Tuesday, November 25, 2008

ဘင်္ဂလားဒေ့ရှ် အင်တာနက်သတင်းစာမျက်နှာ အတိုက်ခိုက်ခံရခြင်း။

http://www.somriddhabangladesh.org/


ဘီဖိုး


အာဖတာ



ဘယ်သူမပြု မိမိမှုပေါ့ကွယ်


ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ

Tuesday, 25 November 2008 17:07 အောင်ဇော်
တိုင်းပြည် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆက်လက် ချုပ်ကိုင်ထားသဖြင့် မြန်မာပြည်ကြီးမှာ အကျဉ်းစခန်း သဖွယ် ပြောင်းလဲ ခဲ့ရသည်။ နောက်ဆုံး စစ်တပ်မှ တက်လမ်းရှိသည့် အရာရှိငယ်များ အပါအ၀င် တျပ်မတော် သားများသည်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမရှိမှ တိုင်းပြည်အခြေအနေ ယခုထက်ပိုမို ကောင်းလာမည်ကို သိနေကြပြီ ဖြစ်သည်။ တိုင်းပြည်ပျက်စီး ယိုယွင်းနေသည်ကို ထိုင်ကြည့်ရင်း တိုး၍ ဖြစ်ပေါ်လာနေကြသည့် မကျေနပ်မှုများကို အခြေခံ၍ သူတို့ တခုခုလှုပ်ရှား လာကြမည်လော။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအတွင်းမှ ခေါင်းမာဂိုဏ်းသားများကို အာဏာမှ ဖယ်ရှားဖြုတ်ချလိုက်ခြင်းသည်သာ ယခုတွေ့ကြုံ ခံစားနေရသော ဒုက္ခအကြပ်အတည်းများ အဆုံးသတ်သွားနိုင်သည့် တခုတည်းသော နည်းဖြစ်ကြောင်း တပ်မတော်သားများ၊ စစ်တပ်အရာရှိများက သိနေကြသည်။ ဤအချက်မှာ သံသယဖြစ်ဖွယ် မရှိပါ။

ယခုစစ်အစိုးရလက်ထက်တွင် တပ်မတော်သားများ ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာခဲ့ပြီး စစ်တပ်အတွင်း၌ပင် လူတန်းစား ကွာဟလာသည်ကို မြင်နေကြရသည်။ သာမာန်ရဲဘော်များမှာ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေကြရသည့် အချိန်တွင် လာဘ်စား ဖောက်ပြန်နေကြသည့် ဗိုလ်ချုပ်များက မတန်မရာ ချမ်းသာနေကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏သစ္စာခံများကို စစ်တပ်၏ အစိတ်အပိုင်းတခုက ဖြုတ်ချအာဏာသိမ်းရန် ကြံစည်နေသည် ဟု ဆိုလျှင်လည်း လုံးဝဖြစ်နိုင်ခြေ ရှိပါသည်။ ထိုသူတို့မှာ မည်သူဟု အတိအကျ မသိနိုင်သကဲ့သို့ မည်သည့်အချိန်တွင် ထကြွကြမည်ကိုလည်း အတတ်မပြောနိုင်ပါ။ သို့သော် သေချာနေသည်ကတော့ ထိုသူများကသာ သူတို့၏ ခေါင်းဆောင် ကြီးကို ပြန်လှန်ကြပြီဆိုလျှင် သူတို့နှင့်အတူ စစ်တပ်အတွင်းမှပင် အများအပြား ပူးပေါင်းလာကြလိမ့်မည် ဖြစ်သည်။

အကယ်၍ သတ္တိကောင်းသည့် အရာရှိငယ်တချို့က ဤသို့သောအရေးကိစ္စများကို သူတို့လက်နှင့် ဖြေရှင်းရန် ကြိုးပမ်း ခဲ့သည် ဆိုလျှင်လည်း ဤအဖြစ်မျိုးက မြန်မာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ် မဟုတ်ပါ။

၁၉၇၆ ခုနှစ်တုန်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကျော်ထင်အောက်တွင် အရာရှိအဖြစ်တာဝန်ထမ်းနေသည့် ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်း၊ ဦးစန်းယု အပါအ၀င် နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြဖူးသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့်အတူ ကာကွယ်ရေးတက္ကသိုလ် (DSA) မှ ဆင်းလာသူ တခြားစစ်ဗိုလ် အရာရှိငယ်များက စစ်ရုံး ချုပ်တွင် လျှို့ဝှက်အစည်းအဝေးထိုင်၍ မြန်မာနိုင်ငံကို စစ်ဖိနပ်အောက် ပထမဦးဆုံး သွတ်သွင်းခဲ့သည့် အာဏာရှင် ဦးနေ၀င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြသည်။

ထိုအကြံအစည်ကို ထောက်လှမ်းရေးများက နောက်ဆုံးဖော်ထုတ်နိုင်ခဲ့ပြီး မည်သူက ဦးဆောင်လှုပ်ရှားနေသည်ကို လိုက် လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေခင်းတွင် ဗိုလ်ကြီးအုန်းကျော်မြင့်က ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ခိုလှုံခွင့်တောင်းခံရန် ဆုံး ဖြတ်ခဲ့သည်။ သူက သံအမတ်ကြီးနေအိမ်ရှေ့မှောက်ရောက်၍ မအောင်မြင်ခဲ့သော အာဏာသိမ်းအကြံအစည်ကို ရှင်းပြကာ ခိုလှုံခွင့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံး ထောက်လှမ်းရေးများက သူ့ကို ဖမ်းဆီးနိုင်ခဲ့ကြသည်။

ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် တချို့သော စစ်တပ်အရာရှိများကို ခုံရုံးတင်စစ်ဆေးစဉ် ကာလတွင် ထိုသူတို့မှာ ချက်ချင်း ဆိုသလို နေ့ချင်းညချင်း သူရဲကောင်းများ ဖြစ်လာကြပါသည်။ အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆ၍ စစ်မေးခံရသူ စစ်သားများနှင့် အရာရှိများက ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် သူ၏အုပ်စုကို မည်မျှ ကြည်ညိုလေးစားကြောင်း ပြောဆို ခဲ့ကြသည်။ အင်းစိန်တွင် စစ်ဆေးခဲ့သည့် လူအများကြားနာနိုင်သောခုံရုံး၌ တက်ရောက် နားထောင်ခဲ့ရသူများက သူပုန်အရာရှိငယ်များကို လေးစားကြောင်း ဖော်ပြပြောဆိုခဲ့ကြပါသည်။

စွပ်စွဲခံထားရသူ တပ်မတော်အရာရှိများက တရားခွင်စင်မြင့်ကိုသုံး၍ ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ခြစားနေသည့် အရာရှိများကို ပြစ်တင်ရှုံ့ချကြပြီး စစ်အစိုးရ၏ မူဝါဒများကို ဝေဖန် ခဲ့ကြသည်။ ဤမူဝါဒများကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခဲ့ရသည်ဟုလည်း ပြောဆိုခဲ့ကြသေးသည်။

သူတို့၏ သက်သေထွက်ဆိုချက်များက ရှေ့ဖြစ်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့သည့် အလား မှန်ခဲ့ပါသည်။ နောက်ထပ် ဆယ်စုနှစ် တခုအကြာတွင် ပျက်စီးယိုယွင်းနေသည့် စီးပွားရေးအခြေအနေကြောင့် လူမှုရေးမငြိမ်မသက်မှုများ ဖြစ်လာခဲ့ရ ပြီး နောက်ဆုံး ဦးနေ၀င်း နှုတ်ထွက်ရသည်အထိ ဖြစ်စေခဲ့သည်။ (သို့သော်လည်း ကမောက်ကမနိုင်လှသည့် လွဲချော် မှုတခုမှာ ဦးနေ၀င်း၏ စီးပွားရေးမူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့သူ သူပုန်အရာရှိ ဗိုလ်ကြီးသိန်းဝင်းက ယခုလက်ရှိ စစ်ခေါင်းဆောင်များနှင့် နီးနီးစပ်စပ်ပေါင်း၍ သန်းကြွယ်သူဌေး ဖြစ်နေသည့်အချက်ပင် ဖြစ်သည်)

အရာရှိငယ် မြောက်များစွာကို ထောင်ချခြင်း၊ အရေးယူခြင်း၊ အတင်းအကျပ်နုတ်ထွက်စေခြင်းများ ပြုခဲ့သည့်ပြင် စစ်ရုံးချုပ် မှ အရာရှိငယ် ရာပေါင်းများစွာကို သူတို့၏တာဝန်များမှ ထုတ်ပယ်ခဲ့ပြီး အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်သည်ဟု ယူဆရသည့် တိုင်းမှူးများကိုလည်း အတင်းအကျပ် နုတ်ထွက်စေခဲ့သည်။ ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒုတိယဥက္ကဋ္ဌဖြစ်နေသူ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးမှာလည်း ဤကိစ္စဖြင့် ထောင် သွင်းအကျဉ်းချခံရသည့် အရာရှိများတွင် တဦးအပါအ၀င် ဖြစ်သည်။ ၎င်းမှာ အာဏာသိမ်းရန် ကြံစည်သည်ကိုသိလျှက်နှင့် ထိမ်ချန်ထားမှုဖြင့် အရေးယူအပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

ထိုအချိန်က ဗိုလ်မှူးကြီးအဆင့်သာရှိသေးပြီး ဦးနေ၀င်းကို သစ္စာစောင့်သိနေသည့် ဗိုလ်သန်းရွှေက ဤဖြုတ်ထုတ်ရှင်းပွဲမှ ကံသီကာ လွတ်မြောက်ခွင့် ရခဲ့သည်။

ဗိုလ်ကြီးအုန်းကျော်မြင့်က အာဏာသိမ်းမှုတွင် သူတာဝန်ယူခဲ့သည့် အပိုင်းကဏ္ဍကြောင့် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။ သို့ သော်လည်း သူ၏အမည်ကို မြန်မာပြည်သူများက မေ့မသွားခဲ့ကြပါ။ အာဏာကို ချုပ်ကိုင်ထားပြီး တိုင်းပြည်ကို ဇီဝိန်ချုပ် အောင် တဖြည်းဖြည်းချင်းသတ်နေသူကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည့် သူ၏ သူရဲကောင်းဆန်လှသော လုပ်ရပ်ကို လူအများက ယခုတိုင် လက်ခုပ်တီးအားပေးလျက် ရှိသည်။

ဦးနေ၀င်းကို လုပ်ကြံရန် ကြိုးပမ်းမှု မည်သည့်အတွက်ကြောင့် မအောင်မြင်ဖြစ်ခဲ့ရလေသနည်း။ အာဏာသိမ်းပြီးလျှင် ခေါင်းဆောင်တင်ရန် ကြံထားသည့်သူများက သူတို့အကြံကို ဆိုင်းငံ့ထားရန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သောကြောင့်ဟု လူတချို့က ပြစ်တင်ကြသည်။

တကြိမ်တွင် သူတို့၏ စစ်တပ်ဂျစ်ကားကို ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းဆောင်များ နေထိုင်ရာ အေဒီလမ်းထဲအထိ မောင်းဝင်လာပြီး သူတို့အကြံကို အကောင်အထည် ဖော်လုဆဲဆဲတွင်မှ ပြန်၍ လက်လျှော့ ရုပ်သိမ်းသွားခဲ့သည်။ ထိုစဉ်က သူတို့၏ ကားမှန်ပေါ်သို့ ငှက်သေတကောင် ပြုတ်ကျလာသည့် အတွက် ကံမကောင်းဟု ယူဆကာ နောက်ဆုံးမိနစ်တွင်မှ အစီအစဉ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အချိန်တွင် ဗိုလ်ကြီးအုန်းကျော်မြင့်ကဲ့သို့သော အရာရှိငယ်များ စစ်တပ်ထဲတွင် မရှားကြောင်း ပြောဆိုနေကြပါသည်။ မြန်မာပြည်သူများကလည်း “သူတို့ဘယ်နေရာမှာ ရှိနေကြပါလိမ့်” ဟု မေးကောင်းမေးနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အတိတ်အတွေ့အကြုံ သင်ခန်းစာများအရ ပို၍ သတိကြီးကြီးထားနေကြခြင်းဖြစ်ပေလိမ့်မည်။ (သို့သော်လည်း ဗိုလ်ကြီးအုန်းကျော်မြင့်၏ အတွေ့အကြုံအရ သတိကြီးကြီး အထားလွန်နေခြင်းက မကောင်းကြောင်း ပြသထားပြီး ဖြစ်သည်။)

မျှမျှတတဆိုရလျှင် စစ်တပ်အတွင်း၌ သဘောထားပျော့ပြောင်းမှုကို မည်သူမဆို လိုလားနိုင်သည်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံမှ၊ ဒီမိုကရေစီ အရေးကိုထောက်ခံသည့် သဘောထားရှိမှရယ်လို့ မဟုတ်ပါ။ ထိုသူတို့က တိုင်းပြည်အာဏာကို လိုချင်၍ ကြိုးပမ်းကြခြင်း မဟုတ်ဘဲ ကျဆင်းနေသည့် တပ်မတော်ဂုဏ်သိက္ခာကို ဆယ်ရန် သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

တချိန်က မြန်မာလူမျိုးများက ပြည်ပရန်မှ ကာကွယ်ပေးနိုင်ရေးအတွက် တပ်မတော်ကို အားကိုးခဲ့ကြပါသည်။ ဥပမာအား ဖြင့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်များ အာဏာရပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ကျူးကျော်လာကြသည့် ကူမင်တန်တပ် ဖွဲ့များ ရန်မှ ကာကွယ်ပေးရေးအတွက် အားကိုးခဲ့ကြပြီး ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိပြီး မကြာမီဖြစ်ပွားလာခဲ့သည့် ရောင်စုံ သူပုန်ထမှုတွင်လည်း စစ်တပ်၏ ကာကွယ်ပေးမှုကို လူအများက မျှော်လင့်ခဲ့ကြပါသည်။

ယခုအခါ မြန်မာ့တပ်မတော်ကို သာမာန်ပြည်သူများက ရွံ့ကြောက်ကြောက်နေကြရသည်။ လက်ရှိ ဤသို့ဖြစ်နေရသည့် အခြေအနေကို တိုင်းပြည်တာဝန်ထမ်းနေကြသည်ဟု ယုံကြည်ထားကြသည့် တပ်မတော်အရာရှိ အများအပြားက စိတ်အနှောင့်အယှက် ဖြစ်နေကြရပါသည်။

စစ်တပ်အတွင်းတွင် အမှန်တကယ် မျိုးချစ်စိတ်ရှိသည့် တပ်မတော်အရာရှိများ ရှိနေကြကြောင်းကို မြန်မာ ပြည်သူ အများက သိထားကြပါသည်။ ထိုမျှမက သူတို့အထဲက တဦးတလေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာစက်ကို ရိုက်ချိုး နိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြပါသည်။

အာဏာပြန်သိမ်းမည့်ကိစ္စကို စိတ်ကူးယဉ်မှုတရပ်ဟု ယူဆနိုင်စရာ ရှိသော်လည်း ပြည်သူများအနေနှင့် တပ်မတော်ထဲတွင် အမှန်တကယ် ရဲစွမ်းသတ္တိနှင့် တည်ကြည်မှုရှိသည့် အရာရှိများ ကျန်ရှိနေသေးကြောင်း အမှန်တကယ် ယုံကြည်ချင်နေ ကြပါသေးသည်။

အောင်ဇော်ရေးသားသည့် A Coup Against Than Shwe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၁)


Tuesday, 25 November 2008 15:12 နော်မန် ရိုဘက်စ် စပီရီ
ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းမဖက် ဆန္ဒပြပွဲများကို မြန်မာစစ်အစိုးရ ဖြိုခွင်းချေမှုန်းခဲ့သည်မှာ တနှစ်လည်ခဲ့ပြီ ဖြစ်သည်။

ဤဆန္ဒပြပွဲများက လူအများ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာကြပြီး၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။

(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)

သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကြောင့် မြန်မာလူထုများ ခံစားနေရသည့် အရေးကို ကမ္ဘာက အချိန်တိုအတွင်းမှာပင် အာရုံပြုလာမိစေခဲ့သည်။ အလားတူပင် ဤဆန္ဒပြပွဲများအပြီး ပေါ်ထွက်လာသည့် ရလဒ်ကြောင့် အတိုက်အခံများ ရေရှည်ကြာ အသုံးပြုခဲ့ကြသည့် အကြမ်းမဖက်သော မဟာဗျူဟာက စစ်အစိုးရကို ပြောင်းလဲလာစေရေးအတွက် အလုပ်မဖြစ်နိုင်ကြောင်း သက်သေထင်ရှား ပြသခဲ့သလို၊ မြန်မာ စစ်အစိုးရအဖို့လည်း အကြမ်းဖက်မှုကို အသုံးချလိုက်ခြင်းသည် ၎င်း၏ အားနည်းပျော့ညံ့မှုကို ပြသလိုက်ရာ ရောက်စေခဲ့သည်။

ဤဆန္ဒပြပွဲများသည် စီးပွားရေးအကျပ်အတည်းကြောင့် အလိုအလျောက်ပေါ်ပေါက်လာသည်ဟု အပြင်ပန်းက မြင်ရန်ရှိ သော်လည်း၊ အမှန်တွင် ပြည်တွင်းနှင့် ပြည်ပရှိ အတိုက်အခံ အင်အားစုများက စစ်အစိုးရကို အံတုနိုင်ရန် နှစ်ရှည်လများ ပြင်ဆင်ခဲ့သည့် အစီအစဉ်များ၏ ရလဒ်အဖြစ် ပေါ်ထွက်လာချက်ပင် ဖြစ်သည်။ စစ်အစိုးရကိုဆန့်ကျင်နေကြသည့် အတိုက်အခံများကို မြန်မာ့လွတ်လပ်ရေးဗိသုကာ တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ဦးဆောင်နေပြီး သူမက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်အတွက် အကြမ်းမဖက်နည်းနှင့် ဆောင်ရွက်မည်ဟု သံန္နိဌာန်ချမှတ်ထားသူ တဦးလည်း ဖြစ်သည်။ ဤယုံကြည်ချက်ကြောင့်ပင် သူမအပေါ် ကမ္ဘာက လေးစားကြည်ကြရပြီး ငြိမ်းချမ်းရေးနိုဘဲဆု အပ်နှင်းချီးမြှင့်ခံရသူလည်း ဖြစ်သည်။ ဒီမိုကရေစီအရေးတောင်းဆိုသည့် ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် တွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြီးနောက် ဆယ်စုနှစ် ၂ ခုအကြာ ပြန်ကြည့် လိုက်သောအခါ သူမ ဦးဆောင်သည့် အကြမ်းမဖက် တော်လှန်ရေးတွင်လည်း သိသာထင်ရှားသည့် ရလဒ် ပြစရာမရှိ ဖြစ်နေရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး၊ ဤအချက်က အတိုက်အခံများအတွက် နိုင်ငံရေးအရ စိတ်ကြီးဝင်ဂုဏ်ယူဖွယ်အချက် ဖြစ် စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်အတိုင်း အသိအမှတ်ပြုရန် စစ်အစိုးရကငြင်းဆန်ခဲ့သော်လည်း NLD ပါတီနှင့် အနည်းစု သော အတိုက်အခံ တက်ကြွလှုပ်ရှားသူများအဖို့ ဤရွေးကောက်ပွဲရလဒ်ကြောင့် တရားဝင်မှု ရစေခဲ့သည်။ အတိုက်အခံ အများစုက ယနေ့တိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုချက်ကို သဲကြီးမဲကြီး ဆက်လက်ဆုပ်ကိုင် ထားဆဲရှိသည်။ သို့သော်လည်း တနှစ်ပြီးတနှစ် ဖြတ်သန်းလာသည်နှင့်အမျှ တရားဝင်မှုကလည်း ပါးလျလာနေခဲ့သည်။ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ၂၀% က ဤနှစ်များအတွင်း သေဆုံးခဲ့ပြီဖြစ်ပြီး၊ ကျန် ၄၀% မှာ နှုတ်ထွက်ခြင်းရှိသလို၊ ထုတ်ပယ်ခံရခြင်းလည်း ရှိခဲ့သည်။

အတိုက်အခံများဟု ဆိုရာ၌ အမျိုးမျိုးသော နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ၎င်းအဖွဲ့များအနက် ထင်ရှားသည့် ဒေါ် အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မြန်မာနိုင်ငံ ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) စသည့် အဖွဲ့များ ပါဝင်ကြပါသည်။

ထို့အပြင် တပ်ပေါင်းစုအဖွဲ့များလည်း ရှိနေကြသေးသည်။ ဥပမာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) စသည့် တပ်ပေါင်းစုများတွင် နိုင်ငံရေးအဖွဲ့မျိုးစုံနှင့် တိုင်းရင်းသား သူပုန် လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားကြပါသည်။ ဤအဖွဲ့များက အနောက်နိုင်ငံရှိအဖွဲ့များဖြစ်ကြသည့် လွတ်လပ် သည့် လူ့ဘောင်အဖွဲ့ (OSI) နှင့် အမျိုးသားဒီမိုကရေစီ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (National Endowment for Democracy) စသည်တို့ထံမှ သိသိသာသာ ပံ့ပိုးကူညီမှုများ ရနေကြပါသည်။

ဤအဖွဲ့အများစုက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို နာယူကြပြီး နိုင်ငံရေးအပြောင်းအလဲများသည် အကြမ်းမဖက် သည့် နည်းလမ်းဖြင့်သာ ရနိုင်သည်၊ ဤသို့လည်း ရယူရမည်ဟု ယုံကြည်ထားကြသူများ ဖြစ်သည်။ ဤအယူအဆကို နယူး ယောက်မြို့နှင့် ဂျီနီဗာ အခြေစိုက် အယ်လ်ဗတ် အိန်းစတိန်း အင်စတီကျု (Albert Einstein Institute) ကလည်း ပို၍ခိုင်မာ လာစေရန် တွန်းပို့ပေးခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ၎င်းအဖွဲ့က ပံ့ပိုးကျင်းပသည့် မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံရေး အန်တုမှု သင်တန်းနှင့် ဆွေးနွေးပွဲများကို မြန်မာဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွင်း လာရောက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းတက်ရောက်သူများတွင် ABSDF, NLD-LA, DAB, NCGUB စသဖြင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။ ဤသို့အရေးပါသည့် သင်တန်းများကို လာရောက်ပို့ချခဲ့သူမှာလည်း အဖွဲ့တည်ထောင်သူ ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ကိုယ်တိုင် ဖြစ်သည်။

ဒေါက်တာဂျင်းရှပ်ကိုယ်တိုင်ကိုယ်ကျ မြန်မာအတိုက်အခံများနှင့် ဆက်စပ် ပတ်သက်နေမှုကို စစ်အစိုးရ၏ အတွင်းရေးမှူး -၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၁၉၉၇ ခုနှစ်၊ ဇွန်လ သတင်းစာရှင်းလင်းပွဲတွင် နာမည်ဖော်ပြ၍ တိတိကျကျစွပ်စွဲလာခဲ့သည်။ အကြမ်းဖက်သမားများကို နိုင်ငံရပ်ခြားက ကူညီထောက်ပံ့နေသည်ဟု ပြောဆိုစွပ်စွဲခဲ့သည်။ တကယ်တော့ ပြစ်တင်ရှုံ့ချရမည့်အစား ဗိုလ်ချုပ်ခင်ညွန့်က ဂျင်းရှပ်ကို ဂုဏ်ပြုရန်ပင် သင့်သေးသည်။ အကြောင်း မှာ အကြမ်းမဖက်ရေး အယူအဆကို လာရောက်ဟောပြော မြှင့်တင်ပေးနေသူ ဖြစ်သောကြောင့်ပင်။

အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းကို ဆုပ်ကိုင်နေကြစဉ်တွင် စစ်အစိုးရအဖို့ အကြောက်တရားကို တဦး တည်း ချုပ်ကိုင်ချယ်လှယ်ခွင့် ရသွားစေခဲ့သည်။ ဤသို့ အကြောက်တရားဖြင့် စိုးမိုး၍ ၎င်း၏ အနေအထားကို ပိုမိုခိုင်မာစေ ခဲ့သည်။ မြန်မာလူမျိုးများ၏ ဘ၀ကို နောက်မျိုးဆက်များစွာတိုင် ဖျက်စီးခွင့် ရစေခဲ့ပြီး အချို့သောဖြစ်ရပ်များတွင် စစ်အစိုးရ လက်ချက်ကြောင့် အသက်ဆုံးရှုံးရမှုများလည်း အများအပြား ရှိခဲ့သည်။ ထိုထက်ဆိုရလျှင် အကြမ်းဖက်မှုကြောင့် ဖြစ်လာ မည့် အကျိုးဆက်များကို ပစ်ပယ်ခဲ့သောကြောင့်လည်း စစ်အစိုးရကို ဆွေးနွေးပွဲစားပွဲခုံပေါ်သို့ ရောက်လာစေရန် တွန်းပို့နိုင် မည့် အင်အားတခုကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

ထိုထက်ပိုသည်မှာ အကြမ်းမဖက်မှုကို အလေးပေးမြှင့်တင်ခဲ့ခြင်းကြောင့်လည်း စစ်အစိုးရကို အန်တုမည့် အတိုက်အခံ အင်အားစုများအကြား ညီညွတ်ရေးကို အားလျော့စေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပရိယာယ်ကြွယ်ဝမှုအောက်တွင် တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုအများ လက်နက်ချခဲ့ကြသည်။ သူတို့အဆိုအရ "အလင်းဝင်" ခဲ့ကြသည်။ အနည်းဆုံး အပစ်အခတ်ရပ်စဲရေး အဆင့်အတန်းကို လက်ခံအောင် စစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့သည်။ ဤအဖွဲ့များအတွက် ဗိုလ်ချုပ် ခင်ညွန့်က မက်လုံးအမျိုးမျိုးပေး၍ အသုံးပြုခဲ့သလို၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် လည်း စစ်အစိုးရက လုပ်ဆောင်နိုင်ခဲ့သည်။ အကြမ်းမဖက်ရေးနည်းနာကို မြှင့်တင်ခဲ့ခြင်းကြောင့်လည်း ၎င်းအဖွဲ့ ခေါင်း ဆောင်များ အနေနှင့် လာဘ်လာဘများ မျှော်ကိုးလက်ခံရန် ပို၍ အဆင်ပြေစေခဲ့သည်။

စစ်အစိုးရက တိုင်းရင်းသားသူပုန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်မှုကြောင့် တဖက်တွင် အတိုက်အခံအင်အားစုများအတွင်း အကွဲအပြဲကို အမြဲခြောက်လှန့်ခံနေခဲ့ကြရသလို၊ အကျိုးစီးပွားအရ မတူ ကွဲပြား ပဋိပက္ခ ဖြစ်စရာများလည်း ပေါ်ပေါက်လာစေခဲ့သည်။ အမှန်တကယ် အပြောင်းအလဲကို ပေါ်ပေါက်ကောင်း ပေါ် ပေါက်လာစေနိုင် သည့် "ရွှေဝါရောင်တော်လှန်ရေး" ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မပူပေါင်းခဲ့ကြသလို၊ နောက်ပြန်ဆွဲသလို ရှိ စေခဲ့သည်။ သူတို့အများက ရွှေဝါရောင်တော်လှန်ရေးကို ထိုင်၍ စောင့်ကြည့်နေကြသည်။ ဖြစ်နိုင်သည်မှာ အကယ်၍ လက်နက်ကိုင် ပုန်ကန်ထကြွမှုများသာ ပြန်ဖြစ်လာပါက သူတို့၏ သတ္တုတွင်းနှင့် အခြား စီးပွား ရေး အကျိုးစီးပွားများ ပျက်စီး ဆုတ်ယုတ်ရချည့်ဟု တွေးထင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆုံးရလဒ်မှာ စစ်အစိုးရ က လက်နက်မဲ့ ဆန္ဒပြသူများနှင့် သံဃာများအပေါ် စစ်တပ်အင်အားကို ထင်သလိုသုံး၍ ချေမှုန်းနိုင်ရန် ဖြစ်စေခဲ့တော့ သည်။

ကိုယ်ကျိုးစီးပွားများနှင့် လောဘဖြစ်လာစေသည့် မက်လုံးများကြောင့် ထိခိုက်ရသည်မှာ အပစ်အခတ်ရပ်စဲရေး အုပ်စုများ နှင့် ငြိမ်းအဖွဲ့များမှသာမဟုတ်။ မြန်မာစစ်တပ်နှင့် ရှေ့တန်း ကွင်းထဲတွင် လက်တွေ့တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့အပေါ်တွင်ပါ သက်ရောက်မှု ရှိလာစေခဲ့သည်။ ထိုင်းစစ်တပ်၏ အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ စစ်အစိုးရက ရတနာ-ရဲတံခွန်ဓါတ်ငွေ့ပိုက်လိုင်းများမှ ဆက်လက်၍ အကျိုးအမြတ်ထုတ်ယူနိုင်ခြင်းမှာ ၎င်းဒေသရှိ သူပုန်တပ်ဖွဲ့များကလည်း စစ်အစိုးရထံမှရော၊ ထိုင်းအာဏာပိုင်များထံမှပါ ငွေကိုယူ၍ တိတ်တဆိတ်ခွင့်ပြုထား သောကြောင့်ဟု ဆိုသည်။ ဤသို့ငွေယူ၍ အများအတွက် ထိခိုက်နစ်နာ အကျိုးပျက်ဖွယ်ဖြစ်သည့် ဓါတ်ငွေ့ပိုက်လိုင်းကို ခွင့်ပြုထားကြပါသည်။ စစ်အစိုးရအတွက် နိုင်ငံခြားဝင်ငွေ နောက်ထပ်ရရှိစေမည့် တတိယပိုက်လိုင်းကို ထိုဒေသတွင်ပင် ယခုနှစ် ခြောက်သွေ့ရာသီ၌ ထပ်မံတည်ဆောက်ကြဦးမည်ဟု သတင်းများ ရရှိထားပါသေးသည်။

မင်္ဂလာ

ငြိမ်းအေးလှိုင်
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:38 - မြန်မာစံတော်ချိန်
ဘာလိုလိုနဲ့ ရှေ့လာမယ့်နှစ်ဆို ဆရာကြီးမင်းသုဝဏ် ဆုံးတာ ၅ နှစ် ရှိပြီ။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အနှစ် ၁၀၀ ပြည့်ပဲပေါ့။ ခေတ်စမ်းကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးတွေ တယောက်မှ မရှိကြတော့ဘူး။ သိပ္ပံမောင်ဝ ဆုံးပြီ။ တက္ကသိုလ်မောင်သန့်စင် ဆုံးပြီ။ ဆရာဇော်ဂျီ ဆုံးပြီ။ နောက်ဆုံး ကွယ်လွန်တာ ဆရာကြီးမင်းသုဝဏ်ပဲ။ ခေတ်စမ်းဆရာတွေ ကွယ်လွန်ခဲ့ကြပေမယ့် ခေတ်စမ်းရဲ့ အသီးအပွင့်တွေကတော့ ဒီကနေ့ မြန်မာစာပေလောကမှာ မွှေးမွှေးကြိုင်ကြိုင်နဲ့ ချိုမြနေမြဲပေါ့။

ကျနော်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကလေးတွေကို မက်မက်မောမောရှိတယ်။ ကဗျာ အပုဒ်တိုင်းလောက်ကိုလည်း နှစ်သက်သဘောကျတယ်။ ကလေး ကဗျာကလေးတွေ ဆိုရင်လည်း ကလေးကဗျာမို့၊ အချစ်ကဗျာ ကလေးတွေဆိုရင်လည်း အချစ်ကဗျာ ကလေးတွေမို့၊ ဒဿန ကဗျာကလေးတွေ ဆိုရင်လည်း ဒဿနကဗျာ ကလေးတွေမို့၊ တိုင်းချစ်ပြည်ချစ် ကလေးတွေဆိုလည်း တိုင်းချစ်ပြည်ချစ် ကဗျာကလေးတွေမို့ ချစ်လိုက်ရတာ မောနေတာပဲ။
"မိုးရေတက်ရေတဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်" ။


ဆိုတဲ့ "လယ်စောင့်တဲ" ကဗျာကလေးကို စပြီး ကြားရ၊ ရွတ်ဆိုရတဲ့အချိန်က ကျနော် မူလတန်း ကျောင်းသားဘ၀ပေါ့။ ဆရာရှင်းပြတဲ့ ကဗျာရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ နားမလည်ပေမယ့် ရွတ်ရဆိုရတာ ကောင်းလွန်းလို့ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိုးရေထဲမှာ အော်ဆိုခုန်ပေါက်ကြရတာလေ။

အသက်ကလေးရလာ ... ဒါမှမဟုတ် ... မိုးတွင်းလိုအခါမျိုးမှာ ခရီးသွားရလို့ လယ်ကွင်းတွေကိုများ ဖြတ်သွားရရင် အဲဒီ "လယ်စောင့်တဲ" ကဗျာက ရင်ထဲကို တန်းပြီး ရောက်လာတော့တာပဲ။ ကြည့်စမ်းပါဦး မိုးတွေက ဖြိုင်ဖြိုင်ရွာနေလိုက်တာ။ မိုးကုပ်စက်ဝိုင်းတလျှောက် ကြည့်လို့မဆုံးနိုင်လောက်အောင်ကို ရေတွေ ဖွေးနေတာ။ အဲဒီရေဖွေးဖွေးတွေကြား ... အဲဒီလယ်ကွက်စိမ်းစိမ်းတွေကြားမှာ လယ်စောင့်တဲကလေးက သူ့ရဲ့ ခြေတံရှည်ရှည်ကလေးတွေကို ထောက်ပြီး မညောင်းမညာ ... မညည်းမညူ ရပ်နေတာ ... ဘယ်လောက်တောင် လွမ်းဖို့ကောင်းလိုက်သလဲ။

သဘာဝ ပတ်ဝန်းကျင်ရဲ့အလှအပကို တောတောင်ရေမြေရဲ့ အစိမ်းအလန်းကို မြတ်နိုးတတ်အောင် ... မြင်တတ်အောင် ... ချစ်ခင်နှစ်သက်တတ်အောင် ဆရာရေးဖွဲ့ခဲ့တဲ့ ကဗျာတွေနည်းမှမနည်းဘဲ။ အဲဒီလို သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ခင်တတ်မြတ်နိုးတတ်ရင်း ... ကျနော်တို့ ကြီးပြင်းလာခဲ့ကြတော့ ... နှလုံးသားက စကားပြောလာပြန်တာပေါ့။ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာခဲ့ကြပြန်တာပဲပေါ့လေ။ အဲဒီအခါကျပြန်တော့ ဆရာ့ရဲ့ "နှင်းဆီ" ကဗျာကလေးကို တရှိုက်မက်မက် ဆိုမိရသေးတော့တယ်။


"လယ်တောကပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကျော့ဆုံးကို မြင်ပြန်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်

ဂုဏ်တင့်တယ်လေး။


မျက်နှာများသူတယောက်အပေါ် ... ဒါမှမဟုတ် ကိုယ့်အပေါ် စိမ်းကားရက်စက်သွားတဲ့ မိန်းကလေးအပေါ် ဒေါသအမျက်မပိုဘဲ မုဒိတာပွားနိုင်တဲ့ စိတ်ဟာ ဘယ်အတိုင်းအတာအထိ တန်ဖိုးရှိစေသလဲ ကျွန်တော် မခန့်မှန်းတတ်ပေမယ့် ဆရာ့ရဲ့ စေတနာကိုတော့ မီးမောင်းနဲ့ထိုးပြလိုက်သလို ရှင်းရှင်းလင်းလင်း တွေ့မြင်သိနားလည်ခွင့် ရရှိတဲ့အတွက် ကြည်နူးရွှင်ပြမိတာ အမှန်ပါ။

ဒီ "နှင်းဆီ" ကဗျာကလေးကို အခုလို ပြန်တွေးမိ၊ ပြန်ရေးမိတော့ ဆရာကြီးမင်းသုဝဏ်ကို ချစ်စနိုးနဲ့ ကျီစယ်နောက်ပြောင်ခဲ့တဲ့ ဆရာသော်တာဆွေကိုလည်း ဖျတ်ခနဲဆိုသလို ကျနော် သတိရလိုက်မိပြန်တယ်။ အဲဒီတုန်းက ဆရာသော်တာဆွေက သိပ်ကိုသောက်ဖြစ်နေတဲ့ အချိန်ဆိုပါတော့။ ဆရာသော်တာဆွေက ဆရာကြီးမင်းသုဝဏ်ရဲ့ "နှင်းဆီ" ကဗျာကလေးကိုဖျက်ပြီး ... သူ့ရဲ့သောက်တတ်စားတတ်တဲ့ စရိုက်ကလေးပေါ်အောင် ...


"ထန်းတောကပြန်

အန်ချင်တယ် ထန်းရေဘူးလွယ်လို့

မောင်မူးတယ်လေး။

မနက်ခင်းဆီက

ချက်ပုလင်းမြင်ပြန်တော့

ဘဲနံကင် ၀က်ကင်ကြီးရယ်နှင့်

မြည်းလိုက်ချင်သေး"


ကဗျာကလေးတပုဒ် လုပ်လိုက်ပါရော။ ဒီကဗျာကလေးကို ဆရာကြီးမင်းသုဝဏ် ဖတ်ရတော့ သဘောကျလွန်းလို့ မျက်ရည်ထွက်အောင် ရယ်တယ်ဆိုပဲ။ ဆရာကြီးကသာ သဘောကျတာ၊ ဆရာကြီးကို အလွန်အမင်း ချစ်ခင်လေးစားကြတဲ့သူတွေနဲ့ ဆရာကြီးရဲ့ အဲဒီ "နှင်းဆီ" ကဗျာကလေးကို စွဲစွဲလန်းလန်း နှစ်သက်မြတ်နိုးကြတဲ့သူတွေက အဲဒီလို လှပတဲ့ ကဗျာကလေးကို အရက်သမားကဗျာ လုပ်ပစ်ရသလားဆိုပြီး ပြောကြဆိုကြရေးသားကြတာကို အခု ကျနော် သတိရနေမိတယ်။

စာပေဟောပြောပွဲ ရာသီတခုမှာ ဆရာချစ်ဦးညို၊ ဆရာမနုနုရည် (အင်းဝ) ၊ ဆရာကောက်နွယ် (ကနောင်) တို့နဲ့အတူ ကျနော် ကွမ်းခြံကုန်းမြို့ကလေးကိုသွားပြီး ဟောပြောရတယ်။ ကွမ်းခြံကုန်းဆိုတာက ဆရာကြီးမင်းသုဝဏ်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်လား။ ပြီးတော့ တခုထူးခြားတာက အဲဒီ စာပေဟောပြောပွဲဟာ ကျနော့် စာရေးဆရာဘ၀ရဲ့ ပထမဦးဆုံးသော ဟောပြောပွဲ။ ဒီပထမဦးဆုံးသော ဟောပြောပွဲကို ကျနော် အင်မတန်ချစ်ခင်လေးစားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မွေးရပ်မြေနဲ့ စပြီး ဖွင့်လှစ်ရတာဆိုတော့ ကျနော် သိပ်ကို ၀မ်းသာဂုဏ်ယူမိတာပဲပေါ့။

ကွမ်းခြံကုန်းက စာပေဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ကဗျာဆရာတင်မောင်ထက် (ကွမ်းခြံကုန်း) ရဲ့ အိမ်ကိုရောက်ရောက်ချင်း ကျနော်တို့ လေးယောက်စလုံး အာသာပြင်းပြင်း ဆိုကြတာကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ နေအိမ်အဟောင်းကလေးရှိရာကို လိုက်ပို့ပေးဖို့ပါပဲ။

ကွမ်းခြံကုန်းမြို့ကလေးရဲ့ လမ်းမပေါ်ရောက်တော့ ကျနော်တို့ကို ကြိုဆိုလိုက်တာက မြောက်ပြန်လေပဲ။ သူက နှင်းပွင့်ကလေးတွေရဲ့ ရနံ့ကိုတောင် သယ်ဆောင်လာခဲ့သေးတယ်လေ။ အေးလွန်းလို့ တုန်ခိုက်နေပေမယ့် ကျနော်တို့ လေးယောက်စလုံးရဲ့ ခြေလှမ်းတွေက တုံ့ဆိုင်းလေးပင် မသွားကြဘူး။ သက်ရှိထင်ရှား ရှိနေသေးတဲ့ "ခေတ်စမ်းလက်ကျန်" ကြီးရဲ့ လူ့ဘ၀အစပြုရာ အသိုက်အမြုံ နေရောဟောင်းကလေးကို တွေ့ရတော့မယ်ဆိုတဲ့ ကြည်နူးစိတ်နဲ့ ရွှင်လန်းသွက်လက် တက်ကြွနေကြတယ်။

ဒါပေမဲ့ ဆရာကြီးရဲ့ နေအိမ်အဟောင်းကို ကျနော်တို့ မတွေ့ရပါဘူး။ ခေတ်ရေစီးက တိုက်စားသွားလို့ ဆရာ့ရဲ့ အသိုက်အမြုံဟောင်းနေရာမှာ အခြားအိမ်သစ်တလုံး ရောက်နေပြီ။ ကျနော့်ရဲ့ မျက်စိထဲမှာတော့ အိမ်သစ်ကို မမြင်ရဘူး။

"ပျဉ်းမငုတ်တို" ကို မြင်နေရတယ်

"ဆွမ်းအုပ်နီနီ" ကို မြင်နေရတယ်

"မျက်ရည်" ကို မြင်နေရတယ်

"ဖိုးမောင်" ကို မြင်နေရတယ်

"ဘကြီးအောင်ညာတယ်" ကို မြင်နေရတယ်

"ခေတ်စမ်း" ကို မြင်နေရတယ်

"ကြည့်စမ်းပါဦးဗျာ ဒီအိမ်နေရာကလေးက ထွက်ပေါ်လာတဲ့ `မင်းသုဝဏ်´ ဆိုတဲ့ လတစင်းဟာ မြန်မာစာပေလောက ကောင်းကင်မှာ မကွယ်တမ်း လင်းထိန် တောက်ပနေလိုက်တာများ"

ဆရာချစ်ဦးညိုရဲ့ နှုတ်ခမ်းဖျားက ထွက်ပေါ်လာတဲ့ မုဒိတာငှက်တောင်ပံခတ်သံ။ အဲဒီညက ဟောပြောခဲ့ကြတဲ့ ကျနော်တို့ လေးယောက်စလုံးရဲ့ ဟောပြောချက်တွေထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေ ပါနေမလဲဆိုတာ ပြောဖို့တောင် မလိုတော့ဘူးလေ...။

ဆရာကြီးကို လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ တကယ့်အဘိုးကြီးအို ဖြစ်နေပါပြီ။ ဆရာကြီးဆီက ကဗျာစာမူတောင်းဖို့ ကျနော် ရောက်သွားတာ။ ဒီတုန်းက ဆရာကြီးရဲ့ အသက် ၈၀ ကျော်နေပြီလေ။ ဒရင်းဘက်အပေါ်မှာ မှိန်းနေတယ်။ မဂ္ဂဇင်းအတွက် စာမူလာတောင်းတာဆိုတော့ ဆရာကြီးက ဒရင်းဘက်ပေါ်က ထလာပြီး ကျနော့်ကို ကြိုဆိုပါတယ်။ ကျနော်ပြောတဲ့ မဂ္ဂဇင်းအမည်ကို မှတ်စုစာအုပ်ကလေးထဲ ခဲတံတို ကလေးနဲ့ ရေးမှတ်ရှာတယ်။ အသက်က ကြီးပြီဆိုတော့ မေ့ပြီထင်ပါရဲ့။ ပြီးတော့ ကျနော့်ကို ...။

"အေး... အေး ...ရေးထားလိုက်မယ်။ ဒါပေမဲ့ ဆရာက မေ့ပြီဆိုတော့ မကြာခဏ ဖုန်းဆက်ပြီး မေးပေါ့၊ ဆရာ့ဖုန်းနံပါတ်ပေးလိုက်မယ် သိလား" လို့ ပြောပါတယ်။ ကျနော်လည်း ဆရာ့ကို ဦးသုံးကြိမ်ချပြီး ပြန်လာခဲ့တယ်လေ။

ဆရာက မကြခဏ ဖုန်းဆက်ပြီး မေးပေါ့လို့ ဆိုပေမယ့် ကျနော် မမေးခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်လို ပမွှားကဗျာဆရာလေးတယောက်က ဆရာကြီးလို ပညာရှင်ကြီးတဦးဆီကို ဖုန်းဆက်ပြီး မေးတယ်ဆိုတာမျိုး မလုပ်သင့် မလုပ်အပ်ဘူးလို့ တွေးမိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ကဗျာရေးပြီးလောက်ပြီလို့ ယုံကြည်ရတဲ့ အချိန်ကျမှသာ ဆရာကြီးရဲ့ သပြေညိုအိမ်ကလေးဆီကို ကျနော် ရောက်သွားခဲ့ပါတယ်။

"သြော်... အေး ... အေး ... ပြီးပြီကွ... ပြီးပြီ" လို့ ပြောရင်း ကဗျာကလေးနှစ်ပုဒ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း ဆရာကြီးလှမ်းပေးတဲ့ ကဗျာကလေးနှစ်ပုဒ်ကို တရိုတသေယူပြီး အဆင်သင့်ယူသွားတဲ့ စာမူခ စာအိတ်ကလေးကို ဆရာကြီး လက်ထဲထည့်ပြီး ထိုင်ကန်တော့လိုက်ပါတယ်။

ဆရာကြီးက "ဟေ့ ... ငါ့ကို တခြားကဗျာဆရာတွေထက် စာမူခပိုပေးတာမျိုး မလုပ်နဲ့နော် တန်းတူပဲပေး" လို့ ပြောပါတယ်။ ဒီစကားကိုကြားတော့ ကျနော့်မှာလေ ကြက်သီးမွေးညင်းထအောင် ကြည်နူးပီတီ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆရာကြီးလို အဆင့်အတန်းမျိုးမှာတောင် မရှိသေးဘဲ ကဗျာစာမူခကို တခြားကဗျာဆရာတွေနဲ့ တန်းတူ မပေးရကောင်းလား၊ ရွေးကဗျာစာရင်းမှာ နာမည်ထည့်ရကောင်းလား စသဖြင့် ဆူဆူပူပူလုပ်ကြတဲ့ ကဗျာဆရာတွေကို ကျနော် ရင်ဆိုင်နေရလို့ပါပဲ။ ပြီးတော့ ကဗျာဆရာအချင်းချင်း မခွဲခြားတတ်တဲ့၊ နားလည်ချစ်ခင်တတ်တဲ့ ဆရာကြီးရဲ့ ဖြူစင်တဲ့နှလုံးသားကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်လို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဆရာရဲ့ သပြေညိုကို ကျနော် အရောက်အပေါက် နည်းသွားခဲ့တယ်ဆိုပေမယ့် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ဆရာရဲ့ မွေးနေ့ ထမနဲပွဲတွေကိုတော့ မပျက်မကွက်ဆိုသလို ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ်။ ထမနဲ မွှေးမွှေးအိအိကလေးကိုစားရင်း ဆရာကြီးနဲ့ ဆရာဒဂုန်တာရာ၊ ဆရာကြီး မောင်ထင်၊ ဆရာကြီးပါရဂူ စတဲ့ ဆရာကြီးတွေရဲ့ စကားတွေ နားထောင်ရတာဟာ ရတနာတွင်းထဲ ခြေချော်ကျသလို အရသာရှိပါတယ်။ ခေတ်စမ်းအကြောင်း၊ စာပေသစ်အကြောင်း၊ လက်ရှိမြန်မာစာပေအကြောင်းတွေကို ဆရာကြီးတွေရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေနဲ့အတူ ကြားနာခွင့်ရတယ်ဆိုတာ နည်းတဲ့ ဒုလ္လဘ မဟုတ်ဘူးလေ။ ဖတ်ဖူးခဲ့တဲ့ အနောက်တိုင်း ကဗျာကလေးတပုဒ်ကိုတောင် သတိရမိတယ်။

"ငယ်ရွယ်လွတ်လပ်

အကန့်အသတ်မဲ့ စိတ်ကူးနဲ့

ငါ့ရဲ့ အိပ်မက်ထဲမှာ

ကမ္ဘာကြီးကို ပြောင်းပစ်မယ်" ။

အသက်ကလေးရလာ

"ပညာ" ဆိုတာ နည်းနည်းသိ

ပြန်ကြည့်လိုက်တော့မှ

"ကမ္ဘာကြီးဟာ ... ကမ္ဘာကြီးပါပဲ"။

အိပ်မက်ကို ဈေးဆစ်

ငါချစ်တဲ့ ငါ့တိုင်းပြည်

တခုခု ဖြစ်ရမည်ပေါ့

သည်တခါလည်း

"တိုင်းပြည်ဟာ တိုင်းပြည်" ပါပဲ။

ဘ၀ရဲ့ ဆည်းဆာချိန်

အိပ်မက်တွေအရှိန်ကုန်စ

ဇနီးမယား သမီးသားတွက်

ပေးဆက်ဖို့ ကြိုးစားဆဲ

သူတို့လည်း သူတို့ဘာသာ

"မိသားစုဟာ ဒီအတိုင်းပါပဲ"။

သေရာညောင်စောင်း

လဲလျောင်းချိန်ရောက်တော့မှ

ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)

"ငါဟာငါပဲ ဘာမှမပြောင်းလဲ" တဲ့။

ငယ်ရွယ်နုပျိုတဲ့ လူတယောက်ရဲ့ စိတ်ဓာတ်နဲ့အားမာန်၊ ရဲရင့်မှုနဲ့တက်ကြွမှု၊ ပြီးတော့ တောက်ပတဲ့ အိပ်မက်နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်လိုမှု။ အရွယ်ရောက်လာပြီး အသိနဲ့ပညာကလေးရလာတော့ အားလုံးဟာ သူ့ရဲ့ ပုံမှန်အတိုင်းသာ ဖြစ်ပျက်သွားခဲ့ကြတာကို သိလာခဲ့ရပြီလေ။ အဲဒီလို သိမြင်ခွင့်ရလိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ နောက်ဆုံးထွက်သက်ကို စောင့်နေရတဲ့ အချိန်မဟုတ်လား။ အိပ်မက်တွေကိုလည်း အကောင်အထည် မဖော်နိုင်ရှာတော့ဘူး။ ဒါဟာ လူ့သဘာဝပဲလေ။

ဒါပေမဲ့ ဆရာကြီးမင်းသုဝဏ်ကတော့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်။ ဆရာဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မဟဲ့လို့ စိတ်မကူးခဲ့ပေမယ့် မြန်မာစာပေလောကကိုတော့ ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ခေတ်စမ်းကနေတဆင့် ပြောင်းလဲလာခဲ့တဲ့ ကျနော်တို့ မြန်မာစာပေရဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ဆရာကြီးမင်းသုဝဏ်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှုကို တွေ့ရမှာ အမှန်ပဲ။

ဘာပဲပြောပြော ဆရာကြီးရဲ့ မွေးနေ့လက်ကမ်းစာစောင်တခုမှာ ကဗျာဆရာ ထွန်းဝေမြင့်က ...

"တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးတဦး ရှိနေတာ မင်္ဂလာ" လို့ ရေးခဲ့တယ်။ ဟုတ်တယ်။ တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးရှိနေတာ တကယ့်မင်္ဂလာပဲ။ သက်တော်ရှည် ကဗျာဆရာကြီးမှ မဟုတ်ဘူး။ ပညာရှိတွေ၊ ပညာရှင်တွေ ရှိနေတာဟာလည်း မင်္ဂလာပါပဲ။ အဲဒီ ကဗျာဆရာကြီးတွေ၊ ပညာရှိတွေ၊ ပညာရှင်တွေ တိုင်းပြည်မှာ မရှိတော့ဘူးဆိုရင်တော့ ... ... ...။


ငြိမ်းအေးလှိုင်

မြန်မာနိုင်ငံအတွက် လက်တွေ့ကျသည့် အဖြေတရပ် လိုအပ်နေပြီ

သဘောထားအမြင်
မိုးသူနှင့် ထက်ဝင်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 15:00 - မြန်မာစံတော်ချိန်

၁၉၆၂ ခုနှစ်မှစ၍ မည်သည့် စစ်တပ်ကြီးစိုးသော အစိုးရမျှ မြန်မာ့စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်ခဲ့ကြပါ။ နှစ်ပေါင်းများစွာအတွင်း ကြုံရတော့မည့် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြီးကို လာမည့်လများအတွင်း ရင်ဆိုင်ရန် မြန်မာ့စီးပွားရေးက ယခုအခါ ငံ့လင့် စောင့်စားလျက် ရှိသည်။

စစ်အစိုးရက သူတို့၏ နိုင်ငံရေးအာဏာ တည်မြဲခိုင်ခံ့အောင် လုပ်နေခဲ့သော အချိန်ကာလဖြစ်သည့် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုလုံးလုံး တိုင်းပြည်၏ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး ဖြစ်သည်။ ဤကာလတလျှောက် တိုင်းပြည်စီးပွားရေးမှာ အပျက်ဘက်၊ အကျဘက်သို့သာ ဦးတည်သွားနေခဲ့သည်။

"မြန်မာစစ်တပ်ရဲ့ အဘိဓမ္မာက ကိုယ်ကောင်းစားဖို့ သူများကို စတေးဖို့ ဝန်မလေးတာပဲ။ ဒါကြောင့် ကျနော်တို့ကလည်း လက်ရှိအခြေအနေက မပြောင်းမဖြစ် ပြောင်းရတော့မယ့် အခြေရောက်တဲ့အထိ ဒီထဲ တဝဲလည်လည်နဲ့ သွားနေရဦးမှာပဲ" ဟု ရန်ကုန်အခြေစိုက် လေ့လာသုံးသပ်သူတဦးက ပြောသည်။

တိုင်းပြည်၏ အခြေအနေသည် သေအံ့မူးမူးအခြေအနေတွင် ဂျာအေး သူ့အမေရိုက် ဆိုသလို ဖြစ်နေသည်။ ပြဿနာတခုအတွက် “အဖြေ” သည် နောက်ပြဿနာ တခုဆီသို့ မလွှဲသာမရှောင်သာ ဦးတည်နေပြန်သည်။

"၂ဝ၁ဝ ခုနှစ်မှာ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲပြီးလည်း တိုင်းပြည်ရဲ့ အခြေအနေက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာလိမ့်မယ်လို့ ကျနော် မထင်ဘူး။ နောက်ထပ် အကြပ်အတည်းတခု ထပ်ဖြစ်လာဖို့က ပိုများနေတယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ဗိုလ်တွေက မျိုးဆက်နဲ့ချီပြီး ဘဝင်မြင့်ရောဂါ စွဲကပ်နေကြတာ" ဟု သူက ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ ၁၉၆၂ ခုနှစ်တွင် တက်လာခဲ့ပြီး နောင်အခါ ၁၉၇၄ အခြေခံဥပဒေဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး ကတည်းက အခြေအနေမဟန်သော အစိုးရအဖွဲ့တွင် အရပ်သားနှင့် စစ်ဗိုလ် ပူးပေါင်းအုပ်ချုပ်သော စနစ်ကို အသုံးပြုလာခဲ့ကြသည်။

ဦးနေဝင်း၏ နိုင်ငံခြားသား ကြောက်သည့် ရောဂါ စွဲကပ်နေသော စစ်အစိုးရနှင့် စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ ပေါင်းစပ်လိုက်သောအခါ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်အတန်းသို့ ထိုးဆင်းသွားတော့သည်။ ဤအချက်ကြောင့်ပင် လူထုအုံကြွမှုကြီးတရပ် တဖြေးဖြေး ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးတွင် ၁၉၈၈ ခုနှစ်၌ စစ်တပ်က သွေးထွက်သံယို နှိမ်နင်းသတ်ဖြတ်ခဲ့သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ (SLORC) နှင့် လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) တို့ ပေါ်ထွန်းလာခဲ့သည်။ ဤအစိုးရများသည် မြန်မာနိုင်ငံ၏ တပ်မတော် သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့သလိုပင် ဖွဲ့စည်းပုံဥပဒေအရ အာဏာ အပ်နှင်းထားခြင်းလည်း မရှိဘဲ၊ တပါးသူအပေါ် ယုံမှားသံသယဖြင့် စိုးရွံ့ထိတ်လန့်နေသော အစိုးရများသာ ဖြစ်သည်။

သစ်၊ ဓာတ်သတ္တုနှင့် သဘာဝဓာတ်ငွေ့တို့ ကဲ့သို့သော သဘာဝ သယံဇာတများ ကြွယ်ဝလှသည့် ဤအရှေ့တောင်အာရှ နိုင်ငံအတွက် မည်သည့်ကုစားနည်းများ ရှိပါသေးသနည်း။ ပြည်သူ့အုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကိုသာ အသားပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုသာ ရှေ့ဆက် ဇွတ်တိုးလုပ်နေသမျှ ကာလပတ်လုံး ဝိုင်အဟောင်းကို ပုလင်းသစ်တွင် သွတ်၍ ရောင်းသလိုသာ ဖြစ်နေလိမ့်မည်။

"ကျနော်တို့ အသဲအသန်လိုနေတာက စစ်တပ်ထဲမှာရော၊ အရပ်ဘက်မှာရော ဝင်ဆန့်တဲ့ ဗိုလ်ချုပ် ဒေးဗစ်အေဘယ်လ်လို ကြားဝင်ပေးမယ့် 'ကိုယ်စားလှယ်' မျိုး လိုနေတာ" ဟု အမည်မဖော်လိုသူ အကဲခတ်တဦးက ပြောသည်။ လစ်ဘရယ်စိတ်ထားရှိသူ အရပ်သား အားလုံးနီးပါးသည်လည်း ယခုအခါ ထောင်ထဲနှင့် ပြည်ပတွင်သာ ရှိနေကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဘဲနှင့် အမျိုးသားညီလာခံကို ဆက်လက် ပြုလုပ်သွားမည်ဟု စစ်အစိုးရကို ကိုးကားကာ သတင်းစာတစောင်က ၁၉၉၉ ခုနှစ်တွင် ရေးသား ဖော်ပြထားသည်။ NLD သည် ယင်းညီလာခံကို ဆန့်ကျင်သည့်အနေနှင့် ၁၉၉၆ ခုနှစ်က ညီလာခံမှ သပိတ်မှောက် ထွက်ခွာသွားခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း ထိုအရာရှိက ဆက်လက် ပြောကြားခဲ့သည်။

ထိုအချိန်မှ စကတည်းက နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း NLD ၏ ဒီမိုကရေစီစနစ်အပေါ် ပိုင်းဖြတ်ချက်ရှိမှုကို ဆက်တိုက်ပင် လက်ခံ အသိအမှတ် ပြုခဲ့သည်။ သို့သော် ထိုအသိအမှတ်ပြုမှုသည် ရလဒ်တခု ထွက်ပေါ်စေနိုင်သည့် 'လုပ်ဆောင်ချက်' တရပ်ကိုမူ ပေါ်ပေါက်စေနိုင်ခဲ့ခြင်း မရှိပါ။

အနည်းငယ် ပြုပြင်ပြောင်းလဲထားသော နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင် ပထမဦးစွာလုပ်ရန် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤအခြေအနေ အောက်တွင် အချို့သော လစ်ဘရယ်စိတ်ဓာတ် ရှိသူများ၏ အခန်းကဏ္ဍ နေရာရလာနိုင်ပြီး စီးပွားရေးတွင်လည်း တိုးတက်မှုရှိသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ ဤ အခြေအနေမှတဆင့် နိုင်ငံရေးဝန်းကျင်တွင်လည်း ဗဟုဝါဒကို လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။

"၂ဝ၁ဝ ခုနှစ်အပြီး ပေါ်လာမယ့် အနာဂတ် မြန်မာအစိုးရအဖွဲ့သစ်မှာ ပိုနေမြဲ ကျားနေမြဲ အခြေအနေကနေ အေးအေးသက်သာထိုင်ပြီး ကိုယ်ကျိုးပဲ ရှာနေတဲ့ အချောင်သမား အရပ်သား နိုင်ငံရေးသမားတွေကို ကျနော်တို့ မလိုချင်ဘူး။ အေးအေးသက်သာ ထိုင်မနေဘဲ ပြောစရာရှိတာ ပြောရဲတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာကြီးတွေကို စစ်ခေါင်းဆောင်တွေကို ပြောဆိုရဲမယ့်သူတွေ လိုတယ်" ဟု အဆိုပါ အကဲခတ်က ဆက်လက်ပြောသည်။ သူက မြန်မာလူမျိုး အများစုဖြစ်သော ပြည်တွင်း ရေပေါ်ဆီအချို့၏ မိမိကိုယ်မိမိ သာယာအထင်ကြီးနေမှုနှင့် ဒီမိုကရေစီရေးအရ ယုံကြည်လက်ခံနိုင်မှုကိုလည်း မေးခွန်းထုတ်လိုက်သည်။ ထိုရေပေါ်ဆီများက သူတို့သည်သာ စစ်အရာရှိများနှင့် မတူကွဲပြားသည့် အစားထိုးစရာ အလုပ်ဖြစ်လောက်သည့် နောက်ထပ် ရွေးချယ်စရာအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော် တင်ပြထားကြသည်။

သို့သော် မြန်မာပြည်အတွက် မတူသည့်အချက်မှာ လက်ရှိ ခေါင်းဆောင်များသာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများကဲ့သို့ အခြေအနေများကို လက်တွေ့ကျကျ နားလည်သဘောပေါက်ပါက နိုင်ငံရေးဗဟုဝါဒကို စောင့်ဆိုင်းထားလို့ရသည်။ သို့သော် မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော ခေါင်းဆောင်မှုမျိုး မရှိပါ။

ယခု လက်ရှိ အခြေအနေတွင် သူတို့၌ တရားသေသမားများသာ လွှမ်းမိုးကြီးစိုးနေသည်။ ဤသို့ဆိုလျှင် အပြည့်အဝ မဟုတ်တောင်မှ တစိတ်တပိုင်းလောက်ပဲဖြစ်ဖြစ် သူတို့ထဲတွင် လစ်ဘရယ်စိတ်ထား ရှိသူများကို ကျနော်တို့ မြင်တွေ့ကြရပါ့မလား။ အလွန် အလားအလာ နည်းသည်။ ဤသို့သော သဘာဝ စစ်တပ်တွင် မရှိပါ။

"အနာဂတ် ပါလီမန်ရှိ လွှတ်တော် ၂ ရပ်စလုံးတွင် စစ်တပ်အတွက် သီးသန့် ဖယ်ထားရသည့် အမတ်နေရာ ၂၅ ရာခိုင်နှုန်းသည် မဲပေးသည့်အခါ တစုတည်းအဖြစ်သာ ပေးကြလိမ့်မည်" ဟု အဆိုပါ အကဲခတ်က ပြောသည်။

မြန်မာပြည် တကယ် ကံကောင်းခဲ့သည် ဆိုလျှင်ပင် ပါတီစုံ ရွေးချယ် တင်မြှောက်ပွဲအပြီး လာမည့်နှစ်များ၌ အဓိက ခေတ်စားမယ့် စကားလုံးက “စီးပွားရေး ယုတ္တိရှိမှု” ဖြစ်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤအချက်ကိုကြည့်၍ ဤခြစားနေပြီးဖြစ်သော စစ်တပ်သည် တိုင်းပြည်၏ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်လိမ့်မည်ဟု ကျနော်တို့ အကောင်းမြင်၍ ရနိုင်ပါသေးလား၊ မြန်မာ စစ်ခေါင်းဆောင်များသည် စာရိတ္တအရ သူတို့ကိုယ်တိုင် ခြစား ပျက်စီးနေခဲ့ပြီး ဖြစ်သည်။ အခြားသူများကိုလည်း သူတို့လိုပင် ခြစားအကျင့်ပျက်အောင် ဖျက်ဆီးပစ်လိုက်ကြလိမ့်မည်။

"မြန်မာနိုင်ငံတွင် လစ်ဘရယ် စီးပွားရေးကို ကျင့်သုံးနိုင်သည်ဆိုလျှင်ပင် ကိုယ်ကျိုးရှာသူများ တကယ့်ကို များပြားပြီး အနှံ့အပြား ရှိနေလိမ့်မယ်" ဟု သူက ပြောဆိုသွားပြီး၊ တိုင်းပြည်၏ သယံဇာတ အများအပြားသည် တဦးချင်း၏ အိတ်ထောင်ထဲသို့သာ ရောက်သွားလိမ့်မည်ဟုလည်း သူက ဆိုသည်။

အခုအချိန်အထိတော့ “စစ်အစိုးရ၏ လုံခြုံရေး” ကိုသာ ပြောပြီး၊ ၅၃ သန်းသော မြန်မာပြည်သူများ၏ လုံခြုံရေးကို လျစ်လျူရှုထားသူက များနေသည်။ ထို့ပြင် ထိုသူတို့သည် ရွေးကောက် တင်မြှောက်ခံရပါက ပေါ်ထွက်လာမည့် အနာဂတ် အရပ်သားအစိုးရဟု ခေါ်ဆိုလေ့ရှိကြသော အဖွဲ့တွင် စစ်တပ်ကို တန်ပြန်မဲ တင်းပေးနိုင်မည့် အတိုက်အခံများအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော် ပြောဆိုနေကြသည်။

အကျယ်အပြန့် မျှော်လင့်ရသည်မှာ စီးပွားရေးသမားအချို့လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်နိုင်ရန် ပြင်ဆင်နေသည်။

ထိုအထဲမှ အများစုသည် စစ်အစိုးရနှင့် တရင်းတနှီး နီးစပ်သူ မီဒီယာလောကနှင့် စီးပွားရေးလောကမှ ဖြစ်ဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ မကြာခင် လအနည်းငယ်အတွင်း ကြေညာတော့မည့် ရွေးကောက်ပွဲ ဥပဒေများအရ ထိုသို့သော အပြောင်းအလဲတရပ် ပေါ်လာနိုင်သလားဆိုသည်ကိုမူ စောင့်ကြည့်ဖို့ လိုသေးသည်။

အဆိုပါ ထင်ရှားသော ပုဂ္ဂိုလ် အများအပြားသည် ယခုအခါ တက်ကြွ လှုပ်ရှားနေကြသည်။ လူထုအခြေပြု အဖွဲ့အစည်းများအတွင်း ခေါင်းဆောင်နေရာမှ ပါဝင် လှုပ်ရှားနေကြသည်။

မည်သို့ပင်ဖြစ်စေ အလွန်ကြီးမားသော မေးခွန်းတရပ်မှာမူ ကျန်ရှိသေးသည်။ တက်လာမည့် အရပ်သားအစိုးရသည် မြန်မာလူမျိုးများကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယေဘုယျအားဖြင့် လက်ခံနိုင်သည့် လွတ်လပ်သော တိုင်းပြည်တပြည် ဖြစ်လာအောင် ရှေ့ရှုသွားနိုင်ရေး၌ သူတို့ တကယ် သြဇာရှိကြပါ့မလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

၁၉၆၂ ခုနှစ်ကတည်းကစ၍ မြန်မာ့သမိုင်းတွင် ဤသို့ “ပူးသတ်ရေး” အတွေးအခေါ်ရှိသည့် အရပ်သား နိုင်ငံရေးသမား အများအပြား၏ ကျရှုံးမှုအများအပြားကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ သူတို့သည် အုပ်စိုးနေဆဲ စစ်အစိုးရတရပ်၏ စိတ်ဓာတ်ကို ပြောင်းလဲသွားအောင် နဲနဲမှ မလုပ်နိုင်ခဲ့ကြ၊ အချို့က နဲနဲပါးပါးသာ လုပ်နိုင်ခဲ့ကြသည်။ ယေးလ်တက္ကသိုလ်ထွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း မြန်မာနိုင်ငံ၏ သမတဖြစ်ခဲ့သော ဒေါက်တာမောင်မောင်သည် အကောင်းဆုံး ဥပမာဖြစ်သည်။

ထို့ကြောင့်ပင် အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ ပြုပြင်ပြောင်းလဲရေးများ လုပ်ရန်ဆိုသည့် ကိစ္စ၏ ဖြစ်နိုင်ခြေသည် အကန့်အသတ် အလွန်များကြောင်း ဝါရင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများက သတိပေးထားခဲ့ကြခြင်းဖြစ်သည်။ မျှော်လင့်ချက် အလွန်နည်းသည်။ အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြပြီး၊ ပြည်သူ့အုပ်ချုပ်ရေး နယ်ပယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာ့ရေပေါ်ဆီ လူတန်းစား ခေတ်ဟောင်းမျိုးဆက်သည် အမျိုးသား ညီလာခံတွင် စစ်တပ်က လိုချင်သမျှကို ခေါင်းငြိမ့်ထောက်ခံရုံသာ လုပ်ခဲ့ကြသည်။

ဤအတောအတွင်း မြန်မာစစ်တပ်သည်လည်း သူတို့အတွင်း မျိုးဆက်ကွာဟမှု ပြဿနာကို ရင်ဆိုင်ကြုံတွေ့နေခဲ့ကြရပြီး ဖြစ်သည်။ သူတို့တွင်လည်း လစ်ဘရယ် စိတ်ထားရှိသည့် အရာရှိအသစ်များ အနည်းအကျဉ်းသာ တပ်မတော်တွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အဓိကအကြောင်းမှာ တိုင်းပြည်၏ အောက်တန်းနောက်တန်း ကျလှသည့် ပညာရေးစနစ်ကြောင့် အတွေးအခေါ်သစ်၊ အယူအဆသစ်များကို နားလည်သိရှိနေသူ အရည်အချင်းရှိသည့် လူငယ်အရာရှိသစ်များ အလွန်နည်းပါးခြင်းကြောင့်ပဲ ဖြစ်သည်။

ဤကိစ္စကို အခြားတနည်းဖြင့် စဉ်းစားကြည့်ကြပါစို့။ လစ်ဘရယ်ကျကျ လေ့ကျင့်မွေးမြူထားသော မြန်မာစစ်သားများက ရေပေါ်ဆီများနှင့် ယှဉ်ပြိုင်လာနိုင်ပြီဆိုလျှင် မိမိတို့သည်သာ တိုင်းပြည်ကို အချစ်ဆုံးဖြစ်၍ တိုင်းပြည် အနာဂတ်အတွက် လုပ်ဆောင်မည့်သူများ ဖြစ်သည်ဟု ဆိုကာ ပြောဆိုလာနိုင်လျှင် အခြေခံကျသော အဖြေတရပ်ဆီသို့ ဦးတည် ရွေ့လျားသွားနိုင်သည်။

အမှန်တကယ် အရည်အချင်း ပြည့်ဝသည့် ယုံကြည်အားထားရသော မျိုးဆက်သစ်တရပ်ကို မွေးမြူခြင်း မပြုနိုင်လျှင် မြန်မာ့တပ်မတော် အပါအဝင် မည်သည့် လူ့အဖွဲ့အစည်း အစိတ်အပိုင်းမှ ရှင်သန်မနေနိုင်ပါ။ မြန်မာစစ်တပ်သည် ဤကဲ့သို့သော ပြဿနာတရပ်ကို ရင်ဆိုင် ကြုံတွေ့နေခဲ့ရပြီး ဖြစ်သည်။

မကြာသေးခင်ကပင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက နောက်လာမည့် တနှစ်ခွဲကာလသည် NLD ၏ ရှင်သန်ရေးအတွက် အရေးပါလိမ့်မည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် NLD အနေဖြင့် အနာဂတ် နိုင်ငံရေး ဖြစ်ထွန်းမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် တီထွင်ဖန်တီးမှုရှိရှိ နည်းလမ်းများ ကြံဆရှာဖွေထားဖို့ လိုသည်။ ဤအချက်သည်ပင် နိုင်ငံရေး အင်အားစုအချို့က အနာဂတ် နိုင်ငံရေးဖြစ်စဉ်တွင် အတူတကွ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နည်းလမ်းသစ်များ ရှာဖွေပါရန် ထုတ်ဖော် တိုက်တွန်းနေကြခြင်း ဖြစ်သည်။

NLD က အပြတ်အသတ် အနိုင်ရရှိခဲ့သော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ရှေ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ခြေကုပ်အဖြစ် အသုံးချနိုင်သေးသည်။ ဆိုလိုသည်မှာ NLD သည် အနာဂတ် နိုင်ငံရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆက်လက် ပတ်သက် ဆက်စပ်နေစေရေးအတွက် နိုင်ငံရေးပါတီသစ် တရပ်ကို ခပ်လျှိုလျှို ဖွဲ့စည်းထားရေးကို ထောက်ခံ အားပေးသင့်သည်။

အတိုက်အခံများမှာ ယခုကတည်းကပင် အင်အားချည့်နဲ့နေပြီဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ထိရောက်စွာ ဆန့်ကျင်နိုင်စွမ်း မရှိတော့ပါ။ သို့သော် သူတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အကောင်အထည် ဖော်ရေးကို ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရာ၌မူ အင်အားချည့်နဲ့သွားအောင် လုပ်နိုင်သေးသည်။

နိုင်ငံရေးဆိုသည်မှာ ရိုးရိုးသာမန် ကိစ္စလေးများဖြစ်သည့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် အခွင့်အရေးပေါင်းစုံတို့ကို မျှော်မှန်းလုပ်ကိုင်ကြရခြင်း ဖြစ်သည်။ လောလောဆယ်တွင်မူ အဆိုပါ အချင်းအရာအားလုံး ဖွဲ့စည်းပုံသစ်တွင် မပါရှိပါ။ ဆင်ခြင်တုံတရားရှိသော မည်သည့်ပုဂ္ဂိုလ်မျှ ကျေနပ်လက်ခံနိုင်မည် မဟုတ်ပါ။

တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေး အခွင့်အရေးများကို ချိုးဖောက်နေသည်ဟု စွပ်စွဲချက်များ ရှိနေသမျှ ကာလပတ်လုံး ပြင်ပအင်အားစုများဖြစ်သည့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ မြန်မာ့ဒီမိုကရေစီရေးကို အားပေး ထောက်ခံနေမှုများသည်လည်း စစ်အစိုးရဖြစ်ဖြစ၊် အရပ်သားအစိုးရဖြစ်ဖြစ် မြန်မာ စစ်အစိုးရနှင့် အတိအလင်း ဆက်ဆံရန် ဝန်လေး တွန့်ဆုတ်နေပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ မြန်မာ့အရေးဆိုသည်မှာ အနောက်နိုင်ငံ အများစု၏ အမြင်တွင် ထိပ်တန်းဦးစားပေး ကိစ္စတရပ် မဟုတ်ဆိုသည့် အမှန်တရားမှာမူ နဂိုအတိုင်းပင် ရှိမြဲရှိနေသေးသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံကို ခုခံရင်ဆိုင်ရန် ဒေသတွင်းတွင် မဟာမိတ် အများအပြား လိုတာထက်ပို၍ အမေရိကန်တွင် ရှိသည်။ ထိုအထဲတွင် မြန်မာတနိုင်ငံ တိုးလာ၍လည်း သိပ်အဓိပ္ပာယ် ရှိလှသည် မဟုတ်ပါ။

စစ်အစိုးရက ဤအချက်ကို နားလည်သည်။ ထို့ကြောင့်ပင် သူ့ကိုယ်ပိုင် နိုင်ငံရေးဖြစ်စဉ်အတိုင်း ရှေ့ဆက် လျှောက်လှမ်းနေခြင်းဖြစ်သည်။ နိုင်ငံရေးအကျိုးစီးပွား အများစုကို သူတို့ရရှိစေရန် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ဆေးရောင်စုံ မြင်ကွင်းကျယ်တွင် ပေါ်ပေါက်နေသော ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်ရေးအတွက် အတိုက်အခံ ပါတီများနှင့် လူထုတို့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပါရန် ထပ်တလဲလဲ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေ ဇွတ်လုပ်တော့မည်ဟု ဆုံးဖြတ် ပြင်ဆင်နေခြင်းမှာ ဤအချက်ကြောင့် ဖြစ်သည်။

ဤသို့ဆိုလျှင် ရေတိုနှင့် အလယ်အလတ် ကာလအတွက် ဘာများ မျှော်မှန်းနိုင်ပါသေးသလဲ။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကမ္ဘာ့ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ၏ တကယ့်အတိုက်အခံ အစစ်ကို ထောက်ခံအားပေးဖို့ အရေးကြီးသည်။ ထိုအတိုက်အခံ အစစ်ဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်လာသည့် သမ္ဘာရင့် နိုင်ငံရေးသမားများဟု ဆိုသော အတိုက်အခံအတု မဖြစ်စေရပါ၊ ဒီမိုကရေစီနည်းကျ ယုံကြည်အားထား စိတ်ချရနိုင်သော အတိုက်အခံများဖြစ်ဖို့ လိုသည်။

အချို့သော ထိပ်တန်းပဏ္ဍိတ်များနှင့် အတိုက်အခံ ခေါင်းဆောင်များ စိုးရိမ်နေသည့်အချက်မှာ အကယ်၍သာ သူတို့လိုချင်သည့် လမ်းအတိုင်း ဖြစ်မလာဘူးဆိုလျှင် အုပ်စိုးသူလူတန်းစားသည် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး၌ အထီးကျန် အခြေအနေသို့ ပြန်လည်ဆုတ်ခွါသွားမည့် အရေးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအဆိုးဆုံး အခြေအနေဖြစ်ရန် အတော်ပင် ခဲယဉ်းပါသည်။ အကြောင်းမူ တိုး၍ဖြစ်ပေါ်နေသော ကမ္ဘာ့အသွင်ဆောင်မှု ကမ္ဘာကြီးထဲ၌ အထီးကျန်နေခြင်း၏ တန်ဖိုး မည်မျှကြီးမားသည် ဆိုသည်ကို အာဏာရှင် စစ်အစိုးရတို့ သိနားလည်သည်။ သူတို့သည် အနိမ့်ဆုံးအားဖြင့် သူတို့ကိုယ်ပိုင် ရေပေါ်ဆီလူတန်းစား အတွက်မူ လုပ်ကွက်ခွင်လေးများ ဖန်တီးပေးလိမ့်မည်။ မြန်မာနိုင်ငံ ကိစ္စတွင် အဖြစ်နိုင်ဆုံးကိစ္စမှာ အစိုးရသစ် ပေါ်ပေါက်လာပြီဆိုပါက ပိတ်ဆို့အရေးယူမှုဆိုသည်မှာ ပတ်သက်ဆက်စပ်မှု ကင်းမဲ့သွားတော့မည့် အရေးပင်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာမှ မူဝါဒချမှတ်သူများအနေဖြင့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တိုက်တွန်းအားပေးနေသည့် တချိန်တည်းမှာပင် ဆက်လက်ပြုလုပ်နေမည့် နိုင်ငံရေးအရ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တန်ပြန်အရေးယူနိုင်ရေးအတွက်လည်း စတင်စဉ်းစားရန် ပြင်ဆင်ထားသင့်ပါပြီ။ မြန်မာနိုင်ငံ၏ အကျဉ်းစခန်းများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂၁ဝဝ ကျော်ရှိပြီး မြန်မာ့ အနာဂတ် ပါလီမန်လွှတ်တော်ဆိုသည်မှာ သူတို့၏ စွန့်လွှတ်ပေးဆပ်မှုများကြောင့် ပေါ်ထွက်လာသော အရာဖြစ်သည် ဆိုသည်ကိုလည်း သူတို့ မမေ့ရန် လိုသည်။ တော်လှန်ရေးဆိုသည်မှာ သမိုင်းတွင် ရှားပါးသည်။ သို့သော် လူမှုလုပ်ရှားမှုများ၏ အခန်းကဏ္ဍကိုလည်း မှေးမှိန်အောင် မလုပ်သင့်ပါ။

အတိုချုပ်ပြောရလျှင် မြန်မာနိုင်ငံသည် အပြောင်းအလဲတခုဆီသို့ ဦးတည်ရွေ့လျားနေသည်။ ဒီမိုကရေစီအတွက် အတားအဆီးမှန်သမျှကို သတိကြီးစွာဖြင့် လျှော့ချ ဖယ်ရှားနေကြသည်။ သို့သော် ဤသို့ ဖြစ်လာနိုင်ခြေများ ရှိနေသော်လည်း နောက်ထပ် စိန်ခေါ်မှုအသစ် အများအပြားမူ ကျန်နေသေးသည်။


မိုးသူနှင့် ထက်ဝင်း

နေဘုန်းလတ် သို့မဟုတ် ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်

သန်းစိုးလှိုင်
နိုဝင်ဘာ ၂၄၊ ၂၀၀၈

ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ဆိုတဲ့ အင်တာနက် ဘလော့ဆိုက် ကိုမကြာမကြာ ဝင်ကြည့်မိတယ်။ ဒါဟာ ဘာနဲ့ တူသလဲ ဆိုတော့ သော့ပိတ်ထားတဲ့ အိမ်ခန်းကို အိမ်ရှင်ဘယ်တော့ ပြန်လာမလဲ ဆိုတာကို သိချင်တဲ့သဘောနဲ့ မကြာမကြာ အိမ်ရှေ့နား မယောင်မလည် လာကြည့်မိတာနဲ့ သဏ္ဍန်တူနေပါတယ်။ အိမ်ရှင်ပြန်လာတာတော့ မတွေ့ရဘဲ အိမ်တံခါးဝမှာ အိမ်အပြင်ဘက်မှာ သူ့ကိုနှုတ်ဆက်ဂုဏ်ပြုကြတဲ့ သူ့သူငယ်ချင်းတွေ၊ ဘလော့ဂါမိတ်ဆွေတွေက စာရေးပြီး ထားခဲ့တာတွေပဲ တွေ့မြင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ အိမ်ရှင်ပြန်မလာနိုင်သေးတဲ့အပြင် အိမ်ရှင်ကို ရက်စက်တဲ့ စစ်အစိုးရက အနှစ်နှစ်ဆယ် ခရီးထွက် ခိုင်းလိုက်ပါတယ်။

ကိုနေမျိုးကျော် (ဘလော့နာမည် ကိုနေဘုန်းလတ်) သူ့အိမ်လေးကို သူပြန်လာကြည့်ခွင့် နှစ်အတန်ကြာရမှာ မဟုတ်တော့ဘူး လို့စဉ်းစားမိပြီး သွက်လက်တဲ့ အပြုံးရှင် ကိုနေမျိုးကျော်အတွက် စိတ်မကောင်းဖြစ်မိသလို မနှစ်က စက်တင်ဘာနဲ့ ပတ်သက်တဲ့သူတွေ အားလုံးကို အငြိုးတကြီးနဲ့ နှစ်ရှည် ထောင်ဒဏ်တွေချနေတဲ့ စစ်အစိုးရကိုလည်း ရွံမုန်းမိပါတယ်။

သူ့ကို အနှစ် ၂၀ ထောင်ဒဏ် စီရင်ပြီးတဲ့နောက်မှာ စစ်အစိုးရဟာ ရန်ကုန်မြို့နဲ့ဝေးရာ ဖားအံထောင်ကို အတင်းအဓမ္မ ခရီးထွက်ခိုင်းခဲ့ပါတယ်။ သူ့မိဘတွေက ထောင်ကျပြီးတဲ့နောက် သူ့ကိုတွေ့ဖို့ရာ ဖားအံမြို့အထိလိုက်သွားပြီး တွေ့ဆုံရတယ်လို့ သတင်းတွေထဲမှာ ကြားရပါတယ်။

သူ့ရဲ့ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ရဲ့ အမှာစကား ဘောက်စ် (စီဘောက်စ်) မှာတော့ စီရင်ချက်ချပြီးတဲ့နောက် နှုတ်ဆက်စကား မှာခဲ့သူ၊ ဂုဏ်ပြုသူ၊ အားပေးသူတွေ ယနေ့မနက်ထိ ၅၁ ဦးလောက် ရှိနေတာ တွေ့ရပါတယ်။

ပေါလိုက်တဲ့ ထောင်ဒဏ်တွေ

သူ့လို ထောင်ဒဏ်နှစ်ရှည်ချခံရသူတွေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော် အတွင်းမှာ တစ်ရာကျော်သွားပါပြီ။ အများစုကတော့ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၊ သံဃာ့တပ်ပေါင်းစု၊ တက်ကြွလှုပ်ရှားသူ အန်အယ်လ်ဒီ လူငယ် ပြည်ပမီဒီယာတွေကို ကူညီပံ့ပိုးသူတွေပါ။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေကို ၆၅ နှစ် ဆိုတဲ့ မတန်တဆ ထောင်ဒဏ်တွေချမှတ်ခဲ့တော့ မြန်မာနိုင်ငံထဲက သာမကပဲ ကမ္ဘာကပါ အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။

အကြမ်းမဖက်တဲ့ လှုပ်ရှားမှုကို ဦးဆောင် လှုံ့ဆော်ရုံနဲ့ လူသတ်၊ ဓားပြတိုက်တာ ထက်ကို ၅ ဆလောက် ထောင်ဒဏ်ချမှတ်နေပါလားလို့ မြန်မာရော ကမ္ဘာကပါ အံ့အားသင့်ခဲ့ကြတာပါ။ လူသတ်တဲ့ ဒါးပြတိုက်တဲ့သူတွေတောင် ၁၅ နှစ်လောက်ပဲ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းသား ထောင်နဲ့ချီတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မကြာခဏပေးကာ အပြင်ပြန်ရောက်လာနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းမဖက်ဘဲ မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက်တဲ့ သံဃာတွေကိုတော့ ၁၂ နှစ် ၃၅ နှစ်၊ ၆၅ နှစ်တွေ ချမှတ်နေတာဘာ ရည်ရွယ်ချက်လဲဆိုတာလဲ သိလိုလှပါတယ်။

ရယ်စရာ သို့မဟုတ် ဝမ်းနည်းဖွယ်ရာ နှစ်ရှည်ထောင်ဒဏ်

ရယ်စရာလို့သုံးနှုန်းလိုက်လို့ ထောင်ဒဏ်ချမှတ်ခံရ သူတွေရဲ့မိသားစုတွေကို စော်ကားသလို ဖြစ်သွားမှာ စိုးရပါတယ်။ အဲဒီသဘောမျိုး ဆိုလိုတာမဟုတ်ပဲ စစ်အစိုးရရဲ့ အမိန့်ချတဲ့ ထောင်နှစ်တွေဟာ အဓိပ္ပာယ် ရှိမရှိ ရှုဒေါင့်ကနေ ဆိုလိုတဲ့ သဘောသာဖြစ်ပါတယ်။

မြန်မာပြည်မှာလူတယောက်ရဲ့ ပျှမ်းမျှသက်တမ်းဟာ ၅၅.၇၉ နှစ်သာ ရှိပါတယ်။ အဲဒီလို ပျှမ်းမျှသက်တမ်း ၅၅ နှစ်သာ ရှိတဲ့ မြန်မာပြည်မှာ ထောင်ဒဏ် ၆၅ နှစ်ချမှတ်တယ်ဆိုတာ ဘာအဓိပ္ပာယ်ရှိပါသေးသလဲ လို့ မေးလိုကြမှာပါ။

အဖြေကတော့ ကြီးမားတဲ့ အကြောက်တရားနဲ့ နအဖ စစ်အာဏာရှင်စနစ် သက်တမ်းကို ဆွဲဆန့်ချင်လို့ပါပဲ။ ဒီလိုထောင်ဒဏ်နှစ် ၃၀၊ နှစ် ၆၀ ကျော်ကို ဘယ်သူမှလဲကျခံဖို့ အခွင့်အလမ်းမရှိသလို၊ နအဖ စစ်အစိုးရဘက်ကလည်း ဒီလိုနှစ်ရှည်တည်မြဲစရာ အကြောင်းအချက်တွေ မမြင်တွေ့ရပါဘူး။

မဆလ လက်ထက်မှာ ၆ လ၊ ၁ နှစ် အများဆုံး ၂ နှစ်သာ အမိန့်ချမှတ်လေ့ရှိတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေဟာ နဝတ၊ နအဖ လက်ထက်မှာ အနည်းဆုံး ၃ နှစ်မှ ၅ နှစ်၊ ၇ နှစ်ထိ အမိန့်ချလေ့ရှိပါတယ်။

အဲဒီလိုပဲ နဝတနဲ့ နအဖ နှောင်းပိုင်း ကာလ (မကြာမီနှစ်များအတွင်း ရွေးကောက်ပွဲနဲ့ နာမည်ပြောင်းဦးမှာမို့ နအဖ နှောင်းပိုင်းလို့ သုံးနှုန်းလိုက်တာပါ) အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အများဆုံး ၁၀ နှစ် အနှစ် ၂၀ ချရာကနေ အခု စက်တင်ဘာ လူထု အုံကြွမှုအပြီး မှာတော့ ၂၀၀၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အီလက်ထရွန်းနစ် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ခွဲပြီး လီပြီးချလိုက်တာ တဦးကို အနှစ် ၆၀၊ ၆၅ နှစ်စီ ဖြစ်ကုန်ပါတော့တယ်။


အဲဒီ အီလက်ထရွန်းနစ် အက်ဥပဒေမှာ အီလက်ထရွန်းနစ် နည်းပညာဖြင့် နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေး ၊ နယ်မြေအေးချမ်းသာယာရေး စတဲ့အချက်တွေ အကျုံးဝင်ရင် အနည်းဆုံးထောင်ဒဏ် ၇ နှစ်မှ အများဆုံး ၁၅ နှစ်ထိ ချမှတ်နိုင်သည် လို့ ဖော်ပြထားပါတယ်။


နိုင်ငံရေးလှုပ်ရှားမှုနှင့် မီဒီယာ

ယခု ထောင်ဒဏ်ချမှတ်ခံရသူများအား နိုင်ငံရေး လှုပ်ရှားမှုကြောင့်လို့ အသားပေး မဖော်ပြဘဲ ပြည်ပ သတင်းမီဒီယာများသို့ ပြောဆိုခြင်း၊ သတင်းအချက်အလက်၊ ဓာတ်ပုံပေးပို့ခြင်း၊ သတင်းမှတ်တမ်း ဗီဒီယိုပေးပို့ခြင်းတို့ကြောင့်လို တရားရုံးမှာ စစ်အစိုးရဘက်က တင်ပြပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရဟာ ပြည်ပ သတင်းမီဒီယာရဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်မှုကို သတိပြုမိသလို စိုးရိမ်မှုလည်း ကြီးမားကြောင်းပြသလိုက်တာပါ။

၁၉၈၈ ခုနှစ် နောက်ပိုင်း အကြီးဆုံး လူထုအုံကြွမှုလို့ သတ်မှတ်ကြတဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ ရန်ကုန်မြို့က ဖြစ်ပျက်သမျှ လူတွေမြင်တွေ့ရသမျှကို အင်တာနက်ပေါ်တင်၊ လေလှိုင်းပေါ် လွှင့်တင်နဲ့ ကမ္ဘာက မြင်ရကြားရပြီး စစ်အစိုးရရဲ့ ရက်စက်မှု၊ ယုတ်မာမှုတွေကို ဖုံးကွယ်မရဖြစ်ခဲ့ပါတယ်။

အဖြစ်အပျက်တွေဟာ နေ့ချင်းတောင်မကပဲ နာရီပိုင်းအတွင်း အင်တာနက်ပေါ်၊ တီဗီပေါ် ဂြိုဟ်တုစလောင်းပေါ်၊ ရေဒီယိုပေါ်ရောက်သွားခဲ့လို့လဲ စစ်အစိုးရက ခေတ်မှီ အိုင်တီနည်းပညာ မီဒီယာကို ထိတ်လန့်တုန်လှုပ်လာတာပါ။

မီဒီယာလို့ ဆိုပေမယ့် ဒီသတင်းတွေကို ပေးပို့သူ တင်ပြသူ အားလုံးဟာ မီဒီသမားတွေမဟုတ်ပါဘူး။ သာမန်အရပ်သား ဂျာနယ်လစ် (citizen journalist) လို့ခေါ်တဲ့ သူလိုငါလို အင်တာနက်သုံးစွဲသူတွေ အများအပြား ပါဝင်ကြပါတယ်။

အဲဒီအထဲမှာ မီဒီယာနဲ့ အသက်မွေးဝမ်းကျောင်းသူမဟုတ်တဲ့ ဘလော့ဂါတွေလည်း ပါဝင်ခဲ့ပါတယ်။ စက်တင်ဘာလ ရန်ကုန်မြို့မှာ သံဃာတွေ ဆန္ဒပြနေခဲ့တဲ့ရက်တွေက ရန်ကုန်မြို့ခံတွေတောင်မှ စီတန်းလမ်လျှောက်တဲ့ သံဃာအုပ်စု ဘယ်နှစ်စုရှိပြီး အခုဘယ်ရောက်နေသလဲ ဆိုတာအတိအကျ မသိနိုင်လို့ အင်တာနက်ကို ဖွင့်ထာားပြီး အင်တာနက်ပေါ်မှာ ပြည်ပမြန်မာမီဒီယာတွေက နာရီနဲ့အမျှတင်တဲ့ သတင်းတွေကိုကြည့်ကာ သံဃာတွေတော့ စမ်းချောင်းရောက်နေပြီ၊ ဒေါ်စုရဲ့အိမ်ရှေ့ကိုဦးတည်နေပြီ ဆိုတာကို သိရှိကြရပါတယ်။
ကျွန်တော်နဲ့သိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုက ဝန်ထမ်းတချို့ဆို ရုံးခန်းထဲမှ ကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ဆန္ဒပြတဲ့ လူတန်းကြီး ဆူးလေမှာလား၊ တာမွေမှာလား ဆိုတာကို စောင့်ကြည့်နားထောင် နေခဲ့ကြတာပါ။

ပြည်တွင်း၊ ပြည်ပ ဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကလည်း အဆိုပါ စက်တင်ဘာအရေးအခင်းမှာ အရေးပါလှပါတယ်။ အန်တီစုရဲ့အိမ်ရှေ့မှာ ရှားရှားပါးပါး ရိုက်ယူခဲ့တဲ့ ဓာတ်ပုံဟာ မီဒီယာက သတင်းထောက် မဟုတ်ပါဘူး။ သာမန်အရပ်သားထဲက ရိုက်ယူနိုင်ခဲ့ပြီး ဘလော့ဆိုက်မှာ ပထမဆုံးတင်နိုင်ခဲ့တာပါ။

သူတို့ဟာ နိုင်ငံရေးအသိနဲ့ အိုင်တီ နည်းပညာကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို ကမ္ဘာ့ပြည်သူတွေသိရှိအောင် အန္တရာယ်ကြားက စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲပဲ ဘလော့ဂါ နေဘုန်းလတ်ကို စစ်အစိုးရက စံပြအဖြစ်နဲ့ ထောင်ဒဏ် မတန်တဆ ချမှတ်ခဲ့ပုံရပါတယ်။ ဘလော့ဂါတွေကို ကြောက်ရွံ့စေဖို့ သာမန်အရပ်သား အင်တာနက် သုံးစွဲသူတွေကို နိုင်ငံရေးနဲ့ မပတ်သက်လာအောင် ခြိမ်းခြောက်လိုက်တာပါ။

မီဒီယာလောကမှ သတင်းထောက်တွေလည်း စက်တင်ဘာနဲ့ပတ်သက်ပြီး၊ နာဂစ်မုန်တိုင်း အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာနဲ့ ဆက်နွယ်တယ်လို့ယူဆတာနဲ့ အရေးယူဖို့ ဝန်မလေးတာတွေ့ရပါတယ်။

အခုတသုတ် အပြစ်ပေးခံရတဲ့ အထဲ အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ယခင် ဝိကလီးအလဲဗင်းမှ သတင်းထောက် ကိုကျော်ကျော် သန့်တို့ ပါဝင်ပါတယ်။ မအိမ့်ခိုင်ဦးကို ထောင်ဒဏ်၂ နှစ်ချ ပြီးကိုကျော်ကျော်သန့်ကိုတော့ ၇ နှစ်ချခဲ့တာပါ။

ယခုအဖြစ်အပျက်မှာ အများဆုံးထောင်ဒဏ်ကျခံရသူတွေကတော့ သံဃာ့တပ်ပေါင်းစုက သံဃာတော်အချို့နဲ့ ၈၈ မျိုးဆက်အဖွဲ့ ကျောင်းသားခေါင်းဆောင် ၂ ဒါဇင်နီးပါးဖြစ်ပါတယ်။ သူတို့ကိုချမှတ်တဲ့ အီလက်ထရွန်းနစ် ဥပဒေဆိုတာလဲ ပြည်ပမြန်မာရေဒီယိုတွေနဲ့ အမေးအဖြေလုပ်တယ်ဆိုတာကို အဓိကထားတာတွေ့ရပါတယ်။

ဒီအချက်ကဘာကို ပြသ သလဲဆိုရင် နိုင်ငံရေးလှုပ်ရှားမှုနဲ့ မီဒီယာ ပူးပေါင်းမိမှာကို စစ်အစိုးရက လုံးဝလျစ်လျူမရှုနိုင်ဘူး ဆိုတာပါ။ နောက်နောင် ဖြစ်လာနိုင်တဲ့ လူထုလှုပ်ရှားမှုတွေ သံဃာ့လှုပ်ရှားမှုတွေ မှာစစ်အစိုးရက အင်တာနက်ကို ချက်ချင်းပိတ်ပစ်မှာကတော့ သေချာသလောက်ရှိပါတယ်။

ပြည်ပ မြန်မာသတင်းမီဒီယာတွေရဲ့ ဝက်ဆိုက်တွေကိုလည်း စစ်အစိုးရကလေ့ကျင့်ပေးထားတဲ့ အိုင်တီ ပညာရှင်တွေက မကြာမကြာ တိုက်ခိုက်လာတာ စက်တင်ဘာနောက်ပိုင်းတွေ့မြင်နေရပါတယ်။

သို့ပေမယ့် မိုဘိုင်း တယ်လီဖုန်းထောင်နဲ့ သောင်းနဲ့ချီရှိနေတာကိုတော့ စစ်အစိုးရထိန်းချုပ်ဖို့ရာ လွယ်ကူမယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနှံ့အပြားက လှုပ်ရှားမှုသတင်းတွေ တနည်းမဟုတ်တနည်းနဲ့ နေ့ချင်းသော်လည်းကောင်း နောက်တနေ့မှာ သော်လည်းကောင်း လေလှိုင်းပေါ်၊ အင်တာနက်ပေါ်ရောက်ရှိနေကြဦးမှာပါ။

အခုလို မတန်တဆ ထောင်ဒဏ်ချမှတ်တဲ့ နောက်ကွယ်က ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်တဲ့အနက် မီဒီယာနဲ့ လူထုအုံကြွမှု မပေါင်းစပ်နိုင်အောင် လူထုကို ကြီးမားတဲ့အကြောက်တရားနဲ့လုပ်ဆောင်တယ်ဆိုတာကတော့ ထင်ရှားတဲ့ ရည်ရွယ်ချက် တခု ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရမ်ဘို ၄ လိုရုပ်ရှင်ဗီစီဒီထွက်ရှိလာတာနဲ့ ရောင်းတာတွေ့ရင် ထောင် ၁၂ နှစ်ချမယ် ဆိုတဲ့ကြားထဲက တပတ်အတွင်း ရန်ကုန်တမြို့လုံး ပျံ့နှံ့သွားနိုင်တဲ့ ခေတ်ကာလမှာ စစ်အစိုးရက ဘယ်လိုတားဆီးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ။

စွယ်စုံရအနုပညာရှင် ဇာဂနာ၏ သမီး ငယ်ဦးမွန်။


စွယ်စုံရအနုပညာရှင် ဇာဂနာ၏ သမီး ငယ်ဦးမွန်။ နိုဝင်ဘာ ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့၊ ဟောလိဝုဒ်လမ်း (Hollywood boulevard)ပေါ်ရှိ ဓာတ်ပုံဆိုင်တခုတွင် ရိုက်ကူးထားသောပုံဖြစ်သည်။ အဆိုပါလမ်းတွင် ရုပ်ရှင်၊ ဂီတနယ်ပယ်မှ ထင်ရှားသူတို့၏အမည်များကို ရွေရောင်ကြယ်ပွင့်များပေါ်တွင် ရေးထွင်းဂုဏ်ပြုထားသည်။


နာမည်
အောင်ဝေး
နိုဝင်ဘာ ၂၄၊ ၂၀၀၈
ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ

နာမည်ရှိသလားဖေဖေ’ တဲ့။

မြစ်ကမ်းနဖူးမှာ

ထိုင်တဲ့ည

သားက

ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။



ကျနော်က

ကြယ်တွေတလက်လက်ထ

ရေစီးထဲငေးလို့ ။



အေး ... မတော်တဲ့ကြယ်တွေမှာ

နာမည်မရှိဘူး

တော်တဲ့ကြယ်တွေကျတော့ ... ... ... ...

... ... ... ...။



အဲ့ဒီလို အဲ့ဒီလို

ကြယ်တလုံးချင်းစီရဲ့ နာမည်

ကျနော်ပြောပြ။



ဖေဖေ ... ဒါဆိုရင်

ကမ္ဘာပေါ်မှာ

သားနာမည်နဲ့ ကြယ်လည်း

ရှိမှာပေါ့နော်။



ကျနော် သားကိုပြုံးကြည့်ရင်း

ခေါင်းညိတ်ပြတော့

သားကပျော်သွားပြီး

ကျနော့် မျက်လုံးထဲမှာ

သူ့ နာမည်နဲ့ ကြယ်ကို

ရှာတွေ့ သွားတယ်။



သားက ဖအေထက်

ပိုပြီးတော်ရမယ် မဟုတ်လား။



ကျနော်က သားကိုထမ်းလို့ 

ကျနော့်ကို

မြစ်ကမ်းပါးကထမ်းလို့ 

အိမ်ပြန်လာတဲ့လမ်းမှာ

ခေတ်ကလည်း

စီးတုန်းပါ။



ဖအေ နဲ့ သား

လွမ်းမိတဲ့ တရားမှာ

နာမည်တွေလည်း

စီးဆင်းနေတုန်းပေါ့။ ။



အောင်ဝေး (၁၉၉၉)