Monday, December 15, 2008

မလေးရှားနိုင်ငံရှိ INNOValues Precision Sdn Bhd တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် လူပေါင်း (၄၀၀) ကျော် ဆန္ဒပြခြင်း .


plo 505 Jalan Keluli 3
Pasir Gudang industrial Estate
81700 Pasir Gudang Johor

အထက်ပါအလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများအပါအ၀င် အလုပ်သမား (၄၀၀) ကျော်သည် အလုပ်ခွင်အတွင်း ဖိနှိပ်မှုများနှင့် မတရားသော စည်းကမ်းဥပဒေတို့ကြောင့် 10.12.08 နေ့မှစ၍ အလုပ်မဆင်းပဲ ဆန္ဒပြပြီး အခွင့်အရေးများတောင်းဆိုနေကြသည်။ ငှင်းတို့ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများမှာ

(၁) စာချုပ်ချုပ်ခဲ့စဉ်က မလေးရှားနိုင်ငံ အလုပ်သမားဥပဒေအတိုင်း ခံစားခွင့်ရှိသည်ဟုဆိုသော်လည်း ညပိုင်းအလုပ်ဆင်းရသော အလုပ်သမားများ ညကြေးခံစားခွင့်မရှိခြင်း
(၂) အချိန်ပိုခံစားခွင့် (အိုတီ) များအလွန်လျော့နည်းခြင်း
(၃) စက်ရုံ လုပ်ငန်းခွင်လုပ်ဆောင်နေစဉ် မကြာခဏ ကိုယ်ထိလက်ရောက် စော်ကားမှုပြုခြင်း
(၄) အလုပ်သမားအားလုံးကို အင်္ဂလိပ်လိုပြောဆိုရာတွင် နားလည်ခြင်းမရှိ၍ စိတ်ဆိုးပြီး ကြိမ်းမောင်းဆဲဆိုခြင်း
(၅) ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်သူများ MC (ဆေးခွင့်) မရရှိခြင်း ၊ MC ရရှိခဲ့လျင်လည်း လစာခံစားခွင့်မရှိခြင်း
(၆) လစာတိုးမြှင့်ပေးရန် စာချုပ်ပါသဘောတူညီချက်များ ပြည့်စုံနေသော်လည်းလစာတိုးမြှင့်မှူ မရှိခြင်း
(၇) နေအိမ်နှင့်အလုပ်လုပ်သည့်နေရာသည် အင်မတန်ဝေးနေပါလျက် ဖယ်ရီ စီစဉ်မပေးခြင်း အစရှိသည့် အခက်အခဲတို့ကြောင့် အလုပ်ရှင် ၊အုပ်ချုပ်သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကာ10.12.08 ရက်နေ့မှ ယနေ့အထိ အလုပ်မဆင်းပဲ ဆန္ဒပြလျက်ရှိကြောင်းကြားသိရသည်။


အသေးစိတ်သိလိုပါက
ဦးသိန်းအောင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) မလေးရှား
ဂျိုဟိုး (နယ်မြေ) တာဝန်ခံ
ဖုန်း - 012 6432 749


အထက်ပါ ဖြစ်ရပ်မျိုးနှင့် အခြားသောမတရားမှုများမှာ မလေးရှားရောက် မြန်မာပြည်သူများ အများစု ခံစားနေရသော ပြသနာများဖြစ်သည်။ ထိုကဲသို့မတရားမှုမျာက မလေးရှားမှာ ဒုနဲ့ဒေး ၊ သည်လိုခံနေရပါလျက်နဲ့ မလေးရှားကိုထပ်မံဝင်ရောက်လာသူတွေ လည်းရှိနေပါသည်။သည်ပြသနာတွေဟာ တားလို့လည်းမရ ရှင်းလို့လည်းမနိုင်ဖြစ်နေသည်ကို အဖြေရှာရပါလျင် ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် လို့ပဲ ပြောရမလား ငါဝမ်းပူဆာမနေသာလို့ပဲဆိုရမလား မြန်မာပြည်သူတွေအတွက် အဖြေကတော့ မုန့်လုံး စက္ကူကပ်နေရဆဲဖြစ်ပါသည်......
မင်းထက်နိုင်
http://www.minhtetnaing20.co.cc/

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၄)


Monday, 15 December 2008 13:18 နော်မန် ရိုဘက်စ် စပီရီ
အတိုက်အခံ အင်အားစုများ အတွက် အဓိကအမှား ဖြစ်နိုင်သည်မှာ စစ်တပ်ကို ဖြိုခွဲသိမ်းသွင်းရန် စနစ်တကျ စုစည်း ဆောင်ရွက်မှု မရှိခဲ့ခြင်းဟု ဆိုနိုင်ပါသည်။ ဤအချက်မှာ အကယ်၍ သူတို့က နိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေမှု အောက်မှ လွတ်မြောက်လိုသည်ဆိုလျှင် အဓိကမဟာဗျူဟာ ရည်မှန်းချက်တခု ဖြစ်သင့်ပါသည်။ စစ်တပ်တခုသည် ယေဘုယျအားဖြင့် စုပေါင်းတာဝန်ယူမှု၊ တာဝန်သိမှု ရှိကြပြီး ပြင်ပမှ လူများက သူတို့အဖွဲ့သား အားလုံးအပေါ် စုပေါင်း အပြစ်ပုံချကြခြင်းကြောင့် သူတို့ကို သွေးခွဲပြိုကွဲစေမည့်အစား ညီညွတ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေစေပါသည်။(ဓာတ်ပုံ - အေပီ)
ဥပမာအားဖြင့် အတိုက်အခံ အင်အားစုဖက် ထောက်ခံသူများက “တော်လှန်ရေး၏ ရန်သူများ” ဟူသည့် စာရင်း တခုကို ပြုစုပြီး အင်တာနက် ပေါ်တွင် အမည်မသိ ထုတ်ပြန် ဖြန့်ချိခဲ့ကြပါသည်။ ဤစာရင်းသည် အမှန်တကယ်တွင် အကြမ်းဖက် ခံရမည်ဟု ပြောင်ခြိမ်းခြောက်မှုတခု ဖြစ်သော်လည်း သေချာ စနစ်တကျ ပြင်ဆင်ထားပုံ မရပါ။ စာရင်းထဲတွင် စစ်တပ်၏ ဆေးဖက်ဆိုင်ရာ ညွှန်ကြားရေးမှူး ကဲ့သို့သော လူမျိုးကိုပင် ထည့်သွင်း ထားသည်ကို တွေ့ကြရပါသည်။ သူက ယူနီဖောင်း ၀တ်ထားသောကြောင့် ဤစာရင်းတွင် ရာဇ၀တ်မှု အဖြစ် ထည့်သွင်း ဖော်ပြထားခဲ့ပုံ ရပါသည်။ သို့သော်လည်း အလွယ် စဉ်းစားသည့် မြန်မာစစ်တပ် တခုလုံးကို မိစ္ဆာသဖွယ်၊ ရန်သူ သဖွယ် သိမ်းကျုံး ပုံဖော်ပြသည့် ၀ိုင်းကြီးချုပ် ချည်းကပ်ပုံ နည်းနာသည် စစ်အစိုးရ၏ ပင်မထောက်တိုင် ဖြစ်သည့် စစ်တပ်ကို ဖြိုခွဲအား ပျော့စေရေး မဟာဗျူဟာ အတွက် အားနည်းချက် ဖြစ်စေခဲ့ပါသည်။

ကံဆိုးသည်မှာ ဤသို့ယေဘုယျ ချဉ်းကပ်ပုံမျိုးကို မြန်မာအတိုက်အခံများကရော၊ အနောက်တိုင်းသံတမာန်များကပါ အသုံး ပြုနေကြခြင်း ဖြစ်သည်။ အတိုက်အခံအင်အားစုများဖက်ကို ထောက်ခံမည့် စစ်တပ်အရာရှိ အနည်းဆုံး အချို့ထားရှိရန် လို အပ်ပြီး ဤသူများမှတဆင့် စစ်အစိုးရ၏ ပင်မထောက်တိုင် စစ်တပ်ကို ဖြိုလှဲရန် လိုအပ်ပါလိမ့်မည်။ အတိုက်အခံတဦးက စစ်တပ်၏ ကောင်းကျိုးဆောင်ရွက်ပြုထားပုံကို ချီးကျူးသည်မှာ ရှားရှားပါးပါး မရှိသလောက်ပင်ဟု ဆိုရပါလိမ့်မည်။ စစ်တပ်ဆိုသည်မှာ အမျိုးသားနိုင်ငံတခု၏ အင်အား၊ အတိုက်အခံများ အတွက်လည်း လိုအပ်ချက်ဖြစ်ပြီး ယခုအချိန်တွင် စစ်အစိုးရက ချုပ်ကိုင်အသုံးချနေခြင်းသာ ဖြစ်ပါသည်။

ထိုမျှမက အတိုက်အခံခေါင်းဆောင်များက စစ်တပ် အငယ်တန်းအရာရှိများကို ပြုစုပျိုးထောင်ရန်အတွက် အကြံပေးလျှင် သင့်မည် ထင်ပါသည်။ နိုင်ငံအနာဂတ်အတွက် စစ်တပ်၏ အရေးပါသည့် အခန်းကဏ္ဍ ပွင့်ပွင့်လင်းလင်းဖော်ပြ အသိ အမှတ်ပြုရန် လိုအပ်ပြီး၊ လက်ရှိ စစ်သားများ ခံစားတွေ့ကြုံနေရသည့် နိမ့်ကျဆိုးရွားနေသော စစ်တပ်တွင်း အခြေအနေများ ကိုလည်း ဖော်ပြပြောဆိုရန် လိုအပ်ပါလိမ့်မည်။ ဒီမိုကရေစီ အစိုးရလက်အောက်တွင် သူတို့၏ အခြေအနေက ဤထက်ပို၍ မြင့်တက်လာနိုင်ကြောင်းကိုလည်း ပြောဆိုစည်းရုံးသင့်ပါသည်။ လွန်ခဲ့သည့်နှစ်က ဆန္ဒပြပွဲများအပေါ် ဖြိုခွဲနှိမ်နင်းမှု များကို ပြန်၍ကြည့်ပါက အတိုက်အခံများက စစ်အစိုးရ၏တပ်များကို ထိုးဖောက်စည်းရုံးထားနိုင်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ကြရသည်။ စစ်အစိုးရက ၎င်း၏တပ်များကို ယုံကြည်ကိုးစားစွာ အသုံးချနိုင်သေးသည်ကို တွေ့ရမည်ဖြစ်သည်။

အတိုက်အခံများတွင် စစ်တပ်အတွင်းကို ထိုးဖောက်စည်းရုံးရန် အချိန်နှစ် ၂၀ ရှိခဲ့ပါသည်။ တပ်မတော်အတွင်း ဒီမိုကရေစီ အလံမြှင့်တင်ပေးလိုသူ၊ သူတို့ကိုယ်ပိုင် ရာထူးနေရာကို ခုန်ကျော်တက်လိုသူများကို ရှာဖွေစည်းရုံးရန် အချိန်ရှိခဲ့ပါသည်။ စစ်တပ်အရာရှိများ အနေနှင့် သူတို့၏ကိုယ်ကျိုးစီးပွား တက်လမ်းများကို ထိန်းချုပ်ထားသည့် စစ်အစိုးရကို စွန့်ခွါလာစေရန် စည်းရုံးရန် နှစ် ၂၀ အချိန်ရခဲ့ပါသည်။ အတိုက်အခံများအနေနှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များကို တချိန်အစိုးရသစ်တွင် သူတို့ အတွက် အဓိကကျသည့်နေရာကဏ္ဍရှိကြောင်း၊ အခြားခံစားခွင့်များ ရှိမည်ဖြစ်ကြောင်း၊ ပို၍ပင်တိုး တက်လာစေမည်ဖြစ်ကြောင်း အာမခံချက် ပေးခဲ့သင့်ပါသည်။ သို့သော်လည်း ဤလမ်းကို မလှမ်းခဲ့ကြပါ။ ထိုမျှမက ဤသို့ လုပ်ဆောင်စည်းရုံးရန်လည်း စိတ်အားထက်သန်မှု နည်းနည်းမျှ မပြခဲ့ကြပါ။ အကယ်၍ သူတို့အနေနှင့် အနည်းဆုံး စစ်တပ် နှင့် ရဲအရာရှိ အချို့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် သူတို့နှင့် သူတို့မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ် အာမခံချက်ရှိစေမည်ဖြစ်ကြောင်း သိမ်းသွင်းအောင်မြင်ခဲ့ပါက ပြီးခဲ့သည့်နှစ် "ရွှေဝါရောင်တော်လှန်ရေး" သည် မတူခြားနားသည့် ရလဒ်ပေါ်ထွက်လာစရာ ရှိပါသည်။

ဒီမိုကရေစီ လှုပ်ရှားမှုအနေနှင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုကာလအတွင်း အရေးနိမ့်ခဲ့ရသည့် အကြောင်းကို ပြန်ကြည့် လျှင် အဓိကအပိုင်းမှာ ၎င်းလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ယုံကြည်မှုကဲနေခြင်း နှင့် အကြမ်းမဖက်သဘောတရားကို စွဲ၍ ဆုပ်ကိုင်နေခြင်းကြောင့်ပင် ဖြစ်သည်။ သတင်းများအရ ဒေါ်စုက မည်သည့် အကြမ်းဖက်မှုမျိုးကိုမျှ နည်းနည်းမျှ သည်းညည်းခံနိုင်ခြင်း မရှိသလို၊ အခြား ရွေးချယ်စရာနည်းလမ်းများကို ရှာဖွေကြသည့် အဖွဲ့ဝင်များကို အဖွဲ့က ထုတ်ပယ်ပစ်ခဲ့ခြင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အတိုက်အခံ အင်အားစုများ အဖို့ နောက်ထပ်မျိုးဆက်သစ်ခေါင်းဆောင်များ သိမ်းသွင်းကြီးထွားနိုင်ခွင့်ကို လက်လွတ်ဆုံးရှုံးရစေသည်။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည် အရေးနိမ့်ခဲ့ရသည့်ကိစ္စများကို "ရွှေဝါရောင်တော်လှန်ရေး" က အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ မည့်ပုံရှိပါသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နောက်လိုက်အများကလည်း အကြမ်းမဖက်အာခံမှု သက်သက်ချည်း ဖြင့်သာ အလုပ်မဖြစ်နိုင်ကြောင်း သိမြင်သဘောပေါက်လာကြပြီ ဖြစ်သည်။ သူမကို နှစ်ပေါင်းများစွာ အိမ်အကျယ်ချုပ်ဖြင့် ချထားခံခဲ့ရခြင်းကြောင့်လည်း ပို၍ ဘေးရောက်လာရပြီး ထိပ်တိုက်ရင်ဆိုင်မှုနည်းလမ်းများအတွက် အင်အားတခုအဖြစ် ပံ့ပိုးမှု မပေးနိုင်ခဲ့ပါ။

သေချာသည်မှာ အကြမ်းဖက်မှုသက်သက်ချည်းကလည်း အဖြေမဟုတ်ပါ။ သို့သော်လည်း ပို၍ ပြင်းထန်သည့် နည်းပရိယာယ်များ အသုံးပြုရန်လိုအပ်ပြီး၊ တချိန်တည်းမှာပင် အပြုသဘောဆောင်သော ချည်းကပ်မှုများ၊ တနည်း စစ်အစိုးရကို အပြောင်းအလဲများ လုပ်လာစေရန်အတွက် မက်လုံးများ ဖန်တီးပေးရန်လည်း လိုအပ်ပါသည်။ သို့မှသာ လက်ရှိ တရားသေ ဆုပ်ကိုင်ထားကြသည့် အကြမ်းမဖက်နည်းဗျူဟာများမှ လမ်းခွဲဆောင်ရွက်နိုင်ရန် အကြောင်းရှိပါသည်။ အတိုက်အခံအုပ်စု များအနေနှင့် အပြောင်းအလဲဖြစ်ပေါ်လာစေရန်အတွက် အနှစ် ၂၀ ကျော်တွန်းထိုးလှုပ်ရှားနေခဲ့ရသည်။ ယုတ္တိတန်သည့်၊ လက်တွေ့ကျသည့် မဟာဗျူဟာတရပ် မရှိဘဲ လှုပ်ရှားနေသောကြောင့်လည်း ယခုကဲ့သို့ အရေးနိမ့်မှုကြုံနေကြရခြင်း ဖြစ် ပါသည်။

သေချာသည်မှာ ဖြိုခွင်းချေမှုန်းမှုများ၊ ဖမ်းဆီးမှုများကြောင့် ခေါင်းဆောင်မှုတွင် သိသိသာသာ ထိခိုက်နစ်နာရသည် ကတော့ အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း အတိုက်အခံအင်အားစုများက လက်တွေ့ကျသည့် လုပ်ငန်းများကို မဟာ ဗျူဟာနှင့် မပေါင်းစပ်နိုင်သမျှ၊ ရနိုင်သမျှသော နည်းပရိယာယ်များကိုသုံး၍ စစ်အစိုးရ ခေါင်းဆောင်မှုကို ကျားကန်ပေးနေသည့် စစ်တပ်တွင်း ထောက်ခံမှုကို ချိနဲ့မစွမ်းသာအောင် မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ အပြောင်းအလဲများ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ မြင်ကြရဖွယ် မရှိပါ။ ဤအချိန်တွင် ခေါင်းမာသည့် နောက်ထပ် မျိုးဆက်သစ်စစ်သားများက အရွယ်ရောက်လာကြပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားကြဦးမည်ဖြစ်သည်၊ အတိုက် အခံများ၏ ဗိုလ်နေမြဲ ကျားနေမြဲလှုပ်ရှားမှုများကိုလည်း သူတို့က ဆက်လက်ခုခံနေကြဦးမည်သာ ဖြစ်ပါသည်။

Norman Robespierre ရေးသားသည့် Myanmar's failed non-violent opposition ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကလောင်အမည် နော်မန် ရိုဘက်စ် စပီရီ (Norman Robespierre) နိုင်ငံရေး သိပ္ပံပညာရှင်၊ အလွတ် သတင်းထောက်တဦး ဖြစ်ပြီး အရှေ့တောင်အာရှရေးရာကို အထူး အလေးပြု လေ့လာနေသူ ဖြစ်ပါသည်။

၁၅၁၂၂၀၀၈သတင်းနှင့်ဆောင်းပါး

file download here
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။


စစ်အစိုးရရဲ့ရန်သူ နည်းပညာ

နောက်ဆိုရင် အင်တာနက် သုံးစွဲတာမဟုတ်ဘူး၊ ကွန်ပြူတာကီးဘုတ်ကိုင်ရင် ထောင် (၁၀) နှစ်၊ အင်တာနက်ဆိုင်နားက ဖြတ်သွားတဲ့ လေကို ရှူမိရင် ထောင် (၅) နှစ်၊ မီး ခဏခဏပျက်နေတဲ့ မြန်မာပြည်မှာ အင်တာနက်ဆိုင်မှာ မီးလာပြီလားလို့ သွားမေးမိရင် ထောင် (၅) နှစ်တွေ ဘာတွေများ ဂမူးရှူးထိုး အရူးဟိုဟာပန်းများ လျှောက်လုပ်နေဦးမလားမသိပါဘူးရှင်။
Monday, 15 December 2008 13:50 မမခင်
ဒီကနေ့တော့ မမခင်တယောက် အိမ်ရှင်မပီပီ အိမ်နားက ဈေးကလေးကို ဈေးဝယ်ထွက်ခဲ့ပါတယ်။ ဈေးထဲရောက်တော့ မမခင်ကို မြင်တာနဲ့ မမခင်ဝယ်နေကျ ဈေးသည်တွေက မေးတော့တာပဲ။ အသားသည်က မေး၊ ငါးသည်က မေး၊ ဟင်းသီးဟင်းရွက်သည်က မေးနဲ့။ သူတို့မေးတဲ့ မေးခွန်းက ကိုဇာဂနာတယောက် ထောင် ဘယ်လောက်ချခံလိုက်ရသလဲတဲ့။

မေးကြမှာပေါ့ရှင်၊ ကိုဇာဂနာဆိုတာ ပြည်သူချစ်တဲ့ လူရွှင်တော်ကြီး မဟုတ်ပါလား။ မမခင်က ထောင်ဒဏ်တွေ အများကြီးပဲ၊ အခု (၅၉) နှစ်ဆိုလား ချထားတာတောင် အမှုက မကုန်သေးဘူးတဲ့လို့ပဲ ဖြေလိုက်ပါတယ်။ အဲတော့ သူတို့က ကိုဇာဂနာက ဘာတွေလုပ်လို့ ဒီလောက်များတဲ့ ထောင်ဒဏ်တွေ ကျရတာလဲတဲ့။ မမခင် ဘယ်လိုဖြေရမလဲ။

တကြောင်းက နာဂစ်ဖြစ်တုန်းက လူတွေ ဒုက္ခရောက်နေတာကို ကူညီလို့၊ နောက်တကြောင်းက ဟိုလေ ကွန်ပြူတာနဲ့ စာပို့လို့ရ၊ ဖုန်းဆက်လို့ရတဲ့ အင်တာနက်သုံးလို့တဲ့ရှင်လို့ ပြန်ဖြေရတာပေါ့။ အများနားလည် အောင်လို့ပါ။

အဲတော့ ဝက်သားသည် အဒေါ်ကြီးက ပြောပါတယ်၊ ကွန်ပြူတာနဲ့ စာပို့စာယူ ဖုန်းဆက်တာတော့ အဒေါ်လဲ လုပ်ချင်တယ်။ မလေးရှားကိုရောက်နေတဲ့ သားကြီးဆီကိုတဲ့။ အဲဒီစကားကိုကြားတော့ အနားက အရာရှိပုံနဲ့ ဈေးဝယ်နေတဲ့ အမျိုးသားတယောက်က မလုပ်နဲ့ မလုပ်နဲ့အဒေါ်၊ အီလက်ထရောနစ် ပုဒ်မဗျ။ ပုဒ်မက ထောင်ဒဏ်ကြီးလေးတယ်တဲ့။

ဒီလိုရှင့် ဒီလို ...၊ ကိုဇာဂနာကို ချမှတ်လိုက်တဲ့ အီလက်ထရောနစ် ပုဒ်မတွေအကြောင်း ဆွေးနွေးနေကြတာ။

တကယ်တော့ ဒီဥပဒေဟာ နည်းပညာကိုရန်ရှာတဲ့ ဥပဒေရှင့်။ ဒီဥပဒေက အခုလို နည်းပညာတွေ ပိုမိုတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ နအဖစစ်အစိုးရအဖို့ ပြည်သူကို ရန်ရှာစရာ လမ်းပေါက်ကြီးတခုပေါ့။ ဒီဥပဒေပုဒ်မနဲ့ ကိုဇာဂနာကိုသာမက ကိုနေဘုန်းလတ်တို့လို ဘလောဒ့်ဂါတွေကိုလည်း ထောင်ချခဲ့တာပဲ။ အကြောင်းမရှိအကြောင်းရှာ အင်နာနက်ဟာ သူတို့ရန်သူ ဖြစ်နေပြီလေ။

အင်တာနက်ပေါ်လာတော့ နားမျက်စိပိတ်နေတဲ့ ပြည်သူတွေ နားမျက်စိတွေ ပွင့်လာတယ်။ စစ်အစိုးရက မဖတ်စေချင်တဲ့ စာတွေ ဖတ်ရတယ်။ ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက်တွေကို သိရတယ်။ ကမ္ဘာတဝှမ်းလုံးက ဘယ်သူနဲ့ပဲ ဆက်သွယ်ချင် ဆက်သွယ်ချင် လွယ်လင့်တကူ ဆက်သွယ်လို့ရတယ်လေ။ ဝန်ဆောင်မှုစရိတ်က နည်းနည်းလေးနဲ့ ရေးချင်တာရေးရ ပြောချင်တာပြောရဆိုတော့ လူတွေကြားမှာ အင်တာနက်သုံးစွဲမှု ပြန့်ပွားလာတာ အဆန်းလားရှင်။

လူပဲရှင် .... ပိုပြီးတော့ ကောင်းတာ လွယ်ကူတာကို နှစ်သက်တာ သဘာဝလေ။

မမခင်တို့နိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရကတော့ ဒါတွေကို သိပ်ကြောက်တယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာကို သိပ်ကြောက်တယ်။ လူတွေ နည်းပညာသစ်တွေနဲ့ ရင်းနှီးပြီး သူတို့ထားရာကို မနေ၊ စေရာကိုမသွားဖြစ်မှာကို သိပ်ကြောက်တယ်လေ။ ဒါကြောင့် ကိုဇာဂနာတို့လို ကိုနေဘုန်းလတ်တို့လို လူတွေကို နမူနာပြ ထောင်ချနေတာပေါ့။

နောက်ဆိုရင် အင်တာနက် သုံးစွဲတာမဟုတ်ဘူး၊ ကွန်ပြူတာကီးဘုတ်ကိုင်ရင် ထောင် (၁၀) နှစ်၊ အင်တာနက်ဆိုင်နားက ဖြတ်သွားတဲ့ လေကို ရှူမိရင် ထောင် (၅) နှစ်၊ မီး ခဏခဏပျက်နေတဲ့ မြန်မာပြည်မှာ အင်တာနက်ဆိုင်မှာ မီးလာပြီလားလို့ သွားမေးမိရင် ထောင် (၅) နှစ်တွေ ဘာတွေများ ဂမူးရှူးထိုး အရူးဟိုဟာပန်းများ လျှောက်လုပ်နေဦးမလားမသိပါဘူးရှင်။

စဉ်းစားကြည့်တော့။ နအဖစစ်ဗိုလ်ချုပ်ကြီးတွေရဲ့အဖြစ်က မမခင်တို့ အိမ်မှာမွေးထားတဲ့ ခွေးကလေး အောင်နက်ရဲ့ အဖြစ်နဲ့ တူလွန်းလို့ပါ။ အောင်နက် ဘာဖြစ်လဲသိလား။ တနေ့တော့ မမခင်တို့အိမ် ဖိနပ်ချွတ်မှာ အောင်နက်က ထိုင်နေတာရှင့်။ သူထိုင်နေတုန်း လေတိုးလို့ သူ့ဘေးနားက မမခင်စိုက်ထားတဲ့ ပန်းအိုးထဲက နှင်းဆီပန်းတွေက လှုပ်ပါလေရော။ အဲဒါကို အောင်နက်က သူ့ကိုရန်လုပ်တယ်ထင်ပြီး ထဟောင်တာရှင့်။ လေက တိုး၊ ပန်းက လှုပ်၊ အောင်နက်ကလဲ တဝုတ်ဝုတ်ပေါ့ရှင်..။ မောနေအောင် ဟောင်တော့တာပဲ။

ပန်းက ဘာမှမလုပ်ဘဲ လေတိုးလို့ ထဟောင်တဲ့ အောင်နက်လိုပဲ နအဖစစ်ဗိုလ်ချုပ်တွေလဲ အကြောင်းမရှိအကြောင်းရှာ လူတကာကို ရန်လုပ်နေတော့တာပါပဲ။ ရီတော့လည်း ရီစရာပါပဲ။ ဒီကနေ့ မြန်မာပြည် တနံတလျားက နိုင်ငံရေးသမားတွေရှိတဲ့ အကျဉ်းထောင်တွေထဲကို လှည့်ပတ်ဟောင်၊ အဲလေ ယောင်လို့။ လှည့်ပတ်ရန်ထောင်ခံနေရတဲ့ အဖြစ်ပါ။

တကယ်တော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေဟာ အရင်းကို မစစ်လို့ပါရှင်။ အရင်းစစ်ရင် အမြစ်မြေကတဲ့။ အင်တာနက်သုံးစွဲသူ ကိုဇာဂနာတို့ ကိုနေဘုန်းလတ်တို့က ပညာတတ်တွေဆိုတော့ တိုးတက်လာတဲ့ နည်းပညာကို အသုံးချတတ်လို့ အသုံးချရုံပါပဲ။ အမြစ်ကတော့ တိုးတက်အောင်လုပ်နေကြတဲ့ အနောက်နိုင်ငံကြီးတွေက မိုက်ခရိုဆော့ဖ်တို့၊ ရာဟူးလ်တို့၊ ဂူဂဲလ်တို့လို ကုမ္ပဏီကြီးတွေပေါ့။

ကုမ္ပဏီကြီးတွေက နည်းပညာကို ကောင်းသထက်ကောင်းအောင်၊ မြန်သထက်မြန်အောင်၊ သွက်သထက်သွက်အောင် လုပ်ခဲ့ကြလို့ ကမ္ဘာတဝှမ်းလုံးက လူတွေအားလုံး အင်တာနက်ရေစီးကြောင်းထဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ မျောပါခဲ့ကြတာ မဟုတ်ပါလား။ နအဖစစ်အစိုးရဟာ အရင်းကိုပဲ အရေးယူတယ်။ အမှန်တော့ အမြစ်ကိုရှင်းရမှာရှင့်။ အမြစ်ကို ရှင်းရမှာ။

မမခင်ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြောချင်တယ်။ သုံးစွဲသူတွေကို မဖမ်းပါနဲ့၊ အင်တာနက်ကို သုံးစွဲနိုင်အောင် အားထုတ်ခဲ့ကြတဲ့ ကုမ္ပဏီကြီးတွေကိုသာ ဖမ်းပါလို့လေ။

အဲလိုများဆို ဘယ်လောက်ကြည့်ကောင်းလိုက်မလဲရှင်...။ ကမ္ဘာတဝှမ်းက ကုမ္ပဏီကြီးတွေကို စစ်တပ်တို့ ရဲတို့ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ကို သုံးပြီးတော့ ဖမ်း၊ လက်ပြန်ကြိုးတွေနဲ့ တုတ်၊ ခြေထောက်တွေကို သံခြေကျင်းတွေနဲ့ ခတ်ပြီး ကိုဇာဂနာတို့ကို ခွေးတိုက်ထဲပို့သလို ပို့ပေါ့ရှင်။ ဒီလိုဆိုရင် တကမ္ဘာလုံးက လူတွေ မျက်လုံးမျက်ဆံတွေ ပြူးသွားလိမ့်မယ်။ နအဖစစ်အစိုးရဟာ နည်းပညာတိုးတက်မှုကို ဘယ်လို တားဆီးဆန့်ကျင် ကြောက်လန့်နေတယ်ဆိုတာ သိသွားကြလိမ့်မယ်။

ပြောမဲ့သာ ပြောတာပါ။ ကမ္ဘာကြီးရဲ့ နည်းပညာပြောင်းလဲတိုးတက်မှုကို ဘယ်သူကများ ဟန့်တားနိုင်မှာလဲ။ တားဆီးလို့ ရကောင်းတဲ့အရာမှ မဟုတ်တာ။ နောက်ဆိုရင် လက်ပ်တာ့လေးတလုံးရှိတာနဲ့ ကြိုးမဲ့ အင်တာနက်စနစ်တွေနဲ့ မြို့ပြတွေသာမက ကျေးလက်တွေအထိ သတင်းမှန်သမျှ ဖုံးမရ ဖိမရသလို ဆက်သွယ်ရေးစနစ်ဟာ ကြောက်စရာကောင်းလောက်အောင် ခြေဆန့်တော့မှာမို့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေ အခက်တွေ့လာတော့မှာပါ။ ပြည်သူတွေကို ဖမ်းချင်သလိုဖမ်းမရ၊ သတ်ချင်သလိုသတ်မရ၊ နယ်စပ်ဒေသတွေမှာ မုဒိမ်းမှုလို အမှုမျိုးတွေ ကျူးလွန်ချင်တိုင်း ကျူးလွန်လို့မရ၊ လုပ်ရင်လဲ လုပ်တာနဲ့ပေါ်၊ ဖုံးမရဖိမရ တကမ္ဘာလုံးက ချက်ချင်းသိကြမှာ။

မမခင်တို့ကတော့ နည်းပညာသစ်တွေ တိုးတက်လေလေ ဝမ်းမြောက်လေပါပဲ။ နည်းပညာသစ်တွေက နအဖဗိုလ်ချုပ်ကြီးတွေရဲ့ ဟိုဘက်နှားခေါင်းနဲ့ ဒီဘက်နှာခေါင်းကို ပိတ်ဆို့ထားလိုက်ရင် ကိုယ်တော်တွေ ဘာခံနိုင်ရိုးလဲ။ တခါတည်း အသက်ရှူကြပ်ပြီး သေသွားမယ်။ အဲဒီအခါ သူတို့ရဲ့ လက်ချောင်းတွေ သေနတ်မောင်းဆွဲဖို့ အချိန်မရဖြစ်သွားမှာ အသေအချာပါပဲရှင်...။

မဲမှောင်နေသော ကမ္ဘာကြီး


မင်းဆွေသစ်
တနင်္လာနေ့၊ ဒီဇင်ဘာလ 15 2008 18:27 - မြန်မာစံတော်ချိန်
(က)
"ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက … ခဏကြည့်တာနဲ့ ရင်ထဲတုန်လှုပ်သွား

ခေါင်းပါးလွန်းသတဲ့ ချစ်မေတ္တာ… ချက်ချင်းတွေးကြည့်စမ်း တို့ အနာဂတ်များ"

(ထူးအိမ်သင်ရေးသည့် အသစ်ကမ္ဘာသို့ သီချင်းမှ)

ကောင်းကင်သည် ကြည်လင်ပြီး ၀င်းပနေသည်။ ပြာလဲ့သော ကောင်းကင်နှင့် နွေးထွေးသော နေခြည်နုအောက်တွင် "ဘုံဘေ" သည် သက်ဝင်ကာ ရှင်သန်နိုးထနေပြီ။ အရှေ့တိုင်း အိန္ဒိယ ဗိသုကာ လက်ရာများနှင့် "တပ်ခ်ျမဟာ"အဆင့်မြင့်ဟော်တယ်ကြီးသည် အပြာနုရောင် ကောင်းကင်နောက်ခံနှင့် ခန့်ညားထယ်ဝါစွာ … ။ မျက်ခင်းစိမ်းစမ်း အနားကွပ် တွင်းမှ ရေကူးကန်၏ ရေပြင်သည် ပြာလဲ့လဲ့…။ တပ်ခ်ျမဟာ ဟော်တယ်ကြီး၏ အရိပ်က ရေကန်အတွင်း ရိမ်းထိုးလျက် … ။ နို့နှစ်ရောင်အသွေးနှင့် တပ်ခ်ျမဟာ ဟော်တယ်ကြီးသည် တဒင်္ဂ၏ ဟိုမှဘက်တွင် အေးအေးငြိမ့်ငြိမ့်...၊ ငြိမ်ငြိမ်သက်သက် ...။

တဒင်္ဂ...။

မောင်းပြန်ရိုင်ဖယ် သေနတ်သံများကြောင့် ဟော်တယ်ကြီးအတွင်း တဒင်္ဂ မှင်သက်သွားကြ၏။ အရာရာသည် ကျောက်ရုပ်ထုများကဲ့သို့ ... ။ ခဏငယ်မျှသာ ...။ ပစ်ခတ်မှုများက ဆက်ခါ ဆက်ခါ ...။ လူတို့ ပြိုလဲကုန်ကြ၏၊ ပြေးလွှားကြ၏။ ဦးတည်ရာမဲ့ ...။ လဲနေသူတို့အား တိုက်မိ၏၊ စားသောက်ခန်းမအတွင်း စားသောက်နေသူတို့ ထိုင်နေရာမှ ပြိုလဲကြ၏၊ ပါရှန်း ကော်ဇောပေါ်တွင် လူ့သွေးတို့က အိုင်ထွန်းကာနေသည်။ ရင်ဘတ်ပွင့်နေသောသူ...၊ ခေါင်းတခြမ်း ပဲ့ထွက်သွားသည့်ခန္ဓာ...၊ လှေခါးအတိုင်း ပြေးတက်သွားသူတို့က လှေခါးထစ်များအတိုင်း ပြန်ပြီး လိမ့်ကျလာကြ၏၊ တထစ်ချင်း၊ တထစ်ချင်း ဒလိမ့်ခေါက်ကွေး ...။

ယမ်းပေါက်ကွဲမှုကြောင့် မှန်ပြူတင်းတို့ လွင့်စင်ကုန်၏၊ မီးခိုးလုံးကြီးများ လိမ့်ကာ လိပ်ကာ ထွက်လာသည်။ မီးတောက်များအား တွေ့ရ၏။ ကျီးတို့က အုပ်လိုက် ပြန်ပြေးကြသည်။ ကျီးနှင့် ခိုအုပ်တို့က နားခိုရာ ရှာမတွေ့...။ မီးခိုးငွေ့များနှင့် လွတ်ရာ ပြန်ကြ၏။

တပ်ခ်ျမဟာ ဟော်တယ်အနီး လမ်းမပေါ်တွင်က မီးသတ်ကားများ၊ လူနာတင်ကားများနှင့် ရှုတ်နေ၏။ အိန္ဒိယ တပ်မတော်၏ တိုက်ခိုက်ရေးသမားတို့က တပ်ခ်ျမဟာ ဟော်တယ်အား အပြင်မှ ၀ိုင်းထားကြသည်။ အထဲသို့မူ ၀င်လို့မရ...။ လမ်းတဖက် ပလက်ဖောင်း တဖက်မှ လူတို့သည် ၀တ်ပြီး တွားသွားကာ ဟော်တယ်ကြီးအား ကြည့်နေကြသည်။ သတင်းထောက်များက ပလက်ဖောင်းအထက်မှ သတင်းမှတ်တမ်း ရယူနေကြသည်။

အိန္ဒိယ တပ်မတော်မှ ရဟတ်ယာဉ်များက ဝေဟင်မှနေပြီး တပ်ခ်ျမဟာ ဟော်တယ်အား ၀ဲလျက်...၊ ကွန်မန်ဒိုတပ်သားများအား ရဟတ်ယာဉ်နှင့် ချပေးပြီး ဓားစာခံများအား ကယ်တင်ရန် အာဏာပိုင်တို့က စီစဉ်နေကြ၏။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံများအား ကြားရသည်။ ကွန်မန်ဒိုများ ဟော်တယ်အတွင်းသို့ ရောက်ရှိသွားကြပြီဟု ထင်ရသည်။ ဟော်တယ်အတွင်းမှ ဒဏ်ရာရသူများအား တွဲကာ ထွက်လာကြသည်။ ထမ်းစင်များနှင့် သယ်နေကြ၏။ သွေးအလူးလူး...၊ ဘယ်ညာလူးလိမ့်ကာ ညည်းနေကြ၏။ အချို့က ငိုကြွေးနေကြ၏။ မျက်ရည်များနှင့် မျက်ဝန်းများ...။ အလောင်းများအား သယ်ထုတ်လာကြသည်။ အမျိုးသားများ၊ အမျိုးသမီးများ၊ ခလေးသူငယ်များ။ ... ။

CNN ရုပ်သံလွှင့် အစီအစဉ်မှ သတင်းကြေညာသူသည် ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ စာရင်းအား ကြေညာနေ၏၊ စက္ကန့်နှင့်အမျှ... ဒဏ်ရာရသူ စာရင်းနှင့် သေဆုံးသူစာရင်းက တိုးကာ တိုးကာ ...။

TV ဖန်သားပြင်မှ အကြည့်အား လွှဲဖယ်လိုက်၏။ မျက်လုံးအစုံအား မိတ်ထားလိုက်၏။ မျက်လုံးအား မှိတ်ထားလိုက်သဖြင့် TV ဖန်သားပြင်မှ သွေးပျက်ဖွယ်၊ ချောက်ချားဖွယ်၊ ထိပ်လှန့်ဖွယ်၊ ရွံရှာဖွယ် ကမ္ဘာကြီးအား မမြင်တွေ့ရတော့...။

သို့သော် ...။


(ခ)
မှိတ်ထားသော မျက်ဝန်းအတွင်း အရောင်များအား မြင်ရ၏။ အနီ...၊ အ၀ါ...၊ အပြာ...၊ အဖြူ... ရောင်စဉ် ခုနှစ်သွယ် ....။ အရောင်များမှ တဖြေးဖြေး အရုပ်များဖြစ်လာသည်။ ပထမတွင် ဝေေ၀၀ါးဝါး...၊ ဝေးရာမှ နီးလာသည်။ ၀ါးရာမှ ရှင်းလာသည်။ ထင်းလာ၏။

၂၀၀၁ ခုနှစ်။ စက်တင်ဘာ (၁၁) ရက်နေ့...။

နယူယောက်မြို့ "ဝေါ" လမ်းမကြီးရှိ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင်မျှော်စင် အဆောက်အဦကြီးသည် ကြည်လင်သော ကောင်းကင်အောက်တွင် မားမားရပ်လျက်ရှိသည်။ ပြင်ပြားနှစ်ချပ်အား ယှဉ်လျက် ထောင်ထားသကဲ့သို့ ...။ WTC သည် အချိန်မှန်စွာနှင့်ပင် နိုးထခဲ့လေသည်။

ဂျက်လေယာဉ်ကြီးနှစ်စီးသည် ပျံသန်းနေကျ အမြင့်ပေမှ နိမ့်ဆင်းကာ ပျံသန်းလာ၏။ လေယာဉ်လမ်းကြောင်းက ပျံသန်းနေကျ လမ်းကြောင်းမဟုတ်...။ မည်သူမျှ သတိမပြုမိ။ ခဏငယ်အတွင်း လမ်းကြောင်းပြောင်းလာသော ဂျက်လေယာဉ်ကြီးတစီးသည် မတ်မတ်ရပ်နေသည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးအား အရှေ့တောင်ဖက်မှ ၀င်ကာ တိုက်လိုက်၏။ ပေါက်ကွဲသံကြီးက ငြိမ်သက်နေသော နယူးယောက်အား ပုတ်နှိုးလိုက်၏။ မီးတောက်ကြီးသည် ကောင်းကင်တွင် ဧရာမ မီးစုန်းကြီးအလား...။

တစက္ကန့်...၊ နှစ်စက္ကန့်...၊ စက္ကန့်ငယ်များအတွင်း နောက်ထပ် ဂျက်လေယာဉ်ပျံကြီးတစီးသည် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးအား အနောက်မြောက်ဘက်မှ ၀င်ကာ တိုက်ပြန်သည်။ ပြိုလဲသံတို့က တော်လဲသကဲ့သို့...။ မီးခိုးလုံးကြီးများ WTC အဆောက်အဦ၏ အထက်အမြင့်များမှ ထွက်လာသည်။ လမ်းပေါ်တွင် လူတို့က အပြေးပြေးအလွှားလွှား...။ WTC အဆောက်အဦအတွင်းမှ လူများ ပြေးထွက်လာကြသည်။ မျက်လုံးများ...။ မျက်ဝန်းများက ၀ိုင်းဝိုင်းလည်လည်...။ အထိတ်ထိတ် အလန့်လန့် ...။ အဆောက်အဦအတွင်း မီးခိုးများက အထက်...အထက်တိုင်းတွင် အူပြီး ထွက်နေကြသည်။ အထပ် ၆၀ ခန့်မှ မီးတောက်မီးညွန့်များအား တွေ့ရ၏။ ပြိုလဲသံများက စဉ်ဆက်မပြတ်။

အို...။ အထပ် ၈၀ ... ၉၀ မှ လူများ ခုန်ချလာသည်။ သေးသေးလေး...။ လေထီးမပွင့်ဘဲ ပြုတ်ကျလာသကဲ့သို့ ...။ တယောက်...နှစ်ယောက်...။ လေထဲတွင် လိမ့်ပြီး လိမ့်ပြီး...။

အို...။

မှိတ်ထားသော မျက်လုံးအား ကြောက်လန့်တကြား ဖွင့်လိုက်၏။ မှိတ်ထားသည့် မျက်ဝန်းအတွင်း မြင်နေရသည့် သွေးပျက်ဖွယ်၊ ချောက်ချားဖွယ်၊ ထိတ်လန့်ဖွယ်၊ ရွံရှာဖွယ် ကမ္ဘာကြီးအား မြင်လွှာအတွင်းမှ ပျောက်ကွယ်သွားစေရန် ...။

CNN သတင်းကြေညာသူကား အခြားသတင်းများအား ကြေညာနေပြန်၏။ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းတို့၏ အရေး...။ ပြီးလျှင်... ဘဂဒက်မြို့၏ လမ်းများပေါ်မှ မြို့ပြလူမှုဘ၀များ ...။ TV အား ပိတ်လိုက်၏။ ကမ္ဘာကြီးက ရင်မောလှစွာ...။ မျက်လုံးအစုံအား မှေးကာ မှိတ်ထားလိုက်၏။

အို...အရောင်များ....အရိပ်များ ပေါ်လာပြန်၏။ လမ်းများပေါ်တွင် ရေများလျှံနေသည်။ လျှံနေသော ရေပြင်ပေါ်သို့ မိုးစက်များက သွန်းဆဲ...။ လေးညှို့မှ ပစ်လွှတ်လိုက်သော မျှားတံများအလား...။ မုတ်သုန်မိုး..။ စက်တင်ဘာမိုး...။

ပုံရိပ်များက တဖြည်းဖြည်းနှင့်ထင်းလာ၏။ လင်းလာ၏။ ဟုတ်သည်။ ဒါ...ရန်ကုန်။

ရန်ကုန်မြို့၏ လမ်းများက ရွှေဝါရောင်လွှမ်းနေ၏။ မိုးသံ၊ လေသံများအကြားမှ ဓမ္မတေးသံက စည်ဝေနေသည်။

ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေ...။ ရန်ကုန်သည် စက်တင်ဘာ မိုးရေစက်များအောက်တွင် ငြိမ်းချမ်းစွာ သက်ဝင် နိုးထလျက်...။

မကြာ...။ တဒင်္ဂပင်...။

ရန်ကုန်၏ လမ်းမများပေါ်သို့ စစ်သားများ ၀င်ရောက်လာကြ၏။ မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့် ...။ အမိန့်ပေးသံများ ထွက်ပေါ်လာသည်။ ခရာတွတ်သံများ ဆူညံလာ၏။ မောင်းပြန်ရိုင်ဖယ်သေနတ်သံများ...။ ငြိမ်းချမ်းစွာနှင့် သက်ဝင်နိုးထနေသော ရန်ကုန်သည် ယမ်းပေါက်ကွဲသံများအောက်တွင် အကြည်းတန်သွားတော့၏။ သံဃာတော် အရှင်သူမြတ်တို့၏ သွေးတို့က လမ်းမထက် မိုးရေတို့နှင့် ရောထွေးကာ သွားတော့သည်။ ရန်ကုန်၏ လမ်းမများက ရွှေဝါရောင်မှ ရဲရဲနီစွေးကာ သွားတော့သည်။ မြင်လွှာအတွင်း ပုံရိပ်များက ဖြတ်ကနဲ...ဖြတ်ကနဲ ပြောင်းလဲကာနေသည်။ စီးနင်းသိမ်းပိုက်ခံထားရသည့် ငွေကြာရံ ကျောင်းတောဝင်း ... သွေးကွက်များ ... ကျိုးပျက်နေသော ဗုဒ္ဓရုပ်ပွားတော်... ပြန့်ကျဲကာနေသော ဖိနပ်များ။ ဖြတ်ကနဲ...ဖြတ်ကနဲ ရုပ်ပုံကားချပ်များမှ ပြောင်းလဲပြန်သည်။

ဒါ...ငမိုးရိပ်ချောင်း...။ ငမိုးရိပ်ချောင်းနဘေး နွံအတွင်း မှောက်လျက် လဲသေနေသော သံဃာတော်တပါး...။

ပုတ်ပွစပြုနေသော ကိုယ်တော်၏ ကျောပြင်နှင့် ဦးပြည့်တို့တွင်က အညိုအမဲ စွဲနေသည့် ဒဏ်ရာများ...။

အာဏာနှင့် ငြိမ်းချမ်းရေး အားပြိုင်မှုက စက်တင်ဘာ မိုးရေအောက်တွင် ...။

"ဥာဏ်ပညာရယ် ချစ်ခြင်းတရား

ရင်ထဲလှပတဲ့ နေ့ရက်တွေ ရှိဦးမလား...

ဒီညဏ်ပညာရယ် ချစ်ခြင်းတရား

ဘ၀မှာ ဆိုးရွားလွန်းတဲ့ ...အဓမ္မကို နိုင်ဦးမလား

ယုံကြည်တမ်းတတဲ့ နှလုံးသားများ အားလုံးရဲ့

ကမ္ဘာသစ်ရယ်...

အိမ်မက်ရယ်..."

(ထူးအိမ်သင်ရေးသည့် အသစ်ကမ္ဘာသို့သီချင်းမှ)


(ဂ)
ထိတ်လန့်ကြောက်ရွံ့ဖွယ် အဓမ္မ ကမ္ဘာကြီး၏ သတင်းများအား ကြားရ...မြင်ရပြီးလျှင် ကျနော်သည် အိပ်လို့မရတော့ ...။ "မိုဂါဒွန်" သောက်သော်လည်း အိပ်မပျော်...။ အိပ်မရလျှင် စာဖတ်ဖြစ်၏။ အများအားဖြင့် ထိုအခါမျိုးတွင် ဖတ်ဖြစ်သည်ကား ဒေါ်အောင်ဆန်းစုကြည်ရေးသည့် စာတမ်းများ...။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ "စစ်မှန်သော လုံခြုံရာသို့" စာတမ်းအား ဖတ်ဖြစ်၏။ "မေတ္တာတရား၊ ဆင်ခြင်တုံတရားနှင့် တရားမျှတမှု ကြီးစိုးသော လူ့အဖွဲ့အစည်းကို စိတ်ကူးယဉ် မျှော်မှန်းခဲ့ကြသည်မှာ လူ့ယဉ်ကျေးမှု သက်တမ်း တလျှောက်လုံးပင်ဖြစ်ပါသည်။

ဒီမျှော်လင့်ချက်သည် စိတ်ကူးယဉ် အိမ်မက်ဖြစ်ရမည်လော၊ 'ကာလ်ပေါ့ပါး' က အမှောင်သည် ယခင်ကတည်းက ရှိနေခဲ့သော်လည်း အလင်းရောင် ပေါ်ပေါက်လာသည်မှာ မကြာသေးဟု ဆိုသည်။ ပေါ်ထွန်းစဖြစ်သော အလင်းရောင်ကို တယုတယ ကြည့်ရှု စောင့်ရှောက်ရမည် ဖြစ်ပါသည်။ အသေးငယ်ဆုံးသော အလင်းရောင်ကိုပင် ကမ္ဘာတခွင်လုံးရှိ အမှောင်ထုက ကွယ်ပျောက်အောင် မလုပ်နိုင်ပါ။ အမှောင်ဟူသည်မှာ လုံးဝကင်းမဲ့ခြင်းသဘောကို ဆောင်ပါသည်။ အမှောင်ဟူသည်မှာ အလင်းရောင်မရှိခြင်းသာ ဖြစ်ပါသည်။

သို့သော်လည်း သေးငယ်သော အလင်းရောင်သည် ကျယ်ပြန့်ကာ ၀န်းရံထားသည့် အမှောင်ထုကို မဖြိုခွင်းနိုင်ပါ။ ဒီအလင်းရောင်လေး ပိုမိုထွန်းလင်းတောက်ပ လာနိုင်ရန်အတွက် အားကောင်းရန် လိုအပ်ပါသည်။ ဒီအလင်းရောင်ကို ချစ်မြတ်နိုးလာနိုင်ရန်အတွက် ဒုက္ခ ဝေဒနာဟု သဘောမထားဘဲ ကောင်းမှု မင်္ဂလာအဖြစ် နှလုံးသွင်းကာ ကျင့်သားရအောင် ကြည့်ဖို့လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သူ အားလုံးအား လုံခြုံမှု အလုံအလောက် ပေးနိုင်သော ပိုမိုထွန်းလင်းသည့် ကမ္ဘာလောကကို ကျမတို့ အလွန်ပင် လိုအပ်လျက်ရှိပါသည်..."

ဘယ်အချိန် ကျနော် အိပ်ပျော်သွားသည်ကို မသိတော့... ညသည် မည်မျှ မဲမှောင်နေသနည်း။

မင်းဆွေသစ်