Monday, August 31, 2009

ကိုးကန့်သမိုင်းဖြစ်စဉ်အကျဉ်း

ကြားဖြတ်ဖြင့် သပ်လျှိုလိုက်ခြင်း


ကျော်ဗလ
၃၁ သြဂုတ် ၂၀၀၉


ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မီဒီယာပေါ်မှာ ကြားလိုက်ရတဲ့ သတင်းတပုဒ်ကြောင့် ငြိမ်သက်နေတဲ့ မြန်မာ့နိုင်ငံရေး ကန်ရေပြင်ထဲကို ခဲတလုံးကျလိုက်သလို အတော်လေး လှုပ်ခတ်ဂယက်ထသွားခဲ့ပါတယ်။ မီဒီယာသတင်းတွေမှာတော့လာမယ့် စက်တင်ဘာလ အတောအတွင်းမှာ ‘ကြားဖြတ်အစိုးရ’ ဖွဲ့ပေးတော့မယ်လို့ ကြားရပါတယ်။ ဒီမှာတင် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေကို မီဒီယာသတင်းဌာနတွေက မေးမြန်းစုံစမ်းကြ၊ အချင်းချင်းလက်တို့ သတင်းပေး ဆွေးနွေးကြ၊ အလားအလာ တွက်ဆကြ၊ ဖြစ်နိုင်ခြေတွေ ဟောကိန်းထုတ်ကြနဲ့ နိုင်ငံရေးလောကအတွင်းမှာတော့ အတော်လေး ယောက်ယက်ခတ်သွားခဲ့ပါတယ်။

ဒီလိုဖြစ်သွားတာကိုတော့ အပြစ်ဆိုစရာ သိပ်မရှိလှပါဘူး။ ထွတ်ပေါက်ပိတ်နေတဲ့ မြန်မာ့နိုင်ငံရေး ရေဆိုးမြောင်းကြီးဟာ ယက်တောလုပ်ကြံမှုကြီးကြောင့် အပုပ်နံ့လှိုင်လှိုင်ထပြီး မွန်းကြပ်နေခဲ့ကြတာ အခုဆို လအချို့ ကြာခဲ့ပါပြီ။ ဒီလိုအနေအထား မျိုးမှာ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံလေးပေးလိုက်တော့ နိုင်ငံရေးလောကသားအများစုခမျာ လှောင်အိမ်တံခါး ဖွင့်သံကြားလိုက်ရတဲ့ ဘဲအုပ်ကြီးလို ခေါင်းထောင်ထခဲ့ကြပြီး တဂတ်ဂတ်မြည်သံတွေ ဆူညံနေခဲ့ကြတာပါပဲ။

တကယ်တော့ ဒါကို အဆိုးဆိုစရာ သိပ်မရှိလှပါဘူး။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသံကို မကြားရခဲ့တာ အနှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ၁၉၈၈ ခု စက်တင်ဘာ (၄) ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်အမတ် စတီဗင်ဆိုးလာ့ခ် ရန်ကုန်ကို ရောက်လာခဲ့ပြီး ‘အောင်၊ စု၊ တင်’ တို့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒီ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မြန်မာပြည်တနံတလျား ဒီမိုကရေစီအင်အားစုများကြားမှာ တောမီးပမာ ပျံ့နှံ့ရေပန်းစားသွားတော့တာပါပဲ။ ဒီကြွေးကြော်သံတွေ ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးအကြီးဆုံးနဲ့ အမြင့်ဆုံး ကြွေးကြော်သံဖြစ်ခဲ့သလို နောက်ဆုံးတောင်းဆိုချက်လည်း ဖြစ်ခဲ့ပါတယ်။

ဒီတောင်းဆိုချက်ဟာ အတွင်းသဘောအရ တပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေးဆိုတဲ့ အထွေထွေသပိတ်တိုက်ပွဲကြီးရဲ့ ဦးတည်ချက်တွေကို စုစည်းဖော်ပြလိုက်တာဖြစ်လို့ ဒီကြွေးကြော်သံကို ကြားလိုက်ရတာနဲ့ နားထင်နားရင်းတွေတင်း၊ ကြက်သီးမွေးညင်းတွေ တဖျဉ်းဖျဉ်းထရင်း လက်သီးကို တင်းတင်းဆုပ်ကြရပါတယ်။

အခုအခါ မကြားရတာ ကြာလေပြီဖြစ်တဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့စည်းရေးဆိုတဲ့ စကားလုံးကို နအဖက တိုးတိုးတိတ်တိတ် ကြိတ်အသံပေးလိုက်တော့လည်း နိုင်ငံရေးသမားတွေထဲမှာ လှုပ်လှုပ်ရှားရှား၊ နိုးနိုးကြားကြား ဖြစ်လာရပြန်တာပေါ့။ တကယ်တော့လည်း ဒီသတင်းအချက်အလက်တွေဟာ တွင်းအောင်းမွေ့လျော် ဖွတ်မင်းတို့ စံပျော်ရာ နေပြည်တော်က ထွက်လာခဲ့ကြတာပါ။

အမှန်တော့ သတင်းထွက်လာတယ်ဆိုတာထက် ပွတက်လာအောင် ‘ဖွ’ ယက်ပေးလိုက်တယ်ဆိုတာက ပိုပြီးမှန်ပါလိမ့်မယ်။ နေပြည်တော်ပြန်တချို့ရဲ့ စကားသံထဲမှာ ၀န်ကြီးတချို့တော့ ရွေးကောက်ပွဲပြီးရင် အမတ်လုပ်ဖို့ ခတ်ကွင်းပြင်နေကြပြီ။ တချို့ကလည်း ထွက်တော်မူနန်းက ခွဲဖို့၊ စာရင်းအင်းတွေ ဖွက်တန်တာ ဖွက်၊ ဖျက်တန်တာ ဖျက်ပြီး သိမ်းသွင်းရှင်းလင်း နေကြပြီ။ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးခွဲတမ်း၊ အမတ်ခွဲတမ်းတွေ၊ ခွဲခြမ်းဝေငှမျှဝေပေးလိုက်ပြီမို့ နေပြည်တော်မှာဖြင့် တိုသူတို၊ ကြိုသူကြိုနဲ့ ယောက်ယက်ခတ် လှုပ်ရှားဗျာများနေကြပြီလို့ ဆိုကြပါတယ်။

တဆက်တည်းဆိုသလို နေပြည်တော်ရဲ့ ၀င်ဒါမီယာရပ်ကွက်က မျက်စိကြီးနားကြီးများရဲ့ အဆိုအရ ဖွဲ့စည်းမယ့် ‘ကြားဖြတ်အစိုးရအဖွဲ့’ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ မှန်ကန်မှုရှိအောင် တာဝန်ယူဆောင်ရွက်ရမှာဖြစ်လို့ ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်တွေချည်းသာ ပါဝင်မှာမဟုတ်ဘူး။ လူရိုသေ၊ ရှင်ရိုသေ၊ ပြင်ပပုဂ္ဂိုလ်တချို့ကလည်း ပါဝင်နိုင်စရာရှိတယ်။ ဒါတင်မက ယုံကြည်မှုရရှိရေးအတွက် တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်အချို့ကိုတောင်မှ ဖိတ်ခေါ်ကမ်းလှမ်းလာနိုင်သယောင် လေသံတွေလွှင့်ပြီး အန်အယ်လ်ဒီပါတီကို မျက်စပစ်လိုက်ကြပါသေးတယ်။

ဒီလိုဆိုတော့လည်း “ဗုဒ္ဓမြတ်စွာဘုရား ကြားသားမိုးကြိုး” ရေရွတ်ပြီး ကျွမ်းထထိုးမယ့် အချောင်သမားတွေလည်း တလှေကြီး ထွက်ပေါ်လာစရာရှိပါတယ်။ တချို့ကျပြန်တော့လည်း ကွယ်လွန်သူ မင်းသားကြီး ကိုမြတ်လေးရဲ့ စကားလုံးကို
ငှားသုံးရရင် ‘ငို၍ ရယ်၍ မရသော မျက်နှာ’ နဲ့ ၀မ်းနည်း ၀မ်းသာဖြစ်နေကြရှာပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ နအဖက ကြားဖြတ်အစိုးရဆိုတာကို တကယ်ဖွဲ့ပါ့မလား၊ တကယ်လို့ ဖွဲ့ရင်ကော အပြင်လူတွေပါ ပါ့မလား၊ တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရော ပါဝင်ခွင့်ရပါမလား၊ အန်အယ်လ်ဒီ ပါတီကိုရော ဖိတ်ခေါ်ကမ်းလှမ်းပါ့မလား … စတဲ့ လားပေါင်းများစွာက အချောင်သမား အသစ်၊ အဟောင်း၊ နိုင်ငံရေးသောင်းပြောင်းတွေအတွက် ယခု အခု မလွဲမသွေ စဉ်းစားတွက်ချက်ရမယ့် မေးခွန်းတွေ ဖြစ်လာနေပါပြီ။

မကြာမီ နအဖအဖွဲ့အနေနဲ့ ‘ကြားဖြတ်အစိုးရ’ ဖွဲ့လိမ့်မယ်ဆိုတဲ့ အာဘော်ဟာ ဖြစ်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးကာလ ဒီမိုကရေစီအင်းအားစုတွေ လိုလားတောင်းဆိုခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ မျိုးတော့ ဖြစ်နိုင်စရာ လုံးဝမရှိပါဘူး။ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ လမ်းညွှန်ချက်အတိုင်း ရွေးကောက်ပွဲ မတိုင်မီ မလွဲမသေ ဖွဲ့စည်းပေးရမယ့် ကြားဖြတ်အစိုးရမျိုးသာဖြစ်ပါလိမ့်မယ်။ ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ နာမည်သာယူပြီး အတွင်းသဘောနဲ့ အနှစ်သာရက ဘာမှတူနိုင်စရာမရှိပါဘူး။ တကယ်တော့ စစ်အစိုးရရဲ့ ‘ကြားဖြတ်အစိုးရ’ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် သင့်လျော်လိုအပ်စွာ ဖွဲ့စည်းပေးရမယ့် “ကြားဖြတ်’ မျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ခါးပြတ်မသွားရေးအတွက် အသက်ဆက်ပေးမယ့် ‘ကြားဖြတ်အစိုးရ’ မျိုးကိုသာ ဖွဲ့စည်းမှာဖြစ်ပါတယ်။

လုပ်ငန်းသဘောအရ ပြောကြမယ်ဆိုရင် လက်ရှိနအဖအဖွဲ့ရဲ့ လက်အောက်မှာရှိတဲ့ ၀န်ကြီးအဖွဲ့ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရုံလောက်ပဲရှိမှာပါ။ နအဖရဲ့ ရွေးကောက်ပွဲ ခွဲတမ်းအတိုင်း ၀န်ကြီးအဖွဲ့ထဲမှာ ဗိုလ်ချုပ်အသစ် အဟောင်းတချို့ရဲ့ ရာထူးနေရာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ၀န်ကြီးနေရာမှန်သမျှတော့ နအဖဗိုလ်ချူပ်တွေပဲ ဆက်လက်ရယူထားကြမှာပါ။ အရေးလည်းမပါ ပြဿနာလည်း ဖြစ်နိုင်စရာမရှိတဲ့ ၀န်ကြီးဌာနလေးအချို့မှာတော့ နအဖနဲ့ ပေါင်းစားလာခဲ့ကြတဲ့ ပြင်ပက အရပ်သားအနည်းအပါး ပါဝင်လာနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ နအဖရဲ့ လုပ်ငန်းရှင်ဆိုသူမျိုးတွေ ၀င်ရောက်လာကြမှာပါ။ နောက်ဆုံးပြောရရင် တစည အဖွဲ့ဝင်တွေတောင် ပါချင်ပါလာနိုင်ပါတယ်။

ဒီလိုအနေအထားမျိုးမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အန်အယ်လ်ဒီပါတီကို ‘ကြားဖြတ်အစိုးရ’ အဖွဲ့ထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါသလား။

နအဖအဖွဲ့မှာ နိုင်ငံရေးအရ အမြော်အမြင်သာရှိမယ်ဆိုရင် ဒီလိုကမ်းလှမ်းချက်မျိုးတွေ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီအချိန်မှာ နအဖအနေနဲ့ ပြည်တွင်းမှာ ထင်ရာစိုင်းပြီး လူရိုင်းကြီးလုပ်နိုင်ပေမယ့် နိုင်ငံတကာမှာတော့ များပြားပြင်းထန် လှတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နအဖကို လုံခြုံရေးကောင်စီမှာ ဗီိတိုအာဏာသုံးပြီး တလျှောက်လုံးကာကွယ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားတို့လည်း အခုအခါမှာ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဦးစီးကျင်းပတဲ့ မြန်မာ့အရေး (၁၄) နိုင်ငံ တံခါးပိတ် အစည်းအဝေးထဲမှာ ၀င်ပါနေကြရပါပြီ။ နအဖနဲ့ အမြီးစားဖက်လုပ်လာခဲ့တဲ့ အာဆီယံအဖွဲ့ကြီးကတောင် မြန်မာနိုင်ငံကို ထုတ်ပစ်မလားလို့ စဉ်းစားနေကြရပါပြီ။ မြန်မာနိုင်ငံရဲ့ လက်ဝဲရံ၊ လက်ယာရံအဖြစ် အမြဲတမ်း ခြံရံနေခဲ့တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတောင် မြန်မာ့အရေးဟာ နိုင်ငံတကာပြသာနာဖြစ်လာနေပြီလို့ ကြေညာရတဲ့ အခြေကို ဆိုက်နေခဲ့ပါပြီ။ ဒီအထဲမှာ ‘ယက်တောကိစ္စ’ ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ ကြိုးပမ်းနေတဲ့ နအဖကိုလည်း ကုလသမဂ္ဂတခုလုံးက စိတ်ပျက်နေကြပါပြီ။

ဒီလို ကြီးမားများပြားတဲ့ နိုင်ငံတကာဖိအားတွေ လျော့ပါးသက်သာစေဖို့ အခုအခါ နအဖလည်း ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်အောင် ကုန်ခါနီးသွားတိုက်ဆေးဘူးလို အတင်းညှစ်ထုတ်နေပုံရပါတယ်။ ဒါကြောင့်လည်း ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ အသုံးအနှုန်းကို မက်လုံးပေးဖို့ရာ အမျိုးသားပြတိုက်ထဲက ဖုံသုတ်ပြီး ဆွဲထုတ်လာခဲ့ဟန်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျပ်ရိုက်၊ ထွက်ပေါက်ရှာနေတဲ့ နအဖအတွက်ကတော့ ‘ကြားဖြတ်အစိုးရ’ ကြွေးကြော်သံတွေဟာ တပွဲတိုးကုထုံး အဖြစ်လောက်တော့ သုံးလို့ရလာနိုင်စရာရှိပါတယ်။ ဒီအသံကြားလိုက်တာနဲ့ အခွင့်အခါကောင်း ချောင်းမြောင်းနေကြတဲ့ အချောင်သမား အသစ်အဟောင်း နိုင်ငံရေးသူတောင်းစားအပေါင်းလည်း နအဖရဲ့ နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမှာ ခွေးသေကောင် လင်းတဆွဲသလို ၀ိုင်းဆွဲကြဦးမှာ အသေအချာပါပဲ။

ဒီလို နအဖ ဦးစီးမယ့် ‘ကြားဖြတ်အစိုးရဖွဲ့ရေး’ ဆိုတဲ့ အချောင်နိုင်ငံရေးဆွမ်းကြီးလောင်းပွဲမျိုးမှာ အန်အယ်လ်ဒီပါတီ ပါဝင်နိုင်စရာ အကြောင်းရှိပါသလား။

ပြတ်ပြတ်သားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောကြစတမ်းဆိုရင်တော့ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ထဲမှာ အန်အယ်လ်ဒီ ပါတီတရပ်လုံးအနေနဲ့ မူအရ ပါဝင်ပတ်သက်စရာ အကြောင်းလုံးဝမရှိပါဘူး။ နအဖရဲ့ ‘ကြားဖြတ်အစိုးရ’ ဆိုတာ ၁၉၄၇ ခုနှစ်က ဗိုလ်ချူပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ‘ကြားဖြတ်အစိုးရ’ လို အခွင့်အာဏာအပြည့်ရှိမှာ မဟုတ်ပါဘူး။ အလားတူ ရှစ်လေးလုံးကာလအတွင်းက တောင်းဆိုခဲ့ကြတဲ့ ‘ဒီမိုကရေစီကြားဖြတ်အစိုးရ’ မျိုးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအပေါ် NO လို့ ကြွေးကြော်ထားတဲ့ ပါတီတရပ်အနေနဲ့ ‘ကြားဖြတ်အစိုးရ’ သာမက ရွေးကောက်ပွဲကိုပါ ဆန့်ကျင်သပိတ်မှောက်ကြရမှာပါ။ တကယ်လို့ နအဖအနေနဲ့ ရွေဂုံတိုင်ကြေညာစာတမ်းမှာပါဝင်တဲ့ တောင်းဆိုချက်တွေကို လက်ခံအကောင်အထည်ဖော်ပေးခဲ့ရင်သာ တမျိုးတဖုံ စဉ်းစားပေးကြရမှာပါ။

အမှန်တော့ နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုတဲ့ လေသံလွှင့်လိုက်တာ အန်အယ်လ်ဒီရဲ့ တုံ့ပြန်မှုကို သိချင်လို့ ရိုက်သွင်းလိုက်တဲ့ ‘သပ်’ တချောင်းပါ။ အန်အယ်လ်ဒီမှာရှိတဲ့ သဘောထားတင်းမာပြတ်သားသူတွေနဲ့ ယောင်ဝါးဝါး အချောင်သမားတွေကြား ကွဲထွက်သွားအောင် ရိုက်ထည့်တဲ့ သံမှိုတချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ‘ကြားဖြတ်အစိုးရ’ ထဲမှာ ခဏလောက်ဝန်ကြီး ဖြစ်ရလည်း မနည်းပါဘူးလို့ စိတ်ကူးယဉ်သူတချို့လည်း ပါတီထဲမှာ ရှိလာနိုင်ပါတယ်။ ဒီလိုလေသံတွေ မထွက်မီကတည်းက နအဖအပေါ် မဆွတ်ခင်က ညွတ်ချင်နေကြသူတွေလည်း မုချရှိပါလိမ့်မယ်။ ဒီလိုအချောင်သမားတွေက အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တိုင်းမှာ ခုန်ထွက်နေကျပါ။ စမူဆာ ဗိုလ်ချုပ်အောင်ကြီး၊ ဒေးဒရဲ သန်းထွန်း၊ မင်္ဂလာဒုံအဖွဲ့တွေကနေ ၀ံသာနုဆိုတာတွေအထိ အန်အယ်လ်ဒီလိုင်းကွဲ ဂိုဏ်းခွဲမျိုးစုံလည်း ကြုံခဲ့ရပါပြီ။ အခုလို နအဖက ‘ကြားဖြတ်အစိုးရ’ ဆိုပြီး လေချိုသွေးချိန်တိုင်းမှာလည်း ကွဲအက်ရေး ခွဲထွက်ရေးတွေ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို သတိထားကြဖို့ အရေးကြီးလှပါတယ်။ ဒီနေ့လို အချိန်အခါမျိုးမှာ နအဖရဲ့ “တမွန်းတည့်စာ ၀န်ကြီးနေရာလေး” အတွက် သွားရည်တစက်စက် ကျနေမယ့်အစား ရွှေဂုံတိုင်ကြေညာချက်ပါ သဘောထားနဲ့ ရပ်တည်ချက်အပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ပြီး စည်းစည်းလုံးလုံး တိုက်ပွဲဝင်သွားကြဖို့ အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။

31August ဒိုင်ယာရီ



MSW File ရယူရန်



ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ပိုင်ဆိုင်မှုများ
နအဖစစ်အစိုးရ သိမ်းယူ
အောင်ကျော်မိုး / ၃၁ သြဂုတ် ၂၀၀၉
line


ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကျားရှင်နှင့် ဆွေမျိုးတော်စပ်သူတဦး၏ ရန်ကုန်မြို့ပေါ်ရှိ ပိုင်ဆိုင်မှုများကို စစ်အစိုးရ အာဏာပိုင်များက သိမ်းယူနေကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့နေ ကိုးကန့်ခေါင်းဆောင်တဦး၏ ကိုယ်ရေးအရာရှိတဦးက “ကျနော့်သူဌေးဟာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ တူတော်သူတဦးပါ။ ရန်ကုန် (၆) မိုင်ခွဲ ခပေါင်းလမ်းထဲမှာ လုံချင်းတိုက်နဲ့ နေပါတယ်။ ပြီးခဲ့တဲ့ သောကြာ (သြဂုတ် ၂၈) မနက်မှာ သူ့လက်ကိုင်ဖုန်း၊ နောက် သူ့အိမ်ဖုန်း၊ သူ့ ဇနီးဖုန်းတွေကို ဆက်လို့မရတာနဲ့ သူ့အိမ် ကျနော် လိုက်သွားတယ်။ အဲဒီမှာ သူတို့မိသားစု မရှိတော့ဘူး။ အိမ်ဖော် (၂) ယောက်ပဲ ကျန်ခဲ့တယ်။ အိမ်ဖော်တွေပြောတော့ ကြာသပတေး ညနေမှာ သူ့မိသားစု ကားနဲ့ ထွက်သွားတယ်။ ညဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ကားကြီး ကားငယ် (၄) စီးနဲ့ လာတယ်။ အိမ်မှာရှိတဲ့ မီးခံသေတ္တာ အပါအဝင် စာရွက်စာတမ်း ရုံးသုံးပစ္စည်း အတော်များများကို သိမ်းယူသွားတယ်။ နောက် အဲဒီည အိမ်ကို ရဲအစောင့်ချထားပြီး နောက်နေ့တော့ ပြန်ရုပ်သွားတယ်ဆိုပြီး ပြောပြတယ်။ ကျနော်မြင်တာလည်း အိမ်မှာ ဘာပစ္စည်းတွေမှ မကျန်သလောက်ပဲ။ ရဲတွေက ဒီပစ္စည်းတွေကို ဘာလို့ လာသိမ်းတယ်၊ သူတို့ မိသားစု အဖမ်းခံရသလား၊ တိမ်းရှောင်နေသလား ကျနော် မသိဘူး။ ကျနော်လည်း ကျနော့်တိုက်ခန်း မပြန်ရဲဘူး။ နောက် မန္တလေးက ဆက်သွယ်ရေးရုံးကို ဖုန်းဆက်ကြည့်တော့လည်း ဆက်လို့မရဘူး” ဟု ပြောသည်။

အဆိုပါ ကိုးကန့်ခေါင်းဆောင်နေသည့် အိမ်ကို ရဲများဝိုင်းပြီး ပစ္စည်းများ သိမ်းယူသွားသည်ကို တွေ့ရှိကြောင်း၊ သို့သော် မည်သည့်ကိစ္စ ဆိုသည်ကိုမူ မသိကြောင်း လှိုင်မြို့နယ် ပြည်လမ်းနံဘေး ခပေါင်းလမ်းတွင် နေထိုင်သူမျက်မြင်များက ပြောသည်။

ကိုးကန့်ခေါင်းဆောင်များနှင့် သိကျွမ်းသည့် မန္တလေးမြို့ခံ လုပ်ငန်းရှင်ကြီးတဦးကလည်း ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦး၏ လက်ကိုင်ဖုန်းများကို သြဂုတ်လ (၂၇) ရက်နေ့ကတည်းက ဆက်သွယ်၍ မရတော့ကြောင်း၊ မည်သည့်ကိစ္စဆိုသည်ကို မသိသော်လည်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် ဦးဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့များနှင့် စစ်အစိုးရတပ်တို့အကြား တိုက်ခိုက်မှုနှင့် ပတ်သက်ဆက်စပ်နိုင်ကြောင်း ပြောသည်။

၎င်းက ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကိုးကန့်ခေါင်းဆောင်များ၏ စီးပွားရေး လုပ်ငန်းများ၊ အိမ်ခြံမြေ၊ တိုက်၊ ကား ပိုင်ဆိုင်မှုများစွာရှိပြီး စစ်အစိုးရက သိမ်းယူ မသိမ်းယူဆိုသည်ကိုမူ မသိရသေးကြောင်း ဆက်လက်ပြောကြားသည်။

မြစ်ကြီးနား မြို့ပေါ်တွင် ရုံးထိုင်သည့် အမည်မဖော်လိုသူ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်ဖွဲ့ဝင် ရုံးအဖွဲ့ဝင်တဦးက ကိုးကန့် ခေါင်းဆောင်အချို့၏ မြို့ပေါ်ပိုင်ဆိုင်မှုများကို စစ်အစိုးရက သိမ်းယူနေသည့်သတင်း ကြားသော်လည်း အတိအကျ မသိရသေးကြောင်း၊ ၎င်းတို့ ကေအိုင်အေအဖွဲ့ ခေါင်းဆောင် အတော်များများသည်လည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားတို့တွင် အိမ်၊ ခြံ၊ မြေ၊ တိုက်၊ ကား ပိုင်ဆိုင်မှုများနှင့် စီးပွားရေးလုပ်ငန်းလည်း များစွာရှိနေကြောင်း၊ မတော်တဆ စစ်အစိုးရနှင့် ပြဿနာ တစုံတရာ ဖြစ်လာပါက စစ်အစိုးရ ထိန်းချုပ်ထားရာ ဒေသများရှိ ပိုင်ဆိုင်မှုများကို မည်သို့ စီမံခန့်ခွဲရမည်ဆိုသည်နှင့် ပတ်သက်၍ စတင်စဉ်းစားနေကြပြီဖြစ်ကြောင်း ပြောသည်။

ဦးဖုန်ကျားရှင် ခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း၊ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို နောင်တက်လာမည့် အစိုးရ လက်ထက်မှသာ ဆွေးနွေးမည်ဟု သဘောထားရှိခြင်း စသည့်အခြေအနေများကြောင့် နအဖစစ်အစိုးရက အကြောင်းပြချက်ရှာပြီး ဦးဖုန်ကျားရှင်နှင့် အဖွဲ့ကို ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း အဆိုပါ ကေအိုင်အေမှ ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

သြဂုတ် (၃ဝ) ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင်မူ ဦးဖုန်ကျားရှင်နှင့် အဖွဲ့သည် ဥပဒေချိုးဖောက်ပြီး လက်နက်စက်ရုံ တည်ထောင်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ပြန်ပေးဆွဲခဲ့ခြင်း စသည့်အချက်များကြောင့် စစ်တပ်က တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

နအဖစစ်အစိုးရက ဝါးရမ်းပြေးအဖြစ် လက်ရှိသတ်မှတ်ထားသည့် ဦးဖုန်ကျားရှင်နှင့် အဖွဲ့ပိုင် မြို့ပေါ်ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများကို စစ်အစိုးရက သိမ်းဆည်းမည်မှာ သေချာကြောင်း မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ငြိမ်းအဖွဲ့တဖွဲ့မှ အရာရှိကြီး တဦးက သုံးသပ်သည်။






စစ်တပ်က နယ်စပ်ကုန်သည်ကြီးများ၏ ဂိုဒေါင်ဖောက် ပစ္စည်းများယူ
ခိုင်လင်း / ၃၁ သြဂုတ် ၂၀၀၉
line


ကိုးကန့်နယ်မြေအတွင်းသို့ မကြာသေးမီရက်ပိုင်းကစ၍ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေကြသည့် ကုန်သည်ကြီးများ၏ ဂိုဒေါင်များကိုဖောက်ပြီး ပစ္စည်းများသိမ်းယူနေသည်။

ယခုလ (၂ဝ) ရက်တွင် ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က နအဖနှင့်ဆက်ဆံရေး ယာယီရပ်စဲလိုက်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် ဒေသအတွင်း စစ်မက်ဖြစ်ပွားတော့မည်ကို စိုးရိမ်ကြသည့် တရုတ်-မြန်မာနယ်စပ် ကုန်သည်များက ၎င်းတို့ ကုန်ပစ္စည်းများအား ချင်းရွှေဟော်မြို့အတွင်းရှိ ဂိုဒေါင်များတွင် သိမ်းဆည်းသော့ခတ်ကာ မြန်မာပြည်အတွင်းပိုင်းသို့ တိမ်းရှောင်ခဲ့ရာ ကိုးကန့်နယ်မြေသို့ စစ်ဆင်ရေးဝင်ရောက်ခဲ့သည့် နအဖစစ်တပ်က ယခုကဲ့သို့ ပစ္စည်းများယူနေခြင်းဖြစ်ကြောင်း ချင်းရွှေဟော်ကုန်သည်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အဲဒီမှာ ဂိုဒေါင် အလုံး (၃၀) လောက်ရှိတယ်။ ဆန်တို့၊ ဆီတို့၊ ဟင်းချိုမှုန့်တို့၊ တရုတ်ဘက်က လူသုံးကုန်ပစ္စည်းတို့ အားလုံးဂိုဒေါင်ထဲ ထည့်ထားခဲ့ပြီး ဆင်းပြေးသွားကြတာ။ သူတို့သုံးနေတဲ့ ကွန်ပျူတာတို့၊ တီဗွီတို့ကအစ ထုတ်ယူကုန်တာ။ တချို့ကုန်သည်တွေ ထားခဲ့တာ သိန်းထောင်ချီပြီး တန်ဖိုးရှိတယ်။ သူတို့ အလုပ်သမားတွေနဲ့ ပစ်ထားခဲ့ရတာ။ အခုတော့ အလုပ်သမားတွေက တွေ့ပေမယ့် အခုအချိန်မှာ ဘာမှပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရှိရာ လောက်ကိုင်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အစောပိုင်း နှစ်ကာလများကတည်းက နအဖစစ်တပ်များ ရှိနေခဲ့ပြီး ယခုလ (၂၅) ရက်တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ကိုးကန့်နယ်မြေအတွင်းသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား ယခုလ (၂၇) ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေစဉ်အတွင်း တပ်မ (၃၃) လက်အောက်ခံ တပ်များ၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့များအား ချေမှုန်းရန်နှင့် နယ်မြေစိုးမိုးရန်အတွက် ကိုးကန့်နယ်မြေအတွင်းသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့သည့် နအဖစစ်တပ်များသည် ကျေးရွာများအတွင်းရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်စရာများပါ ယူနေကြသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “အခုက စစ်ပြေးတယ်ဆိုတော့ ရှိတဲ့ ရွှေ၊ ငွေလေး၊ အဝတ်အထည်နည်းနည်းပါးပါးနဲ့ ပြေးကြတာ။ ပရိဘောဂပစ္စည်းတွေ၊ တီဗီတွေ ဒီအတိုင်း ပစ်ထားခဲ့ရတာ။ ကိုးကန့်ကျေးရွာတွေကျတော့ တရုတ်နှစ်သစ်ကူးကာလ စားသောက်ဖို့ဆိုပြီး အိမ်တိုင်း လိုလို ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဆီတို့ဖူး၊ မုံညှင်းချဉ်၊ ပဲငါးပိ အဲလိုမျိုးတွေ ကိုယ့်ဘာသာလုပ်ပြီး လှောင်တဲ့ ဓလေ့တွေရှိကြ တယ်။ စစ်သားတွေက ရွာတွေကို ဝင်ရှင်းနေတော့ အဲလို စားသောက်စရာတွေကိုတောင် အလွှတ်ပေး၊ ချန်ထားတာ မဟုတ်ဘူး” ဟု ပြောသည်။

၁၉၈၉ ခုနှစ်ကတည်းကစ၍ ပထမဆုံး အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေသည် အနှစ် (၂ဝ) ကြာ တိုက်ပွဲများ ရပ်စဲထားရာမှ ယခုလ (၂၇) ရက်တွင် ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံလူထု သုံးသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။




ကိုးကန့်တပ်ဖွဲ့ဝင်များ တရုတ်ပြည်ဘက်သို့ ခိုလှုံ
တိုက်ပွဲများ ပြီးဆုံး
ခိုင်လင်း / ၃၁ သြဂုတ် ၂၀၀၉
line


ယခုလ (၂၉) ရက်တွင် ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) ခန့် တရုတ်ပြည်ဘက်သို့ ခိုလှုံသွားခဲ့ပြီးသည့်နောက် ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများရပ်တန့်သွားခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်းကျားရှင်အပါအ၀င် ဖုန်အမျိုးအနွယ် ခေါင်းဆောင် (၄) ဦးအား လက်နက်ထုတ်လုပ်နေသော စက်ရုံအမှုဖြင့် ဖမ်းဆီးရန် ကြိုးစားရာမှ နအဖနှင့် ကိုးကန့်တပ်ဖွဲ့အကြား အခြေအနေတင်းမာနေကြစဉ် ယခုလ (၂၇) ရက် မနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုက်နယ်စပ် ဂိတ် ရဲစခန်းအား ကိုးကန့်တပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည့် တိုက်ပွဲများ ယခုလ (၂၈) ရက်နေ့ ညပိုင်းအထိ ကိုးကန့်နယ်မြေ အနှံ့အပြားတွင် ဖြစ်ပွားနေခဲ့ရာ ယခုလ (၂၉) ရက်တွင် ပြီးဆုံးသွားသည်။

“(၂၉) ရက်နေ့ မနက်ပိုင်းကတော့ ကြိုးကြားကြိုးကြား ပစ်တာရှိသေးတယ်။ နေ့လယ်ပိုင်းမှာတော့ ကိုးကန့်တပ်ဖွဲ့ဝင် (၇၀၀) လောက် တရုတ်ဘက်ကို လက်နက်တွေအပ်ပြီး ဒုက္ခသည်အနေနဲ့ ခိုလှုံလိုက်ကြတယ်။ ဥက္ကဋ္ဌ ဖုန်ကျားရှင်လည်း လုံခြုံတဲ့နေရာ ကို တိမ်းရှောင်သွားတယ်” ဟု ကိုးကန့်တိုက်ပွဲများအား စောင့်ကြည့်နေသည် တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ကိုးကန့်နယ်မြေအတွင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများသာမကဘဲ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု လက်အောက်ခံတပ်ရင်းများ၊ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းများ စုစုပေါင်း တပ်ရင်း (၃၀) ခန့် လူအင်အား (၆,၀၀၀) ကျော်ဖြင့် စစ်ဆင်ရေးဝင်ရောက်ခဲ့ပြီး အင်အားမမျှသဖြင့် ကိုးကန့်တပ်ဖွဲ့က ဒေသခံလူထု၏ အသက်အိုးအိမ်ကို ငဲ့ညှာသည့်အနေဖြင့် တိုက်ခိုက်မှုကို ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ယခုလ (၂၇) နှင့် (၂၈) ရက် တိုက်ပွဲများဖြစ်နေစဉ်အတွင်း ၀င်ရောက်ကူညီတိုက်ခိုက်ခဲ့သည့် ၀ပြည်သွေးစည် ညီညွတ်ရေး တပ်မတော်မှ တပ်သားများလည်း ယခုလ (၂၉) ရက်၊ မနက်ပိုင်းတွင် ကိုးကန့်နယ်မြေမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၀တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

ယနေ့ထုတ် နအဖသတင်းစာများတွင် ကိုးကန့်ဒေသတွင်ဖြစ်ပွားခဲ့သော ဥပဒေဖောက်ဖျက် ကျူးလွန်မှုများမှာ ဦးဖုန်ကျားရှင် အပါအ၀င် ပုဂ္ဂိုလ် (၄) ဦးနှင့်သာ သက်ဆိုင်ပြီး မသိနားမလည်ဘဲ လိုက်ပါဆောင်ရွက်ခဲ့ကြသူ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များအား ဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုကြောင်း နအဖအစိုးရ၏ ကြေညာချက်အမှတ် ၁/၂၀၀၉ ကို ဖော်ပြထားသည်။

ယခုတိုက်ပွဲအတွင်း မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့အင်အား (၂၆) ဦး ကျဆုံးကာ (၄၇) ဦး ဒဏ်ရာရရှိပြီး ကိုးကန့်တပ်ဖွဲ့မှ အလောင်း (၈) လောင်း တွေ့ရှိကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် (၆၀၀) ကျော် သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ထွက်ပြေးလာခဲ့ပြီး တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ကာ တရုတ်နိုင်ငံသား (၁) ဦး သေဆုံး၍ (၂) ဦး ဒဏ်ရာရရှိပြီး မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရဲအရာရှိချုပ် Meng Sutie က ယမန်နေ့က ပြောကြားကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။







မြန်မာအမျိုးသမီးများအား လိင်ကုန်ကူးမှုကြီးထွားလာကြောင်း
အစီရင်ခံစာတစောင် ထွက်ပေါ်
ဝီရ / ၃၁ သြဂုတ် ၂၀၀၉
line


မြန်မာအမျိုးသမီးများ လိင်ကုန်ကူးမှု ပြဿနာ ကြီးထွားလာရခြင်းမှာ မြန်မာစစ်အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်ဖြစ်ကြောင်း ယနေ့ထုတ်ဝေသည့် ပြေးစရာ မြေမရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးနှင့် ကလေးအခွင့်အရေး အစီအစဉ် (Women and Child Right Program - WCRP) က ထုတ်ဝေသည့် ယင်းအစီရင်ခံစာတွင် လိင်ကုန်ကူးခံရသည့် အမျိုးသမီးတို့ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံ ခရီးကြမ်းကို လေ့လာတင်ပြထားပြီး လိင်ကုန်ကူးမှုစနစ်၏ အကြောင်းအရင်းများကို သုတေသနပြုထားခြင်းဖြစ်သည်။

WCRP မှ တာဝန်ခံ မိကျရိုင်နွန်က “ထိုင်းနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လိင်ကုန်ကူးခံရတဲ့ အမျိုးသမီးတွေအနက် အယောက် (၄၀) နဲ့ တွေ့ဆုံမေးမြန်းထားပြီး လိင်ကုန်ကူးခံရတဲ့ အကြောင်းအရင်းခံတွေကို သုတေသနပြုလုပ်ခဲ့တာ ဖြစ်တယ်။
စီးပွားရေး စီမံခန့်ခွဲမှု မကျွမ်းကျင်တဲ့ နအဖစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ အများပြည်သူတွေရဲ့ စီးပွားရေး ချွတ်ခြုံကျမှုက အဓိက အကြောင်းအရင်းအနေနဲ့ တွေ့ခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာမျက်နှာ (၉၀) ပါ ယင်းအစီရင်ခံစာတွင် မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့၏ သတ်မှတ်စံညွှန်းဖြစ်သည့် အဖြစ်အပျက်၊ နည်းလမ်းနှင့် အကြောင်းအရင်းခံ ဆိုသည့် မူ (၃) ရပ်ကို အခြေခံ၍ ၂၀၀၄ ခုမှ ၂၀၀၉ ခုအတွင်း လိင်ကုန်ကူးခံရသူများ၏ ဖြစ်စဉ် (၄၀) ကို ၎င်းတို့ဖမ်းဆီးခံရသည့်အချိန်မှစ၍ ရောင်းစားခံရသည့် အချိန်အထိ စော်ကားခံရပုံကိုလည်း မှတ်တမ်းတင်ထားသည်ဟု မိကျရိုင်နွန်က ပြောသည်။

ယခုအစီရင်ခံစာတွင် မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ရန်ကုန်၊ မန္တလေးတို့မှ လိင်ကုန်ကူးခံရသည့် အဖြစ်အပျက်များအပြင် ပဲခူးတိုင်းမှ အခြားအရပ်သို့ လိင်ကုန်ကူးခံရသည့် အဖြစ်အပျက်များ အများဆုံးပါဝင်သည်ဟု မိကျရိုင်နွန်က ပြောသည်။

၎င်းက “ဥပမာတွေအနေနဲ့ ပဲခူးတိုင်းက မိခင်တဦးက စားဝတ်နေရေး အဆင်မပြေလို့ ကိုယ့်ကလေးအရင်းကို ကရင်ပြည်နယ်မှာ ရောင်းစားခဲ့တဲ့ဖြစ်ရပ်လိုမျိုး၊ ထိုင်းနိုင်ငံမှာ အိမ်ဖော်အလုပ်လုပ်ရင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေ၊ ပွဲစားက အလုပ်ပေးမယ်၊ လမ်းစရိတ်စိုက်ပေးမယ်ဆိုပြီးတော့ ရန်ကုန်ကနေ ခေါ်လာပြီး နယ်စပ် ဘုရားသုံးဆူပဲ ရောက်သေးတယ်။ အလုပ်ရှာလို့မရဘူး၊ နင့်အတွက် ဒီအလုပ်ပဲရှိတယ်။ လုပ်မလားဆိုပြီး နည်းပေါင်းစုံသုံးပြီး ပြည့်တန်ဆာဘဝကို အတင်းသွတ်သွင်းခံရတာမျိုး၊ ခြိမ်းခြောက်ခံတာမျိုးတွေ။ သူတို့တွေက ဒါနဲ့ပတ်သက်ပြီး အကူအညီတောင်းလို့ရတယ်ဆိုတာ မသိကြဘူး။ မြန်မာပြည်ထဲမှာ လိင်ကုန်ကူးခြင်းနဲ့ ပတ်သက်တဲ့ ပညာပေးတာမျိုးလည်း နည်းတော့ နောက်ဆုံး သူတို့အတွက် ရွေးစရာလမ်း မရှိတော့ဘူး” ဟု ရှင်းပြသည်။

မွန်ပြည် လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့မှ ဒါရိုက်တာ နိုင်ကဆော့မွန်က “လိင်ကုန်ကူးမှု ပြဿနာ ကြီးထွားလာတာဟာ မြန်မာနိုင်ငံမှာ တရားမျှတဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အဟန့်အတားဖြစ်နေတယ်ဆိုတာ ပြနေတာပဲ။ ဒီလိင်ကုန်ကူးမှု ပြဿနာကို နအဖဆီ တင်ပြထားပေမယ့် အခြေအနေ တိုးတက်မလာတဲ့အတွက် နအဖအုပ်ချုပ်မှုအောက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို လုံလောက်တဲ့အကာအကွယ် မပေးနိုင်သေးတာ ဖော်ပြနေတယ်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

တိုင်းရင်းသားဒေသများတွင် တိုးချဲ့ထားသည့် နအဖစစ်တပ်များအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ၁၉၉၂ ပြဋ္ဌာန်းချက်အား အပြည့်အဝလိုက်နာရန် မြန်မာစစ်အစိုးရအား တောင်းဆိုလိုက်ပြီး စီးပွားရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံမှ စွန့်ခွာထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများအား အပြည့်အဝအကာအကွယ်ပေးသွားရန်၊ ရွှေ့ပြောင်းအလုပ်သမားတို့၏ ရပိုင်ခွင့်များအား တရားဝင်သတ်မှတ်ပေးရန် ထိုင်းအစိုးရကိုလည်း WCRP က တောင်းဆိုထား သည်။






ရန်ကုန်မြို့ အဆင့်မီမြို့တော်ဖြစ်ရေး
ဒိုင်နာကားလိုင်းများ မြို့ပြင်ထုတ်ပြေးဆွဲမည်
မျိုးချစ်သူ / ၃၁ သြဂုတ် ၂၀၀၉
line


ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသော ဒိုင်နာခရီးသည်တင် ယာဉ်လိုင်းများကို မြို့ပြင်ထုတ်မည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ကို အဆင့်မီမြို့တော် ဖြစ်စေရေးအတွက် ပြေးဆွဲနေသော ယာဉ်အားလုံးကိုလည်း အဆင့်မီဖြစ်စေရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာနမှ ပြောသည်။

မြို့ပြင်ထုတ်မည့် ဒိုင်နာကားများမှာ (၁၀၇၊ ၁၀၅၊ ၉၇၊ ၁၀၂) စသည်တို့ဖြစ်ပြီး စုစုပေါင်းယာဉ်စီးရေ (၁,၈၀၀) ကျော်ရှိကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးဌာန စာရင်းများအရ သိရသည်။

“ဒီနှစ်ဆန်းပိုင်းက စစ်ကျန် ဘတ်စ်ကားတွေကို မြို့ပြင်ထုတ်တာမျိုး၊ အခု ဒိုင်နာတွေကို မြို့ပြင်ထုတ်မှာဖြစ်တယ်။ ကျနော်က (၁၀၅) ဒိုင်နာ ယာဉ်လိုင်းမှာ ကား (၅) စီး လိုင်းဝင်ထားတယ်။ (၁၀၅) ကားကတော့ တွက်ခြေကိုက်တယ်။ တကြောင်းကို ဘယ်လောက်ပေးဆိုပြီးတော့ ငှားလိုက်တာပဲ။ ယာဉ်မောင်းနဲ့နောက်လိုက် (စပါယ်ယာ) ကတော့ သူတို့ရအောင် ရှာပေါ့လေ။ အခုလို မြို့ပြင်ထုတ်မယ်ဆိုတော့ ဘယ်လိုဖြစ်လာဦးမလဲတော့ မသိဘူး။ သေချာတာက စီးပွးရေးတော့ လုံးဝတွက်ခြေ ကိုက်နိုင်တော့မှာ မဟုတ်ဘူး” ဟု (၁၀၅) ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

(၁၀၅) ဒိုင်နာယာဉ် အမျိုးအစားမှာ (၃) မျိုးရှိပြီး စုစုပေါင်း စီးရေ (၂၀၀) ကျော်ခန့်ရှိကြောင်း အဆိုပါယာဉ်လိုင်း၏ စာရင်းများ အရ သိရသည်။

ဒိုင်နာယာဉ်လိုင်းများတွင် ပိုင်ရှင်နှင့်ညှိကာ ယာဉ်မောင်းကြေးပုတ်ပြတ်ငှား၍ ယဉ်မောင်းနှင့်နောက်လိုက်တို့က ၎င်းတို့ချင်း သဘောတူထားသည့် နှုန်းဖြင့် မောင်းကြသော စနစ်ဖြစ်ကြောင်း သိရသည်။

“အခုလို မြို့ပြင်ထုတ်မယ်ဆိုတော့ ခရီးစဉ်က ပိုရှည်သွားမယ်။ ခရီးသည်က အခုလို မြို့တွင်းပြေးနေတာမျိုး မရနိုင်တော့ဘူး။ ခေါက်ရေ နည်းသွားမယ်၊ တွက်ခြေမကိုက်တော့ဘူး။ ယာဉ်မောင်းကြေး ပိုပေးလာရမယ်။ ခရီးသည်တွေအတွက်လည်း ငွေ ပိုကောက်တာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲတွေကတော့ အများကြီးပဲ” ဟု ယာဉ်မောင်းတဦးက ပြောသည်။

ယခုနှစ် မကုန်မီတွင် ဒိုင်နာခရီးသည်တင် ယာဉ်လိုင်းများကို မြို့ပြင်ထုတ်မည့်အစီအစဉ်ကို အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“၂၀၁၀ ခုနှစ် နှစ်စပိုင်းမှာ အဲဒီကားတွေအားလုံး မြို့ပြင်ကိုအရောက်ပို့မယ်။ နေရာတွေ၊ လမ်းကြောင်းတွေတော့ မလုပ်ရသေး ဘူး။ မြို့ပြင်ထုတ်မယ့် ကားတွေနေရာမှာ အစားထိုးမယ့် ယာဉ်တွေကိုလည်း စီစဉ်ရဦးမယ်။ စီးတီးဘတ်စ်ကားကြီးတွေကို အစားထိုးသွားမှာဖြစ်တယ်” ဟု အနောက်ပိုင်းခရိုင် ယာဉ်လိုင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး လုပ်ငန်းကော်မတီက ယာဉ်စီးခနှုန်းများကိုလည်း သီးသန့်သတ်မှတ်၍ ကောက်ခံစေရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ၏ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ရန်ကုန်တွင် လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း (၁၄) ခုခန့်ရှိပြီး မထသသည် ယာဉ်စီးရေအများဆုံးပိုင်သော လိုင်းတ လိုင်းဖြစ်ကြောင်း သိရသည်။




မလေးရှား ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားတဦး
ရောဂါရ သေဆုံး
မင်းနိုင်သူ/ ၃၁ သြဂုတ် ၂၀၀၉
line


မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းရှိ မြန်မာအချို့ လွန်ခဲ့သော ရက်ပိုင်းများမှ စတင်ကာ ကူးစက်ရောဂါတမျိုး ခံစားနေကြရပြီး ရောဂါစတင်ဖြစ်ပွားသူ ကိုစိုးသိန်းသည် ပြီးခဲ့သည့်စနေနေ့တွင် ကွယ်လွန်သွားခဲ့သည်။

“ဘာရောဂါဆိုတာကို မသိကြရပါဘူး။ မလေးရှား အာဏာပိုင်တွေဘက်က ထုတ်ပြန်တာမရှိသေးသလို မြန်မာသံရုံးဘက်က ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးဘူး” ဟု KLIA စခန်းအခြေအနေများကို စောင့်ကြည့်နေသူ အန်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ၊ မလေးရှား) မှ ကိုကျော်ကျော်က ပြောသည်။

ကိုစိုးသိန်းသည် မြန်မာနိုင်ငံသို့ ပြန်ရန် မြန်မာသံရုံးသို့ မလေးရှားရင်းဂစ် (၁,၆၀၀) ပေးဆောင်ပြီးဖြစ်သော်လည်း တပတ်ကျော်သည်အထိ မြန်မာသံရုံးမှ လာရောက်ခေါ်ဆောင်ခြင်းမရှိသည့်အတွက် မလေးရှားဆေးရုံတွင်ပင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု အထိန်းသိမ်းခံတဦးက ပြောသည်။

၎င်းက “ပုံမှန်ဆိုရင် ငွေသွင်းပြီး တပတ်နေရင် မြန်မာသံရုံးက ပြန်ဖို့လာခေါ်တယ်။ အခု ကိုစိုးသိန်းကို ဘာလို့လဲမသိဘူး လာမခေါ်ဘူး။ မြန်မာသံရုံးက ကိုမြင့်အောင်ကို သူပိုက်ဆံပေးပြီးသားပါ။ ငွေသွင်းပြီး နှစ်ပတ်ကျော်ကျော်မှာ မြန်မာပြည် မပြန်ရဘဲ သူဆုံးသွားတာ” ဟု ပြောသည်။

ကိုစိုးသိန်းသည် ပတ်စ်ပို့ကိုင်ဆောင်ထားသူ တရားဝင် အလုပ်သမားတဦးဖြစ်ပြီး အလုပ်သစ်တခုသို့ ပြောင်းရွှေ့လုပ်ကိုင်နေစဉ် မလေးရှားစစ်ဆေးရေးအဖွဲ့များနှင့်တွေ့ကာ အထိန်းသိမ်းခံရပြီး ထိန်းသိမ်းရေးစခန်းတွင် ကူးစက်ရောဂါတမျိုးဖြစ်ပွားကာ မလေးရှားဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။

KLIA ထိန်းသိမ်းရေးစခန်းအတွင်း အမည်မသိ ကူးစက်ရောဂါခံစားနေရသူ (၆) ဦးခန့်ရှိနေပြီး ကိုမင်းခိုင်ဆိုသူကိုလည်း တနင်္ဂနွေနေ့ညက ဆေးရုံတင်ထားလိုက်ရကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်အနီးရှိ (KLIA) ထိန်းသိမ်းရေးစခန်းတွင် မြန်မာ (၅၀၀) ခန့် အထိန်းသိမ်းခံနေရပြီး လွန်ခဲ့သည့် ရက်ပိုင်းများက UNHCR မှ လူ (၂၄၀) ခန့် ခေါ်ဆောင်သွားသော်လည်း ယခုအခါ စခန်းတွင် မြန်မာ (၂၅၀) ကျော် ကျန်ရှိနေဆဲဖြစ်သည်။

“ယူအန် လာထုတ်သွားတာက ချင်းနဲ့ရိုဟင်ဂျာတွေပါ။ ဗုဒ္ဓဘာသာဝင် မြန်မာနဲ့ ကရင်အများအပြား ကျန်နေတုန်းပဲဗျ။ ယူအန်က မြန်မာတွေအနေနဲ့က ကိုယ့်နိုင်ငံကို ပြန်လို့ရတယ်လို့ပဲ တွက်ထားတယ်နဲ့တူတယ်။ တကယ်တမ်းက မြန်မာသံရုံးကလည်း ဘာမှလုပ်မပေးဘူးဗျ။ မင့်တို့ ပိုက်ဆံပေးရင် ပြန်ပို့မယ်။ မပေးရင်တော့ ဒီမှာပဲ နေပေါ့ဆိုပြီး ပြောတယ်ဗျ။ ကျနော်တို့ကတော့ အားကိုးရာမဲ့ပါပဲ”ဟု အထိန်းသိမ်းခံမြန်မာတဦးက ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င်အလုပ်သမားထိန်းသိမ်းရေးစခန်း (၂၀) ရှိပြီး မလေးရှားစမုံညှင်းစခန်းတွင်လည်း မြန်မာအလုပ်သမားအမျိုးသမီး (၆၀) ကျော်ရှိနေသည်ဟု ကိုကျော်ကျော်က ပြောသည်။

ထိန်းသိမ်းခံထားရသူများမှာ အိပ်ရာ နေရာအလုံအလောက်မရှိသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုလည်း ရရှိသည့်အပြင် ဖိနှိပ်တင်းကျပ်မှုများ ပြုလုပ်ခံရကြောင်း သိရသည်။

“ကျနော်တို့နိုင်ငံမှာ စီးပွားရေးကျပ်တည်းလို့ ဒီကိုလာအလုပ်လုပ်ကြရတယ်။ ဒီရောက်ပြန်တော့ အေးဂျင့်တွေရဲ့ လိမ်လည်မသာမှုတွေ၊ သူဌေးတွေရဲ့ ဖိနှိပ်မှုတွေနဲ့ကြုံကြရတယ်။ နောက်မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း သူတက်လာစက မလေးရှားမှာ နိုင်ငံခြားသားအလုပ်သမား ထက်ဝက်ကျော်လျှော့ချပစ်မယ်လို့ ကြွေးကြော်ထားတာရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဒီကိုလာ အလုပ်လုပ်မယ်ဆိုရင် အသေအချာမေးမြန်းစုံစမ်းသင့်တယ်။ ဖြစ်နိုင်ရင် မလေးရှားကိုလာပြီး အလုပ်မလုပ်စေချင်တော့ဘူး” ဟု ကိုကျော်ကျော်က ပြောသည်။

Grand Royal ကို မီးလောင်မှုဖြင့် ရဲက အမှုဖွင့် Print E-mail
ကျော်ခ
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 19 နာရီ 45 မိနစ်



မဇ္ဈိမ (ချင်းမိုင်)။ ။ Grand Royal အရက်ချက်စက်ရုံကို မီးလောင်မှုဖြင့် အမှုဖွင့်ထားကြောင်း လှည်းကူးမြို့နယ် ရဲစခန်းအပြောအရ သိရသည်။

ယခုလ ၂၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် International Beverages Trading Co., Ltd. (IBTC) ၏ လုပ်ငန်းခွဲဖြစ် သော ယင်းအရက်ချက်စက်ရုံကို လှည်းကူး ရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“ကျနော်တို့က တရားစွဲထားတယ်။ အမှုဖွင့်ထားတယ်။ ဖွင့်ထားပြီးတော့ မီးလောင်တဲ့အကြောင်းလည်း စုံစမ်းတာပေါ့ဗျာ။ စုံစမ်းပြီးတော့ ပေါ်ပေါက်ရင် ပေါ်ပေါက်သလို နောက်ထပ် အရေး ယူတာမျိုးဆက်လုပ် မှာပေါ့။ အဲဒီအမှုက စခန်းမှူးကိုယ်တိုင်စစ်တာ” ဟု စခန်းအရာရှိတဦးက မဇ္ဈိမ ကိုပြော သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အရက်ချက်စက်ရုံဝန်းအား ယခုအချိန်တွင် ခြံခတ်၍ အစောင့်များ ချထားလျက် ရှိကြောင်းလည်း မြို့နယ် မီးသတ်ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“စက်ရုံကတော့ လောလောဆယ် ခြံစည်းရိုးတွေနဲ့ တားတော့တားထားရတယ်။ စက်ရုံလူကြီး အကြီးအကဲ တွေလားဆိုတာ လာတော့လာကြတာပဲ။ ကျနော်တို့က မမြင်ဘူးတော့ မသိဘူး။ ဦးစီးတွေကတော့ သိမှာ” ဟု သူကမဇ္ဈိမကိုပြောသည်။

မီးငြိမ်းရန်လာရောက်သော မြောက်ဥက္ကလာပ မီးသတ်စခန်းမှ မီးသတ်ကားတစီး မီးလောင်သွားကြောင်း ထပ်မံ စုံစမ်းသိရှိရသည်။

IBTC ကုမ္ပဏီသည် မြန်မာ့အာမခံလုပ်ငန်းမှတဆင့် စင်္ကာပူအာမခံကုမ္ပဏီတခု၌ အာမခံထားရှိခဲ့သော ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အမေရိကန်ဒေါ်လာဖြင့် အာမခံလျော်ကြေးငွေ ရရှိမည်ဆိုသော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ် The Voice တွင် ပါရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်အထဲတွင် စက်ရုံပိုင်ပစ္စည်းများဖြစ်သည့် ကား၊ ထော်လာဂျီ၊ မီးစက်၊ ဆိုင်ကယ် နှင့် တန်းဘိုးကြီး အခြား စက်ပစ္စည်းပေါင်းများစွာသာမက စက်ရုံအနီး ဝန်ထမ်းများ ဝယ်ယူ စားသုံးနိုင်ရန် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်နှင့် ဈေးဆိုင် ၅ ဆိုင် မီးထဲပါသွားခဲ့သည်။

မြန်မာအရက်ဈေးကွက် ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းထားသည့် IBTC ကုမ္ပဏီသည် Grand Royal Whisky (တံဆိပ်အမဲရောင်ပတ်)၊ ရွှေရောင်တံဆိပ်ပတ်ပါ Special Reserve Grand Whisky၊ Eagle Whisky၊ Heather Gate Whisky တို့နှင့် Royal Special London Dry Gin၊ London Rum တို့ကို ထုတ်လုပ်နေသည်။

သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ Print E-mail
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 21 နာရီ 16 မိနစ်


နယူးဒေလီ။ ။ သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှု၊ သံဃာတော်များအား စောင့်ကြည့်မှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။

မကွေးတိုင်း ချောက်မြို့ရှိ အနောက်ငွေတောင် ကျောင်းတိုက်သို့ ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်ရဲ အရာရှိ ၃ ဦးနှင့် မကွေးတိုင်း သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦး ပါဝင်သည့် အဖွဲ့က ကျောင်းတိုက် ဆရာတော် ဦးရေဝတ သတင်းသုံးနေထိုင်သည့် အခန်းထဲသို့ ဝင်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ကျောင်းတိုက်ကို ဝင်စစ်တယ်။ သူတို့ လာစစ်တုန်းကတော့ ဆရာတော် မရှိဘူးလေ။ ဆရာတော် ခရီးလွန်တာကြာပြီ ပြန်မရောက်သေးဘူး။ ဆရာတော် အခန်းထဲတော့ ဝင်စစ်သွားတယ်။ ပြန်လာရင် အကြောင်းကြားပါလို့ မှာသွားတယ်” ဟု ချောက်မြို့ရှိ ကျောင်းတိုက်တခုမှ ဦးဇင်းတပါးက မဇ္စျိမကို မိန့်ဆိုသည်။

ဆရာတော် ဦးရေဝတသည် လွန်ခဲ့သည့် လပိုင်းအတွင်း မိမိနေထိုင်ရာ ရပ်ရွာသို့ ပြန်သွားခဲ့ပြီး၊ ယခုချိန်ထိ ကျောင်းတိုက်သို့ ပြန်မရောက်ရှိသေးကြောင်း ဦးဇင်းက ဆိုသည်။

“ဦးရေဝတက ရွှေဝါရောင် တော်လှန်ရေးတုန်းက တက်ကြွသူလို့ ပြောလို့ရမှာ။ အဲဒါကြောင့် လာစစ်တာလားတော့ မပြောတတ်ဘူး” ဟု ဦးဇင်းက မိန့်သည်။

အလားတူ ယခုရက်ပိုင်းတွင်း ချောက်မြို့အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက်အချို့တို့ကို အရပ်ဝတ်ရဲများက နေ့စဉ် အနီးကပ်စောင့်ကြည့်နေကြောင်း ချောက်မြို့နယ် ကျောင်းတိုက်များရှိ သံဃာတော်များက ဆိုသည်။

“ဒီရဲက ချောက်မြို့နယ်က ရဲဆိုတာ ဦးဇင်းတို့ တွေ့တာနဲ့ သိတာပေါ့။ သူတို့က ကျောင်းတိုက်တွေနဲ့ နီးစပ်တဲ့ အိမ်တို့၊ လမ်းထောင့်တွေမှာ တွေ့ရတယ်။ သူတို့ ခါးတွေမှာလည်း ဖုန်းတွေ ခါးကြား ထိုးထားတာ တွေ့တယ်။ ကျောင်းတိုက်တွေ အားလုံးလိုလိုပါပဲ” ဟု သံဃာတော်တပါးက မိန့်ကြားသည်။

မကွေးတိုင်း ရေနံချောင်းမြို့ရှိ ရွှေစေတီ ပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် လက်ထောက်ဆရာတော်နှင့် ပခုက္ကူမြို့ရှိ မန္တလေးကျောင်းတိုက် ဦးဇင်းတပါးတို့ကို အာဏာပိုင်များက ယခုလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းမှု ရှိခဲ့သည်။

“ဆရာတော်ကို ဆူပါရူး ကားတစီးနဲ့ ခေါ်သွားတာ တွေ့လိုက်တယ်။ မကွေးတိုင်းက ရဲတွေနဲ့ ဒီက မဝတ ဥက္ကဋ္ဌလည်း ပါတယ်” ဟု ရွှေစေတီ ကျောင်းနှင့်နီးစပ်သည့် မျက်မြင်သက်သေတဦးက မဇ္ဈိမကို ပြောသည်။ နောက်ပိုင်းတွင် ဆရာတော်အား ရန်ကုန်သို့ ခေါ်ဆောင်သွားသည်။

“ခေါ်သွားတဲ့ကားကို မောင်းတဲ့လူက ပြန်ရောက်နေပြီ။ အဲဒါမေးကြည့်တော့ သမိုင်းလမ်းဆုံမှာ ချခဲ့ရတယ်လို့ ပြောတယ်” ဟု ဒေသခံများက ရေနံချောင်း ဆရာတော်ကို တင်ဆောင် မောင်းနှင်သွားသည့် ကားဒရိုင်ဘာ ပြောဆိုချက်ကို သံဃာတော်တပါးက ပြန်လည်မိန့်ဆိုသည်။

ပခုက္ကူမြို့ မန္တလေးကျောင်းတိုက် (ခေါ်) အနောက်ကျောင်းတိုက်မှ သက်တော် ၂၄ နှစ်အရွယ်ရှိ ဦးဇင်း ဦးဝိသုဒ္ဓကို ပခုက္ကူခရိုင်မှ ဒုရဲအုပ် ဇော်ဝင်းနှင့် ဒုတပ်ကြပ် ကြံ့ခိုင်အောင် (ခေါ်) ကရင် တို့ လာရောက်ကာ ခေါ်ယူသွားကြောင်း အနီးရှိကျောင်းတိုက်များ၏ အဆိုအရ သိရသည်။

“၂၈ ရက်နေ့ မနက်က အရုဏ်ဆွမ်းစားပြီး အချိန်လောက်မှာ ဦးဝိသုဒ္ဓကို လာခေါ်သွားတာ။ ခေါ်တုန်းက ပခုက္ကူမြို့မှာရှိတဲ့ ရွှေထန်းပင် ဆိုတဲ့ စားသောက်ဆိုင်မှာရှိတဲ့ အလုပ်လုပ်နေတဲ့ စားပွဲထိုး ဒကာမတယောက်က အဲဒီ ဦးဇင်းရဲ့ ရွာက ဟုတ်မဟုတ် လိုက်ကြည့်ပေးပါဆိုပြီး ညာခေါ်သွားတာ” ဟု ထိုကျောင်းတိုက်နှင့် နီးစပ်သည့် ကျောင်းတိုက်က ဆရာတော်တပါးက မဇ္စျိမကို မိန့်သည်။

ဆရာတော်က ဆက်ပြီး “အဲဒီမှာ သူနဲ့အတူ အဖော် ဦးဇင်း နှစ်ပါးကို ထည့်လိုက်တာ စိတ်မချလို့ လိုက်သွားတဲ့ ဦးဇင်း နှစ်ပါးကိုကျတော့ ပြန်လွှတ်လိုက်တယ်။ ဟိုရောက်တော့ ဒုရဲအုပ် လင်းမြတ်ကျော် လက်ထဲထည့်ပြီး ကားပေါ်တင်ပြီး ခေါ်သွားတယ်” ဟု ဆိုသည်။ ခေါ်ဆောင်သွားသည့် ဦးဇင်းကိုလည်း ရန်ကုန်မြို့သို့ ထိုနေ့မှာပင် ခေါ်ဆောင်သွားကြောင်း အာဏာပိုင်များအပြောကို ကျောင်းတိုက်များက ဆိုသည်။

သို့သော် ယခုလို ရေနံချောင်းနှင့် ပခုက္ကူမှ သံဃာတော်နှစ်ပါးအား ရန်ကုန်သို့ ဖမ်းဆီးခေါ်သွားသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျောင်းတိုက်များကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြို့နယ်အချို့တွင် သံဃာတော်များအား အာဏာပိုင်များက ယခုလို ရှာဖွေစစ်ဆေးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်းများသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ဆန္ဒပြပွဲများ မြို့နယ်အများအပြားတွင် ဖြစ်ပွားခဲ့သည့် နှစ်ပတ်လည်ကာလမတိုင်ခင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် ၁၀ ပါတီအဖွဲ့ချုပ်က မူဝါဒများ စတင်ရေးဆွဲ Print E-mail
နန်းဒေဝီ
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 20 နာရီ 51 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ၁၀ ပါတီအဖွဲ့က ၎င်းတို့ ရပ်တည်ချက်မူဝါဒများကို ယမန်နေ့မှ စတင်၍ ရေးဆွဲနေပြီဖြစ်သည်။

တတိယအင်အားစု Third Force တခုဟု မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ရည်ညွှန်းကြသည့် ‘အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်’ သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် မူဝါဒသဘောထားများကို တပတ်အတွင်း အပြီးသတ် ရေးဆွဲသွားရန် စိုင်းပြင်းနေကြခြင်း ဖြစ်သည်။

“အဓိက ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆွဲတာပါ။ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ဘာတွေ လုပ်ပေးနိုင်မလဲ။ ပြီးတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ တပ်မတော်အပေါ်ထားတဲ့ ကျနော်တို့ သဘောထား။ အလုပ်သမား၊ လယ်သမားတွေအပေါ်ထားတဲ့ သဘောထား။ ယဉ်ကျေးမှု၊ ဘာသာရေး ဘာညာပေါ့” ဟု ထိုအဖွဲ့၏ ဗဟိုဦးစီး ကော်မတီဝင် ဦးအုန်းလွင်က မဇ္ဈိမကို ပြောသည်။

မဟာမိတ်များအဖွဲ့ချုပ်က နအဖစစ်အစိုးရ ဦးဆောင်ပြောင်းလဲသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လက်ခံထားပြီး အငြင်းပွားဖွယ်ရာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျင့်သုံးမည့် အထွေထွေရွေးကောက်ပွဲကို လက်ခံထားကာ၊ တဖြည်းဖြည်းချင်းသာ ပြောင်းလဲ၍ ရနိုင်မည်ဟု ယုံကြည်ထားကြသည်။

ဦးအုန်းလွင်က “ကျနော်တို့က အပြောင်းအလဲကို သိမ်သိမ်မွေ့မွေ့၊ အေးအေးချမ်းချမ်းနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး ပြောင်းဖို့။ ပြောင်းတဲ့အခါမှာလည်း အတိုက်အခိုက်တွေ မပါဘဲနဲ့ အေးအေးချမ်းချမ်းနဲ့ ပြောင်းဖို့။ ကျနော်တို့လည်း အဲဒီရွေးကောက်ပွဲမှာ ပါမယ်ဆိုတဲ့ အခွင့်အရေးကို ကျနော်တို့ ထုတ်နေတာပဲလေ” ဟု ပြောသည်။

မဟာမိတ်များအဖွဲ့ချုပ်တွင် ဒီမိုကရေစီလိုလားသော ပင်မအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ခဲ့သည့် ဝံသာနု အန်အယ်ဒီ အပါအဝင် အမျိုးသားနိုင်ငံရေး အန်အယ်ဒီ လူငယ် (မိတ္ထီလာ)၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့၊ အမျိုးသားနိုင်ငံရေး ရခိုင်ပြည်နယ်၊ ဒီမို အန်အယ်ဒီ (စစ်ကိုင်းတိုင်း)၊ အမျိုးသားနိုင်ငံရေး စေ့ဆော်သူများ၊ G–7၊ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု၊ တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်အချို့ဖြင့် ဖွဲ့စည်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ၁၀ ပါတီ ပေါင်းစပ်ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့ချုပ်၌ ၁၉၉၉ ခုနှစ်တွင် အန်အယ်ဒီမှ ထုတ်ပယ်ခဲ့သည့် အမတ် ၇ ဦးဖြင့် ဖွဲ့စည်းထားသည့် (G-7) အဖွဲ့ ပါဝင်ကြောင်း ကာယကံရှင်တဦးဖြစ်သူ မင်္ဂလာဒုံ (၁) မဲဆန္ဒနယ်မှ အမတ်ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

အမတ် ၇ ဦးအဖွဲ့တွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် ဦးကြည်ဝင်း (မင်္ဂလာဒုံ - ၁) ၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံ - ၂) ၊ ဦးသိန်းကြည် (တောင်တွင်းကြီး)၊ ဦးမြလှိုင် (တွံတေး)၊ ဦးလှစိုး (မင်းဘူး) တို့လည်း ပါဝင်သည်။ သူတို့ထဲမှ အမတ်တဦး ကွယ်လွန်ခဲ့ပြီး၊ လက်ရှိတွင် အမတ် ဦးသန်းထွန်း (ဒေးဒရဲ) ကို စည်းရုံးနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပေဒကို လာမည့်လအတွင်း နေပြည်တော်၌ ကျင်းပမည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး သင်းလုံးကျွတ် ညီလာခံအပြီး ထုတ်ပြန်သွားဖွယ်ရှိကြောင်း နိုင်ငံရေး အကဲခတ်များက ခန့်မှန်းမှုများ ရှိနေသည်။

“လှိုင်မြို့နယ် သံလမ်းမှာ ကျနော်တို့အဖွဲ့ဝင်တွေ ဖြတ်လျှောက်လာတော့ ရွေးကောက်ပွဲကောင်မရှင် ဆိုင်းဘုတ်အဟောင်းတွေကို ပြုပြင်နေတာ တွေ့ခဲ့တယ်” ဟု စစ်အစိုးရဘက်ယိမ်းသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ကိုအေးလွင်က ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်၊ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ပြီးခဲ့သည့် မေလနှောင်းပိုင်းတွင် ကျင်းပသည့် ပါတီညီလာခံအပြီး ရွှေတိဂုံအမည်ရှိ ကြေညာချက်ထုတ်ပြန်ကာ စစ်အစိုးရကို တောင်းဆိုခဲ့သည်။

လာမည့်ရွေးကောက်ပွဲကို လက်မခံသည့် သံဃာ၊ ကျောင်းသားအဖွဲ့များအပါအဝင် ပြတ်ပြတ်သားသား အတိုက်အခံ အင်အားစုအချို့က ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောထားကြသည်။

၁၉၉၀ ခုနှစ်တွင် စစ်အစိုးရက အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အန်အယ်ဒီက မဲ ၈၂ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆိုလိုက်ပြီး၊ စစ်တပ်ဦးဆောင်မှုကို အာမခံမည့် ပုံစံချထားသော အခြေခံဥပဒေတရပ်ကို ရေးဆွဲရန်သာ လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့သည်။

စစ်တပ်မှ ကားများ ချောဆွဲနေ Print E-mail
မျိုးကြီး
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 19 နာရီ 43 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသသို့ စစ်အင်အားဖြည့်ရန် ရှမ်းပြည် (မြောက်ပိုင်း) တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့တွင် မော်တော်ကားများအား ချောဆွဲခံနေရသည်ဟု ဒေသခံများအပြောအရ သိရသည်။

ယခုလ ၂၇ ရက်နေ့နောက်ပိုင်း စတင်၍ မနေ့ညအထိ ကညန(ခေါ်) ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဌာနက ချောဆွဲနေကြောင်း ဒေသခံများ ပြောဆိုကြခြင်း ဖြစ်သည်။

“မနေ့ည(၉) နာရီ ဝန်းကျင်လောက်ကပေါ့။ မြို့ထဲမှာ တွေ့တဲ့နေရာက ကားတွေကို လိုက်ခေါ်နေတာ တွေ့တယ်။ ပါသွားတာ တွေ့တာကတော့ တောင်းအေ့စ် (Town ace) ၊ လိုက်အေ့စ် (Light ace) ပက်လက်ကားလေးတွေပေါ့။ မြို့ထဲမှာ ပစ္စည်းတွေဘာတွေ လိုက်ပို့တဲ့ ကားလေးတွေ” ဟု လားရှိုးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယခင်နေ့များကတည်းက ချောဆွဲခံရသည့် ၁၀ ဘီးကားကြီးများကို လားရှိုးမှ မန္တလေးသို့အထွက် မြို့ပြင်ရှိ တိုးဂိတ် ဂိတ်အနီး၌ ရပ်ဆိုင်းထားပြီး၊ ယမန်နေ့ ညနေပိုင်းကလည်း လားရှိုးမှ မူဆယ်သို့ အထွက်ဂိတ်၌လည်း ကားများ ချောဆွဲခံခဲ့ရသေးသည်။

ထို့အပြင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်နှင့် မန္တလေးဘက်မှ စစ်ယာဉ်တန်းများသည် လားရှိုးဘက်သို့ တက်လာကြကြောင်း မျက်မြင်တွေ့ရှိသူ ကုန်သည်တဦးက ပြောသည်။

သူက “မန္တလေးဘက်ကနေ လားရှိုးကို တက်လာတာ တလမ်းလုံးပဲ။ စစ်ကားတွေ တောက်လျှောက်ပဲ။ အစီး ၅၀၊ ၆၀ လောက် ရှိတယ်။ မနေ့က” ဟု ပြောသည်။

လားရှိုးမြို့သည် ရှမ်းပြည် (မြောက်ပိုင်း) မြို့တော်ဖြစ်ပြီး၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ မြို့လည်း ဖြစ်သည်။

စစ်ယာဉ်တန်းများသည် စစ်ပွဲများ ဖြစ်ပွားရာ ကိုးကန့်ဒေသအနီးရှိ (UWSP) ခေါ်“ ဝ ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဒေသဝန်းကျင်ရှိ ပန်လုံနှင့် ဟိုပန်ဘက်သို့ ပို့ဆောင်နေကြောင်းနှင့် ယခု ချောဆွဲထားသည့် ကားများကိုမူ ရိက္ခာနှင့် စစ်သားများ ပို့ဆောင်မည်ဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယခုလ ၂၇ ရက်နေ့မှ စတင်၍ အပစ်ရပ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ယာဉ်တန်း ပို့ဆောင်မှုသည် ၃ ကြိမ် ရှိပြီဟု စစ်ဘက်သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။ သံချပ်ကာတပ်များနှင့် အမြောက်ကြီးများကိုပါ သယ်ဆောင်လာသည်ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

ယနေ့တိုင် ကိုးကန့်ဒေသအတွင်း၌ ကြိုးကြားကြိုးကြား ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သဖြင့် ရှမ်းပြည် (မြောက်ပိုင်း) ၌ ကုန်တင်ကားများ ပြေးဆွဲမှု ကျဆင်းသွားကြောင်း မူဆယ် ကုန်ကားအသိုင်းအဝိုင်းက ဆိုသည်။

ယခုလ ၂၈ ရက်နေ့ ညပိုင်းက ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ယခုအခါ ည ၁၀ နာရီကျော် အပြင်ထွက်သူများကို ဖမ်းဆီးမှုများ ရှိနေသည်ဟုလည်း မူဆယ်ဒေသခံ အဆိုအရ သိရသည်။

မူဆယ် မြောက်ပိုင်းရပ်ကွက်တွင် နေထိုင်သူ ခရီးသွားဧည့်သည် လူငယ်တဦးက “ အရမ်းစစ်ဆေးနေတယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လုံခြုံရေး အပြည့်ယူထားတယ်။ ကျနော်တို့အိမ်ရှင်က ပြောတယ်၊ ညမထွက်နဲ့တော့ ပေါ်တာဆွဲမယ်လို့ ပြောထားတယ် ” ဟု ပြောဆိုသည်။

ယမန်နေ့ စစ်အစိုးရရုပ်သံက ကိုးကန့်စစ်ပြေးဒုက္ခသည်များ နေရပ်သို့ပြန်လာနေသည်ဟု ထုတ်လွှင့်သော်လည်း ဒေသခံများကမူ အိမ်ပြန်သူများ မရှိသေးကြောင်း ပြောသည်။ ထို့အပြင် မြန်မာစစ်တပ်က ကိုးကန့်မြို့တော် လောက်ကိုင်တွင် ပစ္စည်းများ လုယူနေသည့်အပြင် သေနတ်ဖြင့် မဲမဲမြင်ရာ ပစ်ခတ်နေသောကြောင့် တရုတ် နယ်စပ်သို့ သွားရောက်ခိုလှုံသူများသည် နေရပ်ပြန်ရန် စိုးရွံ့နေကြောင်း ပြောသည်။

တရုတ်နယ်စပ်သို့ ခိုလှုံရောက်ရှိလာသည့် ကိုးကန့် စစ်ပြေးဒုက္ခသည် ၂ သောင်းကျော်ကို အိမ်ပြန်နိုင်ရန် တရုတ်အာဏာပိုင်များ ဆောင်ရွက်နေပြီး မြန်မာဘက်ကလည်း အုပ်ချုပ်ရေး ကော်မတီတခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်အစိုးရတပ်များနှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသည့် ကိုးကန့်ဒေသသည် ရှမ်းပြည် (မြောက်ပိုင်း) အရှေ့ဘက်ဖျားတွင် တည်ရှိပြီး အနောက်ဘက်ခြမ်းနှင့် သံလွင်မြစ်က ကာရံထားသည်။

လားရှိုးမှ ကားလမ်းအတိုင်း သိန္နီမြို့လမ်းခွဲမှတဆင့် ကွမ်လုံမြို့သို့ ကားဖြင့်သွားကာ သံလွင်မြစ်ကို ကွမ်လုံကြိုးတံတားမှ ကိုးကန့်ဒေသသို့ သွားရောက်ရသည်။


ကိုးကန့်စစ်အကြောင်း စစ်အစိုးရက KIO ကို ရှင်းပြ Print E-mail
ဖနိဒါ
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 19 နာရီ 16 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါးနှင့် လက်နက်ထုတ်လုပ်မှုကြောင့် ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း စစ်အစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ရှင်းပြခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်မှူးကြီး သက်ပုံ ဦးဆောင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က KIO ဌာနချုပ်ရှိရာ တရုတ်အနီး လိုင်ဇာမြို့တွင် ယခုလ ၂၉ ရက်နေ့က ကချင်ခေါင်းဆောင်များကို လာရောက်တွေ့ဆုံပြီး ဖုန်ကြားရှင် ဦးဆောင်သော အဖွဲ့သည် လက်နက်ထုတ်လုပ်ပြီး မူးယစ်ဆေးဝါး ရောင်းချသည်ဟု ပြောဆိုသွားခဲ့သည်။

လိုင်ဇာဟိုတယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ KIO စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ် အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော်နှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတို့ တက်ရောက်ခဲ့သည်။

“လက်နက်စက်ရုံနဲ့ မူးယစ်ဆေးဝါး သွားစစ်တာ၊ ဖုန်ကြားရှင်တို့အဖွဲ့က အရင်ပစ်လာလို့ သူတို့သိမ်းလိုက်တာဆိုပြီး သူတို့အကောင်းပဲ ပြောတာပါ” ဟု အမည်မဖော်လိုသူ ကချင်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်အဖွဲ့နှင့် စစ်အစိုးရတပ်များအကြား ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်မှ(၁၁) ဦး သေဆုံးပြီး (၃၄) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ရဲ (၁၅) ဦး ကျဆုံးကာ (၁၃) ဦး ဒဏ်ရာရကြောင်း စစ်အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ ဖော်ပြထားသည်။ ကိုးကန့်တပ်ဖွဲ့၏ အလောင်း (၈) လောင်းကို တွေ့ရှိခဲ့ရသည်ဟုလည်း သတင်းစာက ဆိုသည်။

သို့သော် ဖုန်ကြားရှင်အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် “(၂) ရက်တိုက်ပွဲအတွင်း ကလေး၊ လူကြီး စုစုပေါင်း ၂၀၀ နီးပါး သေဆုံးပြီး တရုတ်နိုင်ငံဘက်သို့ မြန်မာစစ်တပ်ဘက်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီး ကျည်ဆံ ကျရောက်၍ တရုတ် ၃ ဦး သေဆုံးခဲ့သည်” ဟု ဆိုသည်။

ထို့အပြင် ကြေညာချက်တွင် နအဖ စစ်အစိုးရသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံသော တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် ခြိမ်းခြောက်ခြင်း၊ ပြိုပျက်အောင် သွေးခွဲခြင်း ပြုလုပ်သည်ဟု ပါရှိသည်။

ဒေသတွင်းနေ စစ်ရေးအကဲခတ်များ အပြောအရ ကိုးကန့်အင်အား ၈၀၀ ခန့် တရုတ်-မြန်မာနယ်စပ်အနီး ဆက်လက်လှုပ်ရှားလျက်ရှိပြီး တချို့မှာ တရုတ်နိုင်ငံဘက် ဝင်ရောက်သွားကာ တရုတ်အာဏာပိုင်များထံ လက်နက်အပ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်နေခြင်းသည် ကိုးကန့်တပ်ဖွဲ့များအချင်းချင်း အာဏာလုနေမှု ဖြစ်ပွားအောင် စစ်အစိုးရက တမင်ဖန်တီးမှု လုပ်ဆောင်ခြင်း ဖြစ်သည်ဟု KIO အရာရှိက ပြောသည်။

“ကိုးကန့်အချင်းချင်း အာဏာလုနေချိန်မှာ နအဖ ကလုပ်လိုက်တာပဲ။ ဒီလို အချင်းချင်း သဘောထား ကွဲလွဲအောင်လည်း နအဖ ပဲလုပ်တာ” ဟု သူက ပြောသည်။

ယခင် MNDAA အဖွဲ့ ဒုဥက္ကဋ္ဌ ပိုင်စိုချိန်က ဦးဆောင်သော လူတစုက ခွဲထွက်ခြင်းကို စစ်အစိုးရမှ အသိအမှတ်ပြု ကူညီပေးခဲ့ပြီး နောက်ဆက်တွဲ တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်။

အပစ်ရပ် အဖွဲ့များ၏ လက်နက်ကိုင်တပ်များကို လက်နက်ဖြုတ်သိမ်းခြင်း သို့မဟုတ် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရန် နအဖ က ဖိအားပေးနေမှုများရှိကာ ငြင်းဆန်ထားသော တိုင်းရင်းသားအဖွဲ့များကို စစ်ပွဲဆင်နွှဲလာမည့်အရေး စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ KIO ၊ MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) စသည့် အဖွဲ့ (၄) ဖွဲ့တို့ စုစည်းကာကွယ်လိုသည့်အနေဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။

သို့သော် ကိုးကန့်စစ်ပွဲတွင် မဟာမိတ်များဘက်မှ ကူညီမှု သိသာစွာ မတွေ့ရသေးပါ။

ကိုးကန့်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကချင်ပြည်သူများအကြား ပူပန်မှုများ ရှိလာနေသည်။

“စိုးရိမ်မှုတွေကတော့ ရှိတယ်။ တချို့ ပြည်သူတွေ စိုးရိမ်နေတာက တစ်ဖွဲ့ပြီးတစ်ဖွဲ့ တိုက်လာမှာကို စိုးရိမ်နေကြ တယ်” ဟု ကချင် ဒေသခံတဦးက ပြောသည်။

ဒေသတွင်း တိုက်ရိုက်ကွပ်ကဲမှုပြုနေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း လုံခြုံရေးဟုဆိုကာ ကန့်သတ်မှုများ တိုးမြှင့်လိုက်သည်။

ယခုလ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလမင်းထိန်တံတား အနီးတဝိုက်တွင် ညပိုင်း သွားလာမှု မပြုရန် တားမြစ်ထားပြီး အကယ်၍ သွားလာသူများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဟု ရပ်ကွက်အတွင်း အသိပေးထားသည်။

အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ညဈေးတွင်လည်း ည ၁၀ နာရီထက် ပိုပြီး ဈေးမရောင်းရန် အမိန့်ပေးထားသည်ဟု သိရသည်။


ကွန်ပြူတာအရောင်း ကုမ္ပဏီပေါင်း ၆၀ ပါမည့် အရောင်းပြပွဲ Print E-mail
ဖိုးဇော်
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 19 နာရီ 01 မိနစ်


မဇ္စျိမ (ချင်းမိုင်)။ ။ ကွန်ပျူတာအရောင်းကုမ္ပဏီပေါင်း ၆၀ ခန့်ပါဝင်မည့် Electronic & Living '09 ဟု အမည်ပေးထားသော ပြပွဲတခုအား ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

မနက် ၉ နာရီမှ ညနေ ၅ နာ၇ီထိ ရောင်းချသွားမည့် “အီလက်ထရောနစ်နှင့် နေထိုင်မှုပြပွဲ” တွင် Acer တံဆိပ် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအတွက် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဖြန့်ချီခွင့် ရထားသော ‘ရွှေလမင်းနဂါးကုမ္ပဏီ’ ကလည်း Laptop ကွန်ပြူတာ မော်ဒယ်အသစ်များကို အထူးလျော့ဈေးဖြင့် အလုံးရေကန့်သတ်ပြီး ရောင်းချမည်ဟု သိရသည်။

“လတ်တလော ခန့်မှန်းတာကတော့ ၁၀ ရာခိုင်နှုန်းလောက် လျော့ရောင်းမှာပါခင်ဗျာ။ ငါးသိန်းငါးသောင်း လောက်ကတော့ အနိမ့်ဆုံးပါဘဲ။ ပရိုမိုးရှင်းကာလ ဖြစ်တဲ့အတွက် ပုံမှန်ရောင်းတဲ့ဈေးထက် လျော့ရောင်းရတဲ့အတွက် အရေအတွက်ကို ကန့်သတ်ထားရတာ ဖြစ်ပါတယ်” ဟု ယင်းကုမ္ပဏီ၏ ဝန်ဆောင်မှုစင်တာမှ တာဝန်ခံတစ်ဦးက ပြောသည်။

ပြပွဲကို IEMS ကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပပြီး NIBBAN Electric & Electronics ကုမ္ပဏီမှ အဓိကပံ့ပိုး ကူညီထားသည်ဟု NIBBAN မှ တာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြပွဲအတွက် ပြခန်းပေါင်း ၁၂၀ ခန့် စာရင်းပေးသွင်းထားပြီဖြစ်ပြီး Toshiba, Access , KMD စသည့် ကုမ္ပဏီများကလည်း ကွန်ပြူတာနှင့် ကွန်ပြူတာဆက်စပ်ပစ္စည်းများ လာရောက်ပြသမည်ဖြစ်ကြောင်း သိရ သည်။

“အနည်းဆုံး Desktop တစုံကို ၂ သိန်း ၅ သောင်းလောက်က စတယ်။ Laptop ဆိုလို့ရှိရင်တော့ ၅ သိန်း ခွဲလောက်ကနေစမယ်။ အရင်ပွဲတွေတုန်းက ၅% ကနေ ၁၆ % ထိချတယ်။ Keyboard တို့ Mouse တို့ ၊ Modem တို့ ဆိုရင်တော့ ၅၀% ထိချပေးတယ်” ဟု ကေအမ်ဒီမှ မန်နေဂျာတဦးက မဇ္ဈိမကိုပြောရင်း ဈေးနှုန်းသတ်မှတ်မှု မပြီးသေးဟု ဆိုသည်။

ထို့အပြင် ယင်းပြပွဲ၌ နာမည်ကြီး အခြားအီလက်ထရောနစ်ကုမ္ပဏီများ၊ ကွန်ပျူတာအရောင်းကုမ္ပဏီများ နှင့် အိမ်ရာအဆောက်အဦးဆိုင်ရာ အိမ်တွင်းအလှဆင်ပစ္စည်း ကုမ္ပဏီများမှလည်း ၎င်းတို့၏ပစ္စည်းများကို အထူးလျှော့ဈေးများဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းဖွင့်ပွဲနေ့တွင် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဂျွန်လွင်၏ Stars & Models အေဂျင်စီမှ ကုန်ပစ္စည်း ကြော်ငြာသရုပ်ပြ ဖျော်ဖြေမှုများကိုပါ ပြသသွားမည် ဖြစ်ကြောင်းသိရသည်။



ကျည်ဆံ၊ ရေနံ၊ အီရန်နဲ့ သမိုင်းနိဂုံး Print E-mail
ရဲနွယ်မိုး
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 16 နာရီ 26 မိနစ်

အီရန်မှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေက တကယ့်ကို ထူးထူးခြားခြားပါ။ အရှေ့အလယ်ပိုင်းက ရေနံနိုင်ငံတခုမှာ လူထုအုံကြွတယ်ဆိုတာ ရှာမှရှား။ အကြောင်းက အရှေ့အလယ်ပိုင်း နိုင်ငံအများစုရဲ့ အာဏာက သေနတ်ပြောင်းဝနဲ့ ရေနံစည်ကနေ လာပါတယ်။ ကျည်ဆံနဲ့ ရေနံ ပေါင်းစပ်ထားတဲ့ အာဏာကို လူထုဖြုတ်ချနိုင်ဖို့ သိပ်ခက်ပါတယ်။

ရေနံဟာ အရှေ့အလယ်ပိုင်းအတွက် သယံဇာတကျိန်ဇာဖြစ်သလို၊ ဒီမိုကရေစီ မပေါ်ထွန်းစေတဲ့ အဓိက အကြောင်းတရားပါ။ ဘုရင်တွေ၊ အာဏာရှင်တွေက သူတို့ပါဝါ (အာဏာ) ရပြီဆိုတာနဲ့ ရေနံစည်နဲ့ အကာအကွယ်ယူပြီး၊ ရန်သူပြိုင်ဘက်တွေကို သတ်ဖြတ်ပါတယ်။ ရေနံကရတဲ့ ဓနနဲ့ ပြည်တွင်းနှိပ်ကွပ်ရေး ယန္တရား တည်ဆောက်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့ လွတ်လပ်ခွင့်ကို ငွေနဲ့ ပေးလျော်ထားပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ ရေနံစည်ပေါ် ခွထိုင်ထားတဲ့ သက်ဦးဆံပိုင်မင်းကို စစ်အာဏာသိမ်းတာမျိုး မဟုတ်ဘဲ၊ လူထုတော်လှန်ရေးနဲ့ ဖြုတ်ချဖူးတဲ့ ဇာတ်လမ်းရှိတယ်ဆိုရင် ဒါက တခြားမဟုတ်ပါ။ အီရန်ပဲ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ အီရန်လူထုက အယာတိုလာခိုမေနီရဲ့ ဦးဆောင်မှုနဲ့ ရှားဘုရင်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တယ်။ ရေနံက ရတဲ့ငွေနဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ကို ကောင်းကောင်းထိန်းချုပ်ထားတဲ့ ရှားကို လူထုက ပြောင်ပြောင်တင်းတင်း အာခံပြကြတယ်။ ကျည်ဆံ အပစ်ခံသင့်သလောက်ခံပြီး ရှားအာဏာကို ရိုက်ချိုးပစ်ကြတယ်။ အဆုံးမှာ မြင်းစီးပုလိပ်တွေက ရှားအစိုးရကို နောက်တကြိမ် အကာအကွယ် မပေးနိုင်တော့ပါ။

ရှားကိုဖြုတ်ချခဲ့တဲ့ အစ္စလာမ် တော်လှန်ရေးအုပ်စုဟာ ကနေ့ထိ အာဏာကိုထိန်းချုပ်ဖို့ ရှားရဲ့ ဖော်မြူလာအတိုင်းပဲ ပြန်ယူထားခဲ့တာ။ ရေနံက ရတဲ့ ဓနနဲ့ အာဏာကို ကောင်းကောင်းကိုင်ထားတယ်။ အီရန်ဟာ ကမ္ဘာ့နံပါတ် ၅ ပမာဏ အများဆုံး ရေနံစိမ်းတင်ပို့သူ ဖြစ်ပါတယ်။ ရတဲ့ပိုက်ဆံနဲ့ ပေါချောင်ကောင်း အိမ်ယာတွေ ဆောက်ပေးတယ်။ ရာထူးလစာ ကောင်းကောင်းပေးတယ်။ အစားအစာ၊ ဒီဇယ်၊ ဓာတ်ဆီ ပံ့ပိုးတယ်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guard) ခေါ်တဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေအတွက် ပုံအောထည့်ထားတယ်။

အီရန်ကို အုပ်စိုးထားတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ရက်စက်ပြီး အကြင်နာခေါင်းပါးသူတွေ။ သူတို့ရဲ့ နှလုံးသားမဲ့မှုကို အများမမြင်သာအောင် ရွေးကောက်ပွဲတွေ လုပ်ပေးပြီး ဖုံးဖိထားပါတယ်။ သူတို့ ကျင်းပပေးတဲ့ ‘ဟန်ပြ ရွေးကောက်ပွဲတွေ’ (faux elections) က ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို အစကတည်းကိုက တင်းတင်းရင်းရင်း ကြိုးကိုင်ထားပြီးသား။

အီရန်လူထုအဖို့ ရွေးစရာနှစ်လမ်းပဲရှိမယ်။ မာမွဒ် အမာဒင်နီဂျက်လို အစွန်းရောက်ကို ရွေးမလား၊ အတိုက်အခံ မီယာဟူစိန် မိုဆာဗီလို ပျော့ပျောင်းသူကို ယူမလား။ ဒီလိုအုပ်ချုပ်ရေး အနေအထားမှာပဲ လူထုရဲ့ အစာမကြေ ပေါက်ကွဲသံစဉ်တွေက တက်လာတယ်။

အလုပ်လက်မဲ့ ၂၀ ရာနှုန်းနဲ့ ဖောင်းပွမြင့်တက်လာတဲ့ လူဦးရေက အယာတိုလာတွေ ကန့်သတ်ပေးတဲ့ သူတို့ဘဝစတိုင်ကို စိတ်ပျက်ငြီးငွေ့နေပြီ။ မိုဇာဗီက သူတို့ဘဝကို တစုံတရာ ပြောင်းပေးနိုင်မယ့် ပုံပေါ်လို့ ရွေးကောက်ပွဲမှာ အားပေးလိုက်ကြတယ်။ ဒီတော့ အမာဒီနီဂျက် အစိုးရလည်း ထိတ်ထိတ်ပျာပျာနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို အနုကြမ်းစီးတော့တာပါပဲ။

ပညာရှင်တယောက် ပြောသလိုဆိုရရင် ဒီမိုကရေစီဆိုတာ မဲပေးတာမဟုတ်၊ မဲရေတွက်တာ (Democracy is not the voting, it’s the counting.)။ အီရန် မော်လဝီဆရာကြီးတွေက ရွေးကောက်ပွဲတွေလုပ်ပေးပြီး လူထုမဲပေးအောင်တော့ အမြဲခွင့်ပြုပါရဲ့။ ဒါပေမဲ့ ပြဿနာက မဲရေတွက်ရင် စပါပြီ။ သူတို့ကိုင်ထားတဲ့ လူပဲ အနိုင်ရစမြဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုမော်လဝီတွေရဲ့ ဟန်ပြရွေးကောက်ပွဲက ဆန္ဒပြလှုပ်ရှားနိုင်ဖို့ ’စပေ့ (space)’ တွေ ပွင့်အာထွက်လာပါတယ်။ ရှားကိုဖြုတ်ချခဲ့တ့ အစ္စလာမ်တော်လှန်ရေး အင်အားစုကို တန်ပြန်တော်လှန်ဖို့ အစပျိုးခြင်းပါ။

သမိုင်းကြောင်းအရ အီရန်အစိုးရဟာ သူ့ရဲ့ ’တရားဝင်မှု’ ကို ရင်းမြစ် ၄ ခုကနေ ရရှိပါတယ်။ နိုင်ငံ့အရေးအရာ ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှု၊ တရားဝင် ဘာသာရေးအာဏာ ပြဋ္ဌာန်းနိုင်မှု၊ အချုပ်အခြာနဲ့ လွတ်လပ်ရေး ကာကွယ်မှု၊ လူထုကို တည်ငြိမ်အောင် ထောက်ပံ့နိုင်မှု။ အခု ဒီ ၄ ချက်စလုံး ထိုးကျဆင်းနေပါတယ်။

ဇွန်လ ၁၂ ရက် ရွေးကောက်ပွဲ မဲ, ကုလားဖန်ထိုးမှုက သမ္မတ အမာဒင်နီဂျက်ကို တရားရုံးတော် ကြားနာဆုံးဖြတ်မှု ယူရတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ်။ နိုင်ငံ့ဥသျှောင်နဲ့ ပါလီမန်တို့ဟာ ‘အလာရှင်မြတ်’ ဆီက မဟုတ်ဘဲ၊ ‘လူထုမဲ’ ဆီကပဲ လာသင့်တယ်ဆိုပြီး အခြေခံဥပဒေမှာ ရှင်းရှင်းလုပ်ဖို့ တောင်းဆိုလာကြတယ်။

မော်လဝီများလက်က အာဏာဟာ စစ်တပ်ဆီ တဖြည်းဖြည်းရွေ့နေပြီး၊ အရှေ့အလယ်ပိုင်း အာဏာရှင် ပုံစံသစ်တခု ပေါ်ထွက်မယ့် ပုံပါ။ အမေရိကန်နဲ့ အစ္စရေးတို့ထင်တဲ့ အယာတိုလာတွေက နျူနဲ့ ကမ္ဘာဖျက်မယ့် အတိသယဝုတ္တိက လက်တွေ့မကျလှပါ။ တကယ်တော့ အယာတိုလာတွေရဲ့ ဩဇာက ကျဆင်းလာနေပါတယ်။

အချုပ်အခြာပိုင်ခွင့် အကြောင်းပြတဲ့ ဆင်ခြေဆင်လက်တွေလည်း လျော့လာတယ်။ အရင် အမေရိကန် သမ္မတဂျော့ဘုရှ် သက်တမ်းမှာ စစ်ရေးခြိမ်းခြောက်မှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေက အီရန်အစိုးရ လူထုကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ အများကြီး အကျိုးဖြစ်စေပါတယ်။ အခု သမ္မတ အိုဘားမားရဲ့ ထိပ်တိုက်မတိုးရေး ချည်းကပ်မှုက အီရန်အစိုးရအဖို့ လူထုရှေ့ သူရဲကောင်းလုပ်ပြဖို့တော့ ခက်နေပါတယ်။

နောက်ဆုံးတော့ အမာဒင်နီဂျက်က တရားရုံးဆုံးဖြတ်ချက်နဲ့ ဩဂုတ်လဆန်းမှာ သမ္မတ ပြန်ဖြစ်လာပြီး၊ ဆန္ဒပြသူတွေကတော့ အသတ်ခံရ၊ အဖမ်းခံရ ရုံးတင်ခံရပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အီရန်အရေးဟာ အရှေ့အလယ်ပိုင်းတခုလုံးရဲ့ ဒီမိုကရေစီအရေးနဲ့ အစ္စလာမ်အရေးမို့ တကမ္ဘာလုံးက စောင့်ကြည့်နေရပါတယ်။

အခု အီရန်ကိစ္စကလည်း ဖရန်စစ် ဖူကူယားမားရဲ့ ‘သမိုင်းနိဂုံး’ အဆိုကို စိန်ခေါ်နေပြန်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဖရန်စစ် ဖူကူယားမားက လစ်ဘရယ်ဝါဒ မက်စ်ဝါဒအပေါ် အောင်ပွဲခံပြီး သမိုင်းနိဂုံး ချုပ်ပြီလို့ ကြွေးကြော်ပါတယ်။ အိုင်ဒီအိုလော်ဂျီ ပဋိပက္ခ မရှိတော့၊ လစ်ဘရယ် ဒီမိုကရေစီမှတပါး ရွေးစရာလမ်း မရှိတော့။ သေးသေးမွှားမွှား ပြဿနာလေးတွေပဲ ကျန်တော့မယ် ဆိုပါတယ်။

ဒါပေမဲ့ ၁၉၈၉ ခုနှစ် ရဝမ်ဒါနိုင်ငံ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အကြမ်းဖက်ဝါဒ၊ ရွှေဝါရောင် တော်လှန်ရေး၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ အခု အီရန်အရေးအထိ အသေးအဖွဲတွေ မဟုတ်ပါ။ အမေရိကန် ပေါ်လစီကိုယ်တိုင်တောင် အာဏာရှင်တို့ကို ထိတွေ့ဆက်ဆံလာရမှတော့ ‘သမိုင်းနိဂုံး’ အဆိုဟာ အငြင်းပွား နေရဦးမှာပါပဲ။ ။

ကိုးကန့်ဒေသ တိုက်ပွဲပြီးဆုံးသော်လည်း စစ်ရေးတင်းမာမှု မြင့်မားဆဲ
Monday, 31 August 2009 19:11 ရန်ပိုင်
E-mail Print
ကိုးကန့်ဒေသ အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ စနေနေ့တွင် အဆုံးသတ်သွားပြီး နယ်မြေအခြေအနေ တည်ငြိမ်နေပြီ ဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

[မြန်မာနိုင်ငံဘက်သို့ ပြန်မည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ စစ်ဆေး စောင့်ကြည့်နေပုံ။ (ဓာတ်ပုံ-AP)]

မြန်မာနိုင်ငံဘက်သို့ ပြန်မည့် ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့ စစ်ဆေး စောင့်ကြည့်နေပုံ။ (ဓာတ်ပုံ-AP)
စစ်အစိုးရက တိုက်ပွဲများ ပြီးဆုံးပြီဟု ကြေညာခဲ့သော်လည်း တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးဘဲ အင်အားကိုလည်း ထပ်မံ တိုးချဲ့ထားကာ တခြား အပစ်ရပ်အဖွဲ့များကို ထိုးစစ်များဆင်မှုများ ရှိလာနိုင်ကြောင်း သိရသည်။

“တပ်တွေ ပြန်မဆုတ်သေးဘူး၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၃၃၊ ၉၉ ရောက်နေတာ အများကြီးပဲ၊ ၀ ကိုဆက်ထိုးမလား၊ ဒီတိုင်းပဲ ရပ်ထားမလား မသိဘူး” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် အတွင်းရှိ လားရှိုး၊ မူဆယ်နှင့် တခြား မြို့ကြီးများတွင် ပုဂ္ဂလိကပိုင် ကားများ ကို ချောဆွဲပြီး အရပ်သားများအား ပေါ်တာအဖြစ် ဆင့်ခေါ်လျက် ရှိနေသေးသည်ဟု သိရသည်။

“တိုက်ပွဲပြီးပြီ လို့သာ ပြောတယ်၊ မနေ့ညကတော့ လားရှိုးမှာ ကား ချောဆွဲတယ်၊ မူဆယ်မှာ ညက ပေါ်တာ ဆွဲတာ လူ ၂၀ ၃၀ လောက် ပါသွားတယ်၊ မီးသတ် ၊ရဲ ၊ ပြည်သူ့စစ် နဲ့ မြို့ထဲတို့မှာ ည ကင်းလှည့်တယ်၊ မန္တလေးကနေ လားရှိုးဘက်ကို စစ်ကား အစီး ၂၀ လောက် တက်လာတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

ရှမ်းပြည် တောင်ပိုင်း တောင်ကြီး-ကျိုင်းတုံ ကားလမ်းပေါ်တွင် စစ်ကား ၃၀ ခန့် မိုင်းဆတ်မြို့ ဘက်သို့ လာနေကြောင်းကိုလည်း မိုင်းဆတ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ၀ စစ်တပ် ထိန်းချုပ်ရာ ဒေသတွင် စစ်အစိုးရတပ်များ နှင့် ၀တပ်များ တဘက်နှင့် တဘက် စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

“၀တပ် စစ်ဒေသ ၁၇၁၈ နယ်မြေမှာ စစ်ရေးပြင်တာ နည်းနည်း ငြိမ်သွားတယ်၊ ပထမပိုင်းက ကိုးကန့် ဒေသ စစ်ရှိန် မြှင့်နေလို့ အသင့် ပြင်နေတာ၊ အခုတော့ ချောကားတွေလည်း ပြန်လွှတ်လိုက်ပြီ၊ အစိုးရဲ့ လားဟူ ပြည်သူ့စစ်တွေကိုလည်း ပြန်လွတ်လိုက်ပြီ၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေပါ တိုက်ပွဲမှာ ပါမယ် ထင်လို့ အစိုးရဘက်က အသင့်ပြင်ထားတာ” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလား အထူးဒေသ ( ၄ ) နယ်မြေ တွင်လည်း စစ်အစိုးရတပ်များ စစ်အင်အား ဖြည့်တင်းမှုများကြောင့် ဒေသခံ ပြည်သူအချို့ စတင် တိမ်းရှောင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီ သုံးလေးရက် အတွင်း ကိုးကန့်ပြီးရင် မိုင်းလား လာမယ် ကြားလို့ လူ ၇၀၊ ၈၀ လောက် တရုတ်ပြည်၊ ကျိုင်းတုံ၊ တာချီလိတ် ဘက်ကို ပြေးလာကြတယ်” ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ပြောသည်။

မိုင်းလားအထူးဒေသ (၄) ခေါင်းဆောင် ဦးစိုင်းလင်းမှာ ယခု တိမ်းရှောင်နေသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ သားမက် ဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် ရှမ်းပြည်နယ်ရှိ အပစ်ရပ် အဖွဲ့များကို စစ်ရေးအရ ဖိအား ပေးနိုင်သည်ဟု စစ်ရေး နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

“တပ်တွေ ထည့်ထားတာ အများကြီးပဲ၊ ကိုးကန့် ကိစ္စမှာ နိုင်ငံတကာက တုံပြန်မှုက ဘာမှ မရှိတော့ ဆက်လုပ်နိုင်တယ်၊ ကိုးကန့်မှာ တရုတ် အကျိုးစီးပွား မြုပ်နှံထားတာ အများကြီးပဲ၊ ဒါတွေ လုံးဝ ပျက်သွားတာတောင် တရုတ်က ဘာမှ မတုံ့ပြန်တာ” ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်ကလည်း “၀ ကို ညပ်ထားဖို့အတွက် မိုင်းလားကို လှည့်မယ် ထင်တယ်” သုံးသပ်သည်။

စစ်အစိုးရသည် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့သော အင်အား တောင့်တင်းသည့် အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးမှသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ကိုင်တွယ်လိမ့်မည်ဟု ကချင် ဖွံဖြိုးရေး ကွန်ယက် (KDNG ) မှ ကိုအောင်ဝါက သုံးသပ်သည်။

ကိုးကန့်ဒေသ ဖွံဖြိုးရေးကို ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အစိုးရက အသိအမှတ်ပြုကြောင်း၊ ယခုအရေးသည် ဦးဖုန်ကြားရှင် အပါအ၀င် ပုဂ္ဂိုလ် ၄ ဦးသာ သက်ဆိုင်ကြောင်း၊ တခြားသော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေ ဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည် ၀င်ရောက် နေထိုင်ခွင့် ပြုသည် ဟု စစ်အစိုးရက ကြေညာလိုက်သည်။

အဆိုပါ ပုဂ္ဂိုလ် ၄ဦးမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီတို့ ဖြစ်သည်။

ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေးချက်အရ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထွက်ပြေးသွားသည့် ဒေသခံ ပြည်သူများ ပြန်လည် ၀င်ရောက်လာပြီဖြစ်သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင်သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ဒုက္ခသည် အများစုသည် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ၀င်ရောက်ခြင်း မရှိသေးကြောင်း တရုတ် မြန်မာ နယ်စပ် ဒေသခံများ ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။


မြောက်ကိုရီးယား၏ သဝဏ်လွှာ စာပေစိစစ်ရေးက ခွင့်ပြု
Monday, 31 August 2009 18:23 အောင်သက်ဝိုင်း
E-mail Print
အာဏာရှင် မြောက်ကိုရီးယား နိုင်ငံတည်ထောင်ခြင်း ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထည့်သွင်းသည့် သ၀ဏ်လွှာတခုကို စာပေစိစစ်ရေးဌာနက ယခုတပတ်ထုတ် ပြည်တွင်းသတင်း ဂျာနယ်တခုတွင် ဖော်ပြခွင့် ပြုလိုက်သည်။

ရန်ကုန် ထိပ်တန်းသတင်းဂျာနယ်များထဲတွင် အပါအဝင်ဖြစ်သော The Voice ဂျာနယ်၏ ယခု တပတ် စနေနေ့ကဖြန့်ဝေသည့် သတင်းဂျာနယ်တွင် ထိုသ၀ဏ်လွှာကို ဖော်ပြထားခြင်းဖြစ်ပြီး အဖြူအမည်းဖြင့် စာမျက်နှာ တမျက်နှာပြည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်၏ ဓာတ်ပုံကိုပါ ထိုသ၀ဏ်လွှာတွင် ပူးတွဲဖော်ပြထားသည်။

ထိုသ၀ဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးက ကြော်ငြာအဖြစ် The Voice ဂျာနယ်တွင် ထည့်သွင်းခြင်းဖြစ်သည်ဟုလည်း စာပေစိစစ်ရေး ၀န်ထမ်းတဦးက ဆိုသည်။

ထိုသ၀ဏ်လွှာတွင် မြောက်ကိုရီးယားနိုင်ငံသည် ထာဝရသမ္မတကြီး ကင်အီဆွန်း (Kim IL Sung) ၏ Juche လမ်းစဉ်များအတိုင်း အခက်အခဲများကို အောင်မြင်စွာဖြတ်ကျော်ပြီး နိုင်ငံတကာတွင် အင်အား ကြီးမားသော ဆိုရှယ်လစ်နိုင်ငံကြီးအဖြစ် နယ်ချဲ့သမားများနှင့် ဗိုလ်ကျစိုးမိုးရေးဝါဒီ နိုင်ငံကြီးများ၏ ရန်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ၀င့်ကြွားစွာရပ်တည်နိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံအပေါ် နယ်ချဲ့လာသူများ၊ ဗိုလ်ကျစိုးမိုးလာသူများကို ရင်ဆိုင်ပြီး နိုင်ငံကို တိုးတက် ခေတ်မီစေရန် တည်ဆောက် နိုင်ပြီ ဟူ၍လည်း ၎င်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

“အာဏာရှင် နိုင်ငံတွေရဲ့ ထုံးစံအတိုင်းပဲ တခမ်းတနား ချီးမွမ်းခန်း ဖွင့်ထားတယ်။ ဒီက အစိုးရရဲ့ သတင်းစာ တွေထဲမှာ အမြဲဖတ်နေရတဲ့ပုံစံလိုပဲ” ဟု ဂျာနယ်ပါ သ၀ဏ်လွှာကို ဖတ်ရှုခဲ့သည့် ရန်ကုန် စာဖတ်ပရိသတ် တဦးက ပြောသည်။

မြန်မာ စစ်အစိုးရနှင့် မြောက်ကိုရီးယား အစိုးရတို့အကြား နျူကလီးယား လက်နက်ထုတ်လုပ်ရန်နှင့် စစ်လက်နက်ပစ္စည်းများ ရောင်းဝယ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု နိုင်ငံတကာက သံသယ ရှိနေချိန်တွင် မြန်မာနိုင်ငံ စာပေစိစစ်ရေးက ထိုမြောက်ကိုရီးယား သ၀ဏ်လွှာကို ဂျာနယ်တွင် ထည့်သွင်းခွင့် ပြုလိုက်သည်မှာ စစ်အစိုးရအနေနှင့် မြောက်ကိုရီးယားနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေဆဲ ဖြစ်သည်ကို နိုင်ငံတကာမြင်အောင် ပြသရာရောက်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“ဂျာနယ်မှာ ဒီလို မြောက်ကိုရီးယားနိုင်ငံအကြောင်း ဟိမ၀န္တာချီးမွမ်းခန်း ဖွင့်ထားတဲ့ စာကို ဖော်ပြခွင့် ပြုတယ်ဆိုတာက မြောက်ကိုရီးယားကို နိုင်ငံတကာက ဘယ် လောက်ပဲ အသိအမှတ် မပြုပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့အစိုးရက အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောကို ပြတာ” ဟု ရန်ကုန် မြို့ခံ သတင်းစာဆရာကြီးတဦးက ပြောသည်။

အဆိုပါ သ၀ဏ်လွှာအောက်ဆုံးပိုဒ်တွင် ကင်ဂျုံအီးလ်သည် တောင်ကိုရီးယားနှင့် ပြန်လည် ပေါင်းစည်းရေး ဆောင်ရွက်ရန်လည်း စိတ်အားထက်သန်နေသည်ဟု ဖော်ပြပါရှိသည်။

ယခုနှစ်၊ ဖေဖော်ဝါရီလကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်အတွက် မွေးနေ့ ဆုတောင်းလွှာကို The Voice ဂျာနယ်တွင်ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မြောက်ကိုရီယားသံရုံးက ပြုလုပ်သော ကင်ဂျုံအီးလ်၏ မွေးနေ့ အခမ်းအနားသို့လည်း မြန်မာစစ်အစိုးရ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး တဦး တက်ရောက်သည်ကို မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများက တခမ်းတနား ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးဌာနသည် မြောက်ကိုရီးယားနှင့် ပတ်သက်သော အပေါင်းလက္ခဏာ ဆောင်သည့် သတင်းများကို ပြည်တွင်းဂျာနယ်များတွင် ထည့်သွင်းခွင့် ပြုသော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက် သည့် ဒုက္ခသည်သတင်း၊ စားနပ်ရိက္ခာ ပြတ်လပ်၍ မြောက်ကိုရီးယားပြည်သူများ အခက်အခဲ ဖြစ်နေသည့် သတင်း အပါအ၀င် အနုတ်လက္ခဏာ ဆောင်သော သတင်းများကိုမူ လုံးဝထည့်သွင်းခွင့်မပြုဘဲ ဖြုတ်ပယ် လေ့ရှိကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

“မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေတင်ပြီး ဦးတည်ခုတ်မောင်း လာတယ်ဆိုတဲ့ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း
စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့်မပေးဘူး” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

စစ်အစိုးရ ဗိုလ်ချုပ်ကြီးသူရရွှေမန်း မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ပြီး မြောက်ကိုရီးယား စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်သတင်း၊ နေပြည်တော်တွင် လျှို့ဝှက်လိုဏ်ဂူကြီးများ တည်ဆောက်နေသည်ဆိုသော သတင်းများ ကမ္ဘာ့သတင်းမီဒီယာ များသို့ ပေါက်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးကို နိုင်ငံတကာက အထူးအာရုံစိုက်လာခဲ့သည်။

စစ်အစိုးရသည် စီးပွားရေးချွတ်ခြုံကျနေသော မြန်မာပြည်သူများ၏ စားဝတ်နေရေးကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျနိုင်သော နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကိုသာ ကြိုးစားလုပ်ဆောင် လာခြင်းသည် နိုင်ငံတကာနှင့် မြန်မာပြည်သူများအတွက်
ရင်လေးဖွယ်ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် လစဉ်ထုတ် မဂ္ဂဇင်းတစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက သုံးသပ်သည်။

“လူတွေ ဘယ်လောက်ငတ်ငတ်၊ အစိုးရက အာဏာတည်မြဲဖို့၊ နျူကလီးယားလက်နက်ရဖို့ မြောက် ကိုရီယားလို ရုရှလို နိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်နေတာ ထင်ရှားပါတယ်” ဟု ထိုအယ်ဒီတာက ပြောသည်။

ဦးနေ၀င်း အစိုးရလက်ထက် ၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့စဉ် မြောက်ကိုရီးယားက လုပ်ကြံသဖြင့် လိုက်ပါလာသည့် တောင်ကိုရီးယား အစိုးရအရာရှိကြီးများ အပါအ၀င် လူ ၂၁ ဦးသေဆုံးခဲ့သည့်အတွက် မြန်မာနိုင်ငံက
မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် နအဖ စစ်အစိုးရက မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ထားရှိကာ ရန်ကုန်တွင် မြောက်ကိုရီးယား သံရုံးကို တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်းတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံအစိုးရ အရာရှိများဖြစ်သည့် သံတမန်များနှင့် ၀န်ထမ်းများ ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် စာချုပ်ကို တရားဝင်ချုပ်ဆိုခဲ့ ကြသည်။


မလေးရှား အကျဉ်းထောင်တွင် မြန်မာတဦး ထပ်မံသေဆုံး
Monday, 31 August 2009 18:30 သန်းထိုက်ဦး
E-mail Print
မလေးရှား နိုင်ငံတွင် အထိန်းသိမ်းခံနေရသူ မြန်မာအလုပ်သမား ၁ ဦး အဖျားရောဂါ တမျိုးကြောင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားသည် ပူထရာဂျာရာ ဆေးရုံတွင် ပြီးခဲ့သည့် စနေနေ့က သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများ အပါဝင် အထိန်းသိမ်းခံနေရ သူများ၏ အဆိုအရ သိရသည်။

သေဆုံးသူ ကိုစိုးသိန်းသည် ကွာလာလမ်ပူမြို့ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေးစခန်း အဆောင် ( ၁ ) တွင် ချုပ်နှောင်ခံ ထားရသူဖြစ်သည်။

“ရောဂါစဖြစ်တာ သုံးပတ်လောက်ရှိပြီ။ စဖြစ်ဖြစ်ချင်း ဖျားတာကနေ နောက်ပိုင်း ထမင်းစားချင်စိတ် မရှိတော့ဘူး။ နှစ်ပတ်လောက် နေတော့ ခန္ဓာကိုယ် တအားရောင်လာတယ်၊ အဲဒါ ပြီးခဲ့တဲ့ သောကြာနေ့က ဆေးရုံ တင်ပေး တယ် စနေနေ့မှာ ဆုံးသွားတယ်” ဟု ကိုစိုးသိန်းနှင့်အတူ အထိန်းသိမ်းခံနေခဲ့ရသည့် ကိုနေမင်းက ဧရာဝတီသို့ ပြောသည်။

ကိုစိုးသိန်း ချုပ်နှောင်ခံခဲ့ရသည့် အဆောင်တွင် ၎င်းဖြစ်ပွားခဲ့သော ရောဂါ ဝေဒနာမျိုး ခံစားနေရသူ ၅ ဦးခန့် ကျန်နေသေးကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရောဂါ အတိအကျကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းက အလားတူ ရောဂါ ဝေဒနာ ခံစားနေရသူ တဦး သေဆုံးခဲ့သေးကြောင်း ကိုနေမင်းက ပြောပြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာပြည်သား အလုပ်သမား ၂ ဦး သေဆုံးခဲ့ဖူးသည်။ သေဆုံးရသည့် အကြောင်းရင်း ပေါ်ထွက်လာခြင်း မရှိပေ။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို မကျွေးဘဲ ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရ ဓာတ် ချို့တဲ့နေကြသည်ဟု သိရသည်။ ၎င်း စခန်းအတွင်း ရေချိုးသည့်အခါ ဆပ်ပြာ မရှိသဖြင့်အများစုမှာ ယား နာများ စွဲကပ်နေရကြောင်းလည်း သိရသည်။

ကိုနေမင်း အပါအဝင် မြန်မာပြည်သားများမှာ မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေခဲ့ရပြီး ကွာလာ လမ်ပူ လေဆိပ်အနီး ထိန်းသိမ်းရေး စခန်းသို့ ၎င်းတို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့် ရှိနေသည်။ ထိုအထဲတွင် မြန်မာပြည်သား အများစု ပါဝင်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အထိန်းသိမ်းခံထားရသူများ အတွက် နေရာ ထိုင်ခင်းလည်း အလုံ အလောက် မရှိဘဲ အထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်မှုများရှိသည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံနေရသော မြန်မာပြည်သားများကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြား သား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။ အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။

ရွှေဝါရောင် လှုပ်ရှားမှု ၂ နှစ်ပြည့်ချိန်တွင် သံဃာတချို့ ဖမ်းဆီးခံရ
Monday, 31 August 2009 19:21 ဇာနည်မာန်
E-mail Print
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် ထိုလှုပ်ရှားမှု စတင် ဖြစ်ပွားခဲ့ရာ မကွေးတိုင်း အတွင်းရှိ ရဟန်း သံဃာများကို အာဏာပိုင်တို့က ဖမ်းဆီး ထိန်းသိမ်းလျက်ရှိသည်ဟု သိရသည်။

[၂၀၀၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော ရဟန်းသံဃာတို့ ဦးဆောင်သည့် ရန်ကုန်မြို့မှ ဆန္ဒပြပွဲ မြင်ကွင်းတခု]

၂၀၀၇ ခုနှစ်က ပေါ်ပေါက်ခဲ့သော ရဟန်းသံဃာတို့ ဦးဆောင်သည့် ရန်ကုန်မြို့မှ ဆန္ဒပြပွဲ မြင်ကွင်းတခု
လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့ဖူးသည့် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု ဆရာတော်နှင့်နီးစပ်သူ တဦးက ပြောပြသည်။

“အစောကလေးတင် လာခေါ်သွားတာ။ ဘာအကြောင်းရယ်လို့လဲ မသိရဘူး။ ဆရာတော်က သက်တော် ၇၀ လောက် ရှိနေပြီ။ အရင်တုန်းက လုပ်ခဲ့ဖူးတော့ အခုလည်း စက်တင်ဘာက နီးနေတော့ အဲဒီလို လုပ်မယ် ထင်လို့ ခေါ်သွားတာ နေမှာ” ဟု ဆရာတော်နှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

ကြသပတေးနေ့ကလည်း ရေနံချောင်းမှ သံဃာတပါး အထိန်းသိမ်းခံရကြောင်း သိရသည်။ ထိုသံဃာမှာ ရွှေစေတီ ပါဠိ တက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမ ဖြစ်သည်။

“(လာဖမ်းတာက) မကွေးက အက်စ်ဘီတွေ။ ပါတဲ့ သူတွေကတော့ အစုံပဲ။ အဲဒီနေ့ ည ၁၂ နာရီက လာခေါ်သွားတာလေ။ ရန်ကုန် ပို့တယ်တော့ အဲလိုပဲ ကြားနေတာပဲ။ သေချာ မသိဘူး” ဟု ရွှေစေတီ ပါဠိတက္ကသိုလ်မှ ဆရာတော်တပါးက ဧရာဝတီသို့ မိန့်သည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်းအမှတ်နေ့များတွင် ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ထိန်းသိမ်းခံလိုက်ရသည့် ရေနံချောင်းမှ ဆရာတော်နှစ်ပါးသည် ခင်မင် ရင်းနှီးသူများ ဖြစ်ကြသောကြောင့် ဆက်စပ်၍ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ဤအတောအတွင်း ပခုက္ကူမြို့မှ သံဃာများ ဖမ်းဆီးခံရသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

သောကြာနေ့ညက ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သတင်းရရှိသည်။

“ဦးဝိသုဒ္ဓက သူ့ကို အပြင် မထွက်ရဘူး ပြောတာကို အဲဒီလို လုပ်တာ မကြိုက်ဘူး ဆိုပြီး အပြင်ထွက်တော့ စောင့်နေတဲ့ ရဲတွေက ဖမ်းခေါ်သွားတာ။ ဘယ်ခေါ်သွားတယ် ဆိုတာ မသိရဘူး။ သူ့ကျောင်းက ဆရာတော်တွေကတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ကြားရတယ်” ဟု သာသနာ့ ၀ိပုလာ ရာမ ကျောင်းတိုက် နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ ဆရာတော်ကလည်း ဦးဝိသုဒ္ဓကို ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

ထိုညမှာပင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်မှ သံဃာတော် တပါးကိုလည်း အာဏာပိုင်တို့က စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ အဆိုပါ ဘွဲ့အမည် မသိရသေးသော သံဃာ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက်များ မရရှိသေးပါ။

ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် အနီးတ၀ိုက်တွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားပြီး သံဃာများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု မြို့ခံတဦးက ဆိုသည်။

“သူတို့က ကျောင်းတိုက်တွေထဲ ၀င်လိုက် ထွက်လိုက်နဲ့ လိုက်စစ်နေတာတွေ လုပ်တယ်။ ရွှေဝါရောင် နီးလာတော့ သူတို့ ကြောက်လို့ ထင်တယ်။ ဘုန်းကြီးတွေ လမ်းပေါ် ပြန်ထွက်မှာ သူတို့ ကြောက်နေပုံရတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ထို့အတူ မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်းဝင်၍ စစ်ဆေး မေးမြန်းနေသည်ဟု ဒေသခံများက ဆိုသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။ တောင်းဆိုချက်များကို အာဏာပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင်တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရှားပါး တိရစ္ဆာန်လိုချင်လား
Saturday, 29 August 2009 18:56 ကြည်ဝေ
E-mail Print
လမ်းမတော်သံဈေး မြေအောက်ခန်းမှ ဆိုင်ခန်းများဆီကို ခြေချမိသည်နှင့်ပင် ညှီစို့စို့၊ အောက်သိုးသိုး အနံ့ များရလာသည်။ထို့ပြင် ကြမ်းပြင်တို့သည်လည်း ရေတစိုစိုနှင့်သတိထားကာ လမ်းလျှောက်နေရသည်။

ရှေ့မှသွားနေသော ပုပု၀၀၊ အသားမည်းမည်းအမျိုးသမီးကတော့ရေစိုနေသော ကြမ်းပြင်မှာပင် တဖျတ်ဖျတ် နှင့်သွက်သွက်လက်လက်သွားနေသည်။

ထိုအမျိုးသမီးသည် ၁၂ လမ်းထိပ်မှာပင်“ယူမှာသေချာတယ်နော်၊ ဒီကိုယူလာပေးရမလား၊ လိုက်ကြည့်ဦး မလား”ဟု မေးပြီး ခပ်မှောင်မှောင်မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအသက် ၃၀ အရွယ်အမျိုးသမီးက ရန်ကုန် လမ်းမတော်မြို့နယ်၊ သံဈေးမှာပွဲစားလုပ်သည်။ အသား၊ ငါး မှန်သမျှ ၀ယ်လိုသူနှင့်ရောင်းလိုသူတို့ကိုဆုံပေးသည်။ အရောင်းအ၀ယ်ဖြစ်အောင် စပ်ပေးလျှင် ရောင်းသူ ထံမှ ပွဲခမြိုးမြိုးမြက်မြက်ရသူဖြစ်သည်။

[ရှားပါး တိရစ္ဆာန်များ မှောင်ခိုဈေးဖြင့် ရောင်းချရာ ရန်ကုန်မြို့ရှိ လမ်းမတော် သံဈေး (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)]

ရှားပါး တိရစ္ဆာန်များ မှောင်ခိုဈေးဖြင့် ရောင်းချရာ ရန်ကုန်မြို့ရှိ လမ်းမတော် သံဈေး (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)
“အရင်တုန်းကတော့ ဒီသံဈေးထိပ်မှာပဲ ဒီအတိုင်းချရောင်းကြတာ၊ ဘာပြသနာမှမရှိခဲ့ဘူး၊ အခု အဲလိုရောင်း လို့ မရတော့တာ ၁ နှစ် ၂ နှစ်လောက်ပဲရှိသေးတယ်၊ အဲဒါကြောင့် ဈေးရောင်းတဲ့ပုံစံ ပြောင်းလိုက်ရတာ” ဟု သူမက ပြောပြသည်။

ရှားပါးငါးတမျိုးဖြစ်သော “ငါးဟောက်” လိုချင်သည်၊ ၀ယ်မည်ဟု ပြောသည့်အတွက် သူက ဈေးထိပ်မှာပင် ဈေးပြောပြီး မြေအောက်ဆိုင်ခန်းများဆီကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

ရေထွက်သယံဇာတများထိန်းသိမ်းရေး ဥပဒေအရ ငါးမန်း၊ လိပ်၊ ဝေလငါး၊ လင်းပိုင် အပါအ၀င်အခြားသော ရှားပါးငါးများဖြစ်သည့် ငါးလင်ဗန်း၊ ငါးဟောက်၊ ငါးလိပ်ကျောက်၊ ကျောက်ငါး စသည့် မျိုးသုဉ်းလုနီးပါး ငါး အမျိုးအစားများအား ဖမ်းဆီးခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၃ သိန်း အထိ ချမှတ်အရေးယူနိုင်သည်ဟု ငါးလုပ်ငန်းဦးစီဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ကြောင့် သူမတို့ကဲ့သို့သော ပွဲစားများမှာ အမှန်တကယ်ဝယ်ယူမည့်သူများကိုသာ ဆိုင်ခန်းအထိခေါ်သွား ကြ ကြောင်း၊ အချို့ကို ၁၂ လမ်းထိပ်မှ ဆိုင်တဆိုင်မှာပင် စောင့်ခိုင်းပြီး ပစ္စည်းယူလာပြီး ပြပေးကြောင်း သူမက ပြောပြသည်။

မြေအောက်ခန်းမှ ဆိုင်အများစုမှာ အသားငါးရောင်းသော ဆိုင်ခန်းများဖြစ်ပြီး ပလတ်စတစ် လေးထောင့် ပုံးများ၊ ဖော့ဘူးများ၊ ပလတ်စတစ်စည်များ၊ သံ ဆန်ခါများ၊ သစ်သား သေတ္တာများနှင့် ပြည့်နေသော ဆိုင်ခန်း များဖြစ်သည်။ ၀ယ်သူတချို့ကိုလည်း တွေ့ရသည်။ ဆိုင်ခန်းများဆီမှ အမျိုးသမီးတချို့၏ စကားသံနှင့် ရယ်သံများကိုလည်း ကြားနေရသည်။

ရှေ့မှ ပွဲစားအမျိုးသမီးရပ်လိုက်သည့် ဆိုင်မှာ ၄ ပေ ပတ်လည်ခန့်ရှိသော ဆိုင်ခန်းနေရာမှာပင် ခပ်၀၀ အမျိုး သားတယောက်ထိုင်နေသော ဆိုင်ဖြစ်ပြီး ဆိုင်ခုံပေါ်မှာ ဖော့ဘူး ၂ ဘူးကို ထပ်ပြီးတင်ထားသည်။ ဆိုင်ခုံ အောက် ဘေးပတ်ပတ်လည်တွင်လည်း ဘူးများချထားသည်ကိုတွေ့ရသည်။

“ငါးဟောက် ကြည့်ချင်လို့တဲ့ ဈေးပြောပြီးသား”ဟု ပွဲစားအမျိုးသမီးက ပြောလိုက်သည်နှင့်ပင် ဆိုင်ရှင်အမျိုး သား က ဆိုင်ခုံအောက်မှ ဖော့ဘူးကြီးတဘူးကို ဆိုင်ခုံပေါ် ဆွဲတင်လိုက်သည်။

ပြီးနောက် ထိုဘူးထဲသို့ ထိပ်တွင် ခက်ရင်းခွကဲ့သို့သော သံဆူးတပ်ထားသည့် တုတ်တချောင်းနှင့် ထိုးကော် ထုတ်လိုက်သောအခါ ငါးရှဥ့်လိုလို မြွေလိုလို ခပ်မည်းမည်း ရှည်ရှည်တုတ်တုတ် ငါးဟောက် ငါးတကောင် ပါလာသည်။

ထိုအကောင်ဆီမှ ညှီနံ့က သွေးညှီနံ့လိုပင်၊ တုတ်ဖျားမှာ တွန့်လိမ်နေသော မည်းမည်းရှည်ရှည်အကောင်ကို တချက်ကြည့်ရင်း ခေါင်းရမ်းပြတော့ ဆိုင်ရှင်က ထိုအကောင်ကို သူ့ဘူးထဲပြန်ထည့်လိုက်သည်။ ထို့နောက် နောက်တကောင်ထုတ်ပြရန် ပြင်လေသည်။

ယနေ့ ငါးဟောက်တပိဿာ ပေါက်ဈေးမှာ ကျပ် ၁၆၀၀၀ ရှိကြောင်းသိရသည်။ တရုတ်လူမျိုးများအဓိက စားသုံးကြပြီး ဆေးဖက်ဝင်သည်ဟုနာမည်ကြီးသည်။ တရုတ်ပြည်သို့လည်း တခါတရံတင်ပို့ရောင်းချ နေကြောင်း သိရသည်။

ထိုမြေအောက်ဆိုင်ခန်းတချို့တွင် ပင်လယ်ငါးတချို့နှင့်ပင်လယ်စာ တချို့ကိုတင်ရောင်းကြပြီး ငါးဟောက်၊ ငါးလင်ဗန်း(ငါးဖရုံ)လို ရှားပါးငါးတချို့ကို ၀ယ်ယူ၍ ရကြောင်း တွေ့ရသည်။

[ဈေးကောင်းကောင်းဖြင့် ရောင်းရန် လှောင်ထားသော ရှားပါး ငှက်ကလေးများ (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)]

ဈေးကောင်းကောင်းဖြင့် ရောင်းရန် လှောင်ထားသော ရှားပါး ငှက်ကလေးများ (ဓာတ်ပုံ - ကြည်ဝေ/ဧရာဝတီ)
“ငါးလင်ဗန်းက တပိဿာကို ၁ သောင်းဈေးရှိတယ်၊ ဒီငါးကို စားရင် လေမဖြတ်ဘူး” ဟု ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်က ပလတ်စတစ်ပုံးတချို့ကိုဖွင့်ပြပြန်သည်။

ပလတ်စတစ်ပုံးထဲတွင် ၀မ်းဗိုက်ဖြူဖြူ မြွေကဲ့သို့ခပ်ရှည်ရှည် ငါးလင်ဗန်းများကို အကောင် လိုက်ပုံထားသည် ကို တွေ့ရသည်။ အခြားဈေးများတွင် တကောင်နှစ်ကောင် မြင်ရရန်ပင် ခက်ခဲရှားပါးနေပြီဖြစ်သော ငါးလင်ဗန်း များကို လေးငါးခြောက်ကောင်ခန့် မြင်တွေ့ရသည်။

ထို့နောက် ပလတ်စတစ်ပုံးကြီးတခုထဲတွင် အခွေလိုက်အခွေလိုက်ရှိနေကြသော မြွေတချို့ကိုလည်း မြင်တွေ့ ရသည်။ ထိုပုံးကို ဖွင့်လိုက်ကတည်းက စိမ်းရွှေရွှေအနံ့ကြီးက စူးလှကာ ပုံးထဲမှ မြွေတို့သည်လည်း တချို့က တွန့်လိမ်နေသည်၊ တချို့က ခွေလျက်ရှိသည်။ လိပ်သားနှင့် မျောက်သားကိုတော့ လိုချင်လျှင် ကြိုမှာထားရ ကြောင်း သူမက ပြောသည်။

တရုတ်နှစ်ကူးချိန်များဆိုလျှင် သံဈေးရှိ အသားတန်း၊ ငါးတန်းမှာ တရုတ်လူမျိုးများ၏ အော်ဒါများနှင့်သာ ပြည့်နေကြောင်း၊ တချို့ဆိုလျှင်နှစ်ကူးမရောက်ခင် ၂ လ ခန့်ကတည်းကပင် ကြိုတင်မှာထားကြကြောင်း
ပွဲစားအမျိုးသမီးက ပြောပြသည်။

ထိုဈေးသည် နေလယ် ၂ နာရီ နောက်ပိုင်းမှ စည်ကားတတ်ပြီး ဘီလားကဲ့သို့ ပိုးကောင်များမှ ဆတ်၊ ချေ သားမှစ၍ တောကြောင်သား၊ တောဝက်သား၊ ယုန်သား၊ မြွေသား၊ လိပ်သား၊ နွားနောက်သား အထိပင် ရတတ်သော ဈေးဖြစ်ပြီး အဓိက ဖောက်သည်ကြီးများမှာ စားသောက်ဆိုင်ကြီးများနှင့် တရုတ်လူမျိုးများ ဖြစ်သည်။

မြေအောက်ဆိုင်ခန်းများနှင့် သံဈေး၏ အထပ်တချို့တွင် ထိုကဲ့သို့ရှားရှားပါးပါး အသားငါးများကို ရောင်းချ ကြသော်လည်းအပြင်ဘက်တန်းလမ်းပေါ်မှာတော့ ရောင်စုံထီးများ မိုး၍ဆိုင်ခင်းပြီး ကဏန်းပျော့၊ ကဏန်းမာ တို့ပင်မက ခုံးကောင်များ၊ ခုံးသားများ၊ ဘီလားကောင်များနှင့် အမျိုးအမည်မသိသော ပိုးကောင် တချို့အား ရောင်းချနေကြသည်ကို တွေ့ရသည်။

တချို့ဈေးရောင်းသူများမှာ ဈေးရောင်းရင်း အသားငါး ပွဲစားအလုပ် လုပ်ကြသည်။

သံဈေးသည် အသားငါးများသာ မက တခြား စားသောက်ကုန်များဖြစ်သော ဟင်းသီးဟင်းရွက်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ၀က်ပေါင်ခြောက်၊ ဆတ်သားခြောက်စသည့် အခြောက်အခြမ်းရောင်းသည့် ဆိုင်ကြီး များမှသည် တရုတ်ဆေးပေါင်းများ၊ တရုတ် ဟင်းလျာချက်သည့်အခါ ထည့်သုံးသော ဟင်းခတ်အမွှေး အကြိုင်များ တရုတ်မုန့်များနှင့် ရိုးရာပစ္စည်းတချို့ကိုပါ ၀ယ်ယူရရှိနိုင်သော ဈေးကြီးဖြစ်သည်။

ထို့ပြင် စိတ်ဝင်စားစရာကောင်းသော ဆိုင်ကြီးတဆိုင်ကိုလည်း ၁၂ လမ်းထောင့်တွင် တွေ့မြင်ရလေသည်။
ထိုဆိုင်သည် ငှက်မျိုးစုံကို လှောင်အိမ်များတွင်ထည့်ထားပြီး လှောင်အိမ်များကို အထပ်ထပ်စီကာ တမျိုး၊ ချိတ်၍တသွယ် ပုံစံအမျိုးမျိုးချိတ်ဆွဲကာ ငှက်များ၊ လှောင်အိမ်များနှင့် ငှက်စာများပါ ရောင်းသော ဆိုင်ကြီး တဆိုင်ဖြစ်သည်။

ဆိုင်ရှေ့ချထားသော လှောင်အိမ်ပေါင်း ၄၀ ခန့်မှ ငှက်ကလေးများကလည်း အရောင်စုံ အမျိုးအမည်စုံ တွေ့ရသည်။ ထိုဆိုင်တွင် တင်ရောင်းသော ငှက်မျိုးပေါင်း ၃၀ ၀န်းကျင်ခန့်ထိ ရှိသည်။

ဆိုင်ရှေ့တွင် အမျိုးသား ၃ ဦးနှင့် အသက် ၁၅ နှစ်အရွယ်သာရှိဟန်တူသေးသော မိန်းကလေး တဦးတို့ ငှက်ကြည့်နေကြသည်ကို တွေ့ရသည်။

တီရှပ်အင်္ကျီအဖြူ၊ သရီးကွားတားဂျင်းစကပ် အပြာရင့်ရောင်ဝတ်ထားသော ကောင်မလေးသည် ဆိုင်ရှေ့ ရှိ လှောင်အိမ်များထဲတွင် ထည့်ထားသော ငှက်ကလေးများကို ငေးလျက် အချိန်အကြာကြီးရပ်ကြည့်နေသည်။

ထိုဆိုင်မှ ငှက်ရောင်းဈေးများမှာ ဈေးအပေါဆုံးနှင့် ကောင်ရေအများဆုံးဖြစ်သော ကြက်တူရွေး ငှက်ပင်လျှင် တကောင် ကျပ် ၆ ထောင်ဈေးရှိပြီး ငှက်မင်းသား ဗိုက်ဖြူဟု ခေါ်သော ရှားပါးငှက် စာရင်းဝင် ငှက်ကလေး များမှာ တကောင်လျှင် ကျပ် ၁ သောင်း ၅ထောင်၊ မျက်လုံးဖြူငှက်ပြာခြောက်ဟု ခေါ်သော ဦးခေါင်းပြာပြာ၊ ရင်အုပ်ဖြူဖြူ၊ အတောင်ပံမီးခိုးရောင်နှင့် လှောင်အိမ်တခုထဲတွင် တကောင်တည်းရှိနေသော ငှက်ကလေးမှာ တကောင်လျှင် ကျပ် ၅ သောင်းဈေးထိ ပေါက်ဈေးရှိကြောင်း၊ ထိုဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော အမျိုးသမီးထံမှ သိရသည်။

ထိုငှက်ရောင်းသော ဆိုင်ကလေးနှင့်ကပ်လျက်မှာပင် လှောင်အိမ်ကြီးထဲကို ယုန်ဖြူ၊ ယုန်မည်းလေးများ ထည့်ပြီး ချရောင်းနေသော အမျိုးသားတဦးကိုတွေ့ရသည်။

သံဆန်ခါ လှောင်အိမ်ဖြူဖြူထဲမှ ယုန်ကလေးများမှာ အသက်ငယ်သေးဟန်တူသည်။ ရန်ကုန်မြို့၏ နေ အပူရှိန်ကို ခံနိုင်စေရန်အတွက် လှောင်အိမ်ပေါ်တွင် ပိတ်စ အကျားတထည်ကို ဖုံးပေးထားသည်။ သို့သော် လည်း ယုန်ကလေးများကို ကြည့်ရသည်မှာ နွမ်းနေဟန်ရှိသည်။ ကြောက်နေဟန်တူသည်။

အမည်းရောင်၂ လသားအရွယ် ယုန်ကလေး၂ ကောင်ပါပြီး ကျန်အကောင်များမှာ အဖြူရောင်များ ဖြစ်သည်။ တကောင်ကို ကျပ် ၇ ထောင်ဈေးမှ ကျပ် ၁ သောင်းဈေးထိ ရှိကြောင်း ထိုအမျိုးသားက ပြောသည်။

မျောက်နှင့်တောကြောင်ကို တခါတရံလာရောက် ရောင်းသူများလည်း တွေ့ရတတ်ကြောင်း လသာမြို့နယ် တွင် နေထိုင်သူ တဦးက ပြောပြသည်။

“အမှန်တော့ ဒီကောင်တွေက တိရိစ္ဆာန်ဥယျာဉ်ထဲမှာပဲ ရှိရမယ့် အကောင်တွေပါ၊ အခုလို ဈေးထဲရောက် ရောက်လာတာ တွေ့ရတော့ အံ့သြမိတယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောဥပဒေတွင်လည်း မျောက်များ၊ တောကြောင်၊ တောဝက် ၊ ၀က်ဝံ ၊ ချေ စသည့် အကောင်များအပါအ၀င် ရှားပါးငှက် အမျိုးအစား တချို့ကို တရားမ၀င်ဖမ်းဆီးရောင်းချခွင့်ပိတ်ပင် ထားပြီး တရားမ၀င် ဖမ်းဆီး ရောင်းချခြင်းပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်နှင့် အထက် အရေးယူမည် ဟု ထုတ်ပြန် ကြေညာထားသည်။

ကိုးကန့်ဒုက္ခသည်တို့ အိမ်မပြန်ရဲသေး

31 August 2009


ကိုးကန့်တပ်ဖွဲ့တွေက တရုတ်အာဏာပိုင်ဆီမှာ လက်နက်အပ်ပြီး တရုတ်ပြည်တွင်းကို ၀င်ရောက်သွားခဲ့တဲ့ နောက်ပိုင်းမှာ ကိုးကန့်ဒေသကို မြန်မာစစ်တပ်တွေက ဖြန့်ကျက်နေရာယူ ထိန်းချုပ်ထားလိုက်ပြီး ဒီကနေ့အထိတော့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာ မရှိတော့ပါဘူး။ မြန်မာသတင်းစာတွေမှာ တရုတ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာပြီလို့ ဖော်ပြပေမယ့် ဒုက္ခသည် အများစုကတော့ မပြန်ရဲဘဲ ဖြစ်နေတယ်လို့ တရုတ်-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြားမှာ ဒီလ ၂၇ ရက်နေ့ကနေ ၃ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၉ ရက်နေ့က ကိုးကန့်တပ်ဖွဲ့တွေဟာ တရုတ်ပြည်တွင်းကို ဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေဟာ ၃၀ ရက်နေ့ မနေ့ကစပြီး ငြိမ်သက်သွားခဲ့ရာက ဒီကနေ့လည်း ထပ်မံ တိုက်ခိုက်တာတွေ မရှိတော့ဘူးလို့ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်ဦးက ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ ဒီပစ်ခတ်မှုက လောလောဆယ်တော့ ငြိမ်သွားပါပြီခင်ဗျ။ အခု ကိုးကန့်နယ် တော်တော်များများမှာ ဗမာစစ်သားတွေ နေရာယူထားပါတယ်ခင်ဗျ။”

ဒီနေ့ထုတ်ဝေတဲ့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာတော့ ၂၉ ရက်နေ့က စတင်ပြီး စစ်တပ်၊ ရဲနဲ့ ကိုးကန့် ပူးပေါင်းအဖွဲ့တွေက နယ်မြေကို ပြန်လည်ထိန်းသိမ်းပြီး တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေ ပြန်လည်ဝင်ရောက်လာပြီလို့ ဖော်ပြပါတယ်။

ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကိုးကန့်ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံ နမ့်ဆန်မြို့က ဒုက္ခသည်စခန်းမှာ ဆက်လက်နေထိုင်နေဆဲ ရှိတယ်လို့ ပြောပါတယ်။

“တကယ်လို့ အေးအေးချမ်းချမ်း ဆိုရင်တော့ ပြည်သူလူထု တော်တော်များများ ပြန်ဝင်ကြမှာပေါ့။ အခုတော့ ဘယ်သူမှ မပြန်သေးပါဘူး။ မနေ့ကတောင် နမ့်ဆန်မြို့ကို ဆက်သွယ်သေးတယ်။ အဲဒီက တယောက်မှ မပြန်သေးဘူး။ မနေ့က လောက်ကိုင်မှာ ခြံစောင့် ဈေးရောင်းတဲ့လူတွေကို ဆက်သွယ်သေးတယ်။ သူတို့လည်း ခြံထဲမှာပဲ နေတယ်၊ အပြင်မထွက်ဘူး။ မနေ့က သူ စားစရာဝယ်ဖို့ လောက်ကိုင်မြို့ထဲ ထွက်သွားတော့ ဆိုင်တွေ တဆိုင်မှ ထွက်တာမတွေ့ဘူး။ တချို့ဆိုင်တွေ ဖောက်ထားတာတွေ့တယ်၊ တချို့ဆိုင်တွေမှာဆိုရင် လူသေအလောင်းတွေ တွေ့လို့ သူလည်း ထွက်ပြေးသွားတယ်။”

တရုတ်-မြန်မာနယ်စပ်က နိုင်ငံရေး စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက မြန်မာစစ်တပ်ဖွဲ့တွေဟာ လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့တွေက ကုန်တိုက်တွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ထုတ်ယူနေတယ်လို့ ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တရုတ်စစ်ဘက်က ကိုးကန့် ဒုက္ခသည်တွေကို မပြန်ခိုင်းသေးဘဲ တားမြစ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“အခု တရုတ်တွေက ပြောတယ်၊ ခင်ဗျားတို့ အခြေအနေတော့ အေးဆေးသွားပြီ ထင်တယ်၊ ခင်ဗျားတို့ သွားရင် သွားကြပါဆိုတော့ မှန်ပြောင်းနဲ့ ကြည့်နေတဲ့ တရုတ်စစ်တပ်က လူတွေက ပြောတယ်၊ ခင်ဗျားတို့ အရမ်းမသွားကြနဲ့တဲ့။ သူတို့က အကုန်မြင်နေတာကိုး။ ဘာတွေလုပ်တယ်ဆိုတာ မှန်ပြောင်းနဲ့ကြည့်ရင် အကုန် မြင်နေရတာကိုး။ သွားတဲ့လူတွေကလည်း ဘယ်သူမှ ရွာလုံးကျွတ် မပြန်ရဲကြဘူး။ တရွာလုံးမှ လေးငါးယောက်စုပြီး အိမ်သွားပြန်ကြည့်ခိုင်းတာတို့ ဘာတို့ပေါ့ဗျာ။”

Myanmar refugees are seen around tents set up at a temporary refugee camp in Nansan in southwestern China Yunnan province, Monday, Aug. 31, 2009.AP
တရုတ်အစိုးရက စီစဉ်ပေးထားသော နမ့်ဆန်မြို့ရှိ ကိုးကန့်ဒုက္ခသည်စခန်း။
သြဂုတ် ၃၁၊ ၂၀၀၉။
ခုခါမှာတော့ တရုတ်နိုင်ငံ နမ့်ဆန်မြို့မှာ ကိုးကန့်ဒုက္ခသည် ၃၀,၀၀၀ လောက် ရောက်ရှိပြီး တရုတ်အစိုးရက ယာယီတဲ၊ စားစရာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းမှာတော့ ကိုးကန့်ပြဿနာဟာ ဥပဒေချိုးဖောက်သူ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖု၊ ဦးဖုန်တာရွှင်နဲ့ ဦးဖုန်တာလီတို့ ၄ ယောက်နဲ့သာ သက်ဆိုင်ပြီး ကျန်လူတွေနဲ့ မသက်ဆိုင်ကြောင်း၊ မသိနားမလည်ဘဲ ပါဝင်ခဲ့သူ ကိုးကန့်တပ်ဖွဲ့ဝင်တွေကို ဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လာနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလိုပြန်လာမယ်ဆိုရင် မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ မြန်မာအစိုးရဘက်က စစ်သား ၁၁ ယောက်၊ ရဲသား ၁၅ ယောက် ကျဆုံးခဲ့ပြီး ဖုန်ကြားရှင်ကို သစ္စာခံတဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က အလောင်း ၈ လောင်း ရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်ဒေသအတွင်း အခုလို တိုက်ပွဲတွေ ဖြစ်ပွားရတာဟာ ဒီလ ၂၃ ရက်နေ့က ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင်နေအိမ်ကို လက်နက်စက်ရုံ ရှိတယ်ဆိုပြီး ၀င်ရောက် စီးနင်းရှာဖွေရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကန်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား အခုအခါမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ပဋိပက္ခတွေကတော့ အဆုံးသတ်မှာ မဟုတ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်

31 August 2009


နေအိမ်မှာ အကျယ်ချုပ် ပြန်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနေထိုင်နေတဲ့ နေအိမ်ကို ပြန်ပြီးတော့ ပြင်ဆင်ဖို့ လုပ်နေပါတယ်။ လုံခြုံရေးအရ အားနည်းချက်တွေ ရှိနေတဲ့အတွက် အခုလို ပြင်ဆင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘ၀နဲ့ လက်ရှိနေထိုင်နေရတဲ့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ် မြို့နယ်ထဲက နေအိမ်ဟာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း နေအိမ်အကျယ်ချုပ် ဘ၀နဲ့ ရော၊ နိုင်ငံရေးလှုပ်ရှားမှု ကာလတွေမှာရော တောက်လျှောက် နေထိုင်လာခဲ့တဲ့ အိမ်ပါ။ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) အိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့လို့ နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး အင်းစိန်ထောင်ဝင်းထဲမှာ ပြောင်းရွှေ့ချုပ်နှောင် ခံရပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကာလမှာကတည်းက အိမ်ပြင်ဖို့ ပြောဆိုခဲ့ပြီး အခုတော့ စတင်လုပ်ဆောင်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အင်းစိန်မှာ နေကတည်းကိုက ကျနော်တို့ကို ပြောပါတယ်၊ ဒီအိမ်ဟာ အပေါ်ဝရန်တာတို့ လသာဆောင်တို့ ဘာတို့မှာ သံပန်း၊ သံတံခါး မရှိဘူး။ မတော်တဲ့လူအတွက် သိပ်လွယ်နေတယ်။ အဲဒါကြောင့် လုံခြုံရေးအရ ပြင်ဖို့လိုတယ်၊ သူ့ကို ဗိသုကာ ရှာပေးပါဆိုလို့ ကျနော်တို့ ရှာပေးထားတယ်။ ဗိသုကာက အိမ်သွားကြည့်တယ်၊ တိုင်းတယ်၊ သူ ပြင်ချင်တဲ့ဟာကို ဒီဇိုင်းဆွဲနေတယ်။ အဲဒီအဆင့်ပါ။”

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တာမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး အင်းစိန်ထောင်ဝင်းတွင်း စစ်ဆေးခဲ့တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချ၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းအမျိုးမျိုးနဲ့ စာနာထောက်ထားလို့ဆိုပြီး ပြစ်ဒဏ်ကို ထက်ဝက်လျှော့၊ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေစေလို့ အမိန့်ချတဲ့ရက် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း၊ အင်းလျားကန်ဘက်ခြမ်းကို ခြံစည်းရိုးကာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကနေ ဒါပဲလုပ်တာတွေ့ပြီး ကျန်တဲ့ ပြင်ဆင်မှုတော့ မတွေ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်သိတာကတော့ အင်းလျားကန်ဘက်မှာ Barbed Wire နဲ့ သံဆူးကြိုးနဲ့ နှစ်ထပ်၊ ဒါကတော့ အာဏာပိုင်တွေ လုပ်တာပါ။ ကျန်တဲ့နေရာတွေ ပြင်တာပြုတာတော့ ကျနော်သွားတဲ့အချိန် မတွေ့ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုချမှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက်တွေဟာ အရင်တုန်းက နေအိမ် အကျယ်ချုပ်ဘ၀ နဲ့ နေခဲ့ရဖူးတဲ့ ကန့်သတ်ချက်တွေထက် ပိုပြင်းထန်ပြီး အခြေအနေ ပိုဆိုးရွားတယ်လို့ ပြီးခဲ့တဲ့ရက်တွေအတွင်း ဦးဉာဏ်ဝင်း က ပြောထားဖူးပါတယ်။ အဲဒီထဲမှာ ထောက်ပြတဲ့ တချက်ကတော့ ဆရာဝန်တွေ့ခွင့် ကိစ္စပါ။ နေအိမ်မှာ ပြန်ရောက်ပြီးတဲ့ နောက် ဆရာဝန်တဦးကို အာဏာပိုင်တွေက လွှတ်ပေးခဲ့ပေမယ့် သူပြနေကျ ဆရာဝန် မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှုလာခဲ့ပြီး ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အစအဆုံး သိထားတဲ့ ဆရာဝန်နဲ့ပဲ ပြသခွင့် တောင်းခံထားတာကို အာဏာပိုင်တွေ ဘက်က အခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး အာဏာပိုင်ဘက်က တိတိကျကျ ပြန်ကြားတာ မရှိသေးဘူးလို့ပဲ ကျနော် သိရပါတယ်။”

တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ဒါကို အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီသီတင်းပတ်ထဲမှာတော့ အယူခံ လွှာ တင်ဖြစ်သွားဖို့ များပါတယ်လို့ ဦးဉာဏ်ဝင်းကပဲ ပြောပါတယ်။

အမှုမဖြစ်ခင် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးလေးမှာပဲ မစ္စတာယက်တော ရေကူးဝင်ရောက်ခဲ့တာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုပြီး အခုလို နောက်ထပ် နေအိမ်အကျယ်ချုပ် ၁၈ လတာ ကာလကို ဖြတ်သန်းနေရတာပါ။ ဒီအမှုဟာ ဥပဒေကြောင်းအရ မဟုတ်ဘဲ နိုင်ငံရေး ပယောဂနဲ့ စွဲဆိုခဲ့တာ ဖြစ်တယ်လို့ အမှုစဖြစ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ဘယ်လိုနည်းနဲ့မှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နိုင်ခြင်း မရှိအောင် အာဏာပိုင်တွေက အခုလိုလုပ်တာလို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့လို့ မဖြစ်နိုင်တာကြောင့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးပြီး မြန်မာပြည်နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ အပြည့် အ၀ ပါဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးက တောင်းဆိုနေကြပါတယ်။

ဂျပန် အနိုင်ရပါတီ အစိုးရဖွဲ့ဖို့ပြင်

31 August 2009


Yukio Hatoyama stands after a press conference in front of a white board full of red rosettes attached on victorious candidates' names, in Tokyo, early Monday, 31 Aug 2009
ရွေးကောက်ပွဲအနိုင်ရ DPJ ပါတီခေါင်းဆောင် ယူကီအို ဟတိုယာမာ။
သြဂုတ် ၃၁၊ ၂၀၀၉။
ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ Democratic Party of Japan (DPJ) က အပြတ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် DPJ ခေါင်းဆောင် ယူကီအို ဟတိုယာမာ (Yukio Hatoyama) က အစိုးရသစ်ဖွဲ့ဖို့ ဒီကနေ့မှာပဲ တိုင်ပင်ဆွေးနွေးမှုတွေ စတင်နေပါပြီ။

နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ပေးမယ့် ပိုပြီးသြဇာညောင်းတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်က ဝန်ကြီးအဖွဲ့သစ်ဖွဲ့ဖို့ ဆွေးနွေးနေတာပါ။ တရားဝင် မဲရလဒ်တွေအရ အမတ်နေရာ ၄၈၀ ရှိတဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာ ၃၀၈ နေရာ ရခဲ့ပါတယ်။ အထက်လွှတ်တော်မှာလည်း မစ္စတာဟတိုယာမာရဲ့ DPJ ပါတီက အနိုင်ရထားပြီးသား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရေးမှာ Corporate လုပ်ငန်းတွေထက် ကလေးစရိတ် ထောက်ပံ့မှုလို မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အပိုင်းမှာ ပိုပြီး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ မစ္စတာဟတိုယာမာနဲ့ သူ့ရဲ့ ဒီမိုကရက်ပါတီက ကတိပြုထားပါတယ်။

လက်ရှိအာဏာရ Liberal Democratic Party (LDP) ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးခဲ့တာဟာ သူ့ကြောင့်ပါလို့ ဝန်ကြီးချုပ် တာရို အာဆို (Taro Aso) က ဒီကနေ့ တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။ ပါတီခေါင်းဆောင် ရာထူးကနေလည်း ဆင်းပေးပါမယ်လို့ မစ္စတာအာဆိုက ပြောပါတယ်။

မစ္စတာအာဆိုရဲ့ LDP က အောက်လွှတ်တော်မှာ အမတ်နေရာ ၁၁၉ နေရာပဲ ရပါတယ်။ အတိုက်အခံ DPJ က အနိုင်ရလိုက်တာကြောင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးကတည်းက ဂျပန်ကို တောက်လျှောက်အုပ်ချုပ်လာတဲ့ LDP ရဲ့ အုပ်ချုပ်မှုဟာ အဆုံးသတ်သွားပါပြီ။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ

မောင်ရွှေ

မေ ၁၉၊ ၂၀၀၉

အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေး နိုးကြားမှု အရှိန်အဟုန် တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့ မြင်တွေ့နေရပါတယ်။

တချိန်တည်းမှာလည်း တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဌာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။

ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လို တုံ့ပြန်မှာလဲ ဆိုတာ စောင့်ကြည့်နေသူများအတွက် အဖြေ ရှာတွေ့နိုင်ပြီ ဖြစ်သလို NLD ကလည်း ဘယ်လိုများ ဆက်လျှောက်လှမ်းမှာလဲ ဆိုတာ တွေးကြည့်မိပါတယ်။

တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒ မရှိတဲ့ နအဖ

ဒေါ်စုနဲ့ ဆွေးနွေးဖို့ အတွက် “Precondition” တွေ လုပ်ထားတဲ့ ဗိုလ်သန်းရွှေက နိုင်ငံတကာ ဖိအားကို ရှောင်လွှဲဖို့ ဆက်ဆံရေး ၀န်ကြီး တစ်ယောက် ဟန်ပြ ခန့်ထားခဲ့တယ်။ အကျိုးရှိမယ့် ရလဒ် မထွက်နိုင်အောင် ဖန်တီးထားတဲ့ အခြေအနေတွေ ကြားထဲကနေ ဒေါ်စုကို အင်းစိန်ထောင်ပို့ တရားစွဲဆိုလိုက်တယ်။ အခုလို တရားစွဲဆိုထားရာကနေ အကျယ်ချုပ် ထပ်တိုးတယ်၊ သို့မဟုတ် အင်းစိန်ထောင်ထဲမှာ ထောင်ဒဏ် ချမှတ်လိုက်တယ် ဆိုရင်တော့ နအဖဟာ ဘယ်လိုနည်းနဲ့မှ တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒ မရှိကြောင်းနဲ့ သူ ဖြစ်ချင်သလို ဆက်လုပ်တော့မယ် ဆိုတာကို အထင်အရှား ပြလိုက်တာပဲ ဖြစ်ပါတယ်။

NLD ရဲ့ ရွှေဂုံတိုင် ကြေညာ စာတမ်း အပါအ၀င် အစဉ်တစိုက် တောင်းဆိုနေခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးအဆိုပြုချက်များ၊ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများကို မျက်နှာလွဲ ခဲပစ် လုပ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ယခင်ကလည်း လုပ်ခဲ့တယ်၊ ယခုလည်း လုပ်တယ်၊ နောင်လည်း လုပ်ဦးမှာ ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

‘’ဒေါ်စုကိုလည်း နအဖက အကျဉ်းချလိုက်ပြီ၊ ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း နအဖက မထေမဲ့မြင် ပြုလိုက်ပြီ၊ NLD က ဘယ်လို တုံ့ပြန် ဆောင်ရွက်မှာလဲ’’ ဆိုတဲ့ မေးခွန်းပါ။

ဖိအားများအောက်က NLD

လူထုက မေးမယ့် မေးခွန်း တစ်ခုက ‘’ဒေါ်စုကိုလည်း နအဖက အကျဉ်းချလိုက်ပြီ၊ ရွှေဂုံတိုင် ကြေညာစာတမ်းကိုလည်း နအဖက မထေမဲ့မြင်ပြုလိုက်ပြီ၊ NLD က ဘယ်လို တုံ့ပြန် ဆောင်ရွက်မှာလဲ’’ ဆိုတဲ့ မေးခွန်းပါ။ ဒီအချိန်မှာ သတိပြုရမှာက မြန်မ့ာ ဒီမိုကရေစီ တိုက်ပွဲ ဆယ် စုနှစ် ၂ စုကျော် ကြာမြင့်လာမှုအပေါ် အားမလို အားမရ ဖြစ်နေသူ ဒီမိုကရေစီ လိုလားသူ လူထုရဲ့ ဖိအားတွေ NLD အပေါ် ပိုမို ကျရောက်လာမယ့် အရေးပဲ ဖြစ်ပါတယ်။

လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့လိုတယ်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရခဲ့တဲ့ မဲတွေက စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်နိုင်ဖို့ လူထုက ပြတ်ပြတ် သားသား ပေးခဲ့တဲ့ Mandate ဖြစ်တယ်၊ NLD ရဲ့ ဦးဆောင်မှု မပြတ်သားလို့၊ အရည်အသွေး နိမ့်လို့ နအဖဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအပေါ်မှာ သူချည်းသာ - “ဒါရိုက်တာ၊ ၀တ္တုရေးသူ၊ ဇာတ်ညွန်းဆရာ၊ ကိုယ်တိုင် သရုပ်ဆောင် အပြင် ထုတ်လုပ်သူ” အဖြစ်ပါ နေရာတွေ ရယူထားနိုင်ခဲ့တယ်၊ … အစရှိတဲ့ ဝေဖန်မှုများဟာ ပြည်တွင်း/ပြည်ပ၊ ပါတီတွင်း/ပါတီပြင်ပ နေရာများမှာ ထွက်ပေါ်နေခဲ့တာ အချိန် တခု ရှိနေပါပြီ။ ဒေါ်စုကိုသာ အပြစ်ဒဏ်ပေးပြီးသွားရင် ဒီဝေဖန်မှုတွေနဲ့အတူ NLD အပေါ် ဖိအားတွေ ပိုမို ပေါ်ထွက်လာမှာ သေချာပေါက် ဖြစ်ပါ တယ်။

တဖက်ကလည်း ပါတီ ဆက်လက် ရပ်တည် နေနိုင်ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး ဖြစ်တယ်ဆိုတဲ့ အတွေးခေါ်နဲ့ အတူ ဒီပဲယင်း အရေးအခင်းလို အဖြစ်အပျက်ကို ရင်ဆိုင်ခဲ့ရစဉ်မှာပင် တပြည်လုံးက ပါတီဝင်များရဲ့ ပေါက်ကွဲတော့မယ့် ဆန္ဒကို ပါတီတွင်းမှာပဲ နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းသိမ်း ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဓိက ဆောင်ရွက်မှုများအဖြစ် နအဖရဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ပြုမူ ဆောင်ရွက်မှု အမျိုးမျိုး အပေါ် ထုတ်ပြန်ခဲ့တဲ့ အသီးသီးသော ကြေညာချက်၊ တောင်းဆိုချက်၊ စာစောင်၊ စာတမ်း မျိုးစုံကို လေ့လာတွေ့ရှိရပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုမှာလည်း ပါတီအနေနဲ့ ကြေညာချက်၊ တောင်းဆိုချက် ဆိုတာတွေချည်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

နအဖဘက်ကို ကြည့်ရင် ယခင်နှစ်များက ဆောင်ရွက်ခဲ့တဲ့အတိုင်း ဒေါ်စုကို အကျယ်ချုပ် သက်တမ်း တိုးနိုင်တဲ့ နည်းလမ်း ရှိပြီး ဖြစ်နေပေမယ့် ဒီနည်းကို မသုံးတော့ဘဲ ယခုလို တရားစွဲတာသည် တမင် ပွဲဆူအောင် လုပ်ခြင်းလား -

ရည်ရွယ်ချက်ရှိရှိနဲ့ ပွဲဆူအောင် လုပ်တာ ဆိုရင် NLD အပေါ် လူထုဖိအား များများ ရောက်လာတာကို နအဖက မြင်တွေ့ချင် နေတာလား -

ဒီလိုဆိုရင် NLD အပေါ် ဖိအား များလာတာဟာ သူ့အတွက် အကျိုးရှိနိုင်လို့လား -

အကျိုးရှိစေမယ် ဆိုရင် ဘယ်လိုအကျိုးရလဒ်ကို သူမျှော်မှန်းတာလဲ -

စသဖြင့် ထပ်မံ သုံးသပ်စရာများလည်း ရှိလာပါတယ်။

NLD ရှေ့ဆက်ရမယ့် ခရီး

ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်စေ ယနေ့ဖြစ်ရပ်ဟာ NLD အပေါ် ဖိအားတွေ ရောက်လာစေခဲ့ပါပြီ။ ဒီအခြေအနေဟာ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်း အတွက် မလွဲမသွေ ထည့်သွင်း စဉ်းစားရမယ့် အချက် တစ်ခု ဖြစ်ပါတယ်။

ဖြစ်ပေါ်လာမယ့် ဖိအားများနဲ့ NLD ရဲ့ ယခင် ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာများ အပေါ် အခြေခံလို့ မဝေးတော့တဲ့ အနာဂတ် ကာလမှာ NLD ဖြတ်သန်းရမယ့် အခင်းအကျင်း တစ်ခုကို အောက်ပါအတိုင်း Flowchart တခု ချ ဆွဲမိပါတယ်။

ဖြစ်နိုင်ဖွယ်ရှိတဲ့ NLD ရဲ့တုံ့ပြန်မှု အသီးသီးနဲ့ ဒီတုံ့ပြန်မှု အသီးသီးကြောင့် မြင်တွေ့ရဖွယ် ရှိတဲ့ ဖြစ်ရပ်များကို Flowchart မှာ တွေ့နိုင်ပါတယ်။ ဖြစ်ရပ်အသီးသီးကို တွေးတော ဆင်ခြင်ကြည့်ကြရအောင်။

Your browser may not support display of this image.ဖြစ်ရပ် (၁)

အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေနဲ့ ပြည့်စုံ ကောင်းမွန်လှတဲ့ အနာဂတ် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေနဲ့ အတူ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ခွင့် ရကြမယ့် အခွင့်အလမ်း တစ်ခု၊ လမ်းစတစ်ခု၊ တနည်းအားဖြင့် ဖြစ်ရပ် (၁) ဆိုတဲ့ မြင်ကွင်း တစ်ခုကို တွေ့မြင်ရဖို့ “လမ်းစ” မရှိတော့ပါဘူး။

ကျနော်တို့ ပေးလိုက်ရတာက မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ ကျောင်းသား ခေါင်းဆောင် များ၊ လူငယ် မျိုးဆက်သစ်များ၊ သံဃာ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်နဲ့ ပါတီဝင်မဟုတ်သူ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများ ဖြစ်ပါတယ်။



ဖြစ်ရပ် (၂)

NLD ပါတီရဲ့ ဦးဆောင်မှု မပါဘဲ ပါတီဝင် အချို့ရဲ့ ဆန္ဒအလျောက် လှုပ်ရှားမှု ပုံစံနဲ့ လူထုကိုပါ လှုံ့ဆော်ရင်း ရွှေဂုံတိုင် ကြေညာစာတမ်းပါ ရည်ရွယ်ချက်များကို ရယူ ပိုင်ဆိုင်နိုင်ရေးအတွက် “တွန်းတွန်း၊ တိုက်တိုက်” ဆောင်ရွက်လာမယ့် နိုင်ငံရေး လှုပ်ရှားမှုများနဲ့ သူ့ရဲ့ အကျိုးဆက် ဖြစ်ပါတယ်။

“Campaign နည်းလမ်း” အမျိုးမျိုးမှသည် လမ်းမပေါ်ထွက် ဆန္ဒပြ၊ ဖိအားပေး တောင်းဆိုမှု ပုံသဏ္ဌာန် အထိ ဖြစ်လာနိုင်တဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကာလ အတွင်း မကြာခဏ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး ဖြစ်ပါတယ်။ NLD နဲ့ နအဖ တို့ အကြား အလျော်အစား ဘာတွေ ရှိနိုင်သလဲ၊ တွေးကြည့်ရအောင်။

NLD အတွက် အရှုံးနဲ့ အမြတ် ။ ။ သေချာတာက ပါဝင်ဆောင်ရွက်ကြတဲ့ ပါတီဝင်တွေအပြင် ဦးဆောင်မှုကောင်းသူ၊ နအဖအတွက် အန္တရာယ်လို့ သတ်မှတ်ထားသူများ၊ လူထုကို စည်းရုံး လှုံဆော်နိုင်စွမ်းရှိသူများ “အားလုံး ထောင်ထဲ ရောက်”ကြပါလိမ့်မယ်။

လှုပ်ရှားမှုကလည်း ယခင်က ဆောင်ရွက်ခဲ့တဲ့ အတိုင်းအတာလောက်သာ ရှိမယ် ဆိုရင် သူတို့ ရည်ရွယ်ချက်များ မအောင်မြင်နိုင်ပါဘူး၊ နအဖကို ထိရောက်တဲ့ ဖိအား ပေးနိုင်မှာ မဟုတ်ပါဘူး။ ပါတီကလည်း “ရေမြွေသာသာ” အပြင်မှာ ကျန်ခဲ့ပါလိမ့်မယ်။

ဒါပေမယ့် ယနေ့ လူထုရဲ့ နိုင်ငံရေး ပြန်လည် နိုးကြားလာမှုကိုတော့ အတိုင်းအတာ တခုအထိ ဆက်လက် ထိန်းသိမ်းထားနိုင်ပါ့မယ်။ NLD ပါတီဝင်များရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်း အားထုတ်မှုများကို လူထုက အတိုင်းအတာ တခုအထိ အသိအမှတ် ပြုနေပါဦးမယ်။

နအဖအတွက် အရှုံးနဲ့ အမြတ် ။ ။ ယခု လက်ရှိ ရင်ဆိုင်နေရတဲ့ ဖိအားထက် ပိုတဲ့ ဖိအားမျိုး ရင်ဆိုင်ရဖို့ အခြေအနေ မရှိပါ။ လက်ရှိ ခြေလှမ်းများ အတိုင်း ရှေ့ဆက်လှမ်းနေမှာ ဖြစ်ပါတယ်။ နအဖအတွက် ရေမြွေသာသာ NLD ရှိနေခြင်းက NLD ကို ဖျက်သိမ်းပစ်လိုက်လို့ ရင်ဆိုင်ရမယ့် ဖိအားကို ရှောင်နိုင်တဲ့အပြင် နိုင်ငံရေး ဇာတ်ခုံကိုလည်း ယခုအတိုင်း စိတ်တိုင်းကျ ဆက်လက် ချယ်လှယ်ခွင့်၊ ဦးဆောင်ခွင့် ရနေဦးမှာ ဖြစ်ပါတယ်။

ဇာတ်ပေါင်းရင် NLD အရှုံးများပြီး နအဖ အမြတ်ထွက်တဲ့ အခြေအနေပါ။ ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကို ပြန်လည် သတိရဖို့လိုပါတယ်။ ကျနော်တို့ ပေးလိုက်ရတာက မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ လူငယ်မျိုးဆက်သစ်များ၊ သံဃာ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဝင်နဲ့ ပါတီဝင်မဟုတ်သူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ပါတယ်။

ရလိုက်တာက အချိန်ဆွဲနေတဲ့ အမျိုးသားညီလာခံ အဆုံးသတ်သွားခြင်း၊ ရည်ရွယ်ချက် ရှိရှိနဲ့ ဖျောက်ထားတဲ့ လမ်းပြမြေပုံ အချိန်ဇယားမှာ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ သတ်မှတ်ပေးရခြင်း၊ နိုင်ငံတကာရဲ့ တိုးမြင့်လာတဲ့ ဖိအားနဲ့ ထင်ရှားလာတဲ့ နအဖရဲ့ အတွင်းသရုပ်မှန်တို့ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၈ ဆန္ဒခံယူပွဲကာလနဲ့ ယနေ့ အချိန်တွေမှာ အထက်က ခေါင်းဆောင်တွေ၊ မျိုးဆက်သစ်တွေ မပါဝင် နိုင်တော့တဲ့ အခြေအနေကို ကြည့်ရင် ကျနော်တို့ ပေးဆပ်ခဲ့ရတဲ့ အတိုင်းအတာ ဘယ်လောက် များတယ် ဆိုတာ စာဖတ်သူများ တွက်ကြည့် နိုင်ပါတယ်။

ဒီအတွက်ကြောင့် NLD ဟာ ဖြစ်ရပ်(၂) အခြေအနေကို ရှောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။ တနည်းအားဖြင့်လည်း ယနေ့ ဒေါ်စုကို တရားစွဲကာ ပွဲဆူအောင် ဖန်တီးနေတဲ့ နအဖဟာ ဒီအခြေအနေကို ရချင်လို့ ဆောင်ရွက်နေတာလို့ မြင်မိပါတယ်။

ဒီအပြင် ဖြစ်ရပ်(၂) ဟာ အဲဒီနေရာမှာ ရပ်တည်သွားမှာ မဟုတ်ပါဘူး။ အင်အားများ ထပ်မံချိနဲ့သွားရပြန်တဲ့ NLD ဟာ တက်မစုံ ရွက်မစုံနဲ့ ဖြစ်ရပ် (၄) (၅) (၆) တခုခုကို ရင်ဆိုင် ဖြတ်သန်းရဦးမှာပါ။ အဆက်အစပ် ရှိနေစေဖို့ ဖြစ်ရပ် (၃)ကို ကျော်ပြီး ဖြစ်ရပ် (၄) (၅) (၆)ကို ဆက်လက် တင်ပြပါမယ်။

နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်မှာ ရွေးကောက်ပွဲ မ၀င်သော်လည်း နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည် ဆိုရင်တော့ နအဖကို ထိုင်ကန်တော့သင့်ပါတယ်။

ဖြစ်ရပ် (၄)

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာမယ့် အချိန်အထိ စောင့်ဆိုင်းရင်း ကြေညာချက်၊ တောင်းဆိုချက် အသီးသီး ထုတ်ပြန်ကောင်း ထုတ်ပြန်နေနိုင်ပါတယ်။ ဥပဒေ ထွက်လာပြီးတဲ့ နောက်တနေ့ - “ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များ မရရှိသည့်အတွက် ရွေးကောက်ပွဲ မ၀င်တော့ကြောင်း” ဆုံးဖြတ်ချက် ပါ။

NLD အတွက် အရှုံးအမြတ် ။ ။ ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို ပယ်ဖျက်လိုက်သည်လို့ ကြေညာရင်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို နအဖက ကြေညာမှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေမှာ ရွေးကောက်ပွဲ မ၀င်ရင် ပါတီအဖြစ် ရပ်တည်နေလို့ မရအောင် ဥပဒေကို ရေးဆွဲထားမယ် ဆိုတာ ယုံမှား သံသယဖြစ်ဖွယ် မရှိပါ။ ဒါဆိုရင် NLDရဲ့ အနေအထားသည် မြေပေါ်မှာလည်း မရှိ၊ မြေအောက်မှာလည်း မရှိ၊ ဘေးပယောဂမပါ၊ “မိမိဆန္ဒအရ ဖျက်သိမ်းလိုက်ရသလို” ဖြစ်ပါလိမ့်မယ်။

နအဖရဲ့ လမ်းပြမြေပုံ အဆင့် (၆) လွှတ်တော် ခေါ်ယူခြင်းနဲ့ အဆင့်(၇) အစိုးရ ဖွဲ့စည်းခြင်းများ ပြီးသွားရင် ၁၉၉၀ ရလဒ်သည်လည်း အိပ်မက်ပမာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ၁၉၉၀ လူထုရဲ့ Mandate အရ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း မိသားစုနဲ့ ရှင်ကွဲ/ သေကွဲ ကွဲကြရသူအပေါင်းနဲ့ သူတို့မိသားစုတွေ ရင်ဆိုင်ခဲ့ကြရတဲ့ ဒုက္ခအပေါင်းကို လှောင်ပြောင်ရာ ရောက်မယ့် အပြင် အစကတည်းက မဖွဲ့ပါနဲ့လား၊ တို့ - တခြား ပါတီကို မဲပေးခဲ့မှာပေါ့ လို့ လူထုက ပြောကြပါလိမ့်မယ်။

လုံးဝ (လုံးဝ) မဖြစ်သင့်တဲ့ ဖြစ်ရပ် တစ်ခုပါပဲ။

အကယ်လို့များ နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်မှာ ရွေးကောက်ပွဲ မ၀င်သော်လည်း နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်နိုင်သည် ဆိုရင်တော့ နအဖကို ထိုင်ကန်တော့သင့်ပါတယ်။

နအဖအတွက် အရှုံးအမြတ် ။ ။ နအဖ သတင်း ထုတ်ပြန်ရေးအဖွဲ့က သူတို့ အသုံးအတိုင်း ‘’NLD သည် မိမိ ဆန္ဒ အလျောက် မပါဝင်ခြင်း ဖြစ်ပါကြောင်း’’ ‘’ဥပဒေအရ ပါတီအဖြစ်မှ ပျက်ပြယ်သွားခြင်း ဖြစ်ပါကြောင်း’’ ဒူးနှံ့ကာ ပြောကြ ပါလိမ့်မယ်။

NLD ကို ဗဟိုပြုလို့ နိုင်ငံတကာရဲ့ ဖိအားပေး တောင်းဆိုမှုတွေ ဆက်လက် ရင်ဆိုင်စရာ နအဖမှာ မရှိတော့ပါဘူး။ ဇာတ်ပေါင်းရင်တော့ ဒီဖြစ်ရပ် (၄)ဟာ ဗိုလ်သန်းရွှေ အတောင့်တဆုံးနဲ့ ညတိုင်းမက်တဲ့ “ရွှေအိပ်မက်” ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖအတွက် အားမထုတ်ဘဲ ရလိုက်တဲ့ “ဘောနပ်စ်” ကောင်းကောင်း ဖြစ်ပါလိမ့်မယ်။

ဖြစ်ရပ် (၅)

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေ ပေါ်ထွက်လာပါပြီ။ ဖြစ်ရပ်(၄)လို အဖြစ်မျိုးကိုလည်း ရှောင်ရှားချင်တယ်။ အမတ်နေရာ အားလုံးမှာ ၀င်အရွေးခံပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကြီးကို ထောက်ခံ လိုက်သလို ဖြစ်မယ့် ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှားချင်တယ်၊ ပါတီရဲ့ ဆက်လက် ရှင်သန် ရပ်တည်ရေးအတွက် မတတ်သာလို့ ၀င်ပြိုင်ရတာပါ ဆိုတဲ့ သတင်းစကားကိုလည်း လူထုကို ချပြချင်တဲ့အတွက် ဥပဒေသစ်အရ “နိုင်ငံရေး ပါတီတစ်ခု အနေနဲ့ အနည်းဆုံး ပါဝင်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ် အရေအတွက်ကိုပဲ ၀င်ပြိုင်ရတဲ့” ဖြစ်ရပ်ပေါ့။

NLD အတွက် အရှုံးအမြတ် ။ ။ နိုင်ငံရေး ပါတီ တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေနိုင်တဲ့ အချက်ကလွဲလို့ “ကျန်တာ အရှုံး” လို့ ဆိုနိုင်ပါတယ်။

ပထမဆုံး ၁၉၉၀ ရလဒ် ဆုံးရှုံးပါမယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံတကာရဲ့ ၁၉၉၀ ရလဒ်အပေါ် ထောက်ခံ ရပ်တည်မှုများကို စွန့်လွှတ်ရပါမယ်။

ဒုတိယအနေနဲ့ ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ အနည်းစု အမတ် အရေအတွက်နဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက် ပြသနိုင်စရာ လမ်းစ မတွေ့မိပါဘူး။

ဒါဟာ နိုင်ငံရေးအရ သေဆုံးခြင်းပါပဲ။

အမျိုးသား ညီလာခံမှာလည်း ဒီမိုကရေစီနည်းလမ်း မကျလို့ ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လူထုအတွက် အကျိုးရှိဖွယ် မမြင်ဆိုပြီး ကန့်ကွက်ခဲ့တယ်၊ ၂၀၀၈ လူထု ဆန္ဒခံယူပွဲမှာလည်း ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်ကြဖို့ ဆော်သြခဲ့တယ်၊ အဲဒီနေ့ အဲဒီ အချိန်မှာတော့ အဲဒီ ဖွဲ့စည်းပုံထဲမှာပဲ ဘာမှလည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်မပေးနိုင်တဲ့ ရှင်နေသော်လည်း သေနေရတဲ့ နိုင်ငံရေး ပါတီ တစ်ခုသာ ဖြစ်ပါလိမ့်မယ်။

ပထမဆုံးက ၁၉၉၀ အိပ်မက်ဆိုးကြီး ထပ်မက်စရာ မရှိတော့ပါဘူး။

နအဖအတွက် အရှုံးအမြတ် ။ ။ ဖြစ်ရပ်(၄)က ဗိုလ်သန်းရွှေရဲ့ ညတိုင်းမက်တဲ့ ရွှေအိပ်မက်ဖြစ်ရင် ဒီဖြစ်ရပ်(၅) ဟာ “တစ်ညခြား တစ်ခါ မက်နေတဲ့ ငွေအိပ်မက်” ပဲ ဖြစ်ပါလိမ့်မယ်။

ပထမဆုံးက ၁၉၉၀ အိပ်မက်ဆိုးကြီး ထပ်မက်စရာ မရှိတော့ပါဘူး။

၁၉၉၀ ရလဒ်ကို အခြေခံတဲ့ ပြည်ပ အတိုက်အခံများနဲ့ ပြည်ပက ဖိအားများလည်း ပပျောက်သွားပါလိမ့်မယ်။

ဒီအပြင် အနာဂတ် လွှတ်တော်ထဲမှာလည်း အဓိက အတိုက်အခံ ဆိုတာ မရှိနိုင်တော့ပါဘူး။

စိတ်တိုင်းကျ ဆက်လက် ချယ်လှယ်လို့ ရပြီ ဖြစ်ပါတယ်။ ဇာတ်ပေါင်းရရင် နအဖအတွက် နည်းနည်း အားထုတ်ရုံနဲ့ များများ ရလိုက်တဲ့ ဘောနပ်စ် ကောင်းကောင်း တစ်ခုပါပဲ။

ဖြစ်ရပ် (၆)

၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေလည်း ပေါ်ထွက်လာပြီ။ ဖြစ်ရပ်(၄)နဲ့ (၅)ရဲ့ အခြေအနေမျိုးကိုလည်း ရှောင်ရှားချင်နေတယ်။ ဒါကြောင့် “အမတ်နေရာ အားလုံးမှာ ၀င် အရွေးခံပြီး ၂၀၁၀ အလွန်မှာလည်း ဒီမိုကရေစီအရေးကို လွှတ်တော်အတွင်းက ဆက်လက် တိုက်ပွဲဝင်သွားမယ်” လို့ ဆုံးဖြတ်လိုက်တဲ့ တုံ့ပြန်မှုပါ။

NLD အတွက် အရှုံးအမြတ် ။ ။ ပထမဆုံး ရင်ဆိုင်ရမှာက ဖြစ်ရပ်(၅)မှာ တင်ပြခဲ့သလို ၁၉၉၀ ရလဒ် စွန့်လွှတ်ရပါလိမ့်မယ်။ လူထုက မေးလာနိုင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီလိုမျိုးသာ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် အမျိုးသားညီလာခံက ဘာလို့ ထွက်လာသေးသလဲ ဆိုတဲ့ မေးခွန်းပါ။

ပြောင်းလဲခဲ့တဲ့ ရပ်တည်ချက်အတွက် ပြိုင်ဘက် ပါတီများရဲ့ ထိုးနှက် တိုက်ခိုက်ခြင်းများနဲ့အတူ နအဖ ရဲ့ စိတ်ဓာတ် စစ်ဆင်ရေးဒဏ်ကို ဖြစ်ရပ် (၅) မှာထက် ပိုမိုခံစားရမှာ သေချာပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးသူရဲ့ ကြားနေမှုသည် ၁၉၉၀ ပြည့်နှစ် အနေအထားနဲ့ လုံးဝ မတူနိုင်တော့သလို ၁၉၉၀ တုန်းက မရှိသေးတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် စွက်ဖက်ကြဦးမယ့် အချက်ကို ထည့်စဉ်းစားမယ် ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲကလို အောင်မြင်မှုမျိုး ပြန်ရဖို့ ခဲယဉ်းလှပါတယ်။

NLD အနေနဲ့ ဖြစ်ရပ် (၆)ကို ရွေးချယ်မယ်ဆိုရင် ခံစစ်လုံဖို့၊ ညီညွတ်ဖို့ အထူးလိုပါမယ်၊ အထူးသဖြင့် အင်ပြည့်အားပြည့် ဖြစ်နေစေဖို့အတွက် ဖြစ်ရပ် (၂)လို အခြေအနေမျိုး ကြုံတွေ့ခဲ့ရခြင်းမှ လုံးဝ ရှောင်ရှားသင့်ပါတယ်။

အရေးအကြီးဆုံးက မီဒီယာအား ကောင်းကောင်းနဲ့ မိမိရဲ့ ရွေးချယ်မှုကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ လူထုထံ တင်ပြနိုင်ဖို့ အထူး လိုအပ်ပါလိမ့်မယ်။ ဖြစ်ရပ် (၅)နဲ့ နှိုင်းယှဉ်ရင် နိုင်ငံရေးအရ အရှုံးတွေ့နိုင်ခြေ ပိုမိုရှိနေပေမယ့် လွှတ်တော်မှာတော့ ရပ်တည်ချက်တစ်ခုကို ချပြနိုင်တဲ့ အင်အားတစ်ခု ရှိကောင်း ရှိလာနိုင်ပါတယ်။

ဒါပေမယ့် ဘာမှ လှုပ်လို့မရအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံမှာ လူထုမြင်ချင်တဲ့ အချက်တွေကို ဖန်တီးပေးဖို့ မလွယ်လှပါ။

နအဖအတွက် အရှုံးအမြတ် ။ ။ ဖြစ်ရပ်(၅) အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခုပဲ ကွာနိုင်ပါတယ်။ နအဖရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းတွေ ဖြစ်ရပ် (၅) မှာထက် ပို အလုပ်များ ပါလိမ့်မယ်။ NLD ကို ပုတ်ခတ် တိုက်ခိုက်မယ့် ပြိုင်ဖက် နိုင်ငံရေးသမားများကို မီးထိုးပေးတဲ့အလုပ် ပို လုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဖက်ဆစ် တပည့်ကျော်တွေက NLDကို ဖြစ်ရပ် (၂) ကြုံတွေ့ပြီးမှ ဖြစ်ရပ် (၆)ကို ဖြတ်ကျော်စေဖို့ ဖန်တီးလိုကြတာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ပြောပြော ဖက်ဆစ် တပည့်ကျော်တွေ အလုပ် ပိုပေမယ့် ဗိုလ်သန်းရွှေ အတွက်တော့ ငွေအိပ်မက် လက်တွေ့ဖြစ်လာခြင်းပါ။

“NLD ပေါက်စ - ထောင် အနှစ် ၁၀၀ …” လို့ ကြွေးကြော်ရင်းနဲ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်ကြမယ့် လှုပ်ရှားမှုပါ။

ဖြစ်ရပ် (၃)

ပါတီတစ်ခုလုံး ညီညီ ညွတ်ညွတ်နဲ့ လူထုကိုပါ လှုံ့ဆော်ရင်း ရွှေဂုံတိုင် ကြေညာစာတမ်းပါ တောင်းဆိုချက်များ ရယူ ပိုင်ဆိုင်နိုင်ဖို့ ဖိအားပေး အရှိန်တင်လာတဲ့ လှုပ်ရှားမှု၊

“NLD ပေါက်စ - ထောင်အနှစ် (၁၀၀) …” လို့ ကြွေးကြော်ရင်းနဲ့ တဗိုလ်ဆင်း တဗိုလ်တက် လုပ်ကြမယ့် လှုပ်ရှားမှုပါ။

Campaign နည်းလမ်း အမျိုးမျိုးကနေ လမ်းမပေါ်ထွက် ဆန္ဒပြ ဖိအားပေး တောင်းဆိုမှု ပုံသဏ္ဍာန်အထိ ဖြစ်လာနိုင်တဲ့ တုံ့ပြန်မှုပါ။

NLD အတွက် အရှုံးအမြတ် ။ ။ အရှုံးကြီးသလို အမြတ်ကြမ်းနိုင်ပါတယ်။ NLD ရှိသမျှ အင်အားကုန် ထောင်ထဲ ရောက်ပါ့မယ်။ မတရားအသင်း အဖြစ် ကြေညာခံရနိုင်ပါတယ်။

ဒါပေမယ့် မိမိရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကို မယိမ်းမယိုင် ကြံကြံခံ ရပ်တည်သွားတဲ့ နိုင်ငံရေးပါတီအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ ယခင်က ပါတီရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည် လျော့နေသူများပင် လေးစားသမှု ပြုလာရနိုင်ပါတယ်။

ဖြစ်ရပ် (၄)ကို “အသေထွက်” ထွက် သွားရတာလို့ ခိုင်းနှိုင်းရရင် ယခုဖြစ်ရပ်ဟာ “အရှင်ထွက်”လို့ ပြောရပါလိမ့်မယ်။

ပါတီဝင် အားလုံး ထောင်ထဲ ရောက်လို့ ပါတီလုပ်ငန်း ရပ်သွားသလို ရှိပေမယ့် “ပါတီဟာ ရှင်သန်ဆဲ”ပင် ဖြစ်ပါတယ်။

ထောင်ကထွက်တဲ့နေ့ NLD ပြန်လည် ရှင်သန် ထမြောက်တဲ့နေ့ ဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံရေး အမြတ်ဟာ ၂၀၁၀ လွန် ကာလများကို လွှမ်းမိုးနိုင်စွမ်း ရှိပါလိမ့်မယ်။

အရေး အကြီးဆုံးက အကျိုး ရှိရှိလုပ်ပြီးမှ နအဖရဲ့ အစား ခံဖို့ ဖြစ်ပါတယ်။

ဒီ့အတွက် Game plan ကောင်းကောင်းတော့ လိုပါလိမ့်မယ်။ ရွှေဝါရောင် အရေးအခင်းရဲ့ ဖိအားက နအဖရဲ့ လမ်းပြမြေပုံမှာ အချိန်ဇယားတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

အခု ဒီဖြစ်ရပ်က ထွက်ပေါ်လာမယ့် ဖိအားကတော့ NLD လိုလား တောင့်တတဲ့ “ရွှေဂုံတိုင် ကြေညာစာတမ်း”ပါ အချက်များအတွက် ထိရောက် တဲ့ ဖိအား ဖြစ်လာစေမှာပါ။

နအဖအတွက် အရှုံးအမြတ် ။ ။ NLD ပါတီတစ်ခုလုံး ထောင်ထဲ ထည့်လိုက်လို့၊ NLD ကို မတရားသင်း ကြေညာလိုက်လို့ နအဖအတွက် ခလုတ်ကန်သင်းရှင်းပြီး အမြတ်ထွက်ပြီလို့ မြင်နိုင်ပေမယ့် အပေါ်ယံမှာသာ ဖြစ်ပါလိမ့်မယ်။ လက်တွေ့မှာ အရှုံးဖြစ်ပါတယ်။

ပထမဆုံးက ရွှေဝါရောင် အရေးအခင်း၊ နာဂစ်နဲ့ ဒေါ်စုကို တရားစွဲဆိုခဲ့လို့ ယနေ့ နအဖ ရင်ဆိုင်နေရတဲ့ ပြည်တွင်း/ပြည်ပ ဖိအားများ အပေါ်မှာ ထပ်ဆင့် တိုးလာတဲ့ ဖိအားများ ခံစားရမှာ ဖြစ်ပါတယ်။

သူတို့ မြေမြှုပ်လိုက်ချင်တဲ့ ၁၉၉၀ ရလဒ်ဟာ လေထဲမှာ အလံလွင့်နေသလို ဖြစ်လာစေမယ့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှု အခြေအနေဟာလည်း NLD နဲ့အတူ ထောင်ထဲပါသွားမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကလည်း နိုင်ငံတကာကို ကတိပေးထားပြီးဖြစ်လို့ NLD တပါတီလုံး ထောင်ချထားပြီး လုပ်ရမယ့် ရွေးကောက်ပွဲကို စာဖတ်သူများ မြင်ယောင် ကြည့်စေချင်ပါတယ်။

နအဖ မြင်တွေ့လိုခြင်း မရှိတဲ့ ဖြစ်ရပ်လို့ ထင်မြင်မိပါတယ်။ NLDကို ချစ်လို့မဟုတ်ပါ။ သူတို့အတွက် အရှုံးများလို့ပါ။ အမြတ်များမယ်ဆိုရင် အရင်ကတည်းက လုပ်ခဲ့တာ ကြာပါပြီ။

NLD တပါတီလုံး ထောင်ချထားပြီး လုပ်ရမယ့် ရွေးကောက်ပွဲကို စာဖတ်သူများ မြင်ယောင် ကြည့်စေချင်ပါတယ်။



ဖြစ်ရပ်များ စုစည်းသုံးသပ်ခြင်း

အထက်ပါ ဖြစ်ရပ် ၆ ခုကို ပြန်တွေးကြည့်ရအောင် -

ဖြစ်ရပ် (၁) - ယခုအခြေအနေအတိုင်းဆိုလျှင် မြင်တွေ့စရာ လမ်းစ မရှိပါ။

ဖြစ်ရပ် (၂) - ဒီမိုကရေစီရေး လိုလားသူများအတွက်၊ NLD အတွက် အမြတ်ထက် အရှုံးများ ပါသည်။ ထင်သာ မြင်သာတဲ့ ရလဒ်တစ်ခု ပေးနိုင်တဲ့ အခြေအနေ မရှိပါ။ နအဖအတွက်တော့ အမြတ် ပိုထွက်ပါသည်။ NLD အနေဖြင့် ဖြစ်ရပ်(၆) ကို မျှော်မှန်း၊ ပြင်ဆင် မယ်ဆိုရင်ဖြင့် ယခုဖြစ်ရပ်(၂)ကို လုံးဝရှောင်ရှားရမယ့် အခြေအနေ တစ်ခုပါ။

ဖြစ်ရပ် (၃) - NLD အတွက် အရှုံးလည်းကြီး၊ အမြတ်လည်း ကြီးနိုင်ပါသည်။ အထူးသဖြင့် နိုင်ငံရေး အမြတ်ကြီးပါမည်။ နိုင်ငံရေး ဦးဆောင်မှုအခြေအနေကို ၂၀၁၀ကာလလွန်ချိန် အထိ သယ်ဆောင်သွားနိုင်ပါသည်။

နအဖအတွက် အမြတ်နည်းပြီး အရှုံးများတဲ့ ဖြစ်ရပ်ပါ။ ဖြစ်ရပ် (၃) အလွန် ထိရောက်လျှင်ဖြင့်၊ ပြည်တွင်း/ပြည်ပအားများ ထပ်မံ ပေါင်းစပ်နိုင်ပါက အရွေ့သည် ဖြစ်ရပ်(၁)ကို ဦးတည်ပါလိမ့်မည်။

သို့သော် ညီညွတ်မှုမရှိ၊ စုစည်းမှု ပျက်ပျယ်သွားလျှင်ဖြင့် ဖြစ်ရပ် (၂) အသွင်ဆောင်သွားပါလိမ့်မည်။ ၁၉၉၀-၉၁ ကာလကို ပြန်လည် သတိရစရာပါ။

ဖြစ်ရပ် (၄) - နိုင်ငံရေး အသေထွက် ဖြစ်ပါလိမ့်မည်။ လုံးဝ မဖြစ်သင့်သည့် ဖြစ်ရပ်တစ်ခုပါ။ ဗိုလ် သန်းရွှေ၏ ရွှေအိပ်မက်ဖြစ်ပါသည်။

ဖြစ်ရပ် (၅) - ရှင်လျက်နှင့် သေနေရသည့် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါလိမ့်မည်။ ဗိုလ် သန်းရွှေ၏ ငွေအိပ်မက် ဖြစ်ပါသည်။

ဖြစ်ရပ် (၆) - ဖြစ်ရပ် (၅) နှင့် အလားတူဖြစ်ပါလိမ့်မည်။ အနည်းငယ် ကွာသည်မှာ လွှတ်တော်တွင် အသံ တစ်ခုတော့ ရှိနိုင်ပါလိမ့်မည်။

တကွက်ကျော

ယခုဆောင်းပါးဟာ လက်ရှိ မြင်တွေ့ ကြားသိရတဲ့ အခြေအနေများအပေါ် အခြေခံလို့ Brain storming (ဦးနှောက် မုန်တိုင်းဆင်) လုပ်ထားခြင်း ဖြစ်ပါတယ်။ ဦးနှောက်များများ ပါလေ ဖြစ်ရပ်နဲ့ ဖြစ်စဉ်လေးတွေ ပိုမို ပီပြင်လာစေမှာ ဖြစ်ပါတယ်။

အထူးသဖြင့် အခြေအနေတွေကို လက်တွေ့ ရင်ဆိုင်နေရသူ၊ သတင်းတွေကို လက်လှမ်းမီနေသူ၊ နအဖရဲ့ စစ်ဖက်၊ နယ်ဖက်၊ ထောက် လှမ်းရေးအဖွဲ့များနဲ့ NLD မှာ တာဝန်ယူခဲ့သူများ ပါဝင်ဆောင်ရွက်ကြမယ်ဆိုရင် လက်တွေ့ ဖြစ်နိုင်ခြေနဲ့ အလွန့်ကို နီးစပ်တဲ့ ဖြစ်ရပ်များကို ကြိုတင် ဖန်တီး တွေးဆနိုင်ပါတယ်။

ဒီတွေ့ရှိချက်များကို အခြေခံပြီး Scenario planning များ ကောင်းကောင်း လုပ်ကာ မြန်မာ့ ဒီမိုကရေစီအရေးမှာ နအဖထက် တကွက်မက ကျောအောင် ကစားနိုင်ဖို့ လိုနေပါပြီ။ အထူးသဖြင့် ဖြစ်စဉ် (၃)မှာ လူထုအား ပါလာခဲ့လျှင်၊ စစ်တပ် အစိတ်အပိုင်းအချို့က နားလည် သဘောပေါက်လာခဲ့လျှင် အပြောင်းအလဲကို မျှော်မှန်းနိုင်ပါသည်။

NLD က မိမိ အစီအစဉ်ကို လူထုထံ ချပြနိုင်လျှင်ဖြင့် လူထုတွင် ခေါင်းဆောင်မဲ့နေသည့် အတွေးနဲ့ ခံစားမှုမျိုး ပပျောက်သွားစေနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမြဲပြောခဲ့သလို မဟတ္တမဂန္ဒီနည်းလမ်း၊ အကြမ်းမဖက် နည်းလမ်း သည် လျို့ဝှက်ရန် အကြောင်းမရှိ လူထုအားကို အခြေခံပြီး ဖွင့်တိုက်ရန်ပင် ဖြစ်ပါသည်။

၂၀၁၀ မတိုင်မီကာလမှာလည်း မိမိ ရပ်တည်ချက်အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၀ ကာလအလွန်မှာလည်း နိုင်ငံရေးရပ်တည်ချက် အပြောင်းအလဲ မရှိ၊ ပါတီရဲ့ ပုံရိပ်(image)နဲ့ အသွင်သဏ္ဌာန် (identity) ပိုမို ကောင်းမွန်စွာနဲ့ ကောင်းစွာလှုပ်ရှား ရပ်တည်သွားနိုင်မယ့် နည်းလမ်းများကိုလည်း ရှာတွေ့နိုင်ပါသေးတယ်လို့ ယူဆမိပါတယ်။ ။

၂၀၀၉ ခုနှစ်၊ မေလ (၁၉)ရက်၊ အင်္ဂါနေ့

(The Article is translated into English and posted on MoeMaKa English Edition at - http://moemaka.org/index.php?option=com_content&view=article&id=391:maung-shwe-national-league-for-democracy-and-possible-scenarios-&catid=85:analysis&Itemid=265 )

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ဖေါ်ပြသည့် ဓါတ်ပုံများအပေါ်ဝေဘန်ပြောဆိုလျက်ရှိ

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၃၁၊ ၂၀၀၉
#fullpost {display:none;}

ယနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း သေဆုံးရသည့် ရဲတပ်ဖွဲ့ဝင်များ သတင်းဓါတ်ပုံများမှာ စာဖတ်သူများကို ထိတ်လန့်တုန်လှုပ်စေသည့် အပြင် သေဆုံသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက်လည်း စိတ်ထိခိုက်ဖွယ်ရာဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့ခံ များကပြောဆိုလျက်ရှိသည်။

ယနေ့နံနက်ထုတ် သတင်းစာများတွင် ကိုးကန့် တပ်ဖွဲ့များက ဓါးစာခံများအဖြစ် ဖမ်းဆီးခြင်းခံရသည့် မြန်မာရဲများအား အချုပ်ခန်းနှင့် ပြင်ပ မြက်ခင်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်းခံရသည့် ပုံများကိုဖေါ်ပြထားပြီး ထိုသို့ဖေါ်ပြရာတွင်လည်း အစိုးရသတင်းစာ သုံးစောင်တွင် တစောင်နှင့် တစောင်မတူကွဲပြားစွာ ဖေါ်ပြခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် နယူးလိုက်အော့ဖ် မြန်မာတွင် ဖေါ်ပြထားသည့် ဓါတ်ပုံတပုံတွင် ပါးစပ်ကို သေနတ်ထိမှန်ထားသည့် ရဲတပ်ဖွဲ့ဝင်တဦး၏ မျက်နှာကို အနီးကပ် ရိုက်ကူးပြီး ဖေါ်ပြထားသည်။ မြန်မာ့အလင်း သတင်းစာတွင်မူ နှစ်ယောက်ထိုင် ထိုင်ခုံပေါ်တွင် ထိုင်လျက်သေဆုံးနေသည့် ရဲနှစ်ဦး၊ အချုပ်ခန်းနံဘေးတွင် ထိုင်လျက်သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပုံများဖြစ်သည်ကို တွေ့ရသည်။

ရန်ကုန်မြို့မှ သတင်းစာဖတ်သူ တဦးက` စစ်အစိုးရဟာ ခါတိုင်း ဒီလိုတခါမှ ဖေါ်ပြလေ့မရှိဘူး၊ နောက်တခုထူးတာက အခုဖေါ်ပြတာ သူတို့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ သူပုန်တွေလည်း မဟုတ်ဘူး၊ သူတို့ရဲ့ နောက်လိုက်တွေ အခုလို ရုပ်ပျက်ဆင်းပျက် သေနေတာကို ဘာလို့ဖေါ်ပြလဲ၊ ဘာရည်ရွယ်ချက်လဲ ဆိုတာနားမလည်နိုင်ဘူး၊ နောက်တခုထူးတာက ရဲတွေသေတာတော့ ဖေါ်ပြပြီး စစ်တပ်က သေတာတော့ ဘာလို့မဖေါ်ပြလဲဆိုတာပါ။ စစ်တပ်အရာရှိတွေ သေတယ်ဆိုတာ သတင်းစာနာရေးကို ဖတ်ရင်သိနိုင်တာပဲ၊ တနေ့က ဗိုလ်အဆင့်တယောက်၊ ဒီနေ့ ဗိုလ်မှူးအဆင့် တယောက်ပါတယ်´ ဟုဆိုသည်။
ပုဂ္ဂလိက မီဒီယာမှ သတင်းထောက် တဦးကမူ `အခုလိုပုံတွေ ထည့်လို့ စာဖတ်သူအတွက် ဘာအကျိုးမှ မရှိတဲ့အပြင် သေဆုံးသူတွေရဲ့ မိသားစုနဲ့ဆွေမျိုးသားချင်း တွေအတွက် စိတ်ထိခိုက်စရာသာ ဖြစ်နိုင်ပါတယ်၊ စာနယ်ဇင်းကျင့်ဝတ်အရ ဖေါ်ပြသင့်တယ်လို့ ကျွန်တော်တော့ မထင်ဘူး၊ နအဖ အစိုးရက ကိုးကန့်အဖွဲ့ကို ရက်စက်တဲ့ အဖွဲ့တခုအဖြစ် ပုံဖေါ်ချင်တာကြောင့် ထည့်တာလို့ ကျွန်တော်တော့ ထင်တာပဲ´ ဟုဝေဘန်ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ရဲတပ်ဖွဲ့ဝင်တဦးကမူ ရဲများသေဆုံးရခြင်းနှင့် ပတ်သက်ပြီး `ရဲတွေက တိုက်ခိုက်ရေး တပ်ဖွဲ့မှမဟုတ်တာ၊ ရဲတွေကို အသုံးချတာ၊ အကျိုးအမြတ်နဲ့ယှဉ်လာရင် နအဖက ချကျွေးတာမျိုး လုပ်လေ့ရှိတယ်၊ အခုဟာလည်း ဒီလိုသဘောပါပဲ၊ ကျွန်တော်တို့ ၂၀၀၇ စက်တင်ဘာတုန်းကလည်း သံဃာတွေကို နှိပ်ကွပ်ဖို့ အတင်းအကြပ်စေခိုင်းခဲ့တာ၊ အခွင့်အရေးယူဖို့ဆို ရင်တော့ စစ်တပ်က ရှေ့ဆုံးကပါပဲ´ ဟုဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ခဲ့သည့် ကိုးကန့်ဒေသ စစ်ရေးပြင်ဆင်မှုနှင့် တိုက်ပွဲသတင်းများကို လူထုက စိတ်ဝင်စားလျက်ရှိပြီး ယနေ့ထုတ် သတင်းစာများမှာ နေ့လည်မွန်းမတည့်မီ ဆိုင်များပေါ်မှ ရောင်းကုန်သွားခဲ့သည်ဟု သတင်းစာဖတ်သူ တဦးက ပြောဆိုသည်။

အဆိုပါ သတင်း ဓါတ်ပုံများကို အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက ဂျာနယ်အချို့က အစိုးရသတင်းစဉ်မှ တောင်းယူကာ လာမည့်ရက်ပိုင်းတွင် ဖေါ်ပြဖို့ ပြင်ဆင်လျက်ရှိကြောင်း ဂျာနယ်သတင်းထောက် အချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်း စစ်အစိုးရ ဖွင့်ချပြီ
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၃၁၊ ၂ဝဝ၉

တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးရာမှ စတင်ခဲ့ကြောင်း၊ ၎င်းတို့ကို သွားရောက် ကယ်ဆယ်စဉ် ကိုးကန့်တပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ပွဲမှာ ၃ ရက် ကြာခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း “တပ်မတော်သား ကျဆုံး ၁၁ဦး၊ ဒဏ်ရာရ ၃၄ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကျဆုံုး ၁၅ ဦး၊ ဒဏ်ရာရ ၁၃ဦး၊ ဦးဖုန်ကြားရှင်ကို သစ္စာခံသော ကိုးကန့်တပ်ဖွဲ့ဝင်များမှ အလောင်းရှစ်လောင်း” ကို တွေ့ရသည်ဟု ဆိုသည်။

အထူးဒေသ (၁) ကို ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့က အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ယာယီဦးစီးကော်မတီ အသစ် ဖွဲ့စည်းထားသည်ဟု ဆိုသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခေါင်းဆောင် ၄ ဦးကို အပြစ်ပုံချထားပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံးကို အရေးယူမည်မဟုတ်ဟု ကြေညာလိုက်သည်။ ခေါင်းဆောင် ၄ ဦးမှာ “ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင် နှင့် ဦးဖုန်တာလီ” တို့ ဖြစ်သည်ဟု ဆိုသည်။

တပ်ဖွဲ့ဝင်များအား “လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီ ဦးစီး ကော်မတီသို့ ဆက်သွယ် ၀င်ရောက်ကြရန်” ဟု စစ်အစိုးရက ကြေညာထားသည်။

ယာယီဦးစီးကော်မတီ အသစ် ကလည်း ကြေညာချက် ထုတ်ပြန်ထားရာ သတင်းစာတွင် ဖော်ပြထားသည်။ ကိုးကန့်ဒေသရှိ လက်နက်ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံကို အစိုးရက ၀င်ရောက် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး “ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုများ” ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခုအချိန်အထိ ဦးဖုန်ကြားရှင် ဘက်မှ လည်းကောင်း၊ ကိုးကန့်အဖွဲ့၏ မဟာမိတ် တိုင်းရင်းသားအဖွဲ့များ ထံမှ လည်းကောင်း တစုံတရာ သဘောထား ထုတ်ပြန်ခြင်း မရှိသေးပေ။

MDUF နာယကကြီး ဦးစိုးလွင် ကွယ်လွန်
Monday, 31 August 2009 18:14 ရိုးမ ၃
E-mail Print
မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး(MDUF) နာယကကြီး ဦးစိုးလွင်သည် ထိုင်း-မြန်မာ နယ်စပ်တွင် ယမန့်နေ့က ကွယ်လွန်သွားခဲ့သည်။

ယမန်နေ့ည (၁၁) နာရီ (၃၅) မိနစ်တွင် လူကြီးရောဂါဖြင့် မိသားစုနေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၁) နှစ် ရှိပြီဖြစ်သည်။

ဦးစိုးလွင် (ဓာတ်ပုံ - ရိုးမ ၃)

ဦးစိုးလွင် (ဓာတ်ပုံ - ရိုးမ ၃)
နာယကကြီး ဦးစိုးလွင်ကို အဖ ဦးထွန်းစိန်၊ အမိ ဒေါ်သိန်းတင်တို့မှ ၂၁.၆.၁၉၁၉ ရက်နေ့တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့ပြီး မူလတန်းပညာကို ပဲခူးမြို့တွင် သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တွင် အထက်တန်းပညာနှင့် တက္ကသိုလ် တတိယနှစ် အထိ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သဖြင့် ကျောင်း ၂ နှစ် ထုတ်ခံ ခဲ့ရသည်။

၁၃၀၀ ပြည့်အရေးတော်ပုံတွင် အာရှလူငယ်အဖွဲ့ဝင်အဖြစ် မန္တလေးတိုင်းတွင်တာဝန်ယူခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် နယ်ချဲ့ တော်လှန်ရေးတွင် ဗိုလ်အာဠာဝကနှင့်အတူ ဗိုလ်ကြီးအဆင့်တာဝန်ယူခဲ့ကာ ၁၉၄၅ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလတွင် ဗိုလ်မှူးကြီး ဗထူးနှင့်အတူ အထက်ဗမာပြည်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ တွင် ဗမာ့တပ်မတော် ဖွဲ့စည်းရာတွင် ဒုဗိုလ်အဆင့်ဖြင့် တပ်ရင်း (၅) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီဝင် တဦးဖြစ်လာသည်။ ၁၉၄၉ တွင် တော်လှန်ရေးနယ်မြေကို ရောက်ရှိခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဒုဗိုလ်မှူးကြီး တာဝန်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ၊ တနင်္သာရီတိုင်း တပ်မဟာ (၇) မှူးတာဝန်ဖြင့် ထားဝယ်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ကရက်မှ ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရပြီး ၁၉၉၅ တွင် မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦးတွင် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ တွင် ကျန်းမာရေးကြောင့် ဒုဥက္ကဌ တာဝန်မှ အနားယူပြီး နယကအဖြစ် ကွယ်လွန်ချိန်ထိ ဆက်လက်တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ၎င်း၏ နှစ် (၉၀) မြောက်မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့သေးသည်။ နာယကကြီး ဦးစိုးလွင်၏ ဈာပနကို မနက်ဖြန် (၁-၉-၂၀၀၉ ရက်နေ့) တွင် သင်္ဂြိုဟ်မည်ဖြစ်သည်။

တအာင်းယဉ်ကျေးမှု စာပေနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sunday, 30 August 2009 00:00 ဖြိုးကြီး
E-mail Print
(၄) ကြိမ်မြောက် တအာင်းယဉ်ကျေးမှု စာပေနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တအာင်း(ပလောင်)လူမျိုးများအနေဖြင့် မည့်သည့် ဖိနှိပ်မှုအောက်တွင်မဆို ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုကို ရသည့်နည်းလမ်းဖြင့် မြှင့်တင်သွားရန် ယနေ့ကျရောက်သည့် တအာင်းယဉ်ကျေးမှု စာပေနေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အလုပ်အမှုဆောင်ကော်မတီဝင် မိုင်းဘုန်းကျော်က ပြောသည်။

အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)

အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)
အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “တအာင်း(ပလောင်)အမျိုးသားရဲ့ စာပေကို မပပျောက်အောင် ဆက်လက်ထိန်းသိမ်းသွားရမယ်၊ ကျနော်တို့ရဲ့ နေ့ထူးနေ့မြတ်မှနေ ကျနော်တို့ရဲ့ စာပေကို ကျနော်တို့ မြှင့်တင်ဖို့လိုတယ်။ ကျနော်တို့ ပလောင်မျိုးနွယ်စုတွေ ဘယ်လောက်ပဲ များနေပါစေ ဒီစာပေကို မြှင့်တင်ဖို့ အကုန်လုံး သတိရစေချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင် ယခုကဲ့သို့ ယဉ်ကျေးမှုစာပေနေ့ကို ကျင်းပခွင့်မရဘဲ လေးနှစ်တကြိမ် ပလောင်စာပေညီလာခံကိုသာ ကျင်းပနိုင်ပြီး အာဏာပိုင်များ၏ ကန့်သတ်မှုဘောင်အတွင်းက လုပ်ဆောင်နေရသဖြင့် ထိထိရောက်ရောက် ဆွေးနွေး နိုင်ခဲ့ခြင်းမရှိကြောင်း မိုင်းဘုန်းကျော်က ဆက်ပြောသည်။

အခမ်းနားသို့ တက်ရောက်လာသည့် တအာင်းအမျိုးသမီးတဦးက “ကျမအနေနဲ့ အရမ်းဝမ်းသာပါတယ်၊ ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်ပေမဲ့ ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ့်ရဲ့စာပေယဉ်ကျေးမှု၊ ကိုယ့်ရဲ့ ရိုးရာအကတွေနဲ့ ဖျော်ဖြေနိုင်ပြီး ကျမတို့တတွေ ဘယ်လိုနေထိုင် စားသောက်ကြတယ်ဆိုတာကို ထုတ်ဖော်ပြသခွင့်ရတဲ့အတွက်ပေါ့။ အများအားဖြင့် ကိုယ့်နိုင်ငံအတွင်းမှာတောင် ပလောင်ဆိုတာ ဘာလဲဆိုတာ မသိတာတွေ ရှိတယ်၊ အခုလို အခြားတိုင်းရင်းသားတွေရှေ့မှာ ချပြရတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး” ဟု ပြောသည်။

မြန်မာပြည်တွင် နေထိုင်လျှက်ရှိသည့် တအာင်းလူမျိုးများအပါအဝင် နိုင်ငံတကာတွင် ရောက်ရှိနေသည့် တအာင်းလူမျိုးများအနေဖြင့် မည့်သည့်နေရာတွင် ရောက်နေပါစေ မိမိတို့ စာပေယဉ်ကျေးမှုကိုမမေ့ဘဲ ကိုယ့်လူမျိုးကိုယ်မြတ်နိုးကာ ဂုဏ်ယူတတ်ဖို့လိုကြောင်း အခမ်းအနားတက်ရောက်လာသည့် တအာင်းလူငယ်တဦးက ပြောသည်။

တအာင်းစာပေ ပေါ်ထွန်းလာရေးအတွက် ၁၆ ယောက်မြောက် တအာင်းစော်ဘွား ခွန်ပန်းစိန်က ဦးဆောင်ဦးရွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပထမဆုံးသော တအာင်းစာပေညီလာခံကို ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့ပြီး ထိုနှစ်အတွင်းမှာပင် ဒုတိယအကြိမ်ညီလာခံကို သြဂုတ်လ (၃၀) ရက်နေ့တွင် ပြုလုပ်ကာ ယနေ့ သုံးစွဲနေသည့် ဗျည်း၊ သရများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။


ဝက်တုတ်ကွေးရောဂါကြောင့် ဘင်္ဂလာဒေခ်ျ့တွင် အမျိုးသမီး တဦး ပထမဆုံး သေဆုံး

8/31/2009

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အမျိုးသမီး တဦးသည် ပထမဆုံး H1N1 ၀က်တုတ်ကွေး ရောဂါကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူ အမျိုးသမီးမှာ အသက် ၃၇ နှစ်ရှိပြီ ဖြစ်သော မာတီယာ ချက်ကရာဘော်တီ ဖြစ်သည်။

သူမသည် ဒက္ကားမြို့မှ အနောက်မြောက်ဘက် မိုင်(၃၀) ခန့်အကွာတွင်တည်ရှိသော ဆာဗာ အရပ်မှ ဖြစ်ပြီး ဒက္ကားမြို့ Lab Aid ဆေးရုံတွင် ယမန်နေ့ ညနေ ၁၀ နာရီ ၃၀ တွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါသေဆုံးမူကို အတည်ပြုလိုက်ပြီး အဆိုပါ ရောဂါကို ကာကွယ်ရေးအတွက် တိုးမြှင့် လုပ်ဆောင်ရန် ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ၀က်တုတ်ကွေးရောဂါ ဖြစ်ပွားနေသူပေါင်း ၁၉၉ ဦးရှိပြီး အဆိုပါ စာရင်းမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ထုတ်ပြန်သော စာရင်း ဖြစ်သည်။

ဝက်တုတ်ကွေးရောဂါ ဖြစ်ပွားမူနုန်း လျှင်မြန်စွာ ပျံ့နှံ့လာမူကြောင်း ဒက္ကားတွင် ပုဂ္ဂလိက နိုင်ငံခြားကျောင်း (၂) ကျောင်းကိုလည်း စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ဝက်တုတ်ကွေးရောဂါကြောင့် ဘင်္ဂလာတွင် သေဆုံးမူ ရှိနေသော်လည်း မြန်မာနိုင်ငံနှင့် ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အတိုင်း ဆက်လက် တည်ရှိနေသည်။


ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် နအဖဘက်မှ ၁၁ ယောက်ကျဆုံးပြီး ၃၉ ဦးဒဏ်ရာ ရရှိကြောင်း ကျေညာ

8/30/2009

ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် သြဂတ်စ်လ ၂၇ ရက်နေ့မှ ၂၉ ရက်ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၁ ဦးကျဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိကြောင်း နအဖ ရုပ်သံမှ ယနေ့တွင် ကျေညာသည်။

၎င်းပြင် ကိုးကန့်အဖွဲ့၏ ပစ်ခတ်မူကြောင့် ရန်နောင်တိုင်း ရဲစခန်းမှ ရဲသား ၁၄ ဦးသေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ ကျန် ၂၅ ဦးမှာ တစုံတရာ ဒဏ်ရာ ရရှိခြင်း မရှိဘဲ လွတ်မြှောက်လာကြောင်း ကျေညာသည်။

ကိုးကန့်ဖက်မှ အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိပြီး လက်နက် ၂၀၀ ကျောက်သိမ်းပိုက်ရရှိသည်ဟု မြန်မာ့ရုပ်သံက ကျေညာသည်ဟု ကော့ဘဇားမြို့ခံ တဦးက ပြောသည်။

သြဂတ်စ်လ ၈ ရက်နေ့က မြန်မာ့ ရဲတပ်ဖွဲ့မှ ကိုးကန့် အပစ်ရပ်အဖွဲ့မှ လက်နက်များ ထုတ်လုပ်နေကြောင်း ဖေါ်ထုတ် ရရှိပြီးနောက်ပိုင်း ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် နအဖ စစ်အစိုးရအကြား အခြေအနေတင်းမာလာခဲ့သည်။

၎င်းနောက်ပိုင်း ကိုးကန့် တပ်ဖွဲ့မှ သြဂတ်စ်လ ၂၈ ရက်နေ့တွင် ရန်နောင်တိုင်း ရဲစခန်းကို ၀င်ရောက် သိမ်းပိုက်ပြီး ရဲသားများကို ပြန်ပေးဆွဲသွားခဲ့သည်။

နအဖ ရုပ်သံမှ ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲမှာ သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့် ၁ နာရီတွင် ပြီးဆုံးကြောင်း ကျေညာသွားခဲ့သည်။

ဖုန်ကြားရှင်နှင့် ခေါင်းဆောင် ၄ ဦးကို လုံးဝလက်ခံတော့မည် မဟုတ်တော့ကြောင်းနှင့် အဓိက တရားခံများ အဖြစ် ကျေညာသည်ဟု လည်းသိရသည်။

ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခဲ့သော အဖွဲ့ ဖြစ်သည်။


ကိုယ်စားလှယ်လောင်းရွှေးချယ်ရန် ရခိုင်စစ်မှူးထမ်းဟောင်း အစည်းအဝေး ကျင်းပမည်

8/30/2009

မင်းအောင်(နိရဉ္စရာ) လာမည့် စက်တင်္ဘာလ ၈ ရက်နေ့တွင် ရခိုင် စစ်မှူးထမ်းဟောင်း အဖွဲ့ အစည်းအဝေးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ အမ်းမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဘူးသီးတောင်မြို့မှ စစ်မှူးထမ်းဟောင်း တဦးဖြစ်သူ ဦးအောင်သာကျော်မှ “အစည်းအဝေးကို စက်တင်္ဘာ ၈ ရက်နေ့မှာ စတင် ကျင်းပပါမယ်။ ရခိုင်ပြည်နယ် စစ်မှူးထမ်းဟောင်း အဖွဲ့ထဲက မြို့နယ်အလိုက် ၂၀၁၀ ခုနှစ်မှာ ပါဝင် ယှဉ်ပြိုင်နိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်ကတော့ ၃ ဦးကို တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေးသို့ မြို့နယ် တမြို့နယ်မှ စစ်မှူးထမ်းဟောင်း ၁၀ ဦးစီနှင့် ခရိုင် တခုစီမှ ၃ ဦးစီ တက်ရောက်ခွင့် ရရှိပြီး ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ်များ အနေဖြင့် စက်တင်္ဘာလ ၂ ရက်နေ့တွင် အမ်းသို့ စတင် ထွက်ခွာမည် ဖြစ်သည်။

ယခု အစည်းအဝေးမှာ ယခုလ အတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဗဟို စစ်မှူးထမ်းဟောင်း အဖွဲ့ အစည်းအဝေးအပြီး ပြည်နယ် အတိုင်းအတာဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အများစုကတော့ စစ်တပ်က အငြိမ်းစား အရာရရှိတွေ ဖြစ်ဖို့များပါတယ်။ ပါတီထဲကလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်သလို တသီး ပုဂ္ဂလ အနေနဲ့လည်း ပါဝင် ယှဉ်ပြိုင်ကြပါလိမ့်မယ်” သူက ပြောသည်။

၎င်းအပြင် စစ်မှူးထမ်းဟောင်း ညီလာခံတွင် ၂၀၁၀ ရွှေးကောက်ပွဲတွင် အစိုးရဘက်မှ အနိုင်ရရှိရေးအတွက် မည်သို့ မည်ပုံ ဆောင်ရွက်ကြမည်ကို ဆွေးနွေးမည် ဖြစ်သည်ဟုလည်း သိရသည်။

အစည်းအဝေးတွင် တက်ရောက်သူ ၃၀၀ နီးပါးရှိမည် ဖြစ်ပြီး ယခုပြုလုပ်မည့် ရခိုင်ပြည်နယ် စစ်မှူးထမ်းဟောင်း အစည်းအဝေးမှာ ယခုနှစ်အတွင်း အကြီးမားဆုံး အစည်းအဝေး ဖြစ်သည်ဟု သိရသည်။


ဒီကေဘီအေတပ်များ မဲကသာတောတွင်း ဝင်ရောက်တပ်စွဲထား
Mon 31 Aug 2009, ရိုင်မရော့
ဘုရားသုံးဆူမြို့မြောက်ဘက်ရှိ မဲကသာကျေးရွာအတွင်း ဒီကေဘီအေ တပ် ရင်း ၉၀၇ မှ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင်သည့် တပ်အင်အား ၇၀ ခန့်က ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင် ဝင်ရောက်တပ်စွဲထား သည်ဟု သိရသည်။

“မနေ့ည ၁၀ နာရီလောက်မှာ ဒီကေဘီအေတွေ အဲဒီမဲကသာရွာကို ဝင် တယ်၊ မဲကသာရွာဟောင်းမှာပေါ့နော်၊ ဘုန်းကြီးကျောင်းကို သူတို့ဝင်ပြီး တော့ စခန်းချထားတယ်” ဟု ကေအန်ယူမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဲကသာတောအတွင်းတွင် မဲကသာရွာဟောင်းနှင့် မဲကသာရွာသစ်ဟူ၍ရှိ သည်။ မဲကသာရွာဟောင်းတွင် အိမ်ခြေ ၆၀ ခန့်နှင့် ရွာသစ်တွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ကေအန်ယူထိန်းချုပ်ရာနယ်မြေဖြစ်သည်။

၎င်းဒုဗိုလ်မှူးကြီး စောနော်တယာ ဦးစီးသည့် တပ်ရင်း ၉၀၇ သည် ဘုရား သုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ ၆ ကို ဝင်ရောက်သိမ်းပိုက်ရန် မြဝ တီမှ လွန်ခဲ့သည့် တစ်လကျော်က ချီတက်လာခဲ့သည်ဟုလည်း ၄င်းက ပြောသည်။

“ဒီကေဘီအေတွေ ဝင်မယ်လို့ ကျနော်တို့သတင်းရထားတော့ ကျနော်တို့ အနေနဲ့ သူတို့နဲ့လည်း ပစ်မယ် ခတ်မယ် မဖြစ်ချင်ဘူး၊ အချင်းချင်းပဲလေ၊ ဒါကြောင့် အဲဒီနေရာကနေ ကေအန်ယူတွေ တပ်ရွှေ့လိုက်တယ်၊ တကယ် လို့ သူတို့ဝင်လာတာကို ကေအန်ယူအနေနဲ့ မရွှေ့လိုက်ဘူးဆိုရင် တိုက်ပွဲ တွေဖြစ်မယ်ပေါ့” ဟု ၄င်း ကေအန်ယူ တာဝန်ရှိသူက ဆက်ပြောသည်။

ဒီကေဘီကေတပ်များ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက် လာခြင်းကြောင့် ၄င်းဒေသအနီးတဝိုက်ရှိ ရွာသူ၊ ရွာသားများက ထိန့်လန့် ကြောက်ရွံ့နေကြသည်ဟု သိရသည်။

“အခုလို ဒီကေဘီအေတပ်တွေ ကေအန်ယူနယ်မြေအတွင်း ဝင်ရောက်အ ခြေချလိုက်တာဟာ၊ ဒေသခံတွေအတွက် တိုက်ပွဲဖြစ်မှာကိုပဲ စိုးရိမ်နေကြ တယ်၊ ဒါပေမယ့် ကေအန်ယူတွေ ပြောနေတာကတော့ တိုက်ပွဲမဖြစ် အောင် သူတို့ ရှောင်နေမှာပါ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည် ဇူလိုင်လတွင် ဒီကေဘီအေက ကေအန်ယူတပ်ကို ထိုးစစ် ဆင် ရန် ပြင်ဆင်မှုကြောင့် ၂၄ နာရီအတွင်း ကရင်ရွာသား ၂၀၀ ကျော် ထိုင်း နိုင်ငံသို့ ထွက်ပြေးနေရသည်ဟု TBBC မှ ကြေငြာချက် ထုတ်ပြန် ထားသည်။

ဇူလိုင်လ (၈) ရက်နေ့ကလည်း DKBA နှင့် မြန်မာအစိုးရတပ်တို့ ပူးပေါင်း ပြီး ဘုရားသုံးဆူနှင့် မဲကသာကြားရှိ တဲသုံးလုံးခေါ် KNU တပ်မဟာ (၆) တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး DKBA ဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်။

DKBA နှင့် KNU အကြားပဋ္ဋိပက္ခဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့ တွင်း၌ လည်း မြန်မာစစ်အစိုးရက လုံခြုံရေးပိုမို ချထားသည်ဟု ဘုရားသုံး ဆူမြို့ခံ တစ်ဦးက ပြောသည်။

အမျိုးသမီးလူကုန်ကူး များပြားလာဟု အမျိုးသမီးနှင့်ကလေးအခွင့်အရေးအစီစဉ်မှ အစီရင်ခံစာထုတ်
Mon 31 Aug 2009, မိကျလွန်းထော
စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာအမျိုးသမီးများ ဝမ်းစာအတွက် တခြား နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာမှ လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုများ များပြားလာသည်ဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ်က ဆိုပါသည်။

၎င်းအမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ်မှ ထုတ်ဝေသည့်အစီရင် ခံစာတွင် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပျက်နေ သော လူကုန်ကူးသန်းရောင်းဝယ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို တမ္ဘာလုံးသိရှိလာစေရန် ရည်ရွယ်သည်။

ထိုသို့ မြန်မာအမျိုးသမီးများ သွားရောက်လုပ်ကိုင်ရာတွင် အမျိုးသမီး အ များစုမှာ မိမိသွားရာလမ်းအတွက် ပွဲစားကိုသာ အားထားကြပြီး ပွဲစားတို့ ရောင်းစားမည်ကိုလည်းမသိ၊ မည်သည့်နေရာသို့ ရောက်ရှိသည့်ကိုလည်း မသိဘဲ လိုက်ပါသွားရသည်။ ထိုမှတဆင့် ပွဲစား၏ ရောင်းစားခြင်းခံရပြီး ၄င်းမှတဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တဆင့်ပြီးတဆင့် ဖြစ်ပွား နေသည်ဟု အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် (Women and Child Rights Project) မှ တာဝန်ခံ မိကျရိုင်နွန်က ပြောပါသည်။

“အဓိက မိန်းကလေးတွေက ကိုယ့်ဝမ်းစာအတွက် တခြားနိုင်ငံသွား လုပ် စားတဲ့အခါမှာ တချို့က ငွေမရှိတဲ့အတွက် ပွဲစားလိမ်တာခံရတယ်။ လမ်း လည်းမသိ၊ ဘယ်ရောက်နေမှန်းလည်း မသိတဲ့အတွက် ကိုယ်ဘဝ ကို ရောင်းစားခံရတဲ့အထိဖြစ်ခဲ့ရတယ်” ဟု တာဝန်ခံ မိကျရိုင်နွန်က ဆို ပါသည်။

မြန်မာနိုင်ငံမှ စီးပွားရေးကြပ်တည်းမှုကြောင့် မြန်မာအမျိုးသမီးများသည် နယ်စပ်နိုင်ငံများတွင် ဒုက္ခပေါင်းများစွာဖြင့် သွားရောက်လုပ်ကိုင် စား သောက်နေရသည်ကို နိုင်ငံတကာသိလာရန်အတွက် စာမျက်နှာ ၉၀ ပါ သော “သွားစရာလမ်းမရှိ” (NOWHERE ELSE TO GO) အစီအရင်ခံစာ ကို တင်ပြရခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

“တချို့အမျိုးသမီးတွေဆိုရင် ပွဲစားက သူဌေးအိမ်မှာ ရောင်းစားလိုက်ပြီး လ ခဘယ်လောက်ရမှန်းလည်းမသိရဘူး၊ နောက်ပြီးသူ့မိန်းမအဖြစ်နဲ့လည်း ကလေးမွေးပေးရတဲ့အထိလည်းရှိတယ်၊ နောက်ဆုံးမြန်မာ အမျိုးသမီး တွေဟာ သူများသားမယားအဖြစ်နဲ့ ခိုင်းတာလုပ်ခဲ့ရတယ်၊ ကိုယ့်ကို သတ် သေခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေလည်း ရှိခဲ့တယ်” ဟု မိကျရိုင်နွန်က ဆက်ပြောသည်။

စစ်အစိုးရပြုလုပ်မည့် လာမည့်၂၀၁၀ ရွေးကောက်ပွဲ အကယ်၍ ပြီးဆုံး သွားသော်လည်း စီးပွားရေးကြပ်တည်းမှုများ၊ မြန်မာအမျိုးသမီးများ အခြား နိုင်ငံသို့ သွားရောက်လုပ်ကိုင်းရာမှ လူကုန်ကူးခြင်းခံရခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ လျော့ကျသွားဖွယ်မရှိဟုလည်း ၄င်းအစီရင်ခံစာတွင် တင်ပြထားသည်။

၎င်းအကြောင်းအရာနှင့်ပတ်သက်၍ တာဝန်ခံ မိကျရိုင်နွန်က “အခုတောင် မြန်မာပြည်မှာ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းနေတာ တမ္ဘာလုံး ကသိနေတယ်။

အဲဒီစီးပွားရေးအခြေအနေကြောင့် ပြည်သူတွေလည်း ဝမ်းစာအတွက် တ ခြားနိုင်ငံကိုထွက်ရဦးမှာပဲ။ အစိုးရအသိမှတ်ပြုထားတဲ့ အမျိုးသမီး ရေးရာ အဖွဲ့ကရော အခုဖြစ်ပျက်နေတဲ့ လူကုန်ကူးမှုနှင့် လိင်ပိုင်ဆိုင်ရာတွေကို ဘယ်လောက်အထိ ဖြေရှင်းပေးခဲ့လို့လဲ။ လာဘ်စားမှုတွေက မြန်မာပြည် မှာ များနေတော့ ဘယ်လိုမှလည်း ပြောင်းလဲလာမှမဟုတ်ဘူး၊ ဒါကြောင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲပြီးရင်းလည်း ဒီစီးပွားရေးအခြေအနေက ဒီအတိုင်း ပဲဖြစ်လာဖွယ်ရှိတယ်၊ တကယ်လို့ ပြောင်းလဲခြင်းရင် အခုကတည်းက ပြောင်းလဲမှ ရနိုင်မယ်” ဟု တာဝန်ခံ မိကျရိုင်နွန်က ၄င်း၏အမြင်ကို သုံးသပ်ထားသည်။

ဒီမိုကရေစီနိုင်ငံဆိုလျှင် လွပ်လပ်စွာပြောဆိုခွင့်ရှိသော်လည်း ယခု စစ်အ စိုးလက်အောက်မှာ ဆိုးဝါးသော ဒုက္ခဆိုးကိုခံစားနေရသည့် လူကုန်ကူး ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကို ဒီအစီရင်ခံစာမှတဆင့် မြန်မာစစ် အ စိုးရကို အာရုံစိုက်လာပြီး ဖိအားပေးလာစေရန်နှင့် ပြည်သူတွေအပေါ် အ ကာအကွယ်ပေးလာနိုင်စေရန် အစီရင်ခံစာကိုထုတ် ဝေရခြင်းဖြစ် ကြောင်း ကိုလည်း မိကျရိုင်နွန်က ရှင်းပြသည်။

မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တ နင်္သာရီတိုင်းတို့ကို အဓိကထားပြီး ရှာဖွေစုဆောင်ထားကြောင်းနှင့် လွန်ခဲ့ သော ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ် လလယ်အထိ သတင်းစု ဆောင်းထားပြီး ထိုသို့ သတင်းရရှိဖို့အတွက် လူအင်အား ငွေအင်အားဖြင့် လွပ်လပ်ခွင့်မ ရှိ သောစစ်အစိုးရလက်အောက်တွင် အခက်အခဲအမျိုးမျိုးနှင့် ရှာဖွေစုဆောင်း ခဲ့သည်ဟု လည်း ၄င်းကဆက်ပြောသည်။

အိမ်ဖော်အလုပ်သမားအခွင့်အရေးအတွက် Map အဖွဲ့မှ လှုပ်ရှား
Mon 31 Aug 2009, ကျလွန်းထော
သြဂုတ်လ ၂၈ နေ့တွင် “နိုင်ငံတကာ အိမ်ဖော်အလုပ်သမားများနေ့” ကို ရည်ရွယ်ပြီး အိမ်ဖော်အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေး များ ရရန်အတွက် ချင်းမိုင်မြို့အခြေဆိုက် Map foundation အဖွဲ့မှ ပို့စ ကတ်များပြုလုပ်ပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်ဟု သိရသည်။

“ဒီနှစ်မှ ကျွန်တော်တို့စလုပ်တာပါ၊ အိမ်ဖော်အလုပ်သမားတွေက အခြားအ လုပ်သမားတွေနဲ့မတူဘူး၊ အိမ်အလုပ်တွေကို မရပ်မနားလုပ်နေရတယ်၊ နားရက်လည်းမရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကနေပြီးတော့ ထိုင်း နိုင်ငံမှာရှိတဲ့ အလုပ်သမားဝန်ကြီးဆီမှာတောင်းမှာဖြစ်ပါတယ်” ဟု မဲဆောက်မြို့အခြေဆိုက် Map foundation အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအိမ်ဖော်အလုပ်သမားများ နားရက်မရှိဘဲ အလုပ်လုပ်နေရသည်ကို တစ်ပတ်လျှင် တစ်ရက် နားရက်ရလာစေလိုခြင်း၊ အိမ်ပြင်ထွက်ခွင့်ရ လာ စေခြင်းနှင့် အလုပ်ရှင်များကလည်း အိမ်ဖော်များ၏အခွင့်အရေးများကို သ တိရလာစေရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

၎င်းတို့အဖွဲ့ကနေပြီး ယခုနှစ်မှ စတင်ပြုလုပ်သော ပို့စကတ်ဖြန့်ဝေခြင်းနှင့် ၄င်းပို့စကတ်များတွင် အိမ်ဖော်များ၏အမည်နှင့် လိပ်စာများ ရေထည့်ပေး ပြီး ၄င်းစာပို့စကတ်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ ပေး ပို့မှာဖြစ်သည်ဟုလည်း သိရသည်။

စစ်အစိုးရ၏ ဖိနိုပ်ညှင်းပန်းခြင်းခံရမည်ကို ကြောက်ရွံ့ပြီး မြန်မာနိုင်ငံ မှ ပြောင်းရွှေ့သူ လူအများစုအများအပြားတို့သည် အသက်ရှင်ရပ်တည်နိုင်ရန် မျှော်လင့်ချက်ကင်းမဲ့ပြီး၊ အများအားဖြင့် တရားမဝင် အလုပ်သမားများအ ဖြစ် ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်ကြရသည်။ ဤသို့ဒုက္ခရောက်နေချိန်တွင် ထိုင်းအစိုးရမှ ဒုက္ခသည်အဆင့်အဖြစ်သတ်မှတ်ရန် ငြင်းဆိုမှုကြောင့် မြန် မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ ၄င်းတို့၏အခွင့်အရေးများ ဆုံး ရှုံးခဲ့ရသည်။

ဤသို့ဖြင့် အိမ်တွင်းအလုပ်သမားများ ပယ်ထားခံရပြီး၊ ၄င်းတို့၏အခြေခံ အလုပ်သမားအခွင့်အရေးများလည်း အမြဲတမ်းလျစ်လျူရှုခြင်းခံရသည်ဟု Migrant Domestic Workers report ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ အိမ် ဖော်အလုပ်သမားများ အစီရင်ခံစာက ဆိုထားသည်။

မြန်မာအိမ်ဖော်အလုပ်သမားအများစုသည် မိသားစုစားဝတ်နေရေးနှင့် မိမိ ဒေသတွင်အလုပ်အကိုင်မရှိဘဲ နေထိုင်စားသောက်နေသည့်အတွက် ထိုင်း နိုင်ငံသို့ လာရောက်လုပ်ကိုင်ကြသူများဖြစ်သည်။

“ကျွန်မ ရွာကနေထွက်လာတာ ၁၁ နှစ်ရှိသွားပြီး၊ ရွာမှာဘာအလုပ်မှလဲမရှိ၊ စီးပွားရေးလုပ်ဖို့က အရင်းအနှီးတောင်မရှိဘူး၊ ဒါကြောင့် ဒီနိုင်ငံကို လာဖို့ ဆုံးဖြတ်လိုက်တာပါ၊ စစလာတုန်းက ငါးပုဇွန်ရုံမှာ အလုပ်လုပ်တယ်၊ လစာ ခဏခဏဖြတ်ခံရတယ်၊ နောက်တော့ ဒီအိမ်မှာ အိမ်ဖော်လာလုပ်တယ်၊ ဒီအိမ်ကတော့ လစာမဖြတ်ပါဘူး” ဟု ဘန်ကောက်မြို့ရှိ မြန်မာအမျိုး သမီး အိမ်ဖော်တစ်ဦးက ဆိုသည်။

အချို့သော အိမ်များမှာ ပေးသောလုပ်ခစာများဖြင့် အိမ်ဖော်အလုပ်သမား များကို အဆမတန်ခိုင်းစေ နေပါသည်။ နံနက်မိုးလင်းသည့်အချိန်မှစ၍ ညဦးသန်ခေါင်းယံအထိ မရပ်မနားခိုင်းစေနေသည်။

“ကျွန်မ ဒီအိမ်ကိုရောက်တာ ၈ နှစ်ရှိသွားပါပြီး၊ စစရောက်တုန်းက ကလေး တစ်ယောက်ပဲရှိတယ်၊ အခုဆိုရင် ကလေး ၄ ရောက်တောင်ဖြစ်သွားပြီး၊ တစ်နေ့တစ်နေ့ ကျွန်မမှာ နားချိန်တောင်မရှိဘူး၊ သူတို့ဆီမှာ ကျွန်မ နား ရက်တောင်းပါတယ်၊ မရခဲ့ဘူး၊ အဲဒီလိုတောင်းရင် ကျွန်မကိုအော် ငေါက် တယ်၊ အခုလိုမျိုး အိမ်ဖော်အလုပ်သမားများနေ့မှာ စာရွက်လေးပေါ် မှာ ဖြည့်ရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်၊ ကျွန်မလည်း အလုပ်ပြောင်း ချင်ပါတယ်” ဟု မြန်မာအိမ်ဖော်အလုပ်သမားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် အိမ်တွင်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေသူ မြန်မာ နိုင်ငံမှအမျိုးသမီးဦးရေမှာ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းရသော်လည်း ဤအမျိုးသမီးမိန်းကလေးများ အမှန်တကယ် ရင်ဆိုင်နေရသော အ ကြောင်းအရာ အနည်းအကျဉ်းမျှကိုသာ သိရှိရသည်။ သူတို့၏အထီးကျန်မှု၊ မလုံခြုံမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် အကြမ်းဖက်ခြင်းခံရမှု စသည့်တို့ အပေါ် ပိုမိုသိရှိလာကြသော်လည်း ထိုဖြစ်ရပ်မှန်အချက်များအား မှတ်တမ်း ပြုစုထားခြင်း နည်းပါးလှကြောင်းကိုလည်း ၄င်းစာအုပ်မှ ကိုးကားထားပါ သည်။

အိမ်ဖော်အလုပ်သမားများနေ့ကို ဒီကနေ့တွင် ချင်းမိုင်မြို့တစ်မြို့တွင်သာ ကျင်းပမည်ဖြစ်ပြီး အကယ်၍ ၄င်းတို့ဆောင်ရွက်ချက်တွင် အောင်မြင်မှု များရရှိလာပါက နောင်လာမည့်နှစ်များတွင်လည်း ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး အတွက် ဆောင်ရွက်ပေးမည်ဟု ၄င်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။



NCUB-FM ရေဒီယိုအစီအစဉ် ယနေ့တွင်ရပ်ဆိုင်း
Kaowao

သြဂုတ် ၃၁၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၃၁)။ ။ ကရင်နီကယားပြည်နယ်ဒေသ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်တစ်လျှောက် တွင် အသံလွှင့်လျှက်ရှိသော NCUB-FM ရေဒီယိုအစီအစဉ် ယနေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း အသံ လွှင့်အစီအစဉ်မှူးအဖြစ် ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမင်းရဌက ပြောကြားခဲ့သည်။

“ ဦးဆောင်မှုမကောင်းလို့ ဒီလိုရပ်ဆိုင်းလိုက်ရတာပဲလို့ ကျတော်မြင်တယ်” ဟု ဦးမင်းရဌက ဆက်လက်ပြောကြား ခဲ့သည်။

အဆိုပါ NCUB- FM ကို မြန်မာနိုင်ငံအလုပ်သမားများသမဂ္ဂအဖွဲ့ FTUB ဦးဆောင်မှုဖြင့် ၂၀၀၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှစတင် အသံလွှင့်ခဲ့သည်ဟု ဆိုပါသည်။ အပတ်စဉ် စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့များ၌ နံနက်ပိုင်းနှင့် ညနေ ပိုင်းတို့တွင် ၄၅ မိနစ်ကြာ FM လိုင်း ၈၈ နှင့် ၉၉ မီဂါဟတ်လိုင်းများမှ အသံလွှင့်ခဲ့သည်ဟု သိရသည်။

အသံလွှင့်အစီအစဉ်မှူး တစ်ဦးဖြစ်သူ မနီလာအောင်ကလည်း “ဘာကြောင့်မှန်းမသိ ရုတ်တရက် ရပ်ဆိုင်းလိုက်တာ ကို ဒီလလယ်ကျတော့မှ ဝန်ထမ်းအားလုံးကို အသိပေးခဲ့ကြပါတယ်။ အလုပ်သမားတွေရသင့်တဲ့ အပိုလစာကို ၂ လလောက်တော့ ပေးဖို့သင့်ပါတယ်၊ ကြိုတင်လည်းမပြောဘူး၊ အခုလိုအလုပ်ပြတ်သွားတော့ ဝန်ထမ်းတွေအားလုံး ဒုက္ခရောက်ကြရတာပဲ၊ လောလောဆယ်အလုပ်သစ် ရဖို့က မလွယ်သေးဘူး၊” ဟု ပြောကြားခဲ့ပါသည်။

ဤအသံလွှင့်ဌာနသည် အထူးသဖြင့် ILO အကြောင်း၊ အလုပ်သမားအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ တိုင်းရင်းသားများအရေးနှင့် ပတ်သက်သော ပညာပေးမှုများကို အဓိကထား ထုတ်လွှင့်ပေးခဲ့ပါသည်။ အသံလွှင့်အစီအစဉ်၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး ဖြစ်သည်ဟု သိရသည်။



လှို့ဝှက်စာဖြန့်ခြင်းသည် စစ်အာဏာပိုင်များလုပ်ကြံချက်ဟု နိုင်ဟံသာကပြောဆို
Kaowao

သြဂုတ် ၃၀၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၃ဝ)။ ။ စစ်အစိုးရသည် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတွေအကြား အထင်လွှဲမှားမှုများ ဖြစ်ပေါ်လာစေရန် ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်နောင်တွင် စစ်အစိုးရက ဖမ်းဆီးမှုများ ပြုလုပ်လာသည့် အခါ ဆင်ခြေများပေးနိုင်ရန် အကွက်ထွင်ထောင်ခြောက်ဆင်သည့် နည်းလမ်းဖြစ်သည်သည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုခဲ့သည်။

“လူထုတွေက ဒီလိုမြင်သွားယင်နောက်ပိုင်းမှာ သူတို့အနေနဲ့ ကျွန်တော်တို့ပေါ်မှာ တစုံတရာပေါ့ဗျာ အရေးယူလာ မယ်ဆိုယင် ဒါကသူတို့ရဲ့အလွန်မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်အောင် ဖန်တီးထားတဲ့ သဘောလို့ ကျွန်တော် တို့ ထင်မြင်ပါတယ်။”ဟု နိုင်ဟံသာက ဆိုသည်။

အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ အပါအဝင် KNU မှ စောသမိန်ထွန်း၊ DAB အထွေထွေအတွင်းရေးမှူး Dr ကျော်ညွန့်နှင့် ABSDF ကျောင်းသားခေါင်းဆောင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှုအဖွဲ့အမည်နှင့် မြန်မာပြည်အတွင်းနေရာအနှံ့အပြား၌ လူထုအုံကြွမှုဖြစ်စေရန် လူ ၆၀ ဦးနှင့်ဖေါက်ခွဲရေးပစ္စည်းများ စေလွှတ်ထားကြောင်း ကျေးရွာရယကများ အကြား တွင် သြဂုတ်လဆန်းပိုင်းက စစ်အစိုးရမှ ရယကများထံ ပေးပို့ခဲ့သော လှို့ဝှက်ညွှန်ကြားချက်များဖြန့်ဝေခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါစစ်အစိုးရတို့ လှို့ဝှက်ဖြန့်ဝေသောစာများကို မွန်ပြည်သစ်ဗဟိုဌာနချုပ်မှ တဆင့်လက်ခံရှိပြီး သက်ဆိုင်ရာ ခရက၊မယကရုံးများကိုလည်း ၄င်းစာပါအကြောင်းအရာအရ မြန်မာနိုင်ငံဒီမိုကရေစီ ပန်းတိုင်လှုပ်ရှားမှု အဖွဲ့ အစည်းအဝေးကို မည်သည့်ရက်၊ မည်သည့်နေရာပြုလုပ်ခဲ့သနည်းဟု မေးမြန်းသောအခါ တိတိကျကျ အဖြေမပေး နိုင်ပဲ ဝေ့လည်ကြောင်ပတ်နည်းဖြင့်သာ အဖြေပေးခဲ့သည်ဟု နိုင်ဟံသာမှ ဆက်လက်ပြောဆိုခဲ့သည်။

“အဲဒီစာဖြန့်တဲ့သတင်းကို ကျွန်တော်တို့ရတော့ သေချာအောင်ဆိုပြီးတော့မှ ကျွန်တော်တို့က နယ်တွေမှာ အဲဒီစာတ စောင်ရရှာပြီးတော့မှ ကျွန်တော်တို့ဗဟိုကိုပို့ပေးပါလို့ ကျွန်တော်မှာလိုက်တယ်။ နောက်လေးငါရက်အတွင်းမှာ အဲဒီ စာရောက်လာတယ်။ အဲဒီစာထဲမှာတွေ့ရတာက မော် လမြိုင်ခရကရုံးကနေပြီးတော့မှ မြို့နယ်မယကရုံးဆီပို့တယ်။ မြို့နယ် မယကရုံးကနေပြီးတော့မှ ကျေးရွာတွေကြားထဲမှာ တွေ့ရတယ်။ အဲဒီစာကိုကျွန်တော်တို့တွေ့ရတော့ ကျွန်တော်တို့လူတွေကနေတဆင့်ပေါ့ဗျာ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးထားခိုင်းတယ်။ သူတို့ဆီကနေ ဘာပြန်ကြားသလဲဆိုတော့ သူတို့မှာလဲ ခိုင်မာတဲ့အထောက်အထားဆိုတာ ဘာမှမရှိဘူးခင်ဗျ။ သဘောကတော့ ဒါကလံကြုတ်လုပ်ကြံထားတဲ့ဟာ တခုလို့ ကျွန်တော်တို့မြင်တယ်။

နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲရေးတွင် သဘောထားတင်းမာသည်ဟု ယူဆရသော အပစ်ရပ်ခေါင်းဆောင် အချို့ အား ပုဂ္ဂိုလ်ရေးအရ အမှုဆင်ဖမ်းဆီးရန် စစ်အစိုးရမှဖန်တီးနေပြီး ခေါင်းဆောင်အချင်းချင်း ညီညွတ်မှုအားနည်း နေသည့် အဖွဲ့အစည်းအချို့အား စစ်အစိုးရမှ ပါတီများအစိတ်စိတ်အမွှာမွှာ ကွဲသွားစေသည့် လုပ်ဆောင်ချက်များ ပြုလုပ်လာသည်ကို ကိုးကန့်အဖွဲ့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက စတင်တွေ့ရှိလာရသည်။

လတ်တလောဖြစ်ပေါ်နေသော စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကိုလက်မခံသည့် မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသရှိဦးဖုန်ကြားရှင် နေအိမ်ကို မူးယစ်ဆေးဝါးနှင့် လက်နက်ဝင်ရှာသည့် အကြောင်းပြချက်ဖြင့် စစ်အစိုးရမှ ပြဿနာဖန်တီးခဲ့ပြီး ကိုးကန့်အဖွဲ့အစည်းအား နှစ်ခြမ်းကွဲစေကာ ဒေသတွင်းတိုက်ပွဲများ ဖြစ်ပေါ်လျှက် ရှိသည်။ဖုန်ကြားရှင်အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှုကို ပထမဆုံးပြုလုပ်ခဲ့သော အဖွဲအစည်း ဖြစ်ပြီးအနှစ် ၂၀ ကျော်ကြာ လောက်ကိုင်ဒေသတစ်ဝိုက်တွင် ငြိမ်းချမ်းခဲ့သည်။

အလားတူကိုးကန့်အဖွဲ့တွင်း ဖြစ်ပေါ်နေသောဖြစ်ရပ်ကဲ့သို့ပင် အခြားအပစ်ရပ်အဖွဲ့များအတွင်း ဆက်လက်ပြုလုပ် နိုင်ရန် စစ်အစိုးရကဖန်တီးလျှက်ရှိသည်။ အပစ်ရပ် မွန်ပြည်သစ်ပါတီအပေါ် ကိုးကန့်အဖွဲ့ကဲ့သို့ စစ်အစိုးရက ပြုလုပ် ဖန်တီးလာမည်ကို တော်လှန်ရေးသတိ ရှိစေလိုကြောင်း ယမန်နေ့ကကျရောက်သော ၃၈ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့တွင် MNLA တပ်ရင်းမှူးတစ်ဦးက ပြောဆိုခဲ့သည်။