Monday, October 19, 2009

ကဲ … ယုံချင် ယုံ၊ မယုံချင်နေ အပိုင်း - ၃




မင်းလွင်ဦး
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009 ခုနှစ် 18 နာရီ 01 မိနစ်


Minlwins

ရဲစခန်းက ရဲတွေနဲ့ ဥပဒေအရာရှိတွေကို အမှုတင်ဖို့၊ ငွေပေးဖို့လိုကြောင်း အရင်အပိုင်းမှာ ရှင်းပြပြီးပါပြီ။ ဒီအပတ်မှာတော့ တရားရုံးကို ရောက်လာတဲ့အခါ ဘယ်လို ထပ်မံကုန်ကျရဦးမယ်ဆိုတာကို ပြောပြမှာပါ။

ရဲစခန်းက အမှုကို တရားရုံးမှာ စစ်ဆေးဖို့ တင်ပို့တဲ့အခါ ဥပဒေကို တတ်ကျွမ်းနားလည်တဲ့ ရှေ့နေတွေအတွက် စိုးရိမ်စရာမရှိပေမယ့်၊ ရဲစခန်းနဲ့ပေါင်းပြီး လုပ်စားနေရတဲ့ အပိုင်စားရှေ့နေ၊ မြို့နယ်တရားသူကြီးနဲ့ ပေါင်းပြီး ရိုက်စားနေတဲ့ ရှေ့နေတွေအတွက်တော့ ဒီအဆင့်မှာ တော်တော်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်တရားသူကြီးက နေ့စဉ်တင်လာတဲ့ အမှုတွေအနက် ဘယ်အမှုကိုတော့ ဒီနေ့တာဝန်ယူရမယ့် ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ် ၃ နှစ်အောက် အမှုတွေကို ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ်မချဘဲ ဒဏ်ငွေတပ်ရိုက်မယ့် ကိစ္စကတော့ဖြင့် လုပ်သက် ၇ နှစ်အောက်ရှိတဲ့ ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ စသဖြင့် ခွဲဝေပေးရတယ်။

ဒီအခါ အစောက အပိုင်စားရှေ့နေတွေအနေနဲ့ မိမိနဲ့အဆင်ပြေတဲ့၊ လက်ဝါးရိုက်ထားတဲ့ တရားသူကြီးလက်ထဲကို ကိုယ့်အမှုရောက်ဖို့ အရေးကြီးတယ်။ ကိုယ်နဲ့အဆင်မပြေတဲ့ တရားသူကြီးလက်ထဲ ရောက်သွားရင် အမှုစစ်ဆေးတဲ့အခါမှာ၊ သက်သေခံတွေ တင်သွင်းတဲ့အခါမှာ ပြဿနာ ဖြစ်သွားနိုင်တယ်လေ။ ကိုယ်ကိုယ်တိုင်ကလည်း ဥပဒေကိုတတ်ကျွမ်းလို့ အသက်မွေးဝမ်းကျောင်း ပြုနေတာ မဟုတ်ဘဲ ဝေစားမျှစားနဲ့ အသက်ဆက်နေရတဲ့ သူဆိုရင် ဒီအဆင့်က အဲဒီလိုရှေ့နေတွေအတွက် အလွန်အရေးပါတယ်။ ကိုယ့်ကို ဖေးမပေးမယ့် တရားသူကြီးမရှိရင် အမှုသည်ကို ပြောထားတဲ့အတိုင်း၊ ကတိပေးထားတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်လေ။

တခါတလေမှာ အမှုသည်ကို စစ်ဆေးစီရင်နေတဲ့ တရားသူကြီးက ဘယ်အကျိုးဆောင်ကို ငှားပါလို့ တိုက်ရိုက်ညွှန်ပြတာလည်း ရှိတယ်။ စေတနာနဲ့ ကူညီတယ်လို့ မထင်နဲ့။ သူနဲ့ လက်ဝါးရိုက်ထားတဲ့ ရှေ့နေကို ငှားရင် သူက ကော်မရှင်ရမယ်။ ဒီနေရာမှာ ကော်မရှင်က ၄ဝ % ကနေ ၆ဝ % အထိ ရှိတတ်ပါတယ်။ အမှုတန်ဖိုးလို့ခေါ်တဲ့ အမှုအသေးအကြီးပေါ်မှာ မူတည်ပြီး တရားသူကြီးနဲ့ အပိုင်စားရှေ့နေတို့ ခွဲဝေယူကြတာပါ။

တရားသူကြီးကို အိတ်ထဲထည့်ထားနိုင်ပြီမို့ ဘာလိုသေးလဲ။ ဘာမှ ဂရုစိုက်စရာ မလိုတော့ဘူးလို့ တထစ်ချ မမှတ်ယူလိုက်ပါနဲ့ဦး။ ပေးရမယ့်လူနဲ့ ငွေက မကုန်သေးပါဘူး။ နေရာတိုင်းမှာ လူတိုင်းက တခုမဟုတ်တခု၊ တနည်းမဟုတ်တနည်း အရေးပါနေကြတာပါ။ မိမိအမှုကို စစ်ဆေးတဲ့အခါ လုံလောက်တဲ့ အချိန်လိုတယ်။ ဒါမှလည်း မိမိဘက်က တင်ပြလိုတဲ့ကိစ္စတွေကို စုံလင်အောင် တင်ပြနိုင်မှာဖြစ်တယ်။ တော်ကြာ ရုံးချိန်ကုန်ခါနီးမှ အမှုကို စစ်ဖို့ခေါ်ရင် လုံလောက်တဲ့အချိန်လည်း မရတဲ့အတွက် နောက်ရုံးချိန်းကို ထပ်လာရမယ်။

အစစ်ခံမယ့် သက်သေကိုလည်း ခရီးစရိတ်၊ နေ့တွက်စရိတ် ထပ်ပေးရမယ်။ သမ္မာန်စာဆင့်တဲ့ သူကိုလည်း သမ္မာန်စာ အတည်ဖြစ်ဖို့အတွက် ခြေကြွခ ထပ်ပေးရမယ်။ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေမင်း ရုံးကို အချိန်မီလာဖို့ ကားငှားခတွေ ထပ်ကုန်မယ်။ ကိုယ့်အမှုကို စစ်ဆေးဖို့ခေါ်ယူမဲ့အချိန်မရောက်မီ၊ အကျိုးဆောင်နဲ့ သက်သေတွေ ကြည်ကြည်သာသာ ဖြစ်နေစေဖို့ အစစအရာရာ ကိုယ်တိုင် တာဝန်ထားရတယ် မဟုတ်လား။

အထက်မှာ ဖော်ပြခဲ့တဲ့ သက်သေအတွက် ခရီးစရိတ်၊ နေ့တွက်စရိတ်နဲ့ သမ္မာန်စာဆင့်ဖို့ ကိစ္စတွေအတွက် တရားရုံးများလက်စွဲမှာ ဖော်ပြထားတာက ပြစ်မှုဆိုင်ရာ အမှုတွေအတွက် တရားရုံးက နိုင်ငံတော် စရိတ်နဲ့ ကုန်ကျခံရမှာပါ။ ဒါပေမဲ့ အစိုးရက ခွင့်ပြုထားတဲ့ငွေကို တရားရုံးက ထုတ်ပေးတယ်လို့ ကျနော်တို့ မကြားဖူးပါဘူး။

ဘယ်သက်သေကလည်း တရားရုံးမှာ သက်သေအတွက် ထိုက်သင့်တဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်တွေကို မတောင်းပါဘူး။ တရားရုံးက ထုတ်ပေးမယ့် စရိတ်ထက် သူတို့ကို ပြန်ပေးရမယ့် ငွေက ပိုများနေလို့ ဘယ်သက်သေမှလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ အဲဒီငွေတွေကို စိတ်ဝင်စားသူတွေကတော့ ဘီးလစ်စာရေးလို့ခေါ်တဲ့ တရားရုံး ငွေထိန်းစာရေးကြီးက သိပ်စိတ်ဝင်စားပါတယ်။

တမှုချင်းအလိုက် ပေးရမယ့် ငွေက ဘာမှမများပေမယ့် တလစာ ဒါမှမဟုတ် တနှစ်စာအတွင်း စစ်ဆေးစီရင်ခဲ့တဲ့ အမှုတွေ၊ သက်သေတွေရဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်တွေကို ပေါင်းလိုက်ရင် နည်းတဲ့ငွေတွေလား။ အဲဒီငွေတွေကို ဘီးလစ်က ဦးစီးပြီး မြို့နယ်တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ဘဏ္ဍာကို ထုတ်ယူနေတာပါ။ မြို့နယ်တရားရုံး တရုံး နေ့စဉ်ပုံမှန်လည်ပတ်ဖို့အတွက် အဓိက တာဝန်ယူဆောင်ရွက်နေတာက တရားခွင် စာရေးနဲ့ ဘီးလစ်စာရေးလို့ခေါ်တဲ့ ငွေထိန်းစာရေးကြီးပါ။ မြို့နယ်တရားသူကြီး မဟုတ်ပါဘူး။

တခါတခါ စာရေးတွေ သင်ပေးတဲ့အတိုင်း မလုပ်လို့ ပညာပြခံရတဲ့ တရားသူကြီးတွေလည်း ရှိပါတယ်။ တရားသူကြီးပေါက်စ ဆိုရင်တော့ ရှေ့ပတ်စာရေးလို့ခေါ်တဲ့ တရားခွင်စာရေးနဲ့ ဘီလစ်စာရေးကြီးဆီမှာ ဦးစွာ ပညာသင်ကြားရပါတယ်။ တရားသူကြီးပေါက်စဆိုတော့ အမှုကြီးတွေကို မစစ်ရ၊ ဒဏ်ငွေလောက်သာ တပ်ရိုက်နိုင်တဲ့ မော်တော်ယာဉ်မှု၊ ဧည့်စာရင်းမှု၊ လမ်းဘေးဈေးသည်မှု စတာတွေလောက်ကိုပဲ စစ်နေရတာလေ။

ဘယ်ဝင်ငွေမှန်ပါ့မလဲ။ အဲဒီတော့ အစောက စာရေးကြီးတွေ သင်ပေးတဲ့အတိုင်း လုပ်မှ နေ့စဉ်ဝင်ငွေ မှန်မှာလေ။ ကိုယ်က အမှန်အတိုင်း လျှောက်လုပ်နေရင် အိမ်မှာရှိတဲ့ မိန်းမနဲ့ ကလေးတွေ ဘာနဲ့စားကြမလဲ။ ဒီတော့လည်း အများမိုးခါးရေသောက်သလို .. ကိုယ်ကလည်း လိုက်သောက်လိုက်ရတာပဲ။

၁၉၈၈ မတိုင်ခင်က မြို့နယ်တရားရုံးတွေကို အမှီပြုပြီး အသက်မွေးနေတဲ့ ဆိုက္ကားနင်းတဲ့သူတွေဆို အတော်အသင့်ကောင်းတဲ့ တိုက်ပုံအင်္ကျီတထည်၊ ပုဆိုးတထည်နဲ့ မှတ်ပုံတင်ကို ပလပ်စတိတ်အိတ်နဲ့ ထည့်ပြီး ထိုင်ခုံအောက်မှာ အမြဲဆောင်ထားကြတယ်။ ဒါက အပိုဝင်ငွေအတွက်ပါ။ တရားရုံးမှာ မိဘသဘောမတူလို့ လက်ထပ်ဖို့လာတဲ့သူတွေ၊ အာမခံပေးရမယ့် အမှုတွေမှာ အာမခံပေးမယ့်လူ အဆင်သင့်မရှိရင် အာမခံပေးဖို့ လက်မှတ်ထိုးတဲ့အခါ ဝတ်ဖို့ပါ။ ၁၉၈၈ မတိုင်ခင်ကတော့ မင်္ဂလာဆောင်သက်သေဆို ၅ဝ ကျပ် အနည်းဆုံး။ အာမခံအတွက်ဆို ကျပ် ၃ဝဝ ကနေ အထက်ပေါ့။ အခုချိန်မှာတော့ အဆ ၅ဝဝ လောက်နဲ့ မြှောက်ရမှာပေါ့။

ကုန်ဈေးနှုန်းကလည်း ကြီးလာပြီမဟုတ်လား။ ကိုယ်လိုက်ပါ လက်မှတ်ထိုးတားတဲ့ ကိစ္စက အမှုအခင်း ဖြစ်လာတဲ့အခါမှာလည်း ထပ်ပေးရသေးတာပဲ။ ဒါကြောင့် သိတာ မသိတာ အသာထား၊ လတ်တလော ဝမ်းရေးအတွက် ဖြေရှင်းလိုက်ရတာပဲ။

နောက်ပိုင်း အမှုအခင်းဖြစ်လာတဲ့ အခါကျတော့လည်း တခါတလေ ပေးထားတဲ့ လိပ်စာက ပြောင်းသွားလို့ သမ္မာန်စာ အတည်မဖြစ်ဘူးလို့ သမ္မာန်စာချတဲ့သူက တရားရုံးကို ပြန်အစီရင်ခံလိုက်ရင်လည်း ပြီးသွားတာပဲလေ။ ခက်တာမှတ်လို့။ တရားရုံး တရားသူကြီးကလည်း ဘယ်သူက ဘယ်အမှုမှာ သက်သေအဖြစ် လက်မှတ်ထိုးထားတယ်ဆိုတာ မှတ်ထားတာမှ မဟုတ်ပဲ။

တရားခွင်စာရေးဆိုပြီး မခန့်လေးစားတော့ မဆက်ဆံနဲ့ မှားသွားလိမ့်မယ်။ သူကလည်း သူ့ဂွင်မှာ သူဘုရင်ပဲ။ ပညာပြလို့ရတဲ့ ကိစ္စတွေက များတယ်။ တရားရုံးက အမှုစစ်ဖို့ ချိန်းထားတဲ့အချိန်မှာ လိုက်ပါဆောင်ရွက်မယ့် ရှေ့နေက အခြားတရားရုံးမှာလည်း အမှုစစ်ဆေးဖို့ ချိန်းဆိုထားတယ်ဆိုပါစို့။

အဲဒီအခါမှာ ရှေ့ပတ်စာရေးဆိုတဲ့ ကိုယ်တော်လေးကို ဘယ်အချိန်လောက်မှ အမှုကို စစ်ဖို့ ခေါ်ပါ၊ တခြားမှာ အမှုစစ်စရာ ရှိနေလို့ဆိုပြီး ငွေသာ မစလိုက်။ အဲဒီရှေ့နေ လာနိုင်မယ့် အချိန်ရောက်မှ အဲဒီအမှုကိုစစ်ဖို့ ခေါ်ပါလိမ့်မယ်။ တဖက်က ရှေ့နေနဲ့ အမှုသည်တွေကတော့ ရုံးချိန်အမီလာ၊ အမှုခေါ်တဲ့အထိ စောင့်ပေတော့။ အဲဒီကာလအတွင်း ကုန်ကျမယ့် စရိတ်ကို သက်ဆိုင်တဲ့ အမှုသည်က အကုန်ခံပေတော့။

တခါတရံ ပြစ်မှုဆိုင်ရာ အမှုတွေမှာ တရားလိုအဖြစ် ဆောင်ရွက်တဲ့ နိုင်ငံတော်က ဆောင်ရွက်တဲ့အမှုတွေမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုမယ့် သူကို တရားခံဘက်က ခရီးစရိတ်ပေးပြီး ခေါ်ရတာမျိုးလည်း ရှိပါတယ်။ အံ့သြသွားလား။ ကိုယ့်ကိုထောင်ချမယ့် သက်သေကို ကိုယ်က ငွေကုန်ခံခေါ်ရတယ်လို့။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ပဲ၊ မကြားဖူးတာ အကုန်ဖြစ်တယ်။

ဥပမာ - မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေတွေအရ အရေးယူခံရတဲ့ အမှုတွေမှာ ဓာတုဗေဒ အစီရင်ခံစာ၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ သက်သေထွက်ချက်ပေးမယ့် ဆရာဝန်တွေရဲ့ သက်သေထွက်ချက်က အမှုကို စစ်ဆေးစီရင်တဲ့အခါ လွန်စွာမှပင် အဓိကကျတယ်။

အဲဒီလိုသက်သေမျိုးကိုတော့ ငွေကြေးတတ်နိုင်တဲ့ တရားခံတွေဘက်က အကုန်အကျခံပြီး အမှုမှာ လာရောက်သက်သေခံထွက်ဆိုဖို့ ပင့်ဖိတ်ရတယ်။ ထိုက်သင့်တဲ့ ပေးကမ်းမှုမျိုး လုပ်ရတယ်။ အဲဒါမှ သမားတော်များက သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်ကို ရုံးမှာ လာရောက်ထွက်ဆိုမှာ ဖြစ်တယ်။ သူတို့ရဲ့ ထွက်ချက်မပါဘဲနဲ့ အမှုကို စီရင်ချက်ချလို့ မရဘူးလေ။ ကျွမ်းကျင်သူတွေရဲ့ ထွက်ချက်က အဲဒီနေရာမှာ အရေးကြီးတယ်။ ဒါကြောင့်လည်း တရားခံဘက်က ငွေကုန်ခံရပါတယ်။

(အခုတင်ပြခဲ့တာတွေက တရားရုံးရှေ့ အမှုရောက်ရင် ကုန်ကျခံရမယ့် ငွေကြေးခန့်မှန်းကို အကြမ်းအားဖြင့် ပြောပြတာပါ။ အမှုစစ်တဲ့အဆင့် မရောက်သေးပါဘူး။ နောက်တပတ်မှာ တရားရုံးမှာ ကုန်ရမယ့် ငွေတွေကိစ္စ ထပ်ပြောပါဦးမယ်။)


http://www.mizzimaburmese.com/edop/songpa/4030-2009-10-19-11-46-36.html

1 အကြံပြုခြင်း:

thet said...

ကျွန်တော်ကကိုယ်တိုင်ကြုံခဲ့တာပါ။
ငွေ ၅သိန်းလောက်ကုန်သွားတယ်။
အခုတော.၀ဋ်ကြွေးလို့ပဲမှတ်ပါတယ်။
ကျေးဇူးပါပဲ......။