Tuesday, December 30, 2008

မြန်မာပြည်က နားဆွဲလေး

ဗိုလ်ချုပ်အောင်ဆန်း ဧ။် အမွိုင်သို့လျှို့ဝှက်ခရီး

Freedom of Fear

ကြေးမှုံဦးသောင်း - ဦးနေ၀င်းနှင့် လက်မရွံ့ အာဏာသားများ

ဗိုလ်ချူပ်အောင်ဆန်းကိုဘယ်သူသတ်တာလဲ....

Who Killed Aung San


ထူးမခြားနား နယူးရီးယား

“၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။
Tuesday, 30 December 2008 19:17 အေးချမ်းမြေ့
၂၀၀၉ ခုနှစ်သို့ အဝင် နှစ်သစ်ကူးခါနီး အချိန်တွင် ရန်ကုန်မြို့နေ သာမန် လူတန်းစားများ အနေနှင့် မည်သည့် ပျော်ပွဲ ရွှင်ပွဲကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်မြို့၌ ဆီဒိုးနား ဟိုတယ်နှင့် မျှော်စင်ကျွန်း စင်မြင့်ဖျော်ဖြေပွဲများမှအပ မည်သည့် နေရာတွင်မှ ပွဲလမ်းသဘင် အသံများကို မကြားရဟု ရန်ကုန်မြို့ခံများက ပြောသည်။

ဆီဒိုးနားဟိုတယ်တွင် နှစ်စဉ်ပြုလုပ်နေကျ နိုင်ငံတကာ ရုပ်ရှင်ကား တကားကားနှင့် ပုံစံတူဝတ်ဆင်ကာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲသည့် အစီအစဉ်ရှိသည်ဟုသိရသည်။ ယခင်နှစ်က ဂျိန်းစ်ဘွန်းရုပ်ရှင်နှင့် ပုံစံတူ ဝတ်ဆင်ခဲ့ကြပြီး ယခုနှစ်တွင် အင်ဒီယာနာဂျုံး ပုံစံတူ ဝတ်ဆင်ကြမည်ဟု သိရသည်။

ဆီဒိုးနားဟိုတယ်မှ အပ တခြားသော ဟိုတယ်ကြီးများတွင် ထူးထူးခြားခြား အစီအစဉ်များမရှိဘဲ ဆီဒိုးနား ဟိုတယ်မှ နှစ်သစ်ကူး အစီအစဉ်သည်လည်း သာမန်လူများနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိဟု ရန်ကုန်မြို့ခံများက ဆိုသည်။ ထိုပွဲအတွက် ဝင်ကြေးမှာ ကျပ် ၂၀၀၀၀ နှင့် အထက်ဖြစ်သောကြောင့် သာမန် မိသားစုတစု တပတ်စာ စားစရိတ်ခန့်ရှိသည်။

ယခင်နှစ်များကကဲ့သို့ ကမ်းခြေ ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ၊ ဟိုတယ်ကြီးများတွင် ဘူဖေး အစီအစဉ်များ မကြားရဟု ရန်ကုန်မြို့ခံ သတင်းသမား တဦးကပြောသည်။ မျှော်စင်ကျွန်းတွင်လည်း အထူးတလည် မဟုတ်ဘဲ သာမန် နေ့ရက်များကဲ့သို့ စင်မြင့်ပွဲ အငယ်စားများသာ ရှိမည်ဟု ဆိုသည်။

နှစ်သစ်ကူး အစီအစဉ်အဖြစ် နာမည်ကြီး တေးဂီတဝိုင်းများပင်လျှင် သာမန် ပါတီခြံပွဲများသာ ရှိကြောင်း ကြားသိရသည်။

ကုမ္ပဏီကြီးတချို့တွင် နှစ်ပတ်လည်ပွဲအစီအစဉ်များ ရှိသော်လည်း ထူးထူးခြားခြား မဟုတ်လှကြောင်း ကြားသိရသည်။

“လူတွေက ပင်ပန်းနေကြတာ။ ဘာကိုမှ စိတ်မဝင်စားဘူး” ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း တဦးက ပြောသည်။ ၎င်း၏ကုမ္ပဏီတွင် နှစ်ပတ်လည်ပွဲနှင့် ဆုကြေးအစီအစဉ် မရှိဟု ဆိုသည်။

ဆက်လက်၍ ၎င်းက အများစုမှာ နေ့စဉ် စားဝတ်နေရေး ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေကိစ္စတို့ဖြင့် မည်သည့် ပျော်ရွှင်မှုကိုမှ စိတ်မပါနိုင်ဟု ဆိုသည်။

ရန်ကုန်မြို့ခံတဦးကို ဧရာဝတီက ၂၀၀၉ ခုနှစ်၊ နှစ်သစ်မျှော်လင့်ချက် မည်သို့ ထားရှိကြောင်း မေးမြန်းကြည့်ရာ “၂၀၀၉ မှာလား ပျက်နေကျမီးက ဆက်ပျက်မှာပေါ့။ ကျနော်တော့ လျှပ်စစ်မီးကိစ္စက လွဲရင် တခြား ဘာမှ သိပ်စိတ်မဝင်စားဘူး။ မီးဘယ်အချိန်လာမလဲ၊ ရေဘယ်အချိန်တင်ရမလဲ ဒါနဲ့ပဲ တနှစ်ကုန်သွားတာပဲ” ဟု ပြောသည်။

တချို့သောကုမ္ပဏီကြီးများမှာ နှစ်သစ်ကူး ပိတ်ရက်အနည်းငယ်ပေး၍ ဝန်ထမ်းများကို အပျော်ခရီး စီစဉ်ပေးသော်လည်း အလွန်နည်းပါးလှသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း လမ်းတချို့ ပြင်ဆင်နေသော်လည်း ယခင်နှစ်များကကဲ့သို့ စီမံကိန်းဖြင့် လမ်းမကြီးများ အလိုက် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပေါက်နေသော လမ်းများကို ဖာထေးခြင်းသာ တွေ့ရသည်ဟု ရန်ကုန်မြို့ခံ သတင်းထောက် တဦးကပြောပြသည်။

သတင်းကောင်းတခုအနေနှင့် ရန်ကုန်မြို့နယ်ကြီး ၆ မြို့နယ်တွင် ဝါယာလက်စ် အင်တာနက် တပ်ဆင် အသုံးပြုနိုင်တော့မည်ဟု သိရခြင်းသာ ထူးခြားသည်ဟု ရန်ကုန်မြို့နေ ဘလော့ဂါ လူငယ်တဦးကပြောသည်။ သို့ရာတွင် ဝါယာလက်စ် အင်တာနက်ကို ၎င်းအနေနှင့် ယခုထိ မသုံးဘူးသေးဘဲ ၎င်းကြားသိရသည့် သတင်းအရ မြန်နှုန်းအလွန်နိမ့်သည်ဟု ဆိုသည်။

၂၀၀၈ ကုန်ခါနီးတွင် ကွန်ပျူတာပစ္စည်းများ ဈေးကျသော်လည်း ဝယ်မည့်သူမရှိဘဲ အရောင်းပါးနေကြောင်း ကွန်ပျူတာ အရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီး တရက်လျှင် ၆ နာရီခန့်သာလာပြီး လျှပ်စစ်မီးနှင့် စီးပွားရှာနေရသူ အားလုံး မီးစက်များကို အားကိုးနေရသဖြင့် ရန်ကုန်မြို့လယ်တွင် မီးစက်သံများ ညံလျှက်ရှိကြောင်း ကြားသိရသည်။

“ဆီဈေးက နည်းနည်းကျလို့ တော်သေးတယ်။ မီးစက်တော့ မှန်မှန် နှိုးနိုင်သေးတာပေါ့” ဟု ကွန်ပျူတာ အရောင်းဆိုင်ရှင်က ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သည့်သတင်းမှ မကြားရသေးဘဲ ရန်ကုန်လူထုအနေနှင့်လည်း ရွေးကောက်ပွဲကိစ္စကို ထူးထူးခြားခြား စိတ်ဝင်စားခြင်း မရှိလှကြောင်းနှင့် ယခုနောက်ပိုင်း လုံခြုံရေးများ ယခင်လောက် တင်းကျပ်မှုမရှိကြောင်း ရန်ကုန် အခြေစိုက် သတင်းသမားက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းများ

Su'Sspeech


30122008 news

file download hereပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
အကျယ်ကြည့်ရန်အစွန်ဆုံးမှလေးထောင့်ကွက်ကိုနှိပ်ပါ။ ။ပြီးရင်အပေါင်းကိုနှိပ်ပါ။ ။Tuesday 30122008


သက်ဆင် ရှင်နာဝပ်ထရာ ရဲ့ ထိုင်းနိုင်ငံရေး တထောင့်တည ပုံပြင်


ထိုင်းနိုင်ငံ ရေး ဟာ ထဲထဲဝင်ဝင် မသိသူတွေ အဖို့ နားမလည် နိုင်အောင် ကို ရှုပ်ထွေး လှပါတယ်၊ နိုင်ငံရေး ပါတီတွေ က တမျိုး၊ စစ်တပ် က တဘာသာ၊ တော်ဝင် မိသားစုက တဖုံနဲ့ အတော့် ကို ရှုပ်ရှုပ် ထွေးထွေး ရှိလှ ပါ တယ်။
ဒါပေမယ့် ဘုရင့်တော်ဝင် မိသားစုနဲ့ စစ်တပ်ဟာ တော့ တသားထဲ ကျနိုင် လောက်ပါတယ်၊ စစ်တပ်ဟာ ထိုင်းတော်ဝင် စစ်တပ် ဆိုတဲ့ အတိုင်း နိုင်ငံရေး ပါတီ အစိုးရတွေရဲ့ အမိန့် တွေထက် တော်ဝင်မိသားစုရဲ့ အမိန့်တွေ ကို ပိုလို့ လိုက်နာ တတ်ပါ တယ်၊ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေက ဒီအချက်ကို အတည်ဖြစ်အောင် မီးမောင်းထိုး သက်သေပြ နေပါတယ်၊ ထိုင်းနိုင်ငံရေး ရှုပ်ထွေး လာတာဟာ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ရှင်န၀ပ် ရွေးကောက်ပွဲ အနိုင် ရပြီး အစိုးရ ဖွဲ့ချိန် ကနေစတင် ပါတော့ တယ်။
မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးကို ပုံစံဟောင်းကနေ နိုင်ငံရေးပုံစံသစ် ပြောင်းလဲဖို့ ကြိုးစားမိတာဟာ သူ့သေတွင်း သူတူး သလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရာ ပါပဲ၊ ထိုင်းနိုင်ငံရေး လောက က နိုင်ငံရေး သမားတွေဟာ မြေရှင်၊ ကြေးရှင်၊ တော်ဝင် မိသားစုရဲ့ အမျိုးအနွယ်တွေနဲ့ စစ်တပ်ကနေ အနားယူလာတဲ့ တပ်ထွက် ဗိုလ်ချုပ်တွေ ချည်းပါပဲ၊ သူတို့တတွေဟာ ဘယ်တော့မှ နိုင်ငံရဲ့ အများဆုံးသော အင်အားစုဖြစ်တဲ့ အောက်ခြေ လူတန်းစားတွေကို ကိုယ်စားမပြုခဲ့ ပါဘူး၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပေးခဲ့တဲ့ ကတိ က၀တ်တွေဟာ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်အမတ် ဖြစ်တာနဲ့ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တော့ တာပါပဲ။
ဒါတွေကို သိနေမြင်နေတဲ့ မစ္စတာတပ်ဆင်ဟာ အောက်ခြေဆင်းရဲသား လူတန်းစားတွေကို ကိုယ်စားပြု နိုင်အောင် ကြိုးစားပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူပေးခဲ့တဲ့ ကတိ က၀တ်တွေကို သူပါတီ အနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်ချိန်မှာ အပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရွက် ပေးပါတယ်၊ ဒီအတွက် နိုင်ငံရဲ့ သာမန်အောက်ခြေ ဆင်းရဲသား လူတန်းစားတွေရဲ့ ချစ်ခင်မှု့ကို ဒီနေ့ အချိန်ထိ ရရှိနေခြင်းပါပဲ။
ဒါဟာ စာရေးသူတို့ အမြင်မှာတော့ ကောင်းပါတယ်၊ ဒါပေမယ့် နိုင်ငံရေးသမား၊ စစ်တပ်နဲ့ တော်ဝင်မိသားစု အဖို့တော့ အမျက်ဒေါသ တချောင်းချောင်း ထွက်စရာ ထွက်ချင်စရာ ရလဒ် ဖြစ်နေလို့ ပါပဲ၊ သူတို့အမြင်မှာ မစ္စတာတပ်ဆင်ဟာ ထိုင်းနိုင်ငံရေးရဲ့ ဗဟိုချက်မကို ဘန်ကောက် အခြေပြုတော်ဝင် စစ်တပ် နဲ့ ဘူဇွာလူတန်းစားတို့ ဆီကနေ နိုင်ငံအ၀ှမ်းရှိ ကျေးလက်ဒေသ ဆင်းရဲသား လူထုဆီ ဆွဲငင် ယူသွားတယ်လို့ သုံးသပ်သူတွေ ရှုမြင်ကြပါတယ်။
ဒီလို အချက်တွေကြောင့် ထိုင်းနိုင်ငံရဲ့ သက်တမ်း အရှည်ကြာဆုံး ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲတိုင်းမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့် ရပါတော့တယ်၊ ယခု လက်ရှိ တပ်ဆင်ရဲ့ ရန်သူတော်ကြီး ဖြစ်တဲ့ (PAD) ခေါင်းဆောင် မီဒီယာပိုင်ရှင် ဆွန်ထိ လင်းထောင်ကွန် တောင် အဲဒီအချိန်တုန်းက မစ္စတာတပ်ဆင်ကို အကျယ်လောင်ဆုံး ထောက်ခံသူတဦး ဖြစ်ခဲ့ပါတယ်။
သူ (မစ္စတာတပ်ဆင်)ဟာ နိုင်ငံရေးကို ပြောင်းယုံပဲလား ဆိုတော့၊ နိုင်ငံရေးမကပဲ စည်းလွတ် ၀ါးလွတ် ဖြစ်နေတဲ့ အခွန်ကိစ္စတွေ တရားမ၀င် ချဲထီကိစ္စတွေနဲ့ ဘန်ကောက်မြို့တော်မှာ မိုက်ကြေးခွဲ စားနေတဲ့ မားဖီးယားတွေအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု့ တွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ ကိုင်တွယ်ပါတော့တယ်။
အခွန်ကိစ္စကို ပြောရမယ်ဆိုရင် ထိုင်းအခွန် ဥပဒေအရ ဘယ်လို စီးပွားရေး လုပ်ငန်းမဆို(ကုမ္မဏီ) ဖွင့်ပြီး တနှစ်ကြာတဲ့ အထိ ၀င်ငွေ အမြတ်ခွန်ကို ၇ ရာခိုင်နှုန်းပဲ ပေးဆောင် ရပါတယ်၊ အဲဒီ နောက်ပိုင်း လုပ်ငန်း အခြေကျလာတာနဲ့ အမျှ အမြတ်ခွန်က တဖြည်းဖြည်း တိုးပြီး ပေးဆောင်ရတာ ၃၀ ရာခိုင်နှုန်း အထိပါပဲ၊ ဒီတော့ အခွန် ၃၀ ရာခိုင်နှုန်းကို မပေးချင်တဲ့ လုပ်ငန်းရှင်တွေက နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး အခွန်ရှောင် ကြပါတယ်။
စာရေးသူ မျက်မြင်ကိုယ်တွေ့ အခွန်ပြသနာ ကတော့ ဘန်ကရတ်၊ ဆူရီဝှမ် လမ်းဘေးက ( NEW PENINSULA, NEW TOCADERO, NEW FUJI ) { စာရေးသူ အမှတ်မှားရင် မှားနေပါလိမ့်မယ် ကြာပြီဆိုတော့ နာမည် အတိအကျ မမှတ်မိတော့ပါ } အဲဒီ ဟော်တယ် သုံးလုံး ရှိပါတယ်၊ ဒီဟော်တယ် သုံးလုံးရဲ့ ပိုင်ရှင်ကတော့ ဒီမိုကရက်ပါတီက ချင်းရိုင်းခရိုင် လွှတ်တော်အမတ်ပါ၊ သူက နိုင်ငံတော်ကို အခွန်မပေးပဲ လိမ်ပြီး အခွန်ရှောင် နေခဲ့ပါတယ်၊ နောက်ဆုံး အခွန်ဌာနကနေ တိတိကျကျ စစ်လာတော့ စာရင်းလိမ်ပြီး အခွန်ရှောင် ထားတာတွေ ဘူးပေါ်သလို ပေါ်လာပါတယ်၊ နောက်ဆုံး ပေးစရာရှိတဲ့ အခွန်ငွေကို မပေးနိုင်တာကြောင့် ဟော်တယ် သုံးလုံးအနက်( NEWPENINSULA ) ဆိုတဲ့ ဟော်တယ်ကို ဘုရင့်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်းကို ခံလိုက် ရပါတော့တယ်။
တရားမ၀င် ချဲထီကတော့ အားလုံး သိကြလိမ့်မယ်လို့ ထင်ပါတယ် ဘာကြောင့်လည်း ဆိုတော့ထိုင်း ၂လုံး ၃လုံး ချဲထီတွေဟာ စာရေးသူတို့ မြန်မာတပြည်လုံးမှာ တရားမ၀င် ပေမယ့် တရားဝင်လိုပဲ ရုံးခန်းဖွင့်ပြီးကို လုပ်စား နေကျပါတယ်၊ ဒီလို ထိုင်းနိုင်ငံအနှံ့ တရားမ၀င် လောင်းကစား နေကြတဲ့ ချဲထီကို တရားဝင် ရောင်းချခွင့် ပေးလိုက်ပါတယ်၊ တရားဝင် ရောင်းချပေးလိုက်တဲ့ အတွက် ပြည်သူတွေ အနေနဲ့လည်း ခိုးကြောင်ခိုးဝှက် ၀ယ်စရာ မလိုတော့သလို၊ ရဲဖမ်းမှာကိုလည်း မပူရတော့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့လည်း ဘဏ္ဍာငွေပိုရ ရှိလာပါတယ်၊ ဒီချဲထီက နေရလာတဲ့ ဘဏ္ဍာငွေတွေနဲ့ အရည်အချင်းရှိပြီး ငွေကြေး မတတ်နိုင်တဲ့ ကျောင်းသူ/သားတွေကို နိုင်ငံခြား ပညာတော်သင် ပို့ပေးထားတာ အယောက် လေးငါးရာ မကပါဘူး။
ဒါပေမယ့် ဒီကိစ္စကို မလိုလားတဲ့ သူတွေလည်း မနဲပါဘူး၊ ဘာ့ကြောင့် မလိုလားတာလဲ ဆိုတာကတော့ ရှင်းနေပါတယ်၊ သူတို့အကျိုး အမြတ်တွေ ဆုံးရှုံး သွားရလို့ပါပဲ၊ ချဲထီရောင်းရတဲ့ အမြတ်ငွေဟာ တနှစ် တနှစ်ကို ဘတ်ငွေ သန်းထောင်ချီပါတယ်၊ ချဲထီဒိုင်တွေဟာ များသောအားဖြင့် တရုတ်သူဌေးတွေပါ၊ ဘန်ကောက်က မားဖီးယားတွေပေါ့၊ ဒါပေမယ့် မားဖီးယား အစစ်တော့ မဟုတ်ပါဘူး၊ တကယ့် မားဖီးယား အစစ်တွေ ကတော့ ဒီ တရုတ်သူဌေးတွေရဲ့ အနောက်မှာ ရှိနေပါတယ်။
ဘန်ကောက်ရဲ့ တကယ့် မားဖီးယား ကြိုးကိုင်တွေကတော့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေနဲ့ တပ်ထွက် စစ်ဗိုလ်ချုပ်တွေပါ၊ သူတို့မှာ ငွေအင်အား တင်မကပါဘူး၊ အာဏာ အင်အားလည်း တကယ် ရှိပါတယ်၊ ဒီအတွက် အစိုးရကို တရားဝင်တာရော တရားမ၀င်တာရော ကန့်ကွက်ကြတာပါ၊ တရားမ၀င် ကတော့ ၀န်ကြီးချုပ်ကို လုပ်ကြံမယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်၊ တရားဝင်ကတော့ အတိုက်အခံ ဒီမိုကရက် လွှတ်တော်အမတ်တွေက လွှတ်တော်ထဲမှာ အစိုးရကို ချဲထီဟာ လောင်းကစားတာ သာဖြစ်တဲ့အတွက် လောင်းကစားမှု ဆိုင်ရာ တားမြစ်ထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းနေတယ် ဆိုပြီး အပြင်းအထန် ကန့်ကွက်ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ် တပ်ဆင်ကတော့ ဒါဟာ လောင်းကစားပေမယ့် တရားဝင်ပြု လိုက်တဲ့အတွက် လောင်းကစားတာ မဟုတ်တော့ကြောင်း ဒီအတိုင်း ပစ်ထားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် မရရှိတော့ပဲ ဝိသမ လောဘသမား ငွေရှင်ကြေးရှင်တွေပဲ ကြီးပွားလာတဲ့ အပြင် အောက်ခြေ လူတန်းစားတွေသာ နစ်နာရတဲ့ အပြင် လောင်းကစားမှု့နဲ့ အချိန်မရွေး ဖမ်းဆီး ခံနိုင်ရကြောင်း၊ တရားဝင် ပြုလိုက်တဲ့ အတွက် နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိကြောင်း ရှင်းပြပြီး ချဲထီကိစ္စကို နောက်မဆုတ်ခဲ့ပါဘူး။
ဘန်ကောက်က မားဖီးယားတွေဟာ ချဲထီ၊ လောင်းကစားဝိုင်း၊ ငွေတိုးချေးလုပ်ငန်းတွေ အပြင် နယ်မြေအလိုက် မိုက်ကြေးခွဲ တောင်းစား ကြပါသေးတယ်၊ ဘန်ကောက်မှာ ကားတက္ကစီ၊ ဆိုင်ကယ်တက္ကစီ၊ သုံးဘီးတက္ကစီ(တုတ်တုတ်) တွေဟာ အများအပြားရှိပြီး တက္ကစီ ဆွဲစားတဲ့ သူတွေဟာ သာမာန် ဆင်းရဲသားတွေ ဖြစ်ပါတယ်၊ အဲဒီကား၊ ဆိုင်ကယ်၊ သုံးဘီးတက္ကစီတွေ အားလုံးဟာ ကိုယ်ဂိတ်ထိုးချင်တဲ့ နေရာက မားဖီးယား လူမိုက်တွေကို လိုင်းကြေး ပေးရပါတယ်၊ စာရေးသူ သိသလောက်ကတော့ ဆိုင်ကယ်တက္ကစီတောင် အနဲဆုံး ဘတ်ငွေ ၂သောင်း ပေးရပါတယ်၊ မပေးပဲနဲ့ ဂိတ်သွားထိုး လို့ကတော့ နေ့ခင်းကြောင်တောင် အများပြည်သူရှေ့မှာ ရက်ရက်စက်စက် ရိုက်နှက် ထုထောင်းခြင်း ခံရပါလိမ့်မယ်။
ဒီကိစ္စတွေ အတွက် ရဲကိုလည်း သွားအားမကိုးပါနဲ့ သူတို့ မကျေနပ်တဲ့ရဲဆို ရဲစခန်းထဲထိ ၀င်ရိုက်တတ်ပါတယ်၊ ထိုင်းမီဒီယာတွေမှာ ခဏခဏ မြင်နေရလွန်းလို့ ထိုင်းပြည်သူတွေများ ဒီအဖြစ် အသားကျလို့ နေမလားပဲ၊ မစ္စတာတပ်ဆင်ဟာ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်၊ မားဖီးယားကော ဘာသော ဂရုမစိုက်ပါ၊ အပြစ် ရှိလို့ကတော့ အားလုံးကို ဖမ်းဆီးပါတယ်၊ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှု့တွေကြောင့် ဘန်ကောက် မြို့တော်က လက်လုပ် လက်စား တက္ကစီ အပေါင်းတို့ဟာ မားဖီးယား လူမိုက်တွေကို လိုင်းကြေးပေးရခြင်းမှ လွတ်ကင်းရပါတယ်၊ ဒါကြောင့် ဒီနေ့အချိန်ထိ ဘန်ကောက်က ကား၊ ဆိုင်ကယ်၊ သုံးဘီး တက္ကစီသမားတွေဟာ တက်ဆင်ကို ထောက်ခံ နေကျတုန်းပါပဲ။
မူးယစ် ဆေးဝါး အရောင်းအ၀ယ် တွေမှာလည်း ဒီမားဖီးယားတွေက ဦးဆောင် ရောင်းဝယ်သူတွေ ပါပဲ၊ ဒါကို မစ္စတာ တပ်ဆင်က ရဲတွေကို ပစ်မိန့်ပေးပြီး ကြမ်းကြမ်းတမ်းတမ်း နှိမ်နှင်းခိုင်းတဲ့အတွက် မားဖီးယားတို့ အထိ နာကြရပါတယ်၊ မူးယစ် ဆေးဝါးမှု့ ဖြစ်တဲ့အတွက် ဘယ်လိုမှ မတုန့်ပြန်နိုင် ပါဘူး၊ ဒါကြောင့် နောက်ဆုံး ထိုင်း လူ့အခွင့်အရေး အဖွဲ့ကြီးက တပ်ဆင်အစိုးရကို လူ့အခွင့်အရေးတွေကို မလိုက်နာပဲ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်၊ ဆိုပြီး ထအော်ပါတော့တယ်၊ ဒါလည်း အလုပ်မဖြစ်ပါဘူး သူကတော့ သူရည်မှန်းချက် အတိုင်း ဆက်လျှောက်နေရင်း ပုဂ္ဂလိက ခြစားတဲ့ နွံအတွင်း ခုန်ဆင်း၍ ပြည်တော်ပြန်လို့ မရနိုင်လောက်အောင် ဇါတ်သိမ်းသွားတာပါ။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး”


အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို
NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၈

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။
မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

ဆန္ဒပြသူ ၉ ဦး အဖမ်းခံရ
TUESDAY, 30 DECEMBER 2008 19:15 ဧရာဝတီ

ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်သူ့ လွှတ်တော် အနီးတွင် ဆန္ဒပြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီး ခံခဲ့ရသည်။

“ဒီကနေ့ ဌာနချုပ်ရုံးမှာ ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲ ရှိတယ်၊ ဟောပြောပွဲကအပြန်မှာ သူတို့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပိုစတာတွေ၊ ဓာတ်ပုံတွေ ကိုင်ပြီး ဆန္ဒပြကြတာ” ဟု အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ရှင်းပြသည်။ ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ဝင်းအနီးသို့ ရောက်စဉ် လုံထိန်းကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းထွန်းဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုပြည့်ပြည့်အောင်၊ ကိုဝင်းမြင့်မောင်၊ ကိုမင်းသိန်း၊ ကိုကောင်းထက်လှိုင်၊ ကိုဖြိုးဝေ၊ ကိုရဲနည်စိုး၊ မထက်ထက်ဦးဝေတို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ငှက်များကို ဘေးမဲ့လွှတ်သည့် အဖွဲ့ချုပ် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ အကျဉ်းချခံရသူပေါင်း အနည်းဆုံး ၂၁၆၄ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်အသီးသီးသို့ ရွှေ့ပြောင်းလျက်ရှိသည်။ ပဲခူးထောင်မှ မထားထားသက်ကို စစ်ကိုင်းတိုင်း၊ ခန္တီးထောင်သို့ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။
ရှားရှားပါးပါး ရန်ကုန်မြို့ ဆန္ဒပြပွဲ၌ ၉ ဦးအဖမ်းခံရ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 30 2008 17:15 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုသည့် ရန်ကုန်မြို့တွင် ယနေ့ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲ၌ အတိုက်အခံပါတီအဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီးခံရကြောင်း အတိုက်အခံ သတင်းရပ်ကွက်များနှင့် မျက်မြင်သက်သေများ၏ အပြောအရ သိရပါသည်။ဆန္ဒပြသူများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၏ ဓါတ်ပုံနှင့် “ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး” ဟူသည့် နဖူးစည်းစာတန်းများကို ကိုင်ဆောင်၍ ယခုအခါ အသုံးမပြုတော့သော လွှတ်တော် အဆောက်အဦရှေ့တွင် အင်္ဂါနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြရာ ယင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်ရဲများက ဖမ်းဆီးသွားကြသည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။"ကျနော် သိတာတော့ ၇ ယောက်ကို ဖမ်းသွားတယ် ပြောတယ်၊ ဒါပေမဲ့ တချို့က ပြောတာက အားလုံး ၉ ယောက်တဲ့" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေးကို တက်ရောက်အပြီးတွင် NLD လူငယ်အဖွဲ့ဝင် အနည်းဆုံး ၉ ဦးသည် လမ်းမပေါ်သို့ ထွက်လာ၍ ချီတက် ဆန္ဒပြကြရာ ယင်းတို့ကို အာဏာပိုင်များက ယခုအခါ အသုံးမပြုတော့ပြီဖြစ်သော လွှတ်တော် အဆောက်အဦအနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်းဖြင့် မျက်မြင်သက်သေတဦးက ပြောပါသည်။အင်္ဂါနေ့တိုင်း NLD ပါတီက ဆွေးနွေးပွဲများ ပုံမှန်ကျင်းပလေ့ရှိရာ ယနေ့ဆွေးနွေးပွဲတွင် မကြာသေးခင်က ထောင်ဒဏ် နှစ်ရှည်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက မျက်မှောက်နှင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မျက်မြင်သက်သေများက လုံခြုံရေး တပ်ဖွဲ့ဝင် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အမည်မသိ နေရာသို့ ခေါ်ဆောင်မသွားမီ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်ဟု ပြောပါသည်။အဆိုပါ မျက်မြင်သက်သေများ၏ အဆိုအရ ထိုသို့ ဖမ်းဆီးခံခဲ့ရသူများမှာ မထက်ထက်အိုးဝေ၊ ကိုထွန်းထွန်းဝင်း၊ ကိုရဲနီ၊ ကိုဝင်းမြင့်၊ ကိုသက်မောင်ထွန်း၊ မပြည့်ပြည့်၊ ကိုမင်းသိန်း၊ ကိုအောင်ဖြိုးဝေ၊ ကိုကောင်းထက် နှင့် ကိုကောင်းထက်လှိုင် တို့ ဖြစ်ကြသည်ဟု ဆိုသည်။(မြင့်မောင် ဖြည့်စွက်ရေးသား ပေးပို့သည်)
မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ
30 December 2008
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
တောင်းဆိုခဲ့ကြတဲ့ အတိုက်အခံပါတီဝင် လူငယ်တချို့ကို အာဏာပိုင်တွေက ရန်ကုန်မြို့
မှာ ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက ပြောပါ
တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင် လူငယ် အနည်းဆုံး ၉ ဦးကို
အာဏာပိုင်တွေက ဒီကနေ့ပဲ ဖမ်းဆီးလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ အကြောင်းစုံကို
စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်
ရေးအတွက် ပါတီဝင်လူငယ်တွေ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ တောင်းဆိုဆန္ဒပြကြ
ရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ အန်န်အယ်လ်ဒီ
ရုံးချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတဲ့ စာတန်းတခုကို
ကိုင်ဆောင်ပြီး စတင်လှည့်လည်ခဲ့တာ နောက်ဆုံး လုံခြုံရေးအာဏာပိုင်တွေက
ဝိုင်းဝန်းဖမ်းဆီးတာကို ခံလိုက်ရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဖော်ကိုင်ဖက် လူငယ်
တဦးက ပြောပါတယ်။
“၉ ယောက်ပါသွားတယ်။ သူတို့က ဒီနေ့ လူငယ်ဟောပြောပွဲကနေ ပြန်ကြတာပေါ့။
အန်ကယ်ဦးခင်မောင်ဆွေရဲ့ ဟောပြောပွဲက ပြန်ကြတာ။ ပြန်ကြတော့ ပင်နီတိုက်ပုံ
တွေနဲ့၊ Free Daw Aung San Suu Kyi ဆိုပြီး ဆိုင်းဘုတ်ကိုင်သွားတယ်။ Free
Daw Aung San Suu Kyi ဆိုပြီး အင်္ဂလိပ်လို ပိတ်စအဖြူပေါ်မှာ အနီစာလုံးနဲ့ရေးထား
တယ်။ အဲဒီဆိုင်းဘုတ်မှာပဲ ဘေးတဖက်စီမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ
ကပ်ထားတယ်။
“အဲဒီအတိုင်း အေးချမ်းစွာပဲ သူတို့ လမ်းလျှောက်သွားကြတယ်။ သူတို့ဘာသာသူတို့
ဘာမှလည်း မပြောဘူး၊ ပင်နီတိုက်ပုံလေးတွေနဲ့ ရင်ထိုးလေးတွေ ထိုးထားကြတယ်။
တချို့ကလည်း စံပယ်ပန်းလေးတွေ ချိတ်ထားတယ်၊ ရင်ဘတ်တွေမှာ။ အန်န်အယ်လ်ဒီ
ရုံးရှေ့ကနေ ချီတက်သွားကြတာ။ မြေနီကုန်းကနေပြီး ပြည်လမ်းကနေ မြို့ထဲဘက်
ပြန်ထွက်တာ၊ ပြည်သူ့လွှတ်တော်ရှေ့ရောက်တော့ အရပ်ဝတ်နဲ့ အမည်မသိလူတွေက
ဝင်ပြီး ဖမ်းဖမ်းဖမ်းဆိုပြီး ၀င်ဆွဲကြတယ်။ အဲလိုဆွဲတဲ့အချိန်မှာပဲ ရဲကားတစီး
ရောက်လာတယ်။ ပြီးတော့ တုတ်တွေနဲ့ ပြေးဆင်းပြီး ဆွဲကြ ရိုက်ကြတာပဲ။”
ဒီလို ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှား
ခဲ့ကြတဲ့ လူငယ်တွေထဲက ဒီကနေ့ ဖမ်းဆီးခံခဲ့ရတာဆိုရင် အနည်းဆုံး အန်န်အယ်လ်ဒီ
ပါတီဝင် လူငယ် ၉ ဦး ပါတယ်လို့လည်း ဆိုပါတယ်။
“အားလုံးပေါင်း ၉ ယောက်ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ ကိုထွန်းထွန်းဝင်း
စမ်းချောင်းလူငယ်တာဝန်ခံ၊ ကိုထွန်းလင်း စမ်းချောင်း၊ ကိုပြည့်ပြည့် စမ်းချောင်း၊ သူက
ဒဂုံတက္ကသိုလ်က ပထမနှစ် ဥပဒေကျောင်းသားတယောက်ပေါ့၊ ပြီးတော့
ကောင်းထက်လှိုင် စမ်းချောင်း၊ အောင်ဖြိုးဝေ စမ်းချောင်း၊ သက်မောင်ထွန်း
စမ်းချောင်း၊ ထက်ထက်ဦးဝေ ရွှေပြည်သာ၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် ခရမ်း၊
ကိုမင်းသိန်း သာကေတတို့ဖြစ်တယ်။ သူတို့ကိုဆွဲတာတော့ ပြည်သူ့လွှတ်တော်ရှေ့မှာ
ဆွဲသွားကြတာပဲ။ အရပ်ဝတ်တွေနဲ့ ၀င်ဆွဲတာ။ ဆွဲနေတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ်
တွေနဲ့ ရဲကားတစီးရောက်လာပြီး တုတ်တွေနဲ့ ပြေးဆင်းသွားကြပြီး ၀င်ဖမ်းကြတာပေါ့။”
ဒီလို ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်တဲ့အခါ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က
ဖမ်းဆီးအရေးယူတာတွေနဲ့သာ တုံ့ပြန်လေ့ရှိတဲ့ကြားကပဲ အခုလို လှုပ်ရှားမှုတွေကစပြီး
လူထုအုံကြွမှုတွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လေ့ရှိတာပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲတုန်း
က ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး ကျဆင်းရေး လှုပ်ရှားမှုတွေ၊ သံဃာတော်တွေရဲ့
မေတ္တာပို့ကြွချီ လှုပ်ရှားခဲ့ကြတဲ့ နေရာတွေမှာဆိုရင်လည်း နောက်ပိုင်းတွေမှာ တနိုင်ငံ
လုံးအတိုင်းအတာအထိ ရိုက်ခတ်ခဲ့တာတွေ ရှိခဲ့လို့လည်း အာဏာပိုင်တွေက သွေးထွက်
သံယိုဖြစ်တဲ့အထိ ချေမှုန်းပြီး ကိုင်တွယ်ခဲ့တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

အားတင်းထားပါ

Tuesday, 30 December 2008 14:00 ကေတီဦး
မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀ တောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကစလို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း ကြိုးစားခဲ့ကြတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာလဲ ပြည်သူလူထုအားလုံး တခဲနက် ပါဝင်တောင်းဆိုခဲ့ကြတာ အထင်အရှားရှိပါတယ်။

ပြည်သူလူထုက ဆိုးရွားလှတဲ့၊ ညံ့ဖျင်းလှတဲ့ လူနေမှု၊ အုပ်ချုပ်ရေးစနစ်ဟောင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှု အုပ်ချုပ်ရေးစနစ်သစ် တခုနဲ့ အစားထိုးဖို့ ဘယ်လိုပင် တောင်းဆိုသော်လည်း Army autocracy ပုံစံကိုသာ အလိုရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ တချက်ကလေးမှ အလျှော့မပေးခဲ့တာလည်း အများအသိပါပဲ။ ဒါကလဲ အဆန်းတကျယ်တောဖြင့် မဟုတ်ရပါဘူး။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရက်စက်ကြမ်းတမ်းတဲ့ အုပ်စိုးသူ လူတန်းစားတို့ရဲ့ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အများပြည်သူ မည်မျှ ဒုက္ခရောက်ပါစေ၊ ဆင်းရဲကြပ်တည်းနေပါစေ အလျှော့မပေးဘူး။ တော်လှန်ပုန်ကန်မှုကို ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်ဆိုတာတွေဟာ အစွန်းရောက် အာဏာရှင်တို့ရဲ့ လက်သုံးလုပ်ရပ်တွေသာ ဖြစ်ပါတယ်။

ဒီလို ဆိုးရွားကြမ်းတမ်းတဲ့သဘောရှိတဲ့ အာဏာရှင်တို့ရဲ့ သဘောထားကို ချေဖျက်တိုက်ပွဲဝင်ကြရမဲ့ တော်လှန်ရေးသမားတွေ အတွက်တော့ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်မြင်မိပါတယ်။ ဖိနှိပ်မှုဆိုတဲ့ စကာလုံးဟာ အာဏာရှင်တို့ရဲ့ လက်သုံးစကားဖြစ်သလို တော်လှန်ရေးဆိုတာဟာလဲ ဖိနှိပ်ခံ ပြည်သူ၊ ဖိနှိပ်မှုကို မလိုလားသူ၊ လွတ်လပ်ရေးကို မြတ်နိုးသူတို့ရဲ့ စကာလုံးသာ ဖြစ်ပါတယ်။

ပြင်သစ်ပြည်မှာ ပြင်သစ်တော်လှန်ရေး မဖြစ်မီက အော်တိုကရေစီဘုရင်စနစ် ထွန်းကားခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) က "ဘုရင်နှင့် တိုင်းပြည်သည် ခြားနားခြင်းမရှိ၊ ငါသည် ဘုရင်ဖြစ်သည်၊ ထို့ကြောင့် ငါသည် တိုင်းပြည်ဖြစ်သည်”ဟု ဆိုခဲ့ပါတယ်။ အခုလဲ မြန်မာ နအဖစစ်အစိုးရဟာ သူတို့ရဲ့ အသုံးချခံ စစ်တပ်ဖွဲ့ဝင်တွေကို “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ပြောနေတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ "နိုင်ငံတော် နိုင်ငံတော်” ဆိုတဲ့ စကာလုံးကို ရေလဲသုံးပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကို လက်ခုပ်ထဲက ရေလို သဘောထားနေပါတယ်။ အဲဒီလို သဘောထားကြောင့် ပြည်သူပြည်သားတွေအပေါ်မှာ လူတဦးချင်း ရရှိခံစားထိုက်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ပိတ်ဆို့ဟန့်တား ခြိမ်းခြောက်မှုတွေနဲ့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်နေပါတယ်။ သူတို့ရဲ့ဖိနှိပ်မှုဟာ အထူးသဖြင့်တော့ လူထုရဲ့ ဆန္ဒအမှန်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုပေးခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ်မှာ စုပြုံကျရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်ပေါင်း မြောက်များစွာ၊ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေ၊ ပြီးတော့ သံဃာ့ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ သူ့ရဲ့နောက်ပါ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် ထောင်ချအရေးယူထားတယ်။ အခြားသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမာတွေ၊ ဘလော်ဂါတွေကိုလဲ ဖမ်းဆီးထောင်ချ အရေးယူထားတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပိုမိုပြင်းထန်တဲ့ ရက်စက်ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်နဲ့ မိသားစုနဲ့ဝေးကွာရာ နယ်စပ်ဒေသက အကျဉ်းထောင်တွေဆီကို ပို့ဆောင်ခဲ့ပြန်တယ်။

ပြည်ပမှာဆိုရင်ကော။ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေအပေါ်မှာလဲ နအဖစစ်အစိုးရဟာ လက်လှမ်းမှီသမျှနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေတာပါပဲ။ နိုင်ငံရေးတက်ကြွသူတွေကို ရောက်ရှိရာနိင်ငံတွေမှာ ရပ်တည်လို့မရအောင် နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်မှု ဖျက်သိမ်းမှုတွေ လုပ်တယ်။ အမိမြေကိုပြန်လာချိန်မှာ ဖမ်းဆီးမှုတွေလုပ်တယ်။ ရောက်ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံအစိုးရတွေ အထင်အမြင်လွဲမှားအောင် ဖိအားပေးမှုတွေ လုပ်တယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေပြုပြီး မြန်မာ့ဒီမိုကရေစီရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်လှုပ်ရှားနေသူတွေအပေါ်မှာဆိုရင် သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ International police (Interpol) အဖွဲ့လို အဖွဲ့မျိုးက အထင်အမြင်လွဲမှားအောင် လက်နက်မှောင်ခိုမှု၊ ဖောက်ခွဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေအဖြစ် စွပ်စွဲပြောဆို တိုင်တန်းမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။ ဒီလို စွပ်စွဲပြောဆို တိုင်တန်းမှုတွေဟာ အမှန်တကယ်တော့ နအဖစစ်အစိုးရရဲ့ ရိုင်းစိုင်းရက်စက်မှု၊ မဟုတ်မမှန် လီဆယ်ပြီး သူတို့ အာဏာတည်မြဲရေး လုပ်ဆောင်မှုတွေသာဖြစ်ကြောင်း ကမ္ဘာပြည်သူတွေနဲ့ အစိုးရတွေဟာ နားလည်သဘောပေါက်သင့်ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူတွေအားလုံးအနေနဲ့ကတော့ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ရဲ့ရှေ့ဆောင် အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး ကာလတွေဟာလဲ ဒီကနေ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းမျိုးထက် လျော့နည်းခဲ့မယ်လို့ မထင်မိပါဘူး။
အမေရိကန်မှာ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး တိုက်ပွဲအတွက် စစ်ရေးနည်းနဲ့ ရှစ်နှစ်ကြာ တိုက်ခဲ့တာတောင် အမှန်တကယ် တန်းတူညီမျှရေးဟာ လူမည်းတွေအတွက် ကွက်ကျန်ခဲ့လို့ သမ္မတကြီး လင်ကွန်းဟာ လူမည်းတွေရဲ့ လွတ်လပ်ရေးအတွက် ဦးဆောင်အရေးဆိုခဲ့ရာမှာ အမေရိကန်တောင်ပိုင်းသားတွေက လက်မခံနိုင်ခဲ့ကြလို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူမည်းအရေးအတွက် ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ပြည်တွင်းစစ်လို့ ဆိုပါတယ်။ စစ်ကြီးပြီးတဲ့နောက် လူမည်းတွေ လွတ်လပ်ခဲ့ပေမဲ့ လူတွေကြားက အဖြူအမဲ ခွဲခြားဆက်ဆံမှုဟာ ပြီးသွားတာမဟုတ်သေးလို့ မာတင်လူသာကင်းတို့လို ပုဂ္ဂိုလ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့ရတာ နှစ်ကာလတွေ အကြာကြီးပါပဲ။ အခုအချိန်မျာတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူမည်းနွယ် သမ္မတလောင်း အိုဘားမားက လူဖြူသမ္မတလောင်း ဂျွန်မက်ကိန်းကို မဲအပြတ်အသတ်နဲ့ နိုင်ပြီး အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။

အင်္ဂလန်မှာလည်း အလားတူပါပဲ။ ဒီမိုကရေစီရေးနဲ့ လူအချင်းချင်း တန်းတူညီမျှရေးတိုက်ပွဲဟာ အတော်ကို အချိန်ယူခဲ့ကြရပါတယ်။ (၁၇-၁၈) ရာစုကာလတွေမှာ အင်္ဂလန်က ဘုရင်နဲ့ မှူးမတ်တွေရဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ၊ မြေရှင်ကြီးတွေနဲ့ မှူးမတ်တွေရဲ့ တိုက်ပွဲတွေ၊ စက်မှုဖွံ့ဖြိုးလာပြီးနောက် အရင်းရှင်တွေနဲ့ မှူးမတ်အာဏာပိုင်တွေရဲ့ တိုက်ပွဲတွေ၊ အရင်းရှင်နဲ့ အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ ပြင်းထန်ရုံမက ရှည်လျှားခဲ့တာပါပဲ။ အင်္ဂလန်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအစက အိမ်ပိုင်ယာပိုင်မရှိရင် မဲပေးခွင့်မရှိခဲ့ကြပါဘူး။ အလုပ်သမားတွေလဲ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါတွေကိုလဲ အချိန်ယူ တိုက်ပွဲဝင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးခင်က အင်္ဂလိပ်အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေး ရရှိရေးအတွက် အမျိုးသား လွှတ်တော်အမတ်တွေ လွှတ်တော်ထဲကထွက်လာရင် လမ်းမပေါ်မှာ တုံးလုံးလှဲပြီး လမ်းပိတ်ဆို့သူက ပတ်ဆို့၊ ငြုပ်ကောင်းမှုန့်တွေ၊ ငြုပ်သီးမှုန့်တွေနဲ့ ပက်သူက ပက်၊ ကြာပွတ်နဲ့ ဆီးရိုက်သူက ရိုက်၊ အဲဒီလိုလုပ်တော့ ဖမ်းဆီးထောင်ချ၊ ထောင်ချတော့လည်း အမျိုးသမီးတွေက မလျော့ဘဲ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြနဲ့၊ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂလိပ်အမျိုးသမီးတွေရဲ့ အောင်ပွဲဟာ (၂၀) ရာစုရောကတော့ မာဂရက်သက်ချာလို အမျိုးသမီးဝန်ကြီးချုပ်တယောက်က သက်တမ်း သုံးကြိမ်တောင်မှ အင်္ဂလန်လွှတ်တော်မှာ ကြီးစိုးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ရင် တောင်အာဖရိက,က လူဖြူလူမည်းတန်းတူရေး တိုက်ပွဲတွေဟာလည်း သင်္ခန်းစာယူစရာတွေပါပဲ။ လူမည်းခေါင်းဆောင် မစ္စတာ မန်ဒဲလားနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရှည်ကြာလှတဲ့ အကျဉ်းထောင်သက်တမ်းတွေနဲ့ တိုက်ပွဲဝင်အပြီးမှာ နောက်ဆုံးတော့လဲ အောင်ပွဲဆင်နိုင်ခဲ့တာပါဘဲ။

တော်လှန်ရေးဆိုတာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတဲ့ အရာတွေအတွက် အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူတို့သာ လုပ်ဆောင်နိုင်ကြတာပါ။ တော်လှန်ရေးဟာ ကြာချင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ ဘဝတွေ ပါချင်ပါမယ်၊ အသက်တွေ ပါချင်ပါမယ်၊ ဒါပေမဲ့ တော်လှန်ရေးကြီးဟာ ကြီးကျယ်မြင့်မြတ်သူတို့ရဲ့လမ်းဖြစ်ပါတယ်။ မကြီးကျယ် မမြင့်မြတ်သူတို့နဲ့ မသက်ဆိုင်ဘဲ အမှန်တကယ် ကြီးကျယ်မြင့်မြတ်လိုသူတိုင်း ပါဝင်ဆင်နွဲရမဲ့ လမ်းဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်လိုမှ ရလဒ်ကောင်းမထွက်နိုင်တော့တဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ “Army autocracy” စစ်အာဏာရှင် စနစ်လမ်းဟောင်းကနေ “By the people, for the people” ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကြီးကျယ်မြင့်မြတ်သူတွေ အများကြီးရှိနေကြပါပြီ။

ဖိနှိပ်သူ စစ်အစိုးရက အဘယ်မျှ ဖိနှိပ်ပါစေ၊ ကန့်သတ်ပါစေ၊ နှောင့်ယှက်ဟန့်တားပါစေ တော်လှန်ရေးလမ်းကြောင်းကတော့ ပြောင်းလို့မဖြစ်ပါဘူး။ အခုတော့ ခံနေကြရဆဲပါ။ ခံနေကြရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းလေးကို ပြန်လည်ပြောပါရစေ။ သူပြောခဲ့တာက“လက်နက်ကိုင်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ဘာလက်နက်မှ မပါဘဲ ခံရဲတာမှ သတ္တိ” ဆိုတဲ့ စကားပါပဲ။

အလူးအလဲခံနေရတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံရေးတက်ကြွသူတွေဟာ ခံရဲတဲ့သတ္တိတွေ ရှေ့ကို တိုးမွေးမြူကြရဦးမှာမို့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားပါ။ သမိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ အခုချိန်မှာတော့ “အားတင်းထားပါ” လို့ အားလုံး အားလုံးကို တိုက်တွန်းလိုက်ပါရစေ။ ။

၁၁ မီး ဝိုင်းနေသည့် ဗိုလ်ချုပ်မှူးကြီး

Tuesday, 30 December 2008 15:42 အောင်ဇော်
မြန်မာ့ အရေးကို စိတ်ဝင်စားသည့် သံတမန်များ နိုင်ငံခြားသား မိတ်ဆွေများနှင့် ကျနော် စကားစမြည် ပြောဖြစ်သည့် အခါတိုင်း မြန်မာပြည် နိုင်ငံရေးနှင့် ဗေဒင်၊ ယတြာ၊ အင်းအိုင်ခလှဲ့၊ လက်ဖွဲ့တို့ စပ်ဆက်နေပုံကို မဖြစ်မနေ ထည့်ပြောဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များ အားလုံး အင်းအိုင်၊ လက်ဖွဲ့၊ ယတြာများကို မည်မျှ ယုံကြည်အားထားကြောင်း အားလုံး သိပြီးဖြစ်သည်။

ပြီးခဲ့သည့် သမိုင်းကို ပြန်သုံးသပ်ကြည့်မည် ဆိုလျှင် မြန်မာစစ်ဗိုလ်ချုပ်များက ၎င်းတို့၏ အရေးကြီးလှသော အစီအစဉ်များကို ပြဿဒါး၊ ရက်ရာဇာ တွက်ချက်ကာ အကွက်ကျကျ စီမံဆောင်ရွက်သည်ချည်းဖြစ်သည်။

ဦးနေဝင်းလက်ထက်တွင် ၉ ဂဏန်းကို အဓိကထား သုံးစွဲလေ့ရှိကြောင်း မှတ်မိကြလိမ့်ဦးမည်။ ၎င်းလက်ထက်က ပိုက်ဆံ ထုတ်ဝေရာတွင် ပေါင်းလျှင် ၉ ဂဏန်းရသည့် ၄၅ ကျပ်တန်များ၊ ၉၀ တန်များကို ကြိုတင်မကြေညာဘဲ ရုတ်တရက် ထုတ်ဝေခဲ့ဖူးသည်။

ယခု ၂၀၀၉ ခုနှစ်ဝင်ခါနီးအချိန်တွင် ဗိုလ်ချုပ်များ စိတ်ဝင်စားသည့် ကိန်းဂဏန်းက ၁၁ ဖြစ်နေသည်ကို တွေ့ရသည်။ ၁၁ ဂဏန်းကို ဘာကြောင့် စိတ်ဝင်စားခဲ့သလဲဆိုသည်ကို အတိအကျ ပြောရခက်လှသော်လည်း ကောလာဟလမျိုးစုံကတော့ ထွက်နေခဲ့သည်။

စက်တင်ဘာလက အကျဉ်းသား ၉၀၀၂ ဦးကို လွှတ်ပေးခဲ့သည့် သာဓကက အထင်ရှားဆုံးဖြစ်၏။ ၉၀၀၂ ကို ပြောင်းပြန်လှန်လျှင် ၂၀၀၉ ဖြစ်မည်၊ ၎င်းဂဏန်းစဉ်ကို ပေါင်းလိုက်ပါက ၁၁ ရသည်မဟုတ်ပါလား။ ၎င်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တခုခုတော့ရှိရမည်ဟု လူအများက ကောလာဟလ ပြောဆိုနေကြပြန်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကျနော်လည်း ဗေဒင်ဆရာတယောက်ကို မေးကြည့်မိသည် “ဒီ ကိန်းဂဏန်း၏ နောက်ကွယ်တွင် ဗိုလ်ချုပ်များ၏ အယူသီးသော စွဲလမ်းမှုများ ရှိနေသလား” ဆိုသော အချက်ကို စိတ်ဝင်စားမိသောကြောင့် ဖြစ်၏။

ကျနော့်အသိ ဗေဒင်ဆရာက “သူတို့နံပတ်တွေက ဘယ်တော့မှမမှန်တတ်ဘူး။ သတင်းစာထဲက ကိန်းဂဏန်း တွေက ယတြာတွေ၊ ဗေဒင်တွေပေါ်မှာ အခြေခံတာ။ ၉၀၀၂ ယောက်လွှတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တကယ် လွှတ်တာက ၃၊ ၄၊ ၅ ဒါဇင်လောက်ပဲ ဖြစ်ချင်ဖြစ်မှာ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၁၁ ဂဏန်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါသည်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား များကို ထောင်ချသည့် နှစ်အရေအတွက်ကိုပဲ ကြည့် .. ။ ၆၅ နှစ် .. ပေါင်းလျှင် ၁၁ ရသည်။ ထောင်ဒဏ် ချမှတ်သည့် လက ၁၁ လပိုင်း၊ တချို့ အမှုများကို အမိန့်ချမှတ်ချိန်က နံနက်ခင်း ၁၁ နာရီဟုပင် ပြောကြသည်။

ထို့ကြောင့် ကျနော်က “ဘာကြောင့် ၁၁ ဂဏန်းကိုမှ သုံးနေရတာလဲ” ဟု ယခင်က နေပြည်တော်နှင့် နီးစပ်ခဲ့ဖူးသည့် ဗေဒင်ဆရာကို မေးခွန်းဆက်ထုတ် လိုက်သည်။

သူက မြန်မာ့ရိုးရာ ယုံကြည်မှုထဲတွင် “၁၁ မီး” ဆိုသည့် အချက်ရှိသည်ကို မမေ့သင့်ကြောင်း၊ စစ်ဗိုလ်ချုပ်များ လည်း ၁၁ မီးငြိမ်းစေရန် ၁၁ ဂဏန်းဖြင့် ယတြာချေခြင်းဖြစ်နိုင်ကြောင်း ကျနော့်ကို ပြောပြသည်။
ပူပြင်းလွန်းသော ထို မီး ၁၁ ခုကို စစ်ဗိုလ်ချုပ်ကြီးများက ငြှိမ်းသတ်နေကြခြင်း ပေလော။ ကျနော် တွေးမိသည်မှာ .. စစ်ဗိုလ်ချုပ်ကြီးများက ၁၁ မီးကို သူတို့ကိုယ်သူတို့ မလောင်ကျွမ်းရအောင် ငြှိမ်းသတ် လေလေ .. ပြည်သူလူထုက ထိုမီးများ လောင်ကျွမ်းလေလေ ဖြစ်လေမည်လား .. ဟူ၍ဖြစ်သည် ..။

မြန်မာစစ်ဗိုလ်ချုပ်များ ယတြာချေသည့် အလုပ်နှင့် ပတ်သက်၍ ရှေ့တွင်လည်း သာဓကများစွာရှိခဲ့ဖူးသည်။

ဦးနေဝင်းလက်ထက်တွင် ရန်ကုန်သားသတ်သမားဟူ၍ နာမည်ကြီးခဲ့သော ဗိုလ်ချုပ်စိန်လွင်က တိုင်းပြည်ရှေ့ရေးကို လှမ်းမျှော် ကြည့်ရှုရန်အတွက် ပြက္ခဒိန်တော်ခန်းများကို ဗေဒင်လက္ခဏာဆရာများဖြင့် တိုင်ပင်၍ ဖွင့်လှစ်ဆောင်ရွက် ခဲ့သည်။

ဦးနေဝင်းကိုယ်တိုင်ပင် ၎င်းဖြုတ်ချခဲ့သည့် ရာထူးရှင်များနေရာတွင် မည်သူ့ကိုပြန်လည်ခန့်အပ်ရမည်ကို ဗေဒင်လက္ခဏာ ဆရာများနှင့် တိုင်ပင်ပြီးမှ ဆောင်ရွက်လေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ်များက အစဉ်အဆက် ဆိုသလို ဗေဒင်လက္ခဏာ ဆရာများ၊ ပရောဟိတ်များကို ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးချခဲ့ သည်သာမက ထိုဗေဒင်လက္ခဏာ ဆရာများ၊ ဘိုးတော်များကို ၎င်းတို့အနီးတွင် အပါးတော်မြဲအဖြစ် ထားသည်။

၂၀၀၂ ခုနှစ်က ဦးနေဝင်း၏ မြေးများကို ဖမ်းဆီးထောင်ချစဉ် ၎င်းမိသားစုကိုးကွယ်သည့် ဘိုးတော် အောင်ပွင့်ခေါင်ကိုပါ ထိန်းသိမ်းလိုက်သည်။ ၎င်း ဘိုးတော်က ထိုစဉ်အချိန်က ထိပ်သီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အာဏာပြုတ်ကျရေးအတွက် အစီအမံများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းကြီးသည်။

အလားတူ အဖြစ်အပျက်တခု ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့ပြန်သည်။ ထိုစဉ်က အာဏာကျဆုံးကာ ထိန်းသိမ်း ခံခဲ့ရသော ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ ၎င်းကိုးကွယ်သည့် ဘိုးတော်သန်းလှပါ ထိန်းသိမ်းခံခဲ့ရ၏။ ယခုနောက်ပိုင်းတွင် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ၎င်း၏မိသားစုသည် သူတို့ လွတ်မြောက်ရေး အတွက် ဗေဒင်၊ ယတြာများကို ဆက်လက်စီမံလျှက် ရှိသည်ဟု ကြားသိရသည်။

ယခုနှစ်ဆန်းပိုင်းက ကျနော်ကြားသိရသည့် အတည်ပြုချက်မရယူနိုင်သော သတင်းတခုရှိသေး၏။ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်က ၎င်း၏နေအိမ်တွင် သံဃာတော် ၉ ပါးကို ဆွမ်းကပ်ရန် ခွင့်တောင်းခဲ့သည် ဟူသော သတင်း ဖြစ်သည်။ သို့ရာတွင် လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက သံဃာတော် ၉ ပါး ဆွမ်းကပ်ရန် ခွင့်မပြုဘဲ ၃ ပါးသာ ခွင့်ပြုခဲ့သည်ဟု သိရသည်။ အကြောင်းမှာ သံဃာ ၉ ပါး ဆွမ်းကပ်ရန် ခွင့်တောင်းခြင်းမှာ ယတြာ ချေခြင်းသာ ဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများက ယုံကြည်သောကြောင့်ဖြစ်ကြောင်း ကြားသိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုသည်လည်း ဗေဒင်၊ ယတြာများကို အလွန်အမင်း ယုံကြည်သည်ဟု သတင်း ထွက်ပေါ်လျှက်ရှိသည်။

မြန်မာပြည်နိုင်ငံရေးနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ရင်းနှီးနေသည့် အသုံးအနှုန်း ၂ ခုရှိ၏။ ပထမ တခုက ကြက်ဆူပင်ဖြစ်ပြီး နောက်တခုက “နေကြာ” ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၇ ခုနှစ်အတွင်း ပဲခူးတိုင်းတွင် နေကြာပင်များ စိုက်ပျိုးခိုင်းခဲ့သည်။ သူ “ကြာကြာနေရရန်” အတွက် ယတြာဖြစ်သည်ဟု အများက ပြောကြသည်။

ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ မြန်မာပြည်သို့ လာရောက်တိုင်း နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးနှင့် သွားရောက်မတွေ့ဆုံမီ ရွှေတိဂုံဘုရားရှိ ဆင်းတုတော်တဆူကို သွားရောက်ဖူးမြော်ကြည်ညိုရသည်ဟု ကြားဖူးသည်။

ကျောက်စိမ်းနှင့် ထုလုပ်ထားသော ထိုဆင်းတုတော်ကို မည်သည့် ပြည်သူ တစုံတဦးမျှ မြင်ဖူးခြင်း မရှိပေ။ ထိုဆင်းတုတော်၏ မျက်နှာမှာ ဗုဒ္ဓ၏ မျက်နှာတော်နှင့် လုံးဝ မတူဘဲ ဗိုလ်ချုပ်မှူးကြီး၏ မျက်နှာတော် အတိုင်း တထေရာတည်း ထုလုပ်ထားသည်ဟု စစ်တပ် အသိုင်းအဝန်းမှ ကြားသိရ၏။ ထိုဆင်းတုတော်ကို ကုလ အကြီးအကဲများအား သွားရောက် ကြည်ညိုဖူးမြော်ခိုင်းခြင်းမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ဗေဒင်လက္ခဏာ သဘောအရ နာမ်နှိမ်လိုက်ခြင်းသာ ဖြစ်သည်ဟု ဗေဒင်လက္ခဏာ ဆရာများက ယုံကြည်ကြသည်။

နောက်ဆုံးကြားသိရသည့် သတင်းအရ မစ္စတာ ဂန်ဘာရီ မြန်မာပြည်သို့ လာရောက်တိုင်း သူ့ကိုထားမည့် မည်သည့် အစိုးရဧည့်ဂေဟာ၊ ဟိုတယ်မှာမဆို သူနေမည့် အခန်း၏ မျက်နှာကျက်တွင် မီးနေသည် ထဘီစကို ကပ်ထားသည်ဟု သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည်လည်း ကုလသမဂ္ဂလုပ်မည့် မည်သည့်ကိစ္စမဆို၊ မည်သည့် ခရီးစဉ်မဆို အောင်မြင်ခြင်းမရှိဘဲ ပျက်ပြားအောင် နာမ်နှိမ်သည့် သဘောဟု နေပြည်တော် သတင်းရပ်ကွက်က ယုံကြည်ကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ နာမ်နှိမ်သည့်ကိစ္စက အနည်းဆုံးတော့ မစ္စတာ ဘန်ကီမွန်းနှင့် မစ္စတာ ဂန်ဘာရီတို့ အပေါ်တွင် အောင်မြင်သည်ဟု ဆိုရပေလိမ့်မည်။

အောင်ဇော်၏ Than Shwe, Voodoo and the Number 11 ကို ဆီလျှော်အောင် ပြန်ဆို ရေးသားသည်။