Thursday, June 11, 2009

နအဖငပွဝါဒ

ရဲဘော်ဖိုးသံချောင်း

၁၀ ဇွန် ၂၀၀၉

ဒီတလော နအဖစစ်ဗိုလ်တွေ ပြည်ပကိုထွက်တယ်ဆိုတိုင်း ခွေးရူးလမ်းထွက်တဲ့အခါ တွေ့တဲ့လူတိုင်းကခဲနဲ့ပစ်၊ တုတ်နဲ့ ရိုက်တာခံရသလို ဝိုင်းဝန်းပြစ်တင်၊ ဆုံးမတောင်းဆိုတာတွေနဲ့ချည်း ကြုံတွေ့နေရပါတယ်။ ဒါတွေနဲ့အတူ သူတို့ရဲ့ တာဝန်ရှိသူတွေက ရှက်ရမ်းရမ်းတာ၊ မျက်စိစုံမှိတ်ငြင်းတာ၊ သူခိုးကလူလူဟစ်တာ၊ အပြန်အလှန် လက်သိပ်ထိုးတာ စတာတွေကိုလည်း မကြာခဏ တွေ့နေရပါတယ်။

ဒီအထဲမှာ ရုပ်အပျက်ဆုံးတခုလို့ ဆိုရမှာကတော့ ပြီးခဲ့တဲ့ အာဆမ် (ASEM) ခေါ် အာရှဥရောပတွေ့ဆုံဆွေးနွေးပွဲမှာ ဖြစ်ပျက်ခဲ့တာပါပဲ။ အဲဒီမှာ သူတို့ကို ချောင်ပိတ်ဝေဖန်တာခံနေရသလိုဖြစ်တော့ နအဖစစ်ဗိုလ် ဒုနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ကုလားမနိုင်ရခိုင်မဲဆိုသလို တခြားနိုင်ငံကြီးတွေကို ပြန်မပြောရဲတာနဲ့ ထိုင်းကိုကက်ကက်လန် ရန်တွေ့ခဲ့တာ မှတ်မိကြပါလိမ့်မယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့တဲ့ ဒီနအဖ ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံအတွင်း တလောကဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ပဋိပက္ခကို ထောက်ပြပြီး သူ့ရဲ့ ရှက်ဒေါသတွေ ပေါက်ကွဲပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့စကားက ထိုင်းနိုင်ငံသာပဲ သူတို့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတာတွေအတွက် ရင်ကြားစေ့ရေးတွေ လုပ်သင့်တယ်ဆိုတာပါပဲ။ ဦးမောင်မြင့်ဟာ သံတမန်ဂုဏ်သိက္ခာတွေ ရှေ့တန်းထားနေရတဲ့ အစည်းအဝေးမှာ စကားနိုင်လုသလို ပြောနိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ ဒါမျိုးကိစ္စတွေကို အချေအတင် ပြောနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာပြည် ပြည်သူလူထုကတော့ သူ့စကားရဲ့အမှားများနဲ့ စောဒကတက်စရာတွေကို မပြောဘဲ နေလို့မဖြစ်ပါဘူး။

နအဖ ဒုဝန်ကြီးက ထိုင်းကိုပြန်အပြစ်တင်ရာမှာ ဗမာပြည်တွင်းကအခြေအနေဟာ ထိုင်းက အက်ႌနီ-အက်ႌဝါ ပဋိပကၡလို မဆိုးဘူး။ သွေးထွက်သံယိုမရှိဘူးလို့ မာမာတင်းတင်းပြောခဲ့ပါတယ်။ သူပြောတဲ့အဓိပ္ပာယ်က သူတို့ကြောင့်မို့ ဗမာပြည်အတွင်းမှာ ဘယ်လောက်တောင် “ငြိမ်-ဝပ်-ပိ-ပြား” နေတယ်လို့ ဆိုချင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကား ဘယ်လောက်မှန်တယ်ဆိုတာကို ဒီပဲယင်းအရေးအခင်း၊ စက်တင်ဘာသံဃာ့အရေးအခင်း စတာတွေကို တွေ့ကြုံဖူးနေတဲ့ ဗမာပြည်သားတွေက ကောင်းကောင်းသိကြပါတယ်။

တကယ်ကျတော့ အခုတလောကြားနေရတဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့ သတင်းတွေမှာ မငြိမ်သက်မှုတွေဟာ ထိပ်ဆုံးက ရောက်နေတာပါ။ နအဖရဲ့စစ်ဖက်ရေးရာ လုံခြုံရေးတာဝန်ခံ ဗိုလ်ရဲမြင့်တယောက် ရဟတ်ယာဉ်ကို အိမ်လုပ်ပြီး ပြည်နယ်တကာမှာ လနဲ့ချီပြီးသွားလာ နေရတာဟာ “ငြိမ်-ဝပ်-ပိ-ပြား” နေလို့လား၊ ငြိမ်းတွေမငြိမ် တော့လို့ဘဲ မဟုတ်ပါလား။ ရန်ကုန်မှာ ကြံ့ဖွံ့တွေ ဓားသွေး၊ လောက်လေးခွ ပြင်နေကြတာကရော “ငြိမ်-ဝပ်-ပိ-ပြား” နေလို့ပါလား။ အင်းစိန်ထောင်ဗူးဝမှာလူတွေစု၊ စာရွက်တွေ နေရာတကာမှာ ကြဲချနေလို့ပဲ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့အခြေအနေဟာ “ငါ့စကော-ငါ့စကော” လို့ ဟစ်ရာကနေ စစ်ဖြစ်သွားတယ်ဆိုတဲ့ အနေအထားမျိုး အချိန်မရွေး ရောက်သွားနိုင်ပါတယ်။

တဖက်မှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်း၊ ထောင်ချဖို့လုပ်လာတော့ ပြည်သူတွေအဖို့ မိမိတို့ရဲ့ ကြမ္မာ ဘယ်လိုဖြစ်တော့မယ်ဆိုတာ ပိုသတိပြုမိလာပါတယ်။ နအဖရဲ့ လမ်းပြမြေပုံကြီးကို တိုးလုပ်လေ၊ ဖမ်းဆီးထောင်ချမှုနဲ့ သွေးထွက်သံယိုမှုတွေ ပိုများလေ ဖြစ်တော့မယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့လာနေကြ ရပါတယ်။ မေတ္တာပို့နေတဲ့ သံဃာတော်တွေကို သတ်ဖြတ်တဲ့၊ ဒီပဲယင်းလမ်းမှာ လူအုပ်နဲ့အနိုင်ကျင့် သတ်ဖြတ်တဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကြီး ရောက်လာတော့မယ်ဆိုတော့ လူတိုင်းဘာလုပ်ကြမလဲလို့ စဉ်းစားကြတော့တာပါပဲ။

ပြည်သူတွေအနေနဲ့ အကြမ်းမဖက်ရေး လမ်းကပိတ်နေရင် ဖောက်ထွက်ကြတော့မှာ ဖြစ်ပါတယ်။ လမ်းပေါင်းစုံရှာ ကြတော့မှာပါ။ ဒါကလည်း နေရာမှာတင် တန့်နေလို့ကတော့ ကြံ့ဖွံ့တွေ ရိုက်တာနဲ့ပဲ သေကြေကုန်ရမယ်ဆိုတာ ရှင်းနေလို့ ဖြစ်ပါတယ်။

ဒီလိုပြည်တွင်းအခြေအနေဟာ နအဖရဲ့ နိုင်ငံခြားရေးဝါဒအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ တဖက်က ပြန်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက အခုလို နအဖအစိုးရကို သွားလေရာ ငြိနေတဲ့ဆူးလှည်းကြီးအဖြစ် ကြည့်မြင်နေကြတာဟာလည်း ဒီပြည်တွင်းအခြေအနေတွေကြောင့်ဖြစ်ပါတယ်။

ဘယ်တိုင်းပြည်မဆို ကိုယ့်နိုင်ငံရဲ့ ဓနအင်အား၊ နိုင်ငံရေးအင်အား၊ စစ်ရေးအင်အား စတာတွေအပေါ် အခြေခံပြီး နိုင်ငံခြားရေးဝါဒကို ချမှတ်ကြတာချည့်ပါပဲ။ နိုင်ငံရေးအင်အားဆိုတာမှာ ပြည်တွင်းသွေးစည်းညီညွတ်မှု၊ ကိုယ့်ပြည်သူလူထုရဲ့ထောက်ခံမှု၊ နိုင်ငံတည်ငြိမ်မှု စတာတွေပါဝင်ပါတယ်။ နအဖစစ်အစိုးရလည်း ဒီတရားတွေကို မလွန်ဆန်နိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူတို့ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားတို့ အပေါ်မှာ အဓိကမူတည်ပြီး ချမှတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။ နအဖအဖို့ တခြားအချက်တွေထက် ပြည်တွင်းမတည်ငြိမ်မှု၊ အမျိုးသားသွေးစည်းညီညွတ်ရေး ပျက်ပြားမှု၊ လူထုကြီးရဲ့ဆန့်ကျင်မှုကို တလျှောက်လုံး ရင်ဆိုင်နေရမှုဆိုတာကိုပဲ ထိပ်တိုက်ရင်ဆိုင်နေရတော့ သူတို့ရဲ့ နိုင်ငံခြားရေးဝါဒဟာ အခုလို ငပွကြီး နိုင်ငံခြားရေးဝါဒ ဖြစ်လာတော့တာပါပဲ။

ဒါနဲ့တဆက်တည်းမှာ သူတို့တတွေ အကျပ်အတည်းတွေ့ရလေ တခြားနိုင်ငံတွေကိုကော်ဆဲလေ ဖြစ်လာနေတာလည်း တွေ့နေကြရပါတယ်။ ကြာလေ အထီးကျန်ဖြစ်လိုက်လာနေတဲ့ နအဖစစ်ဗိုလ်တွေ နောင်ဆိုရင် ပြည်ပကိုတောင် ထွက်ရဲပါ့အုန်းမလား စဉ်းစားစရာဖြစ်နေပါတယ်။ အခုကိုပဲ ဗိုလ်သန်းရွှေတယောက် ဘယ်ကိုမှ သိပ်မထွက်ဝံ့တဲ့ အခြေအနေ ရောက်နေပါပြီ။

လက်တွေ့ကျကျပြောရရင် ဒီနေ့ နအဖအစိုးရရဲ့ နိုင်ငံခြားရေးဝါဒ အကျပ်အတည်းဟာ ရှစ်လေးလုံး ကာလနောက်ပိုင်းမှာ အဆိုးဝါးဆုံး အကျပ်အတည်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအကျပ်အတည်းမျိုးကို ဗိုလ်နေဝင်းလည်း မကြုံခဲ့ဖူးပါဘူး။

စစ်အေးကာလတုန်းက အရှေ့နဲ့ အနောက်အကြား ပဋိပက္ခကိုအသုံးချပြီး ဗိုလ်နေဝင်း အနေချောင်ခဲ့သလို နအဖစစ်အုပ်စုကလည်း တရုတ်နဲ့ အမေရိကန်အကြား ခလောက်ဆန်ကစားပြီး ပြည်တွင်းမှာ သူတို့လုပ်ချင်ရာ လုပ်မယ်လို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်က မတူတော့ပါဘူး။ တရုတ်နဲ့ အမေရိကန်ဟာ ရုရှားနဲ့ အမေရိကန်တုန်းကလို သူဖြူရင်ငါမည်းမှလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲကို သူတို့က ကောင်းကောင်းသတိထားမိပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာ သူတို့ချင်း အပြန်အလှန် ပြောဆို တိုက်ခိုက်ကြတာတွေ ရှိသလို တချို့ကိစ္စတွေမှာကျတော့လည်း သူတို့ချင်း အမြင်တူ၊ တသံတည်းလို ထွက်တတ် ကြပါတယ်။

အခု ဗမာပြည်ကိစ္စမှာ သူတို့နှစ်နိုင်ငံအကြား တူညီတဲ့ လေသံတွေ တွေ့လာနေရပြီ မဟုတ်ပါလား။ အခုအခါမှာ စီးပွားရေးအကျပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့အတွက် နိုင်ငံတိုင်းဟာ ဗမာပြည်ပြဿနာကို နိုင်ငံတကာစားပွဲ ဝိုင်းတွေပေါ်ကနေ ဖယ်ရှားပစ်ချင်နေကြတယ်ဆိုတာကို နအဖဗိုလ်ချုပ်တွေ သတိထားမိရဲ့လား မသိဘူး။ ဗမာပြည် ပြဿနာတက်လာတိုင်း သခွတ်ပင်ကမီးတကျည်ကျည်လို့ပဲ ယူဆကြတော့မှာပါ။ ဒါပေမယ့် တာဝန်သိတဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုတာ မီးတကျည်ကျည်မို့ ပေယျာလကံပြုထားလိုက်တော့မယ်လို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။
မြန်မြန်ဆန်ဆန် ပြီးပြတ်သွားအောင် တခုခု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီလို ဘေးကျပ်နံကျပ်ကြုံတွေ့နေရတဲ့အခါမှာ နအဖ ဒုနိုင်ငံခြားရေးဝန်ကြီးက အခုလို ဝါးလုံးရှည်နဲ့ သိမ်းရမ်းလို့ကော သူတို့အဖို့ အန္တရာယ်တွေက လွတ်ကရောတဲ့လား။ နောင်မှာလည်း နိုင်ငံတကာ အစည်းအဝေးတွေ ပေါ်လာတိုင်း နအဖခေါင်းဆောင်တွေအဖို့ ဒီလိုချောင်ပိတ်ခံရတဲ့အဖြစ်မျိုးတွေ ကြုံနေရအုန်းမှာပဲ ဖြစ်ပါတယ်။ သူတို့အဖို့တော့ စောစောတုန်းက သူများတွေက မောင်မောင်လို့ ခေါ်နေတုန်းမှာ ဗျာမထူးခဲ့တာအမှားကြီး မှားသွားတာပါပဲ။

0 အကြံပြုခြင်း: