Sunday, May 10, 2009

မသေခင်ရွှေရွှေပေးခဲ့မယ့်အမွေကဘာလည်း??????


ရိုးသားခြင်းလောက် ကောင်းမွန်ချမ်းသာသော အမွေဟူသည်မရှိ။
ဝီလျံရှိတ်စပီးယား

ဒါကတော့ ဒါပေါ့ဗျာ။ ကျွန်တော့ကလေးတွေ ကျွန်တော် လိမ်တာကို သိမှာပေါ့။

တခါက လူတယောက်ဟာ သူရဲ့သားနှစ်ယောက်ကို ပျော်ပွဲရွှင်ပွဲ ဆင်နွှဲရာ ပန်းခြံထဲကို ခေါ်
သွားတယ်။ အဝမှာ အပေါက်စောင့်ကို သူကမေးတယ် (ဘယ်လောက်လဲ ခင်ဗျာ)၊
တယောက်(၃)ဒေါ်လာပါ။ ဒါပေမဲ့ (၆)နှစ်နဲ့ (၆)နှစ်အောက် ကလေးတွေအတွက်တော့ မပေးရပါ
ဘူး၊ အခမဲ့ပါ။
ဟုတ်ကဲ့ ဒါဆိုရင်(၆)ဒေါ်လာယူပါ၊
ဘယ်သူ့အတွက်လဲ။
ကျွန်တော့အတွက်က (၃)ဒေါ်လာ၊ ဟိုဘက်ကကောင်လေးက(၇)နှစ်ဆိုတော့ (၃)ဒေါ်လာ၊ ဒီ
ဘက်က သားငယ်လေးကတော့ (၃)နှစ်ပါ။
ခင်ဗျား ထီပေါက် လာတာလား။
ဟင့်အင်း၊ ဘာဖြစ်လို့လဲ။
ခင်ဗျားက အကြီးကောင်ကို (၆)နှစ်လို့ ပြောလိုက်ရင်ပြီးရော၊ ဒါဆို (၃)ဒေါ်လာ သက်သာမှာပေါ့၊
ဘယ်သူသိတာမှတ်လို့။
ဒါကတော့ ဒါပေါ့ဗျာ၊ ကျွန်တော့ ကလေးတွေ ကျွန်တော်လိမ်တာကို သိမှာပေါ့၊ သူတို့ ကို အဲဒီအ
မွေတွေ မပေးချင်လို့ပါ။
----------
ကျွန်တော်တို့ဟာ သားသမီးတွေကို အကောင်းဆုံးသော အမွေတွေကိုလည်း ပေးချင်ကြတယ်။
သူတို့အတွက် စံပြဖြစ်အောင်လည်း မလုပ်ကြဘူး။
ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့တဲ့။
ကလေးတွေဟာ မိဘတွေလုပ်တာကို အတုခိုးတာပဲ။ ပတ်ဝန်းကျင်က လူတွေဟာ မကောင်းမှုနဲ့
ချမ်းသာနေရင် အဲဒါကို အားကျမှာပဲ။
ဒီအတိုင်းပဲကောင်းမှုနဲ့ သင့်တင့်မျှတရုံနေတတ်တယ်ဆိုရင်လည်း အဲဒီသဘောတရားလက်ခံမှာ
ဘဲ။ သူတို့ကြီးပြင်းလာတဲ့ ဝန်းကျင်ဟာ သူတို့ကိုရောင်ပြန်ဟပ်မှာပါပဲ။
ကျွန်တော်တို့ဟာ အမှန်တရားကို ချွင်းချန်ထားတယ်ဆိုရင် သူတို့လည်း အမှန်တရားကို မျက်
ကွယ်ပြုမှာပဲ။ တကယ်တော့ ဒါဟာ (domino theory)လို့ ခေါ်တဲ့ သက်ရောက်မှုကို
ပေးတယ်။ မိမိက မကောင်းမှုကို ပြုရင် မိမိနဲ့ ဆက်နွှယ်သူတွေဟာ မကောင်းမှုကို ပြုဖို့ အခွင့်အ
လမ်းများတယ်။ ဒီလိုလုပ်ပါ ဆိုတာမျိုး သူတို့ကို အားပေးသလို ဖြစ်တယ်။
အဓိကကတော့ အဲဒီကောင်းမှု မကောင်းမှုရဲ့ သက်ရောက်မှုဟာ မိသားစုအတွင်း စတင်ဖြစ်ပေါ်
တော့တာပါပဲ။
လီလီတွန်မ်လင်က ရေးဖူးတယ်။
the best mind altering drug is the truth.
စိတ်ကို ပြောင်းဖို့ အကောင်းဆုံးဆေးဝါးကတော့ အမှန်တရားပါပဲ တဲ့။
လူတွေဟာ အမှန်တရားကို ကြောက်နေကြတယ်၊ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုမယ်။ အမှန်
တရားကို လုပ်ကိုင်မယ်ဆိုရင် ကိုယ့်ကျိုးစီးပွားကို ထိခိုက်မယ်လို့ ထင်နေကြတယ်။
အမှန်တရားဆိုတာ ဆေးခါးကြီးပါပဲ၊ လူတွေက ဒါကို လက်မခံဘူးလို့ တခေတ်က ယူဆကြတယ်။
ယနေ့လည်း ဒီလို လက်ခံဆဲပါပဲ။
ဒီနေရာမှာ အောင်မြင်လိုရင် ဆိုတဲ့ သီအိုရီ တခုထွက်လာတယ်။ အင်မတန် လူကြိုက်များတယ်၊
ဒါကို ကျွန်တော်တို့က ဖတ်ပြီး သဘောကျကြတယ်။
လူတွေကို ချိုသာတဲ့ စကားပြောပါ၊ အပြစ်မတင်ပါနဲ့၊ ပြုံးပါ။
မုန့်ဟင်းခါးတခွက်ဟာ ပျားရည်တစက်လောက် ယင်ကောင်တွေကို မဆွဲဆောင်နိုင်ဘူး--စတဲ့ -
စတဲ့ အောင်မြင်မှုလမ်းညွှန်တွေကို လက်ခံကြတယ်။
ဒါတွေကို အမှန်တရားကနေ လမ်းခွဲပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရမဲ့ သဘောတရားတွေလို့ ယူ
ဆကြတယ်။
အောင်မြင်မှုအတွက် မိမိ ခံယူချက် သဘောထားကို ဖုံးကွယ် ထားရမှာလား။ ပျားရည်ဆမ်းမျက်
နှာတွေနဲ့ နောက်ကွယ်က ဓားနဲ့ထိုးလာကြတယ်။
ဒါကြောင့်လည်း ပြုံးနေရင် သတိထား ဆိုတဲ့ စကားပေါ်ပေါက်လာတာပါပဲ။
တကယ်တော့ ပြုံးနေတာကောင်းပါတယ်၊ သို့သော် ဟန်ဆောင်ပြုံးနေရင်တော့ တခုခု မကောင်း
တာရှိမယ်လို့ ယူဆနိုင်တယ်။
နိဂုံး
ကျွန်တော်တို့ဟာ မျိုးဆက်သစ်တွေကို အမွေပေးနေကြတယ်၊ ဘာတွေကို ပေးမှာလဲ။
အမှန်တရား
လောကမှာ အမှန်တရားဟာ ရှားပါတယ်ဆရာ။ မဖြစ်နိုင်ပါဘူး တဲ့။
ဒါဆိုရင် အမှားတွေကို အမွေပေးမလား၊ လိမ်တာညာတာတွေကို အမွေပေးမှာလား။
ဟန်ဆောင်ပန်ဆောင်တာတွေကို အမွေပေးမှာလား။
ကျွန်တော်တို့ဟာ စံပြတွေဖြစ်ရမယ်၊ အမှန်တရားကို ရင်ဆိုင်ဖို့ဟာ အင်မတန်မှ ခက်ခဲတယ်။
သိက္ခာရှိရှိနဲ့ ဘဝကို ရင်ဆိုင်တယ်ဆိုတာ မြင့်မြတ်ပါတယ်။ သားသမီးတွေကို ဒါတွေအမွေပေးရ
မယ် တဲ့။
လောကကြီးမှာ တရားတာတွေ မတရားတာတွေရှိနေမှာပါပဲ။
ဒါပေမဲ့ အမှန်တရားနဲ့သာ လျှောက်လှမ်းပါလို့။
အမှန်တွေကိုသာ အမွေပေးပါဟူ၍---။ ။

ဒေါက်တာခင်မောင်ညို

0 အကြံပြုခြင်း: