Friday, September 25, 2009

ဂန္ဓာလရာဇ်မင်းတြားကို နေပြည်တော်တိုင်းက မချေမငံပြုမူ နေသလော



သောကြာနေ့၊ 25 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်


သမီးကညာအပါအ၀င် လက်ဆောင်ပဏ္ဏာများ ပုံမှန် ဆက်သနေမှသာ ဧကရာဇ်မင်းများက အမျက်တော် မထား ပဲ အမြဲ ကြည်ဖြူကာ ထီးနန်းအုပ်ချုပ်ပိုင်ခွင့်ကို ပေးသနားထားကြသည်။

လက်ဆောင်ဆက်သနေခြင်းများ ဖြတ်တောက်လိုက်ကာ အကြောင်းမပြန် အဆက်အဆံမပြုပဲ တင်းခံလာပါက ဘုန်းတော်ကြီးသည့် အရှင်ကိုယ်တော်မင်းတြားကြီးအား အာခံချေပြီ တကားဟု အထင်ရောက်ကာ အမျက်တော် ရှ၍ ကျူးကျော် စစ်ပြု ထီးနန်းချခဲ့ကြသည့် အစဉ်အလာများရှိခဲ့သည်။

ထိုအကြောင်းအရာများကတော့ လွန်ခဲ့သည့်နှစ်ပေါင်း (၅၀၀) လောက်က ပဒေသရာဇ်မင်းနိုင်ငံများ၏ ဆက်ဆံ ရေး ပုံစံ တစ်ခုဖြစ်သည်။

ယခုခေတ်သည် ပဒေသရာဇ်ခေတ် မဟုတ်တော့သဖြင့် သမီးကညာနှင့်တံစိုးလက်ဆောင်များ ဆက်သ၍ ထီးနန်း သက်ရှည်အောင် တခြားတစ်ပါးသောနိုင်ငံများ၏ သြဇာခံနေရသူများရှိနိုင် မရှိနိုင်ဆိုသည်မှာ အငြင်းပွားဖွယ်ရာဖြစ်သည်။

သည်နေရာတွင် လူတို့၏အပြုအမူများထဲမှ မြင်ရလေ့ရှိသော အလုပ်များနှင့် နိုင်းယှဉ် ပြောလိုသေးသည်။

တစ်ကျောင်းလုံးက မောင်မဲက မောင်ဖြူကို ကြောက်ရွံ့နေရကြောင်း သိရှိနေကြသည် ဆိုပါစို့။

ထိုအခါ မောင်မဲက မောင်ဖြူကို မကြောက်ဖူးဆိုတာ လူအများသိသာစေရန် ပြသချင်၍ မောင်ဖြူရှေ့ တည့်တည့် တွင် အကျီချွတ်ဗလ ထုတ်ပြတာမျိုး လုပ်ပြလိုက်သည်။ မောင်မဲကဲ့သို့သော လုပ်ရပ်ရှိသူများကို တွေ့ဖူးကြမည်လည်းဖြစ် သည်။

ယနေ့တရုတ်နယ်စပ်ရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကိစ္စတွင် ဗမာစစ်ဗိုလ်ချုပ်များက တရုတ်အပေါ် မောင်မဲကဲ့သို့ပြုမူခဲ့သလားဟု တစ်ခါတစ်လေတွေးမိသည်။

လွန်ခဲ့သည့် နှစ်(၂၀) ကာလအတွင်း မြန်မာစစ်ဗိုလ်ချုပ်များ အာဏာသိမ်းယူခဲ့ချိန်မှစ၍ ယနေ့အချိန်အထိ အင် အားကြီး တရုတ်ပြည်နှင့် မြန်မာစစ်ဗိုလ်ချုပ်အုပ်စုတို့ ဆက်ဆံရေးတွင် တစ်ကမ္ဘာလုံးက တရုတ်အား မြန်မာ စစ်ဗိုလ်များအပေါ် သြဇာအရှိဆုံးနိုင်ငံတစ်ခုဟု ထင်မြင်ယူဆခဲ့ကြသည်။

တကယ်တန်းတွင် အများယူဆသလိုမဟုတ်ပဲ မြန်မာစစ်ဗိုလ်ချုပ်များက ဆက်ဆံရေး၌ အသာစီးရနေခြင်း ဖြစ် ကြောင်း အကဲခတ်တချို့က ယူဆသည်လည်းရှိသည်။

နှစ် (၂၀) ကာလအတွင်း မြန်မာစစ်ဗိုလ်ချုပ်တစ်စုက တရုတ်ပြည်၏ အကျိုးစီးပွားနှင့်လိုအပ်ချက်များ အပေါ် မက် လုံး ပေးဆွဲဆောင်ကာ လှလှပပ အသုံးချခဲ့ခြင်းဖြစ်သည်ဟု သူတို့က ဆိုကြသည်။

တရုတ်ပြည်သို့ သွယ်တန်းမည့် ရေနံနှင့်ဂက်(စ်)ပိုက်လှိုင်းကိစ္စကို ကြည့်ခြင်းအားဖြင့် တရုတ်အားမည်သို့ အသုံးချ ခဲ့သည်ကို သိသာစေသည်။

အိန္ဒိယနိုင်ငံသည် ဂက်(စ်)၀ယ်ယူရေးတွင် တရုတ်ထက်ငွေပိုပေးခဲ့သော်လည်း မြန်မာဗိုလ်ချုပ်များက ငွေပိုရ သည့် အိန္ဒိယကို မရောင်းပဲ တရုတ်ကိုရောင်းခဲ့ခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း ဖြတ်သန်းသွယ်ယူမည့်အဆိုပါ ပိုက်လှိုင်းများသည် ငြိမ်းချမ်း ရေး လက်နက်ကိုင်အဖွဲ့များအပေါ် ထိန်းချုပ်နိုင်ရန်နည်းလမ်းတစ်ခုအဖြစ် အသုံးချသွားခြင်းဖြစ်သည်။

၂ ကောင်ကျွေး၍ ကင်းယူမည့်အကွက်မျိုးဖြစ်သည် ။ တရုတ်နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကခေတ်ပြိုင်နှင့်အင်တာဗျူးတွင် ဂက်(စ်) ပိုက်လှိုင်း၂ လှိုင်းနဲ့ တရုတ်က လည်စင်းပေးနေရသည့် အဖြစ်မျိုးရောက် နေကြောင်း ပြောကြားခဲ့သည်။

မကြာသေးမှီက တရုတ်နယ်စပ်အနီးဖြစ်ပွားခဲ့သည့် ဗမာစစ်တပ်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့၏ လက်နက် ကိုင် ပဋ္ဋိပက္ခတွင် ကိုးကန့်လက်နက်စက်ရုံကိစ္စကို တရုတ်က သတင်းပေး၍ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြော ကြားရခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ စိတ်ဝင်စားစရာကောင်းလှသည်။

တရုတ်က ယခုလို လက်နက်စက်ရုံရှိကြောင်း တရုတ်ကပြောခဲ့သည် ဆိုအုံးတော့ တရုတ်သတင်းပေးခဲ့ကြောင်း ထုတ်ဖေါ်ရန် သင့်မသင့်ဆိုသည်မှာ သာမန်လူတစ်ယောက်အနေဖြင့်ပင် ဆုံးဖြတ်နိုင်လောက်သည်။

ဗမာစစ်ဗိုလ်ချုပ်များက မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုလို တမင်ဂျောက်ချလိုက်သနည်း ဆိုသည်မှာ စဉ်းစား စရာ ဖြစ်သည်။

ယခုကိစ္စက နယ်စပ်မှာတင်ဖြစ်သည့်ကိစ္စမို့ အရေးမကြီးသော်လည်း တကယ့် ရေထဲမိုးထဲတွင် နောက်ကျော ဓါးဖြင့် ထောက်သည့် အဖြစ်မျိုးကြုံရစရာရှိနေသည်။

တရုတ်ကို ကိုးကန့်နွယ်ဖွားများအပါအ၀င် အားလုံးက၀ိုင်းမုန်းတီးကြရန် လက်ညိုးထိုးအပစ်ဖို့ကြရန် တမင် ထုတ် ပြောလိုက်ခြင်း ဖြစ်ဖွယ်ရာရှိသည်။

ဗမာစစ်ဗိုလ်ချုပ်များက အမေရိကန်နှင့်အနောက်ကမ္ဘာကို ဆက်ဆံရေးကောင်းလို၍ တရုတ်အပေါ် ကလန်က ဆန် လုပ်ပြနေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

၎င်းမှာ (၂၀၁၀) တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲနှင့် ဆက်နွယ်သည်။ အဆိုပါ ရွေးကောက်ပွဲကို အနောက် ကမ္ဘာက ထောက်ခံစေရေး အတွက်ဖြစ်သည်။ အထူးသဖြင့်အမေရိကန်၏ထောက်ခံမှုကိုရရှိရန် အထူးမျှော်လင့်လိုလား နေပုံရသည်။

မကြာမှီ ၀ါရှင်တန်သို့ သွားမည့် နအဖ၀န်ကြီးချုပ်သိန်းစိန်၏ ခရီးစဉ်သည် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွ န်စေရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ထိုမှတဆင့် (၂၀၁၀) ရွေးကောက်ပွဲအပါအ၀င် နအဖ၏အစီအစဉ်များကို ထောက် ခံမှုရစေရန် ခြေလှမ်းပြင်ခြင်းဖြစ်သည်။

အမေရိကန်နှင့်မြန်မာစစ်ဗိုလ်ချုပ်များ၏ ဆက်ဆံရေးသည် အချိုးအကွေ့တစ်ခုဆီသို့ ကူးပြောင်း လာနေကြောင်း ကို မကြာမှီက ရေကူးသမား ယက်တောကိစ္စနှင့် နေပြည်တော်လာရောက်ခဲ့သည့် ဂျမ်ဝက်ခရီးစဉ်ကို ကြည့်ပြီးနိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူများ အပြောကို ကိုးကား၍ သတင်းမီဒီယာများက ဖေါ်ပြကြသည်။

ထိုသို့ဆိုလျှင် တရုတ်ပြည်၏ အခန်းကဏ္ဏသည် မှေးမိန်သွားမှာလားဆိုသည်မှာ မေးခွန်းသစ်တစ်ခု တိုးလာခြင်းဖြစ်သည်။

မိမိအာဏာလိုအပ်ချက်များ အတွက် မီးစင်ကြည့်၍ အကွက်ပြောင်းကနေသည့် ဗမာစစ်ဗိုလ်ချုပ်တို့အဖို့ အသက် ရူချောင်ခွင့်ရှိမရှိ ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်လေသည်။
SOURCE

0 အကြံပြုခြင်း: