Monday, December 1, 2008

အန်တီကြီး

ငယ်ငယ်ကငါးလှလှလေးတွေဝယ်လျှင်တိုက်ပုလေးမှာသွားဝယ်သည်။ဆိုတေးငါး(sword Tail Fish)
လှလှလေးတွေဈေးပေါပေါနှင့်ရနိုင်သည်။ငါးရောင်းသူကကိုယ့်ထက်ကြီးလှမှတနှစ်...နှစ်နှစ်ပေါ့။
သူ့ရဲ့ညီလေးကကိုယ်နဲ့ရွယ်တူ။သူ့နာမည်ကဇော်ဇော်သူညီနာမည်ကကျော်ကျော်။
ဒီလိုနဲ့ရက်တွေရက်တွေဖြတ်သန်းလာရင်း၁၉၈၅၊၁၉၈၆အထက်တန်းကျောင်းတက်တဲ့အရွယ်
ရောက်လာကြသည်။

မောင်မောင်နှင့်ညီညီ

ချစ်စနိုးနှင့်ခွေးညီနောင်ဟုလည်းခေါ်သည်။သူငယ်ချင်းအတွက်အနစ်နာခံပေါင်းသင်းတတ်သော
ညီအကိုနှစ်ယောက်ဖြစ်သည်။မောင်မောင်နှင့်ဇော်ဇော်ကရွယ်တူဖြစ်သလိုညီညီနှင့်ပတ်သက်၍
လည်းကျော်ကျော်နှင့်သူငယ်ချင်းဖြစ်လာသည်။ဇော်ဇော်ကရွယ်တူသူငယ်ချင်းနည်းသည်။
ဆရာဦးစိုးညွန့်၏ အားမာန်ကျူရှင်တွင်အတန်းပြီးချိန်တွင်ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)
၏အင်္ဂလိပ်စာအခမဲ့သင်တန်းရှိသည်။ဆရာနေ၀င်းမြင့်၊ဆရာညွန့်ဝေမိုး၊ဆရာစိုးညွန့်ဝေအပါအ၀င်
ကိုးတန်းကျောင်းသားဆယ်တန်းကျောင်းသားများလည်းတက်ရောက်သင်ယူကြသည်။အားလုံး
နားလည်အောင်ဆရာကြီးကသင်ကြားပေးသည်။သင်ကြားချိန်ပြီးလက်ဖက်ရည်ဆိုင်ထိုင်လျှင်
ဇော်ဇော်ကိုအထက်ပါစာရေးဆရာများနှင့်အမြဲအတူထိုင်လေ့ရှိသည်ကိုတွေ့ရသည်။

အေးအေးဆေးဆေး

အေးအေးဆေးဆေးလက်ဖက်ရည်ဆိုင်ဆိုလျှင်ဂျီတီအိုင်ကျောင်းသားတိုင်းသိသည်။ဆိုင်ရှင်အန်တီ
ဲကြီးကသဘောလည်းကောင်းသည်။မင်းသမီးကြီးတင်တင်ညိုထက်မနိမ့်သောရုပ်ရည်ကိုပိုင်ဆိုင်သူ
လည်းဖြစ်သည်။အကြွေးလည်းသောက်လို့ရသဖြင့်ကျောင်းသားများအမြဲပြည့်နေသောဆိုင်ဖြစ်သည်။
ကျောင်းသားများကိုလည်းသားအရင်းတွေလိုဆက်ဆံတတ်သည်။

ဇော်ဇော်နှင့်ကျော်ကျော်ကအန်တီကြီး၏သားများဖြစ်သည်။သားနှစ်ယောက်လုံးကလည်းအန်တီကြီး၏
ရုပ်ရည်ကိုရရှိထားကြသူများဖြစ်ပေသည်။

ကိုစိုး

သူနဲ့ကဆွေရိပ်မျိုးရိပ်သိပ်မကင်း။စာလည်းရေးသည်။စာတည်း၊ အယ်ဒီတာလည်းလုပ်သည်။အိမ်မှာစာ
အုပ်အငှားဆိုင်လည်းရှိသည်။သူ့ဆိုင်မှာပဲစာအုပ်ငှားသည်။ငှားမည့်စာအုပ်၎အုပ်လောက်ရွေး။ငှားသင့်မ
ငှားသင့်၃အုပ်လောက်ကိုအစအဆုံးဖတ်ကြည့်ပြီးမှကျန်တအုပ်ကိုမဖတ်တော့ပဲငှား၍ရသောကြောင့်ဖြစ်
သည်။မြို့ထဲကမဂ္ဂဇင်းတိုက်တွေမှာအလုပ်လုပ်၍မိုးစုန်းစုန်းချူပ်မှပြန်လာပြီးသီချင်းလေးတအေးအေး
နှင့်လမ်းထဲကိုဝင်လာတတ်သည်။ဇော်ဇော်နှင့်လည်းသူငယ်ချင်းအရင်းတဦးဖြစ်သည်။

သောကပင်လယ်

၈၈၈၈အရေးအခင်းဖြစ်တော့ဖော်ဖော်ကတောခိုသွားသည်။၁၉၉၁ကျောင်းတွေပြန်ဖွင့်တော့ကျောင်း
တွင်းစာဝေစာကပ်တိုက်ပွဲအရှိန်အဟုန်ကပြင်းထန်လှသည်။အရိပ်တကြည့်ကြည့်နှင့်မျက်စိအောက်က
နအဖအပျောက်မခံသူများမှာကျောင်းသားများပင်ဖြစ်ပေတော့သည်။

အဲဒီအချိန်ကစ၍စစ်သားများနှင့်သာပတ်သက်သည့်စစ်ခုံရုံးဆိုတာကြီးကအပြင်(အင်းစိန်)ရောက်လာပြီး
ဝန်ခံလျှင်၃နှစ်ဝန်မခံလျှင်၅နှစ်ဟောတယောက်ဟောတယောက်ဗိုလ်မှုးကြီးများကိုယ်တိုင်ထောင်ချပါတီ
ပွဲကြီးလှိုင်လှိုင်ကျင်းပခဲ့ကြလေတော့သည်။

တညမှာမဖိတ်ပဲဧည့်သည်အစိမ်းရောင်များကတိုက်ပုလေးဆီသို့စိုက်စိုက်ရောက်လာ၍ကျော်ကျော်နှင့်
အခြားသူငယ်ချင်းတယောက်ကိုစာဝေစာကပ်စွဲချက်နှင့်ခေါ်ဆောင်သွားကြလေတော့သည်။
အမေနှင့်အဖွားနှစ်ဦးထဲသာတိုက်ပုလေးမှာကျန်ခဲ့လေတော့သည်။

ကျော်ကျော်ဘယ်လိုဖြောင့်ချက်ပေးလည်းတော့မသိ။ထောင်၁၁နှစ်နိုင်င်္ငရေးပုဒ်မဖြင့်ကျသွားလေးတော့
သည်။ဗြိတိသျှနယ်ချဲ့တွေကသခင်ပေါက်စထောင်၆လစနစ်ကိုကျင်သုံးခဲ့ကြသည်။နအဖက
၆ကို၆၅။လကိုနှစ်ပြောင်း၍ ဆက်လက်ကျင့်သုံးသည်။

အန်တီကြီးမှာသိသိသာသာကြီးကိုချူံးကျသွားတော့သည်။ပြည်တော်သာရုပ်ရှင်ရုံဖျက်
လိုက်သောအခါလမ်းထောင့်တွင်ရှိသောအေးအေးဆေးဆေးလက်ဖက်ရည်ဆိုင်မှာလည်းအတွင်း
ဖက်မိန်းကလေးအဆောင်နှင့်တတန်းထဲလောက်မှာနေရာအသစ်ပြောင်းဖွင့်လိုက်ရသည်။ရင်ထဲကခံစားရ
မှုတွေကိုသိုဝှက်၍လောကဓံကိုသူရင်ဆိုင်သည်။တဦးတည်းကျန်ရှိနေသောသားအငယ်ကိုထောင်ဝင်စာ
မှန်မှန်သွားတွေ့သည်။ပိုက်ဆံမှန်မှန်ပို့ပေးသည်။ဆိုင်ကိုမှန်မှန်ထွက်နိုင်အောင်ကြိုးစားသည်။

ကျောင်းမှာနားချိန်ဆိုလျှင်အန်တီကြီးဆိုင်မှာပဲထိုင်သည်။တတ်နိုင်သလောက်ဝိုင်းကူညီကြသည်။
ဇော်ဇော်သူငယ်ချင်းဂျပန်မကြီး(၈၈၈၈တွင်ရသောနာမည်)ကလည်းဆိုင်အတွက်လိုအပ်တာတွေ
ဖြည့်ဆည်းပေးသည်။သား၏သူငယ်ချင်းတွေကိုတွေ့နေရတော့အန်တီကြီးရဲ့သောကတွေအနည်းငယ်
တော့ပြေလျော့သွားလိမ့်မည်ထင်သည်။

ညီညီကကျောင်းမှာမျက်နှာမြင်ရီချင်ဘွဲ့ရထားသူဖြစ်သည်။အန်တီကြီးကိုလည်းတမျိုးမဟုတ်တမျိုးလှည့်
ပတ်စနေတတ်သည်။အန်တီကြီးကလည်းမောင်မောင်နှင့်ညီညီကိုသားအရင်းလိုချစ်သည်။သူတို့ကတိုက်
ပုလေးတွင်အိပ်ရင်းကျောင်းတက်လေ့လည်းရှိသည်။တခါတရံသူငယ်ချင်းတွေတိုက်ပုလေးမှာညအိပ်ရင်း
စာလုပ်ကြသည်။အန်တီကြီးကလည်းခွင့်ပြုထားသည်။တိုက်ပုလေးကိုသူ့သားတွေရှိစဉ်ကလိုပဲစိုစိုပြေပြေ
လေးရှိနေချင်ပုံရသည်။တညမီးကလည်းပျက်စာလုပ်မရမည့်အတူအဘွား၊အန်တီကြီးနှင့်အတူထိုင်စကား
ပြောဖြစ်ကြသည်။ကုလားထိုင်မြင့်မြင့်တခုတွင်ထိုင်ရင်းအန်တီကြီးကအရည်တမျိုးကိုခွက်တခုတွင်ထည့်
ထားပြီးခြေနှစ်ဖက်ကိုစိမ်ရင်းစကားပြောသည်။

ထွေရာလေးပါးပြောရင်းမြန်မာ့နိုင်ငံရေးအကြောင်းရောက်လာတော့၊အန်တီကြီးဆွေးနွေးချက်တွေ၊ခံယူချက်
တွေကရဲရဲတောက်၊အမှောင်ထဲမှာမျက်ဝန်းတွေကလက်လက်တောက်၊ဒါမျိုးတွေအန်တီကြီးရင်ထဲမှာရှိနေလိမ့်
မည်ဟုတွေးမထားခဲ့မိ။အမြဲပြုံးပြုံးနှင့်နေတတ်သောအန်တီကြီး၊အမေနှင့်သားအတွက်ရင်ထဲကခံယူချက်တွေကို
လျွှို့ဝှက်ထားသည်။သားနှစ်ယောက်လုံး၏နိင်ငံရေးဗီဇတွေဒီအမေဆီကနေစတင်ကိန်းအောင်းခဲ့တာယုံမှားဖွယ် ရာမရှိနိုင်တော့ပေ။

၁၉၉၅၏ညနေတခု။

သတင်းကဆိုးလွန်းလှသည်။အင်းစိန်ဂျီတီအိုင်ဘေးရှိအေးအေးဆေးဆေးဆိုင်လေးကိုသိမ်းပြီးဆိုက်
ကားနှင့်တိုက်ပုလေးကိုအပြန် လမ်းမှာကားအက်ဆီးဒန့်စ်ဖြစ်သည်။သူချစ်သောကော်ဖီဆိုင်လေး
နှင့်အရာအားလုံးကိုစွန့်လွှတ်ခဲ့ရသည်။အန်တီကြီးဆုံးတော့သားအကြီးဇော်ဇော်ကပြည်ပမှာ၊သားအ
ငယ်ကသာယာဝတီထောင်ထဲမှာ၊အမေကအိပ်ရာထဲမှာဒီလိုအဖြစ်ဆိုးတွေမြန်မာနိုင်ငံမှာဘယ်နှမိသားစု
တွေကြုံဆုံခဲ့ရပြီးပြီလည်း။သောကပင်လယ်ဝေခဲ့ကြရပြီးပြီလည်း၊စည်သူမောင်၊နေဘုန်းလတ်၊ဇေယာသော်၊
မျိုးဆက်အသစ်တွေ၊မျက်ရည်ချောင်းစီးဒီသောကပင်လယ်ထဲမှာဘယ်လောက်များထိစီးမျောနေကြရအုံးမှာလည်း။
မောင်မောင်ကတိုက်ပုလေးမှာပြောင်းနေပေးသည်။အန်တီကြီးအမျိုးတွေကနယ်ဇာတိတွေဆိုတော့
ချက်ချင်းတော့အဘွားအတွက်စီစဉ်မှုတွေမလုပ်ရသေး။မောင်မောင်၊ညီညီနှင့်ဂျပန်မကြီးကအလှည့်ကျ
ကျော်ကျော့်ကိုထောင်ဝင်စာသွားတွေ့ရသည်။

အခုတော့သူတို့တွေပြန်လည်ဆုံဆည်းပြီးမြန်မာ့နိုင်ငံအရေးကိုတက်တက်ကြွကြွပါဝင်တိုက်ပွဲဝင်နေကြပါတယ်။
အန်တီကြီးရောက်ရာအရပ်ကကျေနပ်နိင်ပါစေ။တာဝန်ကျေတဲ့မိခင်တယောက်အဖြစ်အမြဲအမှတ်ရသတိတရရှိ
နေတာအန်တီကြီးကြားသိနိုင်ပါစေ။

အန်တီကြီးကောင်းရာသုဂတိလားပါစေ။ ။

(ဧရာဝတီဝိုင်းတော်သားများဖြစ်သည့် ဇော်ကြီး၊ကျော်စွာ၊မောင်မောင်၊ကိုစိုး၊အာကြီး သို့အမှတ်တရ)

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်



မင်းထက်အောင် နိုဝင်ဘာ ၆၊ ၂၀၀၈။

မြန်မာပြည်မှ မိတ်ဆွေတစ်ဦး ထိုင်းနိုင်ငံဘက် အလုပ်အကိုင်ရှာဖွေဖို့ ရောက်လာပါတယ်၊ လက်ရှိထိုင်းနိုင်ငံရဲ့ စီးပွားရေးဂယက် အခြေအနေကို မသိခဲ့၊ လတ်တလော ထိုင်းနိုင်ငံမှာ အလုပ်သမားနဲ့ လုပ်ခများ လျှော့ချလို့ မြန်မာအလုပ်သမား အများအပြား ဒုက္ခဖြစ်နေရသည်ကို နယ်စပ်ရောက်လာတော့မှ ကျနော့်မိတ်ဆွေ သိရလေတော့သည်၊ သူ၏အနာဂတ်ခရီးကား ရှေ့ကိုသွားလို့မရ၊ နောက်ဆုတ်လို့လည်းမဖြစ်တဲ့ အခြေအနေပါ။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာအုပ်စု မိချောင်းအိုင်ရပ်ကွက်မှ ကျနော့် မိတ်ဆွေက စိတ်မသက်သာ စရာ သူဒေသအဖြစ်အပျက်အကြောင်းကို ဖေါက်သည်ချလိုက်ပါတယ်။

ကံပေါက်ကျေးရွာမှာ အိမ်ခြေ ၁၃၀၀ ခန့်ရှိပြီး ရပ်ကွက် ၁၀ ခုရှိပါတယ်၊ လက်ရှိ ရယက ဥက္ကဌ ဦးလှသန်းနဲ့ အတွင်းရေးမှူး ဦးသားကြီးတို့က ကျေးရွာအခြေစိုက် စရဖ (MAS) နဲ့ အစုရှယ်ယာဖွဲ့ကြပြီး နှစ်လုံးထီ နေ့စဉ်ချဲ၊ ဘောလုံးပွဲ၊ လောင်းကစားပွဲအမျိုးမျိုးတို့ရဲ့ဒိုင်များဖြစ်ကြပါတယ်၊ အိုးအိမ်၊ ခြံမြေပေါင်နှံခြင်းကိုလည်း လက်ခံပေးကြပါတယ်။

တိုတယ်ကုမ္ပဏီရဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကံပေါက်ကျေးရွာသည်လည်း ပါဝင်နေတာကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရယကများ ဆောင်ရွက်နိုင်ဖို့ တလလျှင် ခရီးစရိတ် တစ်အိမ်ငါးရာကျပ် ပေးဆောင်နေရပါသတဲ့။ ပြီးခဲ့တဲ့ဇွန်လမှာ တရုပ်မိုင်းကုမ္ပဏီ လုပ်ငန်းတခုနဲ့ ထိုင်းပီတီတီ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း အသစ်ထပ်မံ သွယ်တန်းဖို့ ကံပေါက်ရွာမှာ ရုံးလာဖွင့်ကြတယ်၊ စစ်တပ်နဲ့ပေါင်းပြီး လုပ်အားခ နည်းနည်းပါးပါးပေးဈေးနှိမ်လို့ ဒေသခံအလုပ်သမားများကို ငှားရမ်းရာမှာ အခက်အခဲတွေ့နေရပါတယ်၊ ဝင်ရောက်လုပ်ကိုင် သူအနည်းငယ်သာ ရှိပါတယ်။

လက်ရှိအခြေအနေမှာတော့ အရွယ်ရောက်သူများ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနိုင်ငံကို ဖြစ်တဲ့ နည်းနဲ့အလုပ်သွား လုပ်နိုင်ဖို့ပဲ အားထုတ်နေကြပါတယ်၊ အဲဒီနိုင်ငံတွေကို သွာရောက်နိုင်ဖို့အတွက်ရှိသမျှ လက်ဝတ်လက်စား၊ အိမ်၊ ခြံမြေတွေကို ပေါင်နှံရောင်းခြ ကြရပါတယ်၊ ဒါပေမဲ့ ရည်ရွယ်ချက်က ကြီးမားပေမဲ့ လက်တွေ့အခြေအနေမှာ ရလာမဲ့ အကျိုးရလဒ်တွေက မရေမရာ။

ရွာမှာရှိတဲ့အလုပ်အကိုင်က ဝင်ငွေနဲ့ထွက်ငွေမမျှ၊ ချဲထီတို့၊ လောင်းကစားဝိုင်းတို့ကသာ လျှပ်တစ်ပြတ် ထွက်ပေါက် တစ်ခု ဒါပေမဲ့ ကိုယ်အတွက်မျှော်လင့်ချက်ဆိုတာ ၁၀% တောင်မရှိလှပါ၊ ဘိုးတော်၊ ချိုင်းနဲ့ အတိတ်နိမိတ်၊ အိပ်မက်ပါ မကျန်ချဲ နံပါတ်ရရှိရေးကို ကြိုးပမ်းအားထုတ်ယင်း ရှိသမျှအတွင်း အပြင်ပစ္စည်းများ တနေ့ထက်တစ်နေ့ လုံးပါးပါးလာတော့တယ်။

ကံပေါက်ကျေးရွာ ရယကအဖွဲ့က ဒေသခံများကို တဖက်နိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်း မပြုကြရန်နဲ့ သွားရောက်သူများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမှာဖြစ်ကြောင်း သတိပေးတားမြစ် ချက်များ ထုတ်ပြန်ထားသော်လည်း ဒေသခံများအနေနဲ့ မဖူလုံမလုံလောက်တဲ့ မိသားစုဝမ်းစာရေး ဖြည့်ဆည်းပေးနိုင် ဖို့အတွက် တဖက်နိုင်ငံသို့ မဖြစ်မနေသွားရမည်သာ၊ ပြည်တွင်းကုန်ဈေးနှုံးကြီးမြင့်နေမှုကို ဘယ်သူတွေ တားဆီး ပေးနိုင်မလဲ၊ မည်သူမဆို ကိုယ့်မိသားစုနဲ့ ကိုယ်ရပ်ရွာဒေသမှာ နေချင်ကြစမြဲပါ၊ ရပ်ကွဲရွာကွဲ၊ သားကွဲမယားကွဲ မနေလိုကြပါဘူး။

ကျနော့်မိတ်ဆွေ ရည်မှန်းထားတဲ့ ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်နိုင်သည်ဆိုဦးတော့ အခုအခြေအနေမှာ အလုပ်ရဖို့ မလွယ်၊ အိမ်ကိုပြန်ဖို့လည်းမဖြစ်၊ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခရီးတထောက်မှာပဲ တဝဲဝဲလည်နေဆဲ။

မင်းထက်အောင်

စကားချပ်

ကံပေါက်ကျေးရွာ လက်ရှိကုန်ဈေးနှုံးအခြေအနေများ (အောက်တိုဘာလနောက်ဆုံးပတ် ၂၀၀၈) ကို
တင်ပြထားပါ သည်။

၁။ဆန်ဈေးနှုန်း

-ပေါ်ဆန်းမွှေး (၁)ပြီ - ၁၃ဝဝ ကျပ်

-ငကျွဲ (၁)ပြီ - ၁၂ဝဝ ကျပ်

-ဧည့်မထ (၁)ပြီ - ၁၂၅ဝ ကျပ်

-ကမာကြီ (၁)ပြီ - ၁၁ဝဝ ကျပ်

-ငစိန် (၁)ပြီ - ၉ဝဝ ကျပ်

-ကောက်ညှင်း(အဖြူ) (၁)ပြီ - ၁၆ဝဝ ကျပ်

-ကောက်ညှင်း(အမဲ) (၁)ပြီ - ၁၈ဝဝ ကျပ်

၂။စားဆီဈေးနှုန်း

-ပဲဆီ (၁)ပိဿာ - ၅ဝဝဝ ကျပ်

-နှမ်းဆီ (၁)ပိဿာ - ၅၅ဝဝ ကျပ်

-ဆီအုန်းဆီ (၁)ပိဿာ - ၃၅ဝဝ ကျပ်

-အုန်းဆီ (၁)ပိဿာ - ၅ဝဝဝ ကျပ်

၃။အသားဈေးနှုန်း

-ဝက်သား(အသား) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ဝက်သား(သုံးထပ်သား) (၁)ပိဿာ - ၆ဝဝဝ ကျပ်

-အမဲသား (၁)ပိဿာ - ၇ဝဝဝ ကျပ်

-ကြက်သား (၁)ပိဿာ - ၆၅ဝဝ ကျပ်

၎။ ငါးဈေးနှုန်း

-ငါးကွမ်းရှပ် (၁)ပိဿာ - ၃ဝဝဝ ကျပ်

-ငါးလိတ်ကျောက် (၁)ပိဿာ - ၂၅ဝဝ ကျပ်

-ငါးမုတ် (၁)ပိဿာ - ၂ဝဝဝ ကျပ်

-ငါးသလောက် (၁)ပိဿာ - ၅၂ဝဝ ကျပ်

-ငါးကျွဲရင် (၁)ပိဿာ - ၄ဝဝဝ ကျပ်

-ငါးပေါင်း (၁)ပိဿာ - ၈၅ဝဝ ကျပ်

-ပုဇွန်ထုပ်(အရှင်) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ပုဇွန်ထုပ်(အသေ) (၁)ပိဿာ - ၃၅ဝဝ ကျပ်

-ကျောက်ပုဇွန်(အရှင်) (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ကျောက်ပုဇွန်(အသေ) (၁)ပိဿာ - ၃၅ဝဝ ကျပ်

၅။ ငါးခြောက်ဈေးနှုန်း

-ပုဇွန်ခြောက်(နံပါတ်-၁) (၁)ပိဿာ - ၂ဝဝဝဝ ကျပ်

-ပုဇွန်ခြောက်(နံပါတ်-၂) (၁)ပိဿာ - ၁၅ဝဝဝ ကျပ်

-ပုဇွန်ခြောက်(နံပါတ်-၃) (၁)ပိဿာ - ၁၂ဝဝဝ ကျပ်

-ငါးကွမ်းရှပ်ခြောက် (၁)ပိဿာ - ၁၁ဝဝဝ ကျပ်

-ငါးလိတ်ကျောက်ခြောက် (၁)ပိဿာ - ၇ဝဝဝ ကျပ်

၆။ လက်ဘက်ရည်ဆိုင်ဈေးနှုန်း

-ကာဖီ(ရိုးရိုး) (၁)ခွက် - ၂၅ဝ ကျပ်

-ကာဖီ(ကော်ဖီမိတ်) (၁)ခွက် - ၃ဝဝ ကျပ်

-လက်ဘက်ရည်(ချက်နို‹ဆီ) (၁)ခွက် - ၂ဝဝ ကျပ်

-လက်ဘက်ရည်(နို‹ဆီဗူး) (၁)ခွက် - ၂၅ဝ ကျပ်

-ပဲဟင်း (၁)ခွက် - ၂ဝဝ ကျပ်

-အီကြာကွေး(၁ချောင်းတွဲ) (၁)ချောင်း - ၁၅ဝ ကျပ်

-အီကြာကွေး(၂ချောင်းတွဲ) (၁)ချောင်း - ၃ဝဝ ကျပ်

-မုန့်မျိုးစုံ (၁)တုံး - ၁ဝဝ ကျပ်

-နံပြား (၁)ချပ် - ၃ဝဝ ကျပ်

၇။ ဟင်းသီးဟင်းရွက်ဈေးနှုန်း

-ကြက်သွန်ဖြူ (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ကြက်သွန်နီ (၁)ပိဿာ - ၁ဝဝဝ ကျပ်

-ပဲခြမ်း (၁)ပိဿာ - ၁၈ဝဝ ကျပ်

-မန်းကျီးသီး (၁)ပိဿာ - ၁၇ဝဝ ကျပ်

-အာလူး (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ငရုတ်သီးခြောက် (၁)ပိဿာ - ၈ဝဝဝ ကျပ်

-ငရုတ်သီးစိမ်း(နို့ဆီဗူး) (၁)ဗူး - ၅ဝဝ ကျပ်

-ငှက်ပျောသီး(ရခိုင်) (၁)ဖီး - ၅ဝဝ ကျပ်

-ငှက်ပျောသီး(ဖီးကြမ်း) (၁)ဖီး - ၁ဝဝဝ ကျပ်

-ငှက်ပျောသီး(သီးမွှေး) (၁)ဖီး - ၁၅ဝဝ ကျပ်

-ကော်ဖီထုပ် (၁)ပိဿာ - ၆ဝဝ ကျပ်

-ကော်ဖီပန်း(အပွင့်ကြီး) (၁)ပွင့် - ၅ဝဝ ကျပ်

-ကော်ဖီပန်း(အပွင့်ငယ်) (၁)ပွင့် - ၃ဝဝ ကျပ်

-ခရမ်းချဉ်သီး(ရန်ကုန်) (၁)ပိဿာ - ၇ဝဝ ကျပ်

-ခရမ်းချဉ်သီး(ထားဝယ်) (၁)ပိဿာ - ၅ဝဝ ကျပ်

-သံပုရာသီး (၁)လုံး - ၃ဝ ကျပ်

-ချဉ်ပေါင် ရွက်(၁ဝခက်) (၁)စီး - ၅ဝ ကျပ်

-ကဇွန်းရွက်(၁ဝခက်) (၁)စီး - ၅ဝ ကျပ်

၈။ အထွေထွေကုန်းဈေးနှုန်း

-ငါးပိ(အကောင်းစား) (၁)ပိဿာ - ၂ဝဝဝ ကျပ်

-ငါးပိ(သာမန်) (၁)ပိဿာ - ၁၅ဝဝ ကျပ်

-ဆား (၁)ပိဿာ - ၇ဝဝ ကျပ်

-ခေါက်ဆွဲ (၁)စီး - ၈ဝဝ ကျပ်

-ကြာဇံ (၁)ပိဿာ - ၆ဝဝဝ ကျပ်

-ထန်းသကြား (၁)ပိဿာ - ၁၂၅ဝကျပ်

-ဓနိသကြား (၁)ပိဿာ - ၁၂ဝဝ ကျပ်

-သကြား (၁)ပိဿာ - ၁၄ဝဝ ကျပ်

-အချိုမူန့်(ထိုင်း-ကီလိုတဝက်ထုပ်) (၁)ထုပ် - ၁၄ဝဝ ကျပ်

-နို‹ဆီ(ထိုင်း) (၁)လုံး - ၈ဝဝ ကျပ်

-နို‹ဆီ(တပ်မတော်) (၁)လုံး - ၆ဝဝ ကျပ်

-ငါးသေတ္တာ(ထိုင်း) (၁)လုံး - ၈ဝဝ ကျပ်

-အသားဗူး(တပ်မတော်) (၁)လုံး - ၆ဝဝ ကျပ်

-ကြက်ဥ (၁)လုံး - ၂ဝဝ ကျပ်

-ဘဲဥ (၁)လုံး - ၂ဝဝ ကျပ်

၉။ လောင်စာဆီဈေးနှုန်း

-ဓါတ်ဆီ(မြန်မာ) (၁)ဂါလံ - ၄၂ဝဝ ကျပ်

-ဓါတ်ဆီ(ထိုင်း) (၁)ဂါလံ - ၄၅ဝဝ ကျပ်

-ဒီဇယ်(မြန်မာ) (၁)ဂါလံ - ၄ဝဝဝ ကျပ်

-ဒီဇယ်(ထိုင်း) (၁)ဂါလံ - ၄၅ဝဝ ကျပ်

-ရေနံ(မြန်မာ) (၁)ဂါလံ - ၃၄ဝဝ ကျပ်

-ရေနံ(ထိုင်း) (၁)ဂါလံ - ၃၇ဝဝ ကျပ်





မင်းထက်အောင်


တိတ်ဆိတ်နေသောသေနတ်သံများ

မင်းထက်အောင် နိုဝင်ဘာ ၁၈၊ ၂၀၀၈။

နအဖရဲ့ အဓိကနံပါတ်တစ် ရန်သူကတော့ ပြည်တွင်းမြေပေါ် အတိုက်ခံပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီများနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ ၊ အထူးသဖြင့် ဒီလှုပ်ရှားသူ အင်းအားစုတွေမှာ ပါဝင်နေကြတဲ့ ခေါင်းဆောင် အများစုဟာ မြန်မာနိုင်ငံရေး လောကမှာ ရှေ့မီ နောက်မီ အတွေ့အကြုံများ ရှိခဲ့သလို ကမ္ဘာနဲ့မြန်မာပြည် အခြေအနေကို ခေတ်ကာလနဲ့အညီ သိရှိနားလည်ကြတဲ့သူတွေပါ။ ဆိုလိုတာက နိုင်ငံရေးကို နားလည်ကြတဲ့သူတွေပါ။ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်စုတွေကိုလည်း စစ်အစိုးရက လျှော့မတွက်ပါဘူး။ ဒါကြောင့် အဓိက နံပါတ်တစ် ရန်သူနဲ့ ဆက်စပ်တဲ့သူတွေကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တရားတာ မတရားတာ အပထား၊ နအဖနဲ့ အပေါင်းအပါတွေက ယ္ခု သီတင်းပတ်မှာ မထောက်မညှာ ထောင်ဒဏ်အသီးသီး ချခဲ့ပါပြီ။

တဖက်က အပစ်ရပ်အဖွဲ့တွေဟာ မူလက နအဖရဲ့ ရန်သူနံပါတ်တစ် စာရင်းဝင်ခဲ့ပေမဲ့ သေနတ်တွေကျည် မထိုးထားရတော့တဲ့ အဆင့်ရောက်အောင် ဟန်ဆောင်ပြီး မိတ်ဖွဲ့ ဖြစ်ခဲ့တော့ အပစ်ရပ်အဖွဲ့တွေဟာ နံပါတ်တစ်ရန်သူစာရင်းကနေ ခေတ္တ လျှောကျသွားပါတယ်၊ ဒါပေမဲ့ တဖက်နဲ့တဖက် လုံးဝ ယုံကြည်စိတ်ချရတဲ့ အဆင့်တွေကို မတည်ဆောက်နိုင်ကြသေးပါဘူး။

ဒီတော့ အပစ်ရပ်အဖွဲ့တွေအပေါ် ဗြောင်ဗြောင်တင်းတင်း လက်ရဲဇက်ရဲ မကိုင်တွယ် မစွက်ဖက်ရဲ သေးတာဟာ အဖွဲ့အစည်းတွေအသီးသီးမှာ လက်နက်ကိုယ်စီ ရှိနေသေးလို့ပါပဲ ၊ ဒါပေမဲ့ နအဖက ဒီအဖွဲ့တွေအပေါ် လုံးဝ လစ်လျှူပြုထားတာတော့ မဟုတ်ပါဘူး။

နအဖ အနေနဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ အခြေအနေကို အမြဲတမ်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေကြပါတယ်။ အပစ်ရပ်အဖွဲ့တွေရဲ့ လက်ရှိအနေအထား ၊ လက်နက်လူအင်အား၊ ဘဏ္ဍာရေး ရပ်တည်မှုများ၊ ခေါင်းဆောင်များရဲ့ တဦးချင်း ရပ်တည်မှု အခြေအနေ၊ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းချက်၊ အားသာချက်များတွေကို နအဖရဲ့ အောက်ခြေအဖွဲ့များ အမြဲမပြတ် လေ့လာသုံသပ်ပြီး အစီရင်ခံနေကြရပါတယ်။

အပစ်ရပ်အဖွဲ့တွေအပေါ် တိုက်ရိုက် အမိန့်ပေးနိုင်တဲ့အခြေအနေ နအဖ မရရှိသေးပေမဲ့ ဘဏ္ဍာရေးအရ နအဖကို တည်မှီနေရတဲ့ အချို့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေအပေါ် သြဇာညောင်းလာတာ တွေ့ရှိလာရပါတယ်၊ နအဖ စေခိုင်းနိုင်တဲ့အဖွဲ့တွေ ဖြစ်လာနိုင်ပြီး အချင်းချင်းပဲ ဖြစ်စေ၊ အနီးကပ် မဟာမိတ် အဖွဲ့အစည်းနဲ့ဖြစ်စေ အသေးစား ပဋိပက္ခမှ အကြီးစားဖြစ်လာအောင် လိုအပ်တဲ့ကာလမှာ နအဖက အသုံးချလာနိုင်ပါတယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ သပ်လျှို ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့သာဓကများ ရှိခဲ့ပါတယ်။ အဖွဲ့အစည်းအတွင်း အာဏာလွန်ဆွဲမှု ဖြစ်လာအောင် ခေါင်းဆောင်တချို့ကို မက်လုံးပေး ဖဲ့ထုတ်စည်းရုံးပြီး သီးသန့် အဖွဲ့သစ်တွေ ထပ်မံ ပေါ်ပေါက်လာအောင် ဖန်တီး၊ ဒီအဖွဲ့အစည်းတွေအတွင်းမှာ ညီညွတ်မှု မရှိနေကြသယောင် သတင်းလွှင့်၊ ပဋိပက္ခတွေ တဖြေးဖြေး ကြီးထွားလာအောင် နအဖ မသိမသာ သွေးထိုး ကြံဆောင်နေတာပါ။ အပစ်ရပ်အဖွဲ့ကိုပဲ အဓိကထားပြီး ထင်သာမြင်သာ ရှိအောင် တင်ပြခဲ့ပေမဲ့ အပစ်အခတ် မရပ်ရသေးတဲ့အဖွဲ့အစည်းတွေနဲ့လည်း နအဖရဲ့ ကိုင်တွယ်လုပ်ဆောင်နေမှုတွေဟာ ပုံသဏ္ဍာန်အရ အနည်းငယ် ကွာခြားမှု ရှိပေမဲ့ အနှစ်သာရအားဖြင့် သိပ်ပြီး မကွာခြားလှပါဘူး။

နအဖက ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်လို့သာ တကြော်ကြော် အော်နေပါတယ်၊ နိုင်ငံရေးပါတီသစ် ဖွဲ့စည်းခွင့်အတွက် အရိပ်အရောင် မပြသေးပါဘူး၊ သူတို့ပါတီနဲ့ သူတို့ရဲ့လက်အောက်ခံ မဟာမိတ်ပါတီတွေ ဖွဲ့စည်းရေးကို ကြိတ်ပြီး တိတ်တဆိတ် လှုပ်ရှားနေကြပါတယ်၊ သူတို့အဖွဲ့တွေ အဆင်သင့် ဖြစ်တာနဲ့ ရက်ပိုင်းတိုတိုလေးမှာ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ပြုမဲ့ပုံ ပေါ်နေပါတယ်၊ ကိုယ်ကျိုးရှာ နိုင်ငံရေး အဖွဲ့တွေပဲ ဒီရွေးကောက်ပွဲမှာ ပါဝင်လာဖို့ များပါတယ် ။တကယ်အဓိကကျတဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ပါတီကတော့ အဲဒီရွေးကောက်ပွဲ ဝင်ကြမှာ မဟုတ်သလို အသိမှတ်ပြုမှာလည်း မဟုတ်တဲ့အတွက် နောက်တက်လာမဲ့အစိုးရသစ် ဆိုတာကလည်း ကိုယ့်ဇာတ်ကို ကိုယ်သာကပြီး လက်ခုတ်တီးမဲ့ ပရိသတ် ရှိမှာ မဟုတ်သလို ဖြစ်ပေါ်လာမဲ့ရလာဒ်တွေနဲ့ အကောင်အထည် ဖေါ်ရမဲ့လုပ်ငန်းတွေဟာ အသက်ဝင်လာမှာ မဟုတ်တာ သေချာနေပါတယ်။

ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့သဘော ဆန္ဒမပါ အနှစ်သာရ ကင်းမဲ့တဲ့ ဖွဲ့စည်းပုံနဲ့ ခရီးမြန်းနေရမဲ့ နိုင်ငံတော်သစ် ဆိုတာဟာ နအဖ အနေနဲ့ ဘယ်လိုများ ရှေ့စခန်း ဆက်ရမလဲဆိုတာကို သတိပြုမိဟန် မပေါ်ပဲ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လိုဖြစ်နေပါတယ်၊ ၂၁ ရာစု အကြိုရောက် နေပါပြီ၊ ပြည်သူတွေဟာ ဘဝရှင်မင်းတရားကြီးရဲ့ခေတ်က လူတွေ မဟုတ်ကြပါဘူး။ ခေတ်စနစ် တွေလဲ ပြောင်းလဲ တိုးတက်နေပါပြီ၊ ဒါပေမဲ့ နအဖရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ဦးနှောက်ထဲမှာတော့ ၂၁ ရာစုနဲ့အညီ ပြည်သူတွေဆီက ခေါင်းဆောင်မှုကို မခံယူတတ်သေးပါဘူး။

အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုနည်းနဲ့ လက်နက်ဖြုတ်ရမလဲ ဆိုတာ နအဖအဖို့ ခေါင်းခဲစရာပါ၊ အနှစ်နှစ် အလလက ဘဝ၊ အသက်၊ ချွေး၊ သွေးတွေနဲ့ ရင်းပြီး ရပ်တည်လာခဲ့တဲ့ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပုံမကျ ပန်းမကျ စစ်ဗိုလ်တစ်မတ်သား အစိုးရလက်အောက်မှာ လွယ်လွယ်နဲ့ခေါင်းညိတ်ကြမှာတော့ မဟုတ်ပါဘူး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အများလက်ခံနိုင်တဲ့အနေအထား မရှိသရွေ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို တစ်နေရာထဲကနေ ထိမ်းချုပ်၊ အမိန့်ပေးနိုင်တဲ့အခြေအနေကို မရောက်ရှိနိုင်ပါဘူး၊ ဒီလိုအခြေအနေ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ကြားကာလတွေ ရှည်ကြာနေမယ်ဆိုယင် မဝေးတော့တဲ့အနာဂတ်မှာ အဖက်ဖက်က ယိုယွင်းလာပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာကာ တကယ့်ပြည်တွင်းစစ်ကြီးကို ဦးတည်နေပါတယ်။ အခုလို ယာယီအားဖြင့် တိတ်ဆိတ်နေတဲ့ သေနတ်သံတွေကို အနာဂတ်မဲ့ ရေရှည်မှာ ဒီပုံစံအတိုင်း ခရီးဆက်နိုင်ဖို့ မလွယ်ကူကြောင်း စောင့်ကြည့်အကဲခတ်နိုင်ရန် တင်ပြလိုက်ပါတယ်။


မင်းထက်အောင်


စင်္ကာပူ လာသူများအတွက် အမှာစာ


မောင်သာမန်
တနင်္လာနေ့၊ ဒီဇင်ဘာလ 01 2008 17:43 - မြန်မာစံတော်ချိန် Photobucket

၂၀၀၈ ခုနှစ်မှာ မြန်မာများစွာ စင်္ကာပူကို ရောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးရာ အဓိကလို့ပြောရင် ပိုမှန်မှာပါ။ လာသူတွေကို အကြမ်းဖျင်းကြည့်ရင် -

၁။ အလုပ်ရှာရန်နဲ့ အလုပ်လုပ်ရန်

၂။ ပညာသင်ရန် (သို့မဟုတ်) ကျောင်းနေခြင်းနှင့်ဆိုင်တဲ့ ကိစ္စများ

၃။ စီးပွားရေးလုပ်ရန်

တခြား အလည်အပတ်လာသူ၊ ဈေးဝယ်ရန်၊ ဆေးရုံတက်ရန် တဲ့ကိစ္စတွေရှိမှာပါ။ နိုင်ငံရေးသမား၊ ဘာသာရေးသမားတွေလည်း အနည်းအကျဉ်း ရှိမှာပဲ။

ဒီအမှာစာလေးမှာတော့ အလုပ် လာလုပ်လိုသူတွေအတွက် အဓိက ရေးပါတယ်။ စင်္ကာပူမှာ နိုင်ငံခြားသားတွေအတွက် အလုပ်အဆင့်အတန်း ၃ မျိုး ရှိပါတယ်။

ပထမအမျိုးအစားကတော့ Expert ဆိုတဲ့ လစာငွေ ဒေါ်လာ ၅ ထောင်၊ တသောင်း အထက်ရတဲ့ အဆင့်ပါ။ မြန်မာပြည်က စတင်ရောက်လာသူတွေ မရနိုင်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ လစာငွေ ဒေါ်လာ သောင်းချီရနေတဲ့ မြန်မာများစွာ ရှိနေပါတယ်။ သူတို့တွေဟာ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တဖြေးဖြေးချင်း တိုးတက်လာသူတွေပါ။

ဒုတိယအမျိုးအစားကတော့ EP, S-Pass ဆိုတဲ့ ဘွဲ့ရအဆင့်အတန်း အလုပ်အကိုင်ပါ။

တတိယအမျိုးအစားမှာတော့ WP Work Permit ဆိုတဲ့ Skill Workers အဆင့်ပါပဲ။

မြန်မာအများစုဟာ ရန်ကုန်မှာ အလုပ်ပွဲစားများနဲ့ အလုပ်ရှာကြပါတယ်။ အလုပ်ပွဲစား အများစုကတော့ တတိယအမျိုးအစား WP အလုပ်မျိုးကို အလွယ်တကူ ရှာပေးနိုင်ပါတယ်။ လစာငွေ ဒေါ်လာ ၅၀၀ နဲ့ တထောင်အကြား ရဖို့အရေး ပွဲစားခနဲ့ လေယာဉ်စရိတ်ပေါင်း စင်္ကာပူဒေါ်လာ ၃ ထောင်နဲ့ ၄ ထောင်ကြားမှာ တောင်းပါတယ်။ ငွေများများပေးရင် လစာပိုရပြီး၊ အလုပ်လည်း အချိန်ပို လုပ်ရတယ် ပြောပါတယ်။

မြန်မာတွေဟာ ရန်ကုန်မှာရှိတဲ့ စင်္ကာပူအစိုးရ အသိအမှတ်ပြု သင်တန်းကျောင်းတွေမှာ သင်တန်းမျိုးစုံတက်ပြီး အောင်လက်မှတ် ယူရပါတယ်။ သင်တန်းတွေကတော့ အမျိုးသားတွေအတွက် ဆောက်လုပ်ရေး၊ သင်္ဘောပြင်၊ ဂဟေဆော်၊ သံချည်သံကွေး စတဲ့ ၃ လရက်တို သင်တန်းတွေပါပဲ။ အမျိုးသမီးတွေအတွက်ကတော့ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်းသူ စောင့်ရှောက်ရေး၊ စားဖိုမှူးသင်တန်း၊ အိမ်ဖော်သင်တန်း၊ သူနာပြုအကူ သင်တန်း စတဲ့ စင်္ကာပူအစိုးရက လိုအပ်နေတဲ့ အလုပ်တွေပါ။

တချို့ပွဲစားတွေက ဒုတိယအမျိုးအစား အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ညာဆွဲဆောင်ပါတယ်။ မြန်မာတွေကလည်း ၁၀ တန်း မအောင်ရင်တောင် ဘွဲ့ရအလုပ်မျိုးကို မှန်းကြတယ်။ ''လစာက စင်္ကာပူဒေါ်လာ ၂၀၀၀ လောက် အချိန်ပိုနဲ့ပေါင်းရင် ရမယ်၊ ဘာညာ'' ဆိုပြီး အလုပ်အပ်အောင် ရွှမ်းရွှမ်းဝေ ပြောကြတယ်။ လူတော်တော်များများက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ကြတော့ သူတို့ပြောတာတွေကို ယုံလိုက်ကြတယ်။ အရေးထဲ စင်္ကာပူရောက်ရင် လူပွဲစားလုပ်စားမယ် ကြံရွယ်နေတဲ့ မြန်မာတွေကလည်း တဆင့်ပွဲစားလုပ်ပြီး ကိုယ့်သူငယ်ချင်းကို အယုံသွင်း၊ ကြိုတင်ငွေတောင်းလုပ်လို့ နောက်ပိုင်းမှာ အဆင်မပြေဖြစ်ရာကနေ မိတ်ဆွေပျက်ရုံမက ရန်သူတောင် ဖြစ်သွားရတဲ့ တကယ့်အဖြစ်အပျက်တွေ များစွာရှိပါတယ်။ ကိုယ်ညံ့လို့၊ လူယုံသတ်ခံရတာ ဆိုတော့လည်း ဘယ်သူ့မှ မပြောတော့ဘဲ ငြိမ်ခံလိုက်ရတာတွေလည်း အများအပြား ရှိပါတယ်။

ဥပမာ အနည်းအကျဉ်း (ကိုယ်တွေ့တွေပဲ ရေးပါမယ်)။


ပထမအဖြစ်အပျက်
၂၀၀၇ မှာ ကျနော့် တူမတဦး စင်္ကာပူကို ရောက်လာပါတယ်။ သူ့အမေက ဖုန်းဆက်ပြောလို့ လာမယ်သိရပေမယ့် သူ့ဦးလေးအိမ်ကို မတည်းပါဘူး။ ''ပွဲစားက စီစဉ်ပေးတဲ့နေရာပဲ နေမယ်'' လို့ ပြောတယ်။ ''အလုပ်လည်း ရမယ်၊ လစာလည်း ကောင်းတယ်၊ ဘာညာ'' နဲ့ ရန်ကုန်က ဖုန်းဆက်ပြောတယ်။ ''စင်္ကာပူရောက်ရင် ဖုန်းဆက်ခိုင်းပါ'' လို့ပဲ မှာလိုက်ရတယ်။ အဲဒီ ၂၆ နှစ်အရွယ် မိန်ကလေးက မြန်မာပြည်မှာ ၁၀ နှစ်လောက် အန်ဂျီအို (အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း) တွေမှာ အလုပ်လုပ်ခဲ့ဖူးတော့ အင်္ဂလိပ်စကားလည်း အသင့်အတင့် ပြောတတ်တယ်။ ဘွဲ့ကလည်း ရပြီးသားဆိုတော့ ပွဲစားပြောတာကို အဟုတ်ထင်တယ်။

စင်္ကာပူက မြန်မာအလုပ်ပွဲစားတဦး (ဒီလို ပွဲစားတွေ ထောင်နဲ့ချီ ရှိပါတယ်) က ''အလုပ်လည်း ရှိတယ်၊ နေစရာလည်း သူ စီစဉ်ပြီးသား (အလကား နေရမယ့် ပုံစံမျိုး ပြောတယ်) ၊ စင်္ကာပူရောက်မှ S-pass တင်လိုက်ရုံပဲ၊ ၂ ပတ်လောက် စောင့်ပြီးရင် S-pass Approved စင်္ကာပူအစိုးရ ချပေးပြီးရင် အလုပ်စလုပ်ရုံပဲ၊ S-pass စောင့်နေတုန်းမှာလည်း နေ့စားအလုပ် ရှာလုပ်ရင် တနာရီ စင်္ကာပူဒေါ်လာ ၁၀ လောက်ရမယ်'' ဆိုတာတွေ ပြောတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ တူမဖြစ်သူက စဘော်ငွေအဖြစ် ဒေါ်လာ ၂၀၀၀ ကို ရအောင်ရှာရတယ်။ အဖေ၊ အမေ ဖြစ်သူကို ရွှမ်းရွှမ်းဝေအောင် ပြောပြတော့ သမီးအတွက် ဘုရားဆုတောင်းပြီး၊ စင်္ကာပူမှာရှိတဲ့ ဆွေမျိုးတွေကို မှာရတယ်။

အဲဒီတူမလည်း ရောက်တဲ့နေ့မှာပဲ ပြဿနာကြုံတော့တာပဲ။ ပွဲစားမနဲ့ တူမ ၂ ယောက်သား ကြိတ်ပုန်းခုတ်ပြီး ကျနော့်တူမကို အိမ်တအိမ်မှာ သွားထည့်ထားလိုက်တယ်။ ပွဲစားမကတော့ သူ့မိတ်ဆွေအိမ်မှာ နေတယ်။ စင်္ကာပူမှာ အိမ်ဖွင့်စားတဲ့လူတွေ အများကြီးပဲ။ အိမ်ငှားခ ဈေးကြီးတော့ အိမ်တလုံး အခန်း ၃ ခန်းရှိရင် ၂၀၀၇၊ ၂၀၀၈ ခုနှစ် ပေါက်ဈေးအရ တလမှာ ဒေါ်လာ ၁၈၀၀ ကနေ ၂၀၀၀ အထိပေးရတော့ မြန်မာတွေ လူတင်ထားရတယ်။ တလကို တခန်းလုံးယူရင် ဒေါ်လာ ၆၀၀ ဒါမှမဟုတ် တခန်းမှာ နှစ်ထပ်ကုတင် နှစ်လုံးထည့်ထားပြီး လူ ၄ ယောက်နေရင် တလမှာ တယောက်ကို ဒေါ်လာ ၁၅၀ စသဖြင့် နေကြရတယ်။

ကျနော့်တူမကို နေစရိတ်အဖြစ် တလအတွက် ဒေါ်လာ ၂၀၀ လောက်တောင်းပြီး စပေါ်ငွေကိုတော့ ဒေါ်လာ ၂၀၀ လောက်၊ စုစုပေါင်း ဒေါ်လာ ၄၀၀ လောက် တောင်းတယ်။ ပွဲစားမက ''ပေးလိုက်လေ'' လို့ ပြောတော့ လက်ထဲမှာ အဖေ၊ အမေဆီက တောင်းလာတဲ့ ဒေါ်လာလေးလည်းရှိ၊ ''ငါ့မှာ ပိုက်ဆံရှိတယ်'' ဆိုတဲ့ မာနလေးကလည်း အနည်းအကျဉ်းရှိဆိုတော့ ဈေးတောင် ကောင်းကောင်းဆစ်ချိန် မရပါဘူး။ တောင်းသမျှ ပေးလိုက်မိတော့တယ်။ နောက် နေတော့လည်း သိပ်အဆင်မပြေတော့ အဲဒီနေ့မှာပဲ သူ့ဦးလေးဆီ ဖုန်းဆက်ပြီး သိပ်အဆင်မပြေကြောင်း သတင်းပို့လိုက်ရတယ်။

ဒီတော့မှ တူမဖြစ်သူကို အိမ်ကို ပြန်ခေါ်ထားလိုက်ရပေမယ့် အိမ်ဖိုးငွေ ပေးထားပြီးသားကတော့ ပြန်မရတော့ပါဘူး။ ''နေမယ်ပြောထားလို့၊ အခု မနေတော့ဘူး'' ဆိုတော့ သူ့နေရာ အလွတ်ကြီး ဖြစ်နေပြီ။ ''လူစားရှာပေးရင်တော့ ပေးထားတာတွေ ပြန်ပေးပါမယ်'' လို့ အိမ်ရှင်ကလည်း ညည်းတွားပြတယ်။ ငွေပေးပြီးရင် ပြန်တောင်းလို့ မလွယ်တော့တာတော့ သဘာဝပါပဲ။

အဲဒီကတည်းက အတူလာတဲ့ မြန်မာပြည်က ပွဲစားမက သူထားတဲ့နေရာ မနေဘူးဆိုပြီး အပြစ်တင်လာတယ်။ တူမဖြစ်သူကလည်း စင်္ကာပူရောက်မှ စုံစမ်းကြည့်တော့ ပွဲစားမ ပြောတာတွေ အာပလာ ဖြစ်နေကြောင်းနဲ့ S-pass အလုပ်ရဖို့ အင်မတန်ခက်ကြောင်း သိလာရတယ်။ လွယ်ကူတဲ့ Nurse Assistance အလုပ်မျိုး လုပ်ရင်လည်း ရှက်တယ်။ လစာလည်း မရဘူး။ အရေးထဲ ပွဲစားမကလည်း စင်္ကာပူက မြန်မာပွဲစားနဲ့ သူတို့ချင်း ပြဿနာဖြစ်ပြန်တယ်။ ကျနော့်တူမက စင်္ကာပူပွဲစားဆီ အလုပ်အပ်တဲ့ စဘော်ငွေ (ဒေါ်လာ ၅၀၀ လားမသိဘူး) မပေးလို့ သူက ''အလုပ်ရှာမပေးနိုင်ဘူး'' လုပ်ပြန်တယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း သူ့အသိ ကုမ္ပဏီ အသေးကလေးတွေနဲ့ အင်တာဗျူး စီစဉ်ပေးတယ်။ ''အဲဒီလူတွေက တလကို ၄၀၀ ပဲ ပေးမယ်၊ အိုဗာတိုင် မပေးနိုင်ဘူး၊ ငါတို့ကုမ္ပဏီက သေးတော့ မိသားစုလို အလုပ်အားလုံး လုပ်ပေးရမယ်'' ပြောတယ်။

ကုမ္ပဏီသေးတော့ စင်္ကာပူအစိုးရကလည်း အလုပ်ပါမစ် S-pass ချပေးမှာ မဟုတ်ဘူးဆိုတာ သေချာနေတော့ မလုပ်ချင်ဘူးလို့ ငြင်းလိုက်ရတယ်။ ဒီတော့ အတူလာတဲ့ ပွဲစားအမျိုးသမီးက ''နင်က တယ်ပြီး အလုပ်ဂျီးများတာပဲ'' လို့ အပြစ်တင်တယ်။ ''ကျမ ဖာသာပဲ အလုပ်ရှာပါတော့မယ်။ ပွဲခပြန်ပေးပါ'' လို့ တောင်းတော့ ရန်သူဖြစ်လာတယ်။ အတူလာတဲ့ ပွဲစားအမျိုးသမီးကလည်း ကြည့်ရတာ သူရဲ့ ပထမဆုံး ပွဲစားအလုပ်က ကျနော့် တူမလား မသိပါဘူး။ ဘာပဲပြောပြော နောက်ဆုံးတော့ ကုန်ကျစရိတ်တွေ နှုတ်ပြီး အရစ်ကျနဲ့ ရန်ကုန်မှာ ပြန်ပေးပါမယ်လို့ သဘောတူလိုက်ရတယ်။ အတူလာတဲ့ ပွဲစား အမျိုးသမီးခမျာလည်း ငွေမပြေလည်ရုံမက၊ သူကိုယ်တိုင်လည်း အလုပ်မရှိ၊ အခက်အခဲရှိနေသူဆိုတော့ ..

ဒီလိုနဲ့ပဲ တူမဖြစ်သူခမျာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်ရှာတယ်။ စင်္ကာပူမှာ နေထိုင်ခွင့် ဗီဇာကို နှစ်ပတ်တခါ သက်တမ်းတိုးရင်း ၃ လပြည့်တော့ ဗီဇာဆက်တိုးလို့ မရတော့ဘူး။ စင်္ကာပူမှာ ကျောင်းလာတက်တဲ့ မြန်မာသူဌေး သား၊ သမီးတွေ အများကြီး ရှိတယ်။ ကျောင်းသားဗီဇာနဲ့နေပြီး အလုပ်ရှာနေတဲ့ လူတွေလည်း အများကြီးရှိပေမယ့် ကျောင်းသားဗီဇာအတွက် ကျောင်းလခက တလကို စင်္ကာပူဒေါ်လာ ၃၀၀ အထက်၊ ငွေ ၂ ထောင်လောက် အရင်ပေးရမယ်။ အစိုးရဆီမှာလည်း အာမခံငွေ တနှစ်စာ ကျောင်းလခ စဘော်တင်ထားရမယ်နဲ့ အနည်းဆုံး ဒေါ်လာ ၅ ထောင်လောက် ရင်းနှီးရမယ်ဆိုတော့ ကျနော့်မှာလည်း ငွေပိုလျှံမရှိ။

နောက်ဆုံးတော့ တူမက အလုပ်တခုရသွားတော့ S-pass တင်ထားပြီး မြန်မာပြည်တော့ မပြန်ချင်တော့ဘူး။ ရှက်ပုံရတယ်။ ''မလေးရှားသွားပြီး စတေးရှောင်နေတော့မယ်'' ပြောတယ်။ နောက်ဆုံး ဘုရားပဲဆုတောင်းရင်း ရှေ့မျက်နှာနောက်ထား စရိတ်သက်သာ၊ စိတ်လည်း ချမ်းသာတဲ့ မြန်မာပြည်ပဲ ပြန်သွားပြီး S-pass စောင့်တော့တယ်။ နှစ်ပတ်ကြာတော့ S-pass Reject ဖြစ်သွားတော့၊ မြန်မာပြည်ရောက်နေတဲ့ တူမဆီ အကြောင်းကြားရင်း တခေါက်ပြန်လာ အလုပ်ထပ်ရှာဖို့ပဲ ရှိကြောင်း ပြောရတယ်။

နောက်တခေါက်လာတော့ ဘုရားဆီပဲ ဆုတောင်းရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ဘ၀င်မြင့်တဲ့ စိတ်တွေ ဖျောက်ထားပြီး နှိမ့်ချမှုနဲ့ အလုပ်ရှာတဲ့အခါ စိတ်ရဲ့ ငြိမ်းချမ်း ငြိမ်သက်ခြင်း ရရှိသွားတဲ့အတွက် ကုမ္ပဏီတခုမှာ စာရေးမ Administrative အဖြစ် S-pass ရသွားပါတယ်။


ဒုတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် ဇန်န၀ါရီလောက်မှာပဲ စင်္ကာပူမှာ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောလာတယ်။ ''ငါ့မိန်းမကလည်း မြန်မာပြည်မှာ သူ့အမေ ဆေးရုံတက်နေတာကြောင့် မိန်းမ မြန်မာပြည် ခဏပြန်သွားတုန်း ငါ့မိန်းမရဲ့ တူမ မနေ့က ငါ့ဆီ ဖုန်းဆက်တယ်။ ကြည့်ရတာ မင့်တူမလိုပဲ ပွဲစားအလိမ်ခံရပြီ ထင်တယ်။ သူက ပွဲစားအိမ်မှာ နေနေတာ နှစ်လလောက်ရှိပြီ။ S-pass အလုပ်ရမယ်ပြောပြီး သူပြောတဲ့ အလုပ်တွေမှာ အင်တာဗျူးတာလည်း အလုပ်မရဘူးတဲ့။ မင့်တူမက အင်္ဂလိပ်စကား ပြောနိုင်တော့ တော်သေးတယ်။ ငါ့တူမက မပြောနိုင်တော့ ပွဲစားက နင်ညံ့လို့ အလုပ်မရဘူး၊ မြန်မာပြည်ပဲ ပြန်တော့လို့ ပြောနေတယ်''

''စင်္ကာပူမှာ ကျောင်းသားဗီဇာနဲ့ ၆ လလောက်နေရင် အင်္ဂလိပ်စကား ပြောတတ်မယ်ဆိုပြီး ကျောင်းတက်ရင် ကောင်းမလားလို့ ငါ့ကို လာတိုင်ပင်တယ်။ ပိုက်ဆံကလည်း မရှိတော့ဘူး။ ငါလည်း နင့်အဒေါ် နောက်တပတ် ပြန်လာမှ တိုင်ပင်လို့ ပြောထားတယ်။ ပွဲစားပြောသလိုပဲ၊ မြန်မာပြည်ပြန်ပြီး စောင့်ပါလား။ စင်္ကာပူမှာက စရိတ်သိပ်ကြီးတယ်။ ငါ့အိမ်တော့ ခေါ်ထားချင်ပေမယ့် ငါ့အိမ်မှာ နေရာလပ် မရှိတော့ဘူး။ အခန်း ၂ ခန်း ပိုတာလည်း ငှားစားထားလိုက်ပြီး ငါ့မိသားစုတောင် ကလေး နှစ်ယောက်နဲ့ မာစတာအိပ်ခန်းထဲ စုပြုံအိပ်ရတော့ ငါ့တူမကို ဧည့်ခန်းမှာ သိပ်လို့လည်း မကောင်းဘူး"

''ဒီလိုပဲကွာ သူများတွေရဲ့ သူငယ်ချင်း၊ တူ၊ တူမတွေ အလိမ်ခံရတာကြားလို့ သူ့ကို မလာခင်ကတည်းက သူ့အမေကိုလည်း သေသေချာချာ မှာတယ်။ သတိထား၊ လူလိမ်ခံရမယ် မှာထားရက်နဲ့၊ ငါ့တို့ကို အစစအရာရာ တာဝန်မယူနိုင်လို့ စိတ်ခုသွားသလား မသိဘူး၊ အဆက်အသွယ် မလုပ်တော့ဘူး။ အခု အရင် နှစ်လလောက် ကတည်းက တူမ စင်္ကာပူရောက်နေတာလည်း သတင်းမပို့ဘူး။ အခု မကယ်နိုင် မရှူနိုင်ဖြစ်ပြီးမှ အကြောင်းကြားလာတယ်ကွာ'' လို့ ညည်းတွားပြတယ်။


တတိယအဖြစ်အပျက်
၂၀၀၈ ခုနှစ် သြဂုတ်လမှာပဲ အမေရိကားက သူငယ်ချင်းတဦးက ဖုန်းဆက်လာတယ်။ သူ့တူ ပွဲစားက S-pass လစာ ၂၀၀၀ လောက်ရမယ်ဆိုပြီး စင်္ကာပူ ရောက်နေပြီ။ သူ့တူက အသက် ၂၅ နှစ်လောက်၊ ဘွဲ့ရပြီးသား။ မလေးရှားမှာလည်း ၅ နှစ်လောက် အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ မြန်မာပြည်မှာလည်း စင်္ကာပူ အလုပ်သင်တန်းတွေ တက်ခဲ့ပြီး သေချာပေါက် အလုပ်အဆင်ပြေမယ်ဆိုပြီး ပွဲစားနဲ့ လာခဲ့တယ်။ ပွဲခငွေ တ၀က်တော့ ပေးထားပြီးပြီ။ ဒါပေမဲ့ ပွဲစားထားတဲ့အိမ်မှာ လူတွေအများကြီးပဲ။ သူ့မှာလည်း သုံးစရာ စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာပဲရှိတော့လို့ ဦးလေးရယ် ကူပါအုံး ပြောနေတယ်။ သူ့အတွက် ကုန်ကျငွေတော့ ကျနော်ချေးငှားပေးပါမယ်။ ခင်ဗျားတို့ ကြည့်ရှုစောင့်ရှောက်ပေးပါ။ ခင်ဗျားတို့အရှိန်အ၀ါနဲ့ဆို ပွဲစားလည်း သူ့ကို ကောင်းကောင်းဆက်ဆံမယ်၊ ပိုက်ဆံလည်း ပြန်ပေးသင့်သလောက် ပြန်ပေးမယ်ပေါ့။ ကူပါဦးဆိုလို့ ပွဲစားကို ခေါ်တွေ့ရတယ်။

ပွဲစားကလည်း သူ့အထက် ပွဲစားအကြီးတယောက် ရှိသေးတယ်။ အလုပ်ပေးမယ်ပြောတဲ့ အလုပ်ရှင်ကလည်း ရှိသေးတယ်လို့ မျက်နှာငယ်ငယ်နဲ့ ပြောရှာတယ်။ ဟုတ်ပါတယ်။ ပွဲစားငယ်လေးကို ပွဲစားအကြီးက ဖြတ်အုပ်ထားတော့ ပွဲစားငယ်ခမျာလည်း အရှိန်အ၀ါရှိသူနဲ့တွေ့တော့ ကြောက်ရှာတာပေါ့။ အဲဒီ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး S-pass ရမယ် မျှော်လင့်နေတဲ့ မလေးရှားမှာ ကျဘမ်း ၅ နှစ်လုပ်ဖူးသူ လူငယ်ကိုလည်း မင်း Work Permit အလုပ်ပဲရွေးပါလား၊ အလုပ်ရဖို့ လွယ်တယ်၊ ပွဲခလည်း နည်းတယ်။ ၆ လ ၊ တနှစ်လောက်လုပ်ရင် ငွေစုရင်၊ ကုမ္ပဏီတွေ အင်တာဗျူးရင် စင်္ကာပူမှာ S-pas အလုပ်ကို ပွဲခမပေးဘဲ ရနိုင်ပါတယ်လို့ ပြောပြရတယ်။ အဲဒီ လူငယ်အမျိုးသားလေးလည်း နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ WP အလုပ်ကလေးကို ရသွားပါတယ်။

မြန်မာပြည်က ဒီဗိုလ်ချုပ်ကြီးတွေ နောင်တရပါပြီး စိတ်ထဲကပဲ ပြောတယ်။ ပြည်သူတွေပဲ ခံနေရပြီး ပြည်သူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရတဲ့အကြောင်း စဉ်းစားရင် ဘယ်မြန်မာလူမျိုးမှ မပျော်ရွှင်ပါဘူး။ စင်္ကာပူအကြောင်း ရေးရတာလည်း ပညာအသင့်အတင့်တတ်တဲ့ မြန်မာတွေအတွက်၊ ပိုက်ဆံအသင့်အတင့် တတ်နိုင်တဲ့ မြန်မာတွေအတွက်ပဲ ဖြစ်တော့ အခြေခံလူတန်းစား မြန်မာတွေ ထိုင်းနဲ့ မလေးရှားမှာ ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်နေရတဲ့ အကြောင်းတွေကို ကျနော်တို့ သိနားလည်သင့်ပါတယ်။ ပြည်ပရောက် မြန်မာ ၃ သန်းကျော်ရှိတဲ့ အချိန်မှာ စင်္ကာပူဆိုတဲ့ အလျား မိုင် ၆၀၊ အနံ မိုင် ၄၀ ကျွန်းကလေးတခုမှာ မြန်မာ ၂ သိန်းလောက် စုပြုံနေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းကလေးမှာ မက်မောပြီး အလုပ်ရှာတဲ့ လူတွေရဲ့ အခက်အခဲတွေကို အနည်းအကျဉ်း ရေးရပါတယ်။

ကျနော် ဘယ်လိုပဲရေးရေး၊ ဘယ်လိုပဲ ပြောပြော အလိမ်ခံရသူတွေကတော့ ရှိနေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် စင်္ကာပူမှာ အလုပ်လာရှာတဲ့၊ ကိုယ်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေ မခံရရေးကနေ စတင်ပြီး တဖြေးဖြေး ချဲ့ထွင်နိုင်မယ် ဆိုရင်တော့ အတော်ပဲ လျော့ပါးနိုင်ကြောင်းပါ ခင်ဗျား။


မောင်သာမန်

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၂)

Monday, 01 December 2008 14:07 နော်မန် ရိုဘက်စ် စပီရီ Photobucket
အယ်လ်ဘတ် အိန်းစတိန်း အင်စတီကျု အဖွဲ့ (The Albert Einstein Institute) ၏ အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာတွင် "အကြမ်းမဖက် လှုပ်ရှားမှုကြောင့် မြန်မာ၊ တရုတ်၊ တိဘက် ဒေသတို့တွင် အုပ်ချုပ်နေသည့် အာဏာရှင် စနစ်များ၊ ကျုးကျော် သိမ်းပိုက်ထားမှုများကို နိဂုံးချုပ်ပစ်နိုင်ခြင်း မရှိသေးသော်လည်း ဤအစိုးရများ၏ ရက်စက် ကြမ်းကြုတ်မှု သဘော သဘာဝကို ကမ္ဘာက သိရှိအောင် ဖော်ထုတ် ဖွင့်ချနိုင်ခဲ့သည်။ ဤ အကြမ်းမဖက် တော်လှန်ရေး၏ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို လူအများသို့ ထောက်ပံ့ ပေးနိုင်ခဲ့သည်" ဟု ဖော်ပြထားသည်။

အနှစ် (၂၀) ကျော်ကြာ ဆောင်ရွက်ခဲ့ပြီး ထိရောက်မှု အကျိုး အာဏိသင် မတွေ့ကြရသည့် တော်လှန်ရေး လှုပ်ရှားမှုကို မည်သို့ "တန်ဖိုး မဖြတ်နိုင်သည့် အတွေ့အကြုံများ" ဟု သင်ခန်းစာ ထုတ်နှုတ် ယူကြဦးမည်နည်း။ နှလုံး ကြေကွဲဖွယ်ပင် ဖြစ်သည်။ အယူဝါဒရေးရာ ဆင်စွယ် နန်းတော်ပေါ်တွင် အငြိမ့်သားထိုင်၍ ညွှန်ပြပေးမည့် တန်ဖိုး မဖြတ်နိုင်သည့် အတွေ့ အကြုံများကို အခြားသူများက အံအားသင့်ဖွယ် ရှိနေနိုင်ပါသည်။ ထို အတွေ့အကြုံများမှာ မြန်မာ စစ်အစိုးရ၏ အကျဉ်း ထောင်ထဲ၌ ညှဉ်းပမ်း နှိပ်စက် ခံနေရခြင်း၊ ရဲများက နံပါတ်တုတ် များဖြင့် အဓိပ္ပါယ်မရှိ ရိုက်လှဲချ ခံရခြင်း၊ မိသားစုဝင်များ ပျောက်ဆုံး ရခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ သေဆုံးရခြင်း စသည့် အတွေ့အကြုံများ ပေလောဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။ စစ်အစိုးရက မည်သို့ တန်ဖိုး ပေးရ ပေးရ ပို၍ ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်ပြီး အာဏာကို ရသည့် နည်းလမ်းဖြင့် ချုပ်ကိုင် ထားမည်ဟု သံန္နိဌာန် ချထားသည့် ကာလ၊ သတ်ဖြတ်ရန်လည်း ၀န်မလေးသည့် အချိန်တွင် အတိုက် အခံ များ၏ အကြမ်းမဖက် မဟာဗျူဟာက ဆေးမစွမ်း လှကြောင်း သိမြင် သဘောပေါက် လာကြစေရန် မြန်မာ ပြည်သူများက အချိန် မည်မျှ ယူကြဦးမည်နည်း။ မေးခွန်း ထုတ်ဖွယ်ပင်။

အတိုက်အခံ အင်အားစု များထဲမှ အကောင်းမြင် ရှိသူများကတော့ ယမန်နှစ်က ဖြစ်ခဲ့သည့် အကြမ်းဖက် နှိမ်နင်းမှုများကြောင့် စစ်အစိုးရ ချိနဲ့လာကြောင်း ဖော်ပြပြောဆို ကြပါသည်။ ဆန္ဒပြနေကြသည့် ရဟန်းသံဃာ များကို အကြမ်းဖက်မှု ကျူးလွန်ကြ သည့် ရဲများနှင့် စစ်သားများကို လူထုက ရွံမုန်းလာကြကြောင်း၊ စစ်သား အများစု၊ စစ်တပ် အရာရှိ အများစုမှာ ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြောင်း ပြောဆိုကြပါသည်။ ထိုမျှမက သူတို့က ထပ်ခါ တလဲလဲ ကြားရလေ့ရှိသည့် စစ်ဗိုလ်ချုပ်များ အတွင်း သဘောထား ကွဲနေပြီ၊ စစ်ဗိုလ်ချုပ်များနှင့် အောက်ခြေထု ရဲဘော်များ အကြား ပြိုကွဲနေပြီ၊ ဒီမိုကရေစီ လိုလားသည့် အုပ်စု များက နောက်ဆုံး ထကြွ ပုန်ကန်မှုများ ဖြစ်လာဖွယ်ရှိသည် စသဖြင့် ကောလာဟလ များကို ပြောဆိုကြပါဦးမည်။

သို့သော်လည်း ယခင်ကတည်းက ထိပ်သီး စစ်ဗိုလ်ချုပ်များ အကြား အာဏာ အားပြိုင်မှုများက ရုပ်ပျက်ဆင်းပျက် ပေါ်ထွက် ခဲ့ဖူးပါသည်။ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်ခင်ညွန့် စသဖြင့် ရှိခဲ့ဖူးသည်။ သို့သော် လည်း စစ်တပ်အတွင်း လူသာပြောင်းလဲသွားခဲ့ပြီး၊ စစ်တပ်လွှမ်းမိုးအုပ်ချုပ်ထားသည့် စနစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မတွေ့ကြရပါ။ အမှန်တွင် ၎င်းစစ်တပ်စနစ်က အလွန်ပင်ခံနိုင်ရည်အား မြင့်မားနေပြီး အသစ်တက်လာ သည့် နောက်ထပ်တပ်မတော်အရာရှိများဖြင့် အားဖြည့် ကျားကန်ထားကြသည်။ ရဟန်းသံဃာများကို ရိုက်နှက်သတ်ဖြတ် သည်ကို မနှစ်လိုသော အရာရှိ အများအပြားရှိနိုင်သော်လည်း၊ စစ်တပ်အရာရှိ အများစုက ယုံကြည်နေကြသည်မှာ ဆန္ဒပြ သံဃာများက မကြာသေးမီကမှ ရဟန်းခံလာသည့် ကိုရင်များ၊ ရဟန်းများဖြစ်ပြီး တရားမ၀င်နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန် သင်္ကန်းဝတ်လာကြသည့်သူများဟု မြင်နေကြသည်။

ထို့အပြင် အကောင်းမြင်တတ်သူများက နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ရန် စစ်အစိုးရ၏ နှောင့်နှေးညံ့ဖျင်းမှုကို ဖော်ပြပြောဆို ကြသေးသည်။ နာဂစ်မုန်တိုင်းကြောင့် လူ ၈၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူ ၂ သန်းကျော်တို့၏ သက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရသည့် အလားတူ (နအဖ) စစ်အစိုးရကိုလည်း ထိခိုက် အင်အားချိနဲ့စေခဲ့သည်ဟု ဆိုပါသည်။ အထောက်အထားပြစရာအဖြစ် ထိုသူများက ပြောဆိုကြရာတွင် မုန်တိုင်းအဆိုးရွားဆုံး သင့်ခံရသည့် ဧရာဝတီ တိုင်းတွင် စစ်သားများနှင့် အစိုးရ၀န်ထမ်းများ၏ ဆွေမျိုးသားချင်းများ နေထိုင်ကြသည်၊ အစိုးရ၏ တုံ့ပြန်အရေးယူမှု နှေး ကွေးသည့် အပေါ်၎င်းတို့က ဒေါသဖြစ်နေကြသည်ဟု ဆိုကြသည်။ လူအများအပြားသေဆုံးခဲ့ကြရသည့် မုန်တိုင်းအပေါ် တုံ့ပြန်မှုနှေး ကွေးပုံကို ဒေါသဖြစ်ကြသည်က အမှန်တကယ်ပင် ဖြစ်ပါသည်။ သို့သော်လည်း လူအများအပေါ် စစ်တမ်း ဆန္ဒကောက်ခံယူ ထားသည့် ကိန်းဂဏန်းများ မရှိဘဲ အတိုင်းအတာ တွက်ချက်ရန် ခက်ခဲနေပါသည်။

သို့သော်လည်း မြန်မာပြည်သူများက ကိုယ်ထူကိုယ်ထ လုပ်နေကြရသည်မှာ နေသားကျနေပြီဖြစ်သည်။ အစိုးရအပေါ် မှီခို အားထား စောင့်မျှော်နေရန် မဖြစ်နိုင်ကြောင်းလည်း သိထားကြပါသည်။ နှလုံးသားမဲ့လွန်းလှသည့် အစိုးရအရာရှိများထံမှ အကူအညီများ စောင့်မျှော်နေရန် မရှိသောကြောင့်လည်း အခြားနိုင်ငံများတွင်သာဆိုလျှင် ပေါ်ပေါက်လာနိုင်သည့် လူထု၏ မကျေနပ်မှု၊ ဒေါသများထက် ပို၍ ပြင်းထန်မှု နည်းဖွယ်ရာ ရှိနေပါသည်။ မည်သို့ဆိုစေ နာဂစ်မုန်တိုင်းအပေါ် အစိုးရက တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် လူအများမကျေနပ် ဖြစ်နေကြသည်ပဲ ဆိုဆို၊ ၂၀၀၇ ခုနှစ် စက်တင်ဘာဆန္ဒပြပွဲ များကို အကြမ်းဖက်ဖြိုခွဲမှုများကြောင့် ပို၍ နာကျည်းဒေါသဖြစ်နေစေသည်ပဲဆိုဆို ဤသို့ လူထု၏ မကျေနပ်မှု ဒေါသများ ကို အသုံးချ၍ စစ်တပ်ပြိုကွဲလာအောင်၊ စစ်အစိုးရပြုတ်ကျအောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးသည်ကိုလည်း တွေ့နေရ သည်။

အခြားတဖက်မှ ကြည့်မည်ဆိုလျှင် နိုင်ငံခြားအကူအညီအသစ်များ အလုံးအရင်းနှင့် စီးဝင်လာသောကြောင့် နာဂစ်မုန်တိုင်း က စစ်အစိုးရ အင်အားတောင့်တင်းလာစေဖို့ ပို၍ ဖြစ်နိုင်သည်ဟု အလွယ်တကူလည်း ငြင်းချက်ထုတ်နိုင်ပါသည်။ နိုင်ငံ ရပ်ခြားက မုန်တိုင်းသင့်ဒုက္ခသည်များအတွက် အားတက်သရော လူသားချင်းစာနာသည့် အကူအညီများ ပေးလာကြသည့် အခါ မြန်မာ့စီးပွားရေးအတွင်းသို့ ဒေါ်လာသန်းပေါင်းများစွာ စီးဝင်လာခဲ့ပါသည်။ စစ်အစိုးရ ကျင့်သုံးနေသော နှုန်းအမျိုးမျိုး ငွေလဲလှယ်ရေးစနစ်မှတဆင့် နိုင်ငံခြားငွေလဲလှယ်ရေး လက်မှတ် (FEC) များကိုလဲ၊ ၎င်းမှတဖန် မြန်မာကျပ်ငွေကို ပြန်၍ လဲလှယ်နေရင်း ၀င်လာသည့်၎င်းအကူအညီများ၏ ၂၀ % မှသည် ၂၅% အထိကို စစ်အစိုးရက အညွန့်ခူးနိုင်လိုက်သေး သည်။

မြန်မာပြည်အတွင်းသို့ လွှဲပြောင်းပေးပို့ခဲ့သည့် ကုလသမဂ္ဂ၏ အကူအညီများမှပင် အမေရိကန်ဒေါ်လာ ၁. ၅ သန်း (အချို့ သောသူများက အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ရှိမည်ဟုပင် ခန့်မှန်းကြပါသည်။) ဆုံးရှုံးခဲ့ရပါသည်။ ဤငွေများက ငွေ လဲ လှယ်ရေးစနစ်များမှတဆင့် စစ်အစိုးရ၏ အိတ်အတွင်း ၀င်သွားကြပါသည်။ မုန်တိုင်းသင့်ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် ရည်ရွယ်သည့် အကူအညီများက စစ်အစိုးရအတွက် အကျိုးအမြတ်ဖြစ်စရာ ဖြစ် စေခဲ့ရပါသည်။ ဤသို့ ကမောက်ကမဖြစ်နေသည့် ငွေလဲလှယ် ရေးစနစ်များကြောင့် နောက်ထပ်အလှူများ ထပ်မံ လှူဒါန်းရေးအတွက်လည်း ထိခိုက်စေခဲ့သည်။

နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံအပေါ် စီးပွားဒဏ်ခတ်ပိတ်ဆို့နေမှုများကို ရုပ်သိမ်းရန်နှင့် နောက်ထပ်ပို၍ အကူအညီများ ပေး ကြပါရန် တောင်းဆိုချက်များလည်း ဖြစ်ပေါ်စေခဲ့ပြီး၊ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာ ရေးအုပ်စု (ICG) က အလားတူ တောင်းဆိုခဲ့ပါသည်။ သို့မှသာ နာဂစ်မုန်တိုင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဆင်းရဲတွင်းနက်နေရသည့် နိုင်ငံအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှေ့ဆက်နိုင်မည်ဟု ဆိုပါသည်။ (ICG) အဖွဲ့၏ အမြင် အပေါ် လူအနည်းစုကသာ လက်ခံကြပါသည်။ လွန်ခဲ့သည့်ကာလများက လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က (ICG) ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချည်းကပ်ရာ၌ ပညာရှင်မဆန်ဟု ဝေဖန်မှုများလည်း ရှိခဲ့ပါသည်။ ဤသို့ သာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း၍ အထောက်အပံ့များသာ တိုးပေးပါက စစ်အစိုးရက နိုင်ငံခြားငွေများ ပိုမိုရရှိလာခြင်း ကြောင့် စစ်အစိုးရအတွက် အမြတ်ထုတ်နိုင်ပြီး ၎င်းတို့အခြေအနေ ပိုမိုခိုင်မာလာစေရန် တည်ဆောက်မှုများ ပြုနိုင်စေလိမ့် မည် ဖြစ်ပါသည်။

နာဂစ်မုန်တိုင်းကြောင့် ဘဏ္ဍာရေးအရ အမြတ်အစွန်းသာမက၊ စစ်အစိုးရ၏ မိမိကိုယ်ကို ယုံကြည်မှုလည်း ပို၍ တိုးလာ သည်ဟု တွက်ချက်ရနိုင်ပါသည်။ သေချာသည်မှာ ပြင်သစ်နှင့် အမေရိကန်ရေတပ် စစ်သင်္ဘောများက လူအများအပြား သေကြေကြရသည့် မုန်တိုင်းကြီးအပြီး မြန်မာကမ်းရိုးတန်းအနားသို့ကူညီရန် လာရောက်စောင့်ဆိုင်းနေကြချိန်၌ မြန်မာ စစ်အစိုးရအဖို့ သွေးပျက်နေဖွယ် ရှိပါသည်။ ဤစစ်သင်္ဘောများကို လူသားချင်းစာနာသည့် အကူအညီများပေးပို့ရန်ဟု ဆိုကာ ၎င်းနိုင်ငံများမှ စေလွှတ်ခဲ့ကြသည့်အချိန်တွင် မြန်မာပြည်သူများကို အစိုးရက ကာကွယ်စောင့်ရှောက်ရန် တာဝန် ပျက်ကွက်နေသည့်အချိန်၌ နိုင်ငံတကာက "ကူညီကာကွယ်မှု ပေးပိုင်ခွင့်" ရှိသည်ဟုလည်း အနောက်တိုင်း သံတမာန်များ က ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။ သို့အတွက်ကြောင့်လည်း စစ်အစိုးရက ဤသင်္ဘောများ စေလွှတ်လာ ရခြင်း ရည်ရွယ်ချက်အပေါ် သံသယရှိနေခဲ့ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုကို အောက်ကျို့နာခံရမည့်အစား စစ်အစိုးရက အကယ်၍ နိုင်ငံခြားတပ်များ မြန်မာ့ မြေပေါ်ရောက်လာပါလျှင် အတိုက်အခံလှုပ်ရှားသူများ အုံကြွမှုဖြစ်လာမည်ကို စိုးရိမ်ကြောက်ရွံ့နေသောကြောင့် ပေးလာ မည့် အကူအညီများကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။ အကူအညီများကို ၎င်းတို့ကိုယ်ပိုင်တပ်သားများမှတဆင့်သာ ဝေခြမ်းခွင့် ပြုခဲ့သည်။ နောက်ဆုံး နိုင်ငံတကာ ရေတပ်သင်္ဘောများလည်း သေနတ်တချက်မှ မဖောက်ရဘဲ ပြန်လည် ဆုတ်ခွာသွားခဲ့သလို၊ အကူအညီအများစုမှာလည်း မပေးအပ်နိုင်ဘဲ ရှိခဲ့ရသည်။ ဤသို့ အမေရိကန်နှင့် ပြင်သစ်ရေတပ် သင်္ဘောများ၏ ခြိမ်းခြောက်မှုဟု ယူဆနိုင်သည့်ကိစ္စကို ပြန်လှန်ထုတ်နိုင်ခဲ့သည့် သံတမာန်ရေးအရ စွမ်းဆောင်နိုင်မှု ကြောင့် စစ်အစိုးရက မိမိကိုယ်ကို ယုံကြည်မှုပို၍ တိုးလာဖွယ်ရှိသည်ဟု ယူဆရသည်။ သူတို့ကိုယ်သူတို့ ကိုလိုနီလက်သစ် ၀ါဒီများ၏ ရန်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပြီဟုလည်း အထင်ရောက်နေနိုင်သေးသည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် စစ်အစိုးရက မိမိကိုယ်ကိုယုံကြည်မှုရှိစွာ ပြုမူနေပုံများကိုလည်း နိုင်ငံတကာသတင်းမီဒီယာများ တွင် ဆိုးရွားမိုက်မဲသည့်ဆုံးဖြတ်ချက်များဟု ဖော်ပြပြောဆိုနေခဲ့ကြသည်။ မကြာသေးမီကလည်း စစ်တပ်အတွင်း အထက် နှင့် အောက်ခြေသဘောထားကွဲပုံမျိုး ဖော်ပြခဲ့ကြသေးသည်။ အထူးသဖြင့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းကို ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီးသည့်ကာလတွင် နေပြည်တော်သို့ မြို့တော်သစ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ သည့်ကိစ္စကို လူအများသဘောကျ နှစ်ခြိုက်စရာဖြစ်ခဲ့ရသည်။ နာဂစ်မုန်တိုင်းမဖြစ်မီ ၂၀၀၅ ခုနှစ် နှောင်ပိုင်း၌ နေပြည် တော်သို့ မြို့တော်ပြောင်းရွှေ့ရန် ချက်ချင်းဆုံးဖြတ်ဆောင်ရွက်စေခဲ့ခြင်းကို လူအများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခဲ့ ကြပြီး နေပြည်တော်တည်ဆောက်မှုအတွက် ကြီးမားသော ကုန်ကျစရိတ်များကို ဝေဖန်ခဲ့ကြသည်။ ဗေဒင်ယတြာကိန်းခမ်း အရ ပြောင်းရွှေ့သည်ဟုလည်း ရယ်ပွဲဖွဲ့ခဲ့ကြသည်။ ယခုတော့ မြန်မာလူမျိုးအများက စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ၏ သိပ္ပံနည်းမကျသော်လည်း တွေးခေါ်မျှော်မြင်နိုင်မှုနှင့် နက္ခတ်သဘောအပြောင်းအလဲများကို ခန့်မှန်းနိုင်မှုကို ပြန်၍ကြည့် လာကြသည်။ အနည်းဆုံး စစ်အစိုးရခေါင်းဆောင်များ ယုံကြည်နေကြသည့် ဗေဒင်ဆရာများကို လေးစားမှုဖြစ်လာကြ သည်။

ပို၍ အရေးကြီးသည့်အချက်မှာ ၎င်း၏ စစ်တပ်ဖွဲ့များကို ထိန်းချုပ်ရေးကိရိယာများအဖြစ် အားထားအသုံးချနိုင်ကြောင်း တွေ့ရှိလာရပြီး စစ်အစိုးရက ပိုမိုယုံကြည်မှု တက်လာခြင်း ဖြစ်သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့များအတွင်း သဘောထားကွဲလွဲမှု ကြီးကြီးကျယ်ကျယ် မတွေ့ရဘဲ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ဒီမိုကရေစီဆန္ဒပြပွဲများကို ကောင်းစွာ ငြိမ်းသတ်နိုင်ခဲ့ သောကြောင့်လည်း စစ်တပ်အဖို့ အင်အားပိုမိုခိုင်မာလာသည်ဟု ယူဆရန် ရှိနေပြီး၊ စစ်အစိုးရအဖို့ မိမိအင်အားအပေါ် ပို၍ သေချာ တွက်ဆလာနိုင်သည်။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမာန်အချို့၏ အဆိုအရ ယခုအခါ စစ်အစိုးရက ၎င်းတပ် များ၏ သစ္စာရှိမှုအပေါ် ပို၍ယုံကြည်မှုကဲနေပြီး မငြိမ်မသက်မှုများကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီဟု ယူဆနေကြ ကြောင်းလည်း သတင်းများကို အခြေခံ၍ ပြောဆိုနေကြသည်။

အခြားတဖက်တွင်လည်း အတိုက်အခံများ၏ အနေအထားမှာ အင်အားချိနဲ့လာပြီဟု သုံးသပ်လျှင် ရနိုင်သည်။ ယခုအခါ အတိုက်အခံအဖွဲ့ဝင်အများစုမှာ ယခင်အချိန်ကာလများထက်စာလျှင် အများစုက ထောင်ထဲတွင် ရှိနေကြသည်။ ထိုအချိန် တွင် အများအပြားကလည်း သူတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အမှန်တကယ်စိုးရိမ်လာရခြင်းကြောင့် ပြည်ပသို့ထွက်ပြေးခဲ့ကြရ သည်။ အရေအတွက် အတိအကျမသိရသည့် အတိုက်အခံအဖွဲ့ဝင်များလည်း သေကြေဆုံးရှုံးခဲ့ရသည်။ လူအများစုက ဒီမို ကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံအားပေးမှုရှိနေကြသော်လည်း ၂၀၀၇ ခုနှစ်က ဓါတ်ဆီဈေးနှုန်းအပေါ် အစိုးရ ထောက်ပံ့ထားပေးမှုများကို ဖျက်သိမ်းခဲ့ပြီး လောင်စာဆီဈေးကို ညတွင်းချင်း ၅၀၀% တက်လိုက်သောအခါ ဖြစ်ပေါ်လာ သည့် လူထု၏ မကျေနပ်မှုများကို အတိုက်အခံများက အင်အားအဖြစ်မပြောင်းလဲနိုင်ခဲ့ကြပါ။ အလားတူ ယခုနှစ်မုန်တိုင်း အပြီး စစ်အစိုးရ၏ တာဝန်ပျက်ကွက်မှုနှင့် မစွမ်းဆောင်နိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် မတည်မငြိမ်မှုများနှင့် လူထုများ ၏ ကပ်ဘေးဒုက္ခအပေါ်တွင် အသုံးချ၍လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန် အားဖြည့်မစွမ်းဆောင်နိုင်ခဲ့ကြ ပါ။

ဖိအားပေးရေး ထိုးစစ်ကိုလည်း မဆင်၊ ၎င်းတို့ကို ထောက်ခံနေသူများအတွက် လုံလောက်သည့် ခုခံစစ်အတွက်လည်း သေချာ မပြင်ဆင်ဘဲ နေခဲ့ကြသည်။ အတိုက်အခံများက အကြမ်းမဖက်ကျမ်းစာတော်ကိုသာ အသေဆုပ်၍ နိုင်ငံတကာ ဖိအားများကြောင့် နောက်ဆုံး ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ်လာရေးကိုသာ မျှော်လင့်အားထားနေခဲ့ကြသည်။ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန္ဒပြသူများက သက်သေပြခဲ့သလို၊ "မျှော်လင့်ချက်"ဆိုသည်မှာ ရဲများ၏ နံပါတ်တုတ် အတွက်၊ ၀င်တိုက်လာမည့် ကားများအတွက်၊ အသေသတ်မည့်စစ်သားများ၏ ကျည်ဆံများအတွက် အာမခံချက်မရှိလှသည့် ဒိုင်းကာသာ ဖြစ်ပါသည်။

“ဘယ်သူတွေ တားလို့မှ မနေနိုင်ပေါင် … ဆိုင်းကြိုက်တဲ့မောင်”

Photobucket

မျှော်လင့်ချက်မဲ့ အမှောင်ထဲမှာ

Monday, 01 December 2008 18:51 ကြည်ဝေ
တလကျော် ကြာအောင် ဖျားနေပြီး ချောင်း တဟွတ်ဟွတ် ဆိုးလျက် ရှိသော၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အရေပြား ရောင်ရမ်းနာ များဖြင့် ပြည့်နေသော အသက် ၃၂ နှစ်အရွယ် ကိုမောင်အေးကို ဒေးဒရဲဆေးရုံကြီးမှ သူနာပြုဆရာမလေးက သွေးစစ်ကြည့်ရန်အတွက် ရန်ကုန်မြို့သို့ စေလွှတ်လိုက်သည်။

ကိုမောင်အေးသည် ထဘီအနီဝတ် သူနာပြုဆရာမတဦး၏ နှစ်သိမ့်ဆွေးနွေးမှုကို ခေါင်းတွင်တွင် ငုံ့ထားရင်း နားထောင်လျှက်ရှိသည်။ သူသည် အေအိုင်ဒီအက်စ်နှင့် အိတ်ခ်ျအိုင်ဗီ ဆိုသည်ကို လွန်ခဲ့သော ၅ နှစ်ခန့်က ကြားဖူးခဲ့သော်လည်း ဘာရောဂါမှန်း၊ ဘာကြောင့် ဖြစ်မှန်း မသိခဲ့ချေ။

ကုန်စိမ်း ကုန်သည်တယောက်ဖြစ်သော သူသည် အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် တခါတရံ လိင်အပျော်အပါးလိုက်စားခြင်းများ ရှိခဲ့သည်။ သို့သော် ထိုသို့ လိင်အပျော်အပါးလိုက်စားရာတွင် ကွန်ဒုံ သုံးစွဲဖူးခြင်းမရှိခဲ့ဟု သူက ပြောဆိုသည်။

“ဆေးဆိုင်တွေမှာ ပုံတွေကပ်ထားတာတော့ မြင်ဖူးတယ်၊ ဒါပေမဲ့ ဘယ်လိုသုံးရမယ်၊ ဘယ်နေရာမှာ သုံးရမယ်ဆိုတာ မသိဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ရွာကိုလည်း ဘယ်သူကမှ လာပြီး ဟောပြောပညာပေးတာလည်း မရှိဘူး” ဟု ဖျာပုံမြို့နယ် ဒေးဒရဲ မြို့သား ကိုမောင်အေးက ပြောဆိုသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တွင်းရှိ ကျုံဒတ်ကျေးရွာကဲ့သို့ပင် ရန်ကုန်တိုင်း တွံတေးမြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင်လည်း ယနေ့ အချိန်ထိ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ လာရောက် ပညာပေး ဟောပြောခြင်းမရှိခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ကာလသား ခေါင်းဆောင်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ နယ်ဒေသအချို့တွင် အိတ်ခ်ျအိုင်ဗီဆိုသည်ကို ကြားဖူးရုံသာ ကြားဖူးပြီး မည်သည့်အတွက်ကြောင့် ဖြစ်ရသည်၊ ဘယ်အခြေအနေမှ ကူးစက်သည်ကိုပင် မသိသော၊ မကြားဘူးသော နယ်သားများ အများအပြားရှိနေသေးသည့်အတွက် အန္တရာယ်ရှိသော အနေအထားဖြစ်နေကြောင်း နယ်လှည့် ဆေးကုအဖွဲ့တခုမှ သူနာပြုဆရာမ နော်ဆယ်ဝါးက ပြောပြသည်။

“ဝေးလံတဲ့နယ်တွေ မပြောနဲ့ ရန်ကုန်တိုင်းထဲက ကော့မှူး၊ တွံတေးတို့ ကွမ်းခြံကုန်းတို့လို နေ့ချင်းပြန် ခရီးသွားလို့ ရနေတဲ့ နေရာတွေမှာတောင် ကျန်းမာရေးအသိ အထူးသဖြင့် အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်ပြီး ဗဟုသုတ တော်တော်နည်းနေတာ တွေ့ရတယ်။ ဒီထက် ပိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဒေသက လူတွေဆိုရင်တော့ ပိုဆိုးမယ်” ဟု သူကဆိုသည်။

ဆရာမ နော်ဆယ်ဝါးသည် နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဒေသများသို့ မေလ ၁၀ ရက်နေ့မှစပြီး လိုက်လံဆေးကုသပေးခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်ဒေသများနှင့် ဧရာဝတီတိုင်းမှ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ပြင်စလူ စသည့်ဒေသများသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုဒေသများအတွင်း နေထိုင်ကြသူများမှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက် သော ဗဟုသုတ နည်းပါးကြပြီး ပိုးကူးစက်ခံရကာ ပုန်းအောင်းနေသော ဝေဒနာရှင်များ ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထိုသူများကို ရန်ကုန်ရှိ အဖွဲ့အစည်းများထံသို့ စေလွှတ်ရာတွင် ခရီးစရိတ်၊ နေစရာ၊ စားစရိတ် စသည့် အခက်အခဲများကြောင့် လူနာအများစုမှာ မသွားဘဲ နေကြကြောင်း အဆိုပါ သူနာပြုဆရာမက ပြောသည်။


မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများ ကို လုပ်ဆောင်ရာတွင်လည်း နယ်ဒေသများထိ နှံ့နှံ့စပ်စပ် ၀င်ရောက်လုပ်ဆောင်နိုင်မှု အပိုင်းမှာ လည်း အားနည်းလျှက်ရှိပြီး ကုသရေးပိုင်းတွင်လည်း ရန်ပုံငွေအခက်အခဲနှင့် ဆေးဝါးရရှိရေး အခက်အခဲများကြုံတွေ့နေရသောကြောင့် သေဆုံးမှုများ ရှိနေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဆရာဝန်တဦးက ရှင်းပြသည်။

အန်ဂျီအိုများအနေနှင့် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမည်ဆိုလျှင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်းတို့ အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမည် ဆိုလျှင်လည်း သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် အိုင်အန်ဂျီအို၊ အန်ဂျီအို အများစုတို့မှာ အစိုးရနှင့်သင့်မြတ်စေရေးကိုသာ အဓိက ထားလာကြပြီး ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်ပါ အားနည်းလာကြကြောင်း သူကဆိုသည်။

“ဥပမာ တခုအနေနဲ့ ပြောရရင် အန်အယ်လ်ဒီ လူမှု ထောက်ကူအဖွဲ့က မဖြူဖြူသင်းတို့ လုပ်နေတာတွေကလည်း လူနာတွေအတွက် တထောင့်တနေရာကနေ အားဖြစ်စေတယ်။ ဒါကို အစိုးရက အန်အယ်လ်ဒီက လူတွေ ဖြစ်လို့ မလုပ်ရဘူးဆိုပြီး ဖမ်းတာဆီးတာတွေ၊ ဖြစ်လာတာကလည်း တော်တော့်ကို ဆိုးတယ်။ ဒါမျိုး အမှားတွေ တော်တော်များများကို အစိုးရက ကျူးလွန်ခဲ့တာ” ဟု ၎င်းအဖွဲ့မှ တခြား ဆရာဝန်တဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၌ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်သာ အားနည်းလျှက် ရှိသည် မဟုတ်ဘဲ ကုသရေးပိုင်းတွင်လည်း စိန်ခေါ်မှုကြီး ဖြစ်နေပေပြီ။

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့သော်လည်း ယနေ့ နှစ်ပေါင်း ၂၀ကျော်လာသည့်တိုင် လိုအပ်ချက်များ ရှိနေခြင်းမှာ ရန်ပုံငွေ အခက်အခဲများကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ အမျိုးသားရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“ကာကွယ်တားဆီးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေက ထိုက်သင့်သလောက်ရှိပေမယ့် အေအာဗီဆေး လိုအပ်နေတဲ့သူတွေအတွက်ကတော့ ရန်ပုံငွေတွေ လိုနေတာ အမှန်ပဲ။ အဲဒါက ကျနော်တို့အတွက် အကြီးစား စိန်ခေါ်မှုကြီးဖြစ်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သော နှစ်က မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သော ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၀၀ ခန့်ရှိပြီး ထိုသူများမှာ အေအာဗီဆေး လိုအပ်သူများ ဖြစ်ကာ ဆေးဝါးရရှိမှု ခက်ခဲသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အေအာဗီဆေး လိုအပ်နေသော ဝေဒနာသည်ပေါင်း ၇၆၀၀၀ ခန့်ရှိပြီး ဆေးရရှိနေသော ဝေဒနာရှင်များမှာ ရရှိရန် လိုအပ်လျက်ရှိသော ဝေဒနာရှင်များ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု MSF ၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အေအာဗီဆေးကို အများဆုံးပေးလှူနေသော အဖွဲ့အစည်းမှာ MSF ဖြစ်ပြီး ဝေဒနာရှင်ပေါင်း ၁၁၀၀၀ ကို အခမဲ့ပေးလှူကုသလျက်ရှိပြီး ၄၀၀၀ ခန့်ကို ကုလသမဂ္ဂနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အစိုးရထံမှတဆင့် ကူညီ လှူဒါန်းလျက် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်တွင် အေအာဗီ ရရှိသော ဝေဒနာရှင်ပေါင်း ၆၅၇၇ ဦးသာရှိပြီး ယနေ့လက်ရှိ ရရှိသူပေါင်းမှာ ၁၅၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒိအက်စ်နှင့် ပတ်သက်ပြီး အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်းနှင့် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ပါဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်း အိုင်အန်ဂျီအို အဖွဲ့အစည်းတခုမှ ဆရာဝန်ကြီးတဦးက ဝေဖန်သည်။

၎င်းလုပ်ငန်းများကို ၁၉၉၁ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့အစည်း များနှင့် အားတက်သရော လုပ်လာကြသော်လည်း အစိုးရ၏ အကူအညီမရရှိသည့်အပြင် လုပ်ငန်းတွင်း နှောင့်နှေးမှုများဖြစ်စေရန် ကန့်သတ်မှုများရှိလာသောကြောင့် တချို့မှာ လုပ်ငန်းပြကောင်းရုံသာ ဆောင်ရွက်လာကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး ဆေးဝါးကုသမှု ပေးနိုင်သော ဆေးရုံကြီးမှာ ၂ ခုသာရှိပြီး တခုမှာ ကုတင် ၁၀၀ ဆန့် မြောက်ဥက္ကလာပ ဝေဘာဂီ ဆေရုံကြီးနှင့် ကုတင် ၅၀ ဆန့် မင်္ဂလာဒုံ ဆေးရုံကြီးတို့ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ဗိုင်းရစ်ပိုးနှင့်ပတ်သက်ပြီး ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ခဲ့ရပြီး အေအိုင်ဒီအက်စ် ဖြစ်ပွားနေသူကို ၁၉၉၁ ခုနှစ်တွင်စတွေ့ခဲ့ရကြောင်းနှင့် ကာကွယ် တားဆီးရေးလုပ်ငန်းများကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ကြကြောင်း သိရှိ ရသည်။