အယ်လ်ဒီ ပါတီဝင်များ အပါအ၀င် စုစုပေါင်း ၂၁ ဦးအား နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။

မဲဆောက်မှာ ရွှေထွက်ပြီ

နိုဝင်ဘာ ၁၇။ သောင်ရင်းနဂါး

သောင်ရင်းနဂါး

ရွှေထွက်ရာသို့ စုရုံးရောက်ရှိလာသည့် ကလေးလူကြီးများ
ရွှေပါဝင်သည့်ဆိုသည့် ကျောက်ခဲများ (ဝဲ)နှင့် တူးဆွနေသော မြန်မာများ
မဲဆောက်မြို့ ဝပ်ချုံဖုန်း ဘုရားအနီးတွင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှ ရွှေထွက်သည်ဆိုပြီး မြန်မာ အလုပ်သမား ကလေးလူကြီးများ လာရောက် တူးဆွလျက် ရှိသည်။

အဆောက်အအုံဆောက်လုပ်ရန် သယ်လာသည့် သောင်ရင်းမြစ်ကမ်း ဝပ်စကင်းကျေးရွာမှ သယ်လာသည့် မြေကြီးခဲများတွင် ရွှေတွေ့သည် ဆိုသော သတင်း ပြန့်နှံ့သွားပြီး လူအများ လာရောက် တူးဆွကြခြင်း ဖြစ်သည်။ သို့သော် ရွှေပါဝင်သည်ဟု ယူဆရသော အခဲများကို ပန်းတိမ်တွင် စစ်ဆေးကြည့်သောအခါ မှတ်ကျောက်အတင်မခံ (ငရဲမီး အစားမခံ)ဟု သိရသည်။ ရရှိသော ခဲလုံးများကို ပန်းတိမ်များက ဝယ်ယူခြင်း မပြုသည့်အတွက် ရွှေရှာသူများ လျော့ပါးသွားသည်။

ရွှေလာရှာရာတွင် မြန်မာများသာမက ဒေသခံ ထိုင်းနိုင်ငံသားများပါ လာရောက် ရှာဖွေကြကြောင်း သိရသည်။ တိုက်သစ်ဆောက်မည့် ဟုံလုံ ကုန်တိုက် သူဌေးက ၄င်းပိုင်မြေတွင် ရွှေရှာနေခြင်းကို ကန့်ကွက် ဟန့်တားခြင်း မပြုပေ။

အရံရဲတပ်ဖွဲ့ဝင်များ နေ့စဉ် လုံခြုံရေးတာဝန်ယူနေရ

ဖြိုးကြီး။ နိုဝင်ဘာ ၁၇၊ ၂၀၀၈

အရံရဲတပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက်ပိုင်း နေ့စဉ် လူစည်ကားရာ အချက်အခြာကျသည့်နေရာများ တွင် လုံခြုံရေးစောင့်ကြပ်မှုများပြုလုပ်နေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များထက် အလုပ်များနေ ကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် လှည့်တန်းမီးပွိုင့်၊ ဆူးလေဘုရား၊ မြို့တော် ခန်းမ၊ ရွှေတိဂုံဘုရားပတ်ဝန်းကျင်နှင့် တော်လှန်ရေးပန်းခြံနားတို့တွင် လုံခြုံရေးတာဝန်များ နေ့စဉ် ထမ်းဆောင်နေရခြင်းဖြစ်သည်။

“အဲဒီအရံရဲတွေက လစာကလည်း (၃၀,၀၀၀) လောက်ပေးထားတာဆိုတော့ ရပ်ကွက်ထဲမှာ တော်တော်ကို ဆွဲဆောင်မှုရှိနေတယ်၊ သူတို့တွေက နယ်ထိန်းရဲတွေထက်တောင် အလုပ်များ နေတာ တွေ့နေရတယ်”ဟု ကမာရွတ်မြို့ခံတဦးက ပြောသည်။

ထိုအရံရဲများသည် မြို့နယ်အတွင်း အနှိပ်ခန်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းသူများထံမှ လိုင်းကြေးအနေဖြင့် တနေ့လျှင် (၂,၀၀၀)နှင့်အထက် တောင်းယူမှုများလည်း ပြုလုပ်နေပြီး အာဏာပိုင်များခိုင်းစေမှုကို တက်တက်ကြွကြွလုပ်ဆောင်ပေးနေသည်ကို တွေ့ရကြောင်း မြို့ခံက ဆက်ပြောသည်။

“သူတို့တွေက အထက်ကခိုင်းတယ်ဆိုတာတွေကို အကုန်လုပ်ပေးတယ်၊ လူဆိုးဖမ်းတာလည်း လုပ်တယ်၊ အာဏာပိုင်တွေဘက်ကလည်း သူတို့ကို လုပ်ပိုင်ခွင့်တွေက တော်တော်လေး ပေး ထားတဲ့ သဘောတော့ရှိတယ်”ဟု မြို့ခံက ပြောသည်။


ဘလော်ဂါ ကိုနေဘုန်းလတ်အား ဘားအံအကျဉ်းထောင်သို့ပြောင်း
ဖြိုးကြီး။ နိုဝင်ဘာ ၁၇၊ ၂၀၀၈ယခုလ (၁၀) ရက်နေ့က ထောင်ဒဏ်အနှစ် (၂၀) ချမှတ် ခံလိုက်ရသည့် ဘလော်ဂါ ကိုနေဘုန်းလတ်အား အာဏာ ပိုင်များက နယ်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်စုံစမ်း ခဲ့သည့် ဖခင်ဖြစ်သူအား ထောင်အာဏာပိုင်များက ကိုနေဘုန်းလတ်အား ကရင်ပြည်နယ်၊ ဘားအံအကျဉ်း ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဘားအံထောင်ကို ပြောင်းလိုက်တာပါ၊ ဘယ်အချိန်ပြောင်း တာလဲဆိုတာတော့ အတိအကျမသိဘူး၊ ထောင်မှာ သွားမေးတော့ မနက်က ပြောင်းတာတဲ့၊ တချို့ကပြောတာတော့ ညကတည်းက ပြောင်းတာလို့ပြောတယ်၊ ပြောင်းသွားတယ်ဆိုတာကို တာဝန်ခံတယောက်က အင်္ကျီသွားပေးတော့မှ ပြောတာ၊ ပေးလို့မရတော့ပါဘူး၊ ထောင်ပြောင်း သွားပါပြီလို့ ပြောတယ်”ဟု ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

ထောင်အာဏာပိုင်များက ကိုနေဘုန်းလတ်အား ထောင်ဝင်စာသွားတွေ့ရန် လွယ်ကူကြောင်း ပြောဆိုလိုက်သည့်အတွက် လာမည့်ကြာသာပတေးနေ့တွင် ဘားအံအကျဉ်းထောင်တွင် ထောင် ဝင်စာ သွားတွေ့ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ကိုနေဘုန်းလတ်အား ထောင်ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ “တရားဝင် အကြောင်း ကြားလားဆိုတော့ မြန်မာနိုင်ငံမှာ အဲလိုရှိရင် ဒီလိုတောင်မနေပါဘူး၊ အဲလိုထောင်ပြောင်းလိုက် တဲ့ အပေါ်မှာ အန်တီမြင်တာကတော့ နှိပ်စက်ပြီးရင်း နှိပ်စက်နေတယ်လို့ပဲ မြင်တယ်”ဟု ပြောသည်။

ကိုနေဘုန်းလတ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ ထောင်ပြောင်း မည်ကို ကြိုတင်တွေးထားပြီး ခံနိုင်ရည်ရှိကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဘားအံအကျဉ်းထောင်သို့ ပြောင်းရွှေ့ရာတွင် ကိုနေဘုန်းလတ်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဉာဏ်လင်းနှင့် အခြား အမည်မသိရသူ (၁၁) ဦးခန့် ပါဝင်ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

ထို့အပြင် သံဃာတော်များဖြစ်သည့် ဦးဝိလစက္ကနှင့် ဦးနန္ဒသီရိအား စစ်ကိုင်းတိုင်း၊ မုံရွာထောင် သို့ ပြာင်းရွှေလိုက်ပြီး ရွှေသံစဉ် ကိုဝင်းမော်အား တောင်ငူ၊ မစုစုနွေးအား ကလေးထောင်များသို့ အသီးသီး ပို့ဆောင်ခြင်းခံရကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့်နီးစပ်သူက ပြောသည်။

ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ်နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ထောင်ဒဏ်များထပ်တိုး

ရိုးမ ၃။ နိုဝင်ဘာ ၁၆၊ ၂၀၀၈

အင်းစိန်ထောင်တွင်းတရားရုံးက အမိန့်ချစဉ် တရားရုံးကို အယုံအကြည်မရှိသည့်အတွက် နောက်ပြန်ထိုင်ကာ ဓါတ်ပုံအရိုက်မခံဘဲနေခဲ့သည့် ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ် နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ပုဒ်မများ ထပ်တိုးပြီး ထောင်ဒဏ် ထပ်မံတိုးလိုက်သည်။

ကိုပြည့်ဖြိုးလှိုင်အပါအဝင် ကျောင်းသားလူငယ် (၉) ဦးကို ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ယခုလ (၁၁) ရက်နေ့၊ ညနေ ပိုင်းတွင် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂၄) နှစ်မှ (၈) နှစ်အထိ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်။

အစာအိမ်ရောဂါရှိသူ ကိုပြည့်ဖြိုးလှိုင်အား ချုပ်နှောင်ထားသောနေရာမှာ အလွန်အေးသည့် ဒဏ်ကြောင့် ကျန်းမာရေးအခြေအနေ ချို့ယွင်းနေခြင်းဖြစ်ပြီး ကိုသီဟသက်ဇင်အား ပုဒ်မ
(၁၃-၁) နှစ်ကြိမ် တိုး၍ တကြိမ်လျှင် (၅) နှစ်ဖြင့် စုစုပေါင်း (၁၈) နှစ်ချမှတ်ပြီး ကိုသိန်းဇော်အား ပုဒ်မ(၁၃-၁) တခါထပ်တိုးပြီး (၅) နှစ် ချလိုက်သဖြင့် ယခင်အမှုတွဲ ထောင်ဒဏ် (၈) နှစ်ပေါင်း (၁၃)နှစ် ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ကိုပြည့်ဖြိုးလှိုင်၏မိခင်က ပြောသည်။

“သီဟသက်ဇင်ကို နယ်စပ်ဖြတ်ကျော်ပုဒ်မ နှစ်ကြိမ်ထပ်တိုးလိုက်တယ်၊ သိန်းဇော်ကိုတော့ နယ်စပ်ဖြတ်ကျော် တကြိမ်တိုးလိုက်ပြီး ထောင်ဒဏ်တွေ ထပ်တိုးလိုက်တယ်”ဟု ပြောသည်။

ကိုပြည့်ဖြိုးလှိုင်အား ယခင် ထောင်မကြီးတွင် (၉) လခန့် သီးသန့်ထားရှိပြီး ယခုအခါ သီးခြား အဆောင်သို့ ပြောင်းရွှေ့ထားကြောင်းနှင့် ကိုပြည့်ဖြိုးလှိုင်၏နောက်ဆုံးအခြေအနေကို မိခင်ဖြစ် သူက ဆက်ပြောသည်။

“ပြည့်ဖြိုးလှိုင်က သူ့ကို ဓါတ်ပုံရိုက်ဖို့ တရားသူကြီးဘက်ကို လှည့်ဖို့ပြောတာ လုံးဝကိုမလှည့်ဘဲ နောက်ပြန်ထိုင်နေခဲ့တာ၊ သူ့ကျန်းမာရေးက အခု သူ့ကိုထားတဲ့နေရာက တအားအေးတဲ့နေရာ ဖြစ်တော့ ရောဂါပြန်ဖြစ်နေတာပေါ့”ဟု ပြောသည်။

အာဏာပိုင်များဘက်က ကိုပြည့်ဖြိုးလှိုင်တို့အား ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။