Thursday, December 11, 2008

၂၀၀၈၏အပြောင်မြောက်ဆုံးဓါတ်ပုံ

Photobucket

ယာဉ်တိုက်မှုကင်းမဲ့ဇုန်

အမေ့ခံရသော မြန်မာ ကိုယ်စားလှယ် အဖွဲ့The Forgotten Founder

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။The Forgotten Founder


NDD Monthly Chronology November-08[1]

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။NDD Monthly Chronology November-08[1]


၁၁၁၂၂၀၀၈သတင်း

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။11122008


တာဝန်မဲ့ ကုလအကြီးအကဲ ဘန်ကီမွန်း


Thursday, 11 December 2008 13:33 ဧရာဝတီ
ပြီးခဲ့သည့်မေလက အမေရိကန်ရေတပ်သင်္ဘောများ မြန်မာကမ်းခြေနားနီးလာပြီး နာဂစ်လေဘေးသင့်ရသူများကို ကူညီ ကယ်ဆယ်ရန် ရောက်လာပြီဆိုသည့် သတင်းများကြားရသည့်အခါ လူသားချင်းစာနာမှုကို အခြေခံ၍ နိုင်ငံတကာက ၀င် ရောက်စွက်ဖက်တော့မည်လောဟု လူအများက ၀မ်းပန်းတသာ အားပေးခဲ့ကြသည်။ မြန်မာစစ်အစိုးရက လျစ်လျူရှုထား ပြီး သူတို့ဖာသာ အသက်ရှင်ရပ်တည်နိုင်ရေး ကြိုးပမ်းရုန်းကန်နေကြရသည့် မြန်မာပြည်သူများအတွက် အနည်းဆုံး အား ဆေးတခွက်ဖြစ်စေခဲ့သည်။ ၎င်းစစ်သင်္ဘောများနှင့်အတူ ပါလာသည့် နိုင်ငံခြားတပ်ဖွဲ့များက အနည်းဆုံး အစားအသောက် များ၊ ဆေးဝါးများ ကူညီနိုင်ကြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် နောက်ဆုံး စစ်သင်္ဘောများက အကူအညီမပေးနိုင်ဘဲ ထွက်ခွာသွားကြတော့မည်ကို စိတ်ပျက်ဖွယ် ကြားသိခဲ့ကြ ရသည်။ ယခုတကြိမ်တွင်လည်း မြန်မာစစ်အစိုးရ ရုတ်ချည်းပြိုလဲရဖွယ် စိတ်ကူးယဉ် မျှော်လင့်ချက်များလည်း ရွှေတောင် ကြီး ပြိုကျသလို ဖြစ်ခဲ့ရသည်။ သည်လောက်နှစ်များကြာရှည် ဖိနှိပ်အုပ်ချုပ်ခံနေရသည့် နိုင်ငံတခု လွတ်မြောက်နိုင်ရန် နိုင်ငံတကာမိသားစုက မည်သို့ ကူညီပေးနိုင်တော့ပါအံ့နည်းဟူသည့် ပဟေဠိပုစ္ဆာမေးခွန်းများနှင့်သာ ကျန်ခဲ့ရတော့သည်။

နေပြည်တော်ခံတပ်မှနေ၍ အဝေးထိန်းကွပ်ကဲ အုပ်ချုပ်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် သူ၏ဖက်တော်သား တစုကို ဖြုတ်ချဖယ်ရှားရန်ဆိုလျှင် နာရီပိုင်းမျှနှင့်ပင် ပြီးစီးဖွယ် ရှိပါသည်။ နှစ်ရှည်ထောင်ဒဏ်များဖြင့် အကျဉ်းချခံထားရ သည့်သူများ အပါအ၀င် အတိုက်အခံများနှင့် တိုင်းရင်းသားခေါင်းဆောင်များက အိမ်စောင့်အစိုးရတခုဖွဲ့စည်းပြီး အသွင် ပြောင်းကာလကို ဦးဆောင်နိုင်ကြပါသည်။ များမကြာမီလများတွင်ပင် ရွေးကောက်ပွဲကျင်းပပေးပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲနိုင်ပါလိမ့်မည်။

အီရတ်နိုင်ငံနှင့် မတူသည့်အခြေအနေမှာ မြန်မာနိုင်ငံကို ကာလကြာရှည် သိမ်းပိုက်ထားရန် လိုလိမ့်မည်မဟုတ်ဘဲ၊ နိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် တန်ဖိုးကြီးမားလှသည့် ကတိက၀တ်များလည်း လိုအပ်လိမ့်မည် မဟုတ်ပါ။ နိုင်ငံ ပြန် လည်စတည်ရန်အတွက် ငွေဒေါ်လာ ဘီလီယံ အမြောက်အများ ကနဦးတွင် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။ သို့သော် လည်း အီရတ်တွင် ပေါက်ကွဲထွက်မလာစေရန် အမေရိကန်ပြည်ထောင်စုက သုံးနေရသည့် တလစာအသုံးစရိတ်မျှလောက် ပင် ကုန်ကျစရာ မရှိပါ။ အဖိုးအခနည်းနည်းနှင့် စစ်အာဏာရှင်တဦး ဖယ်ရှားလိုက်သည်ကို မြင်ရနိုင်ပြီး၊ လွတ်လပ်သည့် မြန်မာနိုင်ငံသစ် ပေါ်ထွန်းလာသည်ကိုလည်း ဂုဏ်ယူစွာ မြင်ရပါလိမ့်မည်။

ပြည်ပရောက် အတိုက်အခံလှုပ်ရှားသူများနှင့် လွန်ခဲ့သည့် သြဂုတ်လက ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့သော အမေရိကန် သမ္မတ ဂျော့ ဒဗလျူ ဘုရှ်က မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် သူကူညီမည်ဖြစ်ကြောင်း အပြသဘောဆောင်သည့် ကတိများ ပေးခဲ့သေးသည်။ သို့သော်လည်း အကယ်၍ သူကသာ အမှန်တကယ်ကူညီလိုပါက မြန်မာပြည်သူများလွတ် မြောက်ရေး လိုအင်ဆန္ဒများ ပြည့်ဝလာစေရန်အတွက် သူ့အနေနှင့် ထူးခြားလုပ်ကိုင်စရာ သိပ်မရှိလှတော့ဟုလည်း လူ အများက မြင်နေကြသည်။

ကံဆိုးသည်မှာ မြန်မာနိုင်ငံ၏ ကံကြမ္မာက ယခုတိုင် ဗိုလ်ချုပ်ကြီးသန်းရွှေလက်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ သူက မေလ ၂၀၃ ရက် နာဂစ်မုန်တိုင်းတိုက်ခတ် ဖျက်ဆီးခံရပြီး ရက်သတ္တပတ်အချို့တိုင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လက်ခံစကားပြောရန် ငြင်းဆန်နေခဲ့သည်။

ပြီးခဲ့သည့် မေလ ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်း၏ ခရီးစဉ်တွင် ခေါင်းမာလှသည့် စစ်ဗိုလ်ချုပ်များသာ တွေ့ဆုံရမည် ဟု မျှော်လင့်ထားခဲ့ရာ သူက နိုင်ငံရေးကိစ္စများ ရှေ့တန်းတင် မဆွေးနွေးမိစေရေးအတွက် အထူးသတိထား ရှောင်ရှားခဲ့ သည်။ သူက ဗိုလ်ချုပ်သန်းရွှေထံ ကယ်ဆယ်ရေး လုပ်သားများ နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးပါရန်သာ မေတ္တာရပ်ခံခဲ့ သည်။ သေချာသည်မှာ ထိုအချိန်က အိမ်အကျယ်ချုပ်သက်တမ်း ၅-နှစ်ကြာခံရပြီးလုနီးပြီဖြစ်သော ဒီမိုကရေစီရေး ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အရေးကိစ္စများကိုလည်း တလုံးတပါဒမျှ ဖွင့်ဟပြောဆိုခဲ့လိမ့်မည် မဟုတ်ခြင်းပင်။

မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နောက်ပိုင်း မကြာမီတွင် မြန်မာပြည်သူများစွာက "သည်တချီ ကုလသမဂ္ဂက စစ်အစိုးရကို ကယ်ခဲ့ပြန်ပြီ" ဟု ပြောဆိုရယ်ပွဲဖွဲ့ခဲ့ကြသည်။

ကုလသမဂ္ဂ အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်က ဗိုလ်ချုပ်သန်းရွှေအတွက်မူ အကျိုးရှိစရာ ဖြစ်စေခဲ့သည်။ မြန်မာပြည်ကို ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားသူမှာ သူသာရှိနေကြာင်း ပြသသည့်သဖွယ် ဖြစ်စေခဲ့သည်။ ဘန်ကီမွန်း မြန်မာနိုင်ငံမှ ပြန်သွား ပြီး နောက်ပိုင်းလများတွင်မူ ဗိုလ်ချုပ်အိုကြီးက သူ၏နိုင်ငံရေးရည်မှန်းချက်များကို တိုး၍ လုပ်ဆောင်လာတော့သည်။ မြန်မာပြည်သူများကို "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" ဆိုသည်ကို လက်ခံရန် အတင်းအကျပ်တိုက်တွန်းခဲ့ပြီး၊ ၎င်း၏ တင်းမာသည့် မူဝါဒများကိုလည်း ပြန်လည်ဆန်းသစ် ကျင့်သုံးလာခဲ့ပြန်သည်။

ကုလသမဂ္ဂက ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးရေးအတွက် ဆက်လက်တောင်းဆိုနေ သော်လည်း စစ်အစိုးရက နောက်ထပ် အကျဉ်းသားရာအချို့ကို ထပ်မံဖြည့်သွင်း ချုပ်နှောင်နေပြန်သည်။ ဤသို့အစိုးမရနိုင် သည့် လုပ်ရပ်များကို ခံပြင်းလာကြသဖြင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ ဂျော့ခ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ်၊ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း တိုနီ ဘလဲယား၊ ဂျွန်မေဂျာ၊ မာဂရက် သက်ချာ၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇူမိ တို့အပါ အ၀င် ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၁၂ ဦးတို့က ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲကို မြန်မာနိုင်ငံသို့ ပြန်၍သွားရောက်ပါရန် စာရေးတောင်းဆိုခဲ့ကြသည်။

ဤမေတ္တာရပ်ခံစာပေးပို့ရန် အတွက်ကို နော်ဝေနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း ကဂျဲ မဂ္ဂနီး ဘွန်ဒဲဗစ် (Kjell Magne Bondevik) က ဦးဆောင် စည်းရုံးခဲ့ခြင်းဖြစ်ပြီး ကုလအကြီးအကဲ ဘန်ကီမွန်းအနေနှင့် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ထိန်းသိမ်းထားသူ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုပေးပါရန် ဖိအား ပေးခဲ့ကြသည်။ အကယ်၍ မြန်မာနိုင်ငံကို ပြန်သွားရေး ခရီးစဉ် မဖြစ်နိုင်လျှင်သော်မှ သူ့အနေနှင့် "မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအားလုံး ယခုနှစ်မကုန်မီတွင် လွတ်မြောက်စေရန်" အာမခံချက် ရရှိရေး တခုခုလုပ်ဆောင်သင့်သည်ဟု အကြံ ပေးခဲ့ကြသည်။

မစ္စတာဘန်ကီမွန်း၏ တုံ့ပြန်ပြောဆိုချက်များက မြန်မာနိုင်ငံအရေး စောင့်ကြည့်နေသူများအတွက် အားပျက်ဖွယ် ရှိလှ သည်။ နိုင်ငံအတွင်း နိုင်ငံရေးအရ အကျဉ်းကျခံနေရသူများအတွက်မူ ဘ၀ပါပျက်ရတော့မည့် ကိန်းဖြစ်သည်။ သူက မြန်မာ နိုင်ငံသို့ သူသွားရောက်ရန်မရှိသေးကြောင်း၊ အကြောင်းမှာ ယခုအချိန်သည် ရလဒ်ကောင်းများ ရရန်မဖြစ်နိုင်သေးသည့် အတွက်ကြောင့် ဖြစ်ကြောင်း ဆိုခဲ့သည်။ တနည်းဆိုရသော် သူက ဖြစ်ပေါ်တိုးတက်မှုများ မရှိလာခြင်းကြောင့် "စိတ်ပျက် မိ" ကြောင်း ပြောခဲ့သော်လည်း သူ၏အရှုံးကို လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့၊ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအုပ်ဝင် နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှု အပြီးမှာပင် မစ္စတာ ဘန် ကီမွန်းက ကုလသမဂ္ဂအနေနှင့် အရှုံးပေါ်နေသော အရှေ့တောင်အာရှနိုင်ငံတခု၏ ဇာတ်လမ်းကိုပင် ဖန်တီး၍ အကောင်း ဖြစ်အောင် ကြည့်ကောင်းအောင် လှည့်ပတ်ပြောခဲ့သေးသည်။

သတင်းထောက်များသို့ ပြောကြားခဲ့ရာတွင်၊ သူက " မြန်မာအစိုးရအနေနှင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ၎င်းတို့၏ နိုင်ငံခြားရေး အခြေခံမူတွင် တရားဝင် ထုတ်ဖော်ကြေညာထားပြီးဖြစ်ကြောင်း၊ ဤအချက်ကို မိမိတို့က ကြိုဆို ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်လိမ့်မည်ဟု ယူဆကြောင်း၊ သူတို့၏ ကတိက၀တ်များအတိုင်း ဆက်လက်အကောင် အထည်ဖော်လိမ့်မည်ဟု မျှော်လင့်ကြောင်း" မျှသာ ပြောဆိုခဲ့သည်။

သေချာသည်မှာ စစ်အစိုးရက "ဤသို့ပူးပေါင်းဆောင်ရွက်ပါမည်" ဟု ပြောဆိုထားချက်ကို ယုံကြည်နိုင်ရန် လုံးဝမရှိပါ။ ထိုမျှမက စစ်အစိုးရက မြန်မာပြည်သူများကိုသာမက နိုင်ငံတကာမိသားစုကိုပါ အကြိမ်ကြိမ်လိမ်ညာခဲ့ပြီး ဖြစ်သည်။ သို့ သော်လည်း မစ္စတာဘန်ကီမွန်းကမူ ဤကတိစကားကို လက်ခံထားပုံရပြီး၊ အကြောင်းမှာ သူကပြတ်ပြတ်သားသား အရေး ယူဆောင်ရွက်ရတော့မည့် တာဝန်ဝတ္တရားကို ရှောင်လွဲချေဖျက်နိုင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းက သင့်လျော်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ သူပြန်လာမည့်အရေး ဖြစ်နိုင်ခြေကို အပြီး သတ် ငြင်းပယ်မထားခဲ့သေးပါ။

" ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ်ထပ်လာဖို့ ရှိပါတယ်။ ကျနော်တို့ ဆက်လက်ဆွေးနွေးစရာ ကိစ္စတွေ အများကြီးရှိ ပါတယ်။ လူသားချင်းစာနာမှုအရ အကူအညီပေးရေး၊ ဒါ့အပြင် နိုင်ငံရေးပြဿနာတွေကိုလည်း ဆွေးနွေးဖို့ ရှိနေပါသေး တယ်" ဟု သူက ပြောခဲ့သည်။ " ဒါပေမယ့် ယခုအချိန်ကတော့ ကျနော် အဲသည် (မြန်မာနိုင်ငံ) ကို သွားဖို့ အချိန်အခါအရ သင့်လျော်တယ်လို့ မထင်ပါဘူး" ဟု ဆိုခဲ့ပြန်သည်။

သို့သော်လည်း ဘန်ကီမွန်ူးက ပြောလိုသည့်သတင်းစကားများကို စစ်အစိုးရ လက်ခံကြားနာ နိုင်အောင် သင့်လျော်သည့် အခြေအနေများ ဖန်တီးရန် တာဝန်ဝတ္တရားကို ပျက်ကွက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အာဏာကို ဆယ်စုနှစ် ၂ ခုကို ကျော်ချုပ်ကိုင်ထားခဲ့သည့် စစ်အစိုးရတခုက သူ့ဘာသာ အပြောင်းအလဲများစတင်လုပ် ဆောင်လာရန် သည်အတိုင်းမျှော်လင့်ချက်ထားနေသည်ကတော့ အဓိပ္ပါယ် မရှိလှပါ။ အကယ်၍ ကုလသမဂ္ဂကသာ အမှန် တကယ် ကူညီလိုသည်ဆိုပါက ယခုပင် စတင်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ အခြေအနေပေးမှ လုပ်ဆောင်ကြ ရမည့် ကိစ္စမျိုး မဟုတ်ပါကြောင်း....။

တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း


ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008 21:01 - မြန်မာစံတော်ချိန် (က)
ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။

ရွာ့ဟိုဘက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်း ရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်းပေါ်က သေနတ်သံ ခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ် လုပ်နေသည်ကို အားလုံး သဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေးပြီး ၀ိုင်းထားလိုက်ကြ၏။

နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် ၅ ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက်သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယခုအခါ သူနှင့် ပြောက်ကျားရဲဘော် ၅ ဦး၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာယူထားလိုက်ကြ၏။

ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်းဆိုသလို အိပ်တန်းဆင်း ငှက်မြည်သံများ ပါးသွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။

သူနှင့် ရင်ဘောင်တန်းပြီး ၀ပ်နေသည့် ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ် တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီး ရပ်သည်။ ရွာလည်လမ်းပေါ် တက်သည်။ မျက်စေ့လျင်လျင်၊ နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွဘဲ သည်အတိုင်း ရပ်သည်။

သူ့ကို လှမ်းမော့ကြည့်နေသူများကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါးအောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ ရောက်လာသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။


(ခ)
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်

ဗုံးငုတ်တိုက်မှာ၊ မောင်ပြောက်ကျားကို

ရွာသားရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့ ထတုန်းတည်း..။

"အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့လိုသနည်း" ။

"ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ" ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင်လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ်အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။

နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပာယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။

ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့်သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။

"ကျနော့် ... မိန်းမကို ပြောလိုက်ပါ။ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်"

လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ်က မျက်ရည်ကျရလောက်အောင် တန်ဖိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား၊ သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူ ဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်း သဘောမျှသာ။ ထို့ကြောင့် သူသည် ...။

"အမောင်ပြောက်ကျား၊ မိဘအားကို

ဘာများ မှာခဲ့လိုသနည်း"။

"မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ"။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရားရှိခိုး ဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

"မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ" ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓားများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။

ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လဲ။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း အသံများမှာ ရုတ်ချည်း ပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏ နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိသောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။

ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ဘဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင် ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများမှာခဲ့ လိုသနည်း" ။

"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ" ။


(ဂ)
ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်

နေလုံးကွယ်လေပြီတကား။ ။

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ်ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

ငြိမ်းဝေ

*ရွေးချယ်စရာအခွင့်အလမ်း*

နိုင်ငံတခုရှိ လူ့အဖွဲ့အစည်းတခုအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ရန် ဆိုသည်မှာ
ရွေးချယ်စရာအခွင့်အလမ်း ဘယ်လောက်များများ ရှိသနည်း ဆိုသည့်အပေါ်တွင်မူတည်သည်။
ရွေးချယ်စရာ အခွင့်အလမ်း အများအပြားရှိဖို့ ဆိုတာကလည်း ထိုလူအဖွဲ့ အစည်းအတွင်း
အခြေခံအားဖြင့် ပွင့်လင်းမှု၊ လွတ်လပ်မှု ဘယ်လောက်ရှိသနည်း ဆိုတာနှင့် အထူးသက်ဆိုင်သည်။

ယနေ့မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးစီးပွားရေးစနစ်သည်ပွင့်လင်းလွတ်လပ်မှု
ဘယ်လောက်ရှိပါသလဲ။ ပိတ်ဆို့နေ သည့် အတိုင်းအတာ နည်းပါးသလော သို့မဟုတ်
လိုတာထက်ပိုများ၍ ပိတ်ဆို့နေသလော။ ဤသည်ကို ဆန်းစစ်ကြည့်ဖို့ အလွန်
အရေးကြီးသည်။

နယ်ပယ်တိုင်းတွင် ရွေးချယ်စရာ အခွင့်အလမ်း များများစားစား မရှိပါ။ထိုအထဲတွင်မှ
အထူးသဖြင့် လူငယ်များ ရင်ဆိုင် ကြုံတွေ့နေရသော အခြေအနေကို ပိုမို
မီးမောင်းထိုး၍ ပြောလိုသည်။ ကျနော်တို့ငယ်စဉ် ကျောင်းသား ဘ၀ကတည်းက
မြန်မာနိုင်ငံရှိ လူငယ်များသည် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်းဆိုသော
ရေစီးကြောင်းကြီးတွင် စီးမျောနေခဲ့ရသည်မှာ ယခုအထိပင်။ ထိုအချိန်က
နိုင်ငံရေးစနစ်သည် စစ်ဗိုလ်များ အရပ်ဝတ် လဲဝတ်ထားသည့် အောက်မှာရှိသည့်တပါတီအာဏာရှင်စနစ်။

ဆယ်တန်းရောက်ပြီ ဆိုကတည်းက မိဘများအဖို့ မိမိတို့သားသမီးများ၏ရှေ့အနာဂတ်ရေးကို
စတင် တွက်ချက်ကြရသည်။ ကျောင်းသားတို့အဖို့လည်း ဆယ်တန်းအောင်ရင်ဘာလုပ်မှာလဲ
ဆိုသည့်ကိစ္စက အောင်စာရင်းထွက်ခါနီး လာသည်နှင့်အမျှ စဉ်းစားကြရသည်။အနာဂတ်အတွက်
စိတ်ကူးအိပ်မက်များကို တန်းစီ၍ဇယားချရ စမြဲ။ သို့သော် လူငယ်အများစုကြီး၏
အိပ်မက်များကား နောက်ဆုံးတွင် လေနှင့်အတူ လွှင့်ပါ ပျောက်ကွယ်ကုန်ကြရသည်။

ထိုကာလများဆီက ကျောင်းသားတဦးသည် ဆယ်တန်းအောင်၍ တက္ကသိုလ်တက်မည့်အချိန်တွင်
ရင်ဆိုင်ရသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်။ ဆယ်တန်းအောင်သည့်အချိန်၌
ပထမဆုံး ရင်ဆိုင်ရသည် ကတော့ ဆေးတက်ဖို့ မှီသလားဟု အမေးခံရသော ကိစ္စက
လူငယ်တို့အဖို့ အတော်လေး ခံရခက်သော မေးခွန်းဖြစ်သည်။ ဒုတိယ မေးခွန်းကတော့
ဆေးတက်ဖို့ အမှတ်မမှီရင်လည်း (RIT) အာအိုင်တီဟု အတိုကောက်ခေါ်သည့်စက်မှုတက္ကသိုလ်
တက်ဖို့ မှီသလားဆိုသော နောက်အမေး ဖြစ်သည်။ အဲသည့် ကျောင်းနှစ်ကျောင်းတွင်
တက်ရန် တကျောင်းမှာမှ မမှီပါက ဒီအက်စ်အေ (DSA) ဆိုသည့် စစ်တက္ကသိုလ်
တက်ဖို့လျှောက်ထားသလားဆိုသည့် မေးခွန်းပင်ဖြစ် သည်။

အဆိုပါ ကျောင်းသုံးကျောင်း၊ လိုင်းသုံးလိုင်းကို တခုမှမမှီသောကျောင်းသားကား
မျက်နှာငယ်ရသည်။ အနာဂတ်တွင် ဆရာဝန်လည်း မဖြစ်နိုင်၊ အင်ဂျင်နီယာလည်းမဖြစ်၊
စစ်ဗိုလ်ဖြစ်ဖို့ကလည်း ဝေလာဝေး ဆိုသည့် ကျောင်းသားများသည် တန်းမမှီသော
မျှော်လင့်ချက်မဲ့သော သူများအဖြစ် ပေတံထိုးအတိုင်းခံရသည်။ ထိုအချိန်ထိုကာလက
ထိုသုံးမျိုး သုံးစားသော ဘာသာရပ်များတွင် မချိတ်နိုင်သောကျောင်းသားများသည်
ဝိဇ္ဇာ၊ သိပံ္ပဘွဲ့များပေးသည့် တက္ကသိုလ် အသီးသီးသို့ရောက်ရှိကြသည်။

ကျောင်းပြီး၍ အဆိုပါ ၀ိဇ္ဇာ၊ သိပံ္ပဘွဲ့များ ရလာသည့် သူများကိုအများကအထင်မကြီး။
ကောင်းစားမည့်သူများဟု လည်းမမြင်ကြ။ တောကျောင်းဆရာများ၊ချောက်တီးချောက်ချက်
ကျူရှင်ဆရာများ၊ ရုံးစာရေးများ အစရှိသည့်ဘ၀ များတွင် ဂိတ်ဆုံးရမည့်သူများအဖြစ်
သတ်မှတ်ထားကြသည်။ ထိုအထဲတွင် ဆရာဝန်ချင်းအတူတူ သွားဆရာဝန်များနှင့်
တိရစ္ဆာန်ဆရာဝန်များသည်ပင်လျှင် ကံသိပ်မကောင်းသူများအဖြစ်အသတ်မှတ်ခံရသေးသည်။
ဥပဒေနှင့် ကျောင်းပြီးသည့် ကျောင်းသားများ ဆိုပါကလည်း ထီးဖြူဖိနပ်ပါး
ဖြစ်မည့်ရှေ့နေများအဖြစ် အမြင်ခံရသည်။ စီးပွားရေး ကဆင်းသောကျောင်းသားများ
ဆိုလျှင် စာရင်းကိုင်အဆင့်လောက်သာ မြင်ကြသည်။ ဆေး၊ စက်နှင့်စစ်လိုင်းများကို
ရသော ကျောင်းသားများ သည်သာ တောက်ပသော အနာဂတ်ပိုင်ရှင်များ ဖြစ်ကြသည်။

သည်ကြားထဲ ကျောင်းသားအများစု တက်ရောက်သည့် ၀ိဇ္ဖာ၊ သိပံ္ပဘွဲ့များပေးသော
တက္ကသိုလ်များတွင်လည်း ပြဌာန်းထားသည့် မေဂျာဘာသာရပ်များက ရှေးရိုးအစဉ်အလာ
အတိုင်းသာဖြစ်သည်။ ၀ိဇ္ဖာသမားများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊
အရှေ့တိုင်း၊ ဒဿနိက၊ နိုင်ငံတကာဆက်ဆံရေး၊ ပထ၀ီ သည်လောက်ပဲရှိသည်။သိပ္ပံသမားများ
အတွက် ဆိုပါက ဘူမိ၊ ရူပ၊ ဓာတု၊ သတ္တ၊ ဇီဝ၊ သင်္ချာ စသည်တို့လောက်သာရှိသည်။
သည့်ထက်ပို၍ ရွေးချယ်စရာ အခွင့်အလမ်းလည်း ကျောင်းသားတို့တွင်မရှိ။

အဘယ်ကြောင့်နည်း။ ထိုအချိန်က တပါတီအာဏာရှင်အစိုးရအနေနှင့် ပညာရေးသည်လွတ်လပ်၍
ကျယ်ပြန့်ရမည် ဆိုသည်ကို နားမလည်။ နားလည်သော ပညာရှင်များ၏
အကြံပေးချက်များကိုလည်း နားမထောင်။ ထို့အပြင် ကျင့်သုံးနေသော အတုအယောင်
ဆိုရှယ်လစ် စီးပွားရေးစနစ်ကလည်း ပညာရေးစနစ် ကျယ်ပြန့်လာရန် အားမပေးသော
ပေါ်လစီများသာ ဖြစ်နေသည်။ ရွေးချယ်စရာ များများရှိလာစေရန်
လမ်းဖွင့်ပေးမထားသောချောင်ပိတ်ပညာရေးစနစ် သက်သက်သာ။

တိုးတက်ပွင့်လင်းသော နိုင်ငံများနှင့် ပွင့်လင်းစပြုနေသောနိုင်ငံများတွင်
ပညာရေးစနစ်ကို လွတ်လပ်ခွင့် ပေးထားသည်။ မျိုးဆက်သစ် လူငယ်များအတွက်ရွေးချယ်စရာ
အခွင့်အလမ်းများ အမြောက်အများ ဖန်တီးပေးထားသည်။ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်
ကျနော်တို့ခေတ်က မကြားဖူးသော ဘာသာရပ်များ အဲသည့်ခေတ်ကတည်းကထိုနိုင်ငံများတွင်
သင်ကြားပို့ချနေသည်။ ဥပမာ အချို့ကိုဆိုရပါကသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊
လူနှင့်လူ့ပတ်ဝန်းကျင်အတွက် အကျုံးဝင်သော များပြားလှသည့်လူမှုသိပံ္ပဆိုင်ရာ
ဘာသာရပ်များ၊ သတင်းမီဒီယာ၊ အနုပညာနှင့် ပတ်သက်၍လည်း ပန်းချီ၊ ဂီတ၊ပြဇတ်မှစ၍
အိမ်တွင်းဒီဇိုင်းဖန်တီးသည့် ဘာသာရပ်များအထိ သင်ကြားပို့ချ ပေးကြသည်။
ထိုသို့များပြားလှသော ဘာသာရပ်များကို သင်ကြားပို့ချပေးနိုင်ခြင်းမှာ
ထိုနိုင်ငံက လူငယ်များအတွက် ကျောင်းပြီးပါက လောက်လောက်လားလား အသက်မွေးရန်
ရွေးချယ်စရာ အခွင့်အလမ်းများ ရှိနေသောကြောင့်ပင် ဖြစ်သည်။ ဆေး၊ စက်၊
စစ်လိုင်းများရမှသာ အာမခံချက်ရှိသော ဘ၀များကို တည်ဆောက်နိုင်မည်ဟု
ထိုနိုင်ငံများ၏ နိုင်ငံရေး စီးပွားရေးစနစ်က မပြဌာန်းထား။ လွတ်လပ်သောတိုင်းပြည်များပေကိုး။

ယခင်က တပါတီအာဏာရှင်စနစ်ဖြင့် အုပ်စိုးသူများ မြန်မာနိုင်ငံတွင်မရှိတော့။
ထိုစဉ်က နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ မှားယွင်းခဲ့သောကြောင့်
ပညာရေးလည်းနောက်ကျကာ လူငယ်တို့ ရွေးချယ်စရာ အခွင့်အလမ်း များများစားစား
မရှိခဲ့။ ယခုကာလတွင် လက်ရှိစစ်အစိုးရက စီးပွားရေးစနစ်ကို
ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေ၍ တိုးတက်လာနေ သည် ဟုဆိုသည်။ဘာတွေများ
တိုးတက်လာပါသလဲ။ ပညာရေးစနစ်သည်လည်း တိုးတက်မလာသည့်အပြင် ပို၍ပင်
ဆုတ်ယုတ်လာနေသည်။ အရင်ကခေတ်ကောင်းခဲ့သည့် ဆေး၊ စက်၊ စစ် လိုင်းများတွင်
ဆေးနှင့်စက်တို့လည်း ခေတ် မကောင်းတော့။ ကုန်သည်များ၊ ကားပွဲစားများနှင့်
အရောင်းအ၀ယ်သမား အကြားတွင် ဆရာဝန်များ ပို၍များလာ သည်ဟုပင် ဆိုကြသည်။

ပြန်လည်ဆန်းစစ်ကြည့် သောအခါ ပါတီစုံဒီမိုကရေစီစနစ်ကိုဦးတည်နေသည်ဆိုသော်လည်း
နိုင်ငံရေးပါတီများကို ရှင်သန်ခွင့် ပြုသည်ဟု ဆိုသော်လည်း ရုပ်ပြသက်သက်သာ
ဖြစ်နေသည်။ ပါတီစုံစနစ်ကို ဦးတည်ဆောင်ရွက် နေသည် ဟု အသံကောင်းဟစ်သည်။
သို့သော်လိုအပ်သော လွတ်လပ်မှုဆို၍ တခုမှမရှိပါ။ ဘာများပို၍ ထူးလာပါသနည်း။
ဘာမှထူးခြား၍ပြောင်းလဲမလာပါ။ အဘယ်ကြောင့် ဆိုသော် ယခုစစ်အစိုးရသည်လည်း တပါတီအာဏာရှင်
ဖြစ်သောကြောင့်ပင်။ သူတို့ချည်း တိုင်းပြည်ကို အုပ်ချုပ်လာတာ အနှစ် (၂၀)ပြည့်တော့မည်။

မြန်မာ့လူ့အဖွဲ့အစည်းသည် ရွေးချယ်စရာ အခွင့်အလမ်း နည်းနေဆဲပင်ဖြစ်သည်။
ရွေးချယ်စရာ အခွင့်အလမ်းနည်း နေဆဲဖြစ်သည့်အတွက် မွဲနေဆဲလည်းဖြစ်တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)