Saturday, December 13, 2008

ဘုရားဒကာ ဦးနာအောက်


၁၁၉၄-၁၂၇၅

၁၉ ရာစုတွင် ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများတွင် ဘုရားဒကာ ဦးနာအောက်သည် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၊ မွန်ကျေးရွာကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။

မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက်သား ဖြစ်လေသည်။

ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာသာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပာယ်မှာ အရုပ်ဆိုး အကျည်းတန်ဟု ဆိုနိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်း မလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်းခြင်းနှင့် နှိမ့်ချ၍ နေတတ်ခြင်းဟုလည်း အဓိပ္ပါယ်ဖော်နိုင်သည်။

လူလားမြောက် အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင်ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာကို ကောင်းစွာ မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀ဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရလေသည်။ စာသင်ကြားရမည့်အရွယ်တွင် မောင်အောက်သည် ကျောင်းလွယ်အိတ်လွယ်ပြီး ကျောင်းတက်ရမည့်အစား ကော့မယ်ခရရွာ၌ လောက်လေးကိုကိုင်ကာ လောက်စာလုံးအိတ်လွယ်ပြီး ကျွဲစားကျက်၌ ကျွဲစီးပြီး ကျွဲကျောင်းသားဘ၀ ဖြစ်ခဲ့ရသည်။

မောင်အောက်သည် အလွန်ဆင်းရဲလှသော်လည်း လုံ့လ၊ ၀ိရိယနှင့် ဇွဲရှိသူဖြစ်သည်။ ရောင့်ရဲတင်းတိမ်သူလည်း ဖြစ်သည်။ ဟင်းလျာအဖြစ် ဆားရလျှင် ဆားနှင့် စားပြီး ငါးပိဖုတ်နှင့်လည်း ကျေနပ်သူဖြစ်သည်။

မောင်အောက်သည် ရှေးဘ၀က ပုပ္ပစေတနာ အကျိုးမပေးသဖြင့် ပထမအရွယ်၌ ဒုက္ခ၊ သုက္ခံ လောက လှိုင်းတံပိုးအောက်၌ မြုပ်တစ်ခါ၊ ပေါ်တစ်လှည့်ဖြင့် ခရီးကြမ်းကြီးပေါ်တွင် လျှောက်နေရသူဖြစ်၏။ သို့ကျွဲကျောင်းသားဘ၀နှင့် ဘ၀ကိုရင်ဆိုင်နေရစဉ် ကတိုးရွာသူဌေးကြီး ဦးမွန်ထော်၏ ကိုးဆောင်အိမ်ကြီး၊ ကော့နှတ်ရွာရှိ သူဌေးဦးထော်အာနှင့် အခြားအိမ်ကြီးအိမ်ကောင်းများကို တွေ့ရှိသောအခါ ယင်းတို့ကဲ့သို့ ကြီးပွားချမ်းသာလိုသော စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့၏။

ဘုန်းကံရှိသော ယောကျာ်းပီပီ ဘ၀ကို အရှုံးမပေးတတ်သူ၊ ဇွဲရှိသောသူ၊ လုံ့လ၀ိရိယရှိသူဖြစ်သည့်အလျောက် ကျွဲကျောင်းသား၊ နွားကျောင်းသားဘ၀တွင် ကျရောက်လင့်ကစား ကတိုးကော့နှတ်ရွာများသို့ ရောက်ရှိစဉ်က မြင်တွေ့ရသော လူချမ်းသာတို့၏ ကြီးပွားချမ်းသာ တိုးတက်နေသည်ကို အားကျကာ ၎င်းတို့ကဲ့သို့ ဖြစ်လာရန် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချထားလေသည်။

လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ်လွန်ပြီးဖြစ်သောကြောင့် မိမိ၏အကြံအစည် အောင်မြင်ရန်အတွက် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထ၀်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်လေသည်။

အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ် ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်းလုပ်ခြင်းတို့၌လည်း ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေတတ်သူ ဖြစ်လေသည်။ တက်ညီလက်ညီဖြင့် ဘ၀ခရီးကို စတင်လျှောက်စဉ်မှာပင် မိရွှေမှုန်သည် မိမိ၏ ချစ်လှစွာသော ခင်ပွန်းသည်ကို လက်တွဲဖြုတ်ပြီး သေမင်းခေါ်ရာ နောက်သို့ ပါသွားရရှာလေတော့သည်။

ချစ်ဇနီးကွယ်လွန်ပြီးနောက် ၀မ်းနည်းဖွယ်ရာ၊ အားနည်းဖွယ်ရာများကို ဖယ်ရှားပြီး ဘ၀ကို အရှုံးမပေးသော ယောကျာ်းပီပီ မိမိ၏အဓိဋ္ဌာန် အောင်မြင်ရေးအတွက် မင်းဖြစ်လိုက မင်းနားခစား၊ သူဋ္ဌေးဖြစ်လိုက သူဋ္ဌေးနားမှာ ခစားမှဖြစ်မယ်ဟု စိတ်ကူးပြီး ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်လေသည်။

ဦးထော်အာ၏ စည်းစိမ်ချမ်းသာ ပစ္စည်းကြွယ်ဝမှုကို အားကျ၍ ဦးထော်အာကဲ့သို့ ကြွယ်ဝချမ်းသာရန်
(၁) အလုပ်ကို ကြိုးစားလုပ်မည်။
(၂) ရဲရဲဝံ့ဝံ့ နောက်မတွန့်ဘဲ လုပ်ရမည်။
(၃) ရိုးသားရမည်။
(၄) ဝေဖန်ထောက်ရှု မိမိမှုကို ဝေဖန်ရမည်ဟူသော စည်းကမ်းလေးချက်ကို ချမှတ်လေသည်။

ထိုသို့ သူဌေးကြီးဦးထော်အာထံတွင် ၀င်ရောက်အလုပ်လုပ်နေစဉ် မောင်အောက်၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည် မပေါင်းလိုက်ရဘဲ အစ်မမိရွှေမှုန်နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။

ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအား အပ်နှံခဲ့ပြီး သူဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။

သူဌေးကြီး ဦးထော်အာနှင့်ဇနီး ဒေါ်ခမာနားတို့သည် ထိုအချိန်တွင် ကော့နှတ်ရွာ၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဟု ကျော်ကြားလျက်ရှိသည်။

ရန်ကုန်မြို့တွင် သားဖြစ်သူမောင်ရွှေအိုးအမည်ဖြင့် ရွှေအိုးဘရားသားကုမ္ပဏီ တစ်ခုကိုလည်း တည်ထောင်ထားလေသည်။ သစ်တောပိုင်ရှင် သူဌေးကြီးလည်းဖြစ်သည်။ ကော့နှတ်ဘုရားကျောင်းဝင်းရှိ တိုက်ကျောင်းကြီး မဟာမြတ်မုနိ ပိဋကတ်တိုက်နှင့် မီးလောင်သွားသော ဇရပ်ကြီးတစ်ဆောင်၏ အလှူရှင်လည်း ဖြစ်၏။

မောင်အောက်သည် သူဌေးကြီး ဦးထော်အာထံ၌် အလုပ်ဝင်လုပ်ရာတွင် ရေတွေ့သောငါးကဲ့သို့ စိတ်အားငယ်မှု၊ ၀မ်းနည်းမှုများကို ဖြေဖျောက်၍ စိတ်ချမ်းသာစွာဖြင့် အလုပ်ကိုကြိုးစားခြင်း၊ စည်းကမ်းသေ၀ပ်ခြင်းတို့ကြောင့် အလုပ်သမားအပေါ် ခေါင်းဆောင်မှု ရရှိလာသည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ ဥစ္စာပစ္စည်းနှင့် ချီးမြှင့်ခြင်းခံရသော်လည်း မောင်အောက်မှာ ဘ၀င်မြင့်ခြင်းမရှိဘဲ မိမိ၏ရောက်လိုသော ပန်းတိုင်ကိုပင် စွဲမြဲစွာထားပြီး အလုပ်ကိုကြိုးစား၍ လုပ်ကိုင်လေသည်။

ထိုသို့ အလုပ်ကြိုးစားမှု၊ စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာ၏။ စုဆောင်းမိလာသော ဥစ္စာပစ္စည်းများကို ထိန်းသိမ်းရန် ဘ၀ကြင်ဖော် လိုလာ၏။ တတိယမြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။

မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော်အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အလုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင် လုပ်ကိုင်လေတော့သည်။

မောင်အောက်သည် မိမိကိုယ်ပိုင်သစ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် သစ်တောသို့ မထွက်မီ တစ်နေ့တွင် "ငါသည် ငယ်စဉ်အချိန် ဆင်းရဲသားအချိန်၌ ငါရည်မှန်းထားသော ချမ်းသာရမည့် ရောင်ခြည်ဦးဘ၀သို့ ငါတက်လှမ်းရတော့မည်။ သို့သော် ကံတရားသည် ဆန်းကြယ်ပါ၏။ ဥာဏ်နှင့်ဝီရိယသည် ကံတရား၏ အခြံအရံမျှသာ ဖြစ်သည်။ ထို့ကြောင့် ငါ့ကောင်းမှုကံပြည့်အောင် ရတနာသုံးပါးသည် ငါ၏ကိုးကွယ်ရာ ဖြစ်ပါသည်" ဟု စိတ်ကူးမိလေသည်။

ထိုစိတ်ကူးခံစားချက်ကို နှလုံးသွင်းလျက် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များကို ကိုင်ဆောင်လျှက် ဘုရားကျောင်းဝင်းအတွင်းသို့ ၀င်သွားလေသည်။ ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားငုတ်တို စေတီအနီးသို့ ရောက်သောအခါတွင် ပန်း၊ ဆီမီး၊ ဖယောင်းတိုင်များဖြင့် ဘုရားအားပူဇော်ကာ သူ၏လိုအင်ဆန္ဒကို ဆုတောင်း၍ အိမ်သို့ပြန်သွားလေသည်။

ယင်းဆုတောင်းချက်နှင့်အညီ အောင်မြင်မှုသည် မဝေးသောကာလတွင် ရှိနေပြီးဖြစ်သည်ကို မောင်အောက်သည် ယုံကြည်မှုအပြည့်နှင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမိလေသည်။

မှတ်ချက် … (ကော့နှတ်ဟူသော ဝေါဟာရမှာ မွန်ဘာသာ "ကံဟနှာတ်" ဟူသော အသံမှ ဖြစ်ပေါ်လာသော အမည်ဖြစ်သည်။ "ကံ" ဟူသောအဓိပ္ပါယ်မှာ ကုန်းမြင့်မြေနေရာကို ဆိုလိုပြီး "ဟနှာတ်" မှာ ပက်ခွံ့ဟူသော အဓိပ္ပါယ်ရသည်။ ကော့နှတ်ရွာ မဖြစ်ပေါ်လာမီ ထိုနေရာကို ရေလွှမ်းမိုးသောအခါ ပက်ခွံ့လာက်ရှိသော ကုန်းမြင့်ကလေးသာ ပေါ်ထွန်းလျှက်ရှိပြီးနောက် ပက်ခွံ့မျှလောက်သာ ရှိသောမြေနှင့် ပတ်ဝန်းကျင်နေရာတွင် ရွာတည်သောအခါ ထိုရွာကို "ကော့နှတ်" "ပက်ခွံ့ကုန်း" ဟူ၍ ခေါ်တွင်လေသည်။)

မောင်အောက်သည် ယုံကြည်မှုအပြည့်အ၀ဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယားတို့ကို အင်္ဂလိပ်တို့က ဆက်လက်နှိမ်နင်းနေရလေသည်။ နောက်ဆုံးတွင် တိုင်းရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ်ပြေငြိမ်း ရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင် သစ်တောများဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေးလေသည်။ အရေးကြီးသွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီမှုကြောင့် နေ့ချင်းညချင်းဆိုသလို ဦးနာအောက်၏စီးပွားရေးမှာ အံ့သြဖွယ် ကောင်းလောက်အောင် တိုးတက်လာတော့သည်။

ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ယင်းတို့သည် ရတနာသုံးပါး၊ ပိဋကတ်သုံးပုံ၊ ဘုံသုံးပါးဟူ၍ အဓိပ္ပါယ်ရသည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ကုသိုလ်ကံ အကျိုးပေးလာမှုကြောင့် ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန်စွာရွာပြီး ရေလျှံမှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာကြလေသည်။

ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ်ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစရိတ်ငွေသည် ငွေဒင်္ဂါး ၂၀ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀၀ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်းအမြတ်ငွေ ၁၀ သိန်းခန့် ရရှိလေတော့သည်။

မောင်အောက်၏ ဆုတောင်းခန်းသည် ပြည့်စုံပြီး ဥာဏ်နှင့် လုံ့လ၊ ၀ီရိယသာ ကျန်တော့သည်။ ဆင်းရဲသားဘ၀မှ နေ့ချင်းညချင်း ချမ်းသာလာသော်လည်း မိမိ၏ဘ၀ဟောင်းကို မမေ့ဘဲ မိမိ၏ အလုပ်သမားများအပေါ် ဘကြီးအရွယ်ကို ဘကြီး၊ ဖခင်အရွယ်ကို ဖခင်လိုသဘောထားပြီး ချီးမြှင့်ထိုက်သူကို ချီးမြှင့်၍ ဆုံးမသင့်သူကို ဆုံးမလေသည်။ ထို့ကြောင့် အလုပ်သမားများက ဖခင်လိုသဘောထားပြီး ဘကြီးအောက်လို့ အမွှန်းတင်ခေါ်ကြလေသည်။ မွန်ဘာသာအားဖြင့် "အနဲာအံက်" "ဘကြီးအောက်" ဟူ၍လည်း အမွှန်းတင်ပြီး ခေါ်ကြသည်။ "အနဲာ" ၏ အဓိပ္ပါယ်မှာ "ဘကြီး" ဖြစ်သည်။

ထိုသို့ကြီးပွားချမ်းသာလာသော အနိုင်အောက်သည် ပက်ခွံ့မျှလောက်သာ ရှိသော အောင်မြေပေါ်တွင် ရပ်တည်ပြီး ဘုရားငုတ်တိုစေတီငယ်ထံတွင် အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းခဲ့သဖြင့် ယခုအခါ ဆုတောင်းသည့်အတိုင်း ပြည့်စုံလာသည်ကို အဖန်ဖန်သတိရသဖြင့် အလုပ်အားသည့်အခါတိုင်း သစ်တောကြိုးဝိုင်းမှ ကော့နှတ်သို့ ပြန်လာသည်။ ဘုရားငုတ်တိုငယ်ကို စေတီကလေးကို စေတီအကြီးအဖြစ် ပြည်လည်တည်ကာ ဇနီးသည် ဒေါ်ဂျာဥနှင့်အတူ ရေစက်သွန်းချ အမျှပေးဝေခဲ့လေသည်။

ဇနီးသည် ဒေါ်ဂျာဥမှာလည်း နိုင်အောက်နှင့် ကြာရှည် လက်မတွဲလိုက်ရဘဲ သေမင်းခေါ်ရာနောက်သို့ လိုက်ရပြန်သည်။

ဦးနာအောက်သည် ထိုအချိန်တွင် အသက် ၄၀ ကျော်မျှသာ ရှိသေးသည်။ ဇနီးသည် သေဆုံးသည့်အတွက် တရားနှင့်ဖြေကာ အံကြိတ်၍ အလုပ်ကို ဆက်လုပ်လေတော့သည်။

ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်လေသည်။

သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန် သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။

ဦးနာအောက်သည် အလုပ်ကို ထကြွစွာလုပ်၏။ နိုးနိုးကြားကြား အမြဲတမ်းရှိ၏။ ငယ်သားအပေါ် သနားကြင်နာမှုရှိ၏။ အမြင်မတော်သည်များကို သည်းခံပြီး ပြုပြင်ပေး၏။ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ကျင့်ကြံထောက်ရှုပြီးမှ လုပ်တတ်၏။ ထိုကဲ့သို့သော ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှုဟူသော နာယကဂုဏ်ခြောက်ပါးကို လက်ခံထားပြီး လုပ်ငန်းကို လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ခြင်းဖြစ်လေသည်။

လုပ်ငန်းကို တွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ်ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖားစောင်းသစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။

ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာသောအခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ချယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။

နိုင်ငံခြားပွဲစား ချစ်တီး၊ ဘာဘူကုလားများသည် သူတို့၏စီးပွားရေး ဈေးကွက်ထဲသို့ မွန်တိုင်းရင်းသား ခေတ်ပညာမဲ့ ဘုန်းကြီးကျောင်းထွက် အရင်းရှင်ပေါက်စတစ်ယောက် ၀င်ထွက်လာသည်ကို အထူးမလိုလား၍ ဦးနာအောက်၏လုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းအတွက် နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်လာကြ၏။ ထိုသို့တိုက်ခိုက်ခံရမှုအပြင် ဦးနာအောက်အလုပ်သမားများ၏ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ပထမတွင် အရှုံးနှင့်သာ ရင်ဆိုင်ရလေတော့သည်။ သို့သော်လည်း ဦးနာအောက်မှာကား "ဘဲအုပ်တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ" ဟူသော စာဆိုနှင့်အညီ အရင်းရှင်နိုင်ငံခြားသားတို့ ၀ိုင်းပြီး တိုက်ခိုက်ကြသည်ကို အပြုံးမပျက် အံကြိတ်လျှက် ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"ခုခံဝံ့သူ အောင်ပွဲရ၏" ဟူသော ဆောင်ပုဒ်ကို လက်ခံယုံကြည်ပြီး မိမိ၏ အားနည်းချက် ဟာကွက် ပျော့ကွက်များကို လေ့လာရာတွင် မိမိ၏ပွဲစားများနှင့် အလုပ်သမားများ မကျွမ်းကျင်မှုကြောင့် လုပ်ငန်းမအောင်မြင်သည်ကို တွေ့ရသဖြင့် သစ်တောလုပ်ငန်း၌ အားထားရသော လူယုံတော်ဦးငယ်ကိုဆင့်ခေါ်ပြီး စပါးလုပ်ငန်းတွင် တာဝန်ယူထမ်းဆောင်စေသည်။ ငွေကြေးဘက်တွင်မူ မိမိ၏လူယုံတော်ဦးဘိုးခင်အား တာဝန်ချထားလေသည်။ စာရေးကြီးဦးဘိုးခင်သည် နေ့စဉ် ၀င်ငွေထွက်ငွေစာရင်းနှင့် ဘဏ်သွင်းငွေ ထုတ်ငွေစာရင်းများကို ဦးနာအောက်အား တင်ပြအစီရင်ခံရလေသည်။

ကော့နှတ်ဘုရားဝင်း အရှေ့မြောက်ထောင့်၌ ဟောင်းနွမ်းယိုယွင်းနေသော ရုပ်ပွားတော်လေးဆူ တည်ရှိနေသည်။ တစ်နေ့တွင် လယ်သူမ မမိဗျူသည် ကော့နှတ်ရွာတွင်းမှ လယ်တောသို့အသွား ထိုရုပ်ပွားတော်လေးဆူ တည်ရှိရာနေရာသို့ ဖြတ်သွားစဉ် ရုပ်ပွားတော်လေးဆူအား ၀င်ဖူး၍ အဓိဋ္ဌာန်ပြု ဆုတောင်းလေသည်။ "တပည့်တော်မသည် ဆင်းရဲသူတစ်ဦး ဖြစ်ပါသည်။ တပည့်တော်မသည် ချမ်းသာခဲ့သော် မွန်မြတ်သော စေတီတစ်ဆူ တည်ဆောက်လှူဒါန်းပါမည်ဘုရား" အဓိဋ္ဌာန်ပြု၏။ ထိုသို့ ဆုတောင်းပြီးနောက် မကြာမီသော ကာလတွင်ပင် သူဋ္ဌေးကြီးမုဆိုးဖို ဦးနာအောက်သည် ထိုလယ်သူမအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ် ထိမ်းမြားလိုက်လေသည်။

မိဗျူသည် သူဋ္ဌေးကြီးဦးနာအောက်၏ ဇနီးအဖြစ်သို့ ရောက်သွားသောအခါတွင် သူမဆုတောင်းခဲ့သည့်အတိုင်း ရုပ်ပွားတော်လေးဆူနေရာတွင် စေတီတစ်ဆူတည်ပြီး ဆုတောင်းပြည့်စေတီဟု ခေါ်တွင်စေလေသည်။ ထိုစေတီသည် ယနေ့တိုင်အောင် ဆုတောင်းပြည့်စေတီဟုခေါ်တွင်ပြီး တင့်တယ်စွာဖူးမြော်နိုင်ပါသည်။

ကောင်းမှုကုသိုလ်တို့မည်သည် အကျိုးပေးလျှင် မနှေးအမြန် အကျိုးခံစားရသည် မဟုတ်ပါလော။

ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ ချမ်းသာလာသူပီပီ ဘ၀တူဆင်းရဲသားများအား ကူညီလေ့ရှိ၏။ မိမိကဲ့သို့ ချမ်းသာလာနိုင်အောင် ထာဝရကရုဏာရှေ့ထားပြီး ထောက်ပံ့ခြင်း၊ သွန်သင်ဆုံးမခြင်းနှင့် ချီးမြှင့်မြှောက်စားခြင်းတို့ကို အစဉ်တစိုက်ပြုလုပ်သည်။ တစ်လလျှင် ငွေဒင်္ဂါး ၂၀ ရသော အလုပ်သမားတစ်ယောက်သည် လတိုင်းလတိုင်းမထုတ်ဘဲ တစ်နှစ်ပြည့်မှ ငွေဒင်္ဂါး ၂၄၀ ထုတ်ယူလျှင် အထူးချီးမြှင့်ငွေအဖြစ် ငွေဒင်္ဂါး ၅၀၀ ထပ်ဆောင်းပေးရုံတွင်မက အ၀တ်အစားများပါ ထောက်ပံ့လေသည်။

အလုပ်သမားတို့အား မိမိတို့၏ ချွေးနှဲစာတို့ကို စုဆောင်းတတ်စေခြင်းနှင့် ဘ၀တိုးတက်ရေးအတွက် အချိန်ပိုလုပ်အားပေးခြင်းကို အားပေးသည့် သဘောပင်။

ထို့ကြောင့် ဦးနာအောက်၏ အလုပ်သမားများသည် သူ၏နောက်ကွယ်တွင် မည်သူမျှ ခိုးယူသုံးစွဲ အလွဲသုံးစားမှု မပြုလုပ်ကြချေ။ ထိုကြောင့်လည်း သူ၏ စီးပွားဥစ္စာသည် ဒီရေအလား တိုးတက်လာ၏။ ကလွီ၊ ဒရယ်၊ သဲကုန်း၊ ကျုံတော်၌ လည်းကောင်း၊ ဟံသာဝတီ ပဲခူးဘက်၌ လည်းကောင်း၊ ခရမ်းသုံးခွတို့၌ လည်းကောင်း၊ သံလွင်မြစ်တစ်လျှောက် လက်ပံတော၊ မှော်ဘီ၊ ထုံးအိုင်ဘက်၌ လည်းကောင်း၊ ဂျိုင်းမြစ်ဘက် ကရနာ၊ ကော့တက်၊ ကော့ဘိန်း၊ ကော့လမု၊ ဇာသပြင်၊ ဂျိုင်း၊ သရက်တော၊ ဂန္ဓီတိုင်အောင်တို့၌ လည်းကောင်း၊ ကျိုက်မရော၊ အတ္ထရံမြစ်ကမ်းရှိ ရွာတို့၌ လည်းကောင်း စပါးများ ၀ယ်ယူလေတော့သည်။

ဦးငယ်သည် အခြားပွဲစားများထက် ငွေနှစ်ကျပ်၊ သုံးကျပ် အပိုပေးခြင်းဖြင့် စပါးကို အလွယ်တကူ ၀ယ်ယူရရှိလေသည်။ ထို့ပြင် လယ်သမားတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံသွားမှုကြောင့် နိုင်ငံခြားပွဲစားများထက် အခွင့်အရေးရကာ မကြာမီအတွင်း၌ စပါးတင်းပေါင်း ၂၅၀၀၀၀ အထိ ၀ယ်ယူရရှိသည်။

ဝယ်ယူရရှိသော စပါးများကို တုန်ကင်း၊ လှေများဖြင့်တင်ပြီး "အောင်ခေမာ"၊ "အောင်ပန်း" တစ်ထပ်သင်္ဘောများဖြင့်ဆွဲကာ အောင်မောင်းကြီးများကို တီးခတ်၍ မောင်းတဒူဒူနှင့် အသံပေးပြီး မော်လမြိုင်သို့ သယ်ဆောင်သွားလေသည်။ ဦးငယ်သည် မော်လမြိုင်တွင် စပါးသွင်းပြီးနောက် ကော့နှတ်ရွာသို့ ပြန်လာခဲ့လေသည်။

ဦးငယ်သည် မိမိအနေဖြင့် သူများထက် ငွေပိုပေးပြီး ၀ယ်သည်ဖြစ်သောကြောင့် ငွေဒင်္ဂါး ၈၀၀ မျှ စာရင်းကွာခြားလျော့နည်းသည်ကို ဦးနာအောက် ဆူပူတော့မည်ဟု ယူဆထားသော်လည်း ဦးနာအောက်က "ငါအရင်းရရင် ပြီးတာပဲ၊ အမြတ်မရရင် နေပါစေ တို့တိုင်းရင်းသားတွေ မနစ်နာရင် ပြီးတာပဲ" ဟု ပြောရင်း တဒုန်းဒုန်းနှင့် ထောင်းနေသော ကွမ်းဆံမှ ကွမ်းကိုယူစားပြီး ဦးငယ်အား လူယုံတော်စာရေးကြီး ဦးဘိုးခင်ထံ စားရင်းရှင်းပြီး ပွဲခထုတ်ယူရန် စေလွှတ်လိုက်လေသည်။

စာရေးကြီး ဦးဖိုးခင်သည် စပါးတစ်ရာနှင့် ပွဲခ ၂၀ နှုန်း၊ စပါး ၂ သိန်းခွဲအတွက် ပွဲခ ငွေပေါင်း ၅၀၀၀ ကျသင့်သော်လည်း မောင်ငယ်စာရင်းအတွက် ငွေ ၈၀၀ လျော့နေသည်အတွက် စာရင်းစာအုပ်ကိုကိုင်ပြီး ဦးနာအောက်ထံသွား၍ လျော့နေသည့်ငွေအတွက် နှုတ်ယူရမည်၊ မနှုတ်ယူရမည်ကို သိလို၍သွားမေးလေ၏။

ဦးနာအောက်သည် စာရင်းစာအုပ်ကိုယူပြီး ကြည့်ရာတွင် စာရင်းဟောင်းတွင် ယခင်က ပွဲစားတစ်ယောက်သည် စပါးတင်း ၉၀၀၀၀ ၀ယ်ရာ၌ ငွေ ၁၄၀၀ လျော့၍ လည်းကောင်း၊ နောက်ပွဲစားတစ်ယောက်သည် စပါးတင်းပေါင်း ၆၀၀၀၀ ၀ယ်ရာ၌ ငွေ ၈၀၀ လျော့၍လည်းကောင်း၊ ကျန်ပွဲစားတစ်ဦးသည် စပါးတင်းပေါင်း ၃၀၈၀၀ ၀ယ်ယူရာတွင် ငွေပေါင်း ၈၀၀ လျော့၍လည်းကောင်း တေ‎ွ့ရှိသောအခါတွင် ပွဲစားသုံးယောက်ဝယ်သော စပါးစုစုပေါင်း တင်း ၁၈၀၀၀၀ တွင် လျော့ငွေ ပေါင်းက ကျပ် ၃၀၀၀။ မောင်ငယ်ဝယ်သည့်စပါးက တင်းပေါင်း ၂၅၀၀၀၀၊ ငွေလျော့သည်က ၈၀၀၊ စပါးတင်း ဆယ်တင်းတွင် ဆယ်ပြားလောက် လျော့သည့်သဘော မှတ်ချက်တွေ့ရှိသဖြင့် ချီးမြှင့်သည့်အနေနှင့် လျော့ငွေကို ပွဲခမှ မနုတ်သည့်အပြင် နောက်ထပ်ငွေ ၁၀၀၀ ကျပ် ထပ်ဆောင်းပေးလိုက်သည်။ ဤတွင် ဦးနာအောက်သည် ချီးမြှင့်ထိုက်သူအား ချီးမြှင့်ပြီး ဆုံးမသင့်သူကိုလည်း ဆုံးမတတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

ဦးနာအောက်သည် ငွေတိုးချလုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ ချစ်တီးကုလားထံ လယ်သမားများ အဆမတန်သော အတိုးဖြင့် ငွေချေးရသည်ကို မိမိသည်လည်း လယ်သမားဘ၀မှ တက်လာသူ ဖြစ်သည်နှင့်အညီ တွေ့မြင်ရသည့်အတွက် ချစ်တီးကုလားကို ပြန်တိုက်သည့်သဘောဖြင့် အတိုးနှုန်းသက်သက်သာသာဖြင့် လယ်သမားများအား ငွေချေး၏။ လယ်ယာလုပ်ငန်းကိုလည်း တိုးချဲ့သည်။ ၎င်း၏ လုပ်ငန်းများတွင် တိုင်းရင်းသားများကိုသာ လုပ်ကိုင်စေလေသည်။

မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း...
ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍ မှာကြားဝယ်ယူလေသည်။

သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည်ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။

ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၁) အောင်မင်္ဂလာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင်သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများမှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။

ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀၀ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့်ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀၀ ဖြစ်လေသည်။

သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးချယ်ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင်အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ်လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတွင် ပြေးဆွဲ၏။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူဘဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ်သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ၀ဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွားရောက်လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထားသော အလှူဒါနအတွက်လည်း တစ်နှစ်တစ်ခါ ရေစက်ချ အမျှပေးဝေလေ့ရှိသည်။

ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန်လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစမှတ်ပြုကြလေသည်။

ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ...
ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီကုမ္ပဏီကြီးသည် သူ၏စီးပွားရေးကွက်ထဲသို့ ၀င်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။

ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား) နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ်ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင်လာကြ၏။

ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ်ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ ၀ယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင်လည်းဖြစ်သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက်ပိုင်ဖြစ်အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက်က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီသင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။

တိုင်းရင်းသားအရင်းရှင် ဦးနာအောက်သည် နယ်ချဲ့အရင်းရှင်ကို မီးသင်္ဘော သယ်ယူပို့ဆောင်ရေးအတွက် ယှဉ်ပြိုင်သတ္တိပြလိုက်သည်မှာ မော်ကွန်းတင်သွား လေတော့၏။

ဘ၀ကိုမမေ့သော ဦးနာအောက်...
ဦးနာအောက်သည် ဆင်းရဲသားဘ၀မှ လာသည်နှင့်အညီ မိမိဘ၀ကို မည်သည့်အခါမှ မမေ့ချေ။ အစားအသောက်၌လည်း ကြေးမများချေ။ တောအစားအစာများသာ နှစ်သက်စားသောက်ပြီး ကွမ်းကိုတဒုန်းဒုန်းနှင့် ထောင်း၍ အမြဲတမ်းစားလေ့ရှိ၏။

နာမည်ကြီးသော ဦးနာအောက်အား တွေ့လို၍ တစ်နေ့တွင် အင်္ဂလန်ဘိလပ်မှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် ကော့နှတ်ရွာသို့ ရောက်လာ၏။ ခမ်းခမ်းနားနား၊ ကြီးကြီးကျယ်ကျယ်၊ အခြွေအရံနှင့် တွေ့ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း အ၀တ်ဖြူဝတ်ကာ နှီးဖျာနေသော ဦးနာအောက်အား တွေ့ရသောအခါ အထင်နှင့်အမြင် လွဲမှားခဲ့လေသည်။

ဦးနာအောက်သည် လယ်သမားဘ၀ကို မမေ့သည့်အလျှောက် လယ်ယာနှင့် ကိုင်းလုပ်ငန်းများကို အားပေးမှုပြု၏။ အချိန်ရတိုင်း နှီးဖျာ၊ ပလိုင်း၊ တောင်းများ ရက်လုပ်နေတတ်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ရှိလှ၏။ ရတနာသုံးပါးကို ကိုင်းရှိုင်းသူဖြစ်သည့်အလျှောက် ရွာရှိကျောင်းကန်ဘုရားသို့ နံနက်တစ်ခေါက်၊ ညနေတစ်ခေါက် မှန်မှန်သွားပြီး ၀တ်ပြုလေ့ရှိ၏။

တစ်နေ့တွင် ဘုရားကျောင်းဝင်းတွင် ဘုရားရှိခိုးဝတ်ပြုစဉ် ဓားပြသုံးယောက်တို့သည် ဦးနာအောက်အား မိမိတို့သည် စားစရာမရှိ၍ တစ်ယောက်လျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၁၅၀၀ ကျပ် တောင်းခံ ဓားပြတိုက်လေသည်။ ဦးနာအောက်သည် တုန်လှုပ်မှုမရှိဘဲ ၎င်းတို့သည် တကယ်စားစရာမရှိ၍ ဓားပြတိုက်သည်ကို အဖြစ်မှန်သိသည့်အတွက် ဓားပြတို့ကို အစောင့်ခိုင်းထားပြီး အိမ်သို့ပြန်၍ ငွေ ၁၅၀၀ ယူကာ ဓားပြတို့အား ပေးကမ်းလိုက်လေသည်။ အလှူတစ်ခု ပြုလုပ်လိုက်သည့် သဘောပင်။

ကောင်းမှုကုသိုလ် ပြုခြင်း...
ဦးနာအောက်သည် မိမိ၏ဘ၀ကံအကျိုးပေး၍ ချမ်းသာလာသည်ကို လက်တွေ့ယုံကြည်သူဖြစ်၍ ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် သူမတူအောင် သမိုင်းတွင်ရစ်အောင် လှူဒါန်းသွားသည်ကို ယနေ့တိုင် မြင်တွေ့ရလေသည်။ ထိုသို့ လှူဒါန်းနိုင်ရန်လည်း ဦးနာအောက် အတွက်…

(၁) သင့်တင့်လျှောက်ပတ်ရာ နေရာအရပ်၌ လူဖြစ်ခြင်း။
(၂) ရှေးက ပြုဖူးသော ကောင်းမှုကုသိုလ် အကျိုးပေးခြင်း။
(၃) သူတော်ကောင်းကို မှီဝဲခြင်း။
(၄) မိမိကိုယ်ကို ကောင်းအောင် တည်ဆောက်နိုင်ခြင်း တည်းဟူသော သမ္ပတ္တိလေးပါးနှင့်လည်း ပြည့်စုံခဲ့လေသည်။

အထက်ပါသမ္ပတ္တိလေးပါးနှင့် ပြည့်စုံသော ဦးနာအောက်သည် ၁၂၄၀ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ကော့နှတ်ရွာသို့ ပင့်လာလေသည်။ ဦးပညာဓမ္မခေါ် ဦးပဉ္ဇင်းမိုးသည် ပရိယတ္တိစာပေအပြင် ခေတ်ပညာဖြစ်သော အင်္ဂလိပ်-မြန်မာ၊ သက္ကတ စသော စာပေများကိုလည်း တတ်မြောက်သူ ဖြစ်လေသည်။ ဦးပညာဓမ္မသည် မန္တလေးမြို့တွင် ၁၂၃၇ ခုနှစ်မှ ၁၂၄၀ ခုနှစ်အထိ ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။

ဦးပညာဓမ္မသည် မင်းတုန်မင်း၏ မိတ်ဆွေ ရွှေတိဂုံရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖ (မိန်းမ၏မောင်) တော်သူ ဖြစ်ပါသည်။ ဦးပညာဓမ္မကို ဦးထောာ်အာ-ဒေါ်ခမနား၊ ဦးထွန်းကျော်-ဒေါ်မိထော်၊ ဦးနာအောက်-ဒေါ်ဗျူ သူဋ္ဌေးကြီး သုံးဦးတို့က ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ကော့နှတ်ရွာသို့ ဦးပညာဓမ္မ ရောက်လာသည့် ၁၂၄၀ ခုနှစ်သည် တနင်္သာရီတိုင်းနှင့် မွန်ဒေသအားလုံးတွင် မွန်ပရိယတ္တိသာသနာ ဆိတ်သုဉ်းနေသည့် အချိန်အခါ ဖြစ်သည်။

မွန်ပရိယတ္တိသာသနာသည် ကွယ်ပျောက်ဆိတ်သုဉ်းနေရာမှ ပထမဆုံး မွန်ပရိယတ္တိသာသနာကို စတင်ထူထောင်သော နေရာဖြစ်သည်။ ဇာသပြင်ရွာတွင် မွန်ပရိယတ္တိသာသနာကို စတင်ပြီးအားထုတ်နေစဉ် ဦးနာအောက်နှင့် ဦးထော်အာ၊ ဦးထွန်းကျော်တို့က မွန်ပရိယတ္တိသာသနာကို အားပေးလိုသဖြင့် ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး ဖွင့်လိုသောကြောင့် ဇာသပြင်ကျောင်းမှ စာသင်သား အပါး ၆၀ ကျော်ကို ကော့နှတ်ရွာသို့ပင့်ကာ စာသင်တိုက်ကို စတင်ထူထောင်လေသည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ် ဖြစ်လေသည်။ ဦးပညာဓမ္မ ဦးစီးအုပ်ချုပ်သော စာသင်တိုက်သို့ မွန်ဒေသအရပ်ရပ်မှ မွန်သံဃာတော်တို့သည် ဆရာတော် ဦးပညာဓမ္မထံသို့ ခိုလှုံ၍ ပရိယတ္တိ၏ ချိုမြိန်သော နို့ရည်ကို လာရောက် သောက်စို့ကြလေတော့သည်။

မွန်တို့၏ သာသနာသည်…
(က) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တဖုဿနှင့်ဘလ္လိက မွန်ညီနောင်နှစ်ပါးတို့က ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ရာမညတိုင်းသို့ ပင့်ဆောင်လာခြင်းဖြင့် သာသနာတော်သည် မွန်ဒေသသို့ ပထမဆုံး ရောက်ရှိလာခြင်း။

(ခ) ဂေါတမမြတ်စွာဘုရား ၀ါတော်ရှစ်ဝါရစဉ်ကာလက သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွရောက်လာပြီးနောက် တရားရေအေးတိုက်ကျွေးခြင်းနှင့် ဆံတော်ဓါတ်များကို ပေးသနားတော်မူသဖြင့် သာသနာတော်သည် ဒုတိယအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဂ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သောဏထေရ်-ဥတ္တရထေရ်နှင့် တပည့်သုံးပါးတို့သည် သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောက်လာပြီး သာသနာပြုကြသဖြင့် သာသနာတော်သည် တတိယအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(ဃ) သာသနာသက္ကရာဇ် ၉၀၀ ခုနှစ်လောက်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုကျွန်းသို့ ကြွရောက်ပြီး ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပြန်ဆိုရေးသားကာ သထုံပြည်သို့ ယူဆောင်လာသဖြင့် သာသနာတော်သည် စတုတ္ထအကြိမ် မွန်ဒေသသို့ ရောက်ရှိလာခြင်း။

(င) ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ်တွင် ဟံသာဝတီ နန်းတက်တော်မူသော ဓမ္မစေတီမင်းလက်ထက်တွင် သာသနာသန့်ရှင်းရေးခရီးကို ဆောင်ရွက်ပြီး မွန်ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြင့် သာသနာတော်သည် ပဉ္စမအကြိမ် ပေါ်ထွန်းလာခြင်း။

(စ) ကောဇာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် ဦးထော်အာ၊ ဦးထွန်းကျော်နှင့် ဦးနာအောက်တို့ ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာတွင် စာသင်တိုက်ကြီး စတင်ထူထောင်သဖြင့် မွန်ပရိယတ္တိသာသနာတော်သည် ဆဋ္ဌမအကြိမ် ပေါ်ထွန်းလာသည်ကို "သာသနာအစ ကော့နှတ်က" ဟု ရှေးဆရာတော်များ နှုတ်ဖျား၌ ပြောဆိုလေ့ရှိကြသည်။ ကော့နှတ်ပရိယတ္တိစာသင်တိုက်သည် ယနေ့တိုင် ရပ်တည်လျက်ရှိလေသည်။

ထိုသို့ သူတော်ကောင်းကို မှီဝဲရသော သမ္ပတ္တိတရားနှင့် တွေ့ကြုံရသောအခါ ဆင်းရဲသားဘ၀အရသာကို ခံစားခဲ့ဖူးသော ဦးနာအောက်သည် ဆရာတော်ဦးပညာဓမ္မ၏ ဆုံးမသြ၀ါဒကိုခံယူကာ နံနက်လျှင် ၀တ်ဖြူကိုဝတ်ပြီး ဆွမ်းစားကျောင်းသို့ လာရောက်ကာ ဆွမ်းဟင်းများကိုကြည့်ပြီး လိုအပ်ပါက အမြဲဖြည့်ပေးကာ သံဃာတော်များကို ကြည်ညို၍ ညနေကြလျှင် ဖျော်ရည်နှင့်တကွ ဆေးများကို ယူဆောင်လျှက် သံဃာတော်များကို လှူဒါန်းလေ့ရှိသည်။ ကော့နှတ် ကျောင်းတိုက်သည် ထိုအချိန်အခါမှစ၍ စာသင်သား သံဃာတော်အပါး ၁၅၀-၂၀၀ တို့ဖြင့် အမြဲပြည့်လျှက်ရှိသော ကျောင်းတိုက်ဖြစ်လာသည်။ ဆရာတော် ဦးပညာဓမ္မသည် ပရိယတ္တိစာပေကို မွန်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း သင်ကြားလိုသော စာသင်သား သံဃာတော်များကို လက်ခံသည်။ မြန်မာဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကော့နှတ်ကျောင်းတိုက်ပေါ်တွင် သီတင်းသုံးစေပြီး မွန်ဘာသာဖြင့် သင်ကြားလိုသော သံဃာတော်များအား ကျောင်းငယ်ပေါင်းများစွာရှိသော ဦးနာအောက်ကျောင်းခေါ် ကျောင်းများတွင် နေထိုင်စေကာ ပရိယတ္တိစာပေများကို လေ့လာစေသည်။ တိုက်ကျောင်းနှင့် အောက်ကျောင်းတွင် နေထိုင်သော စာသင်သားများကို ဆွမ်းစားချိန်တွင် တစ်နေရာတည်းဖြစ်သော ဆွမ်းစားကျောင်းသို့ တညီတညွတ်စုရုံးကြပြီး ဆွမ်းစားစေသည်။ ထိုသို့စည်းကမ်းကြီးစွာ အုပ်ချုပ်သော ဆရာတော်၏ ဓမ္မစာရိတ္တ ဂုဏ်ကျေးဇူးသည် အရပ်ရှစ်မျက်နှာသို့ မွှေးကြိုင်ပျံ့နှံ့ခဲ့လေသည်။

ဘုရား၊ ၀တ်ကျောင်း၊ တန်ဆောင်း ဒါယကာဖြစ်ခြင်း...
ဦးနာအောက်ကျောင်းသို့ ရောက်လာသော နေ့တစ်နေ့တွင် ဆရာတော် ဦးပညာဓမ္မသည် တန်ဆောင်းပြာသာဒ်ပုံကို ရေးဆွဲပြီး ဤပုံအတိုင်း ကော့နှတ်ကျောင်းဝင်းအတွင်း တစ်နေရာတွင် ဆောက်လုပ်လှူဒါန်းလျှင် ကောင်းမည်ဟု အကြံပေးသဖြင့် ဦးနာအောက်သည် "ဪ... ငါလာတုန်းက လက်ဗလာကြီး၊ ပြန်လျှင် အချည်းအနှီးမဖြစ်ရလေအောင် ကောင်းမှုမှတ်တိုင် စိုက်ထူမည်" ဟု စိတ် ပိုင်းဖြတ်ကာ လက်အုပ်ချီမိုးကာ ဆရာတော်ခြေရင်း၌ ဦးခိုက်လျှောက်ထားသည်မှာ "ဆရာတော် အရှင်မြတ်ဘုရား၊ လောကီလောကုတ်အကျိုး၊ ပစ္စုပ္ပန်အကျိုးကို မျှော်ကိုးပြီး ဆရာတော်ဘုရား ညွှန်ကြားသည့်အတိုင်း အမွန်မြတ်ဆုံးသော စုလစ်မွန်းချွန်နှင့်တကွသော ပြာသာဒ်တန်ဆောင်း အဆောက်အအုံအတွက် တပည့်တော် စွန့်လွှတ်လှူဒါန်းပါမည် ဘုရား" ဟု လျှောက်တင်လေသည်။

ဆရာတော်လည်း ဦးနာအောက်အား "ဒကာတော်၏ လိုအင်ဆန္ဒကို ပြီးပြည့်ဝစေမည်" ဟု ပြောကြားပြီး မန္တလေးနေပြည်တော်ရှိ အရည်အချင်းနှင့်ပြည့်စုံသော ပန်းချီ၊ ပန်းပုစသော ပညာရှင်များကိုခေါ်ကာ နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်းကို ဆောက်လုပ်စေသည်။ ထိုဝတ်တန်ဆောင်းကို ဘုံ ၁၂ ဆင့် ပြာသာဒ် အဆောင်ဖြင့် တည်ဆောက်ထားသည်။ ကနုတ်ပန်းနှင့် မှန်စီရွှေချ လက်ရာများမှာ ပထမတန်းဖြစ်သည်။ အတွင်းပိုင်း နံရံများတွင် ပန်းချီကားများအစား ရုပ်လုပ်၊ ရုပ်ကြွ ပန်းပုရုပ်များဖြင့် ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ္ဗာန် စံတော်မူခန်း ဓာတ်တော်၊ မွေတော်ဝေခန်းတိုင် ဗုဒ္ဓ၀င်ဇာတ် လမ်းခင်းထားသည်။ အတွင်းပိုင်းနံရံတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည်။ ထိုတန်ဆောင်းကို ၁၂၆၄ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံ ၁၂ ဆင့် ဒီပင်္ကရာ ၀တ်တန်ဆောင်းကို တည်ဆောက်လှူဒါန်း ပြန်လေသည်။ ထိုဝတ်တန်ဆောင်းတွင် ပင်စည်တစ်ခုတည်း တစ်သားတည်းမှရသော ကျွန်းသားဖြင့် မြတ်စွာဘုရားရပ်တော်မူ ဆင်းတုနှစ်ဆူ ထုလုပ်ထားသည်။ အမြင့်ပေ ၂၀၊ မြေ စိုက် ၂၀ ပေ၊ စုစုပေါင်း ပေ ၄၀ ရှည်သည်။ အတွင်းနံရံများတွင်လည်း ရုပ်လုံးရုပ်ကြွ ပန်းပုလက်ရာများဖြင့် ဇာတ်နိပါတ်တော်များကို ထုလုပ်ထားသည်။ အပြင်နံရံများတွင် မဟောသဓာဇာတ်တော်ကို ပန်းချီဖြင့် ရေးဆွဲထားသည်။ ၀တ်တန်ဆောင်းတွင် ကျောက်သားဖြင့်ထုလုပ်ထားသော မြတ်စွာဘုရားခြေတော်ရာ ရပ်တော်မူနှစ်ဆူအား ပူဇော်ကန်တော့နေသော သစ်လုံးဖြင့်ထုလုပ်ထားသော ရဟန်းတော်ရုပ်နှင့် ရဟန္တာရုပ်များကို တွေ့မြင်နိုင်ပါသည်။ ယင်းဝတ်တန်ဆောင်းကို ၁၂၆၅ ခုနှစ်တွင် ရေစက်ချနိုင်ခဲ့လေသည်။ ထို့နောက် ၁၂၆၇ ခုနှစ်တွင် ရဟန်းသံဃာတော်များ ဥပုသ်စောင့်တည်နိုင်ရန်အတွက် မဟာဝိဇယသိမ်တော်ကြီးကိုလည်း တည်ဆောက်လှူဒါန်းလေသည်။ သိမ်တော်ကြီး၏ ကြမ်းခင်း၊ နံရံများ၊ မျက်နှာကြက်တံခါးတိုင် စသည်တို့ကို အကောင်းဆုံး ကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယခုတိုင်အောင် သစ်သားများမှာ ကောင်းမွန်တုန်းပင် ဖြစ်လေသည်။

ဇနီးဒေါ်ဂျာဥနှင့်အတူ ရေစက်ချလှူဒါန်းခဲ့သော စေတီကြီးကိုလည်း အထူး ထပ်မံတည်ဆောက်လှူဒါန်းပြီး နှစ်စဉ်တန်ခူးလ သင်္ကြန်ရက်များအားတွင် ဇာတ်ပွဲ၊ လှေပွဲ၊ လက်ဝှေ့ပွဲနှင့် ကပွဲမျိုးစုံတို့ဖြင့် (၇) ရက်၊ (၇) ညတိုင်တိုင် ဘုရားပွဲကို ကျင်းပလေသည်။ ဘုရားပွဲကျင်းပသည့်နေ့များတွင် ရပ်ဝေးမှလာသည့် ဧည့်သည်များအား ကျွေးမွေးရန် ကော့နှတ်ရွာရှိ ဆင်းရဲသားအိမ်များတွင် ဆန်နှင့်စားစရာရိက္ခာများကို ထောက်ပံ့ပေးဝေထားပြီး ချက်ကျွေးစေသည်။ ဘုရားပွဲ စတုဒိသာမဏ္ဍာပ်တွင်လည်း ဧည့်သည်များအတွက် မလောက်မင မရှိစေရန် တစ်နေ့လျှင် ထမင်းအိုးကြီး ၅၀ ကျော်မျှ ချက်ပြုတ်ကျွေးမွေးစေသည်။

ထို့နောက် ဆုတောင်းပြည့်စေတီအနီးတွင် ၀တ်တန်ဆောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပြီး တန်ဆောင်း၏ အမိုးနံရံပေါ်တွင် ဦးနာအောက်၏ ကောင်းမှုကုသိုလ်ဖြစ်သော အဆောက်အအုံများ၏ ရုပ်ပုံများကို ပန်းချီရေးဆွဲပြီး မှတ်တမ်းတင်စေခဲ့သည်။

ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော ကော့နှတ်ကျောင်းမှ သံဃာတော်များနှင့် ရှင်သာမဏေများအတွက် သင်္ကြန်သုံးရက်တွင် စာပြန်ပွဲကျင်းပစေပြီး ကျမ်းအလိုက် အာဂုံပြန်နိုင်သူ ရဟန်းနှင့် ရှင်သာမဏေများအား ငွေဒင်္ဂါးဆုများဖြင့် အားပေးထောက်ပံ့ လှူဒါန်းခြင်းပြုလေသည်။

ထိုသို့ကောင်းမှုပြုစဉ် ချစ်ဇနီးဒေါ်ဗျုတစ်ယောက်သည် လက်တွဲဖြုတ်ပြီး လူ့စည်းစိမ်ကို စွန့်လွှတ်ကာ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဒေါ်ဗျုသေဆုံးပြီးနောက် ရှုမငြီးသော ပဉ္စမမြောက်ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေနှင့် ဆက်လက်ပြန်လေသည်။

ဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ...
(၁) မွေးရပ် ကော့မယ်ခရရွာတ‎ွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
(၂) ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
(၃) မော်လမြိုင်တောင်ဝိုင်းရပ်တွင် " ပန်းဥယျာဉ်ကျောင်း" သိမ်ကျောင်းကြီး။
(၄) ကော့နှတ်ရွာ စာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
(၅) အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး) ။
(၆) နှစ်ကျိပ်ရှစ်ဆူ ၀တ်တန်ဆောင်း။
(၇) ဒီပင်္ကရာ ၀တ်တန်ဆောင်း။
(၈) မဟာဝိဇယ သိမ်တော်ကြီး။
(၉) ဆုတောင်းပြည့် ၀တ်တန်ဆောင်း။
(၁၀) မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။

ဦးနာအောက် ပိုင်ဆိုင်သော မီးသင်္ဘောများ
(၁) အောင်ခေမာ (အောင်ဇေယျ)
(၂) အောင်ပန်း (အောင်နိဗ္ဗာန်)
(၃) အောင်သိန်း
(၄) အောင်တပ်
(၅) အောင်စင်္ကြာ
(၆) အောင်မာလာ
(၇) အောင်ဒီပါ
(၈) အောင်သီတာ
(၉) အောင်မင်္ဂလာ

သာသနာတော်ကို အားပေးချီးမြှောက်လှူဒါန်းသော ဘုရားဒါယကာကြီး ဦးနာအောက်သည် မည်သူမျှ မလွန်ဆန်နိုင်သော သင်္ခါရတရားကြောင့် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ဦးနာအောက်၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာမှတ်သားနိုင်အောင် ဦးနာအောက်၏ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀၀ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် "ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာအောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်" ဟု ကမ္ပည်းထိုးထားပေသည်။

နိဗ္ဗာန်န ပစ္စယော ဟောတု

ဗမာအကြိုသမိုင်း

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။bama h


၁၃၁၂၂၀၀၈သတင်း

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။13122008 news


ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု


ဒေါက်တာ သောင်းထွန်း
စနေနေ့၊ ဒီဇင်ဘာလ 13 2008 13:20 - မြန်မာစံတော်ချိန်


(နိုဝင်ဘာ ၁၁ ရက်ထုတ် ဂါးဒီးယန်းသတင်းစာမှ ကေသီစကော့ကလပ် နှင့် အဒြီယန်လဗီ ဆိုသူတို့ ရေးသော 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက် သူရဲကောင်းကြီး မဟုတ်ပါ' ဆောင်းပါးသို့ ချေပချက်)

ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာ၏ နိုဝင်ဘာ (၁၁) ရက်မှ 'တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ' ဆိုသည့်ဆောင်းပါးတွင် နားလည်မှု လွဲမှားချက်များနှင့် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ဤအထဲမှ အထင်ရှားဆုံး အမှားများကို ထောက်ပြပါမည်။

ယင်းဆောင်းပါးရှင်များက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့လှုပ်ရှားမှုကို မိမိတို့ဖာသာမိမိ ပြန်လည် ဝေဖန်ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်ဟု လွဲမှားစွာယူဆထားသည်။ ၎င်းတို့က လူအများအပြား၏ပြောစကားများ ကို ကိုးကားဖော်ပြထားရာ ကိုးကားချက်တခု၌ 'ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦး' က 'ကျနော်တို့ စွန့်လွှတ်အနစ်နာ ခံတာတွေ သက်သက်နဲ့ဘဲ အောင်ပွဲတကယ်ရနိုင် မရနိုင်ကို... အလေးအနက်စဉ်းစားဖို့လိုပြီ' ဟုပြောကြောင်း၊ နောက် တယောက်ကလည်း 'လူကြိုက်များခဲ့တဲ့ အန်အယ်လ်ဒီပါတီ လမ်းပျောက်သွားပြီ' ဟုပြောကြောင်း ရေးထားသည်။ အမှန်အားဖြင့် ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်းလက္ခဏာကို ပြရာမရောက်ဘဲ သဘောကွဲလွဲမှု များကို ဖော်ထုတ်နိုင်စွမ်း၊ လွတ်လပ်ပွင့်လင်းစွာ ငြင်းခုံဆွေးနွေးနိုင်စွမ်းတည်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏ ခွန်အားကိုသာ သက်သေပြခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဓလေ့မျက်နှာစာပေါင်းစုံနှင့် သဘောထားအမြင်မြောက်မြားစွာ သိုက်သိုက်ဝန်းဝန်း ရှိသည့်နိုင်ငံဖြစ်သည်။ ဤသည်မှာ မိမိတို့လို ဒီမိုကရေစီမြတ်နိုးသည့် အခြားလူမျိုးများနှယ်ပင်ဖြစ်သည်။ လူထုများ၏ ကျယ်ကျယ်လောင်လောင်ဆူညံသံမှာ ပြိုကျပျက်သုဉ်းမှုကို မဖော်ဆောင်ကြောင်း မြန်မာပြည်သူတို့က သက်သေပြခဲ့ ပြီးဖြစ်သည်။ ဤသို့ အန္တရာယ်ကြီးလှသော ပြိုကျမှုအလားအလာမှာ ကြမ်းကြုတ်ဆိုးဝါးသည့် တခုလုံးအနေအထား၏ ဖော်ပြချက်လက္ခဏာရပ်သာဖြစ်ပါသည်။

လောလောဆယ်တွင် ဒေါ်စု တိတ်ဆိတ်နေမှုကို သုံးသပ်ဆန်းစစ်ရာ၌ ဆောင်းပါးရှင်များက မြန်မာစစ်အစိုးရ၏ ဆိုးသွမ်းယုတ်ညံ့မှုအားလုံးမှာ သူမကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ဖို့ကြိုးစားထားသည်။ သူမသည် 'ပျော့ပြောင်း လိုက်လျောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်'၊ 'အဖမ်းခံရပြီးနောက် ငြိမ်သွားသည်'၊ သူမ၏ 'တိုက်ပွဲမှာ တရားထိုင် ကမ္မဋ္ဌာန်းတိုက်ပွဲအဖြစ်သို့ လွှဲပြောင်းသွားပုံရသည်'၊ သူမ၌ 'နိုင်ငံရေး နလဗိန်း တုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း' ဟူသောချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များက ဆိုသည်။ 'အဖွဲ့ချုပ်က မည်သည့်ပေါ်လစီသစ်များ ဖော်ထုတ်ခဲ့ပါသနည်း' ဟုလည်း မေးထားသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဒေါ်စုမှ ညစ်ကပ်ကပ်ပုံစံမျိုးဖြင့် မလှုပ်မခြောက်နေ,နေခြင်းမှာ သူမကိုယ်တိုင်၏ရွေးချယ်မှုဖြစ်သည်၊ သူမ ဖန်တီးလိုက်သည့် 'လေဟာနယ်'ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အားနည်းချိနဲ့သွားပြီး ဦးတည်ရာမဲ့ ဖြစ်သွား သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်ငြားလည်း ဒေါ်စု၏အချုပ်အနှောင်ခံဘဝတွင် ပိုမိုကျယ်ပြောသည့်ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ပြုနိုင်ရန်အတွက် အဆင့်အနိမ့်ဆုံးသောနည်းလမ်းများကိုပင် ကျင့်သုံးခွင့်မရရှာပေ။ စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေး အောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျကိုယ်စားပြုထားသူတို့နှင့်ပင်လည်း ကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ ယင်းသို့သောအနေအထားတွင် ခိုင်မာတာရှည်ခံသောပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်းနှင့် ဖော်ထုတ်ရသည့်ပေါ်လစီသာဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ (သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သောညှိနှိုင်းတိုင်ပင်မှု မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပာယ်အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့်ပေါ်လစီသာ ဖြစ်ပါလိမ့်မည်။

ကျနော်တို့ရင်ဆိုင်နေရသော ကိစ္စရပ်များကို ဉာဏ်ပညာရှိစွာကိုင်တွယ်ထိတွေ့ရန် ကျနော်တို့လှုပ်ရှားမှုက အားပေး ထောက်ခံပါသည်။ စကားအခြေအတင်ငြင်းခုံပွဲ ကောင်းကောင်းလုပ်ရေးကို ဒေါ်စု တခါမျှ ရှောင်လွဲခဲ့ခြင်းမရှိပါ။ အသိအမြင်ကြွယ်ကြွယ်ဝဝဖြင့် ဝေဖန်ခြင်းသည် အပြုသဘောဆောင်ပြီး အဆုံးစွန်ထိကြည့်လျှင် အကျိုးရှိလှပါသည်။ သို့ရာတွင် အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေးရည်မှန်းချက်ဖြင့် အသိအမြင်ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီး သုတ်ရမ်းခြင်းမှာမူ ခိုင်မာသည့်စကားစစ်ထိုးခြင်း မဟုတ်ဘဲ လှုပ်လှုပ်ရွရွဖြစ်အောင်ဖွရေးအတွက်သာ အကျိုးရှိပါ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်ရပ်သည် ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် အင်မတန့်ကို ထူးခြားလှပါသည်။ နိုဘယ်ငြိမ်းချမ်း ရေးဆု ရရှိထားသူတဦးကို ဆုရပြီးနောက် ဤမျှကာလရှည်ကြာစွာ အကျဉ်းချထားခြင်းမျိုး ယခင်က တခါမှမရှိခဲ့ဖူးပါ။ ကျနော်တို့ နှစ်ငါးဆယ်နီးနီး ကြုံတွေ့နေရသော ထူးခြားလွန်းလှသည့်အခက်အခဲများကို ကျနော်တို့လိုကြုံရသည့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသောအစိုးရများလည်း ရှိလိမ့်မည်မဟုတ်ပါ။

(၁၁)ရက်နေ့ထုတ်ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင်ဆိုစေကာမူ ကျနော်တို့အနေဖြင့် ကိုယ့်လမ်း ကိုယ် ဆက်လျှောက်မည်သာဖြစ်ပါသည်။ ကျနော်တို့ပြည်သူများ အလွန်မြတ်နိုးတန်ဖိုးထားသည့် အမျိုးသမီးကြီး၏ သံဓိ ဋ္ဌာန်နှင့် ရပ်တည်ချက်အပေါ် ယင်းဆောင်းပါးကဲ့သို့ အနှစ်မဲ့တိုက်ခိုက်မှုများက သူမ၏စိတ်ဓာတ်ကိုသော်လည်း ကောင်း၊ မိမိတို့တိုင်းပြည်လွတ်လပ်ရေးအတွက် အစစအရာရာစွန့်လွှတ် အနစ်နာခံနေသော မြန်မာပြည်သူတို့၏ စိတ်ဓာတ်ကိုသော်လည်းကောင်း ယိမ်းယိုင်စေမည်မဟုတ်ကြောင်း ကျနော်တို့ယုံကြည်နေပါသည်။

(ဒေါက်တာသောင်းထွန်း-အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂကိုယ်စားလှယ်-၏ ဂါးဒီးယန်းသတင်းစာ၊ နိုဝင်ဘာ ၂၅ ရက်၊ ၂ဝဝ၈ ခုပါဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။)


ကျမ ချစ်တဲ့သူရဲကောင်း (သို့ ) အညတြ ခွပ်ဒေါင်း

မောင်..
မောင်က ကိုဂျင်မီ မဟုတ်။
ကျမက နီလာသိမ်း မဟုတ်။
တူညီတာက..နိုင်ငံချစ်စိတ်။
မတရားတာ မျိုသိပ်မရတဲ့စိတ်။

မောင်ရဲ့ ဥပဒေမဲ့ ဖိနှိပ်တာ ငုံ့ မခံတတ်တဲ့စိတ်..
ဘယ်သူမှ ကြိုးချည်လို့ မရဖူး။


မောင်ရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်..
ဘယ်သူမှ ချော့သိပ်လို့ မရဖူး။


ဓမ္မကို လိုလားလို့ 
အဓမ္မများကို ချေမှူန်းတဲ့ အခိုက်..
ထောင်တွင်း (၁၉)နှစ် အကျဉ်းချခံရ..
ဒေါင်းပျိုရဲ့ သွေး၊ မာန် ဘယ်မကျ..
အသေခံ ဆက်လက် ခွပ်မဲ့ပွဲ..
မောင်ရေ..
စိတ်မပူနဲ့ 
ကျမ်းမာအောင်သာ ဂရုစိုက်
မိသားစုနဲ့ဝေးတဲ့ အခိုက်..
ရောက်ရာ အဝေးကြီးက "ထောင်"
စိတ်ကိုသာ ဆောင်ပါမောင်။

ကျမရဲ့ ကားဂိတ်က ဈေးဆိုင်ကလေး..
ချိုမြတဲ့ ဖရဲသီးစိတ် ဘန်းကလေး..
သားနဲ့ ကျမ
ထမင်းလေး ဆီဆမ်းစားနိုင်ကောင်းပါရဲ့။
ကျမ သားကလေး ဝလုံးလေး ဝိုင်းဝိုင်းရေး
သင်ပုန်းကြီးတော့ ကျေတန်ကောင်းပါရဲ့။

နိုင်ငံရေး လှုပ်ရှားသူ လင်တော်ခဲ့တဲ့ ကျမ..
ကျမလေ...အာဇာနည်ရဲ့ မိန်းမ.
အကျဉ်းကျလည်း မကြောက်..
ရှင်ကွဲခွဲ ခြောက်လည်း..မကြောက်
ဥကျင်း က
ဒေါင်းသားပေါက်အတွက်.
အားမာန်နဲ့  ကြိုးစား.
ကျမ ပြုစုသွားမယ်
မောင်ရယ် အားမငယ်နဲ့ 

ဒေါင်းအမျိုးဆိုတာ…ရာဇ၀င်မညှိုးဖူး
ဒေါင်းအဖေ…ဒေါင်းအမေ
ဒေါင်းသားလေး ဒေါင်းသမီးလေးတွေ
သတ္တိသွေးရဲရဲ..
ကျမတို့ ရမဲ့ တနေ့  အောင်ပွဲ။

မောင်
ကောင်းကင်မှာ
ကြယ်စင်တွေ အများကြီးရှိတယ်.
မောင်ဟာ မှိန်တလင်းအရောင်ပေးပေမဲ့
ကြယ်စင်ဟာ ကြယ်စင်ပါဘဲ

မောင်
မြန်မာပြည်မှာ..
ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်တွေ အများကြီးရှိတယ်.
မောင်ဟာ အညတြပေမဲ့
အာဇာနည်ဟာ အာဇာနည်ပါဘဲ

အညတြ အာဇာနည်..
မောင်ဟာ
ကျမရဲ့ ရာဇ၀င်ထဲက
ချစ်သော..သုရဲကောင်းစစ်သည်။


မသဒ္ဓါ (၁၂။၁၂.၂၀၀၈)
မောင်ရဲရင့်ငယ်ပြောပြသော ကိုထွန်းထွန်းနိုင် နှင့် ဇနီးသည် သားငယ်လေးအတွက် ဂုဏ်ပြုပါတယ်။">Photobucket

Photobucket
အညတယ ခွပ်ဒေါင်းများ
အင်းစိန်မြို့နယ် ဖေါ့ကန်ရပ်ကွက်တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို ပြီးခဲ့သည်လက စစ်ဏာရှင်များက ထောင်ဒဏ်၁၉ နှစ်ချမှတ်ခဲံ့ ပါတယ်။ အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည် ၈၈၈၈ မတိုင်ခင်ထဲက အင်း စိန်မြို့ နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့ သည်။အင်းစိန်မြို့နယ်တွင် ၈၈၈၈နေ့က ညနေ၃နာရီခွဲတွင် စတင်ဆန္ဒပြခဲ့ပြီး ထွန်းထွန်းနိုင်သည် ကျောင်းသားများကြား အဓိက ချိတ် ဆက်ပေးခဲ့သူတဦး လည်း ဖြစ်သည်။ အရေးအခင်းပြီးသောအခါ NLD လူငယ်ဖြစ်လာသည်။ နအဖမှ NLD အပေါ်ဖိနှိပ်မှုများ စတင်ခဲ့ သည့် အချိန်မှစ၍ အင်းစိန်မြို့နယ် NLD အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး ဒီတကြိမ် အပြစ်ဒဏ် မှာအများဆုံးဖြစ်သည်။ အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့် တနှစ်ခွဲအရွယ် သားငယ်တဦး ကျန်ရစ်သည်။ DVB နှင့်မေးမြန်းခန်း တွင် ဇနီးဖြစ်သူက ""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ.. စုံစမ်းလို့လည်း မရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး တဖက်နဲ့ လမ်း ထိပ်မှာ မုန့်ဗန်းလေးနဲ့ ရောင်းရင်း အကိုပြန်အလာပဲ မျှော်နေရ တော့တာပါပဲရှင်.....""
ပထမတွင် ၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍စုစုပေါင်း၁၉နှစ်ချမှတ်ခံခဲ့ရသည်။ ယခုအခါ မိထ္ထီလာ ထောင်တွင် ကျခံနေရပြီး ဇနီးဖြစ်သူမှာ ဖေါ့ကန်ကားမှတ်တိုင်တွင်ဖရဲသီးစိတ်ရောင်းရင်း လမ်း လျှောက် တတ်စအရွယ်သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူမှာလည်း တကြိမ် အဖမ်းခံရပြီး ဖြစ်ရာ ဒုတိယ နီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန် မှတပါး။။
အညတယခွပ်ဒေါင်းများ အားဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ။ (ရဲရင့်ငယ် Blog မှ)

ထိုင်းနိုင်ငံရေး ရှုပ်ထွေးထွေး


ဂျွန်တင်အောင်/ ၁၂ ဒီဇင်ဘာ ၂၀၀၈
တနင်္လာနေ့ ထိုင်းဝန်ကြီးချုပ်သစ် ရွေးတော့မည်
NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈


ဝန်ကြီးချုပ်သစ်ရွေးရန် လွှတ်တော်ခေါ်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ၏ မေတ္တာရပ်ခံချက်အပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီဖြစ်အကြောင်း လွှတ်တော်ဥက္က၏ ချိုင်းချစ်ချော့က ပြောသည့်အတွက် ထိုင်းအာဏာလွန်ဆွဲပွဲ၏ ရလဒ်ကို တနင်္လာနေ့၌ သိရတော့မည် ဖြစ်သည်။

ဒီမိုကရက်ပါတီ၏ အမတ် (၂၄၂) ဦးလုံး ညီညီညွတ်ညွတ်ရှိနေလျှင် ဒီမိုကရက်ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ ၀န်ကြီးချုပ် သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။ ဒီမိုကရက်ပါတီက ၀န်ကြီးနေရာ (၁၅) နေရာယူမည်ဖြစ်ပြီး ကျန်ဝန်ကြီးနေရာများကို ပါတီ (၃) ခုက ယူမည်ဖြစ်သည် စသည်ဖြင့် ၀န်ကြီးနေရာများ အပေးအယူ လုပ်နေကြပြီဖြစ်သည်။

သို့သော် စနေနေ့တွင် ထောက်ခံသူများအား တပ်ဆင် တယ်လီဖုန်းမှ ပြောမည့်မိန့်ခွန်းကြောင့်
ဒီမိုကရက်ပါတီနှင့် ဘက်ပြောင်းအမတ်များ၏ ယာယီညီညွတ်ရေးပျက်ပြားစေရမည်ဟု တပ်ဆင်၏ ပွေထိုင်းပါတီက ယုံကြည်နေဆဲဖြစ်သည်။ တပ်ဆင် စနေနေ့ မိန့်ခွန်းပြောပြီးပါက အနည်းဆုံး ဘက်ပြောင်းသွားသည့် အမတ် (၁၀) ဦးခန့် ပြန်လာမည်ဟု ပွေထိုင်းပါတီက ယုံကြည်နေသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့နှင့် စကားအပြောအဆို ရှိခဲ့ကြောင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်က ၀န်ခံသော်လည်း တိုင်းပြည်ရှေ့တိုးပြီး ငြိမ်းချမ်းတည်ငြိမ်မှုရရှိစေမည့် ဆုံးဖြတ်ချက်များချမှတ်ရန် သတိပေးထားသည်။

တပ်ဆင်၏ ပွေထိုင်းပါတီကလည်း အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့်ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးနေရာ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ်လိုက်သည့်အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။

ပွေထိုင်းပါတီသို့ ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့်လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။



ဝန်ကြီးချုပ်သစ်ရွေးရန် လွှတ်တော်ခေါ်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ၏ မေတ္တာရပ်ခံချက်အပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ပြောသည့်အတွက် ထိုင်းအာဏာလွန်ဆွဲပွဲ၏ ရလဒ်ကို တနင်္လာနေ့၌ သိရတော့မည် ဖြစ်သည်။

ဒီမိုကရက်ပါတီ၏ အမတ် (၂၄၂) ဦးလုံး ညီညီညွတ်ညွတ်ရှိနေလျှင် ဒီမိုကရက်ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ ၀န်ကြီးချုပ်သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။ ဒီမိုကရက်ပါတီက ၀န်ကြီးနေရာ (၁၅) နေရာယူမည်ဖြစ်ပြီး ကျန်ဝန်ကြီးနေရာများကို ပါတီ (၃) ခုက ယူမည်ဖြစ်သည် စသဖြင့် ၀န်ကြီးနေရာများ အပေးအယူ လုပ်နေကြပြီ ဖြစ်သည်။

သို့သော် စနေနေ့တွင် ထောက်ခံသူများအား တပ်ဆင် တယ်လီဖုန်းမှ ပြောမည့်မိန့်ခွန်းကြောင့်
ဒီမိုကရက်ပါတီနှင့် ဘက်ပြောင်းအမတ်များ၏ ယာယီညီညွတ်ရေးပျက်ပြားစေရမည်ဟု တပ်ဆင်၏ ပွေထိုင်းပါတီက ယုံကြည်နေဆဲဖြစ်သည်။ တပ်ဆင် စနေနေ့ မိန့်ခွန်းပြောပြီးပါက အနည်းဆုံး ဘက်ပြောင်းသွားသည့် အမတ် (၁၀) ဦးခန့် ပြန်လာမည်ဟု ပွေထိုင်းပါတီက ယုံကြည်နေသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့နှင့် စကားအပြောအဆို ရှိခဲ့ကြောင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်က ၀န်ခံသော်လည်း တိုင်းပြည်ရှေ့တိုးပြီး ငြိမ်းချမ်းတည်ငြိမ်မှုရရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် သတိပေးထားသည်။

တပ်ဆင်၏ ပွေထိုင်းပါတီကလည်း အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့်ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးနေရာ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ်လိုက်သည့်အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။

ပွေထိုင်းပါတီသို့ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့်လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။

အတိုက်အခံနှင့်ပေါင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုမှာ အမတ် (၃၇) ဦးရှိသည့်အတွက် ထိုအမတ်အားလုံး ပြန်လာမည်ဆိုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၆၀) ကျော်နှင့်ညီမျှသည့် ဘတ်ငွေ သန်းနှစ်ထောင်ကျော် ပွေထိုင်းပါတီက သုံးရန်ပြင်ထားသည့် သဘောဖြစ်သည်။ လက်ရှိအမတ်များကိုလည်း ငွေနှင့်ထိန်းထားရမည် ဖြစ်သည့်အတွက် အစိုးရတရပ်ဖွဲ့နိုင်ရန် တဦး ဘတ် (၅၅) သန်းနှုန်းဖြင့် အမတ် (၂၄၀) ကို ၀ယ်ရသည်ဟုတွက်လျှင် ပွေထိုင်းပါတီအနေဖြင့် ဒေါ်လာ သန်း (၄၀၀) အနည်းဆုံးသုံးရမည်ဖြစ်သည်။

အစိုးရတရပ်ဖွဲ့ရန်အတွက် ဒေါ်လာ သန်း (၄၀၀) ကျော် အမတ်များကို အလကားပေးနိုင်သည့် ထိုင်းနိုင်ငံရေး ပါတီတခုသည် အစိုးရဖြစ်လာချိန်တွင် ဒေါ်လာသန်းထောင်နှင့်ချီပြီး မြတ်စွန်းနိုင်သည့် အလားအလာမရှိဘဲ ဒေါ်လာသန်းရာနှင့်ချီပြီး ရင်နှီးမြှုပ်နှံမည်မဟုတ်ဟု ဘန်ကောက် ပညာတတ်အချို့က ယူဆသည်။ လက်ရှိ ထိုင်းနိုင်ငံရေးသည် နိုင်ငံအကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွား ဆောင်ရွက်မည့် အစိုးရမျိုးဖွဲ့ရေးထက် စီးပွားဖြစ် သူဌေးဖြစ် လုပ်ငန်းကြီးတခုအတွက် စားကျက်လုသည့် ကိန်းဖြစ်နေသည်။ ထို့ကြောင့်လည်း တပ်ဆင်၏ ပါတီအဆက်ဆက်ကို အဂတိလိုက်စားမှုကြီးမားသည့်အစိုးရဟု တပ်ဆင်အစိုးရ ဆန့်ကျင်သူများက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ပွေထိုင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်မရလျှင် လွှတ်တော်ဖျက်သိမ်းရေးကို အဆိုပြုနိုင်သည်ဟု အဖျက်ခံထားရသည့် People Power ပါတီအမတ်တဦးက ပြောသည်။ သို့သော် လွှတ်တော် အထူးအစည်းအဝေးခေါ်ထားသည့် ကာလအတွင်း လက်ရှိ အိမ်စောင့်အစိုးရ၀န်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းခွင့်မရှိဟု လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ထောက်ပြသည်။

လောလောဆယ် ထိုင်းနိုင်ငံရေး အခြေအနေမှာ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အစိုးရဖွဲ့နိုင်ရေး လုံးပန်းနေသည်။ ပွေထိုင်းပါတီကလည်း ဒီမိုကရက်အစိုးရမဖွဲ့နိုင်အောင် အတိုက်အခံဘက် ကူးသွားသည့် အမတ်များကို ငွေနှင့်ပေါက်ဝယ်ရန်ကြိုးစားနေသည်။ တပ်ဆင်ကလည်း ဒီမိုကရက်များ အစိုးရမဖွဲ့နိုင်အောင် ပြည်ပကနေ နည်းမျိုးစုံဖြင့် ကိုင်လှုပ်ရန် ကြိုးပမ်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

မည်သို့ဆိုစေ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို လာမည့် သီတင်းပတ်အတွင်း လွှတ်တော်တွင် ကျင်းပရန်မှန်းထားသည်။ တပ်ဆင်ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီကလည်း အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ရန် လိုလားနေသဖြင့် ထိုင်းအာဏာလွန်ဆွဲပွဲမှာ အကြိတ်အနယ် ဖြစ်နေသည်။

ထိုင်းဥပဒေအရ ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားပြီး ၀န်ကြီးချုပ်သစ် ရွေးချယ်ရမည် ဖြစ်သည်။ တချိန်က ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် သစ္စာခံခဲ့သည့် အမတ် (၃၇) ဦးကိုင်ထားသည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက် အတိုက်အခံဘက်ကို ဘက်ပြောင်းလိုက်သည့်အတွက် ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားသည်။ တပ်ဆင်ကို သစ္စာဖောက်ခဲ့သူ နေ၀င်းချစ်ချော့အနေဖြင့် အတိုက်အခံနှင့် မည်မျှကြာကြာ လက်တွဲမလဲဆိုသည်ကို ထိုင်းနိုင်ငံရေးလောကတွင် စိတ်ဝင်စားနေကြသည်။

တပ်ဆင်ကြိုးကိုင်သည့် ပွေထိုင်းပါတီကလည်း အစိုးရဖွဲ့ရန် အလားအလာနည်းလာသည့်အတွက် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့မှ ဖြစ်မည်ဆိုသည့် အဆိုကို ဇောင်းပေးလာပြန်သည်။ ၀န်ကြီးချုပ်ကို ပါတီငယ်လေးများမှ တင်မြှောက်မည်ဟုဆို၏။ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရကို နှစ်အနည်းငယ် အုပ်ချုပ်စေခြင်းဖြင့် တိုင်းပြည်တွင်း ဆူပူအုံကြွမှုများကို ဟန့်တားနိုင်မည်ဖြစ်ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ရန် အချိန်ပေးနိုင်မည်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။

သို့သော် ဒီမိုကရက်အတိုက်အခံဘက်က အစိုးရမဖွဲ့နိုင်သည့်အခြေအနေမျိုး၊ သို့မဟုတ် ဘက်ပြောင်းသွားသည့် အမတ်များကို တပ်ဆင်က ပြန်ခေါ်ပြီး အစိုးရကို ပြန်ထိန်းနိုင်သည့် အခြေအနေမျိုးမှသာ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရပေါ်ပေါက်နိုင်ရန် အခွင့်အလမ်းများသည်ဟု အကဲခတ်အချို့က ယူဆသည်။ တက်လာသည့် ၀န်ကြီးချုပ်သည် နောက်ထပ်ရုပ်သေးဝန်ကြီးချူပ်တဦးဆိုလျှင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ဦးမည်ဖြစ်ပြီး ဒီမိုကရက်က အစိုးရဖွဲ့နိုင်လျှင်လည်း အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်မလာအောင် တပ်ဆင်လိုလားသူများက အဟန့်အတား လုပ်ဖို့များသည်ဟု ယူဆကြသည်။

ဝန်ကြီးချုပ်မည်သူတက်တက် ဆူဝမ်နဖုန်လေဆိပ်ကို ပိတ်လိုက်ရသည့်အကျိုးဆက်အဖြစ် ယိုင်သွားသည့် ထိုင်းစီးပွားရေးကို ကိုင်တွယ်ရမည့်တာဝန်က စိန်ခေါ်နေသည်။ လာမည့်နှစ်တွင် အလုပ်လက်မဲ့ (၁,၀၀၀,၀၀၀) နီးပါးရှိမည်ဟု မှန်းထားသည်။

အထူးသဖြင့် ခရီးသွားလုပ်ငန်းအထိနာသွားသည့်အတွက် နိုင်ငံခြားသား ခရီးသွားများကို အားထားနေရသည့် ဘန်ကောက်မြို့မှ လုပ်ငန်းများ သိသိသာသာ ထိုးကျသွားသည်။ ဘန်ကောက်မြို့တွင်းမှ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်းအများစုက ဧည့်သည်အလာကျဲသွားသည့်အတွက် ပီအေဒီခေါင်းဆောင်ပိုင်းကို အပြစ်တင်ကြ သည်။ ဘန်ကောက် ပရာတူနန်း ပလက်ဖောင်းဈေးတန်း အချို့နေရာများတွင် ပီအေဒီခေါင်းဆောင် ဆွန်ထိ အမည်ကို ပလက်ဖောင်းပေါ်တွင် မကျေမနပ် ရေးထားသည်ထိ တွေ့ရသည်။

ထိုအတောအတွင်း ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီဖြစ်သည့်အတွက် လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုထားသဖြင့် ထိုင်းနိုင်ငံရေးလောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။

ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက်အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက်တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်သည် တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီးမကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက်ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့်အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။

အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင်နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။ ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည်မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟုလည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင်ရထားသည်ဟုဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲမဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရမရဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။

သို့သော် တနင်္လာနေ့ အရေးပေါ်လွှတ်တော်မှ ၀န်ကြီးချုပ်သစ်ရွေးချယ်တော့မည် ဖြစ်သည့်အတွက် ခေါင်းဆောင်သစ်တဦး သဲသဲကွဲကွဲ ထွက်ပေါ်လာတော့မှာဖြစ်သည်။ ထိုခေါင်းဆောင်သည် ထိုင်းနိုင်ငံ၏ ပြဿနာများကို အောင်မြင်စွာကိုင်တွယ်နိုင်ပါ့မလားဆိုသည်မှာ မကြာခင် မျက်ဝါးထင်ထင် မြင်ရတော့မည် ဖြစ်သည်။



ဝန်ကြီး ဦးအောင်သောင်းက ၀န်ထမ်းများကို လွန်ဆွဲပြီး ယတြာချေခိုင်း

NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈

စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏ နေပြည်တော် အီးစီအစည်းအဝေးကြမ်းပြင် ကြွေပြားများ ဒီဇင်ဘာလဆန်ပိုင်းက ရုတ်တရက် အလိုလိုကြွတက်လာသည့်အတွက် ဦးအောင်သောင်းက ၀န်ထမ်းများကို အဓမ္မ လွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းသည်။

စက်မှု (၁) ၀န်ကြီးဌာန နေပြည်တော် အီးစီအစည်းအဝေးရုံးခန်းကြမ်းပြင် ကြွေပြားများ သူ့အလိုလို ကြွတက်လာခြင်းမှာ ဦးအောင်သောင်းအတွက် မကောင်းသည့်နိမိတ်ဟု ၀န်ထမ်းများကြား တီးတိုးပြောဆိုပြီး မကြာခင် ဆောင်းတွင်းအချိန်မှာပင် ၀န်ထမ်းများအား အဓမ္မလွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းခဲ့သဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း ၀န်ကြီးဦးအောင်သောင်းသည် နိုင်ငံရေးဘက်မပြောင်းမီ မြိတ်၊ ကော့သောင်းဘက်မှ အရှုံးပေါ်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများထံမှ စားအုန်းဆီခြံများကို ကျပ် သန်းထောင်နှင့်ချီပြီး ကိုယ်ပိုင်ဝယ်ရန် ပြင်ဆင်နေသည်ဟုလည်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။


ဆီမီးခွက်အက

Thursday, 11 December 2008 13:59 ရန်ကုန်သားတာတေ
ကြွက်စုတ်နှင့် ဖိုးရှုပ်တို့သည် ညနေပိုင်း မှောင်ရီပျိုးစအချိန်တွင် ဒွိုင်ဆူထေ့တောင်ခြေရှိ ချင်းမိုင်ရုက္ခစိုး ၏ နတ်နန်းသို့ မီးခွက်ကိုယ်စီဖြင့် ချီတက်လာကြ၏။ ပါးစပ်မှလည်း“မလာသေးပါလားနော် … ဘယ်ကိုများ ရှောင်ပုန်းနေပါသလဲ” ဟု မတိုးမကျယ် ရေရွတ်လာကြလေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ …. ဘာတွေဖြစ်နေကြတာလဲကွာ။ ဝါဆိုလပြည့်နေ့ ညကျမှ ဒီဒွိုင်ဆူထေ့ တောင် ကို မီးထုတ်တွေနဲ့ ခြေလျှင်တက်ကြတာကွ။ မင်းတို့ဟာက အချိန်မဟုတ်၊ အခါမဟုတ်ကွာ။ မတော် … မီးလောင်မှဖြင့် ဒွိုင်ဆူထေ့တောကို မြန်မာတွေမီးနဲ့ရှို့တယ်ဆိုပြီး ဟိုးလေးတကျော်ကျာ်ဖြစ်လို့ ဒီမြို့က မြန်မာတွေ ပြေးပေါက်မရှိဖြစ်နေပါဦးမယ်။ အရူးထတယ်ဆိုလည်း ဥပဒေဘောင်ထဲက ထကြပါကွာ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက ကျနော်တို့ကို တောမီးလောင်လို့ တောကြောင် လက်ခမောင်းခတ်တယ်လို့ ဆိုချင် တာလား။ လက်ရှိ ထိုင်းနိုင်ငံ အစိုးရမရှိဘူးဆိုပေမယ့် ကျုပ်တို့မြန်မာပြည်နဲ့ယှဉ်ကြည့်ရင် အလတ်ကြီးပါဗျာ။ သူ့တို့ရဲ့ နိုင်ငံရေးပြဿနာကြောင့် ဒီတိုင်းပြည် ခရီးသွားလုပ်ငန်းကျဆင်းပြီး စီပွားရေးထိခိုက်ရတယ်ဆိုပေ မယ့် ၂၀၀၈ ခုနှစ်ကတော့ ချင်းမိုင်မြို့ရဲ့ ခရီးသွားနှစ်ပါဗျ။

ရုက္ခစိုး။ ။ ဟေ့ကောင် …. ဘန်ကောက်က လေယာဉ်ကွင်းတွေဆင်းမရလို့ ချင်းမိုင်မှာ ခရီးသည် တွေ လာပြီးသောင်တင်တာတော့ ဟုတ်ပါရဲ့ … ဘယ်လိုလုပ်ခရီးသွားနှစ်ဖြစ်မှာလဲကွ။

ကြွက်စုတ်။ ။ ဒါကတော့ဗျာ … ဦးရုက္ခစိုးက သူများလှူ တာယူ၊ အဲဒီလူတွေတောင်းသမျှဆုကို ပေးသင့် မှန်း မသိ၊ မပေးသင့်မှန်းမသိနဲ့ “အိမ်း … ပြည့်စေ” တခွန်းတည်းနဲ့ ဒီညောင်ပင်မှာ ရပ်တည်နေတာဆိုတော့ လူမှုရေးရာတွေကို ဘယ်နားလည်ပါ့မလဲ။ ဥပမာဗျာ - ကျနော်တို့ဆိုရင်ကြည့် ဒီမြို့ကို အလည်အပတ် ခရီး ထွက်လာတဲ့သူ တယောက်မှမပါဘူး။ အခန့်မသင့်လို့ ဒီမှာလာ သောင်တင်နေကြတာ။ ဒီမြို့မှာနေနေရတော့ လည်း ကျနော်တို့ရဲ့ ဒီက နေစရိတ်၊ စားစရိတ်တွေက ဒီမြို့သားတွေ စီးပွားဖြစ်ကြတာပဲ မဟုတ်လား။

ဖိုးရှုပ်။ ။ ပြောလိုက်စမ်းပါကြွက်စုတ်ရာ။

ရုက္ခစိုး။ ။ ဒါတော့ထားပါတော့ကွာ … ငါ့အထင်ပြောရရင်တော့ ဒီမြို့သားတွေထက် ဒီမြို့က အရက်ဆိုင် တွေ စီးပွားပိုဖြစ်မယ်ထင်တာပဲ။ ဒါနဲ့ မင်းတို့က အချိန်အခါမဟုတ် မီးခွက်ကိုယ်စီနဲ့ ဘာအရူးထလာကြတာလဲ ကွ။ မီးဘေးရှောင် မလောင်ခင်ကတားရမယ်ဆိုတာ နားမလည်ကြဘူးလား။ ပြီးခဲ့တဲ့အပတ်က မော်လမြိုင် ဈေး မီးလောင်တာ မှောင်ခိုပစ္စည်းတွေ … အဲအဲ … ဆိုင်ခန်းတွေ ကုန်ပါရောလား။

ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … အဲဒါလည်း မင်းပဲ ရှင်းပြလိုက်ပါကွာ။

ယနေ့အဖို့တော့ အရှုပ်ကောင်နှင့် ကြွက်စုတ်ကြွက်နာတို့ အတိုင်အဖောက် အလွန်ညီနေကြသည်။ ဘယ်ဆိုင် တွင် နားလည်မှု ရခဲ့ကြသည်မသိ။ ရုက္ခစိုးကြီးကတော့ ၎င်းတို့နှစ်ဦး နှိပ်ကွပ်သမျှ ခံရတော့မည်ပင်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကဗျာ … မော်ဒန်ခတ်ကြီးထဲမှာ အော်လ်တာမသိ၊ ရော့ခ်ကာမသိ၊ မော်တာမသိနဲ့ သိပ်အောက်တာပဲ။ ကျနော်တို့ မီးခွက်ထွန်းပြီးချီတက်လာတာ တောမီးရှို့ဖို့လည်းမဟုတ်ဘူး၊ တောကြောင် ဖမ်းဖို့လည်း မဟုတ်းဘူးဗျ။ အဲဒါ … ပါဖောမင့်အတ်… ပါဖောမင့်အတ်။

ရုက္ခစိုး။ ။ သြော် … ပါဖောမင့်အတ်လား၊ ဟားဟားဟား ငါ့ကောင်တွေ ဆေးမှားသောက်ခဲ့ကြပြီလားကွ။ လင်းစမ်းပါဦး မင်းတို့ ပါဖောမင့်အတ်ရဲ့အဓိပ္ပာယ်ကို။

ကြွက်စုတ်။ ။ ပါဖောမင့်အတ် ဆိုတာက လူပိန်း … အဲ အဲ နတ်ပိန်း နားလည်အောင်ပြောရမယ်ဆိုရင် …

ရုက္ခစိုး။ ။ ဟေ့ကောင် ကြွက်စုတ် … ပါဖောမင့်အတ်ဆိုတာ ကိုယ်တင်ပြချင်တာကို ပါးစပ်ကတိုက်ရိုက် မပြောဘဲ အမူအရာတွေနဲ့ လူတွေချက်ချင်းနားမလည်အောင် အမူအရာနဲ့ သရုပ်ဖော်တယ်ဆိုတာ ငါသိ တယ်။ အခုငါမရှင်းတာက မင်းတို့နှစ်ကောင် မီးခွက်ကိုယ်စီနဲ့ကိစ္စကို ဘာအဓိပ္ပာယ်လဲလို့ မေးနေတာ။

ဖိုးရှုပ်။ ။ ဒါကတော့ ဦးရုက္ခစိုးရယ် … ဖြန့်ကြက်တွေးခေါ်တတ်ဖို့လိုတယ်ဗျ။ အခုကြွက်စုတ်ကိုပဲကြည့် … ဆောင်းကာလ ချမ်းချမ်းဆီးဆီးထဲမှာ စတိုင်ထုတ်ပြီးဘောင်းဘီတိုဝတ်လာတယ်လို့မစဉ်းစားဘဲ ချမ်းချမ်း ဆီးဆီးအချိန်ကြီးမှာ သူ့ခမျာ တခြားခိုအောင်းစရာနေရာမရှိလို့ ဘောင်းဘီတိုလေးထဲ ဝင်ခိုနေရရှာတယ်လို့ စဉ်းစားတတ်ဖို့လည်း လိုတာပေါ့ဗျာ။

ရုက္ခစိုး။ ။ မင်းတို့ကွာ ငါ့ကို စာအုပ်ထဲကအကြောင်းတွေလာမပြောနဲ့ ငါဆိုတဲ့ကောင်က ဗုဒ္ဓတရားတော် တွေ ကစပြီး ဈေးအိမ်သာနံရံမှာ လက်ကမြင်းသွားတဲ့စာမျိုးကအစ ဖတ်တဲ့ကောင်ကွ။

ကြွက်စုတ်။ ။ ဒါဆို ဦးရုက္ခစိုး … မြန်မာပြည်က ဘောင်းဘီဝတ်များနှင့် စကားပြောခြင်းဆိုတဲ့ စာအုပ်ဖတ် ဖူးလား။

ရုက္ခစိုး။ ။ ဟေ့ကောင် … ငါတို့အခုပြောနေတာ ဒိုင်ယာလော့ကိစ္စမဟုတ်ဘူး မင်းတို့နှစ်ကောင် မီးခွက် ထွန်းတဲ့အကြောင်းပြောနေတာ။ အခုပြောနေတာ မင်းတို့ရဲ့ ပါဖောမင့်အတ်ကို ပြောနေတာကွ။

ဖိုးရှုပ်။ ။ ကဲပါကြွက်စုတ်ရာ ငါတို့တွေ ဘာ့ကြောင့် မီးခွက်ထွန်းပြီး ပါဖောမင့်အတ် လုပ်တယ်ဆိုတာကို တဲ့သာ ပြောလိုက်ပါတော့ကွာ။

ရုက္ခစိုး။ ။ မင်းတို့သိထားရမှာက ဒီနေရာဟာ သာသနာ့နယ်မြေနော် မီးခွက်မှုတ်တဲ့အကြောင်းတွေဆိုရင်တော့ ရပ်တန်းကသာ ရပ်လိုက်တော့။ ဒါမျိုးတွေ ငါနားမထောင်ချင်ဘူး … သိလည်း မသိချင်ဘူး။

ကြွက်စုတ်။ ။ ဒါတော့ ရုက္ခစိုး ဈာန်လျှောမှာ ကြောက်လို့နေမှာပေါ့။ စိတ်ချ … မီးခွက်မှုတ်တဲ့အကြောင်း မပြောပါဘူးဗျ။ ကျနော်တို့ ပါဖောမင့်အတ်က မီးခွက်မှုတ်တာထက် ပိုကျယ်ပြန့်ပါတယ်ဗျ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက လက်ရှိသတင်းကိုမသိတော့ ဒိုင်ယာလော့တွေပါ … မီးခွက်မှုတ်တာတွေပါနဲ့ ရှည်ရှည်ဝေးဝေးတွေ လိုက်စဉ်းစားနေတာပေါ့။ ကျနော်တို့ အတ် က လက်ရှိ ရန်ကုန်မှာမီးမလာတာ တလလောက်ရှိပြီ။ အဲဒါကို အတ် လုပ်တာဗျ။ လူတွေမှာ ဖယောင်းတိုင်မီးနဲ့နေရ၊ ဘယ်တော့မှမီးမလာမယ် ဆိုတာမသိလို့ မီးဘယ်တော့လာမယ်ဆိုတာ တောင့်တနေကြတာကို အတ် လုပ်တာဗျ … သိပြီလား။

ရုက္ခစိုး။ ။ ဟေ မီးမလာတာ တလတောင်ရှိပြီလား … ပုံမှန်ကတော့ မိုးတွင်းမှာ မီးအတန်အသင့်မှန်၊ ဆောင်းတွင်းဆို အဲဒီထက်ပိုမှန်၊ နွေခါကျမှ လုံးဝမမှန်လေကွာ။

ကြွက်စုတ်။ ။ ကျနော်တို့ကလည်း ထူးခြားမှုရှိလို့ ပါဖောမင့်အတ် လုပ်ကြတာလေ။ ခုတော့ ဦးရုက္ခစိုးကိုရှင်းပြနေရတာ ကျွဲ ပလာတာကျွေးရသလို ဖြစ်နေတာပေါ့ဗျာ။

ရုက္ခစိုး။ ။ ကောင်းကွာ … မင်းတို့နဲ့တွေ့မှပဲ ငါလဲ ကျွဲလုံးလုံးဖြစ်တော့တယ်။ နေပြည်တော်လို လူမနေတဲ့ အရပ်မှာ လျှပ်စစ်မီးတွေထိန်ထိန်ညီးနေပြီး တကယ့် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်လိုနေရာမျိုးမှာ ဘာလို့များ အဲဒီလောက် မီးပျက်ရတာလဲကွ။

ကြွက်စုတ်။ ။ အဲဒါ သိချင်ရင်တော့ လျှပ်စစ်ဝန်ကြီးဌာနကိုသာ ဖုန်းဆက်ပြီးမေးပေတော့။ ကျနော့်အထင် ပြောရရင်တော့ လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် အမှတ် (၁) နဲ့ အမှတ် (၂) နှစ်ခုကွဲဆိုတော့ ရန်ကုန်ကို လျှပ်စစ်မီးပေးရတာ ခက်နေပုံရပါတယ်။

ရုက္ခစိုး။ ။ ဘာဆိုင်လို့လဲကွ။ ဝန်ကြီးဌာနနှစ်ခုကွဲတာက စီးပွားကွဲတာမှမဟုတ်တာ။ ဌာနနှစ်ခုစလုံးက ဒီအစိုးရအောက်မှာ လုပ်နေကြတာမဟုတ်လား။

ကြွက်စုတ်။ ။ အကျိုးစီးပွားအရ မကွဲပေမယ့်လည်း အယူအဆပိုင်းဆိုင်ရာမှတော့ ကွဲနိုင်တာပေါ့ဗျာ။

ဖိုရှုပ်။ ။ အဲဒါတော့မဟုတ်ဘူးကွ။ ငါက သတင်းသမားဆိုတော့ မင်းတို့ထက် ကြားဖြတ်သတင်းတွေ ရတတ်တာရှိတယ်။ သတင်းတိုထွာလေးတွေပေါ့ကွာ … လက်ရှိရန်ကုန်မြို့ကို အမှောင်ချထားတယ်ဆို တာ သိကြရဲ့လား။

ရုက္ခစိုး။ ။ မင်းသိတယ်ဆိုလဲပြောပြလေကွာ … အရေးထဲ ပါဖောမင့်အတ် လုပ်နေပြန်ပြီ။

ဖိုးရှုပ်။ ။ ဒီတခါတော့ ပါဖောမင့်အတ် မလုပ်ရိုးအမှန်ပါဗျာ။ ကျနော်ကိုယ်တိုင်လဲ ကြားဖြတ်သတင်းမရ သေးလို့ ဘာ့ကြောင့်အမှောင်ချလည်း ဆိုတာ သတင်းယူနေတာပါ။

ရုက္ခစိုး။ ။ ဒါဆိုရင်တော့ မင်းတို့သိအောင် တခုပြောချင်တယ်။ မင်းတို့ကသာ ရန်ကုန်မြို့ မီးမလာတဲ့ကိစ္စ ကို ပါဖောမင့်အတ်တွေ ဘာတွေ လုပ်နေကြတာ အမှန်က ရန်ကုန်မြို့မီးမလာတာ ဖြစ်ရိုးဖြစ်စဉ်ကွ။ လျှပ်စစ် ဝန်ကြီးဌာန ဆယ့်တခုခွဲထားလည်း ရန်ကုန်မြို့ကတော့ ဘယ်တော့မှ မီးမှန်မှာမဟုတ်ဘူး။ တခုတော့ပြော လိုက်မယ် … မင်းတို့ရဲ့ ရန်ကုန် ပါဖောမင့်အတ် ကိုလည်း ကျေးဇူးတင်ပါတယ်ကွာ။ ငါလည်း ငါတို့ရဲ့ နတ် သဘင်အစည်းအဝေးမှာ ရန်ကုန်နဲ့ပတ်သက်ပြီး ရန်ကုန်မှာမီးမလာတာ နတ်ကာလ အပိုင်းအခြားနဲ့ပြောရရင် နှစ်ရာချီ ခဲ့ပြီဆိုတာကို ဆီမီးခွက် အကလေး ကပြရင်း ရီပို့သွားလုပ်လိုက်ဦးမယ်။

ချင်းမိုင်ရုက္ခစိုးကြီးသည် သူကောင်းသားနှစ်ယောက်ကို ပြောပြောဆိုဆိုပင် နတ်သဘင်ဆွေးနွေးပွဲတွင် ဆွေးနွေးရန် အိုင်ဒီရာရကာ ကိုယ်ရောင်ဖျောက် ထွက်ခွာသွားလေတော့သတည်း။