Wednesday, November 19, 2008

CRPP

Crpp From Yoma3

Get your own at Scribd or explore others: Politics Literature

သားကြောဖြတ်မပစ်ပါနဲ့......


'' ဒီလောက်အဖိုးတန်တဲ့ လူငယ်တွေကို အခုလို နှစ်ရှည်လများ ချတယ်ဆိုတာဟာ ဘာနဲ့တူလဲဆိုရင်
ဗမာပြည်ရဲ့အနာဂတ်နိုင်ငံရေးရဲ့ ခေါင်းဆောင်မှုကို သားကြောဖြတ်ပစ်တဲ့ သဘောကို ဆောင်နေတယ်”
(သတင်းစာဆရာကြီး ဦးဝင်းတင်)



ကိုမင်းကိုနိုင်တို့ပြန်လွတ်လာတော့အန်အယ်ဒီရုံးမှာနေရာတခုရခဲ့ကြသည်။အန်အယ်ဒီနှင့်
စီအာပီပီ လည်းအဆင်ပြေကြသည်။ ဦးအောင်ရွှေ။ဦ၀င်းတင်တို့ဆိုတာလည်း၈၀ကျော်၉၀ကျော်တွေ၊မြန်မာ့နိုင်ငံရေးနဲ့အန်အယ်ဒီကိုထိန်းထားရုံ၊ကျားကန်ထားရုံပင်၊
ကိုမင်းကိုနိုင်တိုကအဖွဲ့ကိုအနာဂါတ်NLDရဲ့ခေါင်းဆောင်များလိုနေရာပေးခဲ့တာတွေ့ရသည်။

ကနေဒါဝန်ကြီးချူပ်စတီဗင်ဟားဗား....အရွေးချယ်ခံထားရသောအမေရိကန်သမ္မတအိုဘား
မား...တို့ဟာဆိုရင်၄၇ ..၄၈..သက်တန်းများဖြစ်သည်။ဒါကြောင့်၈၈မျိုးဆက်ကျောင်းသား
များသည်နိုင်ငံရေးတွင်ဦးဆောင်မှုလုပ်ဆောင်ရန်အသင့်တော်ဆုံး အသက်အရွယ်များဖြစ်
ကြပေသည်။

ဒါပေမယ့်ပြည်တွင်းမှာဦးဝင်းတင်ပြောသလိုသားကြောဖြတ်ခံထားရသည်။အန်အယ်ဒီ..စီအာပီပီ
...၈၈မျိုးဆက်....အဆင့်ဆင့်အချိတ်ဆက်မိမိနိုင်ငံရေးတာဝန်ကျေကြသည်ဟုပြော၍ရပါသည်။
အတားအဆီးများကြားမှာဖြစ်ချင်တာနဲ့ဖြစ်လာတွေ..ရင်ဆိုင်ရတာတွေဟာ...ငရဲနဲ့ကြွေကစားရ
သလိုပါပဲ....

ဒါဆိုရင်အပြင်ဖက်ကငရဲနဲ့ကြွေကစားစရာမလိုတဲ့နိင်ငံရေးအတိုက်အခံတွေမှာရောတာဝန်ကျေ
ကြပါသလား။အချိတ်အဆက်မိကြပါသလား။

မြန်မာ့အရေးမှာကုလသမ္မဂ္ဂဟာအဓိကကျတဲ့အခန်းတခုဖြစ်သလိုအန်စီဂျီယူဘီကလည်းတရားဝင်
အရေးဆို..ကန့်ကွက်မှုတွေရထားတာဆိုတော့ထိရောက်တဲ့လုပ်ပိုင်ခွင့်တခုရထားတာပါ။
ထိရောက်အောင်လုပ်နိုင်ဖို့ပဲလိုအပ်တဲ့အရေးကြီးဆုံးအချိန်ဖြစ်နေပါပြီ။

ကနေဒါကွိဘက်ပြည်နယ်ကအဖွဲ့တခုကအန်စီဂျီယူဘီကိုအဓိကအထောက်အပံ့ပေးနေသလိုဖိတ်
ကြားမှုတွေရှိရင်လည်းအပြန်အလှန်အားဖြင့ိုအန်စီဂျီယူဘီကလည်းတက်ရောက်မှုများရှိခဲ့ပါတယ်။
တိုရန်တိုမှာတထောက်နားတုံးမေးမြန်းခွင့်တခုမှာ..ဒေါက်တာစိန်ဝင်းရင်ဖွင့်သွားတာကတော့''
သူတို့ကအန်စီဂျီယူဘီကိုဝိုင်းဝန်းပံ့ပိုးရမဲ့အစားသူတို့လှုပ်ရှားမှုတွေအတွက်လိုအပ်တဲ့အသုံးစရိတ်
တွေပဲတင်ပြနေကြတယ်...'' ။ ။

USA က၈၈မျိုးဆက်နဲ့နိင်ငံရေးအသိုင်အ၀ိုင်းမှာလည်းအန်စီဂျီယူဘီကိုထားတဲ့တန်းတခုကဖျော်
ဖြေပွဲတခုမှာကျောင်းသားလူရွှင်တော်တယောက်ပြက်သွားသလို...
''၀န်ကြီးချူပ်ဆိုတာဒုက္ခသည်ခံမည့်သူတွေဓါတ်ပုံတွဲ၇ိုက်ဖို့''
ဆိုတာမျိုးဆက်ဆံမှုများလည်းရှိခဲ့ကြသည်။

ဒီနှစ်နှစ်ဦးကဖေါ့ဝိန်းမှာကျင်းပတဲ့ကျောင်းသားညီလာခံမှာထိုင်းကလာတဲ့ကိုယ်စားလှယ်တွေက
အန်စီဂျီယူဘီကိုတိုးချဲ့ဖွဲ့စည်းဖို့တင်ပြနေချိန်မှာ အန်စီဂျီယူဘီ ကတခြားအစည်းအဝေးနဲ့
တိုက်နေလို့မတက်ရောက်ခဲ့ပါဘူး။ပြီးခဲ့သည့်ရက်ပိုင်းဒေါ်စန်းစန်းကထပ်မံတောင်းဆိုတာ
လည်းရှိခဲ့ပါတယ်။

ိုအန်စီဂျီယူဘီသိသင့်တဲ့အချက်တခုက.....
'၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၈ ဦးအနက် ဒေါက်တာလှအောင်သည် ကွယ်လွန်သွားသော ၉၉ ဦးမြောက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးမှာ ယခုအခါ ပြည်ပနိုင်ငံများ တွင်ရောက်ရှိနေကြပြီး၊ ထောင်တွင်း အကျဉ်းကျခံနေရသူ လွတ်တော်ကိုယ်စားလှယ် ဦးရေမှာ ၁၇ ဦး ရှိသည်။ ။

အားလုံးမှာအသက်အရွယ်ကြီးရင့်သူများဖြစ်သလိုနိုင်ငံရေးမျိုးဆက်သွန်းလောင်းရမည့်အချိန်တခု
လည်းဖြစ်နေပေသည်။ ။အိုဘားမားနှင့်သက်ရွယ်အတူတူနီးပါးလောက်ရှိသော၈၈မျိုးဆက်များကိုလည်း
အန်စီဂျီယူဘီအနေနှင့်မသိတာပြော၊မတတ်တာသင်၊လက်တွဲခေါ်ယူရပေမည်။
ဦးဝင်းတင်ပြောသလိုသားကြောဖြတ်မပြစ်မိစေဖို့အထူးသတိပြုရပေမည်။

၈၈မျိုးဆက်မျာအနေုဖြင့်လည်းအန်စီဂျီယူဘီကိုလေးစားမှုများပေး၍ပါဝင်ပူးပေါင်းပေးဖို့လိုပါသည်။
မိမိအသက်အရွယ်နှင့်ေ၇ာက်ရှိနေသောတန်းတခုမှနေ၍.....အနာဂါတ်မြန်မာ့ရေးအတွက် အပြောအဆို
အနေအထိုင်မှအစ..အတွေးအခေါ်အဆုံး ချင့်ချိန်သုံးကြပါရန်တိုက်တွန်းလိုက်ရပါသည်။

မွန်ပြည်သစ်ပါတီအတွင်း အမျိုးသမီးခေါင်းဆောင်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင် မိစာဍာနှင့် မေးမြန်းချက်

Mon 17 Nov 2008, မိရိုင်မရော့
မေး ။ ။ မွန်ပြည်သစ်ပါတီမှာ အမျိုးသမီးတွေကို ခေါင်းဆောင်တင်မြှောက်ဖို့ အခြေနေဘယ် လိုရှိသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေက ကိုယ်ခေါင်းဆောင်ဖြစ်ချင်တိုင်းလည်း ဖြစ်လို့မရဘူး။ ပါတီရဲ့ကိုယ် စားလှယ်ပေါ်မှာ မူတည်နေတယ်။ ကိုယ်စားလှယ်အများစုကလည်း ယောက်ျားတွေပဲများ တယ်၊ အမျိုးသမီးဆိုရင် ကျမတစ်ယောက်ပဲရှိတယ်၊ ကိုယ်ကဘယ်လိုပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ့် ရဲ့ ကိုယ်စားလှယ်ပေါ်မှာမူတည်နေတယ်၊ ကိုယ့်ရဲ့ကိုယ်စားလှယ်က အမျိုးသမီးတွေကို ခေါင်း ဆောင်တင်ချင်တဲ့ အမြင်တွေရှိမယ်ဆိုရင်ပေါ့၊ ကျမတို့ကလည်း ကျမတို့အမျိုးသမီးအဖွဲ့ကနေ အမျိုးအမီးကို ခေါင်းဆောင်တင်ဖို့ကိစ္စကို တင်ပြဖို့ အစီအစဉ်ရှိတယ်။ (Global System) လို မျိုး လက်ခံနိုင်မလားပေါ့၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေက ဒီ (Global System) ကို လက်ခံပေ မယ့်လည်း ဗဟိုကော်မတီဝင်တွေက လက်မခံနိုင်ဘူးဖြစ်နေတယ်။

မေး ။ ။ ဘာကြောင့် အမျိုးသမီးတွေကို ခေါင်းဆောင်တင်ဖို့ သူတို့က လက်မခံနိုင်တာလဲ။
ဖြေ ။ ။ဘာကြောင့်လဲဆိုတော့ သူတို့မြင်ထားတာက အမျိုးသမီးတွေဟာ ရေရှည်မသွားနိုင် ဘူး ဇွဲမရှိဘူး၊ ဝိရိယမရှိဘူး။ ဒါတွေကိုတော့ သူတို့ ၃ နှစ်တစ်ခါ ကျင်းပနေတဲ့ ပါတီရဲ့ ညီလာ ခံမှာ ဆွေးနွေးတာပါ၊ သူတို့ လက်မခံနိုင်တာက အဲဒီညီလာခံ ကျင်းပကတည်းကပေါ့၊ ဒီနှစ်ဆို ၃ နှစ်ပြည့်နေပြီး၊ ဗဟိုကော်မတီအဆင့်ကလည်း လက်မခံနိုင်ဘူး။

မေ ။ ။ ကရင်အမျိုးသားအစည်းရုံးမှာ အမျိုးသမီးအတွင်းရေးမှူးကို တင်မြှောက်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာမဘယ် လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒီလိုအမျိုးသမီးကို အတွင်းရေးမှူးအဖြစ် တင်မြှောက်လိုက်တာ ကောင်းတယ်လို့ ကျမမြင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် သူတို့က အမျိုးသမီးတွေကို မြှင့်တင်ချင်တဲ့အမြင်တွေ ရှိတယ်။ အမျိုးသမီးတွေကလည်း ကျရာကဏ္ဍမှာ တာဝန်ယူနိုင်မယ်။ ပြီးတော့ ကျမအထင် ပေါ့နော် သူတို့ကလည်း အတွေ့အကြုံရှိမယ်၊ အမြင်တွေရှိမယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို ရွေးလိုက်တာဟာ ကောင်းတယ်၊ ကျမတို့မွန်မှာလည်း အထက်ကလူတွေ ကရင်အမျိုးသား အစည်းအရုံး (KNU) မှာ ဒီလိုဖြစ်လာပြီးဆိုရင် မွန်မှာလည်း ဒီလိုဖြစ်သင့်တယ်လို့ စဉ်းစားချင် စဉ်းစားလာမယ်။ နောက်ပြီး အမျိုးသမီးတွေကလည်း အားအင်တွေရှိလာမယ်၊ တချို့အမျိုးသ မီးတွေက သူတို့ဝင်ပါချင်နေတယ် ဘယ်အဖွဲ့မဆိုပေါ့၊ ဒီလိုအမျိုးသမီးကို ခေါင်းဆောင်တင် မြှောက်တာဟာ ကျမတစ်ယောက်ထဲသာမက ကျမတို့မွန်အမျိုးသမီးအားလုံးကလည်း ဝမ်းပန်း တသာ ကြိုဆိုလျှက်ပါ။

မေး ။ ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့က ဘယ်လို အရည်အချင်းတွေ ရှိဖို့လိုလဲ ပြီးတော့ ဘယ်လို ကြိုးစားရမလဲဆိုတာကို ဆရာမရဲ့အမြင်ကို ပြောပြပေးပါ။
ဖြေ ။ ။ အတွေ့အကြုံရှိရမယ်၊ ပြီးတော့ ကျမတို့အမျိုးသမီးတွေကို ယောက်ျားတွေ ဝေဖန် ထားသလိုမျိုးပဲ၊ တချို့တချို့ဆို အမျိုးသမီးတွေကလည်း အိမ်ထောင်ကျသွားပြီးရင် အချိန်ပြည့် လုပ်မပေးနိုင်တော့ဘူး။ ဒါကြောင့် သူတို့ကလည်း အမျိုးသမီးတွေကို ခေါင်းဆောင်တင်ဖို့ အမြင်းစောင်းလာမယ်။ ကျမပြောချင်တာက ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် အချိန်ပြည့် ကျမတို့ ပေးနိုင်ရမယ်၊ ဝိရိယလည်းရှိရမယ်၊ အမြင်လည်းကျယ်ရမယ်၊ ပြောရဲဆိုရဲရမယ်၊ တိုက်ပွဲဝင်ရဲတဲ့ သတ္တိလည်းရှိရမယ်၊ ဒါမှ သူတို့လည်း အမျိုးသမီးကို လက်ခံလာနိုင်မယ်၊ တာ ဝန်ကျေရုံနဲ့ ဝင်လုပ်ရင်တော့ ဘယ်သူမှ ကိုယ့်ကို ခေါင်းဆောင်တင်နိုင်မှာမဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံက အများကြီး အရေးပါတယ်။ ကျမဆိုလိုချင်တာက အနှစ် ၂၀၊ ၃၀ အတွေ့ကြုံရှိရမယ် မဟုတ်ဘူးနော်၊ ထိုက်သင့်သလောက်ရှိရမယ်၊ အမြင်လည်း ကျယ် ရမယ်ပေါ့နော်။

မေး ။ ။ မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေက အမျိုးသမီးတွေကို ခေါင်းဆောင်တင်မြှောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့သဘောထား ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အမျိုးသမီးခေါင်းဆောင် ဗဟိုကော်မတီအဆင့်ဆိုရင် အခုမှ ကျမတစ်ယောက်ပဲရှိ တယ်၊ သူတို့သဘောထားကိုတော့ ကျမပြောလို့မနိုင်ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ်ညီလာခံမှာ ဗဟိုအလုပ်မှုဆောင်၊ ဗဟိုကော်မတီ အဆင့်သုံးဆင့်ရှိတဲ့အထဲမှာ ဗဟိုအလုပ်မှုဆောင်ကော် မတီအဖွဲ့က လွန်ခဲ့တဲ့အပတ်ကလိုမျိုးပဲ ထိုက်သင့်သလောက်တော့ အမျိုးသမီးတွေကို ပါဝင် ခွင့် ပေးမှာပဲလို့ ကျမမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကရင်မှာလည်း အမျိုးသမီးတွေကို ခေါင်းဆောင်တင်နေပြီးဆိုတော့လေ။ ဒါပေမယ့် စနစ်တစ်ခု အတည်ဖြစ်ဖို့က ဗဟိုအလုပ်မှု ဆောင်တစ်ခုတည်းနဲ့ မပြီးဘူး၊ ဗဟိုကော်မတီတဆင့်ရှိသေးတယ်၊ သူတို့လက်ခံမှ၊ ပြီးတော့ ညီလာခံလဲရှိသေးတယ်၊ ညီလာခံမှာက ကိုယ်စားလှယ်တွေ အာလုံးထောက်ခံမှ ပါဝင်ခွင့်ရမှာ ကိုယ်စားလှယ်ပေါ်မှာ မူတည်တယ်၊ ပါတီဝင်သက်တမ်းလည်း ပါဝင်နေတယ်။

မေး ။ ။ ညီလာခံမှာ ခေါင်းဆောင်ရွေးချယ်တင်မြှောက်တဲ့နေရာမှာ ဘယ်လိုဥပဒေ မူဝါဒ သတ်မှတ်ချက်တွေရှိပါသလဲ?
ဖြေ ။ ။ မူဝါဒ သေသေချာချာတော့မရှိဘူး။ သတ်မှတ်ထားတာက ပါတီဝင်သက်တမ်း၊ နောက်ပြီး အမျိုးသမီးအဖွဲ့မှာဆိုရင် အမျိုးသမီးအဖွဲ့ကော်မတီ၊ အမျိုးသမီးအဖွဲ့အလုပ်မှုဆောင် ကော်မတီရှိတယ်။ အမျိုးသမီးအလုပ်မှုဆောင်အဖွဲ့က ဗဟိုကော်မတီမှာ ဝင်ရွေးလို့ရတယ်၊ ဥပမာ ပညာရေးဌာနမှာ ပညာရေးကော်မတီရှိတယ်၊ အဲဒီပညာရေးကော်မတီက ဗဟိုကော် မတီမှာ ဝင်ရွေးလို့ရတယ်၊ သာမန်ရုံးဝန်ထမ်းဆိုရင် ဝင်ရွေးလို့မရဘူး။ နောက်တစ်ခုက ခရိုင် ကော်မတီဆိုရင် ညီလာခံမှာ ကော်မတီတစ်ခုခုဖြစ်ထားမှ ဝင်ရွေးလို့ရတယ်၊ တစ်နှစ်နဲ့ တစ်နှစ် ရွေးပုံရွေးနည်းကတော့ အတူတူပဲ၊ တဆင့်ချင်းရွေးမှာပါ။ ဘယ်ကျောင်းနဲ့ပြီးထားတာ တို့ မရှိဘူး။

မေး ။ ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအတွေ့အကြုံ ရှိရမလဲ။
ဖြေ ။ ။ လုပ်သက်အနည်းဆုံး ၅ နှစ်လောက်ရှိရမယ်။ ကော်မတီတစ်ယောက်ဖြစ်ပြီးဆိုက တည်းက လုပ်သက်က ၅ နှစ်ပြည့်ပြီးသားပဲ တချို့ဆိုရင် ၁၀ နှစ်ကျော်လည်းရှိတယ်။ ရှင်းရှင်း ပြောရရင် ကော်မတီဖြစ်ထားတဲ့ လူတိုင်းက ဝင်ရွေးခွင့်ရှိတယ်။

မေး ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဘာကြောင့် အမျိုးသမီးခေါင်းဆောင်တွေ နည်းရ သလဲ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေက ဟိုးအရင်ကတည်းက ကဏ္ဍအလိုက်ပါဝင်မှုက နည်းနေတာ၊ ပါ ဝင်ပြီးသားလူတွေကလည်း နှုတ်ထွက်လိုက်ကုန်တယ်၊ ဟိုတုန်းက ကျမတို့မွန်ပြည်သစ်ပါတီ မှာလည်း အမျိုးသမီးတွေ အများကြီးရှိတယ်။ ဌာနစုံ၊ ကဏ္ဍစုံမှာ ပါဝင်နေတယ်၊ အခုနောက် ပိုင်း အိမ်ထောင်ကျပြီးတော့ နှုတ်ထွက်လိုက်ကုန်တယ်၊ အမျိုးသမီးတွေက နိုင်ငံရေးလုပ်ငန်း တွေမှာ ပါဝင်ဖို့နည်းနေတယ်။ ပါဝင်လာအောင်လည်း ဆွဲဆောင်နိုင်ဖို့က အရေးကြီးတယ်လေ။ တချို့ဆိုရင်လည်း ဝေဖန်ခံရတာလဲရှိတယ်၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးမှာ အမျိုးသမီး ခေါင်းဆောင်ဟာ မရှိသလောက်နည်းတယ်၊ ကရင်အဖွဲ့အစည်းမှာပဲ အမျိုးသမီးခေါင်းဆောင် ဆိုတာရှိတယ်။

မေး ။ ။ ဟိုတုန်းက ကရင်အဖွဲ့အစည်းမှာ အမျိုးသမီးဗဟိုကော်မတီကို ရွေးချယ်တင်မြှောက် ပြီးမှ မွန်ပြည်သစ်ပါတီမှာ အမျိုးသမီးဗဟိုကော်မတီကို တင်မြှောက်လိုက်တယ်။ အခုလည်း ကရင်မှာ အမျိုးသမီးအတွင်းရေးမှူးကို တင်မြှောက်လိုက်ပြီဆိုရင် မွန်ပြည်သစ်ပါတီရော ဘယ် လိုအခြေနေ ရှိပါသလဲ။
ဖြေ ။ ။ အတွင်းရေးမှူးဖြစ်ဖို့က နောက်တစ်ဆင့်ရှိသေးတယ်၊ ဗဟိုအလုပ်မှုဆောင်ဖြစ်ပြီးမှ ပြန်ရွေးမယ်၊ ဥပမာ ဗဟိုအလုပ်မှုဆောင် ၉ ယောက်ရှိတယ်၊ အဲဒီ ၉ ယောက်ထဲကမှ အတွင်း ရေးမှူးရွေးမယ်၊ ကိုယ်က အခုမှဗဟိုကော်မတီအဆင့်ပဲ ရှိသေးတယ်။ အတွင်းရေးမှူးမပြောနဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီအဆင့်တောင် မတွေးရဲဘူး။ ဗဟိုကော်မတီတောင်မှ ဟိုး နောက်ဆုံးအဆင့်မှာရှိနေတယ်။

မေး ။ ။ ဆရာမအနေနဲ့ တာဝန်ထမ်းဆောင်လာတာ ၃ နှစ်အတွင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသလဲ။
ဖြေ ။ ။ အခက်အခဲဆိုတာက ကျမက အခုပညာရေးဌာနမှာ တာဝန်ယူရတယ်။ အစကတော့ အမျိုးသမီးအဖွဲ့မှာ ပါဝင်နေတယ်၊ အဲဒီမှာက ဥက္ကဌပေါ့။ ဒါပေမယ့် သူတို့ပြောတာက ဗဟို ပညာရေးဌာနမှာ တာဝန်ယူရပြီးဆိုတော့ အမျိုးသမီးအဖွဲ့မှာ မပါဝင်စေချင်ဘူးတဲ့၊ ဘာကြောင့် လဲဆိုတော့ ပညာရေးဘက်မှာ ပိုပြီးဖိအားပေးလုပ်စေချင်တဲ့သဘောပါ၊ အဲဒီတစ်ချက်က ကျမ အတော်စိတ်မကောင်း ဖြစ်မိတာပေါ့။ ကိုယ်က အမျိုးသမီးဆိုတော့ အမျိုးသမီးအဖွဲ့မှာ အနည်း နဲ့အများ ဝင်လုပ်ချင်တာပဲ။ ဒါပေမယ့် ကျမကို မွန်အမျိုးသမီးအဖွဲ့အစည်းက အကြံပေးတဲ့အ နေနဲ့ အဖွဲ့ရဲ့နာယကအဖြစ်ခန့်လိုက်တယ်။ အခက်အခဲကတော့ အများကြီးပဲ ပညာရေးဆိုတာ အပေးသက်သက်ပဲလေ အဓိကက ငွေပဲ၊ ဘုံငွေမရှိရင် အလုပ်မဖြစ်ဘူး၊ ငွေရဖို့ကလည်း ကျမ တို့ကို ထောက်ပံ့ပေးနိုင်တဲ့လူကပေးမှ ကျမတို့အလုပ်ကိုလည်း သူတို့လက်ခံနိုင်မှဖြစ်မယ်၊ တချို့ ကိစ္စဆိုရင် ကျမတို့ကလုပ်ပေးချင်နေတယ် ငွေမရှိတော့ ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေ တယ်။ အကြီးမားဆုံး အခက်အခဲကတော့ ငွေပဲလေ။

မေး ။ ။ ပြီးတော့ ပညာရေးဌာနမှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိနေသလဲ။
ဖြေ ။ ။ အခက်အခဲတွေကြားကနေ ကြိုးစားပြီး လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကလေးတွေ စာတတ်မြောက်မှုနှုန်း များလာမယ်။ ၁၀ တန်းအောင်တဲ့လူများလာမယ်၊ ဘွဲ့ရတွေလဲ များလာ မယ်၊ အပြင်ဘက်မှာတော့ ထိုက်သင့်သလောက် တချို့က နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ရောက်ခွင့်ရလာတယ်၊ ဘယ်လိုပဲအခက်အခဲရှိရှိပေါ့ ကျမတို့ မွန်အမျိုးသားကျောင်းတွေ ရှိလာလို့ အနည်းဆုံး ကလေးတွေ မူလတန်းအဆင့်ထိတော့ တတ်မြောက်လာမှာပဲ။ ဒါက တော့ ကျမတို့ပညာရေးဌာနရဲ့ အမြတ်ပဲပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ မွန်အမျိုးသမီးတွေကို ဆရာမ ဘာများ ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျမတို့အမျိုးသမီးတွေဟာ ဘယ်အဖွဲ့အစည်း ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ပါဝင်လုပ်ဆောင်ကြပါ ကြိုးစားကြပါ။ နိုင်ငံရေးကဏ္ဍမှာလည်း ပါဝင် လုပ်ဆောင်ကြပါ။ ဘာဖြစ်လဲဆိုတော့ ဆုံးဖြတ်ချက် တစ်ခုတစ်ခု ချတော့မယ်ဆိုရင် အဲဒီအဖွဲ့ ထဲမှာ အမျိုးသမီးတွေပါဝင်နေမှ ဆုံးဖြတ်ချတဲ့အခါမှာ သူတို့လည်း အမျိုးသမီးတွေကို သတိရ လာမှာ တခါတလေ အမျိုးသားတွေပဲရှိနေရင် အမျိုးသမီးဘက်ကို သူတို့သတိရလာမှာမဟုတ် ဘူး။ တခါတလေဆိုရင် အမျိုးသားတွေပဲ ဥပဒေအဖွဲ့မှာရှိနေတော့ တချို့အမျိုးသမီးကိစ္စတွေဆို သူတို့ ဘယ်လိုမှ အမျိုးသမီးတွေအပေါ် ကိုယ်ချင်းမစာပေးနိုင်ဘူးလေ။ ဒါကြောင့် ဘယ် လိုပဲပြောပြော အမျိုးသမီးတွေက အခြားအဖွဲ့အစည်းမှာ ပါဝင်မှုများပေးမယ့်လည်း နိုင်ငံရေး ကဏ္ဍမှာ ပါဝင်မှုနည်းနေတယ်။ ကျမပြောချင်တာက အမျိုးသမီးများ နိုင်ငံရေးကဏ္ဍမှာ များများပါဝင်လာနိုင်အောင်ကြိုးစားကြပါလို့ မှာချင်ပါတယ်။

ဘုရားသုံးဆူဒေသ၏ ပြောင်းလဲလာသော ပင်တိုင်စီးပွားရေးများ

Tue 18 Nov 2008, သူရိန်
၂၀၀၀ ခုနှစ်ဝန်းကျင်လောက်မှစပြီး တစ်စထက်တစ်စ ယိမ်းယိုင်လာခဲ့သော ဘုရားသုံးဆူဒေသ၏ အပေါ်ယံစီးပွားရေးရပ်တည်မှု အခြေမခိုင်တော့သည်ကို နားလည်သဘောပေါက်လာကြသည့် အတွေး အခေါ်ရှိသူများ၊ ငွေရှင်ကြေးရှင်များတို့သည် အပေါ်ယံစီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်လျှော့ချကာ တာရှည်ရပ်တည်နိုင်မည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများကို ပင်တိုင်စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲကာ လုပ်ကိုင်လာခဲ့ကြပြီဖြစ်သည်။

ပြောင်းလဲလုပ်ကိုင်လာခဲ့ကြသည့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများတွင် သာမန်နှစ်ရှည်ပင်များဖြစ်သည့် အုန်း၊ ကွမ်းသီး၊ လိမ္မာ်၊ သရက်၊ ကျွဲကော စသည့် အပင်အမျိုးအမည်များသာမက ရွှေဖြူဟုခေါ်သည့် ရာဘာပင်များကို အဓိကထား၍ စိုက်ပျိုးလာခဲ့ကြရာ ယခုအခါတွင် ဘုရားသုံးဆူဒေသ ပတ်ဝန်းကျင်တွင် ဖြစ်ထွန်းပြီး ရာဘာခြံများနှင့် စိုက်ပျိုးစ ရာဘာခြံများမှာ နေရာအနှံအပြားတွင် တွေ့မြင်နေရပြီဖြစ်သည်။

ရာဘာပင်များကို မြေအနေအထား ရွေးချယ်စရာမလိုဘဲ စိုက်ပျိုးနိုင်ခြင်းကြောင့် ငွေကြေးမပြည့်စုံသူများက မိမိတို့ ပိုင်ဆိုင်သမျှမြေရိုင်းများကို မိမိတို့ခွန်အားနှင့် တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို ငွေကြေးအင်အားဖြင့် ရနိုင်သမျှမြေရိုင်းများကို ဝယ်ယူပြီး မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးကာ ရာသီအလိုက် ဓာတ်မြေသြဇာများ အသုံးပြုခြင်း ဌားရမ်ထားသော အလုပ်သမားများအင်အားဖြင့် စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စိုက်ပျိုးခြင်းတို့ကို အပြိုင်အဆိုင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ အပြိုင်အဆိုင် စိုက်ပျိုးလာခဲ့ကြခြင်းကြောင့်လည်း ဘုရားသုံးဆူပတ်ဝန်းကျင် ဒေသရှိ တောတောင်မြေရိုင်းများမှာ အဆမတန် တန်ဖိုးမြင့်တက်လာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်တာဝန်း ကျင်ကာလက မြေရိုင်းတစ်ဧကလျှင် ဘတ်ငွေငါးရာကျော် ခြောက်ရာခန့်သာရှိသော်လည်း ယခုအခါတွင် မြေရိုင်းဈေးနှုန်းများမှာ တစ်ဧကလျှင် အနည်းဆုံး ဘတ်ငွေ ငါးထောင်နှင့် တစ်သောင်းဝန်းကျင်ကြားတွင် ရှိနေကြောင်း ရာဘာပိုင်ရှင်တစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသတွင် စိုက်ပျိုးသည့် ရာဘာပျိုးပင်များကို ထိုင်းနိုင်ငံမှတဆင့် မှာယူရကြောင်းကိုလည်း ရာဘာခြံစိုက်ပျိုးသူ ကိုဝင်းက ပြောသည်။ "ရာဘာပျိုးပင်တွေကို ထိုင်းကမှာယူရတယ်။ ပျိုးပင်နှစ်မျိုးရှိတယ်။ ပျိုးပြီးသား အရွက်ထွက်နေတဲ့ အပင်နဲ့ အရွက်မထွက်သေးတဲ့အပင်ပဲ၊ အရွက်မထွက်သေးတဲ့ပျိုးပင်ကို ပြန်ပြီးတော့ ပျိုးယူရတယ်။ ဒီအတိုင်းပဲ စိုက်လို့ရတယ်။ အရွက်ထွက်ပြီးသားပျိုးပင်ကတော့ စိုက်ရုံပဲ ဈေးကလည်းကွာတယ်။ အရွက်ထွက်ပြီးသားအပင် တစ်ပင်ကို (၁၈) ဘတ်ကနေ ၂၅ ဘတ်အထိ ပေးဝယ်ရတယ်။ အရွက်မထွက်သေးတဲ့ အပင်တစ်ပင်ကို ခုနှစ်ဘတ်လောက်ပေးရ တယ်။ ထိုင်းမျိုးတွေဆိုတော့ စမ်းသပ်ထားပြီးလည်းဖြစ်တယ်။ အရည်အသွေးလည်းကောင်း တယ်။ ကျနော်တို့ မိဘလက်ထက်တုန်းကတော့ ကျနော်တို့ဒေသမှာ သာမန်မျိုးတွေပဲ စိုက်ကြတာများတယ်။ အခုဆိုရင်တော့ သူတို့ဆီမှာလည်း ထိုင်းမျိုးတွေကို စိုက်နေကြပြီ" ဟု၎င်းခြံပိုင်ရှင်က ဆက်ပြောသည်။

ရာဘာခြံစိုက်ပျိုးခြင်းဆိုသည်မှာ အပြောလွယ်သလောက် တကယ့်လက်တွေ့ကျကျ စိုက်ပျိုးသည့်အခါများတွင် အခက်အခဲများစွာရှိကြောင်းကိုလည်း နောက်ထပ် ရာဘာစိုက်ပျိုးသူတစ်ဦးက ပြောသည်။ ၄င်းက "ရာဘာခြံစိုက်တယ်ဆိုတာ ငွေရှိတဲ့လူတွေကျတော့ အခက်အခဲမရှိပေမယ့် ကိုယ့်ခွန်းကိုယ့်အားနဲ့ လုပ်ရတဲ့လူတွေကျတော့ အခက်အခဲတွေအများကြီးပဲရှိတယ်။ စစိုက်တာနဲ့ အစေးလှီးလို့ရတဲ့ အချိန်အထိ အနည်းဆုံး ခြောက်နှစ်လောက်အချိန်အတွင်းမှာ ငွေအား၊ လူအား အင်မတန်လိုတယ်။ အပင်ငယ်သေးတဲ့အချိန်မှာ ပိုပြီးတော့ လုံ့လစိုက်ရတယ်။ အဓိက ဖျက်ဆီးပစ်နိုင်တာကတော့ မီးပဲ၊ မီးမလောင်နိုင်အောင် အထူးဂရုစိုက်ရတယ်" ဟု ဆိုသည်။

ရှေးယခင်ကာလများကတည်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် တိုင်းရင်းသားလူမျိုးများက ရာဘာခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လာခဲ့ကြပြီး အကျိုးစီးပွားများ ဖြစ်ထွန်းလာခဲ့သည်ဟုလည်း လေ့လာသူတစ်ဦးက ဆိုသည်။ သို့သော် ယခုမျက်မှောက် ခေတ်ကာလလောက် စိုက်ပျိုးရေးနည်းပညာနှင့် နည်းစနစ်များ ထွန်းကားမှုမရှိခြင်း၊ မျိုးကောင်းမျိုးသန့် များရှားပါးခြင်း၊ ရာဘာပင်များ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အစေးထွက်နှုန်း နည်းပါးခြင်းတို့နှင့် ကြုံတွေ့ခဲ့ကြရပြီး ယခုကာလတွင် ခေတ်မှီသည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များသာမက ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကိုပါ အသုံးချလာကြခြင်းကြောင့် စိုက်ပျိုးမှုကြာမြင့်သည့် နှစ်ကာလခြင်းတူညီသော်လည်း ရာဘာအစေးထွက်နှုန်းမှာ အလွန်တရားကွာခြားကြောင်းကိုလည်း ထိုလေ့လာသူကပင် ဆက်၍ ပြောသည်။

ဘုရားသုံးဆူမြို့ စတည်ခဲ့သည့် ကာလကတည်းက ဘုရားသုံးဆူဒေသဝန်းကျင်တွင် ရာသီထွက်နှစ်ရှည်ပင် ဥယျာဉ်များကို စိုက်ပျိုးခဲ့ကြသော်လည်း ယခုနှောင်းပိုင်းတွင် ရာဘာခြံစိုက်ပျိုးသူများပြား လာခြင်းကြောင့် ဈေးကွက်မတွင်တော့သည့် ၄င်းနှစ်ရှည်ပင်များကို ခုတ်လှဲကာ ကမ္ဘာ့ဈေးကွက်တွင် ဝင်ဆံ့နိုင်မည့် ရာဘာပင်များကို အစားထိုးစိုက်ပျိုးလာကြပြီ ဖြစ်ကြောင်းကိုလည်း ဘုရားသုံးဆူမြို့နယ် ချောင်းဆုံကျေးရွာမှ ခြံသမားတစ်ဦးက ပြောသည်။

နှစ်ကာလများ ရာစုခေတ်များ မည်မျှပင် ပြောင်းလဲသွားစေကာမူ ရာဘာစိုက်ပျိုးမှုနှင့် ရာဘာဈေးနှုန်း များမှာ လျှော့ကျသွားမည် မဟုတ်ကြောင်းကိုလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ ရာဘာစိုက်ပျိုးသူတစ်ဦးက ဆိုသည်။ ၄င်းက "ခေတ်တွေပြောင်းလဲလာလေ သိပ္ပံပညာတွေ ထွန်းကားလာတာနဲ့အမျှ လူ့အသုံးအဆောင်ပစ္စည်းတွေက များလာလေပဲ။ အဲဒီပစ္စည်းတွေထဲမှာ ရာဘာကို အသုံးမပြုရတဲ့ပစ္စည်ဆိုလို့ မရှိသလောက်ဘဲ။ သူ့ခေတ်နဲ့သူ့အခါ ရာဘာဈေးတွေက မြင့်တက်လာလေပဲ။ ဒါကြောင့် ရာဘာစိုက်တဲ့ အလုပ်ဟာလည်း ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်ဘူး" ဟု ၄င်းခြံသမားက ဆိုသည်။

ဘုရားသုံးဆူဒေသတွင် ရာဘာစိုက်ပျိုးသူ များပြားလာခြင်းနှင့် ဆက်စပ်၍ စိုက်ပျိုးရေးနှင့် စီးပွားရေးသမား တစ်ဦးကလည်း ဤကဲ့သို့ ဝေဖန်ပြောဆိုသည်။ "ဘုရားသုံးဆူဒေသမှာ ရာဘာစိုက်တဲ့လူတွေ များလာတယ်။ သူလည်းရာဘာ၊ ငါလည်းရာဘာ ဖြစ်ကုန်ပြီ၊ အကျိုးစီးပွားဖြစ်မယ့် နှစ်ရှည်ပင် စိုက်တာခြင်းအတူတူ လူအများက သတိမထားမိတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ သစ်မွှေးပင်ပဲ။ ရာဘာလို ဒုက္ခခံပြီးစိုက်ရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် မှာတောင် ထိုင်းမှာသစ်မွှေးတစ်ကီလိုကို ဘတ်တစ်သောင်းငါးထောင်လောက် ရှိတယ်ဆိုတော့ သစ်မွှေးတစ်ပင်ဟာ ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာ စဉ်းစားကြည့်ပေါ့" ဟု ဝေဖန်ပြောဆိုသည်။

သစ်မွှေးကို ထိုင်းနိုင်ငံ တစ်ခုတည်းသာမကပဲ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း အသုံးပြုကြကြောင်းကိုလည်း ထိုသူက ဤသို့ဆက်ပြောသည်။ ရှားပါးပစ္စည်းများတွင် သစ်မွှေးသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်းနှင့် သစ်မွှေးပင်များ ပေါက်ရောက်သည့် ဒေသများမှာလည်း မြန်မာပြည်အထက်ပိုင်း တောင်တန်းဒေသများနှင့် မြန်မာပြည်အောက်ပိုင်း တနင်္သာရီဒေသများရှိ တောကြီးများတွင်သာ ပေါက်လေ့ရှိကြောင်း သစ်မွှေးစိုက်ပျိုးခြင်းကို ထိုင်းနိုင်ငံ ချင်းမိုင်ဒေသများတွင် စတင်နေပြီဖြစ်ကြောင်း ထို့ကြောင့် ဒေသစီးပွားရေး ကြာရှည်တည်တံ့ရန် ရာဘာခြံများသာမက သစ်မွှေးခြံများကိုပါ စိုက်သင့်ကြောင်း ၄င်း၏စီးပွားရေးအမြင်များကို ရှင်းလင်းပြောဆိုသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာခဲ့သော ဒေသခံပင်တိုင်စီးပွားရေးအဖြစ် စိုက်ပျိုးလာကြသည့် ရာဘာခြံများသည် ဒေသတွင်းရှိ တောတောင်များ မြေရိုင်းများပါမကျန် ပြည့်နှက်နေလျှက်ရှိရာ ယခုအ ခါတွင် ဧကပေါင်းသောင်းချီ၍ စိုက်ပျိုးထားကြသည့် ရာဘာစိုက်ခင်းများသည် ဘုရားသုံးဆူဒေသဝန်း ကျင်တွင် စိမ်းလန်းစိုပြေစွာဖြင့် အောင်မြင်နေပြီဖြစ်သလို နောက်လာမည့် အနာဂတ်အတွက်လည်း သစ်မွှေးပင်များကိုပါ ထပ်မံ၍ စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

စိန်ရတု မွေးနေ့ရှင် ဆရာတင်မိုးသို့

ထိန်လင်း
နိုဝင်ဘာ ၁၉၊ ၂၀၀၈




‘စိန်ရတု’ ... တဲ့

ယခုနှစ် မွေးနေ့မှာ

မတွေ့နိုင်တဲ့ ဆရာ့အတွက်

မျက်ရည်နဲ့ လွမ်းရတော့မည်။


သီချင်း တအေးအေးနဲ့

သတင်းမေးရင်း ကိုယ့်ပြည် လွမ်းရှာတဲ့

ကန်မြဲရွာ ဇာတိသားကို

မတရားမှု ကြီးစိုးတဲ့

ထီးကျိုးပြည်ပျက် လမ်းတဝက်မှာ

တကယ့်ကို ရုတ်တရက်

နှုတ်ဆက်ခဲ့ရသည်။



ဆရာ မရှိပေမယ့်

ကျနော်တို့ရဲ့ အသိထဲ

ဆရာ ရှိမြဲ ရှိလျက်ပါ၊

ဆရာ့ကဗျာတွေ ခရီးသွားလို့

ဆရာ့စကားတွေက အိမ်ပြန်

အချိန်တန်ရင်တော့

နေရာမှန်ကို ရောက်ရမပေါ့

မလျှော့တဲ့ ဆရာ့ဇွဲ

ကျနော်တို့ရင်ထဲ ဆက်သယ်ဆောင်

နောင်ပြည်ထောင် ကောင်းတဲ့အခါ

ဆရာ့အတွက် နေရာတစ်ခု

ဗိမာန်ပြုလို့ ကမ္ပည်းတင်

မီးအိမ်ရှင်အတွက် ဂါရဝ

ဆရာက လွတ်လပ်သူ။ ။



၁၉၊ ၁၁၊ ၂ဝဝ၈

(ဆရာတင်မိုး၏ စိန်ရတုမွေးနေ့)


ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှု




စောဝေ
နိုဝင်ဘာ ၁၈၊ ၂၀၀၈



၏ငါးကျပ်တန်တရွက်

တယ်လီဖုန်းဆက်ခ ပေးလိုက်တော့

WTC ၀မ်းနည်းမှုတွေ

တ၀ုန်းဝုန်း ပြိုကျလာ၊ အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း

ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ

ငါ နားကန်းပါရစေ။





ထိတ်လန့်ကြေကွဲ အမြွာလောင်မီးပေါ်က ပ၀ါဖြူလေး ဝှေ့ယမ်းပြ

ဒုက္ခတိုက်ညီနောင် အမြင့်က

ဒုက္ခသုညမြေပြင်ပေါ်ကို ခုန်ဆင်း

ငါ မျက်စိကန်းပါရစေ။



စစ်မရှိစေရ ဂျွန်ရေ - - -

ငြိမ်းချမ်းရေးနှင့် ဂျွန်ရေ - -

ပန်းနံ့မွှေးသော လောကသစ်သို့ ဂျွန်ရေ - -

ငါ့ချစ်သူက ငါ့ကို အကြမ်းမဖက်ပါ

အမုန်းများနဲ့ ဘယ်သူ့ကိုမှ အကြမ်းမဖက်ပါနဲ့။



တန်ဖိုး

မြန်မာ = မေတ္တာအနန္တစကြ၀ဠာ

ကမ္ဘာ = စကြ၀ဠာ အနန္တ မေတ္တာ။

တရားမဲ့ အကြမ်းဖက်စွမ်းအားမှန်သမျှ

ကမ္ဘာမှာ မရှိစေရ - - - -

ပုံ။ ။



စောဝေ

- - - ၁၀၊ ၂၀၀၁



(မူရင်း - Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)


မြန်မာ့အထည်ချုပ်စက်ရုံ လုပ်သားများနှင့် ရှင်သန်ရေး တိုက်ပွဲ


မနက်ခင်းတိုင်းလိုပဲ၊ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံများ၏ ဝင်းတံခါးဝများ၊ နံရံများပေါ်ကို သူရိယနေမင်း၏ ပထမဆုံးသော လင်းရောင်ခြည်များ အပူပိုင်းသစ်ပင်များ၏ သစ်ရွက်များကြားက ဖြတ်သန်းဖြာကျလာပြီ ဆိုမှဖြင့် မြင်နေကျ မြင်ကွင်းတခုကို တွေ့ရလိမ့်မည်။ ထမင်းချိုင့်လေးများ ဆွဲလို့၊ သနပ်ခါး လိမ်းထားသည့် အလုပ်သမလေးများသည် မြန်မာနိုင်ငံ၏ အထည်ချုပ် စက်ရုံများဆီသို့ သွားရာလမ်းတလျှောက် ပင်ပန်းခက်ခဲလှသော တနေ့စာအလုပ်ခွင်ကို ဖြတ်သန်းရန် မဆုံးနိုင်အောင် တသီတတန်းကြီး ချီတက်လာနေကြပြီ။
အမေရိကန် ဦးဆောင်သည့် ပိတ်ဆို့ အရေးယူမှုများသည် ၅ နှစ်ကြာ ပြုလုပ်ခဲ့တာတောင်မှ အစိုးရ စာရင်းအင်းများအရ ဒီအထည်ချုပ်လုပ်ငန်းကို မှီခိုပြီး ဝမ်းစာရှာဖွေနေကြသူ အလုပ်သမပေါင်း ၁ သိန်းခန့် ရှိနေသေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှာ မြှုပ်နှံ လုပ်ကိုင်နေသည့် စီးပွါးရေး လုပ်ငန်းများထဲက တစိတ်တပိုင်းသော ငွေများသည် ဗိုလ်ချုပ်ကြီးများ၏ ဘဏ္ဍာတိုက်ထဲ ရောက်သွားမည်ဆိုသည်မှာ သံသယ ဖြစ်စရာမရှိပါ။ သို့သော် ဤမြန်မာနိုင်ငံ အထည်ချုပ်စက်ရုံများမှ အထည်များကို ဝယ်ယူရောင်းချနေသော ကုမ္ပဏီများသည်လည်း လူထု၏ ထမင်းပန်းကန်ထဲ စားစရာ ထည့်ပေးနေသူများ ဖြစ်ကြသည်။

“ဒီအလုပ်ကလွဲလို့ ကျမမှာ တခြားလုပ်စရာ အလုပ်လည်း မရှိဘူး။ တကယ်တော့ ဒီအလုပ်က သိပ်ပင်ပန်းပါတယ်။ ဒါပေမဲ့ ကျမမှာ တခြားအလုပ်ကလည်း မရနိုင်ဘူးလေ” ဟု ရန်ကုန်တောင်ဒဂုံ စက်မှုဇုန် MIT Garment Factory စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ အလုပ်သမတဦးက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဇာတိ မနွေးက သူ ဘယ်လိုဘယ်ပုံ ရန်ကုန် အထည်ချုပ်စက်ရုံသို့ ရောက်လာပုံ အကြောင်းကို ယခုလို ပြောပြသည်။

“ကျမတို့ရွာမှာ ပုံမှန်ဝင်ငွေရနိုင်တဲ့၊ သေချာတဲ့ အလုပ်ရယ်လို့ မရှိဘူး။ ကျမက မွေးချင်း ၄ ယောက်ထဲမှာ အကြီးဆုံး။ အတန်းပညာကလည်း ၇ တန်းထိပဲ သင်ခဲ့ရတာ။ ကျမအဒေါ်က ဒီမှာ လာလုပ်ပါလားလို့ခေါ်လို့ ကျမ လာခဲ့တာ။ အခုတော့ ကျမမိသားစုကို ငွေ ၅ဝဝဝ မျိုး၊ တသောင်းမျိုး ရံဖန်ရံခါ ပြန်ပို့နိုင်ပါတယ်”

ဒီလိုဆိုရင် မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရ၏ ရွှေရောင်အိတ်များနှင့် သိန်းနှင့်ချီရှိသည့် ပြည်တွင်းအလုပ်သမားများ၏ ထမင်းဗူးများကို ဖြည့်ပေးတာများ ကြားနယ်နိမိတ်မျဉ်း သတ်မှတ်လို့ ရနိုင်မည်လား။


အခွင့်အလမ်း ‘ကင်းမဲ့ခြင်း’ အကျိုး
“အမျိုးသမီးတွေအတွက်တော့ ရန်ကုန် အထည်ချုပ်စက်ရုံတွေက အလွန်ရှားပါးလှတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနေတာပါ။ ဒီအလုပ်မလုပ်ရင် ဈေးရောင်းဖို့နဲ့ မဆလာသယ်တဲ့ အလုပ်ပဲရှိတယ်” ဟု လှိုင်သာယာစက်ရုံ အလုပ်သမတဦးက ပြောသည်။

“ဒီမှာလုပ်နေတဲ့ အလုပ်သမားတွေအတွက် ပြဿနာကတမျိုးထဲပဲ၊ ဒီအလုပ်ပြုတ်သွားရင် ဘာလုပ်ရမယ်ဆိုတာ မသိတာနဲ့ဘဲ မိသားစုအတွက်ဆိုပြီး ဒီအလုပ်ကိုပဲ လုပ်နေရတာ” ဟု အခြား စက်ရုံအလုပ်သမား တဦးကလည်း ပြောသည်။

“ကျမလည်း ဒီအလုပ်ကထွက်ပြီး အိမ်မှာပဲ စက်ချုပ်ဆိုင်လေး ဖွင့်ထားချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ပတ်ဝန်းကျင်က အပ်ထည်ဆိုတာ သိပ်မျှော်လင့်လို့ ရတာမဟုတ်ဘူး။ လူတွေက တနှစ်နေလို့ အသစ်တထည်ချုပ်ဖို့ အနိုင်နိုင်” ဟု ဤအထည်ချုပ် စက်ရုံများမှ အသက်အတန်ငယ်ကြီးသူ အလုပ်သမ မစိန်က ဆက်လက် ပြောဆိုသည်။

ဤအထည်ချုပ် စက်ရုံများမှ အလုပ်သမားအများစုသည် ကျေးလက်ဒေသများမှ လာသူများဖြစ်ကြပြီး အတန်းပညာလည်း ကောင်းစွာ သင်ကြားခဲ့ကြရသူများ မဟုတ်ကြပါ။ မြန်မာနိုင်ငံတွင် ကလေးတဦး၏ ပညာရေးသင်ရိုးမှာ ပျှမ်းမျှ ၈ နှစ်ဖြစ်သည်။

“ကျမ ရွာကရောက်လာပြီး ဒီ (အထည်ချုပ်စက်ရုံ) မှာ လုပ်နေတာ ၃ နှစ်ကျော်ပြီ။ အတန်းပညာကလည်း ကောင်းကောင်းမတတ်၊ ရွာမှာလည်း လုပ်စရာအလုပ်မရှိတော့ ကျမမှာ တခြား ရွေးစရာလည်း မရှိဘူး။ ဒီမှာကျတော့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်က အလွယ်တကူရတယ်။ သူတို့က ဘယ်နှစ်တန်းအောင်သလဲဆိုတာ မေးတာ မဟုတ်ဘူး” ဟု မခင်ကြည်က ပြောသည်။

ကံကောင်းထောက်မ၍ အထက်တန်းပညာကို သင်ခွင့်ရခဲ့သူများလည်း အလုပ်ရရန်မှာ အတော်များများပင် မလွယ်ကြပါ။

“အလုပ်မရှိတဲ့အချိန် အဆက်အသွယ်လေးကလည်း ရှိတာနဲ့ ဒီမှာ စလုပ်နေတာ” ဟု သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိထားပြီး အထည်ချုပ် စက်ရုံတခုတွင် အဝယ်တော်အလုပ် လုပ်ကိုင်နေသူ အသက် ၂၅ နှစ်အရွယ်ရှိ မယုက ပြောသည်။ ဤရာထူးတွင် သူ့အနေဖြင့် တလလျှင် ကျပ် ၇ သောင်းရပြီး ရန်ကုန်မြို့တွင် သက်တောင့်သက်သာ နေထိုင်နိုင်ကာ မိသားစုကိုလည်း ထောက်ပံ့နိုင်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဤချည်မျှင်စက်ရုံများမှ ပေးသော လစာထက် ပိုလိုချင်သူများအတွက်မူ အလုပ်ရှာရာ၌ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချရလိမ့်မည်။ အရွေးမှားလျှင် အမျိုးသမီးများအား အခြားသော နည်းဖြင့် ခေါင်းပုံဖြတ်ခံရမည့် အလုပ်မျိုး ဖြစ်နေလိမ့်မည်။

“ကျမ ဒီ (အနှိပ်ခန်း) မှာ ဝင်ငွေကောင်းလို့ လုပ်နေရပေမယ့် မပျော်ပါဘူး။ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကျမတို့ဘဝက အခန်းထဲရောက်လာသမျှ လူတွေကို သူတို့ခိုင်းတဲ့အတိုင်း နင်းနှိပ်ပေးနေရတာ။ တခါတလေ အမူးသမားတွေနဲ့ တိုးတယ်။ အဲဒီအခါ သိပ်စိတ်ညစ်ညူးရတာပဲ” ဟု စီးပွားရေး ပြေလည်ရန်အတွက် အခြား လုပ်ငန်းကို လုပ်ကိုင်နေရသည့် အမျိုးသမီးတဦးက ကြေကွဲစွာ ပြောသည်။

ဆင်းရဲမွဲတေမှု၊ ပြည်တွင်း စီးပွားရေး ချွတ်ခြုံကျမှု၊ ခနော်ခနဲ့ ပညာရေးတည်းဟူသော အကြောင်း ၃ ချက်ကြောင့် သောင်းနှင့်ချီသော မြန်မာအမျိုးသမီးများ မြန်မာနိုင်ငံ၏ အထည်ချုပ်စက်ရုံများဆီ ရောက်လာကြရသည်။


လုပ်ခ ကိန်းဂဏန်းတွေ
အထည်ချုပ်စက်ရုံ လုပ်သားများ၏ မျှော်မှန်းလုပ်ခကို နာရီစားနှုန်းနှင့် မဇ္ဈိမက လေ့လာသုတေသန ပြုထားချက်များအရ အလုပ်ကြမ်းသမားတဦး၏ လစာမှာ တလလျှင် ကျပ် ၂ သောင်း ရရှိသည်။ သို့သော် ဤဝင်ငွေသည် လုပ်ကိုင်ရသော အလုပ်နှင့် စက်ရုံကိုလိုက်၍ အပြောင်းအလဲ အတော်အတန် ရှိသည်။

“အဆင့်နိမ့် အကူလုပ်သားက အချိန်ပိုလုပ်ခ အပါအဝင် တလမှာ ကျပ် နှစ်သောင်းခွဲကနေ ၃ သောင်းအထိ ရနိုင်တယ်။ စက်မောင်းက တလကို ၄ သောင်းကနေ ၅ သောင်းအထိ ရတယ်။ ဘွဲ့ရရုံးဝန်ထမ်းဆိုရင် ၇ သောင်းလောက်အထိ ရတယ်” ဟု MIT အထည်ချုပ်စက်ရုံ လုပ်သားတဦးက ပြောသည်။

“သူတို့ ဒီမှာလုပ်နေတာ တခြားလုပ်စရာ အလုပ်မရှိလို့” ဖြစ်ကြောင်း သူက ဆက်ပြောသည်။ လုပ်ရတဲ့အလုပ်မှာ ပင်ပန်းလွန်း၍ မလုပ်ချင်ကြသော်လည်း အခြားအလုပ်အကိုင် အဆက်အသွယ်များလည်း သူတို့မှာ မရှိကြကြောင်း သူက ပြောသည်။ အကူလုပ်သားများဆိုလျှင် လစာ ၂ သောင်း - ၃ သောင်းဖြင့် မိသားစုအတွက် မလောက်ငှကြောင်း ပြောသည်။

ထုတ်လုပ်မှု လုပ်ငန်းဖြစ်စဉ်အတွင်း၌ ကျွမ်းကျင်မှု ပိုရှိသူက ယေဘုယျအားဖြင့် ဝင်ငွေပိုကောင်းသည်။ စက်ချုပ်သူများဆိုလျှင် အထည်ထွက်နှုန်းပေါ် မူတည်ပြီး ရရှိကြောင်းနှင့် တလလျှင် အိမ်ကို ငွေ ၅ သောင်းနှင့်အထက် ပြန်ပါသွားနိုင်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ အမျိုးသမီး စက်ချုပ်သမတွေရဲ့ ဝင်ငွေက အနိမ့်ဆုံး ကျပ် ၃ သောင်းကနေ ၇ သောင်း ကျော်အထိ အလုပ်ချိန်နဲ့ အလုပ်ပြီးတဲ့အပေါ် မူတည်ပြီး ရနိုင်တယ်” ဟု ရန်ကုန်ဆင်ခြေဖုံးရှိ အလုပ်သမား မိသားစုများ၏ အခြေအနေကို အလုပ်သမတဦးက သူလုပ်ကိုင်နေသော စက်ရုံ၏ အခြေအနေနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ဤကျွမ်းကျင်မှုမရှိသော အောက်ခြေအလုပ်သမားများ၏ အခြားအစွန်းတဘက်ရှိ လစာအမြင့်ဆုံးရသော စက်ရုံတရုံလုံးကို ကြီးကြပ်ရသော ကြီးကြပ်ရေးမှူး (all supers) နှင့် စက်လိုင်းအလိုက် ကြီးကြပ်ရသော လိုင်းကြီးကြပ်ရေးမှူး (line supers) များဆိုလျှင် တလလျှင် လစာငွေထဲမှ အိမ်သို့ ကျပ် ၁ သိန်းမှ ၃ သိန်းအထိ ပါသွားနိုင်သည်။ ဤဝင်ငွေသည် မြန်မာပြည်လို နိုင်ငံမျိုး၌ လူလတ်တန်းစား စာရင်းဝင်နိုင်သော ဝင်ငွေအမျိုးအစား ဖြစ်သည်။

မြန်မာနိုင်ငံမှ နေ့စားအလုပ်သမားတဦး၏ ပျှမ်းမျှဝင်ငွေ (အမေရိကန် နိုင်ငံခြားရေးဌာန၏ ခန့်မှန်းချက်အရ ကျပ် ၅ဝဝ မှ ၁ဝဝဝ ၊ အမေရိကန်ဒေါ်လာအားဖြင့် ဆင့် ၄ဝ မှ ဆင့် ၈ဝ) နှင့် နှိုင်းစာလျှင် အထည်ချုပ်စက်ရုံမှ အနိမ့်ဆုံး လုပ်သားတဦး၏ လစာသည် တနေ့လျှင် ကျပ် ၉၃၇ ရှိနေသဖြင့် ရန်ကုန်ရှိ လုပ်သားတဦး ပျမ်းမျှရနိုင်သော ဝင်ငွေ၏ အထက်ဆင့်တွင် ရှိနေသည်။ သို့သော် ဤပမာဏသည် မသေရုံအဆင့် ဝင်ငွေကိုပင် မမီသေးပါ။ ရန်ကုန်ရှိ တော်ရုံတန်ရုံ စားသောက်ဆိုင်တွင် စားလျှင်ပင် ထမင်းတနပ်ကို ကျပ် ၁ဝဝဝ ကျလိမ့်မည်။

စက်ချုပ်လုပ်သားအဖြစ် လုပ်ကိုင်သူများဆိုလျှင် ဥပမာအားဖြင့် တလလျှင် ကျပ် ၄ သောင်း ဝင်သည်ဆိုလျှင် အမေရိကန်ဒေါ်လာနှင့် တနှစ်ကို ၃၈၄ ဒေါ်လာသာ ဝင်သည့်သဘောဖြစ်သည်။ ဤဝင်ငွေသည် တပြည်လုံးအတိုင်းအတာနှင့် ကြည့်လျှင် ၂ ဆရှိပြီး စီးပွားရေး အဆင့်အတန်းအရ ဣနြေ္ဒရရ နေနိုင်သည်။

ဤသို့ဆိုသည့်အတွက် မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံ လုပ်သားများသည် စီးပွားရေးအရ အလွန်အမင်း ကျပ်တည်းမှု မရှိဟု မဆိုလိုပါ။ သို့သော် တိုင်းပြည်၏ ချွတ်ခြုံကျနေသော အခြေအနေကို သွယ်ဝိုက်ဖော်ပြနေသည့် အကြောင်းများလည်း ရှိသေးသည်။ နားကပ်တရံကို လမ်းဘေးတွင်ဝယ်လျှင် ငွေ ၅ဝ သာပေးရပြီး အလုပ်သို့ ရထားဖြင့်သွားလျှင် ရထားခမှာ ငွေ ၂ဝ သာရှိသည်။


ပိတ်ဆို့ အရေးယူမှုများကြောင့် ခံရသော ဒုက္ခများ
ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP) ၏ အဆိုအရ ၂ဝဝ၁ ခုနှစ်တွင် အထည်များ နိုင်ငံခြား တင်ပို့မှုမှရသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၂၉ သန်းထိရှိခဲ့ပြီး၊ တရားဝင် စာရင်းဇယားများအရ ပို့ကုန်မှရငွေကို တန်ဖိုးလျှော့ချပြသခဲ့သဖြင့် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၈၂ သန်းသာ ရှိသည်။

မြန်မာအထည်ချုပ် လုပ်ငန်းစက်ရုံများမှ ရငွေသည် နိုင်ငံပိုင်ကဏ္ဍမှ ရငွေနှင့် နှိုင်းစာလျှင် ကျဆင်းလာနေသည့်အကြောင်းကို မြန်မာ့စီးပွားရေးကို လေ့လာတင်ပြထားသော မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့၏ ၂ဝဝ၈ ခုနှစ်အတွက် လေ့လာချက်စာတမ်းတွင် တင်ပြထားသည်။ မြန်မာအထည်ချုပ် စက်ရုံများ၏ ပို့ကုန်တန်ဖိုးသည် ၂ဝဝ၃ ခုနှစ်ကတည်းက ကျဆင်းနေပြီး၊ ဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ပဲအမျိုးမျိုးတို့မှရသော ပို့ကုန်တန်ဖိုးနှင့် နှိုင်းစာလျှင် အများကြီး လျော့နည်းကြောင်း ရေးသားထားသည်။

အထည်ချုပ်လုပ်ငန်း၏ ၂၁ ရာစု ပထမဆယ်စုနှစ်တွင်း သိသာစွာ ဝင်ငွေ လျော့နည်းကျဆင်းသွားခြင်းသည် ပို့ကုန် ဈေးကွက် အထူးသဖြင့် အမေရိကန်ဈေးကွက်ကို ဆိုးဝါးစွာ ထိခိုက်စေခဲ့သော ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်သည်။

၂ဝဝ၁ ခုနှစ်အတွင်း အမေရိကန်သို့ တင်ပို့ခဲ့သော အထည်များ၏ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄ဝ၈ သန်းရှိပြီး၊ ယင်းသည် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း တခုလုံး၏ စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၄၉ ရာခိုင်နှုန်းရှိသည်။ သို့သော် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေအရ ၂ဝဝ၃ ခုနှစ်မှ စတင်ခဲ့သော ပိတ်ဆို့ အရေးယူမှုများကြောင့် အမေရိကန်သို့ ပို့ကုန် ရောင်းချရမှုသည် ၂ဝဝ၅ ခုနှစ်တွင် လုံးဝ မရှိတော့ပါ။

မြန်မာ့ရေးရာပညာရှင် ဒေးဗစ်စတိန်းဘတ် David Steinberg ၏ ခန့်မှန်းချက်အရ ပိတ်ဆို့အရေးယူမှုကြောင့် ချည်မျှင်စက်ရုံ ၆၄ ရုံအထိ ပိတ်ခဲ့ရပြီး၊ ယင်းကြောင့် ပြည်တွင်းအလုပ်အကိုင်များ ဆုံရှုံးရမှုမှာ စုစုပေါင်း ခန့်မှန်းခြေ ၂ သိန်းအထိရှိပြီး၊ ထိုအထဲတွင် အများစုမှာ အမျိုးသမီး အလုပ်သမများ ဖြစ်ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံ ဖွံ့ဖြိုးဆဲ စီးပွားရေးလေ့လာရေး အင်စတီကျု (Japan Institute of Developing Economies) ၏ ၂ဝဝ၅ ခုနှစ် လေ့လာချက်အရ သပိတ်မှောက်မှုများနှင့် ပိတ်ဆို့ အရေးယူမှုများကြောင့် အဆိုးဝါးဆုံး ခံခဲ့ရသည့် အထည်ချုပ်စက်ရုံလုပ်ငန်းများမှာ အသေးစားနှင့် အလတ်စား ပုဂ္ဂလိကပိုင်စက်ရုံများနှင့် သူတို့၏ အလုပ်သမားများဖြစ်သည်။

ကျရှုံးမူဝါဒများ၏ သားကောင်
မကြာသေးခင်က ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော စီးပွားရေးနှင့် လူမှုရေး တီထွင် ဖန်တီးမှုများသည် အများအားဖြင့် မြန်မာနိုင်ငံကို ကျော်လွှားသွားခဲ့ကြသည်။ ဤအကြောင်းကြောင့် အမြောက်အမြား ထုတ်လုပ်မှု၏ ခေတ်သစ်နည်းနာများကို လက်တွေ့ကျင့်သုံးရာ ရှားရှားပါးပါး နေရာအနည်းငယ်တွင် အထည်ချုပ်စက်ရုံ လုပ်ငန်းလည်း ပါဝင်နေခြင်း ဖြစ်သည်။

အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီး တဖြေးဖြေး အောင်ပွဲရခဲ့သည့် အလုပ်သမား အခွင့်အရေးအတွက် တိုက်ပွဲများ၊ ထို့ထက်ပိုသော အရေးတော်ပုံအတွက် တိုက်ခိုက်ရသော တိုက်ပွဲများသည် မဖြစ်နိုင်ဟု ယူဆရသော ရေခံမြေခံများမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်သည်။ ဘောလ်တစ်ပင်လယ်၏ ရေခဲတမျှ အေးစက်လှသော ရေပြင်ကို ကျောခိုင်းပြီး ဂဒက်စ် သင်္ဘောကျင်း (Gdansk Shipyard) က အလုပ်သမား ၁၇ဝဝဝ သည် ၁၉၈ဝ ခုနှစ်တွင် ဆန္ဒပြခဲ့ကြပြီး နောက်ဆုံးတွင် နိုင်ငံရေးစင်မြင့်ပေါ်တွင် ရွေးကောက်ပွဲဖြင့် အမြင့်ဆုံးအောင်ပွဲကို ရရှိခဲ့ကြသည်။ ဆယ်နှစ်ကြာလျှင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းဆင်းနှင့် ၁၉၈၃ ခုနှစ် နိုဘယ်ဆုရှင် လက်ဘာဝင်ဆာ (Lech Walesa) သည် ပိုလန်သမတ ဖြစ်လာခဲ့သည်။

သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲများက ကမ္ဘာ့မီဒီယာများတွင် ခေါင်းကြီးသတင်းများ ဖြစ်မလာမီ အတော်စောစော ၂ဝဝ၇ နှစ်ဆန်းကတည်းက ကြီးမားသော ဆန္ဒပြပွဲတခု တော်ဝင်အထည်ချုပ်စက်ရုံတွင် လစာငွေ မလုံလောက်မှုကို အကြောင်းပြုပေါ်ထွက်လာခဲ့သည်။ လွန်ခဲ့သောလကပင် MP အထည်ချုပ်စက်ရုံမှ အလုပ်သမားများကလည်း အလုပ်ချိန် ရှည်ကြာခြင်းနှင့် လစာငွေနည်းခြင်းကြောင့် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

သို့သော် မြန်မာ အထည်ချုပ်စက်ရုံ လုပ်သားများ အမြင့်ဆုံး မျှော်လင့်နိုင်သည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အခြေခံ အဆောက်အဦများ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပျက်စီးနေပုံများအကြောင်း ပြောစရာ နောက်တကွက် ရလာမည်ဖြစ်ပြီး၊ လှိုင်သာယာနှင့် အခြားစက်မှုဇုန်များမှ အကူလုပ်သားများ၊ စက်ချုပ်သမားများ၏ အရေးနှင့် ဘာမျှ မဆိုင်သည့် အကြောင်းအရာများကို အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ဆွေးနွေးငြင်းခုံ ပြောဆိုကာ မြန်မာ့အရေး စစ်ခင်းတိုက်ခိုက်ကြမည့် အရေးသာလျှင် ဖြစ်သည်။

အလုပ်ချိန်အကြာကြီး လုပ်ရပြီး လစာနည်းနည်းသာရသည့် အထည်ချုပ်စက်ရုံ အလုပ်ဆိုသည်မှာ မြန်မာနိုင်ငံ အလုပ်သမား တပ်ဖွဲ့ကြီးနှင့် ထိုက်တန်စွာ လိုအပ်နေသည့် အလုပ်မဟုတ်ပါ။ သို့သော် မေးခွန်းတခုကိုမူ မေးရပါဦးမည်။ ဤစက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေကြရသည့် အလုပ်သမားများအတွက် ဤအလုပ်သည် ရွေးချယ်စရာ နည်းနည်းထဲမှ အကောင်းဆုံး အလုပ်ပင်လော။ မတ်တတ်စာအတွက်သာ စဉ်းစားပြီး အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားရသူများအတွက် ဤအလုပ်သည် အကောင်းဆုံး အလုပ်ပင်လော။

(ဤသတင်းအတွက် အချက်အလက်များကို မြန်မာနိုင်ငံ ရန်ကုန်၊ ထိုင်းနိုင်ငံချင်းမိုင်တို့မှ မဇ္ဈိသတင်းထောက်များက စုဆောင်းပေးပို့ပြီး၊ ပါဝင်ပြောဆိုသူများ၏ အမည်များကို သူတို့လုံခြုံရေးအတွက် ပြောင်းလဲ ရေးသားထားပါသည်။)

မြန်မာ့နွားချေးဖြင့် ကမ္ဘာကိုကြီးစိုးမည်

Wednesday, 19 November 2008 18:53 ရန်ကုန်သားတာတေ
ချင်းမိုင် ဆောင်းကား အနွေးထည် အသစ်ဖြင့် လမ်းသလားချင်သူတို့အကြိုက် … အရက်သမားတို့ အကြိုက် အဝင်ကြမ်းသည်ဟု ဆိုရမည် ဖြစ်သည်။ နိုဝင်ဘာ နံနက် တခင်းတွင်တော့ တစုံ တဦးသည် ချင်းမိုင် တက္ကသိုလ် ဝင်းအတွင်းရှိ ရေကန်ကြီးနဘေးတွင် တစုံတရာကို သဲကြီးမဲကြီး အာရုံဝင်စား နေသောကြောင့် သူ့အနားသို့ လူ ၂ ဦးချဉ်းကပ် လာသည်ကိုပင် သတိထားမိဟန်မရှိ …။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီး … ဘာလုပ်နေတာလဲဗျ။

ရုက္ခစိုး။ ။ အောင်မလေး သောက်ပလုတ်တုတ်။ လန့်လိုက်တာကွာ။ ကလူကလူ။

ကြွက်စုတ်။ ။ ခင်ဗျားက ဘာမဟုတ်တရုတ် လုပ်နေလို့ လန့်ရတာတုန်းဗျ။ နာမည်လေး ခေါ်ရုံ ရှိသေးတယ်။ နေပါဦး … ဘာဖတ်နေတာလဲ။ သြော လက်စသတ်တော့ မြန်မာ့အမှောင် သတင်းစာ ဖတ်နေတာကိုးဗျ။

ရုက္ခစိုး။ ။ ဟေ့ကောင် ကြွက်စုတ် မင်းဘာမှ သရော်နေစရာမလိုဘူး။ အရင်ကမှောင်ချင် မှောင်မယ်။ ခု လင်းပြီကွ။ ဒီမှာကြည့်။ တအိမ်ကို နွား ၅ ကောင်ကနေ ၇ ကောင်ရှိရုံနဲ့ တအိမ်သုံး လျှပ်စစ်ဓာတ်အား ထုတ်နိုင်ပြီတဲ့။ လင်းကုန်ကြပါပြီကွ။

ဖိုးရှုပ်။ ။ ဗျာ လာပြန်ပြီလား နွားနဲ့လျှပ်စစ်မီးထုတ်တာ။ အရင်တခါလို နွားကောင်ရေအားပဲလား။ နွားတွေ သနားဖို့ကောင်းနေပါပြီဗျာ။

ကြွက်စုတ်။ ။ အင်း နွားထဲကကို မထွက်တာပါလား။ နွား အသင်းထူထောင်ပြီး နွားအခွင့်အရေး လှုပ်ရှားမှုဆိုပြီး လုပ်ဦးမှပါပဲ။

ရုက္ခစိုး။ ။ ထင်ရာပြောနေပြန်ပြီ။ ဒီတခါ နွားတော့နွား။ ဒါပေမယ့် နွားချေးကွ၊ နွားချေး။

ဖိုးရှုပ်။ ။ ဟာ စိတ်ဝင်စားတယ်ဗျာ။ လုပ်ပါဦး ဦးရုက္ခစိုးရဲ့။

ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရေ ပြောပြလိုက်ပါ။ ဖိုးရှုပ်က ချေးဆို ဘာချေးဖြစ်ဖြစ် စိတ်ဝင်စားတယ်။ အဲဒါ သူ့ဓာတ်စာပဲ။

ဖိုးရှုပ်။ ။ ဟေ့ကောင် ငါက တကယ် စိတ်ဝင်စားလို့ မေးတာကွ။ မင်းလို အနံ့လိုက်ရှူနေတဲ့ကောင်များ မှတ်နေလား။

ရုက္ခစိုး။ ။ မကိုက်ကြစမ်းနဲ့ကွာ။ ဒီမှာ ငါလည်း အဲဒါသိချင်လို့ ဖတ်နေတာ။ ဒီနေ့ သတင်းစာ မျက်နှာဖုံးမှာကို ပါတာကိုးကွ။ နွားချေးကနေ ဇီဝလျှပ်စစ်ထုတ်တာတဲ့။ တအိမ်သုံးလျှပ်စစ်ရဖို့ တနေ့ကို နွားချေးပိဿာချိန် ၆၀ လိုအပ်တယ်တဲ့ကွ။

ကြွက်စုတ်။ ။ ဟာ ဒါဆိုရင် နွားတွေဘဝကတော့ မတွေးရဲစရာပဲဗျာ။ နွားတွေခမျာ လိုအပ်ချက် ပြည့်မီအောင် မပါနိုင်ရင် တရားစွဲခံရနိုင်တယ်။

ဖိုးရှုပ်။ ။ ဟုတ်ပါ့ဗျာ လူတွေတောင် ဖောချင်းသောချင်း ထောင်ဒဏ်ပေးနေတာ၊ နွားလောက်ကတော့ အပျော့ ဖြစ်သွားဦးမယ်။

ရုက္ခစိုး။ ။ ငါစဉ်းစားတာက တမျိုးကွ။ ခုလိုကမ္ဘာ့စီးပွားပျက်ကပ်ကြီး နေရာအနှံ့ဖြစ်နေချိန်မှာ မြန်မာ နိုင်ငံပြန်ပြီး လုံးဝ မရှုံးမယ့် စီးပွားရေးလုပ်ငန်းတခု ထူထောင်ပါလားလို့ … မင်းတို့အတွက် ပြောတာပါ။

ဖိုးရှုပ်။ ။ ဘာလဲ နွားတွေမွေးပြီး ချေးရောင်းစားရမှာလား။

ရုက္ခစိုး။ ။ ခက်တာပဲ။ တွေးလိုက်ရင် ချေးပုံထဲကကို မတက်ပါလား။ ဒီလိုကွ နွားတွေချေးများများ ပါအောင် နွားဝမ်းနှုတ်ဆေး ဖော်ရောင်းပါလားလို့ ပြောမလို့။

ကြွက်စုတ်။ ။ အင်း ဦးရုက္ခစိုးကတော့ တရိစ္ဆာန်ညှင်းပမ်းမှုနဲ့ ၆၅ နှစ် ဖြစ်ဦးတော့မှာပဲ။ ဇီဝလျှပ်စစ် ဆိုတော့ အီလက်ထရွန်းနစ်ပုဒ်မနဲ့လည်း ညိနိုင်တယ်ဗျနော်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး လုပ်တာနဲ့ ဒီမှာ အရေးကြီးတာပြောမလို့တောင် အစ ဘယ်ရောက်သွားလဲ မသိဘူး။

ရုက္ခစိုး။ ။ ပြောပါမောင်ရာ။ ငါက စီးပွားပျက်ကပ်ကြောင့် လူတွေအစား စိတ်ညစ်နေလို့ ဟာသလေး များ တွေ့မလားဆိုပြီး သတင်းစာ လှန်မိတာပါ။ ဟီဟိ။ ကဲ ဆိုပါဦး ဘာလဲ။

ဖိုးရှုပ်။ ။ ဘာပါလိမ့် သြော် သိပြီ … နွား လေးလပတ်စည်းဝေးကြီး။

ကြွက်စုတ်။ ။ ဘာ ဟေ့ကောင်။ မင်းတော့လား။ ၆၅ နှစ်နော် .. ဟင်း ဟင်း။

ဖိုးရှုပ်။ ။ ရောကုန်တာကွ။ လာကတည်းက ဦးရုက္ခစိုးကြီးက နွားကိစ္စနဲ့ စတာကိုး။

ရုက္ခစိုး။ ။ လူအမှု နတ်လာပတ်နေပြန်ပြီ။ မင်းပြောတာ ငါသိပါတယ်။ နအဖ လုပ်တဲ့ လေးလပတ် အစည်းအဝေး။ အဲဒါဘာဖြစ်လဲ။

ဖိုးရှုပ်။ ။ အင်း ကျနော်ကြားတာကတော့ …. ။

ကြွက်စုတ်။ ။ ဟေ့ကောင် ဟေ့ကောင် မင်းကြားတာလား ငါကြားတာလား။ မင်းတို့ သတင်းထောက် တွေကတော့ကွာ … သူများသတင်းကို ကိုယ့်သတင်း လုပ်ဖို့ဆို သိပ်မြန်တဲ့ ကောင်တွေ။

ဖိုးရှုပ်။ ။ ကဲပါ။ မင်းကြားတယ်ပဲ ထားပါတော့။ တကတည်း လိုရင်းကို မရောက်ဘူး။ ဒီလို ဦးရုက္ခစိုးကြီးရဲ့ နအဖရဲ့ လေးလပတ် အစည်းအဝေးကြီးမှာ ဘင်္ဂလားဒေ့ရှ် ကိစ္စနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စကြီးကို အလေးထား ဆွေးနွေးတယ်တဲ့ဗျ။

ရုက္ခစိုး။ ။ ဆွေးနွေးတော့ ဘာဖြစ်တုန်းကွာ။

ဦးရုက္ခစိုးကြီးက ကန့်လန့်တိုက်လိုက်သဖြင့် ဖိုးရှုပ်တယောက် ဘာပြောရမှန်းမသိ ဖြစ်သွားရာ ကြွက်စုတ်က တကယ့် နိုင်ငံရေး သုတေသီကြီး လေသံဖြင့် ဝင်ဖြေရှင်းပေးလိုက်၏။

ကြွက်စုတ်။ ။ ခက်တာပဲ ဖိုးရှုပ်ရာ မင်းက ဘာမှလည်းမသိ ပြောကလည်း ပြောချင်နဲ့။ ဒီလို ဦးရုက္ခစိုး ကြီးရဲ့။ အဲဒီလေးလပတ် စည်းဝေးလုပ်နေတဲ့ တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည် ထောင်ချတဲ့ ကိစ္စတွေကို တက်သုတ်ရိုက်လုပ်တယ်။ ပြီးတော့ အဲဒီစည်းဝေး အပြီးမှာ စစ်ဗိုလ် တချို့ ယူနီဖောင်း ချွတ်ကုန်တယ်။

ရုက္ခစိုး။ ။ ဒါကတော့ကွာ သူတို့လည်း ယူနီဖောင်းနဲ့ချည်း တသက်လုံးနေလာရတာ။ တခါတလေ ဖက်ရှင်ကျကျလေး ဝတ်ချင်မှာပေါ့ကွ။ ငါတောင် ဒီနတ်ယူနီဖောင်းကို လဲချင်နေတာကြာပြီ။ ဇာတ်ပျက် ဖြစ်မှာစိုးလို့။

ဖိုးရှုပ်။ ။ ခုလည်း ရုက္ခစိုးပျက် ဖြစ်နေပါပြီဗျာ … မထူးပါဘူး။ ကဲ ကိုကြွက်စုတ်ရယ် ဆက်လက် သုံးသပ်စမ်းပါဦး။ ကြွက်အမြင်လေး သိပါရစေ။

ဖိုးရှုပ်က သူ့ကိုတွယ်ထားသဖြင့် ကျွဲမြီးတိုနေသောကြောင့် ဦးရုက္ခစိုးကော ကြွက်စုတ်ကိုပါ တပြိုင်တည်း ပြန်နှက်လိုက်သည်။ ဖိုးရှုပ်စကားကို အမှုမထားဘဲ ကြွက်စုတ်က သူစိတ်ထင်ရာများကို ဆက်ပြောသည်။

ကြွက်။ ။ ဒါ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရှင်းစရာ ရှိတာတွေကို အပြတ်ရှင်းတာဗျ။ အဲဒီစည်းဝေး မှာပဲ ဘယ်သူတွေကို ထောင်ဘယ်နှနှစ်ချ ဆိုပြီး ဆုံးဖြတ်၊ ပြီးတော့ တချိန်တည်းမှာ ဘယ်သူတွေ ရွေးကောက်ပွဲကို လူဝတ်လဲပြီး ဝင်ဆိုပြီး မင်းအဘက သတ်မှတ်ပေးလိုက်တာကွဲ့ ဖိုးရှုပ်ရဲ့။ သိပြီလား။ ဒါပေမယ့် မပြီးသေးဘူး။ ကျနော့်အနေနဲ့ ခုနက ဦးရုက္ခစိုးပြောတဲ့ နွားကိစ္စ သိပ်မသင်္ကာဘူးဗျ။

ရုက္ခစိုး။ ။ ဟင် ဘယ်လိုများ မသင်္ကာတာပါလိမ့် လုပ်စမ်းပါဦး။

ကြွက်စုတ်။ ။ နျူကလီးယားနဲ့ စပ်ဆက်နေမယ်ထင်တယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ဟိုနေ့က သတင်းစာမှာ အဘပုံကြီးကို မျက်နှာဖုံးတင်တယ်။ ဒီနေ့ နွားကိစ္စကို မျက်နှာဖုံးတင်တယ်။ အရေးကြီးတာကို သတင်းစာ မျက်နှာဖုံးမှာ တင်တာ ဟုတ်တယ်မဟုတ်လား။ အရေးမကြီးဘဲနဲ့တော့ ဖော်ပြမှာ မဟုတ်ဘူး။

ရုက္ခစိုး။ ။ အတင်းကို ဆွဲချိတ်နေပါလားနော်။ နွားနဲ့ အဘ အင်း ဟုတ်တော့ ဟုတ်နေပြီ။ လုပ်စမ်းပါဦး။ နျူကလီးယားနဲ့ ဘာဆိုင်လို့လဲ။

ကြွက်စုတ်။ ။ နွားချေးကနေ နျူကလီးယား ထုတ်ဖို့ ကြံစည်နေတယ်လို့ ကျနော်တော့ ထင်တယ်။ ဒါကလည်း လေးလပတ်စည်းဝေး အပြီးမှာ လုပ်တာဆိုတော့ စပ်ဆက်မှုရှိလိမ့်မယ်ဗျ။ တော်ရုံကိစ္စတော့ မဖြစ်နိုင်ဘူး။

ဖိုးရှုပ်။ ။ အင်း ပေါက်ကရ ပြောတဲ့ နေရာမှာတော့ ကြွက်စုတ်တို့က ကမ္ဘာကျော်ဦးမယ်။ နွားချေး ကတောင် နျူကလီးယား ထုတ်ဦးမတဲ့။ မြောက်ကိုရီးယားနဲ့ ရုရှားကတောင် အဘခေါ်ရမယ့် ကိန်းပဲ။

ရုက္ခစိုး။ ။ ဒါဆိုရင် မြန်မာပြည်အဝင်မှာ ဆောင်ပုဒ်ကြီးတွေ မြင်ရဦးတော့မှာပဲ။ “မြန်မာ့နွားချေးဖြင့် ကမ္ဘာကိုကြီးစိုးမည်” ဆိုပြီးတော့လေ။

ဖိုးရှုပ်။ ။ မြန်မာ့ နွားချေးတော့ မသိဘူး မြန်မာ့နွားကြီးရဲ့ အပုပ်နံ့ကတော့ ကမ္ဘာကိုလွှမ်းနေတာ သေချာတယ်။ ခုတောင်နံလာသလိုပဲ။

ကြွက်စုတ်။ ။ အဲဒါတော့ သိဘူးဗျ။ ကျနော်လည်း စိတ်ထဲထင်တာ သုံးသပ်ကြည့်တာလေ။ ကျနော် ပြောတာ အဟုတ်မှတ်ပြီး ဖိုးရှုပ်က သတင်းထဲ ထည့်ရေးရင်တော့ မပြောတတ်ဘူး။ ကဲ ကဲ ဗိုက်လည်းဆာပြီ။ ချင်းမိုင် တက္ကသိုလ်ကျောင်းသူ အလှပဂေးလေးတွေ ငေးရတာ မျက်စိလည်း ညောင်း လှပြီ။ တဆိုင်ဆိုင်ကို လစ်ကြစို့ …။

စိတ်ထင်ရာများကို ပြောချင်သလို ပြောပြီး ဦးဆောင်ထွက်သွားသော ကြွက်စုတ်နောက်သို့ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့မှာ အူကြောင်ကြောင်နှင့် အပြေးလိုက်သွားရလေတော့သည်။

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 သတင်း

ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ
သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လူငယ် ကိုဒီငြိမ်းလင်းကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် စစ်အစိုးရက ယနေ့ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်လိုက်သည်။

သာသနာကို အကြည်ညို ပျက်ပြားစေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု စသည့် ပြစ်မှုများ အပါအ၀င် ပြစ်မှု ၄ ခုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသအဖွဲ့ဝင်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အန်တီအနေနဲ့ မြင်ရတာပေါ့နော်။ အမျိုးသားရော၊ သားကိုရောပေါ့နော်၊ သားအဖ နှစ်ယောက်စလုံးအတွက် မတရားဘူးလို့ပဲ ထင်တယ်။ သူတို့စွဲထားတဲ့ ပုဒ်မတွေကပေါ့နော်။ အန်တီတို့အနေနဲ့ 'မတရားဘူး၊ မတရားဘူး' ခဏခဏပြောနေတာ။ အန်တီတို့လည်း ရှက်လှပါပြီ၊ လုပ်တာတွေက" ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ယခင်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ကြောင့် မြေအောက် လှုပ်ရှားမှုဟန်ဖြင့် ရပ်တည်နေခဲ့သော ဗကသ ကို ပြန်လည်ဖွဲ့စည်းရာတွင် အသက် ၂၁ နှစ်အရွယ် ကိုဒီငြိမ်းလင်းလည်း ပါဝင်ခဲ့သည်။

ကိုဒီငြိမ်းလင်းအား အနောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထားသည့် ပုဒ်မနှစ်ခု ရှိသေးသလို၊ မနက်ဖြန်တွင် ဒဂုံမြို့နယ် တရားရုံးကလည်း အသင်းအဖွဲ့ ပုဒ်မတခုဖြင့် ထပ်မံ၍ စီရင်ချက်ချရန် ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ဗကသ အဖွဲ့ကို ပြန်ထူထောင်ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီတိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။


ကလေးအခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာသစ် ထွက်ရှိ
Wednesday, 19 November 2008 19:02 အေးလဲ့
စစ်အစိုးရ၏ ဆိုးရွားစွာ ပြုကျင့်နေသည့် ကလေး အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး လူ့အခွင့် အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) HREIB က “မေ့လျော့ခံ အနာဂတ်များ” အမည်ရှိ အစီရင်ခံစာ တစောင်ကို ယနေ့တွင် ထုတ်ပြန် ဖြန့်ဝေလိုက်သည်။
“မေ့လျော့ခံ အနာဂတ်များ” အစီရင်ခံစာ
စစ်အစိုးရ စစ်တပ်များက အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သေဆုံး ရသူ၊ ဒုက္ခိတဘ၀ ရောက်ရသူ ကလေးငယ်များ ရှိကြောင်း HREIB၏ ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်း က ပြောဆိုသည်။

ကိုအောင်မျိုးမင်းက “ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူနဲ့ ရွာတွေကို တိုက်ခိုက်မှု၊ မြေမြှပ်ဗုံး အသုံးပြုမှုတွေကြောင့် ကလေးတွေ သေဆုံးခဲ့တာရှိသလို တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အဆက်အသွယ်လုပ်တယ်လို့ သံသယရှိတဲ့ ကလေးငယ်များကို သက်ဖြတ်နေတာရှိတယ်၊ အသက် ၇ နှစ် ၈နှစ် အရွယ်ကလေးများဆိုရင် မြေမြှပ်ဗုံးနင်းပြီး ဆုံးသွားရသလို၊ ဒုက္ခိတ ဘ၀ရောက်သွားရတဲ့ ကလေးငယ် များလည်း ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အခြေခံကလေးအခွင့်အရေးနှင့်ပတ်သက်ပြီး အဓိက အချက်(၆)ကို မပြုလုပ်ရန် သက်ဆိုင်ရာ အစိုးရများအား တားဆီးပိတ်ပင်ထားသော်လည်း မြန်မာစစ် အစိုးရ က တိုင်းရင်းသားနယ်မြေများတွင် ထောင်ပေါင်းများစွာသော ကလေးသူငယ်များကို စစ်သားအဖြစ် အတင်း အကျပ် စုဆောင်းခြင်း၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်းများကိုကျူးလွန်နေကြောင်း လည်း ကိုအောင်မျိုးမင်းက ပြောသည်။

ယင်း အချက် ၆ ချက်တွင် ကလေးများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့်ပြန်ပေးဆွဲခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်သားအဖြစ်အသုံးပြုခြင်း၊ အရွယ်မရောက်သေးသော ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ လူသားခြင်းစာနာမှုအကူအညီတွေကို ပိတ်ပင်တားဆီးခြင်း၊ ကလေးများရှိသော ကျောင်းနှင့် ဆေးရုံများကို တိုက်ရိုက်တိုက်ခိုက်ခြင်းများစသည့် အချက်များကို မကျူးလွန်မိရန် လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်အရ ပိတ်ပင်တားဆီးထားကြောင်းသိရသည်။

အဆိုပါ “မေ့လျော့ခံ အနာဂတ်များ” Forgotten Future: Children Affected By Armed Conflict in Burma ကလေးအခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာအား ပြီးခဲ့သည့် ၂၀၀၇ အောက်တိုဘာနှင့် ၂၀၀၈ ခုနှစ်မတ်လပိုင်းက စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ထိုင်း-မြန်မာနယ်စပ်၊ အန္ဒိယနယ်စပ်၊ တရုတ်နယ်စပ် တလျောက် ဒုက္ခသည်စခန်းများအတွင်းရှိ ဒုက္ခသည် ၁၀၀ကျော်ကိုမေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်ဟု ကိုအောင်မျိုးမင်းကပြောသည်။

၎င်းအစီရင်ခံစာကိုပြီးခဲ့သည့်လအတွင်း အနီးစပ်ဆုံးဖြစ်ပွားမှုအား အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် အတွက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ၊ ကလေးအခွင့်အရေးဆိုင်ရာ အေဂျင်စီများ သို့ တင်ပြခဲ့ပြီးကြောင်းလည်းသိရသည်။

“မြန်မာနိုင်မှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ကလေးများရဲ့ ဘဝဟာ ကျေနပ်အားရစရာ မရှိပါဘူး၊ ကလေးများသဘာဝ တက်ကြွလန်းဆန်းပျော်ရွှင်နေရမယ့်အစား ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ပြီးတော့ အနာဂတ်မဲ့နေတဲ့ကလေးများ အနေအထားမျိုးကို တွေ့ရတာဟာ ကလေးများအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်” ကိုအောင်မျိုးမင်းကပြောသည်။

စစ်အစိုးရက ၂၀၀၄ ခု ဇန်နဝါရီလအတွင်း က ကလေးစစ်သားပပျောက်ရေးကော်မတီတခုကို ဖွဲ့စည်း ထားခဲ့သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ခုနှစ်အတွင်း အသက်မပြည့်သေးသည့်ကလေးစစ်သားပေါင်း ၇၉၂ ဦးနှင့် ကလေး စစ်သားစုဆောင်းမှုနှင့်ပတ်သက်သော တာဝန်ရှိသူ ၄၀ ခန့်ကို အရေးယူခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားသည်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့၏၂၀၀၂ခုနှစ် စာရင်းကောက်ယူချက် အရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးစစ်သားပေါင်း အနည်းဆုံး ခုနှစ်သောင်းရှိသည်ဟု ဖော်ပြထားသည်။

စစ်အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများကို ထောင်ဒဏ်များ ဆက်လက်ချမှတ်
Wednesday, 19 November 2008 19:01 ဧရာဝတီ
စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၃ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးမှ ယနေ့ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ဗကသ အဖွဲ့ဝင် တဦးဖြစ်သော ကိုဒီငြိမ်းလင်းကို ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၅ (ခ) ၊ ၂၉၅ (က) တို့ နှင့် ထောင် ၆ နှစ်ခွဲ ချမှတ် လိုက်သည်ဟု ၎င်း၏ မိသားစုဝင် တဦးက ပြောဆိုသည်။

တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုကျော်စွာကို ၅ နှစ် တမှု၊ ၆ နှစ် တမှုဖြင့် ပေါင်း ၁၁ နှစ် ထောင်ဒဏ်ချမှတ် လိုက်ပြီး ကိုကျော်ဆန်းကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။

ကိုဒီငြိမ်းလင်း၏ ဖခင်ဖြစ်သူ ကိုဇော်ဇော်မင်းကိုလည်း စစ်အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်းတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ မအူပင် ထောင်သို့ပို့လိုက်သည်။

ကိုဒီငြိမ်းလင်း၏ အဘိုးတော်စပ်သူ အန်အယ်လ်ဒီ လွှတ်တော်အမတ်နှင့် သတင်းစာသမား ဟောင်းဖြစ်သည့် ဦးစောဝင်းကိုလည်း စစ်အစိုးရက ၁၉၉၁ ခုနှစ် တွင် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ ယင်း ဦးစောဝင်းသည် ၇ နှစ် ကြာပြီးနောက် ထောင်တွင်း၌ပင် ကျန်းမာရေး ဆိုးဝါးပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၈၀ ကျော်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

တရုတ်-မြန်မာ နယ်စပ် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ်ကျဆင်း
Wednesday, 19 November 2008 19:03 ကိုစိုး
ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာ ရိုက်ခတ်မှု ကြောင့် တရုတ်-မြန်မာ နယ်စပ် ကျောက်စိမ်း ဈေးကွက် အရောင်းအ၀ယ် ကျဆင်းလျက် ရှိကြောင်း သိရသည်။
ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တရုတ်ပြည် ဘေဂျင်းတို့မှ ပုံမှန် လာရောက်ဝယ်ယူနေသည့် ကျောက်စိမ်းကုန်သည် များသည် ပြီးခဲ့သည့်လ ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာ စဖြစ်ကတည်းက မလာရောက်နိုင် ကြတော့ကြောင်း တရုတ်ပြည် ရွှေလီမြို့မှ ကျောက်စိမ်း အရောင်းအ၀ယ်သမား တဦးက ပြောသည်။

ယခုနှစ် မတ်လ အတွင်းက ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသည့် ၄၅ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲမှ ကျောက်စိမ်းတုံးများအကြား တွေ့ရှိရသော တရုတ် ကျောက်ကုန်သည် တဦး (ဓာတ်ပုံ - အေပီ)
ယခင်လက ယွမ် ၁၅၀၀၀ ခန့်ဖြင့် ရောင်းချရသည့် ကျောက်စိမ်းသည် ယခု ယွမ် ၅၀၀၀ ခန့်ဖြင့် ရောင်းချရန်ပင် မလွယ်ကူကြောင်း ၎င်းက ပြောသည်။

“အရင်တုန်းက ကြယ်ဂေါင်ဘက်က ၀ယ်လာတဲ့ ကျောက်က ရွှေလီမှာ အရောင်းအ၀ယ်က ကြာရင် ၁၀ ရက် တပတ်ဆို အရောင်းအ၀ယ်ဖြစ်တာပဲ၊ အခုက ရောင်းလို့ကို မရဘူးဖြစ်နေတာ၊ ၅ လပိုင်းလောက်က ၀ယ်ထားတဲ့ ကျောက်တွေ အခုအချိန်အထိ ရောင်းမထွက်သေးဘူး၊ အဲဒီလိုဖြစ်နေတယ်၊ ရောင်းရင်လည်း အနည်းဆုံး ခေါက်ချိုးပြတ် ရှုံးမယ်၊ အဲဒါ အရောင်းအ၀ယ် လုပ်တဲ့သူတွေက ဖြစ်သလို ရပ်တည်နေကြရတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာပြည်တွင်းမှ နယ်စပ်သို့ လာရောက်၍ ကျောက်အရောင်းအ၀ယ် ပြုလုပ်သူ အများစုသည် လက်ရှိအခြေ အနေကြောင့် မြန်မာပြည်သို့ ပြန်သွားကြရသူများရှိပြီး တရက်လျှင် ယွမ်ငွေ ၃၀-၄၀-၅၀ ရရှိသော တခြား အလုပ်များကို လုပ်ကိုင်ရပ်တည် နေကြရသည်ဟုလည်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကျောက်စိမ်းကုန်သည် အမျိုးသမီး တဦးကလည်း တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ် ကျောက်စိမ်း ကုန်သည်များက ယခင် ကျပ် ၁၀ သန်းခန့် ၀ယ်နေရာမှ မကြာသေးခင်က ကျပ် ၄ သိန်း ဖိုးခန့်သာ အရောင်းအ၀ယ် ဖြစ်တော့ကြောင်း ပြောသည်။

ဖားကန့်ရှိ ကျောက်စိမ်း ဖက်စပ် ကုမ္ပဏီတချို့သည် ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာရိုက်ခတ်မှုကြောင့် မကြာသေးခင်က ကုမ္ပဏီများ ရပ်ဆိုင်းခဲ့ကြရပြီး အလုပ်သမားများကိုလည်း လုပ်အားခမပေး စားသောက် စရိတ်မျှသာ ပေးနိုင်ကြောင်း အထက်ပါ ကျောက်စိမ်း ကုန်သည် အမျိုးသမီးက ပြောဆိုသည်။

အလုပ်သမား အများစုမှာ ဘာကြောင့် ကုမ္ပဏီ ရပ်ဆိုင်းရသည်ကို မသိရှိကြကြောင်း၊ တချို့မှာ စိတ်ဓာတ်ကျပြီး မူးယစ်ဆေးဝါး အသုံးပြုမှုများပင် ရှိကြောင်းလည်း သိရသည်။ ယင်း ကျောက်တွင်း အလုပ်သမားများမှာ လုပ်အား ခ တရက်လျင် ကျပ် ၂၀၀၀ ခန့်သာ ရရှိသည်ဟု ဆိုသည်။

နယ်စပ်ဒေသ ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသော ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့(AKSYU) မှ အကြံပေးအဖွဲ့ဝင် ကိုအောင်ဝါက ကျောက်စိမ်း ရောင်းချမှု ၇၅ ရာခိုင်နှုန်း ကျဆင်းကြောင်း ပြောသည်။

၎င်းတို့အဖွဲ့မှ ထုတ်ပြန်ခဲ့သော “Blood Jade: Burmese & the Beijing Games” အစီရင်ခံစာတွင်လည်း မြန်မာ နိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းခန့်ကို စစ်အစိုးရက တရုတ်နိုင်ငံသို့ ရောင်းချခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

စစ်အစိုးရက ရရှိသော နိုင်ငံခြားဝင်ငွေများတွင် ကျောက်စိမ်း ရောင်းချခြင်းမှ ရရှိသောဝင်ငွေသည် တတိယ အများဆုံးဖြစ်ပြီး တနှစ်လျှင် ဒေါ်လာသန်း ၃၀၀ ခန့် ရရှိကြောင်း သိရသည်။

ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:23 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးစစ်သားများ အသုံးပြုနေမှုများ ရှိနေဆဲဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများ ဖောက်ဖျက်နေခြင်းအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက် အရေးယူမှု အထူးလိုအပ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

"မေ့လျော့ခံ အနာဂတ်များ" (Forgotten Future) အမည်ရှိ အစီရင်ခံစာအား ၂၀၀၇ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ခုနှစ် မတ်လအတွင်း မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်များနှင့် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း ဒုက္ခသည်စခန်းများတွင် သွားရောက်ကာ ကလေးစစ်သားပေါင်း ၁၁၉ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB က ပြုစုရေးသားကာ ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြားမှာ ရှိနေတဲ့ ကလေးတွေဟာ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတွေ မရှိပါဘူး။ ကလေးတွေရဲ့ ဘ၀ဟာ ကြည်နူးပျော်ရွှင် တက်ကြွလန်းဆန်းတဲ့ အခြေအနေမျိုး မရှိဘဲ ကြေကွဲဝမ်းနည်း နေကြပြီးတော့ အနာဂတ်မေ့ခံ ထိနေတဲ့ ကလေးအနေအထားနဲ့ ရပ်တည်နေတာ တကယ် စိတ်မကောင်းစရာပါ။ ဒါကြောင့် လူ့အခွင့်အရေး ဒီမိုကရေစီအရေး လုပ်နေသူတွေလည်း ကလေးတွေရဲ့ အခွင့်အရေး တိုးတက်ရေးတွေကိုလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

တွေ့ဆုံမေးမြန်းမှုများကို ကလေးစစ်သား မိဘများ၊ ကျောင်းဆရာ ဆရာမများ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အလုပ်သမားများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပါရှိသော ကလေးအခွင့်အရေး ချိုးဖောက်မှု ၆ ချက်ကို အဓိကထား၍ စုံစမ်းဖော်ထုတ် တင်ပြထားကြောင်း သိရသည်။

အဆိုပါအချက်များမှာ ကလေးများကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ဖမ်းဆီးမှု၊ စစ်သားအဖြစ် အသုံးချမှု၊ လူသားချင်း စာနာမှု အကူအညီများပေးခြင်းကို ငြင်းပယ်မှု၊ ကလေးများရှိနေသည့် ကျောင်းများ ဆေးရုံများတွင် တိုက်ခိုက်မှု စသည်တို့ဖြစ်သည်ဟု ဆိုသည်။

နအဖ စစ်တပ်အတွင်းတွင် ကလေးစစ်သားအသုံးပြုမှု ဦးရေ ၇ သောင်းကျော်ရှိပြီး တစထက်တစ တိုးလာသည် ဟု ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

မြန်မာစစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နအဖ စစ်တပ်အတွင်း ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ကြောင်း သတိပေးမှုများကို တစိုက်မတ်မတ် ငြင်းဆိုပယ်ချခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတပ်မတော်၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့များကိုလည်း ကလေးစစ်သား အသုံးပြုမှုများ ရပ်တန့်ရန် လူ့အခွင့်အရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) မှ စည်းရုံး လှုံ့ဆော်နေကြောင်း သိရသည်။

လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 19:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီး တလခွဲခန့်အကြာ၊ ယခုလ ၁၃ ရက်နေ့က စင်္ကာပူနိုင်ငံတွင် အသည်းခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အသက် ၇၁ နှစ်အရွယ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် ယခုလ ၉ ရက်နေ့က စင်္ကာပူသို့ သွားရောက်ပြီး Singapore General ဆေးရုံ၌ အသည်းခွဲစိတ် ကုသခဲ့ရခြင်း ဖြစ်သည်။

"အသည်းကို အောက်ပိုင်း ဖြတ်ထုတ်လိုက်ရတာပါ။ လောလောဆယ်တော့ ကောင်းပါတယ်။ ဆရာဝန်ကလည်း အားရတယ်လို့ ပြောပါတယ်။ အခု အိမ်မှာပါ။ ဆေးရုံကတော့ ဆင်းပါပြီ" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အကျဉ်းသား ၉၀၀၂ ဦးအား အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ရာ ဒေါက်တာသန်းငြိမ်းလည်း လွတ်မြောက်လာခဲ့သည်။

သူနှင့်အတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ လွှတ်တော်အမတ်များ ဖြစ်သည့် ဒေါက်တာမေ၀င်းမြင့် (မရမ်းကုန်း)၊ ဦးအောင်စိုးမြင့် (တောင်ငူ)၊ ဦးခင်မောင်ဆွေ (စမ်းချောင်း)၊ ဦးအေးသိန်း (ပါတီအဖွဲ့ဝင်၊ သပိတ်ကျင်း)နှင့် ရခိုင်ပြည်နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးသိန်းနိုင်လည်း လွတ်မြောက်လာခဲ့သည်။

ဒေါက်တာသန်းငြိမ်းအား ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ အစည်းအဝေး လုပ်ဖြစ်ရန် စီစဉ်ပေးမှုကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ အမြင်ကပ်ပုဒ်မဟု လူသိများသည့် ၁၀ (က) ဖြင့် သက်တမ်းတိုးကာ ဆက်လက် ထိန်းသိမ်းခဲ့သည်။

ပြန်လွတ်လာသည့် အန်အယ်ဒီ အဖွဲ့ဝင်များအား ပါတီတည်ထောင်မှု နှစ် ၂၀ ပြည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မူလပေးအပ်ထားသည့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပါတီက အပ်နှင်းခံရသူများထဲတွင် ဒေါက်တာသန်းငြိမ်းလည်း ပါဝင်သည်။

အိုင်ဗင်ဟိုးလုပ်ငန်းများ နောက်လတွင် ပြန်စဖွယ်ရှိ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 18:24 - မြန်မာစံတော်ချိန်


မုံရွာ (မဇ္ဈိမ) ။ ။ မုံရွာမြို့တွင် ကြေးနီတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ အိုင်ဗင်ဟိုးအနေဖြင့် လအနည်းငယ် အလုပ်ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည် စတင်နိုင်ဖွယ်ရှိသည်ဟု ကုမ္ပဏီ သတင်းရပ်ကွက်က ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် အမှတ် ၁ သတ္ထုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာအိုင်ဗင်ဟိုးသည် ဖောက်ခွဲရေးလုပ်ငန်းသုံး ယမ်းနှင့် ဓာတ်တုပစ္စည်းအချို့ မလုံလောက်သဖြင့် သြဂုတ်လကတည်းက လုပ်ငန်းများ ရပ်ဆိုင်းထားရာမှ လာမည့်လတွင် ပြန်လည်၍ လုပ်ငန်းများ စတင်ရန် ပြောဆိုခြင်း ဖြစ်သည်။

"ယမ်းတွေက အလုံလောက် မရှိတော့လို့၊ နောက် သန့်စင်ဖို့သုံးတဲ့ ဓာတုပစ္စည်းတွေက မလုံလောက်တော့လို့ ခဏ ရပ်ထားတာပါ။ ၅ လ နားထားပါတယ်။ အခု မှာထားတာတွေ ရလာပြီဆိုတော့ ပြန်စတော့မှာပါ။ ဒီဇင်ဘာလအတွင်း ပြန်စဖို့ မှန်းထားပါတယ်" ဟု မြန်မာအိုင်ဗင်ဟိုးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

လုပ်ငန်းများ ရပ်နားထားချိန်တွင် ကြေးနီတူးဖော်ရေး လုပ်ကွက်မှ ၀န်ထမ်းများကို လစာငွေအဖြစ် ၅ လစာပေးကာ အလုပ်နားစေခဲ့သည်။

ကြေးနီ အများအပြား ထွက်ရှိရာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီတူးဖော်ရေး လုပ်ငန်းများကို ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေခြင်း ဖြစ်သည်။

(ပြည်တွင်းမှ မဇ္ဈိမ သတင်းထောက်မှ ပေးပို့၍ ဇာနည် ဖြည့်စွက်ရေးသားသည်။)

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင်
ဇာနည်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 17:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အာဏာပိုင်များက မကြာခဏ ခြိမ်းခြောက် ပြောဆိုသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ပွန်းသည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ စာရေးဆရာမ နှင်းပန်းအိမ်သည် သားငယ်နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာသည်။

တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဦးသည် ပြီးခဲ့သည့်လအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာပြီးနောက် ဒေသအာဏာပိုင်များမှ ကျန်ရစ်သည့် မိသားစုထံ စုံစမ်း စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှု ပြုလုပ်သဖြင့် ယခုလို ထွက်ခွာလာခြင်း ဖြစ်သည်။

"ကျမ ယောက်ျား ထွက်လာပေမယ့် ကျမကတော့ ပြည်တွင်းမှာပဲ နေလို့ရတဲ့အထိ နေမယ်၊ မသွားဘူးလို့ဆိုပြီး နေနေတာ။ အခုက ဖမ်းမယ်ဆီးမယ်ဆိုတာတွေ ရိပ်ဖမ်းသံဖမ်း ပြောတာတွေ လုပ်လာပြီး လိုက်ကြည့်တာတွေ လုပ်လာတော့ နေလို့ မရတော့ဘူး။ ကျမ သားလေး ရှိသေးတယ်။ သူ့ဘ၀ လုံခြုံဖို့ဆိုတာတွေက အများကြီး ရှိသေးတယ်လေ" ဟု ဆရာမ နှင်းပန်းအိမ်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "အမျိုးသားက ထွက်လာပြီးနောက်ပိုင်း အိမ်ကို စရဖတွေ၊ အက်စ်ဘီ တွေ လာလာပြီးတော့ တာဝန်အရ မေးတာပါ ဘာညာဆိုပြီး ခဏခဏ လာတယ်။ ကျမတို့မှာ ကားသံကြားရင်၊ တံခါးခေါက်သံကြားရင်၊ 'အိမ်ရှင်တို့' ဆိုတဲ့ အသံကြားရင် ကြောက်လန့်နေရတယ်" ဟု ပြောသည်။

စရဖဆိုသည်မှာ စစ်ဖက် ထောက်လှမ်းရေးဖြစ်ပြီး အက်စ်ဘီဆိုသည်မှာ အထူးသတင်း ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ပြီးခဲ့သည့်လက သူနှင့်နီးစပ်သူအချို့ ဖမ်းဆီးခံရချိန်တွင် ဦးနေဦးမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်ဟု ဆရာမက ဆိုသည်။

သူသည် တရားမ၀င် စာရွက်စာတမ်းဖြန့်မှု အပါအ၀င် အခြားစွပ်စွဲချက်များဖြင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ထောင်သို့ ခင်ပွန်းသည်ထံ ထောင်ဝင်စာသွားတွေ့ရင်း တွေ့ကြုံရသည်များကို ဆရာမက ခရီးသွားဆောင်းပါး၊ အက်ဆေးနှင့် ၀တ္တုတိုများအဖြစ် ရေးသားကာ နွယ်နီ၊ မဟေသီ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ခင်ပွန်းသည် ပြန်လွတ်လာသော်လည်း ဝေးလံခေါင်ဖျား ဒေသရှိ ထောင်များသို့ အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ ထောင်ဝင်စာ သွားတွေ့သည်ကို ကူညီရင်း ခရီးသွားဆောင်းပါးများ ဆက်ရေးခဲ့သည်။

ရေးသားခဲ့သည့် ဆောင်းပါးနှင့် ၀တ္တုတို ပုဒ်ရေ ၂၀၀ ကျော်အနက် စာပေစိစစ်ရေးက တပုဒ်လုံး ပယ်ခြင်း၊ စာကြောင်းများ ဖြုတ်ချခြင်းများ ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စာပေလောကအတွင်း ၀င်ရောက်ခဲ့သော ဆရာမ နှင်းပန်းအိမ်၏ "တမာပန်းနှင့် ဘ၀လမ်း" ခရီးသွားဆောင်းပါးကို လူကြိုက်များခဲ့ပြီး၊ "ပတ်ဝန်းကျင် ကျေးဇူးတရားနဲ့ ကြယ်ပွင့်လေး" ဆောင်းပါးဖြင့် ဂျပန်စာဖတ်ပရိသတ်တဦး၏ ကျနော်အနှစ်သက်ဆုံးဆောင်ပါးဆု၊ "ခေတ်သစ် မန်မိုရီနှင့် ၀တ္တုတိုပေါင်းချုပ်" တော်ဘုရားလေး စာပေဆု၊ "ရိုးချောင်းဘေးက ကြာ" ၀တ္တုတိုဖြင့် နေမင်းအားမာန်အဖွဲ့မှ ချီးမြှင့်သည့် အကောင်းဆုံး ၀တ္တုတိုဆုတို့ကို ရရှိခဲ့သည်။

ဆရာမက "ကျမ ဒီရောက်လာပေမယ့်လည်း ဒီစနစ်ဆိုးကို ထင်ဟပ်မယ့် အကြောင်းတွေ၊ ကျမတို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်ရေးသွားအုံးမှာပါ" ဟု ပြောသည်။

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ထောင်ဒဏ် ၁၂ နှစ် ကျခံရ
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 12:27 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးတွင် ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား ယမန်နေ့က အင်းစိန်ထောင် အထူးတရားရုံးတခုမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။

သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် အင်းစိန်ထောင်တွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ယခုလို ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အာဏာပိုင်များက သူ့အား လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅ (ခ)၊ သာသနာ ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲထားသည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က စစ်လုံခြုံရေး တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

အဖမ်းအဆီးမခံခင်က သူသည် ဆန္ဒပြပွဲနှင့် နအဖ စစ်အစိုးရမှ နောက်ဆက်တွဲ အကြမ်းဖက် နှိမ်နင်းမှုများ အကြောင်းကို ကမ္ဘာတလွှားသို့ ပြောကြားသည့်အနေဖြင့် ဆောင်းပါးတစောင် ရေးသားကာ ဝါရှင်တန်ပို့စ် သတင်းစာသို့ ပေးပို့ခဲ့သေးသည်။

အလားတူ ယမန်နေ့က အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသအား ပုဒ်မ ၁၇ (၂၀)၊ ၁၇ (၁) နှင့် မတရားအသင်းပြစ်မှုများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန်အတွက် စီတန်းလမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုတော်မူသော ရဟန်းတော်များအား ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် ဖွဲ့စည်းလိုက်သော သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် စက်တင်ဘာလအတွင်းက တနိုင်ငံလုံးသို့ ပြန်ပွားခဲ့သည်။

စစ်အစိုးရက အဆိုပါ လှုပ်ရှားမှုကြီးအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြ သံဃာတော်များ၊ အတိုက်အခံ ပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးကာ ပြီးခဲ့သည့် တပတ်အတွင်းမှ စတင်ကာ အင်းစိန်ထောင်ရှိ အထူးခုံရုံးများမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လာခဲ့သည်။

ကလေးစစ်သားအရေး နိုင်ငံတကာက ပိုမိုအာရုံစိုက်ရန် HREIB တောင်းဆို
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:23 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးစစ်သားများ အသုံးပြုနေမှုများ ရှိနေဆဲဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများ ဖောက်ဖျက်နေခြင်းအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက် အရေးယူမှု အထူးလိုအပ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

"မေ့လျော့ခံ အနာဂတ်များ" (Forgotten Future) အမည်ရှိ အစီရင်ခံစာအား ၂၀၀၇ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ခုနှစ် မတ်လအတွင်း မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နယ်စပ်များနှင့် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း ဒုက္ခသည်စခန်းများတွင် သွားရောက်ကာ ကလေးစစ်သားပေါင်း ၁၁၉ ဦးနှင့် တွေ့ဆုံမေးမြန်းပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) HREIB က ပြုစုရေးသားကာ ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြားမှာ ရှိနေတဲ့ ကလေးတွေဟာ ပျော်ရွှင်မှု၊ ကျေနပ်အားရမှုတွေ မရှိပါဘူး။ ကလေးတွေရဲ့ ဘ၀ဟာ ကြည်နူးပျော်ရွှင် တက်ကြွလန်းဆန်းတဲ့ အခြေအနေမျိုး မရှိဘဲ ကြေကွဲဝမ်းနည်း နေကြပြီးတော့ အနာဂတ်မေ့ခံ ထိနေတဲ့ ကလေးအနေအထားနဲ့ ရပ်တည်နေတာ တကယ် စိတ်မကောင်းစရာပါ။ ဒါကြောင့် လူ့အခွင့်အရေး ဒီမိုကရေစီအရေး လုပ်နေသူတွေလည်း ကလေးတွေရဲ့ အခွင့်အရေး တိုးတက်ရေးတွေကိုလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

တွေ့ဆုံမေးမြန်းမှုများကို ကလေးစစ်သား မိဘများ၊ ကျောင်းဆရာ ဆရာမများ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ အလုပ်သမားများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပါရှိသော ကလေးအခွင့်အရေး ချိုးဖောက်မှု ၆ ချက်ကို အဓိကထား၍ စုံစမ်းဖော်ထုတ် တင်ပြထားကြောင်း သိရသည်။

အဆိုပါအချက်များမှာ ကလေးများကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ဖမ်းဆီးမှု၊ စစ်သားအဖြစ် အသုံးချမှု၊ လူသားချင်း စာနာမှု အကူအညီများပေးခြင်းကို ငြင်းပယ်မှု၊ ကလေးများရှိနေသည့် ကျောင်းများ ဆေးရုံများတွင် တိုက်ခိုက်မှု စသည်တို့ဖြစ်သည်ဟု ဆိုသည်။

နအဖ စစ်တပ်အတွင်းတွင် ကလေးစစ်သားအသုံးပြုမှု ဦးရေ ၇ သောင်းကျော်ရှိပြီး တစထက်တစ တိုးလာသည် ဟု ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

မြန်မာစစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နအဖ စစ်တပ်အတွင်း ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ကြောင်း သတိပေးမှုများကို တစိုက်မတ်မတ် ငြင်းဆိုပယ်ချခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီတပ်မတော်၊ ကချင်ဒီမိုကရေစီသစ် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့များကိုလည်း ကလေးစစ်သား အသုံးပြုမှုများ ရပ်တန့်ရန် လူ့အခွင့်အရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) မှ စည်းရုံး လှုံ့ဆော်နေကြောင်း သိရသည်။

ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ သင်္ဘော အိန္ဒိယ ရေတပ် နှစ်မြုပ်

19 November 2008
ဆိုမားလီယား ကမ်းရိုးတန်းမှာ ရှိနေတဲ့ ပင်လယ် ဓားပြတွေ သိမ်းပိုက်ထားတယ်လို့ ယူဆထားရတဲ့ သင်္ဘော တစင်းကို အိန္ဒိယ ရေတပ် သင်္ဘော တစင်းက ဖျက်ဆီး နှစ်မြုပ်ပစ် လိုက်တယ်လို့ အိန္ဒိယ ရေတပ်က ပြောကြားလိုက်ပါတယ်။ စပိ ဘုတ် ၂စင်း ခြံရံထားတဲ့ ပင်လယ်ဓားပြတွေ သိမ်းထားတယ်လို့ ယူဆရတဲ့ သင်္ဘောနဲ့ အိန္ဒိယ ရေတပ် သင်္ဘော တာဘာ တို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အိန္ဒိယ စစ်အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ပင်လယ် ဓားပြတွေက စစ်သင်္ဘောကို စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်တပ်က သူတို့ သဘောင်္ကို နစ်မြုပ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အီဒင် ပင်လယ်ကွေ့မှာ အင်္ဂါနေ့က သင်္ဘော ၃ စင်းကို ပင်လယ် ဓားပြတွေက အပိုင်စီးခဲ့တယ်လို့ ရေကြောင်းအရာရှိတွေက ပြောပါတယ်။ ဒါဟာ သင်္ဘောသား ၁၆ဦး အပါ ထိုင်း ငါးဖမ်းသင်္ဘော တစင်း၊ သင်္ဘောသား ၂၅ ဦးပါ အီရန် ကုန်တင်သင်္ဘောနဲ့ သင်္ဘောသား ၂၃ဦး အနဲဆုံး ပါတဲ့ ဂရိ သင်္ဘောတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ သင်္ဘောသား ၂၅ဦး ပါ ဆော်ဒီရေနံတင် သင်္ဘောကို ပင်လယ်ဓားပြတွေ ခြေကုတ်ယူထားတဲ့ ဆိုမာလီ ဆိပ်ကမ်း ဟာရာရာဆီကို ပင်လယ်ဓားပြတွေက မောင်းနှင်ပြီး ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

နိုင်ငံရေး လှုပ်ရှားသူတွေကို ဆက်လက် ထောင်ဒဏ်ချမှတ်ပြီး နယ်ထောင်တွေကိုပို့

19 November 2008

ဦးအောင်လွင်ဦး


မြန်မာ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တာတွေ ဒီလို ပြစ်ဒဏ် ပေးခံရသူတွေကိုလည်း နယ်စွန်နယ်ဖျားက ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်တာတွေ ဆက်လက် ပြုလုပ်နေပါတယ်။ ဒီကနေ့ ဆိုရင်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့ကို ထောင်ဒဏ်ချမှတ်တာတွေ ရှိခဲ့သလို ဒီရက်ပိုင်းအတွင်း နယ်ထောင်တွေကို ပို့ဆောင်တာတွေလုပ်နေလို့ မိသားစုဝင်တွေလည်း ပူပင်သောက ရောက်နေ ကြရပါတယ်။ ကိုအောင်လွင်ဦး က ဒီအကြောင်းတွေကို စုံစမ်းထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၃ ဦး ကို အာဏာပိုင်တွေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဆူပူအုံကြွမှုတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ အနည်းဆုံး ၄ နှစ်ကနေ ၁၁ နှစ်ခွဲ အထိ ချမှတ်လိုက်တာပါ။ အခုဆိုရင် တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်း ကို ထောင်ဒဏ် ၆ နှစ်ခွဲ၊ ကိုကျော်စွာခေါ် ကိုကျော်ဋ္ဌေးလွင် ကို ၅ နှစ် နဲ့ ကိုကျော်ဆန်း ကို ၄ နှစ် အသီးသီး အပြစ်ပေး စီရင်လိုက်တာဖြစ်ပြီးတော့ ဒီနောက်မှာ ကျောက်တံတားမြို့နယ် တရားရုံးကလည်း ကိုကျော်စွာကို နောက်ထပ် ၆ နှစ်ခွဲ အပြစ်ပေးခဲ့လို့ အများဆုံးပြစ်ဒဏ် ၁၁ နှစ်ခွဲ ကျခံခဲ့ရပါတယ်။ အခုနောက်ဆုံး စီရင်ချက် ချမှတ်ခံခဲ့ရတဲ့ ကိုဒီငြိမ်းလင်း အပေါ်မှာ စွပ်စွဲချက်တွေကလည်း ကျန်ရှိနေဆဲ ဖြစ်တာမို့ နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ်တွေ စီရင်ခံရမယ့် အခြေအနေနဲ့ လည်း ရင်ဆိုင်နေရတာပါ။ ဒီကနေ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် တရားခွင်မှာ စီရင်ချက် ချမှတ်တာကို သွားရောက် ကြားနာခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း ပြောပြတာကတော့ -

“ဒီနေ့ သားကြီးကို စမ်းချောင်းတရားရုံးမှာ အမိန့်ချတယ်။ ပုဒ်မတွေက ၅၀၅ ခ၊ ၁၄၇၊ ၁၄၃၊ ၂၉၅ ဆိုပြီး ၆နှစ်ခွဲ ထောင်ဒဏ်ချ လိုက်တယ်။ မနက်ဖြန်မှာ ၂ခု ရှိသေးတယ်။ အနောက်ပိုင်း တက္ကသိုလ်က စွဲထားတာ။ ထန်းတပင် တရားရုံး က ထုတ်မှာ။ ၂၁ရက်နေ့မှာ ဒဂုံ တရားရုံးမှာလည်း ရှိသေးတယ်။”


အခုလို ကြီးလေးတဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ချက်ချမှတာတွေကို အာဏာပိုင်တွေကဆက်လုပ်နေသလို ပြစ်ဒဏ်စီရင်ပြီးသူတွေကိုလည်း မိသားစုနဲ့ အလှမ်းဝေးရာ နယ်မြို့တွေက အကျဉ်းထောင်တွေဆီ ပို့ဆောင် နေတာတွေဟာလည်း ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနယ်စွန်နယ်ဖျား ဝေးလံတဲ့ အကျဉ်းထောင်တွေကို ပို့ဆောင်နေပေမယ့်လည်း မိသားစုဝင်တွေကိုယ်တိုင်ကတော့ ဒီလို ရွှေ့ပြောင်းတာတွေကို အချိန်မီသိနိုင်တဲ့ အခြေအနေမျိုးလည်းမရှိ၊ ပြောင်းရွှေ့လိုက်တယ်လို့ဆိုတဲ့ ထောင်တွေကို စုံစမ်းလို့ မရ အခြေအနေမျိုးတွေနဲ့လည်း ကြုံနေရတယ်လို့လည်း ဆိုပါတယ်။ ဒီကနေ့ အင်းစိန်ထောင်မှာ သွားရောက် သတင်းစနည်းနာကြတဲ့ မိသားစုဝင်တွေ ပြောပြတာတွေကိုတော့ သူတို့နဲ့ နီးစပ်သူ တယောက်က အခုလို ဆိုပါတယ်။

“ထောင်ပြောင်းတာမှာ ဗိုလ်ကလေးက ဦးအောင်မြင့်က မြောင်းမြ၊ ဦးတင်မြင့် သာကေတ က သာယာဝတီ၊ ဦးမောင်တန် ၀ါးခယ်မ က တောင်ကြီး။ ပြောင်းပြီးတော့မှ ထောင်ဝင်စာသွားတော့မှ ပြောင်းသွားပြီဆိုတာကို သိရတာ။ အခုဆိုရင် ထောင်ရှေ့မှာ မိသားစုဝင်တွေက မသိမှာစိုးလို့ နေ့တိုင်းလိုလို လာပြီး အလုပ်ပျက်ခံပြီးတော့ စောင့်နေကြတယ်။ သူတို့ကတော့ အဝေးကြီးတွေ ရောက်သွားမှာကို စိုးရိမ်တယ်။ အခုချိန်က ရာသီဥတုဒဏ်ကလည်း ပြင်း။ ရန်ကုန်မှာ နေတဲ့သူတွေက ဟိုးတောင်ဖျား အအေးပိုင်းတွေကို သွားရတော့ ရောဂါတွေ၊ ငှက်ဖျားတွေ ဘာညာ ၀င်မှာကို စိုးရိမ်နေတာပေါ့။”

အခုနောက်ဆုံး စီရင်ချက်ချမှတ်ခံခဲ့ရတဲ့ ကိုဒီငြိမ်းလင်း ရဲ့ ဖခင်ဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဇော်မင်း ဟာဆိုရင်လည်း အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆၅ နှစ် စီရင်ခံခဲ့ရပြီး မအူပင်ထောင်ကို ပြောင်းရွှေ့လိုက်တာမို့ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာကို မိခင်ဖြစ်သူက ပူပန်သောက ရောက်နေရတာပါ။

“သားကိုလည်း ထောင်ချပြီးပြီ။ နောက်တခုက နယ်တွေရွေ့မှာကို စိုးရိမ်ရတာပေါ့။ လမ်းခရီးရှိမယ်။ ဘယ်တွေ ပို့မယ် ဆိုတာကို အခုချိန်အထိ မသိရဘူး။ ယောင်္ကျားဆိုလည်း ၆၅နှစ် သားလည်း အခု စုစုပေါင်းမယ်ဆိုရင် ၁၅နှစ်လောက် ရှိမယ်။ ယောင်္ကျားအတွက်ရော၊ သားအတွက်ရော၊ အမျိုးမျိုး စိတ်ပူရတာပေါ့။”


ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ သားဖြစ်သူ ကိုဒီငြိမ်းလင်း နဲ့ ခင်ပွန်းသည်တို့အတွက် သောကရောက်နေတဲ့ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း ဖြစ်ပါတယ်။ ဒီလို ထောင်ဒဏ်ပြစ်ဒဏ်တွေစီရင်ပြီးမှ နယ်ထောင်တွေကို ပို့နေတယ် ဆိုပေမယ့်လည်း တကယ်တမ်း အဲဒီထောင်တွေမှာ မိသားစုက ဆက်သွယ်တဲ့အခါမှာလည်း စုံစမ်းလို့မရ ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။ ဒီအထဲမှာ ပြီးခဲ့တဲ့ အပတ်ထဲကမှ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် ခံခဲ့ရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး ဟာ ဆိုရင်လည်း ရန်ကုန်အင်းစိန် ထောင်ကနေ စစ်ကိုင်းတိုင်း ကလေးထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ မိသားစုကို ပြောပေမယ့် တကယ်တမ်း ဆက်သွယ် စုံစမ်းလို့ မရနိုင် အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့လည်း နီးစပ်သူ မိသားစု မိတ်ဆွေက ဆိုပါတယ်။

“မနက်ကတည်းက ကလေး ထောင်ကို စုံစမ်းတယ်။ ကလေးထောင်ကို မရောက်သေးဘူးတဲ့။ သူတို့ ရွေ့သွားတာ ဘယ်လောက်ကြာပြီလဲ၊ သူတို့ကို ၁၄ရက်ကတည်းက ရွေ့သွားတာ အခု ၁၉ရက်ရှိပြီ၊ အဲဒီတော့ ဘယ်မှာ ၀င်ပြီးတော့ ထားလိုက်သလဲ ဆိုတာ မသိရတော့ အိမ်က မိသားစုတွေက စိတ်ပူရတာပေါ့။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွေ၊ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီ လှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီး ခံထားရသူတွေကို ဒီလဆန်းပိုင်းကစလို့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာ အခုဆိုရင် တရာလောက် ရှိနေပြီဖြစ်ပါတယ်။ ဒီအထဲမှာ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်တွေ အဖြစ် ထောင်ဒဏ် ၆၅ နှစ် အထိ ချမှတ်ခဲ့တာဖြစ်သလို နောက်ထပ် စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရဆဲ ဖြစ်တာမို့ ဒီထက်ပို ပြစ်ဒဏ်တွေ များနိုင်စရာ လည်း ရှိနေပါတယ်ခင်ဗျာ။

မတရား ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်းဟာ နိုင်ငံတကာ ရာဇ၀တ်မှု ကျူးလွန်ရာရောက်ဟု ဥပဒေပညာရှင်များ ဝေဖန်

19 November 2008

ဦးသားညွန့်ဦး -


မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေကို မညှာမတာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ တရားသူကြီးတွေနဲ့ တရားသူကြီးချုပ် ဦးအောင်တိုးတို့ဟာ နိုင်ငံတကာ တရားသူကြီးတွေ လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်ပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်တာကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC ကနေ သူတို့ကို အရေးယူရမယ်လို့ ဥပဒေ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံကိစ္စ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံးမှာ တရားကြားနာဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ဆုံးဖြတ်ပေးဖို့ အမေရိကန် အမေရိကန် အခြေစိုက် ဥပဒေ ပညာရှင်များ အဖွဲ့ဖြစ်တဲ့ Global Justice Center နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီတို့က ပူးတွဲ ပြီးတော့ ဒီနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အတွင်းရေးမှူး ဦးအောင်ထူးကို ဦးသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘယ်လို အထောက်အထားတွေကြောင့်များ အခုလို ICCကို တင်ဖို့ အခြေအနေထိ ဖြစ်လာတာလဲခင်ဗျာ။

နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားဥပဒေ ပုဒ်မ ၇ ၁ င ဟာ လူသား ဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုရဲ့ ဥပဒေ အောက်မှာ ပြဌာန်းချက်တခုပါတယ်။ နိုင်ငံတကာ ဥပဒေ အခြေခံများကို ချိုးဖောက် ဆန့်ကျင်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံထဲမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်ကို တရားရုံးတွေက ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက် ပေးနိုင်စွမ်းမရှိတော့ဘူး၊ ကာကွယ် စောင့်ရှောက်ပေးဖို့ ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်အလက်တွေ ပေါ်လွင်လာတဲ့အခါ အဲလိုအရေးယူနိုင်တယ်လို့ အဲဒီ ဥပဒေရဲ့ အခြေခံက ဆိုလိုခြင်းဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တရားစီရင် စနစ်ဟာ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်မှုတွေကို ကာကွယ် စောင့်ရှောက်ပေးချင်း မရှိတဲ့အပြင်ကို သူတို့ကိုယ်တိုင်က ဖိနှိပ်ရေး ကိရိယာတခုအဖြစ်နဲ့ ထင်ထင်ရှားရှား အသုံးချခံလာရတယ်ဆိုတဲ့အချက်က အငြင်းမပွားတော့ဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့် ဒီကိစ္စကို တိုးတက် ကောင်းမွန်အောင် လုပ်မယ်ဆိုရင် အခြားနည်း လုံးဝမရှိတော့ဘူး နိုင်ငံတကာက ပြစ်မှုဆိုင်ရာ ဥပဒေအရသာလျင် အရေးယူဆောင်ရွက် နိုင်စွမ်းရှိတယ်။ အဲဒီလို အရေးယူ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်ကလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပဲ ဖြစ်တယ်၊ သူမှာလည်း တာဝန်ရှိတယ်ထင်လို့ ကျွန်တော်တို့ တင်ပြရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ICCမှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။ လုံခြုံရေးကောင်စီမှာ တင်တိုင်းလည်း မြန်မာကိစ္စမျိုးက အင်အားကြီး နိုင်ငံတချို့ရဲ့ ပယ်ချတာတွေ ခံနေရတာဖြစ်တဲ့အတွက် တကယ်တမ်း ICCကို တင်နိုင်ဖို့ အလားအလာ ရှိတယ် ထင်ပါသလား။

အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကြိုးစား တင်သွင်းတဲ့ အပိုင်းတွေမှာ နိုင်ငံရေး သိပ်ဆန်သွားတယ်။ ကျွန်တော်တို့ တင်ပြတာက နိုင်ငံတကာ ဥပဒေ အခြေခံအဖြစ် ကုလသမဂ္ဂ ပဋိဥာဏ် စာတမ်း အခန်း ၇မှာ ပါတဲ့ ပြဌာန်း ချက်ကို သွားစရာမလိုတော့ဘူး။ နိုင်ငံထဲမှာ ရှိတဲ့ ပြစ်မှုရဲ့ ပမာဏက ကြီးသွားပြီး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရား စီရင်ရေး စနစ်က အရေးယူ ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အခါမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လို့ ရတယ်၊ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သာဓက မှုခင်းတွေ ရှိပါတယ်။ တရုတ်ပြည် ကိုယ်တိုင်က ဥပဒေ စိုးမိုးမှုအခြေခံကို ပြန်ပြောင်းတည်ဆောက်ပြီးတော့ ဒီနေ့ တိုးတက် ဖြစ်ထွန်းသွားတာ။ ဒါကြောင့် ဖြစ်နိုင်ချေ ရှိတယ်လို့ တွက်ပါတယ်။

ဒီနေ့ ကြေညာချက်ထဲမှာ တရားသူကြီးချုပ် ဦးအောင်တိုး အပါအ၀င် တရားသူကြီး ၇ ဦးဟာ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ အဓိက လုပ်ခဲ့သူတွေလို့ ဖော်ပြပြီးတော့ ICCမှာ သူတို့ကို တင်ဖို့လည်း ဖော်ပြတယ်ခင်ဗျ။ လက်ရှိ မြန်မာနိုင်ငံမှာ တရားမျှတစွာ အုပ်ချုပ်မှုမရှိဘူး။ အုပ်ချုပ်ရေးပိုင်းက တရားဥပဒေပိုင်းကို ၀င်ရောက် စွက်ဖက် နေတော့ ဒီလို လူမျိုးတွေကိုရော အပြစ်တင်လို့ ရပါ့မလား။

ဒီလို လူမျိုးတွေကို ဒီနေ့အချိန်မှာ ရာနှုန်းပြည့်ကို အရေးယူနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ အထူးသဖြင့် ဦးအောင်တိုး ဦးဆောင်တဲ့ ပြီး ဒီလို ပြစ်မှုကြီးတွေမှာ အာဏာပိုင်တွေ အလိုကျ ရက်ရက်စက်စက် လုံးဝမမျှတတဲ့ ပြစ်ဒဏ်ကြီးတွေ ချတာဟာ ပြည်တွင်း ဥပဒေကိုလည်း ချိုးဖောက်တယ်။ ဦးအောင်တိုး ကိုယ်တိုင် ၁၉၉၅ မှာ ကျင်းပခဲ့တဲ့ ဘေဂျင်း ကွန်ဖရန့်မှာ တရားစီရင်မှုဆိုင်ရာ အခြေခံမူများကို တခြား တရားသူကြီးချုပ် ၂၀လောက်နဲ့ အတူတူ လက်မှတ် ရေးထိုးခဲ့တာ၊ အဲဒီထဲမှာ တရားစီရင် လွတ်လပ်မှု၊ ဥပဒေ စိုးမိုးမှု အခြေခံကို ဖော်ဆောင်ဖို့၊ နိုင်ငံသားတွေ လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်မှုတွေ အပြည့်အ၀ပါတယ်။ အဲဒါကို ဦးအောင်တိုး ဦးဆောင်ပြီးတော့ ချိုးဖောက်တယ်။ ဟစ်တလာ လုပ်ခဲ့တဲ့ တရားခွင်တွေ၊ ဆန္ဒန်ဟူစိန် လက်ထပ်မှာ အတိုက်အခံတွေကို လက်ရှိတရားစီရင်ရေး စနစ်ကို သုံးပြီးတော့ ပြစ်ဒဏ်မတန်တဆတွေ စီရင်တာဟာ ပြစ်မှုပဲဆိုတဲ့ သုံးသပ်ချက်တွေ နိုင်ငံသားဥပဒေက ထွက်လာတယ်။ ဒီနေ့ ဦးအောင်တိုးတို့ သွားနေတဲ့ လမ်းကြောင်းကလည်း အဲဒီလိုပဲဖြစ်တယ်။ တရားစီရင်ရေး ဥပဒေ စနစ်ကို ဖိနှိပ် ယန္တရားအဖြစ် အသုံးချခံရတဲ့ အခါမှာ သူတို့ ကိုယ်တိုင်က တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် သူတို့ကိုပါ အရေးယူ သင့်တယ်လို့ ကျွန်တော်တို့က ပထမဦးဆုံး အကြိမ်ထောက်ပြ တင်ပြတာဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလအစီရင်ခံစာ ကြိုဆို

19 November 2008
မြန်မာစစ်တပ်အနေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား အမျိုး
သမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျင့်သုံးလုပ်ဆောင်
နေတယ်ဆိုပြီး အလေးပေးဖော်ပြလိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို လူ့အခွင့်
အရေး လှုပ်ရှားမှုအဖွဲ့က ထောက်ခံကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂက အခုလိုထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်
မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ထောက်ခံတဲ့အကြောင်း
အင်္ဂါနေ့က ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်း
လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ (CEDAW)
က နိုဝင်ဘာ ၇ ရက်နေ့စွဲနဲ့ ပထမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ
မြန်မာနိုင်ငံက တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှု
တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာနဲ့ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေသူတွေကို
တရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်နေတာတွေအပေါ် အထူးစိုးရိမ်မှုရှိတယ်ဆိုတဲ့
အကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေကို မြန်မာစစ်တပ်အနေနဲ့ လက်နက်သဖွယ်
အသုံးချနေတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့အပေါ်မှာ မြန်မာစစ်အစိုးရက အရင်က ငြင်းဆိုခဲ့ဖူး
ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်မှုတွေကို စနစ်တကျ အသုံးပြုနေတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု
တွေအားလုံးကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပြီး အရေးယူ
လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။

ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံနှစ်ခုဖြစ်တဲ့၊ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့
တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပိတ်ဆို့ခဲ့တာကြောင့် အရေးယူလုပ်ဆောင်ဖို့
အဖြေထွက်မလာခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများ
ကတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ်
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဥပဒေအသုံးချ နှိပ်ကွပ်နေတာတွေကို ကုလအထူးကိုယ်စားလှယ် စိုးရိမ်

19 November 2008

ဦးကျော်ကျော်သိန်း


မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အခုရက်ပိုင်း
နှစ်ရှည်ထောင်ဒဏ်တွေ ချနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့
လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ ၅ ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြပါ
တယ်။ ဒီလို နှောင့်ယှက်ဖမ်းဆီး ထောင်ချနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆို
လိုက်ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး
တဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ တင်ပြထားပါ
တယ်။

အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ် အထူး
စိုးရိမ်မိတဲ့အကြောင်း ဗွီအိုအေကို ပြောခဲ့သူကတော့ လွတ်လပ်စွာ သဘောထားအမြင်
ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး
စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး (Frank La Rue) ဖြစ်ပါတယ်။

"အာဏာရှင်အစိုးရတရပ်က တရားဥပဒေကို ဒီလို ရက်ရက်စက်စက်လုပ်ရပ်မျိုးမှာ
အသုံးပြုတဲ့အခါတိုင်း စိုးရိမ်ဖွယ်ရာ ဖြစ်တာပါပဲ။ တရားဥပဒေဟာ လူ့အခွင့်အရေးနဲ့
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပေါ်မှာ အခြေခံသင့်တယ်လို့ ကျနော်တို့ ယုံကြည်
ပါတယ်။ အတိုက်အခံဘက်ကလူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှစ်ရှည်ထောင်ဒဏ်
တွေ ချပစ်တာတွေအပေါ် ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ တရားရေးစနစ်ရဲ့
လွတ်လပ်မှုနဲ့ အမြင်တွေအပေါ် ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒါ့ကြောင့်လည်း အထူး စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ကျနော်တို့ရဲ့စိုးရိမ်မှုကို အစိုးရ
သိအောင်ဖော်ပြပြီး ထိန်းသိမ်းထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ထပ်
သတင်းအချက်အလက်တွေ တောင်းခံထားတာပါ။"

မစ္စတာ ဖရန့်ခ် လာ ရူးဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ
ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေးယား ကင်တားနား
(Tomás Ojea Quintana) အပါအ၀င် တခြား လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေး
ရေးမှူး ၄ ဦးနဲ့အတူ မြန်မာနိုင်ငံက လက်ရှိ ထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီး
နိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူပါ။

သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေမှာ ပုံဖော်ထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီ
အရပ်သားအစိုးရတရပ်ဆီ အသွင်ကူးပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ
စပြီးလုပ်ဆောင်ဖို့၊ ၂၀၁၀ ပြည့်နှစ်မှာကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့
အထွေထွေရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ကြိုတင်သတ်မှတ်ချက်တွေ
ပြည့်ဝစေရေး လုပ်ငန်းတွေကို ချက်ချင်း စပြီးလုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အပြင်း
အထန် တိုက်တွန်းထားပါတယ်။

အခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကိစ္စကို မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူတွေကရော၊ မြန်မာ့အရေး စိတ်ပါဝင်စားတဲ့ တခြားကမ္ဘာ့နိုင်ငံတွေကရော
လက်မခံနိုင်ဘူးလို့ ပြောထားတာတွေကလည်းရှိတော့ ကုလသမဂ္ဂ အထူးစုံစမ်း
စစ်ဆေးသူတွေ အပါအ၀င် ကုလသမဂ္ဂရဲ့ သဘောထားက အခြေခံဥပဒေကို လက်ခံ
တယ်၊ ၂၀၁၀ ရွေးကောက်ပွဲနည်းလမ်းအတိုင်းပဲ သွားမယ်ဆိုတဲ့ အဓိပ္ပာယ်
သက်ရောက်သလို ဖြစ်နေပါတယ်။

ဒီအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂဟာ အပြုသဘောဆောင်တဲ့
နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်လို့ ဆိုပါတယ်။

"အခြေခံဥပဒေကို လက်ခံဖို့ လက်မခံဖို့ဆိုတာ ကျနော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး။
ကျနော်တို့ရဲ့ အခန်းကဏ္ဍက အခြေခံဥပဒေတွေဟာ ယေဘုယျအားဖြင့် နိုင်ငံတကာ
လူ့အခွင့်အရေး စံနှုန်းစံထားဘောင်ထဲမှာ ရှိရဲ့လား၊ နိုင်ငံတွင်းမှာ နိုင်ငံတကာ
လူ့အခွင့်အရေးတွေကို လေးစားသမှုရှိရဲ့လား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။"

ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရားရေးစနစ်ကို
ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထားတဲ့အချက် ပါပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့
တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲ
ဆိုတဲ့ မေးခွန်းအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်
အိုဟေးယား ကင်တားနားဟာ မြန်မာနိုင်ငံက အခြေအနေ အဖြစ်အပျက်တွေကို အနီး
ကပ် စောင့်ကြည့်လေ့လာနေသူဆိုပြီး ပြန်ညွှန်းပါတယ်။ သူ့အနေနဲ့ကတော့ လွတ်လပ်
စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ကိုပဲ အဓိက ပြောဆိုခဲ့ပါတယ်။

"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ကျနော့်ရဲ့
အဓိကစိုးရိမ်ချက်ကတော့ အတိုက်အခံတွေရဲ့အမြင်ကို ထင်ဟပ်ပြောဆိုကြတယ်ဆိုပြီး
လူတွေကို ဖိနှိပ်နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတာပါပဲ။ ဘယ်လို
ဒီမိုကရေစီ လူ့အဖွဲ့အစည်းမျိုးမှာမဆို သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို
ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ လေးစားသမှုနဲ့ နားထောင်ခွင့်ရသင့်တဲ့ အတိုက်အခံအမျိုး
မျိုးကို ခွင့်ပြုဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။"

လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်
ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ်
လာ ရူး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တဲ့အကြောင်း ဆက်တိုက်ဆိုသလို ပြောဆို
လာတဲ့ကြားကပဲ မြန်မာအာဏာပိုင်တွေကတော့ ဖမ်းဆီးထားတဲ့ထဲက ထောင်မချရ
သေးတဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီးချလိုက်၊ ထောင်ချပြီးတဲ့ထဲက
တချို့ကို ဝေးလံခေါင်သီတဲ့ထောင်တွေဆီ ပြောင်းပို့လိုက် လုပ်နေဆဲပါ။

ဖမ်းဆီးခံထားရသူအများစုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မတိုင်ခင်လေးနဲ့ ရွှေဝါ
ရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီးခံရသူတွေဖြစ်ပြီး တရားရုံးတင် မစစ်ဆေးဘဲ ချုပ်ထား
တာကိုက နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ဒီလူတွေကို အခုအချိန်ကျမှ ဆက်တိုက် မြန်မြန်
ဆန်ဆန် ထောင်ချပစ်နေတာဟာ ဘာ့ကြောင့်လဲ၊ နောက်ကွယ်မှာ ဘာအကြောင်း
တွေ ရှိသလဲဆိုပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကြား ဆန်းစစ် အဖြေ
ရှာနေကြပါတယ်။

ကျောင်းမြေကို စိုက်ပျိုးမြေအဖြစ် ငှားရမ်းခွင့် စစ်တပ်က ပိတ်

ညွန့်ထွေး

နိုဝင်ဘာ ၁၉၊ ၂၀၀၈

မြောက်ဥက္ကလာမြို့နယ်က စာသင်ကျောင်းများက မြေလွတ်တွေမှာ ဟင်းရွက်စိုက်ခင်းအဖြစ် ငှားရမ်းနေတာကို စစ်အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ စီးပွားကြပ်လို့ ပညာရေးဝန်ထမ်းတွေက ကြားပေါက်ဝင်ငွေအဖြစ် ဟင်းရွက်စိုက်သူတွေကို မြေကွက်များ ငှားစားနေကြတာ ကြာမြင့်ပြီ ဖြစ်ရာ ယခုလိုပိတ်ပင်လိုက်တဲ့အတွက် တချို့က ကျေနပ်ကြသလို တချို့ကလည်း မကျေနပ်ကြဘူးလို့ ဆိုပါတယ်။

“ကျောင်းမြေလွတ်တွေမှာ ကျောင်းသားကလေးတွေ မကစားရဘူး၊ ကျောင်းအုပ်တွေက သူတို့သီးခြားဝင်ငွေရအောင် လေလံပစ် ကန်ထရိုက်ပေးနေတာ။ တခင်းကို တနှစ် ၄ သိန်း ၅ သိန်း ရကြတယ်။ တချို့မြေကွက်ကြီးတွေမှာဆို ၁၀ သိန်းကျော် ငှားခရကြတယ်။ စိုက်တာကတော့ ကန်စွန်းပင်တွေ အများဆုံးပဲ။

လို့ ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။

ကျောင်းစိုက်ခင်းများ ငှားရမ်းပြီး ၀င်ငွေရှာတာဟာ အထက်က မြို့နယ်ပညာရေးမှူးများအထိ အဆင့်ဆင့် တင်ပြပြီး ဆောင်ရွက်တာပါလို့ တချို့ကျောင်းအုပ်တွေက ရှင်းပြတယ်လို့ သိရပါတယ်။ တချို့ကျောင်းဆရာ ဆရာမတွေကတော့ သူတို့အတွက် ဘယ်သက်သာချောင်ချိရေး ဝေစုမှ မရပါဘူး လို့ ပြောကြပါတယ်။
“နေရာတိုင်းမှာ အဂတိလိုက်စားတာတွေ၊ အလွဲသုံးစားလုပ်နေတာတွေ ချည်းပါပဲ။ ကျောင်းဆရာတွေကတော့ ကျုရှင်တောင် ပေးခွင့်မရှိပါဘူး။ လက်ရှိ ကျူရှင်ဥပဒေကြောင့် အရေးယူခံရနိုင်တယ်။ ဒါပေမယ့် ကျောင်းဆရာတွေက လစာနဲ့ မလောက်ငှလို့ ကျုရှင်ပြကြရတယ်။ အများစုက တတ်တဲ့ ကျောင်းဆရာပညာနဲ့ စားဝတ်နေရေးကို ဖြေရှင်းရတာပါ။ အခုလို ကျောင်းမြေကို စိုက်ခင်းငှားစားကြတာကတော့ မနှစ်ကမှ မြောက်ဥက္ကလာတ၀ိုက် ခေတ်စားတာပါ။ အခုဆို ရန်ကုန်တ၀ိုက်က ကျောင်းမြေတွေမှာ စိုက်ခင်းငှားစားကြတာ များလာတယ်”

လို့ မူလတန်းပြ ကျောင်းဆရာတဦးက သူ့သဘောထားကို ပြောပြပါတယ်။

မိုးစပါးပေါ်ချိန် လေဘေးသင့်သမားများ အခက်ကြုံဆဲ

မိုးစပါးပေါ်ချိန်မှာ မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းက လေဘေးသင့်လယ်သမားများမှာ အလုပ်သမား ရှားပါးမှု၊ လုပ်ငန်းခွင် ကိရိယာ မစုံလင်မှုတို့ကြောင့် အခက်ကြုံနေတယ်လို့ သိရပါတယ်။ မျိုးစပါးအတွက်လည်း မျိုးမအောင်တဲ့ စိုက်ခင်းတွေက များနေတယ်လို့ တောင်သူတွေက ပြောပြကြပါတယ်။

“လူ အသေအပျောက်များတယ်။ အလုပ်သမားရှားတယ်။ ကျွဲနွားလည်း ရှားတယ်။ တံဇဉ်တောင် မနည်း ရှာကြရတာ။ စပါးနယ်ဖို့ နွားလည်း မလောက်၊ ကောက်လှိုင်းကို မြေအမာပေါ် ရိုက်ချွေနေရတယ်။”

ဒေးဒရဲက လယ်သမားတဦးက ပြောပါတယ်။

“ အစိုးရက ကူတယ်ဆိုတာက ပြောပလောက်အောင် မဟုတ်ဘူး။ ကိုယ်ထူကိုယ်ထ လုပ်ကြရတာ များပါတယ်။ လယ်တွေမှာ မြေဆီ မသုံးနိုင်ဘူး။ ရတဲ့မျိုးတွေက ဒီဒေသနဲ့ တည့်တဲ့ မျိုးမဟုတ်တော့ သိပ် မအောင်ဘူး။ ပိုက်ဆံကတော့ ချေးပါရဲ့။ ခု ထွက်တဲ့စပါးတွေက အကြွေးဆပ်တာနဲ့တောင် လောက်မှာ မဟုတ်ဘူး”

အဆိုပါ လယ်သမားက လက်ရှိ အခြေအနေကို ရှင်းပြတာ ဖြစ်ပါတယ်။

ယခင်လက စပါး တင်း ၁၀၀ ငွေကျပ် ၈ သိန်း ရှိခဲ့ပေမယ့် အခုတော့ ၅ သိန်းအထိ ထိုးကျနေပါတယ်။ ပြည်ပသို့ ဆန်ပို့ခွင့် ပြန်ဖွင့်ပြီးနောက်ပိုင်း အခုလို စပါးဈေး ထိုးကျတာ ဖြစ်ပါတယ်။ ကုန်သည်တွေက စပါးကို စိတ်တိုင်းကျ ချယ်လှယ်ပြီး ဈေးကစား အမြတ်ထုတ်ကြမှာလားလို့လည်း သူတို့က စိုးရိမ်နေကြပါတယ်။ နွေစပါးကို ဆားငန်ရေ၀င်ထားတဲ့ မြေမှာ ဘယ်လိုစိုက်ကြမှာလဲ ဆိုတဲ့ မေးခွန်းကလည်း လယ်သမားများကို ခေါင်းခဲစေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအကူအညီ နည်းပါးလာမှုကြောင့် ဒုက္ခသည်စခန်းရှိ ပြည်သူများ အခက်ကြုံနိုင်
Wed 19 Nov 2008, မင်းတလလဝီ၊ မိဂိုတမား
အလှူရှင်များ၏ ကယ်ဆယ်ရေးအကူအညီ နည်းပါးလာမှုကြောင့် မွန်ဒုက္ခသည်စခန်းရှိ ပြည်သူများ အခက်အခဲနှင့် ကြုံတွေ့ဖွယ်ရှိကြောင်း ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌ နိုင်ချစ်တောက ပြောသည်။

မွန်ဒုက္ခသည်စခန်းများတွင် ခလောက်ခနီစခန်း၊ ချဲဒိုက်စခန်း၊ ရေးချောင်းဖျားစခန်းနှင့် ထားဝယ်ခရိုင်စခန်းတို့ ပါဝင်ပြီး အထောက်အပံ့ရရှိလျက်ရှိသော လူဦး ရေ (၉၄၀၄) ဦးရှိကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ၂၀၀၈ ခုနှစ် အောက်တိုဘာလ အစီရင်ခံစာ၌ ဖော်ပြထားသည်။

''ကျနော်တို့ရွာမှာ အလုပ်အကိုင်မရှိတဲ့လူတွေက ကယ်ဆယ်ရေးဆန်ကိုပဲ အားကိုးနေရတယ်။ တကယ်လို့ ကယ်ဆယ်ရေးဆန်ကို မရဘူးဆိုရင် တော်တော် ဒုက္ခရောက်လိမ့်မယ်။ တောင်ယာလုပ်၊ မျှစ်ချိုး၊ ဖက်ခူး၊ တံမြက်စည်းပင် ခုတ်တဲ့အလုပ်ဟာလည်း အရင်နဲ့ မတူတော့ဘူး။ ဒီအနီးအနားတဝိုက်မှာလည်း ရှာလုပ်လို့ မရတော့ဘူး၊ တစ်နေ့လုပ် တစ်နေ့စားပါပဲ၊ အဝေးထွက်ပြီး မရှာနိုင် မလုပ်နိုင်တဲ့သူအတွက် အတော်ဒုက္ခရောက် တာပေါ့'' ဟု ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌက ဆိုသည်။

''ဒီနှစ်မှာ ကျနော်တို့ရွာဘက်မှာရော၊ ချဲဒိုက်ရွာဘက်မှာပါ တောင်ယာစပါး အကြီးအကျယ် ပျက်စီးသွားတော့ ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံနေရတယ်။ ကျနော်တို့ အားထားရတဲ့ ကယ်ဆယ်ရေးဆန်ကလည်း အရနည်းလာတော့ ကျနော်တို့အကြီးအကျယ် ဒုက္ခရောက်နေတယ်'' ဟု ခလောက်ခနီရွာသားတစ်ဦးက ပြောသည်။

ရေးချောင်းဖျားစခန်းတွင် တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်း အနည်းအကျဉ်းရှိပြီး လမ်းပမ်းဆက်သွယ်ရေး အနည်းငယ် အဆင်ပြေမှုကြောင့် အခြားစခန်းများထက် အခြေအနေမဆိုးရွားကြောင်း ယင်းဒေသမှ ရွာသားတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်စခန်းတွင် မြေလွတ်မြေရိုင်းပေါသော်လည်း မွန်ခွဲထွက်ရေးအဖွဲ့နှင့် စစ်အစိုးရတို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် အခြားစခန်းများထက် အခြေအနေဆိုးရွားကြောင်း မွန်လူမှုဒုက္ခကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး နိုင်ကင်းကွန်ကောင်းက ပြောသည်။

မွန်ဒုက္ခသည်စခန်းနှင့် ကရင်ဒုက္ခသည်စခန်း မတူညီကြကြောင်း၊ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့သည်မှစ၍ အလှူရှင်များမှ ကယ်ဆယ်ရေး ဆန်များကို လျှော့ချခဲ့ကြောင်း၊ ယခင်က မွန်ဒုက္ခသည်စခန်းတွင် လစဉ်ဆန်ရရှိခဲ့သော်လည်း ယခုတွင် (၄) လသာ ရရှိတော့ကြောင်း နိုင်ကင်းကွန်ကောင်းက ဆိုသည်။

''မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့တဲ့အချိန်ကစပြီး ကျနော်တို့က အလှူရှင်ဆီမှာ (၆) နှစ် ဆက်လက်ထောက်ပံ့ဖို့ အကူအညီတောင်းခဲ့တယ်။ ဒုက္ခသည်တွေ စားဝတ်နေရေး အခြေကျအောင်ပေါ့။ အခု (၆) နှစ် လွန်လာပေမယ့် ဒုက္ခသည်တွေ အခြေမကျသေးတာကို အလှူရှင်တွေသိလို့ ဆက်ပြီးထောက်ပံ့နေတယ်။ နှစ်တိုင်းလည်း သူတို့လာပြီး အကဲခတ်နေတယ်'' ဟု နိုင်ကင်းကွန်းကောင်းက ပြောသည်။

''အလှူရှင်တွေက နှစ်တိုင်းနှစ်တိုင်း တစ်နှစ်မှာတစ်လ ကယ်ဆယ်ရေးဆန်တွေကို လျှော့ချနေတယ်။ မနှစ်က (၅) လစာရပေမယ့်၊ ဒီနှစ်က (၄) လစာပဲရတော့တယ်။ လာမယ့်နှစ်မှာ (၃) လစာထိ လျှော့ချဖို့ အစီအစဉ်ရှိနေတယ်'' ဟု ၄င်းက ဆက်၍ ဆိုသည်။

ခလောက်ခနီရွာသားများ၏ အဆိုအရ ၄င်းတို့၏ရွာ၌ ကယ်ဆယ်ရေးဆန် ရရှိမှုနှုန်းမှာ လူကြီး တစ်ပုံး (တစ်ခွဲ)၊ မွေးကင်းစမှ ငါးနှစ်အရွယ်ခလေး ပုံးဝက် (တစ်စိတ်) ဖြစ်ပြီး တစ်နှစ်လေးကြိမ် ရရှိသည်ဟု ဆိုသည်။

လာမည့်နှစ်တွင် မုဆိုးမ၊ လူအိုနှင့် ခြေလက်အင်္ဂါမစုံလင်သောသူများ၏ စာရင်းများကို သေချာစွာ ကောက်ယူ၍ တစ်နှစ်ပတ်လုံး လစဉ် ကယ်ဆယ်ရေးဆန်များပေးရန်အတွက် အလှူရှင်များထံ တင်ပြရန်ရှိကြောင်း နိုင်ကင်းကွန်ကောင်းက ဆိုသည်။

ရဲချုပ်ခင်ရီ ပြည်ထဲရေး ဒု-၀န်ကြီးအဖြစ် တိုးမြှင့်ခံရ
သတင်း - မဇ္ဈိမသတင်းဌာန
Wednesday, 19 November 2008 17:45


မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများအား ယနေ့တွင် ပြုလုပ်လျက်ရှိရာ ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီအား ဒုတိယ ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သို့သော်လည်း တရားဝင် အမိန့်ပြန်တမ်းမှာ လာမည့် သတင်းပတ် အနည်းငယ်တွင်မှ ထွက်လိမ့်မည်ဟု မျှော်မှန်းရသည်။

နအဖ စစ်ခေါင်းဆောင်များ၏ ၄ လပတ် အစည်းအဝေးမှ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာမည့် ရာထူး အပြောင်းအလဲများနှင့် ပတ်သက်ကာ ဆက်လက် တင်ပြသွားပါမည်။

နမ့်ဇန်-ကျိုင်းတုံ ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း- ဒေသခံတို့ အဓမ္မ လုပ်အားပေး ခိုင်းခံရမည့်အရေး တွေးပူနေ
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Wednesday, 19 November 2008 11:40

သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်းမှ သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံအထိ မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ရပခတိုင်းမှူးနှင့် တြိဂံစစ်ဒေသတိုင်းမှူးတို့ စစ်ဆေး ကြည့်ရှုခဲ့ကြစဉ် ဒေသခံတို့ အဓမ္မ လုပ်အားပေးခိုင်းစေခြင်း ခံရတော့မည့်အရေး တွေးပူနေကြသည်ဟု ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုပါသည်။

ယခုဖောက်လုပ်မည့် ရထားလမ်းသစ်နှင့်ပတ်သက်၍ ကျိုင်းတုံဒေသခံ ကုန်သည်တစ်ဦးက “အသေချာဆုံးတစ်ခုက ကျေးလက် ဒေသခံတွေမှာ အရင်ကလို အဓမ္မလုပ်အားပေး ခိုင်းမှာဘဲ။ သံလွင်အရှေ့ခြမ်း တာ့ကော့ဆိပ် - မိုင်းပြင်းမြို့-တုံတာ အုပ်စုကြား မှာ လမ်းကြမ်းတယ်။ တောင်ကမ်းပါးယံ လျှိုမြောင်တွေ မတ်စောက်မြင့်မားတယ်။ ဆိုတော့ ဒေသခံတွေအတွက် အတော့ကို ဒုက္ခရောက်ရမယ်” ဟု ပြောပြသည်။

အသက် ၄၀ ကျော် အဆိုပါကုန်သည်က “ ကျနော်တို့ ငယ်ငယ်တုန်းက ဗမာစကားပြောရင် ‘သံလွင်မြစ် အရှေ့ခြမ်းက ဗမာ စကား သိပ်နားမလည်ဘူး’ လို့ ကျနော်တို့ လှောင်ပြောင်ခံရတယ်။ မ၀တ ခေတ်နောက်ပိုင်းကျတော့ ဗမာစကားမပြောတတ်တဲ့ ကျိုင်းတုံမြို့ခံ မရှိသလောက်ဖြစ်နေပြီ။ အခု ကျိုင်းတုံအထိ ရထားလမ်း ထပ်ဖောက်မယ်ဆိုတော့ ရထားလမ်းအနီးအနားက ရွာသားတွေ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေရှိမယ်။ အညာကလူတွေ ရထားနဲ့ ကပ်ပါလာကြမယ်။ သူခိုး၊ ဓါးပြ၊ သူတောင်းစားတွေ ပေါလာမယ်။ နောက်ပိုင်း ကျိုင်းတုံဟာလည်း ဗမာစကား အဓိကထားပြောရမယ့် တောင်ကြီးလိုဖြစ်လာမှာ မလွှဲဘူး ” ဟု ဆက်ပြောသည်။

စီးပွါးရေးလုပ်ငန်းရှင်များ ကုန်သည်များအတွက် ကူးသန်းရောင်းဝယ်ရေးအဆင်ပြေမည်ဟု (တပ်တွင်းမှ) တချို့က ပြောသော်လည်း ကလော-နမ့်ဇန် ရထားလမ်းကို ကြည့်ခြင်းအားဖြင့် အသစ်ဖောက်မည့် ရထားလမ်းမှာ အားထားနိုင်ဖွယ်ရာ မရှိကြောင်း၊ကောင်းကျိုးထက် သျှမ်းပြည်လူထု ဆိုးကျိုးóကံရမည်ဖြစ်သဖြင့် အဆိုပါရထားလမ်းသစ်ကို မလိုလားကြကြောင်း အဆိုပါကုန်သည်က ရင်ဖွင့်သည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့အရှေ့ဘက်ဖြတ်သန်းစီးဆင်းသော နမ့်တိန်းချောင်းနှင့် ကွန်ဟိန်းမြို့အနီး ဖြတ်သန်း စီးဆင်းသော နမ့်ပန် ချောင်းကူးမည့် မီးရထားလမ်း တံတားဆောက်သင့်သော နေရာကြည့်ရှုရန် အောက်တိုဘာ ၂၆ ရက်က သွားသော ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့် တာ့ကော့ သံလွင်မြစ်ကူးတံတား၌ တြိဂံစစ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဦးစလုံး ကျိုင်းတုံသို့ ခရီးဆက်ခဲ့ကြသည်ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပြ၏။

“ ရပခတိုင်းမှူးနဲ့အတူ မီးရထားဝန်ကြီး ဗိုလ်ချုပ်မင်းအောင်၊ ဒုဝန်ကြီး ဦးဖေသန်းနဲ့ လမ်းအင်ဂျင်နီယာ တချို့ပါတယ်။ သံလွင် မြစ်ကူး ရထားလမ်း တံတားဆောက်တဲ့နေရာကြည့်ဖို့ တာ့ကော့မှာ တြိဂံတိုင်းမှူးနဲ့ အောက်တိုဘာ ၂၇ ရက်မှာ တွေ့တယ်တဲ့။ ရထားလမ်းသစ်ကို နမ့်ဇန်ကနေ ကျိုင်းတုံအထိ ဖောက်မှာ” ဟုဆို၏။

သျှမ်းပြည်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တစ်ဦးကလည်း“ တရုတ်က မီးရထားစက်ခေါင်း ၉ ခု ပို့လာတယ်။ အခု မန္တလေးတိုင်း သာစည်မှာရှိတယ်လို့ ကြားတယ်။ နမ့်ဇန်ကနေ သံလွင်မြစ် တာ့ကော့ဆိပ်အထိ ဖောက်မယ်။ ကျိုင်းတုံဘက်ကလည်း မြို့အနောက်ဘက် ကျိုင်းတုံတက္ကသိုလ်နားမှာ ဘူတာဆောက်မယ်။ တာ့ကော့ဆိပ်အထိ ဖောက်ပြီး တာ့ကော့မှာဆုံမှာပေါ့ ” ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်းရှိ ရထားလမ်းမှာ ရန်ကုန်-မန္တလေး ရထားလမ်းမှ သာစည်၌ခွဲ၍ ကလော-ဟဲဟိုး-ရွှေညောင်-ညောင်ရွှေ- ဘန်းယဉ်-လွယ်ပွတ်- မောက်မယ် (မြောက်ဘက် မိုင် ၂၀ ကျော်တွင်ဖြတ်သန်း၍)- မိုးနဲ-နမ့်ဇန် အထိ ဖောက်လုပ်ဖွင့်လှစ်ပြီး သော်လည်း ကလောမှ နမ့်ဇန်အထိ တိုက်ရိုက်ပြေးဆွဲခြင်း မရှိသေးဟု ကြားသိရ၏။ နမ့်ဇန်မှ မိုးနဲ အထိသာ (တစ်လ တစ်ကြိမ်- နှစ်ကြိမ် ခန့်) အသွားအလာရှိသည်ဟု မိုးနဲမြို့ခံတစ်ဦးကလည်း ပြောပြဖူးသည်။

လူငယ်ခေါင်းဆောင်များအား ထောင်ဒဏ်နှစ်သုံးဆယ်ကျော် ချမှတ်
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by တည်မြဲ
Wednesday, 19 November 2008 11:39

ပြီးခဲ့သော ၂၀၀၇ မေလက ကျင်းပပြုလုပ်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒခံယူပွဲမတိုင်ခင် ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်ရန် စည်းရုံးလှုံ့ဆော်မှုများကြောင့် ကယားပြည်နယ် လွိုင်ကော်ထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံနေရသော လူငယ်ခေါင်းဆောင် ၃ ဦ်းအား ထောင်ဒဏ်နှစ် သုံးဆယ်ကျော် ချမှတ်လိုက်သည်ဟု ယင်းလူငယ်များနှင့် နီးစပ်သူတဦးက ယမန်နေ့တွင် ပြောပြသည်။

ပြီးခဲ့သည့်မေလ (၁၀)ရက်နေ့တွင် ဖမ်းခံခဲ့ရသော အဆိုပါ လူငယ်ခေါင်းဆောင်သုံးဦးအား စစ်ကြောရေး စခန်းတွင် စစ်ဆေးချုပ်နှောင် ပြီးနောက် လွိုင်ကော်ထောင်သို့ တရားဝင် ပို့ဆောင်၍ အကျဉ်းချထားရာမှ အထူးခုံရုံးဖွဲ့၍ လွိုင်ကော်ဒကစမှူး ညွန့်တင်မှ ယခုလို ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု ဆိုသည်။ တရားမ၀င် အသင်းဖွဲ့စည်းမှု၊ ပြည်ပရှိ တရားမ၀င်သော အသင်းများနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့် အမှုများဖြင့် စွဲချက်တင်ခြင်းခံရသော ကိုဘီဒူး အသက်(၂၄)နှစ်၊ ကော်ရီယို (၂၅)နှင့် ဒီးဒီ (၂၅)နှစ်တို့အား ထောင်ဒဏ် (၃၇)နှစ် ချမှတ်လိုက်သည်။

အဆိုပါ အကျဉ်းသား လူငယ်ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “သိပ်မကြာခင် သူတို့ကိုလည်း နေရာပြောင်းမယ်လို့ ပြောသံကြားတယ်၊ ဘယ်အချိန် ပြောင်းမလည်းဆိုတာတော့ အတိအကျ မသိဘူးပေါ့. သာယာဝတီထောင် ပြောင်းဖို့ကတော့ သေချာသလောက်တော့ရှိတယ်” ဟု ပြောသည်။

ထိုလူငယ် (၃) ဦးသည် ကယားပြည်နယ် လူငယ်များအဖွဲ့ (ကေအစ်ဝိုင်)နှင့် ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ (ကေအဲန်ဂျီဝိုင်) မှ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထောင်ဒဏ် (၃၇)နှစ် ချမှတ်ခြင်းခံရသော ကိုဘီဒူးအား (ကေအဲန်ဂျီဝိုင်) တွဲဘက်အတွင်းရေးမှူး အဖြစ်မှသော်လည်းကောင်း၊ ဗဟိုကော်မီတီအဖြစ်မှ သော်လည်းကောင်း ဆက်လက်ထားရှိမည်ဟု ဆိုသည်။

ယခုလို ထောင်ဒဏ်များ နှစ်ရှည်လများ ကြာရှည်စွာ ချမှတ်ခြင်းခံရသော ထိုလူငယ်ခေါင်းဆောင် (၃)ဦးနှင့် ပတ်သက်၍ (ကေအဲန်ဂျီဝိုင်) အဖွဲ့ဝင်တဦးက “ ဒီလိုလုပ်ရှားမှုတွေ ပေါ်ပေါက်လာခြင်းအားဖြင့် သူ့ကို ဘယ်လိုပြောရမလဲ အရှိုက်ထိတာပေါ့နော်၊ အဲဒါကြောင့် သူက နာကျည်းချက်နဲ့ ထောင်ချတာမျိုးပေါ့နော်. ဆိုင်ကယ် လိုင်စင် မရှိပဲ စီးတာကို( ရ) နှစ်တောင် ချတာဆိုတော့ အငြိုးနဲ့လုပ်တာလည်း ပါတာပေါ့နော်” ဟု ပြောပြသည်။

ဆန္ဒခံယူပွဲမတိုင်ခင် ဧပြီလ ၂၇ ရက်နေ့ကနေ စ၍ လွိုင်ကော်၊ ဒီမောဆို၊ ဖယ်ခုံ မြို့ကြီး(၃) မြို့အပါအ၀င် အနီးနားက ရွာငယ်ပေါင်း ၄၇ ရွာတွင်း ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ များထည့်ရန် လူထု လှုံ့ဆော်မှုများ ပြုလုပ်ရန်အတွက် လက်ကမ်းစာစောင် များဝေငှခြင်း၊ လမ်းမများပေါ်၌၎င်း အစိုးရဆိုင်းပုဒ်များပေါ်၌၎င်း ကာလာစပရေးများဖြန်းခြင်း၊ ကန့်ကွက်မဲ စာတမ်းများပါသည့် မီးပုံးပျံများ လွတ်တင်ခြင်း၊ စိန်စီသောည အခွေနှင့် စက်တင်ဘာ အရေးအခင်း ခွေများအား ဖြန့်ဝေခြင်းများကို ထိုအကျဉ်းသား လူငယ်များမှ ဦးဆောင်လှုပ်ရှားခဲ့သည်။

မေလ ၂ ရက်နေ့တွင်လည်း ဘီလူးချောင်းမှတဆင့် ကန့်ကွက်မဲ စာတမ်းများပါသည့် ငှက်ပျောတုံးများ၊ ကြက်ခြေခတ် အမှတ်အသားများပါသော အလှံငယ်များ စိုက်ထူထားသော ပလတ်စတစ်ခွက်ငယ်များ လွိုင်ကော်မြို့တွင်းသို့ မျောခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကယ်ဆယ်ရေးအကူအညီ နည်းပါးလာမှုကြောင့် ဒုက္ခသည်စခန်းရှိ ပြည်သူများ အခက်ကြုံနိုင်
သတင်း - IMNA
Written by မင်းတလလဝီ၊ မိဂိုတမား
Wednesday, 19 November 2008 11:37

အလှူရှင်များ၏ ကယ်ဆယ်ရေးအကူအညီ နည်းပါးလာမှုကြောင့် မွန်ဒုက္ခသည်စခန်းရှိ ပြည်သူများ အခက်အခဲနှင့် ကြုံတွေ့ဖွယ်ရှိကြောင်း ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌ နိုင်ချစ်တောက ပြောသည်။

မွန်ဒုက္ခသည်စခန်းများတွင် ခလောက်ခနီစခန်း၊ ချဲဒိုက်စခန်း၊ ရေးချောင်းဖျားစခန်းနှင့် ထားဝယ်ခရိုင်စခန်းတို့ ပါဝင်ပြီး အထောက်အပံ့ရရှိလျက်ရှိသော လူဦး ရေ (၉၄၀၄) ဦးရှိကြောင်း မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ၂၀၀၈ ခုနှစ် အောက်တိုဘာလ အစီရင်ခံစာ၌ ဖော်ပြထားသည်။

''ကျနော်တို့ရွာမှာ အလုပ်အကိုင်မရှိတဲ့လူတွေက ကယ်ဆယ်ရေးဆန်ကိုပဲ အားကိုးနေရတယ်။ တကယ်လို့ ကယ်ဆယ်ရေးဆန်ကို မရဘူးဆိုရင် တော်တော် ဒုက္ခရောက်လိမ့်မယ်။ တောင်ယာလုပ်၊ မျှစ်ချိုး၊ ဖက်ခူး၊ တံမြက်စည်းပင် ခုတ်တဲ့အလုပ်ဟာလည်း အရင်နဲ့ မတူတော့ဘူး။ ဒီအနီးအနားတဝိုက်မှာလည်း ရှာလုပ်လို့ မရတော့ဘူး၊ တစ်နေ့လုပ် တစ်နေ့စားပါပဲ၊ အဝေးထွက်ပြီး မရှာနိုင် မလုပ်နိုင်တဲ့သူအတွက် အတော်ဒုက္ခရောက် တာပေါ့'' ဟု ခလောက်ခနီကျေးရွာ ဥက္ကဋ္ဌက ဆိုသည်။

''ဒီနှစ်မှာ ကျနော်တို့ရွာဘက်မှာရော၊ ချဲဒိုက်ရွာဘက်မှာပါ တောင်ယာစပါး အကြီးအကျယ် ပျက်စီးသွားတော့ ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံနေရတယ်။ ကျနော်တို့ အားထားရတဲ့ ကယ်ဆယ်ရေးဆန်ကလည်း အရနည်းလာတော့ ကျနော်တို့အကြီးအကျယ် ဒုက္ခရောက်နေတယ်'' ဟု ခလောက်ခနီရွာသားတစ်ဦးက ပြောသည်။

ရေးချောင်းဖျားစခန်းတွင် တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်း အနည်းအကျဉ်းရှိပြီး လမ်းပမ်းဆက်သွယ်ရေး အနည်းငယ် အဆင်ပြေမှုကြောင့် အခြားစခန်းများထက် အခြေအနေမဆိုးရွားကြောင်း ယင်းဒေသမှ ရွာသားတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်စခန်းတွင် မြေလွတ်မြေရိုင်းပေါသော်လည်း မွန်ခွဲထွက်ရေးအဖွဲ့နှင့် စစ်အစိုးရတို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် အခြားစခန်းများထက် အခြေအနေဆိုးရွားကြောင်း မွန်လူမှုဒုက္ခကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး နိုင်ကင်းကွန်ကောင်းက ပြောသည်။

မွန်ဒုက္ခသည်စခန်းနှင့် ကရင်ဒုက္ခသည်စခန်း မတူညီကြကြောင်း၊ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့သည်မှစ၍ အလှူရှင်များမှ ကယ်ဆယ်ရေး ဆန်များကို လျှော့ချခဲ့ကြောင်း၊ ယခင်က မွန်ဒုက္ခသည်စခန်းတွင် လစဉ်ဆန်ရရှိခဲ့သော်လည်း ယခုတွင် (၄) လသာ ရရှိတော့ကြောင်း နိုင်ကင်းကွန်ကောင်းက ဆိုသည်။

''မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲခဲ့တဲ့အချိန်ကစပြီး ကျနော်တို့က အလှူရှင်ဆီမှာ (၆) နှစ် ဆက်လက်ထောက်ပံ့ဖို့ အကူအညီတောင်းခဲ့တယ်။ ဒုက္ခသည်တွေ စားဝတ်နေရေး အခြေကျအောင်ပေါ့။ အခု (၆) နှစ် လွန်လာပေမယ့် ဒုက္ခသည်တွေ အခြေမကျသေးတာကို အလှူရှင်တွေသိလို့ ဆက်ပြီးထောက်ပံ့နေတယ်။ နှစ်တိုင်းလည်း သူတို့လာပြီး အကဲခတ်နေတယ်'' ဟု နိုင်ကင်းကွန်းကောင်းက ပြောသည်။

''အလှူရှင်တွေက နှစ်တိုင်းနှစ်တိုင်း တစ်နှစ်မှာတစ်လ ကယ်ဆယ်ရေးဆန်တွေကို လျှော့ချနေတယ်။ မနှစ်က (၅) လစာရပေမယ့်၊ ဒီနှစ်က (၄) လစာပဲရတော့တယ်။ လာမယ့်နှစ်မှာ (၃) လစာထိ လျှော့ချဖို့ အစီအစဉ်ရှိနေတယ်'' ဟု ၄င်းက ဆက်၍ ဆိုသည်။

ခလောက်ခနီရွာသားများ၏ အဆိုအရ ၄င်းတို့၏ရွာ၌ ကယ်ဆယ်ရေးဆန် ရရှိမှုနှုန်းမှာ လူကြီး တစ်ပုံး (တစ်ခွဲ)၊ မွေးကင်းစမှ ငါးနှစ်အရွယ်ခလေး ပုံးဝက် (တစ်စိတ်) ဖြစ်ပြီး တစ်နှစ်လေးကြိမ် ရရှိသည်ဟု ဆိုသည်။

လာမည့်နှစ်တွင် မုဆိုးမ၊ လူအိုနှင့် ခြေလက်အင်္ဂါမစုံလင်သောသူများ၏ စာရင်းများကို သေချာစွာ ကောက်ယူ၍ တစ်နှစ်ပတ်လုံး လစဉ် ကယ်ဆယ်ရေးဆန်များပေးရန်အတွက် အလှူရှင်များထံ တင်ပြရန်ရှိကြောင်း နိုင်ကင်းကွန်ကောင်းက ဆိုသည်။