Sunday, December 14, 2008

14122008သတင်း

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။


ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၈)
ထိန်လင်း
ဒီဇင်ဘာ ၁၄၊ ၂၀၀၈
အာရှတိုက်ရဲ့ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ဟာ လာမယ့်နှစ်ဆန်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အသက် ၁ဝဝ ပြည့်ပါပြီ။ သူ့ရဲ့ ရာပြည့်မွေးနေ့က သူ့ရဲ့ ‘ဈာပနအရေးအခင်း’ ၃၄ နှစ်ပြည့် နှစ်ပတ်လည်နဲ့ နီးကပ်နေတာလည်း သတင်းတွေမှာ ကြားရလို့ သိပြီးဖြစ်နေမှာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂက ဦးသန့်ရဲ့ ရုပ်ပုံနဲ့ တံဆိပ်ခေါင်း ၃ မျိုး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင် ထုတ်ဝေမှာဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးမှာရှိတဲ့ ဦးသန့်ရဲ့ ဂူဗိမာန်ကိုတောင် လွတ်လွတ်လပ်လပ် သွားရောက် ဂါရဝပြုနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်မရှိတဲ့ ကျနော်တို့တိုင်းပြည်မှာ သက်ရှိတွေကို မဆိုထားနဲ့ ကွယ်လွန်သူတွေရဲ့ ဂူဗိမာန်တွေတောင် အနှောင်အဖွဲ့တွေ ကြားမှာပဲ ရှိနေတဲ့ သဘောပါပဲ။

ဦးသန့်အကြောင်းကို ပြောကြတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ဈာပန အရေးအခင်းအကြောင်းတွေကိုသာ ကြားရတတ်ပြီး သူ့ရဲ့ စာပေရေးသားမှုနဲ့ လွတ်လပ်ရေးမရခင်က သူ့အကြောင်းတွေကို သိပ်မသိရပါဘူး။ တကယ်တော့ ဦးသန့်ဟာ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ ဂန္ထလောက မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်ရဲ့ ပထမဆုံးစာမူဟာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာ ပုံနှိပ် ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ်အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်များကို ရေးသားခဲ့သလို နိုင်ငံရေး ဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေး ဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ စာပေ ဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားတဲ့အခါ သူ့ရဲ့အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူအဆတွေကလည်း ခေတ်မီတာကို တွေ့ရပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က ၂ဝ ရာစုရဲ့ အထင်ကရ ပုဂ္ဂိုလ်များအကြောင်း စုစည်းထုတ်ဝေထားတဲ့ Who's Who in the 20th Century စာအုပ်မှာ ဦးသန့်ရဲ့အကြောင်း ပါဝင်ပြီး နိုင်ငံတကာအရေးအခင်းများကို မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိအကျဉ်း ရဲ့ အစမှာ ဆိုထားပါတယ်။ တကယ်လည်း ဦးသန့်က သူ့လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းပေါင်း များစွာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ကျူးဘား ဒုံးလက်နက်အရေး အခင်း (၁၉၆၂)၊ ကွန်ဂိုအရေးအခင်း (၁၉၆၃)၊ ဆိုက်ပရပ်စ် ပြည်တွင်းစစ် (၁၉၆၄)၊ အိန္ဒိယ-ပါကစ္စတန် ကက်ရှ်မီးယားအရေးအခင်း (၁၉၆၅)၊ အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲ (၁၉၆၇)၊ ဗီယက်နမ်စစ် စတဲ့ အရေးအခင်းပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ပါတယ်။

သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး View From the UN ဆိုတဲ့ စာအုပ်မှာ သူပါဝင်ဖြေရှင်းခဲ့ရတဲ့ အဲဒီအရေးအခင်းတွေအကြောင်း ဦးသန့်က ရေးထားပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါ နိုင်ငံတကာ ခေါင်းဆောင်တွေကို တာဝန်အရ ချဉ်းကပ်တာမျိုးတွေအပြင် အပြန်အလှန် ခင်မင်မှုတွေနဲ့လည်း ချဉ်းကပ်ရတာတွေ ရှိပါတယ်။ ဒီကြားထဲက ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပုံကိုလည်း ရေးသားထားပါတယ်။ ဗီယက်နမ်စစ်ပွဲ အရေးကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားတဲ့အထဲမှာ အမေရိကန်သမ္မတ ဂျွန်ဆင်နဲ့ သူနဲ့ တူညီတဲ့အချက်တွေ ရှိပုံကို “သူက ကျနော့်ထက် ၅ လ လောက် ပိုကြီးပေမယ့် သူနဲ့ကျနော် ကောလိပ်ကို တချိန်တည်းရောက်တဲ့အကြောင်း၊ ကျောင်းဆရာဖြစ်တာလည်း တချိန်တည်း လို့ သူက ပြောပြပါတယ်။ ပိုပြီး အံ့သြဖို့ အကောင်းဆုံးအချက်က သူ လက်ထပ်တဲ့နေ့နဲ့ ကျနော် လက်ထပ်တဲ့နေ့ ၁၉၃၄ နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်း ထပ်တူကျနေပါပဲ။ သူ ကွယ်လွန်တဲ့ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ဟာ ကျနော့်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။ စိတ်မကောင်းဖြစ်ရတဲ့အချက်ကတော့ သမ္မတ ဂျွန်ဆင်ကို သူ့တိုင်းပြည်က ဂုဏ်ပြုသလို ဦးသန့်ကို မြန်မာပြည်သားတွေ ဂုဏ်ပြုခွင့် မရတဲ့အချက်ပါပဲ။

နိုင်ငံတကာမှာ ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်ဖို့ ကြိုးပမ်းနေတဲ့ ဦးသန့်ဟာ မြန်မာပြည်က ငြိမ်းချမ်းရေးဖခင်တစ်ဦး ဖြစ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ကြည်ညိုလေးစားသူ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် မြန်မာပြည်ကို ရောက်လာတဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဆရာကြီးက သူမရောက်ခင် ၂ ရက် ဇူလိုင်လ ၂၃ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ဒါကြောင့် ဆရာကြီးရဲ့ ဈာပနထားရှိရာ စမ်းချောင်းက ဆရာကြီးနေအိမ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ သွားရောက်ဂါရဝပြုခဲ့ပါတယ်။ ပြီးတော့ လွမ်းသူ့မှတ်တမ်းမှာ “မြန်မာပြည်သို့ ခေတ္တပြန်ရောက်လာခိုက်တွင် ဆရာကြီးအား နောက်ဆုံးဂါရဝပြုခွင့်ရသဖြင့် ကျေနပ်ပါသည်။ ဆရာကြီး ကောင်းရာသုဂတိ သွားစေရန် ဆုတောင်းရန် လိုမည်မထင်ပါ။ ဆရာကြီး ဘဝ တပါးပြောင်းသွားသည်မှာ မြန်မာနိုင်ငံအဖို့ နေတစ်ဆူ ကွယ်သည်နှင့် တူပါသည်” လို့ ရေးသားခဲ့ပါတယ်။

၁၉၆၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးသန့်ကို နိုင်ငံတကာ ချစ်ကြည်ရေး နားလည်မှု ရရှိရေးကြိုးပမ်းချက်အတွက် နေရူးဆု ပေးအပ်ခဲ့ပြီး ဆုနဲ့အတူ ပါရှိတဲ့ အိန္ဒိယငွေ ရူပီး တစ်သိန်းကို ဦးသန့်က ကုလသမဂ္ဂ နိုင်ငံတကာဆိုင်ရာ ကျောင်းရန်ပုံငွေကို လှူဒါန်းခဲ့ပါတယ်။ မာရှယ်တီးတိုးက ပေးအပ်တဲ့ ယူဂိုဆလဗ်တံခွန်ဘွဲ့တံဆိပ် အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေါင်း ၁၇ ဘွဲ့ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ဖို့တောင် လျာထားခြင်း ခံခဲ့ရပါတယ်။ မြန်မာပြည်က ပေးအပ်တဲ့ ဘွဲ့ထူးတွေကတော့ ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူဘွဲ့ နဲ့ မဟာသရေစည်သူဘွဲ့တွေဖြစ်ပြီး အားလုံးက တော်လှန်ရေးကောင်စီ အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ်မတိုင်ခင်က ပေးအပ်ခဲ့တာတွေချည်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလ ခေတ်တွေမှာတော့ ဘာဆုမှ မပေးအပ်ခဲ့ပါဘူး။ အဲဒီလို ဂုဏ်ပြုတာတွေ မလုပ်တဲ့အပြင် ကမ္ဘာက လေးစား အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဈာပနကိုတောင် ပြီးစလွယ် တာဝန်ကျေ လုပ်ဖို့တာစူခဲ့တဲ့ မဆလ အစိုးရကို ကျောင်းသားတွေက အံတုတော်လှန်ခဲ့လို့သာ ဒီကနေ့ ရှိနေတဲ့ နေရာမှာ ဦးသန့်ရဲ့ဂူဗိမာန် ရှိနေတာဖြစ်ပါတယ်။ တကယ်လို့များ အဲဒီ ဈာပန အရေးအခင်း မဖြစ်ပေါ်ခဲ့ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မစဉ်းစားရဲလောက်အောင်ပါပဲ။

ဦးသန့်နဲ့ပတ်သက်လို့ စာရေးဆရာ တက္ကသိုလ်စိန်တင်ရဲ့‘ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်’ ဆိုတဲ့ စာအုပ်ကလွဲလို့ ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ စာအုပ် ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။ ဒါကြောင့် လာမယ့် နှစ်ဆန်းမှာ ကျရောက်မယ့် ဦးသန့်ရဲ့ ရာပြည့်မွေးနေ့မှာ ဦးသန့်ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ဦးသန့်ရဲ့ စာပေတွေကို ပြန်လည် ထုတ်ဝေတာတွေ စတဲ့ အမှတ်တရ အစီအစဉ်တွေ မြန်မာပြည်တွင်းမှာ ကျင်းပသူက ကျင်းပလို့၊ ကျင်းပခွင့်လည်း လွတ်လွတ်လပ်လပ် ရရင် ကောင်းလေစွ လို့ တဆက်တည်း စဉ်းစားမိပါတယ်။ ဒါမှသာ မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူတစ်ဦး ရှိခဲ့တယ်ဆိုတာကို မျိုးဆက်သစ်တွေ သိရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်မှာက ဒီလိုကိစ္စမျိုးတွေ ရှိလာဖို့ဆိုတာ ထီထိုးတာထက်ကို အခွင့်အလမ်း နည်းပါးလှတယ် မဟုတ်ပါလား။ ။



ထိန်လင်း (၉၊ ၁၂၊ ၂ဝဝ၈)



၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။



မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို

15 December 2008
မသင်းသီရိ -
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေအတွင်းမှာ တရားမျှတမှုမရှိတဲ့ စီရင်ချက်တွေနဲ့
ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၁၀၀ ကျော်ရှိနေ
တယ်ဆိုတဲ့ အကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလသမဂ္ဂက ဖိအားပေးဖို့
အတွက် ကနေဒါကိုရောက်နေကြတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ ၈ ဖွဲ့က ဦးဆောင်ပြီး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို စာပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးအတွက် မူဝါဒရေးရာ အထူး
ကိုယ်စားလှယ်အဖြစ် မိုက်ကယ် ဂရင်း (Michael Green) ကို ထားရှိသလိုမျိုး၊ အီးယူ
ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero
Fassino) ကို ထားရှိသလိုမျိုး ကနေဒါနိုင်ငံကလည်း မြန်မာ့အရေးအတွက် အထူး
ကိုယ်စားလှယ်တယောက် ထားရှိပေးဖို့ အဲဒီအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့ထဲက ကိုကျော်ဇောဝေကို မသင်းသီရိ ဆက်သွယ်
မေးမြန်းရာမှာ ကိုကျော်ဇောဝေက သူတို့လှုပ်ရှားမှုအကြောင်း အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တော်တော်များများနဲ့ ပူးတွဲပြီး
လုပ်တာပါ။ ကနေဒါမှာရှိတဲ့ တိုရွန်တို၊ အော့တ၀ါ၊ အက်ဒ်မင်တန်ဆိုတဲ့ မြို့ကြီးတွေမှာ
ရှိတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ နောက် လူမျိုးစုအဖွဲ့အစည်း Karen
Canadian Community၊ ကနေဒါနိုင်ငံရေးကဆိုရင် ကနေဒါပါလီမန် လွှတ်တော်
အမတ်တွေက ဖွဲ့ထားတဲ့ မြန်မာပြည်ကူညီမယ့် မိတ်ဆွေအဖွဲ့၊ အဲဒီအဖွဲ့ကဆိုရင်လည်း
လွှတ်တော်အမတ်ပေါင်း ၄၀ ကျော် ပါတယ်။ အဲဒီလိုပေါင်းပြီးတော့ ကျနော်တို့
ကျယ်ကျယ်ပြန့်ပြန့် တတိုင်းပြည်လုံးအတိုင်းအတာ ဗမာမိသားစုတွေ အကုန်လုံးကို
ပူးတွဲပြီးတော့ စာရေးသားတောင်းဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့က အဲဒီလို အထူး
ကိုယ်စားလှယ်တယောက် ခန့်ပြီးလုပ်ရင် ပိုပြီးထိရောက်မယ်လို့ မြင်လို့ အဲလိုတောင်းဆို
တာ ဖြစ်ပါတယ်။"

ကိုကျော်ဇောဝေတို့ တောင်းဆိုသလိုမျိုး ကနေဒါအစိုးရဘက်ကရော လိုက်လျောလာ
နိုင်ပါ့မလား။

"ဟုတ်ကဲ့၊ ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်။ အခု ဒီမှာရှိတဲ့ လွှတ်တော်အမတ်တွေ
နဲ့လည်း စကားပြောကြည့်တယ်၊ ကျနော်တို့နဲ့ တွဲလုပ်နေတဲ့လူတွေ၊ လွှတ်တော်အမတ်
ပေါင်း ၁၀ ယောက်ကျော်ကျော်လောက်ကို ပြောကြည့်ဖူးတယ်။ သူတို့တွေကလည်း
ထောက်ခံတယ်။ အခုအချိန်မှာတော့ ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။

"ဒါပေမယ့် ကနေဒါနိုင်ငံမှာလည်း အခုလောလောဆယ် ပါလီမန်က ခရစ္စမတ်အတွက်
နားနေတယ်။ ဇန်န၀ါရီလကုန်မှ ပါလီမန် ပြန်စမယ်။ အဲဒီအချိန်မှာ သူတို့ စီးပွားရေး
ကိစ္စကို ဦးတည်ပြီးလုပ်မယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးကိစ္စကို ထိပ်ဆုံးဦးစား
ပေးအနေနဲ့ လုပ်ဖို့တော့ ပြောထားပါတယ်။ အဲတော့ မျှော်လင့်ချက်တော့ ရှိပါတယ်။"

အခု မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ကိစ္စတွေကို ကနေဒါအစိုးရက ဘယ်လောက်အထိ
စိတ်ဝင်စားတာရှိလဲ၊ မြန်မာ့အရေး ပြောင်းလဲလာဖို့အတွက်ရော ကနေဒါအစိုးရက
ဘယ်လိုအကူအညီပေးနေတာတွေ ရှိပါသလဲ။

"လက်ရှိအစိုးရအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး
တက်တက်ကြွကြွ လုပ်ပါတယ်။ ဥပမာ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး
ရောက်လာတယ်။ ဒီက ၀န်ကြီးတွေနဲ့ တွေ့တယ်၊ ပါလီမန်အမတ်တွေနဲ့ တွေ့တယ်။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်တဲ့ အထိမ်း
အမှတ် ပြီးတဲ့အချိန်မှာ ဒီက ၀န်ကြီးချုပ်ကိုယ်တိုင် ဒေါက်တာစိန်ဝင်းနဲ့တွေ့တယ်။
အဲလိုမျိုး သူတို့လုပ်လို့ရတာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတယ်။

"ပြီးတော့ ကနေဒါအစိုးရချထားတဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း သူတို့အဆိုအရဆိုရင်
ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးပေါ့။ အီးယူ ဥရောပသမဂ္ဂတို့ အမေရိကန်အစိုးရတို့ ချတာ
ထက် ပိုပြီးတော့ တင်းမာတဲ့ စီးပွားရေးပိတ်ဆို့မှုလို့ သူတို့ပြောတယ်။ ဒါပေမယ့် စီးပွား
ရေးအရ ကနေဒါနိုင်ငံနဲ့ မြန်မာနိုင်ငံလုပ်တာ သိပ်မရှိတော့ တိုက်ရိုက်ထိရောက်မှု
တော့ ဒီလောက်ကြီးရှိမယ်လို့ မထင်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီး
တက်တက်ကြွကြွလုပ်ပါတယ်။"

ကနေဒါအစိုးရက မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ခန့်အပ်
ထားရှိဖို့ လှုပ်ရှားမှုတခု ကနေဒါမှာ ပြုလုပ်နေတဲ့အကြောင်းနဲ့ ပတ်သက်လို့
ကိုကျော်ဇောဝေ ရှင်းပြခဲ့တာဖြစ်ပါတယ်။

အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့အပေါက်ခံရ

15 December 2008ဘဂ္ဂဒက်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတ ဘုရှ်(၀ဲ) အား အီရတ်သတင်းသမား တဦးက ဖိနပ်နှင့်ပစ်ပေါက်နေစဉ်။
ဒီဇင်ဘာ ၁၄၊ ၂၀၀၈။
အီရတ်သတင်းထောက်တဦးက အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) ကို ဖိနပ်နဲ့
ဘဂ္ဂဒက်မြို့မှာ တနင်္ဂနွေနေ့က ပစ်ပေါက်လိုက်ပါတယ်။ အမေရိကန်တပ်တွေနဲ့ အီရတ်
ခေါင်းဆောင်တွေကို နောက်ဆုံးနှုတ်ဆက်ဖို့ဘဂ္ဂဒက်မြို့ကို မကြေညာဘဲ ထွက်ခဲ့တဲ့ခရီးမှာ
အဲဒီလို ဖြစ်ခဲ့တာပါ။

အီရတ်နိုင်ငံခေါင်းဆောင် မစ္စတာမာလီကီ(Mr. Maliki) နဲ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
အီရတ်ရုပ်မြင်သံကြား သတင်းထောက် မွန်တာဇာအယ်လ်-ဇေဒီ (Montazar al-Zaydi) က သမ္မတ
ဘုရှ်ကို အာရပ်ဘာသာစကားနဲ့ ခွေးလို့ ခေါ်ဆိုခဲ့ပြီး သမ္မတဘုရှ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့
ပါတယ်။ ဖိနပ်က သီသီလေးလွဲသွားခဲ့ပြီး လုံခြုံရေးအရာရှိတွေက သတင်းထောက်ကို
အခန်းထဲက ဆွဲထုတ်သွားခဲ့ရပါတယ်။ အာရပ်ယဉ်ကျေးမှုမှာ ဖိနပ်ဟာ စော်ကားတာ
ဖြစ်ပါတယ်။

မစ္စတာဘုရှ်ကတော့ သူ့ကိုခြိမ်းခြောက်တယ်လို့ မခံစားရပါဘူးလို့ ပြောဆိုရင်း အဲဒီ
အဖြစ်အပျက်ကို ရယ်စရာလုပ်ပစ်လိုက်ပါတယ်။

"ဒီမှာရှိကြတဲ့ သတင်းစာဆရာတွေက တော်တော်ကြီး အားတုံ့အားနာ ဖြစ်နေကြပါ
တယ်။ ဒီအဖြစ်အပျက်က အီရတ်ပြည်သူတွေကို ကိုယ်စားမပြုပါဘူးလို့ သူတို့က
ပြောကြပါတယ်။ ဒါက လွတ်လပ်တဲ့ လူ့အဖွဲအစည်းမှာ ဖြစ်တတ်တာပါ။ အဲသလို
လူ့အဖွဲ့အစည်းမှာက သူတို့ကိုယ်သူတို့ အာရုံစိုက်ခံရအောင် လူတွေက လုပ်တတ်ကြ
တယ်လေ။" လို့ ဘုရှ်က ပြောသွားပါတယ်။

အမေရိကန်နဲ့အီရတ် လုံခြုံရေးသဘောတူညီချက် အသစ်တရပ်နဲ့ ပတ်သက်ပြီး အီရတ်
ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီနဲ့ သမ္မတဘုရှ်က ပူးတွဲကြေညာချက်တရပ်ကို ဒီကနေ့
တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

တင်းတင်းကျပ်ကျပ်ချထားတဲ့ လုံခြုံရေးအောက်မှာ အီရတ်မြို့တော်ကို မစ္စတာဘုရှ်
တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။ အီရတ်သမ္မတ ဂျလာ တာလာဘာနီ (Jalal
Talabani) နဲ့ တွေ့ခဲ့သလို တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ကာဒ့်ဒေသသမ္မတ
မတ်စ်ဆွတ်ဒ် ဘာဇာနီ (Massud Barzani) နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

The Release of all Political Prisoners in Burma(letter to the UN Secretary General)

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။
Dear Mr. Prime Minster

I would like to take the liberty in forwarding a copy of letter to the UN Secretary General urging him to spare no efforts to the release of all political prisoners in Burma. It is a matter of grave concern: the ongoing imprisonment of over 2,100 political prisoners, unfair trials and sentencing of political prisoners in Burma.

The following organizations in Canada participated in the submission of the attached letter.

Parliamentary Friends of Burma
International Burmese Monks Organization (Canada)
Burmese Students Democratic Organization, Toronto
National League for Democracy (LA Canada)
Burma Forum Canada
Burma Watch International
Canadian Campaign for Free Burma
Canadian Friends of Burma
Karen Canadian Community
Burmese Muslim Association (Canada)

U.S. had appointed Michael Green as their special representative and policy coordinator on Burma and that the E.U. had appointed Piero Fassino as their special envoy on Burma. I would like to suggest that Canada to appoint a person to work on Burma issues and that the person should be trying (perhaps in coordination with Mr. Green and Mr. Fassino) to deal with Burma, China, India and ASEAN on Burma issues.

Sincerely,
Zaw W. Kyaw
(416) 358-2318



မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နာဂိုယာနယ်မြေ)မှတောင်းဆိုချီတက် ဆန္ဒပြပွဲ



ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ
မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နာဂိုယာနယ်မြေ)မှ ဦးစီးကျင်းပသည့် မတရား ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ အမြန် လွတ်မြောက်ရေးနှင့် လူ့ အခွင့်အရေး ချိုးဖောက်နေသော မြန်မာ န.အ.ဖ စစ်အုပ်စုအား ဂျပန် အစိုးရမှ ပြင်းထန်သည့် ဖိအားပေးရန် တောင်းဆိုချီတက် ဆန္ဒပြပွဲကို ဂျပန် နိုင်ငံ နာဂိုယာမြို့ (၁၄.၁၂.၂၀၀၈)ယနေ့ တွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါတောင်းဆိုဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အဖွဲ့ ချုပ် (တိုကျို၊ နာဂိုယာ) အင်အားစုများနှင့် အခြား ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသား များစုစုပေါင်း (၆၀) ဦးခံပူးပေါင်းပါဝင်ခဲ့ကြသည်။

၎င်းအပြင် ဂျပန်ပြည်သူများထံမှ ကောက်ခံရရှိ ထားသော စစ်အုပ်စုအား အစိုးရ တစ်ရပ်အဖြစ် အသိအမှတ် မပြုသည့် ထောက်ခံချက်လက်မှတ် များကို (AICHI) ခရိုင်မြို့ တော်ဝင်ရုံးမှ တဆင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ ပေးပို့ ခဲ့ကြပါသည်။

ပြန်ကြားရေး မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်
(နာဂိုယာ)

တရုတ်ပါဝါ

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။China Power


အာရှထီးရိပ်

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။ Aisa Power


အာဆီယံလူအခွင့်အရေးအဖွဲ့ကြီး မြန်မာစစ်အစိုးရအပေါ် သြဇာရှိပါ့မလား


ကိုဝိုင်း/ ၁၁ ဒီဇင်ဘာ ၂၀၀၈


(စာရေးသူ Djoko Susilo သည် အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်တဦးဖြစ်ပြီး မြန်မာအရေးဆောင်ရွက်ပေးသည့် အာဆီယံပါလီမန်ပေါင်းစုံအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည်)

နေအိမ်အကျယ်ချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုးတွေ မလုပ်တဲ့အတွက် မြန်မာစစ်အစိုးရက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ဖို့ လေးနက်တဲ့ နိုင်ငံရေးရည်မှန်းချက်မရှိတာ သိသာလို့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံထဲကနေ ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ တနှစ်လောက်က လုပ်ခဲ့တဲ့ အာဆီယံပါလီမန် အစည်းအဝေးမှာ ကျနော်တင်ပြ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်တွေကလည်း ကျနော်ရဲ့ တောင်းဆိုမှု ဆက်ပြီးမှန်နေဆဲပဲဆိုတာ သက်သေပြနေပါတယ်။ မြန်မာပြည်တွင်းရေးအခြေအနေတွေဟာ ဒီမိုကရေစီဆီကို ဦးတည်မသွားမချင်းလည်း ဆက်ပြီးမှန်နေဦးမှာပါ။

မြန်မာပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ သံဃာတော်တွေကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက်အကြမ်းဖက်ဖြိုခွဲခဲ့တာတွေကို မှတ်တမ်းမှတ်ရာတွေ ခိုင်ခိုင်မာမာ ရှိထားတဲ့အပြင် ဒါတွေကို နိုင်ငံတကာအသိုင်းအ၀န်းက သိခွင့်ရခဲ့ကြပါတယ်။ အခုလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ကမ္ဘာကြီးကို အရူးထပ်လုပ်ဖို့ ကြိုးစားနေပြန်ပါပြီ။

ကံဆိုးချင်တော့ အာဆီယံခေါင်းဆောင်တွေဟာ နအဖစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုကြတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲအတုနှင့် ရွေးကောက်ပွဲလုပ်မဲ့အစီအစဉ်တွေကို စစ်မှန်တဲ့ တိုးတက်မှုအဖြစ် ကြိုဆိုခဲ့ကြပါတယ်။ ဒီကိစ္စဟာ ရှက်စရာကောင်းတဲ့ အပြုအမူဖြစ်တဲ့အပြင် မြန်မာပြည်သူတရပ်လုံးအပေါ် သစ္စာ မရှိရာလည်းရောက်ပါတယ်။ ဒီခေါင်းဆောင်တွေဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကို ဆယ်စုနှစ်နှစ်ခုနီးပါး ခံခဲ့ကြရတဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခအ၀၀ကို လုံးဝဂရုမစိုက်ဘူးဆိုတာကိုလည်း ပြသရာရောက်ပါတယ်။

တကယ်ဆိုရင် ကျနော်တို့ဟာ အခြေအနေတွေတိုးတက်လာတဲ့အထိ ထိုင်စောင့်နေဖို့မသင့်ပါဘူး။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်အတွက် ငြိမ်းချမ်းတဲ့ အဖြေတရပ်ရဖို့ စစ်အစိုးရဆီမှာ လေးနက်တဲ့ဆန္ဒမရှိဘူးဆိုတာ ထင်ရှားနေတဲ့အတွက် တိုက်တွန်းချက်တွေနဲ့တင်မဟုတ်ပဲ ခိုင်မာတဲ့ အရေးယူဆောင်ရွက်ချက်တရပ် ပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ဆိုတာ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားတွေ ဒိထက်ပိုပြီးပေးဖို့ တစုတစည်းတည်း လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အင်ဒိုနီးရှားအစိုးရအနေနဲ့လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားညီညွတ်ရေး ကြိုးစားအားထုတ်မှုအတွက် ထောက်ခံပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီနဲ့တွေ့ဆုံဆွေးနွေးစဉ်က သမ္မတ ဆူစီလို ဘမ်းဘန်း ယွဒ်ဟိုယိုနိုက မြန်မာနိုင်ငံရဲ့ ပြန်လည် ပေါင်းစည်းညီညွတ်ရေးအတွက် ဘက်ပေါင်းစုံက တွန်းအားပေးရမယ်လို့ ပြောခဲ့ပါတယ်။

သို့သော် မြန်မာနိုင်ငံထဲမှာလည်း ထောက်ခံရမှုရဖို့လိုတဲ့ ဒီလိုလုပ်ကိုင်မဲ့အချက်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေသလို မြန်မာနိုင်ငံ ပြိုကွဲဖို့အတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုအဖြစ် လုံခြုံရေးနဲ့ တည်ငြိမ်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ အင်ဒိုနီးရှားအစိုးရက ယုံကြည်ပါတယ်။ ဒီကိစ္စဟာ မြန်မာ နိုင်ငံသစ်ဖြစ်ပေါ်လာတဲ့အချိန်မှာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် ကြိုတွေး ပူနေနိုင်မယ့် မြန်မာနိုင်ငံရဲ့ စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်နည်းလမ်းပါပဲ။

ဒါ့ပြင် အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မစ္စတာဂမ်ဘာရီရဲ့ ကုလသမဂ္ဂဘောင်အတွင်းကနေ ဆောင်ရွက်နေမှုတွေကိုလည်း အပြည့်အ၀ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးစရာအချက်တခုအနေနဲ့ ဆက်လက်ရှိနေအောင် အင်ဒိုနီးရှားအစိုးရက လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ နားလည်လာအောင် တရုတ်နဲ့အိန္ဒိယနိုင်ငံတွေက လုပ်ပေးဖို့ အင်ဒိုနီးရှားအစိုးရက တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီပြောင်းလဲရေးကို လုပ်ဆောင်ပါမယ်လို့ ပေးထားတဲ့ သူတို့ရဲ့ကတိအတိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းရာမှာ ဒီနိုင်ငံနှစ်ခုရဲ့အကူအညီ တောင်းခံဖို့ အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

အာဆီယံအပိုင်းကိုကြည့်မယ်ဆိုရင် အထူးသဖြင့် မြန်မာ့အရေးနဲ့ စင်ကာပူမှာ မနှစ်က လက်မှတ်ထိုးခဲ့တဲ့ အာဆီယံ ပဋိညာဉ်စာချုပ် ဆက်နွယ်မှု ဒါမှမဟုတ် မြန်မာ့အရေးနဲ့ ဒီနှစ်ကုန်ပိုင်း ထိုင်းနိုင်ငံမှာ (လုပ်ကောင်းလုပ်ဖြစ်မယ့်) စာချုပ်အပြီးသတ်မှုနဲ့ ပတ်သက်ပြီး ဒီစာချုပ်ဟာ အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာခင်က ပြဿနာတွေကြုံရပြီးနောက်ပိုင်း မျှော်လင့်ထားသလို အာဏာတည်ပါ့မလားဆိုတာ စိုးရိမ်ကြောင်း နိုင်ငံအများက ထုတ်ဖော်ပြောခဲ့ပါတယ်။ ဥပမာအားဖြင့် အာဆီယံပဋိညာဉ်အတွင်းပါ ပုဒ်မအတော်များများနဲ့ ပတ် သက်ပြီး အင်ဒိုနီးရှားပါလီမန်က ၎င်းရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ခဲ့ပါတယ်။

ဘာလီကျွန်းက ဒန်ပါဆာမှာ လုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိများ အစည်းအဝေးမှ အားမရစရာ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို ဘယ်လိုနာမည်ပေးရမလဲဆိုတာနဲ့ ပတ်သက်ပီး အဆင့်မြင့်အရာရှိအဖွဲ့ ခုထိ ဆုံးဖြတ်လို့မရသေးဘူးလို့ သိရပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံအများစုကလည်း လူ့အခွင့်အရေးကိစ္စကို ကာကွယ်ဖို့ထက် မြှင့်တင်ရေးအတွက် ပိုပြီးစိတ်ဝင်စားနေတယ်လို့လည်း သတင်းတချို့အရသိရပါတယ်။

အဲဒီအစည်းအဝေးကို ဦးဆောင်တဲ့ ထိုင်းအဆင့်မြင့် သံတမန်တဦးဖြစ်တဲ့ Sihasak Phuangketkeow ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေ မတူညီတာတွေ၊ နိုင်ငံရေးအသိစိတ်ဓာတ် မတူတာတွေ ရှိနေတဲ့အတွက် လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ တဖြည်းဖြည်းချင်းသွားရမယ့် ကိစ္စလို့ ပြောခဲ့ပါတယ်။

အဲဒါကြောင့် အာဆီင်္ယံအနေနဲ့ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့နေနေသာသာ အာဆီယံထဲမှာတောင် လူ့အခွင့်အရေး ကာကွယ်ပေးရေးကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေက သိပ်မမျှော်လင့်ကြပါဘူး။ လူ့အခွင့်အရေးကိစ္စကို အဓိက ဆန့်ကျင်မယ့်သူက မြန်မာစစ်အစိုးရဖြစ်ပြီး စစ်အစိုးရကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံကို အဆောတလျင် ဒီမိုကရေစီရေးပြောင်းလဲဖို့ အာဆီယံ သံတမန်တွေရဲ့ ကြိုးပမ်းမှု မအောင်မြင်ဘူးဆိုတာ အင်ဒိုနီးရှားနိုင်ငံက ၀န်ခံပါတယ်။ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကြောင့် ခိုင်မာတဲ့ရလဒ်ထွက်ပေါ်မလာဘူးဆိုတာ အာဆီယံ သိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ၊ ဒဏ်ခတ်ပိတ်ဆို့တာတွေလည်း မအောင်မြင်ပါဘူး။

အာဆီင်္ယံပါလီမန်ထဲမှာဆိုရင် မြန်မာ့အရေးဟာ ဒေသတခုလုံးအတွက် အခြေအနေဆိုး တရပ်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကြောင့် ပေါ်ပေါက်လာတဲ့ လူသာူလုံခြုံမှုပြဿနာတွေကို အသိအမှတ်ပြုပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ ပါလီမန်အမတ်တွေကလည်း သက်ဆိုင်ရာ သူတို့အစိုးရတွေကို တိုက်တွန်းထားပါတယ်။ မြန်မာပြည်သူလူထုတွေ ခံစားနေရတဲ့ စိတ်ပျက်စရာ ဒုက္ခအဖြာဖြာကို အဆုံးသတ်သွားစေဖို့ ကျနော်တို့လုပ်ဆောင်ကြပါစို့။


(ဂျကာတာပို့စ် သတင်းစာပါ ဆောင်းပါးရှင် Djoko Susilo ၏ ASEAN human rights body: Will it have an impact on Myanmar's junta? ဆောင်းပါးကို ပြန်ဆိုထားခြင်းဖြစ်သည်)


ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ်ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်

NEJ/ ၁၄ ဒီဇင်ဘာ ၂၀၀၈ Photobucket
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ ခေါ် မောင် တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲ ဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင် တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာ ကြောင့်သွားတယ်၊ ဘယ်သူနဲ့သွားတယ်ဆိုတာကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီးဆရာမနော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းစောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိကရင်အမျိုးသမီးအစည်းအရုံး (KWO)အဖွဲ့တွင်ဥက္ကဌဖြစ်သည်။

ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။

ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး
14 December 2008
ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကြီး
စောဘိုမြရဲ့ သားအငယ်ဖြစ်တဲ့ ကေအန်အယ်လ်အေ ကရင်အမျိုးသား လွတ်မြောက်
ရေး တပ်မတော်က ဗိုလ်ကြီးအဆင့် စောနေစိုးမြခေါ် ဗိုလ်ကြီးတေးလေးဟာ မြန်မာ
စစ်အစိုးရနဲ့ ဆွေးနွေးစကားပြောဖို့ နေပြည်တော်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးတေးလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ စစ်အစိုးရနဲ့ သွားရောက်တွေ့ဆုံတာလဲ၊
ဒီအပေါ် ကေအန်ယူဘက်ကရော ဘယ်လိုသဘောထားရှိလဲဆိုတာနဲ့ ပတ်သက်ပြီး
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ကေအန်ယူ တွဲဖက်
အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခု နေပြည်တော်ကိုသွားရောက်ခဲ့တယ်လို့ပြောတဲ့ ဗိုလ်ကြီးတေးလေးရဲ့ လက်ရှိ
တာဝန်ကို ပြောပြပေးပါ။

"အခုလက်ရှိတာဝန်ကတော့ တပ်ခွဲမှူးပဲ။ တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့။ ကေအန်
အယ်လ်အေတပ်ရင်း ၂၀၂ ရဲ့ တပ်ခွဲ ၃ က။ ဟိုတုန်းက သူ့အစ်ကိုက အဲဒီမှာ
တပ်ရင်းမှူးပဲ။"

အခုသွားရောက်မှုဟာ ကရင်အမျိုးသား အစည်းအရုံးရဲ့ စေလွှတ်မှုနဲ့ သွားရောက်တာ
ပါလား။

"သွားတာကတော့ သူ့သဘောနဲ့သူ သွားတာပါ။ ကျနော်တို့ ကေအန်ယူက ခွင့်ပြုချက်
မရှိဘူး၊ ခွင့်ပြုစရာအကြောင်းလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့ကိစ္စက
ကျနော်တို့ ပထမကြားတာ သူ့မိသားစုအတွင်း သူတို့ လင်ခန်းမယားခန်းမှာ စကား
များကြရာက အမျိုးသမီးထွက်သွားတဲ့နောက်ကို သူလိုက်တယ်ပေါ့။ အဲဒီအနေအထားပဲ
ကျနော်တို့က သိတယ်။ နောက်တော့မှ ၁၁ ရက်နေ့က ဘန်ကောက်သံရုံးထဲကို
ဗိုလ်ချုပ်မြရဲ့ သားတယောက်က ၀င်သွားတယ်ဆိုတဲ့သတင်းရမှ ကျနော်တို့လည်း
ပြန်သိရတာ။

"နောက်ဆုံးတော့ ဒါက အမြတ်ထုတ်တယ်လို့ပဲ ကျနော်တို့က တွက်တာပေါ့။ ဘာပဲ
ဖြစ်ဖြစ် ဗိုလ်ချုပ်မြလို အစဉ်အလာကြီးမားတဲ့ ခေါင်းဆောင်ကြီးတယောက်ရဲ့သား၊
တပ်ခွဲမှူးတယောက်လည်း ဖြစ်တယ်ဆိုတဲ့အခါကြတော့ အဲလိုအနေအထားမျိုးမှာ
သူတို့က ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ စိတ်ဝမ်းကွဲမှု ရှိသယောင်ယောင် သူတို့
ခွဲထုတ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားချင်လို့ ခေါ်သွားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ
သတ်မှတ်ပါတယ်။

"အဖွဲ့အစည်းအရတော့ ဒီမှာ ပျော့တဲ့လူတွေ၊ ယိုင်တဲ့လူတွေ၊ မခိုင်တဲ့လူတွေနဲ့ သူတို့က
ရှာနေတာပေါ့။ မာတဲ့လူတွေတောင်မှ သူတို့က ဆွယ်နေသေးတာပဲဆိုတော့။"

ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့တယ်ဆိုတော့ အခုရော တွေ့ဆုံဆွေးနွေးဖို့ အလားအလာတွေ ရှိပါသလား။

"တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ကတော့ အဓိကက နအဖဘက်ပါပဲ။ တိုင်းပြည်
အာဏာကို အတင်းအကျပ် သိမ်းပိုက်ပြီး ဆုပ်ကိုင်ထားတဲ့လူက ဆန္ဒရှိတယ်၊ ပြေလည်
ချင်တယ်၊ အမျိုးသားရေးအရ ညီညွတ်ချင်တယ်ဆိုရင်တော့ သူတို့ကပဲ ဖွင့်လာရမှာ
ပေါ့။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းပဲ တံခါးဖွင့်ထားတယ်၊ ကမ်းလှမ်းထားတာပဲ။

"တရားမျှတတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းမယ်၊ အမျိုးသားရေးပြဿနာကို
တကယ်ပဲ မှန်မှန်ကန်ကန် ရှာဖွေကြမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တခါမှလည်း တံခါးပိတ်မထားပါဘူး၊ ဘူးခံပြီးတော့လည်း မငြင်းပါ
ဘူး။ သို့သော်လည်း လက်ခုပ်က နှစ်ဖက်တီးမှပဲ မြည်မယ့်ကိစ္စဖြစ်တဲ့အတွက် တဖက်ရဲ့
အပေါ်မှာပဲ မူတည်ပါတယ်။"

အခုလို အဖွဲ့အစည်းရဲ့ သဘောတူညီချက်မရဘဲ မိမိသဘောနဲ့ သွားရောက်ခဲ့တာနဲ့
ပတ်သက်ပြီး သူပြန်လာမယ်ဆိုရင်ရော ဘယ်လိုများ ဆုံးဖြတ်မလဲ။

"သူပြန်လာမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်၊
ခေါင်းဆောင်မှုအောက်မှာ ရှိတဲ့ လူတယောက်အနေနဲ့ ကျနော်တို့က သူ့ကိုခေါ်ယူပြီး
မေးမြန်းရမှာပေါ့၊ ဘယ်အကြောင်းကြောင့်ဆိုတာ။ အဲဒီအပေါ်မှာ ကျနော်တို့က
ကေအန်ယူရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊
ထုံးတမ်းအစဉ်အလာတွေအရ သူက အမှုတခုကို ကျူးလွန်တဲ့ အနေအထားပေါ်မှာ
ဆိုရင် အဲဒီဥပဒေအတိုင်း သူ့အနေနဲ့ အရေးယူဆောင်ရွက်မှု တခုခုတော့ ခံရမှာပေါ့။"

မြန်မာစစ်အစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြားမှာ လွန်ခဲ့တဲ့
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကစပြီး ဆက်ဆံရေးကိုယ်စားလှယ်တွေကတဆင့်
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။ စစ်အစိုးရဘက်ကလည်း ဗိုလ်ချုပ်ကြီး
စောဘိုမြ မကွယ်လွန်ခင် အချိန်ကစပြီး စစ်ဖက်ရေးရာအရာရှိ ဗိုလ်မှူးကြီးမြတ်ထွန်းဦး
ကို စေလွှတ်ပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရယူပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့
အတွက် ကြိုးစားခဲ့ပါသေးတယ်။

နောက်ပိုင်းမှာ ကေအန်ယူ တပ်မဟာ ၇ သာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပြီး တပ်မဟာ
၇ ရဲ့ တပ်မှူး၊ တပ်သားတွေကြားမှာ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံး ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်တဲ့အချိန်မှာလည်း စစ်အစိုးရဘက်က
ဗိုလ်မှူးကြီးမြတ်ထွန်းဦးကို စေလွှတ်ခဲ့ပါသေးတယ်။

ကေအန်ယူဘက်ကတော့ ဒါကို တရားဝင်လမ်းကြောင်းတွေဘက်ကနေ တွေ့ဆုံ
ဆွေးနွေးချင်တာမဟုတ်ဘဲ နောက်ဖေးဘက်ကနေ ရယူနေတဲ့ နားလည်မှုတွေသာ
ဖြစ်ကြောင်း ဒီကနေ့မှာ ဆက်ပြောသွားပါတယ်။

တထိတ်ထိတ် ရုန်းနေရတဲ့ ထောင်ဝင်စာ

နှင်းပန်းအိမ်
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 11:47 - မြန်မာစံတော်ချိန် Photobucket
လွတ်မြောက်နယ်မြေလို့ သတ်မှတ်တဲ့နေရာကို ကျမ ရောက်နေပေမယ့် စိတ်ထဲမှာ အခုထိ လွတ်မြောက်တယ်လို့ မခံစားမိသေးဘူး။

မြန်မာပြည်ထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းထောင်တွေဆီကို "ဘယ်သူတော့ ဘယ်ရောက်သွားပြီ ဘယ်လိုသွားရသလဲ၊ လမ်းခရီး ဘယ်လောက်ကြာလဲ၊ ဘယ်မှာ တည်းရမလဲ၊ ရာသီဥတုက ဘယ်လိုလဲ" လို့ ကျမဆီကို မိတ်ဆွေတွေက ဖုန်းနဲ့ လှမ်းလှမ်းမေးကြတယ်။

ကျမ ထောင်ဝင်စာတွေ့ဖူးတဲ့ ကလေးထောင်၊ တခြား အကျဉ်းကျမိသားစုတွေကို အဖော်အဖြစ် လိုက်ပို့ပေးရတဲ့ မြစ်ကြီးနားထောင်၊ မိုင်းဆတ်ထောင်၊ ဘူးသီးတောင်ထောင် အစရှိတဲ့ ထောင်တွေ အကြောင်းပြောပြရတာ ညသန်းခေါင်ထိ။

အဲဒီလို နှုတ်နဲ့ လမ်းညွှန်ရတာ ကျမ ဘယ်လိုမှ အားမရဘူး။ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်ချင်တာလေ။ မြန်မာပြည်ထဲက အကျဉ်းကျမိသားစုတွေ အခုချိန်မှာ ဆောက်တည်ရာမရ ထိတ်လန့်အားငယ်နေရော့မယ်...။

သူတို့လို ခံစားမှုမျိုးနဲ့ ကျမ လွမ်းတေးသီခဲ့ရတာ ၈ နှစ်တောင် ကြာခဲ့တယ်။ ကျမ အသည်းနှလုံးပေါ်မှာ "ထောင်ဝင်စာ" ဆိုတဲ့ အသားတံဆိပ် ဖြစ်ပေါ်ခဲ့ရတဲ့ အထိပဲ။

ဘ၀ အချိုးအကွေ့အသစ်တခုကို လျှောက်ခဲ့ရတဲ့ ၁၉၉၈ ခုနှစ်က ကျမ ဘ၀ခရီးကို ပြန်ပြီး သတိရမိတယ်။

၁၉၉၈ ခု၊ ဖေဖော်ဝါရီလထဲမှာ ခင်ပွန်းသည်ကို နယ်မြေထောက်လှမ်းရေးက နေအိမ်မှာ လာဖမ်းတော့ ကျမတို့ သားအမိ မရှိဘူး။ ကျမ ဆွေမျိုးများရှိရာ တောနယ်လေးမှာ ရောက်နေတယ်။ အ၀တ်တထည် ကိုယ်တခုနဲ့ ပါသွားတဲ့ ခင်ပွန်းသည်ကို စိတ်ပူလိုက်ရတာ မပြောပါနဲ့တော့။ ဘယ်မှ စုံစမ်းလို့မရ၊ ဆက်သွယ်လို့ မရနဲ့။ ၂ လ အကြာ သတင်းစာရှင်းလင်းပွဲ လုပ်တော့မှ သက်ရှိထင်ရှား ရှိပါသေးလားဆိုပြီး စိတ်အေးသွားရတယ်။

သတင်းစာရှင်းလင်းပွဲအပြီး နောက်တပတ်မှာ ထောင်ဝင်စာတွေ့ဖို့ ကျမတို့ ကြိုးစားခဲ့ကြတာပေါ့။ မှတ်မှတ်ရရ ၁၉၆၂ ခု၊ ဗ.က.သ ကျောင်းသားခေါင်းဆောင် ဦးလှရွှေရဲ့ဇနီး ဒေါ်ဒေါ် ဒေါ်ခင်မာအေး၊ ကိုအောင်ထွန်းရဲ့အမေ၊ ကိုခွန်စိုင်းရဲ့ အဖေနဲ့ အမေ၊ ကျမတို့ သားအမိနှစ်ယောက် အင်းစိန်ထောင်ရှေ့မှာ ထောင်ဝင်စာတွေ့နိုင်ဖို့ ထောင်တာဝန်ရှိတဲ့သူနဲ့ အကြိတ်အနယ် ပြောကြတာပေါ့။ ထောင်တာဝန်ရှိသူတွေကလည်း ထောက်လှမ်းရေးက ခွင့်ပြုမှ ထောင်ဝင်စာတွေ့နိုင်မှာလို့ ငြင်းတယ်။

ဒေါ်ဒေါ် ဒေါ်ခင်မာအေးနဲ့ ကိုအောင်ထွန်းမိခင်၊ ကိုခွန်စိုင်း ဖခင်နဲ့ မိခင်တို့က ထောက်လှမ်းရေးနဲ့တွေ့ပြီး ပြောမယ်လို့ ဘယ်လိုပဲပြောပြော ထောင်ဝင်စာမပြောနဲ့ ထောက်လှမ်းရေးကိုတောင်မှ တွေ့ခွင့်မရခဲ့ပါဘူး။

အိမ်ကနေ ချက်ပြုတ်ကြော်လှော်လာတဲ့ဟင်း ပါဆယ်ထုပ်၊ ငှက်ပျောသီး၊ ရေပုံး၊ ထမင်းစားဖို့ ကော်ခွက် ကော်ဇွန်း၊ ထောင်ဝတ်စုံ နှစ်စုံ၊ စောင်၊ အနွေးထည် ထည့်ထားတဲ့ အိတ်တွေကိုပဲ ဆွဲပြီး အိမ်ကို ပြန်ခဲ့ရတယ်။

ဒီလိုနဲ့ ကျမတို့ အပတ်စဉ် အိမ်ကနေ ချက်ပြုတ်လာလိုက်၊ မတွေ့ရ ပြန်သွားလိုက်နဲ့ ပင်ပန်းလိုက်တာ ငွေကုန်လူပန်း။ အကြွေးထူကာမှထူရော့။ တပတ်တခါ အင်းစိန်ထောင်ရှေ့သွားပြီး ထောင်ဝင်စာ တွေ့နိုင်ဖို့အရေး အကျဉ်းကျမိသားစုအရေး လုပ်ရတာ။ မေလနောက်ဆုံး သီတင်းပတ်မှာ ကျမတို့ ဇွဲဆုရခဲ့တယ်။

ထောက်လှမ်းရေးက "ဟေ့" ဆို ကွေ့နေတဲ့မြစ်တောင် ဖြောင့်သွားလောက်အောင် ကြောက်ရတဲ့ ထောင်တာဝန်ရှိသူတွေ၊ ထောက်လှမ်းရေးက မီးစိမ်းပြလိုက်တော့ ကျမတို့တတွေ ပထမဆုံး ထောင်ဝင်စာ တွေ့ခွင့်ရသွားတယ်။

ထောင်တာဝန်ခံတွေက ကျမတို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းယူ ဖောင်ပြည့်ပြီး သွားခွင့်ရပြီိလို့ ပြောတဲ့အချိန်က မနက် ၈ နာရီ။ ကျမတို့ အကျဉ်းကျ မိသားစုတွေကလည်း ထောင်ဝင်စာ တွေ့ခွင့်ရပြီဆိုတော့ တက်ကြွလန်းဆန်းသွားကြတယ်။

ကိုယ့်မိသားစု အကျဉ်းကျသူရဲ့ ပြစ်ဒဏ်ကို ကြမ်းခင်းဈေး ၃ နှစ်၊ အများဆုံး ၅ နှစ်လို့ တွက်ပြီး ရှေ့ခရီးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြတယ်။ ကျမတို့ အင်းစိန်ဗူးဝရှေ့ ဧည့်ရိပ်သာမှာ ထောင်ဝင်စာတွေဖို့ စောင့်တဲ့အချိန်က ကမ္ဘာဦးလူသားတွေ နေနဲ့လကို မျှော်ရတာ ကျမတို့လောက် ပင်ပန်းလိမ့်မယ်မထင်ဘူး။

ရေတမာပင်ပေါ်က ထင်ပါရဲ့ ဥသြငှက်ကလေး လွမ်းလွမ်းဆွေးဆွေးနဲ့ "ဥသြ" "ဥသြ" လို့ အော်မြည်နေတယ်။ အကောင်ကို မမြင်ရဘဲ အသံကိုသာ ကြားလိုက်ရတဲ့ ကျမအတွက် အလွမ်းတာရှည် ရှေ့ပြေးနမိတ်ဆိုတာ သတိမထားမိဘူး။

ညနေ ၃ နာရီမှာ တာဝန်ကျဝန်ထမ်းက စာရွက်တရွက်ကိုင်ပြီး ဖတ်ပြတယ်။ "ဆက်အောင်နိုင် ပြစ်ဒဏ် ၁၄ နှစ် မြင်းခြံ"၊ "နေဦး ပြစ်ဒဏ် ၁၄ နှစ် ကလေးထောင်" ဆိုတဲ့ အသံက ကျမ ရှိသမျှ ခွန်အားတွေကို ဆွဲယူချလိုက်သလိုပါပဲ။

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ ကျမကို ကိုအောင်ထွန်း မိခင်၊ ကိုခွန်စိုင်း မိခင်၊ ဒေါ်ဒေါ် ဒေါ်ခင်မာအေးတို့က ၀ိုင်းပြီး နှစ်သိမ့်ကြတယ်။ ပြစ်ဒဏ် ၁၄ နှစ်ဆိုတာ ၁၉၉၈ ခုနှစ်မှာတော့ အမြင့်ဆုံး နှစ်ရှည်ထောင်ဒဏ်ပါပဲ။ "ကလေးအကျဉ်းထောင်" ဆိုတော့ ကလေးမြို့ဆိုတာ ဘယ်တိုင်း၊ ဘယ်ပြည်နယ်ထဲ ပါတယ်လို့ ရုတ်တရက် မသိကြဘူး။

တက္ကသိုလ် မြန်မာစာကထိက ဆရာမ ကိုအောင်ထွန်း အမေက "မြန်မာပြည်မြေပုံရဲ့ ဘယ်နေရာလဲဆိုတာ တို့တွေ မေ့ကုန်ပါပြီအေ။ ရက်စက်လိုက်တာ" လို့ မချိတင်ကဲ ရေရွတ်တယ်။

ဦးလှရွှေ၊ ကိုခွန်စိုင်း၊ ကိုအောင်ထွန်းတို့နဲ့တော့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်။ ဦးလှရွှေက ဒေါ်ဒေါ့်ကို မှာလိုက်တယ်။

"မိသန္တာကို ကလေးထောင် အမြန်သွားပြီး မောင်နေဦးကို လိုက်တွေ့ခိုင်း။ မောင်နေဦးမှာ ဘာမှ ပါမသွားဘူး။ ငါ့စောင် တထည်တော့ ပေးလိုက်တယ်"

ကတ္တရာလမ်းပေါ်မှာ တံလျှပ်တွေထနေတဲ့ မေလရဲ့နွေအပူက ကျမရင်ထဲက အပူကို မီမယ် မထင်ဘူး။

အိမ်ကိုရောက်တော့ သားကို မေမေနဲ့အပ်ပြီး တမူးမြို့မှာ ဈေးရောင်းဖူးတဲ့ ကျမ အဒေါ်ဆီကို သွားတွေ့တယ်။ ဒေါ်ဒေါ်က "ကလေးမြို့မှာ ထောင်ရှိလို့လား။ ဒေါ်ဒေါ်က တမူးမြို့ပဲ ကျွမ်းကျင်တာ။ ကလေးမြို့ကိုတော့ မရင်းနှီးဘူး။ လမ်းစရိတ်က အတော်ကုန်မယ်။ ညည်းမှာ ပိုက်ဆံမရှိဘဲ ဘယ်လိုသွားမလဲ။ လမ်းစရိတ် ကျေအောင် တမူးမှာ ဈေးရောင်း။ ကလေးမြို့ပြန် ထောင်ဝင်စာတွေ့၊ ညည်း ယောက်ျားက ပြစ်ဒဏ် ၁၄ နှစ် ဆိုတော့ ညည်း ဘာလုပ်မလဲ။ ညည်းတို့သားအမိ စားဝတ်နေရေးအတွက် ညည်းယောက်ျား ထောင်ဝင်စာအတွက် ညည်း ကြိုးစားမှဖြစ်မှာ" လို့ ပြောတယ်။

အရေးပေါ်ရင် အဆင်သင့်သုံးနိုင်မယ့် ငွေကြေး ကျမတို့မှာ မရှိဘူး။ လောကကို ခါးထောက်ကြည့်နိုင်တဲ့ စီးပွားရေးက သာမန်ပြည်သူကျမတို့မှာ ရှိထားတာမဟုတ်။ ဒီတော့ မိဘပေးထားတဲ့ အမွေအနှစ် ကျမတို့အိမ်လေးကို ၁၅ ကျပ်တိုးနဲ့ ပေါင်ပြီး ရလာတဲ့ ငွေနဲ့ ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ဖို့ စီစဉ်ရတယ်။ ကျမသားလေးကို မေမေနဲ့အပ်ပြီး ကလေးမြို့ကို ထွက်ခဲ့တယ်။

ကျမ ငယ်ဘ၀ကြေးမုံပြင်မှာ နာကျင်မှုတွေ ခွဲခွာခြင်းတွေ၊ မပြည့်စုံမှုတွေဘဲ ထင်ဟပ်ခဲ့သလို သားရဲ့ ငယ်ဘ၀ကလည်း ကျမလို ထပ်တူကျနေပြန်ပြီလား။

ကျမတို့ တူအရီးနှစ်ယောက် ရန်ကုန်-မန္တလေး၊ မန္တလေး - မုံရွာ၊ မုံရွာ - ကလေး အဆင့်ဆင့်လာတဲ့ လမ်းခရီးက အသွားခရီးတင် ကလေးမြို့အရောက် ၅ ရက်ကြာခဲ့တယ်။

အဲဒီတုန်းက "မုံရွာ - ယာကြီးလမ်း" မရှိသေးဘူး။ မဟာမြိုင်ကို ဖြတ်ရတဲ့ခရီး။ မုံရွာကနေ အမိုးပွင့် ဟိုင်းလပ်ကားပေါ်မှာ ငုတ်တုပ်ထိုင်ရုံပဲ လိုက်ခဲ့ရတယ်။ ခြေထောက်အောက်မှာ ကုန်က အပြည့်။

ကံထူးမက မဟာမြိုင်တောင်ခြေရင်း။ ည ၈ နာရီကတည်းက တောင်စတက်တာ မနက်ဝေလီဝေလင်းကျကာမှ ချင်းတွင်းမြစ်ကမ်းနဖူးကို ရောက်တယ်။ တောတောင်ဆိုတာ ကျမအတွက် ပထမဆုံးမြင်ဖူးတာ။

တောင်တက် တောင်ဆင်းတွေမှာ ကားက ကွေ့လိုက်ပတ်လိုက်နဲ့ လူဆိုတာ တကိုယ်လုံး ယိမ်းထိုးနေတာပဲ။ ကားမီးရောင်နဲ့မြင်ရတဲ့ ကမ်းပါးယံတွေက ချောက်ကမ်းပါးယံတွေ။ လမ်းက ကားတစီးသွားသာရုံ။ ကားဘော်ဒီက ကားလမ်းကျော်ပြီး ချောက်ကမ်းပါး မေးတင်နေတာမို့ ကျမ မကြည့်ရဲဘူး။

တောနက်လေ ပိုအေးလေ၊ လေတဟူးဟူး တိုက်နေတဲ့ အအေးကို အကြောက်တရားက ဖုံးလွှမ်းနေတယ်။ ကျမ နဖူးမှာချွေးစတွေ သီးလို့။

ကားစက်သံက တောတောင်ကို အသက်ဝင်အောင် လုပ်လိုက်သလိုပဲ။ မျောက်တွေ၊ ယုန်တွေ၊ ငုံးတွေ၊ တောကြက်တွေကို တောချောက်တဲ့အတိုင်း ကားလမ်းပေါ်အထိ ထွက်ပြေးလာတတ်တယ်။ ကားစပယ်ယာနဲ့ ခရီးသည်တွေက "ဟေး ဟေး" ဆိုပြီး ညာသံပေး မောင်းထုတ်ရတယ်။ ကားလမ်းရှေ့တည့်တည့် ပြေးတာက ပြေး၊ တောထဲဝင်ပြေးတာက ပြေးနဲ့ ရှုတ်ယှက်ခတ်သွားတယ်။ ယုန်လေးတွေက ကားမီးရောင်အောက်မှာ ကြောက်လန့်နေတဲ့ မျက်လုံးပြူးလေးတွေနဲ့ ခုန်ဆွခုန်ဆွ ပြေးပြီး လွတ်မြောက်ရာကို ထွက်ပြေးသွားတယ်။

တညလုံး တောင်တက်တောင်ဆင်း မောင်းလာတဲ့ကား ချင်းတွင်းမြစ်ကမ်းဘေး "ကိုင်းရွာ" ကို ရောက်တော့ ကောင်းကင်မှာ ရောင်နီပျို့လာပြီ။ ခရီးသည်တချို့ကလည်း တဲကြီးတွေထဲမှာ ကျောဆန့်အနားယူကြ။ အအေးဒဏ်ကို ကာကွယ်ဖို့ မီးဖိုတွေရှေ့သွားပြီး မီးလှုံနေကြတယ်။

ကျမတို့ကတော့ သူတို့လို စိတ်အေးလက်အေး မနားနိုင်သေးဘူး။ ရှေ့ခရီးဆက်ဖို့ ကြိုးစားရပြန်တယ်။ ချင်းတွင်းမြစ်ကို လှေနဲ့ကူးဖို့ လှေဆိပ်ကို ဆင်းခဲ့တယ်။ လှေသမားတွေ အိပ်ယာက မနိုးသေးပေမယ့် ချင်းတွင်းမြစ်ကတော့ နိုးနေပြီ။

မြစ်ရေဘောင်းလန်နေတဲ့ ချင်းတွင်းမြစ်ကို ကျမတို့လှေ ကန့်လန့်ဖြတ်ကူးတဲ့ အချိန်မှာ ကျမရဲ့ အနာဂတ်ကို မတွေးဝံ့အောင်ပါပဲ။ ခင်ပွန်းသည်ဆီကို ရောက်ဖို့ဆိုတဲ့ စိတ်ကူးတောင် ကျမ မကူးရဲဘူး။ ဘယ်တော့မှ အလကားမရဘူး။ တခုလိုချင်ရင် တခုပေးဆပ်ရတယ်ဆိုတဲ့ သဘောတရားကို ဘ၀အတွေ့အကြုံက သင်ပေးလိုက်တယ်။

၂၄ မိုင်သာဝေးတဲ့ ကလေးဝ-ကလေးလမ်းကို ကျမတို့ တနေကုန်အောင် စီးခဲ့ရတယ်။ ၅ ရက် မြောက်တဲ့နေ့မှာ ကလေးမြို့ကို ရောက်ခဲ့တယ်။

၆ ရက်မြောက်တဲ့နေ့မှာ ကလေးထောင်ကို ဆိုက္ကားဆရာ - မြင်းလှည်းဆရာတွေဆီ စုံစမ်းကြည့်တော့ ဘယ်သူမှ ကလေးထောင်ကို မသိကြဘူး။ ကလေးမှာ ထောင်မရှိဘူးလို့ ပြောသေးတယ်။

ဒါနဲ့ ကျမလည်း ဆိုက္ကားနဲ့ ကလေး ရဲစခန်းကိုသွားပြီး ထောင်ကို ဘယ်လိုသွားရမလဲလို့ အရဲစွန့် မေးရတယ်။ တာဝန်ကျ ရဲအရာရှိက ထောင်က မြို့နဲ့ ၈ မိုင်ဝေးတဲ့ ကလေး-တမူး ကားလမ်းပေါ်မှာ ရှိတဲ့အကြောင်း၊ လေးဘီးငှားသွားရင် အဆင်ပြေမယ်လို့ ပြောလိုက်တယ်။ တမူး-ကလေးလမ်းက အခုလို အာရှလမ်း မဟုတ်သေးဘူး။

ချင်းတောင်ခြေရင်းကို နေရဉ္စရာမြစ်က ကွေ့ပတ်စီးဆင်းနေတယ်။ နေရဉ္စရာမြစ်နဲ့ မလှမ်းမကမ်းက ကလေးထောင်ကို ဖုန်လိပ်တွေကြားကနေ လှမ်းမြင်လိုက်ရတယ်။ ကျမ စိတ်ထဲ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ မဲဇာတောင်ခြေက ဒီလောက်ဝေးပါ့မလားလို့ တွေးမိတယ်။

ထောင်အုတ်ရိုး ဗူးတံခါးသာ ပြီးသေးတဲ့ ဆောက်လုပ်လက်စ ကလေးထောင်အသစ် မြေနေရာက မော်လိုက်ကလေးရွာရဲ့ သုသာန်မြေနေရာဟောင်း။ ကားဆရာက အကြောက်ကြီးသူမို့ "မြန်မြန်နော် အမ" လို့ မှာတယ်။ ကျမက ကြောက်စိတ်ထက် မခံချင်စိတ်၊ ခင်ပွန်းသည်ကို တွေ့ချင်စိတ်က လွှမ်းမိုးနေတာမို့ "ငါ့သဘော မဟုတ်ဘူး၊ ထောက်လှမ်းရေး သဘောဟဲ့" လို့ ဘုတောခဲ့သေးတာ။

၎ လကြာ အိမ်နဲ့ အဆက်အသွယ် ပြတ်နေတဲ့ ခင်ပွန်းသည်ကို ထောင်အရာရှိ ထောက်လှမ်းရေး ၈ ယောက်ရှေ့မှာ မိသားစုအကြောင်းသာ ပြောရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ ၁၅ မိနစ် တွေ့ဆုံခွင့်ရခဲ့တယ်။

ခြင်လုံ သံဇကာနှစ်ထပ် နောက်က ခင်ပွန်းသည်ရဲ့ မျက်နှာက မပီဝိုးတ၀ါး။ စိမ့်အေးနေတဲ့ အုတ်တိုက်ကြီးအတွင်းက အခန်းကျဉ်းလေးထဲမှာ သူ့ဘက်ကိုယ့်ဘက် အစောင့်အရှောက်တွေ၊ အသံဖမ်းစက်တွေနဲ့ ကျမနဲ့ ခင်ပွန်းသည်ကို ထပ်မံချုပ်နှောင်ထားသလိုပဲ။

ပိန်ချုံးနေတဲ့ ခင်ပွန်းသည်ဆီမှာ ခွန်အားဆိုလို့ စိတ်ဓာတ်တခုပဲ ရှိတော့တယ် ထင်ပါရဲ့။ "နေကောင်းရဲ့လား" ဆိုတဲ့ ကျမ မေးခွန်းကို ခင်ပွန်းသည်က "လူကို ဦးဆောင်တာ အတွေးအခေါ်ပဲ" တဲ့။ ဒီတော့ ထောက်လှမ်းရေးက "ကိုယ်ရေးကိုယ်တာပဲ ပြောပါ" လို့ ကန့်ကွက်တယ်။ အသံတွေ တုန်သွားတဲ့အထိ ဒေါသဖြစ်သွားတဲ့ ခင်ပွန်းသည်က "စိတ်ထဲမှာ သေသေချာချာ မှတ်သွား၊ ငါနဲ့အတူ ၁၅ ယောက် ရှိတယ်။ ဦးတင်အောင်၊ ကိုခင်မောင်မြင့်၊ ကိုဆန်နီ၊ ကိုအောင်နိုင်၊ ကိုပဏ္ဏိတ်၊ ကိုဌေးလွင်၊ ဦးဇင်း စန္ဒာသီရိ၊ ဦးအောင်မြင့်၊ ကိုစောဝင်း၊ ကိုခင်မောင်လွင်၊ ကိုအောင်နိုင်၊ စောသာအင်း၊ ဦးစောနီအောင်၊ ကိုကျော်ဇော သူတို့အိမ်တွေ ပြောလိုက်၊ ထောင်ဝင်စာ လာတွေ့ပါလို့။ ဒီဒေသက ငှက်ဖျားဒေသ၊ အေးလည်း အေးတယ်၊ ဆေးဝါးလည်း မရှိဘူး။ ထောင်ဆရာဝန်လည်း မရှိဘူး၊ ထောင်ဆေးရုံလည်း မရှိဘူး" ဆိုတဲ့ စကားအဆုံး "ထောင်ဝင်စာ ပိတ်တယ် အချိန်ပြည့်ပြီ" ဆိုတဲ့ ထောက်လှမ်းရေးနဲ့ ထောင်တာဝန်ရှိသူတွေ ကျမတို့ တွေ့ဆုံခြင်းကို ခွဲခွာခြင်းအဖြစ် ပြောင်းလဲလိုက်တယ်။

ထောင်ကအပြန် "ဘာလေးတော့ မပြောလိုက်ရဘူး။ မေ့ကျန်ခဲ့ပြီ။ ဟိုသတင်းလေး ပြောလိုက်ရမှာ" ဆိုတဲ့ နောင်တစိတ်၊ စိုးရိမ်ပူပန်စိတ်တွေနဲ့ပဲ ထောင်ဝင်စာ ခရီးတွေကို ကျမ ၈ နှစ်ကြာ ဖြတ်သန်းခဲ့ရတယ်။

ဒီလို "ထောင်ဝင်စာ" ဆိုတဲ့ တွေ့ဆုံခြင်းမျိုးနဲ့ မိသားစုတွေ့ဆုံခြင်းတွေ မြန်မာပြည်မှာ ဆထက်ထမ်းပိုး တိုးလာနေကြပြန်ပြီ။

"ထောင်ဝင်စာ" တွေ့ဖို့ ကြိုးစားရုန်းကန်ကြရမယ့် မိသားစုတွေရဲ့ သတင်းကို စိတ်နှလုံးတုန်လှုပ်စွာနဲ့ ကျမ ကြားနေရပါတယ်။

နှမလက်လျော့နေလေတော့

Photobucket
Mr.Creator

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (လွတ်မြောက်နယ်မြေ) မှ ထုတ်ပြန်ကြေညာချက်

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။


စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၁) သင်တန်းဆင်းပွဲတွင်သန်းရွှေမြေးမြစ်များကိုအလေးပြုနေပုံ

PhotobucketPhotobucketPhotobucket

နစ်နေမန်ဘလော့မှရယူသည်။

အဟာရစာစောင်.....ဒီဇင်ဘာ၁၄

အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။Aaharasazaung Issue 94


မှာတမ်း

ညီလေးတို့ရေ......
နောက်ကျွံနေရင်နှုတ်
အကြောက်လွန်နေရင်ဖြုတ်
ဂုဏ်သိက္ခာဆိုတဲ့သီချင်းတပုဒ်
နောက်မဆုတ်ကြေး ခရီးတခုမှာ
မင်းရဲ့နှုတ်က ဆိုစမ်းပါ
အမေပေးတဲ့သွေးတွေနဲ့
ရဲရဲတင်းတင်းပေါ့......
ညီလေးရေ
ငါတို့အားလုံးလိုချင်နေတာ
မွေးကထဲက ပါလာတဲ့
မွေးရာပါအခွင့်အရေးပါ
ကိုယ့်ပစ္စည်းကိုတောင်းတာ
အားနာစရာလိုလို့လားကွာ
ညီလေးရေ
မိုးလင်းရင်မျက်နှာသစ်
အစဉ်အလာမပျက်အောင်
မင်္ဂလာမနက်လို့ နှုတ်ဆက်နိုင်ဖို့
မိုးချုပ်ရင် ဘုရားရှိခိုး
အိမ်မက်ဆိုးတွေကင်းမဲ့စွာ
သန်းခေါင်ကျော်တံခါးခေါက်သံတွေအေားစေဖို့
ကိုယ့်အလုပ်ကိုလိပ်ပြာသန့်
မနက်ဖြန်တံခါးဖွင့်စို့ကွယ်။ ။


စန်းယု