Monday, December 22, 2008

ပင်လယ်နှင့်တူသောမိန်းမများ....ဂျူး.......

The Women Like the Sea by Jue


အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ...ဂျူး....

045 Jue


အမှတ်တရ...ဂျူး...

A_Mhat_Ta_Ya_JUU


ကြယ်ကြွေတို့ရဲ့အတောင်ပံ....ဂျူး...

Ju Wing of Falling Star


၂၀၃၆မှာ

2036


၂၂၁၂၂၀၀၈သတင်းနှင့်ဆောင်းပါးများ

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။22122008 news


စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်က ပြည်သူလူထုကို အကျိုးပြုနိုင်ပါသ လား

ခင်မောင်ခန့်
ဒီမေးခွန်းက ကျွန်တော်တို့် မြန်မာနိုင်ငံသားများအတွက် အလွန်အရေးကြီးပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ က တဖြည်းဖြည်း နီးလာပြီဖြစ်သလို ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုများနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစုများက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားကပဲ ရွေးကောက်ပွဲကို တစ်ဖက်သတ် ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို အမာခံထားလို့ လှေကြုံစီးရေစုန်မျှော နိုင်ငံရေးသမားများနဲ့အ တူ ထင်ရာစိုင်းကြတော့မှာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အသိဥာဏ်နဲ့ မယှဉ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ပိုပြီးခက်ခဲရှုပ်ထွေးလာပြီး အခန့်မသင့်ရင် အလုံးစုံပျက်စီးရေးလမ်း ကြောင်းပေါ် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်တွေကို တင်ပြဆွေးနွေးတဲ့အနေနဲ့ ဒီဆောင်းပါးကို ရေးရတာပါ၊ လက်ခံသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ တစ်စုံတစ် ခုသော အတိုင်းအတာထိ တွေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။

တကယ်တော့ စည်းကမ်းနဲ့ ဥပဒေဟာ တူသယောင်ထင်ရပေမယ့် အနှစ်သာရပိုင်းမှာ များစွာကွဲပြားပါတယ်။ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း စသည်ဖြင့် နေရာဒေသပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေဟာ အပေါ်ကနေအောက်ကို ဒေါင်လိုက်ချမှတ်ထားတဲ့ အကန့်အသတ်တွေ ဖြစ်ပါတယ်။ စည်းကမ်းဆိုတာ ထိန်းကျောင်းမှုသဘောကို ဆောင်ပေမယ့် အားလုံးအပေါ်မှာ တူညီတဲ့ အကျိုး သက်ရောက်မှုကို မပေးနိုင်ပါဘူး။ လူနည်းစုအတွင်းမှာသာ သတ်မှတ်လေ့ရှိပြီး ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုး ကွယ်မှု မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံအဆင့်မှာတော့ စည်းကမ်းသတ်မှတ်ပြီး အတင်းလိုက်နာခိုင်းလို့ မရပါဘူး။ အချုပ်အားဖြင့်ဆိုရရင် စည်းကမ်းဆိုတာ ဦးဆောင်သူလူနည်းစုက ချမှတ် ဆုံးဖြတ်ထားတာမို့ အမိန့်အာဏာနဲ့ သဘောချင်းတူပါတယ်။

ဥပဒေဆိုသည်မှာ ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်၊ ဓနဥစ္စာပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက် ရန်နှင့် အစိုးရအာဏာပိုင်အဖွဲ့အစည်းများ၏ ဖိနှိပ်မှုများမှ ကာကွယ်ရန်အတွက် ပြဌာန်းထားသောအရာဖြစ် သည်ဟု အခြေခံအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမပြင်ဆင်ချက်ဥပဒေ (၁၀) ချက်မှာဆိုရင် ဥပဒေကို လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးတစ်ခုလို့ ဥပမာပေးထားတာကို တွေ့ရပါတယ်။ အဲ့ဒီ လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးအတွင်းမှာ ပြည်သူအားလုံးဟာ တည်ငြိမ်အေးချမ်းစွာနဲ့ အသက်ရှင်နေထိုင်ခွင့် ရှိပါ တယ်။ ဒါက ဥပဒေရဲ့ အနှစ်သာရအပိုင်းပါ၊ ဥပဒေအားလုံးထဲမှာ အရေးအကြီးဆုံးနဲ့ အမြင့်ဆုံးက ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေဖြစ်ပြီး လူထုဆန္ဒနဲ့ အတည်ပြုပါတယ်။ ထူးခြားတာက အခြေခံဥပဒေကို ပြည်သူ့ကိုယ်စား လှယ်များကသာ ရေးဆွဲခွင့်ရှိပြီး အခြားမည်သည့်အဖွဲ့စည်းကမှ ရေးဆွဲခွင့်မရှိပါဘူး။ သို့သော်လည်း မြန်မာနိုင် ငံမှာတော့ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုပြီး ရွေး ကောက်ပွဲလုပ်တော့မှာပါ။

စည်းကမ်းနဲ့ ဥပဒေတို့ရဲ့ ခြားနားချက်ကို တင်ပြပြီးတဲ့နောက် ဒီမိုကရေစီရဲ့ သဘောသဘာဝကို တင်ပြပါ့မယ်။ ဒီမိုကရေစီသည် လူထုအုပ်ချုပ်ရေးစံနစ်ဖြစ်သည်၊ အာဏာသည် လူထုထံမှ ဆင်းသက်သည်ဟု ပညာရှင်များ က အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးသော အ ချက် (၃) ချက်ရှိပါတယ်။ ပထမအချက်က လူ့အခွင့်ရေးများကို လေးစားလိုက်နာခြင်း၊ ဒုတိယအချက်က လွတ် လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ တတိယနဲ့ အရေးကြီးဆုံးအချက်ကတော့ တရား ဥပဒေစိုးမိုးခြင်း စသည်တို့ဖြစ်ပါတယ်။ အဲ့ဒီအချက် (၃) ချက်နဲ့ ပြည့်စုံတဲ့နိုင်ငံဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင် ငံ ဖြစ်ပါတယ်။

ဒီအခြေခံအချက်တွေ မရှိဘဲနဲ့တော့ ဒီမိုကရေစီလို့ ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ၊ အရေခြုံထားတဲ့ ဒီ မိုကရေစီသာ ဖြစ်ပါတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုရေးပါ။ သာမန်အားဖြင့် လူအတော်များများ နားလည်ထားတာက နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများကို ယင်းနိုင်ငံမှ ပြည်သူများက လိုက်နာကျင့်သုံးခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ်သည်လို့ ထင်တတ်ကြပါတယ်။ အမှန်က အဲ့ဒီလိုမဟုတ်ပါဘူး။ တရားဥပဒေရဲ့ ရှေ့ မှောက်မှာ လူအားလုံး တန်းတူညီတူရှိခြင်း၊ ဥပဒေချိုးဖောက်သူမှန်သမျှကို အပြစ်ပေး အရေးယူနိုင်တဲ့ လွတ် လပ်သော တရားစီရင်ရေးယန္တရားးဖြစ်ခြင်း၊ အစိုးရကိုယ်တိုင်က ဥပဒေများကို လိုက်နာကျင့်သုံးခြင်း၊ စတဲ့ အ ချင်းအရာတွေနဲ့ ပြည့်စုံမှသာ တရားဥပဒေစိုးမိုးခြင်း ဖြစ်ပါတယ်။

သုတေသနပြုသူများရဲ့ အဆိုအရ နိုင်ငံတနိုင်ငံမှာ မည်သည့် အုပ်ချုပ်ရေးစံနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ တ ရားဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှ သာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိ ပါသလားဆိုရင်တော့ လုံးဝမရှိပါဘူးလို့ပဲ ဖြေရမှာပါ။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များနဲ့ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားလူငယ်များကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ ဥပဒေအရ ခုခံချေပခွင့် မပြုတာ၊ ဥပဒေအကျိုးဆောင်များ ကို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှင်းပန်းစစ်ဆေးလို့ရလာတဲ့ ထွက်ချက်တွေကို တရားရုံးမှာ သက်သေတင် တာ၊ တရားရုံးတွေမှာ ဖြစ်သလိုစစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ စတဲ့အချက်တွေကိုကြည့်ရင် အစိုးရက တရားစီရင်ရေးမှာ ၀င်ရောက်လွှမ်းမိုးချုပ်ကိုင်ပြီး တရားစီရင်ရေးကို လက်နက်သဖွယ် အသုံးပြုနေ တာဟာ အထင်အရှားဖြစ်ပါတယ်။

လက်ရှိအနေထားမှာ အစိုးရကိုယ်တိုင်က တရားလက်လွတ်လုပ်နေမှတော့ အနာဂတ်မှာ တရားဥပဒေစိုးမိုး ရေးဆိုတာ ရွှေပြည်တော်မျှော်လေဝေးပဲ ဖြစ်မှာပါ။ ဒါဆိုရင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာက ဘယ်အရာကို ဘယ်သဘောကို ဆိုလိုပါသလဲ။ ဘယ်လိုစည်းကမ်းမျိုးတွေ ဖြစ်ပါသလဲ။ ဖြစ်နိုင်ချေရှိတာက တော့ ဒါတွေကို မလုပ်ရဘူး၊ ဒီလောက်တော့ လုပ်လို့ရမယ် ဒါတွေကိုတော့ ငါတို့ကပဲ လုပ်မယ်၊ ဒါတွေကတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမယ်၊ အစိုးရကို အကြည်ညိုပျက်အောင် မလုပ်ရဘူး၊ မဆန့် ကျင်ရဘူး၊ အစိုးရမကောင်းကြောင်း မရေးရဘူး၊ မကောင်းတာတွေကို နိုင်ငံခြားကို မပြောရဘူး အစရှိတဲ့ စည်း ကမ်းမျိုးတွေသာ ဖြစ်မယ်ထင်ပါတယ်။

စည်းကမ်းချိုးဖောက်သူတွေအတွက် အပြစ်ဒဏ်များကိုတော့ ဥပဒေ နည်းဥပဒေများနှင့်အညီ တိတိကျကျ သတ်မှတ်ပြဌာန်းထားမှာ ဖြစ်တဲ့အတွက် ပြည်သူအများစုကတော့ ကြောက်ပြီး စည်းကမ်းရှိသွားကြမှာပါ။ မရှိ နိုင်တာတွေကတော့ တရားဥပဒေစိုးမိုးရေး မရှိနိုင်ဘူး၊ လူ့အခွင့်ရေးများ အပြည့်အ၀ မရနိုင်ဘူး၊ လွတ်လပ်တဲ့ သတင်းမီဒီယာများ မရှိနိုင်ဘူး၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး မရှိနိုင်ဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲများ မဖြစ်နိုင်ဘူး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မရောက်လာနိုင်ဘူး အစရှိတဲ့ အရာတွေပဲ ဖြစ်ပါ တယ်။ အဲ့ဒီလိုနိုင်ငံမျိုးမှာ ပြည်သူလူထုအတွက်ကတော့ မရေရာတာတွေ၊ မသေချာတာတွေ၊ မလုံခြုံတာတွေ၊ အဆင်မပြေတာတွေ စတဲ့လူမှုဒုက္ခများသာ ဖြစ်မှာပါပဲ။

မြန်မာနိုင်ငံသားအပေါင်းတို့ … သင်တို့ရဲ့ လူသားဆန်မှုနဲ့ ဖြစ်တည်မှုတို့ကို သွေးစွန်းလက်ကြီးတွေက လုယူဖို့ ပြင်ဆင်နေပါပြီ။ တဘက်သတ် စည်းကမ်းများဖြင့် မွန်းကျပ်နေပြီး တ၀က်တပျက်လူသားများအဖြစ် အသက် ရှင်ရပ်တည်သွားကြမှာလား သို့တည်းမဟုတ် ခေါင်းမော့ရင်ကော့ပြီး တင်းပြည့်ကျပ်ပြည့် လူသားများအဖြစ်နဲ့ အသက်ရှင် ရပ်တည်သွားကြမှာလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင် ဆင်ကြပါလို့ တိုက်တွန်းရင်း ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

အားလုံးကို လေးစားပါတယ်

ခင်မောင်ခန့်
(၂၀-၁၂-၂၀၀၈)

အနှစ် ၂၀၊ မပြယ်သေးတဲ့ ဒဏ်ရာနဲ့ သင်ခန်းစာ တချို့


အောင်သာငယ်
ဒီဇင်ဘာ ၂၁၊ ၂ဝဝ၈
အိမ်ကထွက်လာသည်မှာကြာပြီ။ ကြာပြီဆို အတော့်ကို ကြာနေပြီ။ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတော့ ထွက်လာခဲ့တဲ့ ရက်ကနေ ပြန်တွက်ရပေမပေါ့။ အိမ်က ထွက်လာတဲ့နေ့က ၁၉၈၈၊ စက်တင်ဘာ ၂၁။ ခုဆို ဒီဇင်ဘာ ၁၈၊ ၂ဝဝ၈ ဆိုတော့ အနှစ် ၂ဝ တောင် မကတော့ဘူး။ လတောင် စွန်းနေပြီ။

အနှစ် ၂ဝ ဆိုတာ နည်းနောတဲ့ အချိန် ကာလတွေ မဟုတ်။ လူသားတယောက် မွေးဖွားလာရာကနေ လူ့ဘဝမှာ အတွေ့အကြုံတွေ အတတ်ပညာတွေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လောက်အောင် ပြီးပြည့်စုံသည်အထိ လုံလောက်တဲ့ အချိန်ကာလ။ ဒီကာလအတွင်းမှာ ကိုယ်လိုက်စားရာ သို့မဟုတ် ကိုယ်ရူးသွပ်ရာ အတတ်ပညာ တခုခုမှာ တဖက်ကမ်းခပ်လောက်အောင်ကို လုံလောက်တဲ့ အချိန်ကာလပေပဲ ။

၁၉၈၈၊ စက်တင်ဘာ ၂၁ မှာ မွေးတဲ့ ကလေးတယောက်ဟာ ကျားကျား၊ မမ ခုဆို အသက် ၂ဝ ပြည့်ပြီးပြီ။ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရင် ဘွဲ့ရတယောက်ဖြစ်နေပြီ။ လေ့လာ လိုက်စားခဲ့တဲ့ အတတ်ပညာတခုကိုလိုက်လို့ ခုဆိုရင် ပညာရှင်တယောက် ဖြစ်နေလောက်ပြီ။ ဘဝ တခုကို ကိုယ်တိုင် ကိုယ်ကျ စတင် တည်ဆောက်နေသူတယောက် ဖြစ်နေလောက်ပြီ။ လက်တွဲဖော် တယောက်နဲ့တောင် ဘဝတခုကို အတူတကွ တည်ဆောက်နေကြမယ့် အချိန်ကာလတောင် ဖြစ်နေပြီ။

ပြန်စဉ်းစားကြည့်မိတော့ ၁၉၈၈ မတ်လ၊ ဖုန်းမော် အရေးအခင်းကနေ စတင်လိုက်တဲ့ ၁၃၅ဝပြည့် ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ခုဆို အနှစ် ၂ဝ ရှိခဲ့ပြီ။ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကြီးတခုလုံးရဲ့ သက်တမ်းဟာ ခုဆို အနှစ် ၂ဝ ရှိနေခဲ့ပြီးပြီ။

ဒါဆို ၁၉၈၈ မတ်လကတည်းက မွေးဖွားဖို့ကြိုးစားခဲ့ကြတဲ့ ဒီမိုကရေစီ ကလေးလေးဟာ ခုချိန်ဆို လူလားမြောက်နေပြီပေါ့။ သူ ကိုယ်တိုင်ကိုယ်ကျ ဒီမိုကရေစီ နိုင်ငံတော် ဘဝတခုကို တည်ဆောက် နေပြီပေါ့။

တကယ့် အဖြစ်အပျက်မှာတော့ သည်လို မဟုတ်သေး။ ကလေးလေးက အနှစ် ၂၀ သက်တမ်း ရှိခဲ့ပြီး အတွေ့အကြုံတွေ စုံနေခဲ့သည့်တိုင် ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်နိုင်သေး။ ကိုယ်ပိုင် ဘဝတခုကို မထူထောင်နိုင်သေး။ ပြောရရင် လူလား မမြောက်နိုင်သေး။

ဘယ်သူမှ မငြင်းဆိုနိုင်တဲ့ အချက်အလက်ကတော့ ဒီမိုကရေစီ ကလေးလေးဟာ အနှစ် ၂၀ ကြာသည့်တိုင် ကိုယ်တိုင် လမ်းမလျှောက်နိုင်သေးတာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီ အနှစ် ၂၀ ဆိုတာကို ကျနော်တို့အားလုံး မှတ်မှတ်ရရ နာကျင်နေခဲ့ကြပါပြီ။

၁၉၈၈ ခုနှစ်ကစပြီး ဗမာပြည်မှာ ရှိရှိသမျှ မိသားစုတွေ အတော်များများရဲ့ ဘဝတွေဟာ ပြောင်းလဲသွားပါတယ်။ မိဘတွေက သားသမီးတွေနဲ့ ကွဲ။ သားသမီးတွေက မိဘတွေနဲ့ ကွဲ။ တချို့မိသားစုတွေမှာ မိဘတွေက သားသမီးတွေကို ဆုံးရှုံး။ တချို့ မိသားစုတွေမှာတော့ သားသမီးတွေက မိဘတွေကို ဆုံးရှုံး။

ထားပါတော့။ ကျိန်းသေတာ တခုကတော့ ၁၉၈၈ ဟာ ဗမာပြည်မှာ ရှိရှိသမျှ မိသားစု အတော်များများရဲ့ ဘဝကို ပြောင်းပြန် လှန်ပစ်ခဲ့တာပါပဲ။

မိသားစုဝင်တချို့ဟာ ငရဲသားတွေရဲ့ အကျဉ်းစခန်းတွေမှာ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားတယ်။ တချို့ကတော့ သုသာန်မှာ စကား တလုံးတလေမှကို မဆိုနိုင်အောင် နှုတ်ပိတ် တိတ်ဆိတ်လို့။ တချို့ကတော့ တောကြို အုံကြားထဲမှာ လက်နက် တစုံတရာကို အံကြိတ် ကိုင်စွဲရင်း။ တချို့ကတော့ အိမ်နဲ့ဝေးရာမှာ ခြောက်ခြားမျက်လုံးတွေနဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်းတောင်းမှောက် ကြည့်လို့။ တချို့ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင်း ကိုယ့်နှုတ်ခမ်းတွေကို ကိုယ် တင်းတင်း စေ့လို့။

ဒီလိုနဲ့ အမှန်တရားအတွက် ကိုယ် နိုင်ရာ နိုင်ရာ တာဝန်ကို ထမ်းရွက်ခဲ့ကြသူတွေ နေရာတိုင်း ဝန်းကျင်တိုင်း မြို့တိုင်း နယ်တိုင်းမှာ တွေ့ခဲ့ကြ တွေ့နေရ တွေ့နေရဦးမှာပါပဲ။ သမိုင်းက ကိုယ့်ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ တာဝန်ကို ထမ်းရွက်သယ်ပိုးရင်း အချိန်ကာလတွေကို မေ့ထားခဲ့ကြရတယ်။ တချို့လည်း ဥပဒေဘောင်အတွင်းမှာ ပါတီအဖွဲ့အစည်းတွေထဲ ပါဝင်ဆောင်ရွက်ရင်း။ တချို့လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်းမှာ။ တချို့လည်း မြေအောက်လုပ်ငန်းတွေ လုပ်ဆောင်လို့။ တချို့တလေလည်း ပြည်ပမှာ။ အားလုံးဟာ ကလေးငယ်လေး တယောက် လူလားမြောက်ဖို့ ကြိုးစားနေခဲ့ကြ။

ဒီလိုနဲ့ အချိန်ကာလက အနှစ် ၂၀ ဆိုတဲ့အရေအတွက်တခုကို ရောက်လာတဲ့အခါ ဒီကလေးငယ်လေးဟာ လမ်းလျှောက်ဖို့မပြောနဲ့ ထိုင်တောင် မထိုင်နိုင်သေး၊ ပက်လက်လေး ဖြစ်နေတုန်း ဆိုတော့အားလုံးက ရင်နာနေရတယ်။

ဘာပဲဖြစ်ဖြစ် အမှန်တရားကို ချစ်တတ်တဲ့သူတွေအားလုံးဟာ ဒဏ်ရာရခဲ့ပါပြီ။

ခုတော့ ဒီဒဏ်ရာဟာ အနှစ် ၂၀ ကြာခဲ့ပြီ။ အိုင်းအမာ တခုလို ဗမာပြည်ရဲ့ ရင်ဘတ်ပေါ်မှာ ဖုထစ်နေတဲ့ ဒီဒဏ်ရာဟာ အားလုံး နာကျင်နေရတဲ့ အနာတခုပါပဲ။ သည်အနာဟာ မပြယ်သေးတဲ့ ဒဏ်ရာပါပဲ။

ဒဏ်ရာတွေ ရတော့ ကြောင်တွေလို ကျားတွေလို ကိုယ့်ဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ကိုယ် လျက်ရတယ်။ အနှစ် ၂၀ ကြာလာတော့ ဒဏ်ရာတွေက ပြင်းလာတယ်။ ကျားနာတွေလိုပဲ ဒီဒဏ်ရာတွေကို ထိမိရင် ဘယ်သူမှ မခံနိုင်ဘူး။ အလိုအလျောက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်လာကြတယ်။

တချို့က ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်နေသူတွေကို လက်ညှိုးထိုးတယ်။ တချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးငေါ့တယ်။ တချို့က ပြည်ပရောက်နေသူတွေကို အပြစ်ဖို့တယ်။ တချို့က ပြည်သူလူထုကြီးကို မျက်စောင်းထိုးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ အနှစ် ၂၀ က ပေးလိုက်တဲ့ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ။ ပြင်းထန်လာတဲ့ ဒဏ်ရာတွေမှာ သင်ခန်းစာတချို့ကို တွေ့ရတယ်။ အဲဒီအခါ ကိုယ့်ဘာသာကိုယ် လျှာနဲ့လျက်လို့ မရတော့ဘူး။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲတွေ အမြင့်ဆုံး အမှတ်ကို ရောက်နေချိန်မှာ အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့ကြဘူး။ ဒါဟာ တကယ့် အဖြစ်အပျက်ပါ။ အဲဒါကြောင့်ပဲ ၁၉၈၈ လူထု အရေးတော်ပုံကြီး အောင်ပွဲနဲ့ ဝေးခဲ့တယ်။

လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ အကျိုးအကြောင်း အချက်အလက်တွေ ရှိနိုင်ပါတယ်။ ဘာလို့ပြောနိုင်လဲ ဆိုတော့ ကျနော်ကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ဖူးတာကြောင့်ပါပဲ။ သို့သော်လည်း လူထုတိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့တဲ့ ချို့ယွင်းချက်ကြီးကို အနှစ် ၂၀ တိုင် မသိချင်ယောင်ဆောင်နေလို့တော့ မရပါဘူး။

နောက်တခုကတော့ ဘုံရန်သူကို အားလုံးက သိနေကြသည့်တိုင် လက်တွေ့မှာ အဖွဲ့ အစည်းတိုင်းဟာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာကို ဝါဒရေးရာ အယူအဆရေးရာ ပုဂ္ဂိုလ်ရေးရာ ဘာသာရေးရာ အတွင်းပဋိပက္ခတွေနဲ့ နပမ်းလုံးနေခဲ့ကြတယ်။ စည်းရုံးရေးအရ ပြိုကွဲနေခဲ့ကြတယ်။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ မဆလဟောင်းတွေ၊ တပ်ထွက်တွေ၊ ဦးနုလူတွေ၊ ဖဆပလတွေ၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ၊ အကြမ်းမဲ့တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သေနတ် တချက်မှ မဖောက်ဖူးခဲ့တဲ့ကောင်၊ ထောင်မကျခဲ့ဖူးတဲ့ကောင်၊ တောင်ကျော်တွေ၊ သင်္ဘောသားတွေ၊ စာအုပ်သမားတွေ စသည်ဖြင့် စကားလုံးတွေ ထောင်ချီ နေခဲ့တယ်။ တဖွဲ့ချင်းစီမှာ ပြသနာတွေ အမျိုးစုံနေခဲ့ကြပြီး မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ကြတဲ့အခါ ဘုံရန်သူ ပျောက်နေခဲ့တာ အမှန်ပါပဲ။

ဒီလိုနဲ့ အဖွဲ့အစည်းတွေဟာ အနှစ် ၂၀ အကြာမှာ တဖြည်းဖြည်း အားနည်းလာတာပါပဲ။ အုပ်စုတွေ ကွဲတယ်၊ အဖွဲ့ဝင်တွေ နှုတ်ထွက်တယ် နိုင်ငံရပ်ခြားတွေကို ထွက်သွားတယ် စသည်ဖြင့် အဖွဲ့တွေဟာ အားနည်းလာတာပါပဲ။ တဖွဲ့ချင်းစီမှာ အားနည်း လာတဲ့အခါ အဲအဖွဲ့တွေ စုစည်းထားတဲ့ တပ်ပေါင်းစုတွေမှာလည်း အားနည်းမှုတွေ ဖြစ်လာတော့တာပဲ မဟုတ်လား။ လက်နက်ကိုင်အဖွဲ့တွေ အားနည်း လာတဲ့အခါ ရန်သူ့ဖိအားကို တစုံတရာ ခံစားလာရတာ အမှန်ပါပဲ။ ဒီအခါမှာ ငြိမ်းအဖွဲ့တွေ ပေါ်ပေါက်လာတော့တာပါပဲ။ ဒီအခါ လက်နက်ကိုင် အင်အားစုတွေမှာ ပိုလို့တောင် အခက်အခဲ ကြီးလာကြရတာပါပဲ။

နောက်တခုကလည်း တလျှောက်လုံးမှာ ငြင်းခုန်နေခဲ့ကြတဲ့ အကြမ်းမဖက် (Non-violent Action) နဲ့ အကြမ်းဖက် (Armed Struggle) ကွဲလွဲနေမှုကလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတခုလုံးကို ရိုက်ခတ်ပါတယ်။ LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာစွမ်းရည် ပြောသွားခဲ့တဲ့ စကားကို ကျနော် အတော် သဘောကျပါတယ်။ အကြမ်းဖက်ဖက် အနုဖက်ဖက် အရေးကြီးတာက တခုခုကို ဖက်နေဖို့ပါပဲ ဆိုတဲ့ ဆရာ့စကားက အလွန်တန်ဖိုးရှိတဲ့ စကားပါ။

ကျိန်းသေတာတခုကတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်နိုင်သမျှ၊ စည်းရုံးရေး ပြိုကွဲနေမှုတွေကို မဖြေရှင်းနိုင်သမျှ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ ကျန်တဲ့ တိုက်ပွဲ ပုံသဏ္ဍာန်တွေကို မှန်မှန်ကန်ကန် မပေါင်းစပ်နိုင်သမျှ ကျနော်တို့ မြင်ချင်တဲ့ ကလေးလေးတယောက် သူ့ခြေထောက်ပေါ် သူရပ်နေတာကို မြင်ရဖို့ ဝေးပါသေးတယ်လို့ ယူဆမိပါကြောင်း။ ။

နေ့စဉ်သတင်းစာ ထုတ်ခွင့်ရပြီဆိုတဲ့ ဂျာနယ်တိုက် ၄ ခု

သန်းစိုးလှိုင်

ဒီဇင်ဘာ ၂၁၊ ၂၀၀၈

နအဖ စစ်အစိုးရက ပုဂ္ဂလိက သတင်းဂျာနယ်တိုက် ၄တိုက်ကို မကြာမီ လပိုင်းအတွင်းမှာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံ လိုက်တယ်လို့ ရန်ကုန်မြို့က ဂျာနယ်တိုက်ပိုင်ရှင်နဲ့ နီးစပ်တဲ့သူတွေက ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ဝန်းကျင်အတွင်းမှာ ပုဂ္ဂလိကဂျာနယ်တိုက်ပိုင်ရှင်တွေဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရဖို့ ပြန်ကြားရေး ၀န်ကြီးဌာနကို လျှောက်ထား ကြိုးစားခဲ့ကြတာ အားလုံးသိရှိကြပါတယ်။ ဒါပေမယ့် နအဖ အစိုးရက ခွင့်ပြုဖို့ ၀န်လေးနေခဲ့ပြီး ဂျာနယ်တိုက်ပိုင်တွေက ထုတ်ဝေခွင့်ရနိုးနဲ့ ပြင်ဆင်မျှော်လင့်နေခဲ့ကြတာပါ။

အဲဒီမျှော်လင့်ချက်ကို နအဖ ပြန်ကြားရေးဝန်ကြီးဌာနက အခုမှ ဖြည့်ဆည်းတဲ့ ထုတ်ဝေခွင့် ပြု သဘောတူလိုက်တာပါ။

ကွက်ကြားမိုး သတင်းစာ ထုတ်ဝေခွင့်

ဒါပေမယ့်လည်း လျှောက်ထားတဲ့ ပုဂ္ဂလိကဂျာနယ်တိုက်တွေ အားလုံးကို ခွင့်ပြုတာမဟုတ်ပဲ စစ်အစိုးရကို ဆန့်ကျင်ရေးသားခြင်း မရှိတဲ့၊ နအဖ အစိုးရကို မီဒီယာနဲ့ ကူညီပံ့ပိုးပေးနေတဲ့ တိုက်တချို့ကိုသာ ခွင့်ပြုဖို့ သဘောတူလိုက်တာပါ။

ယခု ထပ်မံ သိရှိရတဲ့ အချက်အလက်တွေအရဆိုရင် မြန်မာတိုင်းမ်၊ အီလဲဗင်း မီဒီယာ၊ ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်တို့ လို့ဆိုပါတယ်။

အဆိုပါဂျာနယ် တိုက် ၄ ခုအနက် မြန်မာတိုင်းမ်ဟာ သြစတေးလျ နိုင်ငံသား ရော့စ် ဒန်ကလေက စစ်ထောက်လှမ်းရေးနဲ့ တွဲဘက်ထူထောင်ခဲ့ပြီး စစ်ထောက်လှမ်းရေး ချေမှုန်းခံရပြီးနောက် ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်သူ သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးကို ရှယ်ယာဝယ်ယူစေပြီး အစိုးရက နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ ဂျာနယ် တိုက်ပါ။

အီလဲဗင်းမီဒီယာကတော့ စစ်အစိုးရနဲ့ ပေါ်ပေါ်ထင်ထင် ဆက်နွယ်မှု မပြပေမယ့် နအဖ အစိုးရအဖွဲ့ထဲက အာဏာရှိတဲ့ ဗိုလ်မှူးကြီးတစ်ဦးက ရှယ်ယာဝင်ထားပြီး အဆိုပါ အရှိန်အ၀ါနဲ့ စာပေစိစစ်ရေးမှာ အထူးအခွင့်အရေးရလျက်ရှိတယ်လို့ မီဒီယာလောကမှာ နားလည်ထားကြပါတယ်။ တနည်းပြောရရင် နအဖနဲ့ ဆက်နွယ်ရာ ဆက်နွယ်ကြောင်း ယုံကြည်စိတ်ချလို့ ထုတ်ဝေခွင့် ချပေးမယ့် သဘောပါ။

ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်မှ စာရေးဆရာ ဟိန်းလတ်နဲ့ ကိုကို(စက်မှု) တို့ကလည်း ပြန်ကြားရေး ၀န်ကြီးဌာနကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့မှာ အလုပ်အမှုဆောင် ရာထူး အသီးသီး ယူထားကြသူတွေဖြစ်လို့ နအဖအစိုးရက ယုံကြည်စိတ်ချရသူတွေပါ။

ပေါ်ပြူလာကိုတော့ ကစထမှူး လုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီးဖြစ်သူ ပါဝင်ပတ်သက်နေတယ် လို့လည်း အဆိုပါတိုက်နဲ့ နီးစပ်သူများက ပြောပါတယ်။



ပုဂ္ဂလိက မီဒီယာကနေ လူထုကို အခမဲ့ ၀ါဒဖြန့်ဖို့ ကြံစည်

နအဖ အစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စပြီး “မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ် …” ဆိုတဲ့ ကြွေးကြော်ချက်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေကို ကိုင်တွယ် အသုံးချခဲ့ပါတယ်။ မကြာခဏ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အဲဒီသတင်းတွေကို ပုဂ္ဂလိကပိုင်ဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ရောင်စုံနဲ့ ဖေါ်ပြကြတယ် ဆိုရင် နအဖက သူတို့ရဲ့ အသံ၊ သူတို့ရဲ့ အမြင်တွေကို လူထုရှေ့အခမဲ့နည်းနဲ့ ရောက်စေခဲ့တာပါ။

ကိုယ့်အရင်းအနှီးနဲ့ ထုတ်တဲ့ ပုဂ္ဂလိကဂျာနယ်တိုင်းမှာ အစိုးရရဲ့ ပေါ်လစီ ဆောင်းပါးတွေကို စာမျက်နှာ တမျက်နှာပြည့် အခမဲ့ ထည့်ပေးရပါတယ်။ နောက်ပြီးတော့ အစိုးရက ပြည်တွင်း၊ ပြည်ပ အတိုက်အခံကို ဆန့်ကျင်ရေး ၀ါဒဖြန့်ကင်ပိန်းလုပ်တဲ့အခါ ပုဂ္ဂလိကဂျာနယ်တွေကပါ ကိုယ့်ဘာသာကိုယ် နအဖ အာဘော်အတိုင်း ဆောင်းပါးရေးပြီးထည့်ဖို့ အားပေးပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးခါစမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်ဂျာနယ်က ရေးပေး လုပ်ပေးခဲ့တာမျိုးပါ။

အခု တကြိမ် သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံလိုက်တဲ့ သဘောဟာ လာမယ့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ အစိုးရရဲ့ လက်ဝေခံပါတီတွေအတွက် ပုဂ္ဂလိက မီဒီယာကနေ ၀ါဒဖြန့်ဖို့ အကြံအစည်ရှိပုံရတယ်လို့ လေ့လာသူ တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

ပါတီစုံရွေးကောက်ပွဲ ဆိုတဲ့အတွက် ပါတီတွေက နအဖ အစိုးရရဲ့ သတင်းစာကို တိုက်ရိုက်သုံးစွဲခွင့် ရှိမှာ မဟုတ်ဘဲ နအဖ လက်ဝေခံပါတီများအတွက် မီဒီယာလိုအပ်လာပါတယ်။ ပါတီတွေအနေနဲ့ ကိုယ်ပိုင် ပါတီသတင်းစဉ်လိုမျိုး မထုတ်ဝေနိုင်သေးရင်တောင်မှ နအဖအစိုးရကို ထောက်ခံမယ့် ပုဂ္ဂလိက သတင်းစာတွေကို အသုံးချပြီး လူထုကိုစည်းရုံးမယ်လို့ ရည်ရွယ်ချက် ရှိပုံရတယ် လို့လည်း အဆိုပါ လေ့လာသူက ပြောဆိုပါတယ်။


ကျဆုံးနေတဲ့ နအဖ အစိုးရသတင်းစာများ

နအဖအစိုးရရဲ့ အသံ၊ အာဘော် မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြန်မာ့အလင်း အင်္ဂလိပ်ဘာသာ တို့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း တစောင်ကို ၁၀ ကျပ်မှ ၅၀ ကျပ်သို့ ဈေးမြှင့်ပြီးနောက်ပိုင်း စောင်ရေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ယခင်က ဈေးသက်သာလွန်းလို့ လစဉ်ယူထားသူအများအပြား ရပ်စဲခဲ့ကြပါတယ်။ ယခုအခါ အစိုးရသတင်းစာရဲ့ စောင်ရေဟာ သိန်းဂဏန်းမရှိတော့ဘဲ သောင်းဂဏန်းမျှသာ ရှိတော့တယ်ဆိုတဲ့ ပြောဆိုမှုများလည်း ကြားသိရပါတယ်။

ဈေးနှုန်းမတက်ခင်က ကြေးမုံသတင်းစာဆိုရင် စောင်ရေ ၂သိန်းဝန်းကျင် ရိုက်နှိပ်ခဲ့တာပါ။ ယခုနောက်ပိုင်း စာဖတ်သူ လူထုက ပုဂ္ဂလိက သတင်းဂျာနယ်တွေကိုသာ မှန်မှန်ဝယ်ဖတ်ကြတော့ပြီး သတင်းစာကို နာရေးနဲ့ ကြော်ငြာ ကြည့်ရုံသာ သဘောထားကြပါတော့တယ်။

အစိုးရသတင်းစာကို ဖတ်ရှုသူ ပိုမိုနည်းသွားစေမယ့် စိုးရိမ်မှုကြောင့် ပုဂ္ဂလိကသတင်းစာကို ခွင့်မပြုလိုပေမယ့် အခြားတဘက်မှာ အစိုးရနဲ့ နီးစပ်သူတွေကို ထုတ်ဝေခွင့်ပေးခြင်းနည်းဖြင့် မီဒီယာကို မီဒီယာနဲ့တိုက်တဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ မဟာဗျူဟာကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။

နေ့စဉ်သတင်းစာကို စာပေစိစစ်ရေးက မရိုက်နှိပ်မီ တစောင်လုံး ကြည့်ရှုစစ်ဆေးနိုင်ဖို့ မလွယ်ကူတာကြောင့် ယခင်တလျှောက်လုံး နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ယခုလာမယ့် နေ့စဉ် သတင်းစာတွေကိုတော့ ဘယ်ပုံဘယ်နည်းနဲ့ စိစစ်ချုပ်ကိုင်ထားမယ် ဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

ခရီးသည်

Monday, 22 December 2008 10:56 ရဲရင့်သက်ဇွဲ




တစတစနဲ့  ပြိုကွဲကျလာ

အေးမြမြဝတ်ရုံကို
ဆွဲယူသိမ်းရုပ်
တိမ်အုပ်နောက်ကိုဝင်သွားတယ်၊


အရုဏ်
တရွေ့ရွေ့နဲ့
နေ့တနေ့ရဲ့ အစကို ဆွဲယူလာခဲ့
နေ
ပူပူလောင်လောင် သူ့ရဲ့အရောင်ကို
ကမ္ဘာမြေပြင်အရောက်ပို့လိုက်တယ်၊

အဲဒီလို ညတွေ နေ့တွေ
သံသရာအဆက်ဆက်
မျှော်လင့်ချက်တွေနဲ့ ခရီးဆက်
အသက်ရှင်လိုသူများ

အဆင်ကွဲ မဲပြာပုဆိုးများ လွှင့်ပစ်ခဲ့ပါ
ယုံကြည်မှုတွေတည်ဆောက်
အဲဒီအောက်က သံသယများ လွှင့်ပစ်ခဲ့ပါ
ပုဆိုးခြုံထဲက
လက်သီးပုန်းများ လွှင့်ပစ်ခဲ့ပါ
သင်္ကြန်အမြှောက်ဆံများ လွှင့်ပစ်ခဲ့ပါ
ရာဇ၀င်ထဲမှာယစ်မူး
ရူးသွပ်သော အတွေးအခေါ်များ လွှင့်ပစ်ခဲ့ပါ

မြေကြီးရဲ့ သားသမီးများ
မြေကြီးထံပြန်မသွားခင်ကြားမှာ
သမိုင်းပေးတာဝန် ကျေပွန်စေဘို့ 
တို့လက်များနဲ့  ခေတ်တခေတ်ကို သစ်စေမယ်။ ။


သော့အိမ်က ပုရွက်ဆိတ်များ

Monday, 22 December 2008 13:54 မျိုးမြင့်ချို
ကိုရင်မောင်ရေ ….

ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ဗျ။ ဘာကြောင့် အဲဒီသတ္တဝါလေးတွေကို ပုရွက်ဆိတ်လို့ ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ။ တမျိုးက အနက်ရောင်အကောင်၊ လူကိုပြန်မကိုက်ဘူးထင်တယ်၊ သွားရင်လာရင် ပြာယာခတ်ပြီး တောင်မကြည့် မြောက်မကြည့်။ ဟိုတိုးဒီတိုးနဲ့  နည်းနည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလိုကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတည့်ရာ လစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီး သနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင်တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့ နာမည်ပေးထားတယ်။

နောက်တမျိုးက အနီရောင်။ အနက်တွေထက် အကောင်သေးတယ်။ လူကို ကိုက်တတ်တယ်။ သွားရင်လာရင် အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလို မဟုတ်ဘူး၊ မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့  မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန်ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့  ဖိသတ်ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့ နံမည်ပေးတယ်ဗျာ။ အရူးတွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီးအကောင်ကြီးတွေ ရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့ ဘာလုပ်နေတယ်တော့မသိဘူးပေါ့ဗျာ။

ဒီကောင်တွေက တကောင့်တကောင် တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေက ရှောင်တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့  “အိမ်” (ပုရွက်ဆိတ်အုံ)ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်းမတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကို မောင်းထုတ်၊ ပြီးတော့ အတည်ပေါက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာ ကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီး ကယ်ထုတ်၊ အိုးပြစ်အိမ်ပြစ်နဲ့။ အရူးခေါင်းကြီးတွေလည်း ထွက်လာပြီးပြန်တော့ ကိုက်ပါတယ်။ ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေပဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေ ကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့  ဖိုက်တာတွေကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာ ပုံထားလိုက်တာများ ခြေပြတ်လက်ပြတ် ခေါင်းတခြား ကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီး ကျနေတာပဲ။ ဒီ့နောက်တော့ အရူးတွေ အိမ်သစ်ရှာရပြန်ပြီ။ မတွေ့သေးခင်စပ်ကြား လူ့အဝတ်စားတွေ အသုံးအဆောင်တွေကြား ယာယီခိုကပ်ရင်း နေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်က မခံချင်ဘူး။ တခုခု လုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။

တနေ့တော့ ကျုပ်စိတ်ထဲ အတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ်၊ ခြေတံလက်တံလည်း ရှည်တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို “တည်”ပေးလိုက်ရင် ဘယ်ကောင် နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့ မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့ လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေး တကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ် ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းက မဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် ကြိုးဝိုင်းလုပ်ပေးရရင် ကောင်းမလားပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆို အသေအလဲကြောက်တာ။ ဒါနဲ့ ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော် လောက်ကော်၊ ပရုပ်ဆီနဲ့ ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာ အနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေဘာလုပ် မလဲဆိုတာ။

စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးက ထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီ စည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့ တိုးလိုက်၊ အရူးကပြေးလိုက်၊ သူကလည်း နောက်ကနေတော့ အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်း ထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံဘဲ ရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကို ဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက်တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့ နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့  ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့ နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကို ရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက်တယ်။ နောက် အကောင်ချင်း ကွဲသွားပြန်တယ်။

အဲသလိုနဲ့ တကောင့်တကောင် ခါးသိမ်နေရာကို အမိအရ ကိုက်ဖို့ကြိုးစားရင်း အချိန်က တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံးလည်း မောနေပြီ။ လှုပ်ရှားမှုတွေ နှေးလာတယ်။ အလစ်မှာ တချက်တချက် နောက်ကနေ ဝင်ကိုက်တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့ မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်း အဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုးစမ်းမယ်၊ ဒီကောင်တွေလည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲက အပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့ အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ် သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့ အဖြေက မရသေးဘူး။

ဒါနဲ့ ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့ အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲ လုပ်ပေးပြန်တယ်။ ပွဲကစစချင်း လွှတ်လိုက်တာနဲ့ ကြမ်းတော့တာဗျို့ ။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့ နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ်။ အရူးက ထွက်ပြေးဖို့ ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေစုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ ဂုတ်ပိုးနေရာကို ဝင်ခဲတယ်။ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့ အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့ နောက်ခြေထောက်ကိုဆွဲထားတဲ့ ဖိုက်တာက ရုတ်တရက် လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကို ဝင်ကိုက်တယ်။ အရူး တော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟိုကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ ဖိုက်တာကို ပြန်ကိုက်ဖို့ အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင်၊ အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လူးလိမ့်နေတာပဲ။

ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်က ခဲထားရင်း ခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာပဲ။ အမောပြေသလောက်ရှိတော့ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာပဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခဏ်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့ အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီခါးသိမ်လေး ပြတ်သွားရင် သွားပြီ။ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲရေထည့်မှုတ်ပြီး အကောင်ချင်း ခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီ ပွတ်သပ်ပြီး ထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့ ကျုပ်လည်း သူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါ နည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။

နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေးတယ်။ နောက်တော့ “တည်”ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကို ဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီးမဲကြီး ပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့ အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူးကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူးဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကို ဝင်ကိုက်တာ။ ခါးသိမ်နေရာပဲ။ ကွက်တိပဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲပဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက်သွားတယ်။ ကျုပ်တောင် ဆွဲချိန်လွဲချိန် မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ခါးပြတ်သွားတဲ့ ဖိုက်တာကိုတော့ သူ့အိမ်အပေါက်ဝနား အသာပြန်ချပေးလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာပဲနော် ကျုပ်ဟာ နှလုံးသားမရှိတဲ့လူ၊ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်က သိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါပဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

ဒီသုံးပွဲလည်းပြီးရော စိတ်လည်း တော်တော်မောသွားတယ်။ တွေးစရာတွေလည်း တပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ ခင်ဗျားတို့တတွေလည်း ခုဆို တကွဲတပြားစီ လွင့်စဉ်လို့။ အိုးတကွဲအိမ်တကွဲနဲ့။ ဒါတွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာပုရွက်ဆိတ်” နဲ့ “အရူးပုရွက်ဆိတ်” ဘယ်ဟာ ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ်ပုရွက်ဆိတ်ရဲ့ “ဘဝအနေဟာ” လူ့ဘောင်ကောင်းကျိုးကို ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ်မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျာ။ ကျုပ်တော့ ကိုယ့်အခြေအနေကို ပြန်ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက “ဖိုက်တာ” နဲ့ “အရူး” ပုရွက်ဆိတ်လေးတွေကိုပဲ မြင်မြင်နေမိတယ်။

မြန်မာ့စီးပွားရေး ဇင်ဘာဘွေကိန်းဆိုက်နေပြီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

၂၂ ဒီဇင်ဘာ ၂၀၀၈
အာဏာရှင်တဦးကြောင့် တမျိုးသားလုံး ဒုက္ခရောက်ရသည့် မြန်မာနိုင်ငံ၏ အခြေအနေကို ယနေ့ ဇင်ဘာဘွေနှင့် နှိုင်းယှဉ်ထိုက်၏။

အသက် (၈၀) ကျော် အာဏာရှင် မူဂါဘေးက ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်လျက်နဲ့ အာဏာမလွှဲဘဲ ပေကပ်နေ၏။ အသက် (၈၀) နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွဲဘဲ ပေကပ်နေ၏။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျသလို ဇင်ဘာဘွေ စီးပွားရေးမှာလည်း ကြောက်စရာကောင်းအောင် နာလန်မထူနိုင်ဖြစ်ရ၏။

ဇင်ဘာဘွေမှာ ငွေဖောင်းပွမှုနှုန်းက တရားဝင်ထုတ်ပြန်ချက်အရပင် ရာခိုင်နှုန်း သန်းရာနှင့်ချီ ရှိသည့်အတွက် ကမ္ဘာမှာ ငွေဖောင်းပွမှု စံချိန်အမြင့်ဆုံးနိုင်ငံ ဖြစ်သွား၏ အဆမတန် တန်ဖိုးကျနေသည့် ဇင်ဘာဘွေပြည်တွင်းသုံး ဒေါ်လာတန်ဖိုးမှာ မြန်မာနိုင်ငံ ဂျပန်ခေတ်ငွေစက္ကူထက်ဆိုးနေ၏။ တလောကတင် ဇင်ဘာဘွေမှာ သန်း (၅၀၀) တန် ဇင်ဘာဘွေဒေါ်လာ ထုတ်လိုက်ပြန်၏။ ထို သန်း (၅၀၀) တန်ငွေစက္ကူသည် အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် မြန်မာငွေ (၆၅,၀၀၀) နှင့်သာ ညီမျှ၏။

၂၀၀၈ နိုဝင်ဘာ (၁၄) ရက်တွင် ဇင်ဘာဘွေ၏ လစဉ် ငွေဖောင်းပွမှုနှုန်းက (၇၉,၆၀၀,၀၀၀,၀၀၀.၀၀) ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ငွေဖောင်းပွမှုနှုန်းက (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်းရှိသည်ဟု Cato Institute က ထုတ်ပြန်ထားသည်မှာ မစဉ်းစားဝံ့အောင် ဖြစ်၏။

ပြည်တွင်းသုံးငွေ တန်ဖိုး အဆမတန်ကျသည့်အတွက် ဇင်ဘာဘွေဒေါ်လာကို လက်မခံတော့ဘဲ တနိုင်ငံလုံး အမေရိကန်ဒေါ်လာနှင့်သာ အရောင်းအ၀ယ်လုပ်ရသည့်အဖြစ် ရောက်၏။ ယင်းသို့ တနိုင်ငံလုံး ပြည်တွင်းသုံးငွေ လက်မခံဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံသုံးစွဲလာသည့်အချက်ကို dollarisation ဟု သုံးနှုန်း၏။

ဇင်ဘာဘွေမှာ မီတာခတွေကို အမေရိကန်ဒေါ်လာနှင့်ပေးရ၏။ ဓာတ်ဆီဆိုင်တွေကလည်း အမေရိကန်ဒေါ်လာကိုသာ လက်ခံ၏။ ဇင်ဘာဘွေမှာ ဘတ်စကားခကားတွေက တနေ့လုပ်ခလောက် ဈေးခုန်တက်နေသည့်အတွက် ကျောင်းတွေပိတ်ထားရ၏။ ဘီယာတပုလင်း ဇင်ဘာဘွေဒေါ်လာ ဘီလီယံ (၁၅၀) ထိ ဖြစ်သွား၏။ အများစုက တနေ့ ထမင်းတနပ်သာ စားနိုင်၏။

ယင်းသို့ ပြည်သူသန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်နေသည့်တိုင် တနိုင်ငံလုံးနီးပါး ၀မ်းရောဂါ ကပ်ဆိုးကြီးဆိုက်နေသည့်တိုင် ဇင်ဘာဘွေဟာ ကျုပ်ပိုင်တဲ့နိုင်ငံဆိုပြီး အာဏာရှင် မူဂါဘေးက အတိုက်အခံနှင့် အာဏာခွဲဝေရေး မလုပ်နိုင်ဖြစ်နေ၏။ ဇင်ဘာဘွေအရေးကို ကုလသမဂ္ဂကနေ အရေးယူအောင် တိုးတိုးတိတ်တိတ် လုပ်ပြန်တော့လည်း တရုတ်နှင့်ရုရှက ကန့်ကွက်ပြန်၏။ ဇင်ဘာဘွေ အာဏာရှင်ကို မည်သည့်နိုင်ငံကမှ မဖျောင်းဖျနိုင်သည့်အဆုံး အမေရိကန်သမ္မတသစ် အိုဘားမားကတော့ လုပ်နိုင်ကောင်းရဲဆိုပြီး Times သတင်းစာကြီးက မြှောက်ပေး၏။

ယနေ့ ဇင်ဘာဘွေကြုံနေရသည့် အခြေအနေအရပ်ရပ်သည် မြန်မာနိုင်ငံနှင့် ချွတ်စွပ်တူနေ၏။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ သန်းချီရှိပါသည်ဟု ၀န်ကြီးချုပ် သိန်းစိန်ကပြောသည့်အချိန်တွင် မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်း အတော်များများ ရပ်ကုန်သည်။ အရောင်းအ၀ယ်တွေ ဆိုင်းကုန်သည်။ နိုင်ငံတကာမှ ၀ယ်သူများ လက်မခံသဖြင့် ဆန်၊ သစ် စသည့် ကုန်စည်တွေ ရန်ကုန် ဆိပ်ကမ်းမှာ ပုံနေသည်။ သို့တိုင် စစ်အစိုးရ အခြေအနေမှာ တိုင်းပြည်တွင်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ။

ဒု-ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသည်ဆိုသည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်းသည်ပင် သူပိုင်လုပ်ငန်းများမှ ၀န်ထမ်းများ လျှော့ချနေရသည်။ အခြားကုမ္ပဏီအများအပြားလည်း ၀န်ထမ်းတွေ လျှော့ချနေရသည်။ မြန်မာပြည်သူအများစုမှာလည်း စီးပွားကျပ်ပြီး အတိဒုက္ခရောက်နေသည်။

နာဂစ်မုန်တိုင်းကြောင့် လူတွေ သိန်းသန်းချီသေသည်ကိုပင် မျက်နှာလွှဲခဲပစ်လုပ်ရက်သညိ့ စစ်အစိုးရသည် ကမ္ဘာ့စီးပွားကပ်မုန်တိုင်းကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်ကုန်၊ သေကုန်လျှင်လည်း လုံထိန်းသတ်လို့သေမည့်အစား စီးပွားသတ်လို့သေတာ ကောင်းသည်ဟုပင် သဘောထားမည့်ကိန်း ရှိနေ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း အာဏာရှင် မူဂါဘေးလို မြန်မာနိုင်ငံကို ဒါကျုပ်ပိုင်တဲ့နိုင်ငံဟု သဘောထား လုပ်ကိုင်နေ၏။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခေါင်းမာမှုကြောင့် ကုန်သည်တွေကလည်း မကျေမနပ်ဖြစ်ကုန်၏။ ရဟန်းသံဃာတွေကလည်း မကျေမနပ် ဖြစ်ကုန်၏။ ကျောင်းသားတွေကလည်း အခဲမကျေဖြစ်ကုန်၏။ ပြည်သူတွေကလည်း မကျေမနပ် ဖြစ်၏။ မြန်မာနိုင်ငံ၏ အခြေအနေမှာ တတိုင်းပြည်လုံးက စစ်အစိုးရ ရန်သူဖြစ်လာပြီ။ စစ်အစိုးရသည်လည်း တတိုင်းပြည်လုံး၏ ဘုံရန်သူ ဖြစ်လာပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေစဉ်းစားဖို့ တိုက်တွန်းလိုသည်မှာ ဇင်ဘာဘွေကဲ့သို့ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်မလား၊ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုတဲ့ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့သဘောထားမျိုးနဲ့ ရွေးကောက်ပွဲသွားမလား၊ လက်ရှိအခြေအနေမှာ ထွက်ပေါက်ရှာမလား ဆိုသည့်အချက်ဖြစ်၏။

မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်လျှင် ပြည်သူတွေ၏ ဒေါသကြောင့် တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်တာသာ အဖတ်တင်မည်။ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုသည့် ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့ သဘောထားမျိုးနှင့် ရွေးကောက်ပွဲသွားလျှင် ဆန့်ကျင်မှုတွေများပြီး သွေးထွက်သံယိုမှုတွေနှင့် ကြုံရမည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသေချာသိထားသင့်သည့်အချက်တော့ မြန်မာနိုင်ငံစီးပွားရေးသည် ဇင်ဘာဘွေအခြေအနေအတိုင်း သိသိသာသာ ထိုးကျနေပြီဖြစ်သည်ဆိုသည့် အချက်ဖြစ်၏။


သန်းရွှေ နိုင်ငံခြားရေးမူဝါဒ

Monday, 22 December 2008 18:09 အောင်ဇော်
မြန်မာပြည်ကို ဗိုလ်ချုပ်ကြီး နေဝင်း စတင် အုပ်စိုးသည့် ၁၉၆၂ ခုနှစ်မှစ၍ ဘက်မလိုက် နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် တွင်လည်း “တက်ကြွ လွတ်လပ်သည့် နိုင်ငံခြားရေး ဝါဒကို” ချမှတ် ကျင့်သုံးနေသည်ဟု ဖော်ပြလေ့ရှိသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ် အကြီးအကဲများ ၎င်းနိုင်ငံများသို့ သွားရောက်ခွင့်၊ ပြည်ဝင်ခွင့်များ အပါအဝင် တဦးခြင်း ပစ်မှတ်ထားကာ စီးပွားရေး ပိတ်ဆို့မှုများ လုပ်ခဲ့ချိန်တွင် စစ်အစိုးရကအိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ပိုမို ဖော်ရွေ ပျူငှာလာသည်ကို တွေ့မြင်ရသည်။ ၎င်းအခြေအနေကို ကြည့်ခြင်းဖြင့် စစ်အစိုးရ၏ ကြားနေ နိုင်ငံခြားရေး မူဝါဒ၌ အကန့် အသတ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ မြန်မာပြည်သို့ လာရောက်တိုင်း တွေ့ဆုံရန် ငြင်းဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ယခုလဆန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျဲချိ လာရောက်စဉ်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း မြင်တွေ့ကြရသည်။ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံ အပြီးကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တရုတ်ပြည်သို့ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သေးသည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရသည် ၎င်း၏ မိတ်ဆွေ ပေါက်ဖော်ကြီးကို မည်မျှအားကိုးကြောင်း တွေ့ရှိနိုင်သည်။

မြန်မာ့စစ်ခေါင်းဆောင်များနှင့် ပေါက်ဖော်ကြီးတို့ ဆက်ဆံရေးမှာ အဆင်ပြေသည်ဟု ထင်စရာ ရှိသော်လည်း တောက်လျှောက်ချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ အတိအကျ ဆိုရလျှင် ၁၉၆၀ မှ ၇၀ ဝန်းကျင်ကာလ များအထိ တရုတ်နိုင်ငံအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ကူညီထောက်ပံ့ခဲ့ဖူးသည်။

ထိုစဉ်က တိုင်းပြည်ကို ချယ်လှယ်နေသော ဦးနေဝင်းကို “ဖက်ဆစ်ကြီး” ဟု အမည်ပေးကာ ရေဒီယိုပေကျင်း အသံလွှင့်ဌာနမှ တကြော်ကြော်အော်၍ ဖြုတ်ချရန် ကြိုးပမ်းနေသည့်တိုင် ၎င်းမှာ တရုတ်နိုင်ငံသို့ အကြိမ် ကြိမ်သွား၍ တရုတ်ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံ၍ ဆက်ဆံရေးကို ကြိုးပမ်း တည်ဆောက် ယူခဲ့သည်။

၁၉၇၀ မှ ၈၀ ဝန်းကျင်အချိန်များတွင် ဦးနေဝင်းက နောက်တန်းမှ တရုတ်နှင့် ဆက်ဆံရေး ပြေပြစ် အဆင်ပြေရေးအတွက် အားသွန် ကြိုးပမ်းနေစဉ် တဘက် ရှေ့တန်းစစ်မျက်နှာ၌ ဗိုလ်သန်းရွှေနှင့် တခြားသော စစ်ဗိုလ်များက တရုတ်အစိုးရ ထောက်ပံ့ပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီကို အကြီးအကျယ် တိုက်ခိုက်ချေမှုန်းလျှက် ရှိသည်။

ယနေ့အချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီလည်း မရှိတော့။ တရုတ် အစိုးရသည်လည်း ၁၉၈၈ ခုနှစ် စက်တင်ဘာမှစ၍ ကမ္ဘာ့အရက်စက်ဆုံး အစိုးရကို စီးပွားရေးအကူအညီများ ထောက်ပံ့ပေးနေခဲ့ရာ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခုဆိုလျှင် အမေရိကန်ဒေါ်လာ ၁. ၅ ဘီလျံထိ တိုးတက် များပြားလာပြီဖြစ်ကြောင်း တွေ့ရသည်။

ယခုအခါ တရုတ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်း စစ်တွေနှင့် ယူနန်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် အထိ စီစဉ်ပြီး ဖြစ်နေပြီ။ ၎င်းဓာတ်ငွေ့ပိုက်လိုင်းအတွက် တရုတ်အစိုးရ၏ CNPC ရေနံကုမ္ပဏီက အမေရိကန် ဒေါ်လာ ၂. ၅ ဘီလျံ အကုန်အကျခံ စိုက်ထုတ်ပြီး ရှယ်ယာ ၅၀. ၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ မြန်မာပိုင် ရေနံကုမ္ပဏီ MOGE က ကျန်သည့် ရာခိုင်နှုန်းရှယ်ယာ ပါဝင်မည်ဖြစ်သည်။

တရုတ်အစိုးရသည် မြန်မာပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သည်နှင့် တပြိုင်နက်တည်း နယ်စပ်ဒေသရှိ လက်နက်ကိုင်ထကြွမှုများကိုလည်း ငြိမ်ဝပ်စေချင်သည့် အနေအထားရှိသည်။

ယခင်က တရုတ်ပြည်ဖြစ် စစ်လက်နက်ပစ္စည်းများ အရည်အသွေး ညံ့ဖျင်းသည်ဟု ညည်းညူခဲ့ကြသော မြန်မာစစ်ခေါင်းဆောင်များသည် ယခုအခါ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစု၏ တောင်းဆို မှုများကို ဗီတိုအာဏာ သုံးကာ ပယ်ချပေးနေသည့် တရုတ်အစိုးရကို ကျေးဇူး အထပ်ထပ် တင်နေပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ကူညီမှုများပေးနေသည့်တိုင်အောင် တိုးတက်မှု ရှိမလာသည့် အပေါ် တရုတ်အစိုးရက သံသယဝင်လျှက်ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိတော့သည့်နောက်ပိုင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အခြေအနေကို လေ့လာ စောင့်ကြည့် နေခြင်းသာဖြစ်သည်။

တရုတ်အစိုးရက နှစ်ပေါင်း ၂၀ ခန့် ကူညီမှုများ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့သော်လည်း မြန်မာပြည်ကြီးမှာ ချွတ်ခြုံကျနေပေရာ ၎င်းတို့အနေနှင့် စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် အလုပ်အကြွေး ပြုနေသကဲ့သို့ ဖြစ်နေ၏။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မြန်မာပြည် နိုင်ငံခြားရေး မူဝါဒကို ပြန်လည်လေ့လာမည် ဆိုပါလျှင် အလျဉ်းသင့်သလို ရွေးချယ်ပေါင်းသင်းရေး မူဝါဒ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြာခဏ ပြောဖူးသည့် စကား ရှိပါသည်။ ၎င်း၏ဘက်တွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယ ကြီးသုံးကြီးတို့ကသာ ထောက်ပံ့ပေးနေပါက စစ်အစိုးရရပ်တည်နိုင်မည်ဟု ယုံကြည်သည် ဟူ၍ဖြစ်၏။ ထို ကြီးသုံးကြီး တွင် တရုတ်က အရေးအကြီးဆုံးဟု ဆိုရမည်ဖြစ်သည်။

လတ်တလောကာလတွင် စစ်ဗိုလ်ချုပ်ကြီးများက မိတ်သစ် ဆွေသစ်များ၊ ဈေးကွက်သစ်များနှင့် စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှု အသစ်များ ရှာဖွေလာသည်ကိုတွေ့ရသည်။

ယခုလအတွင်း ကူဝိတ်တွင် သံရုံးဖွင့်လိုက်ပြီ။ ကူဝိတ်ဝန်ကြီးချုပ်က သြဂုတ်လအတွင်း မြန်မာပြည်သို့ လာကာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်သည်။ ထို့ပြင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်ကို ကူဝိတ်သို့ အလည်အပတ် စေလွှတ်ကာ ကူဝိတ်တွင် အခြေချဆောင်ရွက်နိုင်မည့် စီးပွားရေးအခြေအနေများကို လေ့လာစေခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ယခုတကြိမ်က မြန်မာပြည်အတွက် ပထမဆုံး မဟုတ်ပေ။ ၂၀၀၆ ခုနှစ်ကလည်း အီရန်နိုင်ငံ၏ စွမ်းအင် ဒုဝန်ကြီးက မြန်မာပြည်သို့ လာလည်သွားခဲ့ သေး၏။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကတော့ မြန်မာပြည်စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ သံတမန် ဆက်ဆံရေးကို ပြန်လည်မြင်တွေ့ကြရသည်။ တောင်ကိုရီးယားသမ္မတနှင့်အဖွဲ့ ရန်ကုန် အာဇာနည် ကုန်းတွင် ဗုံးခွဲတိုက်ခိုက် ခံရပြီး နောက်ပိုင်း ၂ နိုင်ငံအစိုးရတို့ ဆက်ဆံရေး အခြေအနေ တန်းသွားခဲ့ရာ ယခုကဲ့သို့ နှစ်ပေါင်း ၂၀ ကျော်ကြာမှ ဆက်ဆံရေး ပြန်လည် စတင်လာခြင်းဖြစ်သည်။

၎င်း ၂ နိုင်ငံ တရားမဝင်လျှို့ဝှက်စွာ ပြန်လည်ဆက်ဆံခဲ့သည်မှာတော့ ကြာခဲ့ပြီဖြစ်သည်။ မြန်မာအစိုးရက မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူခဲ့သည့်ပြင် တခြားအတည်ပြုချက် မရနိုင်သေးသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းမှုများကြောင့် “ဝင်ရိုးစွန်း” ၂ နိုင်ငံ၏ ဆက်ဆံရေးကို စောင့်ကြည့်သည့်နိုင်ငံများ ရှိခဲ့သည်မှာ ယခုထိပင်ဖြစ်သည်။

အထက်ပါအချက်များကို ပြန်လည်သုံးသပ်မည် ဆိုပါလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံတကာ၌ ပါးနပ်စွာ မိတ်ဆွေသစ်များ ရှာဖွေနေသည်ကို တွေ့နိုင်သည်။

စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ဦးနေဝင်း အစိုးရလက်ထက်က တိုင်းပြည်ကို တံခါးပိတ်ဝါဒ ကျင့်သုံးစေခဲ့သော်လည်း ၎င်း၏ မိသားစုများ၊ ဝန်ကြီးများမှာ အနောက်နိုင်ငံများသို့ အတွင်သွားနေခဲ့ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ အထောက်အပံ့များစွာ ရရှိခဲ့သည်။ ပြည်သူလူထုနှင့် တိုင်းပြည်ကို တံခါးပိတ် ထားခြင်းဖြစ်ပြီး ၎င်းမိသားစုနှင့် အစိုးရအဖွဲ့က အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရေးများ ကောင်းခဲ့ပြီး အကူအညီများစွာ ရခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဦးနေဝင်း၏ လက်အောက်မှ စစ်ဗိုလ်ချုပ် အတော်များများ အမေရိကားနှင့် အင်္ဂလန်တို့တွင် စစ်ရေးနှင့်ပတ်သက်၍ ပညာသင်ကြားဖူးသည်ချည်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက်ဟု ဆိုကာ အမေရိကန်က ထောက်ပံ့သော ရဟတ်ယာဉ်များ၊ အမ် ၁၆ အော်တိုမက်တစ် ရိုင်ဖယ် သေနတ်များ ပံ့ပိုးပေးခဲ့ရာတွင် ဦးနေဝင်းအစိုးရက ၎င်း အထောက်အပံ့ ပစ္စည်းများ ကို မူးယစ် နှိမ်နင်းရာတွင်သာမကဘဲ တိုင်းရင်းသားများကို နှိမ်နင်းရာတွင်ပါ သုံးခဲ့သည်။

ထိုကဲ့သို့သော အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုကြောင့်ပင်လျှင် စစ်အစိုးရ သက်ဆိုးရှည်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာပြည်သို့ လာလည်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်သည့် မြင်ကွင်းကို မြင်ရတိုင်း ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်းသော ဆိုးရွားလှသည့် အစိုးရကို အာဏာမြဲအောင် လိုလိုလားလား ကူညီနေခြင်းသာ ဖြစ်ပြီး ပြည်သူလူထုကို ဆင်းရဲမြဲ ဆင်းရဲနေအောင် ဝိုင်းဝန်းဖိနှိပ်နေခြင်းဖြစ်သည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

တချို့သော မြန်မာ့နိုင်ငံရေး လေ့လာသူတို့က စစ်အစိုးရကို အနောက်နိုင်ငံများက ပူးပေါင်း ဆောင်ရွက် သင့်သည်၊ စီးပွားရေးပိတ်ဆို့မှု ရပ်တန့်သင့်သည်ဟု ပြောကြသည်။ စစ်အစိုးရနှင့် ပူးပေါင်းမည်ဆိုလျှင်တော့ မြန်မာပြည်သူ လူထုက ချွတ်ခြုံကျမြဲကျကာ စစ်အစိုးရက ၎င်းဆက်ဆံရေးများအကြား အကျိုးဖြစ်ထွန်း လာမှာ သေချာလှသည်။