Thursday, November 20, 2008

CRPP မှတ်တမ်းများ

crpp19982003

Get your own at Scribd or explore others: Politics Literature

သွားနှင့်တော့ ဘလော်ဂါဂုရု

ကျောင်းသားတပ်မတော် ဗဟိုကော်တီဝင်ဟောင်း ကိုနေလ ခေါ် ရဲဘော်မြင့်အောင် ကွယ်လွန်

အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်

နိုဝင်ဘာ ၁၉ ရက် ၂၀၀၈ ခုနှစ်

ABSDF ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင် ခေါ် ကိုနေလဟာ ဒီကနေ့ မနက် ဦးနှောက် သွေးကြောပေါက်တဲ့ရောဂါနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်သာရှိသေးတဲ့ ကိုနေလဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဦးဖြစ်သလို တဖက်ကလည်း ကလောင်ကိုကိုင်ပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာ၊ အင်တာနက် ဘလော့ဂါ ကိုမြင့်ဇေဖြစ်ပါတယ်။

သူ့ကို ရင်းနှီးသူတွေနဲ့ သူ့ ရဲဘော်တွေက ဂုရုလို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူကွယ်လွန်သွားတဲ့ အကြောင်းကို ကျောင်းသားတပ်မတော်က သူရဲ့တပ်ရင်းမှူး ကိုမင်းဇော်က …
“ရဲဘော်နေလ ခေါ်တဲ့ ရဲဘော်မြင့်အောင်က ဒီ ၂၀ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ ဆုံးသွားပါတယ်၊ မနက် စောစောဆိုလို့ရှိရင် သက်ပျောက်ဆွမ်းကျွေးမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ ရုပ်ကလာပ်ကိုပေါ့နော် တောရကျောင်းကို ရွှေ့ပြီးတော့ ထားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံပြီးကတည်းက တောက်လျောက်ပေါ့နော် တောခိုလာကတည်းက ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့ တပ်ရင်း ၁၀၁ မှာ အတူတူ တာဝန်ထမ်းဆောင်တယ်၊ ဒီဘက် နောက်ဆုံး ABSDF တပ်ရင်း ၈ ရဲ့ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ အနှစ် ၂၀ လုံးလုံးပေါ့ဗျာ တောက်လျောက် တာဝန်ယူခဲ့တဲ့ ရဲဘော်တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးအပေါ်မှာ တကယ့်ကို ချစ်ခင်ပြီးတော့ နှစ်နှစ်ကာကာ လုပ်ကိုင်နေတဲ့ ရဲဘော်ကောင်းတယောက် အခုလို ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ရော ကျနော်တို့တပ်ရင်းအနေနဲ့ရော တော်လှန်ရေးတခု လုံးအနေနဲ့ရော ထိခိုက်နစ်နာပါတယ်။ သူ့ကျန်ရစ်သူမိသားစုတွေကိုလည်း ဒီကနေ ဝမ်းနည်းကြောင်း ကျနော်တို့ လှမ်းပြီးတော့ သတင်းစကားပါးချင်ပါတယ်။ ကျနော်တို့အားလုံးလည်း ယူကြုံးမရဖြစ်နေပါတယ်”

ABSDF တပ်ရင်းမှူး ကိုမင်းဇော် ပြောပြသွားတာပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် ခေါ် ကိုနေလ ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိပြန်ကြားရေးတာဝန်အပြင် ဒေါင်းအိုးဝေ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ဖခင် ဦးအောင်ခင်ဟာလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ် ပါတယ်။ ရဲဘော်မြင့်အောင် အခုကွယ်လွန်ချိန်မှာတော့ သူရဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၂
ဝဲဘက်အစွန် ဒူးပိုက်ပြီး ထိုင်နေသူမှာ ကိုနေလ ခေါ် ကိုမြင့်အောင်ဖြစ်ပါတယ်။

သွားနှင့်တော့ ဘလော်ဂါဂုရု
ဇာနည်ဝင်း
နိုဝင်ဘာ ၂၀၊ ၂၀၀၈

ဂုရု ဆုံးသွားပြီ တဲ့။ သတင်းတွေ ၀င်လာတယ်။ သူနဲ့ကျနော် စတွေ့တော့ ၂၀၀၁ တုန်းက။ မဲ့ခေါင်ခဒုက္ခသည်စခန်းထဲမှာ။ အဲဒီစခန်းနဲ့ ဖာပွန်(ကရင်ပြည်နယ်)၊ ဖားဆောင်(ကယားပြည်နယ်) တို့က သုံးပွင့်ဆိုင်။ သူတို့က ရောင်နီဦး ဆိုတဲ့ အထက်တန်းကျောင်းတခု ဖွင့်ထားတယ်။ သူတို့စီစဉ်တဲ့ စာပေဟောပြောပွဲမှာ ကျနော်နဲ့ ကိုထိန်လင်း ၂ ယောက်ကို ဟောပေးဖို့ ဖိတ်တယ်။ (အခု ကျနော်တို့ ၂ယောက်က မိုးမခ ရောက်နေတယ်။)

ဟောပြောပွဲမှာတော့ လူအစုံပဲ။ ရောင်နီဦးကျောင်း သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသားတွေ၊ ပြီးတော့ စခန်းထဲက အသက်အရွယ်ပေါင်းစုံ ဒုက္ခသည်တွေ။ စာမတတ်သူတွေလည်း ပါနိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် စာမဖတ်သူတွေလည်း ပါနိုင်တယ်။ ဒုက္ခသည်စခန်း ဆိုတာ ပွဲလန်းသဘင်မရှိတဲ့အရပ်ဖြစ်တော့ အဲဒီပွဲက ပရိသတ်အင်အား ကောင်းတယ်။ ရပ်ကွက် ၁၃ က တတဲတယောက် အနည်းဆုံး အားပေးကြမယ် ထင်တယ်။ အဲဒီရပ်ကွက်က ကရင် နည်းပြီး ဗမာ များပုံရတယ်။ တခြားရပ်ကွက်တွေက လာချင်မှ လာမယ်။ ည ၈ နာရီကျော်ရင် စခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားခွင့် မပြုဘူး။ ကျနော့်ကို အရင်ဆုံး စင်ပေါ်တင်ပေးလိုက်တယ်။ ပြီးတော့ ကိုထိန်လင်း။ နောက်တော့ ဂုရုတို့ တက်ပြီး ကဗျာရွတ်ကြတယ်။

ကျနော်ကတော့ ရယ်စရာတွေ ပြောလိုက်တာပဲ။ ဒါပေမယ့် ပရိသတ်အားလုံး သဘောကျအောင်တော့ မတတ်နိုင်ပါဘူး။ ဂုရုတို့ ကဗျာရွက်တာလည်း ပရိသတ်က လက်ခုပ်တီး အားပေးတာပါပဲ။ စင်ပေါ်ကဆင်းတော့မှာမို့ ၀မ်းသာအားရ လက်ခုပ်တီးတာလည်း ဖြစ်နိုင်တယ်၊ အခမ်းအနားအစီအစဉ်တခု အပြီး ယဉ်ကျေးမှုအရ တီးတဲ့လက်ခုပ်သံတွေလည်း ဖြစ်နိုင်တယ်၊ လေးလေးစားစား လက်ခုပ်တီးကြသူတွေလည်း ရှိမယ်။ ဂုရုကတော့ အလေးအနက် ထားတဲ့အပြင် တကယ်ကို ရင်ခုန်မှုအပြည့် ခံစားချက်အပြည့်နဲ့ ကဗျာရွတ်တာပဲ။ ပရိသတ်ကြီးလည်း သူတို့တွေ့တွေ့နေတဲ့ မျက်မှန်နဲ့ ဒီဆရာ (တော်လှန်ရေးသမား)က စာတွေပေတွေလည်း ရသားပဲ လို့ အသိအမှတ် ပြုသွားကြပုံပေါ်တယ်။

လွန်ခဲ့တဲ့ ၅ လလောက်တုန်းက သူ့ကို နောက်ဆုံးတွေ့တယ်။ ထုံးစံအတိုင်း လက်ထဲမှာ ဆေးပေါ့လိပ်နဲ့။ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား ဒီနှစ် မတ်လ ၁၆ ရက်နေ့မှာ သူတို့ လုပ်ကြတယ်။ စင်ဘေးမှာ ကဗျာရွတ်သံတွေကို အထောက်အကူပြုနေတဲ့ ဂစ်တာသမားတွေလည်း ရှိတယ်။ အဲဒီထဲကတယောက်ကို လက်ညိုးထိုးပြပြီး သူ့ညီဖြစ်တဲ့အကြောင်း ပြောပြတယ်။

ဂုရုက အိမ်ထောင်ပြုလိုက်တာတောင် သိပ်မကြာသေးဘူး။ သူ့အသက် သိပ်မငယ်တော့ဘူး ဆိုပေမယ့် ၃ဂ နှစ်ဆိုတာ လောကကြီးထဲကနေ ထွက်သွားဖို့ စောလွန်းပါသေးတယ်။ သူရေးချင်တာတွေကို အကုန်မဟုတ်ပေမယ့် အတော်များများကို ဘလော့ဂ်တခု တည်ဆောက်ပြီး ရေးခဲ့နိုင်တာကိုတော့ သူကျေနပ်သွားမယ် ထင်ပါတယ်။ ။

“နေလို လ လို ရဲဘော် နေလ”
လင်းနွေးအိမ်
နိုဝင်ဘာ ၂၁၊ ၂၀၀၈

ဂုရုရေ

အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့

တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ

ဌာနတွေမတူခဲ့ကြပေမယ့်

ဝါဒတွေတူခဲ့ကြတယ်။


ဂုရုရေ

ဆေးလိပ်တိုလက်ကြားညှပ်ပြီး

အဆိပ်ငွေ့တွေရှူရှိုက်ရင်း

အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ

ပါဒတွေတူခဲ့ကြတယ်။



ဂုရုရေ

မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ

သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ

စရဏတွေ တူခဲ့ကြတယ်။



အခုတော့

ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ

ချွန်မြနေတဲ့ကလောင်တချောင်းက

မြင့်ဇေဘလောက်ထဲကထွက်လာတယ်

အဲဒါ ဂုရု ဖြစ်တယ်

အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်

အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်

အဲဒါ ကိုနေလ ဖြစ်တယ်

အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်

အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။



ရဲဘော်ဂုရုရေ

စိတ်ချလက်ချသွားပေတော့

ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ

ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။



(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)

ရွှေရှာသူတို့ တောင်ခြေသို့ အပြေးအလွှားသွား


ရသဆောင်းပါး
မက်စ်ဝဲလ်စမစ်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:48 - မြန်မာစံတော်ချိန်

မကွေး (မဇ္ဈိမ) – လွန်ခဲ့သော ဆယ်စုနှစ် တခုအထိ မန္တလေးတိုင်း ရမည်းသင်းမြို့အနီး တောင်ခြေတွင် လူနေအိမ်ခြေဟူ၍ မရှိပါ။ ထိုနေရာတွင် တဲအိမ်ငယ်များ မရှိ၊ ဂြိုဟ်တုစလောင်းမရှိ၊ လူမရှိ။ ချုံနွယ်အတိပြီးသော မြေပြင်နှင့် အနားတွင် လှည့်လည်ကျက်စား သွားလာနေကြသော တိရိစ္ဆာန်တို့သာ ရှိသည်။

ဤအရာအားလုံးသည် လွန်ခဲ့သော ၈ နှစ်ခန့်က မြို့၏ အရှေ့ဘက် ကီလိုမီတာ ၅ဝ (မိုင် ၃ဝ) အကွာတွင်ရွာသား တို့က ရွှေတွေ့သည်မှစ၍ အားလုံး ပြောင်းလဲသွားခဲ့သည်။

ယခုတော့ဤ ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၅ဝဝ ခန့်အကွာ နေရာသည် မြန်မာပြည်တဝှမ်းလုံး မှ ဤအဝါရောင် အဖိုးတန်သတ္တုကို အသည်းအသန် လာရောက်ရှာဖွေ တူးယူသူများဖြင့် ပျားပန်းခတ် စည်ကားသော နေရာဖြစ်နေပြီ။ ထို့ပြင် ရွှေရှာသူအများစုက အပြင်လူများ သူတို့ ဘာလုပ်နေသည်ကို လာရောက်မေးမြန်း စူးစမ်းခြင်းကိုလည်း မလိုလားကြပါ။

"အရင်လက ရွှေရှာတဲ့လူတစုက သူတို့ကို ဓါတ်ပုံလာရောက်တဲ့ လူတယောက်ကို ဝိုင်းရိုက် လွှတ်လိုက်ကြတယ်" ဟု ရွှေရှာသူတဦးဖြစ်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုထွန်းကျော်က ပြောပါသည်။

"ဒီလူတွေက သူတို့ လုပ်နေတာတွေကို ဓါတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာ မကြိုက်ကြဘူးဗျ။ ဘာကောင်ကြီးဖြစ်နေနေ သူတို့က ဂရုမစိုက်ဘူး။ သူတို့ ဂရုစိုက်တာ ရွှေပဲ" ဟု သူက ပြောပါသည်။

ကိုထွန်းကျော်သည် ရွှေတွင်းများရှိရာ သပိတ်ကျင်းမြို့နယ်မှ လာသူဖြစ်သည်။ တခါက အလွန်ဆိတ်ငြိမ် အေးချမ်းခဲ့သော သူ့ဇာတိမြို့ကလေးသည် ယခုအခါ တနိုင်ငံလုံးမှ ရွှေရှာသူများအကြား ရေပန်းစားလျက်ရှိသော နေရာတခု ဖြစ်နေပါပြီ။

"ဒီမှာ ရွှေလာရှာနေတဲ့လူ ထောင်ပေါင်းများစွာ ခင်ဗျား တွေ့လိမ့်မယ်။ ဒီနေရာက သိပ်ကို နာမည်ကြီးနေတာ။ သူတို့ အပြောအရ ဒီမှာရွှေလာရှာတဲ့လူ ၁ဝ ယောက်မှာ ၉ ယောက်ကတော့ ရွှေရကြတာဘဲတဲ့" ဟု သူက ပြောသည်။

ဒေသခံများကမူ ဤသို့ ရွှေလာရှာသူပေါင်း ၁ သိန်းကျော်ခန့် ရှိမည်ဟု ခန့်မှန်းပြောဆိုကြပြီး၊ အတော်များများမှာ ဤ ဒေသရှိ ချောင်းမြောင်းများတလျှောက် ကမ်းပါးတွင် ကပ်၍ ဆောက်ထားကြသော တဲငယ်လေးပေါင်း ၈ဝဝ ခန့်တွင် နေထိုင်ကြသည်ဟု ဆိုသည်။ ဤချောင်းမြောင်းကလေးများသည် ဤဒေသတွင် ကွေ့ကောက် စီးဆင်းနေကြသည်။

ထောင်ပေါင်းများစွာသော အလုပ်သမားများသည် အလုပ်မျိုးစုံကို လုပ်ကိုင်နေကြသည်။ တချို့က တောင်ခြေတွင် ၂၄ မီတာ (ပေ ၈ဝ) ခန့်နက်သော လှိုဏ်ခေါင်းများ ဖောက်များကို မြေတူးကိရိယာ မျိုးစုံဖြင့် လက်အားကိုး ဖေါက်လုပ်နေကြသည်။ အချို့က ထွက်လာသော မြေစာများကို သယ်သူသယ်၊ ကျောက်တုံးများကို ခွဲသူခွဲ လုပ်နေကြသည်။

"ကျနော် ရှမ်းပြည်ကနေ ဒီနေရာကို ကူလီလုပ်ဘို့ ရောက်လာတာပါ။ ရွှေပါတဲ့ မြေစာတွေကို ၃ မိုင် အဝေးလောက်အထိ သယ်ရတယ်။ မြေစာအိတ်ခပ်သေးသေး တခေါက်သယ်ရင် ငွေ ၅ဝဝဝ ရတယ်" ဟု အသက် ၂ဝ အရွယ်ရှိ မောင်လေးက ပြောပါသည်။

ရှမ်းပြည်မှပင်လာသော မမိုးသွေးလို လူကတော့ အနားရှိ ချောင်းများထဲတွင် ရွှေကျင်သည်။ "ကျမတို့က ကော်မရှင်စားနဲ့ လုပ်တာ။ ရတဲ့ရွှေရဲ့ သုံးပုံတပုံကို ကိုယ်ရတယ်။ ဒီတော့ တလကို ငွေ တသိန်းကျော်တော့ရ တာပေါ့" ဟု သူမက ပြောပါသည်။

ဤနေရာတွင် ရွှေရှာနေသော ကုမ္ပဏီပေါင်း ၆ဝ ကျော်ရှိသည်။ ကုမ္ပဏီတခုကို လုပ်ကွက်မြေ ဧက ၂ဝ စီရသည်။ ကုမ္ပဏီတခုလျှင် အလုပ်သမားပေါင်း ၃ဝဝဝ ခန့်ရှိပြီး သူတို့ထဲမှ အများစုမှာ သုံးပုံတပုံ ကော်မရှင်စားဖြင့် လုပ်ကြသူများ ဖြစ်သည်။

သတ္တုတွင်း ကျွမ်းကျင်သူများ၏ အဆိုအရ ကုမ္ပဏီတခုလျှင် ရွှေတွင်းတခုမှ ရွှေ ၅ ပိဿာမှ ၁ဝ ပိဿာအထိ ရကြသည် ဟု ဆိုပါသည်။

၂ဝဝ၄ ခုနှစ်ကတဲက ကုမ္ပဏီ အများအပြား ဤသို့ လာရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ "ကုမ္ပဏီ တော်တော်များများက အရင်တွင်းဟောင်းတွေမှာ တူးချင်ကြတယ်။ ဒီလို ၁ နာရီလောက်တူးဘို့ အစောင့်ကိုငွေကျပ် ၅ သန်း ပေးရတယ်။ အန္တရာယ်များပေမဲ့ ရတာကလဲ ၂ ဆဘဲ" ဟု နိုင်ငံခြား သတ္တုတွင်းကုမ္ပဏီ တခုတွင် လုပ်ကိုင်ခဲ့သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုမျိုးဝင်းက ပြောပါသည်။

သို့သော် အချို့သော ရွှေရှာသမားများကမူ ရွှေတူးသည်မှာ ဤမျှလောက်အထိ အမြတ်အစွန်း မများလှကြောင်း ပြောပါသည်။ မန္တလေးတိုင်း စဥ့်ကူမြို့နယ်မှလာသူ ကိုမျိုးသိန်းက တားမြစ်ထားသော နေရာများတွင် သူရွှေရှာခဲ့ရာ ငွေကျပ် သန်း ၃ဝ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။

"ကျနော်တို့အုပ်စုက ရွှေနည်းနည်းလေးဘဲ ရတာ၊ အရင်းတောင် မကြေဘူး" ဟု သူကဆိုပါသည်။

"အိုင်ဗင်ဟိုး လုပ်ကွက်တွေနားမှာ ရွှေရှာနေတဲ့လူတွေ အများကြီးရှိတုံးပဲ။ အိုင်ဗင်ဟိုး ကုမ္ပဏီမှာ လုပ်နေတဲ့ နိုင်ငံခြား သတ္တုတွင်း ကျွမ်းကျင်သူတွေက ရွှေရှိတယ် ပြောထားတဲ့ ရွှေကြောတွေ ရောက်အောင် ကြွက်တွေလိုဘဲ ဖောက်နေကြတာ" ဟု သူက ပြောသည်။

သတ္တုတူးသူ အများအပြားက ရွှေကျင်သည့်နည်းအပြင် လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု၊ အထူးသဖြင့် ရေအရင်းအမြစ်များကို ညစ်ညမ်းစေသဖြင့် အစိုးရက ပိတ်ပင်ထားသော ဆိုင်ယာနိုက် အသုံးပြု ရွှေထုတ်ယူခြင်းကိုလည်း အသုံးပြုကြပါသည်။

ကုမ္ပဏီအများအပြားက ၉ ပေပတ်လည်ရှိ ရေကန်များကို တာပေါ်လင်စများဖြင့် ပြုလုပ်ထားကြသည်။ ထိုအထဲတွင် ရွှေသတ္တုရိုင်းပါသော ကျောက်ခဲများ၊ ထုံး၊ ရေ နှင့် ဆိုက်ယာနိုက်တို့ကိုရော၍ တပတ်ခန့် စိမ်ထားကြသည်။ ထို့နောက် ဤအရည်များကို ပိုက်လိုင်းများအတွင်း ဖြတ်စေ၍ ရွှေကို ကာဘွန်ဆလင်ဒါများဖြင့် စုပ်ယူ ဖမ်းယူကြသည်။ ဘေးထွက် ပစ္စည်းဖြစ်သော ဆိုင်ယာနိုက်နှင့် အခြား အဆိပ်သင့်ပစ္စည်းများမှာ မြေထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားကြသည်။

"အရိုးဆုံး အလွယ်ဆုံးဖြစ်တဲ့ ရွှေကျင်တဲ့နည်းကို သုံးရင် ကျနော်တို့ အမြတ်မရနိုင်ဘူး။ ဒါကြောင့် သူများတွေလိုဘဲ ကျနော်တို့လဲ ဆိုင်ယာနိုက်နည်းစဉ်ကို သုံးရတာ" ဟု မကြာသေးခင်က ရွှေ ၅ ပိဿာ တူးဖေါ်ရရှိခဲ့သည့် ကုမ္ပဏီတွင် အလုပ်လုပ်နေသူ ကိုအောင်ကျော်က ပြောပါသည်။

"ဒီနည်းစဉ်ကို သုံးတာ အန္တရာယ် များပါတယ်။ ဆိုင်ယာနိုက်ကြောင့် လူလဲဖျားနာတယ်၊ ပတ်ဝန်းကျင်လဲ ညစ်ညမ်း ပျက်စီးစေတယ်။ ဒါကြောင့် အစိုးရကလဲ တားထားတာဘဲ၊ ဒါပေမဲ့ သတ္တုတူးတဲ့ သူတွေကလဲ သုံးနေတာဘဲ" ဟု အသက် ၂၉ နှစ်အရွယ်ရှိ ရွှေရှာသူ ကိုဟန်ကျော်က ပြောပါသည်။

ဆိုင်ယာနိုက်နှင့် အခြား အဆိပ်အတောက်များ ပျော်ဝင်နေသဖြင့် အနီးအနားမှ ရေတွင်းများမှ ရေကို ဘယ်သူမျှ မသောက်ရဲဟု ရွှေတွင်းများမှ စီးဆင်းလာသော ချောင်းကလေးတခုအနီး စားသောက်ဆိုင်ဖွင့်ထားသူ အသက် ၃ဝ အရွယ်ရှိ မမိုးမိုးက ပြောပါသည်။

"သတ္တုမိုင်းတွေက လူတွေတောင် ကျမတို့လိုဘဲ ရေသန့်ဘူးဘဲ သောက်ကြတယ်" ဟု သူမက ပြောပါသည်။

သို့သော် အချို့သော သတ္တုတူးသူများကတော့ ဤကိစ္စကို ဂရုမစိုက်ကြ။ လွန်ခဲ့သော လအနည်းငယ်ကပင် မသန့်ရှင်းသော ရေကိုသောက်မိပြီး၊ သတ္တုတူးသမား အများအပြား ဝမ်းရောဂါဖြစ်ကြသဖြင့် မြို့မှ ဆရာဝန်နှင့် သူနာပြုအဖွဲ့တဖွဲ့ လာရောက်ပြီး သူတို့ကို ကုသပေးခဲ့ရသည်ဟု မမိုးမိုးက ပြောပါသည်။

ပြဿနာကို ပိုဆိုးသွားစေသည်မှာ အဆိုပါ ရွှေရိုင်းစိမ် ရေကန်များသည် ချောင်းမြောင်းများအနီးတွင် ရှိနေခြင်း ဖြစ်ပြီး၊ ထိုရေများသည် ရမည်းသင်းမြို့နယ် ကြီးနီ ရေကန်အတွင်းနှင့် ပေါင်းလောင်းမြစ် အတွင်းသို့ စီးဆင်းသွားကြသည်။ ထိုချောင်းများအနီးတွင် နေထိုင်ကြသော ကျေးရွာသား ကလေးလူကြီး အားလုံးက နေ့စဉ်လိုအပ်သော ချိုးရေ၊ သုံးရေအတွက် ဤရေကိုဘဲ သုံးစွဲကြရသည်။

"အဓိက ရေရစရာက ဒါဘဲရှိတာမို့ ချိုးရေအတွက်တော့ သုံးတယ်။ ဒါပေမဲ့ မသောက်ဘူး" ဟု သတ္တုတူးနေသောနေ ရာမှ ၆ ကီလိုမီတာ (၄ မိုင်) အကွာရှိ ကင်းတားကျေးရွာမှလာသူ မမြက ပြောပါသည်။

သတ္တုတူးသူများ ရှာဖွေသူများအတွက် ဆိုင်ယာနိုက်သည် တခုတည်းသော အန္တရာယ်မဟုတ်ကြောင်းလည်း ကိုအောင်ကျော်က ပြောပါသည်။

"ဒီနားတဝိုက် လုတာယက်တာတွေလဲ ခဏခဏဖြစ်တယ်။ ကျနော်တို့အားလုံး ဓါးဆောင်ထားရတယ်၊ ကိုယ့်အသက်နဲ့ ကိုယ်ရှာထားတဲ့ ရွှေကို ကာကွယ်ဘို့" ဟု သူကပြောသည်။

ဤကဲ့သို့သော အနောက်တိုင်း ကောင်းဘွိုင်ကားများထဲကလို ဖြစ်နေသော အခြေအနေကို ထိန်းသိမ်းရန် အစိုးရက ဝန်ထမ်း ၆ဝ ကို ခန့်အပ် တာဝန်ပေးထားရသည်။ ထိုအထဲမှ တဝက်မှာ ရဲအရာရှိများဖြစ်ပြီး၊ ကျန်တဝက်မှာ သတ္တုတွင်း ဝန်ကြီးဌာနမှ ဖြစ်သည်။ သူတို့တာဝန်မှာ ဤဒေသအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန် ဖြစ်သည်။

"သတ္တုတူးတဲ့ သူတွေကို ရာဇဝတ်မှုတွေ မကျူးလွန်ဘို့နဲ့ ဆိုင်ယာနိုက် မသုံးဘို့ ကျနော်တို့ မကြာခဏဘဲ ပညာပေးနေရတယ်" ဟု ပြောခွင့်မရှိသဖြင့် အမည်မဖေါ်လိုသူ မန္တလေးတိုင်းမှ အဆင့်မြင့် ရဲအရာရှိတဦးက ပြောပါသည်။

"ကျနော်တို့က လာတဲ့သူတွေကို ဘယ်သူတွေ၊ ဘယ်ကလာတယ် ဆိုတာမသိလို့ စစ်ဆေးရေးဂိတ် ၃ ခုထားပြီး လာသမျှ လူတွေကို စစ်ဆေးရတယ်။ ဒီဒေသထဲ ဘယ်သူက ဆိုင်ယာနိုက်တွေ ခိုးသွင်းလာမယ် ဆိုတာလဲ မသိဘူးလေ" ဟု သူက ပြောပါသည်။

ဆိုင်ယာနိုက်နှင့် အခြားတရားမဝင် နည်းလမ်းများ အသုံးပြုသူများကို ရဲက ၁၅ ရက်ခန့် ချုပ်ထားလေ့ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။

"ဒါလဲ အလုပ်မဖြစ်ဘူးဗျ။ ဘာလို့လဲဆိုတော့ လူတွေက ဒီလိုအပြစ်ပေးတာကို သူတို့ကို ၁၅ ရက်လောက် အနားယူဘို့ ခွင့်ပေးထားတယ်လို့ ထင်တာ" ဟု သူကဆိုသည်။

"စက်တင်ဘာလထဲမှာ အပြစ်ပေးတာကို ထောင် ၇ နှစ်ကို ပြောင်းလိုက်ပြီ။ ဒါလဲ ဥပဒေ ချိုးဖောက်မဲ့သူတွေက နေ့တိုင်း ဒီဒေသထဲ ဝင်လာနေတာမို့ တလကို လူ ၁ဝဝ လောက်တော့ အမြဲဖမ်းနေရတာဘဲ" ဟု အဆိုပါ ရဲအရာရှိက ပြောပါသည်။

ထိုသို့ ဖမ်းမိသူများထဲတွင် ယူနီဖောင်းဝတ်၍ သေနတ်ကိုင်ထားပြီး စစ်အရာရှိ အယောင်ဆောင်ထားသူများကိုပင် ဖမ်းဆီးရမိခဲ့သည်ဟုလည်း သူက ပြောပါသည်။

"သူတို့က အာဏာပိုင်တွေလို ဟန်ဆောင်ပြီး ရွှေတွင်းလာတဲ့ လူတွေကို လမ်းမှာရပ်ခိုင်း၊ ပစ္စည်းတွေ စစ်ဆေးပြီး၊ သူတို့ လိုသလောက်ပစ္စည်း လုံလုံလောက်လောက်ရပြီ ဆိုရင် အဲဒါတွေယူ၊ ထွက်သွားပြီး ပြန်ရောင်းစားကြတာ" ဟု သူက ဆိုသည်။

"အဲဒါကြောင့် ဒီဒေသထဲ ဝင်လာတဲ့သူတွေကို ထိန်းချုပ် ကန့်သတ်ဘို့ ကြိုးစားတဲ့အနေနဲ့ ရွှေတွင်းရှိရာ လာတဲ့သူတွေကို ပြန်ခိုင်းရတာ၊ ပြန်မောင်းထုတ်နေရတာ" ဟုလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ရွှေရှာသူများ ဝင်ရောက်လာသောကြောင့် ရမည်းသင်းမြို့နယ်မှာ အကျိုးအမြတ် ခံစားရသည်ဟု ဒေသခံများက ပြောဆိုကြပါသည်။ သူတို့ကြောင့် စားသောက်ဆိုင် အသစ်များ၊ လ္ဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ ပေါ်လာပြီး စီးပွါးရေး ဖွံ့ဖြိုးလာသည်။ သယ်ယူပို့ဆောင်ရေးနှင့် ကြေးနန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့သည်ဟု ဆိုပါသည်။

ဒေသတွင်း အိမ်ငှါးလိုသူများ အဆမတန် များပြားလာသဖြင့် အိမ်ငှါးခများလည်း လွန်ခဲ့သော ၂ဝဝဝ ခုနှစ်မှစ၍ ၅ ဆ ခန့်တက်သွားခဲ့သည်ဟု ဒေသခံများက ဆိုပါသည်။

"လူသစ်တွေကို အိမ်ငှါးတာ အခန်းငှါးစားတာနဲ့ကို ဒီဒေသက လူတွေအတော်များများ အလုပ်ဖြစ်နေကြတာ" ဟု မိမိအိမ်ကို တလလျှင် ကျပ် ၆ သောင်းဖြင့် ငှါးထားသူ ဒေါ်ခင်က ပြောပါသည်။

ကားပိုင်သူများလည်း အလုပ်ဖြစ်ကြကြောင်း ရွှေတွင်းရှိရာသို့ ရွှေတူးသမားများကို ထွန်စက်ငယ်ဖြင့် သယ်ယူပို့ဆောင် ပေးနေသူ ယဉ်မောင်း ကိုထွန်းကလည်း ပြောပါသည်။

"ကျနော်တနေ့ကို အလုပ်သမား ၂ဝ ကျော် ရွှေတွင်းတွေရှိရာကို ပို့ပေးရတယ်။ ကျနော့်လိုဘဲ ဒီနည်းနဲ့ ငွေရှာနေတဲ့ သူတွေ ဒီမှာတပုံကြီး" ဟု သူကပြောပါသည်။ တခေါက်လျှင် ကျပ် ၁၅ဝဝဝ ရသည်ဟုလည်း သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။

"ဈေးကတော့ကြီးတယ်၊ ဘာလို့လဲဆိုတော့ ရွှေတွင်းသွားတဲ့လမ်းတွေက အတော်ဆိုးတယ်" ဟု သူကပြောပါသည်။

(Maxwell Smith ရေးသားသော Gold miners head for the hills ကို ဘာသာပြန်ဆိုပါသည်။)



ဤခရီး နီးသလား

နှင်းပန်းအိမ်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 19:44 - မြန်မာစံတော်ချိန် လောကမှာ လူတွေဟာ နေ့စဉ် ခရီးသွားနေကြရတယ်။ လောကရဲ့ ခရီးသွားဧည့်သည်က လူပါပဲ။ လူ့ဘဝခရီးတွေထဲမှာ အကြောင်းအရာမျိုးစုံ ရှိကြပါတယ်။

ဒီခရီးတွေထဲက မိခင်နဲ့ သားတွေ့ဖို့ ခရီးရှည်ကြီးတခုကို ကျမဦးဆောင်ပြီးသွားခဲ့ရဘူးတယ်။ မွန်ပြည်နယ် သထုံမှာနေတဲ့ အသက် ၇၅ နှစ် အမေအိုက သားသမီးဆယ်ယောက်ထဲက လေးယောက်မြောက်သားဖြစ်တဲ့ အမွှာသားကြီးရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်ကို သွားတွေ့ရတဲ့ ခရီးပါ။

သား ဆိုတဲ့အားနဲ့ အမေအိုက ခရီးကြမ်းကို ကျော်ဖြတ်ခဲ့တယ်။ မိခင်တယောက်ရဲ့ အားမာန်၊ မိခင်တယောက်ရဲ့ ချစ်ခြင်း၊ မိခင်တယောက်ရဲ့ မေတ္တာဇောက အင်အားကြီးမားစွာနဲ့ ခရီးမိုင်အများကြီးကို ကျော်လွှားခဲ့တယ်။

ဒီလိုမေတ္တာခရီးတွေကို ကျမတို့ မြန်မာပြည်သူတွေ အများကြီး သွားနေရဆဲပါ။ မိခင်ရင်ခွင်၊ မိသားစုရင်ခွင်ကနေ ဆွဲထုတ်ပြီး ဝေးလံခေါင်သီလှတဲ့ လူသူအရောက်အပေါက်နည်းတဲ့ အန္တရာယ်များတဲ့ ငှက်ဖျားရှိရာ ဒေသနေရာ အကျဉ်းထောင်တွေဆီ အပို့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စိတ်အာဟာရ၊ ရုပ်အာဟာရ ပေးဖို့သွားနေရတဲ့ မြန်မာပြည်သူတွေရဲ့ ခရီးတွေက သမိုင်းဖြတ်သန်းမှုကြီးပါပဲ။

အမေကြီးက သားကိုတွေ့ချင်ဇောနဲ့ လေယာဉ်လက်မှတ် တင်ရင်ကြာမယ်၊ စစ်တွေအထိ ကားနဲ့ သွားမယ်လို့ အတည်ပြုပါတယ်။ ဒီခရီးက အမေကြီးနဲ့ ကျမ ဘယ်သူမှ ရောက်ဘူးတဲ့ ခရီးမဟုတ်ပါဘူး။ အဲဒီတုန်းက စစ်ကားတွေကို စော်ဘွားကြီးကုန်းမှာ သွားစီးရတယ်။ တယောက်ကို ကားခ ၆၀၀၀ ကျပ် ပေးရတယ်။ မှတ်မှတ်ရရ ၂၈.၉.၂၀၀၂ ခုကပါ။

ရန်ကုန်ကနေ စစ်တွေကို ဘယ်လောက်ကြာကြာ ကားစီးရမယ်ဆိုတာကို ခန့်မှန်းခြေတောင် ကျမတို့ သိတာမဟုတ်ဘူး။ မေးလဲမမေးရဲဘူး။ ကားသမားက ဘယ်အချိန်ရောက်မလဲမေးရင် သိပ်စိတ်ဆိုးပါတယ်။ တကယ်ကတော့ လမ်းကောင်းမယ် ကားစက်ကောင်းမယ်ဆို ကြောက်စရာမှမလိုပဲ။ တကယ်တမ်းနေ့လည် ၁း၄၅ မှာ ကားထွက်ပြီး ကားဒိုင်နမို မီးမလင်းလို့ ဥသျှစ်ပင် လမ်းခွဲမှာ ညအိပ်ရတယ်။ ဘက်ရဲ-တောင်ကုတ်-မင်းတုန်း လမ်းသုံးခွဆုံတဲ့ နေရာမှာ အိပ်ရတာပါ။ အိပ်ရတော့လည်း ယောက်ျားလေးတွေက ကတ္တရာလမ်းပေါ် ပုဆိုးခင်း အိပ်ကြပြီး ကျမတို့ အမျိုးသမီးတွေက ကားပေါ် ငုတ်တုတ်ငိုက်ရတာ။ ခရီးဆိုတာ ချောမွေ့တာရှိသလို မထင်ထားတဲ့ အခက်အခဲတွေလည်း ရှိတတ်တယ်။ ခရီးက ဘယ်လောက်မှ မရှိသေးဘူး ကျမတို့ တနေ့ကုတ်ပြီ။

ရန်ကုန်ကနေ မနက် ၅ နာရီလောက်ကတည်းက ပြည်ကားနဲ့ ဒိုင်နမိုထည့်ပေးလိုက်မယ်ဆိုတဲ့ ကားဂိတ်က အပြောကြောင့် ကားသံကြားတိုင်း ကျမတို့မှာမျှော်ရတာ။ တဖြည်းဖြည်းနဲ့ နေစောင်းတော့ လူတွေလည်း နွမ်းနယ်ကုန်ကြပြီ။

ရန်ကုန်ကလာတဲ့ ဒိုင်နမိုကို မစောင့်တော့ဘူး ဒီအတိုင်းပဲထွက်တော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်က ညနေ ၄း၃၀ ရှိပြီ။ ကျမတို့အားလုံးလည်း ဒိုင်နမိုလာပို့မယ့်ကားကို မျှော်ရတာ လည်ပင်းကို ငွေကွင်းတွေ စွပ်ထားလို့ရတယ်။ ကားစက်နှိုးသံက ကျမတို့အားလုံးအတွက် ရှေ့ခရီးဆက်ဖို့ မျှော်လင့်ချက်မို့ ဝမ်းသာရတယ်။

မင်းတုန်းနယ်ကိုဖြတ်တော့ လမ်းတလျောက် စပါးခင်းစိမ်းစိမ်းတွေကို တွေ့ရတယ်။ ကားအဖြတ် လေတိုးတိုင်း ကောက်သစ်နံ့လေးကို ရှူရှိက်ရင်း သစ်တောတွေ ချောင်းမြောင်းတွေ အနောက်ရိုးမထဲ နေလုံးကြီးဝင်သွားတာကိုငေးရင်း အပန်းဖြေရတယ်။ ဒီလိုငေးလို့မှ မကြာသေးဘူး၊ ညနေ ၆း၃၀ လောက်မှာ ကားဘီးပေါက်တော့ အားလုံးအလန့်တကြားပေါ့။ ကျမနားထဲမှာ တူသံ ခွသံကို မကြားရဲလောက်အောင် ဖြစ်နေပြီ။ ကားဘီးပြန်တပ်ပြီး ကားဆက်ထွက်လာတော့ တောထဲမှာ လူတစုကို တွေ့တယ်။ လူနာတင် ပုခက်ကို ထမ်းလာတဲ့ လူအုပ်စုရဲ့ သောကအပူစီးက ကျမတို့ထက်ပူမှာပဲလို့ သံဝေဂရရင်း စိတ်ကိုလျှော့ချ ထားရတယ်။

ဒီလောက်ဝေးလံနေတဲ့တောထဲက မြို့ပေါ်အထိ သယ်ဆောင်သွားရမယ့်လူတွေရဲ့ ပင်ပန်းမှု၊ လူနာရဲ့ ခံစားနေရတဲ့ ဝေဒနာကို ဝင်ရောက်ခံစားမိတဲ့ ကျမ အသက်ရှုမဝတော့ဘူး။

မကွေးတိုင်းငဖဲမြို့နယ် ပဒန်းကျေးရွာရောက်တော့ ည ၉း၃၀ ရှိပြီ။ ပုသိမ်-မုံရွာလမ်းမကြီးပေါ်က အမ်း-မင်းတုန်း ဆိုတဲ့ လမ်းခွဲ ဆိုင်းဘုတ်ကိုတွေ့ရတယ်။ တနာရီလောက်နားပြီး ည ၁၀း၃၀ မှာ မကွေးတိုင်း အကျော် “အမ်း” ဆိုတဲ့ ရခိုင်ပြည်နယ် အနောက်ရိုးမတောင်ကို စတင်တက်ပါတော့မယ်။ သစ်ပင်တွေကြားက ရိုးမတောင်ကိုတက်တော့ ကားကြီးက ငိုလိုက်တာ ငယ်သံပါရောပဲ။

“အမ်းမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ရတော့ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၃၇၈၃ ပေကိုရောက်နေပါပြီ။ ရုတ်တရက်ဆိုသလို နှင်းလိုမျိုး တိမ်ခိုးတွေ ရိုက်တော့ ရှေ့ကို ဘာမှမမြင်ရတော့ဘူး။ ကားမီးရောင်နဲ့ မြင်ရတဲ့ အရာမှန်သမျှ ဘာမှမသဲကွဲဘူး။ ကားဆရာရဲ့ လက်ထဲမှာ ခရီးသည် ၄၅ ယောက် အသက်ကို အပ်ထားရတယ်။ ကားဆရာ အိပ်ချင်ပြေအောင် ဖွင့်ထားတဲ့ ခွန်းသန်းထွန်းနဲ့ မေဆွိတို့ရဲ့ သီချင်းက တရားကျစရာကောင်းလှတယ်။ “ရောင်နီဟာ တချိန်တော့ ဆည်းဆာပဲ” တဲ့။

ကားရဲ့ ဒိုင်နမိုကြောင့် မီးကိုချွေတာနေရတဲ့ အထဲ တောင်တက်ခရီးမှာ တိမ်ခိုးတွေကြောင့် ဘာမှမမြင်ရတော့ ကျမတို့ ခရီးသည်တွေ ကံဆိုတဲ့ အရာပေါ်မှာပဲ ပုံထားရပါတော့တယ်။

ည ၂ နာရီကျော်တောင်တက်ခရီးမှာ ဗွက်ရုန်းနေရပါပြီ။ တိမ်ခိုးတွေ၊ မြူခိုးတွေကို ရှောင်တဲ့ ကားတချို့လည်း လမ်းဘေးစားသောက်ဆိုင်တွေနားမှာ ရပ်နားလို့ အိပ်မောကျနေပြီ။ ကျမတို့ကားကတော့ နှစ်ရက်လောက်ကြာနေတဲ့ အတွက် ရောက်ချင်ဇောများနေပြီမို့ မနားမနေ မောင်းပါတော့တယ်။ တောင်ကိုပတ်တက်နေရတဲ့ ခရီးလမ်းတောင်ဆင်းမှာ ချောက်ထဲပြုတ်ကျတဲ့ ကားရှိတဲ့ နေရာရောက်တော့ ကားကိုစောင့်နေတဲ့ ကားသမားက ကွမ်းယာ၊ ဆေးလိပ်၊ ရေသန့်ဘူးတွေ တောင်းလို့ထားခဲ့ရတယ်။ စိုးရိမ်နေကြတဲ့ အချိန်မှာပဲ ကားရုတ်တရက် ရပ်သွားပါတယ်။ “ဘက်ထရီ ဒေါင်းသွားတာ” လို့ ကားဆရာက ပြောတယ်။ မိုးလင်းမှ တခြားကားနဲ့ ဘက်ထရီနှိုး ပြီး မောင်းမယ်လို့ပြောတဲ့ ကားဆရာစကားကို ကျမတို့အားလုံး သဘောတူကြတယ်။ မျက်စိရှေ့တင် ချောက်ထဲက ကားကိုမြင်ခဲ့ရတာမို့ ရင်တထိတ်ထိတ်နဲ့ အိပ်ဖို့ပဲ ကြိုးစားရပါတော့တယ်။

မိုးလင်းတော့ အလင်းရောင်နဲ့ မြင်ရတဲ့ ကျမတို့နေရာက “ငပြယ်စခန်း” ဆိုတဲ့နေရာလေး။ ကျမတို့ ရောက်နေတဲ့ နေရာက အမြင့်ဆုံးတောင်ဆိုတော့ တိမ်တွေက တောင်ကြားတွေမှာ ပုခက်စီးနေကြတယ်။ ကျမတို့ တောင်အောက်မှာ စိမ်းညို့နေတဲ့ တောင်တန်းပြာပြာတွေ၊ သစ်ပင်တွေကတော့ လတ်ဆတ် စိမ်းစိုလို့။ လွမ်းမောစရာ တောင်ထိပ်ကနေ ကျမတို့အတွက် အစိုးရိမ်ပို ချစ်ခင်ကြတဲ့ သူတွေကို စိတ်ကူးနဲ့ နှုတ်ဆက်လိုက်ရတယ်။ “စစ်အတွင်း ခရီးသည်” လိုစာအုပ်မျိုး တချိန်မှာ ကျမတို့ ခရီးသည်တွေလည်း မှတ်တမ်းတင်ကြလိမ့်မယ်။ အတိတ်ဆိုတာ ရှိလို့ အနာဂတ် ဆိုတာ ရှိတာပဲ။

ကျမတို့ အစားစားဖို့ မျက်နှာသစ်ဖို့ တောထဲမှာ ရှိနိုင်မယ့်နေရာထိ ခြေလျင် လျှောက်ခဲ့ကြတယ်။ တောတောင်ကြားထဲက မြေစိုက်တဲလေးတွေ့ရတော့ မြို့ပြတခုကို မြင်ရသလို သိပ်ကိုကျေနပ်သွားခဲ့တယ်။ ရေကိုတွေ့ရခြင်းက ရေမရှိတာကို ခံစားရတဲ့သူများ နားလည်နိုင်မှာပါ။ တောင်ကမ်းပါးယံ ဘေးမှာ ဝါးစိမ်းတွေခွဲပြီး ခြံခတ်ထားတဲ့ရေတွင်းလေးကို တွေ့ရတယ်။ တွင်းနက်နက်ထကြ ရေကို စက်သီးကြိုးနဲ့ဆွဲ ရေငင်ပြီး အားလုံးခြေလက်ဆေးကြ မျက်နှာသစ်ကြနဲ့ ကမ္ဘာဦးလူသားတွေ မီးကိုတွေ့ရှိတုန်းက ဝမ်းသာမှုမျိုးလောက် ထပ်တူကြနိုင်တယ်။ အေးစက်ပြီး ကြည်လင်အေးမြတဲ့ ရေရဲ့အတွေ့ကြောင့် အိပ်ရေးပျက် နုံးချိမှုတွေ တဒင်္က ပျောက်သွားတယ်။

မြေစိုက်တဲလေးမှာပဲ ခရီးသည်တွေ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်မှားစားကြတယ်။ ညက ထမင်း မစားရတဲ့အတွက် စားလို့ကောင်းတယ်။ ကားဘက်ထရီနှိုးဖို့ အတက်အဆင်းကား ဘာမှမလာသေးတဲ့အတွက် တဲလေးထဲမှာပဲ ကျမတို့ ကျောဆန့်ကြတယ်။ ဝါးကိုဖောက်ပြီး ခင်းထားတဲ့ ဝါးကြမ်းခင်းနဲ့ ဝါးကပ်မိုးထားတဲ့ တဲလေးထဲမှာ အိပ်ရတဲ့ အရသာကို ခုထိ ကျမမှတ်မိနေတယ်။ နှစ်ညနဲ့ သုံးရက်ငုတ်တုပ်ထိုင်ရတဲ့ ညောင်းညာမှုကို ယူပစ်လိုက်သလိုပဲ။ အမေကြီးကလည်း သားဇောနဲ့မို့ လမ်းခရီး အခက်အခဲကို မညီးညူခဲ့ဘူး။ ဒါပေမယ့် လူကတော့ နုံးနေပြီ။

ကျမတို့ကားကို စစ်တွေကနေ ဂဏန်းသယ်လာတဲ့ကားက ကူညီခဲ့တယ်။ ကျမတို့ နိုင်ငံရဲ့ သယံဇာတကလဲ ပေါမှပေါကိုး။ တောထဲတောင်ထဲက သစ်တောတွေ၊ တောင်ယာ စပါးခင်းတွေ တွေ့ရတယ်။ ချင်းတိုင်းရင်းသူ အမျိုးသမီးလေးတွေ ရင်ခံစည်းထားတဲ့ အဝတ်ကိုဝတ်ပြီး နဖူးနဲ့ သိုင်းသယ်လာတဲ့ ပလိုင်းထဲမှာတော့ စားစရာ သီးနှံ၊ ဓားမ။ ဒီမြင်ကွင်းတွေကို အံ့သြစွာ ကြည့်ရင်းနဲ့ အမ်းမြို့ကို ရောက်ခဲ့တယ်။ အမ်းမြို့က အနောက်ရိုးမရဲ့တောင်ခြေပါ။ အမ်း မှာအသစ်ကျပ်ချွတ် လေယာဉ်ကွင်းကို တွေ့ခဲ့ရတယ်။ လေယာဉ်ကွင်းပဲရှိပြီး လေဆိပ်မရှိသေးဘူး။ ပြေးလမ်းက တကယ်ကို ကြောက်စရာ၊ ရွံ့နဲ့ ကွန်ကရစ် ရောထားတဲ့လမ်းပါ။ အမ်း ကို ရခိုင်ပြည်နယ်ရဲ့ မြို့တော်သစ် သတ်မှတ်ထားတယ်လို့ ပြောကြတယ်။

အမ်းနဲ့ မင်းပြားလမ်းကတော့ အင်မတန် ဆိုးဝါးပါတယ်။ လမ်းတလျှောက်လုံး ဘယ်ကားမှ မတွေ့ရတော့ဘူး။ တောထဲတောင်ထဲ ကားသာ တခုခု ဖြစ်ရင် ငါတို့တော့ ကယ်သူဝေးပြီပေါ့။ လိုရာခရီး မရောက်ခင် သုံးညရှိပြီ ဆိုတော့ အိပ်ရေးမဝတာကြောင့် လမ်းခရီးကြမ်းတာကြောင့် စိတ်ထဲ အားငယ်သလို ဖြစ်မိတယ်။ တောတွေ တောင်တွေ အများကြီး ဖြတ်ရတဲ့ အချိန်မှာ မှောင်မဲလို့။ လူသူအဆက်ပြတ်လို့ မီးနီနီလေးတွေ့ရင်ပဲ အလိုလို အားရှိလာတယ်။ ရွာတွေကို ဖြတ်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ လူဆိုတာ လူမှုဒုက္ခ ဘယ်လောက်ပဲ ခံစားရ ခံစားရ လူ့အသိုင်းအဝိုင်းကိုတော့ ဘယ်တော့မှ ရှောင်မပြေး နိုင်ကြဘူးဆိုတာ ကျမ သဘောပေါက်ခဲ့ရတယ်။ နေရာဆိုတာ လူ့စိတ်ကို ပြောင်းလွဲစေတတ်ပါတယ်။

မနက် ၃း၃၀ မှာ မင်းပြားရောက်တော့ အိမ်တွေ၊ အဆောက်အအုံတွေနဲ့ လူ့အသိုင်းအ၀န်းထဲ ရောက်ပြီလို့ တွေးမိတယ်။ “မင်းပြား”ကနေ “မြောက်ဦး”။ “မြောက်ဦး”ကနေ “ကျောက်တော်”။ “ကျောက် တော်”ကနေ စစ်တွေသွားရာလမ်းမှာ ရခိုင်တို့ရဲ့ “မဟာမြတ်မုနိရုပ်ရှင်တော်မြတ်”ကို ဖူးခွင့်ရခဲ့တယ်။ လမ်း တလျှောက်မှာ သစ်ပင်ကြီးကြီးတွေ မတွေ့ရဘဲ ချောင်းတွေ၊ လယ်ကွင်းတွေ၊ ဓနိတောတွေကိုဘဲ တွေ့ခဲ့ရ တယ်။

စစ်တွေအ၀င်မှာတော့ ရေခပ်တဲ့ အမျိုးသမီးတွေရဲ့ ထူးခြားချက်က လည်ပင်းရှည်ရှည် ရေတ ကောင်းလိုမျိုး ဒန်အိုးတွေနဲ့ ရေခပ်နေတဲ့ မြင်ကွင်းပါပဲ။ ရေပုံးနဲ့ ရေခပ်တဲ့သူတွေ၊ ရေအိုးနဲ့ ရေခပ်တဲ့သူတွေ ကို မြင်နေကြ ကျမအတွက် အထူးအဆန်းပေါ့။ အဲဒီ့ရေတကောင်းဒန်အိုးလေးကို ခေါင်းပေါ်မရွက်ဘဲ ခါး ပေါ်တင်ပြီး ခပ်တယ်။ အဲဒီ့အိုးကို ဘယ်လိုခေါ်လဲမေးတေ့ အိုးခွလို့ ပြောကြတယ်။

စစ်တွေကို ၁-၁၀-၂၀၀၂ နေ့လည် ၁၂ နာရီမှ ရောက်ပါတယ်။ စစ်တွေကားဝင်းကနေ ဘူးသီး တောင်သွားမယ့်သင်္ဘောဆိပ်ကို ကားငှားပြီး သွားရတယ်။ မွန်းတည့်နေရဲ့အပူက အညာအပူထက် သာ တယ်။ ဒါပေမဲ့ အမေအိုရဲ့သားအပူဖြစ်တဲ့ ရင်ထဲကအပူကိုတော့ မှီမယ် မထင်ဘူး။

“ဘူးသီးတောင်”ကို ကျမတို့ ချက်ချင်းဆက်သွားလို့ မရဘူး။ မနက် ၈ နာရီမှ သင်္ဘောစီးရမယ်လို့ ဆိုက်ကားဆရာက ပြောတယ်။ ကျမတို့ တညတာနားဖို့ သင်္ဘောဆိပ်နဲပနိးတဲ့ တည်းခိုခန်းမှာ တညအိပ်ရ တယ်။

မနက်စောစော ကျမတို့ သင်္ဘောဆိပ်ဆင်းခဲ့တယ်။ စစ်တွေကနေ ဘူးသီးတောင်သင်္ဘောက “ဆက်ရေးကျချောင်း”ထဲမှာ။ အင်္ဂလိပ်လက်ထဲက ဖောက်ခဲ့တဲ့ တူးမြောင်းမို့ ရေစူးနက်တယ်။ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ဖို့ ဖြတ်လမ်းဖောက်တဲ့တူးမောင်းလို့ သင်္ဘောအရာရှိက ပြောတယ်။ ဒီရေဒီတက်ရှိတယ်။ စစ်တွေကနေ ဘူးသီးတောင်ကြား သင်္ဘောဆိပ်တွေက စယား၊ အမြင့်ကျွန်း၊ ငလပြား၊ ရသေ့တောင်၊ စေတီ ပြင်၊ သေတန်ညောင်ချောင်း၊ ဘူးသီးတောင် ဖြစ်ပါတယ်။

သင်္ဘောပေါ်က ကြည့်ရတဲ့မြင်ကွင်းကတော့ တောင်ပူစာတွေ၊ ကျွန်းသောင်တွေ၊ ဓနိတောတွေ၊ လယ်ကွင်းတွေ မြင်ရတယ်။ စစ်တွေက ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ရေကြောင်းနဲ့ပတ်သက်တဲ့ ရေယာဉ်မျိုး စုံကို တွေ့မြင်ရတယ်။ မြစ်တလျှောက်လုံး စိမ်းနေပါတယ်။ “မဲစေး”မြစ်ထဲမှာတော့ တံငါလှေတွေ။ တံငါလှေ တွေပေါ်မှာ ဆေးတံသောက်နေတဲ့ ရခိုင်အဘိုးအိုအတော်များများကို တွေ့မြင်ခဲ့ရတယ်။ မိန်းမကြီးတွေလဲ ဆေးတံသောက်တယ်။

ရသေ့တောင်ကိုရောက်တော့ နေ့လည် ၁၁း၄၅ ဖြစ်ပြီ။ ထမင်းစားချိန်အကိုက်ဆိုတော့ ဈေးသည် တွေ သင်္ဘောထဲဆင်းပြီး အလုအယက်ဈေးရောင်းကြတယ်။ နယ်မြေဒေသ ဘယ်လောက်ခြားခြား ၀မ်းစာရှာ ရတာခြင်းနဲ့ ဆိပ်ကမ်းကို အမှီပြုပြီး ဈေးရောင်းရတဲ့ ဈေးသည်ဘ၀ကတော့ အတူတူပါပဲ။ သင်္ဘောဆိပ်ကမ်း ကို ကပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ သင်္ဘောပေါ်ကို ဈေးသည်တွေ သူ့ထက်ငါ အရင်ရောက်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုကတော့ အံ့မခန်းပါပဲ။ အသက်နဲ့ရင်းရတဲ့ ၀မ်းစာရှာမှုကို မြင်ရတိုင်း ကျမမှာ စိတ်မသက်မသာဖြစ် ရတယ်။

မြစ်ပြင်ကို စက်ရှိန်နဲ့ ခွဲထွက်လာလို့ ကျန်ခဲ့တဲ့ လှိုင်းဖွေးဖွေးတွေနဲ့အတူ ဇင်ယော်အုပ်ကြီးက သူတို့ ဌာနေကို ပျံသန်းလို့ ကျန်ရစ်ခဲ့ပါတယ်။ သင်္ဘောကွေ့လိုက်တော့ တောင်တန်းတွေရဲ့ဘက်ကို ဇင်ယော်အုပ် ကြီး ပျံသန်းနေတာများ မြစ်ပြင်အထက်မှာ အဖြူစတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကျန်ရစ်ခဲ့ပြီ။ ကျမတို့ခြေရာ တွေလဲ ကျန်ရစ်ခဲ့ပြီ။ ဇင်ယော်တွေသာ စကားပြောတတ်ရင် သင်္ဘောခရီးသည်တချို့ရဲ့ ဘ၀တွေကိုများ မေး မလား။ ဒါမျမဟုတ် ၀မ်းစာရှာတဲ့အခါ သူတို့လိုဘဲ တောင်ပံကို အားပြုပြီး သင်္ဘောရှိရာနောက်ကို လိုက်ရတာ လားလို့ မေးမှာလား မသိဘူး။

ဇင်ယော်တေါကို ကျမကလဲ မေးချင်တယ်။ အုပ်စုဖွဲ့နေနိုင်တဲ့ သူတို့အရည်အချင်းတွေနဲ့ အန္တရာယ်ကိုတွေ့ရင် ဘယ်လိုဖြေရှင်းသလဲဆိုတာပေါ့။ နောက်ပြီး သူတို့ထဲမှာ ဗိုလ်ကျစိုးမိုးမှုရှိသလားဆို တာ။

သင်္ဘောကို အမှီပြုပြီး ၀မ်းစာရှာရတဲ့ ဈေးသည်တွေဘ၀နဲ့ ကောင်းကင်ကနေ သင်္ဘောခရီးသည် တွေကျွေးတဲ့ အစာကို အမှီပြုပြီးနေရတဲ့ ဇင်ယော်တွေရဲ့ဘ၀ ထပ်တူကျတယ်ဆိုရင် သူတို့ ငြင်းမလား။ ဒါပေ မဲ့ သူတို့က လွတ်လပ်တယ်လေ။

ရသေ့တောင် မြစ်မကြီး။ နောက်ထပ်တွေ့ရတဲ့မြစ်တွေက မြစ်လက်တက်တွေ။ ကျမတို့ ဘူးသီး တောင်ဆိပ်ကမ်းရောက်တော့ ညနေ ၆ နာရိတိတိ။ နေလုံးက ဘင်္ဂလားဒေ့ရှ်တောင်တန်းတွေပေါ် မေးတင် နေပြိ။ “ကုလားပန်ဆေးချောင်း”ထဲမှာ တံငါသည်မြေးအဘိုးနှစ်ယောက်က လောင်းလှေပေါ်မှာ ငုတ်တုပ် လေးထိုင်ပြီး ငါးမျှားတန်းချိလို့ ငါးဖမ်းဖို့ ထိုင်စောင့်နေတယ်။ ကျောဗလာနဲ့ အဘိုးအိုက မုတ်ဆိတ်မွှေးတွေ ဖြူဖွေးနေပြီး တကိုယ်လုံ မဲပြောင်လို့။ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား မြေအဖိုးနှစ်ယောက် ကျမတို့ ဖြတ်သွားတဲ့ သင်္ဘောစက်ရှိန်ကြောင့် လှိုင်းအအိမှာ တံငါလှေက လူးလူးလိမ့်လိမ့်နဲ့ ကျန်ခဲ့တယ်။ ဒါဟာ သူတို့ဘ၀များ လား။ သူတို့က ငုတ်တုပ် မတုန်မလှုပ်ဘဲ ငြိမ်သက်လို့။

“ဘူးသီးတောင်”ဆိပ်ကမ်းတခုလုံးမှာ ကုလားသီချင်းသံတွေ ဖုံးလွှမ်းနေတယ်။ ကျမတို့က ဆိပ် ကမ်းရှေ့က တည်းခိုခန်းမှာ တည်းရတယ်။ တည်းခိုခန်းက ဟောင်းနွမ်းလို့။ အနံ့အသက်လဲ မကောင်းဘူး။ ဒါ ပေမဲ့ ကျမတို့ မငြီးဘူး။ ခရီးက ကိုယ့်အတွက် မဆုံးသေးဘူးမို့လား။

နောက်နေ့ မနက်မျာ ထောင်ဝင်စာတွေဖို့ ကျမတို့ သက်ဆိုင်ရာကို သွားစုံစမ်းရတယ်။ ဘူးသီး တောင်ထောင်က မြို့အစွန်မှာမို့ ကျမတို့ ကားတဆင့် ထပ်စီးရသေးတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းဘေးကထောင်က ၁၉၉၄ ကမှ စဆောက်တာပါ။

“ဘူးသီးတောင်ထောင်”ရဲ့ ထောင်ဝင်စာမြင်ကွင်းက တခြားမြို့နယ်များနဲ့ မတူပါဘူး။ သိပ်ကို ထူး ခြားပါတယ်။ အကျဉ်းသားအများစုက ဘင်္ဂါလီလူမျိုး ကုလားအမျိုးသားတွေပါ။ သူတို့ကို အပြင်အလုပ်ထုပ်နာ က ပြန်လာပြီး ရေချိုးခိုင်းတော့ ထောင်ရှေ့မြောင်းထဲမှာ။ မြောင်းထဲမှာ ရေချိုးနေတဲ့ သူတို့ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်က ကျွဲတွေ မစာမ၀သလို အရေပြားတွေ တမျိုးဖြစ်ပြီး ပိန်လှီလို့။ သူတို့ကို လာတွေ့တဲ့ အမျိုးသ မီးတွေကလဲ ဘင်္ဂါလီအမျိုးသမီးတွေ။ ကုလားလူမျိုး ကျေးလက်အမျိုးသမီးတွေမို့ သူတို့ဝတ်တာက စကပ်အ ရှည်ကားကားကြီးပါ။ သူတို့လက်ထဲမှာတော့ ဆားနဲ့ ငရုတ်သီး၊ ပွတ်ချွန်းဆေးလိပ် နဲနဲစီ ထုပ်လို့။ သူတို့နာ မည်ခေါ်လို့ ထောင်ဝင်စာတွေ့တော့မယ်ဆိုတာနဲ့ သူတို့စကပ်တွေ တပြိုင်နက်ချွတ်ရတယ်။ ထောင်ာထဲကို လုံချည်ဝတ်နဲ့ဘဲ ၀င်ရပါတယ်။ သူတို့နာမည်ခေါ်ပြီး မတွေ့ရသေးရင် စကပ်ပြန်ဝတ်။ နာမည်ခေါ်ရင် စကပ် ပြန်ချွတ်နဲ့ သူတို့ကိုကြည့်ပြီး ကျမတို့ စိတ်မကောင်းစွာနဲ့ ဂရုဏာသက်ရတယ်။ သူတို့လာတွေ့တဲ့အမှုက လ.၀.က အမှု။ ဘင်္ဂါလိကုလားတွေက ဘူးသီးတောင်ကနေ စစ်တွေကို မသွားရပါဘူး။ သွားခဲ့ရင် လ.၀.က မှု နဲ့ ဖမ်းလို့ရတယ်လို့ ပြောကြတယ်။

အမေကြီးကတော့ သထုံကနေ သူ့သားအကြိုက်တွေ သယ်လာတာ ခြင်းကြီးနဲ့ အပြည့်။ စကား မတူလို့ မပြောခဲ့ရပေမယ့် ဘင်္ဂါလီအမျိုးသမီးတွေက အမေကြီးကို တအံ့တသြနဲ့ကြည့်လို့။ ဒီလိုအသက်အ ရွယ် ဒီလောက်ပစ္စည်းတွေ သယ်နိုင်တယ။် ပေးနိုင်တယ်ဆိုတဲ့ အားကျအကြည့်လဲ ပါတယ်။ ဂရုဏာအကြည့် လဲ ပါတယ်။

ဒီပစ္စည်းတွေကို အကုန်ပေးရအောင် အတော်ပြောယူရတယ်။ ရန်ကုန်ကနေ မနားမနေ ခရီးဆက် လာတဲ့ ကျမတို့ ၇ ရက်မြောက်မှ ထောင်ဝင်စာတွေ့ဆုံခွင့်ရဖို့ စောင့်မျှော်နေရတာ နည်းတဲ့ ပင်ပန်းမှုမှ မဟုတ်ဘဲ။ တော်ရုံ မေတ္တာ၊ တော်ရုံ သတ္တိ၊ တော်ရုံ ဇွဲနဲ့ မရောက်နိုင်တဲ့ ခရီး။ ခွန်အား၊ ငွေကြေးကလဲ ပြည့်စုံ ဦးမှ။ တွေ့ရတဲ့အချိန်ကလဲ မိနစ်အနည်းငယ်ပါ။

အမေကြီးကိုတွေ့တော့ သားက သူကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတဲ့ခရီးမို့ “အမေ နောက်မလာနဲ့။ ပင် ပန်းတယ်”လို့ ပြောတယ်။ အမေကြီးက သူ့သားကို မချိတင်ကဲနဲ့ ပြန်ပြောခဲ့တယ်။ “ငါက အမေဟဲ့။ ဘယ် လောက်ဝေးဝေး လိုက်မှာပဲ။ ငါအသက်ရှင်သရွေ့ပေါ့။ နင်သိလား။ သခင်ဇင့်မိန်းမ ဒေါ်ကြည်ကြည်လေ။ အသက် ၈၂ နှစ်မှာ ထောင်က ပြန်လွတ်လာတယ်။ ငါက အစ်မရယ် ဒီအသက်နဲ့ အစ်မ ထောင်ထဲမှာ ဘယ် လိုအသက်ရှင်အောင် နေခဲ့လဲမေးတော့ သူက ပြောတယ်။ “သူတို့က သေအောင် လုပ်တယ်ယ။ ငါက မသေ အောင်နေရတယ်။ နေခြင်းသည် တိုက်ခြင်းတဲ့”။

ကျမတို့ ခရီးတွေ သွားနေရဆဲပါ။ ဒီခရီးတွေထဲမှာ ထောင်ဝင်စာတွေ့နေရတဲ့ မေတ္တာခရီးသည် တွေ အများကြီးပါ။ သူတို့ခရီးတွေ ဘယ်လောက်ဝေးဝေး အသဲနှလုံခြင်းကတော့ နီးကြတယ်။

(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ မကြာခင်ကမှ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်သည်။)



မြန်မာဆန်တွေ ဘာကြောင့် ထိုင်းဘက်ကို မှောင်ခိုသွင်းရသလဲ

ရဲရင့်မြင့်မောင်/ ၁၉ နိုဝင်ဘာ ၂၀၀၈
မြန်မာဆန်များသည် ထိုင်းဆန်နှင့်ယှဉ်လျှင် ဈေးချိုသည့်အတွက် မြန်မာနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံမှထွက်သည့် ဆန်များအား နေ့စဉ်နီးပါး တနေ့ တန် (၁၀၀) ခန့် ထိုင်းနိုင်ငံဘက်သို့ မြဝတီ-မဲဆောက် လမ်းကြောင်းမှ တရားမဝင် ခိုးသွင်းလျက်ရှိသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ မှောင်ခိုသွင်းသည့်ဆန်မှာ ထိုင်းဆန်နှင့် ယှဉ်လျှင် သုံးချိုးတချိုးခန့် ဈေးနှုန်းကွာဟနေသောကြောင့် ထိုင်းနိုင်ငံဘက်မှ မြန်မာဆန်များကို ဝယ်ယူခြင်းဖြစ်သည်။ မြန်မာဆန်များ အဓိကတင်သွင်းသည့် နယ်စပ်မှာ မြဝတီ-မဲဆောက် လမ်းကြောမှဖြစ်ပြီး ကီလို(၅၀) ဝင် ဆန်အိတ်များကို ညစဉ်နီးပါး အိတ် (၂,၀၀၀) ခန့် ထိုင်းဘက်သို့ တင်သွင်းလျက်ရှိသည်။ မြန်မာဘက်ကမ်းတွင် DKBA ဂိတ်များဖြစ်သည့် ဂိတ်အမှတ် (၁၂)၊ (၁၃) နှင့် ဖားသုံးကောင်ဂိတ်များမှ ညဘက်လူခြေတိတ်ချိန်တွင် စက်လှေများဖြင့် သယ်ယူကာ ထိုင်းဘက်ကမ်းတွင်ရှိသည့် တပ်မအာရွာသို့ မှောင်ခိုမြန်မာဆန်များကို ပို့ပေးခြင်းဖြစ်သည်။ ၎င်းဆန်များကို ထိုင်းကုန်သည်ကြီးများက ဆယ်ဘီးကားများဖြင့် လာရောက်တင်ပြီး မဲဆောက်နှင့် အခြားခရိုင်များသို့ ဆက်လက် သယ်ကြသည်ဟု စုံစမ်းသိရသည်။

မြန်မာဆန်ကုန်သည်တဦးက “ရန်ကုန် ဘုရင့်နောင်ပွဲရုံကနေ မြဝတီအထိ တလမ်းလုံးရှိသမျှဂိတ်တွေ ကို ဂိတ်ကြေးပေးရတယ်။ မြဝတီရောက်လည်း သိပ်ပြီးတော့ စိတ်မချရသေးဘူး။ DKBA ဂိတ်ထဲ ရောက်မှပဲ အလုပ်ကပြီးတယ်။ ပြဿနာမရှိတော့ဘူး။ အစိုးရက ပြည်ပဆန်တင်သွင်းခွင့် မပြုဘူးလို့ တားမြစ်ထားပေမယ့် အာဏာပိုင်အဆင့်ဆင့်တွေနဲ့ ပေါင်းပြီး ဒီလိုပဲလုပ်စားကြရတယ်” ဟု ပြောသည်။

ထိုင်းဆန်ကုန်သည်တဦးဖြစ်သူ နိုင်ဝစ်ချိုင်းကလည်း “ထိုင်းမှာဆန်ဈေးတက်တော့ မဲဆောက်နဲ့ အနီး အနားက မွေးမြူရေးလုပ်ငန်းကြီးတွေရှိတဲ့ ကံဖဲခရိုင်၊ နခေါစဝမ်ခရိုင်၊ ချိုင်နခရိုင်၊ ဖိစနို့လို့ခရိုင်၊ ဆူခေါ ထိုင်းခရိုင်နဲ့ အခြားခရိုင်အချို့က မြန်မာဆန်ကို ဝယ်ကြတာများတယ်။ ဈေးကလည်း သုံးချိုးတချိုး လောက် သက်သာတယ်။ မြန်မာဆန်တွေကို မုန့်တီမုန့်ဖတ်တွေလုပ်တယ်၊ ဆန်ကြာဆံတွေ လုပ်တယ်၊ နောက်ပြီး ဝက်စာနဲ့ အခြားတိရစ္ဆာန်အစားစာတွေအတွက် ဝယ်ကြတာဖြစ်တယ်။ တရားဝင်သွင်းတာမဟုတ်တော့ ထိုင်းမှာ မြန်မာဆန်ကို ခိုးသယ်ရတယ်။ မဲဆောက်ကနေထွက်ပြီး လမ်းမှာရှိတဲ့ ဂိတ်တွေကိုလည်း ဂိတ်ကြေးပေးပြီး သယ်ရတယ်” ဟု ပြောသည်။

တရားမဝင် မြန်မာဆန်များ ထိုင်းဘက်သို့တင်သွင်းမှုနှင့် ပတ်သက်၍ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက အဆိုပါကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း၊ စုံစမ်းပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

မဲဆောက်ဈေးမှ မြန်မာဆန်ကုန်သည် တဦးဖြစ်သူ ဦးစိန်က “မဲဆောက်ဒေသတဝိုက်မှာ အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) လောက်ရှိတယ်။ အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (၁) သိန်းလောက်ဟာ အများစုဈေးသက်သာတဲ့ မြန်မာဆန်ကိုပဲ စားကြတယ်။ ဒေသအတွင်းမှာ သိန်းချီရောက်နေတဲ့ မြန်မာတွေလည်း မြန်မာဆန်ကိုပဲ စားကြတယ်။ ပေါ်ဆန်းမွှေးတို့ ပေါ်ကျွဲတို့ ဇီယာဆန်တို့ဟာ ထိုင်းဆန်နဲ့ယှဉ်ရင် ဈေးနှုန်းကွာတာလည်းပါတယ်။ မဲဆောက်မှာရှိတဲ့ ထိုင်းမုန့်တီရုံတွေမှာ မုန့်တီမုန့်ဖတ်တို့၊ ဆန်ကြာဆံတို့ ဆန်ခေါက်ဆွဲတို့ကို မြန်မာဆန်နဲ့ပဲ လုပ်ကြတယ်။ ဒါကြောင့် မြန်မာဆန်ဈေးကွက် ရနေတာပါ” ဟု ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ယခင်လမှစတင်၍ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှ မြန်မာဆန်များ တင်သွင်းနေမှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း၏ မှတ်တမ်းအရ ဇီယာဆန်အမျိုးအစား (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၅၀) နှုန်းဖြင့် ယခင်လက မြန်မာဆန်တန်ချိန် (၅၀၀) ခန့် တင်ပို့ခဲ့ပြီး ဆက်လက်၍လည်း တင်ပို့မှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ဆန်တင်သွင်းခြင်းနှင့် ပတ်သက်၍ DKBA မှ အရာရှိတဦးကလည်း “တရားမဝင် ဆန်သယ်တဲ့ကိစ္စကို အာဏာပိုင်အဆင့်ဆင့်တွေ ပါဝင်ပတ်သက်မှုမရှိရင် ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူး။ အားလုံး စားကြတာပဲ။ နောက်ဆုံး DKBA ဂိတ်မှာလမ်းဆုံးတော့ DKBA ကပဲ သပိတ်ဝင်၊ အိတ်ဝင်ရတယ်လို့ ထင်နေကြတယ်။ အမှန်က မဟုတ်ဘူး။ အားလုံး ဝေစားမျှစားတဲ့ ကိစ္စပဲ” ဟု ပြောသည်။

မြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်သို့ တင်သွင်းသည့် မြန်မာဆန်များမှာ ဖြူဖွေး၊ ကြာနီ၊ ဆွမ်းအုပ်၊ ဆင်ဖြူတော်စသည့် တံဆိပ်များဖြစ်သည်။ ရန်ကုန် မရမ်းကုန်းမြို့နယ် ပိတောက်လမ်းရှိ ဘုရင့်နောင် ဆန်ပွဲရုံမှ ပိုင်ရှင်တဦးက “ကျမတို့ပွဲရုံက ပြည်တွင်းစားသုံးမှုအတွက်ပဲ ဖြန့်တာပါ။ ဘားအံ၊ ကော့က ရိတ်အထိ ဖြန့်တယ်။ နိုင်ငံခြားကို မပို့ပါဘူး။ နိုင်ငံခြားကို ပို့တာက ကုမ္ပဏီကြီးတွေက လုပ်တာပါ။ ထိုင်းဘက်ကို ကျမတို့ပွဲရုံက တံဆိပ်နဲ့ ဆန်တွေရောက်တဲ့ကိစ္စကို ကျမတို့လည်းမသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်-ဘားအံ-မြဝတီ ပြေးဆွဲသည့် ယာဉ်မောင်းတဦးကလည်း “ဆန်တွေ နေ့တိုင်းဝင်တာကတော့ ဟုတ်တယ်။ တရက်ခြား ကားတန်းမှာ မှန်လုံကားကြီးတစီးဆိုရင် ဆန်အိတ် (၂၀၀) တင်ရင် ဘာမှ မသိသာဘူး။ မြဝတီ-ဘားအံ-ရန်ကုန် တရက်ခြားပြေးတဲ့ကားကြီး ကားငယ် အစီးရာကျော်တယ်။ ကားတိုင်း အနည်းနဲ့အများတော့ ဆန်သယ်ကြတာပဲ” ဟု ပြောသည်။

မြန်မာဆန်ကုန်သည်တဦး၏ အဆိုအရ “မြန်မာဘက်က သတ်မှတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေက တအားတင်းကျပ်တော့ ဆန်ကို အခုလိုပဲ တရားမဝင်သယ်ပြီး ရောင်းတာက ပိုပြီး တွက်ခြေကိုက်တယ်။ အခု မြဝတီနယ်စပ်ကုန်သွယ်ရေးက ထိုင်းကို ပြီးခဲ့တဲ့လကစပြီး တရားဝင် ဆန် စပို့တယ်။ တလကို တန် (၁) ထောင်တောင် မရှိဘူးဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ နယ်စပ်ကုန်သွယ်ရေးကို လွတ်လွတ်လပ်လပ်သာ ခွင့်ပေးပါ။ အစိုးရကော၊ ကုန်သည်ရော၊ စားသုံးသူတွေပါ အကျိုးရှိမှာပါ။ အခုဟာက အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေကိုပဲ လုပ်ခွင့်ပေးတော့ လူနည်းစုအတွက်ပဲ အလုပ်ဖြစ်တယ်။ မြန်မာဘက်က တင်းကျပ်တဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေကို မပြောင်းသရွေ့တော့ ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ကုန်သွယ်ရေးကတော့ ဆက်လက်ပြီးတော့ တွင်ကျယ်နေအုံးမှာပဲ” ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃) ခုအနက် မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်တခု ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှာ တာချီလိတ်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်၊ ဘုရားသုံးဆူနှင့် မြဝတီတို့ဖြစ်သည်။


ငတက်ပြား သက်ကျားအိုဝန်ကြီး

၂၀ နိုဝင်ဘာ ၂၀၀၈
စက်မှု (၁) ဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ဝန်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေ ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် မပေးနိုင်ဖြစ်နေ၏။

သို့သော် စိုင်းစံထွန်းပိုင်ဆိုင်သည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းပိုင်နေ သည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ဝန်ကြီးဦးအောင်သောင်း မည်သို့ အရေးယူမည်ကို ရန်ကုန် စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြ၏။

စင်စစ် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် အသက် (၇၂) နှစ် ရှိသည့်တိုင် လောဘရမက်အကြီးဆုံး ဝန်ကြီးအဖြစ် ထင်ရှား၏။ အဂတိလိုက်စားမှုတွင် ဝန်ကြီးတကာဝန်ကြီး အားလုံးထက်ပင် သရဖူဆောင်းသည်ဟု နာမည်ကြီး၏။

အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူမှာလည်း ဝန်ကြီး ဦးအောင်သောင်းဖြစ်၏။ တချိန်က ပုဂံလူထု ချီတက်ပွဲများလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှုတ်ချပွဲပုံစံ ဖန်တီးရန်အတွက် မန္တလေး နန်းတွင်းရတနာပုံဧည့်ဆောင်ကနေ ဦးအောင်သောင်း ကြိုးကိုင်ခဲ့၏။ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဦးအောင်သောင်းသည် စစ်သင်တန်း တပတ်တည်းဆင်းဖြစ်သည့်အတွက် အလွန်ရင်းနှီး၏။

ထို့ကြောင့် လူထုဆန္ဒပြပွဲများကို စည်းရုံးရန် ဦးအောင်သောင်း မန္တလေးရောက်တိုင်း နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုဖို့ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခွင့်ပြုခဲ့၏။ သို့သော် နောက်ရောက်လာသည့် မန္တလေးတိုင်းမှူးများက ဦးအောင်သောင်းအား သဘော မကျသည့်အတွက် နန်းတွင်းရတနာပုံဧည့်ခန်းဆောင်ကို အသုံးပြုခွင့် မပေးသဖြင့် မန္တလေး ဘီယာစက်ရုံ၊ အရက်စက်ရုံများရှိ ရိပ်သာများ၌သာ တည်းခိုပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ရ၏။

အစိုးရထောက်ခံပွဲများ၊ ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲများ ဖန်တီးသည့်နည်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာသာပေးမှုကို ဦးအောင်သောင်း ရယူနိုင်ခဲ့သည်။ ထိုသို့ လူထုထောက်ခံပွဲများ လုပ်ရာတွင် စက်မှု (၁) လက်အောက်ခံ စက်ရုံများမှ ဝန်ထမ်းများကို အဓမ္မနည်းဖြင့် ချွေးတပ်ဆွဲပြီး အသုံးချခဲ့သည်ဟု သက်သေအထောက်အထားများနှင့်တကွ ဦးအောင်သောင်း၏ လက်ထောက်များက ပြော၏။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်တွင် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း၊ မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေးစက်မှုလုပ်ငန်းဆိုပြီး ဌာနကြီး (၆) ခုရှိ၏။ ထိုလုပ်ငန်းဌာနကြီး (၆) ခုလုံးပေါ်မှ လုပ်ငန်းများကို မိမိကိုယ်ကျိုးအတွက် ဦးအောင်သောင်း အသုံးချသည်ဆိုပြီး လက်အောက်အရာရှိများက ထုတ်ဖော်ပြော၏။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနှင့် တည်ဆောက်ရာတွင် တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ရန်ကုန် အနောက်တိုင်းသံတမန်များက ပြော၏။

ပုဂ္ဂလိက ဘိလပ်မြေစက်ရုံတရုံတည်လျှင် အရင်း အမေရိကန်ဒေါ်လာ (၈) သန်းကုန်ကျ၏။ ထိုအထဲမှ ဝန်ကြီးဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်များက ပြော၏။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ တည်ထားသည့်အတွက် ဦးအောင်သောင်းမှာ ဘိလပ်မြေစက်ရုံတလုံးဖိုးနှင့်ညီမျှသည့် ဒေါ်လာ (၈) သန်း ကော်မရှင်ရပြီး ဆိုသည့်သဘောဖြစ်၏။

လောလောဆယ် သာစည်အရှေ့ဘက် ပြင်ညောင်မှာ ရတနာသိင်္ဂီ ကုမ္ပဏီမှ ဆောက်လုပ်ပေးနေသည့် ဘိလပ်မြေစက်ရုံမှာ ဝန်ကြီးဦးအောင် သောင်းအတွက် ဖြစ်သည်ဟု စက်မှု (၁) ဝန်ကြီးဌာနတခုလုံး လူသိများ၏။

အထူးသဖြင့် စက်မှု (၁) ဝန်ကြီးဌာန လုပ်ငန်းအတော်များများကို ဦးအောင်သောင်းနှင့် ရင်းနှီးသည့် ပုဂ္ဂလိက ကုမ္ပဏီများသာ လက်ဝါးကြီးအုပ် လုပ်ခွင့်ပေးထား၏။ ဥပမာ-ရွှေသံလွင်၊ ရတနာသိင်္ဂီ၊ ကျော်သာ၊ Mother Trading စသည့် ကုမ္ပဏီများမှာ ထင်ရှား၏။ စက်မှု (၁) ဝန်ကြီးဌာန လက် အောက်ခံ စီမံကိန်းများမှ Steel Structure လုပ်ငန်းမှန်သမျှကို ဦးဝင်းလွင်ပိုင် ကျော်သာကုမ္ပဏီတဦးတည်းကိုသာ ဦးအောင်သောင်းက ကန်ထရိုက် လုပ်ခွင့်ပေးထား၏။

ထိုငတက်ပြားဝန်ကြီး ဦးအောင်သောင်းသည် မကြာခင် မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နောင် ပေါ်ပေါက်မည့် ရုပ်သေးအရပ်သားအစိုးရလက်ထက်တွင် မန္တလေးတိုင်း ဒေသကြီးအဆင့် ဝန်ကြီးချုပ်အဖြစ် အရွေးခံဦးမည်။ ထိုသက်ကျားအို ဝန်ကြီးဦးအောင်သောင်းကို ခေတ်ပြိုင်က အထူးရှုတ်ချသည်။

ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ စိတ်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း

Thursday, 20 November 2008 16:25 အောင်ဇော်
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းကြောင့် လူအများက ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ဤဖြစ်ရပ်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ် လာမည့် အကြီးအကျယ် နှိပ်ကွပ်နှိမ်နင်းမှုများ၏ အစပျိုးလည်း ဖြစ်နိုင်သည်။ ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီတွင် သူ့ကိုပြစ်တင်ဝေဖန်နေသူအားလုံးကို နှုတ်ပိတ်၍ ထောင်ထားထည့်ထားရန် ရည်ရွယ်နေသည်။

သူ၏ အားနည်းချက်ဟု ဆိုရလေမလား၊ အားကောင်းချက်ဟု ဆိုရလေမလားမသိ။ ယခုဖိနှိပ်နေမှုများသည် ဗိုလ်ချုပ်သန်း ရွှေက လာမည့် ရွေးကောက်ပွဲတွင် သူကို အတိုက်အခံပြုလာမည့် ရန်ဟူသမျှကို အမြစ်ဖြုတ်ချေမှုန်းပစ်မည်ဟု သံန္နိဌာန်ချ ထားကြောင်း သူ့ကိုဆန့်ကျင်ဝေဖန်နေသူများကို သိသာစေခဲ့သည်။

သူ၏ ခေါင်းဆောင်မှုကို ဝေဖန်မေးခွန်းထုတ်လာသူများကို မတန်တရာ ထောင်ဒဏ်များ ချပစ်သည့် ရည်ရွယ်ချက်ကို တစုံ တဦးက အဓိပ္ပါယ်ဖော်၍ ရနိုင်သော်လည်း၊ ဗိုလ်ချုပ်သန်းရွှေက မည်သို့ စိတ်ကူးကြံစည်နေသည်ကို ဖတ်နိုင်ရန်မှာ ခက်ခဲ လှသောအလုပ်ဖြစ်သည်။ သူနှင့် အနီးကပ်နေရသည့် အရာရှိများကပင် အလားတူ ၀န်ခံပြောဆိုခဲ့ကြဖူးသည်။

သူက ကြိုတင်စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်လာရသည့် ဗိုလ်ချုပ်ကြီး၏ ဒေါသကို အတိုက်အခံခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီတို့ ခံစားခဲ့ကြရ သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့်နှစ်အတွင်းက ဗိုလ်ချုပ်သန်းရွှေက အရာရှိအချို့ကို တာဝန်ပေး၍ ထိန်းသိမ်းထားသည့် လှုပ်ရှားသူ ခေါင်းဆောင်များကို ၂၀၁၀ ရွေးကောက်ပွဲနှင့် မေလတွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တီးခေါက်စုံစမ်းစေခဲ့သည်ဟု ဆိုသည်။ အများစုက စစ်အစိုးရ အဆိုပြုထားသည့် ကိစ္စ ၂ ခုစလုံးကို ပယ်ချခဲ့ ကြသည်။

စစ်အစိုးရကို ဆန့်ကျင်နေကြသူများက ယခုလို နှိပ်ကွပ်နှိမ်နင်းနေမှုများ ဆက်လက်မြင့်မားလာဖွယ် ရှိသည်ဟု မြင်နေ ကြသည်။ သူတို့က စစ်အစိုးရတွင် ဖမ်းဆီးထိန်းသိမ်းရမည့်သူများကို စာရင်းပြုစုထားရှိပြီး ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ ဖမ်းဆီးခံရမည့်သူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များလည်း အပါအ၀င် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေ က အတိုက်အခံဟူသမျှကို ၂၀၁၀ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် အိမ်အကျယ်ချုပ်သော်လည်းကောင်း၊ ထောင် တွင်းသော်လည်းကောင်း ထား၍ အကျဉ်းချထားလိုသည်။

အတိုက်အခံများကို ထောင်သွင်းထားရုံမျှဖြင့် မကျေနပ်နိုင်ပါ။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးနည်းဖြင့် စိတ်ဓါတ် ကျိုးကြေပျက်သုဉ်းအောင် ဆောင်ရွက်လိုပုံလည်း ရသည်။ ဖမ်းဆီးထားသည့် အတိုက်အခံအများစုကို အင်းစိန်ထောင် အတွင်း ခုံရုံးတင်စီစဉ်ခဲ့သော်လည်း သူတို့ကို ထောင်ချပြီးသည်နှင့် ဝေးလံခေါင်သီသည့် ထောင်များသို့ ခွဲ၍ ပို့ခဲ့သည်။ သူတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ဝေးရာသို့ နှင်စေခဲ့သည်။

ဤသို့ အတိုက်အခံခေါင်းဆောင်များကို ထောင်ချပြီး အထီးကျန်ဖြစ်စေရန် ဝေးလံသည့် ဒေသများသို့ ပို့ခဲ့သည့် ရက်စက် လွန်းလှသော အမိန့်မှာ ယခင်က တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေနှင့် သူ နှင့်နီးစပ်သော ခေါင်းမာဂိုဏ်းသား ၀န်ကြီးများထံမှ လာသည်ဟု ဆိုကြခြင်းမှာ ဖြစ်တန်ရာ ရှိပါသည်။ စစ်အစိုးရ၏ သတင်း ရင်းမြစ်များက ပြောကြရာတွင် နောက်ထပ်ဖမ်းခံရရန် ရှိသည့် နိုင်ငံရေးအတိုက်အခံများစရင်းနှင့်အတူ သူတို့ကို မည်သည့် ထောင်သို့ ပို့လွှတ်ချုပ်နှောင်ရမည်ကိုပါ ဖော်ပြထားသည်ဟု ဆိုကြပါသည်။

သို့သော် ကန့်လန့်နိုင်လှသည့် အဖြစ်မှာ အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခြင်းအားဖြင့် ဗိုလ်ချုပ်သန်း ရွှေက မြန်မာပြည်သတင်း ကမ္ဘာက အရေးစိုက်လာအောင် ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အဖြစ်အပျက်များက သတင်း ဌာနများက အာရုံစိုက်မခံရသည်မှာ၊ တိတ်ဆိတ်နေခဲ့သည်မှာ အတန်ကြာမြင့်နေခဲ့ပြီးမှ ယခုသတင်းများ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။ ယခုတကြိမ်တွင်လည်း အနောက်နိုင်ငံများက မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်သံများနှင့် ကြွက်ကြွက်ညံ နေခဲ့ပြန်သည်။

သို့သော်လည်း ဤသို့ အာရုံစိုက်ခံရမှုက နေပြည်တော်အပေါ်တွင် ကြာကြာဝဲမနေနိုင်ကြောင်း ဗိုလ်ချုပ်သန်းရွှေက ကောင်း ကောင်း သိထားပါသည်။ နိုင်ငံတကာရှိ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးအခြေ အနေအပေါ် စိတ်ကုန်လက်ကုန်ဖြစ်နေကြကြောင်း သူက သိထားပါသည်။

အချို့သော ပညာအိုးကွဲများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ မရှိသည်ထက်စာလျှင် တခုခုရှိသည်က ကောင်း သည်ဟု ပြောဆိုထောက်ခံမည့်သူများ ရှိနေကြောင်းလည်း သူက ကောင်းကောင်းသိထားပါသည်။

၂၀၁၀ ရွေးကောက်ပွဲက မုချကျင်းပဖြစ်လိမ့်မည် ဖြစ်သည်ဟု အနောက်တိုင်သံတမာန်တဦးက မိမိကို မကြာသေးမီက ပြောပါသည်။ မေလက ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေ အလိုကျ ၎င်း၏ အလိုတော်ရိ များနှင့် နီးစပ်သူများ အနိုင်ရလေအောင် မဲလိမ်မဲညစ်ကြဦးမည် ဖြစ်သည်။

အတိုက်အခံများနှင့် အနောက်နိုင်ငံများက လာမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြမည် မဟုတ်သည်ကို ဗိုလ်ချုပ်သန်းရွှေက တွက်ဆထားမိပါသည်။ သို့သော်လည်း စစ်အစိုးရကို ထောက်ခံပြောဆိုမည့်သူများ၊ အခွင့်ကောင်း စောင့်နေသူများ၊ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အချို့သော မသဲကွဲေ၀၀ါးနေ သည့် အစိုးရမူဝါဒချမှတ်သူများ ၀ါရှင်တန်၊ ဘရပ်ဆယ်နှင့် ဘန်ကောက်တွင် တွေ့ဆုံညှိနှိုင်းနေကြကြောင်းလည်း သူက သတိပြုမိနေပါသည်။ ဤဆွေးနွေးပွဲများတွင် ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းအရာကို အလေးထားစဉ်းစားနေကြပါ သည်။

အချို့သော ပညာအိုးကွဲဆိုသူများက စစ်အစိုးရနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ ဖိနှိပ်သူနှင့် ဖိနှိပ်ခံရသူကို ခွဲခြားမမြင်မိ ကြတော့ကြောင်းကိုလည်း ဗိုလ်ချုပ်သန်းရွှေက ကောင်းစွာ သတိပြုမိလိမ့်မည် ဖြစ်သည်။

ထို့အပြင် ပြည်ပရှိ အတိုက်အခံလှုပ်ရှားမှုက မညီညွတ်နိုင် အကွဲကွဲအပြားပြား ဖြစ်နေကြသည်ကိုလည်း ဗိုလ်ချုပ်သန်းရွှေ က သိထားနိုင်သည်။ နိုင်ငံရပ်ခြား ရန်ပုံငွေများအပေါ် မှီခိုနေကြရပြီး တခါတရံ ပိုက်ဆံပြတ်၍ နေကြသည်ကိုလည်း သိ ထားနိုင်သည်။ ထိုမျှမက တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်များလည်း ချိနဲ့အားနည်းနေပြီး မဟာဗျူဟာ မရှိကြကြောင်း သူသိထားနိုင်သေးသည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏စစ်အစိုးရက အခြားတဖက်တွင်လည်း သဘာဝဓါတ်ငွေ့ရောင်းချရငွေများဖြင့် ထပ်မံကြွယ်ဝဖို့ ရှိ နေသေးသည်။ ရရှိလာသည့်ဝင်ငွေများနှင့် တရုတ်နှင့် ရုရှားနိုင်ငံများထံမှ လက်နက်များ ထပ်မံတိုးတက်၍ ၀ယ်ယူဖြည့် တင်းနိုင်သေးသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက မဝေဖန် မစောကြောဘဲ ထောက်ခံပံ့ပိုးပေးနေသမျှ ဗိုလ်ချုပ်သန်းရွှေ အနေနှင့် သူ၏အာဏာကို ပြိုင်မည့်သူမရှိဟုလည်း ဘ၀င်ရောက်နေနိုင်သေးသည်။

ဤအခြေအနေတွင် ကုလသမဂ္ဂက မည်သို့ရပ်တည်နေပါသနည်း။ ဗိုလ်ချုပ်သန်းရွှေက ယခုအချိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာရောက် လည်ပတ်ရန်အတွက် အခြေခံကိစ္စများ ပြင်ဆင်ရမည့်အချိန်ဟု လည်း သိထားပါသည်။ သို့သော်လည်း သူက ယခုအချိန်တိုင် ကုလသမဂ္ဂအကြီးအကဲ လာရောက်မည့်ကိစ္စကို နည်းနည်း မျှ စိတ်ဝင်စားဟန် မပြသေးပါ။

ဘန်ကီမွန်းအနေနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါက မျှော်လင့်ထားနိုင်သည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးရှည် လျားလှသည့် သမိုင်းကြောင်း ပို့ချချက်ကို ကြားရနိုင်သည်။ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စနှင့် မညီညွတ်ဖြစ်နေရမှုများကို ကြားရနိုင်ပါသည်။ စစ်တပ်က ဤသို့အနေအထားကြောင့် မဖြစ်မနေ ဗဟိုမဏ္ဍိုင်နေရာ ကို ယူထားရကြောင်း ရှင်းပြချက်များလည်း သေချာကြားရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ ဘန်ကီမွန်းက ရှည်လျားလှ သည့် တကိုယ်တော်မိန့်ခွန်းကို နားထောင်ရန် ပြင်ဆင်ထားပါက၊ သူတို့အလိုကျ လိုက်မည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေ၏ အထူးဧည့်သည်တော်အနေနှင့် နေပြည်တော်သို့ ဖိတ်ကြားမည်မှာ မုချဖြစ်သည်။

မကြာသေးမီက ထူးထူးဆန်းဆန်း ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ ဖိတ်ခေါ်ခဲ့ပြန်သည်။ သို့သော်လည်း သံတမာန်ရပ်ကွက်များ အဆိုအရ မစ္စတာဂမ်ဘာရီက သူ၏ ရာထူး တာဝန်မှ အနားယူရန် တိတ်တဆိတ်စဉ်းစားနေသည်ဟု ဆိုသည်။ ဤသတင်းနှင့်ပတ်သက်၍ သေချာတိကျသည့်အတည် ပြုချက်များ မရရှိသေးပါ။

ကုလသမဂ္ဂက မစ္စတာဂမ်ဘာရီနေရာကို အစားထိုးနိုင်မည့် အခြားသံတမာန်တဦးကို အရှေ့တောင်အာရှ နိုင်ငံများဆီမှ ရှာဖွေကောင်း ရှာဖွေနေနိုင်ပါသည်။ ဗိုလ်ချုပ်သန်းရွှေက တွက်ထားသည်မှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံသို့ လာလည် သည့် အကြိမ်ရေများလေလေ၊ အထူးသံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးပိုကြီးကြီး ပေးရလေ ဖြစ်ပါသည်။

သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သိထားသည်နှင့်အညီ အသက်အရွယ် အိုမင်းမစွမ်းရှိနေပြီဖြစ်သည့် ဗိုလ်ချုပ် သန်းရွှေက ထက်မြက်ဆဲဖြစ်နေနိုင်သော်လည်း ပို၍ စိတ်သောကရောက်နေနိုင်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များလည်း လွန် လွန်ကဲကဲ ရှိနေနိုင်သည်။ သူက နိုင်ငံတော်ကို အုပ်ချုပ်နေသည့်ပုံကို သဘောမတွေ့ကျသည့် ဂဏှာမငြိမ်ဖြစ်နေကြသော အချို့ စစ်ဗိုလ်များ ရှိနေကြောင်းလည်း သူက သိထားပါသည်။ အတိတ်က သူဖြုတ်ထုတ်ရှင်း လုပ်ထားသည့်ကိစ္စများက ယခုတိုင် သူ့ကိုခြောက်လှန့်နေဆဲ ရှိနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အိပ်မပျော်သောညများပင် ရှည်ရှည်လျားလျား ရှိနေနိုင်ပါ သေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဗိုလ်ချုပ်သန်းရွှေကို ဆေးစစ်ခွင့် ရခဲ့သည့် စင်္ကာပူဆရာဝန်များ၏ ရောဂါဖော်ချက်ကို သိရ မည်ဆိုပါက အမှန်တကယ် စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ အတည်မပြုနိုင်သောသတင်းများအရ တုနှိုင်းမရှိ ခေါင်းဆောင် ကြီးတွင် ကင်ဆာနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဆိုကြပါသည်။ သို့သော် လောင်းကြေးစားကြေး ပြောလိုက်ချင် သော ကိစ္စရှိပါသေးသည်။ စင်္ကာပူဆရာဝန်များ ထုတ်ဖော်ပြောရန် မ၀ံ့ဖြစ်နေရသည့် ကိစ္စမှာ ဗိုလ်ချုပ်သန်းရွှေအနေနှင့် ရူးသွပ်နေသည်ဟူသည့် အချက်ပင် ဖြစ်ပါတော့သည်။

အောင်ဇော်ရေးသားသည့် Reading Than Shwe's Disturbed Mind ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Thursday, 20 November 2008 သတင်း

ဆေးကျောင်းသားများ စစ်အစိုးရပညာရေးစနစ်ကို မယုံကြည်ဘွဲ့မရမီ ဆေးကျောင်းမှ ထွက်သည့်နှုန်းများလာ
NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈
ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် တက်ရောက်နေသည့် ဆေးကျောင်းသားများ ကျောင်းမပြီး ခင် ကျောင်းမှထွက်သည့်နှုန်း များလာနေကြောင်း အဆိုပါကျောင်းမှ ကျောင်းသူ ကျောင်းသားများက ပြောသည်။

ကျောင်းသူတဦးက “ကျောင်းပြီးသွားရင်တောင် ဆရာဝန်လုပ်ခွင့်ရဖို့ အခက်အခဲတွေ အများကြီးရှိနေတာ သိလာရတယ်။ နောက် ကျောင်းက သင်ကြားရေးစနစ်ကလည်း မကောင်းဘူး၊ ဒီတော့ အပြင်ထွက်ပြီး နိုင်ငံခြား တက္ကသိုလ်တခုခုမှာ ကျောင်းသွားတက် နိုင်ရေးပဲ ကြိုးစားလာတဲ့ လူတွေ များလာတယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းသူက “ကျောင်းတကျောင်းလုံးအနေနဲ့ ကျောင်းမပြီး၊ ဘွဲ့မရဘဲ ကျောင်းမှ ထွက်ခွာသူ ဦးရေ ဘယ်လောက်များတယ်ဆိုတာ အတိအကျ မသိပေမယ့် ၎င်းနဲ့ နီးစပ်သူ တနှစ်တည်း သူငယ်ချင်းကတော့ (၆) ယောက် ရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်ဆေးရုံကြီးမှ အရိုးအထူးကု ဆရာဝန်ကြီးတဦးကို မေးမြန်းကြည့်ရာ ဘွဲ့မရခင် ကျောင်းထွက်မှုနှုန်းများလာခြင်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ပုံမှန်စနစ်အရ ဆေးတက္ကသိုလ်များမှ ကျောင်းပြီး၍ ဘွဲ့ရသွားသည့် ဆရာဝန်လောင်းများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ် လုပ်ကိုင်ရကြောင်း၊ ပြီးမှ အလုပ်လျှောက်ထားရပြီး ဆေးကုသခွင့်လိုင်စင် ရကြကြောင်း အဆိုပါ အထူးကုဆရာဝန်ကြီးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် “လက်ရှိ အခြေအနေကြည့်ရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် ကုသရေး၊ သင်ကြားရေးနဲ့ ရုံးလုပ်ငန်းတွေမှာတောင် ဆရာဝန်တွေကို အလုပ်ခန့်နိုင်ခြင်း မရှိဘူး။ ဆရာဝန်လောင်းပေါင်းများစွာ အလုပ်ရဖို့ စောင့်ဆိုင်းနေရတယ်။ ဒီ ဆရာဝန်တွေဟာ အလုပ်သင်လည်း ဆက်လုပ်ခွင့် မရှိ၊ ဆရာဝန်အဖြစ်လည်း အလုပ်ခန့်မှု မရှိ၊ ဆေးကုသခွင့် လိုင်စင်လည်း မရှိတဲ့အတွက် ဒီအတိုင်း ထိုင်စောင့်နေရတဲ့ သဘောဖြစ်တယ်။ လောလောဆယ် ၂ဝဝ၆ ခုနှစ်မှာ ကျောင်းပြီးတဲ့ ဆရာဝန်တောင် ခုမှ အလုပ်လျှောက်နေရတယ်။ ဒီအခြေအနေကို သိနေ၊ မြင်နေတဲ့ ဆေးကျောင်းသား၊ ကျောင်းသူတွေဟာ အတန်းမပြီးခင် ကျောင်းက ထွက်တာ များလာတဲ့သဘောပါပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားပညာရေး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးကလည်း ယခုနောက်ပိုင်း နိုင်ငံခြားတက္ကသိုလ်တက်ခွင့်ရရန် ကြိုးစားလာကြသူများထဲတွင် ဆေးကျောင်း တပိုင်းတစ တက်ခဲ့သူများ၊ အင်ဂျင်နီယာကျောင်း တပိုင်းတစ တက်ခဲ့သူ များကြောင်း ပြောပြသည်။

ယခုလက်ရှိ ဆေးတက္ကသိုလ် သင်ကြားရေးနှင့် ပတ်သက်၍ အဆိုပါ အထူးကုဆရာဝန်ကြီးက ဆက်လက်ရှင်းပြရာတွင် သင်ကြားမှုများ ညံ့ဖျင်းလာကြောင်း၊ တက္ကသိုလ်တက်နေသည့် ဆေးကျောင်းသားများမှာ ကျောင်းတက်ရုံမက စာမေးပွဲအောင်ရန်အတွက် ကိုယ့်ကိုသင်သည့် ပါမောက္ခများထံတွင် မဖြစ်မနေ ကျူရှင်ယူရကြောင်း၊ ထို့အပြင် စာတတ်မြောက်လိုသူများ အတွက်ကတော့ အခြား နီးစပ်ရာ အထူးကုဆရာဝန်ကြီးများထံ သင်ကြားရသည်ဟု ဆိုသည်။

အဆိုပါအခြေအနေများသည် ရန်ကုန်ဆေးတက္ကသိုလ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများဖြစ်သည်။ မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများအတွက် သင်ကြားရေးနှင့် လက်တွေ့ကွင်းဆင်းရေး အခြေအနေမှာ ပို၍ဆိုးနေသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် နောက်ပိုင်း ဆေးတက္ကသိုလ်များမှ အောင်သည့် ဆရာဝန်ငယ်များမှာ အစောပိုင်း ဆရာဝန်များနှင့် နှိုင်းယှဉ်လျှင် အရည်အချင်း လျော့ကျလာကြောင်း အရိုးအထူးကု ဆရာဝန်ကြီးက ဝေဖန်ပြောဆိုသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှု မြန်မာနိုင်ငံ ကူးစက်ပြီ
မြန်မာပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်း
NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈
အထွေထွေ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုရလဒ်အဖြစ် မြန်မာစစ်အစိုးရ ပို့ကုန်လုပ်ငန်းများ ကျဆင်းနေချိန်၌ တရုတ်နိုင်ငံသည်သာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ စိတ်အချရ ဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးအရာရှိတဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ လတ်တလော သားငါးဆိုင်ရာတင်ပို့မှုများ ရပ်တန့်သွားနိုင်ကြောင်း၊ ယင်းသို့ပို့ကုန်လုပ်ငန်း ကျဆင်းမှုမဖြစ် ရန် ရေလုပ်ငန်းအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်လက်ကုန်သွယ်မှု ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုလုပ်ငန်းတော်တော်များများ ကျဆင်းနေချိန်မှာ ငါးလုပ်ငန်းအနေနဲ့လည်း ထိမှာပဲ။ ရေထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေကို ပို့နေတဲ့ နေရာမှာ အခြားနိုင်ငံတွေကို လတ်တလော ရပ်ထားရမယ်ဆိုရင်တောင် တရုတ်နိုင်ငံကိုတော့ ရပ်ရမယ့် အနေအထားမတွေ့ရဘူး။ ဒါကြောင့် တရုတ်က စိတ်ချရတဲ့ ကုန်သွယ်ဖက်နိုင်ငံလို့ ပြော နိုင်တာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် အခြားနိုင်ငံများတွင်လည်း ရေထွက်ကုန်များ ကျဆင်းနေရာ ဗီယက်နမ်၊ ယိုးဒယားနှင့် အင်ဒိုနီးရှားတို့တွင်လည်း ရေလုပ်ငန်းများ ကျဆင်းနေကြောင်း၊ မိမိတို့အနေဖြင့် တဦးနှင့်တဦး ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ကြရန် ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များထံ ၀န်ကြီးဌာနက သတင်းများထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

ပို့ကုန်လုပ်ငန်းရှင် တဦးကလည်း “မြန်မာနိုင်ငံက ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်တဲ့အခါမှာ ပြည်ပနိုင်ငံတွေအနေနဲ့ ဘဏ်စနစ်နဲ့ ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် အခုလို ကမ္ဘာ့စီးပွားရေး ပျက်နေတဲ့ ပြဿနာမှာ အမှာအော်ဒါကို ဈေးကွက်အနေအထားကြည့်ပြီးမှ မှာတာမျိုးတွေ လုပ်လာကြတယ်။ မြန်မာကုန်သည်တွေကတော့ (၈၀) ရာခိုင်နှုန်းက ကိုယ်ပိုင်ငွေနဲ့ လုပ်ကြတယ်လေ။ ပြည်ပကကျတော့ ငွေလွှဲမှုကို ဘဏ်စနစ်နဲ့ သွားတာလေ။ ငွေက စီးပွားရေးအရ ဘဏ်တွေမှာ မလည်နိုင်တော့ဘူး။ အဲဒီအခါ ဈေးကွက်ကို ထိန်းပြီးတော့ မှာရတော့တာပေါ့။ အရင်က ကွန်တိန်နာ (၃) လုံးမှာတဲ့ အမှာတွေ အခုကျတော့ အမှာမရတော့ဘူး။ ကိုယ်တိုင်ပို့တဲ့ သူတွေလည်း မပို့ကြတော့ဘူး။ ဘာလို့လဲဆိုတော့ ငွေလွှဲတဲ့အခါ ကြာတယ်၊ ငွေမလည်ကြ တော့လို့ပါ” ဟု ပြောသည်။

ပြည်တွင်း လုပ်ငန်းရှင်အချို့လည်း ကပ်ဆိုက်မှုအပေါ် စိုးရိမ်စိတ်များကြောင့် နိုင်ငံခြားတင်ပို့မှု အချို့ကို ရပ်ထားကြကြောင်း သိရသည်။

“ပြည်ပနိုင်ငံတွေမှာ ဘဏ်ရဲ့အထောက်အပံ့နဲ့ အလုပ်လုပ်တာများတဲ့အတွက် ပြည်တွင်း ကုန်သည်တွေက စိုးရိမ်လာကြတာ ဖြစ်တယ်” ဟု ပို့ကုန်လုပ်ငန်းရှင်က ပြောသည်။

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ပို့ကုန်များ ထိခိုက်နိုင်သော်လည်း တရုတ်နိုင်ငံအပေါ် အားကိုး စိတ်ချခြင်းမှာ တရုတ်နှင့် မြန်မာတို့၏ ကုန်သွယ်မှုပမာဏ တိုးတက်လာမှုကို သိရှိနားလည်ထား၍ ဖြစ်မည်ဟု စီးပွားရေး ကျွမ်းကျင်သူများက ယူဆသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ လွန်ခဲ့သည့် (၃) နှစ်အတွင်း (၆၀) ရာခိုင်နှုန်း ကျော်တိုးတက်လာခဲ့ကြောင်း အောက်တိုဘာလအတွင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

ပြည်တွင်းစပါးဈေးကျသဖြင့် ပြည်ပ ဆန်တင်ပို့သူများ တွက်ခြေကိုက်
NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈

လက်ရှိ ပြည်တွင်း စပါးပေါက်ဈေး ထိုးကျနေ၍ တောင်သူလယ်သမားများ အခက်အခဲ ကြုံတွေ့နေသော်လည်း ပြည်ပ တင်ပို့ခွင့် ရရှိထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ထူးကုမ္ပဏီနှင့် ကုမ္ပဏီအချို့မှာမူ အမြတ်အစွန်း များစွာ ရရှိနေကြောင်း ဆန်ကုန်သည် အသိုင်းအဝန်းမှ စုံစမ်းသိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးတဦးက “လောလောဆယ် ဆန်တင်ပို့ခွင့် လည်းရ၊ တင်လည်း တင်နေတဲ့ အဓိက ကုမ္ပဏီ နှစ်ခုကတော့ ဦးပိုင်နဲ့ ထူးကုမ္ပဏီပဲ။ ခုမှ အခြားကုမ္ပဏီ တခုနှစ်ခုကို တင်ပို့ခွင့်ပြုလိုက်တော့ စုစုပေါင်း တင်ပို့ခွင့်ပြုတာ ဆန်တန်ချိန် (၅) သောင်းကျော်တော့ ရောက်သွားပြီ။ ကမ္ဘာ့ပေါက်ဈေးမှာ ထိုင်းဆန်ရော၊ ဗီယက်နမ်ဆန် ရော ဈေးကျနေတယ် ဆိုပေမယ့် မြန်မာ (၂၅) မှတ်ဆန်ကတော့ တတန် ဒေါ်လာ (၃ဝဝ) အောက် ရနေတုန်းပဲ။ လက်ရှိ ဈေးကွက်မှာ ပြည်ပပို့မယ့် ကုမ္ပဏီတွေက တတင်းခွဲ (၁ဝ၈ ပေါင်) တအိတ် ကျပ် (၁၄,ဝဝဝ) လောက်နဲ့ စိတ်ကြိုက်ဝယ်လို့ရနေသေးတော့ အတော့ကို တွက်ခြေကိုက်နေတာပေါ့” ဟု ပြောသည်။

လောလောဆယ် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဒု-ဗိုလ်မှူးကြီးရဲအောင် ဦးစီးပြီး စက်ဆန်းမှာ ဆန်ဂိုဒေါင်ဖွင့်လှစ် ဝယ်ယူလျက်ရှိပြီး ဆန်လာသွင်းသူ ကုန်သည်များသည့် အတွက် ဂိုဒေါင်၌ ဆန်ချနိုင်ရန်ပင် ညအိပ်စောင့်ဆိုင်းရကြောင်း ဆန်ကုန်သည်များက ပြောသည်။

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးမကျခင်က မြန်မာဆန်အကျိုး (၃ဝ-၃၅) ရာခိုင်နှုန်းပါသည့် ဆန်များအထိ ဝယ်ယူခဲ့သော်လည်း ယခုနောက်ပိုင်း မြန်မာပြည်တွင်း စပါးဈေးကျလာသည့် အတွက်ကြောင့် ဆန်အကျိုး (၂ဝ) ရာခိုင်နှုန်းခန့်သာ ပါဝင်သည့် ဆန်များကိုသာ ရွေးချယ် ဝယ်ယူလာကြကြောင်း သိရသည်။

ထိုကြောင့် ဦးပိုင်ကုမ္ပဏီသည် ဆန်ကျိုး (၂ဝ) ရာခိုင်နှုန်း၊ ဆန်သားရင့်ရင့် ဆန်များကို (၈ဝ) ဂရမ် အထူရှိသည့် ဆန်အိတ်များ သုံးပြီး လာသွင်းမှ လက်ခံကာ တတင်းခွဲ တအိတ်ကို ကျပ် (၁၄,၅ဝဝ) အထိ ပေးပြီး ဝယ်ကြောင်း၊ ထူးကုမ္ပဏီမှာမူ လှိုင်သာယာတွင် ဂိုဒေါင်ထားပြီး (၁ဝ၈) ပေါင်ပါ ဆန်တအိတ် (၁၄,၂ဝဝ) ကျပ် ပေးပြီး ဝယ်ယူနေကြောင်း၊ ထူးကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တင်သွင်းနေခြင်းဖြစ်ပြီး ဦးပိုင်ကုမ္ပဏီမှာမူ စင်ကာပူမှတဆင့် အာဖရိက နိုင်ငံတခုကို တင်ပို့နေကြောင်း သိရသည်။

လက်ရှိ စပါးပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား တင်း (၁ဝဝ) ကို ကျပ် (၂၇ဝ,ဝဝဝ)၊ (၂၈ဝ,ဝဝဝ) ခန့် ပေါက်သည့်အပြင် နယ်မြို့များတွင် စပါးလက်ကျန် များစွာရှိနေသေးကြောင်း သိရသည်။ ဥပမာအားဖြင့် မြောင်းမြမြို့ရှိ ဆန်စက်တခု၌ပင် စပါး တင်းပေါင်း (၆ဝ,ဝဝဝ) ကျော် လက်ကျန်ရှိနေသေးပြီး အခြား မြို့အသီးသီး၌လည်း လက်ကျန်စပါး အများအပြား ကျန်နေသေးကြောင်း သိရသည်။

ယခုကဲ့သို့ စပါးဈေးနှုန်းများ ကျဆင်းနေ၍ လယ်သမားများ အခက်အခဲတွေ့နေကြသော်လည်း ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှာမူ ကြိုက်ဈေးနှိမ်ပေးပြီး ဝယ်ယူတင်ပို့နိုင်၍ အမြတ်အစွန်း များစွာ ရရှိနေကြခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်း ကုန်တင်ယာဉ် ဖောက်ထွင်းမှုပိုများ
NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈

ကုန်တင်ယာဉ်များပြေးဆွဲသည့် လမ်းများမကောင်းသည့်အတွက် ကုန်တင်ယာဉ်များ လုံခြုံရေးအတွက် အန္တရာယ်ရှိနေကြောင်း ဘုရင့်နောင် အဝေးပြေး ကုန်စည်ဒိုင်လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုတွင် ကုန်တင်ယာဉ်များအား ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်၂၀၀၈ ခုတွင် ပိုများလာကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“ကုန်တင်ယာဉ်တွေ အသွားအလာများတာက အမှတ် (၃) လမ်းမကြီးနဲ့ အမှတ် (၄) လမ်း မကြီးဖြစ်တယ်။ အဲဒီလမ်းတွေက လမ်းလုံးဝမကောင်းတဲ့အတွက် ဖောက်ထွင်းခိုးယူသူတွေ အတွက် အခါကောင်း၊ အခွင့်အရေးကောင်းကို ဖန်တီးပေးသလို ဖြစ်နေတယ်။ ရန်ကုန်က ထွက်တာနဲ့ လမ်းကဆိုးနေပြီ။ အခုတော့ အမှတ် (၃) လမ်းမကြီးကို ပြင်နေတာတွေ့ ပါတယ်။ အမှတ် (၄) လမ်းကတော့ ဘယ်တော့မှ ပြင်မလဲဆိုတာ မသိရသေးဘူး” ဟု ကုန်စည်ဒိုင်တခု၏ အမည်မဖော်လိုသူ ဂိတ်ပိုင်ရှင်တဦးက ပြောသည်။

ယင်းသို့ ဖောက်ထွင်းခိုးယူမှုခံရသော အဝေးပြေးကုန်တင်ယာဉ် (၁၂) ဘီးကားကြီးတစ်ီး၏ ယာဉ်မောင်းတဦးက “ကျနော်တို့ ကားတွေမှာတင်တဲ့ ကုန်တွေကို မြန်မာပြည်အနှံ့ ပိုနေရတာ ဗျ။ အဲဒီအခါ ကားဒရိုင်ဘာတဦးရယ်၊ ကားစပယ်ယာတဦးရယ်နဲ့ နောက်တယောက်ပါတယ်၊ (၃) ယောက်တော့ ပါတယ်ပေါ့ဗျာ။ ရန်ကုန်ကအထွက် ပဲခူးမရောက်ခင် လမ်းကြားမှာ လမ်းဆိုးတဲ့အတွက် ကားကို ဖြည်းဖြည်းမောင်းရတယ်။ အဲဒါကို ဒီကောင်တွေက အခွင့်အရေးယူပြီး ကားပေါ်ကို လမ်းကစောင့်နေပြီး ဖောက်ထွင်းတာပေါ့ဗျာ။ ကျနော်တို့က ဖြစ်စဉ်တွေတိုင်း တိုင်တန်းနေရရင်လည်း ဒါနဲ့ပဲ အချိန်ကုန်မှာမို့ မတိုင်တာတွေ ရှိပါတယ်။ တချို့ကျတော့ တိုင်တယ်။ တိုင်တဲ့အခါတော့ အဝေးပြေးကုန်စည်လုပ်ငန်းရှင်များအသင်း ဆိုတာကို တိုင်ပါတယ်။ သူတို့အသင်းကတော့ ဆောင်ရွက်ပေးပါတယ်” ဟု ပြောပြသည်။

အဝေးပြေးကုန်စည်လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတဦးက “ကျနော်တို့ အသင်းဟာ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် အစိုးရမဟုတ်တဲ့ အသင်းအနေနဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒီလို ဖောက်ထွင်းတဲ့ ကိစ္စတွေအတွက်တော့ ကျနော်တို့ အသင်းက ကုန်စည်တင်ယာဉ် ဂိတ်ပိုင်ရှင်တွေ၊ ကုန်သည်တွေအတွက် ဆောင်ရွက်ပေးဖို လုပ်နေပါတယ်” ဟု ပြောသည်။

၎င်းအသင်း၏ စာရင်းမှတ်တမ်းများအရ ဖောက်ထွင်းမှု ၁၀ ခုခန့်ရှိကြောင်း၊ ၎င်းအမှုများအနက်မှ မကြာသေးခင်က ဖောက်ထွင်းသူများအဖွဲ့ ကို ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေး ၀င်းအတွင်းမှ မြန်မာနိုင်ငံ အနှံ့ မြို့များသို့ ကုန်စည်ပို့ နေသော ကားကြီးများမှာ တပတ်လျှင် အသွားအပြန် ခေါက်ရေပေါင်း (၇,၀၀၀) ခန့်ရှိကြောင်း မှော်ဘီနှင့် အင်းတိုင်ဂိတ်များ၏ အ၀င်အထွက် စာရင်းများအရ သိရသည်။

ကုန်တင်ယာဉ်များမှာ အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်၊ မန္တလေး၊ ဘားအံ ၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ် စသည်ဖြင့်လည်းကောင်း၊ အမှတ် (၄) လမ်းမကြီးမှ ပြည်၊ မကွေး၊ အောင်လံ စသည့်မြို့များသို့ ကုန်များတင်ပို့ရန် မောင်းနှင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးကပ်ကြောင့် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက်နိုင်
FT/ ၁၉ နိုဝင်ဘာ ၂၀၀၈
ကမ္ဘာ့စီးပွားရေးကပ်ဆိုက်နေခြင်းကြောင့် အာရှနိုင်ငံများ၏ ပြည်ပပို့ကုန်အခြေခံ စီးပွားရေး လုပ်ငန်းများ နှေးကွေးလာသည့် အလျောက် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂ အရာရှိတဦးက သတိပေးလိုက်သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းလာခြင်းကြောင့် အာရှနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးမှုအတွက် အဓိကတွန်းအား ဖြစ်နေသော ပို့ကုန်လုပ်ငန်းကို အခက်အခဲများဖြစ်စေမည့် အခြေခံအကြောင်းတရားများ ဖြစ်ပေါ်လာစေသဖြင့် အာရှနိုင်ငံများ၌ လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံး အကြီးအကဲ Ajay Chhibber က သတိပေးလိုက်ခြင်းဖြစ်သည်။

အာရှတိုက်သား သန်း (၉၀၀) ခန့်သည် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည့် တနေ့ တဒေါ်လာအောက် ၀င်ငွေရှိသည့် လူမွဲဝင်ငွေနှုန်းထက် နည်းပါးသည့် ၀င်ငွေမျိုးနှင့် ရပ်တည်နေရသည်ဟု Ajay Chhibber က ပြောသည်။ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းနည်းပါးလျှင် အလုပ်လက်မဲ့နှုန်းများလာပြီး ထိုအချက်ကြောင့် လူမွဲများ ပိုများလာနိုင်သည်ဟု ဆက်ပြောသည်။

“စီးပွားရေးကမောက်ကမဖြစ်တဲ့အတွက် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ်ကို အာရုံအထူးစိုက်နေကြတယ်။ စီးပွားရေး ကမောက်ကမဖြစ်တာနဲ့အတူ ကလေးတွေ ကျောင်းကနေ အပြီးအပိုင် ထွက်ကြရတာတွေဖြစ်နေတယ်။ ဒီကိစ္စဟာ မျိုးဆက် အလိုက် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ ကျောင်းမတက်တော့ဘဲ ထွက်သွားတဲ့ ကလေးမတယောက်ဟာ တချိန်ကျရင် စာမတတ်တဲ့ မိခင်တဦးဖြစ်လာမှာလေ” ဟု ၎င်းက ထောက်ပြသည်။

ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် အစိုးရများအနေဖြင့် ငွေပိုမိုသုံးစွဲရုံတခုတည်းဖြင့် ယင်းပြဿနာကို ဖြေရှင်းရန် မလုံလောက်ကြောင်း၊ အဆိုပါ အလုပ်လက်မဲ့များနှင့် ဆင်းရဲသူများအတွက် ပိုမိုအာမခံနိုင်သည့် အခွင့်အရေးများ၊ အစီစဉ်များလည်း ရှိရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မစ္စတာ Ajay Chhibber က အကြံပြုပြောဆိုသည်။

စစ်အစိုးရ သိမ်းယူထားသည့် လိုင်စင်မဲ့ကားများကို ပထမဆုံးအကြိမ် ပုဂ္ဂလိကသို့ လေလံပစ်မည်
Thursday, 20 November 2008 18:36 အေးလဲ့
စစ်အစိုးရက သိမ်းယူထားသော လိုင်စင်မဲ့ကားများကို မန္တလေးမြို့တွင် ပုဂ္ဂလိကသို့ ပထမဆုံးအကြိမ် ဈေးပြိုင် အိတ်ပိတ်လေလံတင် စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

လေလံကား အစီး၃၀၀နီးပါးကို လေလံဆွဲမည့်သူများသည် နိုဝင်ဘာ ၁၉ ရက် နှင့် ၂၀ရက် နှစ်ရက်အတွင်း မန္တလေးမြို့ ၃၅လမ်းရှိ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုခန်းမတွင် ဈေးပြိုင်အိတ်ပိတ် လေလံတင်စာအိတ်ကို အပြီးပေးပို့ရမည် ဖြစ်သည်ဟု မန္တလေးမြို့ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

၎င်းလိုင်စင်မဲ့ကားများထဲတွင် ပါဂျဲရိုး Pajero ၊ မတ်ခ်တူးMark II ၊ ဟိုင်းလပ် ဆတ်ဖ် Hilux Surf၊ ဗင် Van ၊ လင်ခရူဇာ Land Cruiser၊ စသည့် ကားအမျိုးအစားအလိုက်နှင့်မော်ဒလ် အလိုက် ရောင်းချမည်ဖြစ်ကြောင်း ကြေညာချက် စာရင်းများအရသိရသည်။

မန္တလေးမြို့ရှိ ကားပွဲစားတဦးက“လေလံကားဆွဲမယ့်သူတွေက အရင်ဆုံးဘဏ်မှာ သိန်း၂၀ စရံငွေပေးရ တယ်၊ သူတို့ ဆွဲခွင့်ပေးတဲ့ ကားတွေကို ဆွဲရတာဖြစ်တယ်၊ လက်ရှိလေလံပစ်ထားတဲ့ အမြင့်ဆုံးဈေးနှုန်း ကတော့ ကျပ်သိန်းတစ်ထောင်နီးပါးရှိတယ်၊ အနိမ့်ဆုံးကျပ်သိန်း၂၀၀ကျော် ပေးကြတယ်၊ ကားအကောင်း အတိုင်းတော့ မရဘူးလို့လည်းကြားတယ် ခင်ဗျ” ဟု ပြောသည်။

အပြင် ကားဈေးကွက် များမှာလည်း ယခုနှစ်အစောပိုင်းကတည်းကစပြီး ကားဈေးများပျမ်းမျှ ၂၅ရာခိုင်နှုန်း မှ၄၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့ ယခုလက်ရှိကားဈေးကွက်မှာ ရောင်းသူဝယ်သူကြား သဘောတူပေါက်ဈေး နှင့်သာရောင်းချလျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

ယခုလေလံတင်ရောင်းချမည့် လိုင်စင်မဲ့ကားအများစုသည် ၂၀၀၄-၂၀၀၅ ခု ၀န်းကျင်တွင် သက်ဆိုင်ရာ အာဏာပိုင်များက သိမ်းယူထားသည့်ကားများဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံရှိ ကားတင်သွင်းခွင့် ကားပါမစ်မျာကို အစိုးရက ချူပ်ကိုင်ကန့်သတ်ထားကြောင်း၊ ထို့ကြောင့် နယ်စပ်လမ်းများမှ တရားမဝင်လိုင်စင်မဲ့ကား ထောင်ပေါင်းများစွာ ဝင်ရောက်ပြီး ကားဈေးမတည်မငြိမ် ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

စီးပွားရေး သုံးသပ်သူ အယ်ဒီတာတဦးက “လေလံဆွဲတဲ့လူက ကားလိုင်စင်နဲ့ နံပါတ်ပေးလိုက်ရင်တရားဝင် စီးခွင့်ရသွားပြီ ဆိုတဲ့သဘောပဲ၊ အရင်တုန်းကတော့ ကားနံပါတ်မပါတဲ့ လိုင်စင်မဲ့ကားတွေကို မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ တာချီလိတ်၊ ရှမ်းပြည်နယ်၊ မန္တလေးမြို့တွေမှာအများဆုံးစီးကြတယ်၊ ဒီကားတွေကို သိမ်းထား လိုက်တာ” ဟု ပြောသည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း“ဘာပဲဖြစ်ဖြစ် လိုင်စင်မဲ့ကားတွေက ဈေးသက်သာတော့ ဒီကားတွေကို ဝယ်စီးတာပေါ့၊ ကျနော်တို့အိမ်မှာ၂စီးအသိမ်းခံရတယ်၊ သိမ်းသွားပြီး နောက်ပိုင်း လူကြီးသားသမီးတွေ၊လူကြီးတွေ ပြန်စီးနေကြတာကို လည်းတွေ့ရပါတယ်” ဟု ပြောသည်။

၎င်းလိုင်စင်မဲ့ကားများကို သိမ်းယူပြီးနောက်ပိုင်း အစိုးရကဌာနဆိုင်ရာသို့ အသုံးပြုရန် ပေးထားခဲ့ကြောင်းနှင့် ပုဂ္ဂလိကသို့ ယခု ပထမဆုံးအကြိမ် လေလံချပေးခြင်းဖြစ်ကြောင်းသိရသည်။
၎င်းလေလံတင်ရောင်းချသည့်စနစ်ဖြင့် ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင်လည်း ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း စစ်အစိုးရက လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း အောက်တိုဘာလ ကုန်ပိုင်းအထိ တရားဝင် လိုင်စင်များ ထုတ်ပေးခဲ့သည်။

အဆိုတော် ဇေယျာသော် အပါအ၀င် လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်
Thursday, 20 November 2008 18:15 ကိုစိုး
စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအ၀င် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ၀င်များက ပြောသည်။

အဆိုတော် ဇေယျာသော်
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟ၀င်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့အား ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးအောင်ကြီး က ပြောပြသည်။ “သူတို့ကို GW တရားမ၀င်ဖွဲ့တယ်ဆိုပြီး အဲဒီ ၆/၈၈ ပုဒ်မနဲ့စွဲတာ၊ အဲဒီလိုဖွဲ့စည်းတယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူး၊ ဒါပေမယ့် သူတို့ သူငယ်ချင်း တဦး အခန်းကနေ ခွပ်ဒေါင်းအလံတွေ၊ တီရှပ် အင်္ကျီတွေ၊ လက်ကမ်း စာဆာင်တွေ ၊ ကွန်ပျူတာတွေ ရရှိတယ်ဆိုပြီး အဲဒီအထောက် အထားတွေအရ စွဲပြီးတော့ ချလိုက်တာ၊ ဖမ်းတုန်း က ဘာမှမမိဘူး၊ ဟမ်းဖုန်းတွေပဲသိမ်းသွားတာ၊ ဇေယျာသော် ပိုက်ဆံအိတ်ထဲကတော့ နိုင်ငံခြားငွေနည်းနည်း တွေ့သွားတယ်”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

ပုဒ်မ ၆/၈၈ သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လာပါက တာဆီးရန်အတွက် ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇေယျာသော်တို့ ၆ ဦးသည် ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဆရာစံလမ်းမရှိ စားသောက်ဆိုင် တဆိုင်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တခြားသော GW အဖွဲ့ဝင် အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွဋ် ခေါ် ကိုကျော်ဦးသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဖမ်းဆီးခံခဲ့ရသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်ပြီး ဇေယျာသော်၏ အဒေါ်တော်စပ်သူ ဒေါ်ခင်သန်းဌေး က“ကျမတို့က သူ့အတွက် ဂုဏ်ယူရမှာပါ၊ ခိုး ဆိုး လုယက်မှုနဲ့ ကျတာမှ မဟုတ်ဘဲ”ဟု ပြောဆိုသည်။

ဇေယျာသော်သည် အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင် ထူထောင်ခဲ့သူ တဦးဖြစ်သည်။

ရန်ရန်ချန်းကိုလည်း စစ်အာဏာပိုင်များက ဧပြီလ ၁၇ ရက် သင်္ကြန်အတက်နေ့က မုံရွာမြို့တွင် ဖမ်းဆီးထား ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ဖမ်းဆီးခံရသူ ၁၄ ဦးကိုလည်း ပုဒ်မ ၁၄၃ ၊ ၅၀၅(ခ) တိုဖြင့် ထောင်ဒဏ် ၂ နှစ် ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်း အ၀န်းက ပြောသည်။ ယင်း ၁၄ ဦးတွင် ပါဝင်သော တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းသည် ကျန်းမာရေး မကောင်း၍ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ သူဖြစ်ကြောင်းလည်း သိရသည်။

ဤကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအပေါ် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နေခြင်းသည် မမျှတ မဖြစ်သင့်ကြောင်း ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

“အခုဖမ်းဆီးခံရတဲ့ လူအားလုံးကို အမြင့်ဆုံး အပြစ်ဒဏ်ချတယ်၊ အမှုတခုမှာ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တော့ ပြစ်ဒဏ်အနိမ့်အမြင့်တော့ ရှိရမှာပေါ့၊ အမြင့်ဆုံးအပြစ်ဒဏ်တွေချတယ်ဆိုတော့ တရားစီရင်မှုအပေါ်မှာ အမြင်မကြည်လင်ဘူး ဖြစ်ကုန်တာပေါ့၊ မမျှတဘူးပေါ့၊ အဲဒီလိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက သုံးသပ် ပြောဆို သည်။

ယခင် ပြစ်ဒဏ်ချမှတ်ပြီးသူများထဲမှ ၁၅ ဦးကိုလည်း နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ယနေ့ ပြောင်းရွှေ့ ကြောင်းလည်း သိရသည်။

ပြောင်းရွှေ့ခံရသူများမှာ ကိုသန်းတင် စစ်တွေ ထောင်၊ ကိုပဏ္ဍိတ်ထွန်း ဗန်းမော်ထောင်၊ ကိုမင်းဇေယျ လားရှိုး ထောင်၊ ကိုကျော်ကျော်ထွေး မြိတ်ထောင်၊ ကိုသက်ဇော် မော်လမြိုင်ထောင်၊ မမာမာဦး သာယာဝတီ ထောင်၊ မသက်သက်အောင် မြင်းခြံထောင်၊ ကိုမင်းဟန် လားရှိုး ထောင်၊ ကိုသီဟအောင် လွိုင်ကော် ထောင်၊ ကိုအောင်မျိုးပိုင် ကော့သောင်း ထောင်၊ မမီးမီး ပုသိမ်ထောင်၊ မစန္ဒာမင်း မြောင်းမြထောင်၊ ကိုဇော်ဇော်မင်း တောင်ငူ ထောင်၊ ကိုဂျင်မီ တောင်ကြီး ထောင် နှင့် ကိုအံ့ဘွယ်ကျော် ကသာထောင် တို့ဖြစ်သည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ၀န်းကျင်ခန့်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

ကမ္ဘာ့ စီးပွားကျဆင်းမှုကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ပြန်
Thursday, 20 November 2008 18:14 ကည်ဝေ
မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား များသည် အလုပ်သမား လျှော့ချခံရခြင်း၊ အလုပ်ချိန် လျှော့ချ ခံရခြင်းတို့နှင့် ကြုံတွေ့နေရသောကြောင့် အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံများတွင် ကမ္ဘာ့ငွေကြေး အကြပ်အတည်း ပြဿနာရိုက်ခတ်၍ ကုန်ထုတ်လုပ်မှု ကျဆင်းလာသည့် အတွက် ယင်းကဲ့သို့ အလုပ်သမားများပါ အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများထံမှ သိရှိရသည်။

အထွေထွေ လုပ်သားအများဆုံး သွားရောက် အလုပ်လုပ်နေကြသော မလေးရှားနိုင်ငံတွင် အောက်တိုဘာလ နှောင်းပိုင်းကတည်းက အလုပ်သမားများ လျှော့ချလိုက်သည့်အတွက် မြန်မာလုပ်သားတချို့ ပြန်လာရသည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတခုမှ အုပ်ချုပ်မှု ဒါရိုက်တာက ပြောသည်။

မလေးရှားတွင် ပရိဘောဂစက်ရုံ၊ လျှပ်စစ်ကုန်ပစ္စည်း စက်ရုံစသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံ အများစုမှာ အလုပ်သမားလျှော့ချခဲ့ကြခြင်းဖြစ်ကြောင်း ၊ တခြား စက်ရုံများကလည်း အလုပ်ချိန်များလျှော့ချပြီး အချိန်ပိုလုပ်ခများလည်း လျှော့ချလိုက်သောကြောင့် လစာနည်း မြန်မာအလုပ်သမားတချို့မှာ ရပ်တည်ရန် အခက်အခဲကြုံတွေ့ နေရကြောင်းလည်း သူက ဆိုသည်။

မလေးရှားနိုင်ငံကဲ့သို့ပင် စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတချို့သည်လည်း အဆိုပါ ပြဿနာမျိုးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ လေအေးစက် လုပ်ငန်းကုမ္ပဏီတခုသို့သွားရောက်အလုပ်လုပ်ခဲ့ပြီး ပြန်လာခဲ့ရသူ တဦးက "နိုဝင်ဘာလမှာ ဆပ်-ကန်ထရိုက်လုပ်ငန်းတွေကို လျှော့လိုက်တော့ ကျနော်တို့လည်း ပါသွားတယ်၊ ကျနော်ဆို တလ စင်ကာကပူ ဒေါ်လာ ၅၀၀ ပဲ ရသေးတယ်၊ အဲဒီ အလုပ်ဝင်တာတောင် ၅ လပဲရှိသေးတယ်၊ ခုပြန်လာရတာ အကြွေးတောင်မကျေသေးဘူး" ဟု ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် ကမ္ဘာ့ငွေကြေးအကြပ်အတည်းကြောင့် ထိခိုက်မှုအရှိဆုံး လုပ်ငန်းနယ်ပယ်များမှာ ဘဏ္ဍာရေး နှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ တန်ဖိုးကြီးပစ္စည်းများနှင့် လက်လီအရောင်းဆိုင် လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်ဟု သိရပြီး ထိုလုပ်ငန်းများတွင် ၀င်ရောက် အလုပ်လုပ်နေကြသူများ ထိခိုက်လျက်ရှိကြောင်း၊ ၎င်းတို့အထဲမှ မြန်မာလုပ်သားအများစုမှာ လစာနည်းသည့် အတွက် တခြားနိုင်ငံသားများထက် ပို၍အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ တခြားပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ ပြည်ပအလုပ်အကိုင် ရှာဖွေပေးသော အေဂျင်စီများသို့ အနည်းဆုံးမြန်မာငွေ ကျပ် ၉ သိန်းမှ သိန်း ၂၀ ကျော်အထိ သွားရောက် မည့်နိုင်ငံနှင့် အလုပ်အကိုင်ပေါ်တွင် မူတည်ပြီးပေးဆောင်ရကြသည်ဟု ဆိုသည်။
ထို အေဂျင်စီသို့ ပေးရသော ငွေကြေးများကို ၄င်းတို့အနေနှင့် အိမ်ဂရန် အပေါင်ထားခြင်း၊ အတိုးကြီးကြီးဖြင့် ချေးငှားပေးခြင်း၊ ဘိုးဘွားပိုင်လုပ်ငန်းများပေါင်နှံပြီးပေးခြင်း စသည့်နည်းလမ်းများဖြင့် ရှာဖွေပေးရခြင်းဖြစ်ကြောင်း သွားရောက်လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။

"ဒီမှာ အလုပ်လုပ်ဖို့အဆင်မပြေလို့ကို အဖေ့အိမ်ကို ၁၅ သိန်းနဲ့ပေါင်ပြီးနိုင်ငံခြားထွက်တာ ခုလိုပြန်လာရတော့ နောက် အလုပ်သစ်တခု မရရအောင်ရှာမှဖြစ်တော့မှာ လစဉ်အတိုးပေးနေရတာ ရှိသေးတယ်၊ ကျနော် မဖြစ် ဖြစ်တဲ့ နည်းနဲ့ ပြန်ထွက်မှ ရမှာပါ" ဟု မလေးရှားနိုင်ငံမှ ပြန်ရောက်လာရသူ တဦးက ဆိုသည်။

လက်ရှိအခြေအနေတွင် နိုင်ငံခြားမှ ပြန်လာရသူများ အနေနှင့် အလုပ်အကိုင်အေဂျင်စီများနှင့်ပင် ဆက်သွယ် ကာ တခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ခွင့်ရရေးအတွက် ကြိုးပမ်းနေကြသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီများသို့ ပြည်ပနိုင်ငံများမှ အလုပ်သမားခေါ်စာများမှာ အောက်တိုဘာ လ ကတည်းကပင် ရပ်သွားခဲ့ကြောင်း၊ နိုဝင်ဘာလတွင် အလုပ်သမားတချို့ ပြန်ပို့လာကြောင်း၊ လက်ရှိအနေအထား အရ ပြည်ပအလုပ်အကိုင်ရှာဖွေရာတွင် ခက်ခဲမှုများရှိလာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တဦးက ပြောဆိုသည်။

"နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်နေတဲ့သူတွေပြန်လာတဲ့အတွက်အဲဒီလူတွေကို မှီခိုနေကြတဲ့ မိသားစုတွေ အခက် အခဲ အကြပ်အတည်းဖြစ်ကုန်တယ်၊ သူတို့အကြွေးတွေကို ဖြေရှင်းဖို့ ခက်လာတဲ့အပြင်၊ အရင်လို မသုံးနိုင်တော့ ဘူး၊ အရေးကြီးတာက သူတို့တွေ အလုပ်သစ်မြန်မြန်ရဖို့ပဲ၊ မရဘူးဆိုရင် စီးပွားရေးပြဿနာဖြစ်လာမှာပဲ " ဟု စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ တဦးက ပြောသည်။

အစိုးရအနေနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန် လိုအပ်လျှက်ရှိသော်လည်း ယနေ့ထိ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းပြဿနာနှင့်ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရန်အတွက် အကောင်အထည်ဖော်မှု နှောင့်နှေးနေ သည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ၁ သန်း မှ ၂ သန်း အထိရှိနိုင်ကြောင်း နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေးဌာနမှ စုံစမ်းသိရှိရသည်။

ထို့အပြင် အိမ်နီးချင်း တရုတ်ပြည်နှင့် ထိုင်းနိုင်ငံများသို့လည်း တရားမ၀င် သွားရောက် လုပ်ကိုင်သူများလည်း သန်းနှင့်ချီ၍ရှိနိုင်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါး ကုန်ကြမ်း ၁၀ တန်ကို ဝငြိမ်းချမ်းရေးအဖွဲ့က ထိုင်းနိုင်ငံမှ ဝယ်ယူ
Thursday, 20 November 2008 19:18 ဧရာဝတီ
ရှမ်းပြည်နယ် အခြေစိုက် ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) သည် ရာဘဟု အများခေါ်သည့် အဖက်တမင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရန် ကုန်ကြမ်းတမျိုးဖြစ်သော ဆူဒိုဖက်ဒရင်း ၁၀ တန်ခန့်ကို မကြာသေးမီက ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ်တွင် ဖော်ပြထားသည်။ထိုသတင်းစဉ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော UWSA နှင့် နီးစပ်သည့် ထိုင်း စီးပွားရေးသမားတဦးက “ဆူဒိုဖက်ဒရင်းဆိုတာ အအေးမိပျောက်ဆေး တမျိုးပါပဲ။ အရင်ကဆို အဲဒီဆေး တွေကို ဆေးရုံတွေမှာပဲ ရနိုင်တယ်။ အပြင်ကို ခိုးထုတ်ပေးမယ့် ဝန်ထမ်းတွေဆီက တဆင့်ဝယ်ရတယ်” ဟူ၍ ပြောထားသည်။

UWSA အဖွဲ့သည် ထိုင်းအစိုးရက တင်းကျပ်စွာပိတ်ဆို့ထားသည့်ကြားမှ မရ ရသည့်နည်းနှင့် ရာဘထုတ်လုပ်ရန် ကုန်ကြမ်းများကို ဝယ်ယူနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာ ၁ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ဆူဒိုဖက်ဒရင်းဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံအစိုးရသည် မူးယစ်နှိမ်နင်းရေးအစီအစဉ်ကို စီမံကိန်းချ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ၎င်းလအတွင်းက ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က UWSA ခေါင်းဆောင် ၂၆ ဦးနှင့် ၎င်းတို့ပိုင် စီးပွားရေး လုပ်ငန်း ၁၇ ခုတို့ကို အရေးယူပိတ်ဆို့မည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ဝ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဝေရှောက်ခမ်းလည်း ပါဝင်သည်။

ဝ ငြိမ်းချမ်းရေး ခေါင်းဆောင်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှာ ထိုင်းမြန်မာ နယ်စပ်တွင် ဟိုတယ်များ၊ အနှိပ်ခန်းများ၊ တရားမဝင် ကျွန်းသစ် ပြည်ပတင်ပို့မှုများအဖြစ် ရှိနေရာ ယခုကဲ့သို့ အမေရိကန် နိုင်ငံက ကြေညာချက်ထုတ်ပြန်လိုက်စဉ်တွင် ၎င်းတို့၏ပိုင်ဆိုင်မှု နာမည်များကို ပြောင်းလဲရန် အစီအစဉ် ရှိနေကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မြန်မာ အာဏာပိုင်များက တာချီလိတ်မြို့ နိုင်းစတား ဟိုတယ်တွင် ဝ အမျိုးသား ၁ ဦးနှင့် ရှမ်း အမျိုးသား ၂ ဦးတို့ထံမှ အဖက်တမင်း ဆေးပြား ၅ သောင်း ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံအစိုးရက ရှမ်းပြည်နယ်အတွင်းရှိ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့သော အဖွဲ့များကို ဖိအားပေးပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်တွင် UWSA သည် မူးယစ်ဆေးထုတ်လုပ်မှု လုံးဝ မလုပ်တော့ဟု ကြေညာခဲ့သည်။

သို့ရာတွင် မြောက်များလှစွာသော အဖက်တမင်းဆေးများကို ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ သည်လည်း အာရှတွင် မက်သာဖက်တမင်း အများဆုံးထွက်ရှိသည့် နိုင်ငံဖြစ်နေသေးကြောင်း အမေရိကန် မူးယစ် ဗဟိုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝ အမျိုးသား ငြိမ်းချမ်းရေးအဖွဲ့သည် ၁၉၈၉ ခုနှစ် မေလ ၉ ရက်နေ့က မြန်မာအစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပြီး ၎င်းအဖွဲ့သည် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်သည့် အဖွဲ့များအနက် တဖွဲ့ဖြစ်သည်။

အိုင်အယ်လ်အိုအဖွဲ့ ၏ ကူညီမှုဖြင့် ကလေးစစ်သားတဦး မိဘများထံပြန်ရောက်
မြင့်မိုးဇော်/ ၁၉ နိုဝင်ဘာ ၂၀၀၈

မြန်မာစစ်အစိုးရ၏ ဘားအံမြို့ အမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေးတပ်မှ ကလေးစစ်သား တဦးကို ရန်ကုန်နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရုံး (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပြီး တပ်မှနုတ်ထွက်ခွင့်ရခဲ့သည်။

တပ်မှနုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားမှာ မောင်ရဲလင်းထက်ဖြစ်သည်။ ၎င်းသည် (၂၉-၇-၀၈) ရက်တွင် ကျောင်းတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူနှင့် စိတ်ဆိုးကာ နေအိမ်မှဆင်း၍ သူငယ်ချင်း (၃) ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ကြွေမှ ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့ နေအိမ်မှထွက်သွားပြီး ရက်ပေါင်း (၂၀) ခန့် ကြာမှ မောင်ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသော သူငယ်ချင်းနှစ်ယောက် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီး မောင်ရဲလင်းထက်နှင့် သူငယ်ချင်းဖြစ်သူ သီဟဦးတို့ကို ရန်ကုန်ဘူတာကြီးမှာ စစ်သားတဦး ကခေါ်ဆောင်သွားကြောင်း လာရောက်ပြောကြားခဲ့သဖြင့် မောင်ရဲလင်းထက်အား စစ်တပ်သို့ အဓမ္မခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟုလည်း ဒေါ်မြင့်ကြွေမှ ရှင်းပြခဲ့သည်။

မိခင် ဒေါ်မြင့်ကြွေသည် ယင်းသတင်းကို သိသိချင်း နောက်နေ့၌ပင် ရန်ကုန်ဘူတာကြီးသို့ လိုက်သွားပြီး မောင်ရဲလင်းထက်အား ခေါ်ဆောင်သွားသော စစ်သားကိုမေးမြန်းခဲ့ရာ ပထမတွင် သူမသိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက သက်သေ အထောက်အထားများဖြင့် ပြောဆိုမှ မောင်ရဲလင်းထက်တို့ (၂) ယောက်လုံးကို ည (၂) နာရီ ရထားဖြင့် ဘားအံသို့ တပ်ကြပ်ကြီး ခင်မောင်ဆင့် ဆိုသူနှင့် ထည့်ပေးလိုက်ကြောင်းကို ပြောပြခဲ့သည်ဟု ဆိုသည်။

မောင်ရဲလင်းထက်မှာ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ် (၆) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သတ္တမတန်းကို တက်ရောက် သင်ကြားနေသူဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထဲ ခေါ်ဆောင်သွားချိန်တွင် အသက် (၁၅) နှစ်သာရှိသေးသည်။

မိခင်ဖြစ်သူဒေါ်မြင့်ကြွေသည် သားရှိသည်ဆိုသော ဘားအံအမှတ် (၉) အခြေခံစစ်လေ့ကျင့် ရေးကျောင်းသို့လိုက်သွားပြီး သားဖြစ်သူကို ပြန်ခေါ်ရန်ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။

၎င်းနောက် ရန်ကုန်မြို့ ကုန်သည်ကြီးများ Traders ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် အိုင်အယ်လ်အိုရုံးသို့ အဖွဲ့ချုပ်ဝင် ကိုသန်းဇင်ဦး၏အကူအညီဖြင့် သွားရောက်တိုင်ကြားရာမှ အိုင်အယ်လ်အိုအဖွဲ့က လိုက်လံဆောင်ရွက်ပေးခဲ့သဖြင့် မောင်ရဲလင်းထက်အား အာဏာပိုင်များက တပ်မှနုတ်ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုအခါ မောင်ရဲလင်းထက်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း ၎င်းနှင့်အတူပါသွားသူ မောင်သီဟဦးမှာ ဘားအံရှိအမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေး ကျောင်းတွင် ကျန်ရစ်ခဲ့သည်ဟု စစ်တပ်မှပြန်လည်ရောက်ရှိလာသူ မောင်ရဲလင်းထက်က ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည့် အိုင်အယ်လ်အိုအဖွဲ့နှင့်ပူးပေါင်းကာ ကလေးစစ်သားများ
ပပျောက်ရေးကို ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ယနေ့တိုင်အောင်ပင် အဆိုပါမောင်ရဲ လင်းထက်ကဲ့သို့ ကလေးငယ်များ စစ်တပ်ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန် လူငယ်များက စစ်အစိုးရထံ တင်ပြ
သန်းထိုက်ဦး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:52 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ပါတီဝင် လူငယ်များက သွားရောက် ဂါရဝပြုလိုပါသဖြင့် ခွင့်ပြုပေးပါရန် စစ်အစိုးရကို စာဖြင့် တင်ပြ တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယမန်နေ့က စာတိုက်မှတဆင့် ပေးပို့သောစာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်။

စာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဗဟန်းမြို့နယ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ တို့အားလည်း မိတ္တူပေးပို့ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးသွင်က "ဥပဒေ ဘောင်အတွင်းက နေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံစံအတိုင်း ပြုမှု ဆောင်ရွက်ချက်ကို တဖက် နအဖ က နေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ အခုလို ပြုလုပ်လိုက်တာပါ'' ဟု မဇ္ဈိမကို ပြောသည်။

"အခုလို ပို့လိုက်တဲ့ အကြောင်းကြားစာတွေကို တဖက် အာဏာပိုင်တွေကနေပြီးတော့ ပြန်လည်တုံ့ပြန်မှု မရှိဘူးဆိုရင် သူတို့ကိုယ်တိုင်က ဒါကို ခွင့်ပြုတယ်လို့ သတ်မှတ်ပြီးတော့ ခြံရှေ့ကို သွားပြီးတော့ ဂါရ၀ပြုမှာပါ။ တကယ်လို့ အဲဒါကို ခွင့်ပြုတယ်ဆိုရင်လည်း မိခင် ဒေါ်အောင်ဆန်းစုကြည်ကြီးကို ပြန်လွှတ်ပေးပြီးတော့ အန်အယ်လ်ဒီ ပါတီရုံးချုပ်ကို လာပြီး ဂါရ၀ ပြုမှုကို ခံယူခွင့် ပေးဖို့ အဲဒီလိုတောင်းဆိုလိုက်တာပါ" ဟု ပြောသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တွေ့ဆုံမည့်အစီအစဉ်ကို ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သဘောကွဲထွက်လာသည့် လူငယ်အချို့က ဦးစီးဆောင်ရွက်ခဲ့ကြသည်ဟု အတိုက်အခံလှုပ်ရှားသူများက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက မြန်မာ့ဓလေ့ဖြစ်နေသော်လည်း စစ်အစိုးရက ခွင့်ပြုမည့်လမ်းမမြင်ဟု ပြောသည်။

"အဲဒီလို အနေအထားမျိုးမှာ ခုနက လူငယ်တွေ လှုပ်ရှားမှုမျိုးကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားမှုမျိုးအနေနဲ့ ယူဆပြီးတော့ မြင်ပြီးတော့ ခွင့်ပြုမှာ မဟုတ်သလို တကယ်လို့ ခွင့်မပြုတဲ့အတွက် လူငယ်တွေက တုံ့ပြန်လာတယ်ဆိုရင်လည်း စစ်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ သဘောရှိတယ် ကျနော် အဲဒီလိုပဲ မြင်တယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မေတ္တာရပ်ခံသည့်စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့မှ အရံအတားတွေကို ဖယ်ရှားပေးကာ ခြံဝန်းအတွင်းမှ အမှိုက်သရိုက်များကို စည်ပင်သာယာက ရှင်းထားပေးခြင်းအပေါ် ၀မ်းသာလျက်ရှိကြောင်း ပါရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့သည်။

ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်
နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:51 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ACID တေးဂီတအဖွဲ့မှ ဟစ်ဟော့အဆိုတော် ဇေယျာသော် အား ယနေ့တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။

မြန်မာလူငယ်ထုအကြား ရေပန်းစားခဲ့သော ကိုဇေယျာသော် ခေါ် ကိုကျော်ကျော်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမ၀င်အသင်း ဖွဲ့စည်းမှုတို့ဖြင့် စစ်အစိုးရက တရားလိုပြုလုပ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"စရဖ (စက်ဘက်ရေးရာ လုံခြုံရေး) က ထွက်ဆိုတဲ့အတိုင်းပဲ။ ဒီနေ့ တရားရုံးက တရားသူကြီးတွေက အမိန့်ချလိုက်တာပါ။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက ၁ နှစ်နဲ့ တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှုက ၅ နှစ် ချလိုက်တာပါ။ ကျမတို့ဘက်က ဘာမှ ခုခံပိုင်ခွင့်တောင် မရှိပါဘူး" ဟု ကိုဇေယျာသော်၏ အဒေါ်ဖြစ်သူ ရှေ့နေ ဒေါ်ခင်သန်းဌေးက မဇ္ဈိမကို ပြောသည်။

"အနုပညာရှင် တယောက်ဖြစ်တော့ နိုင်ငံခြားမှာ ဖျော်ဖြေရေး အစီစဉ်တွေ သွားနေရတယ်။ နိုင်ငံခြားငွေတွေကို နဲနဲစုထားတာတွေ ပါတယ်လေ။ ထိုင်းဘတ် ၁၀၀ တန်တရွက်၊ မလေးရှား ရင်းဂစ် အကြွေတချို့နဲ့ စင်္ကာပူ ဒေါ်လာငွေ တွေ့တာ။ မြန်မာငွေ တသောင်းတောင် မကျော်ပါဘူး" ဟု သူမက ဆက်ပြောသည်။

ယခုနှစ် မတ်လ ၁၂ ရက်နေ့က ကိုဇေယျာသော်အား ရန်ကုန်တိုင်း ဆရာစံလမ်းနှင့် ၆၆ လမ်းကြားရှိ စားသောက်ဆိုင်တဆိုင်တွင် စရဖ က ဖမ်းဆီးခဲ့သည်။

အနုပညာရှင်တဦးအနေဖြင့် ယခုလို ထောင်ချခံရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ဒေါ်ခင်သန်းဌေးက ယခုလို ဆက်ပြောသည်။

"ကျမအနေနဲ့ ဂုဏ်ယူတယ်။ သူက ခိုးဆိုးလုယက်လို့ ထောင်ဒဏ်ချမှတ်ခံရတာ မဟုတ်ဘူး။ အနုပညာတယောက်အနေနဲ့ အခုလို လုပ်တာ ကျမတို့ ဂုဏ်ယူပါတယ်" ဟု သူက ပြောသည်။

ကိုဇေယျာသော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW) မှ အဖွဲ့ဝင်တဦးဟုဖြစ်သည်ဟု အဖွဲ့က ကြေညာထားသည်။

GW သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ပြီး လူငယ်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတိုက်အခံလှုပ်ရှားမှုကို အရေးယူနိုင်သော ဥပဒေများ ပြဌာန်းထားရာ အဖွဲ့အစည်းဖွဲ့လျှင် အစိုးရထံ မှတ်ပုံတင်ခွင့်ပြုချက်တောင်းယူရသည်။ သို့သော် အာဏာပိုင်များကိုယ်တိုင်ဦးစီးလုပ်ဆောင်သော အဖွဲ့အစည်းများကလွဲလျှင် ပုဂ္ဂလိကနှင့် လူထုအခြေခံအဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။

စစ်အစိုးရဆန်ဆန့်ကျင်သည့် တေးသီချင်းများ GW က သီဆိုဖြန့်ဝေခဲ့ရာတွင် လျှို့ဝှက်အဖွဲ့အမည် Freedomfighter နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် ''နိုးထကြလော့ အိုမြန်မာ"၊ မေလက ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒမဲ ပေးရန် မြန်မာလူထုအား လှုံ့ဆော်သည့် ''NO NO NO'' သီချင်းတို့ ပါဝင်သည်။

GW အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

မြန်မာဒေါ်လာဈေး ထိုးဆင်းသွား
ဖနိဒါ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 17:54 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်တွင် အက်ဖ်အီးစီ ဈေးနှုန်းမှာ ယခင်လကထက် ကျပ်ငွေ ၄၀ ကျဆင်းသွားသည်။

ပြီးခဲ့သည့်လက နိုင်ငံခြားငွေလဲသည့် ဈေးကွက်၌ မြန်မာ့ဒေါ်လာဖြစ်သည့် အက်ဖ်အီးစီ ၁ ယူနစ်လျှင် ၁၂၃၀ ကျပ်ရှိရာမှ ယနေ့တွင် အများအားဖြင့် အရောင်းအ၀ယ်လုပ်သည်မှာ ၁၁၉၀ ကျပ်ဈေးသာ ဖြစ်သည်။

အက်ဖ်အီးစီအနေဖြင့် မဖြစ်မနေ သုံးစွဲရမည့်နေရာ နည်းပါးသလို ပြည်တွင်း၌သာ သုံးစွဲနိုင်သည့် ငွေကြေးထက် နိုင်ငံတကာသုံး ငွေမာဖြစ်သည့် ဒေါ်လာကိုသာ ၀ယ်ယူ ကိုင်ဆောင်လိုသဖြင့် အက်အီးစီ အ၀ယ်ကျဆင်းရခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

"လောလောဆယ် အက်အီးစီ အသုံးက ဘာမှမရှိဘူးလေ။ အစိုးရက ရောင်းဝယ်တဲ့ဟာမျိုး ထူးထူးခြားခြား မရှိဘူး။ အက်အီးစီကို ဓာတ်ဆီတို့လိုမျိုး ထူးထူးခြားခြား ၀ယ်တဲ့အခါမှာ သုံးတယ်လေ။ ဒေါ်လာကတော့ ငွေမာဆိုတဲ့ သဘောမျိုးရှိတော့ နိုင်ငံခြားမှာ ဈေးကျရင်လည်း ဒီမှာက ကိုင်ထားပုံရပါတယ်လေ" ဟု ဦးခင်မောင်ညိုက ပြောသည်။

အက်ဖ်အီးစီတယူနစ်လျှင် အမေရိကန် တဒေါ်လာနှင့် တူညီသည်ဟု စစ်အစိုးရက တရားဝင် သတ်မှတ်ထားသော်လည်း အရောင်းအ၀ယ် လက်တွေ့ဖြစ်သည့် မှောင်ခိုဈေးကွက်တွင် အက်ဖ်အီးစီဈေးမှာ ဒေါ်လာထက် လျော့နည်းလေ့ ရှိသော်လည်း ယခု ကွာဟမှုမှာ များပြား ထူးကဲနေသည်။

နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးကမူ ရန်ကုန်ရှိ ငွေကြေးရောင်းဝယ်သူများမှာ အက်ဖ်အီးစီဈေး ပိုမိုကျဆင်းမည်ကို စိုးရိမ်သဖြင့် ၀ယ်ယူမှု ရပ်ထားကြောင်း ပြောသည်။

သူက "ဒေါ်လာတက်ပြီး အက်အီးစီ ပြန်ကျသွားတာ။ အရင်လက ဒေါ်လာနဲ့ အက်အီးစီဈေးက ၅၊ ၁၀ ကျပ်လောက်ပဲ ကွာတာ။ အခုတော့ ၅၀ လောက် ကွာသွားတယ်လေ။ ကျနော်တို့က လောလောဆယ် ဆက်ကျမှာစိုးလို့ အက်အီးစီကို မ၀ယ်သေးဘူး။ နောက်လဆို ပိုတက်လာမယ်လို့ ပြောတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ စစ်အစိုးရက စက်သုံးဆီ တဂါလံလျှင် အက်ဖ်အီးစီ ၄ ဒေါ်လာနှုန်း သတ်မှတ် ရောင်းချပေးသော်လည်း လောင်စာဆီမှာ မှောင်ခိုဈေးများ ကျဆင်းနေသဖြင့် အက်ဖ်အီးစီဖြင့် ၀ယ်ယူမှု နည်းပါးလွန်းနေသည်ဟု အစိုးရစက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။

စက်သုံးဆီ ဒီဇယ် တဂါလံလျှင် ယခင်လက ၄၀၀၀ ကျပ်မှ ယခုအခါ ၃၃၀၀ ကျပ်နှုန်းရှိပြီး ဓာတ်ဆီဈေးမှာ ၃၇၀၀ ကျပ်မှ ၃၁၀၀ ကျပ်ထိ ကျဆင်းသွားသည်။

နောက်ထပ် GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်
နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 19:49 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသည်။

ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။

ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖြစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။

တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့် သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖြင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။

"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။

ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝါရောင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်

20 November 2008
Phil Mercer's Report in Burmese
ကမ္ဘာ့စီးပွားရေးကျဆင်းမှုတွေ ရေရှည်ကြာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထပ်ပြီးရှိလာနေတဲ့
အတွက် အာရှစတော့ခ်ဈေးတွေ ဒီနေ့ ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့် သြစတြေးလျ
နိုင်ငံ၊ ဆစ်ဒနီမြို့က ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ သြစတြေးလျနဲ့ ဂျပန်
နှစ်နိုင်ငံက ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှုရဲ့ အဆိုးဆုံးကာလတွေကို လွန်မြောက်နိုင်
တယ်ဆိုပြီး ခန့်မှန်းပြောဆိုနေကြပါတယ်။ ဆစ်ဒနီမြို့ကနေ ဗွီအိုအေသတင်းထောက်
ဖေးလ် မာဆာ (Phil Mercer) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။

ဒီနေ့လည်း အာရှစတော့ခ်ဈေးကွက်မှာ အကြိတ်အနယ် အလူးအလဲ ရုန်းကန်ရပြီး အရှုံး
တွေရင်ဆိုင်ခဲ့ရတဲ့ နောက်ထပ်နေ့တနေ့လို့ ပြောရမှာပါ။ ဂျပန် နစ်ကီအညွှန်းကိန်းဟာ
ဒီနေ့ ၇% လောက် ထိုးကျသွားခဲ့ပါတယ်။ ဟောင်ကောင် ဟန်ဆန်းအညွှန်းကိန်းလည်း
၎% ကျော် ကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း စတော့ခ်ဈေးတွေ အကြီးအကျယ် ထိုးကျရပါတယ်။
အမေရိကန်ပြည်ထောင်စု ဝေါလ်စထရိ (Wall Street) ငွေကြေးဈေးကွက်မှာ နေ့ချင်း
ညချင်း အရှုံးတွေ ထပ်ပြီး အကြီးအကျယ် ပေါ်ခဲ့ရပြီးတဲ့နောက် အာရှစတော့ခ်ဈေးတွေ
လည်း လိုက်ပြိုလဲခဲ့တာပါ။

သြစတြေးလျ၊ အိန္ဒိယနဲ့ ထိုင်ဝမ်မှာ ဈေးကွက်အခြေအနေ နိမ့်ကျနေခဲ့ပါတယ်။ ကမ္ဘာ
တ၀ှမ်း စီးပွားရေးကျဆင်းမှုတွေဟာ မျှော်လင့်ထားတာထက် ပိုပြီး ကြာလာနိုင်တယ်၊
အခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေလို့လည်း စတော့ခ်
ဈေးကွက် အခြေအနေလည်း အရောင်းထိုင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဂျပန်နိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပမာဏဟာ
၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျသွားခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းတွေ
ထွက်လာခဲ့ပါတယ်။ ဒီအချက်ကြောင့် ဈေးကွက်အခြေအနေ ပြောင်းလဲလာအောင်
အထောက်အကူမဖြစ်ခဲ့ပါဘူး။

ဆစ်ဒနီမြို့မှာကျင်းပတဲ့ သြစတြေးလျ၊ ဂျပန် စီးပွားရေး ရှု့မြင်သုံးသပ်ချက်ဆိုင်ရာ
ညီလာခံမှာ ဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရအရာရှိတွေက လက်ရှိ ငွေကြေးအကျပ်
အတည်းကို သုံးသပ်ခဲ့ကြပါတယ်။

စီးပွားရေးပညာရှင် တော်တော်များများက ဂျပန်နိုင်ငံ စီးပွားရေးဟာ ဆုတ်ယုတ်မှုတွေ
ကြုံနေရတယ်လို့ မြင်ကြပါတယ်။ ၂၀၀၉ ခုနှစ် နှစ်ကုန်မှာ ပြန်ပြီး ခေါင်းမော့လာနိုင်
မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကတော့ စီးပွားရေး မတည်ငြိမ်မှု
တွေရဲ့ အဆိုးဆုံးကာလကို လွတ်မြောက်နိုင်မယ်၊ စီးပွားရေးနှေးကွေးမှုဒဏ်ကိုလည်း
ခံနိုင်ရည်ရှိသင့်တယ်ဆိုပြီး လေ့လာဆန်းစစ်သူတွေက တွက်ဆထားပါတယ်။

သြစတြေးလျ၊ ဂျပန် စီးပွားရေး ရှုမြင်သုံးသပ်ချက်ညီလာခံ ကျင်းပရေး ကမကထ
လုပ်သူတဦးဖြစ်တဲ့ မန်နူရယ် ပန်နာဂီအိုတော့ပိုလတ်စ် (Manuel Panagiotopoulos)
က အခုလို အင်အားကြီးနှစ်နိုင်ငံ အစည်းအဝေးအတွင်းမှာ စီးပွားရေးထိုင်းမှိုင်းမှုတွေရဲ့
အရိပ်ကို သိသိသာသာ မြင်တွေ့နေရတယ်လို့ ပြောပါတယ်။

"ယေဘုယျအခြေအနေကိုကြည့်ရင် စိတ်မသက်မသာနဲ့ လေးလံနေတာ တွေ့နေရပါ
တယ်။ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးဆုတ်ယုတ်မှုတွေ ရှိနေတယ်ဆိုရင်တောင် သိပ်ပြီး
မဆိုးသေးတဲ့ ဆုတ်ယုတ်မှုပါ။ ကုသိုလ်ကံကောင်းတာက ဂျပန်ငွေကြေးဈေးကွက်အနေ
နဲ့ ကမ္ဘာ့ချေးငွေ Credit အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုကို သိပ်ပြီး မခံရနိုင်ပါဘူး။

"ဂျပန်ဘဏ်တွေက ငွေကြေးလည်ပတ်ဖို့ စနစ်တကျ စည်းမျဉ်းတွေချ ဆောင်ရွက်ထား
သလို အိမ်ဝယ်ဖို့ ငွေချေးတဲ့အခါ စည်းကမ်းမတင်းကျပ်ဘဲ လွယ်လွယ်ထုတ်ပေးတာမျိုး
သိပ်မရှိပါဘူး။ သြစတြေးလျနိုင်ငံကလည်း အလားတူအခြေအနေမျိုး ရှိပါတယ်။
ကျနော်တို့လည်း စီးပွားရေးအလှည့်အပြောင်းမှာ အများလို ဆုတ်ယုတ်မှုတွေ ရှိမယ်
ဆိုပေမယ့် သူများနိုင်ငံတွေလောက်တော့ အခြေအနေဆိုးမှာ မဟုတ်ပါဘူး။"

သြစတြေးလျ၊ ဂျပန် စီးပွားရေးရှုမြင်သုံးသပ်ချက်ညီလာခံ ကျင်းပရေး ကမကထလုပ်သူ
တဦးဖြစ်တဲ့ မန်နူရယ် ပန်နာဂီအိုတော့ပိုလတ်စ်ရဲ့ အမြင်ပါ။

ဒီလို အလားတူအမြင်မျိုး သြစတြေးလျဗဟိုဘဏ် အကြီးအကဲ ဂလန်း စတီဖန်စ်
(Glenn Stephens) ကလည်း ရှုမြင်ပါတယ်။ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်မှာ တာဝန်
သိသိ ချမှတ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေအနေနဲ့ ဒီ ငွေကြေးဆုတ်ယုတ်မှုကို ပိုပြီး
ခံနိုင်ရည်ရှိမယ်လို့ ပြောပါတယ်။ စီးပွားရေးဆုတ်ဆိုင်းမှုတွေကနေ ပြန်လည်နိုးထလာ
အောင် လုပ်နိုင်မယ့် အမြော်အမြင်တွေရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း လူတိုင်းကတော့ ဒီလိုအကောင်းမြင်ကြတာတော့ မဟုတ်ပါဘူး။
သြစတြေးလျနိုင်ငံမှာ အဓိကဘဏ်ကြီးတခုဖြစ်တဲ့ Westpac ကတော့ ရှေ့နှစ်အတွင်း
သြစတြေးလျနိုင်ငံလည်း စီးပွားရေးဆုတ်ယုတ်မှုတွေ ရှိလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်း
ထားပါတယ်။

စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ
20 November 2008
ဦးကျော်အောင်လွင်
နိုင်ငံတကာမိသားစုက ၀ိုင်းဝန်းကန့်ကွက်နေတဲ့ ကြားမှာပဲ မြန်မာစစ်အစိုးရက
လူ့အခွင့်အရေးလှုပ်ရှားသူ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ထပ်ပြီး ထောင်ဒဏ်တွေ
ချမှတ်နေသလို ဖမ်းဆီးထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကိုလည်း
ထောင်တွေ ရွှေ့ပြောင်းနေပါတယ်။ အနည်းဆုံး အန်န်အယ်လ်ဒီအဖွဲ့ဝင် ၁၄ ယောက်ကို
ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်က အန်န်အယ်လ်ဒီပါတီဝင် ဦးမောင်မောင်ကြီးက ဒီနေ့
စီရင်ချက်ချမှတ်ခံရတဲ့ လူစာရင်းကို အခုလိုပြောပါတယ်။

"ဦးစန္ဒိမာခေါ် ကိုမင်း၊ ဘုန်းကြီးကို လူဝတ်လဲထားတာ။ ဦးသိန်းဝင်း၊ တောင်ဥက္ကလာ
က။ ဦးမြင့်ဆွေ၊ ကြည့်မြင်တိုင်က။ ဦးမောင်မောင်သိန်း၊ မင်္ဂလာဒုံ။ ဦးဟန်စိန်၊ အင်းစိန်။
ဦးတင်အုန်း၊ အောင်ဆန်း။ ဦးတင်အုန်းဆိုရင် အခု အမိန့်ချမှတ်ခံခဲ့ရတဲ့အထိ ရန်ကုန်
ဆေးရုံကြီးမှာ ဆေးကုသခံနေရတယ်။ ဦးစံဘော်၊ တွံတေး။ ဦးချစ်ခင်၊ တွံတေး။
ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် အတွင်းရေးမှူး။ ဦစိုးအုပ်၊ ဗဟန်းမြို့နယ် တွဲဖက်အတွင်း
ရေးမှူး။ ကိုကျော်ဆန်း၊ ညောင်လေးပင်။ ရောဘတ်သန်းအောင်၊ ဦးမောင်စိန်၊
ဦးမြင့်အောင် ၀ါးခယ်မမြို့နယ် ဒု-ဥက္ကဋ္ဌ။"

အခုထောင်ချခံရတဲ့ လူ ၁၄ ယောက်ဟာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို
တက်လာရုံသက်သက်နဲ့ အဖမ်းဆီးခံခဲ့ရတာဖြစ်လို့ မတရားတဲ့ဆုံးဖြတ်မှုတွေပဲလို့
ဦးမောင်မောင်ကြီးက ဆက်ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ ဖမ်းသွားတဲ့ ပုဂ္ဂိုလ် ၁၄ ယောက်ဟာ တခြား
သူတွေလိုလည်း လမ်းမလျှောက်ရ၊ ဘာမှမလုပ်ရဘဲ ဒီမွေးနေ့ပွဲကို လာရောက်ပြီးတော့
တက်ရုံလေး၊ ကြည့်ရုံလေးနဲ့ အတင်းအဓမ္မ ၀င်ရောက်ဖမ်းဆီးပြီး ဘာမှအပြစ်မရှိဘဲနဲ့၊
တရားရုံးမှာဆိုရင်လည်း ပုလိပ်ရုံးကြီးမှာ ဆယ်ခါ၊ ဆယ့်ငါးခါလောက် ရုံးချိန်းပြီးတော့
လုံးဝမစစ်ဘဲ ဒုက္ခပေးထားတယ်။

"အဲဒီနောက် လူတွေ များများလာတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ရုံးပြောင်း
အမိန့်ဆိုပြီး ရွှေပြည်သာကို ပြောင်းချိန်းတယ်။ အဲတော့ ရွှေပြည်သာကိုလိုက်ကြပြန်
တော့ ရွှေပြည်သာမှာမထုတ်ဘဲ အင်းစိန်ထဲမှာပဲ သူတို့ကိုထားတယ်။ ရှေ့နေခေါ်ပေးဖို့
ပြောတော့လည်း တရားသူကြီးက သူ့တာဝန်မဟုတ်ဘူးလို့ပြောတယ်။ တရားလို
သက်သေတွေကို ပြန်ခေါ်ပြီး စစ်ဆေးဖို့ တောင်းဆိုတော့လည်း မပေးဘူး။ တရားခံ
သက်သေတွေ ကျနော်တို့ပေးပါ့မယ်၊ ကျနော်တို့ကို စစ်ဆေးဖို့ ခေါ်ပေးပါဆိုတော့လည်း
မပေးဘူး။ သူတို့ တရားခံတွေလို့ သတ်မှတ်ထားတဲ့၊ ကျနော်တို့အဖွဲ့ချုပ်က ဘာမှအပြစ်
မရှိတဲ့သူတွေကို ဒီနေ့ မတော်မတရားတွေ စွပ်စွဲပြီးတော့ နောက်ဆုံး အခုလို ထောင်ချ
လိုက်ခြင်းဖြစ်ပါတယ်။"

ဒီနေ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ အပြစ်ပေးခံရတဲ့ ၁၄ ယောက်အုပ်စုထဲမှာပါတဲ့
ကိုထွန်းမြင့်ရဲ့ဇနီး မစန်းစန်းဝေကလည်း သူကြုံတွေ့ရတဲ့ အခက်အခဲတွေကို အခုလို
ရှင်းပြပါတယ်။

"သူစ၀င်သွားကတည်းက ကျမယ်ဆိုတာတော့ ကျိန်းသေသိနေပါတယ်။ အဲဒီအတွက်
ပြင်ဆင်ထားရတာပေါ့။ စိတ်ဓာတ်ကိုလည်း ခိုင်ခိုင်ထားရတာပေါ့။ ခါတိုင်းက
ကိုထွန်းမြင့်က အချုပ်ပဲကျဖူးတာ။ အဲလို နှစ်ကြာကြာတော့ မကျဖူးဘူးပေါ့။ ဒီတခါ
လည်း ၂ နှစ်ခွဲက နည်းတော့နည်းပါတယ်၊ ပါးပါးလေးပါ။ မှုတော့မမှုပါဘူး။"

အိမ်ထောင်ဦးစီးတယောက်က အခုလို ထောင်ကျသွားတဲ့အတွက် မိသားစုမှာ ဘယ်လို
အခက်အခဲတွေ ကြုံရပါလဲ။

"အခက်အခဲတွေကတော့ အများကြီးကြုံရပါတယ်။ သူပဲ စီးပွားရှာနေတယ်ဆိုတော့
ကျမတို့မှာ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ သားသမီးကလည်း သုံးယောက်
ရှိတဲ့အတွက် အခက်အခဲကတော့ ဖြစ်တယ်။ ဒါပေမယ့် အဖွဲ့ဝင်တယောက် ဖြစ်တဲ့
အတွက် စိတ်ဓာတ်တော့ ခိုင်ခိုင်ထားရတာပေါ့။ မှုတော့လည်း မမှုပါဘူး။"

တွံတေးမြို့နယ် အန်န်အယ်လ်ဒီအဖွဲ့ဝင် ဦးစံဘော်ရဲ့ ဇနီးဖြစ်သူကလည်း ဒီနေ့
ထောင်ဒဏ်ချမှတ်တဲ့အထဲမှာ သူ့ရဲ့အမျိုးသားလည်း ပါဝင်တာမို့ မတရားတဲ့လုပ်ရပ်
တွေကြောင့် သူ့ရဲ့မိသားစု ဒုက္ခရောက်ရတယ်လို့ ဆိုပါတယ်။

"ဦးစံဘော်က ကျန်းမာရေး သိပ်မကောင်းဘူး။ ခဏခဏ ဆေးသွင်းရတယ်၊ ကျမမှာ
အဲလိုအခက်အခဲတွေ ရှိတယ်။"

ဘာရောဂါလဲခင်ဗျာ။

"သေးပြစ်တဲ့ရောဂါလို့ ပြောတာပဲ၊ ကျမလည်း မသိပါဘူး။ အဲလိုပြောလို့ ကျမလည်း
သွေးကျဲဆေးတွေ ဘာတွေ ၀ယ်ပေးရတယ်။"

အခု ထောင်ထဲမှာ နောက်ဆုံးတွေ့ခဲ့ရတော့ ကျန်းမာရေးအခြေအနေက ဘယ်လို
ရှိပါသလဲ။

"အခု သွားတွေလည်း နှုတ်ပစ်ရတယ်လို့ ကျမကို နောက်ဆုံးပြောပါတယ်။"

သွားတွေက ထောင်ထဲမှာနှုတ်ရတာလား ခင်ဗျာ။

"ဟုတ်ကဲ့၊ ထောင်ထဲမှာပဲ နှုတ်ရတယ်။"

ဘာဖြစ်လို့လဲခင်ဗျ။

"သွားတွေနာတယ်ဆိုပြီး နှုတ်တာပဲ၊ ကျမကို အဲလိုပဲပြောပါတယ်။ သုံးချောင်းဆိုလား
နှုတ်ရတယ်တဲ့။ သူတို့က တမင်သက်သက် ယုတ်မာတာပေါ့ဗျာ။ ဆန္ဒပြတာတို့ ဘာတို့
မရှိဘူးလေ၊ ဦးစံဘော်တို့မှာ။"

ဦးစံဘော် ထောင်ကျသွားတော့ မိသားစုအခြေအနေ ဘယ်လိုရှိပါသလဲ။

"ကျမတို့မှာ မိသားစုနှစ်ယောက်ရှိတယ်။ သားလေးက ၈ တန်းကျောင်းသား။ အခုလို
ဆိုရင် သားလေးအတွက်လည်း ကျမတို့မှာ သိပ်ပြီး ဒုက္ခရောက်တယ်။ ကျမတို့မှာ
စားဝတ်နေရေးလည်း သိပ်ဒုက္ခရောက်တယ်။ ကျမတို့က တောင်ယာသမားလေ။"

ဒီနေ့ပဲ ထောင်ချခံထားရတဲ့လူ ၁၄ ယောက်ကိုလည်း ဝေးလံတဲ့ထောင်တွေဆီ
ရွှေ့ပြောင်းလိုက်ပါတယ်။ အဲဒီထဲမှာ အများစုက ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်းစိန်တရားရုံးက ရရှိ
ထားတဲ့ လူစာရင်းကို အန်န်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ပြောင်းတာက ကိုမာကီးက ဘိတ်ကိုပြောင်းတယ်။ မမီးမီးက ပုသိမ်။
ကိုဇော်ဇော်မင်းက တောင်ငူ။ ကိုအံ့ဘွယ်ကျော်က ကသာ။ ကြီးသန်းခေါ် ဦးသန်းတင်က
စစ်တွေ။ မသက်သက်အောင်က မြင်းခြံ။ ကိုဂျင်မီက တောင်ကြီး။ ဖုန်းမူခေါ်
သင်းကြည်လှိုင်ကျော်က ပြည်။ ကိုသိန်းအေး မြစ်ကြီးနား။ သက်ဇော်ခေါ် ဇော်မိုးက
မော်လမြိုင်။ ပဏ္ဍိတ်ထွန်းက ဗန်းမော်။ မင်းဇေယျက လားရှိုး။ ကိုမင်းဟန်လည်း
လားရှိုးပဲ။ မမာမာဦးက သာယာဝတီ။ အဲဒီ ၁၄ ဦးပြောင်းတယ်။

"ပြီးခဲ့တဲ့လကလည်း ၆၅ နှစ်ကျပြီး မအူပင်ပြောင်းတာတွေရှိတယ်။ မအူပင်က ပြန်ခေါ်
လာတယ်။ အခုထပ်ပြီး နယ်ကိုပြန်ရွှေ့တယ်။ အဲဒီလို နယ်ထောင်ပြောင်းပြီးမှ ပုဒ်မ
တပ်ပြီး ပြန်ခေါ်လာတာမျိုးလည်း ရှိသေးတယ်။ HRDB က ဇော်မင်း၊ အောင်ဇော်ဦး၊
ဝင်းမော်၊ ၃၃(က) အီလက်ထရောနစ်ဥပဒေနဲ့ ထပ်စွဲဖို့ ဒီက အထူးတရားရုံးမှာ အမှုတွဲနဲ့
ကပ်တယ်။ ၃၃(က) နဲ့ပြန်ပြီးစွဲတာ။"

ဒီနေ့ ထောင်ချခံရသူတွေနဲ့ ထောင်ပြောင်းခံရသူတွေအကြောင်း အန်န်အယ်လ်ဒီ ပါတီ
ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ပြောပြခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းအရ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကိုလည်း
သရက်ထောင်ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်။

ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ
20 November 2008
ဦးအောင်လွင်ဦး

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ပြီး ထောင်ဒဏ်ချမှတ်နေသလို
ပြစ်ဒဏ်ချပြီးသူတွေကိုလည်း ဆင့်ကဲပြစ်ဒဏ်တွေ ချမှတ်နေပါတယ်။ ဒီကနေ့ဆိုရင်
လည်း တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာတော့
လူငယ် ဟစ်ဟော့ပ် (Hip-Hop) အဆိုတော် ဇေယျာသော် အပါအ၀င် Generation
Wave လို့ သိကြတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက လူငယ်တချို့လည်း
ပါဝင်ခဲ့ကြသလို ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို နောက်ထပ်
ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

အခုနောက်ဆုံး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ
သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ
လူငယ်တွေလည်း ပါဝင်ခဲ့ကြတာပါ။ ဒီအထဲမှာ နာမည်ကျော် အက်ဆစ်တေးဂီတအဖွဲ့
က ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ တက်ကြွ
လှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့ Generation Wave မျိုးဆက်သစ်လူငယ်များ
အစည်းအရုံးအဖွဲ့ဝင်တွေအဖြစ် ဇေယျာသော်၊ သီဟ၀င်းတင်၊ အာကာဘို၊
အောင်ဇေဖြိုး၊ ရန်နိုင်သူ၊ ဝေလွင်မျိုးတို့ ၆ ဦးကို အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ ထောင်ဒဏ်
၅ နှစ်၊ ဒီအထဲက ဇေယျာသော်ကိုတော့ ဖမ်းဆီးချိန်မှာ နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှု
နဲ့ နောက်ထပ်တနှစ်တိုး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်တွေစီရင်ခဲ့တဲ့
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားခွင်ကို သွားရောက်ကြားနာခဲ့တဲ့ ဇေယျာသော်
ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းဋ္ဌေး ပြောပြတာကတော့ …

"ဒီနေ့ စီရင်ချက်ချပါတယ်။ လမ်းမတော်မြို့နယ် တရားရုံးကပါ။ ပုဒ်မ ၂၄/၁ နဲ့ တနှစ်၊
၆/၈၈ နဲ့က ငါးနှစ်ချလိုက်တယ်။ အားလုံး ခြောက်နှစ်ချလိုက်တယ်။ ပုဒ်မ ၆/၈၈ နဲ့
ငါးနှစ်ချလိုက်ပေမယ့် သူ့ရဲ့လက်ဝယ်မှာလည်း ဘာမှမိတာမဟုတ်ဘူး။ သူတို့ကို
ခေါ်ဆောင်သွားတဲ့ စရဖရဲ့ ထွက်ဆိုချက်၊ သူတို့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာ စစ်ဆေး
တဲ့အပေါ် မူတည်ပြီးတော့ ချလိုက်တာပါ။ အန်တီတို့ဘက်က ဘယ်လောက်ပဲ တင်သွင်း
ပေမယ့် မရခဲ့ပါဘူး။ သူတို့က ၆/၈၈ မြောက်တယ်ဆိုပြီး ချလိုက်တာပဲ။

"သူကတော့ နဂိုကတည်းက ပြင်ဆင်ထားတော့ ဘာမှတော့ သိပ်မပြောပါဘူး။ အန်တီ
တို့ကိုမှာတာတော့ ကျန်းမာရေးဂရုစိုက်ဖို့ပေါ့။ သူ့အတွက်ကိုလည်း ဂုဏ်ယူပါဆိုတဲ့
အကြောင်းပဲ ပြောတယ်။ သူက ဘယ်တော့မှ အမှားကိုမလုပ်ခဲ့ဘူးတဲ့၊ အမှန်ကိုလုပ်ဖို့
ကြိုးစားနေတဲ့ လူတယောက်ဖြစ်တယ်ပေါ့၊ ဒါကြောင့် သူ့ကို ဂုဏ်ယူပါဆိုပြီး အန်တီ
တို့ကို မှာခဲ့တယ်။"

သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေအတွင်း ထင်ရှားသူ ရဟန်းတော်တပါး
ဖြစ်တဲ့ အရှင်ဂမ္ဘီရကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားခွင်ကနေ နောက်ထပ်
ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစု
လူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက် အများအပြားနဲ့ ရင်ဆိုင်နေရတဲ့
အရှင်ဂမ္ဘီရကို အင်္ဂါနေ့တုန်းကပဲ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာဖြစ်ပြီးတော့ အခု
ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နေရုံ
သာမက ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကို
ပို့ဆောင်နေတာတွေရှိလို့ မိသားစုတွေအနေနဲ့ သောကရောက်စရာတွေကလည်း
ဖြစ်နေရတာပါ။ အခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဇေယျာသော်လို လူငယ်တွေ
ကိုလည်း စီရင်ချက်ချခံရပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်မြို့တွေဆီ ပို့ဆောင်မှာကို
လည်း စိုးရိမ်နေတာပါ။

"သူက ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတော့ နယ်တွေကိုရောက်သွားရင် သူ ဘယ်လို
တွေ့ဆုံရမလဲ၊ အခက်အခဲတွေ ဘယ်လိုကြုံရမလဲဆိုတာ အန်တီတို့ကတော့ စဉ်းစားပြီး
စိတ်ပူနေတာပေါ့။ သူက ကောင်းတာလုပ်သွားတော့ ဘုရားကတော့ သူ့ကို အမြဲတမ်း
ကြည့်နေမှာပေါ့။ အဲဒီလိုပဲ အန်တီကတော့ ခံယူထားပါတယ်။ ကြည့်တော့မနေပါဘူး၊
သူက အမှားကိုလုပ်တဲ့သူ မဟုတ်တော့။"

အခုနောက်ဆုံး ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခံခဲ့ရတဲ့ အက်ဆစ် တေးဂီတအဖွဲ့က
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းဋ္ဌေး ပြောပြသွားတာ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေ၊ စက်တင်ဘာ သံဃာ
တော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသူတွေကို
ဒီလဆန်းပိုင်းကစလို့ နေ့စဉ်ရက်ဆက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာ
အခုဆိုရင် ၁၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ၈၈ မျိုးဆက်ကျောင်းသား
တွေလို၊ သံဃာတော် အရှင်ဂမ္ဘီရလို ပုဂ္ဂိုလ်တွေဟာဆိုရင်လည်း နောက်ထပ်စွပ်စွဲချက်
တွေ ရှိနေဆဲဖြစ်ပြီး ပြစ်ဒဏ်တွေ ဆက်လက်ချမှတ်ခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်
နေရဆဲလည်း ဖြစ်ပါတယ်။

မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာရောက်
20 November 2008
ရန်နိုင်
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို တင်သင့်တယ်လို့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။ မြန်မာ နအဖအစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ တရားသူကြီးချုပ် ဦးအောင်တိုး၊ လှိုင်သာယာ တရားသူကြီး ဒေါ်အေးမြိုင်၊ တာမွေတရားသူကြီး ဒေါ်သန်းသန်း၊ ကျောက်တံတားတရားသူကြီးဒေါ်ညွန့်ညွန့်၊ ခရိုင် တရားသူကြီးတွေ ဖြစ်တဲ့ ဦးသောင်းညွန့်၊ ဦးတင်ထွတ် နဲ့ ဒေါ်စိုးဥာဏ် တို့ကို နိုင်ငံတကာ ရာဇ၀တ် တရားရုံးက တရား စွဲဆိုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့က ဒု-ဥက္ကဌ အန်ဒရီရာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ ဥပဒေ ပုဒ်မ(ရ) ကိုကြည့်မယ်ဆိုရင် လူတစ်ဦး တစ်ယောက် ချင်းစီကို မတရား ထောက်ဒဏ်ချမှတ်တာတွေ ၊ မတရားဖမ်းဆီးချုပ်နှောင်ပိတ်ပင် ထားတာတွေဟာ လူမျိုးစုတခုကို ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုကို ကျူးလွန်တာမဟုတ်ပေမယ့် အဲဒီပုဒ်မအရ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့အတွက် ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာမြောက်ပါတယ်။”

တရားသူကြီးတွေဟာ ၀န်ထမ်းတွေ ဖြစ်ပေမယ့်လည်း အခုလို စစ်အစိုးရရဲ့ မတရားတဲ့အမိန့်အာဏာတွေကိုအသုံးချပြီး အခုလိုမျိုး အပြစ်မဲ့တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် တာဝန် မကင်းဘူး လို့ဆိုပါတယ်။

“နုရင်းဘတ်နဲ့ အီရတ်မှာ ဖြစ်ခဲ့တဲ့ တရားစီရင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်တဲ့တရားသူကြီးတွေဟာ တရားစီရင်ရေး တာဝန်ကို ထမ်းဆောင်ရင်း မတရားတဲ့ အမိန့်အာဏာကို လိုက်နာပြီး ပြစ်ဒဏ်တွေ ချမှတ် နေခဲ့ပါတယ်။ အခုလဲ ဒီတရားသူကြီးတွေက တရားစီရင်ရေး စနစ်ကို ဖန်တီးနေသူတွေ မဟုတ်ပေမယ့် ရာဇ၀တ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နအဖအစိုးရက ခိုင်းတာကြောင့်လုပ်ရတာ ဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တရားသူကြီးများလည်း ဒီနိုင်ငံတကာဥပဒေနဲ့ ငြိစွန်းနေပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာ အစိုးရအာဏာပိုင်တွေနဲ့ တရားသူကြီးတွေကို လက်ရှိအာဏာရှိနေတဲ့အချိန်မှာ နိုင်ငံတကာရာဇ၀တ်တရားရုံး တရားစွဲ ဆိုလို့ရ၊ မရဆိုတာနဲ့ ပတ်သက်လို့ သူက အခုလိုဆက်ပြီးပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းတဲ့ နိုင်ငံတကာ ရာဇ၀တ် တရားဥပဒေအရ အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာနအဖအစိုးရ လက်ရှိအာဏာရှိနေတဲ့အချိန်မှာပဲ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း၊ ဒီဥပဒေအရပဲ ဆူဒန်နိုင်ငံသမ္မတကိုလည်း အာဏာရှိနေစဉ်မှာပဲ နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို မြန်မာ နအဖအစိုးရက ထောင်ဒဏ် ၂ နှစ် ကနေ ၆၅ နှစ် အထိ ချမှတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အခြား နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကိုလည်း မြန်မာစစ်အစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်ခင်ဗျာ။

မြန်မာအရေးအပေါ် အာဆီယံ နှုတ်ဆိတ်နေမှု အတိုက်အခံ ဝေဖန်
20 November 2008
သင်းသီရိ -
မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်ရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် အပြစ်ပေးနေသလို မိသားစုတွေနဲ့ ဝေးလန်လွန်းလှတဲ့ နယ်ထောင်တွေကို ပို့နေတဲ့ ကိစ္စတွေပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲအစည်းတွေ က ဒီလို အခြေအနေတွေပေါ် စိုးရိမ်မိတဲ့အကြောင်း အတော်လေး ဝေဖန် ပြောဆို နေကြပါတယ်။

ဒါပေမယ့် အာစီယံအဖွဲ့ ကြီးအနေနဲ့ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ဘာမှ ပြောဆို ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် ပြည်ပအခြေစိုက် NCGUB ခေါ်တဲ့ အမျိုးသား ညွှန်ပေါင်းအစိုးရက အာစီယံအသင်းကြီးအနေနဲ့ လက်ရှိအခြေအနေပေါ် သုံးသပ်ရင်း မြန်မာစစ်အစိုးရပေါ် အရေးယူမှုတွေ လုပ်သင့်တယ်လို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

အာစီယံရဲ့ ပဋိညာဉ်ထဲမှာ အဖွဲ့ဝင် နိုင်ငံတွေမှာ ဒေသတွင်း ပြည်သူတွေရဲ့ လူ့ခွင့်ရေးဆိုင်ရာ ကိစ္စတွေ တိုးတက်ဖို့ တိုးတက်တဲ့ လူ့အခွင့်ရေး ယန္တယားတရပ် တည်ဆောက်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပါလျက်နဲ့ အခုလို မြန်မာနိုင်ငံတွင်း လူအခွင့်ရေး ချိုးဖောက်မှုတွေနဲ့ တရားစီရင်ရေး ယန္တယားပျက်နေတဲ့အပေါ် အရေ.းယူဆောင်ရွက်ပေးသင့်တယ်လို့ NCGUB အဖွဲ့က ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီနေ့ ဗမာနိုင်ငံမှာ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာစီယံရဲ့ စံနှုန်းနဲ့ ယှဉ်ရင်တောင်မှ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေမှာ အာစီယံက အခုလို ရေငုံ နုတ်ပိတ်နေခြင်းဟာ အဖွဲ့အတွက် ဂုဏ်သိက္ခာကျတယ်။ အာစီယံ ခေါင်းဆောင်တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အခုလိုမျိုး လူသိရှင်ကြား ပြောထားတာတွေ ရှိပေမယ့် လက်တွေ့အကောင်အထည် ဖော်ရာမှာ အားနည်းနေတယ်လို့ ပြနေတယ်။ အခုလို အစိုးတရပ်ဟာ ဥပဒေရဲ့ အထက်မှာ ရှိနေတာတွေ၊ ရှေ့နေကိုတောင်မှ ထောင်ချနိုင်တာတွေဟာ တခြား အာစီယံနိုင်ငံတွေမှာ ဒီနေ့ကာလမှာ ရှာကြည့်ရင် မတွေ့ရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လာမယ့် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာစီယံ ထိပ်သီး အစည်းအဝေးမှာ ဒီကိစ္စကို အရေးယူမှုလုပ်ချင်တယ်လို့ တင်ပြထားပါတယ်။”

မြန်မာစစ်အစိုးရဟာ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေနဲ့ အာစီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ အားကိုးအားထားပြုဆက်ဆံနေရတာ ဖြစ်ပြီး မြန်မာ့အရေးပေါ် ပြောင်းလဲတိုးတက်လာအောင် အာစီယံအဖွဲ့ကြီးက လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေ ရှိပါတယ်လို့ ဒေါက်တာ သောင်းထွန်းက ဆက်ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ အာစီယံ အဖွဲ့ဝင်တွေဟာ ဗမာနိုင်ငံရဲ့ ကုန်သွယ်ဘက်တွေပါ။ နအဖစစ်အစိုးရအနေနဲ့ အာစီယံနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှုတွေက ငွေမရဘဲနဲ့ မရပ်တည်နိုင်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်မှုကြောင့် ထောင်ချခံရတာဟာ ဒေသတွင်းမှာ ရှိတဲ့ နအဖကို ငွေကြေးအရ ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရတွေမှာ တစိတ်တပိုင်း တာဝန်ရှိပါတယ်။”

ကုလသမဂအဖွဲ့ကြီး အပါအ၀င် မြန်မာ့အရေး အားပေးတိုက်တွန်းနေတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို မြန်မာ စစ်အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်တာ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ ဟန်ချက်ညီညီနဲ့ တွန်းအားပေးရင်ဖြင့် တိုးတက်မယ့် ပြောင်းလဲမှုတရပ်ကို မြင်နိုင်ပါတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အင်အားစုတွေဟာ တကယ့်ကို ဟန်ချက်ညီညီနဲ့ ဆောင်ရွက်မယ်ဆိုရင် တွန်းအားပေနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ရေငုံနုတ်ပိတ်ပြီးတော့ မနေသင့်ပါဘူး။ ဗမာနိုင်ငံမှာ တကယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး မရခဲ့ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗမာနိုင်ငံမှာ ပိုပြီးတော့ ထိပ်တိုက်တွေ့မှုတွေနဲ့ အုံကြွမှုတွေကို ဖန်တီးပေမယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီ ပြဿနာတွေဟာ ဗမာနိုင်ငံတွင်းမှာ ရပ်သွားမှာ မဟုတ်ဘဲ နယ်စပ်ကို ဖြတ်ကျော်ပြီး သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ အိမ်နီးချင်းနိုင်ငံတွေက ဒါတွေကို စဉ်းစားသင့်တယ်။ ကြောက်မယ်ထင်လို့ ခြောက်တာပါ။ ကျွန်တော်တို့ မကြောက်ဖို့လိုပါတယ်။ ဇွဲရှိဖို့ လိုပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင် အပြောင်းအလဲကို မျှော်လင့်လို့ရမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ လွတ်လပ်တဲ့ လူသားအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူသားအနေနဲ့ ရှင်သန်နိုင်မယ်။”

ဒါကတော့ လက်ရှိမြန်မာနိုင်ငံတွင်းက အခြေအနေတွေပေါ် အာစီယံအဖွဲ့ကြီးအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကိစ္စကို NCGUB အဖွဲ့က ကုလသမဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြခဲ့တာ ဖြစ်ပါတယ်၊

အိုဘားမားကို အယ်လ်ကိုင်းဒါး ပုတ်ခတ်မှု သိက္ခာမဲ့ရာကျ
20 November 2008
ရွေးကောက်ခံ သမ္မတ ဘရက် အိုးဘားမားကို လူမျိုးရေးအရ စော်ကား တိုက်ခိုက်ထားတဲ့ အယ်လ်ကိုင်းဒါး (Al-Qaida) အဖွဲ့ရဲ့ ကြေညာချက်ဟာ ဂုဏ်သိက္ခာမဲ့၊ အသုံးမကျ နုံချာတဲ့ စကားတွေလို့ ခေါ်ဆိုပြီး သမ္မတ အိမ်ဖြူတော်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မစ္စတာ အိုဘားမား ရွေးကောက်ခံရတဲ့အပေါ် အကြမ်းဖက်အုပ်စုရဲ့ ပထမဆုံးတုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုဟာ ဘယ်လို လူမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိပေးချက် တခုဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးနာ ပရီနိုး (Dana Perino) က ပြောပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် အိုင်မန် အယ်လ်-ဇာဝါရီ (Ayman al-Zawahri) ရဲ့အသံ ဖြစ်တယ်လို့ ဆိုထားတဲ့ အသံနဲ့ ကြေညာချက်ကို တင်ထားပြီး မစ္စတာ အိုဘားမားကို အာရေဘစ် ဘာသာစကားနဲ့ အိမ်ကျွန်လို့ ခေါ်ဆိုထားပါတယ်။ အင်္ဂလိပ်လို စာတမ်းထိုး ဘာသာပြန်ထားတာမှာတော့ အိမ် နီဂရိုးလို့ ဖော်ပြထားပါတယ်။ ဒီအသုံးအနှုန်းဟာ တချိန်က လူဖြူတွေကနေ လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဇာဝါရီဟာ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleeza Rice) နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) တို့လို ထင်ရှားတဲ့ တခြား အာဖရိကန်-အမေရိကန်တွေကိုလည်း စော်ကား တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာသွားတွေ့ရာတွင် အခက်အခဲမျိုးစုံကြုံနေရ

ဖြိုးကြီး။ နိုဝင်ဘာ ၂၀၊ ၂၀၀၈
ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များက ရိုင်းပြစွာ ဆက်ဆံ သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်။

ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရပြီး နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သူ ကိုသူရိန်အောင်အား မိသားစုဝင်များက ထောင်ဝင်စာသွားတွေ့ရာတွင် စစ်တွေထောင်အာဏာ ပိုင်များက ရိုင်းပြစွာ ဆက်ဆံပြောဆိုလိုက်ပြီး စစ်တွေထောင်တွင်မရှိကြောင်း ပြောလိုက်သည် ဟု မိသားစုဝင်တဦးက ပြောသည်။

“အင်းစိန်ထောင်က ပြောလိုက်တဲ့အတိုင်း စစ်တွေထောင်ကို သွားစုံစမ်းတော့ ထောင်ဝန်ထမ်း တွေက ဒီစစ်တွေထောင်မှာ မရှိဘူးဆိုပြီး ငေါက်ငမ်းတယ်၊ ကြမ်းကြမ်းတမ်းတမ်းကို ပြောတာ၊ ကျမတို့က အင်းစိန်ထောင်က ပေးလိုက်တဲ့ စာကိုပြမှ ဘူးသီးတောင်ထောင်မှာ ရှိတယ်ဆိုပြီး ပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

မိသားစုဝင်များက ဘူးသီးတောင်ထောင်သို့ လိုက်သွားရာတွင် ကိုသူရိန်အောင်အား တွေ့ရှိခြင်း မရှိဘဲ ကိုကျော်မင်းကိုသာ တွေ့ခဲ့ရပြီး ထောင်အာဏာပိုင်များက ကျောက်ဖြူထောင်မှာရှိ ကြောင်း ပြောဆိုလိုက်သဖြင့် စစ်တွေသို့ပြန်လာပြီးမှ ကျောက်ဖြူသို့ ဆက်သွားရသည့်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်ဟု ဆက်ပြောသည်။

“သူရိန်အောင်ဆိုတာ ဒီမှာ မရှိဘူး၊ ကျော်မင်းဆိုတာတော့ ရှိတယ်၊ ကျမတို့ကလဲ စစ်တွေ ထောင်က ပြောလိုက်တာက ဒီဘူးသီးတောင်ထောင်မှာလို့ ပြောတယ်ဆိုပြီး ဆက်မေးတော့မှ စာရင်းကိုပြန်ရှာကြည့်ပြီး ကျောက်ဖြူထောင်မှာလို့ ပြောတယ်၊ ကျမတို့လဲ တခါမှမရောက်ဖူး တော့ ခရီးသွားလာရေးက တော်တော်ခက်တာပေါ့၊ ဒါနဲ့ စစ်တွေကိုပြန်လာပြီးမှ ကျောက်ဖြူကို ဆက်သွားနဲ့ အရမ်း ဒုက္ခရောက်တာပေါ့၊ ခရီးစရိတ်လဲ ပြတ်၊ အဲလိုတွေဖြစ်တယ်”ဟု မိသားစုဝင် က ပြောသည်။

အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ယခုကဲ့သို့ နယ်အကျဉ်းထောင်များသို့ပို့ပြီး တနေရာမှ တနေရာသို့ ထပ်မံပြောင်းရွှေ့သည်ကို အတိအကျပြောဆိုခြင်း မရှိသည့်အပြင် ထောင်ဝန်ထမ်းများက ရိုင်းပြစွာ ဆက်ဆံမှုများကြောင့် ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင် များမှာ အခက်ခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။

“ဒီလို မိသားစုနဲ့ ဝေးလံတဲ့နေရာတွေကို ပြောင်းတာဟာ (၇) ရက်သားသမီးတွေကို တမင် ဒုက္ခ ရောက်အောင် လုပ်ကြတာ၊ ပြစ်မှုကလဲ ကြီးကြီးမားမားလဲမဟုတ်ဘူး၊ ဒီလိုလုပ်တဲ့သူတွေ တနေ့ တော့ ဝဋ်လည်ကြမှာပဲ၊ ကျမတို့သွားတွေ့ဖို့ဆိုတာ ငွေကြေးကအစ အခက်အခဲမျိုးစုံပဲ” ဟု ကိုသူရိန်အောင်၏ မိသားစုဝင်တဦးက ဆက်လက်ပြောဆိုခဲ့သည်။

ကိုသူရိန်အောင် အပါအဝင် (၆) ဦးတို့သည် ပြီးခဲ့နှစ်က မေဒေးနေ့အကြောင်း ဟောပြောခြင်း၊ အလုပ်သမားအခွင့်အရေးများ ဟောပြောခဲ့ခြင်းတို့ကြောင့် အာဏာပိုင်များက မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။

ခလရ ၂၉၉ နှင့် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီတို့ တိုက်ပွဲဖြစ်
သတင်း - IMNA
Written by အာကာ
Thursday, 20 November 2008 19:57

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှ နိုင်ချမ်းဒိန်းလက်အောက်ခံအဖွဲ့နှင့် အမှတ် (၂၉၉) ခြေလျင်တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး နိုင်ချမ်းဒိန်အဖွဲ့မှ (၃) ဦးကျဆုံးကြောင်း တိုက်ပွဲဖြစ်ပွားရာ ဝန်းကျင်ရှိကျေးရွာမှ ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း မာန်အောင်ကျေးရွာ ချောင်းဖျား၌ အင်အား ၅ ဦးပါ နိုင်ချမ်းဒိန်းလက်အောက်ခံအဖွဲ့နှင့် အထမ်းသမား ရွာသားတစ်ဦး စခန်းချအနားယူစဉ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ (၂၉၉) ၏ ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ၄င်းတပ်ရင်းနှင့် နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။

ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော ခလရ (၂၉၉) ၏ စစ်အင်အားကို ၄င်းအနေဖြင့် အတိကျ မသိရှိကြောင်း၊ ၄င်းတိုက်ပွဲ၌ နိုင်ချမ်းဒိန်းအဖွဲ့မှ ၃ ဦးကျဆုံးပြီး၊ ၄င်းအဖွဲ့မှ အထမ်းသမားအဖြစ် ခေါ်ယူလာသော ဟံဂံကျေးရွားမှ ဥယျာဉ်ခြံရှင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ၄င်းတိုက်ပွဲမှာ မိနစ်ပိုင်းမျှသာကြာကြောင်း တပ်ရင်းနှင့် နီးစပ်သည့်ရွာသားက ပြောသည်။

''ကျနော် ကြားရသလောက်ဆို နိုင်ချမ်းဒိန်းအဖွဲ့က စခန်းချပြီး ထမင်းချက်နေတုန်း အငိုက်မိပြီး ခံလိုက်ရတယ်၊ ၂၉၉ က လက်နက်ငယ် ၃ လက်နဲ့ ဆပ်ကြေးငွေ သိန်း ၈၀ လောက် သိမ်းခဲ့တယ်လို့ ကြားတယ်'' ဟု ၄င်းရွာသားက ဆိုသည်။

''ကျမတို့လည်း တိုက်ပွဲဖြစ်တာ ကြားပါတယ်။ ဒါပေမယ့် ဘက်နှစ်ယောက် ဒဏ်ရာရပြီး၊ ဘယ်နှစ်ယောက် သေတာကိုတော့ ကျမတို့မသိပါဘူး။ ဟံဂံရွာသားတစ်ဦး သေတာကတော့ သေချာပါတယ်'' ဟု ကိုးမိုင်ရွာသူတစ်ဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့အနေဖြင့် ထိတ်လန့်နေကြကြောင်း၊ ရွာပြင်ထွက်ပြီး ခြံသွားရန်လည်း မဝံ့ရဲကြောင်း၊ ၄င်းတို့ရွာသားများမှာ စစ်တပ်နှင့် နိုင်ချမ်းဒိန်းတို့ နှစ်ဖက်စလုံးကို ကြောက်ရွံ့နေရကြောင်း ပြောသည်။

ကိုးမိုင်ရွာမှာ ရေးမြို့နယ်တောင်ပိုင်း၊ ရေး- ထားဝယ်ကားလမ်းဘေး၌ရှိပြီး ရေးမြို့နှင့် ၉ မိုင် ကွာဝေးသည်။ မာန်အောင်ကျေး ရွာမှာမူ ကိုးမိုင်ရွာ၏ အရှေ့ဘက် တစ်မိုင်ဝန်းကျင်ခန့်ရှိပြီး၊ ၎င်းမာန်အောင်ရွာ၏ အရှေ့ဘက် ချောင်းဖျားထက်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၃ ရက်နေ့ကပင် နိုင်ချမ်းဒိန်အဖွဲ့နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ အခြေ စိုက် ခလရ ၂၈၂ တို့မှ ဒုတပ်ရင်းမှူး ညီညီစိုးတို့ လျှိ့ဝှက် သဘောတူချက် (၄) ချက်ရရှိထားသည်ကို ၄င်းတို့မှ လျှို့ဝှက်သတင်းရရှိထားကြောင်း ၄င်းတို့သဘောတူညီချက်၌
(၁) တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်ခြင်း မပြုကြရန်၊
(၂) ရေး-ထားဝယ်ကား လမ်း၌ ပြေးဆွဲနေသော ကားများအား ဟန့်တားခြင်းမပြုကြရန်၊
(၃) ရွာသားများအား ဖမ်းဆီးခြင်းမပြုရန်နှင့်
(၄) ရွာတွင်း၌ ရှိစဉ် သတင်းမပေါက်ကြားရန်တို့ ပါဝင်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ပါတီဝင်တစ်ဦးက ပြောသည်။

၎င်း၏သုံးသပ်ချက်အရ ယခုကဲ့သို့သော လျှို့ဝှက်သဘောတူညီချက်မှာ ၄င်းတပ်ရင်းနှင့် နိုင်ချမ်းဒိန်းအဖွဲ့၏ လှုပ်ရှားရာ နယ်မြေများတွင်သာ ဖြစ်ပြီး အခြားနယ်မြေများနှင့် သက်ဆိုင်မှုမရှိကြောင်း ၄င်းတို့အချင်းချင်း နားလည်မှုဖြင့် အပေးအယူ လုပ်ကြခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

''တိုးတိုးတိတ်တိတ်တော့ ကြားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လျှို့ဝှက်ချက် ဆိုတော့ သေသေချာချာ မသိပါဘူး'' ဟု ကလိန်အောင်မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောသည်။


မြန်မာပြည်တွင် Ampicillin ဆေးအတုများ တွေ့ရှိ
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Thursday, 20 November 2008 14:07

နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) မှ အရှေ့တောင်အာရှတခွင် ဆေးဝါးအတု စစ်ဆင်ရေးပြုလုပ်ခဲ့အပြီး မြန်မာနိုင်ငံအတွင်း ရောင်းချနေသည့် ဆေးဝါးဈေးကွက်တွင် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည့် Ampicillin ဆေးအတုများ တွေ့ရှိ ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်ကို ယမန်နေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်သူ ကုမ္ပဏီ အမည်ကို ဖော်ပြထားခြင်းမရှိပေ။

ထုတ်ပြန်ချက်အရ ဈေးကွက်များတွင် ထုတ်လုပ်သူ ကုမ္ပဏီအမည်ဖော်ပြထားခြင်း မရှိသည့် Media in R.P.C ဟု ဖော်ပြထားသော "KAV Ampicillin BP 250mg Capsule " ဆေးအတု ရောင်းချနေကြောင်း၊ ဈေးကွက်မှ ရရှိသည့် အဆိုပါ "KAV Ampicillin BP 250mg Capsule" မှာ မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိကြောင်းနှင့် ဆေးဘူးခွံမှာ သေသပ်ခိုင်မာခြင်း မရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

မုန်တိုင်းစစ်ဆင်ရေးဆိုသည့် အမည်ဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က အရှေ့တောင်အာရှ တခွင်တွင် ဆေးဝါးအတုများ ရှာဖွေဖမ်းဆီးရေးကို ငါးလကြာပြုလုပ်ခဲ့ရာ ဆေးဝါးအတု အများအပြားကို ရှာဖွေဖမ်းဆီး ခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် မုန်တိုင်းစစ်ဆင် ရေးအကြိမ် ၂၀၀ခန့် ရှောင်တခင် ၀င်ရောက်စီးနင်းခဲ့ရာတွင် ဆေးဝါးအတု အမေရိကန်ဒေါ်လာ ၆ဒဿမ၆သန်းဖိုး တွေ့ရှိသိမ်းဆည်းခဲ့ပြီး လူ ၂၇ယောက်ကို ဖမ်းဆီးခဲ့သည်။

ဆေးလုံးဆေးပြား အတုများထဲတွင် အိတ်ခ်ျအိုင်ဗွီရောဂါကုဆေး၊ ပဋိဇီဝဆေး၊ ငှက်ဖျားရောဂါကုဆေးနှင့် တီဘီအဆုတ်နာ ကုဆေးများပါဝင်သည်ဟု နိုင်ငံတကာရဲတပ်ဖွဲ့က ပြောသည်။နိုင်ငံတကာရဲတပ်ဖွဲ့က ဆေးဝါးအတု ထုတ်လုပ်သူ၊ ဖြန့်ချိသူ လူတဦးချင်းနှင့် အဖွဲ့လိုက်ကိုပါ ပစ်မှတ်ထားပြီး ဆင်နွဲခဲ့ခြင်းဖြစ်ကြောင်း ယခုစစ်ဆင်ရေးကြောင့် နောင်တွင် ကမ္ဘာ့မည်သည့်နေရာတွင်မဆို အများပြည်သူ ကျန်း မာရေးအတွက် အကြီးအကျယ် အန္တရာယ်ရှိသည့် ရာဇ၀တ်မှုမျိုးများကို နှိမ်နှင်းရာတွင် အထောက်အကူ ပြုမှာဖြစ် သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိသည့် Ampicillin ဆေးအတုများကို ဓါတ်ခွဲစမ်းသပ်ရာ ဆေးဝါးအာနိသင် "လုံးဝ"မပါ ရှိသည့် ဆေးဝါးအတု ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်၌ ပြောထားသည်။

ဆေးဝါးအတု၊ စံမညီ ဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေကို ဆိုက်ရောက်နိုင်ပါသည်။

မြန်မာနိုင်ငံတွင်း ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချခြင်းအား လုံးဝမပြုလုပ်ရန်နှင့် စစ်ဆေးဖော်ထုတ် တွေ့ရှိရပါက အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။


တရုတ်-ဗမာ သဘာဝဓါတ်ငွေ့သယ်ယူမည့် စီမံကိန်း
ဆောင်းပါး - သျှမ်းသံတော်ဆင့်သတင်း
Thursday, 20 November 2008 11:09

(၁) လက်ရှိအနေအထား

၂၀၀ရခုနှစ်ဆန်းပိုင်းကာလခန့်က စတင်၍ တရုတ်နှင့်ဗမာ အာဏာပိုင်များသည် ရခိုင်ပြည်မှကူမင်းအထိ ပိုက်လှိုင်းဖြင့် သဘာဝဓါတ်ငွေ့ သယ်ယူမည့် အစီအစဉ် အတွက် လမ်းကြောင်းတိုင်းတာခြင်း ပဏာမလုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်လျက်ရှိပါသည် ။

ရခိုင်ပြည်နယ် ကျောက်ဖြူဘက်မှ အမ်းတောင်ကြားလမ်းအတိုင်းဖြတ်ကာ မြန်မာပြည်အလယ်ပိုင်းမကွေးတိုင်းထိုမှတဆင့် ပုဂံညောင်ဦး ဘက်အထိ လမ်းကြောင်းတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ဆောင်ပြီးစီးပြီးဖြစ်ကြောင်းနှင့် အခြားလမ်းကြောင်းတစ်ခုမှာ မန္တလေး လမ်းကြောင်း အတိုင်းတိုင်းတာထားကြောင်း သိရပါသည်၊၊

၂၀၀၆ခုနှစ်ခန့်ကစတင်၍တရုတ်ပြည် ရွေလီမြို့မှတဆင့် အလွန်ကြီးမားသော ယာဉ်များဖြင့် သံပိုက်လုံးများ(ကားတစ်စီးလျင်၂ခုသာတင်နိုင်) အား မြန်မာနိုင်ငံအတွင်းသို့တင်ပို့လျက်ရှိပါသည် ကျွမ်းကျင်သူများပြောပြချက်အရ အဆိုပါ ပိုက်များသည် သဘာဝဓါတ်ငွေ့ သွယ်တန်းရာတွင် အသုံးပြုမည့်ပိုက်များဖြစ်နိုင်ကြောင်း လွန်ခဲ့သည့် လပိုင်းများအထိ အဆိုပါ ပိုက်ဂုံးများတင်ပို့ခြင်းများရှိသည်ဟု သိရပါသည်၊၊

သို့ရာတွင် မြန်မာပြည်အလယ်ပိုင်းမှ ရှမ်းပြည်(မြောက်ပိုင်း)သို့ မည်သည့်လမ်းကြောင်းမှဖြတ်သန်းသွယ်ယူမည် ဆိုသည်ကို အတိအကျ သိရခြင်း မရှိသေးပါ ။ တရုတ်နှင့်နီးစပ်သူများ အဆိုအရ ရှမ်းပြည်(မြောက်ပိုင်း)တွင် လက်ရှိနိုင်ငံရေးအခြေအနေများအရ ပိုက်လှိုင်းဖြတ်သန်းမည့်အစီအစဉ်မှာ ချမှတ်သေးခြင်းမရှိကြောင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများကိုဖြတ်သန်းဖေါက်လုပ်ရမည် ဖြစ်သောကြောင့်
၂၀၁၀ရွေးကောက်ပွဲပြီးဆုံးကာ နိုင်ငံရေးအခြေအနေတည်ငြိမ်မှသာ ပိုက်လှိုင်းသွယ်တန်းရေးအတွက် ၂ဘက်ဆွေးနွေးဖွယ်ရှိကြောင်း သိရပါ
သည်။

(၂)ဘယ်သူ/ဘယ်ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မည်နည်း

သဘာဝဓါတ်ငွေ့တူးဖေါ်လုပ်ကိုင်ခြင်းအား ဗမာနှင့်တောင်ကိုးရီးယားဒေ၀ူး ကုမ္ပဏီတို့က လုပ်ကိုင်ခြင်းဖြစ်ပါသည်။ တရုတ်ဘက်မှ ဓါတ်ငွေ့ ၀ယ်ယူခြင်းဖြစ်သဖြင့် ၄င်းတို့၂ဘက်အကြား မည်ကဲ့သို့သဘောတူညီစာချုပ်ချုပ်ထားသည်ကို အတိအကျမသိရှိရပါ ။တရုတ်ရွေလီသို့ ဂက်ပိုက်လှိုင်းသွယ်တန်းမည့် အရေးတွင် မြန်မာဘက်မှ the Myanma Oil & Gas Enterprise မှအုပ်ချုပ်ရေး ဒါရိုက်တာ ဦးမြင့်ကြည် နှင့်တရုတ်ဘက်မှ China National Petroleum Corp. (CNPC.YY)တို့တာဝန်ယူလုပ်ကိုင်လျက်ရှိသည်ဟု သိရပါသည်။ မြန်မာဘက်မှ asia world company မှ လမ်းကြောင်းတိုင်းတာခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သည်ဟု သိရပါသည်။

(၃)ဘယ်တော့လောက်ပြီးမယ်လို့ ခန့်မှန်းထားလဲ

၂၀၁၀နောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ လက်နက်ကိုင်အဖွဲ့အစည်းများ မည်ကဲ့သို့ရပ်တည်မည်ဆိုသည့် အပေါ် မူတည်မည်ဖြစ်ပါသည်၊၊ တရုတ်ဘက်မှလည်း ပိုက်လှိုင်းဖြတ်သန်းမည့် နယ်မြေများရှိ လက်နက်ကိုင်အဖွဲ့များထံမှ အာမခံနိုင်သည့် အနေအထားမျိုးရောက်ရှိမှသာ ပိုက်လှိုင်းသွယ်သန်းမည့် ကိစ္စဆွေးနွေးမည်ဟု ခန့်မှန်းပြောဆိုကြပါသည်။ ၄င်းအခြေအနေကိုထောက်ရူ့ခြင်း
ဖြင့် မြန်မာနိုင်ငံရေးတွင် တရုတ်၏ပေါ်လစီသည် တည်ငြိမ်မှု့ရှိရေးကိုအထူးလိုလားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများ စစ်အာဏာ ပိုင်များ ကို ထပ်မံပုန်ကန်ခြင်းမပြုနိုင်ရန် ဖိအားပေးခြင်းများရှိနိုင်ကြောင်း သုံးသပ်ရပါသည်၊၊ထို့ကြောင့် ၂၀၁၀နောက်ပိုင်းကာလများနှင့်နောက် ထပ်၁၀စုနှစ်တစ်ခုမျကြာနိုင်သေးကြောင်း ခန့်မှန်းရပါသည် စာချုပ်များအရ ဓါတ်ငွေ့များကိုပိုက်လှိုင်းသွယ်တန်းပြီှးနှစ်(၃၀)အထိ ရယူမည်ဖြစ်
ပါသည်၊၊

(၄)ဗမာအစိုးရကို ဆက်သွယ်မည့်ကုမ္ပဏီက ဆီနိုပက်ဟုတ်ပါသလား

၂၀၀၆ခုနှစ်အတွင်း ပြည်တွင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်အရ တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက်ပမာဏမှာ တစ်ရက်လျင် စည်ရသန်းနူန်းမှ လာမည့်၂၀၂၅ခုနှစ်တွင် တစ်ရက်လျင်စည်၁၄၂သန်း ဖြစ်လာမည်ဟု ဆိုထားပါသည်။၂၀၀၄ခုနှစ စက်တင်ဘာလ်တွင် the Dian-Qian-Gui Petroleum Exploration Bureau of SINOPEC of China နှင့်the Myanmar Oil andGasEnterprise, petroleum exploration တို့သည် ရခိုင်ပြည်အနောက်ဘက်ရှိ block D တွင်ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်းအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်းကဖေါ်ပြပါသည်၊၊

၂၀၀၄ခုနှစ်မှစတင်၍ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖေါ်ရေးအတွက် မြန်မာနိုင်ငံအတွင်းရင်းနှီးမြုတ်နှံခဲ့သည့် တရုတ်ကုမ္ပဏီများမှာ the China National Offshore Oil Company (CNOOC) နှင့် China Huanqiu Contracting andEngineering Corporation ကုမ္ပဏီတို့ပါဝင်ပြီး Block-M (ကျောက်ဖြူ) A-4ရခိုင်ပြည်အနောက်ပိုင်း/ Block-M10,M2 မုတ္တမှBlock-C1အင်းတော် C2 ရွေဘို-မုံရွာတစ်ဝိုက်တွင် ရေနံရှာဖွေရေးလုပ်ငန်းများလုပ် ကိုင်လျက်ရှိကြောင်း သိရသည်။၂၀၀ရဇန်န၀ါရီလဆန်းပိုင်းတွင် တရုတ်ကုမ္ပဏီ China National Petroleum Corp. (CNPC) မှလည်းရေနံရှာဖွေရေးအတွက် လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။

(၅) ဘယ်တော့လောက်စတင်မည်နည်း

သဘာဝဓါတ်ငွေ့ပိုက်လှိုင်းတည်ဆောက်ရေးကို ၂၀၀ရခုနှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကြောင်း Sinopec က၂၀၀ရ ခုနှစ်အေပြီလပိုင်းက ကြေငြာပါသည်၊၊သို့သော်လည်း ဓါတ်ငွေ့ပိုက်လှိုင်းအတွက် အချိန်ဇယားအတိအကျ မရှိသေးကြောင်း သိရပြီး ရေနက်မှတဆင့်ကျောက်ဖြူသို့စတင်လုပ်ကိုင်ကာ မူဆယ်အထိသွယ်တန်းမည်ဟု တရားဝင်ထုတ်ဖေါ်ပြောကြားထားပါသည် ။မြန်မာပြည်မှ ကူမင်းအထိ ကီလိုမီတာ(၂၃ဂ၀)ကျော်ရှည်လျားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၁ဒသမ၄သန်းကုန်ကျမည်ဟု ခန့်မှန်းထားပါသည်၊၊

(၆)ဒေသခံပြည်သူများ၏ရပ်ရွာ/မြစ်ချောင်းအင်းအိုင်/လယ်မြေ/သစ်တော ဆုံးရူံးမှု့ခန့်မှန်း

လပ်တလောအချိန်အထိ ရှမ်းပြည်(မြောက်ပိုင်း)အတွင်း သဘာဝဓါတ်ငွေ့ပိုက်လှိုင်းတည်ဆောက်ရေးအတွက် ကျေးရွာများပြောင်းရွေ့ခြင်းများ မကြားသိရသေးသော်လည်း အမှန်တကယ်ဖေါက်လုပ်လာပြီဆိုလျင် ထိုကဲ့သို့သော ရွာပြောင်းရွေ့ခိုင်းခြင်းများ လယ်မြေများသိမ်းယူခံရခြင်းများ သစ်တောများဆုံးရူံးခြင်းများ ဖြစ်ပေါ်လာမည်မှာ သေချာပါသည်။ ယခင်က ကရင်ပြည်နယ်အတွင်းမှ သဘာဝဓါတ်ငွေ့ပိုက်လှိုင်းဖြင့်ထိုင်း
နိုင်ငံသို့သွယ်တန်းခဲ့သည့် ယူနိုကယ်ပြင်သစ်ကုမ္ပဏီသည်ပင် လူ့အခွင့်အရေးချိုးဖေါက်ခဲ့သည့် သာရကများစွာရှိခဲ့ပါသည်။ ဓါတ်ငွေ့ပိုက်လှိုင်းလုံခြုံရေးအတွက် တာဝန်ယူကြမည့် ဗမာစစ်တပ်များကလည်း ပေါ်တာဆွဲခြင်း လမ်းဖေါက်လုပ်ရန် လုပ်အားပေးခိုင်းစေခြင်းများအပြင် အခြားသော ဘေးထွက်ဆိုးကျိုးများ များစွာရှိနိုင်ကြောင်း တင်ပြအပ်ပါသည်၊၊
.
(၇) ဒေသခံများကိုအသိပေးခြင်းရှိ/မရှိ

ဗမာစစ်အုပ်စုအနေဖြင့် တိုင်းပြည်အတွင်းရှိ သယံဇာတပစ္စည်းများကို ထုခွဲရောင်းချသည့်နည်းဖြင့် ၄င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ငွေရှာခြင်းလုပ်ငန်းကို လုပ်ကိုင်၍ ကြီးပွားချမ်းသာနေသော်လည်း ပြည်သူလူထု၏အကျိုးစီးပွားကိုမူ အမြဲလျစ်လျူရူ့သည့်အပြင် လူ့အခွင့်အရေးချိုးဖေါက်မှု့များကိုလည်း ပြောင်ပြောင်တင်းတင်းပင် ကျူးလွန်လေ့ရှိသည့် ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုသည့် အစားမျိုးဖြစ်လေ
သည်။ ထို့ကြောင့် အုပ်ချုပ်ခံပြည်သူလူထုအကျိုးစီးပွားကို ရှေ့တန်းတင်၍ ယခုလိုကိစ္စမျိုးကို စကားထဲပင်ထည့်ပြောမည်မဟုတ်ပါ အမှန်တကယ်တွင်လည်း ပြည်သူလူထုကို ယနေ့အချိန်အထိ ပညာပေးပြောပြခြင်း အသိပညာပေးခြင်းမရှိသလို တရားဝင်ကြေငြာခြင်းမရှိသည်ကို တွေ့မြင်ရပါသည်။ ထို့ကြောင့်လည်း ပြည်သူလူထုမှာ သဘာဝဓါတ်ငွေ့ပိုက်လှိုင်း မိမိတို့ရပ်ရွာများသို့ဖြတ်သန်းဖေါက်လုပ်မည် ဆိုသည်ကို မသိရှိကြသေးကြောင်း တွေ့ရပါသည်၊၊

မျိုးကြီး