Tuesday, December 29, 2009

အလုပ်သင်ဗိုလ်



အလုပ်သင်ဗိုလ်



aloke-thin-bo


မိ မြန်မာ၊ ပြည်ကောင်းရာကို
ငါတို့ အစဉ် ရှေးရှုမည်။

လုပ် နည်း လုပ်ဟန်၊ မှန်ကန်ရန်လည်း
ပန်ဆင် အမြဲ နာခံမည်။

သင် ကြားခဲ့လာ၊ နည်းဗျူဟာဖြင့်
တွေ့လာရန်သူ ချေမှုန်းမည်။

ဗိုလ် မင်း တခြား၊ ငယ်သားတထွေ
မရှိစေပြီ၊ မသွေဓိဋ္ဌာန် မြဲမြဲတည်း။

အထက်ပါ ကဗျာတိုလေးဟာ တေဇ ဗိုလ်လောင်းလို့ခေါ်တဲ့ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းတွေရဲ့ စားရိပ်သာခန်းမ အဝင်မှာ ရေးထားတဲ့ အသည်းစွဲ ကဗျာလေးတပုဒ်ပါ။

နှစ်ကာလတွေ ကြာညောင်းခဲ့ပေမယ့် တေဇတွေရဲ့ ရင်တွင်းမှာ ကဗျာလေးရဲ့ အနက် အဓိပ္ပာယ်တွေက တွေးတောစရာ တခုအဖြစ် လွှမ်းမိုးနေရာယူဆဲပါ။

မြန်မာ့တပ်မတော်မှာ ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ကာလ တပ်မတော်ရဲ့ အရာရှိ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ သင်တန်းကာလ တိုတိုအတွင်း လိုအပ်တဲ့ အရာရှိတွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်း သင်တန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

အလုပ်သင် ဗိုလ်လောင်းတွေဟာ သင်တန်းရဲ့ ပထမနှစ်ကို အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ယခင်ပြင်ဦးလွင်) မှာ တက်ရောက်ကြရပြီး၊ တပ်သားအဆင့် တတ်ရမယ့် အခြေခံ စစ်ပညာ၊ ဥပစာတန်း အဆင့်နဲ့ညီတဲ့ စာပေပညာတို့ကို သင်ကြားကြရပါတယ်။ သင်တန်းကာလ ပထမတနှစ် ပြီးဆုံးတဲ့အခါ ဒုတိယ အဆင့်အနေနဲ့ အမှတ် ၁ ရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရပ်စောက်) မှာ အကြပ်နဲ့ အကြပ်ကြီး အဆင့် တတ်ရမယ့် စစ်နည်းဗျူဟာ သင်ခန်းစာ၊ အရာခံအဆင့် တတ်ရမယ့် စစ်နည်းဗျူဟာနဲ့ အုပ်ချုပ်မှု သင်ခန်းစာတွေကို ၆ လတာမျှ သင်ကြားရပါတယ်။ အမှတ် ၁ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်းမှာ ၆ လကြာ စစ်ပညာ ဆည်းပူးပြီးနောက် တတိယအဆင့်အနေနဲ့ အရာရှိငယ်အဆင့် တတ်ရမယ့် စစ်နည်းဗျူဟာတွေ သင်ကြားဖို့ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းကို ပြောင်းရွှေ့ ကြရပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ ၆ လတာမျှ စစ်ပညာသင်ယူပြီး အလုပ်သင် ဗိုလ်ဘဝနဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ၉ လတာမျှ ရှေ့တန်း/နောက်တန်း တာဝန်တွေကို လေ့လာ ဆည်းပူးကြရပါတယ်။ ၎င်း ၉ လဟာ သင်တန်းကာလဖြစ်ပေမယ့် လက်တွေ့ စစ်ဆင်ရေး လိုက်ရတဲ့အတွက် အသေအပျောက် ဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။ အလုပ်သင် ဗိုလ်ဘဝနဲ့ ၉ လပြီးတဲ့အခါ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) မှာ အထူးတပ်စုမှူး သင်တန်း ၄ လတာမျှတက်ပြီးတော့မှ ဒုတိယဗိုလ်အဆင့် ရကြပါတယ်။

တကယ်တော့ အလုပ်သင်ဗိုလ် ကျောင်းဆင်းတွေဟာ အရာရှိ အဆင့်ကို ရောက်ဖို့ အဆင့် ၅ ဆင့် ဖြတ်ကျော်ရပါတယ်။ အဆင့် ၄ ဆင့်လုံးမှာ တခြားအဆင့် ဆရာသမားတွေနဲ့ လက်ပွန်းတတီး နေခဲ့ရပြီး တခြားအဆင့် စစ်သည်တွေရဲ့ မပြည့်စုံတဲ့ လူနေမှုဘဝနဲ့ ဖိနှိပ်ခံတို့ရဲ့ ခံစားချက်တွေကို စည်းဝါးကျကျ ခံစားနားလည်တတ်ခဲ့သူတွေပါ။

ဒါပေမဲ့ တပ်မတော် ပဲ့ကိုင်ရှင်တွေရဲ့ မူဝါဒက စာနာ နားလည်မှုတွေ၊ ထောက်ထား ညှာတာမှုတွေကို လျစ်လျူရှုတဲ့ မူဝါဒဖြစ်တာက တကြောင်း၊ ၁၉၉၇ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ် ရပ်စဲလိုက်တာတကြောင်း တပ်မတော်အရာရှိတွေ အရေးတကြီး မလိုအပ်ဘူးလို့ ယူဆတဲ့အတွက် အလုပ်သင်ကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့ကြောင့်ပဲ ၂၀၀၀ခုနှစ်မှာ ၄ နှစ်တက်ရတဲ့ စစ်တက္ကသိုလ်ရဲ့ သင်တန်းကာလတွေကို ၃ နှစ်သို့ လျှော့ချလိုက်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ နဲ့ ၄၂ ကို တပေါင်းတည်း ဆင်းစေခဲ့ပါတယ်။

အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုလည်း အပတ်စဉ် ၃၀ မှာ နိဂုံးသတ်စေပြီး မျိုးဆက် ဖြတ်လိုက်ပါတော့တယ်။ ။
http://www.mizzimaburmese.com/edop/songpa/4473-2009-12-29-07-45-25.html


0 အကြံပြုခြင်း: