Sunday, December 21, 2008

မြန်မာပြည်သူတွေရဲ့ဘ၀ အပြောင်းအလဲဖြစ်စေသူ

20 December 2008
မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော လူထုတွေဟာ ဆင်းရဲမွဲတေမှုတွေ၊ ဖိနှိပ်မှုတွေနဲ့
ပြည်တွင်းစစ်ဒဏ်တွေက လွတ်မြောက်နိုင်ဘို့အတွက် မြန်မာပြည်တွင်းကနှစ်စဉ်ထွက်ပြေး
နေကြတာပါ၊ အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတဲ့ နေရာကတော့ မြန်မာနိုင်ငံနဲ့ အနီးဆုံး
ဖြစ်တဲ့ ထိုင်းနိုင်ငံပါပဲ။

မြန်မာနိုင်ငံက ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာစင်သီယာမောင်ဟာ သူမကိုယ်တိုင် ဒုက္ခသည်
တဦးဖြစ်ပြီး ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာပြည်တွင်းကသူတွေအတွက်
အပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်၊ ဗွီအိုအေသတင်းထောက် Luis Ramirez
က ထိုင်း-မြန်မာနယ်စပ်ကိုသွားရောက်ပြီး သူမ ဆောင်ရွက်လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်လို့
အခုလို တင်ပြထားပါတယ်။

၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေးနဲ့ တရားမျှတရေးအတွက် ဆန္ဒပြတောင်းဆိုသူတွေကို ခြေမှုန်း
တဲ့အချိန် ဒေါက်တာစင်သီယာဟာ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

“ဆန္ဒပြသူတွေနဲ့အတူ ကျမပါဝင်လိုက်ပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါ
တယ်၊ လူတွေလည်း စပြီး ကွဲကုန်ကြ ပျောက်ကုန်ကြပါတယ်၊ တချို့ကလည်း နယ်စပ်တွေကို
ထွက်ပြေးကုန်ပါတယ်၊ ကျမကိုယ်တိုင်လည်း တိုင်းပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာ
အောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ပြီး နယ်စပ်ကို ထွက်လာခဲ့ပါတယ်။”

ဒေါက်တာစင်သီယာဟာ အခန်းလေးနှစ်ခန်းပါတဲ့ ဖြစ်ကတတ်ဆန်းဆောက်လုပ်ထားတဲ့ တဲ
ကလေးထဲမှာ အသုံးပြုရမယ့်ကရိယာတွေကို သန့်ရှင်းစေဖို့ ထမင်းပေါင်းအိုးထဲ ထည့်ပြုတ်ပြီး
ခွဲစိတ် ဖြတ်တောက်ကုသတာတွေ၊ ကလေး မွေးဖွားပေးတာတွေကို စပြီး လုပ်ဆောင်ခဲ့ပါတယ်။

ဒေါက်တာစင်သီယာ သင်တန်းပေးထားတဲ့ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း လူငယ်တွေ
ဟာလည်း မြေမြှုပ်မိုင်းဒဏ်ခံရတဲ့ လူနာတွေကအစ အစာအိမ်ရောဂါဝေဒနာသည်တွေအဆုံး
နယ်လှည့်ကုသမှုတွေ လုပ်ဆောင်ပေးနေကြတာပါ၊ အမေရိကန်ပြည်ထောင်စုအပါအ၀င်
နိုင်ငံတကာအစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ပေးကမ်း လှူဒါန်းငွေ
တွေနဲ့ ငွေနည်းနည်းအသုံးပြုပြီး လုပ်ငန်းတွေ အများကြီးကို ရိုးရိုးသားသားလုပ်ဆောင်ပေး
နေတာဖြစ်ပါတယ်၊ နှစ်စဉ်နှစ်စဉ် လူနာပေါင်း ၁၅၀,၀၀၀ လောက်ဟာ ဒေါက်တာစင်သီယာ
ဆေးခန်းမှာ လာပြီး ဆေးကုသမှု ခံယူကြပါတယ်။

ဆေးခန်းရဲ့ တဖက်မှာရှိတဲ့ သာမန် အိမ်တန်းလျားမှာ ဒေါက်တာစင်သီယာ နေထိုင်ပါတယ်၊

“ကျမတို့ ဒီမှာနေတော့ နေထိုင်မကောင်းတဲ့ လူနာတွေကို ကုသပေးနိုင်တာတင်မက ကိုယ်
နေထိုင်တဲ့ ကျေးရွာတွေကိုပြန်ပြီး သူတို့ဒေသက လူထုတွေအတွက် ကျန်းမာရေးဆိုင်ရာ
လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်လိုကြတဲ့ လူငယ်တွေကို ပညာပေးလုပ်ငန်းတွေလည်း
လုပ်ဆောင်ပေးနိုင်ပါတယ်၊ ဒီတော့ ဒါဟာ လူငယ်တွေကို ပညာနဲ့ မျှော်လင့်ချက်တွေပေးနိုင်
တဲ့ အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတရပ်ပါပဲ။”

ကရင်ပြည်နယ်တွင်းကဒေသတွေနဲ့ တခြားလူသူအရောက်အပေါက်နည်းတဲ့ နေရာဒေသတွေ
ဆီကို သွားရောက် ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေကြတဲ့ လူငယ်တွေကိုလည်း သင်တန်း
တွေ ပေးနေတာပါ၊ တချို့ စေတနာ့ဝန်ထမ်းတွေဟာ တချိန်က ဒေါက်တာစင်သီယာဆေးခန်း
မှာ ဆေးဝါးကုသမှုတွေ ခံယူခဲ့တဲ့ လူနာတွေဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ သူတို့က ပြန်ပြီး ကူညီ
ကုသမှုတွေ ပေးနေကြပါပြီ။ ဒါဟာ ဒီလူတွေအပေါ်မှာ မြင်လိုတဲ့ ဒေါက်တာစင်သီယာရဲ့
စိတ်ကူး အမြင်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။

“ကျမတို့က လူငယ်တွေကို ပညာပေးတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ခံစားရသူတယောက်ဘက်က
နေချည်း စိတ်ခံစားမနေပဲ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ ၊ မြှင့်တင်နိုင်တဲ့သူတွေ
အဖြစ်လည်း စိတ်ခံစားနိုင်ရအောင် သင်ကြားပေးပါတယ။်”

ဒေါက်တာစင်သီယာဟာ စစ်အစိုးရရဲ့ ဝေဖန် ပြောဆိုမှုတွေကိုလည်း ခံရပါတယ်၊ စစ်အစိုးရ
ဗိုလ်ချုပ်တွေအဖို့ သူမဟာ အကြမ်းဖက်သမား၊ လက်နက်ကိုင်သောင်းကျန်းသူလို့ ဆိုပေမယ့်
ထောင်နဲ့ချီတဲ့သူတွေအဖို့တော့ သူမက ကုသမှုတွေနဲ့ သင်ကြားမှုတွေပေးနေတာကြောင့်
သူမကို ကရုဏာရှင်တယောက်အဖြစ် သတ်မှတ်ထားကြပါတယ်ရှင်။
http://www.voanews.com/burmese/2008-12-20-voa6.cfm

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၁)

အောင်ဝေး
ဒီဇင်ဘာ ၂၀၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီး အနောက်ခြမ်းခရီးစဉ်က ၁၉၈၉ ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာပဲ ပြီးဆုံး သွားခဲ့ပါပြီ။ မပြီးဆုံးသေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဖမ်းခံရပြီး အာမခံနဲ့လွှတ်ထားတဲ့ ကျနော်တို့အမှုပါပဲ။

ကျွန်တော်တို့ NLD အဖွဲ့ဝင် ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်မှု၊ ပုဒ်မ ၁၄၄နဲ့ ပုသိမ်မြို့ တိုင်းတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ တရားသူကြီးက ကျနောာ်တို့ကို ယမန်လေး တပတ်၊ ခုနစ်ရက်တခါ ရုံချိန်းမှန်မှန်ပေးပြီး အမှုကို မကြာကြာအောင် အချိန်ဆွဲ စစ်ဆေးနေရတယ်။

ကျနော်တို့ဘက်က ရုံးချိန်းကို ယမန်ကြီးနှစ်ပတ်၊ ဆယ့်လေးရက်ခွာပြီး ချိန်းပေးဖို့ တရားရုံးကို တင်ပြတောင်းဆို့ပေမဲ့လည်း တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ကျနော်တို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ နယ်မြေ စည်းရုံးရေးတာဝန်တွေ ရှိနေပါတယ်။ ဧရာဝတီ တိုင်း (၂၆) မြို့နယ် ကျနော်တို့ စည်းရုံးရေးခရီးတွေ ထွက်နေရပါတယ်။ ပါတီစည်းရုံးရေး လူထု စည်းရုံးရေးဟာ အလွန် အရေးကြီးနေတဲ့အချိန်ပါ။

အခုလို တပတ်တခါ ရုံးချိန်းရှိရင် ပုသိမ်လာပြီး အမှုရင်ဆိုင်နေရလေတော့ စည်းရုံးရေးလုပ်ငန်းတွေက အရင်လို မတွင်ကျယ်၊ မသွက်လက်ချင်တော့ပါဘူး။ ကျနော်တို့ ခြေချုပ်မိသလို ဖြစ်နေတဲ့အခြေအနေပါ။ အကယ်၍ ကျနော်တို့ဘက်က ခရီးလွန်ပြီး ရုံးချိန်းပျက်ကွက်ပြန်ရင်လည်း တရားရုံးက အာမခံပြန်ရုပ်သိမ်းပြီး ထောင်ထဲပြန်ပို့လိုက်မှာကိုလည်း တဖက်က ဂရုစိုက်နေရပါသေးတယ်။

အဲဒီတော့ ကျနော်တို့ရဲ့ စည်းရုံးရေးလုပ်ငန်းပုံသဏ္ဍာန်ကို ပြောင်းလိုက်ပါတယ်။ ကျနော်တို့က အမှုတန်းလန်းနဲ့ ဖြစ်နေတော့ ဦးလှကြည်၊ ဒေးဗစ်လှမြင့်၊ ကိုသက်နိုင်စတဲ့ တိုင်းစည်း တချို့က ဧရာဝတီတိုင်းအနောက်ခြမ်းမှာပဲ စည်းရုံးလှုပ်ရှားဖို့ ကိုသောင်းအေးတို့၊ ကိုမြင့်နိုင်တို့ တာဝန်ယူဖို့ ကျနော် တိုင်ပင် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဌာနချုပ်ကလည်း ကျနော်တို့ရဲ့ ဧရာဝတီလုပ်ဟန်ကို လက်ခံ အတည်ပြုပေးပါတယ်။

အဲဒီအချိန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေအနေနဲ့ အချိန်အခါပေးရင်ပေးသလို လူထုကြားကို ဆင်းပြီး လူထုရင်ခုန်သံနဲ့ NLD ရင်ခုန်သံ တထပ်တည်းကျအောင် ကြိုးပမ်းနေတဲ့အချိန်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီမိုကရေစီအရေးတော်ပုံအတွက် ပြည်သူလူထုကြီးရဲ့ ယုံကြည်မျှော်လင့်ချက်တွေ ထက်သန်ခိုင်မာလာအောင် မောင်းနှင်နေတဲ့အချိန်။ ဌာနချုပ်က ဆရာဦးဝင်တင်တို့၊ မင်းသားကြီးဦးအောင်လွင်တို့လို တာဝန်ရှိတဲ့ လူကြီးပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးစဉ်တွေကို တခုပြီးတခု စနစ်တကျ ပြင်ဆင် ရေးဆွဲထားတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ဧပြီ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းအရှေ့ စည်းရုံးရေးခရီးစဉ် ထွက်ပါတယ်။ ဒီခရီးစဉ်မှာတော့ မအူပင်နဲ့ဖျာပုံခရိုင်တွေထဲက ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်ကျွန်း၊ ဓနုဖြူ၊ ညောင်တုန်း စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

အရှေ့ခြမ်း ခရီးစဉ်မထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကိုခေါ်တွေ့ပြီး တိုင်ပင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာက အမှုတန်းလန်း ရုံးချိန်းတန်းလန်းနဲ့ ဆိုတော့ ဒီတခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မလိုက်နိုင်ကြတော့ပါဘူး။

ဒီလိုမလို်က်နိုင်တဲ့အတွက် ဓနုဖြူမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်လိုက်ရတဲ့ သည်းထိပ်ရင်ဖိုဖြစ်ရပ်ကို ကျနော် ကိုယ်တိုင် ကိုယ်တွေ့မျက်မြင် ကြုံဆုံခွင့် ဆုံးရှုံးခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူမြို့ကိုရောက်တဲ့အချိန်မှာ နဝတ စစ်တပ်က ထုံးစံအတိုင်း ပိတ်ပင် ဟန့်တား နှောင့်ယှက်မှု အမျိုးမျိုးပေးပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို တရားဝင် စာတင်ပြီးထွက်တဲ့ခရီးမှာ နယ်က နဝတစစ်တပ်တွေ၊ ခဝတ၊ မဝတ စစ်ဗိုလ်တွေက နည်းမျိုးစုံနဲ့ပိတ်ဆို့တားဆီးနေတာဟာ ဘယ်လိုမှနားလည်းနိုင်စရာမရှိပါဘူး။

ဓနုဖြူမှာက ပိုဆိုးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သင်္ဘောဆိပ်ကနေ တက်လာတဲ့ လမ်းခုလတ်မှာ ဓနုဖြူ နဝတ အတွင်းရေးမှူး ဗိုလ်ကြီးမြင့်ဦးဆိုသူက ခြိမ်းခြောက်ဟန့်တားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့လမ်းကို သူဆက်လျှောက်နေပါတယ်။ အဲဒီမှာ ဗိုလ်ကြီးမြင့်ဦးက သူ့ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ရွယ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မရပ်ဘဲ ရှေ့ဆက်လျှောက်လာရင် သူ့လက်ထဲက သေနတ်နဲ့ ပစ်ချလိုက်တော့မယ့် အနေအထားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က မကြောက်မရွံ့ဘဲ ရှေ့ ကို ဆက်လျှောက်သွားပါတယ်။ အားလုံးလည်း ထိတ်လန့် တုန်လှုပ် ပျာဝေကုန်ကြပါပြီ။

အဲဒီအချိန်ကလေးမှာပဲ ဓနုဖြူမဝတ ဥက္ကဌဖြစ်သူ ဗိုလ်မှူး အတင်းပြေးဝင်လာပြီး၊ သူ့လူရဲ့လက်ထဲက သေနတ်ကိုပုတ်ချ၊ ကြားဝင်လိုက်လို့၊ ဗိုလ်ကြီးမြင့်ဦးနဲ့ မုန်ယိုနေမှုလည်း ဒီနေရာမှာပဲ အဆုံးသတ် ကျရှုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ကျနော်တို့ ကျုံမငေးမှာ ကြုံခဲ့ရတဲ့ ‘ကျည်ထိုး၊ အသင့်ပြင်’ ဆိုတဲ့ အဖြစ်ထက် ပိုပြီး ဆိုးပါတယ်။ ပိုပြီးအန္တရာယ်ကြီးပါတယ်။ နောင် ဒိထက် အများကြီး ပိုဆိုးတဲ့အဖြစ်တွေကို ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး ကြုံခဲ့ရပါတယ်။ အဆိုးတကာ့ အဆိုးဆုံးကတော့ ၂ဝဝ၃ မေ ၃ဝ ဒီပဲရင်း လုပ်ကြံမှုကြီးပဲ မဟုတ်လား။

ပုသိမ်မှာ ကျနော်တို့အမှုကလည်း တဖြည်းဖြည်းနဲ့ ရက်ရှည်လာပါတယ်။ ဒီလိုနဲ့ မိုးဦးကျလာပါတယ်။ မိုးဦးလေဦးမှာ ကျနော်နဲ့ ဒေးဗစ်လှမြင့်၊ တိုင်းစဉ်းနှစ်ယောက် ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ဘက်စည်းရုံးရေးဆင်းတာ ကျနော်တို့စီးလာတဲ့ တထပ်သင်္ဘောက တောင်လေရေကျနဲ့ စီးပြီး ကျနော်တို့ရဲ့ အသက်တွေကို ဖက်နဲ့ ထုပ်ကာခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီဘက်တော်သားအားလုံးဟာ ဒီလိုပဲ စွန်းစားခန်းတွေ ကိုယ်စီနဲ့ ကိုယ်ယုံကြည်တဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကို တစိုက်မတ်မတ် တည်ထောင်နေကြတာပါလားလို့ ကျနော် ယုံကြည် အားတက်နေမိပါတော့တယ်။ ။

ကိုမင်းကိုနိုင်တို့လိုအားပေးချင်တယ်ဆိုရင်

19နှစ်အကျဉ်းခံကိုထွန်းထွန်းနိုင်ရဲ့မိသားစုကို..ကိုမင်းကိုနိုင်တို့လိုအားပေးချင်တယ်ဆိုရင်
ဒီမှာလိပ်စာပါ။ ။
မအေးအေးသက်
အမှတ်၁၇၊ ဗောဓိညောင်ပင်လမ်း၊ဖေါ့ကန်ရပ်ကွက်၊အင်းစိန်မြို့၊ရန်ကုန်တိုင်း၊
ဖုန်း(တဆင့်) 951 645638


ကျမ ချစ်တဲ့သူရဲကောင်း (သို့ ) အညတြ ခွပ်ဒေါင်း


Saturday, December 13, 2008

မောင်..
မောင်က ကိုဂျင်မီ မဟုတ်။
ကျမက နီလာသိမ်း မဟုတ်။
တူညီတာက..နိုင်ငံချစ်စိတ်။
မတရားတာ မျိုသိပ်မရတဲ့စိတ်။

မောင်ရဲ့ ဥပဒေမဲ့ ဖိနှိပ်တာ ငုံ့ မခံတတ်တဲ့စိတ်..
ဘယ်သူမှ ကြိုးချည်လို့ မရဖူး။

မောင်ရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်..
ဘယ်သူမှ ချော့သိပ်လို့ မရဖူး။

ဓမ္မကို လိုလားလို့ 
အဓမ္မများကို ချေမှူန်းတဲ့ အခိုက်..
ထောင်တွင်း (၁၉)နှစ် အကျဉ်းချခံရ..
ဒေါင်းပျိုရဲ့ သွေး၊ မာန် ဘယ်မကျ..
အသေခံ ဆက်လက် ခွပ်မဲ့ပွဲ..
မောင်ရေ..
စိတ်မပူနဲ့ 
ကျမ်းမာအောင်သာ ဂရုစိုက်
မိသားစုနဲ့ဝေးတဲ့ အခိုက်..
ရောက်ရာ အဝေးကြီးက "ထောင်"
စိတ်ကိုသာ ဆောင်ပါမောင်။

ကျမရဲ့ ကားဂိတ်က ဈေးဆိုင်ကလေး..
ချိုမြတဲ့ ဖရဲသီးစိတ် ဘန်းကလေး..
သားနဲ့ ကျမ
ထမင်းလေး ဆီဆမ်းစားနိုင်ကောင်းပါရဲ့။
ကျမ သားကလေး ဝလုံးလေး ဝိုင်းဝိုင်းရေး
သင်ပုန်းကြီးတော့ ကျေတန်ကောင်းပါရဲ့။

နိုင်ငံရေး လှုပ်ရှားသူ လင်တော်ခဲ့တဲ့ ကျမ..
ကျမလေ...အာဇာနည်ရဲ့ မိန်းမ.
အကျဉ်းကျလည်း မကြောက်..
ရှင်ကွဲခွဲ ခြောက်လည်း..မကြောက်
ဥကျင်း က
ဒေါင်းသားပေါက်အတွက်.
အားမာန်နဲ့  ကြိုးစား.
ကျမ ပြုစုသွားမယ်
မောင်ရယ် အားမငယ်နဲ့ 

ဒေါင်းအမျိုးဆိုတာ…ရာဇ၀င်မညှိုးဖူး
ဒေါင်းအဖေ…ဒေါင်းအမေ
ဒေါင်းသားလေး ဒေါင်းသမီးလေးတွေ
သတ္တိသွေးရဲရဲ..
ကျမတို့ ရမဲ့ တနေ့  အောင်ပွဲ။

မောင်
ကောင်းကင်မှာ
ကြယ်စင်တွေ အများကြီးရှိတယ်.
မောင်ဟာ မှိန်တလင်းအရောင်ပေးပေမဲ့
ကြယ်စင်ဟာ ကြယ်စင်ပါဘဲ

မောင်
မြန်မာပြည်မှာ..
ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်တွေ အများကြီးရှိတယ်.
မောင်ဟာ အညတြပေမဲ့
အာဇာနည်ဟာ အာဇာနည်ပါဘဲ

အညတြ အာဇာနည်..
မောင်ဟာ
ကျမရဲ့ ရာဇ၀င်ထဲက
ချစ်သော..သုရဲကောင်းစစ်သည်။


မသဒ္ဓါ (၁၂။၁၂.၂၀၀၈)
မောင်ရဲရင့်ငယ်ပြောပြသော ကိုထွန်းထွန်းနိုင် နှင့် ဇနီးသည် သားငယ်လေးအတွက် ဂုဏ်ပြုပါတယ်။



အညတယ ခွပ်ဒေါင်းများ
Photobucket

Photobucket

အင်းစိန်မြို့နယ် ဖေါ့ကန်ရပ်ကွက်တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို ပြီးခဲ့သည်လက စစ်ဏာရှင်များက ထောင်ဒဏ်၁၉ နှစ်ချမှတ်ခဲံ့ ပါတယ်။ အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည် ၈၈၈၈ မတိုင်ခင်ထဲက အင်း စိန်မြို့ နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့ သည်။အင်းစိန်မြို့နယ်တွင် ၈၈၈၈နေ့က ညနေ၃နာရီခွဲတွင် စတင်ဆန္ဒပြခဲ့ပြီး ထွန်းထွန်းနိုင်သည် ကျောင်းသားများကြား အဓိက ချိတ် ဆက်ပေးခဲ့သူတဦး လည်း ဖြစ်သည်။ အရေးအခင်းပြီးသောအခါ NLD လူငယ်ဖြစ်လာသည်။ နအဖမှ NLD အပေါ်ဖိနှိပ်မှုများ စတင်ခဲ့ သည့် အချိန်မှစ၍ အင်းစိန်မြို့နယ် NLD အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး ဒီတကြိမ် အပြစ်ဒဏ် မှာအများဆုံးဖြစ်သည်။ အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့် တနှစ်ခွဲအရွယ် သားငယ်တဦး ကျန်ရစ်သည်။ DVB နှင့်မေးမြန်းခန်း တွင် ဇနီးဖြစ်သူက ""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ.. စုံစမ်းလို့လည်း မရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး တဖက်နဲ့ လမ်း ထိပ်မှာ မုန့်ဗန်းလေးနဲ့ ရောင်းရင်း အကိုပြန်အလာပဲ မျှော်နေရ တော့တာပါပဲရှင်.....""
ပထမတွင် ၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍စုစုပေါင်း၁၉နှစ်ချမှတ်ခံခဲ့ရသည်။ ယခုအခါ မိထ္ထီလာ ထောင်တွင် ကျခံနေရပြီး ဇနီးဖြစ်သူမှာ ဖေါ့ကန်ကားမှတ်တိုင်တွင်ဖရဲသီးစိတ်ရောင်းရင်း လမ်း လျှောက် တတ်စအရွယ်သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူမှာလည်း တကြိမ် အဖမ်းခံရပြီး ဖြစ်ရာ ဒုတိယ နီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန် မှတပါး။။
အညတယခွပ်ဒေါင်းများ အားဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ ။ (ရဲရင့်ငယ် Blog မှ)
Photobucket

ဘုရားရှစ်ခိုးနည်းအသစ်

Photobucket

နေရာမပြောင်းလိုကြလျှင် လုံအောင်ထိုင်ဖို့လိုပါသည်

မှတ်မိနေသေးသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က ကြားမိခဲ့သော စွဲမိစွဲရာစကားလေးတခွန်းကို ….

“ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေနဲ့တူတယ်။ ခေတ်အဆက်ဆက်ကို ပြန် ကြည့် ကြည့်… ဒီ ပိတ်လှောင်ခံထားရတဲ့ ကြက်ခြင်းထဲက လွတ်အောင် ဘယ်လိုအင်အားကိုစုစည်းပြီး ဘယ်လို ဖောက်ထွက်မလဲ ဆိုတာ မစဉ်းစားဘဲ တကောင့်ခေါင်းကို တကောင်ဆိတ်နေတာနဲ့ပဲ ထိပ်မွေးတွေပြောင်တာပဲ အဖတ်တင်ပြီး အချိန်တန်တော့ အားလုံး ကြက်တန်းမှာ လည်လှီးခံလိုက်ရတာချည့်ပဲ”….

အဲသည်စကားကို ဆိုခဲ့သူက အဲသည် အနှစ်နှစ်ဆယ်တုံးက အသက် (၃၀) ၀န်းကျင်လောက်ပဲ ရှိဦးမည့် ကျမအမေ၏ စည်းရုံးရေးမှူးတယောက်ဖြစ်သည်။ လူငယ်ပေမယ့် အတွေးမငယ်ခဲ့ပါ။ သူပြောတာ တကယ်ပဲမှန်နေမှန်း နိုင်ငံရေးလှုပ်ရှား နေသူများကို ဘေးကထိုင်ကြည့်လာခဲ့သည့် သည်ခရီးရှည်ကြီးမှာ ရနေသည့်အတွေ့အကြုံများက သူ့စကားက မှန်နေကြောင်း သက်သေတွေ အများကြီးကို ကျမ တွေ့ခဲ့ရပါသည်။

ကိုယ့်ထက် နည်းနည်းလေး ထင်ပေါ်သွားလျှင် မနာလိုစိတ်ဝင်လာတတ်သူများ…. ကိုယ်လုပ်တာမှ အမှန်ထင်နေသူ များ…. ဘေးထိုင်.. ဘိုင်ကျ.. ဘုပြောနေသူများ…. နိုင်ငံရေးလှုပ်ရှားမှု ဘန်းပြရှေ့တန်းတင်ပြီး မိသားစုကောင်းစားရေးအတွက် အရေခြုံ သူများ…..

တိုင်းရင်းသားအချင်းချင်း ပိုမို သွေးစည်းညီညွတ်ရန်လိုအပ်နေမှု…. အကျင့်ပျက်ခြစား သိက္ခာကျနေမှုများကို တဦးချင်းစီ ထိန်းချုပ်စောင့်စည်းမှုကို စတင်ရန်လိုအပ်နေမှု… ဘုံရန်သူကို ပေါင်းတိုက်ရန်…. ဆိုသည့် အပြောကို နှစ်ပေါင်းများစွာ အော်ဟစ်နေခြင်းအားရပ်တန့်၍ အမှန်တကယ် သွေးစည်းညီညွတ်မှုကိုပြကာ ဘုံရန်သူကို အမြစ်ဖြတ်ချနိုင်မှုတို့အား အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ကယ်ဆယ်ရေးအဖြစ် မသတ်မှတ်ကြပါက မြန်မာပြည်အရှက်ရနေခြင်း… ကူညီသူမဲ့နေခြင်းအတွက် ထို နိုင်ငံရေးသမားများတွင် ပိုမိုတာဝန်ရှိလာပါလိမ့်မည်။

ဘာဖြစ်လို့ ကျမ သည်လိုရေးရသလဲဆိုလျှင်… မြန်မာ့အရေးကိုကိုင်သော ထိုင်းထောက်လှမ်းရေး အရာရှိတဦး၏ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခြင်းကို ကျမလည်း ဘာမှ မသိရ.. မလုပ်ရ… ပါဘဲနှင့် အခြောက်တိုက် ခေါင်းငုံ့ခံခဲ့ရသောကြောင့် ဖြစ်ပါသည်။ ကျမ သည်ဖက်ကို ထွက်လာကတည်းက တိုင်းရင်းသားတွေ၏ အစည်းအဝေးတွေ.. အခမ်းအနားတွေမှာ သတင်းသွားယူတိုင်း… “ဗမာတွေ…” အစချီ နာကျည်းမှုအလင်္ကာတွေကို အတော်လေး နာခံခဲ့ရပါသည်။ ဗမာစစ်တပ်… ဟုခေါ်သော အကျင့်ပျက်များ ပညာမဲ့များနှင့်တည်ဆောက်ထားသည့် ထိုစစ်တပ်၏ လုပ်ရပ်မှန်သမျှအတွက် ကျမတို့ မြန်မာတိုင်းရင်းသားများ အခြောက်တိုက် တိုင်းရင်းသားညီအကိုမောင်နှများ၏ မုန်းတီးမှုခံနေရသည်ကို ကျမ အတော်လေး ထိခိုက်ခံစားခဲ့ရပြီးဖြစ်ပါသည်။

သူက ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံရေးလုပ်နေသမျှ လူကြီးအားလုံးအား နံမည်တပ်၍ နံမည်ရှေ့တွင် ဦး…တပ်ခေါ်ရမည်ကို သိရလောက်အောင် မြန်မာမှုနှင့် ရင်းနှီးသော်လည်း သူ၏ ထိုနိုင်ငံရေးသမားများအပေါ် အထင်မကြီး… မလေးစား… ရွံလျာ စက်ဆုပ်မှုများအား ပြလိုသောအားဖြင့် နံမည်အတိုင်းခေါ်ဝေါ်သုံးနှုန်းလျှက်… ရာထူးယူထားပြီး အလုပ်မလုပ်ဘူး။ ပိုက်ဆံကို မြန်မာပြည်ထဲမှာ မမြင်ဘူးခဲ့ဘဲနဲ့ ဒီဘက်ရောက်မှာ ငါတို့တောင် မသောက်နိုင်တဲ့အရက်ကိုရေချိုးသလို သောက်နေတဲ့ ကောင် တွေ…. စသဖြင့် နင့်နင့်နာနာပြောသမျှ ကျမမှာ မြန်မာဖြစ်မိသည့်အတွက် ခေါင်းငုံ့ခံခဲ့ရပါသည်။ ဒါကြောင့်လည်း (၈) လေးလုံး အရေးအခင်းကာလများအတွင်း ဟောပြောပွဲများတွင် ဆရာသော်က က “ကျနော် ဗမာလူမျိုးအဖြစ်က နှုတ်ထွက်ချင်နေတာ ဘယ်မှာ လျှောက်လွှာတင်ရမယ်မှန်း မသိလို့ဗျာ” ဟု သရော်လှောင်ပြောင်ခဲ့တာဖြစ်လိမ့်မည်။

---- ဥက္ကဌက သူ့ကားပြင်စရိတ်ဆိုပြီး ဘတ် နှစ်သောင်းတောင်းသတဲ့။ နင်စဉ်းစားကြည့်စမ်း။ နင်တို့ ဗမာအဖွဲ့အစည်းတွေကို အန်ဂျီအိုတွေပိုက်ဆံပေးနေတာ ပုဂ္ဂလိက ကားဝယ်စီးဖို့ ကားပြပြီး ကားပြင်စရိတ်တောင်းတာ ထုတ်ပေးဖို့ မဟုတ်ဘူး။ နင်တို့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ သူတို့ရှာထားတဲ့ငွေကို လာပေးတာ။ အခု နင်တို့လုပ်နေတဲ့ နိုင်ငံလွတ်မြောက်ရေး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ အဲန်ဂျီအိုတွေက ပေးတဲ့ပိုက်ဆံကို နင်တို့လူကြီးတွေ ထိုင်သုံးနေတာ ဘတ် ဘယ်နှစ်သန်းရှိပြီလဲ။ အဲဒီငွေနဲ့ လုပ်တဲ့အလုပ် ဘယ်လောက်ပြီးမြောက်တွင်ကျယ်လဲ။ ဘယ်လောက်သုံးပီးရင် အလုပ် ဘယ်လောက်ပီးနေပြီဆိုတဲ့ အဖြေတခါမှ ထွက်မလာဘူး။ အရင်တုံးက တိုင်းရင်းသားတွေလုပ်တဲ့အစည်းအဝေးပဲဖြစ်ဖြစ်… ဗမာတွေလုပ်တဲ့အစည်းအဝေးပဲ ဖြစ်ဖြစ် ငါ့ကိုဖိတ်ရင် ငါလိုက်တက်သေးတယ်။ အခု ငါ့ကိုလာဖိတ်ရင် တကယ်အလုပ်ဖြစ်မယ့်ပွဲလား။ မဟုတ်ရင် ငါ့လာမပြော နဲ့…နင်တို့ ပိုက်ဆံတောင်းဖို့ အကြောင်းပြလုပ်တဲ့ပွဲကို ငါစိတ်မ၀င်စားဘူးလို့ ပြောလိုက်တယ်”

ကျမလည်း ဘာမှ မသိရသော ထိုသူပြောသည့်ကိစ္စများအတွက် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလဆန်းမှာ အပြောခံခဲ့ရသည့် ထိုစကား များသည် ကျမတသက်တာမှာ မြန်မာဖြစ်ရခြင်းအတွက် တနင့်နင့် ရှက်နေစေတော့မည့် ဘယ်တော့မှ မကျက်သော စိတ် ဒဏ်ရာများ ဖြစ်ခဲ့ရပါသည်။ ကျမတို့ သာမန်ပြည်သူများမှာ မြန်မာဖြစ်နေသည့်အတွက် ရောက်လေရာမှာ …နင်မဟုတ်လည်း နင့်အဖေပဲ… ဆိုတာမျိုးနှင့် နာကျင်ရပေါင်းလည်း များလှပါပြီ။

ထို ထိုင်းဗိုလ်မှူးက ကျမကို နောက်ဆုံးပိတ်အနေနှင့် ပြောတာက “ငါ ဒီစကားတွေကို နင်တို့လူကြီးတွေကို ပြောပြီးပြီ။ တယောက်မှ အချိုးမပြင်ဘူး။ အရှက်မရှိဘူး။ အဲဒီတော့ နင်တို့လူငယ်တွေကို ငါက ထပ်ပြောကြည့်တာပဲ။ နင်တို့လက်ထက် မှာတော့ ဒီအချိုးတွေနဲ့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

အကယ်၍ ထိုသူ့နံမည်ကို အတိအကျသိလိုပါက ကျမကတော့ မမှတ်မိတော့ပါ။ သေချာတာကတော့ အဲသည်တုံးက ကျမက ရှေ့ခန်းမှာထိုင်စီးပြီး သူပြောသမျှခံနေရချိန်တွင် နောက်ခန်းထဲ၌ သတင်းထောက်ကိုမိုးကျော်နှင့် ကျမ နံမည် မမှတ်မိတော့ သော ကရင်လူငယ်လေးတယောက်ပါပါသည်။ သူတို့က တကယ်အိပ်ပျော်နေကြသလား… သည်အသံတွေ မကြားချင်၍ မပတ်သက်ချင်၍ပဲလားမသိ… တုပ်တုပ်မျှပင် မလှုပ်ခဲ့ကြပါ။ သည်တော့ ထိုသူ့နံမည်သိလိုသူများ သူတို့ကို ရှာဖွေမေးမြန်း နိုင်ပါသည်။ ကျမကတော့ ဦးနှောက်သိပ်မကောင်းသောကြောင့် တခါတည်းတွေ့ဖူးသောသူများ၏ အမည်ကို မှတ်မိရိုး ထုံးစံ မရှိပါ။

အချိုးတွေ… ပြင်ဖို… ဆိုသည့်စကားကိုကြားတော့ ကျမက မြန်မာ့ရိုးရာပုံပြင်လေးတပုတ်ကို သွား၍ သတိရမိပြီး ပြုံးမိပါသည်။

ပုံပြင်ဖြစ်သောကြောင့် ဟိုး…. ရှေးရှေးတုန်းက… နှင့်ပဲ စရပါလိမ့်မည်။

ဟိုးရှေးရှေးတုန်းက ရွာလေးတရွာမှာ မိသားစုလေး တစုရှိပါသတဲ့။ အဲဒီမိသားစုလေးမှာ အလွန်မှ နမော်နမဲ့ နေတတ်ထိုင်တတ် တဲ့ သမီးတယောက်လည်းပါ ပါသတဲ့။ တနေ့တော့ ညစာ ထမင်းစားဝိုင်းထိုင်ကြတဲ့အခါ သူက ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင် မှာ ၀င်ထိုင်လိုက်ပါသတဲ့။ အဲဒီလိုဆိုရင်ပဲ ဖခင်ဖြစ်သူက မျက်နှာမသာမယာနဲ့ “ဒီနေ့ တို့တွေ နေရာပြောင်း ထိုင်ရ စို့ရဲ့” လို့ ပြောပြီး နေရာရွှေ့ဖို့ပြင်သတဲ့။ ကျန်မိသားစုဝင်များကလည်း ဟုတ်ကဲ့ အဖေ… ဆိုပြီးနေရာရွှေ့လိုက်ကြပေမယ့် အဲဒီ မသိသားဆိုးဝါးလှတဲ့ သမီးက အဖေ ကျမရော ပါသေးလား… လို့ နေရာမရွှေ့ဘဲမေးလိုက်တဲ့အခါ အဖေကြီးက စိတ်ဆိုးလာပြီး “နေရာပြောင်းဖို့ ပြောနေရတာ နင့်ကြောင့်” လို့ ပြောလိုက်ပါသတဲ့။

နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ညနေပိုင်း အရက်တမြမြနှင့်ဇိမ်ကျနေသော နိုင်ငံရေးသမားကြီးများအား ထိုပုံပြင်လေးကို နှစ်သစ် ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ…။ သို့သော် အားလုံးက အဖေ ကျမရောပါသေးလား… ဆိုသူများချည့် ဖြစ်နေမည် ဆိုလျှင်တော့ ကျမတို့အားလုံး သေဖို့သာကောင်းပါတော့မည်။

ခွာညို
http://www.newmyaaeinkhin.blogspot.com/ မှ

ဒီတခါတော့မြည်းသေးသေးလေးအလှည့်ပါ။ ။

Photobucket
(နည်းပညာဗိုလ်လောင်း၁၁ဆင်းပွဲ)

စစ်အာဏာရှင် အမိုက်တိုက်အောက်က ဓာတ်လိုက်နေတဲ့ မြန်မာပြည်



သန်းစိုးလှိုင်

ဒီဇင်ဘာ ၂၀၊ ၂၀၀၈
Photobucket
မြန်မာပြည်ကို အပြန်လမ်းမှာ စင်ကာပူလေဆိပ်ပေါ် လေယာဉ် ၀ဲတဲ့အခါ အောက်ငုံ့ကြည့်လိုက်တော့ တိုက်တွေတာတွေက မီးရောင်တွေ၊ လမ်းမကြီးတွေက မီးတိုင်တန်းတွေကို မြင်ရပြီး “စင်ကာပူဆိုတာ ဒီလိုပါလား … ” လို့ခံစားရပါတယ်။ တဖန် ဘန်ကောက်မြို့ကို ဆင်းပြန်တော့ မျက်စေ့တဆုံး မြို့ရဲ့မီးရောင်တွေ၊ အမြန်လမ်းမကြီးတွေရဲ့ မီးတိုင်တွေ တန်းစီနေတာ မြွေကြီးတကောင် လဲလျောင်းနေသလို ထင်ရပါတယ်။ လေယာဉ်ဆင်းပြီးတော့လည်း မီးရောင်စုံ ထိန်ညီးနေတဲ့ ဘန်ကောက်မြို့ကို ရှုမြင်ရပါတယ်။

အဲဒီကနေ ရန်ကုန်ပြန်တော့ တနာရီခန့်အကြာမှာ လေယာဉ်မယ်က “မကြာခင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်ပါတော့မယ် …” လို့ဆိုပါတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ အ၀ါရောင်မီးပွင့် ကြိုးတိုးကြဲတဲနဲ့ နီယွန်မီးချောင်းရောင် အနည်းငယ်ကလွဲရင် မှောင်မည်းနေပါတယ်။ “ရန်ကုန်မြို့ကြီးမှ ဟုတ်ရဲ့လား၊ ရောက်မှ ရောက်သေးရဲ့လား …” လို့ ထင်မိပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာ လေယာဉ်ကွင်းပေါ် ဆင်းသက်လိုက်တော့ “ရန်ကုန်ပါလား …” လို့ ယုံကြည်လိုက်ရပါတယ်။



လျှပ်စစ်မီးဒုက္ခ

လွန်ခဲ့တဲ့လ မှစပြီး ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ လျှပ်စစ်မီး အလှည့်နဲ့ ပေးတဲ့အပြင် တရက်ကို ၆ နာရီ သာသာပဲ ပေးနိုင်ပါတော့တယ်။ ခါတိုင်းနှစ်တွေဆိုရင် ရန်ကုန်မြို့မှာ ဇန်န၀ါရီလကုန်လောက်မှ ဆည်ရေ နည်းသွားလို့ ဆိုပြီး လျှပ်စစ်မီး အလှည့်ကျ ပေးပါတယ်။

မိုးရာသီ အလယ်လောက်ကနေ နှစ်ကုန်လောက်အထိ တနေ့ ၁၆ နာရီ ၁၈ နာရီ ၀န်းကျင်ရပေမယ့်၊ ဒီနှစ်ကတော့ ဆောင်းရာသီတောင် မရောက်သေးတဲ့ နိုဝင်ဘာလ အစမှာကတည်းက လျှပ်စစ်မီးတွေ အခြေအနေ တော်တော်ဆိုးနေတာ တွေ့ရပါတယ်။

“ရန်ကုန်မြို့ကို တဖက်တလမ်းက လျှပ်စစ်ဓါတ်အား ထုတ်ပေးနေတဲ့ စီအင်ဂျီ သုံး တာဘိုင်စက်တွေ ပျက်တာလား၊ စီအင်ဂျီ မလာလို့လား …” စတဲ့ ခန့်မှန်း ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနကတော့ အကြောင်းရင်းကို ဘာမှ မပြောဘဲ ရေငုံ နှုတ်ပိတ်သာ နေပါတယ်။

ဒီလို အချိန်အခါမှာ သတင်း ဂျာနယ်တွေက ရန်ကုန်တိုင်း လျှပ်စစ်ရုံး၊ အလုံလျှပ်စစ်စွမ်းအားရုံး(ယခင်ဝန်ကြီးရုံး) ကိုဖုန်းဆက်ကာ မေးပေမယ့်လည်း ရေရေရာရာ ဖြေကြားလေ့မရှိပါဘူး။

ဂက်စ်ပိုက်လိုင်းပေါက်လို့ ရက်ပိုင်းလောက်သာ ဖြစ်သလိုမျိုး စီးတီးအက်ဖ်အမ်က ပြောပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံက ၀န်ကြီးဌာနအများစုဟာ ၀န်ကြီးဌါနရဲ့ လုပ်ဆောင်ချက်တွေကို ၀ါဒဖြန့်ဖို့ လောက်သာ သတင်းဂျာနယ်တွေကို အသုံးချကြပါတယ်။ လူထုအတွက် ဘယ်လောက်ပဲ အရေးကြီးတဲ့ သတင်းဖြစ်ပါစေ၊ ၀န်ကြီးဌာန အကျိုးမရှိဘူး ဆိုပါက တရားဝင် ဘယ်တော့မှ မပြောပါဘူး။ ယခုလည်းပဲ လူဦးရေ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ လျှပ်စစ်မီး လာတချက် ပြတ်တချက် ဖြစ်နေတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း အသိမပေးပါဘူး။ တင်းကြပ်တဲ့ စာပေစိစစ်ရေးအောက်က မြန်မာ့ပုံနှိပ်မီဒီယာဟာ တကယ့်အဖြစ်မှန်ရဲ့ အရိပ် အရောင် ပြန်ဟပ်ရုံလောက်ကလေးနဲ့သာ သတင်းတွေကို ဖေါ်ပြနိုင်တာမို့လို့ ယခုတပတ် မြန်မာတိုင်းမ် ဂျာနယ်မှာ “ရန်ကုန် မီးစက်ရောင်းအား ထိုးတက်လာတယ် …” ဆိုတဲ့ သတင်းပါရင် ရန်ကုန်မှာ လျှပ်စစ်မီး အခြေအနေ တော်တော် ဆိုးနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
Photobucket
မြို့ပြမီးသုံးစွဲမှုနဲ့ လူတွေရဲ့ဘဝ

မြန်မာနိုင်ငံသားများအတွက် လျှပ်စစ်မီးပျက်ခြင်းဟာ နေ့တဓူဝ အတွေ့အကြုံလို ဖြစ်နေပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့က မြို့ခံတွေအတွက် လျှပ်စစ်မီးအကြောင်း ခေါင်းထဲ ထည့် မစဉ်းစားရတာ ဆိုလို့ တစ်နှစ်မှာ ၃ လ တောင် မပြည့်တတ်ပါဘူး။

နေ့စဉ် “ မီး ဘယ်အချိန် ပျက်မလဲ၊ ဘယ်အချိန် ပြန်လာမလဲ …” ဆိုတာကို ခေါင်းထဲ ထည့်ထားရပါတယ်။ ကျောင်းသားလည်း ကျောင်းသားမို့လို့၊ အိမ်မှာနေရင်း ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့သူလည်း သူ့လုပ်ငန်းနဲ့ လျှပ်စစ်မီးနဲ့ ဆက်စပ်နေသလို၊ အလတ်စား လုပ်ငန်းရှင်တွေလည်း လျှပ်စစ်မီးလာဖို့အတွက် ပေးရ ကမ်းရနဲ့ အားလုံးအတွက် ၁၂ ရာသီပတ်လုံး ဗျာများနေကြရတဲ့ ဘ၀ပါ။

လူတွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေကို လျှပ်စစ်မီးလာချိန်နဲ့ လိုက်ညှိပြီး လှုပ်ရှားကြရတဲ့သူ မြန်မာနိုင်ငံမှာ အများအပြားရှိပါတယ်။ လျှပ်စစ်မီးက ညသန်းကောင်ကျော်မှလာလို့ ရေစုပ် တင်ဖို့၊ အ၀တ်လျှော်ဖို့၊ မီးပူတိုက်ဖို့ကအစ မနက်စောစော လျှပ်စစ်မီး မပြတ်ခင် လျှပ်စစ်ထမင်းအိုး ထပြီးချက်ရတဲ့အထိ အိမ်ရှင်မတွေလည်း နေ့ခင်း နားနေပြီး၊ ညသန်းခေါင်မှာ အိမ်အလုပ် ထ လုပ်ရတဲ့ ဘ၀ပါ။

ကျောင်းသားတွေအနေနဲ့လည်း မီးမလာလို့ စာကျက်ချိန်၊ အိပ်ချိန်ကို လျှပ်စစ်မီးနဲ့ လိုက်ညှိရတဲ့ ဒုက္ခလည်း မသေးလှပါဘူး။ မြန်မာနိုင်ငံက မြို့နေလူတွေမှာ မီးလာတာ မြင်နေရင်၊ တခုခု ဘယ်လို အသုံးချရမလဲလို့ စိတ်ကူးတဲ့အကျင့်တောင် လူတွေမှာ စွဲလာပါတယ်။ အဲဒီအထိ လျှပ်စစ်မီးက လူတွေရဲ့ဘ၀ကို ထိန်းချုပ်ထားပါတယ်။



လျှပ်စစ်မီးလက်ထဲက စီးပွားရေးဘဝ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက်ကတော့ စီးပွားရေး မလုပ်ခင် လုပ်ကိုင်မယ့် ရပ်ကွက်ဟာ နှိုင်းယှဉ်မှုအားဖြင့် လျှပ်စစ်မီးလာချိန် များရဲ့လားဆိုတာ အရင် ရွေးရပါတယ်။ အဲဒီနောက် မီးမလာခဲ့ရင်သုံးဖို့ မီးစက်ကိုလည်း ၀ယ်ယူ ရင်းနှီးရပါသေးတယ်။ ရန်ကုန်မြို့ထဲမှာ စာစီစာရိုက်၊ ကွန်ပျူတာဆားဗစ်၊ အင်တာနက်ကဖေးလိုမျိုး လုပ်ငန်းသေးအတွက်တောင် ကျပ်ငွေ ၅ သိန်းမှ ၁၀ သိန်း ၀န်းကျင်ဖိုး မီးစက်အတွက် သုံးရပါတယ်။

ဒီထက် အနည်းငယ်ကြီးတဲ့လုပ်ငန်းမျိုး၊ စားသောက်ဆိုင်လိုမျိုးဆို မီးစက်ကြီးကြီး လိုတာမို့ ကျပ်ငွေ သိန်း ၂၀၊ ၃၀ အနည်းဆုံး သုံးကြရပါတယ်။ စီးပွားရေးလုပ်ငန်း တခု ထူထောင်ရာမှာ လျှပ်စစ်မီးအတွက် ရင်းနှီးရတဲ့ငွေက အရင်းအနှီးအားလုံးရဲ့ ၁၀% မှ ၁၅% အကြား ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ လမ်းလျှောက်တဲ့အခါ အိမ်တွေ၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေကသုံးတဲ့ လေးထောင့်ပုံ သံသေတ္တာတွေလို မီးစက်တွေက လမ်းလျှောက်ရ ခက်ခဲလောက်အောင် ပလက်ဖောင်းတလျောက် တန်းစီနေတာပါ။

ကုမ္ပဏီကြီးတွေနဲ့ ဟိုတယ်လို ပလာဇာလိုမျိုးက သုံးတဲ့မီးစက်တွေဆိုရင် တလုံး တလုံးကို သိန်း ၁၀၀ ကျော်ကနေ သိန်း လေး ငါး ခြောက်ရာ အထက်ထိ ရှိပါတယ်။ အထည်ချုပ်စက်ရုံတရုံဆိုရင် သိန်း ၂၀၀ ကျော်တန်၊ တပတ်ရစ်မီးစက် ၂ လုံး ၃ လုံး ၀ယ်ထားရတယ်လို့ ဆိုပါတယ်။ အရံအနေနဲ့ ထားတာ၊ လုပ်ငန်းလည်ပတ်မှုပမာဏအလိုက် အကြီး အသေး သုံးတာမျိုးကြောင့် အရွယ်အစား မတူတာမျိုးကိုလည်း ၀ယ်ထားကြရပါတယ်။

မန္တလေးမြို့က ဟိုတယ်လုပ်ငန်းရှင်တွေဆိုရင်လည်း မီးစက် အကြီး အသေး ၃ မျိုး ၃ စား ထားပြီး ဧည့်သည်ကို ၀န်ဆောင်မှုပေးကြရပါတယ်။ နေ့ခင်းမှာ၊ အဲယားကွန်းမလိုတဲ့အချိန်မှာ မီးစက်အသေး၊ သိုမဟုတ် အခန်းများရင် အလတ်ကိုသုံးပြီး၊ ညဘက် မီးမလာတဲ့အချိန်မှာမှ စက်အကြီးကို လှည့်ရပါတယ်။

ထို့အတူပဲ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရဲ့ ဆွဲဆောင်မှုတရပ်လို့ ခေါ်ဆိုတဲ့ ငွေဆောင် ချောင်းသာက ဟိုတယ်တွေလည်း မီးစက် အကြီး အသေး ၃ မျိုးလောက် ထားရှိကြရတာပါ။ ငွေဆောင်လို ပြည်တွင်းဧည့်သည် အ၀င်နည်းတဲ့ ဟိုတယ်တွေမှာ တည တညကို မီးစက် ဒီဇယ်ဖိုးက သောင်း ဂဏန်း၊ သိန်း ဂဏန်း အထိရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ငွေဆောင်ကမ်းခြေရဲ့ ဟိုတယ်လုပ်ငန်း မတိုးတက်နိုင်ရတဲ့ အကြောင်းအချက်တွေအနက် လျှပ်စစ်မီး သွယ်တန်းနိုင်ခြင်းမရှိလို့ ဟိုတယ်တွေရဲ့ ၀င်ငွေထဲက ရာခိုင်နှုန်း အများစုကို လျှပ်စစ်မီးအတွက် သုံးစွဲလိုက်ကြရတာပါ။

လျှပ်စစ်မီးအတွက် မြန်မာနိုင်ငံက လူတန်းစားအသီးသီး ဒီလောက်အထိ ငွေသုံးနေကြရတာ ဘာလို့ စုပေါင်းပြီး မီးစက် လှည့်တာတို့၊ မီးပေးတာတို့ မလုပ်ကြသလဲလို့ မေးကောင်း မေးပါလိမ့်မယ်။

အစိုးရက ခွင့်မပြုလို့ပါပဲ။

Photobucket

လျှပ်စစ်မီး ကလာတဲ့ ပါဝါ ပြီးတော့ …

အချို့သော ရပ်ကွက်ငယ်တွေမှာ မီးပေးချိန် အလွန် နည်းလွန်းတာ၊ ဒါမှမဟုတ် ရက် အတန်ကြာမှ မီးလာတာမျိုးဆိုရင် အိမ်တွေကို ၀ါယာကြိုး သွယ်တန်းပြီး တညကို ၁၀၀၊ ၂၀၀ အနေနဲ့ မီးပေးတာမျိုး ရှိပေမယ့် ဒိထက်ပိုပြီး ပုဂ္ဂလိကလျှပ်စစ်မီးပေးတာမျိုးကို ခွင့်မပြုပါဘူး။

လှိုင်သာယာ စက်မှုဇုန်လိုမျိုးမှာ စက်ရုံတိုင်း စက်ရုံတိုင်း မီးစက်ကြီးတွေ ထားပြီး မောင်းနေကြတာ တနေ့ တနေ့ကို ဒီဇယ်ဖိုး သိန်းဂဏန်းနဲ့ ကုန်ကျပါတယ်။ အဲဒီလို စက်ရုံပေါင်း ရာနဲ့ ချီပြီး တရက် တရက်ကို သိန်းနဲ့ချီတဲ့ လောင်စာတွေ သုံးနေမယ့်အစား စုပေါင်းပြီး မီးစက်ကြီးကြီး တည်လိုက်ရင် လုပ်ငန်းတခုချင်း မီးစက်ဖိုးလည်း သက်သာ၊ လောင်စာဖိုးလည်း သက်သာမှာ ကို လူတိုင်းတွေးမိကြပါတယ်။

အဲဒီအခြေအနေကို မြင်လို့ အက်ဖ်အမ်အိုင်ကုမ္ပဏီပိုင်ရှင် ဆာ့ဂ်ျပန်းက စက်မှုဇုန်ကို မီးပေးဖို့ အစိုးရနဲ့ ညှိပါသေးတယ်။ ဒါပေမယ့် ခွင့်မပြုပါဘူး။ အစိုးရသွယ်တန်းထားတဲ့ လျှပ်စစ်မီးလိုင်းပဲကို အခပေးပြီး ငှားသုံးပါမယ်လို့ ကမ်းလှမ်းပေမယ့်လည်း အစိုးရက ခွင့်မပြုတဲ့အတွက် စက်ရုံတိုင်း ကိုယ့်မီးစက်နဲ့ ကိုယ်မောင်းကာ သုံးစွဲနေရပါတော့တယ်။

စစ်အစိုးရအနေနဲ့ လျှပ်စစ်မီးကိုလည်း နိုင်ငံရေးအာဏာရဲ့ အခြေခံတခုလို့ ရှုမြင်ထားပုံ ရပါတယ်။ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးအခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ။ ပြိုင်ဆိုင် လုပ်ကိုင်ခွင့်ရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။



လျှပ်စစ်မီးနဲ့ နိုင်ငံရေး

လျှပ်စစ်မီးကြောင့် လူတွေ အစိုးရကို ထောက်ခံမှု လျော့နည်းနေရတာကို အစိုးရအနေနဲ့ တဖက်မှာ ကြားသိပေမယ့်၊ ဘယ်တုန်းကမှ လျှပ်စစ်မီးစီမံကိန်းတွေကို ရေရှည်အမြင်နဲ့ ချမှတ် လုပ်ကိုင်ခဲ့တာ မတွေ့ရပါဘူး။ နိုင်ငံတကာ အလယ်မှာ တရုတ်ရဲ့နိုင်ငံရေး ထောက်ခံမှုကို ရလိုတာကြောင့် တရုတ်လုပ် ရေအားလျှပ်စစ် တပတ်ရစ်တွေ၊ လောင်စာသုံး တာဘိုင် တပတ်ရစ်တွေ ၀ယ်ယူပြီးနောက် အလုပ်မဖြစ်တာတွေလည်း မကြာခဏ ကြားနေရပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲ မတိုင်ခင်က ကားပွဲစားတဦးကို ထောက်ခံမလား၊ ကန့်ကွက်မလားမေးရာမှာ …

“လျှပ်စစ်မီးတောင် မှန်အောင် မလုပ်နိုင်တဲ့ အစိုးရကို ဘာ အကြောင်းကြောင့် ထောက်ခံရမှာလဲ၊ အိမ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၅ယောက် ရှိတယ်၊ အားလုံး ကန့်ကွက်မဲ ပဲ”

လို့ ပြန်ဖြေပါတယ်။

ဒါပေမယ့် စစ်အစိုးရဟာ မဲလိမ်တဲ့ နည်း၊ ၀န်ထမ်းနဲ့မိသားစုတွေကို ခြိမ်းခြောက်တဲ့ နည်းနဲ့ အတည်ပြုကြောင်း ကြေငြာခဲ့ပါတယ်။ တဘက်မှာ လျှပ်စစ်မီးအခက်အခဲကြောင့် လူတွေ အစိုးရကို မထောက်ခံတာ၊ စိတ်ကုန်တဲ့အကျိုးဆက် ဖြစ်ပေါ်သလို၊ အခြားတဘက်မှာလည်း အစိုးရရဲ့ တလွဲ စီမံခန့်ခွဲမှုကြောင့် လူတွေ လျှပ်စစ်မီးနဲ့ အချိန်ကုန် ငွေကုန်ဖြစ်နေရတာကိုများ စစ်အစိုးရက နှစ်သက်စွာ ရွေးချယ်ထားသလားလို့ စဉ်းစားစရာပါ။

မြန်မာနိုင်ငံမှာ လူအများအပြားရဲ့ လုပ်အားတွေ၊ အချိန်တွေ၊ ၀ိရိယတွေဟာ အစိုးမရတဲ့ လျှပ်စစ်မီးအတွက် အချည်းနှီး သုံးစွဲနေကြရပါတယ်။
Photobucket
မီးစက်နဲ့ ဖိထားတဲ့ မြန်မာလူနေမှုဘဝ

အိမ်တိုင်း အိမ်တိုင်း အင်ဗာတာ၊ ဘက်ထရီအိုးကြီး၊ ကွန်ပျူတာမှာ ပါဝါ ဘက်အပ်လုပ်တဲ့ ယူပီအက်စ်တွေ၊ အိမ်သုံး မီးစက်တွေနဲ့ ငွေ၊ အချိန်၊ လုပ်အားတွေ သုံးစွဲလိုက်ကြရသလို၊ အဲဒါတွေနဲ့ အချိန်ကုန်နေတာကြောင့် စစ်အစိုးရကို ဆန့်ကျင်ဖို့ အချိန်နဲ့ လုပ်အားမရှိအောင်များ ရည်ရွယ်သလား လို့ အချို့က သံသယ ရှိကြပါတယ်။ လူတွေကို အဲဒီလိုအခြေအနေမှာ ကျင်လည်နေအောင် တမင် ရည်ရွယ် လုပ်ဆောင်ထားတာလို့ ယုံကြည်သူတွေလည်း မြန်မာနိုင်ငံမှာ ရှိပါတယ်။



စစ်အစိုးရ ရဲ့အာဏာရှင်စရိုက်

စစ်အစိုးရရဲ့ အာဏာရှင်စရိုက် နောက်လက္ခဏာတခုကတော့ စစ်အစိုးရအုပ်ချုပ်သူတွေဟာ၊ စစ်တပ်ဟာ ဘယ်တော့မှ အရပ်သားတွေနဲ့ အခွင့်အရေး တတန်းထဲ မနေတာပါပဲ။

လျှပ်စစ်မီးသုံးစွဲရာမှာလည်း ယခင် ရန်ကုန်မှာ နေထိုင်စဉ်က “ဗီအိုင်ပီလိုင်း”လို့ခေါ်တဲ့ ၂၄ နာရီ လုံးလုံး မပျက်စေရတဲ့ လိုင်းကို စစ်အစိုးရ ခေါင်းဆောင်တွေ၊ ၀န်ကြီးတွေနေတဲ့ အိမ်တွေ၊ ရပ်ကွက်တွေမှာ သွယ်တန်းထားစေပြီး၊ သာမန်လူတွေနဲ့ အဆင့်အတန်း ခွဲခြားထားခဲ့ပါတယ်။

တခါ ပျဉ်မနားကို ပြောင်းသွားပြီးနောက်မှာ “ပျဉ်းမနားနေပြည်တော်”ဟာ ပထမဆုံး ဦးစားပေးဖြစ်လာပြီး ပေါင်းလောင်း ရေအားလျှပ်စစ်က ထုတ်ယူလို့ရတဲ့ ဓါတ်အားတွေကို နေပြည်တော်က လူမရှိတဲ့လမ်းတွေမှာ နေ့ခင်းပါ ထွန်းညှိထားရလောက်အောင်သုံးပြီး ရန်ကုန်ကိုတော့ အမှောင်ထဲမှာ ထားထားခဲ့ပါတယ်။

စစ်အာဏာရှင်တွေဟာ စစ်သားမဟုတ်တဲ့သူတွေ သူတို့နဲ့တန်းတူ ရည်တူ သွားလာနေထိုင်မှာကို ဘယ်တုန်းကမှ မလိုလားပါဘူး။ ကားမှန်တွေမှာ နေကာ စတစ်ကာအနက်ကို စစ်အရာရှိကြီးတွေစီးတဲ့ ကားမှာသာ ကပ်ခွင့်ရှိပြီး၊ သာမန်အရပ်သားပိုင် ကားမှာ ကပ်ရင် အရေးယူသလိုပဲ၊ စစ်အရာရှိတွေနေတဲ့ နေရာ၊ စစ်တပ်နေရာတွေမှာ လျှပ်စစ်မီး လာစေပြီး သာမန်အရပ်သားတွေကို တဆင့်နိမ့်သဘောနဲ့ ဒုက္ခခံထားခိုင်းတဲ့ သဘောထားဟာ စစ်အာဏာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ (ဆိုက်ကို) အတွေးအခေါ်တခု ဖြစ်နေပါတယ်။

Photobucket

မစားရ၀ခမန်း လျှပ်စစ်စီမံကိန်းတွေ

ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ သတင်းစာတွေမှာ၊ တီဗီတွေမှာ မစားရ၀ခမန်း ပြောဆိုလာတာ ဆယ်စုနှစ် ပေါင်း နှစ်ခု မက ကြာခဲ့တာကြောင့် ပြည်သူလူထုကလည်း အယုံအကြည် မရှိတော့ပါဘူး။

ပြီးခဲ့တဲ့ ၁၀ စု နှစ် တခုလောက်က ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးရင် မီဂါဝပ် ဘယ် နှစ်ထောင် ထွက်မယ်၊ သုံးလို့တောင် မကုန်ဘူး … ဆိုတဲ့ အပြောတွေ၊ ရေးသားတာတွေဟာ မှတ်မိနေကြဆဲပါ။

ပေါင်းလောင်းပြီးတော့လည်း ပျဉ်းမနားနေပြည်တော်မှာပဲ သုံးပြီး၊ နဂိုက မစားရ၀ခမန်း ပြောဆိုချက်တွေဟာ လက်တွေ့မှာ တရုတ်က တပတ်ရစ် တာဘိုင်တွေနဲ့ ပြောသလောက် မထွက်တာကလည်း စစ်အစိုးရရဲ့ စီမံကိန်းတွေရဲ့ သဘာဝပါပဲ။

ယခုလို ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာ အမှောင်ကျနေတာတောင်မှပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရေအားလျှပ်စစ်ကထွက်တဲ့ ဓါတ်အားတွေ အများအပြား ရှိနေပြီး၊ တောင်ပိုင်းသို့ ပို့ဆောင်မယ့် ဓါတ်အားလိုင်းတွေ မရှိတာကြောင့်လို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေး စီမံကိန်း(တောင်ပိုင်း) ညွှန်ကြားရေးမှူး ဦးသိန်းလှိုင်က ပြောကြားတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် သတင်းစာမှာ ဖေါ်ပြထားပါသေးတယ်။

မြောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အား မီဂါဝပ် ၂၀၀၊ ၃၀၀ ပိုနေပြီး တောင်ပိုင်းကို ပို့စရာ ဓါတ်အားလိုင်းတွေ တည်ဆောက်နေပြန်ပြီလို့ လူထုကို ချွေးသိမ့်ဦးမယ့် သဘောပါပဲ။ ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးကို ညမှောင်ခါစ ၀င်လာတဲ့အခါ တမြို့လုံး အမှောင်ထဲမှာ နေနေကြတာတွေ့ရပါတယ်။

လားရှိုးဇာတိ ဗင်ကားမောင်းသူ ကိုမြတ်မင်းက

“မီးစက် မနှိုးကြသေးတာ၊ ဒိထက်မှောင်မှ ငွေတတ်နိုင်တဲ့သူတွေက မီးစက်နှိုးကြလိမ့်မယ်။ အစိုးရလျှပ်စစ်မီးကတော့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှာပဲ လာတယ်။ ကျွန်တော်တို့မြို့က ဒီလိုပဲ မီးက ၃ ရက်လောက်မှ တခါ လာတယ်” လို့ပြောပါတယ်။

ဒါကြောင့် ယခုပြောတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှ လျှပ်စစ်ဓါတ်အားဆိုတာတွေက မြန်မာပြည်သူတွေကို ပုံပြောတာလို့ပဲ လူတွေက ထင်မှတ်ထားလိုက်ပါတယ်။



စစ်အာဏာရှင်တိုက်ထားတဲ့ လျှပ်စစ်ကျိန်စာ

တရုတ်ပြည်နယ်စပ်မှာ တရုတ်ပြည်ဘက်က၀ယ်သုံး၊ ထိုင်းနိုင်ငံနယ်စပ်မှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ၀ယ်သုံးပြီး၊ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကိုတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကိုတောင် ရေအားလျှပ်စစ်ထုတ်ဖို့ ရောင်းချထားပါတယ်။

မြန်မာနိုင်ငံမှာ မြစ်ချောင်းတွေ ပေါများပေမယ့်၊ တလွဲစီမံခန့်ခွဲမှုနဲ့ လာဘ်စားမှုတွေကြောင့် ပြီးသွားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ထင်ထားတာနဲ့ လွဲပြီး၊ လက်တွေ့ အသုံးမတည့် ဖြစ်နေတာပါ။

အခုလည်း “ရဲရွာ”ရေအားလျှပ်စစ်စီမံကိန်းကို မစားရ၀ခမန်း ပြောဆိုနေပြန်ပါတယ်။ အဲဒီ စီမံကိန်းပြီးရင် ဘယ်လောက် ထွက်မယ် ဆိုတာကို ဘယ်မြန်မာပြည်သူကမှ မယုံစားတော့ပါဘူး။ ရန်ကုန်မြို့ကိုပေးနေတဲ့ စွန့်ပစ်လောင်စာသုံး တာဘိုင်တွေကို ပြီးခဲ့တဲ့ ၂ နှစ် ၀န်းကျင်မှာ စီအင်ဂျီ ပြောင်းခဲ့ပါတယ်။

သို့ပေမယ့်လို့ နိုင်ငံခြားကိုတော့ တနှစ်နဲ့ တနှစ် တိုး ရောင်းနေပြီး၊ လျှပ်စစ် တာဘိုင်တွေကိုတော့ စီအင်ဂျီ လုံလောက်အောင် မပေးနိုင် တာကြောင့် ရန်ကုန်မြို့ဟာ ပိုပြီးတောင် အခြေအနေဆိုးလာပါသေးတယ်။

သတင်းစာတွေမှာ လျှပ်စစ်မီးအကြောင်း ရေးလွန်း၊ တီဗီတွေမှာ လျှပ်စစ်စီမံကိန်းတွေ အကြောင်း ပြောလွန်းဖေါ်ပြလွန်းလို့ စစ်အစိုးရကို ထိထိမိမိ ပျက်လုံးထုတ်သူ လူရွှင်တော် ဇာဂနာက “စစ်အစိုးရ သတင်းစာတွေ ကိုင်တောင် မကိုင်ရဲဘူး။ ဓါတ်လိုက်မှာစိုးလို့ …” ပြောခဲ့တာဟာ ထိမိလွန်းလို့ လူတွေကြားထဲ စွဲခဲ့ပါတယ်။

နောက်ဆုံးကောက်ချက်ချ ပြောရရင်တော့ မြန်မာလူထုကို လျှပ်စစ်မီး မပေးနိုင်တာဟာ စစ်အစိုးရရဲ့ အာဏာရှင်စရိုက်၊ အများပြည်သူအပေါ် စေတနာမရှိတာကို ပေါ်လွင်စေတဲ့ အထင်ရှားဆုံး ဥပမာတခုပါ။

ဝါးရုံရိပ်မှ မြို့ပြအား ကိုင်းကူးခြင်း

စစ်နည်းဗျူဟာ ဘယ်လိုသာလဲ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လဲ၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓားသွားလဲကြွေ၊ လှံသွားလည်း ခွေအံ့ …
(လက်ဝဲသုန္ဒြအမတ်ကြီး)
(က)

KNU က `ကော်သူလေး` အား ခရိုင် ၇ ခုနှင့် ဖွဲ့စည်းသည်။ ဒူးပလာယားခရိုင်က ခရိုင် ၇ ခုမှ တခုဖြစ်သည်။ ဘုရားသုံးဆူ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့က ဒူးပလာယာခရိုင်၏ အနားသတ် ခရိုင်နယ်ခြား မျဉ်းများအဖြစ် တည်ရှိ၏။ မြစ်ငယ်လေးစင်းက ဒူးပလာယာခရိုင်အား ဖြတ်သန်းရင်း သံလွင်အတွင်းသို့ဝင်၏။ ဟောင်သရော၊ ဇမိ၊ ၀င်းယော်နှင့် အတ္တရံ….။ တောင်ညိုတောင်တန်းများက ဒူးပလာယာအား အလယ်မှကန့်လန့်ခွဲထား၏။ ထိုဒေသအတွင်းတွင်မူ တောင်ညိုတောင်တန်းအား ဗဟိုပြုပြီး တောင်ရှေ့ခြမ်း၊ တောင်နောက်ခြမ်းဟူ၍ပင် ခေါ်ကြ၏။ ၀င်းယော်ချောင်းနှင့် ဇမိမြစ်က ကျိုက်မရောမရောက်မီ `ချောင်းနှစ်ခွ`ရွာနား၌ ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ်နှင့် သံလွင်သို့ဝင်၏။( ဆက်ဖတ်ရန် ) ၀င်းယော်ချောင်းနှင့် ဇမိမြစ်နှစ်သွယ်အကြားရှိ တောင်ပေါက် ၂၄ ရွာအား KNUနှင့် NMSP တို့မှ ပူးတွဲကော်မတီဖွဲ့ပြီး ….. ပူးတွဲအုပ်ချုပ်ကြ၏။ ပူးတွဲတရားစီရင် ကြ၏။ ပူးတွဲ၍ အခွန်စည်းကြပ်ကြ၏။ ထိုဒေသအတွင်း၌ လက်နက်ကိုင်အားပြိုင်မှုများက များသည်။ ၁၉၉၅ မတိုင်မီကမူ မွန်ပြည်သစ်ပါတီ၏ မွန်လက်နက်ကိုင်တပ်မတော်၊ KNU ၏ တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ရင်းများနှင့် နအဖ၏ တပ်ရင်းများ….။ စစ်ရေးအားပြိုင်မှုက ဘက်နှစ်ဘက်သာ ရှိသည်။ နအဖ စစ်တပ်နှင့် လွတ်မြောက်ရေး တပ်မတော်များသာ ….။ ထိုစဉ်က မာနယ်ပလော မကျသေး…..။ DKBA ဟူ၍ မပေါ်သေး…..။ `သမူဟဲ`၏ ကရင့်ငြိမ်းချမ်းရေးတပ် ဟူ၍မရှိ….။ မွန်ပြည်သစ်ပါတီပင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသေး…..။

ဘုရားသုံးဆူကျပြီးနောက် နအဖ မှ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းကြောင်းအား ထိန်းချုပ်နိုင်ရန် လမ်းတလျှောက် တပ်အင်အားကို တိုး၍ ချလာ၏။ `တောင်စွန်း`တွင် စစ်ဗျူဟာတခု လာထိုင်သည်။ တောင်စွန်းရွာက ဘုရားသုံးဆူနှင့် သံဖြူဇရပ် လမ်းပေါ်ရှိ ရွာကြီးတရွာ ဖြစ်သည်။ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပိုင်း၏ အလယ်တွင် ရှိသည်။ သံဖြှူဇရပ်မြို့အတွင်းတွင်ကား အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း တရင်းရှိသည်။ သံဖြူဇရပ်အထွက်တွင်မူ တိုင်း ဗဟိုလေ့ကျင့်ရေး ၄ ရှိ၏။ ဘုရားသုံးဆူတွင်က ခြေမြန်တပ်ရင်းတရင်းနှင့် လှုပ်ရှားစစ်ကြောင်းတကြောင်းရှိသည်။ တောင်စွန်းဗျူဟာက ရ.တ.ခ လက်အောက်ခံမဟုတ်…..တပ်မလက်အောက်ခံဗျူဟာ ဖြစ်သည်။ ဗျူဟာက မမြဲ….။ မကြာခဏ ပြောင်းသည်။ ၈၈….၊ ၆၆…..၊ ၄၄….။ တလှည့်စီထိုင်ကြ၏။ ဗျူဟာအောက်တွင် လက်အောက်ခံတပ်ရင်း ၃ ရင်း သို့မဟုတ် ၄ ရင်း ပါလာတတ်၏။

မုဒုံ၊ ခလယ်တံခွန်တိုင်၊ ဖားပြတ်လမ်းပိုင်းတွင် တံခွန်တိုင်၌ တပ်ခွဲတခွဲ ထိုင်သည်။ ဖားပြတ်တွင်မူ စခန်းထိုင်နှင့် လှုပ်ရှားစစ်ကြောင်းတကြောင်း ရှိ၏။ ဖားပြတ်၊ တောင်စွန်းနှင့် ၀ဲကလိတို့ကား ဖိုခနောက်ဆိုင်…..။ ထိုဒေသအတွင်းရှိသည့် ရွာအရေအတွက်ထက် နအဖ စစ်တပ်တပ်ရင်း အရေအတွက်က ပို၍ပင် များမည်လားမသိ…..။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက…..KNLA တပ်ရင်း ၁၆ နှင့် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ခရိုင် လက်အောက်ခံတပ်ရင်း တရင်း…..။ ကျောင်းသားတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း KNLA၊ NMSP တို့ အတူပူးတွဲ၍ လှုပ်ရှားကြသည်။

နည်းနည်းနှင့်ကျဲကျဲ….။ ခုခံရေးစစ်က ပျောက်ကျားစစ်….။ ရန်သူကမူ …..အလုံးအရင်းနှင့်ဝင်၏။ ကျည်အားနှင့်ဖိ၏။ လူအား၊ ကျည်အား၊ အဆုံးရှုံးခံ၏။ ရွာသားနှင့် ပြောက်ကျား….မခွဲခြား….`မီး`ကဲ့သို့ပင် ကျင့်၏။ စစ်အောင်နိုင်ရေးသည်သာ သိသည့် စစ်ဝါဒီသက်သက်များ…..။ အထက်က အမိန့်ပေးသည်။ အောက်က လုပ်ဆောင်ကြ၏။ ရေးဘူးပေါက်တာမသိ …. ရေပါဖို့သာ အဓိက….။ ဘယ်လိုရေမျိုးဖြစ်ဖြစ် ….. ဘယ်လိုခပ်လာလာ….။

(ခ)

ကျနော်တို့၏ နောက်တန်း အခြေစိုက်စခန်းများက ထိုင်း-မြန်မာနယ်စပ်မျဉ်းအား သီ၍ တည်ထားကြ၏။ `စခန်းသစ်`တွင် ရှိသည်။ `ပရော့်`တွင် ရှိသည်။ စခန်းသစ်မှ ဆင်းလျှင် ….`ကျိုက်ဒုံ`ရွာအထိ ကားလမ်းပေါက်သည်။ တောင်ပေါ်လမ်းဖြစ်သည်။ လမ်းကြမ်းဖြစ်၏။ `ဖို့ဝီး`များသာ သွားကြသည်။

`ဒေါန`တောင်တန်းအား ကျော်ခွ၍ ဖောက်ထားသောလမ်း ဖြစ်သည်။ စခန်းသစ်မှ မနက်ထွက်လျှင် ကျိုက်ဒုံသို့ နေမကျိုးမှီ ရောက်၏။ `ကျိုက်ဒုံ`က `ဟောင်သရော`မြစ်၏ အရှေ့ဘက်ကမ်း၌ ရှိသည်။ ရွာနှင့်မြစ်သည် ကပ်လျက်….။ ရွာ၏ အနောက်ဘက်တွင် `ဟောင်သရော`မြစ်….။ ရွာ၏ အရှေ့ဘက်တွင်မူ `ကျိုက်ဒုံ`ချောင်းငယ်….။ ချောင်းငယ်သည် ရွာကိုပတ်၍ `ဟောင်သရော`မြစ်အတွင်းသို့ စီးဝင်၏။ `ကျိုက်ဒုံ`ချောင်းရိုးအား ခွ၍ `ဒူးပလာယာခရိုင်ရုံး`နှင့် kNLAတပ်မ (၆)၏ ဌာနချုပ်တည်ထား၏။ ထိုစဉ်က …. ..ဒူးပလာယာခရိုင် ဥက္ကဌမှာ အဖူးတာအဲယ်၊ အတွင်းရေးမှူးက ဖဒို့လီလေးဖြစ်သည်။ တပ်မဟာမှူးကမူ ဗိုလ်ချုပ်ရွှေဆိုင်းဖြစ်သည်။

ကျိုက်ဒုံရွာက ကွမ်းသီးခြံများအတွင်း ပျောက်၍နေသည်။ မြစ်ငယ်နှင့် ချောင်းရိုးသွယ်အကြား ကျိုက်ဒုံရွာက အေး၍… စိမ့်၍ …..။ ငြိမ်၍….တိတ်၍ …..။ `ဟောင်သရောမြစ်`က နွေဆိုလျှင် …. ရေက ပေါင်လယ်ခန့်သာ ရှိ၏။ ဟောင်သရောမြစ်၏ အနောက်ဘက်ကမ်းတွင် ဘုရားကုန်းရှိသည်။ စေတီနှင့် ဘုန်းတော်ကြီးကျောင်း …..။ ဘုရားကုန်းမှ ၂ နာရီခန့် လျှောက်လျှင်မူ ….`၀င်းလုံ`ရွာသို့ ရောက်သည်။ ၀င်းလုံရွာ၏ ရွာလယ်လမ်းမတလျှောက်လုံးက အိမ်ဆိုင်များနှင့် စီစီရီရီ….။ ၀င်းလုံ၊ ကျိုက်ဒုံတို့ကား ဟောင်သရောမြစ်ရိုးနှင့် နယ်စပ်လမ်းကြောင်းကို ချိတ်ဆက်၍ ကုန်သွယ်စီးပွားသာယာသည့် ရွာများဖြစ်သည်။

ဝင်းလုံလွန်လျှင် ….`မယ်တဲ့ကလှဲ`ရွာသို့ ရောက်မည်။ နေ့တ၀က်ခန့် လျှောက်ရသည့် ခရီးဖြစ်သည်။ `မယ်တဲ့ကလှဲ` မှ ကြာအင်းဆိပ်ကြီးသို့ လမ်းပေါက်၏။ လှည်းများနှင့် ကုန်အသွယ်အပို့ လုပ်ကြ၏။ ကြာအင်းဆိပ်ကြီးက `မယ်တဲ့ကလှဲ`ရွာ၏ အနောက်မြောက်ဘက်တွင် ရှိသည်။ `မယ်တဲ့ကလှဲ` မှ အနောက်တောင်ဘက်သို့ ဆက်၍လျှောက်လျှင် …..`ခရမ်းတော`ရွာအား ရောက်၏။ `ခရမ်းတော`ရွာက ဇမိမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသည်။ အရှေ့ဘက်ကမ်းဟု ဆိုသော်လည်း ဇမိမြစ်ဘေးတွင် မေးတင်ဦးခိုက်၍ တည်ထားသော ရွာမဟုတ်….။ ခရမ်းတောမှ မိနစ် ၂၀ ခန့် ဆက်လျှောက်မှ ဇမိမြစ်ကမ်းပါးသို့ ရောက်ခြင်းဖြစ်သည်။

ကျိုက်ဒုံ၊ ၀င်းလုံ၊ မယ်တဲ့ကလှဲနှင့် ခရမ်းတောရွာများ အားလုံးက ကရင်ရွာများ….။ `ခရမ်းတော`မှ ဇမိမြစ်၏ မြစ်ညှာတွင်မူ `ကွမ်းသီးခြံ`ရွာ ရှိသည်။ `ကွမ်းသီးခြံ`ကမူ ဗမာရွာဖြစ်သည်။ `ဇမိမြစ်` နှင့်`ဟောင်သရောမြစ်` အကြားက KNU ဒူးပလာယာခရိုင်၏ ကြားအင်းဆိပ်ကြီးမြို့နယ် ဖြစ်သည်။ `ခရမ်းတော` မှ ဇမိမြစ်အားကူးလျှင် အနောက်ဘက်ကမ်း၌ `ဝေဇာလီ`ရွာ ရှိသည်။ `ဝေဇာလီ`သည်လည်း ဇမိမြစ်ကမ်းဘေးရှိ ရွာမဟုတ်….။

ကမ်ပါးမှ မိနစ် ၃၀ ခန့် ခြေလျင်လျှောက်မှ `ဝေဇာလီ`သို့ ရောက်သည်။ `ဝေဇာလီ`က မွန်ရွာကြီးဖြစ်သည်။ တောင်ပေါက် ၂၄ ရွာအတွင်းရှိသည့် ရွာဖြစ်သည်။ KNU နှင့် NMSP တို့၏ ပူးတွဲအုပ်ချုပ်ရေးဒေသ….။ ဘုရားသုံးဆူဘက်မှနေ၍ ပူးတွဲအုပ်ချုပ်ရေးဒေသသို့ ဆင်းလျှင်မူ ဇမိမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ၍ရသည်။ ဇမိမြစ်က ဘုရားသုံးဆူတောင်ကြားများမှ မြစ်ဖျားခံ၍ ဖြစ်တည်လာသော မြစ် …..။

ကျနော်တို့က ထိုပူးတွဲဒေသအတွင်း အခြေပြု၍ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့များသို့ ဆက်သွယ်ကြ၏။ ထိုမှ …. မော်လမြိုင် …..။ ထိုမှ … မြို့ပြလူထု၏ ရင်ခုန်သံအား ၀ါးရုံပင်အောက်မှ ကိုင်းကူးယူကြ၏ …။

ရွှေအိမ်စည်

နာဂစ်ဆန် ဘင်္ဂလာဒေခ်ျ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်



12/20/2008

ဧရာဝတီတိုင်း နာဂစ်လေဘေး ဒဏ်ခံခဲ့ရသူ ပြည်သူများထံသို့ လှူဒါန်းသည့် ဆန်အိတ်များ ဘင်္ဂလာသို့ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း သတင်းရရှိသည်။

နယ်စပ်ကုန်သည် တဦးက “ ခုလောလောဆယ်တော့ ပုသိမ်နဲ့ ရန်ကုန်က ဆန်တင် သင်္ဘော အငယ်စား ၄ စီး တက်ကနက် ဆိပ်ကမ်းကို ၀င်ရောက် နေပါတယ်။ ဧရာဝတီက နာဂစ် လေဘေး ဆန်တွေ ဆိုပြီး နယ်စပ်မှာ သတင်း ထွက်နေပါတယ်။” ဟု ပြောသည်။

၎င်းပြင် သူက “ ဆန်အိတ်တွေပေါ်မှာ ဧရာဝတီ လေဘေးဆိုပြီး ရေးသားထားတဲ့ စာတန်းတွေ ပါတာကို တွေ့ရတယ်။ နိုင်ငံတကာက လှူတဲ့ ဆန်အိတ်တွေလား။ ပြည်တွင်းထဲက လှူတဲ့ ဆန်အိတ်တွေလားဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ သင်္ဘောသမားတွေကို မေးရင်လည်း သူတို့ ဘာမှ မသိဘူးလို့ ပြောပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ လေဘေး အလှူ ဆန်အိတ်များကို ဘင်္ဂလာသို့ ခိုးထုတ်နေရာတွင် သက်ဆိုင်ရာ စစ်တပ်အရာရှိများနှင့် ဒေသအတွင်းက သြဇာရှိသူ အုပ်ချုပ်ရေး ပိုင်းမှ အရာရှိများ ပါဝင်ပတ်နေသည်ဟု သိရသည်။

လွန်ခဲ့သော လအနည်းငယ်ကလည်း ဧရာဝတီ နာဂစ်လေဘေး အတွက် တနင်္သာရီတိုင်းဘက်မှ လှူဒါန်းသော သစ်များကို ဒေသခံ အာဏာပိုင်များက ဧရာဝတီ တိုင်းသို့ မပို့ဘဲ ဘင်္ဂလာသို့ မှောင်ခို တင်ပို့ ပစ်ခဲ့ကြောင်း သိရသည်။

သို့အတွက် အဆိုပါ သစ်များကို ဘင်္ဂလာ သစ်ကုမ္ပဏီများက မ၀ယ်ရဲသဖြင့် တက်ကနက် ဆိပ်ကမ်းတွင် သစ်တင်လာသော သင်္ဘော တစီးမှာ တလနီးပါးခန့် ဆိပ်ကပ်ထားခဲ့ရသည်။ နောက်ပိုင်းတွင်မှ ဒေသအတွင်း စီးပွားရေး သမားများ၏ ကြားဝင်ပေးမှုကြောင့် ဘင်္ဂလီ သစ်ကုမ္ပဏီများက ၀ယ်ယူထားလိုက်ကြောင်း သိရသည်။



မိနစ်၄၀လောက်အချိန်ရရင်ဒီအသံဖိုင်လေးကိုနားထောင်ပါ။ ။


ဒီမှာဒေါင်းလုပ်ပါ

ဒီမှာလည်းနားထောင်လို့ရပါတယ်။

(ကိုနစ်ဆီကယူတာပါ)