Tuesday, December 29, 2009

တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ



တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ

E-mail Print
ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန်ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်းတစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။

သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ဆိုတာ သိရပါတယ်။

တပ်မတော်နဲ့ နအဖအစိုးရထဲက ဒီမျိုးချစ်ဝန်ထမ်းတွေ သက်စွန့်ဆံဖျား ကမ္ဘာကသိအောင် ချပြပေးခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေ တွင်းအောင်းဖို့ကြံတဲ့ မြောက်ကိုးရီးယားဆောက် မြေအောက်လှိုဏ်ဂူတွေရဲ့ ဓာတ်ပုံတွေ၊ ထိပ်တန်းစစ်ခေါင်းဆောင်ကြီးတွေရဲ့ “မဟာလက်နက်ကြီးများ” ဝယ်ယူရေး၊ တည်ဆောက်ရေး အစီအစဉ်တွေ၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ စစ်ခေါင်းဆောင်တဦးရဲ့ “မြောက်ကိုးရီးယားလား” ဓာတ်ပုံတွေ၊ မှတ်တမ်း မှတ်ရာတွေ ပါဝင်ပါတယ်။

အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက်ခံခဲ့ရတဲ့အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေးအရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည်အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။

အခုလို မတရား အစီရင်ခံနေရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ဟာ ရေကြည်အိုင်က မြေပေါ်ငရဲအိုးထဲ ကင်ပေတိုင် နည်းမျိုးစုံနဲ့ သေလုမျောပါး ခံရမှာလည်း ကြိမ်းသေပါတယ်။ အဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်း ၅၀ လောက်ထဲမှာ တချို့လည်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကြိုးပေးခံရဖို့ အလားအလာ များပါတယ်။ အများစုကိုတော့ နှစ်ရာစုလောက်ထိ ထောင်တန်းချပြီး ပယ်ပယ်နယ်နယ်၊ မှတ်လောက် သားလောက် နှိပ်ကွပ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

လောလောဆယ်ကာလမှာ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်လည်း အနှိပ်စက်ခံ၊ အဖမ်းဆီးခံ ထားရတဲ့အတွက် အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝိုင်းကန့်ကွက်ထား၊ သတင်းမီးမောင်း ထိုးထားတာမျိုး တွေ့ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။

အလားတူပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တိုင်းဖျက်၊ ပြည်ဖျက် မဟာ လက်နက် စီမံကိန်းကြီးကို ထိထိ ရောက်ရောက် တားဖို့ လုပ်နိုင်စွမ်း ရှိခဲ့တဲ့ ဒီတပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ ရွတ်ရွတ်ချွံချွံ လုပ်ဆောင်မှုတွေနဲ့ ရလာတဲ့ ပုဂ္ဂိုလ်ရေး အကျိုးသက်ရောက်မှု၊ အနှိပ်စက်ခံရမှု၊ မတရား စီရင်ခံနေရမှုတွေကိုလည်း အတိုက်အခံတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေနဲ့ ပြည်ပ မီဒီယာတွေက မီးမောင်းထိုးပြီး တတပ်တအား ကူဖို့လိုပါတယ်။

ဘောင်းဘီဝတ်တွေ ခံရတာဆိုပြီး ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ် နေကြမယ်ဆိုရင်တော့ အလွန်အရုပ်ဆိုးပါလိမ့်မယ်။ တိုင်းပြည်ကိုချစ်တာ၊ ပြည်သူ့အကျိုး တနိုင်ဝန် ထမ်းကြတဲ့နေရာမှာ ဘောင်းဘီဝတ်ဝတ်၊ ပုဆိုးဝတ်ဝတ် မျိုးချစ် တော်လှန်ရေး သမားဆိုတာ တတန်းတည်း ရှိပါတယ်။

ကျုပ်တို့ အမိမြန်မာနိုင်ငံရဲ့ စစ်စနစ်ဆိုး စနစ်ယုတ်ကြီးကို ထောက်လှမ်းရေး ရေဒါအောက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တနိုင် ဝင်ဖျက်ကြတဲ့ တပ်မတော်ထဲက တော်လှန်ရေးသမားတွေ၊ ဗြူရိုကရေစီ ယန္တရားထဲက ဒီမိုကရေစီ ထောက်ခံတဲ့ ဝန်ထမ်းတွေကို အားပေးဖို့၊ ထောက်ခံဖို့၊ လက်တွဲဖို့ အလွန်လိုနေတဲ့ အချိန်ကာလ၊ စစ်ခေါင်းဆောင်တွေကြား အစာမကြေမှုတွေ ခိုးလို့ခုလု၊ ဝေစုခွဲ ပြဿနာတွေ၊ အာဏာ မျက်စောင်းထိုးမှုတွေကို စနစ်တကျ လေ့လာ စောင့်ကြည့် သုံးသပ်တဲ့ အချိန်ကာလမှာ လိုင်စင်ရ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ အနောက်အုပ်စုနိုင်ငံ အစိုးရတွေနဲ့ လက်ဝေခံ NGO အဖွဲ့အစည်း ကြီးတွေက အလွန်ချာသကိုးဗျ။ ကျုပ်တို့အားလုံးရဲ့ မဟာ အားနည်းချက်ကြီး တခုပါ။

အားမနာတမ်း ပြောရရင် မြန်မာ့အရေး ဂုရုကြီးတွေ၊ ပေါ်လစီ လော်ဘီသမားတွေ၊ လိုင်စင်ရ အတိုက်အခံကြီးတွေ ကြားမှာ သူတလူ၊ ငါတမင်း ဆိုသလို ဖြစ်နေကြတာ တွေ့ရပါတယ်။

“ဒိုင်ယာလော့” ခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး ရေစီးကြောင်းထဲမှာ မျောနေသူတွေက တဖုံ၊ စီးပွားရေး ပိတ်ဆို့မှုကို အမြစ်ထွက်အောင် “တွန်းတိုက်” “ဖျက်ဖို့လုပ်လိုက်” ဆိုတဲ့ “ထောက်ခံ၊ ဆန့်ကျင်” သမားတွေက တမျိုး၊ “သတ္တိမရှိရင် ရွေးကောက်ပွဲဝင်” ဆိုတဲ့ နအဖနဲ့ နီးစပ်သူ ခါတော်မီ နအဖ အကြံပေးနဲ့ ယိမ်းသမားတွေက တလမ်း၊ နိုင်ငံရေး တော်သလင်းပွဲကြီးအလား ယိုသူမရှက် မြင်သူရှက်ရမဲ့ကိန်းပဲ။

တပ်ထဲ၊ စစ်အစိုးရထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အစုလိုက် အပြုံလိုက် ထိပ်တုံးခတ်၊ နားသယ်တွယ်ခံရပြီး ကြိုးစင်ပေါ် တက်ရမယ့် အနေအထားရောက်မှ ကျုပ်တို့တတွေ ဒီမိုကရေစီ အိပ်မက်ကြီးက ဆတ်ခနဲ လန့်နိုးလာခဲ့တာ ဘယ်နှခါများတောင် မသိ၊ ဒါတောင် ကျုပ်တို့ထဲက လိုင်စင်ရ တော်လှန်ရေးသမားကြီးတွေက ကိုယ်နဲ့မဆိုင်သလို ပုဆိုးထဲ ခေါင်းပြန်သွင်းပြီး ဒီမိုကရေစီကွေး ဆက်ကွေးနေတာတော့ အံ့မခန်းပါပဲ။

ဒါတင်ဟုတ်သေးလား၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ထောက်ခံပါတယ်ဆိုတဲ့ အနောက်နိုင်ငံ အစိုးရအသိုင်းဝန်း၊ အဖွဲ့အစည်းပိုင်း၊ မီဒီယာပိုင်း ကျပြန်တော့လဲ တပ်ထဲက တော်လှန်ရေးသမားတွေကို ဖုတ်လေတဲ့ ငပိ ရှိမှန်းတောင် သိဟန်မတူပါဘူး။

တခါတလေတော့ ဒီအနောက်ကမောင်တွေ ကျုပ်တို့နိုင်ငံကြီး တကယ်ပြောင်းသွားမှာများ စိုးရိမ်နေကြသလားလို့တောင် သံသယ ဝင်မိတယ်။ ဆက်ဆံလာတာ အနှစ် ၂၀ ကျော်သွားပြီ၊ ဒီမောင်တွေ ထိထိရောက်ရောက် ကူညီတာ ဘာတခုမှ မရှိ။
ထားပါတော့လေ။ ကျုပ်တို့ ရှင်းရမယ့် တာဝန်ပေပဲ။

စစ်စနစ်ဆိုးကြီးထဲက ခြတွေလို အတွင်းက လှိုက်စားတဲ့ ဘောင်းဘီဝတ် တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ အတိတ်မှာရှိခဲ့တယ်၊ ခုလဲရှိနေဆဲ။ ဒီစနစ် ဇီဝိန်မချုပ်သရွေ့ နောက်လည်း ရှိနေဦးမယ်ဆိုတာ လက်ရှိ အထောင်းခံ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းနဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ရဲ့ လေးစားလောက်တဲ့ သူရဲကောင်း ဇာတ်ထုပ်ကိုကြည့်ပါ။

ကျုပ်တို့ ပုဆိုးဝတ် အတိုက်အခံတွေ “အမေကမွေး ထောင်က မငတ်တငတ်ကျွေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထောင်နဲ့အိမ် ကူးချည် သန်းချည် လုပ်တာ ချီးမွမ်းဖို့၊ ဂုဏ်ယူဖို့ ကောင်းပါတယ်။ တပ်ထဲက နောင်တော် ညီတော်တွေကလည်း အလှည့်ကျတော့ မနွဲ့ကြစတမ်းဆိုတဲ့ မူနဲ့ ဘယ်လောက် နှိပ်ကွပ်နှိပ်ကွပ် အတွင်းစည်း၊ အပြင်စည်းထဲဝင်ပြီး မင်းဆိုးမင်းညစ်တွေရဲ့ စနစ်ကို နည်းမျိုးစုံနဲ့ ဖျက်နေတာ ရာစုနှစ် တဝက်တောင် ကျိုးပြီးပဲ။ ဒါကြောင့်ပဲ စစ်ပလ္လင်ပေါ်က စစ်ဘုရင် ယောင်ယောင် ဦးနေဝင်းက အစ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဆုံး တပ်ထဲ “ဖြုတ်၊ ထုတ်၊ သတ်” မူနဲ့ ကျင့်သုံးတာ တတိုင်းပြည်လုံး သိကြပါတယ်။

ခက်တာက အပြည်ပြည်ဆိုင်ရာ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ ဘုရားစူး လူ့အဖွဲ့အစည်း တာဝန်ခံကြီးတွေ ဒီဖြုတ်ထုတ်သတ် မူဝါဒနဲ့ ဖြစ်ပေါ်လာမယ့် တကယ့်ပြောင်းလဲမှု လမ်းကြောင်းကြီးကို အသိခေါက်ခက် အဝင်နက်နေပြန်ကြတယ်။

သမိုင်းတလျှောက်လုံးမှာ ဖိနှိပ်မှုအခြေခံတဲ့ နိုင်ငံရေး စနစ်ဆိုးတွေ၊ ပြည်သူတွေကို ထမင်းနပ်မှန်အောင် မကျွေးနိုင်တဲ့ စီးပွားရေးစနစ်စုတ်တွေ အားလုံးထဲမှာ တော်လှန်ရေး၊ ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး ဗီဇတွေ သန္ဓေတည်ကတည်းက ပါလာပြီးသားပါ။

တကယ်အောင်မြင်တဲ့ တော်လှန်ရေးတွေမှာ ဒီမျိုးစေ့တွေကို မြေသြစာကျွေး၊ ရေလောင်း ပေါင်းသင်ပြီး မြေတောင်မြှောက်ပေးတဲ့ အလုပ်ကို ဇောင်းပေးပြီး လုပ်ကြပါတယ်။

ထုကြီးထည်ကြီးနဲ့ရှိတဲ့ ဘုရားစေတီတွေတောင် ညောင်စေ့ တစေ့ နှစ်စေ့ ရှင်သန်ကြီးထွားတာနဲ့ ပြိုပျက်ပြီး အုတ်ပုံဘဝ စုတေကြတာ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။

အသွင်ကူးပြောင်းရေးဆိုတာ ပါရဂူဘွဲ့ရပြီးဖြစ်မှ နားလည်နိုင်တဲ့ ခက်ခဲနက်နဲတဲ့ အကြောင်းအရာ မဟုတ်ပါ။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ လူအထင်ကြီးအောင် ဖောဖောသီသီကြီးသုံးပြီး တော်ကီလုပ်နေတဲ့ ဂုရုတွေ၊ ပုရောဟိတ်တွေကို နားမယောင်ပါနဲ့။ “စေတီနဲ့ ညောင်စေ့” နမူနာလေးသာ အာရုံထဲ အမြဲထည့်ထား။ ညောင်စေ့က အတွင်းကနေ သူ့အလုပ် သူလုပ်၊ ပုဆိန်နဲ့ ပေါက်မယ့်သူကလည်း သူ့အလုပ်သူလုပ်၊ စေတီတွေ အုတ်ပုံဘဝ ကူးသွားတာ ကျုပ်တို့ တနိုင်ငံလုံး လက်ချိုးရေလို့ တောင် မကုန်တာ ကြည့်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါဆိုသလို အရှင်းခံခဲ့ရတာ ၅ နှစ်တောင် ပြည့်ရုံလေးပဲ ရှိသေးတယ်။

ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က စစ်စနစ်ဆိုးကြီးကို အတွင်းကနေ ဆော်ဖို့ကြံပြန်၊ ဒါကတော့ တညောင်ကျ၊ တညောင်ပေါက် တဗိုလ်ကျ၊ တဗိုလ်တက် သဘောပါပဲ။ ဖိနှိပ်မှုနဲ့ ဆန့်ကျင်မှုရှိတဲ့ သဘာဝကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိသမျှ၊ ဆန့်ကျင်မှု တော်လှန်မှု ဆိုတာ ဆက်ရှိနေမှာပါ။ ဗေဒင်မေးရင် မှားနေပါဦးမယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က ကြည့်မယ်ဆိုရင်တော့ တရုတ်ပြေးမင်း ဘဝ မရောက်အောင် တွင်းတွေတူးတာ မဟာဗျူဟာကြီးတခု၊ လက်အောက်ငယ်သားတွေ အမြင်အရတော့ တပ်ချုပ်ကြီးက တပ်ဘိုးအေ၊ သွားလေသူ ဗိုလ်ချုပ်ကြီး နေဝင်းထက် တော်လှဆိုပဲ။ ဒီကြားထဲကမှ ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က သီတင်းကျွတ်ကာလမှာ ပရစ်တွင်း ရေလောင်းသလို သွားကိုင်လိုက်တော့ တပ်ချုပ်ကြီးလည်း အခက်ကြုံ၊ တွင်းအောင်းဖို့ အကြံလည်းပျက်၊ တရုတ်နဲ့ အမေရိကန်ကြား ဗျာများသွားတော့တာပဲ။

ကျုပ်စိတ်မကောင်းတာကတော့ လိုင်စင်ရ အတိုက်အခံများနဲ့ လူ့အခွင့်အရေး ချန်ပီယံ အဖွဲ့ကြီးများ အပါအဝင် သူတို့ရဲ့ နာယက အနောက်အုပ်စု အစိုးရတွေက ကျုပ်တို့တပ်တွင်းက သတ္တိခဲ ရွက်ပုံးသီး နောင်တော်တွေ ညီတော်တွေ ခါးစည်းပြီး မတရား စီရင်ခံနေရတာကို တော်လှန်ရေး အမြင်နဲ့ မြင်မပေး၊ ရဲဘော် ရဲဘက်စိတ်မပြ၊ ကိုယ်ဖြစ်ကိုယ်ခံ ပေယျာလကံလို့များ သဘောထား နေသလား မသိ။

တပ်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ ကျရာနေရာက ဒီစနစ်ဆိုးကြီးကို အုပ်တချပ် သဲတပွင့် ပျက်အောင် ဖျက်နေတာ အားလုံး အသိအမှတ်ပြု၊ တန်ဖိုးထားဖို့ လိုပြီထင်တယ်။ ဒီနောင်တော် ညီတော်တွေ မအောင်မြင်တာ အောင်မြင်တာ အပထား။ ကျုပ်တို့ကရော အောင်မြင်သေးလို့လား။

ပုဆိုးပဲဝတ်ဝတ်၊ ထဘီပဲခြုံခြုံ၊ ဘောင်းဘီပဲ ဝတ်ဝတ်၊ ခရစ်တော်ပဲ ကိုးကွယ်ကိုးကွယ်၊ ဗမာစကားပဲ ဝဲဝဲ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ဘုံရန်သူက စစ်ဘီလူး ခေါင်းဆောင်တွေ၊ ဖျက်ရမယ့် စနစ်က စစ်စနစ်ဆိုး၊ ရည်ရွယ်ချက် တူကြတယ်လေ။

ဘူဇွာ ပညာတတ်တွေ၊ နိုင်ငံရေး ဗေဒင်ဆရာတွေ ရွှေဥာဏ်တော် စူးရောက်ပြီး ကြီးကြီးကျယ်ကျယ် ပြောဟောနေတဲ့ “မြန်မာ့အရေးဟာ အဖြူအမည်း ခွဲဖို့ခက်တယ်” ဆိုတဲ့ လူလည်စကား သွားနားမယောင်နဲ့။ တိုင်းရင်းသား သာတူညီမျှရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဒီမိုကရေစီ ဖော်ဆောင်မှုဆိုတာ နေ့ချင်းညချင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကလေးလည်းသိ၊ ခွေးလည်းသိ၊ တွင်းအောင်းမယ့် တပ်ချုပ်ကြီးတောင်သိ။ ဒီပညာတတ်ဉာဉ်နဲ့ လူတွင်ကျယ်လုပ်ပြီးပြောတဲ့ စကားက စစ်မရောက်ခင် မြှားကုန်တဲ့စကား။

ဒါပေမယ့် လယ်ပြင်မှာ ဆင်သွားသလို ကွင်းကနဲ ကွက်ကနဲ မြင်သာတာက လက်မရွံ့ အာဏာသားတွေကို ပုဆိန်ရိုးလုပ်ထားပြီး တပ်ချုပ်ကြီးက သူ့မိသားစုအတွက် ပြည်သူ့အာဏာကို မောင်ပိုင်စီးထားတာ။ ဒင်းလုပ်လို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါး၊ အရာရှိ အရာခံ အကြပ်တပ်သားတွေ သေနတ်နဲ့ပြပြီး ဓားပြတိုက်စားတဲ့ ဘဝရောက်ရတဲ့ အခြေအနေ။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်၊ တရားတယ် မတရားဘူးဆိုတာ ပီအိတ်ခ်ျဒီမလို၊ ဒိဗ္ဗစက္ခုဆိုတာဝေး၊ ဗမာတွေ ဒီလောက် ဒုံးမဝေး။ စစ်ဘီလူးကို မဲပြားနဲ့ ကလော်ထုတ်မလား၊ ခြေထောက်ကဆွဲပြီး တရွတ်တိုက် ထုတ်မလား ဆိုတဲ့ မေးခွန်းသာ မေးစရာရှိတာ။

ဒီစစ်စနစ်ဆိုးကြီး ဂိတ်ဆုံးရောက်ပြီး တိုင်းပြည် ပျက်သထက် ပျက်တဲ့ ဇာတ်ထုပ်ကို စနစ်ရဲ့ အတွင်းစည်း၊ အပြင်စည်းထဲမှာ လှုပ်ရှားခဲ့တဲ့ တပ်မတော်ထဲက တော်လှန်ရေးသမားနဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေထက် ဘယ်သူမှ ပိုမသိဘူး။ “စစ်အစိုးရ သူခိုးဓားပြ” ဆိုတာ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတိုင်းအသိ။ ဒါခုမှမဟုတ်၊ တပ်ချုပ်ကြီးရဲ့ သွားလေသူ ကျေးဇူးရှင် “အဘ” ဦးနေဝင်းခေတ်လယ်နဲ့ ခေတ်နှောင်းကတည်းက စခဲ့တဲ့ ဇာတ်ထုပ်လေ။

ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ သတ်ပွဲအပြီး ၁၉၇၅ - ၇၆ ကတည်းက စစ်စနစ်ဆိုး အမြစ်တွယ်ပြီး တပ်ချုပ်ကြီးတွေ လူစင်စစ်က အစွယ်ပေါက်ခဲ့တာ။ လူ ဗိုလ်ချုပ်ကြီးတွေ အရှင်းခံရတော့လည်း ဗိုလ်မှူးကြီး ကြည်မောင်တို့၊ ဗိုလ်မှူးကြီးချစ်မြိုင်တို့က အစ၊ အထင်ကရ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီး တင်ဦး (ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD) ကို ခေါင်းဆောင် တင်ဖို့ လုပ်တဲ့ တပ်မတော် အတွင်းစည်းထဲက ကိုယ်ရေးအရာရှိ တသုတ်ရဲ့ ၁၉၇၆ ခုနှစ်ကာလက စစ်ဘီလူကြီးများ သုတ်သင်ရေး အစီအမံအလယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်ကတော့ ဒီအစီအမံရဲ့ အဓိက ခေါင်းဆောင်ဆိုတော့ အသက်နဲ့ ပေးဆပ်ခဲ့ရတယ်။

အခုလို ခေတ်အဆက်ဆက် ရာစုနှစ်ဝက်ကာလအတွင်း စနစ်ဆိုးကြီးကို ပြောင်းဖို့ကြံခဲ့တဲ့ တပ်ထဲက ညီတော် နောင်တော်များနဲ့ သူတို့ရဲ့ တိုင်းပြုပြည်ပြု လုပ်ရပ်တွေ၊ သူရဲကောင်းဆန်တဲ့ အပြုအမူတွေဟာ ဒီနေ့ နိုဗဲလ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်ရေးနဲ့ တပ်တူထပ်မျှ တန်ဖိုးရှိတယ်၊ အရေးကြီးတယ်၊ သမိုင်းဝင်တယ်ဆိုတာ အသိအမှတ်ပြု လက်ခံဖို့ လိုတယ်။

ကြုံတုန်း ဖောက်သည်ချရဦးမယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေက အတိုက်အခံတွေကို နှိပ်ကွပ်တာ၊ ညှင်းခဲ့တာ အများကြီး လုပ်ခဲ့တာပေါ့။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို သူတို့ပဲ ဒီပဲယင်းမှာ ဝင်ကယ်ခဲ့ကြတာပါ။ တပ်ချုပ်ကြီး နဲ့ သူ့လက်မရွံ့ ကြံ့ဖွံ့တွေ အလိုအရဆိုရင် ဒီ NLD ခေါင်းဆောင်ကြီးတွေ ဇိဝိန်ချုပ်ပြီးပြီ။

ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီး ပြီးကတည်းက အတိုက်အခံတွေ၊ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ စနစ်တကျ မလုပ်ခဲ့တဲ့ လုပ်ငန်းတရပ်ကို ထောက်ပြဦးမယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ တပ်မတော် နဲ့ ဗျူရိုကရေစီ ယန္တရားထဲက ရွက်ပုန်းသီး ပြုပြင်ပြောင်းလဲရေး သမားတွေ၊ တော်လှန်ရေး ညီနောင်တွေကို ရှာဖွေ၊ ထောက်ခံ၊ ပံ့ပိုးပြီး လက်တွဲလုပ်ဖို့ကြံတဲ့ နှစ်ရှည် စီမံကိန်းတွေ၊ ဗျူဟာတွေ သေသေချာချာ မတည်ဆောက်ခဲ့မှု၊ မဟာအမှားကြီးပါပဲ။ ဒါပေမယ့် ပျက်ရင်အစဉ် ပြင်ရင်ခဏဆိုတဲ့ မူသုံးဖို့ အချိန်ကာလရောက်ပြီ။

တခရီးတည်း သွားနေကြတဲ့ ကျုပ်တို့ပုဆိုးဝတ်တွေနဲ့ ရွက်ပုန်းသီး တပ်တွင်း ပြုပြင်ရေး၊ တော်လှန်ရေးသမားတွေ တန်းညှိစို့၊ သွေးစည်းဖို့ဆိုတာ စစ်စနစ်ဆိုး စနစ်ယုတ်ကြီး ပြိုကွဲဖို့မှာ နံပါတ်တစ် အရေးကြီးဆုံးပါ။ တွင်းအောင်းကြံ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလို ပြည်သူ့တော်လှန်ရေးသမားတွေနဲ့ တပ်တွင်း ပြောင်းလဲရေးသမား၊ တော်လှန်ရေး ရွက်ပုန်းသီးတွေ ဇာတ်ပေါင်းပြီး က မှာကို သေမလောက် ကြောက်ပါတယ်။

ဒါကြောင့်လည်း နည်းမျိုးစုံ ဉာဏ်နီ ဉာဏ်နက်၊ အလိမ်၊ အဝါ အပြာရောင်စုံသုံးပြီး တပ်မတော်သားတွေနဲ့ ပြည်သူတွေကို သွေးထိုးပေး၊ တိုက်ပေး။ မှူးကြီးနဲ့ အထက်အရာရှိအားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ခေတ်ရောက်ရင် နုရင်ဘတ်လို ခုံရုံးမှာတင်၊ စင်းနီတုံးပေါ် တောက်တောက်စင်း ခံရမလိုလို။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ပြည်သူက ကျောမွဲဘဝက မတက်တဲ့ ဘဝရောက်နေတာ ဒေါ်စုနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုကပဲ တာဝန်ရှိ သယောင်ယောင် စောင်ခိုင်းထား။

တပ်ထဲက မောင်တွေကိုတော့ ချော့လိုက် ခြောက်လိုက်၊ လုခွင့်၊ ခိုးခွင့်ပေးလိုက်နဲ့။ တချိန်က ဗမာလူထု အလွန် ကြည်ညိုတဲ့၊ အားထားတဲ့ တပ်မတော်ကို သူခိုး ဓားပြတပ်မတော်ဖြစ်အောင် တပ်ချုပ်ကြီးက ငါ့တာဝန်ကြီး တပါး အနေနဲ့လုပ်တာ တပ်ထဲက မြတ်ကိုကိုများလည်း သိဖို့အချိန်တန်ပါပြီ။

တပ်တွင်းက ပြုပြင်ပြောင်းလဲရေး သမားများနဲ့ ပုဆိုးဝတ် ပြည်သူ့တော်လှန်ရေးသမားများ အပေးအယူ ရှိလာပြီဆိုတာနဲ့ တပ်ချုပ်ကြီးက လက်နဲ့ရေးရင် ခြေနဲ့လိုက်ဖျက်တော့တာပါပဲ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပေါင်းပြီး တိုင်းပြည် ထူထောင်ရေးလုပ်ဖို့ သဘောတူတန်သလောက် တူထားပြီးသားပါ။ KNU က ဗိုလ်ချုပ်ကြီးမြ တို့နဲ့လည်း ထိုနည်း လည်းကောင်းပါပဲ။

ပြဿနာကြီးတွေ ရှင်းသွားမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတစု စားခွက်လွတ်တော့မှာဆိုတော့ အတိုက်အခံနဲ့ ပြေလည် လာတဲ့ တပ်တွင်းပြုပြင်ပြောင်းလဲရေးသမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် တပ်ချုပ်ကြီးတို့ တသုတ်က ရှင်းတာပါ။ ဒါနဲ့ပဲ တပ်တွင်း ပြောင်းလဲရေး သမားတွေနဲ့ ပြည်သူ့ တော်လှန်ရေးသမားတွေ လက်တွဲဖို့ အရေးဆိုတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပဲ လည်နေတော့တာပါပဲ။

မျက်မှောက်ခေတ် ကာလမှာတော့ တွင်းအောင်းဖို့ကြံတဲ့ ကျားငစဉ်းလဲ တပ်ချုပ်ကြီးရဲ့ စစ်စနစ်ဆိုးကြီးကို ဖြုတ်ချဖို့ နေရာမှာ အဓိက အခက်အခဲကြီး နှစ်ရပ်ရှိပါတယ်။

နံပါတ်တစ်က အနောက်နိုင်ငံ ပညာတတ်၊ ပုဆိုးဝတ်တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတဲ့ အနောက်တိုင်းက လစ်ဘရယ် သမားတွေရဲ့ အတွေးအခေါ်ချို့တဲ့မှု၊ ဘက်လိုက်မှု၊ ဗျူဟာမှားမှု။

နံပါတ်နှစ် အခက်အခဲကတော့ တပ်မတော်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ မပါရင်၊ သူတို့တွေကို တော်လှန်ရေး သမားတွေလို့ မမြင်ရင်၊ ကျုပ်တို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား သာတူညီမျှရေး တော်လှန်ရေးကြီးဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ဗျူဟာကို အတိုက်အခံတွေထဲမှာ ပီပီပြင်ပြင် လက်ခံကျင့်သုံးမှု မရှိခြင်းဘဲ ဖြစ်ပါတယ်။

ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားဆိုတာ ချိုမပါပါဘူး။ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်၊ စကတ်ဝတ်၊ သင်္ကန်းရုံ အသွင်အမျိုးမျိုး အဖုံဖုံနဲ့ ရှိနေကြပါတယ်။ ဒါကိုမှ လစ်ဘရယ် သမားတွေက ပုဆိုးဝတ်နဲ့ (၂၀၀၇ နောက်ပိုင်းမှာတော့) သင်္ကန်းရုံ တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတော့ ခက်သားလား။

စကားကြုံလို့ ကိုယ်တွေ့တခု ပြောရဦးမယ်။ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ၊ အတိုက်အခံတွေ၊ တပ်ထဲက နောင်တော်တွေနဲ့ ထိတွေ့မယ်မကြံနဲ့။ အနောက်အုပ်စု “ဒိုင်ယာလော့” သမားတွေ၊ လူ့အခွင့်အရေးသမားတွေက ထပြီး တပြုံကြီး အူကြတာ ကျုပ်ကိုယ်တွေ့။ ကိုယ်တိုင်လည်း ဇမရှိ၊ ဇရှိတဲ့ တပ်ထဲက နောင်တော်တွေနဲ့ ဝင်လုံးတော့လည်း ထအူဆိုတော့ ဟိုဘက်ကလည်း ဒီမကူး၊ ဒီဘက်ကလဲ ဟိုဘက်မတိုးရဲနဲ့ တပ်နဲ့ ပြည်သူ လက်တွဲဖို့အရေး အနှစ် ၂၀ ကျော်သွားပြီ။

ဒီနိုင်ငံက ကျုပ်တို့နိုင်ငံ၊ ပြဿနာတွေက ကျုပ်တို့ ပြဿနာတွေ။ အနောက်က လစ်ဘရယ်သမားတွေနောက် နားယောင်ပြီး အမောင် တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဘဝက ကျုပ်တို့ လွတ်ဖို့လိုပြီ။

တချို့ဆို ဗိုလ်ချုပ်ကြီးဆို ချိုနဲ့လားလို့ မေးယူရလောက်အောင် မတွေ့ဖူး၊ မမြင်ဖူးဘဲ လေဖမ်းဒန်းစီးတဲ့ “ရင်ကြားစေ့ရေး” တွေ၊ တောင်စဉ်ရေမရ စွတ်ပြော၊ လက်တွေ့မပါတဲ့ စာအုပ်ကြီးတွေ ချိုင်းကြားညှပ်ပြီး အသွင်ကူးပြောင်းရေး အော်တဲ့ ဂုရုတွေက တမှောင့်။ သင်ဖူးတာ၊ လုပ်ဖူးတာ တပဲဖိုး၊ ပြောနေ ဟောနေလိုက်ကြတာက တပိဿာခွဲစာ။ အနှစ်မရှိတဲ့ ဒိုင်ယာလော့တော မှာ ခေတ်ပျက် မဟော်သဓာတွေက တမှောင့်။ ဆရာမှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင် “လစ်ဘရယ် ဒိုင်ယာလော့သမား” များဋ္ဋီကာဆိုပြီး ပယ်ပယ်နယ်နယ်နဲ့ တီးလိုက်ဦးမယ် ဖြစ်ခြင်း။

စစ်စနစ်ဆိုးကြီးကို ဖျက်နိုင်၊ ပြင်နိုင်တာက ကျုပ်တို့ တပ်ထဲက မြတ်ကိုကိုတွေပါ။ ပြုပြင်ရေး ရွက်ပုန်းသီးတွေပါ။ လစ်ဘရယ် ပရောဂျက်သမားတွေ NGO တွေ စီးပွားရေးနဲ့ အသွင်ကူးပြောင်းရေး ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေ မဟုတ်ပါဘူး။

ဒါကြောင့် ဗျူဟာအရရော၊ မူအရရော၊ ကိုယ်ချင်းစာတရား အရရော၊ တော်လှန်ရေး သွေးစည်းစိတ် အရရော တပ်မတော်ထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အနီးကပ်ဆုံး ရန်သူကို နည်းအမျိုးမျိုးနဲ့ တွယ်တာကို အရေးကြီးကဏ္ဍမှာထားပြီး စနစ်တကျ ပံ့ပိုးဖို့၊ ထောက်ခံဖို့၊ အသိအမှတ်ပြု တန်ဖိုးထားဖို့ လိုပါပြီ။

တပ်ထဲက နောင်တော်ကြီးတွေ ညီတော်တွေကတော့ အနောက်တိုင်းကြိုက် ခါတော်မီ လစ်ဘရယ်စကားတွေနဲ့ နိုင်ငံရေးကို ပြီတီတီ လုပ်မယ့် ပုဂ္ဂိုလ်တွေတော့ မဟုတ်တာ သေချာပါတယ်။ ဒီမောင်တွေက လူ့အခွင့်အရေး ဂါထာလည်း ရွတ်မှာမဟုတ်ဘူး။ လူဖြူလစ်ဘရယ်ကြိုက် ငိုပြမှာလည်း မဟုတ်၊ ဒီမိုကရေစီကို သမ္ဗုဒ္ဓေလို ရွက်မယ့်သူတွေလဲ မဟုတ်။ သူတို့ထဲမှာလည်း အနှစ် ၅၀ ကာလမှာ စနစ်ပြောင်းဖို့ အသက်စွန့်၊ စည်းစိမ်စွန့်၊ ရာထူးစွန့်ပြီး လုပ်ခဲ့ကြ၊ လုပ်နေဆဲဆိုတာ ကြည့်ရင်မြင်ပါတယ်။

ကျုပ်တို့နိုင်ငံသမိုင်းမှာ ကမ္ပည်းထိုးရမယ့် ရွက်ပုန်းသီး ဘောင်းဘီဝတ် တော်လှန်ရေး၊ ပြုပြင်ရေးသမားတချို့ကို ဒီနေရာက ထုတ်ဖော်ရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။

ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီးသန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့်ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊ ဒါပါပဲ။ ။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပံ္ပနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2357-2009-12-29-10-17-44


1 အကြံပြုခြင်း:

Anonymous said...

စစ်ဘီလူးကို မဲပြားနဲ့ ကလော်ထုတ်မလား၊ ခြေထောက်ကဆွဲပြီး တရွတ်တိုက် ထုတ်မလား ဆိုတဲ့ မေးခွန်းသာ မေးစရာရှိတာ။..!!!
မဲပြားနဲ့ ကလော်ထုတ်ဖို့ကြိုးစားရင်..... ဆင်ရိုင်းကိုတုတ်နဲ့ခြောက်တာကမှ ဆင်အနင်းခံရမှာ လွတ်ချင်လွတ်ဦးမယ်။ ကြပ်ပြေးကြီး ထဲ့လိုက်တဲ့မဲပုံးနဲ့ ပြန်ဖိသတ်ဖို့ အဆင်သင့်ဘဲ