Monday, August 3, 2009

ရွေးကောက်ပွဲနှင့်ဒီမိုကရေစီဓလေ့

NEJ / ၃ သြဂုတ် ၂၀၀၉


ရှေ့နှစ်၌ ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ဒီမိုကရေစီရရန် နီးလာပြီဟု အစိုးရ၀ါဒဖြန့်သမားများ ပေါ်လစီဆောင်းပါး ရေးသည်ကို တွေ့ရ၏။ စစ်အစိုးရဘက်မှ ရေးနေကြသော်လည်း ဝေဖန်တိုက်ခိုက်ခံရသူများတွင် ပြန်လည်ချေပခွင့် မရှိကြပါ။ ဤသည်မှာ တဖက်သတ်အနိုင်ကျင့်သော စစ်အစိုးရခေတ် နိုင်ငံရေးဓလေ့ဖြစ်၏။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဇူလိုင်လအစောပိုင်း၌ ကြပ်ပြေးနေပြည်တော်သို့ သွားသည့်အခါတွင်လည်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာမခံလိုက်သည်။

ပြောချင်သလိုပြော၍ လုပ်ချင်သလိုလုပ်သည်မှာ ဗမာစစ်ဗိုလ်၏အကျင့်ဖြစ်သည်။ တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်သည့် အခြေခံများကို မတွေ့ရသေးပါ။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမလွတ်လပ်ရန်လို၏။ ယှဉ်ပြိုင်မည့်သူကို စည်းကမ်းနည်းလမ်းများဖြင့် ကန့်သတ်ချုပ်ချယ်ထားပါက လွတ်လပ်မည်မဟုတ်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် မဲဆွယ်ခွင့်ရှိရန်လိုသည်။ ဤသို့လုပ်ခွင့်မရှိသော ရွေးကောက်ပွဲသည် အခမ်းအနားသာဖြစ်၏။

ရွေးကောက်ပွဲအခမ်းအနား (Ceremonial Election) လုပ်ရုံဖြင့် ဒီမိုကရေစီကို အစပျိုးနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီဓလေ့ ထုံးစံများကို အရင်ဆုံးမပြုစုမပျိုးထောင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရာမရောက်ပါ။ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီရပြီဟု မပြောနိုင်ပါ။ အစိုးရအာဏာကို ဥပဒေဖြင့် ကန့်သတ်ပြီး နိုင်ငံသားများတွင် လူ့အခွင့်အရေးရှိမှ ဒီမိုကရေစီဟု ခေါ်နိုင်ပါသည်။ ထိုကြောင့် လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ဆိုခြင်းဖြစ်၏။

လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်မှသာလျှင် ပြည်သူ့အတွေးအခေါ် ပြောင်းလဲလာနိုင်ပါသည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဗမာစစ်အစိုးရအဆက်ဆက်က ပိတ်ပင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူပြည်သားများ လွတ်လပ်စွာတွေးခေါ်မည်ကို မည်မျှကြောက်သည်ကို သိနိုင်သည်။ သို့သော်လည်း လွတ်လပ်ရုံဖြင့် ပြည်သူ့အတွေးအခေါ် ချက်ချင်းပြောင်းသွားမည်မဟုတ်ပါ။ အခြေခံကျသောကိစ္စနှင့် အကျင့်ပါနေသော ကိစ္စများတွင်မူ ဖြည်းဖြည်းချင်းသာ ပြောင်းလဲနိုင်သည်ကို တွေ့ရ၏။ အချိန်ကြာမြင့်စွာ အတင်းအကျပ် ပိတ်ပင်ထားသော အယူအဆများကို စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်မခံနိုင်ကြသည်က များ၏။

သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ်အလေးအနက် တင်ပြနိုင်ပါက ပြည်သူတရပ်လုံး လက်ခံစဉ်းစားသည့် အဆင့်ထိ ရောက်သွားနိုင်၏။ ပိတ်ပင်ချုပ်ချယ်ထားသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သောလူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြားခြားနားပါသည်။ အပြန်အလှန်ဝေဖန်မှုသည် ဒီမိုကရေစီဓလေ့ဖြစ်၏။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင်ရပါမည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက်ပို၍ အရေးကြီးပေသည်။

ဗမာစစ်အစိုးရ စီစဉ်နေသော ရွေးကောက်ပွဲသည် ချုပ်ချယ်ကန့်သတ်ထားသော ဈေးကွက်ပုံစံဖြစ်နေ၏။ အစိုးရခွင့်ပြုသော အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်ကသာ ယှဉ်ပြိုင်ခွင့်ရပါလိမ့်မယ်။ လွတ်လပ်သော ဈေးကွက်တွင် ဤသို့သော ကန့်သတ်ချက်မထားဘဲ ပြည်သူလူထုလိုအပ်သည့် ကုန်ပစ္စည်းကို တီထွင်ထုတ်လုပ်ပေးပါသည်။ တနည်းဆိုပါက ဒီမိုကရေစီကျသော ရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်သုံးသောနိုင်ငံ၌သာ ကျင်းပနိုင်ပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်မှုကြောင့် ကြောက်လန့်နေသော လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ၍ မရပါ။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့် ရှိမှသာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်ကို တင်မြှောက်နိုင်ပါလိမ့်မည်။

အစိုးရတည်ထောင်သော နိုင်ငံရေးပါတီကို ထင်သလိုလုပ်ခွင့်ပြု၍ ပြည်သူလူထုတည်ထောင်သောပါတီကို ကန့်သတ်ချုပ်ချယ် မည်ဆိုပါက တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ပါ။ ဒီမိုကရေစီရင့်ကျက်သော နိုင်ငံများ၌ပင်လျှင် အစိုးရပါတီသည် ပို၍အခွင့်အရေးရသည်။ ရုံးကားသုံး၍ ရွေးကောက်ပွဲစည်းရုံးရေးဆင်းခြင်းသည် အခွင့်ထူးတမျိုးပင်ဖြစ်၏။ ထို့ကြောင့် အင်္ဂလန်၌ ရွေးကောက်ပွဲနီးပြီဆိုပါက တီဗွီရုပ်မြင်သံကြားနှင့်ရေဒီယိုများတွင် နိုင်ငံရေးပါတီအားလုံးကို အညီအမျှ အသံလွှင့်ခွင့် ပေးရပါသည်။ ဤအခွင့်အရေးမျိုး ဗမာစစ်အစိုးရပေးနိုင်လျှင် ဒီမိုကရေစီမြှင့်တင်ရာရောက်သည်။

အပြစ်အနာအဆာ လုံးဝကင်းရှင်းသော စနစ်ဟူ၍မရှိနိုင်ပါ။ ဒီမိုကရေစီစနစ်၌လည်း အားနည်းချက်များရှိသည့်အတွက် နိုးကြားတက်ကြွသော ပြည်သူလူထုသည် အမြဲတမ်းစောင့်ကြည့်ဖို့လိုသည်။ ထိုကြောင့် လွတ်လပ်မှုသည် အရေးကြီးသည်ဟု ပြောနေရခြင်းဖြစ်၏။ တရားမျှတရန် မည်သို့လုပ်မည်ဆိုသော အချက်သည်လည်း အရေးကြီးသည်။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် စံသတ်မှတ်ချက်များထားရှိရမည်ဟု နိုင်ငံရေးပညာရှင်များက ယုံကြည်ကြသည်။

ရွေးကောက်ပွဲကို ကြားနေအဖွဲ့အစည်းက ကြီးကြပ်မှသာ တရားမျှတမည်ဟု ယုံကြည်ကြသည်။ ကြီးကြပ်သူသည် မဲလိမ်မှုကို ကာကွယ်နိုင်၍ မဲရေတွက်ရာ၌ ကျွမ်းကျင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲဝင်သူအားလုံးကို ရဲသား၊ စစ်သားနှင့်တရားရုံးက ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ ဆက်ဆံရန်လိုသည်။ ယှဉ်ပြိုင်သူအားလုံးသည် သတင်းမီဒီယာကို အသုံးပြုခွင့် ရှိရပါလိမ့်မည်။ ရွေးကောက်ပွဲစည်းကမ်းဖြင့် အတိုက်အခံကို ချုပ်ချယ်မှု ကင်းရှင်းရပါမည်။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒပေးမှုနှင့် မဲရေတွက်မှုကို တသီးပုဂ္ဂလများက စောင့်ကြည့်ရန်လိုသည်။ မဲရေတွက်မှုကို အများရှေ့၌ သိသာမြင်သာအောင် လုပ်နိုင်ရပါလိမ့်မည်။ ပြဿနာဖြစ်ပါက ဘက်မလိုက်ဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကြိုတင်ဖော်ပြရန် လိုအပ်၏။ ဤအချက်များဖြင့် ညီညွတ်မှသာလျှင် တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ပါလိမ့်မည်။

ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ရပါလိမ့်မည်။ သို့သော်လည်း ဗမာစစ်အစိုးရခေတ် (၄၇) နှစ် အတွေ့အကြုံကို ကြည့်ပါက ပြည်သူ့ကိုယ်စားလှယ်သည် စစ်အာဏာရှင်၏ အခိုင်းခံဖြစ်နေသည်ကို တွေ့ရ၏။ ကြပ်ပြေးနေပြည်တော်၌ ခြေကုပ်ယူထားသော စစ်ဗိုလ်တစုသည် ပြည်သူ့ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို နာခံမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်နေ၏။

လွတ်လပ်သောရွေးကောက်ပွဲ ကျင်းပတိုင်း စစ်တပ်နှင့်ပတ်သက်သောပါတီများ ရှုံးကြသည်မှာ မြန်မာ့နိုင်ငံရေး အစဉ်အလာကဲ့သို့ ဖြစ်နေ၏။ ၁၉၆၀ ရွေးကောက်ပွဲ၌ တည်မြဲဖဆပလ ခွက်ခွက်လန်အောင် ရှုံးသွားရခြင်းသည် စစ်တပ်ထောက်ခံသောပါတီအဖြစ် မဲဆန္ဒရှင်များက မြင်နေ၍ဖြစ်၏။ ဤသည်ကို သတိမရဘဲ ၁၉၉၀ ၌ ရွေးကောက်ပွဲ ကျင်းပသည့်အခါ စစ်တပ်ထောက်ခံသောပါတီ အကြီးအကျယ်ရှုံးပြန်ပါသည်။ သို့သော် မဆလခေတ် (၂၅) နှစ်တွင် တပါတီတည်း ရှိသည့်အတွက် မဆလသူခိုးကိုသာ မဲဆန္ဒပေးခဲ့၏။ ထိုကြောင့် လွတ်လပ်မှုမရှိပါက လာမယ့် ရွေးကောက်ပွဲ၌ စစ်တပ်အလိုတော်များသည် သေချာပေါက်နိုင်သောနည်းကို သုံးလိမ့်မည်ဟု ခန့်မှန်းကြသည်။

တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲ၌ အာဏာရအဖွဲ့အစည်းသည် (၉၀) ရာခိုင်နှုန်းကျော် အနိုင်ရနိုင်၏။ စင်ကာပူ၊ အီဂျစ်၊ ကမ္ဘောဒီယား စသည့်နိုင်ငံများတွင် လက်ဝါးကြီးအုပ် ဒီမိုကရေစီကျင့်သုံး၏။ ရွေးကောက်ပွဲပုံမှန်ကျင်းပသော စင်ကာပူ၌ လီကွမ်ယူးတို့ သားအဖကြီးစိုး၏။ အီဂျစ်၌ မူဘာရတ်၊ ကမ္ဘောဒီယား၌ ဟွန်စင်၊ ဇင်ဘာဘွေ၌ မူဂါဘီ ကြီးစိုးသည်။ ဗမာပြည်က ဗိုလ်ချုပ်များသည်လည်း သူတို့ကို အမီလိုက်ရန် ကြိုးပမ်းနေပုံရ၏။

0 အကြံပြုခြင်း: