Thursday, June 25, 2009

NLD ဗဟို အလုပ်မှုဆောင်များနှင့် ထင်ရှားသော ခေါင်းဆောင်များ


သုတေသန
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 25 2009 14:48 - မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ထင်ရှားသော ခေါင်းဆောင်များ)

ဦးညွန့်ဝေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်သည်။

၁၉၂၆ ခုနှစ် နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် အဖ ဦးဘဆွေ၊ အမိ ဒေါ်မမကြီးတို့မှ ဖွားမြင်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(ဘောဂဗေဒ)ဂုဏ်ထူးနှင့် အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (အုပ်ချုပ်ရေး) ဘွဲ့ ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် တနှစ်အတွင်း လွတ်လပ်ရေး ရရှိရန် ပြင်ဆင်မှု၌ ဖဆပလ အဖွဲ့ချုပ်က ပေးသော ခေါင်းဆောင်သင်တန်း တက်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၊ ၁၉၅၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ညွှန်ကြားရေးမှူး၊ ဗဟို စာရင်းအင်းနှင့် ဘောဂဗေဒဌာန၊ စက်မှုလက်မှုဘဏ်၊ မန်နေဂျာချုပ်၊ စိုက်ပျိုးရေးဘဏ်၊ အာမခံ ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ၁၉၈၆ ခုနှစ်တွင် သက်ပြည့် အငြိမ်းစား ယူခဲ့သည်။

တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။

၁၉၉၈ ခုနှစ် စက်တင်္ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ၌ အဖွဲ့ဝင်တဦး ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံတိုက်ခိုက်မှုကြီး ဖြစ်ပွားစဉ် ရန်ကုန်မြို့ နေအိမ်၌ အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၂ဝဝ၃ ခုနှစ် နိုဝင်္ဘာလ ၂၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်သည်။

ဇနီးသည်မှာ ဒေါ်ငယ်ငယ်စိန် (အငြိမ်းစား ကထိက၊ ပညာရေးတက္ကသိုလ်) ဖြစ်ပြီး သားသမီးများမှာ ဒေါ်သီရိညွန့်ဝေ၊ ဒေါ်မေအုန်းညွန့်ဝေ၊ ဦးပြည်သစ်ညွန့်ဝေ (ဦးမောင်မောင် FTUB)၊ ဒေါ်စန္ဒာညွန့်ဝေနှင့် ဦးကျော်ထွဋ်ညွန့်ဝေ ဖြစ်သည်။


ဦးစိုးဝင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးကြင်ဆိုင် ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ သုတေသနလက်ထောက် (စီမံကိန်းဌာန) ဂုန်နီစက်ရုံ၊ အုတ်ကျင်း။ ထို့နောက် ပုံနှိပ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီး၌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် လူမှုရေးတာဝန် ယူခဲ့သည်။

ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

၂ဝဝ၂ ခုနှစ် ဒီဇင်္ဘာလ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ဒီပဲယင်း သွေးချောင်းစီးလုပ်ကြံမှုကြီး ဖြစ်ပွားအပြီး ဇွန်လ ၃ဝ ရက်နေ့တွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ညှဉ်းပမ်းနှိပ်စက်ခံရမှုကြောင့် ညာဘက်မျက်စိ ကွယ်သွားခဲ့သည်။


ဗိုလ်မှူးကြီး လွန်းတင်(အငြိမ်းစား)

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

မော်လမြိုင်မြို့နယ် ကော့နှပ်ကျေးရွာ ဇာတိဖြစ်သည်။ မွန်အမျိုးသား၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အဖ ဦးထွန်းလင်း၊ အမိ ဒေါ်သိန်းမေတို့မှ ၁၉၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၂၈ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ မြောင်းမြမြို့၊ ABM အမျိုးသမီးအလယ်တန်းကျောင်း၊ ၁၉၃၂ မှ ၁၉၄၁ ခုနှစ်အထိ မြောင်းမြမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ၁ဝ တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့၍ ၁၉၄၁-၄၂ ခုနှစ် စစ်ဖြစ်ချိန်၌ ဥပစာ အောက်တန်းအထိ ရန်ကုန် ယူနီဗာစီတီကောလိပ်၌ ပညာသင်ကြားခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် - BIA ၌ အခြားအဆင့်ဖြင့် (၁၊ ၂၊ ၁၉၄၂) ရက်နေ့မှ (၁၆၊ ၃၊ ၁၉၄၂) ရက်နေ့အထိ၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA ၌ အရာရှိအဆင့်ဖြင့် (၂၇၊ ၇၊ ၁၉၄၂) ရက်နေ့မှ (၂၆၊ ၃၊ ၁၉၄၅) ရက်နေ့အထိ၊ မျိုးချစ်ဗမာ့တပ်မတော် - PBF ၌ အရာရှိအဆင့်ဖြင့် (၂၇၊ ၃၊ ၁၉၄၅) ရက်နေ့မှ (၃၁၊ ၁၂၊ ၁၉၄၅) ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကန္ဒီစာချုပ်အရ ဖွဲ့စည်းသော ဗမာ့တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ဖြစ်လာခဲ့သည်။ သနက ၅ တွင် တပ်ရင်းမှူးအဖြစ် (၁၁၊ ၆၊ ၁၉၅၃) ရက်နေ့မှ (၂၊ ၁ဝ၊ ၁၉၅၃) ရက်နေ့အထိ၊ ခြေလျင်တပ်ရင်း - ခလရ ၂၂ ၌ တပ်ရင်းမှူးအဖြစ် (၃၊ ၁ဝ၊ ၁၉၅၃) ရက်နေ့မှ (၂၈၊ ၇၊ ၁၉၅၅) ရက်နေ့အထိ၊ ခလရ ၁၄ ၌ တပ်ရင်းမှူးအဖြစ် (၃ဝ၊ ၃၊ ၁၉၅၇) ရက်နေ့မှ (၁၈၊ ၁၁၊ ၁၉၅၈) ရက်နေ့အထိ၊ အမှတ် ၁၁ တပ်မဟာဌာနချုပ်၌ ယာယီတပ်မဟာမှူးအဖြစ် (၁၉၊ ၁၁၊ ၁၉၅၈) ရက်နေ့မှ (၁၉၊ ၅၊ ၁၉၅၉) ရက်နေ့အထိ၊ အမှတ် ၁ တပ်မဟာဌာနချုပ်၌ ယာယီတပ်မဟာမှူးအဖြစ် (၂၅၊ ၅၊ ၁၉၅၉) ရက်နေ့မှ (၁၆၊ ၈၊ ၁၉၆၁) ရက်နေ့အထိ၊ အမှတ် ၇ တပ်မဟာဌာနချုပ်၌ တပ်မဟာမှူးအဖြစ် (၁၇၊ ၈၊ ၁၉၆၁) ရက်နေ့မှ (၁၅၊ ၂၊ ၁၉၆၃) ရက်နေ့အထိ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် (၁၆၊ ၂၊ ၁၉၆၃) ရက်နေ့မှ (၂၉၊ ၄၊ ၁၉၆၅) ရက်နေ့အထိ၊ (၂၉၊ ၄၊ ၁၉၆၅) ရက်နေ့မှစ၍ က-က-ချုပ် (ကြည်း) သို့ တွဲဖက်တာဝန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ဆောင်ရွက်နေစဉ် သံဃ်ာတော်များ အရေးအခင်း၌ ပါဝင်ပတ်သက်မှုဖြင့် (၁၊ ၉၊ ၁၉၆၅) ရက်နေ့မှ (၂၇၊ ၁၁၊ ၁၉၆၇) ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ကာကွယ်ရေးကောင်စီ ညွှန်ကြားချက်အမှတ် (၁/၆၄)၊ အပိုဒ် (၆-၁) အရ (၂၅၊ ၁၊ ၁၉၆၈) ရက်နေ့မှစ၍ စစ်မှုထမ်းဆောင်ခြင်းမှ ရပ်စဲခံခဲ့ရ၍ ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အမှတ် ၁ စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ အလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အလုပ်သမားဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ပြန်တမ်းဝင် တပ်မတော်အရာရှိအမှတ် (ကြည်း - ၃၆၁၈) ဖြစ်သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ၌ တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် ၃၄ ဖြင့် (၅၊ ၇၊ ၁၉၆၂) ရက်နေ့တွင် တော်လှန်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တင်းပြည့်ပါတီဝင်လည်း ဖြစ်ခဲ့သည်။

လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီ၊ ဇေယျကျော်ထင်၊ သီဟဗလ တံဆိပ်တို့အပါအဝင် ဆုတံဆိပ် ၇ ခု ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး၌ တပ်မှူးဟောင်းများအဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့သည်။ ထို့နောက် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဗဟိုအလုပ်အမှုဆောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးနှင့် မွန်ပြည်နယ် စည်းရုံးရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ (၂၆၊ ၃၊ ၁၉၉၁) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ (၉၊ ၁ဝ၊ ၁၉၉၆) ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် NLD ဗဟိုကော်မတီ၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မွန်ပြည်နယ် တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

(၁၆၊ ၉၊ ၁၉၉၈) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ (၃ဝ၊ ၅၊ ၂ဝဝ၃) ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီး ဖြစ်ပွားအပြီး၊ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး (၂၄၊ ၁၁၊ ၂ဝဝ၃) ရက်နေ့တွင် ပြန်လွတ်သည်။

(၉၊ ၁၊ ၁၉၅၁) ရက်နေ့တွင် ဒေါ်သန်းကြည်နှင့် လက်ထပ်ခဲ့ပြီး သမီး ဒေါ်လဲ့လဲ့တင်၊ ဒေါ်အိအိတင်၊ သား ဦးသန်းလှနှင့် ဦးမင်းအောင်တို့အပါအဝင် သား ၄ ယောက်၊ သမီး ၂ ယောက် ထွန်းကားခဲ့သည်။


ဦးခင်မောင်ဆွေ

စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

အဖ ဦးမောင်အေး၊ အမိ ဒေါ်တင်ကြည်တို့မှ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ ဇာတိဖြစ်သည်။

၁၉၆ဝ ပြည့်နှစ်တွင် အင်္ဂလိုဗာနီကျူလာမစ်ရှင်ကျောင်းမှ ၁ဝ တန်း အောင်မြင်ခဲ့၍ ရန်ကုန်တက္ကသိုလ်၌ ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ပညာသင်ကြားခဲ့ပြီး B.Sc (ဘူမိဗေဒ) ဘွဲ့ကို ရေနံလုပ်ငန်းဆိုင်ရာ ဘာသာတွဲဖြင့် ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေစဉ် ပုသိမ်ခရိုင် ကျောင်းသားများအသင်း စည်းရုံးရေးမှူး၊ ဘာသာရပ်ဆိုင်ရာ အသင်းများ၏ အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်အဖြစ် ၁၉၆၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှုများ၌ ပါဝင်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် မြန်မာ့ရေနံကော်ပိုရေးရှင်း၌ အလုပ်သင်အရာရှိအဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာပြည်အနှံ့ ရေနံရှာဖွေ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အလုပ်သင် ဘူမိဗေဒအရာရှိ၊ ဒု-ဘူမိဗေဒအရာရှိ၊ အကြီးတန်း ဘူမိဗေဒအရာရှိ စသဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ် စင်္ကာပူနိုင်ငံ၌ ကျင်းပသော ရေနံတွင်း တူးဖော်ရေးနှင့် ရေနံတွင်း ပေါက်ကွဲမှု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းခွင် သင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တက်ဆက်စ်ပြည်နယ် တဲလ်ဆာတက္ကသိုလ်၌ ရေနံရှာဖွေတူးဖော်ထုတ်လုပ်ခြင်းနှင့် ရေနံမြေဖွံ့ဖြိုးခြင်းဆိုင်ရာ ဒီပလိုမာအဆင့် သင်တန်းသို့ တက်ရောက်အောင်မြင်ခဲ့သည်။

အထက်မြန်မာပြည် ရေနံမြေများ ဖွံ့ဖြိုးရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ အကြီးတန်း ဘူမိဗေဒအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာရာ ချောက်၊ ရေနံချောင်း၊ ပြည်၊ မြန်အောင်၊ မန်းနှင့် ထောက်ရှာပင် ရေနံမြေ အလုပ်သမားသမဂ္ဂများကို စုစည်းလက်တွဲ၍ မြန်မာ့ရေနံကော်ပိုရေးရှင်း (ရုံးချုပ်) အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဝန်ထမ်းအားလုံး အလုပ်ခွင်သို့ ပြန်လည်တက်ရောက်ရန် နဝတ ထုတ်ပြန်ချက်ကို မလိုက်နာခဲ့၍ အလုပ်ထုတ်ပယ်ခံခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ခေါ်ယူတာဝန်ပေးချက်အရ ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် အဖွဲ့ချုပ်တာဝန်များကို စတင်ထမ်းဆောင်ခဲ့သည်။

ပထမအကြိမ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရပြီး မကွေးတိုင်း ၂၅ မြို့နယ်အတွင်း စည်းရုံးရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့ နံနက်ပိုင်း တားဆီးမခံရမီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် တိုးချဲ့ဖွဲ့စည်းပေးသော အလုပ်အမှုဆောင်အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံရသည်။ ဗဟိုလုပ်ငန်းအဖွဲ့ (အလုပ်သမား) အဖွဲ့ဝင်နှင့် ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉ဝ ပြည့်နှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း (ကြည့်မြင်တိုင်) မှ ဦးခင်မောင်ဆွေအား ယာယီအစိုးရ ဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေး ကိစ္စများကိုလည်းကောင်း၊ ယာယီအစိုးရ အဖွဲ့တွင် ဦးခင်မောင်ဆွေအား ဝန်ကြီးတနေရာ လျာထားခြင်းကိစ္စကိုလည်းကောင်း အသိပေးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေကို သက်ဆိုင်ရာမှ ၁၉၉၁ ခုနှစ် ဧပြီလတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းနောက် သူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) အရ ၁၉၉၁ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ (ည) နှင့် ငြိစွန်းသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ၁၉၉၁ ခုနှစ် ဒီဇင်္ဘာ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ နောင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

၁၉၉၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်ပြီး ၁၉၉၄ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ဒေါက်တာခင်ဇော်ဝင်းကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂ဝဝ၈ ခုနှစ် ဧပြီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။


ဒေါ်စန်မေ (ရွှေကူမေနှင်း)

တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ရွှေကူမြို့ဇာတိ ဖြစ်သည်။ အဖ ဦးစိန်ဖြစ်ပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် မွေးဖွားသည်။ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ အလယ်တန်းပြ၊ အထက်တန်းပြ ကျောင်းဆရာမ၊ မြန်မာ့အသံ ဝန်ထမ်း၊ စာရေးဆရာမ စသော ဘဝများကို ဖြတ်သန်းလာခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး ဗဟိုလုပ်ငန်းအဖွဲ့ ခေါင်းဆောင်တာဝန် ယူခဲ့သည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၉၃ (ဒုတိယပိုင်း) အရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရ၍ ၁၉၉၁ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ဝဂ္ဂီရိပ်သာ၊ ဣစ္ဆာရာမလမ်း အမှတ် ၂၈ ၌ နေထိုင်ခဲ့ရာမှ ၂ဝဝ၂ ခုနှစ်တွင် အဆိုပါ ပြည်လမ်းဘေးရှိ ဝဂ္ဂီရပ်ကွက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက ကန်ထရိုက်တာများ ပူးပေါင်း၍ အဓမ္မသိမ်းယူရန်အတွက် အမှတ် ၃ စစ်ဒေသမှူး ဗိုလ်မှူးကြီး ရန်နိုင်ဦးက ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းခိုင်းသည်ကို မလိုက်နာသဖြင့် ညသန်းခေါင်အချိန် စစ်တပ်နှင့်ဝိုင်း၍ ညတွင်းချင်း နေအိမ်များကို ဖျက်ဆီး၊ ပစ္စည်းများကို စလင်းကွင်းအတွင်း စုပုံထားပြီး နှင်ထုတ်ခံခဲ့ရသဖြင့် ပြောင်းရွှေ့ပေးခဲ့ရသည်။


ဦးစိုးမြင့် (ခ) သခင်စိုးမြင့်

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်သည်။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။


ဦးခင်မောင်ထွန်း

မှော်ဘီမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ဖွား ဖြစ်သည်။ အဖ ဦးသာမြတ်ထွန်း၏ သားဖြစ်သည်။

စစ်ကြီးအတွင်း ဗမာ့တပ်မတော်သို့ ရဲဘော်အဖြစ်နှင့် ဝင်ရောက်ခဲ့သည်။ ပဉ္စမအပါတ် ဗိုလ်သင်တန်းတက်၍ ဖက်ဆစ်တော်လှန်ရေး၌ တိုင်း ၇၊ တပ်ရင်း ၁ဝ၃ ဗိုလ်လောင်းရာထူးဖြင့် ပါဝင်ခဲ့သည်။ စစ်ကြီးအပြီး ၁ဝ တန်း အောင်မြင်၍ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ဥပစာသိပ္ပံတန်း အောင်မြင်သည်။ ကျောင်းသား သံမဏိတပ် ဖွဲ့စည်းရေး၌ ဦးဆောင်ပါဝင်ခဲ့ပြီး ဗမာ့တပ်မတော် ဗိုလ်သင်တန်း အပါတ်စဉ် ၃ သို့ တက်ရောက်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ ဆသရ ဒုဗိုလ်၊ အင်္ဂလန်သို့ ဆက်သွယ်ရေးအရာရှိ သင်တန်းတက်ရန် နှစ်ကြိမ် သွားရောက်ခဲ့သည်။ ဆသရ တပ်စုမှူး၊ တပ်ခွဲမှူး (တရုတ်ဖြူ စစ်ဆင်ရေးနှင့် သောင်းကျန်းမှု နှိမ်နင်းရေး)၊ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၇ဝ ပြည့်နှစ်အထိ ဆသရ ဒုဗိုလ်မှူးကြီး၊ မန္တလေး တလက၊ ခလက၊ နလကတို့တွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ တိုင်းမြေယာကော်မတီ ဥက္ကဋ္ဌ၊ ၁၉၇ဝ ပြည့်နှစ်မှ ၁၉၈၁ ခုနှစ်အထိ ဆက်သွယ်ရေး ညွှန်ကြားမှုဌာနနှင့် ဆက်သွယ်ရေးကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကလာပ်စည်းခေါင်းဆောင်၊ အလုပ်သမားအစည်းအရုံး ဗဟိုဦးစီး၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး ညီလာခံ၊ စာပို့တိုက်သမဂ္ဂ ညီလာခံနှင့် ဂြိုဟ်တုဆက်သွယ်ရေးနှင့် အာရှနိုင်ငံ ဆက်သွယ်ရေးပညာ ညှိနှိုင်းစည်းဝေးပွဲများသို့ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။

မော်ကွန်းဝင် ဒုတိယအဆင့်နှင့် နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ရသည်။

မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၌ တာဝန်ယူခဲ့သည်။


ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

သုံးခွမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွားသည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ၁၉၄၂ ခုနှစ် ရန်ကုန်မြို့၌ သူငယ်တန်းမှ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် - BIA၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA၊ ဗမာ့မျိုးချစ်တပ်မတော် - PBF တို့၌ ပါဝင်ခဲ့သည်။ BDA ပထမအပါတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ်ကျောင်းဆင်း ဖြစ်သည်။

၁၉၄၆ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိ ဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက ၅၊ အမှတ် ၇ ခြေလျင်တပ်ပေါင်းစု ဌာနချုပ်၊ ကချင် ၁၊ ခမရ ၁ဝ၄ တို့၌ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များ၌ တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန်ပြည်ထောင်စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့သည်။

လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခံခဲ့ရသည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ဒီပဲယင်း အရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ ၂ဝဝ၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဇနီးသည်မှာ ဒေါ်တင်တင်မလေးဖြစ်ပြီး၊ သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့သည်။


ဦးစိန်လှဦး (မောင်နွယ်ဦး)

အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

၁၉၃၈ ခုနှစ်၊ နိုဝင်္ဘာလ ၁၇ ရက်နေ့ဖွားဖြစ်သည်။ အဖ ဦးဘိုးဘ ဖြစ်သည်။

သတင်းစာသမားတဦးဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပညာသင်ကြားခဲ့ပြီး B.A., D.J.(Jefferson Fellow)ဘွဲ့ ရရှိခဲ့သည်။ ကျောင်းသားဘဝတွင် တက္ကသိုလ်သတင်းထောက်၊ ကျောင်းအပြီးတွင် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ (ပြည်တွင်း၊ ပြည်ပဆောင်းပါး၊ ခေါင်းကြီးများ ရေးသားခဲ့သည်။) ‘မောင်နွယ်ဦး’ ကလောင်အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးအများအပြား ရေးသားခဲ့သည်။ ကျောင်းသားဘဝက ၁၉၆၂ ခုနှစ်၊ ၇ ဇူလိုင်အရေးအခင်းတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် သတင်းစာသပိတ်ကို ခေါင်းဆောင်ခဲ့၍ တာဝန်မှ အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

၁၉၉ဝ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစိန်လှဦးသည် ဂန္ဓီခန်းမ ကြေညာချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းသုံးသွယ်ကို အဖွဲ့များခွဲ၍ ရေးသားပြုစုရာတွင် ပါဝင်ဆွေးနွေးခဲ့သည်။ မန္တလေးမြို့တွင် စင်ပြိုင်အစိုးရဖွဲ့ရေး လျို့ဝှက်ကိစ္စတို့ကိုလည်း သိရှိထားခဲ့၍ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ ယင်းနောက် ဦးစိန်လှဦးသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂(၁)အရ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခြင်းခံခဲ့ရ၍ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၁(ည)နှင့် ငြိစွန်းသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှ ၁၉၉၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် နဝတ ကြေညာချက်အမှတ် ၁၁/၉၂ အရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)ဖြင့် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၌ စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့သော ဒေါက်တာခင်ဇော်ဝင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေ (စမ်းချောင်း)၊ ဒေါ်စန်းစန်းနွဲ့(သယာဝတီ)တို့နှင့်အတူ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဦးလှဖေ

မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

အဖ ဦးမောင်ဆိုင် (ရုပ်ရှင်ရုံ မန်နေဂျာ)၊ အမိ ဒေါ်အုန်းသင်တို့မှ ၁၉၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ ဦးမောင်ထွေး အထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့တွင် ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။

ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားသံမဏိတပ်ဖွဲ့ ဌာနမှူး၊ မြောင်းမြခရိုင် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် ဖြစ်ခဲ့ပြီး ကျောင်းသားသပိတ်နှင့် ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဒို့ဗမာအစည်းအရုံး၊ ဗမာ့လက်ရုံးတပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်များအတွင်း မော်လမြိုင်ကျွန်းမြို့ မီးသတ်အစည်းအရုံးတွင် ပါဝင်ခဲ့ရင်း ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် မြေအောက်တော်လှန်ရေးအတွက် ပြည်သူ့အရေးတော်ပုံပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၁ မှ ၁၉၆၁ ခုနှစ်အထိ ပါလီမန်အမတ် (မော်လမြိုင်ကျွန်းမြို့)၊ ပါလီမန်အတွင်းဝန် (ဝါးခယ်မ တောင်ပိုင်း)၊ ၁၉၄၆ မှ ၁၉၅၈ ခုနှစ်အတွင်း မော်လမြိုင်ကျွန်းမြို့နယ် ဗမာပြည်ဆိုရှယ်လစ်ပါတီနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြောင်းမြခရိုင် ဆိုရှယ်လစ်ပါတီနှင့် ဖဆပလ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ဧရာဝတီတိုင်း ဖဆပလ အတွင်းရေးမှူးနှင့် ဗတလစ ဌာနချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး (စည်းရုံးရေး)တာဝန်ယူခဲ့သည်။ ၁၉၅၈ မှ ၁၉၆၇ ခုနှစ်အထိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ညှိနှိုင်းရေးအရာရှိအဖြစ်လည်းကောင်း၊ စီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေး ဦးစီးဌာနတွင် တိုင်းဦးစီးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် တိုင်းဦးစီးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ပြည်ထောင်စုသမ္မတ ရွှေတံဆိပ်ဆု၊ နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်တို့ ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် လွတ်လပ်ရေးတိုက်ပွဲ အစဉ်အလာရှိခဲ့ကြသော နိုင်ငံရေးရဲဘော်များနှင့်အတူ ပြည်သူတရပ်လုံး၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် ကြေညာချက်ထုတ်ပြန်ခြင်း၊ ပါတီဂိုဏ်းဂဏ ကင်းရှင်းသော တခုတည်းသော တောင်သူလယ်သမားအဖွဲ့ ပေါ်ပေါက်ရန် ဆွေးနွေးညှိနှိုင်းပြီး (ယာယီ)အခြေခံများ ဖွဲ့ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗဟိုတောင်သူလယ်သမားအဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ပဲခူးတိုင်း စည်းရုံးရေးအဖွဲ့ဝင်တာဝန် ပူးတွဲဆောင်ရွက်ခဲ့သည်။ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ဝင် တာဝန်ယူခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်၊ စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခံရရာမှ ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။


ဦးသန်းထွန်း

တောင်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

၁၉၂၂ ခုနှစ်၊ ဖေဖေါ်ဝါရလ ၁ဝ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးဖိုးမင်း ဖြစ်သည်။

၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြင်းခြံကျောင်းသားသမဂ္ဂ အမှုဆောင်၊ ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်ထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)အုပ်ချုပ်ရေးဝင် ဖက်ဆစ်တော်လှန်ရေး မြင်းခြံခရိုင် တာဝန်ခံ၊ ၁၉၄၆ မှ ၁၉၅၃ ခုနှစ်အထိ မြင်းခြံခရိုင် ဖဆပလ အတွင်းရေးမှူး၊ ၁၉၄၇ မှ ၁၉၅၈ ခုနှစ်အထိ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်၊ ပါလီမန်အမတ်၊ ပါလီမန် အတွင်းဝန်၊ ၁၉၅၃ မှ ၁၉၆၂ ခုနှစ်အထိ အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ်-ဗမာနိုင်ငံ (TUCB)အတွင်းရေးမှူး၊ ၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်၊ ၁၉၆၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ကုန်သွယ်ရေး(၄)အဖွဲ့ဝင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အထက်ဗမာပြည် စည်းရုံးရေးတာဝန်ခံ၊ ဗဟိုအလုပ်သမားအဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည်။ ၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ဒီပဲယင်း အကြမ်းဖက်မှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ၂ဝဝ၃ ခုနှစ်၊ နိုဝင်္ဘာ ၂၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။


ဦးအောင်ရွှေ (အငြိမ်းစား ဗိုလ်မှူးချုပ်)

မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

၁၉၁၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် အဖ ဦးဖိုးကွန်းနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွားသည်။

၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A. ဘွဲ့ရရှိခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)နှင့် မျိုးချစ်ဗမာ့တပ်မတော် (PBF)တို့တွင် ပါဝင်ခဲ့၍ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဗြိတိသျှနယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစ၍ တပ်မတော်(ကြည်း)တွင် ကိုယ်ပိုင်အမှတ် ၃၅ဝ၅ ဖြင့် ဗိုလ်ကြီးအဆင့်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကကစစ်တွင် ဦးစီးအရာရှိ (တတိယတန်း)၊ တပ်မဟာ(၈)တွင် ဦးစီးဗိုလ်ကြီး (ရေး)၊ တပခ၌ ဦးစီးဗိုလ်ကြီး (ထောက်)၊ ဗိုလ်မှူးအဆင့်ဖြင့် တပခတွင် ဒုလက်ထောက် စစ်ထောက်ချုပ်၊ တပ်မဟာ(၂)၌ လက်ထောက် စစ်ရေးချုပ်/လက်ထောက် စစ်ထောက်ချုပ်၊ ၁၉၅ဝ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ထောက်ချုပ်၊ ၁၉၅၁ ခုနှစ်တွင် တပ်မဟာ(၅) တပ်မဟာမှူး၊ ၁၉၅၅ ခုနှစ်တွင် မပထ တိုင်းမှူး၊ ၁၉၅၇ ခုနှစ်တွင် မပခတွင် တိုင်းမှူး ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့အတွင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ‘ရွေးကောက်ပွဲ၌ ဘက်လိုက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့်’ဟုဆိုကာ ၁၉၆၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ရာထူးခန့်ထားရေးအဖွဲ့အစည်းအဝေးမှ ဗိုလ်မှူးချုပ်အောင်ရွှေအား တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်ပြုခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် သြစတြေးလျ (နယူးဇီလန်ပါ ပူးတွဲ၍)၊ အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍)၊ ၁၉၇၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

၁၉၈ဝ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမအဆင့် ချီးမြှင့်ခြင်းခံခဲ့ရသည်။

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ဗဟိုဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

ဦးအောင်ရွှေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လက်မှတ်ရေးထိုးလျက် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေအတွင်းရေးမှူး၊ ဦးအောင်ရွှေမှာ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက် ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုကြီးဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မဉ္ဇူရွှေ၊ ဦးအောင်မြင့်ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ဖြစ်သည်။


သူရဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)

အဖ ဦးမောင်ကြိုင်နှင့် အမိ ဒေါ်မြတင်တို့မှ ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် (၁၂၈၈ ခုနှစ်၊ တပေါင်းလဆန်း ၁ဝ ရက်)နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေကျော်ကြီးရွာတွင် မွေးဖွားခဲ့သည်။

ပုသိမ်မြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ၁ဝ တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထိုအတွင်း ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွား၍ တောရွာတွင် စစ်ဘေးရှောင်နေစဉ် ဖခင်သေဆုံးသွားသည့်အတွက် ခေတ္တ ကိုရင်ဝတ်ခဲ့သည်။

ပုသိမ်မြို့၊ ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားနေစဉ် ၁၉၃၆-၃၈ ခုနှစ်၊ တနိုင်ငံလုံး ကျောင်းသားသပိတ်ဖြစ်ပြီး ကျောင်းမှပြုလုပ်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ကျောင်းမှ ဦးစီးဖွဲ့သည့် ပင်နီလူငယ်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။

၁၉၄၃ ခုနှစ်နောက်ပိုင်း၊ အသက် ၁၆ နှစ်ပြည့်အပြီးတွင် စစ်ထဲဝင်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)စစ်ဝန်ကြီးရုံး၊ ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ)တွင် တပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်း တက်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲနှင့် စစ်ဝန်ကြီးရုံး လူတွေ့စစ်ဆေးမှု ဖြေဆိုပြီးမကြာမီ ဝင်ဆာတန်းလျား (ယခု သမ္မတအိမ်တော်ဝင်းအတွင်း)တွင် ဖွင့်လှစ်ထားသည့် အချက်ပြ လေ့ကျင့်ရေးတပ်ရင်းတွင် သင်တန်းတက်နေစဉ် မင်္ဂလာဒုံ တတိယအပါတ် ဗိုလ်သင်တန်းကျောင်း (Third Batch Officer Training School)သို့ ဗိုလ်လောင်းသင်တန်း တက်ခွင့်ရခဲ့သည်။ ၁၉၄၄ ခုနှစ်၊ နိုဝင်္ဘာလ ၁ဝ ရက်နေ့တွင် တတိယအပါတ် ဗိုလ်သင်တန်းဆင်းအပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)တွင် ပြန်တမ်းဝင်အရာရှိ အလုပ်သင်ဗိုလ် (မီနာရိုက်ရှီခန်း)၊ တလိုင်း သုံးပွင့် အထူးကြယ်ဖြင့် ရာထူးခန့်အပ်ခြင်းခံရသည်။

တပ်မတော် ပြန်လည်ဖွဲ့စည်းပေးမည့်အစီအစဉ်အရ မျိုးချစ်ဗမာ့တပ်မတော် (PBF)ဖျက်သိမ်းသည့်အခါ ဇာတိရွာသို့ ပြန်လာခဲ့သည်။

၁၉၄၆ ခုနှစ်တွင် တက္ကသိုလ် ဆက်တက်ရန်အတွက် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ ရန်ကုန်မြို့သို့ရောက်ပြီး မျိုးချစ်ဗမာ့တပ်မတော် ဌာနချုပ်ဖွင့်လှစ်ထားရာ လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း၊ မင်းကွန်း တောရဘုန်းကြီးကျာင်း)တွင် ဗမာ့တပ်မတော်အတွက် ပြန်တမ်းဝင်အရာရှိများ၊ ကန္ဒီစာချုပ်အရ ရွေးချယ်ခန့်ထားနေသည့်သတင်း ကြားရ၍ သွားရောက်စုံစမ်းရာ မူလတာဝန်ထမ်းဆောင်ခဲ့သည့် တော်လှန်ရေးတိုင်း အမှတ်(၄)၊ တပ်ရင်း(၁ဝ၂)စာရင်းတွင် နောင်ပြန်လည်ဖွဲ့စည်းမည့် ဗမာ့တပ်မတော်တွင် တိုက်ရိုက် ပြန်တမ်းဝင်အရာရှိအဖြစ် (သို့မဟုတ်) အင်္ဂလိပ် ဘုရင့်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအဖြစ် ကျောင်းတက်ရန် ထောက်ခံထားသဖြင့် အရာရှိအဖြစ် ပြန်လည်လျှောက်ထားခဲ့ရာ (ကြည်း ၃၆၅၁) ဒုတိယဗိုလ် (Second Lieutenant)အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့နောက် မြင်းခြံမြို့ရှိ ဗြိတိသျှစစ်တပ်မှ စစ်အရာရှိများ သင်ကြားပေးသည့် အခြေခံစစ်ပညာသင်တန်း တက်ရောက်ရသည်။ ထို့နောက် ၁၉၄၆ ခုနှစ်ဆန်းတွင် မေမြို့(ယခု ပြင်ဦးလွင်)တွင် အရာရှိငယ်များသင်တန်းသို့ တက်ရောက်ရသည်။

၁၉၄၇ ခုနှစ်၊ နိုဝင်္ဘာလတွင် စင်္ကာပူရှိ ဗြိတိသျှ အရှေ့ဖျားတပ်များဆိုင်ရာ ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် စစ်ဆင်ရေးလေ့ကျင့်မှုသင်တန်းသို့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလလယ်အထိ တက်ရောက်ခဲ့ရသည်။

၁၉၅ဝ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် တရုတ်ဖြူ(ကူမင်တန်)တပ်များအား ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်ခဲ့သည့်အတွက် သူရဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၆၄ ခုနှစ်၊ ဒီဇင်္ဘာလ ၁၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် (၅၉)ဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးတင်ဦးအား တော်လှန်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် (၁ဝဝ)ဖြင့် ဗိုလ်မှူးချုပ်တင်ဦးအား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ပထမအကြိမ် အစည်းအဝေးမှ ဗိုလ်မှူးချုပ်တင်ဦးအား ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဈာပန အရေးအခင်း၊ ၁၉၇၆ ခုနှစ်၊ ဇွန် ၆ အလုပ်သမားအရေးအခင်းများတွင် ပြည်သူလူထု အထိအခိုက်နည်းအောင် ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထု၏ ကြည်ညိုလေးစားမှု ခံခဲ့ရသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်၊ စက်တင်္ဘာ ၁ဝ ရက်နေ့တွင် အင်းစိန်မြို့ အကျဉ်းထောင်အနီးရှိ အထူးတရားရုံးတွင် ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးမြတ်တိုး၊ ဦးမောင်မောင်ဝင်းတို့ ပါဝင်သည့် ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့သို့ ပြည်သူ့ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှူးရုံး၊ ရဲမှူးဦးစိုးမြင့်က နိုင်ငံတော်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ဆောင်ရွက်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖျက်ရန်ကြံစည်မှုနှင့် အားပေးကူညီမှုတို့ဖြင့် ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် ဗိုလ်ကြီးဝင်းသိန်းတို့အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုရာတွင် ‘သိလျက် ထိန်ချန်ခဲ့သည်’ဟုဆိုကာ ထည့်သွင်းတရားစွဲဆိုခြင်းခံခဲ့ရ၍ သက်သေအထောက်အထားမရှိဘဲ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်။ ၁၉၈ဝ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လွှတ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာပြီးနောက် သာသနာ့ဘောင်သို့ ၂ နှစ်ခန့် ဝင်ရောက်ခဲ့သည်။

ထို့နောက် လူထွက်ပြီး ဥပဒေပညာ လေ့လာသင်ယူဆည်းပူးရာ ၁၉၈၄-၈၆ ခုနှစ်များအတွင်း မှတ်ပုံတင်ရှေ့နေ (R.L.)အောင်လက်မှတ် ရခဲ့သည့်အပြင် ဥပဒေပညာဘွဲ့ (LLB)ပါ ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်ဌာနရှေ့၌ ကျင်းပသော လူထုအစည်းအဝေးကြီးတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စည်းရုံးဟောပြောခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် တပ်မတော် တပ်မှူးဟောင်းများနှင့် ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက် ၁ဝ နာရီတွင် ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း၊ ခြံအမှတ် ၁ဝ နေအိမ်တွင် အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးဖွဲ့(ယာယီ) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး စက်တင်္ဘာလ ၁ဝ ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စက်တင်္ဘာ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၇ ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ထိုနှစ် ဒီဇင်္ဘာလ ၁ဝ ရက်နေ့တွင် (ဥက္ကဋ္ဌ ဦးအောင်ကြီး နုတ်ထွက်သွားသဖြင့်) ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် ‘နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ’အရ အရေးယူခြင်းခံရပြီး ဒီဇင်္ဘာ ၂၂ ရက်နေ့တွင် အထူးစစ်ခုံရုံးအမှတ်(၅)မှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ပြည့်ခါနီးတွင် နောက်ထပ်စစ်ခုံရုံးအတင်ခံရပြီး ယခင်က စွဲဆိုခဲ့သည့် စွဲချက်အတိုင်း နောက်ထပ်ထောင်ဒဏ ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ထောင်မှပြန်လွတ်သည်။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းခံရပြီး ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။

၂ဝဝဝ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ သခင်စိုးမြင့်၊ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် အဖွဲ့ချုပ်လူငယ် ၁၆ ဦး၊ ယာဉ်မောင်း ၂ ဦးတို့နှင့်အတူ ကော့မှူးမြို့နှင့် ကွမ်းခြံကုန်းမြို့များသို့ ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အသွား ဒလမြို့အထွက်တွင် အာဏာပိုင်များ၏ တားမြစ်ပိတ်ဆို့ဟန့်တားခြင်းခံရပြီး ၉ ရက်အကြာ စက်တင်္ဘာလ ၁ ရက်နေ့ ညဥ့်နက်သန်းကောင်တွင် အတင်းအဓမ္မ ချုပ်နှောင်ဖမ်းဆီးပြီး နေအိမ်သို့ပြန်ပို့ခံခဲ့ရကာ နေအိမ်အကျယ်ချုပ်ဖြင့် ၂ဝဝဝ ပြည့်နှစ်၊ စက်တင်္ဘာလ ၁၄ ရက်နေ့အထိ နေခဲ့ရသည်။

၂ဝဝဝ ပြည့်နှစ်၊ စက်တင်္ဘာ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မန္တလေးမြို့သို့ မီးရထားဖြင့် ခရီးသွားရန် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိစဉ် အာဏာပိုင်များက ဟန့်တားပြီး ဖမ်းဆီးချုပ်နှောင်၍ ရဲမွန်တပ်စခန်းတွင် အထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် နေအိမ်သို့ပြန်ပို့၍ အကျယ်ချုပ်ချထားပြီး ၂ဝဝ၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့တွင် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့အနီး၌ အာဏာပိုင်များက စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့သည့် သွေးချောင်းစီး လုပ်ကြံသတ်ဖြတ်မှုကြီးမှ အသက်မသေဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကိုင်းတိုင်း၊ ကလေးထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ ၂ဝဝ၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့နေအိမ်သို့ ပြန်ပို့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ၁၉၇၅ ခုနှစ်တွင်ပြဋ္ဌာန်း၍ ၁၉၉၁ ခုနှစ်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် ‘နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ’ပုဒ်မ ၁ဝ(ခ)ဖြင့် ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အထိ နေအိမ်အကျယ်ချုပ်သက်တမ်း ၁ နှစ် ထပ်တိုးခဲ့သည်။ ပြစ်ဒဏ်ပြည့်မြောက်သည့် ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် တဖန် နေက်ထပ်ပြစ်ဒဏ်သက်တမ်း ၁ နှစ်ထပ်တိုးခြင်းခံခဲ့ရသည်။ ထို့နောက်တဖန် ပြစ်ဒဏ်ပြည့်မြောက်သည့် ၂ဝဝ၇ ခုနှစ်တွင်လည်း ပြစ်ဒဏ်ဆက်လက်တိုးခြင်းခံခဲ့ရကာ ယခုချိန်ထိ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရဆဲဖြစ်သည်။

0 အကြံပြုခြင်း: