Monday, December 8, 2008

မအေးချမ်းနိုင်တော့သည့် ခရစ္စမတ် …

Monday, 08 December 2008 18:41 အောင်သက်ဝိုင်း
နှစ်စဉ် နှစ်တိုင်း ခရစ္စမတ် နေ့ရောက်တဲ့အခါ အိမ်မှာ စုပေါင်း ဘုရားရှိခိုးပွဲ လုပ်ပြီး အလှူအတန်း ကျွေးမွေး တာတွေ လုပ်လေ့ရှိတဲ့ အင်းစိန် မြို့နယ် ရွာမမှာ နေတဲ့ အသက် ၅၀ ကျော် အရွယ် ဒေါ်နော်ဧပရယ်ဖော တယောက် ဒီနှစ် ခရစ္စမတ်ပွဲတော်ကို အိမ်မှာ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

မလေးရှား နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ်သားဖြစ်သူက မလေးရှားမှာ စီးပွားရေး တွေ ကြပ်တည်းပြီး အလုပ်အကိုင်မကောင်းလို့ သူတို့ အလုပ်လုပ်နေတဲ့ အလူမီနီယံစက်ရုံ ရက်အကန့် အသတ် မရှိ ရပ်နားလိုက်ရတဲ့အတွက် နိုဝင်ဘာလကစပြီး အိမ်ကို ပိုက်ဆံပြန်မပို့နိုင်တော့ဘူးလို့ သားဖြစ်သူက မိခင်ဖြစ်သူ ကိုအကြောင်းကြားလိုက်တာကြောင့် သူမဒီလိုဆုံးဖြတ်လိုက်ရတာပါလို့ ဒေါ်နော်ဧပရယ်ဖော က ပြောပါတယ်။

ဘာသာရေးကိုင်းရှိုင်းတဲ့သူမအဖို့ ခရစ္စမတ်နေ့ကို အိမ်မှာ ဘုရားရှိခိုးအလှူအတန်းလုပ်ရင်း ဖြတ်သန်းချင်ပေမယ့် ဘယ်လိုကံကြမ္မာဆိုးက သူမရဲ့ဆန္ဒကို တားဆီးပိတ်ပင်ခဲ့သလဲဆိုတာ နားမလည်ဘူးလို့လည်း သူမကဆိုပါ တယ်။

မလေးရှားရောက် သားဖြစ်သူရဲ့ လစဉ်ပို့ပေးနေတဲ့ငွေကြေးကို မှီခိုစားသောက်နေထိုင်ရတဲ့ သူမတို့အဖို့ ဒီနှစ်ခရစ္စမတ်နေ့ကို သူမအပတ်စဉ်ပုံမှန်ဘုရားရှိခိုးနေတဲ့ ရွာမဘုရားရှိခိုးကျောင်း(Ywama Baptist
Church) မှာပဲ ၀တ်ပြုဆုတောင်းရင်း ကုန်လွန်တော့မယ်လို့ သူမကပြောပါတယ်။

“ဘုရားသခင်ရဲ့အလိုတော်တိုင်း ဘုရားရှိခိုးကျောင်းမှာ ထာဝရဘုရားသခင်ရဲ့မွေးနေ့တော်ကို အောက်မေ့သတိ ရ ရှိခိုး ဆုတောင်းပါ့မယ် အဖ ဘုရားသခင်”လို့ သူမက မျက်လုံးမှေးမှိတ်ပြီး တည်ငြိမ်စွာပြောနေတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကြပ်အတည်းကြောင့်သူမရဲ့သားအလုပ်အကိုင်အဆင်မပြေ ဖြစ်ပြီး သူမတို့ အိမ်မှာ ခရစ္စမတ်နေ့ကျင်းပခွင့်မရတာပါလို့ ကျနော်ကရှင်းပြပေမယ့် စာရေးတတ် ဖတ်တတ်ရုံသာ ပညာသင်ကြားခဲ့ရတဲ့ ဒေါ်နော်ဧပရယ်ဖောက ကျနော်ရဲ့ရှင်းလင်းချက်ကို နားလည်လက်ခံပုံမရပါဘူး။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုနဲ့အတူမြန်မာနိုင်ငံရဲ့တနေ့တခြားဆိုးရွားလာတဲ့ စီးပွားရေးအခြေအနေ တွေကြောင့် ခရစ္စမတ်ပွဲ မကျင်းပနိုင်တော့တဲ့ ဒေါ်နော်ဧပရယ်ဖောတို့လို အိမ်ထောင်စုတွေ ရန်ကုန်မြို့ မှာ အများကြီးရှိနေပါတယ်။

ရန်ကုန်မြို့တော်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ခရစ္စမတ်ကာလ ဈေးရောင်းပွဲတော်တွေ၊ အရောင်းမြှင့် တင်ရေး တွေ၊ အထူးDiscount ချဈေးရောင်းချတာတွေကို ကုမ္ပဏီတွေ ကုန်တိုက်တွေ၊ စူပါမားကက်တွေ အပါအ၀င် စီးပွားရေးလုပ်ငန်းတွေအများအပြားက အကြီးအကျယ်ပြုလုပ်နေပေမယ့်အရောင်းအ၀ယ် တက် မလာဘဲ အေးစက်စက်ဖြစ်နေတယ်လို့ ရန်ကုန်စီးပွားရေးအသိုင်းအ၀န်းကပြောပါတယ်။

ဒီလိုခရစ္စမတ်ပွဲတော်ကာလ အရောင်းအ၀ယ်ကျဆင်းနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာ သာမန်လူအများနဲ့ ထိတွေ့ ဆက်ဆံရောင်းဝယ်ရလေ့ရှိတဲ့ တီဗီ၊ ဗီစီဒီ၊ အ၀တ်လျှော်စက်စတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ ရောင်းချတဲ့ အရောင်းဆိုင်တွေ၊ စိန်ရွှေ ရတနာအရောင်းဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လူသုံးကုန် ပစ္စည်းအရောင်းဆိုင်တွေနဲ့ ကုန်တိုက်၊ စူပါမားကက်တွေက အဓိကပါဝင်နေတယ်လို့ သိရပါတယ်။

“မနှစ်က ခရစ္စမတ်ကာလတုန်းက တော်တော်ရောင်းရတယ်။ဒီနှစ်တော့ အရောင်းပါးတယ်။ အရောင်း အ၀ယ် လုံးဝ မရှိတာတော့ မဟုတ်ဘူး။ နည်းနေတာ။ မနှစ်ကဒီအချိန်ကို တနေ့ကို TV ၁၀ လုံး လောက်ရောင်း ရရင် ဒီနှစ်တော့ တနေ့ကို ၅ လုံးလောက်ပဲရောင်းရတယ်”လို့ ရန်ကုန်မြို့၊ လသာမြို့နယ်မှာ ရှိတဲ့ နာမည်ကျော် ထွန်း အီလက်ထရွန်နစ် အရောင်းဆိုင်မှ အရောင်းစာရေးတဦးက ရှင်းပြပါတယ်။

ရန်ကုန်မြို့ရဲ့နာမည်ရ ရွှေဆိုင်ကြီးတခုမှ အရောင်းဝန်ထမ်းတဦးကလည်း ရွှေဆိုင် တွေမှာ တနင်္လာကနေ သောကြာနေ့အထိ လာရောက်ဝယ်ယူသူ အလွန်နည်းပါးပြီး အားလပ်ရက် စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ၀ယ်ယူသူထက်ကြည့်ရှုမေးမြန်းသူများသာ များပြားနေတယ်လို့ ပြောပါတယ်။

ခရစ္စမတ်ကာလ ဈေးရောင်းပွဲတော်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ လသာမြို့နယ်မှာ ရှိတဲ့ `စိန်´ဂေဟာ စူပါ မားကက် မှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးကလည်းဈေးရောင်းပွဲတော် လုပ်နေပေမယ့် မျှော်မှန်းထားသလောက် အရောင်း အ၀ယ်တက်မလာကြောင်း၊ အရောင်းအ၀ယ်နည်းပါးလှကြောင်း ပြောပြပါတယ်။

“အရောင်းအ၀ယ် အရမ်းကျတယ်။ ဈေးရောင်းပွဲတော်လုပ်နေပေမယ့် အရောင်းအ၀ယ်က တက်မလာဘူး။ အ၀တ်အစား ရောင်းတဲ့ အထည်ဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေ တနေကုန် ၀ယ်သူမရှိလို့ ငုတ်တုတ်ထိုင်နေရ တယ်”လို့ သူကရှင်းပြတယ်။

ရန်ကုန်ရွှေဘုံသာလမ်းမှရွှေဆိုင်ကုန်သည်ကြီးတဦးက အခုနှစ်အတွက် ရွှေအရောင်းအ၀ယ် အပါအ၀င် တခြား လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာဝယ်လိုအား လျော့ကျသွားခြင်းဟာ ကမ္ဘာစီးပွားရေးပျက်ကပ်ကြောင့်
ပဲဈေး၊ စပါးဈေးများ ကျဆင်းပြီး ပဲစိုက်တောင်သူတွေ၊ စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း ရှင်းပြတယ်။

“ရန်ကုန်က ရွှေဆိုင်တွေ၊ အီလက်ထရွန်နစ်အရောင်းဆိုင်တွေနဲ့ တခြားအရောင်းဆိုင်တွေ တော်တော်များများက ကျေးလက်နေ တောင်သူလယ်သမား တွေကို အားထားရောင်းရတာတွေရှိတယ်။ ဒီအချိန် က စပါးပေါ်ချိန်၊ ပဲပေါ် ချိန် တောင်သူတွေ ငွေရွှင်ရမယ့် အချိန်။ ကျနော်တို့လို ရွှေဆိုင်တွေအရောင်းအ၀ယ်တက်ရမယ့် အချိန်ပေါ့၊ ဒါပေမယ့် ဒီနှစ် စီးပွားပျက်ကပ်ကြောင့် ပဲဈေး၊စပါးဈေးကျပြီး တောင်သူတွေ ရှုံးလို့ အရောင်းဆိုင်တွေလည်း ထိုင်နေရတယ်”လို့ သူကသုံးသပ်ပါတယ်။

ကျေးလက်နေတောင်သူလယ်သမားလူတန်းစားကို အားပြုရောင်းချနေရတဲ့ စီးပွားရေးလုပ်ငန်းအရောင်းဆိုင်တွေ သာမက စီးပွားရေးကျဆင်းနေခြင်းမဟုတ်ဘဲ မြို့နေလူတန်းစားကို အမှီပြုအားထားရောင်းဝယ်ဖောက်ကားနေရ တဲ့ ကွန်ပျူတာ၊ကင်မရာ အပါအ၀င် ခေတ်ပေါ် IT နည်းပညာပစ္စည်းများရောင်းချတဲ့ အရောင်းဆိုင်တွေ၊ ကားဈေး ကွက်၊ အိမ်ခြံမြေဈေးကွက်၊ ပြည်တွင်းခရီးသွားလုပ်ငန်းတွေမှာလည်း စိုးရိမ်ဖွယ်ကောင်းလောက်အောင်စီးပွားရေး ကျဆင်းမှုနဲ့ ကြုံတွေ့နေရကြောင်းရန်ကုန်စီးပွားရေးအသိုင်းအ၀န်းက စုံစမ်းသိရှိရတယ်။

ခရစ္စမတ်အထူးလျော့ဈေးနဲ့ ကင်မရာများရောင်းချနေတဲ့ ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း ဘေးမှာဖွင့် ထားတဲ့ Canon ကင်မရာအရောင်းပြခန်းမှ အရောင်းဝန်ထမ်းအမျိုးသမီးတဦးက တော့“ မနှစ်ကခရစ္စမတ် ရာသီဆိုရင် တနေ့ကို ကင်မရာ ၆ လုံးကနေ ၁၀ လုံးထိရောင်းရတယ်။ ဒီနှစ်တော့ အရောင်းအ၀ယ် တအားကို နည်းတယ်”လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့နာမည်ကျော် KMD ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်မှ အသက် ၃၀ ကျော် အရွယ် ၀န်ထမ်းတဦးကလည်း အခုအချိန်မှာ KMD က လျှော့ဈေးနဲ့ ကွန်ပျူတာ ပစ္စည်းတွေ ရောင်းချနေပေမယ့် အ၀ယ်နည်းလှကြောင်း ပြောပြတယ်။

“အခု လက်ရှိအရောင်းအ၀ယ်က နာဂစ်လေဘေးသင့်ဒေသက INGO တွေက ၀ယ်ကြတဲ့ အရောင်းအ၀ယ်ပဲ ရှိတယ်”လို့ အဆိုပါ KMD ကုမ္ပဏီက ၀န်ထမ်းကဆိုပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်း၊ ကားဈေးကွက်၊ အိမ်ခြံမြေဈေးကွက်တွေမှာလည်း ဈေးနှုန်းတွေ ဆက်တိုက် ဆို သလိုကျဆင်းပြီး အရောင်းအ၀ယ်များရပ်ဆိုင်းမှုရှိနေကြောင်း သိရှိရပါတယ်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းတွေသာ စီးပွားရေးကျဆင်းနေရုံမက မြန်မာတနိုင်ငံလုံးအတိုင်း အတာနဲ့လည်း ပို့ကုန်တွေ ကျဆင်းလျက်ရှိနေတယ်လို့ စစ်အစိုးရ၀န်ကြီးချူပ်ဗိုလ်ချူပ်ကြီးသိန်းစိန်က ဒီဇင်ဘာလ ၂ ရက်နေ့
နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ထုတ်ကုန်အမည်တွေ တိုးမြှင့်ထုတ်လုပ် တင်ပို့ နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာဝန်ခံပြောကြားပါတယ်။

ဒီလိုကျဆင်းတဲ့နေရာမှာ အရင်နှစ်ကပို့ကုန်တင်ပို့မှုစာရင်းဇယားတွေနဲ့နှိုင်းယှဉ်ရင် ဒီနှစ်ပို့ကုန်တွေ ကျဆင်း ခဲ့ပြီး ပဲအမျိုးမျိုးတင်ပို့မှုတန်ဖိုး ၅.၄ ရာခိုင်နှုန်း၊ ရေထွက်ပစ္စည်း တင်ပို့ မှုမှာ ၆.၁ ရာခိုင်နှုန်း၊ ငါးတင်ပို့မှု တန်ဖိုးမှာ ၁.၇ ရာခိုင်နှုန်း၊ ပုစွန်တင်ပို့မှုတန်ဖိုးမှာ ၄.၂ ရာခိုင်နှုန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့တန်ဖိုးမှာ ၀.၆ ရာခိုင်နှုန်း၊ စက်မှု ကုန်ချောမှာ ၁၅.၉ ရာခိုင်နှုန်း၊ ဓာတ်ငွေ့တင်ပို့ရောင်းချမှုတန်ဖိုးမှာ ၁၈.၂ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ တယ် လို့ ဗိုလ်ချူပ်ကြီးသိန်းစိန်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ပဲနဲ့စပါးဈေးနှုန်းတွေ ဆက်တိုက်ထိုးကျခဲ့တဲ့အတွက် အခုအချိန်မှာအဲဒီရိုက်ခတ် မှုဒဏ်ကိုအကြီးမားဆုံးခံစားနေရတာ က တောင်သူလယ်သမားတွေဖြစ်တယ်လို့ ဧရာဝတီတိုင်း ကျောင်းကုန်း ဒေသက လယ်သမားတွေကပြောပါတယ်။

“စပါးဈေး(အကြမ်း) က တင်းတရာကို ကျပ် နှစ်သိန်းကျော်ကျော်လေးပဲရှိတယ်။ အဲဒီ ပေါက်ဈေးက စိုက်ပျိုး စရိတ်ကာမိရုံပဲရှိတယ်။ ပဲစိုက်တဲ့ တောင်သူတွေလည်း အကြွေးတွေဝိုင်းဝိုင်းလည်နေတယ်”လို့ ကျောင်းကုန်း ဒေသက အသက် ၅၀ အရွယ်တောင်သူကြီးကရှင်းပြတယ်။

အင်းစိန်မြို့နယ်က ဒေါ်နော်ဧပရယ်ဖောကတော့ သူမအနေနဲ့ ငွေကြေးအခက်အခဲကြောင့် ဒီနှစ် ခရစ္စမတ် မကျင်းပနိုင်ပေမယ့် နောက်နှစ်မှာတော့ ခရစ္စမတ်ပွဲကျင်းပနိုင်အောင် ငွေကြေး ချွေတာစုဆောင်းတော့မယ်လို့
ဆိုပါတယ်။

“ဘုရားသခင် သမီးတော် နောင်နှစ် အဖ ဘုရားသခင်ရဲ့မွေးနေ့တော်ကို အောက်မေ့သတိရ အခမ်းအနား လုပ်နိုင်ဖို့ ခွန်အားပေးသနားတော်မူပါ”ဆိုတဲ့ သူမဆုတောင်းသံက တိုးတိုးညင်းညင်းလေး ထွက်ပေါ်လာပါတယ်။

အမှောင်ကျနေပြန်တဲ့ ရန်ကုန်မှာ


မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 15:51 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ရန်ကုန်တိုင်း မြို့နယ် အများအပြားတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်နေသည်။

ယခင်က ၆ နာရီခြား တခါဆိုသလို အလှည့်ကျစနစ်ဖြင့် ပုံမှန်ပေးဝေလာရာမှ ယခုအခါ လုံးဝ ပြတ်တောက်နေခြင်း ဖြစ်သည်။
"မီးကတော့ မလာဘူး။ ၆ ရက်နီးပါး လောက်ရှိပြီ။ တပတ်ကျော် နှစ်ပတ်နီးပါး ၁၅ ရက်လောက်တုန်းက ၁၀ မိနစ်လောက် လာလိုက်၊ ပျက်လိုက်ပေါ့။ ပုံမုန်ဆို ညဘက်မှာ မီးလာတာ များတယ်။ အခု ညဘက်လည်း မီး မလာဘူး။ မီးမလာရင် စိတ်ပျက်တယ်။ မီးလာတဲ့နေ့မှာ ပျော်တယ်" ဟု ဒဂုံမြို့သစ်မှ ကိုပေါက်က မဇ္ဈိမကို ပြောသည်။

သူက " ရန်ကုန်တိုင်း တတိုင်းလုံး ပျက်နေတယ်။ သူ့တို့ ၀န်ထမ်းအိမ်ရာ၊ မြို့လယ်က မီးပွိုင့်၊ ရဲစခန်းတွေပါ အကုန်ပျက်နေတယ်။ လာရင်လည်း ၁၀ မိနစ်ဆို ပြန်ပြတ်သွားတယ် " ဟု ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် မီးပျက်များရသည်ကို အာဏာပိုင်များက ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်း မပြုဘဲထားသည်။

"ပြီးခဲ့တဲ့လထဲမှာ ရက်ကြာကြာပျက်တုန်းက ရန်ကုန်ကိုလာတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်နေလို့ ပြင်နေရတဲ့အတွက် အလုံနဲ့သာကေတက သဘာဝဓာတ်ငွေ့နဲ့မောင်းတဲ့ ဓာတ်အားပေးစက်တွေ မလည်နိုင်လို့ ရှိတဲ့ဓာတ်အားကိုဘဲ ခွဲပေးရမှာမို့ မီးတွေပျက်မယ်ဆိုပြီး စီးတီးအက်ဖ်အမ် ရေဒီယိုက ကြေငြာပေးသေးတယ် ခုတခေါက်က ဘာမှ သတင်းမထုတ်ပြန်ဘူး"ဟု ကျောက်တံတားမြို့နယ်မှ ပုံနှိပ်စက် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

လျှပ်စစ်မီး မလာတော့သဖြင့် ကွန်ပျူတာအင်တာနက်ဆိုင်၊ စာရိုက်စာစီလုပ်ငန်း၊ မိတ္တူကူးစက်နှင့် အခြား ရုံးလုပ်ငန်းများတွင် ဒီဇယ်၊ ဓာတ်ဆီဖြင့် မီးစက်များ သုံးစွဲနေရသောကြောင့် ကျသင့်ငွေမှာ ပုံမှန်ဈေးထက် မြင့်တက်နေသည်။

သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ တာဝန်ကျ အင်ဂျင်နီယာတဦးက လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေသည့် စက်များ လည်ပတ်ရန်အတွက် ဂက်(စ်)များ နည်းနေသဖြင့် ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

သူက "သာကေတ က စက်တွေ မလည်နိုင်သေးလို့ ပျက်နေတာပါ။ ဂက်(စ်) ဖိအား မပြည့်တဲ့အတွက် ဓာတ်အားတွေက အပြည့်မပေးနိုင်ဘဲ ပိတ်ပိတ်နေရပါတယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရပါတယ်" ဟု ပြောသည်။

လိုအပ်သည့် ဂက်စ်ဖိအား မဖြည့်မီတဲ့အတွက် စက်များ မလည်ပတ်နိုင်သဖြင့် ဓာတ်အားကို အပြည့်အ၀ မပေးနိုင်သောကြောင့် ဂက်စ်အား ပြည့်ဝသည့် စက်ကိုဖွင့်ကာ တလှည့်စီ ပွင့်လိုက်၊ ပိတ်လိုက် လုပ်နေရကြောင်း အဆိုပါ အင်ဂျင်နီယာက ပြောဆိုသော်လည်း အသေးစိတ် အခြေအနေကို ပြောဆိုခဲ့ခြင်း မရှိပါ။

ရန်ကုန်ရှိ သတင်းထောက်တဦးက " မီးတွေသာ မှန်အောင်မပေးနိုင်တာ သတင်းစာတွေထဲတော့ တာဝါတိုင်တွေ ထောင်ကြိုးတွေ ဆွဲနေတာတွေ၊ ရေအားလျှပ်စစ်စက်ရုံတွေ ၀န်ကြီးသွားကြည့်တာတွေတော့ တွေ့နေရတာပဲ။" ဟု ပြောသည်။

"စက်မှုဇုန် ရပ်ကွက်တွေမှာတော့ မီးက လာတယ်၊ ပုံမှန်တော့ မဟုတ်ဘူး။ မနက် ၇ နာရီ ကနေ ညနေ ၅ နာရီအထိ မီးရတယ်။ နေ့လယ် ၁၂ နာရီကနေ ၁ နာရီခွဲအထိ ပုံမှန်ပျက်တယ်။ အဲဒီအချိန်မှာ ထမင်းစားကြရတယ်။ ကျနော်တို့ စက်ရုံကတော့ မီးစက်ကို မသုံးတော့ဘူး” ဟု ဒဂုံတောင်ပိုင်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံက ၀န်ထမ်းတဦးက ပြောသည်။

မိနစ်ပိုင်းခန့်သာ လျှပ်စစ်မီးလာသည့် နေရာများတွင် လူနေအိမ်များအတွက် သောက်သုံးရေများပါ အခက်အခဲ ဖြစ်လာကာ၊ မီးလာသည့် အခိုက်တွင် အလုအယက် ရေတင် မော်တာစက် မောင်းနေကြရသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် ၉၆ဝဝ မဂ္ဂါဝပ် ဖြစ်သော်လည်း အမှန်တကယ် ဖြန့်ဖြူးသည့်အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ စာရင်းအရ သိရသည်။

ကောင်းကင်နတ်ကြီး ဘာကြောင့်ပြုံး
Monday, 08 December 2008 16:11 ရဲနည်
ယခင်အပတ်အစောပိုင်း မြန်မာနိုင်ငံတလွှားမှလူအများ က အိမ်များမှ ထွက်လာကြပြီး ညကောင်းကင်ကို ကြည့်၍ အံ့သြ မင်သက် နေခဲ့ကြသည်။ သူတို့က ကလေးများကိုလည်း ခေါ်ထုတ်လာပြီး မိုးကောင်းကင်ကို လက်ညှိုးညွှန်ပြကာ "ကြည့်စမ်း.. ကောင်းကင်ကြီးက တို့ကိုပြုံးပြနေတယ်" တိုးတိုးညင်သာပြောကြသည်။ ကလေးများ ကလည်း ထူးဆန်းအံ့သြနေခဲ့ကြသည်။
(ဓာတ်ပုံ - အေပီ)
ပြုံးနေသည့် ပါးစပ်သဖွယ် မြင်ခဲ့ကြရသည်မှာ လခြမ်းကွေးဖြစ်သည်။ တောက်ပသည့် မျက်လုံးနှစ်ခု အသွင်ရှိနေသည်မှာ သောကြာကြယ် (ဗီးနပ်စ်) နှင့် ကြာသပတေးဂြိုဟ် (ဂျူပီတာ) ဖြစ်သည်။ ဤသို့ ပြုံးနေသည့်မျက်နှာအသွင်ဖြစ်လာသည့် ထူးခြားသောနက္ခတ်များ တိုက်ဆိုင်ကြုံကြိုက်မှုကို ဘန်ကောက်မှ သည် ကင်ညာနိုင်ငံအထိ နိုင်ငံအများမှ လူအများ ကြုံတွေ့ခဲ့ကြရသည်။ မူလကတည်းက အယူသည်းစွဲလမ်းလေ့ရှိသူ မြန်မာလူမျိုးများကားအတိတ်နမိတ်ကောင်းအဖြစ် ကောက်ယူခဲ့ကြသည်။

ဗေဒင်နက္ခတ်ဆရာများကိုလည်း ဤထူးဆန်းသည့် နက္ခတ်တာရာ တိုက်ဆိုင်ဆုံဆည်းမှုအတွက် မေးမြန်းခဲ့ကြပြီး သူတို့၏ ဟောကြားချက်များက ပျံ့နှံ့လာခဲ့သည်။ သောကြာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့မှာ ကံကောင်းစေသည့် ဂြိုဟ်နက္ခတ်များအဖြစ် ယူဆကြပြီး ယခုအဖြစ်ကလည်း အပြုသဘောဆောင်မည်၊ ကံကောင်းစေမည်ဟု ယူဆကြသည်။ ဗေဒင်ဆရာများက ဤသို့ ဂြိုဟ်နှစ်လုံးပူးခြင်းကြောင့် ပြည်သူများအပေါ် သက်ရောက်မှုရှိမည်ဟုလည်း ဆိုခဲ့ကြသည်။ ကြင်နာသနားတတ်သော၊ စေတနာထက်သန်သော၊ ကူညီစောင်မသော အကျိုးကို ခံစားရမည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံ၏ အခြားနယ်စပ်တဖက်တွင် ဤဟောချက်က ချက်ချင်းဒက်ထိဆိုသလို မှန်ကန်ခဲ့သည်ကို တွေ့ကြရလိမ့်မည်။ အိန္ဒိယနိုင်ငံတွင် တဂ်ျဟိုတယ် (Taj) နှင့် အိုဘေရွိုင်းဟိုတယ် (Oberoi) များကို အကြမ်းဖက်သမားများက သိမ်းပိုက်ပြန် ပေးဆွဲထားသည့် ဖြစ်ရပ်ကို ကွန်မင်ဒိုတပ်များက အောင်မြင်စွာစီးနင်းနိုင်ခဲ့ပြီး မမ်ဘိုင်း (ဘုံဘေ) မြို့သားများလည်း စိတ် သက်သာရာ ရစေခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း ၁၉၂ ရက်ကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ၏ လှုပ်ရှားမှုက အထွဋ် အထိပ်ရောက်လာခဲ့ပြီး နောက်ဆုံး ၀န်ကြီးချုပ်နှုတ်ထွက်ပေးရခြင်း၊ အာဏာရ ညွန့်ပေါင်း ၃ ပါတီ ဖျက်သိမ်းပေးရခြင်းတို့ ဖြစ်လာစေပြီး နိုင်ငံ၏ လေဆိပ် ၂ ခုကို ဆန္ဒပြနေသူများ သိမ်းပိုက်ထားမှုလည်း အဆုံးသတ်ခဲ့ရသည်။

နက္ခတ်ကြယ်တာရာများနှင့် လမင်းကြီးကရော မိမိတို့ မြန်မာပြည်သူများ အတွက် မပြုံးစေတော့ပြီလော။ သို့မဟုတ် မိမိတို့ကို နတ်ဘုရားများက ရယ်သွမ်းသွေးခြင်းမျှသာလော။

လွန်ခဲ့သည့်နှစ် သံဃာဆန္ဒ ပြပွဲများကို လုံခြုံရေးတပ်များက အကြမ်းဖက်နှိမ်နင်းစဉ်က ယုံကြည်ကိုးကွယ်ရာဘာသာကို စော်ကားမှုနှင့် ကြုံခဲ့ရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ၀င်မွှေ၍ ဖျက်ဆီးခဲ့သည့် မုန်တိုင်းကပင် ဤကိစ္စအတွက် နတ်ဘုရားများက လက်စားချေမှုဖြစ်နိုင်သေးသည်။ သို့သော်လည်း သူတို့ပစ်မှတ်က လွဲချော်ခဲ့သည်။ အမှန်မှာ မုန်တိုင်းက စစ်အစိုးရဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်ကို ၀င်မွှေဖျက်ဆီးသွားသင့်သည် မဟုတ်လော။

မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းပြောဆိုနေကြ သည့် လူသိများလှသည့် နိမိတ်တခု ရှိပါသည်။ လူအများ တချိန်မဟုတ်တချိန်ကြားဖူးလိမ့်မည်ဟု ထင်သည်။ "သောကြာ ကြယ်ကြီး လနှင့်နီး ပြည်ကြီးပျက်လတံ့" ဟု ဤနိမိတ်တဘောင်က ဆိုထားပါသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးသည့်နောက် ရန်ကုန် ထင်းပုံ၊ မန္တလေး ပြာပုံ၊ နေပြည်တော် အရိုးပုံဟု တိတ်တဆိတ် ဟောကိန်းထုတ်နေခဲ့ကြသည် ကလည်းရှိနေပါသည်။

အကယ်၍ နေပြည်တော်တွင်သာ အရိုးတောင်လိုပုံစေမည် ဆိုပါက မည်သို့ ဖြစ်လာနိုင်စရာအကြောင်း ရှိလိမ့်မည်နည်း။

ကြယ်နက္ခတ်များ ဆုံတွေ့မှုကြောင့် မြန်မာနိုင်ငံတွင် လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်များ ဖြစ်လာလိမ့်မည်။

ပထမ အသက်အရွယ်အိုမင်းကြီးရင့်ပြီဖြစ်သည့် ဗိုလ်ချုပ်သန်းရွှေက ကင်ဆာအပြင် သွေးတိုးရောဂါများဖြင့် မကြာခင် သေမည်။ နောက် စစ်အစိုးရ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးကို ကြည်း-ရေ-လေတပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရွှေမန်းနှင့် အတွင်းရေးမှူး-၁ ဗိုလ်ချုပ် တင်အောင်မြင့်ဦးတို့ ဦးဆောင်သည့် အုပ်စုများက ချက်ချင်း လက်ဦးမှုယူ ဖမ်းဆီးလိုက်လိမ့်မည်။ ရွှေမန်းနှင့် တင်အောင်မြင့်ဦးတို့ အုပ်စု ၂-စု ကွဲ သွေးချောင်းစီးကာ နောက်ဆုံးတွင် ဗိုလ်ချုပ်များ၏ အရိုးများတောင်လိုပုံ ပါလိမ့်မည်။

ဤအရေးကြောင့် ကောင်းကင်ကြီးက ပြုံးနေတာ ဖြစ်နိုင်ကောင်းပါသည်။

ဦးသန့် တံဆိပ်ခေါင်း ကုလက ထုတ်ဝေမည်


သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 20:16 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုးကို လာမည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလက ထုတ်ဝေသွားမည်။

ဦးသန့်၏ ရုပ်ပုံများဖြင့် ထုတ်ဝေမည့် တံဆိပ်ခေါင်းများကို အမေရိကန် ဒေါ်လာ ဝ.၉၄ ၊ ဆွစ်ဇာလန် ဆွစ်ဖရန့်စ် ၁.၃ဝ ၊ ဥရောပသမဂ္ဂ ငွေကြေး ယူရို ၁.၁၅ တန်ကြေးဖြင့် ထုတ်ဝေ ရောင်းချမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ website ၌ ထုတ်ပြန် ကြေညာထားသည်။

ဦးသန့်သည် ဒုတိယမြောက် ကုလအတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဂ် ဟန်းမားဂျိုလ် လေယာဉ်ပျက် သေဆုံးပြီးနောက် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်၍ အစားထိုး အမှုထမ်းခဲ့ရသည်။ ၁၉၆၂ နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံက တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရသည်။

နောက်သက်တမ်းတွင်လည်း ညီလာခံက ဆက်လက်၍ ခန့်အပ်ခဲ့သဖြင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမှုထမ်းခဲ့သည်။

သူ့ကို ဧရာဝတီတိုင်း ပန်းတနော်မြို့၌ ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်းတို့က မွေးဖွားခဲ့ရာ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကုလတာဝန်မှ အနားယူနေချိန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက်မှာ ၆၅ နှစ်သာ ရှိသေးသည်။

ထိုအချိန်က မြန်မာပြည်တွင် အုပ်ချုပ်နေသည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပနဖြင့် မသဂြုင်္ိဟ်ပဲ သာမန် နိုင်ငံသားအဖြစ်သာ သဂြုင်္ိဟ်မည်ဆိုသဖြင့် မကျေမနပ်ဖြစ်နေသော တက္ကသိုလ်ကျောင်းသားများက ဈာပနနေ့ဖြစ်သည့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဦးသန့်ရုပ်ကလာပ်ကို လုယူခဲ့ရာမှ ဦးသန့်အရေးအခင်းဟူ၍ ပေါ်ပေါက်ခဲ့သည်။

ကျောင်းသားပြည်သူ ဆန္ဒပြသူများအား ဦးနေ၀င်း အစိုးရက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးသဖြင့် လူဦးရေ ၅ ထောင်ကျော် ဖမ်းဆီးခံရကာ ဦးရေ ၅၂၀ မှာ ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အပါအ၀င် ၈ ဦးကို သေဒဏ် အပြစ်ပေးခဲ့သည်။

ဦးသန့်သည် ၁၉၅၇ မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ချီးမြှင့်သော မဟာသရေစည်သူဘွဲ့ကို ရရှိခဲ့သေးသည်။

ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့် တက္ကသိုလ်၊ ကောလိပ် ၃၀ ကျော်ကလည်း ဂုဏ်ထူးထောင် ဒီဂရီဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားကျောင်း ကျောင်းအုပ်ကြီးအဖြစ် ၄ နှစ်ခန့် အမှုထမ်းခဲ့သလို၊ ကျောင်းအုပ်ကြီးများ အသင်းတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မြန်မာ ကျောင်းသုံးစာအုပ် ကော်မတီနှင့် အမျိုးသားပညာရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကာ၊ မြန်မာနိုင်ငံ ပညာရေး ပြန်လည်ပြုပြင်ရေး ကော်မတီတွင် အတွင်းရေးမှူးနှင့် အလွတ်သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

ပြန်ဆုံမယ့် နေ့စွဲမရှိသော ခွဲခွာခြင်း


ဆောင်းပါး
နှင်းပန်းအိမ်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008 18:38 - မြန်မာစံတော်ချိန်
တန်ဆောင်မုန်းလပြည့်နေ့ မနက် ၄ နာရီမှာ ကျမတို့သားအမိ ရွှေတိဂုံဘုရားဖူးဖို့ ရင်ပြင်တော်ပေါ်မှာ ရောက်နေတယ်။ မသိုးသင်္ကန်းယက်ပြီး ဘုရားရုပ်ပွားတော်ကို ကပ်လှူနေတဲ့ အဖွဲ့တွေ၊ အရုဏ်ဆွမ်းကပ်လှူသူတွေနဲ့ ဘုရားပေါ်မှာ ကြက်ပျံမကျ စည်ကားနေတယ်။ ရွှေရောင်ဝင်းပနေတဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကြီးကတော့ သပ္ပာယ်အေးချမ်းလို့။

နေ့နံအလိုက် ဂြိုလ်တိုင်အသီးသီးမှာ ၀တ်ပြုဆုတောင်းသူ၊ ရေသပ္ပာယ်သူ၊ မီးပူဇော်သူ၊ ပန်းပူဇော်သူတွေကို ကောင်းကင်က လမင်းက လှမ်းကြည့်နေတယ်။ သူ့ရဲ့အလင်းရောင်က ရွှေတိဂုံစေတီရဲ့ ဆလိုက်မီးရောင်ကို မတိုးဝံ့အောင် ဖြစ်နေရှာတယ်။

အောင်မြေလို့ သတ်မှတ်ထားတဲ့ နေရာမှာတော့ လူတွေက ပြည့်ကျပ်နေတာလေ။ လူ့သဘာဝအတိုင်း လုပ်သမျှ အောင်မြင်ဖို့၊ ပြောဆိုသမျှ အောင်မြင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို အောင်မြေကနေ ဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်ကြတယ်။

ကျမတို့သားအမိလည်း အောင်မြေနင်းနိုင်ဖို့ စောင့်ရင်း ရွှေတိဂုံ စေတီကြီးကို မမှိတ်မသုန် ပူဇော်နေမိတယ်။ ဘယ်အချိန်ကျမှ ကိုယ်တိုင်ကိုယ်ကျ ပြည်လည် ဖူးခွင့်ကြုံရမလဲဆိုတာ မသိတဲ့ ရွှေတိဂုံစေတီကို ရင်ထဲကနေ လက်အုပ်ချီ နှုတ်ဆက်နေတာလေ။ ပဲခူးရိုးမအဆက် သိဂုတ္တရတောင်ကုန်းပေါ်က ရွှေတိဂုံ စေတီတော်ကြီးကတော့ ပင်လယ်ဝက ကြည့်ကြည့်၊ မြို့ပြင်တွေက ကြည့်ကြည့် ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံကို မြင်တာနဲ့ လက်အုပ်ချီမိရင် ရင်ထဲ ချမ်းမြေ့ကြည်နူးသွားရတဲ့ မြန်မာပြည်သူတယောက်အနေနဲ့ ခေတ္တ ခွဲခွာခြင်းပေါ့။

စေတီပုထိုးမြင်ရင် လက်အုပ်ချီ ဆုတောင်းတတ်တဲ့ ကျမတို့ မြန်မာလူမျိုးတွေအဖို့ ဘယ်နေရာရောက်ရောက် သတိရနေရော့မယ်။ ကျမ အောင်မြေမှာ ကျုံ့ကျုံ့ထိုင်ရင်း "ရွှေတိဂုံစေတီကြီးကို အမြန်ဆုံး ပြန်လည် ဖူးခွင့်ကြုံရပါလို၏" လို့ ဆုတောင်းမိတယ်။

ရွှေတိဂုံ အရှေ့ဘက် ကြေးသွန်းဘုရားကြီး ရှေ့ရောက်တော့ စက်တင်ဘာ သံဃလှုပ်ရှားမှုကြီးမှာ ကိုအောင်ဝေး၊ ကိုဇာဂနာ၊ ကိုကျော်သူ၊ အမ သန်းမြင့်အောင်တို့နဲ့အတူ ကျမ ပါဝင်ဆွမ်းကပ်ခဲ့တာကို သတိရရင်း သွေးတွေ နွေးသွားတယ်။

သံဃာတော်တွေကို လက်နက်နဲ့ ရက်စက်စွာ ရိုက်နှက်ပစ်ခတ် သတ်ဖြတ်တဲ့ စစ်သားတွေကို မကြောက်မရွံ့ လက်တုံ့ပြန်ခဲ့တဲ့ ဗဟန်းဈေးသည်၊ ဘုရားစောင်းတန်း ဈေးသည်တွေရဲ့ ကြေးညောင်ရေအိုးတွေ၊ ကြေးစည်တွေ အခုပဲ ကျမရှေ့လွင့်ပျံပြီး ရောက်လာသလို ခံစားမိသေးတယ်။

ပြေးရင်းလွှားရင်းက "အပြစ်မဲ့တဲ့ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေကို သတ်ကုန်ပြီ။ အရှင်ဘုရားတို့၊ မင်းဆိုးမင်းညစ်ဘေးက လွတ်အောင်ပြေးကြပါ" လို့ သံကုန်အော်ဟစ်ခဲ့တဲ့ ကျမ အခုတော့ သွေးစွန်းခဲ့တဲ့ ရွှေတိဂုံ ကုန်းတော်မြေကို စွန့်ခွာပြီး မြန်မာပြည်က ထွက်ခွာရတော့မယ်။

ခင်ပွန်းသည်ကို ၈ နှစ်ကြာ ထောင်ဝင်စာတွေ့ခဲ့တုန်းက ကျမ ဘ၀မျိုးစုံ ဖြတ်သန်းခဲ့ရတယ်။ မြန်မာပြည် အနောက်မြောက်မြို့တော် မုံရွာကိုဖြတ်ပြီး ချင်းတောင်ခြေရင်း ကလေးထောင်ကို ထောင်ဝင်စာ ၇ နှစ် တွေ့ခဲ့ရတဲ့ ကျမ ဘ၀အမောပြေမယ် မကြံသေးဘူး။

ထောင်က ထွက်လာပြန်တော့လည်း နိုင်ငံရေးသည်သာ သူ့ရဲ့အသွေးအသား၊ သူ့ရဲ့ဘ၀လို့ ယုံကြည်ချက်ပြင်းတဲ့ ခင်ပွန်းသည်က ပုဒ်မတွေ အများကြီးပိုက်ပြီး လွတ်မြောက်နယ်မြေကို ထွက်ခွာသွားရလေရဲ့။

၂၀၀၂ မှာ "၄၀၁" ကို လက်မှတ်ထိုးရင် လွှတ်ပေးမယ်လို့ အာဏာပိုင်က ခင်ပွန်းသည်ကို ကမ်းလှမ်းခဲ့တယ်။ "နောက်နောင် နိုင်ငံရေး မလုပ်တော့ပါဘူး၊ လုပ်ခဲ့ရင် ယခု ထောင်ကြွေးကျန်နဲ့ တပေါင်းထဲ ကျခံရမယ်" ဆိုတဲ့ "၄၀၁" ကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး၊ အကျဉ်းထောင်ထဲ ပြန်ဝင်သွားတဲ့ ခင်ပွန်းသည်ကို နားချပေးဖို့ အာဏာပိုင်က ကျမကို ပြောခဲ့တယ်။

"အကျဉ်းထောင်ဆိုတာ မနေအပ်တဲ့နေရာ၊ လူသားအခွင့်အရေး ဆုံးရှုံးတဲ့နေရာ၊ ဒါပေမဲ့ သူက သူ့ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး ဆုံးဖြတ်တာပဲ။ ၄၀၁ ကို လက်မှတ်ထိုးလို့ သူ့ကို သစ္စာဖောက်လို့ ဆိုရင်လည်း ကျမ ရင်ဆိုင်မယ်။ ၄၀၁ ကို လက်မှတ်မထိုးလို့ သူရဲကောင်းဆိုလည်း ကျမ ကြိုဆိုမယ်။ သူ့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမက သူ့ကို ပါရမီဖြည့်ရမှာပဲ" လို့ ကျမ အာဏာပိုင်ကို ပြန်ပြောခဲ့တယ်။

၂၀၀၅ ဇူလိုင်လ ၆ ရက်မှာ ခင်ပွန်းသည် ပြန်လွတ်လာခဲ့တုန်းကတော့ ကျမတို့သားအမိနဲ့အတူ မိဘဆွေမျိုးတွေ ပျော်လိုက်ရတာ။ မိသားစု သုံးယောက် ခွဲနေရတဲ့ ၇ နှစ်စာ အတိုးချပြီး တယောက်ကို တယောက် အရိပ်ကြည့် ဖြည့်ဆည်းခဲ့ကြတာ ပတ်ဝန်းကျင်ကပါ "ဒါမှ မိသားစု ခေါ်တာ" လို့ ပြောလို့ရတဲ့ အထိ။

ကျမတို့ မိသားစုဘ၀လေး တည်တည်ငြိမ်ငြိမ်နဲ့ ချမ်းမြေ့ပျော်ရွှင်ဖို့ ဘ၀က ခွင့်မပြုခဲ့ဘူး။ မြန်မာပြည်မှာ လူဖြစ်ရတဲ့၊ မြန်မာပြည် နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားတဲ့ ကျမတို့လို မိသားစုတွေဟာ ဒီလို ထိတ်လန့်တကြားနဲ့ မငြိမ်မသက် ဖြစ်ရမှာပဲ။ ရေစုန်ကို မလိုက်ဘဲ၊ ရေဆန်ကိုဘဲ ကျမတို့ ရွေးချယ်ခဲ့တာ။

အခုတော့ ခင်ပွန်းသည်ရဲ့လောကဓံ လှိုင်းတံပိုးက ကျမတို့သားအမိကိုပါ ရိုက်ပုတ်သွားတယ်။ "အိမ်ရှင်တို့" ဆိုတဲ့ ညဘက်တံခါးခေါက်သံ၊ "တာဝန်အရ စစ်ဆေးချင်လို့ပါ" ဆိုတဲ့ စကားသံတွေက ကျမတို့ သားအမိ ဘ၀လုံခြုံရေးကို ပါထိပါးလာခဲ့ပြီ။ ကျမတို့သားအမိ ဘ၀လုံခြုံရေးအတွက် မိတ်ဆွေရဲဘော်တွေက ခင်ပွန်းသည်နောက်ကို အမြန်လိုက်ဖို့ ၀ိုင်းဝန်ကူညီပေးကြပါတယ်။

ရွှေတိဂုံ ကုန်းတော်ပေါ်ကအပြန် အိမ်ရောက်တော့ ကျမရင်ထဲ ခံစားချက်မျိုးစုံနဲ့ ဟုန်နေတယ်။ ကျမချစ်တဲ့ မြန်မာပြည်၊ ကျမ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ ၊ ကလေးရဲ့ ရေမြေတောတောင် ယဉ်ကျေးမှု ဓလေ့ထုံးစံ။ မြန်မာပြည်ရဲ့ အထင်ကရ ဧရာဝတီနဲ့ ချင်းတွင်းရဲ့ အလှ။ မိသားစု ဆွေမျိုးမိတ်ဆွေတွေရဲ့ ချစ်ခြင်းမေတ္တာကို တောင့်တမိသေးတယ်။ ဒီဝန်းကျင်ကို ဘယ်နေ့ဘယ်ရက်မှာ ပြန်ဆုံမယ်လို့ ပြောရမယ့် နေ့စွဲကို ကျမတို့ မပြောနိုင်ဘဲ ကံတရားဆီမှာ ကျမတို့လိပ်စာများ ပျောက်နေသလား။ ဒါမှမဟုတ် မရှိတာလားမသိ။

သားကတော့ သူ့ရဲ့ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်တွေကို တောက ကလေးတွေကိုပေးဖို့ သူ့အဘိုးကို မှာနေတယ်။ ကျောင်းဝတ်စုံ အဖြူအစိမ်းတစုံကို အမှတ်တရ သိမ်းပေးဖို့ ထပ်ပြောသေးတယ်။

ကျမတို့ ခွဲခွာဖို့ နှုတ်ဆက်ကန်တော့တဲ့ အချိန်မှာ မာန်တင်းဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေ ကွာကျတဲ့ အချိန်ပေါ့။ ဖေဖေက ကန်တော့ခံရင်း မျက်ရည်ပြည့်နေတဲ့ သူ့မျက်လုံးတွေကို မျက်ရည်မကျဖို့ မျက်တောင်ခတ်ပြီး ကြိုးစားသေးတယ်။ ဘယ်လိုမှ ကြိုးစားလို့မရဘဲ ငိုချလိုက်တာလေ။

ကိုကိုးကျွန်းပြန်ကြီး "ဗိုလ်ဓမ္မ" ရဲ့ ရင်ထဲက ၀မ်းနည်းကြေကွဲမှုကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ ကျမ သိပ်ကို တုန်လှုပ်သွားရတယ်။

"ဘယ်နေရာရောက်ရောက် ပရဟိတစိတ် ထား၊ ကိုယ့်ရှိတဲ့ နေရာမှာ မြဲအောင်ရပ်၊ လောဘ-ဒေါသ-မောဟ မရှိနဲ့" လို့ မှာတယ်။

"တို့တွေ ပြန်တွေ့ဖို့ မလွယ်တော့ဘူး" ဆိုတဲ့ ဖေဖေ့ရဲ့ နှုတ်ဆက်စကားက ကျမ အနာကျင်ဆုံးပါပဲ။ ခွဲခွာခြင်းတွေနဲ့သာ လောကလက်ဆောင်ရခဲ့ရတဲ့ မေမေက ဘာစကားမှ မဆိုနိုင်ရှာဘူး။

ကျမတို့သားအမိ အဝေးပြေးဂိတ်ကို မျက်ရည်တွေနဲ့ ရောက်ခဲ့တယ်။ ဘယ်သူ့ဘယ်သူမှ စကား မပြောနိုင်ဘူး။ ကိုယ်မရောက်ဖူးတဲ့ ဒေသ။ ဘယ်လို အန္တရာယ်ရှိတယ်၊ ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ မတွေးဝံ့အောင်ပါပဲ။

သံလွင်မြစ်ကမ်းကို ရောက်တော့ တံတားမဖွင့်သေးတဲ့အတွက် ကားပေါ်မှာ မှေးငိုက်နေကြတယ်။ မီးပုံဖိုပြီး မီးလှုံနေတဲ့သူတွေ စကားပြောသံက ကားပေါ်ထိ ရောက်လာတယ်။ ယူနီဖောင်းဝတ်သူတွေကို မြင်ရတိုင်း ကျမ ကြောက်စိတ်စိုးရွံ့စိတ်နဲ့ ပူလိုက်ရတာ မပြောနဲ့တော့။

ကားပေါ်ကတဆင့် ပတ်ဝန်းကျင်ကိုကြည့်တော့ တန်ဆောင်မုန်းလပြည့်ကျော်လရဲ့ လရောင်က နှင်းမှုန်တွေ အောက်မှာ ငွေရောင်လဲ့နေတယ်။ လရောင်နဲ့ ပုဇဉ်းအော်သံ၊ ညငှက်အော်သံ၊ သစ်ပင်ကို လေတိုးသံတွေက ကျမကို အထီးကျန်အားငယ်အောင် ပံ့ပိုးနေတဲ့အတိုင်း။

ဒီလိုအချိန်မျိုးမှာ ကျမတို့သားအမိ ခင်ပွန်းသည်ဆီ အန္တရာယ်ကင်းကင်း ရောက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မိဘဆွေမျိုးတွေ စိတ်ပူပြီး အိပ်ပျော်မယ်မထင်ဘူး။ ကျမတို့သားအမိရဲ့လုံခြုံရေးကို စိတ်ပူတဲ့ ခင်ပွန်းသည်ကလည်း သူရှိတဲ့နေရာကို မရောက်မချင်း အိပ်ပျော်မယ်မထင်ဘူး။

အလွမ်းတံတားထိုးပြီး သံလွင်မြစ်ကိုကူးမယ့် ကျမ ကောင်းကင်က လမင်းကို မော့ကြည့်ရင်း ဆုတောင်းမိတယ်။ "ကျမတို့ မိသားစု၊ မိဘဆွေမျိုးတွေ လကို တယောက်တနေရာစီ ကြည့်နေရာက တမိုးအောက်မှာ လကို အတူကြည့်ခွင့် ရချင်ပါတယ်" လို့။ ကောင်းကင်က လမင်းက ကျမဆုတောင်းကို ကြားပြီး ကြေကွဲလို့ထင်ပါရဲ့ တိမ်တွေကြားထဲ ပုန်းသွားတယ်။

မိုးလင်းလို့ သံလွင်မြစ်ကိုဖြတ်တော့ မြစ်ရေစီးသံ သဲ့သဲ့က ခရီးသည်တွေကို လှမ်းနှုတ်ဆက်လိုက်သလိုပဲ။ တံတားကူးရင် မှတ်ပုံတင်ပြစရာမလိုဘူး။ တယောက် ၅၀၀ိ/ - ပေးရင် ရတယ်ဆိုတဲ့ စကား အမှန်ပါပဲ။ ယူနီဖောင်းဝတ်ပြီး တောင်းစားသူနဲ့ ခွက်ရှေ့ချပြီး တောင်းစားသူ နေရာလုတဲ့ အကြောင်းရေးတဲ့ ကိုငြိမ်း (မန္တလေး) ၀တ္ထုကို သတိရမိသေးတယ်။

သံလွင်မြစ်ကို နှုတ်ဆက်ပြီး ဖားအံကို ဖြတ်တော့ ဇွဲကပင်တောင်ကြီးက ထီးထီးကြီးနဲ့ လှမ်းကြည့်နေတယ်။ ခါတိုင်းဆို တောတောင်ရဲ့အလှ၊ ဒေသရဲ့ထွက်ကုန်၊ ဒေသရဲ့စကားသံ လေယူလေသိမ်းအားလုံးကို ခရီးသည်တွေ့တိုင်း မေးနေမိမှာ။ အခုတော့ ဆွံ့အလို့ ...။

ဆူညံတဲ့ မြို့ပြကနေ တိတ်ဆိတ်တဲ့ တောတောင်တွေဆီ တိုးဝင်လာတဲ့ ကျမတို့ကား ကော့ကရိတ် စစ်ဆေးရေးစခန်း အကျော်မှာ ယာဉ်တန်းစောင့်ဖို့ တန်းစီနေတယ်။ ယာဉ်တန်းထွက်လို့ ရပြီထင်ပြီး၊ ကားစက်နှိုးတဲ့ ယာဉ်မောင်းရော၊ ကားစပယ်ယာကို စစ်ဗိုလ်တယောက်က ဖမ်းချုပ်လိုက်တယ်။ သူ့ထက်ကြီးတဲ့ အထက် အရာရှိက ဆိုင်ကယ်ကို ဝေါကနဲထိုးရပ်လိုက်ပြီး "ဘယ်သူ ထွက်ခိုင်းလို့လဲ။ တာဝန်ဆိုတာ မသိဘူးလား။ အားနေလို့တားတာ မဟုတ်ဘူး" လို့ မာန်လိုက်တာ မပြောနဲ့တော့။ ကျမတို့ သားအမိနဲ့ ခရီးသည်တွေဆိုတာ တုတ်တုတ်မလှုပ်ရဲဘူး။ ကျောပေါ်ဝဲနေတဲ့ သေနတ်တွေ ပြင်းထန်တဲ့ စကားလုံးတွေ အောက်မှာ ရှေ့ခရီးဆက်ဖို့ မတွေးရဲဘူး။ ရှိနေတဲ့ နေရာလေးမှာ အသက်ခန္ဓာမြဲဖို့ ဆုတောင်းနေရတယ်။

ဒေါနတောင်ကိုဖြတ်ဖို့ ခွင့်ပြုတော့ ကားတွေ ဝေါခနဲ အလုအယက် မောင်းကြတော့တာပဲ။ လမ်းက ကျောက်လမ်း။ ကျမ ဖြတ်ခဲ့ဖူးတဲ့ ချင်းတောင်၊ မဟာမြိုင်၊ ပုံတောင်၊ ပုံညာ တောင်တက်လမ်းတွေက ပေ ၆၀၀၀ - ၃၀၀၀၀ ကျော် အမြင့်တွေ။ မြေလမ်းမို့ တောင်ပြိုတာ၊ မြေပျော့လို့ မိုးဖွဲဖွဲကျရင်ဘဲ ချောက်ကမ်းပါးဘက် ကားရောက်သွားရင် အော်ကြဟစ်ကြ အသဲတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့။ ဒေါနတောင်က ကျောက်လမ်းမို့ ကျမအတွက် ပါးပါးလေး ရင်မခုန်လိုက်ရဘူး။

ကုန်တင်ကား ခရီးသည်ကားတွေပေါ်မှာ လူတွေ အသွေးစုံ အတွေးစုံ။ ရည်ရွယ်ချက်တွေကတော့ တူကြမယ် မထင်ဘူး။ ဒေါနတောင်ပေါ်ကနေ သထုံဘက် မှန်းကြည့်လိုက်တော့ တောတောင်တွေကို ပျပျပဲ မြင်ရတော့တယ်။ အဲဒီတောတောင်တွေရဲ့ နောက်မှာ ကျမချစ်တဲ့ အညာ၊ မြေလတ် မြို့ပြ၊ မိဘဆွေမျိုး၊ ရဲဘော်အားလုံးကို ထားခဲ့ရပြီ။

ကျမအတွက် သောင်ရင်းမြစ်ဟာ ခွဲခွာခြင်း မှတ်တိုင်ပဲ။

အဲဒီ မြန်မာပြည်ကို ဘယ်အချိန် ပြန်ရောက်မယ်ဆိုတဲ့ နေ့စွဲကို မသိရတဲ့ ဒုက္ခသည် ကျမ ဖြတ်သန်းလာရတဲ့ ခရီးဟာ မိဘဆွေမျိုးတွေရဲ့ အသည်းနှလုံးကို နင်းခြေပြီး မျက်ရည်တွေနဲ့ မောင်းနှင်ရတဲ့ ခရီးပါပဲ။

ကျမတို့ သားအမိနှစ်ယောက် ရှေ့ကိုပဲ ဆက်လျှောက်လာခဲ့ကြပါတယ်။

နှင်းပန်းအိမ်

အာဏာရူးတဲ့ ကြံ့ဖွံ့အတွင်းရေးမှူး

ဗိုလ်ထက်မင်း (၈ ဒီဇင်ဘာ ၂၀၀၈)

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှုကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်းနေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။


အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှု လုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန်ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေ အမျိုးမျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါတယ်။

“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမအတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။

သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက်လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။

စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့စဉ်ဝါးတွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေပျောက်သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊

အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အတွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေးနိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့အထည်စက်ရုံမှူးအား အထူးတာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင်သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်ကို ဖြုတ်ချရာမှာလည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင်သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်းမကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှုဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင်နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင်ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ်လ်ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများအား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်းများအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည်ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေတဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည်နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ

NEJ/ ၈ ဒီဇင်ဘာ ၂၀၀၈ စားဝတ်နေရေး ကျပ်တည်းပြီး ရသည့်လစာနှင့် မလုံလောက်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်သားများ ယခုနှစ်နာဂစ်မုန်တိုင်းတိုက်ပြီးနောက်ပိုင်း တပ်ပြေးမှု ပိုများလာရာ ယခုအခါ (၇၀၀) ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။

“ပြေးတာတော့ နှစ်စဉ်ရှိတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ စီးပွားရေး အခြေအနေတွေ မကောင်းတာရောပဲ ပါတာပေါ့လေ။ ပြေးလို့ မိရင်တော့ အဲဒီရဲဘော်ကို (၁) နှစ်လောက်တော့ ထောင်ချတာပေါ့။ ပြီးမှပဲ အရပ်ဘက်ကိုပြောင်းပေးတာ” ဟု အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောသည်။

ထွက်ပြေးရခြင်းအကြောင်းရင်းမှာ ရိုးရိုးရဲဘော်များ၏လစာ အလွန်နည်းပါးသောကြောင့် ဖြစ်ပြီး မိသားစုစားဝတ်နေရေးပြဿနာကို မဖြေရှင်းနိုင်သောကြောင့် ဖြစ်ကြောင်း သိရသည်။

“ကျနော်က ရိုးရိုးရဲဘော်ပါ။ ရတဲ့လစာက (၁၁,၀၀၀) ကျပ်၊ ကျနော်ရတဲ့လစာနဲ့တော့ ကျနော့်အတွက် လောက်အောင် မနည်းသုံးရတာပါဗျာ။ ဘယ်လိုမှမလောက်ငတဲ့အတွက် အဆင်ပြေတဲ့ ပုံစံမျိုး ဆောင်ရွက်ရ တယ်၊ အပြင်အောက်ဆိုက်ပေါ့။ သူများက မပေးချင်တာတွေရှိတယ်။ ရဲတွေကို လူတိုင်းမုန်းတယ်လေ။ တချို့ကဆိုရင် ကျနော်တို့ကို သူတောင်းစားတွေလို့တောင်ပြောတယ်။ ဒါပေမယ့် ပြောချင်တာပြောဆိုတဲ့ ပုံစံမျိုးတွေပဲနေရတော့တာပါဗျာ။ ကျနော်စိတ်ကုန်နေတာ ကြာပြီဗျ။ ကျနော် (၁၀) တန်း မအောင်ဘူး” ဟု အသက် (၂၃) နှစ်အရွယ် ရိုးရိုးရဲဘော်တဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲများကို ရန်ကုန်စည်ပင်ကလည်း ငှားရမ်းသုံးစွဲလျက်ရှိရာ ၎င်းတို့အတွက် ရဲဝန်ထမ်းအိမ်ရာပေးထားကြောင်း၊ သို့သော် လစာမှလွဲ၍ အခြား ခံစားခွင့်များမရရှိကြောင်း၊ မိသားစုရှိသော ရဲဝန်ထမ်းများက အခြားအလုပ်ကို ပြောင်းလုပ်ကိုင်ရန် ထွက်စာတင်၍လည်းမရကြောင်း (၁၀) နှစ်ကျော် ရဲဝန်ထမ်းလုပ်နေသူ ယခု လစာ (ဂိတ်ဆုံးလစာ ၂၁,၀၀၀) ကျပ် ရရှိနေသူတဦးက ပြောသည်။

“ဒီအလုပ်ကို အသက် (၂၀) ၀န်းကျင်ကပဲ လုပ်လာတာပါဗျာ။ အခု (၁၀) နှစ်ကျော်ပြီ။ ထွက်ပြေးရင်လည်း ဖမ်းတယ်။ ဒါပေမယ့် ထွက်ပြေးတဲ့သူတွေက ပြေးတယ်။ မိရင် (၁) နှစ်တော့ ကျခံလိုက်တယ်။ တချို့ က (၁) နှစ်နဲ့ ရင်း လိုက်ကြတာပဲဗျ။ ရဲတွေထဲမှာတော့ အရာရှိတွေကသာ အလုပ်ဖြစ်တာပါဗျာ။ အမှုတွေလာရင် ငွေပါတယ်ဗျာ။ ဒါကိုလူတိုင်းသိတယ်” ဟု အဆိုပါရဲက ပြောသည်။

အထူးသဖြင့် ရဲနှင့်စစ်တပ် လစာနှင့်ခံစားခွင့် ကွားခြားလွန်းသည့်အတွက် ရဲအဖွဲ့ဝင်များ ပိုပြီး မကျေမနပ်ဖြစ်ကြသည်ဟု စုံစမ်းသိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲအဖွဲ့ဝင်ပေါင်း (၇၂,၀၀၀) ရှိပြီး လုံထိန်းတပ်ဖွဲ့ဝင် (၄,၅၀၀) ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်ဦးရေမှာ စစ်တပ်၏ (၁၈) ရာနှုန်းသာရှိသည်။

တပ်မတော်ဝန်ထမ်းများအား နောက်ဆုံး တိုးမြှင့်ပေးသည့် လစာကိုကြည့်လျှင် အုပ်စုသုံးစုခွဲပြီး လစာတိုးပေးထားသည်။ အခြေခံ တပ်သားတဦး၏လစာက (၃) ထောင်မှ (၁၅,၀၀၀) ဖြစ်သွားသည့်အတွက် (၄ဝဝ) ရာခိုင်နှုန်းတိုးပေးခြင်းဖြစ်သည်။ တနည်းဆိုရလျှင် တပ်သားအဆင့်မှ တပ်ကြပ်ကြီးအဆင့်ထိ ရာခိုင်နှုန်း (၄၀၀) ကျော်တိုးပေးခဲ့သည်။ ခွဲတပ်ကြပ်ကြီးအဆင့်မှ အရာခံဗိုလ်ထိ (၆၀၀) ရာခိုင်နှုန်းကျော်တိုးပေးပြီး ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ ရာနှုန်း (၁,၀၀၀) ကျော်ထိ အများဆုံး တိုးမြှင့်ပေးခဲ့သည်။ ဗိုလ်ချုပ်အဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်ကို (၇ဝဝ) ရာခိုင်နှုန်းဝန်းကျင်ထိ တိုးပေးသည်။

တပ်မတော် လစာနှုန်းသစ်တိုးပေးသည့် ကိန်းဂဏန်းများကို ကြည့်လျှင် ဒု-ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ အများဆုံး တိုးပေးထားပြီး တပ်သားအဆင့်မှ အရာခံဗိုလ်အဆင့်ထိ လစာတိုးနှုန်း အနည်းဆုံးဖြစ်သည်။ အရပ်ဘက်ဝန်ထမ်းလစာနှုန်းသစ်နှင့် ယှဉ်ကြည့်ပါက အမြင့်ဆုံး ဦးဆောင်ညွှန်ကြားရေးမှူးတဦး သို့မဟုတ် ညွှန်ချုပ်တဦး၏ လစာနှုန်းသစ် (၁၉၀,၀၀၀) သည် ဒုဗိုလ်မှူးကြီးတဦင်္း၏ လစာနှင့် အတူတူဖြစ်နေသည်။
ဗိုလ်မှူးချုပ်တဦး၏ လစာသစ်ကို (၃) သိန်း၊ ဗိုလ်ချုပ်တဦး၏လစာကို (၄) သိန်းနှင့် ဗိုလ်ချုပ်ကြီးတဦး၏ လစာကို ရှစ်သိန်းထိ တိုးပေးခဲ့သည်။ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လစာကို (၁ဝ) သိန်းထိ တိုးပေးထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လစာကိုလည်း (၁၂) သိန်းထိ တိုးပေးခဲ့သည်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ လစာမျိုး အရပ်ဘက်ဝန်ထမ်းလောကတွင် တိုးပေးခြင်းမရှိဘဲ စစ်ဘက်မှာလည်း အောက်ခြေကို တိုက်ရိုက်ကွပ်ကဲသည့် ရာထူးအဆင့်များကိုသာ အထူး ဦးစားပေး တိုးပေးသည်ကို တွေ့ရသည်။