Thursday, October 1, 2009

“ပြည်သူလူထုကိုရှေ့ရှုတယ်ဆိုရင်”



သက်ထွန်း
post by Thursday, October 01, 2009


အမျိုးသားပြန်လည်သင့်မြတ်ရေး (သို့) အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားဟာ အင်မတန်ပြောလို့ကောင်းတဲ့၊ ငြိမ်းချမ်းရေးဆန်တဲ့ တူရူချက်ကို တိမ်းညွတ်တဲ့စကားလုံးမျိုး ဖြစ်နေသလို၊ နိုင်ငံတကာအခင်းအကျင်းမှာ ထောက်ခံမှုရစေမယ့် စကားလုံးမျိုး ဖြစ်ပါတယ်။

သို့ပေမယ့် ဗမာပြည်နဲ့ ပြည်သူလူထုအတွက်ကတော့ သေသေချာချာဆန်းစစ် ကြည့်မယ်ဆိုရင် စစ်အာဏာရူးလူတစုရဲ့ တိုင်းပြည် အချုပ်အချာအာဏာကို မတရားရယူထားဖို့နဲ့ သူတို့ရဲ့ရပ်တည်ချက်ရှည်ကြာရေးအတွက် သက်သက် သာ ဖြစ်တယ်ဆိုတာကို တွေ့ရလိမ့်မယ်။

ဘာကြောင့်ဆို ပြည်သူလူထုနဲ့စစ်တပ်ကြားမှာ ဘာနိုင်ငံရေးပြဿနာမှမရှိပါဘဲ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြား တိုင်းပြည် အာဏာဝေခွဲရေးအတွက် အချင်းများပြီးဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်မရှိဘဲ (စစ်အာဏာရှင်ကနေ တိုင်း ရင်းသား အင်အားစုများနဲ့ လူမျိုးစုပြည်သူများကို ချေမှုန်းတိုက်ခိုက်နေတဲ့ ဒေသအလိုက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မျိုးတော့ရှိနေတယ်)၊ အမျိုးသားညီညွတ်ရေး ပျက်ပြားနေသယောင်၊ တိုင်းပြည်ပြိုကွဲတော့ မလိုလို၊ တိုင်းတပါးကလာပြီး သိမ်းပိုက်တော့မလိုလို၊ အဲဒီ ယောင်ယောင်တွေ လိုလိုတွေနဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ကိုကာကွယ်ရ မယ့် အမျိုးသားစစ်တပ်ကို ဖက်ဆစ်တပ်လိုအသွင်ပြောင်းစေပြီး၊ ပြည်သူတွေရဲ့ အချုပ်အချာအာဏာကို ပြည်သူ့သဘောဆန္ဒမပါဘဲ မတရားသိမ်းပိုက်ထားပြီး၊ တိုင်းပြည်ရဲ့မြေပေါ်မြေအောက် သယံဇာတတွေကို အလွဲသုံးစားပြုနေတဲ့၊ စစ်ခေါင်းဆောင်တချို့ကြောင့် ဖြစ်ပေါ်နေတဲ့၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေမဲ့အနိုင်ကျင့် အုပ်ချုပ် မှုတွေ၊ တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ်နေမှုတွေသာ ဖြစ်တယ်။

တကယ်က တိုင်းပြည်တခုရဲ့ အချုပ်အချာအာဏာဆိုတာ ပြည်သူလူထုထံကသာ ဆင်းသက်တာဖြစ်သလို၊ အမျိုးသားစစ်တပ် ဆိုတာ လူတန်းစားတရပ် မဟုတ်သလို၊ လူမျိုးစုတရပ်လည်းမဟုတ်ပါဘူး။ စစ်တပ်ဆိုတာ တိုင်းပြည်ဝန်ထမ်းအဖွဲ့အစည်း တခုသာဖြစ်ပြီး၊ ပြည်သူကို အလုပ်အကျွေးပြုဖို့သာ ဖြစ်ပါတယ်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ရပိုင်ခွင့်တွေ၊ ပြဌာန်းပိုင်ခွင့်တွေဆိုတာ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းရမှာသာ ဖြစ်ပါတယ်၊ ဒါကြောင့် စစ်ခေါင်းဆောင်တွေပြောနေသလို အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ၊ စစ် အာဏာရူး လက်တဆုပ်စာလူတစုနဲ့ ပြည်သူလူထုကြားမှာ ဘာမှလုပ်စရာမလိုအပ်သလို၊ ရှိလဲမရှိပါဘူး၊ တကယ်ဖြစ်ပေါ်နေတဲ့ ဗမာ ပြည်ရဲ့ နိုင်ငံရေးပြဿနာအားလုံးဟာ စစ်အာဏာရှင်လူတစုကြောင့်သာ ဖြစ်ပေါ်နေတာဖြစ်ပြီး၊ လက်ရှိမှာ ဖြစ်ပေါ်နေတာကလည်း ပြည်သူ့လူထုရဲ့အာဏာကို ပြည်သူလူထုရဲ့ လက်ထဲပြန်လည်ရောက်ရှိပြီး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ် လိုသူတွေနဲ့ ပြည်သူလူထုရဲ့အာဏာကို လက်နက်နဲ့ အနိုင်ကျင့်သိမ်းပိုက်ထားပြီး၊ ကိုယ်ကျိုးစီးပွားရှာနေသူတွေကြားက တိုက်ပွဲသာ ဖြစ်တယ်။ ဒါကြောင့် ဗမာပြည်ကို (ပြည်သူတရပ်လုံးရဲ့ ဘဝတွေ) တည်ငြိမ်ဖို့၊ ငြိမ်းချမ်းဖို့၊ တိုးတက်စေဖို့ဆိုတဲ့ အဖြေမှန်ကတော့ စစ်အာဏာရူးတစုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားနိုင်မှသာ ဖြစ်တယ်။

တခါတရံမှာ နိုင်ငံရေးစကားလုံးတွေကို ဖယ်ရှားပြီးကြည့်ဖို့လိုအပ်ပါတယ်၊ ဘာကြောင့်ဆို စကားလုံးတွေကိုအကာအကွယ်လုပ်ပြီး စစ်တပ်ကိုမှိုင်းတိုက်ထားတဲ့၊ ပြည်သူကို ခြိမ်းခြောက်ထားတဲ့၊ နိုင်ငံတကာကို လိမ်လယ်ထားတဲ့ စစ်အာဏာရူးတစုရဲ့ အတွင်းသရုပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်လို့ပါဘဲ။ ဘယ်နိုင်ငံမှာမဆို စစ်အာဏာရှင်စနစ်ကို တည်ဆောက်ခွင့်၊ အသက်ရှင်ခွင့်ပေးနေသရွေ့၊ ပြည်သူဟာ အဖိနှိပ်ခံဘဝနဲ့ ဆင်းရဲတွင်းက ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ပါဘူး။

အခုအချိန်မှာ ဗမာပြည်ရဲ့ အနေအထားဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် သက်သက်သာ မကတော့ပါဘူး၊ ပြည်သူတရပ်လုံး အတွက် စစ်အာဏာရှင်စနစ်အောက်ကနေလွတ်မြောက်ဖို့ပါ ရုန်းကန်ရမယ့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတိုက်ပွဲ ပုံသဏ္ဍာန် အဆင့်ကို ဦးတည်သွားပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်ကြီးမားတဲ့ အခက်အခဲတခုက စစ်အာဏာရှင်စနစ်ကိုဖယ်ရှားဖို့ ကြိုးစားနေသူတွေကြား ရှုမြင်ပုံတွေ ထွေပြား ဝေ ဝါးနေတဲ့ ကိစ္စဟာ တနေ့တခြား ပိုမိုရူပ်ထွေးလာကြပြီး ကွဲပြားမှုတွေက ပိုမိုနက်ရှိုင်းလာတာပဲ ဖြစ်တယ်၊ ဦးစွာစဉ်းစားကြည့်ရင် အတွေးအခေါ်ပိုင်းအရ စိမ်ခေါ်မှုတွေ ဖြစ်ပေါ်လာသလို ရှိနေခဲ့ပေမယ့်၊ တကယ့်ဖြစ်စဉ်တွေအရကတော့ အတွေးအခေါ်မတူညီကြ သယောင်ယောင်နဲ့ (တကယ်ကတော့) ရပ်တည်ချက် မတူညီကြတဲ့ပြဿနာ ဖြစ်ပါတယ်၊ အတွေးအခေါ်တိုက်ပွဲလို့ ပြောလို့မရတာ ကတော့ စစ်တပ်အုပ်ချုပ်တာ မကောင်းကြောင်းနဲ့ စစ်ခေါင်းဆောင်တွေ မကောင်းကြောင်းကိုသိပါတယ်လို့ တဖွဖွပြောနေသူတွေ တချို့ကပဲ စစ်ခေါင်းဆောင်တွေကို တိုင်းပြည်ကယ်တင်ရှင်လိုလို တိုင်းပြည်ကို တရားဝင်အုပ်ချုပ်နေသူတွေလိုလို သတ်မှတ်ပေးနေ ကြတဲ့ကိစ္စက ရပ်တည်ချက်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မြင်နေတာဖြစ်တဲ့အတွက် အတွေးအခေါ်လမ်းကြောင်းပေါ်ကနေ သွေခွာပြီး အကျိုးစီးပွားဆိုတဲ့ဘက်ကို ရောက်သွားတဲ့အတွက် ဒီလုပ်ရပ်မျိုးဟာ တိုင်းပြည်တခုအတွက် လမ်းကြောင်းမှန်ကို ရှာဖွေကြတဲ့အခါမှာ တော့ တော်တော်အကြည့်ရရုပ်ဆိုးတဲ့ ပြဿနာ ဖြစ်တယ်။

ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားပေါ်ကနေ ကြည့်မြင်ချဉ်းကပ်ကြတာဟာ ကြီးကျယ်တဲ့ပြဿနာတခု မဖြစ်ပေမယ့် တိုင်း ပြည်တခုလုံးအတွက် (သို့) ပြည်သူတရပ်လုံးအတွက်ကြတော့ ပုဂ္ဂိုလ်အကျိုးစီးပွားကနေဖယ်ခွာပြီး ရူမြင်သင့်ချဉ်းကပ်သင့် ပါတယ်။ ဒါ ကြောင့် ပြည်သူအတွက်လုပ်နေသူတွေပါလို့ ကြွေးကြော်နေကျသူတွေအားလုံးမှာ ငါ ဘာဖြစ်ချင်တာလဲဆိုတာထက် တိုင်းပြည်အတွက် ပြည်သူအတွက် ဘာဖြစ်ချင်တာလဲဆိုတာက ပိုအရေးကြီးပါတယ်။

အတွေးအခေါ်ပိုင်းအရ ပြည်သူလူထုအတွက်အခြေခံပြီးတော့ စဉ်းစားတယ်ဆိုရင် ပြည်သူတွေ ငတ်နေတယ်ဆိုတာလောက်နဲ့ မလုံ လောက်တော့ပါဘူး ငတ်နေတာကိုကျွေးထားနိုင်ဖို့ စီးပွားရေးအထိုင်တခုထဲကနေ ရှုမြင်နေလို့ မရနိုင်တဲ့အကြောင်းအချက်က စီးပွား ရေးစနစ်တခု တည်ငြိမ်ဖို့ တိုးတက်ဖို့ရာ ခိုင်မာတဲ့နိုင်ငံရေးဖြစ်စဉ်မရှိဘဲ မရနိုင်လို့ ဖြစ်ပါတယ်၊ ဘာကြောင့်ဆို ကြိုးနီ စနစ်နဲ့ ထိန်းချုပ် ထားတဲ့ ဘယ်လိုစီးပွားရေးစနစ်မျိုးမှ မှန်မှန်ကန်ကန်တိုးတက်မှု မရနိုင်သလို၊ အချက်အခြာကျတဲ့ စီးပွားရေး ဖြစ်စဉ်တွေအားလုံးဟာ လူတန်းစားတခု ဒါမှမဟုတ် လက်တဆုပ်စာ လူတွေလက်ထဲမှာပဲ ရှိနေမှာဖြစ်လို့ ဖြစ်တယ်။

ဒါကြောင့် လွတ်လပ်တဲ့ဘဝတည်ဆောက်မှုနဲ့ တည်ငြိမ်ခိုင်ခန့်တဲ့ လူ့အဖွဲ့အစည်းမျိုး မဖြစ်ပေါ်နိုင်တဲ့ အနေအထားမျိုးမှန်သမျှကို ဖယ် ရှားပစ်ဖို့ရာ အရေးအကြီးဆုံးကိစ္စရပ် ဖြစ်လာတယ်။ အခြေခံမမှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပြည်သူကို စစ်စစ်မှန်မှန် အကျိုး ရှိစေဖို့ဆိုတာကတော့ အတ္တမာနနဲ့ စိတ်ကူးယဉ်ဆန်တဲ့ သူတွေရဲ့ ပြည်သူတွေရဲ့ဘဝလွတ်လပ်အေးချမ်းဖို့ရာအတွက် အကောင် အထည် ဖြစ်မလာနိုင်တဲ့ နိုင်ငံရေးချဉ်းကပ်မှုမျိုးသာ ဖြစ်ပေလိမ့်မယ်။

တစုံလုံးပြောင်းလဲမှရမယ့် အဆောက်အအုံတခုကို ဟိုနေရာပြောင်း၊ ဒီနေရာလဲလုပ်ရုံနဲ့ ပြည်သူတွေရဲ့ စစ်ကိုလိုနီလက်အောက် က နင်းပြားဘဝနဲ့ အကျပ်အတည်းအားလုံးဟာ ကောင်းမွန်လာစရာမရှိပါဘူး၊ ခွဲစိတ်ပစ်ဖို့လိုနေတဲ့ စစ်အာဏာရှင် ကင်ဆာစနစ်ဆိုး အောက်ကနေ လုံးဝလွတ်မြောက်မှသာ ပြည်သူတွေရဲ့ဘဝဟာ လူချင်းတူတူ သူချင်းမျှမျှဘဝမျိုးကို ရောက်နိုင်မယ်ဆိုတာ သိထားဖို့ လိုပါတယ်။ စစ်အာဏာစနစ်ဆိုးရဲ့ တဖြည်းဖြည်းလှိုက်စားလာမှုကြောင့် (ဘဝရပ်တည်မှုနဲ့ ဆက်လက်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရွေ့ရှားကြရင်း) မသိမသာ အခြေအနေကနေ ခုဆိုရင် သိသိသာသာဖြစ်ပေါ်လာပြီဖြစ်တဲ့ ပြည်သူတရပ်လုံးရဲ့ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ချို့ယွင်းပျက်ဆီးနေမှုဟာ အနာဂါတ်မျိုးဆက်အားလုံးအတွက် အရေးအကြီးဆုံး စိမ်ခေါ်မှုတရပ် ဖြစ်နေပြီဆိုတာ နိုင်ငံရေး ဝန်းကျင်တခုလုံးအနေနဲ့ကို ထည့်သွင်းတွက်ချက်ရမယ့်အချက် ဖြစ်တယ်။

အဓိကျတဲ့ ကြောက်စရာအကောင်းဆုံး အနေအထားနှစ်ရပ်ကတော့ အကြောက်တရားလွမ်း မိုးခံထားရတဲ့စိတ်နဲ့ ကိုယ်ကျင့်တရားကို တန်းဘိုးမထားတတ်တော့တဲ့ စိတ်ပဲဖြစ်တယ်၊ ဒီအခြေအနေကို ဘာကြောင့်ရောက်လာရသလဲဆိုတော့ ဥပဒေမဲ့ မတရားဖိနှိပ်ရက်စက် မှုများကို အသက်သွင်းကြီးထွားနေစေတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဒီစနစ်ကို မောင်းနှင်နေသူတွေကြောင့်ဖြစ်ပြီး၊ တဖက်မှာ လျော်ကန် သင့်မြတ်တဲ့ နိုင်ငံရေးဝန်းကျင်တရပ်မရှိတဲ့အတွက် မိမိတို့ရဲ့ မူရင်းလူ့အဖွဲ့အစည်းမှာရှိတဲ့ စံတန်ဘိုးတွေကို ပစ်ချပြီး ဘဝကို ရပ်တည် နေရတဲ့ အရွေ့တွေကြောင့်ပဲ ဖြစ်တယ်။

ဒါကြောင့်…
တိုင်းပြည်ကိုချစ်တယ်၊ ပြည်သူကိုချစ်တယ်ဆိုပြီး ကောင်းအောင်လုပ်ချင်သူများအနေနဲ့ ပြည်သူလူထုအတွက်စားရရုံ၊ ဝတ်ရရုံ၊ နေရ ရုံ စဉ်းစားပေးကြမယ့်အစား စိတ်ပိုင်းနဲ့ရုပ်ပိုင်းနှစ်ခုစလုံး လွတ်လပ်ရှင်သန်တဲ့ ဘဝမျိုးတွေဖြစ်ပေါ်လာအောင် အခြေခံစဉ်စားချက်တွေကို ပြင်ဆင်ကြမယ်ဆိုရင် ပိုကောင်းတဲ့ချဉ်းကပ်မှု ဖြစ်ပါလိမ့်မယ်။ (တကယ်က လူ့ဘဝဆိုတာ စားဝတ်နေမှုဆိုတဲ့ဘောင်ထက် ကျော်လွန် တယ်ဆိုတာကို ထည့်သွင်းပုံဖော်ပေးနိုင်ဖို့ လိုအပ်ပါတယ်။)

သက်ထွန်း

http://www.naytthit.com/articals/October09/article_oct01.html

0 အကြံပြုခြင်း: