Friday, August 14, 2009

မြန်မာ့အရေးပမာပြုစရာ ကြံ့၊ ဖွတ်သတ္တဝါလှုပ်ရှားမှုသဏ္ဍာန်အလား


မင်းညီချမ်း(ဘဝတက္ကသိုလ်) သြဂုတ် ၁၄ ၊ ၂၀၀၉။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်အဖွဲ့တွေရော လက်နက်ချတပ်ဖွဲ့တွေပါမကျန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အာလုံးကို စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ထိန်းချုပ်ပြီး အမိန့်ပေးလို့ရအောင် တစိုက်မတ်မတ် တွန်းအားပေးနေခဲ့တာ အများသိနေကြတဲ့အတိုင်းပါ။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်က နိုင်ငံရေး၊ စစ်ရေး အတော်အတန်အင်အားရှိကြတဲ့ အဖွဲ့အစည်းတွေဆီကို နယ်ခြားစောင့်တပ်ဖွဲ့ Border Guard Force အသွင်ပြောင်းလဲပေးဖို့ ဒီတိုင်းရင်းသားတွေ လက်မခံနိုင်၊ မဖြစ်နိုင်တာကို သိရှိနားလည်နေပေမဲ့လည်း နေပြည်တော်အမိန့်အရဆိုပြီး ရှေ့မျက်နှာနောက်ထားကာ အပစ်ရပ်တိုင်းရင်းသား ခေါင်းဆောင်တွေဆီကို ချော့တစ်ခါ၊ ချောက်တစ်လှည့် သွားရောက်ပြောဆို ဖြောင်းဖျနေရတာ ခရီးလည်းပမ်းလှပါပြီ။ နောက်ပိုင်းမှာ သူကိုယ်တိုင်မသွားတော့ပဲ သက်ဆိုင်တဲ့ တိုင်းမှူးတွေကတဆင့် ဆက်ပြီးနားချခိုင်းနေတာကို သတင်းများမှာ သတိပြုကြပါလိမ့်မယ်။

ငါးမူးတောင်းလို့ တစ်မတ်ပဲရရင်လည်း သူတို့စစ်အုပ်စုအဖို့ အမြတ်တွေချည်းပါပဲ။ ပါးစပ်ပဲအရင်းစိုက် ရတာပါ။ ဒါကိုမငြင်းသာတဲ့ လက်နက်ချတိုင်းရင်းသားအဖွဲ့ အားလုံးလိုလိုဟာ မိမိလူမျိုးကိုယ်စားပြုခဲ့တဲ့ မူလတပ်ဖွဲ့အမည်နာမတွေကိုဖြုတ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့လို့ အမည်ဆက်ခံဖို့ စစ်အစိုးရကိုလည်း လွယ်လွယ်နဲ့ ခေါင်းညိတ်ပေးလိုက်ရတာ တွေ့ရပါတယ်။ စစ်အုပ်စုရဲ့ ပေးစာကမ်းစာတွေကို လက်ခံရယူ ထားတဲ့ ထိပ်ပိုင်းက ပုတ်သင်ညို ခေါင်းဆောင်တွေကပဲ ခေါင်းညိတ်ထားတာပါ၊ ဘယ်လိုဆက်ဖြစ် လာမလဲဆိုတာ စောင့်ကြည့်နေရပါဦးမယ်။ လက်တွေ့အရ အောက်ခြေမှာ အတူတူအသက်ပေး ရှေ့ဆက် လက်တွဲ သွားကြရမယ့် တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေအဖို့ ဗမာ့တပ်မတော်အပေါ် ဘယ်အတိုင်းအတာအထိ ယုံကြည်စိတ်ချ ရမလဲဆိုတဲ့ အကြောင်းအချက် တော်တော်များများနဲ့ သက်ဆိုင်နေပါတယ်။ ရာစုဝက်ကျော် ရန်သူတွေဖြစ်ခဲ့ကြတဲ့ မျိုးနွယ်စုမတူ တပ်ဖွဲ့ဝင်တွေအပေါ် ၁၀% ရာခိုင်နှုန်းခန့်ရှိတဲ့ ဗမာစစ်အရာရှိတွေဆီက အတွေးအမြင်အသိတရားနဲ့ ပေါင်းစပ်ကြရာမှာ နောက်ဆက်တွဲပြဿနာတွေက တပြုံကြီး တန်းစီ စောင့်ဆိုင်း နေပါတယ်။

ကုလအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ဇူလိုင်လ ၃ ရက်နေ့မှာ မြန်မာပြည်ကိုရောက်လာတော့ ဒီလက်နက်ချအဖွဲ့တွေ(နယ်ခြားစောင့်ပြောင်းမည့်အဖွဲ့များ)မှ စစ်အစိုးရနဲ့တကယ့်ငြိမ်းချမ်းရေး ရယူခဲ့တဲ့ အဖွဲ့အစည်းတွေပါလို့ဆိုပြီး စင်တင်ပွဲထုတ် ပြသလိုက်တော့တာပါပဲ၊ ကျန်တဲ့အပစ်ရပ်၊ နယ်ခြားတပ်ဖွဲ့ကိစ္စ “ဘူး”ခံခေါင်းခါ အဖွဲ့တွေကို အသိအမှတ်မပြုသယောင် ချောင်ထိုးထားလိုက်ပါတယ်။ ဒီနေရာမှာ မစ္စတာဘန်ကီမွန်း ကလည်း အင်မတန်ရှုပ်ထွေးလှတဲ့ မြန်မာ့ပြည်တွင်းရေးကို ဘယ်လိုများ နားလည်နေသလဲတော့ မသိပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကိုပဲ အားလုံး ပါဝင်ပေးဖို့ ရှေ့တန်းတင် ပြောနေပြန်တော့တယ်။

ပြည်တွင်းကအတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အချို့အပစ်ရပ်အဖွဲ့တွေက လက်ရှိရေးဆွဲထားတဲ့၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်တဲ့ အဓိကအချက်တွေကို ပြောင်ပြောင်တင်းတင်း ထောက်ပြပြောဆို၊ ငြင်းဆိုမှုများ ပြုလုပ်နေတဲ့ကြားကတောင် အတိုက်အခံတွေ သပိတ်မှောက်မဲ့ ဒီမတရားရွေးကောက်ပွဲကြီးကို ဇွတ်အတင်း လုပ်ဖို့ကြိုးပမ်းနေတဲ့လုပ်ရပ်ဟာ သတ္တဝါလောကမှာဆိုယင် ကြံ့ဆိုတဲ့တိရိစ္ဆာန်တို့ ပြုမူနေထိုင်သွားလာပုံနဲ့ အတော်လေးဆင်တူနေတာကို သတိပြုမိပါတယ်။

ကြံ့ဆိုတဲ့သတ္တဝါဟာ တောနက်ကြီးတွေမှာ အုပ်စုအရေအတွက်နည်းနည်းပါးပါးနဲ့ လှုပ်ရှားသွားလာလေ့ ရှိကြပါတယ်။ တောထဲသွားတဲ့အခါမှာလည်း လမ်းမယူပါဘူး၊ သူတို့ရဲ့ဦးချိုနဲ့ သူတို့ခေါင်းဦးတည်ရာအတိုင်း သွားနေတော့တာပါပဲ၊ အင်အားကြီး မားလေတော့ ရှေ့တည့်တည့်မှာ လဲကျနေတဲ့ သစ်လုံးတွေ တွေ့မိရင်လည်း ဘေးဖက်ကကွေ့ပတ်ပြီး သွားဖို့ကို ဂရုပြုစဉ်းစားလေ့ရှိပုံ မပေါ်ပါဘူး၊ သို့ပေမဲ့ အရပ်အားဖြင့် ပုနေကြတော့ ဒီအတိုင်းကျော်လွှားနိုင်ကြတာလည်း မဟုတ်ပေဘူး၊ ဒီတော့ သူတို့ရှေ့မှာ မြင်တွေ့သမျှ သစ်လုံးတွေကို သူ့ဦးချိုနဲ့ အားအင်ရှိသလောက် နောက်ဘက်ကိုကလော်ကော်တင်ပြီး ဆက်သွားတော့ တာပါပဲ၊ ရှေ့ဆုံးကသွားနေတဲ့ကြံ့ကြီးက အင်အားကြီးမားလေတော့ သူ့အနေအထားအရ ကျော်လွှားသွား နိုင်ပေမဲ့လည်း နောက်လိုက်ပါလာတဲ့ ကြံ့သားငယ်တွေဟာ သူကလော်လိုက်တဲ့ သစ်တုံးကိုပိမိနေပြီး သေဆုံးကြတော့ရတာပါပဲ၊ ဒါကိုလည်း ရှေ့ကကြံ့တွေက နောက်ကိုလှည့်ကြည့်ပုံ မပေါ်ပါဘူး၊ သူ့ဦးချို ဦးတည်ရာအတိုင်း ဆက်သွားနေတော့ပါဘဲ၊ နောက်မှာ ဘယ်သူတွေက ဘယ်လိုဒုက္ခရင်ဆိုင်နေရပြီး ပြတ်ကျန်ခဲ့တာကိုလည်း ဂရုမစိုက်ပါဘူး၊ အဲဒါကြောင့်ကြံ့သတ္တဝါတွေဆိုတာ အရေ အတွက်အားဖြင့် ကမ္ဘာပေါ်မှာ တစစရှားပါးနေရတယ်လို့ ဆိုစမှတ်ပြုလာကြရပါတယ်။ စစ်အုပ်စုတွေဟာ သူတို့ရဲ့နိုင်ငံရေးဦးတည်ချက်တွေအသေဆုပ်ကိုင်ထားပြီး မိမိတစ်ဖွဲ့တည်း တောဝင်တိုးနေတာက အထက်မှာတင်ပြခဲ့တဲ့ ကြံ့တွေ သဘောသဘာဝ အတိုင်းပါပဲ။

မှတ်မိကြပါလိမ့်မယ်၊ အဓိကအတိုက်အခံပါတီတွေ ဝင်ရောက်မယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ မှန်ကန်မှုကို အဆုံးအဖြတ်မပေးနိုင်ဘူးလို့ မကြာခင်လက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ စင်ကာပူ နိုင်ငံခေါင်းဆောင်ဟောင်း မစ္စတာဂိုလ်ချုပ်တောင်ရဲ့ပြောစကားကို စစ်အစိုးရ သတင်းမီဒီယာလောကမှာ ထုတ်ဖေါ်မရေးသားဝံ့ပဲ ရေငုံနှုတ်ပိတ်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံပါတီ NLD မပါဝင်ခဲ့ယင် ကမ္ဘာကလက်မခံဘူးဆိုတာ စစ်အစိုးရသိနားလည်ဖို့ အသိလာပေးသွားတာပါပဲ။

တဖက်မှာလည်း ပြည်တွင်း ဒီမိုကရေစီအင်အားစုအပေါ် အတိုင်းအတာတစ်ရပ်အထိ မဖြိုခွင်းနိုင်သေးသရွေ့ ဒီလက်နက်ကိုင်တိုင်းရင်းသားတပ်တွေကို ခေတ္တကျော သပ်ထားရမှာပါပဲ။ တစ်ချိန်တည်းမှာ စစ်မျက်နှာနှစ်ခု မဖွင့်လိုလို့ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုဟာ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ လေသံတစ်သံတည်းထွက်ရှိလာမှာကို လုံးဝမလိုလားပါဘူး၊ ဒီအင်အားစုနှစ်ရပ် နီးစပ်သွားကြမှာကိုလည်း အလွန်ကိုပဲစိုးရိမ်နေပါတယ်၊

လတ်တလော အခြေအနေကို ကြည့်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်တဲ့ လုပ်ရပ်တွေနဲ့ တဖက်က ကုလသမဂ္ဂမှာ မြန်မာသံအမတ်က အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ပြောဆိုခဲ့တာဟာ ပြဒါးတစ်လမ်းသံတစ်လမ်း၊ အရှေ့နဲ့အနောက် ဖီလာဆန့်ကျင်နေပါတယ်။ လွှတ်ပေးမဲ့အကျဉ်းသားတွေထဲမှာ ရာဇဝတ်သား ၉၉% လောက်ပါဝင်လာမှာက ဒီလိုလုပ်ရပ်ဟောင်းတွေမှာ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်များက နှစ်ကြိမ်လွှတ်ပေးခဲ့စဉ် အကျဉ်းသား တစ်သောင်းခွဲခန့်မှာ နိုင်ငံရေးအကျဉ်းသား ၃၉ ဦးပဲပါဝင်တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့ဘူးပါတယ်။
ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ပြီး ကိုယ့်လူနဲ့ကိုယ် ဥုံဖွနိုင်ငံရေးသမားဆိုပြီး ကြောင်သူတော်တွေနဲ့ အတင်းဖန်တီးလုပ်ယူလို့ ရနိုင်ကောင်းပါတယ်။ နည်းလမ်းမမှန်ကန်စွာနဲ့ ဒီလိုဇွတ်အတင်း လုပ်ယူခဲ့လို့လည်း မြန်မာ့ပြည်တွင်းရေးမှာ တိုင်းရင်းသားအရေးတွေကို မဖြေရှင်း နိုင်ခဲ့ရာက ရရှိခဲ့တဲ့ လွတ်လပ်ရေးနဲ့အတူ မြန်မာ့ပြည်တွင်းစစ်ကြီးက အခုထက်တိုင် မငြိမ်းသတ်နိုင် သေးပါဘူး။ ဒီအတိုင်းပဲ ဆက်သွားနေယင်လည်း ဘယ်အစိုးရပဲတက်လာလာ မြန်မာ့နိုင်ငံရေးဟာ နာတာရှည်ကင်ဆာရောဂါကြီးလို ပြဿနာပေါင်းထောင်သောင်းများစွာနဲ့ နပမ်းလုံးပြီး စခန်းဆက်သွားနေရဦးမှာပါပဲ။

တိုင်းရင်းသားတွေလက်ထဲမှာ သေနတ်တွေ ဆက်လက်ရှိနေပါသေးတယ်၊ နယ်ခြားစောင့်တပ်အသွင် မပြောင်းလဲချင်ရင်လည်း ဌာနေပြည်သူ့စစ်ဖွဲ့ပါ၊ ကိုယ့်လက်နက်ကိုယ်ကိုင်၊ လက်ရှိနေမြဲအတိုင်း ဆက်ပြီးရှာစားကြ ဆိုလာပြန်ပါတယ်။ အမှန်မှာတော့ အမျိုးသားလွတ်မြောက်ရေးတပ်မတော်လို့ အမည်နာမ မှည့်ခေါ်ထားတဲ့ တိုင်းရင်းသားတပ်တွေကို ခင်ဗျားတို့ပြည်သူ့စစ်ပဲ ဆက်လုပ်ကြပေတော့ ဆိုတာပါပဲ။ ဒါကလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာ တိုင်းရင်းသားတပ်ဖွဲ့မှန်သမျှကို ဘယ်တပ်ဖွဲ့အမည်နာမနဲ့ပဲနေနေ စစ်အစိုးရရဲ့ ကာကွယ်ရေးဌာန လက်အောက်မှာ တိုက်ရိုက်ကွပ်ကဲလိုတဲ့ ရည်ရွယ်ချက်တွေပါ။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း မိမိလက်နက်ကိုင်တပ်ဖွဲ့တွေကို နိုင်ငံတော်ကိုအပ်နှင်း၊ မိမိတို့ကတရားဝင်ပါတီအဖြစ်ရပ်တည်ပြီး ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တော့ ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ အချိန်မတန်သေးဘူးလို့ တွက်ဆနေကြပါတယ်။ အနှစ်သာရကင်းမဲ့ပြီး အာမခံချက်မရှိတဲ့ ဒီဖွဲ့စည်းပုံနဲ့တော့ နိုင်ငံတော်ကြီး အနာဂတ်ခရီးက အလားအလာ မကောင်းလှပါဘူး၊ မတင်မကျ ဟိုမရောက် ဒီမရောက်တဲ့ စပ်ကြားကာလမှာ နအဖစစ်အစိုးရကို နောက်စစ်အစိုးရတစ်ဖွဲ့က အာဏာထပ်သိမ်းခဲ့ပြန်ရင် ဘယ်နှယ့်လုပ်ကြမလဲ။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံမှာ အာဏာကို အချိန်မရွေးသိမ်းယူလို့ရတာကို အတိအလင်း ဖေါ်ပြထားတယ်ဆိုတာ အားလုံးကသိနေကြပါတယ်။

၁၉၅၈ ကာလမှာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ဖဆပလအစိုးရထံ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ပွဲတွေလုပ်ခဲ့ကြပြီး တရားဝင်ပါတီအဖြစ်ရပ်တည်ခွင့်ရကြကာ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ လက်နက်အပ်ပေးလိုက်ကြပြီး နှစ်တွေလဲမကြာလိုက်ပါဘူး၊ ၁၉၆၀ ခုရွေးကောက်ပွဲနဲ့ တက်လာတဲ့ဦးနုအစိုးရ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်း အာဏာသိမ်းခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ကြစေလိုပါတယ်။ ဒီအာဏာ သိမ်းမှုကြောင့် တိုင်းရင်းသားခေါင်းဆောင်များနဲ့ ထိပ်တန်းနိုင်ငံ ရေးသမား အားလုံးလိုလို ထောင်နန်းစံခဲ့ကြရတယ်။ အထူးသဖြင့် တိုင်းရင်းသား ခေါင်းဆောင်တွေ အများအပြား မျိုးတုန်းလုမတတ် ဖမ်းဆီးထောင်ချခံလိုက်တဲ့လုပ်ရပ်တွေဟာ ဦးနုကပဲ ဗိုလ်နေဝင်းကို အာဏာသိမ်းစေခဲ့သယောင်ယောင် တိုင်းရင်းသားတွေက ဗမာတွေအပေါ် သင်္ကာမကင်း ဖြစ်နေခဲ့ကြရပါတယ်။

ပြီးတော့လည်း ၁၉၆၂ အာဏာသိမ်း ဗိုလ်နေဝင်းမဆလအုပ်စုဟာ ၁၉၈၈ မှာ လုံးဝခရီးဆက်လျှောက် လှမ်းလို့မရတာကို သိနားလည်လာတော့ ဗိုလ်စောမောင်တို့ကို အာဏာသိမ်းစေပြီး လက်ရှိစစ်အစိုးရထံ အမွေလွှဲအပ်စေခဲ့တာကို သတိပြုကြစေလိုတယ်။ စစ်အစိုးရဟာ သူရှေ့ဆက်သွားမဲ့လမ်းကြောင်းတွေ အားလုံးပိတ်သွားမယ်ဆိုရင် အသစ်တဖန် အာဏာထပ်မံသိမ်းယူခြင်းနည်းနဲ့ သူတပည့်နောက်သားတွေထံ အမွေ လွှဲအပ်ခဲ့တဲ့ သာဓကတွေ အထင်အရှားရှိခဲ့ပြီးဖြစ်ပါတယ်။

ဒီကြားထဲ စစ်အုပ်စုထိပ်ပိုင်းအကြီးအကဲတွေ စစ်ဘောင်းဘီချွတ်ကြရမယ့် အရေး အစည်းအဝေးတွေ လုပ်နေကြတာလွယ်လွယ်နဲ့ မပြီးစီးနိုင်၊ တပ်ချုပ်ဆိုတဲ့ အလုပ်ကို ဗိုလ်မောင်အေးကလည်း လုပ်ချင်သလို ဗိုလ်ရွှေမန်းကလည်း အသက်လွန် စစ်သားဘိုးအေတွေ နေရာကထွက်ချိန်တန်ပြီလို့ အသံတွေထွက်နေပါတယ်။ ဒါကြောင့်ပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေ၊ ဘာညာတွေကို မထုတ်ပြန်သေးတာ ဖြစ်နိုင်တယ်လို့ အကဲခတ်စောင့်ကြည့်နေသူတွေက ဆိုကြပါတယ်။

လာမယ့် ရွေးကောက်ပွဲဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားတပ်ဖွဲ့၊ လက်နက်ကိုင်ပါတီတွေအတွက် အတိအလင်း အာမခံချက်ပေးထားတာ မရှိတဲ့အတွက် ဒီဖွဲ့စည်းပုံအတိုင်း တက်လာမယ့် အစိုးရကိုလည်း ပြည်သူတွေ လက်မခံနိုင်တာ သဘာဝကျပါတယ်၊ ကျုပ်တို့လက်နက်ကို ကျုပ်တို့မအပ်နိုင်သေးလို့ “ဘူး” ဆက်ခံနေယင် အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်အစိုးရ ဘာဖြစ်သွားမှာလဲ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်မက အဲဒီတက်လာမဲ့ အစိုးရဆိုတာကလည်း ဖွတ်အမြီးနဲ့ဖွတ်လည်ပင်း ပတ်မိတဲ့ကိန်းဆိုက်နေတော့မှာပါပဲ၊ ဟိုဖက်ပတ်မိလိုက် ပြန်ဖြေလိုက်၊ ဒီဖက်ပတ်မိလိုက် ပြန်ဖြုတ်ချလိုက်နဲ့ ဖွတ်ကျားနိုင်ငံရေးသမားတွေ အာဏာတက်ယူထားတဲ့ အစိုးရဆိုတာတွေ ရွာလည် နေကြရမှာကို ကြိုတင်မြင်နေမိပါသေးတယ်။

နိုင်ငံတော်ကြီးဦးတည်ရာမဲ့နေတဲ့ အဲဒီကာလအတောအတွင်းမှာ ကြံ့သတ္တဝါဦးတည်ချက် လမ်းစဉ်နဲ့အတူ တက်လာမဲ့ဖွတ်ကျားအစိုးရ စစ်ဘောင်းဘီချွတ်အုပ်စုဝင် အပေါင်းအပါတို့ဟာ နိုင်ငံရဲ့သယံဇာတ ပစ္စည်းမှန်သမျှ သူတို့ရဲ့ဆွေမျိုးပေါက်ဖေါ် တရုတ်၊ ကုလားတွေထံ အကုန်လုံးရောင်းစားပြီး စံစားကြချိန်မှာ ပြည်သူအများစုက ဆင်ရဲတွင်း ထဲနက်သထက်နက်လာ၊ အချို့က ပြည်ပကိုထွက်ခွာစွန့်ပြေး၊ အစိုးရ ဆိုသူတွေက တိုင်းရင်းသားတွေကို နယ်မြေထဲကနေမောင်းထုတ် စတဲ့ မြန်မာ့ပြည်တွင်းရေး မဟာအနိဌာရုံကြီးဟာ လွယ်လွယ်နဲ့တော့ အဆုံးသတ်နိုင်ဦးမှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်ရှိသရွေ့ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဆက်လက် တိုက်ပွဲဝင်နေသူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာမှာဖြစ်ပါကြောင်း။



မင်းညီချမ်း(ဘဝတက္ကသိုလ်)


0 အကြံပြုခြင်း: