Monday, June 15, 2009

ရေသန့်ဘူးခွံကလေးများ…

Saturday, 13 June 2009 17:35 ကြည်ဝေ


“ရေသန့်ဘူးခွံကလေးများ ပါရင်ချပေးပါ၊ ရေသန့် ဘူးခွံလေး ချပေးပါ”ဟု ဘီးလှိမ့်စပြုသည်အထိ ရထားဘေးတွင် ကပ်လိုက်ပြေးရင်း တကျော်ကျော် အော်နေသော ကလေး ၂ ဦးမှာ ရထား အရှိန်ပြင်းလာသည့်တိုင် ပြေးလိုက် နေဆဲ ဖြစ်သည်။

ရထားပေါ်မှ ပစ်ချလိုက်သော ၁ လီတာဝင် ရေသန့်ဘူးခွံလေးတခုကို ကလေး ၂ ယောက်က ပြေးနေရင်း အလုအယက် ကောက်ကြသည်။ သူတို့ဘေးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းနေပြီ ဖြစ်သော ရထားကြီးနှင့်အပြိုင် လိုက်ပြေးကြရင်း ပါးစပ်ကလည်း အော်နေကြသည်။ အရှိန်ပြင်းသည်ထက်ပြင်းလာသော ရထားကို သူတို့ ဂရု မစိုက်၊ သူတို့အတွက် ရေသန့်ဘူးခွံလွတ်များ ရရှိရေးကသာ အရေးကြီးပုံ ရနေသည်။

တဘူးလျှင် ကျပ် ၁၀ နှင့် ပြန်ရောင်းနိုင်သော ရေသန့်ဘူးခွံတခွံ ရဖို့အရေး သူတို့ မည်သည့် အန္တရာယ်ကိုမျှ
မမြင်နိုင်ကြ၊ အခန့်မသင့်လျှင် ရန်ဖြစ်ကြသည်။ ထိုသံလမ်းပေါ်မှာပင် တယောက်နှင့်တယောက် နပန်းလုံးကြ သည်ကိုလည်း မြင်တွေ့ရသည်။

“ကျနော်က ရေသန့်ဘူးခွံတင်မဟုတ်ဘူး၊ ရောင်းလို့ရတာ အကုန်ကောက်တာပဲ၊ အမေက ကျနော်တို့ ကောက် ထားတဲ့ ဘူးခွံတွေကို ဒိုင်မှာ သွားရောင်းပေးတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မောင်နှမ ကျောင်းတက်နေ ရတာ”ဟု အသက် ၉ နှစ်အရွယ် မောင်ရဲရင့်က ပြောပြသည်။

ကျောင်းဆင်းချိန်များတွင် တိုးကြောင်ကလေး ဘူတာရုံအနီးသို့ သွားပြီး ရေသန့်ဘူးခွံ ကောက်သည့် အလုပ်ကို သူ ပုံမှန်လုပ်သည်။ ထိုမှရသော ၀င်ငွေကို ကျောင်းစရိတ်လုပ်ခဲ့သည်မှာ ယခုဆိုလျှင် တတိယတန်းအထိ ရောက်နေပြီဟု ဆိုသည်။

သူတို့နေထိုင်ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၁၆ ရပ်ကွက်ထဲမှာ သူ့လို ဘူးခွံကောက်သော အလုပ်ကို လုပ်ကြသည့် ကလေး တော်တော် များများ ရှိသည်။ သူတို့အားလုံး ရောင်းစားလို့ရသမျှ ဘူးခွံ၊ ပလတ်စတစ်၊ ဆေးပုလင်းခွံ စသည့် အမှိုက်ထဲက တိုလီမုတ်စ အမျိုးမျိုးကို ကောက်ပြီး ဒိုင်မှာ ပြန်သွင်းကြသည်။ သူတို့၏ ၀င်ငွေမှာ တနေကုန်ကောက်ပါက တဦးလျှင် ကျပ် ၅၀၀ အထိ ရတတ်ပြီး မောင်ရဲရင့်ကဲ့သို့ ကျောင်းတက်နေ သူများကတော့ တနေ့လျှင် ငွေ ၂၀၀ ကျော်ခန့် သာ ရတတ်ကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် ရေသန့်ဘူးခွံ၊ နိုင်ငံခြားဆေးပုလင်းဘူးခွံ၊ လစ်ပိုဘူးခွံ၊ မိုင်လို၊ အိုဗာတင်း ပုလင်းခွံ စသည် တို့နှင့် ပလတ်စတစ်ဟောင်းများ ရှာဖွေ ရောင်းချသည့် အလုပ်ကို ကျောင်းနေအရွယ် ကလေးငယ်များက စီးပွားရေး လုပ်ငန်းတခုကဲ့သို့ သဘောထား လုပ်လာကြသည်ကို တွေ့ရကြောင်း အင်းစိန်မြို့နယ်ရှိ ပုလင်းခွံ၊ ဘူးခွံ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“လူကြီးတွေကတော့ ဒီလောက်ဝင်ငွေလေးနဲ့ သိပ်မလုပ်တော့ဘူး၊ ကလေးတွေပဲ ဒီအလုပ် လုပ်ကြတော့တယ်။ အထူးသဖြင့် ကျောင်းသားလေးတွေက တနိုင်တပိုင် ကျောင်းစရိတ်ရှာကြတာဆိုတော့ ကျမတို့ကလည်း အားပေး တဲ့အနေနဲ့ ဈေးမှန်နဲ့ ဝယ်ပေးပါတယ်” ဟု အထက်ပါ လုပ်ငန်းရှင် မမေချိုက ဆိုသည်။

စနေ၊ တနင်္ဂနွေ နှင့် တခြားကျောင်းပိတ်ရက်များတွင် မီးရထားသံလမ်းဘေး၊ လူနေ တိုက်ခန်းများ၏ နောက်ဖေး လမ်းကြားများ၊ အမှိုက်ပုံများ၊ ဈေးများ၊ စားသောက်ဆိုင် တန်းများ၊ပန်းခြံများထဲ၌ တနေကုန် ဘူးခွံများ လိုက်ရှာ ကောက်၍ လာရောက်ရောင်းချသူ အများစုမှာ ကျောင်းသားများဖြစ်နေတတ်ကြောင်း မမေချိုက ပြောဆိုသည်။

မောင်ရဲရင့်ကဲ့သို့ပင် အသက် ၁၂ နှစ်အရွယ် မနွယ်မာသည်လည်း လှိုင်မြို့နယ်အတွင်းရှိ ကျောင်းတ ကျောင်း တွင် ၅ တန်းတက်နေရင်း ကျောင်းဆင်းချိန်၌ အမေဖြစ်သူ အလုပ်လုပ်သည့် အင်းလျားကန်စောင်း စားသောက် ဆိုင်များဆီ လာရောက်ကာ ရေသန်ဘူးခွံများ၊ အအေးပုလင်းခွံလွတ်များကို လိုက်ကောက်ယူကြောင်း ပြောပြ သည်။

မနွယ်မာသည် ထိုသို့ ဘူးခွံ၊ ပုလင်းခွံနှင့် ပလတ်စတစ်များကို ရောင်းချ၍ရသော ၀င်ငွေကို ကျောင်းစာအုပ်ဖိုးတွင် ပြန်အသုံးပြုရသည်။

“ဗလာစာအုပ်က တဒါဇင်ကို ကျပ် ၃ ထောင်ကျော်၊ ဖတ်စာအုပ် ကလည်း အားလုံးယူရင် ၃၂၀၀ ဆိုတော့ အမေတို့က ၀ယ်မပေးနိုင်ဘူး၊ စာအုပ်ဖိုးကို သမီးရှာလို့ရတဲ့ ငွေထဲကနေ ပြန်သုံးရတာ” ဟု မနွယ်မာက ပြောသည်။

ကျောင်းဆင်းချိန်တွင် ယခုကဲ့သို့ ဘူးခွံ ကောက်သည့်အလုပ်ကို လုပ်သည့်အတွက် ကျောင်းစရိတ် ကာမိသော် လည်း သမီးဖြစ်သူကို စာ ကြိုးစားသည့် အလုပ်တခုသာ လုပ်စေချင်ကြောင်းသူ့မိခင်က ပြောပြသည်။ သို့ရာတွင် ထိုဝင်ငွေ၏ တစိတ်တပိုင်းက သူတို့ မိသားစုနှင့် မနွယ်မာ၏ ပညာရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“ကလေးတွေက ကျောင်းတက်ချင်တယ်၊ ကျမတို့ကလည်း စားဖို့တောင် အနိုင်နိုင်ဆိုတော့ ကလေး ၃ ယောက် စလုံးကို ကျောင်းမထားနိုင်ဘူး။ အဲဒီတော့ သူတို့စရိတ်နဲ့သူတို့ စာအုပ်ဖိုးကို ရှာကြဖို့ ပြောရတယ်။ ဒါတောင် ကျောင်းအပ်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ ငွေချေးရတယ်” ဟု သူကဆက်ပြောသည်။

ယခုနှစ် ကျောင်းအပ်ခမှာ ဖတ်စာအုပ်ဖိုးမပါဘဲမူလတန်းအရွယ် ကျောင်းသားတဦးလျှင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားအတွက် ဆိုလျှင် အနည်းဆုံး ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ အထိ အပ်သည့် ကျောင်းပေါ်တွင် မူတည်ပြီး ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ဖတ်စာအုပ်ဖိုးပါလျှင် ကျောင်းဖွင့်စ ကျောင်းသားတဦးအတွက် ကုန်ကျစရိတ်မှာ တဦးလျှင် အနည်းဆုံး ကျပ် ၁၃၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ရှိသည်။

ရန်ကုန်မြို့ပေါ်မှ နာမည်ကြီး ဒဂုံ၊ အထက (၁) ဆိုလျှင် ယခုနှစ် ကျောင်းသားသစ်တဦးအတွက် ၀င်ကြေးမှာ ကျပ် သိန်း ၂၀ နှင့် ကွန်ပျူတာ ၁ လုံးဖြစ်ပြီး ပညာရေးလေ့ကျင့်ရေးကျောင်း (TTC) မှာ ယခုနှစ် အတွက် ကျောင်းသား သစ် လက်ခံခြင်း မရှိသေးပေ။

တခြားနာမည်ရ ကျောင်းများ၏ ကျောင်းဝင်ကြေးများမှာလည်း အနိမ့်ဆုံး အလှူငွေအဖြစ် ကွန်ပျူတာတစုံဖိုး ထည့်ဝင် လှူဒါန်းရသည်ဟုသိရသည်။ ထိုကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာ တစောင် တန်ဖိုးပင်လျှင် ငွေကျပ် ၂ သောင်းခန့် ရှိသည်။

“ကျောင်းကြီးတွေကျတော့လည်း အပ်ချင်တဲ့ မိဘတွေက တိုးမပေါက်အောင်ကို များတယ်၊ ဒီလို ဆင်းရဲသား ရပ်ကွက် ကျောင်းတွေကျတော့ ကျောင်းဖွင့်တာတောင် တပတ်ပြည့်တော့မယ်၊ ခုထိ ကျောင်းမအပ်ကြသေးလို့ မနည်းခေါ်နေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်း ကျောင်းတကျောင်းမှ ဒု - ကျောင်းအုပ် ဆရာမ က ဆိုသည်။

အထူးသဖြင့် သူငယ်တန်း ကျောင်းဝင်ကြေးမှာ ကနဦးကျောင်းဝင်ကြေးအဖြစ် ကုန်ကျစရိတ် များသောကြောင့် အခြေခံလူတန်းစားများ၏ ကလေးငယ်များ အသက်ပြည့်ပြီး ဖြစ်သော်လည်း မတတ်နိုင်ကြသဖြင့် ကျောင်းမနေ နိုင်သေးသည့် ကလေးငယ်များ အများအပြားရှိကြောင်း၊ သားသမီးများသော မိဘများသည်လည်း အားလုံး အတွက် မတတ်နိုင်သဖြင့် ကျောင်းမအပ်နိုင်ကြကြောင်း သိရသည်။

တချို့သော မိဘများမှာ ကလေးကို မူလတန်းကုန်သည် အထိသာ ကျောင်းထားပေးပြီး အလုပ်ခွင်ဝင်နိုင်သော အရွယ်ရောက်သည်နှင့် လုပ်ငန်းခွင် ၀င်ခိုင်းကြသောကြောင့် တချို့သော ဆင်ခြေဖုံး မြို့နယ်နှင့် ရပ်ကွက် ကျောင်းများတွင် အလယ်တန်း ကျောင်းသား အရေအတွက် လျော့နည်းလာကြောင်း တွံတေးမြို့နယ်၊ အလယ် တန်းကျောင်း တကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တဦးက ဆိုသည်။

“စီးပွားရေးကလည်း ကျပ်တော့ ကလေးတွေကို ကျောင်းအနိုင်နိုင် ထားနေကြရတယ်၊ ဒီနှစ် ပိုဆိုးတယ်၊ မနှစ်ကလည်း အလယ်တန်းကျောင်းသား မရှိဘူး၊ ဒီနှစ်လည်း မူလတန်းကျောင်းမှာ ကလေး ၂၀ ကျော်ပဲရှိတယ်၊ အလယ်တန်းဆို လာအပ်တဲ့သူကို မရှိသေးဘူး။ ကျောင်းသားမိဘတွေကို ကျောင်းလာ အပ်ပါလို့ မနည်းပြောနေ ရတယ်” ဟု အဆိုပါ ဆရာမကြီးက ပြောသည်။

ကျောင်းသားမိဘများ အနေနှင့် ကလေး၏ ပညာသင်စရိတ်ကို မတတ်နိုင်သောကြောင့် လည်းကောင်း၊ မိသားစု စားဝတ်နေရေးတွင် ကလေး၏ ၀င်ငွေကို တစိတ်တပိုင်း မှီခိုနေကြရသောကြောင့်လည်းကောင်း ကလေးများကို ကျောင်း မပို့နိုင်ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင်နေထိုင်၍ နံနက်မှ ညတိုင်အောင် မိခင်နှင့်အတူ ဘူးခွံ၊ ပုလင်းခွံ၊ ပလတ်စတစ် လိုက်ကောက်နေသော မောင်ပေါ်လေးသည်လည်း ကျောင်းနေချင်သည်ဟု နေ့စဉ် ပူဆာလျက်ရှိကြောင်း သူ့မိခင်က ပြောပြသည်။

“သူ့ကို မနှစ်ကတည်းက ကျောင်းထားရမှာ၊ မနှစ်က နာဂစ်ကြောင့် အိမ်ပြိုသွားလို့ အိမ်ပြန်ဆောက်နေရတာနဲ့ ကျောင်းမထားနိုင်ခဲ့ဘူး၊ ခုလဲ ကျောင်းဖွင့်တာ တပတ်ပြည့်တော့မယ်၊ ငွေ မပြည့်သေးလို့ မထားနိုင်သေးဘူး” ဟု မောင်ပေါ်လေး၏ မိခင်က ဆိုသည်။

လက်ရှိအခြေအနေတွင် သူတို့ သားအမိ နှစ်ယောက် တနေကုန် ဘူးခွံ၊ ပုလင်းခွံ ကောက်ရောင်းပါမှ တနေ့ဝင်ငွေ ကျပ် ၁၀၀၀ ကျော်ကျော်သာ ရသည့်အတွက် စားစရိတ်ပင် အနိုင်နိုင်ဖြစ်နေကြောင်း ပြောပြသည်။

မောင်ရဲရင့်ကဲ့သို့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းတက်နေကြသော ကလေးများ ရှိသော်လည်း ထိုကလေးများမှာ အနည်းစုသာဖြစ်သည်ဟု သိရသည်။ ထိုသို့ သော ကလေးများသည်လည်း အလုပ်တဖက်နှင့် ပညာသင်ကြား နေရသဖြင့် ပညာရေးဘက်တွင် အားနည်းချက်များရှိကြောင်း တွေ့မြင်ရသည်။

“သားက ကျောင်းစာ သိပ်မလုပ်နိုင်ဘူး၊ အတန်းကတော့ အောင်ပါတယ်၊ ဒါပေမယ့် စာကတော့ ကောင်းကောင်း မဖတ်တတ်သေးဘူ”ဟု တတိယတန်းကျောင်းသား မောင်ရဲရင့်က ဆိုသည်။

ကျောင်း အတူနေသည့် သူငယ်ချင်းများက အိမ်ပြန်ရောက်လျှင် အိမ်စာလုပ်ကြ ၊ စာကျက်ကြနှင့် မိဘများ တတ် နိုင်လျှင် ကျူရှင်တက်ကြရသည်။ မောင်ရဲရင့် ကဲ့သို့သော ကလေးများမှာ ကျောင်းဆင်းချိန်တွင် တိုးကြောင် ကလေး ဘူတာဘက်သို့ သွား၍ ရေသန့်ဘူးခွံကလေးများ ကောက်ပြီး အိမ်စရိတ် ကူညီရှာဖွေကြရလေသည်။

0 အကြံပြုခြင်း: