Thursday, December 18, 2008

ယုံကြည်ထားစေချင်

့  ယုံကြည်ထားစေချင့့် 
ဘ၀ခရီးတခုမှာ့ 
စစ်အာဏါရှင်စနစ်အောက်
ပုံသွင်းခံနေရတဲ့ ဘ၀မှာမနေနိုင်လို့
တစိမ်းမြေတစိမ်းရေမှာနေ နေရလည်း
အခွင့်အခါပေး လွတ်လပ်မှုတွေရှိခဲ့ရင်
စံပျော်ရာအမိမြေမှာတတ်စွမ်းသ၍
ကိုယ်စွမ်း၊ဥာဏ်စွမ်း၊လုံ့လစွမ်းတွေနဲ့
အမိမြေအတွက်
ပြန်လည်အကျိုးပြုဖို့တော့အမြဲအဆင်သင့့်  ။

တခါတလေမှာပေါ့ 
တစိမ်းမြေတစိမ်းရေမှာပျော်ရွှင်မှုတွေကို
စိတ်ထဲရှိရှိသမျှဆွဲယူကြည့်လိုက်တော့
အားလုံးဟာပစ်ဖဲတွေချည်းဖြစ်လို့
အမိဝေး၊အဘဝေးနဲ့တိုင်းတပါးမှာ
ဟန်ဆောင်ကာပျော်နေရတဲ့အလွင့်ကလေး
မိသားစုရဲ့နွေးထွေးမှုတွေကိုဆာလောင်တယ့့်  ။
ယုံကြည်ထားစမ်းပါ့ 
အခက်အခဲတွေကိုဝါးမျိုခဲ့ရင်း
နုပျိုတဲ့နှလုံးအိမ်က
ဆင်ခြင်မှုပဲ့ကိုင်ဦးနှောက်ကို
တည်ငြိမ်စွာတည်ဆောက်ပြီးမှ
ရခဲ့တဲ့အသိတရားတွေဟာ
အများပြည်သူကိုကောင်းကျိုးပြုဖို့အတွက်ပေါ့  ။

ပြီးခဲ့တဲ့အတိတ်ကမမေ့နိုင်တာတွေကိုတော့ 
အမှတ်တရတွေအဖြစ်ပြန်ကြည့်ဖို့
ပြတိုက်ထဲမှာချန်ထားသိမ်းထားခဲ့မှာပေါ့
ကျနော်တို့ခေတ်ရဲ့ အညတရသူရဲကောင်းများစွာဟာလည်း
ဒဏ်ရာအနာတရတွေကိုကုစား
ဘ၀နေမညိုခင်မှာ
အိပ်တန်းကိုပြန်ဝင်နိုင်ဖို့
ကြိုးစားနေကြဆဲပဲ့  ။
အခက်အခဲတွေကိုဝါးမျိုခဲ့ရင့်း့ 
ရလာခဲ့တဲ့အတွေးအခေါ်
အသိပညာနဲ့အတတ်ပညာတွေကတော့
တကိုယ်ကောင်းအဣကြီးသူတွေနဲ့
သိရက်နဲ့ဆက်မိုက်နေကြသူတွေအတွက်တော့မဟုတ်
တခြားအများပြည်သူတွေအတွက်ပဲဖြစ်ရမှာပေါ့  ။

တိုင်းပြည်စစ်ဖိနပ်အောက်ကလွတ်မြောက်ဖိုအတွက်ပဲ့ 
အဓိကထားကြိုးစားဆောင်ရွက်နေသူတွေမှာကတော့
ကိုယ်ကျိုးအတွက်ကိုအဓိကမထားအားပဲ
တိုင်းပြည်အတွက်သာအဓိကထားကြတယ်ဆိုတာကိုတော့
ယုံကြည်ထားကြစမ်းပါ ပြည်သူမျာ့း့  ။
ဇာနည်မောင်

အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေဟု


ဦးဝင်းတင်သုံးသပ်
မြင့်မိုးဇော် / ၁၈ ဒီဇင်ဘာ ၂၀၀၈
အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း စစ်အာဏာရှင်စနစ်၏ အရိပ်မည်းကြီး လွှမ်းမိုးနေသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မကြာခင်က ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်၌ ကျင်းပခဲ့သည့် လူငယ်နှင့် အနာဂတ်ဟောပြောပွဲတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးနေသည်ဟု ဆိုရာ၌ စိတ်ပျက်ခြင်း၊ အဆိုးမြင်ချင်း စသည့် အမြင်များပေါ် အခြေခံပြောကြားခြင်းမဟုတ်သော်လည်း လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရ ဒီမိုကရေစီသည် ယနေ့ နက်ဖြန်ဆိုသလို ဗြုန်းကနဲ ပေါ်လာမည့်အရာမဟုတ်ဟု ဦးဝင်းတင်က သတိပေးလိုက်သည်။

ခေါင်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က ဆက်ပြောရာ “နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာအရေးကြီးပါတယ်။ သက်ဝင်နေရမယ်၊ လှုပ်ရှားနေရမယ်၊ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်းဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့မရဘူး၊ ဆိုင်းဘုတ်တင်ထားရုံနဲ့လည်း ခေါင်းဆောင်လို့ မရဘူး။ အမြဲတမ်းလှုပ်ရှားနေရမယ်။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ပြောသည်။

မြန်မာပြည်၏အနာဂတ်နှင့်ပတ်သက်၍ ဦးဝင်းတင်က သုံးသပ်ရာ၌ “ဗမာပြည်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့အနာဂတ်ကလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့ မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ” ဟု ပြောသည်။

(၆) လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရန် လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရကို ရာဇသံပေးထားသော်လည်း စစ်အစိုးရဘက်က မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသေးပေ။ အန်အယ်လ်ဒီဘက်ကလည်း (၆) လကျော်သည်ထိ စစ်အစိုးရဘက်က အကြောင်းမပြန်ပါက မည်သို့ နိုင်ငံရေးအရ ဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကမူ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို (၆) လ မပြည့်မချင်း အန်အယ်လ်ဒီက ဆုံးဖြတ်မည်မဟုတ်သေးကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

“အခြေခံဥပဒေ ပြန်လည်သုံးသပ်ခွင့်ရမယ်ဆိုမှသာလျှင် ရမယ် မရဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ၂၀၁၀ ကို ဖြတ်သန်းဖို့ စဉ်းစားရမှာဖြစ်တဲ့အတွက် ခုချိန်ခါမှာ ဘာကိုမှ ကြိုပြီးတော့ စဉ်းစားလို့ မဖြစ်နိုင်သေးတဲ့ အနေအထားမို့လို့။ တောင်းထားတဲ့ (၆) လ ဆိုတဲ့ကာလလည်း မပြည့်သေးတဲ့အတွက် အန်ကယ်တို့အနေနဲ့ ဘာမှ ပြတ်ပြတ်သားသား ပေးလို့မရသေးပါဘူး။ လက်ရှိလောလောဆယ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က ရှိနေသေးတယ်။ အစိုးရကနေ တရားဝင် ပစ်ပယ်ပါတယ်ဆိုပြီးတော့ ဥပဒေထုတ်ပြီးတော့ကာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ကျုပ်တို့အစိုးရကနေပြီးတော့ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာထားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ဒီဟာတွေကို ကျော်လွှားပြီးတော့ကာ အန်ကယ်တို့က စဉ်းစားလို့ မဖြစ်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။




လူငယ်နှင့်အနာဂတ် ဆွေးနွေးပွဲမှ ဦးဝင်းတင်၏ ဟောပြောချက်များ


မြင့်မိုးဇော် / ၁၈ ဒီဇင်ဘာ ၂၀၀၈


(ဒီဇင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်တွင် လူငယ်နှင့် အနာဂတ်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့သည်။ ယင်းဟောပြောပွဲ၌ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က လူငယ်နှင့်အနာဂတ်ဆိုသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဟောပြောပွဲကို နှစ်ပတ်ခြား အင်္ဂါနေ့တိုင်း ဟောပြောမည်ဖြစ်သည်။ အဆိုပါ ဟောပြောပွဲမှ ဦးဝင်းတင်၏ ဟောပြောချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်)


အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် အောက်ခြေအပြန်အလှန်နားလည်ရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ လူငယ်အဖွဲ့ဝင်များခင်ဗျား။ ကျနော်ဟာ ဒီဟောပြောပွဲလုပ်မယ်လို့ စီစဉ်ပြီးကာမှ နေထိုင်မကောင်းတာကတကြောင်း၊ နောက်ပြီးမျက်စိလည်း ခွဲစိတ်မှုလုပ်ရတော့ ဟောပြောမှုနဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိပါတယ်။ သို့သော် ဘယ်လိုပဲရှိရှိ မူလရည်ရွယ်ချက်က ဟောပြောတာဆိုတဲ့ ပုံစံမျိုးထက် ကျနော်ဖြစ်စေချင်တဲ့သဘောက ကျနော်တို့တွေ အဖွဲ့ ချုပ်ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို အထူးသဖြင့်တော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ လူငယ်တွေနဲ့အပြန်အလှန် ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း တယောက်သဘောတယောက်စဉ်းစားနိုင်တဲ့သူတွေဖြစ်အောင် လုပ်ချင်တဲ့သဘောပါ။ အဲဒါကြောင့် ကျနော်က ဟောပြောပွဲဆိုတဲ့ ပုံစံထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး ပိုမကောင်းဘူးလားလို့ လူငယ်တွေကို မေးမြန်းကြည့်ပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါကျတော့ သူတို့ကလည်း သူတို့လုပ်ချင်တဲ့အစီအစဉ်တွေ အများကြီးကို ပြောပြပါတယ်။

အဲတော့ ကျနော်ပြောချင်တဲ့သဘောက ဟောပြောပွဲဆိုတဲ့သဘောမျိုးကို ကျနော်တို့ပညာရှင်တွေက ဟော ပြောတဲ့အပိုင်းပေါ့။ ဆွေးနွေးပွဲဆိုတာကတော့ ကျနော်တို့ ကိုယ့်အချင်းချင်း တယောက်နဲ့တယောက် သဘောပေါက်အောင်၊ စကားပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ထင်တဲ့အတွက် ဆွေးနွေးပွဲပုံစံမျိုးလုပ်ချင် တာပါ။ အားလုံးဆွေးနွေးပြီးတဲ့အခါကျတော့ ဟောပြောပွဲပုံစံနဲ့တပိုင်း ဆွေးနွေးပွဲပုံစံနဲ့ကတပိုင်း နှစ်ပိုင်းနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေကိုလည်း အသက်အရွယ်ကြီးရင့်မှုကတပိုင်း၊ မအားမလပ်ဖြစ်တာကတပိုင်းနဲ့ ရှိနေတာသိပါတယ်။ သို့သော်လည်း အားလပ်တဲ့အချိန်လေးမှာ ပါဝင်ပြီးဆွေးနွေးပေးဖို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီလိုလုပ်ချင်းအားဖြင့် လူကြီးတွေရဲ့အသိအမြင်တွေကို လူငယ်တွေ သိမြင်ခွင့်ရမှာဖြစ်သလို တခါလူငယ်တွေရဲ့ မေးခွန်းတွေကို လေ့လာကြည့်ရင်းနဲ့ လူငယ်တွေ ဘယ်လိုစဉ်းစားနေတယ်၊ ဘယ်ဘက်ကို မျက်နှာမူနေတယ်ဆိုတာကို လူကြီးတွေ သိရှိနိုင်ပါတယ်။


စည်းရုံးသူမရှိဘဲခေါင်းဆောင်၍ မရ

အဲဒီတော့ လူကြီးတွေ သိပ်ပြီးပင်ပင်ပန်းပန်းမဖြစ်အောင် ဟောပြောပွဲဆိုတဲ့ပုံစံမျိုးထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး လုပ်သွားရင် ပေါ့ပေါ့ပါးပါးလုပ်ချင်ပါတယ်။ ဒါလည်း ကျနော်ဘာပဲပြောပြော ဟောပြောပွဲလို့ပဲ ပြောပြော၊ ဆွေးနွေးပွဲလို့ပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေး ကြီးပါတယ်။ သက်ဝင်နေရမယ်လှုပ်ရှားနေရမယ်။ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်း ဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့ မရဘူး။ ဆိုင်းဘုတ်တင်ထားရုံနဲ့ လည်း ခေါင်းဆောင်လို့ မရဘူး၊ အမြဲတမ်း လှုပ်ရှားနေရမယ်။ အဲဒီတော့ ဒီဟာက ကျနော်တို့ ဆွေးနွေးကြတယ်။ ပြောကြတယ်ဆိုတဲ့ဟာက လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။

အခုဟောပြောပွဲမှာ လူငယ်နဲ့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်ကို ပေးထားပါတယ်။ ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို ပေးထားတာလဲဆိုတော့ လူငယ်တွေသည်သာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ အင်အားစုတွေဖြစ်ပါတယ်ဆိုတာကို
သိမြင်ပြီးတော့မှာ ဒီကိစ္စကိုပြောတာဖြစ်ပါတယ်။ အဲဒီတော့ လူငယ်နဲ့အနာဂတ်ဆိုတာကို ပြောတဲ့အခါမှာ ဘယ်ကနေစပြီး ပြောချင်လည်းဆိုတော့ ကမ္ဘာနဲ့ အနာဂတ်ဆိုတာလေးကို စပြီးပြောချင်ပါတယ်။

ကမ္ဘာကြီးရဲ့အနာဂတ်မှုန်ဝါးနေ

ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကျနော် အကျဉ်းပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့အနာဂတ်ဟာလည်း အတော့ကို စိုးရိမ်စရာအနေအထားရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့လူဦးရေဟာ နောက်လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာကြီးမှာ သန်းပေါင်း (၉,၀၀၀) လောက်ရှိလာမယ်။ အခုရှိနေတဲ့သန်းပေါင်း (၇,၀၀၀) မှာကိုတောင် ကမ္ဘာကြီးအနေနဲ့က ကျွေးဖို့မွေးဖို့ အတော့ကို ခက်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီသန်းပေါင်း (၇,၀၀၀)၊ (၈,၀၀၀)၊ (၉,၀၀၀) ဆိုတဲ့ဟာတွေဟာ အရေအတွက်သဘောပဲလို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတာကိုး။ (၆,၀၀၀) ကနေ (၇,၀၀၀) ဖြစ်နေတာကိုး။ သို့သော်လည်း ဒီပြဿနာကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ကျွေးဖို့မွေးဖို့တင်ပြီးတာမဟုတ်ဘူး။

လူဆိုတာက ထမင်းစားရုံနဲ့လည်းပြီးတာမဟုတ်ဘူး။ လူပေါင်းသန်း (၇,၀၀၀) လောက် ဖြစ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်လို့ စဉ်းစားတဲ့သူတွေ သိပ္ပံပညာရှင်တွေရှိပါတယ်။ သို့သော် လူဆိုတာက လူဖြစ်လာရင် နေဖို့ ထိုင်ဖို့ အိုးအိမ်တွေလိုလာမယ်။ လူတွေနဲ့ပတ်သက်နေတဲ့ကိစ္စတွေကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကောင်းပြီ
ကမ္ဘာကြီးဟာ ဒီလိုလူပေါင်းသန်းပေါင်း (၉,၀၀၀) ဆိုတဲ့အနေအထားကို ရောက်လာရင် သူတို့နေထိုင် အသက်ရှင်ဖို့ တိုးပြီးလုပ်လာကြမယ်။ အဲဒီအခါ သယံဇာတတွေ ရှားပါးလာမယ်။ ဥပမာရေနံဆိုရင် ရှားလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးများက သိုလှောင်လို့ ဖြစ်ဖြစ် လာမယ့်နှစ်ပေါင်း (၁၀၀) တောင်ခံပါ့မလားဆိုတဲ့ ပြဿနာပေါ်လာတယ်။ အခြားခြားသောသယံဇာတများလည်း ဒီလိုပဲ။ ရှားပါးခြင်း၊ ကုန်ခန်းခြင်းဆိုတာတွေ ရှိလာမှာဖြစ်တယ်။

အခုပြောခဲ့သလို ကမ္ဘာကြီးရဲ့အနာဂတ်ကို မှန်းဆချက်တွေနဲ့ သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက်တွေဟာ စိတ်ပျက်အားငယ်မှုမရှိဘူးလို့ ဆိုသော်ငြားလည်း ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ မှုန်ဝါးလျက်ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ ကမ္ဘာရဲ့အနာဂတ်ဆိုရင်လည်းမမှားဘူး။ စီးပွားရေးကပ်တွေ လူ့အခွင့်အရေးအခြေအနေတွေကို ခြုံပြီးကြည့်ရင် ကမ္ဘာရဲ့အနာဂတ်ဟာ ပိုပြီးစိုးရိမ်စရာတွေရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော အနာဂတ်ကတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာလည်း နောက်ထပ်ဖြစ်ပေါ်လာမယ့်လူငယ်တွေက ဆက်လက်ပြီးရင်ဆိုင်သွားရမယ့် ပြဿနာလည်းဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့အနာဂတ်ကို စစ်ယန္တရားကြီးစိုးထားဆဲ

နောက်တခုက ကျနော်တို့ ဗမာပြည်ရဲ့ အနာဂတ်ပါ။ ဗမာပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကလည်း စစ်အစိုးရရဲ့ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။

နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့မွေ့ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာစိတ်ပျက်ဖို့ ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပဲ ဒီစစ်အာဏာရှင်ကို ဖြေရှင်းဖို့ အများကြီး ကြိုးပမ်းခဲ့ကြတယ်။ ဥပမာဆိုရင် စစ်အာဏာရှင်ယန္တရားကြီးက ဒီမိုကရေစီကို ရော့အင့်ဆိုပြီးတော့ ပေးမှာမဟုတ်ပါဘူး။ သို့သော် အခြားအခြားသော အဆောက်အအုံတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေ အခြားခြားသော စီးပွားရေးလုပ်ငန်းကြီးများကလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ခံနေရတဲ့အခြေအနေမျိုးမှာ ကျနော်တို့ဟာ ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပြောင်းလဲဖို့ဆိုတာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေကို လူတိုင်းသိပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာလည်း ကျနော် စောစောကပြောသလို ကမ္ဘာကြီးရဲ့ အနာဂတ်လိုပဲ စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းကြီးလွှမ်းမိုးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့အနာဂတ်ဆိုတာ ဗမာပြည်တွင်းမှာ နေထိုင်ကြတဲ့လူငယ်တွေ ကြုံတွေ့ရမယ့် အနာဂတ်ဖြစ်နေပါတယ်။ အဲဒါတွေကို ညှိနှိုင်းဖို့လိုပါတယ်။ ဆွေးနွေးဖို့လိုပါတယ်။ ဒီနေ့ မနက်ဖြန်ဆိုသလို ဒီမိုကရေစီဟာ ဘွားခနဲ ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကိုခင်ဗျားတို့လည်း သိမှာပါပဲ။ တွေးမိကြမယ်ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ အနာဂတ်လည်းမှုန်ဝါးနေ

ဆက်ပြီး အဖွဲ့ချုပ်လူငယ်တွေကို အန်အယ်လ်ဒီရဲ့ အနာဂတ်ကို နည်းနည်း ပြောချင်ပါတယ်။ ပြောချင်တယ်ဆိုပေမယ့် ပြောစရာလည်း များများစားစားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်အယ်လ်ဒီနဲ့ ကင်းကွာနေတာကလည်း ကြာပြီဆိုတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျတော့ မသိဘူး။

ကျနော်မှန်းလို့ရသလောက်ကတော့ ကမ္ဘာရဲ့ အနာဂတ်လို၊ မြန်မာရဲ့အနာဂတ်လို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကလည်း အတော်ကိုမှုန်ဝါးလျက်ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ဒါဟာ စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စတဲ့အမြင်တွေအပေါ်မှာ အခြေမခံပါဘူး။

ကျနော်တို့အထဲမှာ အသက်(၁၀၀) ကျော်နေနိုင်တဲ့သူတွေ ရှိနိုင်ပါတယ်။ ရှိဦးတော့လည်း သူတို့ရဲ့ ဦးဆောင်နိုင်မှုဆိုတာ အများကြီးလျော့လာမှာဖြစ်ပါတယ်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်လည်း သူတို့ဆီမှာ ဆက်လက်ပြီးတော့ ရှင်သန်နိုင်စွမ်း နည်းတယ်လို့ ဒီနေ့တက်ရောက်လာတဲ့ လူငယ်များ စဉ်းစားမိကြမှာပဲ။ နိုင်ငံရေးဆိုတာကလည်း ကြွေတလှည့်ကြက်တခုန်ဆိုတဲ့ သဘောလည်း ရှိတာပေါ့ဗျာ။ ဒီမှာ အန်အယ်လ်ဒီရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ်အနည်းငယ်ဆိုရင် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတော့မယ်။

အဲဒီလိုပြဿနာတွေထဲမှာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထားတွေ၊ သုံးသပ်စရာရှိတာတွေ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေ၊ ဘယ်လိုအဖြေပေါ်မလဲဆိုတာတွေကို စဉ်းစားကြရတော့မှာ ဖြစ်တယ်။ တခါ အဲဒီအခြေခံဥပဒေကနေပေါက်ဖွားလာမယ့် ပါတီအဖွဲ့အစည်း မှတ်ပုံတင်ဖို့ ကိစ္စတွေ ဒါကတော့ ထားလိုက်ပါတော့။ ဒါဟာလည်း အခြေခံဥပဒေဆိုင်ရာကိစ္စတွေကို အဆင့်ဆင့်ဆောင်ရွက် မှုပေါ်မှာ ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ထားလို့ မရတဲ့ကိစ္စက ဘယ်လိုပဲပြောပြော ပါတီတွေ မှတ်ပုံတင်ခြင်းကိစ္စပဲဖြစ်ပါတယ်။

အဲဒီတော့ အန်အယ်လ်ဒီရဲ့ အနေအထားကလည်း အနည်းနဲ့အများ ပြဿနာတော့ မသေးဘူးလို့။ ဒါဟာလည်း အခြေခံဥပဒေနဲ့ တွဲရက်ပါလာတဲ့ ပါတီတွေ တရားဝင်ရပ်တည်ပိုင်ခွင့်နဲ့လည်း ဆိုင်နေတယ်။ ဘယ်လိုပဲပြောပြော အန်အယ်လ်ဒီရဲ့ အနေအထားဟာလည်း ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ဖို့ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလိုက်လို့ ကျနော်တို့ ပါတီက နိုင်ငံတော်ရဲ့ နိုင်ငံရေးရာလှုပ်ရှားမှုတွေဟာ အကောင်အထည် ပေါ်လာမယ်၊ ပါဝင်ပြီးတော့ သက်ဝင်လှုပ်ရှားလာမယ်ဆိုရင်တောင်မှ ပြဿနာတွေ အများကြီးပဲလို့ ထင်ပါတယ်။

တိုင်းပြည်ပြဿနာတွေ ကျန်သေး

အဲဒီပြဿနာတွေဟာလည်း လူငယ်တွေ ရင်ဆိုင်သွားရမယ့် ပြဿနာတွေဖြစ်နေတယ်။ အန်အယ်လ်ဒီ ရဲ့ ပြဿနာလို့လည်း ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသားရေးပြဿနာလည်းဖြစ်တယ်။ တချိန်မှာ ရှိနေတဲ့ပြဿနာတွေကို အန်အယ်လ်ဒီမှာ ပါဝင်နေတဲ့လူငယ်တွေက ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အကြောင်းကြောင်းကြောင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ပြေလည်သွားရင်တောင် တိုင်းပြည်အတွက် ပြဿနာတွေက ရှိနေသေးတယ်။ တိုင်းပြည်အတွက် ဆိုတာက ကျနော်စောစောကပြောသွားသလို စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာ တွေဟာ အများကြီးဖြေရှင်းစရာတွေ ရှိနေသေးတယ်။ ဒါတွေကိုလည်း လူငယ်တွေဟာ မလွှဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ခေါင်းထဲမှာထည့်ပြီးတော့ စဉ်းစားကြရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။

မှုန်ဝါးတဲ့အနာဂတ်ကို ဖြေရှင်းဖို့တာဝန်ရှိ

အခု ကျနော်ပြောခဲ့တဲ့အချက်တွေကို အခြေခံစဉ်းစားရင် လူငယ်တွေရဲ့ အနာဂတ်ဟာ ပြောစရာများများစားစား မကျန်တော့ပါဘူး။ လူငယ်တွေဟာ ကမ္ဘာရဲ့ အနာဂတ်ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း လူငယ်တွေပဲ ကိုင်တွယ်ရမှာဖြစ်သလို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကိုလည်း လူငယ်တွေကပဲ ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။


ချုပ်လိုက်ရင် မှုန်ဝါးသောကမ္ဘာရဲ့ အနာဂတ်၊ မှုန်ဝါးသောတိုင်းပြည်ရဲ့ အနာဂတ်၊ မှုန်ဝါးသော အန် အယ်လ်ဒီရဲ့အနာဂတ် အဲဒါတွေကို လူငယ်တွေသာလျှင် ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီ လူငယ်တွေဟာ အခြားသာမန်လူငယ်တွေထက်စာရင် ဒီမိုကရေစီရေးမှာ အတွေ့အကြုံလည်းရှိတယ်၊ အစဉ်အလာလည်းရှိတယ်။ အဲဒီတော့ ဒီအစဉ်အလာတွေကို ကိုင်တွယ်ပြီး ဒီအစဉ်အလာတွေအတိုင်း ရပ်တည်ပြီး ပြဿနာတွေကို ဖြေရှင်းသွားရမှာလည်း ဖြစ်တယ်လို့ ယူဆပါတယ်။

အဖွဲ့အစည်း လောင်းရိပ်

ဒါဘာဖြစ်လို့ ကျနော် ပြောရသလဲဆိုရင် လူငယ်တွေကိစ္စကို စဉ်းစားတဲ့အခါမှာ အဖွဲ့ အစည်းအတွင်း မှာ ရှိတဲ့လူငယ်တွေဟာ အဖွဲ့အစည်းရဲ့ လောင်းရိပ်ဟာ တခါတလေမှာသွားပြီးတော့ ထိုးနေတာတွေ ရှိတတ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေကလည်း သတိထားရမှာက လူငယ်အဖွဲ့အစည်းဆိုတာ ခိုင်းတာလုပ်ဖို့ နို့မို့ရင်လည်း အင်အားပြဖို့လောက်ပဲ သဘောထားလို့ မရပါဘူး။ ဒီလူငယ်အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းတခုလုံးရဲ့ ခေါင်းဆောင်မှု အစိတ်အပိုင်းတခုဖြစ်နေ တယ်လို့ သဘောထားရမယ်။ ဒီလိုမှသာလျှင် လူငယ်တွေအနေနဲ့ ခေါင်းဆောင်တွေကို ပျိုးထောင် ပေးခြင်း၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ မြှင့်တင်တာဝန်ပေးခြင်း၊ ခေါင်းဆောင်အဆင့်ဆင့်စွဲတင်မြှင့် တင်ခြင်းဆိုတဲ့ စီမံမှုအဆင့်ဆင့်ကို ဆောင်ရွက်မှုပုံစံပေါ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းအနေနဲ့ စောစောကပြောခဲ့သလို လောင်းရိပ်မိတတ်တဲ့ သဘောတရား ရှိတတ်သော်ငြားလည်း အဖွဲ့အစည်းမှာ မှန်ကန်တဲ့သဘောထားရှိရင် ဒီလူငယ်တွေဟာ ဘယ်တော့မှ သေးသိမ်သွားမှာ မဟုတ်ပါဘူး။ ဒါလည်းပဲ သဘောပေါက်ထားရမယ့် အချက်တချက်ဖြစ်ပါတယ်။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီမဟုတ်

လူငယ်အဖွဲ့ဖွဲ့စည်းဖို့စဉ်းစားတဲ့အခါမှာ ရဲရင့်ခြင်း၊ ဇွဲရှိရမယ်။ ဇွဲဆိုတာကလည်း အားလုံးသိကြတဲ့ အတိုင်းပဲ စွဲစွဲမြဲမြဲလုပ်တယ်။ အားသွန်ခွန်စိုက်လုပ်တယ်ဆိုတဲ့ ဇွဲမျိုး၊ မာန်ဆိုတာလည်း ရှိရမယ်။ အရေးအကြီးဆုံးအချက်ကတော့ စည်းကမ်းရှိခြင်းပဲ။ ဒေါ်စုရဲ့ကောင်းသော အရည်အချင်းတွေထဲမှာ စည်းကမ်းလည်း ပါဝင်ပါတယ်။ ဒေါ်စုဟာ စည်းကမ်းကို တန်ဖိုးထားတယ်၊ သူများကိုလည်း စည်းကမ်းရှိစေချင်တယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီအချိန်မှာ စည်းကမ်းအကြောင်းကို ဒေါ်စုကို တည်ပြီး ပြောရတာလည်း မကောင်းဘူး၊ တော်ကြာ ဒေါ်စုပါ စည်းကမ်းရှိသော ဒီမိုကရေစီထဲပါ သွားမှာလည်း စိုးရတာကိုး။

လူငယ်တွေကို ကျနော်ပြောချင်တာက စည်းကမ်းနဲ့ပတ်သက်လို့တော့ အလေးထားပါ။ ဒေါ်စုမှာ စောစောကပြောတဲ့ ရဲရင့်ခြင်း၊ ဇွဲကောင်းခြင်း၊ ဥာဏ်ပညာမြင့်မားခြင်း စတဲ့အချက်တွေအပြင် စည်းကမ်းရှိခြင်းဆိုတာက အရေးအကြီးဆုံးတခုလိုဖြစ်နေတယ်။ ဒါတွေကို အမြဲတမ်း စံနမူနာယူပါ။ ဒေါ်စုရဲ့ ကောင်းခြင်းတွေကို လေ့လာပါ။ ဒါဟာလည်း လူငယ်တွေ အနာဂတ်ကို ရင်ဆိုင်တဲ့အခါမှာ ဒါတွေဟာ အကောင်းဆုံး စံပြုရမယ့်အရာတွေလည်း ဖြစ်ပါတယ်။


အနာဂတ်ကို ဖောက်ထွက်ကြပါ

အနာဂတ်ကို ဦးဆောင်မယ့်လူငယ်တွေအနေနဲ့ တခါတလေ တွေးတဲ့ခေါ်တဲ့နေရာမှာ ထွက်ပေါက်ဆိုတဲ့ စကားကိုပြောကြတယ်။ ကျနော်တို့ ထွက်ပေါက်ဘယ်မှာလဲ၊ ထွက်ပေါက်ကို ဘယ်လိုလုပ်မလဲ စသည်ဖြင့် ထွက်ပေါက်ကိစ္စတွေကို ခဏခဏကြားလာရတယ်။ ဒီတော့ အနာဂတ်ကိုရင်ဆိုင်တဲ့အခါ ခုနကပြောသလို လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်အလွန်ကို ခက်ခဲနက်နဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုထွက်ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက်ရမယ့်အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်းထွက်ပေါက်ကိုချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီးအရေးကြီးပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။


ပစ်တိုင်းထောင်နိုင်ငံတဲ့ဗျို့


အယ်ဒီတာ့ထံပေးစာ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 18 2008 16:19 - မြန်မာစံတော်ချိန်


ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်နေချိန် စစ်အစိုးရလက်အောက် ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေတဲ့ ကျနော်တို့ နိုင်ငံဟာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရမယ့် နည်းလမ်း မရှိပါဘူး။ လှိုင်းထန်ထန်မှာ လှေပေါက်နဲ့ သွားနေရသလိုပါ။ ဒီလို အခြေအနေမျိုးမှာ ကြေးမုံဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ "ပစ်တိုင်းထောင်နိုင်ငံ၊ ပစ်တိုင်းထောင်လူမျိုးမို့ အပြုံးပျက်ဖို့ မလိုပေါင်" ဆောင်းပါးကို ဖတ်ပြီး မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်(ရီ) လိုက်ချင်ပါရဲ့ဗျာ။

ကမ္ဘာ့အကျပ်အတည်းက အဆိုးဆုံးကို ကျော်ဖြတ်နေချိန်မှာ မြန်မာ့စီးပွားရေး ပျက်ကပ်ကလည်း ထပ်ချပ်မကွာ လိုက်နေတာပါ။ ဒါကို မြန်မာပြည်သူတွေ မျက်မြင်ကိုယ်တွေ့ပါပဲ။ စစ်အစိုးရက ဘတ်ဂျက် မကျအောင် စက်သုံးဆီ ဈေးနှုန်း မချ၊ စားအုံးဆီ ဈေးနှုန်းကို မေ့သယောင်ယောင်လုပ်၊ ရန်ကုန်ကို မီးဖြတ်ပြီး ဂက်စ်တွေ ပိုထုတ်ရောင်း၊ နာဂစ်ကယ်ဆယ်ရေးကို UN နဲ့ လူမှုအဖွဲ့အစည်းတွေကိုပဲ အားကိုး၊ ကိုယ်တိုင်ကျ ကယ်ဆယ်ရေးတွေ ရပ်၊ စစ်အစိုးရနဲ့ အလွမ်းသင့်သူတွေပဲ လုပ်ကိုင်ခွင့်ပေးထားတဲ့ ဆန်ပို့ကုန်တွေ၊ သစ်ပို့ကုန်တွေကို သူတို့တွေ ရောင်းမရတော့မှ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ လွတ်လပ်စွာ တင်ပို့ခွင့်ရပြီလို့ ကြေညာတာပါဗျာ။

ဘယ်လိုပဲ ဖန်တီးပါစေ၊ မြန်မာ့စီးပွားရေးက လှုပ်ခါရမ်းနေရာက ဖုတ်ကနဲ ပြုတ်ကျလာတာ ပြည်သူတွေ အသိပါ။ ဒီအခြေအနေမှာ နေပြည်တော်က ''ဟင်းရွက်၊ ကန်ဇွန်းရွက်ဈေး မတက်ဘူး။ ဈေးကျလို့ ငါတို့တော့ ဘာမှ မဖြစ်ဘူးဟေ့'' လို့ လှမ့်အော်နေတာ လူမိုက်နဲ့ ပညာနဲပါးတဲ့ အတွေးအခေါ်မှန်း လူတိုင်း သိပါ့။

ဈေးကျပြီဆိုလို့ အရှုံးကြီးရှုံးပြီး ဆက်မစိုက်နိုင်တဲ့ တောင်သူတွေအတွက် တွေးမပူဘူးလား။ တောင်သူငတ်တော့ စိုက်ပျိုးရေး အဓိကထားတဲ့ ရွှေနိုင်ငံကြီးကော ဘာဖြစ်သွားမလဲ။ အခုဆိုရင် ပဲလုပ်ငန်းကတင် ဒေါ်လာ သန်း ရာချီပြီး အရှုပ်အရှင်းတွေ ဖြစ်နေတယ်။ ပဲဈေးက မဖြစ်စဖူး၊ တတန်ကို ၆၀ ရာခိုင်နှုံးအထိ ဈေးကျနေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆိုတာကလဲ အံ့သြဖွယ်ရာပါပဲ။ ၁၂၀ ကျပ်ကနေ ၂၄၀ ကြားမှာပဲ ပေါက်ဈေးရှိလို့ စိုက်ပျိုးသူတွေ ပြန်မစိုက်နိုင်ပါဘူး။

ဆောက်လုပ်ရေးတွေ ရပ်နေပါတယ်။ ကုန်သွယ်မှုမရှိတော့ဘဲ ကမ္ဘာနဲ့ မြန်မာ ကူးလူးဆက်ဆံရေး နှေးသွားလို့ ဒေါ်လာဈေးက ကျပ် ၁၁၀၀ စွန်းစွန်းအထိ ကျလာပါပြီ။ ကား၊ ဆိုင်ကယ် အရောင်းအ၀ယ်က တနေ့မှာ တစီးမှ ရှိသေးရဲ့လား မသိ။ ခရီးသွားလုပ်ငန်းဆို ၇၀ ရာခိုင်နှုံးလောက်ကျပြီး ရပ်ဆိုင်းလုပါပဲ။ ကျောက်မျက်ဈေးကွက်က ပျက်နေတယ်။ လျှပ်စစ်ကုန်ပစ္စည်းတွေ ဈေးခေါက်ချိုးကျပြီး ရပ်နေပါတယ်။

ဒီလိုအခြေအနေမှာ သတင်းစာထဲက လျှပ်စစ်မီး လင်းပြ၊ စီးပွားရေး ကောင်းပြ လုပ်နေတာ အကျိုးမရှိပါ။ အာဆီယံ နိုင်ငံတွေနဲ့ ဆွေးနွေး၊ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ မျက်ခြေမပြတ်လုပ်၊ ပြည်သူကို သတိဝိရိယနဲ့ နေဖို့၊ စီးပွားပျက်ကပ်မှာ နေနည်းထိုင်နည်းတွေကို သင်ပေးဖို့ လိုနေပါပြီဗျို့။


ကိုစိုး
ရန်ကုန်

စန္ဒာခိုင်ရဲ့ Naked Truth


Thursday, 18 December 2008 17:41 ဧရာဝတီ
ပန်းချီ ဆရာမ စန္ဒာခိုင် သည် မြန်မာပြည် ရန်ကုန် မြို့တွင် နေထိုင်သူ ဖြစ်ပြီး Nude ပန်းချီ ကားပေါင်း ၆၀ ခန့်နှင့် တခြားသော ပန်းချီကား များစွာကို ရေးဆွဲခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှ စ၍ ပန်းချီ ဖေညွန့်ဝေ၊ ပန်းချီ ၀င်းဖေမြင့် အစရှိသည့် မြန်မာပန်းချီ ဆရာများထံတွင် ပန်းချီပညာကို လေ့လာ ဆည်းပူးခဲ့သည်။

Nude 1 ပန်းချီကားရှေ့မှ ပန်းချီဆရာမ စန္ဒာခိုင် (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
ယခု ပန်းချီ စန္ဒာခိုင်၏ ချင်းမိုင်မြို့ Loren Knutson’s House တွင် The Naked Truth အမည်ရှိ ပန်းချီကား ပေါင်း ၄၀ ခန့် ပြသထားသည့် Nude ပန်းချီပြပွဲနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း၍ ဧရာဝတီ ပရိသတ်အတွက် ဖော်ပြလိုက်ပါသည်။

မေး။ ။ အခု ဒီပြပွဲမှာ ပြထားတဲ့ အ၀တ်မပါတဲ့ ပန်းချီကား(Nude painting)တွေကို ဘယ်လို စိတ်ကူးရပြီး ဆွဲဖြစ်သလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ၉၆ မှာစပြီး မော်ဒယ်လ်တွေငှားရေးတာက စရေးဖြစ်တာပါ၊ အဲဒီတုန်းက မော်ဒယ်က အပိန်လေးတွေ၊ အလှရေးတာ၊ ဆရာတွေနဲ့ စုရေးကြတာ၊ နောက်ကြတော့ အိမ်က အစ်မ ၀ တာကို စိတ်ဝင်စားပြီးသူ့ကို မော်ဒယ်လ် ထိုင်ဖို့ ခွင့်တောင်းတယ်၊ ထိုင်ပေးမလားပေါ့၊ ပထမတော့ ငြင်းတယ်၊ နောက်တော့ သူထိုင်းပေးတာနဲ့ အ၀ တွေကို ရေးဖြစ်တာ ၁၀ နှစ်လောက်ရှိပြီ၊ အ၀ တွေချည်းပဲ တောက်လျှောက်ရေးလာတာ၊ ကားများလာတော့ ပြပွဲလုပ်ချင် လာတယ်၊ ကား အားလုံး ၆၀ လောက်ရှိတယ်၊ အခု ဒီမှာတော့ ပြဖြစ်သွားတာပေါ့၊ အကုန်လုံး အခရိုက်လစ် ဆေး(Acrylic paint) တွေနဲ့ပဲ ရေးထားတာ။

ကျမ ၉၆ က စပြီး ကိုနေမျိုးဆေးတို့ နဲ့ တပတ် မော်ဒယ်တယောက်လောက် ဆွဲတာ၊ တခါတလေ မော်ဒယ်က ပျောက်သွားတယ်၊ နောက်တလ ရရင် ပြန်ရေးပေါ့၊ နောက်တော့ သူရှာလိုက် ကိုယ်ရှာလိုက်နဲ့ တနှစ်လောက် တောက်လျှောက် ဆွဲဖြစ်ပြန်ရော၊ နောက်မဆွဲဖြစ် ပြန်ရော။

နောက်တော့ ကျမ အစ်မပေါ့ ၊ သူကျောင်းပြန်လာရင် တအားပင်ပန်းလာတယ်၊ အ၀တ်တွေဘာတွေကို ချွတ်ပစ် လိုက်တာ၊ သူ ကောင်းကောင်း အနားယူနေတယ်၊ သူ့ကို ကျမ ကြည့်ပြီးတော့ ငါ့ကို မော်ဒယ် ထိုင်ပေးပါလား၊ ငါ အရမ်းဆွဲချင်လို့ပါ၊ ငါ့ မှာ မော်ဒယ်လည်း မရှိဘူးပေါ့၊ အဲဒီ တုန်းက ရူးတာလေ၊ အဲဒါပဲ ဆွဲချင်နေတာ၊ တခြားဘာ မှ မဆွဲချင်ဘူး။

ကားဂိတ်သွားတာ ၊ ကားမှတ်တိုင်မှာ လူတွေကို အဲဒီလိုတွေပဲ မြင်လာတယ်၊ မျက်စိထဲမှာလေ၊ ကိုယ့်ဟာ ကိုယ် ကိုယ့်စိတ်ထဲမှာ အ၀တ်တွေချွတ်ကြည့်နေတာလေ ၊ လှတာ မလှတာကို မဟုတ်ဘူး၊ သူတို့ ခန္ဓာကိုယ် အချိုး အစားကို ကြည့်ပြီး ဆွဲလို့ အရမ်းကောင်းမှာပဲပေါ့၊ အာရုံနဲ့ကို ဆွဲနေတာ ၊ အဲဒါ လမ်းမှာ တောက်လျှောက်ပဲ၊ တွေ့သမျှလူတွေကို လိုက်ကြည့်တာ၊ ၀ တာတွေမြင်လည်း လိုက်ကြည့်တာ။

Nude 10 (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
အဲဒါ အစ်မက စပြီးထိုင်ပေးတာနဲ့ တော်တော်တော့ အဆင်ပြေသွားတယ်၊ သူထိုင်ပေးတဲ့ အချိန်မှာ ကြိုက်သွား တာ၊ လိုင်းတွေက အများကြီးလေ၊ ကျမ ဆွဲတာက တနှစ် ၂ နှစ်က အပိန်လေးတွေ ၊ အ ၀ တွေဆွဲပြီး ကျမ ဆရာတွေကို ပြတော့ တအားကောင်းတယ်တဲ့၊ နင့် အစ်မ ထိုင်ပေးတာ ကံကောင်းတာပဲတဲ့၊ ဆက်ဆွဲ ဆိုတော့ တောက်လျှောက် အစ်မကိုဆွဲတာ အခုအချိန်အထိပဲ၊ အစ်မက ထိုင်ပေးတာ၊ အမေတို့တော့ သိလို့မရဘူး၊ သိလို့ကတော့ လုံးဝ မရဘူး၊ အမေတို့က ဒါကို ပန်းချီ မဟုတ်ဘူးပေါ့၊ ပြည်တွင်းမှာ အခက်အခဲရှိတယ်။

မေး။ ။ အခု ရေးထားတာအများစုက အမျိုးသမီး ၀၀ တွေကို လိုင်းအထူတွေနဲ့ အပျော့ သဘောမျိုး တွေ့ရတယ်၊ ဒါပေမယ့် အားရှိတယ်လို့ ထင်တယ်၊ အဲဒါမျိုးကို နှစ်သက်ပြီးရေးတာလား။

ဖြေ။ ။ ကျမ ရေးတဲ့ အချိန်မှာတော့ ဘာမှ မရှိဘူး၊ လိုင်းပျော့ရမယ်၊ မာရမယ်လို့ မဟုတ်ဘူး၊ မော်ဒယ်ကို ကျမ မြင်တဲ့ အတိုင်းဆွဲလိုက်တာပဲ၊ ပျော့တယ်၊ မာတယ်ဆိုတာက လက်က သူ့ဟာသူဖြစ်သွားတယ်။

မေး။ ။ အခု ပြထားတဲ့ ၀ ၀ အသားများများ၊ အဆီတွဲတွဲ အမျိုးသမီး Nude ပုံတွေ ကို ကြည့်တဲ့ လူအတွက် ဘယ်လို ခံစားမှု မျိုးကို ပေးစေချင်လို့ ရေးထားတာလဲ။

ဖြေ။ ။ ပိန်တဲ့လူတွေမှာလည်း အလှရှိတယ်၊ ၀ တဲ့ လူတွေမှာလည်း အလှရှိပါတယ်၊ ၀ တဲ့ လူက ရေးစရာ လိုင်းတွေက ပိုများတယ်၊ လိုင်းအလှတွေကို ပိုတွေ့ရတာပေါ့၊ ကျမစိတ်အထင်ပေါ့၊ ဗိုက်အခေါက် ၂ ထစ် ၃ ထစ်တွေ၊ ကျောကုန်း မှာဆိုလည်း အထစ်တွေ၊ ပေါင်တွေမှာဆိုလည်း အရစ်တွေ အဲဒါတွေက လိုင်းရဲ့အလှတွေ၊ အဲဒါ တွေကို ရေးတာပါပဲ။

မေး။ ။ အမျိုးသား Nude ပုံတွေ ၇ ပုံလောက်ကိုလည်း တွေ့ရတယ်၊ အဲဒီ ပုံတွေကျတော့ရော အလှသဘောပဲ လား။

Nude 2 - 3 (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
ဖြေ။ ။ အလှသဘောပါပဲ၊ လိုင်းတွေကိုပဲ ခံစားပြီးရေးတာပါ၊ ကျမကို ပြောကြတယ်၊ အမျိုးသားတွေကိုရောမရေး ဘူးလား တဲ့၊ အဲဒါနဲ့ရေးဖြစ်တာပါ၊ ဒါပေမယ့် အမျိုးသား Nude ပုံ ဆွဲဖို့က ခက်တယ်၊ မော်ဒယ် ထိုင်ပေးဖို့ ရှား တယ်၊ အမျိုးသမီးလည်း ရှားတာပါပဲ၊ အခုရေးတဲ့ ပုံတွေအားလုံးကတော့ မော်ဒယ်တွေရှိတယ်၊ ကျမက အရွယ်စုံ ကို ရေးချင်တာ၊ ကျမ က ယောက်ျား မိန်းမ ရယ်လို့ မဟုတ်ဘူး၊ ထိုင်ပေးတဲ့သူကို ရေးမှာပဲ၊ ဘာစိတ်မှ မရှိဘူး၊ အဲဒီလိုင်းတွေကို ရေးမှာ။

မေး။ ။ အမျိုးသား Nude ပုံ ဆွဲရတာနဲ့ အမျိုးသမီး Nude ပုံတွေ ဆွဲရတာ ဘာကွာခြားမှုရှိလဲ၊ ဖွဲ့စည်းပုံအရ ဆိုရင် နည်းနည်းကွာမယ်လို့ထင်တယ်၊ ခံစားမှုရော တူလား။

ဖြေ။ ။ အတူတူပါပဲ၊ ခံစားရတာက အတူတူပါပဲ၊ ပရိသတ်ကိုလည်း အဓိက လိုင်းတွေပဲပြချင်တာပါ၊ လိုင်းရဲ့ အလှတရား တွေပေါ့၊ ဒါပေမယ့် သူ့ဟာသူ ခံစားသွားပါလိမ့်မယ်၊ ကျမ မပြောတတ်ဘူး၊ ကျမ Figure (လူပုံ) တွေလည်း ဆွဲတယ်၊ Landscape (ရှုခင်း)တွေလည်း ဆွဲတယ်၊ Nude ပုံတွေလည်းဆွဲတယ်၊ ကြိုက်တာတော့ အကုန်လုံးကြိုက်တယ်၊ အကုန်လုံးကို ဆွဲတယ်။

မေး။ ။ အခု Nude ပုံတွေကို ပြည်တွင်းမှာရော ပြပွဲလုပ်ဖြစ်လား။

ဖြေ။ ။ ပြဖြစ်တယ်၊ ပြင်သစ်သံရုံးမှာပါ၊ ဒီမလာခင် ၇ လလောက်ရှိပြီ၊ အပြင်မှာမှ ပြလို့မရတာ၊ အဲဒီမှာ ပြတဲ့ ကား ၄၀ ထဲက ဒီကို သယ်လာတာပါ တယ်၊ ကားအသေးတွေ၊ အဲဒီ အထဲက ၆ ကား ရောင်းရတယ်၊ ၀ယ်တာက နိုင်ငံခြားသား၊ သံရုံးပဲပြလို့ရတယ် လေ၊ အပြင်မှ ပြလို့မရတာ၊ အိမ်မှာ ဆွဲပြီးရင်လည်း အ၀တ်အကြီးကြီးနဲ့ အုပ်အုပ် ထားရတယ်၊ အမေ ဆူလို့၊ ဒါပေမယ့် မြန်မာပြည်မှာ Nude ဆွဲတဲ့ ပန်းချီဆရာတွေအတော်များပါတယ်။

Nude 12 (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
ပြပွဲကို ကိုယ်ပြချင်တာတွေမပြရဘူး၊ အခက်အခဲ ရှိတယ်၊ နေရာတို့ဘာတို့ပေါ့၊ အဲဒီသံရုံးပွဲ တပွဲပဲပြဖြစ်တယ်၊ ကျမ ပြချင်တာတွေ မစုံသေးဘူး၊ ဟိုမှာ ဒီလို ၄ ပေ ၅ ပေ ကား ၂၅ ကားလောက်ရှိသေး တယ်၊ ကားအကြီးတွေ၊ ကျမက တစုတစည်းတည်း အကုန်ပြချင်တာ၊ ကားတွေက အကြီးတွေဆိုတော့ ရန်ကုန် မှာ ပြဖို့ကလည်း မလွယ် ဘူး။

မေး။ ။ ဒီလိုကားတွေကို ရန်ကုန်က ပြင်သစ် သံရုံးမှာလည်း ပြခဲ့တယ်၊ အခု ဒီမှာလည်းပြတဲ့အပေါ်မှာရော စိတ်ကျေနပ်မှုရှိလား။

ဖြေ။ ။ ပျော်တာပေါ့နော်၊ ပြလိုက်ရတယ်ပေါ့၊ ဆွဲတုန်းကတော့ ပြဖို့ မဟုတ်ဘူး၊ ကားတွေ များလာတော့ ထုတ်ပြချင်တာပေါ့။

မေး။ ။ ဒီ Nude ပန်းချီတွေရေးတဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲပေါ့၊ မော်ဒယ်ရှာရတာမျိုးက အစ ပြောပြ ပေးပါဦး။

ဖြေ။ ။ မော်ဒယ်ရှာရတာတော့ အတော်လေး ပင်ပန်းတယ်၊ ရတဲ့ မော်ဒယ်ကလည်း ဟို မကောင်းတာလုပ်စားတဲ့ မိန်းကလေး တွေပဲများတယ်၊ သူတို့က ဟိုလိုမျိုးပဲ လုပ်စားတာ၊ ပန်းချီဆရာ ၃-၄ ယောက်ရှေ့မှာ ထိုင်မပေးရဲဘူး၊ မထိုင်လည်း မထိုင်ဖူးဘူးပေါ့၊ ကျမတို့က သူတို့နဲ့ မိသားစုလို နေပြီးတော့ အလှတရားကို ရေးမှာ ဆိုပြီး ပြောပြရတယ်၊ နောက်ပိုင်းတော့ သိသွားတော့ ထိုင်ချင်လာတယ်၊ ကျမတို့ကလည်း နွေးနွေးထွေးထွေး ဆက်ဆံတာ၊ သူတို့က ပြောတယ်၊ ကျမတို့ကတဲ့ ဟိုလိုမျိုးပဲလုပ်တာ၊ ဒီလို မထိုင်ဖူးဘူးတဲ့၊ တော်တော် ပြောယူရတယ်။

Nude 18 ပန်းချီကားရှေ့မှ ပန်းချီဆရာမ စန္ဒာခိုင် (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
တခါတလေ တလ ၂ လ လောက်ထိုင်ပေးပြီး ပျောက်သွားပြန်ရော၊ တအား ခက်တယ်၊ လူကောင်းတွေက လုံးဝ ထိုင်မပေးဘူး၊ မိန်းမကောင်းတွေက လုံးဝမထိုင်ဘူး၊ ကျမ ညီမ ၀မ်းကွဲ တယောက်ဆို ထွက်ကို ပြေးတာ။

မေး။ ။ တခြား အကြောင်းအရာတွေကို ဆွဲဖြစ်တာရောရှိလား။

ဖြေ။ ။ ကျမ ၂၀၀၆ တုန်းက ပုဂံ နံရံ ဆေးရေးပန်းချီတွေ ဆွဲပြီး ပြပွဲ တပွဲလုပ်ဖြစ်ခဲ့သေးတယ်လေ၊ ၄ ပေ ၅ ပေ လောက်ရှိတဲ့ ကား ၂၀ လောက်ရှိတယ်။

မေး။ ။ နောက်တခုက လူရဲ့စရိုက်ကို အဓိကထား ပေါ်အောင်ရေးတဲ့ကားမျိုး၊ မျက်လုံးတို့လိုဟာမျိုးပေါ့၊ ဟန်ပန် တို့လို၊ လူရဲ့အတွင်းစိတ်မှာရှိတာကိုရေးတာမျိုး၊ ဒေါသဖြစ်နေတာတို့၊ ၀မ်းနည်းနေတာတို့၊ ပျော်တာတို့ အဲဒါမျိုး တွေကို ရေးတာမျိုးရော ပြောပြပါဦး။

ဖြေ။ ။ အခုပြပွဲမှာပါတဲ့ ပါးစပ်ကို ဟပြီးအော်နေတဲ့ကားက အဲဒါမျိုး၊ အဲဒီကားကို ရေးတဲ့အချိန်မှာ ကျမ စိတ်က အဲဒီလို ခံစားမှုမျိုး ဖြစ်နေတယ်လေ။
PhotobucketPhotobucketPhotobucketPhotobucket

18122008သတင်းနှင့်ဆောင်းပါး

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။18 2008 12 thu