Tuesday, May 5, 2009

သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း

" . . . ပုဂံခေတ် ဖြစ်တဲ့ ၁၁ ရာစုဦးလောက်က စပြီး၊ ဗမာတွေ ဗုဒ္ဓသာသနာကို လက်ခံခဲ့ကြတယ် ဆိုပေမဲ့ အရေးကြီးတဲ့ အလုပ် တခုခု ပြီးမြောက်ရင် အောင်သေ အောင်သား စားတယ် ဆိုပြီး သေရည်နဲ့ အမဲဟင်းလျာတွေ အဝ သောက်စားကြမြဲ ဖြစ်တယ်။ ဒီအလေ့ဟာ ၁၅ ရာစုကုန်တဲ့ အပိုင်းရောက်တဲ့ အခါ ဗုဒ္ဓသာသနာရဲ့ သြဇာကြောင့် 'သေသာစာသောက်ပွဲ' နေရာမှာ လက်ဖက် လက်ဆုံစားတာ ဝင်လာပြီး သေသား စားသောက်တဲ့ အကျင့် ပျောက်ကွယ် လိုက်ပါတယ် . . . " . . . [ရှင်မဟာရဋ္ဌသာရ နှစ် (၅ဝဝ) ပြည့် စာတန်းများ မန္ဈလေး၊ ရဲရင့်စာပေ၊ ၁၉၆၈၊ စာမျက်နှာ ၆၃-၈၉ မှာ ဖော်ပြပါရှိခဲ့တဲ့ ဒေါက်တာ သန်းထွန်းရဲ့ "သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း" သုတေသန စာတမ်းကို 'အသစ်မြင် ဗမာသမိုင်း' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
Photobucket
ပုံဂံ နံရံဆေးရေး - ၁) အမျိုးသား တဦးနှင့် အမျိုးသမီးများ ဘုရားကျောင်း သွားဟန်၊ ၁၈ ရာစုနှောင်း၊ စူဠာမုနိ။ ၂) မင်းတပါး ဘုရားတွင် ထီးပူဇော်ဟန်၊ ၁၂ ရာစု၊ လောကထိပ်ပန်။ ၃) အမျိုးသမီး တဦး ဇင်္ဂုလိတာရာကို ပူဇော်ဟန်၊ ၁၁ ရာစု နောက်ဆုံး နှစ်အစိတ်၊ အပယ်ရတနာ။

သက္ကရာဇ် ၈၆ဝ လောက်က လူမှုရေးသမိုင်း

ဒီစာတန်းကို ရေးနိုင်ဖို့ ၁၅ ရာစုရဲ့ နောက်ပိုင်း အနှစ် ၃ဝ နဲ့ ၁၆ ရာစုရဲ့ ရှေ့ပိုင်း အနှစ် ၃ဝ၊ အစုစု အနှစ် ၆ဝ တွင်းက ကျောက်စာတွေကို ဖတ်ပါတယ်။ အားလုံးပေါင်း ကျောက်စာ ၂၅ ခုလောက် ရှိပါတယ်။ အုပ်ချုပ်တဲ့ မင်းတွေ အလိုက်ပြောရရင်၊
အထက်ဗမာနိုင်ငံမှာ -

သီဟသူရ (၁၄၆၉-၈၁)
မင်းခေါင် ၂ (၁၄၈၁-၅ဝ၂)
ရွှေနန်းကြော့ရှင် (၁၅ဝ၂-၂၇) နဲ့
သိုဟန်ဘွား (၁၅၂၇)
တို့ လက်ထက် ဖြစ်ပါတယ်။ အဲဒီ အထဲမှာ ရွှေနန်းကြော့ရှင်ဟာ တိုက်ပွဲ အတွင်း စိန်သင့်ပြီး သေတယ်။ ဗမာနိုင်ငံကို အုပ်ချုပ်သွားတဲ့ လူတွေထဲက ပထမဦးဆုံး သေနတ်မှန် သေတဲ့ လူပါပဲ။ ပြီးတော့ သိုဟန်ဘွား ဆိုးသွမ်းတာကို အားလုံး ကြားပြီး ဖြစ်တယ်။ အဲဒီလောက် ပြောပြီးရင် ခေတ်အခြေအနေဟာ အင်မတန် ဆူပူပြီး လူထုအတွက် အသက်အိုးအိမ် စည်းစိမ်ရဲ့ လုံခြုံမှု နဲတဲ့အခါ ဖြစ်တယ်လို့ သိလောက်ပါပြီ။

အောက်ဗမာနိုင်ငံမှာတော့ အဲဒီအချိန်မှာ -

ရှင်စောပု (၁၄၅၃-၇၂)
ရာမာဓိပတိ (ဓမ္မစေတီ ၁၄၇၂-၉၂)
ဗညားရံ (၁၄၉၂-၅၂၆) နဲ့
တကာရွတ်ပိ (၁၅၂၆-၅ဝ)

တို့ အုပ်စိုးခဲ့ချိန် ဖြစ်ပါတယ်။ ရခိုင်ဘက်မှာတော့ ၁၄၃၃ ခုက စပြီး မြောက်ဦးမှာ အိန္ဒိယဘက်က အကူအညီနဲ့ အလီခန် နာမယ်ယူပြီး မင်းဆက်သစ် ထူထောင်တဲ့ မင်းရဲ့ အဆက်အနွယ်တွေ အုပ်စိုး နေပါတယ်။
သူတို့ကတော့ -
ဘစောဖြူ (ကလီမာရှား ၁၄၅၉-၈၂)
ဒေါလျာ (၁၄၈၂-၉၂)
ဘစောညို (၁၄၉၂-၄)
ရန်အောင် (၁၄၉၄)
စလင်္ဂသူ (၁၄၉၄-၅ဝ၁)
မင်းရာဇာ (၁၅ဝ၁-၂၃)
ကဇာပတိ (၁၅၂၃-၅)
မင်းစောဦး (၁၅၂၅)
သဇာတ (၁၅၂၅-၃၁)
မင်းပါကြီး (၁၅၃၁-၅၃)

တို့တွေပါပဲ။ အဲဒီလို မင်းတွေ အပြင် တောင်ငူမှာ နောင်အခါ ထင်ရှားတဲ့ မင်းဆက်ရဲ့ အဦးအစ ဖြစ်တဲ့ မင်းကြီးညိုဟာ ၁၄၈၆ က ၁၅၃၁ အထိ မင်းမူနေပါပြီ။ ဗမာနိုင်ငံ မြောက်ဖျားမှာတော့ မဝ်သျှမ်းခေါ်တဲ့ သျှမ်းကြီးတွေဟာ တောင်ဘက်ကို ဆင်းပြီး နှစ်စဉ်လိုပဲ တိုက်ခိုက် လုယက်ပါတယ်။ မြေတူး၊ ငရနဲ့၊ စည်ပုတ္တရာ၊ စည်သာ၊ တပယင်း ဆိုတဲ့ နေရာတွေဟာ သူတို့ နှောက်ယှက်လို့ ပြေပုန်းရတာ မနားရပါဘူး။ အဝက မင်းကိုယ်တိုင် ၁၅၂၄ ခုမှာ ဆင်ခေါင်း ဝက်ဝံ အထိ ပြေးပုန်းရတာလည်း ကြုံခဲ့ရပါတယ်။ ဒီလို အချိန်အခါမျိုးမှာ လာပြီး ဗမာစာပေ အနေနဲ့ ကြီးကြီးကျယ်ကျယ် ပွင့်လန်းတယ်ဆို၊ ဒါ အင်မတန်မှပဲ အံ့သြစရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ တမျိုးကြည့်မယ် ဆိုရင်တော့ တကယ်တမ်း ဆိုးဝါးတဲ့ အချိန်ဟာ အခု လေ့လာကြမယ့် ခေတ်ကာလရဲ့ ကုန်ဆုံးချိန် "ဂငယ်သုံးခု ဥသျှစ်ထု" ဆိုတဲ့ ၁၅၂၆ ခုရောက်မှ ကြုံရလို့ ဒါ့ထက် စောတဲ့ အချိန်က သာသနာ့ အရိပ်ခိုပြီး ဗမာစာပေဟာ လန်းဆန်းခွင့် ရတယ်လို့ ဆိုနိုင်ပါတယ်။ဗမာတွေ နေတဲ့ နေရာဟာလည်း သိပ်ပြီး ကျယ်ပြန့်လှတဲ့ နေရာလို့ မဆိုနိုင်ပါဘူး။ စကိုင်း ရတနာစေတီ ကျောက်စာ ၁၄၈၅ ခုမှာ -
အရိမတ္တန မြင်စိုင်၊ ပင်ယ၊ စစ်ကိုင် အဝ ဟူသည် မင်နေရာပြည်၊ ရတ္တနာ ရွှေ့ဣမ်စဉ်စိမ်ခံလျက်၊ ဧရာပန်ရောင်၊ ပေါင်လောင် ချင်တွင်၊ မ႞လေစင်အခံ၊ ကံညွတ်မျှနေသော ကြည်တောင် ဖ႞မျှ၊ မြံမာပြည် (စာရင်း ၁ဝ၁၄/၁၄-၁၅)
တို့ တွေ့ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံဟာ ဧရာဝတီ၊ မြစ်ငယ်၊ မူးနဲ့ ချင်းတွင်း ဆုံတဲ့ နေရာလောက်ကို ခေါ်တယ်လို့ သိရပါတယ်။ နောက်တမျိုး တွေ့ဖူးသေးတာက ရတနာဗိမာန် ကျောက်စာ (၁၅ဝ၉ ခု) မှာ -
စကိုင်၊ ပင်ယ၊ အဝ လမည် ပြည်သုံပြည်ဖြင့် မဏ္ဍိုင် ဥစွန် မှန်ရာ တမူတည် ဖြစ်ထသော (စာရင်း ၁ဝ၄၃/၁၅-၁၆)
လို့ တမျိုး -
ဧရာဝတီ နဒီမည်သော ရေကြည်မြလာ မြစ်အခြာဖြင့် မြောက်သလွှာကာ သုနာပရန္ဈ တောင်ဖက်ကာ တမ္ဗဒီပ မည်သော တိုင်နှစ်တိုင် တိုဝ်ကြပ် ထိုင်ဖုံအုပ် အာဏာချုပ်လျက် ပိုက်ထုပ်ရိုက်ရာ သာသနာလတည် မြံမာပြည်။ (စာရင်း ၁ဝ၄၃/၁၇-၁၈)
လို့ တမျိုး တွေ့ရပါတယ်။ အခုခေတ် အတိုင်းအတာနဲ့ ကြည့်ရင် အင်မတန် သေးငယ်တဲ့ အစိတ်အပိုင်းကလေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသေးငယ်တဲ့ မြေဧရိယာလေးကို ပိုင်ဆိုင် အုပ်ချုပ်တဲ့ လူကို 'ရေမြေသိခင် ဖုရရှင်' (စာရင်း ၁ဝ၅၅၊ က/၅) လို့လည်း ခေါ်ချင်ကြတယ်၊ 'တရာတစင် ထီဆောင်ချင်သ မင်မျာထိပ်ခေါင် စောရန်အောင်' (စာရင်း ၁ဝ၅၅၊ က/၆) လို့လည်း မြှောက်တယ်၊ 'ရေမြေစိုဝ်ခြင် မင်တကာထက် ဆထက်တရာ လွန်ကဲစွာလျှင်' (စာရင်း ၁ဝ၅၅၊ က/၂ဝ-၁) လို့လည်း အကဲအမိုနဲ့ ချီးမွမ်းပါတယ်။ တကယ်ကတော့ တိုင်းငယ် ပြည်ငယ်ရဲ့ မင်းငယ် စိုးငယ် အဆင့်လောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ရှေးက ကြီးကျယ်ခဲ့တာကို မမေ့နိုင်သေးလို့ပဲလား မသိဘူး၊ 'ကျေးမက်ပြည်ရွာ ကျယ်ဝန်းစွာ၍' (စာရင်း ၁ဝ၅၅၊ က/၁ဝ) ဆိုတဲ့ အသုံးကို သုံးမြဲ သုံးတုန်းပါပဲ။ ပြည်ထောက်ဘက်ချင်း မဟာမိတ်ဖွဲ့တဲ့ အနေနဲ့၊ 'အယောင်အဆင် လှစွာသော သ္မီကညာ' (စာရင်း ၁ဝ၅ဝ/ ၂၁၊ ၆၆၊ ၇၉) အဆက်အသ အပေးအယူ လုပ်မြဲပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံကို ကာကွယ်ဖို့ မင်းလုပ်တဲ့ လူဟာ လေးအတတ်၊ ဆင်အတတ်၊ မြင်းအတတ် အပါအဝင် အဋ္ဌာရသ သိပ္ပကို တတ်ရတယ် (စာရင်း ၁ဝ၄၅/ ၁၅-၁၆) လို့ ဆိုပြန်တယ်။ အုပ်ချုပ်ရေးမှာ သူ့ကို ကူညီဖို့ 'အိမ်ရှေ့မင်' (စာရင်း ၁၈၄၅/ ၂၂-၄၂) လည်း ရှိတယ်၊ 'တောင် မိဖုရာကြီ' (စာရင်း ၉၉၉/၄၊ ၁ဝဝ၁/၂၉-၃ဝ) ကလည်း ပြည်ကြီးဝန်ကို ဖို့တူဖို့ငှ ယူရှာပါတယ်၊ ပြီးတော့ 'မင်းသက်တော်ရှည်' (စာရင်း ၁ဝ၅၅ / ၁၄) လို့ အရွယ်ကြီးရင့်တဲ့ ပညာရှိ ပုဂ္ဂိုလ်တွေလည်း အတိုင်ပင်ခံ ရှိမယ်၊ 'အမှူးကြီး အမတ်ကြီး' (စာရင်း ၁ဝ၅၅ - ခ/၁) တွေလည်း ရံနေပါတယ်၊ တကယ်တော့ ရှင်ဘုရင်ဟာ 'ဧကရစ်' (စာရင်း ၁ဝ၅၅-က/၃) ဖြစ်ပြီး ပဒေသရာဇ် ဖြစ်တဲ့ 'မြိုဝ့်စာ' (စာရင်း ၁ဝ၅၅-က/၉) တွေက ရံနေကြပြီး လုံခြုံရေး အတွက် 'စစ်သည်' (စာရင်း ၁ဝ၁၄/၃၊ ၁ဝ၄၅/၁၆)၊ 'ခြေသည်သူရဲ' (စာရင်း ၁ဝ၅ဝ/၈၊ ၁၅) ဆိုတာတွေနဲ့ ကွပ်ကဲ ထိန်းသိမ်း စောင့်ရှောက်ပြီး နယ်ချဲ့ ရာဇဌာနီ အတွင်း အဆက်အသွယ် လွယ်ကူအောင် 'မြင်လျင်' (စာရင်း ၁ဝ၅ဝ/၆၅) တွေထားပြီး အုပ်ချုပ်ခဲ့တယ်။ ကျောက်စာတွေထဲမှာ ပါတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ တခြား အရာအထူး အမည်တွေကိုတော့ အက္ခရာစဉ် အတိုင်း ဖော်ပြ လိုပါတယ်။

ကိုဝ်ရံ (စာရင်း ၁ဝ၁၄/၂၇)
ကျေစာ (စာရင်း ၉၃၃၃/၃)
ကန်ပိုင် (စာရင်း ၁ဝ၄၃/၇)
စခီ / စချီ (စာရင်း ၉၇၈၊ ခ/ ၁၈၊ ၁ဝ၄၅/ ၆၂၊ ၆၃၊ ၆၇)
စပးခိုဝ်သူကြီ (စာရင်း ၉၈၁-က/၇)
စာရေ (စာရင်း ၁ဝ၁၄/၄ဝ၊ ၁ဝ၄၃/၂၉)
ပြည်စိုဝ် (စာရင်း ၉၇၈၊ ခ/၁၈၊ ၁ဝ၄၅/၆၃)
ဘဏ္ဍာစိုဝ် (စာရင်း ၁ဝဝ၂/၂၃)
မြေတိုင် (စာရင်း ၉၉၅ /၇၊ ၁ဝ၄၅/၆၃)
မြင်မှူ (စာရင်း ၁ဝ၃၇-က/၇)
မြင်လျင် (စာရင်း ၁ဝ၅ဝ/၆၅)
မြို့ဝ်စာ (စာရင်း ၁ဝ၅၅-က/၉)
မြို့ဝ်သူကြီ (စာရင်း ၁ဝဝ၂/၂၃)
ရွာကဲ (စာရင်း ၁ဝ၄၅/၆၃)
ရွာမင် (စာရင်း ၉၇၈-ခ/၁၈)
ရွာသူကြီ (စာရင်း ၁ဝဝ၁/၃၃၊ ၁ဝ၁၄/၂၅)
လှောကာသုံတောင် (မှူး) (စာရင်း ၁ဝ၃၇-က/၆)
သုကောင် (စာရင်း ၉၈၁-က/၇)
သင်္ဃရာဇာ (စာရင်း ၁ဝဝ၅/၈)
သံပျင် (စာရင်း ၁ဝ၄၅ / ၅၈၊ ၆၄၊ ၆၆)
အစိုဝ်အကဲ (စာရင်း ၁ဝ၄၅/၆၂)
အတွင်သုံထောင် (မှူး) (စာရင်း ၁ဝ၅၇-က/၇)
အတွင်သင် (မှူး) (စာရင်း ၁ဝ၃၇-က/၅)
အဓိန်တော် (စာရင်း ၁ဝ၄ဝ-က/၄၊ ၁ဝ၅၅-က/၆)
အမှုလုပ် (စာရင်း ၁ဝ၁၄/၂၇)
အမှူအမတ် (စာရင်း ၁ဝ၅ဝ/ ၈၊ ၆၅၊ ၇၉၊ ၁ဝ၅၅၊ ခ/၁)
တွေပါပဲ။

အဲဒီမင်းနဲ့ မင်းမှုထမ်းတွေကို ပြည်သူတွေဟာ အတော်ပဲ သည်းခံပြီး ဆက်ဆံ ကြရတယ်လို့ ထင်တယ်။ တနည်း ပြောရရင် မင်းမှုထမ်းနဲ့ ဆက်ဆံရေး နဲသမျှ နဲအောင် နေကြပါတယ်။ မှတ်တမ်းတခု (၁၄၈၁) ခုထဲမှာ
မြေတိုင်သဘောကာ ပင်လယ်ကိုဝ်သော်လည် ခွဲလယ်ဟု ရုယ်ဆိုဘိမည်၊ ခွဲလယ်ကိုဝ်သော်လည်၊ စိတ်လယ်သာဟု ရုယ်ဆိုဘိမည်(စာရင်း ၉၉၅ / ၇။)
လို့ အရာထမ်းတွေ မရိုးဖြောင့်ပုံကို ထင်ရှားအောင် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ရွာထဲမှာ မင်းရေးမင်းရာ မပေါ်ရင် အကောင်းဆုံးပဲ ဆိုပြီး "ရွာတွင် မင်က္ဆွန်ဝင်ရုယ်၊ ခွေမျှ မဟောင်စေနှင့်" (စာရင်း ၉၉၅/၁၅) လို့ မှာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုထမ်းတွေဟာ အခွန်အကောက် စုဆောင်းဖို့ ရွာတွေကို လာနေကြမှာပဲ။ သူတို့ စုတဲ့ အခွန်ကို အချုပ်သဘောနဲ့ ရေကရတဲ့ အခွန်ကို 'အစွတ်' (စာရင်း ၁ဝ၄၅ / ၆၈) လို့ ခေါ်ပြီး၊ ကုန်းက ရတဲ့အခွန်ကို 'အခြောက်' (စာရင်း ၁ဝ၄၅/၆၈) လို့ ခေါ်ပါတယ်။ အသေးစိတ် ဖော်ပြထားတဲ့ အခါမှာတော့ -
လှည်ခွန်၊ ယဉ်ခွန်၊ ကန်နာခွန်၊ ခိန်ခွင်ခွန် ဖျင်ခွန်၊ ဓန်စီ၊ ဆိတ်အကွံဘိုခိုဝ် စစ်တောင်စည်၊ တည်ခွန်၊ က္ဆွန်ခွန်၊ က္ဆွယ်တည် နွာတည် အိုဝ်ကောက် နှစ်လုမ် ဝါတစီ နှစ်လုံမ်ကောက် အရေအနံ အကောက်အစာ (စာရင်း ၉၉၅ / ၁၁ - ၁၄) လို့ တွေ့ရပါတယ်။
ဒီလို အခွန်အကောက် ဆက်ကြရတဲ့ လူတွေဟာ ဘာလူမျိုးတွေနဲ့ ဘာအလုပ် လုပ်ကြသလဲ ဆိုတာ သိဖို့ လိုပါအုံးမယ်။ လွယ်လွယ်ပြောရင် လူအများစုက ဗမာဖြစ်ပြီး ပဓာန လုပ်ငန်းက လယ်ယာကိုင်းက္ဆွန်း ဥယင် အလုပ်ပါပဲ။ အဲဒီခေတ်က ကျောက်စာပါ လူမျိုး စာရင်းကို ပေးလိုပါတယ်။ (တင်လှသော်၊ '၁၄ဝဝ-၁၅ဝဝ ဗမာသမိုင်း' မသသ ၈-၄၂-၂-၁၄၆-၇ မှ)

ကသည် (စာရင်း ၉၃၆-က/၂၃)
ကရင် (မုံရွာ ဆလင်းကြီး ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ၊ မျက်နှာဘက် ကြောင်းရေ ၉)
ကုလာ (စာရင်း ၉၃၄-ခ/၂၄)
ကန်တု (စာရင်း ၈ဝ၂/ ၅၅၊ ၉၆၃-က/၃၃)
ွ့ကံ (စာရင်း ၉၆၃-ခ/ ၅၂၊ ၅၄၊ ၅၅၊ ၁ဝ၁၄-ခ/၄ဝ)
ခရင် (စာရင်း ၉၄၉-က/၂၅)
ချင် (စာရင်း ၉၅၈-က/၅၊ ၉၆၃ - က/၂၁၊ ခ/၁၁)
စကြဝ် (စာရင်း ၈ဝ၂/၄၆၊ ၁ဝ၄၆/၁ဝ)
တနု (စကိုင်း ထူပါရုံ ကျောက်စာ အမှတ် ၁၅၊ မျက်နှာဘက် ကြောင်းရေ ၈)
တရုက် (စာရင်း ၉၄၃-က/၅)
တန်လိုင် (စကိုင်း ထူပါရုံ ၁၅/၁)
တောင်သူ (စကိုင်း၊ ရေမြက်၊ ကဲလားပြောက် ဘုရား ကျောက်စာ ၁၁)
နဂါ (တန်တားဦး ရန်အောင်မြင် ကျောက်စာ ၈)
ပသှ် (စာရင်း ၉၆၃-က/၂၅)
ပအိုဝ် (စာရင်း ၉၆၃-က/၃၈)
ပိုဝ် (စကိုင်း စေတီလှ ကျောက်စာ နောက်ကျော ၃၄)
ပန်သေ (စာရင်း ၉၆၃ - က/၂၁၊ ခ/၁၁)
ပေါင်လောင် (စာရင်း ၉၄၇ - က/၃၆)
ပျူ (စာရင်း ၉၆၃၊ ခ/၅၃၊ ၅၅၊ ၁ဝ၅ဝ/၇)
ပြဝ် (တန်တားဦး ရန်အောင်မြင် ကျောက်စာ ၁၈/၃၄)
ဖြုံမ်နကျာ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
မြံမာ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
မြုန် (စာရင်း ၉၆၃ - က/၂၁၊ ခ/၁၁)
ရခိုင် (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
ရောက်ဆွဲ (မင်းဘူး၊ စကု၊ ကန်ဦးကျောင်း ကျောက်စာ ကျောဘက် ၁၇)
လဝ (စာရင်း ၉၃၄၊ က/၂၈၊ ၉၄၃ - မ/၁၅)
လင်ခြောဝ် (စာရင်း ၉၆၃ - က/၃၈)
သက် (စာရင်း ၉၄၃ - က/၅၊ ၉၆၃ - က/၂၁၊ ခ/၁၁)
သျှံ (စကိုင်း ထူပါရုံ ကျောက်စာ အမှတ် ၁၅၊ မျက်နှာဘက် ၂)
ဆိုတာတွေပါပဲ။ အဲဒီ အထဲက ပျူ ဆိုတဲ့ နံမယ်ကို ၁၅၁ဝ ပြည့်က စပြီး နောက်ပိုင်းမှာ မတွေ့ရတော့ပါဘူး။ ဒါ နောက်ဆုံးပါပဲ။ အဲဒီ လူတွေရဲ့ အလုပ်အကိုင်ကို ပြောပြ လိုပါသေးတယ်။ အက္ခရာစဉ် အတိုင်း ဆိုရင် -
ကခြေသှ်မ (စာရင်း ၁ဝ၄၅/၂ဝ၊ ၁ဝ၅ဝ/၆၇)
ကျောက်ခွဲ (စာရင်း ၁ဝ၄၅/၃၇)
ကြေပတ်သှ်၊ ကြေပတ်တီ (စာရင်း ၁ဝ၁၄/၄ဝ)
(တန်တားဦး ကြာနီကန် ကျောက်စာမျက်နှာ ၂၈)
စောင်တီ (စာရင်း ၉၆၃ ခ/၃၄)
ဆိုင်ဝိုင်တီ (တန်တားဦး ကြာနီကန် ကျောက်စာ မျက်နှာ ၂၈၊ စာရင်း ၁ဝ၁၄၊ ခ/၄ဝ)
တမော့/ ကျောက်စီသော (စာရင်း ၉၈၁၊ က/၂၂၊ ၁ဝ၁၄၊ ခ/ ၂၆၊ ၃၉၊ ၁ဝ၄၅/၃၈)
ထံစင်ထမ်း (စာရင်း ၁ဝ၄၅/၇၂)
ထီစွယ် (စာရင်း ၁ဝ၄၅/၇၂)
နွာထိန် (စာရင်း ၁ဝ၄၅/၅၉)
ပုရန် (စာရင်း ၉၈၁၊ က/၂၂၊ ၁ဝ၁၄၊ ခ/၂၆၊ ၃၉၊ ၁ဝ၄၅/၃ဝ၊ ၃၁)
ပတ်နရည်စရာသည် (စာရင်း ၉၈၁-က/၁၂-၁၅)
ပတ်မတီ (တန်တားဦး ကြာနီကန် ကျောက်စာ၊ မျက်နှာ ၂၈)
ပန်ခီ (စာရင်း ၉၈၁-က/ ၂၂၊ ၁ဝ၁၄ -ခ/ ၄ဝ၊ ၁ဝ၄၅/၃၉)
ပန်တယာ / ပန်တလျှာ (စာရင်း ၉၆၃-ခ/၅၂၊ ၁ဝ၁၄-ခ/၄၁)
ပန်ဘဲ (စာရင်း ၁ဝ၁၄-ခ/ ၂၆၊ ၃၈)
ပိသုကာ (စာရင်း ၁ဝ၅ဝ/ ၂၂ - ၂၅ - ၂၆ - ၇၂)
လက်သမာ (စာရင်း ၉၈၁-က/၂၃၊ ၁ဝ၁၄-ခ/၂၆)
လက်သာ (တန်တာဦး ကြာနီကန် ကျောက်စာ ကျော ၇)
လင်ခွင်သှ် (စာရင်း ၁ဝ၁၄-ခ/၄ဝ)
လွသမာ (စာရင်း ၁ဝ၄၅/၃၉)
သရေပ်သှ် (စာရင်း ၁ဝ၁၄-ခ/၄ဝ) (တန်တားဦး ကြာနီကန် ကျောက်စာ မျက် ၂၈)
သိခြင်သှ်မ (စာရင်း ၁ဝ၄၅/၁၉)
သူနာထန် (စာရင်း ၁ဝ၄၅-ခ/၆)
ဟုရာ (စာရင်း ၁ဝ၅ဝ/ ၂၃၊ ၂၅၊ ၇၂)
ဆိုတဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်တွေ ရှိတယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးမှာ ဘာတွေ ပျိုးကြ စိုက်ကြသလဲ ဆိုတာ သိဖို့ လိုပါသေးတယ်။ ဆန်စပါးကို ပဓနာ ထားပြီး စိုက်မယ်လို့တော့ ဆိုနိုင်ပါတယ်၊ ဆူပူ သောင်းကျန်းမှုတွေ မစခင် ၁၅၂ဝ ပြည့်လောက်က "တပဲတတင်ရသော စပး" (စာရင်း ၁ဝ၄၅/၆၁) လို့ တွေ့ရပါတယ်။ ကုန်ထုတ် စွမ်းအားနဲ့ စီးပွားရေး အခြေအနေကို ကျောက်စာတွေထဲမှာ နဲနဲပဲ ပါတယ်။ ဒီတော့ ဒီပစ္စည်း စာရင်းကို လုပ်ပြရင် ဟိုတုန်းက ဒီပစ္စည်းတွေ လုပ်ပြီး သုံးစွဲကြတယ်။ ဒီကောက်ပဲသီးနှံတွေ စိုက်ပြီး စားသောက်ကြတယ် ဆိုတာ သိနိုင်မယ်။ က္ဆွန်တွေလည်း ရှိပါတယ်။ တနေရာမှာ က္ဆွန်ဖိုးဟာ တယောက်ကို ကြေးခွက် နှစ်ဆယ် ပေးရတယ် (စာရင်း ၁ဝ၄၅/၇၂) လို့ ပါတယ်။ အခု ပစ္စည်းနဲ့ အသီးအပင် စာရင်းကို အက္ခရာ အတိုင်း ပေးပါမယ်။

က (စာရင်း ၁ဝဝ၂/၁၃)

ကရာ (စာရင်း ၁ဝ၄၅/၅ဝ)

ကာ (စာရင်း ၁ဝ၅ဝ/၁၉)

ကံကော် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ကန္နခိုဝ် (စာရင်း ၁ဝ၁၄ ၊ ခ/၁၈)

ကန်သင် (စာရင်း ၁ဝ၄၃၊ ခ/၁၈)

ကောက်ကြီ (စာရင်း ၁ဝ၄၅/၆၄)

ကောက်လျင် (စာရင်း ၁ဝ၄၅/၆၄)

ကျောက်စာ (စာရင်း ၁ဝ၄၅/၇၇၊ ၁ဝ၅၁/၁)

ကျောင် (စာရင်း ၁ဝ၄၅/၄၁)

ကျောဝ်ကွင် (စာရင်း ၁ဝ၅ဝ/၄၇)

ကွံသီ (စာရင်း ၁ဝ၁၄၊ က/၄၈)

ကွန်စဝ် (တိုင်) (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅၅က/၁၅)

က္ဆွဲ (စာရင်း ၁ဝ၅ဝ/၄၄)

က္ဆွဲရေ (စာရင်း ၁ဝ၄၅/၃၁)

က္ဆွန် (စာရင်း ၉၈၁-ခ/၂၊ ၁ဝ၄၅/၇)

ကြငှန် (စာရင်း ၁ဝ၅ဝ/၈၂)

ကြာ (စာရင်း ၁ဝဝ၅/၅၂)

ကြာဖြူ (စာရင်း ၁ဝ၅ဝ/၄၇)

ကြေမုံမ် (စာရင်း ၁ဝ၅ဝ/၁၁)

ကြံပင် (စာရင်း ၁ဝ၅ဝ/၂၂)

ကြက် (စာရင်း ၁ဝ၄၅/၇ဝ)

ွေ့က (စာရင်း ၁ဝ၅၄-ခ/၁၈)

ခရာ (စာရင်း ၁ဝ၄၅/၃၅)

ခရုသင် (စာရင်း ၁ဝ၅ဝ/၂၅)

ခရံ (စာရင်း ၁ဝ၁၄-ခ/၁၈)

ခိရာ (စာရင်း ၁ဝ၁၄-ခ/၈၈)

ခဲဖွယ်စာဖွဲ ဘောစည် (စာရင်း ၁ဝ၅ဝ/၇၆)

ခွက် (စာရင်း ၁ဝ၄၅/၄၁)

ခွက်ယောက်လင်ပန် (စာရင်း ၁ဝဝ၁/၃၃)

ချိုဝ်ချည် (စာရင်း ၁ဝ၅ဝ/၇ဝ)

ငပိ (စာရင်း ၁ဝ၁၄၊ ခ/၃ဝ)

ငွေ (စာရင်း ၁ဝ၅ဝ/၄၉)

ငွေပြား (စာရင်း ၁ဝ၅ဝ/၇၃)

ငြံမ် (စာရင်း ၁ဝ၅ဝ/၆ဝ)

ငှက်ပျောပင် (စာရင်း ၁ဝ၅ဝ/၂၂)

စတီ (စေတီ) (စာရင်း ၁ဝ၅ဝ/၆၂)

စပး (စာရင်း ၉၈၁၊ က/ ၇၊ ၂၅)

စလစ်မွံခ္ဆွန် (စာရင်း ၁ဝ၄၅/ ၄၄၊ ၁ဝ၅၅၊ က/ ၁၅)

စောင် (စာရင်း ၉၆၃၊ ခ/၃၄)

စောဝ်ရှာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

စည် (စာရင်း ၁ဝ၄၅/၃၅)

ဆာ (စာရင်း ၁ဝ၁၄၊ ခ/၃ဝ)

ဆိဥိ (စာရင်း ၁ဝ၅ဝ/၂၅)

ဆေ (ရေးရန်) (စာရင်း ၁ဝဝ၅/၈၊ ၁ဝ၄၅/၄၇)

ဆေး (သောက်ရန်) (စာရင်း ၁ဝ၁၄၊ က/၄၈၊ ခရစ်နှစ် ၁၄၈၅)

ဆေတန် (စာရင်း ၁ဝ၄၅/၄၇၊ အဝါရောင် အတွက်)

ဆင် (စာရင်း ၁ဝ၄၅/၃၉)

ဆင်စွဲ (စာရင်း ၁ဝ၄၅/၄၉)

ဆင်မယဉ်သာ (စာရင်း ၁ဝ၅ဝ/၈)

ဆင်ဝင် (စာရင်း ၁ဝ၄၅/၄၅)

ဆပ်သွး (စာရင်း ၁ဝ၄၅/၄၄)

ဆန် (စာရင်း ၁ဝ၄၅/၆၉)

ဆိတ် (စာရင်း ၁ဝ၄၅/၅၇)

ဆွံ (စာရင်း ၁ဝ၅ဝ/၃၅)

တခွန် (စာရင်း ၁ဝ၅ဝ/၁၃)

တပိုဝ် (စာရင်း ၁ဝ၄၅/၁၃)

တလည် (စာရင်း ၁ဝ၁၄ ခ/၁၈)

တုယင် (စာရင်း ၁ဝ၅ဝ/၂၆)

တင်ရု (စာရင်း ၁ဝ၅ဝ/၄၆)

တင်လဲ (စာရင်း ၁ဝ၄၅/၃၁၊ ၁ဝ၅ဝ/၂၅)

တံကျင် (စာရင်း ၁ဝ၅ဝ/၄၈)

တံခး (စာရင်း ၁ဝ၄၅/၄၅)

တံတိုင် (စာရင်း ၁ဝ၄၅/၃၈)

တန်စည် (စာရင်း ၁ဝ၄၅/၃၄)

တန်ထာ (စာရင်း ၁ဝ၄၅/၅၅)

ထမင် (စာရင်း ၁ဝ၅ဝ/၅၄)

ထီ (စာရင်း ၁ဝ၄၅/၇၂၊ ၁ဝ၅ဝ/၁၃)

ထောပတ် (စာရင်း ၁ဝ၅ဝ/၂၅)

ထန် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ထံစင် (စာရင်း ၁ဝ၄၅/၇၂)

ထိပ် (စာရင်း ၁ဝ၅ဝ/၆၂)

ထုပ် (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅ဝ/၇၅)

နရည်စရာ (စာရင်း ၉၈၁၊ က/ ၁၂၊ ၁၅)

နဝရတ် (စာရင်း ၁ဝ၅ဝ/၅၇)

နသာရည် (စာရင်း ၁ဝ၅ဝ/၆၃)

နီလာ (စာရင်း ၁ဝဝ၂/၄)

နေဇာ (စာရင်း ၁ဝ၅ဝ/၇ဝ)

နောင်နင် (စာရင်း ၁ဝ၄၅/၃၉)

နိုဓန် (စာရင်း ၁ဝ၅ဝ/၂၅)

နန်တော် (စာရင်း ၁ဝ၅ဝ/ ၁၁၊ ၂၈)

နွး (စာရင်း ၁ဝ၄၅/၃၉)

နွာချေ (စာရင်း ၁ဝ၅ဝ/၃၆)

နွာနိုဝ် (စာရင်း ၁ဝ၅ဝ/ ၅၊ ၂၅၊ ၃၆၊ ၃၇)

နိုယင် (စာရင်း ၁ဝဝ၂/၄)

ပလင် (စာရင်း ၁ဝ၅၁/၈၉)

ပိဋကတ်တိုက် (စာရင်း ၁ဝ၄၅/၄၉)

ပိတောက် (စာရင်း ၁ဝ၅ဝ/၇ဝ)

ပိနဲ့ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပိမှန် (စာရင်း ၁ဝ၅ဝ/၅ဝ)

ပုခက် (စာရင်း ၁ဝ၄၈၊ ခ/၁၁)

ပစ္စမီ (စာရင်း ၁ဝ၄၅/၄၆)

ပန်ကပ် (စာရင်း ၁ဝ၅ဝ/၃၈)

ပန်တောင် (စာရင်း ၁ဝ၅ဝ/၃၈)

ပန်တိုင် (စာရင်း ၁ဝ၄၅/၄၉)

ပေါက်တု (စာရင်း ၁ဝ၅ဝ/၃၁)

ပေါက်ပေါက် (စာရင်း ၁ဝ၅ဝ/၃၈)

ဖတ် (စာရင်း ၁ဝ၁၄၊ ခ/၄ဝ)

ပတ္တမြာ (စာရင်း ၁ဝဝ၂/၃)

ပိတ် (စာရင်း ၁ဝ၄၅/၂၉)

ပိန် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပုတ်ဆိန် (စာရင်း ၁ဝ၅ဝ/၄ဝ)

ပုန်ညက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ပျာ (စာရင်း ၁ဝ၅ဝ/၂၅)

ဖလး (စာရင်း ၁ဝ၄၅/ ၃၆၊ ၄ဝ)

ဖျင် (စာရင်း ၁ဝ၄၆/၂၉၊ ပေါင်ဖျင် ၁ဝ၄၅/၄ဝ)

ဖူ (ဘူး) (စာရင်း ၁ဝ၅၅ က/၂၂၊ ခ/၅)

ဗိတန် (စာရင်း ၁ဝ၄၅/၄၅)

မရဖင် (စာရင်း ၁ဝ၄၅/၃၁)

မုရင် (စာရင်း ၁ဝဝ၁/၂၈)

မင်ကျဉ် (စာရင်း ၁ဝ၄၅/၆ဝ)

မောင် (တီးရန်) (စာရင်း ၁ဝ၅ဝ/၅၉)

မဏ္ဍပ် (စာရင်း ၁ဝ၅ဝ/၇၆)

မန္ဈရာ (စာရင်း ၁ဝ၅ဝ/၇၃)

မျက်သုတ် (စာရင်း ၁ဝ၅ဝ/၂၆)

မြတသောင်တန် (စာရင်း ၈၉၉၅/၆)

မြူတာ (စာရင်း ၁ဝ၅ဝ/၁၆)

မြင် (စာရင်း ၁ဝ၄၅/၃၉)

မြှောက်စည် (စာရင်း ၁ဝ၄၅/၃၅)

မှန်ကာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

မှန်တ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

မှန်လျှင် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ရတနာ (စာရင်း ၁ဝ၅ဝ/၅၅)

ရေခွက် (စာရင်း ၁ဝ၅ဝ/၅၃)

ရေအိုဝ် (စာရင်း ၁ဝ၅ဝ/၅၃)

ရှောက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

ရွှေ (စာရင်း ၁ဝ၅ဝ/၅ဝ)

ရွှေပြာ (စာရင်း ၁ဝ၅ဝ/၇၃)

ရွှေလှော (စာရင်း ၁ဝ၄၅/၄၇)

လေ (ပြစ်ခတ်ရန်) (စာရင်း ၁ဝ၅ဝ/၁၉)

လက်ခုပ် (စာရင်း ၁ဝ၅ဝ/၆၇)

လက်တီ (စာရင်း ၁ဝ၄၅/၄၅-၄၆၊ ၁ဝ၅၅၊ က/၁၅)

လက်ကောက် (စာရင်း ၁ဝ၅ဝ/၅၇)

လက်ထုပ် (စာရင်း ၁ဝ၁၄၊ က/၄၈)

လက်ဖက် (စာရင်း ၁ဝ၄၅ /၂၉၊ ၄ဝ)

လင်ခွင် (စာရင်း ၁ဝ၁၄၊ ခ/၄ဝ)

လင်ပန် (စာရင်း ၁ဝ၄၅/ ၃၆၊ ၄ဝ၊ ၄၂)

လှေ (စာရင်း ၁ဝ၅ဝ/၂၄)

လှံ (စာရင်း ၁ဝ၅ဝ/ ၁၉၊ ၄၁)

လျောက် (စာရင်း ၁ဝ၄၅/၃၅၊ ၁ဝ၅ဝ/၇၅)

လွ (စာရင်း ၁ဝ၄၅/၃၉)

ဝတ်စာ တန်ဆာ (စာရင်း ၁ဝ၅ဝ/၆၇)

သပိုင် (စာရင်း ၉၈၁၊ က/၂၆)

သပြေ (စာရင်း ၁ဝ၅ဝ/၇ဝ)

သိရက် (စာရင်း ၁ဝ၁၄၊ ခ/၁၈)

သေ (သောက်ရန်) (စာရင်း ၉၈၁၊ ခ/၅၊ ၁ဝ၄၅/ ၅၆၊ ၆၄၊ ၇ဝ)

သင်ကန် (စာရင်း ၉၈၁၊ က/၂၆)

သင်တွဲ (စာရင်း ၁ဝ၄၅/၄၇)

သစ္စေ (စာရင်း ၁ဝ၄၅/၃၁)

သစ်သီ (စာရင်း ၁ဝ၅ဝ/၇ဝ)

သည်ဒွေ (စာရင်း ၁ဝ၅ဝ/၆၃)

သည်မ (စာရင်း ၁ဝ၅ဝ/၆၃၊ ၁ဝ၅၅၊ က/၁၅)

သည်လတ် (စာရင်း ၁ဝ၅ဝ/၆၃)

သန် (လယ်) (စာရင်း ၁ဝဝ၁/၂၈)

သန္ဈာ (စာရင်း ၁ဝ၅ဝ/၃၇)

သံခြေချင် (စာရင်း ၁ဝ၅ဝ/၆၂)

သံဘရာ (စာရင်း ၁ဝ၁၄ ၊ ခ/၁၈)

သံလွင် (စာရင်း ၁ဝ၅ဝ/၁၉)

သံလျက် (စာရင်း ၁ဝ၅ဝ/၅၃)

ဟင်သပတး (စာရင်း ၁ဝ၄၅/၄၇)

အဆိမ်အဣုန် အချိုဝ်အချဉ် အလှော်အသင် (စာရင်း ၁ဝ၅ဝ/၅၈)

အပြောက် (စာရင်း ၁ဝ၅၅၊ က/၁၇)

အဝတ် (စာရင်း ၁ဝဝ၁/၃၃)

အသည်တိုင် (စာရင်း ၁ဝ၅ဝ/ ၇၃၊ ၇၈)

ဥကင်သ (စာရင်း ၁ဝ၄၅/၄၅)

ဥထုပ် (စာရင်း ၁ဝ၅ဝ/၂ဝ)

ဥရုတိုင် (စာရင်း ၁ဝ၅ဝ/၈၃)

သြဇာ (စာရင်း ၁ဝ၁၄၊ ခ/၁၈)

အဲမောင် (စာရင်း ၁ဝ၅ဝ / ၁၉)

အင် (စာရင်း ၁ဝ၅ဝ/၇၃)

အင်္ကတေ (စာရင်း ၁ဝ၄၅/၃၁)

အင်္ကီ (စာရင်း ၁ဝ၅ဝ/၆၁)

အင်ကြင် (စာရင်း ၁ဝ၁၄-ခ/၁၈)

အုန် (စာရင်း ၁ဝ၁၄-ခ/၁၈)

အုမ်ဣပ်ရာ (စာရင်း ၁ဝ၅ဝ/၅၄)

အုတ် (စာရင်း ၁ဝ၄၅/၃၂)

အုတ်ွ့ကပ် (စာရင်း ၉၈၁၊ က/၂၃-၄)

အိုဝ်ပြစ် (စာရင်း ၁ဝ၅ဝ/၉)


ဒီစာရင်းကို အမှီပြုပြီး ဟိုတုန်းက လူနေမှုကို အသင့်အတင့် စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။
တကယ်ကတော့ ၁၅၂၆ လောက်မှာ အခြေအနေ သိပ်ဆိုးသွားပေမယ့် အဲဒီ အရင်နှစ်တွေမှာ အဝ ဝန်းကျင်ပင် စည်ပင်နေပါတယ်။ စောစောက ၁၃၈၆ ခုက ၁၄၂၆ ခုထိ၊ အနှစ် လေးဆယ်လောက် အထက် ဗမာနိုင်ငံနဲ့ အောက်ဗမာနိုင်ငံ စစ်တိုက်ခဲ့တာတွေရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ပြန်ပြီး ပြင်ဆင်နိုင်ပြီ ဖြစ်တယ်လို့ တွေ့နေရပါတယ်။ ကျောက်စာ တခုမှာ 'စာတီများကို ပဲသည်ကို ဆက်၏' (စာရင်း ၈၄ဝ၊ က/၁ဝ) လို့ တွေ့ရတယ်။ အဲဒါအပြင် 'ဓိအထွတ် စသည်လည် တင်တ်မူ၏' (စာရင်း ၁ဝဝ၁/၁၆) လို့ ၁၄၈၂ ခုနှစ်၊ ထိုကျောက်စာမှာ ဖော်ပြထားတာ တွေ့ရပါသေးတယ်။ ဒီနေရာမှာ စကား စပ်မိလို့ ပြောချင်တာက ပုဂံခေတ်က ဘုရားတွေမှာ အထွတ်ပဲ ရှိတယ်၊ ထီးတင်လေ့ မရှိဘူး။ အခု ခရစ်နှစ် ၁၅ဝဝ ပြည့်ဘက်ရောက်မှ ထီးတင်တယ်လို့ သိရပါတယ်။ ကူနံရံတွေ ညစ်ပေ နေတာကိုလည်း သန့်ရှင်းသွားအောင် ထုံးပွတ်ပြီး ၁၄၈၄ ခု၊ ရက်စွဲနဲ့ မင်စာ ရေးခဲ့တာကို -
အလုံးစုံလျှင် အဖြူတိလည် ဖွပ်၏အ်။ ခိရားသီး နှင့်အကွသော ရွှေဓိး ငါးဆင်လည် တင်၏ … အထက်ဝန်းကျင်လျှင် အလွန်သာယာစွာသော ရွှေဆည်လည်း အတိလည်းဆွဲ၏။ … ဆေးဝါးပြောင်ပြောင် ရေး၏။ (စာရင်း ၁ဝ၅ဝ/၆-၁ဝ)
လို့ မှတ်တမ်း တွေ့ရပါတယ်။ ဘုရားတကာက ရှေးဘုရားကို ပြုပြင်ရလို့ ဝမ်းသာပေမယ်၊ ဒါပေမဲ့ ရှေးလက်ရာတွေ ထုံးပွတ်ပြစ်လို့ အနုပညာ အဖိုးတန် ပစ္စည်းတွေ တိမ်ကော ပျောက်ပျက်ကုန်လို့ ကျနော်တို့ နှမျောတယ်။ ဒီလို ရှေးလက်ရာ ပျောက် ပြင်တာကို 'ပြင်လို့ ပျက်တယ်' လို့ ခေါ်ပါတယ်။ အခု လေ့လာဆဲ ဖြစ်တဲ့ ၁၅ ရာစုထဲမှာ ငလျင်ဒဏ်ကြောင့် ဘုရားပုထိုး ပျက်တာတွေလည်း ရှိပါတယ်။ 'ငလျင်ကြီးလည် သိံသိံ လုပ်၍ တံတိုင်မီတာ များစွာ ပြို၏' (စာရင်း ၁ဝ၁၄၊ က/၁၉) လို့ ၁၄၂၆ ခု၊ မှတ်တမ်း တခုက ဆိုတယ်၊ ပြီးတော့ ၁၄၈၅ ခု မှတ်တမ်းထဲမှာလည်း -
သက္ကရစ် ၈၄၇ ခု ဝါခေါင်လ္စန် သုံမ်ရက် ကြာသပတေနေ မိုဝ်သောက် ထနှိုက် သည်စွာသော မြေကြီ ငလျင် လုပ်သဖြင့် ဖုရာသိခင်လည် ပန်တင်သိုဝ်တိုင်အောင် အစိတ်စိတ် ပြိုကွဲဘိ၏ (စာရင်း ၁ဝ၁၄၊ ခ/၁ဝ)
လို့ တွေ့ရပါတယ်။ ခပ်တိုတို ပြောရရင် အဲဒါတွေကို ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ နောက်ထပ် ပျက်ကိန်းက ရှိနေသေးတာကို အများ အသိပါပဲ။ ဒါကြောင့် ၁၅၅၈ ခု၊ မှတ်တမ်း တခုမှာ -
ပုဂံ ပင်ယ စကိုင် စသော အဝ မင်နေပြည်တိုဝ်နှိုက် မိစ္ဆာ … … တိုဝ် ဖျက်ဆီလေသော စေတီ ပုဓိုဝ် ပိဋကတ်အပေါင် (စာရင်း ၁ဝ၇၃၊ ခ/၈)ကို ပြင်ရပြန်တယ်လို့ တွေ့ကြရတာပေါ့။
နောက်ဆုံး အပိုဒ်အနေနဲ့ ကိုးကွယ် ယုံကြည်မှုရယ် အလေ့အလာ တချို့ရယ် ဘယ်လို ရှိတယ်လို့ ပြောပြချင်ပါတယ်။ ပုဂံခေတ် ဖြစ်တဲ့ ၁၁ ရာစု ဦးလောက်က စပြီး၊ ဗမာတွေ ဗုဒ္ဓသာသနာကို လက်ခံခဲ့ကြတယ် ဆိုပေမဲ့ အရေးကြီးတဲ့ အလုပ် တခုခု ပြီးမြောက်ရင် အောင်သေ အောင်သား စားတယ် ဆိုပြီး သေရည်နဲ့ အမဲဟင်းလျာတွေ အဝ သောက်စားကြမြဲ ဖြစ်တယ်။ ဒီအလေ့ဟာ ၁၅ ရာစုကုန်တဲ့ အပိုင်းရောက်တဲ့ အခါ ဗုဒ္ဓသာသနာရဲ့ သြဇာကြောင့် 'သေသာစာသောက်ပွဲ' နေရာမှာ လက်ဖက် လက်ဆုံစားတာ ဝင်လာပြီး သေသား စားသောက်တဲ့ အကျင့် ပျောက်ကွယ် လိုက်ပါတယ်။ ဒီအကျင့်စာ ဗုဒ္ဓသာသနာကို ဗမာတွေ လက်မခံမီက အရိုးအစဉ် ရှိခဲ့တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကို ဗုဒ္ဓသာသနာကြောင့် စွန့်လိုက်တယ် ဆိုပေမဲ့ ဗုဒ္ဓသာသနာနဲ့ မဆိုင်တဲ့ တခြားအကျင့်တွေ ကျန်နေပါသေးတယ်။ ဥပမာ ရွှေနန်းကြော့ရှင်ရဲ့ ၁၅၁ဝ ပြည့်နှစ်၊ နန်းတည်ကျောက်စာ (စာရင်း ၁ဝ၅ဝ) ကို ဖတ်ကြည့်ရင် ပုဏ္ဏားတွေနဲ့ 'နှစ်ကျိပ်သောနတ်' (စာရင်း ၁ဝ၅ဝ/၅၄) တွေကို ပူဇော်တာ အကြိမ်ကြိမ် တွေ့ရမယ်။ တိုင်းသူ ပြည်သားကိုလည်း 'မိမိတိုဝ် ကိုဝ်ကွဲစမြဲသော' (စာရင်း ၁ဝ၅ဝ/၅၉) နတ်ကို ကိုးကြရမယ်လို့ ရှင်ဘုရင်က ခိုင်းတယ်။ ပဂိုး ကလျာဏီ ကျောက်စာထဲမှာ ပုဏ္ဏားတွေနဲ့ ရှင်ဘုရင်ကို ဘိသိက်သွန်းပုံမျိုး ဘုရားဓာတ်တော်တွေကို ဘိသိက်သွန်း ရတယ်လို့ တွေ့ရပါတယ်။ အဲ့ဒါကို ခွင့်ပြုတဲ့ ရာမာဓိပတိ (အများခေါ် ဓမ္မစေတီမင်း) ဟာ သာသနာပြု မင်းအဖြစ်နဲ့ ထင်ရှား လှပါတယ်။ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ရင် အခု ကျနော်တို့ လေ့လာဆဲ ခေတ်မှာ အောက်ဗမာနိုင်ငံက ခေါင်းဆောင် ဖြစ်နေပါတယ်။ အဲဒီအခါက အောက်ပိုင်းကို ရာမညတိုင်းလို့ ခေါ်ပြီး 'ကုသိမ်အပြင်၊ ဟံသာဝတီအပြင်၊ မုတ္တမအပြင်' ဆိုတဲ့ နယ်ကြီး သုံးနယ် ပါဝင်တယ်။ အဲဒီနယ်တွေမှာ အခု တွံတေး ဝန်းကျင်မှာ ရှိတဲ့ ရှေးဒလ နေရာမှာ တိုင်းရင်းသား ရဟန်းဂိုဏ်း ရှိပေမဲ့ ကျန်နေရာတွေမှာ သီဟိုဠ်ဂိုဏ်းက လွှမ်းမိုးတယ်။ ဒါပေမဲ့ သီဟိုဠ်ဂိုဏ်းထဲမှာပဲ ဂိုဏ်းငယ် ငါးမျိုး ကွဲနေလို့ အဲဒါတွေ မလိုလားအပ်ဘူး ဆိုပြီး ရာမာဓိပတိမင်းက ပြုပြင်ဖို့ ဆုံးဖြတ်တယ်။ ပြီးတော့ ၁၄၇၆ ခုက စပြီး သီဟိုဠ် အကူအညီနဲ့ ပြုပြင်ပါတယ်။ သီဟိုဠ်ကို ရဟန်းတော် နှစ်ဆယ့်နှစ်ပါး လွှတ်ပြီး စင်ကြယ်တဲ့ ရဟန်းဘဝကို ရအောင် သီဟိုဠ်မှာ ပြန်ပြီး သိမ်တက် ရဟန်းခံ လုပ်ခဲ့စေတယ်။ အဲဒီ ရဟန်းတော်တွေ ပြန်ရောက်လာတော့ သိမ်သစ်ဖြစ်တဲ့ ကလျာဏီသိမ်ကို သမုတ်ပြီး ရှိပြီးသား ရဟန်းတွေကို လူဝတ်လဲစေပြီး ပြန်ရဟန်းခံကြ စေပြန်တယ်။ အဲဒီအခါမှာ စင်ကြယ်တယ်လို့ အာမခံနိုင်တဲ့ ရဟန်း ၁၅,၆၆၆ ပါး ရပါတယ်။ ဒီရဟန်းတွေဟာ ပရိယတ် ပဋိပတ် နှစ်မျိုးစလုံးမှာ အာမခံတွေမို့ လက်ရွေးစင်လည်း ဖြစ်တယ်။ မင်းရဲ့ အကူအညီရလို့ ဒီလို အောင်မြင်တယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာမာဓိပတိမင်းဟာ ကူညီတာထက်ပိုပြီး သူ့အတွက် အမြတ်ယူတယ်လို့ ဆိုရင်လည်း ဖြစ်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ 'ရဟန်းခံ' ဆိုတဲ့ သာသနာ့ဘောင်ကို လူသစ် ရွေးချယ် လက်ခံပွဲမှာ ရဟန်းတွေမှာ ရွေးချယ်နည်း ကန့်သတ်ပြီး ဥပဒေတွေ ရှိနေပေမဲ့ ပဒေသရာဇ်က သူ့အလိုကျ ထပ်ပြီး ဖြေ့စွက်တာကို တွေ့ရလို့ပါပဲ။ ရာမာဓိပတိက လူသစ်လက်ခံတဲ့ အခါမှာ -

(၁) မင်းပြစ်သင့်သူ

(၂) ထင်ရှားတဲ့ လူဆိုး ဓားပြ

(၃) ကိုယ်လက်အင်္ဂါ ချို့တဲ့ နေတဲ့လူ

(၄) ကုန်းကွ လှီကင်း ကောက်ခွင်နေလို့ မြင်ရုံနဲ့ ရယ်စရာကောင်းသူ

အဲဒီ လူမျိုးတွေကို ရဟန်းခံ မပေးပါနဲ့လို့ သူက အမိန့်ပေးတယ်။ ရဟန်းဝတ် မပေးရလို့ ပြောထားပါရက်ကနဲ့ တိတ်တဆိတ် ဝတ်ပေးလို့ ပေါ်ပေါက်ရင် ရာဇဝတ် သင့်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ဒီနေရာမှာ သံသရာကို ကြောက်လို့ သတိ သံဝေဂရလို့ လူ့ဘောင်ကို စွန့်ချင်ရင် ခြေလက် အင်္ဂါစုံဖို့ လိုတယ်လို့ အဓိပ္ပါယ် ထွက်နေတယ်။ ဒါကြောင့် ရာမာဓိပတိဟာ ဒီတချက် အင်မတန် မှားသွားတယ်လို့ ပြောနိုင်ပါတယ်။
ရဟန်းတွေထဲမှာ လဇ္ဇိ ပေသလ၊ သိက္ခာကာမ ဖြစ်စေဖို့ ဆိုပြီး (၁) ဆေးကုတဲ့ ရဟန်း၊ (၂) ဗေဒင်ဟောတဲ့ ရဟန်း၊ (၃) လက်မှု ပညာ တခုခုနဲ့ စီးပွားရှာတဲ့ ရဟန်း၊ (၄) ဖွဲ့နွဲ့ ပြောဟောပြီး ငွေအလှူခံတဲ့ ရဟန်း၊ (၅) လူတွေနဲ့ ရောနှောလွန်းတဲ့ ရဟန်းနဲ့ (၆) အပြစ် ရှိတယ်လို့ ကဲ့ရဲ့ ခံရဖူးတဲ့ ရဟန်းတွေကို ရှာဖွေပြီး လူထွက် ခိုင်းတယ်။ အဲဒါ အပြင် စောစောက စီးပွားဖြစ်အောင် စုပြီး ချမ်းသာနေတဲ့ ရဟန်းကို ဥစ္စာကို စွန့်ရင်စွန့် မစွန့်ရင် ရဟန်း ဘဝကို စွန့်ခိုင်းတယ်။ ဒီနည်းတွေကတော့ သာသနာ့ အညစ်အကြေးကို ရှင်းလင်းတာ ဖြစ်လို့ ကောင်းပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင် အခု လေ့လာခဲ့တဲ့ ဗမာ သက္ကရာဇ် ၈၆ဝ၊ ခရစ်နှစ် ၁၅ဝဝ လောက်က လူမှုရေးကို ပြန်ကြည့်ရရင် ဗမာနိုင်ငံမှာ နေထိုင်မြဲ ဖြစ်တဲ့ တိုင်းရင်းသားတွေဟာ ခေတ်ဟောင်းကို စွန့်ပြီး ခေတ်သစ်ကို ကူးဖို့ အခွင့်ကောင်း ရတဲ့အချိန် ဖြစ်တယ်။ အနောက်တိုင်းက စွန့်စားသူတွေလည်း အရှေ့တိုင်းကို စတင် ပေါက်ရောက်စ အခါ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုတွေနဲ့ ကြုံကြိုက်တဲ့ အခါဖြစ်တယ်။ ပုဂံခေတ် စကားပြေ အရေးအသား ကနေပြီး အဝခေတ် ပျို့ ကဗျာ လင်္ကာ အရေးအသားကို တိုးတက်လာမယ်။ အနုပညာ ပန်းချီ ပန်းပု ကျောက်ဆစ်နဲ့ ပိသုကာ လက်ရာတွေဟာလည်း မလွဲမသွေ တိုးတက်မှာပါပဲ။ ဘာပြုလို့လဲ ဆိုတော့ ပုဂံခေတ်က ရှင်ဘုရင်နေတဲ့ အိမ်ကို အိမ်ကြီး အိမ်တော်လို့ပဲ ခေါ်ခဲ့ရာက အဝခေတ်မှာ ရွှေအိမ်နန်းနဲ့ ကြငှန်းလို့ ခေါ်လာကြတဲ့ အပြင် ဘုရင်တပါးဟာ ကျန်ရစ်ခဲ့တဲ့ ကျောက်စာ အရ အင်မတန် ကောင်းတဲ့ နန်းတော်ကို ဆောက်ပြီး အဲဒါ ဂုဏ်ယူတဲ့ အနေနဲ့ 'ရွှေနန်းကြော့ရှင်' ဘွဲ့ကို ယူခဲ့တယ်။ ဒီလို အထက် ဗမာနိုင်ငံမှာ စာပေနဲ့ အနုပညာ တိုးတက်လာသလို အောက်ဗမာနိုင်ငံမှာ သာသနာ့ ပြုပြင် ပြောင်းလဲရေး အကြီးအကျယ် ဖြစ်တယ်။ ဒါပေမဲ့ ၁၆ ရာစုရဲ့ ပထမ နှစ်အစိတ် အလွန်မှာ နိုင်ငံရေး ဆူပူမှုတွေနဲ့ ပြည်သူ့ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်တဲ့ တိုက်ခိုက်ပွဲတွေ ကြုံရလို့ လူမှု စီးပွားရေး ပျက်ပြားပြီး စာပေ အနုပညာဘက်မှာလည်း နှမြောစရာ ကောင်းလောက်အောင် တိုးတက်မှု အရှိန် ရော့သွားတာကို တွေ့ရပါတယ်။ ဒီလိုသာ လူမှု စီးပွားရေးကို မထိခိုက်ဘူး ဆိုရင် ၁၆ ရာစုထဲမှာ ပုဂံ ယဉ်ကျေးမှုထက် သာတဲ့ ယဉ်ကျေးမှု တရပ်ကို ဗမာနိုင်ငံ အလယ်ပိုင်းမှာ တွေ့နိုင်လောက်စရာ ရှိပါတယ်။

ဒေါက်တာ သန်းထွန်း

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

0 အကြံပြုခြင်း: